11/03/14

Photo..မြန်မာ့ခောတ်
ရန်ကုန် (မဇ္ဈိမ) ။ ။ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် လုပ်ရန် စီစဉ်ထားသော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးပွဲကို မရမ်းကုန်မြို့နယ် စခန်းမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က မပြုလုပ်ရန် တားမြစ်မှုများ ရှိနေသော်လည်း ကျောင်းသား ထုအနေနှင့် မရရအောင် ပြုလုပ်သွားမည်ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ပြန်ကြားရေး တာဝန်ခံ ကိုမင်းသွေးကျော်က မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်ခဝဲခြံ မျက်မမြင်ကျောင်းသို့ မရမ်းကုန်းမြို့နယ် စခန်းမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က လာရောက်ပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးပွဲ မပြုလုပ်ရန် တားမြစ်ခဲ့ပြီး အကယ်၍ ပြုလုပ်မည်ဆိုပါကလည်း ၎င်းတို့ထံကို ခွင့်ပြုချက်ယူရမည်ဖြစ်ကာ မူလလျာထားသည့် နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တို့သည် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင် နေ၍ လုပ်ခွင့်မရှိဘဲ အခြားရက်မှသာ ပြုလုပ်ရမည်ဟု ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

ကိုမင်းသွေးကျော်က “အခုလုပ်မယ့်ပွဲက ကျောင်းသားထု အရေးပေါ် အစည်းအဝေးပွဲဆိုတော့ ဘယ်သူတွေတားတား လုပ်သွားဖို့ ရည်ရွယ်ထားပြီးသားပါ။ ပြီးတော့ သူတို့ကို ခွင့်ပြုချက်ယူပြီးမှ လုပ်ရမယ်ဆိုတာလည်း မဖြစ်သင့်ဘူးလေ။ ဒါပေမယ့် ခဝဲခြံ မျက်မမြင်ကျောင်းက ကျောင်းသားတွေအများကြီးနဲ့ ကိုယ့်အားကိုယ်ကိုး ရန်ပုံငွေနဲ့ သွားနေတာဆိုတော့ ကျောင်းကို ထိခိုက်မှာဆိုးတဲ့အတွက် အဲ့နေရာမှာတော့ ကျင်းပဖို့မရှိတော့ဘူး” ဟု ဆိုသည်။

အဆိုပါ အရေးပေါ်အစည်းအဝေးပွဲကို မည်သူ့ဆီမှ ခွင့်ပြုချက်မယူဘဲ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိ အချိန်အထိ ကျင်းပမည့်နေရာကိုမူ မရွေးချယ်ရသေးဟု ၎င်းကဆိုသည်။

အရေးပေါ်အစည်းအဝေးပွဲကို မူလက နိုဝင်ဘာ ၁၂ရက်နှင့် ၁၃ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်ခဝဲခြံမျက်မမြင်ကျောင်း၊ ဗဟိုလမ်း(အပေါ်လမ်း)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ အစည်းအဝေး၌ အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်သည်။

(မဇ္ဈိမ)

ဇာဂနာ တို့ လဲ တစ်ပတ်တစ်ခါရေးနေရတာ တော်တော် တော့ အကုသိုလ် များတယ်ခမျ။စဉ်းစားကြည့်လေ။ဘယ်နေရာမှာများ မတော် မတည့်တာတွေ လုပ်နေသလဲ၊ဘယ်မှာ များ မဟုတ် တရုတ် တွေ ဖြစ်နေလဲ၊ ဘယ်သူတွေ မထော် မနှမ်းလုပ်နေသလဲ ဆိုတာကို အမြဲ မျက်စေ့ဖွင့် နားစွင့်နေရတာကိုးခမျာ။တစ်ခါမှလဲ နား၇တယ် မရှိပေါင်။ဘယ်နေရာရောက်ရောက် ဘယ်ကိုကြည့်ကြည့် မထော် မနှမ်းလုပ်နေတာကိုချည်းတွေ့ နေရတော့တာပါပဲ။သည် အစိုးရကလဲ ဒါမျိုးလုပ်ရတာ ၀ါသနာပါတာကိုးခင်မျ။ဒါပေမဲ့ သူ့ ကံကလည်း ကောင်းနေသဗျ။ကြည့်လေ။တစ်မျိုးပြီးတစ်မျုးမ၇ိုးလိုက်ရပုံများခမျ။

နဂါးနဲ့ခေါင်းလောင်းအတွဲ၊ပြီးတာနဲ့ ခါကာဘိုရာစီတောင်ပေါ်မှာ လူနှစ်ယောက်ပျောက်၊ဟော နောက်တစ်ခါ ယိုးဒယားမှာမြန်မာလူငယ်နှစ်ဦး လူသတ်မှု နဲ့ ဖမ်းခံရ၊ပြီးတော့ မြန်မာ ယူ၁၉ဘောလုံးအသင်းကမ္ဘာ့ဖလားရောက်၊ဟော ခုတော့ ကိုပါကြီး ကိစ္စ ပေါ်လာ။
အားလုံး စိတ်ဝင်စားစရာ၊ရင်ခုန်စရာ၊စိတ်ကုန် စရာ ကိုစုံနေတော့တာပါပဲ။ဒီကြားထဲ တပ်မတော် အသုံးစ၇ိတ်ကလဲတိုးတိုးတောင်းနေသဗျ။ငြိမ်းချမ်းရေးလုပ်နေတယ်လဲပြောရဲ့ ။ဘယ်သူနဲ့တိုက်ဖို့ တုန်း။ဘယ်နိုင်ငံနဲ့တိုက်ဖို့ တုန်း။
လွှတ်တော် ထဲကနေပြီးတော့လဲ တပ်မတော် ကိုယ်စားလှယ်တွေက ၄၃၆ ကိုပြင် ဖို့ ဆန္ဒမရှိပါဖူးလုပ်ပြန်ပါလေရော။မသိလို့ မေးပါရစေနော်။တကယ်မသိလို့ ပါဗျ။အဲဒီ တပ်မတော်သား ကိုယ်စားလှယ်တွေက ဘယ်မဲဆန္ဒနယ်မြေ ကတက်လာကြတာလဲ။ဘယ်သူ က တင်မြှောက်လိုက်တာလဲ။ပြည်သူ တွေ ရဲ့  အသည်းကြား မဲ တစ်ပြားမပြောနဲ့ တစ်ဖဲ့ တောင် မရတဲ့သူတွေက ပြည်သူ့ ဆန္ဒကို ဆန့် ကျင်လော်မာ ပြောလိုက်ကြတာများ အံ့အား ကိုသင့်ပါရော။ပြည်သူ့ ဆန္ဒ ငါးသန်း ကိုတောင် လစ်လျူရှုရဲတယ်နော်။ဘယ် လခ နဲ့ ထမင်းစားနေကြတာပါလိမ့်။ဘယ်သူ့ ပိုက်ဆံ နဲ့ မိန်းမ အတွက် ထဘီဝယ်ပေးနေပါလိမ့်။ဘောင်းဘီတို စကတ်တို ၀တ်နေရင်တော့ သိဖူးလေ။

တစ်ခါ ပီအာရ် ဆိုတာ ကြီးကလဲ ရှစ်မျိုးပေါင်းချုပ် ထုတ်လာပြန်ပါပကော။တစ်နေ့ တစ်မျိုး မရိုးစေရဖူးခမျ။အမှန်ကတော့ အစိုးရ တစ်ဖွဲ့ လုံး ရုပ်ရှင်အစည်းအရုံး ကိုသိမ်းလိုက်ကြပါလားဟင်။ရုပ်ရှင်ဒါရိုက်တာတွေ၊ဇာတ်ညွှန်းရေးဆရာတွေ အားလုံး က ဥိးသိန်းစိန် အစိုးရလောက်ကို ဇာတ် လမ်းဇာတ်ကွက် အမျိုးမျိုး မတီထွင်တတ်ကြရှာပါဖူး။နေတိုး တို့ ပြေတီဦးတို့ ထက်ကို ၀န်ကြီးအားလုံးကလဲ သရုပ်ဆောင်ကောင်းသဗျ။လာမဲ့ ဒီဇင်ဘာမှာ အကယ်ဒမီပေးပွဲလုပ်ရင် အစိုးရတစ်ဖွဲ့ လုံး ကိုသာ ရွှေစင်ရုပ်ထုတွေတန်းစီပေးလိုက်ကြပါတော့လားဗျာ။နားအေးရော။

ပြည်သူ့ ဆန္ဒ ဆိုတာ သွေးဆေး မဟုတ်ပါဖူးခမျ။နည်းနည်းတော့အဖက်လုပ်ကြပါ။မှန်မှန်ကန်ကန်ဆိုရင် ဇာ၈နာ တို့ ပြည်သူတွေကထောက်ခံ့ဖို့ ဝန်မလေးတတ်ကြပါဖူး။ခုတော့ ဒီလောက်ဟန်ဆောင်ကောင်းနေတာမျိုး ဖြင့် ကြုံဖူးပေါင် ကြုံဖူးပေါင်လို့ သာ အော်ရတော့မှာပဲ။

ပြည်သူတွေမကျေနပ်လို့  ထထ ကြွကြွ လုပ်ကြမယ် ဆိုလဲ အဆိုးတော့မဆိုနဲ့လေ။ယိုးဒယား ကရထြက်တောင် ရမ်းသေးတယ်။ကိုပါကြီး ကိုသေစေလိုက်ပုံများ ကြက်ကလေး ငှက်ကလေးကျနေတော့တာပဲ။သီပေါ နဲ့  စုဖုရားလတ် ပါတော် မူတုန်း ကလဲ ကြက်ကလေးငှက်ကလေး လိုဖမ်းသွားတယ် ဆိုတာမျိုး သုံးနှုန်းခဲ့တယ်နော်။မေ့ နေမှာစိုးလို့ ။အင်္ဂလိပ် က ဖမ်းရုံဖမ်းတာ သေနပ် နဲ့ တော့ ပစ်မသတ်ဖူးခမျ။ကိုယ့်ကိုယ်ကို ဒီမိုကရေစီ အစိုးရလို့ တံဆိပ်ကပ်တဲ့ (အဆိုးရ)လား(အစိုးမရ)လား အဖွဲ့ ကြီးလက်ထက်ကျမှ နိုင်ငံသားတစ်ယောက် ပစ်သတ်ခံရရှာတော့တာပါပဲ။ဂုဏ်ယူရမှာလားဗျာ။ဒီလို မျိုး ပစ်ဖို့ သတ်ဖို့ လွှတ်တော် ထဲ ကနေ ဘတ်ဂျက် တွေတိုးတောင်းနေတာလား။ဒီလိုမျိုး ပစ်ဖို့ သတ်ဖို့ ၄၃၆ ကိုမပြင်ချင်ဖူး အော်နေတာလား။

ဇာဂနာ မြို့ ထဲသွားတိုင်းတွေ့တာလေးတစ်ခု သတိရမိပါရဲ့ ။မော်တော် ကားတွေက ကျပ်တယ်လေ။တစ်စင်းနဲ့တစ်စင်း ထပ်နေ အောင်ကို ကပ်ပြီး ကျပ်နေတာပေါ့။အားလုံးလဲ ကြုံဖူးမှာပါ။ဒီလိုအချိန်မျိုးမှာ တစ်ဖက် ယာဉ်ကြောက ကားဖြစ်ဖြစ်၊ကွေ့ ကားဖြစ်ဖြစ်၊ဖြတ်ဝင်ချင်ရင်လေ လက်ညှိုးလေးတစ်ထောင်ထောင် နဲ့  ခွင့်တောင်းတာမျိုး တေါ့ ဖူးကြမယ်ထင်ပါရဲ့ ။လေးစားသမှု နဲ့ ခွင့်တောင်းတာမျိုးလဲရှိသလို၊ဒီလိုလုပ်ပြရင်တာဝန်ကျေတယ် ဆိုပြီး ပြီးပြီးရော ခွင့်တောင်းတာမျိုးလဲ ရှိပါသဗျ။
ဘာပဲဖြစ်ဖြစ် ဒီလို ခွင့်တောင်းတဲ့ ဓလေ့ လေးကတော့ကောင်းပါတယ်။လွှတ်တော် ထဲက တပ်မတော်သားကိုယ်စားလှယ်တေါရော၊ မင်း အ(ဆိုး)ရ ရော ဇာ၈နာတို့ ပြည်သူတွေကို လက်ညှိုးလေးတော့ထောင်ပြကြပေါ့ဗျာ။လက်ညှိုး ပထြောင်ခိုင်းတာနော်။တခြားဟာတွေတော့ မထောင်ကြပါနဲ့ ။ခင်ဗျားတို့ ကအားအားရှိထောင်တတ်လွန်းလို့ ပါ။သေနတ်တို့ ဘာတို့ ပေါ့။

ပြည်သူ့ ဆန္ဒ တကယ် လေးစားရင် လက်ညှိုးလေးတောင် ထောင်ပြပေးကြပါလို့ ဇာ၈နာ ပြောကြည့်လိုက်ပါတယ်ဗျာ။တကယ်တော့ဇာ၈နာ သိလို့ ပြောနေတာမဟုတ်ပါဖူး။လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးဖြိုးမင်းသိန်းပြောပြလို့ ပါ။ဇာ၈နာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ
၂၆ အောက်တိုဘာ ၂၀၁၄
ပဲ့ တင်သံ ဂျာနယ် ထဲ က ဆောင်းပါး





စစ်တပ်ဆိုရင် ကြောက်မယ်လို့ထင်၊ ရမ်းချင်တိုင်းရမ်းသမျှ ငြိမ်ခံနေကြမယ်ဆိုရင် ကျုပ်တို့တွေ သမိုင်းမလှ … ရာဇ၀င် ရိုင်းကြရတော့မပေါ့။ ဒီတော့ စစ်တပ်မကလို့ ဘာကြီးပဲဖြစ်ဖြစ် အယုတ်အရမ်းသဏ္ဌာန် အစွယ် ထုတ်ပြလာရင် ထုတ်လာတဲ့ အစွယ်ကျိုးအောင် ကျုပ်တို့ပြည်သူတွေက ဦးချိုးဖို့ လိုလိမ့်မယ် … ငြိမ်ခံကြမှာ မဟုတ်ကြောင်း သရုပ်သကန် ပြကြရမယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တယ်လည်း အကျင့်၊ အကြံ၊ လုပ်ရပ် သကန်တွေကို မဖျောက်နိုင်ကြသကိုးဗျ။ တကယ်ပါပဲဗျာ။ ဒီဇာတ်၊ ဒီအချိုး၊ ဒီလုပ်ပေါက်မျိုးနဲ့ပဲ ကျုပ်တို့တွေ ခံခဲ့ကြရတာ မဟုတ်လား။ ဟော၊ အခုလည်း ကြည့်လေ… ဒီအဆင်၊ ဒီအကွက်နဲ့ပဲ ကျုပ်တို့ရဲ့ သတင်းထောက်ကြီး တစ်ယောက် ဖြစ်တဲ့ကိုပါကြီး အသေဆိုးနဲ့ သေရပါရောလား။

ဟုတ်တယ်ဗျို့။ ကျုပ်ကတော့ ကိုပါကြီးအဖြစ်ကို အသေဆိုးလို့ပဲ သတ်မှတ်တယ်။ ဘယ်နှယ်ဗျာ။ အတိုင်းတိုင်း အပြည်ပြည်မှ ကြားလို့မတော် ကိုယ့်နိုင်ငံထဲမှာပဲ တိုက်ပွဲဖြစ်လို့ တိုက်ပွဲဖြစ်တဲ့ သတင်းသွားယူပြီး ပြန်လာတဲ့ သတင်းထောက်ကို ကိုယ့်နိုင်ငံ စစ်တပ်က ဖမ်းဆီးပြီး သတ်ပစ်ရတယ်လို့။ ကျုပ်ကပဲ နှစ်ဆယ်ကျော်၊ သုံးဆယ် မစွန်းသေးတဲ့ လူငယ်ပိုင်း အရွယ်မို့လို့လား မသိဘူး။ ဒီအဖြစ်မျိုး မကြားဖူးလေဘူး။ အဲ… မကြားဖူးဘူး ဆိုပေမယ့် ကြားဖူး၊ ကြုံဖူးတာတော့ ကျုပ်တို့ သတင်း မီဒီယာသမားတွေကို မတော်တရော် အယုတ်အရမ်း ပုဒ်မတွေ တတ်လို့ ခွေးအတွေ အမဲလိုက်သလို ထောင်ထဲ ဆွဲထည့်၊ နှိပ်စက် ညှဉ်းပန်းမှု အမျိုးမျိုး လုပ်ကြ တာကိုတော့ ကြားဖူးသပေါ့ဗျ။ အခုက အဲဒီ အဆင့်ထက်ပိုပြီး လက်ရဲဇက်ရဲ ဘီလူးသဘက်စီးပြီး အသေ ပစ်သတ်တယ် ဆိုတော့။

သူတို့ကတော့ သတင်း ထုတ်ပြန်တယ်ဆိုလား …လံကြုတ် လုပ်ကြံတယ်ဆိုတာလား မသိပါဘူးဗျာ။ အဲဒါကြီး ထုတ်ပြန် လာတာတော့ ဖတ်ရသဗျ။ ဘာတဲ့ဗျာ .. ကိုပါကြီးဟာ ကရင်လက်နက်ကိုင်အဖွဲ့ (KKO) က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ဆိုသူ ဖြစ်သတဲ့။ အစိုးရစစ်တပ်နဲ့ DKBA လက်နက်ကိုင် အဖွဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ (၃၀)ရက်နေ့က ကျိုက်မရောမြို့ စက်လှေဆိပ်ကို နယ်မြေ ရှင်းလင်းပွဲ လုပ်တဲ့အခါ စက်လှေတစ်စီးပေါ်ကနေ အမျိုးသားတစ်ဦးကို ဖမ်းဆီး ရမိတာကြောင့် နယ်မြေခံ တပ်က စစ်ဆေးတဲ့အခါ ILO အဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ဆိုသူ ဖြစ်ပါတယ်လို့ ထွက်ဆိုချက် ပေးသတဲ့ဗျ။ ဒါနဲ့ စစ်တပ်က ဖမ်းထားစဉ်မှာ ညဘက် အပေါ့သွားမယ်ဆိုပြီး ကင်းစောင့် စစ်သားကို လုံးထွေးပြီး သေနတ်လုယူ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ကင်းစောင့် စစ်သားက ပစ်ခတ်ဖမ်းဆီး တာကြောင့် သေနတ်ဒဏ်ရာနဲ့ အသေပစ်ခတ် ဖမ်းဆီးမိသတဲ့ဗျ။ ကဲ … ကဲ ထားပါတော့ဗျာ၊ ကျုပ်က စစ်ရေးစစ်ရာတွေလည်း သိပ်သိလှတာ မဟုတ်ပါဘူး။ နိုင်ငံရေးရာ ပရိယာယ်တွေ ဆိုတာကိုလည်း သိပ်မြင် တတ်လှတာ မဟုတ်ပါဘူးဗျာ။

ကျုပ်မြင်တာကတော့ ဒီထုတ်ပြန်ချက် ဆိုတာကြီးက ဘူးလုံးနားမထွင်းကြီး ဆိုတာပဲဗျ။ ဘာကြောင့်ဆိုတော့ ရှင်းရှင်းပဲဗျာ။ ကိုပါကြီးလည်း ပစ်သတ်ခံရလို့ သေသွားပြီ။ သူတို့ ဖမ်းတဲ့အခါက၊ သူတို့ ပစ်သတ် လိုက်တဲ့ အခါက အဖြစ်အပျက် ဆိုတာကလည်း သူတို့က လွဲလို့ ဘယ်သူမှ မျက်မြင် ရှိကြတာ မဟုတ်ဘဲဗျ။ ဒီတော့ သူတို့အပြော၊ သူတို့အဟောနဲ့ သူတို့ပေါ့ဗျာ။

ကြားဖြတ် ပြောရဦးမယ်ဗျ။ အဲဒီ သတင်းထုတ်ပြန်ချက်ဆိုလား ..လံကြုတ် လုပ်ကြံချက် ဆိုတာလားကြီးက အောက်တိုဘာလ (၂၃)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး အောက်တိုဘာလ (၂၄) ရက်နေ့မှာမှ ထူးထူး ခြားခြားကိုပဲ သတင်းစာ တစ်စောင်ထဲမှာပဲ သတင်းဦး၊ သတင်းထူးကြီးအဖြစ် ပါလာတယ်။ အဲဒီ ထုတ်ပြန် ချက်ကြီး ပါလာတဲ့ သတင်းစာဆိုတာကလည်း အခြားမဟုတ်ဘူးဗျ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူးဖြစ်သူ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားတဲ့ The Voice နေ့စဉ်သတင်းစာ ဖြစ်တယ်ဗျ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄) ရက်နေ့က တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီး တပ်မတော်နဲ့ မီဒီယာကြား သတင်းရယူ ထုတ်ပြန်ရေးတွေကို ဆွေးနွေးခဲ့သဗျ။ အဲဒီဆွေးနွေးမှုအဖြစ် တပ်မတော်က ထုတ်ပြန်တဲ့ သတင်းတွေကို စာနယ်ဇင်း ကောင်စီကနေတစ်ဆင့် သတင်းမီဒီယာတွေကို ပြန်ဖြန့်ပေးမယ်လို့ သဘောတူမှုရှိခဲ့တယ်။ ဒါပေမဲ့ ကိုပါကြီး ကိစ္စ သတင်းထုတ်ပြန်ချက်ကတော့ စာနယ်ဇင်း ကောင်စီကို တပ်ဘက်က မေးလ်နဲ့ ပေးပို့ခဲ့ပေမယ့် ဘယ်သတင်း မီဒီယာဆီကိုမှ ထိုထုတ်ပြန်ချက်ကို စာနယ်ဇင်း ကောင်စီကတစ်ဆင့် ပြန်လည်ပေးပို့တာမျိုး မရှိခဲ့ ဘူးလို့ ကြားရတယ်ဗျ။ ကျုပ်ကတော့ ဒီဖြစ်ရပ်ကို ဘယ်လို နားလည်ရမှန်း မသိတာ အမှန်ပဲဗျ။ စည်းကိုက်ဝါး ကိုက် … လက်ဝါးချင်း ရိုက်ကြတဲ့ အဖြစ်မျိုးတွေ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းရတာပဲဗျို့။ ကဲ ..ကဲ ထားပါ တော့လေ။ ကိုပါကြီးကိစ္စ ပြန်ဆက်ကြဦးစို့ကွယ်တို့။

တပ်ဘက်က ကိုပါကြီးဟာ လက်နက်ကိုင်အဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိသူလို့ ထုတ်ပြန် ပေမယ့် ကျုပ်ကြားနေ၊ သိနေရသမျှကတော့ ကိုပါကြီးဟာ အလွတ်တမ်း သတင်းထောက် တစ်ဦးသာ ဖြစ်တယ်ဗျ။ ကိုပါကြီးအနေနဲ့ နိုင်ငံရေးနဲ့ နွှယ်ယှက်မှုကို တရားဝင် သိရသမျှကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမဦးဆုံး ဗဟိုလူငယ်(၁၉)ဦးထဲမှာ ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ဆောင်ရွက် ဖူးတာရယ်၊ သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်တွေကို ဆောင်ရွက် ဖူးတာတွေပဲ ဖြစ်တယ်။ ဒီတော့ ကိုပါကြီးအနေနဲ့ နိုင်ငံရေး အသိအမြင်၊ နိုင်ငံရေးလုပ်ကွက် အတွေ့အကြုံ၊ နိုင်ငံရေး အဆက်အသွယ် မနည်းလှဘူးပေါ့။ ဒီလိုလူမျိုး တစ်ယောက်က သတင်းထောက်အဖြစ် လုပ်ကိုင်နေပြီး အခုလို တိုက်ပွဲဖြစ်တဲ့ နေရာတွေအထိ စွန့်စားသွားလာ သတင်းယူမှုတွေ ပြုတဲ့အခါ အကွက် စေ့စေ့စုံစုံ သိမြင် ရယူနိုင်မှာတော့ အမှန်ပဲ။ ဒီတော့ ကိုပါကြီးကို တပ်က ဖမ်းဆီးတဲ့အခါမှာ တပ်နဲ့ DKBA တို့ရဲ့ တိုက်ပွဲ အကြောင်းကို ကျုပ်တို့ သိနေကြားနေ ရတာတွေထက် ပိုတဲ့ စုံစုံလင်လင် သတင်း အချက်အလက်တွေ ကိုပါကြီးဆီမှာ ရှိနေနိုင်စရာ အကြောင်းသပေါ့ဗျာ။ ဘယ်လို သတင်း အချက်အလက်တွေလဲ ဆိုတာတော့ သွားလေသူ ကိုပါကြီးနဲ့ ကိုပါကြီးဆီက မှတ်တမ်းမှတ်ရာ အချက်အလက်တွေကို သိမ်းဆည်း ထားလိုက် နိုင်သူတွေသာ သိနိုင်ပေလိမ့်မယ်ဗျ။ ဒီတော့ မတော်တဆ နယ်မြေရှင်းလင်းရေး လုပ်မှုနဲ့ကြုံလို့ ဖမ်းဆီးခံ လိုက်ရတဲ့ ကိုပါကြီးဟာ အလွတ်တမ်း သတင်းထောက် တစ်ဦးအဖြစ် တိုက်ပွဲဖြစ်စဉ်ကို သတင်းလာယူသူမှန်း သိသော်လည်း ဖမ်းဆီးထားတာကနေ ပြန်လွှတ်မပေးနိုင်ဘဲ အခုလို သေဆုံးသွားရတဲ့ အခြေအနေအထိ အကြောင်း တစ်ခုခုကြောင့် ကြုံခဲ့သလားဆိုတာလည်း စဉ်းစားစရာပဲဗျို့။

ဘယ်လိုပဲဖြစ်ဖြစ် ကိုပါကြီးကြုံရတဲ့ အဖြစ်ဟာ နိုင်ငံသား တစ်ဦးအနေနဲ့ ဘယ်လိုမှ မဖြစ်သင့်၊ မဖြစ်ထိုက် …မကြုံသင့်၊ မကြုံထိုက်တဲ့ အဖြစ်ဆိုတာတော့ အသေအချာပဲဗျ။ နိုင်ငံသား တစ်ဦးကို ကိုယ့်နိုင်ငံက စစ်တပ်က ပစ်သတ်လိုက်တဲ့ ကိစ္စအပေါ် လက်နက်ကိုင် အဖွဲ့အစည်းက ဖြစ်ကြောင်း ထွက်ဆိုတယ်၊ ထွက်ပြေးဖို့ ကြိုးစားလို့ အသေပစ်ခတ် ဖမ်းဆီးလိုက်ရတာပါ ဆိုတဲ့ ကိုယ့်ဖဲ ကိုယ်ချိုးထားတဲ့ ထုတ်ပြန်ချက်လေး ထုတ်ပြန် ရုံနဲ့တော့ ပွဲပြီးမီးသေ လုပ်လို့မရဘူးဗျ။ ကိုပါကြီးဖြစ်ရပ်ဟာ သတင်း မီဒီယာသမား တစ်ယောက် ဖြစ်စဉ် ဆိုတာထက် နိုင်ငံသား တစ်ဦးအနေနဲ့ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲ အသက် ဆုံးရှုံးရတာမျိုးကို နိုင်ငံသားတိုင်း အနေနဲ့ ငြိမ်ခံနေလို့ မဖြစ်ဘူးဗျို့။

အခု ကိုပါကြီး ဖြစ်ရပ်ဟာ နိုင်ငံသား တစ်ဦးအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရတာပေါ့၊ နိုင်ငံသား တစ်ဦးအနေနဲ့ အနိုင်ကျင့် စော်ကားခံရတာပေါ့။ ဒီတော့ ငြိမ်ခံနေလို့ မဖြစ်ပေဘူးကွယ်တို့ .. ငြိမ်ခံနေလို့ မဖြစ်ဘူး။ လက်နက်နဲ့ လုပ်ပိုင်ခွင့်ကိုင်ပြီး နိုင်ငံသားတွေအပေါ် အနိုင်ကျင့်ချင်တိုင်း ကျင့်နေတာတွေ ရပ်တန်းက ရပ်သွားအောင် ကျုပ်တို့ပြည်သူတွေက ၀ိုင်းကြ.. ၀န်းကြ၊ ပြည်သူ့အင်အားကို ပြကြဗျို့။ စစ်တပ်ဆိုရင် ကြောက်မယ်လို့ထင်၊ ရမ်းချင်တိုင်း ရမ်းသမျှ ငြိမ်ခံနေကြမယ်ဆိုရင် ကျုပ်တို့တွေ သမိုင်းမလှ … ရာဇ၀င် ရိုင်းကြရတော့မပေါ့။ ဒီတော့ စစ်တပ်မကလို့ ဘာကြီးပဲဖြစ်ဖြစ် အယုတ်အရမ်းသဏ္ဌာန် အစွယ် ထုတ်ပြလာရင် ထုတ်လာတဲ့ အစွယ်ကျိုးအောင် ကျုပ်တို့ ပြည်သူတွေက ဦးချိုးဖို့ လိုလိမ့်မယ်…ငြိမ်ခံကြမှာ မဟုတ်ကြောင်း သရုပ်သကန် ပြကြရမယ်။ ကိုပါကြီးတစ်ယောက် ပေးဆပ် လိုက်ရတာတွေကို ကျုပ်တို့အနေနဲ့ သင်ပုန်းချေလို့ မဖြစ်ဘူး။ အခုဆိုရင် စစ်တပ်ကနေပြီး ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်ပြီး ကိုပါကြီး ဖြစ်ရပ်အပေါ် စုံစမ်း စစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့တယ်ဆိုကြတယ်။ ဒီအဖွဲ့ကလည်း ကိုယ့်ဖဲကိုယ်ချိုး .. ကိုယ့်ဇာတ်ကွက် ကိုယ်ဆင်မယ့်အဖွဲ့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရဦးမှာပဲ။ ယုံကြည်ကြရတယ် မဟုတ်ဘူးလေ။ ကျုပ်တို့ ပြည်သူ့တွေ အနေနဲ့တော့ အမှန်ကို အမှန်အတိုင်း မဖြစ်သမျှ ဥဒါန်း ဘယ်မကျေစတမ်း စိတ်မွေးကြစမ်းပါဗျို့။

အံ့ခေါင်မင်း

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald



ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာမှာ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တင်သွင်း စရာ မလို အပ်တော့ဘူးဆိုတဲ့ သဘောမျိုး အစိုးရသစ်ဆိုတဲ့ အသိုင်းအ၀ိုင်းထဲက တာဝန်ရှိသူတချို့ရဲ့အသံတွေ ထွက် လာ နေချိန်မှာပဲ ကျွန်တော်တို့တစ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ထပ်ခါတလဲလဲ ကြုံတွေ့ ခံစားနေကြ ရတာဘာကြောင့်ပါလဲ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ စာနယ်ဇင်းသမား၊ ဓာတ်ပုံ သတင်းထောက် ကိုပါကြီး ဖမ်းဆီးခံထားရတယ်လို့ သတင်း ကြားရကတည်းက စိုးရိမ်မကင်းဖြစ်နေခဲ့ ကြရတယ်။ သူဟာ မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု “ဒီကေဘီအေ” တို့ဖြစ် ပွားတဲ့ တိုက်ပွဲသတင်းကို သတင်းသွားယူ ဓာတ်ပုံ ရိုက်ပြီး ပြန်အလာမှာ မွန်ပြည်နယ် ထဲရောက်တော့ ရဲတပ်ဖွဲ့က ဖမ်းတာ ခံလိုက်ရတယ်။ ကျိုက်မရောမြို့ ရန်မျိုးအောင် ရပ်ကွက်မှာရှိတဲ့ စက်ဝ လမ်းအရောက်မှာ အဖမ်းခံခဲ့ရတာ ပဲ ဖြစ်ပါတယ်။ စာနယ်ဇင်း သမားကို ဖမ်းတဲ့ရဲက စစ်တပ်ကို ထပ်ပြီး ဘာလို့ လွှဲပြောင်းရတာလဲ။ ဒါကို ကျွန်တော် တို့ သိချင်ပါတယ်။ ဘာဖြစ်လို့ ဖမ်းတာလဲ။ ဒါကိုလည်းသိချင်ပါ တယ်။ ဖမ်းတာက စက်တင်ဘာ ၂၉ ရက်၊ ၂၀၁၄ နေ့။… အောက်တိုဘာလ ၄ ရက် ၂၀၁၄ ညနေ မှာ ကိုပါကြီး(ခ) ကို အောင်ကျော်နိုင် ပစ်ခတ်ခံရပြီး သေဆုံး သွားပြီလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို မြန်မာစစ်တပ် ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်း ကြားလာတာက အောက်တိုဘာလ ၂၃ ရက် ၂၀၁၄ နေ့။ ဖမ်းတုန်းက ရဲနဲ့ စစ်တပ်က ဖမ်းတာ။ ၁ လကြာတော့မှ ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ သိကြရပြန်တယ်။ ဖမ်းဆီးထားတဲ့ စာနယ်ဇင်းသမား တစ်ယောက်ကို ပစ်ခတ်တာ ဘယ်သူတွေ က ပစ်ခတ်တာလဲ။ သူ့မှာ လုံခြုံမှု ဘာကြောင့် မရှိခဲ့ရတာလဲ။ ဒါကိုလည်း သိချင် ပါတယ်။ ကျိုးကြောင်းဆက်စပ်မှုတွေ အားလုံး ပီပီပြင်ပြင် သိခွင့်ရချင် ပါတယ်။ သိချင်ပါတယ်။ ကျွန်တော်တို့ဟာ စာနယ် ဇင်းသမားတွေပါ။ စာနယ်ဇင်းသမားတိုင်း ဟာ ဘယ် သတင်းမျိုးကိုမဆို သတင်းရယူ ခွင့်၊ တွေ့ဆုံခွင့်၊ မေးမြန်း ခွင့်၊ ရေးသားခွင့် အပြည့်အ၀ရှိရပါမယ်။ ဒါဟာ နိုင်ငံ တကာ စာနယ်ဇင်းသမားတိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ စာနယ်ဇင်းသမားဆိုတာ တိုက်ပွဲ သတင်းလည်း အသက်နဲ့ရင်းပြီး သွားယူ ကြရရိုးထုံးစံ နိုင်ငံတကာမှာ ရှိပါတယ်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေက စပြီး ဒီနေ့အထိ ပြည်တွင်းပြည်ပစစ်ပွဲ သတင်းမှန်သမျှကို ပြည်သူလူထုက သိ ချင်နေကြတာပဲ။ ဘယ်စစ်ပွဲမျိုးမဆို ပြည် သူလူထုတိုင်းနဲ့ သက်ဆိုင်ခဲ့တာပါပဲ။

သတင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ ပြည်သူလူထု တိုင်းသာမကဘဲ နိုင်ငံတကာ အစိုးရတိုင်းက သိပြီးသားပါ။ ပထမကမ္ဘာ စစ်ကြီးဖြစ်ဖို့ ဟိုတုန်းကတည်းက အစပျိုး နေခဲ့ကြတဲ့ ပြင်သစ်နဲ့ဂျာမနီ (၂)နိုင်ငံဟာ စီးပွားရေးရော စစ်ရေးမှာပါ တစ်ဖက်နဲ့ တစ်ဖက် ပြိုင်ဆိုင်နေ ခဲ့ရာက ဂျာမနီဟာ အာဖရိကတိုက်မှာ သူ့အတွက် အမြတ်ထွက်စရာနေရာကောင်းတွေရှိနေတာ သိလို့ဝင်ပြီး သိမ်းဖို့ကြံစည်နေတုန်း အာဖရိက ကို ပြင်သစ်နဲ့ အင်္ဂလိပ်တပ်တွေ ၀င်သိမ် လိုက်တော့ ပြဿနာဖြစ်လာတယ်။ ၁၉၁၄ ခုနှစ်မှာ အင်္ဂလိပ်၊ ပြင်သစ်နဲ့ရုရှားက (၃) နိုင်ငံ မိတ်ဆွေဖွဲ့ စာချုပ်ချုပ်လိုက်ကြ တယ်။ ဂျာမနီ၊ အီတလီ၊ သြစတြီးယား ကလည်း မိတ်ဆွေဖွဲ့စာချုပ် ချုပ်လိုက်ကြတယ်။ (၂၈-၆-၁၉၁၄) နေ့မှာ သြစတြီးယားနိုင်ငံက အိမ်ရှေ့မင်းသားက ဘော့စနီးယားနိုင်ငံ ဆာရာယေဗိုမြို့ကို ရောက် လာတုန်း၊ ဆာဘ့်လူမျိုး သေနတ်သမား တစ်ယောက်ရဲ့ လုပ်ကြံတာခံလိုက်ရတယ်။ ဆားဗီးယားမှာတာဝန်ရှိတယ်လို့ သြစတြီး ယားက စွပ်စွဲပြီး ပြဿ နာတက်ကြတယ်။

အဲဒီပြဿနာကစပြီးဖြစ်တဲ့ ပထမကမ္ဘာစစ်။ အဲဒီတုန်းကလည်း သူရိယ၊ မြန်မာ့ အလင်း သတင်းစာတွေက စာနယ်ဇင်း တာဝန်တွေ ကျေပွန်ခဲ့ကြတယ်။ ကမ္ဘာ့စစ် သတင်းတွေကို နိုင်ငံတကာ စစ် သတင်း ထောက်တွေ၊ ဓာတ်ပုံ သတင်းထောက်တွေရဲ့ သက်စွန့်ဆံဖျားသတင်းရ ယူချက်တွေ ကတစ်ဆင့် မြန်မာပြည်သူလူ ထုသိအောင် ဖော်ပြပေးနိုင်ခဲ့ကြတယ်။ ပထမကမ္ဘာစစ် (၄)နှစ်တိတိဖြစ်တာ စစ်စရိတ် ဘယ် လောက်ကုန်ကျပြီး စစ်သား(၈)သန်းကျ ဆုံးသွားတာကအစ သိခွင့်ရခဲ့ကြတယ်။ ဂျာမနီစစ်တပ်တွေက ပိုလန် ကို ကျူးကျော် ၀င်တိုက်တာကစပြီး ဖြစ်ခဲ့ရတဲ့ ၁၉၃၉ ခုနှစ်က ဒုတိယကမ္ဘာစစ်ကြီးမှာလည်း ဒီအတိုင်းပါပဲ။ စစ်မြေပြင်သတင်းေ ထာက် တွေကြောင့် စာနယ်ဇင်းတွေက စစ်သတင်းတွေ မပြတ်မလပ်ထည့် ဖော်ပြပေး နိုင်ကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ဒဏ်ကိုအလူး အလဲခံစား ခဲ့ကြရသလို လွတ်လပ်ရေးရပြီး နောက်ပိုင်းကစလို့ ဒီနေ့အထိ ပြည်တွင်းစစ်ရဲ့ဒဏ်ကိုလည်း လှိမ့်ခံနေကြရ တုန်းပါပဲ။

အခုဖြစ်နေတဲ့ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ စစ်သတင်းတွေကို ကျွန်တော်တို့ မြန်မာ ပြည်သူ လူထုသိဖို့ စာနယ်ဇင်းတွေက မျက်စိ ဖွင့်နားဖွင့်ပေးချင်ကြပေမယ့် သတင်းမှောင် ချချင်ကြတဲ့ တားဆီးပိတ်ဆို့မှု၊ ဖမ်းဆီးချုပ် နှောင်မှုတွေကြားထဲမှာပဲခုဆိုရင် စာနယ် ဇင်းသမား၊ ဓာတ်ပုံသတင်းထောက် ကိုပါကြီးဟာ ကျဆုံးသွားခဲ့ရပြီပဲ ဖြစ်တယ်။ ကိုပါကြီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ သားတစ်ယောက်ဖြစ် တဲ့အတွက် သူ့မှာ ဥပဒေရဲ့အကာအကွယ်ကို ဘာကြောင့် မရရှိခဲ့ရတာလဲ။ သူ့ရဲ့လူ့အခွင့်အရေးဟာ ဘယ်လို အကြောင်းတရားတွေေ ကြာင့် ဆုံးရှုံးနစ်နာခဲ့ရတာလဲ။ ကျွန်တော် မေးချင် တာက တကယ်လို့များ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေဟာ တစ်နယ်က တစ်နယ်၊ တစ်မြို့က တစ်မြို့ကို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု နဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့မိသားစုနဲ့ပဲဖြစ်ဖြစ် ခရီးသွားနေရင်း လမ်းခရီးမှာ မမျှော်လင့်ဘဲ တိုက်ပွဲဖြစ်တာ နဲ့ကြုံခဲ့ရရင် တိုက်ပွဲသတင်းလာယူတယ် ဆိုပြီးအခုလို အဖမ်းအဆီးခံရမှာလား။

ဖြေ ရှင်းပိုင်ခွင့်လုံးဝမရှိတော့ဘူးလား။ သံသယနဲ့ပဲ တစ်ဖက်သတ်အဆုံးအဖြတ်တစ်ခုခု ကို ကျွန်တော်တို့ဘက်က ခံလိုက်ကြရ တော့မှာလား။ မြန်မာ နိုင်ငံဟာ လူ့အခွင့် အရေးရရှိမှုကို လမ်းဖွင့်ပေးနေပြီ၊ လူ့ အခွင့်အရေးနဲ့ပတ်သက်လို့လည်း အပြည့် အ၀ လိုက်နာကျင့်သုံးနေပြီဖြစ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အစီရင်ခံစာမှာ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာနိုင်ငံ နဲ့ပတ်သက်လို့ တင်သွင်းစရာ မလိုအပ်တော့ဘူးဆိုတဲ့ သဘောမျိုး အစိုးရသစ်ဆိုတဲ့ အသိုင်း အ၀ိုင်းထဲ က တာဝန်ရှိသူတချို့ရဲ့ အသံတွေ ထွက်လာနေချိန်မှာပဲ ကျွန်တော် တို့တစ် တွေဟာ လူ့အခွင့် အရေးချိုး ဖောက်မှု တွေကို ထပ်ခါတလဲလဲ ကြုံတွေ့ခံစားနေကြရတာ ဘာကြောင့်ပါလဲ။ မမျှော်လင့်ဘဲ ထိ ခိုက်နစ်နာကျ ဆုံးသွား ခဲ့ရတဲ့ သတင်း ထောက်ကိုပါကြီး(ခေါ်) ကိုအောင်ကျော်နိုင် ရဲ့ ကျန်ရစ်သူမိသားစုရဲ့ ဆုံးရှုံးနစ်နာကြေ ကွဲမှု တွေကို လူသားချင်း စာနာကရုဏာ ထားတတ်ဖို့၊ ထားနိုင်ဖို့ ဘယ်သူတွေမှာ (လုံးဝ)တာဝန်ရှိ နေကြပါ သလဲ။ အခုဖြစ်စဉ် ဖြစ်ရပ်နဲ့ပတ်သက်လို့ အခုလို ပွင့်လင်းမြင် သာမှုမရှိဘဲ အမြဲတစေ နေရာဒေသအနှံ့ မှာ ဆက်တိုက် ဆိုသလို ကြုံတွေ့ခံစားနေ ကြရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အားလုံးအပေါ်မှာ စာရေးဆရာတစ် ယောက်၊ စာနယ်ဇင်းသမား တစ်ယောက် အနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ကြောင်း ပါခင်ဗျား။

ဆောင်းဝင်းလတ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံ ကိုအသွား မော်စကိုလေဆိပ်မှာ ရုရှားစစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်က ထွက်ခွာသွားပြီး ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်မှာ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဥက္ကဋ္ဌ အလက်ဇန္ဒား ဖိုမင်နဲ့တွေ့ဆုံကာ ၂ နိုင်ငံ တပ်မတော် ၂ ရပ်အကြား စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတတ် လုပ်ဆောင်နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ တယ်လို့ ဖော်ပြထားတာပါ။

နိုင်ငံပိုင် မီဒီယာတွေမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို ၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပြီး နှစ်နိုင်ငံတပ်မတော် ၂ ရပ်အကြား အကျိုးတူ ကိစ္စရပ် တွေ ဆွေးနွေးတာ၊ ယဉ်ကျေးမှုဆိုင်ရာများကို လေ့လာတာတွေ လုပ်သွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာတပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကတဆင့် ဘယ်လာရုစ် နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုထဲက ခွဲထွက်ကာ သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ်ကြေညာခဲ့တာဖြစ်ပြီး မြန်မာနဲ့ ၁၉၉၉ ခုနှစ်မှာ သံတမန်ဆက်သွယ်ရေး စတင်ခဲ့ပါတယ်။

မြန်မာနဲ့ ဘယ်လာရုစ်နိုင်ငံတို့ဟာ မီဒီယာဖိနှိပ်မှုအပါအ၀င် ကမ္ဘာမှာ လွတ်လပ်မှု မရှိဆုံး နိုင်ငံတွေအဖြစ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေရဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာ ပူးတွဲသတ်မှတ် ဖော်ပြခံရလေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69715


““အမှန်တရားနဲ့ မဟုတ်မခံတာ စစ်တပ်နဲ့ ပြည်သူပါချစ်တာ။ ထိုသူတွေဘက် ကရပ်တည်ခဲ့တာ။ ပုဒ်မ ၅၉ (ဃ)(စ) တို့နဲ့ ကန့်သက်လို့မရတဲ့ NLD ပါတီက ပုဂိ္ဂုလ်တစ်ဦးရှိပါသည်။ ထိုသူက သူရဦးတင်ဦး ပါပဲ။ ထိုသူ သည် အသက်၈၀ကျော် သော်လည်း ၅နှစ်တာကာလအတွင်း သမ္မတအဖြစ် စွမ်းဆောင်နိုင်ပါသေးသည်။ ၅၉ (ဂ)ပါ အသက် ၄၅နှစ်ပြည့်ပြီးသူ ဖြစ်ပါသည်။ အသက်ကြီးတာကို မလုပ်ရဟု ကန့်သတ် ထားခြင်းမပါပါ။ ကျန်း မာရေးတွင်လည်း နှလုံးအစားထိုး စက်တပ်ထားရသည်ဟု မကြားဖူးပါ။ ယခုအချိန်ထိ လူငယ်များနှင့် ရင်ပေါင် တန်းနိုင်သေးသည်ကို မျက်မြင် တွေ့ရသူ ဖြစ်ပါသည်။ ယခုသမ္မတကြီးလည်း အနားတွင်ပျာနေသော အနား ပျာ များဖြင့် ၎င်းတို့၏ အကြံများကိုယူကာ ကိုယ်ပိုင်ဉာဏ်ဖြင့် တိုင်းပြည်အုပ်ချုပ်နေ ခြင်းဖြစ်ပါသည်”” ဆိုသည့် ဆောင်းပါး အဆုံးသတ်စာပုဒ်ကလေးကို အမှတ်မထင် ဖတ်မိသည်။ ကျွန်တော်သည် ယခုလိုပင် ဂျာနယ်စာပုဒ် ကလေးကို အမှတ်မထင်ဖတ် မိသည်။ ကျွန်တော်သည် ယခုလိုပင် ဂျာနယ်စထွက်သည့်နေ့တွင် မိမိဝယ်ဖတ် နေကျသတင်းစာ ၄၊ ၅စောင်နှင့်အတူမိမိ ၀ယ်ထားသည့် သတင်းစာဂျာနယ်များကို လှန်လှောကြည့်ရှုရင်း ဖော် ပြပါ ဆောင်ပါး နိဂုံးပိုင်းကိုဖတ်မိသည်နှင့် လွန်ခဲ့သည် တစ်နှစ်ခန့်က ဆရာဦးဝင်းတင် မကွယ်လွန်မီ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရှိ၊ မရှိနှင့် ပတ်သက်ပြီး ဆရာ့သုံးသပ်ချက်ကို ဆက်စပ်သတိရလိုက်သည်။ သည် လို နှင့် ခုနဆောင်းပါးရဲ့ ခေါင်းစဉ်ကို မဖြစ်မနေ ဖတ်ရှုကြည့်လိုက်သည်။ ဥပဒေပညာရှင် ဆရာမြိုင်-တင်လှိုင်ရဲ့ ““ထိုးမည့်ဆင် နောက်တစ်လှမ်း ဆုတ်”” ဆောင်းပါးဖြစ်နေသည်။ ဆရာ့ဆောင်းပါးများကို မိမိဖတ်ရှု လေ့ရှိရာ ဆရာ့ဆောင်းပါးများသည် ဥပဒေ ပညာရှင်ပီပီ ခိုင်မာသည်။ ရဲဝံ့သည်။…

ဆရာ့အတွေးမျိုး လွန်ခဲ့သည့် တစ်နှစ်ခန့်လောက်ကတည်းက မိမိအတွေး ရောက်ခဲ့ဖူးသည်။ သို့ရာ တွင်ဒေါ် အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်နိုင်ခွင့် အလားအလာတွေက ယခုလောက် လွင့်ပါးနေသည့် အခြေ အနေမျိုး မဟုတ်သေးပေ။

သို့ရာတွင် ဆရာဦးဝင်းတင်က လက်ရှိ အခြေခံဥပဒေ ကျုံးတွင်းက ရုန်းမထွက်နိုင်သေးသည့် အခြေအနေကို သုံးသပ်ပြီး ဒေါ်အောင်ဆန်း စုကြည်အပေါ် အခြေခံ ဥပဒေပုဒ်မ၅၉(စ)နှင့် ကန့်သတ်ထားသည့် အတွက်ေ ကြာင့် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံတွင် နိုင်ငံတော်သမ္မတ မဖြစ်နိုင်ကြောင်း၊ သမ္မတလောင်း သုံးဦး အနက်တစ်ဦး အပါအ၀င်ဖြစ်သည့် ဒုတိယ သမ္မတသာလျှင် (မိုင်ကုန်) ဖြစ်နိုင်ကြောင်း သုံးသပ်ပြခဲ့သည်။ တစ် ဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်တွင် ရှိနေသည့်ပင်ကို အရည်အချင်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အပါ အ၀င် နိုင်ငံတကာက ချီးမြှင့်သည့် ဆုတံဆိပ်ကြီး၊ ငယ်တစ်ရာ ပတ်ဝန်းကျင် ခန့်ရှိနေမှု၊ နိုင်ငံကြီးငယ်မဟူ နိုင်ငံ တကာ ချစ်ခင်လေးစား ထောက်ခံမှုတွေကြောင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ဒေါ်အောင်ဆန်းစုကြည် ထမ်းဆောင်လိုလျှင် ဖြစ်နိုင်ခြေရာခိုင်နှုန်းအတော် များများရှိကြောင်း ဆရာဦးဝင်း တင်က သုံးသပ်ပြောဖူးပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ဦးဝင်းတင် ခန့်မှန်းသုံး သပ်သလိုမျိုး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သွားခဲ့ပြီဆိုလျှင် ၁၊ ကမ္ဘာပေါ်တွင် ပထမဦးဆုံး အမျိုး သမီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၂၊ အာရှတိုက်မှ ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ၃၊ မြန်မာနိုင်ငံမှ ဒုတိယမြောက်ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် ၄၊ ပထမဦးဆုံး ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ၅၊ ပါရဂူဘွဲ့ဒေါက်တာဘွဲ့ အများဆုံး ရ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ၇၊ Forbes မဂ္ဂဇင်းအပါအ၀င်အဖွဲ့ အစည်း အသီးသီးမှ အခါအား လျော်စွာ ရွေးချယ် ဖော်ပြသည့် ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံးအမျိုးသမီး၊ ကမ္ဘာ့သြဇာတိက္ကမ အရှိဆုံး အမျိုးသမီး စသည့် ဘွဲ့ဂုဏ်ထူးများဖြင့် ပြည့်စုံနေမည်မှာ ငြင်းမရသည့် အချက်ဖြစ် ပေသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို အခန်း(၃)၊နိုင်ငံတကာ သမ္မတနှင့် ဒုတိယသမ္မတများ အခန်းတွင် ပုဒ်မ၅၉ ပြဋ္ဌာန်း ပြီးပိတ်ဆို့ခဲ့သည်။

ဤသို့သောအခြေအနေမျိုးတွင် ဆရာ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် အတွက် ဂယ်ပေါက် (LoopHole) တစ်ခုကို ညွှန်ပြခဲ့ခြင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် မပြုသည့် ပုဒ်မ ၅၉ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၏ အရည်အချင်း များမှာ အောက်ပါ အတိုင်းဖြစ်သည်။

(က) နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်သစ္စာရှိရမည်

(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးစလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ် သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။

(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသည့် အနည်းဆုံးအသက် ၄၅နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသည့် အမြင်များရှိရမည်။

(င) သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော် တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ (ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွား ရောက် သည့် ကာလများ ကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့ သည့် ကာလအဖြစ် ထည့်သွင်းရေတွက် ရမည်။)

(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦး ဦးသော်လည်းကောင်း၊ ထိုတရားဝင် သား သမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး ၏ နိုင်ငံ ခြားသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံ ဖြစ်သူသော် လည်းကောင်း တိုင်းတစ်ပါး ၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။ လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက် တင်မြှောက်ပိုင်ခွင့် အတွက် သတ်မှတ်ထားသည့် အရည်အချင်းများ အပြင် နိုင်ငံတော်သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့် စုံရမည်။

၅၉(စ) သည် ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြားရည်ရွယ်ပြီး သမ္မတဖြစ်ခွင့်ကို ဟန့်တားထား သည့် ပြဋ္ဌာန်းပုဒ်မတစ်ခုဖြစ်သည်။ စကားကြုံလို့ သာဓက အချို့ကိုတင်ပြရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိအမျိုး သမီးဝန်ကြီးချုပ် ရှိတ်ဟဆီနာ၏ သားသမီးနှစ်ဦးစလုံးသည် ကနေဒါနိုင်ငံတွင် အလုပ်အကိုင်သွားလုပ်၊ အိမ် ထောင်ရက်သားကျပြီး တစ်အိုး တစ်အိမ်ထူထောင်ပြီး ကနေဒါနိုင်ငံသူ နိုင်ငံသားများအဖြစ် ပျော်ရွှင်စွာခံယူ လျက်ရှိနေကြပါပြီ။ မကြာခင်က ထိုင်းနိုင်ငံကို ချောက်ထဲ ကျလုကနေ ကယ်တင်လိုက်ပါသည် ဆိုသည့် ထိုင်း စစ်တပ်ရဲ့ အာဏာသိမ်း မှုကြောင်း ပြုတ်ကျသွားသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်နှင့် သူ၏အစ်ကိုကြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာ ၀ါထရာတို့မောင်နှမ၏ မိဘနှစ်ပါးနှင့် အဘိုးအဘွားတို့သည် တရုတ် နိုင်ငံမြောက်ပိုင်းဒေသမှ ဇာတိဖွားများဖြစ်ကြသည်။ သက်ဆင်ရှာနာဝါထရာ ၀န်ကြီးချုပ်ဖြစ်သည့် ကနဦးနှစ် များတွင် အဘိုးအဘွားများရှိရာ တရုတ်ပြည်မြောက်ပိုင်းသို့ ဂါရ၀ပြုအလည် အပတ်ခရီး သွားရောက် ခဲ့သည်။ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းများဖြစ်ကြသည့် ကွယ်လွန်သူ ဘနာဇီယာဘူတို၊ ဗိုလ်ချုပ်ကြီး ဟောင်း ပါဗက် (ဇ်)မူရှရက်(ဖ်) လက်ရှိဝန် ကြီးချုပ်န၀ပ်(ဇ်)ရှာရစ်စသည် တို့သည် ပြည်ပြေးဘ၀ အသီး သီးကိုနှစ် အတော် အတန် ကြာသည်အထိရောက်ခဲ့ကြပြီး သက်ဆိုင် ရာ တိုင်းတစ်ပါးအစိုး ရတစ်ရပ်ရပ်၏ ကျေးဇူး သစ္စာတော်ခံယူ ခဲ့ရသကဲ့သို့ တနည်းမဟုတ် တစ်နည်းလက်အောက် ခံ ဖြစ်ခဲ့ရ သူချည်း ဖြစ်ပါသည်။ ရာထူးတူ (Counterpart) အဖြစ် ဘယ်နိုင်ငံတကာမှ သဘောထားပြီး နိုင်ငံတော်အဆင့်ဖြင့် ဆက်ဆံကြခဲ့မည် မဟုတ်ပါဘူး။ အင်ဒိုးနီးရှား အမျိုးသား ခေါင်းဆောင်ကြီးဖြစ်သကဲ့သို့ အင်ဒိုနီးရှား နိုင်ငံ၏ ပထမဦးဆုံး သမ္မတကြီးဖြစ်ခဲ့သည့် ဆူကာနို၏ သမီးအင်ဒိုနီးရှား သမ္မတဟောင်း မိဂါဝတီဆူကာနိုပူထရီ၏ ခင်ပွန်းသည် အင်ဒိုနီးရှားနိုင်ငံသား ခံရယူထားသူ အီဂျစ် နိုင်ငံဖွား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါသည်။

လက်ရှိ ဘရာဇီးသမ္မတ ဒီ(လ်)မာရူး ဆက်(ဖ်)၏ မိဘများသည် ဥရောပတိုက် သြစတြီးယားမှ ရွှေ့ပြောင်းနေ ထိုင်လာကြ သူများဖြစ်ကြသည်။ အိနိ္ဒယနိုင်ငံ၏ အစဉ်အလာကြီးမားသည့် နိုင်ငံရေးဒိုင်နက်စတီး ကြီး၏ တတိ ယမျိုးဆက်ဟု သတ်မှတ်ရမည်ဖြစ်သည့် အိနိ္ဒယနိုင်ငံဝန်ကြီးချုပ် အသီးသီး၏ မြေးချွေးမ၊ ချွေးမ၊ မုဆိုးမ စသည့် ဂုဏ်ဒြပ် အသီးသီးရရှိနေသည့် အိနိ္ဒယနိုင်ငံ၏ လာမည့်ရွေးကောက်ပွဲ အသီးသီးအတွက် မကြာခင်ကပဲ မိမိပိုင် ဆိုင်မှု အသီးသီးကို တရားဝင်ကြောညာထားသည့် ဆိုနီယာဂနီ်္ဒသည် အီတလီနိုင်ငံသူ ဖြစ်ပါသည်။

အထက်က ဖော်ပြသည့်ပတ်ဝန်းကျင် နိုင်ငံအသီးသီးမှ သမ္မတ၊ ၀န်ကြီးချုပ်နှင့် နိုင်ငံရေးခေါင်း ဆောင်အသီးသီး တို့သည် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ဟန့်တားထားသလိုမျိုး သူတို့နိုင်ငံတွင် အလားတူပုဒ်မမျိုး နှင့်တားဆီးဟန့် တားခံရသည်မျိုး မရှိခဲ့ပါ။

ယင်းပုဒ်မ ၅၉(ဃ)တွင် နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊စီးပွားရေး၊ စစ်ရေးစသည့် အမြင် များရှိရမည်ဟု ပြဋ္ဌာန်းထားပါသည်။

အစ္စရေးနိုင်ငံ၏ ကွယ်လွန်သူအမျိုး သမီးဝန်ကြီးချုပ်ဖြစ်သည့် မစ္စဂိုလ်ဒါမေယာသည် စစ်ဗိုလ်ချုပ်ကြီး မဟုတ်ပါ။ အစ်္စရေး နိုင်ငံစစ်အင်အား ကောင်းသည်မှာ ဘင်ဂျမင်နေတန်ရာဟုတို့၊ အီဟွတ်ဘာရတ် တို့လက်ထက်ကမှ မဟုတ်ပါဘူး။ မစ္စဂိုလ်ဒါမေယာ လက်ထက်ကတည်းကပါ။

ယွန်ကစ်ပူစစ်ပွဲတို့၊ အီရန်အဏုမြူ ဓာတ်ပေါင်းဖိုတို့ကို အစ္စရေးကမိုင်ပေါင်း များစွာအကွာကနေ ပျံသန်းတိုက် ခိုက်ပြီး စစ်အင်အားပြခဲ့တာ အစ္စရေးဝန်ကြီးချုပ် မစ်္စဂိုလ်ဒါမေယာ လက်ထက်ကဖြစ်ပါသည်။ ကွယ်လွန်သွား ရှာပြီဖြစ်သည့်““သံမဏိ လေဒီ””ကြီး ဗြိတိန်ဝန်ကြီးချုပ် ဟက်ထရစ် ပိုင်ရှင်ဟောင်း မာဂရက်သက်ချာသည် အမျိုးသမီး ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး မဟုတ်ခဲ့ပါဘူး။ ဗြိတိန်လူမျိုး ၁၀၀၀ကျော် သာနေထိုင်သည့် ဖောက်က လန်ကျွန်းကို အာဂျင်တီးနားလက်မှ ပြန်လည်ရရှိရေး မဟာဗျူဟာကို ကိုယ်တိုင်ကိုင်တွယ် ညွှန်ကြားခဲ့ပါတယ်။ ကွယ်လွန်သူ အိနိ္ဒယ ၀န်ကြီးဟောင်း အင်ဒီရာဂနီ်္ဒသည် စစ်တပ် ကလာသည့်ယူနီဖောင်းချွတ်တစ်ဦးမဟုတ် ပါဘူး။ ပြည်တွင်း အစွန်းရောက်ဆစ်ခ်တွေကို နှိမ်နင်းခဲ့သလို ပါကစ္စတန်နိုင်ငံနှင့် အကြောင်းအား လျော်စွာ ဖြစ်ပွားသည့် စစ်ပွဲများကိုလည်း သူကိုယ်တိုင်ကြီးကြပ် စစ်ဆင်ခဲ့ပါသည်။

၂၀၀၆-၂၀၀၇ ခုနှစ်ကာလက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးတစ်ဦးသည် အမျိုး သမီးဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်ထိုင်းဝန်ကြီး ချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင် ချိန်မှာဘဲ ၀န်ကြီးချုပ် ယင်လတ်သည် ကာကွယ်ရေးဝန်ကြီးတာဝန်ကိုပါပူးတွဲ တာဝန်ယူခဲ့သည်။

ပုဒ်မ ၅၉(င) – သမ္မတအဖြစ် ရွေး ချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀နိုင်ငံ တော်အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်ဆိုသည့် အချက်မှာလည်းပတ်ဝန်းကျင် အာရှနိုင်ငံများမှ အခြေခံ ဥပဒေများနှင့် ချိန်ထိုး သည့်အခါလွဲချော်မှုတွေရှိနေသည်ကိုတွေ့ ရှိရသည်။ မိမိတို့အိမ်နီးချင်းဖြစ်သည့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံက တိုင်းပြည်ကို တစ်လှည့် စီတာဝန်ယူအုပ်ချုပ်နေသည့် မုဆိုးမ၀န်ကြီး ချုပ်နှစ်ဦး ၀န်ကြီးချုပ် အဖြစ် မရွေးချယ်ခံရ သည့်အခါ ပြည်သူ့ဆန္ဒနှင့်အညီ တာဝန် မှရပ်စဲခံရသည့်အခါနှင့် မဲရှုံးသည့်အခါမျိုး တွင် ပြည်ပတွင် တစ်နှစ်၊ နှစ်နှစ်တန်သည် သွားရောက်နေထိုင်ကြသည်။ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းများ ဖြစ်ကြ သည့် ဘနာဇီယာဘူတို(ကွယ်လွန်)၊ ပါဗက်မူရှာရှက်(ဖ်)၊ န၀ပ်ရှာရစ်စသည် တို့သည်လည်း သူတို့ သွားရောက် ခိုလှုံကြသည့် ဆော်ဒီအာရေးဗီးယား၊ အင်္ဂလန်စသည့် နိုင်ငံများတွင် ကိုယ်ပိုင်အိမ်၊ တိုက်ခန်းများရှိကြသည်။

အထက်မှာ ဖော်ပြသကဲ့သို့ ဆရာ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အတွက် Loophole ကိုညွှန်ပြလိုက် သည့် အချိန်နှင့် တစ်ဆက်တစ်စပ်တည်း NLD အတွက် အကောင်းဆုံးဆုလာဘ် အဖြစ် ပြည်သူချစ်သော ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးအား Plan B အဖြစ် တစ်ဆက်တည်း စဉ်းစားမိခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် အချိန်က အောင်ဆန်းကွင်းတွင် အားကစားနှင့်ပတ်သက်ပြီး အထိမ်း အမှတ်ပွဲလား၊ နှုတ်ဆက်ပွဲလား (မေ့တေ့ တေ့ဖြစ်နေသည်) အဆိုပါပွဲတွင် ထိုအချိန်က တည်းက ဂေါက်သီးအားကစားသည် မဆလလူကြီးတွေအကြား Means of Communication ဖြစ်နေသည့် အချိန်မျိုး တွင်ကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးက အောင်ဆန်းကွင်း အထူးတန်းတွင် အလွတ်သဘော ဖြင့်ခြင်းလုံးခတ် ပြသည့်ပုံရိပ်ကို အမှတ်ရနေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ်၊ ဆိုင်းဘုတ်နဲ့နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူကို ကူညီနိုင်ကြ ပါစေ။ မိမိ တာဝန်က ဘာလဲ၊ ဘယ်ဘက်က ရပ်တည်ပေးကြမလဲဆိုတာကို ရှင်းရှင်းပြတ်ပြတ် နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ ဗလောင်းဗလဲ ပြည်သူ့ရဲ မဖြစ်ကြပါစေနဲ့ . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးခဲ့တဲ့ အပတ်ကတည်းက မိတ်ဆွေ တစ်ယောက်အိမ်မှာ သံတော်ဆင့်အပတ်စဉ် သတင်းအဟောင်းကို ဖတ် ကြည့် မိရင်း တွေ့ရတဲ့ ပြည်သူ့ရဲရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ပြောစရာတွေပေါ် လာလို့ ဒီဆောင်းပါးကို ရေးဖြစ်ပါ တယ်။ အကြောင်းအရာက မတ်လ ၉ ရက်နေ့တုန်းက ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ် မြို့မအချုပ်ခန်း ထဲမှာ တရားခံကိုဖိုးဇော် (၄၁)နှစ် သေဆုံးသွားတဲ့ ကိစ္စပါ။ မြို့မရဲစခန်းမှူး ဒုရဲမှူး ဦးသက်စိုးကတော့ တရားခံ သေဆုံးသွားတာဟာ ရဲစခန်းတာဝန်ကျ တပ်ဖွဲ့ဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ မတ် လ ၁၃ ရက်နေ့မှာ သံတော် ဆင့်သတင်းစာကို ပြောခဲ့တယ်လို့ ဆိုပါတယ်။…

အမှုဖြစ်ပုံကတော့ ရိုးရိုးပါပဲ။ သေဆုံးသူတရားခံကိုဖိုးဇော်က အရက်မူးပြီး ဇနီးဖြစ်သူ မစံပယ်တို့မိသားစုကို ရမ်းကားခဲ့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ထိုက်ကို တိုင်ကြားခဲ့ရာမှာ ရပ်ကွက်အုပ် ချုပ်ရေးမှူးက ကိုဖိုး ဇော်ကို ရဲစခန်းအပ်ခဲ့သတဲ့။ နောက်နေ့ ၉ နာရီကျော်လောက်မှာ ကိုဖိုးဇော်သေဆုံး သွားတဲ့ အကြောင်း ရဲစခန်း က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြား ခဲ့တယ်လို့ ဆိုပါတယ်။ မိသားစုအနေနဲ့ကတော့ ကြား လူတစ် ယောက် လာပြောလို့ ရင်ခွဲရုံကို ရောက် သွားတော့ ရင်ခွဲပြီးပြီ။ ဇနီးသည် မစံပယ် အပါအ၀င် ဆွေမျိုးတွေကို ကြည့်ခွင့်မပေး ခဲ့ဘူးလို့ဆိုပါတယ်။

သံတော်ဆင့်သတင်းစာက ခရမ်း ဆေးရုံအုပ်ကြီး ဒေါက်တာစောသူရိန် ကို တွေ့ဆုံမေးမြန်းတဲ့အခါ ဆရာဝန်ကြီး က ““ရဲလာပို့တဲ့အချိန်မှာ ကိုဖိုးဇော်သေနေပြီ။ သေပြီးမှ ဆေးရုံလာပို့တာ၊ အထောက် အထားတွေ အကုန်ရှိ တယ်။ အဓိကအ ကြောင်းရင်းက အသည်းမှာ ထိခိုက်ဒဏ်ရာ ရတာ၊ အသည်းကွဲတာ ပြင်းထန်တဲ့ဒဏ် ချက်ပါ။ ဒီကိစ်္စက လူသေမှုမဟုတ်ပါဘူး၊ လူသတ်မှုပါ””လို့ ပြောခဲ့ပါတယ်။

စခန်းမှူးဦးသက်စိုးက ““အချုပ်ထဲမှာ သေတာမဟုတ်ဘူး။ ဆေးရုံမှာ သေတာ။ သူ့ကို ကျန်းမာရေးဆေး စစ်ဖို့ ဆေးရုံမှာ တင်ထားတာ။ အခုသေမှုသေခင်းဖွင့်ထား တယ်။ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တာ။ အရင်ကလည်း ဒီလိုပဲလုပ်ခဲ့တာ””ဟု သံတော်ဆင့်ကိုပြောခဲ့တဲ့အကြောင်း ၂၀၁၄ မတ်၂၂-၂၈ အတွဲ(၃)အမှတ်၂ သံတော်ဆင့် အပတ်စဉ်သတင်းမှာ ဖတ်လိုက်ရပါတယ်။

၃ လကျော်ကာလအတွင်းမှာ မှုခင်း အခြေအနေတွေ ဘယ်လို တိုးတက်ပြောင်းလဲမှုရှိလာတယ်ဆိုတဲ့ နောက် ဆက်တွဲ အခြေအနေကို မသိလိုက်ရပါ။ ဒီကိစ္စမှာ သံတော်ဆင့်သတင်းစာအနေနဲ့ အခြေအနေအရပ်ရပ်ကို တာဝန်ရှိသူရဲ၊ ဆရာဝန်စတဲ့ ပုဂ်္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းတဲ့အတွက် မီဒီယာရဲ့တန်ဖိုးကို အကဲဖြတ်လို့ရ ပါတယ်။ ကျွန်တော့်အနေနဲ့လွန်ခဲ့တဲ့ နှစ် ၂၀လောက် က ဒီအဖြစ်အပျက်နဲ့ထပ်တူ အဖြစ်အပျက် အတွေ့အကြုံ ရှိခဲ့တာမို့ ပြန်ပြီးဖောက်သည် ချချင်လို့ ရေးလိုက်တာပါ။

မြန်မာပြည်အထက်ပိုင်း မြို့ငယ်လေးတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ တုန်းကပေါ့။ အဲဒီတုန်းက ကျွန်တော်က မြို့နယ်မှာ ဥက္ကဋ္ဌတာဝန်ပါ။ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးဟာ အဓိက တာဝန်ပါ။ ဒီလိုပါ ပဲ။ မူးနေတဲ့ လူတစ်ယောက်ကို ရဲကဖမ်းပြီး အချုပ်ထဲထည့်ခဲ့တယ်။ ဒီနေရာမှာ ဥပဒေသဘောကိုပြော ချင်ပါ တယ်။ လူတစ်ယောက်ကို အပြင်မှာ လွတ်လပ်စွာထားရှိပါက ရာဇ၀တ်မှုများ ကျူးလွန်နိုင်စရာရှိတယ်လို့ ရဲက သုံးသပ်ချက်အရ ကျင့်ထုံး ၁၅၁ အရ သူ့ကို ၂၄ နာရီ ၀ရမ်းမပါဘဲ ဖမ်းဆီးချုပ်နှောင်ခွင့်ရှိ ပါတယ်။ နောက်နေ့ အမူးပြေလို့ အခြေ အနေကောင်းသွားရင် ခံဝန်တွေဘာတွေ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ် ရပါတယ်။ ဒါပေမဲ့ အဲဒီတရားခံဟာ အချုပ်ထဲမှာ သေဆုံးသွားတဲ့အကြောင်း ထူးခြားဖြစ်စဉ်အနေနဲ့ ကျွန်တော့်ဆီကို ရဲက သတင်း ပို့ပါတယ်။ ကျွန်တော်က ခေတ္တမြို့နယ်မှူးကို သေဆုံးရခြင်းအကြောင်းရင်း (Cause of Death) ကို ခေါ်မေး တော့ ၀မ်းလျှော ပြီးဆုံးတယ်လို့ ဖြေပါတယ်။ ကျွန်တော်လည်း မြို့နယ်ဆရာဝန်ကြီးကိုခေါ်ပြီး ရင်ခွဲစစ်ဆေးမှု (P.M) စနစ်တကျလုပ်ပြီး ပြန်တင်ပေးဖို့မှာပါတယ်။ ဆရာဝန်ကြီးက P.M လုပ်တဲ့နေရာမှာ သက်သေထည့် ပေးဖို့ပြောတဲ့အတွက် ကျွန်တော့်အတွင်းရေးမှူး (ဒုရုံးအဖွဲ့မှူး)နဲ့ ဥပဒေ၀န်ထမ်းအဆင့်(၄)ကို တာဝန်ပေးလိုက် ပါတယ်။ ထွက်လာတဲ့ အဖြေ (Result) က စိတ်မချမ်းသာစရာပါ။ ရင်ခွဲစစ်ဆေးတော့ ၀မ်းဗိုက်ထဲမှာ သွေး တွေ ပြည့်နေပြီး နံရိုး(၂)ချောင်းကျိုးပြီး အသည်းမှာ သွားစိုက်နေသတဲ့။ ဒီတော့ ရဲက လေသံပြောင်း လာပြန် တယ်။ အချုပ်ခန်းထဲမှာ ညအချိန်တရားခံ အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူသေသွားတယ်ပေါ့။ ဒုမြို့နယ်မှူးက ဆပ်ကျောင်းဆင်း (ဖောင်ကြီးမဖွင့်ရသေး) ရဲစီနီယာကြီးပါ။ ကျွန်တော်နဲ့ပုဂ်္ဂိုလ်ရေးအရတော့ ခင်ပါတယ်။ ကျွန်တော့်ဘက်ကလည်း တာဝန်ဟာ တာဝန်ပေါ့။

ဒီနေရာမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြတ်ပြောချင်ပါတယ်။ ကိုယ်ရည်သွေးတယ်။ ၀ါကြွားတယ်လို့ မထင်စေ ချင်ပါ။ အတွေ့အကြုံက စကားပြောတယ်ဆိုတာပါပဲ။ ရဲက လေသံပြောင်းပြီးသတင်းပို့တဲ့ အချိန်မှာ ရဲရဲ့ အဓိက အရေးကြီးမှတ်တမ်းဖြစ်တဲ့ G.D (General Diary) အရပ်ရပ် နေ့စဉ်မှတ်တမ်းလို့ခေါ်ပါတယ်။ ရဲစခန်းမှာ ထူးခြား ချက်၊ လုပ်ဆောင်ချက်တွေကို အချိန်နဲ့အမျှ မှတ်တမ်းတင်ထားရတဲ့ မှတ်တမ်းပါ။ မလုပ်မနေရပါ။ သေနတ် ထုတ်တယ်။ အပ်တယ်။ ဘယ်သူ့ကို ဘယ်တာဝန်နဲ့ ဘယ်အချိန်မှာ ဘယ်လိုလွှတ်တယ်ဆို တာမျိုးတွေပါ။ အရေးကြုံရင် သူတို့ကို ကယ်နိုင်တဲ့ မှတ်တမ်းဆိုရင် မမှားပါဘူး။

ကျွန်တော်က အဲဒီ G.D ကို ယူစစ် ကြည့်လိုက်တော့ ရဲက လိမ်ထားတာတွေ အကုန်ပေါ်ပါတယ်။ သူတို့ ကျွန်တော့်ကို အထင်သေးပြီး ပြီးစလွယ် အဖြေပေးလိုက် ပုံရပါတယ်။ တကယ်လို့ သူတို့ပြောသလို အချုပ်ခန်း ထဲမှာ အချုပ်သားချင်းရန်ဖြစ် ကြတယ်ဆိုရင် ကင်းသားက ကင်းမှူးကို သတင်းပို့ရမယ်။ ကင်းမှူးက တာဝန်မှူး ကို၊ တာဝန်မှူးက စခန်းမှူးကို၊ စခန်းမှူးက မြို့နယ်မှူးကို အဆင့်ဆင့် သတင်းပို့ထားတာတွေ မှတ်တမ်းတင် ထားရမှာပါ။ အခုတော့ အဲဒါတွေ ဘာမှတ်တမ်းမှ မရှိပါဘူး။ ဒီတော့ သူ့ကို လိမ်ထားတာ ကားခနဲပေါ်ပါတယ်။ နောက်ပိုင်း ကျွန်တော့် အစီရင်ခံစာအရ C.I.D တွေ၊ အထူးစစ်ဆေးမှုတွေ လုပ်ပြီး ရဲတွေအရေးယူတာ ခံကြရတယ်။

ခရမ်းမြို့ အချုပ်ခန်းထဲက တရားခံသေဆုံးမှုမှာ ဒါမျိုးတွေရှိခဲ့ရဲ့လားလို့ တွေး မိတယ်။ စခန်းမှူးရဲ့အပြောအ ဆိုတွေဟာ ဥပဒေသမားနဲ့ မတူဘူး။ အရပ်သားဆန်တယ်။ ဒုရဲမှူး (စခန်းမှူး) အဆင့်ဟာ ပြန်တမ်းဝင် အရာရှိ အဆင့်ဖြစ်ပါတယ်။ စကားကို လက်လွတ်စပယ် မပြောအပ်ပါဘူး။ သိက္ခာရှိရှိ ဖြေရှင်းနိုင်ရပါတယ်။ သတင်း ဖော်ပြချက်တွေအရ မြို့နယ်အုပ်ချုပ်ရေးရဲ့ အခန်းကဏ္ဍပျောက်နေတာတွေ့ရပါတယ်။ မြို့နယ်အတွင်း ထူးခြား ဖြစ်စဉ်မှန်သမျှ မြို့ နယ်အုပ်ချုပ်ရေးကို သတင်းပို့ကြရပါတယ်။ စခန်းမှူးဟာ ကြီးကြပ်ကွပ်ကဲမှု အားနည်း တယ် လို့ဆိုရမှာဖြစ်ပါတယ်။ အဆင်မသင့်ရင် သူ့ကိုတောင် ရာဇ၀တ်မကင်းသော ပူးပေါင်းကြံစည်မှု (Criminal Conspiracy) နဲ့ ငြိစွန်းနိုင်ပါတယ်။

သေမှုသေခင်းကို (Death Care) လို့ ခေါ်ပါတယ်။ ဓာတ်လိုက်သေတာမျိုး၊ ရေနစ်သေတာမျိုး၊ မိုးကြိုးပစ်ခံရလို့ သေတာမျိုး၊ အဆိပ်သောက်လို့ သေတာမျိုးတွေမှာ ဓမ္မတာအရ သေတာမျိုးတွေမှာ ရဲက သေမှုသေခင်းဖွင့်ပြီး ဆောင်ရွက်ရပါတယ်။ ရေနစ်သေတာမျိုးတွေမှာတောင် သတ်ပြီးမှ ရေထဲပစ်ချတာလား၊ ဆရာဝန်နဲ့သေ ချာ အောင် စစ်ပြီးမှ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လုပ်ရပါတယ်။ ကိုယ့်အချုပ် ခန်းထဲက တရားခံ သေသွား တာမျိုးကို သေမှုသေခင်းဖွင့်ပြီး ဆောင်ရွက်တယ်ဆိုတာမျိုး အရင်ကလည်း ဒီလိုပဲလုပ်ခဲ့တာ လို့ ရဲစခန်းမှူးကြီး ပြောတာမျိုးဟာ အင်မတန်အံ့သြစရာကောင်းတယ်။ ဘယ်လို ဆရာမျိုးရဲ့ Training တွေနဲ့ ရာထူးအဆင့်ဆင့် တက်လာတယ်ဆိုတာ လေ့လာပြီး အာစရိယ ပူဇော်ပွဲတောင်လုပ်ဖို့ ကောင်းနေပါပြီ။ အရင်တုန်းကလည်း ဒီလို ပဲလုပ်ခဲ့တာလို့ သံတော်ဆင့်ကိုပြောပြခဲ့တယ်။ ဘယ်တုန်းကလဲ၊ ဘယ်လိုအမှုမျိုးတွေလဲ သိချင်စမ်းပါဘိ။ အချုပ်ခန်းတွေမှာ CCTV ကင်မရာတွေ တပ်ထားပြီးသားလား။

ကျွန်တော့်ရဲ့ လုပ်သက်နှစ် ၄၀ကျော် အတွင်းမှာ ရဲနဲ့လက်တွဲပြီး တောက်လျှောက် အလုပ်လုပ်ခဲ့ရတဲ့အတွက် အခြားဌာနဆိုင်ရာတွေနဲ့ စာရင် ရဲအကြောင်းကောင်းကောင်း သိပါတယ်။ ဒီနေ့ခေတ်မှာ ရဲမင်းကြီး လောက်ဆို ရင် ရဲစစ်စစ် အတော်ရှားသွားပါပြီ။ ဥပဒေကျွမ်းကျင်တဲ့သူ အတော်နည်းသွားပါပြီ။ ကျွန်တော်နဲ့ တွဲခဲ့တဲ့ မြို့ နယ်မှူးဆိုရင် ဖောင်ကြီးဆင်းဖြစ်ပြီး အမှုစစ်ရာမှာ အလွန်တော်ပါတယ်။ တခြားမြို့ နယ်တွေမှာ ဖော်ထုတ်လို့ မရတဲ့ ကိစ္စတွေတိုင်းက သူ့ကိုအထူး တာဝန်ပေးပြီးစစ်ခိုင်းတာ မျိုးတောင်ရှိပါတယ်။ ရှမ်းပြည်မှာ တွဲခဲ့ရတဲ့ ဒုရဲအုပ် တစ်ယောက်ဆိုရင် စန္ဒရားတီးတာ ကျွမ်းကျင်သလို Fighter ကောင်း တစ်ယောက်ဖြစ်ပါတယ်။ တိုက် ပွဲ ၂ ကြိမ် တိုက်တာ ၄ လောင်း၊ ၄လက် ၂ကြိမ်ရလို့ ရဲအုပ်ထိ ၂ ဆင့်ရာထူးတိုးပေးခဲ့တယ်။ တခြားမြို့နယ်ကို ပြောင်းသွားပြီး အဲဒီမြို့နယ်က တောတွင်းအဖွဲ့က သူ့သတင်းကို ကြားဖူးထားပြီး ခြိမ်းခြောက်စာတွေ အပို့ ခံရ လို့ ““ကျွန်တော်မြို့ထဲကို တော်တော်နဲ့ မထွက်ရဲဘူးအစ်ကိုကြီး””လို့ ကျွန်တော်နဲ့ တွေ့တော့ ပြောပါတယ်။ သူ့ကို ကျွန်တော် တီးခေါက်ကြည့်တော့ သူ့မှာ ဥပဒေနဲ့ပတ် သက်လို့၊ ရဲလုပ်ငန်းနဲ့ပတ်သက်လို့ တော် တော် အားနည်းတာတွေ့ရတယ်။

ရဲမှာလည်း အထက်က စခန်းနယ်မြေအတွင်း အမှုကြီးဖြစ်ပွားမှု အနည်းအများနဲ့လည်း တိုင်းတာတာမျိုး တွေရှိ တယ်။ ရဲက အမှုဖြစ်ပွားပြီး စခန်းမှာ တိုင်ချက်ဖွင့်လာရင် အမှုဖွင့်ပေးရပါတယ်။

အဲဒါကို F.I.R (First Information Report) လို့ခေါ်ပါတယ်။ မြန်မာလိုတော့ ပထမသတင်းပေး တိုင်တန်းချက် ပေါ့။ အလွယ်တော့ (ပ)နံပါတ်လို့ ခေါ်ပါတယ်။ သတင်းစာတွေထဲမှာ မကြာခဏတွေ့ဖူး ကြမှာပါ။ ဒါပေမဲ့ တချို့ ရဲစခန်းတွေက တိုင်ချက်ကို တရားဝင် F.I.R ဖွင့်မပေးသေးဘဲ ခဲတံနဲ့အကြမ်းရေး မှတ်ထားကြပြီး အမှု ကြီး နံပါတ်တက်မသွားအောင် ထိန်းတတ်ကြပါတယ်။ ဒီကိစ္စမျိုးတွေ မြို့နယ်မှူးတောင် မသိကြတာတွေ ရှိတယ်။ တရားလို၊ တရားခံခေါ်ပြီး ညှိနှိုင်းတာမျိုးလည်းရှိတယ်။ ဒီတော့ ပြေလည်သွားရင် စခန်းမှာ အမှုကြီးဖြစ်ပွားမှု ကိန်းဂဏန်းလျှော့ တယ်။ နောက်ပြီး Service Fee အကျိုး ဆောင်ခလည်းရပါတယ်။ ဒါပေမဲ့ နောက် ပိုင်း ဖွတဲ့ သူနဲ့တွေ့ရင် အလွန်စိတ်ဆင်းရဲ ရတတ်ပါတယ်။

ဒါပေမဲ့အချို့ရဲစခန်းတွေက နှစ်ဦးနှစ် ဖက် တိုင်ကြရင် တစ်ဖက်ကိုသာ အမှုဖွင့် ပေးပြီး တစ်ဖက်ကို အမှုဖွင့် မပေးတာမျိုးလည်း ရှိပါတယ်။ တစ်ဖက်က Back Ground အားကောင်းရင် ခပ်မိုက်မိုက်ပဲ တစ်ဖက်ကို ငြင်း တတ်ကြပါတယ်။ မိတ် ဆွေတွေပြန်ပြောလို့ ကြားဖူးတာပါ။ ပြည် သူလူထုက အားကိုးရမယ့်ရဲကို လက်ကိုင် တုတ်လိုသဘောထားပြီး ဟိုတစ်ချိန်တုန်းကလို အချိုးအပေါက်တွေ မြင်နေရပါပြီ။

ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ်၊ ဆိုင်း ဘုတ်နဲ့နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ ကို ကူညီနိုင်ကြပါစေ။ မိမိ တာဝန်က ဘာလဲ၊ ဘယ်ဘက်က ရပ်တည်ပေးကြမလဲ ဆိုတာကို ရှင်းရှင်းပြတ်ပြတ်နားလည်နိုင် ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ဗလောင်းဗလဲ ပြည်သူ့ရဲ မဖြစ်ကြပါ စေနဲ့။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


မြန်မာကျေးလက်ဒေသတွေမှာ အက်ရှင်သရုပ်ဆောင်အဖြစ် လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ လူငယ်သိုင်းသမား ဂျွန်ဂိုတစ်ယောက် ဦးနှောက်အမြှေးယောင်ဝေဒနာနဲ့ အောက်တိုဘာ ၃၁ရက်နေ့က ကွယ်လွန်ခဲ့တာမို့ သူ့ရဲ့ဈာပနကို နိုဝင်ဘာ ၂ရက်နေ့က ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၂၇နှစ်ပဲ ရှိသေးတဲ့ ကျေးလက်ပြည်သူတွေရဲ့ အသည်းစွဲ သရုပ်ဆောင် ဂျွန်ဂိုရဲ့ ဈာပနကို သူ့ကိုချစ်တဲ့ ပရိသတ်တွေ ထောင်နဲ့ချီပြီး နှုတ်ဆက်ပို့ဆောင်ခဲ့ကြလို့ မိသားစုဝင်တွေတောင် ရုပ်ကလာပ်ကို ကြည့်ခွင့်မရပေမယ့် ဂျွန်ဂိုပရိသတ်တွေမို့ စိတ်တော့မဆိုးပါဘူးလို့ ဂျွန်ဂိုရဲ့ဦးလေး ကိုလှဝင်းတင့်က ပြောပါတယ်။

သရုပ်ဆောင် ဂျွန်ဂို(ခ) ချစ်မိုးနိုင်ဟာ အက်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးချိန်မှာ သဘာဝကျကျ ရိုက်ကူးပြီး မတော်တဆထိခိုက်မှုတွေ၊ နားကန်းမှုတွေ ခဏခဏကြုံတွေ့နေရလို့ တစ်ခါတစ်ရံ ခေါင်းကိုက်တတ်ပြီး အခုလို ဦးနှောက်အမြှေးယောင်ရောဂါနဲ့ ကွယ်လွန်သွားတလို့ ဆိုပါတယ်။

ဂျွန်ဂိုဟာ မြန်မာဖိုက်တင်မင်းသားခေတ်တစ်လျှောက် ထွန်းထွန်းပေါက်ပေါက် ပေါ်လာတာဖြစ်လို့ ကျန်းမာရေးဂရုစိုက်ဖို့ ပြောခဲ့ပေမယ့် ဒီလိုထိဖြစ်မယ်လို့ မထင်ခဲ့ဘူးလို့ သရုပ်ဆောင်၊ ဒါရိုက်တာ မင်းဇော်က ပြောပါတယ်။

ဂျွန်ဂိုဟာ ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့ပြီးမှ သရုပ်ဆောင်လောကကနေ စောစောစီးစီး ထွက်ခွာခဲ့တာကြောင့် နှမြောတယ်လို့ ပြောသူက လူကြမ်းမင်းသား မင်းစိန်ပါ။ ဂျွန်ဂိုကို ပြန်ခေါ်ဖို့ မဖြစ်နိုင်တော့လို့ နောက်မင်းသားသစ်တစ်ယောက် ထွက်လာဖို့ ရေဝေးသုဿန်မှာပဲ သူဆုတောင်းတယ်လို့ ဆိုပါတယ်။

ဂျွန်ဂိုဟာ သရုပ်ဆောင် ရဲမင်းပိုင်နဲ့ ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပြီး အသက် ၁၆နှစ်အရွယ်မှာ သွေးထဲက ကျားပေါက် ဇာတ်ကားနဲ့ ခေါင်းဆောင်မင်းသားအဖြစ် စတင်ရိုက်ကူးခဲ့ပါတယ်။ သူရဲ့နောက်ဆုံးဇာတ်ကား ငရဲတွင်းကိုတော့ မကွယ်လွန်ခင် အပြီးသတ် ရိုက်ကူးခဲ့ပါတယ်။

Kamayut media

အဲဒီပုံထဲကသူဟာ ကျနော်တို့ တပ်ဖွဲ့ဝင် ( ခိုင်လေး )ပုံပါ ကျနော့် ကင်မရာနဲ့ မွန်ပြည်နယ်သွားတုန်းရိုက်ထားတာပါ... ကိုပါကြီးက တကယ်တော်တဲ့
စိတ်ကောင်းတဲ့ သတင်းသမားတစ်ယောက်ပါ။

ကျနော်နဲ့ ၁၉ နှစ်မြောက် DKBA တပိမတော်နေ့ / လော်ခီးလာ ညီလာခံ /အမေစုမွေးနေ့ (သုံးရောင်ခြယ်) / ဗိုလ်ချုပ်ကြီးစောလားပွယ်မွေးနေ့ တွေမှာ
တွေ့တယ် မှတ်မိသလောက်ပေါ့ အင်မတန် သဘောကောင်းပြီး အကိုတစ်ယောက်လို ဆုံးမတတ်သူပါ။မသိတာသင်ပေးနေကျပါ
ကျနော် အခိုင်အမာပြောချင်တာက ကိုပါကြီး သတင်းသမားသာဖြစ်ပါတယ်။

ကျနော့ဆီမှာ ခိုင်လေးရော ကိုပါကြီးပါပါတဲ့ လော်ခီးလာကပုံရှိပါတယ် ရှာတွေ့ရင် ကျနော်တင်ပေးပါ့မယ် အခုချိန်မှာ ငြိမ်းချမ်းရေးအတွက် ပြုပြင်ပြောင်းလဲရေး အတွက်ကြိုးစားနေကြပါတယ်။

သို့သော် မတရားတာ ဖိနှိပ်တာ တွေတွန်းလှန်ဖို့အသင့်ပါကျနော်တို့ကို သူပုန်ခေါ်ခေါ် ကြိုက်တာခေါ်ပါ ခေတ်ဆိုးစနစ်ဆိုးကို ပြောင်းလဲ
ချင်လို့ ကြိုးစားနေတာပါ ...

ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအကြိမ် ကိုပါကြီးဓါတ်ပုံဆိုပြီး ဖော်ပြလိုက်ခြင်းဟာ ( လုံးဝ ) လွဲမှားနေပါတယ်။သတင်းတင်သူ ဂျာနယ်မှာရေးသူ တွေကို
ပြောချင်တာ လူတယောက်အကြောင်း သိအောင်လုပ်ပါ။

မသေချာပဲ ရေးချင်တာ ရေးရင် တဖက်လူ အင်မတန်နစ်နာတာမို့ ဆင်ခြင်ကြပါ ...

ကျနော်တို့ စာမတတ်ပေမတတ် ငတုံးငအတွေမဟုတ်ဘူးဆိုတာ
သတိပြုပါ ကျေးဇူးတင်ပါတယ်။

ရေးသားသူ- Ka Naung(DKBA)


ကိုပါကြီး ရုပ်အလောင်းပြန်ဖော် စစ်ဆေးမှုလုပ်မယ့်ကိစ္စမှာ သက်ဆိုင်သူ ကိုပါကြီးရဲ့ဇနီး မသန္တာအား ဝိုင်းဝန်းကူညီပေးကြမယ့် တတ်သိပညာရှင်များ လိုအပ်နေသေးတယ်လို့ သိရှိရတယ်။

ကိုပါကြီး ရုပ်အလောင်းကို ပြန်ဖော်စစ်ဆေးရာမှာ လွတ်လပ်စွာစစ်ဆေးခွင့် ရှိမရှိဆိုတာလဲ မသိရှိရသေးတဲ့အပြင်၊ ကိုပါကြီး ဟုတ် မဟုတ် သေချာဖို့ရယ် နဲ့ အလောင်းကို မှတ်တမ်းတင်ဖို့ ဓါတ်ပုံဆရာ ၊ ရှေ့နေ၊ မှုခင်းဆရာဝန် စတဲ့ပညာရှင်တွေ ကာယကံရှင်မိသားစုဘက် မရှိမဖြစ် လိုအပ်မှာ ဖြစ်ပါတယ်။ ကာယကံရှင်ဖြစ်တဲ့ မသန္တာ က ...

“ကိုပါကြီး အလောင်းကို ဖော်ဖို့ ကျိုက်မရောရဲစခန်းကို ဒီလ ၄ ရက်နေ့ ကြိုလာခိုင်းထားတယ် ဖော်မှာက ၅ ရက်နေ့။ အကြောင်းကြာစာက အလုံမြို့နယ် ရဲစခန်းကနေတဆင့် အိမ်ကိုလာပေးတယ်။ အလောင်းကို စစ်ဆေးဖို့အတွက် ရှေ့နေတဦး ကတော့ရှိတယ်၊ မှုခင်းဆရာဝန်ရဖို့ အခက်အခဲ ဖြစ်နေတယ်။ ရအောင်တော့ ကြိုးစားနေတယ်။ မရရင်တော့ ရိုးရိုးဆရာဝန် ဖြစ်ဖြစ် ခေါ်သွားရမှာပဲ။ ဒါတောင် ကိုယ့်ဘက်က လွတ်လွတ်လပ်လပ်စစ်ဆေးလို့ ရမရဆိုတာ မသိသေးဘူး” လို့ ပြောပြတယ်။

ရုပ်အလောင်းကို ပြန်ဖော်စစ်ဆေးတဲ့ ကိစ္စမှာလဲ လိုက်ပါကူညီဆောင်ရွက်မယ့်သူတွေကို ကျိုက်မရော ရဲစခန်းက လူဦးရေးကန့်သတ်တာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ရန်ကုန်မြို့မှာ လူ့အခွင့်အရေးကော်မရှင်ကို စာသွားတင်တဲ့နေ့တုန်းကလို လူဦးရေကန့်သတ်တာမျိုးတွေ ဖြစ်လာနိုင်သေးတယ်လို့ မသန္တာက တဆက်တည်း ပြောပြတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာ အနီးမှာ အစိုးရစစ်တပ် ခလရ ၂၀၈ တပ်ရင်းက ပစ်ခတ်အရေးယူပြီး မြှုပ်နှံထားခဲ့တဲ့ ကိုပါကြီး အလောင်းနေရာကို နိုဝင်ဘာ ၅ ရက်နေ့မှာ သွားရောက် တူးဖော် စစ်ဆေးဖို့အတွက် ကျိုက်မရောရဲစခန်းက မသန္တာဆီ အကြောင်းကြားစာကို နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်တိုင် အလုံမြို့နယ် ရဲစခန်းကတဆင့် လာရောက်ပေးပို့ခဲ့တယ်။ စာပါအကြောင်းအရာတွေထဲမှာ မသန္တာ အနေနဲ့ ကျိုက်မရောကို တရက်ကြိုတင်လာဖို့ကိုလည်း ပြောထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ စင်တင်ဘာလ ၂၆ ရက်နေ့စပြီး ဒီကေဘီအေနဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲဖြစ်ပွားတာကို သတင်းသွားယူရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကိုပါကြီးရဲ့ ဇနီးကိုယ်တိုင် အောက်တိုဘာ ၁၉ ရက်နေ့က မော်လမြိုင်နဲ့ ကျိုက်မရောကို လိုက်သွားပြီး စုံစမ်းပြန်တော့လည်း ခလရ ၂၀၈ တပ်ရင်းက ဖမ်းဆီးခဲ့တယ်ဆိုတာကိုသာ အတိအကျသိရပြီး၊ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရှိရဘဲ ပျောက်ဆုံးနေတဲ့အတွက် ကျိုက်မရော ရဲစခန်းမှာ လူပျောက်ဆုံးမှု အမှုဖွင့်ခဲ့တယ်။

အောင်တိုဘာ ၂၁ ရက်နေ့မှာတော့ တလနီးပါးကြာ ပျောက်ဆုံးနေတဲ့ အလွတ်တန်း ဓါတ်ပုံသတင်းထောက် ကိုပါကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာ က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကိုပါကြီးအား ဥပဒေမဲ့ ထိန်းသိမ်းထားသူတွေကို တရားစွဲမယ်လို့ အသိပေးကြေညာခဲ့တယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာ စာနယ်ဇင်းကောင်စီမှတဆင့် မီဒီယာတွေဆီကို အသိပေးအကြောင်းကြားလာတဲ့ ကိုပါကြီး ပတ်သက်တဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တစောင့် ထွက်လာပါတယ်။ တပ်မတော် ထုတ်ပြန်ချက်ထဲမှာ အောက်တိုဘ ၄ ရက်က ကိုပါကြီး သေဆုံးသွားပြီ ဖြစ်ကြောင်း၊ အစောင့်စစ်သားဆီက သေနတ်လုလို့ ပစ်ခတ်လိုက်တဲ့အတွက် သေဆုံးရတာဖြစ်ကြောင်း၊ ကျိုက်မရောမြို့နယ် ရွှေဝါချောင်ရွာ တောင်ဘက် မီတာ ၈၀၀ မှ ကောင်းမွန်စွာ မြေမြှုပ်ထားကြောင်းနဲ့ ကာယကံရှင်မိသားစုကို ငွေကြေး ထောက်ပံ့ကူညီပေးသွားမည် ဖြစ်ကြောင်း စတဲ့ အချက်တွေပါဝင်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး အစိုးရစစ်တပ်ဖမ်းဆီးပြီး ပျောက်ဆုံးနေတာ တလနီးပါကြာမှ ကာယံရှင်မိသားစုတွေက လိုက်လံစုံစမ်း တရားစွဲတော့မယ် ဆိုကာမှ အောက်တိုဘာ ၄ ရက်နေ့ သေဆုံးတာကို အောက်တိုဘာ ၂၃ ရက်နေ့မှ အသိပေးတဲ့ လုပ်ရပ်ဟာ မရိုးသားတဲ့လုပ်ရပ် ဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်၊ အမှုမှန်ဖော်ထုတ်ဖို့ အစိုးရမှာ တာဝန်အဆရှိဆုံး ဖြစ်တယ်လို့ ကာယကံရှင်မိသားစုတွေနဲ့ ကိုပါကြီး မိတ်ဆွေအပေါင်းအသင်းတွေက ယူဆနေကြကြောင်းပါ ခင်ဗျာ။
Yamounnar | Photo by Moe Kyaw
Photo by Moe KYaw

ရန်ကုန်၊

(၂၅)ကြိမ်မြောက် အာဆီယံထိပ် သီးအစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အမေရိ ကန်သမ္မတ၏လုံခြုံရေးကို နိုင်ငံတကာ ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက် သွားမည်ဟု နိုင်ငံတော်အဆင့်မြင့်အ ရာရှိတစ်ဦးက အောက်တိုဘာ ၂၈ရက် တွင်ပြောသည်။

''လုံခြုံရေးကတော့ အမြင့်ဆုံး ဆောင်ရွက်ထားပါတယ်။ အသေးစိတ် တော့ပြောလို့မရဘူး။ နိုင်ငံတကာရဲတပ် ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်'' ဟု ပြောသည်။

အမေရိကန်သမ္မတသည် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတက်ရောက်ရန် နေပြည်တော် သို့နိုဝင်ဘာ ၉ ရက်တွင်ရောက်ရှိမည် ဖြစ်ပြီး ၁၃ ရက်တွင် မြန်မာနိုင်ငံမှပြန် လည်ထွက်ခွာမည်ဖြစ်သည်။

ယခုအချိန် တွင် အမေရိကန်သမ္မတနှင့် ၄င်း၏ဝန် ထမ်းများတည်းခိုနိုင်ရန် ကမ္ဘာ့အဆင့် မီကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်သုံးလုံး ငှားရမ်းထားလျက် ရှိကြောင်း သတင်း များလည်းထွက်ပေါ်လျက်ရှိသည်။

အရပ်သားအစိုးရသစ်လက်ထက် တွင် အမေရိကန်သမ္မတအိုးဘားမား ခရီးစဉ်သည် မြန်မာနိုင်ငံသို့ဒုတိယအ ကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။

ပထမအကြိမ်ခရီးစဉ်တွင် မြန်မာ နိုင်ငံရေးအတိုက်အခံခေါင်းဆောင် များ၊ တိုင်းရင်းသားအဖွဲ့များနှင့်တွေ့ဆုံ ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်း ပြောဆိုခဲ့သည်။

-ကျော်စိုးဦး၊ ရန်ကုန်တိုင်း ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၂)။
‪#‎TheYangonTimes‬

အီဘိုလာ ရောဂါသည် ကူးစက်သည့် လူတိုင်းကို သေစေနိုင်စွမ်း မရှိဘဲ အချို့သော ဗီဇလက္ခဏာ များကို ပိုင်ဆိုင်သူ များက အီဘိုလာ ရောဂါ ပျောက်ကင်း နိုင်ပြီး အချို့မှာ အီဘိုလာ ရောဂါကို ခုခံနိုင်စွမ်း ရှိနိုင်မည်ဟု အမေရိကန် နိုင်ငံ ဝါရှင်တန် တက္ကသိုလ်မှ သုတေသီ များက ဆိုသည်။

အီဘိုလာ ရောဂါပိုး ကြောင့် ကူးစက်သူ ဦးရေ ၁၃ဝဝဝ ခန့်ရှိခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ဦးရေ ၄၉ဝဝ ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ အီဘိုလာ ရောဂါပိုး ကူးစက်ရာတွင် အချို့သော လူနာများမှာ လျင်မြန်စွာ အသက်ဆုံးရှုံး ကြရပြီး အခြား သူတို့မှာ အီဘိုလာ ရောဂါ ပျောက်ကင်း သွားသည်ကို တွေ့ရသည်။ အီဘိုလာ ရောဂါ၏ လက္ခဏာ များက လူနာများတွင် ပြောင်းလဲမှုများ ရှိနေခဲ့ သဖြင့် ဆရာဝန် များက အီဘိုလာ ၏ အလုပ် လုပ်ပုံကို အပြည့်အဝ နားလည်ရန် ခက်ခဲနေပြီး ယခု စမ်းသပ်ချက် အရ အီဘိုလာ ရောဂါသည် လူတို့ကို ဆိုးဝါးစွာ ကူးစက် နိုင်သလို အချို့ ကူးစက်ခံ ရသော လူနာများ တွင်မူ ရောဂါ လွယ်ကူစွာ ပျောက်ကင်း နိုင်ကြောင်းကို ၄င်း တို့၏ ဗီဇ ပုံဆောင် ဓာတုပစ္စည်းကို လေ့လာ၍ သိရှိနိုင်သည်။

အမေရိကန် နိုင်ငံ ဝါရှင်တန် တက္ကသိုလ်မှ သုတေသီများက စမ်းသပ်ခံ ကြွက်များ ခန္ဓာကိုယ် အတွင်း လက်ရှိပျံ့နှံ့ နေသည့် အီဘိုလာ ရောဂါ တစ်မျိုး (ပုံ)ကို ထည့်သွင်းကာ လေ့လာခဲ့ရာ ကြွက်အချို့တွင် အီဘိုလာ ရောဂါ၏ လက္ခဏာ အပြည့်အဝ ပေါ်နေသည်ကို တွေ့ရှိခဲ့ပြီး အချို့ကြွက် များတွင်မူ ပြန်လည် ကောင်းမွန်သွား သည်ကို တွေ့ရှိခဲ့သည်။အခြားကြွက် များတွင် မူ ရောဂါ၏ ကူးစက်မှု ကိုပင် ခုခံနိုင်စွမ်း ရှိသည့် လက္ခဏာများ ပြသခဲ့သည်ကို တွေ့ရှိခဲ့ ကြသည်။ အီဘိုလာ ရောဂါ ကူးစက်လိုက်သည့် ကြွက်များတွင် ရလဒ်များ မတူညီခဲ့ ရခြင်းမှာ ၄င်းတို့၏ ဗီဇ ဓာတုပစ္စည်း များကြောင့် ဖြစ်ကြောင်း သုတေသီ များက အဖြေထုတ် နိုင်ခဲ့သည်။
ကြွက်များ၏ အလိုအလျောက် ရောဂါပြီး စနစ်ကို အလုပ်လုပ် စေခြင်းနှင့် သွေးကြောမျှင် များကို ပြုပြင် ပေးခြင်းတို့ကို လုပ်ဆောင် ပေးရာတွင် ပါဝင်သည့် ဗီဇ ဓာတုပစ္စည်း များသည် ကြွက်တစ်ကောင် နှင့် တစ်ကောင် မတူညီ၍ ကွဲပြားသော ရလဒ်များ ရရှိခဲ့သည်။ ၄င်းတို့ စမ်းသပ်ခဲ့သည့် ကြွက်များမှ ၇ဝ ရာခိုင်နှုန်းမှာ ဆိုးရွားသော ရောဂါလက္ခဏာများ ပေါ်လွင်ခဲ့ပြီး ထက်ဝက်ကျော်မှာ သွေးနှင့် အသည်းတို့တွင် ပျက်စီးမှုများ ဖြစ်ပေါ်ကာ သေဆုံး ခဲ့ရကြောင်း သိရသည်။

သေဆုံးသွားသည့် ကြွက်များတွင် ၄င်းတို့၏ ဗီဇ ဓာတုပစ္စည်း နှစ်မျိုးမှာ လှုပ်ရှားမှု နည်းပါး နေသဖြင့် သွေးကြော ပေါက်ခြင်းများ ဖြစ်ပေါ်စေကာ ရောဂါ ကူးစက်မှုကို ကုသပေးသော သွေးဖြူဥ များကို စိမ့်ထွက်စေပြီး ဆဲလ်ပျက်စီးမှုများ ဖြစ်ပေါ်စေကာ ကိုယ်အင်္ဂါ အစိတ်အပိုင်း ပျက်စီးမှုများဖြင့် သေဆုံးရလေ့ ရှိကြောင်း သိရသည်။

ရှာဖွေတွေ့ရှိမှု အရ အီဘိုလာ ရောဂါ ကူးစက်မှုသည် လူနာတစ်ဦးစီ တွင် မည်သည့် အတိုင်းအတာ အထိ ဆိုးရွားနိုင်မည်ကို ၄င်းတို့၏ ဗီဇ ဓာတုပစ္စည်း အကြောင်း လေ့လာ၍ သိရှိနိုင်သည်။ လူနှင့် ကြွက် တို့၏ ဗီဇ ဓာတုပစ္စည်း ဖွဲ့စည်းပုံတွင် လူတို့၏ ဗီဇ ဖွဲ့စည်းပုံမှာ ကြွက်များထက် များစွာ ရှုပ်ထွေးသဖြင့် ၄င်းတို့၏ ရှာဖွေမှုကို လူတို့အတွက် သတ်မှတ်၍ မရသေး သောကြောင့် အီဘိုလာရောဂါ က ကြွက်နှင့်လူတို့၏ ဗီဇ မည်သို့ တိုက်ခိုက်ပုံကို လေ့လာမှုများ ဆက်လက် ပြုလုပ် သွားရဦးမည် ဖြစ်ကြောင်း သုတေသီ အဖွဲ့မှ Michael Katze က ပြောပြ၍ သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_76.html

The new rockets generate bubbles which powers them forward

The micro-rockets can be used to neutralise dangerous biological weapons like anthrax

ဝါရှင်တန် ၊ ၃-၁၁-၂၀၁၄

အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီများက ဓာတုနှင့် ဇီဝလက်နက် များကို အသက်မဲ့အောင် ပြုလုပ်ပေး နိုင်မည့် မိုက်ခရို ရော့ကက်များ (ပုံ) ကို ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်း ရော့ကက်များသည် ပင်လယ် ဆားငန်ရေကို စွမ်းအင်အဖြစ် အသုံးပြုကာ ဒေါင့်သန်းပိုး နှင့် ဆာရင်အဆိပ် ကဲ့သို့ ဓာတုဇီဝ အဆိပ်ရည် များထဲတွင် ကူးခတ်ကာ အဆိပ် မော်လီကျူး များကို စားပစ်ပြီး အဆုံးတွင် ကိုယ်တိုင်လည်း ပျက်စီး သွားမည် ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ကို ညစ်ညမ်း စေသော အမှိုက်သရိုက် များကိုလည်း ဖျက်ဆီး ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုက်ခရိုရော့ကက် ကို မက်ဂနီစီယမ် အုပ်ထားသော တိုက်တေနီယမ် ဒိုင်အောက်ဆိုဒ် ဖြင့် ပြုလုပ် ထားသည်။ မျက်လုံးကဲ့သို့ အပေါက်ထဲမှ မက်ဂနီစီယမ် က ထွက်လာပြီး ပင်လယ်ရေနှင့် ဓာတ်ပြုကာ ပူဖောင်း ဖြစ်သွားသည်။ ပူဖောင်း ဖြစ်သော တွန်းကန်အားက ပူဖောင်းကို ရွေ့စေသည်။ ယင်း တွန်းကန်အား က အတွင်းတွင် ပါရှိသော တိုက်တေနီယမ် ဒိုင်အောက်ဆိုဒ် ကို ဓာတု၊ ဇီဝအဆိပ် များနှင့် ဓာတ်ပြုစေပြီး ဓာတ်ပြုသည် နှင့်တစ်ပြိုင်နက် ယင်း အဆိပ်အတောက် များကို ဖြိုခွဲ ဖျက်ဆီး လိုက်မည် ဖြစ်သည်။

တိုက်တေနီယမ် ဒိုင်အောက်ဆိုဒ် သည် ဓာတုပစ္စည်း များက အဆင့်လျှော့ ရာတွင် အလွန် အသုံးတည့်ပြီး ဇီဝ လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုသော တစ်ဆင့်ခံ အေးဂျင့်များ ကိုလည်း ဖျက်ဆီး ပေးနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို အဆိပ်အတောက် မဖြစ်စေသည့် အပြင် ယင်း လုပ်ဆောင်မှုများ အတွက် အခြား ဓာတုပစ္စည်း အကူကိုလည်း မလို အပ်ကြောင်း သိရသည်။

ဤ စမ်းသပ်မှု အောင်မြင်ပြီ ဖြစ်၍ ယခုအခါ အရွယ်အစား ကြီးမား ကျယ်ပြန့်သော နေရာ ဧရိယာ တစ်ခုတွင် ညစ်ညမ်းမှု ဖြစ်နေခြင်း၊ ဓာတု သို့မဟုတ် ဇီဝ အဆိပ်သင့် နေခြင်း၊ ဆီးရီးယား နိုင်ငံမှ ဓာတု လက်နက် များကဲ့သို့ ပမာဏ အလွန်များသော ဇီဝ၊ ဓာတု ဆေးရည်များကို ဖျက်ဆီးရန် လိုအပ်ခြင်း ကဲ့သို့ အချိန်မျိုးတွင် လွန်စွာမှပင် အသုံးတည့်မည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

Micro-rockets 'can destroy chemical weapons' 
http://www.pyichitthar.com/2014/11/blog-post_2.html

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်ရှိ သော ကုန်သည်ကြီးများဟိုတယ် (ယခု ဆူးလေရှန်ဂရီလာဟိုတယ်)ဘေးမှ ဖြတ်လျှောက်လာတိုင်း ထူးဆန်းသောခံစားချက်တခုကို ကျွန်တော်အမြဲ ခံစားရသည်။ ဗိုလ်ချုပ်လမ်းဘက်မှ ကုန်သည်ကြီးများဟိုတယ်ဘေးသို့ ဖြတ်လျှောက်လာလျှင် ဟိုတယ်စားသောက်ခန်းမအတွင်းဝယ် ၀တ်ကောင်း စားလှဝတ်ထားကြသော နိုင်ငံခြားသားဧည့်သည်များ၊ နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို စမတ်ကျကျစားသောက်နေကြတာ ကို မှန်ချပ်ကြီး၏အတွင်းဘက်၍ တွေ့ မြင်နေရစမြဲဖြစ်သည်။ လူသွား လမ်းနှင့် လေးပေလောက်ပဲကွာသည့်နေရာတွင် စားသောက်ပွဲကြီးကို တည်ခင်းသုံးဆောင်နေကြခြင်းဖြစ်သည်။

ဝတ်စုံပြည့်နှင့်သပ်သပ်ရပ်ရပ်ဝတ်စားထား သော စားပွဲထိုးဝန်ထမ်းများကလည်း ကျွမ်းကျင်မှုအပြည့်ဖြင့် ခန်းလုံးပြည့် ကော်ဇောခင်းထားသော အဲကွန်းအခန်းထဲဝယ် တည်ခင်းဧည့်ခံ ကျွေးမွေးနေကြပါသည်။ ထိုလူကုံထံတို့၏ စားသောက်ပွဲကိုတခါတရံတွင် တောင်းရမ်းစားသောက်သူများ၊ ဆင်းရဲသားလက်လုပ်လက်စားများသည် မှန်ချပ်၏တဖက် ဗိုလ်ချုပ်လမ်းပလက်ဖောင်းပေါ်မှငေးကြည့်နေကြတာ မကြာခဏမြင်ဖူးပါသည်။ တချို့ကလည်း မမြင်ဖူး၍၊ တချို့ကလည်း အားကျသောအကြည့်နှင့် အချို့မှာ စားသောက်ချင်၍ကြည့်ကြခြင်းဖြစ် သည်။ အခြားသူတွေတော့ ဘယ်လိုနေမည်မသိ။ ကျွန်တော်ကတော့ ထိုမြင်ကွင်းကို မြင်တိုင်းစိတ်မကောင်းဖြစ်မိသည်။ ဟိုတယ်စားသောက်ခန်းထဲတွင် စားသောက်နေကြသူတွေကို မနာလိုလို့တော့မဟုတ်။ သူတို့ တတ်နိုင်၍ သူတို့ပိုက်ဆံဖြင့်စားသောက်ခြင်းကို ဘာမှအပြစ်ပြောစရာ မရှိ။ သို့သော် ကျွန်တော့်စိတ်ကိုဆွဲဆောင်မှုအရှိဆုံးဖြစ်ရပ်မှာ မြန်မာနိုင်ငံတွင် အကြွယ်ဝဆုံးသူများနှင့် အဆင်းရဲဆုံးလူများသည် မှန်ချပ်၏ တဖက်တချက်တွင် အနီးကလေးကပ်လျက်ရပ်တည်နေကြခြင်းဖြစ်ပြီး သူတို့သည် တယောက်နှင့်တယောက် ပေအနည်းငယ်သာကွာသော် လည်း သူတို့ဘ၀များမှာ မိုးနှင့်မြေလိုကွာခြားကြခြင်းဖြစ်သည်။ ကျွန်တော် ကတော့ (အလုပ်သဘောဖြင့်)ဟိုတယ်အတွင်းသို့လည်းဝင်၍ ထိုနေရာ တွင် စားသောက်ဖူးသည်။ ဟိုတယ်အပြင် လူသွားလမ်းဘေးမှလည်း အထဲမှလူတွေ စားသောက်နေတာကို တစေ့တစောင်းကြည့်ခဲ့ဖူးသည်။

လောကကြီးတွင် ငတ်နေသူအချို့ကငတ်နေ၍ စားနိုင်သောက် နိုင်သူအချို့က ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် စားသောက် နေကြတာကို အနီးကပ်မြင်ရတာ ဤဟိုတယ်တခုပဲရှိမည်ထင်သည်။ တခါတရံတွင် ကလေးချီထားသော အာဟာရချို့တဲ့နေသည့် တောင်းရမ်း စားသောက်သူ မိခင်တယောက်က မှန်နံရံနောက်ကွယ်မှ ထိုသူများ စားသောက်နေခြင်းကို ကြည့်နေသည့်မြင်ကွင်းအားတွေ့ရသည်မှာ စိတ်မချမ်းသာစရာဖြစ်သည်။ စားနိုင်သောက်နိုင်သူများကို မုဒိတာပွားသော်လည်း မစားနိုင်မသောက်နိုင် ငေးမှိုင်ကြည့်နေရှာသော မြန်မာနိုင်ငံသား ဆင်းရဲသားလုပ်သားပြည်သူ များအတွက်တော့ ၀မ်းနည်းမိပါသည်။ ထိုအတွေးနှင့်ထပ်တူ ကျွန်တော် တို့နိုင်ငံသားတော်တော်များများသည် အဘယ်ကြောင့် ဆင်းရဲတွင်းမှ နှစ်ပေါင်းကြာရှည်အောင်မတက်နိုင်ကြသည်ကို အကြောင်းရင်းကို လေ့လာသုံးသပ်မိပါသည်။ ထိုအခါ ဖြစ်နိုင်သမျှ မြန်မာများ ဆင်းရဲကြ ရခြင်းကို အောက်ပါအတိုင်း တွေ့ရပါသည်။

(၁) ပညာမတတ်သဖြင့် ၀င်ငွေကောင်းသော အလုပ်အကိုင်များ မရကြခြင်း။
မြန်မာနိုင်ငံသားတော်တော်များများသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ ကျေးလက်တောရွာများတွင် အချို့ ရွာများတွင် ကျောင်း ပင်မရှိ။ အချို့ရွာကြီးများတွင်သာ မူလတန်းကျောင်းလေးများရှိပါသည်။ တောရွာများတွင် မူလတန်းအောင်သောအခါ ကျောင်းဆက်တက်ရန် အလယ်တန်း၊ အထက်တန်းကျောင်းများမရှိပါ။ အထက်တန်းကျောင်းရှိ သည့်မြို့သို့လွှတ်၍ ပညာသင်စေမည်ဆိုလျှင် မိဘအတွက် သာသမီး တို့နေဖို့ နေစရာအိမ်၊ စားစရာထမင်းဖိုး၊ သွားလာရသည့်ခရီးစရိတ်၊ ကြည့်ရှုစောင့်ရှောက်မည့်သူ စသည်တို့လိုလာပါသည်။ တော်ရုံဝင်ငွေ မျှသာရှိသော လယ်သမားတယောက်အနေနှင့် သားသမီးကိုမြို့သို့ပို့၍ ပညာသင်ကြားစေရေးမှာ အခွင့်အရေးမရှိသလောက် နည်းပါသည်။ ထို့ကြောင့် ကျေးလက်မှကလေးများသည် စတုတ္ထတန်းအောင်သည်နှင့် ဆက်တက်စရာကျောင်းမရှိတော့၍ ပညာရေးနိဂုံးချုပ်သွားပါသည်။ သူတို့ သည် မွေးရာပါအခွင့်အရေးအရ မြို့မှကလေးများနှင့်မျှတသောယှဉ်ပြိုင် ခွင့်ကိုမရရှာပါ။ ပညာမတတ်သောအခါ ကြီးပြင်းလာလျှင် လယ်သမား၊ သူရင်းငှား၊ ကျပန်းလုပ်သား စသော ဘ၀မှာပဲ ကျင်လည်ရပြန်ကာ သူတို့က မွေးဖွားလာသော မျိုးဆက်များကိုလည်း ပညာအမွေပေးနိုင်မည် မထင်ပါ။ အစိုးရမှ ပညာရေးအသုံးစရိတ်ကို အဆများစွာမြှင့်တင်ပြီး တောကျောင်းများတွင် အထက်တန်းအထိပညာသင်နိုင်ခွင့်ကို ဖန်တီး ပေးသင့်ပါသည်။ ယခုအခါ ပညာရေးအတွက်သုံးသော မြန်မာနိုင်ငံ၏ ဘတ်ဂျက်မှာ ယခင်က ၄ ဒသမ ၄ % ပဲရှိရာ ယခုနှစ်တွင်မှ ၅ ဒသမ ၄၃% ပဲသုံးသည်ဟုဆိုရာ နိုင်ငံတော်သည် ငွေတရာရမှ ပညာရေးအတွက် ငါးကျပ်လေးဆယ့်သုံးပြား သုံးခြင်းဖြစ်သည်။ နိုင်ငံတကာတွင်တော့ ဘတ်ဂျက်၏ (၂၀)ရာခိုင်နှုန်းခန့်ကို ပညာရေးအတွက်အသုံးပြုကြပါသည်။ မြန်မာနိုင်ငံတွင်တော့ တပ်မတော်အတွက် ဘတ်ဂျက်၏(၂၀%)ကို အသုံး ပြုပါသည်။ အာဆီယံတွင် အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သော စင်ကာပူသည် နိုင်ငံ့ဘတ်ဂျက်၏ (၂၀)ရာခိုင်နှုန်းကို ပညာရေးအတွက်သုံးပါသည်။ နိုင်ငံသားတို့ပညာတတ်စေရန် အစိုးရသည် ပညာရေးအတွက် ငွေပိုသုံးရပါ မည်။ ဆင်းရဲခြင်းသည် ပညာမတတ်ခြင်းနှင့် ဆက်နွယ်နေပါသည်။

(၂) ၀င်ငွေနှင့် ထွက်ငွေမမျှခြင်း။
မြို့ပေါ်နေ မြန်မာနိုင်ငံသားတော်တော်များများသည် မိမိလစဉ် ၀င်ငွေ၏ ထက်ဝက်ခန့်ကို အိမ်ငှားခအတွက်အသုံးပြုနေရပါသည်။အချို့မှာရသည့်လခ၏အားလုံးနီးပါးမှာ အိမ်လခဖြင့်ပင်ကုန်သွားပါသည်။ အိမ်ဈေးမြေဈေးများမှာ သာမန်တိုင်းသူပြည်သားများ အိုးပိုင်အိမ်ပိုင်နှင့် မနေနိုင်လောက်အောင် မြင့်မားလျက်ရှိနေကြရာ ဘိုးဘွားအမွေအဖြစ် ရရှိထားသော လက်ငုတ်လက်ရင်း အိမ်ခြံမြေရှိထားသူများမှတပါး သမ္မာအာဇီဝဖြင့်ရရှိသော လစာငွေဖြင့်မြေတကွက်ဝယ်နိုင်ဖို့မှာ မျှော်လင့်ချက်မရှိသလောက်ဖြစ်သည်။ အစိုးရသည် တတ်နိုင်သလောက် အရှုံးခံ၍ အိမ်ရာစီမံကိန်းများကိုချက်ချင်း အကောင်အထည် ဖော်သင့်ပါသည်။ ၀င်ငွေ၏ထက်ဝက်ကို အိမ်ငှားခအတွက်သုံးလိုက်ရသော အခါအခြား မရှိမဖြစ်သုံးရမည့် အစားအသောက်၊ လူမှုရေး၊ ပညာရေး၊ ဆေးဝါး၊ အပန်းဖြေရေးတို့အတွက် သုံးရမည့်ငွေသည် မရှိသလောက်ဖြစ်သွားကာ ငွေပိုငွေလျှံမစုဆောင်းနိုင်ဘဲ ဆင်းရဲတွင်းသံသရာရှည်နေပေသည်။ စားသောက်ကုန်စရိတ်များကြီးမြင့်လာခြင်း၊ လျှပ်စစ်မီတာခများတိုးကောက် ခြင်း၊ သယ်ယူပို့ဆောင်ရေးအတွက်ကုန်ကျစရိတ်(ကားခ)များပိုမိုလာခြင်း စသည်တို့သည်လည်း ၀င်ငွေနှင့်ထွက်ငွေမလောက်ငစေသောအကြောင်း များဖြစ်သည်။

(၃) ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်မရှိခြင်း။
မြန်မာနိုင်ငံသားများအတွက် ကျင့်သုံးနေသော ကျန်းမာရေးစောင့် ရှောက်မှုစနစ်မှာ အရှင်းဆုံးပြောရလျှင် ကိုယ်ဖြစ်ကိုယ်ခံ ကျန်းမာရေး စနစ်ဖြစ်သည်။ လူတယောက်သည် နေမကောင်းလျှင် မိမိကိုယ်ပိုင်ငွေ ဖြင့်သာ ဆေးခန်းသွားပြရသည်။ ရောဂါကြီးလျှင် မရှိမဲ့ရှိမဲ့ ပစ္စည်းများ ကိုပေါင်နှံရောင်းချ၍ ပုဂ္ဂလိကဆေးရုံဆေးခန်းများသို့ သွားရောက်ကုသ ကြရသည်။ အလွန့်အလွန်ဆင်းရဲမွဲတေကြသူများကို နိုင်ငံတော်ပြည်သူ့ ဆေးရုံများမှ အခမဲ့ကုသစောင့်ရှောက်မှုပေးသည်ဆို၏။ သို့သော် နိုင်ငံ တော်ဆေးရုံများတွင် ခွဲခြားဆက်ဆံမှုများ၊ ရိုင်းပြသောဆက်ဆံရေးများ၊ ဆေးဝါးမပြည့်စုံမှုများက အဓိကပြဿနာဖြစ်သည်။ ပြည်သူလူထုသည် အသက်သာအသေခံမည်၊ အစိုးရဆေးရုံသို့ တတ်နိုင်သမျှ မသွားချင် ကြောင်း မိမိကိုယ်ကိုယ်သတ်သေသွားသော မြောင်းမြမြို့မှ အူကျရောဂါ ဝေဒနာရှင်တဦးက သက်သေပြနေပါသည်။ လူတို့၏၀င်ငွေသည် မိသားစု အတွင်းမှ တစုံတဦးဆေးကုသမှုခံယူလိုက်ရသည်နှင့် အကြွေးတင်သည် အထိ နစ်မြုပ်သွားလေ့ရှိသဖြင့် ဆင်းရဲသားများမှာ နာလန်မထူနိုင်တော့ ဘဲ ဆင်းရဲတာရှည်ပါသည်။ နိုင်ငံတကာတွင် ကျန်းမာရေးအာမခံစနစ် တခုထားရှိပြီး သတ်မှတ်ထားသောပြင်ပဆေးခန်းများတွင် အတိုင်းအတာ တခုအထိ အခမဲ့ကုသခွင့်ပြုထားခြင်း၊ အစိုးရဆေးရုံများတွင် တပြား တချပ်မှပေးစရာမလိုဘဲ အဆင့်မီစွာ၊ ယဉ်ကျေးဖွယ်ရာစွာ ကုသမှုပေးခြင်း ကို ပြုလုပ်ပေးကြပါသည်။ ကျန်းမာရေးအတွက် မြန်မာနိုင်ငံ၏အသုံး စရိတ်မှာ ငွေတရာကျပ်နိုင်ငံတော်တွင်ရှိတိုင်း သုံးကျပ်ဆယ့်ငါးပြား(၃ ဒသမ ၁၅%)ကိုသာ နိုင်ငံတော်ကသုံးနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုသည် အလွန်နိမ့်ကျနေပါသည်။ လူတို့ဆင်းရဲ ခြင်းမှာ မကျန်းမာမှု၊ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများမှုတို့ကြောင့် ဖြစ်ပါသည်။

( ၄ ) အလုပ်အကိုင်ရှားပါးခြင်း။
နိုင်ငံအတွင်းဝယ် နှစ်ရှည်လများ ဖြစ်ပေါ်နေခဲ့သော စီမံခန့်ခွဲမှု အလွဲများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမရှိသလောက်နည်းပါးသွား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ မှ ၁၉၈၈ အထိ ဆိုရှယ်လစ် စနစ်ဖြင့် တံခါးပိတ်မူဝါဒကိုကျင့်သုံးကာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ကို ပြည်သူပိုင်သိမ်းခဲ့ရာမှ စီပွားရေးချွတ်ခြုံကျခဲ့ပါသည်။ ပြည်သူပိုင် စက်ရုံအလုပ်ရုံများမှာလည်း မဆိုစလောက် အလုပ်အကိုင်များကိုသာ ဖန်တီးပေးနိုင်ပါသည်။ ၁၉၈၈ မှ ၂၀၁၀ စစ်အစိုးရလက်ထက်တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သော်လည်း ခိုင်မာသောဥပဒေမရှိခြင်း၊ မူဝါဒ မကြာခဏပြောင်းလဲခြင်း၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ထား ခြင်းတို့ကြောင့် တရုတ်နှင့် အာဆီယံကုမ္ပဏီအချို့မှလွဲ၍ ထိရောက်သော ပြည်ပရင်းနှီးမြှုပ်နှံမှုမရှိခဲ့။ အလုပ်အကိုင်အခွင့်အလမ်းလည်း ပြည်သူတို့တွင် မရှိသလောက်ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းကို စစ်အစိုးရသည် တခါမှ တရားဝင်စာရင်းအင်းများမကြေညာသဖြင့် မသိရသော်လည်း ကျွန်တော်တို့ လက်တွေ့ကျင်လည်ကြီးပြင်းခဲ့ရာခေတ် ကြီးတွင် လူ ၁၀၀ လျှင် အလုပ်မရှိသူမှာ ၄၀ ထက်လျော့မည်မဟုတ် ချေ။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်များ၊ ဘိလိယက်ခုံများ၊ အရက်ဆိုင် များတွင် လူတို့အုံခဲနေကြခြင်းဖြစ်သည်။ အလုပ်မရှိသဖြင့် မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံများသို့ သွားရောက်ကာ ရရာအလုပ်လုပ်နေရသော မြန်မာလူငယ်များ သန်းနှင့်ချီ၍ရှိနေတာ မြန်မာနိုင်ငံတွင် အလုပ်ရှားပါးမှု ၏ အဓိကသက်သေဖြစ်သည်။ အလုပ်မရှိသဖြင့် ၀င်ငွေမရှိ၊ ၀င်ငွေမရှိ သဖြင့် ဆင်းရဲသည်။ ဤသံသရာကိုအမြစ်ဖြတ်ရန် အစိုးရသည်အောက် ခြေလူတန်းစားများကို အလုပ်အကိုင်များ ပို၍ဖန်တီးပေးရမည်။ သဘာဝ ဓာတ်ငွေ့၊ ကျောက်မျက်၊ လျှပ်စစ်၊ သစ်တော စသော သဘာဝသယံ ဇာတများတူးဖော်မည့် နိုင်ငံခြားကုမ္ပဏီများထက် မြန်မာလူထုကိုအလုပ် အကိုင်များ ဖန်တီးပေးနိုင်မည့် စက်ရုံ၊ အလုပ်ရုံ (ဥပမာ မော်တော်ကား စက်ရုံ) စသည်များကို မြန်မာနိုင်ငံသို့ရောက်လာအောင် မက်လုံးပေး စည်းရုံးသင့်ပါသည်။

(၅) သယံဇာတရောင်းချရာမှမှရသောဝင်ငွေသည် ပြည်သူလူထုထံသို့ ရောက်ရှိမလာခြင်း။
နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီသော သဘာဝဓာတ်ငွေ့ရောင်းရငွေများ၊ ကျောက်မျက်ရောင်းရငွေများ၊ ကျွန်းသစ်နှင့် သစ်မာရောင်းရငွေများ၊ ရေသယံဇာတရောင်းရငွေများ၊ ကြေးနီ၊ နီကယ်၊ ရွှေသတ်္တုတူးဖော်ရေး စသော သဘာဝသယံဇာတရောင်းချရာမှရရှိသောဝင်ငွေများသည် ဒေသခံ ပြည်သူလူထုထံသို့ ဒေသဖွံ့ဖြိုးရေးပုံစံဖြင့်ဖြစ်စေ၊ အကျိုးအမြတ်ခွဲဝေ မှုပုံစံဖြင့်ဖြစ်စေ ဒေသခံပြည်သူတို့ ရပိုင်ခွင့်ရှိပါသည်။ ဥပမာ အာရပ် နိုင်ငံအချို့တွင် ရေနံရောင်းချခြင်းမှရရှိသော ၀င်ငွေကိုနိုင်ငံသားများအား ခွဲဝေပေးသဖြင့် ယူအေအီး၊ ကာတာစသော ရေနံထွက်သော အာရပ် နိုင်ငံသားများ ၀င်ငွေအလွန်ကောင်းကာ တိုင်းသူပြည်သားများ၏လူနေ မှုအဆင့်မြင့်လာကြပါသည်။ မြန်မာနိုင်ငံ၌ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသခံများ လယ်မြေယာမြေများကို စွန့်လွှတ်အနစ်နာ ခံခဲ့ရသော်လည်း အကျိုးအမြတ်ကို မြန်မာ-၀မ်ပေါင်ကုမ္ပဏီ၊ အစိုးရနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့သာ ဝေခြမ်းယူခဲ့ကြလေသည်။ ဒေသခံ တို့အတွက် ဘာမှမရသလောက်ပင်ဖြစ်သည်။ ဖားကန့်၊ မိုးကုတ်၊ မိုင်းရှူး ရခိုင်ပြည်နယ် စသည့်ဒေသများတွင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ ဒေသခံတို့သည် သူတို့ထံမှ သဘာဝသယံဇာတများကိုပေးလိုက်ရသော်လည်း ဘာမှမယ်မယ်ရရပြန်မရသဖြင့် ဆင်းရဲမြဲဆင်းရဲကာ နိုင်ငံခြားတွင် ခေတ်သစ်ကျွန်သွားခံကာ အောက်ကျသောအလုပ်များကို လုပ်နေ ကြရဆဲဖြစ်သည်။ သယံဇာတမှရသော တနှစ်ဝင်ငွေအနက် တရက်ဝင်ငွေ ကိုသာ ဒေသခံတို့အား ရှယ်ယာအဖြစ်ခွဲဝေပေးလျှင်ပင် မရှိဆင်းရဲသား များအတွက် အတော်အထောက် အကူရပေလိမ့်မည်။

( ၆ ) စစ်အသုံးစရိတ်ထောင်းနေခြင်း။

တပ်မတော်သားများသည် ဤကဲ့သို့ပြောပါက မကြိုက်ကြပေ။ဒေသတွင်း တပ်မတော်များနှင့် နှိုင်းယှဉ်လျှင် ခေတ်မီတပ်မတော်တခု အတွက် လိုအပ်သောအနိမ့်ဆုံး စစ်စရိတ်ကိုသာသုံးနေခြင်းဖြစ်သည်ဟု တပ်မတော်ခေါင်းဆောင်များက အမြဲတမ်းကာကွယ်ပြောလေ့ရှိပါသည်။ သုံးငွေပမာဏချင်းယှဉ်လျှင် မြန်မာတပ်မတော်၏အသုံးစရိတ်မှာ ထိုင်း တို့၊ စင်ကာပူတို့ထက်နည်းကောင်းနည်းပါလိမ့်မည်။ သို့သော် နိုင်ငံ၏ ၀င်ငွေ၊ နိုင်ငံသူနိုင်ငံသားတို့၏၀င်ငွေနှင့် အချိုးချကြည့်လျှင်တော့ မြန်မာ နိုင်ငံ၏ ဘတ်ဂျက်အသုံးစရိတ်များတွင် ကာကွယ်ရေးအသုံးစရိတ်မှာ အများဆုံးဖြစ်နေပါသည်။ ဥပမာအားဖြင့် တလသိန်းတရာဝင်ငွေရှိသော သူဌေးတယောက်သည် သူ့အိမ်လုံခြုံရေးအတွက် လုံခြုံရေးအစောင့် များငှားခြင်း၊ စီစီတီဗီ စသည့် ကိရိယာများတပ်ဆင်ခြင်းအတွင် တလ ဆယ်သိန်းသုံးသည်ဆိုပါစို့။ သူ့ဘေးအိမ်မှ တလလျှင် နှစ်သိန်းသာဝင်ငွေ ရှိသော ဆင်းရဲသားမိသားစုသည် ဘေးအိမ်ကိုအားကျ၍ လုံခြုံရေးစရိတ် တလလေးသောင်းသုံးပြီး သူ့အသုံးစရိတ်မှာ ဘေးအိမ်နှင့်စာလျှင် အလွန် နည်းပါသည်ဟု ပြောနေသလိုဖြစ်ပေသည်။ သူထည့်မတွက်သောအချက် မှာ ဘေးအိမ်သည် လုံခြုံရေးအတွက် တလဆယ်သိန်းသုံးသလို ပညာ ရေးနှင့် ကျန်းမာရေးအတွက် တလသိန်းနှစ်ဆယ်သုံးနေခြင်းဆိုသည့် အချက်ဖြစ်သည်။ ဆိုလိုသည်မှာ ဘယ်ရွေ့ဘယ်မျှသုံးသည် ဆိုခြင်းမှာ ပဓာနမဟုတ်။ ၀င်ငွေ၏ ဘယ်လောက်ရာခိုင်နှုန်းကို သုံးပစ်နေသည် ဆိုခြင်းကပြဿနာဖြစ်သည်။ တနေ့သုံးထောင်သာဝင်ငွေရှိသော ဆိုက်္ကား သမားက ငွေတထောင်ဖိုး သူ့အတွက်သုံးလိုက်ခြင်းသည် မိသားစုတစု လုံးအတွက် နှစ်ထောင်သာကျန်တော့ခြင်းကြောင့် ထိခိုက်မှုရှိပါသည်။ တနေ့တသောင်းဝင်ငွေရှိသူက နှစ်ထောင်ဖိုးသုံးခြင်းနှင့်သွား၍ မနှိုင်း ယှဉ်သင့်ပေ။

(၇) အခွန်စနစ်မကောင်းခြင်း။

နိုင်ငံတကာတွင် ကောက်ခံသောအခွန်စနစ်မှာ လူများများထံမှ နည်းနည်းစီ တိတိကျကျကောက်ခံခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အခွန် ကောက်ခံသောစနစ်မှာ လူအနည်းငယ်ကို များများကောက်ခံခြင်းဖြစ် သည်။ ဆိုလိုသည်မှာ အခွန်မပေးသူ၊ အခွန်ဦးစီးမှူးနှင့်ပေါင်းကာ လျှော့ ပေးသူ၊ လုံးဝမပေးဘဲ အခွန်ရှောင်နေသူ အခွန်လိမ်နေသူ စီးပွားရေး လုပ်ငန်းရှင်ကြီးများစွာရှိပါသည်။ ထိုသူတို့ပေးရမည့်ငွေများကို သာမန် စီးပွားရေးသမား အလတ်စားနှင့် အသေးစားလုပ်ငန်းရှင်များ၊ ပြည်သူ များက ၀န်ပိုထမ်းနေရသလိုဖြစ်သည်။ ဤစနစ်က တိုင်းပြည်ဝင်ငွေ လျော့နည်းကာ ဘတ်ဂျက်လိုငွေပြပြီး ငွေစက်္ကူများ အသစ်ထပ်မံရိုက် နှိပ်သောကြောင့် ငွေဖောင်းပွကာ ပြည်သူလူထုကို ပို၍ဆင်းရဲစေပါ သည်။ ခေါင်ကမလုံ၍ မိုးယိုသောကိစ္စဖြစ်ပါသည်။

(၈) အဂတိလိုက်စားမှုများ။

မြန်မာပြည်သူများဆင်းရဲရသော အခြားအကြောင်းတခုမှာ အစိုးရ ကချပေးလိုက်သော အသုံးစရိတ်ဘတ်ဂျက်ငွေများသည် အောက်ခြေ ပြည်သူလူထုထံ မှန်မှန်ကန်ကန်ရောက်ရှိမလာဘဲ စီမံကိန်းများတွင် ပါဝင်ပတ်သက်သူများ ၀ိုင်းဝန်းခိုးဝှက်ကြခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာငွေများ အဟောသိကံဖြစ်မှုကြောင့်ဖြစ်သည်။ ထိုကိစ်္စကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကပင် ဆီးသီးဗန်းမှောက်ကျသော ဥပမာ ပေးခဲ့လေသည်။ ပြဿနာကား ဆီးသီးဗန်း မကြာခဏမှောက်နေသော် လည်း တမင်မှောက်သူကိုရော၊ ကောက်စားကြသူများကိုရော အရေး မယူဘဲ မသိချင်ယောင်ဆောင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူ လူထုသည် အစိုးရကိုအားကိုး၍မရဘဲ ကိုယ်ထူကိုယ်ထလမ်းဖောက်လုပ် ရေးတို့၊ ကိုယ့်အားကိုယ်ကိုးရပ်ရွာမီးလင်းရေးတို့၊ စရိတ်မျှပေးကျန်းမာ ရေးတို့မှာ မလိုအပ်ဘဲ အချိန်များ၊ ငွေများအကုန်အကျများနေကာ ဆင်းရဲ တွင်းမှ မတက်နိုင်ကြခြင်းဖြစ်သည်။

(၉) လောင်းကစားနှင့် အရက်

မြန်မာအယောက် ၁၀၀ တွင် နှစ်လုံးထီ စွဲနေသူ (၈၀)ခန့်ရှိမည် ထင်သည်။ လူတို့သည် မိမိပင်မစီးပွားရေးအလုပ်ကို ဖြောင့်ဖြောင့်မလုပ် နိုင်ကြတော့ပဲ အချိန်ရှိသရွေ့ နှစ်လုံးထီတွက်ခြင်း၊ မရှိမဲ့ရှိမဲ့ငွေများကို ချေးငှားကာ နေ့စဉ်လောင်းကစားခြင်း၊ နှစ်လုံးထီထွက်မည့်အချိန်တွင် အခြားအလုပ်မလုပ်နိုင်ဘဲ လက်ဖက်ရည်ဆိုင်တွင် တမော့မော့ဖြင့် ထိုင်း နိုင်ငံ၏ရှယ်ယာဂဏန်း (ချဲပေါက်မဲ)များကို သွားရောက်ကြည့်ရှုရခြင်း၊ မပေါက်သောအခါ စိတ်ဓာတ်ကျ၍ အလုပ်မလုပ်ချင်တော့ခြင်း၊ စိတ်လေ ခြင်း၊ စားသောက်စရာပိုက်ဆံမရှိတော့၍ မရိုးသားမှုများကိုဆောင်ရွက် လာကြခြင်းတို့ဖြစ်ပေါ်ကာ ဆင်းရဲမှုသံသရာမှမလွတ်နိုင်ကြပေ။ ဘောလုံး လောင်းကစားသူများမှာလည်း ထိုနည်းနှင်နှင်။ လူကြီးလူငယ် တော် များများမှာလည်း လမ်းတိုင်းတွင် မှိုလိုပေါက်အောင် ဖွင့်လှစ်နေကြသော ယမကာဆိုင်များမှာ အချိန်ကုန်ကာ အချိန်တန်တော့ ဖောရှောဇာတ်လမ်း အတိုင်း သေမင်းခေါ်ရာနောက်သို့ ငယ်ငယ်ရွယ်ရွယ်နှင့် လိုက်ကြရတော့ သည်။ မသေမီလည်း အလုပ်ပျက်အကိုင်ပျက် ကျန်းမာရေးထိခိုက်ကာ မိသားစုအတွက် ၀င်ငွေရှာဖွေရာတွင်ထိခိုက်လာလေသည်။ ဆင်းရဲတွင်းမှ မည်သို့မျှ တက်နိုင်ကြမည်မဟုတ်ပေ။

(၁၀) စီးပွားရေးလုပ်ကွက်မှန်သမျှ ခရိုနီတို့လက်ဝါးကြီးအုပ် ထားခြင်း။

ဤအချက်ကို အသေးစိတ်ထပ်မပြောလိုတော့ပါ။ တနိုင်ငံလုံး သိပြီးသားဖြစ်ပါသည်။

ဤသည်တို့ကား မြန်မာနိုင်ငံတွင် လက်ငင်းဖြစ်ပေါ်နေသော ပြည်သူများ ဆင်းရဲတွင်းနက်စေသောအကြောင်းရင်းများဖြစ်သည်။ အစိုးရ က ဖြေရှင်းရမည်များရှိသလို ပြည်သူလူထုက မိမိအသိဖြင့် ရုန်းထရမည့် အရာများလည်း ရှိပေသည်။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းကြားတွင် ခပ်ပါးပါးလေးခြားထားသော မှန်တချပ်ရှိသည်ဖြစ်ရာ ထိုမှန်ချပ်ကြီးကို တကယ်ကောင်းမွန်သော အစိုးရ၊ တကယ်သန့်ရှင်းသောအစိုးရနှင့် ကိုယ် တိုင်ရုန်းထလိုသောပြည်သူများက ပူးပေါင်းဖြိုခွင်းရမည်ဖြစ်ပါကြောင်း။ ထိုသို့ ညီညာဖြဖြဆောင်ရွက်ကြလျှင် မြန်မာနိုင်ငံသားများသည် ခေတ် သစ်ကျွန်လူမျိုးများ၊ ခေတ်သစ်အိမ်ဖော်လူမျိုးများအဖြစ် ကျော်ကြားလာ နေခြင်းကိုပယ်ဖျက်၍ လူမှန်နေရာမှန် ရွှေမှန်ကင်းစစ်လျှင် နန်းတော်ပေါ် ပြန်ရောက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

သရ၀ဏ်(ပြည်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 
 ဗြိတိန် - အီရန်နိုင်ငံသူ Ghoncheh Ghavami (Credit: Audience submitted)

အမျိုးသားတွေ ​ယှဉ်ပြိုင်တဲ့ ​ဘောလီဘောပြိုင်ပွဲကို ​ကြည့်ရှုတဲ့ အတွက် ​အီရန်အမျိုးသမီး တစ်ဦး ​ထောင်ဒဏ် ​တစ်နှစ်ချမှတ် ခံလိုက်ရပါတယ်။

အီရန်လူမျိုး ​ဗြိတိန်နိုင်ငံသူ ​Ghoncheh ​Ghavami ​ဟာ ​အီရန် ​အမျိုးသား ​ဘောလီဘော ​အသင်းနဲ့ ​အီတလီနိုင်ငံတို့ ​ယှဉ်ပြိုင်တဲ့ပွဲကို ​ကြည့်တဲ့ အတွက် ​အပြစ်ပေး ခံရတာဖြစ်ပြီး ​ဒါကို ​အာဏာပိုင်တွေက ​အစိုးရကို ​ဆန့်ကျင်တဲ့ ​လုပ်ရပ်တွေ ​လုပ်တယ်ဆိုပြီး ​ပြစ်ဒဏ် ​ချမှတ်လိုက်တာလို့ ​သူမရဲ့ ​ရှေ့နေက ​ပြောပါတယ်။

ပြစ်ဒဏ်ပေးခံရသူရဲ့ ​အစ်ကို ​ဖြစ်သူကတော့ ​အာဏာပိုင်တွေက ​သူ့ညီမရဲ့ ​ပြစ်ဒဏ်ကို ​တရားဝင် ​ပြောဆိုတာမျိုး ​မရှိသေးဘူးလို့ ​ပြောပါတယ်။

ဒါပေမဲ့ ​မိဘတွေကတော့ ​ယူကျုံးမရ ​ဖြစ်နေကြပြီး၊ ​ဒီလို ​စီရင်လိမ့်မယ်လို့ ​ဘယ်သူကမှ ​မမျှော်လင့် ထားဘူးလို့ ​သူက ​ပြောပါတယ်။

သူ့ညီမအနေနဲ့ ​အခက်အခဲ ​ပေါင်းများစွာ ​ကြုံခဲ့ရပြီး ​အခုအခါမှာ ​ထောင်ဒဏ် ​တစ်နှစ်ထပ်ကျ ခံရနိုင်တာကြောင့် ​သူ့မိဘတွေကတော့ ​ဟိုရုံးပြေး၊ ​ဒီရုံးပြေး ​လုပ်ပြီး ​လျှော့ပေါ့ပေးဖို့ ​အသနားခံတာတွေ ​ဒါမှမဟုတ် ​အယူခံဝင်ခွင့်ရဖို့ ​လုပ်ဆောင်နေကြတယ်လို့ ​အစ်ကို ​ဖြစ်သူက ​ပြောပါတယ်။

အသက် ​၂၅ ​နှစ်အရွယ် ​Ghoncheh ​Ghavami ​ဟာ ​လန်ဒန်မြို့မှာ ​ကျောင်းပြီး ခဲ့သူလည်း ​ဖြစ်ပါတယ်။

အီရန်အာဏာပိုင်တွေကတော့ ​သူမကို ​ဘောလုံးပွဲကြည့်လို့ ​ဖမ်းဆီးတာ ​မဟုတ်ပဲ ​လုံခြုံရေးအရ ​ဖမ်းဆီးတာလို့ ​ပြောပါတယ်။

အီရန်နိုင်ငံမှာ ​၂၀၁၂ ​ခုနှစ်ကစပြီး ​အမျိုးသားတွေပြိုင်တဲ့ ​ဘောလီဘောပွဲမှာ ​အမျိုးသမီးတွေ ​မသွားရဘူးဆိုတဲ့ ​ဥပဒေကို ​ထုတ်ပြန်လိုက်ပြီး ​ဒီလိုလုပ်ဆောင်တာဟာ ​တဏှာရာဂ ​ကြီးတဲ့ ​အမျိုးသားတွေရဲ့ ​အပြုအမူ ​မခံရအောင် ​ဖြစ်တယ်လို့ ​အကြောင်းပြထားပါတယ်။

ဒါ့အပြင် ​ဘောလုံးပြိုင်ပွဲတွေကိုလည်း ​အမျိုးသမီးတွေ ​ကြည့်ရှုခွင့်မရှိပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-03/1385703


အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ အကြား လုပ်ငန်းခွင် ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ ငွေဒဏ်တင်မကပဲ ထောင်ဒဏ်တွေပါ ထည့်သွင်း ပြင်ဆင် ပေးဖို့ ရန်ကုန်တိုင်း ဒေသကြီးက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၂ဝဝ ကျော်လောက် တာမွေမြိ့နယ် ကျိုက္ကဆံ အားကစားကွင်းမှာ ဒီနေ့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်သူက အခုပြဌာန်းထားတဲ့ ဥပဒေဟာ အလုပ်သမားတွေ အတွက် မမျှတတဲ့ ဥပဒေဖြစ်နေ တာကြောင့် ထောင်ဒဏ်ပါ ထည့်သွင်း ပြဌာန်းပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

"အဓိက ဒီအငြင်းပွါးမှုပြဿနာကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေမှာ ထောင်ဒဏ်မပါလာဘူး၊ ငွေဒဏ်ပဲထပ်တိုးလိုက်တယ်၊ အရင် ၁ သိန်းဆိုတဲ့နေရာမျိုးမှာ ငွေဒဏ် ၅ သိန်းဆိုပြီးတိုးလိုက်တယ်၊ မမျှတတဲ့ဥပဒေလို့ ကျနော်တို့မြင်တယ်လေ၊ အလုပ်သမားတွေဘက်က အရမ်းအခက်အခဲဖြစ်လာမယ်၊ အလုပ်ရှင်ကတော့ ပိုက်ဆံပေးပြီးတော့ သမဂ္ဂတွေကိုဖြိုမယ်၊ အလုပ်သမားတွေကို အနိုင်ကျင့်မယ်၊ ဒီတော့ ဒီအထဲကိုထောင်ဒဏ်ပါမှကို ကျနော်တို့ အဆင်ပြေမဲ့အနေအထားပါ"

ဆန္ဒပြသူတွေဟာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်ပြီး ထောင်ဒဏ်တွေထည့်သွင်းပေးဖို့ ၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေကို လျော်ကြေးပေးပြီး အလုပ်မထုတ်ဖို့နဲ့ အလုပ်သမားအရေးကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆောင်ရွက်ပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေမှာ ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်တွေကို မလိုက်နာရင် ပြစ်မှုအပေါ် မူတည်ပြီးအနည်းဆုံး ငွေဒဏ်ငါးသိန်းကနေ ဆယ်သိန်းအထိ ချမှတ်နိုင်ကြောင်း ပါရှိပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ကိုပါကြီးတလပြည့် သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ရဲ့ ကောင်းမှုယပ်တောင် (ဓါတ်ပုံ အေမြမြမျိုး, FB)

မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားရကြောင်း သတင်းထုတ်ပြန်ထားတဲ့ အလွတ်သတင်းထောက်ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်နဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းကို တူးဖော်စစ်ဆေးတော့မှာဖြစ်လို့ မိသားစုဝင်တွေ လာရောက်ဖို့ ကျိုက်မရောရဲစခန်းကနေ အကြောင်းကြားစာ ပေးပို့လာပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်နဲ့ပတ်သက်လို့ လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေက တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုပြီး တပတ်အကြာမှာ နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းကို တူးဖော်စစ်ဆေးနိုင်ဖို့ မိသားစုကိုအကြောင်းကြားခဲ့တာပါ။ နိုဝင်ဘာလ ၂ ရက် နေ့မှာ အလုံမြို့နယ်ရဲစခန်းကတဆင့် မွန်ပြည်နယ်၊ ကျိုက်မရောရဲစခန်းက အကြောင်းကြားစာ ပို့လာတဲ့အကြောင်း ဇနီးဖြစ်သူ နိုင်ငံရေးအကျဉ်းသူဟောင်း မသန္တာက ပြောပါတယ်။

“အခု အကြောင်းကြားတာကတော့ Fax နဲ့ အလုံရဲစခန်းကို ပို့တယ်။ အလုံရဲစခန်းက ကျမကို လာပြီး အကြောင်းကြားတယ်။…. အောက်က - တပ်ဖွဲ့မှူးကိုယ်စားလို့ လက်မှတ်ထိုးထားတယ်။”

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်အရဆိုရင် ကိုပါကြီးဟာ အောက်တိုဘာလ ၄ ရက်နေ့ကတည်းက သေဆုံးခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းပြန်ဖော်မှာဖြစ်လို့ သေဆုံးပြီး တစ်လအကြာမှာ စုံစမ်းစစ်ဆေးမှု လုပ်ရမှာ ဖြစ်ပါတယ်။ ကိုပါကြီးကွယ်လွန်ကြောင်း မိသားစုကို တရားဝင် သိခွင့်ရတာကတော့ အောက်တိုဘာလ ၂၄ ရက်နေ့ကဖြစ်ပါတယ်။ သေဆုံးပြီး တလကြာမှ အလောင်းစစ်ဆေးရမှာဖြစ်တဲ့အတွက် မှုခင်းစစ် ဆရာဝန်တွေရဲ့မှတ်ချက်က အရေးကြီးတဲ့အကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

“အလောင်းဖော်ပြီး ဆရာဝန်က ဦးစွာ စစ်ဆေးမယ်ဆိုရင် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်ရဲ့ Postmortem လုပ်တဲ့ဟာ သိပ်အရေးကြီးတယ်၊ ရင်ခွဲစမ်းသပ်ကြည့်တဲ့အခါမှာ ဆရာဝန်တော်တော်များများကလည်း ဒီလို စစ်တပ်တို့၊ ရဲတို့နဲ့ဖြစ်ပြီးတော့ ပေါ်ပေါက်လာတဲ့ ရဲစခန်းမှာပဲဖြစ်ဖြစ်၊ စစ်တပ်စခန်းမှာပဲဖြစ်ဖြစ် သေသွားတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်ရဲ့စစ်ဆေးချက်တွေဟာ ဝန်ထမ်းအပေါ်မှာ ဘက်လိုက်ပြီး ထွက်ဆိုတဲ့ အခြေအနေမျိုးတွေ အများကြီးတွေ့ရတယ်။ အန်ကယ်လ်လိုက်ခဲ့တဲ့ သေမှုသေခင်း အမှု သုံးလေးခုမှ အဲဒီလိုပဲ တွေ့ခဲ့ရတာပဲ။ အဲဒီတော့ ဆရာဝန်တွေက သူ့ရဲ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေကို ဓာတုဗေဒ ဓာတ်ခွဲခန်းကို ပို့လိုက်တဲ့အခါ သူတို့က အသည်းရောင်၊ အသားဝါတို့၊ နှလုံး သွေးကြော ကျဉ်းတာ ဘာ..ညာတို့ အဲလိုနဲ့ သူတို့ရဲ့တွေ့ရှိချက်တွေကို တရားရုံးမှာ သာမန်လူတွေမသိနိုင်တဲ့ထွက်ဆိုချက်တွေကို လာ ထွက်ကြတာတွေ ရှိတယ်။ ဒါပေမယ့် ဆရာဝန်မှာ ကျင့်ဝတ်တခုတော့ ရှိတယ်။ Finding ဆိုတဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရှိ၊ မြင်ရှိတဲ့အချက်အလက်ကိုတော့ မှန်မှန်ကန်ကန် သူထွက်ဆိုဖို့တော့ လိုတယ်။ တွေ့ရှိတဲ့ မိသားစုတွေကိုယ်တိုင်ကလည်း သူတို့ရဲ့သိမြင်တဲ့အထောက်အထားကို ဒီ သေမှုသေခင်းဖွင့်တဲ့တရားရုံးမှာ ထွက်ဆိုခွင့် ပေးရမှာဖြစ်တယ်။”

ကိုပါကြီးပျောက်ဆုံးခဲ့ပြီး လူပျောက်တိုင်ကြားထားပေမယ့် သေဆုံးပြီး သီတင်း (၃) ပတ်ကျော်မှ သူသေဆုံးတာကို မိသားစုက သိခွင့်ရခဲ့တာပါ။ မြန်မာ နိုင်ငံက နိုင်ငံရေး၊ လူမှုရေး၊ လူထုအခြေပြုအဖွဲ့အစည်း ၅၀ ခန့်နဲ့ နိုင်ငံတကာမှာရှိတဲ့ သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းတွေ၊ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုတွေနဲ့ပတ်သက်လို့ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး ချိုးဖောက်မှုတွေအဖြစ် မြန်မာအစိုးရကို တရားမျှတမှုနဲ့ သေချာ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြတာ ရှိသလို ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိနေတာပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း ဒီအမှုကို စတင် စစ်ဆေးနေပြီလို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဗြိတိန်လိုနိုင်ငံတွေကလည်း အလွတ်သတင်းထောက် ကိုပါကြီးအမှုကို မြန်မာအစိုးရအနေနဲ့ သေချာ စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆို ထားပါတယ်ရှင်။
VOA

ကိုပါကြီး ရုပ်အလောင်းကို ဖော်ဖို့ အလုံမြို့နယ် ရဲစခန်းကနေ မသန္တာဆီကို ၂ နာရီ ၁၅ လောက်မှာ စာလာပို့တယ်လို့ မသန္တာဆီက သိရတယ်။

ဘယ်လိုဖော်မယ်၊ ကိုပါကြီး ရုပ်အလောင်း ဟုတ် မဟုတ် အလောင်းကို ဘယ်လို စစ်ဆေးမလဲ။ ကိုပါကြီးဟာ ဘယ်ပုံဘယ်နည်းနဲ့ သေရတာလဲ စတဲ့ အချက်အလက်တွေကို ဘယ်လိုဆက်လက်စစ်ဆေးမယ်ဆိုတာတော့ အသေးစိပ် မသိရသေးဘူး။

Yamoun Nar


ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုနဲ့ပတ်သတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်မှာပါဝင်တဲ့ ပုံ ဟာ ကိုပါကြီး ပုံမဟုတ်ဘူးလို့ ဇနီးဖြစ်သူမသန္တာက ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းအပြည့်စုံကို ဦးအောင်သူက ပေးပို့ထားပါတယ်။
DVB TV -

အောက်တိုဘာ ၂၅ ရက်နေ့ က ကွယ်လွန် ခဲ့ရှာတဲ့ ဆရာအောင်သင်း ၁၉၂၇-၂၀၁၄ ရဲ့ ၂၇ ရက်နေ့ ဈာပနမှာဝေတဲ့ မှတ်သားဖွယ် ဆရာ့စကားစုလေးတွေ ဖတ်ရတယ်။ အဲဒီထဲ က ကဗျာတပုဒ်မှာ ဆရာက ဆိုခဲ့တယ်။

လှံကို သို့ထား၊ ဓားကို သို့ငင်၊
သို့ဝင် သို့ထွက်၊ သို့တက် သို့ခွာ၊
စစ်ပညာကို၊ ကြေစွာ တတ်မြောက် ကျွမ်းကျင်လည်း
ပြည်သူ့ နှလုံး၊ မသိမ်းကျုံးသော်
ပြည်သူ့ ခွန်အား၊ မကိုးစားသော်
ဓားသွား ကျိုးကြေ၊ လှံသွားခွေအံ့ ။ ။

ဒီကဗျာလေးဖတ်ရတော့ ငယ်စဉ် ၁၉၉၀ အစောပိုင်းနှစ်များက နားထောင်ခဲ့ရတဲ့ ဟော ပြောပွဲတခုမှာ ဆရာ ပြည်သူချစ်တဲ့တပ်မတော် အကြောင်းထည့်ဆိုဖူးတာ သတိရမိတယ်။ ဆရာက ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲ ချိန်မှာ အသက်နည်းနည်းငယ်သေးတော့ ထဲ ထဲဝင်ဝင် မလှုပ်ရှားခဲ့ရဘူးဆိုတယ်။ လူကြီး တွေ နောက်က အတိုအထွာ ခိုင်းတာ လုပ်ရုံ၊ ဆက်သား လုပ်ဖူးရုံ လောက်ပဲတဲ့။ ဆိုတော့ သူ့အတွက် ဂျပန်တော်လှန်ရေးမှာ တိုက်ပွဲ ဝင်ခဲ့တဲ့ လူထုလူတန်းစား အသီးသီးက တော်လှန်ရေးသမားတွေ၊ တပ်မတော်က ရဲ ဘော်တွေဟာ အားကျစရာ သူရဲကောင်းတွေ ချည်းပဲလို့ ဆိုတယ်။

အဲ့ဒီခေတ်က ပြည်သူနဲ့ ရဲဘော် တစိတ် တဝမ်းတည်း ရှိခဲ့ပုံတွေကိုလည်း ဆရာက တခုတ်တရ ထည့်ပြောခဲ့တယ်။ ပြည်သူအပေါင်း ဟာ တပ်မတော်ကို ရင်နှစ်သည်းချာပမာ လှိုက်လှိုက်လှဲလှဲ ချစ်ခင် ယုံကြည် ကိုးစားမှု ရှိကြပါတယ်တဲ့။ တပ်မတော်ကလည်း ပြည် သူအပေါ် မိရင်းဖရင်းပမာ စောင့်ရှောက် ကူ ညီခဲ့ပါသတဲ့။

မေမြို့စစ်တက္ကသိုလ်မှာလည်း မြန်မာစာ ကထိက လုပ်ခဲ့ဖူးတဲ့ဆရာဟာ သူတို့ စစ်ဗိုလ် လောင်းတွေကို သင်ကြားပေးခဲ့တဲ့ မိဘပြည် သူ အပေါ်မှာ ရေလို၊ လလို ကျင့်ဖို့ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူနဲ့ တပ်မတော် မိဘ၊ သားသမီးသဖွယ် အပြန်အလှန် ချစ်ကြည်မှု အရင်းတည်နိုင်ဖို့အရေး ရှေးရှု အတိတ်သမိုင်း ကို ပြန်ခေါ် အလေးအနက် ထည့်သွင်းဩဝါဒ ပေးခဲ့တယ်။

နှောင်းခေတ် လူငယ်အဖို့မှာတော့ သက် ကြီးစကားမို့သာ မှတ်သားနာယူရတယ် ယုံချင် စရာတော့ တကွက်မှမရှိဘူးပေါ့။ ယုတ်စွအ ဆုံး ၁၉၈၈ စစ်တပ် ဒုကြိမ်အာဏာသိမ်းပြီး ရုပ်သံက ဆက်တိုက်လွှင့်လို့ ကြားနေရတဲ့ စစ်ချီတေးတွေလည်း နားယဉ်နေပေမယ့် နား ဝင်ဖို့တော့ ခဲယဉ်းလှတယ်။ ဘာတဲ့ ဒို့ဗိုလ်က ဓားကိုဆွဲလို့ ရှေ့ကတက်ပါသည် တဲ့။ ဆရာအောင်သင်းပြောပြခဲ့တဲ့ ပြည်သူနဲ့ တပ် မတော် အပေးအယူမျှခဲ့စဉ် ပြည်သူ့ တပ်မ တော်ခေတ် သီချင်းဖြစ်တော့ နှောင်းခေတ် အာဏာရှင့် တပ်မတော်ခေတ်နဲ့ကျ ယုတ္တိမဲ့ လှတယ်။

နှောင်းခေတ် လူများမျက်မြင် နေရတာ ကတော့ စစ်တပ်ရှေ့မှာ ပေါ်တာဆွဲခံထိတဲ့ အရပ်သားများ အထုပ်ထမ်းရင်း ထိပ်က မိုင်း ရှင်းရတယ်။ ဒို့ဗိုလ်က ဓားကိုဆွဲလို့ ရှေ့က မတက်ဘဲ နောက်ကနေ လူထုကို သေနတ်နဲ့ ထောက် ခြိမ်းခြောက်ကာ မိုင်းကွင်းတွေ ဖြတ် ခိုင်းတယ်၊ လုပ်အားပေးတွေ ဆင့်တယ်။ လူ မျိုးစုပဋိပက္ခ ဒေသတွေက သန်သန်မာမာ ယောက်ျား၊ မိန်းမနဲ့ ဆယ်ကျော်သက် က လေးအရွယ်ပါမကျန်ဟာ ပေါ်တာသံကို နား စွင့် ကျီးလန့်စာစား အသွားအလာ သတိထား ရတဲ့ ခေတ်ပျက်ကြီးကိုပဲ ဖြတ်သန်းခဲ့ရတယ်။

မြို့ကြီးတွေက လမ်းမတွေပေါ်မှာလည်း ]ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး လို့ ပြည်သူ့ခမျာ ဝမ်း ပန်းတနည်း ဟစ်ကြွေးရင်း စစ်တပ်ရဲ့ ရဟန်း ရှင်လူ ကျောင်းသား လူထုအပေါ် ရက်ရက် စက်စက် ပစ်ခတ်သတ်ဖြတ် ကျူးလွန်နေပုံ များကို ခေတ်အဆက်ဆက် တွေ့ခဲ့ရတယ်။ နိုင်မြန်မာရဲ့ ကိုယ်တော်မှိုင်း ရာဇဝင်တွေ လည်း ရိုင်းခဲ့ရပြီ အဖိုးရေ၊ သခင်အောင်ဆန်း နိုင်ငံတဝှမ်း သွေးစွန်းခဲ့ပြီ အဖရေ ဆိုတဲ့ သွေးမော်ကွန်းကိုသာ နာနာကြည်းကြည်း သီဆိုဖို့ ဖြစ်လာခဲ့ရတယ်။

စစ်အာဏာရှင်စနစ် အမြစ်တွယ်ခဲ့ခြင်း ကြောင့် သမိုင်းဝင် နယ်ချဲ့အင်္ဂလိပ်နဲ့ဖက်ဆစ် ဂျပန် တော်လှန်ရေးကြီးတွေအတွင်း ပြည်သူ ကြားက ပေါက်ဖွားလာခဲ့တဲ့ ပြည်ချစ်သား ဇာနည် တပ်မတော်ရဲ့ နာမည်ကောင်း၊ ပုံရိပ် ကောင်း၊ ဂုဏ်ရည်ကောင်းတွေဟာ တဖြည်း ဖြည်း ယုတ်လျော့ ပျောက်ဆုံးခဲ့ရတယ်။ တပ် မတော်ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ တစုရဲ့ မောင်ပိုင်စီး ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ လူတစု အကျိုးစီးပွား အာဏာကို ကာကွယ် ဖို့သက်သက် အသုံးချခံခဲ့ရတော့ လူထုနဲ့ အမြဲထိပ်တိုက်တွေ့၊ လူအများ အသက် အိုး အိမ် စည်းစိမ်ကို ပျက်စီးစေဖို့ ဖြစ်ခဲ့ရတယ်။ အာဏာရှင် အကျိုးစီးပွားအတွက် ပြည်သူ့ အကျိုးစီးပွားကို ချနင်းရတယ်။ ဒီလိုနဲ့ မြေ သိမ်း၊ ယာသိမ်း၊ အိမ်သိမ်း၊ လူသိမ်း (ပေါ်တာ ဆွဲ၊ ကလေးစစ်သားဖမ်း)ဟာ အာဏာရှင် ဘက်တော်သား စစ်တပ်ရဲ့ နိစ္စဓူဝ ထမင်းစား ရေသောက် ဓလေ့ဖြစ်လာတယ်။ အာဏာရှင် ခိုင်းသမျှလုပ်ရင်း လူထုကို ဖိနှိပ်ဖို့ သက်သက် ဖြစ်နေတဲ့ စစ်တပ်ရဲ့ ပုံရိပ်ဆိုးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ငါးစုအတွင်း ဝမ်းနည်းဖွယ် ကြီး ထွား လာတယ်။

၁၉၆၂ ကစလို့ ပြည်သူ့အင်အား မဏ္ဍိုင် ပြု ပြည်သူက အခရာကျ ထိပ်မှာ တည်ရှိတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တိုင်းပြည်မှာ ကွယ်ပျောက်ခြင်းနဲ့အတူ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဆိုတဲ့ လောက နိယာမ အမှန်တရား ကြွေးကြော်သံဟာလည်း မှေးမှိန် လာရတယ်။ အဲဒီအစား တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတဲ့ ဆောင် ပုဒ်သာ နေရာတိုင်းမှာ တွင်ကျယ် ကျယ်လောင် လာခဲ့တယ်။

တပါတည်း စစ်တပ်ဟာ အခွင့်ထူးခံ လူတန်းစားတရပ် ဖြစ်လာပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍတိုင်းမှာ ဝင်ရောက် ခြယ်လှယ် လွှမ်းမိုး ချုပ် ကိုင်လာတယ်။ ပြည်သူက တဆင့်နိမ့်လူတန်း စားအဖြစ် အဖိနှိပ်ခံ၊ အခြယ်လှယ်ခံဖြစ်လာတယ်။ ပြည်သူ့အသံ ဆန္ဒ ပြန်လည် ဟစ် အော် ထုတ်ဖော်တဲ့ လူထု အရေးတော်ပုံတွေ မှာလည်း စစ်တပ်ဟာ အဓိက နှိမ်နှင်းရသူ၊ အကြမ်းဖက် ဖြိုခွင်းရသူအဖြစ် စစ်အာဏာ ရှင်တစု စိတ်တိုင်းကျ ခိုင်းသမျှ အသုံးတော်ခံ ရတယ်။ အကျိုးဆက်အဖြစ် တပ်နဲ့ပြည်သူ ကြား ညှိမရ စပ်မရလောက်အောင် စိတ်ဝမ်း ကွဲမှု၊ အမြင်မကြည်လင်မှု၊ မုန်းတီးမှုတွေဟာ ကြီးထွား ကျယ်ပြန့်လာခဲ့ရတယ်။

တကယ်တော့ ပြည်သူဟာ တပ်မတော် ကို မမုန်းပါ။ လူတစု ကောင်းစားရေးကိုသာ ဆောင်ရွက်တဲ့ စစ်အာဏာရှင် စနစ်ကိုသာ မုန်းတာပါ။ လူထုဟာ စစ်သားကို မမုန်းပါ။ လူအများကို ဖိနှိပ်ချနင်းပြီး မိုက်ရိုင်းရင်း ထွား ကျိုင်းကာ ကိုယ်ကျိုးစီးပွားရှာ၊ စံစားနေတဲ့ အာဏာရှင် တစုကိုသာ မုန်းတာပါ။

အမှန်တော့ တပ်နဲ့ ပြည်သူ ဘ၀တူပါ။ စနစ်ဆိုး လူဆိုးတွေရဲ့ ဖျက်ဆီးခံ နို့ပိန်ပျဉ်း တွဲ ခေတ်ဆိုးကြီးရဲ့ မချိုမြိန်တဲ့ နို့ဓမ်း နို့ချဉ် ကို အတူသောက်စို့နေရတဲ့ နို့စို့ဖက်တွေပါ။ ခေတ်ဆိုးရဲ့ ဖွားဖက်တော်တွေပါ။ စနစ်ဆိုးက ပုံဖော် ထုဆစ်လိုက်တဲ့ ဒင်္ဂါပြားရဲ့ ကျောချင်း ကပ် ခေါင်းနဲ့ပန်း မျက်နှာစာတွေပါ။ ဒီမိုက ရေစီမရှိမှု၊ မတရားမှုဒဏ်၊ ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်မှုဒဏ်ကို တပ်တွင်းမှာဆိုရင် ပိုလို့ တောင် ခံနေရပါသေးတယ်။ ပြည်သူဟာ စစ်အာဏာရှင်စနစ်အောက်မှာ မတရား လုပ် အားပေး ပြန်ပေးဆွဲ ချွေးတပ်စာ ဖြစ်နေသလို စစ်သားလေးတွေလည်း ဖက်ထိပ်စာ ဖြစ်နေ တဲ့ ဘ၀တူတွေပါပဲ။

ဒီလို သဘောကြောင့် ခေတ်အဆက် ဆက် တပ်မတော်သားတွေထဲက အများအ ပြားဟာ ပြည်သူ့ တပ်မတော်သားအဖြစ် ခံ ယူ လူထုနဲ့ပူးပေါင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ပုန်ကန် ခဲ့ကြတာပေါ့။ မဆလ အာဏာရှင်ကို ဖြုတ်ချဖို့ ကြံစည်ခဲ့တဲ့ အတွက် ကြိုးပေး ကွပ်မျက်ခံခဲ့ရတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်လို၊ ၁၉၈၈ မှာ ပြည်သူနဲ့ တသားတည်း ပေါင်းစည်းခဲ့တဲ့ ဗိုလ်ကြီး စိုင်း ဝင်းကျော် အပါအဝင် အခြားပူးပေါင်းခဲ့သူ အမည်မထင်ရှား စစ်သည်တော်များ လိုက နေ ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အဖိ နှိပ်ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင် ဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးလွင်၊ မောင်သော်က(ဗိုလ်မှူးဘသော်) အစ ရှိတဲ့ ပြည်သူ့တပ်မတော်သား ကောင်းကြီး တွေ အများအပြားပေါ်ထွန်းခဲ့တာ သမိုင်း သက်သေပါ။

တပ်ကလည်း ပြည်သူကို မမုန်းသလို ပြည်သူကလည်း တပ်ကိုမမုန်းပါ။ လူတစုက အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကြောင့် လူအ များစုက အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်လိုလား သူ ပြည်သူနဲ့အာဏာရှင် ဒေါက်တိုင် စစ်တပ် တို့ အမုန်းပွားစရာ အခြေအနေ ဖြစ်နေခြင်း သာပါ။ အာဏာရှင်စနစ်နဲ့ သူ့ရဲ့ အကျင့်စရိုက် အတွေးအခေါ် အပုပ်အသိုးတွေ တိုင်းပြည်မှာ အလုံးစုံ ဖုတ်ကြည်းသင်္ဂြိုဟ် ပပျောက်အောင် လုပ်နိုင်ပြီးချိန် တနေ့မှာ လူထုအပေါင်း မျှော် လင့်နေတဲ့ အခုဆုံးသွားရှာတဲ့ ဆရာအောင် သင်း မသေခင် မျှော်လင့်တောင့်တ ဖြစ်စေ ချင်ခဲ့တဲ့ ပြည်သူအကျိုးကို ကာကွယ် စောင့် ရှောက်တဲ့ ပြည်သူ့တပ်မတော်ကို ပြန်မြင်ရ မှာ ဧကန်ပါ။

ဆရာ အောင်သင်းရဲ့ ပြည်သူ့ နှလုံး၊ မသိမ်းကျုံးသော် ဓားသွား ကျိုးကြေ၊ လှံသွားခွေအံ့ ဆိုတဲ့ သတိပေး ကဗျာကို ဆရာ့ဈာ ပနနဲ့အတူ ဝမ်းနည်းပန်းနည်း ပြန်ဖတ်လိုက် ရတဲ့ အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် စစ် တပ်က အလွတ်သတင်းထောက် တယောက် ကို တရားလက်လွတ် သတ်ဖြတ်လိုက်ကြောင်း သတင်းထွက်လာခဲ့တဲ့ အပတ် ဖြစ်နေတယ်။ အသတ်ခံခဲ့ရသူ ကိုပါကြီးကို သတင်းထောက် မဟုတ်ဘူး၊ နိုင်ငံရေးသမား၊ သူပုန် ဘာတွေ ပဲ တံဆိပ်ကပ်ကပ် ငြင်းမရတဲ့ အချက်က နိုင်ငံ သား တယောက်ဟာ လူမသိ၊ သူမသိ ဥပဒေ ပြင်ပ ဖမ်းဆီးစစ်ဆေး ညှဉ်းပန်းခြင်း ခံခဲ့ရ တယ်၊ နောက်ဆုံး အသတ်ပါခံခဲ့ရတယ် ဆို တာပါ။ ဒါဟာ စစ်တပ်၊ စစ်ဝါဒ၊ စစ်အာဏာ ရှင်စနစ်ဟာ အရာရာ အထက်မှာရှိနေကြောင်း ပြတဲ့ ပြယုဂ်ပါ။ ဒါက လိုရင်း မြင်ရမယ့်အ ချက်ပါ။

ဒီကိစ္စကို တရားမျှတ ပြန်လည်ဖြေရှင်း ပေးဖို့ အခုတောင်းဆိုကြတော့စစ်တပ် သတင်းထုတ်ပြန်ခဲ့တဲ့အတိုင်း အမှန်ဆိုရင် အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့ စစ်သားကိုတရားစီရင်ပါဆိုတဲ့ သဘောတောင်းဆိုနေကြတာကို စိတ်မကောင်းဖြစ်ဖွယ် ကြားရတယ်။ တကယ်တော့ ထွက်ပြေးလို့ပစ်ခတ်ရခြင်း မှန်ဦးတောင်မှ ပစ်ခတ်သူ စစ်သားဟာ တရားခံမဟုတ်ပါ။

ဆောင်းပါးတလျှောက် ဆိုခဲ့သလို စစ်တပ်ဟာ ပြည်သူလိုပဲ စစ်အာဏာရှင်စနစ်ရဲ့ သားကောင်မျှသာ ဖြစ်တာကြောင့် ပစ်ခတ်သူစစ်သားဖြစ်ဖြစ်၊ ဖမ်းဆီးသူ အမှတ် ၂၀၈ ခြေမြန်တပ်ရင်းဖြစ်ဖြစ်ဟာ စနစ်ဆိုးရဲ့ မောင်းတံငယ်မျှသာပါ။ စနစ်ဆိုးလည်ပတ်မောင်းနှင် သက်ဆိုးရှည်စေနေတဲ့ အင်ဂျင်စက် မဟုတ်ပါ။ စစ်ဝါဒ ရေရှည်ကြီးစိုး၊ စစ်အာဏာရှင်စနစ် အနာဂတ်မှာ တည်တံ့စေဖို့ စနစ်တကျစီစဉ်ထားတဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံ၊ ဖားတပိုင်း ငါးတပိုင်း စစ်လွှတ်တော်၊ အရေခွံ လဲ စစ်တပိုင်း အစိုးရနဲ့ လက်ရှိ ပုံဖော်နေတဲ့ ခွေးတူဝက်တူ ဒီမိုကရေစီ စနစ်ကသာ အဓိက တရားခံပါ။

နိဂုံးချုပ်ရရင် ဒီအဓိက တရားခံကို လက် ရဖမ်းဆီး မထိန်းချုပ်နိုင်သရွေ့ အနာဂတ်မှာ ကိုပါကြီး ဖြစ်စဉ်တွေ အများကြီး လာလတ္တံ့ ဖြစ်နေမှာဖြစ်သလို တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေရတဲ့ စစ်ပွဲတွေလည်း ရပ်မှာမ ဟုတ်ပါ။ တပ်နဲ့ပြည်သူလည်း လက်တွဲ ကြည် ဖြူနိုင်မှာ မဟုတ်ပါ။ စစ်တပ်ဟာလည်း ပြည်သူ့တပ်မတော် မဖြစ် လူသတ် တပ်မတော် လို့သာ နာမည် ဆက်လက် တွင်နေဦးမှာပါ။ ဒါကြောင့် လူထုနဲ့ တပ်မတော် ပူးပေါင်းပြီး အရင်းခံအကြောင်း လူတစု စစ်အာဏာရှင် သရုပ်ကို မြော်ချင့် နားလည် စနစ်ဆိုးကို ဘုံ ရန်သူအဖြစ် အတူတကွ တော်လှန်ဖို့လိုကြောင်း ပါခင်ဗျာ။

တပ်နဲ့ပြည်သူ တစိတ်တဝမ်းတည်းဖြစ်စေချင်ခဲ့တဲ့၊ တိုင်းပြည်အတွက် စာကောင်း၊ ပေကောင်း ဩဝါဒ ကောင်းများစွာ ထားသွား ခဲ့တဲ့ ဆရာအောင်သင်းရဲ့ ဂုဏ်ကျေးဇူးကို ဦးထိပ်ထား ပူဇော်လျက်။

(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)

ငြိမ်းချမ်းအေး
The Ladies News Journal

ဒေါ်အောင်ဆန်းစုကြည်မှ ကိုပါကြီသေဆုံးမှုအတွက် စာတစ်စောင်
***********************************************************************
သမီး မသန္တာ
.
သားပါကြီး အကြောင်းကြားရလို့ များစွာ ၀မ်းနည်းကြေကွဲရပါတယ်။
ကျောင်းသားဘ၀ထဲက ဒီမိုကရေစီလှုပ်ရှားမှုမှာ အန်တီတို့ နဲ့ ပါဝင်လာတာ ကိုသတိရနေပါတယ်။
.
အခက်အခဲအမျိုးမျိုးအတွက် ကျော်ဖြတ်ခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေအားလုံး ပါကြီးအတွက် စိတ်မချမ်မြေ့ခဲ့ရသလို ပွင့်လင်းမြင်သာတဲ့  တရားရေးဖြစ်စဉ်ကိုလည်း မြင်တွေ့ ရဖို့မျှော်လင့်နေရဖို့ ယုံကြည်ပါတယ်။
.
သားပါကြီး ကောင်းရာသုဂတိလားပါစေ။သမီးတို့မိသားစုအတွက် စိတ်ပြေစေနိုင်မယ့် တရားမျှတမှုရရှိပါစေ။
.
မေတ္တာဖြင့်
.
အောင်ဆန်းစုကြည်

.
ကိုပါကြီးဇနီးဖြစ်သူမသန္တာ ထံသို့ ဒေါ်အောင်ဆန်းစုကြည် ထံ မှ ပေးပို့သော ဝမ်းနည်းခြင်းသဝဏ်လွှာ အား မီဒီယာများသို့ ထုတ်ပြန်စဉ်
Photo..Ma Than dar,Thida.Rfa burmese


001 002 003
ရန်ကုန်၊ နိုဝင်ဘာ ၂။

အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ်များအပေါ် တရားလက်လွတ်ရာဇဝတ်ကျူးလွတ်မှု
ရပ်တန့်ရေးနေ့ World Impunity Dayတွင် မြန်မာ့ဂျာနယ်လစ်ကွန်ရက်က
ဦးဆောင်၍ ယနေ့ ညနေပိုင်းက ဆူးလေဘုရားတွင် ဝတ်ပြုဆုတောင်းခဲ့ကြသည်။

မြို့တော်ခန်းမရှေ့ မဟာဗန္ဒုလ ပန်းခြံရှေ့တွင် မြန်မာမီဒီယာသမားများ စုဝေးခဲ့ပြီး
လက်များတွင် ဝမ်းနည်းကြောင်း အနက်ရောင် အဝတ်စများစည်း၍
ဆူးလေဘုရားကို လက်ဝဲရစ်တစ်ပတ်ပတ်ကာ ဂျာနယ်လစ်များ ဖိနှိပ်ခံရမှုများမှ
လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသည်။

“လားရှိးမှာ သတင်းသမားနှစ်ယောက်အရိုက်ခံရတဲ့ ကိစ္စ၊ အဲဒီကိစ္စကို ဘယ်သူ
ကျူးလွန်တယ်ဆိုတာ မဖော်ထုတ်နိုင်ဘူး။ တာဝန်ရှိတဲ့ တရားဥပဒေစိုးမိုးမှုက
အဲဒီအပိုင်းမှာ အားနည်းတယ်။ အဲလို လွတ်အမြောက်တိုင်း နောက်မှာ
သတင်းသမားတွေက ခံရနိုင်ခြေတွေ အမြဲတမ်းရှိနေတယ်။ အဲလိုကိစ္စမျိုးတွေမှာ
အပြစ်ပေးခံရတယ်လို့ မက်ဆေ့ရမှသာလျှင် အဲဒါမျိုးကို မကျူလွန်ရဲမှာ၊ အခုတော့
အဲဒီလိုကိစ္စမျိုးတွေက ဘာမှ အရေးယူအပြစ်ပေးခံရတာ မရှိတဲ့အတွက်
နောင်မှာထပ်ကျူးလွန်ဖို့ အခြေအနေရှိတယ်။ သာမန်နိုင်ငံသားတွေထက်
သတင်းသမားတွေက ပိုပြီးတော့ ပစ်မှတ်အထားခံရတယ်။ ဘာကြောင့်လဲ
ဆိုတော့ မတရားမှုတွေ၊ တစ်ခါတစ်လေမှာ အခွင့်အရေးချိုးဖောက်မှုတွေ လူတွေ၊
လူတွေ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို ဖော်ထုတ်နေတဲ့အတွက် သတင်းသမား
တွေက ပိုပြီးတော့ ပြစ်မှတ်အထားခံရတယ်။ သတင်းသမားတွေက
ထူးခြားနေလို့ ကျွန်တော်တို့က ပိုပြီးတော့ အခွင့်အရေးတောင်းတာမဟုတ်ဘူး။
သတင်းသမားတွေရဲ့ လုံခြုံရေး၊ ခြိမ်းခြောက်မခံရရေး၊ အသက်အန္တရာယ်
မဆုံးရှုံးရေးတို့အတွက် ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ပြောတာ။
လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေတွေကလည်း အဲဒီလိုမျိုးနဲ့
အလားသဏ္ဍာန်တူတဲ့အတွက်ကြောင့် နောက်လာမဲ့ ရှေ့နှစ်မှာလည်း
ရွေးကောက်ပွဲတွေလာလိမ့်မယ်။ အဲလိုအချိန်မျိုး နီးလာတာနဲ့အမျှ နိုင်ငံရေး
အရှိန်မြင့်တက်လာတာနဲ့ အမျှ သတင်းသမားတွေ အန္တရာယ်ပိုရှိလာနိုင်တယ်။
တရားဥပဒေစိုးမိုးမှုရှိဖို့။ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူဖို့
ကျွန်တော်တို့က ပြောချင်တာပါ။” ဟု မြန်မာ့ဂျာနယ်လစ်ကွန်ရက်မှ အထွေထွေ
အတွင်းရေးမှု ဦးမြင့်ကျော်က ပြောကြားသည်။

“ယူနတီဂျာနယ်က သတင်းသမားတွေ ထောင်ဆယ်နှစ်အကျခံရတယ်။
အယူခံမှာ သုံးနှစ်ပဲရခဲ့တယ်။ မကြာသေးမှီက ဘိုင်မွန်းတည့်နေက
သတင်းသမားတွေက ပုဒ်မ ၅၀၅ (ခ) နဲ့ ပြစ်ဒဏ် နှစ်နှစ်အကျခံရတယ်။ ဒါကို
ခရိုင်ရုံးကို အယူခံတင်တဲ့အခါမှာ အယူခံကို ပလပ်ခံရတယ်။ ဒါပေမဲ့
ကျွန်မတို့ သက်သေထွက်စဉ်ကာလကတည်းက မီဒီယာဥပဒေနဲ့ အရေးယူဖို့
ကျွန်မတို့တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ အဲဒီတိုက်တွန်းချက်ဟာ လုံးဝ
မအောင်မြင်ခဲ့ဘူး။ မီဒီယာဥပဒေဆိုတာက သမ္မတက လက်မှတ်ထိုးထားတာ။
မီဒီယာဥပဒေကို ကျွန်မတို့က တင်သွင်းခဲ့တယ်။ ဒါပေမဲ့ သမ္မတက
အသိအမှတ်ပြုပြီးလက်မှတ်ထိုးထားတဲ့ ဥပဒေကို တရားရုံးက မသုံးစွဲခဲ့ဘူး။”
ဟု ဒေါ်ရွှေမှုံကပြောသည်။

“အခုလို သတင်းသမားတွေ ပက်စိတ်တိုက်ထောင်အကျခံရတယ်။ အယူခံမှာလည်းပလပ်တယ်။ ဒါဆို သတင်းသမားတွေက သတင်းရေးတာနဲ့
ထောင်ကျမယ်ဆိုတာ ကျိန်းသေဖြစ်သွားပြီ။ အဲဒီလို သတင်းသမားတွေ
အဖိအနှိပ်ခံရတာ အခြောက်အလှန့်ခံရတာတွေ မတရားဖမ်းဆီးခံရတာတွေ
အခုဆိုရင်လည်း ကိုပါကြီး ကိစ္စမှာဆိုရင်လည်း ကိုပါကြီးက သတင်းသမား
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေနဲ့ အခုလို
သတ်ဖြတ်ခံရတာကိုတော့ ကျွန်မတို့အနေနဲ့ ရှုပ်ချပါတယ်”ဟု ၎င်းက ဆက်လက်
ပြောသည်။

ယင်းဆုတောင်းပွဲကျင်းပရန်အတွက် ခွင့်ပြုအမိန့်တင်ရာတွင် ရဲစခန်းက
မချေမငင်ဆက်ဆံမှုများနှင့် ကြုံခဲ့ရပြီး မဟာဗန္ဒုလပန်းခြံရှေ့မှ ဆူးလေးဘုရားသို့
လမ်းလျှောက်ဆုတောင်းခွင့်ကို မပေးသောကြောင့် အထွေထွေအုပ်ချုပ်ရေးရုံးသို့
သွားရောက် ညှိနှိုင်းခဲ့ရကြောင်းလည်း သိရသည်။

“ဟစ်တိုင်ကို ပို့ရအောင် ကျွန်မတို့ မီဒီယာသမားတွေ ဟောစရာ ပြောစရာ
ဘာမှမရှိဘူး။ တာမွေကနေ ဒီကို စီတန်းလမ်းလျှောက်လာလို့ရှိရင် တရားဥပဒေနှင့် မညီညွတ်လို့ပါဆိုပြီးတော့ ပြန်ရှင်းပြခဲ့တယ်။ ဒါပေမဲ့ သူတို့ဖက်က လက်မခံခဲ့ဘူး။ ဒီလိုဖြစ်ရပ်မျိုးတော့ရှိခဲ့ပါတယ်။” ဟု မြန်မာဂျာနယ်လစ်နက်ဝါ့မှ သမဂ္ဂဂျာနယ် သတင်းထောက်ချုပ်
ဒေါ်ရွေမှုံက ပြောသည်။

၎င်းဆုတောင်းပွဲသို့ မီဒီယာပေါင်းစုံမှ ဂျာနယ်လစ် ၁၀၀ ဦးခန့် တက်ရောက်ခဲ့
ကြပြီး မြန်မာနိုင်ငံမှ မီဒီယာများ ဖမ်းဆီးထောင်ချခံရခြင်း၊ အဖိနှိပ်ခံရခြင်း
ဖြစ်စဉ်များဖြင့် တိုက်ဆိုင်နေသည်။

သော်ဇင်စိုး
http://www.mmanewsagency.com/?p=9048