11/01/14


အောက်တိုဘာ ၂၉ ရက်က အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ် Wallops Island ဒုံးလွှတ်စင်မှ နာဆာ က လွှတ်တင် လိုက်သော Antares ဒုံးကျည် ပေါက်ကွဲ ခဲ့ခြင်းသည် လုံခြုံရေးဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည် ပျံသန်းရာ လမ်းကြောင်း လွဲမှား သွားသည်ကို သိရှိခဲ့သည့် အတွက် ယင်း ဒုံးကျည်ကို အချိန်မီ ဖောက်ခွဲ ဖျက်ဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Orbital Sciences Corp က ပြုလုပ်ထားသော Antares ကို နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ရန် ကုန်ပစ္စည်းများ တင်ဆောင်ကာ ဝေါလော့ ဒုံးလွှတ်စင်မှ ပစ်လွှတ် လိုက်ရာ လမ်းကြောင်း လွဲချော်သွား ခဲ့သည့် အတွက် ချက်ချင်းလိုလို ဖောက်ခွဲဖျက်ဆီး ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နာဆာ က ဒုံးကျည်တစ်ခုကို လွှတ်တင်တိုင်း ဘေးအန္တရာယ် ကင်းရှင်းရေး တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည်တွင် လွဲချော်မှု တစ်စုံတစ်ရာ ရှိခဲ့လျှင် အလိုအလျောက် ဖျက်ဆီးသည့် ခလုတ်ကို နှိပ်ရလေ့ ရှိသည်။ မလိုအပ်ဘဲ ဒုံးကျည်ကို ဖျက်ဆီးမိလျှင် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသော သိပ္ပံကိရိယာ တစ်ခုကို ဖျက်ဆီးမိမည် ဖြစ်ပြီး ချို့ယွင်းနေပြီ ဖြစ်သော ဒုံးကျည်ကို အချိန်မီ မဖျက်ဆီး လျှင်လည်း ဒုံးကျည်ပျက် ကျခြင်းကြောင့် လူ့အသက်ပေါင်း များစွာ ဆုံးရှုံးသွားမည် ဖြစ်သည်။

အဆိုပါနေ့က အမြင့် ၁၃၉ ပေ ရှိသော Antares ဒုံးကျည်သည် လွှတ်တင် လိုက်ပြီး ချက်ချင်းလိုပင် ချို့ယွင်းခဲ့သည့် အတွက် ယင်းလုံခြုံရေး ဆိုင်ရာ တာဝန်ခံ အရာရှိနှစ်ဦး က ဒုံးကျည် ဖျက်ဆီးသည့် ခလုတ်ကို အချိန်မီ နှိပ်နိုင်ခဲ့သည့် အတွက်သာ ထိုစဉ်က ဒုံးကျည် လွှတ်သည့် ဧရိယာတွင် ရှိနေသော လူပေါင်း မြောက်မြားစွာတို့ အသက် မဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရာရှိနှစ်ဦးသည် ပျံသန်းမှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို တာဝန်ယူရပြီး ဒုံးကျည် စတင်ပစ်လွှတ် လိုက်ချိန်မှ စက္ကန့်ပိုင်း အတွင်း ဒုံးကျည်ကို ဆက်လက် ပျံသန်းစေမည် သို့တည်းမဟုတ် ဖျက်ဆီး ပစ်ရမည်ကို ဆုံးဖြတ်ချက်ချ ရလေ့ရှိသည်။

ဒုံးကျည်ကို ပစ်လွှတ် လိုက်လျှင် ယင်း အရာရှိနှစ်ဦးက စောင့်ကြည့် ရသော ပြစ်ချက် ၁ဝ ခုရှိပြီး ဒုံးကျည် ပျံသန်းမှု လမ်းကြောင်း လွဲချော်သွား ခြင်း ကဲ့သို့ ပြစ်ချက်မျိုး အတွက် ဒုံးကျည်ကို ချက်ချင်း ဖျက်ဆီး ရလေ့ရှိသည်။

ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားသော ဒုံးကျည်သည် ပျံတက်နိုင်မည် မဟုတ်ဘဲ မြေပြင်ပေါ် သို့ ပြန်လည်ပြုတ်ကျ မည်ဖြစ်ပြီး လူ့ အသက်ပေါင်း မြောက်မြားစွာကို သေဆုံး စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဒုံးကျည် ပစ်လွှတ် လိုက်စဉ် အရာရှိ နှစ်ဦးက ဒုံးကျည် ဦးတည်ရာ လမ်းကြောင်းကို စောင့်ကြည့်ခဲ့ရာ လမ်းကြောင်း သတ်မှတ်ထား သော ဝိုင်ယာကြိုးများ၏ နောက်ဘက် မှ ထွက်ခွာ သွားခဲ့သည့် အတွက် ဒုံးကျည် ပျံသန်းမှု လမ်းကြောင်း လွဲချော် သွားခဲ့ကြောင်း ပေါ်ပေါက်၍ ဒုံးကျည်ကို ချက်ချင်း ဖောက်ခွဲ ဖျက်ဆီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုစဉ်က ဒုံးကျည် လွှတ်တင်ရာ Wallops Island တွင် လူပေါင်း ထောင်နှင့်ချီ စုဝေးကြည့်ရှု နေခဲ့ခြင်း ဖြစ်ပြီး ဒုံးကျည်ပေါ် တွင်လည်း နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်မည့် ကိရိယာနှင့် စားနပ်ရိက္ခာ ပေါင် ၅ဝဝဝ ထက်မနည်းကို တင်ဆောင် ထားကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_69.html

နိုင်ငံရေး ထိပ်သီးခေါင်းဆောင် များဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ အိမ်တော်တွင် အောက် တိုဘာ ၃၁ ရက်က ကျင်းပပြု လုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သူ တိုင်းရင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သည့် ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးအား ဆွေး နွေးပွဲအပြီး 7Day Daily က သီး သန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ယခုဆွေးနွေးပွဲကို မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မခန့်မှန်းနိုင်သော်လည်း စိတ် ရင်းစေတနာကောင်းဖြင့် ရည် ရွယ်ပြုလုပ်သည်ဟုသာယူဆလို ကြောင် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားခဲ့သည်။ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆွေးနွေးပွဲကို အားရမှုရှိပါသ လား။
မရှိဘူးပေါ့။

ဆွေးနွေးပွဲမှာ အချက် ငါးချက်ဆွေးနွေးတယ်ဆိုပြီး သိရပါတယ်။
တင်ကြတာပဲလေ။ သူဂိုက် လိုင်းပေးတာ သုံးခုပေါ့။ ငြိမ်းချမ်း ရေးအတွက်ပဲလေ။ ဒါပေမဲ့ ငြိမ်းချမ်းရေးကနေ ချော်ပြီးတော့ ပညာရေးတို့၊ ကျန်းမာရေးတို့၊ လူ မှုရေးတို့ဘာတို့လည်း လိုက်သွား တယ်လေ။

အဓိကကျတဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာကော ဆွေးနွေးပွဲက ဘယ်လောက်အထိ ဆွေးနွေးနိုင်ခဲ့လဲ။
အဓိကကတော့ ဖွဲ့စည်းပုံ က ပြင်ခိုင်းတဲ့သူလည်းရှိတယ်လေ။ မပြင်တပြင် ပြင်ချင်တဲ့သူလည်းရှိတာပဲ။ ဖွဲ့စည်းပုံက တော့ လက်မှတ်ထိုးမှပဲ သိရတော့မယ်ထင်တယ်။ ဒီဟာကလည်း လွှတ်တော်ထဲမှာ သွားမဲခွဲမယ်ဆို ရင် ပြဿနာက ပြန်စမှာပဲ။ လွှတ် တော်ထဲမှာ မဲခွဲမှတော့ အပြင်မှာ ဘာကြောင့် သုံးနှစ်သုံးမိုး ပြန်စနေမလဲ။

ဦးရဲထွဋ်က အခြေခံဥပဒေကို လွှတ်တော်အထဲမှာ ပြင်ဖို့ အားလုံး သဘောတူဆွေးနွေးခဲ့တယ်လို့ ပြောသွားတယ်။ တကယ်ပဲ သဘောတူခဲ့တာလား။
ကျွန်တော်သိရသလောက် ဆိုရင်တော့ သူတို့ဒါကိုပြောတာ မပြီးပြတ်သေးဘူးပဲ။ အဲဒီတော့ သူတို့ပြန်တွေ့ပြီး ပြောကြလိမ့် မယ်ထင်တယ်။ တချို့ကတော့ ပြင်စေချင်တယ်။ တချို့ကတော့ မပြင်စေချင်ဘူး။ ဘယ်သူတွေ မပြင်စေချင်တာလဲဆိုတာတော့ အဲဒါတော့ စုံနေတာပါပဲ။ နာမည်နဲ့ ပြောတာမကောင်းပါဘူး။ တပ်မတော်ကတော့ ဘာမှ သိပ်မပြောပါဘူး။ ဦးရွှေမန်းကတော့ ဒီ ၂၅ ရာခိုင်နှုန်းတော့ မပြင်နဲ့၊ တခြားဟာပြင်ဆိုပြီး နည်းနည်းပါးပါးတော့ ပြောတာပေါ့။ ၄၃၆ က ဒီနေ့ဆွေး နွေးတဲ့အထဲမှာ မပါပါဘူး။ ခေါ်ကတည်းက ပြင်ဖို့ ဆွေးနွေးတာ မဟုတ်ဘူး။ငြိမ်းချမ်းရေးက ရပ် နေတာ အဲဒါပဲလေ။

နိုင်ငံရေးဆိုင်ရာအပစ်အခတ်ရပ် စဲရေး သဘောတူညီချက်စာချုပ် (NCA) ကို ၂၀၁၅ မှာ ထိုးဖို့ရည်ရွယ်ထားတယ်လို့ ပြောသွားတယ်။ အဲဒါကိုကော သဘောတူညီချက် ရခဲ့တာမျိုးရှိလား။
NCA ကိုထိုးပြီးတော့ လွှတ် တော်ထဲကို သွားပြီး သဘောတူညီချက်ယူမယ်ဆိုရင် သူတို့ ဆွေးနွေးခဲ့တာတွေက အလကား ဖြစ်သွားမှာပေါ့။ တကယ်လို့ လွှတ်တော်က သဘောမတူခဲ့ဘူး ဆိုရင် လွှတ်တော်က အတည်ပြု ချက်ယူတယ်ဆိုတာမျိုးပဲဖြစ်နိုင် မယ်။

ဒီတော့ ဒီနေ့ဆွေးနွေးပွဲက ငြိမ်း ချမ်းရေးမှာလည်း ဘုံသဘောတူ ညီချက်မရခဲ့ဘူး။ ဘယ် အကြောင်းအရာကိုမှ သဘောတူ ညီချက်မရဘူးပေါ့။
မရဘူး။ ဟိုတို့တိ၊ ဒီတို့တိ ပေါ့။ တစ်ယောက်ကို ၇ မိနစ်၊ ၁၀ မိနစ်ပေးတယ်။ အဲဒါကို မဆီ မဆိုင်တွေလည်း လျှောက်ပြော တယ်။ ဘယ်ခုနှစ်က ဘာပြော တယ်တို့၊ ဘာတို့။ ဒေါ်စုကလုံးဝ ကို မကြည့်တော့တာ။ သူ့မှာ မန်း ဒိတ်မပါဘူးတဲ့။ ဒါတွေ ကျွန်မ မဆွေးနွေးနိုင်ဘူးတဲ့ ဒါပဲ။ ဗြောင် ပြောတယ်လေ။ စာရတာ နောက် ကျတယ်တဲ့။ ဗဟိုကော်မတီနဲ့ ကျွန်မမဆွေးနွေးရဘူးတဲ့။ တခြား ဟာပဲပြောတယ်။

နောက်တစ်ခေါက်ထပ်တွေ့ဆုံ မယ်လို့ပြောခဲ့သေးလား။
တွေ့မယ်ပြောတယ်။ ဆွေး နွေးပွဲကို မကြာမကြာလုပ်မယ် ပြောတယ်။ သူပြောတဲ့ သုံးချက် ထဲကဟာကို တချို့လည်း မဆွေး နွေးပါဘူး။ သူတို့ကျွမ်းတဲ့ ဘာ သာရပ်မှ မဟုတ်တာ။ ဘယ်မှာ သွားပြီး ထိပ်တိုက်တွေ့နေလဲ မသိ။ ယေဘုယျဆန်ဆန်မေးတဲ့ အခါကျတော့ ယေဘုယျဆန်ဆန် ပဲ ပြန်ဖြေကြတာပေါ့။ ဆွေးနွေး တယ်ဆိုတာ မဟုတ်တော့ တင်ပြ ပါတယ်ပဲပြောရတယ်။ အခုက ဆွေးနွေးတာမဟုတ်ဘူး။ တွေ့ဆုံ တာ၊ တွေ့ဆုံထမင်းစားပွဲပါပဲ။

ကျေးဇူးတင်ပါတယ်။

7Day News Journal
http://www.7daydaily.com/story/24034#.VFRaSWcTBCI

အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းမှာပဲဆောင်ရွက်မယ် ဆိုတာဟာ နိုင်ငံ့ အရေးကိစ္စ ပြည်သူလူထုရဲ့အရေးကိစ္စမှာ လူထုကိုယ်တိုင်ပါဝင်လှုပ်ရှားတာကိုဟန့်တားဖို့ဆိုတဲ့အချိုးမျိုး ချိုးလာ တာဖြစ်တယ်ဆိုတာပဲ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးထိပ်သီးတွေ သမတရုံးမှာတွေ့ကြတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ကပေါ့။ ၂ နာရီကျော် ကြာပြောဆိုကြတယ်။ ပြည်သူတွေမျှော်လင့်ထားတာတွေ ဖြစ်စေချင်တာတွေနဲ့ပတ်သက်တဲ့ရလဒ် ရေရေရာရာ ထွက်မလာဘူး။ ပြည်သူတွေကိုအလေးမထားတဲ့ ပြည်သူ့ဆန္ဒကိုဂရုမထားတဲ့လုပ်ရပ်တခုကိုတော့ ထိပ်သီးတွေ ပြောဆိုခဲ့ကြတယ်(တချို့သတင်းတွေမှာ သဘောတူခဲ့ကြတယ်လို့ရေးကြပြောကြတယ်)တာကိုသတိထားမိတယ်။
အဲဒါကတော့ အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းမှာပဲ ဆောင်ရွက်မယ် ဆိုတာပဲဖြစ်တယ်။

ဒီမိုကရေစီအခြေပြုနိုင်ငံရေးစနစ်မှာပြည်သူလူထုဟာ အမြင့်ဆုံးအာဏာ Supreme Power ရှိတဲ့သူဖြစ်တယ်။ အဲဒီ အချက်ဟာ သိပ်ကိုအရေးကြီးတယ်၊ ပြည်သူလူထုမှာ သူတို့ရဲ့နေ့စဉ်လူမှုဘ၀နဲ့ အနာဂတ်ဘ၀အပေါ်အကျိုး သက်ရောက်မှုတွေရှိတဲ့အခြေခံဥပဒေထဲက ပြင်ချင်တာ ဖျက်ချင်တာ ထပ်တိုးချင်တာတွေကို ပြောဆိုလုပ်ကိုင်ခွင့် ရှိတယ်၊ သူတို့ရဲ့ဆန္ဒတွေနဲ့အညီလုပ်ကိုင်ဖို့ သူတို့ရဲ့ကိုယ်စားလှယ်တွေကိုပြောဆိုခွင့်ရှိတယ်။ အဲဒီလိုရှိလို့ပဲ ပြည်သူလူထုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ပါဆိုပြီး နိုင်ငံနဲ့အ၀ှမ်းမှာ တက်တက်ကြွကြွလုပ်ခဲ့ကြတာပေါ့။ အဲန်အဲလ်ဒီခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ပွင့်လင်းခေါင်းဆောင်တွေဟာ နိုင်ငံတွင်းက မြို့ကြီးမြို့ငယ်တွေကို သွားလို့ရသလောက် သွားနိုင်သလောက်သွားပြီး လူထုဟောပြောပွဲ၊ စည်းဝေးပွဲ တွေလုပ်၊ ပြည်သူလူထုဆီက လက်မှတ်စုဆောင်း၊ အဲဒါတွေကိုစုစည်းပြီးလွှတ်တော်ကို တင်တယ်။
Eleven ဂျာနယ်မှာရေးထားတဲ့သတင်းထဲမှာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ကာချုပ် သမတသဘောထားအပေါ် ဖြေကြားချက်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အခုလိုရေးထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုခေတ်စနစ်နဲ့ညီအောင်ပြင်ဖို့အတွက် လိုအပ်တဲ့ဟာတွေပြင်ဖို့လိုတယ်ဆိုတာ အားလုံးက သဘောတူတယ်၊ သို့သော် ဒီလိုပြင်တဲ့အခါမှာ မိမိလိုချင်တာကိုလမ်းပေါ်ထွက်တာမျိုးကို ဘယ်သူမှလက်မခံဘူး၊ အားလုံးက လွှတ်တော်တွင်းကနေပဲ ပြုပြင်နိုင်သွားဖို့ကို သဘောတူတယ်။
ကဲ - အဲဒါကို ရှင်းရှင်းမြင်မယ်ထင်ရဲ့။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကြိုးပမ်းလုပ်ဆောင်ခဲ့တာတွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့ ရေးရာအဖွဲ့အစည်းတွေလှုပ်ရှားခဲ့တာတွေဟာ သဲထဲရေသွန်သလိုဖြစ်သွားအောင် လုပ်လိုက်သလိုဖြစ်နေပါပြီ။

ပြည်သူလူထုဟာ သူတို့နဲ့ပတ်သက်တဲ့အရေးကိစ္စတွေ(အခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င်)မှာ သူတို့ရဲ့ဆန္ဒ ထုတ်ဖော်ပြသတာကိုပိတ်ပင်ဖို့ အောက်တိုဘာ ၃၁ ရက် နေပြည်တော်သမတရုံးက ငုရွှေဝါခန်းမမှာတွေခဲ့ကြတဲ့ နိုင်ငံရေးထိပ်သီးတွေက သဘောတူလိုက်သလိုဖြစ်နေပါပြီ။ နိုင်ငံရေးထိပ်သီးတွေပြန်ပြီးစဉ်းစားကြည့်ပါဦး။ ကိုယ်တိုင်လက်နဲ့ရေးခဲ့တာကို ကိုယ်တိုင်ခြေနဲ့ဖျက်နေသလိုဖြစ်နေလို့ပြောတာပါ။ နိုင်ငံရေးထိပ်သီးတွေက ဆင်ခြေပေးမှာပေါ့။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေနဲ့လုပ်ထုံးလုပ်နည်းတွေအရ လုပ်ဖို့ပြောတာပါလို့။

ပြည်သူတွေက လမ်းပေါ်မှာ ဒါမှမဟုတ် အများပြည်သူစုဝေးလို့ရတဲ့နေရာတွေမှာ သူတို့ရဲ့ဆန္ဒထုတ်ဖော်တာကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုလုပ်နေပါတယ်ဆိုပြီး ပါးစပ်ကနေအမြှုပ်ထွက်မတတ် တစာစာပြောနေကြတဲ့သူ တွေ၊ ပြည်သူလူထုကရွေးထားတဲ့ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေက သဘောမကျဘူး သဘောမတူကြဘူးလို့ပဲ ကျနော်မြင်တယ်။ သေသေချာချာနဲ့ချင့်ချင့်ချိန်ချိန်စဉ်းစားပြီး လက်တွေ့ကျကျပြောဆိုလုပ်ကိုင်ကြပါ ပြည်သူ့ ကိုယ်စားလှယ်များ ခင်ဗျာ။
အာဏာရှင်ဆိုတာကလေ ပြည်သူလူထုက အင်နဲ့အားနဲ့အုံနဲ့ကျင်းနဲ့ဆန္ဒထုတ်ဖော်တာမျိုးကို ကြောက်တယ်၊ လုံးဝမလိုလားဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူထုလှုပ်ရှားမှုရှိလာရင် သူတို့ရဲ့အာဏာကုလားထိုင်လှုပ်တယ်လို့ ခံစားရလို့ပဲ။ ဒါကြောင့် နိုင်ငံတွင်းမှာတည်ငြိမ်အေးချမ်းရေး သာယာဝပြောရေးဆိုတဲ့စကားလုံးတွေသုံးပြီး လူထု လှုပ်ရှားမှုတွေမဖြစ်အောင် နည်းမျိုးစုံနဲ့ဟန့်တားဖို့လုပ်လေ့ရှိတယ်။ အခုလည်း အာဏာရှင်တွေက အဲဒီလို လုပ်ကွက်မျိုးကိုရေလာမြောင်းပေးလုပ်တဲ့အခါ မြန်မာ့ဒီမိုကရေစီရေးမှာ ထိပ်တန်းနေရာကနေလှုပ်ရှားသူတွေက အသာတကြည်နဲ့လိုက်ပြီးစီးဆင်းခဲ့ကြတယ်။

Representative Democracy လို့ခေါ်တဲ့ ကိုယ်စားပြုဒီမိုကရေစီစနစ်ပေါ်ပေါက်လာခဲ့တာ နှစ်ပေါင်း ၄၀၀ ကျော် နေပြီ၊ ပြည်သူလူထုက သူတို့တတွေရဲ့အရေးကိစ္စကို သူတို့တတွေရဲ့ကိုယ်စားလုပ်ဆောင်ဖို့ ကိုယ်စားလှယ်တွေ ကို ရွေးပြီးခန့်ထားတဲ့အယူအဆနဲ့ပေါ်ပေါက်လာတာပါ။ ပြည်သူလူထုဟာ နေ့တဓူဝစားဝတ်နေရေးကိစ္စနဲ့လုံးပန်း နေရတော့ သူတို့ပတ်သက်တဲ့ကိစ္စတွေမှာ နေရာတိုင်းပါဝင်လုပ်ကိုင်တာမျိုးမလုပ်ကြဘူးလေ၊ ဒါပေမဲ့လည်း ဒါတော့ အရေးကြီးတယ်၊ ငါတို့ရဲ့ဘ၀တွေအပေါ် အကျိုးသက်ရောက်မှုကြီးမားတယ်လို့ခံစားသိမြင်လာတဲ့အခါမျိုးမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်လာလေ့ရှိတယ်၊ အဲဒါကို Participated Democracy ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ကိုင် တဲ့ဒီမိုကရေစီလို့ခေါ်တယ်။

ဒီကနေ့ခေတ်ကာလမှာ ကိုယ်စားပြုဒီမိုကရေစီနဲ့ ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ကိုင်တဲ့ဒီမိုကရေစီကို တွဲဖက် ကျင့်သုံးကြနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရဲ့ကိုယ်စားလှယ်တွေရှိတာပဲ၊ ငါတို့ရဲ့ကိုယ်စား သူတို့လုပ် မှာပဲဆိုပြီး ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူး၊ ကိုယ်စားလှယ်တွေထဲမှာ အပြောတမျိုးအလုပ်တခြားလုပ်တဲ့သူတွေ ရှိတယ်၊ အမတ်ဖြစ်သွားတဲ့အခါ လူထုအကျိုးထက် ကိုယ့်အကျိုး ပါတီအကျိုးလုပ်တာမျိုးတွေရှိတယ်။ ဒါကြောင့် လိုအပ်တဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျပါမှဖြစ်မယ်ဆိုတဲ့အယူအဆနဲ့လူထုကလက်တွေ့လုပ်ကြတာပါ။
တိုတိုရှင်းရှင်းပြောမယ်ဗျာ။ အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းမှာပဲဆောင်ရွက်မယ် ဆိုတာဟာ နိုင်ငံ့ အရေးကိစ္စ ပြည်သူလူထုရဲ့အရေးကိစ္စမှာ လူထုကိုယ်တိုင်ပါဝင်လှုပ်ရှားတာကိုဟန့်တားဖို့ဆိုတဲ့အချိုးမျိုး ချိုးလာ တာဖြစ်တယ်ဆိုတာပဲ။ အဲဒါကို ရှင်းရှင်းမြင်ကြပါ။

ကျော်ကျော်စိုး(ဂျပန်)
နိုဝင်ဘာ ၁ ၊ ၂၀၁၄ ခုနှစ်

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက လူပုဂ္ဂိုလ် တဦးချင်းစီအတွက် စီးပွားရေးအရ ဒဏ်ခတ်တဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ နိုင်ငံရေး ပါတီက သြဇာကြီးမားတဲ့ တောင်သာ လွှတ်တော်အမတ် ဦးအောင်သောင်းကို အမည်မည်း စာရင်းမှာ ထည့်သွင်း လိုက်ပါတယ်။ အခုလို အရေးယူတာဟာ ထိရောက်မှု မရှိဘူးလို့ မြန်မာ့အရေး သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရင်ကတည်းက မြန်မာ စစ်အစိုးရ အဖွဲ့ တခုလုံးကို အရေးယူ ဒဏ်ခတ်မှုတွေ ချထားရာကနေ သောကြာနေ့မှာတော့ CDN လို့ခေါ်တဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းကို စီးပွားရေး အရ အရေးယူ ဒဏ်ခတ်တဲ့သဘောနဲ့ လွှတ်တော် အမတ် ဦးအောင်သောင်းကို အမည်မည်း စာရင်း သွင်းကြောင်း ကြေညာ လိုက်တာပါ။ အခုလို အရေးယူတဲ့အတွက် အမေရိကန်နိုင်ငံ ထဲက ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာနဲ့အတူ အမေရိကန် နိုင်ငံသားတွေအနေနဲ့ သူနဲ့ အကျိုးတူ စီးပွားရေး လုပ်ခွင့် မရှိတော့ပါဘူး။

ဒါပေမဲ့ ဦးအောင်သောင်းလို အရင်ကတည်းက အမေရိကန်နဲ့ အဆက်အဆံ မရှိသူကို အရေးယူ တာဟာ ထိရောက်မှု မရှိဘူးလို့ အမေရိကန် ပြည်ထောင်စု မှာ နိုင်ငံတကာ ကုန်သွယ်မှုတွေကို လေ့လာနေတဲ့ ဦးအောင်မိုးဝင်းက ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရင်တော့ မရှိပါဘူး။ ဗမာအစိုးရမှာ အမေရိကန်က စွတ်စွဲနေတဲ့ Hardliner လို့ ခေါ်တဲ့ အမာခံ ဆိုတာ ဦးအောင်သောင်း တစ်ယောက်တည်းမှ မဟုတ်တာ၊ အများကြီးပဲလေ။ ဗမာအစိုးရက ပေါ်လစီကို ချတဲ့အခါမှာ တစုံတယောက်က ချတာမှမဟုတ်တာ။ ဥပမာ ကြံ့ဖွံ့ဆိုလည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုလည်း ဦးဋ္ဌေးဦးတို့ ဘာတို့ ရှိတာပဲ အများကြီးပေါ့။ နောက်တခါ စီးပွားရေး အရ ပြောရလောက်အောင်ကလည်း သူလုပ်ထားတဲ့ စီးပွားရေးက ဘာမှ မရှိဘူး။ ဒီဘက်မှာ ဘာမှ မရှိဘူး။ သူကလည်း သိပ် စိတ်မဝင်စားပါဘူး။ အမေရိကန်တွေနဲ့ ပတ်သက် ဆက်ဆံမှုတွေက သိပ်စိတ်မဝင်စားဘူး။ စိတ်ဝင်စားတဲ့သူတွေက တပိုင်းလေ။

အမေရိကန် အစိုးရရဲ့ ပေါ်လစီက ဘယ်လိုဖြစ်နေလည်းဆိုတော့ သူတို့ကို စိတ်မဝင်စားတဲ့သူတွေကိုကျတော့ ပြစ်ဒဏ်ပေးသလိုဖြစ်နေတော့ သူတို့ကို တကယ် စိတ်ဝင်စားတဲ့ သူတွေနဲ့ကျတော့ သွားစီးပွားရေး လုပ်ဖို့ လုပ်နေတာကိုး၊ ဥပမာ စစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေ ဆိုရင် အမေရိကန် အစိုးရနဲ့ စစ်ရေး အတူလေ့ကျင့် တာတွေ၊ ထရိမ်နင်တွေ ပေးတာတွေ၊ အထင်အရှား လုပ်နေတာပဲလေ။ အဲ့တော့ ချုံ့ပြောရမယ်ဆိုရင် ဒီကိစ္စကြီးက မထိရောက်ပါဘူး။"

အခုလို မထိရောက်ပေမဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမား မြန်မာနိုင်ငံကို မသွားရောက်ခင်မှာပဲ အခုလို စစ်အစိုးရလက်ထက်ကတည်းက အခုအချိန်အထိ သြဇာကြီးမားဆဲဖြစ်တဲ့ လွှတ်တော်အမတ်တစ်ဦးကို ဘာကြောင့် အရေးယူရတာပါလဲ။ ရန်ကုန်အခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦးကတော့ ဒါဟာ အမေရိကန်-မြန်မာ ဆက်ဆံရေး ရှင်းရှင်းလင်းလင်း မရှိသေးတာကို ပြသနေ သလို သောကြာနေ့မှာ မြန်မာအစိုးရ ကမကထ လုပ်ပြီး ဆွေးနွေးတဲ့ ၁၄ပွင့်ဆိုင် ဆွေးနွေးပွဲကို အမေရိကန် အစိုးရက အယုံအကြည် မရှိတဲ့သဘောလို့ ဆိုပါတယ်။

ဒါ့အပြင် ဒါဟာ မြန်မာအစိုးရလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အခုထိ အပြည့်အဝ လက်မခံသေးတဲ့ သဘောဆောင်တယ်လို့လည်း ယူဆပါတယ်။

ဒါပေမဲ့ ဦးအောင်မိုးဝင်းကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲရေး အတွက် မေ့မထားဘူးဆိုတဲ့သဘော သုံးသပ်ပါတယ်။

" အမေရိကန်အစိုးရက ကျနော်တို့ မြန်မာပြည်ကို ဆက်ဆံတာ ဘယ်လိုဖြစ်နေလဲ ဆိုတော့ ဗမာအစိုးရနဲ့ အာရှဒေသမှာ တရုတ်နဲ့ အားပြိုင်ဖို့အတွက် ဗမာအစိုးရနဲ့ အဆင်ပြေချင်တယ်။ ဒါ သူတို့ကိုယ်တိုင် သံတမန်တွေ ထုတ်ပြောနေတာပဲ အကုန်လုံး က ဗမာအစိုးရကို အနှစ် ၂၀လုံးလုံး ပစ်ထားလိုက်တဲ့အတွက် တရုတ်ရဲ့ လွှမ်းမိုးမှုတွေ ဒါ လူတိုင်း သိနေတာပဲ။ တရုတ်လွှမ်းမိုးမှုတွေဖြစ်တဲ့အတွက် ဗမာအစိုးရကို ဆက်ဆံရမယ်ဆိုတာ တရားဝင်ပြောထားပြီးသားလေ။ တဘက်မှာ တရားဝင် ပြောထားသလို သူတို့က ဘာလုပ်သလဲဆိုတော့ သူတို့ ဗမာပြည်ရဲ့ ဒီမိုကရေစီ အရေးကိုလည်း မမေ့ပါဘူးဆိုတာ ပြချင်တဲ့အတွက် ဥပမာ ဗမာပြည်မှာဆိုရင် လူမျိုးရေးပဋိပက္ခတွေ ဖန်တီးနေတာ ဦးအောင်သောင်း တို့ဆိုတာ အသံထွက်တယ်။ အဲ့တာတွေကို ဒီကိစ္စတွေကို တဘက်မှာလည်း ငါတို့ မေ့မထားပါဘူးဆိုတာကို ပြဖို့အတွက် သူတို့ ဦးအောင်သောင်းကို အရေးယူတာတွေ ဘာတွေ လုပ်ပြတာလို့ ထင်ပါတယ်။"

စက်မှုဝန်ကြီး ဦးအောင်သောင်းဟာ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးဖြစ်သလို စစ်အစိုးရလက်ထက်ကစပြီး အခုအချိန်အထိ သြဇာကြီးမားဆဲ ဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတော့ ဘယ်သူကမှ တိတိကျကျ မပြောနိုင်ကြပါဘူး။

ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2504230.html

 
ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm

မြန်မာနိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေး ပါတီအတွင်း သြဇာ ကတ္တိမကြီးမားသူ တယောက် ဖြစ်သလို လက်ရှိ လွှတ်တော် ကိုယ်စား လှယ်တဦး လည်းဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန် အစိုးရရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ ထည့်သွင်း လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက သောကြာနေ့မှာ ကြေညာ လိုက်ပါတယ်။

ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစတင် လုပ်ဆောင်လာတဲ့  နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသလို  သူဟာ အတိုက်အခံ ဒီိမိုကရေစီ အင်အားစုတွေ     ကို နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံမှု ပေးနေသလို အစဉ်တစိုက်လေ့လာ စောင့်ကြည့်လျှက်ရှိကြောင်းနဲ့ ဦးအောင်သောင်းဟာ ဒီဖြစ်စဉ်တွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ် လိုက်ပြီး အမေရိကန်နိုင်ငံ သားတွေ အနေနဲ့ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။

အခုချမှတ်တဲ့ အရေးယူပိတ်ဆို့မှဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ သက်ဆိုင်ပြီး၊ တခြားအစိုးရအဖွဲ့အစည်းတွေ၊ သူနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ အရင်စစ်အစိုးရ လက်ထက်က စက်မှုဝန်ကြီး တာဝန်ယူခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အယူအစွဲပြင်းထန်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်သူတဦးအဖြစ် လူသိများပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2503884.html

အမေရိကန်ပြည်ထောင်စုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ယခင်စက်မှု (၁) ဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်သောင်းကို သူ၏လုပ်ရပ်များကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအပေါ် အဟန့်အတား ဖြစ်စေသည်ဟုဆိုကာ အောက်တိုဘာ ၃၁ ရက်က Sanction Blacklist စာရင်းသွင်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။

လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းသည် အာဏာရပြည်ခိုင်ဖြိုးပါတီမှ သဘောထားတင်းမာသူ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များ ပြုလုပ်ခဲ့သည်ဟု အမေရိကန်အစိုးရက ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ Sanction ပိတ်ပင်အရေးယူမှုအရ အမေရိကန်တွင် ဦးအောင်သောင်း၏ ပိုင်ဆိုင်မှုများရှိလျှင် ထိန်းချုပ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားများ အနေဖြင့် ၎င်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရှိမည် မဟုတ်ကြောင်း သိရသည်။

သို့ရာတွင် အမေရိကန်အနေဖြင့် ယခု Sanction Blacklist စာရင်းသွင်းလိုက်ခြင်းမှာ ဦးအောင်သောင်းတစ်ဦးတည်းကိုသာ ပိတ်ပင်ခြင်းဖြစ်ပြီး ၎င်းနှင့်သက်ဆိုင်သည့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ မပါဝင်ကြောင်း သိရသည်။
http://mobile.reuters.com/article/idUSKBN0IK1XA20141031?irpc=932
Ref:AFP - 
Eleven media group


အရေးပေါ် ကြေငြာချက်

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ကစာရေးဆရာဆောင်းဝင်းလတ်ကဗျာဆရာအောင်ဝေး တို့နဲ့အတူ
စာပေဟောပြေပွဲသွားစဉ်က ရိုက်ကူးထားသောဓာတ်ပုံဖြစ်ပါသည်

ချမ်းအေးသော ဆောင်းရာသီကွန်မန်ဒို အနွေးထည်များအား ဝတ်ဆင်ထားခြင်းဖြစ်ပါသည်

 မည်သည့် လက်နက်ကိုင်အဖွဲ့စည်းနဲ့မှ ပါဝင်ပတ်သက်ခြင်းမရှိသည့်အပြင် ယင်းအဖွဲ့အစည်းများ၏
ဗိုလ်မှူးအဆင့်ဖြင့် ပြန်ကြားရေးတာဝန်များကို ထမ်းဆောင်ခဲ့ဖူးခြင်းလုံးဝမရှိကြောင်း သက်ဆိုင်ရာများ
မှ သိစေရန် ကြိုတင် အသိပေးအပ်ပါသည် ။

ပုံ
ကတွန်းဝင်းအောင်

မြန်မာအစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ကခေါင်းဆောင်တွေနဲ့ ကျင်းပခဲ့တဲ့ ဒီတွေ့ဆုံမှုဟာ သူတောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးလို့ မခံစားမိတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၃၁ရက်နေ့ ဆွေးနွေးပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထားအပေါ် သူ့အနေနဲ့ မအံ့သြတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ သဘောထားက ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရာမှာ သတ်မှတ်ထားတဲ့ ပုဒ်မ ၄၃၆အတိုင်းပဲ ပြင်ဆင်ဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာသမ္မတက ဖိတ်ကြားတဲ့ ဒီဆွေးနွေးမှုဟာ ထိပ်တန်းလျှို့ဝှက်ချက်ဆိုပြီး ပြောထားတာကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ မတိုင်ပင်ခဲ့ရဘူးလို့ ပြောပါတယ်။

နောက်တစ်ကြိမ် ထပ်ဆွေးနွေးဖို့ သဘောတူခဲ့ကြပေမယ့် ဘယ်တော့ကျင်းပမယ်ဆိုတာ မပြောခဲ့ဘူးလို့ ဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူတို့အနေနဲ့ လေးပွင့်ဆိုင်ထက်စာရင် အခုလို နိုင်ငံရေးအင်အားစု ၅စု တွေ့ဆုံဖို့ကို ပိုပြီးလိုလားတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ လွှတ်တော် နာယက၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ပေမယ့် သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ပယ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းနဲ့ ဆွေးနွေးမယ့်အစား အခြားနိုင်ငံရေးအင်အားစုတွေကိုပါ ထည့်သွင်းပြီး အင်အားစု ၅စု တွေ့ဆုံဖို့ ပြင်ဆင်ခဲ့ပါတယ်။

Kamyut media


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ၈ ခရိုင်က အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို မန္တလေးမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို ကျောင်းသားတွေ အပြင်၊ လူငယ်အဖွဲ့တွေဖြစ်တဲ့ ဗလသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး သုံးရောင်ခြယ် ကဒေါင်းလူငယ်အဖွဲ့ကလည်း ပူးပေါင်းခဲ့ကြပြီး၊ မန္တလေးမြို့လယ်ခေါင် ဈေးချိုတဝိုက်က လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့  ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည်ဘဏ္ဍာရေးမှူး ကိုသန်းထိုက်က RFA ကိုအခုလိုပြောပါတယ်။

"အမျိုးသား ပညာရေးဥပဒေကို မကြိုက်လို့ တစ်လျှောက်လုံး ဗကသအနေနဲ့ ကန့်ကွက်တယ်၊ အခုလည်း ထပ်ပြီးကန့်ကွက်တယ်၊ အားလုံးပေါင်း ၈ ခရိုင်ဗျ ဆန္ဒပြကြတာ၊ တခြားအင်အားစုတွေကလည်း ပါတယ်ခင်ဗျ၊ နာရီဝက် ၄၅ မိနစ်လောက်ကြာပါတယ်"

ဆန္ဒပြပွဲမှာ လူငယ်ကျောင်းသား အယောက် ၁ ရာနီးပါးပါဝင်ကြပြီး၊ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုလည်း တွေ့ရတယ်လို့ ကိုသန်းထိုက်က ပြောပါတယ်။

သူတို့ရဲ့ အမျိုးသား ပညာရေးဥပဒေ ဆန္ဒပြပွဲဟာ အနှောင့်အယှက်မရှိ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့ပေမယ့်၊ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင် ၃ ဦးနဲ့ ဗလသအဖွဲ့က ခေါင်းဆောင် ၂ ဦးကို မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ဖိတ်ခေါ်ပြီး၊ ဆန္ဒပြပွဲတွေကို ပုဒ်မ ၁၈ နဲ့အညီ ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ထိပ်သီးနိုင်ငံရေး ခေါင်းဆောင် ၁၄ ဦး ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တချို့ရဲ့ ပြောကြားချက်တချို့နဲ့ ဦးရဲထွဋ် ဖြေကြားချက်တွေကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။

RFA Burmese


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် နို်င်ငံခေါင်းဆောင်တွေ နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အကြား ဒီကနေ့ ဆွေးနွေးခဲ့တဲ့ နေပြည်တော် သမ္မတ အိမ်တော်က ဆွေးနွေးပွဲ ဟာ သိပ်ပြီး ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့တဲ့ သဘော မရှိဘူးလို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲ အပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ ဆွေးနွေးပွဲ တခုလို မသတ်မှတ်နိုင်သလို ၄ပွင့်ဆိုင်တွေ့ဆုံဖို့ အတွက် အခုထိ မျှော်လင့် ထားတုန်းပဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီနေပြည်တော် ထိပ်သီးဆွေးနွေးပွဲကို စောင့်ကြည့် သတင်းယူ ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

နိုင်ငံတော်သမ္မတ အိမ်တော် ငုဝါခန်းမ မှာ ကျင်းပခဲ့တဲ့ ခေါင်းဆောင် ၁၄ ဦး တွေ့ဆုံခဲ့တဲ့ အစည်းအဝေးပွဲဟာ တစ်ယောက်ကို ၁၀ မိနစ်နှုန်း ပဲ ဆွေးနွေးခွင့် ရတဲ့ အတွက် ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိဘူးလို့ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အခုထိ မျှော်လင့်ထားပြီးတော့ ဒီလိုဆွေးနွေးနိုင်မှပဲ မြန်မာ့နိုင်ငံရေး အလားအလာ အတွက် သေသေချာချာ ဆွေးနွေးနိုင်မယ်လို့ ရှု့မြင်ကြောင်း သူမကပြောပါတယ်။

"အောင်မြင်တယ်ဆိုတာ ဘယ်လို သတ်မှတ်တယ်ဆိုတာ အန်တီ မသိဘူးပေါ့နော်။ အခါအားလျော်စွာ နောက် ဒါမျိုးတွေ လုပ်မယ် ဆိုတာ ပြောတာပဲ ရှိပါတယ်၊ အခါအားလျော်စွာ ဆိုတော့ နည်းနည်း စဉ်းစားရတော့ ခက်တာပေါ့။ အဲ့ဒီ့ဟာကတော့ အမေတို့ကတော့ လေးပွင့်ဆိုင် ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင် ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဘာမှ ကိုယ်ပါတီ စွဲနဲ့လည်း မဟုတ်ဘူး။ ဝါဒစွဲကြောင့်လည်း မဟုတ်ဘူး။ လက်တွေ့ကျကျ လိုအပ်တယ်လို့ ထင်လို့ပါ။ နိုင်ငံ အတွက်လေ။ ဒီတစ်ယောက် ၁၀မိနစ်ပြောပြီးတော့ နောက်ဆုံး အထွေထွေ ရှိသေးလား ဆိုတော့ အန်တီတို့ အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ မျိုးကို မြင်တဲ့ပုံစံတော့ မဟုတ်ပါဘူး။"

ဒီကနေ့ဆွေးနွေးပွဲ မစခင်နဲ့ ဆွေးနွေးပွဲ အပြီး ထမင်းစားချိန်တွေမှာ တစ်ခါမှ မတွေ့ဆုံဖူးသေးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပြုံးပြုံးရွင်ရွင် တွေ့ဆုံတဲ့ ဓာတ်ပုံတွေကြောင့် သူတို့ ၂ ဦး ဆက်ဆံရေး ဘယ်လိုများရှိနေလဲ ဆိုတာကို အများ ကလည်း စိတ်ဝင်စားနေကြတာပါ။ တပ်မတော် ကာချုပ် နဲ့ အခုလို တွေ့ဆုံခွင့် ရခဲ့တဲ့ အပေါ် သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူး လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

" သိပ်တော့လည်း အံ့အားသင့်စရာ တော့ မပါပါဘူး။"

ဒါပေမဲ့ တစ်ဖက်မှာတော့ သမ္မတ ပြောခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒီကနေ့ ဆွေးနွေးပွဲ ဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲ တစ်ခု လို့ ရှုမြင်နိုင်တဲ့အကြောင်း၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ ခေါင်းစဉ်တွေ အားလုံးကို ခြုံငုံဆွေးနွေးနိုင်တဲ့ အကြောင်း သူကပြောပါတယ်။ ဒါ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရ ဘက်က ပယ်ချခဲ့တာ မဟုတ်ပဲ အင်အားစု အားလုံးပါဖို့သာ ပြန်ပြီးတော့ အစိုးရက တိုက်တွန်းခဲ့တဲ့ အကြောင်း သူကပြောပါတယ်။

"တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ချင်ပါတယ် လို့ပြော ကတည်းကိုက ကျနော်တို့က အကြောင်းပြန်ခဲ့ပြီးဖြစ်ပါတယ်။ နံပတ်တစ် -လေးယောက်တည်းတင် မကဘူး။ အမျိုးသားနိုင်ငံရေး အင်အားစု တွေ ပါနိုင်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြီးရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ ဆွေးနွေးမယ် ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်လို့ လေ့လာနေတဲ့ ကော်မတီ လည်း ရှိသေးတယ်။ သူတို့ပြီးအောင် စောင့်သင့်တယ်လို့ ကျနော်တို့ ပြောခဲ့တယ်။"

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အကြားတွေ့ဆုံတဲ့ ဒီဆွေးနွေးပွဲ ဟာ အမြင်ခြင်း ဖလှယ်ဆွေးနွေးတဲ့ တွေ့ဆုံပွဲဖြစ်တာကြောင့် ရလာဒ် ပိုင်းတော့ သိသိသာသာ ထွက်မလာခဲ့ဘူးလို့လည်း အမျိုးသာဒီမိုကရေစီ အင်အားစု ပါတီ ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကပြောပါတယ်။

" သဘောတူတာ ရှိပေမဲ့လည်း ဒါကို ကိုင်တွယ်ဖြေရှင်းမှသာလျှင် Result ကောင်း ထွက်လာမှာပေါ့။ ချက်ခြင်းကြီးလည်း Result ကောင်းထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီပွဲက ဆွေးနွေးပွဲ မဟုတ်ဘူးလေ။ အမြင်ချင်း ဖလှယ်တဲ့ပွဲပဲ။ ဆုံးဖြတ်ချက် ချမယ်။ ဆုံးဖြတ်ချက် ချမယ်။ ရလာဒ်ကောင်းတွေ ဘယ်လိုစီစဉ် ဆောင်ရွက်မယ်လို့ အစကတည်းက ချမှတ်ထားတာ မဟုတ်ဘူး။ ဒီနိုင်ငံရေး ပါတီတွေဘက်က နိုင်ငံရေးခေါင်းဆောင်တွေ နဲ့ နိုင်ငံခေါင်းဆောင်တွေကြားထဲမှာ အမြင်ချင်း ဖလှယ်ပြီးတော့ တူတာတွေ များတဲ့ အတွက်ကြောင့်မို့လို့ ဒါက ကောင်းတဲ့ဘက်မှာ ရှိတယ်လို့ပြောလို့ပဲရမယ်။

နောက်ပြီးတော့ ဒါကိုဆက်ပြီးတော့ အခုမဟုတ်တောင် နောင်ကို ဒီအယူအဆတွေကို အကောင်အထည်ဖော်နိုင်အောင် အာဏာပိုင်အဖွဲ့အစည်းတွေ က ကြိုးပမ်းမယ် ဆိုရင်တော့ ကောင်းလာဖွယ် ရှိတာပေါ့။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ် ထိုးနိုင်အောင် ကျနော်တို့က တိုက်တွန်းတဲ့ဟာကို သူတို့က ခံယူပြီးတော့ကာ ဆက်သွားနိုင်တယ် ဆိုရင်တော့ မဆိုးဘူးပေါ့။ ကောင်းတဲ့ ဘက်ကို ရောက်သွားနိုင်ပါတယ်။ အခုကတော့ ချက်ခြင်း ပြောလို့မရပါဘူး။ ဘာရလာဒ်၊ ညာရလာဒ် ထွက်တယ် ဆိုတာ ဆုံးဖြတ်ချက်မှ မထွက်တာ ဘယ်လို လုပ်ပြောလို့ရမလဲ နော်။"

အခုဆွေးနွေးပွဲ မတိုင်ခင်မှာပဲ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ချို့က သမ္မတ အိုဘားမား ရဲ့ရှေ့လ နိုဝင်ဘာမှလာမဲ့ ခရီးစဉ် အကြိုး နိုင်ငံရေး ဖိအားပေးတာမျိုးတွေ မခံရအောင် အစိုးရ ဘက်က လုပ်ဆောင်တဲ့ သဘော လို့ ပြောဆိုမှုတွေကိုလည်း ဦးရဲထွဋ်က ဗွီအိုအေနဲ့ မေးမြန်းမှု မှာ ပယ်ချခဲ့ပါတယ်။
VOA

ယနေ့ထုတ် 7days သတင်းစာတွင်ဖော်ပြပြီး

၃၀.၁၀.၂၀၁၄ နေ့ထုတ်သတင်းစာတွေမှာ လေးပွင့်ဆိုင်သာမက ကျန်သူများပါ ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကျင်းပမည်ဆိုတဲ့ သတင်းတွေကို ဖတ်ရသည် ။ Daily Eleven သတင်းစာတွင် ဖော်ပြချက်အရ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၊ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပါအ၀င် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော်ခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီများ၏ ကိုယ်စားပြုပုဂ္ဂိုလ်များ ပထမဆုံး အကြိမ်တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ် ကိစ္စများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် ဆွေးနွေးမှုတွင် ပါဝင်မည့် နိုင်ငံရေးပါတီအဖွဲ့အစည်းများထံမှ သိရသည် ဟုဖော်ပြထားသည် ။

ထို နိုင်ငံရေး ဆွေးနွေးပွဲသို့ (၁) ဒုသမ္မတ-၁ ဒေါက်တာစိုင်းမောက်ခမ်း (၂) ဒုသမ္မတ-၂ ဦးညဏ်ထွန်း (၃) အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် (၄) ရွေကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ၊ (၅)UNA ကိုယ်စားလှယ်တစ်ဦးအဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦး(၆) NBF ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ၊(၇) FDA ကိုယ်စားပြု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ တို့တက်ရောက်ကြမှာဖြစ်ကြောင်း သိရသည် ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံးတာဝန်ရှိသူတစ်ဦးက “အဓိကအားဖြင့် နိုင်ငံရေးပါတီ တွေနဲ့တွေ့တာ။ လေးပွင့် ဆိုင်အပြင် ကျန်တဲ့အရေးပါတဲ့ Stakeholderတွေနဲ့ တွေ့တာ” ဟု တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အတည်ပြု ပြောကြားသည် ဆိုသည်ကိုလည်း ဖတ်ရသည် ။

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး မေတ္တာရပ်ခံချက်ကို နိုင်ငံတော် သမ္မတထံပေးပို့ခဲ့သည် ။ ထိုမေတ္တာ ရပ်ခံ ချက်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ပြီးမှ စဉ်းစားသင့်သည်ဟု သဘောထားမှတ်ချက်ဖြင့် ဘေးထိုးထားခဲ့သည် ။ ယခု လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးကြ သည့်အချိန်သို့ရောက်လာသည့်အခါတွင် တွေ့ဆုံဆွေးနွေး ရေး လမ်းစပေါ် လာသည့်အတွက်တော့ ၀မ်းသာမိပါသည် ။ သို့ရာတွင် အဆိုပြုထားသည့် လေးပွင့်ဆိုင်မဟုတ်ပဲ နောက်ထပ် အပွင့်များတိုး၍ ကိုးပွင့်ဆိုင်မည် ဆယ်ပွင့်ဆိုင်မည် လုပ်လာသည်ကိုမြင် တွေ့ကြားသိရသည့် အခါတွင်မူ မတော်မတရား ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ရေးဆွဲခဲ့သော အမျိုးသား ညီလာခံ အတုအယောင်ကြီးကို ပြန်လည်မြင်ယောင်လိုက် ရသလိုရှိ တော့သည် ။

၁၉၉ဝ မေလ (၂၇) ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့သည်။ သို့ရာတွင် နဝတစစ်အစိုးရသည် နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်လိုအပ်သည် ဟုအကြောင်း ပြကာ အနိုင်ရပါတီအား အာဏာလွှဲပြောင်းရေးကိုငြင်းပယ်ခဲ့သည် ။ အမှန်တကယ်ဆိုပါလျှင် ဖွဲ့စည်းပုံ ရေးဆွဲရန်အတွက် ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်ဆိုပါက ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ဟု အမည်တပ်ရမည်မဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ အနေဖြင့်သာကျင်းပခဲ့ရမည်ဖြစ်ပါသည် ။ ထိုသို့မဟုတ်ဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှကိုယ်စားလှယ်များက ပြတ်သားစွာအနိုင်ရချိန်တွင်မှ အမျိုးသား ညီလာခံခေါ်ယူကျင်းပ၍ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်ဟု အကြောင်းပြငြင်းပယ်ခဲ့ သည်မှာ တပ်မတော်ခေါင်းဆောင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင် နေသည့် NLDပါတီ၏ ဦးဆောင်မှု ကို လက်မခံလိုခြင်း ၊ တိုင်းပြည် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားလိုခြင်း တို့ကြောင့် သာဖြစ် သည် ။ အဘယ်ကြောင့် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလိုသည်ဟူသည်မှာကား ဆေးမစားမီပုံနှင့် ဆေးစားပြီးပုံသဖွယ်ပြောင်းလဲသွားသော န၀တခေါင်းဆောင်တို့ ၏ အာဏာမရယူမီ ပုံနှင့် ရယူပြီးပုံတို့ကို မြင်ကြည့်သိနိုင်ပေသည် ။

ရွေးကောက်ပွဲရလာဒ်ကို အတည်ပြု၍ အနိုင်ရပါတီအား အာဏာ လွှဲပြောင်းပေးရမည့် တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေး ဟူသည့်အကြောင်းပြချက်ဖြင့် ပျက်ကွက်ခဲ့ သည့် န၀တခေါင်းဆောင်များသည် အမျိုးသားညီလာခံခေါ်ယူ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး လုပ်ဆောင်ရာတွင်လည်း ပြည်သူ အများစုက ထောက်ခံရွေးကောက် တင်မြှောက်ထားသော ကိုယ်စားလှယ်များအား မဏ္ဍိုင်ပြုရမည်ကို ဖောက် ဖျက်ခဲ့သည် ။ ၎င်းတို့အာဏာဆက်လက်တည်မြဲရေး ၊ အာဏာကိုစဉ်ဆက်မပြတ် ချုပ်ကိုင်ထားနိုင်ရေး အတွက် ၎င်းတို့ အလိုကျ ခေါင်းညိတ်မည့်သူများကို ညီလာခံကိုယ်စားလှယ်အစုအဖွဲ့ များအဖြစ်ထည့်သွင်းခဲ့သည် ။ စစ်အစိုးရ၏ ကလိန်ကျကျ စီမံချက်တွင် တစ်နိုင်ငံလုံးမှ ပြည်သူများကထောက်ခံရွေးကောက်ထားသည့် ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ်များသည် အစုအဖွဲ့တစ်စုသာဖြစ်သွားခဲ့ရသည် ။

ညီလာခံကျင်းပရာတွင်
(၁) နိုင်ငံရေး ပါတီများ(ရွေးကောက်ခံကိုယ်စားလှယ် ရရှိ သည်ဖြစ်စေ မရသည်ဖြစ်စေ) မှ ကိုယ်စားလှယ်များ အစုအဖွဲ့
(၂) ရွေးကောက်ခံကိုယ်စားလှယ်များ အစုအဖွဲ့
(၃) တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ အစု အဖွဲ့
(၄) တောင်သူ လယ်သမားကိုယ်စားလှယ်များ အစုအဖွဲ့
(၅) အလုပ်သမားကိုယ်စားလှယ် များအစုအဖွဲ့
(၆) အသိပညာရှင်အတတ်ပညာရှင်ကိုယ်စားလှယ်များ အစုအဖွဲ့
(၇) နိုင်ငံဝန်ထမ်းကိုယ်စား လှယ်များ အစုအဖွဲ့
(၈) အခြားဖိတ်ကြားသင့်သောကိုယ်စားလှယ်များအစုအဖွဲ့

ဟူ၍ အစုအဖွဲ့ (၈)ခုဖြင့် ကျင်းပခဲ့သည် ။ ထိုအစုအဖွဲ့များတွင် (၂) ရွေးကောက်ခံ ကိုယ်စားလှယ်များ အစုအဖွဲ့သည်သာလျှင် ပြည်သူတို့ က ရွေးချယ် ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ကျန်အစုအဖွဲ့ (၇)ဖွဲ့မှာ န၀တစစ်ခေါင်းဆောင် တို့စိတ်တိုင်းကျ ဘောင်းတော်ညိတ်စိတ်တော်သိမည့်သူများကိုသာ ရွေးချယ်ထည့်သွင်းထားခြင်းဖြစ်သည် ။

သို့ဖြစ်ရာ အမျိုး သား ညီလာခံ ဆိုသည်မှာ ပြည်သူ့ဆန္ဒ ကိုယ်စားပြုသူ (၁)စု စစ်အစိုးရ အလိုတော်ရိ အစုအဖွဲ့ (၇)စု ဖြင့် ၇ အချိုး ၁ ကလိန်ကကျစ် ညီလာခံဖြစ်သွားရတော့ သည် ။ ရွှေတစ်ကျပ်သားကို ကြေး ၇ကျပ်သား အရော အနှော ခံလိုက်ရခြင်းပင် ဖြစ်တော့သည် ။

စစ်အစိုးရ အလိုတော်ရိ အများစုဖြင့် ကျင်းပခဲ့သည့် အမျိုးသားညီလာခံ ဆိုသည်ကြီးတွင် ပြည်သူ တို့က ရွေးကောက်လိုက်သည့် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားတို့ သည် မည်သို့မျှ မဖော်ဆောင် နိုင်တော့ သောအခြေအနေသို့ဆိုက်ရောက်ခဲ့ရသည် ။ ပြည်သူတို့က ရွေးကောက်ထားသည့် ကိုယ်စားလှယ် အပွင့်အခိုင်တို့သည် န၀တစစ်အစိုးရက ထပ်ဖြည့်လိုက်သည့် နောက်တိုးအပွင့်များ တစ်ပုံတစ်ပင်ကြား တွင် ပိပြားကြေမွခဲ့ရသည် ။

ရွေးကောက်ခံကိုယ်စားလှယ်များကို အစုအဖွဲ့တစ်ခုအဖြစ်သာသတ်မှတ်၍ အလိုတော်ရိ အစုအဖွဲ့ (၇)စုတို့ကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် န၀တစစ်အစိုးရက ဖုတ်သွင်း မန်းမှုတ်ကာ အမျိုးသားညီလာခံ အဖြစ် အသွင်ယူလုပ်ဆောင်စေခဲ့သည့် လုပ်ဆောင်ချက် ၏ ရလာဒ်ကား တောမရောက်တောင်မရောက် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ထွက်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည် ။ တန်းတူညီမျှမှုကိုဖော်ဆောင်နိုင်မည့် ၊ တရားဥပဒေ စိုးမိုးရေးကိုအာမခံမည့် ၊ ဒီမိုကရေစီ နိုင်ငံ တော်သစ်ကို အုတ်မြစ်ချပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းလာနိုင်ခြင်းမရှိပဲ စစ်ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကာကွယ်ရေးနှင့် စစ်တပ် ၏ အာဏာဆက်လက်ထိန်းချုပ်နိုင်ရေးကိုသာ ထာဝရရှေးရှု သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အမည်ခံ ဖိနှိပ် ချုပ်ချယ်ရေး စည်းမျဉ်းစာအုပ် တစ်အုပ်ထွက် ပေါ်လာခဲ့ခြင်းသာဖြစ်သည်မဟုတ်ပါလား ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်တွင်းငြိမ်းချမ်း ရေးကို အာမခံဖော်ဆောင်ပေးနိုင်မည့် ၊ အမျိုးသားပြန်လည် သင့်မြတ် ရေးကိုဖော်ဆောင်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မဟုတ်မူဘဲ နိုင်ငံရေးအကြပ်အတည်းများ ကိုသာ ရှေးရှုနေသည့် ပြဿနာထုတ်ကြီးတစ်ခုဖြစ်နေသည်မဟုတ်ပါလား ။

၁၉၉၃ ခုနှစ်မှ စကာ အမျိုးသားညီလာခံခေါ်ယူခဲ့သည် ။ ၂၀၀၇ ခုနှစ်အထိ ၁၃ နှစ်ကျော် ၁၄ နှစ်နီးပါးကြာမြင့်ခဲ့သည် ။ ပြည်သူတို့၏ အခွန်ဘဏ္ဍာများ အလဟဿဖြစ်ခဲ့သည် ။ နိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် နိုင်ငံသားပြည်သူတို့က တစ်ခဲနက် ထောက်ခံ ရွေးကောက်ခဲ့သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များကို အဓိက မဏ္ဍိုင် မပြုဘဲ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံ အတွက် ပြဿနာထုတ်ကြီး တစ်ခုဖြစ်လာရသည် ။ ထိုပြဿနာထုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဖြစ်ပွားပေါ် ပေါက် နေရသည့် နိုင်ငံရေးအကြပ် အတည်းကို ပြေလည်စေရေး အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ခေါ်ယူလိုရခြင်းဖြစ်သည် ။ ထိုလေးပွင့်ဆိုင်ခေါ်ယူရာတွင် တိုင်းပြည်မှ ပြည်သူ အများစုကို ကိုယ်စားမပြုဘဲ အာဏာရအစိုးရအလိုကျ ဘောင်းတော်ညိတ် စိတ်တော်သိမည့်သူများကို ဖြည့်သွင်းကာ ကိုးပွင့်ဆိုင်ဦးမည် ဆိုလျှင်ကား အပွင့်များလွန်း၍မနိုင် အခိုင်အညှာကျိုးရလိမ့်ဦးမည်ထင်သည် ။

ကျားသစ်သည် သေသော်လည်း အကွက်အပြောက် ကိုမဖျောက် ဟုဆိုစမှတ်ရှိသည် ။ ယခု လက်ရှိ အာဏာရ အစိုးရသည် န၀တစစ်ဗိုလ်ချုပ်ကြီးများဘ၀မှ အသွင်ပြောင်းကာ အစိုးရဖြစ်လာသော်လည်း အကျင့် ဟောင်းတို့ကို မဖျောက် ပဲရှိနေသည်ကို ကိုးပွင့်ဆိုင်မည် ဆိုသည့် သဘောထားနှင့်လုပ်ဆောင်ချက်က အထင်အရှားဖော် ပြနေပေသည် ။ အမျိုးသား ညီလာခံကျင်းပစဉ်က ပြည်သူ့ ကိုယ်စားလှယ်များကို န၀တ အလိုတော်ရိအများစုဖြင့် လွှမ်းမိုးချုပ်ချယ်ကာ အနိုင်ကျင့်ခဲ့သည့်နည်းတူ ယခု လေးပွင့်မဆိုင်ပဲ ကိုးပွင့်ဆိုင်မည်ဟုလုပ်လာခြင်းမှာ ပြည်သူအများစုထောက်ခံမှုရသည့် လူထုခေါင်းဆောင် နှင့် အတိုက်အခံပါတီခေါင်းဆောင်တို့ကို အုပ်စုဖွဲ့အနိုင်ယူရန် လုပ်ဆောင်ခြင်းလား ၊ သို့တည်းမဟုတ် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကို ငါးသိုင်းများ၍ ဟင်းဟုန်စေရန် အကြံရှိရှိဖြင့် အကျင့်တန်ပြန်ပြီလား ဟု မေးခွန်း ထုတ်ရပေတော့မည် ။

ထင်လင်းဦး

မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းကို ကျော်လွှားဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အောက်တိုဘာ ၃၁ရက်နေ့ ထိပ်သီး ၁၄ဦး တွေ့ဆုံမှုဟာ ခိုင်မာတိကျတဲ့ရလဒ် ထွက်မလာဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ အစိုးရပြောသလို အောင်မြင်မှုကို နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘယ်လိုမြင်လဲ။

မြန်မာအစိုးရက ဒီထိပ်သီးဆွေးနွေးပွဲ အောင်မြင်တယ်လို့ပြောတာ ဘယ်လိုသတ်မှတ်လဲဆိုတာ သူ့အနေနဲ့ မသိပေမယ့် ဒီနိုင်ငံရေး တွေ့ဆုံမှုဟာ သူမြင်တဲ့ လေးပွင့်ဆိုင်ပုံစံမျိုးမဟုတ်ဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူ့အနေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံမှုကို အခုထိ ဆုတ်ကိုင်ထားတာဟာ ပါတီစွဲ၊ ဝါဒစွဲကြောင့်မဟုတ်ဘဲ လက်တွေ့ကျကျ လိုအပ်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုတွေ့ဆုံမှုမျိုး အခါအားလျော်စွာ ကျင်းပမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်ဟာ စဉ်းစားစရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

သမ္မတဦးသိန်းစိန်က နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲခေါ်ယူကျင်းပတာ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန်သမ္မတ မြန်မာပြည်လာရောက်ချိန်နီးလို့ လုပ်တာမဟုတ်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ငြင်းဆိုခဲ့ပြီး သမ္မတအိုဘားမား ဦးသိန်းစိန်ဆီ ဖုန်းဆက်တာ ဒီဆွေးနွေးပွဲနဲ့ မဆိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေပါဝင်တဲ့ နိုင်ငံရေးအင်အားစု ၅စုရဲ့ တွေ့ဆုံပွဲဖြစ်ပြီး မြန်မာပြည်အပြောင်းအလဲအတွက် လေးပွင့်ဆိုင်တွေ့ဆုံတာထက် အခုလို အားလုံးပါဝင်တာမျိုးကို ပိုပြီးလိုလားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပုဒ်မ တစ်ခုချင်း ဆွေးနွေးတာမရှိခဲ့ပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို သဘောတူတဲ့အကြောင်း။ ဒါပေမယ့် ပုဒ်မ ၄၃၆ ပြဌာန်းချက်အတိုင်းပဲ ပြင်ဆင်ဖို့သဘောထားရှိတယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။

တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမျာ ပါဝင်ဖို့နဲ့ စိတ်ရှည်သည်းခံဆောင်ရွက်ဖို့၊ ဥပဒေပြုတဲ့အခါ မဲဆန္ဒရှင်အများစုက အနိုင်ယူတာမလုပ်ဘဲ လူနည်းစုဆန္ဒက ဥပဒေနဲ့ညီညွတ်ရင် တူညီတဲ့ ဘုံသဘောတူညီချက် Consensus ကို ရှာဖို့ တပ်မတော်က သဘောထားရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားနဲ့ပတ်သက်လိုပ သူ့အနေနဲ့ သိပ်အံ့သြစရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ နောက်တစ်ကြိမ် ဆွေးနွေးပွဲ ဘယ်တော့လုပ်မလဲဆိုတာ အိုဘားမား နောက်တစ်ကြိမ် ဘယ်တော့ပြန်လာမလဲဆိုတာ မေးရမလိုဖြစ်နေပြီလို့ ပြောသူက SNLD ပါတီအတွင်းရေးမှူး စိုင်းညွန့်လွင်ပါ။

သမ္မတဦးသိန်းစိန်အနေနဲ့ ဘယ်လောက်ရိုးသားမှုရှိသလဲဆိုတာ သူ့အနေနဲ့ မပြောလိုဘဲ သမိုင်းက အဖြေပေးသွားမှာပါလို့ ဆိုပါတယ်။ နိုင်ငံရေးတွေ့ဆုံပွဲရလဒ်က သိပ်မျှော်လင့်လို့ မရဘူးလို့ ဆိုပါတယ်။

Kamayut media

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကလည်း တပ်မတော်သား ရာဇ၀တ်မှု ကျူးလွန်ရင် ဘယ်တရားရုံးကမှ အရေးယူလို့ မရဘဲ စစ်ဘက်ဆိုင်ရာ တရားရုံးကပဲ အရေးယူလို့ ရနိုင်တယ်လို့ ဆိုတာကလည်း ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေ သက်သက်လို ဖြစ်နေပါတယ် …

———–

အစိုးရက တာဝန်ခံရမှာလေ။ စစ်တပ်က ဒီလိုလုပ်တိုင်း တာဝန်မယူဘူး ဆိုရင် နိုင်ငံသားတွေက ဘယ်သူ့ကို အကာအကွယ် ယူရမှာလဲ ဆိုတာ မေးရတော့မယ်…

—————-

ကာကွယ်ရေး ၀န်ကြီးဌာန တစ်ခုလုံးက လိမ်တာ။ ဒီကြားထဲ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကပါ လိမ်တယ်… ပြန်ကြားရေးကလည်း လိမ်တယ်။ အခုက တရားဝင် သူတို့က ပြည်သူအားလုံးကိုပါ လိမ်တာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ အောက်တိုဘာ ၂၈

အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအား ဖမ်းဆီးထားစဉ် ထွက်ပြေးရန် ကြိုးစားမှုဖြင့် အမှတ်၂၀၄ ခြေမြန်တပ်ရင်းမှ ပစ်ခတ် ဖမ်းဆီးခဲ့မှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့က သေဆုံး ခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် တပ်မတော်ဘက်မှ ထုတ်ပြန်ခဲ့ရာ ယင်းမှာ တပ်မတော်၏ ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများက ဝေဖန်လိုက်သည်။ ““ကိုပါကြီးအား စစ်တပ်မှ ဖမ်းဆီးမှု၊ ပစ်ခတ်မှု ဖြစ်စဉ်များသည် အလွန်သံသယဖြစ်ဖွယ် ဖြစ်ရပ်များဖြစ်ပြီး ဥပဒေမဲ့ လုပ်ရပ်များ ဖြစ်သည်။ နိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ဥပဒေ အထက်တွင် စစ်တပ်မှ နေရာယူ ထားသောကြောင့် ပြည်သူပြည်သား များ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု မရှိသည်မှာ လက်တွေ့ပင် ဖြစ်သည်””ဟု ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ဝေဖန်လိုက်သည်။

ထို့ပြင် ယခုဖြစ်ရပ်၏ အဓိက တာဝန် အရှိဆုံးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်ပေသည်ဟုလည်း ယင်းကြေညာချက်၌ ပါရှိသည်။ တပ်မတော်ဘက်မှ ထုတ်ပြန်ချက်တွင် ““ကိုပါကြီးမှာ KKO စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်ပြီး လက်နက် ရယူ၍ ထွက်ပြေးရန် ကြိုးပမ်းစဉ် ကင်းစောင့်စစ်သည်၏ ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေ ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ရွှေဝါချောင် ကျေးရွာတောင် ဘက် မီတာ ၈၀၀ ခန့် အကွာတွင် ကောင်းမွန်စွာ မြေမြုပ် သင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်””ဟု ပါရှိရာ ယင်းအပေါ် ဝေဖန်နေကြခြင်း ဖြစ်သည်။

စစ်တပ်၏ ပစ်ခတ်မှုဖြင့် ကိုပါကြီး သေဆုံးရမှုမှာ နိုင်ငံတကာ ထုံးတမ်းစဉ်လာအရ အသက်အန္တရာယ် မထိခိုက်အောင် တားဆီး ရမည်ဖြစ်ပြီး သေဆုံး သွားပါကလည်း သေမှုသေခင်းအရ စနစ်ကျစွာ စစ်ဆေးရန် လိုအပ်ကြောင်းနှင့် စစ်တပ်ဘက်မှ ယခုကဲ့သို့ လက်လွတ် စပယ် ပြုလုပ်နေခြင်းအပေါ် မတားဆီးနိုင်ပါက ပိုမို ဆိုးရွားလာနိုင် မည် ဖြစ်ကြောင်း သုံးသပ် ဝေဖန်နေသူများလည်း ရှိသည်။

““ခုခံလို့ သတ်ဖြတ်ရတယ်ဆိုပြီး ထုတ်ပြန် ထားတယ်လို့ သိထားပါတယ်။ ခုခံလို့၊ ထွက်ပြေးလို့ တားဆီးတဲ့ အချိန်မှာ အနည်းဆုံး အသက်အန္တရာယ် မထိခိုက်အောင် ကာကွယ်စောင့်ရှောက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒါလက်နက်ကိုင် တပ်ဖွဲ့တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ ဒုတိယ အချက်က ဒီလိုမျိုး ဖြစ်သွားရင်တောင် သေမှုသေခင်းအရ စနစ်တကျ မှတ်တမ်းတင်ပြီး အလောင်းကို သေသေချာချာ ဘာကြောင့် သေရတယ်ဆိုတာ စစ်ဆေးချက်တွေ ယူဖို့ လိုအပ်ပါတယ်။ အခုကျတော့ ဒီလိုမျိုး မလုပ်တဲ့ အပြင် သေဆုံးသွားတဲ့ အလောင်းကို ဖျောက်ဖျက်တယ် ဆိုတဲ့ သဘောမျိုး လုပ်ခြင်းက သံသယရှိစရာ ဖြစ်ပါတယ်။ ထွက်ပြေး ခုခံလို့ မဟုတ်ဘဲ နှိပ်စက် ညှဉ်းပန်းခြင်းဆိုရင် ရှုတ်ချသင့်တဲ့ အကြောင်းအရာ ဖြစ်သွားပြီ””ဟု လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားနေသည့် Equality Myanmar အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဝေဖန် သုံးသပ်သည်။

စစ်တပ်မှ ယခုကဲ့သို့ ကိုပါကြီးအား ဥပဒေမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး တစ်လအကြာတွင် အသေ ဖမ်းမိ ကြောင်း သတင်းထုတ်ပြန်မှုသည် အထိတ်တလန့် တုန်လှုပ် ချောက်ချားဖွယ်ရာ၊ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ပြီး ကိုပါကြီး၏ ရုပ်အလောင်းအား မိသားစု ကြည့်ရှု စစ်ဆေးပြီး သင်္ဂြိုဟ်ခွင့် ပြုရမည့်အစား တောတွင်း၌ မြုပ်နှံ ထားခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသော အလောင်း ဖျောက်ဖျက်မှု တစ်ရပ် ကျူးလွန်လျက် ရှိသည်ဟု သုံးသပ်ကြောင်းနှင့် တာဝန်ရှိသူများအပေါ် ပြစ်တင် ရှုတ်ချကြောင်း လည်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စစ်ဘက်နှင့် အရပ်သားများအကြား ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ပါဝင်သည်ဟု ယူဆ ခံရသည့် တပ်မတော်သားများအား စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့်သာ အရေးယူမည်ဟု ဆိုကာ ပြုလုပ်နေခြင်းမှာ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် အချို့သော အမှုအခင်းများမှာ ယခုအချိန်အထိ နှစ်ကာလ ကြာရှည်သည့် တိုင်အောင် တရားခံ မဖော်နိုင်ခြင်းများအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လျက် ရှိသည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ပြည်မြို့၊ န၀ဒေး တံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် ဖြစ်ပွားခဲ့သည့် သမီးရည်းစား စုံတွဲနှစ်ဦးအား အကြမ်းဖက်သမား သုံးဦးက လုယက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်တွင် အမျိုးသားဖြစ်သူ ကိုဇော်မင်းဦး သေဆုံးခဲ့သော်လည်း အမျိုးသမီးဖြစ်သူ မ—မှာ လည်ပင်းညှစ် ရိုက်နှက် ခံခဲ့ရပြီး သေချင် ဟန်ဆောင်ခဲ့သဖြင့် လွတ်မြောက်ခဲ့သည်။ ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် တံတား အလွန် သောင်ပြင်နှင့် တစ်ဆက်တည်း ဖြစ်နေသည့် ကမ်းပါးယံ ကိုင်းတောအတွင်း ပုန်းအောင်းနေသူ သုံးဦးကို ရပ်ကွက်နေ ပြည်သူများက ၀ိုင်းဝန်း ဖမ်းဆီးရာ နှစ်ဦးကို ဖမ်းဆီး မိခဲ့သော်လည်း တစ်ဦးမှာမူ လွတ်မြောက်သွား ခဲ့သည်။ ဖမ်းဆီးရမိသူများမှာ ယင်းဒေသအခြေစိုက် ခလရ ၇၅ မှ တပ်မတော်သားများ ဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ်မှ ထိန်းသိမ်းခဲ့သည်။ ယင်းမှုခင်းနှင့် ပတ်သက်၍လည်း စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့ကာ လူသတ်မှုဖြစ်ပြီး ငါးလ အကြာ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ရှင်းလင်းခဲ့သည်။ ယင်းရှင်းလင်းပွဲသို့လည်း ဒေသခံ သတင်းထောက်များအား တက်ရောက် သတင်းရယူခွင့် မပေးဘဲ Sky Net ရုပ်သံလိုင်း ကိုသာ သတင်းယူခွင့် ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ တပ်သားသုံးဦးမှာ လူသတ်မှု မကျူးလွန်ကြောင်း၊ ၎င်းတို့မှာ တပ်အပြင်သို့ ထွက်၍ လည်ပတ်ခြင်း၊ အရက်သေစာ သောက်စားခြင်းများကြောင့် တပ်စည်းကမ်း ဖောက်ဖျက် မှုဖြင့် ထောင်ဒဏ် သုံးလကျခံစေပြီး ဖြစ်ကြောင်းသာ သတင်းထုတ်ပြန် ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယခုအချိန်အထိ ပြစ်မှု ကျူးလွန်သူများကို အရေးယူနိုင်ခြင်း မရှိသေးပေ။

““လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေစဉ် ကာလမှာတောင် ဂျီနီဗာကွန်ဗန်းရှင်းမှာ သဘောတူညီချက်တွေ အရ ရှေ့တန်း နယ်မြေတွေမှာ အကျဉ်းသား ဖမ်းဆီးရမိတဲ့ အခါမှာ ဒီလိုမျိုး သတ်မပစ်ရပါဘူး။ တရားဥပဒေအရ တရားစီရင် ရပါတယ်။ စစ်မက် ဖြစ်ပွားနေတဲ့ အချိန်မှာ နိုင်ငံတကာက လက်ခံထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် တွေကို လိုက်နာတယ်ဆိုရင် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်တဲ့ ကာလမှာ ဒီလိုဖြစ်ရပ်မျိုး မဖြစ်အောင် တားဆီးသင့်တယ်။ အစိုးရအနေနဲ့လည်း ဒီလိုမျိုးယုံကြည်မှု တည်ဆောက်နေတဲ့ ကာလမှာ တာဝန်မယူဘဲ နေခြင်းဟာ ယုံကြည်မှု တည်ဆောက်မှုကို အများကြီး ထိခိုက်နိုင်ပါတယ်။ အရေးပေါ် ကာလတွေမှာတောင် တရားဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေ မရှိဘဲနဲ့ သတ်ဖြတ်ခြင်းဟာ လူ့အခွင့်အရေး စံချိန်စံညွှန်းအရ ဆိုရင် လုံးဝ ရှောင်ကြဉ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ အချိန်မှာ နိုင်ငံသား တစ်ဦးချင်းရဲ့ အသက်ရှင် ရပ်တည်ပိုင်ခွင့်ကို တာဝန်ယူရပါမယ်””ဟု လူမှုတရားမျှတရေး အဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာသောင်းထွန်းက ပြောသည်။

အလွတ်တန်း သတင်းထောက်ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် အဖွဲ့အစည်း အသီးသီးမှ လူအင်အား ၁၀၀၀ ခန့်ကလည်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကာ ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ဖော် ပေးရေးအတွက် တောင်းဆို ခဲ့သည်။

အဆိုပါ တောင်းဆိုပွဲ၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ““ကိုပါကြီးလို ဖြစ်ရပ်မျိုးဟာ ရည်ရွယ်ချက်ရှိတဲ့ ဖြစ်ရပ်မျိုးပဲ။ တပ်မတော်က ထုတ်ပြန်ချက်တွေမှာလည်း ရှေ့နောက် လွဲနေတာတွေ ရှိတယ်။ကိုပါကြီး ဇနီးသည်က လိုက်စုံစမ်းတဲ့ အခါမှာ အဲဒီလို မရိုးဖြောင့်တဲ့ ဖြစ်ရပ်တွေ အများကြီးရှိတယ် ဆိုတာ ပိုသိရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လက်ပံတောင်းမှာ သံဃာတွေ ဖြိုခွင်းခံရသလိုမျိုး ကိစ္စတွေစတဲ့ အကြမ်းဖက်မှုတွေဟာ လက်ယဉ်နေတာကို တွေ့ရတယ်။ ဘာလို့ လက်ယဉ်နေကြသလဲဆိုရင် လက်နက်ရှိတဲ့ သူက အပြစ်မဲ့ပြည်သူကို လက်နက်နဲ့ အနိုင်ကျင့်ရင် ရတာပဲဆိုတဲ့ ပုံစံမျိုးပါ။ အဲဒါပြဿနာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကလည်း တပ်မတော်သား ရာဇ၀တ်မှု ကျူးလွန်ရင် ဘယ်တရားရုံးကမှ အရေးယူလို့မရဘဲ စစ်ဘက်ဆိုင်ရာ တရားရုံးကပဲ အရေးယူလို့ ရနိုင်တယ်လို့ ဆိုတာကလည်း ကြီးနိုင်ငယ်ညှဉ်း တောရိုင်းဥပဒေ သက်သက်လို ဖြစ် နေပါတယ်”” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကလည်း ““ဩကိုပါကြီးဟာ ကျွန်တော်တို့ ဖော်ထုတ်နိုင်လို့၊ ကျွန်တော်တို့ သိရှိလို့ အခုလို စုဝေးခွင့်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့လိုမျိုး ဖော်ထုတ်ခွင့် မရဘဲနဲ့ လူမသိ သူမသိ အဲဒီလို သေကျေသွားတဲ့၊ အဲဒီလိုညှဉ်းပန်း နှိပ်စက်ခံ ရတဲ့ နိုင်ငံသား အားလုံးကို ကိုယ်စားပြုပြီးတော့ ကျွန်တော်တို့ ကန့်ကွက် ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ အလယ်မှာ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီ ပြောင်းလဲရေးဟာ စံပြပုံစံပဲ ဖြစ်သလိုလိုမျိုး အလွန်အကျွံ ချီးကျူးနေကြတာတွေ ရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ နှစ်ပေါင်းများစွာအထိ ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ (၈၈) မျိုးဆက်တွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ ကလည်းပဲ ကျွန်တော်တို့ ခံစားခဲ့ရတာတွေ ကို မျိုသိပ်ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အတတ်နိုင်ဆုံး တွေ့ဆုံ ဆွေးနွေးဖို့ ကျွန် တော်တို့ ကြိုးစားနေတဲ့ အချိန်မှာ အခုလိုမျိုး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေဟာ ဆက်ပြီးတော့ ဖြစ်နေ ဆဲ ဖြစ်တယ် ဆိုတာကို ပေါ်ပေါ်ထင်ထင် ထင်ထင်ရှားရှား ဖော်ပြနေ တာ ဖြစ်ပါတယ်””ဟုအဆိုပါ ဆန္ဒထုတ်ဖော်ပွဲ တွင် ပြောဆိုခဲ့သည်။

ရန်ကုန်မြို့နှင့် အလားတူ မန္တလေးမြို့ရှိ အလုပ်သမားရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်းကာ ကိုပါကြီး သေဆုံးမှုအပေါ် တရားမျှတစွာ ဖြစ်ပေါ်ရေးအတွက် အောက်တိုဘာလ ၂၇ ရက်နေ့က တောင်းဆို ခဲ့ကြ သေးသလို ပဲခူးတိုင်း၊ ပြည်မြို့တွင်လည်း ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသေးသည်။ စစ်ဘက်နှင့် အရပ်ဘက် ဖြစ်ပွားခဲ့သော ပြစ်မှုဆိုင်ရာ မှုခင်းများတွင် ဦးသိန်းစိန် အစိုးရအနေဖြင့် ၀င်ရောက် စွက်ဖက်နိုင်ခြင်း မရှိခြင်း မှာလည်း အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခြင်း၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေရန် တစ်ဖက် တစ်လမ်းမှ ပံ့ပိုးပေးသကဲ့ သို့ ဖြစ်နေကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။

““ကိုပါကြီးကို ဒီလိုလက်လွတ်စပယ် လုပ်တဲ့ကိစ္စက မလုပ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဥပဒေကြောင်းအရ နိုင်ငံတကာ ဥပဒေမှာလည်း ဒီလို လုပ်လို့မရဘူး။ အထူးသဖြင့် နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ပြောမယ်ဆိုရင် ဥပဒေမဲ့ သတ်ဖြတ်ခံရတယ်လို့ ယူဆတယ်။ သူက အလွတ်သတင်းထောက်၊ အရပ်သား။ စစ်ပွဲထဲ ၀င်တိုက်နေတာ မဟုတ်ဘူးလေ။

သူပျောက်ဆုံးကတည်းက စုံစမ်း မေးမြန်းမှုတွေ တောက်လျှောက် လုပ်လာတာ တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာခြင်း မရှိခဲ့ဘူး။ အခုမှ ဒီလိုမျိုး ဖြစ်သွားပါတယ် ဆိုပြီး သတင်းထုတ်ပြန် တာကလည်း အတိမ်း အစောင်းဖြစ်စေတဲ့ ကိစ္စတစ်ခုပါ။ အစိုးရက တာဝန်ခံရမှာလေ။ စစ်တပ်က ဒီလိုလုပ်တိုင်း တာဝန် မယူဘူး ဆိုရင် နိုင်ငံသားတွေက ဘယ်သူ့ကို အကာအကွယ် ယူရမှာလဲဆိုတာ မေးရတော့မယ်။ နိုင်ငံတော်မှာ အာဏာ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ သမ္မတ အစိုးရအဖွဲ့က တစ်ခုခုတော့ တာဝန်ယူရမှာပဲ””ဟု ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောသည်။

လူမှုတရားမျှတရေး အဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာသောင်း ထွန်းက ““လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေစဉ် ကာလမှာတောင် ဂျီနီဗာ ကွန်ဗန်းရှင်းမှာ သဘောတူညီချက်တွေအရ ရှေ့တန်း နယ်မြေတွေမှာ အကျဉ်းသား ဖမ်းဆီးရမိတဲ့အခါမှာ ဒီလိုမျိုး သတ်မပစ်ရပါဘူး။ တရားဥပဒေအရ တရားစီရင်ရပါတယ်””ဟု ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များပါ ပုဒ်မ ၃၄၇ ၌ ““နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကို လည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်””ဟု ပြဋ္ဌာန်းထား သည်။ ထို့ပြင် ပုဒ်မ ၃၅၃ ၌လည်း ““မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့် အညီမှတစ်ပါး အသက်ကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ””ဟု ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်၊ ကျိုက်မရော မြို့မရဲစခန်းတွင် သေမှုသေခင်း ဆိုင်ရာ ပုဒ်မ (ပ) ၁၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ထားပြီး တောတွင်း၌ မြှုပ်နှံထားသည့် ကိုပါကြီး ရုပ်အလောင်း အား ပြန်လည်တူးဖော် စစ်ဆေးရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လည်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်သန္တာက ယခုကဲ့သို့ ရှင်းပြသည်။

““သေမှုသေခင်း ၁၁/၂၀၁၄ နဲ့ ကျိုက်မရော မြို့မ ရဲစခန်းမှာ တရားစွဲထားတယ်။ သမားရိုးကျ သေတယ်လို့ မယူဆဘူး။ သူများသတ်လို့ သေတယ်လို့ ယူဆတဲ့အတွက် အဲဒီအလောင်းကို ပြန်ဖော်ပြီး စစ်ပေးဖို့ တောင်းဆို ထားတယ်။ နောက် အလောင်းကို ပြန်လည် သယ်ယူခွင့်၊ သူ့မွေးရပ်မြေဒေသ မှာ ပြန်လည်မြှုပ်နှံခွင့်တွေ တောင်းထားပါတယ်။ ကျိုက်မရောကို သွားတဲ့တစ်လျှောက်မှာ SP လား၊ စရဖ လားတော့ မသိဘူး။ ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခုခုလို့ ထင်တယ်။ စပြီးကားပေါ် တက်ကတည်းက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်တယ်။ မော်လမြိုင်ထိ တောက်လျှောက် လိုက်တယ်။ မော်တော် ဆိုင်ကယ်တွေနဲ့ လိုက်တယ်။ တည်းခိုတဲ့နေရာတွေ မှာ စောင့်ကြည့်တယ်။ ကျိုက်မရော ရဲစခန်းရောက်တော့လည်း အိမ်သာဝင်တာ အိမ်သာနားထိ လိုက်တယ်။ ကျိုက်မရော ရဲစခန်းကလည်း အမှုဖွင့်ခွင့် မပေးတော့ ရဲနဲ့ အချေအတင် ပြောရတယ်။ ခရိုင် သွားရတယ်။ ခရိုင်ကနေ ဖွင့်ခွင့်ပေးတော့ မှ မော်လမြိုင်ကနေ ကျိုက်မရောကို ပြန်လာနဲ့ ခေါက်တုံ့ခေါက်ပြန် သွားရတယ်။ မနက် ကိုးနာရီကသွားတာ ညနေခြောက်နာရီမှ အမှုဖွင့်ခွင့်ရတယ်။ ဒါက မတရားမှုမှန်း အရမ်းသိသာတယ်။ ၄ ရက်နေ့က သေတယ်လို့ ပြောတယ်။ ၁၉ ရက်နေ့က၂၀၈ တပ်ရင်းက ဗိုလ်ကြီး စန်းမင်းအောင်ကို သွားတွေ့တာ။ တကယ် ရိုးသားတယ်ဆိုရင် သေသွားပြီလို့ ပြောပါလား။ ဖမ်းတုန်းက ကျွန်တော်ပါပါတယ်။ အခုတော့ မသိပါဘူးဆိုပြီး ဘာလို့ပြောလဲ။ သူက ကျွန်မတစ်ယောက်တည်းကို လိမ်တာလို့ ယူဆလို့ ရပေမယ့် အခု စာထုတ်လိုက်တဲ့ အခါကျတော့ ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုလုံးက လိမ်တာ။ ဒီကြားထဲ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ပါလိမ်တယ်။ လိပ်စာမသိလို့ အကြောင်းမကြားတာ ဆိုတော့ ၁၉ ရက်နေ့က ကျွန်မ လိုက်သွားတယ်လေ။ ပြန်ကြားရေးကလည်း လိမ်တယ်။ အခုက တရားဝင် သူတို့က ပြည်သူအားလုံးကိုပါ လိမ်တာ။ လူသားဆန်မှု လုံးဝမရှိ တာ။ ရှေ့နောက်လည်း မညီဘူး၊ သူတို့ရဲ့ ဖြေရှင်းချက်တွေက”” ဟု အမှုသွား ဖွင့်ခဲ့ပုံနှင့် အမှုသွားဖွင့်စဉ် ကြုံတွေ့ခဲ့ရပုံများကို ပြန်ပြောင်း ပြောပြသည်။ သူက ဆက်လက်ပြီး ““လူ့ အခွင့်အရေး ချိုးဖောက်ခံရတာ၊ အမျိုးသမီး အခွင့်အရေး ထိပါးတာ၊ လုံခြုံမှုမဲ့တာပေါ့။ ၂၀၀၈ အခြေခံ ဥပဒေမှာ ပါတဲ့ နိုင်ငံသား အခန်းကဏ္ဍအရ နိုင်ငံသား တစ်ယောက်က ဥပဒေ အကာအကွယ် ရရမယ်။ ကိုပါကြီးက အဲဒီလို မရခဲ့တဲ့အတွက် အခုလို ဥပဒေမဲ့ ပိုးစိုးပက်စက် သေရတာ။ ကျိုက်မရော ရဲစခန်းက ဒီမနက်မှာ မိသားစုဝင် မရှိဘဲ အလောင်းမဖော်ဖို့ ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်း ဖုန်းဆက်ပြောတယ်။ ကျွန်မအနေနဲ့ အဖွဲ့ဝင် ၅၀ လောက်ပါတဲ့ အရပ်ဘက် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖြစ်အောင် ကြိုးစားနေတယ်။ ဒီ ကော်မတီထဲမှာပါတဲ့ ဆရာဝန်၊ ရှေ့နေတွေရဲ့ အစစ်ဆေးပဲခံမယ်။ ထွက်ပေါ်လာတဲ့ အဖြေပေါ် မူတည်ပြီး ဆက် တရားစွဲသွားမှာပါ။ ဒီကော်မတီထဲမှာ ကျောင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာ ရှင်တွေ၊ ဆေးပညာ နားလည် ကျွမ်းကျင်သူတွေ ပါမှာပါ””ဟု အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောကြား ခဲ့သည်။

စစ်တပ်မှ ယခုကဲ့သို့ ကိုပါကြီးအား ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်လအကြာတွင် အသေ ဖမ်းမိကြောင်း သတင်းထုတ်ပြန်မှုသည် အထိတ်တလန့် တုန်လှုပ် ချောက်ချားဖွယ်ရာ၊ မယုံကြည်နိုင် ဖွယ်ရာဖြစ်ပြီး ကိုပါကြီး၏ ရုပ်အလောင်းအား မိသားစုကြည့်ရှု စစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုရမည့်အစား တောတွင်း၌မြှုပ်နှံထားခြင်းမှာ လူ့အခွင့်အရေးချိုး ဖောက်ခံရသော အလောင်းဖျောက်ဖျက်မှု တစ်ရပ် ကျူးလွန် လျက် ရှိသည်ဟု သုံးသပ်ကြောင်းနှင့် တာဝန်ရှိသူများအပေါ် ပြစ်တင် ရှုတ်ချကြောင်းလည်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

““မြန်မာနိုင်ငံက မကြာခင် နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ ဆန့်ကျင်ရေး နိုင်ငံ တကာ စာချုပ်ကိုတောင် လက်မှတ်ထိုးတော့မယ့် အချိန်မှာ ဒါ ပထမဆုံး မဖြစ်သင့်တဲ့အရာ ဖြစ်ပါတယ်။ နောက်ပြီး သတ်ဖြတ်တဲ့ ပုံစံက တရားလက်မဲ့ သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်ကို ချုပ်နှောင်ထားပြီး မိသားစုနဲ့လည်း ဆက်သွယ်ခွင့် မပေးတဲ့အပြင် မိသားစုက သွားမေးတဲ့ အချိန်မှာ ဖမ်းဆီးထားတာ မရှိဘူးလို့ ပြောပြီးမှ ဒီလိုမျိုး ထွက်ပြေးလို့ သတ်ဖြတ်တယ် ဆိုတာဟာ ရှေ့နောက် မညီညွတ်တဲ့ အချက်လို့ ပြောရမှာပါ။ ဒီလိုမျိုး ဖြစ်ပျက်နေတဲ့ အပေါ်မှာ ကျူးလွန်တဲ့ သူတွေကို စုံစမ်းဖော်ထုတ်ဖို့ လွတ်လပ်တဲ့ လုပ်ငန်းစဉ်တွေ ရှိဖို့လိုတယ်။ လွတ်လပ်တဲ့ စုံစမ်း ဖော်ထုတ်မှုတွေ ရှိဖို့ရယ်၊ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားလက်လွတ်တဲ့ လုပ်ဆောင်မှုမျိုး တွေ့လို့ရှိရင် ထိုက်တန်သော၊ ထိရောက်သော အရေးယူမှုတွေ မရှိရင်တော့ ဒီ့ထက် ပိုဆိုးရွားနိုင်တဲ့ အခြေအနေတွေ ဖြစ်သွားနိုင်ပါတယ်”” ဟု Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ထားသည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald



မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေးဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်းနိုင်ဖို့ အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ မနက်က ၂ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ  ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က  သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲ ပြောဆိုချက်များ

-ပထမဆုံးတချက်က နိုင်ငံရေးပြဿ နာများအားလုံး ကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အားလုံးက သဘောတူခဲ့ကြပါတယ်။

-ဒုတိယကတော့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ဥပဒေနဲ့အညီ လွှတ်တော်အတွင်းမှာပဲ ဆောင်ရွက်ဖို့ အားလုံးသဘောတူညီခဲ့ကြပါတယ်။

-တတိယတချက်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့ အောင်မြင်မှုအတွက် ယုံကြည်မှုတည်ဆောက်ရေးက အင်မတန်မှ အရေးကြီးတယ်၊ ယုံကြည်မှုတည်ဆောက်ရေးကို ပါဝင်ပတ်သက်သူအားလုံးက ဆောင်ရွက်သွားဖို့လိုတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ စိတ်ရှည်မှု၊ သည်းခံမှု၊ နားလည်ခွင့်လွှတ်မှု၊ နောက်တခါ တဦးချင်းတယောက်ချင်း အကျိုးစီးပွားထက် နိုင်ငံရဲ့ တိုင်းပြည်ရဲ့အကျိုး လူမျိုးရဲ့အကျိုးကို ရှေ့တန်းတင် စဉ်းစား ဆောင်ရွက်သွားကြဖို့ ပြောပါတယ်။

-နံပါတ်လေးအချက်၊ အဓိကထား ဆွေးနွေးခဲ့ကြတာကတော့ ဖြစ်နိုင်ရင် ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ဒါမှမဟုတ် ၂၀၁၅ ခုနှစ် အစပိုင်းမှာ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ အရေးကြီးတယ်၊ အထူးသဖြင့် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်နိုင်ဖို့အတွက် အခြေခံမူဘောင်များကို ချမှတ်နိုင်မှသာလျှင် ၂၀၁၆ ရွေးကောက်ပွဲအပြီးမှာ မည်သူပဲတာဝန်ယူသည် ဖြစ်စေ၊ မည်သည့်အစိုးရကပဲ တာဝန်ယူသည်ဖြစ်စေ၊ တိုင်းရင်းသား အဖွဲ့အစည်းများအနေနဲ့ ယုံကြည်စိတ်ချစွာနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လုပ်နိုင်မှာဖြစ်တယ် ဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။

-နောက်တချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်တဲ့အခါမှာ အစိုးရ နိုင်ငံရေးပါတီများ အရပ်ဘက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနဲ့ နိုင်ငံတကာ မိတ်ဆွေများရဲ့ အားကိုယူပြီးတော့မှ ဆောင်ရွက်ဖို့၊ လူတိုင်းလူတိုင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေများကို သိရှိနားလည်ပြီးတော့မှ ဥပဒေအတိုင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

-နောက်တချက်က လူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

-နောက်ဆုံးအချက်ကတော့ ဒီဟာ ပထမဆုံးအကြိမ်ဆွေးနွေးမှုဖြစ်တယ်၊ နောက်ထပ် နည်းလမ်းကောင်းများ ရှာဖွေနိုင်ဖို့အတွက် ဆက်လက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားဖို့ အားလုံးက ဆွေးနွေးခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69441



နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င်အဖွဲ့ ၅့ ဖွဲ့တို့ နိုင်ငံတော် သမ္မတရဲ့ ငုရွှေဝါ ဧည့်ခန်းမ ဆောင်မှာ ယနေ့နံနက် ၉နာရီ၃၀မိနစ်ခန့်က စတင် တွေ့ဆုံဆွေးနွေးခဲ့ရာ တယောက်ဆယ်မိနစ်စီ ဆွေးနွေးခွင့်အချိန်ရကာ နေ့လည် ၁၁နာရီ၄၅မိနစ်မှာ ပြီးဆုံးခဲ့ပါတယ်။

လေးပွင့်ဆိုင်တွေ့ဆုံမှုကို တစိုက်မတ်မတ် တောင်းဆိုခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ”တယောက်ဆယ်မိနစ်ဆီ ပြောပြီး နောက်ဆုံး အထွေထွေရှိသေးလား ဆိုတာတော့အန်တီတို့ အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမျိုးကို မြင်တဲ့ ပုံစံတော့မဟုတ်ပါဘူး။”လို့ ဒီနေ့တွေ့ဆုံမှုကို သုံးသပ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့တော့ ဗဟိုအလုပ်အမှူဆောင် ကော်မတီနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ မလုပ်ရသေးခင် ဒီအစည်းအဝေးကို တက်ရောက်ခဲ့ရတာကြောင့် အသေးစိတ်ဆွေးနွေးမှုတွေ မရှိဘဲ ဆွေးနွေးသွားသူတွေရဲ့ အတွေးအခေါ်တွေပေါ်မှာ မှတ်ချက်ချစရာ အနေအထားသာ ရှိခဲ့တယ်လို့ သိရပါတယ်။

Author & Photo ချိုဇင်မာဝင့်
Kumudra
https://www.facebook.com/newsKumudra

 
 ဦးပါကြီး

ကိုပါကြီး သေဆုံးတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံ စာတစောင် အမြန်တင်ပေးဖို့ သမ္မတရုံးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ညွှန်ကြား လိုက်ပါတယ်။

ကိုပါကြီး သေဆုံးပြီး ၁ လလောက်အကြာမှာ သမ္မတရုံး ညွှန်ကြားချက်ထွက်ပေါ်လာတာ ဖြစ်ပြီး ညွှန်ကြားချက်ထဲမှာ တပ်မတော်က သတင်းထုတ်ပြန်ထားတဲ့ ကေကေအို စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဆိုပြီး ဖော်ပြပါရှိပါတယ်။

သမ္မတရုံးညွှန်ကြားချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက “အမြန်ဆုံး သွားရောက်စစ်ဆေးဖို့ လုပ်နေပါတယ်။ စုံစမ်းစစ်ဆေးတဲ့ အနေအထား၊ တွေ့မယ့်သူတွေပေါ်မှာ ဘယ်လောက်အချိန်ယူရမလဲဆိုတာပေါ် မူတည်တာပေါ့။ အတိအကျပြောလို့ မရပေမယ့် ပြောလိုတာကတော့ အမြန်ဆုံးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါက အင်မတန် ရှုပ်ထွေးတဲ့ကိစ္စ၊ ကျနော်တို့က တတ်နိုင်သမျှ အမှန်ဆုံးဖြစ်အောင် စုံစမ်းစစ်ဆေးမှာ ပါ” လို့ ပြောပါတယ်။

ပြည်တွင်းမှာ လူ့အခွင့်အရေး ပညာပေးလုပ်ဆောင်နေတဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီအမှုမှာ တပ်မတော်က ပါဝင်ပတ်သက်နေတာမို့ တပ်ရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လောက် ရှိမလဲ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ပူးပေါင်းပါဝင်မှုနည်းတဲ့ အစိုးရဌာနတွေထဲမှာ စစ်တပ်က အမြဲတမ်း ထိပ်ဆုံးက ပါဝင်နေတာဆိုတော့ ဒါက ကျနော်တို့ ဆက်လက်စောင့်ကြည့်ရဖို့ လိုအပ်ပါတယ်။ တပ်ရဲ့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင်တော့ ကော်မရှင်လည်း လုံးဝ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကော်မရှင်မှာ လုပ်ပိုင်ခွင့်ကို ဥပဒေအရ ပေးထားတယ်။ ဒါပေမယ့် လုပ်တဲ့အခါ ဘယ်လောက်အထိ ပူးပေါင်းပါဝင်မှု ရှိမလဲ။ စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်ရဲ့ ကျွမ်းကျင်မှုနဲ့ အမှန်တရား မြတ်နိုးမှုပေါ်လည်း အခြေတည်နေတာ တွေ့ရပါတယ်။”

အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကတော့ ဥပဒေနားလည်ကျွမ်းကျင်တဲ့ သီးခြား လွတ်လပ်တဲ့အဖွဲ့တဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်သင့်တယ်လို့ ပြောပါတယ်။

“ကိုပါကြီးအမှု တကယ်တမ်းအဖြစ်မှန် ပေါ်ပေါက်ရေးအတွက်ကို အလေးအနက်ထား ဆောင်ရွက်မယ်ဆိုရင် ဥပဒေပိုင်း အထူးကျွမ်းကျင်တဲ့သူတွေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့အတွက် လမ်းညွှန်ပေးနိုင်တဲ့သူတွေ၊ သက်သေခံဥပဒေအတိုင်း သက်သေခံ အထောက်အထားတွေ မပျောက်ပျက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေ တရားသူကြီးဟောင်းတွေ ဥပဒေ၀န်ထမ်းဟောင်းတွေ ပါဝင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကသူတွေ မပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပေးပြီးတော့ အစီရင်ခံစာ တင်ခိုင်းတာက ပိုကောင်းမယ်လို့ မြင်ပါတယ်။”

သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69401


ရန်ကုန်၊ အောက်တိုဘာ ၃၀

တပ်မတော်မှ ပစ်ခတ်မှုဖြင့် သေဆုံးခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ သဘောထားမှတ်ချက် တောင်းခံရာ တွင် မြန်မာသံတော်ဆင့်၏ မူဝါဒကို မနှစ်သက်သည့် အတွက် မဖြေပေးနိုင်ကြောင်း ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အစိုးရ၏ သဘောထားမှတ်ချက် ရရှိရန်အတွက် ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီးနှင့် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံ မြန်မာသံတော်ဆင့် မှ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ပြန်ကြားရေး ၀န်ကြီးရုံး ၀န်ထမ်းများက ၀န်ကြီး အလုပ်များနေသည် ဆိုသည့်အတွက် အီးမေးလ်ဖြင့်လည်း မေးခွန်း များ ပေးပို့မေးမြန်းခဲ့သည်။

သို့သော် အောက်တိုဘာလ ၃၀ နေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဖုန်းဖြင့် ထပ်မံ ဆက်သွယ်ခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““သံတော်ဆင့် ဆိုရင်တော့ ကျွန်တော် ဘာမှဖြေစရာ အကြောင်းမရှိဘူးဗျ။ ခင်ဗျားကိုတော့ လေးစားပါ တယ်ဗျာ။ ခင်ဗျားတို့ဂျာနယ်ရဲ့ မူဝါဒက ကျွန်တော် မနှစ်သက်တဲ့ အတွက်ကြောင့်မို့လို့ မဖြေပေးနိုင်တာ ခွင့်လွှတ်ပါ””ဟု ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

သတင်းထောက် ကိုပါကြီးနှင့် သေဆုံးရမှုနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် မှ ပေးပို့ခဲ့သည့် မေးခွန်းများတွင် ““သမ္မတ ဦးသိန်းစိန် အစိုးရက မီဒီယာများနှင့် အဆင်ပြေစေရန် လုပ်ဆောင်နေချိန် ယခုကဲ့သို့ စစ်တပ်မှ ပစ်ခတ်မှုကြောင့် ကိုပါကြီး သေဆုံးရမှုကြောင့် ဘယ်လောက်အထိ အဟန့်အတား ဖြစ်သွားစေ မလဲ””၊ ““ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် စစ်တပ်ဘက်မှ လုပ်ဆောင်မှု အပေါ် သဘောထား ထုတ်ပြန်သွားရန် အစီအစဉ်ရှိ၊ မရှိ””၊ ““စစ်ဘက်နှင့် အရပ်ဘက် ပြဿနာ ဖြစ်သည့်အခါ အစိုးရပိုင်းမှ ၀င်ရောက် ဖြေရှင်းပေးမှု အားနည်းခြင်းမှာ စစ်ဘက်ဆိုင်ရာအပေါ် အခြေခံ ဥပဒေအရ အကြီးဆုံးဖြစ် သည့် သမ္မတ ဦးသိန်းစိန် အနေနှင့် ၀င်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသည့် သဘောများ သက်ရောက် နေပါသလား”” အပါအ၀င် မေးခွန်း ၉ခုအား အီးမေးလ်ဖြင့်ပေးပို့ မေးမြန်းထားသည်။

““ကျွန်တော် ကိုအံ့ခေါင်မင်းကို တစ်ခါပြောပြီးပြီ။ ကျွန်တော်နဲ့ ဖြေတဲ့ဟာကို ကုတ်လုပ်ပြီးတော့ မျက်နှာဖုံး တင်ကတည်းက ခင်ဗျားတို့ကို ကျွန်တော်ပြောပြီးသား။ အဲဒါကိုပြင်မပေးရင် ကျွန်တော် မဖြေပေးဘူးလို့ ပြောပြီးသား”” ဟုလည်း ၀န်ကြီး ဦးရဲထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဦးရဲထွဋ် ပြောကြားချက်နှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ““ဦးရဲထွဋ် အခုမဖြေဘူးလို့ ပြောတာက မရှင်းလင်းဘူး။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် မူဝါဒကို မကြိုက်လို့ မဖြေဘူးလို့ ဆိုလိုချင်တာလား။ သူပြောတဲ့ ဟာတစ်ခုကို မျက်နှာဖုံးတင် ဖော်ပြခဲ့လို့ အဲဒါကို မကျေလည်လို့ မဖြေတာလားဆိုတာ မရှင်းလင်းဘူး။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် မူဝါဒကို မနှစ်သက်လို့ မဖြေဘူး ဆိုရင်တော့ သူ့အပိုင်းပဲ။ ဒါပေမယ့် သူပြောတဲ့ အကြောင်းအရာကို ကုတ်လုပ်ပြီး မျက်နှာဖုံးတင်လို့ မဖြေဘူး ဆိုတာကတော့ ကျွန်တော် ထင်တယ် ကျွန်တော်တို့ ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၂)မှာ သူ့အင်တာဗျူး ပြောကြားချက် တစ်ခုကို မျက်နှာဖုံးတင်ခဲ့လို့ ဒါနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မကျေလည်တာဆိုရင် သူ့ရဲ့ ပြောကြားချက်ကို ကျွန်တော်တို့ အတွဲ(၃)၊ အမှတ်(၂၄)မှာ အသေအချာ ရှင်းပြီးသားပါ။ ဒါကို သူ့ဘက် ကလည်း ပြန်ငြင်းတာမျိုး မရှိဘူး။ ဒီ့နောက်ပိုင်းလည်း သူ့အနေနဲ့ ကျွန်တော်တို့ဂျာနယ်က မေးရင်ဖြေတာ မျိုးတွေရှိတာပဲ။ ဖြစ်နိုင်တာက အခု နောက်ပိုင်းမှာ မူဝါဒပိုင်းအရ သူရပ်တည်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ကျွန်တော်တို့ ဂျာနယ်က သတင်းဖော်ပြမှုတွေ ထိပ်တိုက်တွေ့တာတွေ ရှိတယ်။ ဒီအပေါ်မှာ သူ့အနေနဲ့ မကျေလည်တာမျိုး ဖြစ်မယ်ထင်တယ်””ဟုပြောသည်။ ““သူက ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဖြစ်နေတဲ့အပြင် တပ်က ဗိုလ်မှူးကြီး အဆင့်နဲ့ အနားယူခဲ့ရတော့ ကျွန်တော်တို့ မီဒီယာတွေအပေါ် ပြောချင် သလိုပြော နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကလည်း သူပြောတာလောက်ကို ဘာမှ ထည့်စဉ်းစားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူပြောတိုင်း လူကြီးတွေ(အစိုးရအဖွဲ့) သဘော မဟုတ်လို့ပါ””ဟု မြန်မာ သံတော်ဆင့် အမှုဆောင် အရာရှိချုပ်က မှတ်ချက်ပြု ပြောကြားသည်။

သတင်းအဖွဲ့

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


ရန်ကုန်၊ အောက်တိုဘာ၂၉

ပြည်မြန်မာ ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သော ““ဦးဆန်းဆင့်သည် အစိုးရအဖွဲ့၏ အစည်းအဝေး များတွင် အသံ ဖိုင်များ ခိုးဖမ်း ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲ ထွဋ်ပြော””ဟူသည့် သတင်း ဖော်ပြ ပါအချက်များ အတွက် အဆိုပါ ပြောဆိုခဲ့သူ ၀န်ကြီး ဦးရဲထွဋ်သည် တရားရုံးကို မထီမဲ့မြင် ပြုမှုနှင့် အရေး ယူခံ ရနိုင်ကြောင်း တရား လွှတ် တော် ရှေ့နေ ဦးဆန်းမြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြား လိုက်သည်။

ပြည်မြန်မာဂျာနယ်တွင် ဖော် ပြခဲ့ရာ၌ ““ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်း ကျခံခဲ့ရသော သာသ နာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်သည် အစိုးရအဖွဲ့ အစည်းအဝေးများတွင် အသံဖိုင်များ ခိုးဖမ်းခဲ့ကြောင်း၊ အစိုးရနှင့် သံဃာတော်များအကြား အထင်မှားအောင် လုပ်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က ပြည်မြန် မာသတင်းဂျာနယ်အား ၁၉-၁၀-၂၀၁၄ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။… သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်အား တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးမှသာ ပြန် ကြားရေးဝန်ကြီးက ထုတ်ဖော်ပြော ကြားလာခြင်း ဖြစ်ပြီး ယင်းမတိုင်ခင်က တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြော ဆိုခြင်း ဖြစ်မည်စိုးသောကြောင့် မပြောခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ““တရားစွဲတယ်ဆိုကတည်းက ဒီ အတိုင်းစွဲတာမဟုတ်ဘူးလေ။ ဖြစ်စဉ် အကြောင်းအရာတွေကို ရှေ့နေ ချုပ်ရုံးကသုံးသပ်ပြီးတော့မှ ဒီဟာက ခိုင်လုံတယ်၊ ဒီအမှုနဲ့စွဲသင့် တယ် ဆိုပြီးတော့စွဲခဲ့တာ။ တရားရုံး ရဲ့စီရင်ချက်တွေကို ဖတ်ရှုမယ်ဆို ရင် ဦးဆန်းဆင့်လုပ်ခဲ့တာတွေ သိမှာပါ။ လူတွေရဲ့ ပြောဆိုချက်တွေကို အသံတွေခိုးဖမ်းတယ်၊ မလုပ်သင့်တာေ တွပေါ့ဗျာ””ဟု ဦးရဲထွဋ် ကပြောကြား သည်။

ဦးဆန်းဆင့်နှင့် ၎င်း၏ မိသားစုမှာ ယင်းပြစ်ဒဏ် အတွက် အယူခံဝင်သွားမည်ဖြစ် ကြောင်း ကိုလည်း ပြည်တွင်းသတင်း မီဒီယာများတွင် ဖော်ပြလာသည်ကို တွေ့ရသည်။ ““ကျွန်တော်တို့ အစိုးရအဖွဲ့ အစည်း အဝေးတွေဆို တာက တချို့ဟာတွေ အသံဖမ်းလို့ရတာ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်ကိုက မကောင်းဘူး ပေါ့။ ဒီလို ဟာမျိုးတွေကြောင့် ကျွန်တော်တို့က မလွှဲမရှောင်သာ အရေးယူရတာ။ သူ့ကိုပုဂိ္ဂုလ်ရေးအရ မုန်းတီး လို့ လုပ်တာမဟုတ်ဘူး””ဟု ပြန်ကြား ရေးဝန်ကြီးကဆိုသည်။ ပြည်ထောင် စုဝန်ကြီး၏ အဆိုအရ သာသနာ ရေးဝန်ကြီးဟောင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်လျက် မလုပ်သင့် မလုပ်ထိုက်သော အစိုးရနှင့်သံဃာ များအကြား အမြင်မှားအောင် ဟိုဘက်သည်ဘက် တစ်မျိုးစီလုပ်ခဲ့ကြောင်းနှင့် ငွေကြေးဆိုင်ရာ ကိစ္စများ အရှုပ်အရှင်းများတွင်လည်း ပါဝင်ကြောင်း သိရသည်။ ယင်းကိစ္စတွင် အများပြည်သူက ထင်မြင်နေသော အစိုးရ အဖွဲ့ဝင်အချင်းချင်း ဇာစ်မြစ်များကို ပြန်ဖော်မည်စိုးသောကြောင့် နှိပ်ကွပ်လိုက်ခြင်းဖြစ်နိုင်သည်ဆို သည့်အချက် အပေါ် ပြန်ကြားရေး ၀န်ကြီးက ““မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဦးဆန်းဆင့်အမှုနဲ့ ပတ်သက်ရင် ပြောစရာတွေ အများကြီးရှိတာ ပေါ့။ ကျွန်တော်တို့က တရားရုံးမှာ ရောက်နေတဲ့အမှုကို တရားစီရင်ရေးကို ကျော်လွန်ပြော တာတွေ မဖြစ်ချင်လို့မပြောခဲ့တာ။ ဦးဆန်းဆင့် ဘာလုပ်ခဲ့လဲဆိုတာ သိချင်ရင် တရားစီရင်ရေး မှတ်တမ်းတွေ လေ့လာကြည့်ပါ။ ကျွန်တော်တို့ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ဘာမှသီးခြားထပ်ပြီး ပြောစရာ မရှိ တော့ပါဘူး””ဟု ပြန်လည်ပြောကြားသည်””ဟူ၍ ပါရှိသည်။

ယင်းသို့ ၀န်ကြီးဦးရဲထွဋ်၏ ပြောကြားချက်များပါဝင်သည့် အစိုးရအဖွဲ့ အစည်းအဝေးများတွင် ဦးဆန်းဆင့်က အသံဖိုင်များ ခိုးဖမ်း ခဲ့ကြောင်းနှင့်စပ်လျဉ်း၍ နေပြည်တော်တရားရုံး၌စစ်ဆေးစဉ်က ထည့် သွင်းစစ်ဆေးခြင်း မရှိခဲ့ကြောင်း၊ ဦးဆန်းဆင့်သာမက မည်သည့်ဝန်ကြီးမဆို အသံဖိုင်များ ဖမ်းယူ၍ရ သည့် ဖုန်းဟန်းဆက်များ ရှိကြောင်း၊ ၀န်ကြီးဦးဆန်းဆင့်အပေါ် ရည်ရွယ်ချက်ရှိရှိ ပုဂိ္ဂုလ်ရေးမနာလို၍ တိုက်ခိုက်ပြောဆိုခြင်းမှာ ထင်ရှား ကြောင်း ဦးဆန်းဆင့်၏ ဇနီး ဒေါ်ခင်မလေးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နှင့်ပြည်မြန်မာဂျာနယ်သည် ထောင် ဒဏ်ချမှတ်ခြင်းခံရသော ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် ပြစ်ဒဏ်နှင့်မဆိုင်သည့် အသံဖိုင်များခိုးဖမ်းသည့် အကြောင်းအရာကို ပြောဆို ရေးသားသည် မှာ ဦးဆန်းဆင့်ကို စတင်ဖမ်းဆီးစဉ်က သမ္မတစကား နားမထောင်ခြင်းကြောင့်ဟူ၍ အစိုးရအဖွဲ့ အသိုင်း အ၀ိုင်းက ပြောဆိုခဲ့ ခြင်းနှင့်ဆက်စပ်၍ လူထုနှင့်မီဒီယာများအပြင် လွှတ်တော်ကိုယ်စား လှယ်များပါ နှစ်သက် ထောက်ခံသော ဦးဆန်းဆင့်အနေဖြင့် လုပ်ကြံခံရခြင်းဖြစ်ကြောင်း အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (မဘသ)အတွင်း ရေးမှူးချုပ် (အထက်မြန်မာပြည်) ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) က မြန်မာသံတော်ဆင့် သို့ သုံးသပ်ပြောကြားခဲ့သည်။

““ဦးဆန်းဆင့်ကိစ္စက သူတို့ ကြေညာတာ ငွေသိန်း ၇၀ လာဘ်စားလို့။ အမိန့်မနာခံလို့။ ဒီလို ပုဒ်မနဲ့စွဲတာပဲ။ သိန်း ၇၀ လောက် နဲ့ကတော့ ဘာမှမပြောပလောက်ဘူး။ ဒါက ကြံဖန်ပြီးတော့ သူတို့ လုပ်လိုက်တာပဲ။ လံကြုတ်လုပ်ကြံ ပေါ့။ သဘောထားပျော့ပျောင်းတော့ ခံလိုက်ရတာပေါ့””ဟု မဘသအတွင်း ရေးမှူးချုပ် ဆရာတော်ဥူးကုသလ က မြန်မာသံတော်ဆင့်သို့ မိန့် ကြားခဲ့သည်။

အစိုးရအပေါ် ပြစ်တင်ရှုတ်ချ ခဲ့သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် တစိုက်မတ်မတ် ဝေဖန်ပြောကြားသူအစိုးရ၏ ပြောရေးဆိုခွင့်အာဏာ ပိုင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်သည်လည်း လွှတ်တော်နှင့်အစိုးရ ကြား ၀င်ရောက်ပြောကြားမှုအချို့ နှင့်စပ်လျဉ်း ၍ ““ဦးရဲထွဋ်အမြဲ မုန်လာဥလုပ်ကြောင်း”” အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က စက်တင်ဘာလ အတွင်း မြန်မာသံတော်ဆင့်နှင့်တွေ့ဆုံစဉ် ထပ်မံ အတည်ပြုပြောကြားခဲ့သည်။

ပြည်မြန်မာဂျာနယ်ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးသည် NLD မပါသော ၂၀၁၀ ရွေးကောက်ပွဲ တွင် ကြံ့ခိုင် ရေးပါတီမှ ပုဇွန်တောင် မြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ သူဖြစ်သည်။ တပ် မတော်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဆင့် စစ်ရာထူးခန့်ချုပ် တာဝန်ယူစဉ် က ယခု ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သည် ဗိုလ်မှူးကြီးအဆင့် ဖြင့် တာဝန်မှ အငြိမ်းစားပေးခြင်း ခံရ ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတွင် ဦးချစ်နိုင် (စိတ်ပညာ)၏ လက်အောက်၊ ဒု ညွှန်ချုပ် တာဝန်ဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရ သူဖြစ်ကာ သမ္မတဦးသိန်းစိန်အစိုးရ သစ်လက် ထက်တွင်မှ ပြန်ကြားရေး ဒုဝန်ကြီး၊ ၀န်ကြီးတာဝန်များသို့ရောက် ရှိလာခဲ့သူဖြစ်သည်။

MH-0011

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သံသယဖြစ်ကာ ဖမ်းဆီး စစ်ဆေးခြင်းခံနေရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကိစ်္စအတွက် သုံးစွဲရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် အမတ် နှစ်ဦးလှူထားသည့် ငွေကျပ်သိန်း ၃၀၀ မှာ ယခုအချိန်ထိမရရှိသေးကြောင်း အဆို ပါကိစ္စကို လိုက်ပါဆောင်ရွက်နေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။

အဆိုပါ ငွေကျပ် သိန်း ၃၀၀ လှူဒါန်းမှုပြုလုပ်သည့်နေ့မှစ၍ ကိုးရက်မြောက်သောနေ့တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခု ငွေကြေးအခက်အခဲရှိတယ်။ ထောက်ပံ့မှုလိုတယ်။ ကိုယ်ပိုင်ငွေနဲ့ စိုက် ထုတ်သုံးရတာလည်း ရှိတယ်။ ဒီပုံစံမျိုးနဲ့ တော့ အဆင်မပြေနိုင်ဘူး။ ဒီကိစ္စကိုလုပ်ဖို့ ပြည့်စုံတဲ့ငွေကြေးလိုတယ်။ လွှတ်တော်ကလှူတဲ့ သိန်း ၃၀၀ က ဘယ်ရောက် သွားလဲ။ တပြားမှ မရဘူး။ ဘယ်မှာမှန်းလဲ မသိဘူး”ဟု ယင်းကဆိုသည်။

ပြီးခဲ့သည့် ၁၅-၉-၂၀၁၄ ရက်နေ့ က ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းတွင် ဗြိတိသျှလူငယ်စုံတွဲသတ်ခံ ခဲ့ရခြင်းအပေါ် သံသယရှိသူအဖြစ် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးထားခြင်းဖြစ်သည်။

“နေပြည်တော် ဥပဒေကျွမ်းကျင်သူတွေ၊ မှုခင်းကျွမ်းကျင်သူတွေ၊ သေမှု သေခင်းကျွမ်းကျင်ဆရာဝန်အဖွဲ့တွေ အမြန်ဆုံးလာရောက်ဖို့လည်း လိုနေတယ်။ မြန်မာဇာတ်ကားတွေမှာလို ဇာတ်သိမ်းတော့မှ ရဲက ရောက်လာတာမျိုးမဖြစ်ဖို့ ဆုတောင်းပါတယ်””ဟု ဦးကျော်သောင်းက ပြောသည်။

ပြီးခဲ့သည့် ၂၁-၁၀-၂၀၁၄ ရက်နေ့ ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စား ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ နှင့် ဦးနေ၀င်းထွန်းတို့က တဦးလျှင် ကျပ်သိန်းတရာစီ လှူဒါန်းခဲ့ကြခြင်းအပေါ် လွှတ်တော်အစည်းအဝေးက မှတ်တမ်း တင်ထားခဲ့ပြီးဖြစ်သည်။

ဥက္ကဋ္ဌက နောက်ထပ်၍ လိုအပ်ချက်အပေါ်မူတည်ကာ ဆက်လက်လှူဒါန်း ဦးမည်ဖြစ်ကြောင်း၊ ယခုကိစ္စမှာ မည်မျှ ကြာမြင့်နိုင်မည်ကို မသိရ၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နည်းသည် များသည်မဟူ စိတ်ဓာတ်ရေးရာအရ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံးထံ အချိန်မရွေးလှူဒါန်းနိုင်ကြောင်း ပြောကြားခဲ့သေးသည်။
“အဲဒါ ဘာမှ မသိဘူး။ ကိုယ့်ဟာ ကိုယ်ပဲလုပ်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ သူတို့ ဘယ်ကိုဘယ်လို ပေးလဲ မသိဘူး”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က လွှတ်တော်ကလှူသည့် ငွေသိန်း ၃၀၀နှင့် ပတ်သက်၍ News Watch သို့ ပြောသည်။

၂၈-၁၀-၂၀၁၄ ရက်နေ့က စွပ်စွဲခံ နှစ်ဦး၏ မိဘများ၊ ထိုင်းရှေ့နေများ ကောင်စီ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့တို့က ထိုင်းစစ်အစိုးရဗဟို ရှေ့နေချုပ်ရုံးသို့ သွားရောက်ကာ ဥပဒေ အကြောင်းအရ မျှတသော တရားစီရင်ခွင့် ရရှိစေရန် အကူအညီပေးစေလိုကြောင်း၊ ယင်းအပြင် ထိုင်းလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးထံသို့လည်း ဖမ်း ဆီးခံထားရသော မြန်မာနှစ်ဦး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုကို အမှုမှန်ပေါ် ပေါက်ရန် ဖောက်ထုတ်ပေးစေလိုကြောင်း ပြောကြားခဲ့ကြသည်ဟု သိရသည်။

၂၉-၁၀-၂၀၁၄ ရက်နေ့တွင် သံအမတ်ကြီး ဦးဝင်းမောင်ပါဝင်သော လူသတ်မှုအတွက် ဖွဲ့စည်းထားသော အထူးအဖွဲ့၊ အစိုးရလက်အောက်ခံမဟုတ်သော ထိုင်းရှေ့နေများ ကောင်စီရုံးကိုသွားရောက်၍ အဆိုပါအမှုကို ကူညီပေးရန်အပ်ခဲ့ကြောင်း သိရသည်။

ယင်းတို့နှစ်ဦး၏ မိဘများမှာ ယခုအခါ ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြခြင်းဖြစ်ပြီး လာမည့် ၃-၁၁-၂၀၁၃ ရက်နေ့ တွင် မိဘများ၊ ထိုင်းရှေ့နေများကောင်စီ၊ အမှုကို ကိုင်တွယ်နေသောရဲများ၊ စုံစမ်းထောက်လှမ်းနေသောရဲများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကဖွဲ့ထားသော အထူးအဖွဲတို့ဖြင့် အထူးသတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ရန်ရှိကြောင်း သိရသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


အလုံမြို့နယ် အောင်ဇေယျလမ်းရှိ မြေကွက်လွတ်တခုကို ဂရန်အတု၊ မှတ်ပုံတင်အတု၊ လိပ်စာအတု ပြုလုပ်ကာ ကျပ် သိန်းသုံးထောင်ဖြင့် ရောင်းချသူများ ထွက်ပြေး တိမ်းရှောင်နေကြောင်း ၎င်းမြေအား ၀ယ်ယူခဲ့သူက အောက်တိုဘာ ၂၉ ရက်တွင် News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

မြေကွက်ကို ၀ယ်ယူခဲ့သူက “အရောင်းအ၀ယ်လုပ်မယ့် ပွဲစားတွေက ဒဂုံ၊ ဘောက်ထော်၊ ရန်ကင်း၊ အလုံ ဘယ် နေရာတွေလိုချင်လဲဆိုပြီး ဂရန်လေးခု လာပြတာ၊ ကျွန်တော်က အလုံက မြေကို လိုက်ကြည့်တယ်၊ မြေကွက်က ဘာ အဆောက်အဦမှ မရှိဘူး။ ဒီတော့ စည်ပင်သာယာကို သူတို့ ဂရန်နဲ့သွားကြည့်တာ ဒေါ်သန်းသန်းဝင်းပိုင် အမည်နဲ့ တကယ်ရှိတယ်ဆိုပြီး စရံသိန်းငါးဆယ်ချေပြီး အရောင်းအ၀ယ်ဖြစ်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။

၂၀၁၄ ဇွန်လ ၃ ရက်နေ့တွင် စရံငွေ ကျပ်သိန်း ၅၀ ပေးချေအပြီး ၆ ရက်နေ့တွင် ပထမအရစ် ကျပ်သိန်း ၉၅၀ ကို CB ဘဏ်မှ ထပ်မံပေးချေခဲ့သည်ဟု ဆိုသည်။ “ပထမအရစ် သိန်းတထောင်ပေး အပြီး ကျွန်တော်က မြေကွက်ကို ခြံဝင်းသွားခတ်ချိန်မှာ မြေကွက်ပိုင်ရှင် အစစ်နဲ့ တွေ့တာပဲ။ သူကလည်း ဂရန်ပြတယ်။ ကျွန်တော့်မှာလည်း ဂရန်ရှိတယ်ဆိုတော့ စည်ပင်မှာသွားပြီး ဖြေရှင်းပါတယ်။ အဲဒီတော့မှ ကျွန်တော့် ဂရန်အတုဆိုတော့ သိရတာပါ”ဟု ပြောကြားသည်။

ယင်းကဲ့သို့ ဂရန်အတု၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပိုင်ရှင်၏ နာမည်အတုများ ပြုလုပ်ရောင်းချမှုအား သိရှိချိန်မှစ၍ ရောင်းချခဲ့သူများအား ရဲစခန်းသို့ တိုင်တန်းခဲ့သည်ဟု ဆိုသည်။ ယင်းလိမ်လည် ရောင်းချသူများထဲမှ ဒေါ်ချိုချိုမြင့်(ခ) ဆွီတီနှင့် ဒေါ်လဲ့လဲ့ဝင်းက ခေါင်းဆောင်ဖြစ်ပြီး ဒေါ်လဲ့လဲ့ဝင်းသည် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဒုဦးစီးမှူးဖြစ်သည်ဟု ဆိုသည်။ ယင်းနှစ်ဦးအပြင် ဒေါ်ယမင်းသောင်း၊ ဒေါ်စန်းသိင်္ဂီ(ခ)မေသူ၊ ဒေါ်သန်းသန်းဝင်း(ခ) မတူး၊ မဝေဇင်အောင်(ခ) ဘုတ်ဆုံတို့လည်း အတူတကွ ပါဝင်သည်ဟု ၎င်းကဆိုသည်။ ယင်းထဲမှ ဒေါ်သန်းသန်းဝင်းသည် ပိုင်ရှင်ဂရန်အတု ဖြစ်သောကြောင့် အပြင်တွင် တကယ်မရှိနိုင်ဘဲ ဒေါ်ချိုချိုမြင့်(ခ)ဆွီတီနှင့် ဒေါ်စန်းသိင်္ဂီသည် အဓိက တရားခံဖြစ်နိုင်ကြောင်း ၎င်းတို့ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကာ မယမင်းသောင်း၊ မလဲ့လဲ့ဝင်း၊ မဝေဇင် အောင်တို့အား လသာရဲစခန်းမှ ခေါ်ယူစစ်ဆေးကာ အာမခံပေးထားသည်ဟု ဆိုသည်။

၎င်းတို့အား လသာရဲစခန်းက ပုဒ်မ ၄၂၀/၄၆၈ ၄၇၁/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။ ယင်းနှင့် ပတ်သက်၍ “ကျွန်တော်က အာမခံပေးတာကို မကျေနပ်ဘူး။ ဒီအတွက် ခရိုင်ကို စာတင် ထားတယ်။ ခရိုင်ကမှ မရရင် တိုင်း၊ ဗဟိုအထိ တက်ဦးမယ်၊ နောက်လူတွေ ကိုယ် လိုမဖြစ်အောင်ဘဲ”ဟု မြေကွက်ဝယ်ယူခဲ့ သူက ပြောသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းအား ဆက်သွယ်မေးမြန်းရာ ““ဒီဖြစ်စဉ်တွေနဲ့ ကျွန်မက ဘာပတ်သက်မှုမှ မရှိဘူး။ ကျွန်မနဲ့မဆိုင်တာကိုလုပ်တဲ့အတွက် တရားစွဲမယ်၊ လောလောဆယ် ၀န်ထမ်းဥပဒေအရ တာဝန်က ခဏရပ်စဲ ထားတယ်။ တရားခံတွေက ထွက်ပြေးနေ တဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းအရ ကျွန်မဘက်က တရားစွဲလို့ မရသေးတာပါ။ ရဲစစ်ချက်ကလည်း ကျွန်မရဲ့ ကိုယ်ရေး အချက်အလက်ကိုရေးပြီး လက်မှတ်ထိုးခိုင်းတာပါ”ဟု ပြောသည်။

အလားတူ မြေဂရန်၊ မှတ်ပုံတင်အတုများဖြင့် လိမ်လည်ရောင်းချမှုများ လတ်တလောတွင် ဖြစ်ရပ် ၄ ခုခန့်ရှိနေ ကြောင်း စုံစမ်းသိရှိနေရသည်ဟု မြေ၀ယ်ခဲ့သူက ပြောကြားသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို ပေါက်တူး အနောင့်ပိုင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာဟာ ဘာသာပြန်နဲ့ ရဲတွေက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အ တွက် ဖြစ်ကြောင်း ဖမ်းဆီး ချုပ်နှောင်ခံနေကြတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့က  မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ထွက်ဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူး သန်းထိုက်အောင်၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ဘာသာပြန် ဦးမိုးဝေ နဲ့ မှတ်တမ်းတင်သူ စောခွန်နောင်ဦးတို့ ပါဝင်တဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဟာ သံသယရှိသူ ၂ ဦးနဲ့ ဒီနေ့ နေ့ခင်း ၁၂ နာရီကနေ ၂ နာရီခွဲထိ တွေ့ဆုံစကား ပြောခွင့်ရခဲ့ပါတယ်။

သူတို့ ၂ ဦးရဲ့ ပြောဆိုချက်တွေဟာ အောက်တိုဘာ ၂၄ ရက်နေ့က မိဘတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တဲ့အတိုင်း ဒီအမှုမှာ သူတို့ပါဝင်ပတ်သက်ခြင်း မရှိဘူး ဆိုတာကို ထပ်လောင်းပြော ဆိုခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“တကယ်ပြောမယ်ဆိုရင် သူတို့လုံးဝသိတဲ့ကိစ္စမဟုတ်ပါဘူး။ ဘာသာပြန်နဲ့ရဲတို့ ပူးပေါင်းပြီး သင်ထားတဲ့အတိုင်း လိုက်လုပ်ရတယ်လို့ ပြောပါတယ်။ ဘာသာပြန်ကပြောပါတယ်။ သရုပ်ပြတဲ့အချိန် မင်းတို့က သူတို့ပြောတဲ့အတိုင်း မြန်မြန်ဆန်ဆန်လုပ်ပြ၊ သတင်းထောက်တွေမေးရင် ဘာမှမပြောရဘူး၊ ပြောရင် မင်းတို့အသေပဲလို့ ပြောထားပါတယ်။”

အထူးသဖြင့် ဗြိတိန်နိုင်ငံသား ၂ ဦးကို ပေါက်တူးနဲ့ သတ်တယ်လို့ ပြောခဲ့တာဟာ သူတို့ခိုင်းတဲ့အတိုင်း ပြောရတာလို့ သွားတွေ့တဲ့အဖွဲ့ထဲ ပါဝင်သူ ဦးကျော်သောင်းက ဖြည့်စွက်ပြောဆိုပါတယ်။

“ကျနော်တို့ ဒီနေ့တွေ့တော့ ‘မင်းတို့ ငါတို့ကို ယုံပြီလား၊ ဒီမှာ မင်းတို့အဖေ၊ အမေ နဲ့ဓာတ်ပုံရိုက်ထားတာ သိပြီလားဆိုတော့ ရတယ်၊ ဦးလေးတဲ့ သိပြီတဲ့။ ကျနော်တို့က သူတို့ကို ကူညီနေတယ်ဆိုတာ သိပြီးနေပြီပေါ့နော်။ ဟုတ်ပြီ ဟေ့ကောင်တွေ ပထမတကြိမ်တုန်းကတော့ ငါမေးတယ်၊ ပေါက်တူးအသွားဘက်မဟုတ်ဘဲ အနောင့်နဲ့ ထုတာ တယောက်နှစ်ချက်ရိုက်တယ်လို့ ပြောတယ်၊ ကျနော်တို့ရိုက်တာက သေလောက်အောင်မဖြစ်ဘူး ပြောတယ်၊ အခု မင်းတို့အမေတို့လာတော့ မသတ်ဘူးလို့ ပြောတယ်။ ငါတို့က ရူးကြောင်မူးကြောင်ဖြစ်နေပြီ။ ဘယ်လိုဖြစ်တာတုန်း’လို့မေးတော့ ‘ဦးလေးတဲ့ အရင်တုန်းကပြောတာကတဲ့ ကျနော်တို့က တရားရုံးမှာကျမှ အမှန်အတိုင်းထွက်ဆိုမယ်၊ ဘယ်သူလာမေးမေး ကျနော်တို့ကိုရိုက်နှက်ထားတဲ့ ပုလိပ်နဲ့ ဘာသာပြန်တွေက မင်းတို့ ဘယ်မီဒီယာကပဲမေးမေး၊ ဘယ်သူပဲလာလာ သတ်တယ်လို့ပဲပြောလို့ ကျနော်တို့ ကြောက်လို့ ဒီအတိုင်းပြောတာပါတဲ့’။

“ဒီနေ့ ဒီချိန်ထိ ကလေးတွေဟာ ကြောက်တဲ့စိတ်ရှိနေသေးတယ်။ ကျနော်တို့က ပြောတာပေါ့နော်၊ ‘ကျနော်တို့မလာဘဲနဲ့ တစုံတယောက် လာမေးတာမြန်းတာရှိရင် မပြောကြနဲ့၊ စာရွက်တွေလာရင် လက်မှတ်မထိုးကြနဲ့’ လို့ ကျနော်တို့က သတိပေးတာပေါ့။ သတိပေးတဲ့အခါမှာ ဇော်လင်းက ဘာပြောလဲဆိုရင် ‘ဦးလေး ကျနော်လက်မှတ်မထိုးလို့ရှိရင် ကျနော် ရိုက်ခံရမှာပေါ့’ တဲ့။ ခုချိန်ထိ ကြောက်စိတ်က မပြေသေးဘူး။ သူတို့နှိပ်စက်ညှဉ်းပန်းခံရတာတွေကို ပြောပြတယ်။ အိတ်စွပ်ပြီးတော့ နှိပ်စက်ညှဉ်းပန်းတာတွေ။”

သူတို့ ၂ ဦးကို ရဲတွေက ၀န်ခံလက်မှတ်ထိုးခိုင်းရာမှာတော့ ထိုင်းစာတွေနဲ့သာ ရေးသားထားပြီး ဘာသာပြန်ပြတာ မရှိဘူးလို့လည်း  သံရုံးအဖွဲ့ကို ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက် ၂ နာရီကျော်လောက်က လူငယ် ၂ ဦးဟာ ဘီယာသောက်ပြီးတာနဲ့ ရေဆင်းကူးခဲ့ကြောင်း၊ ၁၅ မိနစ်လောက်အကြာ ကုန်းပေါ်ပြန်တက်လာတဲ့အခါ ဂစ်တာနဲ့ အင်္ကျီပါ ပျောက်သွားပြီး ရဲတွေက ခေါ်စစ်တဲ့အချိန်ကျမှ တရားခွင်မှာ သူတို့ဂီတာကို ပြန်တွေ့တာလို့ ဆိုပါတယ်။

သူတို့ဟာ အဲဒီနောက်ပိုင်း အဖမ်းမခံရခင်အထိ အလုပ်ကို ပုံမှန်ဆင်းနေခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးကိုလည်း တခါမှ မမြင်ဖူးကြောင်း၊ သတ်တယ်လို့ စွပ်စွဲခံရတော့ တော်တော်အံ့သြမိကြောင်း  ပြောခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒါ့အပြင် ဒီအန်အေ စစ်ရာမှာ ဇော်လင်းကို တံတွေးတခါ၊ ၀င်းဇော်ထွန်းကို တံတွေးတခါ ဆီးတခါပဲ ယူခဲ့တယ်လို့ ဆိုပါတယ်။  သွေးတွေ၊ သုတ်ပိုးတွေမစစ်ဘဲ ဒီအချက်နဲ့တင် တူတယ်လို့ ထိုင်းရဲတွေ ပြောဆိုတာ တခုပဲရှိကြောင်း၊ ဒါကြောင့် အစကတည်းက အမှုတွဲ မခိုင်လုံဘဲ ခုမှပြန်စစ်ခိုင်းကြောင်း ၊ ပြန်စစ်မစစ်ကတော့ လူငယ် ၂ ဦးရဲ့ ရှေ့နေတွေပေါ် မူတည်တယ်လို့ သူကဆက်ပြောပါတယ်။

လူငယ် ၂ ဦးရဲ့ ထွက်ဆိုချက်အားလုံးကို သူတို့ဘက်က ချေပပြောဆိုပေးမယ့် ထိုင်းရှေ့နေများအဖွဲ့ကို တင်ပြမှာဖြစ်ကြောင်း၊ ဒါ့အပြင် လူငယ် ၂ ဦးကို အကြိမ်ကြိမ်မေးမြန်းထားချက်တွေအရ အပြစ်ကင်းစင်တယ်လို့ ယူဆတဲ့အတွက် သူတို့လွတ်ရာလွတ်ကြောင်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအောင်မျိုး သန့်က ဒီဗွီဘီကို ပြောသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69434


ဒီနေ့ ထိပ်သီး ဆွေးနွေးပွဲကို လေးပွင့် ဆိုင်ပုံစံ လိုမျိုး သတ်မှတ်လို့ မရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူး ပြောင်းရေး ဖြစ်စဉ် ညင်သာ ခိုင်မာစွာ ကူးပြောင်း နိုင်ဖို့ အတွက် အစိုးရ၊ လွှတ်တော် ၊ တပ်မတော်နဲ့ နိုင်ငံရေး ပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ မနက်က ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြား လိုက်တာပါ။

“အမေတို့ကတော့ လေးပွင့်ဆိုင်ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဘာမှ ပါတီစွဲနဲ့မဟုတ်ဘူး။ ၀ါဒစွဲကြောင့်လည်း မဟုတ်ဘူး။ လက်တွေ့ကျကျ လိုအပ်တယ်ထင်လို့ပါ။

“တယောက် ၁၀ မိနစ်ပြောပြီးတော့ နောက်ဆုံးရှိသေးလားဆိုတာတော့ အန်တီတို့အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမျိုး မြင်တဲ့ပုံစံတော့ မဟုတ်ပါဘူး။”

အန်အယ်လ်ဒီနာယက သူရ ဦးတင်ဦးကလည်း ဒီနေ့ဆွေးနွေးပွဲကို ကြိုဆိုပေမယ့် အနှစ်သာရက အရေးကြီးကြောင်း ပြောပါတယ်။

ဓအရေးကြီးတာကတော့ အနှစ်သာရက အရေးကြီးတာပဲလေ။ တွေ့ဆုံဆွေးနွေးကြပြီးတဲ့  နောက်ပိုင်း ထွက်လာမယ့်ရလဒ်က ဘာတွေဖြစ်လာမလဲ။ တိုးတက်မှုရှိမလား၊ မရှိလား ဒီအပေါ်မှာ ကြည့်ရမယ်ထင်ပါတယ်။ တွေ့ကြတယ်၊ ပြောကြတယ်၊ ဆိုကြတယ်။ ပြီးတော့လည်း ဘာမှမဖြစ်ဘူး။ အရင်အတိုင်း အရင်အတိုင်းပဲဆိုလည်း  ဘာအဓိပ္ပာယ်ရှိမှာလဲဗျာ။  ပြောဆိုပြီးတိုင်း ပြီးတိုင်းမှာ ပြည်သူလူထုတွေအတွက် လုံခြုံဖို့နဲ့ ပြည်သူ လူထုတွေအားလုံးအတွက် လွတ်လွတ်လပ်လပ်နဲ့ ယုံကြည်စိတ်ချ အထူးသဖြင့် ပြည်သူလူထုမှာ ရသင့်ရရှိထိုက်တဲ့ တရားမျှတမှုရဖို့ ဒီမိုကရေစီအခွင့်လမ်းတွေကို ဘယ်လောက်ခွင့်ပြုပေးသလဲ၊ အဲဒီအပေါ်မှာပဲ မူတည်မှာပဲဗျ။ ကျနော်ကတော့ လက်တွေ့ပဲ၊ ပြောကြဆိုကြ၊ တွေ့ကြပြုကြ၊ ဓာတ်ပုံရိုက်ကြ ဒါတွေကိုတော့ ကြည့်ဆုံးဖြတ်လို့ ရမယ်မဟုတ်ဘူး ထင်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဟာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တောင်းဆိုထားတာပါ။

ဒီနေ့ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ (အန်ဘီအက်ဖ်) ကလည်း ထောက်ခံကြိုဆိုလိုက်ပြီး ဒီကနေတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့  ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69447

ဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့ရသော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ ဇနီးဖြစ်သူ မသန္တာနှင့် ရှေ့နေ ဦးရောဘတ်ဆန်းအောင်၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးဌာနမှ မနီလာသိန်း၊ မမီးမီး တို့သည် ယနေ့ အောက်တိုဘာလ ၃၁ ရက်၊ ၂၀၁၄ ခုနှစ်၊ နေ့လည် ၁း၀၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ တိုင်းကြားရန် သွားရောက်ခဲ့သည်။

ထိုသို့ သွားရောက်တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးအတွင်းသို့ မသန္တာနှင့် အတူလိုက်ပါလာသောသူများ အားလုံးဝင် ရောက်ခွင့်မရရှိပဲ မသန္တာနှင့် အဖော်တစ်ဦးသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြား လာသဖြင့် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ၏ ဇနီးဖြစ်သူ မသန္တာမှ သူမအနေဖြင့် အမှုကိစ္စအမှန်တရားပေါ်ပေါက်ရေးအတွက် လိုက်ပါကူညီဆောင်ရွက်ပေးနေသော ရှေ့နေနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် မနီလာသိန်း၊ မမီးမီး အပါအဝင် ငါးဦးလုံး ဝင်ခွင့်ပေးရန် ညှိနှုင်းပြောကြားရာ ခွင့်ပြုချက်မရသဖြင့် ယနေ့ သောကြာနေ့တွင် တာဝန်ကြသော တိုင်စာဌာန (အမည်မေးမြန်း၍မရ) အမျိုးသမီးအား အားလုံး ဝင်ခွင့်မရလျှင် မဝင်နိုင်တော့ကြောင်း ပြောကြားခဲ့ပြီး နေ့လည် ၂း၃၀ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ ပြန်လာခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ အမှုကိစ္စ အမှန်တရားပေါ်ပေါက်နိုင်ရေးအတွက် သွားရောက် ခဲ့သော မသန္တာနှင့် လိုက်ပါကူညီဆောင်ရွက်ပေးနေသူများအား ဓါတ်ပုံ၊ ဗွီဒီယို မှတ် တမ်းများရိုက်ကူးနေသော အမည်မသိအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ အုပ်စုလိုက် အစစ်အဆေးမရှိ ဝင်ရောက် ခွင့်ရနေသည်ကို တွေ့ခဲ့ရသည်။

The 88 Generation Peace and Open Society