10/29/14


ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ခဲ့တဲ့ တရားခံ တွေဆိုပြီး ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး အမှုကို ထိုင်းနိုင်ငံ ဗဟို အစိုးရရှေ့နေရုံးက ပြန်လည် စဉ်းစား သုံးသပ်ပေးဖို့ မြန်မာသံရုံး အဖွဲ့က ဒီကနေ့ သူတို့နှစ်ဦးရဲ့ ထွက်ဆို ချက် တွေနဲ့ ပေးပို့ လိုက်ပါတယ်။

ဒီကနေ့ ပေးပို့တဲ့စာထဲမှာ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးက မိဘတွေအပြင် မြန်မာသံရုံးအဖွဲ့တို့နဲ့ တွေ့ဆုံစဉ်က သူတို့မသတ်ခဲ့ကြောင်း ငြင်းဆိုထားတဲ့ အထောက်အထားနဲ့တကွ တင်ပြထားတယ်လို့ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

"တရားခံဖြစ်တဲ့ မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်း တို့ကို တွေ့ခဲ့တုန်းက သူတို့က ဒီမှုနဲ့ပတ်သက် ကျူးလွန်ပါဝင်ခြင်း မရှိဘူးဆိုတာကို အမေအဖေရှေ့မှာ ပြောခဲ့တာကို အားလုံအမှန်အတိုင်း လက်မှတ်ထိုးပြီးတော့ ဒီစာကို ဗဟိုအစိုးရရှေ့နေရုံးကို တင်ခဲ့တာပါ၊ သံရုံးအထူးအဖွဲ့ရှေ့မှာ ပြောပြချက်တွေ သူတို့ရဲ့ အမှန်အတိုင်း ထွက်ဆိုချက်တွေက ပါဝင်ပတ်သက်ခြင်းမရှိလို့ အမှုကို ပြန်လည်သုံးသပ် စဉ်းစားပေးဖို့ဆိုတဲ့သဘောလည်းပါပါတယ်"

မြန်မာလူငယ်နှစ်ဦးက ဗြိတိန်နိုင်ငံသားစုံတွဲကို သူတို့မသတ်ခဲ့ကြောင်း၊ ထိုင်းရဲတွေက နှိပ်စက်ပြီး ၀န်ခံခိုင်းခဲ့တာကြောင့် မိမိတို့သတ်တာပါလို့ ထွက်ဆိုခဲ့ရတာဖြစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က မိဘတွေအပြင် မြန်မာသံရုံးအဖွဲ့တို့နဲ့ တွေ့ဆုံစဉ် ပြန်လည်ပြင်ဆင်ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

တရားခံအဖြစ် ဝန်ခံထားတာကိုလည်း ပယ်ဖျက်ပေးဖို့ အမှုဖြစ်ခဲ့တဲ့ ကော့စမွီး ခရိုင်တရားရုံးကို ပြန်လည်တင်ပြထားတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


မြန်မာစစ်တပ်ဘက်ကနေ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားရကြောင်း သတင်းထုတ်ပြန်ထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်နဲ့ ပတ်သက်လို့ တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားရေး၊ လယ်သမားရေး၊  နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေထဲက တချို့ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာ ရဲစခန်းတွေက အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်ကနေ ခေါ်ယူစစ်ဆေးနေစဉ်အတွင်းမှာ သေနတ်လု ထွက်ပြေးဖို့ကြိုစားတာကြောင့်  ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကနေ စာနယ်ဇင်းကောင်စီ ယာယီကနေတဆင့် သတင်းထုတ်ပြန်ခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးနဲ့ ပတ်သက်လို့ တရားမျှတစွာ စုံစမ်းစစ်ဆေးပေးဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်း ပြည်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ တနင်္ဂနွေနေ့မှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာတော့ နယ်ပယ်အသီးသီးက ထောင်ဂဏန်းရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့တာပါ။ ဒီထဲက G Wave အဖွဲ့ရဲ ဥက္ကဌ ကိုမိုးသွေးလည်း တရားစွဲဆိုခံထားရတယ်လို့ ဆိုပါတယ်။

“ကျောက်တံတားရဲစခန်းကို ဖုန်းဆက်ပြီးတော့ မေးကြည့်တယ်။ ဟုတ်သလားပေါ့။ ဆိုတဲ့အခါမှာ စခန်းမှူးကဖြေတယ်။ ဟုတ်ပါတယ်ဆိုတော့ ကျနော်က မေးတယ်။ ဟုတ်ပြီဆိုလို့ရှိရင် ဘယ်လိုစွဲတာလဲ၊ ဘယ်သူတွေကို စွဲတာလဲ။ ကျနော်တယောက်တည်း လုပ်တာမဟုတ်ဘူး။ ဒါ အားလုံးပေါင်းပြီး လုပ်တာဖြစ်တယ်။ ဘယ်သူတွေပါသလဲ။ ပြီးလို့ရှိရင် အဲ့လိုမျိုးစွဲတယ်ဆိုရင်လည်း ကျနော့်ကို ခင်ဗျားတို့ စာ လာမပို့ထားဘူး။ အဲတော့ ဘယ်တော့ပို့မှာလဲ။ ဘယ်လိုလုပ်မှာလဲ။ ကျနော်က မေးတဲ့အခါကျတော့ အဲ့ဒါတွေကို မေးချင်လို့ရှိရင်တဲ့ တခြားတနေရာကို ဒီဖုန်းနံပါတ် မေးလိုက်ပါဆိုပြီး ပေးတယ်။ ပေးတော့ အဲ့ဒီဖုန်းနံပါတ်ကို ဆက်တဲ့အခါမှာလည်း အဲ့ဖုန်းနံပါတ်က ဆက်လို့မရဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ကျနော် အကြောင်းကြားစာ တင်ထားတာ ကျနော် ဖြစ်နေတာပေါ့နော်။ အဲ့ဒီအပေါ်မှာစပြီးတော့ ကျနော့်ကို အရင်ဆုံး တင်လိုက်တယ်လို့ ပြောတယ်။ ကျန်တာတော့ ဘယ်သူတွေကို ဘယ်လောက်အထိ သူတို့ ဖွင့်မယ်၊ မဖွင့်ဘူး ဘယ်လိုစဉ်းစားသလဲတော့ ကျနော်လည်း မသိဘူး။ အခုဟာက သူတို့အနေနဲ့ တရားဝင်ပေါ့နော် အကြောင်းကြားလာတာ မရှိဘူး။ ဒါပေမဲ့ တဘက်ကလည်း ကျနော့်ကို တရားဝင် အကြောင်းကြားမလာပေမဲ့ သတင်းမီဒီယာတချို့ကိုကျတော့ သူတို့က ဒီသတင်းတွေကို အမှုနံပါတ်ကအစ အတိအကျ ပေးထားတာရှိတယ်။ ဆိုတော့ ကျနော်လည်း နားလည်ရခက်တယ်ခင်ဗျ။”

ရန်ုကုန်မြို့က ဆန္ဒပြပွဲမှာတော့ ဘယ်သူတွေကို ထပ်ပြီး တရားစွဲထားသလဲဆိုတာ မသိရသေးပေမဲ့ ကိုမိုးသွေး တဦးတည်းတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အလားတူ ပဲခူးတိုင်း ပြည်မြို့မှာလည်း ရှေ့နေ ဦးမြင့်အေးနဲ့ လယ်သမားရေးလှုပ်ရှားဆောင်ရွက်သူ ကျောင်းသားတဦးဖြစ်တဲ့ ကိုသန့်စင်ထက်တို့ကို တရားစွဲဆိုထားကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး က ဆိုပါတယ်။

“မနေ့က ရဲစခန်းကနေပြီးတော့ ကျနော့်ဆီကို ဖုန်းဆက်တယ်။ ဦးမြင့်အေးကိုတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးမြင့်အေးကို ကျနော်တို့ ပုဒ်မ ၁၈ နဲ့ ငြိမ်းစီစု ဥပဒေ ၁၈ နဲ့ တရားစွဲထားတယ်တဲ့ ကျနော့်ကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ ကျနော်က ပြောလိုက်တယ်။ ကျနော့်မှာလည်း ၁၈ တွေက မနည်းတော့ဘူးလို့နော်။ ခဏခဏလည်း အစွဲခံနေရတယ်။ ကိုပါကြီးကို မတရား သတ်ဖြတ်ပြီးတော့ အလောင်းဖျောက်ဖျက်တဲ့အတွက် ကျနော် မကျေနပ်လို့ လုပ်မှဖြစ်မယ်ဆိုပြီး၊ ရုတ်တရက်မဟုတ်ပါဘူး။ ညကျတော့ စဉ်းစားပြီးတော့မှ ဖယောင်းတိုင်ထွန်းပြီးတော့ ၂ ယောက် ဆန္ဒဖော်ထုတ်တယ်။ ဒီစစ်အစိုးရရဲ့ မတရားမှုတွေ၊ အဲဒီလို သတ်ဖြတ်မှုတွေဟာ ကျနော်တို့တွေ ပြည်သူလူထုတွေ၊ ဒီလို ကိုပါကြီးကို လုပ်တဲ့အထိမျိုးက အများကြီး ရောက်လာနိုင်တယ်။”

မန္တလေးမြို့မှာလည်း တနင်္လာနေ့က ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြကြပါတယ်။ ဆန္ဒပြတဲ့နေရာကို သက်ဆိုင်ရာမြို့နယ် ရဲတွေက လာရောက် တားဆီးမှုတွေရှိခဲ့ပြီး ဒီနေ့မှာပဲ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်ကို ရဲစခန်းက ဆွေးနွေးစရာရှိလို့ဆိုပြီး ခေါ်နေကြောင်း ပြောပါတယ်။

“သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ကတော့ နေ့လည်က လှမ်းဖုန်းဆက်တယ်ခင်ဗျ။ လက်ရှိတော့ ကျနော် မအားသေးဘူး။ စက်မှုဇုန်ထဲမှာ အလုပ်သမတဦး လက်ပြတ်သွားလို့ အဲ့ဒီကို ကျနော် အကူအညီသွားပေးနေတာလို့။ ဘာကိစ္စရှိလို့တုန်းလို့ ကျနော် ပြန်မေးလိုက်ပါတယ်။ သူတို့ဘက်ကတော့ ဆွေးနွေးစရာ ရှိလို့ပါတဲ့။ စခန်းကိုသာ လာခဲ့ပါ။ ဆွေးနွေးစရာရှိလို့ပါဆိုပြီးပဲ အကြိမ်ကြိမ် လှမ်းခေါ်နေတာ။ ကျနော်ပြောချင်တာကတော့ ခင်ဗျားတို့ သက်ဆိုင်ရာ အစိုးရကိုပဲ ပြောလိုက်ပါလို့။ ကျနော်တို့ကို တရားစွဲတာ မစွဲတာက သိပ်အရေးမကြီးဘူးလို့။ အခု အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့အမှုကို အမှန်အတိုင်းပေါ်ပေါက်အောင် ဖော်ထုတ်ပေးပါ။ နောက် တာဝန်ရှိတဲ့သူတွေကို အရေးယူပေးပါလို့ပဲ ကျနော် ပြောချင်တယ်လို့။”

မန္တလေးမှာတော့ လယ်သမားရေး၊ အလုပ်သမားရေးနဲ့ နိုင်ငံရေးကိစတွေမှာ တက်ကြွစွာ လှုပ်ရှားနေသူတွေကို ပုဒ်မ ၁၈ နဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေလည်း လူထုကြားမှာ ပျံ့နှံ့နေတယ်လို့ ကိုသိန်းအောင်မြင့်က ပြောပါတယ်။ သူတို့ဟာ ကိုပါကြီအမှုကို တရားမျှတစွာ စုံစမ်းအရေးယူပေးဖို့ ဆန္ဒပြရခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။ အခု ရဲစခန်းကခေါ်ယူ ဆွေနွေးဖို့ ပြောဆိုနေကြသူတွေဟာ ပုဒ်မ ၁၈ နဲ့ပဲ တကြိမ်မက တရားစွဲဆိုခံထားရသူတွေ ဖြစ်ကြပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article-18/2499179.html


ပြည်သူ့ဘက်မှာ တချိန်ကရပ်တည်ခဲ့ပေမယ့် ဒီကနေ့လက်ရှိမှာ ဒီမိုကရေစီရေးကို သေးသိမ်အောင် လုပ်ဆောင်မယ်ဆိုရင် အဲဒီလို မီဒီယာမျိုးတွေကို သတိထားရမှာဖြစ်တယ်လို့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက ကိုမင်းကိုနိုင် ကို ၈၈ ငြိမ်းချမ်းရေးးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဌာနချုပ်မှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA

ကိုပါကြီးဟာ တကယ့်ကို စွန့်လွှတ်စွန့်စားခဲ့တဲ့ အလွတ်သတင်းသမားတဦးပါ။ကျွန်တော်တွေ့ဖူးသမျှ၊သူလိုက်ခဲ့တဲ့ သတင်းဓာတ်ပုံတွေက မြ၀တီမြို့ရေနစ်မြုတ်တုန်းအခါက သူကိုယ်တိုင် လိုက်လံကူညီနေတဲ့ပုံတွေ၊မြ၀တီ ကယ်ဆယ်ရေးပုံတွေ တွေ့ခဲ့ဖူးပါတယ်။မဲဆောက်မှာ ကျွန်တော်တို့ ပန်းချီအဖွဲ့တွေ ပြသတဲ့ပန်းချီပြပွဲတွေလည်းသူမှတ်တမ်းယူတာ၊ဓာတ်ပုံရိုက်ကူးတာတွေ့ဆုံခဲ့ဘူးတယ်.။

၂၀၁၂ ထိုင်းနိုင်ငံကိုအောင်ဆန်းစုကြည်လာရောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ၊စခန်းတွေ လိုက်တွေ့ဆုံတော့ မဲဆောက်လေယာဉ်ကွင်းကို ရောက်လာပြီး လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ထိုင်းရဲတွေ အကြီးအကျယ် အစောင့်ချထားပြီး လေဆိပ်ကိုမြန်မာတွေနဲ့အပြင်လူတွေ မပေးဝင်ဘူး။ထိုင်းသတင်းစာဆရာတွေဘဲ ၀င်ရတယ်။အဲဒီမှာမြန်မာသတင်းထောက်ဆိုလို့ ကိုပါကြီးတယောက်ပဲ ရဲရဲတင်းတင်းဝင်ရောက်ခဲ့ပြီး အမေစုနဲ့ပြန်လည်တွေ့ဆုံနိုင်ခဲ့ပါတယ်။သတင်းဓာတ်ပုံတွေလည်း တဦးတည်းပဲ အများကြီးရသွားခဲ့ပါတယ်..။
ထိုင်းကိုရောက်ပြီးနေထိုင်နေကြတဲ့ နိုင်ငံရေးသမားတွေထဲမှာတော်တော်များများက
မျက်နှာကြောတင်းကြတယ်၊လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့နေရာမှာ အုပ်စုနဲ့နေထိုင်လေ့ရှိပြီး ကျန်တဲ့သူတွေကို မတူသလိုမတန်သလို၊စကားပြောချင်သလို မပြောချင်သလို၊အိုင်တင်ခံလေ့ရှိကြပြီး ဆရာကြီးအထာနဲ့သူတွေများကြတယ်..။များသောအားဖြင့်
ကိုယ့်အုပ်စု၊သူ့အုပ်စု၊သူစိမ်းအ၀င်မခံချင်ကြပါ။အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ၊သူများယူသွားမှာ
စိုးရိမ်ကြတယ်။အဲဒီအထဲမှာ ကိုပါကြီးက ထူးခြားတယ်။တခါမှ ကိုယ်ရေးကိုယ်တာပြောလေ့မရှိဘူး၊သူတပါးကို အကူအညီတောင်းခံတာလည်းမရှိသလောက်ပဲ။
သူဟာ ရိုးသားတယ်၊နှိမ့်ချတယ်၊ဘယ်တဦးတယောက်ကိုမှမောက်မောက်မာမာပြောတာဆိုတာ မတွေ့ဘူး၊မကြားဘူးပါ..။ချိုချိုသာသာဘဲပြောလေ့ရှိတယ်။ငါ ဘယ်လောက် ဘယ်လိုလုပ်ခဲ့တာလို့ မပြောဘူးပါ..။

DKBA နဲ့ဆက်စပ်ပုံ
DKBA နဲ့အတူတွေ့ရတာကတော့ သူဟာ အကူအညီပေးတတ်သူတဦးဖြစ်လို့
သူ့ကို အားကိုးတကြီးနဲ့ အကူအညီတောင်းခံလို့ ၀ိုင်းလုပ်ပေးတာထက်ပိုမယ်မထင်ဘူး..။မှတိမိသလောက် ဆရာဦးဝင်းတင်ဈာပနတုန်းက DKBA က အကူအညီတောင်းလို့ ဦးဝင်းတင်အတွက် DKBA ရဲ့ ကူပံ့ငွေအလှုထည့်ဘို့ သူကိုယ်တိုင်
ဆရာဦးဝင်းတင်ဈာပနသွား ဂါဝရပြုရင်း သယ်ယူသွားပေးခဲ့တယ်။
ရန်ကုန်ကကျောင်းသားအဖွဲ့တွေ၊၈၈ တွေ၊မဲဆောက်လာပြီး တိုင်းရင်းသားအဖွဲ့တွေနဲ့ငြိမ်းချမ်းရေး၊ဖက်ဒရယ်အရေး၊နိုင်ငံ့အရေး ဆွေးနွေးပွဲတွေလာရောက်ကြတဲ့အခါ ကိုပါကြီးက ကြားကနေ
မိတ်ဆက်ပေး၊အကူအညီပေးတတ်လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတွေ၊ရန်ကုန်နိုင်ငံရေးသမားတွေကြားမှာ ကိုယ်စားလှယ်တဦးလိုမျိုးအကူအညီပေးလေ့ရှိတယ်။ကျောင်းသားတွေ၊၈၈ တွေနဲ့ သူနဲ့က သူငယ်ချင်းတွေချည်းပဲဆိုတော့ ဒီဘက်ကအဖွဲ့အစည်းတွေနဲ့
ချစ်ခင်ရင်းနှီးမှုမှာ သူကကြားခံကိုယ်စားလှယ်တဦးအဖြစ် အလိုလိုဖြစ်သွားတာပေါ့..။

၂၀၁၃-၂၀၁၄ မှာ ကိုပါကြီး ရန်ကုန်နဲ့ပြည်တွင်း အခေါက်ခေါက်အခါခါ သွားနေတာတွေ့ရတယ်။အစိုးရ စွတ်စွဲသလို သူပုန်တဦးလည်းမဟုတ်ဘူး။ပြည်တွင်းကို ခဏ ခဏ
လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနေတာကြောင့် အခု ဖြစ်ပွားတဲ့ ကျိုက်မရောမှာလည်း အရင်တုန်းကလိုပဲ အနရာယ်မရှိလောက်ဘူးထင်ပြီး စိတ်ချလက်ချသွားလာနေမိတာပေါ့...။သူဟာ သူပုန်တယောက်မဟုတ်တဲ့အတွက် သူ့ကို အခုလိုဖမ်းပြီးသတ်လိမ့်မယ်လို့ မထင်ထားဘူးပေါ့...။ဒါကြောင့် အခုလို အဖမ်းခံရတာ၊သာမန် မသင်္ကာလို့ဖမ်းတယ်၊ဒီလောက်ဘဲထင်မှာ။
နောက်ကျတော့မှ ခုလို သူပုန်တပ်ဖွဲ့ဝင်တဦး ဗိုလ်ကြီးတဦးလို့ ဆီလိုအပေါက်ရှာ၊ညှင်းပန်းနှိပ်စက်၊လူမဆန်အောင်လုပ်ပြီးတော့မှ သုတ်သင်လိုက်တာခံရတော့မှ သူဘာမှမတတ်နိုင်တော့ပါဘူး...။
သူပျောက်ဆုံးရာက သေပြီလို့သိတော့၊မနေ့တနေ့က သူနေတဲ့ အခန်းကလေးကိုရှင်းဖြစ်တော့...၊သူနေ့စဉ် စားသုံးနေတာဗျာ..၊ဆန်ကိုတောင်မဟုတ်ဘဲ၊ဆန်ကွဲ(ဇကွဲ)တွေတဲ့..။ဆန်ကွဲတွေချက်စားနေတယ်တဲ့..။ဟင်းကတော့ တထုပ်ချင်းဝယ်စားနေသတဲ့...။

ငွေရေးကြေးရေး ဘယ်တဦးတယောက်စီကမှ အကူအညီတောင်းခံမှု တခါမှမရှိတဲ့...။
ကိုယ်ရေးကိုယ်တာတွေ ဘယ်တော့မှပြောဆိုချင်းမရှိတဲ့........ကိုပါကြီး...။
ပိုင်ဆိုင်မှု ဘာတခုမှမရှိတဲ့ ကိုပါကြီး...။
တကယ် အမှန်သာ DKBA ဗိုလ်ကြီးတဦးသာဆိုရင်..........................။ ။

မဲဆောက်နိုင်ငံရေးသမားတဦး
Kyaw Thame

တစ်လကျော်ကြာပျောက်ဆုံးနေသည့် အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး အငြင်းပွားဖွယ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း၌ ပျောက်ဆုံးသွားသော ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးအား အသေဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကထုတ်ပြန်သော သတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။ သတင်းထုတ်ပြန်မှုတွင် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို လက်နက်ကိုင် KKO အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအောင်နိုင်အဖြစ် စစ်ဆေးသိရှိသောကြောင့် တပ်မတော်မှထိန်းသိမ်းခဲ့ကြောင်းပါရှိသည်။

ထို့နောက် တပ်မတော်မှ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအား ကျိုက်မရောမြို့တိုက်ပွဲတွင် KKO အဖွဲ့၏လက်နက်များ သိမ်းဆည်းထားသည့်နေရာကို လိုက်လံပြသခိုင်းရန် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာအနီးရောက်စဉ် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးမှ အပေါ့သွားရန်အကြောင်းပြ၍ ကင်းစောင့်စစ်သည်ကိုလုံးထွေးပြီး သေနတ်အား လုယူထွက်ပြေးရန်ကြိုးပမ်းခဲ့သဖြင့် ကင်းစောင့်စစ်သည်က သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။ ထိုသို့သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအလောင်းကို ရွှေဝါချောင်ကျေးရွာ တောင်ဘက်မီတာ ၈၀၀ ခန့်အကွာတွင် မြေမြှုပ်သင်္ဂြိုဟ်ထားပြီး သေဆုံးသူ၏ဇနီးဖြစ်သူကိုလည်း ဖြစ်စဉ်အခြေအနေများအသိပေးကာ ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ "ကိုပါကြီးက KKO ရဲ့ဗိုလ်ကြီးအဆင့်ရှိသူပဲဖြစ်ဖြစ်၊ သတင်းထောက်တစ်ယောက်ပဲဖြစ်ဖြစ် ဒီနည်းနဲ့ဖမ်းဆီးပြီး ဒီပုံစံနဲ့သေဆုံးသွားတာကတော့ မဖြစ်သင့်ဘူးလို့ယူဆပါတယ်။ အနည်းဆုံးတော့ သူဟာ ဥပဒေရဲ့သတ်မှတ်ထားတဲ့ဥပဒေတွေနဲ့ရင်ဆိုင်ပြီးတော့ သူ့အနေနဲ့ဖြေရှင်းလျှောက်လဲခွင့်တွေသွားသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ခုလိုမျိုးသေဆုံးတယ်။ သေဆုံးသွားတဲ့ဟာကလည်း မြေမြှုပ်သင်္ဂြိုဟ်ပြီးမှ မိသားစုကသိရတယ်ဆိုတာမျိုးကျ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုတွေရှိတယ်" ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဇွန် ၆ ရက်က အီဂျစ်လူငယ်တစ်ဦးဖြစ်သော ခါလက်မိုဟာမက်ဆာအိသည် အလက်ဇန်ဒရီယာမြို့တွင် အငြင်းပွားဖွယ်အနေအထားမျိုးဖြင့် ဖမ်းဆီးခံခဲ့ရပြီး အီဂျစ်ရဲတပ်ဖွဲ့၏ နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ သေဆုံးခဲ့ရသည်။ နှိပ်စက်ညှဉ်းပန်းခံထားရသောကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ခါလက်ဆာအိ၏အလောင်းကို ရိုက်ကူးထားသည့်ဓာတ်ပုံသည် အွန်လိုင်းတွင်ပျံ့နှံ့ခဲ့ပြီး အများပြည်သူတို့အားဒေါသထွက်စေခဲ့သည်။ ဓာတ်ပုံများကိုတွေ့ရှိသူများအနက် ဒူဘိုင်းမြို့သို့ရောက်ရှိနေသော ဂူးဂဲလ်ဈေးကွက်အလုပ်အမှုဆောင် ၀ယ်ဂိုနင်သည် ခါလက်ဆာအိ၏ဓာတ်ပုံကိုအသုံးပြုကာ "ငါတို့အားလုံးဟာ ခါလက်ဆာအိတွေဖြစ်တယ်" ဟူသည့် Facebook စာမျက်နှာတစ်ခုကိုတင်ခဲ့သည်။ အဆိုပါစာမျက်နှာက သိန်းနှင့်ချီသောလူများကိုဆွဲဆောင်နိုင်ခဲ့ပြီး အီဂျစ်နိုင်ငံ၏ အကြီးမားဆုံး အတိုက်အခံ Facebook စာမျက်နှာဖြစ်လာသည်။ ခါလက်ဆာအိသေဆုံးမှုသည် ၂၀၁၁ ခုနှစ် အီဂျစ်တော်လှန်ရေးဖြစ်ပွားစေရန်အတွက် ကြီးမားသောလှုံ့ဆော်မှုတစ်ရပ်လည်းဖြစ်ခဲ့သည်။

နိုင်ငံသားတစ်ဦးအနေဖြင့် ဥပဒေမဲ့ မတရားသဖြင့် ပြုမူဆက်ဆံခံရခြင်းသည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောကိစ္စဖြစ်သည်။ အခြားအိမ်တစ်လုံးလုံးတွင် မီးလောင်နေသည့်ကိစ္စအား မိမိနှင့်မသက်ဆိုင်ဟု သဘောထား၍မရဘဲ ထိုမီးသည် မိမိအိမ်သို့ပါ ရောက်ရှိလောင်ကျွမ်းလာနိုင်သည်ကို သဘောပေါက်ရမည်ဖြစ်သည်။ အီဂျစ်နိုင်ငံသားများသည် မိမိတို့လည်း ခါလက်ဆာအိကဲ့သို့ ဥပဒေမဲ့နှိပ်စက်ညှဉ်းပန်းခံရနိုင်ကြောင်း သဘောပေါက်ခဲ့ကြသည်။ ထို့ကြောင့် ကိုပါကြီးနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆောင်ရွက်ပေးရေးသည် နိုင်ငံသားသားအားလုံးနှင့်သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပါကြောင်း

- The Daily Eleven


ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ လူသတ်မှု၊ မုဒိမ်းမှု သံသယနဲ့ ချုပ်နှောင်ဖမ်းခံထားတဲ့ မြန်မာလူငယ်နှစ်ဦးက သူတို့အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အတွက် တကယ်မလုပ်ဘဲ ၀န်ခံခဲ့တယ်ဆိုတာကို မိဘတွေနဲ့တွေ့တဲ့အချိန်မှာ ပြောဆိုခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသတ်မှု၊ မုဒိမ်းမှု သံသယနဲ့ ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို သူတို့ရဲ့ မိဘတွေက အောက်တိုဘာ ၂၄ ရက်နေ့က ၁ နာရီကျော်ကြာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာသံရုံးရဲ့ အထူးကိုယ်စားလှယ်အဖွဲ့၊ ထိုင်းရှေ့နေများကောင်စီက အဖွဲ့ဝင်တွေအပါအ၀င် (၉) ဦးနဲ့ ထိုင်းအာဏာပိုင်တွေက တွေ့ခွင့်ပြုခဲ့ပါတယ်။

တွေ့ဆုံပြီးတဲ့နောက် ကိုဝင်းဇော်ထွန်းရဲ့ ဖခင် ဦးထွန်းထွန်းထိုက်၊ မိခင် ဒေါ်မေသိန်း၊ ကိုဇော်လင်းရဲ့မိခင် ဒေါ်ဖြူရွှေနု၊ ဦးလေး ဦးသိန်းရွှေအောင်တို့ လေးဦးကိုကိုယ်တိုင်သတင်းလိုက်ပါရယူတဲ့ ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/69036


၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည် ဖော်မှုကော်မတီရဲ့ အာက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို မပြင်ဘူးလို့ ပြောဆိုလာတဲ့အပေါ်မှာ နိုင်ငံရေးအင်အားစုတွေက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလိုက်တာလို့ပြစ်တင်ဝေဖန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ လွှတ်တော်အတွင်းမှာ လာမယ့်ရွေးကောက်ပွဲမှာ ကျင်းသုံးမယ့် ရွေးကောက်ပွဲ ကိုယ်စားပြု အချိုးကျ ပုံစံအသစ် ပြောင်းလဲဖို့ လုပ်ဆောင်နေတဲ့အပေါ် လူထုဆန္ဒခံယူဖို့ လိုမယ်လို့ အဖွဲ့ချုပ်ဥက္ကဌ က ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ ထွက်လာအပြီးမှာပဲ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ မလိုဘူးလို့ ပြောဆိုချက်ကို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ဝေဖန်လိုက်ကြတာပါ။

ပြည်သူ ၅ သန်းကျော်က ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ တောင်းဆိုထားတဲ့ကြားက အခုလို ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အရေးပါတဲ့ ပုဒ်မ ၄၃၆ ကို မပြင်ဘူးဆိုတာဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခြင်း ဖြစ်သလို၊ လွှတ်တော်ဟာ ပြည်သူကို ကိုယ်စားမပြုတဲ့ သဘောလည်း သက်ရောက်တယ်လို့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဧရာဝတီတိုင်း မဲဆန္ဒနယ်မှာ အနိုင်ရခဲ့တဲ့ ၉၀ အမတ် ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။

“တိုင်းပြည်မှာရှိတဲ့ ပြည်သူအများစုက ဒီပုဒ်မ ၄၃၆ ကို ပြင်စေချင်ပါတယ်။ ၄၃၆ ကို မပြင်ခြင်းဟာ ပြည်သူလူထုရဲ့ဆန္ဒကို ဆန့်ကျင်ခြင်းလည်း ဖြစ်ပါတယ်။ ဒီနေ့ ကျနော်တို့ လွှတ်တော်ဟာ ပြည်သူလူထုကို ကိုယ်စားပြုရမယ့် လွှတ်တော်ဖြစ်ပါတယ်။ ပြည်သူလူထုက တင်ပြလာတဲ့ အချက်တွေကို လျစ်လျူရှုပြီးတော့ ၂၅ ရာခိုင်နှုန်းသော စစ်တပ်က ပါဝင်လာတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို ဖယ်ရှားတာဟာ အင်မတန်မှပဲ ဆိုးရွားတဲ့လုပ်ရပ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုကိုလည်း ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တဲ့ အတွက် ကျနော်တို့အားလုံးက ဒီလိုလုပ်ရပ်မျိုးကို လုံးဝ လက်မခံ၊ ကန့်ကွက်ပါတယ်ခင်ဗျ။”

တိုင်းပြည်မှာ အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနေတယ်လို့ ပြောပြီးတော့ စစ်တပ်ကလည်း ဒီမိုကရေစီကို ထောက်ခံပါတယ်လို့ပြောရင် ပုဒ်မ ၄၃၆ ပြင်ဆင်တာကို လက်ခံဖို့ လိုမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ က ပြောပါတယ်။

“အဲတော့ ဒီတိုင်းပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို လုပ်နေတယ်လို့ ပြောရင် တပ်မတော်ကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံပါတယ်လို့ အကြိမ်ကြိမ် ပြောဆိုနေခဲ့တာတွေ ရှိတယ်။ ရှိတယ်ဆိုလို့ရှိရင် အဲ့ဒီ ၄၃၆ ကို ပြင်နိုင်မှပဲ အဲ့ဒီ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုတာ ဖြစ်လိမ့်မယ်လို့ ကျနော် အဲ့လိုပဲ ပြောချင်တယ်။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အညီပဲ ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီ ပုဒ်မ ၄၃၆ ကို ပြင်ဆင်တယ်ဆိုတာဟာ ပြည်သူလူထု ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့ လက်ထဲကို လုပ်ပိုင်ခွင့်အာဏာတွေ ရောက်ဖို့အတွက် ၄၃၆ ကို ပြင်ဖို့ ကျနော်တို့က ပြောတာ။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ပိုင်ခွင့်အာဏာ မရှိဘဲနဲ့ ရွေးကောက်ပွဲတွေ လုပ်နေလည်း အလကားပဲလို့ ကျနော် ပြောချင်တယ်။”

လက်ရှိအချိန်မှာတော့ အကောင်အထည်ဖော်ရေး ကော်မတီရဲ့အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ အမည်စာရင်းတွေ တောင်းခံပြီး ဒီကိစ္စကို ဆက်ဆွေးနွေးဖို့ ရှိနေတာပါ။ အခုလို ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ မကိုက်ညီလို့ ပြင်ဖို့ပြောနေချိန် တချိန်တည်းမှာပဲ လူထုဆန္ဒမပါဘဲ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်တရပ်ကို ပုံစံပြောင်းဖို့ ကြိုးစားတာဟာ မသင့်တော်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့ လွှတ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် သူမက ရွေးကောက်ပွဲစနစ် ပြင်မယ်ဆိုရင်လည်း ပြည်သူ့ဆန္ဒခံယူဖို့ လိုမယ်လို့ ပြောပါတယ်။

“အရင်တုန်းက နှစ်ပေါင်းများစွာ လက်ခံခဲ့တဲ့စနစ်ကို ပြည်သူတွေက ဘာမကျေနပ်လို့လဲ။ ပြည်သူတွေက ဘာမသင့်တော်ဘူးလို့ ထင်လို့လဲ။ ဘာမှလဲ ကျမတို့က မကြားရဘဲနဲ့ လွှတ်တော်ကပဲ ဆုံးဖြတ်တယ်ဆိုတာဟာ ဒါဟာ ပြောင်းပြန်ဖြစ်နေတော့ ပြည်သူရဲ့ဆန္ဒကို လွှတ်တော်ကနေ ရောင်ပြန်ဟပ်ရမှာ။ လွှတ်တော်ရဲ့ဆန္ဒကို ပြည်သူကနေ ရောင်ပြန်ဟပ်ရမှာ မဟုတ်ဘူး။ ဒီဟာကိုတော့ အားလုံးကနေပြီးတော့ အလေးထားပြီး ဂရုစိုက်ပြီးတော့ အာရုံပြုကြပါ။”

မြန်မာနိုင်ငံရဲ့ ရွေးကော်ပွဲတွေမှာ ရွေးကောက်ပွဲပုံစံ ပြောင်းလဲဖို့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေတုန်းက တင်ပြခဲ့တဲ့အပေါ်မှာ အခုတခေါက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အကျယ်တ၀င့် ဆွေးနွေးလာကြလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က ရွေးကောက်ပွဲစနစ် ၈ မျိုးကို တင်ပြခဲ့တာ ဖြစ်ပြီးတာ့ မနေ့နဲ့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာ PR နဲ့ ပတ်သက်ပြီး ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြန်အလှန် ဆွေနွေးနေကြတာပါ။

ဒီနေ့ ပြည်သူလွှတ်တော် အစည်းအဝေးအတွင်းမှာတော့ PR စနစ် ကျင့်သုံးဖို့ မသင့်တော်ဘူးလို့ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်က ကန့်ကွက်ဆွေးနွေးခဲ့တဲ့အကြောင်း NLD ရဲ့ facebook လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တင်ပြလာတဲ့ ပုံစံ ၈ မျိုးထဲမှာဆိုရင်တော့ လက်ရှိ ကျင့်သုံးနေတဲ့ FPTP ပုံစံ၊ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် PR ပုံစံနဲ့ PR နဲ့ FPTP ကို အမျိုးစုံ ပေါင်းစပ်ရောနှောထားတဲ့ ပုံစံတွေဖြစ်တာကို တွေ့ရတယ်လို့ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) ရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ ဒီပုံစံတွေက ပုံစံတခုကို ရွေးချယ်ပြီးတာ့ ပြည်ထောင်စု လွှတ်တော်မှာ ဆန္ဒမဲခွဲတဲ့ သဘောတွေ ထိရှိလာမယ်လို့ သူက ဆက်ပြောပါတယ်။

“ရှေ့ဆက်ပြီးတော့တော့ သူက ပေးထားတဲ့ option ၈ ခုပေါ့နော် ရွေးချယ်စရာ ၈ ခုထဲကနေပြီးတော့ ၁ ခုကို သူတို့ ရွေးရမှာပေါ့။ ဘယ်ပုံစံကို လုပ်ချင်သလဲ၊ ကြိုက်သလဲဆိုတာဟာကို ရွေးရမှာပေါ့။ အဲ့ဒါ ရွေးပြီးလို့ရှိရင် သူက လွှတ်တော်ဥက္ကဌရဲ့ ပြောပြချက်အရဆိုရင်တော့ ဒါကိုပေါ့ ပြည်ထောင်စုလွှတ်တော်မှာပါ ထပ်ပြီးတော့ ဆန္ဒခံယူမယ်လို့ သိရပါတယ်။”

လက်ရှိ အချိန်မှာဆိုရင်တော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူအများစုက တောင်းဆိုနေကြပြီးတော့ အများသဘောမတူတဲ့ PR ကို အခြေခံထားတဲ့ ရွေးကောက်ပွဲပုံစံ ပြောင်းလဲလာမှာကိုတော့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်တာတွေလည်း ရှိနေပါတယ်။
VOA
http://burmese.voanews.com/content/constitution/2499002.html

မနေ.ကနံနက်ပိုင်း၁၁နာရီခွဲခန့်က ဘန်ကောက်မြန်မာသံရုံးရှေ့တွင်၉လပိုင်း၁၀လပိုင်း၂၀၁၄ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသွားပြီးဗီဇာတိုးခွင့်မရသည့်ယာယီပတ်စပို့ကိုင်ဆောင်ထားသည့်  မြန်မာအလုပ်သမား
အချို့က ဗီဇာတိုးခွင့်ရရှိရေးအတွက် စာတမ်းများကိုင်ဆောင်ပြီးငြိမ်းချမ်းစွာ ဆန္ဒတောင်းဆိုခဲ့ပါသည်။

ထို့နောက်ထိုင်းနိင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဝင်းမောင်ထံသို့သက်တမ်းတိုးခွင့်ရရှိရေး အလုပ်သမားများရဲ့အခက်အခဲကိုတင်ပြအစီအရင်ခံထားသည့်အသနားခံစာ
ကိုသံရုံးလုံခြုံရေးတာဝန်ခံမှတဆင့်ပေးပို့တင်ပြခဲ့ပါသည်။

ထိုင်းစစ်ဘက်အာဏာပိုင်များနှင့်ထိုင်းရဲများကလုံခြုံရေးအရငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေရန် ဖမ်းဆီးခြင်းမရှိပဲစောင့်ကြည့်ဖြေရှင်းပေးခဲ့ကြပါသည်။

ထို့နောက်အလုပ်သမားများသည်သံရုံးမှ တစ်ဆင့် ထိုင်းအလုပ်သမားဝန်ကြီးငှာန သို့ဆက်လက်သွားရောက်ပြီးသက်တမ်းကုန်သွားသူများ ဗီဇာတိုးခွင့်ပြုပါရန်တောင်းဆိုစာကို ထိုင်းအလုပ်သမားဝန်ကြီးငှာနအကြီးအကဲ လပ်ထပ်မွန်သရီဖွန်အေစူလာဆတ် ထံသို့ပေးပို့တင်ပြခဲ့ပါသည်။

သတင်း - ရဲမင်း RaksThai. Foundation Mahachai. Thailand
ဓါတ်ပုံ- Ko Naing Naing.

မြန်မာစာပေလောက စာပေပညာရှင် ဦးအောင်သင်း (တောင်တွင်းကြီး) အမျိုးသား စာပေတစ် သက်တာဆုရှင်၊ လ/ထကထိက(ငြိမ်း) မြန်မာစာဌာန၊ မော်လမြိုင်ကောလိပ်၊ ပြင်ဦးလွင်စစ်တက္ကသိုလ်၊ ရန်ကုန်-ဝိဇ္ဇာသိပံ္ပတက္ကသိုလ် အသက် (၈၈) နှစ်သည် ရန်ကုန်မြို့နေအိမ်တွင် ၂၅.၁ဝ.၂ဝ၁၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီး ဆရာကြီး၏ ရုပ်ခန္ဓာအား စမ်းချောင်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သယ်ဆောင်ကူညီဖေးမခဲ့ပြီး ဆရာကြီး၏ ရုပ်ခန္ဓာအား ရေဝေးသုဿန် တွင် ဂူသွင်းသင်္ဂြိုဟ်နိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စနစ်တကျ စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

၂၇.၁ဝ.၂ဝ၁၄ (တနင်္လာနေ့) ညနေ (၅းဝဝ) နာရီအချိန်တွင် ဆရာကြီး၏ ဈာပနအခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမမှုနှင့် နယ်ပယ်အသီးသီးမှ ဆရာကြီး၏တပည့်များ၊ စာပေ မိတ်ဆွေများ၊ လူမှုအကျိုးပြု အဖွဲ့အစည်းများ၊ ဆရာကြီးအား ချစ်ခင်လေးစားကြသည့် ဧည့်ပရိသတ်များ တို့ဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် ပရဟိတ သာသနာပြုခရီးစဉ်အဖြစ် ပြည်မြို့တစ်ဘက်ကမ်း၊ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာမုနိဘုရားအနီးရှိ “မဟာပဏီတ ပရဟိတ အောင် တော်မူစေတီတော်” ၌ ကိန်းဝပ်စံပါယ်တော်မူမည့် စကျင်ဗုဒ္ဓဆင်းတုတော်များအား မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်၊ စကျင်ကျေးရွာမှ ပင့်ဆောင်အပူဇော်ခံခြင်း ကျင်းပပြုလုပ်နေသည့်အတွက် ဆရာကြီး ဦးအောင် သင်း၏ ဈာပနအခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိသော်လည်း ဆရာကြီးအား

- “ကျွန်တော်လူငယ်တွေကို စည်းလုံး ခြင်းရဲ့ တန်ဖိုးကိုပြနေတယ်…
- ကျွန်တော်လူငယ်တွေကို ဗြဟ္မစိုရ်စိတ်ဓါတ်ရဲ့ အရသာကို ခံစားခိုင်းနေတယ်…
- ကျွန်တော်လူငယ်တွေကို သီလရဲ့ အနှစ်သာရကို ပြနေတယ်...
- ကျွန်တော်လူငယ်တွေကို ပရဟိတရဲ့ အဖြူထည်ကို ရေးဆွဲခိုင်းနေတယ်…
- ကျွန်တော်လူငယ်တွေနဲ့အတူ ပရဟိတသာသနာပြုနေတယ်…
- ဒါကြောင့် လူငယ်လမ်းပြ ဆရာကြီးဦးအောင်သင်းဈာပနကို ကျွန်တော်ကိုယ်တိုင် မရောက်ခဲ့ဘူး...
- ကျွန်တော်မရှိပေမယ့် ရန်ကုန်မှာရှိနေတဲ့ ကျွန်တော့်ရဲ့ မျိုးဆက်သစ်တွေ တာဝန်ကျေခဲ့တယ်…
- ကျွန်တော် ကျေနပ်သွားပြီဆရာ…
- မျိုးဆက်သစ်ဆိုတာ ဒီလိုဘဲဖြစ်ရမှာ မဟုတ်လားဆရာ …. ”

(ကျော်သူ)
မျိုးဆက်သစ် တိုးတက်ရစ်ဖို့ စေတနာ့ဝန်ထမ်းဆရာကြီး ကောင်းရာသုဂတိသို့ ရောက်ရှိခံစားနိုင်ပါ စေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆုတောင်းပေးလိုက်ရပါသည်။

အီဘိုလာ ​ရောဂါ ​ဖြစ်နေတဲ့ ​နိုင်ငံက ​လူတွေ ​သြစတြေးလျနိုင်ငံထဲ ​ဝင်လာမယ်ဆိုရင် ​ပြည်ဝင်ခွင့် ​မပေးတာတွေ ​ဒါမှမဟုတ် ​ကျန်းမာရေး ​စစ်ဆေးမှု ​အမျိုးမျိုး ​ခံရမယ်လို့ ​အစိုးရက ​သတိပေးလိုက်ပါတယ်။
လိုင်ဘေးရီးယား နိုင်ငံမှာ အီဘိုလာ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း (Credit: AFP)

အခုလောလောဆယ် ​အီဘိုလာ ​ရောဂါ ​ဖြစ်နေတဲ့ ​နိုင်ငံတွေက ​ပြည်ဝင်ခွင့် ​ဗီဇာကို ​သြစတြေးလျ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနက ​ခေတ္တ ​ရပ်နားထားတယ်လို့ ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီး ​Scott ​Morrison ​က ​ပြောပါတယ်။

ဒါပေမဲ့ ​သြစတြေးလျနိုင်ငံမှာ ​အမြဲတမ်းနေထိုင်ခွင့် ​ရရှိထားတဲ့ ​အနောက်အာဖရိက ​လူမျိုးတွေကိုတော့ ​သြစတြေးလျကို ​ပြန်လည်ဝင်ရောက်ခွင့်ပေးမှာ ​ဖြစ်ပေမယ့် ​အဲဒီမတိုင်ခင် ​ပြည်ပမှာ ​၂၁ ​ရက်ကြာ ​စောင့်ကြည့်မယ်လို့ ​ပြောပါတယ်။ ​အီဘိုလာ ​ရောဂါပိုးဟာ ​၂၁ ​ရက်ကြာ ​ရောဂါပျိုးလေ့ရှိတဲ့အတွက် ​ပြည်ပမှာ ​၂၁ ​ရက်ကြာ ​စောင့်ကြည့်မှာဖြစ်ပြီး ​ရောဂါပိုး ​မရှိဘူးလို့ ​သေချာမှသာ ​သြစတြေးလျနိုင်ငံထဲ ​ဝင်ရောက်ခွင့်ပေးမယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံက ​ကျန်းမာရေး ​ပညာရှင်တွေကို ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကို ​ပို့ဆောင်ဖို့ ​အစိုးရကို ​တောင်းဆိုထားကြပေမယ့် ​သြစတြေးလျ ​အစိုးရကတော့ ​ပို့မယ် ​မပို့ဘူးဆိုတာကို ​အတိအလင်း ​ပြောဆိုခြင်း ​မရှိသေးပါဘူး။


အမေရိကန်ကတော့ ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ပြန်ရောက်လာသူတွေကို ​သီးသန့်ခွဲပြီး ​စောင့်ကြည့်မှုလုပ်

အမေရိကန်နိုင်ငံက ​တချို့ ​ပြည်နယ်မှာတော့ ​အနောက်အာဖရိက ​ကနေ ​ပြန်ရောက်လာတဲ့ ​ကျန်းမာရေးပညာရှင်တွေကို ​အတင်းအဓမ္မ ​စနစ်နဲ့ ​သီးသန့်ခွဲခြားပြီး ​စောင့်ကြည့်မှုတွေ ​လုပ်နေပါတယ်။

ရောဂါ ​ဖြစ်ပွားနေတဲ့ ​နိုင်ငံကနေ ​အမေရိကန်နိုင်ငံထဲ ​ပြန်လာမယ့် ​စစ်သားနဲ့ ​ကျန်းမာရေးလုပ်သား ​တချို့ကို ​သီးသန့်နေရာမှာ ​ထိန်းသိမ်းပြီး ​စောင့်ကြည့်နေတာဖြစ်ပါတယ်။

တချို့ ​စစ်သားကိုတော့ ​အီတလီနိုင်ငံမှာ ​စောင့်ကြည့်နေပြီး ​သူနာပြုတစ်ဦးကိုတော့ ​နယူးဂျာဆီပြည်နယ်က ​ဆေးရုံမှာ ​စောင့်ကြည့်နေပါတယ်။ ​ဒါပေမဲ့ ​အဲဒီ ​သူနာပြုက ​သူ့ကို ​အကျဉ်းသား ​တစ်ယောက်လို ​ထိန်းသိမ်းထားတယ်လို့ ​ဝေဖန်ပြောဆိုလာပြီးနောက် ​သူ့ရဲ့ ​နေအိမ်မှာပဲ ​ပြန်နေခွင့် ​ပြုလိုက်ပြီ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကလည်း ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ပြန်လည်ရောက်ရှိလာသူတွေကို ​ခွဲခြား ​ဆက်ဆံတာမျိုး ​မလုပ်ဖို့ ​ပန်ကြားထားပါတယ်။


ဂျပန်လေဆိပ်မှာလည်း ​လိုင်ဘေးရီးယားက ​လာတဲ့ ​လူတစ်ဦး ​ဖျားနေတာကြောင့် ​အီဘိုလာအတွက် ​စစ်ဆေးနေ

တဆက်တည်းမှာပဲ ​လိုင်ဘေးရီးယားနိုင်ငံမှာ ​သတင်းယူခဲ့တဲ့ ​သတင်းသမား ​တစ်ယောက်ဟာ ​ဂျပန်နိုင်ငံ ​လေဆိပ်အရောက်မှာ ​အဖျားရှိကြောင်း ​တွေ့ရတဲ့အတွက် ​ဂျပန်အာဏာပိုင်တွေကလည်း ​အီဘိုလာ ​ဟုတ်မဟုတ် ​စောင့်ကြည့် ​စစ်ဆေးနေပါတယ်။

ဒီကနေ့မှာတော့ ​သွေးစစ်ထားတဲ့ ​ရလဒ်ကို ​သိရမှာ ​ဖြစ်ပါတယ်။ ​ဂျပန်အစိုးရက ​လွန်ခဲ့တဲ့ ​သောကြာနေ့ကစပြီး ​အီဘိုလာ ​ဖြစ်နေတဲ့ ​နိုင်ငံကနေ ​ရောက်ရှိလာသူတွေကို ​လေဆိပ်မှာ ​ကျန်းမာရေး ​စစ်ဆေးနေတာ ​ဖြစ်ပါတယ်။
ငါးနှစ်သားကို ​အမေရိကန်က ​စောင့်ကြည့်နေ

တချိန်တည်းမှာပဲ ​ဂီနီနိုင်ငံကနေ ​အမေရိကန်နိုင်ငံကို ​ရောက်ရှိလာတဲ့ ​ငါးနှစ်အရွယ် ​ကလေးငယ် ​တစ်ဦး ​နေမကောင်းဖြစ်နေတဲ့အတွက် ​အီဘိုလာ ​ရောဂါ ​ဟုတ်မဟုတ် ​အမေရိကန် ​အာဏာပိုင်တွေက ​စမ်းသပ်နေပြီး ​ဒီကနေ့ ​အဖြေသိရမှာ ​ဖြစ်ပါတယ်။

http://www.radioaustralia.net.au/burmese/2014-10-28/1383651

ရန်ကုန် - အောက်တိုဘာ ၂၇၊ ၂၀၁၄ (မော်ကွန်း)

ကိုပါကြီးသေဆုံးမှု စုံစမ်းစစ်ဆေးရန် ဆန္ဒဖော်ထုတ်မှုကို ရဲက ပုဒ်မ(၁၈) ဖြင့် တရားစွဲရန်စီစဉ်နေကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သော Generation Wave မှ ကို မိုဃ်းသွေးကမော်ကွန်းသို့ ပြောသည်။

၎င်းထံသို့ တရားဝင်အကြောင်းကြားခြင်းမရှိသေးသော်လည်း “ကျွန်တော့်ကိုအသိတစ်ယောက်ကပြောလို့ ကျောက်တံတား ရဲစခန်းကိုဖုန်းဆက်မေးတဲ့အခါ (တရားစွဲထားတာ) ဟုတ်တယ်လို့ပြောတယ်” ဟု ၎င်းကပြောသည်။

မြန်မာ့တပ်မတော်၏သတ်ဖြတ်ခြင်းခံရသော ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍စုံစမ်းစီရင်ပေးရန် အရပ်ဘက်အဖွဲ့အစည်းငါးဆယ်ခန့်ပူးပေါင်းပြီး ယမန်နေ့ညနေက ရန်ကုန် မြို့တော်ခန်းမရှေ့တွင်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ Generation Wave အဖွဲ့နှင့် ဒီမိုကရက်တစ်အင်အားစု အဖွဲ့များ စုစုပေါင်း ၄၆ ဖွဲ့နှင့်အတူ ပြည်သူများပူးပေါင်းပါဝင်ခဲ့ပြီး ညနေ ၄ နာရီမှ ၅ နာရီ ဝန်းကျင်အထိ ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။

“ကျူးလွန်တဲ့လူကိုမှန်မှန်ကန်ကန်ဖော်ထုတ်ပေးဖို့ အရေးယူပေးဖို့ နိုင်ငံတော်သမ္မတကြီးကို ဦးတိုက်ပြီးတော့ တောင်းဆို ပါတယ်” ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက အဆိုပါပွဲတွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမင်းကိုနိုင်ကလည်း အဆိုပါအမှုကို လွတ်လပ်၍ ကျွမ်းကျင်မှု လည်းရှိ သတ္တိလည်းရှိသော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ စုံစမ်းဖော်ထုတ်ပေးပြီး ကျူးလွန်သူကိုလည်း တရားဥပဒေအရ မျှတစွာ အပြစ်ပေး စီရင်ရန်ပြောဆိုခဲ့သည်။

ကိုပါကြီး၏ဇနီးကလည်း တပ်မတော်ကကူညီထောက်ပံ့မှုများပေးအပ်မည်ကို လက်ခံမည်မဟုတ်ဘဲ အလောင်းပြန်ရရေး၊ လွတ်လပ်၍တရားမျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ပေါ်ပေါက်ရေးနှင့် ဥပဒေ အတိုင်းကျူးလွန်သူများကို အရပ်ဘက်ဆိုင်ရာတရားရုံးများတွင် ပွင့်လင်းမြင်သာစွာတရားစွဲဆိုနိုင်ရေးတို့ကို အဆိုပါပွဲတွင် ပန်ကြားချက်ထုတ်၍ တောင်းဆိုလိုက်သည်။

၁၉၈၈ ခုနှစ်တွင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) တွင်လည်းပါဝင်ခဲ့ပြီး အလွတ်တန်း သတင်းထောက်လုပ်နေသည်ဟုဆိုသော ကိုပါကြီးသည် တစ်လနီးပါးပျောက်ဆုံးနေပြီး အောက်တိုဘာ ၂၃ ရက်တွင် တပ်မတော်က၎င်းကိုထိန်းသိမ်းထားစဉ် ကင်းစောင့်တပ်သားထံမှ သေနတ်လုယူထွက်ပြေးရန်ကြိုးပမ်းသဖြင့် ပစ်ခတ် ဖမ်းဆီးရာတွင်သေဆုံးသွားကြောင်း တပ်မတော်ကကြေညာချက်ထုတ်ပြန်ခဲ့သည်။ ။
Yangon Press International
https://www.facebook.com/ygnpress?fref=nf


ရန်ကုန်- အောက်တိုဘာ ၂၈၊ ၂၀၁၄ (မော်ကွန်း)

ပြည်သူငါးသန်းနီးပါးက ပြင်ဆင်ရန် လက်မှတ်ရေးထိုး ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ကို တပ်မတော် ကမပြင်ဆင်လိုဘဲ တပ်မတော်သား ထက်ဝက်ကျော် နေရာယူထားသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ၏လုပ်ပိုင်ခွင့် အာဏာတိုးမြှင့်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မျာက လွှတ်တော်သို့ အကြံပြု ထားသည်။

ယခုလ ၂၂ ရက်ကကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည့် ပါတီအဖွဲ့အသီးသီး၏ အကြံပြုချက်များပါသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော်ကထိုကဲ့သို့ အကြံပြုထားခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

၎င်းအကြံပြုချက်တွင် မဏ္ဍိုင်သုံးရပ်ထိန်းကျောင်းမှု ယိုယွင်းလာလျှင် ကာလုံ၏ထောက်ခံ အကြံပြုချက်ဖြင့် နိုင်ငံတော် သမ္မတက လွှတ်တော်နှစ်ရပ်ကို ဖျက်သိမ်းနိုင်ပြီး ရက်ပေါင်း ၉၀ အတွင်းရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန်လည်း အကြံပြုထားသည်။

၎င်းအကြံပြုချက်ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ဆွေက “သူတို့(တပ်မတော်)က နိုင်ငံရေးထဲမှာတော့ ပါနေရဦးမယ် ဆိုတဲ့သဘောထားကို ပြောတဲ့သဘောပါပဲဗျာ” ဟု ထောက်ပြပြောဆိုသည်။

အခြေခံဥပဒေပါအချက်များကိုပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံရမည်ဟု ပုဒ်မ ၄၃၆ တွင်ပါရှိပြီး ၎င်းပုဒ်မကိုပြင်ဆင်လျှင် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းနေရာယူထားသော တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို မရှိမဖြစ်လိုအပ်တော့မည်မဟုတ်တော့သောကြောင့် ၎င်းပုဒ်မကို တပ်မတော်က မပြင်ဆင်လိုခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တပ်မတော်၏၎င်းအကြံပြုချက်နှင့်ပတ်သက်၍ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီက အများက ပုဒ်မ ၄၃၆ ကိုပြင်ဆင်ချင်သည့်အခြေအနေတွင် တပ်မတော်က ပြင်ဆင်လိုသည့် ဆန္ဒမရှိခြင်းသည် တိုင်းပြည်အတွက် စိတ်မကောင်းစရာဖြစ်ကြောင်းနှင့် “ဒီလိုစဉ်းစားချက်မျိုးကို တပ်မတော်အနေနဲ့ ပြန်လည်သုံးသပ်ဖို့လိုတယ်” ဟု မှတ်ချက်ပြုသည်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီအင်အားစုများက လူထုလှုပ်ရှားမှုများပြုလုပ်ကာ တောင်းဆိုနေကြသည်။

“အခုအခြေအနေတောင် ကာလုံက အာဏာယူထားတာ တော်တော်လေး လွန်နေပြီ။ ထပ်လိုချင်တယ်ဆိုရင်တော့ သိပ်များလွန်းတယ်” ဟု ကိုဂျင်မီက သုံးသပ်သည်။

လက်ရှိကာလုံတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စသည့် ၁၁ ဦးဖြင့်ဖွဲ့စည်းထားရာ ခြောက်ဦးမှာ တပ်မတော် ဘက်မှဖြစ်သည်။ ။

သန်းထိုက်
Yangon Press International
https://www.facebook.com/ygnpress?fref=nf


လားရှိုး ၊ အောက်တိုဘာ (၂၈)

အောက်တိုဘာ (၂၇) ရက်နေ့မနက်က မကွေး - လားရှိုးပြေးဆွဲတဲ့ AA FAMILY ကားအသင်းက ကားတစ်စီး ခရီးသည် ဆင်းဖို့ လားရှိုးယာဉ်ထိန်းရုံးရှေ့ ခဏရပ်ပေးတော့ သုံးဘီးသမားတွေက အတက်အဆင်းအပေါက်ဝက ပိတ်ပြီး ခရီး သည်လုခေါ်တယ် ။ ဒါတင်မက ကားပေါ်အထိတက်ဆွဲခေါ်တော့ ကားတာဝန်ရှိသူတွေကတားတယ်။ အဲဒါကိုသုံးဘီး ယာဉ်မောင်းတွေက မကျေနပ်လို့ ဒရိုင်ဘာ နဲ့ စပယ်ယာတွေကို သုံးဘီးယာဉ်မောင်း (၁၀) ယောက်လောက်က ၀ိုင်း ရိုက်ပစ်လိုက်တာ အားလုံးဆေးရုံရောက်သွားတယ်။ အသက် (၃၅) နှစ်သာရှိသေးတဲ့ ယာဉ်မောင်းကိုဇော်ကြီး တစ် ယောက်တော့ ရတဲ့ဒဏ်ရာတွေနဲ့ ညသန်းခေါင်ကျော်လောက်မှာ သေသွားတယ်။ ကျန်စပယ်ယာ (၂) ယောက်ကတော့ အပြင်းအထန်ဒဏ်ရာတွေနဲ့ လားရှိုးဆေးရုံကြီးမှာ ဆေးကုနေရတုန်းဘဲ။

ဒီနေ့မနက် ရဲစခန်းကိုမေးကြည့်တော့ သုံးဘီးယာဉ်မောင်း သားငယ်ဆိုတဲ့ လူတစ်ယောက်ကိုဘဲ ဖမ်းလို့ရသေးတယ်လို့ သိရတယ်။ လားရှိုးမှာသုံးဘီးယာဉ်မောင်းတွေ အုပ်စုဖွဲ့ရမ်းကားနေတာ ဒီတစ်ကြိမ်ထဲမဟုတ်ဘူး။ သုံးဘီးဂိတ်နား လာ ရပ်တဲ့ကားတွေကို ဘီးလေလျော့တယ်။ ကားထွက်လို့မရအောင် သုံးဘီးတွေနဲ့ ရှေ့နောက်ပိတ်ဆို့ရပ်ထားတယ်။ ယာဉ် ကြောနှစ်ထပ်ရပ်တယ်။ လမ်းလယ်မှာရပ်ပြီး ခရီးသည်နဲ့ကုန်အတင်အချလုပ်တယ်။ အဲဒါကို နောက်ကားက ဟွန်းတီးမိ ရင် အုပ်စုဖွဲ့ပြီး ရန်စစော်ကားတယ်။ ဆက်ဆံရေးရိုင်းပြတယ် ၊ အမျိုးသမီးတွေကို ညစ်ညမ်းတဲ့စကားတွေနဲ့ သားပြော မယားပြော ပြောတယ်။ အများပြည်သူဆိုင်ရာ လမ်းမကြီးပေါ်မှာ အများပြည်သူကို အဲဒီလိုအုပ်စုဖွဲ့ပြီး မင်းမဲ့စရိုက်ပြု ကျင့် ရမ်းကားနေတာကြာခဲ့ပါပြီ ။ အခုတော့ လူသတ်တဲ့အထိ အတင့်ရဲ ရမ်းကားလာကြပြီပေါ့ ။

ဒါကို လူသတ်မှုဘဲလို့သတ်မှတ်ပြီး သတ်တဲ့လူကိုဘဲ ဖမ်းဆီးအရေးယူ တရားစွဲ ထောင်ချလိုက်ကြတာပေါ့ ဆိုရင်တော့ မြို့ပေါ်မှာအုပ်စုဖွဲ့ ရမ်းကားကြတဲ့ မင်းမဲ့စရိုက်တွေဟာ ပျောက်သွားမှာမဟုတ်ပါဘူး။ နာတာရှည် ကင်ဆာရောဂါကို ဆေးမြီးတိုနဲ့ကုသလိုဘဲ ဖြစ်မှာပေါ့ ။ ဒီလိုရမ်းကားတဲ့ သုံးဘီးယာဉ်ငယ်အသင်းတွေကို ဂိတ်ပိတ်သိမ်းပစ်သည့်အထိ စီမံ ခန့်ခွဲမှုနည်းလမ်းနဲ့ အရေးယူဖို့ရော မသင့်ပေဘူးလား။ ဒီလိုဘဲ ပေါ့ပေါ့တန်တန် သဘောထားကြမယ်ဆိုရင် သုံးဘီးယာဉ် ငယ်အသင်းတွေဟာ လမ်းမတော်ဖိုးတုတ်လို လူမိုက်ဂိုဏ်းကြီးတွေ အသွင်ကိုကူးပြောင်းသွားမှာ စိုးရိမ်ရပါတယ် ။

ကိုသိုး (လားရှိုး )
Lashio News Diary
https://www.facebook.com/lashio.news.city?ref=br_tf

 
ဓါတ်ပုံ - PHYS

ပန်ဒါ ဝက်ဝံတွေကို နိုင်ငံတကာက ချစ်ခင်ပြီး၊ စိတ်ဝင်စားနေကြရာမှာ၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ရှားပါး ပန်ဒါ ဝက်ဝံ အနီတွေကို တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

FFI ခေါ် နိုင်ငံတကာ အပင်နဲ့သတ္တ၀ါများအဖွဲ့က ကချင်ပြည်နယ် အရှေ့မြောက်ဖျား အင်မော်ဘွန် တောင်တန်းဒေသက တောအုပ်ထဲမှာ ပန်ဒါ ဝက်ဝံအနီ ၂ ကောင်ကို တွေ့ရှိခဲ့တာပါ။

FFI အဖွဲ့ရဲ့ ဇီဝဗေဒ ပညာရှင် ဦးစောစိုးအောင်က အဲ့ဒီ ပန်ဒါ ဝက်ဝံ အနီ နှစ်ကောင်တွေ့ရှိခဲ့ပြီး၊ ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှားပါး ပန်ဒါ ဝက်ဝံ အနီတွေရှိနေကြောင်း ပထမဆုံး သက်သေခံ ဗီဒီယိုမှတ်တမ်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီ ပန်ဒါတွေကို တွေ့ခဲ့ရတဲ့နေရာဟာ တရုတ် သစ်ကုမ္ပဏီတွေ မြန်မာနိုင်ငံတွင်းလာရောက်ပြီး သစ်တွေခုတ်၊ တောကောင်တွေကို အမဲလိုက်နေတဲ့ ပျက်စီးပျက်သုဉ်းနေတဲ့ သစ်တောတစ်ခုမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဦးစောစိုးအောင်က ဒီပန်ဒါတွေကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ခံစားချက်နှစ်မျိုး တပြိုင်နက်ဖြစ်သွားခဲ့ပါတယ်၊ တစ်မျိုးက ရှားပါး ပန်ဒါအနီတွေ တွေ့လိုက်ရပြီး၊ ဗီဒီယိုမှတ်တမ်းတင်ခဲ့နိုင်လို့ ပျော်ရွှင်ရတဲ့ ခံစားမှုဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ သူတို့ကျက်စားရနေရာဒေသရဲ့အခြေအနေတွေ ပျက်စီးနေတာ၊ သူတို့ဆက်လက်ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတာတွေ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲရတဲ့ ခံစားမှုပဲဖြစ်ပါတယ်လို့ ပြောဆိုခဲ့ကြောင်း PHYS ခေါ် သိပ္ပံ၊ နည်းပညာနဲ့ သုတေသန အင်တာနက် စာမျက်နှာ သတင်းမှာ ဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.