11/16/14


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ တတိယမြောက်နေ့အဖြစ် နိုဝင်ဘာ ၁၆ရက်နေ့ အမျိုးသားအောင်ပွဲနေ့မှာတော့ ရွှေတိဂုံစေတီတော် ကြေးသွန်းဘုရားမှာ စတင်စုဝေးပြီး ဆန္ဒပြခဲ့ပါတယ်။ နှောင့်ယှက်ဟန့်တားမှု၊ ဖမ်းဆီးထောင်ချမှုတွေနဲ့ ခြိမ်းခြောက်လာမယ်ဆိုရင် ဘယ်လိုတုန့်ပြန်မယ်လို့ ပြောခဲ့သလဲ။

ကျောင်းသားသပိတ်ကို နှောင့်ယှက်ပြီး ဖမ်းဆီးမှုလုပ်လာမယ်ဆိုရင် ဒီအတိုင်းငြိမ်ခံနေမှာမဟုတ်ဘဲ တရားမှုတွေကို ဖွင့်ချပြီး မျက်နှာဖုံးစွပ်ထားတဲ့ အစိုးရရဲ့ဘီလူးစွယ်ကို ခွာချမယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုကျော်ကိုကိုက ပြောပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ထိပါးလာမယ်ဆိုရင် ဒီမိုကရေစီအနှစ်သာရရှိတဲ့ အစိုးရတစ်ရပ်ဖြစ်လာအောင် ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမှာမို့ ဘာကိုမှ ကြောက်ရွံ့တုန်လှုပ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက နိုဝင်ဘာ ၁၄ရက်နေ့ကစတင်ပြီး ရန်ကုန်မှာ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ပြီး နေ့စဉ်လိုလို နေရာအနှံ့မှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ ကျောင်းသားသပိတ်ကို ပညာရေးကွန်ရက်အဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းကလူတွေ ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေဟာ အစိုးရရဲ့မျက်နှာတစ်ခုတည်းကိုပဲကြည့်ပြီး ရေးဆွဲထားတာဖြစ်သလို နိုင်ငံတော်အဆင့် ကော်မရှင်ဖွဲ့ပြီး ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ယောက်က ဦးဆောင်နေတာမို့ ဗဟိုချုပ်ကိုင်မှုဖြစ်ပြီး လူတိုင်းအကြုံးဝင်တဲ့ ပညာရေးစနစ်မဖြစ်တဲ့အပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ထားတယ်လို့ NNER အဖွဲ့ကို ကိုရဲဝင်းက ပြောပါတယ်။

သပိတ်မှောက် ကျောင်းသား ၅ဝဝလောက် စုတင်စုဝေးခဲ့ပြီး အများပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုရာက အင်အား တစ်ထောင်ကျော်ထိ ဖြစ်လာခဲ့ပါတယ်။ တက္ကသိုလ် လေးခုက ပါမောက္ခချုပ်တွေနဲ့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ကြေးသွန်းဘုရား တန်ဆောင်းမှာ သပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနက အရာရှိတွေက သပိတ်ကိုရပ်တန့်ပေးဖို့နဲ့ အမျိုးသားပညာရေး ဥပဒေရဲ့ နောက်ဆက်တွဲ နည်းဥပဒေထွက်လာတဲ့အခါ ကျောင်းသားတွေ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့ပေမယ့် အာမခံနိုင်မှုမရှိတဲ့အပြင် အစိုးရရဲ့ တရားဝင်သဘောထား မဟုတ်တာကြောင့် ညှိနှိုင်းမှု ပျက်ပြားသွားခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ ရွှေတိဂုံစေတီတော်ရင်ပြင်က ကျွန်ပညာရေးကို ဆန့်ကျင်ခဲ့တဲ့ ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ၁၉၂ဝ ပထမကျောင်းသားသပိတ်ရဲ့ အထိမ်းအမှတ် ကျောက်တိုင်မှာ အလေးပြုခဲ့ပြီး ဒီမိုကရေစီပညာရေး သပိတ်တိုက်ပွဲအတွက် သစ္စာဓိဌာန် ပြုခဲ့ကြပါတယ်။
Kamayut media


ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် စစ်ရဲ့အထုအထောင်းဒါဏ်ကို..နိုင်ငံပေါင်းများစွာဟာ အလူးအလဲ ခံခဲ့ကြရတယ်။ စစ်နိုင်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စတဲ့ နိုင်ငံတွေတောင်…စစ်စရိတ်ပိလို့ စီးပွားရေး တွေကျ ဆင်းရဲခဲ့ရတယ်။ ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ လို စစ်ရှုံးနိုင်ငံတွေကတော့ပြောဖွယ်ရာမရှိတော့။ ဖွတ်ကျောပြာစု မွဲထုကြီးအောက်ပြားပြားမှောက်ခဲ့ရတယ်။ ဆင်းရဲတွင်းပြာပုံထဲကတိုးထွက်လါနိုင်အောင် စက္ကန့် တိုင်း၊ မိနစ်တိုင်းကို တန်ဘိုးထားပြီး ကျိုးစားအလုပ်လုပ် ခဲ့ကြတာပါ။ အခုတော့လည်းအဲ့ဒီစစ်ရှုံးနိုင်ငံ တွေဟာ… ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေပြန်ဖြစ်လို့ ချမ်းသာကြွယ်ဝနေကြပါပြီ။
ဟိုတလောက… အစိုးရ၀န်ထမ်းဌာနအကြီးအကဲ ဖြစ်နေတဲ့…ကိုယ်နဲ့ ကျောင်းနေဘက်သူငယ်ချင်း လူရိုးကြီးတယောက်က ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာ သူ့ ဌာန၀န်ထမ်းတွေ ရုံးဝင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးခူးဆွတ်နေကြတဲ့ပုံတင်ထားတာတွေ့ လိုက်တော့.. ပထမတော့ပျော်စရာကြီး ပါလားပေါ့လို့ တွေးဝမ်းသာမိပေမဲ့…နောက်တော့အစိုးရ၀န်ထမ်းတွေ..အလုပ်မရှိဘဲ တော်တော်အားလပ် နေကြပါလါး…မလိုအပ်ဖဲခန့် ထားတဲ့ပိုလျှံဝန်ထမ်းတွေနဲ့ လစာကလည်း ထိုက်ထိုက်တန်တန်မရကြတော့ ကျိုးကျိုးစားစား အလုပ်ကောင်းကောင်းမလုပ်ကြ၊ တချို့ဌာနတွေဆို အလုပ်တောင်မယ်မယ်ရရမရှိဘဲ့ မလိုအပ်ဘဲ ဖန်တီးဖွဲစည်း ထားတော့ လုပ်အားတွေဆုံးရှုံးနေတာ တိုင်းပြည်အတွက်နစ်နာနေရတာ အများကြီးပါလားလို့ ဆက်တွေးမိလါတယ် ။
အဲ့ဒါနဲ့ စိတ်ဝင်စားလာပြီး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ အချိန်နဲ့ လုပ်အားလေလွင့်မှု့တွေ၊ ဆုံးရှုံးမှု့တွေ ဘယ်လောက် ရှိနိုင်မလဲဆိုတာ လူပြိန်းတွက်တွက်ကြည့်ရင်း.. ခန့် မှန်းချေရလာဒ်ကိုကြည့်ပြီး ကြောက်လါ မိတော့တယ် ။ ဒီနယ်ပယ်ကိုတတ်သိနားလည်တဲ့ ပညာရှင်တွေတွက်ချက်ကြည့်ရင် ပိုတိကျတဲ့အဖြေကို သိနိုင်မှာပါ။

ဆိုပါစို့  … တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေအပါအ၀င် တို့ တိုင်းပြည်မှာ…အစိုးရ၀န်ထမ်းဦးရေ (၁) သန်း ရှိတယ်လို့ ယူဆကြပါစို့  ။ အလုပ်ချိန်နောက်ကျလါတာ၊ အလုပ်ချိန်တွင်းကလစ်ထွက်တာ၊ အလုပ်ချိန် တွင်းကိုယ်ပိုင်အလုပ်လုပ်နေတာ…အလုပ်ချိန်စောပြီးဆင်းတာ၊ အလုပ်ချိန်အတိုင်းလါမလုပ်ဘဲ လစာ ထုတ်နေတာ… အလုပ်မရှိလို့ ထိုင်နေကြတာ… ဒါတွေအသေးစိတ်မတွက်တော့ဘဲ…တနေ (့၈)နာရီလုပ်ရမှာ အားလုံးအတွက်…တနေ့ ပျမ်းမျှ (၂ ) နာရီအလုပ်မလုပ်ဘူးလို့ ဘဲယူဆလိုက်ကြပါစို့ ။

အဲ့ဒါကိုအခြေခံပြီး တရက်ထဲနဲ့ တင် မြန်မာနိုင်ငံရဲ့လုပ်အားဆုံးရှုံးမှု့ဘယ်လောက်ရှိသလည်းဆိုတာ တွက်ကြည့်လိုက်တဲ့အခါ…
၁,၀၀၀,၀၀၀ × ၂ = (၂,၀၀၀,၀၀၀) နာရီ လေလွင့်ဆုံးရှုံးနေတာတွေရပါလိမ့်မယ် ။
ကျွန်တော်တို့ နိုင်ငံဟာ… နေ့ စဉ်နေ့ တိုင်းမှာ…နာရီ (၂) သန်း လုပ်အားတွေဆုံးရှုံးနေတဲ့သဘောပါ ။ တနည်းအားဖြင့်ပြောရရင်…. တရက်..တရက်တိုင်းမှာ.. ကျွန်တော်တို့ တိုင်းပြည်ဟာ.. သူများတိုင်းပြည်နောက် နာရီ (၂) သန်း နောက်ကျကျန်ရစ်ခဲ့တာပါ သူများတွေကနေ့ စဉ်ရှေ့ဆက်တိုးတက်နေပြီးကျွန်တော်တို့ ကတော့ နေ့ စဉ် နောက်ကျကျန်ရစ်နေတာပါ ။

ဒီလိုဖြစ်ခဲ့တာနှစ်ပေါင်းဘယ်လောက်ကြာပါပြီလည်း…စစ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ် ကနေ ဒီနေ့ အချိန်ထိ ရက်ပေါင်းဘယ်လောက်ရှိပါပြီလည်း…
(၅၂) နှစ် × ၃၆၅ ရက် = ၁၈,၉၈၀ ရက် ရှိပါပြီ ။
အဲ့ဒီ စုစုပေါင်းရက်တွေကို…တရက်မှာဆုံးရှုံးနေတဲ့လုပ်အားနာရီ (၂) သန်းနဲ့ မြှောက်ကြည့်လိုက်ရင်…
၁၈,၉၈၀ × ၂ သန်း = နာရီပေါင်း (၃၇,၉၆၀,၀၀၀,၀၀၀ ) ရပါတယ် ။ တနာရီလုပ်ခ အမေရိကန် တစ်ဒေါ်လာ နဲ့ ဘဲ တွက်ကြည့်လိုက်ရင်… US$ ဒေါ်လာ သန်းပေါင်း သုံးသောင်းခုနှစ်ထောင်ကျော်ဆုံးရှုံးခဲ့ပြီးပါပြီ ။
တကယ်လို့ ဆေးဝါးကရိယာစုံတဲ့ ဆေးရုံတရုံဆောက်ဖို့ ၊ နိုင်ငံတကာအဆင့် တက္ကသိုလ်တခုဆောက်ဖို့ ၊ အဆင့်မြင့်ဈေးကြီးတခုဆောက်ဖို့ ၊ ပြည်သူ့ ဥယာဉ်ပန်းခြံကြီးတခုဆောက်ဖို့ ၊ ကမ္ဘာ့အဆင့်မှီစာကြည့်တိုက်ကြီး တခုဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ စီကုန်မယ်ဆိုကြပါစို့ …
အထက်မှာတွက်ပြခဲ့တဲ့ ငွေပမာဏနဲ့ ဆို ဆေးရုံပေါင်း (၃၇) ရုံ ၊ တက္ကသိုလ် (၃၇) ခု၊ အဆင့်မြင့်ဈေးကြီး(၃၇) ဈေး၊ ပန်းခြံကြီး(၃၇)ခုနဲ့ ကမ္ဘာ့အဆင့်မှီစာကြည့်တိုက်ကြီး(၃၇)ခုတည်ဆောက်လို့ ရနိုင်ပါတယ်။
ဒါမှမဟုတ် မြန်နှုန်းမြင့်ကျည်ဆံရထားလမ်း နဲ့  ကမ္ဘာ့အဆင့်မှီအဝေးပြေးလမ်းမကြီးတည်ဆောက်ဖို့  အမေရိကန်ဒေါ်လာ (၄) ဘီလီယံစီကုန်ကျမယ်ဆိုကြပါစို့ ...
အထက်မှာဆုံးရှုံးခဲ့တဲ့ ငွေပမာဏနဲ့ ဆို မြန်နှုန်းမြင့်ကျည်ဆံရထားလမ်း နဲ့  ကမ္ဘာ့အဆင့်မှီအဝေးပြေးလမ်းမကြီး (၉)လမ်းစီ တည်ဆောက်လို့ ရနိုင်ပါတယ် ။ စိတ်ကူးနဲ့ ဆုံးရှူံးခဲ့တာတွေကိုစဉ်းစားရင်း ကြက်သီးလည်း ထမိတယ်။ တိုင်းပြည်အတွက်လည်း တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။
မြန်မာနိုင်ငံမှာ အဲ့ဒီအချိန်နဲ့ လုပ်အားဆုံးရှုံးမှု့လိုဘဲ အလွန်အန္တရာယ်ကြီးမားပြီး လေလွင့်မှု့တွေကို မတွက်ချက်နိုင်အောင် အဟောသိကံ ပေါက်ကျ နစ်နာနေရတဲ့ တခြားယိုပေါက်ကြီး ကိုးပေါက်လည်း အောက်ပါအတိုင်းရှိနေတာ ရာစုနှစ်ဝက်ကျော်နေပါပြီ။။

၁) သယံဇာတဆုံးရှုံးလေလွင့်ယိုစီးမှု့ ( Natural Resources Drain )
၂) နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးလေလွင့်ယိုစီးမှု့ ( Finance/Budget Drain )
၃) ငွေကြေးအရင်းအမြစ်နဲ့ ရင်းနှီးမြုပ်နှံမှု့များ ပြောင်းရွေ့ လျှော့ပါးကျဆင်းမှု့ ( Capital Drain)
၎) ဦးနှောက်ယိုစီးမှု့ ( Brain Drain )
၅) ကဏ္ဍအသီးသီးမှာ.. အရည်အသွေးနိမ့်ပါးလျှော့ကျမှု့ ( Quality Drain )
၆) နိုင်ငံသားအခွင့်အရေးနှင့် လူ့ အခွင့်အရေး လူ့ တန်ဘိုးပျောက်ရှဆုံးရှုံးမှု့ ( Human Rights Drain )
၇) ယဉ်ကျေးမှု့ဓလေ့ထုံးတမ်းနှင့် ရှေးဟောင်းအမွေအနှစ်များယိုယွင်းပျက်ဆီးမှု့(Culture and Heritage Drain )
၈) အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲပျက်သုဉ်းမှု့ ( National Unity Drain )
၉) ကိုယ်ကျင့်သီလစာရိတ္တများယိမ်းယိုင်ပျက်ဆီးမှု့ ( Character Drain )
၁၀) လုပ်အားဆုံးရှုံးလေလွင့်မှု့ ( Labour Drain )
အဲ့ဒီ ယိုပေါက်ကြီး (၁၀)ပေါက်ကနေ …တိုင်းပြည်ရဲ့ အဖိုးတန် အရာများစွာဟာ…စက္ကန့် တိုင်းမိနစ်တိုင်းမှာ ဒလဟောပေါက်ယိုစီးကျလေလွင့်ဆုံးရှုံးနေပါတယ် ။ အဲ့ဒီထဲကတချို့အရာတွေဟာ…ဘယ်တော့မှာ့ အစားပြန် မရနိုင်တော့ပါဘူး ။
နှစ်ပေါင်း(၅၀)ကျော် အဲ့ဒီလို လေလွင်းဆုံးရှုံးရင်း အဖက်ဖက်ကချွတ်ခြုံကျပြီး တိုင်းပြည်လည်း ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံစာရင်းဝင်ခဲ့ရတာမဟုတ်လား ။ အုပ်ချုပ်ပုံစနစ်ကမမှန်၊ တတ်သိပညာရှင်ကိုနေရာမပေး၊ အ၀င်က နည်းနည်း အထွက်နဲ့ ယိုပေါက်ကများများ ၊ ကုန်ကြမ်းလောက်သာရောင်းစားတတ်ပြီး ကုန်ချောမထုတ်တတ်၊ အလုပ်အကိုင်တွေရှား ပစ္စည်းတွေရှား၊ လမ်းပန်းဆက်သွယ်ရေးကမကောင်း၊ ကုန်ဈေးနှုန်းတွေကကြီးသထက် ကြီးလာ၊ ငွေကြေးဖေါင်းပွ၊ လူမှု့ဘ၀တွေနိမ့်ကျ၊ ပညာမတတ်တော့ မုန့် လုံးစက္ကူကပ်ရင်း ဆင်းရဲသံသရာလည် နေရတာမဟုတ်လား။

ဒီပြသနာကို ဆေးမီးတိုနဲ့ ကုလို့ မရဘူး ။ အပြကောင်းယုံ တနပ်စားဥာဏ်ပြုပြင်ပြောင်းလည်းရေးနဲ့  တို့ ကနန်းဆိတ်ခနန်း လုပ်နေလို့ ပြေလည်မသွားနိုင်ဘူး ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လာမည့် ဘဏ္ဍာရေးနှစ်မှစတင်ပြီး နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သာ;များ၊ ရဲတပ်ဖွဲ့ဝင်များ၏ လစာစရိတ် များကို တိုးမြှင့်သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းတယ်ဆိုတဲ့ သတင်းဖတ် လိုက်ရတယ်။
ဝန်ထမ်းတွေကို ထိုက်တန်တဲ့လစာတိုးပေးရမှာလိုအပ်ချက်တခုပါ။ ဒါပေမဲ့ လစာတိုးပေးယုံတခုထဲနဲ့  တက်ပြီးရင်းတက်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု့ပြသနာကို မဖြေရှင်းနိုင်ဘူး။ တိုတောင်းတဲ့အချိန်ကာလ တခုအတွင်းဖြေရှင်းလို့ မရနိုင်ပေမဲ့ ရိုးသားမှု့ကစေ့ဆော်တဲ့ စေတနာအမှန်နဲ့  အခြေခံကျတဲ့ပြုပြင်ပြောင်းလဲ မှု့တွေလုပ်ဖို့ လိုတယ်။ အရေးကြီးဆုံးက ပြည်တွင်းစစ်ရပ်ပြီး ငြိမ်းချမ်းရေးရဖို့ အဓိကလုပ်ရမယ်။ နိုင်ငံရေး တည်ငြိမ်မှာ့ စီးပွားရေးလုပ်လို့ ရမယ်၊ ဖွံ့ ဖြိုးရေးလုပ်လို့ ရမယ်။ တရားဥပဒေစိုးမိုးအောင်လုပ်ရမယ်။ လာဘ်ပေးလာဘ်ယူနဲ့ ချစားမှု့ကိုထိထိရောက်ရောက်တိုက်ဖျက်ဖို့ လိုတယ်။ အလေအလွင့်နည်းအောင် လုပ်ကြရမယ်။

ကမ္ဘာ့အဆင့်မှီတဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ လိုအပ်တဲ့ အခြေခံနဲ့ အပေါ်ထပ်အဆောက်အအုံတွေ ( ဘဏ္ဍာရေး ငွေကြေးစနစ် ဘဏ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ လောင်စာနဲ့ စွမ်းအင်လိုအပ်ချက် …စတာတွေ ) တည်ဆောက်ရမယ် ပြည်တွင်းအလုပ်အကိုင်တွေဖန်တီးပေးမဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွေ အဂတိကင်းကင်းနဲ့ ဖိတ်ခေါ်လုပ်ကိုင်စေရမယ်။ ၀န်ထမ်းတွေကိုပြန်လည်စီစစ်ရမယ်၊ ပိုလျှံဝန်ထမ်းတွေ ဖယ်ရှားဖို့ လိုတယ်။ တချိန်ထဲမှာဘဲ ၀န်ထမ်းတွေရဲ့စွမ်းဆောင်ရည်တွေတိုးတက်အောင် ( Capacity Building ) လုပ်ကြရမယ်။ ပညာရှင်တွေနေရာပေးပြီး အမျိုးသားစီမံကိန်းကြီးတွေစနစ်တကျလေ့လာချမှတ်ရမယ်၊။ ကုန်ချော ( Value Added Products & Services ) တွေပြည်တွင်းကနေ ထုတ်နိုင်အောင်စီမံလုပ်ဆောင်ကြ ရမယ်။ ရေရှည်ခံမဲ့ စီးပွားရေး ( Sustainable Economy ) တိုးတက်မှု့ရအောင် အထက်မှာပြောခဲ့တဲ့ ပြုပြင် ပြောင်းလဲမှု့တွေ ဟန်ချက်ညီညီလုပ်နိုင်ပါမှာ့ တဖြေးဖြေးချင်းစီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု့က ကုန်ဈေးနှုန်းကို တည်ငြိမ်အောင်ထိန်းနိုင်လာလိမ့်မယ်။

ဒါကြောင့်အထက်မှာပြောခဲ့တဲ့ မြန်မာပြည်ရဲ့ ယိုပေါက်ကြီးတွေကို..အမြန်ဆုံး ဖာထေးပိတ်ဆို့ ကြဖို့ ၊ ခြင်းကျားကြီးနဲ့ ရေသယ်နေတဲ့ လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့် ပစ်ရမှာ… နိုင်ငံသားအားလုံးနဲ့  ပြည်သူ့ အစေခံအစိုးရရဲ့ သမိုင်းပေးတာဝန် ကြီးတရပ်ဘဲဆိုတာ အသိပေးလိုက်ပါတယ်။

လေးစားစွာဖြင့်
မင်းကောင်းချစ်
နိုဝင်ဘာလ (၁၃)ရက် ၊ ၂၀၁၄ ခုနှစ်

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်နဲ့ အရာရှိတွေ ရွှေတိဂုံစေတီတော် ကြေသွန်းဘုရားကြီးရဲ့ တန်ဆောင်းမှာ သပိတ်မှောက် ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီဝင် ၁၅ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို ရပ်တန့်ဖို့နဲ့ အမျိုးသားပညာရေး ဥပဒေမှာ ပြင်ဆင်လိုတဲ့အချက်တွေကို လာရောက်တွေ့ဆုံပြီး တင်ပြဖို့ အစည အရာရှိတွေက ကျောင်းသားတွေကို ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ လာရောက်ညှိနှိုင်းတာ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လာရောက် ဆွေးနွေးတာဖြစ်တာမို့ သပိတ်မှောက်ကျောင်းသားတွေက လက်မခံဘဲ ငြင်းဆိုခဲ့ပါတယ်။

ပညာရေးဥပဒေမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို ထည့်သွင်းဖို့၊ အခြား ပြင်ဆင်ဖြည့်စွက်နိုင်တာတွေ ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ်ဘက်က ပြောပေမယ့် ကျောင်းသားတွေက အာမခံသလားလို့ မေးတဲ့အပေါ် ဖြေဆိုနိုင်ခြင်းမရှိတာကြောင့် တွေ့ဆုံပွဲ အဆုံးသတ်သွားခဲ့ပါတယ်။

ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ၁၉၂ဝ ပထမကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင်မှာ သပိတ်မှောက်ကျောင်းသားတွေဟာ သစ္စာအဓိဌာန်ပြုခဲ့ပြီးနောက် ဆန္ဒပြမှုကို လူစုခွဲ အဆုံးသတ်ခဲ့ပါတယ်။

Kamayut media

မြန်မာ့နိုင်ငံရေး၏ ပြုပြင်ပြောင်းလဲရေး စံဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ဖြစ်လေသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် အခိုင်အမာ ပါရှိနေသော စစ်သြဇာ လွှမ်းနေသော ဥပဒေပုဒ်မများကို ပယ်ဖျက် ပစ်လျှင် ပြုပြင်ပြောင်း လဲရေးကို ချီတက် နေသည်ဟု ဆိုရပေမည်။ သို့သော် စစ်ရောင်လွှမ်းနေသော ဥပဒေပုဒ်မများကို ချန်ထားလျှင်မူ စစ်ရောင် သန်းနေဆဲဖြစ်သည်ဟု ဆိုရပေမည်။ အမြီးဖြတ်၊ ခေါင်းဖြတ်လုပ် ရုံနှင့် မူ ပြုပြင်ပြောင်း လဲရေး လမ်းကြောင်းကို သွားသည်ဟု မပြောနိုင်ပေ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၄ ခုနှစ်သည် ၄ နှစ် သက်တမ်းရှိသော အစိုးရအဖွဲ့သစ် လက်ထက်၌ အစိုးရအတွက်ရော၊ အတိုက်အခံများ အတွက် ရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အတွက်ရော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော နှစ်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင် ရင်း ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး အတွက် အစိုးရကရော၊ အတိုက်အခံများကပါ နိုင်ခြေရှိသည်ကို လုံးပန်းလာကြ၏။ အထူး သဖြင့် ပြည်ခိုင်ဖြိုး အစိုးရအနေဖြင့် နောက် ၅ နှစ် သက်တမ်းကို သူတို့အရွေးမခံခံရအောင် ဖန်တီးသည့် လုပ်ရပ်များကို လည်း တွေ့လာ ရပါသည်။ ၂၀၁၄ ခုနှစ်သည် အားလုံးအတွက် ခက်ခဲသော ကာလဖြစ်သော်လည်း မြန်မာ့နိုင်ငံရေး တွင်မူ အကျပ်အတည်းဆုံးနှင့် အခက်ခဲဆုံး ကာလကား မဟုတ်ပေ။

အထူးသဖြင့် ဒုတိယ ၅ နှစ်သက်တမ်း အစိုးရ ဖွဲ့နိုင်ရေးအတွက် အာဏာရ နိုင်ငံရေးပါတီရော၊ အတိုက်အခံ နိုင်ငံရေး ပါတီများပါ ကြိုးစား အားထုတ်လာခြင်း ဖြစ်ပါသည်။ လွှတ်တော်ထဲတွင် အသံတစ်သံ သို့မဟုတ် ထိုက်သင့်သော အသံများရရှိရေးအတွက် တချို့ပါတီများက ရွေးကောက်ပွဲပုံစံ အသစ်တစ်ခုတင်၍ မျှော်မှန်းချက် ထားခဲ့ကြသည်။ ပြည်ခိုင်ဖြိုး ပါတီကမူ ပို၍ မျှော်လင့်ချက်ထား၏။ ဆိုလိုသည်မှာ နောင်အစိုးရ သက်တမ်း ၅ နှစ် ရရှိရေးအတွက် ယခင်လက်နက် အားကိုးဖြင့် မဟုတ်ဘဲ ရွေးကောက်ပွဲစနစ် အားကိုးဖြင့် ရည်မှန်းချက် ထားလာကြခြင်းဖြစ် သည်။ ပြည်သူ လူထုထဲတွင်လည်း ၄ နှစ် ကာလ အုပ်ချုပ်လာသော အာဏာပိုင်များအပေါ် အားမရမှုနှင့် မကျေနပ်မှုများ ပေါက်ကွဲ လာသည်ကို လည်း တွေ့ရ သည်။ ကျောင်းသားများက အမျိုးသား ပညာရေး ဥပဒေကြမ်းကို မကျေနပ်သဖြင့် ဆန္ဒပြမှုများ၊ အထူးသဖြင့် မျက်နှာဖုံးစွပ်ကာ ယူဂျီဆန္ဒပြပွဲဟုဆိုသော ခွင့်ပြုချက် တောင်းခံခြင်းလည်း မရှိဘဲ ရုတ်တရက် ရောက်လာကာ အစိုးရ နုတ်ထွက်ပေးရေး အထိ တောင်းဆိုလေသည်။ အစိုးရသစ် အာဏာရလာသော ၄ နှစ်အတွင်း တိုင်းပြည် အတွက် ကြိုးပမ်းအားထုတ်မှုများမှာ ထင်သလောက် မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့သစ်သည် အတိုင်းအတာ ရှိသော ပွင့်လင်းမြင်သာမှုကား ယခင်စစ် အစိုးရထက်ပို၍ ရှိလာသည်။ ပြည်သူကို အခြေခံသော ဒီမိုကရေစီတစ်စုံ တစ်ရာကျသည့် လုပ်ရပ်များလည်း လုပ်လာသည်။ အရပ်သားပြောင်းအစိုးရ အဖွဲ့၏ လုပ်ရပ် များမှာ ယခင်စစ်အာဏာရှင်တို့ကို ကာကွယ်ပေးပြီး ယခင်စစ်အစိုးရ ချမှတ်ထားသော လမ်းစဉ်များကို ထိန်းသိမ်း နိုင်ခြင်းကား သူတို့အောင်ပွဲဖြစ်၏။ သူတို့ကြွေးကြော်သော ပြုပြင်ပြောင်းလဲရေးကား ပြုပြင် ပြောင်းလဲရေး စစ်စစ်ဟု ကမ္ဘာက အသိအမှတ် မပြုပေ။

စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်။ စစ်အာဏာရှင်စနစ် လမ်းကြောင်းကို မချီတက်ဘဲ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက်မည်ဟု စစ်တပ်ကရော သမ္မတကရော ဘယ်လိုပင်ပြောပြော သူတို့လုပ်ရပ်များက စစ်အာဏာရှင်တို့ကို အကာအကွယ် ပေးနေလေသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို အစိုးရကရော စစ်တပ်ကပါ အတင်းဖက်တွယ်၍ အခိုင်အမာ ကိုင်စွဲ ထားသောကြောင့်ဖြစ်သည်။ ယနေ့ မြန်မာ့နိုင်ငံရေး ၏ ပြုပြင် ပြောင်းလဲရေး စံဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ဖြစ်လေသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် အခိုင်အမာ ပါရှိနေသော စစ်သြဇာ လွှမ်းနေသော ဥပဒေပုဒ်မများကို ပယ်ဖျက်ပစ်လျှင် ပြုပြင်ပြောင်းလဲရေးကို ချီတက်နေသည်ဟု ဆိုရပေမည်။ သို့သော် စစ်ရောင်လွှမ်းနေသော ဥပဒေပုဒ်မများကို ချန်ထားလျှင်မူ စစ်ရောင်သန်းနေဆဲဖြစ် သည်ဟု ဆိုရပေမည်။ အမြီးဖြတ်၊ ခေါင်းဖြတ် လုပ်ရုံနှင့်မူ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို သွားသည်ဟု မပြောနိုင်ပေ။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံသည် ယနေ့မြန်မာ့နိုင်ငံရေး၏ ဆူးငြောင့်ခလုတ် ဖြစ်နေပါ တော့သည်။

အတိုက်အခံတို့ဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လူထုတိုက်ပွဲဆင်ရာ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေး ထိုးပွဲလောက်နှင့်သာ ရပ်တန့်သွားသည်။ ထိုအခြေအနေလောက်နှင့် အစိုးရက သဘောကျသည်။ တို့ထိရုံလေးလှုပ်ရှား လိုက်သော လက်မှတ်ရေး ထိုးပွဲကိုပင် မြန်မာပြည်သူ ၅သန်းက ပါဝင်လာသည်ကို အစိုးရရော၊ စစ်တပ်ရော ပေါ့ပေါ့မတွေးသင့်ပေ။ အတိုက်အခံများဘက်တွင် ပြည်သူက ရှိနေဆဲဖြစ်၏။ အရေးကြီးသည်မှာ အစိုးရသည် ယခင်က စစ်ဗိုလ်ချုပ်များ အတွေး၊ စစ်ဗိုလ်ချုပ်များ၏ အမြင်ဖြင့် ဒီမိုကရေစီ မဆန်သော လုပ်ရပ်များ မကျင့်သုံးဖို့ လိုအပ်ပါသည်။ အာဏာပိုင်များအနေဖြင့် အတိုက်အခံများ၏ တောင်းဆိုမှု မှန်သမျှကို ငြင်းပယ်ခြင်းနှင့် လျစ်လျူရှုခြင်း ရှိနေသည်မှာ မြန်မာ့နိုင်ငံရေးတွင် မကောင်းသော အလားအလာ ဖြစ်သည်။ အတိုက်အခံများတွင် သြဇာအရှိဆုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိထိရောက်ရောက် တွေ့ဆုံ ဆွေးနွေးဖို့ကို သမ္မတ ဦးသိန်းစိန်ရော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော မပြုလုပ်ခဲ့ပေ။ တွေ့ဆုံ ခဲ့လျှင် ခေါင်းခါရအခက်၊ ခေါင်းညိတ်ရ အခက် ဖြစ်မှာစိုး၍ ငြင်းပယ် ခဲ့ပုံရသည်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကမူ ရှင်း၏။ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကိုလည်း သူကထောက်ခံ၏။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကိုလည်း သူက ယေဘုယျ ထောက်ခံပုံရ၏။ သို့သော် အမှန်တကယ် အပြောင်းအလဲလုပ်နိုင် သော သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ကမူ အရေးကြီးဆုံးသော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုပုံ မရသလို အလျှော့ပေးလိုပုံလည်းမရပေ။ ယနေ့မြန်မာ့နိုင်ငံရေး၏ အကျပ်အတည်း ပြဿနာမှာ အလျှော့ပေး အကျပ် အတည်း ပြဿနာမဟုတ်ပေ။ မူးဆစ်ပဲဆစ် လုပ်နေ၍လည်း မရပေ။ အလေးအနက် စဉ်းစားပြီး အရေးအကြီးဆုံး လုပ်ရမည့် ကိစ္စမှာ-

(၁) စစ်အာဏာရှင်စနစ်ကို အစိုးရရော၊ စစ်တပ်ရော၊ အတိုက်အခံရော လုံးဝဖယ်ရှားပြီး အမြစ်ဖြတ်မလား၊ မဖြတ်ဘူးလား။

(၂) စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းကို အမှန်တကယ် လျှောက်မလား၊ မလျှောက်ဘူးလား ဆိုသည့် အချက်များပင် ဖြစ်ပါသည်။ မည်သူမဆို ထိုအချက်များကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ခေါင်းထဲ ရှိနေလျှင် အလျှော့အတင်း အနည်းအများဆိုသည်မှာ မရှိတော့ပေ။ နည်းဗျူဟာအရ အလျှော့အတင်းရှိလာ လျှင်လည်း တစ်ဦးအပေါ်တစ်ဦး ယုံကြည် စိတ်ချမှုဖြင့် ဆောင်ရွက် နိုင်လေသည်။ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲလာသည့် အဖြစ်သနစ်မှန်ကို ယခုအာဏာရနေသည့် အစိုးရသစ်နှင့် သမ္မတ ကောင်းကောင်းသိသည်။ ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများလည်း သိသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြည်သူက ရွေးချယ် တင်မြှောက်ခြင်း မရှိသော ကာချုပ်ခန့်အပ်သည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ်များ လွှတ်တော်တွင် ပါဝင်ခွင့် ပေးရမည်ဆိုသည်မျိုးမှာ ဒီမိုကရေစီမကျသော ““ဘုန်းကြီးနှင့်ဘီး”” ဖြစ်နေသည်ကို သိကြပါသည်။ ၂၀၀၈ ကို အလုံးစုံချက်ချင်း လက်ငင်းလိုသလို မပြင်သည့်တိုင် ၂၅ ရာခိုင်နှုန်းလျှော့ပေး၊ နောက် ၅ ရာခိုင်နှုန်း လျှော့ပေးခြင်းဖြင့် ပြင်၍ရသည်။ ကာလုံလို အစိုးရအဖွဲ့ အထက်တွင်ရှိသည့် ကော်မတီမျိုး ကိုလည်း လုံးဝဖြုတ်ပေးရမည်။ ထိုအတွက်လည်း သမ္မတနှင့် ကာချုပ်က အလေးအနက် ပြုလုပ်ဖို့လို၏။ ထိုမှသာလျှင် ဒီမိုကရေစီ လမ်းကြောင်း လျှောက်သည်ဟု ဆိုရပေမည်။ အခန်း ၁၁၊ ပုဒ်မ ၄၁၀ လို ဥပဒေမျိုးမှာလည်း နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးကို တာဝန်ယူထားသော တပ်မတော်အဖို့ ဖွဲ့စည်းပုံထဲ ထည့်သွင်းနေစရာ မလိုပေ။ ချက်ချင်းဖြုတ်ပစ် သင့်ပါသည်။ စစ်သြဇာ လွှမ်းမိုးထားသော ထိုဥပဒေများကို လက်တွေ့ကျကျ ဖယ်ရှားလျှင် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး အမှန်တကယ် အောင်မြင်မှာ သေချာပါ သည်။ ယနေ့ကာလ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးကို လက်တွေ့ ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ ယခုမူ PR လို ရွေးကောက်ပွဲ စနစ်သစ် ပြဋ္ဌာန်းဖို့ အာဏာနှင့် လွှတ်တော်တွင် အမတ်အားသာမှုကို အခွင့်ကောင်းယူကာ ကြိုးပမ်းနေခြင်း သည် ““ယိုသူမရှက် မြင်သူရှက်”” အခြေအနေမျိုး ဖြစ်နေပါသည်။

၂၀၁၅ ရွေးကောက်ပွဲကား နီးသထက် နီးလာပေပြီ။ အစိုးရအဖွဲ့သစ် ၄ နှစ်ကာလ အုပ်ချုပ်သည့် အခြေအနေကို အစိုးရရော၊ တပ်မတော်ရော နားလည် သဘောပေါက်နိုင်ကြသလို သူတို့နောက်တွင် ရှိရှိ၊ သူတို့ နောက်တွင်မရှိရှိ စစ်အာဏာရှင်တို့လည်း နားလည် သဘောပေါက်ကြပေမည်။ ထင်တိုင်းကြဲခဲ့သော စစ်ဗိုလ်ချုပ်များ အခြေအနေကို နားလည် သဘောပေါက်လျှင် အတိုက်အခံများနှင့် ပြည်သူကို အမှန်တကယ် ကျေးဇူး တင်သင့်၏။ ပြုပြင်ပြောင်းလဲမှု လုပ်သည်ဆိုလျှင် ကမ္ဘာတွင် ပြုပြင် ပြောင်းလဲမှု လုပ်ခဲ့သော နိုင်ငံများနှင့်မတူ ကွာခြားနေသည်။ အလွန်ညင်သာ အေးဆေးလှပါသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့်လည်း မတူ။ ပြောရလျှင် ရူမေးနီးယားနှင့် ပြုပြင် ပြောင်းလဲသွားခြင်းလည်း မတူပေ။ ယနေ့ရှိနေသော မြန်မာပြည်သူများ၏ သည်းခံ ခွင့်လွှတ်မှုနှင့် ဒေါသနည်းမှုကို စံထားပြီး ထိုအခြေအနေမှနေ အကောင်း ဆုံးရလဒ်များကို အာဏာလက်ရှိသူများက ကျင့်သုံးသင့်သည်ဟု ထင်သည်။ မိမိတို့ကို ကြောက်၍၊ မိမိတို့ကို အန်မတုနိုင်၍ မိမိတို့ ထင်ရာစိုင်းမည်ဟု တလွဲဆံပင် ကောင်းနေ၍မဖြစ်ပေ။ ထိုသို့ဆိုလျှင် အလွန်ကြောက်စရာ ကောင်းသော အခြေအနေကို ရင်ဆိုင်ရပေမည်။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာသော နည်းလမ်းကို ကျင့်သုံးရပေမည်။ ထို့ကြောင့် ယနေ့မြန်မာ့နိုင်ငံရေး၏ အဆုံးအဖြတ်နှင့် အရေးအကြီးဆုံးအားလုံး လက်တွဲ ဆောင်ရွက်ရမည်မှာ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပင် ဖြစ်သည်။ ယနေ့ရင်ဆိုင်နေရသော အခက်အခဲ၏ သော့ချက်၊ ဆုံမှတ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ မပြင်ရေးဖြစ်၏။ မပြင်ပါက ပြုပြင်ပြောင်းလဲရေး ကို သွေဖည်သည်ဟု ကောက်ချက်ချရမည်။ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသော ဥပဒေပုဒ်မများကို ဖယ်ရှားပေးလျှင် အမျိုးသား စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့မှာ အကောင်အထည် ပေါ်လာမည် ဖြစ်ပေသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်မှု (ဓာတ်ပုံ/ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)

အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု သပိတ်ဆင်နွှဲနေတဲ့ ဒုတိယနေ့မှာ ရန်ကုန်တက္ကသိုလ်အဝင်မှာ အာဏာပိုင်တွေဘက်က တားမြစ်ကန့်သတ်မှုတွေရှိပေမဲ့ ဆန္ဒပြကျောင်းသားတွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲအထိ ဝင်ရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းသားထုရဲ့ လိုလားချက်တွေကို အစိုးရ၊ ဥပဒေပြု လွှတ်တော်အမတ်တွေကို သိရှိစေဖို့ တောင်းဆိုတဲ့ ကျောင်းသားသပိတ်တွေ ၄ ရက် ဆက်တိုက် ရန်ကုန်မှာ ဆင်နွှဲနေကြတာဖြစ်ပါတယ်။ ကျောင်းသားသပိတ် နောက်ဆုံးအခြေအနေ မဆုမွန် တင်ပြပေးထားပါတယ်။

လွှတ်တော်မှာအတည်ပြုပြီး သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ပညာရေး မူဝါဒတွေကို ချမှတ်ထားပြီးတော့ ကျောင်းသားအခွင့်အရေးတွေကိုလည်း ကန့်သတ်ထိန်းချုပ်မှုတွေရှိတယ်။ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူးဆိုပြီးတော့ တနိုင်ငံလုံးက ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) က ကျောင်းသားတွေ ဦးဆောင်ပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပြီးတော့ ကျောင်းသားတွေ၎ ရက် ဆက်တိုက် ဆန္ဒပြဖို့ အစည်းအဝေးဆုံးဖြတ်ခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး မြို့တော်ခန်းမရှေ့မှာ ရာနဲ့ချီတဲ့ကျောင်းသားတွေ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ ဒီကနေ့ ဒုတိယမြောက်နေ့မှာလည်း စီတန်းလှည့်လည် ဆန္ဒပြမှုတွေနဲ့ ထိုင်သပိတ်ဆင်နွှဲမှုတွေ လုပ်ခဲ့ကြပါတယ်။

“…ကျနော် တို့သွေးနဲ့ ရေးတဲ့သမိုင်း-ကျနော် တို့သွေးတွေနဲ့ တက္ကသိုလ် တဝိုက် ဒေါင်းအလံတွေစိုက် ထိုတနေ့တော့ ရောက်လာမှာပါ ဇွဲမလျှော့နဲ့ ငါ့သူငယ်ချင်း…..”

အခုကြားခဲ့ရတာကတော့ ကျောင်းသားခေါင်းဆောင်တွေ ဟောပြောနေတဲ့ အသံပါ။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းကို ချီတက်ဖို့ စီစဉ်ချိန်မှာ အာဏာ ပိုင်တွေရဲ့ တားမြစ်မှုကိုခံခဲ့ရပေမဲ့ တက္ကသိုလ်ဝင်းထဲအထိ ဝင်ရောက်ဆန္ဒပြနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒုတိယမြောက်နေ့ ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်လို့ ဗကသ အဖွဲ့ချုပ် သတင်းပြန်ကြား တာဝန်ခံ ကိုရဲရင့်ကျော်က အခုလိုပြောပြပါတယ်။

“ကျနော်တို့ ဒုတိယနေ့ သပိတ်မှောက်ဆန္ဒပြတာက သမိုင်းလမ်းဆုံကနေစပြီး ချီတက်လမ်းလျှောက်တယ်၊ နောက်ပြီးတော့ လှိုင်နယ်မြေကိုဖြတ်တယ်။ လှိုင်နယ်မြေကိုလည်းပိတ်ထားတယ်၊ ရန်ကုန်တက္ကသိုလ်ဝင်းကိုလည်း ပိတ်ထားတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းအထိ ရောက်တဲ့အခါမှာ အဓိပတိလမ်းမထိပ် မုဒ်ဦးမှာ တခါးပိတ်ထားတဲ့အတွက် ဝင်ခွင့်တောင်းတယ်၊ ဖွင့်ပေးဖို့ပြောပေမယ့် အာဏာပိုင်တွေက ဖွင့်မပေးဘူး။ အဲဒီတော့ ကျနော်တို့ ခဏထိုင်နေပြီးတော့ အာဏာပိုင်ကို အချိန်နာရီဝက်ပေးတယ်၊ နာရီဝက်ပြည့်တဲ့အထိ ဖွင့်မပေးတဲ့အတွက် ကျနော်တို့ တယောက်ချင်း ကျော်ဝင်တယ်။ ဝင်ပြီးတော့ သမဂ္ဂအဆောက်အအုံနေရာဖြစ်တဲ့ ဗိုလ်အောင်ကျော်ကျောက်တိုင်နေရာမှာ အလံတွေနဲ့ ကျောင်းသားတွေအားလုံး စုဝေးပြီး အခမ်းအနားကျင်းပတယ်ပေါ့နော်။ သမိုင်းအစဉ်အလာကြီးမားတဲ့ သမဂ္ဂအလံတော်ကို အလေးပြုတယ်။ သမဂ္ဂအဆောက်အအုံဟောင်း မြက်ခင်းပြင်မှာ ရဲဘော် ဗိုလ်အောင်ကျော်နဲ့ 7-July အတွင်း ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်ဟောင်းတွေရယ်။ နောက် ခေတ်အဆက်ဆက်က ကျဆုံးသွားတဲ့ ကျောင်းသားအပေါင်းကို ကျနော်တို့ အလေးပြုပါတယ်။ အဲဒီနောက်မှာတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ် တမိနစ် ငြိမ်တယ်။ ပြီးတော့ ကြေညာချက်သဘောထား ဖတ်ကြားတာ၊ ကော်မတီဝင်တွေ တဦးချင်းစကားပြောတာ၊ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အမှာစကားပြောတာ၊ အဲဒါ ပြောပြီးတဲ့နောက်ပိုင်းမှာ ကျောင်းဝင်းထဲကနေ ပြန်ထွက်လာပါတယ်။ ကျောင်းဝင်းထဲက ထွက်တဲ့အချိန် ကျောင်းအာဏာပိုင်တွေက သော့ဖွင့်ပေးပါတယ်။ အဲဒီကနေ ထွက်လာပြီး အခု လှည်းတန်း ဂုံးကျော်အောက်မှာ ကျနော်တို့ ထိုင်သပိတ်လုပ်နေပါတယ်။”

နောက်ရက်တွေဖြစ်တဲ့ အမျိုးသားနေ့နဲ့ နိုင်ငံတကာကျောင်းသားများနေ့တွေမှာလည်း ကျောင်းသားတွေဘက်က သပိတ်တွေ ဆက်လက် ဆင်နွှဲသွားမှာ ဖြစ်ပြီး ကျောင်းသားထုရဲ့ မကျေနပ်ချက် လိုလားချက်တွေကို နိုင်ငံတော်အစိုးရတင်မဟုတ်ပဲ အဓိက တာဝန်ရှိတဲ့ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေ ကိုပါ အသိပေး တောင်းဆိုပါတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။

“ဒါ သူတို့ အတင်းအဓမ္မ၊ လွှတ်တော်အဆင့်ဆင့်ရော၊ သမ္မတကိုယ်နှိုက်ကရော ပြဌာန်းလက်မှတ်ထိုးလာတဲ့အတွက် ဒါကိုကန့်ကွက်ဆန့်ကျင်ဖို့ ကျနော်တို့ သပိတ်မှောက်ခြင်းဖြစ်တယ်။ သူတို့လည်း စဉ်းစားစရာတစ်ခုတော့ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဥပဒေတွေပြဌာန်းခဲ့ပေမယ့် ကျောင်းသားတွေနဲ့ပတ်သက်တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြဌာန်းတဲ့အခါမှာ ကျောင်းသားကိုရော၊ ပြည်သူကိုရော လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်နှိုက်ကိုက ဒီအပေါ်မှာ အလေးထားခြင်း မရှိဘဲနဲ့ ပြန်ငဲ့ညှာခြင်းမရှိဘဲ အတည်ပြုခဲ့တဲ့အပေါ်မှာ ဒီလို တုံ့ပြန်မှုတွေ ရှိလာတယ်ဆိုတာကိုတော့ သူတို့ သတိထားမိမှာပါ။ ဒီ အမျိုးသားပညာရေးဥပဒေကို အတည်ပြုဖို့ ကြိုးစားနေချိန်မှာ ကန့်ကွက်ဖို့ တာဝန်မကျေခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားနည်းချက်ကြောင့်မို့လို့ ဒီလိုကိစ္စတွေ ဖြစ်လာတာပါ။ ဒီလိုကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ရော၊ နိုင်ငံတော်အနေနဲ့ရော၊ အစိုးရအနေနဲ့ရော တာဝန်ရှိရှိနဲ့ ပြန်ပြီး ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

အာဏာပိုင်တွေဘက်က တားဆီးပိတ်ပင်ကန့်သတ်မှုတွေရှိနေပေမဲ့ ကျောင်းသားထုတွေဘက်က နိုင်ငံ အနာဂတ်အတွက် အရေးကြီးတဲ့ ပညာရေ မူတွေကို ခိုင်ခိုင်မာမာချမှတ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားကြမှာဖြစ်တယ်လို့လည်း ဗကသအဖွဲ့ချုပ် သတင်းပြန်ကြား တာဝန်ခံကပြောပါတယ်။

အခုအချိန်အထိတော့ အာဏာပိုင်တွေက ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီးမှုတွေမလုပ်ပေမဲ့ တားဆီးပိတ်ပင်မှုတွေနဲ့ စောင့်ကြည့် သတင်းရယူမှုတွေကို လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ကျောင်းသားတွေကပြောပါတယ်။ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဘက်က လာရောက်အားပေးမှုတွေရှိသလို ငြိမ်းချမ်းရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ပန်းရဲ့လမ်းအဖွဲ့ကလည်း ငြိမ်းချမ်းရေးသီချင်းတွေ လာရောက်သီဆို အားပေးခဲ့တယ်လို့သိရပါတယ်။

VOA

   
ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ – ကောင်းထက်ကျော်)

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို ပညာရေး တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းမှုဟာ တိကျခိုင်မာတဲ့ အဖြေတစ်ခုမပေးနိုင်တဲ့ အတွက် ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီး ဆက်လက် သပိတ်မှောက်သွားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ရန်ကုန် တက္ကသိုလ် ပါချုပ်၊ စီးပွားရေး တက္ကသိုလ်ပါချုပ် အရှေ့ပိုင်း တက္ကသိုလ် ပါချုပ်တွေ ပါဝင်တဲ့ အဆင်မြင့် ပညာဦးစီးဌာန တာဝန်ရှိသူတွေဟာ ကျောင်းသားတွေနဲ့ ကြေးသွန်းဘုရားမှာ ဒီနေ့ လာရောက်ဆွေးနွေးခဲ့တာပါ။

လာရောက်ဆွေးနွေးမှုမှာ ကျောင်းသားသမဂ္ဂများ လွပ်လပ်စွာဖွဲ့စည်းခွင့်ကို အမျိုးသားပညာရေး ဥပဒေမှာ ထည့်သွင်းရေးဆွဲထားခြင်းမရှိပေမယ့် အဆင်မြင့်ပညာရေး နည်းဥပဒေမှာ ထည့်သွင်းပေးမယ်လို့ လာရောက်ညှိနှိုင်းတဲ့ တာဝန်ရှိသူတွေက ဆိုပေမယ့် ကျောင်းသားတွေဘက်က လက်ရှိရေးဆွဲအတည်ပြုထားတဲ့ ဥပဒေမှာ မပါဝင်တဲ့အတွက် လက်မခံကြောင်း သိရပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ နေ့လယ် ၁၂ နာရီမှာ ရွှေတိဂုံစေတီတော်ကို ဆက်လက်ချီတက်သွားကြပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြောင့် အခုလို သပိတ်မှောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီ ပညာရေး ရရှိဖို့နဲ့ ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်းနဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့အတွက် သပိမှောက် တောင်းဆိုနေကြတာပါ။

By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/71025


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေဟာ သပိတ်တိုက်ပွဲ ဒီနေ့ကျရောက်တဲ့ အမျိုးသားနေ့မှာ တတိယနေ့အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကြေးသွန်း ဘုရားရှေ့ကနေ မနက် ၁၀ နာရီခွဲက စတင်ကာ ရွှေတိဂုံ ဘုရားဆီ ဆန္ဒပြ ချီတက် နေကြပါတယ်။

အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပေဒကို မကျေနပ်လို့ သပိတ်မှောက်ပြီး ကျောင်းသားတွေ ဆန္ဒပြနေတာ ဒီနေ့ဆို ၃ ရက်ရှိပြီ ဖြစ်ပါတယ်။

ဗြိတိသျှ လက်ထက် ၁၉၂၀ ခုနှစ်က တက္ကသိုလ်ပညာရေးပဒေကို ဆန့်ကျင့်ခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပွဲကို ပြုလုပ်သွားမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ရာနဲ့ချီတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေ ဦးဆောင်တဲ့ ကျောင်းသားတွေဟာ မနေ့ကလည်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက တက္ကသိုလ်သမဂ္ဂအဆောက်အအုံဟောင်းမြေနေရာကို ကျော်ဖြတ်ဝင်ရောက်ပြီး တိုင်တည်သစ္စာပြုခဲ့ကြသလို ဗိုလ်အောင်ကျော် အုပ်ဂူရှေ့မှာလည်း  အလေးပြုခဲ့ပါတယ်။

ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ ဒီမိုကရေစီ ပညာရေး ရရှိဖို့နဲ့ ဗဟိုချုပ်ကိုင်မှုတင်းကြပ်တဲ့ အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်းနဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့အတွက် တောင်းဆိုနေကြတာပါ။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71007
ဓာတ်ပုံ – ကျော်ဇေယျာဝင်း

 
ပညာရေး ဥပဒေက နည်းလမ်း မကျတဲ့အတွက် ကျောင်းသားတွေ ဆန္ဒပြရတာ ဖြစ်တယ်လို့ ဒေါက်တာ သိန်းလွင် ပြော

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ကျောင်းသား အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို စနေနေ့မှာ ကျင်းပခဲ့တဲ့ NNER မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။

အမျိုးသား ပညာရေး ဥပဒေမှာ ပါတဲ့ အချက်တွေထဲမှာ ဒီမိုကရေစီ မကျတာ၊ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်တာ၊ ပညာရေး လွတ်လပ်ခွင့်ကို ထိခိုက်တာတွေ ဖြစ်နေတာကြောင့် ကျောင်းသားတွေ ကန့်ကွက် ဆန္ဒပြရတာ ဖြစ်တယ်လို့ NNER တာဝန်ခံ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တုန်းက ပညာရေး ဥပဒေ အပါအဝင် တခြား ဥပဒေတွေကို ပြည်သူတွေ မပါပဲ အစိုးရက တဘက်သတ် ချုပ်ကိုင်ပြီး ရေးဆွဲခဲ့တယ် ဆိုတာကို တင်ပြနိုင်ခဲ့ကြောင်းနဲ့ သမ္မတ အိုဘားမားကလည်း လူထု ပါဝင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် မြန်မာ အစိုးရကို တိုက်တွန်း ပြောသွားမယ်လို့ ပြန်ပြောခဲ့ကြောင်း ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

NNER ရဲ့ အစည်းအဝေးမှာ လာမယ့် ဒီဇင်ဘာလမှာ ပညာရေး ဆွေးနွေးပွဲ တခု ကျင်းပနိုင်ရေးနဲ့ အဲဒီ ဆွေးနွေးပွဲ ကျရင် ပညာရေး ပြုပြင် ပြောင်းလဲမှုမှာ ဆရာတွေက ဘယ် အခန်းကဏ္ဍဍက ပါဝင်သင့်သလဲ ဆိုတာကို အဓိကထား ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141115_nner_meeting_dr_thein_lwin


မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ ခိုင်ခိုင်မာမာ ချပြသွားမည်ဟု ရခိုင်ပြည်နယ်ဝန် ကြီးချုပ်ဦးမောင်မောင်အုန်းက ထုတ်ဖော် ပြောကြား လိုက်သည်။

နိုဝင်ဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံးအ စည်းအဝေးခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က အထက်ပါ အတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် စဉ်းစားနေပါတယ်။ ဒေါက်တာအေးချမ်းတို့နဲ့ တိုင်ပင်ပြီးတော့ စာအုပ်တစ်အုပ်ပြုစု မယ်။ ကျွန်တော်တို့ ပြုစုထားတဲ့ စာအုပ်ကို သမိုင်းသုတေသီတွေ၊ ပညာရှင်တွေ၊ ကမ္ဘာက အသိအမှတ် ပြုထားတဲ့သူတွေနဲ့ reforming ယူပြီးတော့မှ ကမ္ဘာတစ်ခုလုံးကို ပို့ရမယ်။ ခိုင်ခိုင်မာမာကို ပြောရမယ်။ သူတို့ဘက်က ရှိပါတယ်ဆိုတာကို ကျွန်တော်တို့ဘက်ကလည်း မဟုတ်ဘူးဆိုတာကိုပြောရမယ်”ဟု ဝန်ကြီးချုပ်ကဆိုသည်။

မြန်မာသမ္မတဦးသိန်းစိန်ကိုယ်တိုင်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟုထုတ်ဖော်ပြော ကြားထားပြီးဖြစ်သော်လည်း အဆိုပါပြောဆိုချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းသို့ချပြပြောဆိုထား ခြင်းမဟုတ်သေးသည့်အတွက် နိုင်ငံတကာကလည်း ထိုလူမျိုးအမှန်တကယ်ရှိသည်ဟုယူဆနေကြ ခြင်းဖြစ်သည်။

ယင်းသို့ယူဆနေကြသည့်အတွက် ကမ္ဘာပေါ်ရှိ နိုင်ငံ့ခေါင်းဆောင်ကြီးများပါဝင်သော နိုင်ငံတ ကာအသိုင်းအဝိုင်းတွင် ယနေ့ထက်တိုင် ထိုအသုံးအနှုန်းကိုစွဲမြဲစွာလက်ခံသုံးစွဲနေကြခြင်းလည်းဖြစ် သည်။

ယင်းတို့ကိုချေဖျကနိုင်ရန် မြန်မာသာမက ကမ္ဘာတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာသို့ချပြ မည့် စာအုပ်တစ်အုပ်ကို စနစ်တကျပြုစုရန်လိုအပ်လာပြီဖြစ်သည့်အတွက် သမိုင်းပညာရှင်များ၊ အသိ ပညာ၊ အတတ်ပညာများနှင့် ဆွေးနွေးတိုင်ပင်ရန်လိုအပ်လာပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ထောက်ပြ ပြောဆိုသွားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ဒေသခံ ဦးသာကျော်က “ဒီလိုမျိုး ကမ္ဘာကိုချပြလိုက်မယ်ဆိုရင် တော့ နိုင်ငံတကာကအနေနဲ့ကလည်း ဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို တစ်မျိုးတစ်ဖုံပြောင်းလဲပြီး သုံးစွဲကောင်း သုံးစွဲလာနိုင်တယ်”ဟု သုံးသပ်ပြောသည်။

သို့သော် ယင်းအသုံးအနှုန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာသို့ချပြမည့်စာအုပ်ကို မည်သည့်အချိန် တွင်စတင်ပြုစု၍ ကမ္ဘာသို့မည်သို့မည်ပုံချပြသွားမည်ဆိုသည်ကို ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟူ သောအသုံးအနှုန်းကိုအစားထိုးသုံးနှုန်းသွားခဲ့သည့်အတွက် ယင်းအပေါ် မြန်မာ့လူအသိုင်းအဝိုင်းတစ် ခုလုံးက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

အလားတူ ၂ဝ၁၂ ခုနှစ်အတွင်းက အမေရိကန်သမ္မတဘားရတ်အိုဘားမား၏မြန်မာနိုင်ငံခရီး စဉ်အတွင်းတွင်လည်း ထိုအသုံးအနှုန်းကို ထည့်သွင်း သုံးစွဲခဲ့ရာ မြန်မာ့လူအဖွဲ့အစည်းများက ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

မြန်မာသာမက ကမ္ဘာပေါ်တွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို မြန်မာအစိုးရက ကမ္ဘာသို့ ချပြ ပြောဆိုထားခြင်းမရှိသေးသည့်အတွက် နိုင်ငံတကာစာမျက်နှာများတွင် ထိုအသုံးအနှုန်းကို လက်ခံသုံး စွဲနေရခြင်းဖြစ်သည်ဟု စစ်တွေမြို့တွင်လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံတကာ NGO တစ်ခုမှအကြီးအကဲတစ်ဦးက ၂ဝ၁၂ ခုနှစ်အတွင်းက ဒေသတွင်းမီဒီယာသမားများနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့ဖူးသည်။

( နိရဉ္စရာ – ၁၅ နိုဝင်ဘာ ၂ဝ၁၄) / မာန်ယုကျော် (ရွှေဝမြေ)
http://www.narinjara.com/burmese/?p=12758


ISIS စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘတ်ဒါဒီ သည် ဆော်ဒီအာရေဗျ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင်ရန် ၄င်းကို ထောက်ခံသူ အကြမ်းဖက် သမားများအား နိုဝင်ဘာ ၁၃ ရက်က တိုက်တွန်း လိုက်ကြောင်း သိရသည်။
 
 ISIS စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့၏ နိုင်ငံကို ဆော်ဒီအာရေဗျ မှတစ်ဆင့် ခြေကုပ်ယူ၍ အခြား အာရပ်နိုင်ငံ များသို့ ချဲ့ထွင် နိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိသည်ဟု ISIS ခေါင်းဆောင် ဘတ်ဒါဒီ က ပြောကြား ထားသည်။

ထို့ပြင် ဆီးရီးယား နှင့် အီရတ်နိုင်ငံများ အတွင်းရှိ ၄င်းတို့၏ အဖွဲ့များအပေါ် လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည့် အမေရိကန် အစိုးရ က ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့၏ ကြိုးပမ်းချက်မှာ ရှုံးနိမ့်လျက် ရှိပြီး ၄င်းတို့ကို မောင်းထုတ်ရန် ဂျီဟတ်ဒ် စစ်သွေးကြွ များကို တောင်းဆိုခဲ့သည်။ အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်များ၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ သို့မဟုတ် သေဆုံး ခဲ့သည်ဟု သတင်း ထွက်ပေါ် ခဲ့သည့် ဘတ်ဒါဒီ
သည် အဆိုပါ သတင်းများ ထွက်ပေါ်ပြီး ချိန်မှစ၍ ပထမဆုံး အကြိမ်အဖြစ် အသံဖမ်းစက် ဖြင့် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အသံဖမ်းစက်မှ ထွက်ပေါ် လာသည့် အသံသည် ISIS ခေါင်းဆောင် ဘတ်ဒါဒီ ၏ အသံအစစ် ဟုတ်၊ မဟုတ်ကိုမူ အတိအကျ အတည်ပြု နိုင်ခြင်း မရှိသေးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန
က ပြောကြား ထားကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/isis_15.html

ပုံ-ဆန္ဒပြကျောင်းသာများ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော်အုတ်ဂူအား အလေးပြုနေစဉ်

အစိုးရမှ အတည်ပြုပြဌာန်းထားသော အမျိုးသားပညာရေးဥပဒေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမ္မဂက ဦးဆောင်၍ မနေ့(နိုဝင်ဘာ ၁၄ရက်)ကစ၍ ၄ရက်ဆက်တိုက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားခေါင်းဆောင်ကျော်ကိုကိုက အမျိုးသားပညာရေးဥပဒေသည် ဆိုးဝါးသော ပညာရေးစနစ်ဖြင့်သဖြင့် လက်မခံနိုင်ကြောင်း၊ ပြောင်းလဲအစားထိုးပြင်ဆင်နိုင်ခြင်း မရှိဘဲ ယခင်ပုံစံအနေအထားအတိုင်း ဆက်လက်ပြီး ဆိုးရွားမှုဖြစ်ပေါ်လာနိုင်သည်ဟု ယူဆသဖြင့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးမှ ၁၅ဦးကော်မတီနှင့် ဆုံးဖြတ်ပြီး ဆန္ဒပြခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၄င်းက အမျိုးသားပညာရေးဥပဒေတွင် ပါဝင်သော ပြဋ္ဌာန်းချက်များသည် ကျောင်းသားထု လွတ်လပ်စွာပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုနှင့် ချုပ်ကိုင်ထားကြောင်း၊ မူဝါဒများမှာလည်း စလယ်ဆုံး ဒီမိုကရေစီမဆန်ကြောင်း၊၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှစွာ မခံစားနိုင်ခြင်းများရှိနေကြောင်း၊ ထို့ကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ခြင်းဖြစ်ကြောင်း ပြောသည်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက “လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ တရားမျှတမှုရှိသလားဆို တာ ငါ့ညီတို့အသိဆုံးပဲ။ ဒါကြောင့် ခေတ်အဆက်ဆက်မှာ ကျောင်းသားများဟာ ဘယ်လိုမတရားတာကိုမှ မခံတဲ့ ခွပ်ဒေါင်းဖြစ်တယ်။ ဒါကို ကိုယ့်အနေနဲ့ လာရောက်အားပေးစကားပြောရင်းနဲ့ ညီတို့ ညီမတို့ရဲ့ ပခုံးပေါ်ကျရောက်လာတဲ့ ဒီပညာရေးဥပဒေကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကိုယ့်အနေနဲ့ ပြောချင်တယ်”ဟု ပြောကြားခဲ့သည်။

https://www.facebook.com/NewsWatchJournal

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယန်း ၂၅.၈ ဘီလီယံ (ဒေါ် လာ ၂၅၀ သန်း) ချေးရန် ဗုဒ္ဓဟူးနေ့တွင် ကမ်းလှမ်း လိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများအား ဖြေရှင်း ရန် နှိုးဆော် လိုက်ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများ ကဆိုသည်။

နေပြည်တော်တွင် ပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေး တက်ရန် လာရောက်သည့် ရှင်ဇိုအာဘေးက သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံဆွေးနွေးစဉ် ကမ်းလှမ်း လိုက်ခြင်းဖြစ်သည်။ ထိုချေးငွေအား သီလဝါတွင် ဆိပ်ကမ်းတစ်ခုနှင့် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရေးအတွက် ရည်ရွယ်သည်ဟုဆို သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးရေးကွန်ရက်အား အားဖြည့်ပေးနိုင် မည်ဖြစ်ပြီး အသေးစားနှင့်အလတ်စား လုပ်ငန်းများအား ကူညီပေးနိုင် မည်ဟု ဂျပန်တာဝန်ရှိသူများကဆိုသည်။

ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရန်နှင့် ရခိုင်ဒေသတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြား တင်းမာမှုလျော့ကျရန် မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန်အား ပြောကြားခဲ့သည်ဟုဆိုသည်။

တရုတ်နှင့် ဂျပန်တို့မှာ ရာစုနှစ်နှင့်ချီ၍ ပြိုင်ဘက်များဖြစ်ခဲ့ပြီး ဂျပန်မှာ အမေရိကန် ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သဖြင့် ဦးသိန်းစိန် အစိုးရ အား ငွေကြေးအကူအညီ အမြောက်အမြားပေးခြင်းမှာ အံ့ဩစရာမရှိဟု အနောက်တိုင်း သံတမန်တစ်ဦးကဆိုသည်။

တရုတ်-အနောက်တိုင်း ပြိုင်ဆိုင်မှု မြန်မာ့မြေပေါ် ရောက် ရှိနေသည် ကို ဒေါ်အောင်ဆန်းစုကြည်က ဂရုပြုစောင့်ကြည့်လျက်ရှိသည်ဟု ထိုသံတမန် က ဆိုသည်။

KHTun

The Ladies News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.