11/18/14

မန္တလေးတိုင်း ဒေသကြီး သိပ္ပံလမ်းမပေါ် ၆၉ လမ်းနှင့် ၇၃ လမ်းကြား၊ သိပ္ပံလမ်းနှင့် ဗိုလ်ချုပ်ရွာကြားတွင် မည်သူမှမ၀င်ရ၊ မေးမြန်းခွင့်မရ၊ ဓာတ်ပုံရိုက်ခွင့် မရသော လျို့ဝှက်စီမံကိန်း တစ်ခု ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“ဒီနေရာက အရင်ကတည်းက မြေကွက်လပ်ကြီးပါပဲ၊ တကယ့် နေရာကောင်း ကြီးဆိုတော့ မြို့သူ၊ မြို့သား ဒေသခံတွေက ဒီနေရာ ဘာလုပ်မှာလဲဆိုပြီး စိတ်ဝင်စားနေကြတာ”ဟု မန္တလေးတိုင်း ဒေသကြီးတွင် နေထိုင်သော ဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

အဆိုပါ စီမံကိန်းမှာ မည်သည့် စီမံကိန်းမှန်းလည်း မည်သူမှ မသိရှိကြကြောင်းနှင့် ပြင်ပတွင် စည်ပင်ဆိုင်းဘုတ် ထောင်ထားသည်ကို မြင်တွေ့ရသည်။

“စီမံကိန်းဆိုပြီး ဘာဆိုင်းဘုတ်မှတော့ တပ်မထားဘူး၊ လမ်းပိတ်ထားတယ်ဆိုတဲ့ ဆိုင်းဘုတ်မှာ မန္တလေး စည်ပင်တံဆိပ်ပါတော့ စည်ပင်က လုပ်တာလို့ ယူဆရပါတယ်၊ ဘယ်သူနဲ့ အကျိုးတူ လုပ်တာလဲ၊ ပြည်တွင်းနဲ့လား ၊ပြည်ပနဲ့လား၊ ဘယ်လို အကျိုးတူ ဆောင်ရွက်တာလဲ၊ ဘာစီမံကိန်းလဲ၊ ပြည်သူကိုဘာလို့ အသိမပေးတာလဲ၊ နိုင်ငံတော် ခွင့်ပြုချက်နဲ့လား၊ လွှတ်တော်တွေကရော သိရဲ့လားဆိုတဲ့ မေးခွန်းတွေ တော်တော် များပါတယ်၊ မန္တလေးမြို့ အာဏာပိုင်တွေဟာ စီမံကိန်းတိုင်းကို လျို့ဝှက်လုပ်တာ များနေတယ်၊ ပွင့်လင်းမြင်သာမှု မရှိတာ နာမည်ကြီး နေပါတယ်” ဟု အဆိုပါ ဒေသခံတစ်ဦးမှ ဆက်၍ ပြောကြားခဲ့သည်။

Tomorrow သတင်းဂျာနယ်

First passengers on Japanese maglev train travel at speeds of 500 kmph.

တိုကျို ၊ ၁၈-၁၁-၂၀၁၄

ကျည်ဆန်ရထား ၏ ဖခင်ကြီး ဂျပန်နိုင်ငံသည် သံလိုက်ပင့်အား ဖြင့် ရှပ်ပြေးသည့် Magnetic Leviation ရထားများကို ပြေးဆွဲလျက် ရှိရာ ယခုအခါ တစ်နာရီလျှင် ကီလိုမီတာ ၅ဝဝ ထက်မနည်း ပြေးဆွဲ နိုင်သည့် ရထားသစ် ကို စမ်းသပ်ပြေးဆွဲ နေပြီ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့တွင် ယူအီနိုဟာရာ မှ ဖူးဖူကီမြို့ သို့ ၄၂ ဒသမ ၈ ကီလိုမီတာ ခရီးစဉ်ကို ခရီးသည် ဦးရေ ၁ဝဝ ဖြင့် စတင်ပြေးဆွဲ ခဲ့ရာ ခန့်မှန်းထား သည်ထက်ပင် ချောမွေ့ခဲ့ပြီး များမကြာမီ တိုကျိုနှင့် နာဂိုယာမြို့ တို့ကို ဤ သံလိုက်ရှပ်ပြေး ရထားဖြင့် ပြေးဆွဲတော့မည် ဖြစ်သည်။

တိုကျို နှင့် နာဂိုယာ ကို လက်ရှိ ပြေးဆွဲနေသော ရထားများဖြင့် မိနစ် ၈ဝ ကြာ ခုတ်မောင်းရလေ့ ရှိရာ ဤ သံလိုက်ရှပ်ပြေး ရထားဖြင့် မိနစ်  ၄ဝ သာ ကြာမြင့်မည် ဖြစ်သည်။ ယခုလက်ရှိ ကမ္ဘာ့ အမြန်ဆုံး သံလိုက်ရှပ်ပြေး ရထားမှာ တရုတ်နိုင်ငံ ၏ ရှန်ဟိုင်း သံလိုက်ရှပ်ပြေး ရထားဖြစ်ပြီး တစ်နာရီလျှင် ၄၃၁ ကီလိုမီတာနှုန်း ပြေးဆွဲနိုင် လေရာ ဂျပန်နိုင်ငံ၏ ရထားသစ်မှာ ကမ္ဘာ့ အမြန်ဆုံး ရထားအဖြစ် စံချိန်သစ် တင်နိုင်ပြီ ဖြစ်သည်။

သံလိုက်ရှပ်ပြေး နည်းပညာတွင် ရထားတွင် ဘီးလုံး၊ အိတ်ဇယ် နှင့် ဘယ်ရိမ်များ မပါရှိဘဲ ရထားသံလမ်း မှ အနည်းငယ် မြောက်တက် သွားစေပြီး သံလိုက် စွမ်းအင်ဖြင့် ရှေ့သို့ တွန်းပို့ခြင်း ဖြစ်သည်။ ထို့အတွက် ရထားလမ်း ချော်မည်ကို စိုးရိမ်ရန် မလိုအပ် သကဲ့သို့ အကွေ့များတွင် အရှိန်သတ် ရသည့် ပြဿနာမှလည်း ကင်းဝေး သွားမည်ဖြစ်ပြီး ဘီးလုံးနှင့် ရထားသံလမ်း ကြိတ်သံ ထွက်ပေါ် လာမည် မဟုတ်သည့် အတွက် ရထားသံ တိတ်ဆိတ် စွာဖြင့် ကမ္ဘာ့ အမြန်ဆုံး ရထားကို စီးနင်းခွင့် ရမည်ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံ ကလည်း လေဟာနယ် ဥမင်တစ်ခုကို တည်ဆောက်လျက် ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ၂၉ဝဝ ထက် မနည်း ပြေးဆွဲနိုင်မည့် သံလိုက်ရှပ်ပြေး ရထားလမ်းကို တည်ဆောက်ရန် ကြိုးပမ်းလျက် ရှိသည်။လေဟာနယ် ဥမင်ထဲတွင် လေကိုဆန်ရန် မလိုအပ်သည့် အတွက် ရှပ်ပြေးရထား များ၏ အလျင် သည်လည်း လေယာဉ် အမြန်နှုန်း ထက်ပင် သုံးဆခန့် ပိုလာမည် ဖြစ်သည်။

အနောက် နိုင်ငံကြီးများ ဖြစ်ကြသော သြစတြေးလျ ၏ အမြန်ဆုံး ရထားမှာ တစ်နာရီ ကီလိုမီတာ ၁၆ဝ နှုန်းသာ ပြေးဆွဲနိုင်ပြီး အမေရိကန် ပြည်ထောင်စု ၏ အမြန်ဆုံးရထား သည်လည်း တစ်နာရီလျှင် ကီလိုမီတာ၂၄ဝ နှုန်းထက် ပိုမမြန် နိုင်သော ကြောင့် အနာဂတ် ရထားကမ္ဘာတွင် အာရှတိုက်က အနိုင်ယူ သွားတော့မည်မှာ သေချာ သလောက်ရှိ နေကြောင်း သိရသည်။

#PyiChitThar
First passengers on Japanese maglev train travel at speeds of 500 kmph.


မြန်မာနိုင်ငံ အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတွေက အမျိုးသားပညာရေးဥပဒေ သူတို့လက်ထက်မှာတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီတဲ့ အကောင်းဆုံးဥပဒေအဖြစ် သတင်းစာရှင်းလင်းပွဲလုပ် ပြောဆိုလိုက်ပြီး၊ ကျောင်းသားတွေကို ညှိနှိုင်းဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကျောင်းသားတွေကတော့ လွှတ်တော်ကနေ အတည်ပြုပြဌာန်းလိုက်တဲ့ ပညာရေးဥပဒေ ပြင်ဆင်ဖို့သာ တောင်းဆိုနေပြီး နည်းဥပဒေအဆင့်မှာ ပြင်ဆင်ဖို့အတွက် ညှိနှိုင်းစရာ အကြောင်းမရှိဘူးလို့ သတင်းစာရှင်းလင်းခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ အဆင့်မြင့် ပညာရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ အမျိုသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့အတွက် အခြေအနေ အချိန်အခါအရ ခက်ခဲကြောင်း ဒီဥပဒေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး အကောင်းဆုံး ဖြစ်တယ်လို့ဆိုကာ တက္ကသိုလ်အသီးသီးက ပညာရှင်တွေ စုပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာခိုင်မြဲကတော့ အခုလို ပြောသွားတာပါ။

“အကောင်းဆုံးဆိုတာက အဘဦးသန်းဦးလည်း အခုန ပြောပြီး ဖြစ်ပါတယ်။ သူ့ရဲ့သက်တမ်းတွင်းမှာတော့ မတွေ့ဖူးပါဘူးလို့လည်း ပြောထားတယ်။ ဒါ အဘတို့ရဲ့ ဆုံးဖြတ်ပိုင်းပါ။ ဆရာတို့ရဲ့နော် ဆန္ဒကြီးပဲလည်း မဟုတ်ဘူး။ ဆန္ဒအားလုံးလည်း ပေါင်းစပ်ထားတယ်။ နိုင်ငံတကာ ပညာရေး စံချိန်စံညွန်းတွေနဲ့ ကိုက်အောင်လည်း ရေးထားတယ်။ ပကတိအခြေအနေနဲ့လည်း ကိုက်တယ်။ ဆရာတို့ ချိန်ထိုးကြည့်တဲ့ ဟာတွေနဲ့အရ ဆိုရင်တော့ ဒါဟာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။”

သပိတ်မှောက် ကျောင်းသားတွေကလည်း ဒီကနေ့မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုတာဟာ ဗဟိုချုပ်ကိုင်မှု အများဆုံး ထည့်သွင်းထားတဲ့ အစိုးရနဲ့ ကျောင်းသားတွေကြားမှာ ရှိနေတဲ့ မူဝါဒရေးရာ ပြဿနာအဖြစ် သပိတ်မှောက် ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က ပြောဆိုလိုက်ပါတယ်။

“ဒီအစိုးရနဲ့ ကျမတို့ကြားမှာ အဓိကရှိတဲ့ ပြဿနာကတော့ အစိုးရက ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးချင်တယ်။ ကျမတို့က ဗဟိုချုပ်ကိုင်မှုကို လျှော့ချချင်တယ်။ အဲ့ဒီနှစ်ခုကြားထဲက အဲ့ဒါ မူဝါဒရေးရာ ပြဿနာပါပဲ။ အဲတော့ ဒါ လွှတ်တော်က ပြင်မှရမယ်လို့ ပြောတာမျိုးရှိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပညာရေးဥပဒေကြမ်း နှစ်ခုချင်း တူတာတောင်မှ လွှတ်တော်ဘက်က ပညာရေးဥပဒေကြမ်းကို မယူဘဲနဲ့ အစိုးရဘက်က ပညာရေးဥပဒေကြမ်းမှာမှ လွှတ်တော်ဘက်က ပညာရေးဥပဒေကြမ်းနဲ့ တချို့အချက်တွေကို နည်းနည်း ပြင်တာလောက်နဲ့ ဒီဥပဒေက အတည်ဖြစ်သွားတယ်ဆိုရင် အစိုးရနဲ့ လွှတ်တော်ကြားမှာရှိတဲ့ အားပြိုင်မှုက ဘယ်ကသာလဲဆိုတာကို ကျမတို့ မြင်နေရမှာ ဖြစ်ပါတယ်။ ဒါမျိုးတွေရှိနေတော့ ကျမတို့ကတော့ ဒီ process က ကြာလိမ့်မယ်လို့ ပြောနေတာက ဆင်ခြေပေးနေတာ၊ ကျမတို့ရဲ့ ကျောင်းသားလှုပ်ရှားမှုကို ဟန့်တားချင်တယ်လို့ပဲ မြင်ပါတယ်။”

တက္ကသိုလ်အသီးသီးက ပါမောက္ခတွေ၊ ပညာရေးအကြံပေး ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ ပညာရေးဝန်ကြီးဌာနကိုတော့ ကိုယ်စားမပြုတဲ့ အကြောင်းနဲ့ သူတို့ဟာ ပညာရှင်တွေ အနေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးလိုတာကြောင့်ဆိုပြီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ကျောင်သားတွေ အဖွဲ့အစည်းတွေကိုလည်း သူတို့နဲ့ ညှိနှိုင်းလို့ရတဲ့အကြောင်း ဖိတ်ခေါ်ခဲ့တာပါ။ ကျောင်းသားတွေကတော့ ပညာရေးဥပဒေ ပြင်ဆင်ဖို့သာ ညှိနှိုင်းလိုကြောင်း၊ နည်းဥပဒေအဆင့်မှာ ပြင်ဆင်ဖို့ ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ညှိနှိုင်းမှုတွေဟာ အာမခံချက်ရှိတဲ့ ညှိနှိုင်းမှုဖြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

“ပညာရေးဥပဒေကို ပြင်ဆင်ဖို့ပြောတာ။ သူတို့ဘက်က နည်းဥပဒေကို ညှိနှိုင်းဖို့ပြောတာ။ အဲ့ဒီနှစ်ခုရဲ့ကွာဟချက်ကို ကျမတို့က ရှင်းရှင်းလင်းလင်း မြင်တယ်။ ဒါကြောင့်မို့လို့ နည်းဥပဒေဆို ကျမတို့က လုံးဝကို ညှိနှိုင်းမှာ မဟုတ်ပါဘူး။ ကျမတို့က အမျိုးသားပညာရေး ဥပဒေကိုသာ ညှိနှိုင်းမှာဖြစ်တယ်လို့ ကျမတို့က ပြတ်ပြတ်သားသား ပြောထားပြီးဖြစ်ပါတယ်။ လက်ရှိ အစိုးရရဲ့ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရှင်တွေက အစိုးရနဲ့ တကယ်ကော ကင်းလွတ်ရဲ့လားဆိုတဲ့ မေးခွန်းပေါ့နော်။ ပညာရေးဥပဒေက အလွန်ကောင်းမွန်နေတာကိုက သူတို့ရဲ့ ဘက်လိုက်မှုကို ပြနေတယ်လို့ပဲ ကျမတို့ကတော့ မြင်ပါတယ်။ ပြုပြင်ပြောင်းလဲမှုကို ကျမတို့က တောင်းဆိုနေတာ အသစ်တွေမဟုတ်ပါဘူး။ ကျမတို့ ဆုံးရှုံးခဲ့တဲ့အရာတွေ၊ ၁၉၆၂ နောက်ပိုင်း ဆုံးရှုံးခဲ့ရတဲ့ ပညာရေးလွတ်လပ်ခွင့်တွေကို ကျမတို့က တောင်းဆိုနေတာ ဖြစ်ပါတယ်။ ကျမတို့နိုင်ငံမှာ ပညာရေးစနစ်က တကယ်ကို ချွတ်ခြုံကျနေတာ ဖြစ်တဲ့အတွက် အဲ့ဒီပညာရေးစနစ်ကို ပြင်ဆင်ဖို့အတွက်က ဒီတနည်းပဲ ရှိပါတော့တယ်။”

အစိုးရထုတ်သတင်းစာတွေမှာတော့ အမျိုးသားပညာရေး ဥပဒေရေးဆွဲခဲ့ရာမှာ ကျောင်းသားလူငယ်တွေ၊ ဆရာဆရာမတွေ၊ မိဘပြည်သူတွေ၊ ပညာရေးနဲ့ ပတ်သက်ဆက်နွယ်သူများကို တင်ပြထားတာကြောင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ပြီး ညှိနှိုင်းရရှိတဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်က အမျိုးသားပညာရေး ဥပဒေအဖြစ် အတည်ပြု ပြဌာန်းခဲ့တာဖြစ်ကြောင်း ရေးသားထားပါတယ်။
ဥပဒေများ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း စတဲ့ ဥပဒေပြုရေး အာဏာဟာ ဥပဒေပြုလွှတ်တော်မှာ ရှိနေတဲ့အတွက် ကျောင်းသားလူငယ်တွေရဲ့ ဆန္ဒသဘောထားတွေကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများထံ တင်ပြဆွေးနွေးနိုင်ရန်အတွက် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက အကျိုးဆောင်အဖြစ် စေ့စပ်ညှိနှိုင်းပေးရန် အဆင်သင့် ရှိတယ်လို့ ရေးသားထားပါတယ်။

ကျောင်သားတွေနဲ့ ဆရာ၊ ဆရာမများသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ဟာ ပညာရေး ဥပဒေမူကြမ်း စတင်မရေးဆွဲခင်ကတည်းက အမျိုးသားပညာရေး ဥပဒေမှာ ပါဝင်သင့်တဲ့ အချက်တွေကို အကြံပြု ပြောဆိုထားခဲ့ပေမဲ့ သူတို့ရဲ့ဆန္ဒသဘောထားတွေကို လျစ်လျူရှုပြီး ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အမျိုးသားပညာရေး ဥပဒေကို နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကနေ ကန့်ကွက်သပိတ်မှောက်ဖို့ အတည်ပြုဆုံးဖြတ်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ ကျောင်းသားတွေက ၄ ရက်ကြာ သပိတ်မှောက် ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်။
VOA
http://burmese.voanews.com/content/burma-education-reform-and-protest/2524407.html

photo..ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေက
သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေဟာ အနယ်နယ်အရပ်ရပ်က တက္ကသိုလ်
တွေက ကျောင်းသားကိုယ်စားလှယ်တွေ၊ ကျောင်းသားခေါင်းဆောင်တွေပါ။ လေ့လာမှုအပိုင်းမှာ
လျှော့တွက်လို့မရတဲ့သူတွေပါ။ ကျနော်တို့ခေတ်က ကျောင်းသားခေါင်းဆောင်တွေထက် လေ့
လာမှုအားကောင်းတဲ့သူတွေ အများကြီးပါနေတာကို တွေ့ရပါတယ်။ သူတို့ဟာ သူတို့ရဲ့ယုံကြည်
ချက်၊ သူတို့သဘောထား၊ သူတို့အမြင်နဲ့ အားလုံးဝိုင်းဆုံးဖြတ်ပြီး၊ စနစ်တကျ ဦးဆောင်လှုပ်ရှားနေ
တယ်လို့မြင်ပါတယ်။ ကျောင်းသား အထူးသဖြင့် တက္ကသိုလ်ကျောင်းသားဘ၀မှာ နိုင်ငံရေးအမြင်
တွေ၊ အယူအဆတွေကို လွတ်လွတ်လပ်လပ် လေ့လာနိုင်တဲ့ အနေအထားတွေက ရှိနေပြီးသားပါ။
ကျနော်ပြောချင်တာက အဲဒီသပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေကို လျှော့မတွက်ကြပါနဲ့။
နောက် သူတို့ရဲ့ နိုင်ငံရေးလေ့လာမှုအားကို လျှော့မတွက်ကြပါနဲ့။

တက္ကသိုလ်ကျောင်းသားဆိုတာ လက်ဝဲ၀ါဒကိုကြိုက်ချင်ကြိုက်မယ်။ လက်ျာဝါဒကို ကြိုက်ချင်ကြိုက်
မယ်။ အဲဒါ သူတို့တစ်ဦးချင်းစီရဲ့ အခွင့်အရေးပါ။ လက်ဝဲအမြင်၊ အယူအဆ၊ စကားဖြစ်ဖြစ်၊ လက်ျာအမြင်၊ အယူအဆ၊ စကားဖြစ်ဖြစ်၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ မတရားမှုကို ဆန့်
ကျင်တယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရည်တူမှုကို တောင်းဆိုတယ်ဆိုရင်၊ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုတယ်ဆိုရင်၊ ထောက်ခံကြရမှာဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားတွေထဲမှာ ကွန်မြူနစ်ကြိုက်တဲ့သူ၊ ဆိုရှယ်လစ်ကြိုက်တဲ့သူ၊ ဒီမိုကရက် တစ်ကြိုက်တဲ့သူ၊ လစ်ဘရယ်ကြိုက်တဲ့သူ အစသဖြင့် အသွေးအရောင်အမျိုးမျိုးရှိနေတာက သဘာ
ဝပါ။ လက်ျာအမြင်ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေရော၊ လက်ဝဲအမြင်ရှိတဲ့ တက္ကသိုလ်
ကျောင်းသားတွေရော အားလုံးလက်တွဲအလုပ်လုပ်နေကြတယ်လို့မြင်ပါတယ်။ တက္ကသိုလ်
ကျောင်းသားဟောင်းတိုင်း၊ တက္ကသိုလ်ကျောင်းသားတက်ကြွလှုပ်ရှားသူတိုင်း အဲဒီလို အရောင်
အသွေးစုံတဲ့ နိုင်ငံရေးအမြင်တွေ တက္ကသိုလ်ပရ၀ဏ်ထဲ ရောက်နေတတ်တာကို သဘောပေါက်
ပြီးဖြစ်လိမ့်မယ်လို့ထင်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကို ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကျောင်းသား
တွေ၊ ခေါင်းဆောင်တွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြပါ။ မိတ်ဆွေတို့ အဲဒီအချိန်တုန်းက ဘာ
စာအုပ်တွေကို ဖတ်ပြီး၊ နိုင်ငံရေးကို နားလည်အောင်လုပ်ခဲ့ကြတာလဲ ဆိုတာကိုပါ။ အဲဒီအချိန်
တုန်းက လက်ျာစာအုပ်ဖြစ်ဖြစ်၊ လက်ဝဲစာအုပ်ဖြစ်ဖြစ် ကိုယ်ကြိုက်တာကိုယ်ဖတ်၊ ကိုယ့်ကိုယ်ကို
တည်ဆောက်ခဲ့ကြတာပါ။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြပါဦး။ အဲဒီတုန်းက လက်ဝဲစာအုပ်တွေ
ဖတ်၊ လက်ဝဲစကားသံ၊ ဟန်ပန်တွေနဲ့စကားပြောခဲ့တဲ့သူတွေ အခုဘာဖြစ်နေလဲ။ အဲဒီလိုပဲ လက်ျာ
စာအုပ်တွေဖတ်၊ လက်ျာစကားသံတွေ၊ ဟန်ပန်တွေနဲ့စကားပြောခဲ့တဲ့သူတွေ အခုဘာဖြစ်နေလဲ။
ဘာစာအုပ်မှ မဖတ်၊ မလေ့လာဘဲ၊ နေခဲ့တဲ့သူတွေလည်း ရှိမှာပါ။ ဆိုလိုချင်တာက တက္ကသိုလ်
ကျောင်းသားဘ၀မှာ နိုင်ငံရေးအရလွတ်လပ်စွာလေ့လာ၊ သိမြင်၊ ပြောဆို၊ ဆွေးနွေးနိုင်ခွင့် အပြည့်
အ၀ ရှိရမယ်ဆိုတာပါ။

လက်ျာစနစ်အားကောင်းတဲ့ အနောက်နိုင်ငံကြီးတွေမှာလည်း လက်ဝဲနိုင်ငံရေးပါတီတွေရှိပါတယ်။
သူတို့က အလုပ်သမား၊ လယ်သမားအပါအ၀င် နစ်နာသူတွေ၊ ဖိနှိပ်ခံရတဲ့သူတွေဖက်က ရပ်တည်
လှုပ်ရှားနေကြတာပါ။ အဲဒါ ဒီမိုကရေစီပါ။ လက်ျာပါတီအစိုးရ ဖြစ်နိုင်သလို၊ လက်ဝဲပါတီလည်း အစိုးရ ဖြစ်နိုင်ပါတယ်။ ပြည်သူက ထောက်ခံရင် ၀ဲဝဲ၊ ယာယာ ဘယ်ပါတီမဆို အစိုးရဖြစ်နိုင်တာ
က ဒီမိုကရေစီနိုင်ငံရေးပါ။ ခင်ဗျားတို့က ကွန်မြူနစ်မို့၊ အာဏာမလွှဲပေးနိုင်ဘူးဆိုရင် အဲဒါဒီမိုကရေ
စီပျက်ပါပြီ။ အခုရွေးကောက်ပွဲမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်ကနိုင်ရင်၊ ဒီမိုကရက်က နောက်ရွေးပွဲမှာ
လူထုထောက်ခံမှုရအောင်ပြန်လုပ်၊ ရွေးကောက်ပွဲကနေ ပြန်အနိုင်ယူရတာပါ။ ကျနော်ဆိုလိုချင်
တာက ကွန်မြူနစ်မို့ဆန့်ကျင်တာ၊ ဆိုရှယ်လစ်မို့ဆန့်ကျင်တာ၊ ဆိုရှယ်ဒီမိုကရက်မို့ဆန့်ကျင်တာတွေ
ဟာ နိုင်ငံရေးသူငယ်နာမစင်မှုနဲ့မရင့်ကျက်မှုတွေကို ဖော်ပြနေတယ်ဆိုတာ ရှင်းနေပါတယ်။

အခုတက္ကသိုလ်ကျောင်းသားတွေ၊ သပိတ်မှောက်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကြီးကို ကွန်မြူနစ်
တွေက သွေးထိုးနေသယောင်၊ လှုံဆော်နေသယောင် ရေးသားပြောဆိုနေကြတာတွေဟာ ဘုံ
ရည်မှန်းချက်နဲ့ဘုံအကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့အပြင်၊ နိုင်ငံရေးအရ ဒီမိုကရေစီသဘောမဆန်
တာ၊ ဗဟုသဘောမဆန်တာလို့ ပြောနိုင်ပါတယ်။ အဲဒါကြောင့် ကျနော် အစောပိုင်းကရေးခဲ့တာပါ။
အဲဒီ တက္ကသိုလ်ကျောင်းသားတွေ၊ သပိတ်မှောက်ကျောင်းသားတွေကို လျှော့မတွက်ပါနဲ့လို့။ သူတို့
နဲ့စကားပြောကြည့်၊ ဆွေးနွေးကြည့်ကြပါ။ ပြီးရင် ငါတို့အဲဒီအရွယ်တုန်းက နိုင်ငံရေးအသိအမြင်
တွေက ဘယ်လိုရှိခဲ့လဲဆိုတာ ပြန်မေးခွန်းထုတ်ကြည့်ကြပါဦးလို့။

နောက် အင်တာနေရှင်နယ်သီချင်းဆိုတာကရော ဆိုလို့မရဘူးလား။ အင်တာနေရှင်နယ်သီချင်းဆို
ရင် ကွန်မြူနစ်လား။ အဲဒီသီချင်းက ကွန်မြူနစ်တွေနဲ့ပဲဆိုင်တာလား။ အဲဒါတွေကို အရင်သိအောင်
လုပ်ကြဖို့ကောင်းမယ်ထင်ပါတယ်။ အင်တာနေရှင်နယ်သီချင်းဆိုတာ ၁၉ ရာစုနှောင်းပိုင်းကတည်း
က ကမ္ဘာ့ဆိုရှယ်လစ်လှုပ်ရှားမှုကြီးရဲ့ အအောင်မြင်ဆုံးနဲ့လူကြိုက်အများဆုံးသီချင်းတွေထဲက တစ်ပုဒ်ပဲ။ နောက် အင်တာနေရှင်နယ်သီချင်းကို ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေပဲဆိုတာ မဟုတ်ပါဘူး။ ဆိုရှယ်ဒီမိုကရက်တွေ၊ ဒီမိုကရက်တစ်ဆိုရှယ်လစ်တွေပါ နှစ်နှစ်သက်သက် သီဆို
လေ့ရှိတဲ့သီချင်းတစ်ပုဒ်ပါ။ နောက် ခွန်အား၊ အင်အားကို ဖြစ်စေတဲ့၊ တက်ကြွမှုကိုဖြစ်စေတဲ့
အားကောင်းတဲ့ နိုင်ငံရေးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ အင်တာနေရှင်နယ်သီချင်းကို ဆိုတာ
က ဒီမိုကရေစီနိုင်ငံရေးမှာ ဘာမှကန့်ကွက်စရာမရှိဘူးလို့မြင်ပါတယ်။ အရေးကြီးတာက ဒီမိုကရေ
စီပညာရေး၊ ကျောင်းသားသမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး နဲ့ အမျိုးသားပညာရေးဥပဒေ
ကိုပြင်ဆင်သည့်ဥပဒေတစ်ရပ်ပြည်ထောင်စုလွှတ်တော်ကနေ ပြဋ္ဌာန်းနိုင်ရေးဆိုတဲ့ သပိတ်မှောက်
ကျောင်းသားတွေရဲ့ ကြွေးကြော်သံနဲ့တောင်းဆိုချက်တွေကို အာရုံစိုက်ဖို့ပါ။ ၀ဲဝဲ၊ ယာယာ အားလုံး
လက်ချင်းချိတ်လျက်၊ ဘုံမူဝါဒ၊ ဘုံလမ်းစဉ်၊ ဘုံလုပ်ငန်းစဉ်တွေအပေါ်မှာ ပြတ်ပြတ်သားသားရပ်
တည်နိုင်မှတော်ကကျမယ့်အချက်ကို မျက်ခြေမပြတ်သင့်ဘူးလို့ထင်ပါတယ်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

ဒီမှာရဲဘော်
တက္ကသိုလ်ဆိုတာ
အိုဘားမားတွေ့ဖို့
ဧည့်ခန်းမဟုတ်ဘူး
ဒီမှာရဲဘော်
တက္ကသိုလ်ဆိုတာ
လူယုတ်မာတွေ
ချယ်လှယ်စရာ
နေရာမဟုတ်ဘူး
ဒီမှာရဲဘော်
တက္ကသိုလ်ဆိုတာ
ဧခန်းမှာအလှချိတ်တဲ့
ဓာတ်ပုံတွေကိုထုတ်တဲ့
ဓာတ်ပုံဆိုင်မဟုတ်ဘူး
ဒီမှာရဲဘော်
ငါတို့လမ်းပေါ်ထွက်တာ
ငါ့တို့ပညာရေး
ခွေးကိုက်နာကို
ဆေးရှာဖို့ဖြစ်တယ်
ဒီမှာရဲဘော်
ငါတို့လမ်းပေါ်ထွက်တာ
ငါတို့နောင်တော်တွေ
ရေးခဲ့တဲ့လမ်းမှထက်က
သွေးကွက်တွေကို
ငါ့တို့သွေးနဲ့ဆက်ရေးဆွဲဖို့
ထွက်လာခဲ့တာဖြစ်တယ်
ဒီမှာရဲဘော်
ငါတို့လမ်းပေါ်ထွက်တာ
ငါ့တို့မျိုးဆက်တွေ
နောင်တချိန်မှာ
သူတို့ပညာရေး
ခွေးမကိုက်ခံရဖို့
ခွေးမောင်းထုတ်ဖို့
ထွက်လာခဲ့တာဖြစ်တယ်
ဒီမှာရဲဘော်
ငါတို့လမ်းပေါ်ထွက်တာ
စစ်ခွေးတွေရဲ့
မောင်းပြန်တွေကို
ပြောင်းပြန်လှန်ပြီ
စနစ်ဆိုးကို
ဗျောင်းဆန်အောင်တိုက်ဖို့
ထွက်လာခဲ့တာဖြစ်တယ်
တိုက်ရဲရင်လိုက်ခဲ့ကြ
လမ်းမထက်မှာ
တိုက်ပွဲတွေရှိတယ်။ ။

မြူမိုးဆောင်း

KoMin MinZaw FB


ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတချို့ကို တပ်မတော်ကပြင်ဆင်ဖို့ အကြံပြုထားကြောင်းနဲ့ တကယ်လို့ ပြင်ဆင်မယ်ဆိုရင်လည်း ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်အတိုင်းပြင်ဆင်ဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးဆွေးနွေးနေရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက အခုလို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

"တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝပြင်စရာမလိုဘူးဆိုပြီး တသတ်မတ်တည်း စွဲကိုင်နေတာမျိုး မဟုတ်ပဲနဲ့ ပြင်သင့်တာကို ပြင်သင့် ပြင်ထိုက်တဲ့အချိန်မှာ ပြင်နိုင်အောင် အကြံပြုချက်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တင်ပြခဲ့ပြီးဖြစ်ပါတယ်၊ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဌာန်းချက်များနဲ့ ဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် က မိမိတို့ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆွေးနွေးနေတာဟာ တပ်မတော်နဲ့ ပြည်သူတွေကြားမှာ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် ဆွေးနွေးနေတာဖြစ်ကြောင်း ဆွေးနွေးသွားပါတယ်။

"ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေကို ဝေဖန်သုံးသပ်ကြတဲ့အချိန်မှာ တပ်မတော်ရဲ့ရပိုင်တဲ့ အခွင့်အလမ်းတွေကို ပိတ်ပင်ထားတယ်၊ တားဆီးထားတယ်လို့ တချို့သောတပ်မတော်သား ကိုယ်စားလှယ်တွေက ထင်မြင်ယူဆကြောင်း လွှတ်တော်ထဲမှာလည်း တင်ပြဆွေးနွေးသွားတာရှိပါတယ်၊ တကယ့်တကယ်တော့ ကျနော်တို့ဟာ တပ်မတော်သားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်နေတာလည်း မဟုတ်ပါဘူး၊ တားဆီးနေတာလည်း မဟုတ်ပါဘူး၊ ကျနော်တို့တင်ပြချက်တွေဟာ ပြည်သူတွေကြားထဲကမှ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တဲ့အတွက် ပြည်သူ့ထက်ပိုတဲ့ အခွင့်အရေးတွေ မယူသင့်ဘူးလို့ ဒီလိုပဲယူဆတဲ့အတွက် ကျနော်တို့ တင်ပြရခြင်းဖြစ်ပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ဆွေးနွေးနေကြရာမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ ၁၂ ဦး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၃၂ ယောက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးကြရာမှာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာဒေသတွေက တိုက်ရိုက်ရွေးချယ်ပေးဖို့ကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်နေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

"အထူးသဖြင့် အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲဖို့လိုပြီပေါ့၊ ဒီမူဝါဒကို ပြုပြင်ပြောင်းလဲဖို့ လိုပြီဆိုပြီးတော့ NNER အနေနဲ့ တိုက်တွန်းခဲ့တယ်၊ NNER ရဲ့ လှုပ်ရှားမှုတစ်ခုလုံးမှာ ၈၈ အနေနဲ့ ပါဝင်ခဲ့တယ်၊ အဲ့ဒီကနေတဆင့်ဖြစ်ပေါ်လာတဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ဒါကျောင်းသားတွေချည်းပဲ သီးသန့်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်၊ ကျောင်းသားတွေချည်းပဲ သီးသန့်လှုပ်ရှားမှုဖြစ်တဲ့အတွက် သူတို့ရဲ့လှုပ်ရှားမှုကို ကျနော်တို့အနေနဲ့ သွားအားပေးတာရှိမယ်၊ တတ်နိုင်သမျှ ကျနော်တို့ကူညီတာရှိမယ်၊ ကျောင်းသားလှုပ်ရှားမှု သန့်သန့်ပေါ့နော်၊ အဲဒီ့သန့်သန့်အနေနဲ့ အားပေးသွားမှာဖြစ်တယ်"

မနေ့က ဆန္ဒပြကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးတွေ၊ တက္ကသိုလ်ပါမောက္ခတွေ တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကနေ့ ပညာရေးဥပဒေ သပိတ်မှောက်ဆန္ဒပြပွဲကို စတုတ္ထနေ့အဖြစ် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ကြသလို မနေ့ကလည်း ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ကြေးသွန်းဘုရားကြီးရှေ့မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပညာရေးဝန်ကြီးဋ္ဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo

ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် ဒါးမာငယ်ကျေးရွာမှာ လယ်ယာမြေဧက ၅၀၀ လောက်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၂၀၀လောက် ဒီကနေ့ နတ္တလင်းမြို့ မြေစာရင်းဦးစီးဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်ထောင်ခန့်ကို စစ်တပ်ကပြန်ပေးခဲ့ပေမဲ့ ဒါးမာငယ်ကျေးရွာက လယ်မြေဧက ၅၀၀ခန့်ကို မြေစာရင်းဦးစီးဌာနက ပြန်မပေးသေးတာကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ နတ္တလင်းမြို့နယ် လယ်သမားအရေးဆောင်ရွက်သူ ကိုတင်မောင်လင်းက ပြောပါတယ်။

"သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁ဝဝဝ ရှိပါတယ်၊ အဲဒီ့ထဲက ၅၅ဝ ကို ပြန်ပေးပြီးပါပြီ၊ နှစ်တော်တော်ကြာ သိမ်းဆည်းထားတယ်ပေါ့၊ လယ်ယာမြေတွေက ဆုံးရှုံးသွားတော့ ကျပန်းပဲလုပ်စားရတာပေါ့၊ ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေအထိ အဆင့်ဆင့်တိုင်ကြားတယ်၊ အကြောင်းကြားတယ်၊ ဘာမှထူးခြားမလာလို့ အခုလိုဆန္ဒပြရခြင်းဖြစ်တယ်"

ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဒါးမာငယ်ကျေးရွာက လယ်သမား ၁၃၀ ကျော် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀၀ ခန့်ကို တပ်မတော် ခမရ ၄ တပ်ရင်းက သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။
Photo: နတ္တလင်းမြို့နယ်က လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေ ဆန္ဒပြ ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် ဒါးမာငယ်ကျေးရွာမှာ လယ်ယာမြေဧက ၅၀၀ လောက်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၂၀၀လောက် ဒီကနေ့ နတ္တလင်းမြို့ မြေစာရင်းဦးစီးဌာနရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်ထောင်ခန့်ကို စစ်တပ်ကပြန်ပေးခဲ့ပေမဲ့ ဒါးမာငယ်ကျေးရွာက လယ်မြေဧက ၅၀၀ခန့်ကို မြေစာရင်းဦးစီးဌာနက ပြန်မပေးသေးတာကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ နတ္တလင်းမြို့နယ် လယ်သမားအရေးဆောင်ရွက်သူ ကိုတင်မောင်လင်းက ပြောပါတယ်။ "သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁ဝဝဝ ရှိပါတယ်၊ အဲဒီ့ထဲက ၅၅ဝ ကို ပြန်ပေးပြီးပါပြီ၊ နှစ်တော်တော်ကြာ သိမ်းဆည်းထားတယ်ပေါ့၊ လယ်ယာမြေတွေက ဆုံးရှုံးသွားတော့ ကျပန်းပဲလုပ်စားရတာပေါ့၊ ကျနော်တို့ နိုင်ငံတော်အကြီးအကဲတွေအထိ အဆင့်ဆင့်တိုင်ကြားတယ်၊ အကြောင်းကြားတယ်၊ ဘာမှထူးခြားမလာလို့ အခုလိုဆန္ဒပြရခြင်းဖြစ်တယ်" ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဒါးမာငယ်ကျေးရွာက လယ်သမား ၁၃၀ ကျော် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၁၀၀၀ ခန့်ကို တပ်မတော် ခမရ ၄ တပ်ရင်းက သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo


ရန်ကုန်မြို့တွင်း လှည့်လည် လှုပ်ရှားနေတဲ့ အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင် သပိတ်တိုက်ပွဲကို ခေတ္တ ရပ်နား ထားမှာဖြစ်ပြီး အစိုးရ အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း တောင်းဆို ချက်တွေကို လိုက်လျော ဆောင်ရွက် ပေးဖို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီက တောင်းဆို လိုက်ပါတယ်။

ဗကသများ အဖွဲ့ချုပ် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက မဖြိုးဖြိုးအောင်က “ဒီသပိတ်တိုက်ပွဲကို ဒီထက်ပို ပြင်းထန်တဲ့ အင်အားကြီးတဲ့ အရှိန်အဟုန်မြှင့်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်။ ရက်ပေါင်း ၆၀ ကျမတို့ အစိုးရကို ရာဇသံ ပေးထားတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ ကျမတို့ တောင်းဆိုထားတဲ့ အချက်တွေကို အစိုးရဘက်က ပြင်ဆင်ပေးတာ အာမခံချက်ပေးနိုင်တဲ့ တွေ့ဆုံမှုမျိုး ကြိုးစားတာမျိုး မပြုလုပ်ဘူး၊ ဘာအကြောင်း တစုံတခုမှ မပြန်လာဘူးဆိုလို့ရှိရင် ရက်ပေါင်း ၆၀ အတွင်း လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေမယ်၊ အဲဒီ ၆၀ နောက်ပိုင်းမှာ ဒီထက်ပိုပြီး အင်အားကြီးတဲ့ လှုပ်ရှားမှုမျိုး ဖိအားမျိုး ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကျောင်းသားတွေဟာ ပညာရေးဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့လည်ခေါင် လူစည်ကားရာ နေရာတွေမှာ ၄ ရက်ကြာ သပိတ်တိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး မနေ့ကတော့ တက္ကသိုလ် အာဏာပိုင် တွေက လာရောက် ညှိနှိုင်း ခဲ့ကြပေမယ့် ပြေလည်မှု မရရှိခဲ့ကြပါဘူး။

ဗဟိုချုပ်ကိုင်မှုကြီးမားတဲ့ အစိုးရကို အာဏာနဲ့ချုပ်ကိုင်ခွင့် ပိုပေးထားတဲ့ ပညာရေး ဥပဒေကို မလိုလားတဲ့ အကြောင်း ကျောင်းသားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍကို ဖျောက်ဖျက်ထားတဲ့ အတွက် မလိုလား ကန့်ကွက်ခဲ့ တယ်လို့ ကျောင်းသားတွေက ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသား ပြည်သူတွေကို အခြေမခံဘဲ ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်သလို ကျောင်းသား ပြည်သူကို အခြေခံတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)ညီလာခံမှာ ရေးဆွဲထားတဲ့ မူဝါဒတွေကို ထည့်သွင်းရေးဆွဲဖို့လည်း ကျောင်းသားတွေက တောင်းဆိုပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ ရန်ကုန် ဘုန်ကြီးလမ်း စံပြ ကားမှတ်တိုင်ကနေ မြို့တော်ခန်းမရှေ့ကို ကျောင်းသား ၃၀၀ခန့်နဲ့ အပြင်အင်အားစုတွေ အပါအ၀င် ၅၀၀ ကျော်ခန့်က ချီတက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေတဲ့ကြားက ဇူလိုင် ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/71292



အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးရာမှာ တပ်မတော် သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်မှာ မထားဘဲ ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်းမှာ တာဝန်ပေးဖို့ ဆွေးနွေး ခဲ့တယ်လို့ ချင်းပြည်နယ် ထန်တလန် မဲဆန္ဒနယ်က ဒေါ်ဇာတလဲမ်းက ပြောပါတယ်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အုပ်ချုပ်ရေးပိုင်းမှာ မထားဘဲနဲ့ ဒီမိုကရေစီကို ပုံဖော်လာနိုင်အောင် ပြည်သူအစိုးရ စစ်စစ်ပေါ်လာနိုင်အောင် သူတို့ကို ကာကွယ်ရေးနဲ့ လုံခြုံရေးမှာဘဲ ထားစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ရတဲ့ အခါမှာ တပ်မတော်သားတွေ ရှိရင် ပြည်သူလူထုက အယုံအကြည် မရှိတော့ဘူး။ စစ်အာဏာရှင်နဲ့ အကြာကြီး ကျမတို့နိုင်ငံက သွားပြီဆိုတော့ ပြည်သူလူထု အယုံအကြည်ရှိအောင် ကျမ တင်ပြရခြင်း ဖြစ်ပါတယ်” လို့ ဒေါ်ဇာတလဲမ်းက ပြောပါတယ်။

ဒါ့ပြင် သမ္မတ ၃ ဦးကို ပြည်သူက ရွေးချယ်တဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲကပဲ ရွေးချယ်ဖို့၊ ဗဟိုအုပ်ချုပ်ရေး စနစ်ကို လျော့ချပြီး တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေမှာ အုပ်ချုပ်ခွင့် အာဏာကိုပိုမိုပေးဖို့၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကို ခန့်အပ်ရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်ရိုက် ရွေးချယ်ခန့်ထားဖို့ စတာတွေလည်း ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် ပြည်ထောင်စု လွှတ်တော်မှာ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးက တစ်ဦးကို ၈ မိနစ်ကြာ ဆွေးနွေးခွင့်ပေးခဲ့တာပါ။

တပ်မတော်သားကိုယ်စားလှယ်တွေတော့ အခြေခံ ဥပဒေ ပြင်ဆင်ဖြည့်စွက်သင့်တာတွေကို ဆွေးနွေးကြပေမယ့် အများစုက ဖွဲ့စည်းပုံမပြင်ဆင်ပဲ မူလအတိုင်းထားရှိဖို့ ဆွေးနွေးခဲ့ကြပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/71295


စီးပွားကူးသန်း ၀န်ကြီးဌာနနဲ့ ဆန်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီးတော့ နိုင်ငံတော်ရဲ့ အရန်ဆန်နဲ့ တပ်မတော်အတွက် ရိက္ခာဆန် တွေကို စပါးဈေး သုံးသိန်းငါးသောင်း (တင်းတရာဈေး) ပေးဝယ်ပြီး ကြိတ်ခွဲ သွားမယ်ဆိုတဲ့ သတင်း ကြားလိုက်ရတယ်။ လယ်သမားတွေ အတွက်တော့ မင်္ဂလာ သတင်းနဲ့ အသက်ရှူ ချောင်သွားစေတဲ့ သတင်းပါပဲ။

စပါးဈေးက ပေါ်ဦးပေါ်ဖျားရှိပါသေးတယ်။ ဈေးက သုံးသိန်းသုံး သောင်းထိ ထိုးဆင်းသွားတယ်။ မနှစ်က ဈေး လေးသိန်းငါးသောင်းပါ။ နိုဝင်ဘာလကုန်ပိုင်း စပါးလှိုင်လှိုင်ပေါ်ရင် စပါးဈေး သုံးသိန်းအောက် ကျဆင်းသွားမှာကို လယ်သမားတွေ စိုးရိမ်ပူပန်နေကြတယ်။ ဘာလို့လဲဆိုတော့ စပါးဈေး သုံးသိန်းအောက် ကျဆင်းသွားရင် လယ်သမားတွေ အတွက် အရှုံးပေါ်ကြမှာမို့ပါပဲ။

ပြီးတော့ နွေစပါးလုပ်ကိုင်ဖို့ကိုလည်း ကြောက်ရွံ့နေကြပါတယ်။ နွေစပါးက မိုးစပါးနဲ့ နှိုင်းယှဉ်ရင် ရေသွင်းစရိတ်ကုန်ကျငွေ ထပ်ဆောင်းရပါ တယ်။ စပါးက လက်ရှိဈေး (သို့မဟုတ်) လက်ရှိဈေးထက် နိမ့်ဆင်းသွား ရင် အကြွေးက ပိုမိုမြင့်တက်လာမှာ။ အစိုးရဆီက ချေးငွေကလည်း သတ်မှတ်ကာလမှာ ပေးဆပ်ကြရတာပါ။ ဆိုင်းငံ့မထားပါဘူး။ မနှစ်ကဆို လယ်သမားတွေ အရှုံးပေါ်လို့ ကျွဲရောင်း၊ နွားရောင်းပြီး ပေးဆပ်ခဲ့ရပါတယ်။ ဒီနှစ် ရေဒိုး၊ တန့်ဆည်၊ ဒီပဲယင်းနယ်တ၀ိုက်က မိုးကောင်းလယ် (ဆည်ရေ၊ မြစ်ရေမရှိဘဲ မိုးကိုသာ အားထားပြီး စိုက်ရတဲ့လယ်)တွေမှာ မိုးခေါင်လို့ စပါးနှံတွေ မထွက်နိုင်ဘဲ မြက်တောကြီး ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီမှာ လယ်သမားတွေအနေနဲ့ အစိုးရချေးငွေ ပြန်ဆပ်ဖို့ အခက်အခဲ ဖြစ်ကြရပါပြီ။ ဒီတခါမှာတောာ့ အစိုးရကလည်း အမှန်တကယ် ကျပ်တည်းမှုဖြစ်တယ်ဆိုရင် ချေးငွေကို ဆိုင်းငံ့ပေးမယ်လို့ ဆိုပါတယ်။
အမှန်က အစိုးရအနေနဲ့ တောင်သူ၊ လယ်သမားတွေ နေထိုင်ကြတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးစေချင်တယ်။ ဆင်းရဲမွဲတေမှု လျော့နည်းစေချင် တယ်ဆိုရင်တော့ တောင်သူလယ်သမားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေကို အခု စပါးဝယ်ယူသလို သင့်တင့်လျှောက်ပတ်တဲ့ဈေးနဲ့ ၀ယ်ယူ အားပေးကြဖို့ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၃) ပုဒ်မခွဲ (ခ)မှာ “စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတ သည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်”လို့ အတိအလင်း ပြဋ္ဌာန်းထား တယ် မဟုတ်ပါလား။

ကျွန်တော်တို့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြပါရစေ။ တနှစ်မှာ ခင်မွန်ရွာက တောင်သူတွေ ပဲတီစိမ်းစိုက်ပျိုးကြတာ အောင်မြင်ဖြစ်ထွန်း ကြပါတယ်။ ဈေးကောင်းလည်းရလို့ စီးပွားရေးလည်း အဆင်ပြေသွားကြ ပါတယ်။ ၀န်းကျင်ရွာတွေက ခင်မွန်ရွာသားတွေ ကျောက်စိမ်းအောင်သွား ကြတယ်လို့ ဆိုစမှတ်ပြုကြတယ်။ နောက်နှစ်မှာ ကျွန်တော်တို့ နယ်တရိုး ပဲတီစိမ်းကိုပဲ အားထားစိုက်ပျိုးကြတယ်။ မျိုးကလည်း အထွက်တိုးမျိုးပါ။ ရေကလည်း ချောင်းရေ၊ စက်တွင်းရေတွေရှိတာမို့ အဆင်ပြေပါတယ်။ ပိုးသတ်ဆေးလည်း လိုအပ်တဲ့အချိန်မှာ အသုံးပြုပေးကြပါတယ်။

ကျွန်တော်တို့တောင်သူတွေဘက်ကတော့ ၀ိရိယအား၊ လုံ့လအား ပြည့်စုံအောင် စိုက်ထုတ်ကြတာပါ။ စိုက်ထုတ်ကြသလို အောင်မြင်ဖြစ်ထွန်းကြတော့ ပျော်ရွှင်ကြတာပေါ့လေ။ သားရှင်ပြုမယ်၊ အိမ်ပြုပြင်ဆောက်မယ်။ နွားကောင်းကောင်း ၀ယ်ကိုင်မယ် စသည်ဖြင့် စိတ်ကူးတွေလည်း တလှေကြီး ယဉ်လိုက်ကြတာပါ။ ဒါပေမဲ့ ပဲတီစိမ်းဈေးက မနှစ်ကဈေးနဲ့ နှိုင်းယှဉ်လိုက်ရင် ခေါက်ချိုး (တ၀က်)ဈေးတောင် မရရှိကြပါဘူး။ ဘာလို့ အဲဒီလို ဖြစ်ကြရတာလဲ။ မနှစ်က တရုတ်ပြည်က ၀ယ်လို့ဈေးကောင်းရတာ ပါတဲ့။ ဒီနှစ် တရုတ်ပြည်က မ၀ယ်တော့ဈေးက တိုးဆင်းကျသွားတာတဲ့။ ရလဒ်ကတော့ ကျွန်တော်တို့ တောင်သူတွေ ကုန်ကျစရိတ်နဲ့ မကာမိလို့ ကြွေးတင်ကုန်ကြတာပါပဲ။

နောက် ထိုင်ဝမ် ခရမ်းချဉ်သီးလို့ခေါ်ကြတဲ့ တိုင်ထောင် ခရမ်းချဉ်သီးပါ။ ချောင်းဦးမြို့နယ် ဘူတာရွာက တောင်သူအစစ်အမှန်တယောက်၊ အစိုးရ အစီအစဉ်နဲ့ ထိုင်းနိုင်ငံကို စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ လေ့လာ သင်ကြားရေးလိုက်ခွင့်ရခဲ့ပါတယ်။ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းပေါ် ပေါက်ခဲ့တယ်။ သူ့ကြောင့် သခွားမွှေးစိုက်နည်း၊ ကြက်ဟင်းခါးသီး၊ ကင်းမုံ သီး၊ ထိုင်ဝမ်ခရမ်းချဉ်သီး စိုက်ပျိုးနည်းတွေ ကျွန်တော့်နယ်မှာ ကျယ်ပြန့် ထွန်းကားခဲ့တယ်။ ကျွန်တော်တို့ ကြေးမုံရွာက ကိုသောင်းထွန်းတယောက် သူများဆီက မြေတမတ် (ဒသမ ၂၅ ဧက)လောက် မြေအနှီးပေးပြီး စမ်းသပ်စိုက်ပျိုးပါတယ်။

ကျွန်တော်တို့ ရိုးရာခရမ်းချဉ်က တဧက စိုက်ပျိုးမှ ပိဿာချိန် ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် ထွက်ရှိတာပါ။ ကုန်ကျစရိတ်ကလည်း ကိုယ်တိုင်ပျိုးစိုက်မယ်ဆိုရင် စိုက်စရိတ်နဲ့ ပေါင်းပေါက်စရိတ်လောက်သာ ကုန်ကျပါတယ်။ ကိုသောင်းထွန်းရဲ့ ထိုင်ဝမ်ခရမ်းချဉ်က (ဒသမ ၂၅ ဧက) လောက် စိုက်ပျိုးတာကို ကျပ်လေးသိန်းလောက် ကုန်ကျတယ်။ သမ်္မတကြီးက ငွေ (၃) သိန်းယူတာကို လာဘ်ပေးလာဘ်ယူ မသတ်မှတ်ပေ မယ့် ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ငွေ (၄) သိန်း မတည်ငွေဟာ တနင့်တပိုး ရင်းနှီးငွေပါ။

ထိုင်ဝမ်ခရမ်းချဉ်ရဲ့ ထွက်နှုန်းကလည်း မယုံကြည်နိုင်လောက်ပါ။ ဒသမ ၂၅ ဧက စိုက်ခင်းလေးက ခရမ်းချဉ်သီး ပိဿာချိန် ငါးရာကျော် ထွက်ရှိတယ်။ ဈေးကလည်း တပိဿာ ခုနစ်ရာ၊ ရှစ်ရာ။ အနိမ့်ဆုံးဈေး ငါးရာ။ ခရမ်းချဉ်သီးဖိုး သိန်းနှစ်ဆယ့်ငါး၊ သုံးဆယ် ရရှိလိုက်တော့ ကိုသောင်းထွန်းတယောက် တရုတ်ဆိုင်ကယ် တရှဲရှဲစီးနိုင်ပြီပေါ့။ နောက် နှစ်ကျ ကားဝယ်စီးနိုင်အောင် ခရမ်းချဉ် တဧကလောက် စိုက်ပျိုးမယ်လို့ ကြုံးဝါးနေလေရဲ့။
ကိုသောင်းထွန်းကို အားကျပြီး နောက်နှစ်မှာတော့ ကျွန်တော်တို့ နယ်တလွှား ခရမ်းချဉ်စိုက်လိုက်ကြတာပါ။ ဘယ်ကြည့်လိုက် ကြည့်လိုက် ၀ါးလုံးသေး ကုံးလေးတွေ အစီအရီမြင်ရတယ်။ မျိုးစေ့ဖိုးကလည်း ဈေး ကောင်းလိုက်တာပါ။ နို့ဆီတဘူးကို သိန်းချီပေးရတယ်။ ဆေးကလည်း အပတ်စဉ်လို ဖြန်းနေရတယ်။ စရိတ်စကလည်းကြီးပါဘိ။ ခရမ်းချဉ်ကလည်း ဖြစ်လိုက်တာပါ။ သီးလိုက်တာကလည်းကိုင်းကျိုးကျမသွားအောင် ဂရုတစိုက်နဲ့ ထောက်အသေးလေးတွေ ထောက်ပေးနေရတယ်။ ဒီနှစ်မှာတော့ ထိုနယ်တလွှားမြေကြီးက ရွှေသီးကြပြီပေါ့။

ဒါပေမဲ့ ရာသီအစမှာကတည်းက ခရမ်းချဉ်ဈေးနှုန်းက သိမ်မွေ့လှတယ်။ တပိဿာမှ တရာကျပ်။ တို့နယ်တလွှားမှာ ခရမ်းချဉ်တွေ လှိုင် လှိုင်စိုက်ပျိုးကြတာကို ခရမ်းချဉ်ပွဲစား၊ ကုန်သည်တွေ ကြိုတင်ပြီးများ သိနေကြလေရော့သလား။ နောက် ဈေးက တရာကနေ ခုနစ်ဆယ်၊ ခုနစ်ဆယ်ကနေ ငါးဆယ် တဖြုတ်ဖြုတ်နဲ့ ကျဆင်းလာလိုက်တာ နောက်ဆုံး တပိဿာ ငါးကျပ်ဈေးထိ ရောက်သွားတော့တယ်။ ခရမ်းချဉ် ပိဿာ နှစ်ရာရမှ ငွေတထောင်ကျပ်သာရတော့တာလေ။ ဆွတ်ခ အလုပ်သမားစရိတ်တောင် မကာမိတော့ မဆွတ်တော့ဘဲ ဒီတိုင်းပစ်ထားလိုက်ကြ တော့တယ်။
အစပိုင်းတုန်းက နွားတွေကိုဆွတ်ပြီးကျွေးကြသေးတယ်။ နွားကလည်း ခရမ်းချဉ်ဆို ကြိုက်မှကြိုက်။ စားလိုက်ကြတာ နွားပိန်၊ နွားခြောက်တောင် ၀ဖီးပြီး စိုပြေလာတော့တယ်။ ဒါပေမဲ့ တပတ်လောက်ကြာလာတော့ သွားတွေကျိန်းလာတယ် ထင်ပါရဲ့ဗျာ။ နွားတွေက မစားကြတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့နယ်မှာ ခရမ်းချဉ်သီးကို ခရမ်းချဉ်သီးလို့ မခေါ်တော့ဘူး။ ဘယ်လိုခေါ်ကြလည်းသိလား ““နွားမုန်းသီး””တဲ့လေ။

ဘာဖြစ်ကုန်ကြသလဲဆိုတော့ တနယ်လုံး အကြွေးပင်လယ်ကြီး ဖုံးလွှမ်းခံလိုက်ရတာပေါ့။ ကားဝယ်စီးမယ့် ကိုသောင်းထွန်းလည်း မနှစ်က ၀ယ်ထားတဲ့ ဆိုင်ကယ်လေးရောင်းပြီး ကြွေးထိုးဆပ်ရတာပေါ့။ ဒီဖြစ်ရပ်တွေက ကျွန်တော့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေပါ။ ဇာတ်လမ်းဆင်ပြီး ၀တ္ထု ရေးပြနေတာ မဟုတ်ပါဘူး။

အမှန်က ပဲတီစိမ်းကို တရုတ်ပြည်က ၀ယ်လို့ဈေးတက်တယ်။ မ၀ယ်တော့ ဈေးကျတယ်။ အဲဒီလို အဖြစ်မျိုး မဖြစ်သင့်ဘူး။ အစိုးရ အနေနဲ့ ၀င်ရောက်ထိန်းပေးသင့်တယ်။ အခု စပါးဈေး ကျဆင်းနေတာလည်း တရုတ်ပြည်က ဆန်မ၀ယ်တော့လို့ ကျဆင်းသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ထိုင်ဝမ်ခရမ်းချဉ်ဆိုတာ ကျွန်တော်တို့ ရိုးရာခရမ်းချဉ် လို တရက်၊ နှစ်ရက်နဲ့ အရည်ပျော်ပြဲသွားတာ မဟုတ်ပါဘူး။ တပတ် ဆယ်ရက်လောက်ခံနိုင်ရည်ရှိတဲ့ အမျိုးအစားပါ။

ဆိုလိုချင်တာက ခရမ်းချဉ်က ပြည်တွင်းဈေးကွက်သာရှိပြီး စိုက်ပျိုးတဲ့အား များပြားတော့ ဈေးကွက်ပြိုဆင်းသွားရတာ ဖြစ်တယ်။ အခုလည်း ဧပြီလလောက်က (၄၅၀)ကျပ်ရှိတဲ့ ကြက်သွန်တွေဟာ (၁၇၅)ကျပ် ဈေးလောက်သာရှိတော့တာမို့ ကြက်သွန်စိုက်တောင်သူတွေ အခက်အခဲ ဖြစ်နေကြတယ်။ အဲဒီမှာ အစိုးရအနေနဲ့ ပြည်တွင်းကုန်သည်တွေကို နိုင်ငံတကာဈေးကွက် ၀င်ဆံ့အောင် မကူညီနိုင်ဘူးလား၊ မပံ့ပိုးနိုင်ဘူးလား။ အစိုးရအနေနဲ့ နိုင်ငံရပ်ခြားဈေးကွက်ရရှိအောင် ပံ့ပိုးပေးသင့်တယ်။ ကူညီပေးသင့်တယ်လို့ ဆိုလိုချင်တာပါ။

ဒီနေ့ ကမ္ဘာ့ဒီမိုကရေစီမှာ သက်ဆိုင်ရာနိုင်ငံရဲ့ လူအများစုအတွက် ဒီမိုကရေစီဖော်ဆောင်နိုင်မှ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်တယ်လို့ ပြောဆို သတ်မှတ်နေကြပါပြီ။ ဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လူအများစုဟာ ဘယ်သူတွေပါလဲ။ တောင်သူလယ်သမားတွေပါ။ တောင်သူလယ်သမားတွေအတွက် ဒီမိုကရေစီ ဖော်ဆောင်နိုင်မှ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ပါလိမ့်မယ်။

အမှန်တကယ် ကျေးလက်ဒေသတွေ ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ကျေးလက်ဆင်းရဲမှုလျော့ပါးစေချင်တယ်ဆိုရင် တခြားနိုင်ငံက ငွေတိုး နည်းနည်းနဲ့ ချေးယူပြီး တောင်သူလယ်သမားတွေကို အတိုးနဲ့ပြန်ချေးနေစရာလည်း မလိုပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃)၊ ပုဒ်မခွဲ (ခ)ပါအတိုင်း “စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်””ဆိုတဲ့ ပြဋ္ဌာန်း ချက်ကို အတိအကျလိုက်နာ ဆောင်ရွက်ကြသင့်ကြောင်းပါ”။

ဒါ့အပြင် “တောင်သူလယ်သမားအရေး ဒို့အရေး””လို့လည်း ခံယူသဘောထားပြီး ဆောင်ရွက်သွားကြဖို့ပါ။

ကိုလေးမြတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မကွေးတိုင်း ဒေသကြီး မြေလတ်ဒေသ တစ်ခုဖြစ်သော ချောက်မြို့၏ အနောက်တောင်ဘက် မိုင်၃၀အကွာနှင့် မန္တလေး မြေငလျင်စခန်း၏ အနောက် တောင်ဘက် မိုင်၁၄၀ ဗဟိုပြုပြီး နိုဝင်ဘာ ၁၇ရက်နံနက် ၁၁ နာရီ၌ ရစ်ခ်ျစတာစကေး ၅ ဒသမ ၄ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်သွားကြောင်း နေပြည်တော် မြေငလျင်တိုင်းတာရေး ဌာနမှ သိရသည်။

ထိုသို့မြေငလျင် လှုပ်ခတ်သွားမှုကြောင့် ချောက်မြို့နှင့် နီးစပ်သော စလင်းမြို့နယ်ရှိ မြေစိုက်အိမ်များ လှုပ်ရမ်းခဲ့ပြီး ဈေးအတွင်းရှိ ဗီဒိုကြီးများလည်း လှုပ်ရမ်းသွားခဲ့ပြီး ဒေသခံများပင် အထိတ်တလန့် ဖြစ်ပေါ်ခဲ့ကြကြောင်း စလင်းမြို့ခံများက ပြောကြသည်။

ယင်းမြေငလျင် ဖြစ်ပေါ်မှုကြောင့် ဆိုင်ကယ်စီးသူများ မူဝေပြီး ခေတ္တမျှ နားနေရပြီး ဘဏ်သို့ငွေလွဲ ငွေထုတ်ရန် ရောက်နေသူ အမျိုးသမီး ငယ်တဦး သစ်သားထိုင်ခိုင် ပေါ်မှ ပြုတ်ကျခဲ့ကြောင်း မြန်မာ စီးပွားရေး ဘဏ်သို့ ငွေသွင်းငွေထုတ် လုပ်နေသူတဦးက ၎င်း၏ အတွေ့အကြုံကို ပြောဆိုသည်။

မြေလတ်ဒေသတွင် လွန်ခဲ့သော ၃၉နှစ်တာကာလက အကြီးဆုံး လှုပ်ခတ်ခဲ့သော ပုဂံငလျင်မှာ ၁၉၇၅ခုနှစ်တွင်ဖြစ်ပြီး ယင်းနောက်ပိုင်း ပြင်းပြင်းထန်ထန် လှုပ်ခတ်ခဲ့မှုမရှိပဲ ပုဂံငလျင် လှုပ်ခတ်ခဲ့သော အချိန်က မြေလတ်ဒေသရှိ စေတီပုထိုးများစွာ ပျက်စီးသွား ခဲ့ရကြောင်း ထိုငလျင်ဘေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက်၇၀အရွယ်ရှိ ဒေါ်ညွန့်ညွန့်က ပြောဆိုသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.