11/04/14

ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် အတွက်ခင်မင်သူ မိတ်ဆွေသင်္ဂဟများက ပြုလုပ်ပေးသော တလပြည့်ဆွမ်းကပ်အလှူပွဲမြင်ကွင်းမှ။

မြန်မာ့ကာကွယ်ရေးဦးစီးဌာနက ပေးပို့တဲ့ အလွတ်သတင်းထောက်ကိုပါကြီးနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိတဲ့ ဓာတ်ပုံတွေထဲက လက်နက်ကိုင်ထားတဲ့ပုံဟာ ကွယ်လွန်သူ ကိုပါကြီးရဲ့ဓာတ်ပုံမဟုတ်ကြောင်း DKBA က ငြင်းဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်တပ်က ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားခံရသူ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကတဆင့် ကာကွယ်ရေးဦးစီးဌာနက စက်တင်ဘာ ၂၆၊ ကျိုက်မရောဖြစ်စဉ်ဆိုပြီး ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုကို ပေးပို့ခဲ့တာပါ။ အဲဒီအထဲမှာပါတဲ့ ဓာတ်ပုံအတော်များများဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေဖ်ြပြီး ကိုပါကြီးပုံအဖြစ် ပြထားတဲ့ လက်နက်ကိုင်ထားတဲ့ပုံဟာ DKBA က ရဲဘောတစ်ဦးပုံဖြစ်ပြီး အလွတ်သတင်းထောက် ကိုပါကြီးမဟုတ်ကြောင်း ဒီမိုကရေစီ ကရင့်အကျိုးပြု တပ်မတော် DKBA ရဲ့ ကလိုထူးဘောဗျူဟာ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

“အဲဒါ ကိုပါကြီးပုံ မဟုတ်ဘူးဗျ။ ကျနော်တို့ဆီက ရဲဘော်ခိုင်လေးပုံပါ။ သိချင်ရင် ပုံနှစ်ပုံကို သေချာအောင် ယှဉ်ကြည့်လိုက်ရင် မျက်နှာပုံ၊ မျက်နှာကျပုံ၊ ဘာညာတွေ ယှဉ်ကြည့်လိုက်ရင် ကိုပါကြီးပုံ မဟုတ်မှန်း သိသာပါတယ်။ သူ့လုပ်ငန်း သဘောသဘာဝအရ သတင်းရှိတဲ့နေရာ သူသွားမှာပဲလေ။ …ဆိုတော့ ကျနော်တို့ DKBA ကြားထဲ ရောက်လာတာ မဆန်းပါဘူး။ ကချင်ဘက်သတင်းရှိရင်လည်း ကချင်ဘက် သူသွားမှာပါပဲ။ KNU ဘက် သတင်းရှိလည်း သူသွားမှာပါပဲ။ သူ့လုပ်ငန်းသဘောသဘာဝအရ သူက ရောက်နေမှာပါပဲ။ ..ဆိုတော့ တွေ့တဲ့ရဲဘော်နဲ့ ဓာတ်ပုံတွဲရိုက်ချင်ရင်လည်း ရိုက်မှာပဲ။ ကိုပါကြီး တပ်ဖွဲ့ဝင် ဟုတ်မဟုတ်ဆိုတာကတော့ ပုံနဲ့ပြပြီးတော့ ပြောလို့တော့ မရပါဘူး။”

ကာကွယ်ရေးဦးစီးဌာနရဲ့ ဒုတိယအကြိမ်ထုတ်ပြန်ချက်ထဲမှာ ကွယ်လွန်သူ ကိုပါကြီးဟာ ရဲနဲ့စစ်တပ်ရဲ့စစ်ဆေးချက်အရ သူ့ကိုယ်သူ DKBA တပ်ဖွဲ့ဝင်ဖြစ်တယ်လို့သာ ထွက်ဆိုတယ်ဆိုပြီး ရေးသားထားပါတယ်။ DKBA ရဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝငါခဲ့တဲ့အတွက် သူ့ကို ရန်သူတစ်ဦးလိုသာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သတင်းသမားလို့ ပြောရအောင် သတင်းသမားနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို မတွေ့ရဘူးလို့လည်း ရေးသားဖော်ပြထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော် လုပ်ထုံးလုပ်နည်းအရ အောက်တိုဘာလ (၂၆) ရက်နေ့က စတင်ပြီး ဗိုလ်မှူးကြီးအဆင့် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ ဖြစ်စဉ်ကို စိစစ်လျှက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီစာကိုတော့ စာနယ်ဇင်းကောင်စီကတဆင့် သတင်းဌာနတွေကို အောက်တိုဘာလ ၃၁ နေ့က ဖြန့်ဝေပေးခဲ့တာပါ။

ပြီးခဲ့တဲ့အောက်တိုဘာလ (၄) ရက်နေ့မှာ သေဆုံးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားတဲ့ ကိုပါကြီးအလောင်းကိုတော့ သေမှုသေခင်းအရ စုံစမ်းစစ်ဆေးနိုင်ဖို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းတူးဖော်နိုင်ရေး မိသားစုထံကို မနေ့ကပဲ ကျိုက်မရောရဲစခန်းက အကြောင်းကြားခဲ့ပါတယ်။ ကြိုတင်လာဖို့ အကြောင်းကြားတာဖြစ်တဲ့အတွက် မိသားစုက နိုဝင်ဘာ (၄) ရက်နေ့မှာ ခရီးစတင်ပါလိမ့်မယ်။ မိသားစုရဲ့ဆန္ဒအရ အလောင်းသယ်ယူရေးကို နာရေးကူညီအမှုအသင်း (ရန်ကုန်) ကနေ အကူအညီပေးသွားမှာဖြစ်ကြောင်း ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။

“ကျမ ဖုန်းဆက်ပြီး အကြောင်းကြားထားတယ်ပေါ့နော်။ ဆရာဦးရောဘတ်စန်းအောင်ရဲ့ အကူအညီတောင်းမှုနဲ့ပေါ့နော်။ သူတို့ဆီက ကူညီမယ်၊ ဥက္ကဋ္ဌကိုလည်း မေးပြီးသွားပြီပေါ့နော်၊ အအေးခန်းကားနဲ့ကူညီမယ်။ တကယ်လို့ အချိန်ကို ကြိုပြောမယ်ဆိုရင် လိုက်စောင့်ဆိုလည်း စောင့်မယ်၊ တကယ်လို့ ဘယ်နေ့ ဘယ်ရက်၊ ကိုယ်သွားပြီးတော့မှ ဘယ်အချိန် ထွက်လာခဲ့ပါဆိုရင်လည်း သူတို့ ထွက်လာမယ်လို့ ပြောတယ်။”

ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းစဉ်ကတည်းက ဗဟိုလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး သုံးရောင်ခြယ် အဖွဲ့ဝင် ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံထုတ် ဂျာနယ်သုံးစောင်လောက်မှာ အောင်ကြီးနာမည်နဲ့ ထိုင်း-မြန်မာနယ်စပ်ကသတင်းတွေကို ပေးပို့နေခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို အလွတ်သတင်းထောက်၊ တက်ကြွလှုပ်ရှားသူအဖြစ် လူသိများခဲ့ပြီး KKO အဖွဲ့မှာကော၊ DKBA အဖွဲ့မှာပါ ပါဝင်ခြင်းမရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းကရော မိသားစုကပါ ငြင်းဆိုထားပါတယ်ရှင်။

VOA


ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထူးအဖွဲ့ဖွဲ့စည်းပြီး ပြန်စစ်ဆေးပေးဖို့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ထိုင်းတရားရေးဝန်ကြီးဌာနက လက်ခံတယ်လို့ မြန်မာသံရုံးအထူးကိုယ်စားလှယ်တွေက ပြောပါတယ်။

610x343xKoh-Tao3.jpg.pagespeed.ic_.E8vRFpeWEs-300x1683ထိုင်းရဲတွေက လူသတ်မှုကို စစ်တုန်းက မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ရိုက်နှက်စစ်တာ ပေါ်လွင်တဲ့အတွက် ပြန်စစ်ပေးဖို့ ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာန လက်အောက်ခံ အထူးမှုခင်း စုံစမ်းစစ်ဆေးရေးဦးစီးဌာနကို ဒီညနေ သွားတောင်းဆိုကြတာပါ။ ဒီတောင်းဆိုချက်ကို တဖက်က လက်ခံရယူတယ်လို့ ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကလေး ၂ ယောက်ကို သွားတွေ့ခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ကရော၊ မိဘတွေရော၊ ရှေ့နေနဲ့ ကျနော်တို့ သံရုံးအဖွဲ့ကပါ ကလေးတွေဟာ နှိပ်စက်စစ်မေးခံရတယ်ဆိုတာ ပြောကြတဲ့အတွက် ဒီကိစ္စပေါ်လွင်နေလို့ ဒီအမှုကို အထူးအဖွဲ့ ဖွဲ့စည်းပြီးတော့ ပြန်လည်စစ်ဆေးပေးပါရန် ဆိုပြီးတော့ ကျနော်တို့ လျှောက်ထားခဲ့ပါတယ်။ ရုံးက တာဝန်ရှိသူတယောက် လာရောက်လက်ခံသွားပြီး လက်ခံရရှိကြောင်း မိတ္တူကိုပါ ပေးခဲ့ပါတယ်။”

ဒီ ဆောင်ရွက်ချက်ဟာ ထိုင်းရဲတပ်ဖွဲ့က အမှုကို တရားရုံးကို စွဲတင်ဖို့ ပြင်ဆင်နေချိန်မှာ စွပ်စွဲဖမ်းဆီးခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးဘက်က ဥပဒေဘောင်တွင်းက ကြိုးပမ်းမှုဖြစ်ပါတယ်။

ဒီမတိုင်ခင် မွန်းလွဲ ၁ နာရီခွဲကနေ ၃ နာရီခွဲထိ ထိုင်းမြန်မာသံရုံး အထူးအဖွဲ့၊ ထိုင်း ရှေ့နေများ ကောင်စီအဖွဲ့နဲ့ ဖမ်းဆီးခံလူငယ်နှစ်ဦးရဲ့ မိဘတွေဟာ ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့တွေ့ဆုံမှုမှာ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရားခံ ၂ ဦးကို ရိုက်နှက်စစ်ဆေးတဲ့ကိစ္စ လာရောက် ဖြေရှင်းပေးဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်က ဖိတ်ခေါ်ထားပေမယ့် ထိုင်းရဲတပ်ဖွဲ့က ရောက်မလာခဲ့ဘူးလို့ ဒီတွေ့ဆုံပွဲမှာ ပါဝင်တဲ့ သံရုံးအထူးအဖွဲ့ဝင် ဦးကျော်သောင်းက ဆက်ပြောပါတယ်။

သူက “ကျနော်တို့ အထူးစုံစမ်းထားတဲ့ အချက်အလက်တွေရယ် နောက်ပြီးတော့ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေတွေကိုလည်း မေးတယ်။ ကျနော်တို့လူတွေကိုလည်း သူတို့က မေးတယ်။ စုံစမ်း ထားတာ ဘာတွေ ထပ်ရသလဲ။ မိဘတွေက သူတို့သားတွေနဲ့ သွားတွေ့တော့ ဘာတွေကြားရသလဲ။ နောက်ပြီးတော့ ဒီအဲန်အေကို တွန်းလှန်နိုင်တဲ့ အမှု မမြောက်နိုင်တဲ့ ခိုင်လုံတဲ့ အလီဘိုင်တွေ ဘယ်လောက်ရထားပြီလဲ။ ဒီအမှုဟာ အမှန်ပါဘူးဆိုတဲ့ အထောက်အထား ဘာတွေရှိသလဲ စသဖြင့် မေးမြန်းဖလှယ်ကြတာပေါ့ဗျာ။”

တွေ့ဆုံဆွေးနွေးမှုအပြီး အဲဒီ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးမှာပဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ထိုင်းရဲတပ်ဖွဲ့ကို လာရောက်ဖြေရှင်းပေးဖို့ တရားဝင် ဖိတ်ကြားထားတာ ဒါနဲ့ပါဆိုရင် ၂ ကြိမ်ရှိသွားပြီဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ဘက်က ၂ ကြိမ်စလုံး ပျက်ကွက်နေတာ ဖြစ်ပါတယ်။

ပထမချိန်းဆိုရက်ဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့တုန်းကတော့ ရဲတပ်ဖွဲ့က အမှုတွဲကို အစိုးရရှေ့နေကောင်စီလက်ထဲ အပ်လိုက်ပြီဖြစ်တဲ့အတွက် သူတို့ဆီက ခွင့်ပြုချက်မရသေးလို့ မလာနိုင်သေးကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

ထိုင်းရှေ့နေများကောင်စီဘက်ကလည်း ဒီအမှုတွဲဟာ သက်သေအထောက်အထား လိုအပ်ချက် တွေ ရှိနေသေးတဲ့အတွက် တရားရုံးကို မတင်နိုင်သေးကြောင်း နောက်ထပ် သက်သေပြန်ဖြည့် ပေးဖို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ နိုင်ငံခြားခရီးသွား ဧည့်သည် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရပါတယ်။ အခင်းဖြစ်ပြီး နှစ်ပတ်ကျော်အကြာမှာ မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးဖြောင့်ချက်ရယူပြီး ကော်ဆမွီခရိုင်တရားရုံး အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးက မိဘတွေ၊ ထိုင်းရှေ့နေများကောင်စီ၊ သံရုံးအထူးအဖွဲ့တွေ့နဲ့ တွေ့ဆုံစဉ်တွေမှာ ကျူးလွန်တယ်လို့ ၀န်မခံရင် အသက်သေဆုံးမယ်လို့ ရဲနဲ့ ဘာသာပြန်က ခြိမ်းခြောက်တဲ့အတွက် တကယ် မကျူးလွန်ဘဲ ကြောက်လို့ ၀န်ခံဖြောင့်ချက်ပေးခဲ့ရတာလို့ ပြောဆိုပြီး ရဲထံ ပေးထားတဲ့ ဖြောင့်ချက်ကို တရားဝင် ရုပ်သိမ်းခဲ့ကြပါတယ်။

DVB
http://burmese.dvb.no/archives/69723


နိုင်ငံရေးပုဒ်မတွေအပြင် တခြားပုဒ်မတွေနဲ့ ထောင်ချခံထားရသူ ၂၇ ဦးကို အစိုးရက နိုင်ငံရေး ပြစ်မှုတွေပယ်ဖျက်ပြီး တခြားပြစ်မှုတွေနဲ့ ဆက်လက်အရေးယူနေတာဟာ မဖြစ်သင့်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အဲ့ဒီ ၂၇ ဦးဟာ သူတို့မကျူးလွန်တဲ့ပြစ်မှုတွေကို အတင်းဝန်ခံခိုင်းတာတွေ ရှိခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် တောင်းဆိုတာဖြစ်တယ်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးဘိုကြည်က ပြောပါတယ်။

"လူ့အခွင့်အရေးအခြေအနေတွေကို ဘယ်လောက်ထိချိုးဖောက်ခံရသလဲ၊ နောက် သူတို့ စစ်ကြောရေးတွေမှာ ဘယ်လောက်အထိ နှိပ်စက်ခံရတယ်၊ လွတ်လပ်မျှတဲ့ တရားဥပဒေ သူတို့ဘယ်လောက်ရသလဲ၊ နောက် သူတို့တွေ အဖမ်းမခံရခင်မှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာကြောင့် သူတို့အဖမ်းခံသလဲ၊ အဲ့လိုမျိုး ရှု့ထောင့်ပေါင်းစုံကနေ စဉ်းစားပြီးတော့ ကျနော်တို့က သက်မှတ်တာပါ၊ ကျနော်တို့ အခုသက်မှတ်ခဲ့တဲ့သူတွေထဲမှာ ဥပမာဆိုလို့ရှိရင် ကချင်ပြည်နယ် မြစ်ကြီးနား ထောင်မှာရှိနေတဲ့ ကချင် ၃ ယောက်ပေါ့နော်၊ သူတို့တွေဆိုလို့ရှိရင် KIA နဲ့မပတ်သက်ဘူး၊ ဒါပေမဲ့ KIA နဲ့ပတ်သက်တယ်လို့ မတရားသဖြင့်နှိပ်စက်ပြီးတော့ အဲ့လို ဝန်ခံခိုင်းတာတွေရှိတယ်၊ အဲ့လိုပဲ တကယ့်မျှတတဲ့ တရားစီရင်မှုမရခဲ့ဘူးလို့ ကျနော်တို့ ယုံကြည်တယ်"

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဟာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတာဖြစ်ပေမဲ့ အစိုးရဘက်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့လည်း ဒီနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခံထားရသူ ၂၇ ဦးထဲမှာ ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေပါဝင်ပြီး သူတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချခံရသူတွေဖြစ်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

ဒါ့အပြင် တချို့ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဝင်တွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

   
ကော်တောင်ကျွန်း လူသတ်မှု DSI ကိုယ်တွယ်ဖို့ စာတင်

ထိုင်း တောင်ပိုင်း ကော်တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး စက်တင်ဘာ လလယ်က သတ်ဖြတ် ခံရမှုနဲ့ စွပ်စွဲ ခံထား ရသူ မြန်မာ နိုင်ငံသား ၂ ဦး အမှုကို ထိုင်း အထူး မှုခင်း ဌာန DSI က ကိုယ်တွယ်ဖို့ စာတင် လိုက်ပါတယ်။

ကော်တောင် ကျွန်း လူသတ် မှုဟာ နိုင်ငံ တကာ အဆင့် ဖြစ်နေ တာကြောင့် ထိုင်း တရား ရေး ဝန်ကြီး ဌာန အောက်မှာ ရှိတဲ့ အထူး မှုခင်း ဌာန DSI က ကိုယ်တွယ် ဖို့ အတွက် ထိုင်း ရှေ့နေများ ကောင်စီက ဒီအမှုကို အကျိုး ဆောင်တဲ့ ရှေ့နေ တွေက သွားရောက် စာတင်ခဲ့ တာ ဖြစ်ပါတယ်။

စွပ်စွဲ ခံရသူ မြန်မာ ပြည်သား ၂ ဦးရဲ့ မိဘ တွေရဲ့ ဆန္ဒ အရ DSI ကို အခုလို စာတင် ခဲ့တာ ဖြစ်တယ် လို့လည်း ရှေ့နေ အဖွဲ့က ပြောပါ တယ်။

စာကို DSI က လက်ခံထား လိုက်တဲ့ အတွက် သူတို့ အနေနဲ့ ဘာဆက် လုပ်မလဲဆို တာ စောင့်ကြည့် ရဦး မယ်လို့ အကျိုးဆောင် ရှေ့နေ အဖွဲ့က ပြောပါ တယ်။

တရားခံ အဖြစ် စွပ်စွဲ ခံရသူ ဝင်းဇော်ထွန်း နဲ့ ဇော်လင်း တို့ကို ရဲနဲ့ စကား ပြန်က ရိုက်နှက်ပြီး ဝန်ခံ ခိုင်း တယ်လို့ ထွက်ဆို ထားတာနဲ့ ပတ်သက်ပြီး စစ်ဆေး ရာမှာ ပါဝင်တဲ့ ရဲတွေ အားလုံးက ထိုင်း လူ့ အခွင့် အရေး ကော်မရှင်မှာ လာရောက် ရှင်းလင်းဖို့ ဆင့်ခေါ် ထားတာကို ရဲက လာမရှင်းတာ ၂ ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

အခုလိုရဲက မလာတာနဲ့ ပတ်သက်ပြီး ထိုင်း လူ့အခွင့် အရေး ကော်မရှင် ဒေါက်တာနိရန်း ဖိထတ်ဝပ်ချရာ့က လူ့ အခွင့် အရေး ကော်မရှင် အတွင်းမှာ တာဝန် ရှိသူတွေ အစည်း အဝေး ထိုင်ပြီး လုပ်နိုင် တာကို ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။

ရဲနဲ့ စကားပြန်က ရိုက်နှက် တာကို ထိုင်း ရှေ့နေများ ကောင်စီက လည်း တရား စွဲဆို သွားမယ်လို့ ထုတ်ဖေါ် ပြောကြားသွား ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141103_thai_murder_dsi

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.