10/28/14


အောက်တိုဘာလ ၂၅ ရက် စနေနေ့က ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာကြီး ဦအောင်သင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ညနေက ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုလ်ခဲ့ပါတယ်။ ဆရာ ဦးအောင်သင်းရဲ့ ဈပနာအခမ်းနား အပြည့်အစုံကို RFA အဖွဲ့သား ကိုဂျေက တင်ပြထားပါတယ်။

RFA Burmese

ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရတယ်လို့ သတင်းထုတ်ပြန်ထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကိုဖော်ပြီး စစ်ဆေးမယ်ဆိုရင် မိသားစုဝင်မပါဘဲ အလောင်းဖော်ခြင်း မလုပ်ဖို့အတွက် မိသားစုက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့က မြို့မရဲစခန်းကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အမှုဖွင့်တိုင်ကြားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ ဇနီးဖြစ်သူက ဒီနေ့မှာပဲ မိသားစုမပါဝင်ဘဲ အလောင်းဖော်တာမျိုးကို မလုပ်ဖို့အတွက် ကျိုက်မရောရဲစခန်းက တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။ အလောင်းဖော်ဖို့ ကိစ္စတွေနဲ့ပတ်သက်လို့ ရဲစခန်းကနေ စီစဉ်နေတာကို သိရှိရတဲ့အကြောင်း ရဲစခန်းကတာဝန်ရှိသူ ဒုရဲအုပ်တဦးနဲ့ ဆက်သွယ်ပြောဆိုခဲ့တာတွေကို အခုလို ပြောပြပါတယ်။

“ကျိုက်မရောရဲစခန်းကို ချက်ခြင်းကန့်ကွက်တယ်ဆိုပြီး ကျမ ဖုန်းဆက်လိုက်တဲ့အခါကျတော့ သူ ပြောတယ်။ ကျိုက်မရော မြို့မရဲစခန်းက ဒုရဲအုပ် သိန်းစန်းဝင်းက ကျနော်တို့ တိုင်ပင်နေတုန်းရှိပါတယ်။ ကျနော်တို့ တိုင်ပင်နေတာပါတဲ့။ ကျမက ကန့်ကွက်တယ်နော်။ ကျမ မိသားစုဝင်မရှိဘဲ ဒီအလောင်းကိုဖော်တယ်ဆိုရင် ကျမ တရားစွဲမယ်။ အဲ့လိုမျိုးပြောထားတယ် ကျမက။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီးသွားပြီ။ တကယ်လို့များ သူတို့ ဖော်မယ်ဆိုရင် ရှင်တို့တာဝန် ရှင်တို့ယူရမယ်။ အဲ့လိုပြောလိုက်တယ်။”

ကျိုက်မရော မြို့မရဲစခန်းက ဒုရဲအုပ် သိန်းစန်းဝင်းကတော့ အလောင်းဖော်ဖို့ သက်ဆိုင်ရာတပ်နဲ့ တာဝန်ရှိသူတွေကို စာတင်ထားတဲ့အကြောင်းနဲ့ မိသားစုမပါဝင်ဘဲ အလောင်းဖော်မှာ မဟုတ်တဲ့အကြောင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းစဉ်မှာ အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ ဖော်ဖို့အတွက်ကို ကျနော်တို့က တရားသူကြီးဆီကို စာ တင်ရပါတယ်။ ပြီးတော့ အထက် ဌာနအဆင့်ဆင့်ကို ကျနော်တို့ စာတင်ရပါတယ်ခင်ဗျ။ အဲ့ဒီစာတင်ထားတာကို ကျနော်တို့က အလောင်းဖော်ဖို့အတွက် စာတင်ထားပါတယ်ဆိုတာပြီးတယ်။ ပြောကြားတာပဲရှိပါတယ်ခင်ဗျ။ နောက်ပြီးတော့ ကျနော်တို့က အလောင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ဒီအလောင်းကို ဖော်လို့ မရပါဘူး။ မသန္တာတို့ မိသားစုက ဟုတ်ကဲ့ ဖော်လို့ရပါပြီ၊ သူတို့ရဲ့ ရှေ့မှာတင်ပဲ ကျနော်တို့က ဖော်ပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ အမှန်တကယ် ကျနော်တို့ကတော့ အလောင်းကို ဖော်ဖို့အတွက် စာတွေတင်ထားတာကို စခန်းမှူးကနေ အလောင်းကို ဖော်ဖို့အတွက်ကို သက်ဆိုင်ရာ တရားသူကြီးပေါ့နော်၊ ပြီးတော့ သက်ဆိုင်ရာ ဆရာဝန်၊ ပြီးတော့ သက်ဆိုင်ရာတပ်နယ်ပေါ့နော် မြှုပ်ခဲ့တဲ့တပ်တွေကို ကျနော်တို့က အထက်အဆင့်ဆင့်ကို စာတွေ တင်ထားတာကို အလောင်းဖော်ဖို့ လုပ်နေပါပြီဆိုပြီးတော့ စခန်းမှူးက ပြောလိုက်တာခင်ဗျ။ ဒီကိစ္စက မသန္တာတို့ ခွင့်ပြုချက်နဲ့ မသန္တာတို့ မိသားစုရှေ့မှာပဲ အလောင်းကို ဖော်မှာပါလို့ နော်။”

ကျိုက်မရော ရဲစခန်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့တဲ့အခါမှာ အထက် အဖွဲ့အစည်းအမိန့်အရဆိုပြီး မနက်ပိုင်းမှာ အမှုဖွင့်ခွင့်မပေးပေမဲ့ ညနေပိုင်းမှာတော့ အမှုဖွင့်ခွင့် ပေးခဲ့တာပါ။ အမှုဖွင့်ချိန်မှာ သက်သေတွေနဲ့အတူ ဖွင့်ခဲ့တာဖြစ်တဲ့အကြောင်း မြို့ခံတဦးကတော့ အခုလို ပြောပါတယ်။

“အမှုဖွင့်ပြီးသွားပြီဆိုတော့ သူတို့က ဒါ အလောင်းပြန်ဖော်ရမယ့် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ရမှာပေါ့။ ဟိုမှာ ဒီနေ့တော့ မနေ့က မသန္တာတို့ စစ်ဆေးပါတယ်။ တခါတည်း စစ်ဆေးတာပေါ့ စစ်ဆေးပြီးတော့ ကျန်တဲ့သက်သေတွေကိုလည်း စစ်ပြီးသွားပြီပေါ့လေ။ သက်သေတွေနဲ့ ဒီအလောင်း တူးဖော်တဲ့အခါကျရင် မိသားစုကို ခေါ်ရမှာ။ အဲဒီမှာ သက်သေထဲမှာက ဘယ်သူတွေပါသလဲဆိုတော့ နိုင်စိုးမြင့်ပါတယ်။ နောက် ကိုအောင်ဖ ပါတယ်။ နောက်ပြီးတော့ နော်အုန်းလှပါတယ်။”

ကျိုက်မရောမြို့နယ် ရဲစခန်းက တာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းကိုင်ခြင်း မရှိပါဘူး။ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတုန်းကတော့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထောင်နဲ့ချီရှိတဲ့ နယ်ပယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေက အလွတ်သတင်းထောက် ကိုပါကြီးဖြစ်ရပ်နဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ တောင်းဆိုထားတာပါ။

ဇနီးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း မသန္တာကတော့ အရပ်ဘက်နဲ့ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးရဲ့တောင်းဆိုချက်တွေဟာ သူ့မိသားစုရဲ့ တောင်းဆိုချက်သာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကိုပါကြီးအလောင်းကို ပြန်လည်စစ်ဆေးတဲ့အခါမှာ မိသားစုပါဝင်ရမှာဖြစ်ပြီး အလောင်းကို ဖော်ပြီးတဲ့နောက်မှာတော့ ရန်ကုန်ကို ပြန်သယ်ဆောင်လာမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
VOA
http://burmese.voanews.com/content/journalist-ko-par-gyi/2497741.html



မျိုးဆက်သစ်လူငယ်များ တိုးတက်ကြစေရန်နှင့် ပညာရေးတန်ဖိုးထားရန် လူငယ်များအတွက် စာပေအများအပြား ရေးသားခဲ့သည့် တသက်တာ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးအောင်သင်း၏ ဈာပနအခမ်းအနားကို အောက်တိုဘာ (၂၇)ရက်နေ့က ပြုလုပ်ခဲ့ပြီး ညနေ (၄း၃၀) အချိန်တွင် ရေဝေးသုသာန်၌ ဂူသွင်းသဂြုင်္ိဟ်ခဲ့ကြောင်းသိရသည်။

ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ် ရှိပြီဖြစ်သည့် ဆရာကြီးဦးအောင်သင်းသည် လူငယ်များ ပြုပြင်ရန်၊ ပညာရေးတန်ဖိုးထားရန် နှင့် အနာဂတ်နိုင်ငံတော်ကို လူငယ်များ စွမ်းစွမ်းတမံဦးဆောင်နိုင်ရန် ရည်ရွယ်၍ စာပေအများအပြားရေးသားခဲ့ပြီး စာပေဟောပြောပွဲများလည်း နိုင်ငံအနှံ့ ပြုလုပ်ခဲ့သည်။

““သူ့ရဲ့ဦးတည်ချက်က လူငယ်တွေကိုပြုပြင်ဖို့၊ လူငယ်တွေကို ပညာရေးတိုးတက်ဖို့၊ အနာဂတ်နိုင်ငံတော်ကို လူငယ်တွေ စွမ်းစွမ်းတမံ ဦးဆောင်နိုင်ဖို့ အဲဒါတွေ တစိုက်မတ်မတ်ရေးခဲ့ပါတယ်။ ဆရာမရှိပေမယ့် ခေါင်းစဉ်တခု တွင်ကျန်ရစ်ခဲ့တယ်လို့ ပြောချင်ပါတယ်။ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်တချက်က ဆရာက စာပေဝေဖန်ရေးတွေလည်းရေးပါတယ်။ တချို့ဆို စာပေဝေဖန်ရေး လူကြမ်းမင်းသားလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဆရာ့ကို ဝေဖန်ရေးလူကြမ်းမင်းသားလို့ မပြောခဲ့ပါဘူး။ ဆရာက ဘယ်သူ့ကိုမှ အားမနာပ မဝေဖန်ခဲ့ဘူး။ မြန်မာစာပေ ပိုမိုတိုးတက်တောက်ပြောင်အောင် ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်ခင်လေးစား အားကျ အတုယူရတဲ့ ဆရာကြီးဦးအောင်သင်းကွယ်လွန်သွားတာ ကျွန်တော်တို့ စာရေးဆရာတွေအတွက် အထူးနှမြောတသတယ်။ စာဖတ်သူတွေ အတွက် ကြီးစွာသောဆုံးရှုံးမှုပါပဲ။ ဒီအတိုင်းပဲ နိုင်ငံသူနိုင်ငံသားတွေအတွက်လည်း ကြီးစွာသောဆုံးရှုံးမှုတခုပါပဲလို့ပြောချင်ပါတယ်””ဟု စာရေး ဆရာလယ်တွင်းသားစောချစ်က ပြောသည်။

အဆိုပါဈာပနအခမ်းအနားသို့ စာရေးဆရာကြီးများဖြစ်သည့် ဆရာလယ်တွင်းသားစောချစ်၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာ ဖေမြင့်၊ ဆရာချစ်ဦးညိုအပါအ၀င် စာပေလောကမှ ပုဂ်္ဂိုလ်များနှင့် ဆရာကြီး၏ပရိသတ်အများအပြားက လာရောက်ဂါရ၀ပြုခဲ့သည်။

ဆရာဦးအောင်သင်းသည် ယနေ့ခေတ် စာပေဟောပြောပွဲများကို အလွန်စိတ်ပျက်လျက်ရှိပြီး လူငယ်များအတွက် ““အောင်သင်း အထူးဟောပြောပွဲ””တရပ် ပြုလုပ်လိုသော်လည်း အောက်တိုဘာ (၂၅)ရက်နေ့က ကွယ်လွန်ခဲ့သည်။

သတင်း/ဓါတ်ပုံ-သူရမင်းဇော်.Aung Gyi Dvb
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဓာတ်ပုံ ..အံ့ဘွယ်ကျော်
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့လို အပ်ကြောင်း မြန်မာပြည်သူ ၅ သန်းက သူတို့ဆန္ဒတွေ ကို အထင်အရှားဖော်ထုတ်ပြသခဲ့ပြီးဖြစ်ပါတယ်၊ ဒါကြောင့် ပုဒ်မ ၄၃၆ ကိုမပြင်ဘူးဆိုရင် လူထုဆန္ဒကို ဥပက္ခာပြုတာဖြစ်တဲ့အတွက် မိမိတို့က လူထုလိုက်ပါနိုင် တဲ့ လှုပ်ရှားမှုတစ်ခုကို ဖော်ထုတ်မှာဖြစ်တယ်လို့ RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

"ကောင်းပြီ ၄၃၆ ကိုမပြင်ဘူးဆိုရင် ဖွဲ့စည်းပုံကို မပြင်ဘူးလို့ ပြောတာနဲ့အတူတူပဲဗျ၊ အဲ့ဒီတော့ ဗမာပြည်ရဲ့ ပြဿနာတွေကို မဖြေရှင်းကြတော့ ဘူးလားလို့ပဲ ကျနော်တို့က မေးရလိမ့်မယ်၊ အဲ့ဒီတော့ အင်အားသာလျှင် ပဓါနဝါဒ ကိုပြန်ရောက်တော့မှာလား၊ ဘာကိုမှ အဖြေ မရှာဘူးဆိုရင် ကျနော်တို့ အင်အားကိုစုပြီးတော့ အင်အားချင်းဆိုင်ကြဖို့ပဲ ရှိတော့တယ်၊ မပြင်လို့ မရဘူးဆိုတာကို ကျနော်တို့ အခိုင်အမာကို ပြောရလိမ့်မယ်၊ ကျော်သွားလို့မရဘူး၊ ငြင်းဆန်လို့မရဘူး"

ဒါ့အပြင် ကိုမင်းကိုနိုင်က ပြည်သူတွေလိုက်ပါနိုင်ရေးအတွက် ပထမဦးစွာ လူထုကိုအခြေအနေမှန်တွေသိအောင် မိမိတို့က ရှင်းလင်းပြောကြားရမှာဖြစ်တယ်၊ အဲ့ဒီနောက် လူထုရဲ့သဘောတူညီချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရယူပြီးလှုပ်ရှားမှုတွေကို အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

RFA

ဒေါ်အောင်ဆန်းစုကြည်က သူနှင့်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ် တော်ဥက္ကဌတို့ မျက်နှာစုံညီတွေ့ကာ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာရန် ဆိုင်ရာတို့အား တောင်းဆိုမှုမှာ ကာလအတန် ကြာအေးစက်နေ ခဲ့သည်။ အေးစက်သည် ဆိုမည်ထက် သမ္မတတို့ဘက်က နိုင်ငံရေး ပါတီ တစ်ခုတည်း သီးသန့်ကို မတွေ့ဆုံနိုင်ဟု အကြောင်းပြန်လိုက်ရာမှ ထိုတောင်းဆိုသံ သည် ဖွဲ့စည်းပုံပြင်ဆင်ရေး နိုင်ငံရေးလေထု ထဲတွင် ပျောက် ကွယ်လုနီးပါးဖြစ်နေခဲ့သည်။

လွတ်တော်မှာဖွဲ့စည်းထားသည့် အခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီက ၂၀၀၈ ဖွဲ့ စည်းပုံပါ သမ္မတဖြစ်ခွင့်များကို ကန့်သတ်ထား သည့် ပုဒ်မ ၅၉(စ) အား မပြင်ဆင်နိုင်ဟု အ ကြောင်းပြန်လိုက်သလို တစ်ဖက်မှာ လွန်ခဲ့ သည့် ငါးလဝန်းကျင်ခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့တို့ ပူးပေါင်းပြီး အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် အဓိက ပုဒ်မဖြစ်သော ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများမှာလည်း အရှိန်အဟုန် ကောင်း သလောက် လက်တွေ့သိသာ သည့် အကျိုးရလဒ် မတွေ့ရသေးချိန်မှာ အတိုက် အခံတို့ဘက်က လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးတောင်းဆိုသံဘက်သို့ ပြန် လည် ဦးတည်လာခြင်းဖြစ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ အကြပ်အတည်းထဲသို့ ရောက်နေပြီကို မည် သူမျှ မငြင်းနိုင်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပထမ ပိုင်းတွင် အထက်ဖော်ပြပါပုဒ်မ ၅၉(စ)ပြင် ရေးကို စတင်ဆော်ဩသည်။ အဆိုပါပုဒ်မ က သမ္မတဖြစ်ခွင့်အရည်အချင်းများကို ကန့် သတ်ပေးထားခြင်းဖြစ်ပြီး သိသာသည့်အ ချက်မှာ နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု ခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သူ ဒေါ်အောင်ဆန်းစု ကြည်အား အနာဂတ် တိုင်းပြည်၏ သမ္မတ ဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားခြင်းဖြစ်သည်။ ဒီ အချက်က ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီနည်းမကျခြင်းကို မီးထိုးပြသည်။

လူထုက ဒေါ်အောင်ဆန်းစုကြည်ကိုသာ အနာဂတ်တွင် သူတို့၏သမ္မတ အဖြစ် မြင်လိုနေကြသည်။ သို့သော် ဖွဲ့စည်းပုံပါဥပဒေ အရ ကန့်သတ်ထားရာ ထို အတားအဆီးကို ရှေးဦးစွာ ရိုက်ချိုးရမည်ဖြစ်သည်။ ထို့ကြောင့် ၅၉(စ)ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အင်နှင့်အားနှင့် လုပ်လာခြင်းဖြစ်သည်။ လှုပ်ရှားမှုအရှိန်မြင့်လာစဉ် ဆိုင်ရာတို့ ဘက်ကလည်း လွှတ်တော်တွင်းမှာ ဖွဲ့စည်း ပုံပြင်ဆင်ရေးအတွက် စည်းကြပ်ဆုံးဖြတ် မည့် ကော်မတီ တစ်ရပ်ကို လွှတ်တော်ကိုယ်စား လှယ်များနှင့် ဖွဲ့စည်းပေး လိုက်သည်။ ၎င်း ကော်မတီမှာ ပါဝင်သူအများစုမှာ ပြည်ခိုင်ဖြိုး ပါတီ မှ ရွေးကောက်ခံ ကိုယ်စားလှယ်အများစု ဖြစ်သည်။ ယခု ထိုကော်မတီ က ၅၉(စ) ပြင် ပေးလို့မဖြစ်ဟု ကြေငြာထားပြီးဖြစ်သည်။

၅၉(စ)လှုပ်ရှားမှုအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့က အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ တစ်ခုဖြစ် သည့် ၄၃၆ ကို ပြင်ဆင်ရေး လူထု ဟောပြောပွဲများလုပ်ခဲ့သည်။ အဆိုပါ ပုဒ်မ က ဖွဲ့စည်းပုံပြင်ဆင်ရန် အနည်းဆုံးရှိရမည် ထောက်ခံသူအရည်အတွက်ကို ကန့်သတ် သည်။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်နှင့်အထက်က သဘောတူမှ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မည်ဖြစ်သည်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့် စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ၏ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် အများစု လွှမ်းမိုးထားသည့် လွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင် ရန်ထောက်ခံသူ ၇၅ ရာခိုင်နှုန်းနှင့်အ ထက်ရဖို့ဆိုသည်မှာ မလွယ်ကူပါ။ အတိုက်အခံကိုယ်စားလှယ်အချို့နှင့် ပြည်ခိုင်ဖြိုးပါတီ က အားလုံးထောက်ခံဦး၊ ၇၅ ရာခိုင်နှုန်းပြည့် မီဖို့ အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး က ထောက်ခံမှဖြစ်မည်။ ဒါက လွယ်ကူသည့်ကိစ္စ မဟုတ်ပါ။

ထိုအနေအထားတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လူထုဆန္ဒဖြင့်ကိုင်လှုပ်ရန် ကြိုးစားလာခဲ့သည်။ သူတို့က ပုဒ်မ ၄၃၆ ပြင် ဆင်ရေးအတွက် လူထု၏ဆန္ဒသဘောထားကို ကောက်ခံသည်။ တစ်တိုင်းပြည် လုံး နေရာအနှံ့တွင် လက်မှတ် ရေးထိုး ဆန္ဒပြုမဏ္ဍပ်များဖွင့်ကာ လူထု လက်မှတ် ကို ရယူသည်။ စာရင်းချုပ်လိုက်သည့်အ ခါ စုစုပေါင်းလက်မှတ် ၃ သန်းကျော်ရသည် ဟု ခန့်မှန်းစာရင်းများက ဖော်ပြသည်။ ထို လက်မှတ်များကို လွှတ်တော်နှင့် အစိုးရအဖွဲ့ ထံပို့သည်။ သို့သော် ပြည်သူ့အသံ လွှတ်တော် အသံဖြစ်ရမည်ဟူသော လွတ်တော်ဘက်က တက်ကြွသည့် တုံပြန် အရေးယူမှု များ မတွေ့ ရ။

ယင်းအစား လွှတ်တော်မှာ ရွေးကောက်ပွဲ စနစ်ပြင်ဆင်ရေးအသံသာ ညံစီ လာခဲ့သည်။ စတင်အဆိုတင်သွင်းသူမှာ ၂၀၁၀ ရွေး ကောက်ပွဲမတိုင်မီ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ခွဲထွက်သွားသည့် အဖွဲ့ဝင်အချို့ တည် ထောင် သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သူစတင်ဖောက်ခွဲလိုက်သည့် ရွေးကောက်ပွဲ ပြင်ဆင်ရေး အဆိုပြုသံသည် လွှ တ်တော်မှာ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဗိုလ်ချုပ်ကြီးဟောင်း များ၏ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ ကလည်း ထောက်ခံမှုပြု ကြသလို လွှတ်တော် ကလည်း စိတ်ဝင်စားမှု ကိုပြသည်။ ထူးခြားချက်အဖြစ် တပ်မတော်သား ကိုယ်စားလှယ်အချို့ကမူ ကန့်ကွက် သည်။

ရွေးကောက်ပွဲစနစ်ပြင်ဆင်ရေးဆိုသည်မှာ လက်ရှိကျင့်သုံးနေသည့် နိုင်သူ အကုန်ယူ စနစ်အစား အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲ အသုံးပြုရန်ဖြစ် သည်။ ထိုသို့ပြု လုပ်ပါက လာမည့်ရွေးကောက်ပွဲများတွင် မည်သည့်နိုင်ငံရေး ပါတီမှ တောင်ပြိုကမ်းပြို အနိုင်ရသည်ဟူ၍ ရှိမည်မဟုတ်တော့ ။ ရွေး ကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီအ သီးသီးမှ ကိုယ်စားလှယ်လောင်းမျာသည် မိမိတို့ မဲရသည့်အရေအတွက်အလိုက် လွှတ် တော်မှာ အချိုးကျ နေရာရကြ မည်ဖြစ်သည်။ လိုလားသူများအဆိုအရ ထိုစနစ်သည် ပါတီ ငယ်လေးများကို မျှတသည့်အခွင့်အရေးပေး ပြီး နောင်တစ်ချိန် တစ်ပါတီကြီးစိုးသော နိုင်ငံ ရေး အနေအထားကို ဟန်ချက်ညှိပေးနိုင်မည် ဟုဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ ဝင် ဒီမိုကရေစီကိုယုံကြည်သော တိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေးအကဲခတ်များကမူ ထို သို့မရှုမြင်ပေ။ ဒါက လာမည့် ၂၀၁၅ ရွေး ကောက်ပွဲသာ တကယ်တမ်း လွတ်လပ်တရား မျှတစွာ ကျင်းပပါက တိုင်းရင်းသားနယ်များမှ အပ တစ်တိုင်းပြည်လုံးတွင် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်က အနိုင်ရမည့်အခြေအနေကို အကဲခတ်မိထား၍ဖြစ်သည်။ ထိုသို့သာ ရ လဒ်ဖြစ်ပါက လက်ရှိစနစ်အရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ က လွှတ်တော်မှာ နေရာအများစုရမည်ဖြစ် ပြီး အစိုးရ ဖွဲ့နိုင်မည့် အခြေအနေမှာပင် ရှိနေ သည်။

ထိုအခါ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရန် ဖွဲ့စည်းပုံအား လမ်းဖွင့်ပေးနိုင် မည့် အစီအစဉ်များလည်းပူးတွဲပါလာမည်။ ဖွဲ့စည်းပုံပြင် လိုက် မည်ဆိုပါက ဒီမိုကရေစီနှင့် နှုန်းစံထိုး၍ မရသည့် ရွေးကောက်ပွဲ မဝင်ပါဘဲ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းက လွှတ်တော်မှာ ဖွဲ့စည်းပုံ စည်းမျဉ်းအရ နေရာရနေခြင်းကိုလည်း ထိခိုက်ဖွယ်ရှိသည်။ တပ်မတော် က နိုင်ငံရေးတွင် သူတို့၏ပါဝင်မှု ကို ကန့်သတ်ခြင်းရှိလာလျှင် တုံ့ပြန်မှုတွေ မ ပြုလုပ်ဘူး ဟု အာမခံမည့်သူမရှိ။ ဒီ့အပြင် ထူးထူးခြားခြား နစ်နာမည်မှာ အရပ်ဝတ်ဖြင့် အာဏာနိုင်ငံရေးမှာ အမြဲတမ်းစင်ပေါ်မှာနေ လိုသည့် ဗိုလ်ချုပ်ကြီး များ၏ ပြည်ခိုင်ဖြိုးပါတီ က ရွေးကောက်ပွဲစစ်မြေပြင်မှာ အရေးမလှ ဖြစ်သွားဖွယ်ရာ ရှိနေခြင်းဖြစ်သည်။ ဒါကို လက်ရှိအစိုးရရော၊ ပါတီ ကပါ နှစ်သက်မည် မဟုတ်ပါ။

သို့ဖြစ်ရာ ရွေးကောက်ပွဲစနစ်ကို အပြောင်း အလဲလုပ်ခြင်းဖြင့် လက်ရှိ အာရုံ စိုက်နေသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အရှိန်ကို ဟန့်တား ထားနိုင်သလို ရေရှည်အတွက်လည်း အာ ဏာနှင့် ကိုယ်ကျိုး စီးပွားကို မလွတ်တမ်းဆုပ် ကိုင်လိုသူများအတွက် ရွှေလမ်းငွေလမ်း ခင်း ပေးရာ လည်းရောက်သည်။ အကျဉ်းချုပ်ရ လျှင် အတိုက်အခံ နိုင်ငံရေး အင်အားစုများ က ပြင်ဆင်လိုသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အစိုးရနှင့် လွှတ်တော် က ငြင်း ဆန်လိုသည်။ ပြီးတော့ အတိုက်အခံအင်အားစုတွေ နှစ်မြို့ လိုလားခြင်းမရှိသည့် ပီအာရ်ရေးကောက်ပွဲ စနစ်ကို အစိုးရနှင့်လွှတ်တော်က အတည်ပြု ဖို့ ကြိုးစား သည်။ ဤတွင် မြန်မာနိုင်ငံရေး အကြပ်အတည်း စတင်သည်။

ထိုအကြပ်အတည်းကို ထပ်၍ မီးထိုးပေး လိုက်သည်မှာ ယခုလဆန်းပိုင်းက တိုင်းပြည် သို့ အစီရင်ခံသော သမ္မတဦးသိန်းစိန်၏ လ ပတ်မိန့်ခွန်းတွင် သမ္မတ က တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတို့အကြား အ ပစ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးမှု များ ကြန့်ကြာနေခြင်းက လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကိုလည်း ထိခိုက်နိုင်မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။ ခြိမ်းခြောက်သံ စွက်သော သမ္မတမိန့်ခွန်းက ဝေဖန်မှုတွေ ကို ဖြစ်ပေါ်စေ ခဲ့သည်။ မည်သို့ဖြစ်စေ ရှေ့ဆက် ရမည့် နိုင်ငံရေးခရီးမှာ မရေရာမှုတွေ၊ ကြမ်း တမ်းခက်ထရော်မှုတွေ၊ လှည့်ဖျားလိမ်လည် မှုတွေ ပြည့်နေမည့် လမ်းဖြစ်ဖို့ များသည်။

၎င်းအနေအထားအောက်တွင် ယခုအခါ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆိုသည့် အချက်ကို နိုင်ငံရေးအင်အား စုတွေကြားမှာ ပြန်၍ ဦးလည့် လာခြင်းဖြစ်သည်။ စက်တင် ဘာလကထုတ်ပြန်သည့် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်၏ ပါတီတည်ထောင်ခြင်း နှစ် ပတ်လည်အခမ်းအနား ထုတ်ပြန်ကြေငြာ ချက်မှာလည်း လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ရေးကို ဆက်လက်တောင်းဆို ထား သည်ကို တွေ့ရသည်။ အမှန်တကယ်လည်း မြန်မာ့နိုင်ငံရေး အကြပ် အတည်း ကို ဖြေရှင်းရန် လေး ပွင့်ဆိုင်တွေ့ဆုံရေး သို့မဟုတ် ထို့ထက်ပို သော အင်အားစုများ မျက်နှာချင်ဆိုင်ရေးက မှန်ကန်သည့် လမ်းတစ်ခုဖြစ်မည်။

အထူးသဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး အပေါ် ဒေါ်စု၊ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် နှင့် လွှတ်တော်ဥက္ကဌများ၏ အဆုံးအဖြတ် က အခရာကျနေသည်။ သူတို့လေးဦး တွေ့ ဆုံခြင်းသည်မှာ ရှေ့မှာရှိနေသည့် နိုင်ငံရေး အတား အဆီးများ၊ ကလိန်ကျမှုများမှ ပြေ လည်ရာပြေလည်ကြောင်း နည်းလမ်းကောင်း တစ်ခုကို ရှာတွေ့ဖွယ်ရှိသည်။ သူတို့လေးဦး တွေ့ဆုံးခြင်းရလဒ်က လက်ရှိ လိပ်ခဲတည်း လဲ နိုင်ငံရေးအကြပ်အတည်းကြောင့် မမျှော် မှန်းနိုင်သည့် ထိခိုက် နာကျင်မှုများကို ဟန့် တားနိုင်လိမ့်မည်။ ထို့ကြောင့် တွေ့ကြပါ။ လေးပွင့်ဆိုင် အတွက် အချိန်က နောက်မကျသေးပါ။ သို့သော် တိုင်းပြည် အတွက် စေတနာကောင်းတွေ ကိုတော့ စားပွဲဝိုင်းဆီ အားလုံးက သယ်လာခဲ့ဖို့ လိုမည်။

ဝင်းဇော်လတ်
The Ladies News Journal

Photo,,.. kya soe min
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ မန္တလေးမြို့ခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူ ဦးရေ ၃၀၀ လောက် စုပေါင်းပြီး မန္တလေးမြို့ ၂၆ လမ်းပေါ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

နိုင်ငံသားတွေ တရားဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေ ထပ်မံမဖြစ်ပွားစေဖို့ ခုလိုဆန္ဒပြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မေတ္တာကမ်ပိန်းအဖွဲ့ဝင် ဦးညီညီကျော်က ပြောပါတယ်။

"အဓိကကတော့ ပြည်သူတွေ မတရားနှိပ်စက်ခံနေရတာတွေ၊ တိုင်းသူပြည်သားအပေါ်မှာ အနိုင်ကျင့်ခံရတာတွေနဲ့ ပတ်သက်ပြီးတော့ ဒီအဓမ္မအမှုတွေအတွက် ဆန္ဒဖော်ထုတ်ကြတာပဲ၊ ကျနော်တို့ ကိုပါကြီး တစ်ယောက်ထဲကိုတော့ မရည်ရွယ်ပေမဲ့ ကိုပါကြီး အပါအဝင် အားလုံးကြုံတွေ့နေရတဲ့ ကျနော်တို့ရဲ့ မလုံခြုံမှု၊ တရားဥပဒေရဲ့ အနိုင်ကျင့်မှုဒုက္ခ၊ အဓမ္မပြုကျင့်ခံနေရတဲ့ နိုင်ငံသားတို့ရဲ့ဒုက္ခကို အဓိကရည်ရွယ်ပြီး ကျနော်တို့ဖော်ထုတ်တာပါ"

ကိုပါကြီး သေဆုံးမှုကို အမှုမှန်ဖေါ်ထုတ်ပေးဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်က စုပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ကိုပါကြီးရဲ့ဇနီးဖြစ်သူ မသန္တာက ခင်ပွန်းဖြစ်သူ အလောင်းကို မိသားစုဝင်မပါဘဲ ဖော်ထုတ်တာမျိုး မပြုလုပ်ဖို့ ဒီကနေ့ ကျိုက်မရောမြို့မ ရဲစခန်းကို အကြောင်းကြားခဲ့ရာမှာ ရဲစခန်းက ဇနီးဖြစ်သူနဲ့အတူတူ အလောင်းကိုဖေါ်ထုတ်မယ်လို့ပြောကြောင်း သေဆုံးသူ ကိုပါကြီးရဲ့ ဇနီးမသန္တာက RFA ကို ပြောပါတယ်။

RFA


ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်မပါဘဲနဲ့ ပြည်သူတွေရဲ့ ဆန္ဒရှင်းရှင်းလင်းလင်းမပါပဲနဲ့ ရွေးကောက်ပွဲစနစ်ကို မပြောင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေကြတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကို ဒီနေ့ သွားရောက်လေ့လာကြတဲ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်က အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ ပီအာစနစ်ရှစ်မျိုးနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ရွေးကောက်ပွဲစနစ် ရွေးချယ်တဲ့နေရာမှာ ပြည်သူက အဓိကပါဝင်ရမယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံမူပဲ၊ ပြည်သူရဲ့ဆုံးဖြတ်မှုမပါပဲနဲ့ ပြည်သူ့ရဲ့ဆန္ဒ ရှင်းရှင်းလင်းလင်းမပါပဲနဲ့ ရွေးကောက်ပွဲစနစ် ပြောင်းလဲတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး၊ ဒါလည်း ပြည်သူနားလည်တယ်၊ အရင်တုန်းက နှစ်ပေါင်းများစွာ လက်ခံခဲ့တဲ့စနစ်ဟာ ပြည်သူတွေက ဘာမကျေနပ်လို့လဲ၊ ပြည်သူတွေက ဘာမသင့်တော်ဘူးလို့ ထင်လို့လဲ၊ ဘာမှလည်း ကျမတို့မကြားရပဲနဲ့ လွှတ်တော်ကပဲ ဆုံးဖြတ်တယ်ဆိုတာ ဒါဟာပြောင်းပြန်ဖြစ်နေတယ်၊ ပြည်သူရဲ့ဆန္ဒကို လွှတ်တော်ကနေ ရောင်ပြန်ဟပ်ရမှာ၊ လွှတ်တော်ရဲ့ဆန္ဒကို ပြည်သူက ရောင်ပြန်ဟပ်ရမှာ မဟုတ်ဘူး"

ပြည်သူ့လွှတ်တော်မှာ PR စနစ်နဲ့၊ PR နဲ့ လက်ရှိကျင့်သုံးနေတဲ့ FPTP စနစ်ကို ပေါင်းစပ်ထားတဲ့ ရွေးကောက်ပွဲစနစ် ၈ မျိုးကို စတင်ဆွေးနွေးနေတာဖြစ်ပြီး ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၆ ယောက်ထဲက ဒီနေ့ ၁၁ ယောက် ဆွေးနွေးကြတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို လက်မခံကြောင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီနေ့ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေထဲမှာ ပီအာကိုလက်ခံတဲ့ ကိုယ်စားလှယ်တွေရှိသလို PR နဲ့ FPTP ရောစပ်ထားတဲ့စနစ်ကို ထောက်ခံဆွေးနွေးသူတွေ ရှိပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ပီအာစနစ် ၈ မျိုးထဲက တစ်မျိုးမျိုးအတည်ဖြစ်သွားရင် အဲဒီစနစ်ကို တိုင်းဒေသကြီးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ကျင့်သုံးမှာဖြစ်ပြီး ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ မပါဝင်ဘူးလို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်မှာ ပီအာစနစ် ဆွေးနွေးနေကြတဲ့အပေါ် မတူညီတဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။

RFA


စစ်တပ်က ပစ်သတ်လို့ သေဆုံးခဲ့ရတဲ့ အလွတ်တန်း သတင်းထောက် ကိုပါကြီးအမှု အတွက် လိုအပ်ရင်  တရားဥပဒေအရ အကူအညီ ပေးမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်းက ပြောပါတယ်။

လူတယောက် ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်တာဟာ  ဥပဒေရ လုပ်ဆောင်လို့ မရကြောင်းနဲ့ အမှုအပေါ်မှာသာ မူတည်ပြီး တရာဥပဘောင်အတွင်းကသာ ဆုံးဖြတ်လုပ် ဆောင်ရမယ်လို့ ပြောပါတယ်။

“ထွက်ပြေးလို့ သေနတ်နဲ့ ပစ်သတ်တယ် ဆိုလို့ရှိရင်တော့ ဒါအလွန်ဆိုးတဲ့ ကိစ္စကြီးပေါ့။ ဒါက ဥပေဒကို ဖောက်ဖျက်ကျူးလွန်ရာလည်း ရောက်ပါတယ်“ လို့ ဦးထွန်းထွန်းဟိန်းက ပြောပါတယ်။

ကိုပါကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ရဲ့ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးမှာ ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလအထိ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။  ဒီနောက်ပိုင်းမှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်အထိ အလွတ်သတင်းထောက်အဖြစ် ရပ်တည်ပြီး  ပြည်တွင်း ထုတ် ဂျာနယ် အနည်းဆုံး ၃ စောင်လောက်မှာ သတင်းဆောင်းပါတွေ ပေးပို့နေသူဖြစ်တယ်လို့ သူ့ရဲ့ ဇနီး မသန္တာက ဒီဗွီဘီကို ပြောပါတယ်။

ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်း လိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/68958


အလွတ်တန်း သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးမှုနှင့် ပတ်သက်ပြီး အောက်တို ဘာလ ၂၄ရက် နေ့စွဲ ဖြင့် ထုတ်ပြန်သည့် မြန်မာ အစိုးရ တပ်မတော်၏ ကြေညာချက်မှာ ကွာဟမှုများ ရှိနေသည်ဟု ကိုပါကြီး၏ ဇနီး မသန္တာက ကေအိုင် စီသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ရက်နေ့က ကိုပါကြီး၏ဇနီး မသန္တာသည် နော်အုန်းလှ၊ မွန်အမျိုးသားပါတီမှ နိုင်စိုးမြတို့နှင့်အတူ မွန်ပြည် နယ်၊ ကျိုက်မရောနယ်မြေရှိ ခြေမြန်တပ်ရင်း(၂၀၈) ရောက်ရှိခဲ့စဉ်တွင် တပ်ရင်းဗိုလ်မှုးကြီးစန်းမင်းအောင်က ကိုပါကြီးကို စက်တင်ဘာလ၂၈ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ပြောဆိုခဲ့သည်။ ၎င်းနောက် တစ်လနီးပါးအကြာ အောက်တိုဘာလ ၂၃ရက်နေ့ တွင် ကိုပါကြီးက ကျိုက်မရောမြို့နယ်ရှိ ရွှေဝါချောင်ကျေးရွာတောင်ဘက် ကီလိုမီတာ တစ်ထောင်အကွာ၌ ကင်းစောင့်စစ်သည် ထံမှ သေနတ်လု ထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် အသေဖမ်းမိကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။

မသန္တာက “အခု သူတို့ထုတ်တဲ့သတင်းမှာ စက်တင်ဘာ ၃၀ရက်နေ့က ဖမ်းတယ်ပြောတယ်။ ဒါတစ်ချက်မှားတယ်။ နောက်တစ် ခုက ကျမသွားတာ အောက်တိုဘာ ၁၉ရက်နေ့ ကျမအမျိုးသား ကွယ်လွန်တာ အသတ်ခံရတာ အောက်တိုဘာလ ၄ရက်နေ့လို့ ပြောတယ်။ ဒါဆို ကျမသွားတာ အောက်တိုဘာ ၁၉ရက်နေ့ ဆုံးပြီလို့ ကျမကို ဘာဖြစ်လို့မပြောတာလဲ။ ဘာဖြစ်လို့ အလောင်း ဖျောက်ထားလဲ။ အဲဒါကြီးမားတဲ့ ကွာဟချက်ပဲ။ ကျန်တာကတော့ ကျမကိုယ်တိုင်နားနဲ့ မကြားတော့ ဘယ်လောက်ကွာလဲဆို တာ မသိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာ့တပ်မတော်၏ ထုတ်ပြန်ချက်တွင် ကျိုက်မရောမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေချိန် တွင် မြို့၏ စက်လှေဆိပ်များကို အဝင်အထွက် စစ်ဆေးနေစဉ် စက်တင်ဘာလ ၃၀ရက်နေ့က စက်လှေတစ်စီးပေါ်တွင် ရေစို လျက် ရွှံ့ဗွက်များပေကျံနေသည့် ကိုပါကြီးကို မသင်္ကာသဖြင့် အမှတ်(၂၀၄)ခြေမြန်တပ်ရင်းက ဖမ်းဆီးကာ (၂၀၈)တပ်ရင်းသို့ လွဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အောက်တိုဘာလ ၂၄ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ယင်းဖြစ်စဉ်တွင် သတင်းထိန်ချန်မှုများ၊ သံသယဖြစ်စရာများ များစွာရှိနေပြီး နိုင်ငံသား တစ်ယောက်အပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံသားတစ်ဦးသည် မည်သည့် အခြေအနေမျိုးတွင်မဆို မိမိ ၏ ဘဝလုံခြုံမှု၊ အသက်ရှင်သန်နေထိုင်မှုအတွက် တရားဥပဒေ၏ အကာအကွယ်နှင့် အထောက်အပံ့များ ရပိုင်ခွင့် ရှိရမည်ဖြစ် သည်ဟု ထည့်သွင်းဖော်ပြထားသည်။
ကိုပါကြီးအတွက် (KWEG)
၎င်းအပြင် မြန်မာနိုင်ငံသားတစ်ဦးအား မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ လက်လွတ်စပယ် ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ ဂုဏ်သိက္ခာကိုထိပါးစေပြီး အမှုမှန် ပေါ်ထွက်လာစေရေး အစိုးရတာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် ၈၈မျိုးဆက်အဖွဲ့က တောင်းဆိုထားသည်။

၈၈မျိုးဆက်အဖွဲ့မှ ကိုဂျင်မီက “ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရယ်၊ တရားဥပဒေစိုးမိုးရေးရယ် ဒီနှစ်ခုကို ကြိုးစားနေကြတယ်လေ။ တလက်စတည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ငြိမ်းချမ်းရေးတို့ ကြိုးစားနေတဲ့ကာလမှာ ကျနော်တို့ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါဥပဒေမဲ့သတ်ဖြတ်တဲ့ ကိစ္စဖြစ်တယ်။ အဲဒါကို ကျနော် တို့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

စစ်တပ်ထုတ်ပြန်ချက်ထဲတွင် ကိုပါကြီးမှာ KKO (ကလို့ထူးဘောကရင်အဖွဲ့အစည်း)၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ သူ အောင်နိုင်ဖြစ်ကြောင်း လွှဲပြောင်းစစ်ဆေးချက်အရ သိရှိရသည်ဟု ဖော်ပြပါရှိသော်လည်း ဒီကေဘီအေနှင့် ကေကေအိုအဖွဲ့မှ တာဝန်ရှိသူများက ကိုပါကြီးမှာ ၎င်းတို့အဖွဲ့အစည်းတွင် ပါဝင်ခြင်းမရှိဘဲ ခေါင်းဆောင်အချို့နှင့်သာ သတင်းမေးမြန်းမှုအရသာ သိကျွမ်းမှုရှိသည်ဟု ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်ကျော်ကလည်း “ကိုပါကြီးက ညထွက်ပြေးဖို့ ကြိုးစားတယ်လို့ ပြော တယ်။ ဒါပေမယ့် ဒီအချက်အလက်ဟာ ကွဲလွဲနေတယ်။ နဂိုကတည်းက ဖမ်းဆီးခဲ့တာ ရိုက်နှက်ထားတယ်။ ဒဏ်ရာတွေရနေ တယ်လို့ အဲဒီမှာမြင်တဲ့ ရဲတချို့ရဲ့ပြောကြားချက်တွေ ဖြစ်မယ်။ ကျနော့်အမြင်က အဲဒီအချက်အလက်က သူတို့ မဖြစ်ဖြစ်အောင် ဖုံးကွယ်တဲ့အချက်လို့ ကျနော်မြင်တယ်။ ဖြစ်သင့်တာက လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင်လိုမျိုး စစ်ဆေးမှုလုပ်ဖို့ လိုအပ် တယ်။ ဒါက လူ့အခွင့်အရေးကိစ္စမို့”ဟု ပြောသည်။

ကိုပါကြီးသည် ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ခုနှစ်၊ မေလအထိ တာဝန်ယူခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် သုံး ရောင်ခြယ်အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ခုနှစ်ခန့်တွင် အလွတ်သတင်းထောက်အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်တွင် အောင်ကြီးအမည်ဖြင့်လည်းကောင်း၊ အလဲဗင်းသတင်းစာ၌လည်း နာမည်မပါဘဲ သတင်းရောင်းခဲ့ကြောင်း သိရှိရသည်။

သူသည် ကျိုက်မရောတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ဒီကေဘီအေတပ်တို့ တိုက်ပွဲများအကြား သတင်းလိုက်ယူရန် စက် တင်ဘာလကုန်ခန့်က ထွက်ခွာသွားကြောင်း ဇနီးဖြစ်သူကပြောဆိုပြီး ယခုကဲ့သို့ သေဆုံးသွားသည့်အတွက် သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်က ဇနီးသည် မသန္တာအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ရေး သားဖော်ပြထားသည်။

သို့သော် မသန္တာက ခင်ပွန်းဖြစ်သူသေဆုံးမှုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ဆက်လုပ်သွားမည်ဖြစ်ပြီး ခင်ပွန်း၏ရုပ်အ လောင်း၊ အသတ်ခံရစဉ်ကာလအတွင်း ဝတ်ဆင်ထားသည့် အဝတ်အစားနှင့် ပစ္စည်းအားလုံးကို ပြန်လည်ရယူလိုသည်ဟု ပြော ဆိုသည်။

နန်းချောင်ဖော့
ကေအိုင်စီ - KIC News
http://kicnews.org

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2014 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော် အောက်တိုဘာ ၂၆ ရက်နေ့ က ဗီယက်နမ်လေကြောင်းလိုင်းနဲ့ ဂျပန်နိုင်ငံ နာရီတာလေဆိပ်ကတဆင့် ရောက်ရှိပါတယ်။

သက်တမ်း ၅၄ နှစ် ရှိနေတဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၆၅ နိုင်ငံက အလှမယ်တွေ ပါဝင်မှာ ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။



Miss Myanmar International 2014 အဖြစ် အလှမယ် ခင်ဝေဖြိုးဟန် ရွေးချယ် ခံခဲ့ရပေမယ့်  အသက် ၁၈ နှစ် ပြည့်ဖို့ လိုအပ်နေတာကြောင့် Miss International Organization က 1st Runner Up  အလှမယ် မေဘရဏီသော်ကို  ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

“ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို အခြေခံပြီးလည်း အကောင်းဆုံး ဖြစ်အောင် ယှဉ်ပြိုင်သွားမှာ ဖြစ်သလို မြန်မာပြည်သူတွေရဲ့ အားပေးမှုကိုလည်း မျှော်လင့်နေပါတယ်” လို့ အလှမယ် မေဘရဏီသော်က တိုကျိုမြို့မှာ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

Miss International Beauty Pageant ကို အိုကီနာဝါကျွန်းမှာ ၂၀၁၂ ခုနှစ်က      ကျင်းပခဲ့တဲ့ပွဲက စလို့ အလှမယ် နန်းခင်ဇေယျာ က မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ အလှမယ် ဂုဏ်ရည်အေးကျော်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

Miss International Beauty Pageant 2014 ပြိုင်ပွဲ ပွဲနောက်ဆုံးနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ဆုပေးပွဲကို ရှင်နာဂါဝါ မင်းသား ဟိုတယ်ခန်းမ (Shinagawa Prince Hotel Hall) မှာ ကျင်းပမှာ ဖြစ်ပါတယ်။

By ဇော်ဇော်လှိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/68928


မလေးရှားနိုင်ငံ ပီနန်းမြို့တဖက်ကမ်းရှိ ဘာတာဝပ်မြို့ (Butter worth) မှာ မြန်မာနိုင်ငံသား တဦးရဲ့ ရုပ် အလောင်းကို အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း  မလေးရှား သတင်းတွေမှာ ဖော်ပြထား ပါတယ်။

သေဆုံးသူဟာ ခေါင်းနဲ့ လည်ပင်း ဒဏ်ရာတွေ ရပြီး သေဆုံး ခဲ့တာ လို့ ဖော်ပြထား ပါတယ်။

ထွန်းနိုင် (ခေါ်) မင်းမင်းလတ်ဆို သူရဲ့ သေဆုံးတဲ့ အလောင်းကို သူနေတဲ့ အငှားအိမ်နဲ့ မီတာ ၅၀၀ လောက်မှာ တွေ့ရှိခဲ့တာလို့ မလေးရှားနိုင်ငံ ကပုန်း ခုနှစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“နာမည်အရင်းက ထွန်းနိုင် ယူအန်ကတ်မှာက မင်းမင်းလတ်ပါ။ သူဘယ်မှာနေလဲဆိုတာ သေချာမသိဘူး။ မနက်ဖြန်ကျမှ ရဲတွေနဲ့တွေ့ပြီး အတိအကျ သိရမယ်။”

သေဆုံးသူရဲ့ အလောင်းကို ဘာတာဝပ် ဆေးရုံမှာ ထားရှိတယ်လို့လည်း ပြောပါတယ်။

သေဆုံးသူဟာ အသတ်မခံရခင် သူငှားနေတဲ့ အိမ်ရဲ့အနားက ဆိုင်မှာ အချင်းများမှု ဖြစ်ပွားခဲ့တယ်လို့လည်း tha sun daily သတင်းမှာ ဖော်ပြထားပါတယ်။

မေလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေဟာ လစဉ်လိုလို အသတ်ခံနေရတယ်လို့လည်း ဦးစန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခု ရခိုင်ပြည်နယ်မှာအတွင်း အကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့နောက် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှု စတင်ဖြစ်ပွားခဲ့တာလို့ ဦးစန်းဝင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၃ ခု ၅ လပိုင်းကစပြီး ၇ လပိုင်းကုန်လောက်အထိ ၉ ယောက်လောက် အသတ်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ တလကို ၂ လောင်းလောက်ကတော့ အနည်းဆုံးပဲ။ နေရာတိုင်းမှာသေတယ်။  အသတ်ခံရတာပေါ့။”

အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံက တာဝန်ရှိသူတွေကလည်း တစုံတရာ လုပ်ဆောင်ပေးတာ မရှိဘူးလို့ ဦးစန်းဝင်းက ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/68989

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.