11/30/14

မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင်ရဲ့ ​ညီမဟာ ​မြောက်ကိုရီးယားနိုင်ငံအတွက် ​အရေးကြီးတဲ့ ​ရာထူးကို ​ရရှိကြောင်း ​သတင်းမှာ ​ဖော်ပြထားပါတယ်။
လက်ရှိမြောက်ကိုးရီးယား ခေါင်းဆောင်Kim Jong-un (Credit: AFP)

ခေါင်းဆောင် ​Kim ​Jong-un ​ရဲ့ ​ညီမငယ် ​Kim ​Yo-jong ​ဟာ ​အသက် ​၂၇ ​နှစ်သာ ​ရှိဦးမယ်လို့ ​ယူဆကြပြီး ​အရေးကြီးတဲ့ ​ဌာနတစ်ခုရဲ့ ​ဒုညွန်ကြားရေးမှူး ​ရာထူးကို ​ရရှိသွားတာ ​ဖြစ်ပါတယ်။

၂၀၁၁ ​ခုနှစ်တုန်းက ​သူမရဲ့ ​ဖခင် ​Kim ​Jong-il ​ရဲ့ ​အသုဘ ​အခမ်းအနားမှာ ​Kim ​Yo-jong ​ကို ​ပထမဦးဆုံး ​သတိပြုမိလာကြတာ ​ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ​အစ်ကိုဖြစ်သူ ​Kim ​Jong-un ​နဲ့ ​တစ်ခါတစ်ရံ ​လိုက်ပါသွားတာကိုသာ ​တွေ့ခဲ့ရပေမယ့် ​ရာထူးအကြောင်း ​ကြေညာသွားတာတွေ ​မရှိခဲ့ပါဘူး။

အဲဒီ ​မောင်နှမ ​နှစ်ယောက်စလုံးဟာ ​အစ်ကိုဖြစ်သူ ​Kim ​Jong-chol ​နဲ့အတူ ​ဆွစ်ဇာလန်နိုင်ငံမှာ ​ပညာသင်ယူဖူးသူတွေ ​ဖြစ်ကြပါတယ်။

ဒါပေမဲ့ ​အစ်ကို ​ဖြစ်သူက ​ဘာရာထူးမှ ​ရရှိခြင်းမရှိပဲ ​ညီဖြစ်သူ ​Kim ​Jong-un ​က ​နိုင်ငံ့ခေါင်းဆောင်ရာထူးရရှိပြီး ​ညီမဖြစ်သူက ​အစိုးရဌာနမှာ ​ဒုညွန်ကြားရေးမှူး ​ဖြစ်လာတာပါ။

သူတို့ရဲ့ ​အဖိုးဖြစ်သူနဲ့ ​ဖခင်ဖြစ်သူကလည်း ​မြောက်ကိုးရီးယားနိုင်ငံ ​ခေါင်းဆောင်ဖြစ်ပြီး ​အခု ​တတိယ ​မျိုးဆက်တွေကလည်း ​ခေါင်းဆောင် ​ရာထူးရယူထားတဲ့အတွက် ​Kim ​Jong ​အမျိုးတွေ ​နောက်နောင်ကျရင်လည်း ​ရာထူးတွေ ​ဆက်လက်ရရှိမယ့် ​အခြေအနေအတွက် ​ဖန်တီးပေးရာ ​ရောက်တယ်လို့ ​သုံးသပ်ကြပါတယ်။

http://www.radioaustralia.net.au/burmese/2014-11-28/1393999


အိုဆာကာ တက္ကသိုလ်ရဲ့ ဖိတ်ကြားချက်အရ  ဂျပန်နိုင်ငံကိုရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်ဟာ အိုဆာကာမြို့ တက္ကသိုလ်မှာ လက်ရှိ မြန်မာအစိုးရ လက်အောက်က အရပ်ဘက်လူ့အဖွဲ့အစည်းများအခြေအနေ ခေါင်းစဉ်နဲ့ ဒီနေ့ ဟောပြောခဲ့ပါတယ်။

ဟောပြောပွဲကို ဂျပန် တက္ကသိုလ်က ပါမောက္ခတွေ၊ ကျောင်း သားကျောင်းသူတွေနဲ့၊ ဂျပန်နိုင်ငံမှာ ပညာလာရောက် သင်ကြားနေ တဲ့ မြန် မာကျောင်းသားတွေ၊ ၂၀၀ နီးပါးတက်ရောက် နားထောင်ခဲ့ပါတယ်။

တက်ရောက်လာ သူတွေက ဦးမင်းကိုနိုင် ရဲ့ ထောင်တွင်း အတွေ့အကြုံ၊ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မေးမြန်းသလို၊ ဟောပြောပွဲအပြီးမှာ ဂျပန်သတင်းမီဒီယာတွေကို  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်တစား မေးမြန်းခဲ့ကြပါတယ်။

ဦးမင်းကိုနိုင်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း ဂျပန်လွှတ်တော်အမတ်တွေ အပါအ၀င် ဂျပန်နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ဆိုဖိယာ  တက္ကသိုလ်မှာ ဟောပြောဖို့ ရှိပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/72325

Blew himself up: Abu Hajar al-Britani reportedly carried out the martyrdom mission in the strategic Iraqi town of Baiji, northern Iraq,

လန်ဒန် ၊ ၃၀-၁၁-၂၀၁၄

ဗြိတိန်နိုင်ငံသား ISIS စစ်သွေးကြွ အုပ်စုဝင် အဘူဟာဂျာ အယ်လ်ဘရီ တာနီ သည် ယမ်းဘီလူး ကီလိုဂရမ် ၁၈ဝဝ ဖြင့် မကြာသေးမီက အသေခံ ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း ရိုက်တာ သတင်းဌာန က ဖော်ပြသည်။

၎င်းသည် ဘိုင်ဂျီမြို့တွင် အီရတ် အစိုးရ စစ်ဘက်မှ သံချပ်ကာ ကားများနှင့် အမြောက်များကို ဖျက်ဆီးရန် အတွက် ယင်းကဲ့သို့ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ISIS တို့က ထုတ်ပြန် ကြေညာသည်။ နိုဝင်ဘာ ပထမပတ် တွင်းက ဗြိတိန်နိုင်ငံသား ကဘာအာမက် ဆိုသူသည်လည်း အလားတူ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

အသက် ၃၂ နှစ်ရှိ အဘူဟာဂျာ အယ်လ်ဘရီ တာနီ သည် ဗြိတိန်နိုင်ငံ မှ အီရတ်နိုင်ငံသို့ ခိုးထွက်ကာ အိုင် ISIS စစ်သွေးကြွ များနှင့် ယခုနှစ် နှစ်လယ်ပိုင်းက ပူးပေါင်း ခဲ့ကြောင်း ဗြိတိန် ထောက်လှမ်းရေး အရာရှိ တစ်ဦးက ပြောသည်။ ဗြိတိန်နှင့် အခြား ဥရောပနိုင်ငံ များမှ အစ္စလာမ် ဘာသာဝင် များသည် ISIS စစ်သွေးကြွ များနှင့်ပူးပေါင်း တိုက်ခိုက်နေသော ကိစ္စကို သက်ဆိုင်ရာ နိုင်ငံအသီးသီး က ယခုနှစ် နောက်ပိုင်းတွင် အထူး ကြပ်မတ် လုပ်ဆောင် ဖြေရှင်းပေးလျက် ရှိကြောင်း သိရသည်။

#PyiChitThar

British ISIS fighter blows himself up in suicide mission in Iraq


မလေးရှားနိုင်ငံ ကလန်းမြို့ ဆင်တိုဆာ KFC ဆိုင် အနီးတွင် မြန်မာ ကုန်ပစ္စည်းများဖြင့် ဖွင့်လှစ် ရောင်းချနေသော မြန်မာ ဆိုင်ပိုင်ရှင် တစ်ဦးအား အမည်မသိလူအုပ်တစ်စုမှ လာရောက် သတ်ဖြတ် သွားခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသတ်ဖြတ်မူမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး အသတ်ခံရသူမှာ တနင်္သာရီတိုင်း ထားဝယ်မြို့မှ   ကိုအောင်မျိုးဦ (အသက် ၄၀)  ဆိုသူဖြစ်သည်။

ကိုအောင်မျိုးဦးသည် ကလန်းမြို့တွင် မြန်မာ ကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

“ သတ်သွားတဲ့လူတွေက ဘယ်သူတွေလည်းဆိုတာမသိဘူး။အထဲကပိုတ်ဆံတွေလည်းယူမသွားဘူး။ ဆိုင်ကပစ္စည်းတွေလည်း ဘာမှယူမသွားဘူး။ အကုန်ဒီအတိုင်း ပဲထားခဲ့တယ်။ ကျွန်တော်တို့  ခန့် မှန်း သလောက်တော့ အငြိုးနဲ့ သက်တာဖြစ်နိုင်တယ်။ ဘာဖြစ်လို့  သက်တာဆိုလည်းမသိ ဘူး” ဟု ၄င်းဆိုင်ဘေးတွင် နေထိုင်သူ ထားဝယ် လူငယ်တစ်ဦးမှ နိရဉ္စရာသို့  ပြောသည်။

ကိုအောင်မျိုးဦး၏ လက်များနှစ်ဖတ်လုံးအား ဖြတ်တောက်ခံထားပြီး ကိုယ်ခန္ဓာတွင်လည်း ဒဏ်ရာ အများ ရရှိခဲ့ကြောင်းသိရသည်။

“ ဒီဆိုင်မှာ ကျွန်တော်တို့  ပစ္စည်းတွေဝယ်နေကျပဲ သူကအရမ်းခင်ဖို့ ကောင်းတယ်။ လူချစ်လူခင် ပေါတယ်။ ကိုယ့်မြန်မာတွေနဲ ရန်ဖြစ်လေ့ဖြစ်ထမရှိဘူး။ အခုလို ဖြစ်သွားတဲ့အတွက် အရမ်းကို စိက်မကောင်းဖြစ်မိတယ်ဟု’’ ၄င်းလူငယ်မှဆက်ပြောသည်။

အဆိုပါဆိုင်တွင်အကူအဖြစ်အလုပ်လုပ်သောအမျိုးသမီးတစ်ဦးကိုလည်း တိုက်ခိုက်သူများမှ ဓါးနဲ့  ခုတ်သတ်ခဲ့သဖြင့် နားထင်များနဲ့  လက်များတွင် ပြင်းထန်ဒဏ်ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမူ ခံယူလျှက်ရှိကြောင်း သိရသည်။

သို့သော်လည်း မလေရှားရဲများမှ ၎င်းအမျိုးသမီးအား ချက်ချင်းစစ်ဆေးရန် ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင်များက ပြောဆိုသည်။

မလေးရှားတွင် မြန်မာနိုင်ငံသားများကို အုပ်စုဖွဲ့ လူသတ်များပေါ်ပေါက်နေသော်လည်း မလေးရှားရဲမှ တစ်စုံတစ်ရာ ထိထိရောက်ရောက် ဖေါ်ထုတ်ခြင်း မရှိကြောင်း၊ မလေးလူမျိုးတစ်ဦးဦး အသတ်ခံရပါက ချက်ချင်း ဖေါ်ထုတ် အရေးယူနိုင်သော်လည်း မြန်မာနိုင်ငံသား ၅၀ နီးပါးခန့် အသတ်ခံရသော်လည်း အမှု တစ်ခုကို ဖေါ်ထုတ်နိုင်ခြင်း မရှိဘဲဖြစ်နေသည်မှာ အလွန်အံ့အားသင့်စရာ ဖြစ်နေကြောင်း၊ မလေးရဲတပ်ဖွဲ့က မြန်မာများ အသတ်ခံရမှုအပေါ် မျက်ကွယ်ပြုနေပုံရကြောင်း မလေးရောက် ကိုအောင်လွှင်ဦးမှ သုံးသပ် ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများဆက်တိုက်အသက်ခံနေရသော်လည်း အမူမှန် တစ်ခုမှ ဖေါ်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာမြန်မာအစိုးရအနေဖြင့် အချိန်မှီ လာရောက် ကာကွယ်ပေးသင့်ကြောင်း မလေးရှားနိုင်ငံရှိ နာရေးကိစ္စတွင် လုပ်ကိုင်ဆောင်ရွက်နေသူ ကိုစိုးသန်းမှလည်း နိရဉ္စရာသို့ ပြောသည်။

မည်သည့်အကြောင်းကြောင့် တိုက်ခိုက် သတ်ဖြတ်သည်ကို မသိရသေးသော်လည်း မလေးရှား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ  လူသတ်မှု ကျူးလွန်သူများကို CCTV ကတဆင့် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

(နိရဉ္စရာ- ၃၀ နိုဝင်ဘာ ၂၀၁၄) / ၀ဏ္ဍခွာညို (ရန်ကုန်)
http://www.narinjara.com/burmese/?p=12910
   
(ဓါတ်ပုံ – နေခိုင် Facebook လူမူ့ ကွန်ယက်)

လှမျိုးနောင်ဆုံးပြီတဲ့၊လူဆိုတာသေမျိုးတွေဆိုပေမယ့်ကျနော့်ရောင်းရင်းကြီးကနေနိုင်သေးတဲ့အရွယ်ပါ။ကျနော်နဲ့ သူကနကိုကသိပ်တည့်သူတွေတော့မဟုတ်၊ဒါပေမယ့်သူဟာနိုင်ငံရေးမှာကျနော့်ရဲ့စီနီယာ၊မင်းကိုနိုင်၊ကိုကိုကြီး၊မိုးသီးဇွန်စတဲ့သူတွေထက်လည်းစီနီယာ။

၁၉၈၈ မတ်လ၁၆ရက် ရန်ကုန်တက္ကသိုလ်ဘွဲ့ နှင်းသဘင်ရှေ့ ကကျောင်းသားထုတရားပွဲမှာလှမျိုးနောင်ဆိုတဲ့  သူကိုစပြီးတွေ့ ဘူးခဲ့ပါတယ်။တရားတက်ဟောနေကြတဲ့ကျောင်းသားတွေ၊အဲဒီတရားဟောနေတဲ့ကကျောင်းသားတွေကမတ်လအရေးတော်ပုံရဲ့ကျောင်းသားခေါင်းဆောင်တွေဖြစ်လာကြတယ်။လှမျိုးနောင်ကအဲဒီခေါင်းဆောင်တွေထဲကတယောက်။သူ့နာမည်လှမျိုးနောင်ဆိုတာကိုတော့နောက်ပိုင်းရင်းနှီးမှသိလာကြတယ်။သူကကျောက်ပန်းတောင်းသား၊ရန်ကုန်မှာကျောင်းလာတက်နေတဲ့ တောသူဌေးသားပေါ့။ သူတို့ မတ်လအရေးတော်ပုံရဲ့ခေါင်း ဆောင်က ဥပဒေ နောက်ဆုံးနှစ်ကျောင်းသားကိုမင်းဇေယျ၊လှမျိုးနောင်က ဥပဒေ ပထမနှစ်ကျောင်းသား။
၁၉၈၈ဇူလိုင်လ၇ရက်နောက်ပိုင်းမတ်လအရေးတော်ပုံကသူတွေလွတ်လာပြီးတော့၊ရန်ကုန်မှာမြေအောက်ကျောင်းသားအဖွဲ့ တွေ၊ဖွဲ့ စည်းလုပ်ကိုင်နေကြတော့၊ကျနော်နဲ့ အတူဇွန်လအရေးတော်ပုံတိုက်ပွဲဝင် အောင်မျိုးတင့်၊ရဲထွန်းဝင်း၊ကိုသန်းနိုင်စတဲ့သူတွေကပထမပိုင်းမှာဗမာပြည်ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး(BYLF)မှာလုပ်နေကြရာကနေကိုမင်းဇေယျတို့ ၊ဖွဲ့ စည်ပြီးလှုပ်ရှားနေတဲ့ မကဒဆိုတာပေါ်နေပြီဆိုပြီးမကဒနဲ့ သွားပူးပေါင်းကြတယ်။

ကျနော်က၈၈သြဂုတ်လဆန်းမှာတောခိုသွားပြီး၊ယိုးဒယားမြန်မာနယ်ခြားကေအင်ယူနယ်မြေကိုအရင်ရောက်နှင့်နေခဲ့တယ်။၁၉၈၈စက်တင်ဘာလဆန်းလောက်ကစပြီးမြို့ ပေါ်ကကျောင်းသားသမဂ္ဂကကျောင်းသားအချို့ ၊မော်လမျြိုင်ဈေးကြိုနယ်မြေကသပိတ်တပ်ဖွဲ့ တွေ၊စောစိန်ဟန်၊စောတင်ထွန်း၊၀ဏ္ဍ၊သန်းဌေးအောင်စတဲ့ ကျောင်းသားအုပ်စုတွေတောခိုလာကြတယ်။ဗကသကလွတ်လိုက်တဲ့ကျောင်းသားတွေမှာကိုလှအောင်၊ကိုအောင်နိုင်(ယခုVOAဦးသန်းလွင်ထွန်း)မကသ မကဒလိုင်းဖက်ကလှမျိုးနောင်တို့ ကအစောဆုံးရောက်လာကြတဲ့သူတွေထဲကပေါ့။
၁၉၈၈စက်တင်ဘာလဆန်း၊နေ့ တော့မမှတ်မိ၊မှာကျနော့်နဲ့ ကေအင်ယူအကြားကဆက်ဆံရေးအရာရှိဖြစ်တဲ့ ဗိုလ်မှူးရောဘတ်ဇန်ကခင်ဗျားတို့ လူတယောက်ရောက်နေတယ်၊မျိုးကြီးသူငယ်ချင်းဆိုလို့ ၊မယ်တော်ဘုန်ကြီး ကျောင်းမှာအဲဒီကျောင်းသားတွေကိုသွားတွေ့ ခဲ့တယ်။ တွေ့ တွေ့ ချင်းဘုနဲ့ဘောက်ဖြစ်ကြရသေးတယ်။သူတို့ ကမျိုးကြီးသူငယ်ချင်ဆိုတော့ကျနော်ကလည်းမျိုးကြီး(အောင်မျိုးတင့်)လွှတ်လိုက်တာလားလို့ မေးတော့အဲဒီကျောင်းသားကချက်ခြင်းဘဲမျိုးကြီးသူငယ်ချင်းပါမျိုးကြီးလွှတ်လိုက်တာတော့မဟုတ်ဘူးဆိုပြီးချက်ခြင်းဘုဂလန့် ပြန်ပြောတော့တာဘဲ။ နောက်တော့လည်းခင်သွားကြပါတယ်။သူကလှမျိုးနောင်။ခပ်ငယ်ငယ်၊ ခပ်ထက် ထက်ထဲကဆိုတဲ့လူစားမျိုးပါ။

နောင်ABSDFဖွဲ့ စည်းရာမှာညီညီညွတ်ညွတ်ပါဝင်ဖို့ ကိုအောင်ဒင်နဲ့ ကိုဝင်းနိုင်ဦးတို့ တိုက်တွန်းတော့ကျနော်လည်းသဘောတူ၊အဲဒီကိစ္စကိုမကဒတွေအဓိကပါဝင်ပြီးလှုပ်ရှားခဲ့ကြတယ်။ မောင်မောင်ကျော်ဥက္ကဌ၊လှမျိုးနောင်အတွင်းရေးမှူးအဖြစ်လျာထားစီစဉ်ကြတယ်။ဒါပေမယ့်အဲဒီအချိန်ကကေအင်ယူကကျနော့်ကိုလက်မခံတဲ့အတွက် အဲဒီအစီအစဉ်ပျက်။ ၁၉၈၈၉ နှစ်ဆန်းပိုင်းလောက်မှာလှမျိုးနောင်နဲ့ လူချင်းမတွေ့ ဖြစ်ကြတော့။နောက်ပိုင်းသူလည်းပြည်တော်ပြန်သွားခဲ့ပြီးရန်ကုန်မှာကျောင်းသားအဖွဲ့ တွေထဲမှာပြန်လှုပ်ရှားတယ်လို့ သိရတယ်။သူပြန်သွားတာ၁၉၈၉မတ်လ၃၁ရက်နေ့ ဖြစ်မယ်လို့ ထင်တယ်။အဲဒီနေ့ ဟာကြိုဆိုရေးစခန်းတွေကနေကျောင်းသားတွေပြန်လာဖို့ န၀တကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက်။အဲဒီရက်ကျော်သွားတဲ့သူမှန်သမျှသောင်းကျန်းသူ ပြန်လာသမျှအားလုံးလက်နက်ချအလင်းဝင်ခေါင်းစဉ်အောက်ကိုရောက်သွားကြရတယ်။

လှမျိုးနောင်ပြည်တော်ပြန်ပြီးလအနည်းအကြာကျနော်လည်းပြည်တော်ပြန်ခဲ့ရတယ်။၁၉၈၉သြဂုတ်လကုန်လောက်မှာလက်နက်ချပြီးပြည်တော်ပြန်ခဲ့လို့ အရမ်းစိတ်ဆိုးနေတဲ့ဗမာပြည်ပြည်သူ့ လွတ်မြောက်ရေးလူငယ်တပ်ဦးကရဲဘော်များအနည်းငယ်စိတ်ပြေလာကြပြီးသူတို့ တွေရဲ့လှုပ်ရှားမှုမှာပြန်ပါဝင်ဖို့ ဖိတ်ခေါ်တော့ကျနော်လည်းသဘောတူပြီးသူတို့ နဲ့ ပြန်လက်တွဲခဲ့တယ်။အဲဒ်အချိန်မှာမကဒကလည်းဆက်လက်လှုပ်ရှားနေတယ်။လှမျိုးနောင်လည်းမကဒမှာပြန်ဝင်လုပ်နေချိန်။အဖွဲ့ တွေအစည်းအဝေးလုပ်ကြမယ်ဆိုပြီးဗိုလ်ချုပ်ဈေးအရှေ့ ဖက်တန်းကလက်ဘက်ရည်ဆိုင်ကလေးတခုမှာလှမျိုးနောင်နဲ့ ပြန်တွေ့ တော့သူကယိုးဒယားလိုဆဝါဒီခပ်နဲ့ နုတ်ဆက်ပြီး ရှေးဟောင်းနှောင်ဖြစ်တွေပြန်ပြောပြီးရီကြရသေးတယ်။

သူကပြောတယ်ငါကွာနိုင်ငံတကာဆက်ဆံရေးကစာအုပ်တွေဖတ်နေတယ်၊ဘာကြောင့်လည်းဆိုတော့ကိုကိုကြီးကအစည်းအဝေးတွေမှာစကားနိုင်လုရင်ငါတို့ စာထဲမှာဒီလိုပြောတယ်ဆိုပြီးအနိုင်ကျင့်လို့ ကွာလို့ ပြောတယ်။သူကစာပေအနုပညာသမားတယောက်ပါ။အငြင်းအခုန်သန်တာကလွဲရင်သဘောကောင်းသူတယောက်ပါ။သူငြင်းခုန်ဖူးတဲ့အထဲမှာမိုးသီးဇွန်လိုလူလည်းပါတယ်၊၁၉၈၉ဒီဇင်ဘာ၁၂ရက်နေ့ မှာကျနော်ကိုသာယာဝတီထောင်ကနေအမှူပိတ်ပြန်လွှတ်ပြီး၊၁၉၈၉ဒီဇင်ဘာ၁၃ရက်မှာပါတီမှတ်ပုံမတင်ဘဲဆက်လက်လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တပ်ဦးပေါင်း၃၅ခုပေါင်းပြီးကျောင်းသားလူငယ်များတပ်ပေါင်းစုဖွဲ့ တယ်။ နေရာတွေကိုမဲနဲ့ ရွေးတော့ဥက္ကဌ-----မောင်မောင်ကျော်၊အတွင်းရေးမှူး---လှမျိုးနောင်ဖြစ်တယ်။ နောက်ဆုံးခေါင်းဆောင်နေရာရွေးတော့မဲ၈မဲမှာမောင်မောင်ကျော်လှမျိုးနောင်၃မဲစီသရေဖြစ်နေခဲ့ပြီးတိုးကျော်လှိုင်ကသူပေးခွင့်ရထားတဲ့တပ်ဦးများအဖွဲ့ ချုပ်ရဲ့မဲနဲ့ သုံးရောင်ချယ်ကျောင်းသားအဖွဲ့ ရဲ့မဲ၂မဲမောင်မောင်ကျော်ကိုပေးလိုက်တော့မောင်မောင်ကျော်ဥက္ကဌ၊လှမျိုးနောင်အတွင်းရေးမှူး၊အဲဒါကကျနော်နဲ့ လှမျိုးနောင်နိုင်ငံရေးအတူတွဲလုပ်ကြတဲ့နောက်ဆုံးဖြစ်ရပ်။၁၉၉၀မတ်လမှာကျနော်ထောင်ကျပြီးနောက်ပိုင်းသူလည်းထောင်ကျ၊၁၉၉၅မှာပြန်တွေ့ ကြသေးတယ်။နောက်တော့ကျနော်က ပြည်ပကိုထွက်၊ မနှစ်ကရန်ကုန်ပြန်ရောက်တော့မဆုံဖြစ်၊ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ကိုအောင်သူအိမ်ကနေ Skype စကားပြောကြတော့နောက်ဆုံးလူချင်းတွေ့ ဖြစ်တယ်။

၂၀၁၄သင်္ကြန်မှာအိမ်မပြန်ရလို့ ကျနော်လည်းဖေ့စ်ဘုတ်မှာအချိန်ဖြုန်းနေတုန်းဟေးဆိုပြီးချပ်တင်းဘောက်က်စ်ကနေနုတ်ဆက်လာတဲ့သူကိုကြည့်လိုက်တော့လှမျိုးနောင်။ နောက်ပိုင်းStreetViewဂျာနယ်မှာသူဆောင်းပါး တွေဝင်ရေးတာတွေ့ ရတယ်။သူစိတ်ဝင်စားပြီးတကယ်လည်းပိုင်ပိုင်နိုင်နိုင်ရှိတဲ့ နယ်ပါယ်ဖြစ်လို့ သူ့ဆောင်းပါး တွေကိုကြိုက်တယ်။
အခုတော့လည်းအဖြစ်အပျက်တွေကမြန်ဆန်လွန်းလှတယ်။

ကျနော့်ရောင်းရင်းကြီးကောင်းရာသုဂတိရောက်ရှိပါစေ။

 မောင်မောင်ကျော်

မန္တလေးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၅ဝ ကျော်လောက်က အမျိုးသား ပညာရေးဥပဒေကို ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ အချက်တွေထဲက အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ဆိုတဲ့ အချက်ကို တောင်းဆိုတာဖြစ်ကြောင်း မိတ္တီလာခရိုင် ဗ.က.သ များ အဖွဲ့ချုပ်ဥက္ကဌ ကိုအောင်နေပိုင်က ပြောပါတယ်။

"တောင်းဆိုတဲ့အချက်တွေကတော့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ၆ ချက်ရှိတယ်၊ ပြင်ဆင်သင့်တဲ့အချက်တွေကလည်း NNER လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ရက်ကနေပြီးတော့ ပြုပြင်ရမယ့်အချက်တွေ ပြောထားတယ်၊ အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းရမယ်တော့၊ ဘတ်ဂျက်ကို အတိအလင်းထည့်ရမယ်တို့၊ မသန်စွမ်းတဲ့လူတွေလည်း ပညာသင်ယူခွင့်ရနိုင်အောင် အတိအလင်းဖော်ပြထားရမယ်တို့ ဒီအချက်တွေမပါရင် အမျိုးသားပညာရေးဥပဒေက ပြည့်စုံတဲ့ဥပဒေမဟုတ်ဘူးဆိုတာ ကျနော်တို့တင်ပြထားပြီးပြီ"

ကျောင်းသားတွေက ဆန္ဒပြဖို့အတွက်ကို သက်ဆိုင်ရာတွေကို ခွင့်ပြုမိန့်တင်ထားတာမရှိတာကြောင့် တောင်ငူမြို့နယ် ထွေအုပ်ဦးစီးမှူးက ကျောင်းသားခေါင်းဆောင်တွေကို ခေါ်ယူပြီး ခွင့်ပြုမိန့်တင်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက ခွင့်ပြုမိန့်မတင်ပဲ ဒီကနေ့ ဆန္ဒပြခဲ့တာကြောင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက လာရောက်တားမြစ်ခဲ့တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

ဆန္ဒပြကျောင်းသားတွေက တောင်ငူမြို့ကို တစ်ပတ်ပတ်ပြီး အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး တောင်ငူမြို့ ရွှေဆံတော်ဘုရားကြီးမှာလည်း ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မန္တလေးမြို့မှာ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?pnref=story


မြန်မာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်ကြား စစ်ရေး တင်းမာမှုတွေ အရှိန်မြင့် လာနေတဲ့ အတွက် စစ်ပြေး ဒုက္ခသည်တွေရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံမှု ကင်းမဲ့လာနေသလို အေးလွန်းတဲ့ ရာသီဥတု ဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ နေထိုင်မှု အခက်အခဲတွေ ပိုပြီ အထူးစိုးရိမ်စရာ အနေအထား ဖြစ်လာနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေး နေသူတွေက ပြောပါတယ်။ ဒါကြောင့် ဒေသတွင်း ငြိမ်းချမ်းမှုရှိအောင် ကချင်ဒုက္ခသည် စခန်းတွေနားအထိ ပစ်ခတ်တိုက်ခတ်မှုတွေနဲ့ စစ်အင်အား တိုးချဲ့ချထားမှုတွေကို ရပ်တန့်ပစ်ဖို့ ကချင်ပြည်နယ် လူထုအခြေပြု မဟာမိတ်အဖွဲ့ကလည်း တောင်းဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်း ထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ကချင်စစ်သင်တန်းကျောင်းပေါ် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးကျပြီး ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်တိုက်ခတ်မှုကစလို့ နိုဝင်ဘာ ၂၃ ရက်၊ ၂၄ ရက်တွေမှာလည်း မြန်မာအစိုးရတပ်ဘက်က လိုင်ဇာနဲ့မိုင်ဂျာယန် တလျှောက် လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည် သောင်းချီနေထိုင်ရာ ဂျေယာန်ဒုက္ခသည်စခန်း၊ ဖွမ်လုံယာန်ဒုက္ခသည်စခန်းနဲ့ လိုင်ဇာနယ်မြေထဲအထိ လက်နက်ကြီး ပစ်ခတ်မှုတွေရှိတဲ့ အတွက် ကချင်စစ်ပြေး ဒုက္ခသည်တွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေ ပိုတိုးလာနေတာဖြစ်ပါတယ်။ ကချင်ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ဒေါ်မေရီတွမ်က ကချင်စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ကျမတို့ကြည့်နေတဲ့ ဒီဒုက္ခသည်စခန်းအနီးမှာတော့ ၂၂၊ ၂၃ ကိုပေါ့လေ၊ ဒုက္ခသည်စခန်းနဲ့ တစ်မိုင်ပတ်လည်အကွာမှာကို သူက ကျတာပေါ့ နော်။ ကျတယ်ဆိုတော့ ဒုက္ခသည်တွေအနေနဲ့ တော်တော်စိုးရိမ်မှုရှိတာပေါ့နော်။ စခန်းနဲ့နီးတဲ့နေရာကျတယ်ဆိုတော့ ထိတ်လန့် ကြောက်လန့်မှုရှိတယ်။ လုံခြုံရေးအနေနဲ့လည်း ကျမတို့လည်း ပူပန်မှုရှိတယ်။ ဒီလိုသာ ဆက်ပြီးပစ်နေမယ်ဆိုရင် ပြောလို့မရဘူးပေါ့လေ၊ နော်။ အဲလိုမျိုးလေးတွေ ရှိတာပေါ့။”

ဒုက္ခသည်တွေအတွက် ရန်ပုံငွေ မလုံလောက်လို့ ကုလသမဂ္ဂကပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကလည်း နိုဝင်ဘာ လဆန်းကစလို့ လျှော့ချဖို့ အစီအစဉ်ရှိသလို အခုလို ဒေသတွင်း စစ်ရေးတင်းမာနေတဲ့အတွက်လည်း လမ်းကြောင်း ပိတ်ဆို့မှုတွေဖြစ်နေလို့ ဒုက္ခသည်စခန်းတွေအထိ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေ ရောက်လာဖို့ အခက်အခဲတွေဖြစ်နေတယ်လို့လည်း ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါ်မေရီတွမ်က ပြောပါတယ်။

“နံပါတ်တစ်အချက်ကတော့ ရာသီဥတုက အရမ်းအေးပါတယ်။ အရမ်းအေးတော့ ဆောင်းတွင်းပိုင်း ကလေးတွေအတွက် စောင်တွေ၊ အနွေးထည်တွေလိုတယ်ဆိုပြီးကျမတို့ ပြောတာတွေလည်း အများကြီးရှိတယ်ပေါ့။ နောက်တခုအနေနဲ့ အရေးအကြီးဆုံးအချက်ကတော့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာကိုတောင်မှ UN convoy က နိုဝင်ဘာ (၇) နေ့မှာဆိုပြီး သူတို့ပြောတယ်။ ဒါပေမယ့် နောက်တော့ ပြန် postpone လုပ်လိုက်တယ်လို့ ပြောတယ်။ နောက်ဆုံး ဒုတိယအကြိမ်အနေနဲ့ကတော့ သူတို့က ဒီဘက်မှာ လကုန် (၃၀) မှာ ပြန်ပြီးမှ လာပါမယ်ဆိုပြီး ကျမတို့ကို အကြောင်းကြားပါတယ်။ ဒါပေမယ့်လည်း တနေ့ကပဲ ကျမတို့က စာပြန်ရတယ်။ UN Convoy ကလည်း ပြန်မရောက်လာနိုင်တော့ဘူးပေါ့လေ။ အဲဒီအခါကျတော့ လိုင်ဇာပတ်ဝန်းကျင်ဘက်မှာ food shortage ဖြစ်နေပြီလို့ ကျမတို့ပြောလို့ရတယ်။ ပေးထားတာကလည်း နိုဝင်ဘာ၊ ဒီဇင်ဘာမှာ 80% ပဲ သူတို့ကပေးထားတဲ့အခါကျတော့ တော်တော်လေး အစားအသောက် မလောက်ဘဲ ဒုက္ခရောက်နေတယ်။ အခုလည်း အချိန်မီမရောက်ဘူးဆိုတဲ့အခါကျတော့ ဒုက္ခသည်တွေမှာ အစားအသောက်နဲ့ပတ်သက်ပြီး တော်တော်အခက်အခဲဖြစ်နေပါတယ်။ ကျန်းမာရေးပိုင်းလည်း ဒီလိုပဲပေါ့နော်၊ အဓိက-ကတော့ စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး ထိခိုက်နေတယ်ပေါ့နော်။”

ဒါကြောင့်မို့လို့ ကချင်ဒုက္ခသည်စခန်းတွေအပါအဝင် တောတောင်တွေထဲအထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအရေးဟာ အထူး စိုးရိမ်စရာ အနေအထားမှာ ရှိလာနေတာပါ။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) အနေနဲ့ ဒေသတွင်းတည်ငြိမ်မှုနဲ့ ပြည်သူတွေအတွက် လုံခြုံစိတ်ချမှုရှိအောင် ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးစေလိုပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်စေချင်ပါတယ်လို့ တောင်းဆိုထား ပါတယ်။ လူထုအခြေပြု မဟာမိတ် အဖွဲ့ဝင်လည်းဖြစ်တဲ့ ကချင်အမျိုးသမီး အစည်းအရုံး လက်ထောက်အတွင်းရေးမှူး ဂျေစီကာ အင်ခွမ် ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်စေချင်ပါတယ်လို့ ပြောပါတယ်။

“အထူးသဖြင့်က KIA နဲ့ မြန်မာအစိုးရနဲ့ သူတို့ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ အမြဲတမ်း နှစ်ဦးနှစ်ဘက် စစ်လျှော့ချရေးပေါ့နော် လုပ်မယ်။ တတ်နိုင်သလောက် ဆွေးနွေးမယ်ဆိုပြီးမှ အဲလိုမျိုးတွေ ပြောတယ်။ အဲဒီအချိန်မှာ အစိုးရဘက်ကနေပြီးမှ သတင်းမှာမထွက်တဲ့ တိုက်ပွဲ အသေးလေးတွေလည်း ခန ခန ဖြစ်တယ်။ ကတိမတည်ဘဲနဲ့ အဲလို ချိုးဖောက်နေတဲ့အခါမှာကျတော့ ကျမတို့ ကချင်ထုအနေနဲ့ရော၊ တိုင်းရင်းသားလူထု အကုန်လုံးအနေနဲ့ရော ကိုယ့်ရဲ့အစိုးရအပေါ်မှာ ဘယ်လိုမျိုး ယုံကြည်စိတ်ချမှုရှိပြီးမှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုး ရနိုင်မလဲဆိုတာ အရမ်းစိုးရိမ်ပူပန်တယ်။ ပြီးလို့ရှိရင် ငြိမ်းချမ်းရေးကလည်း မငြိမ်းချမ်းနိုင်သေးဘူး၊ အချိန်ပြည့် ခန ခန ဟိုမှာဖြစ်လိုက်၊ ဒီမှာဖြစ်လိုက်၊ စစ်ပွဲတွေဖြစ်လိုက်၊ ပဋိပက္ခဖြစ်လိုက်နဲ့ အဲလိုမျိုး ဖြစ်နေတဲ့အခါကျတော့ IDP တွေကလည်း ပိုပို များများလာတယ်။ လူ့အခွင့်အရေးတွေကလည်း ချိုးဖောက်မှု ပိုများလာတဲ့အခါ ငြိမ်းချမ်းရေးအတွက် အရမ်းကို စိုးရိမ်ပူပန်မှုရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ Statement ကို ထုတ်ရခြင်းဖြစ်တယ်လို့ ပြောချင်တယ်။”

အခုလို ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ ကချင်ပြည်နယ် လိုင်ဇာနဲ့ ဗန်းမော်မြို့တွေ အနီးအနားကို မြန်မာစစ်တပ်ဘက်က စစ်အင်အားတိုးချဲ့မှုတွေ ပိုလုပ်ဆောင်လာတဲ့အပေါ် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ကချင်ပြည်နယ်လူထုအခြေပြုအဖွဲ့ (၁၅) ဖွဲ့ပါဝင်တဲ့ ကချင်ပြည်နယ် လူထုအခြေပြုမဟာမိတ်အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ရှိန်တိုး လုပ်ဆောင်နေတာကို ရပ်တန့်ဖို့နဲ့ ထိုးစစ်တွေကို ချက်ခြင်းရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/refugees-concern-on-kachin-conflict-/2539341.html


ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေကို နိုဝင်ဘာ ၂၇ ရက်နေ့ညမှာ ပြုလုပ်မယ့် အလွတ်သဘော ညစာစားပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တပ်မတော်သား အမတ်တွေ မတက်ရောက် နိုင်ခဲ့ကြပါဘူး။ အင်န်အယ်လ်ဒီ ပါတီ ကို အကြောင်းပြန်တဲ့ စာမှာ ဘယ်လို အကြောင်းပြ ထားတယ် မသိနိုင်ပေမယ့် တပ်မတော်သား အမတ်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် တင့်ဆန်းက သူတို့ သီးသန့် လုပ်တဲ့ ညစာစားပွဲနဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်တဲ့အကြောင်း၊ နောင် လွှတ်တော် အစည်းအဝေး ကာလ ကျရင်တော့ ဖိတ်ကြားမှုကို လက်ခံပြီး တက်ရောက်နိုင်မယ်လို့ ထင်တဲ့အကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဘယ်လို ရှိနေသလဲ၊ ဆက်ဆံရေး မကောင်းဘူးဆိုရင် တိုင်းပြည် နောင်ရေး ကောင်းနိုင်ပါ့မလား၊ ဒီပြသနာ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အရင် စစ်အာဏာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထားပြီး အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။ အချိန်များစွာ နေအိမ်အကျယ်ချုပ် ချထားပြီး၊ လွတ်မြောက်နေချိန်တွေမှာလည်း ကန့်သတ် ဖိနှိပ်မှု အမျိုးမျိုး လုပ်ခဲ့ပါတယ်။ နောက်ဆုံးကုန်ကုန် ၂၀၀၃ ခုနှစ် မေလတုန်းက ဆိုရင် ဒီပဲရင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြိုးစားခဲ့ပါသေးတယ်။ စစ်ခေါင်းဆောင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို စိတ်ကြိုက်ရေးဆွဲ၊ နည်းပေါင်းစုံ သုံးပြီး အတည်ပြု၊ ၂၀၁၀ မှာ စိတ်ကြိုက်အဖြေတွေ ထွက်လာအောင် ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့ နောက်မှသာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပေးခဲ့ပါတယ်။

နောက်ဆုံး လက်ရှိ မြင်တွေ့နေရတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်တွေ ပုံဖော်ပြီးကာမှ သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေ လုပ်ပါတယ်။ တဆက်တည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး လွှတ်ပေး၊ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံ အားလုံးကို နိုင်ငံရေး လုပ်ခွင့်ပြု၊ နောက်ဆုံး ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးပြီး လွှတ်တော်ထဲ ခေါ်သွင်းသည် အထိ လုပ်ခဲ့ပါတယ်။ ပြောရရင် စစ်ခေါင်းဆောင်တွေရဲ့ ပြုမူဆောင်ရွက်ပုံတွေဟာ နိုင်ငံတကာက အံ့အားသင့်ရလောက်အောင် မြန်ဆန်ခဲ့ပါတယ်။

နိုင်ငံရေးမှာ အပြည့်အ၀ လုပ်ကိုင်ခွင့်ရလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစပိုင်းမှာ စစ်အာဏာရှင်တွေ သူ့အပေါ် ဖိနှိပ်ရက်စက်ခဲ့တာတွေနဲ့ ပါတ်သက်ပြီး ခွင့်လွှတ်တယ်၊ ဘယ်လိုမှ သဘောမထားဘူး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုပဲ လုပ်ချင်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲကာရောက်တော့ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ပါတယ်။ သူ့ရဲ့ ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော် ကို သံယောဇဉ် ရှိပါတယ်၊ ချစ်ခင်ပါတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်လောက်အထိ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဒီလောက် ဆိုးဆိုးရွားရွား မဖြစ်သေးပါဘူး။

၂၀၁၃ ခုနှစ်ထဲ ရောက်လာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှု စ လုပ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေးထဲမှာမှ အဓိက အားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပါ။ ပုဒ်မ ၄၃၆ ဖော်ပြချက်အရ ဖွဲ့စည်းပုံထဲက ပြဌာန်းချက် တစ်ခုခု ပြင်ချင်တယ် ဆိုရင် လွှတ်တော်ထဲက အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်နိုင်မယ်၊ တစ်ချို့ ပုဒ်မတွေကိုတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့ လိုတယ်ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံထဲက ဘာပြင်ပြင် တပ်မတော်ဘက်နဲ့ သဘောတူညီချက် ယူရမယ် လို့ ဆိုလိုတာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကသာ သဘောမတူရင် ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမှ ပြင်လို့ မရနိုင်ဘူး၊ ဒါဟာ ဖွဲ့စည်းပုံပြင်ရေးအတွက် ကြီးမားတဲ့ အဟန့်အတား အနှောင့်အယှက် ဖြစ်စေတယ်၊ ဒါကြောင့် တပ်မတော်သားတွေ သဘောတူတူ မတူတူ ရွေးကောက်ခံ အမတ်တွေ ပြင်ချင်ရင် ပြင်လို့ ရတဲ့ အနေအထား ဖြစ်အောင် လုပ်ချင်တယ် ဆိုပြီး သဘောထား ထုတ်ပြန်ပါတယ်။

အတိအကျ ပြောရရင် ၄၃၆ ပုဒ်မနဲ့ ပါတ်သက်လို့ အင်န်အယ်လ်ဒီရဲ့ သဘောထားဟာ လွှတ်တော်အမတ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်မဲ ဒါမှမဟုတ် စစ်သားတွေ မပါတဲ့ ရွေးကောက်ခံ အမတ်တွေချည်းပဲ ဆိုရင် အမတ်တွေရဲ့ သုံးပုံနှစ်ပုံကျော် မဲရလို့ရှိရင် ပြင်ချင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ နောက်ပိုင်း ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့နဲ့ ပူးပေါင်းပြီး လူထု ဆန္ဒ လက်မှတ်ကောက်ခံတာ၊ စည်းရုံးဟောပြောတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီ စည်းရုံးဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ရေး လုပ်တာဟာ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး လုပ်တာ ဆိုပြီးတော့လည်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးဟာ အဲဒီ အဓိပ္ပါယ်ထွက်ပါတယ်။ ဖွဲ့စည်းပုံကို တပ်မတော်သားတွေရဲ့ သဘောထားမပါပဲ ရွေးကောက်ခံ အမတ်တွေချည်းသက်သက်နဲ့ ပြင်နိုင်ရေးဆိုတာဟာ တပ်မတော်ရဲ့ကံကြမ္မာ၊ လက်ရှိတပ်မတော် ခေါင်းဆောင်တွေရဲ့ ကံကြမ္မာနဲ့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ ကံကြမ္မာအားလုံး ရွေးကောက်ခံ အမတ်တွေလက်ထဲ အပ်ရမယ် ဆိုတာနဲ့ အတူတူပါပဲ။ ဒီ အခြေအနေတွေကြောင့် တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ခါးခါးသီးသီး ဖြစ်လာတာပါ။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ရဲ့ဟောပြောချက်တွေကြောင့် ရဟန်းရှင်လူ ပြည်သူတွေကလည်း တပ်မတော်အပေါ် အမြင်မကြည်မလင်ဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး ပိတ်ဆို့ဟန့်တားသူတွေ ဖြစ်တယ် ဆိုပြီး ပို မုန်းတီးလာကြပါတယ်။ ဒီအခြေအနေကိုလည်း တပ်မတော် ခေါင်းဆောင်တွေ မကြိုက်ကြပါဘူး။ ပိုဆိုးတာက လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ သူရဦးရွှေမန်းရဲ့ မဟာမိတ်ပြုမှုပါ။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ သူရဦးရွှေမန်းကို တပ်မတော်ကို ပြည်ခိုင်ဖြိုးလက်အောက် သွတ်သွင်းဖို့ ကြိုးစားသူ၊ တပ်မတော်ခေါင်းဆောင်မှုကို စိန်ခေါ်သူ တစ်ယောက်အဖြစ် မြင်ထားပါတယ်။ ဒီလို အခြေအနေအောက်မှာ တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြင်မကြည်လင်ရုံမက ခါးခါးသီးသီး ဖြစ်တဲ့ အဆင့်ထိ ရောက်နေရတာ မဆန်းပါဘူး။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ လမ်းကြောင်းအတိုင်း တပ်မတော်ခေါင်းဆောင်တွေ နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး စစ်တန်းလျား ပြန်ပို့ရေးကိုပဲ ဆက်ကြိုးစားနေမလား၊ တပ်မတော်ခေါင်းဆောင်တွေ ယုံကြည်မှုရအောင်၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် သူ့ရဲ့ သေနင်္ဂဗျူဟာကို ပြောင်းမလား ပြန် စဉ်းစားသုံးသပ်ဖို့ အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/news-analysis-sithu-aungmyint-aung-san-suu-kyi-nld-military/2539323.html

   
လက်ပန်းတောင်းနှစ်နှစ်ပြည့် ဆန္ဒဖော်ထုတ်ပွဲ (ဓာတ်ပုံ-ဒေသခံသတင်းထောက်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေ မီးလောင်ဗုံးနဲ့ ဖြိုခွဲခံခဲ့ရတဲ့ (၂) နှစ်ပြည့်တဲ့နေ့မှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး (၆) မြို့မှာ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြဆုတောင်းပွဲ တွေနဲ့ ဆန္ဒဖော်ထုတ် ပြသနေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

သံဃာတော်အများစုပါဝင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ သပိတ်စခန်းကို အာဏာပိုင်တွေကလွန်ခဲ့တဲ့ နှစ်နှစ်က မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခဲ့တာပါ။ ဒီဖြစ်ရပ်အပေါ်မှာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးသလို မြေတွေသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေနဲ့လည်း ပြေလည်မှုမရသေးတဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီး (၆) မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။

“မနက်လင်းအားကြီးအချိန်မှာ အတင်းအဓမ္မအနိုင်ကျင့်ပြီးတော့မှ ဖယ်ပစ်လို့ သံဃာတော် ၉၉ ပါးနဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၀၈ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပါတယ်။”

ဒါကတော့ မန္တလေးမြို့ လှုပ်ရှားမှုက အသံတွေပါ။

မန္တလေးမြို့မှာတော့ လူစုဝေးတဲ့ မဟာမြတ်မုနိဘုရားဝင်းရှေ့မှာ လက်ပံတောင်းအရေး လှုပ်ရှားသူတွေ လမ်းပေါ်ထွက်လို့မရအောင် အာဏာပိုင်တွေက ပိတ်ဆို့ထားတယ်လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

“---ဝင်းထဲမှာ စုမိတာက မန္တလေးမှာ အင်အားနည်းနည်း နည်းနေတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ အပြင်မှာက မဘသဘုန်းကြီးတွေရယ်၊ အုပ်ချုပ်ရေးရယ်နဲ့က ပိတ်ထားသလိုဖြစ်နေတယ်။”

ရန်ကုန်မြို့မှာလည်း ညနေ (၄) နာရီကျော်ကတည်းက ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြ၊ ဟောပြော ဆုတောင်းခဲ့ကြပါတယ်။ ရန်ကုန်လှုပ်ရှားမှု အခြေအနေကို တက်ကြွလှုပ်ရှားသူတစ်ဦးက အခုလို ပြောပါတယ်။

“ရဟန်းသံဃာတွေကို မီးရှို့တဲ့နေ့လည်းဖြစ်တယ်၊ တောင်သူလယ်သမားတွေ လယ်ယာဆုံးရှုံးတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့။ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ ဆုတောင်း ဆန္ဒပြနေရခြင်းဖြစ်ပါတယ်။”

လက်ပံတောင်းမှာတော့ ည (၆) နာရီကျော်မှာ စတင်လှုပ်ရှားမှာဖြစ်ကြောင်းနဲ့ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အခြေအနေကို လက်ပံတောင်းတောင် စန်းမြဝတီကျောင်းတိုက်ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။

“အထူးသဖြင့်တော့ (၂၉) ရက်နေ့က သံဃာတော်တွေ မီးလောင်ဗုံးနဲ့အပစ်ခံရတဲ့နှစ်နှစ်ပြည့်ဖြစ်တယ်။ အဲဒီဟာတွေကို အရေးယူပေးခြင်း၊ ဆောင်ရွက်ပေးခြင်း ယနေ့အချိန်အထိ ဘာမှမရှိသေးဘူးပေါ့ဗျာ။”

ဒီနေ့မှာပဲ မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ မိတ္ထီလာမြို့တွေမှာလည်း လက်ပံတောင်းအရေး လှုပ်ရှားသူတွေက နှစ်နှစ်ပြည့် အထိမ်းအမှတ်တွေ လုပ်ခဲ့တာပါ။ မိတ္ထီလာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဒေါ်မြင့်မြင့်အေးက အခုလို ပြောပါတယ်။

“မီးရှို့တာကို အမှတ်ရနေတယ်ဆိုတဲ့အထိမ်းအမှတ်ရယ်၊ လှုပ်ရှားမှုတခုရယ်အနေနဲ့ ကျမတို့ ရွှေမြင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။”

Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ မီးလောင်ဗုံးနဲ့ဖြိုခွဲမှု (၂) နှစ်သာ ပြည့်သွားခဲ့ပေမယ့် ဒီအကြမ်းဖက်ဖြိုခွင်းမှုမှာ ပါဝင်ပတ်သက်သူတွေကို အစိုးရဘက်က တစုံတရာ အရေးယူမှု မရှိသေးသလို အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေတဲ့အပေါ် အတော်လေးစိုးရိမ်ကြောင်း ပြီးခဲ့တဲ့ရက်အတွင်းကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အခုလို ပြည်တွင်းပြည်ပ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေဟာ လက်ပံတောင်းပြည်သူတွေနဲ့ သူတို့ကို ကူညီနေသူတွေရဲ့ အားထုတ်ဆောင်ရွက်မှုအဖြစ် ဆရာတော် ဦးအာလောက-က သုံးသပ်ပါတယ်။

“အဓိက-ကတော့ဗျာ။ လက်ပံတောင်းဒေသခံတွေပေါ့နော်၊ တစိုက်မတ်မတ်ပေါ့၊ ဒီကိစ္စကို မဆုတ်မနစ်ဘဲနဲ့၊ မကြောက်မရွံ့ဘဲနဲ့ တကယ်လည်း ဆုံးရှုံးနစ်နာတာတွေကို မပြတ် ဆောင်ရွက်နေတဲ့အတွက်ပေါ့နော်၊ ဒါကို နိုင်ငံတကာကရော၊ ပြည်တွင်းကနိုင်ငံရေးအသိုင်းအဝိုင်းတွေကရော လက်ပံတောင်းကို အမြဲတမ်းအာရုံစိုက်နေတာ၊ လက်ပံတောင်းဒေသခံတွေနဲ့လာရောက်ပြီးတော့ တကယ်ကိုမခံချင်တဲ့စိတ်နဲ့လာပြီးတော့ ဝိုင်းဝန်းကူညီနေတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးသက်ရောက်မှု ရှိတယ်လို့ မြင်တယ်ဗျ။”

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ လူထုကျန်းမာရေးထိခိုက်တာတွေရှိနေကြောင်းကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့တာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ပေမယ့် ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိကြောင်း ကော်မရှင်အဖွဲ့ဝင်တွေကလည်း ဆိုပါတယ်။

ဒီစီမံကိန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက်၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က ဖက်စပ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဒေသခံရွာတွေကို ဖယ်ရှားခိုင်းခဲ့သလို ဒေသခံတွေရဲ့ ထောင်နဲ့ချီတဲ့ လယ်ဧကတွေကိုလည်းတန်ရာတန်ကြေးမပေးဘဲ သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် ဒီ ကြေးနီစီမံကိန်းလုပ်ကွက်ပေါ်မှာ ရှိနေတဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ခဲ့တာလည်း ရှိပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/latpadaung-crackdown-2-years-anniversary/2539268.html


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု ဒီနေ့ ၂ နှစ်ပြည့်မှာ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ဒေသက မြေယာပြဿနာတွေကို အစိုးရကတာဝန်ယူဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲတွေစုပြီး သဘောထား ထုတ်ပြန်တောင်းဆိုတာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီကွန်ရက်က ဒေါ်နော်အုန်းလှ ကအခုလိုပြောပါတယ်။

"မီးလောင်ဗုံး နှစ်နှစ်ပြည့်မှာ အရပ်ဖက်အဖွဲ့အစည်း ၃၄ ဖွဲ့ကနေပြီးတော့ ဒါကို သဘောထားထုတ်ပြန်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့ လက်ရှိအခြေအနေကို အစိုးရကနေပြီးတော့ တာဝန်ယူပေးဖို့နော်"

အဖွဲ့အစည်းတွေ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်မှာ လက်ပံတောင်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ မြေယာလျော်ကြေးမယူသေးတဲ့ ယာတွေထဲကို အဓမ္မခြံစည်းရိုးစိုက်တာတွေကို ဖြေရှင်းပေးဖို့၊ မြေယာတွေ အဓမ္မသိမ်းပိုက်နေမှုတွေကို ကန့်ကွက်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲပေးဖို့ စတဲ့အချက် ၁၀ ချက်ကို ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သဘောထားထုတ်ပြန်ချက်ကို ပြည်သူ့အကျိုးဆောက်ကွန်ရက်၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားများအဖွဲ့၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လက်ပံတောင်း ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကွန်ရက်၊ ရွှေဝါရောင်သံဃာကွန်ရက်၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ၊တောင်သူလယ်သမားကွန်ရက် စတဲ့ အဖွဲ့အစည်း ၃၄ ဖွဲ့က သဘောတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အလားတူ မန္တလေး၊မိတ္ထီလာ၊မြင်းခြံ၊မုံရွာစတဲ့ မြို့တွေမှာလည်း သပိတ်ခန်းဖြိုခွဲမှု ၂နှစ် ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


နိုဝင်ဘာ ၂၉ ရက် ၂၀၁၄

ထိုင်းတနိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးမှာ ရုံတင်ပြသတဲ့ The Return (ထိုင်းနာမည်- ဖီထုံးခွန်း) သရဲကားမှာ ထိုင်းနိုင်ငံရောက် သျှမ်းရွှေ့ပြောင်း အလုပ် သမား မော်ဒယ်မလေး နောင့်နွတ် (ခေါ်) နောင့်နဲန်း ပါဝင်သရုပ်ဆောင် ထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက်က စပြီးရုံတင်တဲ့ အဲဒီရုပ်ရှင်ဇာတ်လမ်း ထဲမှာ လောဝ်(လာအို) နိုင်ငံက သရုပ်ဆောင် ၂ ယောက် ကမ္ဘောဒီယား နိုင်ငံက မော်ဒယ်၊ သရုပ်ဆောင် ၁ ယောက်နဲ့ မြန်မာနိုင်ငံ သျှမ်းပြည်တောင်ပိုင်း ထွန့်ပုံးသူလေး မော်ဒယ် နောင့်နွတ် ခေါ် နောင့်နဲန်း ပါဝင်သရုပ်ဆောင် ထားပါတယ်။

မင်းသားကတော့ထိုင်းနိုင်ငံမှာနာမည်ကြီး ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲ သရုပ်ဆောင် (အွမ်) အခဖမ်း နမတ် ဖြစ်ပါတယ်။

ဒါရိုက်တာကတော့ မစ္စတာ ဆတ်ချိုင်း ဒီနန်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံကိုရောက်ရှိအလုပ်လုပ်နေတဲ့ အိမ်နီးချင်း ၃ နိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေဟာ သတ်ဖြတ်ခံရပြီး ဝိဉာဉ်ဘ၀ရောက် တာတောင်မှ နေရပ်ပြန်ချင်တယ်ဆိုတာကို ကျောရိုးလုပ်ပြီး ရိုက်ကူးထားတာပါ။

နောင့်နဲန်း(နွတ်ချနတ် ဆီထောင်း) ကတော့ ထိုင်းနယ်စပ် တာချီလိတ်မြို့သူ ကလေးအမေ အဖြစ် သရုပ်ဆောင်ထားပြီး ထိုင်းထဲကိုရောက်ရှိအလုပ်လုပ် ကိုင်နေတဲ့ ယောကျာ်းဖြစ်သူ အသတ်ခံရလို့ သောက ရောက်ရတဲ့ အခန်းမှာ ပါဝင်သရုပ်ဆောင်ထားရတယ်လို့ သူက ပြောပါတယ်။

သာမာန်ရွှေ့ပြောင်းအလုပ်သမားဘ၀ကနေ ရုပ်ရှင်သရုပ်ဆောင်လောက ထဲရောက်လာတဲ့ ထွန့်ပုံးသူလေး နောင့်နွတ်က ရုပ်ရှင်ရိုက်ရာမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ် ဆိုတာကိုအခုလိုပြောပြပါတယ်။

“ ကျမအတွက်အရမ်းကိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပါတယ်။ ကိုယ့်နိုင်ငံမဟုတ် တာရယ်၊ အနုပညာ အသိုင်းအဝိုင်းကဆင်းသက်လာတာ မဟုတ်တာကြောင့် ရယ်၊ မသိတာ မတတ်တာ တွေက အများကြီးဘဲ။ ငိုတဲ့အခန်းကများတာကြောင့် ဒါရိုက်တာအကြိုက်မရမချင်း ငိုနေရတော့တာဘဲ။ ဘာအလုပ်ဘဲလုပ်လုပ် လွယ်တာတော့မရှိဘူးပေါ့နော်။ ဒါပေမယ့် ကြိုးစားရင် အခက်အခဲတွေ ကိုကျော်လွှား နိုင်တယ်ဆိုတဲ့သံဓိဌာန်ကိုတော့ လက်ကိုင်ထားပါတယ်။ ကြိုးစားမှုကြောင့်ရလာတဲ့ရလာဒ်ကိုပြန်တွေ့ရင်တော့ ပင်ပမ်းရကျိုးနပ်တာပေါ့ ။”

သျှမ်းမလေး နောင့်နွတ်ဟာ ထိုင်းနိုင်ငံထဲကိုရောက်ရှိအလုပ်လုပ်နေတာ ၈ နှစ်လောက်ရှိပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ချင်းမိုင်မြို့ ဓါတ်ပုံဝါသနာရှင်များအဖွဲ့ကနေ မော်ဒယ် အလှဓါတ်ပုံ ခေါ်ရိုက်ရင်းနဲ့ အွန်လိုင်းတွေထဲမှာနာမည်ကြီးလာပါတယ်။ ယခုနှစ် ထဲမှာဆိုရင် ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ Sun Silk ခေါင်းလျှော် ရည်ကြော်ငြာ ရိုက်ကူးပြီး ရုပ်မြင်သံကြားမှာ ထုတ်လွှင့် ကြော်ငြာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ R-Siam တေးထုတ်လုပ်ရေးကုမ္မဏီကနေပြီးတော့ သီချင်းခွေတွေ ထုတ်လုပ်ပေးဖို့ လည်း ကမ်းလှမ်းထားတယ်လို့ သူမကပြောပါတယ်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese?fref=nf


ဗိုလ်ခင်ညွန့် ဘုန်းမီးနေလ တောက်စဉ်ကပေါ့။ မူးကြောင်ကြောင် ခပ်ထွေထွေ လူတယောက်ဟာ ဘတ်စ်ကားပေါ်မှာ “ဗိုလ်ခင်ညွန့်ကို လူ တရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူး”လို့ ထပ်ခါထပ်ခါ ပြောလာသတဲ့။ အဲဒီမှာ အဲဒီလူမှတ်တိုင်ကဆင်းတော့ ထောက်လှမ်းရေးက လက်ထိပ် ခတ်ဖမ်းလိုက်ပါရော။ ဘာအပြစ်ရှိလို့လဲပေါ့။ ဘတ်စ်ကားပေါ်မှာ ဗိုလ်ခင်ညွန့်ကို လူတရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူးပြောလို့တဲ့။ အဲဒီမှာ အဖမ်းခံရတဲ့သူက “ဟုတ်တယ်လေ၊ လူတရာ့ ကိုးဆယ့်ကိုးယောက် လက်မခံပေမယ့်၊ လက်ခံတဲ့ တယောက်ဟာ ကျွန်တော်ပဲ”ဆိုတော့ လွှတ်လိုက်ရတော့ တာပေါ့။

အခုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အတိုင်ပင် ခံဆရာကြီး၊ ငွေကြေးနဲ့ဘဏ်များဆိုင်ရာမှာဥက္ကဋ္ဌကြီး၊ တောင်သာမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအောင်သောင်း (နောက်ကွယ်မှာတော့ တောင်းတဲ့နေရာမှာရဲတင်းလွန်းလို့ နာမည်ပြောင်ဦးအောင် တောင်းလို့ခေါ်ကြသတဲ့)ကို တိုင်းပြည်နဲ့ လူမျိုးအတွက်မပြောနဲ့။ ကျေးဇူးရှင်အတွက်၊ ဆရာအတွက်၊ တပည့်အတွက်တောင်မငဲ့ကွက်ဘဲ သူ့ မိသားစုနဲ့ဆွေမျိုးတွေအတွက်သာ ဘယ်သူသေသေ ငတေမာပြီးရော လုပ်ဆောင်သယ်ပိုးတတ်သမို့ လူတရာကိုးဆယ့်ကိုးယောက် လက်မခံ ပေမယ့် လက်ခံတဲ့တယောက်ဟာ ကျွန်တော်ကိုလေးမြတ်ပါ။ ဘာလို့လဲ ဆိုတော့နယ်ချင်းသာမတူပေမယ့် ဦးအောင်သောင်းရော၊ ကျွန်တော် ရောအညာသားတွေပါ။ သူကတောင်သာနယ် ကျောက်္ကာရွာသား၊ ကျွန် တော်က မုံရွာနယ်မုံရွေးကြေးမုံရွာသား။ ဒါပေမဲ့ခုချိန်မှာ ကျွန်တော်က ထိတ်ထိတ်ကြဲစာရေးဆရာကြီး မဖြစ်သေးဘဲ သူလိုကိုယ်လို စာရေး ဆရာတယောက်သာ ဖြစ်နေသေးတယ်။ ထမင်း နပ်မှန်နေတာက ဇနီးသည်ဝန်ထမ်းဖြစ်နေလို့ဆို ပါတော့။ ဦးအောင်သောင်းကျတော့ ကျောင်းဆရာ ဘ၀လေးကနေ ၀န်ကြီးဘ၀အထိ တက်လှမ်းနိုင်ခဲ့တယ်လေ။

အခုသူ့ကို အမေရိကန်နိုင်ငံက အမည်ပျက် စာရင်းထဲထည့်လိုက်လို့၊ ဟော၊ ကျွန်တော်တို့လွှတ်တော်ကြီးက တခြားအရာတွေသာ စုံစမ်းရေးကော်မတီတွေဖွဲ့နေကြတာပါ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ လွှတ်တော်ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆို ပြီး ကန့်ကွက်သူမရှိအတည်ပြုပြီး အမေရိကန်နိုင်ငံ အစိုးရကိုရှုတ်ချလိုက်တယ်လေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင် ဆွေးနွေးချိန်မရလိုက်လို့၊ အမျိုးသားရင်ကြားစေ့ရေးမို့ ဘယ်လိုပဲအကြောင်း ပြပြထောက်ခံခဲ့ရတယ်မဟုတ်လား။ ဆိုလိုချင်တာ က ကျွန်တော်တို့ဦးအောင်သောင်းကြီးဟာ ခုချိန်ထိ နိုင်ငံရေးအရှိန်အ၀ါရှိနေဆဲဆိုတာပါပဲ။

ချမ်းသာလိုက်တာကလည်း ကျွန်တော်တို့စဉ်း စားလို့မရနိုင်တဲ့ အတိုင်းအတာထိ ချမ်းသာတယ် ဆိုတာယုံလိုက်စမ်းပါ။ အဲဒီလိုရာထူးဌာနန္တရလည်း ထိပ်ဆုံးရောက်အောင် စီးပွားရေးလည်းထိပ်ဆုံး ရောက်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ လူချွန်တယောက်ကို ကျွန်တော်တို့လက်မခံရင် ဘယ်လိုလူလိုလက်ခံ ရမလဲ။ ကိုင်း - ပြောကြစမ်းပါဦး။

ဦးအောင်သောင်းက စစ်ထဲဝင်ပြီးOTS (မှော်ဘီဗိုလ်သင်တန်းကျောင်း)က ဘွဲ့ရအမှတ်စဉ် (၃၁)၊ ကြည်း ၁၀၁၀၇ နဲ့ ကျောင်းဆင်းခဲ့သူပါ။ တပ်မ(၉၉) လက်အောက်ခံ ကလော ခလရ(၇) တပ်ရင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်ဗျူဟာမှူးတာဝန်တွေထမ်းဆောင်ခဲ့တယ်။ နောက် မကွေးတိုင်း တ၀ တဥက္ကဋ္ဌဖြစ်ခဲ့တယ်။ နမခတိုင်းမှူးဗိုလ်ထွန်းကြည်က ကုန်သွယ်ရေးဝန် ကြီးအဖြစ်ပြောင်းရတော့ သူ့ကို ကုန်သွယ်လယ်ယာ (ယခင်ကုန်သွယ် ရေး-၁) အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူး ခန့်အပ်လိုက်တယ်။ အဲဒီမှာကျွန်တော်တို့လူကြီးဦးအောင်သောင်းက လူတော်ဆိုတော့ ဦး ဆောင်ညွှန်ကြားရေးမှူးချုပ်တွေ တွေ့ဆုံမိတ်ဆက်ညစာစားပွဲမှာပဲ ကုန်သွယ်ရေးဒုဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်တယ်။

အဲဒီမှာဗိုလ်ထွန်းကြည်တို့သာ ဖယ်ရှားခံလိုက်ရတယ်။ ဦးအောင် သောင်းကတော့ လွှားလွှားနဲ့ ရာထူးတွေတိုးမြှင့်သွားလိုက်တာ။ စက်မှု (၁)၀န်ကြီးဖြစ်သွားတဲ့အထိဆိုပါတော့။ စက်မှု(၁)၀န်ကြီးဖြစ်တော့ ““ဥစ္စာစောင့်၊ ထီပေါက်တဲ့ကိန်း””ဆိုက်ရောက်သွားတော့တာပါပဲ။ စက်မှု(၁)သာ ပေါင်းစက်ရုံရဲ့ အဂတိလိုက်စားမှုကိုအကြောင်းသိတဲ့ စက်မှု(၁)ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်းက ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်ကို တိုင်ကြားတော့ ဦးအောင်သောင်းဘာဖြစ်သွားသလဲ။ ဘာမှမဖြစ်ပါဘူး။ တိုင်ကြားသူ ဗိုလ်မှူးချုပ်ကျော်ဝင်းသာ ပြုတ်သွားရှာတာပေါ့။

နောက် ၀န်ကြီးချုပ်ကိုယ်တိုင် သာပေါင်းစက်ရုံကိုဆင်းပြီး စစ်ဆေးတယ်။ ဦးအောင်သောင်း ဘာဖြစ်သွားသလဲ။ ဘာမှ မဖြစ်ပါဘူး။ သွားစစ်ဆေးတဲ့ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးအောင်သောင်းရဲ့သား ဗိုလ်မှူးပြည်အောင် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ မွေးစားသမီး နန္ဒာအေးတို့ လက်ထပ်ပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးရဲ့ ရှေ့မင်္ဂလာပန်းကုံးစွပ်ပေးလိုက်ရတယ်လေ။ ရှေးပဒေသရာဇ်ခေတ်လို ပြောရရင်တော့ ကျွန်တော်တို့ ဦးအောင်သောင်းဟာ သူက ဘာလုပ်လုပ်၊ ဘယ်သူတွေက တိုင်တိုင် မပြုတ်နိုင်တဲ့ သက်တော်ရှည် ဘိုးဘိုးကြီးပါပဲ။ ခုချိန်ထိ အရှိန်အ၀ါကောင်း ဆဲလေ။

လာ-လိုက်ခဲ့။ သူ့အိမ်ကို သွားကြရအောင်။ ဦးအောင်သောင်းက နေပြည်တော်ဝန်ကြီးတွေ နေရာမှာ အနေများပေမယ့် ဒီအိမ်ကို တခါ တလေမှ ပြန်လာတာပါ။ အင်းစိန်လမ်းမကြီးပေါ် လှိုင်ရတနာမွန်အိမ်ရာရဲ့ ထိပ်ဆုံးထောင့်က လူနှစ်ရပ်စာလောက်မြင့်တဲ့ အုတ်တံတိုင်းခတ်ထားတဲ့ ခြံဟာ ဦးအောင်သောင်းရဲ့ ဗိမာန်ကြီးပေါ့။ အုတ်တံတိုင်းမှာ ကပ်ထား တာက Granite ကြွေပြားတွေပါ။ ခြံတံခါးက ဟိုက်ဒရောလစ်နဲ့ ဖွင့်ရတာပါ။

ခြံဝင်းထဲဝင်လိုက်ကြရအောင်။ ညာဘက်ကြည့်လိုက်။ ပေ (၃၀) မျက်နှာစာရှိတဲ့ ကားဂိုဒေါင်။ ကားချည်းပဲ (၁၀)စီးကျော်ရှိတယ်။ ကား ဂိုဒေါင်ဘေးမှာ ဦးအောင်သောင်းပျင်းရင် ရိုက်လေ့ရှိတဲ့ ဂေါက်ကွင်း။ ဂေါက်ကွင်းရဲ့ဘေးမှာ သွားလေသူ ဇနီး ဒေါ်ခင်ရီရဲ့ သစ်ခွခြံ။ မှန်အလုံနဲ့ အဲယားကွန်းတွေ တပ်ထားတယ်။ ဂေါက်ကွင်းရဲ့ဘေးမှာ တင်းနစ်ကွင်း လည်းရှိတယ်။ ဘယ်ဘက်ခြမ်းမှာ ဗိမာန်ကြီးရှိတယ်။ လူနှစ်ဖက်စာ လောက်ရှိတဲ့တိုင်ကြီး (၂)တိုင်က အိမ်ခေါင်မိုးထိရှိတယ်။ အမြင့်ပေ (၂၀) ကျော်ပေါ့။ အိမ်ရှေ့တည့်တည့်မှာ စိန်ပန်းပင်သုံးပင်ရှိတယ်။ (ယတြာလား၊ မပြောတတ်ဘူး) ခြံထောင့်မှာ ရေတံခွန်နဲ့ ရေကန်လေး။ ရေကန်ထဲမှာ ဗျိုင်းရုပ်ကလေးတွေ။ ကန်ရဲ့ဘေးမှ အပန်းဖြေထိုင်စရာ တရုတ်ဘုံကျောင်း ပုံစံ ထိုင်ခုံလေးတွေရှိတယ်။ အမိုးနဲ့ပေါ့။ ခေါင်းရင်းဘက်မှာ ရေကူးကန်ရှိတယ်။

အိမ်ထဲဝင်သွားရင် ဧည့်ခန်းကျယ်ကြီးတွေ့ရမယ်။ စန္ဒရားကြီးတလုံး လည်းရှိတယ်။ သူ့သမီး ခင်ငုရီဖြိုးတီးတာလေ။ အပေါ်ထပ်တက်တဲ့ လှေကားကြီးရှိတယ်။ အကျယ်က (၇)ပေလောက်။ လှေကားထစ် (၂၂)ထစ် ရှိတဲ့ ကျွန်းလှေကားကြီးပေါ့။ လှေကားအလယ်လောက်မှာ အပြင်က အလင်းဝင်နိုင်တဲ့ ကျွန်းကျည်းဘောင်ကွပ်ထားတဲ့ မှန်ပြတင်းရှိတယ်။ အပေါ်ထပ်မှာ သမီးရဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အလှပြင်ခန်း၊ ဧည့်ခန်း တွေက သီးခြားစီရှိတယ်။ ဘုရားခန်းလည်း ရှိတယ်။ ဘုရားခန်းထဲဝင်သွား ရင် ပိတ်ကားလောက်ရှိတဲ့ ပုဂံရှုခင်းပန်းချီကားကြီးတွေ့ရမယ်။ အင်မတန် တန်ဖိုးကြီးမယ့် ပန်းချီကားကြီးဖြစ်မှာပါ။

အောက်ထပ်ပြန်ပြီးဆင်းကြည့်ရအောင်။ ကျောက်စိမ်းနံရံကြီးရှိ တယ်။ အပန်းဖြေကြည့်ဖို့ Home Theatre တွေ Projector တွေ အကုန်ဆင်ထားတယ်။ အိပ်ခန်းကြီးကလည်း အကျယ်ကြီး ပေ ၄၀၊ ပေ ၂၀ ရှိတယ်။ ဆင်းရဲသားတွေရဲ့ အိမ်ဝင်း (၂)၀င်းစာပေါ့။ ရေပူ၊ ရေအေး ရေချိုးခန်း တပ်ဆင်ထားတာတွေတော့ မပြောတော့ဘူး။ ရှင်ဘုရင် ပုဆိုး၊ ပိုးချည်းဆိုကြစို့။ အိပ်ခန်းအလယ်တည့်တည့်မှာ ခုတင်ကြီးတလုံးရှိတယ်။ ခြေရင်းမှာ ကြည့်လိုက်ရင်တော့ ဘီရို ရိုးရိုး။ ဒါပေမဲ့ အဲဒီ ဘီရိုတံခါးကိုဖွင့် ပြီး ၀င်သွားရင် မြေအောက်ခန်းရောက်တယ်။

စန္ဒရားကြီးရဲ့ အနားက အပြင်ထွက်လိုက်ရင် မီးဖိုချောင်။ မီးဖိုချောင်ရဲ့ အပေါ်ထပ်မှာ အစေခံတန်းလျားရှိတယ်။ အဲဒါ ကျွန်တော်တို့ ဦးအောင်သောင်းရဲ့ ဗိမာန်ပဲ။ အင်းလျားလမ်းက အိမ်အမှတ် (၅၄)ကတော့ ဘယ်သူ နေထိုင်နေသလဲ မသိဘူး။

သူ့ဘာသာ ဥုံ ခံလို့ဖြစ်ဖြစ်၊ ဖွ ခံလို့ပဲဖြစ်ဖြစ် ကျွန်တော့်လို မဟုတ်ဘဲ ရာထူးတွေ ထိပ်တက်ပြီး ယူဆောင်နိုင်လို့ စီးပွားဥစ္စာတွေ (၁၀)သက် မပြောနဲ့ (၁၀၀)သက်ထိအောင် စားမကုန်အောင် ရယူနိုင်လို့ ကိုးဆယ့်ကိုး ယောက် လက်မခံလဲ ကျွန်တော်လက်ခံတယ်။

ဒါပေမဲ့ ပေါ့လေ။ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဆွေးနွေးကြတဲ့ အခါမှာတော့ ဦးအောင်သောင်းကို ကျွန်တော် အထင်ကြီးခဲ့သမျှတွေဟာ သဲထဲရေသွန်ဖြစ်တော့တာပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၂)နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ (၄၉)မှာ ဖော်ပြထားတဲ့ ပြည်နယ် (၇)ပြည်နယ်ကို လူမျိုးစု အမည်တွေနဲ့ မခေါ်ဆိုဘဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လို မြို့အမည်တွေနဲ့ ပြောင်းလဲ ခေါ်ဆိုဖို့ အဆိုတင်သွင်းပါသတဲ့။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အခေါ်အဝေါ်တွေ က ဦးအောင်သောင်း မမွေးဖွားခင်ကတည်းက ခေါ်ဝေါ်သုံးစွဲလာတဲ့ အမည် တွေပါ။

ဦးအောင်သောင်းက လူမျိုးစုအမည်တွေနဲ့မို့ လူမျိုးအစွဲတွေကြောင့် ပြည်တွင်းစစ်မီးတောက်လောင်နေတယ်လို့ စွဲမှတ်နေဟန်တူပါရဲ့။ တကယ်တော့ ပြည်တွင်းစစ်မီးတောက်လောင်နေတာဟာ လူမျိုးစုအစွဲကြောင့် မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိတ်သုဉ်းလို့ စစ်အာဏာရှင်စနစ် လွှမ်းမိုးနေခဲ့ တာကြောင့် ပြည်တွင်းစစ်မီးတောက်လောင်နေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားရင် ဒီမိုကရေစီ ထွန်းကားလာရင် ပြည်တွင်းစစ်မီးဟာ လုံးဝငြိမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် ဦးအောင်သောင်းဟာ စစ်အာဏာရှင်စနစ်ကို ဖုံးကွယ်စေချင်တဲ့ သဘောပေလား။

ဘာပဲဖြစ်ဖြစ် ဦးအောင်သောင်းရဲ့ အဆိုဟာ လွှတ်တော်ထဲ အဆိုတင်သွင်းမှု မပြောနဲ့ တောင်သာနယ် ကျောက္ကာသွားပြီ အဆိုတင်သွင်းတောင် လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကောင်း ကျိုးထက်၊ ဆိုးကျိုးတွေ ပိုမိုဖြစ်ထွန်းလာဖွယ်ရှိလို့ပါ။ ဒီမှာ ဦးအောင်သောင်းကို လက်ခံတဲ့ ကျွန်တော်သည်ပင်လျှင် သူ့တင်သွင်းတဲ့အဆို အရည်အချင်းကို ထောက်ရှုပြီး သူ့အဆင့်ဆင့် တိုးတက်လာတဲ့ ရာထူးတွေဟာ သူ့ချမ်းသာခဲ့တဲ့ စည်းစိမ်ဥစ္စာတွေဟာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ ရရှိခဲ့တာ ဟုတ်ပါရဲ့လားလို့ အနုလုံ၊ ပဋိလုံ စဉ်းစားတွေးတောနေမိကြောင်းပါ။

ကျွန်တော်တို့ အရပ်ဒေသမှာ မဟုတ်တာလုပ်ကိုင်ပြီး မင်္ဂလာယူတတ်လေ့ရှိတဲ့ ပုဂ်္ဂိုလ်တွေကို “ဟောဒီလူကြီး သေရင်တော့ ပုပ်စော်အလွန်နံမှာဗျ”လို့ ပြောဆိုတတ်ကြပါတယ်။ အခုလည်း ဦးအောင် သောင်းကွယ်လွန်ရင် (လွန်ဆန်လို့ရတာမှမဟုတ်တာ အနိစ္စနော်) ပုပ်စော်၊ အလွန်နံ၊ မနံ စောင့်ကြည့်ချင်ပါသေးတယ်။ ဦးအောင်သောင်း ကျန်းမာပါစေ။

ကိုလေးမြတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


တာမွေရဲစခန်းက အပြစ်မဲ့ အရပ်သားတစ်ယောက်ကို ဖမ်းချုပ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး တစ်ပတ်အကြာမှာ နှိပ်စက်ခံရသူဟာ ဝေဒနာတွေနဲ့ သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲနေပြီဆိုတာ ဒီလူသေမှုက မေးခွန်းထုတ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်။

တာမွေ ဗျိုင်းရေအိုးစင်ရပ်ကွက်မှာ ကားမှန်ခွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စိတ်ဝေဒနာခံစားနေရသူ ဦးသက်လွင်ကို စွပ်စွဲခဲ့ရာက ရပ်ကွက် လူမှုဖွံ့ဖြိုးရေးအထောက်အကူပြု ဥက္ကဌ ဦးရဲခေါင်နဲ့ ရဲတပ်ဖွဲ့တွေက နိုဝင်ဘာ ၇ရက်နေ့မှာ ဦးသက်လွင်ကို တစ်ညတာချုပ်နှောင်ခဲ့ပါတယ်။ သက်သေမခိုင်လုံဘဲ ဖမ်းဆီးချုပ်နှောင်ခဲ့လို့ မိသားစုဝင်တွေက ရဲစခန်းကို လိုက်သွားပြီး ရိုက်နှက်ညှဉ်းပန်းတာမလုပ်ဖို့ ပြောပေမယ့် နောက်တစ်နေ့မနက်မှာ ခန္ဓာကိုယ်အနှံ့ အညိုအမည်းစွဲနေသလို ခေါင်းမှာလည်း နံပါတ်တုတ်နဲ့ ၃ချက် အရိုက်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေက တာမွေ NLD ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

အချုပ်ကပြန်လွတ်လာပြီး မကြာခဏ ခေါင်းမူးနေတတ်ပြီး နိုဝင်ဘာ ၁၃ရက်နေ့မှာတော့ သတိလစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလူသေမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားထားပြီး သက်ဆိုင်ရာ ရဲစခန်းကို တရားစွဲဖို့ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ကားမှန်ကိုခွဲတယ်ဆိုပြီး ရဲစခန်းမှာ ရဲတွေက အတင်းအကြပ်ဝန်ခံခိုင်းတာကို ငြင်းဆန်လို့ ခေါင်းကို ၃ချက်၊ ကျောနဲ့ နံရိုး၊ ပေါင်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ထားပြီး ဘာရောဂါမှ မရှိဘဲ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားတာပါလို့ ဦးသက်လွင်ရဲ့ဇနီး ဒေါ်စန်းစန်းအေးက ပြောပါတယ်။ မိသားစုကို လုပ်ကျွေးနေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ကို ရဲတပ်ဖွဲ့က ကျုးလွန်ပြီး သတ်ခဲ့လို့ အရမ်းကို ခံစားရတယ်လို့ ဆိုပါတယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၁အရ ရဲတပ်ဖွဲ့ဝင်တွေဟာ စွပ်စွဲခံရသူတွေကို စစ်ဆေးတဲ့အခါ ကိုယ်စိတ်ဆင်းရဲအောင် နှိပ်စက်လို့မရသလို အခုလို ဒဏ်ရာကြီးကြီးမားမားရအောင် ရိုက်နှက်ညှဉ်းပန်းတာဟာ လုံးဝလုပ်ပိုင်ခွင့်မရှိဘူးလို့ တာမွေ NLDဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးစံတင်က ပြောပါတယ်။

မိဘတစ်ယောက်လုံး ဆုံးရှုံးသွားလို့ ဘယ်လိုမှ အစားထိုးပြန်မရတဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုဟာ လူလူချင်း ကြက်ငှက်တွေကို ရိုက်နှက်သလိုလုပ်တာ လုံးဝလက်မခံနိုင်ဘူးလို့ သေဆုံးသွားသူရဲ့ သမီးဖြစ်သူ မလှသန္တာဦးက ဆိုပါတယ်။

လူအခွင့်အရေးချိုးဖောက်သူတွေထဲမှာ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံမှာ အချိန်တော်တော်ကြာကြာ နိုင်ငံတကာက ဝေဖန်ထောက်ပြနေပေမယ့် ဒီလိုဆိုးရွားတဲ့ ချိုးဖောက်မှုတွေက အခုထိ အရှိန်မရပ်နိုင်သေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲပါ။

Kamayut media