11/24/14

အစောပိုင်းကတော့ ကောဠဟာလ လိုလိုနဲ့ အခုတော့ တကယ်ကြုံနေရပြီ.။
ပြီးခဲ့တဲ့လက ကဗျာဆရာ ချိုစိမ့် (ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မြစ်တော်စပ်သူ) ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်ခံရတယ်။
အခုရက်ပိုင်းမှာပဲ အဆိုတော်မွန်းအောင်နဲ့ဇနီး ဘန်ကောက်က ခရီးသွားအေးဂျင့်တခုကနေ ဗီဇာလျှောက်တော့ ငြင်းပယ်ခံရတယ်လို့သိရတယ်။ ဒါကြောင့် ကိုမွန်းအောင်တို့ လူကိုယ်တိုင် မြန်မာသံရုံးကို တနင်္လာနေ့မနက်မှာသွားပြီး ပြည်ဝင်ခွင့်ဗီဇာရဖို့ ထပ်မံကျိုးစားကြည့်မယ်လို့ ပြောတယ်။

ကိုချိုစိမ့်ရော၊ ကိုမွန်းအောင်တို့ ဇနီးမောင်နှံပါ နော်ဝေးနိုင်ငံသားခရီးသွားစာအုပ်တွေ(ပတ်စ်ပို့စ်)ကိုင်ဆောင်ထားကြတာဖြစ်တယ်။
ကိုချိုစိမ့် ကိုတော့ ဘန်ကောက်အခြေစိုက်မြန်မာသံရုံးအမှုထမ်း စစ်သံမှုး ကခေါ်တွေ့ပြီး " နောက်ခံကိုယ်ရေးရာဇ၀င်အချက်အလက်တွေအရ ခွင့်မပြုနိုင်လို့ပါ" ဆိုပြီးငြင်းပယ်ခဲ့တဲ့အကြောင်း ကိုချိုစိမ့်က ပြောပြတယ်။

" အောက်တိုဘာ ဒုတိယအပတ်ထဲကျနော်ဘန်ကောက်ကိုသွားတယ်၊ ရောက်ပြီး နောက်တရက် သံရုံးမှာ ဗီဇာလျှောက်တယ်၊ ထပ်ချိန်းလို့ ၂ရက်အကြာသွားတဲ့အခါ စစ်သံမှုး ဦးလှဆွေလား ဦးမြင့်ဆွေလား မသိဘူး၊ အထဲမှာပြသနာတွေရှိနေတယ်၊ မင်းကိုခွင့်ပြုလို့ တခုခုဖြစ်ရင် မင်းအတွက်လည်း မကောင်းဘူး၊ ကိုယ်တို့ပါပြသနာပေါ်မယ်၊ ဗီဇာမပေးနိုင်လို့ဝမ်းနည်းပါတယ်လို့ပြောပါတယ်"

" အဲဒီစစ်သံမှုးကရိုင်းတယ်၊ ကျနော့်အပေါ် မောက်မောက်မာမာဆက်ဆံတယ်၊ မင်းက ရှုတ်လို့ ထောင်ကျတယ်၊ ထောင်ကလွတ်တော့ ရှုတ်လို့ နယ်စပ်ထွက်လာရတယ်၊ နယ်စပ်မှာလည်း ရှုတ်လို့ နိုင်ငံခြားထွက်သွားရတယ်လို့ ပြောတော့ ရှုတ်တယ်ဆိုတာဘာလဲလို့မေးတဲ့အခါ မင်းဖာသာမင်းဘာလုပ်သလဲသိနေတာပဲ မင်းက ငါ့ကိုပြန်မေးစရာလားလို့ ပြန်ငေါက်တယ်၊ ဒါနဲ့ကျနော်က အန်ကယ် ကျနော်အခု ဗမာနိုင်ငံသားစာအုပ်နဲ့လာတာမဟုတ်ဖူး၊ နော်ဝေးနိုင်ငံသားအနေနဲ့လာတာနော် လို့ပြောလိုက်တော့ သူမျက်နှာခတ်အမ်းအမ်းဖြစ်ပြီး နောက် ၂ရက် ၃ရက်နေလာကြည့်ပေါ့ကွာလို့ ပြောတယ်" လို့ သူ့အတွေ့အကြုံတွေကို ကိုချိုစိမ့်ကပြန်ရှင်းပြတယ်။

ကိုချိုစိမ့်ဟာ ဗီဇာရဖို့ ထပ်မံမကျိုးစားတော့ပဲ ဘန်ကောက်ကနေ နော်ဝေးကိုပြန်လာခဲ့တယ်လို့သိရတယ်။

အဆိုတော်ကိုမွန်းအောင်ကိုတော့ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက ဘယ်လိုတုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရအုံးမှာပါ။
ကိုချိုစိမ့် ဗီဇာလျှောက်နေစဉ်ကာလက မြန်မာနိုင်ငံမှာ အာစီယံညီလာခံကျင်းပနေပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ လာရောက်နေစဉ်နဲ့တိုက်ဆိုင်နေသလို အကြမ်းဖက်သမားတွေမြန်မာပြည်ထဲဝင်ရောက်မယ်ဆိုတဲ့သတင်းတွေနဲ့လည်း မြန်မာအာဏာပိုင်တွေက တပ်လှန့်ထားချိန်လည်းဖြစ်တာကြောင့် စိုးရိမ်ပူပန်မှုနဲ့ ယခင်က အစိုးရဆန့်ကျင်ခဲ့ဖူးသူတွေကိုဗီဇာမပေးခဲ့တာလည်းဖြစ်နိုင်ပါတယ်။

ထူးခြားတာတခုက ယခင် နော်ဝေးအခြေစိုက် ဒီဗွီဘီ သတင်းဌာနက ဒေါ်အေးအေးမွန်ကတော့ ဗီဇာရပြီး ပြည်ဝင်ခွင့်ရတယ်လို့ သတင်းကြားပါတယ်။
ဒါကြောင့် မနက်ဖန် တနင်္လာနေ့မှာ ကိုမွန်းအောင်တို့ဇနီးမောင်နှံကို မြန်မာအစိုးရက ဗီဇာမပေးဘူးဆိုရင် နော်ဝေးမှာနေတဲ့ မြန်မာပြည်ဘွား နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူတွေကို ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်နေပြီဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်တယ်။
လွန်ခဲ့တဲ့ လအနည်းကလည်း ၈၈ကျောင်းသားခေါင်းဆောင်ဟောင် ကိုမိုးသီးဇွန်နဲ့ ကိုမောင်မောင်ဝမ်းတို့ကို မြန်မာအစိုးရက ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ ပြည်နှင်ဒါဏ်ပေးခဲ့ဖူးပါတယ်။

သမတဦးသိန်းစိန် အစိုးရတက်လာပြီး နောက် ၂၀၁၂လောက်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအားလုံး( ရာဇ၀တ်မှု ကျူးးလွန်ခြင်းမရှိရင်) မြန်မာပြည်လာရောက်နိုင်တဲ့အကြောင်းပြောခဲ့သလို နော်ဝေးနိုင်ငံလာရောက်လည်ပတ်ခဲ့စဉ်ကလည်း သမတဦးသိန်းစိန်နဲ့ သူ့ရဲ့ ကက်ဘိနက်ဝန်ကြီး တချို့( ၀န်ကြီးဦးစိုးသိမ်း၊ ဦးရဲထွဋ်) က မြန်မာ့နိုင်ငံရေးကို အဝေး အမြင်နဲ့ မကြည့်ပဲ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်လေ့လာကြည့်ဖို့ ဖိတ်ကြားခဲ့ဖူးပါတယ်။

မြန်မာအစိုးရက ပြည်ပမှာနေထိုင်တဲ့ သူတို့ရဲ့အတိုက်အခံတွေကို အမှန်တကယ်စိတ်ထဲက ဘယ်လိုသဘောထားမျိုးထားရှိသလဲဆိုတာ မကြာခင် ကွဲကွဲပြားပြားသိရတော့မှာပါ..။

ကိုညို( အော်စလို)

မေး..။ ကိုမွန်းအောင်ကို သံရုံးက ဘာကြောင့်ဗီဇာထုတ်မပေးတာလဲ.။

ဖြေ။ ။ သံရုံးဗီဇာဌာန ၀န်ထမ်းတွေကတိတိကျကျဖြေဆိုတာမျိုးတော့ မဟုတ်ဖူး။ သူတို့ပြောတာက ဒီလိုစာအုပ်မျိုးတွေကိုဗီဇာထုတ်မပေးရဘူးလို့အထက်ကညွှန်ကြားထားတယ်တဲ့..။


မေး.။ ကိုမွန်းအောင်ကိုင်ထားတာ နော်ဝေးနိုင်ငံသား နိုင်ငံကူးစာအုပ်မှုတ်ဖူးလား၊ဘာပြဿနာရှိထားလို့လဲ။

ဖြေ.။ ဘာပြဿနာမှမရှိပါဘူး။ သူတို့ဆိုလိုတာက မြန်မာပြည်မှာမွေးဖွားပြီး၊နိုင်ငံခြားမှာနေထိုင်ပြီးအဲဒီကပတ်စ်ပို့စ်ကိုင်ထားသူပေါ့၊

အထက်ကခွင့်မပြုဘူးတဲ့။


မေး.။ လွန်ခဲ့တဲ့သီတင်းပတ်လောက်ကပဲ ကိုမွန်းအောင်လိုပဲ နော်ဝေးပတ်စ်ပို့စ်ကိုင်ဆောင်ထားတဲ့

ဒေါ်အေးအေးမွန်ကိုတော့ ဘာ့ကြောင့်ဗီဇာပေးရတာလဲ၊ မြန်မာပြည်ဘွားပေမယ့်

သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအများကြီးပဲလေ၊

အရင်ကတည်းကနေအခုချိန်ထိဝင်ထွက်သွားလာနေကြတာပဲမဟုတ်လား။

ဖြေ။ သူတို့ပြောတာကတော့ မအေးအေးမွန်က သူ့အမေနေမကောင်းတာကိုစာရေးတင်လို့လူမှုရေးအရခွင့်ပြုတာတဲ့။

နောက်ထပ် ကျနော်မေးတာက ဒီလိုစာအုပ်မျိုး ဗီဇာမရနိုင်ဘူးဆိုတာ ဘန်ကောက်သံရုံးရဲ့ ၀က်ဘ်ဆိုက်ဒ်မှာလည်းမရေးထားဘူးပေါ့၊

ဘာကြောင့်လဲ ဆိုတော့ သူတို့ပြောတာက ၀က်ဘ်ဆိုဒ်က သံရုံးရဲ့ တရားဝင်မဟုတ်ဖူးတဲ့၊ ဒီတော့ထပ်မေးတယ်၊

သံရုံးဝက်ဘ်ဆိုက်ဒ်က သံရုံးနဲ့ မဆိုင်ဘူးလားဆိုတော့၊ သူပြောတာက တရားမ၀င်ပါဘူးတဲ့။

သူတို့ဘက်ကတော့ အထက်ကညွှန်ကြားချက်ကိုပဲ တရားဝင်လို့သတ်မှတ်လုပ်ဆောင်တယ်လို့သိရပါတယ်။


မေး။ ဒီကိစ္စအပေါ် ကိုမွန်းအောင်ဘယ်လိုမြင်သလဲ။

ဖြေ။ လက်ရှိအစိုးရနဲ့ မပူးပေါင်းရင်၊ မညှိရင်၊ ဘာမှခွင့်မပြုဘူးဆိုတာမျိုးပေါ့။ကျနော်ကလည်း သာမန်တိုးရစ်ဗီဇာပဲတောင်းတာပါ။

နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဘို့၊စီးပွားရေးသမားတွေနဲ့တွေ့ဖို့လည်းမပါဘူး။

လွန်ခဲ့တဲ့ အပတ်က ခရီးသွားအေးဂျင့်တခုကတဆင့်ဗီဇာလျှောက်သေးတယ်။

ဗမာပြည်ဘွား နိုင်ငံခြားစာအုပ်ကိုင်ရင်မရဘူး၊ ဖိတ်စာတောင်းပါဆိုလို့ ကျနော့အကိုတယောက်ရဲ့မှတ်ပုံတင်မိတ္ထူနဲ့ဖိတ်စာတောင်းပြီးတွဲတင်တယ်။လိုအပ်တဲ့စာရွက်ဖောင်တွေလည်းဖြည့်ပါတယ်၊တိုးရစ်တွေဖြည့်သလိုပဲ၊

ဟိုမှာ ၀င်ငွေရတာဖြစ်စေ၊ မရတာဖြစ်စေဘာလှုပ်ရှားမှုမျိုးမှမလုပ်ပါဘူးဆိုတာပါ။


မေး။ ဘန်ကောက်သံရုံးက ဗီဇာမပေးဘူးဆိုတော့ တခြားသံရုံးကဆိုရင်ရော..။

ဖြေ။ ကျနော်အခုနားလည်သလောက်တော့ ဗီဇာကဘယ်မှာတောင်းတောင်းရမှာမဟုတ်ဘူး။ ဥပမာကျနော်တို့ ဥရောပစာအုပ်ဆို လန်ဒန်နဲ့ ဂျာမဏီ၊ ဘရပ်ဆဲလ်မှာ သွားတောင်းရတယ်။ ဒါပေမယ့်ဘန်ကောက်မှာတောင်မရနိုင်တော့အဲဒီမှာကောရနိုင်ပါ့မလား..။


မေး.။ ဒီတော့ ဘယ်လိုသုံးသပ်လဲ.။

ဖြေ။ သူတို့ဘက်က မြန်မာပြည်ကိုပြန်လာကြည့်ပါ၊ အဝေးကကြည့်ပြီး မပြောပါနဲ့တဲ့.။အခုကျနော်လာတာပဲလေ၊ လာခွင့်မှမပေးတာ။ တဖက်ကစဉ်းစားကြည့်တော့ ကျနော်တို့အပေါ် ဒီအစိုးရကဘာကြောင့်အညှိုးထားနေရသလဲဆိုတာပေါ့။ သူတို့ကိုမထောက်ခံရင် မကြိုက်ရင်၊ အတိုက်အခံလုပ်ရင်တိုင်းပြည်ထဲဝင်လို့မရဘူးဆိုတဲ့သဘောသက်ရောက်နေပါတယ်။ ဒီမိုကရေစီကိုလိုလားရင် ဒီမိုကရေစီရဲ့သဘောသဘာဝအရ အတိုက်အခံပြုတာကိုလည်း လက်ခံရမှာပါ။ အစိုးရနဲ့မပူးပေါင်းလို့ မ၀င်ရဘူးဆိုလည်း မ၀င်ရုံပဲရှိတာပဲ။အစိုးရကို မကြိုက်တာတော့၊ မကြိုက်ဖူးပဲပြောရမှာပဲ။ ပြည်ဝင်ခွင့်ရဖို့ ဟိုလူ့အကူညီတောင်း၊ဟိုဘက်တောင်းပန်နဲ့မလုပ်နိုင်ဘူး၊ ကျနော်နားလည်သလောက်က အခုနော်ဝေးနိုင်ငံသားဖြစ်နေပြီ၊နော်ဝေးနိုင်ငံသားတယောက်ရဲ့အခွင့်အရေးမျိုး ကျနော့မှာရှိတယ်၊နော်ဝေးနိုင်ငံသားတွေဗီဇာရသလိုမျိုးကျနော်လည်း ရခွင့်ရှိတယ်။ ဒါလူ့အခွင့်အရေးကိုလည်း ချိုးဖောက်တာဖြစ်တယ်။ ခွဲခြားဆက်ဆံတာဖြစ်တယ်။ အသားဖြူတဲ့နော်ဝေးကိုဆက်ဆံတာတမျိုး ဗမာပြည်မှာမွေးတဲ့နော်ဝေးနိုင်ငံသားကိုဆက်ဆံတာတမျိုး။ဗမာပြည်ဘွားအချင်းချင်းတောင် သူတို့နဲ့ပေါင်းတဲ့ နိုင်ငံခြားသားကိုတမျိုး၊ မပေါင်းနိုင်တဲ့လူကိုတမျိုးခွဲခြားထားတာပါ။ကျနော့အတွက်ကတော့ မ၀င်ရလည်းရပါတယ်။ မ၀င်ပဲ အပြင်မှာနေခဲ့တာလည်းကြာလှပြီ၊ခံနိုင်ရည်ရှိပါတယ်။အခုတော့ ကျနော်တို့ကို ဒီအစိုးရက ဘယ်လိုသဘောထားနေသလဲ ရှင်းရှင်းလင်းလင်းသိရတာပေါ့။



မေး.။ ကိုမွန်းအောင် မကြာသေးခင်လပိုင်းက ထိုင်းနိုင်ငံမှာ အသံသွင်းပြီးစီးတဲ့ငြိမ်းချမ်းရေးမိုးစက်များသီချင်းခွေလည်းပြည်တွင်းမှာဖြန့်ချိဘို့ရှိတယ်ကြားပါတယ်၊အဲဒီကိစ္စကရောကြန့်ကြာသွားမလား.။

ဖြေ။ ကျနော်မူလကတော့ သီချင်းခွေစီဒီထုတ်ဖို့ ပြင်ဆင်စရာ၊ ကာဗာ၊ စာအုပ်၊ ဒီဇိုင်းအားလုံးကိုကူညီဆောင်ရွက်နေသူတွေနဲ့ ညှိနှိုင်း လုပ်ကိုင်မလို့ပါ။ အခွေမထုတ်ခင် သီချင်းတိုက်ပြီးကချင်စစ်ပြေးစစ်ရှောင်ဒုက္ခသည်ရံပုံငွေအတွက် ရှိုးပွဲအရင်ဆိုမယ်၊ ပွဲဆိုပြီး တီးပြီးမှသီချင်းခွေထုတ်မယ်လို့စဉ်းစားထားတာပါ။ အခုတော့ပွဲဆိုမယ့်အစီအစဉ်လည်း ပျက်သွားပြီမို့သီချင်းခွေထုတ်ဖို့လုပ်ရမှာပေါ့။



မေး..။ လာမယ့်နှစ်သစ်မှာထုတ်မှာလား။

ဖြေ။ ကျနော်ထင်တယ်၊ ဒီဇင်ဘာလထဲမှာထုတ်မှာပါ။ နှစ်မကူးပါဘူး။


မေး.။ ကိုမွန်းအောင် ခုလိုဗီဇာငြင်းပယ်ခံရတော့ ဘယ်လိုထိခိုက်နစ်နာမှုတွေ့ရလဲ။

ဖြေ။ ဗီဇာမပေးလို့ ရှုံးတယ်လို့လည်းမခံယူပါဘူး။ အစောကတည်းက ကြိုတွေးထင်ပြီးသားပါ။ငြင်းခံရလိုလည်းအသဲကွဲပြီး အရုပ်ကြိုးပြတ်ဖြစ်မသွားပါဘူး။

တခုတော့ရှိတယ် ကျနော်မျော်လင့်ခဲ့တဲ့၊ ကျနော့သီချင်းတွေကိုနှစ်သက်တဲ့ပရိဿတ်တွေကိုသီချင်းတွေမဆိုပြနိုင်ခဲ့ဘူး၊ကိုယ့်ပရိဿတ်တွေနဲ့ဆုံစည်းခွင့်မရတဲ့အပေါ်မှာတော့စိတ်မကောင်းပါဘူး။အခွင့်အရေးရရင် သီချင်းဆိုမယ်၊ သူတို့နဲ့မျက်နှာချင်းဆိုင်ပြန်တွေ့မယ်၊

နှုတ်ဆက်မယ်၊စကားပြောမယ်ပေါ့။ ကျနော့ပရိဿတ်တွေကို သီချင်းဆိုပြဘို့ကလွဲလို့ ဘာတခုမှလညှ်း မျော်လင့်ထားတာမဟုတ်ပါဘူး။


ကိုညို( အော်စလို)


ကချင်ပြည်နယ်၊ ကေအိုင်အိုဗဟိုဌာနချုပ် လိုင်ဇာရှိ ဗိုလ်လောင်းသင်တန်းကျောင်းအား ခါရာဘွမ်တွင် တပ်စွဲထားသော အစိုးရတပ်က နိုဝင်ဘာလ(၁၉)ရက်နေ့တွင် လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေညာချက်ထုတ်ပြန်

Nld Central

ကျဆုံးခဲ့ပြီးတဲ့ ကေအိုင်အို ဗိုလ်သင်တန်းကျောင်းကဗိုလ်လောင်း ၂၃ ဦးကိုရည်စူးပြီး ဘာသာပေါင်းစုံဆုတောင်းပွဲကိုယနေ့ ညနေ က မဟာ ဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့ကြပါတယ်။

Photo ကြည်နူး

သတင်းဓာတ်ပုံ....Kumudra


အမျိုးသား လွှတ်တော် ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြု စနစ်ကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံး တပြေးညီ ကျင့်သုံးဖို့ ဒီကနေ့ အမျိုးသား လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။

အချိုးကျ ကိုယ်စားပြုစနစ်(ပီအာ) ကျင့်သုံးရေး အကောင်အထည် ဖော်ရေး ကော်မရှင်ရဲ့  အစီရင်ခံစာကို လွှတ်တော်မှာ တင်သွင်းပြီးနောက် မဲခွဲရာမှာ ထောက်ခံမဲ ၁၃၈မဲ၊   ကန့် ကွက်မဲ ၂၄ မဲကြားနေမဲ ၅ မဲနဲ့  အနိုင်ရပြီး အတည်ပြုဆုံးဖြတ်လိုက်တာပါ။

ပီအာစနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် ပြည်သူ့ လွှတ်တော်မှာ မကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အခု အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တာပါ။

ပီအာစနစ် မကျင့်သုံးဖို့ ဒီကနေ့လွှတ်တော်မှာ ကန့်ကွက်ခဲ့ကြသူအများစုဟာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

မွန်တိုင်းရင်းသားအမတ်တဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးတင့်လွင်က “ပြည်သူ့လွှတ်တော်မှာ တောင်မှမဖြစ်ဘူးဆိုတော့ အမျိုးသားလွှတ်တော်က အခြေခံဥပဒေနဲ့ ညီညွတ်တယ်ဆိုတော့ တွေးစရာကြီးဖြစ်နေတယ် ကော်မရှင်အဖွဲ့က တင်လိုက်တဲ့ဟာက အမျိုးသားလွှတ်တော်ကို ပီအာစနစ်နဲ့ ကျင့်သုံးမယ်ဆိုရင် အခြေခံဥပဒေနဲ့ ညီပါတယ်ပေါ့ ပြည်သူ့လွှတ်တော်မှာကျတော့ အခြေခံဥပဒေနဲ့ မညီဘူးလို့ ခုံရုံးက ဆုံးဖြတ်ထားပြီးသားဟာကို အမျိုးသားလွှတ်တော်ကျတော့ ညီတယ်ဆိုတော့ အခြေခံဥပဒေက အဓိပ္ပါယ်နှစ်မျိုးများ ထွက်နေသလားလို့၊  ပီအာစနစ်ကျင့်သုံးမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ သေးတဲ့ ပါတီကတော့ ပျောက်သွားမှာပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ ပါတီအနေနဲ့ကတော့ ဘယ်စနစ်ပဲဖြစ်ဖြစ် ရသင့်ရထိုက်တဲ့ ကိုယ်စားလှယ်အရေ အတွက်ကတော့ရမှာပဲ” လို့ ပြောပါတယ်။

ပီအာစနစ်ကို အမျိုးသားလွှတ်တော်မှာ ကျင့်သုံးနိုင်ရေးခုလို အတည်ပြုပြီးဖြစ်တာကြောင့် အကောင်အထည်ဖော်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို  ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

ပီအာစနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှု မရှိကြောင်း လေ့လာတွေ့ရှိပါက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့အဆုံးအဖြတ်ကို ရယူနိုင်မယ်လို့ သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71892


ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရပြီး တိုင်းရင်းသား ဗိုလ်လောင်း သင်တန်းသားတွေ ကျဆုံးသွားခဲ့ရမှုနဲ့ ပတ်သက်လို့  အဖြစ်မှန်ကို ထုတ်ဖော်ကာ ထိခိုက်နစ်နာသူတွေ ကျေနပ်အောင် ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်အိုဌာနချုပ်လိုင်ဇာ မှာရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို  အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေက  အရာရှိလောင်း လူငယ် ၂၃ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ။

အန်အယ်လ်ဒီရဲ့ကြေညာချက်မှာတော့  သင်တန်းသားတွေကျဆုံး ဒဏ်ရာရမှုအတွက် လွန်စွာ ၀မ်းနည်းရတဲ့အကြောင်း တပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ငြိမ်းချမ်းရေးကို ထိခိုက်တဲ့ ဖြစ်ရပ်တွေမဖြစ်ပေါ်စေဖို့ နှစ်ဖက်တပ်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ဖော်ပြထားပါတယ်။

ပြည်တွင်းစစ်ကြောင့် စစ်ဘေးဒုက္ခသည်ပေါင်းများစွာဖြစ်ပေါ်လာခဲ့ပြီး ပြသနာမဖြေရှင်းနိုင် ခုဖြစ်ရပ်ကြောင့် ဒုက္ခသည်တွေ ဗူးလေးရာဖရုံဆင့်လိုဖြစ်ပွားမည်ကို လွန်စွာစိုးရိမ်မိကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လက်နက်နဲ့ ဆောင်ရွက်တာကို စားပွဲဝိုင်းထိုင်ပြေ လည်အောင် ဆွေးနွေးခြင်းဖြစ်တယ်ဆိုတာ သတိပြုဖို့လည်း အန်အယ်လ်ဒီပါတီက တိုက်တွန်းထားပါတယ်။

ဒီပစ်ခတ်မှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ကြေညာထား ပြီး မြန်မာအစိုးရကတော့  သတိပေးတဲ့ အနေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒီဖြစ်ရပ်အပေါ် ပြန်လည်တုံ့ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71864


ငယ်ရွယ်သော ကလေးများအား လက်နက်များ အသုံးပြုနည်း လေ့ကျင့် သင်တန်း ပေးနေပုံကို ၀ါဒဖြန့်သည့်အနေဖြင့် IS အစွန်းရောက်များက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ကလေးငယ်များအား ပထမဦးစွာ အာရဗီစာများ အရေး၊ အဖတ် သင်ပေးကြောင်း IS အဖွဲ့မှ ထုတ်ပြန်သည့်ဗီဒီယိုတွင် ပါရှိသည်။

ယင်းနောက်တွင် IS အစွန်းရောက်များက ကာဇက်စတန်နိုင်ငံမှ ကလေးများအား စစ်သင်တန်းပေးနေပုံကို ထုတ်လွှင့်ပြသခဲ့သည်။

Race Towards Good ဟု အမည်ပေးထားသည့် ဗီဒီယိုကို IS အဖွဲ့၏ ဗီဒီယိုလက်ခွဲတစ်ခုဖြစ်သော အယ်လ်ဟာရက်သတင်းဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုတွင်ပါရှိသော ပြောစကားများကို အင်္ဂလိပ်၊ ကာဇက်စတန်၊ အာရဗီ စသည့် ဘသာစကားသုံးမျိုးဖြင့် စာတမ်းထိုးဖော်ပြထားသည်။

လွန်စွာ အဆင့်မြင့်သော ဗီဒီယိုကင်မရာဖြင့် ရိုက်ကူးထားသည့် ပြကွက်များတွင် ဦးထုပ်ချွန်ချွန်များ ဆောင်းထားသည့် လူငယ်တိုက်ခိုက်ရေးသမားများကိုလည်း တွေ့မြင်ရသည်။

IS အစွန်းရောက်များသည် လွန်ခဲ့သည့် ဧပြီလမှစတင်ကာ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ကာ ဆီးရီးယားနှင့်အီရတ် တို့ရှိ နယ်မြေများစွာကို သိမ်းပိုက်၍ အစ္စလာမ်နိုင်ငံ ထူထောင်ထားသည့်အဖွဲ့ဖြစ်သည်။

မကြာသေးမီက ကုလသမဂ္ဂမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ IS အဖွဲ့တွင် နိုင်ငံခြားသားတိုက်ခိုက်ရေးသမား စုစုပေါင်း ၁၅၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

Ref:Daily Mail

(စည်သူကျော်စွာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


ဟီလာရီကလင်တန်အနေဖြင့် ၂၀၁၆ တွင် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည်ဆိုပါက လွန်စွာ ကြီးကျယ်ထင်ရှားသည့် သမ္မတတစ်ဦး ဖြစ်လာမည်ဟု သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော် ပြောဆို လိုက်သည်။

အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်သည့် မစ္စက်ကလင်တန်သည် ၂၀၀၈ ခုနှစ်အတွင်း ဒီမိုကရက်တစ် သမ္မတလောင်း အဖြစ် မဲဆွယ်စည်းရုံးရာတွင် သမ္မတအိုဘားမားကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သူမအနေဖြင့် သမ္မတအဖြစ် ထပ်မံယှဉ်ပြိုင် ခြင်း ပြု၊ မပြုနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာသွားဖွယ်ရှိသည်ဟု နိုင်ငံရေးကျွမ်းကျင်သူ များက ခန့်မှန်းထားသည်။

သမ္မတအိုဘားမားက မစ္စက်ကလင်တန်အား မိတ်ဆွေသူငယ်ချင်းတစ်ဦးဟူ၍ ရည်ညွှန်းကာ သူမနှင့်ပုံမှန် စကားပြောဆိုဖြစ်သည်ဟု အေဘီစီသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောဆိုထားသည်။

ဒီမိုကရက်တစ်ပါတီမှ ထင်ရှားသော ပုဂ္ဂိုလ်များအနေဖြင့် သမ္မတရွေးကောက်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်ကြမည်ဟု သမ္မတအိုဘားက ဆိုသည်။

သို့သော် အဆိုပါ ပုဂ္ဂိုလ်များအနက် သမ္မတအိုဘားမားက မစ္စက်ကလင်တန်တစ်ဦးကိုသာ အမည်ထုတ်ဖော်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သမ္မတဟောင်း ဘီလ်ကလင်တန်၏ဇနီး မစ္စက်ကလင်တန်အနေဖြင့် မိမိနှင့်မတူညီသော အရာများကို ဆောင်ရွက်ဖွယ်ရှိသည်ဟူ၍လည်း သမ္မအိုဘားမားက မှတ်ချက်ပြုပြောဆိုခဲ့ကြောင်း သိရသည်။

Ref:BBC

(စည်သူကျော်စွာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

ကိုပါကြီး ခေါ် (ကို) အောင်ကျော်နိုင် ကို စစ်ဆင်ရေးနယ်မြေတွင်ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကိစ္စရပ် သည် KKO အဖွဲ့မှစတင်ခဲ့သည့် ကျိုက်မရောမြို့နယ် အတွင်း ဖြစ်ပွား ခဲ့သည့် ကိစ္စဖြစ်ကြောင်း သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခြင်းကြောင့် တပ်မတော်မှ သွားရောက် တားဆီးရာ လက်နက် များ ခြိမ်းခြောက် အသိမ်းခံရရာမှ စတင် ခဲ့ခြင်းဖြစ်သည် ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။

“ ဖြစ်တဲ့နေရာကို တပ်တွေသွင်းပြီး ရှင်းလိုက်ပြီဆို ဒါက စစ်ဆင်ရေးနယ်မြေ တခုဖြစ်သွားပြီပေါ့ ။ ဒါဆိုရင်တော့ ကျနော်တို့က စစ်ဆင်ရေးနယ်မြေလို့ပဲ သဘောထားပြီးတော့ ဆောင်ရွက် ရမှာပေါ့။ အဲဒီတော့ စောစောကပြောတဲ့ ကိုပါကြီး ဖြစ်တဲ့ ကိစ္စပေါ့။ ကိုပါကြီး က အဲဒီမှာ ကျနော် တို့က ပထမဦးဆုံး
လိုက်ရှင်းတဲ့ အချိန်မှာ မိတဲ့လူတယောက် ဖြစ်ပါတယ်။ သူ့မိတဲ့အချိန်တုန်းက သူက သတင်းထောက် လို့ မပြောဘူးဗျ၊ မပြောဘူး။ အလွတ်တန်း သတင်းထောက် လို့လည်း မပြောဘူး၊ ဘာလို့လည်းမပြောဘူး။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒီထဲမှာ သူရှိနေတယ်” ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က VOA သတင်း ဌာနနှင့်အင်တာဗျူးတွင်ပြောဆိုသည်။

'' သူ့ကို အရပ်ဘက်ကနေပြီးတော့ ဖမ်းပြီးတော့ တပ်ကိုလွှဲတာ မဟုတ်ဘူးလား ။ လှေဂိတ်မှာ မိပြီးတော့မှ '' ဟု VOA သတင်းဌာနမှ အင်တာဗျူးသူက နောက် တစ်ကြိမ်ပြန်လည်မေးမြန်းမှသာ ကာချုပ် က '' အင်း မိတယ် ထင်တယ် အဲလို တပ်ကို လွှဲတယ်လို့ ကျနော်တို့ ကြားပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

သတင်းထောက်ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးချက် အဖြေများ ထွက်ရှိ လာပါကလည်း စစ်ဆင်ရေး နယ်မြေ တစ်ခုတွင် တာဝန် ထမ်းဆောင်မှု အပိုင်းကို အလေးထား စဉ်းစားဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကာချုပ် က ပြောသည်။

ကိုပါကြီး အသတ်ခံရမှုအား ပြန်လည်စစ်ဆေးရာတွင် လက်နက်ပျောက်သည့် ကိစ္စ ၊ လက်နက်များ သိမ်းဆည်း ခံရသည့် ကိစ္စ နှင့် ပတ်သက်၍ ရှင်းလင်း သင့် နေရာ တွင် ဖမ်းမိခဲ့သူဖြစ်ခြင်းကြောင့် အကြမ်းဖျဉ်း အားဖြင့် ရန်သူအဖြစ် သတ်မှတ်ထား ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ၊ မည်သူမည်ဝါဖြစ် သည်ကို သေချာ စွာ ပိုင်းခြား မလုပ်နိုင်သော်လည်း ထိန်းသိမ်းထားသည့် ပုဂ္ဂိုလ် တစ်ယောက်ဖြစ် သည်ဟုလည်း ကာချုပ်မှ ဖြေဆိုသည်။

“ထိန်းသိမ်းထား တဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်တော့ သူ့ကိုစောင့်ရတဲ့ပုဂ္ဂိုလ်က သူ့မှာ၊ ထိန်းသိမ်းတဲ့ လူမှာ သူ့ကို ထိန်းသိမ်းနိုင်တဲ့ တာဝန်တော့ ရှိတာပေါ့ ။ သူကနေပြီးတော့မှ စောစောက ကိုပါကြီး ကနေပြီးတော့မှ အကြောင်း တခုခု ပြပြီးတော့မှ ထွက်ပြေးဖို့ ကြိုးစားရင်း ကနေပြီးတော့ ခုန
ပစ်ခတ် ဖမ်းဆီး တဲ့ အဆင့်ကနေ သေတဲ့ အဆင့်ဖြစ်တာပေါ့။” ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က VoA သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်စေရန် လုပ်ဆောင် ရမည်ဖြစ်ပြီး အကြောင်းပြ ချက် မှန်ကန်ရန်လည်း လိုအပ်ကြောင်း ၊ နိုင်ငံတော် သမ္မတ ကလည်း လူ့အခွင့်အရေး ကော်မရှင်ကို တာဝန်ပေး အပ် ဆောင်ရွက်စေလျက်ရှိကြောင်း စစ်ဆေးရာတွင် လိုအပ်သည်များကို တပ်မတော် အနေဖြင့် အကူအညီပေးလျက် ရှိရာ ထိန်ချန်ထားရန် အကြောင်း မရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။

“စစ်လို့ ပြုလို့ တွေ့ရှိချက်ပေါ် မူတည်ပြီးတော့လည်း ကျနော်တို့ဘက်က ခုံရုံး မှာလည်း အဖြေ တခု ထွက်ပါလိမ့်မယ်။ သူတို့ရဲ့ ထင်မြင်ယူဆချက်လည်း ထွက်လာလိမ့်မယ်။ ဒါတွေကလည်း နှစ်ဦးနှစ်ဖက် တူကောင်းလည်း တူမှာ ပေါ့၊ မတူရင်လည်း မတူဘူးပေါ့။" ဟု ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် က ပြောဆို ခဲ့သည်။

သို့သော် စစ်တပ်က လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆက်လက်၍ ဖြေကြားခဲ့ပါသည်။

"သို့သော်လည်းပဲ ကျနော်တို့ကတော့ စစ်ဆင်ရေး နယ်မြေ တခုမှာ တာဝန် ထမ်းဆောင်မှု အပိုင်းကိုပဲ အလေးထားပြီး စဉ်းစားဆောင်ရွက် မှာ ဖြစ်တယ် ဆိုတာ ကျနော်ပြောချင်တယ်။” ဟု ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က VoA အင်တာဗျူး၏ မေးခွန်းကို ဖြေကြားခဲ့ပါသည်။

အဆိုပါကိစ္စဖြင့် ပတ်သတ်၍ ကျန်ရစ်သူဇနီး မသန္တာ၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်ကို မေးမြန်း ခဲ့ရာ "သူဟာ ဖမ်းဆီးခံရချိန်မှာ အရပ်သားဝတ်စုံဖြင့် မြန်မာစကားပြောတတ်တဲ့ နိုင်ငံသား တစ်ဦးဖြစ် တယ်။ စစ်ဆင်ရေးနယ်မြေမှာ ဖမ်းမိတဲ့ သာမာန်အရပ်သားကို မပြောနဲ့ စစ်သုံ့ပန်းအပေါ်မှာတောင် အခုလို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခွင့် စစ်တပ်မှာ မရှိပါဘူး" ဟု The Ladies သို့ ဖြေကြားခဲ့သည်။

Ref - Voice of America

The Ladies News Journal


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု သံသယနဲ့ ဖမ်းဆီး ချုပ်နှောင်ခံ နေရသူ မြန်မာနိုင်ငံသား လူငယ် ၂ ဦး လွတ်မြောက်ရေး အတွက် လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့မှာ အာမခံ လျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။

ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့  ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ အတွက် မြန်မာသံရုံးအထူးအဖွဲ့က ဦးဆောင်ပြီး ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေတရားရုံးမှာ အာမခံလျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

“(အာမခံ) ရနိုင်တဲ့ အလားအလာတော့ရှိတယ်။ ဒါပေမယ့် သူတို့ဖက်က ဘယ်လောက်အချိန်ဆွဲ မလဲ။ ကျနော်တို့က သူတို့ တရားရုံးမှာ၂၀ ရက်နေ့က ပြောလိုက်တဲ့အတိုင်း အာမခံချက်လျောက်ထားမယ်ဆိုရမယ်။ ပိုက်ဆံ သို့မဟုတ်  (တဦးလျင် အနည်းဆုံးဘတ် ၅ သိန်း၊ ၂ ဦးအတွက် အနည်းဆုံး ဘတ်ငွေ ၁ သန်း) နဲ့ ညီမျှတဲ့ ပိုင်ဆိုင်မှုတခုကို ပေးဆိုတော့ ငွေရေးကြေးရေးကို သံအမတ်ကြီးက သူစီစဉ်ထားပေးမယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်တို့ သန်ဘက်ခါ သွားတဲ့အခါမှာ ငွေရော၊ ရှေ့နေများကောင်စီရော၊ လူ့အခွင့်ရေးကော်မရှင်က အကြံပေး ခရိုင်ဆတ်ကြီးရော၊ လွှတ်တော်က အကြံပေး ၂ ယောက်ရော၊ ကျနော်တို့ အထူးကိုယ်စားလှယ်ရော အားလုံး သွားပြီးတော့မှ ကလေးတွေနဲ့ လက်မှတ်ထိုးမယ်။ သူတို့ဆီက တာဝန်ရှိသူတွေ လက်မှတ်ထိုးပြီးတော့မှ ကျနော်တို့က စာရွက်စာတမ်း ငွေကြေးတွေနဲ့ ကော့စမွေတရားရုံးကနေ ကလေးတွေအတွက် အာမခံ လျောက်မယ်” လို့ ပြောပါတယ်။ နိုင်ငံခြားသားဖြစ်ခြင်းနဲ့ အမှုအရေအတွက်များတာကြောင့် အာမခံကြေးများရင် များသလို အာမခံ ရရှိရေး အခွင့်အလမ်းပိုများတယ်လို့ သူက ရှင်းပြပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း အာမခံလျောက်ဖို့ စီစဉ်ကြတာဖြစ်ပြီး   ဦးခင်အောင်မြင့်ဟာ ထိုင်းတောင်ပိုင်း လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာဘက်က အဆင့်အမြင့်ဆုံး တာဝန်ရှိသူအဖြစ် လာရောက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းအစိုးရလွှတ်တော်ဥက္ကဋ္ဌ ဖိတ်ကြားချက်အရ လာရောက်တဲ့ အမျိုးသားလွှတ်တော်ဥကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အဖွဲ့ဟာ  မြန်မာသံရုံးအထူးအဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး  လွှတ်တော်ပိုင်းက အတတ်နိုင်ဆုံးကူညီပေးသွားမယ်လို့ ကတိပြုခဲ့ကြောင်း  ဦးကျော်သောင်းက ပြောပါတယ်။ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံပွဲမှာ ဒေါ်လာ ၁ သောင်းခွဲ (ကျပ်ငွေအားဖြင့် သိန်း ၁၄၀ ခန့်)ကို အထူးအဖွဲ့ကို ပေးအပ်ရာမှာ အထူးအဖွဲ့ဝင် ဦးထူးချစ်က လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ အဖွဲ့မှာ အဖွဲ့ဝင် တစ်ဒါဇင်ခန့် လိုက်ပါလာပြီး ဥပဒေပညာရှင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အထူးအဖွဲ့ဝင်တွေက  လူငယ်နှစ်ဦး စတင်ဖမ်းဆီးခံရစဉ် အောက်တိုဘာလဆန်းပိုင်းကစလို့ ကြုံတွေ့ရတဲ့ ငွေကြေးအခက်အခဲ၊ ထွက်ဆိုချက်ရယူရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ တင်ပြခဲ့သလို  လက်ရှိကာလအထိ ကုန်ကျငွေ အကြမ်းကိုတင်ပြခဲ့သလို  မြန်မာနယ်စပ်နဲ့ ပြည်တွင်းမှာ သတင်းရယူတဲ့အခါ အစိုးရပိုင်းက လိုအပ်တာတွေကို ကူညီပေးဖို့ တင်ပြခဲ့ကြ ပါတယ်။

ဒီကနေ့မနက်ပိုင်းက ထိုင်းလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေ၊ အမျိုးသားလွှတ်တော် ဥပဒေအကြံပေး၊ စီးပွားရေးနဲ့နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်တွေ။ သံရုံးအထူးအဖွဲ့ဝင်တွေဟာ အမှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြသလို ဒီညနေပိုင်းမှာ အာမခံယူရေးညှိနှိုင်းဖို့အတွက် ရှေ့နေများ ကောင်စီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ကြဖို့ ရှိပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လိပ်ကျွန်း ခေါ် ခိုတောင်ကျွန်းမှာ စက်တင်တာဘာ ၁၅ ရက်နေ့က ဗြိတိသျနိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရပါတယ်။ ဒီနောက် မြန်မာလူငယ် ၂ ဦးကို သံသယနဲ့ ချုပ်နှောင်ခဲ့ပြီးနောက် ရဲက တရားစွဲဆိုဖို့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။ မြန်မာလူငယ် ၂ ဦး က သူတို့ကို  အသက်အန္တရာယ်ကို ခြိမ်းခြောက် ရိုက်နှက်ပြီး ဖြောင့်ချက်ရယူခဲ့တယ်လို့ မိဘတွေနဲ့တွေ့ဆုံစဉ်၊ ထိုင်းရှေ့နေများကောင်စီဝင်တွေနဲ့ တွေ့ဆုံစဉ်တွေမှာ ပြောကြားပြီးနောက် ထိုင်းရဲထံမှာ ပေးခဲ့တဲ့ ပြစ်မှုကျူးလွန်ကြောင်းဖြောင့်ချက်ကို တရားဝင် ပြန်လည်ရုပ်သိမ်းထားကြ ပါတယ်။

လက်ရှိမှာတော့ ဒီမြန်မာလူငယ် ၂ ဦးဟာ လူသတ်မှု၊ မုဒိမ်းမှု၊ ပြစ်မှုကြီးကျူးလွန်ပါလျက် ထိန်ချန်မှု၊ ခိုးမှု၊ တရားမ၀င် ၀င်ရောက်မှု စတာတွေနဲ့ စွပ်စွဲခံရပြီး ချုပ်နှောင်ခံနေရပါတယ်။

ဒီလူငယ် ၂ ဦးက သူတို့ကို နှိပ်စက်တယ်လို့ ထွက်ဆိုပြောကြားချက်တွေနဲ့ပတ်သက်လို့  ပြုမူခြင်းရှိ၊ မရှိ ကြားနာပွဲကို လာရောက်ဖို့ ထိုင်းနိုင်ငံ အမျိုသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဖိတ်ကြားပေမယ့် လာရောက်ခြင်း မရှိသေးပါဘူး။ နိုဝင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ရှင်းလင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ကို သတိပေးထားပြီး မလာရောက်ရင် သံသယနဲ့ ဖမ်းထားသူ ၂ ဦးကို စုံစမ်းစစ်ဆေးရာမှာပါဝင်တဲ့ ရဲအရာရှိတွေကို တရားစွဲဆိုရေး အဆိုပြုသွားမယ်လို့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ အရပ်ဘက်နဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌက နိုဝင်ဘာ ၁၇ ရက်နေ့တုန်းက သတိပေးထားပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/71870

၂၀၁၄ နိုဝင်ဘာလ ၂၃ ရက် တွင် ရိုမန်ကက်သလစ် သာသနာ မြန်မာပြည် သို့ ရောက် ရှိခြင်း နှစ်-၅၀၀ ပြည့်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ် ခဲ့ပါသည်။

ရိုမန်ကက်သလစ်အဖွဲ့ကြီးမှ သီတဂူဆရာတော် ဘုရားကြီးကို အထူး ဧည့်သည်တော် အဖြစ် ဖိတ်ကြားခဲ့သဖြင့် ဆရာတော်ဘုရားမှ တက်ရောက်ပြီး အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ ပါသည်။

ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင် ညီအစ်ကိုမောင်နှမ များ ၏ မြန်မာပြည်ရောက်ခြင်း နှစ်(၅၀၀) ပြည့်ပွဲ အခမ်းအနားကြီးမှာ ခရစ်ယာန် ဘာသာဝင် များကိုသာမက အခြားသောဘာသာဝင်များနှင့် ပါ တွေ့ဆုံခွင့်၊ ရင်းနှီးခွင့်၊ စကားပြောခွင့်ရတဲ့အတွက်ကြောင့် အလွန် ဝမ်းမြောက် ဂုဏ်ယူ ပါတယ်။

မြတ်ဗုဒ္ဓကဟောတော်မူထားသော စာတစ်ပိုဒ်ရှိပါတယ်- အဘိဏှံ သန္နိပါတာ သန္နိပါတဗဟုလာ ဝုဍ္ဎိယေဝ ဘဝိဿန္တိ၊ နောပရိဟာနိ - (“As long as the monks hold regular and frequent assemblies, they may be expected to prosper and not decline.”) မြတ်ဗုဒ္ဓရဲ့မိန့်တော်မူချက်အရ ဘာသာရေးခေါင်းဆောင်များ အချင်းချင်း၊ နိုင်ငံရေးခေါင်းဆောင် များ အချင်းချင်း ၊ လူမှုရေးခေါင်းဆောင်များအချင်းချင်း၊ ပညာရေးခေါင်းဆောင်များ အချင်းချင်း၊ စိတ်ဓာတ်ရေးခေါင်းဆောင်းများ အချင်းချင်း မပြတ်မပြတ် တွေ့ ဆုံခြင်းဟာ အကျိုးများစွာရှိပါတယ်။ အချင်းချင်း ချစ်ခင်ရင်းနှီး ခွင့်ရပါတယ်။ (mutual friendship) တစ်ယောက်နှင့်တစ်ယောက် နားလည်ခွင့် ရတယ်။

ဘာသာတရားတခု၏အကြောင်းကို အခြားဘာသာ ဝင်များက နားလည်ခွင့် ရပါတယ်။ (mutual understanding) ချစ်ခင်ရင်းနှီးခြင်း အပြန်အလှန် နားလည်ခြင်း ဆိုတဲ့ အကျိုးတရားတွေက အချင်းချင်းအပြန်အလှန် ရိုသေလေး စားခြင်းဆိုတဲ့ (Mutual respect) ကိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကနေ့ ဒီနှစ် (၅၀၀) ပြည့်ပွဲအခမ်း အနားကြီးဟာ အထက်ပါအကျိုးတရားတွေကို များစွာဖြစ်စေနိုင်လိမ့်မယ်လို့- ယုံကြည်မျှော်လင့်ပါတယ်။

အဲဒါကြောင့် Inter-faith dialogue တွေ Multi-faith seminar-တွေ Inter-religious conference-တွေဟာ မြတ်ဗုဒ္ဓမိန့်ကြားတော်မူတဲ့ အဘိဏှသန္နိပါတ-အစချီသောဒေသနာတော်များနှင့် ထပ်တူညီမျှဖြစ်နေသည်-ဟု ကျွန်ုပ်ယုံကြည် ပါသည်။ ထို့အပြင် မြတ်ဗုဒ္ဓသည် သူ၏ဗုဒ္ဓသာသာနာတော်ကို စတင် တည်ထောင် ခါစ B.C 588 မဂဓတိုင်း၊ ရာဇဂြိုဟ်မှာပထမအကြိမ် ကျင်းပတဲ့ သံဃာ-၁၂၅၀-တို့၏ အစည်းအဝေးကြီးမှာ ပထမဆုံးပြောတဲ့ မိန့်ခွန်း၏ ပထမဆုံးသောစကားလုံးမှာ ခန္တီ ပရမံ တပေါတိ တိက္ခာ (Tolerance is the highest austerity) လို့စတင် မိန့်မြွက် တော်မူပါတယ်။

ဂျိန်းဘာသာကိုတည်ထောင်တဲ့ မဟာဝီရဆရာကြီးကတော့ အဟိံသဝါဒ (Non-violence) ကို အမြင့်ဆုံးထားဟောပါတယ်။ Jesus Christ - ရဲ့ ဟောပြော ချက်တွေ ထဲမှာလည်းကရုဏာကို ဦးစားပေးဟောပြောချက်တွေ ကိုလည်း တွေ့ရ ပါတယ်။

တမာန်တော်မိုဟာမက်ရဲ့မူဝါဒတွေထဲမှာ ထူးထူးခြားခြား ကျွန်ုပ်သဘောကျ မိတာနှစ်ချက်တွေ့ရပါတယ်။ အဲဒါဟာဘာလဲဆိုတော့ အမြတ်ကြီးစား ဝိသမ လောဘကို ဖယ်ရှားဖို့နဲ့ ကြွယ်ဝချမ်းသာသူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင် မှုတွေကို ဆင်းရဲသားများအားဝေငှဖို့ဆိုတဲ့ အဆုံးအမတွေ တွေ့ရတယ်။ အဲဒါ ဟာ မြတ်နိုးစရာ ကောင်းတဲ့ အချက်တွေပါပဲ။

တရုတ်ပညာရှိ အတွေးအခေါ်ဆရာကြီးကွန်ဖြူးရှပ်ရဲ့ အဆုံးအမတွေ ထဲမှာ နိုင်ငံရေးသမားတွေဟာ ပညာတတ်ရမယ်၊ အကျင့်ကောင်း ရမယ်-ဆို တာ တွေ့ရပါ တယ်။

အဲဒီတော့ ဒီဘာသာရေးခေါင်းဆောင်များ၊ ပညာရှိများရဲ့ အဆိုအမိန့်တွေ အားလုံး ကိုပေါင်းလိုက်ရင် ငြိမ်းချမ်းသော, လုံခြုံသော, တည်ငြိမ်သော, စည်းလုံးသော လူ့အဖွဲ့အစည်းတစ်ခု, နိုင်ငံတစ်ခု တည်ဆောက်ရာမှာ ဘာသာရေး ကပေးတဲ့ ခန္တီ, မေတ္တာ, ကရုဏာ, ပညာ, သီလဆိုတဲ့ ၀ိဇ္ဇာစရဏ တရားများဟာ များစွာအထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
နောက်ပြီးတော့ လောဘအစွန်းရောက်တဲ့ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါး မှုတွေ၊ ဒေါသအစွန်းရောက်တဲ့ကမ္ဘာမှာ စစ်ပွဲတွေနှင့် ပဋိပက္ခတွေ၊ မောဟ အစွန်း ရောက်တဲ့ ကမ္ဘာမှာ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ မိုက်မဲမှုတွေ ထွန်းကား လာတတ်တယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့သစ္စာစကားထဲမှာ ဘာသာရေးခေါင်းဆောင် အားလုံး တို့ရဲ့ အဆုံးအမများ အားလုံး စုပေါင်း ဝင်သွားကြပါတယ်။

နောက်တစ်ခုပြောချင်တာက ဒီလောဘ, ဒေါသ, မောဟ အစွန်းရောက်နေကြ တဲ့ လူသားအချို့ရဲ့ စိတ်ဓါတ်တွေကို ဟန်ချက် ညီအောင် - Balance of Mind - ဖြစ်အောင် ဘာသာတရားအားလုံးက ၀ိုင်းဝန်း ညှိပေးနိုင်လျှင် ပဋိပက္ခတွေ ဟာ လျော့ပါးနိုင်တယ်လို့ ထင်မြင်မိကြောင်း ပြောပါရစေ။

ဘာသာတိုင်းဟာ Outer shell-ဆိုတဲ့ပြင်ပအကာအခေါက်တွေ ရှိတတ်တယ်။ အဲဒါတွေဟာ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ဆုတောင်းခြင်း၊ အခမ်းအနား ကျင်းပခြင်း များနှင့် ဓလေ့ထုံးစံများဖြစ်ပါတယ်။ အဲဒီ Outer shell-ဆိုတဲ့ ပြင်ပ အကာတွေ က ကျွန်ုပ်တို့ ဘာသာတရားတွေကို ကွဲပြားခြားနားစေတာဖြစ်ပါတယ်။ ဒါပေမဲ့ မည်သို့ပင် ကွဲပြားခြားနားစေကာမူ ကျွန်ုပ်တို့ဘာသာတရားအားလုံးမှာ တူညီသောအတွင်းပိုင်း အနှစ်သာရ Inner Core-ဆိုတာ ရှိပါတယ်။ အဲဒါတွေက ဒါန-Charity- သီလ-Morality -သမာဓိ-The balance of the mind - ပညာ - Insight - ဆိုတာတွေပဲ ဖြစ်ပါတယ်။ အဲဒီ ဒါန, သီလ, သမာဓိ, ပညာတွေဟာ ဘာသာတရားတိုင်းရဲ့ အနှစ်သာရတွေဖြစ်ပါတယ်။ Charity-Morality -The balance of the mind – insight ဆိုတဲ့ဘာသာရေး အနှစ် သာရ Inner Core of Religion - ဟာ ကျွန်ုပ်တို့ရဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ညီညီ ညွတ်ညွတ် လုံလုံခြုံခြုံ လက်တွဲနေထိုင်ကြရမဲ့ - Common Ground-ဖြစ် ပါတယ်။

အဲဒီ သစ္စာတရားလမ်းကြောင်းပေါ်မှာ လက်တွဲလမ်းလျှောက်ကြမယ်ဆိုရင် ကျွန်ုပ်တို့ ဘာသာဝင်အားလုံး မည်သည့် ဘာသာကိုးကွယ်သည့် မည်သည့် ဘာသာဝင်မဆို Universal Brotherhood Spirit-ကို တည်ဆောက် နိုင်ကြ လိမ့်မည်-ဟုယုံကြည်မျှော်လင့်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာ မြန်မာပြည်ရောက် နှစ် ( ၅၀၀) ပြည့်ပွဲသို့ တက်ရောက်လာကြ ကုန်သော ညီအစ်ကိုမောင်နှစ်မအားလုံး Inner Core of Religion ဆိုတဲ့- Common Ground - မှာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လုံလုံခြုံခြုံ လက်တွဲနေထိုင်သွားကြပါစို့။

မတူညီသည့် ဘာသာရေး အကာ Outer Shell တွေပေါ်မှာ ငြင်းခုံမနေကြဘဲ တူညီသည့် ဘာသာရေး အတွင်း အနှစ်သာရ Inner Core ပေါ်မှာအားလုံး လက်တွဲ Universal Brotherhood Spirit ကိုတည်ဆောက် ကာ ပြည်ထောင် စုမြန်မာနိုင်ငံတော်ကို အားလုံး လက်တွဲဝိုင်းဝန်း စောင့်ရှောက် ၊ ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်ကြပါစေ-ဟု ဆုတောင်းမေတ္တာပို့သ လိုက်ရပါသည်။

ဝိဇ္ဇာစရဏတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

Ref - သီတဂူသာသနာပြုအဖွဲ့
Photo Credit Sitagu ATW

The Ladies News Journal

နေပြည်တော် (မဇ္ဈိမ) ။ ။ အချိုးကျ ကိုယ်စားပြုစနစ် (ပီအာစနစ်)ကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးတွင် တစ်ပြေးညီ ကျင့်သုံးရန် အမျိုးသားလွတ်က နိုဝင်ဘာ ၂၄ ရက်က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ၃၃ ရက်မြောက် အစည်းအဝေး၌ အတည်ပြုလိုက်သည်။

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ပီအာရ် ရွေးကောက်ပွဲစနစ် ဒီဇိုင်း ခြောက်မျိုးထဲမှ နှစ်မျိုးကို ကျင့်သုံးရန် အမျိုးသားလွှတ်တော် ပီအာရ် ကျင့်သုံးရေးဆိုင်ရာ အဆို အကောင်အထည်ဖော်ရေး ကော်မရှင်က အစီရင်ခံစာ ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၂၄ မဲနှင့် ကြားနေမဲ ၅ မဲဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယင်းစနစ်ကို တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက ကန့်ကွက်ကြသည်။

ပြည်သူ့လွှတ်တော်တွင်မူ ၂၀၁၅ ရွေးကောက်ပွဲတွင် ပီအာရ် စနစ်ကို မသုံးဘဲ လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (First-Past-the-Post) စနစ်ကိုသာ ရွေးချယ်ရန် လွှတ်တော်က နိုဝင်ဘာ ၁၃ရက်က ဆုံးဖြတ်ခဲ့သည်။

Mizzima
မဇ္ဈိမ

A police patrol on Sunday in Hakuba, Japan, where a magnitude-6.7 earthquake caused heavy damage. No deaths were reported
  
တိုကျို ၊ ၂၄-၁၁-၂၀၁၄

ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ နာဂါနိုစီရင်စု တွင် ပြင်းအားပမာဏ ၆ ဒသမ ၇ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

၎င်းငလျင် လှုပ်ခတ်မှုကြောင့် အဆိုပါ စီရင်စုနယ် နာဂါနိုမြို့ရှိ ဟတ်ကူဘာ ကျေးရွာ မှ ဒေသခံ ၅၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အခြားဒေသခံ ၈ဝ ဦးကျော်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

၎င်းငလျင် လှုပ်ခတ်မှုသည် နိုဝင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ည ၁ဝ နာရီ ၈ မိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီ က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဟတ်ကူဘာ ကျေးရွာ၌ နေအိမ် ၃၇ လုံး ပြိုကျခဲ့ပြီး အခြားနေအိမ် ၁ဝဝ ကျော်မှာ ရေပေးဝေမှု ပြတ်တောက် ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြား ခဲ့သည်။

Residents stand on a street to stay away from buildings after the earthquake hit Kangding county, Sichuan province.
အလားတူ တရုတ်နိုင်ငံ အနောက် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ဦးရေမှာ လေးဦးအထိ မြင့်တက် လာခဲ့သည်ဟု ပြည်နယ် အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှု သည် စိချွမ်ပြည်နယ် ကန်တင်းခရိုင် အတွင်းရှိ တာကုံမြို့တွင် ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ငလျင်လှုပ်ခတ်မှု အတွင်း ဒေသတွင်းရှိ ပြည်သူ ၄၄ ဦးမှာ ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ၄င်းတို့အနက် ခြောက်ဦးမှာ ဒဏ်ရာ ပြင်းထန်မှု ရှိသည်ဟု ဆိုသည်။ ထို့ပြင် ငလျင် လှုပ်ခတ်မှုကြောင့် ဒေသတွင်းရှိ နေအိမ်အလုံး ၂၅ဝဝဝ ခန့်မှာ ပျက်စီး ခဲ့ကြောင်း၊ အခြား ပြည်သူဦးရေ ၆၂ဝဝ ခန့်ကို အာဏာပိုင် များက ဘေးလွတ် ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ဒေသခံပြည်သူ စုစုပေါင်း ဦးရေ ၇၉၅ဝဝ မှာ ဘေးဒုက္ခ ခံစားရလျက် ရှိသည်။ ငလျင် လှုပ်ခတ်မှု ကြောင့် ဒဏ်ရာ ရရှိသူများကို ဒေသတွင်းရှိ အာဏာပိုင် များက ဆေးရုံများသို့ ပို့ဆောင် ၍ ဆေးကုသမှု ခံယူ စေခဲ့ကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/11/blog-post_68.html


မြန်မာနိုင်ငံရဲ့အပစ်အခတ်ရပ်စဲရေးဆိုင်ရာလိုအပ်ချက်၊ မြစ်ဆုံဆည်နဲ့ လက်ပန်းတောင်းတောင် စီမံကိန်းဆိုင်ရာ သဘောထားအမြင် စတာတွေအပြင် လက်ရှိ ကျောင်းသားတချို့ဆန္ဒပြနေမှု အခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးထားတဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနရဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းအပိုင်း (၂) ကို တင်ပြပေးထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါဆို တခြားအရေးကြီးတဲ့ကိစ္စတခုဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်မှုနဲ့အသံ ကျနော်တို့သိပ်မကြားရဘူး။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကိုပါဝင်ဖို့လည်း မဖိတ်ခဲ့ဘူးလေ၊ အဲဒါကြောင့်မို့လို့ ကျမတို့က လေးပွင့်ဆိုင်မှာဆိုရင် ဟိုလူထားပစ်ခဲ့တယ်၊ ဒီလူ့ထားပစ်ခဲ့တယ်လို့ပြောပေမယ့် ကျမတို့က ဒီအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ကျမတို့ ဘာလို့မပါရတာလဲလို့ ကျမတို့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေက အဖွဲ့အစည်းတွေက အချင်းချင်းဆွေးနွေးပြီးတော့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ယူချင်တယ်ဆိုပြီး ကြိုးစားနေတဲ့အချိန်မှာ ကျမတို့ မပါရကောင်းလား ဆိုပြီး ကျမတို့ တခါမှ မပြောဖူးပါဘူး။ ဘာဖြစ်လို့မပါရတာလဲလို့ မေးလို့ရှိရင်တော့ ကျမတို့ ရှင်းရှင်းပဲပြောပါတယ်။ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးက မဖိတ်ဘူး။ ဖိတ်ရင်တော့ ပါရမှာပေါ့၊ ကျမတို့က ဖိတ်ရင်လည်းပါဖို့ အဆင်သင့်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ်ရပ်စဲရေးဆိုတာဟာ နောင် ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ကိစ္စဖြစ်လို့။ ဒါပေမယ့် တဖက်နဲ့တဖက်ဆွေးနွေးပြီးတော့ အဖြေရှာနေတဲ့အချိန်မှာ ကျမတို့မပါရကောင်းလားဆိုတာ ကျမတို့အတွက် နံပါတ် (၁) မဟုတ်ပါဘူး။ ဒီဆွေးနွေးနေတဲ့သူတွေက ပြည်သူအတွက် ငြိမ်းချမ်းရေးရနိုင်မယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ အင်မတန်မှပဲ ၀မ်းသာမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ လောလောဆယ်အားဖြင့်တော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနိုင်တဲ့အခြေအနေရောက်နေတဲ့ အပြင်ကို ပြောရရင်တော့ နောက်ဆုံးလတ်တလောဖြစ်ရပ်ကို ကြည့်ရမယ်ဆိုလို့ရှိရင် တိုက်ပွဲသံတွေကိုတောင် ပြန်ပြီးဦးတည်နေတာကို တွေ့ရတယ်လေ။ အဲဒီတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်မှာ ဘာတွေများလိုအပ်ချက်ရှိနေသလဲလို့ ဒေါ်အောင်ဆန်းစုကြည် ထင်သလဲ ခင်ဗျ။



ဒေါ်အောင်ဆန်းစုကြည်။ ။ နောက်ဆုံးကျတော့ အခြေခံအားဖြင့်ယုံကြည်မှုပေါ့နော်၊ ဟိုဘက်ဒီဘက်အပြန်အလှန် ယုံကြည်မှု ခိုင်မြဲသွားပြီဆိုလို့ရှိရင်တော့ သိပ်ပူစရာမရှိတော့ဘူး။ ဒါပေမယ့် ဒီလို ယုံကြည်မှုမခိုင်မြဲသရွေ့တော့ ဒီလိုပဲ အတက်အကျတွေကတော့ ရှိနေမှာပဲ။ ဒါကတော့ ဒီနိုင်ငံမှာတင် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ဒီအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ အပစ်အခတ်ရပ်စဲရေး ရယူပြီးလို့ လက်မှတ်ထိုးပြီးတော့တောင်မှ ပျက်ပြားသွားတာတွေရှိပါတယ်။

… ဥပမာ ဆိုလို့ရှိရင် ဟုတ်လား မြောက်အိုင်ယာလန်မှာဆိုရင်လည်း ဒီလိုပဲ ဖြစ်ခဲ့တာပဲ။ အားလုံး အပစ်အခတ်ရပ်စဲရေးပြီးပါပြီဆိုပြီး လက်မှတ်လည်း ထိုးပြီးရော နောက်တနေ့မှာ ပေါက်ကွဲချင်ရင်လည်း ပေါက်ကွဲတာပဲ။ အဲဒါမျိုးတွေတော့ ဖြစ်ခဲ့တာတွေရှိပါတယ်။ ဒီလိုဟာမျိုးတွေကလည်း ဖြစ်နိုင်ပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ။ နောက်ဆုံးကျတော့ အပြန်အလှန် ယုံကြည်မှု မခိုင်မာသေးလို့ပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အဓိကလိုအပ်ချက်ကတော့ အပြန်အလှန်ယုံကြည်မှုပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။့  မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးတွေကိစ္စပေါ့နော်-အဲဒီမှာ အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ လွှတ်တော်ထဲပါဝင်ပြီးတော့ အကုန်လုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ လုပ်ဆောင်မှုတွေမြင်လာရတဲ့အခါမှာတော့ အမေရိကန်အပါအ၀င် အနောက် အုပ်စုနိုင်ငံတွေကလည်း ဒါဟာ တိုးတက်မှုတရပ်အနေနဲ့ ရှုမြင်ပြီးတော့ အားပေးအားမြှောက်ပြုကြပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေဆိုရင်လည်း တော်တော်ဖြေလျှော့လိုက်တာ ကုန်သလောက်နီးပါးဖြစ်နေပါပြီ။ အဲဒီအခြေအနေမှာမှ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပေါ့နော်။ သမ္မတအိုဘားမားမလာခင် မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးတွေဟာ အဲဒီလောက်ကြီးတော့ မတိုးတက်သေးဘူး။ တန့်နေတဲ့သဘောရှိတယ်ဆိုပြီးတော့တောင်မှ ဒေါ်အောင်ဆန်းစုကြည်ဆီက သတိပေးတဲ့သဘော ကြားရပါတယ်။ အလားတူပဲ၊ သမ္မတအိုဘားမားရောက်ပြီးတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်မှာ တစ်နာရီကျော်ကြာအောင် ဆွေးနွေးခဲ့ကြတယ်။ ဘယ်လိုအချက်အလက်တွေကို ဆွေးနွေးခဲ့ကြသလဲဆိုတာလေးကိုလည်း နည်းနည်းလောက် ပြောပြလို့ ရနိုင်မလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါတော့ ပြောလေ့ပြောထမရှိပါဘူး။ ကျမတို့ ဒီလို ဘာဆွေးနွေးတယ်ဆိုတာဟာ တရားဝင်သတင်းစာရှင်းလင်းပွဲမှာ ပြောပြသလောက်ပဲ၊ ဒီလောက်ပဲ ကျမတို့ပြောလေ့ရှိပါတယ်။ ဒါဟာ တရားဝင်ထုတ်ပြန်ချက်ပေါ်မှာ အခြေခံပြီးတော့ ကျမတို့ ဘာဆွေးနွေးတယ်။ ဘာ မဆွေးနွေးဘူးဆိုတာကို အသိပေးတာပါ။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ဒေါ်အောင်ဆန်းစုကြည် ပြောတယ်ဆိုတဲ့သဘောက မြန်မာနိုင်ငံမှာ ဒီလောက် မတိုးတက်သေးဘူး။ ဒီလောက်ကြီး ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ပါနဲ့ဦးဆိုပြီးတော့ ဘရိတ်အုပ်တဲ့သဘောလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီကစ္စနဲ့ပတ်သက်လို့ ခုနက ပြောသွားတဲ့စကားထဲမှာပေါ့နော်၊ ကျမက လွှတ်တော်ထဲမှာ တိုးတက်မှုရှိတယ်ဆိုတာလည်း ထည့်ပြောသွားပါတယ်။ နောက်တခုက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တန့်သွားတယ်ဆိုတာဟာ ဒါ အခုမှ ကျမပြောတဲ့စကားမဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက- ပြီးပြီးတော့ ပထမဦးဆုံး ကျမ နိုင်ငံခြားခရီးသွားတာဟာ ဘန်ကောက်က WAF အစည်းအဝေးကို သွားပြီး တက်ပါတယ်။ အဲဒီတုန်းက ကျမပြောပါတယ်။ ဒါ သိပ်ပြီးတော့ အကောင်းမြင်လွန်းလို့ မဖြစ်ဘူး။ healthy skepticism ပေါ့နော်၊ ဒီလိုပုံစံမျိုး လိုအပ်ပါတယ်လို့ ကျမ အဲဒီကတည်းက ပြောတာနော်၊ အခုမှပြောတာ မဟုတ်ဘူး။ ဒါ တစိုက်မတ်မတ် ပြောသွားတာ။

…. အဲဒီတော့ ပြုပြင်ပြောင်းလဲရေးမှာ အဓိက တာဝန်ရှိတာကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ။ လွှတ်တော်ထဲမှာ ခုနက ပြောသွားသလိုပေါ့၊ လွှတ်တော်ထဲမှာ တိုးတက်မှုတွေရှိတယ်။ ကျမ ကျေနပ်တယ်လို့ပြောခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာဆိုလို့ရှိရင် ကျမတို့ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်က ၄၄ ယောက်ပေါ့နော်။ ဒါပေမယ့် တိုင်းဘက်ကလည်းပါတယ်ဆိုတော့ ကျမတို့အားလုံး ဒီ ပြည်ထောင်စု လွှတ်တော်ထဲမှာ ဆိုရင် ၃၉ ယောက် ရောက်သွားကြတယ်။ အဲဒီတော့ ဒီ ၆၀၀ ကျော် ပြည်ထောင်စုလွှတ်တော်ထဲမှာ ၃၉ ယောက်ထဲနဲ့ အလုပ်ဖြစ်ဖို့ဆိုတာဟာ တစ်ဦးနဲ့တစ်ဦး ဟိုဘက်ဒီဘက် တိုင်ပင်ပြီးတော့ အပေးအယူလုပ်ပြီးတော့ မလုပ်လို့ရှိရင် မရပါဘူး။ အဲဒီတော့ လွှတ်တော်ထဲမှာ ကျမတို့ရောက်သွားတဲ့အခါကျတော့ အခု ပြည်ထောင်စုလွှတ်တော် နာယကပေါ့နော်၊ အဲဒီအချိန်တုန်းက လွှတ်တော်နာယက ဦးခင်အောင်မြင့်ပါ၊ အဲဒီတော့ ခပ်တိုတိုပြောရမယ်ဆိုရင် ပြည်သူ့လွှတ်တော်ဘက်ကရော၊ အမျိုးသားလွှတ်တော်ဘက်ကရော ဥက္ကဋ္ဌကြီးတွေကလည်း မျှမျှတတ ဆက်ဆံတယ်။ နောက်ပြီးတော့ ကျမတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီဟာအတွက်တော့ ကျမက အားရပါတယ်။

… ဟို မကြာခင်တုန်းကဆိုလို့ရှိရင် နိုင်ငံခြားအဖွဲ့တခုကနေ လာပြီးတော့ လွှတ်တော်ထဲက တရားဥပဒေစိုးမိုးရေးကော်မတီနဲ့ လာပြီးတွေ့ပါတယ်။ တွေ့ပြီးတော့ အဲဒီမှာ သူတို့တွေ့ချင်တယ်ဆိုလို့ ကျမတို့ အမျိုးသမီး ကိုယ်စားလှယ်တချို့ကို ဖိတ်ထားတယ်။ ဖိတ်ထားတော့ အဲဒီအဖွဲ့က ဘယ်လို မေးလဲဆိုတော့ မြန်မာနိုင်ငံမှာပေါ့နော်- ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တကယ် ဖြစ်နေပြီလား၊ တိုးတက်မှုတွေဘာတွေ့ရလဲ၊ Reform ပေါ့ ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘာရှိခဲ့လဲ-ဆိုတော့ အားလုံးက ခေါင်းခါကြတယ်။ ဘယ်လိုမှ၊ ဘာမှမဖြစ်ဘူးလို့ ပြောတဲ့ အခြေအနေဖြစ်သွားတယ်။ ကျမပါတီကချည်းမဟုတ်ဘူးနော်၊ ကျန်တဲ့ပါတီက ကိုယ်စားလှယ်တွေလည်းပါတယ်။ ( ဒါပေမယ့် ဒီပါတီတွေရဲ့…)

အဲဒီမှာ တခုပြောသွားတာက တိုင်းရင်းသားပါတီက အမျိုးသမီးကိုယ်စားလှယ်တယောက်က ပြောသွားတာက- ‘တခုတော့ ရှိတယ်တဲ့၊ လွှတ်တော်တဲ့၊ လွှတ်တော်ထဲမှာ ကျမတို့ပြောချင်တာကို လွပ်လွပ်လပ်လပ် ပြောနိုင်တယ်တဲ့၊ အဲဒါ တိုးတက်မှုပဲတဲ့၊’ ပြောလို့ပေါ့နော်။ ထိရောက်မှုရှိတာ မရှိတာက သပ်သပ်၊ ပြောတဲ့အတိုင်း တောင်းဆိုတဲ့အတိုင်းဖြစ်တာ မဖြစ်တာက သပ်သပ်၊ ဒီလို လွပ်လွပ်လပ်လပ် တိုင်းသိပြည်သိ တင်ပြနိုင်တာကိုက တိုးတက်မှုပဲဆိုတာကိုတော့ ကျမတို့အားလုံး သဘောတူတယ်။ ဟုတ်တယ်။ ဒါ တိုးတက်မှုပဲ၊ ဒါကြောင့် ကျမ ပြောပါတယ်။ ကျမတို့အမြင်မှာတော့ ကျမတို့ကိုယ်ကိုယ်တိုင်က လွှတ်တော်ထဲမှာ ရှိနေလို့လည်းဖြစ်နိုင်တယ်။ မဏ္ဍိုင်ကြီးသုံးခုမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရ ရှေ့က ရောက်နေတာကတော့ ဥပဒေပြုရေးမဏ္ဍိုင်ပဲ။

ဦးသန်းလွင်ထွန်း။ ။ ဒီ ဥပဒေပြုရေးမဏ္ဍိုင်မှာ လွပ်လွပ်လပ်လပ် ပြောခွင့်တွေရှိလာနေပြီ၊ ဆွေးနွေးပိုင်ခွင့်တွေ ရှိလာနေပြီဆိုပေမယ့် အကောင်အထည်ဖော်ရေးအပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ထင်သလောက်မဖြစ်ဘူးဆိုတဲ့ သဘောကိုပြောတာပေါ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ထင်သလောက်မဟုတ်ပါဘူး။ မျှော်လင့်သလောက်မဖြစ်တာပါ။ အစကတည်းက သိပ်ထင်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးမဏ္ဍိုင်က မလုပ်ဘဲနဲ့ တချို့ကိစ္စတွေက မဖြစ်နိုင်ပါဘူး။

…. ဥပမာဆိုရင်တော့ ဥပဒေတွေ၊ ဥပဒေကြမ်းတွေ၊ ဥပဒေကြမ်းတွေကို လွှတ်တော်ကနေပြီးတော့ အတည်ပြုတော့ ဥပဒေဖြစ်သွားပြီ၊ ဒါပေမယ့် နည်းဥပဒေတွေ မထွက်လာမချင်း - ဟို ညွန်ကြားချက်အမိန့် စဉ်းမျဉ်း စဉ်းကမ်းတွေ မထွက်လာမချင်း ဒီဥပဒေတွေက အသက်မ၀င်ဘူး။ အဲဒီတော့ လွှတ်တော်ကတော့ ပြီးသွားပြီလေ။ လွှတ်တော်အလုပ်။

… နောက်တခု ပြောရမယ်ဆိုရင် ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ပြည်သူတွေအနေနဲ့ အားလုံးစိတ်ဝင်စားနေတဲ့ လယ်ယာမြေကိစ္စပေါ့နော်၊ ကျမတို့ လွှတ်တော်ကော်မတီကနေ မူလပိုင်ရှင်တွေကိုပြန်အပ်ဖို့အတွက် အဖွဲ့တွေဖွဲ့ခဲ့တယ်။ ဖွဲ့စည်းပြီးတော့ အကြံတွေပေးခဲ့တယ်။ သွားပြီးတော့ ကွင်းဆင်းပြီးတော့ လေ့လာတယ်။ အကြံပြုတယ်။ သို့သော်ငြားလည်း ဒီကိစ္စကို အကောင်အထည်ဖော်ရမှာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ။ ကျမတို့ လွှတ်တော်ကနေပြီးတော့ အကြံပေးနိုင်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာအစိုးရဌာနတွေကို ခေါ်ပြီးတော့ လွှတ်တော်မှာ မေးခွန်းမေးနိုင်တယ်။ ဒီ့ထက်ပိုပြီးတော့ လုပ်လို့မရဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ဒီဥပမာကိုပဲ ကျနော်က ဆက်မေးချင်တာက ဒါက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဥပဒေစိုးမိုးရေးကော်မရှင်ရဲ့ တာဝန်နဲ့တူတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီဟာက လယ်ယာ။ လယ်ယာမြေကိစ္စပြောနေတာပါ။

ဦးသန်းလွင်ထွန်း။ ။ အော်။ လွှတ်တော်ထဲကို ၀င်ပြီးသိပ်မကြာခင်မှာပဲ တရားဥပဒေစိုးမိုးရေးကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူရပါတယ်။ အဲဒီတော့ ဒီ ဥပဒေစိုးမိုးရေးဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းပြောနေတဲ့ကိစ္စဆိုတော့- တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ မမျှတမှုတွေ၊ ဥပဒေကြောင်းအရအဆင်မပြေမှုတွေ၊ ဒါတွေကို စုံစမ်းစစ်ဆေးပြီးတော့ လွှတ်တော်ထဲမှာ မကြာသေးခင် လွန်ခဲ့တဲ့သုံးလလောက်က အစီရင်ခံစာတင်ခဲ့တယ်လို့တော့ ကျနော်ကြားပါတယ်။ ကျနော်တို့အပြင်မှာတော့ သိပ်မတွေ့လိုက်ဘူး။ အဲဒီအစီရင်ခံစာကိုလေ။ အဲဒီတော့ အဲဒီ အကြောင်းနဲ့ပတ်သက်ပြီးမေးရရင်ဒေါ်အောင်းဆန်းစုကြည်အနေနဲ့က ဒီကော်မရှင်အနေနဲ့ အပြင်မှာဖြစ်နေတဲ့ မမျှတမှုတွေ၊ အခြေအနေတွေကို လွှတ်တော်ထဲ ခေါ်ယူစစ်ဆေးပိုင်ခွင့်၊ ကြားနာပိုင်ခွင့်၊ အဲဒါတွေရှိခဲ့မယ်၊ ရှိပြီးတော့ အစီရင်ခံစာတင်ပြီးနောက်ပိုင်းမှာ အာဏာပိုင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မရှိဘူးလားခင်ဗျ။ အဲဒါတွေက။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပူးပေါင်းဆောင်ရွက်မှုတွေက ကျမတို့ မျှော်လင့်သလောက်၊ လိုအပ်သလောက်မရှိဘူးလို့ပြောရမှာပဲ။ နောက်ပြီးတော့ ဥပဒေ စိုးမိုးရေးအစား၊ တရားဥပဒေစိုးမိုးရေးလို့ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဗမာလိုကျတော့ခွဲခြားပြီးပြောလို့မရတာနဲ့ အင်္ဂလိပ်လိုဆိုလို့ရှိရင် Rules by law and Rules of law ပေါ့နော်၊ အဲဒီတော့ အဲဒါကို ခွဲခြားပြီးပြောဖို့ဆိုရင် ကျမတို့ တရားဥပဒေစိုးမိုးရေးပေါ့၊ တရားတဲ့ ဥပဒေတွေဖြစ်ရမယ်။ အမိန့်အာဏာ စိုးမိုးရေးမဟုတ်ဘူး။ အဲဒီတော့ အာဏာရှိသူများထုတ်ထားတဲ့ ဥပဒေတိုင်းစိုးမိုးရေးဆိုတဲ့ သဘောမဟုတ်ဘူး။ တရားတဲ့ ဥပဒေစိုးမိုးရေးကို ကျမတို့ ဦးတည်တာဖြစ်ပါတယ်။ အဲဒီတော့ အခုကျမတို့ကနေပြီးတော့ ခေါ်ပြီးတော့ မေးနိုင်မြန်းနိုင်တာတွေရှိပါတယ်။ ဘယ်လောက် ထိရောက်မှုရှိလဲ ဆိုတာ စောစောကပြောတဲ့ အတိုင်းပဲ၊ နောက်ဆုံးကျတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေပြီးတော့ အကောင်အထည်ဖော်ရမယ့်ကိစ္စတွေမှာ ကျမတို့အနေနဲ့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ သို့သော်ငြားလည်း တတ်နိုင်သလောက် ကျမတို့လုပ်ပါတယ်။

… ဥပမာဆိုလို့ရှိရင် ပညာပေးရေးနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် ကျမတို့ workshop တွေပေါ့နော်၊ နှီးနှောဆွေးနွေးဖလှယ်ပွဲတွေ ဘာတွေလုပ်တယ်။ နောက်ပြီးတော့ သင်တန်းတွေပေးတယ်။ ဒါတွေက ကျမတို့ တတ်နိုင်သမျှ လုပ်တာပေါ့နော်။ အခုဆိုလို့ရှိရင်လည်း ကျမတို့ စပြီးတော့ ဒီ Rules of law centre ပေါ့နော်၊ တရားဥပဒေစိုးမိုးရေးစင်တာဆိုပြီးတော့ ကျမတို့ အစမ်းအားဖြင့် မန္တလေးနဲ့လားရှိုးမှာဖွင့်တယ်။ အဲဒီမှာဆိုလို့ရှိရင်လည်း ကျမတို့် မျှော်လင့်သလောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပါဝင်ပတ်သက်မှုမရှိဘူး။ ဒါပေမယ့်လည်း ကျမတို့ကတော့ တတ်နိုင်သလောက် လုပ်သွားမှာပဲ။ ဒီလိုပ၊ဲ တဆင့်ချင်းတဆင့်ချင်း ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်အနေနဲ့ လုပ်နိုင်သမျှတော့ ကျမတို့က လုပ်သွားမှာပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ နောက်အကြောင်းအရာလေးတစ်ခုလောက် မေးချင်ပါတယ်။ မကြာခင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကိုသွားဖို့ အစီအစဉ်လေးရှိတယ်ဆိုပြီးတော့ သတင်းထွက်ပါတယ်။ အဲဒီမေးခွန်းကိုလည်း ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ဖြေတော့ဖြေပြီးပါပြီ။ အတိအကျမရှိသေးဘူးဆိုတဲ့သဘောပေါ့နော်၊ ဒီကြားထဲမှာ တစုံတရာများ ထူးထူးခြားခြား ထပ်ပြီး တိုးတက်မှုတွေရှိနေသလား၊ အစီအစဉ်လုပ်လာတာတွေ ရှိနေပလား၊ တကယ်လို့များသွားဖြစ်တယ်ဆိုလို့ရှိရင် ဒါ မြန်မာနိုင်ငံရဲ့အင်အားကြီး အိမ်နီးချင်း နိုင်ငံကြီးတစ်ခုကို ပထမဦးဆုံးသွားရောက်တဲ့ခရီးလည်းဖြစ်တယ်။ အရေးပါတဲ့ခရီးစဉ်လို့ ကျနော်တို့ ယူဆရပါတယ်။ ဘယ်လိုအကြောင်းအရာတွေများ စီစဉ်နေသလဲဆိုတာကို သိချင်တယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါတော့ တိတိကျကျ မစီစဉ်ရသေးပါဘူး။ ကိုယ့်အချိန်၊ သူ့အချိန်ပေါ့နော်- ဟိုဘက်ဒီဘက် ညှိရတာတွေကလည်း တခါတလေ သိပ်ပြီးတော့ မလွယ်ပါဘူး။ ကျမအားတဲ့အချိန်နဲ့ ဟိုဘက်ကလည်း သူတို့အတွက် အဆင်ပြေတဲ့အချိန်ဆိုတာက ချက်ခြင်းကိုက်အောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ပြီးတော့လည်း ပြောရမယ်ဆိုလို့ ရှိလို့ရှိရင် အိမ်နီးချင်းနိုင်ငံ- အင်အားကြီးနိုင်ငံကြီးတခုဆိုလို့ရှိရင် ကျမ အိန္ဒိယကို သွားပြီးပါပြီ။ အဲဒီတော့ ကျမတို့က အိမ်နီးချင်းနိုင်ငံကြီးပေါ့နော်- အင်အားကြီးနိုင်ငံကြီးက နှစ်ခုရှိပါတယ်။ အဲဒီတော့ ဘယ်လိုပဲပြောပြော ကျမတို့က မြန်မာနိုင်ငံရဲ့အစဉ်အလာပေါ့နော်၊ လွတ်လပ်ရေးရပြီးကတည်းက အစဉ်အလာအရ ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့အဆင်ပြေအောင် နေရေးကိုပဲ ဦးတည်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ တရုတ်နိုင်ငံနဲ့ကိစ္စက အထူးတလည်ပေါ့နော်၊ မြန်မာနိုင်ငံအရေးမှာ အားလုံးစိတ်ဝင်စားတဲ့ကိစ္စ ဖြစ်တယ်လေ။ အထူးသဖြင့် လူထုကြားထဲမှာ တော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရဖူးတဲ့ မြစ်ဆုံကိစ္စ၊ နောက်ပြီးတော့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကိစ္စ- ဒီကိစ္စမျိုးတွေမှာဆိုလို့ရှိရင် လူထုရဲ့ကန့်ကွက်မှုတွေ တော်တော်များများရှိခဲ့တယ်။ ရှိခဲ့တဲ့အခါကျတော့ သမ္မတဦးသိန်းစိန်လက်ထက်က ဆိုလို့ရှိရင်လည်း လူထုရဲ့ကန့်ကွက်မှုတွေကြောင့်ဆိုပြီးတော့ (အခုထိလည်း သမ္မတဦးသိန်းစိန် လက်ထက်လေ-) အဲ-ဟုတ်ကဲ့၊ သမ္မတ ဦးသိန်းစိန် ကလည်း သူ့လက်ထက်မှာ သူက ခဏရပ်ဆိုင်းထားတယ်ဆိုတဲ့ပုံစံကို - ဒီ မြစ်ဆုံစီမံကိန်းကို အပြီးအပိုင်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး။ ဒါ နိုင်ငံတကာ စာချုပ်စာတန်းတွေနဲ့လုပ်နေတဲ့ကိစ္စ၊ ဒီကိစ္စမှာ ကျနော်သွားပြီးသတိထားမိတာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆိုလို့ရှိရင်လည်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စမှာ ဒေသခံတွေ ဒေသတွင်းဖွံ့ဖြိုးမှု၊ လူထုရဲ့ဆန္ဒ၊ နိုင်ငံတကာ စာချုပ်စာတန်းတွေအပေါ် လေးစားမှု - ဒီကိစ္စတွေကို အချိုးညီစေရမယ်၊ ဒါတွေကို အကုန်လုံးနှိုင်းယှဉ်ပြီးတော့ စဉ်းစားရမယ်ဆိုပြီးတော့ ပြောသွားတာမျိုး ကျနော် မှတ်သားဖူး ပါတယ်။ အဲဒီတော့ တကယ်လို့များ သမ္မတဦးသိန်းစိန်ရဲ့အစိုးရသက်တမ်းဟာ ကုန်ခါနီးနေပြီ။ ဒီကိစ္စတွေပေါ်လာမယ်ဆိုရင် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ဘယ်လိုဖြေရှင်းချင်လဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကတော့ တာဝန်ယူမှု၊ တာဝန်သိမှုအပေါ်မှာ အခြေခံပြီးတော့ ဖြေရှင်းသွားမှာပါ။ ကျမတို့အနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးလို့ထင်တဲ့အဖြေကို ကျမတို့ရှာသွားမှာပဲ။ အဲဒီတော့ ဒီဟာကို အများက သဘောတူညီချင်မှလည်း ညီမယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက အမြဲသဘောတူတာမဟုတ်ဘူးပေါ့နော်၊ သို့သော်ငြားလည်း အဓိက-ကတော့ ကျမတို့က နိုင်ငံအပေါ်မှာ စေတနာရှိတယ်ဆိုလို့ရှိရင် အမှန်လမ်းကိုပဲ ကျမတို့ရွေးရမှာပါ။ ဒီလိုရွေးလို့ ကျမတို့ အမြဲမှန်မယ်လို့လည်း အာမ မခံနိုင်ဘူးပေါ့နော်-လူဆိုတာ မှားတတ်တာပဲ။ ဒါပေမယ့် ကြည့်သင့်တဲ့အရာတွေအားလုံးကို သေသေချာချာကြည့်ပြီးတော့ လေ့လာပြီးတော့ မှန်ကန်တဲ့အဖြေတခုကိုတော့ ရှာလို့ရမယ်လို့ ကျမတို့ မျှော်လင့်တယ်။ အဲဒီတော့ အဲဒီမှာဆိုလို့ရှိရင် အခု ခဏခဏပြောနေတဲ့ ကောင်းသောအုပ်ချုပ်မှုပေါ့- Good Governance - အဲဒီဟာ-ဟာ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှု အပေါ်မှာ အခြေခံတယ်ဆိုတော့ ဒီလိုဟာမျိုးမှာလည်း ဒီလိုပဲသွားရမှာပဲ။

“ကျမတို့ လက်ပန်းတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ရှိရင် လက်ပန်းတောင်းတောင်နဲ့ပတ်သက်တဲ့ ကွန်ထရိုက်တွေထဲမှာ ဘာတွေပါခဲ့လဲ။ ကျမတို့က ဘာတွေပြုပြင်ဖို့အကြံပြုတယ်။ ဘယ်လို…ဘာလိုဆိုတာ အတိအကျ အသေးစိတ် - အစီရင်ခံစာထဲမှာ ပါပါတယ်။ ဒါပေမယ့် အများစုကတော့ မဖတ်ပါဘူး။ အစီရင်ခံစာကို မဖတ်ဘဲနဲ့ တခြားလူပြောတာတို့၊ ဒါမှမဟုတ် အကျဉ်းချုံးတင်ပြတဲ့အပေါ်မှာတို့-အခြေခံပြီးတော့ ထင်သလိုပေါ့နော်- ထင်သလို ဆွဲပြီးတော့ ယူတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုဆိုတာ ဒီ မြစ်ဆုံကိစ္စမှာဆိုလို့ရှိရင် မြစ်ဆုံ ရေကာတာစီမံကိန်းတွေနဲ့ပတ်သက်လို့ ဘယ်လို သဘောတူညီချက်တွေရှိသလဲဆိုတာ ကျမတို့မသိဘူး။ ကျမ မသိဘူး။ ကျမတို့ပြည်သူပြည်သားတွေမသိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ပြီးတော့လည်း အမှန်ပြောမယ်ဆိုရင် အခုထိတော့ တာဝန်ယူမှုတော့ ပြည့်ပြည့်စုံစုံ မရှိသေးဘူးလို့ပဲ ဒီလိုပဲ ကျမတို့ ပြောရမှာပဲ။

ဦးသန်းလွင်ထွန်း။ ။ အခု လတ်တလောဖြစ်နေတဲ့ ပြည်တွင်းကိစ္စလေးတခုကို မေးချင်တယ်။ အဲဒါကတော့ ကျောင်းသားတွေကိစ္စ၊ အခု လောလောဆယ်မှာ တက္ကသိုလ်ကျောင်းသားတွေက မြန်မာနိုင်ငံပညာရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တယ်ဆိုပြီး ဆန္ဒပြပွဲလေးတွေ ပေါ်ပါတယ်။ ဒီဥပဒေကလည်း ပြန်ကြည့်လိုက်တဲ့အခါကျတော့ အခု လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အပါအဝင် တင်ပြခဲ့တဲ့ အချက်တွေနဲ့ အတည်ပြုပြဌာန်းပေးထားတဲ့ ဥပဒေဖြစ်နေတယ်။ ကျောင်းသားတွေရဲ့ဆန္ဒပြမှုဟာ အများစုလား၊ အနည်းစုလားဆိုတာတော့ ရေရှည် ဆိုရင်တော့ သိရမှာပေါ့လေ၊ ဒါပေမယ့် လောလောဆယ် ဒီဥပဒေကို မကျေမနပ်နဲ့ဆန္ဒပြမှုတွေ ပေါ်လာတယ်ဆိုတော့ ဒီကျောင်းသားတွေရဲ့ဆန္ဒအပေါ် ပြောဆိုချက်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမြင်သလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ အခု ကျောင်းသားတွေကနေပြီး ကန့်ကွက်တဲ့တချို့အချက်တွေဆိုလို့ရှိရင်လည်း ကျမတို့အဖွဲ့ချုပ်က မကြိုက်တဲ့ အချက်တွေလည်း ပါပါတယ်။ ဒါပေမယ့်လည်း ကျမတို့က လူနည်းစုပဲ။ ကျမတို့ပြုပြင်ပေးတဲ့အချက်တွေ၊ ဒီလွှတ်တော်အတွင်းမှာ အားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်တယ်ဆိုတာကိုလည်း ဒါကို အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ဥပဒေကိုဆွဲတဲ့ ကော်မတီကလည်း တော်တော်ကို မျှမျှတတ လုပ်ပါတယ်။ အဲဒီထဲမှာ ကျမတို့ရဲ့ပြုပြင်တာတွေ၊ ကျမတို့ရဲ့အဆိုပြုချက်တွေလည်း အများကြီး ပါပါတယ်။ ဒါပေမယ့် ၁၀၀ % တော့ မဟုတ်ဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက လွှတ်တော်ရဲ့သဘောထားချည့်ပဲလည်း အားလုံးမဟုတ်သေးဘူး။ ဟိုဘက်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာက သဘောထားတွေလည်း ပါပါတယ်။ အဲဒီတော့ အခု ဒီလို ပြဿနာတွေ ဖြစ်နေရတာက ကျောင်းသားတွေ မကျေမနပ်ဖြစ်နေတဲ့အထဲမှာ အဓိက ဒီလို ဖြစ်ရတဲ့အကြောင်းကို ကျမ ဘာမြင်လဲဆိုတော့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကို အချိန်မီမလုပ်လို့ပါပဲ။

… ဥပမာဆိုလို့ရှိရင် တချို့ ကျောင်းသားတွေ ကန့်ကွက်နေတဲ့ကိစ္စတွေဟာ နည်းဥပဒေတွေနဲ့နွယ်နေတာတွေ ရှိတယ်။ နည်းဥပဒေတွေ မထွက်သေးဘူး။ နည်းဥပဒေတွေထွက်လာလို့ရှိရင် ပိုပြီးတော့ ကျောင်းသားတွေ (ကျောင်းသားသမဂ္ဂဖွဲ့ဖို့ တောင်းတဲ့ ကိစ္စမျိုးတွေလား…) အဲဒါကျတော့ နည်းဥပဒေတင် မကဘူး။ နောက် အဆင့်မြင့်ပညာရေးဥပဒေတွေနဲ့လည်း ဆိုင်ပြန်ရော၊ အဆင့်မြင့်ပညာရေးဥပဒေဆိုတာလည်း ကျမက အဆင့်မြင့်ပညာရေး ဥပဒေ ရေးဆွဲရေး လွှတ်တော်ရဲ့ကော်မတီ ဥက္ကဋ္ဌဖြစ်တယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ ဒီဥပဒေကြမ်းက အုပ်ချုပ်ရေးပိုင်းဆိုင်ရာဘက်က ရောက်ဖို့ စောင့်ရတယ်။ ကျမတို့ကတော့ အကြမ်းဖျင်းအဆင်သင့်ဖြစ်ထားတယ်။ ဒါပေမယ့် ဟိုဘက်က မရောက်မချင်း ကျမတို့ ဘာမှ လုပ်လို့မရဘူး။ ဟိုဘက်ကလာတဲ့ ဥပဒေကြမ်းပေါ်မှာမှ ကျမတို့ဆွေးနွေးပြီးတော့ ကျမတို့ပြင်ချင်တာတွေကို အဆိုပြုပြီးတော့ အတည်ပြုချက်ယူဖို့ဖြစ်တယ်။ အဲဒီတော့ အချိန်ကို လုပ်သင့် လုပ်ထိုက်တဲ့အခါမှာ အချိန်အရ မလုပ်လိုက်တဲ့အခါရယ်၊ မလိုအပ်တဲ့၊ မလိုလားအပ်တဲ့ပြဿနာတွေပေါ်လာတယ်။ အခု ဒီ နည်းဥပဒေတွေကလည်း ထွက်ပြီ။ အဆင့်မြင့်ပညာရေးဥပဒေတွေကလည်း ထွက်ပြီဆိုရင် ကျောင်းသားတွေအနေနဲ့ပိုပြီးတော့ သူတို့ ရှင်းရှင်းလင်း ဆုံးဖြတ်လို့ရမယ်။ သူတို့ရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား။ ဘယ်ဟာတွေကို သူတို့ တကယ်ကန့်ကွက်ချင်တာလဲ။ ဘယ်ဟာတွေကိုဆိုရင် သူတို့လက်ခံနိုင်သလဲ ဆိုတာကို- ပြောရမယ်ဆိုရင် ပုံတခုလုံးပေါ်တာပေါ့။ ပုံတခုလုံး မပေါ်သေးတဲ့အခါကျတော့ မကျေနပ်မှုတွေကလည်း ရှိမှာပဲ၊ ဖြေရှင်းရတာလည်း ခက်တာပေါ့။ ပုံတပိုင်းပေါ်မှာ အခြေခံပြီးတော့ ဖြေရှင်းဖို့ဆိုတာ မလွယ်ပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ကျောင်းသားတွေဆိုတာ လူငယ်တွေလည်း ဖြစ်နေတယ်ဆိုတော့ သူတို့နဲ့များတွေ့ဆုံပြီးတော့ ရှင်းလင်းပြဖို့ ဆန္ဒရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကိုယ်စားလှယ်တွေ ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ တွေ့ခဲ့တာရှိပါတယ်။ ကျမတို့က ကျောင်းသားတွေနဲ့ မတွေ့ချင်တဲ့စိတ် ဆိုတာ ဘယ်တော့မှမရှိဘူး။ တွေ့ချင်တယ်ဆိုရင် တွေ့ချင်တဲ့ကျောင်းသားတွေဆို အမြဲပဲတွေ့တယ်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမျိုးမှာ ကျမတို့က အခွင့်ကောင်းယူပြီး အစိုးရနဲ့ကျောင်းသားတွေကို တိုက်ပေးတယ်ဆိုတဲ့ဟာမျိုးလည်း ကျမတို့ မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ရေရှည်မှာ ကျမတို့နိုင်ငံအတွက် အကျိုးမရှိလို့၊

…. အကျိုးမရှိလို့ ဆိုတာ - ဒီလိုပါ။ ဘယ်လိုပဲပြောပြော အတိုက်အခံဆိုတာဟာ အစိုးရကိုတိုက်ရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်လို့ မဖြစ်ဘူး။ အတိုက်အခံပါတီလုပ်နေပေမယ့် အတိုက်အခံပါတီရဲ့ အဓိကတာဝန်ဟာ အစိုးရရဲ့တာဝန်နဲ့ ဘာမှ မကွာဘူး။ အဲဒါဘာလဲဆိုတော့ နိုင်ငံရဲ့အကျိုးအတွက် လုပ်ရမယ်၊ နိုင်ငံရဲ့အကျိုးအတွက် ဆောင်ရွက်ဖို့ ကြိုးစားရမယ်။ ကိုယ့်ရဲ့အတိုက်အခံပါတီကို တိုက်ရင် ပြီးရောဆိုတဲ့စိတ်ဓာတ်နဲ့ဆိုလို့ရှိရင် ကျမတို့ နိုင်ငံကို ဘယ်တော့မှ အကျိုးပြုနိုင်မှာ မဟုတ်ဘူး။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ကျနော့်ရဲ့ခရီးစဉ်အတိုအတွင်းမှာ သမ္မတကြီးဦးသိန်းစိန်နဲ့တွေ့ခွင့်ရတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီး သူရ ဦးရွှေမန်းနဲ့တွေ့ခွင့်ရတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ခွင့်ရတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တွေ့ခွင့်ရပါတယ်။ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ လေးပွင့်ဆိုင်ထဲမှာပါနေတဲ့ ပုဂ္ဂိုလ်လေးဦးစလုံးနဲ့တွေ့ခွင့်ရတာပါပဲ။ အဲဒီတော့ အခု တွေ့ဆုံမေးမြန်းခန်းလေးကနေတဆင့်ပေါ့နော်။ ကျန်တဲ့ဆွေးနွေးဖော် သုံးဦးကို ဘာများ ပန်ကြားချင်လဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမက ထူးထူးထွေထွေ ထပ်ပြောစရာမရှိပါဘူး။ ကျမ ပြောပြီးပြီပဲ။ တကယ်ဆွေးနွေးတယ်ဆိုတာဟာ ပြဿနာတွေကို ပြေလည်အောင် လုပ်ဖို့ပဲ။ ဖြေရှင်းဖို့ပဲ။ နောက်ပြီးတော့ စောစောက ကျမပြောသွားသလိုပဲ- အဓိက ကျမတို့ပြေလည်အောင် လုပ်ရမယ့်ကိစ္စက ၂၀၁၅ အလွန် ကျမတို့နိုင်ငံ ဘယ်လိုဆက်ပြီး သွားမလဲ၊ ဘယ်လို အေးအေးချမ်းချမ်း ညီညီညွတ်ညွတ် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးသွားနိုင်မလဲဆိုတာ အဲဒါကိုရှေ့ရှုပြီးတော့ ကျမတို့က ဒီလို ဆွေးနွေးပွဲတွေ တောင်းဆိုတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။
VOA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးရေး ဆက်လက်တောင်းဆိုနေရတဲ့ သဘောထား၊ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သတ်တဲ့အမြင် စတာတွေကိုလည်း ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား။ အခုလို မအားမလပ်တဲ့ကြားက ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အခု ပြီးခဲ့တဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ သမ္မတကြီးဦးသိန်းစိန်နဲ့လည်း ကျနော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ကျနော် တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ သဘောအရဆိုလို့ ရှိရင်တော့ ဒီ အထူးသဖြင့် တပ်မတော်ရဲ့သဘောအရ ဆိုလို့ရှိရင်တော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၃၆ ကို မပြင်တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့လွယ်နိုင်ပါဦးမလား၊ ဖြစ်နိုင်ပါဦးမလားဆိုတာကို သုံးသပ်ပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ အလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ် ဆိုတာကတော့ အဓိက ယုံကြည်ပါတယ်။ ဒီဟာက ဘယ်တော့ဖြစ်မှာလဲ ဆိုတဲ့အပေါ်မှာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်။ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန် ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့ အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲတော့ မြန်လေ တိုင်းပြည် မနာလေပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့ အဓိကအကြောင်းရင်းတွေက ဒီတပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ မဲပေးမယ့်ဲဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့် ပုံစံမျိုး သဘောမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ တပ်မတော်က ခါးခါးသည်းသည်းဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ အဲတော့ ဒီလိုသာ မညှိနှိုင်းနိုင်ဘူးဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ဖြစ်အောင် အတိုး အလျှော့လုပ်နိုင်မလဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ခုနက ညှိနှိုင်းတယ်ဆိုတဲ့ စကားကို သုံးသွားတယ်။ ဒါကြောင့်မို့လို့မို့ ညှိနှိုင်းဖို့ NLD က အစဉ်တစိုက် တောင်းခံခဲ့တာပါ။ အခုမှ တောင်းတာလည်း မဟုတ်ပါဘူး။ မနေ့ တနေ့ကမှ၊ တလ နှစ်လကမှ မဟုတ်ပါဘူး။ တစိုက်မတ်မတ် NLD က နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ် ဆိုတာ အဲဒီ မူပေါ်မှာရပ်တည်ရတယ်။ အခု ကျမဆိုလို့ရှိရင်လည်း အရင်နှစ် စောစောပိုင်း ကတည်းက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတဲ့ဟာ တောင်းခဲ့တဲ့ဟာ ဒီလို ပြဿနာတွေကို ကြိုတင်ပြီးတော့ ပြေလည်အောင်လုပ်ဖို့ပါ။

ခုနက ပြောတဲ့အထဲမှာ ခါးခါးသည်း- ဆိုတဲ့ အသုံးကို သုံးသွားတယ်နော်။ အဲလို ခါးခါးသည်း- ဆိုတဲ့ ပုံစံတွေကို မပေါ်စေချင်လို့ တဖက်နဲ့တဖက် ညှိနှိုင်းပြီးတော့ သိမ်မွေ့အောင်၊ ချောမွေ့အောင် လုပ်ချင်တာပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အများပြောနေကြတာကတော့ ဒီလို ညှိနှိုင်းတဲ့အထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ထောက်ပြပြောတာ ပိုများပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့နေရာမှာ တခြားလွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါတယ်လေ။ အထူးသဖြင့် အများစုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောထားဆန္ဒတွေလည်း ရှိတယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံပြင်ရေး အချက်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လိုလားချက်နဲ့ ဒီ ပြည်ခိုင်ဖြိုးအဖွဲ့ရဲ့ လိုလားချက်တွေကရော နီးစပ်ရဲ့လားခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီ အဓိက ဖြစ်တဲ့ ၄၃၆ နဲ့ ပတ်သက်လို့ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေ ပြည်ခိုင်ဖြိုး အပါအ၀င်ပေါ့နော် တခြားပါတီတွေရဲ့ အမြင်တွေက သိပ်မကွဲပြားပါဘူး။ ပြည်ခိုင်ဖြိုးကလည်း ဒီလိုပဲ ဒီ ၄၃၆ ကို ပြင်သင့်တယ်ဆိုတာကိုလည်း တင်ပြတာလည်း ကြားခဲ့မှာ ဖြစ်ပါတယ်။ အဲတော့ ဒီလောက် မကွာခြားပါဘူး။ ဘယ်လိုပုံစံနဲ့ ပြင်မလဲဆိုတာကတော့ အဖွဲ့တခုနဲ့တခု မတူဘူးပေါ့နော်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဥပမာ ဆိုလို့ ရှိရင် တိုင်းရင်းသား အဖွဲ့နှစ်ဖွဲ့က ဘယ်လိုပုံစံနဲ့ ပြင်ချင်သလဲဆိုတာ တင်ပြတာတွေ ရှိပါတယ်။ အဲဒါဆိုရင် ကျမတို့ NLD တင်ပြတဲ့ပုံစံနဲ့ တထပ်တည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါညှိလို့ရတဲ့ကိစ္စပါ။ သဘောကတော့ အတူတူပါပဲ။ ဦးတည်ချက်က အတူတူပါပဲ။ ဦးတည်ချက်ကဘာလဲ ဆိုတော့ ပြည်သူတွေထဲ ပြည်သူတွေက ရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေး၊ မပြင်ရေးကို ဆုံးဖြတ်ပိုင်ခွင့် ရှိနိုင်ရမယ်ဆိုတဲ့ မူပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ မနေ့ကလည်း. ဟို.. ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက ဒီ Time Line ပေါ့နော်။ သူ့ရဲ့အချိန်ဇယားကို ရှင်းပြပါတယ်။ ဒီ အခု ၂၅ ရက်နေ့မှာ ဆွေးနွေးပြီးပြီ ဆိုလို့ရှိရင် လာမယ့် ၁၂ ကြိမ်မြောက်မှာ အကြမ်းရေးဆွဲထားတာကို တင်ပြပြီးတော့ မဲခွဲဆုံးဖြတ်မယ့်အရေး ရှိပါတယ်။ အဲဒါမှာ လိုအပ်လို့ရှိရင် လူထုဆန္ဒခံယူပွဲလုပ်ပါမယ်။ အဲဒီ လူထုဆန္ဒခံယူပွဲလုပ်ပြီးတာတောင်မှပဲ ပြင်ရမယ့်အချက်တွေကို ဒီ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာမှ ပေါ်လာမယ့် နောက်လွှတ်တော်အသစ်ကမှ အတည်ပြုပေးရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာပါတဲ့ အရေးကြီးတဲ့အချက်တွေဟာ အခု အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ယန္တယား - မဏ္ဍိုင်တွေကို ရုတ်ချည်း မထိခိုက်သွားစေလို့ ဆိုတဲ့ အကြောင်းပြချက်ရှိပါတယ်။ ဒီအကြောင်းပြချက်ဟာ ဒီ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဒါ မှန်ကန်တဲ့ အကြောင်းပြချက် ဖြစ်တယ်လို့ ယူဆသလား ခင်ဗျ။ ဒါက ဒီမှာ ပြင်လိုက်တဲ့ကိစ္စတွေဟာ အခုလက်ရှိ လွှတ်တော်သက်တမ်းထဲမှာပဲ အတည်ပြုပေးလို့ မရနိုင်ဘူးလား ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီကိစ္စတွေကလည်း ဒီလို ဆွေးနွေးညှိနှိုင်းပြီးတော့ လုပ်လိုက်မယ်ဆိုလို့ ရှိရင် ပြည်သူတွေအနေနဲ့ စိတ်အေးသွားမှာပါ။ အခုဟာက ယုံကြည်ချက် နည်းနေတာပေါ့နော်။ စိတ်ပူကြတာပေါ့။ စိုးရိမ်ကြတာပေါ့။ ဒါဘယ်လိုလဲ၊ အချိန်ဆွဲချင်လို့လား၊ မပြင်ချင်လို့လား ဆိုတာ။ တကယ်ဆိုတော့ လပိုင်းစောပြီးတော့ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ တကယ်တော့ ပြည်သူလူထုအနေနဲ့ မိမိတို့လိုချင်တဲ့ မိမိတို့ရဲ့ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေက ဖြစ်သွားမယ်။ မိမိတို့လိုချင်တဲ့အစိုးရမျိုး တက်လာနိုင်မယ်ဆိုလို့ ရှိရင် လပိုင်းလောက်စောင့်ရတာကို စိတ်ထဲမှာ စိုးရိမ်စိတ် များမှာ မဟုတ်ဘူး။ အခုတော့ သို့လော သို့လော ဖြစ်နေတာဟာ တကယ် အဓိက ဆွေးနွေးတိုင်ပင်ပြီးတော့ အဖြေရှာရမယ့် ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးတိုင်းပင်မှု မရှိသေးလို့ပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ စောစောက ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်။ ၄၃၆ ပြင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အယူအဆ တင်ပြချက်တွေနဲ့ တခြားပါတီအဖွဲ့အစည်းတွေ၊ ပြည်ခိုင်ဖြိုးအပါအဝင် အဖွဲ့အစည်းအရဲ့အယူအဆ သိပ်မကွာဘူးပေါ့နော်။ အလားတူပဲ သူရဦးရွှေမန်းကလည်း ပြောပါတယ်။ ဒါပေမယ့် အပြင်ဘက်မှာ တချို့ မေးမြန်းစုံစမ်းရသမျှဆိုလို့ရှိရင် အထူးသဖြင့် ၅၉ (စ) ပြင်ဖို့ အရေးမှာဆိုလို့ရှိရင်တော့ ပြည်ခိုင်ဖြိုးပါတီထဲက အမတ်တချို့ကိုယ်တိုင်ကိုက ဒါကို လက်မခံနိုင်ဘူး-ဆိုတဲ့ဟာမျိုး ပြောထားတာတွေ ရှိတော့ ဒီ ၅၉ (စ) ပြင်ရေးကရော မဖြစ်နိုင်တော့ဘူးလား ဆိုတာမျိုး မေးစရာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒါပေမယ့် ၄၃၆ ကို ပြင်လိုက်မယ်ဆိုလို့ရှိရင် ၅၉ (စ) ဆိုတာလည်း ပြည်သူ့ရဲ့ဆန္ဒအတိုင်းပဲ ဖြစ်ရမှာပါပဲ။ တကယ်တော့ နောက်ဆုံးကျတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆန္ဒကလည်း အဓိကမဟုတ်ဘူး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဆန္ဒကလည်း အဓိကမဟုတ်ဘူး။ တပ်မတော်ရဲ့ဆန္ဒကလည်း အဓိကမဖြစ်ရဘူး။ တကယ်ကတော့ အဓိကဖြစ်ရမှာ ပြည်သူရဲ့ဆန္ဒပဲ။ ပြည်သူရဲ့ဆန္ဒအဓိကဖြစ်အောင် လုပ်နိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေက အရင်ဆုံးလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၄၃၆ ကို အဓိကထားတာပါ။ ၅၉ (စ) ကို အရေးမကြီးဘူးလို့ ယူဆလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ၄၃၆ ကိုပြင်မှသာလျှင် တခြား ပုဒ်မတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပတွေရဲ့အစိတ်အပိုင်းတွေထဲက ပုဒ်မတွေကို ပြည်သူ့ဆန္ဒနဲ့ကိုက်ညီစွာ ပြင်ဆင်နိုင်မှာမို့လို့ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ပြည်သူ့ဆန္ဒတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကလည်း သူတို့ရဲ့သဘောထားဆန္ဒလက်မှတ်တွေကို (၅) သန်းကောက်ယူပြီးလွှတ်တော်ကို တင်ပြထားတာရှိပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ကျန်တဲ့လူတွေရဲ့သဘောထားဆန္ဒတွေကို ကြည့်ဖို့တော့ လိုအုံးမယ်လို့တော့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ။ ကျမတို့ကတော့ အဆင်သင့်ပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲလိုဆိုရင် တခြားလူတွေရဲ့ ဆန္ဒတွေလည်း ပါလာမှာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဒီလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ဆိုတာက ဘယ်လို တင်ယူရမလဲခင်ဗျ။ ဒါ လွှတ်တော်ထဲမှာ အထူး အဆိုပြုချက်တင်ယူရမှာလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဟုတ်တာပေါ့။ အခုတောင်မှ ဥပဒေကြမ်းတခု ဆွဲနေပြီ။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတွေ တချို့ကို ပြင်ဖို့ ဆုံးဖြတ်တယ်ဆိုလို့ရှိရင် ပုဒ်မ ၁၂ နဲ့အညီပေါ့နော်။ လုပ်ရမယ့်ခြေလှမ်းတွေပေါ့။ ၄၃၆ ပဲပြောရမှာပေါ့။ ပုဒ်မ ၁၂ မဟုတ်ဘူး၊ Chapter – (အခန်း ၁၂)

အခန်း ၁၂ နဲ့ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေအရ လုပ်ရမယ်ဆိုတော့ ၄၃၆ အရဆိုလို့ရှိရင် ၇၅ % ကျော်ကနေ အတည်ပြုပေးလို့ရှိရင်တောင်မှ ဆန္ဒခံယူပွဲလုပ်ရမယ်။ အဲဒီဟာအတွက် ရည်ရွယ်ပြီးတော့ ဥပဒေကြမ်းကို စပြီးတော့ ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ နောက်ဆုံးကျတော့ လွှတ်တော်က ပြည်သူလူထုရဲ့ဆန္ဒကို အဓိကထားမယ်ဆိုလို့ရှိရင် လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ်များအပါအဝင် “ပြည်သူလူထုရဲ့ဆန္ဒကို ခံယူပါမယ်”…ဆိုပြီးတော့ ဆုံးဖြတ်လိုက်လို့ရှိရင် ဒီဟာ ပြီးသွားတာပဲ။ ဆုံးဖြတ်လို့ရတာပဲ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်လို့ရတာပဲ။ ကျမတို့ကတော့ လုပ်ဖို့ အဆင်သင့်ပဲ၊ ဒီဟာကို။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ကျနော်တို့သတိထားမိတာက မကြာသေးခင်ရက်ပိုင်းတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ခရီးသွားပြီးတော့ လူထုဟောပြောပွဲတွေမှာ ပြောတာက လွှတ်တော်ထဲမှာ ၄၃၆ ပြင်ဆင်ရေး ဆွေးနွေးတာတွေကို သတိထားစောင့်ကြည့်ကြပါ။ ဖြစ်လာနိုင်ခြေတွေကိုလည်း လေ့လာထားကြပါဆိုတော့ တကယ်လို့သာ လွှတ်တော်ထဲမှာ မဖြစ်နိုင်ဘူးဆိုလို့ရှိရင် ဒီလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတောင်းဆိုပြီးတော့ သဘောမျိုး အရှေ့တိုးပြီးတော့လုပ်ဖို့ အစီအစဉ်က ဒါကို ပြောတာလားခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ နံပါတ်တ (၁) က ပြောတာကတော့ ပြည်သူလူထုကနေပြီးတော့ ဒီတိုင်းပြည်မှာ နိုင်ငံရေးအရ ဘာတွေ ဖြစ်နေတယ် ဆိုတာ စိတ်ဝင်စားဖို့လိုတယ်။ တက်တက်ကြွကြွနဲ့ လေ့လာဖို့လိုတယ်။ ဒါမှသာလျှင် “ပြည်သူ့အုပ်ချုပ်ရေး”ဆိုတဲ့ ဒီမိုကရေစီစနစ်ဟာ ခိုင်မြဲနိုင်မှာ။ ဒါပေမယ့်လို့ အရေးကြီးတာ နံပါတ် (၁) က ပြည်သူလူထု စိတ်ဝင်စားဖို့၊ နားလည်ဖို့ပဲ။ ဘာတွေဖြစ်နေလဲ၊ ဘယ်ပါတီတွေက ဘယ်လိုရပ်တည်လဲ၊ ဘယ်သူတွေက ပြည်သူ့ဆန္ဒကိုအလေးထားတယ်၊ ပြည်သူ့ဆန္ဒနဲ့ကိုက်ညီတဲ့ အဆိုတွေက ဘာတွေလဲဆိုတာ ပြည်သူတွေသိဖို့လိုတယ်။ ဒါမှလည်း ပြည်သူတွေအနေနဲ့ ဆုံးဖြတ်နိုင်မှာ။ တို့ ဘယ်ဘက်က ရပ်တည်မလဲ၊ ဘယ်လိုရပ်တည်မလဲဆိုတာ အဲဒါ နံပါတ် (၁) ပဲ ။ အရေးအကြီးဆုံးပဲ၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်ပေါ့နော်- ပါတီအဖွဲ့အစည်းတွေက ဘယ်လို ခြေလှမ်း လှမ်းမယ်ဆိုတာ ဒုတိယပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ဒီ ပြင်ဆင်ရေးတွေနဲ့ပတ်သက်လို့ပဲ မေးခွန်းလေးတစ်ခု ကျန်နေခဲ့တာက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိစ္စမှာ ပြင်ချင်သလောက် မပြင်နိုင်ခဲ့ဘူးဆိုလို့ရှိရင် ဒါဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော် အကြီးအကဲဖြစ်ပိုင်ခွင့်ကို ကန့်ကွက်သူတွေ ရှိနေခဲ့တယ်ပေါ့နော်။ ဒါဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တခြား ဘယ်သူ့ကိုများ … ရွေးကောက်ပွဲပြီးလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလက်ရှိ လွှတ်တော်ထဲမှာရှိနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရေအတွက် ထက်တော့ ပိုများမယ်ဆိုတာ အမှန်ပဲဆိုတာ ကျနော်တို့သုံးသပ်လို့ရပါတယ်။ အဲဒီတော့ နိုင်ငံတော်အကြီးအကဲလောင်းပေါ့နော်- ဒုတိယသမ္မတရာထူးတင်မြှောက်ပေးရတော့မယ်ဆိုတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လို ပုဂ္ဂိုလ်မျိုးကို လျာထား ထားတာ ရှိသလဲဆိုတာလေး သိချင်တယ်။ ဒါကလည်း ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ စောစောစီစီး ဒုတိယလိုင်းကို ချပြဖို့ အစီအစဉ်မရှိဘူးလားခင်ဗျ။

---(ဆက်ရန်ရှိပါသေးသည်။)



အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာရှိတဲ့ နေအိမ်မှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက လွန်ခဲ့တဲ့နာရီပိုင်းအတွင်း တွေဆုံမေးမြန်းခဲ့တာပါ။ ကျန်ရှိနေသေးတဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်ကို အခုအစီအစဉ် ဒုတိယပိုင်းမှာ ဆက်ပြီးနားဆင်ကြရပါမယ်။
VOA

ကချင်ပြည်နယ်လိုင် ဇာ တွင် ကျ ဆုံး သွား သော ဗိုလ် လောင်း ၂၃ ဦး အတွက်ငြိမ်း ချမ်း ရေး မ ဖော် ဆောင် နိုင် သေး သောမြန်မာ့ ငြိမ်း ချမ်း ရေး စင် တာ ရှေ့၌ ပြု လုပ် ခဲ့ သောဆု တောင်း ပွဲ

ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်းထဲကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တာကြောင့် သေဆုံးခဲ့သူတွေအတွက် ရန်ကုန်မြို့ မှာနေတဲ့ လူငယ် ၁ဝဝ ကျော်က ရန်ကုန်မြို့ ရွှေလီလမ်း က မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ ၀မ်းနည်းကြောင်း ဆုတောင်းခဲ့ကြပါတယ်။

သေဆုံးခဲ့တဲ့ ဗိုလ်လောင်းတွေဟာ လူငယ်တွေဖြစ် တာကြောင့် နိုင်ငံအတွက် ဆုံးရှုံးမှုကြီးတစ်ခုပဲလို့ ဆုတောင်းပွဲမှာပါဝင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ မိုင်သင်းယုမွန်က ပြောပါတယ်။

"ကျမတို့အနေနဲ့ ကိုယ့်တိုင်းရင်းသား ညီအစ် ကိုမောင်နှမတွေပေါ့နော်၊ ဒီလိုကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အင်မတန်ဝမ်းနည်းရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်ကလည်း လူငယ်လေးတွေဖြစ်တယ်၊ နိုင်ငံအတွက် ဆုံးရှုံးမှူုကြီး လို့မြင်တယ်၊ အင်မတန်မှ ဝမ်းနည်းမိတယ်၊ နောက်ထပ်တစ်ခုကတော့ အခုလိုငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုများတွေ အများကြီးလုပ်ဆောင်နေတဲ့အချိန်မှာ ပြန်ပြီးတော့ နောက်လည့်နေတဲ့ပုံစံတွေ မြင် ရတဲ့အချိန်မှာ ကျမတို့ အရမ်းတောင့်တမိတယ်ပေါ့နော်၊ ဒီငြိမ်းချမ်းရေးဆိုတဲ့ ပန်းတိုင်ကိုမှ ရောက်နိုင် ကြမလားပေါ့နော်၊ ဒီလို ကိုယ့်ရဲ့ခံစားချက်လေးတွေကို ဖော်ပြခြင်းအတွက် လာရောက်ခြင်းဖြစ် ပါတယ်"

လူငယ်တွေဟာ အနက်ရောင် အင်္ကျီတွေ ဆင်တူဝတ်ဆင်ကာ ပန်းခြင်းတွေ၊ ပန်းခွေတွေ၊ နှင်းဆီပန်းတွေကိုင် ပြီး မြေနီကုန်းလမ်းဆုံ ပဒုမ္မာပန်းခြံရှေ့ကနေ ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာရှေ့အထိ လမ်းလျှောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းထဲကို တပ်မတော်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ၁၁ ဦး၊ ရခိုင့်တပ်မတော်က ၈ ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက နှစ်ဦးနဲ့ ချင်းအမျိုးသားတပ်ဦးက နှစ်ဦး သေဆုံးခဲ့ကြပါတယ်။

သေဆုံးခဲ့သူတွေအတွက် ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စီတာဘူမနောကွင်းမှာ ဝမ်းနည်းကြောင်း ဆုတောင်းပွဲတွေ ကျင်းပခဲ့ပါတယ်။

RFA
photo..Aye mya mya myo

Daw Aung San Suu Kyi and VOA interview
*************************************************
Daw Aung San Suu Kyi, the President of the National League for Democracy Party , and U Than Lwin Htun, VOA Burmese Service Chief...
preparation for the exclusive interview...
at the Rose Villa, Nay Pyi Taw
2014 Nov 23, 3 45pm
.Photo..Credit : Thaw Nyain
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေ ရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲ ဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေတယ်ဆိုတာသိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်ဖတ်ရှုနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း သမ္မတကြီးဦးသိန်းစိန်နဲ့ ကျနော် တွေ့ဆုံခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ကျနော် တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့သဘောအရဆိုလို့ရှိရင်တော့- အထူးသဖြင့် တပ်မတော်ရဲ့သဘောအရ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၃၆ ကို မပြင်တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့ လွယ်နိုင်ပါအုံးမလား၊ ဖြစ်နိုင်ပါအုံးမလားဆိုတာ သုံးသပ်ပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ ဒီအလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင်မယ်ဆိုတာတော့ အဓိကယုံကြည်ပါတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်၊ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန်ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲဒီတော့ မြန်လေ၊ တိုင်းပြည် မနာလေပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီနေရာမှာ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့အဓိကအကြောင်းရင်းတွေက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့်ပုံစံမျိုး သဘောမျိုး ဖြစ်နေတဲ့အတွက်ကြောင့် တပ်မတော်က “ခါးခါးသည်းသည်း” ဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဆိုတော့ ဒီလိုသာ မညှိနှိုင်းနိုင်ဘူးဆိုလို့ရှိရင် ဘယ်လိုနည်းလမ်းနဲ့ဖြစ်အောင် အတိုးအလျှော့လုပ်လို့ ရနိုင်မလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ခုနက “ညှိနှိုင်းတယ်”-ဆိုတဲ့စကားကို သုံးသွားတယ်၊ ဒါကြောင့်မို့လို့ ညှိနှိုင်းဖို့ NLD က အစဉ်တစိုက်တောင်းခံခဲ့တာပါ။ အခုမှ တောင်းတာလည်း မဟုတ်ပါဘူး၊ မနေ့တနေ့ကမှ၊ အရင်တလ နှစ်လကမှ မဟုတ်ပါဘူး။ NLD က တစိုက်မတ်မတ်နဲ့ ‘နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်ဆိုတာ’ အဲဒီမူအပေါ်မှာ ရပ်တည်ခဲ့တယ်။ အခု ကျမဆိုလို့ရှိရင်လည်း အရင်နှစ်စောစောပိုင်းကတည်းက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဆိုတာ တောင်းခဲ့တဲ့ဟာ-ဟာ ဒီလိုပြဿနာတွေကို ပြေလည်အောင် ကြိုတင်ပြီးတော့ လုပ်ဖို့ပါ။ အခုနကပြောသွားတဲ့ အထဲမှာ “ခါးခါးသည်း”-ဆိုတဲ့အသုံးအနှုန်းကို သုံးသွားတယ်နော်၊ အဲဒီလို ခါးခါးသည်းဆိုတဲ့ ပုံစံတွေ မပေါ်စေချင်လို့ တဘက်နဲ့တဘက် ညှိနှိုင်းပြီးတော့ သိမ်မွေ့အောင်၊ ချောမွေ့အောင် လုပ်ချင်တာပါ။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာရှိတဲ့ နေအိမ်မှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း တွေဆုံမေးမြန်းခဲ့တာပါ။ အပြည့်အစုံကို ည (၉) နာရီ ရေဒီယို အစီအစဉ်မှာ နားဆင်ကြရပါမယ်။)

VOA