11/29/14

Prominent Hong Kong student protest leader Joshua Wong talks to reporters outside a court in Hong Kong on Nov. 27, 2014

ဟောင်ကောင် ၊ ၂၈-၁၁-၂၀၁၄

ဒီမိုကရေစီ လိုလားသော ဟောင်ကောင် ဆန္ဒပြခေါင်းဆောင် Joshua Wong အား ဆန္ဒပြ သပိတ်စခန်း တစ်ခုကို ဖယ်ရှား ရှင်းလင်းစဉ် ဖမ်းဆီးရမိ ခဲ့ပြီး နောက်တစ်ရက် အကြာတွင် ပြည်သူ့ရဲ တပ်ဖွဲ့ဝင် တစ်ဦးအား နှောင့်ယှက်မှုဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ရုံးတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း AP သတင်းတစ်ရပ် အရ သိရသည်။

ရဲတပ်ဖွဲ့ဝင် များက Mong Kok ခရိုင်အတွင်း၌ ဆန့်ကျင်ဆန္ဒပြ နေရာ တစ်ခုအား နိုဝင်ဘာလ ၂၆ ရက်နေ့၌ ဖယ်ရှားရှင်းလင်းမှု ပြုလုပ်စဉ် Joshua Wong နှင့် အပေါင်းအဖော် ဖြစ်သူ ကျောင်းသား ခေါင်းဆောင် Lester Shum တို့အား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။ ရာပေါင်း များစွာသော ရဲတပ်ဖွဲ့ဝင် များသည် နိုဝင်ဘာလ ၂၆ ရက်နေ့၌ ဆန္ဒပြသမား များအား နောက်ဆုတ်ရန် တွန်းအားပေး ဆောင်ရွက်ခဲ့ပြီး Nathan လမ်းပေါ် တစ်လျှောက်ရှိ မီတာ ၅ဝဝ ခန့်ရှည်လျားသော အခြား အတားအဆီး များနှင့် ရွက်ဖျင်တဲများ၊ သစ်သားနှင့် သတ္တု အတားအဆီး များအား ဖယ်ရှားရှင်းလင်း ခဲ့ကြောင်း သိရသည်။

ထို့သို့ စတင် ဆောင်ရွက်ပြီး နောက် ၂ နာရီ ဝန်းကျင်ခန့် အကြာတွင် ၄င်းလမ်းအဆုံး၌ ဆန့်ကျင်ဆန္ဒပြ သမား အနည်းငယ်သာ ကျန်ရှိ နေခဲ့သည်။ ဒီမိုကရေစီ လိုလားသူ ဆန္ဒပြသမား များအနေဖြင့် ဟောင်ကောင်၏ လာမည့် မြို့တော် အုပ်ချုပ်ရေးမှူး အတွက် ကိုယ်စားလှယ် လောင်းများအား ပြည်သူများက အမည်စာရင်း ပေးသွင်းနိုင်ရေး တောင်းဆိုရန် အတွက် အဆိုပါ လမ်းအား ၂ လကျော် နီးပါးခန့် ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းပဋိပက္ခ ဖြစ်ပွားမှု တစ်ခုတွင် လက်ထိပ် ခတ်ထားသောဆန္ဒပြသူ တစ်ဦးအား ရိုက်နှက်ခဲ့မှု နှင့် ပတ်သက်၍ ပြင်းထန်စွာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု အတွက် ရဲတပ်ဖွဲ့ဝင် ၇ ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar

Hong Kong protest leader Joshua Wong to be charged


*** ““နိုင်ငံရေးအရ မဖြေရှင်းချင်လို့၊ ဒါမှမဟုတ် နိုင်ငံရေးအရ ဖြေရှင်းဖို့ သတ္တိမရှိလို့ ဖြစ်ပါလိမ့်မယ်”” ***

ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့ကိစ္စတွေအားလုံး အဆင်ပြေနေတာလည်း မဟုတ်ပါဘူး။ ဦးအောင်မင်းတို့နဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ မသိနိုင်ပါဘူး …

စစ်ရေးစစ်ရာမှာ ခုခံစစ်၊ ထိုးစစ်ဆိုတဲ့ ဝေါဟာရတွေဟာ ရှုပ်ထွေးပါတယ်။ သာမန်အရပ်သုံး စကားနဲ့ အင်မတန် ကွာခြားပါတယ်။ ထိုးစစ်တစ်ခုကို “ကာကွယ်စစ်”လို့ အလွယ်တကူ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုဝင်ဘာလ ၁၉ ရက်က အစိုးရတပ်ဘက်မှ ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာ၌ စစ်သင်တန်း တက်နေသူ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရာ ယင်းပစ်ခတ်မှုမှာ သတိပေး ပစ်ခတ်ခြင်းသာဖြစ်ကြောင်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်။

သို့သော် ယခုကဲ့သို့ ပစ်ခတ်ခြင်းမှာ အစိုးရစစ်တပ်အနေဖြင့် ပြဿနာအားလုံး လက်နက်အင်အားဖြင့် ဖြေရှင်း လိုသည့် စိတ်ဓာတ်အပေါ် အခြေခံ လုပ်ဆောင်ခြင်းနှင့် နိုင်ငံရေးအရ မဖြေရှင်းချင်သည့်အတွက်၊ သို့မဟုတ် နိုင်ငံရေးအရ ဖြေရှင်းရန် သတ္တိမရှိခြင်း ဖြစ်နိုင်ကြောင်း KIA ဒုဦးစီးချုပ်၊ ဗိုလ်ချုပ်ဂွန်မော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ထို့ပြင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပျက်နေသည့် အတွက် ဆွေးနွေးပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ ထိခိုက်နိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကာကွယ်ရေး ဦးစီးချုပ် ချမှတ်ထားသည့် မူ ၆ ချက်ကို လက်မခံ သည့်အတွက် တိုက်နေခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က သုံးသပ်ထားသည်။ လက်ရှိ တိုက်ပွဲဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ မေးမြန်းထားမှုများ ကို မြန်မာသံတော်ဆင့် မှ ဖော်ပြလိုက်ပါသည်။

ယခုမေးမြန်းထားချက်များကို မြန်မာသံတော်ဆင့်မှ အီးမေးလ်ဖြင့် ပေးပို့ မေးမြန်းထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဖြေကြားချက်များ ဖြစ်သည်။

ဝိုင်းမော်

Q1. လိုင်ဇာကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား တော်တော်များများ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတော့ ဒီကိစ္စက ဘယ်လောက်ထိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဂယက်ရိုက် သွားနိုင်လဲခင်ဗျ။

Ans1. လိုင်ဇာ ဗိုလ်လောင်းသင်တန်းကျောင်း ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက် နေကြတယ်ဆိုတာ အမှား/ အမှန်ကို ထောက်ပြတာထက် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်အပေါ် စိုးရိမ်မှုနဲ့ လူသားချင်း စာနာမှုတို့က ပိုပြီးအဓိက ကျပါလိမ့်မယ်။ ဆွေးနွေးနေတဲ့ ဖြစ်စဉ်တွေမှာ တကယ်ကို ထိခိုက်နိုင်ပါတယ်။

Q2. ဘာကြောင့် ဒီလိုလက်နက်ကြီးနဲ့ ပစ်ခတ်ရတယ် ဆိုတာကော ဗိုလ်ချုပ်တို့ ဘယ်လို သုံးသပ်ထားလဲခင်ဗျ။

Ans2. တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကတော့ ဘာကြောင့် ပစ်ခတ်ရတယ်ဆိုတာ VOA မှာပြောသွား ပြီးပါပြီ။ ကျွန်တော့်အမြင် ကို ပြောရမယ်ဆိုရင် ပြဿနာများ အားလုံးကို လက်နက် အင်အားနဲ့ ဖြေရှင်းလိုတဲ့ စိတ်ဓာတ်က အခြေခံပါတယ်။ နိုင်ငံရေးအရ မဖြေရှင်းချင်လို့၊ ဒါမှမဟုတ် နိုင်ငံရေးအရ ဖြေရှင်းဖို့ သတ္တိမရှိလို့ ဖြစ်ပါလိမ့်မယ်။

Q3. ဒီကိစ္စမှာ တပ်မတော်က သူတို့ မမှားတဲ့ ပုံစံမျိုးနဲ့ ပြန်ရှင်းထားတဲ့ အပေါ်မှာကော ဗိုလ်ချုပ်တို့အနေနဲ့ ဘာများ မှတ်ချက် ပေးပါသလဲ။

Ans3. တပ်မတော်က မမှားဘူးလို့ ပြောတာက သူတို့ရဲ့ခံယူချက်၊ သူတို့ရဲ့ အမြင်အရ ပြောတာဖြစ်ပါတယ်။ ဘက်တစ်ဖက်ကိုပဲ ကြည့်မယ်ဆိုရင် ဘယ်သူမှ မမှားနိုင်ပါဘူး။

Q4. မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ဘက်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်တို့ အကြောင်းကြား ထားတယ်လို့ သိရပါတယ်။ သူတို့ဘက်က ဘယ်လို အကြောင်းပြန် ထားလဲခင်ဗျ။ သူတို့အနေနဲ့လည်း ဒီကိစ္စအပေါ်မှာ ဘယ်လောက်ထိ တာဝန်ရှိတယ်လို့ ထင်ပါသလဲ။

Ans4. KIO အနေနဲ့ ဦးအောင်မင်းဆီကို လိပ်မူပြီး အကြောင်းကြား တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၆ ကနေ နိုဝင်ဘာ ၁၉ ရက်နေ့အတွင်း အဖြစ်အပျက်တွေကို အကြောင်းကြား ထားပါတယ်။ ဦးအောင်မင်းဆီကနေ အကြောင်းကြားစာ လက်ခံရရှိတယ်လို့ ပြန်စာပို့ပါတယ်။ ငြိမ်းချမ်းရေးစင်တာ အနေနဲ့ကတော့ အဖြစ်မှန်တွေကို အစိုးရဆီ တင်ပြပေးနိုင်ဖို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်။

Q5. ကချင်ပြည်နယ်မှာက တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတော့ ဘာကြောင့် ကချင်ပြည်နယ်ကိုပဲ အစိုးရက တိုက်နေတယ်လို့ ထင်ပါသလဲ။

Ans5. တိုက်ပွဲတွေက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေ မှာ တောက်လျှောက် ဖြစ်နေတာပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောတာက မူ ၆ချက်ကို လက်မခံတဲ့အတွက် တိုက်နေရတယ်လို့ နားလည် ရပါတယ်။

Q6. ကာကွယ်ရေးဝန်ကြီးကလည်း လွှတ်တော်မှာ မြောက်ပိုင်းတိုင်းစစ် အသုံးစရိတ်ဆိုပြီး သန်းတစ်ထောင် တိုးတောင်းတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တော်တော်များများ က ဝေဖန် နေကြပါတယ်။ ဒီအပေါ်မှာကော ဗိုလ်ချုပ်အနေနဲ့ ဘယ်လို မှတ်ချက် ပေးချင်ပါလဲခင်ဗျ။

Ans6. ကာကွယ်ရေးဝန်ကြီးက မပခ အတွက် အသုံးစရိတ် တောင်းတာကို ကျွန်တော်တို့ ဝေဖန်ချက် မပေးလို ပါဘူး။

Q7. ဒီလိုမျိုး တိုက်ပွဲတွေက တောက်လျှောက် ဖြစ်လာရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါ သလဲခင်ဗျ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက်လည်း ထိခိုက် သွားနိုင်လားခင်ဗျ။

Ans7. တိုက်ပွဲတွေ ပိုပြီးဖြစ်လာရင် ဆွေးနွေးတဲ့အခါ စိတ်ရှည်သည်းခံနိုင် မှုတွေ ပျောက်သွားနိုင်ပါတယ်။ အဲလိုဖြစ်လာရင် ဆွေးနွေးမှုပေါ် ထိခိုက်နိုင်ပါတယ်။

Q8. အခုလိုဖြစ်နေတဲ့ တိုက်ပွဲ ပြဿနာတွေကို KIO အနေနဲ့ ဘယ်လိုဖြေရှင်းသွားဖို့ ရှိပါသလဲ။

Ans8. KIO အနေနဲ့ ဦးအောင်မင်း ဆီကနေတစ်ဆင့် စာပို့မေးထားပါတယ်။ အစိုးရဘက်နဲ့ KIO ဘက်ရဲ့ ဖြစ်စဉ် အချက်အလက်တွေ အင်မတန်မှ ကွဲလွဲနေတာကို အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်မှာလဲ ဆိုတာကို ဦးစွာမေးမြန်း ထားပါတယ်။

Q9. UNFC က မြောက်ပိုင်းမှာ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် တပ်မတော်ကကော လက်ရှိမှာ ဘယ်လို ပုံစံမျိုးတွေ ဆောင်ရွက်နေလဲ။ တိုက်ပွဲတွေ ဖြစ်လာခဲ့ရင် ဖက်ဒရယ် တပ်မတော် အနေနဲ့ ဘယ်လိုကဏ္ဍတွေက ပါဝင် ဆောင်ရွက်မှာလဲခင်ဗျ။

Ans9. UNFC က ဖက်ဒရယ် တပ်မတော်ဆိုတာ ခုမှ ပြောနေတာ မဟုတ်ပါဘူး။ ပြီးတော့ လက်တွေ့ တိုက်ပွဲတွေကို ဖက်ဒရယ် တပ်မတော်က တိုက်နေတာ မဟုတ်ပါဘူး။ ပလောင်၊ ကိုးကန့်၊ KIO စတဲ့ အဖွဲ့တွေ စုပေါင်းပြီး မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကို စုပေါင်း ခုခံနေကြတယ်။ အဲဒီတပ်ပေါင်းစုကို Concept အရ FUA လို့ ကျွန်တော်တို့ ပြောနေကြ တာဖြစ်ပါတယ်။ FUA ရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံရေး ဆွေးနွေးမှုရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်ပေါ်လာမယ့် နိုင်ငံတော်ရဲ့ တပ်မတော်ပုံစံ ကို မျှော်လင့်နေတာ ဖြစ်ပါတယ်။ စစ်တိုက်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းချင်တာ မဟုတ်ပါဘူး။

Q10. ကာကွယ်ရေး ဦးစီးချုပ်က VOA နဲ့ အင်တာဗျူးမှာ ဖြေထားတာ သူတို့က သမ္မတကြီးရဲ့ ညွှန်ကြားချက် အတိုင်း စစ်ဆင်တာတွေ မလုပ်ပါဘူး။ ပြန်ခုခံကာကွယ်တဲ့ အဆင့်ပဲရှိပါကြောင်း ဖြေထားတဲ့ အပေါ်မှာကော ဘယ်လို သဘောရပါသလဲ ခင်ဗျ။

Ans10. စစ်ရေးစစ်ရာမှာ ခုခံစစ်၊ ထိုးစစ်ဆိုတဲ့ ဝေါဟာရတွေဟာ ရှုပ်ထွေးပါတယ်။ သာမန် အရပ်သုံးစကားနဲ့ အင်မတန် ကွာခြားပါတယ်။ ထိုးစစ်တစ်ခုကို ““ကာကွယ်စစ်””လို့ အလွယ်တကူ အဓိပ္ပာယ် ဖွင့်ဆို နိုင်ပါတယ်။ VOA အင်တာဗျူးမှာ ကာချုပ်ရဲ့ အတွင်းသဘောတွေကို တွေ့မြင်နိုင်ပါတယ်။

Q11. ဖက်ဒရယ် တပ်မတော်အပေါ်မှာလည်း တပ်မတော်ဘက်က လိုချင်တဲ့ပုံစံနဲ့ UNFC ဖွဲ့စည်းပုံမှာ ပါတဲ့ ပုံစံက ကွဲပြားနေတယ်လို့ သိရပါတယ်။ အဲဒီပေါ်မှာ ဘယ်အချက်တွေ၊ ဘယ်သဘောထားတွေအပေါ် အခြေခံပြီး ကွဲလွဲလဲဆိုတာ ရှင်းပြ ပေးစေလိုပါတယ်။

Ans11. FUA ကိစ္စကို တူညီတဲ့ပုံစံတွေ မဖော်နိုင်သေးပါဘူး။ နိုင်ငံရဲ့ တပ်မတော်ကို ဖက်ဒရယ် တပ်မတော် ပုံစံဖြစ်စေချင်တယ်လို့ ပြောနေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးလိုကြောင်း NCCT က တင်ပြထားပါတယ်။ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမှာလဲ ဆိုတာကတော့ အားလုံးရဲ့ ဆွေးနွေးမှုကနေ အဖြေရှာရမှာ ဖြစ်ပါတယ်။

Q12. ဦးအောင်မင်းတို့နဲ့ တိုင်းရင်းသားတွေ ဆွေးနွေးတဲ့အခါ အဆင်ပြေတာကို တွေ့ရပေမယ့် တပ်မတော် ပါလာတဲ့အခါ အဆင်မပြေတာတွေ တွေ့ရတော့ ဦးအောင်မင်းတို့နဲ့ တပ်မတော်နဲ့ကြားက ဆက်ဆံရေးကို သုံးသပ်ပေးပါလား။

Ans12. ဦးအောင်မင်းရဲ့ တာဝန်က UPCC ကနေ ချမှတ်ပေးတဲ့ ငြိမ်းချမ်းရေးမူကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့ကိစ္စတွေ အားလုံးအဆင်ပြေနေ တာလည်း မဟုတ်ပါဘူး။ ဦးအောင်မင်းတို့နဲ့ တပ်မတော်ရဲ့ဆက်ဆံရေးကို ကျွန်တော်တို့ မသိနိုင်ပါဘူး။

Q13. အခုနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်မတော်ပါလာပြီး အရင်ဆွေးနွေး သဘောတူ ပြီးသားတွေတောင် ပြန်ဆွေးနွေးနေ တာ တွေ့ရတော့ သူတို့ရဲ့ သဘောထားက ဘယ်လိုရှိသလဲ ဆိုတာ သုံးသပ်ပေးပါခင်ဗျ။

Ans13. ကျွန်တော်တို့ နားလည်တာက NCCT ဟာ EAO’s ရဲ့ ကိုယ်စား ဆွေးနွေးတယ်။ UPWC က အစိုးရရဲ့ ကိုယ်စားပေါ့။ တပ်ရယ်၊ လွှတ်တော်ရယ်၊ အစိုးရရယ် ဆိုပြီး အသံတွေ ထွက်လာတိုင်း ကျွန်တော်တို့ အနေနဲ့ ကတော့““အစိုးရအဖွဲ့””လို့သာ ယူဆကြောင်း အမြဲပြောနေ တာပါ။ နိုင်ငံတော်သမ္မတရဲ့ အင်တာဗျူးမှာ မဟုတ်ဘဲ ကာချုပ်ရဲ့ အင်တာဗျူးမှာ ““မူ ၆ ချက်””ကိစ္စပြောလာတော့ အစိုးရအတွင်း ဆုံးဖြတ်ခွင့်ကို ဘယ်လို စီမံထားသလဲဆိုတာ သုံးသပ်ဖို့ လိုအပ်လာပါတယ်။

Q14. အခုဖြစ်နေတဲ့ တိုက်ပွဲအများစုက တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေး ပြဿနာတွေဆိုတော့ ခုချိန် မှာလည်း တပ်ပိုင်းဆိုင်ရာ ကိစ္စတွေက ညှိနှိုင်းလို့ မရသေးတော့ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းဖို့ ရည်ရွယ် ထားပါသလဲ။

Q15. နောက်ဆုံးအနေနဲ့ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ်မှာ တပ်မတော်ရဲ့ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ဘာများပြောချင်လဲခင်ဗျ။

Ans14+15. တိုက်ပွဲဆိုတာ ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး လုပ်လို့ရပါတယ်။ နယ်မြေ ရှင်းလင်းရေး၊ လမ်းဖောက်လုပ်ရေး စသည်ဖြင့်ပေါ့ဗျာ။ အရေးကြီးတာကတော့ တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ် ရှိ/မရှိ ဆိုတာပါပဲ။ တပ်မတော် အပါအ၀င် ကာချုပ်ကို ရည်စူးပြီး (ကျွန်တော့်အနေနဲ့) အထူး ပြောစရာ မရှိပါဘူး။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဦးဝင်းတင်အား ချစ်ခင်မြတ်နိုးကြသော နိုင်ငံရေးသမား၊ စာပေသမားများနှင့် အနုပညာ နယ်ပယ်အသီးသီးက ပုဂ်္ဂိုလ်များ ဦးဝင်းတင်စာကြည့်တိုက် ထူထောင်ရေးသည် လိုလားအပ်ဆုံး လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက် သင့် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကြာသေးသော ၂၁-၄-၁၄ နေ့က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သွားသည်။ အသက် ၈၆ နှစ်ရှိ ပါပြီ။ ထိုသက်တမ်းတစ်လျှောက် သူသည် သူ့ကိုယ်ကျိုးဘာမှမလုပ်ဘဲ အများအကျိုးကိုသာ လုပ် ဆောင် သွားလေသည်။ ဦးနေ၀င်းခေတ်က မန္တလေးတွင် ဟံသာဝတီသတင်းစာကို တည်ထောင်ပြီး ဦးဝင်းတင် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ရာမှ ဟံသာဝတီ ဦးဝင်းတင်ဟူ၍ ဖြစ်လာပါသည်။ ထို့နောက် ဦးနေ၀င်း အလိုမကျ၍ အဖြုတ်ခံ လိုက်ရ၏။

သည့်အရင် ၁၉၅၇ ခုနှစ်ကစပြီး ၁၉၆၉ ခုနှစ်လောက်အထိ ဆရာဦးဝင်းတင်သည် ကြေးမုံဦးဝင်းတင် ဖြစ်ခဲ့ရ ပါသည်။ ထိုကာလများက သူသည် ကြေးမုံဦးသောင်း၊ စိန်ခင်မောင်ရီတို့နှင့်အတူ ကြေးမုံကို တည် ထောင်သူ တစ်ဦးဖြစ်ခဲ့ပါသည်။…

တော်လှန်ရေးကောင်စီအစိုးရလက် ထက် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေး ပွဲကြီးပျက်သော အခါ ကြေးမုံ ဦး သောင်းသည် တိမ်းရှောင်နေပြီး ကြေးမုံဦးစိုးနိုင်၊ ဆရာစိန်ခင်မောင်ရီတို့ အထိန်းသိမ်းခံကြ ရသည်။

ထိုအခါတွင် ကြေးမုံသတင်းစာမယိုင် လဲအောင် ပဲ့ကိုင်သွားသူမှာ ဦးဝင်းတင်ဖြစ် ပါသည်။ သတင်းစာလောက ဆိတ်သုဉ်း လုဖြစ်၍ ရှောင်တိမ်းနေကြစဉ် ဦးဝင်းတင် သာကျန်ခဲ့ရာ အလုပ်ကို အလွန်လုပ်သူ အဖြစ်တွေ့ ရပါ သည်။ သူသည် နေ့ရောညပါ အယ်ဒီတာစားပွဲမှာ ထိုင်ပြီးလုပ်သည်။ ကျွန်တော်သည် သူ့လက်ထောက်အဖြစ် သူ့ကို ကူညီရသူဖြစ်ရာ သူ့စိတ်ဓာတ်ကို ကောင်းစွာသိခဲ့ပါ၏။

နယ်သတင်းထောက်များအား သတင်းရေးခကော်လံခများကို ကျွန်တော်က စာရင်းပြုစုပြီးတင်ပြရာ သူက သတင်းထောက်တို့ အရည်အချင်းကိုကြည့်ပြီး သတင်းဆုငွေ တိုးပေးလေ့ရှိပါသည်။

သူသည် နှစ်အတော်ကြာ ကြေးမုံမှာ ဘ၀ကို မြှုပ်နှံပြီး သတင်းစာလောကသား တို့အကျိုးကို သယ်ပိုးသွားပါ သည်။ တော် လှန်ရေးအစိုးရတက်ပြီး စာနယ်ဇင်းကောင် စီအတွင်းရေးမှူးတာဝန်ယူရစဉ်ကလည်း အထိန်း သိမ်းခံသတင်းထောက်များ လွတ်မြောက်ရေးကို များစွာလုံးပန်းဆောင်ရွက် ခဲ့ပါသည်။

ပြီးတော့ ကြေးမုံမှ အထိန်းသိမ်းခံ အယ်ဒီတာတို့၏ မိသားစုများအား ထောက်ပံ့ရေးကိုလည်း လစဉ်ဆောင် ရွက်ပါသည်။ ကျွန်တော်သည် အယ်ဒီတာ၊ သတင်း ထောက်များထံ ထောက်ပံ့ငွေ သွားရောက် ပေးအပ်ရပါ သည်။ သူသည် သူ့အရေးထက် သတင်းစာ တိုက်သားများအရေးကို လုပ်ဆောင်နေ သည်ကိုသာ တွေ့ရ သည်။ သူ့မှာ ရှပ် အင်္ကျီ ၃-၄ ထည်၊ ပုဆိုး ၃-၄ ထည်သာ ရှိပါ၏။

သို့သော် စာအုပ်များကတော့ ရှိပါ သည်။ သူ့အိပ်ခန်း၊ ခုတင် အိပ်ရာပေါ်မှာ စာအုပ်တွေနှင့် ပြည့်နေပါသည်။ အချိန်ရလျှင် ရသလို စာဖတ်နေတတ်ပါ၏။ ရေးစရာရှိလျှင် ထရေးတတ်သည်။ သူဆိုဗီယက်ဆိုရှယ်လစ် နိုင်ငံသို့ သွားရောက်စဉ် ကအတွေ့အကြုံများကို ကမ္ဘာနီတွင်တဒင်္ဂဟု စာအုပ်ဖြစ်အောင် ရေးပါသည်။

အနုပညာအဖွဲ့များနှင့် အနောက်ဥရောပသို့ သွားရောက်ပြီး ခြေမှာစကား လက်ဖျားကဗျာစာအုပ် ထွက်ပေါ် လာပါသည်။ ထို့နောက် ယဉ်ကျေးမှု အနုပညာ ဆောင်းပါးတွေ ဆက်တိုက်ရေးပြန်ပါ၏။ သူကား အခြေအနေ အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ နိုင်ငံရေးခေါင်း ဆောင်ဝင်လုပ်ရသော်လည်း အခြေခံက စာပေသမား သာလျှင်ဖြစ်၏။ စာပေမြတ်နိုးသူဖြစ်၏။

သူရေးသွားသမျှ စာအုပ်များသည် ပြန့်ကျဲနေသည်။ အချို့ကို မမှတ်မိတော့ ပါ။ ထိုစာအုပ်များကို စုစည်း တင်ပြ နိုင်လျှင် အကျိုးရှိလေစွ။ အထူးသဖြင့် ဆရာဦးဝင်းတင်၏ စာအုပ်များကို အခြေခံကာ စာကြည့်တိုက်တစ် ခု ထူထောင်နိုင်လျှင် ကောင်းလေစွဟု ဆန္ဒဖြစ်ပေါ်မိပါသည်။

ထိုစဉ်၌ပင် ဦးဝင်းတင်ဖောင်ဒေးရှင်း ဆောင်ရွက်သူများက ဦးဝင်းတင် အထိမ်း အမှတ်ပြတိုက်နှင့် စာကြည့် တိုက် ထူထောင်မည်ဆိုသော သတင်းကြားရသောအခါ နှစ်ထောင်းအားရဖြစ်မိပါသည်။ ဦးဝင်းတင် သုံးစွဲသော ပစ္စည်းအချို့ကို ပြသခန်းသဖွယ်ပြုလုပ်ပြီး ဦးဝင်းတင် စာကြည့်တိုက်ကို အကောင်အထည်ဖော် ဆောင်ရန် လိုအပ်ပါသည်။

ဦးဝင်းတင်အား ချစ်ခင်မြတ်နိုးကြသော နိုင်ငံရေးသမား၊ စာပေသမားများနှင့် အနုပညာနယ်ပယ် အသီးသီးက ပုဂ်္ဂိုလ်များသည် ဦးဝင်းတင်ကို ထာဝစဉ်သတိတရ ဖြစ်စေရန် ဦးဝင်းတင်စာကြည့်တိုက် ထူထောင်ရေးသည် လိုလားအပ်ဆုံး လုပ်ငန်းအဖြစ် ပူးပေါင်းဆောင်ရွက်သင့်ကြပါပြီ။ မိမိတို့ စုဆောင်းထားသည့် ဦးဝင်းတင် စာအုပ် အချို့နှင့် အခြားစာအုပ်စာပေများကိုလည်း ပေးလှူရန် အသင့်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

သမ္မတသက်တမ်း ၄ နှစ်နီးပါးရောက်ရှိလာသော် လည်း ပြည်သူ အများစုလိုလား တောင့်တသည့် ““အပြောင်း အလဲများ”” ဘာမှ မည်မည်ရရ မလုပ်ပေးနိုင်ခဲ့ သေးပါဘူး။ ဆင်ဖမ်းမယ် ကျားဖမ်း မယ်နှင့် ခတ်ကွင်းပြင် လူလဲ နေတာနဲ့ “ခြင်”တစ်ကောင်တောင် မမိဘဲ၊ “ခြ”တွေ “ဖား” တွေရဲ့ အရေအတွက် မြန်နှုန်းမြင့် ပေါက်ဖွား လာနေ တာကို တွေ့ရမှာဖြစ်ပါသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*** မိမိသာ သမ္မတဖြစ်လျှင် ၂၀၁၅ ရွေးကောက်ပွဲနှင့်အခြေခံဥပဒေပြင်ဆင် ရန် ဦးစားပေးလုပ်မည်။ *** (အိုဘားမား)
နိုဝင်ဘာလ ၁၈ ရက် နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ ပြု လုပ်သည် ပြည်ထောင်စု လွှတ် တော် နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းသာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား ပြုလုပ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုများအား ၂၀၁၅ ခုနှ စ် ရွေး ကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူတည်ကာ ဆောင်ရွက်ရမည် ဟုပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။…

သူရဦးရွှေမန်းကပဲ““နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အပြီးဆောင်ရွက်မှာပါ (ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ သုံးသပ် ဆောင်ရွက်ဆွေးနွေးပွဲ)၊ ထွက်ပေါ်လာ မယ့်ပြည်ထောင်စုလွှတ်တော်က တင်သွင်း လာမယ့်ဥပဒေ ကြမ်းများကို နောက်တစ်ပတ် လွှတ်တော် အစည်းအဝေးတွေမှာ ဆုံးဖြတ်အတည်ပြုမယ်၊ အဲဒီက ထွက်ပေါ် လာမယ့် ဥပဒေကြမ်းတွေကို တချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရမယ်၊ အဲဒါကိုလာ မည့် ၂၀၁၅ ခုနှစ်မေလ အတွင်းမှာ ဆောင်ရွက်မယ်၊ အဲဒီက ထွက်ပေါ်လာတဲ့ဟာကို ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲပြီးလို့ ပြည် ထောင် စုလွှတ်တော်စတင်ကျင်းပတဲ့ ပြည် သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပတဲ့အခါကျမှ အဲဒီဖွဲ့ စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းလိုက် တဲ့ ပြဋ္ဌာန်းချက်တွေကို အတည်ပြုဆောင်ရွက်မှာ၊ ပြည်သူ့ဆန္ဒခံယူပွဲပြီး ပြီးချင်း အခုနက ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေ ကို ဆောင်ရွက်လို့မရဘူး။ ရွေးကောက်ပွဲပြီး ထွက်ပေါ်လာတဲ့အဖြေပေါ် မူတည်ပြီးမှ ဆောင်ရွက်ရမှာဖြစ်ပါတယ်””ဟုပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေးတွင် အဓိကအကျဆုံးဖြစ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး မှာ နိုင်ငံတော် သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့အပေါ် မူတည်သည်ဟု လွှတ်တော် နာယက ဦးရွှေ မန်း၏ ပြောကြားချက်ကို ဖတ်ရှုလိုက်ရသည်။

၄၃၆ ကို တပ်မတော်သားတွေက မပြင်လိုဘူးလို့ ပြောတယ်။ ဒါက သူတို့ အပိုင်းပါ၊ မိမိတို့သဘောကတော့ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုပြင်ရာမှာ ၄၃၆ ကို အဓိကထားစဉ်းစားဖို့လိုတဲ့အတွက် အောင် မြင်အောင် ကြိုးစား သွားမှာဖြစ်တယ်။ အောင်မြင်ဖို့အတွက်ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဆောင် တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရှိတယ်၊ နောက်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ နိုင်ငံတော် သမ္မတရှိတယ်။ သမ္မတ အနေနှင့် တကယ်တမ်းကျတော့ တပ်မတော်ပေါ်မှာ ထိုက်သင့်တဲ့သြဇာ ရှိသူဖြစ်တဲ့အတွက် အောင်မြင်ရေးဟာ သူတို့အပေါ်မှာ မူ တည်နေတယ်ဟူသည့် ပြောကြားချက် များလည်းရှိသည်။

သို့ရာတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် သမ္မတအပေါ် မူတည်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၏ ပြောကြားချက်ကို သမ္မတက သဘောမတူကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် လွှတ်တော် အမတ်များအား စည်းရုံးရန်မှာ ပြည်ထောင်စုလွှတ်တော် နာယကတွင်သာတာဝန်ရှိကြောင်း သမ္မတ ဦးသိန်းစိန် က တုံ့ပြန်လိုက်သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အပါအ၀င် ဖွဲ့စည်းပုံပြင်ရေးကို ထောက်ခံ သည့် ကိုယ်စားလှယ်များ ရအောင်စည်းရုံးရန်မှာ သူရဦးရွှေမန်းတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

““၄၃၆ ပြင်ဖို့က သမ္မတအပေါ်မှာပဲ မူတည်တယ်ဆိုပြီး သူရဦးရွှေမန်းပြောကြား ချက်ကို ကျွန်တော်တို့ သဘော မတူပါဘူး။ ပြည်ထောင်စုလွှတ်တော် မှာ ပြင်သင့်ပြင် ထိုက်တဲ့အချက်တွေကို ပြင်နိုင်အောင် ပြင်ဆင်နိုင်ဖို့ အဆို တင်နိုင်ဖို့ လိုအပ်တဲ့ လွှတ်တော်အမတ်များရအောင် လိုအပ်တဲ့ ထောက်ခံ မှုတွေရအောင် စည်းရုံးဖို့က ပြည် ထောင်စုလွှတ်တော် နာယကမှာပဲ တာဝန်ရှိတယ်လို့ ထင်ပါတယ်””

ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ပေါ်တွင်သာ မူတည်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အတိအကျပြဋ္ဌာန်းထားပြီး လွှတ်တော်အပါအ၀င် မဏ္ဍိုင် (၃)ရပ်ခွဲခြားမှု ပီပြင်စေရန် သမ္မတနှင့် ၀န်ကြီးများကို ရာထူးယူထားစဉ်တွင် ပါတီတာဝန် ထမ်းဆောင်ခြင်းမပြု ရန် ပြဋ္ဌာန်းထားကြောင်း သမ္မတပြော ခွင့်ရပုဂိ္ဂုလ် ဦးရဲထွဋ်က ပြောသည်။

အကြောင်းခြင်းရာစပ်မိလို့ ပြောရရင်ဖြင့် သမ္မတရော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပါ တပ်မတော်သား ဘ၀အသီး သီးက ဘော်လီဘောလက်ရွေးစင် အားကစား သမားများ ဖြစ်ခဲ့ဟန်တူသည်။ အမှန်တော့ သူတို့နှစ်ယောက် တင်မကပါဘူး။ ရွက်ပုန်းသီး လက်ရည်တက် ဘောလီဘောသမားတွေ ကိုလည်း ယခုလိုတွေ့ရမည်ဖြစ်သည်၊ ကြည့်ပါ။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်များ မပြင်လျှင် ပြင်ဆင်၍မရကြောင်း အချို့မှာ စွပ်စွဲနေကြကြောင်း၊ တပ်မတော်သားများ သည် ရာခိုင်နှုန်းအရကြည့်မယ်ဆိုလျှင် ဖြစ်နိုင်သော် လည်း တပ်မတော်သားကိုယ် စားလှယ်သက်သက်အနေဖြင့်လည်း အခြေခံဥပဒေကို ပြင်ဆင်၍ မရနိုင်ကြောင်း၊ တပ်မ တော်သားကိုယ်စားလှယ် အစုအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးတွင် အဓိကကျနေမည်ဆိုလျှင် တရားမျှတမှုမရှိဟု ယူဆရမည်ဖြစ်ကြောင်း နှင့် ““ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့သည် အခြေခံ ဥပဒေမပြောနှင့် တည်ဆဲဥပဒေများကိုပင် ပြင်နိုင်စွမ်းမရှိသော အခြေအနေဖြစ်ပါ တယ်””ဟု တပ်မ တော်သားကိုယ်စားလှယ် တစ်ဦး၏ပြောကြားချက်ကို သုံးသပ်ရလျှင် သေချာပါတယ် သူဟာ “ဘော်လီဘော သမား”ဆိုတာ။

အစိုးရအပါအ၀င် လွှတ်တော်အကြီး အကဲဆိုသူများသည် အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေကြသည်။ Commit ဆိုသည်မှာ ပြန်ပြင်၍မရအောင် ကတိက၀တ်လွန်ပြီးဖြစ်သည်။ ဆုံးဖြတ်ပြီးဖြစ် သည်။ အာမခံပြီး ဖြစ်သည်ဟု အဓိပ္ပာယ်ရ ပါသည်။ Commitment ဆိုသည်ကတော့ ကတိပေးပြီးသား အလုပ်ဖြစ်သည်။ သို့ရာ တွင် တိုင်းပြည်ကို ခေါင်းဆောင်နေသူများသည် ခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်နေသည်။ သက်တမ်းသာ ကုန်ဆုံးတော့မည် ဖြစ်သည်။

လွှတ်တော်က ပြောသည်ကို သမ္မတက ငြင်းသည်မှာ ယခုတစ်ကြိမ်မှ မဟုတ်၊ ယခင်နှစ်ကလည်း အလားတူ စည်းဝါး မကိုက်သည်များ ရှိခဲ့သည်။ နောင်နှစ် သက်တမ်းကို သမ္မတကြီးဦးသိန်းစိန်က မလုပ်လိုတော့ကြောင်း သူရဦးရွှေမန်းက သူ့အား တိုက်ရိုက်ပြောသည့်အပြောမျိုး ဖြင့် ဦးသိန်းစိန် နောင်လာမည့်သက်တမ်းတွင် သမ္မတအဖြစ် အရွေးခံလိမ့်မည်မဟုတ်ကြောင်း ပြည်သူထံ မီဒီယာများမှတစ်ဆင့် လူသိရှင်ကြားပြောခဲ့သည်။ သို့ရာတွင် ဤသို့မဟုတ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ မှတစ်ဆင့် ယခုလိုပဲ ငြင်းပြီး တုံ့ပြန်ခဲ့ သည်။ ပြည်သူတွေ ဆန္ဒရှိရင် ကျန်းမာရေး ကောင်းလျှင် ဆက်လုပ်ဦးမည်ဆိုသည့် သဘောမျိုး။

သမ္မတသက်တမ်း ၄ နှစ်နီးပါးရောက် ရှိလာသော်လည်း ပြည်သူအများစု လိုလား တောင့်တသည့် ““အပြောင်း အလဲများ”” ဘာမှ မည်မည်ရရ မလုပ်ပေးနိုင်ခဲ့သေးပါ ဘူး။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နှင့် ခတ် ကွင်းပြင်လူလဲ နေတာနဲ့ “ခြင်”တစ်ကောင် တောင် မမိဘဲ၊ “ခြ”တွေ “ဖား”တွေရဲ့ အရေအတွက် မြန်နှုန်းမြင့် ပေါက် ဖွားလာ နေတာကို တွေ့ရမှာဖြစ်ပါ သည်။

အခု သူတို့တစ်မျိုးပြောလိုက်တာဟာ နိုင်ငံရေးကစားကွက်လုပ်ပြီးတော့ လူထု ကိုပဲ တမင်အုံကြွအောင် လုပ်နေ သလား ဆိုတာ စဉ်းစားစရာဖြစ်တယ်။ အဲဒါကြောင့် သူရဦးရွှေမန်းရော ဦးသိန်းစိန်ရော စကား တစ်လုံး သူတို့ရဲ့ တာဝန်ဝတ္တရားကိုလည်း အရည်အချင်းရှိရှိနဲ့ ၅ နှစ်သက်တမ်းမှာ ဘာတွေလုပ်နိုင်သလဲဆိုတာ မှတ်ကျောက် တင်နိုင်အောင် လုပ်စေချင်တယ်။ သူတို့ စကားကိုလည်း တာဝန်ယူစေချင်တယ်။ နောက်တစ်ခုက တိုင်းပြည်ကို အမှန် တကယ်ချစ်တယ်၊ ပြည်သူလူထုကို အမှန် တကယ်ချစ်တယ်ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ကိုပြင်ရမယ်ဆိုတာ က ကလေးကအစ သိနေတဲ့အချိန်မှာ ၂၀၁၅ အလွန်မှ ပြင်မယ်ဆိုတာကတော့ သူတို့ ၂၀၁၅ ကနေ ၂၀၂၀ ထိကတော့ သူတို့ကစားဦးမယ်ဆိုတဲ့၊ သူတို့လက်ထဲမှာ အမျိုးမျိုးလှည့်ဦးမယ် ဆိုတဲ့သ ဘောကို ရည် ရွယ်နေတယ်လို့ပဲယူဆ ပါတယ်””ဟု နိုဝင် ဘာလ ၁၈ ရက်နေ့က လွှတ်တော်တွင် သူရဦးရွှေမန်း ပြောကြားချက်နှင့် ပတ်သက်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင် ဆာ့(ခ်) သုံးသပ်ချက်သည် နိုင်ငံအကြီး အကဲလုပ်သူများ Commitment ပျက်ကွက်မှုကို ရဲရဲရင့်ရင့်ထောက်ပြခြင်း ဖြစ်သည်။

Commitment ဆိုသည့် ကတိက၀တ် ပျက်ကွက်မှုတွေကို လက်လှမ်းမီသလောက် တင်ပြပါဦးမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သူရဦး အေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ပြည်ခိုင်ဖြိုး ပါတီမှ ဦးသိန်းဇော်က ထောက် ခံခဲ့ပြီး နောက် ပြည်ထောင်စုလွှတ်တော်၌အခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော် မတီကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီမှ ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး အဆိုပါအစီရင်ခံစာအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အ ထည်ဖော်မည့်ကော်မတီကို ဆက်လက်ဖွဲ့ စည်းဆောင်ရွက်စေခဲ့သည်။ ယင်းကော် မတီ၏တာဝန်များကို သူရဦးရွှေမန်းက သတ်မှတ်ပေးရာတွင် ၂၀၁၅ ရွေးကောက် ပွဲမတိုင်မီဖွဲ့ စည်းပုံအခြေခံ ဥပဒေအား ပြင် ဆင်ပေးမည်ဆိုသည့်ကတိ (Commitment) ကို တည်,မတည် စောင့်ကြည့်ပါ ဟု သူရ ဦးရွှေမန်းက ၁-၈-၂၀၁၄ နေ့တွင် ပြော ကြားခဲ့သည်။

နေပြည်တော်သတင်းစာရှင်းလင်းပွဲ၌ လည်း သူရဦးရွှေမန်းက ယခုလို ပြော ကြားခဲ့ပြန်သည်။ ၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်လို့ အားလုံးပြီြးေ မာက် အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါ တယ်။ ကြိုးစားလည်း ဆောင်ရွက်နေပါ တယ်။ ဒါကြောင့်မို့လို့ ဟုတ်ခြင်း မဟုတ်ခြင်းဆိုတာ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ မိမိတို့ရဲ့ ပေးထားတဲ့ကတိကို ကတိအ တိုင်း ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”” ဟူ၍ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍လည်း လွှတ်တော်အထူးကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ ၆ လ အလို ပြီး မြောက်အောင် ဆောင်ရွက်သွားမည် ဖြစ် ကြောင်းကိုလည်း ၇-၁၀-၂၀၁၄ ပြည်ပ ခရီးစဉ် အီတလီ နိုင်ငံရော မမြို့ လွှတ်တော် အဆောက်အအုံတွင် ကျင်းပသည့် ၈ ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်ဆိုင် ရာ မိတ်ဖက်အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအား ရွှေ့ ဆိုင်းရန်မရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်သက်တမ်း သည် ၅ နှစ်သာရှိရာ ပထမအကြိမ် ပြည်သူ့ လွှတ်တော်ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် ကျင်းပခဲ့ သဖြင့် ပြည်သူ့လွှတ်တော် ပထမသက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင် ကုန်ဆုံး မည်ဖြစ်ရာ ပြည်သူ့လွှတ်တော် ဒုတိယသက်တမ်းကို ခေါ်ပေးရမည်ဖြစ်ကြောင်း ပြောကြား လာ သည်။ ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မတ်လ ၂၀ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးမှစပြီး ၂၀၁၄ ခု ကြားဖြတ်ေ ရွးကောက်ပွဲ လုပ်မည်ဟု အကြိမ်ကြိမ် ကတိတွေပေးခဲ့သော်လည်း စက်တင် ဘာလ ၇ ရက်အရောက်တွင် မလုပ်ဖြစ်တော့ ဟု အတိအလင်း ကတိဖျက်ခဲ့သူဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်နံတစ်လျား နေရာဒေသအချို့တွင် လက်ရှိ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှာ ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး ဖြစ်သကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဝင်ဖြစ်နေခြင်း သက်တမ်းတစ်လျှောက် တရားမမျှတသည့် လုပ်ရပ် အတော်များများ ကျူးလွန်နေ မှုများ အတွက် သတင်းမီဒီယာအချို့တွင်လည်း ယင်းပုဂိ္ဂုလ်အား ကော်မရှင်ဥက္ကဋ္ဌ အဖြစ်မှ နုတ် ထွက်ပေးေ ရး ရေးသား တောင်းဆိုခြင်း ဖြစ်ပေါ်နေမှုများနှင့်အတူ ဦးတင်အေးနုတ် ထွက်ပေးရေး ဆန်္ဒဖော်ထုတ်နေကြလျက် ရှိသည်။

သမ္မတကြီး ဦးသိန်းစိန်၏ သားသမီးတွေကတော့ သူတို့၏ဖခင်အား သမ္မတရာထူးမှ နုတ်ထွက်ရေး ဖိအားေ ပး တောင်း ဆိုနေသည်ဆိုသည့် သတင်းမျိုး ဖတ်ရှု လိုက်ရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးသည် ပထမဆုံးမှာ လွှတ်တော်၏ တာဝန်ဖြစ်ပြီး ဒုတိယမှာ ပြည်သူ လူထု၏ တာဝန်ဖြစ်ကြောင်း သို့ဖြစ်ရာ ဖွဲ့စည်းပုံပြင် ဆင်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ဘယ် ပုံ ဘယ်နည်း လုပ်သင့်သည်ဟူ၍ အစိုးရအဖွဲ့ကသော်လည်းကောင်း တပ်မတော်ကသော်လည်းကောင်း သြဇာပေးပိုင်ခွင့် မရှိကြောင်း VOA သတင်းဌာနနှင့် နိုဝင်ဘာလ ၂၀ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်း၌ သမ္မတဦးသိန်းစိန် က ပြော ကြားခဲ့ပြန်သည်။

မြန်မာနိုင်ငံအတွက် နိုင်ငံရေးအဖြေ တစ်ရပ် ရှာဖွေရန် တွေ့ဆုံဆွေးနွေးရေးမှာ မှန်ကန်သည့် လုပ်ငန်း တစ်ရပ် ဖြစ်သော်လည်း ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ အားလုံး ခြုံပါဝင်နိုင်သည့် ဆွေးနွေးပွဲ မျိုး မဟုတ် ကြောင်း မြန် မာ့နိုင်ငံ ရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရေးနှင့် ပတ်သက် ၍ သမ္မတဦးသိန်းစိန်က ပြောကြားသည်။

““ဥပဒေပြင်ရေးဟာ သူနဲ့မဆိုင်ဘူးလို့ သမ္မတကြီးက ပြောတယ်။ တကယ်တော့ သမ္မတအပေါ်မှာပဲ မူတည်ပါ တယ်။ ကျွန်တော် ပြောချင်တာက ပုဒ်မ ၄၃၆ အကုန် လုံး မပြင်ဘဲ အစိုးရကို မထိခိုက်တဲ့၊ တပ်ကိုလည်း မထိ ခိုက် တဲ့ ပြင်နိုင်တဲ့ အပိုဒ်ကလေးတွေရှိတယ်။ ဒါမျိုးလေးတွေ တပ်မတော်သား ကိုယ်စားလှယ်တွေက ထောက်ခံ လာအောင် လုပ်နိုင်ပါတယ်။ ဘာမှလည်း အပန်းမကြီးပါဘူး။ ကာချုပ် ကိုပုဂိ္ဂုလ်ရေးတိုက်တွန်းလိုက်ရုံနဲ့ ရတယ်။ တိုင်းပြည်ကို တကယ်ချစ်ရင် စေတနာ ထားရင် စာအုပ်ကြီးအတိုင်း မပြောသင့် ဘူး””ဆိုသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး၏ သုံးသပ်ချက်များကို လည်း ဖတ်ရှုရ သည်။

““ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ်မူတည်ပြီးမှ ဆောင်ရွက်ရမှာ”” ဟု နိုဝင်ဘာ ၁၈ ရက်တွင် ပြော ကာ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ် အချိန်ဇယားကို သူရဦးရွှေမန်းက ရုတ်ခြည်း ပြောင်းလဲလိုက် သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်း ပြောကြားသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အချိန် ဇယားများနှင့် ပတ်သက်ပြီး သဘာဝကျသည်ဟု ထောက်ခံသည်။

““ကျွန်မကနေပြီးတော့ လွှတ်တော် ပြင်ပက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးကိုလည်း အားပေး တဲ့ပုဂိ္ဂုလ်တွေကိုလည်း ကျွန်မကနေပြီး ထောက်ခံနေခြင်း မရှိပါဘူး”” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရဲတောက်တောက် စကားအပေါ်မှာလည်း လွှတ်တော်ပြင်ပ လှုပ်ရှားသူတွေက နားလည်ရခက်နေသည် ဆိုသည့်အသံများလည်း ကြားနေရပေသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

တန်ဖိုးနည်း အိမ်ရာသစ်ကြီးများ ဖွင့်ပွဲတုန်းက ဖဲကြိုးကို ရွှေရောင်ကပ်ကြေးနဲ့ ဖြတ်ပေးခဲ့တဲ့၊ မိုးပျံရောင်စုံ ဘောလုံးလေးတွေ ကို ကောင်းကင်ယံအထိ တပျော်တပါးလွှင့်တင်ပေးခဲ့ ကြတဲ့ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ် ချုပ်ကြီး များနဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ တစ်အိုး တည်းပေါင်းပြီး စားခဲ့ကြတဲ့ သူဌေးကြီးများဟာ အရေးအရာ လုပ်ပြီး တစ်ခေါက်တစ်ကျင်း လာရောက်ခြင်း၊ လှည့်ကြည့်ခြင်းအလျှင်းမရှိကြတော့ဘဲ ““မင်းတို့ရဲ့ ကံကြမ္မာကို မင်းတို့ပဲ ဆက်ပြီး ဖန်တီးကြပေတော့ကွာ””ဆိုတဲ့ ““မျက်နှာ လွှဲခဲပစ်အကျင့်အကြံ””အရ ““ပစ်ပယ်”” ထားခဲ့ကြ တာ ““အစိုးရသစ်””ဆိုတဲ့ ဝေါဟာရကြီးပေါ်ပေါက်လာတဲ့ ဒီနေ့အထိပါပဲ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာပြည်မှာ ချမ်းသာကြွယ်ဝတဲ့ သူဌေးသူကြွယ်လူတန်းစားတစ်ရပ်ရယ်လို့ သီးခြားလူတန်းစား ရှိနေကြတဲ့ ထဲမှာ ““ပေါင်းစားစနစ်””နဲ့ ခေတ်ပျက် ခါတော်မီ သူဌေးတချို့ပေါ်လာတာကတော့ န.၀.တ နဲ့ န.အ.ဖ စစ်အစိုးရ တွေရဲ့ လက်ထက်မှာ ပဲဖြစ်တယ်။ အာဏာပြနိုင်တဲ့၊ အာဏာကို အသုံးချနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေကို ပူး ပေါင်းပြီး တနင့်တပိုး ““၀”” အောင်စားကြတဲ့ စနစ်နဲ့ရပ်တည်ခဲ့တဲ့ သူဌေးသူကြွယ်ကြီး တွေရဲ့ စနစ်ကို““ပေါင်းစား စနစ်”” လို့ ပြောကြတာပါ။ အဲဒီ လုပ်ငန်းပြကိစ်္စတွေထဲမှာ ““တန်ဖိုးနည်းအိမ်ရာ”” ဆိုတဲ့ ခေါင်းစဉ်သစ် တစ်ခုဟာလည်း န.၀.တနဲ့ န.အ .ဖစစ် အစိုးရတွေလက်ထက်မှာ ပေါ်ပေါက်လာခဲ့ တယ်။…

ရေမီးအစုံ အကုန်အဆင်ပြေမယ့် အိမ် ရာတိုက်ခန်းတွေဆိုပြီး သူဌေးကြီး တချို့က တည်ဆောက်ကြတယ်။ သူတို့နဲ့ ပေါင်းပြီးစားတဲ့ စစ်ဗိုလ်ချုပ်များ လည်း အကုန်အဆင်ပြေသွားသလို သူတို့ဘက် ကလည်းအိတ်ထဲကို ပိုက်ဆံတွေဒလဟော လှိမ့်ဝင်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီး တွေဖြစ်ခဲ့ရတယ်။ ရုပ်ရှင်ဇာတ်ကားတစ် ကားလို “ပြီးပါပြီ”လို့စာတန်းထိုး တဲ့အ ချိန်မှာတော့ သူတို့ဟာ အဲဒီတန်ဖိုး နည်းအိမ်ရာ တိုက်သစ်တိုက်ခန်းတွေ ဖွင့်ပွဲကို တခမ်း တနားကျင်းပကြ တယ်။ စစ်ဗိုလ်ချုပ်ကြီး တွေက ဖဲကြိုးဖြတ်ဖွင့်ပေးကြတယ်။ မိုးပျံ ပူဖောင်းရောင်စုံတွေ လွှတ်တင်ကြတယ်။ နိုင်ငံပိုင်လို့ နာမည်တပ်ထားတဲ့ စစ်အစိုးရ ပိုင်သတင်းစာတွေ၊ ရုပ်မြင်သံကြားေ တွ၊ ရေဒီယိုတွေကနေပြီး ကြီး ကျယ်ခမ်းနားအောင် သတင်းတွေ ထုတ်ပြန်ကြေညာပေး ကြတယ်။ သူတို့ဘက်ကတော့ ဒီတန်ဖိုး နည်းအိမ်ရာ တိုက်ခန်းသစ်တွေ ကိစ္စဟာ တကယ်လည်း “ပြီးပါပြီ”ပါပဲ။ ဒီနေ့အထိ ပြန်လှည့်ကြည့် မခံကြရတာကတော့ ကိုယ့် ဘ၀ကံကြမ္မာကို မိမိတို့ ဘာသာဖန်တီးပြီး ရပ်တည်လှုပ် ရှားရုန်းကန်နေထိုင်ကြရရှာ တဲ့၊ အဲဒီတိုက်ခန်း တွေမှာ နေထိုင်ကြရရှာ တဲ့ သာမန်လူတန်းစားတွေပဲ ဖြစ်ပါတယ်။ စပြီး ခေါင်းစဉ်တပ်ထားကတည်းက “တန်ဖိုး နည်း”လို့ ခေါင်းစဉ်တပ်ထားတဲ့ အတိုင်းပဲ။

တိုက်ခန်းတွေ တည်ဆောက်ကတည်းက အသုံးပြုတဲ့ ပစ္စည်းတွေ ဟာနှစ်တွေတဖြည်း ဖြည်းကြာလာတာနဲ့ ထပ်တူထပ်မျှ ပျက်စီး ယိုယွင်းမှုတွေဟာလည်းတစ် နှစ်ပြီးတစ်နှစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ အင်္ဂတေတွေ၊ အုတ်တွေ ပဲ့ကျတာ၊ ကွာကျတာ၊ တချို့ဆို နောက်ဖေး ၀ရန်တာ တွေပြိုကျ တာ၊ မိုးယိုတာ၊ တံခါးတွေ ပြတင်းပေါက်ေ တွ ဆွေးမြေ့ ပျက်စီးကုန်တာတွေ ထက်ပိုပြီး အန္တရာယ် ကြီးတာက တော့ တန်ဖိုးနည်းတိုက်ခန်း တွဲ တွေရဲ့ နောက်ဘက်မှာ ဖြစ်ကတတ်ဆန်း လုပ်ပေးသွားခဲ့ကြတဲ့ အရေးပေါ် အဆင်း အတက်သံလှေကားတွေ ပဲ ဖြစ်ပါတယ်။ အန္တရာယ်သိပ်ကြီးမားပါတယ်။ ဘာကြောင့် လဲဆိုတော့ နှစ် တွေကြာလာတဲ့အခါ အဲဒီ အရေးပေါ် သံလှေကားတွေဟာ သံချေး တက်ပျက်စီးပြီး သူ့အလိုလို ပြုတ်ကျပြတ် ကျကုန်ကြလို့ ပဲဖြစ်ပါတယ်။ တိုက်ခန်းတွေ ရဲ့ အောက်ခြေမြေညီထပ်ကလွဲရင် ပထမ ထပ်ကစပြီး ဟိုးအမြင့် ကြီးအထိ တစ်ထပ်ပြီး တစ်ထပ်နေထိုင်ကြရရှာတဲ့ မိသားစုတွေဟာ အရေးပေါ် ကိစ္စတစ်ခုခု ဖြစ်လာခဲ့ ရင်ပင် မအုတ်လှေကားကြီး ကိုလည်း အသုံးပြုလို့ မရကြတော့ဘူးဆိုရင် ကိုယ့်တိုက် ခန်းရဲ့နောက်ဖေးတံခါးကိုဖွင့်ပြီး အရေးပေါ် သံလှေကားတွေက တစ်ဆင့်နောက်ဖေး လမ်းကြားကို ဆင်းနိုင်အောင် လုပ်ပေးထား တဲ့လှေကား တွေပဲဖြစ်တယ်။

ဒါပေမဲ့ အဲဒီတုန်းက လိုင်စင်ချခွင့်ပြုပေးခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ်ချုပ်ကြီးများနဲ့ တာဝန် ယူတည်ဆောက်ခဲ့ကြတဲ့ သူဌေးကြီးများ ဟာခုချိန်မှာတစ်ခေါက်တစ်ခါ လောက်များ စိတ်ပါဝင်စားစွာလာပြီး စစ်ဆေး ကြည့်ကြ မယ်ဆိုရင်ဖြင့် ““သေခွင့်၊သေမိန့်”” ပါမစ် တွေ ကိုယ်စီရရှိထားပြီးသား တိုက်ခန်းနေမိ သားစု တွေရဲ့ ပကတိအခြေ အနေမှန်တွေ ကို မျက်ဝါးထင်ထင်မြင် ကြရမှာဖြစ်တယ်။ ဘယ်နေ့ပြိုကျမလဲဆိုတာ မသိ နိုင်တဲ့တိုက် ခန်းတွေရဲ့ အခြေအနေကို သိကြရမှာဖြစ် သလို အရေးပေါ်နောက် ဖေးသံလှေခါးတွေ ဆွေးမြေ့ ပျက်စီးနေလို့ အရေးပေါ် တစ်ခုခု ဖြစ်ရင်ထွက်ပေါက်ဆင်းပေါက်တွေပိတ်ပြီး ဒီအတိုင်း ငုတ်တုတ်ထိုင်ပြီး အရှင် လတ် လတ်ကနေ““သေခွင့်၊ သေမိန့်”” ကို စောင့် ဆိုင်းကြရရှာတဲ့ မိသားစုတွေရဲ့ ကြေကွဲ ၀မ်းနည်း ဖွယ်ရာ မျက်နှာ တွေကို မြင်ကြ တွေ့ ကြရတော့မှာပဲ ဖြစ်တယ်။

ဒါပေမဲ့ တန်ဖိုးနည်းအိမ်ရာသစ်ကြီးများ ဖွင့်ပွဲတုန်းက ဖဲကြိုးကို ရွှေရောင်ကပ်ကြေးနဲ့ ဖြတ်ပေးခဲ့တဲ့၊ မိုးပျံရောင် စုံ ဘောလုံးလေးတွေကို ကောင်းကင်ယံအထိ တပျော် တပါးလွှင့် တင်ပေးခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ် ချုပ်ကြီးများနဲ့ တစ်လှေတည်းစီး တစ်ခရီး တည်းသွား၊ တစ်အိုးတည်းပေါင်းပြီး စားခဲ့ ကြတဲ့ သူဌေးကြီးများဟာ အရေးအရာလုပ်ပြီး တစ်ခေါက်တစ်ကျင်း လာရောက် ခြင်း၊ လှည့်ကြည့်ခြင်း အလျှင်းမရှိကြတော့ဘဲ ““မင်းတို့ရဲ့ကံကြမ္မာကို မင်းတို့ပဲ ဆက်ပြီး ဖန်တီးကြပေတော့ ကွာ””ဆိုတဲ့ ““မျက်နှာ လွှဲခဲပစ်အကျင့်အကြံ””အရ““ ပစ်ပယ်””ထားခဲ့ကြတာ““အစိုးရသစ်””ဆိုတဲ့ ဝေါဟာရ ကြီး ပေါ်ပေါက်လာတဲ့ ဒီနေ့အထိပါပဲ။ ဘယ် မှာလဲရေမီးအစုံချမ်းမြေ့ရိပ်မြုံ ကြီးတွေဖြစ် စေရပါမယ်ဆိုပြီး လူထု ကို လွယ်လွယ်က လေးပေးခဲ့ကြတဲ့ ကတိတွေ။ သွားလမ်းသာ ပြီး လာလမ်းဖြောင့်တန်းကြ ရပါစေ့မယ်ဆို တဲ့ စကားတွေ။ ရေနဲ့လျှပ်စစ်မီးကို ပေးချင် တဲ့အခါမှ ပေးတာလည်း ခံစားနေကြရ တယ်။

လူသွားလမ်းတွေ၊ ကား လမ်းတွေ၊ နောက်ဖေးလမ်းကြားေ တွ ပေါက်ပြဲပျက်စီးစုတ်ပြတ်ချိုင့်ဝင်နေတာကိုလည်း မျက်ဝါး ထင်ထင်မြင် နေကြရတယ်။ လမ်းတွေကို ပြင်ချင်တဲ့အခါကျမှ ခဏလောက်ပြင်ပေးပြီး ဒီအတိုင်း မပြင်မဆင်ဘဲ ပစ်ထားတာ ကများပါတယ်။ အခွန်အခ မှန်မှန်လာ ကောက်တာကိုတော့မပေးနိုင်ရင် ရေဖြတ် မယ်။ မီးဖြတ်မယ်တဲ့။ သန့် ရှင်းရေးကြေးတဲ့။ ““သန့်ရှင်းမပေးဘဲ သန့်ရှင်းရေးကြေး””ကို ပုံမှန်ပေးနေကြ ရတဲ့““ပြည်သူ့ ဘ၀အမှန်”” ကို လည်း ယောင်လို့တောင်မှထည့်မစဉ်း စား၊ လှည့်လို့တောင် ပြန်မကြည့်ကြ။ လူ တွေဘယ်လိုရုန်း ကန်ရှာဖွေပြီး စားနေကြရ လဲ။ ဘယ်လို ကျပ်တည်းနွမ်းပါးနေကြလဲ။ ဒါကို မစဉ်းစားဘဲ ဘာတစ်ခုမှ ပြည့်ပြည့် စုံစုံလည်း ဖန်တီးမပေး။ ဘာတစ်ခုမှလည်း စိတ်ရဲ့ချမ်းသာကြည်လင်မှုကို ထွက်ပေါက် ရှာမပေးနိုင်တဲ့အပြင် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေက ပင်ပင်ပန်းပန်းနွမ်းနွမ်းနယ်နယ် ပြန်လာကြတဲ့ မိသားစုတွေကို ထပ်ဆင့် စိတ်ဆင်းရဲပင်ပန်း အောင် ညဥ့်နက်သန်း ခေါင်မှာ တံခါးတွေတ၀ုန်းဝုန်းနဲ့ ထုကြ နှက်ကြအော်ကြဟစ်ကြ ဧည့်စာရင်းလာ စစ်ကြ တဲ့ ဒုက္ခပေးမှုကလည်း ““ခေတ်နောက်ပြန်ဆွဲ””နေပါပြီ။

ခေတ်မမီတော့ပါ ဘူး။““ကောင်းမွန်စွာ အိပ်စက်ခြင်း”” ““ကောင်း မွန်စွာနိုးထခြင်း””ဟာ လူ့တန်ဖိုးကို လေးစား တန်ဖိုးထားတဲ့ ဒီမိုကရေစီ ကျင့်စဉ်ဖြစ် ပါတယ်။ အဲဒီတန်ဖိုးနည်း တိုက်ခန်းအိမ်ရာ တစ်ခုမှာနေထိုင်တဲ့ ကျွန်တော်တို့ မိတ်ဆွေ ပန်းချီဆရာနဲ့ မိသားစုတစ်စုဟာ ဟိုးအထက် အညာဒေသမန္တလေးမြို့ကပြောင်း လာကြတာပါ။ ရိုးသား၊နိုးကြား၊ ကြိုးစား ပြီး တန်ဖိုးကြီးမားတဲ့ ပန်းချီအနုပညာ အလုပ်ကို လုပ်နေတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟာ ညကြီးသန်းခေါင်မှာ ဧည့်စာ ရင်းလာစစ် တာကို ခံလိုက်ရတယ်။ ဧည့်စာ ရင်းတိုင်ပြီး မနေကြလို့တဲ့။ ရပ်ကွက်ရုံးကို လိုက်ခဲ့ပါဆိုတာနဲ့ လိုက်သွားရ ရှာတယ်။ ဒဏ်ငွေငါးထောင်ဆောင်လိုက်ရရှာတယ်။ ကျပ် တစ်ထောင်တန်ဆန် ““၅””ပြည်ဖိုးနဲ့ တူညီတဲ့ ငွေကြေး ကို ဒဏ်ငွေအနေနဲ့ ပေး လိုက်ရတာပါပဲ။ လူ့တန်ဖိုးကင်း မဲ့နေတဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့လူနေမှုစနစ် အ ကြောင်းကို ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ““၄၃””နှစ်ကတည်းက ကျွန်တော်တို့ရဲ့ ချစ်ရဲ ဘော်၊ ကဗျာဆရာဖော်ဝေးက ““ကျောချဖို့ တစ်နေရာ””ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၉၇၁ ခုနှစ် အောက် တိုဘာလထုတ် မိုးဝေမဂ္ဂဇင်းထဲမှာ အခုလို ကဗျာတစ်ပုဒ်ရေးသွားခဲ့ဖူးပါတယ်။

““ကျောချဖို့ တစ်နေရာ””

အိပ်ကောင်းတုန်း

ဝုန်းဝုန်းဒိုင်းဒိုင်း၊ ရိုင်းစိုင်းတဲ့အသံတွေ

ခွေးအူသံနဲ့ ရောထွေးသွား။

မဲမဲအရိပ်

ထိတ်လန့်စရာ၊

လာနေပြီတစ်ယောက် နှစ်ယောက်

သုံးယောက်လေးယောက်၊

တံခါး ခေါက်တယ်။

မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း စာအုပ် ထုတ်ပြပါတဲ့။

ဘယ့်နှယ်ပါလိမ့်

မျက်နှာရိပ်တွေ တင်းမာနေ။

လင်မယားနှစ်ယောက်

တစ်ယောက်ကို တစ်ယောက်ကြည့်

မျက်စိဝိုင်းလည် မျက်နှာငယ်နဲ့

ရှိတဲ့မှတ်ပုံတင်ထုတ်ပြတယ်။

အိမ်ထောင်စုစာရင်းစာအုပ်

ထုတ်မပြနိုင်၊ ဧည့်တိုင်ရအောင်လည်း

ဧည့်သည်မဟုတ်၊

ဘာလုပ်တဲ့ဟာ တွေလဲ

အိမ်ရှင်မိန်းမ၊ ကြားဝင်ရှင်းပြတယ်

ဒီလင်မယားဟာ ဧည့်သည်မဟုတ်

တစ်နေ့လုပ် တစ်နေ့စား၊

ပျံကျ လင်မယား

အိမ်ငှားမနေနိုင်၊ နေ့တိုင်အလုပ်ရှာ

ညမှာတစ်ခါအိပ်… ၂၅…ပြား

ငှားထားတာပါတဲ့။

ရှာဖွေရေးတို့

အတွေးကျပ်ပြီး တာဝန်သည်အဓိက

လိုက်ခဲ့ကြတဲ့၊ ရဲဌာနကို။

မိန်းမ၀တ်စုံတစ်စုံ

ယောက်ျားလုံချည်တစ်ထည်၊

ရှိပစ္စည်း အကုန်သယ်လို့

နို့စို့ကလေးပါသွားကြ၊

ဒီညတော့ ရဲဌာနမှာ

အသပြာ ၂၅ပြား၊ ငှားခမပေးရဘဲ

ဒီလင်မယား၊ ၀မ်းပန်းတသာ အိပ်နိုင် ပြီပေါ့။လို့ရေးသွားခဲ့တယ်။လွန်ခဲ့တဲ့ ““၄၃”” နှစ်က မြို့ပြမှာ ကျောချစရာ တစ်နေရာ၊ တစ်ညအိပ်ခက ““၂၅”” ပြားပေးရတယ် လေ။ အခုခေတ်ကာလ ဧည့်စာရင်းဒဏ် ငွေက မြန်မာငွေ ကျပ် ငါးထောင်တဲ့။ ဒီခေတ်အထိ လူ့တန်ဖိုးနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးနစ်နာပေးဆပ်နေကြရတုန်းပဲ ဆိုတာ ကဗျာဆရာဖော်ဝေး သိမသွားရရှာ ပါဘူး။ ကိုဖော်ဝေးဟာ ၁၉၄၄ခုနှစ် အောက်တိုဘာ ၂၂ရက်နေ့မှာ မွေးဖွား သူဖြစ်ပြီး အသက် ““၃၄””နှစ်အရွယ်၊ ၁၉၇၈ခုနှစ်၊ ဇူလိုင်လ ၃ရက် နေ့မှာကွယ် လွန်သွားရှာတဲ့ ကဗျာဆရာ တစ်ယောက် ဖြစ်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

မရဲတရဲ ဗီနိုင်းကွယ်ပြီး ဆန္ဒပြသူတွေကမှ အခု အမည်မဖော်ဘဲ လူမှုကွန်ရက်အွန်လိုင်းကနေ တိုက်ခိုက် ရေးသား နေသူများထက် သာပါသေးတယ်…အမည်လည်းမဖော်၊ ဘယ်သူမှန်း မသိဘဲ လေလှိုင်းပေါ်က တိုက်ခိုက်နေတာ ကတော့ ပြောရရင် သတ်္တိကြောင်တယ်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာသင်ခန်းထဲကနေ ကျောင်းသူကျောင်းသားအချင်းချင်း ချိတ်ဆက် လို့ရအောင် ပြုလုပ်ခဲ့ရာကနေ ဒီကနေ့ ကမ္ဘာ့လူဦးရေရဲ့ ၁ဘီလီယံကျော် အသုံးပြုနေတဲ့ အွန်လိုင်းလူမှုကွန်ရက် (Facebook) ဟာ မြန်မာနက် တီဇင် တွေကြား မှာလည်း အသုံးပြုမှုများတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်ပါတယ်။

အချင်းချင်း သိထားသမျှတွေ၊ သတင်းတွေ၊ ခံစားချက်တွေကို မျှဝေလာကြရာကနေ အခုနောက် ပိုင်း နိုင်ငံရေး သတင်းကဏ္ဍတွေနဲ့ ပတ်သက်ရင်လည်း မျှဝေမှုနှုန်းက မြင့်သထက် မြင့်လို့ လာပါပြီ။ နိုင်ငံရေးအသင်းအဖွဲ့တွေ က ဘယ်လောက်အထိ အသုံးပြုလာသလဲဆိုရင် ဘယ်ကိစ္စကိုမဆိုဖြစ်လျှင် ဖြစ်ချင်း အချိန်နဲ့တစ်ပြေးညီ မျှဝေ လာကြသလို နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေကလည်း သူတို့ လုပ်ဆောင်နေသမျှကို ဒီလူမှုကွန် ရက်ပေါ် ကနေ မျှဝေလာတာ တွေ့ရမှာပါ။ ဥပမာအားဖြင့် ကြည့်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ စာမျက်နှာ၊ အာဏာရကြံ့ခိုင်ရေးပါတီရဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် စာမျက်နှာတွေ၊ ပြည်သူ့ လွှတ်တော်ရဲ့ စာမျက်နှာ၊ လွှတ်တော်အမတ်တွေရဲ့ ကိုယ်ပိုင်စာမျက်နှာ စသဖြင့် စုံလို့ စုံလို့ပါပဲ။…

ဒါတင်လား မဟုတ်ပါဘူး။ တချို့သော ပြည်ထောင်စုဝန်ကြီးများပင်လျှင် မိမိရဲ့ကိုယ်ပိုင်နာမည်နဲ့ လူမှုကွန်ရက် တင်ထားတာ၊ သမ္မတ ရုံးညွှန်ကြားရေး မှူးတွေတောင် အသုံးပြုနေတာကို မြန်မာနက်တီဇင် တော်တော်များများ သိကြမှာပါ။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် တချို့သော နိုင်ငံ့အကြီးအကဲတွေတောင် နာမည် ၀ှက်တွေနဲ့ လူမှုကွန်ရက် (facebook) အသုံးပြုတယ်လို့ သိရပါတယ်။ ဆိုလိုရင်းကတော့ အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်တောင် လူမှုကွန်ရက်ကို သုံးတယ်ဆိုတာ ထင်သာမြင်သာ ရှိစေချင်လို့ပါ။

ဒါပေမဲ့လည်း အခုနောက်ပိုင်း နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့် အရေးတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်လောင်လောင် အသံတွေ ထွက်ပေါ်နေချိန် မှာထူးထူးခြာြး ခား ပြောရရင် အမည်ဝှက်တွေနဲ့ သုံးစွဲသူတွေ တိုးလာတဲ့ကိစ္စပါ။

အဲဒီလူတွေက တခြားသူတွေရဲ့ Status တွေအောက်မှာ မှတ်ချက် Comment ၀င်ပေးတာ၊ အခြားသော သူ တွေရဲ့အစိုးရကို ထောက်ခံကြောင်းနဲ့ အစိုးရကောင်းကြောင်း ရေးသားထားတဲ့ Status တွေကို ပြန်လည်မျှ ဝေ လာတာတွေ ပိုပို များလာတာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ Friend List ကို ၀င်ကြည့် လိုက်မယ်ဆိုရင် လူ ၁၀ဦး ထက် မပိုတာ၊ တချို့ဆိုရင် ၅ ယောက်တောင် မရှိတာကို ထူးထူးခြားခြား တွေ့လာရပါတယ်။

အဲဒီသူတွေဟာ အစိုးရကောင်းကြောင်း ထုတ်ဖော်ရေးသားမှုတွေကို အားပေးတဲ့ လုပ်ရပ်မျိုး (ပြန်လည်မျှ ဝေခြင်း၊ မှတ်ချက်ပေးခြင်း) များလုပ်နေသလို တစ်ဖက်ကလည်း အတိုက်အခံ နိုင်ငံရေးအဖွဲ့ အစည်းတွေ၊ အစိုးရရဲ့ အားနည်းချက်ကိုထောက်ပြတဲ့ သတင်းမီဒီယာတွေရဲ့ စာမျက်နှာတွေမှာ ၀င်ရောက်တိုက်ခိုက်ရေး သားမှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်လာကြတာပါ။ တချို့ ရေးသားချက်တွေကို ကြည့်မယ်ဆိုရင် ရည် ရွယ်ချက်ရှိရှိ တိုက်ခိုက်ရေးသားမှုမျိုးတွေ တွေ့ရပါတယ်။

အလားတူ ပိုလို့တောင် အန္တရာယ်များစေတာကတော့ ဘာသာရေး၊ လူမျိုးရေးစတဲ့ ကိစ္စတွေမှာတောင် သ ဘောထားကွဲစရာ မျိုး တွေဖြစ်အောင် ရေးသားဖော်ပြလာမှုပါ။ အမည်ရင်းနဲ့ ဓာတ်ပုံကို မဖော်ပြဘဲ အမျိုးကိုပဲ ချစ်သယောင်ယောင်၊ ဘာသာရေး ကိုပဲ လေးစားသယောင်ယောင်နဲ့ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာ တရား ပေါင်းစုံဝင်တွေ နေထိုင်တဲ့ မြန်မာပြည်မှာ ခလောက်ဝင်ဆန် ချင်သူတွေကလည်း တစ်ပုံတစ်ပင်ဖြစ် လာလို့နေ ပါပြီင်္။

လူမှုကွန်ရက်ရဲ့ ပျံ့နှံ့မှုအားကို အခွင့်ကောင်းယူပြီး ဒီမိုကရေစီရေး၊ တိုင်းပြည်ရေး၊ လူ့အခွင့် အရေး လုပ်ဆောင် နေကြတဲ့ တချို့သော တက်ကြွလှုပ်ရှားသူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ထိုးနှက်မှုတွေကလည်း ဆက် တိုက်ဆိုသလို ဖြစ်လာနေပြီး တိုက်ခိုက်ရေးသားသူတွေကို ကြည့်လိုက်ပြန်ရင်လည်း မိမိရဲ့ ဓာတ်ပုံ အမှန် မတင်၊ အမည်ကျပြန်တော့လည်း ပေါက်လွှတ်ပဲစား ပေးထားတဲ့ နာမည်တွေနဲ့ ၀င်ရောက်ရေး သားနေသူတွေ ပဲ ဖြစ်နေပါတယ်။

ဒီကနေ့ အသုံးပြုနေတဲ့ လူမှုကွန်ရက် (facebook)ဟာ တကယ်တော့ အသုံးပြုတတ်ရင် ကောင်းကျိုးအင် မတန်ရှိပြီး မသုံးတတ်ဘူး ဆိုရင်တော့ သတင်းအချက်အလက် များလှတာကြောင့် သတင်းစားပိုး နင့်မှုနဲ့ မှား ယွင်းတဲ့ အချက်အလက်တွေအပေါ် ယုံမှားမိရင် အမြင်တိမ်းစောင်းသွားနိုင်တဲ့အတွက် အင်မတန်မှကို သတိ ထားသုံးစွဲရမယ့် လူမှုကွန်ရက်ပါ။

ထို့နည်းတူ မဟုတ်မမှန်သတင်း တွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေချင်တယ်၊ ဟုတ်မှန်တဲ့အတိုင်းမိမိ ရဲ့အမြင်ကို ဖော်ပြနေသူတွေကို ပြန်လှန် တိုက်ခိုက်ချင်တယ်ဆိုရင် အကောင်းဆုံး နေရာတစ်ခုလို လည်း ဖြစ်နေ ပါတယ်။

ဒီနေရာမှာ တစ်ခုတွေးစရာရှိတာက ဒီအမည်ရင်းမဖော်ပြထားတဲ့ Facebook Account ပိုင်ရှင်တွေက ဘယ် သူတွေလဲ ဆိုတာပါပဲ။ နောက်ပြီး ဘာ့အတွက်ကြောင့် အခုလိုမျိုး တိုက်ခိုက်ရေးသားမှုမျိုးတွေကို ဆက်တိုက် ဆိုသလို လုပ်လာကြတာလဲပါ။

ဒီ အမည်မဖော်လိုသူတွေရဲ့ လုပ်ရပ်ဟာ ဘာနဲ့တူသလဲဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ လုပ်ရပ်တချို့ ဟာ အများက မှားပါတယ်လို့ ပြည်သူတွေ က ပြောဆိုနေတဲ့ ကိစ္စတချို့မှာ မှန်ပါတယ်ဆိုပြီး ထောက်ခံဆန္ဒပြ သူတွေနဲ့ တူနေပါတယ်။ ဒါတောင် ထောက်ခံဆန္ဒပြတဲ့နေရာမှာ မီဒီယာတွေနဲ့ ဒေသခံပြည်သူတွေရဲ့ တကယ် ကော မှန်ရဲ့လားလို့ မေးခွန်းထုတ်ကြည့် နေတဲ့အကြည့်တွေကို ဗီနိုင်းလေးကွယ်ပြီး မရဲတရဲ ဆန္ဒထုတ်ဖော်နေ တဲ့သူတွေနဲ့ ပုံစံတူပါသေးတယ်။

ဒါ့ထက် ထပ်ပြောရရင် အဲဒီလို မရဲတရဲ ဗီနိုင်းကွယ်ပြီး ဆန္ဒပြသူတွေကမှ အခု အမည်မဖော်ဘဲ လူမှုကွန်ရက် အွန်လိုင်းကနေ တိုက်ခိုက်ရေးသား နေသူများထက် သာပါသေးတယ်။ အဆင့်မြင့်ပါ သေးတယ်။ တစ်စုံတစ် ခုသော အကျိုးရလဒ်အတွက် အများက မှားပါတယ်ဆိုတာကို လူမြင်ကွင်းမှာ မှန်ပါတယ်လို့ ထောက်ခံဆန္ဒ ထုတ်ဖော်တာ ဟာ ရဲဝံ့ပါသေးတယ်။ အမည်လည်း မဖော်၊ ဘယ်သူမှန်း မသိဘဲ လေလှိုင်းပေါ်က တိုက်ခိုက် နေတာကေ တာ့ ပြောရရင် သတ်္တိကြောင်တယ်၊ မရိုးသားဘူး လို့ပဲ ပြောရမယ်။ အရင့်အရင်က အစိုးရ ပြန် ကြား ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တဲ့ ဆောင်ပုဒ်ကလေးတစ်ခုကိုတောင် သတိရမိသေးတယ်။

လေလှိုင်းပေါ်က လူသတ်သမားများဆိုတဲ့ စကားပါ။ အစိုးရပိုင်သတင်းစာတွေမှာ တခမ်းတနား နဲ့ကိုထည့် ထည့်ဖော်ပြနေတာ။ အဲဒီလေလှိုင်းပေါ်က လူသတ်သမားဟုတ်၊ မဟုတ်ဆိုတာကို အခု လက်ရှိဖြစ်ရပ်တွေက သက်သေပြနေပါပြီ။ လေလှိုင်းပေါ်က လူသတ်သမားစာရင်းမှာပါတဲ့ မီဒီယာတွေက အခုဆိုရင် နိုင်ငံ့ေ ခါင်း ဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းခန်း တွေလုပ်၊ အစိုးရပိုင် သတင်းစာတွေမှာ အဲဒါကို အတိအလင်း ဖော်ပြနဲ့ မဟုတ်ပါလား။

ဒါပေမဲ့လည်း တကယ့် လေလှိုင်းပေါ်က လူသတ်သမားများလို့ နာမည်ပြန်တပ်ရမယ့် အဲဒီ အမည်မဖော်ထားတဲ့ လူမှုကွန်ရက်ပေါ်က Account အပိုင်ရှင်တွေကိုကော ဘယ်လိုများနှိမ်နင်းရမလဲဆိုတာကတော့ မေးခွန်းထုတ် စရာ ဖြစ်လာလို့နေပါပြီ။

သတင်းအချက်အလက်မျှဝေခြင်းနဲ့ မိမိရဲ့ ထင်မြင်ယူဆချက်ကို မျှဝေနိုင်တဲ့ လူမှုကွန်ရက်ဟာ တချို့သော ကိစ္စ တွေမှာ အမည်မဖော်ဘဲ သုံးနေသူတွေအတွက် ထိုးနှက်တိုက်ခိုက်နိုင်စရာ လက်နက်တစ်ခု သဖွယ် ဖြစ်နေ ပါပြီ။ အခုလိုမျိုး လုပ်ရပ်ဟာ အရင် စစ်အစိုးရလက်ထက်က မြန်မာနက်တီဇင်တွေကို အစိုးရ မကောင်း ကြောင်း မရေး သားနိုင်အောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေနဲ့တောင် ခပ်ဆင်ဆင် တူလို့နေပါပြီ။ ကျွန်တော့် ဆရာလိုခင်ရတဲ့ အစ်ကိုတစ်ယောက်က အဲဒီလိုမျိုး လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံလည်း မတင်၊ အမည်ဝှက်တွေနဲ့ သုံးနေသူတွေနဲ့ ပတ်သက်ပြီး မှတ်ချက် တစ်ခုပေးဖူးပါတယ်။

အဲဒီလို လူတွေဟာ မိမိဟာ ဘယ်သူပါဆိုတဲ့ ဖြစ်တည်ခြင်းမရှိတဲ့သူတွေ၊ မိမိရဲ့ ခံယူချက်၊ ရပ်တည်ချက်နဲ့ သဘောထားတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်မပြ၀ံ့တဲ့သူတွေသာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။ ထမီခြုံထဲကနေ လက်သီးထောင်ပြနေသူများသာ ဖြစ်ပါတယ်။ တိုင်းပြည်က အပြောင်းအလဲတစ်ခုကို သွား နိုင်ဖို့ အဘက်ဘက် သော အဖွဲ့အစည်းတွေ၊ မီဒီယာတွေက တွန်းအားပေးလုပ်ဆောင်ရေးသား ဖော်ပြနေချိန် မှာ အခုလိုမျိုး လူမှုကွန်ရက်ပေါ်ကတစ်ဆင့် မဟုတ်မမှန် အချက်အလက်တွေနဲ့ တန်ပြန်တိုက်ခိုက်၊ မရင့်ကျက် သေး-နုနယ်သေးသော နက်တီဇင်တွေကို အတွေးအခေါ်မှားတွေဝင် အောင်လုပ်ဆောင်နေတဲ့ လုပ်ရပ်ဟာ ခွင့် လွှတ်စရာမရှိတဲ့ လုပ်ရပ်တစ်ခုလို့ပဲ ဒီနေရာ ကနေပြောပါရစေ။

ဒီတော့ မြန်မာပြည်က နက်တီဇင်များအနေနဲ့ အရင်စစ်အစိုးရ လက်ထက်က အွန်လိုင်းတွေပေါ်မှာ အစိုးရ ကောင်းကြောင်းနဲ့ အတိုက်အခံများ မကောင်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြတယ်လို့ နာမည် ထွက်ခဲ့တဲ့ ရုရှားပြန် စစ်ဗိုလ်တွေကို ၀ိုင်းဝန်း ဆန့်ကျင်ခဲ့ကြသလို အခုအချိန်အခါမှာလည်း လူမှုကွန်ရက်ပေါ်က လေလှိုင်း လူသတ်သမားများကိုလည်း ၀ိုင်းဝန်းဆန့်ကျင် Report လုပ်ကြပါစို့လို့။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုအတွင်း မီးလောင်ဒဏ်ရာရ သံဃာတော်တစ်ပါး။

ကနေ့ဟာဆိုရင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တာ ၂ နှစ်တင်းတင်း ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီလို ၂ နှစ်တင်းတင်းသာ ပြည့်သွားပေမဲ့လို့ - အဲ့ဒီအကြမ်းဖက် ဖြိုခွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရဘက်က တစုံတရာ အရေးယူမှု မရှိသေးတဲ့အပေါ်မှာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးရှိနေတဲ့အပေါ် အတော်လေး စိုးရိမ်တဲ့အကြောင်း Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူးတဦးဖြစ်သူ မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) က ပြောဆိုလိုက်ပါတယ်။

သူဟာဆိုရင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသူ သံဃာတော်တွေနဲ့ ဒေသခံတွေအပေါ် အာဏာပိုင်တွေက မီးလောင်ဗုံးသုံး အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အပေါ် စုံစမ်းဖို့ ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့သူပါ။

“လတ်တလောမှာတော့ ကျမတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြီးသတ်နေပါပြီ။ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာ၊ သဘာဝ ပတ်ဝန်းကျင်အတွက် စိုးရိမ်စရာတွေ၊ ၂၀၁၂ နိုဝင်ဘာလတုန်းက White Phosphorous ဗုံးတွေသုံးပြီး ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာ အပါအ၀င် စီမံကိန်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို စုံစမ်းထားပါတယ်။”

အာဏာပိုင်တွေရဲ့ အဲ့ဒီအကြမ်းဖက်ဖြိုခွင်းမှုအတွင်း အနည်းဆုံး သံဃာတော် ၉၉ ပါးနဲ့ ဆန္ဒပြသူ ၉ ယောက် မီးလောင်ဒဏ်ရာ တွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၇ ရက် ကြာသပတေးနေ့ကလည်း AI ကနေ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ဒီကြေညာချက်ထဲမှာ -အဓိက မီးမောင်းထိုးပြထားတာက -

ကုမ္ပဏီတွေနဲ့ ဒေသခံတွေအကြား ဖြစ်နေတဲ့ ပြဿနာတွေကို ပြီးအောင် မဖြေရှင်းသေးဘဲ ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အန္တရာယ်တွေ ဆက်ပြီး ဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်းကို ထောက်ပြထားတာပါ။

ဒါကြောင့် ပြဿနာတွေ ဖြေရှင်းပြီးတဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ကိုလည်း မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) က ပြောဆိုခဲ့ပါတယ်။

“စီမံကိန်းကြောင့် လူ့အခွင့်အရေး ထိခိုက်နေတာတွေကို ကျမတို့က အာရုံစိုက်ထားပါတယ်။ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ကုမ္ပဏီကို တင်ပြသွားမှာ ဖြစ်တာကြောင့် လတ်တလော အသေးစိတ်တွေကို မပြောနိုင်သေးပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်တယ် ဆိုတာကတော့ ပြောနိုင်ပါတယ်။ စီမံကိန်းအတွက် ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စမျိုးတွေလို ဒီအထဲက တချို့ကိုလည်း လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထောက်ပြထားပြီး သားပါ။ ဒါတွေက လက်ရှိ လက်ပံတောင်း စီမံကိန်းနဲ့ ပတ်သက်လို့ လူတွေ စိုးရိမ်နေကြတဲ့ ကိစ္စပါ။ လက်ရှိ စီမံကိန်းနဲ့ လက်ပံတောင်း စီမံကိန်းသစ်တွေကို အကောင်အထည် မဖော်ခင် ပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုပါတယ်။ ဖြေရှင်းရမယ့် ကိစ္စတွေကို အရင်မလုပ်ဘဲ စီမံကိန်းကို စခဲ့လို့သာ ပြဿနာတွေ ပေါ်ရတာလို့ ကျမတို့ ယူဆပါတယ်။ ပြဿနာတွေ အားလုံးကို ဖြေရှင်းမပြီးမချင်း စီမံကိန်းကို ရပ်ထားဖို့အတွက် ကျမတို့ ကြေညာချက်ထဲက တောင်းဆိုချက်မှာလည်း တွေ့မှာပါ။”

ဒါ့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့နဲ့ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် မြန်မာအစိုးရကို AI အဖွဲ့ကြီး အနေနဲ့ တိုက်တွန်းသွားမယ်လို့လည်း သူက ဆိုပါတယ်။

“ပထမဆုံးကတော့ အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ စည်းရုံးသွားမှာပါ၊ စိုးရိမ်စရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရက တုန့်ပြန်ဆောင်ရွက်မယ်လို့လည်း ကျမတို့ မျှော်လင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကုလသမဂ္ဂ လူ့အခွင့်အရေး လုပ်ငန်းစဉ်မှာ ထည့်သွင်းနိုင်ဖို့ အပါအ၀င် ဒီကိစ္စတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် ကြိုးပမ်းသွားမှာပါ။”

AI အဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး တဦးဖြစ်သူ မစ် မက်ဂနာ အီဘရာဟမ် (Meghna Abraham) ပြောသွားတာပါ။ သူ အပါအ၀င် AI ကိုယ်စားလှယ်တချို့ဟာ ဒီ ၂၀၁၄ ခုနှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတော့ ထိခိုက်နစ်နာခံရသူ ကာယကံရှင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပြီး မကြာခင် ရှေ့နှစ်ဆန်းပိုင်းလောက်မှာပဲ အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိပါတယ်။ ဒီအစီရင်ခံမထွက်ခင်မှာ ကုမ္ပဏီကိုလည်း တင်ပြပြီး - ကုမ္ပဏီဘက်က တုံ့ပြန်မှုတွေ တခုခုရအောင် လုပ်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရကတော့ - လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုကိုစုံစမ်းစစ်ဆေးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ကို တာဝန်ပေးအပ်ခဲ့တာပါ။

ဒီကော်မရှင်ကနေ စစ်ဆေးတွေ့ရှိချက်တွေကို သမ္မတထံ တင်ပြပြီး ကော်မရှင်က တင်ပြတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီကော်မတီက အပြည့်အ၀ တာဝန်ယူ လုပ်ဆောင်ခြင်းမရှိဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

VOA


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဟာ လောလောဆယ် မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးက ပြောပါတယ်။ နိုင်ငံတော်သမ္မတဖက်က အဖွဲ့အစည်းပေါ် အခြေခံပြီး တွေ့ဆုံဖို့ကို လိုလားတာဖြစ်ပါတယ်။ ၆ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံရ တဲ့ ဒေါက်တာအေးမောင် ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အကျပ်အတည်းကို ကျော်လွန်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့အပေါ် အလေးအနက် ထားသင့်တယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်စနစ်နဲ့ အညီပြုပြင်နိုင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က ၆ပွင့်ဆိုင်တွေ့ဆုံဖို့ ဒီလ ၂၅ရက်နေ့ အရေးကြီးအဆိုတင်သွင်းပြီး ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲ မှာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်း စုကြည် ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ် တဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ လောလောဆည် မဖြစ်နိုင်သေးဘူးလို့ အခုလို ပြောပါတယ်။

"လောလောဆယ်တော့ မဖြစ်နိုင်သေးပါဗျာ။ ဒီဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ တဖက်က အဆိုပြုတဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက ကွာခြားချက် တချို့ရှိနေလို့ဖြစ်ပါတယ်။

ပထမ အောက်တိုဘာ ၃၁တုန်းက လုပ်ခဲ့တုန်းက ကျနော်တို့ အဖွဲ့ကြီးငါးဖွဲ့ပေါ့။ ဆိုတော့ အဖွဲ့ကြီးငါးဖွဲ့မှာ နိုင်ငံရေးပါတီ အစုအဖွဲ့မှာဆိုရင် လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပမှာ ရှိတဲ့ ပါတီတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ ခေါင်းဆောင်တွေကို ဖိတ်ပြီးတော့ ပဏာမ ဆွေးနွေးခဲ့တာပေါ့။ အခုကျတော့ နိုင်ငံရေးပါတီတွေဘက်က တစ်ယောက်ပဲ ရှိမယ်ဆိုတဲ့ သဘောဖြစ်နေတာရှိတယ်။ ဒီလိုမျိုးတွေ ကွာခြားချက်တွေ ရှိတာပေါ့။

နောက်ပြီးတော့ တိုင်းရင်းသားတွေမှာဆိုရင်လည်း မနေ့က သမ္မတကြီးနဲ့တွေ့တဲ့ အချိန်မှာ တိုင်းရင်းသားတွေဘက်ကလည်း ပိုပြီးတော့မှ သူတို့ဘက်က များများပါချင်တဲ့ သဘောထားတွေရှိပါတယ်။ ဒါကြောင့်မို့လို့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ကျနော်ပြောတာပါ။"

လွန်ခဲ့တဲ့ အောက်တိုဘာလကုန်တုံးကတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်၊ ရွေးကောက်ပွဲကော်မရှင် ဆိုတဲ့ အစုအဖွဲ့ ၅ဖွဲ့ အပေါ် အခြေခံပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလကုန်တွေ့ဆုံပြီးနောက်မှာ မကြာခင် ဒီလိုဆွေးနွေးပွဲမျိုး ထပ်မံ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ကြောင်း၊ အခု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နောက်ပိုင်းမှာတော့ ဒီဆွေးနွေးပွဲ မျိုး နောက်တကြိမ်ဆွေးနွေးဖို့ အတွက် ခက်ခဲသွားကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ၆ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံရတဲ့ ဒေါက်တာအေးမောင် ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဆိုတဲ့အချက်ကြီးကို ကျော်လွှားမယ့် နည်းလမ်းကို တွေ့ဆုံဆွေးနွေးရေး နည်းနဲ့ ဖြေရှင်းလိုတယ်။ အကြောင်းအကျိုး ခိုင်လုံစွာ တင်ပြချက် အပေါ်မှာ အလေးအနက်ထား စဉ်းစားစေလိုပါတယ်။ ဘာကြောင့်လဲဆိုရင် သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြင့်ဆုံးသော မဏ္ဍိုင်သည် ကျနော်တို့ရဲ့ ဥပဒေပြုမှု မဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တစ်ဆို့မှုရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျနော်တို့ရဲ့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့မြင်ကွင်းကို ကြည့်ရင် သိနိုင်ပါတယ်။ အဲ့တော့ ဖွဲ့စည်းပုံတစ်ဆို့မှု ကျော်လွှားနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက် လို့ ပြင်ဆင်နေကြတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ပါလီမန် ကနေ တပြိုင်နက် တောင်းဆို တဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားဖို့ တာဝန်သည် နိုင်ငံတော် အကြီးအကဲမှာ ရှိပါတယ်။"

ပြည်ထောင်စု လွှတ်တော်က တင်ပြတဲ့ ၆ပွင့်ဆိုင်သဘောတရားဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ၂ရပ်၊ တပ်မတော်၊ အဓိက အင်အားကြီး အတိုက်အခံပါတီနဲ့ တိုင်းရင်းသားအင်အားစုကို ကိုယ်စားပြုတာဖြစ် တယ်လို့လည်း ဒေါက်တာအေးမောင်က တင်ပြပါတယ်။ တကယ်လို့ ၆ပွင့်ဆိုင်တွေ့ဆုံမယ် ဆိုရင် ဖွဲ့စည်းပုံ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။

"ဥပဒေပြုမဏ္ဍိုင်ရဲ့ ခိုင်လုံတဲ့ အကျိုးအကြောင်းတွေကို ဖော်ပြတဲ့ သဝဏ်လွှာ တခု ရောက်သွားရင် သမ္မတကြီး တာဝန် လုံးလုံးလျားလျား ဖြစ်သွားပါပြီ။ ကာကွယ်ရေးဦးစီးချုပ် ကလည်း ကျိုးကြောင်းခိုင်လုံစွာနဲ့ လက်ခံလာနိုင်ပါလိ့မ် မယ်။ ခြောက်ပွင့်ဆိုင် ဆိုတဲ့ ကဏ္ဍကို တင်ခြင်းသည် အားလုံးရဲ့ ထွက်ပေါက်တခုဖြစ်တယ်။ ပြည်ထောင်စုရဲ့ ထွက်ပေါက်၊ ဖွဲ့စည်းပုံရပ်တည်ရေးရဲ့ ထွက်ပေါက် ဆိုတာကို ကျနော်တို့လည်း ဒီလိုပဲ ခံယူပါတယ်။ အောင်မြင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ချဉ်းကပ်မှုလို့ နားလည်ပါတယ်။ ကျနော်တို့လည်း ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုရင် သမိုင်းတွင်မယ့် ဖွဲ့စည်းပုံ တခုကို ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ ညှိနှိုင်းဖြေရှင်းနိုင်ခဲ့တယ်ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။"

လောလောဆယ်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထားကို ထုတ်ပြန်တာမရှိသေးပါဘူး။ ပြည်ထောင်စုလွှတ်တော်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ပြန်လှန်သုံးသပ်ဆွေးနွေးထားပြီး နောက် တကြိမ်ကျင်းပမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းကို တင်သွင်းဖို့ရှိနေပါတယ်။

VOA

   
ကာနို ပလီ အတိုက်အခိုက် ခံရမှုမှာ ဘိုကိုဟာရမ်တွေ ကျူးလွန်တာ ဆိုပြီး ပြောနေပါတယ်။

နိုင်ဂျီးရီးယား ရဲ့ ဒုတိယ မြို့တော် ကာနိုမှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင် တို့ရဲ့ အဓိက ပလီ ဝတ်ကျောင်းတော် ကို လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့ကြ ပါတယ်။ သောကြာနေ့ စုပေါင်း ဝတ်ပြုမှု ပြုလုပ် နေကြတဲ့ ဝတ်ကျောင်းတော် ကို အသေခံ ၂ ဦးက ဗုံးခွဲ ခဲ့ကြပြီး၊ ထွက်ပြေးလာတဲ့ ဝတ်ပြုသူ တွေကို ကျန် လက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီ တိုက်ခိုက်မှုကို အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် အဖွဲ့က ကျူးလွန်တာ ဆိုပြီး ခန့်မှန်း နေကြပါတယ်။

နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က လူ ၃၅ ဦး သေဆုံး သွားတယ် ဆိုပြီး ပြောပေမယ့်၊ သတင်းထောက် တစ်ဦးကတော့ လူသေလောင်း ၂၀ဝ လောက်ထိ သူ တွေ့ခဲ့ရတယ် ဆိုပြီး ပြောဆိုမှုလည်း ရှိပါတယ်။

အတိုက်အခိုက် ခံခဲ့ရတဲ့ ပလီဟာ ကာနိုမြို့ရဲ့ ခေါင်းဆောင် ဆိုပြီး အမည်တွင်တဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား ဩဇာကြီးသူ ဒုတိယမြောက် Muhammad Sanusi ရဲ့ နန်းတော်နဲ့ တွဲလျှက် ရှိနေတာ ဖြစ်ပါတယ်။

Muhammad Sanusi က၊ ပြီးခဲ့တဲ့ သီတင်းပတ် ကပဲ နိုင်ဂျီးရီးယား ပြည်သူတွေ အနေနဲ့ အစိုးရ တပ်ဖွဲ့ဝင်တွေ အကာအကွယ် ပေးမှာကို စောင့်မနေပဲ ဘိုကိုဟာရမ်တွေ ရန်ကို မိမိတို့ဘာသာ ခုခံ ကာကွယ်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141128_nigeria_mosque_attack

   
ခိုးရာပါ အကြွေးဝယ် ကတ်တွေ သုံးပြီး လေယာဉ်လက်မှတ် ဝယ်ယူတာကြောင့် တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး နစ်နာ နေရပါတယ်။

ဥရောပ ရဲတပ်ဖွဲ့ ဖြစ်တဲ့ ယူရိုပို ရဲ့ ထုတ်ပြန်ချက် အရ အခု ၂ ရက် အတွင်း ခိုးရာပါ ခရစ်ဒစ် အကြွေးဝယ် ကတ်ပြား တွေကို အသုံးပြုပြီး လေယာဉ် လက်မှတ်တွေ ဝယ်ယူခဲ့သူ အယောက် ၁၀ဝ ကျော်ကို ဖမ်းဆီး လိုက်တယ် လို့ သိရပါတယ်။

လေယာဉ်လိုင်း အသီးသီးက တာဝန် ရှိသူတွေနဲ့ ခရစ်ဒစ်ကတ် ကုမ္ပဏီတွေ ရဲ့ အကူအညီ ရယူပြီး၊ နိုင်ငံပေါင်း ၄၅ နိုင်ငံက လေဆိပ်ပေါင်း အခု ၈၀ မှာ သံသယ ဖြစ်ဖွယ် ရှိတဲ့ ခရစ်ဒစ် ကတ်ပြားသုံး ဝယ်ယူမှု တွေကို ယူရိုပို က ခြေရာခံ လိုက်နေ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ခိုးရာပါ ခရစ်ဒစ် ကတ်ပြားတွေ သုံးပြီး လက်မှတ် ဝယ်ယူမှုကြောင့် လေကြောင်းလိုင်း စီးပွားရေး လုပ်ငန်းဟာ တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး နစ်နာ နေပါတယ်။

အင်တာနက် ပေါ်ကနေ ဝယ်ယူနိုင်တဲ့ အခြေအနေ ကြောင့်လည်း ဒီပြဿနာဟာ ပိုပြီး မြန်ဆန် ကြီးထွား လာနေရတယ် ဆိုပြီးတော့ နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ Ros Wainwright က ပြောပါတယ်။

အခုလို ခရစ်ဒစ်ကတ် အလွဲသုံးစားမှုကြောင့် ဖမ်းဆီး ရာကနေ မူးယစ်ဆေးဝါး နဲ့ လူကုန် ကူးမှုတွေလို ပို ပြင်းထန်တဲ့ ရာဇဝတ်မှု တွေကိုပါ တွေ့ရှိ လာနိုင်တယ် လို့လည်း မစ္စတာ Wainwrigh က ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/11/141128_europol_creditcard_fraud


စစ်တပ်မြို့လို့ ခေါ်နိုင်တဲ့ စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မှာ စစ်တပ်ရဲ့ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတဲ့ ကိုပါကြီးအတွက်ရည်စူးပြီး နိုဝင်ဘာ ၂၇ရက်နေ့က နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၅ဝကျော်က ရွှေတောင်ကုန်း ကျောင်းတိုက်မှာ ဆွမ်းကပ်လှူဒါန်းပြီး အမျှပေးဝေခဲ့ပါတယ်။ စစ်တပ်မြို့မှာ ကိုပါကြီးအတွက် ဆွမ်းကပ်ပွဲ ဘာ့ကြောင့်လုပ်ဖြစ်တာလဲ။

နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေပြီး တရားဥပဒေနဲ့အညီ စီရင်ပိုင်ခွင့်ရှိရမယ့်ဘဝတွေ ဆုံးရှုံးနေတာကြောင့် မြန်မာပြည်သားတစ်ယောက်အနေနဲ့ လုပ်ဆောင်သင့်တယ်ထင်လို့ လုပ်ဆောင်တာဖြစ်တယ်လို့ စိမ်းလန်းပြင်ဦးလွင်အဖွဲ့က ကိုလေးမြင့်အောင်က ဆိုပါတယ်။ ပြင်ဦးလွင်ဟာ တပ်မြို့လည်းဖြစ်၊ ဝန်ထမ်းမြို့လည်းဖြစ်တာကြောင့် ဒီလိုလှုပ်ရှားမှုတွေက အရမ်းကိုရှားပါတယ်လို့ ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်မရောအနီးမှာ မြန်မာစစ်တပ် ခမရ ၂ဝ၄ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူ ကိုပါကြီးဟာ အလွတ်သတင်းထောက်တစ်ယောက်ဖြစ်သလို အမှန်တရားချစ်မြတ်နိုးသူအဖြစ် ပြည်သူတွေအတွက် အသက်ပေးဆပ်ခဲ့တာကြောင့် ကိုပါကြီးအတွက် ရည်စူးတဲ့ ဆွမ်းကပ်ပွဲကို ကြွရောက်တာလို့ အာရှအလင်းရောင် ဆရာတော်ကလည်း မိန့်ခဲ့ပါတယ်။

ပြည်သူတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တယ်လို့ယူဆပြီး လုပ်တာဖြစ်တယ်လို့ ပြောလာသူက ပြင်ဦးလွင်ဇာတိ ကိုစည်သူမျိုးပါ။ စစ်တပ်မြို့ဖြစ်နေပြီး ပြည်သူတွေက အကြောက်တရားများလာသလို ဝန်ထမ်းတွေကလည်း အိမ်တိုင်းမှာ များလာတာကြောင့် လုပ်ချင်စိတ်ရှိပေမယ့် မိသားစုကိုငဲ့ရတာတွေကြောင့် မလုပ်ရဲကြဘူးလို့ သူက ဆိုပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းနေပေမယ့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ နေရာတိုင်းကြုံနေရတာကို ကိုပါကြီးက အသက်စတေးပြီး သက်သေထူသွားတယ်လို့ ၈၈မျိုးဆက်က ဒေါ်ချိုချိုအောင်က ပြောပါတယ်။ ကိုပါကြီးလို လူမသိသူမသိ အသက်ပေးခဲ့ရသူတွေ အများကြီးရှိနေတာဟာ အပြောင်းအလဲအတွက် ခလုပ်ကန်သင်းလိုဖြစ်နေတာကို ဖော်ထုတ်စေချင်ပြီး လူ့အခွင့်အရေးအပြည့်အဝ ရစေချင်တယ်လို့ ဆိုပါတယ်။

Kamayut Media


ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ မိမိတို့ပေးထားတဲ့ ကတိကို ကတိအတိုင်းဖြစ်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်ဆိုပြီး သူရဦးရွှေမန်းဟာ ကတိအတည်တွေပေးပြီး ပိတ်ကားမှာ ပေါ်လာလို့ ကြည့်လိုက်တော့ ပြည်သူတွေဟာ ကတိအကျိုးအပျက်တွေကိုသာ စိတ်ပျက်ဖွယ် တွေ့လိုက်ရ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၇ ပါ ပြည်ထောင်စု လွှတ်တော်နာယကရဲ့ လုပ်ငန်းတာဝန် ၄ ချက်ထဲမှာလည်း မပါဝင်ဘဲ ပုဒ်မ ၁၁၂ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ လုပ်ငန်းတာဝန် ၄ ချက် ထဲမှာလည်း မပါဝင်တဲ့ လုပ်ဆောင်ချက် တစ်ခုကို ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

သူရဦးရွှေမန်းက လွှတ်တော်မှာ လက်ရှိ ဆွေးနွေးနေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးချက်များပေါ် အခြေပြုပြီး ပေါ်ထွက်လာမယ့် ဖွဲ့စည်းပုံ ပြင်ဆင်ချက်များကို ၂၀၁၅ ရွေးကောက်ပွဲအလွန် နောက်အစိုးရရဲ့ ပထမဆုံး လွှတ်တော်မှာမှ အတည်ပြု နိုင်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

သူရ ဦးရွှေမန်း ရှင်းလင်းပြောကြား သွားတာက ဒီလိုပါ။ လက်ရှိ နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ လွှတ်တော်တွင်းမှာ ပြုလုပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူသဘော ဆွေးနွေးချက်တွေကို ဥပဒေကြမ်း ပြုစုပြီး ၂၀၁၅ ဇန်န၀ါရီလထဲမှာ ကျင်းပမယ့် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုမယ်။ ပြင်ဆင်ဖို့ ဆုံးဖြတ် အတည်ပြုလိုက်တဲ့ ပုဒ်မတွေထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ပြင်ဆင်ရမယ့် ပုဒ်မတွေအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ မေလမှာ ကျင်းပ ပြုလုပ်ပြီး အတည်ပြုမယ်။

ဒါပေမဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးပြီးချင်း ဖွဲ့စည်းပုံ ပြင်ဆင်မှု လုပ်ငန်းစဉ်တွေကို မပြုလုပ်သေးဘဲ ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရ လက်ထက် ပထမဆုံး လွှတ်တော်မှာမှ ဖွဲ့စည်းပုံ ပြင်ဆင်ချက် လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောပါ။ သူရဦးရွှေမန်း ပြောကြား~ ချက်တွေကတော့ သိပ်ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ဒါပေမဲ့ အထက်ဖော်ပြပါ လုပ်ငန်းစဉ် (Process) အတိုင်း လုပ်ဆောင်မယ့် သဘောလို့ ကောက်ယူ ရမှာပါ။

၂၀၁၅ အလွန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်မယ် ဆိုပေမယ့်လည်း ““ရွေးကောက်ပွဲပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ် မူတည်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”” ဆိုတဲ့ ပြောကြားချက် အရဆိုရင် ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်ဦးမယ် ဆိုတဲ့ သဘော ပါဝင်နေပါတယ်။ ဦးရွှေမန်းရဲ့ ပြောကြား ချက်များအရ-

(၁) ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးကြ၊ ပုဒ်မ ၄၃၆ (က) အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမယ်ဆိုရင်လည်း ၂၀၁၅ မေလမှာ ကျင်းပ၊

(၂) ၂၀၁၅ မေလအလွန်မှာ ဖွဲ့စည်းပုံပါ ဘယ်ပုဒ်မတွေ၊ ဘယ်ပုဒ်မတွေ ပြင်မယ်၊ ဖြည့်စွက်မယ်ဆိုတဲ့ အဖြေ တစ်ခု ထွက်လာမယ်၊

(၃) ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကိုတော့ ပြည်သူအပေါင်း လက်မခံဖြစ်နေတဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်ကြီး အတိုင်းပဲ ဖြတ်သန်းကြ၊

(၄) နောက်အစိုးရတက်လာမှ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လုပ်ငန်းစဉ် တကယ် အတည်ဖြစ်မယ်လို့ ကောက်ယူ နိုင်ပါတယ်။

အဲဒီတော့ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်တော့ ရှိမယ်။ ပြင်ဆင်ဖို့ အတည်မပြု နိုင်သေးဘူး ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲအထိ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပဲ နိုင်ငံရေး အခင်းအကျင်းတွေကို ဖြတ်သန်းကြလို့ ဆိုလိုလိုက်တာပါ။

ပထမဆုံး အချက်အနေနဲ့ ဝေဖန်ရရင် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ လုပ်ငန်း တာဝန်ထဲမှာ မပါတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချိန်ရွှေ့ဆိုင်းမှုကို လွှတ်တော်ဥက္ကဋ္ဌတစ်ဦးတည်း သဘောနဲ့ ဆုံးဖြတ်ခွင့် ရှိပါသလားဆိုတဲ့ မေးခွန်းပါ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီတွေဖွဲ့၊ လွှတ်တော်တွင်း အကြိတ်အနယ် ဆွေးနွေးနေချိန်မှာမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချိန်ရွှေ့ဆိုင်းမှုကို လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ လုပ်ငန်း တာဝန်ထဲမှာလည်း မပါဝင်ဘဲ တစ်ဦးတည်း သဘောနဲ့ အချိန်ရွှေ့ဆိုင်းခွင့် ရှိပါသလား။ လွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချိန် ရွှေ့ဆိုင်းမှု ကို ဆွေးနွေး အတည်ပြုချက် မယူသင့်ဘူးလား။ ပြည်သူ့ သဘောထား ထောက်ခံမှုရော မလိုအပ် ပေဘူးလား။ အခုဖွဲ့စည်းပုံ ပြင်ဆင်ရေး အချိန်ရွှေ့ဆိုင်းမှုဟာ လွှတ်တော် ဥက္ကဋ္ဌတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် ဘောင်ကို ကျော်ပြီး ဆုံးဖြတ်ချက် ချပြီးမှ ပြည်သူကို အသိပေးတယ်လို့ပဲ ယူဆရမှာပါ။ အရင် စစ်အာဏာရှင် ခေတ်က လုပ်ထုံးလုပ်နည်း တစ်ရပ်ဖြစ်တဲ့ ဥပဒေက မည်သို့ပင် ဆိုစေကာမူဆိုတဲ့ ထုံးကို နှလုံးမူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ဆောင်ချက်လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

ဒုတိယ တစ်ချက်အနေနဲ့ ဝေဖန် ထောက်ပြစရာ ရှိတာက နိုင်ငံရဲ့ဥပဒေပြုရေး ကဏ္ဍမှာ အထွတ်အထိပ် နေရာယူထားတဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးရဲ့ ကတိက၀တ် ပျက်ကွက်မှုပါ။ ပြည်သူအပေါင်း အယုံအကြည် ကင်းမဲ့စေတဲ့ ဆိုးရွားတဲ့ လုပ်ဆောင်ချက် တစ်ခုဆိုရင်လည်း မမှားပါဘူး။

ပြည်ထောင်စု လွှတ်တော် နာယကဟာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းစေပြီး ကော်မတီရဲ့ တာဝန်တွေကို သတ်မှတ် ပေးစဉ်တုန်းက ““၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြင်ဆင်ပြီး ဖြစ်ရမည်””ဆိုတဲ့အချက် ပါဝင်ပါတယ်။ အခုတော့ ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံပြင် ဆင်ပြီး ဖြစ်ရမည်လို့ တာဝန် သတ်မှတ်ပေးခဲ့တဲ့ လွှတ်တော် နာယကကြီးက ၂၀၁၅ အလွန်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်မယ်လို့ ဆိုတဲ့အခါ ကော်မတီတာဝန် ထမ်းဆောင်သူတွေက တာဝန်အတိုင်း အချိန်ကိုက် အစီရင်ခံစာ တင်သွင်းနိုင်ပြီး တာဝန်သတ်မှတ်ပေးသူ အကြီးအကဲ ကိုယ်တိုင်ကတော့ သူ တာဝန် ပေးထားတဲ့ အချက်ကို သူကိုယ်တိုင် ပြန်လည် ချိုးဖောက် လိုက်တာပဲဖြစ်ပါတယ်။

လွှတ်တော်နာယကရဲ့ စကားကတိ ချိုးဖောက်မှုတွေကို လေ့လာကြည့်ရင် ၂၀၁၄၊ သြဂုတ် ၁ ရက်က နေပြည်တော် လွှတ်တော် အဆောက်အအုံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ““လွှတ်တော်နာယက သူရဦးရွှေမန်းက”” ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးမည် ဆိုတဲ့ ကတိကို တည်၊ မတည် စောင့်ကြည့်ပါ”” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ““၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အားလုံးပြီးမြောက်အောင် ဆောင်ရွက် နိုင်မယ်လို့ မိမိတို့ ယုံကြည်ပါတယ်။ ကြိုးစားလည်း ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ ဟုတ်ခြင်း၊ မဟုတ်ခြင်း ဆိုတာတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ မိမိတို့ ပေးထားတဲ့ ကတိကို ကတိအတိုင်း ဖြစ်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”” ဆိုပြီး သူရဦးရွှေမန်းဟာ ကတိအတည်တွေပေးပြီး ပိတ်ကားမှာ ပေါ်လာလို့ ကြည့်လိုက်တော့ ပြည်သူတွေဟာ ကတိအကျိုးအပျက် တွေကိုသာ စိတ်ပျက်ဖွယ် တွေ့လိုက် ရပါတယ်။

လွှတ်တော် နာယကကြီး ချေမွခဲ့တဲ့ ကတိတွေဟာ ဒီမှာတင် ဆုံးခန်း မတိုင်သေးပါဘူး။ လွန်ခဲ့တဲ့လ ၂၀၁၄၊ အောက်တိုဘာ ၇ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့မှာ အာရှ-ဥရောပ ပါလီမန်ဆိုင်ရာ မိတ်ဖက် အစည်းအဝေးကို လွှတ်တော် နာယက အနေနဲ့ သူရဦးရွှေမန်း တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ သူရဦးရွှေမန်းက ““ပြည်ထောင်စု လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (လက်ရှိကျင်းပဆဲ လွှတ်တော် အစည်းအဝေး။ စကားချပ်)တွင် နိုင်ငံတော် အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ သင့်တော်မှုရှိတဲ့ ရွေးကောက်ပွဲ စနစ်တွေ လေ့လာခြင်းစတဲ့ အရေးတကြီး ဆွေးနွေးမယ့် အစီအစဉ်များ ရှိကြောင်း၊ ယင်းကိစ္စရပ် တွေကို တင်ပြနိုင်ဖို့ လွှတ်တော် အထူးကော်မရှင်တွေ ဖွဲ့စည်း ပေးခဲ့ပြီး ရွေးကောက်ပွဲ မကျင်းမပီ ၆ လအလိုမှာ ပြီးမြောက်အောင် ဆောင်ရွက်သွားပါ့မယ်”” ဆိုပြီး ကမ္ဘာသိ ပြောဆို ခဲ့ပါသေးတယ်။

ခြုံငုံ သုံးသပ်ရရင် နိုင်ငံတစ်ဝန်းက ပြည်သူအပေါင်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒများ ပြင်းပြနေချိန်၊ ပြည်သူ့ဆန္ဒပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ငါးသန်းနီးပါး လွှတ်တော်ကို တင်ပြထားချိန်၊ ပုဒ်မ ၅၉(စ) ပြင်ဆင်ပေးဖို့ လိုလားနေချိန် လက်ရှိကာလမှာ လွှတ်တော်နာယက သူရဦးရွှေမန်း ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေး မဖြစ်နိုင်ဆိုပြီး ပြောကြားလိုက်ခြင်း ဟာပြည်သူ့ မျှော်လင့်ချက်ကို ရိုက်ချိုး လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

လွှတ်တော်နာယက တစ်ဦးရဲ့လုပ်ငန်း တာဝန်တွေမှာမပါဝင်ဘဲ လွှတ်တော်နဲ့ ပြည်သူ့ဆန္ဒလည်း မခံယူဘဲ (မိမိ တစ်ဦးတည်း သဘောဆန္ဒ) အခြေခံဥပဒေ ပြင်ဆင်ရေး အချိန်ရွှေ့ဆိုင်း လိုက်ခြင်းဟာ အရင်စစ်အစိုးရခေတ် စစ်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ထူးမခြားနားသာ ဖြစ်တယ်လို့ ကောက်ချက် ချရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ ဥပဒေပြုရေး ဦးသျှောင်ပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ကတိစကားတွေ အကြိမ်ကြိမ် ချိုးဖောက်ခြင်း ဟာ ပြည်သူတို့ရဲ့ ယုံကြည်မှုကို ကျိုးပျက် သွားစေတာဟာလည်း အမှန်ပဲဖြစ်ပါတယ်။

လွှတ်တော်နာယကရဲ့ ““ရွေးကောက်ပွဲပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ် မူတည်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”” ဆိုတဲ့ စကားအရ ၂၀၁၅ ရွေးကောက်ပွဲပြီးရင်ကော အခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းစဉ် သေချာပါ့မလားဆိုတဲ့ မေးခွန်းတစ်ခုလည်း ပြည်သူကြားမှာ ဒွိဟဖြစ်စရာ ပေါ်လာပါတယ်။

လင်းထိုက်(Y.I.T)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


ပုသိမ်၊ နိုဝင်ဘာ ၂၆

သမ်္မတ ဦးသိန်းစိန် အနေဖြင့် ယခုကဲ့သို့ သမ္မတ ဖြစ်လာစေသည့် အကြောင်းရင်းများတွင် ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အကြီးအကဲများအပေါ် ကလန်ကဆန် မလုပ်ခဲ့ခြင်းနှင့် အလုပ်လုပ်ရာတွင် တည်ငြိမ်မှု ရှိခြင်းကြောင့်ဖြစ်ကြောင်း ၎င်း၏ အစ် ကိုဖြစ်သူ ဦးထွန်းမြင့်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သမ္မတဇာတိဖြစ် သည့် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက် နယ် ကျေးရွာတွင် ပြုလုပ်သည့် သမုဒ္ဒရံသီ စေတီတော် ထီးတင်ပွဲ အခမ်း အနား၌ ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်မှာ မောင်နှမသားချင်း သုံးဦးရှိပြီး အငယ်ဆုံြး ဖစ်ကြောင်းနှင့် ငယ်စဉ်ကပင် စာဖတ်သည့် အလေ့အကျင့် ရှိကြောင်း လည်း ဦးထွန်းမြင့်က ယခုကဲ့သို့ ပြောပြသည်။

““သူ့ကို သမ္မတတစ်ယောက် ဖြစ်လာစေဖို့အတွက် အတိတ်၊ ပစ္စုပ္ပန် အကြောင်းအကျိုးတွေ လိုတယ်။ အတိတ် အကြောင်းကြောင့် ပစ္စုပ္ပန်မှာကတော့ သူက သူ့ကိုယ်သူ ကောင်းအောင် နေတယ်။ စိတ်ကို နိုင်အောင် ထိန်းတယ်။ မလုပ်သင့်တာကို မလုပ်ဘူး။ နောက်တစ်ခုက အမူအကျင့်ပဲ။ သူ့အကျင့်က အားနေရင် စာကြည့် တာပဲ။ သူက အားနေရင် အင်္ဂလိပ်စာ လေ့လာတယ်။ အချိန်ကို အလကား မထားဘူး။ ပြီးတော့ လက်ဖက် ရည်ဆိုင် ထိုင်တာတို့လည်း သိပ်မလုပ်ဘူး။ နောက်တစ်ခုက သူက သူ့အထက် လူကြီးတွေကို လေးစားတယ်။ လူကြီးတွေရဲ့ စကားကို နားထောင်တယ်။ လူကြီးတွေကို ကလန်ကဆန် မလုပ်ဘူး။

ဗိုလ်ချုပ်မှူးကြီးတွေ၊ ဗိုလ်ချုပ်ကြီး သန်းရွှေတို့၊ ဗိုလ်ချုပ်ခင်ညွန့်တို့ အဲဒီအနားတွေမှာနေပြီး အဲဒီလူကြီးတွေရဲ့ စကားကို နားထောင်တယ်။ သိပ်ပြီးတော့ ကလန်ကဆန် ခံပြောတာတို့၊ ကြွပ်ဆတ်ဆတ် လုပ်တာတို့ သူကမရှိ ဘူး။ နောက်တစ်ခုက သူ့အမူအရာက ဘယ်လိုပဲခိုင်းခိုင်း ပျာရိပျာယာလုပ်တာ မရှိဘူး။ တည်တည်ငြိမ်ငြိမ် မှန်မှန်ပဲ။ လူကြီး ခေါ်လည်း တချို့အရာရှိတွေဆို အပြေးအလွှား သွားတတ်တယ်။ သူကတော့ မှန်မှန်ပဲ။ အဲဒီတော့ သူ့စိတ်ကိုတော့ တည်ငြိမ်အောင် ထားတယ်။ စိတ်ငြိမ်အောင် ဂေါက်ရိုက်တယ်။ နောက် နှလုံးခုန်စက်တပ် ထားရတော့ ဂေါက်မ ရိုက် နိုင်တော့ဘူး””ဟု ဦးသိန်းစိန် သမ္မတ ဖြစ်ရခြင်း အကြောင်းရင်းတစ်ရပ် အဖြစ် သမ္မတ၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ယူဆပြောဆိုသည်။

ဦးသိန်းစိန်မှာ မိသားစုအကျိုးထက် အများပြည်သူ အကျိုးကိုသာ ကြည့်တတ်သူ ဖြစ်ကြောင်း၊ ဆွေမျိုးများက အကူအညီ တောင်းခံမှုများ ရှိသော်လည်း မိမိအစွမ်းအစဖြင့်သာ လုပ်ဆောင်ကြရန် ပြောဆိုလေ့ ရှိကြောင်း ကိုလည်း ယခုကဲ့သို့ ပြောပြသည်။

““သူကတော့ မိသားစုကိစ္စ သိပ်အလေးမထားဘူး။ အများပြည်သူ အရေးပဲ အလေးထားတယ်။ ငါတို့လည်း ဆင်းဆင်းရဲရဲပဲ နေရတယ်။ ဘာမှ မလုပ်နိုင်ဘူး။ ဟိုဟာတောင်း၊ ဒီဟာတောင်းပဲ လုပ်နေရတယ်။ ငါ့သား သမီးတွေ ဆိုလည်း ““မင်းတို့ အရည်အချင်းနဲ့ မင်းတို့လုပ်ကြ””လို့ ပြောတယ်။ ငါ့သားအကြီးက လက်ထောက် ညွန်ကြားရေး မှူးရာထူးနဲ့ မကွေးမှာ တာဝန်ကျတယ်။ သူ့ကိုလည်း ““ကိုယ့်အစွမ်းအစနဲ့ ကိုယ်လုပ်။ ငါ့ ကို ဟိုဟာလာပြောခိုင်း၊ ဒီဟာ လာပြောခိုင်း မလုပ်နဲ့””လို့ ပြောတယ်။ ကိုယ်တို့လည်း လောဘသားပဲ။ ဟိုဟာလေး လည်း လိုချင်၊ ဒီဟာလေးလည်း လိုချင်ပေါ့။ သူကတော့ ဘဘကို ““ဘာမှမလုပ်နဲ့။ လိုချင်တာရှိရင် ကျွန်တော့် ကိုပြော””လို့ ပြော တယ်။ သူကလည်း ပေးနိုင် ကျွေးနိုင် သလောက်တော့ ပေးတာကျွေးတာပေါ့။ သူက င့ါကို ပြောသာနေ တာ။ မြေကွက်တစ်ကွက် မပေးဖူးဘူး။ တစ်ခုတော့ ရှိတယ်။ သူ့အိတ်ထဲက ပိုက်ဆံစိုက်ပြီး ဖုန်းလေး တစ်လုံးတော့ ၀ယ်ပေးဖူးတယ်။ မျက်စိခွဲစိတ် ကုသပေးဖူးတယ်”” ဟု သမ္မတ၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က မီဒီယာများသို့ ပြောသည်။

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

   
ဦးလှမျိုးနောင်
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း ဦးလှမျိုးနောင် အသက် ၄၇ နှစ်ဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ  နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီ ၄၀ မိနစ်က ကွယ်လွန်သွားပါတယ်။

ကာလရှည် နာမကျန်းဖြစ်နေတဲ့ ဦးလှမျိုးနောင်ဟာ အသည်းရောဂါနဲ့  မနေ့က ဆေးရုံ မှာ တက်ရောက် ဆေးကုသမှုခံယူနေရာက   ဒီကနေ့ မနက်မှာ ကွယ်လွန်သွားတာလို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။

“အဓိက အသည်းခြောက်တာပါ။  တခြားရောဂါတွေလည်း ရှိတယ်လို့ပြောတယ်။ သူကရောဂါစုံတယ်။ ဆေးရုံတင်တာလည်း နောက်ကျတဲ့သဘောပေါ့။ မနေ့ကတင် ဒီနေ့ဆုံးတယ်ဆိုတော့  ရောဂါကျွမ်းပြီဆိုတဲ့ သဘောဖြစ်တာပေါ့။ ဆေးရုံမတင်ခင် တပတ်လောက်က ကျနော့်အိမ်ကိုသူရောက်လာသေးတယ်၊ ကျနော်တို့က ရေရှည်ကုရမယ်ထင်ထားတာ၊ ခုတော့ ဗြုန်းစားကြီးဆုံးသွားတာပေါ့။”

ကျောက်ပန်းတောင်းမှာ မွေးဖွားခဲ့တဲ့ ဦးလှမျိုးနောင်ဟာ  ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာသင်ယူခဲ့ပြီး ၁၉၈၈   ကျောင်းသား လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ၅ နှစ်ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။

၂၀၀၇ ခု သြဂုတ်လ  လောင်စာဆီဈေးနှုန်းကျဆင်းရေး  ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက်လည်း ဦးလှမျိုးနောင်ကို စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ်ချမှတ် အကျဉ်း ထပ်ချထားခဲ့ပြန်ပါတယ်။

၂၀၁၂ ဇန်န၀ါရီမှာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့  တခြား ကျောင်း သားခေါင်းဆောင်တွေနဲ့အတူ ဦးလှမျိုးနောင်လည်း ပြန်လည်လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းမှာ  ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်ခဲ့ ပါတယ်။

လုပ်ဖော်ကိုင်ဖက်တဦး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဦးမင်းဇေယျက “လှမျိုးနောင်ဆိုတာက ၁၉၈၈ မတ်လ ကျောင်းသားအရေးအခင်းကစပြီး ကျနော်တို့နဲ့ တောက်လျှောက်တွဲလာတဲ့ ကျောင်းသားခေါင်းဆောင်တယောက်ပါ။ ဒီမိုကရေစီရရှိရေး စစ်အာဏာရှင် အမြစ်ဖြတ်ရေးတိုက်ပွဲတွေမှာ နှစ်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ပါပဲ။ ၈လေးလုံးအရေးတော်ပုံကနေ ခုချိန်ထိ သူ့ရဲ့ စွမ်းစွမ်းတမံလုပ်ဆောင်မှုတွေဟာ အားလုံး အမှတ်တရတွေပါပဲ။ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာတော့ နှမြောစရာတော့ ကောင်းတာပေါ့ဗျာ။ သူ့ရဲ့ စွန့်လွှတ်မှုတွေ၊ ပေးဆပ်မှုတွေ၊ အနစ်နာခံမှုတွေ အပေါ်မှာတော့ ကျနော်တို့က အမြဲတမ်းလေးစားနေမှာပါ” လို့ ပြောပါတယ်။

ဦးလှမျိုးနောင်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ရဲဘော်ရဲဘက်တဦးဖြစ်သူ ဦးမြအေးကလည်း “ကျနော်တို့ ၁၉၈၈ – ၈၉ ကာလတွေကစပြီး ထောင်တွေကျတဲ့ အချိန်မှာ ကိုလှမျိုးနောင်လည်းပါပါတယ်။ အဲဒီအချိန်တွေက ထောင်ထဲမှာ အရမ်းကြမ်းတမ်းတဲ့ ကာလတွေပေါ့။ အဲဒီကာလတွေကို အတူတူကျော်ဖြတ်ခဲ့ကြတယ်။ အဲဒီအချိန်အခါမှာ ကိုလှမျိုးနာင်ရဲ့ မိဘတွေက တော်တော်ကို စီးပွားရေးအင်အားတောင့်တင်းခဲ့ကြတဲ့ အခြေအနေပါ။ ဒါပေမယ့် ခေတ်စနစ်ရဲ့ တိုက်စားမှုကြောင့် နောက်ဆုံး ကွယ်လွန်သွားတဲ့ အချိန်မှာတော့ သူ့မှာ ပိုင်ဆိုင်မှုဘာမှမရှိဘူး။ သူပိုင်ဆိုင်ခဲ့တဲ့ဟာက သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး သမိုင်း၊ တိုင်းပြည်အတွက် သူစွန့်လွှတ်အနစ်နာခံခဲ့တယ်ဆိုတဲ့သမိုင်း ဒါပဲသူ့မှာရှိတယ်။ ကျနော်ကတော့ သူ့ကို အရမ်းခင်တဲ့ သူငယ်ချင်းတယောက်အနေနဲ့ရော ရဲဘော်ရဲဘက် တယောက်အနေနဲ့ရော ကျနော်သူ့ရဲ့ သမိုင်းကို လေးစားနေမှာဖြစ်တယ်။ အသိအမှတ်ပြုနေမှာ ဖြစ်တယ်။ အမြဲသတိရနေမှာဖြစ်တယ်” လို့ ပြောပါတယ်။

ဦလှမျိုးနောင်ရဲ့ ဈာပနကို   နိုဝင်ဘာ ၃၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး  ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ညနေ ၃ နာရီ သင်္ဂြိုဟ်ဖို့ အစီအစဉ် ရှိပါတယ်။

By ပီတာအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/72230


နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်း ပဲခူးမြို့တောင်ဘက် အရှေတောင်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်သွားတဲ့ ငလျင်အပါအ၀င် ဒီနှစ်ထဲ ငလျင် ၄၇ ကြိမ် လှုပ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေ၀သဌာန စာရင်းဇယား ဖော်ပြချက်တွေအရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် ငလျင်လှုပ်ခဲ့တာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းကတော့ အခု လှုပ်ခတ်နေတဲ့ ငလျင်ငယ်တွေဟာ ဖြစ်ရိုးဖြစ်စဉ် လှုပ်ခတ်နေတာဖြစ်ပြီး ငလျင်ကြီးတွေလှုပ်ဖို့ မမြင်မိသေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာပြည်ဟာ ငလျင်ပြတ်ရွေ့ကြော ၂ ခုနား တည်ရှိနေတာကြောင့် ပမာဏကြီးမားတဲ့ ငလျင်ကြီးတွေ အချိန်မရွေးလှုပ်နိုင်လို့ သတိပြုနေထိုင်ကြဖို့လည်း နှိုးဆော်လိုက်ပါတယ်။ ဦးစိုးသူရထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးစိုးသူရထွန်းခင်ဗျာ၊ ဒီရက်ပိုင်း ငလျင်ဆက်တိုက်လှုပ်တဲ့သတင်း ကြားရတယ်၊ အကျိုးအကြောင်း ပြောပြပေးပါဦး။

“ကျနော်တို့လည်း သတိထား ကြည့်နေပါတယ်။ ကျနော့်အမြင်အရတော့ ခုလှုပ်နေတဲ့ ငလျင်တွေက ငလျင်ငယ်လေးတွေဖြစ်တာ တကြောင်းပေါ့၊ နောက်တ ခုက နေရာတနေရာစီကနေ လှုပ်နေတဲ့အခါ ကျတော့ နောက် ထပ်ငလျင်ကြီးတခု လှုပ်ဖို့ ပြင်နေတယ်လို့ မမြင်ပါဘူး၊ ဖြစ်ရိုးဖြစ်စဉ်တခုလို့ပဲ ခုချိန်ထိ မြင်ပါသေးတယ်။”

မန္တလေးလှုပ်လိုက်၊ ရန်ကုန်လှုပ်လိုက်၊ ပဲခူးလှုပ်လိုက်၊ ဆက်တိုက်လှုပ်နေတာရော ဘယ်လိုမြင်လဲဗျ။

“တခါတလေမှာ အဲ့ဒီလိုမျိုး ဆက်တိုက်လှုပ်တာ ဖြစ်တတ်ပါတယ်။ ဥပမာ ၂၀၀၄ ဆူနာမီကြီးပြီးတော့ မန္တလေးတို့၊ နမ့်ဆန်တို့ဘက်မှာ အဲ့လိုမျိုး ငလျင်ငယ်လေးတွေ လှုပ်သလိုပေါ့၊ မြေထုချက်တွေက ပုံမှန်အတိုင်း ရွေ့သွားတတ်တာလည်း ရှိတတ်တယ်ဗျ။ အဲ့ဒီလို ရွေ့သွားတဲ့အခါမျိုးမှာ ကျန်တဲ့အသေးအမွှားနေရာလေးတွေမှာ လိုက်လှုပ်တတ်ပါတယ်။”

စစ်ကိုင်းပြတ်ရွေ့ကျောတို့ ဘာတို့နဲ့ ပတ်သက်မှု ရှိလားခင်ဗျ။

“အခုထိ မြင်ရသလောက်တော့ တိုက်ရိုက်ပတ်သတ်နေတယ်လို့ မမြင်ပါဘူး။ ပြီးခဲ့တဲ့ ရက်တွေက လှုပ်ခဲ့တာဆိုရင် အနောက်ဘက် ရခိုင်ရိုးမ၀န်းကျင်မှာ လှုပ်ခဲ့တာဖြစ်တယ်။ ချင်းတောင်တန်းနဲ့ နာဂတောင်တန်းတို့မှာ လှုပ်ခဲ့တာများတယ်။ နောက်တခါ ရှမ်းပြည်အရှေ့ပိုင်းမှာ လှုပ်ခဲ့တာလည်းရှိတယ်။ အဲ့ဒီတော့ အလယ်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကျောနဲ့တော့ တိုက်ရိုက်ဆက်စပ်နေတာ မရှိပါဘူး။”

ရန်ကုန်မှာက ကန်ထရိုက်တိုက်တွေများတယ်ဗျ။ ငလျင်ကြီးလာရင် ဒဏ်ခံနိုင်ပါ့မလား၊ ဘယ်လိုမြင်ရလဲ။

“အဲ့ဒီလိုမျိုးစဉ်းစားရင်တော့ ကျနော်တို့လည်း စိတ်ပူပါတယ်ခင်ဗျ။ အထူးသဖြင့် ၁၉၉၀ နောက်ပိုင်းဆောက်တဲ့ ကန်ထရိုက်တိုက်တွေက ခိုင်ခံ့မှုပိုင်း အားနည်းကြတယ်ခင်ဗျ။ ရန်ကုန်မှာလည်း ခုနက ပြောတဲ့ ငလျင်ငယ်လေးတွေနဲ့တော့ မဆိုင်ဘူး။ ဒါပေမယ့် ငလျင်ကြီးလှုပ်မယ်ဆို လှုပ်နိုင်တဲ့အခြေအနေ ရှိနေပါတယ်။”

အဲ့ဒီတော့ ငလျင်ကြီး လှုပ်မယ်ဆိုတာလည်း ကြိုတင်သိနိုင်တော့ မဟုတ်တော့ ဘယ်လိုပြင်ဆင် ကာကွယ်သင့်သလဲခင်ဗျ။

“အဲ့ဒီအပိုင်းက အရေးကြီးဆုံးပါ။ မြန်မာနိုင်ငံက ငလျင်ဇုန်အပေါ်ကျနေတော့ အချိန်မရွေးလည်း လှုပ်နိုင်တဲ့ အခြေအနေဖြစ်နေတော့ ကျနော်တို့ဘက်က အလုပ်နိုင်ဆုံးက အဆောက်အအုံပိုင်းပါ။ လူတွေကို အန္တရာယ်ပေးနိုင်တာက အဆောက်အအုံတွေဖြစ်နေတော့ ငလျင်ဒဏ် ခံနိုင် မနိုင် ပြန်လည်စစ်ဆေးသင့်ပါတယ်။ အသစ်ဆောက်တဲ့ အဆောက်အအုံတွေကတော့ ကျနော်တို့ ကြားသိရသလောက်က ခိုင်ခံ့မှုအပိုင်းမှာ အစိုးရက နည်းနည်း ကြပ်ကြပ်မတ်မတ်စစ်တော့ စိတ်ချရတယ်။ အဓိကကတော့ အဆောက်အအုံဟောင်းတွေပေါ့၊ တတ်နိုင်ရင်ပြန်ပြီး စစ်ဆေးသင့်တယ်။”

အဲ့ဒီတော့ မတတ်သာလို့ အထပ်မြင့်တွေမှာ နေထိုင်နေကြရတဲ့သူတွေရော ဘယ်လို ပြုမူနေထိုင်သင့်သလဲ။

“အဆောက်အအုံကြီးတခုလုံး ပြိုကျပျက်စီးသွားတာတော့ တပိုင်းပေါ့။ ကိုယ်တိုင် တတ်နိုင်တဲ့ အပိုင်းမဟုတ်ဘူးပေါ့။ ဒါပေမယ့် တဦးချင်းအနေနဲ့ မိသားစုတွေအနေနဲ့ စဉ်းစားသင့်တာက ငလျင်လှုပ်ရင် ဖြစ်စဉ်အများစုက လေးလံတဲ့ အရာဝတ္ထုတွေ ပြုတ်ကျတာတို့ အဲယားကွန်းတို့လိုဟာမျိုးတွေ ပြုတ်ကျလို့ ထိခိုက်ဒဏ်ရာရကြတာ များပါတယ်။ ဆိုတော့ ကိုယ့်ရဲ့ အဆောက်အအုံခန်းထဲမှာ ဒါမျိုးတွေဟာ ငလျင်လှုပ်ရင် ပြုတ်ကျနိုင်သလား စစ်ဆေးထားသင့်တာပေါ့။ အရေးပေါ်ဖြစ်လာရင် ဘယ်နေရာဟာ ရှောင်ပုန်းဖို့ သင့်သလဲ ကြိုပြင်ထားသင့်တယ်။ ငလျင်လှုပ်ရင် အပြင်ကို ထွက်ပြေးတာတို့၊ အပြင်ကနေ အတွင်းဝင်တာတို့ လုပ်တာက ပိုပြီး အန္တရာယ်များပါတယ်။ ငလျင်လှုပ်တဲ့အခါ အနားရှိတဲ့ ခိုင်ခံ့တဲ့ စားပွဲတို့၊ ကုတင်တို့အောက်မှာ ပုန်းခိုနေသင့်ပါတယ်။ မိသားစုတွေအနေနဲ့ ဒါကို ကြိုပြီး စဉ်းစားထားသင့်ပါတယ်။”

ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပေးပါ။

“လူတွေကတော့ ငလျင်ငယ်လေးတွေလှုပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြတာ ရှိတယ်။ ဒီစစ်ကိုင်းပြတ်ရွေ့ကြီး ကိုယ်တိုင်ရော၊ နောက် အနောက်ဘက်ရခိုင်ကမ်းခြေရဲ့ အနောက်ဘက်မှာရှိတဲ့  အမ်ဒမမ်ပြတ်ရွေ့ကြီးတွေက ကျနော်တို့နိုင်ငံနား ရှိနေတော့ ငလျင်ပမာဏ အကြီးကြီးတွေကလည်း အချိန်မရွေးဖြစ်နိုင်ခြေရှိတယ်။ ရှိတော့ အမြဲတမ်းအချိန်မရွေး သတိထားသင့်တဲ့ အခြအနေပါပဲလို့ ပြောချင်ပါတယ်။”

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/72221


ပုံညွှန်းစာ (၁) သမ္မတဦးသိန်းစိန်၏ အစ်ကိုရင်းဖြစ်သူ ဦးထွန်းမြင့်

ပုံညွှန်းစာ (၂) ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာရှိ သမုဒ္ဒရံသီစေတီတော် ထီးတင်ပွဲသို့ တက်ရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်

ပုသိမ်၊ နိုဝင်ဘာ၂၆

သမ္မတဦးသိန်းစိန်အား လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အရွေးချယ် မခံစေလိုဘဲ ဘာသာရေး လုပ်ငန်းများ တွင်သာ လုပ်ကိုင်စေလိုကြောင်း သမ္မတ၏ အစ်ကို ရင်းဖြစ်သူ ဦးထွန်းမြင့်က မြန်မာသံတော်ဆင့် သို့ ပြော သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သမ္မတ၏ မွေးရပ် ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်း ကြီး ကျွန်းမြို့၊ ကျုံကူးကျေးရွာရှိ သမုဒ္ဒရံသီ စေတီတော် ထီးတင်ပွဲသို့ သမ္မတဦးသိန်းစိန်နှင့် အတူလိုက်ပါလာသည့် အစ်ကိုဖြစ်သူ ဦးထွန်းမြင့် အား မြန်မာသံတော် ဆင့်က မေးမြန်းစဉ် ယခုကဲ့သို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

““အသက် ၁၈ နှစ်သား လောက်တည်းက တပ်ထဲဝင်သွားပြီး တိုင်းပြည် တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီးပြီပဲ။ အဘဆန္ဒအရတော့ ဆက်မလုပ် စေချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေး အရပဲ။ နှလုံးခုန်စက် တပ် ထားရပြီးပြီ။ အခု အသက် ၇၁ နှစ်ရှိပြီဆိုတော့ အဘကတော့ မှန်တာကို ပြောရရင် ဘာသာရေးကိုပဲ လုပ်စေ ချင်တယ်။ လောကီရေးတွေချည်းပဲ လုပ်နေရင် ငရဲကျနေမယ်။ အဘတို့ ငယ်ငယ်တုန်းက တေမိ ဇာတ်ကို ကြည့်ဖူးတယ်။ တေမိမင်းသား မွေးလာတော့ စကားပြောတတ်တဲ့ အရွယ်မှာ စကားမပြောဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက ဇာတိဿရဉာဏ်ရတယ်လေ။ အရင်ဘ၀က အိမ်ရှေ့မင်း သား ဖြစ်ခဲ့ပြီးတော့ မုဆိုးမတစ်ဦးရဲ့ တဲကိုတိုက်ပြီး ဖျက်ပစ်လိုက်တယ်။ အဲဒါသေတော့ ငရဲမှာကျတယ်။ ဒါတွေကို သူက ဇာတိဩဿရဉာဏ် ရတော့ မြင်ရတယ်။ အရင်ဘ၀က လုပ်ခဲ့တာတွေကို ပြန်မပြောတဲ့အတွက် စကားမပြောဘဲ နေတယ်။ ဒါကြောင့် အဘကတော့ အစ်ကိုတစ်ယောက် အနေနဲ့ သူ့ကိုလည်းပဲ တိုင်းပြည်ကို ဒီလောက်အထိ လုပ်ပေးရ တော်လောက် ပြီပေါ့။ ဆက်မလုပ်စေချင်တော့ဘူး။ သူကတော့ အစ်ကိုကို လုပ်မယ် လည်း မပြောဘူး။ မလုပ်ဘူးလည်း မပြောဘူး”” ဟု သမ္မတ၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။

သမ္မတဦးသိန်းစိန်ကို မီဒီယာများက ဝေဖန်ရေးသားမှုများကြောင့် သမ္မတ၏ သမီးများက ဖခင်ဖြစ်သူအား အလုပ်မှ နုတ်ထွက်ရန်အတွက် တိုက်တွန်း ပြောကြား ခဲ့ကြောင်းကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပြောကြား ခဲ့သည်ဟု ပြည်ထောင်စုအဆင့် အကြီးအကဲတစ်ဦးက မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် တပ်မတော် အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သူ့တွင် သမီးသုံးဦးရှိပြီး အကြီးဆုံးသမီးဖြစ်သူမှာ လက်ရှိတွင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တွင် လုပ်ကိုင်နေသည်။ ဒုတိယမြောက်သမီးမှာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၌ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေပြီး အငယ်ဆုံးသမီး မှာမူ နေပြည်တော်တွင် နေထိုင်သည်။

မိသားစုဝင်များအနေဖြင့် လက်ရှိ သမ္မတရာထူးမှ နုတ်ထွက်ရန်နှင့် နောင်လာ မည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုရန် သဘောထား မှတ်ချက် ပေးနေကြသော်လည်း ကျုံကူး နယ်သားများမှာမူ လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်စေလိုကြောင်း ပြောဆိုလျက် ရှိသည်။

““သမ္မတကြီးကို လာမယ့် နှစ်တွေမှာလည်း သမ္မတအဖြစ် ဆက်ဖြစ် စေချင်ပါတယ်။ သူသမ္မတဖြစ်မှ ကျွန်တော်တို့ရွာ ဖွံ့ဖြိုးတိုးတက် လာတာလေ။ ရပ်ရွာအပေါ်မှာ သူက ပြန်ပြီးကြည့်တယ် ဆိုတော့ သူ့ကို ဆက်ဖြစ် စေချင်တာပါ။ အခြားသူတစ်ယောက်သာ သမ္မတဖြစ်လာရင် ဒီလိုတွေ ဆက်လုပ်ပေးမှာ မဟုတ်တော့ဘူး။ ကိုယ့်ရွာသား က နိုင်ငံတော်သမ္မတဆိုတော့ ရွာလည်း ဂုဏ်ရှိတာပေါ့။ တကယ်လို့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ၀င်မပြိုင်ဘူး ဆိုရင်လည်း သူတို့ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီကိုပဲ မဲပေးမှာပါ။ သူ့ကြောင့် ရွာက အများကြီး ဖွံ့ဖြိုးလာတာလေ။ သူ့ကျေးဇူးတွေ ရှိတာပေါ့””ဟု ကျုံကူး ရွာသားများက ဆိုကြသည်။

ပြည်သူတို့ ဆန္ဒရှိပါက သမ္မတ ဆက်လုပ်ချင်သည်ဟု မီဒီယာများသို့ ပြောကြား ထားသော အသက် ၇၀ ကျော်ပြီ ဖြစ်သည့် သမ္မတ ဦးသိန်းစိန် အနေဖြင့် နောက်ထပ် သမ္မတ သက်တမ်းတစ်ခုအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသက်ကန့်သတ်ချက်များအရ နောက်ဆုံးအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ် ခံနိုင်ကြောင်း နိုင်ငံရေး အသိုင်းအ၀န်းက သုံးသပ်လျက် ရှိသည်။

ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald



၁၁ ကြိမ်မြောက် လွှတ်တော်အရပ်ရပ် ခေတ္တရပ်နားလိုက်တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ လွှတ်တော်အမတ်တွေ လစာ ၁၀ သိန်းပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

အမတ်လစာတိုးပေးသလို နေ့တွက်စရိတ်တွေကိုလည်း တနေ့ ကျပ် ၂ သောင်းပေးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ မြေပုံမြို့နယ်အမတ် ဦးဖေသန်းက ပြောပါတယ်။

အရင် လွှတ်တော်အမတ်လစာ ၁ လ ကျပ် ၃ သိန်းဖြစ်ပြီး နေ့တွက်စရိတ်က ကျပ် ၁ သောင်းဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့သလို ပြည်နယ်တိုင်း အမတ်တွေလစာ ကျပ် ၅ သိန်းတိုးပေးဖို့နဲ့ နေ့တွက်စရိတ် ကျပ် ၂ သောင်းတိုးဖို့လည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်နယ်တိုင်းအမတ်တွေ အရင်လစာက ကျပ် ၂ သိန်းဖြစ်ပြီး နေ့တွက်က ကျပ် ၁ သောင်း ဖြစ်ပါတယ်။

လွှတ်တော်သက်တမ်းကုန်ဆုံးဖို့ ၁ နှစ်လောက်ကျန်ရှိနေချိန်မှာ အခုလို လွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၀န်ထမ်းလစာတိုးဖို့ ဒီတကြိမ်လွှတ်တော်က ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်လောက်တိုးမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ လစာချီးမြှင့်ငွေပြင်ဆင်ရေးဥပဒေကို သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတလက်မှတ်မထိုးလည်း ၁၄ ရက်အတွင်း ဥပဒေက အတည်ဖြစ်မှာပါ။ ဥပဒေအတည်ဖြစ်ပြီးရင်တော့ လွှတ်တော်အမတ်တွေ တိုးမြှင့်လစာ ခံစားကြရမှာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/72239


မကွေးတိုင်း ဒေသကြီး ပခုက္ကူ မြို့မှာ ပေါက်ကွဲ စေနိုင်တယ်လို့ ယူဆရတဲ့ ပစ္စည်းတချို့ကို တွေ့ရှိခဲ့ပါတယ်။ ဦးမြင့်နိုင် သတင်းပေးပို့ ထားပါတယ်။

DVB TV - 28.11.2014