11/15/14


မြန်မာနိုင်ငံရဲ့ ဆိုးရွားနိမ့်ကျနေတဲ့ ပညာရေးစနစ်ကို ကောင်းအောင် ပြင်ဆင်တာမရှိဘဲ အရင်အနေအထားမပျက် မွမ်းမံထားတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်သမ္မတ ရန်ကုန်ကိုရောက်နေတဲ့အချိန် နိုဝင်ဘာ ၁၄ရက်နေ့မှာ ကျောင်းသားကျောင်းသူ ၃ဝဝလောက်ဟာ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြခဲ့ပါတယ်။ ခွပ်ဒေါင်းအလံတွေ ဝှေ့ယမ်းပြီး မြို့လယ်ခေါင် ဆူးလေနားမှာ မြန်မာကျောင်းသားတွေ ဘာတွေ တောင်းဆိုခဲ့သလဲ။

မြန်မာအစိုးရပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဗဟိုချုပ်ကိုင်မှုနဲ့ ထိန်းချုပ်ထားပြီး မူဝါဒတွေဟာ ဒီမိုကရေစီမဆန်သလို အစိုးရအာဏာပိုင်တွေက ထိန်းချုပ်ခွင့်ရှိနေတာမို့ လူ့အခွင့်အရေး ညီမျှမှုမရှိတာကြောင့် ဒီမိုကရေစီပညာရေးမပေါ်ပေါက်မချင်း သပိတ်မှောက် ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

ကျောင်းသားပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ တစ်ဖက်သတ်ရေးဆွဲအတည်ပြုလိုက်တဲ့ ပညာရေးဥပဒေကို ကျောင်းသားသမဂ္ဂတွေက နည်းမျိုးစုံနဲ့ကန့်ကွက်နေတာဖြစ်ပြီး ကျောင်းသားထုအရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အခုလို သပိတ်မှောက်တာပါလို့ ပြောလာသူက ကိုပိုင်ရဲသူပါ။

ပညာရေးအကျပ်အတည်းဟာ မြန်မာပြည်အထွေထွေအကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ ဒီပညာရေးဥပဒေကိစ္စ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် မိဘပြည်သူတွေနဲ့ လက်တွဲပြီး သပိတ်လက်နက်နဲ့ ဖြေရှင်းသွားမယ်လို့ ဗကသ ဗဟိုလုပ်ငန်းကော်မတီဥက္ကဌ ကျော်ကိုကိုက ပြောပါတယ်။ ကျန်တဲ့ကျောင်းသားတွေ ပူးပေါင်းလာကြဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။

လူထုအဖွဲ့အစည်းတွေနဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ သမ္မတရုပ်ရှင်ရုံကနေ ဆူးလေစေတီထိ လမ်းလျှောက်ချီတက်ခဲ့ပြီး ဗန္ဓုလပန်းခြံရှေ့မှာ သပိတ်စခန်းဖွင့်ခဲ့ပါတယ်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီကို ၁၅ယောက်နဲ့ ဖွဲ့စည်းပြီး သပိတ်မှောက်တိုက်ပွဲ စတင်ခဲ့ပါတယ်။ ကျောင်းသားသပိတ်ကို ထောက်ခံတယ်လို့ ပြောလာသူက တက္ကသိုလ်ဆရာများသမဂ္ဂက ဒေါက်တာစိုင်းခိုင်မျိုးထွန်းပါ။ သူက မြန်မာပြည်အပြောင်းအလဲမှန်သမျှဟာ ကျောင်းသားတွေနဲ့ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအမျိုးသား ပညာရေးဥပဒေနဲ့ပတ်သက်လို့ ကျောင်းသားတွေက အာဏာလုနေတာမဟုတ်ဘဲ ပညာရေးလွတ်လပ်ခွင့်ကို တောင်းဆိုနေတာလို့ မှတ်ချက်ပေးပါတယ်။

Kamayut media


မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ နဲ့ တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုတွေ ရှေ့ တိုး ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းခဲ့တာ တွေ့ရတယ်လို့ အများက သုံးသပ်ကြ ပါတယ်။ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီး လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသူတွေရဲ့ အမြင်တွေကိုတော့ မအင်ကြင်းနိုင်က စုစည်း တင်ပြပေးထားပါတယ်။

သြဇာကြီးတဲ့ အမေရိကန် သမ္မတတဦး အနေနဲ့ မြန်မာ့အရေး အချိန်ပေးဆောင်ရွက်မှု ဟာ ထူးခြားတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

" အိုဘားမား သူ့သမ္မတ သက်တမ်းမှာ မြန်မာပြည်ကို နှစ်ကြိမ်အထိ လာတယ် ဆိုတဲ့ဥစ္စာက ထူးလည်း ထူးခြားတယ်။ နောက်တခုက အစိုးရအဖွဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ အတွက်ရော ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံ ခေါင်းဆောင် အတွက်ရော နှစ်ဖက်စလုံးအတွက် အကျိုးရှိတယ်လို့ ထင်တယ်။ ပထမတခုက အစိုးရအတွက်ဆိုရင် အဲ့လိုပေါ့ အမေရိကန်သမ္မတက နှစ်ကြိမ်အထိ လာတယ်ဆိုတော့ သူတို့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်နေတာကို အားပေးတယ်ဆိုတဲ့ သဘောလည်းပါတယ်။ နောက်တခု က သူတို့အမြဲတမ်း ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ စောင့်ကြည့် နေတယ်။ သူတို့ကိုယ်တိုင် နောက်ထပ် အသိအမှတ်ပြုမှုရဖို့ ဆိုရင် ဘာတွေ လိုအပ်လဲဆိုတာ လာပြီးတော့ ပြောဆိုပေးတဲ့ သဘောလည်း ပါတဲ့အခါကျတော့ အစိုးရ အတွက်လည်း ကောင်းတယ်။ နောက် ဒုတိယတခု ကတော့ ဒေါ်အောင်ဆန်း စုကြည် နဲ့ အတိုက်အခံတွေကို လာပြီးတော့ တွေ့တယ် ဆိုကတည်းက ဒီမြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သူတို့တွေဟာ ဒီအတိုင်း မနေပါဘူး စောင့်ကြည့်နေပါတယ်။ သူတို့ အမြဲတမ်း အားပေးသမှု ပြုနေပါတယ်ဆိုပြီးတော့ လာပြီးတော့ ပြောသွားတဲ့အတွက် ကျတော့ ကောင်းပါတယ်။"

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ရေး အတွက် နိုင်ငံခေါင်းဆောင်တွေ နဲ့တွေ့ဆုံခဲ့တဲ့ အပြင် လူမှုလူ့အဖွဲ့အစည်းအသီးသီးနဲ့ သာမက ကျောင်းသား လူငယ်တွေနဲ့ ပါတွေ့ဆုံခဲ့တဲ့ သမ္မတ ဘားရက် အိုဘားမားဟာ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ အရေးပါမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ နမူနာယူဖို့ မှာကြားချက်ကနေ သိနိုင်တာမို့ ဂုဏ်ယူတယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးကပြောပါတယ်။

"သမ္မတကြီး အိုဘားမား မြန်မာနိုင်ငံကို လာသွားတာ အရမ်းကောင်းပါတယ်။ ကျနော်မြင်တဲ့ဟာကတော့ နောက်ပြီး သမ္မတ အိုဘားမား ပြောသွားတဲ့ စကားတွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ အငြင်းပွားစရာ တချက်မှ မရှိပါဘူး။ အထူးသဖြင့် ကျနော်တို့ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ကျနော်တို့ရဲ့ ညီအကိုလည်းဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းကိုနိုင်ဟာ ၈၈ပါ။ ဒါကို တကူးတက နံမည်ကို ထည့်ပြောသွားတဲ့ အတွက်ကြောင့်မို့လို့လည်း အရမ်းကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ တနည်းအားဖြင့် ၈၈မျိုးဆက်တွေရဲ့ နိုင်ငံရေး အခန်းကဏ္ဍတခုကို အမေရိကန်သမ္မတ အိုဘားမားက အသိအမှတ်ပြု ပြောဆိုသွားတယ်လို့ပဲ ကျနော် နားလည်ပါတယ်။"

မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှေ့ဆက်မသွားပဲ ရပ်တန့်နေတယ် ဆိုတာ သမ္မတ အိုဘားမားက သဘောပေါက်တယ် လို့ ပြောကြားခဲ့တာဟာ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောနဲ့ တထပ်တည်းဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ပန်းတိုင်ရောက်ဖို့ ရွေးကောက်ပွဲကျင်းပဖို့ အရေးကြီး သလို ရွေးကောက်ပွဲမတိုင်ခင် တရားမျှတမှုရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်အောင်ပြင်ဆင်ပေးဖို့ လိုအပ်တယ်လို့လည်းပြောပါတယ်။

ဦးစည်သူအောင်မြင့်ကတော့ ဘာဘဲပြောပြော မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲဖို့ ပြည်သူတွေက အဓိကကျတယ်လို့ဆိုပါတယ်။

" အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေက ပြည်ပ နိုင်ငံတွေပဲလေ။ တကယ့် တကယ် ဒီအထဲမှာ အပြောင်းအလဲက ရှေ့ကိုရောက်ဖို့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေ ဒီ့ထက်ပိုပြီး ဖြစ်လာဖို့ ဆိုတာက ပြည်တွင်းက အတိုက်အခံနဲ့ ပြည်သူလူထုတွေ အကုန်လုံး ကြိုးစားကြဖို့လိုတယ်။ အစိုးရ ဆိုလည်း အစိုးရဘက်က ကြိုးစားဖို့လိုတယ်။ တကယ်တော့ ကျနော်တို့ကိုယ်တိုင် ကြိုးစားမှပဲ အပြောင်းအလဲက ပြောင်းလဲပြီး မြန်ဆန်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်မယ်ဆိုတာတော့ ကျနော် တဦးချင်းကတော့ အဲ့လိုပဲ နားလည်တယ်။"

သမ္မတအိုဘားမားဟာ သြစတြေးလျနိုင်ငံက G20 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ သောကြာနေ့က မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။
VOA



အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ညနေပိုင်းက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အရှေ့ တောင်အာရှဒေသ အဖွဲ့ဝင်နိုင်ငံတွေက လူငယ်တွေအပါအ၀င် မြန်မာနိုင်ငံက လူငယ် ၅၀၀ ကျော်ကိုတွေ့­ဆုံပြီး မိန့်ခွန်းပြောခဲ့သလို လူငယ်တွေရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်

RFA

အချိုးကျကိုယ်စားပြုစနစ် PRကျင့်သုံးရေး နဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီစနစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း မှတ်ချက်ပြုတာကြောင့် ပြည်သူ့လွှတ်တော် က ဒီစနစ်ကို မကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမျိုးသားလွှတ်တော်ကတော့ PR စနစ်ကျင့်သုံးဖို့ အတည်ပြုထားတာဖြစ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အမျိုးသားလွှတ်တော်အပေါ် ဘယ်လို သက်ရောက်မလဲ ဆိုတာတော့ ပြတ်သားမှုမရှိသေးပါဘူး။ ဒီသတင်းကို တော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာဖို့အတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ စနစ် လေ့လာ သုံးသပ်ရေး ကော်မရှင်က FPTPခေါ် မဲများသူ အနိုင်ရတဲ့ စနစ် ဒါမှမဟုတ်PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် တခုစီကို သီးသန့်ကျင့်သုံးဖို့နဲ့ဒီစနစ်နှစ်မျိုး ရောနှောတဲ့ ပုံစံ အပါအ၀င် ရွေးကောက်ပွဲစနစ် ၈ မျိုးကို အောက်တိုဘာလ (၂၁)ရက်နေ့ တင်ပြထားခဲ့ရာက ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထပ်မံဆွေးနွေးတာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ကိုယ်စားလှယ်တွေ က ရွေးကောက်ပွဲ စနစ် လေ့လာသုံးသပ်ရေး ကော်မရှင်က တင်ပြတဲ့ PR နဲ့ ရောနှော အသုံးပြုတဲ့ စနစ် ၂ခုကို ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးပါတယ်။

ဆွေးနွေးပြီးချိန်မှာတော့ PR စနစ်ကို မကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရခိုင် အမျိုးသားပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

" အဲ့လို ဆွေးနွေးပြီးတဲ့အခါကျမှ လွှတ်တော်ဥက္ကဋ္ဌကြီးက သူ့အနေနဲ့ အချိုးကျ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဖို့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံခုံရုံးနဲ့ ကိုက်ညီ မကိုက်ညီ ကို ၁၁လပိုင်း ၁၃ရက်နေ့က ခုံရုံးကို မေးပါတယ်။ အဲ့ဒီ့အချိန်မှာ ခုံရုံးကနေပြီးတော့မှ ၈မျိုး တင်ပြတဲ့အထဲမှာ ၂ကနေပြီးတော့ ၈အထိဟာ PR စနစ်ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ နဲ့ မကိုက်ညီပါဘူးဆိုတာ ပြန်ကြားတာကို သူပြောပါတယ်။ အဲ့တာကြောင့်မို့ နံပတ်တစ် ဖြစ်တဲ့ နဂိုကျင့်သုံးနေတဲ့ နိုင်သူ အကုန်လုံးယူဆိုတဲ့ စနစ်ကိုပဲ ကျင့်သုံးတော့မယ်လို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။"

PR စနစ် ကျင့်သုံးရေးကို ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က ဦးအောင်ဇင်ကတော့ သူ့အမြင်သဘောထားကို အခုလို ပြောပါတယ်။

" PR နဲ့ပတ်သက်ပြီးတော့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားတယ်လေ။ ကျနော်တို့က NDF ရဲ့ ရည်ရွယ်ချက် ကတော့ဗျာ PR စနစ်လေး ဖြစ်သွားရင် ဘာပဲပြောပြောပေါ့ဗျာ။ လွှတ်တော်ထဲမှာ ပါတီစုံပါမယ်။ ဒါ ပထမဆုံး ကျနော်တို့ တင်တဲ့ ရည်ရွယ်ချက်ပေါ့။ ဟုတ်တယ်နော်။ အကယ်လို့မဖြစ်တော့လည်းပဲ ကျနော်တို့က အခုလွှတ်တော်မှာ လွှတ်တော်ရဲ့ ရွေးကောက်ပွဲ စနစ်တခုကို စတင်ပြီးတော့ စဉ်းစားပြီးတော့ တွေးခေါ်တာ ဒီဥစ္စာ တချိန်မှာ လိုအပ်လာတဲ့အခါ သုံးနိုင်တယ်ဆို သုံးဖို့ပါပဲ။ ဟုတ်ဘူးလား။ အဲ့ဒီ့ရည်ရွယ်ချက်ပါပဲ ကျနော်တို့က။"

အမျိုးသားလွှတ်တော်ကတော့ PR စနစ်ကျင့်သုံးရေးအတွက် အတည်ပြုထားပြီး ဒီစနစ် အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

အခုလို ပြည်သူ့ လွှတ်တော်မှာ PR စနစ်က လက်ရှိ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှု မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက မှတ်ချက်ပေးခဲ့တာဟာ အမျိုးသားလွှတ်တော် အပေါ် သက်ရောက်မှုရှိမရှိကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က သူ့အမြင်ကို အခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကနေပြီးတော့ အခုပြည်သူ့လွှတ်တော်မှာ တင်ပြတဲ့အခါမှာ မြန်မာနိုင်ငံမှာ PR စနစ် ကျင့်သုံးဖို့ရာအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲထားခြင်း မဟုတ်ဘူး။ ဒါကြောင့် လွှတ်တော် မှာ ဒီ PR ကို ကျင့်သုံးဖို့ရာအတွက် မဖြစ်နိုင်ဘူးလို့ဆိုရင် အမျိုးသား လည်း အကျုံးဝင်သွားတယ်ဆိုရင် အမျိုးသားမှာလည်း 'First-past-the-post အဲ့လိုဖြစ်သွားဖို့ရာအတွက် ကျနော်တို့ ကန့်ကွက်လို့ ရနိုင်သေးတာပေါ့။ တကယ်လို့ ကျနော်တို့ ကန့်ကွက်စရာမလိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအရဆိုပြီးတော့ အမျိုးသားမှာလည်း မသုံးတော့ဘူးဆိုရင် ပြီးသွားနိုင်တာပေါ့။"

လောလောဆည်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မှတ်ချက်ဟာ အမျိုးသားလွှတ်တော်မှာပါ အကျုံးဝင်တယ် မ၀င်ဘူးဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေကို အသိပေးတာမရှိသေးဘူးလို့လည်း ပြောပါတယ်။

Proportional Representative ခေါ် အချိုးကျကိုယ်စားပြုစနစ်ဟာ မဲရရှိတဲ့ အချိုးပေါ်မှာ မူတည်ပြီး ပါတီတွေကို ကိုယ်စားလှယ်တွေကို ကိုယ်စားပြုပြီး လွှတ်တော်မှာ ပါဝင်ရမှာဖြစ်ပါတယ်။ ဒီစနစ်ကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီတွေက ကန့်ကွက်ထားပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း PR စနစ်ကို ကန့်ကွက်ကြောင်း မကြာခဏ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီကနေ့ အမေရိကန်သမ္မတ အိုဘာမားနဲ့အတူ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်မှာ နေ့တ၀က်လောက်ဆွေးနွေးပြီးချိန်မှာ PR စနစ်ဟာ မဖြစ်နိုင်တော့ကြောင်း၊ NLD ပါတီအနေနဲ့ လွှတ်တော်မှာ လူနည်းစုဖြစ်ပေမဲ့ တိုင်းပြည် အနာဂတ်အတွက် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
VOA
http://burmese.voanews.com/content/pr-myanmar/2521242.html


အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိတွေ အပါအ၀င် ၈ ဦးကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မော်လမြိုင်မြို့မှာ ဒီကနေ့ စတင်စစ်ဆေး နေပါတယ်။

ကိုပါကြီး သေဆုံးမှုနဲ့ အဓိက ပတ်သက်တဲ့ ခမရ ၂၁ဝ တပ်အရာရှိတွေနဲ့ ဘားအံမြို့ခံ သတင်းထောက်တစ်ဦး အပါအဝင် ၈ ဦးကို စစ်ဆေးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

"ပထမတစ်ကြိမ်တော့ လူ ၃ဝ ကျော်စစ်ခဲ့ပါတယ်၊ အခု ၈ ယောက်လောက် ကျနော်တို့ စစ်ဖို့ရှိပါတယ်၊ ဒီဘက်ကတော့ အရာရှိကြီးတွေပါတယ်၊ ခုံရုံးဥက္ကဌပါတယ် ၄ ရက်နေ့ဖြစ်စဉ်မှာ အနီးကပ်ရှိတဲ့ တပ်ကအရာရှိစစ်သည်တွေပါတယ်၊ ဖားအံကသတင်းထောက်တစ်ယောက်ကိုလည်း ကျနော်တို့ ခေါ်ထားပါတယ်၊ ကျနော်တို့ တက်နိုင်သမျှတိတိကျကျဖြစ်အောင် ကျနော်တို့ ဖော်ထုတ်နေပါတယ်"

ကိုပါကြီးရဲ့ ရုပ်အလောင်း ဓာတ်ခွဲခန်းအဖြေကို ကျန်းမာရေးဌာနက တစ်ဆင့်တောင်းခံထားပြီး စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ အစီရင်ခံစာတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက ကျိုက်မရောနဲ့ မော်လမြိုင်မြို့နယ်တွေမှာ သွားရောက် စစ်ဆေးခဲ့ပြီး ဒီနေ့စစ်ဆေးမှုဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


မေးခွန်း=သမ္မတကြီးခင်ဗျာ။ ကျွန်တော် ကျော်သူရဟိန်းပါ။ ဥပဒေကျောင်းသားပါ။ ကျွ်တော့်မေးခွန်းကတော့ သမ္မတကြီးသာ မြန်မာပြည်ရဲ့သမ္မတဖြစ်မယ်ဆိုရင် ဘယ်ကဏ္ဍကို အရင်ဆုံးဦးစားပေးဆောင်ရွက်လိုပါသလဲ။
(လက်ခုပ်သံများ)

အိုဘားမား-
မြန်မာပြည်မှာစိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းတွေ ပြည့်စုံဖို့ ပိုပြီး ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေတယ်။ ကျွန်တော်သာဆိုရင် ဦးစားပေးလုပ်ချင်တာကတော့ လူတိုင်းလိုလိုလည်း ပြောနေကြတဲ့ကိစ္စပါ။ နံပါတ်တစ်က နောက်နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို သေချာကျင်းပမယ်။ နံပါတ် ၂ က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပါ။ အရပ်သားအစိုးရစစ်စစ် ဖြစ်သွားစေဖို့အတွက် နံပါတ် ၃ ကတော့ သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့၊ နိုင်ငံရေးအရ စည်းရုံးနိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို ပြဌာန်းရမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်။

Aye Thu San

ရန်ကုန် (မဇ္ဈိမ)။ ။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းအချို့ နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြရာ လူ့အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံခဲ့သူအချို့က မဇ္ဈိမကို ပြောသည်။
Obama-visits-Yangon-09
အမေရိကန် သမ္မတ အိုဘားမားနှင့် မြန်မာနိုင်ငံ အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့တို့ တွေ့ဆုံပွဲကို ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းကပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အဆိုပါ တွေ့ဆုံပွဲသို့ အရပ်ဖက်အဖွဲ့အစည်း ၁၃ ဖွဲ့အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော် မင်းဆွေလည်း တက်ရောက်ခဲ့ကြပြီး အမေရိကန် သမ္မတနှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် လူ့အခွင့်ရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံသား သတ်မှတ်ရေး၊ ငြိမ်းချမ်းရေး စသည့် ကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် လူ့အခွင့်ရေးနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် လှုပ်ရှားခဲ့သူ Equality Myanmar အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကိုပြောသည်။

တွေ့ဆုံပွဲတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ရခိုင်ပြည်နယ်သို့ နယ်စပ်မှ တရားမဝင် ရောက်လာသူ (ဘင်္ဂါလီ)များကို နိုင်ငံသားအဖြစ် လက်မခံနိုင်သည်ကို လက်ခံသော်လည်း ဘိုးစဉ်ဘောင်ဆက်နေလာသည့် ဘင်္ဂလီများကိုမူ နိုင်ငံသားအဖြစ် လက်ခံပေးစေလိုကြောင်း ပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
ဦးအောင်မျိုးမင်းက “ဒီမိုကရေစီမှာ လူမျိုးစုအားလုံးကို တန်းတူဆက်ဆံဖိုနဲ့ လူမျိုးစုတစ်စုကိုပဲ အကာအကွယ်မပေးဖို့ နိုင်ငံသား သတ်မှတ်ပေးဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်လို့” အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြောကြားခဲ့သည်ဟု ၎င်းက ပြောသည်။
ထိုသို့ အမေရိကန်သမ္မတ၏ ပြောကြားချက်ကို ၎င်းကလည်း သဘောတူလက်ခံပြီး လူမျိုးခြားများကို တန်းတူ အခွင့်အရေးပေးရန်နှင့်  နိုင်ငံသားမဖြစ်လျှင်လည်း အကြမ်းဖက်ခြင်းကို မပြုလုပ်သင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အစိုးရမှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများအားနည်းနေသလို ချိုးဖောက်မှုများလည်းရှိနေသည် ဟု တင်ပြဆွေးနွေးခဲ့သည်ဟုဆိုသည်။

အဆိုပါ အရပ်ဖက်အဖွဲ့အစည်းများ၏ တင်ပြဆွေးနွေးချက်များကို အမေရိကန်အစိုးရအနေဖြင့် တတ်နိုင်သည့် ကုညီမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး အထူးသဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှု ရှိအောင် ပံ့ပိုးကူညီပေးမည်ဟုပြောကြားခဲ့သည်ဟု ၎င်းပွဲသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောသည်။
မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ အပေါ် ဦးအောင်မျိုးမင်းက “ပထမဦးဆုံး မီဒီယာ အပေါ်မှာ အန္တရာယ်ပြုတာကို သူ့အနေနဲ့ လက်မခံနိုင်ဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သော ရှိသင့်ရှိထိုက်သော အရာတွေ ဖြစ်သလို အစိုးရ အားနည်းချက်တွေကို ထောက်ပြနိုင်တဲ့ အရာတွေဖြစ်တဲ့ မီဒီယာတွေကို ဖိနှိပ်ခြင်းက လူ့အခွင့်အရေး ချိုးဖောက်ခြင်းဆိုတာ သူပြောပြတယ်" ဟု ဆိုသည်။
ယင်းအပြင် “လက်ရှိ မီဒီယာနဲ့ ပတ်သက်ပြီး ရှိနေတဲ့ ဥပဒေမှာ ဘာတွေ အားနည်းချက် ရှိလဲဆိုတာ သူက မေးသွားတယ်။ သူ့အနေနဲ့က မီဒီယာ လွတ်လပ်ခွင့်ကို အားပေး ထောက်ခံမှုတွေကို တွေ့ရတယ်"ဟုလည်း ၎င်းက ဆက်လက်၍ ပြောသည်။
ယင်းအပြင် သတင်းမီဒီယာအရေးနှင့် ပတ်သက်၍ အခက်အခဲများ ကြုံတွေ့ရသည့် ပြဿနာများကို ဆွေးနွေးခဲ့ပြီး အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများ စွမ်းရည် မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တစ်ဆင့် ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
အိုဘားမားက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၂ ရက်မှ စတင် ရောက်ရှိနေခြင်းဖြစ်ပြီး ၁၃ ရက်တွင် နေပြည်တော်၌ အရှေ့-အာရှ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ-အမေရိကန် ဆွေးနွေးပွဲများ တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၁၄ ရက် နံနက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အတွင်းဝန်ရုံးသို့ သွားရောက်ခဲ့သည်။ ပြီးနောက် အမေရိကန် သမ္မတ အိုဘားမားသည် နံနက် ၁၁ နာရီ ခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အိုဘားမားသည် အမေရိကန်သံရုံး၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံအပြီးတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ညနေ ၅ နာရီခန့်တွင် ရန်ကုန်လေဆိပ်မှ တဆင့်  ပြန်လည်ထွက်ခွာခဲ့သည်။

မဇ္ဈိမ


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ အနေနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ   ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဒီနေ့ လှည့်လည်ဆန္ဒပြ နေကြပါတယ်။

ကျောင်းသား ၅၀၀ ကျော်တက်ရောက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ရန်ကုန်မှာ ၂ ရက်ကြာ ကျင်းပပြီးနောက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ ဆန္ဒပြပွဲတွေကို လုပ်ဆောင်ခဲ့တာပါ။

ဦးဆောင်ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ကတော့ ကျောင်းသား ၄၀၀  လောက် ရန်ကုန်ဘူတာကြီးရှေ့ကနေ ဆူးလေဘုရားလမ်းအတိုင်း ချီတက်လာပြီး ဘုရားကို ပတ်ကာ မဟာဗန္ဓုလပန်းခြံမှာ ကြွေးကြော်သံတွေ တိုင်တည် ဆန္ဒပြနေတယ်လို့ ပြောပါတယ်။

“ချီတက်လာတဲ့ လမ်းတလျှောက်မှာတော့ လုံခြုံရေးက တားမြစ်တာမျိုးတွေ၊  ဖြတ်သန်းခွင့်မပြုတဲ့အကြောင်း လာပြီးတော့ တားမြစ်တာမျိုးတွေတော့ ရှိတယ်။ လောလောဆယ်မှာတော့ ဆန္ဒပြတဲ့နေရာနားအထိ ရောက်လာတာမျိုးမရှိပေမယ့် အရပ်ဝတ်နဲ့ စောင့်ကြည်တာမျိုးတွေလည်း ရှိပါတယ်” လို့ မဖြိုးဖြိုးအောင်က ပြောပါတယ်။

ဆန္ဒပြပွဲဟာ ခွင့်ပြုချက်တစုံတရာ ရယူခြင်းမရှိဘဲ ပြုလုပ်တာဖြစ်ပြီး ဖြစ်လာတဲ့အရာတွေ အားလုံးကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ကို အိုဘားမားရောက်ရှိနေချိန်မှာ ဆန္ဒပြတာဖြစ်ပြီး အိုဘားမားနဲ့ တွေ့ဆုံဖို့ဖိတ်ကြားထားပေမယ့် မသွားရောက်ပဲ မဖြိုးဖြိုးအောင်က  ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဒီ ပညာရေးဥပဒေဟာ လူ့အခွင့်အရေး တန်းတူညီမျှမရဘဲ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက် မရှိတဲ့သလို ပညာရေးစနစ်ကို စီမံခန့်ခွဲရာမှာ အစိုးရက ထိန်းချုပ်တာနဲ့ ပညာရှင်တွေ ပါဝင်ဆောင်ရွက်ခွင့် အားနည်းမှုတွေ ရှိနေတဲ့အတွက် ကန့်ကွက်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းတွင်း အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် မပေးထားသလို လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်စွာ ချုပ်ကိုင်ကန့်သတ်ထားပြီး ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းပေးမှု မရှိတာတွေဟာလည်း ကျောင်းသားထု အခွင့်အရေးကို ပစ်ပယ်ပြီး အဖိနှိပ်ခံ ပညာရေးစနစ်သာဖြစ်တယ်လို ကျောင်းသားသမဂ္ဂနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

 By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/70870

ဓာတ်ပုံ – ကောင်းထက်ကျော်


စစ်တပ်ကြီးစိုးမှု ၀ါဒနဲ့ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ အရပ်ဘက်က စစ်တပ်ကို လွှမ်းမိုးမှု ဆိုတဲ့ မတူတဲ့ အယူအဆ တို့ကြားက ပြန်လည်သင့်မြတ်ရေးကို လိုလားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ခွန်ဘသာ တင်ဆက်။ ရိုက်ကူး - ကိုခန့် DVB TV News


အမေရိကန်သမ္မတ Barak Obama က မြန်မာ့ပြုပြင်ပြောင်းလဲရေးရေချိန်ကို ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မှာလည်း ကန့်သတ်ချက်တွေ အစား အများပါဝင်နိုင်အောင် ဆောင်ရွက်ပေးရေး စတာတွေနဲ့ တိုင်းတာ စောင့်ကြည့်မှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် မှာ တိုက်တွန်းနိုင်ခဲ့တယ်လို့ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူနည်းစု အနေနဲ့ ဖြစ်ပေမဲ့လည်း PR အချိုးကျကိုယ်စားပြစံနစ်ကို ကန့်ကွက်တာ အထမြောက်ခဲ့ကြောင်း၊ ဒါ့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုလည်း ပြည်သူလူထုဆန္ဒနဲ့ အညီပြင်ဆင်ရေး ဇွဲမလျှော့ဘဲ ဥပဒေဘောင် အတွင်းက ဆက်လက် ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန်ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း ကပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို သူ့ရဲ့နေအိမ်မှာ တစ်နာရီကြာ သွားရောက် တွေ့ဆုံပြီးတော့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

"သမ္မတဦးသိန်းစိန်နဲ့ တွေ့တုံးက ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ အပြည့်အ၀ အကောင်အထည်ဖေါ်ပြီးပြီလဲဆိုတာကို ကျနော်တို့ ဘယ်အချက်တွေနဲ့ ဘယ်လို တိုင်းတာမလဲ ဆိုတာကို အတိအကျ ပြောဖြစ်ခဲ့ပါတယ်။ နံပါတ်တစ် အချက် ကတော့ ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပပေးဖို့ ၊ နောက် ကျနှောင့်နှေး တာကို ကျနော်တို့ မတွေ့ချင်ပါဘူး။ လွတ်လပ်ပြီး တရား မျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကနေတဆင့် ပြည်သူတွေရဲ့ ဆန္ဒကိုကြားသိရဖို့ အချိန်တန်နေလို့ဘဲဖြစ်ပါတယ်။"

မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ၊ စစ်တပ်က ကလေးစစ်သားတွေ လွှတ်ပေးနေတာ၊ သတင်းစာလွတ်လပ်စွာ ထုတ်ဝေခွင့်ပေးနေတာ စတဲ့ တိုးတက်မှုတွေကို တွေ့နေရပေမဲ့ နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီး ကျန်နေသေးတဲ့ အကြောင်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်ချက် တွေနဲ့ ပတ်သက်လို့လည်း သမ္မတ အိုဘားမားက အခုလို ထောက်ပြလိုက်ပါတယ်။

"ဖွဲ့စည်းပုံပြင်ဆင်ရေး ဟာလည်း ဟိုလူမပါရဘူး၊ ဒီလူမပါရဘူး ဆိုတာထက် အားလုံး ပါဝင်နိုင်ရေးကို ထင်ဟပ်ဖို့လိုတယ်လို့လည်း သမ္မတ ဦးသိန်းစိန်ကို ကျနော်ပြောပြခဲ့ ပါတယ်။ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အချက်တချို့ဟာ သိပ်အဓိပ္ပါယ်မရှိဘူး လို့ ယူဆပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်လိုပြင်ဆင်မယ် ဆိုတာ ကတော့ မြန်မာပြည်သူလူထုပေါ်မှာဘဲ မူတည်ပါတယ်။ ဥပမာ ကျနော်နားမလည်တဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ အချက်တခုက သားသမီးတွေက ဘယ်သူတွေလဲ၊ အဲဒီသားသမီးတွေကြောင့် သမ္မတအဖြစ် အရွေးခံခွင့်မရှိဘူး ဆိုတာကတော့ ကျနော့်အတွက် သိပ်အဓိပ္ပါယ်မရှိလှပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒနဲ့အညီ ဆက်လက်ကြိုးစားနေတယ်နေတယ်ဆိုတဲ့အကြောင်း အခုလိုပြောဆိုသွားပါတယ်။

"ကျမတို့ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ နေ့ဝက်လောက်ဘဲ အပြန်အလှန် ဆွေးနွေးခဲ့ရသေးတာပါ။ တချို့လည်းကြားပြီးဖြစ်မှာပါ။ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစံနစ်ကို ကျင့်သုံးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကိစ္စ စပြီးဆွေးနွေးကြတုံး က ပြောကြပါတယ်။ NLD ဟာ လွှတ်တော်မှာ လူနည်းစုဖြစ် တာကြောင့် ကန့်ကွက်လို့ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာပါ။ နိုင်ငံရဲ့ အနာဂတ် အတွက် ကျမတို့ မားမားမတ်မတ်ရပ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ အနိုင်ယူလိုတဲ့ စိတ်နဲ့ မဟုတ်ပါဘူး။ အခုလည်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ သတင်းသမားတွေ အဖမ်းခံနေရတာ၊ အသတ်ခံနေရတာတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ တဦးချင်း တယောက်ချင်း အကြောင်းကို မပြောဖြစ်ခဲ့ပေမဲ့လို့ သတင်းလွတ်လပ်ခွင့် အခြေခံမူတွေနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

"သတင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တယ်ဆိုတဲ့ အခြေခံမူကိုတော့ ပြောပြဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လူထုကို ရှင်းလင်းတင်ပြဖို့ သတင်းထောက်ကို အားထားရတာဖြစ်ပါတယ်။ အစိုးရက သတင်းထောက်တွေကို ထိန်းချုပ်နေမယ်ဆိုရင်တော့ အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေကို သိရှိနိုင်ဖို့ လူထုအတွက်ခက်ခဲမှာဖြစ်ပါတယ်။ သတင်းသမားတွေဟာ လိုအပ်တဲ့ ပေါင်းကူးဖြစ်ပါတယ်။ ဒါတွေအတွက် အသွင်ကူးပြောင်းရေးလုပ်နေကြတဲ့ ကာလလို့ယူဆပါတယ်။ အရင်တခေါက်လာတုံးကထက် ပိုပြီး တက်ကြွစွာဆွေးနွေးနေကြပုံရပါတယ်။

ဒါပေမဲ့ ဒီလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်နေလို့မရပါဘူး။ သတင်းသမားတွေ ထောင်ကျနေ တယ်၊ အဖမ်းခံရတယ်၊ အသတ်ခံရ တယ်၊ နှောက်ယှက်ခံနေရတယ်၊ ပြစ်ဒဏ်ပေးခံရတယ် စသဖြင့်ကြားနေရရင်တော့ အဲဒီ အစိုးရဟာ ဒုက္ခရောက်နေလို့ပါဘဲ။ ဒီအစိုးရနဲ့ဘဲဖြစ်ဖြစ် ဘယ်အစိုးရနဲ့ ဘဲဖြစ်ဖြစ် သတင်းသမားတွေ ဒုက္ခရောက်နေတယ်ကြားရင် ကျနော်တို့က ထောက်ပြပြောဆိုမှာဘဲဖြစ်ပါတယ်။"

နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ သမ္မတ အိုဘားမားဟာ ခရီးရောက်မဆိုက်ဆိုသလိုပဲ ရန်ကုန်မြို့လည်က အတွင်းဝန်များ ရုံးဟောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီ့ကနေ ဆူးလေဘုရားတဝိုက်မှာ ရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ဗလီကျောင်းတွေကို ကားနဲ့ လှည့်ပတ်လေ့ လာပြီးမှ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
VOA
http://burmese.voanews.com/content/obama-meet-with-daw-aung-san-suu-kyi/2520108.html

 
သမ္မတအိုဘားမား ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ မြန်မာ အပါအ၀င် အရှေ့တောင်အာရှ ဒေသ လူငယ်တွေနဲ့ တွေ့ဆုံ
သမ္မတ အိုဘားမားဟာ ရန်ကုန် တက္ကသိုလ် စိန်ရတုခမ်းမမှာ မြန်မာအပါအ၀င် အရှေ့တောင် အာရှ ဒေသ လူငယ်တွေနဲ့ တွေ့ဆုံရာမှာ၊ ဒီ ဒေသတွင်း လူငယ်တွေ ဟာ အနာဂတ်ဒေသ တည်ငြိမ်မှု ဖွံဖြိုးမှုအတွက် အရေးကြီးသလို ဒီအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ ပူးပေါင်း ကူညီသွားမယ်လို့ အားပေးပြော သွားပါတယ်။ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ကို စံထားပြီး ဒေသ ပြောင်းလဲတိုးတက်မှုကို ဦးဆောင် သွားကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ စိန်ရတုခမ်းမမှာ ပြောကြားတဲ့ သမ္မတအိုဘားမား မိန့်ခွန်း ကောက်နုတ်ချက်အချို့ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ ဒီကနေ့ ညနေ ၄နာရီကစပြီး မြန်မာအပါအ၀င် အရှေ့တောင်အာရှ လူငယ်တွေနဲ့ တနာရီနီးပါး ကြာ တွေ့ဆုံရာမှာ အရှေ့တောင်အာရှ လူငယ်တွေရဲ့ အရေးပါမှု၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီလူငယ်တွေကို အလေးထားမှုတွေကို အဓိကထား ပြောဆိုခဲ့ပါတယ်။ ဒီဒေသတွင်း လူငယ်တွေဟာ အရှေ့တောင်အာရှတင်မက ၂၁ ရာစု ကမ္ဘာ့ရုပ်လုံးကိုလည်း ပုံဖော်ပေးမယ့်သူတွေဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောသွားပါတယ်။

“ အမေရိကန်နဲ့ အရှေ့တောင်အာရှဒေသ ဆက်ဆံမှု ခိုင်မာနက်ရှိုင်းအောင် အမေရိကန်သမ္မတအနေနဲ့ ဦးစားပေးဆောင်ရွက်သွားနေပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှဒေသ လူငယ်တွေနဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ကျနော်ငယ်စဉ်က ကြီးပြင်းခဲ့တဲ့အတွက် ဒီ ဒေသကို စွဲလန်းတွယ်တာ မိတာကြောင့်တင် မဟုတ်ပါဘူး။ ၁၀ နိုင်ငံပါ အာဆီယံဒေသဟာ ကမ္ဘာလူဦးရေ ၁၀ပုံတပုံ ရှိသလို၊ အာဆီယံဒေသ လူဦးရေ သုံးပုံနှစ်ပုံဟာ အသက် ၂၅နှစ်အောက် လူငယ်တွေဖြစ်တယ် ဆိုတာက အဓိက အကြောင်းရပ်ဖြစ်ပါတယ်။ စီးပွားရေး ဖွံဖြိုးလာပြီး ဒီမိုကရေစီ ပေါ်ထွန်းလာနေတဲ့ ဒီဒေသမှာ မတူကွဲပြားမှုတွေ စုံလင်ပါတယ်။ သမုဒ္ဒရာကြီးတွေ ကျွန်းစုတွေ သစ်တောတွေ မြို့ပြတွေ ရှိသလို၊ မတူညီတဲ့ လူမျိုးစုတွေ ဘာသာအယူအဆတွေ ပေါင်းစုံပါတယ်။ ဒီဒေသဟာ ၂၁ ရာစုကို ပုံဖော်ပေးပါလိမ့်မယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံဟာ အစဉ်အလာအရ မတူညီတဲ့ လူမျိုးတွေ မတူညီတဲ့ ဘာသာတွေ ပေါင်းစုထားတဲ့ ဒေသတွင်း စံပြုနေရာတခုဖြစ်ပြီး မကြာခင်နှစ်တွေ အတွင်း အပြောင်းအလဲတွေ အတိုး အဆုတ်ရှိခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအပြောင်းအလဲမှာ လိုအပ်ချက်တွေ ရှိနေသေးတာကိုလည်း သမ္မတအိုဘားမားက သူ့မိန့်ခွန်းထဲ ထောက်ပြသွားပါတယ်။

“လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ တိုးတက်မှုတွေမြင်ခဲ့ရတယ်။ ဒါတွေကို လျစ်လျူပြုထားလို့မရပါဘူး။ နိုင်ငံရေးအကျဉ်းသားလွတ်လာတယ်၊ ပြည်သူတွေ နိုင်ငံရေးဆွေးနွေးပြောဆိုမှုတွေမှာ ပိုပြီး ပါဝင်ခွင့်ရတယ်။ လွှတ်တော်နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပေါ်လာတယ်။ ဒါပေမယ့် ဒီလို ပြုပြင်ပြောင်းလဲမှုတွေ မလုံလောက်သေးပါဘူး။ သတင်းထောက်တွေ တိုင်းရင်းသား လူနည်းစုတွေအပေါ် နှိပ်ကွပ် တိုက်ခိုက်မှုတွေ ရှိနေတုန်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အတွင်း ဖိနှိပ်မှု သွေးခွဲ က်ဆံခံရမှုတွေ ကြုံနေရတဲ့ လူနည်းစုတွေနဲ့ပတ်သက်လို့ လူ့ရပ်တည် ရှင်သန်မှုဆိုင်ရာ အခြေအနေတွေ အပေါ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ အထူးစိုးရိမ်မကင်းရှိနေဆဲပါ။”

၁၅မိနစ်ကျော်ကြာ ပြောသွားတဲ့ မိန့်ခွန်းထဲမှာပဲ မြန်မာနိုင်ငံကို မကြာခင်မှာ အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps အစီအစဉ် စတင်မယ် ဆိုတာ ကြေညာ သွားသလို၊ ဒီအစီအစဉ်ဟာ အမေရိကန်လူငယ်တွေနဲ့ မြန်မာလူငယ်တွေ ပိုပြီး ထိတွေ့ ဆက်ဆံခွင့်ရမယ့် အစီအစဉ်ဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာတော့ ဒီမိုကရေစီနဲ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် စဉ်ဆက်မပြတ် ကြိုးစား လုပ်ဆောင်သွားဖို့ လိုအပ်ချက်ကို မြန်မာ စကားပုံကို မြန်မာလို ပြောဆိုသွားတာကြောင့် လူငယ်တွေ ပွဲကျခဲ့ပါတယ်။

“ မြန်မာစကားပုံမှာလည်း ရှိပါတယ်။ ငုတ်မိ သဲတိုင် တက်နိုင် ဖျားရောက် ဆိုတာပါပဲ။ ”

အခုခေတ် မျိုးဆက် လူငယ်တွေနဲ့ ပတ်သက်လို့အရင်က မျိုးဆက်တွေထက် ပိုပြီး အခွင့်အလမ်းရှိပြီး၊ ကမ္ဘာကို အပြောင်းအလဲလုပ်နိုင်အောင် စွမ်းအားပိုရှိနေတယ်လို့ သမ္မတ အိုဘားမားက ပြောဆို အားပေးသွားပါတယ်။

“ ဒီဒေသ အနာဂတ်ကို အာဏာရှင်တွေ စစ်တပ်တွေက ပုံဖော် ပြဌာန်းမှာ မဟုတ်ပါဘူး။ စွန့်ဦးထွင်သူတွေ၊ တီထွင်ဖန်တီးသမားတွေ၊ အနာဂတ်ကို မျှော်လင့် စိတ်ကူးသူတွေ၊ လူမှု အသိုင်းအ၀ိုင်းအတွက် ကူညီလုပ်ဆောင်နေသူတွေ က ပြဌာန်းရမှာပါ။ ခင်ဗျားတို့ဟာ ဒီလိုဖြစ်အောင် ဦးဆောင်ရမယ့်သူတွေပါ။ ခင်ဗျားတို့ အခု လူငယ်မျိုးဆက်ဟာ ဒီလူမှုအဖွဲ့အစည်းကို ပုံဖော်ဖို့ အရင်မျိုးဆက်တွေ ထက် ကို ပိုပြီး အခွင့်သာပါတယ်။ ဘာကြောင့်လဲဆိုတာကို ခင်ဗျားတို့ဟာ ဘယ်ဒေသ ဘယ်အရပ်ကမဆို အသိပညာတွေကို ရယူနိုင်တဲ့ စွမ်းအားရှိလို့ပါ။ ခင်ဗျားတို့ မိဘ ဘိုးဘွားတွေထက်ကို ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ ရထားလို့ပါ။ ဒါ့အပြင် ဒေသတွင်းရော ကမ္ဘာအနှံ့က အခြားလူငယ်တွေနဲ့ ခင်ဗျားတို့ အတွေ့အကြုံတွေ ဗဟုသုတတွေကို ဖလှယ်နိုင်ဖို့ အခွင့်အလမ်းတွေ ရနေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀၊ နှစ်၅၀ လောက်ကဆိုရင် ဒါမျိုးမဖြစ်နိုင်ခဲ့ပါဘူး။”

ဒေသတွင်း လူငယ်တွေကို ချီးကျူးပြောဆိုရာမှာ နာမည်တွေတပ်ပြီး ထုတ်ဖော်ပြောဆိုကြေညာ သွားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက လူငယ် အမျိုးသား အမျိုးသမီးအချို့လည်း ပါဝင်ပါတယ်။

“ ဝေေ၀နု၊ အကျဉ်းထောင်ထဲမှာ ၇နှစ် အကျဉ်းချခံခဲ့ရပါတယ်။ ဒါကို သူက ဘ၀ တက္ကသိုလ် လို့ ဆိုပါတယ်။ ခဲရာခဲဆစ် ရယူခဲ့တဲ့ ဒီ ဂုဏ် ဒီဘွဲ့ကို သည်းခံခွင့်လွှတ် နားလည်ဖို့ ဒီမိုကရေစီအတွက် စွန့်လွှတ်အနစ်နာခံဖို့အတွက် အသုံးပြုနေပါတယ်။ ခင်ဗျားတို့မှာ မုန်းတီးမှုကို ကျော်လွှားနိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ ခင်ဗျားတို့ တိုင်းပြည်မှာ ဖိနှိပ်ချုပ်ခြယ်မှု ထက် လွတ်လပ်မှု ကြီးစိုးဖို့၊ ကြောက်ရွံမှု ထက် မျှော်လင့်ချက် ကြီးစိုးနိုင်ဖို့ လုပ်ရပါမယ်။ ခင်ဗျားတို့ တိုင်းပြည်မှာ လမ်းသစ်ထွင်ဖို့ အင်အားရှိပါတယ်။

ဒီလုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုက လက်တွဲဆောင်ရွက်လိုပါတယ်။ ခင်ဗျားတို့ အနာဂတ်ကို ဖော်ဆောင်ရာ မှာ ဖြစ်နိုင်တဲ့ဖက်က ကူညီချင်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲဖို့ လိုအပ်တဲ့ ယန္တယားတွေ အဆက်သွယ်တွေ အထောက်အကူတွေကို ပေးချင်ပါတယ်။ ဒီအတွက် အရှေ့တောင်အာရှ လူငယ် မွေးထုတ်မှု အစီအစဉ်တရပ်ကို တိုးချဲ့ဆောင်ရွက်သွားပါမယ်။ နှစ်တိုင်း လိုလို အရှေ့တောင်အာရှဒေသက လူငယ်ငါးရာကို လေ့လာရေးအစီအစဉ်အတွက် အမေရိကန်ပြည်ထောင်စုကို ခေါ်ယူသွားပါမယ်။ ဒီအစီအစဉ်ကနေ ခေါင်းဆောင်မှု အတတ်ပညာတွေ အတွေးအမြင်တွေကို ဖလှယ်ကြမှာဖြစ်သလို၊ သူတို့ဒေသကို ပြန်ရောက်ရင် လည်း သူတို့ဒေသကို ပိုမိုကောင်းမွန်တဲ့ ဦးဆောင်မှုပေးပြီး ကမ္ဘာကြီးကို အပြောင်းအလဲလုပ်နိုင်မှာဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း လူငယ်တွေကို အားပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အကူအညီပေးသွားမှာဖြစ်သလို၊ တဖက်မှာ ထင်ရှားတဲ့ မြန်မာခေါင်းဆောင်တွေကို စံပြုပြီး အပြောင်းအလဲအတွက် လုပ်ဆောင်သွားဖို့ ကိုလည်း တိုက်တွန်းသွားပါတယ်။

“ နှစ်စဉ်လိုလို အရှေ့တောင်အာရှလူငယ်ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်က ပြုလုပ်ပေး သွားမယ် ဆိုတာကို ဂုဏ်ယူဝမ်းမြောက်စွာကြေညာလို ပါတယ်။ သူတို့အောင်မြင်မှုတွေကို အပြန်အလှန်ဖလှယ်ပြီး၊ ပိုပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ကြဖို့ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အသုံးချပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ကို နမူနာယူပြီး တည်ငြိမ်တိုးတက်တဲ့ အရှေ့တောင် အာရှဒေသ ဖြစ်လာအောင် ဆောင်ရွက်နိုင် ဖို့ မျှော်လင့်ပါတယ်။”

သမ္မတ အိုဘားမားဟာ ဒီနောက်မှာတော့ တက်ရောက်လာတဲ့ မြန်မာအပါအ၀င် အရှေ့တောင်အာရှ လူငယ်တွေနဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။

ကိုသားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/president-obma-town-hall-meeting-with-burmese-students/2520142.html


လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဆင့်ဟာ ပြီးပြည့်စုံမှုမရှိသေးသလို၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားတာဟာ အဓိပ္ပါယ်သိပ်မရှိဘူးလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ရှေ့ဆက်ရမယ့် အပြောင်းအလဲတွေကို အချက် ၅ ချက်နဲ့ တိုင်းတာဆုံးဖြတ်သွားမယ်လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောသွားခဲ့ပါတယ်။

“သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကဆွေးနွေးရာမှာ မိမိအနေနဲ့ အချက် ၅ ချက်ကို ရှင်းပြခဲ့ပါတယ်။ ပထမအချက်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အချိန်မှာ ကျင်းပနိုင်ဖို့၊ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့နဲ့ အားလုံးပါဝင်ခွင့်ရတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်း၊ ဒုတိယအချက်က လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ အခန်းတချို့ဟာ အဓိပ္ပါယ်မရှိကြောင်းနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ ပြည်သူတွေရဲ့ သဘောထားက အရေးကြီးကြောင်း၊ တတိယအချက်အဖြစ် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အမေရိကန်အစိုးရအနေနဲ့ အားပေးထောက်ခံကြောင်း၊ ရှေ့ဆက် ဆွေးနွေးအဖြေရှာဖို့ကိုလည်း တိုက်တွန်းကြောင်း၊ စတုတ္ထအချက်အဖြစ် ဘာသာခြား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတာဟာ မြန်မာနိုင်ငံသွားချင်တဲ့ အပြောင်းအလဲ မဟုတ်ကြောင်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်ကြောင်း၊ ဒါ့အပြင် အစိုးရကို ဝေဖန်ရေးသားတာကြောင့် သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချတာတွေဟာ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ထိခိုက်ကြောင်း၊ အဲဒီအချက်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးကြောင်း” သမ္မတ ဘားရက်အိုဘားမားက ပြောခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ အကောင်းမြင်လွန်းတာကို လက်မခံကြောင်းနဲ့ အရှိကိုအရှိအတိုင်း မြင်ကြဖို့ ပြောပါတယ်။

“ကျွန်မတို့နိုင်ငံရဲ့ အပြောင်းအလဲဟာ အဖုအထစ်တွေများတဲ့ ခရီးကြမ်းအဆင့်မှာပဲ ရှိနေသေးတယ်။ နိုင်ငံတကာက မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ဒီအခြေအနေကို ညှိနှိုင်းဆွေးနွေးပြီး ပြောင်းလဲပစ်နိုင်ပါတယ်။ လက်ရှိအခြေအနေကိုပြောမယ်ဆိုရင် အကောင်းမြင်လွန်းတာနဲ့ အဆိုးမြင်လွန်းတာ နှစ်ခုအကြားမှာ ကြည့်တတ်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာလည်း မြန်မာပြည်သူတွေလိုလားတဲ့ ပန်းတိုင်ကို ရောက်ကိုရောက်ရမယ်ဆိုတာကိုလည်း ယုံကြည်ချက်ထားပြီး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ အပြောင်းအလဲကို ထောက်ခံအားပေးတဲ့ အမေရိကန်နိုင်ငံလို မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့မှာပဲ အမေရိကန်သံရုံးမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ညနေပိုင်းမှာလည်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လူငယ် ၂၀၀ နဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf




ဒီနေ့ နေ့လယ် ၁၂ နာရီခွဲမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ အမေရိကန်နိုင်ငံ အနေနဲ့ ဘယ်လိုဆက်လက် ကူညီသွားနိုင်မယ်ဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ့မှာ တရားဥပဒေ စိုးမိုးရေး၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ စတဲ့အချက်တွေကို အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Photo: Myo Zaw Ko/RFA



မနေ့ကကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးက အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီနေ့နေလယ်ပိုင်းက ရန်ကုန် ဘူတာကြီးရှေ့ကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

လွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေဟာ ပြည်သူတွေနဲ့ ကျောင်းသားတွေ သဘောဆန္ဒမပါပဲ အတည်ပြုခဲ့တာဖြစ်တဲ့အတွက် ဖျက်သိမ်းပေးဖို့ တောင်းဆို တာဖြစ်ကြောင်း ကျောင်းသားတွေက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ ဒီမိုကရေစီပညာရေးရရှိရေးနဲ့ ပြည်သူနဲ့ကျောင်းသားတွေကို အခြေမခံတဲ့ အမျိုးသားပညာရေးဥပဒေ အလိုမရှိစတဲ့ ကြွေးကြော်ခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သွားဖို့ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဗကသကအဖွဲ့ဝင် ၆ ဦး၊ တကသက ၆ ဦး၊ မြေလတ်ဒေသက ကျောင်းသားခေါင်းဆောင် ၃ ဦးတို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Photo: Kyaw Lwin Oo/RFA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.