10/16/14

အီဘိုလာနှင့်မားဘက် (Marburg) ရောဂါများကူးစက်မှုကို တိုက်ဖျက်ရန် အတွက် တိုင်းသူပြည်သားတွေကို လက်ဆွဲနုတ်ဆက်မှုကို မလုပ်ကြဖို့ ယူဂန်ဒါနိုင်ငံ သမ္မတ ရိုဝီ ရီမွတ်ဆ်ဗတ်နီက အောက်တိုဘာလ ၈ ရက်နေ့ ကတောင်းဆိုလိုက်ပါသည်။

“ကျွန်တော်လက်ဆွဲမနှုတ်ဆက်ရင် ရိုင်းတယ်လို့မထင်ပါနဲ့ ကျွန်တော်တို့ အဲဒါ အပြုအမှုကို ရပ်ရမယ်။ အီဘိုလာရောဂါကို ကာကွယ်ဖို့ လက်ဆွဲ မနှုတ်ဆက်နိုင် ဘူးလို့ ပွင့်ပွင့်လင်းလင်းပဲပြောကြပါ”

တင်္နဂနွေနေ့က ဆေးရုံလုပ်သား တစ်ဦး ရောဂါပိုးကူးစက်သေဆုံးခဲ့သည် ဟု ကြေညာအပြီးနောက်မှာ ယခုအခါ ယူဂန်ဒါလူမျိုး သုံးဦး သည် မားဘက် ဗိုင်းရပ်ပိုး ကူးစက်မှုဖြင့် သီးခြားစောင့်ကြည့်ခြင်း ခံနေရသည် ဟု ကျန်းမာရေး အာဏာပိုင်များက ပြောပါသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က အသက် ၃၀ အရွယ်ရှိ ဆေးဘက် နည်းပညာ ဝန်ထမ်းတစ်ဦးမှာ သူအ လုပ်လုပ်သည့်ဆေးရုံတွင် သေဆုံးခဲ့ ပါသည်။ ထို့ကြောင့် သူနှင့်ပတ်သက် ခဲ့သည့် လူ ၉၉ ဦးကို စောင့်ကြည့် လျှက်ရှိရာ မည်သူ တစ်ဦးမျှ ကူး စက်ခံထားရခြင်း မတွေ့ရသေးပါ။

သို့သော်လည်း အစိုးရက တိုင်းပြည် ကို နှိုးဆော်တပ်လှန့်ထားပြီး ရောဂါ ထိန်းချုပ်ရန် သတိပေးတားမြစ်ချက် များထုတ်ကာ စောင့်ကြည့်နေပါသည်။

“အာဖရိကမှာ အားနည်းချက်က အမှန်တရားကို မရင်ဆိုင်ရဲတာပဲ”ဟု သမ္မတမွက်ဆ်ဗာနီကဆိုသည်။

မာဘက် (Marburg) ရောဂါသည် အီဘိုလာ ကဲ့သို့ ကြောက်စရာ ကောင်းသော ရောဂါတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အနှံ သွေး ထွက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အီဘိုလာကဲ့သို့ပင် လူကိုယ်မှ ထွက်သောအရေများမှ တစ်ဆင့် မျိုးပွား ကူးစက်နိုင်ပါသည်။

ယူဂန်ဒါနိုင်ငံမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မာဘက်ရောဂါ ကူးစင်မှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ဖူးသည်။

အီဘိုလာရောဂါ ကမူ အနောက်အာဖရိကတွင် ကူးစက်ပျံနှံနေပြီး လိုက်ဘေး ရီးယား၊ ဂွီနာနိုင်ငံ တို့တွင် ယခုချိန်ထိ သေဆုံးသူ ၄၀၀၀ ကျော် ရှိသွားပြီဖြစ် ပါသည်။

လင်းလင်း

Ref - AFP

The Ladies News Journal

ယနေ့ မလေးရှားနိုင်ငံ Machang Bubuk မှာ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးကို ဓါးဒဏ်ရာ အများအပြားနဲ့ သေဆုံးနေတာ ကို တွေ့ရှိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း The Sun Daily သတင်းဌာနမှာ ဖော်ပြပါရှိပါသည်။

သေဆုံးသူ၏ အမည်မှာ ကိုထူးအောင်ဖြစ်ပြီး အသက် ၃၀ ပတ်ဝန်းကျင်ရှိမည်ဟု ရဲက ဆိုသည်။ ကိုထူးအောင်မှာ Baya Lepas ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ ရဲက ပြောသည်။

သူ၏ အလောင်းကို သန်းခေါင်ယံ ၁၂ နာရီ ၄၅ မိနစ်ခန့်က လမ်းသွားလမ်းလာများက တွေ့ရှိပြီး ရဲအား အကြောင်းကြားခဲ့ခြင်း ဖြစ်တယ်လို့ ရဲက ပြောသည်။

ကိုထူးအောင်မှာ အလုပ်မှ ညဖက်ပြန်လာချိန်တွင် လူတစ်စုမှ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ရဲက သုံးသပ်ထားပါသည်။
သူဟာ သေဆုံးချိန်မှာ တီရှပ်အပြာ၊ ဂျင်းဘောင်းဘီနှင့် စက်ရုံဝတ် ဖိနပ်အမာ တို့ကို ၀တ်ဆင်ထားတယ်လို့ ဆိုပါသည်။

ကိုထူးအောင်မှာ ဓါးဒဏ်ရာအများအပြားကို ရင်ဘတ်၊ ဗိုက်၊ ပုခုံးနှင့် လည်ပင်းတွေမှာ တွေ့ရှိရကြောင်း The Sun Daily သတင်းတွင် ဖော်ပြ ထားပါသည်။

ရဲက ကိုထူးအောင်ကို သတ်ဖြတ်သူများကို ဖမ်းဆီးဖော်ထုတ်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါသည်။

သတင်း - Maza
ဓါတ်ပုံ - The Sun Daily

The Ladies News Journal

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်ခရီးသည် ၂ ဦးအား သတ်မှုဖြင့် မြန်မာ အလုပ်သမား ၂ ဦးအား ဖမ်းဆီးထားသည့်အမှုအပေါ် ယုံမှားသံသယ မရှိကြောင်း ထိုင်းစစ်အစိုးရခေါင်းဆောင် ပရာယွတ်က ယနေ့ သတင်းထောက် များကို ပြောကြားခဲ့သည်။ ထို့အပြင် ဗြိတိန်ရဲတပ်ဖွဲ့၏ ကူညီရန် ကမ်းလှမ်းချက် ကို ငြင်းဆန်ခဲ့သည်။

အမှုအပေါ် ထိုင်းရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံအား ဂရုစိုက်စောင့်ကြည့်နေကြောင်းနှင့် ကူညီရန် အသင့်ရှိကြောင်း ဗြိတိန်အစိုးရက ပြောကြားပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုနာက ထိုသို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က မြန်မာအလုပ်သမား ၂ ဦးအား ၀န်ခံရန် နှိပ်စက်မှုများ ပြုလုပ် ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ထိုစွပ်စွဲမှုအား ထိုင်းအစိုးရက ငြင်းဆို ထား သည်။ ဗိုလ်ချုပ်ကြီးပရာယွတ်က အမှုမှာ ယုံကြည်စိတ်ချ ရကြောင်းနှင့် မြန်မာလုပ်သား ၂ ဦးအား စွဲချက်တင်ရန် သက်သေများစွာ ရှိကြောင်း ယနေ့ ထပ်မံ ပြောကြားခဲ့သည်။

၎င်းက “ဘယ်သူမဆို ထိုင်းနိုင်ငံကို လာရင် ရပေမဲ့ ကျွန်တော်တို့ ပြဿ နာဟာ ကျွန်တော်တို့နဲ့ပဲ ဆိုင်တယ်ဆိုတာ မမေ့ပါနဲ့။ အစပိုင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ သံသယရှိသူတွေကို မြန်မြန်ဆန်ဆန် ဖမ်းနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သည် မြန်မာကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနအရာရှိများ၊ ထိုင်းရဲတပ်ဖွဲ့တို့နှင့် မနေ့က တွေ့ဆုံ ကာ ဆွေးနွေးခဲ့သော်လည်း အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်း မရှိပေ။

ထို့ပြင် လန်ဒန်ရှိ ထိုင်းသံအဖွဲ့မှူးအား ဗြိတိန်အစိုးရက ဆင့်ခေါ်ကာ အမှုအား ကိုင်တွယ် ဆောင်ရွက်ပုံကို အမှန်တကယ် ဂရုပြုစောင့်ကြည့်နေသည်ဟု ဆင့်ခေါ် ပြောကြားခဲ့ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင် သတင်းထုတ်ပြန်ချက်အား ၀န်ကြီးချုပ် ပရာယွတ်က လန်ဒန်ရှိသံအဖွဲ့မှူး နတ်ဟာဝတ္တနာအား ဆင့်ခေါ်ခံရသည်ဆိုခြင်းကို ငြင်းဆိုခဲ့ပြန်သည်။

"သူတို့က ဆင့်ခေါ်တာမဟုတ်ပါဘူး။ သူတို့ကို ရှင်းပြဖို့ ကျွန်တော်တို့က သွားခဲ့တာပါ။ ကျွန်တော်တို့ဘယ်လို ဆောင်ရွက်ခဲ့လဲ ဆိုတာ ရှင်းပြခဲ့တာပါ။ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့တာ ကို သူတို့အံ့သြနေတဲ့အတွက် ရှင်းပြခဲ့တာပါ" ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရကမူ ထိုင်းသံအဖွဲ့မှူးအား ဆင့်ခေါ်ကာ စုံစမ်းစစ်ဆေးမှုများ တရား မျှတရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုနှင့် ဥပဒေရေးရာများတွင် ကူညီရန် ဗြိတိန်ရဲတပ်ဖွဲ့က အသင့်ရှိသည်ဟု အရှေ့အာရှ ဆိုင်၇ာ နိုင်ငံခြားရေးဝန်ကြီး ဟူဂိုဆွိုင်ယာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အသက် ၂၁ နှစ်စီရှိ မြန်မာအလုပ်သမား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုတို့ဖြင့် စွဲချက်တင်ထားသည်။ သံသယရှိသူများနှင့် မျက်မြင်သက်သေ ၂ ဦးအား အကြိုကြားနာမှုကို တရားရုံးတွင် မနေ့က ပြုလုပ် ခဲ့သော်လည်း သက်သေခံခြင်းမရှိခဲ့ ဟု ဆိုသည်။

သံသယရှိသူများ၏ ရှေ့နေများက ခုခံလျှောက်ထားရန် ပြင်ဆင်ချိန် ရရှိရေး အတွက် ကြားနာစစ်ဆေးမှုအား ရွှေ့ဆိုင်းပေးရန် တောင်းခဲ့သော်လည်း ပယ်ချ ခံခဲ့ရသည်။

ဗြိတိန်လူ့အခွင့်အရေးလှုပ်ရှားသူ အန်ဒီဟောလ်က “ရှေ့နေတွေက အမှုသည်နဲ့ စနေနေ့ကမှ တွေ့ရတာဖြစ်ပြီး စစ်ဆေးမှုမတိုင်ခင် နားလည်အောင် မေးမြန်းဖို့ အချိန်လိုပါတယ်။ မျှတတဲ့ စစ်ဆေးမှုဖြစ်ဖို့ ဗြိတိန်နဲ့ မြန်မာအစိုးရက တောင်းဆို ထားပြီး မျှတတဲ့စစ်ဆေးမှုတွေက အချိန်ယူရပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းတရားရုံးမှ အမှုအား တရားဝင်လက်ခံထားခြင်း မရှိသေးပဲ အောက်တိုဘာ လ ၁၆ ရက်နေ့တွင် နောက်ဆုံးထားတင်သွင်းရမည့် ထပ်တိုးသက်သေ အထောက်အထားများကို မူတည်ပြီး စွဲချက်တင်သင့် မတင်သင့် ကို စဉ်စား မည်ဖြစ်သည်ဟု ယခုအပတ်အစောပိုင်းက သတင်းများတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ဟာကွက်များ ရှိနေသည့် အမှုအား တရားဝင် လက်မခံထား ရသေးပဲ အလျင်အမြန် ကြိုတင်စစ်ဆေးမှု ပြုလုပ်နေသည်မှာ သံသယရှိနေသည်ဟု Bangkok Post သတင်းစာမှ ရေးသားထားသည်။

KHTun
Ref - The Bangkok Post

The Ladies News Journal


အစိုးရတပ်မ ၆၆ တပ်မမှူးနဲ့ ဖားကန့်အခြေစိုက် အမှတ် ၁ စစ်ဗျူဟာမှူးတို့က ကချင်လွတ်မြောက် ရေး တပ်မတော် KIA တပ်ရင်း ၆ ရဲ့တပ်စခန်းတွေကို အောက်တိုဘာ ၁၄ ရက်နေ့ မနေ့က နောက်ဆုံးထားပြီး ဆုတ်ခွာခိုင်းခဲ့တဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ကေအိုင်အေ တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

မိမိတို့ အခြေစိုက်စခန်းကနေ မဆုတ်ခွာဘူးလို့ အကြောင်းပြန်ထားကြောင်း KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က RFA ကို ဒီနေ့ပြောကြားခဲ့ပါတယ်။

"တင်းမာတဲ့ အခြေအနေကတော့ အပြည့်အဝရှိနေပါတယ်၊ အောင်ဘာလေရွာဆိုတာ ကျနော်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ရွာလေ၊ အဲဒီ့ရွာမရောက်ခင်မှာ ကျနော်တို့ တပ်စခန်းလေးတွေရှိတယ်၊ အဲ့တပ်စခန်းလေးတွေကို ဖယ်ရှားခိုင်းတယ်၊ ကျနော်က မဖယ်ရှားပေးဘူးလို့ အကြောင်းပြန်ထားတယ်၊ ပြည်သူလူထုကတော့ ကျီးလန့်စာစားဖြစ်နေကြပါတယ်၊ ရွာကကိုယ့်အိမ်ကိုလည်း မစွန့်ခွာနိုင်ဆိုတော့ ရွာသားတွေကတော့ ဒီအတိုင်းပဲနေနေကြပါတယ်၊ ကျနော်တို့ကလည်း စွန့်ခွာပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စဆိုတော့ သူတို့ဝင်လာရင်တော့ တိုက်ပွဲကတော့ မလွဲမသွေဖြစ်မှာပဲ၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပစ်နေပြီဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးလည်း မယူထားဘူးဆိုတော့ ကျနော်တို့ နယ်မြေထဲဝင်လာရင်တော့ ပစ်ခတ်တိုက်ခိုက်သွားမှာပဲ"

အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် ကေအိုင်အေတပ်ရင်း ၆ အခြေစိုက်စခန်းနဲ့ အနီးဆုံးမှာရှိတဲ့ အောင်ဘာလေ ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက အဲဒီသတင်းကိုကြားပေမဲ့ အသေးစိတ်တော့ မသိရှိဘူးလို့ဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့၂ဝ၁၂ ခုနှစ်နှောင်းပိုင်းဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို ထွက်ပြေးခိုလှုံခဲ့ကြရတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုရဲ့ အဓိက တရားလိုပြသက်သေ ကိုမောင်မောင် အပါအဝင် ၃ ဦးကို တရားရုံးထုတ်စစ်ဆေး ပြီးနောက် အချုပ်ကနေ မနေ့ညနေက အပြီးအပိုင် လွှတ်ပေးလိုက်ပါတယ်။ ကိုမောင်မောင်ဟာ လက်ရှိမှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ အတူရှိနေပြီး မြန်မာပြည်ပြန်ဖို့ အတွက် သံရုံးက စီစဉ်ပေးတာကို စောင့်ဆိုင်း နေတယ်လို့ အမှုကို လိုက်ပါ ကူညီ ဆောင်ရွက် ပေးနေတဲ့ ဘန်ကောက် အခြေစိုက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

"မနေ့ညနေက သူတို့ကို မင်းတို့သွားချင်တာသွားဆိုပြီး လွှတ်လိုက်တယ်၊ ပိုက်ဆံလည်း တစ်ပြားမှမရှိဘူး၊ တရားဝင်နေထိုင်ခွင့်ဆိုတာလည်း ဘာမှမရှိဘူး၊ ဒီကောင်လေး တစ်ခုခုဖြစ်သွားလို့ရှိရင် တော်တော်စိတ်မကောင်းစရာဖြစ်မယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က သံရုံးကိုသတင်းပို့တဲ့အခါ သံအမတ်ကြီးက ဒီကောင်လေးကို သံရုံးကိုပဲခေါ်လာခဲ့ပါ ကျနော် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ်ဆိုတော့ ဒီကောင်လေးဟာ အမှုအတွက် မလိုအပ်တော့ဘူးဆိုရင်တော့ သံရုံးခေါ်ပြီးတော့မှ မြန်မာအစိုးရရဲ့ စောင့်ရှောက်မှုနဲ့ သူ့ရဲ့မိဘလက်ထဲကို ကောင်းကောင်းမွန်မွန်ပြန်ရောက်သွားမှာပါ"

ကိုမောင်မောင်နဲ့ နှစ်ဦးကို မနေ့က စူရတ်ဌာနီခရိုင်က ကော့စမွေတရားရုံးမှာ ရုံးထုတ်ပြီး ကြိုတင်သက်သေ ထွက်ချက်ရယူခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမှုနဲ့ပတ်သက်ပြီး တရားခံတွေအဖြစ် ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ မိဘတွေကို ထိုင်းနိုင်ငံကိုခေါ်ယူဖို့အတွက် MAT အဖွဲ့က ဦးကျော်သောင်းက မနက်ဖြန် မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။

ခိုထောင်ျးွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မနေ့က ဘန်ကောက်မြို့ ဗြိတိန်သံရုံးအရာရှိက မြန်မာနဲ့ ထိုင်းသံရုံးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြပြီး ထိုင်းသံအရာရှိက ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့အနေနဲ့ DNA မျိုးရိုးဗီဇစစ်ဆေးမှုကလွဲလို့ အမှုနဲ့ပတ်သက်တဲ့ တရားစီရင်မှုတွေမှာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို လေ့လာခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ထိုင်းအစိုးရရဲ့ တရားလိုပြသက်သေတွေဖြစ်တဲ့ ကိုမောင်မောင်၊ ကိုအောင်ဇော်လင်းနဲ့ မနီနီအောင်တို့ရဲ့ စစ်ဆေးထွက်ဆိုချက်တွေကို အစိုးရရှေ့နေတွေ တစ်လအတွင်းစီစစ်ပြီး တရားရုံးကို အမှုတင်သွင်းသွားမယ်လို့ သိရပါတယ်။

ကော့စမွေကျွန်းတရားရုံးမှာ မနေ့က စစ်ဆေးခဲ့ရာမှာ ထိုင်းအစိုးရသက်သေတွေက ဒီအမှုမှာ မြန်မာနိုင်ငံသားနှစ်ဦး ပါဝင်ပက်သက်မှုကို သူတို့ မသိပါဘူးလို့ ထွက်ဆိုခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မြန်မာသုံးဦးကို ထိုင်းအစိုးရက ဒီကနေ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေကြောင့် တရားခံတွေကို ကာကွယ်ပေးနိုင်မယ့်အချက်တွေကို ရရှိထားပြီးအမှုအတွက် အလားအလာကောင်းမွန်တယ်လို့ မြန်မာတရားခံတွေဘက်က လိုက်ပါဆောင်ရွက်နေသူတွေက ပြောပါတယ်။

ခိုတောင်းကျွန်း လူသတ်မှုအတွက် တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဥပဒေဘောင်အတွင်းက တတ်နိုင်သမျှ ကူညီနိုင်ဖို့အတွက် မြန်မာအစိုးရဘက်က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုစေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ အဓိကတရားလိုပြသက်သေ ကိုမောင်မောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းကို ဆုတ်ခွာပေးရန် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရ စစ်တပ်က ထပ်မံ ပြောဆိုခဲ့ပြီး အစိုးရ ဘက်မှ စစ်ရေးအရ ဖြေရှင်းမည့် အခြေအနေတွင် ရှိနေသည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိ ဦးလနန်က မဇ္ဈိမကို ပြောသည်။


အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခလရ ၁၁ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျ အောက်တိုဘာလ ၁၄ ရက် နောက်ဆုံးထား ဆုတ်ခွာပေးရန် အောင်ဘာလေကျေးရွာ ရွာလူကြီးများမှ တဆင့် ပြောဆိုခဲ့သလို၊ အောက်တိုဘာလ ၁၅ ရက်တွင်လည်း အစိုးရ စစ်တပ်က ဖယ်ပေးရန် ထပ်မံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အဓိက တပ်ရင်း ၆ မှာ စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပုံစံအနေနဲ့ သူတို့ ခြိမ်းခြောက်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့ဒေသမှာလည်း တပ်အင်အားတိုးချဲ့ထားတာ ရှိတယ်။ စစ်ရေးလှုပ်ရှားမှုကတော့ ကျွန်တော်တို့ စောင့်ကြည့်နေတုန်းပါပဲ” ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။

လက်ရှိ အစိုးရ စစ်တပ်က KIA ၏ တပ်မဟာ ၂ တနိုင်းဘက်တွင် ၃ နေရာတွင် အင်အားတိုးမြင့်ချထားသလို၊ တပ်ဟမာ ၃ ဒေသ မန်စီမြို့နယ် ကိုင်ထိပ်ကျေးရွာတွင်လည်း အစိုးရ တပ်အင်အား ၂၀၀ ကျော်ကို ယခုရက်ပိုင်းအတွင်း တိုးမြင့်ချထားသည်ဟု သူက ဆိုသည်။

KIA ဘက်မှ ၎င်းတို့ တပ်ရင်း ၆ ကို တပ်ဆုတ်ပေးရန် အစီအစဉ် မရှိကြောင်း အစိုးရ စစ်တပ်က ဆက်လက် ဖိအားပေးလာပါက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်မည်ဟု သူက ပြောဆိုသည်။

အစိုးရ၏ တပ်ရင်း ၆၆ တပ်ဖွဲ့မှ KIA တပ်ရင်း ၆ အား ဖယ်ရှားပေးရန် ပြောဆိုလာမှုနှင့် ပတ်သက်၍ နည်းလမ်း မှန်ကန်စွာ ဖြေရှင်းပေးရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ မာရီယန်ထံသို့ အောက်တိုဘာလ ၁၄ ရက်က အကြောင်းကြားထားသည်ဟု ဦးလနန်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်က ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာလာခြင်းသည် အစိုးရနှင့် KIA တို့ အခွန်ကောက်ခံမှုကြောင့် ဖြစ်ပေါ်လာကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ သို့သော် ယင်းဝေဖန်မှုများမှာ ဖြစ်နိုင်ခြေမရှိဘဲ အစိုးရက အဓိက KIO ၏ စီးပွားရေးလုပ်ငန်းများကို လိုလားနေခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)သည် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UWPC)နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့တို့နှင့်အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေသည်။

နောက်ဆုံး ၆ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီမှု မရခဲ့ဘဲ နောက်တစ်ကြိမ် အောက်တိုဘာအတွင်း တွေ့ဆုံရန်သာ သဘောတူခဲ့သည်။

ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ လျော့နည်းခဲ့သဖြင့် နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာပြီး လုပ်ငန်းတိုးတက်မှု ရှိသည်ဟု ပြီးခဲ့သည့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးကော်မတီဝင် ဗိုလ်မှူးကြီး ခွန်နောင်က မဇ္ဈိမကို ပြောဆိုခဲ့သည်။

မဇ္ဈိမ



ဟောင်ကောင်အစိုးရဌာနချုပ် အပြင်ဘက်က အဓိကကျတဲ့ နေရာတွေမှာရှိတဲ့ ဆန္ဒပြသူတွေကို ရဲက ဖယ်ရှားနေပါတယ်။ ဆန္ဒပြသူတွေ ကာရံထားတဲ့ အတားအဆီးတွေကို ဒီကနေ့မနက် အစောပိုင်းတုန်းက ရဲတွေက စက်ကိရိယာတွေကို သုံးပြီး ဖယ်ရှားနေစဉ်မှာပဲ ဆန္ဒပြသူ အများအပြား အဖမ်းဆီးခံရပြီး သူတို့တွေကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။

အင်္ဂါနေ့ နှောင်းပိုင်းတုန်းကတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက် ရင်ဆိုင်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး ကျောင်းသားတွေဟာ ဟောင်ကောင်အစိုးရ အဆောက်အဦးရှေ့က မြေအောက်လမ်းထဲကို ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီကျောင်းသားတွေကို ဖယ်ရှားဖို့ ရဲတွေက နောက်ကလိုက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကျောင်းသားတွေ အဲဒီနေရာမှာ အ၀ိုင်းခံခဲ့ရအပြီး ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။

ကျောင်းသားတွေအနေနဲ့ ဆက်နေလို့ရပေမဲ လမ်းတွေကိုပိတ်တာ မလုပ်ရဘူးလို့ ရဲတွေက ပြောပါတယ်။ ဟောင်ကောင် ကျောင်းသားတဦးဖြစ်သူ Alex Chow က သူတို့အနေနဲ့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
http://burmese.voanews.com/content/hong-kong-protest/2484030.html


အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က ဒုတိယမြောက် ကျန်းမာရေး ဝန်ထမ်း တစ်ဦး အီဘိုလာ ထပ်မံ ကူးစက် ခံခဲ့ရတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ အပတ်က အီဘိုလာနဲ့ သေဆုံးသွားတဲ့ Thomas Duncan ကို ပြုစု ပေးခဲ့တဲ့ ဒဲလက်စ်မြို့ ဆေးရုံက ဒုတိယမြောက် ကျန်းမာရေး ဝန်ထမ်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ Thomas Duncan ဟာ အမေရိကန် နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါရှင် ဖြစ်ပြီး သူ့ကို ပြုစု ပေးခဲ့တဲ့ ပထမ သူနာပြု တစ်ဦး ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ် အကုန်က အီဘိုလာ ကူးစက် ခံခဲ့ရပါတယ်။

သမ္မတ အိုဘားမားက အီဘိုလာ ကပ်ဘေး တိုက်ဖျက်ရေး ဆွေးနွေးဖို့အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ ခေါင်းဆောင် တွေနဲ့ အမေရိကန် အချိန် ဒီနေ့ ညနေပိုင်းမှာ ဗီဒီယို ကွန်ဖရင့် ပြုလုပ်ဖို့ ရှိပါတယ်။

အီဘိုလာ ရောဂါကြောင့် အခု အချိန်အထိ လူ ၄၄၄၇ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး ဌာန WHO က ဆိုပါတယ်။

၂၀၁၃ ဒီဇင်ဘာလက စပြီး ပြန်လည် ကူးစက် ပြန့်ပွားလာခဲ့တဲ့ အီဘိုလာ ရောဂါဟာ ဆီရာယာ လီယွန်း၊ လိုင်ဘေးရီးယားနဲ့ ဂီနီ နိုင်ငံတို့မှာ ကူးစက် ပြန့်ပွားမှု အဆိုးဆုံး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2014/10/141015_ebola_us_second_worker

ဝဲမှယာ ညီညီအောင်၊ အောင်လင်းဇော်၊ မောင်မောင်(အစိုး၇သက်သေအဖြစ်ခေါ်ခံထားရသူများ) - ဓာတ်ပုံ-ကိုမင်းဦး(FED)။
ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဖြစ်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်မှုတွေအတွက် စွပ်စွဲခံရသူ ၂ ဦးကို အင်္ဂါနေ့က ကော့စမွေတရားရုံးမှာ ရုံးထုတ်ပြီး တရားခံအဖြစ် စွပ်စွဲခံရသူ ၂ ဦးနဲ့ အစိုးရသက်သေ ၃ ဦးကို သက်သေခံချက်အဖြစ် တရားသူကြီးရှေ့မှာ စစ်ဆေးရာမှာ အပြန်အလှန် မေးမြန်းခွင့်ရခဲ့ပြီး၊ ကျူးလွန်တဲ့အခြေအနေ ဖြစ်ပေါ်စေတဲ့ အထောက်အထားတွေကို တင်ပြနိုင်ခြင်းမရှိဘူးလို့ မြန်မာသံရုံးဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ အဓိကသက်သေအဖြစ် ထိန်းသိမ်းခံထားရတဲ့ မောင်မောင်ကို ထိန်းသိမ်းထားတဲ့ နေရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုမှာ တရားခံတွေအဖြစ် မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သား တွေဖြစ်တဲ့ ရခိုင်လူငယ် ၂ ဦးကို ထိုင်းအာဏာပိုင်တွေက တရားခံတွေအဖြစ် စွပ်စွဲပြီး ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ကနေ ည ၇ နာရီခွဲအထိ ကော့စမွေ တရားရုံးမှာ အမူတွဲနဲ့ ပတ်သက်လို့ တရားသူကြီးရှေ့မှာ သက်သေအဖြစ် စစ်ဆေးချိန် မြန်မာနိုင်ငံဘက်က ရှေ့နေတွေလည်း အပြန်အလှန် မေးခွန်းတွေ မေးမြန်းခွင့်ရခဲ့ပါတယ်။ ရှေ့နေတွေရဲ့ မေးမြန်းချက်အရ အစိုးရသက်သေ ၃ ဦးစလုံးဟာ တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေအတွက် ခိုင်မာတဲ့သက်သေ မပြနိုင်ခဲ့ဘူးဆိုပြီး မြန်မာနိုင်ငံဘက်က ရှေ့နေဖြစ်သူ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“မောင်မောင်ရယ်၊ အခု လင်းလင်းဇော်ရယ်၊ ညီညီဇော်ရယ်က အစိုးရသက်သေပါ။ ကျနော်တို့ အခုသုံးသပ်ရတာကတော့ ၃ ယောက်စလုံး ထွက်ချက်က အခုတရားခံလို့ စွပ်စွဲခံနေရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့နဲ့ ပတ်သက်လို့ ဘာမှငြိစွန်းတာတော့ သိပ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကလေးတွေ လူသတ်မှုနဲ့ ပတ်သက်လို့ ကျူးလွန်ပါတယ် ဆိုတာကို သိတာမြင်တာကို ထွက်ဆိုတာ တခုမှမရှိပါဘူး။ ကျနော်တို့ဖက်ကလည်း ရှေ့နေ ၄ ယောက် ပါလာတာ အဲဒါနဲ့ ပတ်သက်လို့ Cross Question ပေါ့ ပြန်လှန်မေးခွန်းတွေ မေးလို့ရပါတယ်။ စစ်လို့ရပါတယ်။ လေ့လာရသလောက် တရားသူကြီးလည်း ကျနော်ထင်ပါတယ်၊ မျှမျှတတ စစ်မယ့်သဘောတော့ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမှုမှာ ပထမဆုံး အစိုးရရှေ့နေက စစစ်တဲ့အချိန်မှာလည်း လိုအပ်ချက်တွေကိုပဲ မေးသွားဖို့ သဘောထားမျိုး ပြောပါတယ်။ ဒီဖက်က ပြန်မေးတဲ့ အခါမှာလည်း လိုအပ်ချက်ကိုပဲ အဓိကအချက်တွေကိုပဲ မေးဖို့ ဆိုတဲ့သဘောမျိုး အမှုနဲ့ပတ်သက်လို့ ဒါတွေပဲပြောပါတယ်။”

ထိုင်းနဲ့ မြန်မာ ရှေ့နေ ၄ ဦးဟာ တရားခံတွေအဖြစ် စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ကြမှာပါ။ အကျဉ်းကျနေတဲ့ လူငယ်၂ ဦးနဲ့ အင်္ဂါနေ့ တွေ့ဆုံချိန်မှာတော့ ပထမတကြိမ် တွေ့ဆုံတာထက် အခြေအနေကောင်းမွန်ပြီး အမှန်အတိုင်း ထွက်ဆိုမယ့် အကြောင်းတွေကို ပြောပြခဲ့တယ်လို့ မြန်မာသံရုံးက တာဝန်ပေးအပ်ထားတဲ့ အလုပ်သမားရေး လုပ်ဆောင်သူ ဦးကျော်သောင်းကလည်း ဆိုပါတယ်။

“ဒီကလေးတွေဟာ အရင်အပတ်တုန်းက ပုံစံမျိုးနဲ့ မတူတော့ပဲနဲ့ ကျနော်တို့ စကားပြောခွင့်ရတဲ့အခါမှာ အမှန်အတိုင်းပဲ ပြောပါတော့မယ်၊ ကျနော်တို့ အားလုံးကိုပဲပြောတောမယ် ဆိုပြီးတော့ အားရှိသွားတာကလည်းပဲ အမှုမှန်ပေါ်ပေါက်ဖို့အတွက် တော်တော်ကြီးကို အခြေအနေကောင်းသွားတယ်လို့ ပြောချင်တယ်။”

ထိုင်းအာဏာပိုင်တွေက အဓိက သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင်ကိုလည်း ဗုဒ္ဓဟူးနေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး ထိန်းသိမ်းမှုတွေအတွင်းမှာ သူနဲ့ သူ့သူငယ်ချင်းတွေဟာ ထိတ်လန့်စရာ အဖြစ်တွေ ကြုံခဲ့ရတယ်ဆိုပြီး မောင်မောင်က ဆိုပါတယ်။

“ဖမ်းလာတဲ့ညမှာ မေးတယ်ပေါ့။ ပုလိပ် ၄ ယောက်က လက်ကို တယောက်တဖက်၊ ခေါင်းကိုဖိထားတယ်၊ ခြေထောက်ကို တယောက်တဖက် နင်းထားတယ်ပေါ့နော်။ ဒီမှာလည်ပင်းက အရေတွေဘာတွေ ကွာသွားတယ်။ အဲဒါဆိုတော့ ဘာသာပြန်ကို ကျနော်ကလည်း ပြောတာပေါ့နော်။ ကျနော့်ကို သတ်ရင်လည်းသေမယ်လို့ ကျနော်ဒီလောက်ပဲသိတယ်လို့။ နောက်ထပ်လည်း မေးလာရင်လည်း ဒီစကားပဲပြောမှာပဲလို့။ တခါတလေကျတော့ပေါ့နော် မျက်နှာကိုပုဝါပတ်ပြီး ခေါ်သွားတယ်။ တနေ့မှာ ကျနော်မှတ်မိတာ မျက်နှာကို ပုဝါပတ်ထားပြီး အဲဒီအခန်းထဲမှာ ကျနော့်ကို ၁၀ မိနစ်ပတ်ဝန်းကျင်လောက် မျက်နှာကို ပတ်ထားပြီး လက်ထိပ်က နောက်ပြန်ခတ်ထားတယ်။ ကျနော့်မှာ အသက်ရှုလို့တောင်မရဘူး။ ကျနော်ကလည်း ဘာသာပြန်ကို စကားကအဆုံးပြောပြီးသား၊ ပြောထားတယ်ပေါ့နော်၊ ကျနော့်ကို ဘယ်အချိန်ပဲလာမေးမေး ဒီစကားပဲထွက်လာမယ်၊ ဒီလောက်ပဲသိတယ်ပေါ့နော်။ လူတယောက်မှာ အဓိကက စိတ်ကျဉ်းကြပ်မှုက တော်တော်ကို ထိရောက်မှုရှိတယ်ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကိုယ့်ကိုတခါတလေဆိုရင် ကိုယ့်ကိုယ်ကို သတ်ပစ်ချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်လိုက်တော့ ကိုယ့်မှာဘာမှအပြစ်မရှိတဲ့လူ တယောက်ဆိုတော့။ ဇော်လင်းဆိုတဲ့သူနဲ့ ကျနော်နဲ့ ခနလေးဆုံတဲ့အခါမှာ သူကပြောသွားတယ်ပေါ့နော် သူ့မှာရင်ဘတ်ကိုထောက်တာ၊ ခေါင်းမှာအိတ်စွပ်ပြီး သူတို့ရိုက်တယ်လို့ ပြောတာပေါ့နော်။ ကျနော့်ကိုပြောတာ ဇော်လင်းဆိုတဲ့လူက ခေါင်းကအိတ်စွပ်ပြီး ငါ့ကိုရိုက်တယ်မောင်မောင်တဲ့။ ဒါပေမဲ့ ဟိုဟာပေါ့နော် ငါ့ကို မနေ့က ရိုက်ထားတယ်ပေါ့နော်၊ မင်းကိုရိုက်လားတဲ့။ အေး၊ ငါ့ကိုတော့ မင်းလောက်တော့ မများဘူးပေါ့။ ငါ့ကိုတော့ နည်းနည်းပါးပါးရိုက်တယ်။ ငါကစကတည်းက စကားကို ဒီလိုမျိုး ပုံမှန်ပဲပြောထားတာပေါ့ အခုအချိန်အထိ။ နောက်ထပ်လည်း ကျနော်ဆီမှာ ထပ်ပြီးအသစ်ရမှာမဟုတ်ဘူးပေါ့နော်။ အဲဒီလိုပြောထားတာသူ့ကို။”

ကော့စမွေတရားရုံးက တရားသူကြီးကတော့ ဒီအမှုကို ၃ လအတွင်း အပြီးစစ်ဆေးမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ရှေ့နေတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ မကြာခင်မှာတော့ တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေရဲ့ မိသားစုဝင်တွေလည်း ထိုင်းကိုရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အခု အစိုးရသက်သေတွေအဖြစ် ထွက်ဆိုထားတဲ့ လူငယ် ၃ ဦးရဲ့ လုံခြုံရေးအတွက် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ တာဝန်ယူပေးထားမှာ ဖြစ်သလို၊ တရားခံတွေအဖြစ် စွပ်စွဲခံထားရသူ လူငယ် ၂ ဦးရဲ့ မိသားစုတွေ ရောက်ရှိလာခဲ့ရင်လည်း လုံခြုံရေး၊ နေထိုင်ရေးအတွက် တာဝန်ယူထားမှာ ဖြစ်တယ်ဆိုပြီး မြန်မာသံရုံးက တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/thailand-murder-witness-release/2484462.html


စက်တင်ဘာလ လယ်ပိုင်းတုန်းကတည်းက အဖမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင် တရားရုံးကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တာ ပါ။

ဒီကနေ့ရုံးချိန်းမှာ အမှုကို ဆက်ပြီး စစ်ဆေးဖို့ဖြစ်ပေမဲ့ တရားလိုဖြစ်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်ဘက်ကနေ အမှုကို ပြန်ရုပ်သိမ်းသွားတာကြောင့် အခုလို မဖြူနှင်းထွေး လွတ်မြောက်လာတာလို့ သူ့ရဲ့အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ဗွီအိုအေကို ပြောပါတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေးကို မထိခိုက်စေလိုတဲ့ အချက် အပါအ၀င် အချက် ၄ ချက်ကြောင့် အခုလို အမှုကို ပြန်လည်ရုပ်သိမ်းကြောင်း ဦးပိုင်ကိုယ်စားလှယ်က တရားရုံးကို လျှောက်ထား ခဲ့တာဖြစ်ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်ကုမ္ပဏီနဲ့အတူတွဲပြီး လုပ်နေတဲ့ တရုတ်ပိုင် ၀မ်ပေါင်ကုမ္ပဏီက တရုတ်အလုပ်သမား နှစ်ဦးကို ပြီးခဲ့တဲ့မေလမှာ ပြန်ပေးဆွဲမှု ပုဒ်မ ၃၆၄/၆၈ တို့နဲ့ ဆားလင်းကြီးရဲစခန်းက စွပ်စွဲပြီး မဖြူနှင်းထွေးကို မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထားတာပါ။ သူ့အမှုအတွက် တရားလိုသက်သေတွေကို ရုံးချိန်း ၅ ကြိမ် စစ်ဆေးပြီးတဲ့နောက် အခုလို ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

မဖြူနှင်းထွေး ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားတဲ့ တရုတ်အလုပ်သမားနှစ်ဦးကို ပြန်ပေးဆွဲတယ်ဆိုတဲ့ဖြစ်ရပ်မှာ ပါဝင်ပတ်သက်တဲ့ တခြား ဒေသခံ ၅ ဦးကို အခင်းဖြစ်ပြီးချိန်ကတည်းက ကျေအေးပြီးတော့ တရားမစွဲခဲ့ပါဘူး။ ဒါပေမဲ့လည်း မဖြူနှင်းထွေးကိုတော့ အခင်းဖြစ်ပြီး ၅ လလောက် ကြာတော့မှ ဖမ်းဆီးပြီး စွဲချက်တင်တာပါ။

သူ့ကိုဖမ်းသွားချိန်ကတည်းက လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ဝေဖန်ထား ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြတာတွေလည်း မကြာခန ရှိခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/phyu-hnin-htwaw-released/2484265.html

" ... our goal is to build free, democratic participatory community dominated by love. "


လန်ဒန် ၊ ၁၅-၁၀-၂၀၁၄

ISIS စစ်သွေးကြွ များ၏ အမျိုးသမီး များအား ညှဉ်းပန်း နှိပ်စက်မှု နှင့် လိင်ကျွန်ပြုခြင်း တို့ကို ဟန့်တားနိုင်ရန် အတွက် ဆီးရီးယား နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ကာ့ဒ် တိုက်ခိုက်ရေး သမားများကို ဦးဆောင်၍ တိုက်ပွဲဝင်လျက် ရှိကြောင်း သိရသည်။

Maysa Abdo အမည်ရှိ အဆိုပါ အမျိုးသမီးသည် ISIS စစ်သွေးကြွ အဖွဲ့၏ လက်အတွင်းမှ ကိုဘာနီမြို့ ကို ကယ်တင် နိုင်ရန်အတွက် ကာ့ဒ် တိုက်ခိုက်ရေး သမားများကို ဦးဆောင်၍ တိုက်ပွဲဝင်လျက် ရှိကြောင်း ၊ အဆိုပါ အမျိုးသမီးမှာ အသက် ၄၀ နှစ် ရှိပြီ ဖြစ်ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြား ခဲ့သည်။

ကာ့ဒ် တပ်ဖွဲ့ဝင်တွင် ISIS စစ်သွေးကြွ များ၏ လုပ်ရပ်ကို မနှစ်မြို့သည့် အမျိုးသမီး တိုက်ခိုက်ရေး သမားများစွာ ရှိပြီး ၄င်း တိုက်ခိုက်ရေး အမျိုးသမီး များသည် အမျိုးသား များနှင့် ရင်ပေါင်တန်း ၍ တိုက်ပွဲဝင်လျက် ရှိကြောင်း သိရှိရသည်။
  • Hundreds of mothers, sisters and daughters have taken up arms and devoted their lives to protecting Iraq’s Kurdish population against the threat of the Islamic State.
    Known as the women peshmerga of the 2nd Battalion, the group is made up of 550 female fighters led by Col. Nahida Ahmad Rashid, Barcroft reports.
     
  • The soldiers have not yet faced the Islamic State since the terrorists seized control of towns in Kurdistan, but the group has carried out in-depth exercises in the scorching heat of Sulaymaniyah to prepare themselves for battle.

#PyiChitThar

https://www.youtube.com/watch?v=h_0kg8VlxkE

The Syrian Observatory for Human Rights reported that a Kurdish woman is leading the Kurdish People’s Protection Units (YPG) against the Islamic State (ISIS/ISIL) in Kobane, Syria.

ISIS Fears These Female Kurdish Fighters For Some Very Good Reasons

Heroine of Kobani: Kurdish Female Fighter Rehana 'Kills 100 Isis Jihadis' Single-handedly
http://www.pyichitthar.com/2014/10/isis_14.html


တရားလိုပြသက်သေ ၃ ဦး (ဓာတ်ပုံ – အမ်အေတီ)
 ကိုမောင်မောင် (ဓာတ်ပုံ – အမ်အေတီ)
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်း လူသတ်မှုနဲ့ ဆက်စပ်ပြီး အစိုးရ သက်သေအဖြစ် ထိန်းသိန်းထားတဲ့ ကိုမောင်မောင် အပါအ၀င် ၃ ဦးကို မနေ့က ကော့စမွီခရိုင် တရားရားရုံးမှာ ကြားနာပြီး တဲ့နောက် ထိုင်းရဲက လွတ်လပ်စွာ သွားလာခွင့် ပေးလိုက်တယ်လို့ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ် အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ်တုန်းက ကော့စမွီ ဘော်ဖုရဲစခန်းမှာ သက်သေမောင်မောင်ကို တွေ့ဖူးပါတယ်။ အဲဒီတုန်းက သက်သေမောင်မောင်ဟာ ရဲရဲ့ထိန်းသိမ်းမှု အောက်မှာ ရှိပြီးတော့ ဘာသာပြန်နဲ့အတူ ပါလာတာ တွေ့ပါတယ်။ တွေ့တော့ ကျနော်တို့က ပြောပါတယ်။ ဒီဟာက တရားခံမဟုတ်ဘူး၊ တရားလိုပြသက်သေဖြစ်လို့ ဘာဖြစ်လို့ ဒီလို ရဲရဲ့ထိန်းသိမ်းမှုအောက်မှာ နေရတာလဲလို့ ပြောခဲ့ဖူးတာရှိပါတယ်။ မနေ့ကတော့ ၃ ယောက်လုံးကို မနက်ဆယ်နာရီခွဲကနေ ည ရှစ်နာရီခွဲအထိ စစ်လိုက်ရပါတယ်။ စစ်တဲ့အခါမှာ အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ ၃ ယောက်ဟာ ကြိုတင်ထွက်ချက်တရားသူကြီးရှေ့မှာ ရယူတာဖြစ်ပါတယ်။ အဲဒီထွက်ချက်ကြားနာပြီးတဲ့အခါ သူတို့ရဲ့ သက်သေထွက်ချက်ပြီးဆုံးပြီမို့လို့ ဒီသက်သေအနေနဲ့ ဘယ်လို ဆောင်ရွက်ထားပါသလဲလို့ ပြောတဲ့အခါမှာ ဒီသက်သေတွေကို ပြန်လွှတ်ပေးလိုက်တာပါ။

“မနေ့က သုံးယောက်လုံးရဲ့ စစ်ဆေးချက်ကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ စွပ်စွဲခံရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့နှစ်ယောက်စလုံးဟာ ပြစ်မှု ကျူးလွန်ကြောင်း မြင်တွေ့တယ်၊ သိရှိတယ်ဆိုတဲ့ သက်သေတွေ မဟုတ်ပါဘူး။ သဘောကတော့ သူတို့ထွက်ချက်တွေဟာ စွပ်စွဲခံရတဲ့သူတွေကို ငြိစွန်းတဲ့အချက် မရှိဘူးလို့ပဲ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။

ဒီလူသတ်မှုကို လိုက်ပါကူညီဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက ပြန်လွတ်လာသူနှစ်ဦးက လိပ်ကျွန်းကိုပြန်သွားပြီး ကိုမောင်မောင်ကိုတော့ စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

“မနေ့က မျက်မြင်သက်သေ ၃ ယောက် စစ်ဆေးချက်တွေပြီးတော့ သူတို့တွေ လူတွေအကုန်လုံး ပြန်လွှတ်တယ်။ လွှတ်တော့ အဲဒီ ၂ ယောက် ညီညီအောင်နဲ့ အောင်လင်းဇော်က ပတ်စပို့ရှိတဲ့အတွက် သူတို့ ကျွန်းကို ပြန်သွားတယ်။ ဆိုတော့ အရင်ကျနော်တို့ တွေ့ဖို့ အခက်အခဲရှိထားတဲ့ မောင်မောင်ကျတော့ တခုခုဖြစ်မှာစိုးတဲ့အတွက် ကျနော်တို့က မနေ့ညနေကတည်းက ဒီကလေးသုံးယောက်ကို ကျနော်တို့တည်းတဲ့ ဟိုတယ်မှာပဲ ခေါ်သိပ်တယ်။”

အစိုးရသက်သေဖြစ်တဲ့ ကိုမောင်မောင်က သူ့ကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ထိုင်းတာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး အခု မြန်မာပြည်ကိုပြန်ချင်တယ်လို့ ပြောပါတယ်။

သူ့ကို ရဲကစစ်မေးရာမှာရော၊ တရားရုံးမှာ စစ်မေးရာမှာရော စွပ်စွဲခံရသူနှစ်ဦးနဲ့ ဘီယာအတူတူသောက်တာ၊ စီးကရက်ဝယ်တာ ဒီနောက် စွပ်စွဲဖမ်းခံထားရတဲ့ သူငယ်ချင်းနှစ်ယောက်ကို ထားပြီး သူ့ချစ်သူထံ သွားရောက်တာ၊ မနက်ငါးနာရီမှာ အခန်းပြန်လာတဲ့အခါ နှစ်ယောက်သား အိပ်နေကြတာ။ အခင်းဖြစ်ပြီး ရဲတွေ စစ်နေချိန်မှာ အဲဒီနှစ်ယောက် ဘယ်မှ ထွက်မပေးဘဲ ဆက်နေနေကြတာတွေကို ထောက်ပြပြီး သိတာ သိတဲ့အတိုင်း ဖြေဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

“ကျနော်က ထိုင်းနိုင်ငံ အစိုးရဘက်က လည်း (မျက်နှာ) မထောက်ဘူး။ ကိုယ့်သူငယ်ချင်း ဘ က်ကလည်း မထောက်ဘူး။ ဘာဖြစ်လို့ဆို တရားဥပဒေဆို တာ ထောက်လို့ မရဘူး။ တကယ်လို့များ အဲလိုမျိုးဖြစ် လာလို့ရှိရင် ဒီအမှုဟာ တော်တော်ကြောက်စရာကောင်းတဲ့အမှုပေါ့နော်။ ကျနော်အစကတည်းကနေ အမှန်အတိုင်းပဲ ပြောသွားတယ်ပေါ့နော်။ ကျနော့်သူငယ်ချင်း ဒီလိုမျိုး အဲတာ ဒီကောင်တွေ သတ်ပါတယ်ဆိုတဲ့စကားဟာ ကျနော် ကိုယ်တခုခုဖြစ်ပါမယ်ဆိုတာတောင်မှ ကျနော် မပြောဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က မမြင်ဘူးဆို၊ မမြင်ဘူးပဲ ပြောတယ်။ မသိဘူးဆို မသိဘူးပဲ ပြောတယ်။ ဘာဖြစ်လို့လည်းဆို ကိုယ်က မဟုတ်တာကို အဟုတ်လုပ် ပြောလို့မရဘူးလေ” လို့ ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က စတင်ထိန်းသိမ်းစဉ်ကစလို့ စိတ်ကျဉ်းကျပ်မှုရှိပေမယ့် စစ်မေးတဲ့အခါ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း မရှိကြောင်းနဲ့ ဒါပေမယ့် ဒီလို ရုပ်ခြည်းပြန်လွှတ်ပေးလိမ့်မယ်လို့တော့ မမျှော်လင့်ကြောင်း သူက ပြောပါတယ်။

“ကျနော့်ကိုယ် ကျနော် ဒီအကျဉ်းအကျပ်ထဲမှာ နေခဲ့တဲ့အချိန်က  ကော့စမွေမှာ နေခဲ့တဲ့အချိန်က ကျနော့်ကိုယ်ကျနော် လုံးဝကို မျှော်လင့်ချက်မထားဘူး မနေ့က လွှတ်မယ်လို့၊ အဓိကကတော့ ဆရာကြီးတွေ (ကူညီလိုက်ပါဆောင်ရွက်သူတွေ) ကြောင့်ပေါ့။ သူတို့တောင်းဆိုတဲ့ အတွက်ကြောင့်ပေါ့။ သက်သေခံကို ဒီလိုမျိုးအကျဉ်းအကျပ်မှာ မထားသင့်ဘူးလို့ တောင်းဆိုလို့။”

“ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ် လွတ်တယ်ဆိုတာ အိပ်မက်မက်နေသလား၊ ဒါမှမဟုတ် စိတ်ကူးယဉ်နေတာလားလို့ ထင်တယ်ပေါ့နော်။”

ပုလိပ်ဗိုလ်တယောက်က သူ့ကို ထိုင်းဘတ်ငွေ ၁၀၀၀ ပေးပြီး သွားလိုရာသွားနိုင်ကြောင်း ခွင့်ပြုတဲ့အတွက် စတင်လွတ်မြောက်လာပြီး မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ အတူရှိနေတယ်လို့ ဆိုပါတယ်။

သူငယ်ချင်း ၂ ဦး သတ်ဖြတ်တယ်လို့ ရဲက စွပ်စွဲပြီး ဖြောင့်ချက်ထုတ်ပြန်ထားတဲ့အပေါ် ကိုမောင်မောင်အမြင်ကတော့ ခုလို ဖြစ်ပါတယ်။

“ကျနော့်အထင်ကတော့ သူတို့ လုပ်ဖို့သတ္တိလည်း ရှိမယ်မထင်ဘူးပေါ့။ နောက် လူအများကလည်း ကြည့်တာက လူတယောက်ကို သတ်ထားတာမဟုတ်ဘူး။ လူတ်ယောက်ကို ထိုးမိရင်တောင်မှ အဲဒီနှစ်ယောက်က နေရတာ တော်တော်ခက်တယ်နော်။ ဒါ လူအတော်များများက လူကြီးတွေကရော ပြည်သူလူထုကရော အကုန်လုံးကို၊ လူတယောက်ကို သတ်ထားရင် ဒီလိုမျိုးနေလို့ မရဘူးဆိုတာ ဒီလိုမျိုး ပြောနေကြတာပေါ့” လို့ ပြောပါတယ်။

“ကျနော့်စိတ်မှာ ဘာမှတော့ သူတို့ကို မသင်္ကာမဖြစ်ဘူး။ ကိုယ့်လူကို ကိုယ်ပေါ့နော်။  ခုထက်ထိလည်း မသင်္ကာမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုနပြောသလို လူတယောက်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့တယ် (ဓာတ်ပုံ) ရက်ရက်စက်စက်သတ်နိုင်ဖို့ ဆန္ဒရှိတယ်ဆိုတာ အဲလောက်ထိ ပြင်းထန်တဲ့ဆန္ဒ သူတို့မှာရှိမယ်လို့ လုံးဝကို မယူဆဘူး။”

စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရတဲ့အတွက် ကိုမောင်မောင်ရဲ့ သူငယ်ချင်းနှစ်ဦးဖြစ်ကြတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းကိုတော့ ရဲက မုဒိမ်းမှု၊ လူသတ်မှု စတဲ့အမှုတွေနဲ့ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

မနေ့က အစိုးရသက်သေ ၃ ဦးကို ကော့စမွီတရားရုံးမှာ ကြိုတင်စစ်ဆေးခဲ့ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ရှေ့နေများအဖွဲ့၊ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/67910


ပြန်လွတ်လာသည့် မဖြူနှင်းထွေး (အလံကိုင်ထားသူ)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

ပြန်လွတ်လာတဲ့အပေါ် မဖြူနှင်းထွေးက “ကျမအပါအ၀င် လက်ပံတောင်းဒေသခံတွေကို စွဲကတည်းက ဒါမတရားတဲ့ပုဒ်မပဲ။ ကျမအပါအ၀င် ဒေသခံတွေ အားလုံးမှာ လုံးဝအပြစ်မရှိဘူး၊ အပြစ်မရှိဘဲနဲ့ သူတို့စွဲဆိုထားတဲ့ပုဒ်မပေါ့။ အပြစ်မရှိတဲ့အတွက် ဒါလုံးဝ အမှန်တရားတခု ပေါ်ပေါက်လာတယ်လို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/67928
မဖြူနှင်းထွေးကို မေးမြန်းချက် အပြည့်အစုံနားဆင်ရန်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်း ခံထား ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“အခုဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း မဖြူနှင်းထွေး ကိုယ်တိုင် ပြောနေတယ်။ ဒီအမှု ဒီလိုမတရားပုဒ်မတွေ တပ်ပြီး စွပ်စွဲနေရင်တော့ တိုက်ပွဲဝင်ရ ဦးမယ်။ ကျနော်တို့မှာ တခြားပုဒ်မ တပ်ထားတဲ့ ဗကသတွေကို တရားစွဲဆိုထားတာတွေကို ဆက်လက် ရင်ဆိုင်ရဦးမှာပါ။”

မန္တလေးတက္ကသိုလ် ပထမနှစ်  မြန်မာစာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို  လက်ပံတောင်းတောင်မှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင် ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၈၊ ၃၆၄ တွေနဲ့   ဖမ်းဆီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မဖြူနှင်းထွေးဟာ မုံရွာ အကျဉ်းထောင်တွင်းမှာ ခံစားခွင့်ရှိတဲ့ အခွင့်အရေး  အပြည့်မရဘူးလို့ ဗကသအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/67889


ခိုထောင်ကျွန်းလူသတ်မှုတွင် တရားစီရင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့လာရန် ဗြိတိန်နှင့် မြန်မာနိုင်ငံတို့မှ လေ့လာသူများအဖွဲ့ကို ခွင့်ပြုရန် ထိုင်းနိုင်ငံက မူအားဖြင့် သဘောတူလိုက်သည်။ ယင်းလူသတ်မှုက ဗြိတိန်နှင့် မြန်မာနှစ်နိုင်ငံလုံး၌ မီဒီယာများ၏ ပြစ်တင်ဝေဖန်မှုများပေါ်ထွက် စေခဲ့သည်။

အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဆွမ်ယော့ပွမ်ပန်မူအန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ကီယတ် တီခွန်ချတ်ပရာဆတ်၊ ဗြိတိန်သံအမတ်ကြီး မတ်ကင့်နှင့် မြန်မာသံအမတ်ကြီး ဦးဝင်းမောင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အထက်ပါအတိုင်း သဘောတူခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆက်ဝန်နာမက်သီက ဗိုလ်ချုပ်ကြီးဆွမ်ယော့သည် သံအမတ်ကြီး နှစ်ဦးနှင့် သုံးနာရီကြာ တွေ့ဆုံပြီး ထိုင်းအစိုးရအနေဖြင့် အမှုကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဆောင်ရွက်မည်ဟု အာမခံကြောင်း ပြောကြားသည်။

တချိန်တည်းတွင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက လေ့လာရေးအဖွဲ့ စေလွှတ်မည့်ကိစ္စကို ကြိုဆိုခဲ့သည်။ ပရာယွတ်က ထိုင်းအရာရှိများသည် အမှုကိုကျွမ်းကျင်စွာကိုင်တွယ်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
“မြန်မာနှင့် ဗြိတိန်တို့ဟာ လူမှုရေး၊ မီဒီယာအပါအ၀င် ထိုင်းမီဒီယာကို စောင့်ကြည့်နေကြတယ်။ သူတို့ အနေနဲ့ အမှုနှင့် ပတ်သက်ပြီး ရှင်းလင်းချက်တောင်းခံတာဟာ လုပ်ရိုးလုပ်စဉ်ပဲ။ ဒီလိုလုပ်တဲ့အတွက် သူတို့ဟာ ကျွန်တော်တို့ရဲ့ တရား စီရင်ရေးစနစ်အပေါ် မယုံကြည်တဲ့သဘော မဟုတ်ဘူး”ဟု ဗိုလ်ချုပ်ကြီးပရာယွတ်က ပြောကြားသည်။

ဆူရက်သာနီခရိုင်၊ ကော့စမွီပြည်နယ် တရားရုံးသည် အောက်တိုဘာ ၁၄ ရက်နေ့တွင် အဓိက အစိုးရသက်သေများ ပါဝင်သည့် ကနဦးကြားနာစစ်ဆေးမှု တရပ်ပြုလုပ်ခဲ့သည်။

ထိုင်းအစိုးရ သက်သေ မောင်မောင်(၂၃ နှစ်)က ဗြိတိန်စုံတွဲ မီလာနှင့် ၀စ်သားရင်းတို့အား သတ်ဖြတ်၊ မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခံရသော ၀င်းဇော်ထွန်း၊ ဇော်လင်းတို့နှင့် ပတ်သက်ပြီး အစစ်ခံသည်။

အောက်တိုဘာ ၁၄ ရက် ကြားနာ စစ်ဆေးမှုသို့ သံသယရှိရသူနှစ်ဦးကို တက်ရောက်နားထောင်ခွင့်ပြုသည်။ ထိုင်းရှေ့နေ များကောင်စီက သံသယရှိသူနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ရန် ရှေ့နေတဦးခန့်အပ်ခဲ့သည်။
ခိုထောင်ကျွန်း AC Two စားသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသည့် မောင်မောင်က လူသတ်မှုဖြစ်ပွားသည့်ညက လုံခြုံရေးကင်မရာများတွင် တွေ့မြင်ရသော အမျိုးသားသုံးဦးမှာ မိမိ၊ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ ဖြစ်ကြောင်း အတည်ပြုသည်။

အစိုးရရှေ့ နေက စက်တင်ဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀ မိနစ်တွင် ၎င်းတို့ 7-Eleven ဆိုင်တဆိုင်သို့ဝင်လာပြီး ဘီယာသုံးပုလင်း ၀ယ်ယူခဲ့ပုံ၊ ည ၁၁ နာရီ ၁၂ မိနစ်တွင် မောင်မောင် စီးကရက်ဝယ်ရန် 7-Eleven မှ ထွက်လာပုံတို့ကို ဗွီဒီယို ဖွင့်ပြသည်။ နောက်ပိုင်း ဗြိတိန်စုံတွဲအသတ်မခံရမီ နောက်ဆုံးတွေ့မြင်ခဲ့ရသော AC Bar ရှေ့ လမ်းသွယ်တခုမှ ၎င်းတို့ သုံးဦးထွက်ခွာ လာသည်။ ဇော်လင်းက မောင်မောင်နှင့် အတူ ဆိုင်ကယ်မောင်းလာပြီး ၀င်းဇော်ထွန်းက ဆိုင်ကယ်နောက်တွင် ဂီတာ တလက်ကိုင်ကာ ထိုင်လိုက်လာသည်။

မောင်မောင်က မိမိနှင့် အခြားလူ နှစ်ဦးသည် လူသတ်မှုဖြစ်သည့်ညက အခင်းဖြစ်သည့်နေရာနှင့် မီတာ ၁၀၀ အကွာ၌ ဆိုင်ရီကမ်းခြေတွင် ဘီယာသောက်ပြီး ဂီတာတီးခဲ့ကြောင်း၊ ဘီယာသောက်ပြီးနောက် မိမိတဦးတည်း ပြန်လာခဲ့ကြောင်း ပြောကြားသည်။

အမှတ်-၈ ဒေသ အစိုးရရှေ့နေရုံး ညွှန်ကြားရေးမှူးချုပ် သာဝပ်ချိုင်ဆီအန်ဂျာအူ က ၎င်း၏အဖွဲ့သည် ရဲတပ်ဖွဲ့ထံမှ ပြန်လည်စုံစမ်းစစ်ဆေးမှုတရပ်၏ အပြီးသတ်အပိုင်းကို စောင့်မျှော်နေကြောင်း ပြောကြားသည်။

Ref; (Bangkok Post)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်းမှာ ​ဗြိတိန်နှစ်ဦး ​အသတ်ခံခဲ့ရတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေရဲ့ ​စုံစမ်းစစ်ဆေးရေးမှာ ​သံသယဝင်နေကြတဲ့အတွက် ​ဗြိတိန်ရဲတွေက ​စုံစမ်းစစ်ဆေးရေးမှာ ​ကူညီနိုင်ကြောင်း ​ကမ်းလှမ်းထားတာကို ​ထိုင်းဝန်ကြီးချုပ်က ​ဗြိတိန်တွေရဲ့ ​အကူအညီကို ​မလိုဘူးလို့လည်း ​ပြောလိုက်ပါတယ်။
သေဆုံးသူ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို စစ်ဆေးစဉ် (Credit: AFP)

ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​မြန်မာ ​ရွှေ့ပြောင်းအလုပ်သမား ​နှစ်ဦးက ​သတ်ပစ်ကြောင်း ​ထိုင်းရဲတွေက ​ပြောဆိုတဲ့အပေါ် ​မြန်မာသာမက၊ ​ထိုင်းနိုင်ငံသား ​တချို့နဲ့ ​ဗြိတိန်တွေကလည်း ​မယုံမကြည် ​ဖြစ်နေကြပါတယ်။

အဲဒီအတွက် ​ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ​ထိုင်း ​သံတမန်ကို ​တနင်္လာနေ့က ​ဆင့်ခေါ်တွေ့ဆုံခဲ့သလို ​အင်္ဂါနေ့တုန်းကလည်း ​ထိုင်းနိုင်ငံမှာ ​အမှုထမ်းဆောင်နေတဲ့ ​ဗြိတိန်သံအမတ်ကလည်း ​ထိုင်းနိုင်ငံနဲ့ ​မြန်မာသံတမန်တွေနဲ့ ​တွေ့ဆုံဆွေးနွေးမှု ​လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ​ဒီစုံစမ်းရေးမှာ ​ဗြိတိန်အနေနဲ့ ​ထိုင်းရဲတွေကို ​အကူအညီပေးနိုင်ကြောင်း ​ဗြိတိန်က ​ကမ်းလှမ်းတာကို ​ထိုင်းဝန်ကြီးချုပ် ​Prayut ​Chan-O-Cha ​က ​ငြင်းပယ်လိုက်ပါတယ်။

ထိုင်းနိုင်ငံကို ​ဘယ်သူမဆို ​လာလည်လို့ရတယ်ဆိုပေမယ့် ​ထိုင်းနိုင်ငံရဲ့ ​ကိစ္စဟာ ​ထိုင်းတွေရဲ့ ​ကိစ္စသာ ​ဖြစ်တယ်ဆိုတာ ​မမေ့သင့်ကြဘူးလို့ ​ထိုင်းဝန်ကြီးချုပ်က ​ပြောဆိုခဲ့သလို ​ကော့တောင်ကျွန်း ​လူသတ်မှု ​စုံစမ်းရေးဟာ ​ယုံကြည်စိတ်ချစရာ ​ကောင်းတယ်လို့လည်း ​တုံ့ပြန်ထားပါတယ်။

ထိုင်းရဲတွေကတော့ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​မြန်မာတွေက ​သတ်ပစ်တယ်ဆိုတာ ​ဝန်ခံထားပြီ ​ဖြစ်သလို ​သေဆုံးသူကိုယ်ပေါ်မှာ ​ကျန်ခဲ့တဲ့ ​DNA ​ကို ​စစ်ဆေးရာမှာလည်း ​လူသတ်မှုနဲ့ ​တရားစွဲခံရသူ ​မြန်မာနှစ်ဦးရဲ့ ​DNA ​နဲ့ ​တိုက်ဆိုင်နေတယ်လို့ ​ပြောပါတယ်။

ဒါပေမဲ့ ​မြန်မာတွေကတော့ ​သူတို့ကို ​အတင်းဝန်ခံခိုင်းတာတွေ ​လုပ်ခဲ့ပြီး ​ညှင်းပမ်းမှုတွေလည်း ​ခံခဲ့ရတယ်လို့ ​ပြောဆိုထားတဲ့အတွက် ​ထိုင်းရဲတွေ ​ဝေဖန်ခံနေရတာပါ။

ထိုင်းရဲတွေကတော့ ​ညှင်းပမ်းနှိပ်စက်တာတွေ ​မလုပ်ရဘူးလို့ ​ပြောဆိုထားသလို ​သူတို့ ​စစ်ဆေးနေတုန်း ​ရှေ့နေတစ်ဦးပါ ​အတူတူ ​ရှိနေခဲ့တယ်လို့ ​ပြောဆိုထားပါတယ်။
radioaustralia
http://www.radioaustralia.net.au/burmese/sites/default/files/imagecache/ra_article_feature/images/2014/09/15/5745866-3x2-700x467_5.jpg

အာဖရိက ​အနောက်ပိုင်း ​ဒေသမှာ ​ဖြစ်နေတဲ့ ​အီဘိုလာ ​ရောဂါကို ​မထိန်းသိမ်းနိုင်ရင် ​တစ်ပါတ်ကို ​လူပေါင်း ​၁၀၀၀ ​နှုန်းနဲ့ ​ကူးစက်ခံရနိုင်တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ပြောပါတယ်။
(Credit: Reuters)

အနောက်အာဖရိကဒေသက ​လိုင်ဘေးရီးယား၊ ​ဆီရာယာလီယွန်နဲ့ ​ဂီနီနိုင်ငံမှာ ​အီဘိုလာ ​ပျံ့နှံ့မှုတွေ ​ဖြစ်ပေါ်နေဆဲဖြစ်ပြီး ​အခုလောလောဆယ် ​လူပေါင်း ​၄၅၀၀ ​လောက် ​သေဆုံးရပြီ ​ဖြစ်ပါတယ်။

ဒီတစ်ပါတ်အတွင်း ​ကူးစက်ခံရသူ ​၉၀၀၀ ​ကျော် ​ရှိနိုင်တယ်လို့လည်း ​ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပါမောက္ခ ​Peter ​Piot ​က ​အီဘိုလာ ​ရောဂါပြီး ​ပျံ့နှံ့မှုက ​အကြီးမားဆုံး ​စိန်ခေါ်မှုဖြစ်နေတယ်လို့ ​ဆိုပါတယ်။

အီဘိုလာ ​ပိုးကြောင့် ​သေဆုံးသွားတဲ့ ​လူတွေရဲ့ ​အသုဘကို ​လာရောက်ကြတဲ့ ​ဆွေမျိုးတွေ၊ ​အီဘိုလာ ​လူနာတွေကို ​စောင့်ရှောက်မှုလုပ်တဲ့ ​ဆွေမျိုးသားချင်းတွေ ​ရောဂါမကူးစက်အောင် ​လုပ်ဆောင်ဖို့က ​စိန်ခေါ်မှုကြီး ​တစ်ခုလို ​ဖြစ်နေပြီး ​ဒီပြဿနာကို ​ဖြေရှင်းနိုင်ဖို့အတွက် ​ဒေသခံတွေ ​ပြောတဲ့ ​စကားကို ​နားလည်တတ်ကျွမ်းပြီး ​သူတို့ရဲ့ ​ရိုးရာ ​ဓလေ့တွေကို ​နားလည်မှသာ ​ဖြေရှင်းနိုင်မယ်လို့ ​ပြောသွားခဲ့ပါတယ်။

အဲဒီပြဿနာတွေ ​မဖြေရှင်းနိုင်သေးတဲ့အတွက် ​ဆီရာယာလီယွန်၊ ​လိုင်ဘေးရီးယားနဲ့ ​ဂီနီနိုင်ငံမှာ ​ရောဂါကူးစက်မှုတွေ ​ဆက်လက်ဖြစ်ပေါ်နေပါတယ်။

အမေရိကန် ​သူနာပြုရဲ့ ​အခြေအနေကတော့ ​တည်ငြိမ်နေ

အခုလောလောဆယ် ​လိုင်ဘေးရီးယားနိုင်ငံကနေ ​အမေရိကန်နိုင်ငံကို ​ရောက်ရှိလာတဲ့ ​လူနာကို ​ကုသခဲ့တဲ့ ​သူနာပြုရဲ့ ​အခြေအနေဟာ ​တည်ငြိမ် ​နေတယ်လို့ ​သိရပါတယ်။

သူနာပြု ​နီနာဖန် ​အတွက် ​အီဘိုလာ ​ရောဂါ ​ကူးစက်ခံရာက ​ပျောက်ကင်းသွားတဲ့ ​အမေရိကန် ​ဆရာဝန်တစ်ဦးက ​ခန္ဓာကိုယ်အတွင်းက ​plasma ​တွေကို ​လျူဒါန်းလိုက်ပြီး ​အဲဒီနည်းနဲ့ ​ပျောက်ကင်းလိမ့်မယ်လို့ ​မျှော်လင့်နေကြပါတယ်။

IAEA ​အဖွဲ့လည်း ​အီဘိုလာ ​တိုက်ဖျက်ရေးမှာ ​ပါဝင်လာ

ကုလသမဂ္ဂရဲ့ ​နိုင်ငံတကာ ​အာဏုမြူစွမ်းအင်ဆိုင်ရာ ​အဖွဲ့ ​IAEA ​ကလည်း ​အီဘိုလာရောဂါ ​တိုက်ဖျက်ရေးမှာ ​ပါဝင်လာကြပါတယ်။

နျူကလီးယား ​စက်မှုကို ​အသုံးပြုပြီး ​ရောဂါရှိမရှိဆိုတာကို ​မြန်မြန်ဆန်ဆန် ​ပြောဆိုနိုင်တဲ့အတွက် ​အဲဒီအပိုင်းမှာ ​ကူညီပေးမှာ ​ဖြစ်ပါတယ်။

ဒီတစ်ပါတ်အတွင်း ​အဲဒီ ​စက်ပစ္စည်းတွေကို ​ဆီရီယာလီယွန်နိုင်ငံကို ​ပို့ဆောင်မှာဖြစ်ပြီး ​အဲဒီနောက်မှာတော့ ​လိုင်ဘေးရီးယားနဲ့ ​ဂီနီနိုင်ငံကို ​ပို့ဆောင်မှာ ​ဖြစ်ပါတယ်။

http://www.radioaustralia.net.au/burmese/2014-10-15/1379193

Storms Tear Through the Southeast and Ohio Valley, Killing 2 As Multi-Day Outbreak Begins.

ဟျူစတန် ၊ ၁၅-၁၀-၂၀၁၄

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်း နှင့် တောင်ပိုင်းတို့တွင် အောက်တိုဘာ ၁၃ ရက်က အင်အား ပြင်းထန်သည့် မုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့ရာ လူနေ အဆောက် အအုံများ ပျက်စီးခဲ့ပြီး လူ နှစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ယင်း မုန်တိုင်းသည် တက္ကဆက်၊ အာကင်ဆပ်၊ လူဝီစီယားနား၊ အိုကလာဟိုးမား နှင့် အယ်လ်ဘားမား ပြည်နယ် တို့တွင် ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်း တိုက်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး အခြား အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ မုန်တိုင်းဒဏ်ကြောင့် ဒေသအတွင်းရှိ သစ်ပင်များ ပြိုလဲပြီး လူနေအိမ် အများအပြားမှာ ပြိုကျပျက်စီး ခဲ့ကြောင်း၊ ထို့ပြင် မုန်တိုင်း တိုက်ခတ်မှု၏ နောက်ဆက်တွဲ အဖြစ် ရေကြီးမှု များမှာ ပြည်နယ် အချို့တွင် ဖြစ်ပွား လာနိုင်ကြောင်း သိရသည်။ မုန်တိုင်း တိုက်ခတ်မှုကြောင့် လူဝီစီယားနား ပြည်နယ်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ ရပြီး မိုးကြိုးပစ်ချ မှုကြောင့် တက္ကဆက် ပြည်နယ် အတွင်းရှိ ရေနံတွင်း တစ်တွင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်းနှင့် ပြည်နယ် အများအပြား တွင် လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိကြောင်း အာဏာပိုင် များက ထုတ်ပြန် ခဲ့သည်။

အဆိုပါ မုန်တိုင်းသည် ဒေသအတွင်း၌ ဆက်လက် တိုက်ခတ်နိုင်ဖွယ် ရှိပြီး နိုင်ငံ တောင်ပိုင်းတွင် အင်အား ပြင်းထန်သည့် မုန်တိုင်းများ တိုက်ခတ်နိုင်ဖွယ် ရှိသည်ဟု မိုးလေဝသဌာန က ထုတ်ပြန် ထားကြောင်း သိရသည်။

#PyiChitThar

Tornado outbreak in Southern U.S. underway, life-threatening storms through tonight.

Bernhard Ruf, the chief physician in the Department of Infectious Diseases at Leipzig’s St. Georg Clinic, issued a statement after the death of an Ebola patient who underwent treatment in Germany.

ဘာလင် ၊ ၁၅-၁၀-၂၀၁၄

လိုက်ဘေးရီးယား နိုင်ငံအတွင်း အီဘိုလာ ကူးစက်ခံ ခဲ့ရသည့် ကုလသမဂ္ဂ ဆေးဝန်ထမ်း တစ်ဦးသည် အထူးကြပ်မတ် ကုသမှု ခံယူလျက် ရှိသော်လည်း ယခု သေဆုံး သွားပြီဖြစ်ကြောင်း ဂျာမနီနိုင်ငံ အတွင်းရှိ ဆေးရုံတစ်ရုံ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အမည် ဖော်ပြထားခြင်း မရှိသည့် အသက် ၅၆ နှစ်အရွယ် အဆိုပါ အမျိုးသား သည် အောက်တိုဘာ ၁၃ ရက် ညပိုင်းက သေဆုံးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသားသည် အီဘိုလာ ရောဂါပိုး ကူးစက်မှုကို အောက်တိုဘာ ၆ ရက် က ခံခဲ့ရပြီးနောက် ဂျာမနီနိုင်ငံ သို့ ဆေးကုသမှု ခံယူရန် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း Leipzig ဆေးရုံမှ တာဝန် ရှိသူများက ပြောကြား ထားသည်။

အဆိုပါ အမျိုးသားသည် ဂျာမနီ နိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် ရောက်ရှိ လာခဲ့ပြီး ၄င်းသည် ယင်း နိုင်ငံအတွင်း သို့ အီဘိုလာ ရောဂါပိုး ကူးစက်ခံ ရမှုကြောင့် ရောက်ရှိလာသည့် တတိယမြောက် ဝေဒနာရှင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသို့ ပထမဆုံး ရောက်ရှိ လာသည့် အီဘိုလာ ရောဂါ ကူးစက် ခံရသူမှာ ဆီနီဂေါ နိုင်ငံမှ အမျိုးသား တစ်ဦးဖြစ်ပြီး ဒုတိယမြောက် လူနာမှာ ယူဂန်ဒါနိုင်ငံ အီတလီ လူမှုရေး အဖွဲ့မှ ဝန်ထမ်း အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

#PyiChitThar

Ebola Patient Dies in German Hospital
http://www.pyichitthar.com/2014/10/blog-post_87.html



အင်းစိန်ထောင် အတွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးဖို့ အတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ တားမြစ်ချက် ဖောက်ဖျက် ကျူးလွန်သူ တွေကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါ အပြစ်ပေးနိုင်အောင် ထည့်သွင်း ပြဌာန်းဖို့ နိုင်ငံတော် သမ္မတက သဘော ထား မှတ်ချက်ပေး ခဲ့တာကို ပြည်ထောင်စု လွှတ်တော်က လက်မခံ ခဲ့ပေမယ့် အခြေခံ ဥပဒေကို လိုက်နာတဲ့ အနေနဲ့ နိုင်ငံတော် သမ္မတက အဲဒီဥပဒေကို အတည်ပြု လက်မှတ်ရေးထိုး ပေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ် ပြန်ထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေ ထပ်မံပေါ်ပေါက်လာခဲ့တဲ့အခါ ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်သလိုတင်ပြသွားမယ်လို့ ပြောပါတယ်။

"လက်တွေ့ဒီဥပဒေကို အကောင်အထည်ဖော်တဲ့အခါမှာ အလုပ်ရှင်တွေဖက်က ၅သိန်းဆိုတာ ဘာမှအရေးပါတာမဟုတ်ဘူး နောက်မှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုကိစ္စတွေ ပေါ်ပေါက်လာရင် အလုပ်ရှင်တွေဖက်က ၅သိန်းပေးပြီးတော့ သူတို့လုပ်ချင်ရာလုပ်သွားမှာပဲ ပေါ်ပေါက်လာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ ကျနော်တို့ကိုယ်တိုင် ဒီဥပဒေကို ပြင်ဆင်ချက်တင်သင့်ရင်ထပ်တင်ရမှာပဲ"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြဌာန်းထားတဲ့ အလုပ်သမားရေးရာအငြင်းပွားမှုပြင်ဆင်တဲ့ ဥပဒေကြမ်းကို သြဂုတ်လ ၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး လက်မှတ်ရေးထိုးဖို့ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ရာမှာ နိုင်ငံတော်သမ္မတက ငွေဒဏ်အပြင် ထောင်ဒဏ်ပါထည့်သွင်းဖို့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်ပေးပို့ခဲ့ပါတယ်။

ဒါပေမယ့် သမ္မတရဲ့သဘောထားကို ပြည်ထောင်စုလွှတ်တော်က လက်မခံပဲ မူလဥပဒေကြမ်းအတိုင်း အတည်ပြုပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတအနေနဲ့ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း သွားရောက်လှုပ်ရှား သည့် မြန်မာ စစ်ကြောင်းမှူး တဦး က ဒေသခံ ပြည်သူ့ စစ်များအား ရရာသေနတ်များ ရှာဝယ်ပေးရန် ခိုင်းစေခဲ့ကြောင်း နီးစပ်သူတဦး က ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့က အရှေ့အလယ်ပိုင်းတိုင်းလက်အောက်ခံ တာကော် အခြေစိုက် ခြေလျင် တပ်ရင်း အမှတ် ၂၉၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရဲကိုက ၎င်း၏တပ်ရေးဗိုလ်ကြီးအား ဌာနေပြည်သူ့စစ် တပ်ဖွဲ့ထံ ရရာသေနတ် များရှာဝယ်ပေးရန် ခိုင်းစေခဲ့သည်ဟု အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိ တဦးကပြောသည်။

“ရတဲ့ သေနတ်တွေဝယ်သာဝယ်ပေးပါတဲ့ ။ အကူအညီတောင်းတာတဲ့။ အဓိကကတော့ အမ် ၂၂ သေ နတ် တလက်တော့ ရအောင်ဝယ်ပေးပါတဲ့။ ၁၂ ရက်နေ့တုန်းက လာပြောတာ။ အခုထက်ထိ တော့ဝယ် လို့မရသေး ဘူး။ တိုက်ပွဲမှာ သိမ်းပိုက်နိုင်သလိုလိုနဲ့ အထက်ကို လိမ်ညှာတင်ပြဖို့ထင်ပါရဲ့” - ဟု အဆိုပါ အမည်မဖေါ်လိုသည့် ပြည်သူ့ စစ်အရာရှိကပြောသည်။

ခလရ ၂၉၆ လက်အောက်ခံစစ်ကြောင်းသည် သျှမ်းပြည်တပ်မတော်၏ တာ့ဖါဆောင်တပ်စခန်းအား တိုက်ခိုက် စဉ် အခြားသော တပ်ရင်းများ ထက် သေကျေ ဆုံးရှုံးမှုများကြောင်း၊ ထို့အတွက် အထက်က ၎င်းအားပစ်ဒဏ် တခုခု ပေးဖွယ်ရှိသောကြောင့် ထိုဆုံးရှုံးမှုများအား ဖုံးကွယ်ရန် ယခုကဲ့သို့သေနတ် အဝယ်လိုက်ခြင်းဖြစ်ကြောင်း တာကော် တပ်ရင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောသည်။

“ဘာလို့ တိုက်ပွဲတွေလုပ်နေတာလဲမသိဘူး။ အခု အောင်ပန်း စစ်ဆေးရုံမှာ ကုတင် ၄၈ လုံးက တိုက် ပွဲမှာ ထိခိုက် ဒဏ်ရာရလာတဲ့သူတွေကြီးဘဲ။ ငြိမ်းချမ်းရေးတည်ဆောက်နေပြီလို့လဲပြောတယ်။ ကျမ တော့ အဲဒီတိုက်ပွဲတွေ သဘောမကျဘူး။ အလကားနေရင်း မုဆိုးမ မဖြစ်ချင်ဘူး” - ဟု အောင်ပန်း ရောက် မြန်မာ့တပ်မတော်အရာရှိ ကတော်တဦးကပြောသည်။

ခလရ ၂၉၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ရဲကို သည် နောက်တန်း (တာကော်) ထိုင်စဉ်က နောက်လိုက် တပည့် နှစ်ဦးနှင့်အတူ တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းမ သံလွင်မြစ်ကူး တာကော်တံတား အားဖြတ်သန်း သွားလာ သည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်ကြီးယာဉ်ငယ်များထံမှ တစီးလျှင် ကျပ်ငွေ ၅ သောင်း မှ သိန်းဂဏန်း အထိ ကိုယ်တိုင် စောင့်ဆိုင်းကောက်ခံ ခဲ့ကြောင်း နီးစပ်သည့် ကား ဆရာတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် ၏ တာ့ဖါဆောင်တံတားအား စတင်ထိုးစစ်ဆင် တိုက်ခိုက်စဉ် ကတည်း က ၎င်း တပ်ရင်းက ပွိုင့်ထိုးတိုက်ခိုက်ရသောကြောင့် အသေအပျောက်များခြင်းဖြစ်သည်ဟု ဆိုသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးထားကြပြီးဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အလွန်အမင်း အထူးစိုးရိမ်ပူပန်တဲ့ အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆို လိုက်ပါတယ်။ အဲဒီမှာ မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင် Kurdish တိုက်ခိုက်ရေး သမားတွေက အပြင်းအထန် ခုခံနေကြရပါတယ်။

စစ်သွေးကြွတွေကို နှိမ်နင်းရေးနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမားဟာ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ အကြီးအကဲ ၂၀ ကျော်နဲ့ ၀ါရှင်တန်မြို့ပြင်ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းတခုမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ပါတယ်။

Kobani မှာ ဖြစ်ပွားနေတဲ့ အခြေအနေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေအပေါ် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ သမ္မတ က ပြောပါတယ်။

မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက် ပြုလုပ်သွားမယ်လို့ သမ္မတ က ပြောဆိုပါတယ်။ IS စစ်သွေးကြွတွေကို အနိုင်ယူဖို့ ကြိုးပမ်းမှုဟာ စစ်ပွဲတခု ဆင်နွှဲတာမျိုးတင် မကပါဘဲ အစွန်းရောက်မှုကို ဆန့်ကျင် တိုက်ခိုက်တာလည်း ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

တနင်္လာနဲ့ အင်္ဂါနေ့တွေအတွင်း အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတို့က တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့ကြပြီး စစ်သွေးကြွတွေရဲ့ မြို့ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းနေမှုကို နှေးကွေးအောင် လုပ်ပစ်နိုင်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/obama-isis/2484016.html