11/10/14



ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှုဟာ နိုင်ငံတော်လိမ်လည်မှုတခု ဖြစ်တာကြောင့် အစိုးရ အနေနဲ့ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းဟာ ရန်ကုန်မြစ် အတွင်း နစ်မြုပ်နေတယ် ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လကနေ စက်တင်ဘာလထိ ကြိုးစားခဲ့ရာမှာ နဂါး အစောင့်အရှောက်တွေနဲ့ ခေါင်းလောင်းကို တွေ့ပြီလို့ ပြောဆိုခဲ့သလို သတင်းမီဒီယာ အချို့ကလည်း နေ့စဉ်ရက်ဆက် ရှုထောင့် အမျိုးမျိုးနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ  ပြည်သူလူထု တရပ်လုံးကို လိမ်လည် လှည်ဖြားခဲ့တာ ဖြစ်တာကြောင့် ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“နိုင်ငံတော်ပိုင် ပစ္စည်းအနေနဲ့ ဒီခေါင်းလောင်းကြီး တူးဖော်တဲ့နေရာမှာ ခွင့်ပြုပေးခဲ့တယ်။ ရဲကအစ လုံခြုံရေးတွေ ပေးလာခဲ့တယ်။ နောက်တခုက တူးဖော်တဲ့သူအနေနဲ့ တွေ့ပါပြီလို့ ပြောတယ်။ ပြည်သူလူထုကိုလည်း မျှော်လင့်ချက်တွေ အများကြီးပေးခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း နောက်ဆုံးကျတော့ တွေ့ခဲ့တာလည်း မရှိဘူးဆိုတော့ ဒါဟာ လိမ်လည်မှုကြီးတရပ်အနေနဲ့ ပြည်သူတွေကြားမှာ ခံစားနေရတယ်၊ ပြောဆိုနေကြတယ်။ အဲဒီလို ခံစားနေရတဲ့အပေါ်မှာ နိုင်ငံတော်အစိုးရက ဒီနေ့ဒီအချိန်ထိ အရေးယူအပြစ်ပေးတာတွေ အခုချိန်ထိ မရှိဘူး။ ထိထိရောက်ရောက် ရှင်းလင်းတာမျိုးကို နိုင်ငံတော်အစိုးရကနေပြီး တာဝန်ယူပြီး လုပ်ပေးရမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတော်နဲ့ချီပြီး ဆောင်ရွက်ခဲ့တဲ့ ကိစ္စဖြစ်တာကြောင့် ဒါဟာ ပြောရမယ်ဆိုရင် နိုင်ငံတော် လိမ်လည်မှုတရပ်လို့ ပြောလို့ရပါတယ်။”

ဦးစံလင်းရဲ့ လုပ်ရပ်တွေဟာ ပြည်သူလူထု တရပ်လုံးကို ရည်ရွယ်ချက် ရှိရှိ လိမ်လည်ခဲ့တာ ပေါ်လွင်လို့ ရာဇသတ်ကြီး ဥပဒေနဲ့ ငြိစွန်းတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် အတွင်းရေးမှူး ဦးကြီးမြင့်က “လိမ်စဉ်တွေထည့်ပြီးတော့ မိမိပြောဆိုတဲ့ အရာရောက်အောင် အပိုတွေ ပြောတာမျိုးတွေ၊ ငွေကြေးတွေ ကိုင်တွယ် သုံးစွဲလာတာမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဒါ လိမ်လည်မှုမြောက်တယ်၊ ပုဒ်မ ၄၁၅ မှာ လိမ်လည်မှုမြောက်တယ်။ နောက်တခါ သာမန်လိမ်လည်မှုဆိုရင် ၄၁၇ နဲ့ ထောင် ၁ နှစ်ချနိုင်တယ်။ ဒိထက်ပိုဆိုးဝါးတဲ့ လိမ်လည်မှုဆိုရင် ပုဒ်မ ၄၂၀ နဲ့ ထောင် ၇ နှစ် ချနိုင်တယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။ နဂါးတွေကပဲ စောင့်ရှောက်နေတယ်ဆိုတဲ့ သဘောမျိုး အထိ ပါလာပြီး ချဲ့လာပြီး တွေ့လည်း မတွေ့ဘူးဆိုရင်တော့ အနိမ့်ဆုံး ၄၁၇ ကတော့ ငြိနေပြီဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။

လူတွေရဲ့ ယုံကြည်မှုကို အသုံးချပြီး လိမ်လည် လှည့်ဖြားခဲ့တဲ့ ဖြစ်ရပ်တွေ အပေါ်မှာ ပြည်ထဲရေးက စုံစမ်းဖော်ထုတ် အပြစ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပြီး ဓမ္မစေတီ ခေါင်းလောင်း ရှာပုံတော်ကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုတယ်လို့ သမိုင်းသုတေသီ ဦးဘုန်းတင့်ကျော်က ပြောပါတယ်။

“ဓမ္မစေတီခေါင်းလောင်းကြီးက သမိုင်းကြောင်းအရရော၊ ဘာသာရေးအရရော ၂ ခုလုံး ပတ်သက်တယ်။ ကျနော်တို့ တွေ့ခဲ့ဖူးတာက ဘာသာရေးအပိုင်း ခုတုံးလုပ်ပြီး ပြည်သူကို မမှန်မကန်ပြောတာတွေ၊ လုပ်ဆောင်တာတွေအတွက် အရေးယူခဲ့တာတွေ ရှိပါတယ်။ ပြည်သူရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားတဲ့ဟာမျိုးတွေ နောင်အရမ်းမလုပ်ရဲအောင်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် ကိုင်တွယ်အရေးယူသင့်ပါတယ်။”

နိုင်ငံတော်က ဘွဲ့တံဆိပ် ချီးမြှင့်တာ ခံထားရတဲ့ တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းဟာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့  ဓမ္မစေတီ ခေါင်းလောင်းကြီးကို  သြဂုတ် ၉ ရက်နေ့က စတင်ရှာဖွေခဲ့တာဖြစ်ပြီးအချိန် ၁ လကျော် ကြာမြင့်ခဲ့ပါတယ်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငစင်ကာက လက်နက်လုပ်ဖို့အတွက် ယခင် ဒဂုံ (ယခု ရန်ကုန်) ဘက်ကမ်းမှ သံလျင်ဘက်ကို ရန်ကုန် မြစ်ကြောင်းက တဆင့် သယ်ယူစဉ် နစ်မြစ်ခဲ့တယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေဟာ ပါးစပ်ရာဇဝင်တွေက တဆင့် ဖြစ်ပေါ်ခဲ့တာကြောင့် အထောက်အထား ခိုင်လုံမှု မရှိဘူးလို့ သမိုင်းပညာရှင်တွေ၊ သုတေသီတွေက ထောက်ပြ ပြောဆိုထားကြပါတယ်။

By ဉာဏ်ကြီး (ဒီဗွီဘီ)
http://burmese.dvb.no/archives/70363

 

ကိုပါကြီးအမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပြီး ဒီလိုအဖြစ်မျိုးတွေ  တိုင်းရင်းသား ဒေသတွေမှာ ထပ်မံမဖြစ်ပေါ်စေဖို့ တပ်မတော် အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ သင်ခန်းစာ ယူသင့်တယ်လို့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က ကြည်မြင်တိုင်သာဓုကျောင်းမှာ ကိုပါကြီးတလပြည့် ဆွမ်းသွတ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ကိုပါကြီးလိုအမှုမျိုးကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ပေးပြီး စစ်တပ်က သင်ခန်းစာယူသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလို လက်လွတ်စပယ် လုပ်တိုင်းလုပ်တိုင်းဟာ ကျနော်တို့ သတင်းမရနိုင်တဲ့ နယ်စပ်ဒေသတွေမှာ အများကြီး ရှိနိုင်တယ်။ စစ်တပ်က ပြုကျင့်သလို ရှိသလိုပဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြုကျင့်တာတွေလည်း ရှိတယ်။ ဒါတွေဟာ တကယ်တမ်း ပြည်သူတွေဟာ မြေစာပင်ဖြစ်နေရတဲ့ ဘ၀ကို ဒီလိုကိုပါကြီးလို အမှုမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပြီးရင် စစ်တပ်ကလည်း သင်ခန်းစာ ယူလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

တိုင်းရင်းသားဒေသတွေမှာ လူမသိသူမသိ လူ့အခွင့်ရေးချိုးဖောက်ခံရပြီး သေဆုံးသွားတဲ့လူတွေရှိသလို ဒီမိုကရေစီအစိုးရအပြောင်းအလဲမှာ အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ ပြောင်းလဲဖို့လိုတယ်လို့ အခမ်းအနား တက်ရောက်တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ၊ နယ်စွန်နယ်ဖျားတွေမှာလည်း သတင်းသမားတွေမသိတဲ့ ဒီလို လူမသိသူမသိ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့တယ်။ အခု ကိုပါကြီးကတော့ ဒီလိုဖြစ်သွားပြီ။ မြန်မာနိုင်ငံကလည်း အာဏာရှင်နိုင်ငံစနစ်ကနေ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကူးပြောင်းနေတဲ့ ကာလဖြစ်တယ်။ ဒီလို ကာလမျိုးမှာ အရင် အာဏာရှင်စနစ်တုန်းက လုပ်ခဲ့တဲ့၊ ပြုခဲ့တဲ့ အကျင့်အကြံတွေ ပြောင်းလဲဖို့ လိုပြီ။”

အဲဒီအခမ်းအနားမှာ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာကလည်း ကိုပါကြီးလိုမျိုး တိုင်းရင်းသားဒေသတွေမှာ လူမသိသူမသိ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတာကြောင့် ကိုပါကြီးအမှုကို တရားမျှတစွာ အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင် လူ့အခွင့်ရေးချိုးဖောက်မှု နည်းသွားမယ်လို့ ပြောပါတယ်။

“ဒီအမှုတခုကို ကျမတို့ အောင်အောင်မြင်မြင် တရားမျှတစွာ လုပ်နိုင်မယ်ဆိုရင် နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိတော့ဘူးလို့ မဆိုလိုဘူး။ ဒါပေမယ့် အခိုက်အတန့်အားဖြင့်တော့ လူသိသွားပြီ။ ဒီအမှုတွေ ဒီလိုပေါ်လာရင် ဘယ်လိုလုပ်ကြရမယ်ဆိုတာ သိသွားပြီဆိုတဲ့ နည်းလမ်းတခုကြောင့် အခိုက်အတန့်တော့ ရပ်တန့်သွားမယ်ထင်တယ်။ နိုင်ငံတကာကလည်း အခု မြန်မာနိုင်ငံ ပြောင်းလဲနေပြီဆိုတဲ့အခြေအနေမျိုးမှာ ဒီလိုမျိုး လူ့အခွင့်အရေး အကြီးဆုံးချိုးဖောက်မှု၊ နိုင်ငံသားအခွင့်အရေး အကြီးဆုံးချိုးဖောက်မှုတခုကို တွေ့လာတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မပြောင်းလဲသေးတဲ့ ဖြစ်စဉ်တခုကို နိုင်ငံတကာကလည်း သိလိမ့်မယ်လို့ ကျမထင်တယ်။”

ဒ့ါအပြင် ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ဘယ်လိုရှိရှိ အမှုမှန် ပေါ်ပေါက်ရေးအတွက် နောက်မဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ကိုပါကြီး ဇနီးက ပြောပါတယ်။

လောလောဆယ်မှာ မှုခင်း ဆရာဝန်တွေ စစ်ချက်အရ ကိုပါကြီးရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ၅ ချက်တွေ့တယ်လို့ ပြောဆိုထားပါတယ်။

ဒီအမှုအတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပစ်ခတ်မှုမှာ ပါဝင်တဲ့ ကျိုက်မရောမြို့နယ် စစ်တပ်က တာဝန်ရှိသူတွေကို စစ်ဆေးမေးမြန်းနေတယ်လို့  ဆိုထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံခဲ့ရတာပါ။

By အောင်ကြီး (ဒီဗွီဘီ)
http://burmese.dvb.no/archives/70354

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.