11/05/14

ပုဒ်မ ၁၈ ဖြင့် သတင်းထောက် ကိုပါကြီး အသတ်ခံရမှု ဆန္ဒဖော်ထုတ်ခဲ့သောကြောင့် MDCF မှ ကိုသိန်းအောင်မြင့်ကို ပုဒ်မ ၁၈ ဖြင့် တရားစွဲခဲ့သောလည်း မန္တလေးတိုင်းအတွင်းရှိ နိုင်ငံအင်အားစုများက နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်၍ ဈေးချိုတော် နာရီစင်အောက်မှ ၂၆ လမ်းအတိုင်း အနောက်မြို့တော်ဥယျာဉ် အထိ ဗီနိုင်းဆိုင်းပုဒ်များ ကိုင်ဆောင်၍ ထပ်မံဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ကျွန်တော် အခုလို ဆန္ဒဖော်ထုတ် တာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုး မှုမရှိဘဲ သတင်းထောက်တဦးကို သတ်ဖြတ်လိုက်တာဟာ အများပြည်သူကို သူတို့လုပ်ချင်သလို အချိန်မရွေးသတ်လို့ရကြောင်း ဖော်ပြရာရောက်တယ်။ ဒါကို ကျွန်တော်တို့ ဒီမိုကရေစီလိုလားသူ နိုင်ငံရေးအင်အားစုတွေ အားလုံးကလည်းလက် မခံပါဘူး။ ကိုပါကြီးအသက်ခံရမှုဟာ လုံးဝ မတရားတဲ့အတွက် အခုလိုဆန္ဒပြတောင်း ဆိုရတာဖြစ်ပါတယ်”ဟု မန္တလေးအထက် မြန်မာပြည် တောင်သူလယ်သမားအလုပ် သမားများကို(LIO)နှင့် ချိတ်ဆက်ဆောင် ရွက်ကူညီပေးနေသော (FNI)အဖွဲ့တာဝန်ခံ ကိုအေးသိန်းက News Watch ကို ပြောသည်။

“ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့တုန်းက ကျွန်တော့်ကို အောင်မြေသာဇံမြို့ နယ် အမှတ် ၅ ရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရတာ မဆန်းတော့ပါဘူး။ အများပြည်သူအတွက် ကိုယ် တယောက်ထဲ အနစ်အနာခံရတာတန်ပါ တယ်။ အခုလို ဆန္ဒဖော်ထုတ်တာဟာ နိုင်ငံရေးအင်အားစုတွေ ကျွန်တော်တို့ ဒီမိုကရေစီလိုလားသူ ညီအစ်ကိုတွေ အားလုံး စိတ်တူကိုယ်တူပေါင်းပြီး တရား ဥပဒေစိုးမိုးမှုမရှိတာတွေကို ဆန္ဒဖော်ထုတ် သွားဖို့ရှိပါတယ်။ တရားစွဲခံရတာတော့ ကျွန်တော်တင် မဟုတ်ပါဘူး။ မကြာမီကမှ ထောင်က လွတ်လာသော မန္တလေး(FNI) ကိုအေးသိန်းတို့၊ ကိုမျိုးဝင်းလည်း စစ်ကိုင်း တောင်သူလယ်သမားကိစ္စတွေနဲ့ တရား စွဲခံထားရပါတယ်။ ကျွန်တော်တို့အနေနဲ့ ထောင်ဆိုတာ ကျွန်တော်တို့အိမ်လိုဖြစ်နေ ပါပြီ။ ကျွန်တော်တို့ ဆန္ဒပြတောင်းဆိုတယ်ဆိုတာ နိုင်ငံတော်ကို ဒုက္ခပေးတာမဟုတ် ပါဘူး။ မြန်မာနိုင်ငံ ပြည်သူတွေကိုယ်စား ဆန္ဒပြတောင်းဆိုတာပါ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့အလုပ် ကျွန်တော် တို့လုပ်တာပါ။ သက်ဆိုင်ရာတာဝန်ရှိသူ တွေကလည်း သူတို့အလုပ် သူတို့လုပ်တာ ပါ”ဟု ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ (MDCF) မန္တလေးအထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က News Watch သတင်းဂျာနယ်ကို ပြောသည်။

မန္တလေးနာရီစဉ်အနီးတွင် ဆန္ဒပြ ခေါင်းဆောင် ကိုအေးသိန်းက ဆန္ဒမဖော် ထုတ်မီ ဆန္ဒပြရာတွင်ပါဝင်သောသူများ အား ငြိမ်းစုစည်ဥပဒေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူများနှင့် လာ ရောက်ကြည့်ရှုသူများမရောအောင် ပါဝင်သူများအား သတိပေးခဲ့သည်။
ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူများ သည် ၅ နာရီအချိန်မှစတင်၍ တရားဥပဒေ စိုးမိုးရေး ဒို့အရေး ဒို့အရေး၊ မင်းမဲ့စရိုက် ပပျောက်ရေး ဒို့အရေး ဒို့အရေး၊ နိုင်ငံသား အခွင့်အရေးရရှိရေး ဒို့အရေး ဒို့အရေး၊ ကိုပါကြီးအသတ်ခံရမှု ဖော်ထုတ်ပေးဖော် ထုတ်ပေး၊ ပြစ်မှုကျူးလွန်သူများ အရေး ပေး အရေးပေး၊ ကိုပါကြီးသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဒို့အရေး ဒို့အရေး အရေးယူဆောင်ရွက်ပေးရေး ဒို့အရေး ဒို့ အရေး၊ အဓမ္မ၀ါဒီ အလိုမရှိ အလိုမရှိ တရားဥပဒေစိုးမိုးရေး ဒို့အရေး ဒို့အရေး စသည်များ ဟစ်ကြွေးအော်ဟစ်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရသော ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်၏ အမှုကိစ္စ သေမှုသေခင်းဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ကိုပါကြီး၏ ဇနီးဖြစ်သူ အမှုဖွင့် တိုင်ကြားထားချက်အရ ကျိုက်မရောမြို့နယ်ရဲစခန်းမှ မနက်ဖြန် နိုဝင်ဘာလ (၅) ရက်နေ့တွင် ကိုပါကြီးရုပ်အလောင်းကို မြုပ်နှံထားသောနေရာမှ ပြန်လည် တူးဖော်ပြီး စစ်ဆေးချက်များပြုလုပ်သွားရန်အတွက် နိုဝင်ဘာလ (၄) ရက်နေ့တွင် အရောက်လာရန် ကျိုက်မရော မြို့နယ်ရဲစခန်းမှ အကြောင်းကြားချက်အရ .ယနေ့ နိုဝင်ဘာလ (၄) ရက်နေ့ ၂၀၁၄ ခုနှစ်တွင် ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာနှင့်အတူ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုဥာဏ်လင်း၊ မနီလာသိန်း၊ မမီးမီး တို့သည် ကျိုက်မရောမြို့သို့ သွားရောက်ခဲ့ပြီး ညနေ ၄း၃၀ နာရီတွင် ကျိုက်မရော မြို့နယ်ရဲစခန်းမှတာဝန်ခံ မြို့နယ်ရဲမှူး ဦးခင်မောင်အေးနှင့် တွေ့ဆုံကာ အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုကိစ္စနှင့် အလောင်းဖော်ယူစစ်ဆေးရန် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ဆွေးနွေးခဲ့ကြသည်။

The 88 Generation Peace and Open Society

 
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၂ ဦး (Photo Citizen Journalist)

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စွပ်စွဲ ခံထားရတဲ့ မြန်မာ လူငယ်တွေနဲ့ ပတ်သက်လို့ နှိပ်စက်ညှဉ်း ပန်းပြီး စစ်ဆေး တယ်ဆိုတဲ့ အချက်အလက်တွေ တွေ့ရှိရတဲ့ အတွက် ထိုင်းအထူး စုံစမ်း စစ်ဆေးရေး ဌာန DSI ကို ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ ၂၀ ဦး ပါဝင်တဲ့အဖွဲ့နဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့တို့ သွားရောက်တိုင်ကြား ခဲ့ပါတယ်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကလည်း အမှုကို  လက်ခံခဲ့ပါတယ်။ ဒီအတွက် လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရသူတွေကို အစကနေ ပြန်စစ်ဆေးဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုဖြစ်အပြီး စွပ်စွဲခံထားရသူတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ထိုင်းရှေ့နေများကောင်စီ၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့တို့က တရားခံတွေဟာ နှိပ်စက်ညှဉ်းပန်းခံရတာကြောင့် ထွက်ဆိုခဲ့ရကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ စစ်ဆေးမှုတွေအတွင်း  နှိပ်စက်ညှဉ်းပန်းခံရတယ်လို့ ပြောဆိုတဲ့အတွက် ထိုင်းရဲတွေကို မေးမြန်းဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ထိုင်းရဲတပ်ဖွဲ့က လာရောက်ခြင်း မရှိတဲ့အတွက် ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မြန်မာသံရုံးကိုယ်စားပြု လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ဆိုပါတယ်။

“ကျနော်တို့ အမှုနဲ့ပတ်သက်လို့ စတင်ပြီးတော့ စစ်တဲ့အချိန်တုန်းက စွပ်စွဲခံရတဲ့ ကလေးနှစ်ယောက်မှာ ရိုက်နှက်စစ်ဆေးတယ်ဆိုတဲ့ အကြောင်းအရာတွေ ပေါ်လွင်ပါတယ်။ ဒါကိုပဲ ကျနော်တို့ ရှေ့နေများကောင်စီကနေ အကျဉ်းဦးစီးဌာနကို သွားကြည့်တဲ့ အခါမှာသော်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီအနေနဲ့ သွားပြီးတော့ အကျဉ်းထောင်မှာ သွားကြည့်တဲ့ အခါမှာသော်လည်းကောင်း ပေါ်လွင်နေပါတယ်။ အဲ့လို ပေါ်လွင်တဲ့အချက်တွေကို မိဘများတွေနဲ့အတူတူ တခါ အကျဉ်းဦးစီးဌာနကို သွားတွေ့တဲ့အခါမှာလည်း ဒီအချက်က ထပ်မံ ပေါ်လွင်ပါတယ်။ အဲ့လိုပေါ်လွင်တဲ့ အချက်တွေကို ကျနော်တို့က ရဲရဲ့ရှေ့မှာ မေးမြန်းပြီးတော့ ဒါကိုပဲ အစည်းအဝေးကို ရဲအနေနဲ့ တက်ရောက်လာခြင်း မရှိပါဘူး။ မရှိတဲ့အခါကျတော့ ရိုက်နှက်စစ်ဆေးလို့ မရဘူးဆိုတဲ့ ထိုင်းသက္ကရာဇ် ၂၅၄၇ ခုနှစ်က အပြည်ပြည်ဆိုင်ရာစာချုပ်မှာ စွပ်စွဲခံရသူတွေကို ရိုက်နှက်စစ်ဆေးခြင်းမပြုရ ဆိုတဲ့ဟာကို လက်မှတ်ရေးထိုးထားတာ ရှိပါတယ်။ အဲ့ဒီအချက်က ပျက်ကွက်နေတယ်။ ပျက်ကွက်တဲ့အခါကျတော့ ကျနော်တို့က ဒီဟာကို အမှုမှန်ဖြစ်နိုင်ရေးအတွက် ဒီအမှုကို DSI အနေနဲ့ အထူးအဖွဲ့ ဖွဲ့စည်းပြီးတော့ အမှုကို အစကနေ ပြန်စစ်ဆေးပေးပါဆိုပြီးတော့ ကျနော်တို့ တင်ပြခဲ့တာပါ။ လက်ခံလိုက်ပါတယ်ခင်ဗျ။ မနေ့က လက်ခံလိုက်ပါတယ်။”

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI အနေနဲ့ လုပ်ဆောင်တာကတော့  အထူးစုံစမ်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငွေကြေးဆိုင်ရာ အငြင်းပွားမှုကိစ္စတွေ စာရွက်စာတမ်းဆိုင်ရာ အတုလုပ်မှုတွေကို စစ်ဆေးတာတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်ပတ်သက်တာတွေကို စစ်ဆေးတာတွေ လူကုန်ကူးခံရမှုနဲ့ ပတ်သက်လို့ တိုင်ကြားတာရှိရင် သွားရောက် စုံစမ်းစစ်ဆေး ဖမ်းဆီးတာတွေ လုပ်လေ့ရှိပါတယ်။

DSI အနေနဲ့ တိုင်ကြားတဲ့အမှုတိုင်းကို သေချာစိစစ်ပြီးမှသာ လက်ခံတာဖြစ်ပြီး လိပ်ကျွန်းလူသတ်မှုဟာ စစ်ဆေးစဉ်မှာ နှိပ်စက်ညှဉ်းပန်းတာကြောင့် ထွက်ဆိုရတယ်ဆိုတဲ့အပေါ်မှာ ဒီအမှုကို ချက်ချင်းပဲလက်ခံကြောင်း အကြောင်းပြန်စာပါ တခါတည်းပေးခဲ့တယ်လို့ ဆိုပါတယ်။ DSI ကနေ လက်ခံစစ်ဆေးမယ်ဆိုရင် ဒီအမှုဟာ အစကနေ ပြန်လည် စစ်ဆေးဖွယ်ရှိတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“တင်ပြလာတဲ့ အကြောင်းအရာကို သူတို့ စိစစ်ပါတယ်။ စိစစ်ပြီးတော့ လက်ခံတာရှိသလို၊ လက်မခံတာလည်း ရှိပါတယ်။ တကယ်လို့ DSI က လက်ခံလို့ ကျနော်တို့ပြောတဲ့အတိုင်း လုပ်ပေးမယ်ဆိုရင် ဒီကလေးတွေကို အမှုက အစက ပြန်စစ်ရမှာပါ။ အဲ့ဒီအခါမှာ ကလေးတွေ အမှုကိုစစစ်တာမှာ ရိုက်နှက်ပြီးတော့ ကျူးလွန်ပါတယ်ဆိုတဲ့အချက်တွေက ပျက်သွားပြီးတော့ အခုအချိန်မှာ အစကနေပြီးတော့ ကလေးတွေက အမှန်အတိုင်း ထွက်ဆိုလာမှာပါ။ အဲ့ဒီအခါ အမှုက အမှန်အတိုင်း ပေါ်ပေါက်လာမယ်လို့ ကျနော်တို့ သိရပါတယ်။”

ကော့စမွေအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာလူငယ် ၂ ဦးအနေနဲ့ သူတို့ကို အာမခံပေးမယ့်သူတွေ ရှိပေမဲ့ သူတို့ရဲ လုံခြုံရေး အခြေအနေတွေကြောင့် မြန်မာသံရုံးဘက်က ပြန်လည် စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ထိုင်းဥပဒေအရ သူတို့ကို ရက်ပေါင်း ၈၀ ကျော်သာ ချုပ်နှောင်ထားခွင့်ရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အမှုကို ပြန်လည် စစ်ဆေးမယ်ဆိုရင် သက်ဆိုင်ရာရှေ့နေတွေကို DSI က အကြောင်းကြားမှာဖြစ်ပြီး ဘယ်အချိန် အကြောင်းကြားမယ် ဆိုတာကိုတော့ DSI က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။

ကော့တောင်ကျွန်း လူသတ်မှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့ပြီး ၂ ပတ်ကျော်အကြာမှာ မြန်မာလူငယ်တွေကို တရားခံတွေအဖြစ် ထိုင်းရဲတွေက စွပ်စွဲခဲ့တာဖြစ်ပါတယ်။ မြန်မာလူငယ်တွေကတော့ အစပိုင်းမှာ သူတို့သတ်ပါတယ်လို့ ၀န်ခံခဲ့ရပေမဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်တွေ၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ၊ ထိုင်းရှေ့နေများကောင်စီက သွားရောက် စစ်ဆေးမေးမြန်းတဲ့ အခါမှာတော့ နှိပ်စက်ညှဉ်းပန်းပြီး ထွက်ဆိုခိုင်းတာကြောင့် ၀န်ခံရပါတယ်လို့ ပြောဆိုကာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/thai-murder-case/2507523.html


အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြစဉ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)

အမေရိကန်သမ္မတ Barack Obama ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၄ ရောက်နေ့အထိ လာရောက်မယ်လို့ သမ္မတအိမ်ဖြူတော်က နိုဝင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ သမ္မတ Obama ဟာ EAS အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို နေပြည်တော်မှာ တက်ရောက်မှာပါ။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း သီးသန့်ဆွေးနွေးမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါတွေအပြင် နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစပျိုးလုပ်ဆောင်မှု အခမ်းအနား ကျင်းပပြီး အခမ်းအနား တက်ရောက်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။ နိုဝင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့ထိ ကြာမယ့် အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမားအတွက်တော့ မြန်မာနိုင်ငံကို ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး ပထမတခေါက်၂၀၁၂ နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာရောက်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ပါ တွေ့ဆုံခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူလူထုကို သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/obama-to-visit-burma/2507483.html


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ တရုတ်နိုင်ငံကို ပထမဆုံး အကြိမ် သွားရောက်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကို အခုလိုပြောပါတယ်။

"တရုတ်ပြည်ခရီး စဉ်ရှိတယ် ဒီဇင်ဘာသွားမယ်ဗျာ၊ ကျန်တာ မပြောနိုင်သေးဘူး၊ မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲရှိတယ်၊ အဲ့မှာပြောကောင်း ပြောပါလိမ့်မယ်"

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Hua Chunying ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောစရာသတင်းအချက်အလက် အတိအကျမရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့တွေအားလုံးနဲ့ တရုတ်အစိုးရဟာ အနီးကပ်ဆက်ဆံမှုရှိသလို၊ ဒီလိုဆက်ဆံတာဟာလည်း နှစ်နိုင်ငံအကျိုးစီးပွား မြှင့်တင်ရေးအတွက်ဖြစ်တယ်လို့ ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း သတင်းအတိအကျထွက်လာတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ NLD ကို ပထမဆုံးချီးကျူးစကားပြောဆိုပြီး လူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရနဲ့ အနီးကပ်ဆုံးဆက်ဆံခဲ့ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဗီတိုအာဏာသုံးပယ်ချခဲ့ပါတယ်။

အခုနှစ်ပိုင်းအတွင်းမှာတော့ တရုတ်အစိုးရဟာ အတိုက်အခံအင်အားစုတွေနဲ့ ပြန်လည်ဆက်ဆံလာတာပြီး၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ NLD ရဲ့ ဒုတိယတန်း ခေါင်းဆောင်တွေကိုပါ တရုတ်ပြည်လေ့လာရေးခရီး ကမ်းလှမ်းဖိတ်ခေါ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

တရုတ်နိုင်ငံ ဂွီယူမြို့ရှိ သိုလှောင်ရုံတစ်ခုအတွင်း ကြမ်းပြင်ပေါ်တွင် ရီမုကွန်ထရိုးအဟောင်းများစုပုံနေ သည်။ ပလတ်စတစ်ခွေးခြေခုံပေါ် ထိုင်နေသည့် အမျိုးသမီးများက ရီမုအဟောင်းများထဲမှ ဆားကစ်များအား ဆွဲထုတ်ကာ ပလတ်စတစ်ခြင်းထဲ ထည့်နေကြသည်။ အမျိုးသားများက ဖုန်းအဟောင်းနှင့် ကွန်ပျူ တာကီးဘုတ်အဟောင်းများအား ထ ရပ်ကားပေါ်တင်နေကြသည်။ ထိုပစ္စည်း အချို့အား ပြန်လည်ပြင်ဆင်၍ရောင်း ချမည်ဖြစ်ပြီး ကျန်ပစ္စည်းများအား ဖျက်စီးကာ ပါဝင်သောကြေးနီနှင့်ရွှေကဲ့သို့ သတ္တုများထုတ်ယူမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ အီလက်ထရောနစ်အမှိုက်များ ပြန်လည်အသုံးချနိုင်ရန် ပြင်ဆင်ဆောင်ရွက်ရာ ဂွီ ယူမြို့တွင် စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်နေသော်လည်း သ ဘာဝပတ်ဝန်းကျင်ပျက်စီးမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လျက်ရှိသည်။

လျှပ်စစ်ပစ္စည်းအပိုင်းအစများက အနီးရှိချောင်းထဲတွင်စုပုံနေပြီး ပလတ် စတစ်ဆားကစ်ပြားနှင့် ဓာတုပစ္စည်းများ မီးရှို့မှုကြောင့် လေထုမှာညှော်နံ့များ ဖုံးလွှမ်းနေသည်။ သတ္တုလေးများ ပါဝင်မှုကြောင့် လေထုနှင့်ရေထု အဆိပ်သင့်နေပြီး ရှန်တူတက္ကသိုလ်၏ သုတေသနအရ ကလေးများ၏သွေး အတွင်း ခဲဓာတ်ပါဝင်မှုမြင့်မားနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဂွီယူကိုဖြတ်သန်းသွားသည့် အီး-အမှိုက်အများစုမှာ တရုတ်နိုင်ငံပြင်ပမှလာခြင်းဖြစ်သည်။ အနောက်နိုင်ငံများသည် ယခု အခါ ၎င်းတို့၏ အီး-အမှိုက်များအား ကိုယ်တိုင်လုပ်ငန်းဆောင်ရွက်ရန် ကြိုး စားလာနေသည်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေး ကွက်ဖြစ်လာပြီး လျှပ်စစ်ကိရိယာများ အသုံးပြုမှု မြင့်တက်လျက်ရှိသည်။ ပြည်သူလူထုနှင့် သဘာဝပတ်ဝန်း ကျင်ရေးရာအင်စတီကျုမှ ဒါရိုက်တာ မာဂျွန်က ]အရင်ကတော့ ကမ္ဘာတစ် ဝန်းကနေ အမှိုက်တွေ တရုတ်နိုင်ငံ ကို ပို့ဆောင်ခဲ့တာပါ။ အခုတော့ တ ရုတ်မှာ မိုဘိုင်းလ်ဖုန်းသုံးသူ ၁.၁ ဘီလီယံရှိလာပြီး ကျွန်တော်တို့သုံးနေ တဲ့ ကိရိယာတွေရဲ့ သက်တမ်းက တို လာနေပါတယ်။ ဒီအချက်က ပြဿ နာကြီးဖြစ်လာနိုင်တယ်လို့ ထင်ပါ တယ်}ဟု ပြောကြားခဲ့သည်။ တရုတ် နိုင်ငံသည် နှစ်စဉ်အီး-အမှိုက် တန် ချိန် ၆.၁ သန်း စွန့်ထုတ်နေပြီး အ မေရိကန်က တန်ချိန် ၇.၂ သန်းစွန့် ထုတ်ကာ တစ်ကမ္ဘာလုံးအနေဖြင့်တန်ချိန် ၄၈.၈ သန်းရှိနေသည်။ ပြီးခဲ့ သည့် ငါးနှစ်အတွင်း အမေရိကန်၏ အီးအမှိုက်ထုတ်လုပ်မှုမှာ ၁၃ ရာခိုင် နှုန်းတိုးလာပြီး တရုတ်က နှစ်ဆနီး ပါးတိုးလာသည်။

အီး-အမှိုက်များ ပြန်လည်အသုံး ပြုရေးလုပ်ငန်းကြောင့် စီးပွားဖြစ်ထွန်း မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကို ဂွမ်ဒေါင်းပြည်နယ် ဂွီယူမြို့တွင် အကောင်းဆုံးတွေ့မြင်နိုင်သည်။ မြို့ လူဦးရေ ၁၃၀ç၀၀၀ အနက် ၈၀ç၀၀၀ မှာ ထိုလုပ်ငန်းတွင်လုပ်ကိုင်လျက်ရှိ သည်။ မြို့တွင် နှစ်စဉ်ရောက်ရှိလာ သည့် အီး-အမှိုက်တန်ချန် ၁.၆ သန်း ကျော်ရှိပြီး ဝင်ငွေ ယွမ် ၃.၇ ဘီလီ ယံ(ဒေါ်လာ သန်း ၆၀၀)ခန့်ရှိသဖြင့် ရပ်နီးရပ်ဝေးမှ လာရောက်လုပ်ကိုင် သူများကိုပါ ဆွဲဆောင်လျက်ရှိသည်။ ဒီအလုပ်က ပင်ပန်းပေမဲ့ မြို့ကအ လုပ်ထက် ဝင်ငွေပိုကောင်းပါတယ် ဟု အရောင်းဝန်ထမ်းအလုပ်မှထွက် ကာ လျှပ်စစ်ပစ္စည်းများ ဖျက်သိမ်းသူအဖြစ် လုပ်ကိုင်နေသူ မာက ဆိုသည်။ ထိုအလုပ်မှ တစ်လလျှင် ယွမ် ၄,၀၀၀ မှ ၅ç၀၀၀ (ဒေါ်လာ ၆၅၀ မှ ၈၁၅ )ထိရရှိနိုင်သည်။

တစ်ချိန်တည်းမှာပင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ဂွီယူမြို့မှာ ကမ္ဘာ့သတင်းများတွင်ဖော်ပြခံနေရသည်။ မြို့၏သဘာဝပတ်ဝန်း ကျင်အခြေအနေမှာ လွန်ခဲ့သောဆယ် စုနှစ်ထက် များစွာပိုမိုဆိုးဝါးခဲ့သည်။ ဂွီယူတွင် ကြီးပြင်းခဲ့သူ အသက် ၂၈ နှစ်အရွယ် ဘဏ္ဍာရေးဝန်ထမ်းလီယို ချန်က ဒါတွေ ဆက်မဖြစ်သင့်ဘူး လို့ လူတွေက တွေးနေကြပါတယ်။ အရင်တုန်းက ကျွန်တော့်အိမ်ရှေ့က မြစ်မှာ စိမ်းစိမ်းလန်းလန်နဲ့ ရေကလည်း ကောင်းမွန်တာ မှတ်မိနေပါတယ်။ အခုတော့ မည်းနက်နေပြီး ဒါမျိုးဆက်မဖြစ်သင့်တော့ပါဘူး ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News Journal


အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို တူးဖော်ပြီးရင် ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့ပေးထားတဲ့ မှုခင်းဆေးပညာ ပါမောက္ခဆရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကို စစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

ကိုပါကြီးအလောင်းကို မြှုပ်ထားတဲ့ ကျိုက်မရောမြို့အနီးက ရွှေဝါချောင်းကျေးရွာမှာ မနက်ဖြန်မှာ တူးဖော်မယ်လို့ မော်လမြိုင်မြို့ကိုရောက်နေတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က RFA ကို ပြောပါတယ်။

"မှုခင်းဆရာဝန်အဖွဲ့ရှိပါတယ် သူကတစ်ယောက်တည်းတောင် မဟုတ်ဘူး၊ အဖွဲ့နဲ့ ဖွဲ့ထားတာဖြစ်ပါတယ်၊ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌါနက ဖွဲ့ပေးထားတဲ့အဖွဲ့နဲ့ သူတို့စစ်မှာဖြစ်ပါတယ်၊ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌါနပေါ့နော်၊ မိန်းကပေါ့ အဖွဲ့ဖွဲ့ထားတယ်လို့ ပြောပါတယ်၊ မှုခင်းဆေးပညာ ပါမောက္ခတစ်ယောက်တောင် ပါတယ်လို့ကြားတယ်၊ ဒီလိုမျိုးတွေ့ရှိဖို့က ကျနော်တို့ အတိအကျမပြောနိုင်သေးဘူး ဘာမှ၊ ကျနော်တို့ စုနေတုန်းပဲ၊ ကျနော်တို့က လိုတဲ့ရွာသားတွေ အုပ်ချုပ်ရေးပိုင်းတွေ၊ ရဲတွေပါ၊ တပ်မတော်တွေ အကုန်လုံးမပြီးသေးသေးဘူးခင်ဗျ စစ်လို့၊ မပြည့်စုံသေးဘူး"

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဟာ မော်လမြိုင်မြို့ကို နိုဝင်ဘာလ ၁ ရက်နေ့က ရောက်ရှိခဲ့ပြီး ကျိုက်မရောမြို့အခြေစိုက် ခ.လ.ရ ၂ဝ၈ တပ်က တပ်မတော်သားတွေနဲ့ အခင်းဖြစ်ပွားရာနေရာအနီးက ရွှေဝါချောင်း၊ မိတုံ စတဲ့ရွာတွေက ရွာသားတွေကိုလည်း ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

ကိုပါကြီးဟာ တစ်လနီးပါးအကြာ ပျောက်ဆုံးနေခဲ့ရာကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂ဝ၈ ခြေမြန်တပ်ရင်းက သူ့ကိုထိန်းသိမ်းထားစဉ်မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် အသေဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ပထမဆုံး အကြိမ် ခရီးစဉ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ဒီဇင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်ဖြစ်ပြီး တရုတ်အစိုးရ ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန် ခိုင်မာအောင် လုပ်ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ တရုတ်-မြန်မာ ဆက်ဆံရေး အကဲခတ်တွေက ဆိုပါတယ်။ ရှေ့လထဲသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မဆုမွန်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို ရှေ့လ ဒီဇင်ဘာမှာ ပထမဆုံးအကြိမ် သွားရောက် လေ့လာမယ့်ခရီးစဉ်ဟာ တရုတ်-မြန်မာဆက်ဆံရေး အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုရအောင် တည်ဆောက်တဲ့ ခြေလှမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သွားမယ်ဆိုတာပြောတယ်။ ဒီဇင်ဘာထဲမှာလို့ပြောတယ်။ အမြဲတမ်းပါလေ့ ရှိတာကတော့ နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်မှု ဒီမြန်မာနိုင်ငံရဲ့ အပြောင်းအလဲကြောင့် ဘယ်လို ဆက်ဖြစ်လာမလဲဆိုတဲ့ အဲ့ဒီ subject လေးက အမြဲတမ်း ပါတတ်တယ်။”

NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းဟာ NLD ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်နိုင်ငံကို သွားရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း လေ့လာခဲ့တာနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းပြောပြတာက-

“တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သူတို့စီးပွားရေးနဲ့ သူတို့ပါတီတွေရဲ့ လှုပ်ရှားမှု၊ ဆက်သွယ်မှုတွေ အဲ့ဒါတွေကို လေ့လာခွင့်ရတယ်။”

အခုလိုမျိုး တရုတ်အစိုးရနဲ့ မြန်မာ့နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြား အပြန်အလှန် ဆက်ဆံရေး တိုးတက်လာတာဟာ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးအပေါ် မူဝါဒချမှတ် အဆင့်ဆင့် ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်း ဖြစ်နိုင်သလို အနောက်နိုင်ငံတွေနဲ့ ပလဲနံပသင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ သံတမန်ရေး ချစ်ကြည်မှု တည်ဆောက်တဲ့ ခြေလှမ်းဖြစ်တယ်လို့ တရုတ်-မြန်မာဆက်ဆံရေး အကဲခတ် ဒေါ်လှကျော်ဇော်က အခုလို သုံးသပ်ပါတယ်။

“သူတို့ ညှိနှိုင်းနေတာတော့ ကြာပြီ။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်လာရေးလေ။ အဲတော့ ဘယ်သူတွေကို ဖိတ်မယ်။ ဘယ်လိုအဆင့်အတန်းနဲ့ ဖိတ်မယ်။ အဲ့ဒါမျိုးတွေပေါ့။ တော်တော်လေး ညှိနှိုင်းနေတာ ကြာပါပြီ။ အခုမှ ဘယ်လိုပြောမလဲ အဆင်ပြေသွားတယ်နဲ့ တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာဖို့ကို တရုတ်ဘက်ကလည်း လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လာချင်နေတာ ကြာပါပြီ။ တနှစ်လောက်တောင်ရှိပြီ။ ကျမတို့ ကြားနေတာလေ။ အခုတော့ လာဖြစ်သွားတာနဲ့ တူပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း သူ့ရဲ့ပုံရိပ်ဖြစ်တဲ့ အနောက်တိုင်းကို သိပ်ယိမ်းတယ်ဆိုတာကို သူကလည်း နည်းနည်း ဘယ်လိုခေါ်မလဲ မလိုလားဘူးပေါ့နော်။ သူ့အနေနဲ့က ကြားနေတတ်တဲ့သူ၊ အထူးသဖြင့် ဒီလို ဗမာပြည်၊ တရုတ်ပြည်ရဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ်နဲ့ သူက တရုတ်ပြည်ကိုလည်း ရင်းရင်းနှီးနှီး ကောင်းကောင်းမွန်မွန် ဆက်ဆံချင်တယ်။ ဆက်ဆံနိုင်တဲ့ပုံရိပ်ကို သူကလည်း ဖော်ချင်တာနဲ့ အဲ့ဒီ ဒီခရီးက ဖြစ်သွားတယ်နဲ့ တူပါတယ်။ ဟိုကျမကြားတာတော့ ပြည်သူ့အတိုင်ပင်ခံကွန်ဖရင့် ဆိုတာရှိတယ်ဗျ။ Senate ပေါ့။ အနောက်တိုင်းမှာဆိုရင်တော့ Senate ပေါ့။ ရွေးကောက်ခံရတဲ့ အမျိုးသားလွှတ်တော်မဟုတ်ဘူး။ သူက အကြံပေးအဖွဲ့ပဲ။ တပ်ပေါင်းစုလက္ခဏာဆောင်တယ်။ အဲ့ဒီအဖွဲ့က ဖိတ်တာလို့ပြောတယ်။ Senate ဥက္ကဌက ဖိတ်တာလို့ပြောတယ်။”

တရုတ်အစိုးရအနေနဲ့လည်း ဒေသတွင်း အထူးသဖြင့် တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ မူဝါဒ ချမှတ် အကောင်အထည်ဖော်နေချိန် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်တာဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားတွေ လုံခြုံမှုရှိအောင် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း ဒေါ်လှကျော်ဇောက ရှုမြင်ပါတယ်။

“အဲ့ဒါကတော့ တောက်လျှောက် တရုတ်ဘက်ကလည်း ဒီလို သူ့ရဲ့အိမ်နီးနားချင်း ပေါ်လစီ၊ သံခင်းတမန်ခင်းပေါ်လစီဆိုတာ ရှိတယ်။ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံရေး ပိုမို ပြေပြစ်အောင်လုပ်ရေး။ နောက်တခုက အိမ်နီးနားချင်းတွေနဲ့ အထူးသဖြင့် အခြေခံအဆောက်အအုံတွေ များများလုပ်ရေးပေါ့။ အဲ့ဒီကိစ္စတွေ ဘာတွေအားလုံးကို တရုတ်ကလည်း ၀ီရိယစိုက်ပြီး လုပ်နေတာဖြစ်တာကိုး။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် လာလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့လည်း တစုံတရာ သူတို့အပေါ်မှာ အမြင် နည်းနည်းပါးပါးများ ကောင်းလာမလားလို့ တရုတ်ဘက်ကလည်း ထင်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအတွက် ကြိုးစားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရတာကလည်း သူက အင်အားကြီးနိုင်ငံအားလုံး အထူးသဖြင့် အိမ်နီးနားချင်း အင်အားကြီးနိုင်ငံ အားလုံးနဲ့လည်း ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ချင်ပုံ ရပါတယ်။ ဒါဟာ ကျမတို့ တိုင်းပြည်အတွက် အမြင်ကျယ်တဲ့သူတိုင်း ထားသင့်တဲ့ သဘောထားပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တရုတ်နိုင်ငံ တာဝန်ရှိသူတွေက လာရောက်လေ့လာဖို့ ဖိတ်ကြားခဲ့သလို၊ တရုတ်ကွန်မြူနစ်ပါတီဘက်က မြန်မာ့နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်း အရင်ကထက် ပိုပြီးသိအောင် လေ့လာသုံးသပ်နေတဲ့ တစိတ်တပိုင်းအဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေက NLD ပါတီ ဗဟိုကော်မတီဝင်တွေနဲ့ NLD ပါတီ ဗဟိုဌာနချုပ်ရုံးမှာ လာရောက်တွေ့ဆုံခဲ့ကြတာလည်း ရှိပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/suu-kyi-china-trip/2507312.html


ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ ချုပ်နှောင်ခံ မြန်မာလူငယ် ၂ ယောက်က ရဲက သူတို့ကို ညှဉ်းပန်းစစ်ဆေးတယ်လို့ စွပ်စွဲချက်အပေါ် ရှင်းလင်းဖို့ဖိတ်ခေါ်ချက်ကို ရဲတပ်ဖွဲ့က ဆက်ငြင်းဆန်ရင် တရားစွဲမယ်လို့ ထိုင်း လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူက ခြိမ်းခြောက်ပြောကြားကြောင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ khaosod သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်က စွပ်စွဲခံ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ၊ မြန်မာသံရုံးအထူးအဖွဲ့၊ ထိုင်းရှေ့နေများကောင်စီနဲ့ ထိုင်းရဲတပ်ဖွဲ့တွေကို ဖိတ်ကြားပြီး နိုဝင်ဘာ ၃ ရက်နေ့က ကြားနာရာမှာ ထိုင်းရဲတပ်ဖွဲ့က မလာတာကြောင့် တွေ့ဆုံပွဲအပြီး ရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ နီရန် ပီတာဝါချရာ က ပြောဆိုခဲ့တာဖြစ်ပါတယ်။

သူက “လူသတ်သံသယနဲ့ဖမ်းထားတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းက သူတို့ကို နှိပ်စက်တယ်လို့ ပြောဆိုတဲ့အပေါ် ကြားနာမှုကို ရဲက လာရောက်ဖို့ ပျက်ကွက်တယ်။ ကော်မရှင်ရှေ့မှောက်မှာ သက်သေခံထွက်ဆိုခြင်းအားဖြင့် လူသတ်မှု စုံစမ်းဖော်ထုတ်နေတဲ့ အပေါ် သက်ရောက်နိုင်တာကြောင့်ဆိုပြီး လာရောက်ဖို့ ရဲက ငြင်းပယ်ခဲ့တယ်”လို့ သူက ပြောပါတယ်။
ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီသံသယရှိသူတွေ အပြစ်ကင်းတယ် ဒါမှမဟုတ် အပြစ်ရှိတယ်လို့ ဆိုတဲ့အပေါ် သက်သေပြဖို့မဟုတ်တဲ့အတွက် ရဲဘက်ကပေးတဲ့ ဒီဆင်ခြေဟာ ကျိုးကြောင်းညီညွတ်မှု မရှိဘူးလို့ မစ္စတာ နီရန် ပီတာဝါချရာ က ပြောပါတယ်။

ဘက်ပေါင်းစုံကို မျှမျှတတ အခွင့်အရေးပေးရမှာဖြစ်ပြီး အထူးသဖြင့် ရွှေ့ပြောင်း အလုပ်သမားတွေအပေါ်မှာ ပေးရမှာဖြစ်ကြောင်းနဲ့ မျှမျှတတ မဆောင်ရွက်ရင် ဘယ်သူမှ ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်ကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ မတိုင်ခင် ရဲက ရှင်းလင်းဖို့ ပျက်ကွက်ရင် ထိုင်း လူ့အခွင့်အရေးကော်မရှင်မှာ ရဲကို တရားစွဲရေး၊ မစွဲရေးကို မဲခွဲဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင် တယ်လို့လည်း သူက သတိပေးပါတယ်။

“လူ့အခွင့်အရေးကော်မရှင်ဟာ ဘယ်သူ ဘယ်ဝါရဲ့ အလုပ်အပေါ်မှာမှ ၀င်စွက်ဖက်တာ မဟုတ်ဘူး။ ကာယကံရှင်တွေက မကျေနပ်လို့ စောဒကလာတက်တဲ့အပေါ်မှာ ကျနော်တို့ တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ ကျနော်တို့ မလုပ်ရင် ကျနော်တို့ရဲ့ ပေါ့ဆမှုအတွက် ရာဇ၀တ်မှု ဥပဒေတွေအရ ကျနော်တို့ကို တရားစွဲဆိုကြလိမ့်မယ်” လို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ထိုင်းနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ စွပ်စွဲခံရသူတွေကို စစ်ဆေးတဲ့အခါမှာ နှိပ်စက်ညှဉ်းပန်းခြင်း မပြုပါဘူးဆိုတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်ကို ၂၀၀၄ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ကြောင်းနဲ့ ဒီအမှု စစ်ဆေးရာမှာ နှိပ်စက်ညှဉ်းပန်းမှု ပေါ်ပေါက်တယ်လို့ တိုင်တန်းမှုတွေကြောင့် ရဲက စာချုပ်ချိုးဖောက် ကျူးလွန်ရင်တော့ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာကို လူ့အခွင့်အရေးကော်မရှင် ပြောဆိုသွားတာလို့ ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။

လူ့အခွင့်အရေးကော်မရှင်က ရဲတပ်ဖွဲ့ကို အကြိမ်ကြိမ်ဆင့်ခေါ်ရာမှာ ပျက်ကွက်တဲ့အတွက် တရားစွဲနိုင်တဲ့ အခြေအနေလို့ ရှင်းပြပါတယ်။
“ဒီလိုပါခင်ဗျ ပူးပေါင်းဆောင်ရွက်မှုကို သူတို့ ၄ ကြိမ်တိတိ ဆင့်ခေါ်ပြီးပါပြီ။ အခု သူပြောတဲ့ရက် (နိုဝင်ဘာ ၁၂ ရက်)အထိ ဆင့်ခေါ်ဖို့ လုပ်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့က ကြည့်ရတာ အဲဒီနေ့ (နိုဝင်ဘာ ၃ ရက်)က ဆိုရင် ရဲမှတပါး အစုံအညီလာကြပါတယ်။ လူ့အခွင့်အရေးကော်မရှင်၊ ရှေ့နေများကောင်စီ၊ ကျနော်တို့ သံရုံးအထူးအဖွဲ့၊ စွပ်စွဲခံရတဲ့ ကလေးတွေရဲ့ မိဘတွေဆိုတော့ ဒီလို ပြည့်စုံစွာလာတဲ့အချိန်မှာ ရဲအနေနဲ့သာ ပျက်ကွက်သားတဲ့ အတွက်ကြောင့်မို့ ဒီလိုဟာမျိုးကို ပြန်စီစဉ်မယ့်သဘောရှိပါတယ်။ စီစဉ်လို့ နောက်ဆုံးအနေနဲ့ မလာဘူးဆိုရင်တော့ စာချုပ်ပါအချက်များအရ ဆက်လက်ဆောင်ရွက်မယ့်သဘော ပြောတာပါ” လို့ ပြောပါတယ်။

ဒီလူငယ် ၂ ယောက်ကို ကော့တောင်ကျွန်းမှာ စက်တင်ဘာ ၁၅ နေ့ ဒေးဗစ်မေလာနဲ့ ဟန်နာတို့ သေဆုံးအလောင်းတွေ့ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ဖမ်းခဲ့တာပါ။

ဒီရွှေ့ပြောင်းလုပ်သား ၂ ယောက်က သတ်တယ်လို့ ဖြောင့်ချက်ပေးတယ်လို့ ရဲက ကနဦးပိုင်းမှာ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီနှစ်ယောက်က သူတို့ ရှေ့နေတွေကို သူတို့ကို ဖြောင့်ချက်ပေးဖို့ အတင်းအကျပ်စေခိုင်းခံရပြီး သူတို့ ဖြောင့်ချက်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ပြုစုထားတဲ့ အမှုတွဲဟာ ပြီးပြည့်စုံခြင်း မရှိသေးတာကြောင့် ခုချိန်ထိတော့ တရားရုံးကို တင်နိုင်ခြင်း မရှိသေးပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69773


၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂) စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြောသလို ဖြစ်နေ တာ'' ဟု လည်းကောင်း၊ ဆောင်းပါးစာသားတွင်လည်း ''ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး'' စသည့် အသုံးအနှုန်းများကို လည်းကောင်း ရေးသားဖော်ပြခဲ့သဖြင့် သက်ဆိုင်ရာ ဂျာနယ်အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြားခဲ့ပါသည်။

၂။ မြန်မာသံတော်ဆင့်ဂျာနယ်အနေဖြင့် ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၏ ဂုဏ်သရေကို ထိခိုက်စေသည့် ပြောဆိုချက်များကို ရေးသားဖော်ပြခဲ့သည့်အတွက် ပြန်လည်တောင်းပန်စာကို မြန်မာသံတော်ဆင့်ဂျာနယ်နှင့် နိုင်ငံပိုင်သတင်းစာများတွင် (၂)ကြိမ်ဖော်ပြပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှတစ်ဆင့် ညှိနှိုင်းခဲ့ပါသည်။

၃။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီက ဂျာနယ်နှင့် ဆွေးနွေးပြီး ဂျာနယ်က တောင်းပန်စာကိုတစ်ကြိမ်သာ ထည့်သွင်းပေးမည်ဖြစ်ကြောင်းနှင့် ထည့်ပေးမည့် တောင်းပန်စာမူကြမ်းကို ပူးတွဲ၍ ပေးပို့ခဲ့ပါသည်။ အဆိုပါ ပေးပို့လာသည့် တောင်းပန်စာဖော်ပြပေးမည့်အကြိမ်အရေအတွက်နှင့် တောင်းပန်စာတွင် ဖော်ပြပေးမည့်အရေးအသားများသည် ဂျာနယ်က မူလဖော်ပြခဲ့သည့် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေပြီး အကြည်ညိုပျက်စေသည့် ရေးသားချက်များနှင့်နှိုင်းယှဉ်ပါက ထိရောက်လုံလောက်စွာ ချေဖျက်ပေးနိုင် ခြင်းမရှိသည့်အပြင် အခြားပုဂ္ဂိုလ်များကိုပါ ထပ်မံထိခိုက်ပုတ်ခတ်ရာ ရောက်သည့် စာသားများပါဝင်နေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့်အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော်ဆင့်ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန
The Mirror Daily
https://www.facebook.com/TheMirrorDaily


မြန်မာသံတော်ဆင့် ဂျာနယ်ရဲ့ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတော် အကြီးအကဲရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ထိခိုက်စေတာကြောင့် တရားစွဲဆိုမယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်သလို ဂျာနယ်တာဝန်ရှိ သူကလည်း တရားရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ တုံ့ပြန်ပါတယ်။

 သြဂုတ်လထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃ အမှတ် ၂၂ ပါ အံ့ခေါင်မင်းရဲ့ နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်းကဏ္ဍပါ စာသားတွေဟာ သမ္မတရဲ့ ဂုဏ်သိက္ခာထိပါးစေလို အကြည်ညို ပျက် စေတာကြောင့် စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ညှိနှိုင်းဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို အကြောင်းကြားခဲ့ကြောင်းနဲ့ တောင်းပန်ဖို့။ တောင်းပန်စာမူကြမ်း ဟာလည်း မူလဖော်ပြတဲ့ သမ္မတဂုဏ်သိက္ခာထိပါးတဲ့အရေးအသားတွေကို မချေဖျက်နိုင်တဲ့ အပြင် တခြားပုဂ္ဂိုလ်တွေကိုပါ ထိခိုက်ပုတ်ခတ်တာတွေ ပါလာပြီး သမ္မတရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ထိခိုက်စေလို့ တရားစွဲမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာသံတော်ဆင့်မှာ ဖော်ပြတဲ့ နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်း ကဏ္ဍဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ဗေဒါနိုင်ငံရေး သိပ္ပံကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနဲ့ မေးမြန်းချက်ဖြစ်ပါတယ်။

မြန်မာသံတော်ဆင့်ဂျာနယ် ဒု အယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းကတော့ ဖော်ပြခဲ့တဲ့ကဏ္ဍဟာ အတိုက်အခံ နိုင်ငံရေး ပါတီတခုက ဗဟိုအဆင့်ရှိတဲ့သူတဦးရဲ့ ဝေဖန်ပြောကြားချက်ကို အင်တာဗျူးမှာ တဆင့်ပြန်လည် ဖော်ပြတာဖြစ်ပြီး အယ်ဒီတာ အာဘော်ဆောင်းပါး မဟုတ်ဘူးလို့ ပြောပါတယ်။

လက်ရှိ အချိန်ထိ တရားစွဲဆိုကြောင်း တရားဝင်အကြောင်းမကြာစာမရသေးဘဲ အကြောင်း ကြားတဲ့အခါ တရားနည်းလမ်းအတိုင်း ရင်ဆိုင်ဖြေရှင်းမယ်လို့ သူက ပြောပါတယ်။

သူက “ဒါကို သူတို့အနေနဲ့ မီဒီယာကို တရားစွဲဆိုတယ်ဆိုတော့ သူတို့ရဲ့ လုပ်ပုံကိုင်နည်းကို ကျနော်တို့က သိပ်တော့ နားမလည်ဘူး။ လူတဦးတယောက် ဒါမှမဟုတ်ရင် အစဉ်အလာရှိတဲ့ အတိုက်အခံနိုင်ငံရေး သမားတဦးရဲ့ ဝေဖန်ပြောကြားချက်အပေါ်မှာ ဒီကာယကံရှင်ကို သူတို့ အနေနဲ့ ဘာမှ ဟိုဟာမဖြစ်ဘဲနဲ့ မီဒီယာပေါ် တရားစွဲတယ်ဆိုတာကတော့ ကျနော်ထင်တာ ကတော့ သူတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ထိပ်တိုက်တွေ့ ပြီးတော့ ရင်မဆိုင်ရဲလို့ မီဒီယာကို ပြန်လုပ်တယ်လို့ ယူဆတယ်” လို့ ဦးအံ့ခေါင်ဝင်းက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ Eleven Media Group ကိုလည်း တရားစွဲဆိုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/69785


ထိုင်းတောင်ပိုင်း လိပ်ကျွန်းက လူသတ်မှုနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ၊ သတင်းတွေ အဆက်မပြတ် တင်ပြပြီးတဲ့နောက် သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ၀င်ဖတ်သူ၊ နှစ်သက်သူ ဦးရေပေါင်း ၄ သိန်းနီးပါးရှိသွားပြီဖြစ်တဲ့ စီအက်စ်အိုင်အယ်လ်အေ CSI LA ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ သူဘယ်သူလဲ ဆိုတာကို ဖော်ထုတ်ပြသလိုက်ပြီ ဖြစ်ပါတယ်။

သူ့ကို ထိုင်းရဲတပ်ဖွဲ့က ကွန်ပြူတာ အီလက်ထရောနစ်ဥပဒေ၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ ဖော်ထုတ်အရေးယူသွားမယ်လို့ ပြောထားသလို လူမှုကွန်ရက်မှာလည်း သူ့ရဲ့ အကောင့်နာမည်ကို ယူသုံးပြီး အခြားပရိုဖိုင်းပုံတွေနဲ့ နာမည်ပျက်အောင် တိုက်ခိုက် ရေးသားလာကြတဲ့ အတွက် သူက “ရွှေသားစစ်ရင် မီးလောင်မှာမကြောက်”လို့ ဆိုပြီး သူ့ဓာတ်ပုံအစစ်နဲ့ ကိုယ်ရေး ရာဇ၀င်တွေ ကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ အမည်ရင်းဟာ ဒေးဗစ် ခေါ် ပရမုခ် အနန္တဆင်လ် ဖြစ်ပြီး အသက် ၃၆ ရှိပြီဖြစ်ကြောင်း၊ ဇာတိမွေးရပ်မြေမှာ ထိုင်းနိုင်ငံ အလယ်ပိုင်း ချွန်းပူးရီးခရိုင်ကဖြစ်ပြီး အသက် ၁၈ နှစ် ကစလို့ နိုင်ငံခြားမှာ ပညာသင်ခဲ့တာမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် တက္ကသိုလ်ကနေ အပြည်ပြည် ဆိုင်ရာ စီးပွားရေးဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အလုပ်အကိုင်မှာ ကျောက်မျက်ရတနာ ဒီဇိုင်းနာနဲ့ ရောင်းဝယ်ရေးလုပ်ငန်းရှင်ဖြစ်ပြီး Rotary Club လူမှုအသင်း ဥက္ကဋ္ဌဖြစ်ကြောင်း၊ သူဟာ လူမှုရေးကူညီမှုလုပ်ငန်းကို စိတ်ဝင်စားပြီး တရားမျှတမှုနဲ့ အမှန်တရားကို မြတ်နိုးတယ်တယ်လို့ ထိုင်းရုပ်သံလိုင်း အင်တာဗျူး တခုမှာ ဖြေကြားထားပါတယ်။

Critical ဝေဘန်ပိုင်းခြားစဉ်းစားခြင်း၊ Skeptics – သံသယဖြစ်ခြင်း၊ Investigation – စုံစမ်းခြင်း လို့ အဓိပ္ပါယ်ရှိတဲ့ စီအက်စ်အိုင်အယ်အေ (CSI LA) ဖေ့စ်ဘုတ်စာမျက်နှာကို ၂၀၁၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စဖွင့်ခဲ့ပြီး အစပိုင်းမှာ ကြိုက်သူပေါင်း ထောင်ဂဏန်းသာရှိပေမယ့် လိပ်ကျွန်းလူသတ်မှုအကြောင်း ပို့စ်တင်ပြီးတဲ့နောက် ပရိသတ်တွေ သိန်းချီရှိလာတာ ဖြစ်ပါတယ်။

လိပ်ကျွန်းလူသတ်မှုမှာ မြန်မာလူငယ် ၂ ဦးဟာ တရားခံအစစ်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့ ထိုင်းရဲချုပ်ကြီးက ပြောဆိုပြီး လူမှုကွန်ရက်တွေက သံသယနဲ့အမျိုးမျိုး ပြောဆိုနေကြတာဟာ စိတ်ကူးနဲ့ မှန်းဆပုံဖော်တာတွေသာ ဖြစ်တဲ့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်တာဘဲဖြစ်ဖြစ်၊ ထပ်ပြီးမျှဝေ (Share) တာဘဲဖြစ်ဖြစ် အရေးယူခံရမယ်လို့ သတိပေးထား ပါတယ်။

စီအဲက်စ်အိုင်အယ်လ်အေ ပိုင်ရှင် ဒေးဗစ်ကတော့ သူဟာ ဘာမှ အမှားလုပ်ထားတာ မဟုတ်တဲ့အတွက် ကြောက်ရွံ့မှု မရှိကြောင်း၊ အမေရိကန်ရဲ့ သတင်းလွတ်လပ်ခွင့်ဥပဒေကလည်း သူ့ကို ကာကွယ်ပေးထားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က သူ့ကိုဘာမှ မလုပ်နိုင်ကြောင်း၊ ထိုင်းရဲချုပ်ရော၊ ကော့တောင်ကျွန်းသူကြီးနဲ့ သူကြီးသားပါ သူ့နဲ့ မီဒီယာမှာ ရင်ဆိုင်တွေ့ဆုံနိုင်ကြောင်း စိမ်ခေါ်ထားပါတယ်။

စီအက်စ်အိုင်အယ်လ်အေဟာ ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ သဲလွန်စ ဓာတ်ပုံ၊ အထောက်အထားတွေ၊ သတင်းအချက်အလက်တွေကို စုစည်းဖော်ပြပြီး ထိုင်းရဲတပ်ဖွဲ့ကို သံသယ မေးခွန်းပေါင်း ၅၀ ကျော် ပြန်ထုတ်ခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကလည်း စီအက်စ်အိုင်အယ်လ်အေ အပါအ၀င် ထိုင်းပြည်သူအများစုက မေးခွန်းတွေကို တိတိကျကျ ဖြေမပေးနိုင်တဲ့အတွက် မယုံကြည်မှု၊ ဝေဖန်မှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/69788


မကြာသေးခင်က အချုပ်အနှောင်ကနေ လွတ်မြောက်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး ရဲစခန်းက ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲပါတယ်။

သူဟာ လက်ပံတောင်းဒေသခံတွေနဲ့အတူ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒပြလို့ တရားစွဲခံ ရတာဖြစ်ပါတယ်။

မဖြူနင်းထွေး က “၂၉ ရက်နေ့က ညီမတို့ ၀မ်ပေါင်းမှာ သွားပြီးဆန္ဒပြတာပေါ့ ဒေသခံတွေ နဲ့အတူသွားတယ်။ ဆန္ဒပြပွဲမှာ ပါဝင်လို့ဆိုပြီး ညီမအပါအ၀င် ဒေသခံ ၆ ဦးကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။”

ဒီဆန်ဒပြပွဲကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဆန္ဒပြ သံဃာတော်တွေကို မီးခိုးဗုံးနဲ့ ဖြိုခွင်းခဲ့တဲ့ ၂၃ လပြည့် အထိမ်းအမှတ် ဆောင်ရွက်ကြတာပါ။

ရဲက သူတို့ကို တရားစွဲတယ်လို့ ဂျာနယ်တွေမှာ ရေးပေမယ့် ကာယကံရှင်တွေထံတော့ တရားဝင်အကြောင်းမကြားဘူးလို့ မဖြူနှင်းထွေးက ပြောပါတယ်။

အချုပ်အနှောင်တွေ၊ တရားတဘောင်တွေနဲ့ ရင်ဆိုင်ရပေမယ့် တောင်သူတွေ တရားမျှတမှု ရရှိရေးအတွက် ဆက်လက်ပံ့ပိုးသွားမယ်လို့ ပြောပါတယ်။

“ဒီလက်ပံတောင်းတောင်ကြေးနီစီမံကိန်း စလုပ်ကတည်းက ဦးပိုင်နဲ့ ၀မ်ပေါင် ကုမ္ပဏီ ဘက်က မတရားမှုတွေနဲ့ပဲ သူတို့က စလုပ်တာလေ။ အဲဒီပေါ်မှာ ဒေသခံတွေက ဆန့်ကျင်တယ် ပေါ့။ အဲဒီအတွက် ဒေသခံတွေဘက်ကလည်း သူတို့ရဲ့ လယ်ယာမြေမှာ သူတို့ ထွန်ယက်ဖို့ အတွက် တရားမျှတတဲ့ တိုက်ပွဲဝင်တာပေါ။ အဲဒီအတွက်တော့ သူတို့ဘာသူတို့ ဘယ်ပုဒ်မနဲ့ပဲ စွဲစွဲ ညီမ အပါအ၀င် ဒေသခံတွေအားလုံးမှာလည်း အပြစ်တော့ မရှိဘူးပေါ့။  စွဲထားတဲ့ ပုဒ်မတွေ ဟာလည်း မတရားစွဲထားတဲ့ ပုဒ်မလို့ပဲ မြင်ပါတယ်။”

မန္တလေးတက္ကသိုလ် ပထမနှစ်  မြန်မာစာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို  လက်ပံတောင်းတောင်မှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ် သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့လပိုင်းတွေက ပြန်ပြေးဆွဲမှု  ပုဒ်မ ၃၆၈/၃၆၄ တွေနဲ့   ဖမ်းဆီး တရားစွဲဆိုခဲ့ ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့  ပဉ္စမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင် ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့ အတွက် အမှုကနေ တရားရှင် ပြန်လွတ်လာခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/69779

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.