11/02/14

ရန်ကုန်(မဇ္ဈိမ)။ ။ အစိုးရတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်း ကို ယခုလ ၅ရက်တွင် ပြန် လည်တူးဖော် မည်   ဖြစ်သောကြောင့် မတူးဖော်မီတစ်ရက်အလိုတွင် ကျိုက်မရောမြို့မ ရဲစခန်းသို့ လာရောက်ရန် သေဆုံးသူ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာကို နိုဝင်ဘာ၂ရက်နေ့ ရက်စွဲဖြင့် ရဲစခန်း က ဆင့်ခေါ်လိုက်သည်။
Par-Gyi
ကိုပါကြီး၏ အလောင်းအား မြေမြုပ်ထားသည့် ရွှေဝါချောင်းကျေးရွာသို့ နိုဝင်ဘာ ၅ရက်တွင် သွားရောက်တူးဖော်မည်ဖြစ်သည့်အတွက် လိုအပ်ချက်များ၊ ဖြည့် စွက်စစ်ဆေးမှုများ စစ်ဆေးနိုင်ရေးအတွက် စခန်းသို့ လာရောက် ရန် အကြောင်းကြားစာတွင် ရေးသားထားသည်။

ကိုပါကြီးသည် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် DKBA အဖွဲ့၏ ကလို့ ထူးဘော ကရင်အစည်းအရုံး (KKO) စောဆန်း အောင်အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန် ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားက ပစ် ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကိုပါကြီးသေဆုံးမှုကို အမျိုးသားလူ့အခွင့် အရေးကော်မရှင်က စတင်စစ်ဆေးနေပြီး မွန်ပြည်နယ်သို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်နေပြီဟု ကော်မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က နိုဝင်ဘာ ၂ ရက် တွင် မဇ္စျိမကိုပြောသည်။

မဇ္ဈိမသတင်းဌာန 

“ ပွင့်လင်းလူ့အဖွဲ့အစည်းတွေအားကောင်းလါရင် အာဏာရှင်စနစ်မုချကျဆုံးမယ် ”

မြန်မာ့တပ်မတော်ဟာ…၁၉၆၂ ခုနှစ်ကစလို့  ဒီနေ့ အချိန်ထိ တိုင်းသူပြည်သားတွေကို…ကာကွယ် စောင့်ရှောက်ဖို့ အကြိမ်ကြိမ်ပျက်ကွက်ခဲ့တယ်။ ပြည်သူတွေဘက်ကရပ်တည်ရမဲ့အစား…စစ်အာဏာရှင်တွေ အကျိုးအတွက်…မိဘပြည်သူတွေကိုရက်စက်ကြမ်းကျုတ်စွာ အကြိမ်ကြိမ်သတ်ဖြတ်အနိုင်ကျင့်ဗိုလ်ကျခဲ့တာ… သမိုင်းမှာ..အထင်အရှားမော်ကွန်းထိုးရစ်ခဲ့တယ်။
ဒါကြောင့်လည်းပြည်သူ့ တပ်မတော်ဘ၀ကနေ…သူတို့ ဆွေမျိုးအသိုင်းအ၀ိုင်းမှအပ… ဘယ်သူမှပန်းကုံး မစွပ်ခြင်တော့အောင်…အော့နှလုံးနာတဲ့ ပြည်သူ့ ချဉ်ဖတ်တပ်မတော်၊ အာဏာရှင်ခါးပိုက်ဆောင်တပ် ဘ၀ကိုလျှောကျသက်ဆင်းလို့ ပြည်သူအများစုရဲ့အမုန်းခံဘ၀ရောက်ခဲ့ရတာဖြစ်တယ်။
တို့ ပြည်သူတွေဟာ…မိဘပြည်သူတွေရဲ့သားသမီးတွေနဲ့ ဖွဲ့ စည်းထားတဲ့ ဖြစ်တဲ့တပ်မတော်ကို…ပြည်သူတွေရဲ့ အကျိုးစီးပွားကိုဦးထိပ်ထားဖို့ ပြည်သူတွေရဲ့ဆန္ဒကိုဖြည့်ဆီးပေးဖို့ …. အကြိမ်ကြိမ်အခါခါဖိတ်ခေါ်ခဲ့သလို အကြိမ်ကြိမ်အခါခါလည်း မျှော်လင့်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့…..မိဘပြည်သူတွေရဲ့ဆန္ဒဟာ မပြည့်ဝခဲ့ပါဘူး။

လက်ရှိတပ်မတော်ဟာ လက်တဆုပ်စာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတချို့ထံသစ္စာခံလို့ ကျေးဇူးမသိတတ်တဲ့.. သားသမီးဆိုးထက်ပိုဆိုးဝါးတဲ့ မိဘကိုသတ်ဖြတ်ရဲတဲ့ အပါယ်လားမဲ့ သားဆိုးသားမိုက်တွေဘ၀ကိုရောက်နေ ခဲ့တာဘယ်သူမှမငြင်းနိုင်တဲ့အခြေအနေရောက်ခဲ့ပြီ။

အခုလည်း မိဘပြည်သူတွေရဲ့ဆန္ဒဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို.. ဗြောင်ငြင်းပယ်လါပြန်ပါပြီ။ ဒီကိစ္စဟာ.. နိုင်ငံတော်အာဏာကို…ဓါးမြတိုက်သလိုလုယူထားတဲ့ကိစ္စပါ။ ဒီကိစ္စဟာ...တိုင်းပြည်ရဲ့အနာဂါတ်ကိုလုယူ ဖျက်ဆီးနေတဲ့ကိစ္စပါ။ ဒီကိစ္စဟာ..တိုင်းပြည်ဘဏ္ဍာတွေကို မတရားသဖြင့်ခိုးယူစံစားနေတဲ့ လူ့ ဂျပိုးစစ်ဂျပိုး မြန်မာပြည်လူဦးရေ (၁၀) ရာခိုင်နှုန်းနဲ့ အဖိနှိပ်ခံဆင်းရဲသား မြန်မာပြည်လူဦးရေ (၉၀)ရာခိုင်နှုန်းရဲ့ အကျိုးစီးပွားနဲ့ ဘ၀လုံခြုံမှု့ဆိုင်ရာပြသနာကိစ္စကြီးပါ။

လွှတ်တော်ထဲက (၂၅) ရာခိုင်နှုန်းသော တပ်မတော်သားအမတ်တွေဟာ နောက်ထပ်သမိုင်းဆိုးသမိုင်းညစ်ကို ပြည်သူတွေရဲ့ဘ၀တွေစတေးလို့ ထပ်ရေးကြအုံးမှာလား ။ သေခြာတာတခုကတော့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံ ဥပဒေအောက်မှာ တပ်မတော်သားအမတ်တွေအပါအ၀င် ဘယ်သူ့ ရဲ့ဘ၀မှမလုံခြုံဘူးဆိုတာပါဘဲ။ ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီရဘို့ ၊ ဥပဒေအထက်မှာ..ဘယ်သူမှ မရှိစေဘို့ ၊ တရားဥပဒေစိုးမိုးမှု့ အပြည့်ရှိနိုင်ဘို့ ၊ ကိုယ့်အခွင့်အရေးကိုယ် နောက်ဆံမငင်ဘဲ လွတ်လွတ် လပ်လပ် ခံစားနိုင်ဘို့ ...(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အမြစ်ကလှန်တူးထုတ်ပစ်ဖို့  မြန်မာနိုင်ငံသားတိုင်း ရဲရဲရင့်ရင့် တောင်းဆို ရယူကြဖို့  ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဒီနေရာမှာ ဆရာဒဂုန်တာရာရဲ့ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်းဘဲဆိုတာကို သဘောကျတယ် ။ မိတ်ဆွေဖြစ်အောင် လုပ်တယ်ဆိုလို့  ကိုယ့်ရဲ့ယုံကြည်မှု့တွေကိုတန်ဘိုးချပြီး၊ သူတို့ကို အလျှော့ပေးပေါင်း ဒူးထောက်အညံ့ခံဖို့ကိုမဆိုလိုဘူး ။ ရန်သူကို မိမိဖြစ်စေခြင်တဲ့ မှန်ကန်တဲ့ လမ်းပေါ် မလျှောက်ခြင်လည်း လျှောက်လါအောင် အခြေအနေတွေဖန်တီးဆောင်ရွက် ခြင်းဟာ နိုင်ငံရေးလို့ နားလည်ပါတယ် ။

ကဗျာဆရာ မောင်ချောနွယ်ပြောတဲ့ ကိုယ့်မှာ မေးရိုးမရှိဘဲ သူများကို လက်သီးနဲ့ထိုးခြင်သူတွေကို မေးရိုးရှိခြင်လါအောင် မေးရိုးမရှိတာ ရှက်စရာကိစ္စကြီးဆိုတာ ခံစားမိလါအောင် မေးရိုးရှိတဲ့ဝန်းကျင်ကို ဖန်တီးခြင်းဟာ နိုင်ငံရေးပါဘဲ ။

ဒါကို လုပ်နိုင်တဲ့နည်းလမ်း (၂) လမ်းရှိပါတယ် ။ လွှတ်တော်တွင်းနိုင်ငံရေးနဲ့လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားမှု့တွေပါဘဲ ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ကိုမင်းကိုနိုင် တို့ ၈၈ မျိုးဆက် အပါအ၀င် သမိုင်းအဆက်ဆက်ကျောင်းသားလူငယ်တွေ အညတြအာဇာနည် မိဘပြည်သူ တွေရဲ့ မတရားမှု့ကိုဆန့် ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု့ အားလုံးဟာ လွှတ်တော်တွင်းနိုင်ငံရေးနဲ့လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှု့တွေထဲမှာအကျုံးဝင်ပါတယ်။
နိုင်ငံသားတဦးခြင်း မေးရိုးရှိလါအောင် မိမိနီးစပ်ရာ ဝန်းကျင်မှာ နိုင်ငံရေးမျက်စိဖွင့်ပေးခြင်းနဲ့ ကျွန်တော် တို့အားလုံးကိုယ်စီတာဝန်ယူနိုင်ပါတယ်။ လူတိုင်း လူတိုင်း မတရားမှု့ လုပ်ရမှာကို ရှက်တတ်လာအောင်၊ လာဘ်ပေးလာဘ်ယူလုပ်ရမှာ ရှက်တတ်လာအောင၊် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားပြုတာကို ရှက်တတ်လာ အောင်၊ အာဏာမဲ့ပြည်သူတွေကိုဗိုလ်ကျအနိုင်ကျင့်တာကိုရှက်တတ်လာအောင် အားလုံးကပြတ်ပြတ်သားသား ၀ိုင်းဝန်းဆန့်ကျင်ရှုံ့ချအပြစ်ပေးကြဖို့ လိုပါတယ်။
ဗြဟ္မစိုရ်တရားကိုကျင့်သုံးတဲ့ ဟီရိသြတပ္ပတရားကိုအလေးထားတဲ့ စာရိတ္တသီလနဲ့ ဝါရိတတ္တသီလကို စောင့်ထိန်းတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတွေအားကောင်းလါရင် အာဏာရှင်စနစ်ကျဆုံးသွားမှာ မုချဧကန် အမှန်ဖြစ်ပါကြောင်း ။

လေးစားစွာဖြင့်
မင်းကောင်းချစ်
နိုဝင်ဘာလ ( ၁) ရက် ၂၀၁၄ ခုနှစ်


ဦးဝင်းတင်ရဲ့ ဂူဗိမာန်မှာ ဂါရဝပြုနေတဲ့ အလွတ်တန်း သတင်းထောက် ကိုပါကြီး။ (ဓာတ်ပုံ/အောင်ဆန်းသွေး)

အလွတ်တမ်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှန်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဆောင်တဲ့ အထူးစုံစမ်းရေး အဖွဲ့ အမှုဖြစ်ပွား ခဲ့ရာ မွန်ပြည်နယ်ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ အထူး အစီရင်ခံ စာကို နိုင်ငံတော် သမ္မတဆီ တိုက်ရိုက်ပေးပို့ တင်ပြရမှာ ဖြစ်ပါတယ်။ ကိုပါကြီးရဲ့ ကျန်ရစ်မိသားစုဝင်ကို လည်း သက်သေ ထွက်ဆို ချက်ပေးဖို့ လူ့အခွင့်အရေး ကော်မရှင်က ဖိတ်ခေါ်ခဲ့ချိန် အဆင်မပြေမှုတွေ ဖြစ်ခဲ့ပေမဲ့ အမှုပြီးဆုံးတဲ့အထိ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ကျန်ရစ်သူဇနီး၊ အမှုလိုက်ရှေ့နေတို့ကို ဆက်သွယ်မေးမြန်းပြီး အမှုနောက်ဆုံးရ အခြေအနေ မဆုမွန် စုစည်း တင်ပြပေးထားပါတယ်။

ကိုအောင်ကျော်နိုင်ခေါ် ကိုပါကြီး သေဆုံးမှုကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ပေါ်မူတည်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ စုံစမ်းစစ်ဆေးဖို့နဲ့  အထူးအစီရင်ခံစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဆီ အမြန်ဆုံး တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အောက်တိုဘာလ ၃၀ ရက်နေ့က ညွှန်ကြားချက် ထုတ်လိုက်တာပါ။ ဒါကြောင့်မို့လို့ အမှုဖြစ်စဉ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ မှုခင်းဖြစ်ပွားရာ မွန်ပြည်နယ်ကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ ရောက်ရှိနေကြပြီ လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က VOA ကို ပြောပါတယ်။

“ကျနော်ဦးစီးတဲ့ ကော်မရှင်လူကြီး သုံးဦးပါအဖွဲ့ အခု မော်လမြိုင်ကိုရောက်နေတာပေါ့ဗျာ၊ မော်လမြိုင်ကိုရောက်နေပြီး မနက်ဖြန်ကစပြီးတော့ သက်သေထွက်ဆိုချက်တွေကို ကျနော်တို့ စစ်ဆေးပါမယ်။ သက်သေထွက်ဆိုချက်တွေကတော့ သက်ဆိုင်တဲ့ နယ်ဘက်၊ စစ်ဘက် တာဝန်ရှိပုဂ္ဂိုလ်တွေပေါ့လေ၊ ဖြစ်စဉ်နဲ့ဆက်စပ်တဲ့ ရဲတပ်ဖွဲ့အုပ်ချုပ်ရေးပိုင်းကအဖွဲ့တွေကို ကျနော်တို့ စစ်ဆေးပါ့မယ်၊ ဖြစ်စဉ်နဲ့ပတ်သက်တာတွေ။”

မေး။    ။ တကယ်လို့ ဆရာတို့ အကုန်လုံး စုံစမ်းစစ်ဆေးပြီးသွားလို့ရှိရင် သမ္မတကို ပြန်ပြီးတင်ရမှာပါလား၊ ဆရာတို့ ဘာဆက်လုပ်မှာပါလဲရှင့်။

“အဲဒါကတော့ ကျနော်တို့ ဥပဒေအရကိုက လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးတာတွေကို နိုင်ငံတော် သမ္မတကို တင်ပြရမယ်ဆိုတာ ပါပါတယ်။ နိုင်ငံတော်သမ္မတကို တင်ပြတယ်ဆိုတာက အဓိက-က နိုင်ငံတော်သမ္မတကတဆင့် သက်ဆိုင်တဲ့အဖွဲ့အစည်းကနေ ဆက်လက် ဆောင်ရွက်ဖို့ ညွှန်ကြားမှုတွေ၊ အကြောင်းကြားမှုတွေ ပါဝင်ပါတယ်။ သမ္မတကို အစီရင်ခံတာလည်း ပါတယ်။ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းတွေက ဆက်လက်ဆောင်ရွက်ဖို့အတွက်လည်း ဆောင်ရွက်ပေးဖို့ ကျနော်က တင်ပြတဲ့သဘော ပါပါတယ်။”

တပြိုင်နက်တည်းမှာပဲ ကိုပါကြီးရဲ့ကျန်ရစ်သူဇနီးကိုလည်း သက်သေထွက်ဆိုချက်ပေးနိုင်ဖို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတွေက ဆင့်ခေါ်ခဲ့ပါတယ်။ ခေါ်ယူလို့ သွားရောက်ခဲ့ပေမယ့် လိုက်ပါသွားတဲ့သူ အရေအတွက်ကန့်သတ်မှုကြောင့် တာဝန်ရှိသူတွေနဲ့ မတွေ့ဖြစ်ခဲ့တဲ့အကြောင်းနဲ့ အမှုမှန်ပေါ်ပေါက်ရေး မိသားစုက အစွမ်းကုန်ကြိုးစားသွားမှာဖြစ်တယ်လို့လည်း ကျန်ရစ်သူဇနီးမသန္တာက ဗွီအိုအေကို ပြောပါတယ်။

“တရားဝင် စာရွက်စာတမ်းနဲ့ခေါ်တာ မဟုတ်ဘူး။ အမသွားတဲ့အခါကျတော့ အမ ရှေ့နေ ဦးရောဘတ်စန်းအောင်ပါတယ်။ အမရဲ့ အကြံပေးအဖော် ပေါ့နော်၊ ၈၈ မျိုးဆက်က မနီလာသိန်းနဲ့ မီးမီး၊ အမသူငယ်ချင်းတွေလည်းဖြစ်တယ်။ သူတို့ နှစ်ယောက်လည်းပါတယ်။ သူတို့က နှစ်ယောက်ပဲ ပေးဝင်တယ်။ အမနဲ့ ကျန်တဲ့နောက်တစ်ယောက်ပဲ ပေးဝင်မယ်ဆိုလို့ အမတို့ ဝင်ခွင့်မရဘူးလေ။ အဲဒါကြောင့် မဝင်တာ၊ လူ့အခွင့်အရေး ကော်မရှင်- လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရားမျှတဖို့၊ လွတ်လပ်ပွင့်လင်းဖို့၊ ပွင့်လင်းမြင်သာရှိဖို့တော့ လိုတယ်ပေါ့နော်။ ဘယ်ဘက်ကမှ မလိုက်တဲ့ ကြားနေအဖွဲ့အစည်းဖြစ်ဖို့ လိုတယ်။ ဒီလို ကန့်သတ်တာမျိုးတော့ မဖြစ်ဖို့လိုတယ်။”

လူ့အခွင့်အရေးကော်မရှင်ရုံးကို မသန္တာနဲ့အတူ လိုက်ပါသွားခဲ့တဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က နိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေး၊ လူ့အခွင့်အရေးကို အလေးအနက်ထားပြီး အမှုမှန်ပေါ်ပေါက်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးဖို့ ပြောဆိုပါတယ်။

“ကျနော့အနေနဲ့ မြင်တာကတော့ မသန္တာက သူ့ယောက်ကျားအကြောင်းကို ပြောနေတိုင်း မျက်ရည်ကျပြီး ငိုတယ်။ နောက်ပြီးတော့ သူ့အနေနဲ့ ---- မပြောတတ်၊ မဆိုတတ်မှာကို သူ အလွန်စိုးရိမ်တယ်။ အဲဒီလို မပြောတတ်၊ မဆိုတတ်လို့ရှိရင် အမှန်တရားကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရှာဖွေတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်မှာစိုးလို့ သူက ကျနော်တို့တွေ အပါအဝင် သူနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ကြတဲ့ မနီလာသိန်းတို့ မမီးမီးတို့ကိုပါ သူခေါ်ချင်တာ။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ ကျနော်တို့ မအောင်မြင်ဘဲနဲ့ ပြန်လာခဲ့ရပါတယ်။”

သက်သေထွက်ဆိုချက်ပေးဖို့အရေးမှာ နှစ်ဘက် အဆင်မပြေမှုတွေဖြစ်ခဲ့ပေမယ့်လို့ ကျန်ရစ်သူမိသားစုနဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ဆီက ကော်မရှင်အဖွဲ့ဝင်လူကြီး ဦးဇော်ဝင်း - သူ ဆောင်ရွက်တာပေါ့ဗျာ။ အမှန်ကတော့ ကိုပါကြီးရဲ့ဇနီးကို သက်သေ ထွက်ဆိုချက် အခွင့်အရေးပေးတာပေါ့ဗျာ။ သို့သော်လည်း သူက လာတဲ့အခါကျတော့ အားလုံးရှေ့နေတွေရော၊ ဒိပြင် အဖွဲ့အစည်းတွေရော တော်တော် များများပါလာတယ်၊ ပါလာပြီးတော့ သူတို့က အားလုံးဝင်မယ်ဆိုပြီးတော့ ဖြစ်တယ်လေ၊ သက်သေဆိုတာကတော့ သက်သေ တစ်ဦးချင်းပဲ ဝင်ရတာ ပဲလေ။ ထွက်ဆိုချက်ယူတာကတော့ ကာယကံရှင်ရဲ့ သတင်းပိုင်းဆိုင်ရာ လုံခြုံရေး၊ ဂုဏ်သိက္ခာဆိုင်ရာလုံခြုံရေးဆိုတာ ရှိတယ်လေ။ ကျနော်တို့လုပ်နေတဲ့ လုပ်ငန်းစနစ်အတိုင်းပဲ သက်သေထွက်ဆိုချက်ယူမယ်၊ လိုအပ်ရင် အမျိုးသမီး အဖော်တစ်ဦးဝင်ခွင့်ပြုမယ်၊ ဒါပေမယ့် ပါတဲ့အဖွဲ့တွေက သူတို့ပါ အကုန်ဝင်မယ်ဆိုတော့ ဒီဥစ္စာကတော့ သဘာဝမဟုတ်ဘူးလေ၊ ကျန်တာ သက်သေလည်းမဟုတ်ဘူးဆိုတော့ အဲဒါ သူတို့ကို ဝင်ခွင့်မပြုလို့ဆိုပြီး ပြန်သွားတယ်လို့ ကျနော် သိရတာပေါ့လေ။ ဒါပေမယ့်လို့ ဒေါ်သန္တာအနေနဲ့ကတော့ သက်သေထွက်ဆိုဖို့တော့ သူ အခွင့်အရေး မဆုံးရှုံးပါဘူး။ ဒီကိစ္စမပြီးမချင်း သူ့ကိုလည်း ကျနော်တို့ ဖွင့်ထားပေးမှာပါ။ အချိန်မရွေး လာပြီးတော့ ထွက်ဆိုချက်ပေးနိုင်တယ်။ နောက် ရေးသားထွက်ဆိုချက်လည်း ပေးနိုင်တယ်ဆိုတာ ဖွင့်ထားပေးပါတယ်။”

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အလွတ်သတင်းထောက် ကိုပါကြီး အခုလို အသတ်ခံရမှုကို ထောက်ပြပြီး မြန်မာနိုင်ငံအတွင်း တရားလက်လွတ်ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေတုန်းပဲလို့ ထောက်ပြပြောဆိုသွားသလို ဒီ သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့၊ ဒီအပေါ် ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/murduer-of-ko-pargyi-case-investigation-begins-at-mawla-myaing-/2504506.html

 
မြန်မာနိုင်ငံမှာ ကုန်သွယ်ရေး ကဏ္ဍဍ မြင့်တက် ခဲ့ပေမယ့် ဖြေရှင်းစရာ ပြဿနာတွေ ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ဖို့ သင့်တော်မှု ရှိ မရှိ စစ်တမ်း ကောက်ယူပြီး ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ရာ မှာ မြန်မာ နိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ အဆင့် မှာသာ ရှိနေ ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် အစီရင် ခံစာထဲက အဆင့် သတ်မှတ်ချက် ထက် တဆင့် တက်လာတာ ဖြစ်ပြီး၊ သွင်းကုန် ထုတ်ကုန် ကုန်သွယ်ရေး ကဏ္ဍဍတွေမှာ တိုးတက်မှု တွေ ရှိခဲ့တယ် လို့ ဖော်ပြ ထားပါတယ်။

မြန်မာ ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာဖို့ အတွက် ဘဏ်ချေးငွေ လွယ်လွယ်ကူကူ ရရှိရေး၊ မြေယာနဲ့ လျှပ်စစ် ဓာတ်အား ပြသနာ၊ ကျွမ်းကျင်လုပ်သား ရှားပါးတာ စတဲ့ အခက် အခဲတွေ ကို ဖြေရှင်းဖို့ လိုနေသေး တယ် လို့လည်း အစီရင် ခံစာထဲ မှာ ဖော်ပြ ထားပါသေး တယ်။

ကမ္ဘာ့ဘဏ် စစ်တမ်းထဲ မှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ ရဲ့ သုံးဆယ် ရာခိုင်နှုန်းပဲ ဘဏ်စာရင်း ဖွင့်လှစ် ထားတာကို တွေ့ရပြီး၊ ဒါဟာ ဒေသတွင်း မှာ အနည်းဆုံး ဖြစ်တယ် လို့ အစီရင်ခံစာ မှာ နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံရဲ့ ကုန်သွယ်ရေး ကဏ္ဍဍ မြှင့်တင်ဖို့ အတွက် ကုန်သွယ်ခွန် တွေ လျှော့ပေါ့ ပေးတာမျိုး၊ လိုင်စင် လျှောက်ထား စရာ မလိုတဲ့ ကုန် ပစ္စည်း အမျိုး အစားတွေ သတ်မှတ် ပေးတာမျိုး တွေ လုပ်ပေး ခဲ့တယ် ဆိုပြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန က ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြင့် က ဘီဘီစီကို ပြောပါတယ်။

ဥပဒေပိုင်း ဆိုင်ရာ ပြောင်းလဲဖို့ လိုအပ်တဲ့ နေရာတွေမှာ အဆင့်ဆင့် လုပ်ဆောင်ရတဲ့ အတွက် ကြန့်ကြာ တတ်တာမျိုး တော့ ရှိကြောင်း လည်း ဦးဝင်းမြင့် က ဆိုပါတယ်။

အခု‘စီးပွားရေး လုပ်ကိုင် ဆောင်ရွက်ခြင်း ၂၀၁၅’ ကမ္ဘာ့ဘဏ် အစီရင် ခံစာမှာ စင်္က࿿ာပူ နိုင်ငံ က အဆင့် ၁ ချိတ်ပြီး၊ အိမ်နီးချင်း ဘင်္ဂ္လားဒေ့ရှ်က အဆင့် ၁၇၃ နဲ့ မြန်မာနိုင်ငံ ရဲ့ အပေါ်မှာ ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်အုပ်စု အနေနဲ့ မြန်မာနိုင်ငံ မှာ ရင်းနှီး မြှပ်နှံမှုနဲ့ သက်ဆိုင်တဲ့ လေ့လာ ဆန်းစစ်မှုတွေ ကိုလည်း ပြုလုပ်နေပြီး အဲဒါနဲ့ ပက်သက်တဲ့ အစီရင်ခံစာ ကို နောက်နှစ်ဆန်း မှာ ထုတ်ပြန် သွားဖို့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141101_worldbank_report_doingbusiness

 
 ဒဏ်ရာရသူ တဦး - ဓါတ်ပုံ - Ko San Win

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ မနေ့ညက အမှတ် ၄၂၄ ခြေမြန်တပ်ရင်းက စစ်သား ၄၀ လောက်က မြို့ထဲမှာ ရိုက်နှက်ခဲ့တဲ့အတွက် လူတစ်ချို့ ဒဏ်ရာရခဲ့ပြီး ၃ ယောက်က ဆီဆိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မျက်မြင်တွေကက ပြောပါတယ်။

မနေ့ည ကိုးနာရီခွဲလောက်က ဆီဆိုင်မြို့လယ်ခေါင်က မိုးပြာတည်းခိုခန်းအနီးမှာ စစ်သားတွေက လမ်းပေါ်မှာ တွေ့တဲ့သူတွေကို ရိုက်နှက်ခဲ့သလို တစ်ချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲစခန်းမှာ ပို့ထားခဲ့ကြောင်း သိရပါတယ်။

ရိုက်နှက်တဲ့စစ်သားတွေဟာ တုတ်တွေ၊ ဓါးတွေအပြင် သေနတ်တွေလည်း ကိုင်ဆောင်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။ ရဲစခန်းကို အပို့ခံရပြီး နေအိမ်ပြန်ရောက်လာသူတစ်ဦး သေဆုံးတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တပ်မတော်သား ၄၀ လောက်က ဆီဆိုင်မြို့ထဲမှာ ဘာကြောင့် အဲဒီလို ရိုက်နှက်ခဲ့တာလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

 
IS စစ်သွေးကြွတွေနဲ့လွတ်ရာ ထွက်ပြေးကြသူ အီရတ်ပြည်သူတချို့။

အီရတ်နိုင်ငံမှာ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့က သူ့ကို ခုခံသူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေရာမှာ Anbar ခရိုင်မှာတော့ ဒေသခံ တိုင်းရင်းသား အနည်းဆုံး  ၅၀ ကျော်ကို ကွပ်မျက်ပစ်ခဲ့ပါတယ်။ အဲဒီဒေသက Albu Nimr ဆူနီမွတ်ဆလင်တွေကို သောကြာနေ့က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအရင် ရက်သိပ်မကြာခင်တုန်းကလည်း မြို့တော် Baghdad အနောက်ဘက်က IS အစ္စလာမ်စစ်သွေးကြွတွေသိမ်းခဲ့တဲ့  Ramadi မြို့နားမှာ လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားတာကို တွေ့ခဲ့ရပြီး မြှုပ်နှံထားတဲ့အလောင်း  ၁၅၀ ကျော်ဟာ အဲဒီတိုင်းရင်းသားတွေဖြစ်ကြောင်း အီရတ် အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တဲ့ အဲဒီမြို့နားမှာပဲ နောက်ထပ် အလောင်း ၇၀ ကျော်လောက် ပစ်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ကို ခုခံတိုက်ခိုက်သူမှန်သမျှ အခုလို ကွပ်မျက်အပြစ်ပေးတာကို ခံရမယ်လို့ အဖွဲ့ဝင်တယောက်ကပြောကြောင်း မျက်မြင် သက်သေတဦးက ပြောပါတယ်။  ဒီ IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ဝင်တွေဟာလည်း  ဆူနီမူဆလင်တွေ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/islamic-states-kills-at-least-50-more-members-of-iraqi-tribe-/2504779.html

 
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသားတွေ အသုတ်လိုက် လွှတ်ပေးခဲ့

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းတို့ တင်ပြထားတဲ့ ၂၀၁၃ခုနှစ်အတွင်း နောက်ဆုံး ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား ၃၀ စာရင်းထဲက ၃ဦး ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ ကျန်တဲ့ ၂၇ဦးဟာ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ပဲ တခြားပြစ်မှု ကျူးလွန်သူတွေ ဖြစ်ကြောင်း ဒီကနေ့ စနေနေ့ထုတ် သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ လုပ်ငန်း ကော်မီတီဝင် ကိုတိုးကျော်လှိုင်ကတော့ အဲဒီ အကျဉ်းသားတွေဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုထိန်းသိမ်းခံထားရဆဲ အကျဉ်းသား ၂၇ဦးထဲမှာ အများစုဟာ တိုင်းရင်းသားတွေ ဖြစ်ပြီး သံသယတွေနဲ့ ဆက်ထိန်းသိမ်းထားတယ် ဆိုတာကို ဖြစ်စဉ်တွေ အရ ပြောနိုင်တယ်လို့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

အခုလို သတင်း ထုတ်ပြန်တာဟာ အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ်မှာ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့ဘူး ဆိုတာကို ပြချင်တဲ့ သဘောလို့ ယူဆရကြောင်းလည်း သူက ပြောပါတယ်။

၂၀၁၄ခုနှစ် အတွင်းမှာလည်း ပုဒ်မ ၁၈နဲ့ ဖြစ်ဖြစ်၊ ၅၀၅( ခ ) နဲ့ ဖြစ်ဖြစ်၊ လယ်သိမ်း မြေသိမ်းခံရလို့ ဆန္ဒ ထုတ်ဖော်တာပဲ ဖြစ်ဖြစ်၊ လယ်သမား အလုပ်သမား အရေး လှုပ်ရှားလို့ ဖြစ်ဖြစ် ဖမ်းဆီး ထိန်းသိမ်းခံရမှုတွေ ဆက်ရှိနေရာမှာ လောလောဆယ် ၁၀ဝ ဝန်းကျင်လောက် ရှိနေပြီး အဲဒီလူတွေ အားလုံးဟာ နိုင်ငံရေး အကျဉ်းသား တွေ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ လုပ်ငန်း ကော်မီတီဝင် ကိုတိုးကျော်လှိုင် က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141101_political_prisoners_aapp_fpp

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ပြုလုပ်မယ့် ဝတ်ပြုဆုတောင်းပွဲ မတိုင်မီ ဦးဆောင်သူတွေ မသိရဘဲ “အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန် ဖော်ထုတ်ပေး” ဗွီနိုင်းပိုစတာ တခု စိုက်ထူတာကို နိုဝင်ဘာ ၁ ရက်နေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။

ဦးပါရဲဘုရား တာကြီးလမ်း ကုန်းအဆင်း အဆွေတော်လက်ဖက်ရည်ဆိုင်အနီးမှာ အဲဒီပိုစတာကို စိုက်ထူထားတာ ဖြစ်ပြီး ဟင်္သာတက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းကတော့ သူတို့ ဆောင်ရွက်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဝတ်ပြုဆုတောင်းပွဲမှာ အသုံးပြုမယ့် စာသားတွေ မဟုတ်တဲ့အပြင် ဘယ်သူက ဘာရည်ရွက်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိဘူးလို့ ဆိုပါတယ်။

အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ဖို့ ဟင်္သာတမြို့ ဦးပါရဲစေတီတော်မှာ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ဟင်္သာတက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက တရားဝင် ခွင့်ပြုချက်ရယူခဲ့တာ ဖြစ်ပြီး ဒီပိုစတာကိုတော့ မနက်ပိုင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုပါကြီး သေဆုံးတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတစောင် အမြန်တင်ပေးဖို့ သမ္မတရုံးက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို မနေ့က ညွှန်ကြားထားပါတယ်။

DVB
http://burmese.dvb.no/archives/69528

မန္တလေး၊ အောက်တိုဘာ ၃၁

အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဇူလိုင် ၃၁ရက်က အတည်ပြုလိုက်ခြင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (မန္တလေးခရိုင်) မှ ကျောင်းသား၊ ကျောင်းသူအဖွဲ့ဝင် များက အောက်တိုဘာ ၃၁ရက် နံနက် ၉နာရီတွင် မန္တလေးမြို့ ၃၁လမ်း၊ ၈၄ လမ်းထောင့်ရှိ ဓမ္မသာလခန်းမရှေ့၌ စုဝေး၍ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

''အမျိုးသားပညာရေးဥပဒေမူ ကြမ်းအတွင်းမှ အချက်ကိုးချက်ကို ကန့်ကွက်ခြင်းဖြစ်ပါတယ်။ အခုရေး ဆွဲနေတဲ့ဥပဒေမူကြမ်းကို လုံးဝလက် မခံနိုင်ပါဘူး။ အဲဒီဥပဒေမူကြမ်းက လူတိုင်း အကျုံးဝင်ပညာရေးနဲ့ ဆန့် ကျင်တဲ့အချက်တွေ ပါဝင်နေတဲ့အ တွက် ပြန်လည်ပြင်ဆင်သင့်ပါတယ်။ တိုင်းရင်းသားဘာသာစကားတစ်ခုခု ကို သင်ကြားရေးမဏ္ဍိုင်အဖြစ်သတ် မှတ်ပေးသင့်ပါတယ်''ဟု မန္တလေး ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြော သည်။

ယခုလို အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဗက သများအဖွဲ့ချုပ်မှ မန္တလေးခရိုင်အ တွင်း ရတနာပုံကျောင်းဝင်းအတွင်း နှင့်အနီးဝန်းကျင်တွင် နှစ်ကြိမ်ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီး မန္တလေးမြို့ပေါ် တွင် ဆန္ဒထုတ်ဖော်ခြင်းမှာ ပထမ ဆုံးအကြိမ်ဖြစ်သည်။ မန္တလေးမြို့ တွင် အဆိုပါဆန္ဒပြခြင်းသည် ခွင့်ပြု ချက်တောင်းခံခဲ့ခြင်းမရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းကြောင့် သက်ဆိုင် ရာမှ လာရောက်ညှိနှိုင်းခဲ့သော် လည်း ဆက်လက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ရက်နေ့က ရန်ကုန်မြို့တွင်လည်း နိုင်ငံလုံးဆိုင် ရာ ကျောင်းသားထု အရေးပေါ်အ စည်းအဝေးကျင်းပခဲ့ပြီး သဘော ထားတစ်ရပ် ထုတ်ပြန်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် မန္တလေး မြို့ ၈၄လမ်း၊ ၃၁လမ်းထောင့်ရှိ ဓမ္မ သာလခန်းမရှေ့၌ နံနက် ၉နာရီတွင် စုဝေးခဲ့ကာ ၈၄လမ်းအတိုင်း ၂၆လမ်း ထိ၊ ၂၆လမ်းမှ ၈၃လမ်း၊ ၈၃လမ်းမှ ၃၁လမ်းမှ ဓမ္မသာလခန်းမထိ လမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

AXE

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group

အလွတ်သတင်းထောက် ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုကို စစ်ဆေးဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ဒီကနေ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။

ကိုပါကြီးရဲ့အလောင်း မြုပ်နှံရာဖြစ်တဲ့ ရွှေဝါချောင်းနေရာကို သွားရောက်ပြီး ပါဝင်ပတ်သက်ခဲ့သူတွေကို တွေ့ဆုံမေးမြန်းသွားမယ်လို့ မော်လမြိုင်မြို့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က RFA ကို ပြောပါတယ်။

"အဲ့ရက်တွေက ဖြစ်တဲ့ဖြစ်စဉ်တွေကို ကျနော်တို့ ပြန်ဆက်စပ်မှာပေါ့ဗျာ၊ ကျနော်တို့က မြေပြင်မှာ တကယ်တွေ့ရှိတဲ့လူတွေ၊ သိရှိတဲ့လူတွေရဲ့ ထွက်ဆိုချက်တွေကို မေးမြန်းပြီးတော့ ဖြစ်စဉ်ကို ကျနော်တို့ ဆက်စပ်ကြည့်ရမှာပေါ့"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုပါကြီးအမှုကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတင်ပြဖို့ အောက်တိုဘာလ ၃၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့က အတွင်းရေးမှူး ဦးစစ်မြိုင်၊ ဦးဇော်ဝင်း၊ ဒေါက်တာ ဥာဏ်ဇော်တို့ ဦးဆောင်ပြီး ကျိုက်မရောမြို့အခြေစိုက် ခလရ ၂၀၈ တပ်က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံစစ်ဆေးမေးမြန်းသွားမယ်လို့ သိရပါတယ်။

RFA Burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.