11/09/14

“ အကြွင်းမဲ့ဖျက်သိမ်း သဂြို င်္ပစ်ရမဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံ တောရိုင်းဥပဒေ ”

အဟိတ်တိရိစ္ဆာန်လောကမှာ အစွယ်ရှိတဲ့သတ္တ၀ါကအစွယ်နဲ့ လက်သည်းရှိတဲ့သတ္တ၀ါက လက်သည်းနဲ့  ခွန်အားကြီးတဲ့အကောင်က ခွန်အားနည်းတဲ့အကောင်ကို အနိုင်ကျင့်ကိုက်ဖြတ် စားသောက်ပစ်လေ့ရှိတာကို တောရိုင်းဥပဒေသလို့ လူတွေကသတ်မှတ်ကြတယ်။
လူ့ လောကထဲမှာလည်း အဟိတ်တိရိစ္ဆာန်စိတ်မျိုးရှိတဲ့ ခွန်အားနည်းသူတွေအပေါ် အနိုင်ကျင့်တတ်တဲ့လူတွေ၊ လက်နက်အားကိုး အာဏာအားကိုးနဲ့ ဗိုလ်ကျတတ်တဲ့လူညစ်လူစုတ်၊ လူယုတ်မာတွေအမြဲပေါ်လေ့ရှိပါတယ်။

ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းတွေမှာတော့ အဲ့ဒီလိုလူ့ တိရိစ္ဆာန့်တွေကို လူ့ ကျင့်ဝတ်တွေ၊ တရားဥပဒေတွေ ရေးဆွဲပြဌာန်းပြီး အရေးယူအပြစ်ပေး တားမြစ်ကြရတယ်။ လူကောင်းသူကောင်းတွေကိုကာကွယ် စောင့်ရှောက် ဖို့ အများလက်ခံတဲ့ မှန်ကန်မျှတတဲ့ တရားဥပဒေတွေပြဌာန်းစီမံကြရတယ်။
စစ်အာဏာရှင်တွေကြီးစိုးလွှမ်းမိုးတဲ့ မယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀ိုင်းတွေမှာတော့ ဗီဇဆိုး စရိုက်ဆိုးနဲ့ လူုဂျပိုးစစ်ဂျပိုးတွေကို မတရားတဲ့ အမိန့် အာဏာတွေ အများပြည်သူအလိုမတူ မကြည်ဖြူတဲ့ဥပဒေတွေ ဇွတ်အဓမ္မ ပြဌာန်းပြီး အကာကွယ်ပေးထားလေ့ရှိတယ်။ ကျားကိုအတောင်ပန်တပ်ပေးသလိုဖြစ်တာမို့  လူဆိုးသူခိုး တွေက လူကောင်းသူကောင်းတွေကို ထင်သလိုအနိုင်ကျင့်စော်ကားသတ်ဖြတ်နိုင်တယ်။ တို့ တိုင်းပြည်မှာ လက်ရှိအသက်ဝင်နေတဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ…အများပြည်သူ အလိုမတူ မကြည်ဖြူတဲ့ တောရိုင်းဥပဒေဆိုးတရပ်သာဖြစ်တယ်။

ဒီဖွဲစည်းပုံအခြေခံဥပဒေဆိုးဟာ… အဟိတ်တိရိစ္ဆာန်စိတ်မျိုးရှိတဲ့ စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေကို အပြည့်အ၀ကာကွယ်ပေးထားတဲ့အပြင်…တိုင်းသူပြည်သားတွေကို စိတ်ကြိုက်ဗိုလ်ကျပိုင်ခွင့် ၊ လူသတ်ပိုင်ခွင့်၊ မြေယာသိမ်းပိုင်ခွင့်၊ သူများသားမယားကို မဒိန်းကျင့်ပိုင်ခွင့်၊ တိုင်းပြည်ဘဏ္ဍာဖေါက်စားပိုင်ခွင့်၊ နိုင်ငံပိုင် သယံဇာတတွေရောင်းစားပိုင်ခွင့် ၊ ပြည်သူတွေရဲ့အနာဂါတ်ကိုဖျက်ဆီးပိုင်ခွင့် စတဲ့မကောင်းတာမှန်သမျှ လုပ်ပိုင်ခွင့်တွေ ချွင်းချက်မရှိအပ်နှင်းထားတာပါ။
လာခြင်းမကောင်းတဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ သန္ဓေတည်တာကိုက (၁၉၉၀) အထွေထွေရွေးကောက်ပွဲကြီးမှာ အထင်အရှားပြသခဲ့တဲ့ ပြည်သူလူထုရဲ့ဆန္ဒကိုငြင်းဆန်ဖို့ အကြောင်းကို အခြေခံခဲ့တယ် ။ စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့အကျိုးစီးပွားကို ရေကုန်ရေခမ်း ကာကွယ်စောင့်ရှောက်ဖို့  ရည်ရွယ်ရေးဆွဲခဲ့တာပါ ။

အမိယုတ်တဲ့သမီးး..နှုတ်ကြမ်း၊ အဖယုတ်တဲ့သား..ကိုယ်ကြမ်း၊ အမိရော အဖရော ယုတ်တဲ့သားသမီးဟာ.. နှုတ်ကြမ်းကိုယ်ကြမ်း ကိုယ်စိတ်နှလုံး သုံးပါးစလုံးကြမ်းသူတွေဖြစ်တတ်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ အုပ်ထိန်းသူမိဘကိုယ်တိုင်က အသိတရားနိမ့် ကျနေပြီး ရှေ့ကဆဲဆိုရိုင်းပြအကြမ်းဖက်ကြရင် နောက်ကသားသမီးတွေကလည်း အတုခိုးပြီး ဆဲဆိုရိုင်းပြအကြမ်းဖက်တတ်တဲ့သဘောပါဘဲ ။ မိဘကိုယ်တိုင်မကောင်းမှု့တွေလုပ်၊ သားသမီးတွေမကောင်းမှု့လုပ်တာလည်းမတားမြစ်တဲ့အပြင် အားပေးအားမြှောက်ပြုရင်း အကုသိုလ်သံသရာလည်နေကြတဲ့သဘောပါဘဲ။

လတ်တလောဖြစ်ပွားခဲ့တဲ့ အလွတ်သတင်းထောက်ကိုပါကြီးကို စစ်တပ်က ဥပဒေမဲ့သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ဟာလည်းအထက်မှာ ဖေါ်ပြခဲ့သလို အမိရော အဖရော ယုတ်တဲ့သားသမီးဟာ..နှုတ်ကြမ်း ကိုယ်ကြမ်း ကိုယ်စိတ်နှလုံး သုံးပါးစလုံးကြမ်းလို့ ဖြစ်ပေါ်လာတဲ့ရလာဒ်ပါဘဲ။ လက်ရှိမြန်မာ့တပ်မတော်ကို ထိန်းကွပ်နေတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်က ပြည်သူတွေကိုသတ်ဖြတ်ပြီး အာဏာသိမ်း၊ လယ်တွေသိမ်း၊ ယာတွေသိမ်း၊ ဥပဒေအထက်မှာ..ထင်သလိုချယ်လှယ်ဗိုလ်ကျပြခဲ့တော့ သူတို့ ရဲ့ လက်အောက်ခံ စစ်ဗိုလ် စစ်သား တွေကလည်း ကိုယ်ရတဲ့ အာဏာပါဝါနဲ့ ပြည်သူပြည်သားတွေကို ထင်သလိုညှင်းပမ်းနှိပ်စက်သတ်ဖြတ်ကြတာ မဆန်းတော့ဘူးမဟုတ်လါး။
အဲ့ဒီလို အယုတ်ဆိုးအကျဉ်းတန်တဲ့ မတရား အနိုင်ကျင့်စော်ကားသတ်ဖြတ်မှု့ ကုဋေကုဋာဟာ တိုင်းရင်းသား ဒေသတွေနဲ့ တောရောမြို့ပါမကျန် ဖြစ်ပွားခဲ့ပေမဲ့ မတားမြစ်မဆုံးမတဲ့ ပထွေးနဲ့ တူတဲ့မိဘလို စစ်ဗိုလ်ချုပ်ကြီး တွေက အရေးယူအပြစ်ပေးမှု့ တကြိမ်တခါမှာ့မလုပ်ခဲ့ပါဘူး။ ဒါဟာဆက်လုပ်ကြဟေ့လို့ အားပေးအားမြှောက် ပြုထားတာပါဘဲ ။
တပ်မတော်ရဲ့ဖခင်အစစ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာသာ…ကိုပါကြီးကိုစစ်တပ်က အခုလို ဥပဒေနဲ့ မညီဘဲ သတ်ဖြတ်ခဲ့ရင်… ၈၈၈၈ လေးလုံးအရေးတော်ပုံကာလတုံးကလို ပြည်သူတွေကို ထောင်နဲ့ ချီ သတ်ဖြတ်ခဲ့ရင် တာဝန်ရှိသူ တွေကို စုံစမ်းဖေါ်ထုတ်ပြီးပြင်းပြင်းထန်ထန်အရေးယူမှာအသေအခြာပါဘဲ ။
အခုဒီစစ်အစိုးရကတော့ သတ်ဖြတ်မှု့မှာ တာဝန်ရှိသူတွေကိုအရေးယူအပြစ်မပေးတဲ့အပြင် အဖြစ်အမှန်တွေ ကိုဖုံးဖိ၊ သတ်တဲ့သူတွေလုပ်တာမှန်သယောင် ပြောဆိုနေခြင်းဟာ…လူသတ်အားပေး လုပ်နေတာပါဘဲ။ နှောင်လဲ ဆက်သတ်ကြဟေ့လို့ တိုက်တွန်းနေတာနဲ့ အတူတူပါဘဲ ။

ဒီနေ့ အောက်တိုဘာ ( ၃၁) ရက်နေ့ မှာ ကျင်းပသွားတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်း စုကြည် နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတအိမ်တော် မှာကျင်းပသွားတဲ့ ဆွေးနွေးပွဲဟာ ထူးမခြားနား အယောင်ပြဆွေးနွေးပွဲနောက်တခုလို့ ဆိုရမှာပါဘဲ။ တိုင်းပြည်ရဲ့တကယ့်ပြသနာ အစစ်အကြပ်အတည်းတွေကို တိတိကျကျ ဆွေးနွေးညှိနိုင်းအဖြေရှာဘို့ ကျိုးစားရမှာကို မလုပ်ဘဲ အချိန်ဆွဲ ကောင်းယုံ… အပေါ်ယံရှပ် ဆွေးနွေးပြပြီး နိုင်ငံရေးအမြတ်ထုတ်လိုက်တယ်လို့  ခံစားရပါတယ် ။
ဦးသိန်းစိန်တို့ ရဲ့ စစ်ဘောင်းဘီချွတ်အစိုးရ ဦးစီးဆောင်ရွက်နေတဲ့ မြန်မာပြည်ရဲ့ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အပစ်ရပ်ဆွေးနွေးပွဲတွေ မအောင်မြင်ဘဲ လိပ်ခဲတည်းလည်းဖြစ်နေရခြင်းရဲ့ အခြေခံ အကြောင်းတရားကို လူတိုင်းသိဘို့ ၊ သတိပြုမိဘို့ အလွန်အရေးကြီးပါတယ်။

အဲ့ဒါဟာဘာလည်းဆိုရင် အခုချိန်ထိ (၉၀)% သော အခွင့်အရေးမဲ့ အဖိနှိပ်ခံလူများစုကြီးနဲ့ (၁၀)%သော အခွင့်ထူးခံ ဖိနှိပ်သူလူနည်းစုကြားက အကျိုးစီးပွားနဲ့ ဘ၀လုံခြုံမှု့ဆိုင်ရာပဋိပက္ခကြီးကို ပွင့်ပွင့်လင်းလင်း ညှိနိုင်းဆွေးနွေး အပေးအယူမလုပ်ကြဘဲ …ကိုယ်လုပ်ခြင်တာလုပ်ဖို့  ကိုယ့်ဘက်ကို အသာစီးရဖို့ အနိုင်ရဘို့  တဖက်ကို အမြစ်ဖြတ်ချေမှုန်းဖို့  ကျိုးစားနေကြလို့ ပါဘဲ ။ တရားဥပဒေစိုးမိုးမှု့မရှိအောင်…လုပ်ထားတဲ့ လက်သည်တရားခံ ပြသနာအရင်းအမြစ်ဟာ (၂၀၀ဂ) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ။ ဒီဥပဒေကို ပြင်ဆင်ဖို့ (သို့ ) ဖျက်သိမ်းလို့ မရအောင် လုပ်ထားတာက ပုဒ်မ ( ၄၃၆) ပါ။ အဲ့ဒီပုဒ်မကို ပြင်ဆင်ဘို့ က တပ်မတော်သားအမတ် ( ၂၅)% နောက်ဆုတ်ပေးမှဖြစ်မှာပါ ။

ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ လေးပွင့်ဆိုင်ပုံစံဆွေးနွေးပွဲဆိုတာ အဲ့ဒီပုဒ်မ (၄၃၆) ကိုပြင်နိုင်ဘို့  ၁၅%လျှော့လျှော့ ၂၀% လျှော့လျှော့ တပ်မတော်သားအမတ်တွေလျှော့ချနိုင်သမျှလျှော့ချနိုင်အောင် အများပြည်သူရှေ့ မချပြခင် တပ်မတော်ခေါင်းဆောင်တွေနဲ့ အကြိုညှိနိုင်းဆွေးနွေးရင်း (၁၀)%သော အခွင့်ထူးခံလူနည်းစုရဲ့ အကျိုးစီးပွားနဲ့ ဘ၀လုံခြုံမှု့ကိုလည်းအာမခံပေးနိုင်မဲ့ နည်းလမ်းတွေ အတူရှာဖွေနိုင် ဘို့ ဖြစ်ပါလိမ့်မယ်။ ထိပ်သီးခေါင်းဆောင်လေးယောက့်အကြိုညှိနိုင်းသဘောတူပြီးမှာ့ ကိုယ့်အုပ်စုကိုယ် ရှင်းလင်းချပြ ဖျောင်းဖြကြရင် အငြင်းအခုံနည်းပြီး ပိုထိရောက်နိုင်မယ်ထင်ပါတယ် ။ ပြည်သူလူထုကို အတိုင်းအတာတခုထိ ဖျောင်းဖြနှစ်သိမ့်နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းဖြစ်တယ်ဆိုတာ စစ်ဗိုလ်ချုပ်ကြီးတွေ ရဲရဲရင့်ရင့်မြင်နိုင်ဘို့ လိုသလို၊ လက်ရှိနိုင်ငံရေးအခြေနေအရပ်ရပ်ကို မှန်မှန်ကန်ကန်မြင်နိုင်ပြီး ပြည်သူတွေရဲ့ဆန္ဒကိုဖြည့်ဆီးဖို့ ရိုးသားမှု့တွေပြဖို့ အချိန်ရောက်နေပါပြီ။

လူကိုလူလိုမမြင်တဲ့ ဇရိုက်ဆိုးနဲ့ ဗိုလ်ကျစီးပိုးတဲ့အထုံဓလေ့ကြီးမားတဲ့ စစ်အာဏာရှင်တွေ စိုးမိုးအုပ်ချုပ်တဲ့ တိုင်းနိုင်ငံတွေဟာ…ဘယ်သောအခါမှ မငြိမ်းချမ်းပါဘူး ။ ကိုယ်.အမိန့် နာခံသူ၊ သစ္စာရှိသူတွေသာ မျက်နှာသာ ပေးမြှောက်စားတတ်၊ နေရာမှန်လူမှန်မရှိဘဲ ထင်သလို ဆုံးဖြတ်၊ လူ့ ဂုဏ်သိက္ခာကို…တန်ဘိုးမထားတတ်တဲ့ လူ့ အဖွဲ့ စည်းတိုင်းမှာ…မတရားမှု့နဲ့ အနိဌာရုံတွေဟာ…ထမင်းစားရေသောက် ကိစ္စလိုလွယ်လင့်တကူအမြဲ ဖြစ်နေလိမ့်မယ် ။
ဒါကြောင့် ဗိုလ်ကျစီးပိုးတတ်တဲ့ အာဏာရှင်ဓလေ့ကို အသက်ဆက်ပေးထားတဲ့၊ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းပိုင်ခွင့်အပ်နှင်းထားတဲ့၊ ဥပဒေအထက်မှာ စစ်တပ်ကိုနေရာယူခွင့်ပေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ကျွန်တော်တို့ တိုင်းပြည်မှာ… အမြစ်ကနေဆွဲနှုတ်တူးထုတ်ပစ်မှသာ ဗမာပြည်မှာ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ..လူမှု့အနိဌာရုံတွေရဲ့ ရာခိုင်နှုန်း အများစုဟာတဖြေးဖြေးခြင်းလျှော့ပါး ပျောက်ကွယ် သွားနိုင်မှာပါ ။

ဒါကြောင့် အောက်ပါ ပြည်သူ့သဘောထားအစစ်အမှန် (၄) ရပ်ကိုဖေါ်ပြရင်း ဒီဆောင်းပါးကိုနိဂုံးသတ်ပါတယ်။

(၁) တိုင်းပြည်ကိုချောက်ကမ်းပါးထဲမကျအောင်ကယ်တင်မည့်ဗိုလ်ချုပ်များမလိုခြင်ပါ ။ စစ်ဘားတိုက်သို့ သိက္ခာ ရှိစွာပြန်မဲ့ ဗိုလ်ချုပ်များသာလိုခြင်ပါတယ်။
(၂) စစ်ပွဲများအနိုင်တိုက်ပေးနိုင်သောဗိုလ်ချုပ်များမလိုခြင်ပါ ။ ငြိမ်းချမ်းရေးအရယူပေးနိုင်သော ဗိုလ်ချုပ်များ သာလိုခြင်ပါတယ်။
(၃)၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် မဲ့ ဗိုလ်ချုပ်များမလိုခြင်ပါ ။ အဲ့ဒီအခြေခံဥပဒေ ဆိုးကြီးကို ဖျက်သိမ်းပေးမဲ့ ဗိုလ်ချုပ်များသာလိုခြင်ပါတယ်။
(၄) စည်းကမ်းပြည့်ဝသောဒီမိုကရေစီမလိုခြင်ပါ ။ တရားဥပဒေစိုးမိုးသော ပြည်သူ့ ဒီမိုကရေစီသာ လိုခြင်ပါတယ်။

လေးစားစွာဖြင့်
မင်းကောင်းချစ်

မဲဆောက်မှာရှိတဲ့ ကိုပါကြီး အသိမိတ်ဆွေ ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက် ဘော်ဒါ ဘော်ကျွတ်တွေ စုပေါင်းပြီး ဒီပွဲကို ဒီကနေ့ မဲဆောက်မြို့ တောရကျောင်းမှာ ကျင်းပခဲ့တယ်။ တရားလက်လွတ် လုပ်သူများ ကျဆုံးပါစေ။
.
Photo by John Sitt via Yamoun Nar
9 Nov 2014 , Mae Sot


လွိုင်ကော်မြို့ ကယားဒေးကွင်းတွင် လူထုဟောပြောပွဲကျင်းပစဉ်

“ ကယားပြည်နယ်ကို လာခဲ့တဲ့လမ်းခရီးစဉ်က အကွေ့အကောက်တွေ အရမ်းများလို့ ခရီးကကြာတယ်။ ခရီးကကြာတာကိစ္စမရှိဘူး အရမ်းမူးတာပဲ အဲတော့ ကျမတို့ပြည်သူတွေ ခေါင်းမူးပြီး ကွေ့ကောက်တဲ့ လမ်းကိုမသွားနဲ့ ဖြောင့်ဖြောင့်ဖြူးဖြူးသွားကြစို့လို့ ပြောချင်တယ်။”
အောက်တိုဘာလ ၈ ရက်နေ့ လွိုင်ကော်မြို့ ကယားဒေးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲမှာ ပထမဆုံး နုတ်ခွန်းဆက် ပြောဆိုသွားလိုက်တဲ့ စကားပဲဖြစ်ပါတယ်။

ဒီလို နုတ်ခွန်းဆက်ပြောဆိုလိုက် အပြီးမှာတော့ ပြည်သူတွေက ဝိုင်းပြီး လက်ခုပ်သံတွေ သြဘာသံတွေ ပေးလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် တတိယအကြိမ်ခရီးစဉ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းကနေ တိုင်းရင်းသားပြည်သူတွေကြိုဆိုလိုက်ကြတာ ကယားပြည်နယ်ရောက်တဲ့အထိပါပဲ။
ယခုကယားပြည်နယ် ခရီးစဉ်ဟာ တတိယအကြိမ်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် တကြိမ် နှင့် ငယ်စဉ်ဘဝတွင် လောပိတ လျှပ်စစ်စီမံကိန်းဖွင့်ပွဲလာရောက်ခဲ့စဉ် တကြိမ် စုစုပေါင်း ၃ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း ဆိုပါတယ်။

ဟောပြောပွဲလာရောက်နားထောင်ကြတဲ့ ပရိတ်သက်တွေအများစုက လူငယ်တွေဖြစ်ကြတာကို မြင်တွေ့ရပါတယ်။ ၁၉၉၀ ခုနှစ်က အောင်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်တွေကနေပြီး အသိအမှတ် မပြုခဲ့တာကြောင့် ပြည်သူ့အကျိုး တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်ခဲ့မရှိခဲ့ကြောင်း ၊ စစ်မှန်သည့် ဖယ်ဒယ်ရယ် စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်နိုင်ရေးသည် အရေးကြီးကြောင်း စတင်ဟောပြောသွားခဲ့ပါတယ်။

“ ဖယ်ဒယ်ရယ် အုပ်ချူပ်ရေးစနစ်ဆိုတာ ပြည်မနဲ့ပြည်နယ်တွေကြားမှာ အာဏာကိုဖွဲ့စည်းပုံအခြေခံဥပဒေအရပြောရမယ်ဆိုရင် ဥပဒေဘောင်အတွင်း ကနေပြီးခွဲခြားထားတဲ့စနစ်ပါပဲ ပြည်မ ပြည်နယ်လုပ်ပိုင်ခွင့်တွေ ပူးတွဲလုပ်ပိုင်ခွင့်တွေ စသည်ဖြစ်ပေါ့။ နှောင်ခေတ်ပေါ်လာတဲ့အသစ်ကိစ္စမှာ အရင်ဖွဲ့စည်းပုံမှာ မပါရင်ပြည်နယ်လားပြည်မကနေတာဝန်ယူရမလားဆိုတာပါရမယ်။ ” လို့ ပြောသွားပါတယ်။

ထို့နောက် PR စနစ်လက်မခံရကြောင်းနှင့် ရွေးကောက်ပွဲတွင် မဲမကွဲအောင် လုပ်နိုင်သည့်သူ အရည်အချင်းရှိသူသည် ပြည်သူများတွင် အာဏာအပြည့်ရှိကြောင်း ၊ ရွေးကောက်ပွဲ မည်သည့်စနစ်ပေါ်ပေါက်လာသည်ဖြစ်စေ လူထုများမှ ဆင်ခြင်တုံတရားဖြင့် မဲထည့်စေခြင်ကြောင်း ၊ လွှတ်တော်တွင် ဆွေးနွေးနေသည့် အချက်များကို အာရုံစိုက်နားစွင့် လေ့လာသုံးသပ်စေလိုကြောင်း လူထုတွေကို တိုက်တွန်းသွားပါတယ်။

“ ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သက်လို့ ရွေးခြယ်တဲ့နေရာဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ဖြစ်စေ ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်သူတွေက တန်ဖိုးထားသလဲ ပြည်သူတွေရဲ့အသံကို ဘယ်သူတွေက နားထောင်သလဲဆိုတာလေ့လာပါ။ ပြည်သူရဲ့ ဆန္ဒကိုလျစ်လျူရှုတယ် နားမထောင်ဘူးဆိုရင် ပြည်သူကိုတန်ဖိုးမထားဘူး။ ပြည်သူကိုတန်ဖိုးမထားဘူးဆိုတဲ့ အစိုးရ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ပြည်သူ့အစိုးရ ဒီမိုကရေစီအစိုးရကို ဘယ်လိုထူထောင်မလဲ။”

ရွေးကောက်ပွဲတွင် ထည့်မည့်မိမိတို့၏ မဲသည် ကိုယ်ကိုအန္တာရာယ်ပြန်ဖြစ်စေမည့် မဲမဖြစ်ရန် သတိပြု ဆင်ချင်သင့်ကြောင်း ၊ လူမျိုးကြီးစိတ်ဓတ်စိတ်ဝမ်းကွဲစေမည့်အဆိုအမိန်များကို သတိထားစေခြင်ကြောင်းထပ်မံ ဟောပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်ခရီးစဉ်နှင့် ပတ်သက်၍ တချို့ ဝန်ထမ်းများအား မလာရဟု သတ်မှတ်ထားသည့်အတွက် ဝန်ထမ်းများ ယခုကဲ့သို့ လူထုတွေ့ဆုံပွဲများ ဟောပြောပွဲများ မတက်ရဆိုတဲ့ ဥပဒေ မရှိကြောင်း ၊ ယခုလိုပြောဆိုသည့်သူသည် ဥပဒေမဲ့ ပြုလုပ်နေသူဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

ဟောပြောပွဲအပြီးတွင် လူထုများမှ မေးမြန်းခွင့် ဆယ်ဦးပေးထားရာ ဒေသခံအမျိုးသမီးတဦးမှ အစိုးရ ၊ နိုင်ငံရေးပါတီများ ၊ လက်နက်ကိုင်အဖွဲ့အစည်းများထဲတွင်လည်း အမျိုးသမီးပါဝင်မှု မရှိကြောင်း ၊ ပါဝင်လာနိုင်ရေးနှင့် အမျိုးသမီးများ ခေါင်းဆောင်မှုအပိုင်းတွင် ကျေးရွာအဆင့်မှ နိုင်ငံတော်အဆင့်အထိ ပါဝင်လာနိုင်ရေး NLD အနေဖြင့် မူပေါ်လစီရှိမရှိသိလိုကြောင်း မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတကာတွင် ဥပဒေအရသတ်မှတ်တာတွေရှိကြောင်း ၊ သို့မဟုတ် နိုင်ငံရေးပါတီ ပေါ်လစီတွေရှိကြောင်း ပြောဆိုသွားပါတယ်။
“ ကျမတို့ ပါတီမှာ ရွေးခြယ်တာကတော့ အရည်အချင်းပဲ အရည်အချင်းကအရေးကြီးတယ်။ အရင်ဆုံး အရည်အချင်းဦးစားပေး ၊ အမျိုးသမီး ၊ လူငယ် ၊ တိုင်းရင်းသူတိုင်းရင်းသားတွေဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ်မှာ ကျေးရွာအသီးသီးကနေပြီး မိမိတို့ရဲ့ ရိုးရာ ၊ ယဉ်ကျေးမှုအကတွေနဲ့ ချီတက်လာကြတာကတော့ ကယားဒေးကွင်းနဲ့ အပြည့်ပါပဲ။ တချို့ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ PR တွေဆိုတာ မသိပါဘူး ဒေါ်အောင်ဆန်းစုကြည်ကို မြင်ချင်တွေ့ချင်လွန်းလို့ လာခဲ့ကြရကြောင်းလည်း မြင်တွေ့ခဲ့ရပါတယ်။

လောပိတရေအားလျှပ်စစ်စက်ရုံအနီးရှိ လောပိတကျေးရွာမှ ဒေသခံတဦးက လျှပ်စစ်မီးမရသေးသည့်အကြောင်းကို မီးရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးလိုကြောင်း ကမ္ဘာသိစေရန် ပြောပေးစေကြောင်း ဟောပြောပွဲတွင် ဆွေးနွေးသွားခဲ့ပါတယ်။

“ ကျနော်တို့ဝမ်းနည်းစရာကောင်းနေပါတယ်။ ဒါကို ဒေါ်စုတို့အနေနဲ့ ပြုပြင်ပေးပါ။” ဟု တင်ပြတောင်းဆိုသွားပါတယ်။

နိုင်ငံတနိုင်ငံ၏ ဂုဏ်သိက္ခာသည် အခွင့်ထူးခံလူတန်းစားမည်မျှအခွင့်ခံရသလဲဆိုတာ သိက္ခာမဟုတ်ကြောင်း အဆင်းရဲဆုံးလူတန်းစားများ၏ ဘဝမည်မျှသက်သာကြောင်း ကြည်ပြီးနိုင်ငံတကာ၏ တန်ဖိုးဖြတ်နိုင်ကြောင်း ၊ အဆင်းရဲဆုံးဘဝလူတန်းစားတွေ ဘဝတွင် ဖူလုံမှုရှိမည်ဆိုပါက နိုင်ငံသိက္ခာမြင့်မည်ဖြစ်ကြောင်း ၊ အထက်မှ မည်မျှပင်ချမ်းသာသည်ဖြစ်စေ နိုင်ငံ၏သိက္ခာနှင့်မဆိုင်ကြောင်းပြန်လည်ဖြေကြားပေးခဲ့သည်။

“ လျှပ်စစ်မီးနဲ့ပတ်သက်လို့ လည်းကျမတို့ နေပြည်တော်မှာလည်းမီးသိပ်မမှန်ဘူး။ ကျမတို့နေတဲ့နေရာမှာပေါ့ ။ မှန်တဲ့နေရာတော့မှန်တာပေါ့။ ကျမအနေနဲ့တော့ ဒါကနည်းနည်းတော့ရှက်ဖို့ကောင်းတယ်။”

လူထုဟောပြောပွဲတက်ရောက်လာကြတဲ့ ပရိတ်သတ်တွေ တချို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ PR စနစ်တွေ နားမလည်ကြောင်း သို့သော် ဒေါ်အောင်ဆန်းစုကို မြင်ချင် တွေ့ချင် ၊ သိချင်သောကြောင့် တက်ရောက်ခဲ့ကြသူများရှိသလို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်သာ ရရှိခဲ့မည်ဆိုပါလျှင် မိမိတို့ ဒေသမှ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သိစေလိုသူများလည်းရှိနေကြပါတယ်။

ဟောပြောပွဲတက်ရောက်လာတဲ့ ဒေါနိုးကူးရွာမှ ဒေါ်နန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောဆိုခွင့်အခွင့်အရေးရခဲ့လျှင် “ လမ်းတွေ ကောင်းချင်တယ်။ ရချင်တယ်။ လျပ်စစ်မီးတွေ အကုန်ရချင်တယ်” လို့ ပြောလိုကြောင်း ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

နွားလဝိုးကျေးရွာမှ ကိုခင်မောင်လွင်က “ နောက်ထပ် ပိုပြီးအေးအေးချမ်းချမ်းဖြစ်သွားရင် ပိုပြီးဝမ်းသာပါတယ်။ ငြိမ်းချမ်းရေးရအောင် ငြိမ်းချမ်းရေးကိုဖော်ဆောင်ပြီး တိုင်းပြည်အေးချမ်းသွားအောင်ပါ။” လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် လူထုတွေ့ဆုံဟောပြောပွဲကို ညနေ ၄ နာရီမှ ညနေ ၆ နာရီအထိ ဟောပြောပွဲ ကျင်းပသွားပါတယ်။

ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ) အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲတရပ်ကို ပေါင်းတည်မြို့မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့မှာ ပဲခူးတိုင်း ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဆောင်ကျင်းပခဲ့တာလို့ ကွန်ရက်အဖွဲ့ဝင် ကိုခင်မောင်နိုင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်မှ ဒီမိုကရေစီစံနှုန်းနဲ့အညီ အခြေခံဥပဒေပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ လက်ရှိသမ္မတနဲ့ ပြည်သူ့လွှတ်တော် အမတ်တွေ အပါအ၀င် ပြည်သူအားလုံးဟာ ဒီအခြေခံဥပဒေကို ပြင်ဆင်ဖို့ တာဝန်ရှိနေတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်တာလို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပီအာစနစ်အလိုမရှိ၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပြည်တွင်းစစ် အမြန်ဆုံးရပ်စဲရေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး လူဦးရေ ၁၀၀ ကျော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲအတွက် နိုဝင်ဘာ ၄ ရက်နေ့က ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှူးကို အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပြီး ၈ ရက်နေ့မှာတော့ ခွင့်ပြုမိန့် ပြန်လည်ချပေးခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70340


ဟန်ပြ မဟုတ်ဘဲ တကယ် အနှစ်သာရ ရှိတဲ့ အမျိုးသား ရင်ကြား စေ့ရေး ဖြစ်မြောက် နိုင်မယ့် ဆွေးနွေး ပွဲ မျိုး လို အပ်တာ ကြောင့် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တောင်း ဆိုတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောဆို လိုက်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၈ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့ ကယားဒေးကွင်း လူထုဟောပြောပွဲမှာ လေး ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး အတွက် ထည့်သွင်း ပြော ကြားခဲ့တာပါ။

“ကျမတို့က နိုင်ငံတော်သမ္မတရယ်၊ လွှတ်တော်ဥက္ကဋ္ဌရယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ ကျမရယ် လေးပွင့်ဆိုင်ဆိုပြီး နိုင်ငံရဲ့ ရှေ့ရေး၊ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့အတွက် ဆွေးနွေးဖို့ ကျမတောင်းခဲ့တာ ၁ နှစ်ခွဲကျော်၊ ၂ နှစ်တောင် နီးလာပါပြီ။ ဒါပေမယ့် လေးယောက်ထဲမှာ အားလုံးက စိတ်ပါမှ လေးပွင့်ဆိုင် ဖြစ်နိုင်တာကို။ တချို့က လေးပွင့်ဆိုင်နဲ့ မလောက်ဘူးဆိုတာ ပြောတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျမက လက်တွေ့ကျကျ ကြည့်တာပါ။ ထိထိရောက်ရောက် အမျိုးသားရင်ကြားစေ့ရေးအတွက် ဖြစ်မြောက်နိုင်မယ့် ဆွေးနွေးပွဲမျိုး၊ ဟန်ပြမဟုတ်ဘူး၊ တကယ့် အဓိပ္ပာယ်ရှိမယ့်၊ အနှစ်သာရရှိမယ့် ဆွေးနွေးပွဲမျိုးအတွက် ဒီလိုလေးပွင့်ဆိုင်လိုအပ်တယ်လို့ ကျမတို့ တောင်းဆိုတာပါ။”

ဒါ့အပြင် လက်ရှိအခြေအနေအရ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) စနစ်ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်သေးကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပီအာစနစ်နဲ့ ပတ်သက်လို့ ကျင့်သုံးဖို့ တင်ပြသူတွေရဲ့ အချက်အလက်တွေကိုရော၊ အဖွဲ့ချုပ်က တင်ပြတဲ့ အချက်အလက်တွေကိုရော ပြည်သူတွေအနေဲ့ လေ့လာသုံးသပ်ကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

“အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ကြိုးပမ်းနေတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့်သွားအောင်လုပ်ပြီးတော့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်မရအောင် လုပ်နေတာလားဆိုပြီး စဉ်းစားစရာ ဖြစ်လာတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုအချိန်မှ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကို ပြောနေတာမဟုတ်ပဲ ဖက်ဒရယ်လို့ ပြောရင် ဖမ်းဆီးခံနေရတဲ့ စစ်အစိုးရလက်ထက် အချိန်ကတည်းက တစိုက်မတ်မတ် ပြောခဲ့တာလို့လည်း ဆိုပါတယ်။

စစ်မှန်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ရေးဆွဲထားတဲ့ ဖက်ဒရယ်စနစ်ဟာ ပြည်ထောင်စုကို ပိုပြီးခိုင်မြဲစေနိုင်တဲ့ စနစ်ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူလူထု ငါးသန်းကျော် လက်မှတ်ထိုးထားတဲ့ ဆန္ဒ သဘောထားတွေကို လွှတ်တော်တွင်း တင်ပြပြီးဖြစ်လို့ ရလဒ်ကို ပြည်သူတွေ မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့လွိုင်ကော်လူထုတွေ့ဆုံပွဲကို ဒေသခံအင်အား ၁ သောင်းနီးပါးလောက် တက်ရောက်ကြတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် ကယားပြည်နယ်ခရီးစဉ် ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70296



ပဲခူးတိုင်း ပြည်မြို့နယ်၊ ၀က်ထီးကန် တိုက်နယ်ထဲက ကျောသာ ကျေးရွာ အုပ်စုမှာ သောက်သုံးရေ တွင်း ၂ တွင်း၊ မိရိုးဖလာ တူးထားတဲ့ အုပ်တွင်း ၃ တွင်းကိုပဲ မှီခိုနေရတာကြောင့် နွေမိုးဆောင်း ၃ ရာသီစလုံး ရေအခက်အခဲဖြစ်နေပါတယ်။

အိမ်ခြေ ၂၃၅ ရှိတဲ့ ကျောသာအုပ်စုမှာ စည်ပင်က ကုန်ကျစရိတ်ခံပြီး တူးပေးထားတဲ့ စက်ရေတွင်း အ၀ီဇိတွင်း ၂ တွင်းဟာ ပေ ၂၃၀ အထိနက်ပြီး ရေမထွက်တဲ့ အတွက် အဲဒီ ၂ တွင်းထဲက ၁ တွင်းကိုပဲ ဒေသခံရွာသားတွေက ပေ ၄၀၀ အထိ အ၀ီဇိ ထပ်မံတူးဖော် အသုံးပြုခဲ့ရပါတယ်။

ကျန်တဲ့ စက်ရေတွင်း ၁ တွင်းကိုတော့ စည်ပင်က တူးပေးခဲ့တဲ့ ပေ ၂၃၀ အတိုင်းပဲ အသုံးပြုနေတာကြောင့် ရေထွက်နည်းပြီး မိုးတွင်းလို အချိန်မျိုးမှာတောင် ရေရှားပါးနေတာ ဖြစ်ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းက “ရေတွင်းတူးပေးတုန်းက ပေ ၂၃၀ အထိပဲ တာဝန်ယူတယ်။ ပေ ၂၃၀ နဲ့ ရေမထွက်ရင်၊ ရွာက ကိုယ့်ငွေနဲ့ ကိုယ်စိုက်ထုတ်တူး ရတော့ တွင်း ၂ တွင်းကို ၁ တွင်းကပဲ ပေ ၄၀၀ ထိ ငွေစိုက်ထုတ်ပြီး တူးလို့ ရေရတယ်။ ကျန်တဲ့ ၁ တွင်းကတော့ ဆက်မတူးတော့ မိသားစုတစု သုံးဖို့အတွက်လောက်ပဲ ရေကရတယ်။ ရေကတော့ နွေ၊ မိုး၊ ဆောင်း၊ ၃ ရာသီလုံးရှားတာ” လို့ ပြောပါတယ်။

အ၀ီဇိတွင်းတွေကို ၂၀၀၈ ခုနှစ်မှာ ၁ တွင်း၊ ၂၀၁၃ ဘဏ္ဍာနှစ်မှာ နောက် ၁ တွင်း စည်ပင်သာယာရေးဝန်ကြီးဌာနက ပေ ၂၃၀ အနက်ထိ တူးဖော်ပေးခဲ့တာပါ။

လောလောဆယ်မှာတော့ ဘိုးဘွားစဉ်စက်ကရှိတဲ့ အုပ်တွင်း ၃ တွင်းကို တရွာလုံး အားထား အသုံးပြုနေရပြီး ရေမသန့်တာကိုလည်း ကြုံတွေ့နေရတယ်လို့ ကျောသာကျေးရွာသား ကိုအောင်ဝင်းက ပြောပါတယ်။

မိုးရွာချိန်မှာ ရေလှောင် အသုံးပြုတာတွေ ရှိသလို နွေရာသီဆိုရင်တော့၊ ပတ်ဝန်းကျင်ရွာတွေကို လှည်းနဲ့ သွားပြီး ရေသွားခပ်ယူနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70314


မြန်မာပြည် ခရီးစဉ်ဟာ အိုဘားမားရဲ့ အာရှ-ပစိဖိတ်ရေးရာ မူဝါဒ အတွက် အရေးကြီး

အာရှနဲ့ ဆက်ဆံရေး ကို အလေးပေးတဲ့ မူဝါဒကို ဖော်ဆောင်ဖို့ မြန်မာပြည် ခရီးစဉ် အပေါ် သမ္မတ အိုဘားမား အလေးထား။

အမေရိကန် သမ္မတ အိုဘားမား အတွက် အခုတခေါက် မြန်မာပြည် ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး အတွက် သာမက အမေရိကန်ရဲ့ အာရှဒေသ ဆက်ဆံရေး အတွက်ပါ အရေးကြီးတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု ရဲ့ Institute of Peace USIP အဖွဲ့အစည်း က ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ သမ္မတ အိုဘားမား မြန်မာပြည်ကို ၆ နာရီကြာ လာခဲ့ တုန်းကတော့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကို အားပေးဖို့ ဖြစ်ပြီး၊ အခု အခေါက် မှာတော့ နိုင်ငံတကာ နဲ့ ဒေသတွင်း အင်အားကြီး တွေ နဲ့ပါ တွေ့ဆုံမှာ ဖြစ်လို့ ၊ သူ့လက်ထက် မှာ ဆောင်ရွက်လာတဲ့ အမေရိကန်ရဲ့ အာရှ-ပစိဖိတ် ဒေသနဲ့ ဆက်ဆံရေး အပေါ် အာရုံစိုက်တဲ့ မူဝါဒ အတွက် အရေးကြီးတဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ် ဆိုပြီး USIP ရဲ့ အကြီးတန်း အကြံပေး ပရက်စီလာ ကလက်ပ် က သုံးသပ်ပါ တယ်။

မြန်မာ့ နိုင်ငံရေး အတွက်လည်း မစ္စတာ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ မြို့ခံ လူငယ်တွေနဲ့လည်း တွေ့ဆုံတဲ့ အစီအစဉ်တခု လုပ်ပါလိမ့်မယ် ဆိုပြီး ပရက်စီလာ ကလက်ပ် က ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရပိုင်းကိုတော့ ရိုဟင်ဂျာ အရေး ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် ပြောဖို့ ရှိတယ် ဆိုပြီးတော့လည်း မစ်ကလက်ပ် က ဆိုပါတယ်။

USIP အဖွဲ့အစည်းဟာ နိုင်ငံတကာ ပဋိပက္ခတွေကို အကြမ်းမဖက် ဖြေရှင်းနိုင်ရေး စွမ်းရည်တွေ မြင့်တက်အောင် ကွန်ဂရက်စ် လွှတ်တော်ရဲ့ ရံပုံငွေနဲ့ ထူထောင်ထားတာ ဖြစ်ပြီး၊ ပရက်စီလာ ကလက်ပ် ကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန် တစ်ဦး အနေနဲ့ ဆောင်ရွက်ဖူးသူ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141108_usip_obama_visit_burma


အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အမှုနဲ့ ဆက်နွယ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ခြေမြန်တပ်ရင်း၂၁ဝ၊ ၂ဝ၄၊၂ဝ၈နဲ့ ခြေလျင်တပ်ရင်း ၈၁ က အရာရှိ ၃ဝ ကျော်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေး မေးမြန်း ခဲ့ပါတယ်။

ကိုပါကြီးရဲ့ ရုပ်အလောင်း ရင်ခွဲ စစ်ဆေးချက်အဖြေနဲ့ အဲ့ဒီအရာရှိတွေကို စစ်ဆေး မေးမြန်းထား ချက်တွေကို စုစည်းပြီးမှ ကိုပါကြီးသေဆုံးရတဲ့ အကြောင်းအရင်းကို သုံးသပ်လို့ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။

"ကျိက်မရောနားကို koo အဖွဲ့လာတာကစပြီး ဖြစ်စဉ်ကဆက်စပ်နေတော့ အောက်တိုဘာ ၄ ရက်နေ့အထိ ဖြစ်စဉ်နဲ့ဆက်စပ်နေတဲ့ အဲ့ဒီနေရာမှာဖြစ်တဲ့ ခ.မ.ရ (၂၁ဝ)၊ ခ.မ.ရ (၂ဝ၈)၊ (၂ဝ၄)၊ ခ.လ.ရ (၈၁) တပ်တွေက တပ်မှူးကြီးတွေ၊ အရာရှိတွေ၊ အရာရှိကြီးအဆင့်တွေ၊ ရဲဘက်ကလည်း အရာရှိကြီးအဆင့်တွေဖြစ်ပါတယ်၊ နောက် ပြည်နယ်ကလည်းပဲ ဝန်ကြီးတစ်ဦး ထွက်ဆိုချက်ပေးပါတယ်၊ ရင်ခွဲစစ်ဆေးချက်နဲ့ နောက်ထပ် အရာရှိတွေ စစ်တာနဲ့ကျမှ ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်လို့ရမယ်ဆိုတာပေါ့"

ဒါ့အပြင် ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်နယ်ဝန်ကြီးတစ်ဦးနဲ့ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေကိုလည်း စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် တပ်ရင်း ၄ ခုကအရာရှိ ၇ ဦးကိုလည်း မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးဖို့ကျန်သေးပြီး အကုန်လုံးစစ်ဆေးပြီးသွားတဲ့အခါမှာ ကိုပါကြီးရုပ်အလောင်းရဲ့ ဓါတ်ခွဲခန်းအဖြေနဲ့ ပေါင်းစပ်သုံးသပ်ထားချက်တွေကို နိုင်ငံတော် သမ္မတဆီပေးပို့သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို နိုဝင်ဘာ ၈ရက် နေ့လည်ပိုင်းက ရောက်ရှိပြီး ကြိုဆိုနေကြတဲ့ ဒေသခံ လူထုကို ဟောပြာချက်။
DVB TV - 08.11.2014


၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူလူထု ငါးသန်းကျော် လက်မှတ်ထိုးထားတဲ့ ဆန္ဒသဘောထားတွေကို လွှတ်တော်တွင်း တင်ပြပြီးဖြစ်လို့ ရလာဒ်ကို ပြည်သူတွေ မျက်ခြေမပြတ်စောင့်ကြည့်ပါ၊ ပြည်သူ့ဆန္ဒ အကျိုးမဲ့ဖြစ်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပါတီစည်းရုံးရေး စတုတ္ထမြောက်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် က ကယားပြည်နယ်လူထုကို အခုလို ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ် နောက်ဆုံးရသတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

“အဲဒီတော့ ----- ဒီကိစ္စကို သူကိုယ်တိုင်လေ့လာပေးပါမယ်၊ ဘယ်လိုဖြစ်တာလဲ။ အဲဒီတော့ တရားခံတွေကနေပြီးတော့ - တရားခံတွေ၊ တရားလိုတွေပေါ့နော်- ဘယ်သူတွေက ဘာပြောသလဲ၊ အဲဒီလို ဖြစ်တဲ့ကိစ္စပေါ်မှာ အခြေခံပြီးတော့ ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင်လို့၊ အဖြေမှန်ရအောင်လို့ ကျမတို့ ကြိုးစားပေးပါမယ်။ အဲဒီတော့ သမီးကို အဖွဲ့ချုပ်ထဲကဖြစ်ဖြစ် လူတယောက်ယောက်နဲ့ ဆက်သွယ်မယ်။ ဆက်သွယ်လိုက်တော့ -- ဥပဒေအထောက်အကူအဖွဲ့ကနေပြီးတော့ လက်တွေ့ကျကျ ကူညီပါ့မယ်။ မတရားမှု လုပ်ခဲ့တယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ တတ်နိုင်သမျှ ဒီကိစ္စကိုပြင်ဖို့ကို ကြိုးစားပြီးတော့ ကူညီပေးပါမယ်။”

“ဟုတ်ကဲ့၊ နောက်တယောက် မေးဖို့ ဖြစ်ပါတယ်။”

အခုကြားခဲ့ရတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ကယားလူထုက ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲ တိုက်ရိုက်မေးမြန်းနေတာကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးနေတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်မှာ လာရောက်နားထောင်သူ ကယားပြည်သူများ။ (ဓာတ်ပုံ-NLD-facebook)ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်မှာ လာရောက်နားထောင်သူ ကယားပြည်သူများ။ (ဓာတ်ပုံ-NLD-facebook)

ကယားပြည်သူလူထုနဲ့တွေ့ဆုံစဉ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ မကြာသေးခင်က တွေ့ဆုံခဲ့တဲ့လေးပွင့်ဆိုင်ဆွေးနွေးပွဲ စတာတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဟောပြောခဲ့တာကို ခရီးစဉ်အတွင်း အတူလိုက်ပါသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက အခုလိုပြောပြပါတယ်။

“အခြေခံဥပဒေပြင်ဆင်ရေးက လွှတ်တော်ထဲရောက်နေတဲ့အတွက်ကို အခြေခံဥပဒေပြင်ဆင်ရေးကလည်း လာမယ့်လွှတ်တော်မှာ ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေက အာရုံစိုက်ထားကြပါ။ မိမိတို့ရဲ့ဆန္ဒပြုထားတဲ့၊ လက်မှတ်ရေးထိုးထားတဲ့ လက်မှတ် ၅ သန်းနီးပါးအတွက်လည်း ဒါ ပြည်သူတွေက အကျိုးမဲ့ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့အကြောင်းတွေလည်း ပြောပြထားပြီးသား ဖြစ်ပါတယ်။ အန်တီ့အနေနဲ့ အဓိက အခုပြောတာက အဖွဲ့ချုပ်က ဗမာပါတီ သက်သက်မဟုတ်ဘူး၊ တိုင်းရင်းသားအရေးအတွက် ဆောင်ရွက်နေတယ်။ တိုင်းရင်းသားအရေးအတွက် ဆောင်ရွက်နေတယ်ဆိုတာက ဒီမိုကရေစီရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် တချိန်လုံး ၁၉၈၈ အဖွဲ့ချုပ် ဖွဲ့စည်းပြီးကတည်းက ဆောင်ရွက်နေတဲ့၊ တိုင်းရင်းသားအားလုံးအတွက် ကိုယ်စားပြုထားတဲ့ ပြည်ထောင်စုပါတီဖြစ်တယ်ဆိုတာကို အဓိကထား ပြောပါတယ်။ နောက်တခါ ပြီးခဲ့တဲ့ လေးပွင့်ဆိုင် ဆွေးနွေးရေးနဲ့ပတ်သက်ပြီး လေးပွင့်ဆိုင် ဆွေးနွေးရေးရဲ့ လိုအပ်ချက်အရ ပြည်သူတွေကို ကိုယ်စားပြုပြီး ဆောင်ရွက်နိုင်အောင် ဆောင်ရွက်နေတဲ့အကြောင်းတွေ ရှင်းလင်းပါတယ်။ နိုင်ငံရေးအရရော၊ စည်းရုံးရေးအရရောလေ။”

မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်နယ်တိုင်းတွေကို နိုင်ငံရေးစည်းရုံးရေးခရီးစဉ်ရဲ့ စတုတ္ထမြောက်ခရီးအဖြစ် ကယားပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီခရီးစဉ် ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက အခုလို ပြောပြပါတယ်။

“အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ကျနော်တို့ပါတီက ဗမာပါတီသက်သက် မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရဲ့ ဗမာနိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့ ပြည်ထောင်စုပါတီဖြစ်တဲ့အတွက်ကြောင့် တတ်နိုင်သရွေ့ ကျနော်တို့က ပြည်နယ်တွေကို ဦးစားပေးထားပါတယ်။ အဲဒါ --- ။ အခုဟာက စတုတ္ထမြောက်လို့ ပြောလို့ရပါတယ်။ အရင်တုန်းက ရှမ်းပြည်နယ်တို့၊ ကရင်ပြည်နယ်တို့ သွားခဲ့တာပေါ့နော်။ အခု ကယားပြည်နယ်ကတော့ စတုတ္ထမြောက်၊ ကျနော်တို့က နိုင်ငံရေး၊ စည်းရုံးရေးခရီးစဉ်အနေနဲ့ သွားတာပါ။”

နိုဝင်ဘာလ ၈ရက်နေ့ စနေ့မှာ စတင်တဲ့ ကယားပြည်နယ်ခရီးစဉ် အသေးစိတ်ကို လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလိုရှင်းပြပါတယ်။

“မနက်ခြောက်နာရီကမှ နေပြည်တော် --- ကနေပြီးတော့မှ ကယားပြည်နယ်၊ လွိုင်ကော်ကို ထွက်ခဲ့ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို နေ့လည် ၁ နာရီမှာ ရောက်ပါတယ်။ ထွက်လာတဲ့လမ်းကြောင်းတွေကတော့ နေပြည်တော်ကနေ၊ ရှမ်းပြည်နယ် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲတို့ကို ဖြတ်ပြီးမှ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ရောက်ရှိခြင်း ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံပြည်သူတွေက လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းပန်းတသာ ကြိုဆိုခဲ့ပါတယ်။ အခုရောက်နေတာကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့တော်ရဲ့ National Day ပေါ့လေ၊ ကယားပြည်နယ် ကစားကွင်းကြီးမှာ လူထုဟောပြောပွဲကို ဟောပြောနေခြင်း ဖြစ်ပါတယ်။ ပထမ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ဦးဝင်းမြင့်က အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပြီးမှ အဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်လူထုနဲ့ ဟောပြောပွဲလုပ်ပါတယ်။ ပြီးတော့ အခုကတော့ အမေးအဖြေပေါ့လေ၊ ပြည်သူ (၁၀) ဦးကို မေးမြန်းခိုင်းပြီးမှ အမေးအဖြေတွေ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။”

ဒီတွေ့ဆုံပွဲမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ရှင်းလင်းတင်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေနဲ့ တိုက်ရိုက် မေးမြန်းဆွေးနွေးမှုတွေ လုပ်နေတာပါ။ အခုကျင်းပနေဆဲဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကယားပြည်နယ် လူထုတွေ့ဆုံပွဲကို လွိုင်ကော်မြို့ ကယားအမျိုးသားနေ့ ကျင်းပတဲ့ကွင်းမှာ ညနေ ၄ နာရီခွဲက စတင် ကျင်းပပြုလုပ်နေတာဖြစ်ပြီး ဒီ လူထုတွေ့ဆုံပွဲသို့ လွိုင်ကော်၊ ဒီမောဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တွေက ကယားပြည်သူအများ လာရောက်နေကြတယ်လို့သိရပါတယ်။

VOA

PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ ကြိုးပမ်းနေတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့်သွားအောင်လုပ်ပြီးတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်မရအောင်လုပ်နေတာလားဆိုပြီး စဉ်းစားစရာဖြစ်လာတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

"ဒီ PR စနစ်ကို လက်ခံလိုက်ခြင်းအားဖြင့် ပြည်သူတွေရဲ့ဆန္ဒမဲတွေ ပြန့်သွားပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မဲတွေ အပြတ်အသတ်မနိုင်အောင်လို့ လုပ်နေသလားလို့ ကျမတို့က စဉ်းစားစရာတွေ ဖြစ်လာတယ်"

လက်ရှိအခြေအနေအရ PR စနစ်ဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်သေးကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုအချိန်မှ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို ပြောနေတာမဟုတ်ပဲ ဖက်ဒရယ်လို့ ပြောရင် ဖမ်းဆီးနေတဲ့ စစ်အစိုးရလက်ထက်အချိန်ကတည်းက တစိုက်မတ်မတ် ပြောခဲ့တာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့လွိုင်ကော်လူထုတွေ့ဆုံပွဲကို ဒေသခံအင်အား တစ်သောင်းနီးပါးလောက် တက်ရောက်ကြတယ်လို့ သိရပါတယ်။

RFA




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ဟာ ဗမာပါတီ မဟုတ်ဘဲ  ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့ ပါတီ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ ကယားဒေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

“အရေးကြီးတဲ့ ကိစ္စတခုကတော့ ကျမ တိုင်းရင်းသားတွေနဲ့ အမြင်ချင်း ဖလှယ်ချင်ပါတယ်။ အဲ့ဒါဘာလဲဆိုလို့ရှိရင် တချို့တွေက ပြောကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဗမာပါတီလို့ ပြောကြပါတယ်။ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ အဲ့ဒီလို ဆိုလိုချင်တာပါ။ ကျမကတော့ ရဲရဲတင်းတင်း ပြောရဲပါတယ်။ ကျမတို့ပါတီရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ပါ။ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ပါတီ ဟုတ်မဟုတ်၊ ၁၉၉၀ ရွေးကောက်ပွဲ ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေ ပြန်ကြည့်လိုက်ပါ။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဟုတ် မဟုတ်။ ဘယ်တော့မဆို ကျမတို့ဟာ ကျမတို့ရဲ့ပါတီကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပါတီလို့ ကျမတို့ သတ်မှတ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ပါသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥတ္တရ သီရိ မဲဆန္ဒနယ်အမတ် ဦးမင်းသူကလည်း လမ်းတလျှောက် မြို့တွေဖြစ်တဲ့ ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့တို့မှာလည်း ဒါကိုပဲ အလေးထား ပြောခဲ့တယ်လို့ ဆိုပါတယ်။

“လမ်းတလျှောက်မြို့တွေမှာ အဓိက ပြောခဲ့တာက အဖွဲ့ချုပ်ဟာ ဗမာပါတီ မဟုတ်ဘူး၊ တိုင်းရင်းသားတွေ အားလုံးကိုယ်စားပြုတဲ့ပါတီ၊ အဖွဲ့ချုပ် စတင်ထူထောင်ကတည်းက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုတာကို ဘယ်သူမှ မကြွေးကြော်ခင်ကတည်းက ထည့်ထားခဲ့တာ ဖြစ်တယ်။ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုပါတီဖြစ်တယ်လို့ အဓိကထား ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ဖယ်ခုံမြို့ကို ခတ္တရောက်ရှိစဉ် မြို့ခံလူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးဖြစ်စဉ်တခုတည်းမဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ယဉ်ကျေးမှုပဲ။ ယဉ်ကျေးမှုရဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ တဦးနဲ့တဦး ဆွေးနွေးပြီးတော့ ပြဿ     နာတွေကို ဖြေရှင်းနိုင်တဲ့ ပညာရှိရမယ်၊ ဖြေရှင်းရဲတဲ့ သတ္တိရှိရမယ်။ တချို့က ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိကြဘူး။ တချို့က သိလျက်နဲ့ မလုပ်ချင်ကြဘူး၊ မလုပ်ရဲကြဘူး။ ကျမတို့ ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ဖို့ရာမှာ လမ်းမှာတွေ့ဆုံရမယ့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ အားလုံးက ညှိနှိုင်းပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ အဲဒီအဖြေကိုလည်း သတ္တိရှိရှိနဲ့ လက်ခံရမယ်၊ အကောင်အထည်ဖော်ရမယ်။

“ဒါကြောင့် တိုင်းရင်းသားတွေအနေကဆိုလို့ရှိရင် ကျမတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တယ်ဆိုတာဟာ ပြည်ထောင်စုအတွက် ဆောင်ရွက်နေတာပါလို့ အဲလိုပဲ စဉ်းစားစေချင်ပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း မဟုတ်ဘူး၊ တိုင်းရင်းသား လူမျိုးစု တစုအတွက်လည်း မဟုတ်ဘူး၊ ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် ကျမတို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်ဆိုတဲ့ ယုံကြည်ချက်ကို ရှိရင် ဒီယုံကြည်ချက်ကနေ အင်အားတွေ သတ္တိတွေ အများကြီး ထွက်လာမှာ ဖြစ်ပါတယ်။”

ဒီခရီးစဉ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် ကယားပြည်နယ်ခရီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီည လွိုင်ကော်မှာအိပ်ပြီးရင် မနက်ဖြန်နေပြည်တော်ပြန်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70251

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.