11/14/14

ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးကြီးကနေ အစိုးရက ပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ကြောင်း ကြေညာ လိုက်ပါတယ်။
နိုင်ငံတ၀န်းက ကျောင်းသား ၅၀၀ ကျော် ၂ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ သပိတ်မှောက်လိုက်တာ ဖြစ်ပါ တယ်။
Students
သတင်းပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က “ပညာရေး ဥပဒေကို သပိတ်မှောက်လို က်တဲ့အတွက် ဒီဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကို လက်ခံ မှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဒါအပြင် အချက် ၆ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ဒီကြေညာချက်ကို အကောင်ထည်ဖော်ဖို့ အတွက် အဖွဲ့ဝင် ၁၅ ဦးပါ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ ဒီမိုကရေစီ ပညာရေး ပေါ်ထွန်းလာဖို့အတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန် နာရေးကူညီမှုအသင်းမှာ ကျင်းပမယ့် ကျောင်းသားထုဆွေးနွေးပွဲမှာ ၂ ရက်တာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကောင်းထက်ကျော်က “ဘာတွေ ထူးခြားလဲ ဆိုတော့ သူတို့ကျောင်းသား ၅၀၀ လောက် တံခါးပိတ်ဆွေးနွေးပြီး ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာကတော့ ဒီပညာရေးဥပဒေကို သပိတ်မှောက်တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်တိုက်ပွဲတွေ ဆင်နွှဲမယ်”လို့ ပြောပါတယ်။

ကျောင်းသားထုအစည်းအဝေးရဲ့ သဘောထားထုတ်ပြန်ချက်မှာ လက်ရှိအမျိုးသား ပညာရေး ဥပဒေဟာ လူ့အခွင့်အရေးတန်းတူညီမျှမရဘဲ ငြိမ်းချမ်းစွာပညာသင်ကြားခွင့်ကို အာမခံချက် မရှိတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ ဒါ့အပြင် ပညာရေးစနစ်ကို စီမံခန့်ခွဲရာမှာ အစိုးရက ထိန်းချုပ်ခြင်းနဲ့ ပညာရှင်တွေ ပါဝင်ဆောင်ရွက်ခွင့် အားနည်းမှုတွေ ရှိနေသလို ကျောင်းတွင်း အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် မပေးမထားတဲ့ အတွက် အဖိနှိပ်ခံပညာရေးစနစ်သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်စွာ ချုပ်ကိုင်ကန့်သတ်ထားသလို ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းပေးမှု မရှိတာတွေဟာလည်း ကျောင်းသားထု အခွင့်အရေးကို ပစ်ပယ်မှုလို့ သတ်မှတ်ဖော်ပြထားပါတယ်။

အစည်းအဝေးမှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကောင်းထက်ကျော်က ဒီညနေ ၆ နာရီခန့်မှာ တွေ့မြင်ရတဲ့ အခြေအနေကို ခုလို ပြောပါတယ်။

“ကျောင်းသူတွေလည်း ပါတယ်။ ကျောင်းသားတွေလည်း ပါတယ်။ လုံခြုံရေးအခြေအနေ ကတော့ ဒီမှာ ခုနတုန်းကတော့ စရဖ တို့ဘာတို့ကတော့ ဒီသတင်းကို ကြားပြီးတာနဲ့ ချက်ခြင်း ဖုန်းတွေ ဆက်ပြီးတော့ တန်းပြီးတော့ ပြန်ထွက်သွားတယ်။ ကြည့်ရတာ လုံခြုံရေးအခြေအနေက သိပ်ပြီးတော့ ဟို ကျပ်မယ့်သဘောမျိုးကတော့ ပိုရှိမယ်နဲ့တူတယ်။ မနက်ဖြန် အိုဘားမား (အမေရိကန်သမ္မတ) လာမယ်ဆိုတော့ အစိုးရဘက်ကလည်း အလုပ်ခံမယ်လို့တော့ မထင်ဘူး” လို့ ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/archives/70792

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်သို့ အမေရိကန် သမ္မတ အိုဘားမား လာရောက်မည်ဖြစ်သည့်အတွက် လုံခြုံရေးအခြေအနေ တင်းကျပ်မှုများ ရှိမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။
Security-in-Yangon
ရန်ကုန်မြို့တွင်း လုံခြုံရေးယူနေသည့် ရဲဝန်ထမ်းများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
"အိုဘားမား အပါအဝင် ထိပ်သီးခေါင်းဆောင်တွေ၊ လုံခြုံရေးအတွက် သွားမည့်နေရာတွေမှာ လုံခြုံရေးတွေကို တိုးမြှင့်ထားပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။
အာဆီယံထိပ်သီးအစည်းအဝေး ပြုလုပ်ချိန်အတွင်း တစ်နိုင်ငံလုံးလုံခြုံရေးကို အဝါရောင်အဆင့် အဖြစ် ရဲအင်အား ၂၀၀၀၀ ဖြင့် ဆောင်ရွက်ထားသည်။

ရဲတပ်ဖွဲ့အပြင် တပ်မတော်၊ အမေရိကန်ကိုယ်ပိုင်လုံ့ခြုံရေး အဖွဲ့တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်နေသည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကဆိုသည်။
"ရန်ကုန်လေဆိပ်က အဝင်အထွက်အားလုံးကို စိစစ်မှုတွေ ကြပ်ကြပ်မတ်မတ် လုပ်နေတယ်။ အရင်ထက် ပိုပြီး ဒီရက်အတွင်းက စိစစ်မှုတွေရှိမယ်"ဟု လေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူ တစ်ဦးက ပြောသည်။
အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပချိန်အတွင်း ဝင်ထွက်ပေါက်များဖြစ်သည့် လေဆိပ်၊ သဘောင်္ဆိပ်များတွင် ပြည်သူများကို လုံခြုံရေးအရ စိစစ်မှုများကို ပြုလုပ်နေသည်။

"နယ်စပ်ပေါက်တွေရှိတဲ့ တိုင်းတွေမှာဆိုရင် အ၀င်အထွက်ကို ပိုမိုကြပ်မတ်ဆောင်ရွက်နေတယ်။ အပေါက်တွေအားလုံးမှာ အရင်ထက် ပိုတဲ့ အင်အားတွေအသုံးပြုပြီးတော့ လုံခြုံရေးကို လုပ်ထားတယ်"ဟု ရဲတပ်ဖွဲ့မှ ရဲမှုးကြီးတစ်ဦးက ဆိုသည်။

ရန်ကုန်တွင် နိုဝင်ဘာလဆန်း ပိုင်းမှစတင်ကာ လုံခြုံရေးကို ပိုမိုတင်းကြပ်ဆောင် ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကဆိုသည်။

အမေရိကန်သမ္မတ၏ ရန်ကုန်ခရီးစဉ်အတွင်း လွတ်လပ်ရေးရပြီးနောက် အစိုးရ အဖွဲ့ရုံး အဖြစ် အသုံးပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ ကျဆုံးခဲ့သည့်နေရာ ဝန်ကြီးများရုံးဟောင်း၊ ရွှေတိဂုံဘုရား၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတို့ကို သွားရောက်ကာ ညနေပိုင်းတွင် ရန်ကုန်လေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်။
တက္ကသိုလ် စိန်ရတုသဘင်ခန်းမ လူငယ်တွေ့ဆုံပွဲ
ယင်းတွေ့ဆုံပွဲသို့ လူငယ်အရေးဆောင်ရွက်သည့် အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး သတင်းမီဒီယာလောကမှ သတင်းထောက်များလည်းပါဝင်သည်။
အိုင်-ပီအဖွဲမှ လူငယ်မျိုးဆက်သစ် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆုရရှိထားသူ (Women Peace Network) မှ မဝေေ၀နုကလည်း လူငယ်တွေ့ ဆုံပွဲကို တက်ရောက်ခွင့်ရထားသည်။
"တက်ရောက်ခွင့်ရထားပါတယ်။ မေးခွန်းမေးဖို့တော့ကြိုးစားမယ်။ မေးခွန်းမေးခွင့်ရရင်၊ လူငယ်တွေအတွက် အခွင့်အလမ်းတွေ၊ ရိုဟင်ဂျာအရေးနဲ့ အပြောင်းအလဲအတွင်း လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပက်သက်ပြီး မေးပါမယ်"ဟု မဝေေ၀နုကပြောသည်။
လူငယ်တွေ့ဆုံပွဲများတွင် ရခိုင်လူထုကိုယ်စားပြုသူများ၊ ကချင်ကိုယ်စားပြုအဖွဲ့များဖိတ်ကြားခံရခြင်း မရှိသည့်အပေါ် ဝေဖန်မှုများရှိနေသည်။

"ရခိုင်အရေးနဲ့ ပက်သက်ပြီးပြောဖို့ဆိုရင် ရခိုင်အဖွဲ့တွေ မဖိတ်တာတော့ နားမလည်ဘူး၊ ကမ္ဘာ ဒီမိုကရေစီ ချန်ပီယံ နိုင်ငံက ရခိုင်မပါပဲ ရခိုင်အရေးကို ပြောတာတော့ ဘယ်လိုလဲ မသိတော့ဘူး"ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ဦးဦးလှစောက ပြောသည်။

ရိုဟင်ဂျာဟု သုံးလျှင်
သမ္မတအိုဘားမား၏ မြန်မာပြည်ခရီးစဉ်အတွင်း ရိုဟင်ဂျာဟု သုံးနှုန်းပါက ဆန္ဒပြရန် ရန်ကုန်ရောက် ရခိုင်လူထုနှင့် ရခိုင်အရပ်ဖက် အဖွဲ့အစည်းများက စီစဉ်ထားသည်။
"ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က သံတမန်အရ ရိုဟင်ဂျာမရှိဘူးဆိုတာကို အထောက်အထားအပြည့်အစုံနဲ့ အိုဘားမား အစိုးရကို အသိပေးခဲ့တယ်။ အခုတော့ အဲဒီထက်ထိရောက်မှာကိုလုပ်မယ်၊ အက်ရှင်ပိုင်းကိုသွားမယ်။ ဘယ်လို အက်ရှင်လည်း ဆိုတာတော့ အဖွဲ့တွေအားလုံး စုံညီ ဆုံးဖြတ်ပြီးမှ ပြောလို့ရမယ်"ဟု ရခိုင်အမျိုးသားကွန်ယက် ဥက္ကဌ ဦးတင်ထူးအောင်က ပြောသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/32401-2014-11-13-15-38-17

အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုမှာ အိုဘားမားက မြန်မာ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် နှောင့်နှေးနေတာကို အသိအမှတ်ပြုသွားပြီး နည်းလမ်းရှာမယ်လို့ ပြောဆို သွားခဲ့ကြောင်း တွေ့ဆုံပွဲတက်ခဲ့တဲ့ မိတ္ထီလာအမတ် ဦးဝင်းထိန်က ပြောပါတယ်။
ABC_obama_ebola_mar_141016_16x9_992 copyအိုဘားမားဟာ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်အမတ်တချို့ နေပြည်တော်၊ နန်းဝတီဟိုတယ်မှာ နိုဝင်ဘာ ၁၃ ရက်က တနာရီခွဲ ကြာတွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အိုဘားမားနဲ့ သီးခြားတွေ့ဆုံဖို့ ရှိတဲ့အတွက် ၀င်ရောက်ဆွေးနွေးခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။
အန်ကယ် ဘယ်သူတွေက ဘာတွေ ဆွေးနွေးသွားကြလဲ။
သမ္မတအိုဘားမားကတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်ဒီမိုကရေစီ တိုးတက် ရရှိရေးအတွက် ဘယ်လိုနည်းနဲ့ အကောင်အထည်ဖော်ရမလဲဆိုတာ ဘယ်လို အကူအညီ ပေးရမလဲဆိုတာကို လာပြီး စူးစမ်းလေ့လာတာ၊ အခုထိအနေအထားကိုတော့ သူ အထိုက်အလျောက် ကျေနပ်တယ်။ သို့သော်လည်း ရှေ့မှာ ဆက်ပြီး လုပ်ဆောင်စရာတွေ အများကြီး ရှိပါသေးတယ်လို့ ပြောတယ်။
သူရဦးရွှေမန်းကတော့ လုပ်ရမယ်ဆိုတာ မြန်မာနိုင်ငံလွှတ်တော်မှာ သူဘယ်လို လုပ်ကိုင် ဆောင်ရွက်နေတယ်။ ဥပဒေပြုရေးကို ဦးစားပေးပြီးတော့ ဘာတွေ လုပ်နေတယ်။ အဲ့ဒီ အကြောင်းတွေ ပြောပြတယ်။ ပြည်ခိုင်ဖြိုးပါတီက ဦးညွန့်တင်တို့ ဦးလှမြင့်ဦးတို့ကတော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အမေရိကန်အစိုးရနဲ့ အတွေ့အကြုံဖလှယ်တဲ့ ခရီးစဉ်တွေ အများကြီးရှိခဲ့ပြီး နောင်ကိုလည်း အလားတူ ဆက်လက်အကူအညီပေးဖို့ ပြောပါတယ်။
တိုင်းရင်းသားအမတ်တွေကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အခွင့်အရေးတွေ ပိုရဖို့ မျှော်လင့်တဲ့အကြောင်း ပြောတယ်။
ဒေါ်ဖြူဖြူသင်းကတော့ နယ်ဒေသတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးနေတဲ့ အတွက်ကြောင့် ကိုင်တွယ်ရခက်တဲ့အကြောင်း ပြောပါတယ်။
ကျနော်က ၂ ချက်ပြောတယ်။ တချက်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်နေပြီ။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အတိတ်က ခါးသီးတဲ့ ကိစ္စတွေကို မေ့ဖျောက်ထားပြီးတော့ အနာဂတ်မှာ လက်စားချေဖို့ဆိုတဲ့ စိတ်မျိုးတွေ မမွေးဘဲနဲ့ ဆက်လုပ်သွားဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတဲ့ အကြောင်း၊ နောက်တချက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ ၂၀၁၃ ခုနှစ် နှောင်းပိုင်း ၂၀၁၄ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးအရှိန်နှေးသွားတယ်လို့ ခံစားရတဲ့အကြောင်း၊ သမ္မတအနေနဲ့ ဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ပိုပြီးတော့ အားစိုက်ခွန်စိုက်လုပ်ပေးဖို့ မေတာရပ်ပါတယ်လို့ ကျနော်ပြောပါတယ်။
အိုဘားမားက ဘာပြန်ဆွေးနွေးသလဲခင်ဗျ။
နိုင်ငံတနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် မလွယ်ဘူးဆိုတာ သူသိတယ်။ မြန်မာနိုင်ငံ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းကိုလည်း သူသိတယ်။ မြန်မာနိုင်ငံနဲ့ ခပ်ဆင်ဆင်တူတဲ့ အင်ဒိုနီးရှားမှာ အင်ဒိုတပ်မတော်ဟာ အမျှော်အမြင်ကြီးကြီးနဲ့ ဆုတ်ခွာတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ရောက်အောင်သွားတဲ့အတွက် အင်ဒိုနီးရှားဟာ အခုအောင်မြင်တဲ့ ဒီမိုကရေစီ ဖြတ်သန်းမှုကို ဖြတ်သန်းခဲ့တယ်။ မြန်မာနိုင်ငံလည်း အလားတူ ဖြတ်သန်းနိုင်မယ်လို့ သူ မျှော်လင့်တယ်။ ဘယ်နိုင်ငံမဆို တပ်မတော်လွှမ်းမိုးမှုများရင် တိုးတက်မှု နှောင့်နှေးမှာ သေချာတယ်။ နောက် ကျနော်တင်ပြသွားတဲ့ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း တင်ပြသွားတာ သူသတိထားမိတယ်။ ဒါကြောင့်မို့ နောင်မှာ ဘယ်လို မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲနိုင်မလဲဆိုတာ သူ နည်းလမ်းရှာမယ်လို့ ပြောသွားပါတယ်။
အဲ့ဒီတော့ ပြုပြင်ပြောင်းလဲရေး နှောင့်နှေးနေတယ်ဆိုတာကို သမ္မတအိုဘာမားက အသိအမှတ်ပြုသွားတဲ့အတွက်ရော နည်းလမ်းရှာမယ်လို့ ပြောသွားတဲ့အတွက်ရော အလားအလာ ကောင်းမယ်လို့ မမျှော်လင့်ရတာပါပဲဗျာ။

DVB
http://burmese.dvb.no/archives/70789

မြန်မာ့ပြု ပြင်ပြောင်းလဲရေး ရှေ့ တက်လှမ်းနိုင်ဖို့ အတွက် နိုင်ငံရေးမှာ တပ်မတော် ရဲ့ ပါဝင်ပတ်သက်မှု ကို လျှော့ချဖို့ လိုအပ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ တပ်မတော် ဆိုတာ အရပ်သား အုပ်ချုပ်မှုအောက်မှာပဲ ရှိသင့်ပြီး - တိုင်းရင်းသား လက်နက် ကိုင်တွေ နဲ့ ငြိမ်းချမ်းရေးရဖို့ အတွက်ကိုလည်း အမြန်ဆုံး လုပ်ဆောင်သင့်တယ်လို့ သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ နေပြည်တော် မှာ တွေ့ဆုံချိန် ပြောဆို သွားခဲ့တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွေ နဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်း အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ASEAN ထိပ်သီးညီလာခံကို တက်ရောက်ဖို့ အတွက် နေပြည်တော် မှာ ရောက်ရှိနေ တဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ဟာ ကြာသပတေးနေ့ နေ့ခင်းပိုင်းက လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ NLD ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးနဲ့ နန်းဝဒီ ဟိုတယ်မှာ ၂ နာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီးတော့-

ဒီတွေ့ဆုံမှုအတွင်း လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ တိုင်းရင်းသား အရေးကိစ္စနဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခ စတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအထဲကမှ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေ တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ သြဇာကြီးမားမှုကို ချိန်ခွင်လျှာ ညှိနှိုင်းဖို့အတွက် အရပ်သား အုပ်ချုပ်မှုအောက်မှာ ထားရှိသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောဆိုတဲ့ အကြောင်း သတင်းထောက်တွေကို သမ္မတ အိုဘားမားက အခုလို ပြောဆိုခဲ့ပါတယ်။

“စစ်တပ်က သြဇာကြီးမားတဲ့ အဖွဲ့အစည်းတခု အဖြစ် ရှိနေဆဲဖြစ်ပြီး လက်ရှိ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အရပ်ဘက်က ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်မလဲ ဆိုတာတွေက မေးစရာတွေ ဖြစ်နေဆဲပါ။ ဒီလို အခြေအနေမျိုးတွေကို ဒေသတွင်းနဲ့ ကမ္ဘာပေါ်က တခြား တိုင်းပြည် တော်တော် များများမှာလည်း တွေ့ခဲ့ရပြီးပါပြီ။”

ဒါ့အပြင် သမ္မတ အိုဘားမားက - ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း - မြန်မာနိုင်ငံရဲ့ အခြေအနေကို အင်ဒိုနီးရှားနိုင်ငံ နဲ့ ဥပမာပေးပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကို ပြောကြား ခဲ့တယ်လို့လည်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ် တဲ့ ဒေါ်ဖြူဖြူသင်း က အခုလို ပြောပြပါတယ်။

"တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်လို့ အမြန်ဆုံးဖြေရှင်းဖို့ လိုတဲ့ အကြောင်းပေါ့နော်။ ဒါကို မဖြေရှင်းဘူးဆိုရင် အခု အီရတ်တို့ ဘာတို့မှာ ဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခလိုဟာမျိုးပေါ့နော်။ စစ် အကြီးမားဆုံးဖြစ်သွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အဲ့တာတွေကိုလည်း မြန်မြန်လေး ဖြေရှင်းဖို့ လိုတယ်ပေါ့နော်။ အဓိကကတော့ Constitution နဲ့ပတ်သက်ပြီး လူနည်းစုတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပေးသင့်ပေးထိုက် တာတွေကို ပေး လျှော့သင့် တာတွေပေါ့ ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချပြီးတော့ ဥပဒေပြဋ္ဌာန်းမှုတွေ လုပ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်ပေါ့နော်။ ဒါမျိုးတွေ ပြောသွားပါတယ်။ အဓိကကတော့ ပြောင်းရမယ့် ကိစ္စတွေ၊ လုပ်ရမယ့် ကိစ္စတွေ သူတို့နိုင်ငံနဲ့ယှဉ်တယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ယှဉ်ပြီးတော့ ပြောသွားပါတယ်။ တဖြေးဖြေးနဲ့ မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံကို အတုယူပြီးတော့ လုပ်သွားမယ်ဆိုရင် အောင်မြင်နိုင်မယ်ပေါ့နော်။ "

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ - လက်ရှိ လွှတ်တော်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဥပဒေပြုရေးကိစ္စတွေ၊ ပြည်တွင်းမှာဖြစ်နေတဲ့ လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမားကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာ့ပြုပြင်ပြောင်း လဲရေး နှေးကွေး လာတာနဲ့ လွှတ်တော် ကိုယ်စားလှယ် တယောက်ရဲ့ အခက်အခဲတွေ ကိုလည်း သမ္မတ အိုဘားမားကို ပြောပြခဲ့ကြသလို၊ တက်ရောက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ် တွေထဲက ရှမ်းတိုင်းရင်းသား ဒီမိုကရက်ပါတီ (SNDP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကတော့ -

" ကျနော်အနေနဲ့ကတော့ ကနေ့ ကျနော်တို့ နိုင်ငံမှာ အရေးကြီးဆုံး ဖြေရှင်းရမယ့် ပြဿနာက ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပေါ့။ အဲ့ဒီ့အတွက်ဆိုလို့ရှိရင် ငြိမ်းချမ်းရေး ရဖို့အတွက်ကို အစိုးရကရော လွှတ်တော်ကရော အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့အကြောင်းပေါ့နော်။ အဲ့တော့အပစ်အခတ်ရပ်စဲရေး ရပြီးလို့ရှိရင်တော့ နိုင်ငံရေးဆွေးနွေးပွဲကို ထပ်သွားမှာဖြစ်တဲ့ အကြောင်း၊ အဲ့ဒီ့နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြင်သင့်ပြင်ထိုက် တာကို ပြင်ရမယ်ဆိုတဲ့အကြောင်း အထူးသဖြင့် ကတော့ ကျနော်တို့ ပုံစံအားဖြင့် ပြည်ထောင်စု စနစ်ဖြစ်ပေမဲ့ လက်တွေ့ အားဖြင့် ပြည်နယ်တွေ၊ တိုင်းဒေသကြီး တွေမှာ ရထားတဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အုပ်ချုပ်ခွင့် အာဏာတွေက သိပ်နည်းနေတဲ့ အကြောင်း ဒါကြောင့်မို့လို့ အဲ့တာတွေကို သင့်တော်စွာ ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရမယ်ဆိုတဲ့ အကြောင်း အဲ့တာကို ကျနော့်အမြင် ဆွေးနွေးခဲ့တယ်။"

ဒါ့အပြင် မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်လို့လည်း - ဘာသာရေး အမြင်မတူတာတွေ ရှိပေမဲ့ ရာဇ၀တ်မှုကို ရာဇ၀တ်အမှု အနေနဲ့ပဲ ကိုင်တွယ်ပြီး လူနည်းစုကို လူများစုက ဖိနှိပ်တာမျိုးတွေ မလုပ်သင့်တဲ့ အကြောင်းလည်း သမ္မတ အိုဘားမားက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ မနက်ဖြန် သောကြာနေ့မှာတော့ ရန်ကုန်ကို သွားရောက်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သီးခြားတွေ့ဆုံမှာဖြစ်သလို၊ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ Town-hall ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။
VOA

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် H.E.Mr.Ban Ki Moon ( UN Secretary General) နှင့် အဖွဲ့ဝင် ၁၂ ဦး သည် နေပြည်တော်ပြည်တော် ပြည်သူ့လွှတ်တော် ၀င်းအတွင်းရှိ တရားဥပဒေစိုးမိုးရးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားလာရောက်တွေ့ဆုံရာ ဥက္ကဋ္ဌ မှလက်ခံတွေ့ဆုံဆွေးခဲ့သည်။ ၎င်း ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စား ဗဟိုအလုပ်မှုဆောင် ဦးဝင်းမြင့်၊ ဒေါက်တာအောင်မိုးညို ၊ ဒေါက်တာ ဦးမျိုးအောင်၊ ဦးမန်းဂျော်နီ၊ ဒေါ်စုစုလွင်၊ ဦးဖြိုးဇေယျာသော်၊ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် ၊ ဒေါက်တာတင်မာအောင်တို့တက်ရောက်ခဲ့ကြသည်။
NLD Chairperson

The Rosetta spacecraft launched in 2004 on a mission to study comet 67P/Churyumov-Gerasimenko (artist's illustration shown). It will rendezvous with the comet later this month before entering orbit in August, becoming the first spacecraft to orbit a comet



နယူးယောက် ၊ ၁၃-၁၁-၂၀၁၄

ယမန်နေ့က လူသား အာကာသ စူးစမ်းလေ့လာမှု သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ကြယ်တံခွန် အမှတ် 67/P ပေါ်သို့ Philae အာကာသယာဉ် ဆင်းသက်မှု စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဂရင်းနစ် စံတော်ချိန် ၈ နာရီ ၃၅ မိနစ်တွင် ဥရောပ အာကာသ အေဂျင်စီ ( ESA ) Philae ယာဉ် ကို မိခင် အာကာသယာဉ် Rosetta နှင့် ခွဲထုတ်လိုက်ပြီး ကြယ်တံခွန် ပေါ်သို့ ဦးတည် ဆင်းသက် စေလိုက်ရာ Philae ယာဉ် ပေါ်ပါ ကင်မရာများ စတင် အလုပ်လုပ်ခဲ့ပြီး Rosetta ယာဉ်ကို ချက်ချင်းလိုပင် ဓာတ်ပုံရိုက်ကူး ပေးပို့ခဲ့ရာ မည်းနက်သော အာကာသထဲတွင် Rosetta ၏ ဆိုလာပြားများ တဖိတ်ဖိတ် လက်နေသည်ကို တွေ့ရှိ ခဲ့ကြသည်။

Philae အာကာသယာဉ် သည် ကြယ်တံခွန် အမှတ် 67/P ပေါ်သို့ ဂရင်းနစ် စံတော်ချိန် ၄ နာရီတွင် ရောက်ရှိရမည် ဖြစ်ပြီး အောင်မြင်မှု ရရှိသွားပါက သမိုင်းတွင်မည့် ပထမဆုံး အကြိမ် လူလုပ် အာကာသ ယာဉ်တစ်စင်း ကြယ်တံခွန် ပေါ်သို့ ဆင်းသက် နိုင်ခြင်းပင် ဖြစ်ပြီး ကြယ်တံခွန် ဖွဲ့စည်း တည်ဆောက်ပုံ ကို အသေးစိတ် လေ့လာကာ နေအဖွဲ့အစည်း စတင် ဖြစ်ပေါ်လာပုံ နှင့် ပတ်သက်သော သတင်း အချက်အလက် များကို ရရှိနိုင်မည် ဖြစ်သည်။

ကြယ်တံခွန် အမှတ် 67/P သည် လေးကီလိုမီတာ အကျယ်သာ ရှိပြီး ရေခဲတောင် အသေးစား တစ်လုံးနှင့် တူညီသည်။ ဆွဲငင်အား မရှိသလောက် နည်းပါးခြင်းက Philae အာကာသယာဉ် ဆင်းသက်ရန် အဓိက အခက်အခဲ ဖြစ်နေပြီး အခန့်မသင့်လျှင် Philae သည် ကြယ်တံခွန်ပေါ် ကျပြီး အာကာသ လဟာပြင် ထဲသို့ ပြန်လည် ခုန်ထွက်လွင့်မျော သွားနိုင်သည်။ ထို့အတွက် ကြယ်တံခွန်နှင့် ထိလျှင်ထိချင်း Philae က မှိန်းဖြင့် ကုပ်တွယ် ထားကာ မိမိနှင့် ကြယ်တံခွန်ကို ဝက်အူများဖြင့် စုပ်ရစ် တွယ်ကပ် ထားရမည် ဖြစ်သည်။ ထို့နောက် ကြယ်တံခွန်ကို ဓာတ်ပုံ ရိုက်ကူးမှု စတင်မည် ဖြစ်သည်။ ကြယ်တံခွန် အမှတ် 67/P သည် ချိုင့်များ၊ အချွန်အတက် များဖြင့် ပြည့်နှက် နေသည်။ Rosetta သည် အခြားမည်သည့် အာကာသယာဉ်မျှ မရောက်ရှိဖူး သေးသော အကွာအဝေး အထိ ရောက်နိုင်ခဲ့ပြီ ဖြစ်သည့်အပြင် ကြယ်တံခွန် တစ်လုံးကို ပထမဆုံး အကြိမ် လှည့်ပတ်သော အာကာသယာဉ် လည်း ဖြစ်လာသည်။

ကြယ်တံခွန် အမှတ် 67/P သည် တစ်နာရီလျှင် မိုင် ရှစ်သောင်းနှုန်း ရွေ့လျားနေရာ ယင်းအလျဉ် ကို အမီ လိုက်နိုင်သော Rosetta ၏ အစွမ်းမှာလည်း အံ့မခန်းပင် ဖြစ်သည်။ ထို့အတူ Philae အာကာသ သည်လည်း Rosetta ဆယ်နှစ်ထက် မနည်း အမီလိုက် ခဲ့ရသော ကြယ်တံခွန် အမှတ် 67/P ပေါ်သို့ရောက် ရှိအောင် ခုနစ်နာရီ ကြာမည့်ခရီးကို စတင်လိုက်ပြီး လူသားများက မိုင်ပေါင်း ၃၁၇၅၂ဝ၆၇၉ မိုင်အကွာမှ စောင့်ကြည့် နေရသည်။ Rosetta ထံမှ ရေဒီယိုဖြင့် ပေးပို့သော သတင်း စကားသည်ပင် ကမ္ဘာသို့ ရောက်အောင် ၂၈ မိနစ် ကြာမြင့်လေ့ ရှိသည့်အတွက် Philae သည် ကြယ်တံခွန် အမှတ် 67/P ပေါ်သို့ အောင်မြင်စွာ ဆင်းသက် နိုင်ခြင်း ရှိ၊ မရှိ ကို အရှေ့ပိုင်း အချိန် ၁၁ နာရီတွင်မှ သိရှိနိုင်မည် ဖြစ်သည်။

လွဲချော်ခဲ့သည် ရှိသော် ၂၈ မိနစ် ကြာမှ သိရှိနိုင်မည့် ESA အဖို့ Philae အာကာသယာဉ် ကို အမြဲတမ်း အတွက် ဆုံးရှုံးလိုက်ရမည် ဖြစ်ပြီး စောင့်ကြည့် နေသော ကမ္ဘာ့အလယ် တွင်လည်း မျက်နှာပန်း မလှ ဖြစ်သွားမည့် အတွက် ဤ ခုနစ်နာရီ သည် ESA ဝိုင်းတော်သားများ အတွက် အကြာမြင့် ဆုံးသောအချိန် ဖြစ်လိမ့်မည်ဟု ESA အကြီးအကဲ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

Space probe scores a 310-million-mile bull's-eye with comet landing

http://www.pyichitthar.com/2014/11/philae.html



မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၈ သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၅ ဒသမ ၈ ဘီလျံ ချေးငွေ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

အခုလို ချေးငွေပေးအပ်ဖို့ကိစ္စကို နေပြည်တော်မှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာသမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ- ဂျပန် ထိပ်သီးအစည်းအဝေးနဲ့ မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးပွဲတွေကို တက်ရောက်ခဲ့ပြီး ဒီကနေ့လည်း အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲနဲ့ ASEAN+3 အစည်းအဝေးတွေကို တက်ရောက်ဖို့ ရှိပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့က အာဆီယံ-ဂျပန်အစည်းအဝေးပွဲမှာတော့ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ အာဆီယံ-ဂျပန်လွတ်လပ်တဲ့ ကုန်သွယ်မှုနယ်မြေ အကောင်အထည်ဖော်ရေးနဲ့ ဂျပန်က အဓိကရင်နှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ သီလ၀ါအထူး စီးပွားရေးဇုန်မှတဆင့် ဒေသအဆင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ တိုးမြှင့်ဆောင်ရွက် ရေး ပူးပေါင်းလုပ်ဆောင်ကြရေး စတာတွေ ဆွေးနွေးခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သီးခြား တွေ့ဆုံပွဲမှာတော့ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနဲ့ အလတ်စား စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး၊ သီလ၀ါနဲ့ ထားဝယ် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေအပြင် ရန်ကုန်မှာ သယ်ယူပို့ဆောင်ရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ လျှပ်စစ်မီး ရရှိရေးကိစ္စ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့အကြောင်းနဲ့ မကြာမီ တပြည်လုံး အပစ်အခတ် ရပ်ဆဲရေး သဘောတူလက်မှတ်ထိုးနိုင်မယ့်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70728

 
အမေရိကန်သမ္မတ အိုဘားမား နှင့် မြန်မာသမ္မတ ဦးသိန်းစိန် (နေပြည်တော်)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ ဆွေးနွေးခန်း အစီအစဉ်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေတယ်။ အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံအပေါ် အကောင်းမြင်လွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်တာဟာ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မကျေနပ်စရာ ကြုံတွေ့နေရလို့ ဖြစ်မယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg က သုံးသပ်လိုက်ပါတယ်။ ပါမောက္ခ David Steinberg  ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ ရှေ့ ကိုလည်း မတိုးဘူး၊ နောက်ကိုလည်း မဆုတ်ဘူး။ ရပ်တန့်နေတယ်လို့ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပါမောက္ခ Steinberg ဘာပြောလိုပါလဲ ခင်များ။

Prof. Steinberg ။ ။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တရပ်ဟာ အတွန့်အဆုတ် အတက်အကျ မရှိဘဲနဲ့ ဘက်စုံတပြိုင်နက်ထဲ တိုးတက်နေမယ်လို့ မျှော်လင့်ခြင်းဟာ လက်တွေ့မကျနိုင်ပါဘူး။ တိုးတက်တဲ့အခါ တိုးတက်တယ်။ ဆုတ်တဲ့အခါ ဆုတ်မြဲရှိတတ်စမြဲပါ။ ပြုပြင်ရေးကို ဆန့်ကျင်မှ အကျိုးရှိမယ်ဆိုတဲ့ အစိတ်အပိုင်းတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ တချို့ ကဏ္ဍတွေမှာ ရပ်ဆိုင်းနေတဲ့အတွက် တခြားကဏ္ဍတွေ ရှေ့ မတိုးဘူးလို့ ဆိုလိုရာ မရောက်ပါဘူး။ ညည်းညူနေတာထက် တိုးတက်အောင်လုပ်ဖို့က ပိုအရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ ကဏ္ဍတွေမှာ ရပ်ဆိုင်းနေတယ်ဆိုတာကို လက်ခံတယ်ဆိုရင် ဘယ်လိုနေရာတွေမှာ ရပ်ဆိုင်းနေသလဲဆိုတာကို နည်းနည်းပြောပြပါခင်များ။

Prof. Steinberg ။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ။ သမ္မတ အရည်းအချင်းသာမက စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတဲ့ကိစ္စ။ တခြားလူနည်းစုတွေကို ကိုယ်ပိုင်အုပ်ချုပ်မှု ပိုပေးရမယ့်ကိစ္စ ဒါတွေကို ပြောတယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ စီးပွားရေးနဲ့ ပတ်သက်လို့ ပိုပြီးတော့ ကောင်းမွန်တဲ့ဝန်းကျင် ဖန်တီးပေးဖို့ကိစ္စ။ မီဒီယာ လွတ်လပ်ခွင့်ပြဿနာ။ အောက်ခြေစစ်ဗိုလ်တချို့ က သူတို့ဒေသမှာ သူတို့ထင်သလို လုပ်လို့ရတယ်လို့ ထင်နေသေးတဲ့ကိစ္စ ဒါတွေက ရပ်ဆိုင်းနေသေးတဲ့ ကိစ္စတွေပါ။ ကျနော်လည်း ဒါကို သဘောတူပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာ အမေရိကန်ပြည်ထောင်စုက ဥပဒေပြုအမတ်တချို့ က အိုဘားမားရဲ့  မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်ပြင်ဖို့ တောင်းဆိုနေကြပါတယ်။ သူတို့ဟာ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးမှာ လူများစု ဖြစ်လာကြပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့  မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဘယ်လို ရိုက်ခတ်စေမယ်လို့ ထင်ပါသလဲ ခင်များ။

Prof. Steinberg ။ ။ ဖြစ်နိုင်ပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် ဆီနိတ်တာ Mitch McConnell က တခြားအမတ်တွေထက် ပိုပြီးတော့ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ သမ္မတအိုဘားမား က အခုအခါမှာ ဆီနိတ်တာ Mitch McConnell ကို မြန်မာ့အရေးအတွက်သာမက တခြားအရေးတွေအတွက်လည်း ပိုပြီးတော့ လိုအပ်လာပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ထိခိုက်နိုင်ပါတယ်။ စောင့်ကြည့်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရှိရင် စစ်တပ်ကို အရပ်သားလက်အောက် မထားနိုင်ရင် မြန်မာကို အကူအညီရပ်ဆိုင်းဖို့ အဆိုတင်ခဲ့ကြတာ ရှိပါတယ်။ အခု ဖွဲ့စည်းပုံက စစ်တပ်အာဏာမြဲဖို့ ဆွဲထားတဲ့ ဥပဒေပါ။ စစ်တပ်နဲ့ အရပ်သား နိုင်ငံရေးသမားတွေ ယုံကြည်မှု တည်ဆောက်နိုင်မှ ဒါဖြစ်လာနိုင်မှာပါ။ အခု ယုံကြည်မှု မရှိကြသေးပါဘူး။ အချိန်ယူရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်လွှတ်တော် အမတ်တချို့ ကဆိုလို့ရှိရင် အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ် ဆက်သွယ်မယ့်ကိစ္စကို ဆက်မလုပ်ဖို့ တောင်းဆိုနေကြတာကို ကြားရပါတယ်။

Prof. Steinberg ။ ။ ကျနော် ပြောမယ်ဗျာ။ လူတစ်ယောက် ရာဇဝတ်မှု ကျူးလွန်လို့ ထောင်ချထားတယ် ဆိုပါစို့။ ဒီလူကို ပြန်လည်ပြုပြင်ဖို့ ထောင်က လွတ်လာတဲ့အထိ စောင့်နေမလား။ ထောင်ကျနေဆဲမှာပဲ ပြုပြင်သွားမလား ဆိုတာပါ။ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးဆိုတာလဲ အခုအချိန်မှာ စတင်ပြုလုပ်ခြင်းအားဖြင့် သူတို့ နိုင်ထက်စီးနှင်းလုပ်မယ့် လူသတ်လက်နက်တွေကို မပေးဘဲနဲ့ တခြားဘက်တွေမှာ လေ့ကျင့်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ လူ့အခွင့်အရေးကိစ္စတွေ။ တရားဥပဒေ စိုးမိုးရေးကိစ္စ။ အေးချမ်းသာယာရေး ထိန်းသိမ်းရေးကိစ္စတွေကို လေ့ကျင့်ကူညီနိုင်ပါတယ်။ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ကိုပါ ဒီကိစ္စအတွက် လေ့ကျင့်ပေးနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်မှာသာမက ကမ္ဘာမှာပါ သိပ်ပြီးတော့ လူသူလေးစား အထင်ကြီးတဲ့ ဟားဗတ်တက္ကသိုလ်ကြီးက ပညာရှင်တွေက အစီရင်ခံစားတစ်ခု ရေးသားထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီး (၃) ယောက်။ စစ်ဗိုလ်ချုပ် (၃) ယောက်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားတို့အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေလည်း ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC ကို တင်နိုင်တဲ့ အထောက်အထားတောင် သူတို့မှာ ရှိတယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီတွေ့ရှိချက်ဟာ ဒီအစီရင်ခံစာဟာ အိုဘားမားအစိုးရရဲ့  မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားအပေါ် တစုံတရာ ရိုက်ခတ်မှု ရှိနိုင်ပါလား။ အိုဘားမား က ဒီကိစ္စကို ပံ့ပိုးပေးမလား။ သို့တည်းမဟုတ်..

Prof. Steinberg ။ ။ ဒီကိစ္စအပေါ် အမေရိကန်အစိုးရရဲ့  တရားဝင်ရပ်တည်ချက်ကိုတော့ ကျနော် မသိပါဘူး။ ဒီ စစ်ဗိုလ်တွေ ပြစ်မှုကျူးလွန်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ အထောက်အထားလည်း ကျနော်မှာ မရှိပါဘူး။ ဟားဗတ်ပါမောက္ခတွေရဲ့  အစီရင်ခံစာကို ကျနော် တွေ့ပါတယ်။ ကျနော်အနေနဲ့ ပြောရရင် အမေရိကန်အစိုးရက လူ့အခွင့်အရေးကို အထူးစိတ်ဝင်စားပါတယ်။ လူ့အခွင့်အရေးကိစ္စဟာ အမေရိကန်ရဲ့  နိုင်ငံတကာ ဆက်ဆံရေး ကျောရိုးမူဝါဒပါ။  အဲဒီ မူဝါဒကို ပြည်သူလူထုရဲ့ အကျိုး၊ အမေရိကန်ပြည်ထောင်စုအကျိုးကို ငဲ့ကွက်ပြီးတော့ တခြားအချက်တွေနဲ့ ထိန်းညှိရပါတယ်။ အစိုးရတရပ်ကို ပြုပြင်ပြောင်းလဲစေချင်တယ်။ အာဏာလက်ရှိထဲက တချို့ ကို ရာထူးစွန့်လွှတ်စေချင်တယ်ဆိုရင် ထောင်ချမယ်ဆိုပြီးတော့ ခြိမ်းခြောက်သင့်ပါ့မလား။ မှတ်မိပါလိမ့်မယ် ၁၉၉၀ ပြည့် ရွေးကောက်ပွဲအပြီးမှာ ဗိုလ်မှူးကြီးကြည်မောင် က Nuremberg ခုံရုံးမျိုး မရှိနိုင်ပါဘူးလို့ ပြောတာပါ။ ဒါကိုတောင်မှ စစ်ဗိုလ်ချုပ်တွေက ကြောက်လန့်သွားတယ်လို့ ထင်ပါတယ်။ အဲဒီ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လိုက်ဖို့ စဉ်းစားတဲ့နေရာမှာ ဒါဟာလဲ အချက်တချက်ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ နိုင်ငံတကာခုံရုံး တင်ခံရမှာကို သူတို့ ကြောက်ပါတယ်။ နောက်တခုက စစ်ဗိုလ်ချုပ်တွေ ပြည်ပကို ထွက်ကြမှာလဲ မဟုတ်ပါဘူး။ အာဆီယံနိုင်ငံတွေကလည်း သူတို့ကို အရေးယူဖို့လုပ်တာ ပြည်တွင်းရေး ဝင်စွက်တယ်လို့ပဲ ပြောကြမှာပါ။ ချီလီကိစ္စနဲ့ မတူပါဘူး။ ဟုတ်ပါတယ် ကျနော်တို့က လူ့အခွင့်အရေးကို အလေးထားပါတယ်။ ဒါပေမဲ့ လက်တွေ့အကြပ်အတည်းနဲ့ ပြန်ညှိရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ပြန်ကောက်ရမယ်ဆိုရင် သူက ပြောပါတယ်။ အမေရိကန်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ အကောင်းမြင်လွန်းတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒါ ပထမဦးဆုံးပြောတာ မဟုတ်ပါဘူး ဒီကိစ္စကို။ ဒါပေမဲ့လဲ ဒီတကြိမ်ပြောတာဟာ အပြင်းထန်ဆုံး၊ အကျယ်လောင်ဆုံး ပြောတယ်လို့ ထင်ပါတယ်။ ဆရာကြီး ဘာပြန်ပြောချင်ပါသလဲ။

Prof. Steinberg ။ ။ ဒါမျိုး သူပြောခဲ့တာ ကြာပါပြီ။ အမေရိကန်နဲ့ ပတ်သက်ပြီးတော့ သူတုန့်နှေးစေချင်တာတွေ ရှိပါတယ်။ သမ္မတအိုဘားမား မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားတုန်းကလဲ သူက မသွားစေချင်ခဲ့ပါဘူး။ ဒီဟာကို အထောက်အထားတွေနဲ့တကွ သက်သေမပြနိုင်ပေမဲ့ ကျနော်က ဒီလိုပဲ ယုံကြည်ပါတယ်။ ဒီကိစ္စဟာ ဝါရှင်တန်အသိုင်းအဝိုင်းမှာ ကောလဟာလတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီခရီးဟာ သူ့အတွက်ရော၊ မြန်မာပြည်သူတွေအတွက်ပါ အကျိုးရှိမယ်ဆိုတာ သူ သဘောပေါက်ခဲ့ပါတယ်။ အခုလဲ သူဟာ တင်းမာလာတယ်။ ဖြစ်ထွန်းလာတဲ့ ရလဒ်တွေကို သူ စိတ်ပျက်လာတယ်လို့ ကျနော် ထင်ပါတယ်။ သူ သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတ ဖြစ်ရေးကို လော်ဆော်တာတွေလည်း လုပ်လာတဲ့အတွက် နိုင်ငံတကာပုံရိပ် နည်းနည်းကျဆင်းလာတာတွေလည်း တွေ့နေရပါတယ်။ ကျနော် အရင်က ရေးခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ သြဇာရှိတယ်။ Moral authority ရှိတယ်။ စစ်တပ်မှာ အာဏာရှိတယ်။ ပါဝါ ရှိတယ်လို့ သမ္မတဖြစ်ရေး လော်ဆော်မှုကြောင့် အခုအခါမှာ သြဇာမှေးမှိန်လာတယ်လို့ ကျနော် ထင်ပါတယ်။ သူဟာ နိုင်ငံရေးသမားပါ။ နိုင်ငံရေးကစားကွက် ဆင်နိုင်ပါတယ်။ မူစလင်ပြဿနာ၊ တခြားပြဿနာတွေနဲ့ နိုင်ငံရေးကစားနေပါတယ်။ နိုင်ငံရေးသမားဆိုတာ ဒါတွေ လုပ်လို့ရပါတယ်။ ဒါပေမဲ့ သိက္ခာကို ထိခိုက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သမ္မတအိုဘားမား ပထမဦးဆုံး လာမယ့်ခရီးကို ဒေါ်အောင်ဆန်းစုကြည် က မကြိုဆိုခဲ့ဘူး။ မလာစေချင်ခဲ့ဘူးဆိုတော့ သမ္မတအိုဘားမား အခုသွားတဲ့ခရီးကိုကြတော့ ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုတယ်ထင်ပါသလား။ ဒီခရီးစဉ်က ဘယ်လိုရလဒ်တွေ ပေါ်ထွက်လာမယ်လို့ ထင်ပါသလဲ။

Prof. Steinberg ။ ။ သမ္မတအိုဘားမား ဟာ ရိုဟင်ဂျာကိစ္စ၊ ရွေးကောက်ပွဲကိစ္စတွေကို သမ္မတဦးသိန်းစိန်နဲ့ ပြောလိမ့်မယ် ထင်ပါတယ်။ တိုင်းရင်းသားပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့လည်း ပြောလိမ့်မယ် ထင်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ဒါကို ဖြေရှင်းဖို့ လိုလားတယ်ဆိုတာ သေချာပါတယ်။ အပစ်အခတ်ရပ်စဲရေး ကိုင်တွယ်နေတာ အတော်ကြာခဲ့ပါပြီ။ အမေရိကန် ဒါတွေအတွက် ထပ်ပြီးတော့ ဖိအားပေးနေလဲ မြန်မာပြည်တွင်းရေး အခြေအနေအပေါ်မှာ အများကြီး မူတည်နေတာပါ။ ဒီနှစ် မေလတုန်းက West Point စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမား ပြောသွားတာ မှတ်မိပါလိမ့်မယ်။ အဲဒီမှာ သူဟာ မြန်မာနိုင်ငံ အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ အမှတ်ယူလွန်းတယ်လို့ ထင်ပါတယ်။ တိုးတက်မှုတွေနဲ့ ပတ်သက်လို့ ဒါဟာ မှားယွင်းမှုတရပ်ပဲလို့ ကျနော် ထင်ပါတယ်။ အမေရိကန်ရဲ့  လွှမ်းမိုးမှုကို ပုံကြီးချဲ့ သွားပါတယ်။ တကယ်တော့ မြန်မာပြည်၊ မြန်မာလူထု ကောင်းစားရေးအတွက် အပြောင်းအလဲ လုပ်ရမယ်ဆိုတာ တိုင်းပြည်ခေါင်းဆောင်တွေ ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ အားထုတ်နေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကို တချို့ က ဘယ်လိုပြောကြသလဲဆိုတော့ အိုဘားမားအစိုးရဟာ နိုင်ငံခြားရေးမူဝါဒမှာ အောင်မြင်မှုဆိုလို့ မြန်မာတနိုင်ငံတည်းရှိတယ်။ မြန်မာတနိုင်ငံတည်းပဲ ပြစရာရှိတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြန်မာနိုင်ငံမှာ တကယ်တမ်း ပြောင်းလဲမှုတွေ ဖြစ်ထွန်းနေသည်ဖြစ်စေ၊ မဖြစ်ထွန်းသည်ဖြစ်စေ ဇွတ်မိတ်ပြီးတော့ မြန်မာပြည်ကို ပင့်တင်ပေးနေတယ်။ မြှောက်ပေးနေတယ်လို့ ဝေဖန်ကြပါတယ်။

Prof. Steinberg ။ ။ ဒါက မှန်ပါတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအခြေအနေတွေ တိုးတက်ကောင်းမွန်မှုဟာ တခုတည်းသော အောင်မြင်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနဲ့ ဆက်ဆံရေးအပေါ် မူတည်ပြီးတော့ ဖြစ်ထွန်းလာပါတယ်။ အရင်တုန်းက အမေရိကန်က အာဆီယံနဲ့ ချစ်ကြည်ရေး စာချုပ်လက်မှတ် မထိုးခဲ့တာဟာ ၁၉၉၇ ဇူလိုင်လမှာ မြန်မာနိုင်ငံ အာဆီယံကို ဝင်လာလို့ ဖြစ်ပါတယ်။ နောက် မြန်မာနဲ့ ဆက်ဆံရေးကောင်းလာတော့မှ အာဆီယံနဲ့ ချစ်ကြည်ရေးစာချုပ် လက်မှတ်ထိုးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန် က ကြေညာခဲ့ပါတယ်။ ဒါကြောင့်လဲပဲ မြန်မာနိုင်ငံဟာ အိုဘားမားအစိုးရအတွက် အရှေ့ အာရှမှာ တခုတည်းသော ပထမဦးဆုံးသော အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် ဒီလိုဆိုနိုင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ လူ့အခွင့်အရေးကိစ္စတွေကို ဘေးဖယ်ပြီးတော့ ဇွတ်ထောက်ခံနေတယ်လို့ဆိုတာ မှန်တယ်ပေါ့။

Prof. Steinberg ။ ။ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကိစ္စကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ ဂရုစိုက်ပါတယ်။ Balance ဖြစ်အောင် ထိန်းညှိပေးတယ်လို့ပဲ ဆိုရမှာပါ။ ခင်များသိတဲ့အတိုင်းပဲ ကျနော်ဟာ အစိုးရအရာရှိ မဟုတ်ပါဘူး။ ကျနော် ပြောတာကိုလည်း အစိုးရရဲ့  တရားဝင်သဘောထားလို့ မယူဆသင့်ပါဘူး။ ကျနော် ခံစားရတာကတော့ ပြုပြင်ပြောင်းလဲမှုကို အားပေးဖို့ လိုအပ်ချက်နဲ့ လူ့အခွင့်အရေး အခြေအနေစတာတွေ ကောင်းမွန်ဖို့ ထိန်းညှိပေးနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးပါရစေခင်များ။ ဆိုတော့ သမ္မတအိုဘားမား က မြန်မာနိုင်ငံကို ဒီလို ဖိအားတွေပေးနေတယ်။ တိုက်တွန်းနေတယ် ဆိုတဲ့နေရာမှာ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် ကန့်သတ်ထားတဲ့ကိစ္စတွေကို ဖယ်ရှားပေးဖို့ သမ္မတဦးသိန်းစိန်နဲ့ ဒီတခါတွေ့ရင် ဖိအားပေးလိမ့်မယ်၊ တောင်းဆိုပြောကြားလိမ့်မယ်လို့ ထင်ပါသလား ခင်များ။

Prof. Steinberg ။ ။ ဒါကို သူတို့ ပြောနေကြတယ် ထင်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကလည်း ဒါကို လူသိရှင်ကြား ပြောထားပြီးပါပြီ။

ဦးကျော်ဇံသာ ။ ။ ဒီတကြိမ်မှာ သမ္မတအိုဘားမား က ..

Prof. Steinberg ။ ။ သူပြောပါလိမ့်မယ်။ တချိန်တည်းမှာပဲ ကျနော် အရင်ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ဒုတိယသမ္မတ ခန့်အပ်တဲ့ လူတယောက်ကို သူ့ရဲ့  သားသမီး သြစတေးလျနိုင်ငံသား ဖြစ်လို့ဆိုပြီး ငြင်းဆန်ခဲ့ဖူးပါတယ်။ ဒါက နမူနာ ရှိပြီးသာပါ။ တခါ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း အတွင်းရေးမှူး (၁) ဖြစ်တုန်းက သူ့ရဲ့ သားကို စင်္ကာပူအမျိုးသမီးနဲ့ လက်ထပ်လို့ဆိုပြီး လူသိရှင်ကြား အမွေဖြတ်ကြေညာခဲ့ပါတယ်။ ဒါကို အမေရိကန်အစိုးရ မေ့လျော့နေပါတယ်။ ဖွဲ့စည်းပုံဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တမင်ရေးထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့လဲ အစိုးရက ဒီအချက်ကို တစိုက်မတ်မတ် လုပ်ခဲ့တာလည်း ရှိပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/weekly-analaysis-changes-and-obama-trip-to-myanmar/2518401.html


အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့အတွက် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို တက်ရောက်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ရောက်ရှိပြီးမကြာခင်မှာပဲ နေပြည်တော် MICC ခန်းမမှာ ကျင်းပတဲ့ အာဆီယံဆွေးနွေးဖက်နိုင်ငံတွေရဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ တချို့နေရာတွေမှာ အရှိန်လျော့ကျနှေးကွေးနေပြီး၊ နောက်ပြန်လျှောကျနေတာတွေ ရှိနေတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနရဲ့ မေးမြန်းချက်ကို စာနဲ့ရေးသားပြန်ကြားပြောဆိုခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေအပေါ် တင်းကြပ်ချုပ်ချယ်တာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ခွဲခြားဖိနှိပ်ဆက်ဆံတာ စတာတွေရှိနေကြောင်း၊ အသွင်ကူးပြောင်းရေးလုပ်ငန်းဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မိမိအနေနဲ့ အမြဲရှင်းရှင်းလင်းလင်း သိမြင်ပါကြောင်း၊ ဒါပေမဲ့ သမ္မတတစ်ယောက်အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်မှု၊ သာယာဝပြောမှု၊ ဂုဏ်သိက္ခာရှိမှုတွေကို အပတ်တကုတ် ဆက်လက်ကြိုးစားရှာဖွေနေတဲ့ နိုင်ငံတွေအတွက် လက်တွဲဖေါ်အဖြစ် ဆက်လက်ရှိနေမယ်လို့ ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ဒီကနေ့ကျင်းပမယ့် (၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ ဒုတိယအကြိမ် မြောက်အာဆီယံ အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်မှာဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်အမတ်တချို့နဲ့ သီးခြားစီတွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၄ ရက်နေ့မှာ နံနက် ရန်ကုန်မြို့ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ အဲဒီနောက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာပြည်ခရီးစဉ်အပြီးမှာ G 20 ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ ဩစတြေးလျနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

 
 လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်များ
ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ စတင်တဲ့ ပထမနေ့မှာပဲ ပုဒ်မ ၄၃၆ ကို အဓိကထား ပြင်ဆင်လိုကြတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ ပုဒ်မ ၄၃၆ ကို ဖက်တွယ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ထိပ်တိုက်တွေ့ပြီး ဆွေးနွေး ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ရဲ့ လုပ်ကိုင်ခွင့် ကို ပိုမိုတောင်းခံလိုက်ပြီး အမတ် ဦးရေ သုံးပုံတပုံလျော့ရင် လွတ်တော် ဖျက်သိမ်းနိုင်တဲ့ အထိ ပါ တောင်းဆိုခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ခက်ခဲတယ်လို့ ဝေဖန်ခံနေရတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးကြပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေ ကတော့ ပုဒ်မ ၄၃၆ မပြင်ဆင်ရေးသာမကဘဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)က လွှတ်တော်ကို ဖျက်သိမ်းဖို့ အကြံပေးနိုင်တယ်ဆိုတဲ့အပိုင်းကို ဖြည့်စွက်ဖို့ ဆွေးနွေးခဲ့ကြတာပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်တဲ့ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်းက “ဗဟိုချုပ်ကိုင်မှု လျော့ချဖို့နဲ့ ၅၉(စ) ပြင်ပေးဖို့ ကျနော်တို့ ဘက်က ဆွေးနွေးတယ်။ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို မယူထားဖို့၊ ဘာလို့ဆိုတော့ ပြည်သူလူထု အားလုံးက အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းမှာ ပါသင့်တယ်။ ၄၃၆ကိုလဲ အားလုံး လိုက်ပါဆောင်ရွက်နိုင်ဖို့အတွက် ရာခိုင်နှုန်း တွေ လျော့ချပေးဖို့ နောက်ပြီး ဗဟိုချုပ်ကိုင်မှု လျော့ချပြီး ပြည်နယ်တွေကို အုပ်ချုပ်ခွင့်ပေးဖို့၊ တပ်ကိုယ်စားလှယ်တွေကတော့ ၄၃၆ မပြင်ဘဲ ၂၀၀၈ အတိုင်း ထားဖို့၊ ၅၉(စ)ကိုလဲ ဒီတိုင်း ထားဖို့ ဆွေးနွေးတယ်။ ဒါအပြင် ပုဒ် ၂၀၁မှာ (က) ကာလုံဖွဲ့စည်းမှုနဲ့ (ခ)မှာ လွှတ်တော် ဖျက်သိမ်းနိုင်တဲ့အထိ ကာလုံက အကြံပေးနိုင်တယ်ဆိုတာ ဖြည့်ဖို့ ထပ်တင်တယ်။”

အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အောက်တိုဘာ၂၂ ရက်နေ့ထုတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာမှာ   တပ်မတော်သားကိုယ်စားလှယ်တွေ က ပုဒ်မ ၄၃၆  ပုဒ်မခွဲ (က) နဲ့ (ခ) ကို မပြင်ဆင်လိုကြောင်း  အကြံပြုထားတယ်ဆိုတာ ထုတ်ပြန်ထားတာကြောင့် အခုတော့ ပြင်လိုသူတွေနဲ့ မပြင်ဆင်လိုသူတွေ လွှတ်တော်မှာ လူချင်းတွေ့ပြီး ဆွေးနွေးမှုသာ ဖြစ်ပါတယ်။ တဖက်မှာတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး  နိုင်ငံတ၀န်း လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြုထားတဲ့ လက်မှတ်ပေါင်း ၅ သန်းကိုလည်း လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပြီးမှ ပြင်ဆင် လို့ ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။ ဒါပြင် လူထုဆန္ဒခံယူတဲ့အခါမှာလည်း ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်နိုင်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၅၉ (စ) ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် မထမ်းဆောင်နိုင်အောင် ကန့်သတ် ထားတဲ့ ဥပဒေအဖြစ် ဝေဖန်ပြောဆိုနေတဲ့ ပုဒ်မဖြစ်ပါတယ်။

ဒီကနေ့လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ်တွေက အချက် ၅ ချက် ထပ်ဖြည့်ပေးပါဆိုပြီး အကြံပြု ဆွေးနွေးသွားခဲ့တယ်လို့ ဦးဖြိုးမင်းသိမ်းက ရှင်းပြပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ကာလုံနဲ့ တိုင်ပင်ဖို့၊ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးမယ်ဆိုရင် ကာလုံနဲ့ တိုင်ပင်ဖို့၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံထက် ကျော်လွန်တဲ့ လွှတ်တော်ကိုယ်စားလှယ် နုတ်ထွက်သွားပြီ ဆိုရင် လွှတ်တော်ကို ဖျက်သိမ်းပြီး နောက်ထပ်ရွေးကောက်ပွဲတခု ကျင်းပပေးဖို့စတဲ့ အချက်တွေ ပါဝင်ပါတယ်။

လက်ရှိ လွှတ်တော်ထဲ ရှိနေတဲ့ တပ်ကိုယ်စားလှယ် ၁၁၀ ကျော်နဲ့ အရပ်သား ကိုယ်စားလှယ် ၄၀ လောက် နုတ်ထွက်သွားရင် လွှတ်တော်ဖျက်သိမ်းပစ်လိုက်နိုင်တဲ့ထိ ထည့်သွင်း ဆွေးနွေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးဖို့ရှိတဲ့ ကိုယ်စားလှယ်ပေါင်း ၁၅ ယောက်ရှိပေမယ့် အချိန် မလုံလောက်လို့ ၁၁ ယောက်ပဲ ဆွေးနွေးခွင့်ရခဲ့ကြပါတယ်။

ဒီအစီရင်ခံစာအပေါ် ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျော်က ဆွေးနွေးကြဖို့ ရှိပြီး ဒီနေ့ကနေ နိုဝင်ဘာ ၂၅ ရက်အထိ ကိုယ်စားလှယ်တယောက်ကို ၈ မိနစ် ဆွေးနွေးခွင့်ပြု တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကြေညာသွားခဲ့ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ထဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ၀င်ရောက် ဆွေးနွေးခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်ကတော့ ပုဒ်မ ၄၃၆ ပြင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်ပြင်မယ်ဆိုလို့ရှိရင် ပုဒ်မ ၄၃၆က မပြင်နိုင်အောင် တံခါးပိတ်ထားတယ်။ ဒီတော့ ပိတ်ထားတဲ့တံခါးကို ဖွင့်ဖို့လိုတယ်ဆိုတဲ့ သဘောမျိုး ဆွေးနွေးခဲ့ပါတယ်။”

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံအတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လွှတ်တော်ထဲ ဆွေးနွေးကြတဲ့အခါ ဘယ်အဖွဲ့အစည်းတွေ ဘယ်လို ဆွေးနွေးကြသလဲ သေချာစောင့်ကြည့်ကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သွားခဲ့တဲ့ ကယားပြည်နယ်ခရီးစဉ်မှာ ပြည်သူကို သတိပေး ပြောကြားခဲ့ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/70772


အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ နန်းဝတီဟိုတယ် Parliamentary Resource Center မှာ ဒီနေ့နေ့လည်ပိုင်းက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးနဲ့ တွေ့ဆုံခဲ့စဉ်။

Photo: Myo Thant Khaing/RFA
ရိုက်ကူး - မျိုးသန့်ခိုင်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.