10/17/14

http://www.tomorrow.com.mm/
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ထောင်တွေကို ကျွန်တော်တစ်ယောက်ထဲ ဒိုင်ခံပြီး ထောင်ဝင်စာ ပို့ရတယ်ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ၀ိုင်းဝန်း ကူညီကြတဲ့ သူတွေကြောင့် တော်တော်လေး အဆင်ပြေခဲ့ပါတယ်။ ကိုယ်တိုင် မသွားနိုင်တဲ့ ထောင်တွေ ရှိပါတယ်။ ဘူးသီးတောင်တို့ ကျောက်ဖြူတို့ မိုင်းဆတ်တို့ ဆိုပါတော့။ အဲဒီ့ထောင်တွေကို ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ယောက်ရဲ့ မိသားစုနဲ့ အရင် ဆက်သွယ်ရပါတယ်။ သူကမှတစ်ဆင့် နောက်နိုင်ငံရေး အကျဉ်းသားတွေ အတွက် ပိုက်ဆံ၊ စားစရာ၊ အ၀တ်အထည်၊ စာအုပ်စသဖြင့် ပေးရတာပေါ့။

ဆိုပါတော့ တောင်ကြီး ထောင်မှာဆို ဇော်သက်ထွေး။ ကိုဂျင်မီ၊ ကိုမြအေး၊ ကျော်ကိုကိုတို့ ရှိတယ်။ ဒီတော့ ဇော်သက်ထွေးရဲ့ အမျိုးသမီးကတစ်ဆင့် ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး အတွက် လူကြုံပါးလို့ ရပါတယ်။ ဒီလိုပဲ ကျော်ကိုကိုရဲ့ အဖေဆီကနေ တစ်ဆင့် လူကြုံပါးရတာပေါ့။

ဒီငြိမ်းလင်းရဲ့ အမေတို့ ကိုဝင်းမော်ရဲ့ အမျိုးသမီးတို့၊ ပြီးတော့ ပဏ္ဍိတ်ထွန်း အမေတို့ဆိုရင် ကျွန်တော့ စေတနာနဲ့ ဆန္ဒကို သဘောပေါက်လို့ ၀န်းဝိုင်းကူညီပေးခဲ့ကြပါတယ်။ NLDက မဥမ္မာတို့ မိုးကျော်တို့ ကတော့ ကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပေးတဲ့အထိ ကူညီခဲ့တာပါ။

ဘယ်လိုမှ မေ့မရတဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ ကျွန်တော်တို့တွေ သာယာဝတီ၊ ပေါင်းတည်၊ ပြည်ထောင်တွေဆီကို ပါဆယ်ပို့ဖို့ ရန်ကုန်က ထွက်ခဲ့တာမှာ စော်ဘွားကြီးကုန်းလဲ ရောက်ရော ကားကဖွတ်ချက် ဖွတ်ချက် ဖြစ်ပါလေရော။ ကျွန်တော်ရယ် ကိုမျိုးရန်နောင်သိမ်းရယ်၊ ဇီးသီးရယ်၊ စိန်သီးရယ် ကားဆင်းတွန်းကြ။ ဂေါ်ဇီလာကြီးကတော့ ခေါင်းတကုပ်ကုပ်နဲ့ စက်နှိုး မရ၊ ကျွန်တော်တို့နဲ့ အတူပါလာတဲ့ မဥမ္မာတို့တွေလဲ လမ်းဘေးဖင်ထိုင်ချ။

ဒီမှာတင် ကယ်တင်ရှင် တစ်ယောက် ရောက်လာပါတယ်။ ပထမတော့ သူ့ကိုကျွန်တော်တို့က အထင်တောင် လွဲခဲ့တာပါ။ သူက ကျွန်တော်တို့ ကားနောက်ကနေ ဗြူးဗြူးဗြဲဗြဲ မောင်းလာပြီး ကျော်သွားလိုက်၊ ရပ်လိုက် လုပ်နေတာကိုး။ ပြီးတော့မှ သူက ကျွန်တော့ဆိ ရောက်လာပြီး အကိုကြီးတို့ ကားကို ကျွန်တော့ဆိုင်ရှေ့မှာ ထားခဲ့ပါတဲ့။ ကျွန်တော့ကားကို ယူသွားပါဆိုပြီး သူရဲ့ တိုယိုတာ တောင်းအေစ် ပစ်ကပ်ကားကို ပေးလိုက်တော့တာပါပဲ။ ကျွန်တော့မှာလဲ အံ့အားတွေသင့်လို့ ကျေးဇူးတွေ တင်ခဲ့ရပါတယ်။ (ဒီထက်ထပ်ပြီး ကျေးဇူးတင်ရတာက ပြည်ကလဲ ပြန်လာတော့ နောက်တစ်နေ့ မနက်အစောကြီးပေါ့။ သူက ပျက်သွားတဲ့ ကျွန်တော်တို့ကားကိုပါ ပြင်ပေးထား ပါတယ်။ အဲဒီလိုကူညီခဲ့သူ တစ်ယောက်ကို ဒီနေ့ထိ ကျေးဇူးမမေ့နိုင်ပါဖူး)

နောက်တစ်ချက်က ကျွန်တော် ဘာလုပ်တယ်၊ ဘယ်သွားတယ်။ ဘယ်သူတွေဆီ ဘာပို့တယ် ဆိုတာကို တိတိကျကျ ပွင့်ပွင့်လင်းလင်း ကျွန်တော့ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် ရေးတင်ခဲ့ပါတယ်။ တစ်ချို့ဆို ဓါတ်ပုံပါ ရိုက်တင်တာပါ။ ခုထိ ကျွန်တော့ timelineမှာ ရှိပါတယ်။ နိုင်ငံခြား အသံလွှင့် ဌာနတွေက မေးရင်လဲ မှန်မှန်ကန်ကန်ပဲ ဖြေခဲ့ပါတယ်။ ဒီ့အတွက် ကောင်းတာ တစ်ခုက ကျွန်တော် ဒီနေ့ တောင်ငူထောင်လာမယ် ဆိုတာနဲ့ တောင်ငူက ရဲရော၊ အကျဉ်းဦးစီးကပါ အဆင်သင့် ဆီးကြိုပြီး လိုတာ အကုန် ကူညီပေးခဲ့ကြပါတယ်။ သာယာဝတီထောင်ဆိုရင် ထမင်းတောင် ကျွေးလွှတ်လို့မနည်း မေတ္တာရပ်ခံခဲ့ရသေးပေါ့။ ဒါပေမဲ့ ဘာကြောင့်မှန်း ဘာအတွက်မှန်း ခုထက်ထိ ကျွန်တော်နားမလည် နိုင်သေးတဲ့ သူတွေကတော့ ကျွန်တော် ပေးပို့လိုက်တဲ့ ပစ္စည်းတွေကို ထောင်က ဖျက်ဆီးပစ်လိုက်ပြီ၊ အကျဉ်းသားတွေ လက်ထဲ မရောက်ဖူးဆိုတာကိုပဲ ထပ်ဖန်တလဲလဲ ရေးနေ ပြောနေကြတော့တာပါပဲ။ စိတ်မကောင်းစရာ ကောင်းတာကတော့ ကျွန်တော်တို့က ရဲဘော်ရဲဘက်လို့ သဘောထားသူတွေကပါ ရောယောင်ပြီး ပုတ်ခတ်လာတာပါ။

အဆိုးဆုံးကတော့ လေလှိုင်းထဲကပါ ပြောလာကြတော့တာပေါ့။ ဇာဂနာနဲ့အဖွဲ့ ထောင်ဝင်စာ လိုက်ပို့နေတာကို ထောင်ဝန်ထမ်းတွေက ဥပါယ်တံမျည်နဲ့ လက်ခံထားပြီး တကယ်တမ်း နိုင်ငံရေး အကျဉ်းသားတွေဆီ လုံးဝမရောက်ပါဖူးလို့ ဇာဂနာက ကိုယ်တိုင် ပြောသယောင်ယောင် ကြေညာလိုက်တဲ့ အခါမှာ ကျွန်တော် ရင်ကွဲနာကျရပါတော့တယ်။

ထောင်ဝန်ထမ်းတွေ ဒီလို ကူညီလာအောင်၊ ရဲတွေကပါ ပူးပေါင်းကူညီချင်လာအောင် ကျွန်တော် တစ်ယောက်ထဲ အောက်ကျခံပြီး သွားညှိနှိုင်းခဲ့တာပါ။ ကျွန်တော့ ရဲဘော်ရဲဘက်တွေ တကယ်ရတယ် မရဖူးဆိုတာ သူတို့ရဲ့ လက်ခံစာရွက်ကို ကြည့်ပေါ့။ ခုတော့ ထောင်ဝန်ထမ်းတွေက ပူးပေါင်း ကူညီနေတာကို မကူညီချင်အောင် ပြောလိုက်သလို ဖြစ်နေပါတယ်။ တစ်ခါ ကျွန်တော် ကိုယ်တိုင်ကပဲ လိမ်နေသလို အဓိပ္ပါယ် ပေါက်နေပြန်ပါရော။ လိမ်ရအောင်လဲ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပို့ တာ၊ ကျွန်တော့ မိတ်ဆွေတွေ အနုပညာရှင်တွေ ပေးတဲ့ ပိုက်ဆံနဲ့ ပစ္စည်းပို့တာ။ ပြောနေရေးနေသူတွေက တစ်ပြားတစ်ချပ်မှ မပေးပဲ လွယ်လွယ်ပြောလိုက် ရေးလိုက်တာဟာ ကျွန်တော့ကို တော်တော် နာကျင်စေခဲ့တာပေါ့။ ဒါကြောင့်လဲ ကျွန်တော့ ဖေ့စ်ဘွတ်ခ် ပေါ်ကနေ ဘယ်သူနဲ့မှ ဘာအင်တာဗျူးမှ မလုပ်ပါဖူးလို့တောင် ကြေညာခဲ့ဖူးပါတယ်။

အဲဒီဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ဘယ်သူတွေ ဘာရေးခဲ့တယ်ဆိုတာ ကျွန်တော် screenshot ဖမ်းထားပါတယ်။ သူတို့မေ့နေကြတာက ကျွန်တော်ဟာ အီလက်ထရွန်နစ် အက်ဥပဒေနဲ့ထောင် ၄၅နှစ် အချခံထားရတယ် ဆိုတဲ့အချက်ပါပဲ။ ကျွန်တော် သိပါတယ်။ ဘယ်သူ ဘယ်လောက် ပုံဖျက်ဖျက် ကျွန်တော် သူဘယ်သူဆိုတာကို စုံစမ်းလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် မတုန့်ပြန်ခဲ့ပါဖူး။ ပြန်လဲမရေးခဲ့ပါဖူး။ ဘာလို့လဲဆိုတော့ တစ်နေ့ကျရင် ခုလိုမျိုး စာတစ်စောင် ပေတစ်ဖွဲ့ ရေးပြီး မှတ်တမ်းတင်မယ်လို့ ဆုံးဖြတ်ထားလို့ပါပဲ။

သည်လိုမျိုး မကူညီပဲ အနှောင့်အယှက် ပေးရုံသက်သက် ပြောနေရေးနေသူတွေ အတွက် ကျွန်တော် လုပ်နေတဲ့ အလုပ်တွေ လျော့ပါးသွားမှာ မဟုတ်ပါဖူး။ အမေရိကားမှာ နေနေတဲ့ ကျွန်တော့မိတ်ဆွေ ကိုအောင်ဒင်က ပြောဖူးပါတယ်။ သတိပေးဖူးပါတယ်။ ကျွန်တော့ရဲ့ ပွင့်လင်းမှုကို သူသဘောကျပေမဲ့ တစ်ခါတရံမှာတော့ အဲဒီလို ပွင့်လင်းမှုကြောင့် ချစ်သူတွေ မုန်းသွားတတ်ပါတယ်တဲ့။

တကယ်ကတော့ သူ့ကို ကျွန်တော်က ညေါမပ ဘငမိ လို့ ချစ်စနိုးနဲ့ ခေါ်တာပါ။ သူက စိတ်တိုတတ် စိတ်ဆိုးတတ်လွန်း လို့လေ။ သူကတောင် သတိပေး ရတယ်ဆိုတော့ ကျွန်တော် တော် တော် ပွင့်လင်းလွန်းနေလေ သလားလို့ ကိုယ့်ကိုယ်ကိုယ် သံ သယတောင်ဝင်ခဲ့ပါတယ်။

ကျွန်တော်ရဲ့ သဘောထား အမှန်က ဘာကိုမှ ဖုံးကွယ်မထားချင်ပါဖူး။ တွေ့ရင်တွေ့တယ်။ မေးရင်မေးတယ်။ ပြောရင်ပြောတယ်ပေါ့။ ဆိုပါတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် သွားကန်တော့ပါတယ်။ ကျွန်တော့ကို ၀ိုင်းမေးကြပါတယ်။ ဘာတွေပြောလိုက်လဲ၊ ဘာတွေ ဆွေးနွေးခဲ့လဲပေါ့။ မိခင်တစ်ယောက်ကို သားသမီး တစ်ယောက်က သွားတွေ့ပြီး ကန်တော့တဲ့ သဘောပါပဲ။ ကျွန်တော် ထောင်ကလွတ်လာချိန်မှာ ကန်တော့စရာ အမေရော အဖေပါ မရှိတော့ပါဖူး။ ကျွန်တော် ထောင်ထဲ ရောက်နေချိန်မှာ သူတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် ခဲ့ကြပါတယ်။ သားတစ်ယောက် အနေနဲ့ ဘယ်လိုခံစား ခံစား မိဖဆိုတာ အစားပြန်မရတော့ပါဖူး။ ဒါပေမဲ့ ကိုယ့်မိဖလို သဘောထားပြီး (ဒေါ်) ရွှေကူမေနှင်းတို့ (ဒေါ်) စမ်းစမ်းနွဲ (သာယာဝတီ) တို့ ဘကြီးအောင် (ဦးအောင်လွင်)တို့ ဘကြီးမိုး (ဦးမိုးသူ)တို့ကို ကန်တော့ခဲ့ပါတယ်။ ဒီလိုမျိုးပဲ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ သွားကန်တော့တာပါ။

ဒါပေမဲ့ အန်တီက သမ္မတကြီး ဦးသိန်းစိန်ကို ယုံလိုက်ပါလို့ ကျွန်တော့်ကို ပြောလိုက်တယ် ဆိုတာကျတော့ လွန်သွားပါပြီ။ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်လဲ မပြောသလို အန်တီကလဲ ပြောမှာ မဟုတ်ပါဖူး။ ဒါကိုလုပ်ကြံဇာတ်ခင်းပြီး ရေးတာမျိုးကို ကျွန်တော် ဘယ်လိုနားလည် လက်ခံရပါ့။ ဘယ်ကို လိုက်ရှင်းရမှန်းလဲမသိ။ ရှင်းခါမှ ပိုရှုတ်တယ် ဆိုတာမျိုး ဖြစ်မှာစိုးရပြန်တော့ အောင့်ထားလိုက်ရပါတော့တယ်။ ဒါပေမဲ့ အန်ကယ်လပ်ကီး (ဦးဝင်းတင်)က တခုတ်တရခေါ်ပြီး မေးတဲ့ အခါမှာတော့ အမှန်အတိုင်း ပြောရတော့တာပေါ့။

ဒါဟာအန်တီ့ကို လူတွေ အထင်လွဲအောင်၊ ပြီးတော့ ကျွန်တော့ကိုပါ စကားရှုပ်တယ် ဖြစ်အောင် တစ်ကောင်ကျွေး နှစ်ကောင်စား လုပ်လိုက်တာပါ။ လွတ်လပ် ပွင့်လင်းလာတယ် ဆိုတာကို သတိကြီးကြီးထားတတ်အောင် သင်ခန်းစာပေး လိုက်တယ်လို့ ယူဆရမှာပါ။ ထောင်ကထွက်လို့ တစ်လ အတွင်းမှာပဲ ဒီလို သင်ခန်းစာမျိုးတွေ ဆက်တိုက် ရလိုက်တာကတော့ အမြတ်ပဲလို့ ကျွန်တော်ခံယူပါတယ်။ နောက်တစ်ခါ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကိုင်ဖူးခဲ့တဲ့ Passport ဆိုတာကြီးကို ရလိုက်ပြန်ပါလေရော။

ကျွန်တော့ဘ၀မှာ ပတ်စ်ပို့တ်ကို လျှောက်တိုင်း မရခဲ့ပါဖူး။ နိုင်ငံခြားမှာ သင်တန်းသွားတက်ဖို့ ပတ်စ်ပို့တ် လျောက်တာလဲ မပေးခဲ့ပါဖူး။ အလည်အပတ် သွားဖို့ဆိုပြီး လျှောက်တာလဲ မရခဲ့ပါဖူး။ ကျွန်တော်တို့ အဖွဲ့ထဲက အရိုင်းဟာ သြစတေလျား၊ အင်္ဂလန်၊ ခေါက်တုန့်ခေါက်ပြန် သွားနေချိန်၊ ကင်းကောင်က အမေရိကားနဲ့ ဂျပန်ကို ပွဲကလိုက် ရုပ်ရှင်ရိုက် လိုက်သွားနေချိန်မှာ စစ်အစိုးရက ကျွန်တော့ကို ပတ်စ်ပို့တ် ထုတ်မပေးခဲ့ပါဖူး။ ကျွန်တော့ မိန်းမ ကျွန်တော့်သား၊ ကျွန်တော့ သမီးသုံးယောက်လုံး ပတ်စ်ပို့တ် ကိုယ်စီနဲ့ ဘန်ကောက် စင်ကာပူ ထွက်နေချိန်မှာ ကျွန်တော် တစ်ယောက်ထဲ ပတ်စ်ပို့တ် မရလို့ ဘယ်နိုင်ငံကိုမှ မရောက်ဖူးခဲ့ပါဖူး။

ကျွန်တော်ဟာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ ရထားသူဖြစ်လို့မို့ အစိုးရဆီ ပိုက်ဆံလျော်ရမယ် ဆိုလို့လဲ သွားလျော်ခဲ့ပါတယ်။ ထူးခြားအံ့အားသင့်စရာ ကောင်းတဲ့ သွားဖက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ တုန့်ပြန်ချက်ကို အလျဉ်းသင့်လို့ တင်ပြပါဦးမယ်။ ကျွန်တော်ဟာ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်က ဘွဲ့ရခဲ့သူ တစ်ယောက်ဖြစ်ကြောင်း ထောက်ခံစာ ရေးပေးဖို့ သွားတောင်းဆိုတဲ့ အခါမှာ ဘယ်သူကမှ လက်မှတ် မထိုးပေးခဲ့ကြပါဖူး။ ကျွန်တော်ဟာ သူတို့ရဲ့ တပည့် ဖြစ်ခဲ့ဖူးပါတယ်ဆိုတာတောင် ငြင်းဆန်ခဲ့ကြပါရဲ့။ ကျွန်တော့ကို စာသင် ပေးခဲ့တဲ့ ဆရာတွေရဲ့  အခန်းဝမှာ မတ်တပ်ရပ်လို့ ကျွန်တော် ဘယ်လောက်ထိ နာကျည်းနေမယ်ဆိုတာ စဉ်းစားကြည့်ကြပါ။ ဒါပေမဲ့ ကျွန်တော် သဘောပေါက်ပါတယ်။ နားလည်ပါတယ်။ သူတို့ ကြောက်ကြတယ်ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ အမှန်ကို မျက်ကွယ်ပြုရလောက်အောင် ကြောက်သူတွေကိုတော့ ဘုရားလဲ ကြိုက်မှာ မဟုတ်သလို ကျွန်တော်လဲ မကြိုက်ပါဘူး။

တစ်ခုတော့ ရှိပါတယ်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံကူး လက်မှတ်လို့ခေါ်တဲ့ ပတ်စ်ပို့ ရလိုက်တာကတော့ ကျွန်တော့ အတွက် ပြဿနာအသစ်တွေ မီးထွန်းပေးလိုက်သလိုပါပဲ။

ဇာဂနာ



စက်တင်ဘာလထဲမှာ ဖမ်းဆီးခံရပြီး မုံရွာထောင်မှာ ချုပ်နှောင်ခံထားရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင်တရားရုံးက မနေ့ကပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ အခုလို လွတ်မြောက်လာတဲ့ မဖြူနှင်းထွေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားရာမှာ သူက အခုလို စ ပြောပါတယ်။

ဖြေ။ ။ ကျမကို မနေ့က တရားရုံးကလွှတ်ပေးတာက တရားလို ဦးလှစိန်ပေါ့ တရားလို ဦးလှစိန်ကနေပြီးတော့ ၂၈ ရက် ၅ လပိုင်းတုန်းက သူတို့ ရုံးတင်ပြီးတော့ စစ်ဆေးတဲ့ ဒေသခံ ၅ ယောက်ပေါ့ သူတို့ကိုလည်း ရုံးတင်စစ်ဆေးပြီးတော့ ကျေအေးလိုက်တဲ့အတွက် ညီမရဲ့အမှုကိုလည်း ဆက်ပြီးတော့ သူတို့ စွဲချက်မတင်ချင်တော့ဘူးပေါ့။ အဲ့ဒီအတွက် သူတို့ ကျေအေးမယ်ဆိုပြီးတော့ ပြောပြီးတော့ပဲ ပေးလိုက်တာအမ။ အမှုကို ပိတ်သိမ်းပေးလိုက်တာ။

မေး။ ။ အဲတော့ တရုတ်အလုပ်သမား ၂ ဦးကို ပြန်ပေးစွဲတယ်ဆိုတဲ့ ဒီလိုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေကိုပေါ့နော် ရှင်းပြပေးပါဦးရှင့်။

ဖြေ။ ။ သူတို့ ဦးပိုင်နဲ့ ၀မ်ပေါင်ဘက်က သူတို့စွပ်စွဲတာကကျတော့ ဒီတရုတ်နှစ်ယောက်ကို စပြီးတော့ တညခေါ်ထားလို့ပေါ့။ သူတို့ဘက်ကတော့ ဒီပြန်ပေးစွဲမှုဆိုတဲ့ပုံစံမျိုးနဲ့ သူတို့က စွပ်စွဲတာ။ ဒါပေမဲ့ ညီမပြောချင်တာကကျတော့ ဒီတရုတ်နှစ်ယောက်ကို ခေါ်ထားတယ်ဆိုတာကလည်း ဦးပိုင်နဲ့ ၀မ်ပေါင်ဘက်က တွေ့ဆုံညှိနှိုင်းဖို့ခေါ်တယ်လေ။ ညီမတို့စပြီးတော့ အခင်းဖြစ်တာ ၁၈ ရက်နေ့ ၉ နာရီခွဲပေါ့။ ဖြစ်တာက ဆည်တဲရွာ စာသင်ကျောင်းအရှေ့မှာ။ သူတို့တရုတ်နှစ်ယောက်က လျော်ကြေး လုံးဝ ယူထားခြင်းမရှိတဲ့ ဆည်တဲရွာ လယ်ယာမြေတွေကို မြေလာတိုင်းတယ်။ ခြံစည်းရိုးလာခတ်တယ်ပေါ့။ အဲ့ဒီအတွက် ဒေသခံတွေက တားတယ်။ တားပြီးတဲ့အခါကျတော့ ဦးပိုင်နဲ့ ၀မ်ပေါင်ဘက်က တာဝန်အရှိဆုံးလူကို တွေ့ချင်တယ်ဆိုပြီး ခေါ်ခိုင်းတယ်ပေါ့။ အဲ့ဒါနဲ့ အဲ့ဒီတရုတ်နှစ်ယောက်ကလည်း လာမယ်၊ ခေါ်ပေးမယ်လို့ ပြောပြီးတော့ သူတို့ စောင့်ရင်းစောင့်ရင်းနဲ့ ညနေပိုင်းကိုရောက်သွားတယ်။ ညနေပိုင်းရောက်တော့လည်း တကယ် တာဝန်ရှိတဲ့ ဦးပိုင်နဲ့ ၀မ်ပေါင်ဘက်က တကယ်တာဝန်ရှိသူတွေ မလာဘဲနဲ့ အုပ်ချုပ်ရေးမှူးအဆင့်လောက်ကပဲ လာပြီးတော့ သူတို့ဘက်ကလည်း ပြေလည်အောင် မဖြေရှင်းပေးဘူး။ သူတို့ဘက်က အထက်ကိုပဲ တင်ပြပေးပါမယ်ပြောပြီးတော့ ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ ပြောတဲ့အခါကျတော့ အခြေအနေတွေက တင်းမာပြီးတော့ ဒီလိုခေါ်ထားရတဲ့အဆင့်အထိ ရောက်သွားတာပေါ့။

နောက်ပြီးတော့ ဒီ ဦးပိုင်နဲ့ဝမ်ပေါင်ဘက်က အကြမ်းမဖက်ဘူးပြောပြီးတော့ ညပိုင်းမှာ သေနတ်တွေနဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပြီးတော့ အကြမ်းဖက်တဲ့အတွက် နည်းနည်း အဆင်မပြေဖြစ်သွားတာ။ အဲ့ဒီအတွက် သူတို့ဘက်ကတော့ ဒီတရုတ်နှစ်ယောက်ကိုခေါ်တယ်၊ ပြန်ပေးစွဲတယ်ဆိုပြီးတော့ပဲ ညီမတို့ကို ဒီစွဲချက်နဲ့ တင်လိုက်တာအမ။

မေး။ ။ ဟုတ်ကဲ့ ညီမလို ကျောင်းသူတယောက်အနေနဲ့ပေါ့နော် ဒီ လက်ပန်းတောင်း လယ်သမားတွေရဲ့ အခြေအနေမှာ ၀င်ပြီး ပတ်သက်လာရတဲ့ အကြောင်းရင်းလေးကိုလည်း ပြောပြပါဦးရှင့်။

ဖြေ။ ။ ညီမတို့ ကျောင်းသူဆိုတာကလည်း ပြည်သူနဲ့ တသားတည်းပဲ ရပ်တည်တာလေ။ ညီမတို့ ဗကသ ဆိုတာကလည်း။ အဲ့ဒီအခါကျတော့ တောင်သူလယ်သမားအရေးတို့၊ အလုပ်သမားတွေရဲ့ အရေးကလည်း ညီမတို့ ဒီ ကျောင်းသူကျောင်းသားတွေရဲ့ အရေးပဲပေါ့။ ညီမတို့ ဒီ ဗကသကျောင်းသားဆိုတာကလည်း ကျောင်းသားကိစ္စတခုတည်းပဲ ညီမတို့ လုပ်လို့မရဘူး။ ညီမတို့ ဗကသခေတ်အဆက်ဆက်ကလည်း ကျောင်းသားအရေးတွေကိုချည်း လုပ်ခဲ့တာမဟုတ်ဘူးလေ။ အဲတော့အခါကျ တောင်သူလယ်သမားတွေရဲ့ သားသမီးတွေ၊ အလုပ်သမားတွေရဲ့ သားသမီးတွေပေါ့နော်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ အဆင်မပြေဘူးဆိုရင် သူတို့သားသမီးတွေကို ကျောင်းထားဖို့ကလည်း အဆင်မပြေဘူးလေ။ အဲ့ဒီအတွက် ညီမတို့ တောင်သူလယ်သမားကိစ္စတို့၊ အလုပ်သမားကိစ္စတို့မှာ ညီမတို့က ပါဝင်ပတ်သက်ဖြစ်တာပေါ့။ ပြည်သူတွေကို ဖိနှိပ်တဲ့ကိစ္စတွေမှာ ညီမတို့က ပူးပေါင်းပါဝင်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ အခုလိုပေါ့နော် ညီမကို အာဏာပိုင်တွေဘက်ကနေတော့ လာရောက် ဖမ်းဆီးခဲ့တဲ့အချိန်ပေါ့နော် ထောင်ထဲမှာ နေထိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေး ပြောပြပါဦးရှင့်။

ဖြေ။ ။ ထောင်ထဲမှာနေရတဲ့ပုံစံကတော့ ဟိုလိုမျိုး အရမ်းကြီး မလွတ်လပ်ဘူး။ စစထားချင်းကတော့ သူတို့က ညီမကို တခြားအချုပ်သူတွေနဲ့လေ အတူတူ ထားတယ်ပေါ့။ အဲဒီကျတော့ ညီမက မနေနိုင်ဘူးတွေ၊ ဘာတွေ ပြောတယ်ပေါ့။ အဲ့ဒီကျတော့မှ သူတို့က ညီမကို တိုက်ထဲကို ရွှေ့ပေးတာမျိုး၊ ပြီးတဲ့အခါကျတော့ ညီမကို ပုံစံထိုင်နည်းတွေ လုပ်ခိုင်းတာ။ အစပိုင်းကတော့ သူတို့က အဲ့လိုမျိုး ကျပ်တာပေါ့။ နောက်ပိုင်းကျမှ ညီမက မလုပ်နိုင်ဘူးပြောလိုက်တယ်။ ပြီးတဲ့အခါကျတော့ ညီမလေးက ကျောင်းသူဖြစ်တဲ့အတွက် အင်္ဂလိပ်စာတွေ၊ ဘာတွေပေါ့နော် လုပ်ချင်တယ်ဆိုတော့ ညီမက စာအုပ်တွေ၊ ဘောပန်တွေ တောင်းတော့ မရဘူး။ ပြီးတော့ ညီမတို့ ခြင်ထောင်ထောင်ခွင့်မရှိဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ပေါ့နော် အခုလို ညီမလွတ်မြောက်လာတဲ့နောက်မှာ ရှေ့ဆက် ဘာများလုပ်ဖို့ရှိပါသလဲရှင့်။

ဖြေ။ ။ ညီမ ရှေ့ဆက်ပြီးတော့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ဗကသနဲ့ အလုပ်တွေ အတူတူ တွဲပြီး လုပ်ဖို့ရှိတယ်။ ပြီးတော့ လက်ပန်းတောင်း အခုလည်း လက်ပန်းတောင်းရောက်နေတာဆိုတော့လေ ဒီလက်ပန်းတောင်းဒေသခံတွေက တကယ်လိုအပ်တယ်ဆိုရင် ဒီလက်ပန်းတောင်းဒေသခံတွေကို အတတ်နိုင်ဆုံး ကူညီပေးချင်တယ်။ ပြီးတော့ ပြောချင်တာက ညီမလွတ်မြောက်ဖို့အတွက် တောင်းဆိုပေးကြတဲ့ ပြည်ပက အဖွဲ့အစည်းအသီးသီးက လူတွေရော၊ ပြည်တွင်းကအဖွဲ့အစည်း အသီးသီးက လူတွေအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
by..VOA
အင်ကြင်းနိုင်
http://burmese.voanews.com/content/phyu-hnin-htway-interview/2485449.html


သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် တရားစွဲဆိုထားတာကို နိုင်ငံတော် အစိုးရအနေနဲ့ သက်ညှာစွာ စဉ်းစားပေးပြီး ပြစ်မှုတွေကို ရုပ်သိမ်းပေးရန်အတွက် လွှတ်တော် ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုး ပေးပို့ထားတဲ့ စာတစ်စောင်ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ထံ မနေ့က ပေးပို့လိုက်ပါတယ်။

ဦးဆန်းဆင့်အနေနဲ့ ငွေကြေးအလွဲသုံးစားမှု ပြုလုပ်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ယုံကြည်တဲ့အတွက် အခုလိုပါဝင် လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"အဓိကကတော့ အမှုမှန်ပေါ်ပေါက်ပြီးတော့ သူ့ကို မတရားမခံရစေဖို့ ကျမတို့က တိုက်တွန်းထားတာပေါ့နော်၊ ဒီဦးဆန်းဆင့်က အရင်တုန်းက လွှတ်တော်ဥက္ကဌ ဘဝတုန်းကလည်း တော်တော်သမာသမတ်နဲ့ သူလုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ နာမည်ကောင်းတော်တော်ရခဲ့တယ်၊ ငွေအလွဲသုံးစားလုပ်ခဲ့တာကလည်း တစ်ရာကျော်နဲ့ပေါ့၊ ဥပမာ ဝန်ကြီးဌာနတိုင်းမှာ တစ်ရာကျော်ဟာ မပြောပလောက်တဲ့ပိုက်ဆံပေါ့၊ ဦးဆင်းဆင့်ကိုယ်တိုင်က ဒီတစ်ရာကျော်ကို လျော်နိုင်တယ်ပေါ့၊ အဲဒီ့အတွက်ကြောင့် ဒါလေးကိုတော့ သေချာစိစစ်ပြီးတော့ လုပ်ပေးဖို့ကို ကျမတို့ကတောင်းဆိုတာပါ"

ဒါ့အပြင် ဦးဆန်းဆင့်ကို လွှတ်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီးမှာနေထိုင်တဲ့ ပြည်သူတစ်ထောင်ကျော်နဲ့ သံဃာတော်တွေရဲ့ လက်မှတ်တွေကိုလည်း ဦးရွှေမန်းကတဆင့် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ပေးပို့ထားတယ်လို့ သိရပါတယ်။

အခုလက်မှတ်တွေကို လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဦးစီးကောက်ယူတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ထိုးခဲ့ပါတယ်။

ဦးဆန်းဆင့်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်ဆောင်မှုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး နေပြည်တော်ကောင်စီ ဒက္ခိဏသီရိခရိုင်တရားရုံးက မနက်ဖြန် အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127



Burmese suspects in Thailand murders 'are scapegoats'
====================
16 October 2014 (BBC)

The parents of the Burmese men charged with killing two Britishtourists in Thailand say their sons are being made into scapegoats.

The bodies of Hannah Witheridge and David Miller were found ona beach in Koh Tao.

Two Burmese migrant workers were arrested but the Britishgovernment has voiced concern about the investigation.

Jonah Fisher reports from Yangon,

စစ်အစိုးရခေတ် မွန်ပြည်နယ် မုပ္ပလင် ကျောက်ထုတ် စခန်းမှာ ညနေတိုင်ရင် ထုထားတဲ့ ကျောက်တွေကို ထောင်ဝန်ထမ်းတွေက စစ်ပါတယ်။ သတ်မှတ်ထားတဲ့ အရည်အတွက် မပြည့်မီသူတွေရဲ့ ကျောပြောင်ပြောင်ကို စစ်ခါးပတ်နဲ့ ရိုက်ပြီး အပြစ်ပေးပါတယ်။ အဲဒီ မြင်ကွင်း စခန်း အပြင်ဘက်ကနေ လူတိုင်း မြင်နိုင်ကြပါတယ်။

“ လူ့ငရဲခန်းကိစ္စ မေးမြန်းခြင်း ”
စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ။ ၁၆-၁၀-၁၄။ စာ- ၉။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်က ရဲဘက်စခန်းတွေ နဲ့ ပါတ်သက်တဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့ပြီး ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြန်ဖြေခဲ့ပါတယ်။ ပြောရရင် လက်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်း အားလုံးလိုလိုဟာ အကျဉ်းထောင်ထဲမှာ နေခဲ့ကြရသူတွေပါ။ ဒီအတွက် သူတို့ ပြန်လွတ်လာကြတဲ့အခါ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကိစ္စနဲ့ အကျဉ်းထောင်တွင်း အခြေအနေ ကောင်းမွန်ရေးကိစ္စ တောင်းဆို လှုပ်ရှားတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရဲဘက်စခန်းတွေနဲ့ ပါတ်သက်ပြီး ပြောတာ ဆိုတာ လေ့လာတာ တောင်းဆိုတာမျိုးကိုတော့ မကြားမသိရပါဘူး။ ဒါကလည်း သိပ် မထူးဆန်းပါဘူး။ နိုင်ငံရေး အကျဉ်းသားတိုင်းလိုလိုဟာ အကျဉ်းထောင်တွေထဲမှာသာ နေခဲ့ကြရပြီး ရဲဘက်စခန်းတွေကို အပို့မခံရလို့ ဖြစ်ပါတယ်။ အခု လူတွေ မေ့လျော့သလို ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လူ့ငရဲခန်းလို့တောင် တင်စားခေါ်ဝေါ်နိုင်တဲ့ ရဲဘက်စခန်းတွေကိစ္စ ဦးသိန်းညွန့် မေးပါပြီ။သူဘာတွေ မေးသလဲ၊ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဘာတွေ ပြန်ဖြေသလဲ၊ ဒါဟာ လက်တွေ့အမှန်တရား ဖြစ်နိုင်မလား ဆိုတာ လေ့လာကြည့်ကြရအောင်။

ဦးသိန်းညွန့်က ခုလို မေးပါတယ်။ “မြန်မာနိုင်ငံတွင် ရဲဘက် အကျဉ်းစခန်း ဘယ်လောက် ရှိပါသလဲ၊ အဲဒီ စခန်းတွေမှာ ရဲဘက် ဘယ်လောက် ရှိပါသလဲ၊ ကျောက်ထုခိုင်း၊ တောရှင်းခိုင်း၊ လမ်းဖေါက်ခိုင်းတဲ့ လုပ်ငန်းတွေအပြင် ဆီအုန်းခြံ၊ ရာဘာခြံတွေမှာ အလုပ်ကြမ်း လုပ်ကြတဲ့ အကျဉ်းသားတွေ အစာရေစာ မလုံလောက်မှု၊ ရေချိုးဖို့ အခက်အခဲရှိမှု၊ ဆေးကုသခွင့် အခက်အခဲ ရှိမှုတွေကြောင့် သေဆုံးသူ ဘယ်လောက် ရှိနေပြီလဲ ” ဆိုတာ မေးခဲ့တာ ဖြစ်ပါတယ်။ ဦးသိန်းညွန့် ခုလို မေးခဲ့တာကလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ပြည်သူ့အမတ် တစ်ယောက် ဖြစ်တာနဲ့အညီ ပြည်သူတွေက အားကိုးတကြီး တိုင်တန်းလာတဲ့ အချက်၊ သတင်းမီဒီယာတွေမှာ ဖော်ပြလာတဲ့ အချက်တွေကို အခြေခံပြီး မေးတာပါ။ ဦးသိန်းညွန့်ဆီမှာ နောင်ချိုရဲဘက်စခန်းရောက် အကျဉ်းသားကိုမျိုးအောင် ရေးပို့လာတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ရှိပါတယ်၊ မကြာသေးမီက ထုံးဘို ရဲဘက်စခန်းမှာ အကျဉ်းသားတစ်ယောက် ကျောက်တောင်ပေါ်ကနေ ပြုတ်ကျသေဆုံးမှု၊ အကျဉ်းသမက သူ့ကလေးကို သစ်ပင်မှာ ကြိုးချည်ထားပြီး အလုပ်ကြမ်း လုပ်နေရမှု စတာတွေ သိထားတဲ့အပေါ် အခြေခံပြီး မေးတာပါ။

ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဖြေခဲ့တဲ့ အနှစ်ချုပ်ကတော့ ၁၉၇၈ ခုနှစ် အာဏာရှင် ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ အစိုးရလက်ထက် ရဲဘက်စခန်းတွေ စ ပြီးဖွင့်ချိန်ကနေ ၂၀၀၄ ခုနှစ်အထိ သေဆုံးသူ ၄၂၀၀ နီးပါး ရှိတယ်လို့ ဆိုပါတယ်။ တစ်နှစ်ကို ပျမ်းမျှ အယောက် ၁၆၀ ကျော် သေဆုံးတယ်လို့ ဆိုတာပါ။ တကယ်တော့ ဒီစာရင်း မှန်တယ်ဆိုပြီး အတည်ပြုလို့တော့ မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး အယောက် ၄၂၀၀ နီးပါး သေဆုံးခဲ့တယ် ဆိုပြီး မှတ်ယူနိုင်ပါတယ်။ ပြောရရင် အဲဒီခေတ် ရဲဘက်စခန်းတွေ အလွန်ဆိုးရွားပါတယ်။ စာရေးသူကိုယ်တိုင် ၁၉၈၂- ၈၃ ခုနှစ်တွေတုန်းက မော်လမြိုင်အကျဉ်းထောင်ထဲမှာ ရဲဘက်ပြေး တစ်ချို့နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ သူတို့ ကိုယ်တွေ့ပြောပြချက်အရ လမ်းဖေါက်လုပ်ရေး စခန်းတွေ၊ ကြံစိုက်ပျိုးရေးစခန်းတွေ စတဲ့ စခန်းတွေမှာ ငှက်ဖျားလို ရောဂါမျိုးနဲ့ သေဆုံးသူ အလွန်များတယ်လို့ ဆိုပါတယ်။ အခြား ရောဂါဘယ မျိုးစုံကြောင့်သေတာ၊ ညဉ်းပန်းနှိပ်စက်လို့သေတာ၊ ထွက်ပြေးတယ် ဆိုပြီး ပစ်သတ်လို့ သေတာ အများကြီးပါပဲ။ အဲဒီ အချိန်က အကောင်အထည် ဖော်ခဲ့တဲ့ ကားလမ်းဖေါက်လုပ်ရေး ရဲဘက်စခန်း တစ်ခုထဲမှာတင် ငှက်ဖျားကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိတယ်လို့ အဲဒီ ကိုယ်တွေ့ကြုံသူက ပြောပြဖူးပါတယ်။ ပြောရရင် ရဲဘက်စခန်းဆိုတာ လူ့ငရဲခန်းပါ။ ဒါကြောင့် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းပြောတဲ့ သေဆုံးသူ အရည်အတွက်ကို အတည်မပြုနိုင်ဘူး ဆိုတာပါ။

ညဉ်းပန်းနှိပ်စက်မှုနဲ့ ပါတ်သက်ရင်လည်း သူတပါးပြောကြားချက်ရော ကိုယ်တွေ့ပါရှိပါတယ်။ စစ်အစိုးရခေတ် မွန်ပြည်နယ် မုပ္ပလင် ကျောက်ထုတ် စခန်းမှာ ညနေတိုင်ရင် ထုထားတဲ့ ကျောက်တွေကို ထောင်ဝန်ထမ်းတွေက စစ်ပါတယ်။ သတ်မှတ်ထားတဲ့ အရည်အတွက် မပြည့်မီသူတွေရဲ့ ကျောပြောင်ပြောင်ကို စစ်ခါးပတ်နဲ့ ရိုက်ပြီး အပြစ်ပေးပါတယ်။ အဲဒီ မြင်ကွင်း စခန်း အပြင်ဘက်ကနေ လူတိုင်း မြင်နိုင်ကြပါတယ်။ ဒါက နေ့တဓူဝ ကိစ္စပါ။ အဲဒါနဲ့ တဆက်တည်း ရဲဘက်ရောက် အကျဉ်းသားတွေ သက်သာရာရစေဖို့ လာဘ်ထိုးရတဲ့ ကိစ္စကလည်း အလွန်ကြီးကျယ်ပါတယ်။ ငွေပေးနိုင်ရင် ကိုယ့်အိမ်ကိုယ့်ယာလို သက်တောင့်သက်သာ နေနိုင်ပါတယ်။

ဒုဝန်ကြီးက ၂၀၀၄ ခုနှစ် မှာ ရဲဘက်စခန်း ဆိုတာ ဖျက်သိမ်းပြီး စိုက်ပျိုးမွေးမြူရေး စခန်းနဲ့ ကုန်ထုတ်စခန်းအဖြစ် ပြောင်းတယ်၊ သေဆုံးသူ တစ်ထောင် နီးပါးရှိတယ်လို့ ဆိုပါတယ်။ ဒါတောင် တစ်နှစ် အယောက် ၁၄၀ ကျော်ပါ။ တကယ်တော့ အဲဒါ နာမည်ပဲ ပြောင်းလိုက်တာပါ။ အစိုးရသစ် တက်လာတဲ့ ၂၀၁၁ ကစ သေဆုံးသူ နှုန်းကျသွားတယ်လို့ ဆိုပါတယ်။ တဆက်တည်း သူက ရဲဘက်တွေ သေဆုံးမှုဟာ အစာရေစာ မလုံလောက်လို့၊ ဆေးဝါး မကုနိုင်လို့ သေရတာမျိုး မဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ ၃ နှစ်ခွဲအတွင်း အကျဉ်းသား တစ်သောင်းကျော်အတွက် ဆေးဖိုး သိန်း ၃၆၀ လောက်သုံးတယ်လို့ ဆိုပါတယ်။ စဉ်းစားကြည့်ပါ။ အကျဉ်းသားတစ်ယောက် တစ်နှစ်အတွက် ကျပ် ၁၀၀၀ ပဲ သုံးခဲ့တာပါ။ အလွန်နည်းပါတယ်။

စာရေးသူဟာ ပြီးခဲ့တဲ့ ၃-၄ နှစ်လောက်က ရဲဘက်စခန်းကြီးတစ်ခု ရောက်ခဲ့ဖူးပါတယ်။ တကယ်တော့ ရဲဘက်စခန်းဆိုတာ လုပ်အားတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ ဂျပန်ခေတ်က ချွေးတပ်စခန်းကြီးလိုမျိုးနဲ့ တူပါတယ်။ အကျဉ်းဦးစီးဌာနဟာ အဲဒီ ရဲဘက်စခန်းတွေက အကျဉ်းသားတွေ စားရေးသောက်ရေး ကျန်းမာရေး အထွေထွေစားရိတ် လုံလောက်အောင် မပေးပါဘူး။ ဒီအတွက် ထောင်မှူးဟာ အဲဒီ အကျဉ်းသားတွေကို အခြေတည်ပြီး ဌာနက ချပေးတဲ့ လုပ်ငန်းအပြင် အခြား လုပ်ငန်းတွေကိုလည်း အမြတ်အစွန်းရအောင် လုပ်ရပါတယ်။

စပါးစိုက်တာ၊ လုပ်အား အငှားလိုက်တာ စသဖြင့် လုပ်ငန်းတွေက အမြတ်အစွန်းထွက်အောင်၊ စခန်း ရုံပုံငွေရအောင်၊ ကိုယ့်အတွက်လည်း ကျန်အောင် လုပ်ရပါတယ်။
အခြားတစ်ဖက်မှာတော့ သက်သာလိုတဲ့ အကျဉ်းသားတိုင်း လာဘ်ထိုးရပါတယ်။ လာဘ်ထိုးထားရင် တစ်ချို့ ဇနီးမယားတွေ တဲထိုးပြီး ရက်ရှည်နေနိုင်ပါတယ်။ စားချင်တာ စားနိုင်ပါတယ်။ အလုပ်လည်း လုပ်ဖို့ မလိုပါဘူး။ ဒီအတွက် လုပ်ရမယ့် လုပ်ငန်းဆောင်တာ မှန်သမျှ လာဘ်ငွေ မပေးနိုင်တဲ့ အကျဉ်းသားတွေအပေါ် ပုံပြီး ကျရောက်လာတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနာမည်ပြောင်း ရဲဘက် အကျဉ်းစခန်းတွေနဲ့ ပါတ်သက်ပြီး တကယ့်အဖြစ်မှန် ပြည်သူတွေ သိပ်ပြီး သိကြသေးတာတော့ မဟုတ်ပါဘူး။ အခု ဦးသိန်းညွန့် လွှတ်တော်ထဲမှာ အစပြု မေးမြန်းဖော်ထုတ်လိုက်ပါပြီ။ ဒါပေမယ့် အခု အဲဒီ နာမည်ပြောင်း ရဲဘက် အကျဉ်းစခန်းတွေဟာ တကယ်ပဲ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ လိုက်နာရဲ့လား၊ တကယ်ပဲ ညှဉ်းပန်းနှိပ်စက်မှုတွေ မရှိတော့ဘူးလား၊ လာဘ်ပေးလာဘ်ယူ ဘယ်လောက် များပြားဖိစီးနေသလဲ ဆိုတာတွေကိုတော့ ဆက်ပြီး စုံစမ်းဖော်ထုတ်၊ ကောင်းမွန်အောင် လုပ်ကြရဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။




KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီက ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးကို တပ်စည်းကမ်း ဖောက်ဖျက်မှု ၊ အဖွဲ့အစည်း ဂုဏ်သိက္ခာ ကျဆင်းစေမှုစတဲ့ အကြောင်းပြ ချက်တွေနဲ့ ထုတ်ပယ်လိုက်တယ်လို့ သိရပါ တယ်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာချက်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့လို့ အခုလို ထုတ်ပယ်တာဖြစ်နိုင်ကြောင်း KNU/KNLA-PC ကောင်စီဝင်ကနေ ပြီးခဲ့တဲ့ ရက်ပိုင်း ထွက်ခွာသွားခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း တင်မိုသီက RFA ကို ပြောပါတယ်။

"ဗိုလ်ချုပ် ဘော်ကျော်က ဆရာမ ကပေါ်ထူးကို လက်မှတ်ထိုးခိုင်းတယ်၊ ဆရာမ ကပေါ်ထူးက မထိုးဘူး၊ ဆရာမက မထိုးတော့ ဗိုလ်တိုက်ဂါးက ကရင်တွေစည်းလုံးတာ ကောင်းတယ်၊ ကရင်တွေအားလုံး တစ်ဖွဲ့တည်းဖြစ်တာ ကောင်းတယ်ဆိုပြီး သူ့အထူးဗျူဟာအနေနဲ့ လက်မှတ်ထိုးတော့ တိုက်ဂါးကိုမောင်းထုတ်တယ်၊ အမိန့်ကိုမနာခံလို့ ထုတ်လိုက်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့တွေ့ရတယ်"

ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် ဗိုလ်မှူးကြီး တိုက်ဂါးက ကော်သူးလေ တပ်မတော်ဖွဲ့စည်းရာမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဟောင်း တင်မိုသီ ကပြောပါတယ်။

KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီရဲ့ မြဝတီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးအယ်ဒို ကတော့ ဗျူဟာမှူး ဗိုလ်မှူး တိုက်ဂါးကို အဖွဲ့ ကနေထုတ်လိုက်တာမဟုတ်ပဲ သူတို့ဌာနချူပ်နဲ့  အဆက်အသွယ်မရတဲ့အတွက် ခေတ္တအနားပေးထားတာဖြစ်တယ်လို့  RFA ကိုပြောပါတယ်။

"တိုက်ဂါးကို အဖွဲ့ကထုတ်လိုက်တာ မဟုတ်ဘူး၊ အနားပေးလိုက်တာဗျ၊ သူ့တစ်ယောက်ထဲပဲ၊ သူ့ရဲဘော်တွေနဲ့ ဗျူဟာနဲ့ မဆိုင်ဘူး၊ ဗျူဟာမှူးကို ခဏအနားပေးထားတယ်ဆိုတာက သူနဲ့မတွေ့ရသေးလို့၊ ဒီအချိန်မှာက သူနဲ့ဆက်သွယ်ဖို့ကလည်းမရှိသေးဘူး၊ ဗျူဟာမှူးလည်း ဘယ်ရောက်နေလဲ မသိတဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မရသေးလို့ ခဏအနားပေးလိုက်တဲ့သဘောပါ"

ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးတိုက်ဂါးဟာ ဒီကေဘီအေအဖွဲ့ နဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းတွေဟာလဲ မဟုတ်ဘူးလို့  မြဝတီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးအယ်ဒိုက ပြောပါတယ်။

ဗိုလ်မှူးကြီးတိုက်ဂါး နဲ့ ဗိုလ်မှူးချုပ်ဟောင်းတင်မိုသီတို့နှစ်ဦးလုံး ကော်သူးလေတပ်မတော်မှာ တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁၃ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ ခဲ့ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ KNLA က ဒုတိယစစ်ဦးစီးချုပ်၊ KNDOနဲ့ DKBA တို့က စစ်ဦးစီးချုပ် တွေနဲ့ KNU/KNLA-PC က ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးတို့က ပါဝင်လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127




 
ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ကိုဘာနီမြို့က IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ စစ်သွေးကြွတွေ အားလုံး နီးပါးကို တိုက်ထုတ် နိုင်ခဲ့ပြီလို့ ကာ့ဒ် လက်နက်ကိုင် တပ်ဖွဲ့ရဲ့ အမျိုးသမီး အကြီးအကဲ Baharin Kandal က ဘီဘီစီကို ပြောပါတယ်။

IS အဖွဲ့ တပ်တွေဟာ ကိုဘာနီမြို့ရဲ့ ဒေသ အားလုံး ကနေ ဆုတ်ခွာ သွားကြပြီ ဖြစ်ကြောင်း၊ ဒါပေမယ့် မြို့ အရှေ့ပိုင်းမှာ ခုခံ တိုက်ခိုက်နေဆဲ နေရာ ၂ ခုလောက်တော့ ရှိသေးကြောင်း သူမက ပြောပါတယ်။

IS တပ်တွေကို တိုက်ထုတ်ရာမှာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေက အများကြီး အထောက်အကူ ဖြစ်ခဲ့ကြောင်း၊ မကြာခင်မှာ ကိုဘာနီမြို့ လုံးဝ လွတ်မြောက် သွားတော့မယ်လို့ မျှော်လင့်ကြောင်း မြို့ အရှေ့ပိုင်းက ကာ့ဒ်တွေရဲ့ စစ်ဆင်ရေးကို ဦးစီးနေတဲ့ တပ်မှူး မစ္စစ် Kandal က ပြောပါတယ်။

ကိုဘာနီမြို့ကို သိမ်းပိုက်နိုင်ဖို့ အစွန်းရောက် IS အဖွဲ့က လွန်ခဲ့တဲ့ တစ်လက ထိုးစစ်ဆင် ခဲ့ပြီး နောက်ပိုင်း လူတွေ ရာနဲ့ချီ အသက် ဆုံးရှုံးခဲ့ကြရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2014/10/141016_is_kobane_driven_out

 
BBC ၏ အင်္ဂလိပ်ဘာသာ အင်တာနက် စာမျက်နှာ။ အောက်တိုဘာ ၁၅၊ ၂၀၁၄။

ဗြိတိသျှ အသံလွှင့်ကော်ပိုရေးရှင်း BBC က သူတို့ရဲ့ အင်္ဂလိပ်ဘာသာနဲ့ အင်တာနက် စာမျက်နှာကို တရုတ်နိုင်ငံမှာ ဖွင့်မရတော့ ဘူးလို့ ပြောလိုက် ပါတယ်။ ဒါဟာ ရည်ရွယ်ချက်နဲ့ ဆင်ဆာလုပ်တာဖြစ်တယ်လို့ BBC က ပြစ်တင် ဝေဖန်ပါတယ်။

ဒီလုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ကြိုးစားတာဖြစ်တယ် ဆိုပြီး BBC World Service ညွှန်ကြားရေးမှူး Peter Horrocks က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်တခုထဲမှာ အပြင်းအထန် ရှုတ်ချထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေကို ကန့်ကွက်ထားတယ်လို့လည်း Horrocks ကပြောပါတယ်။ တရုတ်အာဏာပိုင်တွေ ဟာ VOA အမေရိကန် အသံအပါအ၀င် ပြည်ပသတင်းဌာနတွေကို မကြာခနဆိုသလို ပိတ်ပစ်လေ့ ရှိပါတယ်။

ဘီဘီစီဝက်ဘ်ဆိုက်တ် ပိတ်နေတာနဲ့ပတ်သက်ပြီး ဒီကနေ့မေးတဲ့အခါ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hong Lei က ဒီကိစ္စ ကို တရုတ်ဥပဒေ အရ ကိုင်တွယ်နေတယ်လို့ပဲ ဖြေသွားပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ရဲ့ Great Firewall လို့ခေါ်တဲ့ အင်တာနက်ဆင်ဆာ လုပ်တဲ့နည်းကို သုံးပြီး BBC ရဲ့ တရုတ်ဘာသာနဲ့ အင်တာနက်စာမျက်နှာ ကို ပိတ်ထားတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အင်္ဂလိပ်ဘာသာနဲ့ အင်တာနက်စာမျက်နှာကတော့ ဗုဒ္ဓဟူးနေ့အထိ အများအားဖြင့် ရနေပါသေးတယ်။

သူတို့ရဲ့ သတင်းတင်ပြပုံ တခုခုကြောင့် အခုလို နောက်ထပ် ပိတ်ပင်တာ လားဆိုတာကိုတော့ BBC က မပြောပါဘူး။ ဟောင်ကောင်မှာ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ သီတင်းပတ်အတော်ကြာ ဖြစ်နေချိန်မှာပဲ ဒီလို ပိတ်ပင်တာလည်းဖြစ်ပါတယ်။

တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရုတ်ပိုင် ဟောင်ကောင်ကျွန်းက ဆန္ဒပြပွဲတွေကို ဥပဒေမဲ့လုပ်ရပ်၊ မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့လုပ်ရပ် အဖြစ် တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဒါဟာဖြင့် ဆန္ဒပြပွဲတွေ တရုတ်ပြည်မအထိ ကူးစက်မလာအောင် ကြိုတင် တားဆီး တဲ့သဘော ဖြစ်ပုံရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2485574.html

အမေရိကန် ပြည်ထောင်စုကို အီဘိုလာရောဂါက ခြိမ်းခြောက်နိုင်သည့် အခြေအနေသည် အလွန်နည်းပါးသည့် အဆင့်မျိုး၌သာ ရှိနေဆဲဟု သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဒဲလက်စ်မြို့တွင် အီဘိုလာရောဂါဖြင့် သေဆုံးသည့် လိုက်ဘေးရီးယားနိုင်ငံသား တစ်ဦးကို ကုသပေးခဲ့သည့် သူနာပြု အဖွဲ့ဝင်နှစ်ဦး ရောဂါကူးစက်ခံရသည့် သတင်းကြောင့် အမေရိကန်တွင် အီဘိုလာရောဂါနှင့် ပတ်သက်၍ ထိတ်လန့်စိုးရိမ်မှုများ တိုးပွားလာသည်။

အိုဘားမားက အမေရိကန် ပြည်သူများကို နှစ်သိမ့်စကား ပြောကြားခဲ့ပြီး အီဘိုလာရောဂါသည် အမေရိကန်၌ အလွန်ဆိုးရွားစွာ ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးလွန်းလှကြောင်း ဆိုသည်။ “လူတိုင်းကို သေချာ နားလည်စေချင်တယ်။ ဒီနိုင်ငံအတွင်းမှာ အီဘိုလာရောဂါ ဆိုးဆိုးရွားရွား ကူးစက်ဖို့ အခြေအနေက အရမ်းနည်းပါးပါတယ်။ ဒါပေမဲ့လည်း အစိုးရအနေနဲ့ ဖြစ်နိုင်ခြေအားလုံးကို အမြင့်ဆုံးအဆင့် သတ်မှတ်ချက်နဲ့ သတိထား စောင့်ကြည့်သွားမှာပါ”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အီဘိုလာရောဂါနှင့် ပတ်သက်၍ အစိုးရက မည်သို့ကိုင်တွယ်နေကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်၊ အမေရိကန်၏ ကုလသမဂ္ဂ သံတမန် ဆူဆန်ရိုက်စ်တို့ တစ်ဖက်တစ်ချက်စီ ခြံရံလျက် အနေအထားဖြင့် အိုဘားမားက သတင်းထောက်များအား ယင်းကဲ့သို့ အသိပေးခဲ့ခြင်း ဖြစ်သည်။

အိုဘားမားက အမေရိကန်၏ ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်ပညာရှင်များသည် ဖြစ်ရပ်တိုင်းကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စွမ်းရှိကြောင်းလည်း ဆိုသည်။ “ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ဥပမာ ပေးပါရစေ။ ရောဂါထိန်းချုပ်ရေး သုတေသန စင်တာကို ကျွန်တော်သွားတယ်။ အဲဒီက ပညာရှင်တွေကို ကျွန်တော် လက်ဆွဲနှုတ်ဆက်တယ်။ ပွေ့ဖက်တယ်။ ဒါဟာ ဆရာဝန်တွေတင် မကဘူး၊ သူနာပြုတွေလည်း ပါတယ်။ သူတို့က ကိုယ်တတ်စွမ်းတဲ့ ပညာရပ်နဲ့ ရဲရဲရင့်ရင့် လုပ်အားပေးနေသူတွေ ဖြစ်ပါတယ်။ ဒီလို ထိတွေ့မှုတွေ ရှိခဲ့ပေမယ့် ကျွန်တော့် စိတ်ထဲမှာ ဘာမှ တွေးပူမနေပါဘူး။ လုံလုံခြုံခြုံပဲ ခံစားမိပါတယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အာဖရိက အနောက်ပိုင်း နိုင်ငံများတွင် ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် (၄၅၀၀)မျှထိ ရှိလာပြီ ဖြစ်သည်။

_Ref: NBC
http://www.7daydaily.com/story/22902#.VD_tklf4U1o

DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား နှစ်ရက် အတွင်း ထုတ်ပြန်ချက် သုံးစောင်ထုတ်ပြန်ခဲ့သည်။ ပထမဆုံးထွက်လာသည့် ကြေညာချက်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော KNLA, KNDO,DKBA, KNU/KNLA(PC) အဖွဲ့များသည် ကော်သူးလေတပ်မတော်(KAF) အဖြစ် ပြန်လည်ပေါင်း စည်းရန် သဘောတူခဲ့သည်ဆို သည့် အောက်တိုဘာ ၁၃ ရက်စွဲဖြင့် ကြေညာချက်ဖြစ်သည်။

ထိုထုတ်ပြန်ချက်တွင် လက် မှတ်ထိုးထားသူအားလုံးမှာ ဥက္ကဋ္ဌ များ၊ စစ်ဦးစီးချုပ်များတော့ မဟုတ်ပါ။ KNU လက်အောက်ခံ KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ်၊ DKBA စစ်ဦးစီးချုပ်နှင့် KNU/KNLA (PC) ဗျူဟာမှူး ဗိုလ်မှူးကြီး စောတိုက်ဂါးတို့ဖြစ် သည်။

ထိုကြေညာချက် ထုတ်ပြန်ပြီး နောက်တစ်နေ့အောက်တိုဘာ ၁၄ ရက်တွင် ဒုတိယကြေညာချက်အဖြစ် ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟိုဌာနချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

KAF ပြန်လည်ပေါင်းစည်း ခြင်းသဘောတူညီချက်တွင် ပါ ၀င်လက်မှတ်ရေးထိုးထားသည့် KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ်တို့သည် ၎င်းတို့၏ သဘောထားအမြင်ပေါ်တွင်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖော် ပြပါရှိသည်။

ထို့နောက်တတိယမြောက် ကြေညာချက်မှာ KAF ပြန်လည် ပေါင်းစည်းရန် သဘောတူလက် မှတ်ရေးထိုးထားသော KNU/ KNLA(PC) ဗျူဟာမှူး ဗိုလ် မှူးကြီးစောတိုက်ဂါးအား အဖွဲ့မှ ထုတ်ပယ်ကြောင်း အောက်တို ဘာ ၁၄ ရက်စွဲဖြင့် KNU/ KNLA(PC)က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်များကြည့် ခြင်းအားဖြင့် ကရင်လက်နက်ကိုင် အဖွဲ့များတွင် ဂိုဏ်းဂဏအကွဲအ ပြဲများဖြစ်ပေါ်နေသည်ကို တွေ့ရှိလာကြောင်း သတင်းစာဆရာ စည်သူအောင်မြင့်က သုံးသပ် သည်။

‘‘ကြေညာချက်မှာ လက် မှတ်ရေးထိုးထားတဲ့ KNLA ဒုစစ် ဦးစီးချုပ်နဲ့ KNDO ဦးစီးချုပ်တို့ ကနဂိုကတည်းက ပဋိပက္ခဖြစ် နေတဲ့ အုပ်စုတွေ၊ ဒါကြောင့် ဒီပြ ဿနာဟာ ဂိုဏ်းဂဏြ ပဿနာ ကြောင့်ဖြစ်တာ’’ ဟု စည်သူ အောင်မြင့်ကပြောသည်။

‘‘ကျွန်တော်တို့ စစ်ဦးစီးချုပ် ကိုယ်တိုင်မသိဘူး။ ဒါကြောင့် ပြဿနာတွေပြန်ဖြစ်မှာ စိုးရတယ်’’ဟု DKBA မှ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ကြီးစိုးမြင့်က ပြောသည်။

KAF ပေါင်းစည်းကြောင်း ထုတ်ပြန်ချက်တွင် ကော်သူးလေတပ်မတော်(KAF) အနေဖြင့် တိုင်းရင်းသားတပ်ပေါင်းစုနှင့် ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြပါရှိသဖြင့် ထိုအချက်ကို ကြည့်ခြင်းအားဖြင့်လည်း အကွဲအပြဲကို သိနိုင်သည်။

KNLA ဒုစစ်ဦးစီးချုပ်နှင့် KNU လက်အောက်ခံ KNDO ဦး စီးချုပ်တို့ လက်မှတ်ရေးထိုးထုတ် ပြန်ခြင်းသည် KNU ၏ သဘော ထားမဟုတ်ကြောင်း KNU အ ထွေထွေအတွင်းရေးမှူး ဖဒိုစော ကွယ်ထူးဝင်းကပြောသည်။

KAF ပေါင်းစည်းရေးတွင် လက်မှတ်ရေးထိုးသူလေးဦးအနက် KNU မှ နှစ်ဦးပါဝင်သည်။ KNU ခေါင်းဆောင်များအတွင်း လူသိရှင်ကြား သဘောထားကွဲလွဲနေသည်မှာ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကပင်ဖြစ်သည်။ ထိုအချိန်က KNU ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီး တာမလာဘောဖြစ်ပြီး အထွေ ထွေအတွင်းရေးမှူးမှာ ၎င်း၏သမီး နော်စီဖိုးရာစိန်ဖြစ်သည်။ ထိုအချိန်က စစ်ဦးစီးချုပ်က လက်ရှိဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဖြစ်ပြီး ဒုစစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ဂျော်နီဖြစ်သည်။

မြန်မာအစိုးရနှင့် KNU ကြား၂၀၁၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ သော ပဏာမ အပစ်အခတ်ရပ်စဲ ရေးတွင် KNU တပ်မဟာ ခုနစ်ခုလုံးလက်မှတ်ထိုးခြင်းမဟုတ်ပေ။ ထိုအချိန်က တပ်မဟာ (၅) နှင့် တပ်မဟာ (၂) တို့ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိခဲ့ပေ။ ထို့အချိန်က တပ်မဟာ (၅) တပ်မဟာမှူးမှာ လက်ရှိဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောကျောဟဲနှင့် နော်စီဖိုးရာစိန်၏ အစ်ကိုဖြစ်သူမှာ တပ်မဟာ(၂) ၏ တပ်မဟာမှူးဖြစ်သည်။

ငြိမ်းချမ်းရေး လက်မှတ်ထိုး ခြင်းနှင့် ပတ်သက်၍ ထိုအချိန်က KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗဟိုကော်မတီ အချို့အား KNU က ထုတ်ပယ် ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။ သို့သော် အချင်းချင်းပြန် လည်ညှိနှိုင်းမှုရရှိသဖြင့် ပြန်လည် ပေါင်းစည်းခဲ့ပြီး (၁၅) ကြိမ်မြောက် ညီလာခံ ကျင်းပနိုင်ခဲ့ သည်။

(၁၅) ကြိမ်မြောက် ကရင် အမျိုးသားအစည်းအရုံးညီလာခံ ကျင်းပခဲ့ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုးမှာ ဥက္ကဋ္ဌ ဖြစ်လာပြီး ဗိုလ်ချုပ်ဂျော်နီမှာ စစ် ဦးစီးချုပ်ဖြစ်လာခဲ့သည်။ တပ်မဟာ (၅) တပ်မဟာမှူးမှာ ဒုစစ်ဦးစီးချုပ်ဖြစ်လာခဲ့ပြီး နော်စီဖိုးရာစိန် မှာ ဒုဥက္ကဋ္ဌဖြစ်လာခဲ့သည်။

သို့သော်လည်း သဘောထားကွဲလွဲမှုများဆက်လက်ရှိနေသ ဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက ခွဲထွက်ချင်သူများ အနေဖြင့် ခွဲထွက်နိုင်ကြောင်း ပြီးခဲ့သည့်နှစ်က ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ သည်။ မခွဲထွက်ပါက (၁၅) ကြိမ် မြောက် KNU ညီလာခံမှ ချမှတ် ထားသော သဘောထားများအား လက်ခံရန် ပြောကြားခဲ့သည်။ ထို အချိန်က ခွဲထွက်မည့် အကြောင်း မည်သူမျှ မပြောဆိုခဲ့ပေ။

‘‘ဥက္ကဋ္ဌကတော့ စစ်သားကြီး လိုပဲ။ သူကစကားသိပ်မပြောဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ် သက်ပြီး အသေအချာလုပ်ချင် တယ်၊ စကားပြောပြီး ဖြေရှင်း ချင်တယ်လို့ ဟိုအရင်တုန်းကတည်းက ဆန္ဒရှိတယ်’’ ဟု KNU ခေါင်းဆောင်များနှင့် အချိန်ကြာမြင့်စွာ ဆက်ဆံခဲ့သူ လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောသည်။

‘‘ဆရာမ (နော်စီဖိုးရာစိန်)၊ ဘောကျော်ဟဲ(KNLA ဒုစစ်ဦးစီး ချုပ်)တို့ကလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး Dialogue ကို မငြင်း ဘူး။ စကားပြောဖြေရှင်းရမယ်ဆို တာကိုလက်ခံတယ်။ ဒါပေမဲ့ ချဉ်း ကပ်ပုံချင်းတော့ မတူဘူး’’ ဟု ဦး အောင်မိုးဇော်က ခေါင်းဆောင် နှစ်ဦး၏ ကွဲပြားပုံကို ရှင်းပြသည်။

(၁၅) ကြိမ်မြောက် ကရင် အမျိုးသားအစည်းအရုံးတွင် ကရင်လက်နက်ကိုင်များ ပြန်လည်ပေါင်းစည်းရန် သဘောတူခဲ့ကြသည်။ ကရင်လက်နက်ကိုင် အဖွဲ့များ သွေးစည်းညီညွတ်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ဂျော်နီက တာဝန်ယူပြီး ဒုစစ်ဦးစီးချုပ်က ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ပြည်တွင်းပြည်ပရှိ ကရင် အင်အားစုများကလည်း ကရင် လက်နက်ကိုင်တပ်များ ပြန်လည် ပေါင်းစည်းရေးကို အထူးလိုလား ခဲ့ကြသည်။

ကရင်လူမျိုးရေးနှင့် ပတ် သက်၍ ကရင်အရပ်ဘက်အဖွဲ့အ စည်းများက ဦးဆောင်ပြုလုပ် သည့် ဆွေးနွေးပွဲ ၃၀ ကျော်တွင် လည်း ကရင်လက်နက်ကိုင်များ တစ်စုတစ်စည်းတည်း ဖြစ်ရေးနှင့် ကရင်ပါတီများ ပေါင်းစည်းရေးအချက်နှစ်ချက်ကို သဘောတူခဲ့ကြသည်ဟု Karen Women Em-powerment Group - KWEG အထွေထွေအတွင်းရေးမှူး နော်ဆူဆန်နာလှလှစိုးက ပြောသည်။

‘‘ကရင်ပြည်သူလူထု ဘက် ကကြည့်ရင် ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ဖြစ်နေတော့ ဟိုဘက်လည်း ကြောက်ရ၊ ဒီဘက်လည်းကြောက်ရ ဖြစ်နေတယ်။ လုံခြုံမှုမရှိဘူး။ ငြိမ်း ချမ်းရေးနဲ့ ပတ်သက်လို့လည်း တစ်စုတစ်စည်းတည်းပြောရင် ပိုမကောင်းဘူးလားလို့ စဉ်းစားကြ တယ်’’ဟု ၎င်းကပြောသည်။

လက်ရှိ KNU ခေါင်းဆောင် များအနေဖြင့် ပေါင်းစည်းရေး ကိစ္စကို လက်ခံထားပြီး လုပ် ဆောင်မှုများလည်း ရှိသည်။ ထို သို့ ဆောင်ရွက်နေစဉ်အတွင်း ယ ခုကဲ့သို့ လက်အောက်အရာရှိများ က တပ်ပေါင်းစုဖွဲ့လာရခြင်းသည် အချို့သောအဖွဲ့များတွင် အောက်ခြေကိုမနိုင်၍ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောသည်။

သို့သော်လည်း ထိုထုတ်ပြန် ချက်ကြောင့် ကရင်လက်နက်ကိုင် အဖွဲ့များကြား ပေါင်းစည်းရေး ဖြစ်လာသကဲ့သို့ တင်းမာမှုများလည်းဖြစ်လာနိုင်သည့် အနေအထားဖြစ်သည်။ အချို့သောအဖွဲ့များသည် အောက်ခြေမနိုင်သည့် အနေအထားဖြစ်နေ၍ အောက်ခြေက ဖိအားကို မခံနိုင်သဖြင့် ပြန်လည်ပေါင်းစည်းခြင်းကို လက်ခံရမည့် အနေအထား ဖြစ်ကြောင်းလည်း သုံးသပ်သူများရှိသည်။

‘‘လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ကျင့်ဝတ်စည်းကမ်းတွေက သိပ်ကြီးတယ်။ ဥက္ကဋ္ဌကို လွန်ဆန်လို့မရဘူး။ ကျင့်ဝတ်စည်းကမ်းကို ဖောက်လို့မရဘူး။ ဖောက်လို့ အရေးယူတာတို့ ဘာတို့လုပ်ရရင် ပြဿနာတွေ တက်လာနိုင်တယ်’’ဟု ဦးအောင်မိုးဇော်က ဆိုသည်။

ကရင်လက်နက်ကိုင် အဖွဲ့ အစည်းများ ပေါင်းစည်းရေး ကြောင့် သဘောထားကွဲလွဲမှု ပိုမို ကြီးမားလာပြီး သဘောထားကွဲလွဲပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်လာနိုင်သည်။

‘‘ကျွန်တော်တို့ကတော့ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ ထပ်ပြီးပစ်ခတ် တိုက်ခိုက်မှုတွေ မဖြစ်စေချင် တော့ဘူး။ အကောင်းဆုံးကတော့ တိုင်းရင်းသားပြည်သူတွေ လိုချင် တဲ့ ငြိမ်းချမ်းရေးရဖို့ မတူတာတွေ ခဏထားပြီး တူတာကို ပေါင်းလုပ်စေချင်တယ်’’ဟု ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးစောသိန်းအောင်က ပြောသည်။

လက်ရှိ KNU လက်နက်ကိုင် အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် ပေါင်းစည်းရေးကို လက်ခံထားသည်။ ထို့အတွက် ဆောင်ရွက်မှုများလည်း ရှိသည်။ ယင်းသို့ ဆောင်ရွက်နေစဉ်အတွင်း လက်အောက်အရာရှိများက ခေါင်းဆောင်များ၏ ဆန္ဒမပါဘဲ တပ်ပေါင်းစု ဖွဲ့လိုက်ခြင်းကြောင့် ခေါင်းဆောင်များနှင့် လက်အောက်အ ရာရှိတို့ကြား ပြဿနာများ ဖြစ်လာနိုင်သည်။

KNU အနေဖြင့် ယင်းကိစ္စကို အောက်တိုဘာတွင် ပြုလုပ်မည့် အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

အောင်သူရ၊ အောင်ခိုင်
7Day News Journal
http://www.7daydaily.com/story/22898#.VD_srVf4U1o

ဒီကနေ့ခေတ် လူရွှင်တော်တွေဟာ စင်ပေါ်ရောက်တာနဲ့ လူကြီးနာမည်တွေကိုတပ်ပြီး ပြက်လုံးပြက်၊ ပြီးရင် လူကြီးတွေဆီကနေ မော်တော်ကားတောင်း၊ မြေတောင်းနဲ့ သူတို့တွေ ဘာလဲလို့ လူရွှင်တော် ကင်းကောင်က မေးခွန်းထုတ်လိုက်ပါပြီ။ ပြက်လုံးပြက်ရင် ပုဂ္ဂိုလ်ရေး မပြက်ပါနဲ့လို့ ကင်းကောင် ဘာ့ကြောင့်ပြောတာလဲ။

“လူရွှင်တော်တွေ ပြက်လုံးပြက်ရင် ပုဂ္ဂိုလ်ရေး မပြက်ပါနဲ့။ လူတစ်ယောက်ကို ခေါင်းစဉ်တပ်ပြီး မပြက်စေချင်ဘူး။ အခု လူရွှင်တော်တစ်ချို့က နိုင်ငံတော်လူကြီးတွေကို ပြက်လုံးထုတ်တယ်။ (ဒါ ဖားပြောတာ မဟုတ်ဘူး) လူကြီးတွေကို ဒဲ့ပြက်တယ်။ ပြီးတော့ ပြန်မဖြည်ကြဘူး။ အဲဒီ လူရွှင်တော်တွေကို ကျနော်ပြောမယ်။ မင်းတို့ဟာ စင်ပေါ်ရောက်တာနဲ့ လူကြီးတွေကို နာမည်တပ်ပြီး ပြက်လုံးပြက်တယ်။ ပြီးတော့ မင်းတို့က လူကြီးတွေဆီကနေ မော်တော်ကားတွေတောင်းတယ်။ မြေကွက်တွေ တောင်းတယ်။ အဲဒီတော့ မင်းတို့က ဘာလဲ။ ဒါပဲ ကျနော်ပြောမယ်။ ထည့်လိုက်ပါ။ ကျနော် ကင်းကောင် ပြောတယ်လို့”

ကျော်ထူး .. ငါကြောက်တယ်။ ငါမပါဘူးနော် ဆိုတဲ့ ပြက်လုံးဟာ ကင်းကောင်တစ်ယောက် ဘဝနဲ့ရင်းခဲ့ရတဲ့ ပြက်လုံးပါ။ သီးလေးသီးကို ပရိသတ်ရှေ့ရောက်ဖို့ ဇာနဂနာက သူနဲ့ကျော်ထူးကို ဝိုင်းပေးပါဆိုလို့ မျှော်စင်ကျွန်းမှာ ၂ဝဝ၇ခုနှစ်က ကပြခဲ့ပြီး ပြည်သူတွေကြားမှာ အောင်မြင်ခဲ့တဲ့ပွဲမှာ ပြက်ခဲ့တဲ့ ပြက်လုံးပါ။

သီးလေးသီးအငြိမ့် ပြည်ပထွက်မယ်ဆိုတာ သူမသိခဲ့ကြောင်းနဲ့ အဲဒီအချိန်က သူတို့မိသားစု ချောင်းသာကို ရောက်နေတယ်လို့ ဆိုပါတယ်။ အိမ်ပြန်ရောက်ချိန်မှာတော့ ကင်းကောင်ရဲ့အိမ်ကို ရဲတွေလာဝိုင်းပြီး တံခါးခေါက်လာခဲ့ပါတယ်။

“ကျနော့်ကို စစ်ချင်လို့တဲ့။ ကျနော် ဘာများမှားလို့လဲ ပြန်မေးတော့ ကိုကင်းမမှားပါဘူး။ ဒါပေမယ့် မျှော်စင်ကျွန်းမှာ ပြက်သွားတဲ့ပြက်လုံးတွေ ပြင်းတယ်။ ဖြည်လုံးနည်းတယ်။ ဒါ့ကြောင့် လာခေါ်တာလို့ ပြောတယ်။ ကျနော်တို့ လူရွှင်တော်လောကမှာ ပြက်ပြီးရင် ဖြည်ရတယ်လေ။ အဲဒီတုန်းက ဂန်ဘာရီပြက်လုံးက နည်းနည်းပြင်းတယ်။ ဒါ့ကြောင့် ကျော်ထူးရေ ငါကြောက်တယ်၊ ငါမပါဘူးနော်လို့ ပြောခဲ့တာ”

အဲဒီလို ဒုက္ခရောက်ချိန် သူ့ကို ကယ်ခဲ့တဲ့ သူငယ်ချင်းမင်းအုပ်စိုးကို ကျေးဇူးတင်တယ်လို့ ကင်းကောင်က ပြောပါတယ်။ "အဲဒီအချိန်မှာ မင်းအုပ်စိုးက ကိုကင်း ကျနော့်အိမ်ပဲ လာခဲ့လို့ခေါ်တယ်။ သူက ရဲမှူးတွေကို ခေါ်ထားတယ်။ သူတို့က ကျနော့်ကိုမေးတော့ ကျနော်ဘာပြောမိလို့လဲ။ နိုင်ငံတော်လူကြီးတွေလည်း မစော်ကားဘူး။ ပုဂ္ဂိုလ်ရေးလည်း မစော်ကားဘူး။ ကျနော်ကြောက်တယ်။ ဒီထဲမှာ ငါမပါဘူးလို့ တစ်ခါတည်း ပြောပြီးသားပဲ မဟုတ်လားလို့ ပြောခဲ့တယ်။”

“ကျနော်တို့က အနုပညာသမားတွေလေ။ နိုင်ငံရေးသမားမဟုတ်ဘူး။ အနုပညာအလုပ် လုပ်တယ်။ ရတဲ့အနုပညာကြေးနဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းတယ်။ ပိုလျှံရင် လှူတယ်။ ဘာသာရေးလုပ်တယ်။ ကျော်ထူး ငါကြောက်တယ် ငါမပါဘူးဆိုတဲ့ ပြက်လုံးကတော့ ပရိသတ်ကြားထဲ ကျန်ခဲ့တယ်။ ကျနော်လည်း တော်တော်ဒုက္ခရောက်သွားတယ်”

လူရွှင်တော် ကင်းကောင်ဟာ တစ်ချိန်က သူတက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ထဲက ဦးချစ်လက်ဖက်ရည်ဆိုင်မှာ နှင်းကျောင်းဆိုတဲ့ ဇာတ်ကားမှာ နှစ်ဆွေးနှစ်ကြီးကျောင်းသားအဖြစ် သရုပ်ဆောင်နေပါတယ်။ သူဟာ ၁၉၈၆ခုနှစ်မှာ မြန်မာစာနဲ့ ကျောင်းပြီးခဲ့သူဖြစ်ပြီး ချစ်သူ မအေးမွန်နဲ့ လက်ထပ်ခဲ့ပြီး ရဲမွန်အောင်ဆိုတဲ့ သားတစ်ယောက်နဲ့ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။

ရွှေညာခိုင်စိုး
http://kamayutmedia.com/video/politics/1632


ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ယောက်ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာနှစ်ယောက်ရဲ့ အမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတွေရဲ့ ရှေ့နောက်မညီတဲ့ ပြောဆိုချက်တွေ၊ မြန်မာလူငယ်နှစ်ဦးရဲ့ အစစ်ခံချက်တွေအရ တရားခံတွေ မဖြစ်နိုင်ဘူးလို့ အားလုံးက ယုံကြည်နေကြပါတယ်။ ဝင်းနဲ့ဇော်တို့ရဲ့ မိဘတွေနဲ့အတူ အရပ်ဖက်အဖွဲ့တွေ ပူးပေါင်းကူညီကြတာ ဘာကြောင့်လဲ။

ထိုင်းနိုင်ငံ ဖန်းငခရိုင်မှာအခြေစိုက်တဲ့ Foundation for Education and Development -FED နဲ့ ရခိုင်အမျိုးသားကွန်ရက်တို့ဟာ စွပ်စွဲခံ မြန်မာလူငယ်နှစ်ယောက်ရဲ့ မိဘဆွေမျိုးတွေနဲ့ ပူးပေါင်းပြီး အောက်တိုဘာ ၁၄ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ FED က ဦးထူးချစ်က မြန်မာသံအမတ်ကြီးနဲ့ ပူးပေါင်းပြီး ထိုင်းအစိုးရနဲ့ ဆက်ဆံတဲ့အခါမှာ အဓိကကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး မြန်မာလူငယ်နှစ်ယောက်ရဲ့ မိဘဆွေမျိုးတွေကိုလည်း ထိုင်းနိုင်ငံကို အန္တရာယ်ကင်းစွာ ခေါ်သွားနိုင်ဖို့ ကူညီပေးမယ်လို့ ပြောပါတယ်။

ထိုင်းမီဒီယာတွေ၊ ပညာရှင်တွေ၊ စွပ်စွဲခံရသူတွေရဲ့ ထွက်ဆိုချက်တွေအရ ဒီကလေးနှစ်ယောက်ဟာ ဖြစ်စဉ်မှာ အစွန်အဖျားလောက်ပဲ ပါဝင်ပြီး အဓိကတရားခံမဖြစ်နိုင်သလို အမှုဖြစ်ပွားတဲ့နေရာက ထိုင်းမာဖီးယားဂိုဏ်းနဲ့ ရဲတွေ ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့ သူက ပြောပါတယ်။ ဗြိတိန်နိုင်ငံကလည်း မြန်မာသံအမတ်ကြီးနဲ့ စတင်ဆွေးနွေးနေသလို တရားမျှတမှုအတွက် အကြံပေးထားတယ်လို့ ဦးထူးချစ်က ဆိုပါတယ်။

စွပ်စွဲခံထားရတဲ့ ကျောက်ဖြူဇာတိ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ နှစ်ယောက်ဟာ တရားခံမဖြစ်နိုင်ဘူးလို့ တစ်ကမ္ဘာလုံးက ပြောနေသလို ဒီကိစ္စတွေ ပြီးပြတ်သွားရင်တော့ အဖေတို့နဲ့အတူ မွေးရပ်မြေဆီ၊ မိဘတွေရင်ခွင်ဆီ ပြန်လာပါတော့လို့ မောင်ဝင်းဇော်ထွန်းရဲ့ ဖခင် ဦးထွန်းထွန်းထိုက်က ပြောပြပါတယ်။

သူများနိုင်ငံမှာ မျက်နှာငယ်နဲ့အလုပ်လုပ်ရတဲ့ မြန်မာပြည်က ကလေးတွေဟာ နိုင်ငံခြားသားကို ရက်ရက်စက်သက် သတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောလာသူက ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ပါ။ သူက ဒီကလေးတွေ လုံးဝသတ်တာ မဖြစ်နိုင်ဘဲ အပြစ်ပေးခံရရင် နိုင်ငံဂုဏ်သိက္ခာပါကျတာကြောင့် အမှုမှန်ပေါ်ဖို့ တစ်နိုင်ငံလုံးက ဝိုင်းဝန်းတောင်းဆိုမှ ပေါ်မယ်လို့ ယုံကြည်တဲ့အကြောင်း ဆိုပါတယ်။

လိပ်ကျွန်းလူသတ်မှုမှာ အမှုမှန်ပေါ်ပေါက်ဖို့လည်း ထိုင်းဥပဒေပြုလွှတ်တော်ကို အမျိုးသားလွှတ်တော်ကနေ သဝဏ်လွှာပေးပို့ခဲ့သလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဥပဒေအတိုင်း ဖြစ်ဖို့ ထိုင်းစစ်အာဏာသိမ်း ဝန်ကြီးချုပ်ကို မြန်မာပြည်ခရီးစဉ်တွင်းမှာ တိုက်တွန်းခဲ့ပါတယ်။

ဖမ်းဆီးစွပ်စွဲခံနေရတဲ့ မြန်မာပြောင်းရွှေ့အလုပ်သမား နှစ်ယောက်ဟာ ထိုင်းရဲတွေရဲ့ ညှဉ်းပမ်းနှိပ်စက်မှုကို ခံရတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်နေဆဲဖြစ်ပြီး ထိုင်းပြည်သူတွေကပါ ထိုင်းရဲတွေရဲ့ လုပ်ရပ်အပေါ် မေးခွန်းတွေ ထုတ်နေကြပါတယ်။

Kamayut media


ပြည်ပသို့ အိမ်အကူလုပ်သား တရားမ၀င် စေလွှတ်ခဲ့သည့် အေးဂျင့်တခုအား ရာသက်ပန် ပိတ်သိမ်း အရေးယူ လိုက်ကြောင်း သတင်းရရှိသည်။ ယင်းအပြင် မလေးရှားနိုင်ငံသို့ ဗီဇာအတုဖြင့် လုပ်သား စေလွှတ်မှု ပြုလုပ်ခဲ့သည်ဆိုသော အေးဂျင့် အချို့ကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ သိရသည်။

ပြည်ပသို့ အိမ်အကူ လုပ်သားစေလွှတ်မှု ရပ်နားထားချိန်အတွင်း အဆိုပါကုမ္ဗဏီက တရားမ၀င်ပို့ဆောင် ခဲ့သည့်အတွက် ထိုသို့အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

““သူက မက္ကာကို အိမ်ဖော် ခိုးပို့လိုက်တာပါ။ ဟိုရောက်တော့ အလုပ်သမားတွေ အဆင်မပြေဖြစ်ပြီး ကောင်စစ်ဝန်ရုံးကို သွားတိုင်တဲ့အခါ ကောင်စစ်ဝန်ရုံးက ဒီကိုလှမ်းမေးတယ်။ အဲဒီအချိန်ကျမှ ခိုးပို့ထားမှန်းသိရတာ””ဟု မြန်မာပြည် ပြည်ပအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ရုံး အတွင်းရေးမှူးဦးကျော်ထင်ကျော်က ပြောသည်။

ထိုသို့ တရားမ၀င် အလုပ်သမား ခိုးပို့သည့် ကုမ္ဗဏီ(အေးဂျင့်)အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း လွန်ခဲ့သော သုံးလကျော်က အလုပ်သမား ခိုးပို့ခဲ့ခြင်းဖြစ်ပြီးသည်။ယင်းအေးဂျင့်မှ တရားမ၀င် ခိုး၍ပို့ဆောင်ခဲ့သည့် အိမ်အကူလုပ်သားငါးဦးမှာလည်း ယခုအခါ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဟု သိရသည်။

ယင်းအပြင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံ ပြည်ပသို့ စေလွှတ်မည့်လုပ်သားဦးရေကို ကြိုတင်တင်ပြခြင်းမရှိဘဲ ဗီဇအတုဖြင့် တရားမ၀င် လုပ်သားစေလွှတ်မှု ပြုလုပ်ခဲ့သည်ဟုဆိုသော အေးဂျင့်အချို့ကို သက်ဆိုင်ရာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မှန်ကန်ကြောင်းတွေ့ရှိပါက အလားတူ ထိရောက်သော အရေးယူမှုပြုလုပ်ရန် တာဝန်ရှိသူတဦးက ပြောသည်။

““အေးဂျင့် ၄/၅ ခုရှိတယ်။ ဗီဇာ အတုနဲ့ ပို့တယ်လို့ သတင်းရထားတဲ့သူတွေကို စစ်ချက်ယူနေပါပြီ။ မကြာခင် ၀န်ကြီးဌာနကို တင်ပြပြီး ၀န်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်အရေးယူ သွားမှာပါ””ဟု ဦးကျော်ထင်ကျော်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖြည့်စွက်ပြော ကြားသည်။

မကြာခင်က မလေးရှားသို့ မြန်မာ လုပ်သား ၇၀ ကျော်ကို တရားမ၀င်စေ လွှတ်မှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ရာ ယင်းလုပ်သား အများစုမှာ ဗီဇာအတုများ ကိုင်ဆောင်ထားသည့်အတွက် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ်တနှစ် ချမှတ် ခံနေရသည်။

မိုးမင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံတွင် ယောင်္ကျားအင်္ဂါ နှစ်ခု၊ မ အင်္ဂါတစ်ခု ပါဝင်သော ကလေးငယ် တစ်ဦးကို ယခုလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်ဟု သိရသည်။

ယင်းသို့ မွေးဖွားသည်ကို ဂွမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၂၅ မိနစ်မှာ မွေးတာပါ။ မိဖတွေကတော့ ဦးရဲပိုင်ထူးနဲ့ ဒေါ်ဝေေ၀မာတို့ ဖြစ်ကြပါတယ်။ နေရပ်ကတော့ ဂွမြို့နယ် ရဟိုင်း ကူးတို့ကျေးရွာအုပ်စု ကျောင်းကုန်း ကျေးရွာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကလေး၏ ကိုယ်အလေးချိန်မှာ ၇ ပေါင်ကျော်ရှိကြောင်း၊ ယခုအခါ ကလေးငယ်အား ဆေးကုသနိုင်ရေးအတွက် စစ်တွေရှိ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနသို့ အကြောင်းကြားတင်ပြထားသည်ဟု သူက ပြောသည်။

(နိရဉ္စရာ- ၁၆ အောက်တိုဘာ ၂၀၁၄) / နေဇော်
http://www.narinjara.com/burmese/?p=12337

 
ရှေ့နေ့ ဦးအောင်မျိုးသန့်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိသျှအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုမှာ မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲခံရတာနဲ့ပတ်သက်လို့ တွေ့ရှိချက်ကို မြန်မာသံရုံးက ဖွဲ့ထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့က သံအမတ်ထံ ဒီကနေ့ပေးပို့လိုက်ပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က မေးမြန်းထားပါတယ်။

အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီကနေ့နောက်ဆုံး ဆောင်ရွက်ချက်နဲ့ အမှုအခြေအနေကို ပြောပြပါ။

“မနေ့က (၁၄) ရက်နေ့အထိ အဓိကအချက်တွေကို ကျနော်သံအမတ်ကြီးဆီ ဒီကနေ့ အစီရင်ခံစာတင် သတင်းပို့လိုက်ပါတယ်။ အမှုနဲ့ပတ်သက်တဲ့၊ သုံးသပ်လို့ရတဲ့၊ ပွင့်လင်းမြင်သာတဲ့ အချက်ကလေး ၃ ခုကို တင်ပြလိုက်ပါတယ်။ အဲဒါက ဘာတွေလဲဆိုတော့ ၁ အချက်က စူရတ်ဌာနီမှာ အဖမ်းခံရတဲ့ ၀င်းဇော်ထွန်းကိစ္စ။ ၀င်းဇော်ထွန်းဟာ ကျနော် စပြောခဲ့သလိုပါပဲ။ အဖမ်းခံရတယ်၊ ၀န်ခံတယ်ဆိုကတည်းက ကျနော် ကန့်ကွက်ပါတယ်။ ကန့်ကွက်ပြီးတဲ့နောက်ပိုင်းမှာပဲ ကန့်ကွက်တာကလည်း အသပြာနဲ့ အာဏာတခုခုကြောင့် ရဲစခန်းထဲမှာ ၀န်ခံတာဖြစ်မယ်လို့ ကန့်ကွက်ထားတာ။

“အဲဒီအချက်ဟာ ဘယ်မှာ သွားခိုင်လုံသလဲဆိုတော့ ကျနော်တို့ ၆ ရက်၊ ၁၀ လ၊ ၂၀၁၄ ခုနှစ် ကော့စမွီ အကျဉ်းဦးစီးဌာနမှာ စွပ်စွဲခံရသူနဲ့ သွားတွေ့တဲ့အခါ ရိုက်ကြ၊ နှက်ကြ၊ ထုကြတယ်ဆိုတဲ့အကြောင်းတွေကို သူတို့ကပြောတာနဲ့ဆိုရင် သွားပြီးတော့ တထပ်တည်းကျတယ်။ ပထမတော့ ၀န်မခံဘူး၊ နောက် အဲလိုကြောင့်မို့ ၀န်ခံရတယ်ဆိုတဲ့ စကားတချက်ပါတယ်။ နောက် ဒုတိယတချက်က ခိုတောင်ကျွန်းမှာ ကျနော်တို့ သံရုံးအဖွဲ့ဆင်းသွားတဲ့အခါမှာ အမှုစစ်ကိုင်တဲ့ ရဲကို ကျနော်ကိုယ်တိုင်မေးပါတယ်။ ဒီအန်အေ ဘာတွေ ယူသလဲလို့ ကျနော် မေးတဲ့အခါမှာ သူက ဒီအန်အေး ကို တွံတွေးကိုယူတယ်လို့ သူက ပြောတယ်။ ကျနော်က ထပ်မေးတယ်၊ တံတွေးတခုတည်းယူတာလားလို့ ပြောတော့ ဟုတ်ပါတယ်တဲ့။ အဲလိုဆိုရင်တော့ ကျနော်က ဒီတိုင်းပဲထားပြီးတော့၊ သို့သော် အခုချိန်မှာ ပြန်ပြီးတော့ စဉ်းစားတော့ ဒီလို တွံတွေးတခုတည်းဟာ ဒီအန်အေ အနေနဲ့ ခိုင်လုံတဲ့ အထောက်အထားမဟုတ်ပါဘူး။ ဒါကတော့ သူတို့ ဆေးပညာဆိုင်ရာ မှုခင်းဆရာဝန်တွေ နားလည်ပါတယ်။ အဲဒီတော့ ဒီအချက်ကလည်း သဘောကတော့ ဆေးပညာအရ သံသယဖြစ်စရာအကြောင်းဖြစ်ပါတယ်။

“နောက်ဆုံးတွေ့ရှိချက်ကို ပြောရမယ်ဆိုရင် မနေ့က သက်သေထဲမှာစစ်တဲ့ မောင်မောင်ဟာ အခု စွပ်စွဲခံရတဲ့ ကလေး ၂ ယောက်လိုပါပဲ။ ၀င်းဇော်ထွန်းတို့၊ ဇော်လင်းတို့လိုပဲ။ သူတို့ကလည်း နိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်လာတဲ့ လ၀က ဥပဒေကို ကျူးလွန်တဲ့သူတွေ ဖြစ်နေပါတယ်။ မြန်မာပြည်ဥပဒေအရဆိုရင် လ၀က ဥပဒေ ၁၃ (၁) ပါ။ အဲဒီလို ကျူးလွန်နေတဲ့ အနေအထားရှိပေမယ့် အခု နှစ်ယောက် ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတော့ တရားရုံးမှာ တင်တဲ့အမှုထဲမှာ နိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်လာမှု ထည့်စွဲထားပါတယ်။ ဒါပေမယ့် မနေ့က လွှတ်ပေးတဲ့ မောင်မောင်ကျတော့ ဒီလိုအမှုစွဲဆိုခြင်းမရှိဘဲနဲ့ စစ်ဆေးပြီးတဲ့အချိန်မှာ သက်သေကို လွှတ်ပေးလိုက်ပါတယ်။ ဒါကလည်း အောက်တိုဘာ ၈ ရက်နေ့ မောင်မောင်နဲ့တွေ့တဲ့အခါ မောင်မောင့်ကို ရဲတွေနဲ့ ဘာသာပြန်နဲ့ လာတွေ့တဲ့အခါ ကျနော်ကပြောတယ် ဘာသာပြန်ကို၊ ‘မင်း ရဲကို ပြောပြပါ၊ တရားလိုပြသက်သေကို ဘာဖြစ်လို့ ရဲရဲ့ ထိန်းသိမ်းမှုအောက်မှာ ထားသလဲ။ ဒါဟာ ဥပဒေနဲ့တော့ မညီညွတ်ဘူးလို့ ငါထင်တယ်’ လို့ ကမာဆိုတဲ့ ဘာသာပြန်ကို ကျနော်ကပြောခဲ့ပါတယ်။ သူတို့ပြောတဲ့အနေအထားကတော့ လွှတ်လိုက်လို့ရှိရင် ဒီပြင်လူတွေ ဖျက်ဆီးမှာ စိုးလို့ဆိုပြီးတော့ အဲဒီလိုပဲ ပြောပါတယ်။  ဒါပေမယ့် ၁၄ ရက်လောက် အဲဒီလိုပဲနေပြီးတော့ တရားရုံးမှာ ၁၄ ရက်နေ့ ဆယ်လကနေ့က စစ်လည်း စစ်ပြီးရော လွှတ်ပေးလိုက်ပါတယ်။

“တကယ်တော့ ဥပဒေအရ ပြောမယ်ဆိုရင် သူ့ကိုလည်း နိုင်ငံတွင်းကို တရားမ၀င် ၀င်ရောက်မှုနဲ့ တရားစွဲရမှာပါ။ ထောင်လည်း ၃ လ ချလို့ရတဲ့အမှုပါ။ ဒါပေမယ့် ဒီလို တရားမ၀င်လာတဲ့ မောင်မောင့်ကျတော့ ဒီဥပဒေနဲ့ မစွဲပဲနဲ့ တရားရုံးမှာ စွပ်စွဲခံရတဲ့ နှစ်ယောက်ကျတော့ ဒီဥပဒေပါ ထည့်စွဲတာက တရားဥပဒေအရ လွဲမှားနေတဲ့အချက်ပါ။ အဲဒီတော့ ဒီအချက်တွေ ပေါင်းပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် သူတို့ အမှုတွဲအနေနဲ့  တရားရုံးမှာ စွပ်စွဲခံရသူတွေကို တင်ထားတာဟာ ဒီလောက် ပြစ်ဒဏ်ကြီးတဲ့ အမှုကြီးတခုကို ပေါ့ပေါ့တန်တန်လုပ်ပြီးတော့ တင်တယ်၊ သံသယဖြစ်စရာတွေနဲ့တင်တယ်လို့ပဲ ကျနော်ထင်တယ်။ ဒါကြောင့်မို့လို့ ဒီသံသယအကျိုးဟာ တရားခံပဲခံစားရမှာမို့လို့ ဒီအမှုနဲ့ပတ်သက်လို့ တရားခံတွေဟာ အပြစ်ကင်းစင်တယ်လို့ပဲ ဒီကနေ့အထိ ယူဆတယ်လို့ပဲ ကျနော်က သံအမတ်ကြီးဆီ သတင်းပို့ထားပါတယ်ခင်ဗျ။”

ကနဦးပိုင်း ရဲတွေရဲ့ ရှင်းလင်းပွဲတွေမှာ ဟန်နာ (သေဆုံးသူအမျိုးသမီး) ရဲ့ ခန္ဓကိုယ်မှာတွေ့တဲ့ ဒီအန်အေ နဲ့ ဒီလူနှစ်ယောက် (စွပ်စွဲခံရသူနှစ်ယောက်) ရဲ့ ခန္ဓာကိုယ်မှာတွေ့တဲ့ ဒီအန်အေ တူနေတယ်ဆိုပြီးတော့ ပြောပါတယ်။ အဲဒီတော့ အခု အမှုတွဲကို ဦးအောင်မျိုးသန့်တို့ လေ့လာတဲ့အခါမှာ စီးကရက်ရဲ့ ဖင်စီခံကနေ တွေ့တဲ့ ဒီအန်အေ လား၊ ဟန်နာရဲ့ ခန္ဓာကိုယ်မှာ တွေ့တဲ့ ဒီအန်အေလား။ အဲဒါကရော သဲသဲကွဲကွဲ သိရလား။ နောက်တခုက ဟန်နာရဲ့လက်မှာ ရွှေဝါရောင်ဆံပင်တွေ့တယ်ဆိုတဲ့ ကိစ္စတွေကရော ဘယ်လိုမျိုးဖြစ်လဲဆိုတာ ရှင်းရှင်းလင်းလင်းသိချင်ပါတယ်ခင်ဗျ။

“ကျနော်တို့ ရဲစခန်းမှာ သွားတွေ့တဲ့ ၆ ရက်နေ့ကတည်းက ဒီအမှုတွဲကို ကြည့်ခွင့်တောင်းပါတယ်။ ဒါမှလည်း သူတို့ရဲ့ထွက်ချက်တွေနဲ့ ဒီအမှုတွဲမှာ ပြောဆိုချက်၊ ရေးသားချက်တွေဟာ မှန်ကန်၊ မမှန်ကန် စဉ်းစားဖို့ တောင်းတာပါ။ ဒါမေပယ့် ခွင့်မပြုခဲ့ဘူး။ နောက်တခါ အခု သက်သေကို စစ်တဲ့ တရားရုံးမှာလည်း ဒီအချက်က မရခဲ့ပါဘူး။ သူတို့ဘက်က ပြောတာက သူတို့အမှုတွဲဟာ တရားရုံးကို မတင်သေးပါဘူး၊ အမှုတွဲကို တရားရုံးတင်တဲ့ အဆင့်ရောက်အောင် ပြုပြင်နေတယ်လို့သဘော ဖြေထားပါတယ်။ ဒါကြောင့်မို့ သူတို့က ဒီလိုပြောလို့ အမှုတွဲမရခဲ့တော့ အမှုတွဲထဲကအခြေအနေ ကျနော်တို့ ပြောလို့မရပါဘူး။ သို့သော် ခုနကပြောတဲ့ သုတ်သွေးချင်း တူတယ်ဆိုတဲ့နေရာမှာတော့ တံတွေးတခုတည်း ယူထားတဲ့ ဒီအန်အေ က မလုံလောက်ပါဘူး။ လိုအပ်မယ်ဆိုရင် သွေးလည်းယူရပါမယ်၊ ဆီးလည်း ယူရမယ်။ ဒါတွေလည်းရှိပါတယ်။ အဲဒီတော့ ဒီအချက်နဲ့တော့ ကျနော်တို့ ကလေးတွေဟာ မုဒိမ်းကျင့်မှုမှာ ပါဝင်တယ်လို့ သတ်မှတ်လို့ မရပါဘူး။”

အခု ဒီအန်အေ စစ်ဆေးမှုကိစ္စမှာ ကျွန်းသူကြီးသားက အခင်းဖြစ်တဲ့ ၁၅ ရက်နေ့က ဘန်ကောက်မှာ စာမေးပွဲဖြေတယ်၊ မဖြေဘူးဆိုတာ CSI LA မှာ ရေးနေကြတယ်။ နောက် ဘယ်သန်ဖြစ်တယ်တို့၊ အခင်းမဖြစ်ခင်မှာ ဘားထဲမှာ ခိုက်ရန်ဒေါသဖြစ်တယ်ဆိုတာတို့ ပြောကြတာရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ဦေးအာင်မျိုးသန့်တို့ဘက်က အပြင်ကို တရားဝင် ပြောမယ့် အကြောင်းခြင်းရာတွေရှိလားခင်ဗျ။

“ကျနော်တို့ ခုလောလောဆယ်မှာတော့ ခုနက ပြောတဲ့ ဒီအန်အေ စစ်တာ၊ မစစ်တာနဲ့ပတ်သက်ပြီး တရားရုံးမှာ တရားဝင် တောင်းဆိုခွင့်ရပါတယ်။ ကျနော်တို့ အမှုတွဲကြည့်ရမယ်ဆိုရင် ဒီဒဏ်ရာဒဏ်ချက်နဲ့ပတ်သက်လို့ ဘယ်လိုဆေးစစ်တာလဲ။ ပြတ်ရှလက်နက်လား၊ တုံးသောလက်နက်လား ဆိုတဲ့အခြေအနေကို အမှုတွဲမှာ အားလုံးပါမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ အမှုတွဲကို ကြည့်ပြောပြီးမှ ပြောလို့ရမယ့်ကိစ္စပါ။ နောက်တခုရှိတာက မနေ့ကတည်းက မောင်မောင်တို့ကို စစ်တဲ့အချိန်မှာ ရဲက တင်ထားတဲ့ ဓာတ်ပုံတွေဟာ သဘောကတော့ သူတို့ဆိုချင်တာက ဒီမှာပြေးနေတဲ့လူဟာ ဘယ်သူလဲ မောင်မောင် သို့မဟုတ် ၀င်းဇော်ထွန်းဆိုတဲ့ပုံစံမျိုးပြောချင်တာ၊ ၀င်းဇော်ထွန်းဆိုပြီး ပြောချင်တာပါ။ ဒါပေမယ့် ဒီအချက်တွေဟာ တရားရုံးမှာ ကြည့်တဲ့အခါမှာ အဲဒီဓာတ်ပုံတွေမှာ အခု ၀င်းဇော်ထွန်းတို့၊ မောင်မောင်တို့ လက်မှတ်ထိုးထားတာ တယောက်မှ မရှိပါဘူး။ အဲဒီတော့ သက်သေခံ စာရွက်စာတမ်း ရုံးတင်တယ်ဆိုရင် ဒီမှာပတ်သက်တဲ့လူဟာ လက်မှတ်ထိုးရမှာပါ။ အဲဒီအချက်ကလည်း မနေ့က အစိုးရရှေ့နေ တိုက်ဆိုင်တဲ့စာရွက်တွေမှာ မတွေ့ခဲ့ရပါဘူး။  ဒါပေမယ့်  အမှုတွဲကြီးတခုလုံးကိုတော့ ကျနော်တို့ လေ့လာခွင့်မရသေးပါဘူး။”

ဦးအောင်မျိုးသန့်တို့ လုံခြုံရေးကော ကောင်းရဲ့လား။ ကိုမောင်မောင်လည်း ပြန်လွတ်လာတယ် သူရော။

“ကျနော်တို့လည်း နီးစပ်ရာ မြန်မာတွေကို ပြောထားပါတယ်။ လုံခြုံရေးကတော့ သူတို့လက်ထဲမှာ ရှိတာမို့လို့ သူတို့က ကြံစည်မယ်ဆိုရင်တော့ ကျနော်တို့လည်း အင်အားတော့နည်းပါတယ်။ သို့သော် ကျနော်တို့လည်း အထက်လူကြီးကို တင်ပြထားပါတယ်။”

By ဒီဗွီဘီ
http://burmese.dvb.no/archives/68030

အမျိုးသားလွှတ်တော်မှာ အောက်တိုဘာလ ၁၄ ရက်က အတည်ပြုခဲ့တဲ့ ရုပ်သံလွင့် မီဒီယာ ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ဥပဒေပြုလွှတ်တော်အမတ်တွေက အသေးစိတ် မလေ့လာနိုင်ဘဲ အတည်ပြုခဲ့ပုံရတယ်လို့ သတင်းမီဒီယာ နဲ့ ရုပ်သံလွင့် မီဒီယာ အသိုင်းအ၀ိုင်းက ဝေဖန်နေကြပါတယ်။ အဓိကအားဖြင့်တော့ ဒီ ဥပဒေ မူကြမ်းထဲမှာ ပါဝင်တဲ့ ရုပ်သံလွှင့် သတင်းမီဒီယာ ကောင်စီဖွဲ့စည်းရေး အပေါ် မေးခွန်း ထုတ်နေကြတာ ဖြစ်ပါတယ်။ ဒီဥပေဒကြမ်းအရ ဖွဲ့စည်းမယ့် ကောင်စီဝင်တွေ အနေနဲ့ ဥပဒေနဲ့အညီ ရဲရဲဝင့်ဝင့် လုပ်ရဲကိုင်ရဲဖို့ လိုတယ်လို့ အမျိုးသားလွှတ်တော်အမတ်တဦးကတော့ သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း ရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အမျိုးသား လွတ်တော်မှာ ဒီရက်ပိုင်းအတွင်း အတည်ပြုခဲ့တဲ့ ရုပ်သံလွှင့် မီဒီယာ ဥပဒေမူကြမ်း အပေါ်မှာ ရုပ်သံလွှင့် သတင်းမီဒီယာသမားတချို့က သဘောမတူပဲ ကန့်ကွက်ဝေဖန်မှုတွေ ရှိလာတာပါ။ ဒီ Broadcast Law လို့ခေါ်တဲ့ ရုပ်သံလွှင့် မီဒီယာ ဥပဒေထဲမှာ ပါရှိတဲ့ အချက်တစ်ချို့ဟာ ပြန်ကြားရေး ၀န်ကြီးဌာန ဘက်က ရုပ်သံလွှင့် သတင်း မီဒီယာ လောကကို လွှမ်းမိုးဖို့ လက်ဦးထားတဲ့ သဘော တွေ ပါရှိနေတဲ့ အတွက် သဘောမတူဘဲ ကန့်ကွက်ပြောဆိုတာလို့ ပြည်တွင်း၊ ပြည်ပ အခြေစိုက် ရုပ်သံလွှင့် သတင်းဌာန တွေက ဆိုပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကို အစိုးရပြန်ကြားရေး ဝန်ကြီးဌာန ဘက်က တင်ပြပြီး သိပ်မကြာခင်မှာပဲ မြန်မြန်ဆန်ဆန် အတည်ပြုခဲ့တာဟာ အမျိုးသား လွှတ်တော် ဘက်က ကိုယ်စားလှယ်တွေ ဒီဥပဒေ ကို သေချာ မလေ့လာခဲ့ပဲ အတည်ပြုခဲ့ တာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ အကြောင်း ဒီမိုကရက် တစ် မြန်မာ့အသံ (DVB) ရဲ့Planning Editor ကိုသန်းဝင်းထွဋ် ကပြောပါတယ်။

" အဲ့ဒီ့ Broadcast Law မူကြမ်း ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ သိပ်ဆွေးနွေး ကြတာ မရှိဘူး။ နောက်ပြီးတာ့ Broadcast Law နဲ့ပတ်သက်ပြီးတော့ အမျိုးသား လွှတ်တော်မှာကို တင်ပြပြီးတော့ အဲ့လိုပဲ ချက်ခြင်းပဲ အတည်ပြုလိုက်တယ် ဆိုတာလည်း တော်တော် အံ့သြစရာကောင်းတယ်။ Broadcast Law မှာ ဆွေးနွေး စရာတွေ အများကြီး ပါတာကိုလေ။ လွှတ်တော်ကိုယ်စားလှယ်တွေ သတိမထား မိတာလား။ မတွေးမိတာလား။ Broadcast Law နဲ့ပတ်သက်ပြီး Status မှာ ထားတာ နောက်တခု ရှိတာက Public Service Media ပေါ့နော်။ သေသေချာချာ မဖတ်ထားကြတာလား။ Broadcast Law ထဲမှာ ပါတဲ့ တချို့အချက်တွေက ဗမာပြည်ရဲ့ နောင်ရေး အတွက် Media Pluralism အတွက် တော်တော် အန္တရာယ်ကြီးတဲ့ အချက်တွေ ပါတယ် ဆိုတာကို သတိမထားမိတာလား။ သူတို့ကိုယ် သူတို့ သမိုင်း တရားခံဖြစ်မှန်းမသိ ဖြစ်သွားတာလား။ ကျနော်တော့ မပြောတတ်ဘူး။"

ရုပ်သံလွှင့် သတင်းမီဒီယာ ဥပဒေ မူကြမ်းထဲမှာ အငြင်းပွားစရာ ရှိနေတဲ့ အချက် နောက်တစ်ချက် ကတော့ ဒီဥပဒေသာ ဥပဒေ ဖြစ်လာခဲ့ရင် ပေါ်ပေါက် လာမယ့် ရုပ်သံလွှင့် သတင်းမီဒီယာကောင်စီ ရဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒီပေါ်ပေါက် လာမယ့် ကောင်စီဟာ အစိုးရသက်တမ်း ကုန်ခါနီး ပြန်ကြားရေး ၀န်ကြီးဌာန ရဲ့ထိပ်ပိုင်း ဝန်ထမ်းတွေကို နေရာပေးဖို့ နေရာ တစ်ခု ဖြစ်လာအောင် စီစဉ်ထားတဲ့ သဘော ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ရဲ့အတွင်းရေးမှူး လည်းဖြစ်၊ The voice သတင်းစာရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးကျော်မင်းဆွေ က အခုလို သုံးသပ်ပါတယ်။

"ဝန်ကြီးကနေ စလို့ Executive Level တွေ နေရာရွှေ့ဖို့ ကြံထားတဲ့ Broadcast Law ကို ပြောင်းလိုက်တာပေါ့။ Broadcast Law မှာ Broadcast Council မှာ ဘယ်သူတွေ နေရာ ဝင်ယူမယ် ဆိုတာမျိုးတောင်မှ အခုသတင်းထွက်နေတာ ရှိတယ်လေ။ ဆိုလိုတာက ဒီ Broadcast Law မှာက အဲ့ဒီ့သူတို့ Executive Level တချို့ အဲ့ကို ပြောင်းဖို့ ပြင်ထားတာပေါ့။ ဝန်ကြီးဆိုတာကလည်း ဝန်ကြီးက တစ်နှစ် ခွဲလောက် လုပ်ပြီးရင် ပြီးပြီလေ။ ပြီးပြီဆိုတော့ ဝန်ကြီးပြီးသွားလို့ရှိရင် ဘာလုပ်မလဲ ဆိုတာက ရှိတာကိုး။ အဲ့တော့ သူက နေရာပြင်ထားတာပေါ့နော်။ ဒါတွေက နေရာပြင် ထားတဲ့ ကိစ္စတွေက Broadcast Law ရဲ့ ကောင်စီမှာ နေရာ ယာ ထားတယ် ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။"

ဦးကျော်မင်းဆွေလိုပဲ နောက်ထပ် ဒီကောင်စီ နဲ့ ပတ်သက်ပြီး ထောက်ပြသူ တစ်ဦး ကတော့ ပြည်တွင်းမှာ အွန်လိုင်း သတင်းရုပ်သံမီဒီယာ တစ်ခု ဖြစ်တဲ့ ကမာရွတ် မီဒီယာရဲ့ အကြီးအကဲ ကိုနေသန်မောင်ဖြစ်ပါတယ်။ ဒီဥပဒေထဲမှာ အခုလို ကောင်စီ ရဲ့အခန်းကဏ္ဍဟာ အငြင်းပွားစရာ ရှိနေသလို Cross Ownership လို့ ခေါ်တဲ့ မီဒီယာ ပိုင်ဆိုင်မှု ကလည်း ဒီဥပဒေ ထဲက နောက်ထပ် အငြင်းပွားစရာ အချက်ဖြစ် တယ်လို့ သူက ဆိုပါတယ်။

" နောက်တခုက ပုဂ္ဂလိကတွေကို ဒီချယ်နယ်တွေ၊ Free to Air တွေ Frequency တွေပေါ့နော် ထိန်းချုပ်ပြီး ပြန်ပြီးပေးမယ့်ဟာမှာ ဖွဲ့မယ့်ကောင်စီက အစိုးရ အဖွဲ့ပဲ ဖြစ်နေတယ်။ ကျွမ်းကျင်တဲ့ Independence ပညာရှင်တွေပေါ့နော်။ Professional တွေနဲ့ ဖွဲ့ပေးမှာ မဟုတ်ဘူး။ အစိုးရပဲ ဖွဲ့မှာဆိုတော့ အစိုးရကပဲ Policy ချတဲ့ သဘောပေါ့ဗျာ။

နောက် တတိယအချက်ကတော့ Cross Ownership ကို ပိတ်ထားတာ ကိစ္စပေါ့။ ပြန်ကြားရေး ကိုယ်တိုင်ကလည်း ရေဒီယို၊ တီဗီ၊ ရုပ်သံ၊ သတင်းစာတွေကို အကုန်လုံးကို လုပ်နေတာ။ သူတို့ချည်းပဲ မောင်ပိုင်စီးပြီး အကုန်လုံး လုပ်ပြီးတော့ ကျန်တဲ့ ပုဂ္ဂလိက ကျမှ Cross Ownership မလုပ်ရဘူး ဆိုပြီး ပိတ်ထားတော့ ဒီ ဘယ်လိုမျိုး အရေးယူ ပြန်ပြီးဆောင်ရွက်မလဲ ၊ ဘယ်လိုမျိုး ပြန်ပြီး တည့်မတ်မလဲ ဆိုတဲ့ကိစ္စက အငြင်းပွားစရာရှိပါတယ်။ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း သည် မြန်မာ့အလင်းနှင့် ကြေးမုံဖြစ်သည်။ မြန်မာ့ ရုပ်မြင်သံကြားဖြစ်သည် ဆိုတဲ့ definition နဲ့ သွားတာ ဆိုတော့ ကျန်တဲ့ ပုဂ္ဂလိကက ဒီလိုမျိုး လုပ်ခွင့် မရှိဘူး ဆိုတဲ့ သဘောဗျ။ အဲ့တာ တော်တော်ကြီးကို လက်ခံလို့မရတဲ့ ကိစ္စပါ။"

အမျိုးသား လွှတ်တော်ကို ဒီဥပဒေ မူကြမ်း ရောက်ရှိလာချိန်တုန်းက ဒီ ဥပဒေ မူကြမ်းမှာ ထူးထူးခြားခြား ကန့်ကွက်ပြင်ဆင်စရာမျိုး ပါရှိတာတော့ မတွေ့ရဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကပြောပါတယ်။ ဒါပေမဲ့ အများ ဝေဖန်နေကြတဲ့ ကောင်စီ ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အဲ့ဒီကောင်စီ မှာ တာဝန်ယူမယ့် သူတွေအနေနဲ့ ဥပဒေနဲ့အညီ ရဲရဲဝင့်ဝင့် ဆောင်ရွက်ဖို့လိုတယ်လို့ သူကပြောပါတယ်။

" ကျနော်တို့နိုင်ငံမှာ အဓိက ဥပဒေက ဥပဒေတွေနဲ့စာရင် လူတွေက ပိုအရေးကြီးနေ တယ်။ လက်ရှိ အခြေအနေအရ။ အဲ့ဒီ့တော့ ရဲရဲဝင့်ဝင့် လုပ်ရဲ ကိုင်ရဲတဲ့လူတွေ၊ ဥပမာ သမ္မတက သုံးယောက်၊ အမျိုးသား(လွှတ်တော်) က သုံးယောက်၊ ပြည်သူ (လွှတ်တော်) က သုံးယောက် ကိုးယောက် ခန့်ရမယ်ဆိုပြီး အဲ့ဒီ့အထဲမှာ ပါတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့လူတွေက ရဲရဲဝင့်ဝင့် လုပ်ရဲ ကိုင်ရဲတဲ့သူတွေ ပါလာရင် ဘာမှ ဖြစ် စရာ အကြောင်း မရှိဘူး။ အဲ့ဒီ့လူတွေသာ.. လူပဲ အရေးကြီးတာလေ။ "

ရုပ်သံလွှင့် သတင်းမီဒီယာ ဥပဒေ မူကြမ်း ဟာဆိုရင် လက်ရှိ အချိန်မှာ အမျိုးသား လွှတ်တော်ဘက်က အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဒီဥပဒေ မူကြမ်းကို ပြည်သူလွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေတာပါ။ ပြည်သူ့လွှတ်တော် ကလည်း ဒီဥပဒေ ကို အတည် ပြု ခဲ့မယ် ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်း နိုင်ဖို့ နိုင်ငံတော် သမ္မတ ဆီကို ပေးပို့မှာလည်း ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/burmese-media-against-television-and-broadcast-law/2485643.html



အရည်အသွေးမပြည့်မှီတဲ့ တရုတ်မုန့်တွေဟာ အခုဆိုရင် မြန်မာနိုင်ငံက ဈေးကွက်ထဲကို အများအပြား ဝင်ရောက်နေပါပြီ။ အဲဒီ့ အဆင့်အတန်းမမှီတဲ့ တရုတ်မုန့်တွေကို ကျောင်းတွေ၊ ဈေးတွေမှာလည်း ရောင်းချနေကြပါတယ်။

RFA သတင်းထောက် ကိုကျော်ဇောဝင်း

   
ဒဏ်ရာရသူတွေကို နီပေါ စစ်တပ်မှ ကူညီနေ (Credit: ABC licensed)

နီပေါနိုင်ငံဟိမဝန္တာတောင်တန်းမှာ ​နှင်းမုန်တိုင်းနဲ့ ​နှင်းတွေ ​တောင်အောက် ​လျှောကျမှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​အနည်းဆုံး ​လူ ​၂၀ ​သေဆုံးခဲ့ပြီး ​လူပေါင်း ​တစ်ရာကျော် ​ပျောက်ဆုံးနေပါတယ်။

အဲဒီဒေသဟာ ​တောင်တက်သမားတွေအကြား ​နာမည်ကြီးတဲ့ ​ဒေသဖြစ်ပြီး ​သေဆုံးသူတွေထဲမှာ ​နိုင်ငံခြားသာ ​တောင်တက်သမားတွေလည်း ​ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ​တနင်္ဂနွေနေ့က ​ကျရောက်တဲ့ ​Hudhud ​မုန်တိုင်းရဲ့ ​လက်ကျန်ရာသီဥတုရဲ့ ​ဒဏ်ကို ​နီပေါနိုင်ငံ ​Annapurna ​Circuit ​ဒေသက ​တောင်တက်သမားတွေနဲ့ ​သူတို့ရဲ့ ​လမ်းပြတွေက ​ခံခဲ့ရတာ ​ဖြစ်ပါတယ်။

နှင်းမုန်တိုင်းနဲ့ ​နှင်းတွေ ​ပြိုကျမှုကြောင့် ​လူပေါင်း ​၂၀ ​ရဲ့ ​အလောင်းကို ​ရဲတွေ ​တွေ့ရှိခဲ့ပြီး ​တချို့လူတွေ ​ပိတ်မိနိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

သေဆုံးသွားတဲ့ ​တောင်တက်သမားတွေထဲမှာ ​အစ္စရေး၊ ​ပိုလန်၊ ​ကနေဒါ၊ ​အိန္ဒိယနဲ့ ​ဗီယက်နမ်နိုင်ငံသားတွေ ​ပါဝင်ပါတယ်။ ​ရာသီဥတု ​ဆိုးဝါးမှုကြောင့် ​အလောင်းတွေကို ​ပြန်မသယ်နိုင်သေးဘူးလို့လည်း ​သိရပါတယ်။

တောင်တက်သမား ​အယောက် ​၁၀၀ ​လောက် ​အဲဒီနေရာမှာ ​ရောက်ရှိနေတယ်လို့ ​ခန့်မှန်းရတဲ့အတွက် ​ရှာဖွေမှုတွေ၊ ​ဆက်သွယ်မှုတွေ ​ပြုလုပ်နေကြပါတယ်။ ​ဒါပေမဲ့ ​ဖုန်းအဆက်အသွယ် ​မကောင်းတဲ့အတွက် ​တောင်တက်သမားတွေနဲ့ ​အဆက်အသွယ် ​မရသေးပါဘူး။

ဒီလို ​ရာသီအတွင်း ​တောင်တက်ဖို့ ​ကောင်းမွန်တဲ့အတွက် ​အဲဒီနေရာကို ​တောင်တက်သမား ​ထောင်နဲ့ချီ ​လာရောက်လေ့ရှိတယ်လို့လည်း ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-16/1379745


ကချင်ပြည်နယ် ဖားကန့်အခြေစိုက် တပ်မ ၆၆ တပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းကို ဆုတ်ခွာပေးရန် သတိပေး ပြောဆိုခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

တပ်မ ၆၆ လက်အောက်ခံ ခလရ တပ်ရင်း ၁၁ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျ က အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီတွင် နောက်ဆုံးထား ဆုတ်ခွာပေးရန် အောင်ဘာလေကျေးရွာ လူကြီးများမှ တစ်ဆင့် KIA တပ်ရင်း ၆ တပ်သို့ အကြောင်းကြားခဲ့သလို၊ ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင်လည်း ဆုတ်ခွာပေးရန် ထပ်မံ အကြောင်းကြားလာခြင်း ဖြစ်သည်။

“ကျနော်တို့ဘက်ကတော့ တရားဝင်အကြောင်းကြားတာမျိုး မရှိဘူး။ ညှိနှိုင်းဆောင်ရွက်တဲ့ အနေအထား မဟုတ်ဘဲနဲ့ တဖက်သတ် အပေါ်စီးကနေ ဖယ်ခိုင်းတယ်ဆိုတဲ့ အခြေအနေပါ။ ကျနော်တို့က ဒီကိစ္စကို ပြေပြေ လည်လည်ဘဲ ဖြစ်သွားစေချင်တယ်။ သူတို့ ပြောဆိုမှုကို ပြန်ရုပ်သိမ်း စေချင်တယ်။ ဒါက နည်းလမ်းမှန်ကန်စွာ ဖြေရှင်းလိုတဲ့ ဆန္ဒပါ” ဟု ဦးလာနန် က ပြောသည်။

ယခုရက်ပိုင်းအတွင်း အစိုးရ စစ်တပ်က KIA ၏ တပ်မဟာ ၂ တနိုင်းဘက်တွင် စစ်အင်တားတိုးမြင့်ချထားသလို၊ တပ်မဟာ ၃ ဒေသ မန်စီမြို့နယ် ကိုင်ထိပ်ကျေးရွာတွင်လည်း အစိုးရ တပ်အင်အား ၂၀၀ ကျော် တိုးမြင့် ချထားသဖြင့် အစိုးရ ဘက်မှ စစ်ရေးအရ ဖြေရှင်းရန် အခြေအနေတွင် ရှိနေသည်ဟု ဦးလာနန် က ပြောသည်။

“အဓိက တပ်ရင်း ၆ မှာ စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပုံစံအနေနဲ့ သူတို့ ခြိမ်းခြောက်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့ဒေသမှာလည်း တပ်အင်အားတိုးချဲ့ထားတာ ရှိတယ်။ စစ်ရေးလှုပ်ရှားမှုကတော့ ကျနော်တို့ စောင့်ကြည့်နေတုန်းပါဘဲ” ဟု သူက ပြောသည်။

အစိုးရ စစ်တပ်က ဆက်လက် ဖိအားပေးလာမည် ဆိုပါက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှုတွင် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု သူက ပြောဆိုသည်။

ထို့ကြောင့် ယခုကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းပေးရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စ မာရီယန် ထံ အောက်တိုဘာလ ၁၄ ရက်က အကြောင်းကြားထားသည်ဟု သိရသည်။

၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA ၏ တပ်ရင်း ၆ စခန်းဟောင်းကို အစိုးရ စစ်တပ်က သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိ အစိုးရ၏ ခလရ ၁၁ က ပြန်လည် နေရာယူထားခြင်း ဖြစ်ကာ KIA ၏ အသစ် တပ်စွဲထားသော တပ်ရင်း ၆ နေရာသစ်ကို ထပ်မံ ဆုတ်ခွာခိုင်းခြင်းသည် စဉ်းစားစရာ ဖြစ်နေသည်ဟု ဦးလာနန် က ပြောသည်။
နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အောင်ဘာလေ ကျေးရွာသားများက ထွက်ပြေး တိမ်းရှောင်နေမှုများ ရှိနေသည်ဟု သိရသော်လည်း KNG ကချင်သတင်းဌာန က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

KIA ဘက်မှလည်း ဆုတ်ခွာပေးရန် အစီအစဉ်မရှိကြောင်း အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည် ခုခံတိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ထားသည်ဟု တပ်ရင်း ၆ မှ အရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ပြန်လည် ဖွင့်လစ်ခဲ့ပြီးနောက် အစိုးရနှင့် KIA တို့ အခွန်ကောက်ခံမှုကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိခဲ့သည်။
ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက် KIA နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းခဲ့သည်ဟု နှစ်ဖက်အဖွဲ့များက ပြောဆိုခဲ့သည်။

KIA သည် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းရေးညှိနှိုင်းရေးအဖွဲ့ NCCT တွင် ပါဝင်၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နေသည်။

Kachin News Group
http://burmese.kachinnews.com

ဟောင်ကောင်မှာ ​ဆန္ဒပြနေတဲ့ ​ဆန္ဒပြသမားတစ်ဦးကို ​ရဲတွေက ​လက်ထိပ်ခတ်ပြီး ​ရိုက်နှက်တယ်ဆိုတဲ့ ​စွပ်စွဲချက်တွေကြောင့် ​စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ​ဟောင်ကောင်အစိုးရက ​ညွန်ကြားထားပါတယ်။
(Credit: AFP)

ဆန္ဒပြသမားတွေက ​လမ်းတွေ ​ပိတ်သွားအောင် ​ချထားတဲ့ ​အတားအဆီးတွေကို ​ရဲတွေက ​ဖယ်ရှားရင်း ​ဆန္ဒပြသူတွေနဲ့ ​ရဲတွေအကြား ​တင်းမာမှု ​ဖြစ်ခဲ့ပါတယ်။

အဲဒီလို ​ဖြစ်စဉ်ကို ​ရိုက်ကူးထားတဲ့ ​ဗီဒီယိုတစ်ခုမှာတော့ ​လက်ထိပ်ခတ်ခံနေရတဲ့ ​ဆန္ဒပြသူတစ်ဦးကို ​ရဲအုပ်စု ​တစ်စုက ​ဝိုင်းဝန်ကန်ပြီး ​ဆက်တိုက် ​ထိုးကြိတ်နေတဲ့ပုံကို ​တွေ့ခဲ့ရပြီး ​အင်တာနက်ပေါ်မှာ ​ဗီဒီယို ​အလျင်အမြန် ​ပျံ့နှံ့သွားပါတယ်။

ဆန္ဒပြသမားတစ်ဦးကို ​ရိုက်နှက်ရာမှာ ​ပါဝင်တဲ့ ​ရဲတွေကိုလည်း ​တာဝန်က ​ရပ်ဆိုင်းထားပြီလို့ ​သိရပါတယ်။

ဟောင်ကောင်အစိုးရကတော့ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ဘက်လိုက်မှု ​မရှိပဲ ​စုံစမ်းစစ်ဆေးမှု ​လုပ်သွားမယ်လို့ ​ပြောပါတယ်။

တရားမဝင် ​ဆန္ဒပြမှုကြောင့် ​ဆန္ဒပြမှုမှာပါဝင်သူ ​၄၅ ​ဦးကိုလည်း ​ဖမ်းဆီးထားတယ်လို့ ​ဆိုပါတယ်။

ဟောင်ကောင်မြို့ရဲ့ ​အဓိကနေရာတွေကို ​ပိတ်ချပြီး ​ဆန္ဒပြမှုတွေ ​လုပ်ခဲ့တာ ​နှစ်ပါတ်ကျော် ​ကြာသွားပြီး ​အခုအခါမှာ ​ဆန္ဒပြဦးရေ ​နည်းပါးလာပေမယ့် ​ဆန္ဒပြမှုတွေ ​ဆက်လက်ရှိနေသေးတဲ့အကြောင်း ​အေဘီစီသတင်းထောက် ​Stephen ​McDonell ​က ​သတင်းပေးပို့ထားပါတယ်။
http://www.radioaustralia.net.au/burmese/2014-10-16/1379739

မြန်မာနိုင်ငံကနေ ​လာပြီး ​သြစတြေးလျနိုင်ငံမှာ ​ခိုလှုံခွင့်ရဖို့ ​ကြိုးစားနေတဲ့ ​ရိုဟင်ဂျာမိသားစုကို ​သြစတြေးလျမှာ ​နေထိုင်ခွင့် ​မပေးဖို့ ​တရားရုံးက ​ဆုံးဖြတ်ချက် ​ချလိုက်ပါပြီ။
သြစတြေးလျနိုင်ငံမှာ မွေးဖွားသူ ၁၁ လသား အရွယ် Ferouz Myuddin

ရိုဟင်ဂျာ ​ဇနီးမောင်နှံ ​နှစ်ဦးဟာ ​သြစတြေးလျနိုင်ငံမှာ ​ခိုလှုံခွင့်ရဖို့ ​လှေနဲ့ ​ရောက်ရှိလာတဲ့အတွက် ​Nauru ​ကျွန်းက ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်း ​ခံနေရပါတယ်။

ဒါပေမဲ့ ​ကိုယ်ဝန်ရှိပြီးနောက် ​ကျန်းမာရေးအခြေအနေကြောင့် ​ကလေးကို ​သြစတြေးလျနိုင်ငံ ​Brisbane ​မြို့က ​Matar ​ဆေးရုံမှာ ​မွေးပေးခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံ ​အတွင်း ​မွေးဖွားတဲ့ ​ကလေးငယ်ကို ​သြစတြေးလျမှာ ​နေထိုင်ခွင့်ပေးသင့်တယ်လို့ ​ရှေ့နေတွေက ​တောင်းဆိုထားပေမယ့် ​အစိုးရကတော့ ​လှေတွေနဲ့ ​ဝင်လာတဲ့လူကို ​တရားမဝင် ​ဝင်ရောက်လာသူတွေလို့သာ ​သတ်မှတ်ထားတာပါ။ ​ကလေးကို ​နေထိုင်ခွင့် ​ပေးဖို့ ​သင့်မသင့် ​ဆုံးဖြတ်ရာမှာ ​တရားရုံးက ​နေထိုင်ခွင့် ​မပေးဖို့ ​ဆုံးဖြတ်ခဲ့ပါတယ်။

ရိုဟင်ဂျာ ​မိဘနှစ်ပါးကနေ ​မွေးလာတဲ့ ​ကလေးငယ်ကတော့ ​Ferouz ​Myuddin ​ဖြစ်ပြီး ​အခုအခါမှာ ​၁၁ ​လသား ​အရွယ် ​ရောက်နေပါပြီ။

Ferouz ​Myuddin ​ကို ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ခွင့် ​မပေးတဲ့ ​ဆုံးဖြတ်ချက်နဲ့ ​ပတ်သက်ပြီး ​တရားရုံးမှာ ​နောက်တဆင့် ​အယူခံဝင်သွားမယ်လို့ ​ရှေ့နေဖြစ်သူ ​Murray ​Watt ​က ​ပြောပါတယ်။

အယူခံဝင်နေတဲ့ ​ကာလအတွင်း ​ဒီမိသားစုကို ​သြစတြေးလျနိုင်ငံကနေ ​ထွက်ခွာခိုင်းတာတွေ ​မလုပ်ဖို့ ​လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို ​တောင်းဆိုမှာဖြစ်ပြီး ​ဒီမိသားစုအနေနဲ့ ​တရားရုံးရဲ့ ​ဆုံးဖြတ်ချက်အပေါ် ​အယူခံဝင်ခွင့်ရှိသင့်တယ်လို့ ​ယူဆကြောင်း ​ရှေ့နေက ​ပြောပါတယ်။

အစိုးရကတော့ ​ကလေးကို ​သြစတြေးလျမှာ ​နေထိုင်ခွင့် ​မပေးဖို့ ​တရားရုံးက ​ဆုံးဖြတ်တာကြောင့် ​ရိုဟင်ဂျာ ​မိသားစု ​တစ်ခုလုံးကို ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းကို ​ပြန်ပို့ဖို့ ​ကြိုးစားနေပမယ့် ​Green ​ပါတီကတော့ ​တရားရေးရာ ​ကိစ္စ ​မပြီးမချင်း ​သြစတြေးလျနိုင်ငံကနေ ​ထွက်ခွာခိုင်းတာတွေ ​မလုပ်ဖို့ ​အစိုးရကို ​တောင်းဆိုထားပါတယ်။

http://www.radioaustralia.net.au



ရပ်စောက် ၊ ၁၆-၁၀-၂၀၁၄

လက်ရှိ မြန်မာနိုင်ငံ အတွင်း အလှကုန် တင်သွင်းသော ကုမ္ပဏီ များနှင့် ပြည်တွင်း အလှကုန် ဈေးကွက်အတွင်း သို့ လမ်းကြောင်း အမျိုးမျိုးမှ ရောက်ရှိ နေသော အမျိုးသမီးသုံး အလှကုန် ပစ္စည်းများ ထဲမှ အဓိက အသုံးပြု နေသည့် နှုတ်ခမ်းနီ ဆိုးဆေးများ ထဲတွင် အချို့သော အမှတ် တံဆိပ်များမှာ ကင်ဆာ ဖြစ်စေသော ခဲဓာတ်များ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရ သည်ဟု သိရသည်။

နှုတ်ခမ်းနီ ကုမ္ပဏီကြီး တစ်ခုက ၄င်းတို့ ထုတ်လုပ်သည့် နှုတ်ခမ်းနီ များထဲတွင် ခဲဓာတ်များ ပါဝင် နေမှုကြောင့် အမေရိကန် ဒေါ်လာ ၆၇ ဒေါ်လာမှ ၉ ဒသမ ၉ဝ ဒေါ်လာ အထိ ကျဆင်း ခဲ့ကြောင်း သိရသည်။

အဓိက အကြောင်းရင်းမှာ ကင်ဆာ အန္တရာယ် ဖြစ်စေနိုင်မှု ကြောင့်ဟု ဆိုသည်။ အလှအပ ကြိုက်သော မိန်းကလေး အများစုက အခြားသော အမှတ်တံဆိပ် များကို စိတ်မချ၍ သံသယရှိသည် ဆိုပါက နှုတ်ခမ်းနီ ကို မသုံးစွဲခင် လက်မောင်း အတွင်းသား၊ လက်ခုံပေါ် နှင့် လက်ကောက်ဝတ် အောက်ဘက် ၌ သုတ်လိမ်း၍ သော်လည်းကောင်း၊ မိမိတွင် ပါရှိသည့် ရွှေထည်ပစ္စည်း တစ်ခုခုပေါ် သုတ်လိမ်း ထားပြီး နဂို အသားရောင်၊ ရွှေရောင် မှ အမည်းရောင် သို့ ပြောင်းလဲ သွားပါက ထိုနှုတ်ခမ်းနီ တွင် ခဲဓာတ် ပါဝင်နေပြီ ဖြစ်ကြောင်း သိနိုင်သည်။

ဈေးကွက် အတွင်းရှိ ခဲသတ္တုဓာတ် ပါဝင်သည့် နှုတ်ခမ်းနီ အမျိုးအစားမှာ ကိုးမျိုး ရှိပြီး ၄င်းတို့မှာ Clinique , Estee Lauder , Shi Seido , Red Earth ( Lip Gloss ) , Cnanel ( Lip Conditioner ) , Mark America , Motives , Lipstick  နှင့် Avon စသည်တို့ ဖြစ်ကြောင်း သိရသည်။

''လူတိုင်းကတော့ လှပနုပျိုချင် ကြတာပါ။ ဒါပေမဲ့ ကိုယ်ကျိုးရှာ ဝိသမ လောဘသား တွေရဲ့ စီးပွားရေး ဆန်ဆန် ထုတ်လုပ် ရောင်းချမှုတွေ အတွက်တော့ သတိထားတာ အကောင်းဆုံး ပါပဲ ... '' ဟု နှုတ်ခမ်းနီ များတွင် ပါဝင်သော ခဲဓာတ်ကြောင့် ကင်ဆာ ဖြစ်ပွားခြင်း အကြောင်းရင်း ကို ရှာဖွေ တွေ့ရှိခဲ့သူ အမေရိကန် မှ ဆေးဝါး ကျွမ်းကျင်သူ ဇီဝအနုစိတ် ပညာရှင် Dr. Elizabeth Ayoub က သတိပေး ပြောကြား လိုက်ကြောင်း သိရသည်။

နိုင်မင်းညို (ရပ်စောက်)

#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_16.html


Bi မွန်းတည့်နေဂျာနယ်မှ တရားစွဲခံထားရသော သတင်းသမား ၅ဦးအား ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ပိုင်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၅ဦးမှာ ဦးကျော်မင်းခိုင်(ထုတ်ဝေသူ)၊ ဦးယဉ်မင်းထွန်း(ထုတ်ဝေသူ)၊ ကျော်ဇောဟိန်း(ခ)မင်းဝဿန်(သတင်းထောက်)၊ ဦးဝင်းတင်(အမှုဆောင်အယ်ဒီတာ)၊ ဦးသူရအောင်(တာဝန်ခံအယ်ဒီတာ) တို့ဖြစ်သည်။

“များတယ်ဗျာ၊ အရမ်းများလွန်တယ်၊ ကျနော်တို့ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး၊ အများပြည်သူအတွက် သတင်းရေးသားဖော်ပြနေတဲ့ မီဒီယာသမားတွေကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်ချမှတ်ခံရတဲ့အတွက် မတရားဘူးလို့ ယူဆတယ်၊ အဲဒီအတွက် အယူခံဝင်သွားမယ်”ဟု ပြစ်ဒဏ်ချမှတ်ခံရသူတဦးဖြစ်သည် သတင်းထောက် ကိုမင်းဝဿန် က ပြောသည်။

ယင်းတို့ ၅ ဦးအား “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MCDF ထုတ်ပြန်”ဆိုသော သတင်းရေးသားမှုကြောင့် ဇူလိုင်လ ၁၁ရက်နေ့က ဖမ်းဆီးခဲ့၍ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အမိန့်ချမှတ်ခံရပြီးနောက် ပြည်တွင်းသတင်းဌာနမှ သတင်းသမား ၃ဦးက “မီဒီယာဖိနှိပ်မှုရပ်”ဟု ရေးသားထားသော စာရွက်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သူရမင်းဇော်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စု အစိုးရအပေါ် လုံးဝအယုံအကြည် မရှိကြောင်း နှင့် ဒီမိုကရေစီနှင့် မသက်ဆိုင်သည့် ပုဒ်မ ၁၈ အလိုမရှိကြောင်း အောက်တိုဘာ ၁၆ရက်နေ့က ရန်ကုန် ကျောက်တံတား တရားရုံအရှေ့တွင် တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့တွင် ဖြစ်ပွားခဲ့သည့် အဓ္ဓမမုဒိန်းမှုကို အမှန်တရား ပေါ်ပေါက်ရေး အတွက် ဆန္ဒထုတ် ဖော်ရန် ခွင့်ပြုချက် တောင်းခံ ခဲ့သော်လည်း မရရှိခဲ့သဖြင့် ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံထာရသော မောင်နေလင်းစိုးအား အထက်ပါတိုင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“၂၀၁၅ နီးလာလေ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တာ အရမ်းကို ပြင်းထန်တယ်လို့ ထင်ရတယ်၊ ဘာဖြစ်လို့ ကျွန်တော်တို့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကို ထိုးနှက်မှုတွေ လုပ်နေရတာလဲ”ဟု တကိုယ်တော်ဆန္ဒထုတ်ဖော်သူ မောင်နေလင်းစိုးက ၎င်း၏ထင်မြင်ချက်ကို ပြောကြားသည်။

မောင်နေလင်းစိုးသည် တကိုယ်တော်ဆန္ဒထုတ်ဖော်မှုကိ ကျောက်တံတားတရားရုံုးအပြင် ဒဂုံတောင်တရားရုံးရှေ့တွင်လည်း ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


ဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားစွဲဆို ခံထားရတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ထံ အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာ တစ်စောင် ပေးပို့ထားတယ်လို့ အလုံမဲဆန္ဒ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

ဦးဆန်းဆင့်ကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အနေနဲ့ ပြန်လည်သုံး သပ်ပြီး သက်ညှာစွာစဉ်း စားပေးဖို့ ပြစ်မှုတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးနိုင်ဖို့ ဆရာတော် သံ ဃာတော်တွေ၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူလူထု ၁၀၀၄ ဦးတို့က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို မေတ္တာရပ်ခံစာတွေ ပေးပို့လာတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့ထံ သဝဏ်လွှာပေးပို့တာ ဖြစ်ပါတယ်။

အဲဒီသဝဏ်လွှာမှာ ဦးဆန်းဆင့်အပေါ် တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ အုပ်ချုပ်ရေးကဏ္ဍက ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး တရားစွဲဆိုတင်ပို့လာတဲ့အမှုကို တရားစီရင်ရေးကဏ္ဍဖြစ်တဲ့ တရားရုံးက စစ်ဆေးစီရင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောကြားမှာဖြစ်သလို မေတ္တာရပ်ခံလာတဲ့ သံဃာတော်တွေကို သင့်တော်တဲ့နည်းလမ်းနဲ့ လျှောက်ထားအသိပေးသွားမယ်လို့ ပါရှိပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံစားမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က တို့နဲ့ တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/67961


သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့သော မော်ဒယ်အေးချမ်းမြတ်မိုး၏ အမှုအား အောက်တိုဘာလ ၁၆ ရက်နေ့က ဒုတိယမြောက်ရုံးချိန်း အဖြစ် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားခံရှေ့နေက သေဆုံးသူမော် ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို ရုံးတော်သို့ တင်ပြခဲ့ပြီး တရားလိုသက်သေဖြစ်သည့် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏအား တင်ပြမှုများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။

တရားခံရှေ့နေဖြစ်သူ ဦးစိန်မြင့်၏ တင်ပြမေးမြန်းချက်များတွင် သေဆုံးသူ အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ မောင်အံ့ဖြိုးပိုင်တို့သည် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက တစ်ဦးနှင့် တစ်ဦး လွန်စွာချစ်ခင်သည့် သမီးရည်းစားများဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးသည် ထိုအချိန်ကတည်းက ဒဂုံမြို့နယ် တရားရုံးသို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးရန် အသိမိတ်ဆွေများဖြင့် သွားရောက်ခဲ့ပြီး ထိုစဉ်က အေးချမ်းမြတ်မိုး၏ အသက်မှာ ၁၈ နှစ် နီးနီးသာ ရှိသေး၍ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍ မရကြောင်း တရားရုံးရှိ ၀န်ထမ်းမှ မိတ်ဆွေများရှေ့တွင် ရှင်းပြခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ချစ်သူ သမီးရည်းစားများအဖြစ် အလှူဒါနပြုခြင်း၊ လက်ဝတ်ရတနာပစ္စည်းများ ပြုလုပ်ခြင်း၊ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခြင်း၊ အေးချမ်းမြတ်မိုး မြန်မာ့အသံဝန်းအတွင်း အနုပညာသင်တန်းတက်စဉ်က မောင်အံ့ဖြိုးပိုင်မှ အကြိုအပို့လုပ်ခဲ့ခြင်း၊ ၎င်းတို့နှစ်ဦးသည် အံ့ဖြိုးပိုင်၏ Honda Insight ကားအတွင်း ချစ်ခင်ကြင်နာစွာဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ အမှတ်တရ စီဒီခွေများ ထုတ်ခြင်းတို့ရှိကြောင်း တရားရုံးသို့ တင်ပြပြီး သေဆုံးသူ အေးချမ်းမြတ်မိုး၏ အစ်ကိုဖြစ်သူ ကိုအာကာဝဏ္ဏအား အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ သိ၊ မသိမေးမြန်းရာ ကိုအာကာဝဏ္ဏမှ လုံးဝမသိရှိကြောင်းနှင့် လုံးဝ မဖြစ်နိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

“ဒီကိစ္စတွေ ကျွန်တော်လုံးဝမသိဘူး၊ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ ညီမလေးက အံ့ဖြိုးပိုင် သူ့ကို လိုက်နှောင့်ယှက်နေတယ်ပဲ ကျွန်တော့်ကို ပြောပါတယ်။ ညီမလေးက သင်တန်းမှာရော၊ ကျောင်းမှာပါ ယောက်ျားလေးသူငယ်ချင်းအများ ကြီးရှိပြီး ဓာတ်ပုံတွေလည်း အများကြီး တွဲရိုက်ခဲ့ပါတယ်။ အားလုံးကိုရွယ်တူ သူငယ်ချင်းလို့ သဘောထားတာပါ၊ ဒီကိစ္စတွေ လုံးဝမဖြစ်နိုင်ပါဘူး”ဟု သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏက တရားရုံးသို့ ပြန် လည်ဖြေကြားသည်။

လူသတ်မှု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်အနေဖြင့် အခင်းဖြစ်ပွားသည့် သြဂုတ်လ ၂၆ ရက်နေ့က အင်းလျားလမ်းရှိ ကုမ္ဗဏီတခုတွင် အလုပ်ကိစ္စအတွက် ညနေ ၅ နာရီကျော်သည်အထိ လူတွေ့ အင်တာဗျူးဖြေဆိုနေကြောင်း၊ ထိုအချိန်တွင် ဖုန်းပိတ်ထားသည့်အတွက် အင်တာဗျုးပြီး ဖုန်းဖွင့်သောအခါ သေဆုံးသူ အေးချမ်းမြတ်မိုးမှ သူ၏ ဟန်းဖုန်းသို့ စာတိုများပို့ထားကြောင်း၊ ထို့ကြောင့် ၎င်းမှ အေးချမ်းမြတ်မိုးထံသို့ သွားရောက်တွေ့ဆုံ ခဲ့ကြောင်းလည်း တင်ပြခဲ့သည်။ စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် ဆေးတက္ကသိုလ် (၁) ကျောင်းသားတစ်ဦးဖြစ်ပြီး ဆေးတက္က သိုလ်တွင် ပထမနှစ်တစ်နှစ်သာ တက်ရောက်ပြီး နှုတ်ထွက်ခွင့်တောင်းကာ အေးချမ်းမြတ်မိုးတက်ရောက်နေခဲ့သော အဝေးသင်တက္ကသိုလ်အင်္ဂလိပ်စာမေဂျာသို့ ပြောင်းရွှေ့သင်ယူခဲ့ကြောင်းလည်း တရားခံရှေ့နေက တင်ပြခဲ့သည်။

ယခုကဲ့သို့ တရားခံရှေ့နေဘက်မှ သေဆုံးသူ မော်ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို တင်ပြခဲ့သော်လည်း ၎င်းတို့နှစ်ဦးမှာ သမီးရည်းစားလုံးဝမဟုတ်ဘဲ၊ အံ့ဖြိုးပိုင်ကသာ အေးချမ်းမြတ်မိုးကို လိုက် လံနှောင့်ယှက်နေခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူမှ အခင်းဖြစ်ပွားစဉ်က မီဒီယာများကို ဖြေကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးမှု၏ တတိယမြောက်ရုံးချိန်းကို လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန် ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ထပ်မံ စစ်ဆေးသွားမည်ဖြစ်ပြီး တရားလိုရှေ့နေမှ တရားခံရှေ့နေ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တရားခွင်မှ သိရသည်။

လက်ရှိတွင် စွပ်စွဲခံ မောင်အံ့ဖြိုးပိုင်အား လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ကျခံရနိုင်သည်။

မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


နှစ်ပေါင်းများစွာ ပြင်ပနဲ့ဆက်ဆံရေးတံခါး ကို ကြပ်ကြပ်ပိတ်ထားခဲ့ပြီး တံခါး မင်းတုန်း ရော မျောက်လက်ပါ သံချေးကိုက်လောက် အောင် ထားခဲ့တဲ့နိုင်ငံမျိုး မှာ ပေါင်းသင်းဆက်ဆံ ရောင်းဝယ်ရေးကို ပြန်ဖွင့်လှစ်ပြီး ပြင်ပက ဧည့်တွေကို လာပါ၊ ဝင်ပါ၊ လေ့လာပါ၊ ရောင်းပါ၊ ဝယ်ပါ ဆိုတာမျိုး၊ ယုံကြည်မှုတွေ သဒ္ဒါ ဆင့်ပြီး ကုမ္ပဏီတစ်ခုတစ်လေ လာဖွင့်ပါခင်ဗျ ဆိုသဟာမျိုး ပြောရ ဆိုရ ဆွေးနွေး ဖိတ်ခေါ်ရတာဖြင့် သိပ်လွယ်တဲ့အ လုပ်တော့ မဟုတ်မှာသေချာ ပါတယ်။ ငါးနှစ် လောက် မဖွင့်ပဲထားတဲ့ ကိုယ့်အိမ်နောက်ဖေး တံခါးတောင် ဘယ်မှာ လွယ်လွယ်ဖွင့်လို့ရမှာ လဲ။ ဇွတ်ဆွဲဖွင့်လိုက်ရင် တံခါးကျည်းဘောင် ပါ ပြိုကျပြီး နောက်ဖေးဟောင်းလောင်းဖြစ်သွားနိုင်သလို သံချေးကိုက်နေ တဲ့ သော့တို့ မင်းတုန်းတို့ကို ချေးချွတ်ပြီး ပုံမှန်ပြန်ပွင့်အောင်ရမ်းလုပ်ဖို့လည်း ဘယ်လိုမှဖြစ်မှာမဟုတ် ဘူး။ ဒီတော့ ငါးနှစ် အိမ်တံခါးတောင် မလွယ် ရင် နှစ်ငါးဆယ် ပိတ်ထားတဲ့ တိုင်းပြည်တံခါး ဖွင့်ရတာက နှစ်ပေါင်းများစွာ မဝတ်ဖြစ်ခဲ့တဲ့ ပုဆိုးကို စင်မြင့်ပေါ်မှာ ပြန်ဝတ်ရသလိုမျိုး အရမ်းကြီးခက်နေမှာ စာနာမိပါတယ်ဗျာ။

ဒီလို တံခါးပိတ်ထားတဲ့ နိုင်ငံများ ပြင်ပ ရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်တံခါး ဖွင့်တဲ့ အခါမှာ ကျူးလွန်တတ်တဲ့ အမှားကြီးနှစ်ခု ရှိတတ်တယ် ဆိုတာ နိုင်ငံတကာ ဥပမာများမှာ မြင်ရ တတ်ပါတယ်။ တစ်ခုကတော့ ဧည့်သည် မလာ အောင် နှစ်ပေါင်းများစွာ တံခါးပိတ်ထားခဲ့ရာ ကနေ ဧည့်သည် လာအောင် ဖိတ်မယ်လည်း ဆိုရော ဧည့်သည်မလာမှာ စိုးပြီး အခွင့်အရေး တွေ မတရားပေးပြီး ဖိတ်ခေါ်မိတတ်ပါတယ်။ အဲဒီလို ဖိတ်ခေါ်လိုက်ရင် ကိုယ့်အထဲက မိသားစုဝင် တွေ ဘယ်လိုနစ်နာမလဲ၊ အနေခက် အစားခက်ဖြစ်သွားမလဲ မစဉ်းစားပဲ ဖိတ်မိ တာမျိုးပေါ့။ တနည်းအားဖြင့်တော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်ရာမှာ ကိုယ့်တိုင်းရင်း သားလုပ်ငန်းရှင်ကလေးများ ဘယ်လိုနစ်နာ သွားမလဲ၊ သူတို့ အနေနဲ့ အင်အားကြီးတဲ့ ပြည်ပ လုပ်ငန်းကြီးတွေ ကို ဈေးကွက် ယှဉ်ပြိုင် ဖို့ ခက်ခဲမှာဖြစ်ပြီး သူတို့တွေပြိုလဲ ဇာတ် သိမ်းသွားမလား။ သူတို့ကို ဘယ်လို အကာအ ကွယ် ပေးသင့်သလဲ။ သူတို့ကို မထိခိုက်အောင် ပြည်ပ ရင်းနှီးမြုပ်နှံသူတွေကို ဘယ်လိုအကန့် အသတ်တွေ ချမှတ်ရမလဲ။ ဒါမှမဟုတ် ပြည်ပ လုပ်ငန်းရှင်များရဲ့ ခေတ်မီ နည်းပညာတွေ ကို ပြည်တွင်း လုပ်ငန်းငယ်ကလေးများ ရရှိခံစား နိုင်အောင် လုပ်ငန်းချင်းပူးပေါင်းဆောင်ရွက် တဲ့ အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးပေး သင့်fသလဲ စတာတွေကိုစဉ်းစားပြီး လုပ်ဆောင် ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အလားတူပဲ ပြည်သူဘဏ္ဍာနဲ့ တည် ထောင်လည်ပတ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးတွေအနေနဲ့လည်း နိုင်ငံခြားလုပ် ငန်းကြီးတွေနဲ့ ယှဉ်ပြိုင်ရာမှာ အရှုံးနဲ့ရင်မဆိုင် ရအောင် ဘယ်လိုဗျူဟာများ ချမှတ်ဆောင် ရွက်မလဲ၊ ဘယ်လိုအကာအကွယ်တွေပေးဖို့ အစိုးရက စီစဉ်မလဲ၊ ဒါမှမဟုတ် သူတို့နဲ့ အကျိုးတူ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာတွေကို ကြိုတင်စဉ်းစားပြီးမှ ပြည်ပ ရင်းနှီးမြုပ်နှံမှုကို နေရာချထားပေးရမှာဖြစ်ပါ တယ်။ ဒီလိုမှမဟုတ်ရင် ဧည့်သည်ကို နေ ရာပေးရင်းပေးရင်းနဲ့ မိသားစုဝင်တွေ အိမ် ရှင်တွေ ဘယ်မှာနေရထိုင်ရမှန်းမသိ ဖြစ်နိုင် ပါတယ်။

ဒါကတော့ အစွန်းတစ်ဖက်က အမှားဖြစ် ပြီး အခြားတစ်ဖက်စွန်းရောက် အမှားတစ်မျိုး လည်း ရှိတတ်ပါသေး တယ်။ အဲဒါကတော့ ပြည်ပရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ခဲ့တဲ့တိုင် နှစ်ပေါင်းများစွာ အကျင့်စွဲနေခဲ့တဲ့ ဈေးကွက် ကို အသာစီးယူထားပြီး ပြိုင်သူတစ်ကိုယ် တည်းနဲ့ ဗိုလ်စွဲနေကျအဖြစ်ကို မစွန့်လွှတ်နိုင် တာ ဖြစ်ပါတယ်။ ဒီတော့ ဧည့်သည်ဆီ က လိုချင်တာရှိလို့ ဖိတ်ခေါ်ခဲ့တာပေမယ့် ကိုယ့် ဘက်မှ တစ်စွန်းတစမှ ပေးချင်စိတ် မရှိတာ ဖြစ်ပါတယ်။ သို့မဟုတ် ရင်လည်း လူမြင် ကောင်းရုံ တံခါးဟပြီး ဖိတ်ခေါ်ခဲ့ပေမယ့် တ ကယ်လိုလိုလားလား နေရာမပေးချင်တာမျိုး လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ အထဲဝင် ရုံမက နေရာယူအထိုင်ကျစဖြစ်နေတဲ့ ဧည့် သည်ခမျာ ရုပ်ပျက်ဆင်းပျက် ချက်ချင်းထ ပြန်လို့ မဖြစ်တာမို့ ထိုင်နေရပေမယ့် စိတ် ကသိကအောက် အတော်ဖြစ်မှာပါ။ ဒီနေရာ မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ခဲ့ပေ မယ့် ပြည်တွင်းဈေးကွက်ထဲ ထိုးဖေါက်ဝင် ရောက်လာတဲ့အခါကျတော့ တစ်သက်လုံး ကိုယ်ပဲဈေးခေါင်း၊ ကိုယ်ပဲ ဈေးရောင်းလုပ် လာတဲ့ မိုနိုပိုလီစီးပွားရေးလုပ်ငန်းမျိုးက ကြည့် မရ နိုင်ပဲ ဖြစ်လာတတ်တာပါ။ ဒီနေရာမှာ အစိုးရပိုင်ပဲခေါ်ခေါ် နိုင်ငံပိုင်ပဲဆိုဆို ပြည်သူ ပိုင်ပဲ သမုတ်ချင်သမုတ် တစ်ကိုယ်တည်း ]ဗိုလ်ကီး}လုပ်လာတဲ့ အဲဒီလို စီးပွားရေးအဖွဲ့ အစည်းက အကျိုးတူစီးပွားရှာဘက် အနေနဲ့ သဘောမထားနိုင်ပဲ အပေါ်စီးကနေညစ်ကွက် တွေ သုံးလာတတ်တယ်ဆိုတာ အဲဒီလို တံခါး ဖွင့်စနိုင်ငံများမှာ ကြုံရတတ်ဆိုပဲ။

ဒီလို အစွန်းရောက်အမှားနှစ်ခုစလုံးဟာ နိုင်ငံစီးပွားတိုးတက်ဖွံ့ဖြိုးမှုကို အထောက်အ ကူမပြုနိုင်ပါဘူး။ ပြည်ပ ရင်းနှီးမြုပ်နှံသူများ ကြောင့် ပြည်တွင်းက တိုင်းရင်းသားလုပ်ငန်း များ ထိခိုက်ပျက်စီးတာမျိုး လုံးဝမဖြစ်စေသင့် သလို ပြည်တွင်းကို ဝင်ရောက်ရင်းနှီးမြုပ်နှံခွင့်ပြုပြီးကာမှ သူတို့လုပ်ငန်းတွေ ဈေးကွက် တွင်း လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ခွင့်ကို ထိခိုက် စေအောင်၊ နိုင်ငံပိုင်လုပ်ငန်းများနဲ့ ပခုံးချင်း မယှဉ်သာအောင် အကူအညီမပေးပဲထား တာ၊ ဒါမှမဟုတ် အောက်လမ်းနည်းနဲ့ တိုက် ခိုက်တာ စသည်များ လုပ်တာဟာလည်း မ သင့်တော်ပါဘူး။ အိမ်ကို ဧည့်သည်ဖိတ်ခေါ် လို့ ရောက်လာတဲ့အခါ ဧည့်သည်ကို ကျွေး မွေးဧည့်ခံရမှာပေမယ့် ဧည့်သည်ကျွေးဖို့ရာ ကိုယ့်သားသမီးစားနေတဲ့ ထမင်း ပန်းကန် ထဲက ခွဲကျွေးရမှာ မဟုတ်ပါဘူး။ ဒီလိုပဲ ထမင်းတစ်ဝိုင်းထဲမှာ အိမ်သားတွေက ကြက် သားဟင်း၊ ဧည့်သည် အတွက်က ချဉ်ပေါင် ဟင်းလို့လည်း ခွဲခြားဧည့်ခံကျွေးမွေးလို့က မသင့်တော်ဘူး မဟုတ်လား။ ဒီသဘောပါပဲ။

တကယ်တော့ ကျွန်တော်တို့ ကိုယ်တိုင် ကလည်း နိုင်ငံခြားသားနဲ့ ဝေးဝေးနေခဲ့တာ နှစ်ပေါင်းအတော်ကြာတော့ နိုင်ငံခြားသားကို အလွန်အမင်း အထင်ကြီးတဲ့ ရောဂါရော၊ နိုင်ငံခြားသားဆို မယုံမကြည်သံသယများ တဲ့ရောဂါပါ အနည်းနဲ့ အများ ကိုယ်စီရှိနေ ကြတာပါပဲ။ ဒါကြောင့် ပြည်ပရင်းနှီးမြုပ်နှံသူ များကို ဘယ်လောက်လိုက်လျောမလဲ၊ ဘယ် လောက် ကန့်သတ်မလဲဆိုတာကို ကိုယ့်ဘ၀ ဖြတ်သန်းမှုက ရလာတဲ့အတွေးအမြင်အသိနဲ့ ဆုံးဖြတ်တာထက်စာရင် နိုင်ငံတကာမှာ ဘယ် လိုလုပ်ကြသလဲဆိုတာကို ကြည့်ပြီး ဝေဖန် သုံးသပ် ဆုံးဖြတ်တာက အမှန်နဲ့နီးစပ်မယ် ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အိုအီးစီဒီ (The Organization for Economic cooperation and Development) အဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှ ရင်းနှီးမြုပ်နှံမှုမူဝါဒများလေ့လာချက်-၂၀၁၄ ဆိုတဲ့ စာတမ်းမှာ အာဆီ ယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံတစ်နိုင်ငံကလွဲ ရင် ကျန်နိုင်ငံများအားလုံးဟာ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူနှစ်မျိုးစလုံးကို တန်းတူ ရည်တူ ဥပဒေအရ အကာအကွယ်ပေးထားကြောင်း ဖော်ပြထားပါတယ်။ ဆက်လက်ပြီးတော့လည်း ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြုပ်နှံသူများအပေါ် ဥပဒေသီးခြားစီပြဋ္ဌာန်းပြီး ခွဲခြားကိုင်တွယ် တာဟာ အာစီယံနိုင်ငံများတွင်း မြန်မာ တစ် နိုင်ငံသာ ရှိပါတယ်လို့ ဖော်ပြထားပါသေး တယ်။ တကယ်တော့ အခုလိုပြောင်းလဲမှု ဟာလည်း နှစ်တော့အတော် ကြာတတ်ပါ သတဲ့။

ဗီယက်နမ်ကို ဥပမာထားကြည့်မယ်ဆို ရင် အဲဒီလို ခေတ်နောက်ကျတဲ့ ခွဲခြားဆက် ဆံမှုပုံစံကနေ ခေတ်မီတဲ့ တန်းတူညီမျှစွာ ဆက်ဆံတဲ့ပုံစံ၊ တနည်းအားဖြင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံသူနှစ်မျိုးစလုံးကို ကျော သား ရင်သားမခွဲခြားတဲ့ပုံစံနဲ့ ဆက်ဆံခြင်းကို ပြောင်းလဲဖို့ နှစ်နှစ်ဆယ်ခန့် အချိန်ယူခဲ့ရကြောင်း အဲဒီစာတမ်းမှာ ဖော်ပြထားပါတယ်။ (သူကိုယ် သူ ဒီမိုကရေစီနိုင်ငံပါလို့ မပြောဘဲ ကွန်မြူ နစ်နိုင်ငံအဖြစ် ဆက်ရပ်နေတဲ့ ဗီယက်နမ်နဲ့ အနှိုင်းခံရ တာကတော့ အမှန်တရားဖြစ်မှာ ပေမယ့် အတော်နာစရာကောင်းတယ် ထင် ပါတယ်ဗျာ)။

တကယ်တော့ ပြည်ပရင်းနှီးမြုပ်နှံမှုများ ကို လက်ခံရာမှာ ပြည်တွင်းလုပ်ငန်းများကို ကာကွယ်မယ့် ဥပဒေတွေ၊ လုပ်ထုံးတွေ၊ မူဝါဒတွေ ပြဋ္ဌာန်းနိုင်ပါတယ်။ ပြလည်းပြဋ္ဌာန်း သင့်ပါတယ်။ ဒါကတစ်ပိုင်းပါ။ အဲဒါတွေကို လက်ခံကျေနပ်လို့ အဲဒီမူဘောင်ထဲမှာပဲ ကျွန် တော်တို့ဆီမှာ ရင်းနှီးမြုပ်နှံလုပ်ကိုင်ချင်ပါတယ်ဆိုပြီး ဝင်လာတဲ့ ပြည်ပ ရင်းနှီးမြုပ်နှံသူ ကိုတော့ ပြည်တွင်းက ရင်းနှီးမြုပ်နှံသူများ နည်းတူ အခွင့်အရေးပေးပြီး လုပ်ကိုင်စေရမယ် လို့ ဆိုလိုတာ ဖြစ်ပါတယ်။ လူ့သဘာဝအရ တွေးကြည့်ရင် ဧည့်သည်က ဧည့်သည်ပဲဖြစ် တာမို့ အိမ်ရှင်လိုနေလို့ မရနိုင်ဘူး ဆိုတာက မူလကတည်းက သိထားပြီးသား ဖြစ်ပါလိမ့် မယ်။ ဧည့်သည်ရဲ့တောင်းဆိုမှုမှာလည်း အ ကန့်အသတ်တွေ ရှိပါတယ်။ ဘယ်ဧည့်သည် ကမှ ]]ရင်းနှီးချစ်ခင်မှုကို ပြတဲ့အနေနဲ့ လူကြီး မင်းတို့ကုတင်ပေါ်မှာ လူကြီးမင်းတို့ လင်မ ယားနဲ့ အတူအိပ်ပါရစေ}}လို့ တောင်းဆိုမယ် မထင်ပါဘူး။ (တောင်းဆိုတဲ့ ဧည့်သည်ဆိုရင် လည်း ဘယ်အိမ်ရှင်ကမှ အဝင်မခံမှာ မဟုတ် ဘူးလေ)။ ဒီတော့ ဧည့်သည်ကတော့ ဧည့် ခန်းမှာပဲ နေရမှာပဲ။ အိမ်ရှင်နေရာချထားပေးရာ မှာ အိပ်ရမှာပဲ။ အိမ်ရှင်ကျွေးတာကိုပဲ စားရ မှာပါပဲ။ ဒါပေမဲ့ ဧည့်ဝတ်ကျေပြွန်မှလည်း ဧည့်သည်ကို လက်ခံ ရကျိုးနပ်ပါလိမ့်မယ်။ သူကိုယ်တိုင် ထပ်လာလည်ဖို့ စိတ်ဝင်စားမှာ ဖြစ်သလို တခြားလူတွေကိုလည်း ဒီအိမ်မှာ ဧည့်သည် လုပ်ရတာဟာ စိတ်ချမ်းသာကြောင်း ပြန်ဝေမျှပြောပြမှာ ဖြစ်ပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုဥပဒေမှာ ဒီဥပဒေအရ ထူထောင်တဲ့ လုပ်ငန်းကို စာချုပ်ချုပ် ဆိုထားတဲ့ သက်တမ်း အတွင်း၊ သို့မဟုတ် ထပ်မံသက်တမ်းတိုးထား တဲ့ကာလအတွင်းမှာ ပြည်သူပိုင်မသိမ်းပါ ဘူးလို့ အာမခံချက်ပေးထားပါတယ်တဲ့။ ဒါပေ မဲ့ ဒီအာမခံချက်ဟာ အရင်အစိုးရဟောင်း တွေရဲ့လေသံနဲ့ ဘာမှထူးခြားပြောင်းလဲ တာ မရှိပါဘူးလို့ ဆိုကြပါတယ်။ ဒါဟာ ပြည်သူ ပိုင်သိမ်းခြင်းတစ်ခုကိုသာ အကာအကွယ် ပေးထားပြီး တခြားနည်းနဲ့ မောင်ပိုင်စီးခံရမှာ၊ သို့မဟုတ် သွယ်ဝိုက်သိမ်းယူချုပ်ကိုင်ခံရတာ မျိုးကနေ အကာအကွယ်မပေးထားပါဘူးတဲ့။ (အမယ် ဒီနိုင်ငံမှာ မွေးကတည်းကနေခဲ့ပြီး ကိုယ့်လယ်ကိုယ် လုပ်တဲ့သူတွေတောင် အ သိမ်းခံနေရတဲ့ဟာများ သူတို့က အကာ အ ကွယ် လိုချင်သေးသတဲ့။ အင်းလေ၊ ဒီလိုအ သိမ်းခံရနိုင်ဆိုလို့ကို ကြောက်ရတာပေါ့ဗျလို့ ပြန်ပြောမယ်ထင်တယ်နော်)။

နောက်ပြီးတော့ ကော်မရှင်ရဲ့ခွင့်ပြုချက် ဖြင့် ရင်းနှီးမြုပ်နှံ ဆောင်ရွက်သည့်လုပ်ငန်း တစ်ခုကို ပါမစ်သက်တမ်း မကုန်ခင်အတွင်း ရပ်ဆိုင်းခြင်းမပြုရန် ပြည်ထောင်စုအစိုးရက အာမခံသည်ဆိုတဲ့ အကာအကွယ်ပေးချက် မျိုးတော့ ပါပါတယ်တဲ့။ ဒါပေမဲ့ လုံလောက် သော အကြောင်းပြချက်မရှိလျှင်ဆိုတာက နောက်ကကပ်ရက်ပါနေတယ်တဲ့။ ဟဲ၊ဟဲ။ ဧည့် သည်ကို ညကြီးမင်းကြီးအိမ်မှမောင်းမထုတ် ရ (မှတ်ချက်၊ အိမ်ရှင်က စိတ်ဆိုးစရာအကြောင်း မရှိလျှင်)ဆိုတာမျိုး ဖြစ်နေလား မသိဘူးနော်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ရင် ဆွေ မျိုးပေါက်ဖော်ကြီးကတော့ နာမည်အတော်ရ သဗျ။ သူ့ဆီမှာက နဂိုထဲက ပုဂ္ဂလိကထက် အစိုးရပိုင်လုပ်ငန်းတွေက များပေမယ့် ပြည် ပက ရင်းနှီးမြုပ်နှံသူတွေကို မတရားနှိမ်ပေါက် နဲ့ ကိုယ်တွယ်ဆက်ဆံတယ်လို့ မကြားရပဲ ဧည့် သည်ကို မလာခင်မှာ ဘယ်လိုအကန့်အသတ် တွေရှိတယ်ဆိုတာ ညှိနှိုင်းပြီးတဲ့နောက် သ ဘောတူလုပ်ကိုင်ကြပြီဆိုရင်တော့ အရှိန်ရပြီး သား သူ့လုပ်ငန်းများနဲ့ တရားသဖြင့် ယှဉ် ပြိုင် ခွင့်ပေးတယ်လို့ ဆိုပါတယ်။ အပြန်အ လှန်အားဖြင့်လည်း သူက သူ့နိုင်ငံပိုင်လုပ်ငန်း တွေကို ပြည်ပမှာ ရင်းနှီးမြုပ် နှံမှုတွေတောင် လုပ်နေတာလေ။

ကျွန်တော်တို့နိုင်ငံမှာ အများပြည်သူရဲ့ မေတ္တာပုံ အမ်ပီတီကလည်း အစိုးရကြီးက တင်ဒါခေါ်ယူရွေးချယ် ခွင့်ပြုထားတဲ့ အော်ရီ ဒူးတို့၊ တယ်လီနောတို့နဲ့ ယှဉ်ပြိုင်ဖို့ ဂျပန် ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ ကေဒီဒီအိုင်တို့၊ ဆူမီ တိုမိုတို့ နဲ့ လက်တွဲလုပ်မယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ကြတဲ့အတွက် ပြည် သူတွေမှာ ရွေးချယ်စရာတွေ များပြီး ဝန် ဆောင်မှုတွေ ထိုက်ထိုက်တန်တန် ရကြမယ် ဆိုရင်တော့ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်ဖုန်းကတ်က ပြောမရတာပဲဖြစ်ဖြစ် နစ် နာသူက ကိုယ့်ပြည်သူပဲဖြစ်မယ်ဆိုတဲ့ တစ် ချက်ကိုတော့ မမေ့စေချင်ဘူး။ အပြင်ကဧည့် သည် ကတ်သစ် တွေပြောမရရင် မူလလက် ဟောင်း (ကွာရှင်းမရတဲ့ဟာကြီး)ကိုပဲ အားကိုး တကြီးပြန်သုံးကြမယ်လို့ ထင်ရင်တော့ မှန် ကန်တဲ့အတွေးဖြစ်မှာ မဟုတ်ပါဘူး။ ပြည်သူ သုံးစွဲနေတဲ့ ဖုန်းကတ်များ အားလုံးအဆင်ပြေ စွာ သုံးစွဲနိုင်ကြတယ်ဆိုတာနဲ့ ကျွန်တော်တို့ ဆီ လာရင်းနှီးမြုပ်နှံသူတွေဆိုရင် ပြည်သူရော သူတို့ပါ အကျိုးရှိကြတယ်ဆိုမှ မင်္ဂလာသတင်း ဖြစ်မှာပါ။

နှစ်များစွာ တံခါးပိတ်ထားတဲ့ ကျွန်တော် တို့အိမ်ကြီးမှာ အပြန်အလှန် အကျိုးပြုလုပ် ကိုင်မယ့် ဧည့်ကောင်းတွေအတွက် တံခါးစ ဖွင့်လာပြီး ဧည့်သည်တချို့လည်း ဝင်လာ လုပ်ကိုင်နေပြီး အချို့လည်း ဝင်လာဖို့ ခြေ လှမ်းပြင် နေကြပါတယ်။ ရောက်စလူတွေကိုမှ ဧည့်မခံထားရင် အပေါက်ဝပြူနေတဲ့ နောက် ကျသူတွေက လှည့်ပြန်သွားမှာစိုးမိပါတယ်ဗျာ။

ရီနေနိုင်
The Ladies News Journal