10/30/14

   
ဓာတ်ပုံ – thairath.co.th

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရတဲ့ ကိစ္စမှာ အဓိက ပါဝင်ပတ်သက်သူလို့ လူမှုကွန်ရက်က ပစ်မှတ်ထား သံသယဖြစ်ခံနေရတဲ့ ကျွန်းသူကြီးရဲ့သား နိုင်းဝါလ်လုတ့် တုဝိချဲ ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်က ဘန်ကောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရုံးချုပ်မှာ ဒီအန်အေ စစ်ဆေးခံခဲ့ပါတယ်။

ခိုတောင်ကျွန်းသူကြီးလည်းဖြစ်၊ အေစီဘားပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲနဲ့ မိသားစုဝင်တွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ သံသယဖြစ်မှုတွေ ခံနေရတဲ့အတွက် သံသယတွေ ရှင်းသွားအောင် တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး ဒီအန်အေ လာရောက် အစစ်ခံတာလို့ ထိုင်းအမျိုးသားရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

သူကြီးကလည်း ဒီလူသတ်မှုမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖြစ်ရပ်မှန်ထက် လွန်ကဲ ရေးသားလို့ သူတို့မိသားစုအပေါ် ထိခိုက်သလို ခိုတောင်ကျွန်းကိုရော ထိုင်းနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းကိုပါ ထိခိုက်ကြောင်း၊ အမှန်က စစ်ဆေးရေးလုပ်ငန်းစဉ်တွေလည်း ရှိပါလျက် သူ့ကို ဖုန်းဆက်မေးလို့လည်း ရပါလျက်နဲ့ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေတာ မသိကြောင်း၊ သူတို့ကို နာမည်ပျက်အောင် ရေးသားဖော်ထုတ်နေတဲ့ လူမှုကွန်ရက်တွေကို ရှေ့နေတွေကနေတဆင့် တရားစွဲမယ်လို့   ပြောသွားပါတယ်။

သူကြီးသားကလည်း ဒီဖြစ်ရပ်ပေါ်မှာ ၀မ်းနည်းမိကြောင်း၊ ဘယ်သူမှန်းမသိရတဲ့ (အကောင်အထည်မရှိတဲ့) သူက ရေးသားတဲ့ဟာကို ယုံကြည်တဲ့ ထိုင်းလူမျိုးတွေကိုလည်း အံ့သြကြောင်း၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူမှ မိမိကို လာရောက်မေးမြန်းတာ မရှိကြောင်း၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ လာမေးကြောင်း ပြောသွားပါတယ်။

ဒီကနေ့ ဒီအန်အေစစ်ဆေးမှုမှာ ဘန်ကောက်ခရိုင် ဆီရီရတ်ဆေးရုံ၊ ချူလာလောင်ကွန်းဆေးရုံ၊ ရာမာဓိပတိဆေးရုံက ၀န်ထမ်းတွေနဲ့ ရဲဆေးရုံ မှုခင်းဆေးသိပ္ပံဌာနက ၀န်ထမ်းတွေရှေ့မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအန်အေရဲ့ ရလဒ်ကတော့ ၂၄ နာရီကြာမှသာ အဖြေထွက်မယ်လို့ ဆေးဝန်ထမ်းတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြ ပါတယ်။

သေဆုံးသူ ၂ ဦးထဲက အမျိုးသမီးဖြစ်သူ ဟန်နာဝစ်သရစ်ဟာ အဓမ္မပြုကျင့်ပြီးမှ အသတ်ခံရတာ ဖြစ်ကြောင်း ဆေးစစ်ချက်မှာ ပေါ်တဲ့အတွက် သံသယရှိသူတွေရဲ့ ဒီအန်အေ မျိုးဗီဇကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒါဟာ လူသတ်မှု ဖြစ်ပွားပြီး ရက်ပေါင်း ၄၅ ရက်အကြာမှာ စစ်ဆေးခံခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်က  အမှုကိုင်တွယ်တဲ့ ရဲတွေက သူကြီးသားဟာ သံသယရှိသူထဲ မပါလို့  ဒီအန်အေစစ်ဆေးဖို့ မလိုအပ်ကြောင်း၊ သံသယမရှိဘဲ စစ်ဆေးရင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သံသယရှိ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေတွေဟာ အဓမ္မကျင့်ခံရသူ ဟန်နာရဲ့ ကိုယ်က ဒီအန်အေနဲ့ တိုက်ဆိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာ ၂ ဦးဟာ ပထမတကြိမ် စစ်ဆေးခံရစဉ်က ဒီအန်အေတူညီကြောင်း မတွေ့ရဘဲ ဒုတိယအကြိမ်မှ တွေ့ရှိတဲ့အပြင်၊ ရဲတွေက သူတို့ကို  ရှေ့နေရှေ့မှာ စစ်ဆေးတာ မဟုတ်တဲ့ အတွက် ရဲတပ်ဖွဲ့ကလည်း သံသယမေးခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စပေါ်မှာ ထိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းအမျိုးသားလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ကျန်အိုးချားကတော့ ဒီအန်အေ စစ်ဆေးချက်ပေါ်မှာ သံသ ယဖြစ်ရင် ပြန်လည်စစ်ဆေးနိုင်ကြောင်း၊ အပြစ်မရှိဘဲနဲ့ ဒဏ်ပေးမှာ မဟုတ်ကြောင်း၊ တရားခံတွေဟာ တရားရုံးမှာ ပြန်လည်ချေပနိုင်ပြီး သူတို့အခွင့်အရေးဖြစ်တဲ့အတွက်  ဟန့်တားမှု မရှိကြောင်း၊ တရားစီရင်မှုမှာတော့ သက်သေအထောက်အထားတွေသာ အဓိကကျတယ်လို့ အောက်တိုဘာ ၃၀ ရက် ပညာရေးဝန်ကြီးဌာန အစည်းအဝေးအပြီး သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

ဒီအမှုမှာ မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ သံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ထိုင်းရဲတွေဟာ အစကတည်းက သက်သေပြည့်စုံအောင် မလုပ်ခဲ့ဘဲ ခုမှပြန်လုပ်ခိုင်းတာ နည်းလမ်းမကျဘူးလို့ ပြောပါတယ်။

“ရဲရဲ့ လုပ်ထုံးလုပ်နည်းအရ သူတို့နိုင်ငံထဲက အမှုတွဲကို သူတို့စပြီး စီစဉ်ကတည်းက ဒါတွေကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ရမှာပါ။ အခုမှ မကျေနပ်ရင် စစ်ဆေးပါလို့ ပြောတဲ့သဘောကတော့ ကျနော်တို့ ဗမာပုံပြင်အရ ဖိုးသူတော်ဂဏန်းစားတဲ့ ပုံပြင်လို ဖြစ်နေပါတယ်။ အကောင်ကြီးတယ်၊ နောက်တခေါက်ပြန်လျှောက်ဆိုပြီး ရေနွေးပူပေါ် ပြန်လျှောက်ခိုင်းတာ၊   ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီအန်အေ ပြည့်စုံမှု မရှိကြောင်း ဒီလဆန်းပိုင်းက ကျနော် ပြောခဲ့ပါသေးတယ်။ အစက ဘာမှမပြောဘဲ အခုလိုကျမှ မတတ်သာတဲ့အဆုံးမှာမှ ပြန်စစ်ရင်လည်း စစ်လို့ ပြောတာက ဒီလို ပြစ်ဒဏ်ကြီးတဲ့အမှုမှာ နည်းလမ်းမကျဘူးလို့ပဲ ပြောချင်ပါတယ်။”

သံသယဖြစ်ခံ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေ ပြန်စစ်၊ မစစ်ကတော့ သူတို့ဘက်က ချေပပေးမယ့် ရှေ့နေကောင်စီအပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

မြန်မာလူငယ် ၂ ဦး တရားမျှတမှုရှိရေးအတွက် မြန်မာသံရုံးအထူးအဖွဲ့က ထိုင်းရှေ့နေများ ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အောက်တိုဘာ ၂၉ ရက်နေ့က သွားရောက် တင်ပြခဲ့တာမှာ ထိုင်းရှေ့နေများကောင်စီက လက်ခံခဲ့ပြီး  အဖွဲ့ဝင်  ၂၀  ဦးပါ ရှေ့နေအဖွဲ့ကို ဖွဲ့ခဲ့ကြောင်း၊ အဲဒီထဲက ၁၂ ဦးဟာ တရားရုံးမှာ ရင်ဆိုင်ပေးမှာ ဖြစ်ပြီး နောက်ထပ်  ၈ ဦးက အတိုင်ပင်ခံဖြစ်တယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/69282


ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄

ISIS စစ်သွေးကြွ အဖွဲ့သည် ၆ နှစ်သား အရွယ်မျှသာ ရှိသေးသည့် ကလေးသူငယ် များကို အသေခံ ဗုံးခွဲသမားများ အဖြစ် လေ့ကျင့်ပေးလျက် ရှိကြောင်းနှင့် ဒဏ်ရာရရှိသည့် ISIS စစ်သွေးကြွ များအတွက် သွေးလှူရှင်များ အဖြစ် ရှေ့တန်း စစ်မြေပြင်သို့ ခေါ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။

ကလေးစစ်သားများ ပါဝင်သည့် အရေအတွက်အား အတိအကျ မဖော်ပြ နိုင်သော်လည်း ကလေးများအား စစ်သင်တန်း ပေးနေမှု အလျင်အမြန် တိုးပွားလာလျက် ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် သတင်းထောက် များက ပြောကြားလျက် ရှိပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် အီရတ်နိုင်ငံရှိ ကုလသမဂ္ဂ အထောက်အပံ့ ပေးရေးမစ်ရှင် ဆိုင်ရာ လူ့အခွင့်အရေး ရုံးတို့က ပူးတွဲ ရေးသားသည့် အစီရင်ခံစာ တစ်စောင်အရ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အနေဖြင့် အသက် ၁၂ နှစ်၊ သို့မဟုတ် ၁၃ နှစ်အရွယ် မျှသာ ရှိသေးသည့် ကလေးသူငယ် များသည် အီရတ်နိုင်ငံ Mosul မြို့တွင် ISIS စစ်သွေးကြွ အဖွဲ့က စီစဉ်သည့် စစ်ရေး သင်တန်းများတွင် တက်ရောက်လျက် ရှိကြကြောင်း အတည်ပြု ထားသောအစီရင်ခံမှု များကို လက်ခံ ရရှိထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Ivan Simonovic သည် အီရတ်နိုင်ငံ ဘဂ္ဂဒက်၊ Dohuk နှင့် Erbil မြို့များရှိ အိမ်ရာစွန့်ခွာ ထွက်ပြေးလျက် ရှိသော အီရတ် ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ရာ ISIS စစ်သွေးကြွ များ၏ တပ်သားသစ် စုဆောင်းမှု အစီအစဉ်သည် ကြီးမား ကျယ်ပြန့်၍ ကြောက်မက်ဖွယ်ရာ အောင်မြင်မှု ရရှိလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် ကလေးစစ်သား များကို အသုံးပြုမှုသည် အရွယ်ရောက်ပြီး သူများလောက် သိသိသာသာ အသုံးဝင်မှု မရှိသောကြောင့် ၄င်းတို့အား အခြားနည်းလမ်း များဖြင့် အသုံးချမှု ပြုလုပ်လျက် ရှိကြောင်း၊ ကလေးစစ်သား များကို လူသားတံတိုင်း များအဖြစ် အသုံးပြုလျက် ရှိသည့်အပြင် ISIS စစ်သွေးကြွ အဖွဲ့ဝင်များ အတွက် သွေးသွင်းမှုများ ပြုလုပ် ပေးရန်လည်း အသုံးပြုလျက် ရှိကြောင်း ကနေဒါနိုင်ငံ အခြေစိုက် ကလေးစစ်သား အရေး လှုပ်ရှားမှု အဖွဲ့ဖြစ်သည့် Romeo Dallaire အဖွဲ့မှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်သူ Shelly Whitman ၏ ပြောကြားချက် အရ သိရှိရသည်။

#PyiChitThar

ISIS child soldiers used as suicide bombers and human shields



ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄

ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များအား လေကြောင်းမှ ထိုးစစ်ဆင် ချေမှုန်းသုတ်သင် ရာတွင် တစ်ရက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျသည့် ခန့်မှန်းချက်အား ပင်တဂွန် စစ်ဌာနချုပ် က ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ AFP သတင်းတစ်ရပ် အရ သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၈ဝ ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ပြောရေး ဆိုခွင့်ရှိသူ Bill Urban က ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် မူလက တစ်ရက် အသုံးစရိတ် အမေရိကန် ဒေါ်လာ ၇ သန်းကျော် အသုံးပြုရန် ပျမ်းမျှ သတ်မှတ် ခဲ့သည်။ သို့ရာတွင် ဇွန်လလယ်ပိုင်းမှ စတင်ခဲ့သည့် အီရတ် စစ်ဘက်အား အကြံပေးရေး နှင့် ဘဂ္ဂဒက်မြို့ရှိ အမေရိကန် သံရုံး လုံခြုံရေးအတွက် အမေရိကန် တပ်ဖွဲ့ဝင် ရာပေါင်းများစွာ တပ်ဖြန့် ချထားမှုများ ပါဝင်သည့် အဆိုပါ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်အား အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက ထည့်သွင်း တွက်ချက်မှု မပြုလုပ် ခဲ့ကြောင်း အလွတ်သဘော လေ့လာ ဆန်းစစ်သူ များက ပြောကြား ခဲ့သည်။

အသုံးစရိတ် ဆိုင်ရာ တာဝန်ရှိသူ အရာရှိဟောင်း များနှင့် အခြားသော ကျွမ်းကျင်သူ အချို့က လက်ရှိတွင် စစ်အသုံးစရိတ် သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံထက် ကျော်လွန် ခဲ့သည်ဟု ခန့်မှန်းထားပြီး လာမည့် ၁ နှစ်အတွင်း ဒေါ်လာ ဘီလီယံပေါင်း များစွာ တိုးမြင့် လာနိုင်ကြောင်း ခန့်မှန်း ထားသည်။ အလားတူ အဆိုပါ စစ်ဆင်ရေး အသုံးစရိတ်သည် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံမှ ၃ ဒသမ ၈ ဘီလီယံ အကြား ရှိလိမ့်မည် ဖြစ်ကြောင်း အမေရိကန် မဟာဗျူဟာ နှင့် အသုံးစရိတ် ဆိုင်ရာ အကဲဖြတ်ရေး ဌာနက စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကဲဖြတ် ဆန်းစစ်မှု တစ်ရပ် ထုတ်ပြန် ခဲ့သည်။

သို့ရာတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ တိုးချဲ့ဆောင်ရွက်မည် ဆိုပါက အသုံးစရိတ်သည် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ ဘီလီလယံ မှ ၆ ဒသမ ၈ ဘီလီယံ အကြား ကုန်ကျမည် ဖြစ်ကြောင်း အမေရိကန် မဟာဗျူဟာ နှင့် အသုံးစရိတ် ဆိုင်ရာ အကဲဖြတ်ရေး ဌာနမှ Tood Harrison က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar


အောက်တိုဘာလ ၃၀ ရက်နေ့မှာ ကိုထင်ကျော်ကို ကျောက်တံတား မြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅ ခ/၃၉ နဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်ပြီး ဆန္ဒပြမူတွေ အတွက် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကျော် အပြစ်ပေးခံထားရ ပါတယ်။ ဦးအောင်ကြီး သတင်းပေးပို့ ထားပါတယ်။

DVB TV News

လေးနှစ်တာကာလအတွင်း ကျပ် ၈၃ဝ မှ ကျပ် ၉ဝဝ ကျော်ဝန်းကျင်အ တွင်းရှိ ပြည်တွင်းနိုင်ငံခြားသုံးငွေ(အမေရိကန်ဒေါ်လာ)ဈေးကွက်တွင် ယခုအောက်တို ဘာနောက်ဆုံးပတ်မှစတင်ကာ ကျပ်၁ဝဝ၅ ကျပ်ဝန်းကျင်ခန့်သို့ မြင့်တက်လာသည်။

ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားများကို တရားဝင် ခြောက်ကျပ်နှုန်းဖြင့်သာ ဆောင် ရွက်ခဲ့ရသည်။ သို့သော် အစိုးရသစ်လက်ထက် တွင် နိုင်ငံခြားသုံးငွေ လဲလှယ်ရေးကောင်တာ များကို တရားဝင်ဖွင့်လှစ်ခွင့်ပေးပြီးနောက်ပိုင်းတွင် သမ္မတရုံးဝန်ကြီးတစ်ဦးက ပြည်တွင်း ဒေါ်လာဈေးနှုန်းများကို ယခင်ခြောက်ကျပ် အဖြစ်သုံးစွဲရာမှ ကျပ်တစ်ထောင်ဝန်းကျင် သို့ ပြောင်းလဲသုံးစွဲမည်ဟု ဆိုခဲ့သည်။

လက် တွေ့အခြေအနေတွင် ဒေါ်လာဈေးနှုန်းများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်ပုဂ္ဂလိကဘဏ် များ ပူးပေါင်းကာ ဝိုင်းဝန်းထိန်းကျောင်းခြင်း နှင့် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေး အကူအညီများ ပေးနေသည့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့၏ အကြံပေးချက်များအရ ပြည် တွင်းနိုင်ငံခြားသုံးငွေ လဲလှယ်ရေးနှုန်းထား များကို ကျပ် ၈၃ဝဖြင့် စတင်ခဲ့သည်။

မည်သည့်နှုန်းထားဖြင့်စတင်ခဲ့သည် ဖြစ်စေ လက်ရှိအချိန်တွင် ဒေါ်လာဈေးနှုန်း များမှာကျပ်တစ်ထောင်ကျော်တွင် ရုတ်တရက် စတင်ရပ်တည်နေပြီဖြစ်သည်။ ယင်းအချက် သည် မြန်မာ့စီးပွားရေးအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သနည်း ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာသည်။

ငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ရှား ပါးခြင်းများကြောင့် ယခုကဲ့သို့ ဈေးနှုန်းများမြင့်တက်သွားခြင်းဖြစ်ကြောင်း ငွေကြေးဆိုင် ရာကျွမ်းကျင်သူများက သုံးသပ်သည်။

စီးပွားရေးပညာရှင်ဒေါက်တာမောင်မောင် စိုးက''ငွေလဲနှုန်းက ဈေးကွက်ထဲမှာ ဒေါ်လာ ရှားသွားတဲ့အတွက် ဈေးတက် လာတာပေါ့၊ တက်မယ်ဆိုတာတော့ ကြိုခန့်မှန်းလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်လာနဲ့ ဝယ်ရမယ့် ကုန်ပစ္စည်းတွေကို လမ်းဖွင့်ပေးထားတယ်။ ဥပမာမော်တော်ကားပေါ့၊ အဲဒါတွေ ဝယ်ဖို့ ဒေါ်လာလိုတဲ့အတွက် ဒေါ်လာဈေးတက်လာ တယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ မြန်မာ ငွေတန်ဖိုး ကျသွားတယ်'' ဟုဆိုသည်။

ရွှေဈေးကွက်ဘာဖြစ်လာမလဲ
*********************************
ဒေါ်လာဈေးနှုန်း အပြောင်းအလဲသည် ပြည်တွင်းရွှေဈေးကွက်အတွင်း အနည်းငယ် လှုပ်ခတ်မှုများဖြစ်လာနိုင်သည်။

ယင်းအပြင် ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းအ နည်းငယ်ပြောင်းလဲနိုင်သည်ဟု ရွှေလုပ်ငန်း ရှင်အသိုင်းအဝိုင်းက မှတ်ချက်ပေးသည်။

တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က ''ဒေါ်လာဈေးကအခု ၁ဝဝ၅ကျပ် လောက် ရောက်နေတော့ ကမ္ဘာ့ရွှေဈေးကတော့ ကျ သွားတယ်။ ဒါပေမဲ့ လက်ရှိပြည်တွင်း ရွှေ ဈေးကတော့ မကျဘူး။ ၆၅၉ဝဝဝ ကျပ်လောက် ရောက်နေတယ်။ ၂ဝဝဝ လောက် ဈေးတက်လာ တယ်ပေါ့။ ဒီအတိုင်း ဒေါ်လာဈေးက ဆက် တက်နေဦးမယ်ဆိုရင်တော့ လာမယ့် လပိုင်း အတွင်းမှာ ရွှေဈေးက ခြောက်သိန်းခြောက် သောင်း၊ ခြောက်သိန်းခုနစ်သောင်းဝန်းကျင် အထိ ဈေးဆက်တက်သွားနိုင်တယ်'' ဟု မှတ် ချက်ပေးသည်။

ဆက်လက်၍ ဒေါ်လာဈေးနှုန်းများအ မြင့်ဈေးဖြင့်သာ ဆက်လက်တည်ရှိနေဦးမည် ဆိုပါက ပြည်တွင်းရွှေဈေးနှုန်းများ မြင့်တက် လာဖွယ်ရှိသည်ဟု ရွှေလုပ်ငန်းရှင်များက ယူဆကြသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ''လက်ရှိငွေ လဲနှုန်းနဲ့စာရင် ပြည်တွင်းရွှေဈေးနှုန်းက အ များကြီးလိုက်မပြောင်းလဲပါဘူး။ နှစ်ထောင်၊ သုံးထောင်လောက်ပဲ တက်လာတယ်။ ကမ္ဘာ့ ရွှေဈေးနှုန်းက ဒေါ်လာနဲ့သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမပြောင်းဘဲ ဒေါ်လာဈေးဆက်တက်လာရင်တော့ ပြည် တွင်းရွှေဈေးနှုန်း ဆက်တက်လာဦးမှာပါ။ ဒေါ်လာဈေးဆက်တက်နေပေမယ့် ကမ္ဘာ့ရွှေ ဈေးနှုန်းကျရင်တော့ ပြည်တွင်းရွှေဈေးနှုန်း က အပြောင်းအလဲသိပ်ရှိမှာ မဟုတ်ပါဘူး'' ဟု သုံးသပ်သည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်း အခြေအနေ
*****************************************
ဒေါ်လာဈေးမြင့်တက်ခြင်းသည် ပို့ကုန် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများအတွက် အကျိုးကျေးဇူးရရှိသည်ဆိုသော်လည်း စားသုံး သူများနှင့်သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိခိုက်မှုရှိသည်။

လက်ရှိတွင်မြန်မာနိုင်ငံ သည် ပို့ကုန်ထက် သွင်းကုန်လုပ်ငန်းများကို အဓိကလုပ်ကိုင် နေခြင်းကြောင့် ဒေါ်လာဈေး မြင့်တက်မှုသည် သွင်းကုန်လုပ်ငန်းရှင်များ အတွက် တိုက်ရိုက်ရိုက်ခတ်လာနိုင်သည်ဟု ယင်းလုပ် ငန်းရှင်အသိုင်းအဝိုင်းကဆိုသည်။

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဒေါ် လာဈေးမြင့်တက်ခြင်းကြောင့် ယင်းတို့လုပ်ငန်း များ ထိခိုက်ခြင်းကို ကာကွယ်ရန်အတွက် သွင်း ကုန်ပစ္စည်းများအပေါ် ဈေးတင်ခြင်းများဖြစ် လာနိုင်မည်။

ယင်းအတွက်ကြောင့်ဒေါ်လာဈေးမြင့်တက်ခြင်းသည်ပြည်တွင်းကုန်ဈေးနှုန်း ကို မြင့်တက်စေနိုင်သည်ဟု ဆိုသည်။

ငါးလုပ်ငန်းရှင်ဦးဝင်းကြိုင်က''ရေထွက် ပစ္စည်းပို့ကုန်လုပ်တဲ့ သူတွေအတွက်ကြောင့် ဒေါ်လာဈေး များများတက်လာတော့ အိတ်စ်ပို့ များများလုပ်နိုင်တာပေါ့။ ပြည်တွင်းမှာလဲ သူတို့က ငါးဈေးကို ဈေးပိုပေးနိုင်တာပေါ့။အရင်တုန်းက ပြည်တွင်းမှာ မွေးနေတဲ့ငါးတွေ ကို ပြည်တွင်းဈေးကွက်ကစားတာနဲ့ အိတ်စ်ပို့ သွားတာနဲ့ဆိုတော့ ပြိုင်ပြီးတော့ဝယ်နေရတယ်။ အခု ပြိုင်ဝယ်တဲ့အခါမှာအရင်တုန်းက ဒေါ် လာ ဈေးနိမ့်နေရင် တစ်ဒေါ်လာကို၂ဝ၊ ၃ဝ၊ ၄ဝ စသည်ဖြင့် ၉၅ဝလောက်ပဲရှိတယ် ဆိုရင် လက်ရှိ ပေါက်ဈေးနဲ့ ၅ဝလောက်ကွာတာပေါ့။ အဲလောက်ကျတော့ ဈေးကွက်ထဲမှာ ပြည် တွင်းစားဖို့နဲ့ ပြိုင်ဝယ်ဖို့က အခက်အခဲရှိတာ ပေါ့။ အခုကျတော့သူတို့ ဈေးပေးနိုင်တာပေါ့။ ဒေါ်လာဈေးတက်တယ်။ အိတ်စ်ပို့ကောင်းလာ မယ်။ ငါးဈေးပိုပေးနိုင်မယ်။ ဒါပေမဲ့ အဓိ ကအရေးကြီးတဲ့အချက်က ဒေါ်လာဈေး တက်တယ်ဆိုတာ တက်လိုက်ကျလိုက်မကောင်း ဘူး။ ငြိမ်နေတာပဲကောင်းတယ်။ အခုတက် မယ်၊ ဒေါ်လာဈေး ၁ဝဝဝ တက်မယ်ဆိုရင် အဲဒီဈေးဟာငြိမ်ငြိမ်လေးနေ၊ တက်လဲမတက်နဲ့ ကျလဲမကျနဲ့ ချိန်ပြီးတော့ အိတ်စ်ပို့လုပ်တဲ့ အခါမှာ အဲဒါကောင်းတယ်။ အဲဒါအဓိကအ ချက်ပဲ။ ငွေဈေးဆိုတာ အိတ်စ်ပို့လုပ်ဖို့အတွက် သားဈေးငါးဈေးတွေတည်ငြိမ်ဖို့အတွက် အဲဒါ အရေးကြီးတယ်။ အဲဒီဈေးဟာ အတက်အကျ တွေအရမ်းမဖြစ်ဘဲနဲ့ ငြိမ်ငြိမ်လေးနေလို့ရှိရင် အဲဒီအပေါ်မှာ ရောင်းလို့လဲကောင်းတယ်။ ဝယ်လို့လဲအဆင်ပြေတယ်''ဟုပြောသည်။

ဒေါ်လာဈေးမြင့်တက်ခြင်းသည် ပို့ကုန် လုပ်ငန်းရှင်များအတွက် ကောင်းမွန်သည့် အချက်ဟုပြောဆိုနိုင်သော်လည်း ဈေးနှုန်း တည်ငြိမ်မှုရှိရေးသည် အရေးကြီးကြောင်း၊ ဒေါ်လာဈေးနှုန်း တည်ငြိမ်မှသာလျှင်ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွက် ထိရောက် သည့်အကျိုးရလဒ်များဖြစ်ပေါ်စေနိုင်မည်ဖြစ် သည်။ လက်ရှိအနေအထားအရ ဒေါ်လာဈေး နှုန်းများမြင့်တက်သည်ဆိုသော်လည်း ဈေးနှုန်း တည်ငြိမ်ရေးသည် အရေးကြီးသည်ဟု ဦးဝင်း ကြိုင်က ရှုမြင်သည်။

ဦးဝင်းကြိုင်က''ဈေးနှုန်းတွေငြိမ်ဖို့အရေး ကြီးတယ်။ အတက်အကျကြမ်းသွားတာနဲ့ အလုပ်ကိုချိန်ပြီးလုပ်တဲ့နေရာမှာ အရမ်းခက် သွားပြီ။ ဈေးနှုန်းတွေမတည်မငြိမ်ဖြစ်ကုန် ရော။ အဲဒါကြောင့်မို့ ထုတ်လုပ်တဲ့သူတွေ အ ဝယ်၊ အရောင်းလုပ်တဲ့သူတွေရှုံးရင် ရှုံးသွား နိုင်တယ်။ မြတ်ရင်မြတ်သွားနိုင်တယ်။ ဒီဟာ ကမတည်မငြိမ်ဖြစ်နေတဲ့အခြေအနေကြောင့် ဖြစ်လာတဲ့ဟာဆိုတော့မြတ်နေရင် ကောင်းတာ ပေါ့။ ရှုံးနေရင်မကောင်းဘူး။ မမြတ်လဲမမြတ် ဘူး၊ အရှုံးလဲမရှိဖို့ဆိုရင် ငွေဈေးငြိမ်မှရမယ်။ငွေဈေးငြိမ်ရင် ငွေဈေးနဲ့ဆက်စပ်နေတဲ့ ထုတ် လုပ်မှုဆိုင်ရာဈေးနှုန်းတွေငြိမ်မယ်။ ငြိမ်မှသူ က အလုပ်လုပ်ဖို့ကောင်းမယ်။ အရောင်းအ ဝယ်လုပ်ဖို့ကောင်းမယ်။ ပြည်သူလူထုရဲ့ စား သုံးတဲ့အသားဈေး၊ ငါးဈေးတွေလဲ ငွေဈေး ငြိမ်မှလိုက်ငြိမ်မယ်။ အဲဒါ အဓိကပဲ။ အခု တက်သွားတယ်။ အရမ်းကြီးတက်လိုက်အရမ်း ကြီးကျလိုက်ဆိုရင် တိုင်းပြည်ရဲ့ထုတ်လုပ်မှု အပေါ်မှာရော အိတ်စ်ပို့၊ အင်ပို့မှာရောအများ ကြီးထိခိုက်မှုတွေရှိတယ်'' ဟုမှတ်ချက်ပေး သည်။

ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် အ များဆုံးခံစားရမည့်သူများမှာ အောက်ခြေရှိ ပြည်သူများသာဖြစ်သည်ဟု ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင် ဦးနှင်းဦးက ယူဆသည်။

ဦးနှင်းဦးက''ဒေါ်လာဈေးတက်လာတယ် ဆိုရင် ပို့ကုန်သမားတွေ သိပ်မထိခိုက်ဘူးပေါ့။ သွင်းကုန်သမားတွေအတွက်ကျတော့ နည်း နည်း Shake ဖြစ်တာပေါ့။ ဒေါ်လာဈေးတက် လာရင် သိပ်ပြဿနာမရှိဘူး။ မြန်မာပြည်ရဲ့ trade ကိုပြန်ကြည့်ရင် trade ကမညီမျှဘူး။ Import ကများတယ်။ Export ကနည်းတယ်။ Import ကဒေါ်လာကိုမှီရတာကို။ နိုင်ငံခြား ကသွင်းတဲ့ပစ္စည်းတွေက ဒေါ်လာနဲ့ဝယ်ရတာ ဆိုတော့ ဒေါ်လာဈေးတက်သွားတာနဲ့ပြည်ပကသွင်းတဲ့ ပစ္စည်းဈေးနှုန်းတွေအားလုံးတက် သွားစရာရှိတယ်။ စားသုံးသူမှာ နည်းနည်းအ ခက်အခဲရှိတယ်။

အသုံးအဆောင်ပစ္စည်းတွေ ကို ပြည်တွင်းမှာမရှိရင် နိုင်ငံခြားကဝယ်ရမယ်။ ဝယ်ရင် ဒေါ်လာနဲ့ပေးရမယ်။ ဒေါ်လာကအရင် တုန်းက ၉ဝဝနဲ့ဝယ်ရတာကို ၁ဝဝဝတက်သွား မယ်ဆိုရင် ၁ဝဝ တက်မယ်။ ဒါကိုဘယ်သူက ခံစားရမလဲဆိုရင် စားသုံးသူကခံစားရမယ်။ နိုင်ငံခြားကသွင်းတဲ့ပစ္စည်းမှန်သမျှ ဈေးတက် မှာပဲ။ အဲဒီအပေါ်မှာသွားပြီးတော့ နိစ္စဓူဝ စားသုံးတဲ့ဈေးတွေ တက်လာမှာပေါ့။ ဒေါ်လာ ဈေးတက်ရင် မြန်မာပြည်သည် ပို့ကုန်များ နေတာကြောင့်ဖြစ်တယ်။ ဒါက Import များပြီး Export နည်းနေတာကြောင့်ပြော တာ။ Import များပြီး Export နည်းတဲ့သူတွေ က ဒေါ်လာဈေးတက်လို့ရှိရင်နာတယ်''ဟုသုံး သပ်ပြောသည်။

ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် မည်သည့် အကျိုးကျေးဇူးများသက်ရောက်နိုင်ကြောင်းကို စီးပွားရေးပညာရှင် ဦးလှမောင်က''ပြည်တွင်း မှာ ၂ဝ၁၁ ပတ်ဝန်းကျင်ကဆိုရင် ဒေါ်လာဈေး က ၈ဝဝ ကျော်ပဲရှိတဲ့အတွက် အိတ်စ်ပို့လုပ် တာတွေက ဒေါ်လာဈေးထပ်ပြီး ကျဆင်းသွား ရင် နိုင်ငံခြားဝင်ငွေလျော့နည်းပြီး လုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တဲ့အတွက် လူတွေအများကြီး ထိခိုက်နစ်နာနိုင်တယ်လို့ပြောတဲ့အတွက် အဲဒီ နှစ် စက်တင်ဘာလ ပတ်ဝန်းကျင်မှာ လူကြီးတွေ က ဒေါ်လာ ၉ဝဝ ပတ်ဝန်းကျင်အထိ ဆွဲတင် ထားဖို့လိုတယ်ပြောဖူးတယ်။ တကယ်တမ်း ဆိုရင် အိတ်စ်ပို့ကရတဲ့ ဒေါ်လာငွေကို ဒေါ်လာ အတိုင်း ပြန်ရောင်းတယ်ဆိုရင်တော့ဟုတ်တာ ပေါ့။ လုပ်ငန်းရှင်တွေက ဒေါ်လာကိုသူတို့ အတွက် အကိုက်ဆုံး၊ အကျိုးအမြတ်အဖြစ်ဆုံး ကုန်ပစ္စည်းတွေကို ဝယ်ပြီးပြန်သွင်းတာဖြစ်တဲ့ အတွက် လုပ်ငန်းရှင်တွေကို ထိခိုက်တယ်ဆို တာတော့ မဖြစ်နိုင်ပါဘူး။ အဲဒါတွေကို ပြည် တွင်းမှာ ပြန်ရောင်းပြီးရတဲ့အကျိုးအမြတ် တွေနဲ့ ရေလုပ်ငန်းတို့၊ ပဲလုပ်ငန်းတို့တွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက် အကျိုး အမြတ်လျော့သွားတာလောက်ပဲ ဖြစ်နိုင်ပါ တယ်''ဟု ဆိုသည်။

ကားဈေးကွက်ဘာဖြစ်လဲ
***************************
လက်ရှိကားဈေးကွက်အတွင်း နိုင်ငံ တကာမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် ဒေါ်လာဖြင့် တင်သွင်းရခြင်းများကြောင့် ပြည် တွင်းဒေါ်လာဈေးကွက် အပြောင်းအလဲဖြစ် ပေါ်ခြင်းသည် ကားဈေးကွက် အတွင်း ဈေး နှုန်းများ အပြောင်းအလဲဖြစ်လာနိုင်ဖွယ်ရှိ ကြောင်း ကားတင်သွင်းရောင်းချသူ အသိုင်း အဝိုင်းက ဆိုသည်။

မော်ယာဉ်တင်သွင်းသူလုပ်ငန်းရှင်တစ်ဦး က''ဂျပန်နိုင်ငံကနေ လေလံဆွဲတယ်။ အရင် တုန်းက ဂျပန်ယန်းနဲ့ပဲ လုပ်တယ်။ အခုဒေါ်လာကိုလဲ ကားဈေးကွက်ထဲဆွဲထည့်လိုက်တဲ့ အတွက် ဒေါ်လာဈေးအပြောင်းအလဲက ကား ဈေးနှုန်းအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင် တယ်''ဟု မှတ်ချက်ပေးသည်။

ဒေါ်လာကို ကားဈေးကွက်အတွင်းထည့် သွင်းခြင်းကြောင့် ပြည်ပမှလေလံဆွဲရာတွင် ဒေါ်လာကို အဓိကအသုံးပြုရသည်။ ယင်း အတွက်ကြောင့် ပြည်တွင်းမှ ဒေါ်လာများ ပြည်ပသို့ အထွက်သာရှိနေခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာရှားပါး လာကာ ဈေးနှုန်းများမြင့်တက်ခြင်းဖြစ်ကြောင်း ကားဝယ်ရောင်း လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ''ဈေးကွက်အတွင်းကို တစ်နေ့ကားအစီးရေ က ထောင်ကျော်ဝင်နေတယ်။ အဲဒီကားတွေ ကို ဒေါ်လာနဲ့ဆွဲရတယ်။ တစ်စီးကို ဒေါ်လာ ၂ဝဝဝပဲထားဦး။ အဲဒါကြောင့် ဒေါ်လာတန် ဖိုးမြင့်တက်ခြင်းက ကားလောကတစ်ခုတည်း မဟုတ်ဘူး။ အားလုံးကိုထိခိုက်တယ်လို့မြင် တယ်''ဟုဆိုသည်။

ရွှေဖြိုးဖြိုးကားအရောင်းစင်တာမှ ဦး သိန်းနိုင်က ''ငွေလဲနှုန်းမြင့်နေတဲ့အတွက် ဘာဖြစ်လဲဆိုတော့ လက်ရှိ CIF ဈေးနှုန်းက ဒေါ်လာနဲ့ပဲ သတ်မှတ်ထားတာဖြစ်တဲ့အတွက် ငွေလဲနှုန်းမြင့်လာတာနဲ့အမျှ လက်ရှိပေးနေရ တဲ့အခွန်နှုန်းက မြင့်သွားမယ်။ ကားဈေးနှုန်း မှာ တစ်အားကြီးသိသိသာသာတော့ တက် သွားတာမျိုးတော့မဟုတ်သေးဘူး။ CIF နိမ့် ကျတဲ့ကားမျိုးတွေအတွက်တော့ မသိသာ ဘူး။ CIF မြင့်တဲ့ ကားတွေအပေါ်မှာတော့ ပိုပြီးသက်ရောက်နိုင်တယ်။ ဒီထက်ပိုပြီးတက် လာဦးမယ်ဆိုရင်တော့ ဈေးနှုန်းအပေါ် အ များကြီး အပြောင်းအလဲဖြစ်သွားနိုင်တယ်။ ကညနနဲ့ ကာစတန်မှာဆောင်ရတဲ့ အခွန် နှုန်းက ဒေါ်လာနဲ့သတ်မှတ်ထားပြီး လက်ရှိ ငွေလဲနှုန်းနဲ့ပေးသွင်းရတဲ့အတွက် ဃှုင်္ မြင့် လေသက်ရောက်မှုကပိုကြီးလေပဲ''ဟုဆိုသည်။

ပြည်တွင်းစီးပွားရေးဘာတွေဖြစ်လာမလဲ
*********************************************
ပို့ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ပိုမိုတင်ပို့နိုင်ရေးအတွက် ဒေါ်လာဈေးများ မြှင့်တင်ခြင်းသည် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုး မှုအတွက် ကောင်းမွန်သည့် လက္ခဏာတစ် ရပ်မဟုတ်ပေ။ ဒေါ်လာဈေးနှုန်းများအမှန် တကယ်တက်မည်ဆိုပါက ဈေးကွက်၏ သဘောတရားအတိုင်း ရောင်းလိုအားနှင့် ဝယ်လိုအားပြဋ္ဌာန်းချက်များအတိုင်းသာတက် သင့်သည်ဟု စီးပွားရေးပညာရှင်အသိုင်းအဝိုင်း ကဆိုသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဟိန်းက ''ဒေါ်လာဈေးအတက်အကျဆိုတာကတော့ ဈေးကွက်သဘောတရားအရပဲ သွားတာ ကောင်းတယ်။ အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ လုပ် ငန်းရှင်အသိုင်းအဝိုင်းက သူတို့လုပ်ငန်းတွေ သက်သောင့် သက်သာဖြစ်စေဖို့ ဒေါ်လာဈေး ကို ဆွဲတင်တာမျိုးတော့ မဖြစ်သင့်ဘူး။ အားလုံး ဈေးကွက်သဘောအရပဲ သွားတာက ပြည်တွင်း စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ် စေနိုင်မယ်''ဟု ဆိုသည်။

ဒေါ်လာဈေးနှုန်းများမြင့်တက်လာခြင်း သည် တစ်နည်းအားဖြင့် ပြည်တွင်းသုံးကျပ်ငွေ တန်ဖိုး လျော့နည်းသွားခြင်းပင်ဖြစ်သည်။

ယင်း၏အကျိုးဆက်သည် ပြည်တွင်းရှိကုန် ဈေးနှုန်းများ မြင့်တက်လာမည်ဖြစ်သည်။ အလားတူ ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆင်းရဲနွမ်းပါးမှု လုပ်ငန်း စဉ်များကို ထိခိုက်မှုများရှိလာနိုင်သည်ဟု စီးပွားရေး ပညာရှင်ဦးလှမောင်က ယူဆသည်။

ဦးလှမောင်က''တကယ်တမ်းဒေါ်လာ ဈေးတက်လာတဲ့အတွက် မြန်မာငွေကြေး တန်ဖိုးကျဆင်းသွားတယ်။ မြန်မာငွေတန်ဖိုး ကျဆင်းသွားတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့် တက်လာပြီး လက်ရှိနိုင်ငံတော်အစိုးရကအ ကောင်အထည်ဖော်နေတဲ့ဆင်းရဲမွဲတေမှုလျှော့ ချရေးလုပ်ငန်းတွေမှာ အများကြီးထိခိုက်စေ နိုင်ပါတယ်''ဟု ဆိုသည်။

ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးရန်အတွက် ငွေကြေးဈေးကွက်ဖြစ်ပေါ်လာရေးသည် အ ရေးကြီးသည်။ ယင်းကဲ့သို့ ငွေကြေးဈေးကွက် ဖြစ်ပေါ်ရန်ဆောင်ရွက်နေချိန်တွင် လက် တစ်ဆုပ်စာလူတန်းစားများ၏ ဒေါ်လာဈေး ကွက်ကို ဆွဲတင်ခြင်း၊ ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းထားများကို ကစားခြင်းမျိုးသည် ပြည်တွင်းစီးပွားရေးတစ်ရပ်လုံးကို အခက် အခဲများဖြစ်ပေါ်စေမည်ဟု ဒီမိုကရေစီတူ ဒေးသတင်းစာမှ မေးမြန်းသည့် စီးပွားရေးပညာရှင်အသိုင်းအဝိုင်းနှင့် လုပ်ငန်းရှင်အ သိုင်းအဝိုင်းက တညီတညွတ်တည်းသုံးသပ် ပြောသည်။

ယင်းနှင့်ပတ်သက်၍ စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက Import ရှိနေ ပြီး Export မတိုးနိုင်ရင်တော့ တိုင်းပြည်အတွက် မကောင်းတဲ့ အလားအလာပေါ့။ ကိုယ့်မှာ ရောင်းစရာမရှိဘူးဆိုပေမယ့် နိုင်ငံခြားက ဝယ်ရမယ့် အင်ပို့က ရှိနေတဲ့အတွက် နိုင်ငံခြား ငွေလိုအပ်တယ်။ လက်ရှိ ပြည်တွင်းက တင် ပို့တဲ့ အနေအထားမှာလဲ အောက်စည်းက ဖြစ် နေတယ်။ အလားအလာကောင်းတဲ့ ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့လို လုပ်ငန်းတွေကလဲ အစိုးရရဲ့ လက်အောက်မှာပဲရှိနေတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် သိပ်တော့မကောင်း ဘူး''ဟုသုံးသပ်ပြောသည်။

စီးပွားရေးပညာရှင်များ၏ အမြင်အရ ကမ္ဘာပေါ်တွင် အမေရိကန်၏အခန်းကဏ္ဍ မြင့်တက်လာခြင်းကြောင့် အမေရိကန်ငွေကြေး ခိုင်မာမှုက ပိုမိုအားကောင်းလာခြင်းဖြစ်သည် ဟုဆိုသည်။

မည်သို့ဆိုစေလက်ရှိစီးပွားရေး မူဝါဒဖြစ်သည့် ဈေးကွက်စီးပွားရေးစနစ်အလျင် အမြန်ဖြစ်ထွန်းဖို့လိုသည်။ ယင်းမှသာ ဈေး ကွက်၏ သဘောတရားအတိုင်းသာ ဆက်လက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

သို့ မဟုတ်ပါက ပြည်တွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အဟန့်အတားတစ်ခုဖြစ်လာ နိုင်ဖွယ်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပစ်ခတ် အသေဖမ်းဆီးလိုက်တယ်ဆိုတဲ့ ကိစ္စဟာ မြန်မာနိုင်ငံ တရားဥပဒေ စိုးမိုးရေးကိုသာမက သတင်းလွတ်လပ်ခွင့်ကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်သွားစေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးရှေ့ နေ ဦးသိန်းသန်းဦး၊ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူလည်းဖြစ် သတင်းသမားတဦးလည်းဖြစ်တဲ့ ဦးထက်အောင်ကျော်တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကိုထက်အောင်ကျော်နဲ့ စပါရစေ။ ကိုထက်အောင်ကျော်တို့က တချိန်က ၈၈ တောခိုခဲ့တဲ့ ကျောင်းသား။ နောက်ပိုင်းမှာ သတင်းထောက် ဖြစ်လာခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံ ဒီလို အခြေအနေမျိုးမှာ အထူးသဖြင့် နယ်စပ်ဒေသမှာ activists နဲ့ နိုင်ငံရေးလှုပ်ရှားသူနဲ့ သတင်းသမားဆိုတာ ခွဲခြားရ၊ ပြတ်ပြတ်သားသား ရှိပါသလား။

ဦးထက်အောင်ကျော် ။ ။ အဲဒီလို ပြောဖို့တော့ ခက်မယ်ထင်တယ်။ ဥပမာ ကျနော်တို့ဆိုရင် ၈၈ မှာ ပါခဲ့တယ်။ ကိုပါကြီးလည်း ၈၈ မှာ ပါခဲ့တယ်။ သုံးရောင်ခြယ်အဖွဲ့မှာ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးမှာပါတယ်။ ဓါတ်ပုံတွေထဲမှာ တွေ့ရတယ်။ အခု အဖမ်းခံရတာ အသတ်ခံရတဲ့အချိန်မှာတော့ အလွတ်သတင်းထောက် ဖြစ်တယ်ပေါ့။ ကျနော်တို့လည်း လိုအပ်ချက်အရ ဗမာပြည်နိုင်ငံရေး၊ ဗမာပြည် သတင်းလောကရဲ့  လိုအပ်ချက်အရ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မှာ နိုင်ငံရေးအရ ပြောင်းလဲဖို့လုပ်သလို၊ သတင်းမီဒီယာကလည်း နိုင်ငံရေးမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မှာ အရေးကြီးတဲ့အတွက် တာဝန်ဝင်ထမ်းကြတယ်လို့ မြင်တယ်။ ကျနော်တို့ activist journalist ဖြစ်လာခဲ့တယ်။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ တော်လှန်ရေး ရှိတဲ့ နိုင်ငံတွေမှာ။

ဦးကျော်ဇံသာ ။ ။ Activist ဖြစ်ခဲ့တယ်ဆိုတိုင်း အခု သူတို့ ပစ်သတ်လိုက်ရအောင် ကြီးကျယ်တဲ့ အပြစ်တော့ မဟုတ်ဘူး ထင်ပါတယ်။ ဒီသတင်းသမားတယောက်ဟာ activist ဖြစ်ရင်လဲ ဆရာသိန်းသန်းဦး ဘယ်လို သဘောရပါလဲ။

ဦးသိန်းသန်းဦး ။ ။ ဒီဟာကတော့ ပြဿနာ မဟုတ်ဘူးဗျ။ Out of question ပဲ။ သူဟာသူ သတင်းသမားဖြစ်ဖြစ်၊ သူပုန်ပဲဖြစ်ဖြစ်၊ ဓမြပဲဖြစ်ဖြစ် ဖမ်းဆီးတဲ့အခါမှာ ပြဌာန်းချက်တွေရှိတယ်။ ညဉ်းပမ်းနှိပ်စက်ပြီးတော့ မေးမြန်းတာ၊ စစ်ကြေတာကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၃၁) အရ တားဆီးထားတယ်။ အဲဒီတော့ ကိုပါကြီးဟာ အလွတ်သတင်းထောက်လား၊ Activist လား၊ သူပုန်လားဆိုတာ ပြဿနာ မဟုတ်ဘူး။ ဒီလူကို ဘယ်လိုဆက်ဆံသလဲ။ ဆက်ဆံဆောင်ရွက်ချက်တွေက ဥပဒေနဲ့ ကိုက်ညီရဲ့ လားဆိုတာကို ကျနော်တို့ ဆုံးဖြတ်ရမှာပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူ့အပေါ်ကို ဆက်ဆံခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေလောက က အမှန်တကယ် ဖော်ထုတ်နိုင်ပါ့မလား။ သူဟာ ဘယ်လို စစ်ဆေးခြင်း ခံခဲ့ရတယ်ဆိုတာမျိုးကို ဖော်ထုတ်နိုင်မယ့် အခြေအနေရှိပါသလား။ မြန်မာနိုင်ငံ တရားစီရင်ရေးလောကမှာ။

ဦးသိန်းသန်းဦး ။ ။ အခုအနေအထားကတော့ ထူးခြားချက်လေးပေါ့။ ပြောင်းလဲလာတဲ့ အနေအထား။ ဒီလို အဖြစ်အပျက်မျိုးက ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင် အုပ်စိုးတဲ့ တိုင်းပြည်မှာ စစ်အာဏာရှင်ရဲ့  ယဉ်ကျေးမှုပါပဲ။ ဒီလို စစ်ကြောရေးစခန်းတွေမှာ အသက်ဆုံးရှုံးခဲ့တဲ့လူတွေ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်လည်း ဗိုလ်ခင်ညွှန့် စစ်ထောက်လှမ်းရေး စစ်ကြောစခန်းတွေမှာ လူမဆန်တဲ့ ညဉ်းပမ်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရတယ်။ ကျနော်တို့ခေတ် ၁၉၉၀ မှာ မန္တလေးမှာ … အတွင်းရေးမှုး ဦးမောင်ကို၊ ရန်ကုန်တိုင်းက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမောင်ကို၊ ခရမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ စစ်ကြောရေး ထောက်လှမ်းရေးစခန်းမှာ အသက်ဆုံးရှုံးခံခဲ့ရတယ်။ အသတ်ခံခဲ့ရတယ်။ သေတဲ့အထိ ညဉ်းပမ်းနှိပ်စက်ခံခဲ့ရတယ်။ အဲဒီအမှုတွေ ပြန်မဖော်နိုင်ဘူး။ ဒါပေမဲ့ အခုထူးခြားတဲ့ အခြေအနေကတော့ ကျနော်တို့မှာ ဒီမိုကရေစီရှိသလိုလို ပြောနေပြီးတော့ အခု တိုင်းပြည်အုပ်ချုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်များက သူတို့ဟာ အရပ်သားတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်တဲ့လူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လူ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတော့ ရှိနေလို့ လူ့အခွင့်အရေး အစီရင်ခံစာတွေတောင် ရပ်ပါတော့လို့ ပြောတဲ့အချိန်မှာ ဒီလူသတ်မှုကြီးက ဘွားဘွားကြီးပေါ်လာတာ ဖြစ်တဲ့အတွက် ဒီအဆင့်မှာတော့ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးခွင့် ရမယ်ဆိုရင် သူမှာ ဘာဒဏ်ရာတွေရှိလဲ။ အလောင်းဖော်ခွင့်ရတယ်ဆိုရင် ဘာဒဏ်ရာတွေ ရှိလဲ။ ဘယ်လို အနေအထားတွေ ဖြစ်နေသလဲ။ ဒါတွေကို ကျနော်တို့ အလင်းရောင်အောက်မှာ နိုင်ငံတကာ မျက်စိအောက်မှာ စစ်ဆေးခွင့်ရမယ်လို့ ကျနော် ယုံကြည်တယ်။

ဦးကျော်ဇံသာ ။ ။ နယ်စပ်ဒေသမှာ အဲဒီလိုပဲ ကိုပါကြီးလိုပဲ လှုပ်ရှားမှုသတင်းတွေကို လိုက်နေတဲ့ သတင်းထောက်တွေရဲ့  အခုလက်ရှိ လုံခြုံရေး အခြေအနေ ဘယ်လောက်အထိ ရှိပါသလဲ။

ဦးထက်အောင်ကျော် ။ ။ ဗမာပြည်မှာက အခု ပွင့်လင်းလာတယ်။ အရင်ကတော့ ထားတော့။ ပွင့်လင်းလာတဲ့အခါမှာ သတင်းသမဂ္ဂတို့၊ ဂျာနယ်လစ်ကွန်ရက်တို့ အဖွဲ့တွေလည်း ပေါ်လာတာပေါ့။ ဂျာနယ်တိုက်တွေ ရှိသလို၊ အလွတ်သတင်းထောက်တွေ၊ ဆိုရှယ်မီဒီယာတွေလည်း ရှိတယ်အခါကြတော့ Netizens တွေလည်းရှိတော့ ဒါက လွတ်လပ်စွာ သတင်းယူခွင့် ရှိရမှာပေါ့။ အခုနပြောသလို အခုက ပြောင်းလဲနေပြီ။ နယ်စပ်မှာရှိတဲ့ အဖွဲ့တွေအားလုံးနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ ဒီမိုကရေစီ သွားနေပြီ။ ဖယ်ဒရယ်ကိစ္စ ဆွေးနွေးနေပြီဆိုတဲ့အခါကြတော့ ဒီလိုမျိုးက လုံးဝမဖြစ်သင့်ဘူး။ အားလုံး ဘယ်သတင်းထောက်ပဲဖြစ်ဖြစ် လွတ်လပ်စွာ သတင်းယူခွင့်ရှိအောင် လုပ်ပေးဖို့လိုတယ်။ အစိုးရအဖွဲ့ကရော လက်နက်ကိုင်အဖွဲ့တွေက အာမခံဖို့ လိုတယ်လို့ အဲဒီလိုမြင်တယ်။

ဦးကျော်ဇံသာ ။ ။ နယ်စပ်ဒေသမှာ အစိုးရရဲ့  တရားဥပဒေ စိုးမိုးမှုက သိပ်ကြီးကြီးမားမား ထိရောက်မှု မရှိဘူးလို့ဆိုရင် ရလိမ့်မယ်လို့ ထင်ပါတယ်။ နယ်စပ်ဒေသမှာတော့ ကိုပါကြီး သေဆုံးခဲ့တဲ့ နေရာတွေမှာဆိုရင်။ ဆိုတော့ ဒီလို ကိုထက်အောင်ကျော် ပြောသလို သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်နဲ့ ပတ်သက်ပြီး အာမခံချက် အပြည့်အဝရှိဖို့လိုတယ် ဆိုတဲ့ကိစ္စကို ဆရာသိန်းသန်းဦး ဘာဖြည့်ပြောလိုပါလဲ။ ပြည်တွင်းထဲမှာ အဲဒီလိုမျိုး ရှိပါသလား။

ဦးသိန်းသန်းဦး ။ ။ ယခုဟာကတော့ လောလောဆယ် သိပ်မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ သတင်းအဖွဲ့တွေ တွေ့တော့။ ဗိုလ်ချုပ်နှစ်ယောက်ကို တာဝန်ပေးမယ်။ နောက်တခါ သတင်းယူခွင့်ရအောင် ထုတ်ပြန်ပေးမယ်။ ဒါက ကောင်းတဲ့အလားအလာပေါ့။ ကျနော်တို့ တိုင်းပြည်မှာ တခါမှ မရှိခဲ့သေးဖူးဘူး။ အဲဒီအနေအထား ပြောနေရင်တန်းလန်းနဲ့ ဒါကတော့ အောက်ခြေက ဖြစ်သွားတယ်လို့ ထင်ပါတယ်။ မထိန်းနိုင်မသိမ်းနိုင်ဘဲနဲ့ သူတို့က ကျင့်သုံးနေကြကို။ ဒီလို အလုပ်တွေက လုပ်နေကြဖြစ်နေတော့ အထက်က ထိန်းသိမ်းဖို့ အချိန်မမီလိုက်ဘဲ ဖြစ်သွားတယ်လို့ ကျနော် ယူဆပါတယ်။ အကာအကွယ်ပေးမှ သတင်းထောက်တွေရဲ့  ဘဝက အထူးသဖြင့် သတင်းယူတဲ့နေရာမှာ နယ်စပ်ဒေသတွေလို နှစ်ဖက် ဘယ်သူလက်ထဲ အာဏာရှိမှန်းမသိတဲ့ နေရာတွေမှာ တော်ကြာ ဟိုဖက်က သတ်သလို၊ ဒီဖက်က သတ်သလိုကိစ္စမျိုးတွေ ပေါ်ပေါက်လာမှာ ဖြစ်တဲ့အတွက် အဲဒီလို အစီအစဉ်မျိုးတွေတော့ ကျနော်တို့ ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်မှူးကြီးက ဖွဲ့ပေးတဲ့ ဗိုလ်ချုပ်နှစ်ယောက်ကို သတင်းထုတ်ပြန်ရေးဆိုပြီး ပြောလိုက်တဲ့ မကြာခင်မှာပဲ အခုကိစ္စ ဖြစ်လာတာပါ။ အဲဒီလိုဆိုတော့ ကိုပါကြီးကိစ္စကို သူတို့ဆီကပဲ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်တဲ့သတင်းအပေါ် ကိုထက်အောင်ကျော် သတင်းသမားတဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးထက်အောင်ကျော် ။ ။ ကျနော်တို့ တွေ့ရသလောက်တော့ ထုတ်ပြန်တဲ့သတင်းက ကလိုထူးဖော - ဒီကေဘီအေနဲ့ ကျနော် သတင်းတွေကြားရတယ်။ တိုက်ပွဲတွေဖြစ်တယ်။ ဒီကေဘီအေ က အစိုးရစစ်သားတွေကို ဖမ်းတယ်ပေါ့။ အဲဒီအချိန်မှာ သတင်းယူဖို့သွားတဲ့ ကိုပါကြီးကို ဖမ်းမိပြီးတော့ ကိုပါကြီးက ဒီကေဘီအေဖက်က ဗိုလ်ကြီးအဆင့်ရှိတဲ့ ပြန်ကြားရေးတာဝန်ခံ ဘာညာပေါ့။ စစ်တပ်က ထုတ်ပြန်တဲ့အထဲမှာ တွေ့ရတယ်။ ဓါတ်ပုံကလည်း ကိုမိုးသီးတို့နဲ့ ပုံကိုတင်ပြီးတော့ သတင်းထောက်မဟုတ်ဘူး၊ ဒီကေဘီအေ က လူဆိုပြီးတော့ အဲဒီလို ဓါတ်ပုံနဲ့ တင်ထားတာကို တွေ့ရတယ်။ ပြီးတော့ ဖမ်းဆီးစစ်ဆေးနေချိန်မှာ လက်နက်ယူပြီးတော့ ထွက်ပြေးတယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး။ အဲဒါက သူက သတင်းထောက် လက်နက်ယူပြီး ထွက်ပြေးတယ်ဆိုတာ အဲဒါက ဟာသ ဖြစ်နေတယ်။ အဲဒီ ဖြစ်စဉ်တခုလုံးကို ဥပဒေကလည်း ရှင်းရှင်းလင်းလင်းမရှိ၊ အပေါ်က ညွှန်ကြားချက်ကလည်း သတင်းသမားတွေနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ ညွှန်ကြားချက်က ရှင်းရှင်းလင်းလင်း မရှိတော့ အောက်ခြေက စစ်ဆေးပြီးတော့ လက်လွန်သွားတဲ့အခါကြမှ ဖြစ်သလို ထုတ်ပြန်လိုက်ရတဲ့ ယုတ်တိမရှိတဲ့ သတင်းထုတ်ပြန်ချက်လို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တည်းမှာပဲ စစ်တပ်ဖက်က ထုတ်ပြန်သလို၊ ဒီကေဘီအေ ကလည်း ပြောပါတယ်။ ကျနော်တို့ သတင်းထောက်ကမေးတယ် ကိုပါကြီး က ခင်များတို့ဆီကလားဆိုတော့ ဒီကေဘီအေ က မဟုတ်ပါဘူး၊ လုံးဝမရှိဘူးဆိုပြီး လုံးဝငြင်းပါတယ်။ အဲဒီ ပြန်ကြားရေးကောင်စီက။ အဲဒီအဖွဲ့တောင် မရှိဘူးလို့ ဆိုပါတယ်။ ဆိုတော့ တရားရုံးမှာ တကယ်တမ်း တရားဥပဒေအရ ဒီကိစ္စကို စစ်ဆေးကြမယ်ဆိုရင် ဒီလို ညဉ်းပမ်းနှိပ်စက်တာအပြင် ကိုပါကြီးဟာ သူပုန်ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်တဲ့အချက်ကို စစ်ဆေးစရာအကြောင်းတရာ ဖြစ်လာနိုင်ပါသလား။ အဲဒီလို ဖြစ်လာနိုင်တယ်ဆိုရင် အစိုးရရဲ့  စွပ်စွဲချက်၊ စစ်တပ်ရဲ့  စွပ်စွဲချက်တခုတည်းကိုပဲ အတည်ယူကြမလား။ ဒီကေဘီအေဖက်ရဲ့  ချေပချက်ကို ဘယ်လို စဉ်းစားမလဲ။ တရားဥပဒေအရ မြန်မာနိုင်ငံမှာ။

ဦးသိန်းသန်းဦး ။ ။ ကိုပါကြီးက မြန်မာနိုင်ငံသားတယောက်ဖြစ်တယ်။ မြန်မာနိုင်ငံသား တယောက်မဟုတ်ရင်လဲ လူတယောက်ကို စိတ်တိုင်းကျ License to kill, James Bond မှ မဟုတ်ဘဲ သတ်ခွင့် ဘယ်ရှိပါ့မလဲ။ အခု ကိုပါကြီးကိစ္စက သက်ဆိုင်ရာ သူ့ဇနီးကလည်း အလောင်းစစ်ဆေးခွင့်တွေ တောင်းထားတယ်။ အလောင်းဖျောက်တာ ပုဒ်မ ၂၀၁ ဥပဒေအရ ပြောရလို့ရှိရင်။ စစ်ကြောရေးမှာ ညဉ်းပမ်းနှိပ်စက်တာ ပုဒ်မ ၃၃၁။ နောက် ဒါက လူသတ်မှုဖြစ်တယ်။ ဒါတွေက ပွင့်လင်းမြင်သာတဲ့ စုံစမ်းရေးကော်မရှင်တရပ်နဲ့ စုံစမ်းမှသာ ဖြစ်နိုင်တယ်။ အဲဒီ ကော်မရှင်မှာလည်း လက်ကိုင်တုတ်တွေ မပါဝင်ဘဲနဲ့ ပြည်သူလူထု လေးစားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွတ်လပ်တဲ့ ဥပဒေပညာရှင်တွေ ပါပြီးတော့ စုံစမ်းစစ်ဆေးမှုလုပ်မှ ဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု တကယ်ရှိသလား။ ဥပဒေအရာမှာ နိုင်ငံသားတိုင်း တန်တူခွင့်ရှိသလား။ ဥပဒေက နိုင်ငံသားတိုင်းကို အကာအကွယ်ကို တန်တူရထိုက်တဲ့ ဟုတ်မဟုတ်ကို ဒီအမှုက အဖြေပေးမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်တပ်ရဲ့  ထုတ်ပြန်ချက်မှာတော့ လက်နက်လုပြီး ထွက်ပြေးလို့ ပစ်သတ်ရတယ်လို့ ဆိုထားပါတယ်။ အဲဒီအချက်ကရော။

ဦးသိန်းသန်းဦး ။ ။ လက်နက်လုပြီး ထွက်ပြေးလဲ ခြေထောက်ပစ်လို့ ရပါတယ်။ ခြေထောက်ပစ်ပြီးတော့ လဲသွားအောင် လုပ်လို့ရပါတယ်။ ဒါတွေက ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဘယ်သူမှ မသိဘူး။ ဒါက သူတို့ ထုတ်ပြန်ချက်သက်သက်ပဲ ဖြစ်တယ်။ ဒါကို စုံစမ်းစစ်ဆေးမှရမယ်။ နောက်ပြီးတော့ အမှုက ဖြစ်ဖြစ်ချင်း ကိုပါကြီးကို စက်တင်ဘာလကုန်မှာ ဖမ်းတယ်။ အဲဒီလို ဖြစ်သွားရင် ချက်ချင်းထုတ်ပြန်ပေါ့။ အခုက မိသားစုက ပျောက်လို့လိုက်ရှာ။ ဟိုက ဒီဖက်လွှဲချ၊ နယ်ဝန်ကြီးက တဖက်ကလွှဲချ၊ တပ်က ဒီလွှဲချ။ ဟို ဖမ်းသွားတဲ့လူက ကျနော်မသိဘူး သူဖမ်းပေးတာ။ အဲဒီလို ကသောင်းကနင်းတွေ ဖြစ်ပြီးမှ သတင်းထွက်လာတော့မှ ထုတ်ပြန်တဲ့အတွက် ကျနော်တို့ ဥပဒေစကားနဲ့ ပြောရင်တော့ After နောက်မှ အကြံရပြီးတော့ ထုချေတာပေါ့။ စောစောစီးစီးက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဆိုရင် တမျိုးပေါ့။ ကျနော်တို့ ဖမ်းလိုက်တယ်။ ဒီအချိန်မှာ ဒီလိုထွက်ပြေးလို့ ဒီလိုဖြစ်သွားပါတယ်လို့ ဦးအောင်ထုတ်ခဲ့ရင်တော့ ဒီဟာ လက်ခံဖွယ်အကြောင်းရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကိုထက်အောင်ကျော်ကို ကျနော် မေးချင်တာက အဲဒီလိုဆိုရင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်စွာရယူခွင့်၊ သတင်းထောက်တွေရဲ့  အလားအလာ ဘယ်လိုဖြစ်လာမလဲလို့ စဉ်းစားမိပါလဲ။ ကိုထက်အောင်ကျော်က တိုင်းပြည်ထဲပြန်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်တဲ့အခါမှာ မှန်တဲ့ဟာကို စုံစမ်းစစ်ဆေးပြီးတော့ အမှန်အတိုင်း ပြောနိုင်မယ့် အခွင့်အရေးမျိုး ရနိုင်မယ်လို့ ထင်ပါလား။

ဦးထက်အောင်ကျော် ။ ။ အားလုံးသိတဲ့အတိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ သိသာစွာ မီဒီယာ ပြောင်းလဲမှုလို့ ပြောကြတယ်။ အပြင်က ဦးကျော်ဇံသာတို့ ဗွီအိုအေ၊ ဒီဘီဗွီတို့ အထဲတောင် ရောက်သွားပြီဆိုတော့ ဒီလိုမျိုး ပြန်ကြတာတွေရှိတယ်။ အထဲမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ရတယ်။ စာပေစီစစ်ရေးတွေ မရှိတော့ဘူး။ ဒါတွေကြောင့်မို့ မီဒီယာ လွတ်လပ်ခွင့်က ဦးသိန်းစိန်အစိုးရလက်ထက်မှာ သိသာစွာ တိုးတက်မှုလို့ ပြောကြတယ်။ ဒါပေမဲ့ အခု ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ အခုနှစ်ထဲမှာ သတင်းထောက်တွေ အဖမ်းခံရတယ်။ ယူနီတီဂျာနယ်ပုဂ္ဂိုလ်တွေဆိုရင် ဆယ်နှစ်လောက် ချခံရတယ်။ Bi မွန်းတည်နေ ဆိုရင်လည်း ငါးနှစ်လား၊ သုံးနှစ်လား ချထားတယ်။ ဦးရဲထွဋ် ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က ဂျာနယ်တွေကို တရားစွဲတယ်။ အခြေအနေက ပထမပိုင်းမှာ ကောင်းပေမဲ့ အခု ၂၀၁၄ ထဲမှာ အတော်လေးဆိုးလာတယ်။ ဆိုးလာပြီး အခုဆိုရင် ပိုဆိုးသွားပြီ၊ သတင်းထောက်ကို သတ်တဲ့အမှုဆိုတော့။ မဆလခေတ်၊ နဝတခေတ်က ဆိုးတယ်ဆိုပေမဲ့ ထောင်ထဲထည့်ပြီး နှိပ်စက်တာပဲရှိတယ်၊ သတ်တာမရှိဘူး။ အခုက သတင်းထောက်ကို သတ်တယ်ဆိုတော့ အခြေအနေက လုံးဝကို နောက်ပြန်ဆုတ်သွားတယ်လို့ ပြောလို့ရတယ်။ တော်တော်ကြီး မေးခွန်းထုတ်စရာလို့ မြင်တယ်။ ရှေ့ အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ လွတ်လပ်စွာ သတင်းယူခွင့်ဆိုတာ တော်တော်လေးကို ပြန်စဉ်းစား သုံးသပ်ရမယ့် အခြေအနေ ဖြစ်လာပြီလို မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု စဉ်းစားမိတာက တချို့ ကပြောတယ် ကိုပါကြီးဟာ ပြည်တွင်းနာမည်ကြီးတချို့ မှာလည်း သတင်းတွေ ရေးခဲ့ပါတယ်။ အခုအချိန်အထိ အဲဒီပြည်တွင်းမီဒီယာတွေ ကိုပါကြီးရဲ့  သတင်းတွေကို လက်ခံဖော်ပြခဲ့တဲ့ ပြည်တွင်းနာမည်ကျော် မီဒီယာတွေက ကိုပါကြီးက သူတို့ဆီက သတင်းထောက်ပါဆိုပြီး တစွန်းတစမှ တခွန်းမှ ပြောသံမကြားဘူးလို့ ဆိုပါတယ်။ ဆရာသိန်းသန်းဦး တွေ့မိပါသလား။ သူတို့ ပြောတာကို။ ဘယ်လို ပြောလိုပါလဲ အဲဒီကိစ္စကို။

ဦးသိန်းသန်းဦး ။ ။ ကျနော်လည်း မတွေ့မိဘူး။ ဒီဟာကို သူတို့ကိုယ်တိုင်လဲ ကြောက်နေကြတယ်ထင်တယ်။ သတင်းထောက်ကို သတ်ပြလိုက်တော့။ ကိုယ့်သတင်းထောက်ဆိုရင် ငါတို့များ ဆက်သတ်နေမလားဆိုပြီ။ အဲဒီလိုများ ဖိနှိပ်ချုပ်ချယ်ခံ၊ ကြောက်လို့ပေါ့။ ကျနော့်အတွက်ကတော့ အခုနပြောသလိုပဲ ကျနော်က ဥပဒေရှေ့ နေဆိုတော့ ဥပဒေအရပြောရင် ကိုပါကြီးက သတင်းထောက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒီကေဘီအေ က သူပုန်ဖြစ်စေ မဖြစ်စေ။ သူပုန်ဆိုရင် ၁၇ (၁) ရှိပါတယ်။ မတရားအသင်းနဲ့ အရေးယူပေါ့။ လက်နက်ကိုင်လို့ ဥပဒေတွေ အကုန်ရှိပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ပေါ့။ သတ်ပစ်လို့တော့ မရဘူး။

ဦးထက်အောင်ကျော် ။ ။ ကျနော် နည်းနည်းပြောချင်တယ် အခုနပြောတဲ့အထဲမှာ အခုထက်ထိတော့ ကျနော်သိသလောက် ဟိုနေ့ကဆိုရင် ကိုမင်းကိုနိုင်တို့ ဆူလေးဘုရားရှေ့ မှာ ဟောပြောပွဲလုပ်တယ်။ ဂျာနယ်လစ်ကွန်ရက်က လူတွေလည်းလာတယ်။ ပြောတယ်။ ဒါပေမဲ့ အခုန ရှေ့ နေပြောသလို သူက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံသားတယောက်အနေနဲ့ ပြောကြတယ်။ ရှေ့ နေကော တခြားလူတွေကော နိုင်ငံသားတယောက်အနေနဲ့ ပြောပေါ့။ ဂျာနယ်လစ်ဆိုရင် ဂျာနယ်လစ်ဖက်က ပြောဖို့လိုတယ်လို့ မြင်တယ်။ အထူးသဖြင့် ဂျာနယ်လစ်ကွန်ရက်တွေ၊ အခုဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေက သေသေချာချာ ပြောဖို့လိုတယ်၊ အခုက ဘယ်သူမှ မပြောဘူး။ ၈၈ ပဲပြောတယ်။ NLD ဆိုရင်လဲ သုံးရောင်ခြယ် ဒေါ်စု လုံခြုံရေးယူခဲ့တဲ့လူပဲ ဘာဖြစ်လို့ မပြောတာလဲ။ ကျနော်ထင်တယ် အပြင်က RSF တို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောမှာပဲ။ ဒါပေမဲ့ အထဲက မီဒီယာအဖွဲ့အစည်းတွေ …. မပြောကြတာလဲ …။

VOA

  စစ်တပ်ဖမ်းဆီးစဉ် ပျောက်ဆုံးကွယ်လွန်သွားသူ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်

အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်လို့ ပွင့်လင်း မင်သာမှု ရှိတဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ အမေရိကန် ပြည်ထောင်စု ကလည်း တောင်းဆို ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အလွန်ပဲ စိုးရိမ်မကင်း ဖြစ်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့် ရသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အလွတ်သတင်းထောက် ကိုပါကြီး ခေါ် အောင်ကျော်နိုင်ကို စစ်တပ်က ဖမ်းဆီး ထိမ်းသိမ်း ခံရတဲ့ ကာလအတွင်း သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းကို ကြားရတာ အင်မတန်စိုးရိမ်မကင်း ဖြစ်မိသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘာကြောင့် ဖမ်းဆီးခံရပြီး ဘယ်လိုသေဆုံးလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒီကိစ္စနဲပတ်သက်လို့ ကျနော်တို့ စိုးရိမ်ချက်ကို အစိုးရကို ပြောထားပါတယ်။ ဒီ သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဖြစ်အပျက်တွေကို ခိုင်မာပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့၊ ဒီအပေါ် ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ ဒီမိုကရေစီရှင်သန်ဖို့ရာ သတင်းလွတ်လပ်ခွင့်ဟာအရေးကြီးပါတယ်။ ဒါကြောင့် လွတ်လပ်စွာ ရေးသားဖော်ပြမှုကြောင့် အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိမ်းသိမ်းခံနေရဆဲ သတင်းထောက်တွေကို လွှတ်ပေးဖို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကလည်း လူ့အလွတ်သတင်းထောက် ကိုပါကြီးအခုလို အသတ်ခံရမှုကို ထောက်ပြပြီး မြန်မာနိုင်ငံအတွင်း တရားလက်လွတ်ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေတုန်းပဲလို့ မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောသွားပါတယ်။ မြန်မာနိုင်ငံအတွင်းက အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဒီဖြစ်ရပ်ကို အမှန်အတိုင်းဖြစ်အောင် စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုထားပါတယ်။ မြန်မာအစိုးရဖက်ကတော့ ဒီအပေါ်မှာ တရားဝင် တုံ့ပြန်ပြောဆိုတာတွေ မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/american-calls-for-justics-of-par-gyi-murder-case-/2500674.html


" သား. ပါကြီး နေကောင်းရဲ့လား "
ဒေါ်စု ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်တုန်းက ဖြစ်ပါတယ်၊
သုံးရောင်ခြယ်ဟောင်း ကိုပါကြီးဟာ ဒေါ်စုကို ဘယ်လောက် သံဃောဇဉ် ကြီးသလဲဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး၊
ခက်ခက်ခဲခဲကြားထဲက ကိုပါကြီးဟာ ဒေါ်စု သတင်းစာ ရှင်းလင်းပွဲကို ရအောင်သွားပါတယ်၊
ဘာမှ စကားမပြောဘဲ ရှေ့မှာ ငုတ်တုပ်သွားထိုင်နေပါတယ်၊
ဒေါ်စုကလည်း တွေ့မှာပါ၊
သတင်းစာ ရှင်းလင်းပွဲ ပြီးတဲ့အခါကျမှ တခြားလူတွေကို နုတ်ဆက်နေတဲ့ကြားက
" သား. ပါကြီး နေကောင်းလား" လို့ ဒေါ်စုက လှမ်းနုတ်ဆက်ပါတယ်။

အဲ့ဒီဗီဒီယို ဖိုင်လေး ယူကျူတက်လာတော့ သူ့သူငယ်ချင်းတွေက လှမ်းနောက်ကြပါတယ်။
သား ပါကြီး နေကောင်းလား၊ သားပါကြီး နေကောင်းလား၊
ကိုပါကြီးက ထုံးစံအတိုင်း ပြုံးရုံ ပြုံးနေပါတယ်။
သားဆုံးသွားတော့ ချွေးမဆီကို နှစ်သိမ့်တဲ့ သ၀ဏ်လွှာ ဆိုတော့
ဒီလောက်ဆိုရင်ပဲ ကိုပါကြီးက
ထုံးစံအတိုင်း ကျေကျေနပ်နပ် ပြုံးနေမှာပါ၊

Nyi Saw Lwin


ဓာတ်ပုံ...ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်ရံတော် လုပ်ပေးခဲ့ဖူးသူ ကိုပါကြီး (နောက်ဆုံးယာစွန်) ဓာတ်ပုံ (တင်လှိုင် အီဘား) (Credit: ABC)

ပြည် (မဇ္ဈိမ) ။ ။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးပြီးနောက် သေဆုံးသွားပြီဟု သတင်းထုတ်ပြန်ခဲ့သည့် အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု အမှုမှန်ဖော် ထုတ်ပေးရန် ပဲခူးတိုင်း၊ ပြည်မြို့ရှိ အရပ်ဖက်လူမှုအဖွဲ့များ၊ နိုင်ငံရေး အင်အားစုများက အောက်တိုဘာ ၂၉ ရက်တွင် ဆန္ဒပြတောင်းဆိုလိုက်သည်။
Ko-Par-Gyi-Bereavement-Demonstration-Pyi-1
(ဓာတ်ပုံ - ကောင်းမြတ်မင်း)
“ကိုပါကြီးကို ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ် အစဖျောက်ဖျက်တဲ့အပေါ် အမှန်တရားပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ဖို့ ကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူဖို့ ပြည်ဒေသခံလူမှုနိုင်ငံရေး အင်အားစုတွေက ဆန္ဒပြတောင်းဆိုခြင်းဖြစ်တယ်” ဟု ဦးဆောင်ဆန္ဒပြသူ ကိုမင်းမင်းကပြောသည်။

ဆန္ဒပြသူတို့သည် ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်မှ ဗိုလ်ချုပ်လမ်းအတိုင်း ကိုးသောင်းမီးပွိုင့်ရှေ့သို့ချီတက်ခဲ့ကြပြီး ခွင့်ပြုချက်တွင် မပါဝင်သည့် ရွှေတစ်ချောင်းလမ်း အတွင်းဝင်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က တားမြစ်သည်။
သို့သော် ဆန္ဒပြသူတို့က လက်မခံခဲ့ဘဲ အဆိုပါ လမ်းမှ တစ်ဆင့် ဗိုလ်ချုပ်ကြေးရုပ်သို့ ပြန်လည်ချီတက်ခဲ့ပြီး ဆန္ဒပြပွဲကို ရပ်နားလိုက်သည်။

ဥပဒေမဲ့ဖမ်းဆီးမှု အလိုမရှိ၊ ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျရှုံးပါစေ၊ အဓမ္မ၀ါဒ ကျရှုံးပါစေ၊  ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး စသည့်ကြွေးကြော်သံများ ဟစ်ကြွေးကြသည်။

မဇ္ဈိမ

ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းသည် ကရင်အမျိုးသား သွေးစည်းညီညွတ်ရေးထက် ပြန့်ကျဲနေသည့် ကရင်လက်နက်ကိုင်အဖွဲ့များ တစ်ပေါင်းစည်းတည်း ပြန်လည်ဖြစ်ပေါ်ရေးကို ဦးတည်သည်ဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်က အောက်တိုဘာ ၂၉ ရက်က ကရင်ပြည်နယ်ရှိ DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် ကော်သူလေးတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေး၌ ပြောကြားခဲ့သည်။
Kawtulay
ကော်သူလေး တပ်မတော်ဖွဲ့စည်းရေးကိစ္စ DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် အောက်တိုဘာ ၂၉ ရက်က စတင်ဆွေးနွေးစဉ်။ (ဓာတ်ပုံ - မင်းအောင်ခိုင်၊ မဇ္ဈိမ)
“ဒီကော်သူလေး တပ်မတော်ဆိုတာဟာ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းနဲ့ ပတ်သက်တာမဟုတ်ဘူး။ ကျွန်တော်တို့ တစ်မျိုးသားလုံးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့ ပြည်သူအားလုံးပိုင်တဲ့ တပ်မတော်တစ်ရပ် ဖြစ်တယ်” ဟု ဗိုလ်ချုပ်စောလားပွယ်က ပြောသည်။
ကော်သူလေးတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ဆွေးနွေးသွားမည်ဖြစ်သည်။ ယင်းကော်သူလေး တပ်မတော်ကို ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း KNDO၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA တို့ ပူးပေါင်းဖွဲ့စည်းကြောင်း စက်တင်ဘာ ၁၃ ရက်က ကြေငြာချက်ထုတ်ကာ ကြေငြာခဲ့ခြင်း ဖြစ်သည်။
သို့သော် ကရင်အမျိုးသားအစည်းအရုံး (KNU)ကမူ ယင်းကိစ္စကို ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု ဆိုထားပြီး ဗဟိုကော်မတီ အစည်းအဝေးအတွင်း အောက်တိုဘာ ၂၈ ရက်က မူအားဖြင့် သဘောတူခဲ့သည်။

မဇ္ဈိမ

နိုင်ငံတကာ သတင်းဓာတ်ပုံတွေထဲမှာ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ရဲတပ်ဖွဲ့ ဝင်တွေကိုမြင်ဖူးသည်။ ယူနီဖောင်းမှအစ ခန္ဓာကိုယ်အဖွံ့အထွား အနေအထား အဆုံး အတော်စမတ်ကျပေတာပဲဟု ထင်မိ၏။ သူတို့တွေကတော့ ပင်ကိုယ်ကပင် လူကောင် ထွားကြသည့်အပြင် အခြေခံ လူ့အခွင့်အရေးကို ဦးထိပ်ပန်ဆင်ထားသည့် ဒီမိုကရေစီရင့်မ ကြီးနိုင်ငံတွေမှ ရဲတွေပေမို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လုံခြုံမှု စိတ်ဓာတ်ခွန်အား အားကောင်း ကြလေသောကြောင့် ထိုသို့ ခံ့ညားထည်ဝါရှိ နေကြတာများလားလည်း တွေးမိသည်။ ချမ်း သာကြွယ်ဝသော နိုင်ငံတွေဖြစ်၍ နိုင်ငံ့ဝန် ထမ်းတွေကို ထိုက်တန်သည့် လစာငွေကြေး နှင့် အသုံးအဆောင်ပစ္စည်း အဆင်တန်ဆာ များပေးအပ်ချီးမြှင့်ထားနိုင်တာလည်း ပါမည် ထင်သည်။ မြင်လိုက်ရသည်နှင့်ကို အားကိုး ချင်စရာပုံပန်းသဏ္ဌန်တွေပေါ်နေတတ်၏။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှ ကိုယ် တို့နိုင်ငံနှင့် ဘေးချင်းယှဉ်ကပ်လျက်ရှိသော ဒီမိုကရေစီနိုင်ငံဟု နာမည်ခံထားပါလျက် စစ်တပ်က ပျင်းပျင်းရှိတိုင်း အကြိမ်ကြိမ်အာဏာ သိမ်းဖူးထားသည့် ထိုင်းနိုင်ငံမှ ရဲတွေသည် ပင်လျှင် ကိုယ့်နိုင်ငံမှရဲတပ်ဖွဲ့ဝင်တွေနှင့် နှိုင်း ယှဉ်လျှင်တော့ အစစအရာရာ ပိုပြီးတော့များ ခံ့ညားသေသပ်နေလေသလားဟု ယခင်တုန်းက အထင်တကြီး ရှိခဲ့မိဖူးသေး၏။

ထိုထိုသော ရဲတပ်ဖွဲ့တွေကို ကြည့်ရင်း မြင်ရင်းမှပင် ကိုယ့်အနားမှာကပ်လျက် ရှိနေ သည့် ကိုယ့်နိုင်ငံမှ ရဲလေးတွေ ကိုဖျပ်ခနဲ ကြည့်လိုက်မိတော့ စိတ်ထဲမှာ အားမလိုအားမရ ကြီးလို ခံစားရသည်။ ကိုယ်တို့က ဆင်းရဲနွမ်း ပါးနိုင်ငံပေမို့လောမသိ ယူနီဖောင်းလေးတွေ ကြည့်တော့ လည်း နွမ်းနွမ်း ဖပ်ဖပ်။ ပွတိပွ ယောင်းရှိလှသည့် ယူနီဖောင်း နွမ်းနွမ်းလေး တွေကို သာ ဝတ်ထားနိုင်ကြသည့် တချို့ ပေါင်ချိန်မပြည့် အရပ်ပေမမီ ပိန်တိပိန်ညှော် ရဲ လှီလှီ ကင်းကင်းလေးတွေကို တွေ့ရ မြင်ရ တတ်သည့်အခါများတွင်မူ ပြောင်းဝမှာ နကျယ်အိမ် ဝင်စွဲနေသလား ထင်ရသည့် ဒုတိယ ကမ္ဘာစစ် အမွေလက်ကျန် ရိုင်ဖယ်သေနတ် အဟောင်းကြီးတွေက သူတို့ပခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလိုမချိမဆံ့ ပိနေသလား ပင် ထင်မိရသည်။ သူတို့လို ရဲလေးတွေကိုတော့ ကူညီပါရစေဟု ပြည်သူကို အကူအ ညီပေးကြမည့် ငါတို့ပြည်သူတွေရဲ့ ပြည်သူ့ရဲ တွေပါလားဟုမမြင်မိတော့။ တို့အိမ်လမ်းကြားမှာ ရဲလုပ်တမ်း ကစားနေကြသည့် ကလေး လေးတွေလားဟုပင် ထင်ရမယောင်ယောင် ဖြစ်ရလေ၏။

သို့သော် ကိုယ်တို့တိုင်းပြည်ထဲမှ ထိုရဲတပ်ဖွဲ့ဝင်တို့၏ အဆိပ်ကမူ ပေါ့သေးသေးမဟုတ် လှ။ မြက်ခြောက်တောထဲမှ လှုပ်လီလှုပ်လဲ့ ထွက်လာသည့် မွဲခြောက်ခြောက် အရောင် မြွေပွေးပေါက်လေးတွေလိုပဲ ဖြစ်သည်။ သူ့ ရှေ့မှာ ရီးတီးယားတားတော့ လာမလုပ်နဲ့ တွယ် ထည့်လိုက်မည် ဆိုသည့်အထဲက။ သူတို့လက် ထဲမှာ လုပ်ပိုင်ခွင့် ဆိုသည့် အခွင့်အရေးရော လက်နက်ပါ ရှိနေလေသည်ကိုး။

သို့သော် ထိုလုပ်ပိုင်ခွင့်နှင့် လက်နက်တွေ ဆိုသည်ကများသောအားဖြင့်တော့ ကိုယ်တို့ ပြည်သူတွေ အတွက်ရှိ နေတတ်တာမျိုးမဟုတ်။ သူတို့ ကိုယ်ရေးကိုယ်တာ အတွက် သက်သက်ပဲ ဖြစ်ဖြစ်နေတတ်တာက ပိုများနေသ လားမြင်သည်။

ဒါကလည်း တို့များနိုင်ငံက ကံမကောင်း အကြောင်းမလှစွာပင် ပြည်သူကိုငြိမ်ဝပ်ပိပြား အောင် သာ ဖိနင်းထားတတ်ကြသည့် ကိုယ် ကျိုးကြည့် အာဏာရှင်များ အဆက်ဆက် လက်အောက် တွင် ရာစုနှစ်ဝက်ကျော် ကြာ အောင် နေခဲ့ကြရသောကြောင့် အာဏာရှင် တို့၏ လက်ကိုင် တုတ်ဖြစ်အောင်သာ ဖွဲ့စည်းပေးထားခံခဲ့ရသော ရဲတပ်ဖွဲ့ ဆိုသည်ကလည်း ပြည်သူ့အတွက် မဟုတ်ဘဲ အာဏာရှင်အတွက် သက်သက်သာ ရပ်တည်ပေးခဲ့ကြရရင်း အာဏာရှင် သက်ဆိုး ရှည်အောင် ဒေါက်ထောက် ကျားကန် ပေးခဲ့ကြရရင်း သူတို့ကိုယ်တိုင်လည်း အာဏာရှင် ဓာတ်ကူးကာ ကိုယ်ကျိုးကြည့် စိတ်ဓာတ်တွေ ရင့်သန်လာခဲ့ကြသည်လား တော့မသိ။ “ကူညီပါရစေ” ဆိုသည့် ဆိုင်း ဘုတ်ကြီးကို မလိုအပ်ပါပဲနှင့် ကြော်ငြာနေ သည့် ကြော်ငြာကြီး တစ်ခုလို တခမ်းတနား ကြီးနှင့် ဆေးကုန်ခံ ရေးနေရသည့် အခြေအ နေမျိုးကြီးသို့ ရောက် ခဲ့လေတော့၏ဟု ထင် မိသည်။

သည်နှယ်ဖြစ်ရသည့် အကြောင်းတရား ကိုရှာတော့ လူတစ်ဦးချင်း တစ်ဖွဲ့ချင်းကို အ ပြစ်ပုံ၍ မဆိုချင်။ သူသူကိုယ်ကိုယ် သည်လို မျိုး အာဏာရှင် စနစ်နွံထဲ ကျမိပြီဆိုမှတော့ဖြင့် သည်ဗွက်ပုပ်စော် ဗွက်ပုပ်နံ့ ကူးတတ်သည် မှာ မရှောင်သာမလွှဲသာ ဓမ္မတာပေပ ဟုသာ ဆိုချင်သည်။ ဖြတ်သန်းလာခဲ့ရသည့် နှစ်ငါး ဆယ် ကာလကြီးက တရားဥပဒေ စိုးမိုးသည့် ကာလကြီးဟု ပြောဆိုသတ်မှတ်ရန် ခက် လွန်းလှလေသည်ကိုး။ နေရာတကာမှာ အကြောင်းမျိုးစုံကြောင့် ဥပဒေချိန်ခွင်က တစ်ဖက် ဖက်သို့ စောင်းနေတတ် သည့် ကာလကြီးဖြစ် နေခဲ့သည်။ ထိုသို့သော ကာလပယောဂ ပရ ဝုဏ်ကြီးထဲမှာ ခွေးသွားစိတ် တစ်ခု အဖြစ် ပါ ဝင်ပတ်သက် နေခဲ့ရသည့် ရဲတပ်ဖွဲ့ဆိုသည် ကလည်း သံထွေသံခဲတွေ မဟုတ်တော့ ဘုရားရဟန္တာ လောင်းလျာတွေမှလည်း မဟုတ်ကြ တော့ ဆဒ္ဒန်ဆင်မင်း ဝတ္ထု ထဲက လေးပစ်သူက ဘုရားကျွန်တော်မျိုးဆိုသည့် မုဆိုးကြီးကို အပြစ်ပြောမနေ လိုတော့။ အစွယ်လိုသူက ဘယ်စနစ်လဲဟုသာ ရင်းမြစ်ကို လက်ညှိုး ထိုးချင်သည်။

ယခုလို ဒီမိုကရေစီ နပုန်းပဏ္ဍုပ် တောင် မရောက် မြောက်မရောက်ကာလမျိုးတွင်တော့ ဥပဒေစိုးမိုးရေးဆိုသည်က ပါးချပ်လွတ်လာ သည့် မြင်းရူးလို ဖြစ်နေသည်လားတော့မသိ။

၁၉၈၈ စစ်အာဏာသိမ်းပြီးကတည်းက ယူချင်ဦးဟဲ့ဒီမိုကရေစီဟု အငြိုးကြီးနှင့် ဖွင့် ပေးခဲ့သည့် ဒီမိုကရေစီပရမ်းပတာ အိုးပင်း တူအော နှစ်ပေါင်း ၂၀ ကျော်ကာလကြီးထဲမှာ ဒီမိုကရေစီ၏ မျက်နှာကို ပက်သည့် အက်စစ် တွေဖြစ်ကြသော အရက်ဆိုင်တွေ၊ အရက်ချက် ခွင့်လိုင်စင်တွေ၊ တစ်တောတစ်ကြက်ဖ အာဝါဒေး လောင်းကစားဝိုင်းကြီးတွေ၊ လက်သိပ် ထိုးဘွင်းဘွင်း တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လုပ် ပေါက်ကိုင်ပေါက်တွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေတွေ ၊ လောင်းတမ်းထိုးသည့် ဘီးလီး ယက်ခုံတွေ၊ ခုခေတ်ထဲရောက်မှ အသစ် တီထွင်ပေါ်ပေါက် လာသည့် ညဘက်အပြင်ထွက်ဖို့ မလွယ်သော အုပ်ထိန်းမှုမလွတ်သေးသည့် ကျောင်းနေဆဲ အရွယ်မရောက်သေးသူကလေး လူငယ်များအတွက် ဒေးကလပ်တွေ၊ ဆိုသည်က မိုးဦး ကျပေါက်သည့် မှိုတွေကမှ နည်းဦးမည် ဆိုသလို ဖြစ်လာတော့ နိုင်ငံနှင့်အဝန်း ရာဇဝတ်မှု ဂရပ်မျဉ်းက လဆန်းရက် ဒီထချိန်လို တဖြည်းဖြည်းမြင့်တက်လာနေတာ သတင်း တွေ ထဲ မြင်နေကြားနေ ဖတ်နေရသည်က မ ဆန်းသလိုဖြစ်ရသည်။

လူသတ်မှုတွေ၊ မုဒိမ်း မှုတွေ၊ နေ့နေ့ညည အုပ်စုဖွဲ့ အနိုင်ကျင့်ရမ်း ကားမှုတွေ၊ အုပ်စုချင်းချိန်း ကာ ပြောင်ပြောင် ဆင်နွှဲကြသည့် လမ်းပေါ်က ဓားခုတ်ပွဲ ရိုက် နှက်ပွဲတွေက မကြားဝံ့မနာ သာ ဖြစ်လာနေ သည်။ “ကူညီပါရစေ”ဟု ဆိုင်းဘုတ်ကြီး တင်ထားသည့် ပြည်သူ့ရဲတပ်ဖွဲ့၏ တက်ကြွလှုပ်ရှားသော ဟန်ပန်လက္ခဏာတွေကမူ ပျောက်ဆုံးနေဆဲလား ထင်၏။

ဟိုဘက် တစ်လနှစ်လက ရန်ကုန်မြို့တော် သာကေတဘက်တွင် ပြည်သူတွေ အထိတ် တလန့် စိုးရိမ်တကြီးဖြစ်ခဲ့ကြရသည့် လမ်းပေါ် မှ နေ့ခင်းကြောင်တောင် အုပ်စုချင်း လွတ် လပ်စွာ ချိန်းချကြသည့် ဓားခုတ်ပွဲ ရိုက်ပွဲ နှက်ပွဲကြီးကို တိုင်ကြားသူမရှိသဖြင့် ရဲအဖွဲ့ က အရေးမယူ ခဲ့ရခြင်းဖြစ်ပါသည် ဆိုသည့် ဆင်ခြေပေးသံကြားရတော့ ဖြစ်မှဖြစ်ရလေ ကိုရွှေရဲကြီးရယ်ဟု စုတ်တသပ်သပ်နှင့် ရင်ထုမနာ ဖြစ်ရသည်။ ဘယ်မလဲဟဲ့ တရားဥပဒေ စိုးမိုးမှုပေါ့။

သည်လိုလူအုပ်စုလောက်မျှ အပြန်တစ်ထောင်မကသည့် ၂၀၀၇ ရွှေဝါရောင် သံဃာ့ မေတ္တာသုတ်ရွတ်ပွဲကြီးတုန်းကဖြင့် မောင်မင်းကြီးသားတို့ လက်သံပြောင်ပြောင် နှင့် ဖြိုနိုင်ခွဲနိုင် ဖမ်းဆီးနှိပ်ကွပ်နိုင်ခဲ့ပါလျက် နှင့် ...ပေါ့။ စိတ်ထဲမှာဖြင့် တကယ့်ကိုမှ မကောင်းလိုက်။

အင်းပေါ့ ...။ သူ့ကုပ်ပေါ်မှာ ဓားမိုး ထားသည့် ရွာသားကောင်းမှု ထမင်းရှင်ကြီး က ကျေးဇူးရှင် ဆိုတာ ပြည်သူတွေ မဟုတ်ဟု သူ့မျက်လုံးကို အစိမ်းပုပ်ရောင် မျက်မှန်ထူထူ ကြီးဖြင့် လုံအောင် ဖုံးကွယ်နိုင်ထားခဲ့ပြီပဲ။ အာဏာရှင့် မျက်နှာကိုသာ မော်ဖူးခဲ့ရသည်ပေါ့။ လေးပစ်သူက ဘုရား ကျွန်တော်မျိုး စစ်စစ် ကြီး ဖြစ်ခဲ့ရပြီပေါ့။ ထားတော့ ...။

သို့နှင့်ပင် ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ခသုံးလုံးကျေအောင် နေသားခေါက်ရိုး ကျိုးလာခဲ့ရသဖြင့် အကြံတုံး ဉာဏ်တုံးတွေ ဖြစ်နေ ကုန်ကြပြီလားလည်း မသိတော့။

ငါးနှစ်ကျော်၍ ခြောက်နှစ်ထဲ ဝင်လာခဲ့ပြီ ဖြစ်သည့် ရန်ကုန်မြို့၊စိမ်းလဲ့ကန်သာ ၅လောင်းပြိုင် လူသတ်မှုကြီးက ခုထက်ထိ ရိုးတိုးရိပ် တိတ်မျှပင် ကိုယ်ယောင်လာမပြသေး။ ထိုအခါက လူသေအလောင်းတွေနားရပ်ပြီး မင်းတို့ ကိုယ်တိုင် လူသတ်တရားခံတွေ ကို ဖော်ထုတ်ပေး ရမယ်ဟု အမိန့်ပန်ခဲ့သည့် ရဲမှုးကြီးကပင် အာဏာစက်မထက်တာလားတော့လည်းမသိ။

သို့သော် ထက်သည့်နေရာတော့လည်း ထက်ပေစွဟုဆိုရမလို အဖြစ်တွေကတော့ လည်း ရှိနေပြန်ချေသေး၏။ တခြားမဟုတ်။ ငါ့ကိုတော့ လာမထိလေနဲ့ မြက်ခြောက်တော ထဲက ထွက်လာပေမဲ့ မြွေပွေးပေါက်ကွဟု လက် ပန်းပေါက်ခတ်နေတာတွေက အပုံအပင်။

မိန်းကလေးတစ်ယောက်ကို ရန်ကုန်နားက တံတားစောင့် ရဲကင်းတစ်ခုထဲမှာ မုဒိမ်းကျင့်နေ သည့် ရဲကို ဆိုင်ကယ်သမားလေးတွေက ဝင်ဖမ်းတော့ မုဒိမ်းကောင်ရဲက ထောင် ၄ နှစ်ကျသလို ထို မုဒိန်းတရားခံ ရဲကို ဝင်ဖမ်းသည့် ဆိုင်ကယ်ကယ်ရီသမားလေးတွေမှာလည်း ရဲကင်း ပျက်စီးမှုနှင့် ထောင်တစ်နှစ်စီ ကျသွားကြရပုံက မြွေပွေးကွ၊ ငါ့ကိုဖြင့်လာမထိလေနဲ့ ငါ့ထိရင် မင်း တို့လည်း ကွိသွားမယ်ဟု နမူနာပြ လိုက်သလိုရှိ သည်။

ဧရာဝတီတိုင်း ဆီက သတင်းတစ်ပုဒ်မှာလည်း လူတစ်ဦးကို ခိုးမှုနှင့်စွပ်စွဲကာ ဖမ်းဆီးလျက် ဇနီးသည်ကိုပါ ထပ်မံဖမ်းဆီးပြီး လက်ထိတ် ခြေထိတ် ခတ် လျက် ခိုးရာပါပစ္စည်းနေရာပြရန် ဟု လှေပေါ်တင်ခေါ်စစ်ဆေးရင်း မြစ်ထဲကျရေနစ်သေ ဆုံးခဲ့ရသည့် မှုခင်းဖြစ်စဉ်တွင် သက်သေ မခိုင်လုံသဖြင့် စွပ်စွဲခံခင်ပွန်းသည်ကို တရား သေလွှတ်ခဲ့ရသော်လည်း ထိုလူသေမှု နှင့် ပတ်သက်၍ အမှုစစ်ရဲအချို့ကို အရေးယူခံခဲ့ရခြင်းကြောင့် ဒို့ရဲကိုထိရကောင်းလား အငြိုးအတေးဖြင့် ခင်ပွန်းသည်ကို ယခုထက်တိုင် ပြဿနာအမျိုးမျိုးရှာခြိမ်းခြောက်နေဆဲရှိသည် ကလည်း ရဲစွမ်းရဲစ ပြနေကြသလိုဖြစ်သည်။

မန္တလေးတိုင်းထဲမှ သတင်းတစ်ပုဒ် ကျပြန် တော့ လယ်သိမ်းခံလယ်သမားတွေဆန္ဒပြ ကြ သည့် ရွာတစ်ရွာထဲကိုရဲတပ်ဖွဲ့က သေနတ် ဖောက်ဝင်သွားပြီး အိမ်တစ်အိမ်ပေါ်အတက် အိမ်ကို ဝိုင်း လာသည့် ရွာသားတွေအုပ်စုထဲ အိမ်ထဲမှနေ၍ သေနတ်နှင့် စွတ်ပစ်သဖြင့် ရွာသားတွေသေနတ် ထိမှန်ဒဏ်ရာ ရကုန်ကြသည့် အဖြစ်မျိုးကလည်း ဒို့မြန်မာ ဇာနည်ရဲ ပေမို့ဟု အံ့မခန်း ဂုဏ်တင်ရမလို ရှိ၏။

ဒါတွေအားလုံးသည် စနစ်ဆိုးတစ်ခု၏ဖျက်ဆီးမှု ဒဏ်ရာဒဏ်ချက်ပြင်းပြင်းကို ခံ ထားရသည့် အာဏာရ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု၏ ပြယုဂ်တချို့ပင်ဖြစ်လေသည်။ ထိုသို့သော သံတူကြောင်းကွဲအဖြစ်မျိုးတွေကို စာရင်းကောက်၍ပြရမည် ဆိုလျှင်တော့လည်း ကိန်းဂဏန်း တစ်ခုမျှ ရနိုင်လေမည် ထင်၏။

သည်ရက်ထဲမှာပင် ပတ်သက်ရာပတ်သက်ကြောင်း နိုင်ငံတွေဖြစ်ကြသည့် ဗြိတိန် ရော မြန်မာပါ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရရုံ မျှမက ကမ္ဘာ့အာရုံစိုက်မှုကိုပါခံခဲ့ရသည့် ထိုင်း နိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုမှာလည်း ကြည့်ဦး။ ထိုင်းနိုင်ငံဆိုသည်မှာ ကိုယ်တို့ မြန်မာနိုင်ငံနဲ့စာလျှင် ဒီမိုကရေစီမျက်နှာစာ နည်းနည်း ပိုပွင့်လေသလား ထင်ရသည့် တိုင် စစ်တပ်ကပျင်းပျင်းရှိတိုင်း မကြာခဏ ဆိုသလို အာဏာသိမ်းနေတတ်သည့် နိုင်ငံမို့ သူတို့ ထိုင်းရဲတွေလည်း မြေနိမ့်ရာလှံစိုက် အမှုစွဲတင်နည်းမျိုးဖြင့် တရားခံ ရှာတတ်လေ သည်လားတော့မသိ။ ကိုယ်တို့ မျက်နှာမွဲ မျက်နှာပြာ မြန်မာလူငယ်လေး နှစ်ယောက် ကို လူသတ် တရားခံအဖြစ် ကရော်ကမယ် စစ်ချက်တွေနှင့် တရားခံနာမည်တပ်လို့ရလျှင် ပြီးရော အမှုစွဲတင်ဖို့ ကြံခဲ့ကြပုံရသည်။ ကံကောင်းထောက်မသဖြင့် ကိုယ်တို့နိုင်ငံလို ရဲနှင့် ပုလင်းတူ ဘူးဆို့ ဖြစ်နေပုံမရသည့် အစိုးရ ဥပဒေအကြံပေးအဖွဲ့က အမှုစစ် ရဲမှတ်တမ်းတွေ မပြည့်စုံ သဖြင့် ပယ်ချခဲ့သည့်အပြင် ထိုင်းနိုင်ငံ မှုခင်းဆေး သိပ္ပံဗဟိုတက္ကသိုလ် မှ ညွှန်ကြား ရေးမှူးချုပ် ကလည်း ရဲစစ်ချက်၏ လိုအပ် ချက်တွေကို ထောက်ပြဝေဖန်ခဲ့သဖြင့် သူတို့ နိုင်ငံသားတွေ ကိုယ်နှိုက်က အထင်တကြီး မရှိလှသော ထိုင်းရဲတွေ အထိနာနေခဲ့ကြရသည်။

လက်နက်ကိုင်ချင်း ရိုင်းပင်းဆိုသလို ရဲကိုလည်း ပစ်ပယ်ထားနိုင်ပုံမရသည့် စစ်ဗိုလ် ချုပ်ကြီး ဘ၀မှ အာနာသိမ်း အဂ္ဂိရတ်ဖြင့် ထုံကူးလာခဲ့သော ဝန်ကြီးချုပ် အသစ်စက်စက် ပရာယွတ် ကလည်း သူတို့ရဲတွေဘက်က အခိုင်အမာရပ်တည်လျက် သူ့ရဲတွေဟာ တာဝန်ကျေအောင် ထမ်းရွက် တတ်ကြသူတွေဖြစ် ကြောင်း လေသံမာမာဖြင့်ပြောလာသည်။

ဘာပဲဖြစ်ဖြစ် မြန်မာလူငယ်လေးနှစ်ယောက်ကို လက်သည်ဖော်ကောင်းရုံသက်သက် တရားခံ ဟု စွပ်စွဲထားခဲ့ကြသည့် ရဲတွေကို ကမ္ဘာ က ပြူးပြဲနေအောင်ပင် ဝိုင်းအကြည့်ခံနေ ရသဖြင့် ကျားနာတွေလိုဖြစ်နေတာတော့ သေချာသည်။

ကိုယ်ကတော့ မြန်မာလူငယ်လေး နှစ်ယောက်ကျားနာခဲ အခဲခံရသလိုဖြစ်မှာ စိုးရိမ် နေသည်။ ထိုင်း ဥပဒေအကြံပေးအဖွဲ့က ပယ်ချထားလိုက်သည့် စာမျက်နှာ ၈၅၀ ရှိသော ထိုင်းရဲ၏ ကနဦး အမှုမှတ်တမ်းကို ရဲကပြန် လည်ဖြည့်စွက်ပြင်ဆင်လျက် အမှုစွဲ တင်နိုင်ဖို့ ကြိုးစားနေကြောင်း လည်း သတင်းတွေထဲ ကြားနေဖတ်နေရသည်။

အကယ်၍များ ထိုင်းရဲက အမှုစွဲတင်မှု ထမြောက်အောက်မြင်သွားမည်ဆိုလျှင်တော့ ထိုင်းရဲ ဆိုတာလည်း မကြာခဏ အာဏာသိမ်းတတ်သည့် ထိုင်းစစ်ဗိုလ်ချုပ်ကြီးတွေ အဆက်ဆက် က မွေးဖွားသန့်စင်သူကောင်းပြုလာခဲ့ကြသည့် သည်ပုတ်ထဲက သည်ရဲတွေပေပဲဟု ဆိုရတော့ မလိုလို။

သင်းရီ
The Ladies News Journal


မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေး ဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်း နိုင်ဖို့ အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးကြဖို့ သမ္မတက ဖိတ်ကြား လိုက်ပါတယ်။

လာမယ့် အောက်တိုဘာ ၃၁ရက် မနက်ပိုင်းမှာ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတဦးသိန်းစိန်က ဖိတ်ကြားတာလို့ ဖိတ်ကြားစာ လက်ခံ ရရှိထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ဆွေးနွေးမယ့် အကြောင်းအရာ ၃ ချက် ရှိပါတယ်။ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ညင်သာစွာနဲ့ ခိုင်မာစွာ ကူးပြောင်းနိုင်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ကို ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အဲ့ဒီအချက်တွေ ဆွေးနွေးနိုင်ဖို့ ဆိုပြီး အက်စ်အန်အယ်လ်ဒီပါတီ အနေနဲ့ရော ယူအန်အေ ကိုယ်စားပါ ဦးခွန်ထွန်းဦးကို ဖိတ်တာပါ။”

ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတ ၂ ယောက်၊ လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုကာချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ယူအန်အေ ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကိုယ်စား ဦးခွန်ထွန်းဦး၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) ပါတီကိုယ်စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုယ်စား ဦးသန်းတင်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တယောက် စုစုပေါင်း ၁၄ ယောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပထောက်ခံမှု အများအပြားရထားတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့တွေ့ဆုံဖို့ မနှစ်နှစ်ကုန်ပိုင်းက  တောင်းဆိုခဲ့ပြီး နောက်ပိုင်း ဖြစ်ထွန်း တိုးတက်မှုဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က “သမ္မတအနေနဲ့ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ သဘောမျိုးလုပ်တယ်လို့ မြင်ပါတယ်။ လေးပွင့်ဆိုင်ကိုလည်း သူငြင်းပယ်တာမျိုး မဟုတ်ဘဲနဲ့ လေးပွင့်ချည်းပဲလည်း မဟုတ်ရအောင်ပေါ့နော် အဖွဲ့အစည်းစုံအောင် ဖိတ်လိုက်တဲ့ သဘောပေါ့။ နောက်တခု ကျနော်မြင်တာပေါ့နော်၊ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ ရှေ့ဆက်သွားလို့ မရနိုင်တဲ့အနေအထားမျိုး ဖြစ်ချင် ဖြစ်နေမယ်။ အဲ့ဒါတချက်၊ နောက် တချက်က အမေရိကန်သမ္မတ အိုဘားမား လာကာနီးပြီ။ ကမ္ဘာ့အမြင်မှာ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ရှေ့ဆက်သွားနေပါတယ် ဆိုတာကိုလည်းပဲ သမ္မတက ပြချင်တာပါလိမ့်မယ်။ ဒါကြောင့်မို့ အခုလို စုဆုံဖို့ လုပ်လိုက်တာလို့ ထင်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ အောက်တိုဘာ ရေဒီယိုမိန့်ခွန်းမှာ အပစ်ရပ်လက်မှတ်ထိုးနိုင်မှ ၂၀၁၅ ရွေးကောက်ပွဲ ရေရာသေချာပြီး ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်လာ နိုင်မယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/69195

   
ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုယ်ရံတော် လုပ်ပေးခဲ့ဖူးသူ ကိုပါကြီး (နောက်ဆုံးယာစွန်) ဓာတ်ပုံ (တင်လှိုင် အီဘား) (Credit: ABC)

မြန်မာစစ်တပ်က ​ထိန်းသိမ်းစဉ်အတွင်း ​သေဆုံးသွားတဲ့ ​အလွတ်သတင်းထောက် ​ကိုပါကြီး ​သေဆုံးရတဲ့အတွက် ​မိသားစုနဲ့ထပ်တူ ​ဝမ်းနည်းမိကြောင်း  ​ဒေါ်အောင်ဆန်းစုကြည်က ​ကျန်ရစ်သူ ​မိသားစုဆီ ​စာတစ်စောင် ​ပေးပို့ခဲ့ပါတယ်။

ကိုပါကြီး ​ခေါ် ​ကို ​အောင် ​ကျော် ​နိုင် ​ဟာ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ကိုယ်ရံတော် ​ဖြစ်ခဲ့ပါတယ်။

ကျန်ရစ်သူ ​ကိုပါကြီးရဲ့ ​ဇနီး ​မသန္တာ ​ကတော့ ​ကိုပါကြီး ​သေဆုံးမှုနဲ့ ​ပတ်သက်ပြီး ​အမှုဖွင့်ထားပြီ ​ဖြစ်သလို ​အလောင်းကို ​စစ်ဆေးနိုင်အောင် ​ပြန်လည်တူးဖော်ပေးဖို့ ​တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်က ​ကိုပါကြီးဟာ ​ထိန်းသိမ်းခံရစဉ်အတွင်း ​သေနတ်လုယူပြီး ​ထွက်ပြေးသွားတာကြောင့် ​ပစ်သတ်လိုက်တာလို့ ​ထုတ်ပြန်ထားတဲ့အပေါ် ​မကျေမနပ် ​ဖြစ်နေကြတာပါ။

အများစုကတော့ ​ကိုပါကြီးဟာ ​နှိပ်စက်ခံရရင်း ​သေဆုံးတာ ​ဖြစ်နိုင်တယ်လို့ ​ယူဆကြတဲ့အတွက် ​အလောင်းကို ​စစ်ဆေးလိုကြတာ ​ဖြစ်ပါတယ်။

ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​နိုင်ငံခြားရေး ​ဌာနကလည်း ​အဲဒီအပေါ် ​အင်မတန် ​စိုးရိမ်မကင်းဖြစ်မိသလို ​စိတ်မကောင်းမှုလည်း ​ဖြစ်ရတယ်လို့ ​ပြောပါတယ်။

ဒါ့အပြင် ​မြန်မာ ​အစိုးရကိုလည်း ​ယုံကြည်စိတ်ချရပြီး ​ပွင်းလင်းမြင်သာမှု ​ရှိတဲ့ ​စုံစမ်းမှုတွေလုပ်ဖို့လည်း ​အမေရိကန်နိုင်ငံက ​တိုက်တွန်းထားပါတယ်။

အမေရိကန် ​သမ္မတ ​ဘားရက်အိုဘားမားအနေနဲ့ ​မြန်မာနိုင်ငံကို ​မလာခင် ​အတောအတွင်းမှာ ​ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စ ​ဖြစ်လာရသလို ​မြန်မာနိုင်ငံ ​လူ့အခွင့်အရေးနဲ့ ​ပတ်သက်ပြီး ​ပိုပြီး ​အာရုံစူးစိုက်ချိန်မှာပဲ ​အခုလို ​ဖြစ်ရပ်တွေနဲ့ ​ကြုံနေရတာပါ။

ကိုပါကြီးရဲ့ ​ဇနီး ​မသန္တာကတော့ နိုင်ငံရေးနဲ့ ​လူမှုရေး ​အဖွဲ့အစည်းပေါင်း ​၅၉ ​ဖွဲ့ ​ပူးပေါင်းပြီး ​ကိုပါကြီး ​သေဆုံးတဲ့ ​ကိစ္စကို ​စုံစမ်းပေးဖို့ ​အစိုးရကို ​ဖိအားပေးတောင်းဆိုသွားမယ်လို့ ​ပြောကြောင်း ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-29/1384255

မန္တလေး ၊ ၂၉-၁၀-၂၀၁၄

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် လ၀က ကောင်တာတွင် အောက်တိုဘာ ၂၇ ရက် ၊ မွန်းလွဲပိုင်းက လ၀က Black List သတ်မှတ် ခံရသူ တရုတ်နိုင်ငံသား တစ်ဦးအား စစ်ဆေး တွေ့ရှိသဖြင့် ပြည်ဝင်ခွင့် မပြုဘဲ တားဆီး ခဲ့ကြောင်း သိရသည်။

China Eastern Airlines မှ လေယာဉ် အမှတ် B 5270 ၊ လေယာဉ် အမျိုးအစား B-737 ၊ ခရီးစဉ် အမှတ် MU 2029 လေယာဉ်ဖြင့် လိုက်ပါ လာသော ခရီးသည်များ အနက် တရုတ်နိုင်ငံသား Mr. WuGonG က ပတ်စ်ပို့ အမှတ် E 29833031 ၊ ဗီဇာအမှတ် 746211 သည် လ၀က Black List စာရင်းတွင် ပါဝင်နေသူ ဖြစ်ကြောင်း လေဆိပ် စစ်ဆေးရေး အဖွဲ့မှ စစ်ဆေး တွေ့ရှိရသည်။ ၄င်းအား လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဝင်သး ဦးစီး၍ တာဝန်ရှိ သူများသည် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ထွက်ခွာသော China Eastern Airlines ခရီးစဉ်အမှတ် MU 2030 လေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ ကူမင်းမြို့ သို့ ပြန်လည် စေလွှတ် ပေးခဲ့သည်။

၎င်းသည် မူလ ပတ်စ်ပို့ စာအုပ်အမှတ် G 42891709 ဖြစ်ပြီး ယခု စာအုပ်သစ် အမှတ် E 29833031 ဖြင့် ၀င်ရောက် လာခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/black-list.html


မြန်မာနိုင်ငံမှာ အရေးပါတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား အင်အားစု ခေါင်းဆောင်တွေကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တွေ့ဆုံဖို့ သမ္မတက ဦးဆောင် ဖိတ်ကြားခဲ့တယ်လို့  ဆွေးနွေးပွဲ ဖိတ်ကြားခံရတဲ့ ခေါင်းဆောင်တွေက အတည်ပြု ပါတယ်။

ဒီတွေ့ဆုံပွဲမှာ သမ္မတအပါအ၀င်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအရေးပါတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်အချို့နဲ့ တိုင်းရင်းနိုင်ငံရေးပါတီခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဖိတ်ကြားခံရသူတွေရဲ့ပြောပြချက် အရ သိရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်သမ္မတရဲ့လက်မှတ်နဲ့အတူ တိုင်းပြည်မှာအရေးပါတဲ့ နိုင်ငံရေးအင်အားစုက ခေါင်းဆောင်တွေနဲ့တွေ့ဖို့ ဖိတ်ကြားမှုတစ်ရပ်ကို အောက်တိုဘာလ   ၂၈ ရက်နေ့ မှာ လက်ခံရရှိတယ်လို့ ဖိတ်ကြားခံရသူတွေထဲကတစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောပါတယ်။ ဒီဖိတ်စာမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖြစ်ထွန်းရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အသွင်ကူးပြောင်းမှု ငြင်သာစွာ ဆက်လက်ဖြစ်ထွန်းရေး စတဲ့ အချက် ၃ ချက်ကို ဆွေးနွေးဖို့ ရှိတဲ့အတွက် ဖိတ်ကြားတာလို့ ဆိုပါတယ်။

NDF ပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေကတော့ သူ့အနေနဲ့ တိုင်းပြည်မှာ အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို စစ်ဖက်နဲ့အုပ်ချုပ်ရေးဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဖို့ ရှိပြီးတော့ ဖွဲ့စည်းပုံပြင်ရေးနဲ့ကိုလည်း NDF က မှတ်ချက်ပေးပြီးဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးခွင့်ရတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကို ပိုပြီးတော့ လျှင်လျှင်မြန်မြန်နဲ့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါနေတဲ့ MC တွေပေါ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကြီး-ပြီးပြီးတော့ကာ ငြိမ်းချမ်းရေး- နိုင်ငံရေးစကားပြောပွဲထဲကို ရောက်အောင်သွားနိုင်ဖို့အတွက်ကို ကျနော်ကတော့ အထူးထား ဆွေးနွေးဖို့တော့ သဘောထားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကတော့ ကျနော်တို့ပါတီရဲ့ လွန်ခဲ့တဲ့နှစ်က ၂၀၁၃ မေလကတည်းက ၂၁ ရက်နေ့မှာ လွှတ်တော်ကို တင်ပြပြီးပါပြီ။ ---- ပုဒ်မပေါင်း ၆၅ ခု၊ ဇယား (၁) ကနေ (၅) အထိ ပြင်ဖို့ကို တင်ပြထားပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက်ကတော့ လိုလားပါတယ်။ ၄၃၆ ရော၊ ၅၉ (စ) အပါအဝင်ပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံအချုပ်အခြာအာဏာ မထိပါးရေးအမြင်နဲ့ နှစ်ဘက်လုံး နိုင်ငံတကာအမြင်မှာလည်း မစောင်းရေးဆိုတဲ့ လမ်းကြောင်းပေါ်ကနေ ဖွဲ့စည်းပုံပြင်ရေးကို ကျနော်တို့ တင်ပြထားပြီးဖြစ်လို့ အထူးပြောစရာမရှိပါဘူး။”

ဒီဆွေးနွေးပွဲကို  ဖိတ်ကြားခံရတဲ့သူတွေထဲမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဒုဥက္ကဋ္ဌ ဦးဌေးဦးကတော့ တိုင်းပြည်ရဲ့အရေးပါတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံမယ့်ပွဲဖြစ်တာကြောင့် အရေးပါတဲ့ကိစ္စတွေကို အသားပေး ဆွေးနွေးမယ်လို့ ရှုမြင်ကြောင်း ဗွီအိုအေကိုပြောပါတယ်။

“ကျနော်ထင်ပါတယ်။ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ ကျနော်တို့ နိုင်ငံတော်ရယ်၊ ပါတီတွေရယ်၊ လွှတ်တော်တွေရယ် ပေါင်းပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ရတဲ့ကိစ္စတွေ ရှိမှာပေါ့ဗျာ။ ဒီအပေါ်မှာမူတည်ပြီးတော့ တွေ့ဆုံ ဆွေးနွေးတဲ့သဘောဖြစ်မှာပေါ့ဗျာ။ ဘယ်စနစ်ကိုပဲ ကျင့်သုံး ကျင့်သုံး၊ ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်တယ်ဆိုရင် ပိုပြီး မြန်တာပေါ့ဗျာ။ ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်ဘူးဆိုရင် နှေးတာပေါ့။ မဖြစ်ဘူးဆိုတာတော့ မရှိပါဘူး။ နှေးတာပေါ့။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ဖြစ်နိုင်အောင် ဆိုလို့ရှိရင်လည်း အကြိမ်ကြိမ်တွေ့ဆုံပြီးတော့မှ ကျနော်တို့သဘောထားတွေ သိရင် ပိုကောင်းတာပေါ့။ ဟုတ်ဘူးလား။ ကျနော်တို့ ဒီလိုပဲမြင်ပါတယ်။”

ဒီဆွေးနွေးပွဲကို ဖိတ်ကြားခံရသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖိတ်စာလက်ခံရရှိခြင်း ရှိမရှိ ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ NLD ရဲ့တရားဝင် ပြောခွင့်ရှိသူ ဦးဝင်းမြင့်က သူ့အနေနဲ့သိရှိခြင်း မရှိကြောင်း အခုလို ပြောပါတယ်။

“ကျနော်ကတော့ ဘာမှ မသိသေးဘူးဗျ။ ပြည်ထောင်စုလွှတ်တော်ပြီးတော့ workshop သွားနေတာ။ အဲဒီတော့ ကျနော်ကတော့ ဘာမှ မကြားသေးဘူး၊ အဲဒါတော့ မသိဘူး။ ကာယကံရှင်သာ သိရင်သိမှာပေါ့ဗျာ။ ကျနော်တို့တော့ ဘာမှ မသိသေးဘူး။”

အခု ဆွေးနွေးပွဲဟာ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်ဖို့ ရက်ပိုင်းအလိုမှာ ကျင်းပဖို့ပြင်ဆင်တာကြောင့် မြန်မာ့နို်င်ငံရေးအတွက် နိုင်ငံတကာက ဖိအားမပေးအောင် ဟန်ပြဆွေးနွေးပွဲမဖြစ်ဘဲ ထိရောက်တဲ့ဆွေးနွေးပွဲတစ်ခု ဖြစ်ဖို့လိုတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“အမေရိကန်သမ္မတအိုဘားမား မလာခင် အပေါ်ယံပေါ့လေ၊ နိုင်ငံတကာရဲ့ဖိအားတွေ၊ နိုင်ငံတကာရဲ့ဝေဖန်မှုတွေကို လျှော့ချချင်တဲ့ရည်ရွယ်ချက်မျိုးနဲ့လုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး မဖြစ်ဖို့လိုတယ်လို့ မြင်တယ်။ နိုင်ငံရေးအရ အလုပ်ဖြစ်တဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ လိုတယ်လို့ မြင်တယ်။ နောက်ပြီးတော့ တိုင်းပြည်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်ကို တကယ်အလုပ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး ဖြစ်ဖို့ လိုတယ်လို့ မြင်တယ်။”

သမ္မတက ဖိတ်ကြားခံထားရတဲ့သူ အချို့ထဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းအမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်က SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊  ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ NDF ပါတီ ဥက္ကဋ္ဌ ဦး ခင်မောင်ဆွေ၊ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦး သန်းတင်တို့ ပါဝင်ပါတယ်။

လက်ရှိအချိန်ဟာဆိုရင် မြန်မာနိုင်ငံရဲ့နိုင်ငံရေးရေချိန်ဟာ အမြင့်ဆုံး ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာ အကဲဖြတ်အချို့က သုံးသပ်ထားပါတယ်။ အခု ဆွေးနွေးပွဲ အတွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ နိုင်ငံသားတွေအနေနဲ့ လူ့အခွင့်အရေး ချို့ဖောက်ခံရတာမျိုးတွေ ထပ်မဖြစ်ဖို့ အုပ်ချုပ်သူနဲ့စစ်ဖက်ခေါင်းဆောင်တွေကို နိုင်ငံရေးအင်အားစုတွေက ထိထိမိမိ ဆွေးနွေးခဲ့ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်း ပြောဆိုမှုတွေ ရှိနေပါတယ်ခင်ဗျား။

အောင်ရဲ မောင်မောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/u-thein-sein-invites-top-political-leaders-to-talks-political-affairs-/2500468.html


ဓါတ်ပုံ - ကာလိမှ မိုင်းစံသို့အသွားလမ်း

သျှမ်းပြည်တောင်ပိုင်း ကာလိမြို့နယ်ခွဲအတွင်း တပ်ချလှုပ်ရှားနေသည့် ခြေလျင်တပ်ရင်း အမှတ် ၁၅၁ လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်သိန်းစိန်က ကျေးလက်လူထုအား ည ၁၀ နာရီ နောက်ပိုင်းမီးမထွန်းရ၊ မီးထွန်းသွားလာလျှင် ပစ်ခတ် ခံရမည်ဟု ဒေသခံများအား ဆင့်ခေါ်ကာ ညွှန်ကြားထားသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၇ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ နှင့် မိုင်းစံ မြို့နယ်ခွဲကြား ဟောင်လိတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စခန်းချနေထိုင်သည့် ခလရ ၁၅၁ လက်အောက်ခံ တပ်ခွဲမှူးဗိုလ်သိန်းစိန် က ဒေသခံများအား ခေါ်ယူက မီးထွန်းသွားလာခြင်းမပြုရန် ၊ တွေ့ရှိပါ က ပစ်ခတ်ခြင်းခံရလျှင် တာဝန်ယူမည် မဟုတ် ကြောင်း ပြောသည်။

“ဒီ စစ်ဗိုလ်က ဒီကိုရောက်တာ လပိုင်းဘဲရှိတယ်။ လလယ်ပိုင်းတုန်းကလဲ ည ၁၀ နာရီလောက် အလ ကား နေရင်း သေနတ်ပစ်ဖေါက်တယ်။ အားလုံးလန့်သွားတာပေါ့။ ပီးခဲ့တဲ့အပတ်က ရွာသူကြီးကိုခေါ်ပြီး ပြောတယ်။ ည ၁၀ နာရီ နောက်ပိုင်းမီးမထွန်းရဘူးတဲ့။ အခု မနေ့က ထပ်ခေါ်ပြောတာ က ပစ်သတ်ခံ ရရင် တာဝန်မယူဘူးတဲ့” - ဟု အမည် မဖေါ်လိုသည့် ရွာသားတဦးကပြောသည်။

ခလရ ၁၅၁ လက်အောက်ခံ တပ်ခွဲတခုသည် ဟောင်လိတ်ကျေးရွာဘုန်းကြီး၌ အခြေချနေထိုင်သည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ဝါတွင်းဥပုသ်သည်များအခက်အခဲကြောင့်ဖယ်ရှားပေးဖို့ ကူညီပြောဆိုပေးရန် ကွန်ဟိန်းပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နန်းဝါနုထံ ရွာသားများတင်ပြပြီးနောက် တပတ်ခန့်သာရှောင်ပေးကြောင်း၊ ယခုထက်ထိဘုန်းကြီး ကျောင်းအား တပ်စခန်းအဖြစ်ပြန်လည်အသုံးပြုနေဆဲဖြစ်ကြောင်း ပြောသည်။

အဆိုပါဒေသသည် အစိုးရတပ်မတော်လက်အောက်ခံ ကာလိပြည်သူ့စစ်တပ်ဖွဲ့ လှုပ်ရှားသွားလာ ရာဒေသဖြစ်သည်။ ၎င်းတို့သည် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၇ တပ်ဖွဲ့ဝင်ဟောင်း များဖြစ်ကြသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese?fref=nf

ဖမ်းဆီးထိန်းသိမ်းခံရသည့်လူပုဂ္ဂိုလ်ဧ။်လုံခြုံရေးကို ဖမ်းဆီးထိန်းသိမ်းသူများက တာဝန်ယူရမည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် အသက်စွန့် သွားသူ ကိုပါကြီးဧ။် အမျိုးသမီးအားအကူအညီပေးနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နယကကြီး ဘဘဦးတင်ဦးက ၂၈.၁၀.၂၀၁၄ ၊ အမျိုသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုရုံးချုပ်၌ကျင်းပခဲ့သည့် အစည်းအဝေးတွင်အောက်ပါအတိုင်းအမှာစကားပြောကြားခဲ့ပါသည်။

ကိုပါကြီးသည်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်စတင်ထူထောင်စဉ်က သုံးရယ်ချယ် အနေနှင့်ပါဝင်ခဲ့ကြောင်း၊ ယခု တစ်ကြိမ်ဒေါ်အောင်ဆန်းစုကြည် လွှတ်မြှောက်လာအပြီးတွင် အဖွဲ့ ချုပ်အတွက် ကူညီဆောင်ရွက်ပေးခဲ့တာတွေ ရှိကြောင်း။ နယ်စပ်ဒေသမှာ သတင်းထောက်တစ်ယောက်အဖြစ် ၄င်း ဒီမိုကရေစီဘက်တော်သားတစ်ဦးအဖြစ်၎င်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကျိုးပြုနေတာဖြစ်ကြောင်း

ကိုပါကြီးကိစ္စ အငြင်းပွားနေသည့်အကြောင်းအရင်းကတော့ စစ်တပ်က ဖမ်းခေါ်သွားသည်ဟု မျက်မြင်သက်သေ တွေကပြောတာ ရှိကြောင်း၊ စစ်တပ်ဘက်က လည်း သေနတ်လုပြီး ထွက်ပြေးလို့  ပစ်သတ်ရ တာ ဖြစ်တယ်လို့ ပြောကြားကြောင်း ။ ဘယ်လို ဖြစ်ဖြစ် သေဆုံးသွားသည့်ပုံစံကို စစ်တပ်က ကြေညာရာတွင် သံသယဖြစ်ဖွယ် အချက်အလက်များ များစွာပါဝင်နေကြာင်း၊ စစ်တပ်က အလောင်းကို မြေမြုပ်လိုက်တယ် လို့ ထုတ်ပြန်ထားကြောင်း။ အဖြစ်အပျက်တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် မယုံသင်္ကာဖြစ်စရာ အကြောင်းအချင်းအရာများ များစွာ တွေ့ ရကြောင်း၊

အမှုမှန်ကန်စွာပေါ်ပေါက်ပြီးတရားမျှတမှုရှိအောင်လုပ်ဆောင်ရန်မှာ အဖွဲ့ ချုပ်ဧ။် တာဝန်ဖြစ်ကြောင်း၊ သံသယ ဖြစ်စရာတွေနှင် ဒွိဟ ဖြစ်နေသည့်အတွက် ကိုပါကြီးဧ။် ဇနီးကို ခေါ်ယူမေးမြန်းခဲ့သည့်အတွက်၊ ယခု အသေးစိတ် သိရှိရပြီဖြစ်ကြောင်း

ဥပဒေကြောင်းအရကြည့်မည်ဆိုလျှင်လည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုလျှင် ဖမ်းဆီးထိန်းသိမ်းခံရသည့်လူပုဂ္ဂိုလ်ဧ။်လုံခြုံရေးကို ဖမ်းဆီးထိန်းသိမ်းသူများက တာဝန်ယူရန် လိုအပ်ကြောင်း၊ ယခုလို တာဝန်ရှိလျက်သားနှင့် သေပြီ၊ မြေမြုပ်လိုက်ပြီဟု ပြောဆိုသည်မှာ အလွန်တာဝန်မဲ့ကြောင်း၊ မိသားစု မှာ အရမ်းနစ်နာရကြောင်း၊ ထိုနစ်နာမှုအတွက်အမှန်တရားကို ဖော်ထုတ်ပြီး တရားမျှတမှုဆိုတဲ့ ကုထုံးနှင့် ကုသ နိုင်ရန်အဖွဲ့ ချုပ်က ကူညီဆောင်ရွက်ရန်လိုအပ်ကြောင်း

ယောင်္ကျားလုပ်သူ အသက်စွန့် သွားခဲ့ရတဲ့ အတွက်အင်မတန်ထိခိုက်နစ်နာရသူ ကိုပါကြီးဧ။် အမျိုးသမီးက ကိုပါကြီး အလောင်းဖော်သည့် ကိစ္စကို ဥပဒေနဲ့ အညီ တရားမျှတစွာလုပ်ဆောင်မှုများဖြစ်ပေါ်စေရန် ကြိုးစားနေကြောင်း၊ အဖွဲ ချုပ်အနေနှင့်ဖြစ်စဉ်ကို နီးကပ်စွာစောင့်ကြည့်ပြီး ကိုပါကြီးအမျိုးသမီးကိုလက်တွေ့ကျကျကူညီဆောင်ရွက် ရန်လိုအပ်ကြောင်း။

အချုပ်ဆိုရသော်ကိုပါကြီးသေဆုံးရမှုသည်။နိုင်ငံသားတစ်ဦး မတရားသဖြင့် လက်လွတ်စပယ် အသတ်ခံရသည် ဟု အယူအဆအားလုံးက တိုက်ဆိုင်ကြောင်း ထို့ ကြောင့် သက်ဆိုင် ရာမြို့ နယ်ဥပဒေ အထောက်အကူပြုအဖွဲ့ ကဂရုတစိုက်နှင့် သက်ဆိုင်သူများအား ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊မတရားမှုတစ်ခုကို လက်ပိုက် ကြည့်နေလျှင် ထိုမတရားမှုသည် မိမိအရှေ့ သို့ ရောက်လာမည်ဖြစ်သဖြင့်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသူတိုင်းကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး

ဗဟိုလူမှုအထောက်အကူအဖွဲ့ အစည်းအဝေးက ကိုပါကြီးဧ။် ဇနီးအား၊နိုင်ငံရေး အကျဉ်းသားများ နှင့် ၄င်းတို့ ဧ။် မိသားစုများကို အကူအညီပေးရန် ထားရှိသည့် ရံပုံငွေမှ ကျပ်ငွေ(၃)သိန်းအား ပေးအပ်သွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဒီမိုကရေစီအရေးအတွက်လှုပ်ရှားဆောင်ရွက်နေသူများဧ။် အရေးကိစ္စများ ကို ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ ကို ၂၀၀၀ခုနှစ်မတိုင်ခင်ကတည်းက ဖွဲ့ စည်းခဲ့ပြီး နိုင်ငံရေးအရ အကျဉ်းကျသူများနှင့် ၄င်းတို့ ဧ။်မိသားစုများကို တစ်စိုက်မတ်မတ် ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ အစည်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများပြန်လည် လွှတ်မြှောက်လာနိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် ဆွေးနွေးညှိုနှိုင်းသည့်အခါတွင်အဖွဲ့ ချုပ်ဧ။် အဓိက ကျသည့် အဖွဲ့ အစည်း တရပ်လည်းဖြစ်သည်။

Nld Central