10/25/14

ရန်ကုန်တိုင်း ဒေသကြီး ၊ လမ်းမတော် မြို့မ ရဲစခန်းရှေ့ရှိ  Diamond & Me ရတနာ ရွှေဆိုင်၌ စိန်ထည် ခိုးယူမှု ဖြစ်ပွားသဖြင့် သံသယရှိသူ စင်ကာပူ နိုင်ငံသား နှစ်ဦးအား တစ်ဖက် နိုင်ငံသို့ ထွက်ပြေး လွတ်မြောက်မှု မရှိစေရန် လေဆိပ်နှင့် နယ်စပ်ဂိတ် များ၌ စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း လမ်းမတော် မြို့မရဲစခန်း မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် ၄င်း ရွှေဆိုင်မှ တပ်ဆင် ထားသည့် CCTV ကင်မရာမှ တစ်ဆင့် ရရှိထားသော မှတ်တမ်း ဓာတ်ပုံနှင့် အထောက်အထား များတွင် တရားခံ ဟု ယူဆရသူ များကို ပြည်ပ နိုင်ငံများသို့ ထွက်ပြေး လွတ်မြောက်မှု မရှိစေရေး အတွက် စနစ်တကျ စစ်ဆေး အရေးယူ နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လမ်းမတော် မြို့နယ်ရှိ Diamond & Me ရတနာရွှေဆိုင် ၌ စင်ကာပူ နိုင်ငံသား တရုတ်လူမျိုး နှစ်ဦးမှ ငွေကျပ်သိန်း ၁၉ဝ တန်ဖိုးရှိ စိန်နားကပ် တစ်ရန်ကို ကြည့်ရှုသဖြင့် အရောင်း စာရေး က ပြသခဲ့ရာ ငါးကြိမ်ခန့် ကြည့်ရှုပြီးနောက် မည့်သည့် ပစ္စည်းမှ ဝယ်ယူခြင်း မရှိဘဲ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။ ယင်းနောက် ၄င်းတို့ ပြန်သွားပြီး နောက် ၄င်းတို့ ကြည့်ခဲ့သော စိန်နားကပ်မှာ မရှိတော့ သဖြင့် လမ်းမတော် ရဲစခန်း၌ တိုင်တန်း ခဲ့သောကြောင့် အမှုဖြစ်စဉ် များကို စစ်ဆေးပြီး တရားခံ များအား အမြန်ဆုံး ဖမ်းမိနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လမ်းမတော်မြို့မ ရဲစခန်းမှ (ပ)၂၃၅/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီး ရမိရေး ဆောင်ရွက် နေပြီး လေဆိပ်၊ နယ်စပ်ဂိတ် နှင့် တိုးဂိတ်များ တွင်လည်း တရားခံအဖြစ် ယူဆရသူ များ၏ ဓာတ်ပုံနှင့် အထောက် အထားများကို ဖြန့်ဝေ ထားကြောင်း၊ အဆိုပါ ပြစ်မှု ကျူးလွန်သူ များသည် စင်ကာပူ နိုင်ငံသား တရုတ် လူမျိုးများ ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း သိရသည်။

စိုးမိုး

#PyiChitThar
http://www.pyichitthar.com/2014/10/diamond-me.html

Saudi Prince Alwaleed bin Talal

ရီယက်ဒ် ၊ ၂၅-၁၀-၂၀၁၄

အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည့် ISIS စစ်သွေးကြွ များကို ဆော်ဒီအာရေဗျ နိုင်ငံက ထောက်ပံ့ ပေးခဲ့သည်ဟု ယင်းနိုင်ငံ ဘုရင်၏တူ ဖြစ်သူ Alwaleed bin Talal က ဝန်ခံပြောကြား ခဲ့ကြောင်း သိရသည်။

ဆော်ဒီ အစိုးရသည် ISIS စစ်သွေးကြွ အကြမ်းဖက် သမားများကို လက်ရှိ အချိန်တွင် ထောက်ပံ့ပေးခြင်း မရှိသော်လည်း နိုင်ငံအတွင်းရှိ အချို့ အစွန်းရောက် များက အဆိုပါ အကြမ်းသမား  များကို ငွေကြေး ထောက်ပံ့လျက် ရှိကြောင်း Alwaleed bin Talal က CNN သတင်းဌာန သို့ ယခု သီတင်းပတ် အတွင်းက ပြောကြားခဲ့သည်။

ယခုအခါ ဆော်ဒီ အစိုးရသည် အကြမ်းဖက် သမားများကို နိုင်ငံ အတွင်းရှိ အစွန်းရောက် များကငွေကြေး ထောက်ပံ့ နေခြင်းကို ရပ်တန့်နိုင်ရန် လုပ်ဆောင်လျက် ရှိပြီး ယခုအခါ အဆိုပါ ထောက်ပံ့မှုများ ရပ်တန့်သွားပြီ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် နှင့် ဘီလျံနာ တစ်ဦးဖြစ်သူ Alwaleed bin Talal က ထပ်လောင်း ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ တစ်ဝန်းရှိ ဒေသများကို ထိန်းချုပ်ထားပြီး ၄င်းတို့ သိမ်းပိုက် ထားသည့် ဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ၊ အစုလိုက် သတ်ဖြတ်မှုများ၊ ဖမ်းဆီး ခေါ်ဆောင်ခြင်း များ၊ ညှဉ်းပန်း နှိပ်စက်မှု နှင့် အမျိုးသမီး များကို လိင်ကျွန်အဖြစ် ရောင်းချခြင်း များကို လုပ်ဆောင်လျက် ရှိသည်။

၎င်းတို့သည် ရှီယိုက်၊ ဆွန်နီ နှင့် ကာ့ဒ် အပါအဝင် အခြား မျိုးနွယ်စု အားလုံးကို ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

ဆော်ဒီအာရေဗျ အပါအဝင် ကာတာ၊ ဘာရိန်း၊ ဂျော်ဒန် နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) စသည့် အာရပ်နိုင်ငံ များသည် စက်တင်ဘာ ၂၃ ရက်မှစ၍ အမေရိကန် ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ISIS စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

#PyiChitThar

Saudi king’s nephew admits to Riyadh support for ISIS
http://www.pyichitthar.com/2014/10/isis_24.html

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ၌ ခြေကျင် လှည့်ကင်း တာဝန် ထမ်းဆောင်နေ ကြသော နယူးယောက် မြို့တော် ရဲတပ်ဖွဲ့ဝင် လေးဦးကို လူတစ်ဦးက ရဲဒင်းဖြင့် ဝင်ခုတ်ခဲ့ သဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ လက်မောင်းတွင် လည်းကောင်း၊ နောက်ထပ် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ဦးခေါင်းတွင် လည်းကောင်း ဒဏ်ရာများ ရရှိခဲ့ကြပြီး ကျန် ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ရဲဒင်းဖြင့် ဝင်ခုတ်သူကို အသေ ပစ်ခတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ခြေကျင် လှည့်ကင်းအဖွဲ့ က ကွင်း လမ်းမပေါ် ရောက်ရှိချိန်တွင် အပျော်တမ်း ဓာတ်ပုံဆရာ တစ်ဦးက ဓာတ်ပုံရိုက်ခွင့် တောင်းခဲ့သဖြင့် ဓာတ်ပုံအရိုက် ခံနေစဉ် အမည်မသိ လူတစ်ဦးက ရဲဒင်းဖြင့် ပြေးခုတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ လက်မောင်းကို ခုတ်မိခဲ့ပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဦးခေါင်းတွင် လွှဲခုတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျန်ရဲတပ်ဖွဲ့ဝင် နှစ်ဦးက အဆိုပါ အသက် ၃၂ နှစ်အရွယ်၊ အမည်မသိ၊ ရဲဒင်းဖြင့် ဝင်ခုတ်သူကို ပစ်ခတ် ဖမ်းဆီးခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပြီး ပစ်ခတ်မှုကြောင့် ဘေးမှ ရပ်ကြည့်နေသူ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး ကိုလည်း ကျည်ဆန်ထိမှန် ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိ သွားသော ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို ဂျာမေကာ ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေပြီး ဦးခေါင်းတွင် အခုတ်ခံရသော အသက် ၂၅ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်မှာ ဒဏ်ရာ ပြင်းထန် သော်လည်း အသက် အန္တရာယ် မရှိကြောင်း၊ လက်မောင်းတွင် အခုတ်ခံ ရသော အသက် ၂၄ နှစ် အရွယ် ရဲတပ်ဖွဲ့ဝင် ၏ ဒဏ်ရာမှာ စိုးရိမ်ဖွယ် မရှိဘဲ ကျည်ဆန် ထိမှန် သွားသော အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ကိုမူ ခွဲစိတ်ကုသ ပေးခဲ့ ရကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်ရက်က ကနေဒါ နိုင်ငံ ပါလီမန် အတိုက်ခိုက် ခံခဲ့ရပြီး ယမန်နေ့ နယူးယောက် ရဲတပ်ဖွဲ့ဝင်များ အတိုက်ခိုက်ခံ ရခြင်းသည် ISIS အဖွဲ့နှင့် Al-Quaeda တို့က ရာဇသံပေး ထားခဲ့သကဲ့သို့ အကြမ်းဖက် လူသတ် ကွန်ရက်ကြီး သက်ဝင် လှုပ်ရှားနေပြီ လား ဟူသည့် စိုးရိမ်စွာ မေးမြန်းမှု များကို နယူးယောက်မြို့ ရဲကော်မရှင်နာ က အတိအကျ ဖြေဆိုနိုင်ခြင်း မရှိ သေးကြောင်း ပြန်လည် ဖြေကြားခဲ့ သည်ဟု သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_24.html

တစ်လကျော်ကြာ ပျောက်ဆုံးနေသည့် အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး အငြင်းပွားဖွယ် ပျောက်ဆုံးမှုအပေါ် တပ်မတော်၏ ထုတ်ပြန်ချက်မှာ ကွဲလွဲမှုများရှိနေကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း၌ ပျောက်ဆုံးသွားသော ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား အသေဖမ်းဆီး ရမိခဲ့သည်ဟု တပ်မတော်ကထုတ်ပြန်သော သတင်းတစ်ရပ်တွင် ဖော်ပြပါရှိခဲ့သည်။

ယင်းကဲ့သို့ တပ်မတော်က သတင်းထုတ်ပြန်မှုကို အောက်တိုဘာ ၂၄ ရက်နေ့ထုတ် သတင်းစာဂျာနယ်များအနက် The Voice သတင်းစာတစ်စောင်တွင်သာ ဖော်ပြပါရှိခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ သတင်းထုတ်ပြန်မှုမှာ Press Council ကို တပ်မတော်မှ မေးလ်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းထုတ်ပြန်မှုတွင် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးကို လက်နက်ကိုင် KKO အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအောင်နိုင်အဖြစ် စစ်ဆေးသိရှိသောကြောင့် တပ်မတော်မှ ထိန်းသိမ်းခဲ့ကြောင်း ပါရှိသည်။

ထို့နောက် တပ်မတော်မှ ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား ကျိုက်မရောမြို့တိုက်ပွဲတွင် KKO အဖွဲ့၏ လက်နက်များ သိမ်းဆည်းထားသည့်နေရာကို လိုက်လံပြသခိုင်းရန် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာအနီးရောက်စဉ် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးမှ အပေါ့သွားရန် အကြောင်းပြ၍ ကင်းစောင့်စစ်သည်ကို လုံးထွေးပြီး သေနတ်အား လုယူထွက်ပြေးရန် ကြိုးပမ်းခဲ့သဖြင့် ကင်းစောင့်စစ်သည်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး အလောင်းကို ရွှေဝါချောင်ကျေးရွာ တောင်ဘက်မီတာ ၈၀၀ ခန့်အကွာတွင် မြေမြှုပ်သင်္ဂြိုဟ်ထားပြီး သေဆုံးသူ၏ ဇနီးဖြစ်သူကိုလည်း ဖြစ်စဉ်အခြေအနေများ အသိပေးကာ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား စတင်ဖမ်းဆီးမိခဲ့သည်မှာ မွန်ပြည်နယ် ကျိုက်မရောအနီး အစိုးရစစ်တပ်နှင့် KKO လက်နက်ကိုင်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်တွင် တပ်မတော်မှ ကျိုက်မရောမြို့ စက်လှေဆိပ်နယ်မြေအား ရှင်းလင်းရေးဆောင်ရွက်နေစဉ် စက်လှေတစ်စီးပေါ်တွင် အမျိုးသားတစ်ဦးကို တွေ့ရှိသဖြင့် နယ်မြေခံတပ်ရင်း ၂၀၈ သို့ လွှဲပြောင်းစစ်ဆေးခဲ့ရာ လှေပေါ်၌ ဖမ်းဆီးရမိခဲ့သည့် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးက KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအောင်နိုင်ဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

တပ်မတော်ကထုတ်ပြန်ခဲ့သည့် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး ဓာတ်ပုံနှင့်ပတ်သက်၍ ကိုပါကြီး၏ သူငယ်ချင်းဖြစ်သူ မဲဆောက်တွင်နေထိုင်သည့် အလွတ်တန်းသတင်းထောက် ကိုထော်ကြီးက “ဒီဓာတ်ပုံက ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်က DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်နဲ့ အင်တာဗျူးလုပ်ဖို့သွားတာ အင်တာဗျူးမရခဲ့ဘူး။ အပြန် သီဘောပိုးရွာမှာ ကိုကိုအောင်၊ ကိုမိုးသီး၊ (ABSDF) ကျောင်းသားတပ်မတော်က ကိုခင်ကျော်ရယ် ထိုင်စကားပြောတုန်းက ကျွန်တော်အမှတ်တရ ရိုက်ခဲ့တဲ့ပုံပါ။ အဲ့ဒီတုန်းက KKO တောင် မပေါ်သေးဘူး။ နေ့သစ်မီဒီယာလုပ်နေတော့ ကိုပါကြီးက အင်တာဗျူးကဏ္ဍတွေမှာ တာဝန်ယူရိုက်ပေးပါတယ်” ဟု ပြောကြားသည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုသတင်းနှင့်ပတ်သက်၍ လိုက်လံရှာဖွေနေသည့် ဇနီးဖြစ်သူ မသန္တာနှင့် လိုက်လံရှာဖွေပေးနေသူများကို အောက်တိုဘာ ၂၄ ရက်က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ဇနီးဖြစ်သူ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား DKBA လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ ကျိုက်မရောမြို့ (၂၀၈)တပ်ရင်းက တာဝန်ရှိသူများ၊ မွန်ပြည်နယ် နယ်/လုံဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး ဖမ်းဆီးခံရမှုအား သက်ဆိုင်ရာမြို့နယ် ရဲစခန်း၌ လူပျောက်တိုင်ကြားထားပြီး တစ်ပတ်အတွင်း ထူးခြားမှုမရှိပါက ဖမ်းဆီးရာတွင် ပါဝင်သူများကို တရားစွဲဆိုသွားမည်ဟု ပြောကြားထားသည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး ပျောက်ဆုံးမှုကို ဇနီးဖြစ်သူက မွန်အမျိုးသား တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် သုံးဦးနှင့်အတူ ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား ဖမ်းဆီးစဉ်ပါဝင်ခဲ့သည့် ၂၀၈ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး စန်းမင်းအောင်၊ မွန်ပြည်နယ် နယ်/လုံဝန်ကြီးနှင့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် စစ်ဆင်ရေး အရာရှိ-၁ တို့အား လိုက်လံမေးမြန်း ရှာဖွေခဲ့သော်လည်း အဆင့်ဆင့်လွှဲချမှုများ၊ လက်ခံတွေ့ဆုံမှု မရှိခြင်းတို့ကိုသာ ကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပြီး ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား ဖမ်းဆီးစဉ် တွေ့မြင်ခဲ့သော ကျိုက်မရောရဲစခန်း ရဲတပ်ကြပ်တစ်ဦး၏ ပြောပြချက်အရ ကိုပါကြီးမှာ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိထားသည်ကို သိရှိခဲ့ရကြောင်း ဇနီးဖြစ်သူ မသန္တာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော့်အမြင်ကတော့ ရိုးရိုးရှင်းရှင်းပဲဗျ။ ကိုပါကြီးသည် အလွတ်သတင်းထောက်ဗျ။ သူစပွန်ဆာယူထားတဲ့ သတင်းတိုက်တစ်တိုက်မှ မရှိဘူးဗျ။ အလွတ်သတင်းထောက်ဆိုတော့ ကျွန်တော့်ဆီလည်း ပို့ရင်ပို့မှာပေါ့။ ကျွန်တော်တို့ သတင်းအယ်ဒီတာတွေကလည်း ကိုယ်ယုံကြည်ရင် ထည့်မှာပေါ့။ ကိုယ့်မူနဲ့ကိုက်ရင် ထည့်မှာပေါ့။ အခု ကျွန်တော်တို့ ဖတ်ရတဲ့ဟာ တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ သတင်းထောက်တွေက ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့လူမျိုးအပေါ်မှာပဲ သစ္စာရှိရမယ်။ ကျွန်တော်တို့ ဘယ်တပ်မတော်မှလည်း သစ္စာမရှိနိုင်ဘူး။ ဘယ်အစိုးရကိုမှလည်း သစ္စာမရှိနိုင်ဘူး။ သတင်းစာဆရာတစ်ယောက်ရဲ့ ခံယူချက်သည် တိုင်းပြည်နဲ့လူမျိုးအတွက်ပဲ။ အခုဟာက တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်တဲ့နေရာမှာ အဲဒီကိုပါကြီးသည် သူ့မျိုးချစ်စိတ် သူလုပ်ချင်တာ တစ်ပိုင်းပေါ့ဗျာ။ ဒီအပေါ်မှာလည်း ကျွန်တော်အသိအမှတ်ပြုပါတယ်။ မှားတာမှန်တာ ကျွန်တော်တို့ အလုပ်မဟုတ်ဘူး။ ကိုယ်ယုံကြည်တာ ကိုယ်လုပ်တာ လုပ်ပိုင်ခွင့်ရှိတာပေါ့။ သို့သော်လည်း သတင်းထောက် အရေခြုံတာတော့ ကျွန်တော်မကြိုက်ဘူးဗျ။ ကျွန်တော်က သတင်းထောက်ဆိုရင် သတင်းထောက်စစ်စစ် ဖြစ်စေချင်တယ်။ တိုင်းပြည်နဲ့လူမျိုးကို သစ္စာရှိတဲ့ သတင်းထောက် ဖြစ်စေချင်တယ်။ နိုင်ငံရေးပါတီ တစ်ခုခုရဲ့ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ အရေခြုံလာပြီဆိုရင်တော့ ကျွန်တော်တော့မကြိုက်ဘူးဗျ။ တစ်ခုတော့ရှိတာပေါ့။ ထွက်ပြေးလို့ ပစ်ခတ်တယ်ဆိုတာ ဒါတွေကတော့ ကျွန်တော်တို့မသိဘူးဗျ။ သူတို့ပြောတဲ့အတိုင်းပဲ သိတယ်။ ဒါမှန်ချင်လည်း မှန်မယ်မှားချင်လည်း မှားမယ်။ အခုဟာက ထောက်လှမ်းရေးကလည်း သတင်းထောက်ဆိုပြီး လာတာပဲဗျ။ ကိုပါကြီးမှ မဟုတ်ဘူး။ SB ကလည်း သတင်းထောက်ဆိုပြီး သတင်းထောက်ကတ်တွေနဲ့ ၀င်လာတော့ သူတို့က လုပ်ချင်ရာလုပ် သတင်းထောက်တွေက နာ။ ကြားထဲက ငထွားက ခါးနာဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်။ သတင်းထောက် သန့်သန့်လေး ဖြစ်စေချင်ပါတယ်” ဟု မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ ခေတ်+မိုး)က ပြောကြားသည်။

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးမှာ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာနှင့် ရွှေဝါချောင်ကျေးရွာများတွင် ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့် DKBA ကလို့ထူးဘော စစ်ဗျူဟာတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကို သတင်းသွားယူရာမှ တိုက်ပွဲအတွင်း သုံးရက်ကြာပိတ်မိခဲ့ပြီး ရွှေဝါချောင်ကျေးရွာဘက်မှ ကျိုက်မရောမြို့ပေါ်သို့ စက်လှေဖြင့်ပြန်လာစဉ် သက်ဆိုင်ရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် သတင်းထောက်များက သတင်းရေးသား ဖော်ပြခဲ့ကြသည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးမှာ ၁၉၈၈ ခုနှစ် နိုဝင်ဘာလအတွင်းက အမျိုးသားဒီမိုကရေစီလူငယ်၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင်ပါဝင်၍ ကရင်ပြည်နယ် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကာ သုံးရောင်ခြယ်အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးတာဝန်များကို ဆောင်ရွက်ခဲ့ဖူးကြောင်း ဇနီးဖြစ်သူ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား အသေဖမ်းမိခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်မှုကို အောက်တိုဘာ ၂၄ ရက်နေ့ သတင်းစာ၊ ဂျာနယ်များအနက် The Voice နေ့စဉ်ထုတ် သတင်းစာတွင်သာ ဖော်ပြပါရှိခဲ့ပြီး The Voice နေ့စဉ်ထုတ် သတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်နေသူ ကိုကျော်မင်းဆွေမှာ Press Council တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုတွင် မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ ခေတ်+မိုး)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးကိုကို၊ ဦးသီဟစော၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦးနှင့် ဒေါ်နန်းကလျာဝင်းတို့ ပါဝင်ခဲ့ပြီး ယင်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမှုတွင် တပ်မတော်နှင့် မီဒီယာအကြား သတင်းရယူထုတ်ပြန်ရေး၊ နားလည်မှုလွဲနေသည့် ကိစ္စရပ်များ၊ တာဝန်ဝတ္တရားများအား အဓိကဆွေးနွေးခဲ့ကာ တပ်မတော်အနေဖြင့် တပ်မတော်၏ အရေးအရာ ကိစ္စရပ်များအား ပြည်သူလူထုသို့ အသိပေးသင့်သည့် အချက်အလက်များကို စာနယ်ဇင်းကောင်စီနှင့် ပူးပေါင်းညှိနှိုင်း ထုတ်ပြန်သွားမည်ဟု ဆွေးနွေးမှုများရှိခဲ့သည်။

ထိုတွေ့ဆုံမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် Press Council အဖွဲ့ဝင် ဦးကိုကိုက “ကျွန်တော်တို့နဲ့ တွေ့တဲ့အခါ သတင်းတွေကို နောက်ပိုင်း စာနယ်ဇင်းကောင်စီကနေတစ်ဆင့် ပေးမယ်ဆိုတာပြောတာ။ စာနယ်ဇင်းကောင်စီကနေပြီးတော့ သက်ဆိုင်ရာ သတင်းမီဒီယာတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်အောင်လို့ လုပ်ပေးမယ်။ စာနယ်ဇင်းကောင်စီကနေ ပြန်ဖြန့်ပေးတာနဲ့ စာနယ်ဇင်းကောင်စီကနေ ဆက်သွယ်လို့ရမယ့် အီးမေးလိပ်စာတွေ ဒါတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး တွေ့ခဲ့တယ်။ တွေ့ခဲ့ပြီး ဒီလိုပေးပို့မယ်လို့ သိရပါတယ်။ လောလောဆယ်တော့ အဲ့ဒီသတင်းကတော့ ကျွန်တော်ဆီတော့ ရောက်မလာပါဘူး။ ကျွန်တော်လည်း ဒီမနက်မှသိတယ်။ ကျွန်တော့်ဆီ ရောက်ရှိလာခြင်း မရှိဘူး။ မနက်ကလည်း တစ်ယောက်ကမေးတယ်။ ကျွန်တော့်ဆီ ရောက်တယ်လို့ပြောတယ်။ အဲ့ဒါကောလဟလ ကျွန်တော့်ဆီ လုံးဝမရောက်ဘူး။ ကျွန်တော်ဆီရောက်ရင်လည်း ကျွန်တော့်မီဒီယာတွေမှာလည်း ဖော်ပြရင် ဖော်ပြမိလိမ့်မယ်။ ဒီနေ့ကြည့်လိုက် ကျွန်တော်ထုတ်တဲ့ မီဒီယာတွေမှာ တစ်ခုမှမပါဘူး။ သူတို့ ဘယ်လိုပုံစံနဲ့ ဘယ်လိုပို့လည်းတော့ ကျွန်တော်မသိဘူး။ Voice က ဘယ်လိုရလည်း သူတို့ဘာသာ သီးခြားရသလား ဘာညာတော့ ကျွန်တော်တော့မသိဘူး။ ဆိုလိုချင်တာတော့ စာနယ်ဇင်းကောင်စီ အနေနဲ့တော့ ကျွန်တော်ရဲ့ အီးမေးလ်လိပ်စာထဲကို ရောက်ရှိလာခြင်း မရှိဘူး” ဟု ပြောကြားခဲ့သည်။

အဆိုပါ အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး ပျောက်ဆုံးနေမှုနှင့် ဥပဒေမဲ့ မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်း ခေါင်းစဉ်ဖြင့် ဇနီးဖြစ်သူက နိုင်ငံတော်သမ္မတထံသို့ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ UNDP တာဝန်ခံရုံးနှင့် အခြားသက်ဆိုင်ရာ ဌာနများသို့ အသိပေးတိုင်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။

“ကိုပါကြီး သေဆုံးတယ်ဆိုတဲ့ သတင်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို တပ်မတော်ကပေးပို့တဲ့ မေးလ်ကတစ်ဆင့် သိရတာပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ရှင်းရှင်းလင်းလင်း သိချင်တာက ကိုပါကြီးဟာ သတင်းထောက်တစ်ယောက်လား။ ဒါမှမဟုတ်ရင် KKO ရဲ့ ဗိုလ်ကြီးတစ်ယောက်လားဆိုတာ ကျွန်တော်တို့အနေနဲ့ အတည်ပြုဖို့ အခြားအဖွဲ့အစည်းတွေရဲ့ မှတ်ချက်တွေ လိုအပ်တယ်။ နံပါတ်နှစ်က တကယ်လို့ ကိုပါကြီးက KKO ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူပဲ ဖြစ်ဖြစ်၊ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ဖြစ် ဒီနည်းနဲ့ဖမ်းဆီးပြီး ဒီပုံစံနဲ့ သေဆုံးသွားတာကတော့ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ အနည်းဆုံးတော့ သူဟာ ဥပဒေရဲ့ သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ ရင်ဆိုင်ပြီးတော့ သူ့အနေနဲ့ ဖြေရှင်းလျှောက်လဲခွင့်တွေ သွားသင့်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ခုလိုမျိုး သေဆုံးတယ်။ သေဆုံးသွားတဲ့ ဟာကလည်း မြေမြှုပ်သင်္ဂြိုဟ်ပြီးမှ မိသားစုက သိရတယ်ဆိုတာမျိုးကျ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုတွေ ရှိတယ်။ ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သတင်းထောက်ဖြစ်တယ် မဖြစ်ဘူးဆိုတာ အခြားအဖွဲ့အစည်းတွေရဲ့ အတည်ပြုချက် လိုအပ်တယ်လို့ ပြောပြီးသားပါ။ ကျွန်တော့်အမြင်ကတော့ သတင်းထောက်ဟုတ်သည်ဖြစ်စေ လက်နက်ကိုင်တပ်ဖွဲ့က သူတစ်ယောက် ဟုတ်သည်ဖြစ်စေ သူဟာ လူသားတစ်ဦးဖြစ်တယ်။ သူဟာ ဥပဒေတွေရဲ့ အကာအကွယ်ကို ရရှိသင့်တယ်လို့ ကျွန်တော်ပြောချင်တာပါ” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောကြားခဲ့သည်။

(တပ်မတော်မှ “KKO အဖွဲ့မှ ဗကအဆင့်ရှိ အောင်နိုင်(ခ)ပါကြီးအား အခြားလက်နက်ကိုင် အဖွဲ့များနှင့်အတူ တောတွင်း တစ်နေရာတွင် တွေ့မြင်ရစဉ်” ဟု ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံအား တွေ့ရစဉ် (ပုံသေး)၊ ကိုပါကြီးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်း၏ဇနီးဖြစ်သူက ရှင်းလင်းနေစဉ် (ပုံကြီး))
============
Eleven Media Group

လူငယ်မျိုးဆက်သစ် ကျောင်းသားတွေကို တိုးတက်ကြီးပွားစေချင်တဲ့ စိတ်ဆန္ဒကြီးမားတဲ့ ကျောင်းဆရာတစ်ဖြစ်လဲ စာရေးဆရာကြီး အောင်သင်းဟာ အောက်တိုဘာ ၂၅ရက်နေ့ မနက် ၁၁နာရီက ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၇နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးဟာ ၁၉၂၇ ဧပြီ ၁၇မှာ တောင်တွင်းကြီး တောင်ပြင်ရပ်မှာ မွေးဖွားခဲ့ပြီး ၁၉၄၇မှာ ပြည်သူ့ရဲဘော်အဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ ၁၉၅၉ခုနှစ် မြဝတီမဂ္ဂဇင်းမှာ သရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးကို ပထမဆုံး ရေးသားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာနည်းပြဖြစ်လာချိန်ကစလို့ အောင်သင်းနာမည်နဲ့ ဆောင်းပါးတွေ၊ စာတမ်းတွေ ရေးသားခဲ့ပါတယ်။

၁၉၇၁ကစပြီး မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ စာပေဝေဖန်ရေးဆောင်းပါး ဖော်ပြပြီးနောက်ပိုင်း စာပေသဘောတရားများကို ဆက်တိုက်ရေးသားခဲ့ပြီး ကွယ်လွန်ချိန်အထိ စာအုပ်များကို ရေးသားပြုစုခဲ့ပါတယ်။
ဆရာကြီး အောင်သင်းဟာ မြန်မာနိုင်ငံအနှံ့ စာပေဟောပြောပွဲတွေကို နှစ်စဉ်ပြောကြားခဲ့ပြီး လူငယ်တွေအတွက် အထူးသဖြင့် ကိုယ်ကျင့်တရားကောင်းဖို့၊ စာပေမြတ်နိုးဖို့၊ တိုင်းပြည်အရေး လုပ်ဆောင်ဖို့ အမြဲလိုလို တိုက်တွန်းအားပေးခဲ့သူဖြစ်ပါတယ်။

ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ရာမှ လမ်းမှားအမြင်သို့ ပြောင်းသွားလျှင် ထိုင်းနိုင်ငံအပေါ် အာရုံရောက်နေသော နိုင်ငံတကာအမြင်က လွတ်ထွက် သွားကာ မိမိနိုင်ငံ၏ တည်ငြိမ်မှုအပေါ် မိမိကိုယ်တိုင် ဖျက်ဆီးသည့် အဖြစ်မျိုး ရောက်ရှိသွားမည်ကို ဆင်ခြင်ရန် လိုအပ်လှပေသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရေခံမြေခံ၊ ကျွန်းနောက်ခံ

ထိုင်းနိုင်ငံ၊ ကော့တောင်းကျွန်း အပန်းဖြေစခန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်သည့် သတင်းသည် ယနေ့လူမှုကွန်ရက်တွင် ထင်ရှားသည့် သတင်းဖြစ်သကဲ့သို့ နိုင်ငံတကာတွင်လည်း စိတ်ဝင်စားစရာ ကောင်းသည့် သတင်းဖြစ်လာခဲ့သည်။ ထိုဖြစ်ရပ်အပေါ်အခြေခံ၍ ကျွန်းနောက်ခံ သမိုင်းကို လေ့လာ ကြည့်သည့်အခါ ဆက်စပ် စဉ်းစားစရာများ အများအပြား တွေ့လာရသည်။ ကော့တောင်း အပန်းဖြေကျွန်းကို မြန်မာလိုပြန်ရလျှင် လိပ်ကျွန်းဟု အဓိပ္ပာယ်ရပြီး ၁၈၀၀ ပြည့်များ ကာလက မလေး လူမျိုးများ တံငါလုပ်ငန်းဖြင့် အသက်မွေးရာ နေရာဖြစ်ခဲ့သည်။ ၁၈၉၀ ခုနှစ်တွင် ထိုင်းဘုရင် ချူလာလောင်ကောင်း လာရောက်ခဲ့ပြီး နောက်ပိုင်း ထိုင်းလူမျိုးများ အခြေချနေထိုင် လာခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် တစ်ကျွန်းကျ အပြစ်ပေးခံရသူများကို ထားရှိရာ နေရာအဖြစ် အသုံးပြုခဲ့သည့် ကျွန်း ဖြစ်ခဲ့သည်။ ၁၉၄၇ နောက်ပိုင်းတွင် တစ်ကျွန်းကျသူများအား ကျွန်းတွင်ထားရှိ အပြစ်ပေးခြင်းမျိုး မပြုတော့သည့်နောက် ပိုင်းတွင် တစ်ကျွန်းမှ လွတ်မြောက်လာသူတို့ ထိုကျွန်းမှာပင် နေထိုင်ရာမှ ကျွန်းရွာကြီး အဖြစ် ပေါ်ပေါက် လာခဲ့သည်။ ၁၉၆၀ ခုနှစ် နောက်ပိုင်း ဗီယက်နမ် စစ်ပွဲအပြီးတွင် အမေရိကန် နိုင်ငံသားများ အပန်းဖြေရာ နေရာအဖြစ် အသုံးပြုခဲ့ရာမှ ၁၉၉၀ နောက်ပိုင်းတွင် ထင်ရှားသည့် အပန်းဖြေ ကျွန်းစုတွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

ထိုကျွန်းစုတွင် ဟန်မျိုးနွယ် မိသားစု ၅ စုက ၁၉၄၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်နှစ်များတွင် အခြေချနေထိုင် လွှမ်းမိုးထားသည်မှာ ယနေ့တိုင်ဖြစ်သည်။ ထိုမျိုးနွယ်စု ခေါင်းဆောင်များကို ချောင်ဖိုဟုခေါ်ပြီး မာဖီးယား ခေါင်းဆောင် သို့မဟုတ် ဂေါ့ဖားသားနှင့် အလားတူပင် ဖြစ်သည်။ တရားမ၀င် လုပ်ငန်းရော၊ တရားဝင် လုပ်ငန်းပါ အကုန်ဆောင်ရွက် လုပ်ကိုင်ကြသူများဖြစ်ပြီး ၎င်းမိသားစုကြီးများ၏ သြဇာကို လွန်ဆန်သူဟူသမျှ အသက်ရှင်နိုင်ရန်ပင် မလွယ်ဟုသိရသည်။ ၎င်းတို့နှင့် ဆက်စပ်ကာ မူးယစ်လုပ်ငန်းကို လုပ်ကိုင်နေသည့် ““ဖရန်”” ဟုခေါ်သော လူဖြူအုပ်စုလည်း ထိုကျွန်းစုများတွင် နေရာယူထားကြသည်။ ထိုနိုင်ငံခြား အုပ်စုထဲတွင် ရုရှားလူမျိုးများက အများဆုံး ဖြစ်သည်ဟု ဆိုသည်။ ချောင်ဖို မိသားစုကြီး ၅ စုအတွင်းမှာလည်း အာဏာအရ၊ စီးပွားရေးအရ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းကြောင့် အချင်းချင်း လုပ်ကြံမှုများလည်း ရှိသည်ဟုဆိုသည်။ ၎င်းမိသားစုကြီးများ၏ သြဇာအာဏာသည် အစိုးရပိုင်းအထိ လွှမ်းမိုးနိုင်သကဲ့သို့ ထိုကျွန်းစုများတွင် နေထိုင်သော ထိုင်းရဲတို့မှာလည်း ၎င်းချောင်ဖို မိသားစုသြဇာကို လွန်ဆန်ဝံ့သူ မရှိဟု သိရသည်။ မူးယစ် ဆေးဝါးနှင့် ကာမကိစ္စများကို အဓိကထား လုပ်ကိုင် စားသောက်သည့် နေရာဖြစ်ခြင်းကြောင့် ရှုပ်ထွေး ပွေလီလှသည့် နေရာဟု ဆိုကြသည်။ အပေါ်ယံ အသွင်သဏ္ဌာန်က အေးချမ်းသည့် နယ်မြေဟု ထင်စရာရှိ သော်လည်း အတွင်းတွင် အလွန် ဇာတ်ရှုပ်သည့်နေရာဟု သိထားကြသည်။ သာမန် ခရီးသွားများအတွက် မသိသာသော်လည်း အရှုပ်အထွေးဖြင့် လာသူများအတွက် အရှုပ်အထွေး ဇာတ်လမ်းများတွင် ပါဝင်မိ လာကြသည်ဟု ဆိုသည်။

ရေခြားမြေခြား၊ မျက်နှာမွဲမြန်မာများ

ထိုသို့သော နေရာမျိုးတွင် ဘ၀အတွက်၊ စီးပွားအတွက် ရုန်းထွက်နိုင်ကြရန် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သွားရောက် လုပ်ကိုင် စားသောက် နေကြရသည်မှာ အန္တရာယ် များလှပေသည်။ လိပ်ကျွန်း အပန်းဖြေစခန်း ၀န်းကျင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅၀၀၀ ကျော်ရှိပြီး ၂၀၀၀ ကျော်မှာ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် နေကြသူများဖြစ်သည်။ တရားမ၀င် ဆိုကတည်းက ရဲကို ကြောက်ရသကဲ့သို့ ရဲကလည်း တရားမ၀င် လာရောက် လုပ်ကိုင်သူများထံမှ အလုပ်လုပ်ခွင့်အတွက် ဘတ်(၅၀၀)၊ ဆိုင်ကယ်စီးခွင့် အတွက် ဘတ် (၅၀၀) ဆက်ကြေး ကောက်သည်ဆို၏။ မြန်မာတို့အနေဖြင့် အလုပ်ရှင် အလိုမကျ၍ တိုင်လျှင် အဖမ်းခံရမည်ကို ကြောက်နေရသည့် ဘ၀မျိုးတွင် နေထိုင်ကြရပေသည်။ တရားဝင်သူရော၊ တရားမ၀င်သူပါ မာဖီးယား ဂိုဏ်းများနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင် နေကြရသူများ ပါဝင်သဖြင့် ကြောက်ရွံ့စိုးရိမ်စွာ လုပ်ကိုင်ရသည့် လုပ်ငန်းများလည်း ရှိကြမည် ဖြစ်ပေသည်။ ဘားများ၊ ကလပ်များတွင် ကျွန်းကျဖူးသည့် လူမိုက်များကို အသုံးချထားသည်ဟုလည်း ဆိုသည်။ မူးယစ်ဆေးဝါး မျိုးစုံကို ဈေးနှုန်းနှင့်တကွ ဖော်ပြကာ ရောင်းချနေသည့်နေရာတွင် မကောင်းမှုများ ဖြစ်ပွားရန်အတွက် အလွယ်ကူဆုံးပင် ဖြစ်ပေမည်။

မူးယစ်နှင့် လိင်၊ ဇိမ်နယ်မြေမှာ

အဆိုပါ အပန်းဖြေကျွန်းများသို့ လာရောက်သည့် အနောက်တိုင်းသား အများစုသည် လာသည့် ရည်ရွယ်ချက်ကပင် မူးယစ်ပျော်ပါးရန် လာသူက အများစုဖြစ်ပြီး တစ်နေရာစီမှ တစ်ယောက်ချင်း လာကြပြီး ဤကျွန်းများသို့ ရောက်သည့်အခါတွင် မိတ်ဖွဲ့ကာ မူးယစ် ပျော်ပါးကြခြင်းဖြင့် အချိန်ကုန်ကြသည်ဟု သိရသည်။ ထိုသို့ မူးယစ်ပျော်ပါးသည့် နေ့ရက်များအနက် လပြည့်ညပွဲတော်သည် မူးယစ်မှုနှင့် လိင်ဆက်ဆံမှု အများဆုံး ပြုလုပ်ကြသည့် ပွဲတော်ဖြစ်ပြီး ထိုပွဲတော်မျိုးကို ၁၉၉၀ နောက်ပိုင်းတွင် စတင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့သော ပွဲတော်မှအပြန် ကမ်းခြေသို့အသွား စက်တင်ဘာ ၁၅ ရက်နေ့ နံနက်တွင် ဗြိတိန်နိုင်ငံသား စုံတွဲ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ အသတ်ခံရသူ အမျိုးသမီးမှာ မတရားပြုကျင့်ခံရပြီး ရိုက်နှက်ထားသည့် ဒဏ်ရာများလည်း ရှိသည်ဟု ဆိုသည်။ ည ၃နာရီ လောက်တွင် အသတ်ခံရခြင်းဖြစ်ရာ အဆိုပါကိစ္စကို နံနက် ၆ နာရီကျော်မှ ကမ်းခြေ သန့်ရှင်းရေးများက မြင်၍ အကြောင်းကြားသဖြင့် ရဲများက စုံစမ်းမှု ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။ အမှုစတင် ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားပြီး အဆိုပါအမှုသည် လူမှုကွန်ရက်များတွင် စိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့သည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖြင့် ထင်ရှားသည့် ကျွန်းစုများ အတွက် ထိုဖြစ်ရပ်က နိုင်ငံ၏စီးပွားရေးကို များစွာ ထိခိုက်စေနိုင်သဖြင့် အမှုအမြန် အဖြေပေါ်ရေးမှာ အရေးပါသည့် အချက် ဖြစ်လာခဲ့သည်။

ရဲဉာဉ်၊ ရဲအကျင့်

အမှုဖြစ်ပွားသည်ကို ခြေရာကောက်ရာတွင် အမှုတည်ဆောက်သည့် ရဲများအနေဖြင့် ပထမဆုံး စတင်စဉ်းစား သည်မှာ ထိုလူသတ်မှုသည် ထိုင်းလူမျိုးများ မဖြစ်နိုင်၊ ပြင်ပက လာရောက် အလုပ်လုပ်နေသည့် မြန်မာ များနှင့် နိုင်ငံခြားသားထဲမှသာ ဖြစ်ရမည်ဟူသည့် အချက်အပေါ် အဖြေထုတ်လိုသည့် အတွေးပင်ဖြစ်သည်။ ရဲ အနေဖြင့် အမှုကို ချက်ချင်း တည်ဆောက်နိုင်ရန် ထိုကမ်းခြေတွင် ဂစ်တာတီးနေသည့် မြန်မာလူငယ် သုံးဦးကို ဖမ်းဆီးလိုက်သည်။ နှစ်ဦးက အမှုကို ကျူးလွန်ကြောင်း ထွက်ဆိုသည်ဟု ကြေညာခဲ့ပြီး တစ်ဦးကို အစိုးရ သက်သေအဖြစ် အသုံးချလိုက်သည်။ သို့သော် ထိုဝန်ခံချက်များ ရရှိရန်အတွက် မြန်မာ လူငယ်နှစ်ဦးကို ညှဉ်းပန်း နှိပ်စက်ကာ စစ်ဆေးခဲ့သည်ဟူသော သတင်းများ ပျံ့နှံ့လာခဲ့သည်။ ရေလောင်းစစ်ခြင်း၊ မျက်နှာကို ပလပ်စတစ်ဖြင့် အုပ်ကာ စစ်ဆေးခြင်းများ ပြုလုပ်သည်ဟု သတင်းများ ထွက်လာခဲ့သည်။ အတင်းအဓမ္မ ၀န်ခံရန် ဆောင်ရွက်ခြင်းဟု ယူဆကြရာမှ မကျေနပ်ချက် ပိုမိုပျံ့နှံ့ လာခဲ့သည်။

ထိုင်းရဲတို့က ညှဉ်းပန်းနှိပ်စက်ခြင်း မရှိကြောင်း ငြင်းဆန်သည့် အပြင် ပြစ်မှုကျူးလွန်သူများ၏ သရုပ်ပြမှု အစီအစဉ်ကို လူထုနှင့် မီဒီယာများသို့ ပြသခဲ့သည်။ မီဒီယာများကလည်း ကျင့်ဝတ်ကိုကျော်ကာ အဆင့်ဆင့် လွှင့်ထုတ် ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။ အမှန်တကယ် ပြစ်မှုမြောက်ကြောင်း စီရင်ချက် မချသေးသရွေ့ ကာလပတ်လုံး စွပ်စွဲခံရသူသည် တရားခံ မဟုတ်သေးချေ။ ထိုသူများနှင့် ၎င်းတို့၏ မိသားစုများ၏ အနာဂတ်အတွက် စောင့်ထိန်းရမည့် တာဝန်သည် ရဲရော မီဒီယာတွင်ပါ တာဝန်ရှိပေသည်။ သရုပ်ပြမှုတွင်လည်း သံသယရှိစရာများ၊ အားနည်းချက်များ တွေ့လာရသဖြင့် လူမှုကွန်ရက်များက ဝေဖန်မှုများ ပြုလုပ် လာသကဲ့သို့ ရဲများ၏ ကျင့်ဝတ် ဖောက်ဖျက်မှုကိုပါ ဝေဖန်လာကြသည်။ တစ်ကမ္ဘာလုံးက ဝေဖန် ကြသကဲ့သို့ ထိုင်းလူမျိုးများကပါ ဝေဖန်ခဲ့ကြ သည်။ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများသည် အစားထိုး ခံရသူများသာ ဖြစ်ပြီး အမှန်တကယ် ကျူးလွန်သူမှာ လွတ်မြောက်နေဆဲဟု ယုံကြည်ခဲ့ကြသည်။

ဤတွင် ထိုင်းရဲတို့၏ လုပ်ရပ်အပေါ် ဗြိတိန်နိုင်ငံ အစိုးရက ဝေဖန် မှုများ ပြုလုပ်လာပြီး ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုအပေါ် အမှုမှန် ပေါ်ရေး ဆောင်ရွက်နိုင်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ ဗြိတိန်နိုင်ငံအတွင်း လူမှု ကွန်ရက်များကလည်း အစိုးရကို ဖိအားပေးလာကြသည်။ အသတ်ခံရသူ၏ မိဘများကလည်း လူသတ်မှု တွင် အစားထိုး အပြစ်ပေးခံရမှုမျိုး မလိုလားဘဲ အမှုမှန်ပေါ်ရေး တောင်းဆို ခဲ့သည်။ ပြစ်မှုနှင့် ပတ်သက်၍ စစ်ဆေးချက်များ၊ ဒီအန်အေ စစ်ဆေးမှုများ၊ စစ်ဆေးသင့်သူများကို ချန်လှပ်ထားမှုများနှင့် ပတ်သက်၍ ရဲများ အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။ ထိုင်းရဲတို့အနေဖြင့် စီးပွားရေးအရ ခွင်ကောင်းသည့် နေရာများကို တာဝန်ကျရန်အတွက်၊ နေရာကောင်းရရန် အတွက် ငွေကြေးအများအပြား အကုန်ခံထားကြရသဖြင့် ထိုငွေများ ကို ပြန်ရှာရန် ကြိုးပမ်းရင်း အဂတိနှင့်ကင်းသူ ရှားလှသည်ဟုဆိုသည်။ နိုင်ငံ တကာ အဂတိလိုက်စားမှု လေ့လာရေး အဖွဲ့၏ အစီရင်ခံစာအရ ထိုင်းရဲ ၅ ယောက်တွင် ၄ ယောက်သည် အလုံးစုံ အဂတိလိုက်စားပြီး ကျန်တစ်ယောက်မှာ နေရာ အများအပြားတွင် အဂတိလိုက်စားသူ ဖြစ်သည်ဟု ဆိုသည်။ တစ်နည်းအားဖြင့် ထိုင်းနိုင်ငံတွင် ရဲတိုင်းအဂတိ လိုက်စားမှုနှင့် မကင်းဟူသည့် သဘောပင်ဖြစ်သည်။ သို့ဆိုလျှင် ကျွန်းပေါ်ရှိ ချောင်ဖိုခေါ် မာဖီးယား မိသားစုများ၏ သြဇာကို မလွန်ဆန်နိုင်သည့် နေရာတွင် တာဝန်ယူရသည့် ရဲတို့အတွက် မည်သို့ ဆောင်ရွက်မည် ဆိုသည့်အချက်မှာ အဖြေထွက်နေ သလောက်ပင်ဖြစ်သည်။ ထိုမိသားစု လက်အောက်တွင် လုပ်ကိုင်နေသူများတွင်လည်း သြဇာသက်ရောက်မှု ရှိနေမည်ဖြစ်သည်။

● လူမှုကွန်ရက်၊ မေးမြန်းချက်များ


လူသတ်မှုနှင့် ပတ်သက်၍ အဖမ်းခံထားသူများသည် အစားထိုးခံရသူများ ဖြစ်ပြီး အမှန်တကယ် ပါဝင် ပတ်သက် နေသူများကို ဖမ်းဆီးခြင်း မရှိမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်များမှ အပြင်းအထန်ဝေဖန်ခဲ့ ကြသည်ကို တွေ့ရသည်။ အထူးသဖြင့် ဘားပိုင်ရှင်နှင့် ၎င်း၏သား၊ ၎င်း၏မန်နေဂျာတို့ကို စစ်ဆေးခြင်း၊ မေးမြန်းခြင်း မရှိမှုနှင့် ပတ်သက်၍ စီအက်စ်အိုင် လူမှုကွန်ရက်က အထောက်အထားများဖြင့် ဖော်ပြ ရေးသား ခဲ့သည်ကို တွေ့ရသည်။ ထို့အတူ အရေးပါသည့် စကော့တလန် နိုင်ငံသား တစ်ဦးကို လွှတ်ပေးလိုက်ခြင်းအား ထောက်ပြ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ မှုခင်းသိပ္ပံဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာပွန်တက် ကလည်း ဒီအန်အေ စစ်ဆေးမှုများတွင် မှုခင်းဆရာဝန်များ မပါဝင်ခြင်း၊ ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ၀န်ခံသည့် မြန်မာလူငယ်နှစ်ဦးကို ပြန်လည် သရုပ်ပြခိုင်းရာတွင် မှုခင်းဆရာဝန်များ မပါဝင်ခြင်းစသည့် အားနည်းချက် များကို ထောက်ပြ ဝေဖန်ခဲ့သည်။

စီအက်စ်အိုင် လူမှုကွန်ရက်၏ မှုခင်းအပေါ် ဝေဖန် ဆန်းစစ်မှုများကို စိတ်ဝင်စားလာကြရာ တစ်နေ့တည်းမှာပင် ထိုဝက်ဘ်ဆိုက်သို့ ၀င်ရောက်ကြည့်ရှုသူ တစ်သိန်းကျော်အထိ ရောက်ရှိခဲ့သည်ဟုဆိုသည်။ ထိုစီအက်စ်အိုင် လူမှုကွန်ရက်ကပင် အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲများ၏ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှု ရှိ မရှိ စစ်တမ်း ကောက်ယူခဲ့ရာ ၉၅ ရာခိုင်နှုန်းက ယုံကြည်မှုမရှိဟု မဲပေးခဲ့ကြသဖြင့် အစိုးရ အပေါ် ယုံကြည်မှု အားနည်း စေသည့် ဖြစ်ရပ်ဖြစ်ကြောင်း လေ့လာ တွေ့ရှိရသည်။

ကိုယ့်အစိုးရ၊ ခေါင်းထောင်ထကြည့်

လိပ်ကျွန်း လူသတ်မှုတွင် မြန်မာလူငယ်နှစ်ဦး မတရားအဖမ်းခံရမှုနှင့် ထိုင်းရဲတို့၏ လူစားထိုး အပြစ်ခံခိုင်းသည့် လုပ်ရပ်အပေါ် တစ်ကမ္ဘာလုံး အုန်းအုန်းထနေသည့် စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ရပ်အပေါ် မြန်မာအစိုးရ အာရုံရလာသည်မှာ အောက်တိုဘာ ၅ ရက်နေ့ရောက်မှ ဖြစ်တော့ သည်။ အောက်တိုဘာ ၆ ရက်နေ့တွင် မြန်မာသံရုံးမှ အရာရှိနှစ်ဦး လိပ်ကျွန်းသို့ သွားရောက် စုံစမ်းခြင်း၊ မြန်မာလုပ်သား များနှင့် တွေ့ဆုံ မေးမြန်း ခြင်းများ ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ထိုင်းဝန်ကြီးချုပ်ကိုလည်း အမှုမှန်ပေါ်ရေးနှင့် တရားမျှတရေးအတွက် သမ္မတက ပြောကြားခဲ့သည်ကို တွေ့ရသည်။

စတင်ဖြစ်ပေါ်ခဲ့သည့် ကာလမှ ရက် ၂၀ လောက် ကြာသည့်အခါမှသာ ကိုယ့်အစိုးရက ခေါင်းထောင် ထကာ မြန်မာလုပ်သားများ မတရားခံရမှုအပေါ် အော်သံထွက်လာခြင်းအား မီဒီယာများက ဝေဖန်မှု ပြုလုပ် ခဲ့သည်ကို တွေ့ရသည်။ ထိုအမှုအပေါ် အရေးယူ ဆောင်ရွက် လာသည့်အခါတွင်လည်း အစိုးရအနေဖြင့် အပူတပြင်း၊ အရေးတယူ၊ အားသွန်ခွန်စိုက် လုပ်လာသည်ကို မြင်တွေ့ရပြန်သည်။ ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံမှ အပြန်တွင် သတင်းစာ ရှင်းလင်းပွဲ၌ နိုင်ငံတစ်ခု၏ အချုပ်အခြာ ပိုင်ဆိုင်မှုအပေါ်တွင် ၀င်ရောက်စွက်ဖက် ခြင်းမျိုးကို လက်ခံလိမ့်မည် မဟုတ်ကြောင်း ဗြိတိန်နိုင်ငံအပေါ် ဝေဖန်ခဲ့ခြင်းမှာ ကိုယ့်နိုင်ငံ အတွက်လည်း ဆင်ခြင်စရာ တစ်ခု ဖြစ်ပေသည်။ သို့သော် ဥရောပ – အာရှ ညီလာခံသို့ ထိုင်းဝန်ကြီးချုပ် သွားရောက်သည့် အခါ ဗြိတိန်ဝန်ကြီးချုပ်၏ တောင်းဆိုချက်အရ ဗြိတိန် ရဲစုံစမ်းရေးအဖွဲ့များ စေလွှတ် လေ့လာစေခြင်းအပေါ် ခွင့်ပြုခဲ့ရသည်။ အစိုးရသစ်၏ အားနည်းချက်အပေါ် ဖိအားပေးမှုများလည်း ပါဝင်ပေသည်။ အဘက်ဘက်မှ ဖိအားပေးမှုများအတွက် ထိခိုက်မှုအရှိဆုံးမှာ ခရီးသွားလုပ်ငန်း တစ်ရှိန်ထိုး ကျဆင်းလာခြင်း ပင် ဖြစ်သည်။ လောလော ဆယ် အခြေအနေမှာပင် ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း လေ့လာ တွေ့ရှိရသည်ဟု ဆိုသည်။ ဆက်လက်၍ မည်သည့် အကျပ်အတည်းများ ရင်ဆိုင် ရဦးမည်နည်းဟူသည့် စိုးရိမ်စိတ်က ထိုင်းအစိုးရအပေါ် လွှမ်းမိုးနေခဲ့သည်။

ထိုင်းလက်ယာအုပ်စု ခေါင်းဆောင်၊ နိုင်ငံရေးပါတီသစ် ဥက္ကဋ္ဌ Sondi Limthongkul က ၁၆ အောက်တိုဘာလ ၂၀၁၄ ASTV ရုပ်သံဌာနသို့ ပြောကြားခဲ့ရာ၌ ထိုင်းရဲတို့ ကျင့်သုံးနေသည့် အထက်မှအမိန့်ကို အောက်သို့ အဆင့်ဆင့် သယ်လာသည့် စနစ်ကို ပြုပြင်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ အမှန်တရားကို လက်မခံနိုင်လျှင် ထိုင်းနိုင်ငံ၏ ပြဿနာကို မည်သို့မျှ ဆက်လက် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ အမှန်တရားကို လက်မခံဘဲ မျက်စိမှိတ် ထားခြင်းဖြင့် မပြီးဆုံးနိုင်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ၎င်းက ““ထိုင်းအစိုးရက စိတ်ဝင်စား သည့် အချက်နှစ်ချက်သာ ရှိကြောင်း၊ ၎င်းတို့မှာ ကိုယ်ရပ်တည်နိုင်ရေးနှင့် ကိုယ့်အတွက် အခြေအနေ ကောင်းများ ဖန်တီးရယူရေး ဖြစ်ကြောင်း၊ ယခု အာဏာ ရလာသူများသည်လည်း ယခင်နိုင်ငံရေး သမားများ အတိုင်း ကိုယ့်အတွက်သာ စိတ်ဝင်စားကြောင်း”” ဆက်လက် ပြောကြားခဲ့သည်။ ၎င်းက လပြည့်ညပါတီပွဲနှင့် ပတ်သက်ပြောကြားရာတွင် ““ဒီပါတီပွဲကို သွားတဲ့လူတိုင်းဟာ မူးယစ်ဆေးဝါးသုံးစွဲဖို့နဲ့ လိင်ကိစ္စအတွက် သွားတယ်ဆိုတာ တစ်ကမ္ဘာလုံးက လူတိုင်းသိကြတယ်။ ဒါပေမဲ့ ထိုင်းရဲကို သွားမေးရင်တော့ မဟုတ်ဘူးလို့ ငြင်းမှာအမှန်ပဲ””ဟု ဆိုသည်။ ၎င်းက ထိုင်းနိုင်ငံ၏ အားနည်းချက်များကို တစ်ချက်ချင်း ထောက်ပြ ဝေဖန် ခဲ့သည်။

● သက်ရောက်မှုနှင့် စဉ်းစားစရာ


ပြည်ပတွင် သွားရောက် လုပ်ကိုင်နေကြသည့် ကိုယ့်နိုင်ငံသား၊ ကိုယ့်ပြည်သူများအတွက် ရတက်မအေးရသဖြင့် အမှန်တရား အတိုင်း ဖြစ်စေရန် လိုအပ်သည့် ပံ့ပိုး ဆောင်ရွက်မှုမျိုးသည် အစိုးရတိုင်းအတွက် လိုအပ်သည့် အရည်အချင်း တစ်ရပ်ပင်ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ်ရာတွင် သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ၊ နိုင်ငံ တကာ ဥပဒေဘောင်အတွင်းမှ ဖန်တီးပေးရန် လိုအပ်ပေသည်။ အစိုးရအနေဖြင့် ထဲထဲဝင်ဝင် ဆောင်ရွက်ရင်း ကျွံဝင် သွားသည့် အဖြစ်မျိုး မဖြစ်စေရန်အတွက် သတိထားရန်တော့ လိုပေမည်။ အစိုးရကိုယ်တိုင် ကျွံဝင်သွားလျှင် ပြန်နုတ်ရ ခက်ခဲတတ်သဖြင့် ကြားခံ အဖွဲ့အစည်း တစ်ခုထားရန် လိုအပ်မည် ဖြစ်ပေသည်။ ထို့အတူ နောင် တစ်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်နိုင်ငံအတွင်း ထိုသို့သော အလားတူ ကိစ္စရပ်မျိုး ကြုံလာ ခဲ့လျှင်ရော ဟူသည့် မေးခွန်းမျိုးပေါ်တွင် အဖြေတစ်ခုရှာကာ ဆင်ဆင်ခြင်ခြင်၊ ချိန်ချိန်ဆဆဖြင့် ဥပဒေဘောင် အတွင်းမှ သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာ အာဏာကို မထိပါးဘဲ ကိုင်တွယ်နိုင်ရန် လိုအပ်ပေသည်။ အလားတူ ဖြစ်ရပ်မျိုး အခြားနိုင်ငံတွင် ကိုယ့်နိုင်ငံသားက ထပ်မံကြုံကြိုက်လာလျှင်ရော မည်သို့ရင်ဆိုင် ကြမည်နည်း ဟူသည်များကို စဉ်းစားထားရန် လိုအပ်ပေသည်။

ဤဖြစ်ရပ်အပေါ် အခြေခံကာ စဉ်းစားစရာ အများအပြား ပေါ်လာခဲ့သည်။ တစ်ချက်မှာ ယခုဖြစ်ရပ်တွင် ကိုယ့်ဘက်က ကျူးလွန်သည်ဟု စွပ်စွဲခံရခြင်းအပေါ် ပြိုင်တူ ၀ိုင်းအော်ကြရင်း ထိုအမှုအပေါ် အစိုးရရော၊ အခြား အဖွဲ့အစည်းများပါမကျန် ထဲထဲဝင်ဝင် ဖြစ်လာသည်ကို တွေ့ရသည်။ သို့ဆိုလျှင် မလေးရှားတွင် အလုပ် သွားလုပ်နေသည့် မြန်မာများ နေ့စဉ်နီးပါး အသတ်ခံ၊ အလုခံ၊ အရိုက်ခံနေရသည့် ဇာတ်လမ်းများအပေါ် သက်ဆိုင်ရာ နိုင်ငံ၏ အစိုးရက လျစ်လျူရှုထားမှုများတွင် မည်သည့်အတွက် ထိရောက်သည့် လှုပ်ရှားမှုမျိုးမျှ မရှိဘဲ ရေငုံနှုတ်ပိတ်၊ ခပ်မဆိတ် နေသနည်းဟူ သည့် မေးခွန်းတစ်ခု ပေါ်လာပေသည်။ မည်သည့်နိုင်ငံတွင် ရောက် ရှိနေသည့် မြန်မာနိုင်ငံသားများ အပေါ်တွင်မဆို မြန်မာအစိုးရ က စောင့်ရှောက်ရမည့် တာဝန်ရှိပေသည်။ တစ်နိုင်ငံသို့ သွားရောက်ကာ ကျွန်သာသာ အလုပ်ကို လုပ်ကိုင်နေရခြင်းသည် လုပ်လိုခြင်းကြောင့် မဟုတ်ဘဲ ကိုယ့်ပြည်တွင်းတွင် မိသားစု ဘ၀အတွက် မျှတသည့် ၀င်ငွေဖြင့် အဖြေမရှာနိုင်သောကြောင့် သွားကြရခြင်း ဖြစ်ပေသည်။ ပြည်ပတွင် သွားရောက် လုပ်ကိုင်သူများထံမှ ပြန်လည်ပေးပို့သော ၀င်ငွေသည် တိုင်းပြည်အတွင်း သွယ်ဝိုက်သည့်နည်းဖြင့် ပြန်လည် စီးဆင်း လာသော ငွေဖြစ်ခြင်းကြောင့် အစိုးရ အနေဖြင့် ပြည်ပရောက် နိုင်ငံသား များအပေါ် ယခင်ထက်ပို၍ တာဝန်ယူစိတ်ရှိရန် လိုအပ်နေပြီဖြစ်သည်။

ကိုယ့်နိုင်ငံတွင် ထိုက်တန်သည့် ၀င်ငွေ ရှိနေသရွေ့ မည်သူမျှ အသက်နှင့်ရင်း ကြရသည့် အလုပ်များ၊ အောက်ကျသည့် အလုပ်များကို သွားရောက် လုပ်ကိုင်လိုမည် မဟုတ်ချေ။ အခြေအနေအရသာ သွားရောက် လုပ်ကိုင် နေကြခြင်းဖြစ်ရာ အသက်ကိုပါ ရန်ရှာလာသည့် လုပ်ရပ်များ မကြာခဏ ကြုံရခြင်းအပေါ် လိပ်ကျွန်း ဖြစ်ရပ်တွင် ဆောင်ရွက်သကဲ့သို့ ဥပဒေဘောင်အတွင်းမှ မဆောင်ရွက် သင့်ပါသလောဟူသည့် မေးခွန်းအတွက် စဉ်းစားစရာ ဖြစ်လာပေသည်။

ထို့အတူ လိပ်ကျွန်းတွင် ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်မှ အမြတ်ရလာသည့် အချက်တစ်ခုမှာ ပြည်သူရော၊ အစိုးရပါ စိတ်ဝင်တစား ကိုယ့်လူမျိုးအတွက် အဖြေရှာကြ၊ ကူညီကြ လုပ်ဆောင်မှုမျိုး တွေ့ရှိလာရခြင်း ဖြစ်သည်။ မည်သည့် တိုင်းရင်းသားပင်ဖြစ်စေ ကိုယ့်လူမျိုးဟူသည့် အထိုင်ပေါ်တွင် တူညီသည့် မျိုးချစ်စိတ်ဖြင့် လှုပ်ရှား ဆောင်ရွက် လာကြခြင်းမှာ အားရစရာပင်ဖြစ် သည်။ ဖြစ်ရပ်မှန် အပေါ်တွင် ရပ်တည်သည့် မျိုးချစ်စိတ်မျိုး ဖြစ်ရန်လိုသည်။ မျက်ကန်းမျိုးချစ်စိတ်မျိုး ရှောင်ရှားကြရမည်ဖြစ်သည်။ သို့သော် တူညီသည့် စွမ်းအားကို အကျိုးမဲ့ လုပ်ရပ်သို့ ဦးတည်သွားမည်ကို စိုးရိမ်မိသည်။ တစ်ချိန်က ပဒေသရာဇ် အချင်းချင်း ပြိုင်ကြသည်ကို ပြန်လည်တူးဆွကာ ထိုင်းဆန့်ကျင်ရေး အသွင်သို့ ကျွံဝင်သွားသော အဖြစ်မျိုးသို့ မရောက်စေရန် အရေးကြီးပေသည်။ ထိုလုပ်ရပ်မျိုးကို ထိုင်းနိုင်ငံ အတွင်းမှာပင် အစိုးရပိုင်းက ထိုင်းလူမျိုးတို့ကို အာရုံပြောင်းရန် လုပ်လေ့လုပ်ထ ရှိခဲ့သည့် နိုင်ငံရေး လှည့်ကွက်မျိုး ဖြစ်ခဲ့ဖူးသည်။

ထိုအမှုနှင့် ဆက်နွှယ်ကာ ကိုယ့်နိုင်ငံအတွင်း လူမျိုးရေး မုန်းတီးမှုကို ဖန်တီးဖြစ်ပေါ်စေမည့် လုပ်ရပ်မျိုးသို့ လမ်းကြောင်း ပြောင်းစေမည့် အခြေအနေမျိုးလည်း ရှောင်နိုင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ကိုယ့်နိုင်ငံ၏ အကိုင်အတွယ်၊ အဆင်အခြင်နှင့် ပြည်သူရော မီဒီယာများကပါ သူများသတ်ကွင်းထဲသို့ ၀င်မသွားအောင် ထိန်းညှိပေးရမည့် တာဝန်ရှိပေသည်။ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ရာမှ လမ်းမှားအမြင်သို့ ပြောင်းသွားလျှင် ထိုင်းနိုင်ငံအပေါ် အာရုံရောက်နေသော နိုင်ငံတကာအမြင်က လွတ်ထွက်သွားကာ မိမိနိုင်ငံ၏ တည်ငြိမ်မှုအပေါ် မိမိကိုယ်တိုင် ဖျက်ဆီးသည့်အဖြစ်မျိုး ရောက်ရှိသွားမည်ကို ဆင်ခြင်ရန် လိုအပ်လှပေသည်။ အနာအဆာ များလှသော မြန်မာနိုင်ငံအတွက် ပိုမိုခက်ခဲသည့် ခရီးကြမ်းသို့ ထပ်မသွား စေလိုတော့ပေ။ ကျွန်တော်တို့ လူမျိုးများက အာရုံတစ်ခုမှ အာရုံတစ်ခုသို့ ခုန်ကာကူးရင်း၊ စီးမျောရင်းဖြင့်သာ အချိန်ကုန် လာခဲ့ကြသလားဟု စဉ်းစားလာမိသည်။ အပိုင်းတို ဇာတ်လမ်းများကို ကြည့်နေရသလို တစ်ခုပြီးတစ်ခု အာရုံများက ကူးစက် ခံစား နေကြသည်မှာ မရိုးနိုင်စရာပေ။ ဤသို့သာ ဆက်လက် ချီတက် ခရီးဆက်နေလျှင် လိပ်ကျွန်းသို့ အာရုံရောက်ရာမှ နောက်တစ်ခါ ဘယ်ဇာတ်လာမည်ကို စဉ်းစားကာ တွေးထင်၊ ရုံတင်ရက် မရောက်မချင်း သတင်းကိုစောင့်၊ တစ်ထောင့်တစ်ည ဆက်က ကြဦးမည်လားတော့ မပြောတတ်တော့ပေ။

ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ပြည်သူလူထုကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်သောအဖွဲ့နှင့် ပါတီမရှိလျှင် ပြည်သူလူထုက သူတို့ကို ဦးဆောင်မည်၊ သူတို့ဘက်က ရပ်မည့်သူကို ရှာလာကြပေမည်။ နိုင်ငံတကာမှ ဝေဖန် သုံးသပ်သူများ က မြန်မာနိုင်ငံမှ အတိုက်အခံတို့၏ လှုပ်ရှားမှုနှင့် အတိုက်အခံ ပီသမှုမရှိ ဟု ဝေဖန်သုံးသပ်ခြင်းမှာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လေ့လာ သုံးသပ်ရာတွင် လွှတ်တော်ထဲတွင်ရော၊ ပြင်ပတွင်ပါ အစိုးရကို ဝေဖန် ထောက်ပြသော အတိုက်အခံ နိုင်ငံရေးသမား ရှားပါးနေခြင်း ဖြစ်ပါသည်။ ၀ါရင့် နိုင်ငံရေး သမားကြီးများ အပါအ၀င် နိုင်ငံရေးသမားအဟောင်း၊ အသစ်တို့မှာ အစိုးရ၏ အားနည်းချက်များ၊ မှားယွင်းမှု များ၊ စစ်အာဏာရှင်တို့ကို အကာအကွယ် ပေးနေမှုကို ထောက်ပြ ဝေဖန်ခြင်းမရှိဘဲ မသိလိုက် မသိဘာသာ သဘောမျိုးဖြင့်သာ နေထိုင်နေကြလေသည်။ သို့သော် မိမိတို့ အချင်းချင်း စုဝေးမိသည့်အခါ စကားဝိုင်း များတွင် အစိုးရအပေါ် အချက်အလက် အကြောင်းအကျိုးဖြင့် ဝေဖန် နေကြသည်ကို ကြားရပါသည်။ ထိုကဲ့သို့ ဝေဖန်ခြင်း၊ ထောက်ပြခြင်း မရှိသော အတိုက်အခံများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင် ပါသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းလည်း ပါဝင်ပါသည်။ နိုင်ကျဉ်း အဖွဲ့များ ဆိုလျှင်လည်း နိုင်ငံရေးနှင့် ပတ်သက်ပြီး ဝေဖန် ထောက်ပြခြင်းမျိုး မရှိပေ။ နိုင်ကျဉ်း အဖွဲ့များမှာလည်း ၃ ဖွဲ့လောက်ကွဲနေပြီး သူတို့သာ နိုင်ငံရေး အကျဉ်းသားများဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားအသစ်၊ အဟောင်း များကို သူတို့လောက် ဖြတ်သန်းမှု မရှိဟု ပြောနေသည်ကို ကြားနေရသည်မှာလည်း စိတ်မကောင်းစရာ … ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့နိုင်ငံရေး အခင်းအကျင်းမှာ ညီညွတ်မှု မရှိဘဲ ဘုံရန်သူ ရှာမရသည့် အခြေအနေ ဖြစ်နေသည်။ သူတို့၏ အကြီးမားဆုံး လှုပ်ရှားမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ရေးထိုးခြင်းတွင်သာ တစ်စိတ်တစ်ပိုင်း အင်အားထုတ် သုံးခြင်းသာ ရှိလေသည်။ ပုဒ်မ ၁၈ မိမှာ စိုးရိမ်ပုံရသလို ပုဒ်မ ၅၀၅ လို၊ ပိုင်နက် ကျူးလွန်မှုလို မငြိအောင်လည်း ကြိုးစားပြီး မြွေမသေ တုတ်မကျိုး အတိုက်အခံများ ဖြစ်အောင် လုပ်ဆောင် နေကြပါသည်။

မည်သည့် နိုင်ငံရေးတွင်မဆို အတိုက်အခံ အင်အားစုဆိုသည်မှာ မရှိမဖြစ်ရှိရသော အင်အားစု ဖြစ်သည်။ အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များ၊ ဦးတည်ချက်များအား ဆန့်ကျင်သူများကို အတိုက်အခံများဟု ခေါ်ကြသည်။ ဗြိတိသျှခေတ်က နယ်ချဲ့ဆန့်ကျင်သည့် မျိုးချစ်များနှင့် နိုင်ငံရေး သမားများမှာ အတိုက်အခံများ ဖြစ်ပါသည်။ ကိုလိုနီ ပညာရေးကို ဆန့်ကျင်သော ကျောင်းသားများနှင့် ကျောင်းသား သမဂ္ဂများမှာ အတိုက်အခံများ ဖြစ်သလို ဂျီစီဘီအေကအစ ဒို့ဗမာ အစည်းအရုံးအထိ နယ်ချဲ့ကို ဆန့်ကျင် တိုက်ခိုက်သူ များမှာ အတိုက်အခံများပင်ဖြစ်၏။ လယ်သမား အားလုံးကို စားစရာမရှိအောင် လုပ်လာသည့် အခြေအနေမျိုးတွင် ဆရာစံ တော်လှန်ရေး ခေါ် လယ်သမား သူပုန်ကြီး ပေါ်ပေါက် လာခဲ့ပါတော့သည်။ ၁၉၈၈ ခုနှစ်က ပေါက်ဖွား လာခဲ့သည့် အဖွဲ့အစည်း အတော်များများမှာ ယခုအခါ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ အဖြစ် ရပ်တည် လာကြလေသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့မှာ ဆက်လက် ပေါက်ဖွား လာသော်လည်း ၈၈ မျိုးဆက် များမှာမူ လူမှုရေး လုပ်ငန်းများသာ လုပ်ကိုင်လာလေသည်။ ရွေးကောက်ပွဲ ၀င်ရေးအတွက် လုပ်ဆောင်နေခြင်း မဟုတ်ဟုလည်း ဆိုကြလေသည်။ ထို့ကြောင့် အနာဂတ် မြန်မာ့နိုင်ငံရေး ဦးဆောင်မှု အခန်းတွင် ၈၈ မျိုးဆက်များကို နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲပေး မည့်သူများ အဖြစ် အားကိုး၍ မရတော့ပေ။

ပါတီစုံ ဒီမိုကရေစီဟုခေါ်သော မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ၁၉၄၈ ခုနှစ်မှာ ၁၉၆၂ ခုနှစ်အထိ ပြီးသောအခါ ယခု ဒုတိယအကြိမ် လစ်ဘရယ် ဒီမိုကရေစီကို ပြန်ကျင့်သုံးသော ကာလဖြစ်ပါသည်။ ၁၉၅၈မှ ၆၀ အထိ အိမ်စောင့် အစိုးရအဖြစ် စစ်တပ်က အာဏာ ယူခဲ့ပြီးနောက် ပါတီစုံစနစ် ပြန်ရှင်သန်ခဲ့သည်။ ထိုအခါက အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ၂၀၁၁ မှ ၂၀၁၄ အထိ အတိုက်အခံ နိုင်ငံရေးမှာ အလွန်ပင် ကွာခြားနေ၏။ ယခင် စစ်အစိုးရကို စည်းစည်းလုံးလုံး အားကောင်း မောင်းသန် တိုက်ပွဲဝင်ပြီး စည်းလုံး နေသည့် ကျောင်းသား သမဂ္ဂ တစ်ဖြစ်လဲ ၈၈ မျိုးဆက်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှာ အတိုက်အခံများ အဖြစ် တရားဝင်အရ တည်ရှိနေသော်လည်း သူတို့က အတိုက်အခံဟု လက်မခံကြပေ။ ထိုအချိန်က ထောင်မှ ထွက်လာသော အင်အား တောင့်တင်းသည့် အတိုက်အခံများသည် အရပ်ဝတ် စစ်ဗိုလ်ချုပ်များနှင့် လက်တွဲကာ ဒီမိုကရေစီ ပန်းတိုင် ချီတက်ကြမည်ဆိုသော ယေဘုယျ ဆုံးဖြတ်ချက်ဖြင့်၊ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဒီမိုကရေစီ သွားရေး ဆိုက်ရောက် လာပါတော့သည်။ အစောပိုင်းက အတိုက်အခံ ဆိုသည်ကို နားခါးပုံရကြသည်။ နောင်ပေါင်းကြည့် မှ အစိုးရ၏ အကြောင်းများကို သိလာကြ၏။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို ဖျက်လိုခြင်း မရှိကြောင်းနှင့် သူတို့၏ လက်ပါးစေ ခရိုနီကြီးများကို ကာကွယ်ပေးနေခြင်းကြောင့် သူတို့မှာ အတိုက်အခံ ဖြစ်ကြောင်း လက်ခံလာကြပုံရ၏။ အစောပိုင်းက NLD ခေါင်းဆောင်များသည် ဒီမိုကရေစီရရေးကိုသာ အခြေခံပါသည်။ အာဏာရလိုခြင်း မဟုတ်ပါဟု ခပ်ဝါးဝါးပြောဆိုခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်လိုသည်၊ NLD ကလည်း အစိုးရ ဖွဲ့လိုသည်ဟု ခပ်ရှင်းရှင်း ပြောလာလေသည်။ ဘယ်ဒီမိုကရေစီ နိုင်ငံမဆို အာဏာမရသူက အတိုက်အခံဖြစ်ပြီး အာဏာရသူက အစိုးရဖြစ်သည်။ အတိုက်အခံများကို ပြည်သူက မဲထည့် လိုက်သည်နှင့် အစိုးရ ဖြစ်သွားကာ ယခင်အစိုးရက အတိုက်အခံ ဖြစ်သွားလေသည်။ တစည ပါတီမှာ ယခုအတိုက်အခံ ပါတီ ဖြစ်သော်လည်း ယခင်ကမူ အစိုးရဖွဲ့နိုင်သော ပါတီတစ်ခု ဖြစ်လေသည်။

ယနေ့ မြန်မာ့နိုင်ငံရေးနယ်တွင် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများ ရှင်သန် တည်ရှိနေရာတွင် တချို့ နိုင်ငံရေး သမားများမှာ လက်ရှိ အစိုးရသည် အရပ်ဝတ် စစ်အုပ်စု ဖြစ်သည်ဟု နားလည် ထားကြသည်။ တချို့ နိုင်ငံရေး သမားများနှင့် နိုင်ငံရေး ပါတီများကမူ ယခုအစိုးရ အဖွဲ့သစ်သည် အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ အားထုတ် နေသည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် အစိုးရနှင့် ပေါင်းသင့်သည်များကို ပေါင်းကာ ယခင် စစ်အစိုးရကို အကာအကွယ် ပေးနေပါက ထောက်ပြ၍ ပြုပြင် ယူသွားမည်ဟုဆိုသည်။ တချို့ အနည်းတကာ့ အနည်းစုမှာမူ အစိုးရသစ်နှင့် ပူးပေါင်းသွားမည်။ မိမိတို့ တတ်စွမ်းသရွေ့အကြံဉာဏ်ပေး သွန်သင်ဆုံးမ ရမည်ဟု ယူဆကြသည်။ ထိုထဲတွင် နိုင်ငံခြား ရောက်နေသော စီးပွားရေး ပညာရှင် ဆိုသူများလည်း ပါသည်။ ထိုထဲတွင် စစ်အစိုးရ ခေတ်ကတည်းက စစ်အစိုးရ ကို ပြုပြင်ပြောင်းလဲပြီး စစ်အုပ်ချုပ်ရေးဖြင့် တိုင်းပြည် ကို ကောင်းအောင် ကြိုးစားမည်ဆိုသော နိုင်ငံရေး သိပံ္ပရှင် ဆိုသူများ စီးပွားရေး သုံးသပ်သူများ ဆိုသည်လည်း ပါဝင်လေသည်။ ထိုထဲတွင် ၈၈ မျိုးဆက်လို၊ NLD လို အတိုက်အခံများက မျောပါ သွားကြလေသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေမှာ၂၀၁၂-၂၀၁၃ ထက်ပင် ပိုမို တင်းမာလာသော အခြေအနေဖြင့် ယခု အစိုးရနှင့် စစ်တပ်က လုပ်ဆောင် လာသည်ကို တွေ့ရပါသည်။ ပုဒ်မ ၁၈ လို ဖိနှိပ်သော ပုဒ်မများဖြင့် လွတ်လပ်စွာ ဆန္ဒပြခွင့်ကို တားမြစ်နေခြင်း၊ ကျောင်းသား သမဂ္ဂများကို ဖိဖိစီးစီး အရေးယူနေခြင်း၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ လုပ်နေသော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်နေခြင်း၊ လွတ်လပ်စွာ ရေးသားခွင့်နှင့် မိမိဆန္ဒ ထုတ်ဖော်ခွင့်များ ရှိသည် ဟု ပြောဆိုနေသော်လည်း စာနယ်ဇင်း သမားများကို နှစ်ရှည် ထောင်ဒဏ် များဖြင့် အရေးယူ အပြစ်ပေးနေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ၊ စစ်တပ်တို့ ဆွေးနွေးနေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေခြင်း၊ လယ်သမားများ လယ်သိမ်းခံ နေရခြင်းနှင့် အများအပြား ပြစ်ဒဏ်များ ချမှတ်ခံနေရခြင်း၊ အလုပ်သမားများမှာ လုပ်ခလစာ နည်းပါးပြီး ဆန္ဒပြပွဲများ ဖြစ်ပေါ်နေခြင်းအပေါ် ထိုအင်အား ကြီးမားသော အတိုက်အခံများမှာ ဆန္ဒပြပွဲများတွင် အတူပါဝင်ခြင်း၊ ကျောင်းသား သမဂ္ဂများဘက်မှ ရှင်းရှင်းလင်းလင်း ရပ်တည်ခြင်းများ မရှိပေ။ ယခင်က ပမညတလို၊ ကျောင်းသား သမဂ္ဂလို၊ အလုပ်သမား၊ လယ်သမား အဖွဲ့အစည်းများလို အဖွဲ့များက ကြေညာချက်များ ပလူပျံအောင် ထုတ်ကာ အစိုးရကို ဝေဖန် ထောက်ပြ ကြလေသည်။ သူတို့ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်ကြသည်။ ပါးစပ်ပိတ် ငြိမ်ခံမနေကြပေ။ ထိုလုပ်ရပ်များမှာ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတိုင်းတွင် လုပ်ဆောင်ကြပါသည်။ ဆိုလိုသည်မှာ ပြည်သူလူထုကို ဖိနှိပ်သော လုပ်ရပ်မှန်သမျှကို အတိုက်အခံများက ဆန့်ကျင် ကန့်ကွက်ရသည်မှာ သူတို့၏ တာဝန်တစ်ရပ်လို ဖြစ်နေလေသည်။ ယနေ့မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကို တည်ဆဲ ဥပဒေဆိုသည်နှင့် ချုပ်ကိုင်ကာ ထိုတည်ဆဲ ဥပဒေမှာလည်း ဖိနှိပ်သော ဥပဒေများ ဖြစ်နေလေသည်။ ပုဒ်မ ၁၈၊ ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၀(က) စသော ဖိနှိပ်သည့် ဥပဒေများကို ယနေ့ထက်တိုင် တည်ဆဲ ဥပဒေများအဖြစ် အသုံးပြုကာ ပြည်သူ လူထုကို ဖိနှိပ်နေ ခြင်းဖြစ်သည်။ ဗကသမှ တက္ကသိုလ် ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးထားသည့်အမှု ဆိုလျှင် ဗကသက ဆန္ဒပြကြသလို အားလုံးက ၀ိုင်းဝန်း ကန့်ကွက်နေကြသည့် အချိန်တွင် မည်သည့် ပါတီကြီးများကမှ အသံမထွက်သည်မှာ အလွန်အံ့သြစရာ ကောင်းလေသည်။ NLD ကလည်း ငြိမ်နေသလို ၈၈ မျိုးဆက် များကလည်း ကြေညာချက် ထုတ်ပြန်ခြင်းပင် မရှိပေ။

ထို့ကြောင့်မြန်မာနိုင်ငံ၏ လက်ရှိ ပါတီစုံနိုင်ငံရေးစနစ်တွင် အတိုက်အခံ တို့၏ နိုင်ငံရေး လှုပ်ရှားမှုမှာ အလွန် အားနည်းနေ၏။ ဒီမိုကရေစီ လမ်းကြောင်းသွားမည်ဟု အစိုးရသစ်က စတက်ခါစတွင် ကြေညာခဲ့သော် လည်း ယခုအထိ ယခင်စစ်အစိုးရနှင့် ကွာခြားမှု မရှိပေ။ ပြည်သူ လူထုကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်သော အဖွဲ့နှင့် ပါတီမရှိလျှင် ပြည်သူလူထုက သူတို့ကို ဦးဆောင်မည်၊ သူတို့ဘက်က ရပ်မည့်သူကို ရှာလာကြပေမည်။ နိုင်ငံတကာမှ ဝေဖန် သုံးသပ်သူများက မြန်မာနိုင်ငံမှ အတိုက်အခံတို့၏ လှုပ်ရှားမှုနှင့် အတိုက်အခံ ပီသမှု မရှိဟု ဝေဖန်သုံးသပ်ခြင်းမှာ အလွန်နည်းလမ်း ကျလှသည်။ နိုင်ငံရေးသမားများ၊ နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံရေး လှုပ်ရှားဖို့ အကြောင်းအချက် အလွန်များပါသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လှုပ်ရှား လိုက်ပြီးနောက် ဆက်တိုက် လှုပ်ရှားမှုများ အားကောင်းမောင်းသန် မတွေ့ရပေ။ ကြေညာချက် သဘောထား ထုတ်ပြန်သည်ကိုပင် မတွေ့ရ။ အနည်းဆုံး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် NLD က ပြတ်ပြတ်သားသား သဘောထား မထုတ်ပြန်နိုင်သလို ပုဒ်မ ၁၈ ဖြင့် ဖိနှိပ် အရေးယူနေခြင်း များကိုလည်း ဆန့်ကျင် ကန့်ကွက်ခြင်းများ မလုပ်နိုင်သဖြင့် အတိုက်အခံများ၏ လှုပ်ရှားမှု အားနည်းနေသည် ဆိုခြင်းမှာ လွန်မည် မဟုတ်ပေ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

NLD ရဲ့ ခေါင်းဆောင်များထဲက သမ္မတ မဖြစ်လာဘူးဆိုရင် တိုင်းသူပြည်သားတွေ လိုလားတဲ့ ဒီမိုကရေစီစနစ်ဟာ အကောင် အထည် ဖော်နိုင်မှာ မဟုတ်ဘူး … ပုဒ်မ ၅၉(ဃ) (စ)တို့နဲ့ ကန့်သတ်လို့မရတဲ့ NLD ပါတီက ပုဂ္ဂိုလ်တစ်ဦး ရှိပါသည်။ ထိုသူကား သူရဦးတင်ဦးပါ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

● အန်တော့ခံပေါ့လို့ ပြောရမည်လား

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးကို တပ်မတော် အစိုးရက သူ့နည်းသူ့ဟန်နှင့် လိုချင်သလို ပုံဖော်နိုင်မယ့် အစိုးရဖွဲ့ဖို့ ကျင်းပခဲ့ပါတယ်။ လိုချင်တဲ့ အစိုးရပုံစံကိုလည်း ဖော်နိုင်ခဲ့ပါတယ်။ အစိုးရဖွဲ့ပြီး မီဒီယာ လွတ်လပ်ခွင့် ပေးတဲ့အနေနဲ့ စာပေကင်ပေတိုင်လို့ အများသော စာပေလောကသားများက အမည် ပေးခြင်း ခံရတဲ့ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်း ပေးခဲ့ပါတယ်။ ဒီတော့ စာပေတွေကို ရေးသားနေတဲ့ စာရေးဆရာတွေက မြိန်ရေရှက်ရေဖြင့် ပွင့်လင်းလွတ်လပ်စွာ ရေးသားခွင့် ရ၍ ရေးလာကြပါတယ်။ ဒီလို အခြေအနေမျိုး ဒီမျှအချိန်လေးနဲ့ ရောက် လာလိမ့်မယ်လို့ မထင်မှတ်ကြပါဘူး။ အနှစ် ၅၀ ခန့် အောင့်ထား ခဲ့ကြရတဲ့ အောင့်လုံးကြီးတွေ အန်ထွက် လာပါတော့တယ်။ အန်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာမှ မဟုတ်တာ။ အစားလွန်ရင်လည်း အန်တတ်တယ်။ အသောက်လွန်ရင်လည်း အန်တတ်တယ်။ အဲယားကွန်း တပ်ထားတဲ့ ဇိမ်ခံကားကြီး ကားငယ်စီးရင်လည်း စီးနေကျမဟုတ်သူတွေ အန်တတ်တယ်။ အန်တော့ ကျောတွေ ထုတာခံရ၊ ရင်ဘတ်တွေ ထုတာခံရ၊ နှာဘူးနဲ့တေ့ပြီး နှာနှပ် ခံရတော့တာပါပဲ။ ဒီမိုးဒီလေဒီလူတွေ အုပ်ချုပ်နေသမျှ ဘယ်တော့မှ စာပေလွတ်လပ်ခွင့် ရမှာမဟုတ်ဘူးလို့ ထင်ခဲ့ကြတာ။ ခုတော့ လွတ်လပ်ခွင့် ရကြလို့ လွတ်လပ်စွာ ရေး လာလိုက်ကြတာ၊ ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြတာပေါ့။ ဂျာနယ်လစ်အချို့၊ တရားစွဲခံရ၊ ထောင် ၁၀ နှစ်ထိ ကျခံရတာတွေ ဖြစ်ကုန်ကြပါပေါ့လား။

● အမယ်ဘုတ်ကဲ့ သူ့ချည်ခင် ဘယ်သူထွင်မှ ရှင်းနိုင်မလဲ

ပြည်သူတွေ နေထိုင်ကြတဲ့ မြို့ကြီးတွေမှာ ဘာသာရေး အကြောင်းပြ၊ နိုင်ငံရေး အကြောင်းပြနဲ့ ရိုက်ကြနှက်ကြ မီးရှို့ကြတွေ ဖြစ်လာပါတော့တယ်။ ဘာသာရေး ကျောင်းတော်ကြီးဖြစ်တဲ့ မဟာသန္တိသုခ ကျောင်းတော်ကြီး ကိုပင် ညအချိန်မတော် သူပုန် (ယခင်ခေတ်အခေါ်) ၀င်စီးသလို အစိုးရ လက်နက်ကိုင် အဖွဲ့က ၀င်စီးပြီး ကျောင်းရှိ ရဟန်းတော်များကို ဖမ်းဆီး၊ လူဝတ်လဲ၊ တရားစွဲတွေ ဖြစ်ကုန်ကြလေပြီ။ အရက်သမား ဘုန်းကြီး ၀တ်သလိုပေါ့ဗျာ။ ညနေ နေညိုချိန် ရောက်ရင် ဘုန်းကြီးဝတ်ကြီးနဲ့ အရက်ခိုးသောက် တော့ တာပါပဲ။ အကျင့်စရိုက်နဲ့ အမိုက်စိတ်က ရှိနေတာကိုး။ အဲသလိုတွေ ဖြစ်ကုန်တော့တာက တစ်မျိုး။ ၂၀၀၈ ဖွဲ့စည်းပုံ ထဲက ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ချင်တာက တစ်မျိုး။ မြွေပူရာကင်းမှောင့် ဆိုသလို PR စနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပချင်တဲ့ အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်ကလည်း အမြီးတထောင်ထောင်နဲ့ ဖြစ်လာပြန်တာက တစ်မျိုး။ အမျိုးမျိုးသော ပြဿနာတွေကို အပြိုင်အဆိုင် ရှာလာ ကြလေတော့သည်။ အဲဒီ ပြဿနာကအစ အခြားသော အကောင်အထည် မဖော်နိုင်သည့် ပြဿနာများကြောင့် အမယ်ဘုတ်ကဲ့ သူ့ချည်ခင် ဘယ်သူထွင် မရှင်းနိုင်မလဲ ဆိုပြီး နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်တဲ့ သမ္မတကြီးက ရှင်းရမှာဆိုတော့ သမ္မတလောင်းကြီးကို ၂၀၁၅ ရွေးကောက်ပွဲအမီ ကိုယ်တိုင် ဖွင့်ဟသူနှင့် ပြည်သူက ခန့်မှန်းသူတွေ ပေါ်လာပါတယ်။

● ပြင်တော့ ပြင်မှာပါ။ ဒါပေမဲ့

နိုင်ငံတော်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်များထဲမှ ဒေါ်အောင်ဆန်းစုကြည်၊ သူရရွှေမန်းတို့က ကိုယ်တိုင်ပင် သမ္မတ လုပ်ချင်ကြောင်း ဖွင့်ဟလာကြပါသည်။ လက်ရှိသမ္မတကြီး ဦးသိန်းစိန်ကလည်း ကမ္ဘာလှည့်စဉ်ပင် ပြည်သူက ဆန္ဒရှိလျှင် သမ္မတ ဆက်လက် လုပ်မည်ဟု ကမ္ဘာသိ ပြောကြား လာပါတယ်။ ဟောယခုလည်း အနီးကပ် အချိန် စက်တင်ဘာလထဲမှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို သမ္မတ ဖြစ်မည်ဟု လွှတ်တော် အမတ်များထဲမှာ အသံထွက် လာပြန်ပါသည်။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဟု ကြွေးကြော် ထားသော လွှတ်တော်ကြီးထဲက လွှတ်တော်အသံက ပဲအောင်မြင်မလား၊ ပြည်သူ့ အသံဖြစ်တဲ့ သမ္မတလောင်းကပဲ အောင်မြင်မလား စောင့်ကြည့်ရန်သာ ရှိပါသည်။ သို့သော် ပြည်သူ့အသံဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)ကိုတော့ ပြင်ဖို့ လွှတ်တော်ထဲမှာ လွှတ်တော်အသံ မဖြစ်လာဘူး လို့ ပြောနေ ပါပြီ။ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်တော့ပြင်မှာပါ။ နိုင်ငံတကာက ကြားကောင်းရုံ အသေးအမွှား ပုဒ်မတွေ ပြင်ပြမည်ဟု ပြည်သူက ခန့်မှန်းနေကြပါသည်။ ဒီတော့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ရန် မဖြစ်နိုင်တော့ဘူးဆိုရင် ၅၉(စ)နဲ့ ညီညွတ်တဲ့ NLD ထဲက အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးကို ရွေးရပါမည်။ NLD ရဲ့ ခေါင်းဆောင်များ ထဲက သမ္မတ မဖြစ်လာဘူးဆိုရင် တိုင်းသူပြည်သားတွေ လိုလားတဲ့ ဒီမိုကရေစီ စနစ်ဟာ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူးလို့ အများထဲက နိုင်ငံရေးအမြင် ရှိသူတွေက ယုံကြည် နေကြပါတယ်။

● ကမ္ဘာ့အဆင့်မီ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံကြီး တိုးတက်အောင် လုပ်နေပါတယ်ဆိုတဲ့ ပြီးခဲ့သော အစိုးရများနဲ့ လက်ရှိ အစိုးရတို့ဟာ တိုးတက် အောင်လည်းကောင်း၊ အာရှမှာပင် အခြားအစိုးရများလို ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်အောင် မလုပ်နိုင်ဘူးဆိုတာ မြင်နေရပါတယ်။ NLD ပါတီမှာ ကမ္ဘာ့အဆင့်မီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ သူကလည်း ကမ္ဘာသိ ပြောထားတာ ရှိပါတယ်။ တိုင်းပြည် ကောင်းစားရေးအတွက် အသုံးချတာ ခံပါ့မယ်လို့ (သူ့စကား အတိအကျတော့ မမှတ်မိပါ)။ ဒီတော့ကာ သူမသည် သမ္မတ လုပ်ချင်တယ်လို့ တိုင်းပြည် အကျိုးအတွက် ပွင့်ပွင့်လင်းလင်း ပြောထားပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မဖြစ်နိုင်ရင်၊ ပုဒ်မ ၅၉(စ) မပြင်ရင် သူမနဲ့ တစ်စိတ်တည်းရှိတဲ့ NLD ပါတီက ၅၉(စ)နဲ့ ကိုက်ညီတဲ့သူကို ရွေးကြရပါမယ်။ ထိုးမည့်ဆင် နောက်တစ်လှမ်းဆုတ် ဆိုသလို လုပ်မှဖြစ်ပါမယ်။ ပုဒ်မ ၅၉(စ)ရဲ့ ပြဋ္ဌာန်းချက်ကလည်း အများသိပြီးသားပါ။ သို့ပေမဲ့ မသိသေးသူများ အတွက် တင်ပြပါရစေ။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရဲ့ အရည်အချင်း များထဲက ၅၉(စ)က ဒေါ်စုကဲ့သို့သော ပုဂ္ဂိုလ်များအတွက် ခုလို ကန့်သတ်ထားတာပါ။ မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါး ပါသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေမှု၊ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူ များသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ”” ဆိုတာပါပဲ။ ဒီတော့ ဒေါ်စု၏ ခင်ပွန်းနှင့် သားများသည် နိုင်ငံခြားသားဖြစ်ကြောင်း အများသိကြ ပါသည်။ ဒါအပြင် ၅၉(ဃ)မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး အမြင်များရှိရမည်ဆိုတော့ ဒေါ်စုက စစ်တပ်ထဲ တာဝန် မထမ်းဖူးတော့ စစ်ရေး အမြင်မရှိဘူးလို့ လွယ်လွယ် ပြောလို့ရပါတယ်။ ဒါပေမဲ့ စစ်ရေးအမြင် လို့ဆိုတော့ စစ်တပ်ထဲ တာဝန် မထမ်းဖူးပေမယ့် အမြင်ဆိုတာကတော့ ရှိလို့ရပါတယ်။ စစ်တပ်တွင် မည်သည့် အဆင့်ထိ တာဝန်ထမ်းဖူးသူ ဖြစ်ရမည်လို့ မပြဋ္ဌာန်းထားလို့ တော်ပါသေးသည်။ မည်သို့ပင် ဆိုစေကာမူ ဒီပုဒ်မ မပြင်လျှင် ဒေါ်စုသမ္မတ မဖြစ်တာ သေချာသည်။

● သမ္မတဖြစ်ဖို့ သူ့ကိုဘာလို့ ကန့်သတ်ထားသလဲ

ဒီနေ့မြန်မာပြည်မှာ ပြည်သူကိုစေတနာ၊ မေတ္တာ၊ အနစ်နာ၊ သည်းခံတာ၊ စွန့်လွှတ်တာ၊ စွန့်စားတာ (တိုက်ပွဲမှာ သေနတ်ချင်း တေ့ပစ်ကြလို့ သေရဲတာ ချည်းမဟုတ်၊ လက်နက်မပါဘဲ သေနတ်နဲ့ ပစ်မယ်လို့ ကြိမ်းဝါးခံရပြီး ယုံကြည်ချက်အတွက် သေနတ်ရှိရာ တိုးရဲတာလည်းပါသည်။) ကမ္ဘာမှာ ၀င်ဆံ့တာ၊ ကမ္ဘာ့ နိုင်ငံများ၏ ခေါင်းဆောင်များနှင့် ယှဉ်၍ ဘာသာစကား အမျိုးမျိုး ပြောနိုင်ပြီး စကားပြန်၏ ပြောသမျှ ယုံရတာမျိုး မဟုတ်ဘဲ အပြန်အလှန် ပြောနိုင်တာ၊ အဲသလိုပြောနိုင်၍ မူရင်း ဆိုလိုချက်ကို မလွဲဘဲ သိနိုင်တာစတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူကို (မည်သူ့မဆိုကို) ဘာကြောင့် ကန့်သတ် ထားရသလဲ။ တိုင်းပြည်ကို မတိုးတက်စေလိုလို့ လို့ပဲယူဆ ရတော့သည်။

● သမ္မတလောင်းရွေးကြစို့

ကဲ … ဆိုလိုရင်းကတော့ အမှန်တရားနဲ့ မဟုတ်မခံတာ၊ စစ်တပ်နဲ့ ပြည်သူ ပါချစ်တာ၊ ထိုသူတွေဘက်က ရပ်တည်ခဲ့တာ၊ ပုဒ်မ ၅၉(ဃ) (စ)တို့နဲ့ ကန့်သတ်လို့မရတဲ့ NLD ပါတီက ပုဂ္ဂိုလ်တစ်ဦး ရှိပါသည်။ ထိုသူကား သူရ ဦးတင်ဦးပါပဲ။ ထိုသူသည် အသက်(၈၀) ကျော်သော်လည်း (၅-နှစ်) တာ ကာလအတွင်း သမ္မတအဖြစ် စွမ်းဆောင် နိုင်ပါသေးသည်။ ပုဒ်မ ၅၉(ဂ)ပါ အသက်(၄၅)နှစ် ပြည့်ပြီးသူလည်း ဖြစ်ပါသည်။ အသက်ကြီး တာကို မလုပ်ရဟု ကန့်သတ်ထားခြင်း မပါပါ။ ကျန်းမာရေးတွင်လည်း နှလုံးအစားထိုး စက်တပ် ထားရသည်ဟု မကြားဖူးပါ။ ယခုအချိန်ထိ လူငယ်များနှင့် ရင်ပေါင်တန်း နိုင်သေးသည်ကို မျက်မြင်တွေ့ နေရသူဖြစ်ပါသည်။ ယခုသမ္မတကြီးလည်း အနားတွင်ပျာနေသော အနားပျာများဖြင့် ၎င်းတို့၏ အကြံ များယူကာ ကိုယ်ပိုင်ဉာဏ်ဖြင့် တိုင်းပြည် အုပ်ချုပ်နေခြင်း ဖြစ်ပါသည်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို သမ္မတလောင်းအဖြစ် လျာထားကြပါစို့။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


မြန်မာပန်းချီဆရာ အယောက် ၂ဝ ရဲ့ ပန်းချီကား ၅ဝ ပါဝင်တဲ့ ပန်းချီပြပွဲတစ်ခုကို ဟောင်ကောင်မှာ ကျင်းပနေပါတယ်။

RFA - မခက်မာ

ကိုပါကြီး ကို စွပ်စွဲထားတဲ့ ဓါတ်ပုံနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်။

၂၀၁၀ တုံးက ဒီကေဘီအေနဲ့  အစိုးရ ပြသနာဖြစ်ပြီး မြ၀တီမှာ တိုက်ကြတယ်။ လူတွေတော်တော်ဒုက္ခရောက်တယ်။ ကျနော်၊ ကိုပါကြီး၊ ကိုကိုအောင်၊ ကိုထင်ကျော်တို့ 
သွားကူညီကြတယ်။ ကျနော်တို့  လူတွေကို ထိုင်းဖက်ကမ်းကိုေ၇ာက်အောင် လမ်း ပြပေးခဲ့
ကြတယ်။ ဒီဗီဒီယိုကလစ်ကို ရှာပြီးတင်ပေးပါမယ်။

သူတို့ ဘာတွေလိုအပ်သလဲ ဆိုတာကို ပထမအဆင့်သွားကြည့်ကြတာ။ ကိုပါကြီးတာဝန်ကတော့ သတင်း မှတ်တမ်းယူပြီး သက်ဆိုင်ရာ သတင်းဌာန တွေကို ဖြန့် ပေးဖို့ ဖြစ်ပါတယ်။ လူအခွင့်ရေး အခြေအနေ တွေကို နိင်ငံတကာ က သိအောင်၊ ကာကွယ်စောင့်ရှော်မှုတွေရအောင် လုပ်ဖို့ ဖြစ်ပါတယ်။ သူဟာ ဒီလိုအန္တရယ်များတဲ့လုပ်ငန်း ကို
သက်စွန့် ပြီး ဆောင်ရွက်သွားခဲ့သူဖြစ်ပါတယ်။

ကျနော်တို့  သတ်သတ်လွှတ်ဘုန်းကြီးကျောင်းမှာ တည်းကြတယ်။ တည အိပ်တယ်။
မနက်ကြတော့ ဘုန်းကြီးကျောင်းရှေ့ မှာ ရိုက်ထားတဲ့ပုံပါ ။
ဆောင်းတွင်း ဆိုတော့တော်တော်အေးသေးတယ်။ ကျနော်တို့် ယူနီဖေါင်းတွေဝတ်ထားကြပါတယ်။ ကိုပါကြီး ဟာ တခါမှာ လက်နက်ကိုင်တပ်ဖွဲ့ တွေထဲကို
ဝင်ရောက်ခြင်းလဲ မရှိဘူး။ သေနပ်ကိုင်တာမျိုးလဲ မလုပ်ခဲ့ပါဘူး။

သတင်းတောက်တွေ စစ်မြေပြင်မှာ သတင်းယူကြတဲ့အခါမှာ စစ်ဝတ်စုံ မျိးကို ၀တ်လေ့ရှိကြပါတယ်။ ဒါကို အထူးသတင်းတောက်လို့ ခေါ်ပါတယ်။

ဒါဟာ နိင်ငံတကာ ဥပဒေ ဖြစ်ပါတယ်။ ဥပမာ ကျည်ကာ စစ်ဦးထုတ်အကာ။ ကိုယ်ပြတ်အကျီ၊ ဘောင်ဘီ တွေ မ၀တ်မနေ ၀တ်ကြလေ့ရှိပါတယ်။
ယူနီဖေါင်းဝတ်တိုင်း စစ်သားလို့ ယူစရင်တော့ စစ်ဦးစီးချုပ် အငြိမ်းစားယူဖို့ လိုပါတယ်။
တာဝန်ရှိတဲ့ စစ်ဗိုလ်ကို အပြစ်ပေးဖို့ လိုပါတယ်။

ညဏ်မရှိတဲ့သူတွေ တပ်မတော်ထဲမှာ မရှိသင့် ပါဘူး။
( ပုံ ဘယ်ဘက်မှာ ကိုကိုအောင် (ဂျပန်)လည်း ယူနီဖောင်းဝတ်နဲ့ပါဘဲ.).။

Ko Nyo

 
သူနာပြု Nina Pham ကို သမ္မတ အိုဘားမားက အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံ။

အီဘိုလာရောဂါ ရှိတဲ့ လိုင်ဘေးရီးယား လူနာကို ပြုစုကုသပေးပြီး ရောဂါကူးခံရတဲ့ အမေရိကန် သူနာပြုနှစ်ဦးဟာ အခု ရောဂါ ကင်းသွားပါပြီ။ နယူးယောက်မြို့တွင်းနဲ့ ပတ်ဝန်းကျင် အရပ်တွေမှာတော့ နောက်ထပ် အမေရိကန်နိုင်ငံသားတဦး အီဘိုလာရောဂါ ရထားတာကြောင့် သီးခြားခွဲထားတဲ့ လုပ်ဆောင်ချက်အသစ်တွေ လုပ်နေရပါတယ်။

အမေရိကန်မြေပေါ်မှာ ပထမဆုံး အီဘိုလာလူနာကို ကုသပေးတဲ့ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့က သူနာပြု Nina Pham ဟာ သောကြာနေ့ မှာ ဆေးရုံကဆင်းပြီးတဲ့နောက် သမ္မတ ဘရာ့ခ် အိုဘားမားက တွေ့ဆုံပါတယ်။

ဝါရှင်တန်မြို့တော်နား မေရီလန်းပြည်နယ်က အမျိုးသားကျန်းမာရေး အင်စတီကျူရဲ့ ဆေးရုံကနေဆင်းလာပြီး သိပ်မကြာခင်မှာပဲ သူနာပြု Nina Pham ကို သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ပွေ့ဖက် နှုတ်ဆက်ပါတယ်။

အီဘိုလာရောဂါနဲ့ နောက်ထပ် ကုသမှုခံယူနေတဲ့ သူနာပြု Amber Vinson မှာလည်း ဗိုင်းရပ်စ်မရှိတော့တာ သိသာထင်ရှားပေမယ့် သူ ကုသမှုခံယူနေတဲ့ အတ္တလန်တာဆေးရုံတခုကနေ ဘယ်တော့ ပေးဆင်းမယ်ဆိုတဲ့ ရက်ကို မသတ်မှတ်ရသေးဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အနောက်အာဖရိကဒေသမှာ အီဘိုလာရောဂါသည်တွေနဲ့ ထိတွေ့မှုရှိထားတဲ့ ဘယ်သူမဆို သူတို့ ပြည်နယ်တွေထဲဝင်လာရင် ၂၁ ရက်ကြာ မဖြစ်မနေ သီးခြားခွဲ နေထိုင်ရမယ်လို့ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူးတွေက သောကြာနေ့မှာပဲ ကြေညာပါတယ်။ နယူးဂျာစီပြည်နယ်၊ Newark Liberty လေဆိပ်မှာ သောကြာနေ့က ရောက်လာတဲ့ အမျိုးသမီးတဦးကို သီးခြားခွဲထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/us-nurse-cured-ebola-nih-says/2495978.html

အခြေခံဥပဒေပါ ပုဒ်မများအား ပြင်ဆင်နိုင်ရန်အတွက် အရေးကြီးသည့် ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုခြင်း မရှိဟု လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များက သဘောထား ဆန္ဒပေးထားကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာ၌ ပါရှိခြင်းအပေါ် ယင်းဥပဒေပုဒ်မ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် တွင်း ဆွေးနွေး သွားဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) လွှတ်တော်အမတ်များက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန်္ဒကျော်စွာ၊ အတွင်းရေးမှူး ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစံပြည့်တို့က ဖတ်ကြား တင်သွင်းရာတွင် တပ်မတော်သား ကိုယ်စားလှယ်များဘက်မှ မပြင်ဆင်လိုကြောင်း သဘောထားမှတ်ချက် ပေးထားကြောင်း ပါဝင်ခဲ့ခြင်းအပေါ် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းလည်း ဖြစ်သည်။

““ပြည်သူနဲ့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မယ်ဆိုပြီး ပြင်ဆင်တဲ့ အထဲမှာလည်း ဒီ ၄၃၆ တို့၊ ၅၉-စ တို့ ပြင်ဖို့ဆိုတာ နဂိုကတည်းက ရွေးကောက်ပွဲ ကြွေးကြော်သံအနေနဲ့ ကတိပေးပြီး လွှတ်တော်ထဲကို ၀င်ခဲ့တာပါ။ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တယ် ဆိုလို့ရှိရင် ပြည်သူ တွေက ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့တော့ ပြင်သွားမှာပါ။ အဲဒီအတွက် နောက်လွှတ်တော် မှာ ဆွေးနွေးမယ့် ဆွေးနွေးချက်တွေ ကို စောင့်ကြည့်ကြပါ။ ဘာကြောင့် ဒါတွေက ပြင်ဖို့လို အပ်ပါတယ် ဆိုတာကို ဖော်ပြချက် တွေနဲ့အတူ လွှတ်တော်ထဲမှာ ဆွေးနွေး သွားမှာပါ။ ရှေ့အပတ်ထဲမှာ ဖြစ်လောက်မှာပါ””ဟု NLD ပါတီ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

NLD ပါတီမှ တံတားဦးမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကလည်း ““အစ်မတို့ဘက် ကိုယ့်ရဲ့မူလ ပြင်ဆင်ထားတဲ့အတိုင်းကို ပြင်ဆင်မှာပေါ့။ အခုက အစ်မတို့ ဆွေးနွေးမယ်။ ဒီအစီရင်ခံစာ အပေါ်မှာလည်း ဆွေးနွေးမယ်။ နောက် တစ်ခုကကျတော့ ဥပဒေကြမ်းအဖြစ်နဲ့ ရောက်လာတဲ့ အခါကျမှလည်း အစ်မတို့အနေနဲ့ ထပ်ပြီး ဆွေးနွေးဦးမယ်။ တတ်နိုင်သလောက်တော့ အစ်မတို့တွေ ကြိုးစားသွားမှာပါ။ လွှတ်တော်ထဲမှာကတော့ ဥပဒေနဲ့အညီပဲပေါ့နော်။ ဒီအစီရင်ခံစာ အပေါ်မှာ NLD ကိုယ်စားလှယ် အများစုလည်းပဲ ဆွေးနွေးမယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေလည်းပဲ ဆွေးနွေး မယ်။ ပြင်ဆင်ချက် အနေနဲ့ ဆွေးနွေးမယ်။ အမ အထင်ပေါ့နော်။ ဒီကိစ္စကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီကလည်းပဲ သူတို့ရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အလုပ်လုပ်ကြည့်တဲ့ အခါမှာ ဒီမိုကရေစီ မဆန်တာတွေ၊ အလုပ်မဖြစ်တာတွေကို သူတို့ကိုယ်တိုင်က ထဲထဲဝင်ဝင် ခံစားလာကြရပြီလေ။ အဲဒီအခါမှာ သူတို့ ပြင်ဆင်ချင်တာ ရှိလောက် ပါလိမ့်မယ်။ အခုဟာက နာယကကတော့ သူမန်းဒိတ် ပေးထားတာလေး ရှိတယ်လေ”” ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာ၌ အာဏာရ ကြံ့ခိုင်ရေး ပါတီအနေဖြင့် ““နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည် ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေစွာ တိုးမြှင့်ပေးရမည် ဖြစ်သည်”” ဟုသာ အကြံပြုထားကြောင်း ပါရှိသည်။““၄၃၆ကို ပြင်နိုင်မှ ဒီမိုကရေစီရမယ်လေ။ ၄၃၆ကို ပြင်နိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း လူထုဆန္ဒနဲ့ အညီ ပြုပြင် ပြောင်းလဲဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ တပ်မတော်သားတွေကို ပြောချင်တာက လူထုဆန္ဒနဲ့ အညီ ပြုပြင် ပြောင်းလဲပေးနိုင်ဖို့ တပ်မတော်ဘက်က လုပ်ပေးရမယ့် အခွင့်ကောင်း တစ်ခုပဲ။ အဲဒီ အခွင့်အရေး ကိုအသုံးချ စေချင် တယ်။၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်လိုက်ခြင်းဟာ ပြည်သူလူထုရဲ့ဆန္ဒကို သဘော မတူရာ ကျတဲ့အတွက် တပ်မတော်နဲ့ ပြည်သူကြားထဲမှာ ပိုပြီးကွာဟာချက် ကြီးမားသွာစေတယ်။ အဲဒါက စိတ်ပူစရာ အချက်တစ်ချက်ပဲ။ တပ်မတော်သားတွေ အနေနဲ့ ၄၃၆ ပြင်ဆင်ရေးကို ဒီလိုအချိန်မှာ လုပ်ပေးခြင်း အားဖြင့် ပြည်သူ့အကျိုးပြုရာ ရောက်တယ်။ အဲဒီတော့ ပြင်ဆင်ရေးအတွက်ကိုပါ အားပေးစေ ချင်တယ်။ ပြင်ဆင်ရေးကို ထောက်ခံ ပေးစေချင်တယ်”” ဟု ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် လက်တွဲ လုပ်ကိုင် နေသည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဂျင်မီက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တို့ ပူးပေါင်း၍ ပြည်သူ့ သဘောထားဆန္ဒ ကောက်ယူမှုများ ပြုလုပ်ကာ ရရှိလာသည့် လက်မှတ်ပေါင်း ငါးသန်းခန့်ကို လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်သည်။

ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော် ၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။

သဉ္ဇာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

ပြည်တွင်း မီဒီယာအချို့တွင် သမ္မတ ငိုကြွေးခဲ့သည် ဟု ရေးသားဖော်ပြမှုများ ရှိခဲ့သည့်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်း အခြေစိုက် မီဒီယာများ ထပ်မံတွေ့ဆုံရန် မလွယ်တော့ကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် က အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ပြုလုပ်သည့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN တာဝန်ရှိသူ များနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း MJN တွဲဖက်အတွင်းရေးမှူး(၁) ဦးအောင် သူရ က မြန်မာသံတော်ဆင့် သို့ ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် သမ္မတ အနေဖြင့် လွန်ခဲ့သည့် နှစ်နှစ် ခန့်က ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲမျိုး ထပ်မံ ပြုလုပ်ပေးစေလိုကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ထံ တင်ပြ တောင်းဆိုရာတွင် ၎င်းက ယခုကဲ့ သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

““သမ္မတနဲ့ မြန်မာပြည် အခြေစိုက် မီဒီယာအားလုံး တွေ့ဆုံပွဲ တစ်ပွဲလောက် လုပ်ချင်တယ်လို့ ပြောတယ်လေ။ အဲဒါသူ (ဦးရဲထွဋ်)က အဲဒါ မလွယ်တော့ဘူးဗျ၊ သမ္မတကြီးက ပထမတစ်ခေါက် တွေ့တုန်းက သူမငိုဘဲနဲ့ ငိုတယ် ဆိုပြီးတော့ အဲဒီလို သတင်းတွေ တက်ခဲ့တာဆိုတော့ အတော်လေး စိတ်ပျက်သွားတယ်၊ အဲဒီလိုပဲ ပြောပါတယ်။ အဲဒီမှာသမ္မတက မျက်မှန်ကို သုတ်တာပေါ့။ မျက်မှန်နဲ့လူဆိုရင် မျက်ဝတ်သုတ်တာ ရှိတယ်လေ။ သုတ်တဲ့ပုံကို သူတို့က ဖြန့်ပြီးတော့ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ထိပ်မှာ ကာကွယ်ရေး ၀န်ကြီးထားဖို့ အစီအစဉ် ရှိသလား၊ မရှိဘူးသလား ဆိုပြီးတော့ အရေးခံရတော့ သတင်းပြန့်သွားတာ တွေ့တယ်ဗျ။ သူ(ဦးရဲထွဋ်)က အဲဒါကိုရည်ညွှန်းတယ် ထင်ပါတယ်””ဟု MJN တွဲဖက်တွင်းရေးမှူး (၁) ဦးအောင်သူရ က အောက်တိုဘာလ ၂၁ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်း သမ္မတ ဦးသိန်းစိန် မျက်ရည်ကျခဲ့သည့် ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှုနှင့် ပတ်သက် သည့် မေးခွန်းအား ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်မှ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။ ယင်းသို့ မေးမြန်းမှုပြီးနောက် သမ္မတ ဦးသိန်းစိန်မှာ မျက်မှန်ချွတ်၍ မျက်စိအား ပွတ်သပ်နေပုံအား ““Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ”” ဟူ၍ သစ်ထူးလွင် အင်တာနက် ၀က်ဘ်ဆိုက်နှင့် လူမှုကွန်ရက် ဖေ့ဘုတ်တို့တွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်မှ တစ်ဆင့် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ဖူးပြီး ယင်းသတင်းမှာ မမှန်ကန်ကြောင်း ပြောဆိုခဲ့သည်။

““အဲဒါကတော့ ၀န်ကြီးက ရယ်ရယ်မောမောပဲ ဒီအတိုင်းပဲ ပြော သွားတာကိုး။ ပြောသွားတာ ကလည်း ဒီအတိုင်း ပေါ့ပေါ့ပါးပါးလေး ပဲ ပြောတာသူက။ ခင်ဗျားတို့ မီဒီယာတွေက သမ္မတကြီးကို မျက်လုံး ပွတ်တာတောင် ငိုတယ်လို့ ပြောတာမျိုး။ အဲဒီလိုမျိုး ပြောသွားတာဆိုတော့ သူက နောက်နောက်ပြောင်ပြောင် ပြောတဲ့ သဘောမျိုးပါပဲ”” ဟု ဆွေးနွေးပွဲတွင် ပါဝင်သူ MJN လူမှုရေး ကော်မတီ မှ ဒေါ်ရွှေမှုန်က မြန်မာသံတော်ဆင့် သို့ ပြောသည်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် MJN တာဝန်ရှိသူများ တွေ့ဆုံမှုအတွင်း Bi မွန်းတည့်နေဂျာနယ် သတင်းထောက်များအား ထောင်ဒဏ် ချမှတ်မှု၊ ဌာနဆိုင်ရာများနှင့် သတင်းရယူရမှု အခြေအနေ၊ ဓာတ်ပုံမရိုက်ရ နယ်မြေများတွင် သတင်းရယူရမှု အခြေအနေများအား အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲများအား တိုင်းနှင့် ပြည်နယ်အနှံ့ ပြုလုပ်နိုင်ရန် အတွက်လည်း ဆွေးနွေး ခဲ့ကြသေးသည်။

““မဏ္ဍိုင်လေးခုကို တိုင်းနဲ့ပြည်နယ်တွေမှာ တွေ့ဆုံဖို့ကို ၀န်ကြီးက ပြောသွားတယ်။ တိုင်းနဲ့ ပြည်နယ်နဲ့ မဏ္ဍိုင်လေးခု တွေ့ဆုံတာက အခုကရန်ကုန်မှာပဲ လုပ်ခဲ့တာလေ။ ဥပမာ ပြည်နယ်တွေမှာ သွားလုပ်မယ် ဆိုရင်လည်း ပြည်နယ်တွေမှာ လုပ်ဖို့ အတွက်ကို ၀န်ကြီးကနေပြီးတော့ ဆိုင်ရာဆိုင်ရာ ဌာနတွေ ဘာတွေကို ချိတ်ဆက်ပေးတာမျိုး ပေါ့နော်။ အဲဒါမျိုးတော့ သူတို့ ကူညီပြီးတော့ တွေ့ဖို့ စီစဉ်ပေးမယ် ဆိုတာတော့ ပြောသွား တယ်။ ဒါမျိုး တွေ့သင့်တယ် ဆိုတာကိုလည်း သူက ထောက်ပြတယ်”” ဟု ဒေါ်ရွှေမှုန်က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် မှာ MJN အဖွဲ့ စတင် တည်ထောင်စဉ် ကတည်းက တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံခဲ့သည့် ပထမဆုံး ပြည်ထောင်စုဝန်ကြီးဖြစ်ပြီး ယင်းတွေ့ဆုံမှု အပြီးတွင် မီဒီယာ သမားများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

MH-0030

ပုံညွှန်းစာ - MJN ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော (၀ဲမှယာ) ဒေါ်ရွှေမှုန်၊ ၀န်ကြီးဦးရဲထွဋ်နှင့် MJN အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald

မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် တပ်မတော်အနေ ဖြင့် ဦးဆောင်မှု အခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင်နိုင်ရန် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ထည့် သွင်းရေးဆွဲထားသည့် အချက်ကို ပြင်ဆင်ခြင်း မပြုဘဲ မူလအတိုင်း သာထားရှိရန် တပ်မတော်က သဘောထားပေးကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မ တီ၏ အစီရင်ခံစာအရ သတင်း ရရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၁)နိုင်ငံ တော် အခြေခံမူများတွင် ပါဝင် သော ပုဒ်မ-၆(စ)၌ ပြဋ္ဌာန်းထား သည့် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်က ပါဝင်ထမ်း ဆောင်နိုင်ရေးတို့ကို အစဉ်တ စိုက် ဦးတည်သည်ဆိုသော ပြဋ္ဌာန်းချက်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ က မူလအတိုင်းထားရှိရန် အကြံ ပြုထားကြောင်း အောက်တိုဘာ ၂၂ ရက်က ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး အ ကောင်အထည်ဖော်မှု ကော်မတီ ၏ အစီရင်ခံစာတွင် ပါရှိသည်။

ယင်းအချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပယ်ဖျက် ရန် အကြံပြုထားပြီး၊ ကချင်ပြည် နယ်နှင့် ချင်းပြည်နယ်လွှတ် တော်ဥက္ကဋ္ဌတို့ကလည်း ပယ်ဖျက် ရန် အကြံပြုထားသည်။ မွန်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌကလည်း ‘‘နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပြည်သူလူထုနှင့်အတူ တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ခွင့်’’ဟုပြင်ဆင်ရန် အကြံပြုထားကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီကမူ နိုင်ငံတော် ၏ အမျိုးသားနိုင်ငံရေး အခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးဟု ပြင်ဆင် ရန် ယင်းအစီရင်ခံစာတွင် ထည့် သွင်းထားသည်။

တပ်မတော်အနေဖြင့် အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်း ကိုသာ လုပ်ဆောင်သင့်သော ကြောင့် နိုင်ငံရေးတွင် ပါဝင်ပတ် သက်မှုသည် အတိုင်းအတာ တစ် ခုအထိသာ ဖြစ်သင့်ကြောင်းအမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သူ ဦးအုန်းတင် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးအခြေအနေတွင် တပ်မတော် အနေဖြင့် ၎င်းတို့ဦးဆောင်ပါဝင် ဆောင်ရွက်ရမည်ဆိုသော အမြင် များရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံ များတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်း ကိုသာ အဓိကလုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် မြန်မာ့တပ်မ တော်အနေဖြင့် ပရော်ဖက်ရှင် နယ် ပီသသော တပ်မတော်ဖြစ် လိုပါက နိုင်ငံရေးတွင် ပါဝင်ပတ် သက်မှုအတိုင်းအတာကို လျှော့ ချရမည်ဖြစ်သည်ဟု နိုင်ငံရေး ဆောင်ပါးများ ရေးသားနေသူ ဦးထင်လင်းဦးက သုံးသပ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်အပါအ၀င် ဒီမို ကရက်တစ်အတိုက်အခံ အင် အားစုများက ပြင်ဆင်ရန် လုပ် ဆောင်နေကြသည့် ပုဒ်မ-၄၃၆ ကိုလည်း တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်များက မပြင် ဆင်လိုကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေးအကောင်အထည် ဖော်မှု ကော်မတီက လွှတ်တော် သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပုဒ်မ-၄၅၇ ခုပါဝင်ရာ ပုဒ်မပေါင်း ၂၁၀ ကျော်ကို ပြင်ဆင်ရန် တင် ပြထားရာ၌ တပ်မတော်ကလည်း ပြင်ဆင်ရန် သဘောတူထား သည့်အချက်များ ပါဝင်နေသည်။

7 Day Daily

 
 ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ် သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင်ခေါ် ကိုပါကြီးကို စစ်တပ်က မွန်ပြည်နယ်မှာ ဖမ်းဆီးခဲ့ပြီး နောက် လက်နက်လုယူ ထွက်ပြေးတာကြောင့်  အသေ ပစ်ခတ် ဆုံးသွားတဲ့ အပေါ် ကိုပါကြီးနဲ့ ရင်းနှီး သူတွေက တုန့်ပြန်ချက်တွေ တုန့်ပြန် ပြောဆို ထားပါတယ်။ ကိုညဏ်ဝင်းအောင်က စုစည်း တင်ပြ ထားပါ တယ်။

မြန်မာ့တပ်မတော်က ပစ်သတ်လိုက်တာကြောင့် သေဆုံးသွားတဲ့ ကိုပါကြီးနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက် ဓါတ်ပုံတခုထဲမှာ ကိုပါကြီးဘေးနား ထိုင်နေသူ ဂျပန်နိုင်ငံက ဦးကိုကိုအောင်ကတော့ ဒီဓါတ်ပုံဟာ  ထိုင်းမြန်မာ နယ်စပ်နား မြန်မာပြည်ထဲ ၂၀၁၀ ၀န်းကျင်မှာ ရိုက်ခဲ့တဲ့ ပုံဖြစ်ပေမယ့် ကိုပါကြီးဟာ အဲဒီ့အချိန်ထဲက ဓါတ်ပုံ သတင်းထောက် လုပ်နေသူလို့ ဆိုပါတယ်။

"အဲ့ဒီ့အချိန်က ၂၀၁၀ခုနှစ်မှာပါ ဓာတ်ပုံက၊ ပါကြီးဟာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုရဲ့ ဘာတာဝန်၊ ညာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တယောက်လည်း မဟုတ်ဘူး။ သူက ကျနော်တို့နဲ့ အတူ လိုက်လာတယ်။ သူက အဲ့ဒီ့အချိန်ကတည်းက ဓာတ်ပုံ သတင်းထောက်ကို စပြီး လုပ်နေပြီဗျ။ ကျနော်တို့က တတ်နိုင်သလောက် ပံ့ပိုး ကူညီပေးတယ်။ ဆိုတဲ့သဘောက ကင်မရာတွေ၊ ဘာတွေ ပံ့ပိုးပေးတယ်။ သူက ဓာတ်ပုံ သတင်းထောက် လုပ်တယ်။ ဝါသနာပါတယ်။ အဲ့ဒီ့အဆင့်ပဲ ရှိပါတယ်။ အဲ့ဒီ့အချိန်တုန်းက ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်နယ်စပ်ထဲမှာပါ။ နောက်တချက် တရားဥပဒေအရကတော့ ပြည့်ပြည့်စုံစုံ ဖြစ်အောင် ကျနော်တို့ စောင့်နေပါတယ်။ ဥပမာ အဖွဲ့အစည်းတခုကနေပြီးပဲ တဖက်သတ်သတင်းထုတ်ပြန်ထားတဲ့ ကိစ္စအပေါ်မှာတော့ အပြည့်အဝ လက်ခံဖို့ဆိုတာက အချိန်စောသေးတယ် လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးချင်ပါတယ်။
ကိုပါကြီးနဲ့ ငယ်သူငယ်ချင်းလည်းဖြစ် သတင်းလုပ်ငန်းတွေ ဆက်သွယ်ဆောင် ရွက်ခဲ့သူ ၀ါရှင်တန်ဒီစီ အခြေစိုက် ကိုဇော်ဝင်းကတော့ ခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

" ကျနော်မြင်တာကတော့ ကိုပါကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တယောက်ပဲ။ သူဟာ ဘယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်မှလည်း မဟုတ်ဘူး။ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘူး။ သူဟာ အလွတ် သတင်းထောက် တစ်ယောက်အနေနဲ့ သတင်းသွားယူနေရင်း အစိုးရက ကိုပါကြီးကို လက်လွတ်စပယ် ပစ်သတ်လိုက်တဲ့ဟာက တိုင်းပြည်မှာ ဥပဒေမဲ့နေတယ်။ စစ်တပ်က ထင်ရာစိုင်းပြီး လုပ်နေတယ်လို့ ကျနော်မြင်တယ်။

အလွတ် သတင်းထောက် တယောက်ကို ဒီလိုမျိုးပစ်သတ်တာက မဖြစ်သင့်ဘူး။ သတင်းလောက အတွက်လည်း ဆုံးရှုံးမှုပဲ၊ ကျနော်တို့ တိုင်းပြည်အတွက်လည်း ဆုံးရှုံးမှုပဲ။ ဦးသိန်းစိန်တို့ပြောနေတာက တပ်မတော်က တဖြေးဖြေးချင်း နိုင်ငံအာဏာ ယူထားတာတွေကို နောက်ဆုတ်နေတယ်။ လူထု အခန်းကဏ္ဍကို ချဲ့ထွင်နေတယ် ဆိုတဲ့ ဒီလိုမျိုး ကာလမှာ အခုလိုမျိုး သတင်းထောက် တစ်ယောက်၊ အလွတ်သတင်းထောက်တစ်ယောက်ကို စစ်မြေပြင်မှာ ဖမ်းဆီးတယ်။ ပစ်ခတ်တယ်။ သတ်ဖြတ်တယ်ဆိုတာက အင်မတန်မှ အရုပ်ဆိုးပါတယ်။"

ABSDF ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာနိုင်အောင် ကတော့ ကိုပါကြီး အသတ်ခံရတဲ့ ကိစ္စဟာ တရား ဥပဒေကြောင်းအရ ညီညွတ်မှု မရှိဘူးလို့ ဝေဖန်ပြောဆိုပါတယ်။

" ဒီဖြစ်စဉ်မှာကြည့်လို့ရှိရင် သံသယဖြစ်ဖွယ် ရှိတယ်ပေါ့နော်။ ဆိုတော့ အခုဆိုလို့ရှိရင် သတင်းထုတ်တဲ့အချိန်က ကျနော်ထင်တယ်။ စပြီးပျောက် တယ်လို့သိတဲ့အချိန်နဲ့ နှစ်ပတ် လောက်ရှိပြီထင်တယ်။ ဒီကြားထဲမှာ လည်း သက်ဆိုင်ရာတွေ၊ သူငယ်ချင်းတွေ သတင်းထောက်တွေ လိုက်မေးကြတာတွေရှိတယ်။ နောက်ြ့ပီး သူ့အမျိုးသမီး မသန္တာလိုက်မေးတာလည်း ရှိတယ်။ အဲ့ဒီ့အချိန်မှာ ဟိုမှာလိုလို ဒီမှာလိုလို ပေါ့ တိတိကျကျ မပြောတာ ရှိတယ်ပေါ့။ အဲ့မှာကတည်းက သံသယဖြစ်စရာ တခုရှိတယ်။

ပြီးတော့ တခုက သူတို့ထုတ်ပြန်ချက်အရဆိုလို့ရှိရင် တိုက်ပွဲထဲမှာ မိတာတို့၊ အမှန်မှန်တော့ ကျနော်တို့ သိသလောက်ဆိုရင် တိုက်ပွဲထဲမှာလည်း မိတာလည်း မဟုတ်ဘူး။ ကျိုက်မရော ကို ဆိုင်ကယ်နဲ့ ပြန်တက်တဲ့အချိန်မှာ ဖမ်းလိုက်တာ။ နောက် သတင်းပေးပဲ ဖြစ်ဖြစ် သူပုန်ပဲဖြစ်ဖြစ် တရားမျှမျတတ လုပ်ရမှာရှိတယ်။

ကျနော်တို့အနေနဲ့ပြောချင်တာက ဒီကိစ္စမှာသံသယဖြစ်ဖွယ်ရာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်နေတဲ့ အချိန်မျိုးမှာ ဒီလိုမျိုး ဖမ်းဆီးတဲ့နည်းတွေ၊ အပြစ်ပေးအရေးယူတဲ့နည်းတွေ ရှိနေတယ် ဆိုတာ မကောင်းဘူးလို့ထင်တယ်။ အဲ့တာကြောင့်မို့လို့ ကာယကံရှင် မိသားစုတွေ လက်ခံနိုင်တဲ့ တရားမျှတတဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့ပြီးတော့မှ အဖြစ်မှန်ကို ပေါ်ပေါက်အောင် အဲ့ဒီ့ကိစ္စကိုလည်း အစိုးရကနေ ပြီးတော့ လုပ်ပေးစေချင်တယ်။ စစ်တပ်ကလည်း ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်ခင်ဗျ။

အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အပေါ်မှာ တုန့်ပြန်ချက်တွေကို ကိုညဏ်ဝင်းအောင်က စုစည်းတင်ပြသွားတာပါ။

ဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2495321.html

မြန်မာနိုင်ငံမှာ စစ်ကျွန်ပညာဆန့်ကျင်ရေးနဲ့ စစ်အုပ်ချုပ်ရေး အလိုမရှိ ဆိုတဲ့ လှုပ်ရှားမှုတွေကို တိုင်းနဲ့ပြည်နယ် ဒေသအနှံ့အပြားမှာ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ Anonymous-Burma အမည်မသိ မျက်နှာဖုံးစွပ် လူငယ်များအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

သူတို့အဖွဲ့ဟာ အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းမှာ မျက်နှာဖုံးတွေစွပ်ပြီး ဆန္ဒပြခဲ့ကြတာပါ။ သူတို့ ဘာကြောင့် မျက်နှာဖုံးတွေစွပ်ပြီး ဆန္ဒပြတောင်းဆိုကြသလဲ၊ ဆန္ဒပြပြီးနောက်ပိုင်း အခြေအနေတွေကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုအဖြစ် ဆန္ဒပြခွင့်ကို ဥပဒေအကြောင်းအရ တရားဝင် ခွင့်ပြုထားချိန်မှာ မျက်နှာဖုံးစွပ် ဆန္ဒပြ လူငယ်တချို့ဟာ စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေး အလိုမရှိ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာအနီး ယာဉ်သွားလမ်းမပေါ်မှာ ရုတ်တရက် ဆန္ဒပြခဲ့ကြတာပါ။ သူတို့ဟာ ဆန္ဒပြဖို့ ခွင့်ပြုချက်မယူခဲ့ဘဲ မျက်နှာဖုံးစွပ်ပြီး ပြခဲ့တာဖြစ်ကြောင်း ဆန္ဒပြခဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“မျက်နှာဖုံးတပ်ရခြင်း အကြောင်းရင်းကို ပြောမယ်ဆိုရင် ကျနော်တို့ Anonymous ဆိုပြီးတော့မှ နာမည်ခံထားတာပေါ့နော်။ ဒါက အမည်မသိတဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှု၊ အဲ့လိုမျိုး ဘာကြောင့် နာမည်ခံထားသလဲဆိုရင် အခု ဦးသိန်းစိန်အစိုးရပေါ့နော် အဲ့ဒါကိုလည်း ကျနော်တို့က လုံးဝ သဘောမကျဘူး။ လက်ရှိ အခြေအနေကိုလည်း ကျနော်တို့ လက်မခံနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒီအစိုးရကိုလည်း ကျနော်တို့ မယုံဘူး။ ကျနော်တို့က စစ်အစိုးရလို့ပဲ ပြောချင်တယ်။ ဒီမျက်နှာဖုံးတွေ တပ်ထားရတာကလည်း ကျနော်တို့ရဲ့ လုံခြုံရေးအရဖြစ်တယ်။ နောက်တခုက ကျနော်တို့ လှုပ်ရှားမှု တခုခု လုပ်ပြီဆိုလို့ရှိရင် အမြတ်ထုတ်ပြီးတော့ နိုင်ငံရေးမှာ ဦးစီးဦးဆောင် လုပ်လာမှာကို ကျနော်တို့ မကြိုက်ဘူး။ မကြိုက်တဲ့အတွက် ကျနော်တို့က မျက်နှာဖုံးတွေ တပ်ထားပြီးတော့မှ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းမှ မဟုတ်ဘူးဆိုပြီးတော့ ကျနော်တို့က လှုပ်ရှားတာ ဖြစ်ပါတယ်။”

မေး။ ။ ဆန္ဒပြတဲ့အခါမှာ မီးရှို့ပြီး ဆန္ဒပြတာမျိုးကျတော့ရော ဘာကြောင့်လုပ်တာပါလဲ။

ဖြေ။ ။ “အဓိက မီးရှို့တယ်ဆိုတာ ကျနော်တို့က လူထုကို ထိတ်လန့်စေဖို့လည်း မဟုတ်ဘူး။ တချို့တချို့ပြောနေတာရှိတယ်။ ကျနော်တို့က လူထုကို ထိတ်လန့်စေတယ်၊ ဒါ အကြမ်းဖက်တယ်လို့ ပြောတယ်။ မီးရှို့တယ်ဆိုတာ ကျနော်တို့က အိမ်တွေကို မီးရှို့တာမဟုတ်ဘူး။ သပိတ်စခန်းတွေကိုလည်း ကျနော်တို့က မီးရှို့နေတဲ့သူတွေ မဟုတ်ဘူး။ ကျနော်တို့ မီးရှို့တာက ဒီလွှတ်တော်ပုံပါတဲ့ ပိုစတာကို ကျနော်တို့က စစ်လွှတ်တော်လို့ ရေးထားတယ်။ Burmese Military Parliament ဆိုပြီးတော့ ကျနော်တို့ ရေးထားတယ်။ အဲ့ဒီရေးထားတဲ့ ပိုစတာကိုပဲ ကျနော်တို့က မီးရှို့တာ။”

Anonymous-Burma အဖွဲ့ဝင်တွေထဲမှာ ကျောင်းသား၊ အလုပ်သမားနဲ့ တောင်သူလယ်သမား စတဲ့ လူတန်းစားပေါင်းစုံက လူငယ်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ သူတို့အဖွဲ့အနေနဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရနဲ့ လွှတ်တော်ကို အယုံအကြည် မရှိတာကြောင့် မကြာသေးခင်က ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ စစ်ကျွန်ပညာရေးစနစ်အဖြစ်ပဲ ခံယူထားပြီး ဒီဥပဒေ ဖျက်သိမ်းရေးအတွက်လည်း တိုင်းနဲ့ပြည်နယ် ဒေသအနှံ့အပြားမှာ လှုပ်ရှားသွားမယ်လို့ Anonymous-Burma အဖွဲ့ဝင်က ပြောပါတယ်။

“ကျနော်တို့ကို တစုံတရာ ဘယ်သူကမှ ကြိုးကိုင်ခွင့်မရှိဘူး။ ကျနော်တို့ မိမိပတ်ဝန်းကျင် ကောင်းဖို့အတွက် အမှန်တရားအတွက်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်ဖို့ ဖြစ်လာတဲ့ ဒီလူငယ်အင်အားစုဖြစ်တယ်။ တစုံတရာ အင်အားရှိလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ကျနော်တို့ အနယ်နယ် အရပ်ရပ်မှာလည်း ကျနော်တို့ Cells တွေရှိပြီးသား။ အဲ့ဒီလူငယ်တွေကလည်း ကျနော်တို့ လှုပ်ရှားမှု ပုံသဏ္ဍာန်နဲ့တူတဲ့ လှုပ်ရှားမှုမျိုးကို လုပ်လိမ့်မယ်။ တစုံတရာတော့ အောင်မြင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဘယ်လောက်ထိလဲဆိုတာကိုတော့ ကျနော်တို့ ရှေ့ကို မျှော်မှန်းပြီး ပြောလို့မရဘူး။ အဲ့ဒီကျနော်တို့ မြေနီကုန်းမှာ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုဟာဆိုရင် တော်တော်လေးကို ပျံ့နှံ့နေတယ်။ အဓိက ကျနော်တို့ သတိပေးချင်တာကတော့ လက်ရှိ နိုင်ငံရေးလှုပ်ရှားနေတဲ့ နိုင်ငံရေးအင်အားစုတွေရယ်၊ အစိုးရရယ်ကို ကျနော်တို့က တွန်းအားပေးချင်တာ အဓိကကပါပဲ။”

လက်ရှိမှာတော့ ဆန္ဒပြပွဲမှာ ပါဝင်သူတချို့ကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့က စတင်စုံစမ်းနေပြီး၊ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူဖို့ ကြိုးစားနေတယ်လို့ သူတို့ကြားသိထားကြောင်းလည်း ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပထမဆုံးအကြိမ် ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဗဟိုချုပ်ကိုင်မှု ကြီးစိုးထားပြီး လွတ်လပ်တဲ့ ပညာသင်ကြားရေးစနစ် မရှိဘူးဆိုပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း ဆန့်ကျင်ကန့်ကွက်ထားပါတယ်။
VOA
http://burmese.voanews.com/content/anonymous-burma/2493161.html

ကိုပါကြီးကွယ်လွန်သည့်ကိစ္စနေပြည်တော်မှ သတင်းထုတ်ပြန်ချက်

မနက်ဖြန် ရန်ကုန်========= မနက်ဖြန် ညနေ လေးနာရီ ( အောက်တိုဘာ ၂၆ ရက်၊ ညနေ လေးနာရီ ) ဆူးလေဘုရား အနီး မြို့တော်ခန်းမအရှေ့ လူငယ်အဖွဲ့အစည်းများနဲ့ မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ စုပေါင်း ကျင်းပတောင်းဆိုမယ့် လူထု မေးခွန်းထုတ်ပြန်ခြင်း အခမ်းအနားတရပ် ကျင်းပ ပါမယ်။

အားလုံး ပါဝင် ပူးပေါင်းနိုင်ဖို့ နိုးဆော်ပါတယ်။ ယခု ပို့စ်ကိုလည်း အမြန်ဆုံး ဖြန့်ဝေပေးစေချင်ပါတယ်။

ကျနော်တို့ အားလုံး တောင်းဆိုမယ့် အဓိက အချက် နှစ်ခုက -
(၁) ကိုပါကြီး ရဲ့ ရုပ်အလောင်းကို အများပြည်သူသို့ ထုတ်ပြန်ပြသပေးရေး။
(၂) ကိုပါကြီး သေဆုံးမှုကို နိုင်ငံတကာ ဆေးမှုခင်း အဖွဲ့၊ ပြည်တွင်းက လူမှုအဖွဲ့အစည်း ကျွမ်းကျင်သူများ အကူအညီနဲ့ စနစ်တကျ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးခွင့် ရရှိရေးဖြစ်ပါတယ်။

ဆက်လက်ပြီး အောက်ပါမေးခွန်းများကို သက်ဆိုင်သူများ သို့ တရားဝင် အိတ်ဖွင့် ပေးစာအဖြစ် ဖေါ်ပြ မေးမြန်းမှာဖြစ်ပါတယ်။

(က) ဘယ်သူက ကိုပါကြီးကို ဘယ်ဥပဒေ နဲ့ ဘယ်နေ့က ဘယ်နေရာမှာ ဘယ်လို အမိန့်အာဏာကို အသုံးပြုပြီး ဘယ်လို ဖမ်းသွားခဲ့သလဲ?

(ခ) လူတစ်ယောက်ကို ဖမ်းဆီးပြီး လျို့ဝှက်ထိမ်းသိမ်း တတ်တဲ့ ဖက်ဆစ်ခေတ် စစ်အာဏာရှင် ခေတ်က အတိုင်း ဘယ်သူက အမိန့်ပေးလို့ ဘယ်စစ်အရာရှိက ဘယ်တပ်စခန်း အချုပ်မှာ ဘယ်လို စစ်ကြောရေး အဖွဲ့တွေနဲ့ ဘယ်လောက် စစ်ကြောသလဲ၊

(ဂ) ရှေ့နေ တွေ့ခွင့် ပေးခဲ့ပါသလား။ သူ့ မိသားစုနဲ့ ဆက်သွယ်ခွင့် ပေးခဲ့ပါသလား။ ဥပဒေ အကြံဥာဏ်ပေးသူနဲ့ တွေ့ခွင့် ရခဲ့ပါသလား။

(ဃ) ဘယ်နေ့ထိ စစ်ကြောမေးမြန်းခဲ့တဲ့ ဘယ်အချုပ်စခန်းမှာ ဘယ်လို အနေအထားနဲ့ ချုပ်နှောင်ထားတုံး ကိုပါကြီးက ဘယ်လိုလုပ်ပြိး သေနက်ကိုင်ထားတဲ့ စစ်သားထံက သေနက်ကို ရယူ ထွက်ပြေးသွားနိုင်တာလဲ။

(င) ဘယ်လို လုံခြုံမှု အစီအမံနဲ့ အရပ်သား သတင်းထောက် တယောက်ကို ချုပ်နှောင်ထားသလဲ ဘယ်သူ့ အမိန့်နဲ့လဲ။

(စ) သူ ထွက်ပြေးသွားခဲ့တယ် ဆိုပါစေဦး ဘယ်သူ့ အမိန့်နဲ့ သူ့ကို ဘယ်တပ်က စစ်သည် ဘယ်နှဦးက ဘယ်ကျည်ဆံနဲ့ ဘယ်သေနက်ကိုသုံးပြီး သူ့ကို ဘယ်နေ့ရက်၊ ဘယ်နေရာမှာ ဘယ်လို အသေပစ်ခတ် ဖမ်းဆီးခဲ့ကြပါသလဲ။

(ဆ) ပစ်ခတ် ဖမ်းဆီးမိပြီးတော့ရော ကိုပါကြီးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး ၊တရားစီရင်ရေး အဖွဲ့တွေဆီ ချက်ချင်းတင်ပြပြီး သေမှုသေခင်း ဖွင့်ခဲ့ပါသလား။

(ဇ) ရုပ်အလောင်းကို သက်ဆိုင်ရာ မိသားစုနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ စစ်ဆေးပြီး မှတ်တမ်း ထိန်းသိမ်းမှုတွေ လုပ်ခဲ့ပါရဲ့လား။

(ည)ကျည်ဆံ ဘယ်နှချက်ထိသလဲ ။ ကိုယ်တွင်း ဒါဏ်ရာ ရှိမရှိ အသေအချာ အလိမ်အညာ မပါသည့် အထောက်အထား ဆေးစစ်ချက် မှတ်တမ်းတွေ ထုတ်ပြန်နိုင်ရဲ့လား။

စတဲ့ မေးခွန်းတွေ ကို တရားဝင် အိတ်ဖွင့် ပေးစာ အဖြစ် ဖေါ်ပြမေးမြန်းမှာဖြစ်ပါတယ်

ပြည်သူ့ဘက်တော်သား

နေမျိုးဇင်

ပြည်သူ အများအပြားရဲ့ ဆန္ဒက ၄၃၆ ကို ပြင်ဆင်ချင်တယ်လို့ ဆန္ဒပြုကြတယ်။ လက်မှတ်ထိုးကြတယ်။

.ပြည်သူက ရွေးချယ်ထားတာ မဟုတ်တဲ့ ... စစ်တပ်က တမတ်သားတွေက ... ၄၃၆ မပြင်လိုဘူးတဲ့။

. နောက်တစ်ခါ ...... “မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ကြိုးပမ်းနေတာ“ တို့ ... “ဒီမိုကရေစီ ခေတ်“ တို့ ဆိုတာတွေ မသုံးစမ်းပါနဲ့လား။

စစ်အာဏာရှင် စနစ်ဟာ ... စစ်အာဏာရှင် စနစ်ပဲ ဆိုတာ ဒီကိစ္စက သက်သေပြလိုက်တာပဲ မဟုတ်ပါလား။

(ကိုထိုက်)
၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးရင် ထောင်ချမယ် လို့ တပ်မိသားစုတွေကို ခြိမ်းခြောက်ခဲ့တဲ့ ညောင်ရွှေ ထပရ တပ်ရင်းမှူးလဲ လက်ရှိတာဝန်ထမ်းဆောင်နေဆဲပါဘဲ။

တပ်မတော် ဆိုတာ ဗိုလ်မှူးကျော်စွာဝင်း တို့လို တပ်မတော်အရာရှိတွေ မပါဘဲဖွဲ့စည်းထားတာလား?

ထောင်ချခံရမှာ ကြောက်လို့ လက်မှတ်မထိုးရဲတဲ့ တပ်မတော်သားတွေ အတွက် တပ်မတော်ဆိုတာ ကိုယ်စားပြုပါသလား?

ထောင်ကျမယ်မှန်း သိသိကြီးနဲ့ လက်မှတ်ထိုးခဲ့ကြတဲ့ တပ်မတော်သားတွေဟာ တပ်မတော် နဲ့ မည်သို့မှ မသက်ဆိုင်ဘူးလား?

သေချာတာကတော့ ၄၃၆ ကို မပြင်လိုတာ တပ်မတော် မဟုတ်ပါဘူးခင်ဗျာ။

တပ်မတော်ကို ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ ကိုယ်ကျိုးရှာ ဗိုလ်ချုပ်ကြီးများ ကသာ ၄၃၆ ကို ခါးခါးသီးသီးဖြစ်နေတာပါ။

မြန်မာပြည်ကြီးကို ခွစီး ထားတဲ့ စစ်အာဏာရှင် အသိုင်းအ၀ိုင်းကသာ ၄၃၆ ကို မပြင်လိုကြတာပါခင်ဗျာ။

Melvin Moe

အကြွေရယ် စောပေမယ့်
သေငယ်ဇောနဲ့ မျောနေမယ့် အဖြစ်ထက်တော့
ခံသာပါသေးတယ်လေ...

.......တောက်.........
တရားမဲ့ ခွေးမိစ္ဆာတွေကို
တွေးစိတ်က နာကျည်းရင်း
ဘေးချိတ်ထားတဲ့ ဥပဒေတွေက
ဘယ်သူ့အတွက်လဲလို့ မေးခွန်းထုတ်ပါရစေ..။

ဥပဒေမဲ့ ဖမ်းဆီးခြင်းနဲ့
ညှာတာမဲ့ နှိက်စက်ခြင်းအတွက်
ရင်းလိုက်ရတဲ့ တန်ဖိုးက
အဖြူရောင် အနာဂတ်တခုတည်း မဟုတ်ဘူး..
အပြစ်မဲ့ ပြည်သူလူထုရဲ့
မလုံခြုံတော့တဲ့ ရိုးသားမှုတွေ..
မတည်ငြိမ်တော့တဲ့ အနာဂတ်တွေ..
မအေးချမ်းတော့တဲ့ ဘ၀တွေ အတွက်
နိမိတ်ဖတ်ပေး နေသလို
တလောကလုံး
မျှတမှုကို ငံ့လင့်နေကြပြီ။

တပ်မတော်...
ဘာလဲ ? ဘယ်လဲ ?

ပြည်သူဘက်သား တပ်မတော်လား?
ပြည်သူ သတ်သမား တပ်မတော်လား?

ရွှေရောင် သမိုင်းကိုမှ
ကတ္တရာစေး သုတ်နေကြတဲ့
လူတစုရဲ့ လက်အောက်မှာ
စုတ်ပြတ်သတ်နေတဲ့ ဂုဏ်သိက္ခာကို
ပြည်သူ့သွေးနဲ့ ပုံဖော်ရေးလို့
မိန့်မိန့်ကြီး ထိုင်နေကြတဲ့
လူ့ပြိတ္တာ တွေကိုဖြင့်
အရှင်လတ်လတ်သာ လဒစာကျွေးလိုက်ချင်ရဲ့။

ကိုပါကြီးရေ...
ခင်ဗျားအတွက် ငရဲခန်းဖြစ်ခဲ့မှာတော့
မြေကြီးလက်ခတ်မလွဲမို့
သေတာကပဲ သက်သာပါတယ်ဗျာ...
မသနားလို့ မဟုတ်ပါဘူး..
ခွေးရူးကြားက ယုန်သူငယ်လို
လွတ်လမ်းမဲ့ နှိပ်စက်ခြင်းကို
မခံစားစေချင်လို့ပါ...။

အမွေးနှုတ်ထားတဲ့ ငှက်တကောင်က
ထပျံလို့ ပစ်ချသတဲ့ဗျာ...
ဆိုးချက်ဗျာ...
ခွေးပါးစပ်က မုသားမို့
လူအများ သိရှိထားပေမယ့်
ခင်ဗျားအတွက် အမှန်တရား
အစားပြန်မရသေးသရွေ့
ကျုပ်တို့တာဝန်မကျေသေးဘူး..။

မီဒီယာ သတင်းထောက်
ကျည်ဖောက်ပြီး သေရခြင်းကို
တလောကလုံး တိုင်တည်လို့
ခိုင်မြဲစွာ သစ္စာပြုပါရဲ့..
မုသားကြွယ်ပြီး ဖာကျတဲ့
လူသားအလယ်က မသာများကိုဖြင့်
သဂြိုဟ်လွတ် အစတုံးအောင်
ဝရဇိန်သုံး၍ ဖြိုခွင်းလိုက်စေချင်ပါရဲ့ လို့
ပြုသမျှကုသိုလ် အစုစု
ဤမြေထုကို သက်သေပြုရင်း
တောင်းဆိုပါရစေတော့..။

ကိုပါကြီးရေ..
အေးဆေးသာ နေပါဗျာ...
သေရွာက ထပြန်လာလို့ရရင်တောင်
စိတ်နာလို့များ ပြန်မလာပါနဲ့..
ခင်ဗျားပြုခဲ့တဲ့
ကောင်းမှုတွေကြောင့်
ကောင်းရာ သုဂတိလားပါစေဗျာ။

YaeTayZa
24 Oct 2014

ဗြိတိန် ၂ ဦးကို သတ်မှုနဲ့ ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးက သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲနဲ့ စကားပြန်က အတင်းဝန်ခံခိုင်းတာဖြစ်ပြီး ၀န်မခံရင် ဓာတ်ဆီလောင်းမီးရှို့ ခံရမယ်လို့ ခြိမ်းခြောက်ခံရတဲ့အကြောင်း ဒီကနေ့ မိဘတွေနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

သတင်းအပြည့်အစုံကိုတော့ ကော့စမွီမှာ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ခုလို သတင်းပေးပို့ထားပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/68769



တပ်မတော်က ဖမ်းဆီးပြီး ပျောက်ဆုံး နေတဲ့ တက်ကြွ လှုပ်ရှားသူ တဦးလည်းဖြစ် အလွတ် သတင်း ထောက်လည်း ဖြစ်တဲ့  ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး ဟာ အောက်တိုဘာလ ၄ရက်နေ့က ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ သေနတ်လု တာကြောင့် ပစ်ခတ်မူတွေ အတွင်း သေဆုံး သွားခဲ့ကြောင်း  သတင်း ထုတ်ပြန်ထားတဲ့ စာကို ကာကွယ်ရေး ၀န်ကြီးဌာန ကနေ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကို  ပေးပို့ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက်  မအေးမာက သတင်းပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် ဒီကေဘီအေ နဲ့ မြန်မာ စစ်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်းမှာ   အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးဟာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမူကို ခံခဲ့ရတာပါ ။ ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာတော့ သူဟာ ဒီကေဘီအေရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖြစ်ဖွဲ့ထားတဲ့  KKO   အဖွဲ့ ရဲ့ ပြန်ကြားရေး အဆင့် ရှိတဲ့ ဗိုလ်ကြီးအောင်နိုင် အဖြစ် ပြောဆို ထားပြီး အောက်တိုဘာလ ၄ရက်နေ့ညက အစောင့်တပ်သားတဦး ဆီကနေ သေနတ် လုဖို့ ကြိုးစားရင်း ပစ်ခတ်မူကြောင့် သေဆုံးသွားခဲ့တာ လို့ ရေးသားထားပါတယ် ။

ဒီလို အကြောင်းအချက်တွေပါတဲ့  ထုတ်ပြန်ချက်ကို တပ်မတော် က ပေးပို့ တာ ဖြစ်ကြောင်း ကိုတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က အတည်ပြုခဲ့ပြီး သတင်းသမားပဲဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့က ဗိုလ်ကြီးပဲဖြစ်ဖြစ် အခုလို သေဆုံးမူအတွက်က စိုရိမ်ပူပန်စရာဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ ၀င် ဦးဇော်သက်ထွေးက ဆိုပါတယ်။

" သတင်းတွေ ထွက်တော့ စာနယ်ဇင်းကောင်စီကို ပေးတာ ဒီပါဝလီနေ့မှာ ပို့တယ်လေ။ ပို့လိုက်တယ်ဆိုတာတော့ ကျနော် အတည်ပြုတယ်။ သူဟာ တကယ် သတင်းသမားတစ်ယောက်လား။ ဒါမှမဟုတ်ရင် KKO ရဲ့ ဗိုလ်ကြီးလား ဆိုတာကို နံပတ်တစ် Clear လုပ်ရမယ်။ သို့သော် ဗိုလ်ကြီးတစ်ယောက်ပဲ ဖြစ်ဖြစ် သတင်းသမား ပဲဖြစ်ဖြစ် တပ်မတော်က ဖမ်းဆီးပြီးတော့မှ အခုလိုဖြစ်တယ်ဆိုပြီး မိသားစုကိုလည်း အလောင်းမပေး၊ ဘာမပေးနဲ့ ဒီလိုလုပ်တဲ့အပေါ်မှာတော့ ကျနော့်အနေနဲ့ ဝေဖန်ထောက်ပြစရာတွေရှိတယ်။ ဒီဖြစ်စဉ်မျိုးဖြစ်လာရင် အနာဂတ် ဒီမိုကရေစီကို အာမခံမယ့် အချက်နဲ့ပတ်သက်ပြီး အများကြီး စိတ်ပူပန်စရာတွေ ရှိတယ်။"

ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်ရဲ့ မြဝတီဆက်ဆံရေးရုံး အရာရှိ ဗိုလ်ကြီး စိုးမြင့်ကတော့ သူတို့ဆီမှာ ပြန်ကြားရေးဌာန မရှိတဲ့အကြောင်းနဲ့ ကိုပါကြီးဟာ သူတို့တပ်ဖွဲ့ဝင် မဟုတ်ဘူးဆိုတာ ငြင်းဆိုပါတယ်။

" ကျနော်တို့ဆီမှာ ပြန်ကြားရေးဌာနဆိုတာ မဖွဲ့စည်းရသေးဘူး။ ကိုပါကြီးဆိုတဲ့ နံမည်၊ ကိုအောင်နိုင်ဆိုတဲ့နံမည်က ကျနော်တို့ဆီမှာလည်း မရှိဘူး။ အရာရှိရဲ့ စာရင်း ကျနော်တို့ဆီမှာလည်း မရှိဘူး။ ကျနော်တို့ဆီမှာ သတင်းလာယူတယ်။ မှတ်တမ်းလာယူတယ်။ သတင်းသမား၊ သတင်းထောက်တစ်ယောက်ပေါ့။ သတင်းနဲ့ပတ်သက်တဲ့ အချက်အလက်ကိုပဲ ယူဆောင်ခြင်း ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုပါကြီးကို စစ်သားလုပ်ဖို့အတွက် ဒီနေ့အထိ တခါမှ မပြောဖူးပါဘူး။"

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ  ဇနီးဖြစ်သူက ကိုပါကြီး ပျောက်ဆုံးနေမူ စစ်တပ်က ဖမ်းဆီးထားမှုတွေ အတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ အောက်တိုဘာလ ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာ မွန်ပြည်နယ် အခြေစိုက် ခလရ ၂၀၈ ကို သွားရောက် စုံစမ်းခဲ့တဲ့အခါ ဖမ်းဆီးတာကို အတည်ပြုပေမဲ့  မိသားစုနဲ့ တွေခွင့်မပေးဘူးလို့ ဇနီးဖြစ်သူက ဆိုပါတယ် ။

အခုလိုမျိုး သေဆုံးသွားပြီ ဆိုတာ သတင်း အတည်ပြုလိုက်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသူဟောင်းဖြစ်တဲ့ ဇနီးဖြစ်သူ မသန္တာက အခုလိုပြောပါတယ်။

"အရင်တုန်းကတော့ ကျမက မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ ကျမ တရားစွဲတယ်။ အခုကတော့ ကျမ လူသတ်မှုနဲ့ပါ တရားစွဲမယ်။ ကျမကတော့ အလောင်းပြန်တောင်း မယ်။ ဒဏ်ရာ ဒဏ်ချက် ဘယ်လောက်ရှိလဲ ဘာလဲ ကျမ စစ်ချင်တယ်။ တကယ်လို့ သူတို့က မရှိဘူး မီးသဂြိုလ်လိုက်ပြီ ဆိုရင်လည်း ကျမကို လိမ်ရင်လည်း ရတယ်။ ဒဏ်ရာ ဒဏ်ချက်မရှိလည်း ဖမ်းသွားတယ်။ သူတို့လက်ထဲမှာ သေတယ်ဆိုလည်း ဒါက ကျမ အစကတည်းက ပြောပြီးသားပဲ။ ဘယ်လိုပုံစံမျိုးပဲ ရရ၊ ရှင်လျက်ရရ၊ အသက်ရှင်လျက် ကျိုးကန်းနေလည်း ကျမ စွဲဦးမှာပဲ တရားက။ အခုသေတယ်ဆိုတော့ ကျမကတော့ တရားစွဲမှာပဲ။

တပ်မတော်က စာနယ်ဇင်းကောင်စီကိုပေးပို့ထားတဲ သတင်းထုတ်ပြန်ချက်မှာတော့  ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးရဲ့ အလောင်းကို မွန်ပြည်နယ်ရွေဝါချောင် နဲ့ ကီလိမီတာ ၈၀၀လောက် အကွာမှာမြေမြုပ် သဂြိုလ်ပြိးစီးခဲ့ကြောင်း ကို ရေးသားထားပြီး ထိုင်းစစ်ဌာနချုပ်အနေနဲ့ ဇနီးဖြစ်သူကို အသိပေးပြောကြား သွားမှာဖြစ်ကြောင်း နဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မူတွေပေး သွား မှာဖြစ်ကြောင်းတွေ ကိုရေးသားထားပါတယ်။

ကိုအောင်ကျော်နိုင် (ခ) ကိုပါကြိးဟာ ၁၉၈၈ခုနှစ်က အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲစည်းခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေထဲက တဦးဖြစ်ပြီး သုံးရောင်ခြယ်အဖွဲ့မှာ လည်း ပါဝင်သူဖြစ်ပါတယ်။ သူဟာ ဇနီးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ထိုင်းမြန်မာနယ်စပ်ကို သမီးဖြစ်သူနဲ့ တိမ်းရှောင်လာခဲ့တာပါ။

နောက်ပိုင်းမှာတော့  အလွတ်သတင်းထောက် အောင်ကြီးနံမည်နဲ့ နယ်စပ်က သတင်းဓါတ်ပုံများ ရိုက်ကူးပြီး ပြည်တွင်းသတင်း ဂျာနယ်တွေကို ပို့နေသူ တဦးဖြစ်ကြောင်း မိသားစုကပြောပါတယ်။ သတင်းသမားတွေကို အကာအကွယ်ပေးနေတဲ့ ကော်မတီဖြစ်တဲ့ CPJ ကတော့ အောက်တိုဘာလ ၂၂ရက်နေ့ နေစွဲနဲ့ ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီးကို ပြန်လွှတ်ပေးဖို့ မြန်မာ အစိုးရကို တောင်းဆိုထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/missing-freelance-reporter-killed-by-burmese-army/2494833.html