11/19/14


ကချင်ပြည်နယ် ခယာဘွမ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ၃၈၉ က လိုင်ဇာအရှေ့ဘက် ဝေကြိုင်ဘွမ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)ရဲ့ အရာရှိ ဗိုလ်သင်တန်း ကျောင်းကို ပစ်ခတ်တဲ့ အတွက် အရာရှိ သင်တန်း သား ၂၀ ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရသွားတယ်လို့ ကေအိုင်အေက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

ဒီကနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပစ်ခတ်မှုကြောင့် စစ်ရေးပြကွင်းမှာ စစ်ရေး လေ့ကျင်နေတဲ့ အရာရှိငယ် သင်တန်းသားတွေ သေဆုံးဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင် ကုသခဲ့သလို ဒဏ်ရာ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။

“ဒါကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ဖြစ်စဉ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မနက် ဖြစ်စဉ်မှာ လည်း တိုက်ပွဲဖြစ်တာလည်း အဲဒီဒေသတလျှောက်မှာ၊ ၈ နာရီခွဲ ၉ နာရီမှာဖြစ်တဲ့ မိနစ် ၂၀ တိုက်ပွဲဟာလည်း ဗိုလ်လောင်းသင်တန်းရဲ့ မိုင် ၆ မိုင်လောက်ရှိတဲ့နေရာမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ ဖြစ်တဲ့နေရာမှာ ကန်တောင်ရွာကနေ လက်နက်ကြီးပစ်ကူပေးသေးတယ်။ ၁၂ နာရီ ၃၆ မိနစ်လောက်မှာ ခယာဘွမ်က နေပြီးတော့ ကျနော်တို့ ဗိုလ်သင်တန်းကျောင်းကို ပစ်မှတ်ကို တိကျသေချာအောင် ချိန်ပြီး ပစ်ခတ်တာပါ။ အဲဒါကြောင့် စစ်ရေးပြကွင်းမှာ လေ့ကျင့်နေတုန်း သွားပြီးတော့ ထိမှန်တဲ့ အတွက်ကြောင့် ကျနော်တို့ဘက်က တော်တော်လေး အထိအခိုက် အကျအဆုံးများတယ် ”လို့ ဦးလနန်က ပြောပါတယ်။

ဒီနေ့မနက် ၄ နာရီ ပတ်ဝန်းကျင်မှာ ဟူပင်ဒေသ အနီးမှာ ကေအိုင်အေ တပ်ရင်း ၂၆ နဲ့ ခြေလျင်တပ်ရင်း ၂၆ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ၈ နာရီပတ်ဝန်းကျင်မှာလည်း ကေအိုင်အေ ဗဟိုဌာနချုပ်ရဲ့ အထက်မှာရှိတဲ့ တပ်စခန်းတချို့ကို ခြေမြန်တပ်ရင်း ၃၈၄ က ၀င်ရောက်တိုက်ခိုက် ခဲ့သလို ခမရ ၃၉၀ ကနေပြီး ကန်ဒေါင်ယောင် ကေအိုင်အေစခန်းကို ၀င်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ခယာဘွမ်ဟာ ၂၀၁၂ ခုနှစ် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးတဲ့နောက် အစိုးရက လေယာဉ်နဲ့ တိုက်ခိုက်သိမ်း ယူသွားတဲ့ တောင်ကုန်းဖြစ်သလို ဝေကြိုင်ဘွမ်နဲ့ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတဲ့နေရာမှာရှိတာပါ။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးနဲ့ အပစ်အခတ် ရပ်စဲရေးမှာ ပါဝင်တဲ့ အဖွဲ့တွေကိုလည်း အကြောင်းကြားထားပြီး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ တွေအပေါ် ထိခိုက်မှု ရှိမရှိ ပြောဖို့ စောသေးတယ်လို့ ကေအိုင်အေက ပြောပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)


လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်လို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာကို ကန့်ကွက် ဆန္ဒပြမှုအပြင်၊ မိုးထိမိုးမိ ရွှေလုပ်သားတွေရဲ့ ဆန္ဒပြတာကို ကူညီတဲ့ အတွက်ထောင် ၃ လချမှတ်ခံခဲ့ရတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဝေဠု ဟာလွတ်ရက်စေ့ပြီး မနေ့မနက်က အင်းစိန်ထောင်ကနေ ပြန်လွတ်ခဲ့ပါတယ်။

ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား အယောက် ၄၀ လောက်ရှိနေသလို၊ ရာဇဝတ် အကျဉ်းသားတွေ ထဲမှာလဲ HIV ဝေဒနာ ဖြစ်နေသူတွေ အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ကိုဝေဠုက RFA ကိုပြောပါတယ်။

" ၄၀ ဆယ်နီးပါးလောက်ရှိမယ် ဒါပေမယ့် ပုဒ်မတွေမတူဘူး အဖြစ်အပျက်တွေမတူဘူး တစ်ချို့က ဗုံးဖေါက်ခွဲမှုအတွက် အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ ဟာမျိုးတွေလဲရှိတယ်၊ မိုးထိမိုးမိရွှေလုပ်သားတွေလဲရှိမယ်၊ MDCF အဖွဲ့ဝင်တွေ ဦးဇော်ဝင်းတို့၊ ကိုတင်မောင်ကြည်တို့၊ ကိုနောင်နောင်တို့၊ ကိုထင်ကျော်တို့ရှိမယ်၊ နောက် Bi မွန်းတည့်နေတို့ အဖွဲ့သား မီဒီယာအဖွဲ့သားတွေရှိမယ်၊ နောက် လှိုင်သာယာက ရန်ကုန်ကိုလမ်းလျှောက်လို့ဆိုတဲ့ အခြေအနေနဲ့ ကျလာတဲ့ ကိုရဲထွဋ်ခေါင် တို့ရှိပါမယ်။ အဓိက ထောင်ထဲမှာတွေ့ခဲ့ရတဲ့ အရေးတစ်ကြီးတင်ပြချင်တဲ့ အပိုင်းတွေက HIV ရောဂါသည်တွေ တော်တော်လေးများနေတယ်၊ ကုသလို့မရတဲ့ အခြေအနေတစ်ခုနဲ့ ဆေးသောက်ပြီး သေမယ့်နေ့ကို စောင့်နေရတဲ့ အခြေအနေမျိုးတွေ မြင်ခဲ့ရပါတယ်။"

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့  ရာဇဝင်လူဆိုးတွေလို့ ဆိုရမယ့်သူတွေကြားမှာပဋိပက္ခဖြစ်လာမှာကို စိုးရိမ်ရတဲ့အခြေအနေမှာတွေ့ ခဲ့ရတယ်လို့ ကိုဝေဠုကပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

မြန်မာနိုင်ငံကို ကမ္ဘာထိပ်သီး G7 နိုင်ငံများမှ ခေါင်းဆောင်တိုင်း မရောက် ဖူးသေးပေ။ အမေရိကန်သမ္မတနှင့် အင်္ဂလန်ဝန်ကြီးချုပ် တို့ မြန်မာနိုင်ငံသို့ ၂၀၁၁ နောက်ပိုင်း ရောက်ရှိခဲ့သော် လည်း ၄င်းတို့၏ ဇနီးမှာ အတူ လိုက်ပါ လာခြင်း မရှိ။

မြန်မာနိုင်ငံကို အမြဲတစေ လာရောက်လေ့ရှိသည့် G7 ခေါင်းဆောင် ကတော် မှာ Mrs. Akie Abe ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်ကတော် နေပြည်တော်၌ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေး တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အာဆီယံ ထိပ်သီးခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေး ချိန်တွင် ၀န်ကြီးချုပ်ကတော်မှာ သက်ကြီး ဆရာတော်တစ်ပါးရှေ့ ၌ ဒူးတုပ်ထိုင်လျက်ရှိသည်။

ထို ဆရာတော်မှာ သစ်ရိပ်ဝါးရိပ်ကောင်းမွန်သည့် ဘုန်းကြီးကျောင်းတွင် ဆင်းရဲနွမ်းပါးသူ ကလေးငယ် ၂၀၀ခန့် အား ပညာသင်ကြားပေးလျက်ရှိသည်။ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စစ် အာဘေးက ‘ ဒီကလေး တွေပညာသင်ဖို့ ဆရာတော် က နေရာပေးတဲ့အတွက် ကံကောင်းတဲ့ ကလေးတွေပါ ။ ဒီကျောင်း က ရေရှည် အောင်မြင်ဖို့ မျှော်လင့်ပါတယ် ’ ဟုပြောကြား ခဲ့သည်။ မြန်မာဝတ်စုံ လုံခြည်ဝတ်ဆင်ထားသည့် မစ္စအာဘေးက သက်တောင့် သက်သာပုံစံ ရှိနေပြီး ကျောင်းသားများဆရာများနှင့် ရင်းရင်းနှီးနှီးစကား ပြောခဲ့သည်။

ရှင်ဇိုအာဘေး ပထမအကြိမ် ၀န်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်စဉ် ပထမဆုံး သွားရောက် ခဲ့သည့် ပြည်ပခရီးတွင် လေယာဉ်ပေါ်မှဆင်းချိန် စတိုင် ကျကျ ၀တ်ဆင် ထားသည့် မစ္စစ် အာဘေး က အားကိုးတကြီး လက်တွဲခို၍ လိုက်ပါလာသည်ကို သတင်းများတွင် ဖော်ပြခဲ့သည်။ ရှင်ဇိုအာဘေး ၀န်ကြီးချုပ် ဒုတိယ သက်တမ်း တွင် ၂နှစ်ရောက်ရှိချိန်တွင် မစ္စစ်အာဘေးမှာ ပုံစံပြောင်းလဲ လာပြီဖြစ်သည်။

သူမသည် ခင်ပွန်းဖြစ်သူ ၀န်ကြီးချုပ်၏ ခရီးစဉ်များအား သူမ ၀ါသနာ ပါသည့် စေတနာ့ဝန်ထမ်း ကိစ္စရပ်များအတွက် အသုံးချရန်နှင့် ခင်ပွန်းဖြစ်သူ၏ မူဝါဒများကို ကူညီရေး၊ ခက်ခဲပင်ပန်းသည့် အလုပ်များဆောင်ရွက် ရန် တွန့်ဆုတ်ခြင်း မရှိတော့ပေ။

မြန်မာနိုင်ငံသည် မစ္စအာဘေး အတွက် ရင်းနှီးပြီးဒေသဖြစ်သည်။ ၂၀၀၇ ခုနှစ် တွင် အဆုံးသတ် ခဲ့သော ရှင်ဇိုအာဘေး၏ မအောင်မြင်သည့် ပထမ ၀န်ကြီးချုပ် သက်တမ်း အပြီးတွင် သူမသည် မြန်မာနိုင်ငံမှ ဘုန်းတော်ကြီး ပညာရေး အကြောင်း စာတမ်းပြုစုပြီး မာစတာဘွဲ့ကို ရယူခဲ့သည်။ သူမ၏ ဘွဲ့လွန်စာတမ်း အတွက် မြန်မာနိုင်ငံသို့ အကြိမ်တစ်ဒါဇင်မျှ လာရောက် ခဲ့ဖူးသည်။ မြန်မာနိုင်ငံ ရှိ ဝေးလံခေါင်းဖျားသည့် နေရာများရှိ ဘာသာရေး ပညာသင်ကျောင်းများ ကို လေ့လာခဲ့သည်။

ခင်ပွန်းဖြစ်သူ ရှင်ဇိုအာဘေး ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ခံ ရပြီး သည့်နောက်ပိုင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်သည့် ယခု ခရီးစဉ် တွင်မူ မစ္စ အာဘေး က သူမ သွားလိုသည့်နေရာများအား လိုက်လံပို့ဆောင် ကူညီ ပါရန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို တ၇ားဝင်တောင်းဆိုနိုင်ပြီ ဖြစ်သည်။

ဝန်ကြီးချုပ် လေယာဉ် နေပြည်တော်သို့ ဆိုက်ရောက်ပြီး မကြာမီ မစ္စအာဘေး က ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် သို့ သွားရောက်ခဲ့သည်။ ထိုတက္ကသိုလ်မှ ကျွမ်းကျင်သူများအား အစိုးရအေဂျင်စီအချို့ သို့စေလွှတ် ထားသည် ။ အော်ဂင်း နစ် စပါးစိုက်ပျိုးပြီး ၀န်ကြီးချုပ်၏ဒေသ မှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ရရှိနိုင်သည့် စားသောက်ဆိုင် တစ်ခု ဖွင့်လှစ် ထားသော မစ္စစ်အာဘေး က စိုက်ပျိုးမွေးမြူရေးအကြောင်း မကြာခဏပြောဆို လေ့ရှိသည်။

ထို့နောက် မစ္စအာဘေးသည် လူကုန်ကူးခံရသူများ အား ထောက်ပံ့ ကူညီရေးဂေဟာ သို့ သွားရောက် ခဲ့သည်။

နေပြည်တော်တွင် ဘုန်းတော်သင် ပညာရေးကျောင်းသို့ သွားရောက်ရာတွင် မစ္စအာဘေး က ဒူးထောက်ထိုင်ကာ မူလတန်းကလေးများနှင့် စကားဖောင်ဖွဲ့ခဲ့ သည်။ အထက်တန်း ကလေး များနှင့် တွေ့ဆုံရာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အကြောင်းနှင့် စာသင်ခန်း ဖွဲ့စည်းပုံ အကြောင်းကို မေးမြန်းကာ စကားလက်ဆုံကြခဲ့သည် ။

မြန်မာနိုင်ငံ၌ မစ္စစ်အာဘေးမှာ တက်ကြွနေသော်လည်း သူမ၏ အလုပ်များမှာ ခက်ခက် ခဲခဲ ဆောင်ရွက်ရမည့် အလုပ်များဖြစ်ကြသည်။ ဒုတိယကမ္ဘာစစ် အတွင်းမှ ဂျပန်ဘုရင့် တပ်မတော်၏ လုပ်ဆောင်ချက် အရိပ်မည်းများ ကို မြန်မာပြည်သူတို့၏ နုလုံးသားထဲ မှ လုံးဝပျောက်ပျက်သွားအောင် သူမ ကြိုးစားရပေအုံးမည်။ သို့သော် သူမကို တစ်စုံတစ်ယောက် က ခိုင်းစေခြင်း၊ တောင်းဆိုခြင်း မဟုတ်ပေ။ သူမ၏ မြန်မာနိုင်ငံအပေါ် ခင်မင်စိတ်က သူမအား ခိုင်းစေနေခြင်း ဖြစ်သည်။

Ref - WSJ

The Ladies News Journal

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် ဆွေးနွေးလျှက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ၏ ပြင်ဆင်ချက်များကို ၂၀၁၅ ရွေးကောက်ပွဲ ပြီးချိန်မှသာ အတည်ပြု
သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ကပြောကြားလိုက်သည်။

ယနေ့ပြည်သူ့လွှတ်တော်အဆောက်အအုံတွင်ပြုလုပ်သည့် သတင်းမီဒီယာများနှင့် သီးသန့်တွေ့ဆုံ ပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့အချိန် ပေါ်ထွက်လာမယ့် ပြည်ထောင်စု လွှတ်တော်မှာ ပြင်ဆင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဥပဒေကို အတည်ပြုသွားမယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကာချုပ်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ သဘောထားကလည်း အရေးကြီးကြောင်းသူရဦးရွှေမန်းကဆိုသည်။

ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော် က ဆွေးနွေးလျှက်ရှိပြီး ယခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အပြီးဆွေးနွေးကြမ ည်ဖြစ်ကာ
အဆိုပါဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ဥပဒေကြမ်းများကိုမူ နောက်တကြိမ်လွှတ်တော်တွင် ထပ်မံဆွေးနွေးသွားဦးမည်ဖြစ်သည်။

ပြင်ဆင်မည့် အချို့ဥပဒေကြမ်းများကိုမူ လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးမှ ပြင်ဆင်ရမည့်အတွက် လူထု ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနှစ်မေလတွင် ကျင်းပသွားမည်ဟု သူရဦးရွေမန်းက ဆက်လက်ပြောကြား ခဲ့သည်။

သတင်း - ကျော်ဇေယျ

The Ladies News Journal

ရှေ့နေဦးကိုနီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေး စည်းရုံးဟောပြောလှုပ်ရှားသူ)
“ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ရှိ အာဏာရပါတီအနေနဲ့ ဖြစ်နိုင်သမျှ မပြင်ချင်ဘူး ဒါ့ကြောင့် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေတယ်လို့ပဲ ယူဆတယ်။ ၃၁ ဦးကော်မတီက ပေးတဲ့ အစီရင်ခံစာကို လေ့လာကြည့်တဲ့အခါမှာလည်း ပြင်ချင်တဲ့ စိတ်စေတနာမရှိဘူး။ ပြင်ဖို့ စဉ်းစားတဲ့ ပုဒ်မ ၂၁၀ မှာ ပြင်သင့်ကြောင်း ထောက်ခံတဲ့ပုဒ်မက ၁၄ ခုပဲ ရှိတယ်။ တိုင်းပြည်အတွက် အရေးအင်မတန်ကြီးတဲ့ လုံးဝ ဒီမိုကရေစီစံနှုန်းနဲ့ မညီလို့ ပြည်သူလူထု ပြင်ဆင်ချင်ပါတယ်ဆိုတဲ့ အချက်တွေအားလုံးကို တို့ထိထားတာကို မရှိဘူး။ ဒါကိုကြည့်လိုက်ရင် ပြင်ချင်တဲ့စိတ်စေတနာ လုံးဝမရှိဘူး။ ဒါကြောင့်မို့ ဒီလို အချိန်ဆွဲတာဟာ သိပ်တော့ မအံ့သြပါဘူး။ ကျနော့်အနေနဲ့ကတော့ လွှတ်တော်အတွင်းကနေ ပြင်ဆင်ဖို့ဆိုတဲ့ လမ်းကြောင်း ဟာ ဒီလွှတ်တော်မှာတော့ မအောင်မြင်နိုင်ဘူး။”

Ko Mya Ayeဦးမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
“အရမ်းစိတ်ပျက်တယ်ဗျာ၊ အဲဒီစကားကြားရတော့။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဖြစ်စေချင်တာ အခု ချက်ချင်း အကုန်လုံးပြင်လို့ ပြောနေတာ မဟုတ်ဘူး။ ပြင်သင့်ပြင်ထိုက်တဲ့ ဟာတွေကို ၂၀၁၅ မတိုင်ခင်မှာ ပြင်ပါ ၊ ၂၀၁၅ ရွေးကောက်ပွဲကြီး ပြီးသွားတဲ့အခါကျတော့လည်း ဆက်ပြင်ပါ ဒီလိုပုံစံမျိုး သွားတာ။ ဘယ်သူ့ဘယ်သူမှ သာစေနာစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောနေတာ မဟုတ်ဘူး။ တိုင်းပြည်အကျိုးအတွက်ပဲ ပြောတာ။ အဲ့တော့ ဖွဲ့စည်းပုံ မပြင်ဘဲနဲ့ လုပ်မယ့် ရွေးကောက်ပွဲကတော့ ပြည်သူလူထု လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဘယ်လိုလုပ် ရှိမှာလဲ။”

kun okkarဗိုလ်မှူးကြီး ခွန်ဥက္ကာ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)
“၂၀၁၅ ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းပုံပြင်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံမပြင်ဘဲ ရွေးကောက်ပွဲလုပ်ရင် မတရားဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောထားတာနဲ့က တော်တော်ကြီးလွဲနေတော့ ပြည်သူတွေရဲ့ဆန္ဒ အတိုက်အခံ အန်အယ်လ်ဒီရဲ့ဆန္ဒ ဘယ်လို ဖြစ်လာမလဲဆိုတာ စိုးရိမ်မိ တယ်။ ကျနော်တို့ကတော့ ၂၀၀၈ ကိုလည်း လက်မခံဘူး။ ပြင်တဲ့ဟာကိုလည်း လက်မခံဘူး။ အခုဟာက ဦးရွှေမန်းကိုယ်တိုင်က ၂၀၁၅ အထိ ရွှေ့မယ်ဆိုတော့ လွှတ်တော်တွင်းမှာ ပြင်ခွင့်ရှိတဲ့ဟာကိုပါ ပိတ်ပင်လိုက်တဲ့ သဘောဖြစ်သွားတာ။”


ဦး​အေး​သာ​အောင်
ဦး​အေး​သာ​အောင်
ဦးအေးသာအောင် (UNA သဘာပတိ အဖွဲ့ဝင်)
“‘ဒါမရေရာတဲ့ သဘော၊ ကျနော်တို့က တိုင်းပြည် အပြောင်းအလဲ ဖြစ်ဖို့ဆိုတာ ရွေးကောက်ပွဲ မကျင်းပမီ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြုပြင်သင့်တဲ့ အရာတွေကို ပြုပြင်ဖို့လိုမယ်။ ပြောင်းလဲသင့်တဲ့ အရာတွေကို ပြောင်းလဲရမယ်။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ အရေးကြီးတယ်။ မပြင်တော့ဘူးဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲသည်ပင် မရေရာတဲ့ သဘော ဘာမှ တိုင်းပြည်အတွက် ရွေးကောက်ပွဲရဲ့ ဟိုဘက်မှာ ထူးမခြားနား ဖြစ်မယ့် သဘောမျိုးလို့ ပြောချင်တယ်။ ရွေးကောက်ပွဲ ကျင်းပရုံနဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါဘူး။ အဓိက ပြုပြင်ပြောင်းလဲဖို့က အဓိက ကျတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့က အဓိက ကျတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲမတိုင်မီ ပြောင်းသင့်တဲ့ ပြင်သင့်တဲ့ အရာတွေ ပုဒ်မတွေကို ပြင်လိမ့်မယ်လို့ ကျနော်တို့ ထင်ခဲ့တယ်။ အားလုံး မပြင်နိုင်ရင်တော့ တချို့ပုဒ်မတွေ ပြင်နိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ၂၀၁၅ မတိုင်မီ လုံးဝ မပြင်ဘူးဆိုတော့ ရွေးကောက်ပွဲအတွက် ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ လူတယောက်အနေနဲ့ အတော်ကို စိတ်ပျက်မိတယ်။ ဒါက မဖြစ်သင့်ဘူး။ တတ်နိုင်သလောက် ၂၀၁၅ မတိုင်မီ ပြင်သင့်တယ်။”

ဦးစောသန်းမြင့်
ဦးစောသန်းမြင့်
ဦးစောသန်းမြင့် (ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း)
“၂၀၁၅ ဟိုဘက်ဆိုရင်လည်း တပ်မတော်က မလျော့မချင်း ပြင်ဖို့ မလွယ်ဘူး ကျနော်တို့ ဖြစ်စေချင်တာက အခုနှစ်အတွင်းမှာကို တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုက မလျော့နိုင်ဘူး ဆိုတော့ ၂၀၁၅ အပြီး ၂၀၂၀ မှာရော တပ်မတော်ရဲ့ ပါဝင်မှုရာခိုင်နှုန်းဟာ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ရှိဦးမယ်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ် ပြင်မလဲဗျာ။ တကယ်လို့ နောက်သက်တမ်း တွေမှာလည်း တပ်မတော်ရဲ့ပါဝင်မှု ၂၅ ရာခိုင်နှုန်းကို ကာချုပ်ကြီးက မလျော့နိုင်ဘူးဆိုရင် အခြေခံဥပဒေ ပြင်ဖို့ဆိုတဲ့ ကျနော်တို့အားလုံး နိုင်ငံရေးပါတီ အားလုံးရဲ့ မျှော်လင့်ချက် ပြည်သူ အားလုံးရဲ့ မျှော်လင့်ချက်ဟာ အင်မတန်ကို ရင်လေးစရာကောင်းတယ်ဗျ။”


ဦးခင်မောင်ဆွေ
ဦးခင်မောင်ဆွေ
ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)
“၂၀၁၅ မတိုင်ခင် ၆ လအလိုမှာ ဖွဲ့စည်းပုံ ပြင်ပြီးမယ်လို့ ဦးရွှေမန်းပြောခဲ့တဲ့ စကားရှိတယ်လေ။ အစကတည်းက ကျနော်တို့ မယုံဘူး။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံဖြစ်အောင်လုပ်ဖို့က ကျန်နေသေးတာကိုး။ လွှတ်တော် ဥပဒေကြောင်းအရကြည့်ပြီး ဟိုဟာဖြုတ် ဒီဟာတပ်တော့ ရတာ ပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံရေးလိုအပ်ချက်တွေနဲ့ ထင်ဟပ်အောင်လုပ်မယ်ဆိုရင်တော့ ဘယ်ပြီးနိုင်မလဲ။ ဒါ့ကြောင့် မပြီးနိုင်ဘူးလို့ ကျနော်တို့က အစဉ်တစိုက်ပြောလာတာပေါ့။ ခုတော့ မပြီးနိုင်ဘူးဆိုတာ သေချာသွားပြီ။ ၂၀၁၅ မှာ ပြည်သူတွေက တကယ်လို့သာ ဒီမိုကရေစီ အင်အားစုတွေကို ရွေးချယ်ပြီးမဲပေးလိုက်မယ်ဆိုရင် မလွဲမသွေ ဒီမိုကရေစီ အခြေခံဥပဒေကြီး ဖြစ်အောင်၊ နောက်လွှတ်တော်သက်တမ်းမှာ ပြင်လောက်တဲ့ အနေအထား တွေ ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့ရဖို့ လိုတယ်။ ငြိမ်းချမ်းရေးမရဘဲနဲ့ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်အစိုးရပဲ တက်တက် ဘယ်လွှတ်တော်ပဲ တက်တက် ဒီမိုကရေစီ စံနှုန်းတွေ ပြည့်စုံတဲ့ အခြေခံ ဥပဒေဖြစ်ဖို့ ဆိုတာကတော့ မျှော်လင့်လို့ မရပါဘူး။”

ဦးဖေသန်း
ဦးဖေသန်း
ဦးဖေသန်း  (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ)
လာမယ့် ၂၀၁၅ အလွန် ၂၀၁၆ ကျမှ ဒါတွေအတည်ဖြစ်မယ်ဆိုရင် မသင့်တော်ဘူးထင်တယ်။ ဒါပေမယ့် ဥက္ကဋ္ဌကြီးပြောတာ  ကြားတော့ကြားတယ် ဘယ်လိုသဘောမျိုးနဲ့ ပြောလည်းတော့ မသိဘူး။ မနက်က ပြောတဲ့ဟာနဲ့ သူခုပြောတဲ့ဟာနဲ့  ကွာနေလို့။ အမှန် အခုဆွေးနွေးနေတဲ့ ဟာက အခု ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင် လုပ်စရာကိုင်စရာရှိတဲ့ လုပ်ငန်းတွေ အဆင်ပြေပါမှ ဖြစ်မှာ။  ဥပမာ ၅၉ (စ)လုံး လိုဟာမျိုး ၂၀၁၆ ဆို ဘာလုပ်တော့မှာလဲ ဒေါ်အောင်ဆန်းစုကြည် ၀င်ရေးအတွက် ကျနော်တို့ ဆွေးနွေးနေကြတာ။ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်တွေ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ  ပုဒ်မ ၄၃၆ က ပိတ်ပင်ထားလို့ ကျနော်တို့ ဆွေးနွေးနေကြတာ။ ၂၀၁၆ မှာ ကျနော်တို့ကလည်း ရှိချင်မှ ရှိတော့မှာလေ။ ဦးရွှေမန်းလည်း ရှိချင်မှရှိတော့မှာ။ ၂၀၁၆ မှ ဒါတွေကို အတည်ပြုမယ် ဆိုတာတော့ သဘာဝမကျဘူးထင်ပါတယ်။ ‘ဥက္ကဋ္ဌကြီးက ဘယ်လိုပုံစံမျိုးပြောလိုက်တယ်ဆိုတာ ကျနော်တို့က အတည်ပြုချက်မရသေးဘူးခင်ဗျ။ ကြားတော့ ကြားနေတယ်’။ ဒါပေမယ့် ကျနော်ကတော့ လက်တွေ့ အခြေအနေနဲ့ တော်တော်ကို လွဲနေတယ်လို့တော့ ထင်တယ်။”

By (ဒီဗွီဘီ)ပီတာအောင်
http://burmese.dvb.no/archives/71368


လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ချီးမြှင့်ငွေစရိတ် အဆောင်အယောင်ဆိုင်ရာ ဥပဒေကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြု လိုက်ပါတယ်။

အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ချီးမြှင့်ငွေကို အနည်းဆုံး ကျပ်ငွေ ၁၀ သိန်းမှ ၁၆ သိန်းထိပေးဖို့ သတ်မှတ်သလို နေတွက်စရိတ်ကတော့ ကျပ် ၂ သောင်း သတ်မှတ်လိုက်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက ပြောပါတယ်။

“ဘယ်သူက ထပ်ပြီးဆုံးဖြတ်ဦးမလဲ မပြောတတ်ဘူးပေါ့၊ အမှန်က ၁၀ သိန်းမှ ၁၆ သိန်း ဆိုတာ ဥပဒေမှာ အဲလို ပြဋ္ဌာန်းလို့ မရဘူးပေါ့၊ ဒါက ဘဏ္ဍာရေး ၀န်ကြီးဌာနက ဆုံးဖြတ်ဖို့ ချန်ထားတာလား၊ သမ္မတကြီး က ဆုံးဖြတ်ဖို့ ချန်ထားတာလား မပြောတတ်ဘူး၊ ၁၀သိန်းနဲ့ ၁၆ သိန်း ဆိုတော့ အနည်းဆုံးကတော့ ၁၀ သိန်းက ဖြစ်နိုင်တာပေါ့။”

ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ချီးမြှင့်ငွေ ၅ သိန်းမှ၁၀ သိန်း သတ်မှတ်သလို နေ့တွက်စရိတ်ကတော့ ၂ သောင်းသတ်မှတ်တယ်လို့ ဆိုပါတယ်။

တိုင်းဦးစီးအဖွဲ့ဝင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေ အတွက် ၃သိန်းမှ၅ သိန်း သတ်မှတ်သလို နေ့တွက်စရိတ်ကတော့ ၂ သောင်း သတ်မှတ်ထားပါတယ်။

နေပြည်တော်ကောင်စီဝင်နဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ချီးမြှင့်ငွေကိုတော့ နဂိုက သတ်မှတ်ထားတဲ့ အတိုင်း အတည်ပြုလိုက်တာဖြစ်ပြီး ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

လက်ရှိ ပြည်ထောင်စုအဆင့် လွှတ်တော် အမတ် ၁ ယောက် လစာ ကျပ် ၃ သိန်းရပြီး လွှတ်တော်ဥက္ကဋ္ဌက လစာ ကျပ် ၃၅ သိန်းရနေတဲ့အတွက် လစာငွေ ၁၂ ဆ လောက် ကွာခြားနေတာဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြု ပေးပို့တဲ့ လွှတ်တော် အသီးသီးက ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဦးစီးအဖွဲ့ဝင်တွေ၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တွေ၊ တိုင်း ဒေသကြီး (သို့) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များတွေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ကောင်စီဝင်တွေ စသူတွေရဲ့ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုချက်ရယူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/71374

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.