12/03/14

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ် ပြန်လည်တည်ဆောက်ပေးရန် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမရှေ့၌ ဒေါက်တာ အောင်ခင်ဆင့်က တစ်ကိုယ်တော်ဆန္ဒပြ တောင်းဆိုမည်ဟု သိရသည်။

သမ္မတဦးသိန်းစိန် နိုဝင်ဘာ ၂၆ ရက် က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တက္ကသိုလ်များ၌ ကျောင်းသားသမဂ္ဂများ မဖြစ်မနေဖွဲ့စည်းခွင့်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်ရေးနှင့် ပညာရေးလွတ်လပ်ခွင့် မရှိမဖြစ်လိုအပ်သည်ကို အသိအမှတ်ပြုလက်ခံကြောင်း ပြောစကားများကို မီဒီယာများတွင် တွေ့မြင်ရပြီးနောက် ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ် ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြတောင်းဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း တစ်ကိုယ်တော်ဆန္ဒပြမည့် ဆရာဝန်ထံမှ သိရသည်။

“သမ္မတကြီးက ကျောင်းသားသမဂ္ဂအဖွဲ့အစည်းကို အသိအမှတ်ပြုလက်ခံကြောင်း တရားဝင်ပြောကြားခဲ့တာကို ကြားသိပြီးနောက်ပိုင်း ဝမ်းသာမိတယ်။ အဲဒီအတွက် ကျောင်းသားသမဂ္ဂတွေရဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုဖို့ စီစဉ်ရတာပါ။ ဆန္ဒမပြမီ ဒီဇင်ဘာ ၂ ရက်မှာလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပါတယ်” ဟု ဆန္ဒပြမည့် ဒေါက်တာအောင်ခင်ဆင့်က ဒီဇင်ဘာ ၁ ရက်က ပြောကြားသည်။

ဒေါက်တာအောင်ခင်ဆင့်မှာ ကျောင်းသားသမဂ္ဂအသစ် ပြန်လည်တည်ဆောက်ပေးရေးအတွက် ၂၉ ရက်ထုတ် စံတော်ချိန်သတင်းစာတွင် “ကျွန်တော် တက္ကသိုလ်ကျောင်းသားသမဂ္ဂဆောက်လုပ်ရန် ၁ဝ သိန်း လှူဒါန်းပါရစေ” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ပြီး ယင်းဆောင်းပါးတွင် ကျောင်းသားသမဂ္ဂကို နိုင်ငံခြားသားများက ဖျက်ဆီးလိုက်တာမဟုတ်ဘဲ နိုင်ငံတော်အကြီးအကဲ မြန်မာလူမျိုးခေါင်းဆောင်ကြီး က တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ရှက်စရာကောင်းလှသော အပြုအမူ၊ ရိုင်းစိုင်းလှသော လုပ်ဆောင်မှုဖြင့် ကိုယ်တိုင်နာမည်မဖော်ရဲပါတဲ့ လူရိုင်းကြီးအနေဖြင့် မိုင်းခွဲဖျက်ဆီးပြီးသွားခဲ့ပါပြီ။ ယခု ကျောင်းသားသမဂ္ဂအရေးပါကြောင်း သမ္မတကြီး ဦးသိန်းစိန်က မိန့်ကြားလိုက်စဉ်တွင် ကျွန်တော့်စိတ်ထဲ ပေါ်ပေါက်လာခဲ့တဲ့၊ မကြာခဏ စိတ်ထဲပေါ်ပေါ်နေတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ပြန်လည်အသစ်တည်ဆောက်ခွင့်သာ သမ္မတကြီးက ခွင့်ပြုမိန့်ချလိုက်မည်ဆိုပါက “ကျွန်တော် ငမွဲ အောင်ခင်ဆင့်က တတ်နိုင်သမျှသော ပိုက်ဆံလေး ၁ဝ သိန်းကို ရန်ကုန်ကျောင်းသားများသမဂ္ဂအဆောက်အအုံ တည်ဆောက်ရေးအတွက် လှူဒါန်းခွင့်ပြုပါရန် သမ္မတကြီးဦးသိန်းစိန်ထံ ရိုသေလေးစားစွာဖြင့် ခွင့်ပန်လိုက်ပါရစေ...”ဟု ရေးသားချက်အချို့ ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ဆန္ဒပြရန်အတွက် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တင်ထားပြီး ယခုရက်ပိုင်းအတွင်း နေရာသတ်မှတ်ပေး၍ အကြောင်းပြန်ပေးမည်ဟု သက်ဆိုင်ရာက ပြောကြားထားသော်လည်း မည်သို့ပင်ဖြစ်စေ မြို့တော်ခန်းမရှေ့၌သာ ဆန္ဒပြမှုကို ပြုလုပ်သွားမည်ဟု ပြောကြားသည်။
http://www.news-eleven.com/

အလွတ်သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးချက်တွေနဲ့ ပတ်သက်တဲ့ စာမျက်နှာ (၁၆) မျက်နှာပါ အစီရင်ခံစာကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က အင်တာနက်က ၀က်ဘ်ဆိုက်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြလိုက်ပါတယ်၊

အဲဒီအစီရင်ခံစာထဲမှာ အလွတ်သတင်းထောက် ကိုပါကြီးဟာ သေနတ်ကို လုယူဖို့ ကြိုးပမ်းစဉ် အစောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတာဖြစ်ကြောင်း၊ သေဆုံးသူအလောင်းမှာ ဒဏ်ရာဒဏ်ချက် ၁၇ ခုတွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ဒီအစီရင်ခံဟာ ပြည့်စုံလုံလောက်တဲ့ စစ်ဆေးချက်တွေ မဟုတ်တဲ့အတွက် မိသားစုအတွက် နစ်နာမှုတွေရှိတာကြောင့် ဒီအမှုကို လွတ်လပ်တဲ့အဖွဲ့တစ်ခုနဲ့ ပြန်လည်စစ်ဆေးပေးဖို့ သမ္မတဆီကို တင်ပြတောင်းဆိုသွားမယ်လို့ RFA ကိုပြောပါ တယ်။

"မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ဟာ ပြည့်စုံလုံလောက်စွာ စုံစမ်းစစ်ဆေးမှုမပြုပဲနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဖြစ်တဲ့အတွက် မသန္တာကလည်း လက်မခံပါဘူး၊ ဆိုလိုတာက မှုခင်းတစ်ရပ်ဖြစ်ပွားပြီးခဲ့အခါမှာ ဒါကိုသတင်းထိမ်ချန်ထားတာ၊ ပြစ်မှုကိုဖုံးကွယ်ထားတာ၊ အပြစ်ရှိသူကို အပြစ်ဒဏ်ကလွတ်မြောက်အောင် တရားစွဲမခံရအောင် ဖုံးအုပ်ထားတဲ့ဇတ်လမ်းတွေ မသန္တာကပြောနိုင်တယ်၊ အဲ့လိုပြောနိုင်တဲ့သူကို တောင်းခံမေးမြန်းမှုမရှိပဲနဲ့ အခုလိုအစီရင်ခံစာတင်တဲ့အတွက် ဒါအများကြီးနစ်နာပါတယ်၊ ဒါကို ပြန်ပြီးတော့ လွတ်လပ်တဲ့အဖွဲ့တစ်ခုနဲ့ စစ်ဆေးပေးပါဆိုပြီ သမ္မတကြီး ဦးသိန်းစိန်ကို တင်ပြမှာဖြစ်ပါတယ်"

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ အလွတ်သတင်းထောက် ကိုပါကြီးအမှုကို တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အမှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်မှုတွေ မရှိခဲ့ကြောင်းနဲ့ အမှုကို နယ်ဘက်ဆိုင်ရာတရားရုံးမှာ စစ်ဆေးသင့်ကြောင်း စတဲ့အချက်တွေကိုလည်း တိုက်တွန်းဖော်ပြထားပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127






နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားတို့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်သို့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂ရက် ညနေပိုင်းက လာရောက်ဖူးမျှော်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ)


နော်ဝေဘုရင်နှင့် မိဖုရားတို့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ၃၀ရက် ညနေက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အကြီးကဲများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် လည်းတွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၂ရက် နံနက်က ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောပြီး မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အစိမ်းရောင်စီးပွားရေးဌာနကိုလည်း ဖွင်လှစ်ပေးခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများသို့ သွားရောက်လေ့လာမည်လည်းဖြစ်သည်။

Mizzima News


ဒီဇင်ဘာလ ၂ ရက်နေ့ ပြောကြားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းမှာ သူ့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို တုံ့ဆိုင်းနေပြီလို့ ပြည်တွင်းနဲ့ နိုင်ငံတကာက ထောက်ပြပြောဆိုခဲ့တဲ့ အချက်တွေကို ပယ်ချခဲ့ပြီး အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ ကျောင်းသားတွေ ကန့်ကွက်နေတဲ့ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ညှိနှိုင်းမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တဘက်မှာတော့ သမ္မတ ပြောဆိုတာတွေကို အင်အားစု အသီးသီးကသူတွေက အပြည့်အ၀ သဘောမတူဘဲ ဘယ်လိုအချက်တွေကို လက်မခံနိုင်တွေ ရှိနေတယ်ဆိုတာကို ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

လစဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းကို ဒီဇင်ဘာလအတွက် သမ္မတ ဦးသိန်းစိန်က ဒီကနေ့မှာ ပြောကြားခဲ့တာပါ။ ၂၀၁၀ ခုနှစ်ကစပြီး သူ့အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ ပြောဆိုခဲ့ပြီး တောက်လျှောက် ပြုပြင်မှုတွေ လုပ်နေမယ်လည်း ဒီနှစ်ပိုင်းတွေကစလို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ တုံ့ဆိုင်းလာတယ်လို့ ပြောဆိုမှုတွေကို သမ္မတက ဒီနေ့ သူ့ရဲ့မိန့်ခွန်းထဲမှာ တရားဝင် ပယ်ချခဲ့ပါတယ်။

“အသက်ဝင် ရှင်သန်ရေးအတွက် လိုအပ်တဲ့ အခြေခံများကို တည်ဆောက်နေရတာ ဖြစ်တဲ့အတွက် ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဟာ တုံ့နှေးနေတယ်ဆိုတဲ့ အားမလိုအားမရ ပြောဆိုနေမှုများ ရှိနေခြင်းဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဒီပြုပြင်ပြောင်းလဲရေးဖြစ်စဉ် အသက်ဝင် ရှင်သန်ရေးအတွက် မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ လက်တွေ့ အရှိတရားတွေကို အခြေခံတဲ့ ကြိုးပမ်းအားထုတ်မှုကို အစဉ်တစိုက် အာရုံစိုက် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားလိုပါတယ်။”

ဒါပေမဲ့ တဘက်မှာတော့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ နိုင်ငံရေးမှာရော၊ စီးပွားရေးပိုင်းမှာပါ သိသိသာသာ ကျဆင်းလာတာလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ နှေးကွေးနေတယ်၊ တုံ့ဆိုင်းနေတယ်။ ရပ်တန့်နေတယ်လို့ ပြောလို့ရတဲ့ အနေအထားမျိုး ရှိပါတယ်ဗျ။ ဥပမာ - နိုင်ငံရေးပိုင်းမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ကျော်လွှားဖို့ကိစ္စ၊ နောက်ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲကိစ္စ၊ နောက်တခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကိစ္စ၊ ဒီအဓိကကိစ္စကြီး ၃ ခုစလုံးမှာ သမ္မတရဲ့ ဆောင်ရွက်ချက်တွေဟာ အင်မတန်မှ လေးလံပြီးတော့ နှေးကွေးပြီးတော့ တုံ့နှေးနေတာကို တွေ့ရပါတယ်ခင်ဗျ။”

မြန်မာ့အရေး လေ့လာဆန်းစစ်သူ ဒေါက်တာ ရန်မျိုးသိမ်း သုံးသပ်ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်တွင်းက တက္ကသိုလ် ကျောင်းသားတွေ အကြီးအကျယ် ဆန္ဒထုတ်ဖော် သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ သမ္မတကို သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါသေးတယ်။ အမျိုးသားပညာရေးဥပေဒနဲ့ ပတ်သက်ပြီး နည်းဥပဒေတွေ ရေးဆွဲတဲ့အခါ ပါဝင်သင့်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြန်ညှိနှိုင်းဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

သမ္မတရဲ့ အခုပြောဆိုချက်ကို ကျောင်းသားသမဂ္ဂမှာ လှုပ်ရှားသူအချို့က လက်မခံပါဘူး။ ဥပဒေ ရေးဆွဲထဲက ပညာရေးလောကကို ချုပ်ကိုင်ထားတာဖြစ်တဲ့အတွက် နည်းဥပဒေကျမှ ပြင်ဆင်ပါလို့ ပြောဆိုချက်ဟာ လက်တွေ့မကျဘူးလို့ ဗကသ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ကျမတို့ ဒီဥပဒေက တကယ်ကို အသုံးတည့်နိုင်တဲ့ ဥပဒေဖြစ်ဖို့ အခုကတည်းက အမျိုးသားပညာရေးဥပဒေမှာ အဲ့လိုအချက်မျိုးတွေ မပါအောင် ကျမတို့က ကြိုပြင်ရမှာလေ။ အဲ့တော့ အဲ့လိုအချက်မျိုးတွေ မပါအောင် ကြိုမပြင်ဘဲနဲ့ နည်းဥပဒေမှာ ထပ်ပြီး ကျမတို့ လိုချင်တာတွေ ထည့်လို့ရဦးမယ်ဆိုကြပါစို့ ကျမတို့ကလည်း ထည့်လို့ရမယ်လို့လည်း မမျှော်လင့်ပါဘူး၊ အခါတိုင်းလိုပဲ ကျမတို့ ညှိနှိုင်းမှုတွေက အမြဲတမ်း ဘေးဖယ်ခံရမှာချည်းပဲ။ ထည့်လို့ရဦးမယ် ဆိုရင်တောင်မှ ကျမတို့ ခုနပြောတဲ့ ရှေ့က အမျိုးသားပညာရေးဥပဒေနဲ့ အနောက်က နည်းဥပဒေနဲ့ အပြန်အလှန် ထပ်ပြီး ယှဉ်ဖက်နေဦးမယ်ဆိုရင် ကျမတို့ အဲ့ဒီဥပဒေက ဘယ်လိုမှလည်း အသုံးကျမှာ မဟုတ်ဘူး။ အသုံးဝင်မှာလည်း မဟုတ်ဘူး။ အသုံးပြုလို့ရမှာလည်း မဟုတ်ဘူး။ အဲ့လိုအနေအထားမျိုးတွေ ဖြစ်လို့တော့ မရဘူးရှင့်။”

သမ္မတက ဒီနေ့မိန့်ခွန်းထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဆက်လက် လုပ်ဆောင်မှာဖြစ်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ခွဲထွက်ရေးနဲ့ အချုပ်အချာကို ထိခိုက်မယ့် အချက်တွေကလွဲလို့ အခြားကိစ္စတွေ အားလုံးကို ဆွေးနွေးဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ KNU ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က -

“သမ္မတကြီး အမိန့်ရှိတာကတော့ အဓိကကျတဲ့ နိုင်ငံရဲ့ အနာဂတ်၊ နိုင်ငံရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီးတော့ သူ အဓိက အာမခံချက်အနေနဲ့ ပြောသွားတာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့လည်း ဒီပြည်ထောင်စုကြီးကနေ ခွဲထွက်ဖို့ဆိုတာ ဒီနေ့ ရောက်ရှိနေတဲ့ အခြေအနေမှာ ဘယ်လိုမှ ကျနော်တို့ မစဉ်းစားပါဘူး။ ကျနော်တို့ ပြည်ထောင်စုကြီးမှာ တစည်းတလုံးတည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ နေထိုင်နိုင်မှသာလျှင် ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သမ္မတရဲ့မိန့်ခွန်းကို ကျနော်တို့ ကြိုဆိုထောက်ခံပါတယ်။”

ဒီဇင်ဘာလအတွက် သမ္မတရဲ့ မိန့်ခွန်းထဲမှာ အာဆီယံဆွေးနွေးပွဲကြီး အောင်မြင်ခဲ့တာကို အသိအမှတ်ပြုခဲ့သလို ပြီးခဲ့တဲ့လအတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့တဲ့အပေါ်မှာ ဗဟိုဘဏ်ရဲ့ ထိန်းညှိနိုင်မှုကို ချီးကျူးခဲ့တာကိုလည်း တွေ့ရပါတယ်။

အောင်ရဲ မောင်မောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2542272.html


ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ကော်ဆမွီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းမှာ ဆဌမအကြိမ် ရမန်ယူပြီး ချုပ်ရက် ထပ်တိုးလိုက်တယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

Koa Toa“ဒီနေ့ နေ့ခင်း ၁ နာရီခွဲမှာ ကော့ဆမွီခရိုင် တရားရုံးမှာ ရုံးထုတ်ပါတယ်။ ရုံးထုတ်တဲ့ခါ အစိုးရရှေ့နေဘက်က နောက်ထပ် ၆ ကြိမ်မြောက် ရမန်ယူသွားပါတယ်ခင်ဗျ။ ရမန်ယူတာက အမှုကို တရားစွဲတဲ့အခါမှာ သူတို့ဘက်က အချက်အလက်တွေ မပြည့်စုံတာရယ်၊ ထပ်ဖြည့်ချင်တဲ့ သဘောတွေ တွေ့ရပါတယ်။ သူတို့က ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွေ အတွင်း ရုံးတင်မယ်လို့ ပြောပါတယ်။”

နောက်ထပ် သက်သေ ၂၀ ဦးကို မေးမြန်းလို့ မပြီးသေးတာနဲ့ နိုင်ငံခြားသား သက်သေတစ်ဦးမှ ရောက်မလာသေးတာကြောင့် နောက်ထပ် ချုပ်ရက်တိုးရကြောင်း အစိုးရရှေ့နေဘက်က ဖြေဆိုခဲ့ တယ်လို့ လည်း ဦးထူးချစ်က ပြောပါတယ်။

တရားစွဲဖို့ ပြင်ဆင်နေတဲ့ကာလအတွင်း မြန်မာသံရုံးအထူးအဖွဲ့နဲ့ ထိုင်းရှေ့နေများ ကောင်စီဘက်ကလည်း စွပ်စွဲခံရသူ ၂ ဦး ထောင်အပြင်ကနေ တရားရင်ဆိုင်ခွင့်ရဖို့ အာမခံရရေး ထပ်မံလျှောက်ထားဖို့ရှိပြီး အာမခံငွေ ဘတ်ငွေ ၂ သန်းကိုလည်း သံရုံးက အသင့် ထုတ်ထားပေးထားလို့ ခုရက်ပိုင်းအတွင်း အမြန်ဆုံးအာမခံ လျှောက်ထားမယ်လို့ ဆိုပါတယ်။

ဒီကနေ့ တရားရုံးထုတ်မှုကို သွားရောက်ကြားနာခဲ့သူတွေထဲမှာ ထိုင်းမြန်မာသံရုံးအထူးအဖွဲ့က ကိုယ်စားလှယ် ၃ ဦး၊ စွပ်စွဲခံရသူဘက်က ချေပပေးမယ့် ထိုင်းရှေ့နေကောင်စီအဖွဲ့ဝင် ၂ ဦး၊ ရခိုင်အမျိုးသားကွန်ရက်နဲ့ ကော်ဆမွီခရိုင်မှာရှိတဲ့ ရခိုင်လူမှုရေးအသင်း ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁၃ ဦး ပါဝင်ပါတယ်။

မြန်မာလူငယ် ၂ ဦးဟာ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာ မတွေ့ရဘဲ အကျဉ်းစခန်းမှာ ကိုယ်လက်လှုပ်ရှားအားကစားတွေ လုပ်ခွင့်ရတယ်လို့သိရပါတယ်။

ထိုင်းသတင်းတွေမှာတော့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ အမှုတွဲကို ကော့ဆမွီခရိုင် အစိုးရရှေ့နေကောင်စီအနေနဲ့ ထိုင်းရဲတပ်ဖွဲ့က လက်ခံရရှိပြီဖြစ်ပြီး၊ လူသက်သေရော၊ မှုခင်းဆေးသိပ္ပံဆိုင်ရာအထောက်အထားတွေပါ ပြည့်စုံပြီဖြစ်လို့ ဒီဇင်ဘာလ ၄ ရက်နေ့ တရားရုံးမှာ စွဲချက်တင်မယ်လို့ အမှတ် ၈ တိုင်းဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက် ရဲ့ အပြောကို ကိုးကား ဖော်ပြထားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/72560


မြန်မာနိုင်ငံရဲ့ ဒီမိုက​ရေစီနိုင်ငံ တည်​ဆောက် အ​ကောင်အထည်​ဖော်ရာမှာ သ​ဘောထား ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဆက်လက်ကူညီ သွားမယ်လို့ နော်ဝေ ဘုရင်ဟာရယ်က ပြောကြား လိုက်ပါတယ်။

ဒီဇင်ဘာလ ၂ ရက် မနက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာမိန့်ခွန်းပြောကြားရာမှာ နော်ဝေဘုရင်က “ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်မယ့် မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ တိုင်းပြည်ရဲ့ ပြည်သူပြည်သားတိုင်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံကို အသုံးပြုပြီး ထောက်ပံ့ကူညီနိုင်မယ့် နယ်ပယ်တွေမှာ ထောက်ပံ့ကူညီနိုင်ဖို့ကို ကျနော်တိုရဲ့ တာဝန်တစ်ရပ်အဖြစ်မြင်တယ်လို့ အခိုင်အမာပြောလိုပါတယ်။ ကျနော်တို့တချို့နယ်ပယ်တွေမှာ သဘောထားကွဲလွဲမှု ရှိကောင်းရှိပါလိမ့်မယ် ရိုးသားဖြောင့်မတ်ပြီး စစ်မှန်တဲ့မိတ်ဆွေတဦးအဖြစ် ဆက်လက်ကူညီထောက်ပံ့သွားပါမယ်။”လို့ပြောသွားပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နော်ဝေနိုင်ငံက ကူညီဆောင်ရွက်ပေးနေသလို ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ဆက်လက်အထောက်အကူပြုနေတယ် လို့ လည်းပြောပါသွားတယ်။

“လွန်ခဲ့တဲ့ ၁ နှစ်အထိ ဒီမိုကရက်တစ်မြန်မာ့အသံဟာ အော်စလိုမြို့မှာ အခြေပြုခဲ့ပါတယ်။ ဆိုင်ကလုန်းနာဂစ်ရဲ့ နောက်ဆက်တွဲအကြီးအကျယ်ပျက်စီးမှုတွေအတွက် ကျနော်တို့ လူသားချင်း စာနာထောက်ထားတဲ့ အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ရေရှည်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေလည်း တည်ဆောက်ခဲ့ကြပါတယ်။ နော်ဝေနိုင်ငံက ကုမ္ပဏီ​တွေလည်း မြန်မာနိုင်ငံမှာလုပ်ငန်း​တွေ စတင်​နေပါပြီ။ ကျ​နော်တို့ နှစ်နိုင်ငံ ပြည်သူ​တွေကြား ဆက်ဆံ​ရေး ကြီးပွားတိုးတက်လာတာကို မြင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံကျောင်းသူ ကျောင်းသားတွေအတွက် နော်ဝေနိုင်ငံက ထောက်ပံ့ ပညာသင်ဆု ရန်ပုံငွေမတည်ထားပြီး  ဒေးဗစ်ထော ပညာသင်ဆုလို့ နာမည်ပေးထားတယ်လို့ နော်ဝေနိုင်ငံဘုရင်မင်းမြတ် ကကြေညာသွားပါတယ်။

ဒေးဗစ်ထောပညာသင်ဆုကို လျှောက်ထားတဲ့ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းအသီးသီးက ကျောင်းသူကျောင်းသားတွေဟာ ရွေးချယ်ခံရပါက သမိုင်းဘာသာရပ်နဲ့ လူမှုရေးဘာသာရပ်တွေ ကို ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်သင်ကြားရမှာပါ။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ဟာ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ မြန်မာနိုင်ငံချစ်ကြည်ရေးရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း  တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး မြနန်းစံကျော်ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရားနဲ့ မန္တလေးတောင်ကို သွား​ရောက်ဖို့အစီအစဉ်ရှိပါတယ်။

By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/72535


ဖူးခက် နိုဝင်ဘာ ၃ဝ

ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေ ကမ်းခြေတွင် ယမန်နေ့က ကမ်းခြေရဲများနှင့် နိုင်ငံခြားသား များ ပြဿနာတက်ခဲ့ကြပြီး ကမ်းခြေပစ္စည်း ငှားရမ်းသည့်ဌာနမှ ပစ္စည်းများကို မငှားရမ်း ဘဲ နိုင်ငံခြားသားများက ကိုယ်ပိုင်ပစ္စည်းများ ကို အသုံးပြုရာမှ ပြဿနာ ဖြစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ကမ်းခြေရဲများက နိုင်ငံခြားသား များ၏ပစ္စည်းများကို သိမ်းယူခဲ့ကြောင်း DailyMailသတင်းဌာနကဖော်ပြထားသည်။

ကမ်းခြေတွင်အသုံးပြုသည့် ထီးများ၊ နေပူဆာလှုံရာတွင်အသုံးပြုသည့် ပက်လက် ကုလားထိုင်များ ၊ ခေါင်းအုံးများကို သက်ဆိုင် ရာမှ ငှားရမ်းအသုံးပြုရမည်ဖြစ်သော် လည်း နိုင်ငံခြားသားများကကိုယ်ပိုင်အသုံးအဆောင် များကို အသုံးပြုရာမှ ကမ်းခြေစောင့်ရဲများ နှင့် ပြဿနာတက်ခဲ့ခြင်း လည်းဖြစ်သည်။

အဆိုပါပြဿနာကြောင့် မကျေနပ်သည့် နိုင်ငံခြားသားတချို့၏ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ သော်လည်း အာဏာပိုင်များက နိုင်ငံခြား သားများ၏ ကမ်းခြေသုံးပစ္စည်းများကို ဖယ် ရှားရန် ဆက်လက်အမိန့်ပေးခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့များက ပစ္စည်းများသိမ်း ယူချိန်တွင် နိုင်ငံခြားသားတချို့က ပစ္စည်း များဖြုတ်ပေးရန် ငြင်းဆန်ခဲ့ပြီး တချို့မှာ ၄င်းတို့၏ပစ္စည်းများကို ကမ်းခြေသဲသောင် ပြင်ထဲသို့ လွှင့်ပစ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံခြားသားများနှင့် ကမ်းခြေရဲတပ်ဖွဲ့ ဝင် ၂ဝ ခန့် ပြဿနာဖြစ်ပွားခဲ့ချိန်တွင် ကမ်းခြေပျံကျဈေးသည်များက နိုင်ငံခြား သားများဘက်မှ အားပေးအော်ဟစ်ခဲ့ကြ ကြောင်း Daily Mailကဖော်ပြထားသည်။

နိုင်ငံခြားသားများထံမှ ပစ္စည်းများသိမ်း ယူရန် အမိန့်ပေးခဲ့သူမှာ ဖူးခက်အုပ်ချုပ်ရေး မှူးဖြစ်ပြီး ၄င်းက နောက်ဆက်တွဲပြဿနာ များအတွက် စိုးရိမ်ပူပန်ခြင်းကြောင့် အမိန့် ပေးခဲ့ခြင်းဖြစ်ကြောင်းပြော သည်။

နိုင်ငံခြားသားများ မကျေမနပ်နှင့်ဆန္ဒပြ နေချိန်တွင် ထိုင်းတော်ဝင်ရေတပ်မှ စစ်သား များရောက်ရှိလာခဲ့ပြီး အားလုံးကိုစုဝေးစေ ခဲ့ကြောင်း၊ ထို့နောက် နိုင်ငံခြားသားများ အနေဖြင့် ဥပဒေကို ချိုးဖောက်ခြင်းမရှိသည် ကို အသိပေးပြောကြားခဲ့ကြောင်း ၊ နိုင်ငံ ခြားသားများအနေဖြင့် ကိုယ်ပိုင်ကမ်းခြေသုံး ပစ္စည်းများကို ဖူးခက်ကမ်းခြေပေါ်သို့ ယူ ဆောင်ခွင့်ရှိသည်ဟု ပြောကြားခဲ့ကြောင်း ဖူးခတ်သတင်းဌာနက ဖော်ပြထားသည်။

T1P(Ref : Daily Mail)
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf


လန်ဒန် ၊ ၂-၁၂-၂၀၁၄

ISIS စစ်သွေးကြွ များသည် အီရတ် နိုင်ငံအတွင်းရှိ တက္ကသိုလ်တစ်ခု မှ ရေဒီယို သတ္တိကြွ ယူရေနီယံသတ္တု များကို အသုံးပြု၍ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်ဖွယ် ရှိသည် ဟု ဗြိတိန်နိုင်ငံထုတ် သတင်းစာ တစ်စောင်က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ စစ်သွေးကြွ များသည် လွန်ခဲ့သည့်နှစ် ဇွန်လအတွင်းက မိုဆူလ် တက္ကသိုလ်ကို သိမ်းပိုက်ခဲ့ ပြီးနောက် ယင်း တက္ကသိုလ် အတွင်းမှ ယူရေနီယံ သတ္တုများကို လက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ဖွယ် ရှိသည်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။ ထို့ပြင် စစ်သွေးကြွ များသည် အဆိုပါ လက်နက် ထုတ်လုပ်သည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ လူမှုရေး ဝက်ဘ်ဆိုဒ်များသို့ တင်၍ ပြောကြားခဲ့သည်။

ယူရေနီယံ သတ္တုများကို အသုံးပြု၍ ထုတ်လုပ် လိုက်သည့် ဗုံးတစ်လုံးသည် လန်ဒန်မြို့ကို ဖျက်ဆီးပစ် နိုင်မည်ဟု စစ်သွေးကြွ များက ဝက်ဘ်ဆိုဒ်များ၌ ဖော်ပြခဲ့ကြောင်း သတင်းစာ က ထုတ်ပြန် ခဲ့သည်။ မိုဆူလ်တက္ကသိုလ် မှ ယူရေနီယံ သတ္တုများ လုယက်ခိုးယူ ခြင်းခံရမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ အီရတ် သံအမတ်ကြီး မိုဟာမက်အလီ အယ်လ်ဟာကင် က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ သို့ လွန်ခဲ့သည့်နှစ် ဇွန် ၈ ရက်က အကြောင်းကြား ထားခဲ့ပြီး စစ်သွေးကြွ များသည် အဆိုပါ နျူကလီးယား ပစ္စည်းများကို လက်နက် ထုတ်လုပ် ပြီးနောက် ဆီးရီးယား သို့မဟုတ် အီရတ်နိုင်ငံ အတွင်း အသုံးပြုနိုင်ဖွယ် ရှိကြောင်း ဘန်ကီမွန်း ထံသို့ ရေးသားပေးပို့ ခဲ့သည့်စာ၌ အယ်လ်ဟာကင် က ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

http://www.pyichitthar.com/2014/12/isis.html


အစ္စလာမစ် စစ်သွေးကြွတွေဟာ အမေရိကန် စစ်သားတွေကို အမေရိကန် ပြည်ထောင်စု အတွင်းမှာ တိုက်ခိုက်နိုင်ဖွယ်ရှိတယ်လို့ FBI အဖွဲ့နဲ့ အမိမြေ လုံခြုံရေး ဌာနတို့က သတိပေးထားပါတယ်။

လုံခြုံရေးဆိုင်ရာ ဌာနတွေကို ပေးပို့တဲ့ ပူးတွဲထောက်လှမ်းရေး သတင်းထုတ်ပြန်ချက်ကို ABC သတင်းဌာနက လက်ခံရရှိထားကြောင်း ABC သတင်းဌာနက တနင်္ဂနွေနေ့ ကြေညာပါတယ်။

အဲဒီသတိပေးချက်ထဲမှာ IS စစ်သွေးကြွအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု နယ်နမိတ်အတွင်းမှာ ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ဝင်တွေအနေနဲ့ အင်တာနက် အွန်လိုင်းတွေပေါ်က လူမှုမီဒီယာတွေမှာ အကြမ်းဖက်အစွန်းရောက်သမားတွေ အာရုံစိုက်လာအောင် မလုပ်ကြဖို့နဲ့ တခြားတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်တွေရှိနေရင် ဖျက်ပစ်ကြဖို့ သတိပေးချက်ထဲမှာ နှိုးဆော်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/us-troops-warned-of-attacks-on-american-soil-/2541989.html

 
တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးစဉ်

ဗီဇာအတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို မလေးရှား တရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး လိုက်ပါတယ်။

မလေးရှားနိုင်ငံ၊ ရှားအလမ်း တရားရုံးက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ချမှတ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက ကူညီပေးမှာဖြစ်တယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီကနေ့ အမိန့်ချပါတယ်။ ကျနော်တို့ လေယာဉ်လက်မှတ်တွေစီစဉ်ပြီး ပြန်ပို့မှာပါ။ ၅၂ ယောက်လုံးကို။ သံရုံးကနေ ကူညီပြီးပြန်ပို့ပေးမှာပါ။”

မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သားတွေကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ်စီရင်ခံကြရသူ မြန်မာ ၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်နည်းနဲ့ ချဉ်းကပ်မှုတွေရှိပြီး ဒီကနေ့ လွတ်ငြိမ်းချမ်းသားခွင့်ရရှိတာဖြစ်ပါတယ်။

သူတို့ကို ဘယ်နေ့အတိအကျပြန်မယ်ဆိုတာမသိရသေးဘဲ သူတို့ပြန်နိုင်ရေးအတွက် စီစဉ်နေဆဲဖြစ်တယ်လို့လည်း ဦးမင်းမင်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦးနဲ့ မြန်မာ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားလေဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာပါ။

ဒီအထဲက ဗီဇာအမှန်ရှိသူ ၁၂ ဦးနဲ့ ဗီဇာတုကိုင်ထားတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ် ၈ ဦး စုစုပေါင်း ၂၀ ဦးကတော့ မြန်မာ သံရုံးရဲ့ ညှိနှိုင်းပေးမှုကြောင့်  စက်တင်ဘာလ ဆန်းပိုင်းမှာ  မြန်မာပြည် ပြန်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်။   မြန်မာအေးဂျင့် ၃ ဦးကတော့ အမှု ဆက်လက် ရင်ဆိုင်နေရပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/72543

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.