11/06/14

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို ဒီကနေ့ နေ့လယ်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့ အနီး ရွှေဝါချောင်းကျေးရွာအနီး လယ်ကွင်းပြင်ထဲမှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကိုပါကြီးကို ညှင်းပန်းနှိပ်စက်ရင်း လက်လွန်သွား တာ ဖြစ်နိုင်ကြောင်း၊ ကိုပါကြီးရဲ့အလောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အကူအညီနဲ့ ရန်ကုန်ကို ပြန်သယ်မှာဖြစ်ကြောင်း အလောင်းဖော် ရာနေရာကိုရောက်ရှိခဲ့တဲ့ ဒီအမှုကို လိုက်ပါဆောင် ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ပြည်နယ်မှုခင်းဆရာဝန်ကြီးကို မေးတဲ့အခါမှာ ကျတော့ သူတို့လုပ်ပြီးသွားလို့ရှိရင် ဆေးရုံအုပ်ကြီး ကနေတဆင့် ဒါကိုသင်္ဂြိုလ်ခွင့်အတွက် ပြန်လည် ထုတ်ပေးမှာဖြစ်ပါတဲ့၊ ကျနော်တို့ကို နာရေးကူညီမှု အသင်းက ဦးကျော်သူက အကုန်လုံးကူညီထားပါတယ်၊ ဒီနေ့လည်း ကားနှစ်စီး ကျနော်တို့ကိုပေးထားပါတယ်၊ အဲ့ဒါနဲ့ ရန်ကုန်ကို သယ်လာမှာပါ"

ဒီနေ့ အလောင်းဖော်ရာမှာ ကိုပါကြီးရဲ့ မိသားစုဝင်တွေ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ တပ်မတော်နဲ့ ခရိုင်ရဲတပ်ဖွဲ့ဝင်အရာရှိကြီးတွေနဲ့အတူ ဒေသခံနိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် သတင်းမီဒီယာတွေလည်း ရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။

ကိုပါကြီးရဲ့ အလောင်းဟုတ်၊ မဟုတ်နဲ့ ကိုပါကြီး ဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာတွေကို မော်လမြိုင်ဆေးရုံကြီးမှာ မှုခင်းဆရာဝန်ကြီးတွေက အသေးစိတ်ခွဲစိတ်အတည်ပြုချက်ယူရမှာ ဖြစ်ပါတယ်။
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်း ၊ ပြည်ပ သတင်းထောက် တွေနဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ညနေက တွေ့ဆုံပြီး သတင်းထောက်တွေ ရဲ့မေးမြန်းမှုတွေကို ပြန်လည် ဖြေကြား ခဲ့ပါတယ်။

RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက ကောက်နှုတ်တင်ပြထားပါတယ်။
RFA Burmese


အမေရိကန်သမ္မတ Barack Obama ဟာ ဒေသဆိုင်ရာ ထိပ်သီး အစည်းအဝေး တခုတက်ဖို့ တရုတ်နိုင်ငံ ဆီ ရှေ့သီတင်းပတ်မှာပဲ သွားရောက်ဖို့ ရှိနေချိန်မှာပဲ တရုတ်အစိုးရပိုင် ထင်ရှားတဲ့ သတင်းစာတစောင်က သူ့ကို ဝေဖန် ရေးသားလိုက်ပါတယ်။ အိုဘားမားဟာ သူ့တာဝန်ကို ပေါ့ပျက်ပျက်လုပ်တဲ့ ထိရောက်မှုမရှိတဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်ဆိုပြီး Global Times သတင်းစာ အယ်ဒီတာ့ အာဘော်မှာ ရေးထားတာပါ။

အမေရိကန်လွှတ်တော်ရဲ့ ကြားကာလ သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ အထက်အောက် လွှတ်တော်နှစ်ရပ်စလုံးကို ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်နိုင်လိုက်အပြီး နာရီပိုင်းအတွင်းမှာပဲ အဲဒီ အယ်ဒီတာ့အာဘော် ထွက်လာတာပါ။ မစ္စတာအိုဘားမားဟာ သူ့ကိုထောက်ခံသူတွေ မျှော်လင့်သလောက် ဖြစ်မလာဘဲ အသစ်အဆန်းမပါတဲ့ သူ့ရဲ့စကားတွေအပေါ် အမေရိကန်လူထုက စိတ်ပျက်နေကြပြီလို့ The Times အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။ အဲဒီသတင်းစာရဲ့ အယ်ဒီတာ့ အာဘော်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့အာဘော်ကို ထင်ဟပ်လေ့ရှိပါတယ်။ မစ္စတာအိုဘားမားဟာ နောက်သီတင်းပတ် ပေကျင်းမြို့တော်မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးအစည်းအဝေးတက်ဖို့ သွားရောက် မှာပါ။

ဒီအတောအတွင်းမှာပဲ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးဟာ ဒီကနေ့ ကမ္ဘာအတွက် အလွန်အရေးပါလှတဲ့ ကိစ္စဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/us-china-relation/2509231.html

   
တိုင်းပြည်အခြေအနေ ဒေါ်စုသတင်းစာရှင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် တွင်းကနေ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်သွားမယ်ဆိုတာ အန်အယ်လ်ဒီရဲ့ မူလ ချမှတ်ထားတဲ့ မူဝါဒ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။ ဒါ့အပြင် ၁၄ပွင့်ဆိုင် ဆွေးနွေးပွဲတွေဟာ ၄ပွင့်ဆိုင်ကို သွားဖို့ ဆိုရင် ကြိုဆိုရမှာ ဖြစ်ကြောင်း ဒါမှမဟုတ် ၄ပွင့်ဆိုင်ကို အာရုံ ပြောင်းတယ်ဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်က ရုံးချုပ်မှာ ပြည်တွင်း ပြည်ပမီဒီယာ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရှင်းလင်းတဲ့ပွဲမှာ အခုလိုပြောသွားတာပါ။ အောက်တို ဘာ ၃၁ရက်က အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး ခေါင်းဆောင် ၁၄ယောက် တွေ့ဆုံပွဲအကြောင်းနဲ့ အန်အယ်လ်ဒီ ဆက်သွားမယ့် အနာဂတ် နိုင်ငံရေး ခရီးစဉ်အကြောင်းတွေကို ပြောခဲ့ပါတယ်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် စိတ်ရှည်သည်းခံပြီး ပါတီအနေနဲ့ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ ရန်ဘက်လို သဘောထားမှာမဟုတ်ဘူး တိုင်းပြည် အကျိုးစီးပွားအ တွက် အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခင်း အကျင်းမျိုး ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ရှင်းလင်း ပြောကြားသွားပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်တွေကောက်ပြီး လွှတ်တော်ကိုတင်ခဲ့ပြီး အကောင်အထည်မဖေါ်နိုင်သေးပေမယ့် လူထုအသံဟာ အရေးကြီးတာကြောင့် ပြည်သူ့ဆန္ဒကို ဆက်လက်ဖေါ်ထုတ်သင့်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်တိုင်းပြည်မှာ လုပ်နေတဲ့အပြောင်းအလဲတွေဟာ ရှေ့ကိုလည်းမတိုး နောက်ကိုလည်းမဆုတ်ဘဲ ရပ်တန့်နေတယ်လို့ပြောနိုင်ကြောင်းသတင်းထောက်တွေမေးတာကိုဖြေဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ အာစီယံ ထိပ်သီး အစည်းအဝေးတက်ဖို့ သမ္မတ အိုဘားမား မလာရောက်မီ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ မီဒီယာတွေက တဆင့် နိုင်ငံတကာကို ပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141105_assk_presser

“ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ။”( နေမျိုးဇင်)

ဘော်ဒီမှာ သေနတ်ဒဏ်ရာ မရှိရင် အခြားဘယ်နေရာမှာ ရှိနိုင်ပါတော့မလဲ ကိုနေမျိုးဇင်ရေ။ ခင်ဗျားက တပ်မှာ နေဖူးတယ်ဆိုတော့ ဒါ ဘာလဲဆိုတာ အတပ်သိပြီပေါ့။ တို့နယ်မှာဆို စကားတစ်ခွန်း ရှိတယ်။ နေဝင်းခေတ်က စပြီး ဒီကနေ့အထိ တပ်က လူတစ်ယောက်ကို ဖမ်းမိရင် သူတို့တင်ချင်တဲ့ပုဒ်မ တင်လို့ ရတယ်။ သူတို့လုပ်ချင်သလို လုပ်လို့ ရတယ်။ ဥပဒေမဲ့လုပ်ရပ်ကို သူတို့လုပ်တော့မယ်ဆိုရင် တပ်က "ထုံးစံအတိုင်း လုပ်လိုက်"လို့ အမိန့်ပေးလေ့ ရှိတယ်။ အရာရှိက ထုံးစံအတိုင်း လုပ်လိုက်ပါလို့ အမိန့်ပေးလိုက်ရင် အောက်ကစစ်သားတွေက ဘာလုပ်ရမယ် တန်းသိတယ်။ ဥပဒေမဲ့နေလာတာ သူတို့အတွက် နှစ်ပေါင်း (၅၀)ကျော် ကြာခဲ့ပါပြီလေ။ ထုံးစံအတိုင်း လုပ်လိုက်ပါဆိုရင် သတ်ကြတော့မယ်။ မိန်းကလေးဆို မုဒိမ်းကျင့်ကြတော့မယ်။ ပြီးရင် သတ်မယ်။ အလောင်းပါ ဖျောက်ချင်ဖျောက်မယ်။

အလောင်းကျတော့ သူတို့နှစ်မျိုး အသုံးချကြတယ်။ သတ်တဲ့အခါ လူတွေ ကြောက်အောင် လူရှေ့သူရှေ့မှာ သတ်ဖူးသလို သတ်ပြီသားကို ခေါင်းဖြတ်ပြီး ရွာထိပ်မှာ လာထားခဲ့တာလည်း ရှိဖူးတယ်ဗျ။ ထွန်းပြောင်တဲ့ တပ်မတော်သမိုင်းတလျှောက်မှာ ဒီထုံးစံတွေက ရိုးနေပါပြီ။ ရိုးနေလို့လည်း သူထိရင် သူခံပဲ။ သူတို့ကို အာခံရဲတဲ့ သတ္တိ သိပ်ရှိတာ မဟုတ်ဘူးလေ။ ရွာမှာတောင် သူတို့မွေးထားတဲ့လူ ရှိတယ်။ အဲ့လူ သတင်းပေးလိုက်ရင် ညတွင်းချင်း ဒုက္ခရောက်သွားနိုင်တယ်။ ဒါတောင် အင်တာနက် မပေါ်သေးတဲ့ ခေတ်တုန်းကပါ။ အခုလို အိုင်ဖုန်းလေးနဲ့ ဘာလေးနဲ့ဆိုတော့ လူတစ်ယောက်ကို သတ်ဖို့ လွယ်လွယ်လေးပါ။ ကမ္ဘာမှာ မရှိတဲ့ ပုဒ်မတွေနဲ့ ပြည်သူတစ်ယောက်ကို အချိန်မရွေး လာဆွဲစေ့လို့ ရနေတုန်းပဲဆိုတာ လက်ရှိ ၂၀၀၈ - ခုဥပဒေ သက်တမ်း(၄)နှစ်အတွင်းမှာ တပ်မတော်က သက်သေပြခဲ့ပါပြီ။

အခုလည်း ကိုပါကြီးကို လှေဆိပ်မှာ ဖမ်းမိတယ်ဆိုကတည်းက ရှေ့တန်းမှာ မဟုတ်ဘူး။ သတင်းထောက်ဆိုတာ သူတို့မသိဘဲ မနေဘူး။ ကိုပါကြီးဟာ ဒေါ်စုက သားလို ချစ်ခဲ့တာ ဖြစ်တယ်။ ဒေါ်စုဘေးနားက လူတွေကို တစ်ဦးချင်းကိုယ်ပိုင်အချက်အလက်တွေ သူတို့ဆီမှာ မရှိဘူးဆိုရင် ယုံပါ့မလား။ အထူးသဖြင့် ဒေါ်စု နိုင်ငံရေးလောကထဲ စဝင်တဲ့ရက်က စပြီး ဒီကနေ့အထိ သုံးရောင်ခြယ်အဖွဲ့ဝင် ဖြစ်နေတဲ့ ကိုပါကြီးကို ကရင်စစ်သားနဲ့ ရောရလောက်အောင် ထောက်လှမ်းရေးတွေက မခေကြပါဘူး။ ကိုပါကြီးက သတင်းထောက်တစ်ယောက် ဖြစ်ပေမဲ့ ဒီမိုကရေစီရရှိရေးမှာ အစဉ်တစိုက် လှုပ်ရှားလာဖူးသူ ဆိုတော့ သူ သွားလေရာကို အက်စ်ဘီတွေ လိုက်မလာဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ကိုပါကြီးကို မသိရင်တောင် သူ့အမျိုးသမီးကို သိကြပါလိမ့်မယ်မဟုတ်လား။ လူမှားသတ်စရာအကြောင်းမရှိဘူး။ ခိုင်လုံတဲ့ သတင်းရပ်ကွက်အရဆိုရင်လည်း အပေါ်က လာတဲ့အမိန့်ပဲလို့ ဆိုပါတယ်။ ဒီတော့ ကိုပါကြီးသတ်မှုဟာ သာမန်လက်လွန်သွားလို့ သေသွားတဲ့ ပြစ်မှုမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ အနည်းဆုံးတော့ တိုင်းအဆင့် ရှိမှာပဲ။ ဌာနချုပ်ကတောင် ဖြစ်နိုင်တယ်။

အပေါ်က မသိရပါဘူး။ လက်အောက်ငယ်သားတွေက လက်လွန်လို့ ဖြစ်ရတာပါလို့ ဆိုခဲ့ရင်လည်း ကြောက်စရာက ပိုကောင်းပါတယ်။ သာမန်စစ်သားတစ်ယောက်က လူသတ်ခွင့် ရနေခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေ လုံခြုံမှု ဘယ်လောက်ကင်းနေတာလဲ တွေးကြည့်ပါ။ အင်အား (၅)သိန်းလောက် ရှိတဲ့ ဒီတပ်မတော်ဟာ အပေါ်က အမိန့်မပါဘဲ လူသတ်ခဲ့ရင် ဒါဟာ အန္တရာယ်အင်မတန်များတဲ့ တပ်မတော်တစ်ခု ဖြစ်တယ်။ ၂၀၀၈ - မတိုင်ခင်က လူသတ်ခွင့်ကို တပ်မှူးတွေလက်ထဲမှာ ရှိခဲ့တယ်။ အခုလည်း ရှိနေတုန်းပဲဆိုခဲ့ရင် မြန်မာနိုင်ငံမှာ ဘာအပြောင်းအလဲမှ မရှိသေးကြောင်း ပြောရာရောက်ပါတယ်။ မြန်မာပြည်သူဟာ ၂၀၀၈ ဥပဒေအရ ပိုပြီး လုံခြုံလာတဲ့သဘော မရှိဘူး။

ရဲတွေအဆိုအရ အနည်းဆုံး အရှေ့တောင်တိုင်းက ပါဝင်ပတ်သက်မှုရှိတယ်ဆိုတော့ စစ်ဌာနချုပ်ရဲ့ စီမံချက်လို့ ပြောကြည့်မယ်။ ဌာနချုပ်က ဆိုခဲ့ရင် ဘယ်သူဖြစ်နိုင်မလဲ။ မင်းအောင်လှိုင်ပဲ ဖြစ်ဖို့များတယ်။ မင်းအောင်လှိုင် မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ။ လွှတ်တော်ထဲမှာလည်း သူက ပါးစပ်ပေါက်(၂၅)ပေါက် ရထားတယ်။ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးလည်း သူပဲ။ ဥပဒေရဲ့အထွဋ်အခေါင် ကာလုံအဖွဲ့ကိုလည်း သူပဲ ဦးစီးတယ်။ သူ အမိန့်မပေးရင် ဘယ်စစ်သားမှ မလုပ်ရဲတဲ့ တပ်မတော်ပါ။ ဒီလူသတ်မှုမှာ သူ့စနက်ပါကြောင်းကို ဒေါ်စုနဲ့ ကမန်းကတန်း ပြေးတွေ့တာတို့၊ ဘဲလာရုစ်နိုင်ငံကို သွားပြတာတို့ကို ထောက်ပြရင် သိနိုင်ပါတယ်။ တစ်ခုခုဖြစ်တိုင်း တရုတ်နဲ့ ခြိမ်းခြောက်ဖူးတာကလည်း သူ့အဖေသန်းရွှေဉာဉ်အတိုင်းပဲ။ လူသတ်ပြီးတိုင်း ဘုရားသွားကျောင်းတက်ပြတာလည်း သူတို့ဉာဉ်အတိုင်းပဲ။ အခု သူသာ ဘဲလာရုစ်ကို မသွားခဲ့ရင် သံသယ သိပ်ဝင်စရာမလိုဘူး။ အခု သူက သူ့အဖေခြေရာကို ကွက်တိနင်းပြတယ်ဆိုတော့ သေချာသွားတာပေါ့။ အချို့က ပြောပါလိမ့်မယ်။ ကာချုပ်က ဒီအောက်ခြေအထိ လာပတ်သက်ဖို့ အချိန်မရှိဘူးပြောမှာပဲ။ မဟုတ်ဘူးဗျ။

ဒီတော့ သူက ကိုပါကြီးကို ဘာကြောင့် သတ်ပြတာလဲ။ ဘာကို သိစေချင်တာလဲ။ အနှစ်ချုပ်ကို ပြောလိုက်ရင် (၃)ချက်လို့ ပြောချင်တယ်။

၁။ ပုဒ်မ ၄၃၆ ကို ပြင်ချင်တဲ့ ဒေါ်စုကို သတိပေးလိုက်သလို ဖြစ်တယ်။
၂။ စစ်သတင်းတွေကို တင်ရင် ဒီအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်။ ဒါဟာ မီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်လိုက်တယ်။
၃။ ကချင်မှာပဲ တို့တတွေ ဥပဒေမဲ့ လုပ်နိုင်တာမဟုတ်ဘူး။ မွန်နဲ့ကရင်ဘက်မှာလည်း အရင်အတိုင်း အချိန်မရွေး ကျုပ်တို့ ထင်သလို လုပ်နိုင်တုန်းပဲလို့ ပြချင်တယ်။

ဒီတော့ ကိုပါကြီးသတ်မှုဟာ နိုင်ငံသားကောင်းတစ်ဦးကို သတ်ပြလိုက်တာ ဖြစ်တယ်။ မီဒီယာသမားကောင်းတစ်ဦးကို သတ်ပြလိုက်တာလည်း ဖြစ်တယ်။ တိုင်းရင်းသားတွေဘက်မှာ စာနာချင်တဲ့ ဗမာတွေကို တိုက်ရိုက်သတိပေးလိုက်တာလည်း ဖြစ်တယ်။ ဒီမိုကရေစီဘက်တော်သားတစ်ဦးကို အဆုံးစီရင်လိုက်တာလည်း ဟုတ်တယ်။ ကိုင်း ကိုပါကြီးကို သတ်လိုက်တဲ့ စစ်သားတွေကို ဘာလုပ်သင့်သလဲ။ အခု အဝေးစစ်ပဲ စစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အရပ်ဘက်တရားစီရင်ရေးစနစ်ကို မလေးမစား လုပ်လိုတဲ့ သဘော ဖြစ်တယ်။

နိုင်ငံတကာမှာဆို အဖဂန်အရပ်သားတွေကို ပစ်သတ်မိတဲ့ အမေရိကန်စစ်သား ဘာဖြစ်သွားသလဲ။ ထောင်ဒဏ်တစ်သက်ပဲ။ ဂျီနီဗာကွန်ဗင်းရှင်းအရဆိုရင် စစ်သုံ့ပန်းကို ဖမ်းမိတာတောင် ညှဉ်းပမ်းနှိပ်စက်တာမျိုး မလုပ်ရပါဘူး။ စစ်သုံ့ပန်းအခွင့်အရေးကို သေသေချာချာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ကတော့ ဥပဒေဆိုတာ သူတို့လက်နက်လောက် အားမကိုးသလို ဥပဒေကို သေနတ်တေ့ပြီး ခိုင်းစားလာခဲ့တာ ကြပါပြီ။ ဒီတော့ ဘယ်ဥပဒေကိုမှ လေးစားစရာ မလိုဘူး။ ဒီတော့ အပေါ်က ပြောသလို စစ်သားက ရဲတွေ၊ အရပ်ဘက်ကို မလေးစားတော့ဘူးလေ။ လာပြီး အစစ်မခံနိုင်ဘူး။

လာပြီး အစစ်ခံခဲ့ရင်တောင် လက်ရှိ ၂၀၀၈ ခု ဥပဒေအရ စစ်သားတစ်ယောက်ကို ကာချုပ်က ကောင်းကောင်းအကာအကွယ်ပေးလို့ ရပါတယ်။ မင်းတို့လုပ်ချင်ရာ လုပ်ကြပါ၊ ငါရှိတယ်လို့ ပြောနေသလိုပါပဲ။ သူကောင်းပြုခံရပြီး လက်ရှိတပ်မတော်ကို မပြင်နိုင်ခဲ့ရင် အခု လူသတ်သမားတွေဟာ နောင်အခါမှာ လွှတ်တော် လာတက်နေကြပါလိမ့်မယ်။ ၂၀၀၇ ရွှေဝါရောင်မှာ လက်သံပြောင်ခဲ့တဲ့ဗိုလ်မှူးတစ်ဦး လွှတ်တော်အမတ်တောင် တက်ဖြစ်လိုက်သေးတယ်မဟုတ်လား။ ပြောကြပါလိမ့်မယ်။ စစ်သားတွေက အရပ်ဘက်မှာ တရားစီရင်ရေး မလုပ်ရ ဥပဒေမှာ မပါဘူးလို့ ပြောချင်ပြောကြပါလိမ့်မယ်။ အနှစ်သာရအနေနဲ့ ဘယ်အရပ်သားကမှ စစ်သားတစ်ယောက်ကို ဒီလိုမျိုး ပီပီပြင်ပြင် တရားမစွဲနိုင်ဘူး။ ကချင်ပြည်နယ်မှာ သမီးသေလို့ တရားစွဲတဲ့ ကချင်တွေကို စစ်တပ်ကတောင် ပြန်တရားစွဲလိုက်သေးတာပဲ။

ဒီတစ်ခါမှာလည်း တပ်က ထုံးစံအတိုင်း လုပ်ပြန်ပါတယ်။ ကာချုပ်က အာရုံလွှဲတဲ့နည်းဗျူဟာအရ ကိုပါကြီးကို သတ်ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဒီလူသတ်မှုဟာ သူ့ဘဝကိုပါ အလွဲကြီး လွဲစေနိုင်ကြောင်း သူ မသိခဲ့ဘူး။ ကာကွယ်ရေးဌာနကတော့ သူတို့ထုံးစံအတိုင်း သိက္ခာကင်းမဲ့တဲ့ ကျေညာချက်တွေကို ထုတ်ပြီး သူတို့လူကို ကာကွယ်ဖို့ ကြိုးစားနေကြပါပြီ။ ကိုပါကြီးကိုလည်း သူပုန်ဖြစ်ကြောင်း စွတ်စွဲနေပါပြီ။ ဒါပေမဲ့ ဒီတစ်ခါ အဲဒီလိုအခွင့်အရေးမျိုး စစ်တပ်ကို ပေးလို့ မဖြစ်တော့ဘူး။ ဒီတစ်ခါ ပြည်သူတွေ သတ္တိပြရမဲ့တိုက်ပွဲပါ။ မတရားမှုကို ဆန့်ကျင်ရမဲ့ တိုက်ပွဲပါ။ မကောင်းမှုလုပ်ရင် စစ်တပ်မှာလည်း လုံခြုံမှုမရှိကြောင်း ကာချုပ်မင်းအောင်လှိုင်ကို သိစေမယ်။ ဒီတော့ လက်ရှိကိုပါကြီးအမှုဟာ

၁။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတိုက်ပွဲ၊
၂။ မီဒီယာပြယုဂ်၊
၃။ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးအတွက် ခံတပ် ဖြစ်တယ်။

ဒါကြောင့် ပြည်သူတို့အတွက်

ဒီတိုက်ပွဲ ရှုံးလို့ မဖြစ်ဘူး။
ဒီပြယုဂ် ပျက်စီးလို့ မဖြစ်ဘူး။
ဒီခံတပ် ပြိုလို့မဖြစ်ဘူး။
ဒါဟာ တိုက်ပွဲခေါ်သံ ဖြစ်တယ်။

မင်းအောင်လှိုင် ဘယ်ပြေးမလဲ။ ရာဇဝတ်ဘေး ပြေးမလွတ်ပါ။ ဘဲလာရုစ်မပြောနဲ့ စကြာဝဠာအပြင်ဘက်ရောက်အောင် သွားလည်း လုပ်ခဲ့တဲ့အကုသိုလ်ကနေ မလွတ်ပါ။


မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားရမယ့် အပြောင်းအလဲတွေ အေးအေးဆေးဆေး ဆက်လက်သွားဖို့ဆိုရင် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေကို မရှောင်သင့်တဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို မပြင်ဘူးဆိုရင် ဘာဆက်လုပ်မလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ဖြေကြားခဲ့တာပါ။

"လိုချင်တဲ့ ၅၉(စ)နဲ့ပတ်သက်လို့ ပြောင်းလဲမှုမရှိခဲ့ဘူးဆိုလို့ရှိရင် NLD နေပြီးတော့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ဘယ်လိုလုပ်မလဲဆိုတာ အဲ့ဒီဟာတွေဟာ တကယ်တော့ ကျမတို့မှာ ရွေးကောက်ပွဲမတိုင်မီမှာ ဆွေးနွေးပြီးတော့ သဘောတူညီချက် ယူရမယ့်ကိစ္စတွေ ပုံစံပေါက်လာတယ်၊ ဒါကြောင့် ကျမပြောတာ နိုင်ငံကိုတကယ်ပဲ နိုင်ငံပေါ်မှာစေတနာထားတယ်၊ ကျမတို့နိုင်ငံမှာ အေးအေးဆေးဆေးနဲ့ ဖြူးဖြူးဖြောင့်ဖြောင့်နဲ့ ပြုပြင်ပြောင်းလဲရေးလမ်းပေါ်မှာ ဆက်ပြီးလျှောက်စေချင်တယ် ဆိုလို့လို့ရှိရင် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေကို မရှောင်သင့်ပါဘူး"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သလောက် ကြိုးစားခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေပြုမဏ္ဍိုင်တစ်ခုတည်းက လုပ်လို့မရကြောင်းနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဖက်ကလည်း ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အစိုးရကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ကြောင်း ပြန်မလှည့်ဖို့ ထိထိရောက်ရောက် ပြောဆိုဆွေးနွေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမားခရီးစဉ်အတွင်း မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မြင်တွေ့နိုင်မယ်လို့လည်း မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်အရ သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရောက်နေ့အထိ လာရောက်မှာ ဖြစ်ပါတယ်။ နေပြည်တော်မှာကျင်းပမယ့် EAS အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို သမ္မတ အိုဘားမား တက်ရောက်မှာပါ။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ လူငယ်ထုနဲ့ အပြန်အလှန်ဆွေးနွေးမယ့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစပျိုးလုပ်ဆောင် ဆွေးနွေးပွဲအခမ်းအနားကို သမ္မတ အိုဘားမား တက်ရောက်ဖို့ ရှိပါတယ်။ အဲဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံကိုသွားမယ့် ခရီးစဉ်မတိုင်ခင် နယူးယောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး အပါအ၀င် အခြားလူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်အစီရင်ခံ တင်ပြခဲ့ကြတာပါ။ အိုဘားမားအနေနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဒီအချက်တွေကိုကိုင်ပြီး စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေး ပြောဆိုဖို့ဖြစ်တယ်လို့ HRW ရဲ့ အာရှရေးရာတာဝန်ခံ John Sifton က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာ့အသွင်ကူးပြောင်းရေးမှာ နောက်ကြောင်းပြန်လှည့်နေတဲ့ အဓိကအချက်တွေကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာတွေ ရပ်တန့်နေတဲ့အခြေအနေတွေ၊ ဒီအတောအတွင်း ဘာသာခြားဖြစ်တဲ့ မူဆလင်တွေကို ပစ်မှတ်ထားပြီး အမုန်းစကားတွေ ပြန့်ပွားအောင် လုပ်ဆောင်နေတာတွေ ဖြစ်ပါတယ်။ တကယ်လို့များ မြန်မာခေါင်းဆောင်တွေဘက်က ဒါတွေကို မှန်မှန်ကန်ကန် မဖြေရှင်းဘူးဆိုရင် သမ္မတ အိုဘားမားအနေနဲ့ ပြောရမှာက မြန်မာဆက်ဆံရေးကို အမေရိကန်ဘက်က တိုးမြှင့်တော့မှာ မဟုတ်ဘူးဆိုတာရယ် နောက်ပြီး စစ်ရေးဆိုင်ရာ အကူအညီတွေ မပေးဘူးဆိုတာရယ်၊ World Bank တို့လို ကမ္ဘာ့ဘဏ်တွေကို မြန်မာကို ကူညီထောက်ပံ့ဖို့ အားမပေးတာရယ်၊ နောက်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်းလမ်းတကျ လုပ်တာမဟုတ်ဘူး စတဲ့ သတိပေးပြောဆိုချက်တွေကို အိုဘားမားအနေနဲ့ သမ္မတ ဦးသိန်းစိန်ကိုပြောဖို့ HRW တိုက်တွန်းပါတယ်။”

ဒါ့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်တဦးချင်းစီအတွက် စီးပွားရေးအရ ဒဏ်ခတ်တဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရနိုင်ငံရေးပါတီက သြဇာကြီးမားတဲ့ တောင်သာ လွှတ်တော်အမတ် ဦးအောင်သောင်းကို အမည်မဲစာရင်းမှာ ထည့်သွင်းလိုက်တာကို HRW က ထောက်ခံပေမဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ စစ်တပ်ခေါင်းဆောင်အားလုံးကိုပါ ဒဏ်ခတ်သင့်တယ်လို့ မြင်ကြောင်း John Sifton က ပြောပါတယ်။

“စစ်တပ်နဲ့နီးစပ်ပြီး သဘောထားတင်းမာသူတွေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့သူတွေဟာ ဒီလိုမျိုး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သတိပေးလိုက်တာပါ။ တကယ်လို့ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်သူတွေကိုတော့ ဒဏ်ခတ်အရေးယူ ပိတ်ဆို့တဲ့စာရင်းကနေ ပယ်ဖျက်ပေးနေပါတယ်။ ဒါဟာ မြန်မာ့အသွင်ကူးပြောင်းရေးကို တွန်းအားပေးတဲ့အနေနဲ့ အမေရိကန်အစိုးရက ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်တဦးချင်းစီကိုပဲ ဖိအားပေးတာမျိုးက မလုံလောက်ပါဘူး။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်မယ့် သမ္မတ အိုဘားမားဟာ သူရဲ့ခရီးစဉ်အတွင်း အသွင်ကူးပြောင်းရေးကာလ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်သဘောပေါက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရကို ထိထိရောက်ရောက် တိုက်တွန်းနိုင်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်းတွေက မျှော်လင့်ထားကြတာပါ။ ဒါနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏရောက်ရှိနေတဲ့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သူ မဇင်မာအောင်ကတော့ အခုလို ပြောပါတယ်။

“ဒီဘက်မှာဆိုလို့ရှိရင်လည်း အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ တော်တော်လေး ဝေဖန်ခံနေရတာတွေ ရှိတယ်ပေါ့နော်။ ကျမအနေနဲ့ကတော့ ဒီခရီးစဉ်ဟာ ခုန ဒီဘက်က သူ့ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ဖိအားတွေကို ကျော်လွန်ရုံသက်သက် ဒါမှမဟုတ်လို့ရှိရင်လည်း သံခင်းတမန်ခင်း တွေ့ကြပြီးတော့ စကားလုံး အလှအပတွေထက်ကို ကျော်ပြီးတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေနဲ့ တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ တကယ့် Agenda တွေပေါ့နော် အဲ့ဒါတွေကို အချိန်နဲ့တကွ တကယ့်လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ဟာမျိုးကို မြန်မာအစိုးရတာဝန်ရှိတဲ့သူတွေနဲ့ပေါ့လေ တွေ့တဲ့အခါမှာ တွန်းတွန်းတိုက်တိုက်ပြောမယ်။ ကတိက၀တ်တွေလည်း ရစေချင်တယ်။”

နိုဝင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့ထိ ကြာမယ့် အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားအတွက် ဒီတခေါက် မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယမြောက်ဖြစ်ပြီး ပထမတခေါက် ၂၀၁၂ နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာရောက်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရော၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံ ခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူလူထုကို သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/hrw-obama-burma-trip/2508762.html




ကိုပါကြီးအလောင်းဖော်ထုတ်မှုမှတ်တမ်းပုံ။ ဓါတ်ပုံ - Nay Myo Zin
စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို သေမှုသေခင်း စစ်ဆေးဖို့ အတွက် ဒီကနေ့ ပြန်လည် ဖော်ယူခဲ့ပါတယ်။

မှုခင်းဆိုင်ရာ ဆရာဝန် ကြီးတွေ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ် အပြင် လူ့အခွင့်အရေး ကော်မရှင်နဲ့ မိသားစုတွေ ရှေ့မှာ အလောင်းကို ဖော်ယူ ခဲ့ကြတာ ဖြစ်ပါတယ်။

အလောင်းကို ဖော်ယူချိန်မှာ ဦးခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေ ရထားတယ်လို့ မျက်မြင် သက်သေတွေက ဘီဘီစီကို ပြောပါတယ်။

တူးဖော်ချိန်က အဲဒီနေရာမှာ ရှိနေခဲ့တဲ့ မျက်မြင် သက်သေ ဦးနေမျိုးဇင်ကို ဆက်သွယ် မေးကြည့်ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


ကျိုက်မရောမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးရင်း သေဆုံးခဲတဲ့ ကိုပါကြီးကို ကောင်းမွန်စွာ သဂြိုဟ်ခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်ချိန်ဟာ မဟုတ်မမှန်ထုတ်ပြန်ချက်သာဖြစ်ပြီး  ကောင်းမွန်စွာ သဂြိုဟ်ခဲ့ခြင်းမရှိဘူးလို့  အလောင်းဖော်ရာမှာ လိုက်ပါခဲ့တဲ့ အမျိုးသမီးများ ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

“အန်တီတို့ အမြင်နဲ့ ပြောရရင်တော့ အလောင်းမှာက သူ့ရဲ့အ၀တ်အစား ပုဆိုးလေးနဲ့ အင်္ကျီလေးတော့ပါတယ်။ ဒါပေမယ့် ပုဆိုးကလည်း ရင်ဘတ်ပေါ်မှာပဲရှိတယ်။  ကောင်းမွန်စွာ သင်္ဂြိုဟ်ထားတယ်လို့ပဲ ပြောပြီးတော့ အလောင်းမှာ ဖျာတချပ်တောင်မပါဘူး။”

မိသားစုအနေနဲ့ အလောင်းဖော်ပြီးရင် ရန်ကုန်ကို သယ်ယူဖို့ ဆန္ဒရှိကြောင်း တင်ပြထားတဲ့အတွက် မော်လမြိုင်ကို ပြန်ရောက်ပြီးရင်တော့ သယ်ဖို့အစီအစဉ်တွေ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

 By webteam (ဒီဗွီဘီ)
http://burmese.dvb.no/archives/69903

 
ကိုပါကြီး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ် ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့  အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ဒီကနေ့ နေ့ချင်း ၂ နာရီကျော်မှာ အလောင်း ဖော်ပြီးနောက် ညနေပိုင်းမှာ မော်လမြိုင် ဆေးရုံကို ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

အလောင်းရဲ့ အရပ်အနေအထားရော၊ ခန္ဓာကိုယ် အနေအထားအရ၊ ၀တ်ထားတဲ့ အနေအထားအရ  ဒေါ်သန္တာက သူ့ခင်ပွန်းဖြစ်တယ်လို့ ပြောကြားကြောင်း အလောင်းဖော်ရာမှာ လိုက်ပါခဲ့တဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင်က ပြောပါတယ်။

အလောင်းကို တူးဖော်ဆောင်ပြီးတဲ့အချိန်တွေ့မြင်ချက်အရ ကိုပါကြီးဟာ   နှိပ်စက်ညှဉ်းပန်း ခံခဲ့ရမှန်း ပေါ်လွင်နေတယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။

“ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ။”

ဒီအလောင်းတူးဖော်မှုမှာ လိုက်ပါသွားတဲ့ မှုခင်းအရာရှိတွေ၊ ရဲတွေကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အလောင်းကို မော်လမြိုင်ဆေးရုံယူဆောင် စစ်ဆေးပြီးမှ ထုတ်ပြန်မယ်လို့ သိရကြောင်း ပြောပါတယ်။

အလောင်းဖော်မှုမှာ ကိုပါကြီးကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ၂၀၈ ခြေမြန်တပ်ရင်းက တဦးမှ လိုက်ပါလာခြင်းမရှိဘဲ အလောင်းကို ၂၁၀ တပ်က အရာရှိတဦးက လာရောက်ပြသခဲ့တယ်လို့  ဦးနေမျိုးဇင်က ပြောပါတယ်။

“တပ်မတော်ဘက်လည်း တက်ရောက်တဲ့အရာရှိတွေက စိတ်ဝင်တစားနဲ့ အနီးကပ်စောင့်ကြည့်ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဦးဇော်ဝင်းနဲ့ ဦးစစ်မြိုင် တို့လည်း လာပြီးတော့ အနီးကပ်စောင့်ကြည့်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ခရိုင်မှူးအဆင့်တွေ မှုခင်းဆရာဝန်တွေ၊ တရားသူကြီး အားလုံး ဥပဒေအတိုင်းတော့ တိတိကျကျအတတ်နိုင်ဆုံး လုပ်တာကို တွေ့ရပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဦးခေါင်းပိုင်းကို လုံးဝ ထုချေထားတဲ့ အချက်တခုနဲ့တင်ကို ကိုပါကြီးအပေါ်မှာ သံသယကို အမြင့်ဆုံးထားပြီးတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆက်လက်ပြီးတော့ စောင့်ကြည့်သွားရမယ်လို့ သုံးသပ်ပါတယ်။ ”

ကိုပါကြီးအလောင်းပြန်ထူးဖော်ရာမှာ  ဇနီးဖြစ်သူ ဒေါ်သန္တာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေ၊ ရှေ့နေတွေနဲ့ မွန်ပါတီတွေ လိုက်ပါခဲ့ပါတယ်။

ဒါ့အပြင်  ဘားအံ မှုခင်းဆရာဝန်ကြီး ခရိုင်ရဲမှူး၊ တရားသူကြီး၊  တပ်မတော် လုံခြုံရေး စစ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေ အပါအ၀င် စုစုပေါင်း လူပေါင်း ၁၀၀ လောက်လိုက်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စ ဟိုးလေးတကြော်ဖြစ်ပြီး နိုင်တ၀န်း ဆန္ဒပြပွဲတွေ ကြုံခဲ့ရပြီးနောက် သမ္မတက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထားပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/69896

ဦးနေမျိုးဇင်ပြောကြားချက် အသံဖိုင်နားဆင်ရန်

 
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ် ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ဒီကနေ့ နေ့ချင်း ၂ နာရီကျော်မှာ အလောင်း ဖော်ပြီးနောက် ညနေပိုင်းမှာ မော်လမြိုင် ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ကိုပါကြီး အလောင်း ပြန်ထူးဖော်ရာမှာ  ဇနီးဖြစ်သူ ဒေါ်သန္တာနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေ၊ ရှေ့နေတွေနဲ့ မွန်ပါတီတွေ၊ ဘားအံ မှုခင်း ဆရာဝန်ကြီး ခရိုင်ရဲမှူး၊ တရားသူကြီး၊  တပ်မတော် လုံခြုံရေး စစ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ရှိသူတွေ အပါအ၀င် စုစုပေါင်း လူပေါင်း ၁၀၀ လောက်လိုက်ပါတယ်။

လိုက်ပါသွားသူတွေထဲက  မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဒေါ်မီးမီးနဲ့  အမျိုးသမီးများ ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှတို့ရဲ့ မျက်မြင်တွေ့ရှိချက်တွေ ဖြစ်ပါတယ်။

ဒေါ်မီးမီး

“အလောင်းဟာ နက်နက်ရှိုင်းရှိုင်းမြှုပ်ထားတာ မဟုတ်ဘူး။ မြေပြင်နဲ့ လက်တထွာလောက်ပဲ ကွာမယ်။ အပေါ်ယံလေး မြှုပ်ထားတယ်။ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးကြောင်းဆိုတာလည်း မဟုတ်ပါဘူး။ အလောင်းကို တွေ့ရတဲ့နေရာမှာ ပက်လက်အနေအထား၊ ညာဘက်လက်က ဘယ်ဘက်ရင်ဘတ်ပေါ်မှာ တင်လျက်အနေအထား၊ ဘယ်ဘက်လက်က ဆန့်လျက်။ ဦးခေါင်းတခုလုံး ချိုင့်ပြီးတော့ အပေါ်ကနေ တခုခုနဲ့ ထုထားသလို ကြေပြီးတော့ ဆံပင်တွေနဲ့ ဟိုးအတွင်းထဲ သွားကပ်နေတယ်။ အလောင်းကတော့ ၁ လကျော်ပြီဆိုတော့ ပုံပျက်နေပြီ။ အတွင်းကလီစာတွေ ပေါက်ထွက်တာမျိုးတော့ ကျမတို့ မတွေ့ရဘူး။ မေးရိုးတွေ ပြုတ်ထွက်နေတယ်။ ညာဘက်နံရိုးချိုင့်နေတယ်။ ပေါင်ခြံတွေနဲ့ ခြေသလုံးမှာလည်း တုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေက ချိုင့်ဝင်နေတယ်။ သူတို့ထုတ်ပြန်သလို သေနတ်လုပြီး ပစ်သတ်တယ်ဆိုတဲ့အပိုင်းမှာ အနောက်ကပစ်ရင်လည်း ရှေ့ကပွင့်ရမယ်၊ ရှေ့ကပစ်ရင်လည်း နောက်က ပွင့်ရမယ်။ အဲလိုမျိုး သေနတ်ဒဏ်ရာ လုံးဝ မတွေ့ရဘူုး။ သွေးစသွေးနလည်း မတွေ့ခဲ့ရဘူး။”

နော်အုန်းလှ

“အလောင်းကို အမြင်အတိုင်း ပြောရရင်တော့ အလောင်မှာကတော့ အ၀တ်အစားပေါ့ သူ့ရဲ့ ပုဆိုးလေးနဲ့ အင်္ကျီလေးပဲ ပါတယ်ပေါ့နော်။ ပုဆိုးကလည်း ရင်ဘတ်ပေါ်မှာပဲရှိတယ်၊ ဘာမှမရှိဘူး။ ကောင်းမွန်စွာ သင်္ဂြိုဟ်တယ်ပြောထားပြီးတော့ အလောင်းမှာ ဘာ ဖျာတချပ်မှ မပါဘူး။ ပြီးတဲ့အခါ ခေါင်း ဦးခွံတွေကလည်း ခေါင်းမှာ ဆံပင်လေးတော့ရှိတယ်။ ကြည့်ရတာ ခေါင်းဦးခွံတွေက ကြေမွတဲ့သဘောတော့ရှိတယ်။ ဒါပေမယ့်ရှေ့မှာတော့ အပေါက်တော့ သုံးပေါက်တွေ့တယ်ပြောတယ်။ အန်တီတော့ သွားကပ်ကြည့်တာမဟုတ်ဘူး။ ပြီးတော့ ခြေထောက်တွေ ညို့သကျည်းနဲ့ ခြေသလုံးမှာပေါ့လေ အညိုရောင်ကိုလည်း တွေ့တယ်။ ပြီးတော့ကျတော့ ပေါင်းမှာလည်း အညိုမည်းကြီးကိုတွေ့တယ်။ နံရိုးဘက်ကလည်း တော်တော်လေးကို ပေါ့လေ တခြမ်းနိမ့်သွားတယ်၊ ပိန်သွားတယ်လိုမျိုး အဲလို တွေ့ရတယ်။ နောက်ပြီး ဗိုက်ကြီးလည်းရောင်တယ်။ ဘယ်လိုလည်းတော့မသိဘူးနော်။ ပုံမှန်မဟုတ်ဘူး သေတာကလေ။ ခေါင်းဆိုရင်လည်း စစလာခြင်း ခေါင်းက သေးသေးလေးနဲ့။ ကိုပါကြီးက မသေးပါဘူး “တကယ်တမ်းကျရင်လေ။ ခေါင်းက တော်တော်လေးကို ကြေမွတဲ့သဘောပေါ့နော်။ မေးရိုးတွေလည်း ကျိုးတယ်လို့သိရတယ်။ သွားတွေလည်းကျိုးတယ်ပြောတယ်။ ပြီးတော့ နဖူးလောက်မှာပေါ့နော် အပေါက်သုံးပေါက်တွေ့တယ်ပြောတယ်။ ဒါကတော့ ဆေးစစ်ချက်ယူရမှာပေါ့နော်။ အလောင်းကတော့ ပြန်သယ်လာပြီ၊ ဆေးစစ်ဦးမှာပေါ့လေ။ အန်တီစိတ်မကောင်းတယ်ဆိုတာက ဘာပဲပြောပြော ထုတ်ပြန်ချက် (အစိုးရဘက်က) အရ ဘာမှ မမှန်ကန်တာ တချက်ရယ်။ ကောင်းမွန်စွာ သင်္ဂြိုဟ်ပါတယ်ဆိုပြီး အပေါ်မှာ အခု ဖျာတချပ်တောင် မပတ်ထားပါဘူး။  ပြီးကျတော့ အန်တီတို့နိုင်ငံသားတယောက်ကို ဒီလိုရက်စက်စွာလုပ်တာ အန်တီ ဒီတခါပဲတွေ့ဖူးတယ်။ အန်တီမမြင်ဖူးဘူးပေါ့နော် ဒီလိုမျိုး မမြင်ဖူးဘူး၊ တော်တော်တော့ စိတ်မကောင်းဘူး။”

ဦးနေမျိုးဇင်

“ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ  ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ။”

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/69910

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.