11/11/14


PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတစ်ခုကို ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။


လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းလိုက်တာနဲ့ ပတ်သက်ပြီး ရှုတ်ချကန့်ကွက်ကြောင်း ပြည်သူလွှတ်တော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်၊

RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။


အမေရိကန် ပြည်ထောင်စုဟာ အာရှဒေသနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ ရှိပါတယ်လို့ အမေရိကန် သမ္မတ Barack Obama က APEC အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး ညီလာခံမှာ စီးပွားရေး ခေါင်းဆောင်တွေကို ပြောသွားပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကနေ တနိုင်ငံနဲ့တနိုင်ငံ သက်တမ်းတို အလည်အပတ် ပြည်ဝင်ခွင့်တွေ ပိုများများပေးမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ  ပြည်ဝင်ခွင့် သက်တမ်းကိုလည်း ၁ နှစ်ကနေ ၁၀ နှစ်အထိ တိုးပေးမှာဖြစ်တဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ မူဝါဒသစ်ကို သမ္မတ Obama ကြေညာသွားပါတယ်။ ဒီ visa ၁၀ နှစ်ပေးတယ်ဆိုတာဟာ အမေရိကန်ဥပဒေမှာ သက်တမ်းအရှည်ဆုံးပေးတဲ့ visa ဖြစ်ပြီး ကျောင်းသားနဲ့ပညာရှင်ဖလှယ်ရေး visa တွေကိုတော့ ၁ နှစ်ကနေ ၅ နှစ်အထိ သက်တမ်းတိုးပေးလိုက်ပါတယ်။ ဒီသဘောတူညီမှုက နိုဝင်ဘာလ ၁၂ ရက်နေ့က စပြီး အကျူံးဝင်မှာ ဖြစ်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာတဖက်တချက် ၁၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွတ်မှုအတွက် အမေရိကန်ရဲ့ အစီအစဉ်ကိုလည်း အမေရိကန်သမ္မတက ထည့်ပြော သွားပါတယ်။ ဒီအစီအစဉ်မှာ တရုတ်ကိုချန်ထားပြီး အာရှဒေသ လွတ်လပ်စွာကုန်သွယ်ရေးနယ်မြေ ဖြစ်ပေါ်ဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုနဲ့ သွားပြီး အပြိုင်အဆိုင်ဖြစ်နေတာမို့လို့ ဒီအစီအစဉ်က အငြင်းပွားဖွယ်ဖြစ်နေတာပါ။

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ကို တနင်္လာနေ့မနက်မှာပဲ ရောက်ရှိသွားတာ ဖြစ်ပါတယ်။ သူက တရုတ် သမ္မတ Xi Jinping အပါအဝင် အာရှ-ပစိဖိတ်ဒေသခေါင်းဆောင်တွေနဲ့ ညစာစားသုံးမှာဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်တာကို ရှုစားမှာဖြစ်ပါတယ်။ မစ္စတာ အိုဘားမား ဟာ ဗုဒ္ဓဟူးနေ့ကျရင် တရုတ်နိုင်ငံကထွက်ခွာပြီး မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် G20 စက်မှုအင်အားကြီး နိုင်ငံ ၂၀ ရဲ့ အစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံမှာကျင်းပမယ့် အရှေ့အာရှ ထိပ်သီး ညီလာခံ နှစ်ခုကို မစ္စတာ အိုဘားမား တက်ရောက်မှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/obama-attend-dinner-of-xi-jinping-and-wife-set-for-apec-leaders-/2514616.html


ဦးအောင်သောင်းကို အမေရိကန်က နာမည်ပျက် စာရင်းသွင်းလိုက်တာကို ကန့်ကွက်ပေးဖို့ လွှတ်တော် ၂ ရပ်မှာ တင်သွင်းတဲ့ အရေးကြီးအဆိုမှာ သတင်းပေးသူ ပုဂ္ဂိုလ်တဦး တယောက်ကို အရေးယူဖို့ဆိုတဲ့ အသုံးအနှုန်းဟာ လွှတ်တော်မှာ တက်ရောက်နေတဲ့ တခြား ပါတီတွေကို ထိခိုက်ရာရောက်စေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

“ဦးအောင်သောင်းအပေါ် မမှန်တဲ့ သတင်းပေးတဲ့ ပုဂ္ဂိုလ်တွေအပေါ် အဖွဲ့အစည်းအပေါ် အရေးယူမှု ရှုတ်ချတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီအပေါ် သင့်တော်သလို ဆောင်ရွက်သွားမယ်ဆိုတဲ့ အဆိုမျိုးကို ထပ်ထည့်လိုက်တဲ့ အခါကျတော့ နောက်ဆက်တွဲ စကားလုံးဟာ လွှတ်တော်ထဲမှာ ရှိနေတဲ့ အဖွဲ့ချုပ် ခေါင်းဆောင်အပါအ၀င် ကျနော်တို့ အဖွဲ့ချုပ် ကိုယ်စားလှယ်အပါအ၀င် နိုင်ငံရေး ပါတီတွေ အပေါ်မှာ ထိခိုက်မှုတွေ ဖြစ်တဲ့အတွက် အသုံးအနှုန်းဟာ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဒီအပေါ်မှာ ဖြေရှင်းဖို့ အတွက်ကို အားလုံး ၀ိုင်းပူးပေါင်းပါဝင်ဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောတယ်ဆိုရင် ရန်ဘက်အသွင်လည်း မရောက်ဘူး” လို့ ဦးမင်းသူက ပြောပါတယ်။

အမေရိကန်က ဦးအောင်သောင်းကို နာမည်ပျက် စာရင်းထဲမှာ ထည့်သွင်း လိုက်တာကို ကန့်ကွက်ပေးဖို့နဲ့ သတင်းပေးသူတွေနဲ့ သတင်းပေးမှုတွေကို ရှုတ်ချပေးဖို့ အရေးကြီး အဆိုကို ကြံ့ခိုင်ရေးပါတီအမတ်တွေဖြစ်ကြတဲ့ ဦးတင်မောင်ဝင်းက ပြည်သူ့ လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး ဦးဝင်းသန်းက ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

အဆိုတင်သွင်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာ၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေ၊ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်ပေါ်စေဖို့ အမေရိကန်ရဲ့ ကြေညာချက်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ကာယကံရှင် ဦးအောင်သောင်းကတော့ အမေရိကန်က ဒီလိုလုပ်လိုက်တာဟာ သူ့ကို ထိခိုက်မှုမရှိနိုင်ဘဲ ပါတီကိုအားပျော့စေချင်လို့ လုပ်လိုက်တာလို့ ယူဆသလို အတိုက်အခံ ပါတီက ဒီလိုလုပ်ဖို့ တိုက်တွန်းတာ မဖြစ်နိုင်ဘူးလို့ လွှတ်တော်မှာ ပြောကြားသွားပါတယ်။

ဒီအဆိုကို ကန့်ကွက်သူမရှိဘဲ လွှတ်တော် ၂ ရပ်လုံးမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အန်အယ်လ်ဒီ အမတ်တွေအနေနဲ့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ချမှတ်ထားတဲ့ မူဝါဒကို ထိခိုက်နိုင်တဲ့အတွက် ဒီအဆိုကို လွှတ်တော်မှာ မကန့်ကွက်ခဲ့တာလို့ ဦးမင်းသူက ပြောပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/70467


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ နာယက တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက စီးပွားရေး ပိတ်ဆို့ အရေးယူမှု လုပ်တာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူတာဟာ NLD ပါတီနဲ့ အမေရိကန်အစိုးရတို့ ညှိနှိုင်းပြီး လုပ်ဆောင်ချက် ဖြစ်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့အပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်မှုမရှိကြောင်း ဒီနေ့ ပြောကြားလိုက်တာဖြစ်ပါတယ်။

"ကျမတို့က ဒီကိစ္စနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် သူတို့လုပ်ပြီးမှသိတာ၊ ကျမတို့နဲ့ တိုင်ပင်ပြီးတော့လုပ်တာမဟုတ်ဘူး၊ နောက်ပြီးဒီလိုဟာမျိုးတွေဟာ ရှေ့မှာဆက်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးအတွက် သွားဖို့လုပ်နေတဲ့အချိန်မှာ နောက်ကြောင်းပြန်တာတွေကို ကျမတို့ကသိပ်ပြီးစိတ်မပါဘူး၊ ဘယ်သူ့ကိုမှအကျိုးမပြုဘူး၊ အခုအချိန်မှ ငြိမ်းချမ်းရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင် တချိန်တခါတုန်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အဖွဲ့တွေတောင်မှ အဆင်ပြေအောင်လုပ်နေတဲ့အချိန်မှာ ဒီဟာတွေလုပ်တာဟာ နိုင်ငံကိုဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ အဲ့ဒါပဲကြည့်ရမယ်၊ ဒါက NLD နဲ့ လုံးဝမဆိုင်ဘူး၊ ကျမတို့ကလည်း မသိဘူး၊ သူတို့ထုတ်ပြန်ပြီးမှပဲ ကျမတို့သိတာ၊ ကျမအစကတည်းကပြောပြီးပြီလေ၊ ကလဲ့စားချေဖို့ စိတ်ထဲမှာမရှိခဲ့ဘူး၊ ကလဲ့စားချေဖို့က အဓိကမဟုတ်ဘူး၊ ရင်ကြားစေ့ဖို့က အဓိက"

ဦးအောင်သောင်းကလည်း သူ့အပေါ် စီးပွားရေးပိတ်ဆို့အရေးယူအောင် သတင်းပေးတိုင်ကြားတာဟာ ပြိုင်ဘက်နိုင်ငံရေးပါတီတွေက မဖြစ်နိုင်ကြောင်း ပြောပါတယ်။

အမေရိကန်အစိုးရက ဦးအောင်သောင်းကို မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ နှောင့်ယှက်ဖျက်ဆီးနေသူဖြစ်တဲ့အတွက် အထူးပစ်မှတ်ထား ကန့်သတ်ပိတ်ဆို့ အရေးယူတဲ့စာရင်းထဲမှာ ထည့်သွင်းခဲ့တာဖြစ်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကထုတ်တဲ့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလိုအရေးယူချက်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် လိုက်ပြီး၊ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်လုပ်ငန်းကုမ္ပဏီတွေကိုလည်း ဦးအောင်သောင်းနဲ့ စီးပွားရေးလုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ပ ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးက စီးပွားရေးပိတ်ဆို့ တားမြစ် အရေးယူတဲ့ နာမည်ပျက် စာရင်းမှာ ထည့်သွင်း ကြေညာတာကို ကန့်ကွက်ကြောင်းနဲ့ အရေးယူမှု ဖြစ်အောင် ဖန်တီးသူတွေကို ရှုတ်ချကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်က ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဦးအောင်သောင်းအပေါ် ပိတ်ဆို့အရေးယူတာဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ထိခိုက်မှုတွေမဖြစ်အောင် အမေရိကန်အစိုးရရဲ့ အရေးယူမှုကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အခုလိုဖတ်ပြခဲ့ပါတယ်။

"ဦးအောင်သောင်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွဲ့ဖြိုးတိုးတက်ရေးဖွဲ့ဖြိုး တာဝန်ထမ်းဆောင်နေချိန်ဖြစ်သကဲ့သို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပါတယ်၊ လွှတ်တော်အသီးသီးနှင့် လွှတ်တော်ကော်မတီများ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ လွှတ်တော်အသီးသီးမှ အလေးအနက်ထား ဆောင်ရွက်လျှက်ရှိသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုးတက်ကောင်းမွန်လျှက်ရှိသည့် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကိုလည်းကောင်း၊ မလိုလားအပ်သောထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုလွှတ်တော်သည် သတင်းထုတ်ပြန်ချက်ကို ကန့်ကွက်ပါကြောင်နဲ့ ဒီလိုဖြစ်ရပ်မျိုးအပေါ် ဖန်တီးလုပ်ကိုင်သူများနဲ့ လုပ်ဆောင်မှုများကို ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်"

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းနဲ့ ဦးဝင်းသန်းက အမေရိကန်အစိုးရရဲ့ အရေးယူမှုကို ကန့်ကွက်ပေးဖို့နဲ့ သတင်းပေးသူတွေကို ရှုတ်ချဖို့ အရေးကြီးအဆိုတွေ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဆိုတွေကိုလွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေက အတည်ပြုပြီး ကြေညာချက်ထုတ်ခဲ့တာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


မွန်ပြည်နယ်ထဲမှာ ဖောက်ခွဲရေးသမား၎ ဦးနဲ့ ပတ်သက်တဲ့ သတင်းရရင် ပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြားဖို့ ရဲတပ်ဖွဲ့က ညွန်ကြားထားတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်လင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဖောက်ခွဲရေးသမားတွေကို ဧည့်စာရင်းစစ်ရာမှာဖြစ်ဖြစ် လာရောက်တည်း ခိုတာဖြစ်ဖြစ် တွေ့ရင် သတင်းပေးကြဖို့ မြို့နယ်တွေနဲ့ ရပ်ကွက်အဆင့်  အုပ်ချုပ်ရေး အာဏာပိုင်တွေအထိ အသိပေးချပြ ထားတာလို့လည်း ပြောပါတယ်။

အလားတူ ပဲခူးတိုင်းအတွင်းမှာလည်း သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့တကွ အသိပေးကြေညာထားပါတယ်။

ဖြူးမြို့နယ်ရဲစခန်းက ဒုရဲမှူး စံလှက “အပေါ်ကနေ လာတဲ့သတင်းပါ ပုံတွေနဲ့ပဲ ကျနော်တို့ကို ပေးတာလေ အရေးယူဆောင်ရွက်ဖို့ပေါ့။ လောလောဆယ် ပဲခူးတိုင်းထဲမှာ  ကျနော်တို့ မြို့နယ်အတွင်းမှာတော့ ဖြန့်ထားတာပေါ့။ ကျန်တဲ့နေရာတွေမှာလည်း သတင်း ဘာညာ ချပြပြီးသားပါ။ ဒီလူတွေက ကျနော်တို့ဆီကို ၀င်လာတယ်ပေါ့ဗျာ။ ဒါကြောင့်မို့လို့ ကိုယ့်နယ်မြေထဲမှာ ရောက်လာရင် စစ်ဆေးပြီး ဆောင်ရွက်ဖို့ပါ။ သတင်းသေသေချာချာ ဂယနဏတော့ အဲဒီလောက်ထိ မရှိပါဘူး။ ကျနော်တို့ကို နာမည်တွေနဲ့ချပြထားတာ”လို့ ပြောပါတယ်။

ဒီ သံသယဖြစ်ဖွယ် ၄ ဦးရဲ့ ဇာတိ၊  ရည်ရွယ်ချက်နဲ့ ဒီလိုဖောက်ခွဲရေးသမားအဖြစ် ထုတ်ပြန်ရဖို့ လုံလောက်တဲ့အထောက်အထားရှိ၊ မရှိမေးမြန်းရာမှာ မသိရှိကြောင်းနဲ့ အထက်အမိန့်အရ ဆောင်ရွက်တာလို့ သူက ဖြေဆိုပါတယ်။

ဓာတ်ပုံနဲ့တကွ သတင်းပေးဖို့ ရဲတပ်ဖွဲ့ရဲ့ကြေညာချက်မှာ အာရ်အက်စ်အို ဖောက်ခွဲရေးသမား ၄ ဦးဆိုပြီး ရောင်စုံဓာတ်ပုံ ၄ ပုံနဲ့ ဖော်ပြပါတယ်။ အာရ်အက်စ်အို အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်က ရှိခဲ့တဲ့ (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့)ရဲ့ အတိုကောက်နာမည်ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ (အာအက်စ်အို)အဖွဲ့ဝင် သန်းဝင်း၊ အိုစမာ (ခ)ဒါဝတ်၊ အာဇက်(ခ)အမင်းနဲ့ အီစမိုင် (ခ) ဇော်ဝင်း ဖောက်ခွဲရေးသမား ၄ ဦးကို တွေ့ရှိရင် အကြောင်းကြားဖို့ နယ်မြေခံရဲတပ်ဖွဲ့တွေက ဓာတ်ပုံတွေနဲ့တကွ ကြေညာထားတာပါ။

မွန်ပြည်နယ် ဒိုင်းဝန်းကွင်းနယ်မြေရဲစခန်းကို ဆက်သွယ် မေးမြန်းရာမှာ ဒုရဲအုပ် သိန်းမြင့်ထွန်းက အာရ်အက်စ်အိုအဖွဲ့ဆိုတာ မသိကြောင်း၊ အဆိုပါ ၄ ဦးကို သူတို့ထံ လာအပ်မယ်ဆိုရင်တော့ အထက်အမိန့် ညွှန်ကြားချက်အတိုင်း လုပ်မှာဖြစ်ကြောင်း ဖြေပါတယ်။

ဓာတ်ပုံမှာ အစ္စလာမ္မစ်စစ်သွေးကြွဆိုတဲ့ စာသားနဲ့ ဖော်ပြထားပြီး မွတ်စလင်လူငယ် ၄ ဦးပုံကို ဖော်ပြထားတဲ့အတွက် ဘာသာမတူသူ ပြည်သူတွေအကြား ယုံထင်ကြောင်ထင် ဖြစ်မှာ မစိုးရိမ်ဘူးလားလို့ မေးတဲ့အခါမှာတော့ သူက  “ဟုတ်ပါတယ်ဗျာ ကျနော်တို့လည်း အဲဒါကိုပဲ ကျနော်တို့အကုန်လုံးတော့ လုပ်တော့ လုပ်နေပါတယ်။ အခုလို ဖုန်းနဲ့မေးရင်တော့ ဖြေကြားလို့တော့ မရပါဘူး”လို့ ဖြေပါတယ်။

ဒီ ၄ ဦးကို ရဲတပ်ဖွဲ့က အကြောင်းကြားဖို့ သတိပေးစာ ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြောခွင့်ရ ရဲမှူးချုပ် ဦးဝင်းခေါင်ကို ဆက်သွယ် ပေးမယ့် မရသေးပါဘူး။

အမေရိကန်သမ္မတ အပါအ၀င် ဒေသတွင်းနဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တက်ရောက် မယ့် နေပြည်တော် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် ရက်ပိုင်းအလိုမှာ ခုလို အကြမ်းဖက်သမားတွေ ၀င်ရောက်လာတဲ့အကြောင်း သတိပေးကြေညာချက်တွေ ထုတ်ထားတာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70433

အင်း၊ ဘာလိုလိုနဲ့တစ်ပွဲတော့ အားလုံး ထင်ထားသလိုပဲ အဆုံးသတ်လို့ ပြီးသွားခဲ့ ပြန်ပြီ။ ဘာပွဲလဲဆိုတော့ “နိုင်ငံရေးရာဆွေးနွေးပွဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံထိပ်သီးကြီးများ တွေ့ ဆုံပွဲအဖြစ် အစိုးရက စီစဉ်ခဲ့တာကို ပြောတာပါ။ လေးပွင့်ဆိုင်တွေ့ပါတွေ့ပါလို့ အားလုံးက တောင်းဆိုနေကြတဲ့ကြားက လေးပွင့်ဆိုင်ရုံ မကဘူး၊ ကိုးပွင့်ဆိုင်တောင် တွေ့မယ်လို့ ဆို ပြန်တော့ “ဘုန်းကြီးကပ်ဖို့ စတုမဓုကြိုပါ” ဆိုမှ စေတနာပိုပြီး ထည့်နေကျလေးမျိုးအပြင် “လစ်ပိုရယ်၊ အေဘီစီစတောက်ရယ်၊ ဝီစကီ ရယ်၊ ဘီယာရယ်၊ ဆိုဒါရယ်၊” နောက်ထပ် ငါးမျိုးထပ်ထည့်လိုက်လို့ ဘုန်းကြီးကပ်မရတဲ့ အဖြစ်နဲ့ တူနေမလားမဆိုနိုင်ဘူး။ နောက်ဆုံး တော့လည်း ကိုးပွင့်ဆိုင်ကို ထပ်ပြီးဓာတ်ခွဲ လိုက်ပြီးတော့ နိုင်ငံရေးအင်အားစုငါးခု တွေ့ တဲ့ပွဲပါလို့ ဆိုပြန်တယ်။ အစိုးရရယ်၊ ဥပဒေ ပြုအဖွဲ့ရယ်၊ တပ်မတော်ရယ်၊ ပါတီများရယ်၊ ကော်မရှင်ရယ်တဲ့ဗျာ။ ဒါကတော့ အသင်း ပေါင်းစုံက အသင်းခေါင်းဆောင်တွေချည်း စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအသင်းကတစ်ဖက်၊ မဟာမိတ် လက်ရွေးစင် ကလပ်အသင်းကြီး လေးသင်းက တစ်ဖက် ကန်တဲ့ဘောလုံးပွဲ နဲ့တူမလား မသိဘူးနော်။

အဲဒီအထဲမှာ ပါတီကိုယ်စားပြု ဖိတ်ကြား ခံရတဲ့ ခေါင်းဆောင်များခမျာ ဖိတ်စာကပ်ရတဲ့ အတွက် သက်ဆိုင်ရာ ပါတီခေါင်းဆောင်များ၊ ဗဟိုကော်မတီများနဲ့လည်း ညှိနှိုင်းခွင့်မရခဲ့ ဘူးလို့ ဆိုပါတယ်။ တကယ်တော့ ဆွေးနွေး တော့လည်း တစ်ယောက်မှ ဆယ်မိနစ်ပဲပြော ခွင့်ရတာဆိုတော့ သိပ်တော့မထူးလှပါဘူးလို့ ဆိုရပါမယ်။ ဒီဆွေးနွေးပွဲကြီး နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက တောင်းခဲ့တဲ့ လေးပွင့်ဆိုင်အစား အခုလို ကိုးပွင့်ဆိုင်ခေါ် ခေါ် ငါးဖွဲ့ဆုံခေါ်ခေါ်၊ အဲဒီလိုဆုံစည်းပွဲကြီး လုပ်ပြတာကတော့ မရိုးသားဘူးဆိုပြီး ဝေဖန် ကြတာလည်းရှိပါတယ်။ မကြာခင် အမေရိကန် သမ္မတကြီး အိုဘားမားလာတော့မှာမို့ “ဖော်ရှိုး” လုပ်ပြတာလို့လည်း ဆိုကြသဗျ။ အိုဘားမား က ဒီအတောအတွင်း သမ္မတကြီးဆီရော၊ ဒေါ်အောင်ဆန်းစုကြည်ဆီပါ ဖုန်းတွေ ဘာတွေ ဆက်ခဲ့သေးတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားတာကလည်း ရှိတာကိုး။ အိုဘားမားခမျာ မြန်မာပြည်က ချိတ်လုံချည်ဝတ် ခေါင်းဆောင်ကြီး နှစ်ဦးထံ အဝေးကနေ ဖုန်းလှမ်း “ချိတ်” ကြည့်ရာမှာ ဘာတွေပြောတယ်ဆိုတာတော့ အသေးစိတ် မသိနိုင်ဘူးပေါ့။ မြန်မာ ပြည်ကို မဆက်စဖူး ဖုန်းဆက်ရာမှာ “ဧရိယာ ပြင်ပနဲ့ပဲ” တွေ့လား၊ “လူကြီးမင်း” နဲ့ပဲ ကတ်ကုန် သွားတာလား၊ ဒါမှမဟုတ် “ကြားလား ကြား လား” အော်ရင်း လိပ်ခေါင်းထွက်သွားရှာသလား တစ်ခုခုဖြစ်ခဲ့မှာကိုတော့ စိတ်ပူမိပါ သဗျာ။

ဘာပဲဖြစ်ဖြစ် သမ္မတရုံးပြောခွင့်ရနဲ့ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ အိုဘားမား အလာ ရုပ်ပြကောင်းအောင် ဒီငါးဖွဲ့ဆုံဆို တာကြီးကို လုပ်တာလားဆိုတဲ့ ဧရာဝတီသ တင်းဌာနရဲ့အမေးကို သမ္မတကြီးက နိုင်ငံနဲ့ ပြည်သူ အတွက် လိုအပ်တဲ့ဒီမိုကရေစီအတွက်ပဲ လုပ်တယ်။ ဘယ်သူ့ခရီးစဉ်ကြောင့်၊ ဘယ်သူ့ ကိုမျက်နှာရဖို့ဆိုတာမျိုး ဘယ်တော့မှ မလုပ် ဘူးဆိုတာမျိုး ဖြေတာကြားလိုက်ရသဗျ။ ဒါ တော့ မှန်ပါသဗျာ။ ၁၉၆၂ ကနေ ဒီနေ့အထိ ဘောင်းဘီဝတ်သူ၊ ချွတ်သူ၊ ခေါင်းပေါင်းပေါင်း သူ၊ ဦးထုပ်ဆောင်းသူ၊ သေနတ်နဲ့ချိန်ပြီး ဇွတ် တက်လာသူ၊ ဘယ်ဘက်လက်က အာဏာ ညာဘက်ကိုလွှဲခဲ့သူ၊ (ကိုရီးယားဇာတ်ကား လေသံနဲ့ပြောရရင်) ဘိုကင်လုပ်ထားတဲ့ ကြို တင်ဗုတ်(VOTE) နဲ့ ဇွတ်တက်ထိုင်ပြီး အိုင် တင်ထုတ်သူ စသည်စသည် အဲဒီလိုလူတွေ ဘယ်သူဖြစ်ဖြစ် နိုင်ငံတကာက ဘာပြောပြော၊ ပြည်သူက ဘာဆိုဆို ဘယ်လိုမှ သဘောမ ထား မကြားသလို မသိသလို နေတတ်တဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်သူများ ပေကိုး ဗျ။ ဒီတော့ ဒီပုဂ္ဂိုလ်ကြီးပြောတာ မှန်ပုံပေါ်ပါ တယ်။ ဒီလိုမျက်နှာသာရဖို့တော့ ထည့်စဉ်း စားမယ့်ပုံ မပေါ်ပါဘူးဗျာ။

တကယ်တော့လည်း အိုဘားမားထက် နီးကပ်ပြီး အိုဘားမားထက် ပိုဂရုစိုက်ရမှာ ဖြစ်တဲ့ တစ်လတစ်ခါ မိဘပြည်သူများလို့ခေါ် နေရသူများရဲ့ တောင်းဆိုချက်တို့၊ သဘော ထားတို့၊ အမြင်တို့ကိုတောင် သိပ်ထည့်စဉ်းစားတဲ့ အကျင့်ရှိတာမှ မဟုတ်တာ။ ကိုလိုနီနယ်ချဲ့အစိုးရလို့ သမိုင်းတွင်တဲ့ ကျူးကျော် စော်ကား ရေမြေခြားသူတွေ အုပ်ချုပ်စဉ်ကတောင် Public Opinion လို့ခေါ်တဲ့ အများ ပြည်သူသဘောထားကို အတော်လေး ဂရုစိုက်ခဲ့သဗျ။ ဘုရားပေါ်ဖိနပ် မစီးရတာဆိုတဲ့တောင်း ဆိုချက်မျိုးကိုကအစ နောက်ဆုံးမှာ လိုက်လျောခဲ့တာဟာ အများပြည်သူရဲ့ သဘော ထားကို အလေးထားလို့ပါပဲ။ အမျိုးသားရေး လှုပ်ရှားမှုတွေကိုလည်း တိုက်ရိုက်ဖိနှိပ်တိုက် ခိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ ဥပမာ ပင်နီဝတ်ရုံ နဲ့တော့ အဖမ်း မခံရနိုင်သေးဘူးဆိုတာမျိုးပေါ့။ ပင်နီဝတ်တာနဲ့ အဖမ်းခံရရုံမက ထောင်ပါကျ တတ်တာက ရှိဖူးပေမယ့် အင်္ဂလိပ်ခေတ်က တော့ မဟုတ်တာ သေချာတယ်လေ။ ဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်းကို အများပြည်သူက ချစ်ခင်မြတ်နိုးပြီး ပြည်သူကို ကိုယ်စားပြုတယ် ဆိုတာကို သူတို့သဘောပေါက်တယ်။ ဒါ ကြောင့် ဗိုလ်ချုပ်နဲ့ တကယ်ဆွေးနွေးပြီး ဘာ ဆက်လုပ်သင့်တယ်ဆိုတာ အဖြေရှာတယ်။ ဗိုလ်ချုပ်ကို ဟန်ပြဆွေးနွေးပြီး ပြည်သူကိုလှည့် စားချွေးသိပ်တာမျိုး ယုတ်မာကောက်ကျစ်တဲ့ နယ်ချဲ့စစ်ဘီလူးတွေလို့ တံဆိပ်ကပ်ခံရသူ ကြီးများကတောင် လုပ်မသွားရှာခဲ့ပါဘူး။

အခု ဆွေးနွေးပွဲဟာ အများတောင်းဆို နေတဲ့ လေးပွင့်ဆိုင် မဟုတ်တဲ့ပြင် နောင်ကို လေးပွင့်ဆိုင်ဆိုတာမျိုးလည်း လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အရိပ်လက္ခဏာ ပြလိုက်သလို တောင် ခံစားရပါတယ်။ လေးပွင့်ဆိုင်နဲ့ပတ် သက်ပြီး ဦးရဲထွဋ်က အခြေခံဥပဒေပြင်ဆင် ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က လေး ပွင့်ဆိုင်တွေ့ဖို့ တောင်းဆိုတာမို့ လွှတ်တော်ထဲ မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီက ဆောင် ရွက်နေတာမို့ အဲဒီကော်မတီကို ထည့်စဉ်းစား ဖို့လိုတယ်၊ ဒီလေးယောက်တည်းနဲ့ မလုပ်သင့် ဘူးလို့ ပြောခဲ့တာရှိပါတယ်လို့ အခုထပ်ပြော တာကိုလည်း ကြားရပါတယ်။ အမှန်တော့ လေးပွင့်ဆိုင်တွေ့ပြီဆိုတာနဲ့ ဒီလေးဦးတည်း ဆုံးဖြတ်ပြီး လုပ်ချင်ရာလုပ်စို့ဆိုတဲ့ သဘော မှ မဟုတ်တာပဲ။ ဒီလေးဦး ဆွေးနွေးတာနဲ့ပဲ လွှတ်တော်ထဲက အခြေခံဥပဒေပြင်မယ့် ကော်မတီကို “ဒုန့်ကဲ” လုပ်လိုက်တာပဲဆိုတဲ့ သဘော မဟုတ်တဲ့အပြင် ဒီကော်မတီကို ပြည်သူ့ဆန္ဒ နဲ့ နီးစပ်သွားအောင်၊ အမှန်တရားကို ပီပီပြင်ပြင် ပိုဖော်ဆောင်နိုင်အောင် ဝိုင်းကူညီနိုင်ကြမှာ ပါ။ ပြီးတော့ ဒီလေးယောက်တည်းနဲ့ လုပ်ကြ မယ်ဆိုတာလည်း ဘယ်ဟုတ်ပါ့မလဲ။ လေးဦး ဆွေးနွေးတယ် ဆိုပေမယ့် ဘယ်ကိစ္စကိုမှ လေး ဦးတည်းလုပ်ချင်ရာလုပ်လို့ ရသွားတဲ့သဘော တော့ မဟုတ်ပါဘူး။

တောင်အာဖရိကမှာ မင်ဒဲလားနဲ့ ဒီကလပ် နဲ့ဆွေးနွေးလို့ အားလုံးအဆင်ပြေသွားတယ် ဆိုပေမယ့် သူတို့နှစ်ယောက်တည်း လုပ်ချင်ရာ လုပ်ပြီး ကျန်ဘယ်သူကိုမှ ထည့်မစဉ်းစား တာမဟုတ်ဘဲ သူတို့နှစ်ယောက်က အများ အတွက် အကောင်းဆုံးဖြစ်အောင် ဝိုင်းစဉ်း စားပြီး ဆုံးဖြတ်ကြတာပါ။ အများကိုကိုယ်စား ပြုတဲ့ အဆုံးအဖြတ်တွေမို့ အားလုံးကလည်း လက်ခံကျေနပ်ခဲ့ကြတာပါ။ ဒီလိုစဉ်းစားဆုံး ဖြတ်ရာမှာ အများစုက လက်ခံကျေနပ်ပေမယ့် အနည်းစု မကျေနပ်မှုကလည်း ရှိနေမှာပါပဲ။ ဥပမာ သမ္မတဟောင်းဘိုသာရဲ့ အုပ်စုဆိုရင် ဒီကလပ်လုပ်သမျှ အားလုံးကန့်ကွက်ခဲ့တာ ပါပဲ။ လူတိုင်းကျေနပ်ဖို့ မဖြစ်နိုင်ပေမယ့် အများစု ကြီးအတွက် အဆင်ပြေအောင် စဉ်းစားနိုင်ရင် နိုင်ငံမှာ တကယ့်ကို နိုင်ငံရေးတည်ငြိမ်မှုအစစ် ရပြီး ဒီအကျိုးကျေးဇူးကို ကိုယ်နဲ့ကိုယ့်သား စဉ်မြေးဆက် လူတိုင်းခံစားကြရမှာပါ။

တကယ်တော့ ငါးဖွဲ့ဆုံဆွေးနွေးပွဲကြီး ဟာ ဘာမှ မည်မည်ရရအဖြေမထွက်ဘဲ ပြီး သွားမယ်၊ တကယ်လည်း လေးနက်တဲ့ရည် ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘဲ ရေရှည် အားလုံး ကောင်းဖို့ထက် ရေတိုဆေးမြီးတိုတစ်လက် အဖြစ် ဖော်စပ် အသုံးချတာဆိုတာ ဆွေးနွေးပွဲ မစခင်ကတည်းက သိကြပြီးသားပါပဲ။ ဒါပေမဲ့ လည်း မျှော်လင့်ခြင်းနဲ့ အသက်ရှင်တယ်ဆိုတဲ့ လူ့သဘာဝအတိုင်း မျှော်တော့မျှော်မိကြတာ ပါပဲ။ ဒီနေရာမှာ မြန်မာပြည်သိန်းစန် အဲ လေ၊ (ပြောရင်းနဲ့ ပေါက်ဖော်ကြီးလေသံဖြစ် သွား လို့) မြန်မာပြည်သိန်းတန်ရဲ့ “မျှော်သာမျှော် သည် မယုံကြည်” သီချင်းစာသားအတိုင်းပါ ပဲ။ ဒါကြောင့် မယုံကြည်သလိုဘဲ ဘာမှဖြစ်မ လာတော့လည်း ထူးထူးခြားခြား အံ့ဩစရာ မရှိဖြစ်ရတာပါပဲ။

ဒီလိုဖြစ်တဲ့အခါ အရင်ကဖြစ်ဖူးခဲ့တဲ့ “မျှော် သာမျှော်သည် မယုံကြည်” များစွာကိုပြန်သတိ ရမိပါတယ်။ ဟိုငယ်စဉ်က ဖြစ်ခဲ့တာတွေကို အသာထားပြီး ၁၉၈၈ ခု ဒီမိုကရေစီအရေး အခင်းမှာ လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန် သပိတ်မှောက်ခဲ့တဲ့အဖြစ်ကစပြီး တွေး လိုက်မိတာပါ။ အဲဒီကာလက နိုင်ငံခြားရောက် သံအမှုထမ်းတွေ၊ ပြည်ပရောက် ကြယ်ငါးပွင့် သင်္ဘောသားတွေကအစ၊ ပြည်သူ့ရဲတပ်ဖွဲ့တစ် ခုလုံးနဲ့ တပ်မတော်သားတချို့၊ တပ်အရာရှိတချို့ တို့အလယ်နဲ့ အလှပြင်မာမီများသမဂ္ဂတို့၊ အိမ် ရှင်မများတို့အဆုံး ပြည်သူနဲ့လက်တွဲပြီး ကြား ဖြတ်အစိုးရကိုတောင်းဆိုခဲ့ကြတဲ့တိုင် ယန္တရား ရပ်နေတာကို ရက် ၂၀၊ အစိတ်အထိ ပေကပ် ပြီး ထွက်မပေးတဲ့အစိုးရဟာ ကျွန်တော်တို့ကို “မျှော်သာမျှော်သည် မယုံကြည်” ဝေဒနာကို ပေးခဲ့တာပါပဲ။ ထင်တဲ့အတိုင်းပဲ၊ ရက်ရက်စက် စက် သတ်ဖြတ်နှိမ်နင်းပြီး အာဏာသိမ်းခဲ့ တယ်။

တစ်ခါ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြန် တော့ ရွေးကောက်ပွဲအကြိုကာလမှာ အတိုက် အခံတွေကို နည်းမျိုးစုံနဲ့ဖိနှိပ်ပြီး ဆန့်ကျင်တဲ့ စကားတစ်ခွန်းမှ ထွက်လို့မရအောင်လုပ်ထား တဲ့အနေအထားမှာ လုပ်ခဲ့တဲ့ ၁၉၉၀ ရွေး ကောက်ပွဲဟာလည်း “မျှော်သာမျှော်သည် မယုံကြည်” ဖြစ်ခဲ့ရပါတယ်။ ဒီရွေးကောက်ပွဲ မတိုင်ခင်က ကျွန်တော်ဟာ အန်အယ်ဒီပါတီ မှာ တာဝန်ရှိသူတစ်ဦးဖြစ်ခဲ့ပြီး အဲဒီကာလ မှာပဲ ကျွန်တော့်အမေရဲ့ဇာတိ ထီးချိုင့်မြို့က လေးကို ကျွန်တော်ရောက် သွားခဲ့ပါတယ်။ အမေညီမအငယ်ဆုံးပေမယ့် အစ်မအရွယ်မို့ မစိုး လို့ ကျွန်တော်ကခေါ်တဲ့ ဒေါ်တင်စိုးဆိုတဲ့ အ ဒေါ်က “ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီနိုင် နိုင်ပါ့မလား” လို့ မေးခဲ့ပါတယ်။ ကျွန်တော်က “ဘယ်နိုင်ပါ့မလဲ၊ သူတို့ အခုတောင် ဒီလောက် ညစ်ပတ်နေတာ၊ ရွေးကောက်ပွဲကို ဘယ်လို လုပ် မှန်မှန်ကန်ကန်လုပ်ပေးမှာလဲ၊ ညစ်ဦး မှာပဲ” လို့ပြောမိတယ်။ ကျွန်တော့်အဒေါ်က တကယ်လို့များ မှန်မှန်ကန်ကန် လုပ်ပေးလို့ နိုင်သွားရင်ကောလို့ မေးပါတယ်။ ကျွန်တော် က အဲဒီလိုဆိုလည်း သူတို့ဘယ်အာဏာလွှဲ မလဲ၊ အခြေခံဥပဒေဆွဲရဦးမယ်လို့ ညစ်ဦးမှာ ပဲလို့ ပြောခဲ့ပါတယ်။ အဲဒါ ၁၉၉၀ ခု မတ်လ လောက်မှာ ကျွန်တော်ပြောခဲ့တာပါ။ ကျွန်တော် အဒေါ်က “အမလေး၊ တော်ပါတော့၊ ဒါများ ဘာလို့လုပ်နေကြသေးလဲဟယ်” လို့ ပြော ပါတယ်။ ကျွန်တော်က ဘာပဲဖြစ်ဖြစ် ကိုယ့် သမိုင်းကိုတော့ကျေအောင် လုပ်သင့်တာတွေ ဆက်လုပ်ရမှာပဲလို့ ပြောခဲ့မိပါတယ်။ နောင် ရွေးကောက်ပွဲနိုင်တော့ ကျွန်တော်ပြောသလို အတိအကျဖြစ်ခဲ့တာပါပဲ။

နောင်တော့ အမျိုးသားညီလာခံ လုပ် တော့လည်း ဒီလိုပုံဖြစ်မယ်ဆိုတာသိပြီးသားမို့ ဘ၀တွေနဲ့ရင်းပြီး ထောင်ကျခံ ကန့်ကွက်ခဲ့ ကြတာပါပဲ။ ဒီကြားထဲမှာ ဒေါ်စုနဲ့ မကြာခဏ တွေ့၊ စာမျက်နှာသစ်တွေ ဖွင့်ပါပြီဆိုလိုဆို၊ အချိန်အမျိုးမျိုးဆွဲ လာရင်း အခြေခံဥပဒေ ဆန္ဒခံယူပွဲကို နာဂစ်ကာလကြီးမှာ ဇွတ်လုပ် တော့ ကန့်ကွက်မဲထည့်ကြ၊ နိုးဗုတ်တို့ ဗုတ်နိုး တို့ လုပ်ကြ စသဖြင့် ဘယ်လိုကြိုးစားပေမယ့် နောက်ဆုံး မည်းလည်းဖြူ၊ ဖြူလည်းဖြူဆိုတဲ့ အဖေကြီးချခဲ့ဖူးတဲ့ နည်းလမ်းအတိုင်း ထောက် ခံမဲ ၉၈ ရာနှုန်းတို့ဘာတို့ ဖြစ်သွားတာပဲလေ။ ဒါကလည်း ဒီလိုဖြစ်မယ်မှန်းမသိဘဲ ဖြစ်ခဲ့ တာမှမဟုတ်တာ။ တစ်ခါ ၂၀၁၀ ရွေးကောက် ပွဲကျတော့လည်း မဲမပေးသူလည်း မပေး တာပဲရှိပြီး ကြိုတင်မဲစာရင်းထဲ ရောက်သွား ခဲ့တာပါပဲ။ ဒီလိုဖြစ်မယ်ဆိုတာသိလို့ နိုင်ငံတ ကာ လေ့လာရေးအဖွဲ့တွေထားဖို့တို့၊ ကုလ သမဂ္ဂက ကြီးကြပ်ပြီးလုပ်ပေးဖို့တို့ မပြောခဲ့ဘဲ နေခဲ့ကြတာမှ မဟုတ်တာ။ အားလုံးခြုံပြော ရရင် အဓိကကတော့ ကျွန်တော်တို့တစ်တွေ ဟာ တစ်ခါမှ မိုက်မိုက်ကန်းကန်းယုံပြီး အ လိမ်ခံရတာမျိုး မရှိခဲ့ပါဘူး။ သိသိကြီးနဲ့ “မျှော် သာမျှော်သည် မယုံကြည်” ဘ၀နဲ့ ခံရတာ ချည်းပါပဲ။

ဒါကြောင့် အခုဆွေးနွေးပွဲကြီးမှာ ထမင်း တူတူစား၊ စားကောင်းလား၊ နေကောင်းလား တို့မေးပြီး တူတာတွဲလုပ်၊ မတူတာခွဲလုပ်ပေါ့ နော်ဆိုတာတို့လောက်နဲ့ ပြီးသွားတာဟာ အစ ကတည်းက မျှော်သာမျှော်သည်မယုံကြည်မို့ ဘာမှအံ့ဩစရာ မဟုတ်ပေမယ့် ဝမ်းနည်းစရာ ကောင်းလှပါတယ်။ စိတ်ရင်းစေတနာ မမှန် ရင် ဘယ်လိုစကားလုံးလှလှတွေသုံးသုံး၊ အ ကျိုးမရှိ အလုပ်မဖြစ်ပါဘူး။ ဒီမိုကရေစီကို ချစ် တာလေးနက်တာချင်းတူရင်တော့ တူတာတွဲ လုပ်ဆိုတာမျိုး၊ မတူတာ ခွဲလုပ်ဆိုတာမျိုး ဖြစ်နိုင်ပေမဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအ ပေါ် လေးနက်တာ ချစ်တာ သိပ်ကွာခြားလွန်း နေရင် အဲဒီ လုပ်ထုံးလုပ်နည်းက အလုပ် မဖြစ်ပါဘူး။ တူတာတွဲလုပ်ဆိုရာမှာ တိုင်းပြည် ကိုချစ်တာချင်းတူရင် တစ်ဦးက အသုံးချသူ၊ တစ်ဦးကအသုံးချခံအဖြစ် တွဲလုပ်ရမှာလား။ မတူတာခွဲလုပ်ဆိုရင် လာဘ်ပေးလာဘ်ယူ ကိစ္စမှာ တစ်ပြားမှယူတာပေးတာ မကြိုက် သူက တစ်ပြားမှပေးလည်းမပေးနဲ့၊ ယူလည်း မယူနဲ့ဖြစ်ရပြီး ကြိုက်သူကကျတော့ ပေးစရာ ရှိလည်း သုံးသိန်း ပြည့်လုပြည့်ခင်လေးပေး လိုက်၊ ကိုယ်ယူစရာရှိလည်း အဲဒီလောက် ယူလိုက်၊ သုံးသိန်းမပြည့်တဲ့ဟာမျိုး လူများ များလက်ခံနိုင်အောင် ကြိုးစားလိုက် ဆိုတာ မျိုး ခွဲလုပ်ကြမှာလား စဉ်းစားစရာပါပဲ။

ဘာပဲဖြစ်ဖြစ် လေးသုံးခြောက် ပြင်ဆင် ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ပီအာကိစ္စ ကစပြီး ၂၀၁၅ ရွေးကောက်ပွဲ အထိ အများ ပြည်သူလူထုကြီးရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့ဆိုတာ “မျှော်သာမျှော်သည် မယုံကြည်” ဖြစ်နေဦးမှာ တော့ သေချာနေပါတယ်။ ဒီသီချင်းကိုဆက်ရ ရင် “ရင်မှာဝေဒနာ အပွင့်အခက်အဝါအနီ” လို့ ဆိုပါတယ်။ တာဝန်ရှိခေါင်းဆောင်များ အဖြစ် ပါဝင်ဆောင်ရွက်နေသူတွေထဲမှာ သူ လိုငါလို တန်းတူရည်တူဝင်ယှဉ်မပြိုင်ဘဲ “အပွင့် အခက်”တွေ အားကိုးနဲ့ ကုလားထိုင်ဝင်ထိုင် မယ့်သူတွေ၊ အကြွားတွေအဝါတွေ၊ မုသာ ဝါဒါတွေကို ကိုယ်စားပြုတဲ့ “အဝါ” တွေ၊ ထစ် ခနဲဆို သတ်ချင်ဖြတ်ချင် ရိုက်ချင်နှက်ချင် ဥပဒေမဲ့လုပ်ချင်တဲ့ ရက်စက်မှုကို ကိုယ်စားပြု တဲ့ “အနီ”တွေ ပတ်သက်မှုရှိနေသမျှတော့ ... ဟုတ်ကဲ့ ... ကျွန်တော်တို့တစ်တွေ “ရင်မှာ ဝေဒနာ အပွင့်အခက်အဝါအနီ” ဖြစ်နေ ဦးမှာပါပဲ ခင်ဗျား။

ရီနေနိုင်
The Ladies News Journal

မြန်မာနိုင်ငံကို စစ်အစိုးရတွေအုပ်ချုပ်ခဲ့တဲ့ ခေတ် အဆက်ဆက် မှာ ကျောင်းသား အရေး၊ သံဃာ့အရေးနဲ့ အလုပ်သမားအရေး၊ လူထု လူတန်းစား အရေးတွေရယ်လို့ ပေါ်ပေါက် လာပြီဆိုတိုင်း မဆိုင်းမတွ ကူညီပံ့ပိုး ခဲ့ကြတာ ရပ်ကွက်သူရပ်ကွက်သား ကျေးရွာသူကျေး ရွာသား မြို့သူမြို့သား၊ နယ်သူနယ်သား အခြေခံလူတန်းစား အများစုကြီးပဲဖြစ်ပါတယ်။ ခုလည်း အမျိုးသား ပညာရေးဥပဒေကိစ္စ အပါအဝင် ပညာရေးနဲ့ ကျောင်းသားရေးရာ ကိစ္စ မှန်သမျှ ဆွေးနွေးပွဲကြီးတစ်ခုကျင်းပဖို့အတွက် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသားတွေ ပါဝင်လာကြမယ်ဆိုတာ သိလိုက်ရလို့ ကျေနပ် အားရ မိပါတယ်။ အစည်းအဝေးကျင်းပ ရေးကော်မတီမှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂနဲ့ တက္ကသိုလ်ကျောင်းသား များသမဂ္ဂတို့က အဖွဲ့ဝင်တွေ ပါဝင်ကြမယ်လို့ သိရပါတယ်။

စစ်အစိုးရ တော်လှန်ရေးကောင်စီခေတ်ကစပြီး မြန်မာနိုင်ငံရဲ့ ပညာရေးဟာ ကျန်းမာရေး ကဏ္ဍနဲ့ ထပ်တူထပ်မျှ တစ်စထက်တစ်စ ကျဆင်းပြီး ကျဆင်း လာလိုက်တာ န .၀ .တ စစ်အစိုးရနဲ့ န .အ .ဖ စစ်အစိုး ရတွေ လက်ထက် အထိ အဖတ်ဆယ် လို့မရ တော့လောက်အောင် တတိတိနဲ့ ကျဆင်းပြီး ရင်း ကျဆင်း လာ လိုက်တာ ဒီနေ့အထိပါပဲ။ ဒါကို ဘယ်လို ဆယ်တင်ယူကြ မလဲ၊ ရှေ့ ဆက် ဘယ်လို အဖြေရှာကြမလဲ၊ အမျိုးသား ပညာရေးဥပဒေဆိုတာ ဘာတွေလဲ ၊ ကျောင်းသူကျောင်းသားတွေအတွက် ဒီဥပဒေတွေက ဘ၀ကို ဘယ်လို အဖြေ ရလဒ်တွေပေးနိုင် မလဲဆိုတာ ဆွေးနွေးကြတော့ မယ့် ကျောင်းသူကျောင်းသား အားလုံးရဲ့ အစည်းအဝေးကြီးလို့လည်း သိရပါတယ်။ ဒီအစည်းအဝေးကြီးဟာ အရေးပေါ်အစည်းအဝေးလို့သိရပြီး ရန်ကုန်အင်းစိန် ခဝဲခြံမျက်မမြင်ကျောင်းမှာ ၂ ရက်တိတိ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကျင်းပမယ့်ရက်ကတော့ နိုဝင်ဘာ ၁၂၊ ၂၀၁၄ နဲ့ နိုဝင်ဘာ ၁၃၊ ၂၀၁၄ ဖြစ် တယ် လို့ သိရပါတယ်။ စိတ်မကောင်းစရာကတော့ ဒီအစည်းအဝေးကျင်းပရန် ကုန်ကျမယ့်စရိတ်ငွေဟာ ကျောင်းသားထုလက်ထဲမှာ ပြည့်ပြည့်၀၀ မရှိကြသေး တာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အရေးကြီးလာတော့ သွေးနီးရာ ဆိုသလို ကျောင်းသူကျောင်းသားတွေဟာ လူစည်ကားရာ ရန်ကုန်ဧရိယာတချို့ က ဈေး၊ ပန်းခြံလို နေရာမျိုးတွေမှာ လှည့်လည်ပြီး အလှူခံသွားကြမယ်လို့လည်း သိရပါတယ်။

ဒီလိုအကြောင်းအရာ ခေါင်းစဉ်မျိုးဆိုရင် ရှေ့ကိုတိုးသထက်တိုးလာပြီး မရှိရှိတာ ပါသလောက် လှူလေ့လှူထရှိကြတဲ့ အခြေခံလူတန်းစား မိဘပြည်သူများ ရဲ့ ကျေးဇူး တရားကတော့ ကြီးမားပြီးရင်း ကြီးမားလျက်ပါ။ ကျောင်းသားကို လှူရင် ဖမ်းမှာကြောက်လို့၊ သံဃာကိုလှူရင် ဖမ်းမှာကြောက်လို့၊ အလုပ်သမား အရေးအခင်းမှာ ဝင်လှူလိုက်ရင် ဖမ်းမှာကြောက်လို့ဆိုတဲ့ မျက်မှောက်ခေတ် သူဌေးမင်း တချို့ကတော့ ငြိမ်ချက်သား ကောင်းလို့နေကြမှာပါ။

စစ်အစိုးရအဆက်ဆက် အဝင်အထွက်၊ အကပ်အရပ်၊ တပူးပူးတတွဲတွဲ ခြေလှမ်း ကျဲခြေလှမ်းစိပ်တွေနဲ့ တိတ်တိတ်တစ်မျိုး ပေါ်ပေါ်ထင်ထင်တစ်မျိုး တန်ခိုး လက်ဆောင်တွေပေးပြီး သူဌေးမင်း များဘွဲ့ကို ပိုင်ဆိုင်လာခဲ့ကြတဲ့ လူတန်းစား အသိုင်းအဝိုင်းထဲက၊ အခုကိစ္စမှာ ဘယ်သူခေါင်း ပြူထွက်လာပြီး ကျောင်း သားကျောင်းသူတွေ ဘက်က ရပ်တည်ကြမလဲဆိုတာကတော့ သူတို့သမိုင်းနဲ့ သူတို့ပဲပေါ့။ ရှေးခေတ်ကတော့ အုပ်ချုပ်သူ လူတန်းစားဘက်က လုံးဝ မရပ်တည်၊ ကပ်ဖားရပ်ဖား လုံးဝမလုပ်ဘဲ သမိုင်း ဝင်ထင်ရှား ပြည်သူလူထု အားလုံးက ကြည်ညိုချစ်ခင်လေးစားတဲ့ သူဌေးကြီးတွေရှိခဲ့ဖူး တာ ကြုံကြိုက် တုန်းမှာ ပြောပြချင်ပါတယ်။ အဲဒီ့လိုမျိုး သူဌေးကြီးတွေထဲက ဆာဦးသွင် ဆိုရင် မြန်မာပြည်က သူဌေးလောကမှာ တကယ် ထင်ရှားပါတယ်။ မော်လမြိုင် ဇာတိပါ။ ၁၈၇၈ ခုနှစ်ဖွား၊ ပညာသင်ကြားတဲ့အရွယ် ရောက်တော့ ၁၉၀၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကဘွဲ့ရခဲ့တယ်။ ပညာရေးဌာနမှာ ပညာအုပ် လုပ်ခဲ့တယ်။ နောက်ပိုင်းကျတော့ အလုပ်ကထွက်ပြီး သူ့ဇာတိမော်လမြိုင်မြို့မှာ ဆန်စက်လုပ်ငန်း ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား လုပ်ငန်းတွေလုပ်ခဲ့တယ်။

အာမခံကုမ္ပဏီ လုပ်ငန်းလည်း လုပ်ခဲ့တယ်။ ၁၉၁၁ ခုနှစ်က ရန်ကုန်မှာ သူရိယ သတင်းစာ ထုတ်ဝေတည်ထောင်တော့ ပါဝင်လှုပ်ရှားခဲ့တယ်။ ရန်ကုန် ဆိပ်ကမ်း အုပ်ချုပ်ရေးအဖွဲ့၊ ရန်ကုန်စည်ပင် သာယာ၊ မြန်မာပြည်ဘိလပ်မြေ ကုမ္ပဏီ၊ မြန်မာပြည်နဲ့ဆိုင်တဲ့ အိန္ဒိယဘဏ်၊ မြန်မာပြည် ကုန်သည်ကြီးများ အသင်းတွေမှာ အဓိကနေရာက တာဝန်ယူခဲ့တယ်။ မြန်မာပြည်ရဲ့ ဥပဒေပြု အထက်လွှတ်တော်မှာ လူထုကရွေးချယ်တင်မြှောက်တာ ခံခဲ့ရတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ လက်ထက်ဆိုပေမယ့် ဦးသွင်ဟာ အင်္ဂလိပ်အစိုးရကို လုံးဝအောက် ကျခံပြီး ဆက်ဆံခဲ့တဲ့သူမဟုတ်ဘူး။ အင်္ဂလိပ်အစိုးရ အရာရှိကြီးတွေရှေ့မှာ မြန်မာတိုင်းရင်းသား တွေက ရှိခိုးဦးနှိမ်ဆက်ဆံရတာ၊ ဖိနပ်ချွတ် ပြီး ရုံးခန်းထဲဝင်ရတာတွေကို ဓလေ့ထုံးစံ ပျောက်ပျက်သွားတဲ့ အထိ ရှေ့ကရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာလူမျိုး သူဌေးတစ်ယောက်ဖြစ် တယ်။ သူ့မှာ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ခဲ့တယ်။ ဒါကြောင့် ဝံသာနု အသင်းအဖွဲ့တွေမှာ ပါဝင်ခဲ့တယ်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သပိတ်ကြီးဖြစ်တော့ ကျောင်းသူကျောင်းသားတွေဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တယ်။

မြန်မာတိုင်းရင်းသားတွေပိုင်တဲ့ ဆန်စက်တွေကို အသင်းဖွဲ့ပြီး အင်္ဂလိပ် လူမျိုး ဆန်စက်ပိုင်ရှင် သူဌေးကြီးတွေရဲ့ စီးပွားရေးမသမာအမြတ် ထုတ်တာတွေကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တယ်။ မြန်မာပြည်ရဲ့ ပထမဆုံး နိုင်ငံရေးအသင်းကြီး ဖြစ် တဲ့ သဟာယအသင်းကြီးကို စပြီးတည် ထောင်ခဲ့တာလည်း ဦးသွင်ဖြစ်တယ်။ သူဟာ သာရေးနာရေး ကိစ္စတွေမှာလည်း လူထုလူတန်းစားအတွက် တတ်နိုင် တဲ့ ဘက်က ရပ်တည်ကူညီခဲ့တယ်။ မြန်မာလူငယ်တွေထဲက သခင်အောင်ဆန်း၊ သခင်နုတို့တစ်တွေ “နဂါး နီ”စာအုပ်အသင်းကို တည်ထောင်တော့လည်း သူက ပါဝင်ထောက်ပံ့ကူညီခဲ့တယ်။ သူဟာ အခြေခံလူတန်းစား လူထုကလေးစား ချစ်ခင်ကြ တဲ့ မြန်မာသူဌေးကြီးတစ်ယောက် ဖြစ်နေတယ်ဆိုတာ အင်္ဂလိပ် အစိုးရ က သိနေတဲ့ အတွက်၊ သူနဲ့ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် ၁၉၄၁ ခုနှစ် မှာ သူ့ကို အင်္ဂလိပ်အစိုးရက “ဆာ”ဘွဲ့ ပေးအပ်ချီးမြှင့်တယ်။

ဒါကြောင့် မြန်မာသူဌေးကြီးတွေရဲ့လောကမှာ သူ့နာမည်က “ဆာဦးသွင်”ရယ် လို့ နာမည်တွင်ခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ သူဟာ သာရေးနာရေး ကိစ္စတွေမှာ တက်တက်ကြွကြွ ဆက်ပြီးကူညီဆောင်ရွက် ပေး ခဲ့တယ်။ ဒါကြောင့် ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၀ ပြည့်နှစ်မှာ သူ့ကို နိုင်ငံတော် က သူနဲ့ထိုက်တန်တဲ့ ဘွဲ့ထူးပေးအပ်ခဲ့တယ်။ သတိုးသီရိသုဓမ္မ ဘွဲ့ဖြစ်တယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် ဟာလည်း နိုင်ငံတော်ရဲ့ သတိုး သီရိသုဓမ္မဘွဲ့ကို ထိုက်ထိုက် တန်တန် ရရှိခဲ့ သူသမိုင်းဝင်ထင်ရှားသူဖြစ်ပါတယ်။ ဦးသွင်ဟာ မ .ဆ .လခေတ် စစ်အာဏာရှင်များ ခေတ် ၁၉၆၇ ခုနှစ်မှာ ရန်ကုန်မှာပဲ ကွယ်လွန်ခဲ့ ရှာတယ်။ ခုခေတ် စစ်အစိုးရတွေ လက်ထက်အဆက်ဆက်မှာ အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတွေ နား ရစ်သီရစ်သီနဲ့ကပ်ပြီး “ခရိုနီ” နာမည်ဆိုး အတပ်ခံနေကြ ရတဲ့ ပြည်သူ့ချဉ်ဖတ် ခါတော်မီသူဌေးတချို့၊ အချိန်မီအသိ တရားတွေရကြပြီး လူထုက ချစ်တဲ့ ကျောင်းသူကျောင်းသားတွေဘက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ကြ ရင်တော့ ကောင်းတာပေါ့ဗျာ။ ။

ဆောင်းဝင်းလတ်
The Ladies News Journal

(မဇ္ဈိမ)။ ။ ဗြိတိန်စုံတွဲကို သတ်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး၏ အမှုကို ပြန်လည်စိစစ်ရန် ထိုင်းအစိုးရ ဥပဒေရုံးက သတ်မှတ်ထားသည့် ရက်ပြည့်ချိန်အထိ ခိုင်လုံသော အထောက်အထား မရသေး၍  ထိုင်းရဲတို့ကို ရက်တိုးထပ်ပေးထားသည်ဟု ယင်းအရေး လိုက်ပါ ဆောင်ရွက်နေသူ မြန်မာသံရုံး အထူးအဖွဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
Thailan-Suspects-8
(ဓာတ်ပုံ - အီးပီအေ)
မူလက နိုဝင်ဘာ ၈ ရက် နောက်ဆုံးထားတင်ပြရန် သတ်မှတ်ထားခြင်းဖြစ်ပြီး ထိုင်းရဲတို့၏ ထပ်မံလျှောက်ထားမှုကြောင့် နိုဝင်ဘာ ၂၈ ရက်သို့ ထပ်တိုးပေးလိုက်ခြင်းဖြစ်သည်။

"ထိုင်းရဲကအခု ဒီအမှုကို တင်တဲ့အခါ မျက်မြင်လည်း မရှိတဲ့အတွက် ရဲက တော်တော်ခက်ပါလိမ့်မယ်။ အဲဒီအပြင် ဥပဒေရုံးကလည်း ဒီအတိုင်းလွှတ်ပေးလိုက်လို့ တရားရုံးရောက်သွားရင် စစ်ဆေးတဲ့အခါ အမှုခိုင်လှုံ မှုမရှိရင် တရားသေလွှတ်တဲ့ အထိ ဖြစ်နိုင်ပါတယ်" ဟု ဦးအောင်မျိုးသန့်က ဆိုသည်။
မြန်မာသံရုံးအဖွဲ့နှင့် ထိုင်းရှေ့နေများကေင်စီတို့က ထိုင်းရဲတို့၏ မျက်မြင်သက်သေမရှိဘဲ အမှုတည်ဆောက်ထားမှုကို ချေပနိုင် ရန် မြန်မာနှစ်ဦး၏ နောက်ကြောင်း ရာဇဝင်ကို အတူနေ မြန်မာလုပ်သားများမှ လိုက်လံ စုဆောင်းနေသည်ဟုဆိုသည်။

တရားရုံးက အမှုတွဲ လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် အာမခံရရှိရေး ဦးစားပေးရန် စီစဉ်ထားသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။ ထို့ပြင်ယင်းအချိန်အတွင်း မြန်မာနှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံနိုင်ရေး စီစဉ်ပေးမည် ဆိုသည်။

ထိုသို့ အရေးကိစ္စများကို ကူညီသည့် အနေဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အမတ်နှစ်ဦးတို့က ကျပ်သိန်း ၃၀၀ လှူဒါန်းထားသည်ဟု ဆိုသော်လည်း ယနေ့အထိ မြန်မာသံရုံး အထူးအဖွဲ့ထံ မရောက်သေးဟုလည်း ဦးအောင်မျိုးသန့်က ဆိုသည်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် လပြည့်ညပွဲတော်အတွင်း ဗြိတိန်စုံတွဲ အသတ်ခံရမှုကို ကျူးလွန်သူများသည် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-8/item/32118-2014-11-10-12-46-22

ISIS chief ‘critically wounded’ in US airstrike on extremist leaders’ convoy


ဝါရှင်တန် ၊ ၁၀-၁၁-၂၀၁၄

အီရတ်နိုင်ငံ၌ ISIS စစ်သွေးကြွ သူပုန်အဖွဲ့၏ ထိပ်တန်း အဖွဲ့ဝင်များကို တင်ဆောင် လာသော စစ်ယာဉ်တန်းအား အမေရိကန် ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှု တစ်ခု ပြုလုပ်ရာတွင် ISIS စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ဒဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။

အီရတ်နှင့် ဆီးရီးယားရှိ ISIS စစ်သွေးကြွ အဖွဲ့၏ ဘာသာရေး နှင့် နိုင်ငံရေး ခေါင်းဆောင်ဟု ၄င်းကိုယ်တိုင် ထုတ်ဖော် ပြောကြားထားသူ Abu Bakr al-Baghdadi သည် အီရတ်နိုင်ငံ Al- Qaim မြို့တွင် အမေရိကန်ဦး ဆောင်သည့် လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသခံ အရင်းအမြစ် များက Al Arabiya သတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှု များအား နိုဝင်ဘာလ ၇ ရက်နေ့ နှောင်းပိုင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လက်နက် တပ်ဆင်ထားသော ထရပ်ကား ၁ဝ စီးပါ ယာဉ်တန်းကို ဖျက်ဆီး နိုင်ခဲ့ကြောင်း နှင့် Mosul မြို့အနီး ISIS စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင်များ စုရုံးမှုအား အဓိကထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် က ကြေညာ ထားသော်လည်း ISIS ခေါင်းဆောင် Abu Bakr al-Baghdadi သည် ယာဉ်တန်းတွင် လိုက်ပါခြင်း ရှိ၊ မရှိအား ပင်တဂွန် စစ်ဌာနချုပ် က အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Anbar ပြည်နယ် အနောက်ဘက်၊ Al- Qaim မြို့ရှိ ISIS စစ်သွေးကြွ ခေါင်းဆောင်များ၏ အစည်းအဝေးအား နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့မှ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ မှုကြောင့် လူဒါဇင်ပေါင်း များစွာ သေကျေ၊ ဒဏ်ရာရရှိခဲ့ကြောင်း Anbar ပြည်နယ် ပါလီမန်အမတ် Mohammed al- Karbouli က အတည်ပြု ပြောကြား ထားသည်။ ၄င်း လေကြောင်း တိုက်ခိုက်မှုအား ညအချိန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး Al- Qaim မြို့အနီးရှိ ISIS ၏ စစ်ဆေးရေးဂိတ် ၂ ခုကိုပါ ဖျက်ဆီး နိုင်ခဲ့ကြောင်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Patrick Ryder က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/isis-isis.html


 လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားတယ်လို့ သတင်းထွက်နေတဲ့ IS ခေါင်းဆောင် Abu Bakr al-Baghdadi


IS စစ်သွေးကြွ အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ဟာ လေကြောင်း ထိုးစစ်တခုကြောင့် ဒဏ်ရာရသွားတဲ့အကြောင်း အီရတ်အစိုးရ တာဝန်ရှိ သူတွေက ပြောဆိုခဲ့ပေမဲ့ အမေရိကန် စစ်ဌာနချုပ်ကတော့ အတည်မပြုပါဘူး။

အီရတ်နိုင်ငံမြောက်ပိုင်းက Mosul မြို့မှာ သောကြာနေ့တုန်းက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင် ဒဏ်ရာရခဲ့တဲ့အကြောင်း အတည်ပြုချက်ကိုတော့ အီရတ်ကာကွယ်ရေး ၀န်ကြီး Khalid al-Ubaydi က သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ အီရတ်ပြည်ထဲရေး ၀န်ကြီး ဌာနကလည်း AP သတင်းဌာနကို အတည်ပြုခဲ့သလို တခြားသတင်း တော်တော်များများမှာတော့ IS ခေါင်းဆောင် Baghdadi ရဲ့ အနီးကပ် လူယုံ တွေထဲကတဦးလည်း သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံက အဆင့်မြင့် စစ်အရာရှိတဦးကတော့ သတင်းတွေမှန်ခဲ့ရင်တောင်မှ စစ်သွေးကြွတွေအနေနဲ့ ဦးဆောင်မယ့်သူကို အစားထိုးနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ သတိပေးပြောဆိုခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကတော့ လေကြောင်း စစ်ဆင်ရေးတွေဟာ စစ်သွေးကြွတွေ အင်အားချိနည့်အောင်၊ ရှေ့ကို ထပ်တက်မလာနိုင်အောင် ထိရောက်မှုတွေ ရှိခဲ့တဲ့အကြောင်း အမေရိကန် ရုပ်မြင်သံကြားဌာန CBS ရဲ့ Face the Nation အစီအစဉ်မှာ တနင်္ဂနွေနေ့ကပဲ ပြောဆိုခဲ့ပါတယ်။

အီရတ်စစ်တပ်ကို လေ့ကျင့်ကူညီဖို့အတွက် နောက်ထပ် အမေရိကန် စစ်သား ၁၅၀၀ စေလွှတ်မယ့် သူ့အစီအစဉ်ဟာ IS စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးမှာ နောက်ထပ်ခြေလှမ်းသစ် တခုဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/is-leader-wounded-in-airstrike-/2514176.html



နေပြည်တော်၌ နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ (၂၅)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များ ကျင်းပမည်ဖြစ်ရာ ယာဉ် တန်းလုံခြုံရေး ဆောင်ရွက်နေမှုကို တွေ့ရစဉ်။ ဓါတ်ပုံ -  (သတင်းစဉ်) Myanmaalinn

နေပြည်တော်မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်မယ့် နိုင်ငံ့ ခေါင်းဆောင်တွေ ရန်ကုန်မြို့ကို ဒီနေ့စတင် ရောက်ရှိနေပြီ ဖြစ်တာကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန်တိုင်း အတွင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား တိုးမြှင့် ချထား ပါတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိတာကြောင့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ လုံခြုံရေး မကျိုးပေါက်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်အင်အား ထပ်တိုးချထားတာလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြင့်က ပြောပါတယ်။

"အာဆီယံ ဆက်စပ်အစည်းဝေးတွေ လုပ်ပြီလေ၊ ဒီအစည်းအဝေးနဲ့ပဲ ဖြစ်ဖြစ် ဒါမျိုးနဲ့မဟုတ်တိုက်ခိုက်တာ ဒုတိယခေါင်းဆောင် ကြေညာချက်နဲ့ပဲဖြစ်ဖြစ် ကျနော်တို့ ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တဲ့အတွက် လေဆိပ်တွေ နောက်နိုင်ငံတကာဝင်ပေါက် ထွက်ပေါက်တွေမှာ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါတယ်၊ တက်ရောက်လာမဲ့ အစည်းအဝေး ကိုယ်စားလှယ်တွေကိုတော့ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းတွေအသီးသီး တာဝန်ပေးအပ်ပြီးတော့ လုပ်ပါတယ်၊ ရန်ကုန်မြို့ကတော့ နိုင်ငံတကာ ဝင်ပေါက်တစ်ခုလည်းဖြစ်တယ်၊ နိုင်ငံတကာ လေဆိပ်လည်းရှိတဲ့အတွက် လူကြီးများလည်း တထောက်နားမဲ့နေရာဖြစ်သလို တခြားသောနိုင်ငံတကာ ဧည့်သည်တွေ ဝင်ထွက်နေမှာ ဖြစ်သည့်အတွက် ဒီမှာတော့ သင့်တင့်လျောက်ပက်တဲ့ စီမံကိန်းတွေ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်"

နေပြည်တော်တ၀ိုက်က လုံခြုံရေးချထားမှုအခြေအနေကို ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးထားပြီး အစည်းအဝေးတက်ရောက်မယ့် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို သက်ဆိုင်ရာလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို နေပြည်တော်မှာ ဒီနေ့ကစတင် ကျင်းပနေပြီဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဧည့်စာရင်းစစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ထားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ RSO ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအကြမ်းဖက် လက်နက်ကိုင် အဖွဲ့က ဖောက်ခွဲရေးသမား ၄ ဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့က အဲဒီ ၄ ဦးရဲ့ ဓါတ်ပုံပါစာရွက်တွေကို နေရာအတော်များများမှာ ကပ်ထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.