12/07/14


တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ရှေ့မှာ ဗိုလ် ချုပ်ရာပြည့် အကြို ဂီတနဲ့ လှုံ့ ဆော်ရေး လှုပ်ရှားမှုကိုအားပေးနေတဲ့ဒေါ် အောင်ဆန်းစုကြည်
Video..Nay myo zin

(မဇ္ဈိမ) ။  ။ ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံရသည့် အမှုတွင် စွပ်စွဲခံ မြန်မာနှစ်ဦးက ကျူးလွန်မှု မရှိကြောင်း ခိုင်မာသည့်  သက်သေ အထောက်အ ထားများကို မြန်မာသံရုံး အထူးအဖွဲ့က ရရှိထားသည်ဟု သံရုံးအထူးအဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၇ရက်တွင် မဇ္ဈိမကို ပြောသည်။ 000 Hkg10102199
မြန်မာနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်ကို လူသတ်မှုဖြင့် ထိုင်းရဲက စစ်ဆေးစဉ်။ (ဓာတ်ပုံ-AFP)
အသတ်ခံခဲ့ရသူနှစ်ဦးနှင့် ပတ်သက်ပြီး ဗြိတိန်ရဲများ၏ စုံစမ်းတွေ့ရှိခဲ့မှုများအပေါ် မြန်မာဖက်မှ တုံ့ပြန်ရန် ခက်ခဲနိုင်သည်ဟု အသတ်ခံခဲ့ရသူ ဒေးဗစ်နှင့်အန်နာ တို့၏ မိဘများက ထုတ်ပြန်ခဲ့သည့် အပေါ် မြန်မာအဖွဲ့က ယင်းကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

ဦးအောင် မျိုးသန့်က "အင်္ဂလန် ဘက်က ပြောတဲ့အပေါ် မဝေဖန် ပါဘူး၊ အင်္ဂလန် ရဲကလည်း နစ်နာသူ မိသားစု ဝန်ထုပ် ဝန်ပိုး ဖြစ်အောင် မလုပ် ဘူးလို့ ထင်ပါ တယ်။ ဒါပေမယ့် အင်္ဂလန် စုံထောက် အဖွဲ့က ထိုင်းရဲနဲ့တော့ ပူးပေါင်း ပေမယ့် မြန်မာဖက်က ဘယ်သူမှ ပါဝင်ခွင့်မရခဲ့ဘူး"ဟု ဆိုသည်။
တရားခံဟု စွပ်စွဲ ခံထား ရသူများ အတွက် ခိုင်မာသည့် သက်သေ အထောက် အထား များအဖြစ် အတူနေ မြန်မာရွေ့ပြောင်း လုပ်သား ၇ဦးဆီမှ ရယူထား ပြီဟု လည်း ဦးအောင်မျိုးသန့်က ပြောသည်။

၎င်းက "မြန်မာဖက်ကို ပြန်သွားတဲ့ ၇ဦးဆီက ထွက်ဆို ချက်တွေကို ရထားပါတယ်။ ဒီအချက် တွေက အပြင်ကို ထုတ်ပြောလို့ မရသေး ပေမယ့် ဇော် နဲ့ လင်းတို့ မကျူးလွန် ထားဘူး ဆိုတဲ့ အချက်တွေပါ"ဟု ဆိုသည်။

လူသတ်မှုအတွက် စွပ်စွဲခံရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အပေါ် ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားသည့် လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု၊ ခိုးမှု၊ ထိန်ချန် မှု၊ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု၊ ဆက်လက် နေထိုင်မှုတို့မှ လူသတ်မှု၊ လူသတ်ရန် ပူးပေါင်းကြံစည်မှု နှင့် ခိုးယူမှုတို့ဖြင့်သာ စွဲချက်တင်ရန် ထိုင်းအစိုးရ ဥပဒေအရာရှိ က ဒီဇင်ဘာ ၄ရက်တွင် တရားရုံးသို့ အကြံပြုထားသည်။
အမှုတွဲများ ကွဲလွဲမှုနှင့် ပက်သက်ပြီး ဒီဇင်ဘာ ၈ရက်တွင် ကော့စမွေ တရား တရားရုံးက စစ်ဆေးဆုံး ဖြတ်မည် ဖြစ်ပြီး ဆုံးဖြတ် ပြီးမှသာ အမှုတွဲ ကို မြန်မာနိုင် ငံဖက်က ကူးယူရ ရှိနိုင်မည်ဟု ဦးအောင်မျိုးသန့် က ပြောသည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို ဖမ်းဆီးစစ်ဆေးရာတွင်လည်း ညှင်းပမ်းနှိပ်စက်ခဲ့သည့် ထိုင်းရဲ၊ ဘာသာပြန်များကို ထိုင်းအစိုးရက အရေးယူခြင်း မရှိသေးေ ပ။

အဆိုပါ အမှုကို အောက်တိုဘာ ၈ ရက်တွင် စတင် တရားစွဲဆိုစဉ်က ပြည့်စုံမှု မရှိဟု ဆိုကာ ပယ်ချထားခဲ့ပြီး ဒီဇင်ဘာ ၄ ရက်တွင်မှ ကော့စမွီခရိုင် တရားရုံးက အမှု စွဲဆိုချက် စစ်ဆေးရန် လက်ခံလိုက်သည်။

ယင်းအမှု၏ တရားစီရင်ရေးတွင် တရားမျှတမှု ရှိစေရန် တာဝန်ယူသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E. Ambassador Pisanu Suvanajata က ဒီဇင်ဘာ ၅ ရက်က မဇ္ဈိမကို ပြောထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့ကို ဗြိတိန်စုံတွဲသတ်သည့် တရားခံများဖြစ်သည်ဟု ဆိုကာ အောက်တိုဘာ ၁ရက်တွင် ဖမ်းဆီးကာ အောက် တိုဘာ ၂ရက်တွင် တရားခံများဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

မဇ္ဈိမ


Video ကြည့်ရန်အပေါ်ပုံကိုနှိပ်ပါ
အမျိုးသား ဒီ မို က ရေ စီ အဖွဲ့ ချုပ် ရန်ကုန် အ နောက် ပိုင်း ခရိုင် မှ မြို့နယ် အဖွဲ့ ဝင် များ
ဗိုလ် ချုပ် ရာ ပြည့် အကြို လှုံ့ ဆော် ရေး ပ ထ မ နေ့ အ ဖြစ် ၇.၁၂.၂၀၁၄ တွင်ပန်း ရဲ့ လမ်း အဖွဲ့ သား များ နှင့် လှိုင် သာ ယာ အ မေ့ အိမ် မှ ကျောင်း သူ ကျောင်း သား လေး များ က တေး သီ ချင်း များ ကဗျာ များ ဗိုလ် ချုပ် မိန့်ခွန်း များ ဖြင့် လှုံ့ ဆော် ဖျော် ဖြေ ခဲ့ ရာ လူ ထု ခေါင်း ဆောင် ဒေါ် အောင် ဆန်း စု ကြည် အား ပေး နား ဆင် ခဲ့ ပါတယ်.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရနိကုန်အနောက်ပိုင်းခရိုင်၏ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အစီအစဉ်ကို ၂၀၁၄ခု၊ ဒီဖင်္ဘာလ(၁၇)ရက်နေ့ နံနက်(၈)နာရီက ဗဟန်းမြို့နယ် ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စတင်ကျင်းပခဲ့ရာ ရာပြည့်အထိမ်းအမှတ် ကျင်းပရေး ဗဟိုအဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညီပု၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ရန်ကုန်တိုင်းဥက္ကဌ ဦးမြင့်ဌေး၊ ဗဟန်းမြို့နယ်ဥက္ကဌ ဦးအောင်မြင့်(ခေါ်)ဖျာပုံနီလုံဦး တို့က အသီးသီး အထိမ်းအမှတ် စကားပြောကြားခဲ့ကြပြီးနောက် စုတိုင်းပြည်၊ ပန်းရဲ့လမ်း အဖွဲ့များနှင့်တွဲဖက်၍ လှိုင်သာယာ အမေ့အိမ် ပညာဒါနကျောင်းမှ ကလေးငယ်များက အထိမ်းအမှတ် ကဗျာ၊ သီချင်း များနှင့် ဗိုလ်ချုပ်မိန့်ခွန်း သရုပ်ပြခြင်းများပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ယာဉ်တန်းများဖြင့် ဒဂုံမြို့နယ်သို့ ဆက်လက်ထွက်ခွါခဲ့ကြပါသည်။

phoyto..Aye Mya Mya Myo


လွန်ခဲ့တဲ့နှစ်နှစ်က ဖားကန့်မှာကျည်ထိလို့ ကချင်ကျောင်းသူလေးသေဆုံးခဲ့မှုဟာ အခုချိန်အထိ တရားမျှတတဲ့စီရင်မှု မရသေးတဲ့အပေါ် နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့အညီ တရားမျှတစွာ စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို မိသားစုက တောင်းဆို လိုက်ပါတယ်။ ဒါ့အပြင် အပြစ်ရှိသူကို အရေးယူပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားမှုနဲ့ တပ်မတော်ဘက်က တရားပြန် စွဲခံထားရတဲ့ ဖခင်ဖြစ်သူအတွက် မျှတတဲ့ တရားရေးစီရင်မှု ဆောင်ရွက်ပေးဖို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်နဲ့ ကချင်ပြည်နယ် အမှန်တရား ရှာဖွေရေး ကော်မတီက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဘက်က စုံစမ်းမှုတွေ လုပ်ဆောင်နေဆဲလို့ တုံ့ပြန်ပါတယ်။။ အပြည့်အစုံ မဆုမွန် တင်ပြပေးထားပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝှမ်း၊ ကချင် နှစ်ခြင်းဘုရားကျောင်း ဒုက္ခသည်စခန်းနဲ့ အစိုးရ မူလတန်းလွန်ကျောင်းကြားမှာ တိုက်ပွဲဖြစ်ခဲ့ချိန်မှာ အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် (Ja Seng Ing) သေဆုံးပြီး ဒေသခံတွေလည်း အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မဂျာဆိုင်းရဲ့ဖခင်ဖြစ်သူက အမှုမှန်ပေါ်ပေါက်ရေး စုံစမ်း စစ်ဆေးပေးဖို့နဲ့ အပြစ်ရှိသူတွေကို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတအပါအဝင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တောင်းဆိုခဲ့ပါတယ်။ ဒီလိုတောင်းဆိုခဲ့တဲ့အပေါ် ဦးဘရန်ရှောင်ကို တပ်မတော်ဘက်ကနေ မဟုတ်မမှန်တိုင်ကြားခဲ့တယ်ဆိုပြီး ပုဒ်မ (၂၁၁) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ ဒါကြောင့် မိသားစုဘက်က နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့အနေအထားအပေါ် တရားမျှတစွာ စီစဉ်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်လို့ ဦးဘရန်ရှောင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော့သမီးကိုလည်း မတရားပစ်သတ်တယ်။ မတရားမှုကို နိုင်ငံတော်သမ္မတဆီမှာ ‘အဖြစ်မှန်ဖော်ထုတ်ပေးရေး ဆောင်ရွက်ပေးရန်’ ဆိုပြီးတော့မှ စာတင်ခဲ့ပါတယ်။ တပတ်လောက်ကြာတဲ့အခါမှာ လူ့အခွင့်အရေးကော်မရှင်မှာ ‘စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ပေးရန်’ ဆိုပြီးတော့ စာပို့ထားတယ်။ ဒီလူ့အခွင့်အရေးကော်မရှင်မှာ ကျနော် မမှန်မကန်လိမ်တင်ထားတယ်ဆိုတာ ဘာတခုမှ မရှိဘူး။ အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို အမှန်ကိုအမှန်အတိုင်း ရေးသားပြီးမှ တင်ပြခဲ့ခြင်းသာဖြစ်ပါတယ်။ အပြစ်ရှိသူကို အရေးယူ ဆောင်ရွက်ပေးရန်ဆိုပြီးတော့မှ စာတင်ခဲ့တာပါ။ သို့သော် မမှန်မကန်လိမ်လည်တိုင်တန်းပါတယ်-ဆိုပြီးတော့ ကျနော့်ကို အရေးယူတာ ပေါ့လေ-နော။ ချိုးဖောက်ခံရတယ်လို့ပဲ ပြောရမှာပေါ့။”

မဂျာဆိုင်းသေဆုံးမှုကို မိသားစုအပေါ် ခိုင်လုံတဲ့ အကြောင်းပြ ဖြေရှင်းချက် မပေးတဲ့အပြင် လူ့စုံစမ်းပေးဖို့ တောင်းဆိုတဲ့ ဖခင်ဖြစ်သူကိုပါ တရားစွဲဆိုတဲ့အမှုဟာ တရားဥပဒေစိုးမိုးမှု အားနည်းတာကို ပြသရာရောက်တယ်လို့ ဦးဘရန်ရှောင်ဘက်က ဥပဒေအကျိုးဆောင်ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ ဦးခွန်နော် က ပြောပါတယ်။

“မြန်မာ့တပ်မတော်ကတရားလိုလုပ်ပြီးတော့မှ တခါတည်းဦးတိုက်လျှောက်တယ်။ လျှောက်တဲ့အခါမှာ တရားရုံးကလည်း လက်ခံပြီး ဒီအမှုကို စစ်ဆေးတာကစပြီးတော့မှ အမှုက တကယ်တန်းတော့ စွဲလို့ကို မရတဲ့အခြေအနေမျိုးတော့ ရှိတာပေါ့လေ။ တရားစွဲအဖွဲ့အစည်းကနေပြီး စိစစ်ပြီးတော့မှလက်ခံသင့်တာပေါ့။ အခုက အဲဒီလို စိစစ်ပြီးတော့မှ လက်ခံတာမရှိဘဲနဲ့ မြန်မာ့တပ်မတော်က စွဲတဲ့အပေါ်မှာ သူတို့အနေနဲ့ တခါတည်း လက်ခံလိုက်ခြင်းအားဖြင့် ကျနော်တို့ဆီမှာ တရားစီရင်မှု၊ တရားဥပဒေစိုးမိုးမှုကတော့ မေးခွန်းထုတ်စရာ အများကြီး ရှိနေတာပေါ့လေ။”

မဂျာဆိုင်းသေဆုံးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေနေပါတယ်လို့ ဆိုပေမဲ့ အခုလို ဖခင်ဖြစ်သူဦးဘရန်ရှောင် တရားစွဲဆိုခံရတဲ့အမှုကို ကာယကံရှင်နဲ့ အာရှလူ့အခွင့်အရေးကော်မရှင်ဘက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အကြောင်းကြားစာပေးပို့ထားပေမဲ့ အခုလိုဖြစ်နေတာကို တရားဝင် မသိရှိရသေးဘူးလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က တုံ့ပြန်ပါတယ်။

“မဂျာဆိုင်းသေဆုံးတဲ့ကိစ္စက ကျနော်တို့ဆီကို တိုင်စာရတယ်ဗျ။ သူသေပြီး တလလောက်ကြာတော့ တိုင်စာရပါတယ်။ ကျနော်တို့ကတော့ ဒီ တိုင်ကြားချက်ကို စိစစ်ပြီးတော့ သက်ဆိုင်ရာဌာနကနေ ဆောင်ရွက်ပေးဖို့ ကျနော်တို့ရဲ့လုပ်ငန်းစနစ်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို ကျနော်တို့ ပို့ခဲ့ပါတယ်။ သို့သော် ဒီဟာနဲ့ပတ်သက်လို့ကတော့ တိုးတက်မှုအခြေအနေတော့ ကျနော်တို့ ပြန်လည်ရရှိခြင်း မရှိသေးပါဘူး။ အဲဒီတော့ လူ့အခွင့်အရေးကော်မရှင်ကို တိုင်လို့- ဆိုပြီးတော့ တပ်မတော်ဘက်က အမှုဖွင့်အရေးယူတယ်ဆိုတဲ့သတင်းကိုတော့ ကျနော်တို့က တရားဝင်မဟုတ်ဘဲ အင်တာနက်သတင်းတွေမှာတော့ ရတာရှိပါတယ်။ အဲဒီတော့ ဒီသတင်းကိုတော့ ကျနော်တို့အနေနဲ့ အတည်ပြုနိုင်ခဲ့ခြင်းတော့ မရှိပါဘူးဗျ။ ဟုတ်ကဲ့၊ အဲဒါပါပဲ။”

မေး။ ။ ဟုတ်ကဲ့ ဆရာ၊ တကယ်လို့ အဲဒီလို တရားစွဲဆို ခံခဲ့ရတယ်ဆိုလို့ရှိရင် အဲဒီအပေါ်မှာရော ဆရာတို့အနေနဲ့ ဘာများ ဆောင်ရွက်ပေးနိုင်တာ ရှိပါလဲရှင့်။

ဖြေ။ ။ တရားစွဲဆိုခံရတယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဥပဒေမှာကတော့ တရားရုံးက ဆောင်ရွက်နေတဲ့ အမှုကိစ္စတွေကိုတော့ ကျနော်တို့က ဝင်ရောက်ကိုင်တွယ် ဆောင်ရွက်ခြင်း မရှိပါဘူး၊ ကျနော်တို့ ဝင်ရောက်ကိုင်တွယ် ဆောင်ရွက်လို့ မရပါဘူး။ အဲဒါကတော့ တရားရေးလမ်းကြောင်းအရပဲ သွားရုံပဲ ရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကိုတိုင်လို့ အမှုဖွင့်တယ်ဆိုတာမျိုးကိုတော့ ကျနော်တို့လည်း နားမလည်ဘူး။

ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာနေဆဲအခြေအနေမှာ ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရဆဲ အခြေအနေတွေနဲ့ ဆုံးရှုံးနစ်နာနေရမှုတွေကို ဖြေရှင်းပေးဖို့ အစိုးရနဲ့တပ်မတော်မှာ တာဝန်ရှိတယ်လို့ အမှန်တရား ရှာဖွေရေး ကော်မတီက ဦးမောင်ဒမ် (Mung Dan) ကပြောပါတယ်။

“ဒီအမှုကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့က ပိုပြီးတော့ သူ့သမီး ဘယ်လိုဆုံးရတယ်ဆိုတာပေါ့နော်၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဘယ်သူတွေဖြစ်တယ်၊ ဒီသေဆုံးမှုကို ဘယ်သူတွေ တာဝန်ရှိတဲ့ဆိုတဲ့ကိစ္စကို ကျနော်တို့ ဖော်ထုတ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ မျက်မြင်သက်သေ ထွက်ဆိုချက်တွေကို တင်ပြထားတဲ့ အစီရင်ခံစာရယ်၊ အဲဒီလို လုပ်တဲ့အစီအစဉ်လေးပါခင်ဗျ။”

ဒီဇင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကချင်ပြည်နယ် အမှန်တရားရှာဖွေရေးကော်မတီ၊ ကချင်ငြိမ်းချမ်းရေးကွန်ယက်တို့က ဦးဆောင်ပြီး မဂျာဆိုင်းအိန်သေဆုံးရမှု၊ ဖခင်ဦးဘရန်ရှောင် တရားစွဲဆိုခံနေရမှုတွေနဲ့ပတ်သက်လို့ မျက်မြင်သက်သေ စုံစမ်းတွေ့ရှိချက်တွေကို သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/sai-jar-eain-a-student-killed-my-myanmar-army-/2548462.html

လိုင်ဇာ တိုင်းရင်းသား လက်နက်ကိုင် ဗိုလ်လောင်း သင်တန်းသားတွေ ကျဆုံးမှု အမှုမှန်ပေါ်ရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆို နေကြစဉ်။ (ဒီဇင်ဘာ ၆၊ ၂၀၁၄)
ကချင်ပြည်နယ်နယ်စပ် လိုင်ဇာမှာရှိတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်ရဲ့ ဗိုလ်လောင်း စစ် သင်တန်းကျောင်းကို နိုဝင်ဘာလ (၁၉) ရက်နေ့က မြန်မာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ တိုင်းရင်းသား ဗိုလ်လောင်းတွေနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်စေဖို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ် ရုံးရှေ့မှာ စနေနေ့က အမေရိကန် ပြည်ထောင်စုရောက် တိုင်းရင်းသားတွေ တညီတညွတ်တည်း တောင်း ဆိုခဲ့ကြပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

……… ဆန္ဒပြကြွေးကြော်သံများ……

နယူးယောက်မြို့မှာ ရာသီဥတုဆိုးရွားနေတဲ့ကြားက ကုလသမဂ္ဂဌာနချုပ်ရှေ့ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ စုဝေးပြီး ဆန္ဒပြနေကြတာပါ။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာက ဗိုလ်လောင်းစစ်သင်တန်းကျောင်းကို မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန် ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားဗိုလ်လောင်း (၂၃) ဦးသေဆုံးသွားတဲ့ အမှတ်တရအထိမ်းအမှတ်အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုနေကြတာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Kachin Alliance ကချင်ကွန်ယက် အထွေထွေအတွင်းရေးမှူး ဂျာမိုင်ကပြောပါတယ်။

“ဒီလို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျမတို့တိုင်းရင်းသားတပ်မတော်က တပ်သားတွေ ကျဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျမတို့အနေနဲ့ အင်မတန်မှ စိတ်ထဲမှာလည်း ခံစားရတယ်။ မြန်မာပြည်အစိုးရအနေနဲ့ အထူးသဖြင့် တပ်မတော်အနေနဲ့ တာဝန်ရှိတယ်လို့ ကျမတို့အနေနဲ့ယူဆပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်အနေနဲ့ ကတိကဝတ်ပြုထားတဲ့အချက်တွေကို မလိုက်နာဘဲနဲ့ သင်တန်းကျောင်းကို ဗုံးချတဲ့ကိစ္စ၊ ရှေ့ဆက်ပြီး ကတိကဝတ်ဖောက်ဖျက်တဲ့ အလုပ်တွေကို၊ မလိုက်နာတဲ့အလုပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုဖို့အတွက် ကျမတို့ - ကျမတို့ ကချင်အဖွဲ့တွေတင်မဟုတ်ပါဘူး။ တခြား တိုင်းရင်းသားအဖွဲ့တွေလည်း ရောက်ရှိနေပါတယ်။ အားလုံးပေါင်းပြီး ကျမတို့ ဆန္ဒထုတ်ဖော်တဲ့သဘောနဲ့ လုပ်တာဖြစ်ပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စခန်းတွေအနီးတ၀ိုက် မြန်မာစစ်တပ်အနေနဲ့ ဗုံးတွေနဲ့ပ စ်ခတ်တာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဂျာမိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ KIA ရဲ့ဗိုလ်လောင်းစစ်သင်တန်းကျောင်းက စစ်ဖက်၊ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အဆင်မြင့် သင်တန်းတွေအတွက် လူငယ်ခေါင်းဆောင်တွေကို အလှည့်ကျ ရွေးချယ်စေလွှတ်ကြောင်း ဆန္ဒပြပွဲမှာကိုယ်တိုင် ပါဝင်နေတဲ့ CNF ချင်းအမျိုးသားတပ်ဦးဥက္ကဋ္ဌ ဦးလျန်အုပ်က ပြောပါတယ်။

“တပ်သားထဲက တော်တော်တော်တဲ့ သူတွေကို နောက်နောင်မှာ၊ စစ်ဘက်ဖြစ်ဖြစ်၊ အရပ်ဘက်ဖြစ်ဖြစ် ခေါင်းဆောင်တွေ မွေးထုတ်တဲ့အနေနဲ့ ကျနော်တို့ KIA -- သင်တန်းကို ကျနော်တို့ ဆယ်ယောက်၊ အခုအခေါက်မှာ ပို့ပါတယ်။ အရင်ကလည်း ပို့ဖူးပါတယ်။ သင်တန်းအစ ကတည်းက အကုန်လုံး သင်တန်းကို ကချင်ကပဲ သင်တန်းပေးပြီးတော့ စခဲ့တာဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားပေါင်းစုံ သင်တန်းအတူတူယူတဲ့အခါမှာ သင်တန်းကတည်းက တိုင်းရင်းသားပေါင်း အစုံ၊ စိတ်ဓာတ်အတူတူ၊ အတွေးအခေါ်အတူတူဖြစ်နိုင်ဖို့အတွက် ကောင်းတယ်ဆိုပြီးတော့ ကျနော်တို့ အဲဒီလို ပို့လိုက်ခြင်း ဖြစ်ပါတယ်။”

သေဆုံးသွားတဲ့ တိုင်းရင်းသားဗိုလ်လောင်းတွေထဲမှာ TNLA ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးက (၁၁) ဦးနဲ့ CNF ရဲ့ ချင်းဗိုလ်လောင်း နှစ်ဦး ကျဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။ AA ခေါ် ရက္ခိုင့် တပ်မတော်က ရခိုင်ဗိုလ်လောင်း ရှစ်ဦးကျဆုံးပြီး ငါးဦးဒဏ်ရာရှိခဲ့ပါတယ်။ နယူးရောက်က ဆန္ဒပြပွဲမှာပါဝင်သူ ရခိုင်ကော်မတီဝင် ခိုင်ဘခင်က သူတို့ရဲ့တောင်းဆိုချက်တွေကို အခုလိုပြောပြပါတယ်။

“ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ လက်ရှိ မြန်မာနိုင်ငံအစိုးရကို ဖိအားပေးဖို့နဲ့ တိုင်းရင်းသားလူငယ်ခေါင်းဆောင် ၂၃ ယောက် အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ အမှုမှန်ဖော်ထုတ်ပေးဖို့ကို မြန်မာအစိုးရကနေပြီးတော့ ချက်ချင်း စစ်ဆေးပေးဖို့ …ကျနော်တို့ ဒီနေရာမှာ လာပြီးတော့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။”

အမေရိကန်အခြေစိုက် မွန်အမျိုးသားကောင်စီက နိုင်အောင်မွန်ကလည်း မြန်မာပြည်ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေ လိုလားတောင်းတနေကြကြောင်း အခုလိုပြောပါတယ်။

“ကျနော်တို့တိုင်းရင်းသားပေါင်းစုံက ငြိမ်းချမ်းရေးကို လိုလားနေပါပြီဆိုတာကို သက်သေပြလိုက်တာပါ။ ဒီဗမာစစ်တပ်ရဲ့လုပ်ရပ်ဟာ မရိုးသားဘူးပေါ့ဗျာ။ ပထမကတော့ ရှေ့မှာ ငြိမ်းချမ်းရေးအကြောင်း ပြောတယ်။ နောက်မှာတော့ ပစ်ခတ်သတ်ဖြတ်တယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံးက မလိုလားတော့ ဘူးပေါ့ဗျာ။ ဒီဗမာစစ်တပ်ရဲ့လုပ်ရပ်တွေ၊ ပြဿနာရပ်တွေကို ကျနော်တို့အားလုံးက စည်းလုံးညီညွတ်စွာနဲ့ ဆန္ဒလာပြတာလို့ ကျနော်မြင်တယ်ဗျ။”

ဒီဆန္ဒပြပွဲကို နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှေ့နဲ့ (၇၇) လမ်းမှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ ပြုလုပ်ခဲ့ ကြပြီး ဖလော်ရီဒါ၊ မစ်ချီဂန်စတဲ့အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်းစုံက တိုင်းရင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/ethnic-group-called-un-for-laizar-military-officers-training-blast-/2548937.html

ပါကစ္စတန်အတွင်းမှာ အသေဖမ်းမိတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Adnan Shukrijumah.
၂၀၀၉ ခုနှစ်က နယူးယောက် မြေအောက် ရထားလမ်း စနစ်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုနဲ့ အမေရိကန် အလိုရှိနေတဲ့ al-Qaida ထိပ်ပိုင်း ခေါင်းဆောင် တဦးကို ပါကစ္စတန် တပ်ဖွဲ့ဝင်တွေက အသေ ဖမ်းဆီး မိခဲ့တဲ့အကြောင်း ပါကစ္စတန်စစ်တပ်က ပြောဆို လိုက်ပါတယ်။

အာဖဂန်နဲ့နယ်စပ် ၀ါဇီရစ်စတန်တောင်ပိုင်း ရှင် ၀ါ ဆခ့် ဒေသက အဒ်နန် ရှုကရီဂျူမား (Adnan Shukrijumah) ရဲ့ခြံဝင်းကို စနေနေ့မနက် အစောပိုင်းက ၀င်ရောက်စီးနင်းပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောဆိုခဲ့တာပါ။ သူနဲ့အတူ နောက်ထပ် အပေါင်းအပါ ၂ ဦးလည်း စီးနင်းမှုအတွင်း သေဆုံးခဲ့သလို၊ ၅ ဦးလည်း ဖမ်းဆီးမိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဇွန်လတုန်းက စစ်သွေးကြွအခြေစိုက်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို တိမ်းရှောင်ရင်း Shukrijumah (ရှုကရီဂျူမား) ဟာ မြောက်ပိုင်း ၀ါဇီရစ္စတန် လူမျိုးစုဒေသကနေ တောင်ပိုင်း ၀ါဇီရစ္စတန်ဒေသကို မကြာသေးခင်ကပဲ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးဗျူရို FBI ကတော့ ဆော်ဒီနိုင်ငံဖွား Shukrijumah (ရှုကရီဂျူမား) ဟာ အမေရိကန်က အလိုအရှိဆုံး အကြမ်းဖက်သမား စာရင်းဝင်ဖြစ်ပြီး ဖမ်းဆီးပေးနိုင်သူကို ဒေါ်လာ ၅ သန်း ဆုငွေပေးမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/pakistan-military-kills-militant-wanted-in-us-/2548941.html


မြန်မာလွတ်လပ်ရေးသမိုင်းရဲ့ နိုင်ငံရေးအမြုတေစတင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ရဲ့ အဆောက်အအုံကို ပြန်လည်ဆောက်ခွင့်ပေးဖို့ ရန်ကုန်အစိုးရက မြို့တော်ခမ်းမရှေ့မှာဆန္ဒပြခွင့်ကို ငြင်းပယ်ခဲ့လို့ တာမွေ ပြည်သူ့ဟစ်တိုင်ကွင်းမှာပဲ ဒေါက်တာအောင်ခင်ဆင့် ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြမယ့် နေရာပြောင်းလိုက်တာကို ဘာလို့ လက်ခံလိုက်တာလဲ။

မြန်မာစစ်အစိုးရလက်ထက် ထောင်ဒဏ် အနှစ် ၂ဝချမှတ်ခံခဲ့ရပြီး ၉နှစ်ခွဲပဲ နေခဲ့ရတာကြောင့် ထောင်ကြွေးကျန်ရှိနေတဲ့အတွက် ဥပဒေအညီပဲ ဆန္ဒပြဖို့ ဟစ်တိုင်မှာပဲ ဆန္ဒပြဖို့ သဘောတူခဲ့တယ်လို့ ဒေါက်တာ အောင်ခင်ဆင့်က ပြောပါတယ်။ ပြည်သူလူထုထောက်ခံတယ်ဆိုရင် ဆန္ဒပြတဲ့နေရာက အဓိကမကျဘဲ လုပ်ငန်းကသာ အဓိကဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဗြိတိသျှကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်ပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာရှိတဲ့ တကသ အဆောက်အအုံကို စစ်အာဏာရှင် ဦးနေဝင်း ၁၉၆၂မှာ တိုင်းပြည်အာဏာကို သိမ်းယူပြီး ဇူလိုင် ၈ရက်နေ့မနက်မှာ ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်စီးခဲ့ပါတယ်။

တကသမြက်ခင်းပြင်ဖြစ်နေတဲ့ နေရာမှာ သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ပေးဖို့နဲ့ သမဂ္ဂအဆောက်အအုံပေါ်ပေါက်လာရေး ကော်မတီဖွဲ့ဖို့ ဒေါက်တာအောင်ခင်ဆင့်က တောင်းဆိုခဲ့ပြီး ကျောင်းသားသမဂ္ဂကို အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုခဲ့တာကို သူက ကိုးကားပြီး ဆိုပါတယ်။

ဒေါက်တာအောင်ခင်ဆင့်နဲ့အတူ ကျောင်းသားနဲ့ လှုပ်ရှားတက်ကြွသူ အယောက် ၂ဝလောက် ပါဝင်ဆန္ဒပြခဲ့ပြီး ဒီဆန္ဒပြပွဲဟာ အောင်မြင်တဲ့ ဦးဆောင်မှုဖြစ်တာမို့ သမဂ္ဂအဆောက်အအုံ ပေါ်လာစေဖို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

Kamayut Media


ပဲခူးတိုင်း အင်းတကော်မြို့နယ် ရွှေလေးကျေးရွာက ရွာသားတွေ စိုက်ပျိုးထားတဲ့ စပါးပင်တွေကို စစ်တပ်က သူတို့သိမ်းထားတဲ့ လယ်တွေထဲ စိုက်ပျိုးခွင့် မရှိဘူးလို့ဆိုပြီး ဒီကနေ့ မနက်ပိုင်းက စစ်တပ်က ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီ ရွှေလေးရွာရောက်နေတဲ့ လယ်သမားတွေ အတွက် လိုက်လံ ကူညီပေးနေသူ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ရဲ့ တာဝန်ခံ မစုစုနွေးက လယ်တွေ ဖျက်ဆီး ခံရတာနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

"ခင်ဗျားတို့ပေါ့နော်၊ တပ်ပိုင်အုတ်တံတား ခတ်ထားတဲ့ တဲမှာနေတဲ့ တဲအိမ်တွေကို ဖျက်ပေးပါ၊ တပ်ထဲကနေပြီးတော့ လူအင်အား တစ်ရာလောက်ဆင်းပြီး လယ်သမား ကိုမောင်အေး စိုက်ထားတဲ့ လယ်တွေကို ဓါးတွေနဲ့ရမ်းပြီးတော့ အပင်တွေကိုလည်း အကုန်လုံးဆွဲတင်တယ်"

အဲဒီရွာနားက စုစုပေါင်း လယ်ဧက ၅၈၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းက အင်းတကော်မြို့ အခြေစိုက် လက်နက်နဲ့ ခဲယမ်းမီးကျောက်တပ်နဲ့ တပ်မတော်(လေ) တို့က သိမ်းခဲ့တာဖြစ်ပြီး ဒေသခံတွေကို သီးစားခ ပြန်လည်ချထားခဲ့တာလို့ သိရပါတယ်။

မနှစ်ကစပြီး စိုက်ပျိုးခွင့်မပေးတော့ဘဲ လယ်သမားတွေက ဆက်လက်စိုက်ပျိုးထားရာမှာ စစ်တပ်က တပ်ပိုင်မြေဖြစ်တယ်ဆိုတာကြောင့် အဲဒီလယ်တွေထဲမှာရှိတဲ့ တဲတွေနဲ့ လယ်သမားတွေကို ဖယ်ပေးဖို့ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်အတွင်းက တရားစွဲဆို ခံထားရတဲ့ လယ်သမား ၁ဝဝ ကျော်အမှုကို လိုက်လံ ကူညီပေးဖို့ ရေတာရှည် အန်အယ်လ်ဒီရုံးမှာ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လယ်သမား မိသားစုဝင်တွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ရေတာရှည်မြို့နယ်မှာ လယ်သမားတွေ တရားစွဲဆို ထောင်ချ ခံနေရတာကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြဖို့ ဆွေးနွေးခဲ့တယ်လို့ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အတွင်းရေးမှူး ဦးချစ်ထွေးက ပြောပါတယ်။

"အခုလယ်သမားတွေ ဖြစ်တဲ့ဟာကတော့ တရားဥပဒေ စိုးမိုးမှုမရှိဘူး၊ လယ်သမားဖြစ်နေတာကလည်း တစ်နိုင်ငံလုံး ဖြစ်နေတာပေါ့၊ ဒါပေမဲ့ ပဲခူးတိုင်း အရှေ့တိုင်းမှာကျတော့ လယ်ယာမြေ အငြင်းပွားမှုဖြစ်တဲ့အခါ ရေတာရှည်ကတော့ ထောင်ချတာ ပထမဆုံးကြုံတွေ့ရတာပေါ့၊ သူ့အနေနဲ့ကတော့ လွှတ်တော်ဖက်က တင်ပေးမယ်၊ လွှတ်တော်တင်ပေးတဲ့အချိန်မှာလည်း သူ့ကိုစာတင် သူကတဆင့် ထပ်ပြီးတွန်းအားပေးမယ်ပေါ့၊ တရားဥပဒေ စိုးမိုးမှုမရှိတော့ တရားဥပဒေ စိုးမိုးရေးမဏ္ဍိုင်ကို အဆင့်ဆင့် ဆောင်ရွက်ပေးထားမယ်လို့ ပြောပါတယ်"

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်အတွင်းက ရေတာရှည်မြို့နယ်မှာ အမှတ် ၆ သကြားစက် ဆောက်လုပ်ဖို့ အတွက်ဆိုပြီး ညောင်ပင်သာ၊ ပြည်စုတ်၊ အင်ကြင်းကုန်း၊ ကရင်ရွာ၊ အောင်ချမ်းသာစတဲ့ ကျေးရွာပေါင်း ၁ဝ ကျော်က လယ်ယာမြေဧက ၂၀ဝဝ ကျော်ကို စက်မှုဝန်ကြီးဌာနက သိမ်းယူခဲ့ပြီး လယ်သမားတွေကို သီးစားချလုပ်ကိုင်ခွင့် ပေးထားခဲ့တာဖြစ်ပါတယ်။

မနှစ်က နိုင်ငံတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးမယ်ဆိုပြီး ပြောခဲ့တာကြောင့် မူလလယ်သမားတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲကို ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။ အဲဒီ့ဝင်ရောက်ထွန်ယက်တဲ့ လယ်သမားတွေကို သီးစားယူလုပ်တဲ့ လယ်သမားတွေက တရားစွဲတာဖြစ်တဲ့အတွက် လယ်သမားအချင်းချင်းကြား ဖြစ်ပွားတဲ့အမှုဖြစ်ပါတယ်။

မနေ့က ညောင်ပင်သာကျေးရွာက လယ်သမား ၄ ဦးကို ရေတာရှည်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့ရာ လယ်သမား ၃ ယောက်ကို ငွေဒဏ် ၅ဝဝ အမိန့်ချမှတ်လိုက်ပြီး တစ်ဦးကို ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှုနဲ့ ထောင်ဒဏ် ၂ လ အမိန့်ချလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

အမေရိကန် သတင်းထောက် Luke Somers
ယီမင်မှာ အယ်လ်ခိုင်ဒါ ပြန်ပေးဆွဲ ခံနေရတဲ့ အမေရိကန် သတင်းထောက် Luke Somers ကို ကယ်ဆယ်ဖို့ စစ်ဆင်ရေး လုပ်နေစဉ် အတွင်း အယ်လ်ခိုင်ဒါ တွေက သတ်ဖြတ်တာ ခံလိုက်ရတယ်လို့ အမေရိကန် စစ်ဘက်က ပြောကြား လိုက်ပါတယ်။

သူနဲ့အတူ တောင်အာဖရိက နိုင်ငံသား ကယ်ဆယ်ရေး လုပ်သား ဓားစာခံ Pierre Korkie ပါ အသတ် ခံခဲ့ရတယ် လို့လည်း သိရပါတယ်။

ယီမင် လုံခြုံရေး အဖွဲ့ အကြီးအကဲ Ali Al-Ahmadi က မစ္စတာ Somers ကို ဒီကနေ့ သတ်တော့မယ် ဆိုလို့ ကယ်ဆယ်ဖို့ ကြိုးစားပေမယ့် ဒီ တိုက်ခိုက်မှု အတွင်း ဒါမှမဟုတ် တိုက်ပွဲ မစခင်မှာ သူ့ကို အယ်လ်ခိုင်ဒါ တွေက ပစ်သတ် ခဲ့တယ်၊ သူ့ကို ကယ်တင်နိုင်ခဲ့ပေမယ့်လည်း ဆေးရုံ မရောက်ခင် လမ်းမှာ သေဆုံး သွားခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီ သတ်ဖြတ်မှု တွေကို အကြမ်းပတမ်း လူသတ်မှုတွေ အဖြစ် အမေရိကန် သမ္မတ အိုဘားမားက ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

Mr Somers သတ်ဖြတ် ခံရမယ့် အသက်ဘေး ကျရောက် နေလို့ အမေရိကန် အထူး တပ်ဖွဲ့တွေကို ကယ်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

ဒါပေမဲ့ Mr Korkie ကို မကြာခင်မှာ လွှတ်ပေးတော့မယ် ဖြစ်လို့ ဒီလို မသေသင့်ဘူးလို့ ကယ်ဆယ်ရေး လှုပ်ရှားသူ တွေက ပြစ်တင် ပြောကြား ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141206_somers_killed_yemen


ရန်ကုန် ခေတ်အဆက်ဆက် သူ့အပိုင်လိုက် ကြီးစိုး မင်းမူခဲ့ကြတဲ့ လူမိုက်ကြီးတွေ လမ်းမတော်ဖိုးတုတ် ဗိုလ်တထောင်ငမိုး၊ အင်္ဂလိပ်ခေတ် လိုအပ်လို့ အသုံးပြုကြတဲ့ လူမိုက်အပိုင်စား ခေါင်းဆောင်တွေ၊ လမ်းမတော အပိုင်မှာ ပုလိပ်က ဘိန်းခန်းတွေ၊ အရက်ဆိုင်တွေ၊ ပြည့်တန်ဆာ အိမ်တွေ ဖမ်းချင်ရင် အပိုင်စားလူမိုက်တွေ ခေါ်ယူညှိနှိုင်း ခဲ့ကြရပါတယ်။

နောက်ပိုင်း တော်လှန်ရေး ကောင်စီခေတ် ပန်းဘဲတန်းက မူဆာတို့၊ အီဆတ်တို့၊ အလီတို့၊ ပန်းဆိုးတန်းက ရောင်စိန်ကဖီးမှာ မိုးကျော်တို့၊ ကျော်ဝင်းတို့၊ ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းက ဘသန်းကဖီးမှာ ဆေးရုံးကြီးလူမိုက် ပီတာတို့၊ အဘူးတို့၊ ကာဆင်တို့၊ အဲဒီခေတ်က လေဟာပြင်ထဲ ကျင်လည်ကျက်စားခဲ့ကြပါတယ်။ ဘူတာကြီးဂုံးတံတားအောက်မှာ ရှဲတမတ်ဆိုတာ အဲဒီခေတ်က ကိုမိုးကျော်တို့ ကျော်ဝင်းကြီးတို့ စောင့်ရှောက်မှုအောက်မှာ လှုပ်ရှားခဲ့ကြတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေါင်းတောင်း ၅ မြို့နယ်ဟာ လူဦးရေ အထူထပ်ဆုံးမြို့လယ် ရုပ်ရှင်ရုံကြီးတွေရှိလို့ ခါးပိုက်နှိုက်၊ ပြည့်တန်ဆာကြိုးလိမ်ဂိုဏ်းသမားတွေ၊ ဖဲသုံးချပ်သမားတွေ လှုပ်ရှားတဲ့နေရာဖြစ်လို့၊ ရဲတပ်ဖွဲ့အင်အားနဲ့ မလုံ လောက်လို့ ရဲတွေက လူမိုက်တွေကိုကြည့်ရှုစောင့်ရှောက်ထားပြီး လူမိုက် လူမိုက်ချင်းထိန်းထားခဲ့ကြရပါတယ်။ အဲဒီခေတ်က လူမိုက်တွေလည်း စည်းရှိပါတယ်။ ရဲတွေကလည်း စည်းရှိကြပါတယ်။

ရန်ကုန်မြို့ ခါးပိုက်နှိုက်လောကကို ကြေးမုံတို့ ကြီးစိုးထားတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီခေတ်က ခါးပိုက်နှိုက်တွေဟာ ဈေးထဲနှိုက်သူက ဈေးထဲပဲ နှိုက်ပါတယ်။ ကားပေါ်နှိုက်သူက ကားပေါ်ပဲ နှိုက်ပါတယ်။ ဘုရားပွဲ လမ်းပေါ်နှိုက်သူကလည်း မိမိတို့ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာပဲ နှိုက်ကြပါတယ်။ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရရင် ဘယ်ကားလိုင်း၊ ဘယ်မှတ်တိုင် နှိုက်ခံရတယ်ဆိုက မြေနီကုန်း တပင်ရွှေထီးရုပ်ရှင်ရုံးနားက “ခေတ်သစ်”လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတတ်တဲ့ ခေါင်းဆောင်ကြေးမုံဆီမေးရင် သိပါတယ်။ တာမွေဘက်က တာမွေသင်္ချိုင်းကြီးထဲက ဇရပ်မှာ ရန်ကုန်မြို့တမြို့လုံး မြို့နယ်အလိုက် မနက်သူခိုး၊ ညသူခိုး၊ နေ့လယ် သူခိုးတွေရဲ့ လှုပ်ရှားမှုကိုသိနေတဲ့ ယက္ခကြီးဆိုတဲ့ လူမိုက်ကြီးတယောက် ရှိပါတယ်။
သူ့အပိုင်ထဲ သူမသိဘဲ ၀င်ခိုးလို့ကတော့ ရဲလက်ထဲချက်ချင်းအပ်ပါတယ်။
သူခိုးတွေအားလုံး အဲဒီ ယက္ခကြီးဆီမှာ ဆက်ကြေးပေးကြရပါတယ်။

အဲဒီပုဂ်္ဂိုလ်တွေ ဦးသန့်အရေးအခင်းအပြီး စစ်အုပ်ချုပ်ရေးနဲ့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ကြရပါတယ်။ တချို့ရဲဘက်စခန်းရောက် ငှက်ဖျားဖြစ်ပြီး သေဆုံး ၁၉၇၅၊ ၁၉၇၆ ပတ်ဝန်းကျင်မြို့လယ် လူဆိုးတချို့ ပျောက်ဆုံးခဲ့ကြပေမယ့် ရွက်ပုံးသီး လူမိုက်တွေ ခါးခေါင်းဆောင်တွေကတော့ အခြေအနေအချိန်အခါကို စောင့်နေခဲ့ကြပါတယ်။

လှည်းတန်း (ကမာရွတ်)ကတ္တသရာတို့ ရမ်းကားတို့၊ ကမာရွတ်ကြီးတို့ စိုးသိန်းကြီးတို့ ကိုကျောက်ခဲတို့၊ ခရမ်းတို့ တကြောထလာကြပါတယ်။ ခါးခေါင်းဆောင်ကြီးမြင့်တို့ ဆင်မလိုက် ၀က်သတ်ရုံအနီး ကျင်လည်နေကြတဲ့ ဆင်မလိုက်လူမိုက်အုပ်စုတွေ၊ အခု ဘုရင့်နောင်လမ်းကြီး မဖောက်ခင် သံကြိုးတိုင်က ကိုတိုးလှိုင်ကြီးတို့ ကြည့်မြင်တိုင် ညဈေးအမှီပြုပြီး လှုပ်ရှားကြတဲ့ ကပ္ပလီတို့ ကိုနွားကြီး (စံငြိမ်း)တို့ အုပ်စုတွေ ကြံတောသင်္ချိုင်းထဲ ဆေးခြောက်တထုပ် ၅/ိ နဲ့ဖြန့်တဲ့ ပိုးဟပ်ဖြူတို့၊ အောင်ဝင်းတို့၊ ၀င်းနိုင်တို့ အုပ်စုတွေ ကိုယ့်အပိုင် ကိုယ့်နေရာ ကိုယ့်ဒေသမှာပဲ မင်းမူမိုက်ကြပါတယ်။

လူမိုက်ခေါင်းဆောင်အောင်ဝင်းတို့ဆိုရင် ““ဒို့က လူမိုက်၊ လူမိုက် အလုပ်ပဲ လုပ်တယ်။ မယုတ်မာဘူး””လို့ အမြဲပြောပါတယ်။ လိုအပ်လို့ ရဲကခေါ်ရင် အေးချမ်းစွာသွားပါတယ်။ အဖမ်းခံရရင်လည်း ထောင်ထဲမှာ နေရာရှိပြီးသားဖြစ်လို့ ထွက်ပြေးတာတို့ ရဲကိုပြန်ခုခံတာတို့ မရှိခဲ့ပါ။ လိုအပ်လို့ ရဲခေါ်ရင် တွေ့တယ်။ အဖမ်းခံတယ်။ သူ့အပိုင်နဲ့သူ လူမိုက်ရှိကြပေမယ့် တရားဥပဒေစိုးမိုးရေးအတွက် လူထုကို ထိတ်လန့်အောင် ကျီးလန့်စာစားဖြစ်အောင် မလုပ်ခဲ့ပါဘူး။

၈၈ အရေးအခင်းအပြီး စစ်အုပ်ချုပ်ရေးခေတ်မှာ လူမိုက်လက်သစ်တွေ ယုတ်မာကြတယ်၊ ရိုင်းစိုင်းလာကြပါတယ်။ အရေးအခင်းပြီးခါစ ၁၉၈၉ နဲ့ ၁၉၉၀ နှစ်ဆန်းပိုင်းအထိ ရန်ကုန်မြို့မှာ နေရာအနှံ့ နံနက် ဝေလီဝေလင်း ညမိုးချုပ်စ အချိန်တွေမှာ လမ်းခရီးသွားတွေဆီက ပါပလေကာကားနဲ့ အုပ်စုတစု ဆွဲကြိုးဖြတ်၊ ပိုက်ဆံအိတ်လုပြေးတဲ့ဖြစ်စဉ်တွေ လှိုင်မြို့နယ် ဘူတာရုံလမ်းဘက်တို့မှာဆိုရင် ပဲပြုတ်သည်ကအစ နံနက် ဝေလီဝေလင်း အလုခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ရဲက ဖမ်းရင် ရဲကို ပြန်ခုခံတယ်။

လှိုင်ဘက်မှာ ငရှဉ်တို့၊ ခေါလေးတို့၊ ၀က်ကလေးတို့ ခါးခေါင်း ဆာင်ကြီးမြင့်အဖွဲ့တွေ ပစ္စည်းလုတယ်။ မပေးရင် ရန်ပြုတယ်။ ဆိုက်ကား လိုချင်လို့ ဆိုက်ကားသမားကိုသတ်တဲ့ ငမိုးတို့လို လူမိုက်တွေ ပေါ်လာပါတယ်။

အရေးအခင်းကာလ ဂိုဏ်းစတားကြီးတဦးက မွေးခဲ့တဲ့ စိုးမြတ်တို့ ဆိုရင် ထောင်က တရားရုံးကို ရုံးထုတ်တဲ့အချိန် အချုပ်ကားရဲ့ခေါင်းခန်းမှာ စီး၊ အိမ်ကိုပြန် ရေမိုးချိုး ထမင်းစားပြီးမှ ဘားလမ်းတရားရုံးကို တရားရင် ဆိုင်ဖို့သွားတဲ့ အခြေအနေထိ အဲဒီကာလက ရဲတွေစည်းဖောက်ခဲ့ကြပါတယ်။

အဓိကက စစ်ထောက်လှမ်းရေးကမွေးတဲ့ လူမိုက် ဒုစရိုက်သမားနဲ့ ရဲကမွေးထားတဲ့ ဒုစရိုက်သမားတွေ အာဏာလုနယ်ပယ်ချဲ့ထွင်ရာကအစ လူမိုက်လောက ရန်ကုန်မြို့မှာ ခေါင်းထောင်ကြီးစိုးလာခဲ့တာ ယနေ့အုပ်စုဖွဲ့ အနိုင်ကျင့်ဗိုလ်ကျတဲ့အဆင့်ရောက်လာပါပြီ။ ဈေးတွေမှာ စည်ပင်ရဲတွေ၊ စည်ပင်ဝန်ထမ်းတွေက မတရားလုပ်ခြင်းကို ခံရတဲ့ ဈေးသူဈေးသားတွေက သီရိမင်္ဂလာဈေးခေတ်က ကြည့်မြင်တိုင်တဖက်ကမ်းက လူမိုက်တွေကို ဆက်ကြေးပေးငှားပြီး ဘ၀လုံခြုံရေးအတွက် ဖန်တီးကြပါတယ်။ လူတွေ စီးပွားရေးအဆင်မပြေကြတော့ အရက်ဆိုင်ဖွင့် ၂ လုံး၊ ၃ လုံး ဒိုင်ကိုင်၊ ပြည့်တန်ဆာလုပ်ငန်းတွေလုပ်၊ အနှိပ်ခန်းတွေဖွင့် အဲဒီလိုနေရာတွေမှာ တာဝန်ကျတဲ့ ရဲတွေကဆက်ကြေးယူ၊ မြို့နယ်တခုမှာ ချဲဒိုင်တဦးရှိရင် စခန်းတခုလုံးက အထွေထွေ ကင်းစောင့်တဲ့ရဲကအစ ဆက်ကြေးတောင်း ကြပါတယ်။ ပြီးတော့ စီမံချက်ရှိတယ်ဆိုပြီး ဖမ်းကြပါတယ်။ ပေးလည်းပေးရ အဖမ်းလည်းခံရတော့ ရဲနဲ့မကင်းရာမကင်းကြောင်း လုပ်ကိုင်စားသောက်ရသူတွေက လူမိုက်တွေမွေးကြပါတယ်။ ရန်ကင်းမှာ ၀င်တိုက်မိလို့ ရက်ရက်စက်စက် သတ်သူက ကံဘဲ့လူမိုက်ဖြစ်တဲ့အပြင် ရန်ကင်း ကံဘဲ့ထဲမှာရှိတဲ့ ရဲနဲ့မကင်းရာမကင်းကြောင်း လုပ်စားသူတွေက မွေးထားတဲ့လူမိုက်၊ ရဲလာရင် တာဝန်ခံဖြေရှင်းပေးသူတယောက် ဖြစ်ပါတယ်။

စာရေးသူတို့သိတဲ့ ၁၉၈၃ နဲ့ ၁၉၈၈ ခုနှစ်အထိ ကာလရဲတွေဟာ သစ္စာရှိကြပါတယ်။ တယောက်က တာဝန်ယူထားရင် တယောက်နဲ့ပြီးပါတယ်။ ဘယ်သူ့မှလာမဖမ်းပါဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီး ပျက်စီးသွား ရတာ နေပြည်တော်ရဲလို့ခေါ်တဲ့ စစ်တပ်ကအသွင်ပြောင်းလာတဲ့ ရဲတွေ လက်ထက်မှာ ရဲတပ်ဖွဲ့ကြီး စတင်ပျက်စီးတော့တာပဲ ဖြစ်ပါတယ်။ စာရေးသူ ကြုံဖူးတဲ့ အဖြစ်အပျက်တခုဆိုရင် ဗဟန်းမြို့နယ်ဘက်မှာ အရေးအခင်း ပြီးခါးစက တပ်ကရောက်လာတဲ့ ရဲအရာရှိအချို့ မူးယစ်ရာဇာအိမ်မှာ အရက်ဝိုင်း ဖွဲ့ပါတယ်။ လိုင်းကြေးလည်း ယူပါတယ်။ ရေချိုးခါနီး ဆပ်ပြာမရှိလို့ အင်္ကျီချွတ်နဲ့ စက်ဘီးစီးလာပြီး ဘိန်းရာဇာကို ကိုယ်တိုက်ဆပ်ပြာဝယ်ခိုင်းပါတယ်။ ပြီးတော့ ဖမ်းချင်တဲ့ အချိန်ဖမ်းပြန်ပါတယ်။ နောက်ပိုင်း ဆက် ကြေးလာရောက်ထောင်းတဲ့ ရဲကို ပါးရိုက်လွှတ်တဲ့ အဖြစ်တွေ လိုင်းကြေးယူပြီး ဖမ်းခိုင်းတဲ့ ရ၀တလူကြီးတွေကို ဓားနဲ့ခုတ်တဲ့ အဖြစ်အပျက်တွေ ဖြစ်တာမြင်ခဲ့ရဖူးပါတယ်။ စစ်တပ်မှ အသွင်ပြောင်းလာတဲ့ ရဲက ရဲဘ၀ပျက် စေတော့တာပါပဲ။

စာရေးသူအနေနဲ့ ရဲတပ်ဖွဲ့ကြီး သိက္ခာကျအောင် ရေးသားခြင်း မဟုတ်ပါ။ ရဲထဲမှာ လစာတခုတည်း မှီခိုစားသောက်တဲ့ ရဲတွေရှိသလို လာဘ်လာဘကို မျှော်ကိုးပြီး ရဲလုပ်တဲ့လူတွေလည်း အများကြီးရှိနေပါတယ်။ ဘယ်လိုပဲပြင်ပြင် အကျင့်တွေတော့ ပြောင်းမည်မဟုတ်ပါ။ အခု လှိုင်သာယာဘက်မှာ လူမိုက်ဂိုဏ်းကြီးတဂိုဏ်းကို လက်နက် (ဓား) အလက် ၄၀ လောက်နဲ့ ဖမ်းမိတဲ့သတင်း ဖတ်လိုက်ရပါတယ်။ ၀မ်းလည်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။

အရေးအခင်းမဖြစ်ခင် ရန်ကုန်မြို့မှာ ချဲဒိုင်တွေကို ချဲမထွက်ခင် ညဘက်မျိုးတွေမှာ လူမိုက်တွေပေါတဲ့မြို့နယ်တွေကို လိုင်းကြေးရမထားတဲ့ ရဲအချို့ဝင်ဖမ်းကြပါတယ်။ ပြန်လည်ခုခံတယ်ဆိုတာ သဲ့သဲ့လေးတောင် မကြားခဲ့ရပါဘူး။ စစ်ထောက်လှမ်းရေးခေတ်ရောက်မှ ဆွယ်မှူးတွေ မွေးထားတဲ့သတင်းပေး ဒုစရိုက်သမားတွေကို သူတို့စစ်ထောက်လှမ်းရေး ဆွယ်မှူးတွေက “မင်းတို့ကို ရဲလာဖမ်းရင် ရိုက်လွှတ်”လို့မှာထားရာကအစ လူမိုက်တွေ ကြီးစိုးခဲ့သော ယနေ့အဖြစ်အပျက်မျိုး ရဲတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ယာဉ်ထိန်းရဲတွေက ဖမ်းချင်တဲ့ကားကျတော့ ဖမ်းတယ်။ မဖမ်းချင်တဲ့သူကျတော့ မဖမ်းဘူး။ ဒါတွေကို လမ်းတွေပေါ်မှာ ကားမောင်းနေတဲ့ ယာဉ်မောင်းတွေက မြင်တွေ့ကြရတော့ ယာဉ်ထိန်းကို ရန်ပြုခုခံတဲ့ အဖြစ်တွေ ဖြစ်လာခြင်းဖြစ်ပါတယ်။ တလောလေးက လှိုင်သာယာ မီးခွက်ဈေးနားမှာ ဖဲဒိုင်ခံစားတဲ့အိမ်ကို ရဲဝင်ဖမ်းတော့ အဖမ်းခံရသူက ဖုန်းဆက်လိုက်တာ လက်နက်ကိုင် လူမိုက်တစုရောက်လာပြီး ရဲကိုဓားနဲ့လိုက်ခုတ်လို့ ရဲတွေထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ ရဲတွေစည်းဖောက်လို့ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဆက်ကြေးယူတဲ့သူကတဖွဲ့၊ ဖမ်းတဲ့သူကတဖွဲ့၊ ဒါကြောင့် ဥပဒေနဲ့မကင်းရာမကင်းကြောင်း လုပ်စားသူတွေက လူမိုက်တွေမွေးထားခြင်းကစပြီး အခုလို လူမိုက်တွေ သက်ဆိုးရှည်လာခြင်းဖြစ်ကာ တဖက်က စည်းမစောင့်လို့ တဖက်က စည်းဖောက်ခြင်း ဖြစ်ပါတယ်။

ရဲစစ်စစ်က ရဲအလုပ်စစ်စစ်မှန်မှန်လုပ်ရင် ရဲလို့အသံကြားတာနဲ့ ဒုစရိုက်သမားလှုပ်ဝံ့မှာ မဟုတ်ပါ။ ယူလည်းယူသေး ဖမ်းလည်းဖမ်းသေးဆိုရင်တော့ ဒုံရင်းအတိုင်းပဲ ဖြစ်နေမှာပါ။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရန်ကုန် ဒီဇင်ဘာ ၅

၂ဝ၁၅ အထွေ ထွေ ရွေး ကောက်ပွဲ၌ နိုင်ငံရေး ပါတီများ မဲဆွယ် စည်းရုံးခွင့် အချိန် ကာလကို ရက်ပေါင်း ၆ဝ (နှစ်လ)အထိ တိုး မြှင့် ပေးမည် ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ပြောသည်။

နိုင်ငံရေး ပါတီများ မဲဆွယ် စည်းရုံး ခွင့်ကို ယခင်က ရက်ပေါင်း ၃ဝ(တစ်လ)သာ သတ်မှတ်ထား ပြီးမလုံ လောက်ကြောင်း ပါတီများ ဘက်မှ တင်ပြ လာသည့် အတွက် ယခုကဲ့သို့ ပြင်ဆင်ပေး ရခြင်းဖြစ် ကြောင်း ၄င်းက ဆိုသည်။ ''နည်းဥပဒေ ထဲမှာ တစ်လပဲ ရှိသေးတယ်။ ပြင်မယ်။ အချော ထွက်လာရင် နှစ်လဖြစ်မယ်''ဟု Summit Park View Hotel ၌ ပြုလုပ်သည့် ရွေးကောက်ပွဲတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍဆွေးနွေးပွဲ၌ မီဒီယာ များ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများဘက်မှ တောင်းဆိုမှုများတွင် ရွေးကောက် ပွဲစည်းရုံးရေးကာလတိုးမြှင့်ပေးရန် နှင့် စည်းရုံးရေးတွင် ကော်မရှင်၏ ခွင့်ပြုချက်အစား အကြောင်းကြား အသိပေးရန်တို့ကိုပြောင်းလဲပေးရန် တောင်းဆိုထားကြောင်းသိရသည်။
''ကျွန်တော်တို့တိုင်းရင်းသား နယ်မြေတွေမှာ တစ်လနဲ့မလုံ လောက်ဘူး။ အဲဒါကြောင့် တိုးမြှင့် ပေးဖို့ တောင်းဆိုထားတာပါ''ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဦးစောသန်းမြင့်က ပြောသည်။

မဲဆွယ်စည်းရုံးခွင့်ကို ရက် ပေါင်း ၃ဝ မှရက်ပေါင်း ၆ဝသို့ ပြောင်းလဲမည် ဖြစ်သော်လည်း မဲဆွယ်စည်းရုံးစရိတ်ကို ပြောင်းလဲ မည်မဟုတ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအင် အားစု ပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေ က ''ရက်ပေါင်း၆ဝဆိုတော့ အချိန် ပိုရတယ်။ အခက်အခဲတွေလဲ နည်း သွားတာပေါ့''ဟု ၄င်း၏အမြင် ကို ပြောသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ဝင်မည့်ကိုယ်စားလှယ်လောင်းများ ၏ မှတ်ပုံတင်ကြေးကို ကျပ်သုံး သိန်းအထိ လျှော့ချပေးခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲ၌ အနိုင်မရရှိ သောကိုယ်စားလှယ်လောင်းများ ၏ မှတ်ပုံတင်ကြေးကို ယခင်က ပြန်မပေးသော်လည်း ယခုအခါ ဆန္ဒမဲလက်မှတ် ၈ ပုံ ၁ ပုံရရှိပါ က မှတ်ပုံတင်စရိတ်ပြန်လည်ထုတ် ပေးသည့် ဥပဒေများကို ပြန်လည် ပြင်ဆင်ခဲ့သည်။

သို့သော် မဲဆွယ် စည်းရုံးရေး၌ ကော်မရှင်၏ခွင့်ပြု ချက်ရယူရန်နှင့် နိုင်ငံရေးပါတီများ ကို မြေနေရာနှင့် ကားများပေးမည် ဟူသည့်ကိစ္စများကို မပြုလုပ်သေး ကြောင်း နိုင်ငံရေးပါတီများ၏ပြော ကြားချက်အရသိရသည်။

ရဲထွဋ်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764


အစိုးရစစ်တပ်မှ ပစ်ခတ်၍ သေဆုံးခဲ့သည်ဟု သံသယရှိသည့် သမီးဖြစ်သူ ဂျာဆန်အင်း (၁၄ နှစ်) အတွက် ဖခင်က တိုင်ကြားရာတွင် မမှန်မကန် လုပ်ကြံတိုင်ကြားသည်ဟုဆိုကာ စစ်တပ်က ၎င်းအား ပြန်လည် တရားစွဲ ပြစ်ဒဏ်ချ မှတ်ခဲ့သော ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မြန်မာ အစိုးရ အနေဖြင့် စုံစမ်း စစ်ဆေး သင့်ကြောင်း အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများက ပြောကြားသည်။

အဆိုပါ မိန်းကလေး ဂျာဆန်အင်းသည် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ကချင်ပြည်နယ်ရှိ ၎င်းနေထိုင်ရာ ရွာ၌ပင် အစိုးရ စစ်သားများမှ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း မျက်မြင်သက်သေ ထွက်ဆိုချက်များကို အခြေခံကာ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ ညွန့်ပေါင်းဖွဲ့ ရေးသားထားသည့် ၄၂ မျက်နှာပါရှိသော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အစိုးရစစ်တပ်သည် မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်ပြည်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၂၀၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြိုပျက်ခဲ့ပြီးနောက်ပိုင်းမှ စ၍ တိုက်ခိုက်မှုများရှိလာခဲ့သည်။

“မြန်မာစစ်တပ်ဘက်က စစ်သားတွေရဲ့ လက်လွတ်စပယ် မဆင်မခြင် ပစ်ခတ်မှုကြောင့် အနီးအနားမှာ ရှိနေတဲ့ ဒီကလေးမလေးကို ထိမှန်ခဲ့ရတာပါလို့ မျက်မြင်သက်သေတွေက အခိုင်အမာ ထွက်ဆိုကြတယ်” ဟု ဂျာဆန်အင်းအဖြစ်မှန် ဖော်ထုတ်ရေးကော်မတီ၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး အခင်းဖြစ်ပွားရာ နေရာသို့လည်း လက်တွေ့သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုခဲ့သည်ဟု ဆိုသည်။

အစိုးရ စစ်တပ်ဘက်မှ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြောကြားပေးနိုင်သူ မရှိသကဲ့သို့ သတင်းထောက်များကိုလည်း ဖြေကြားခြင်း မရှိခဲ့ပေ။ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ Email ဖြင့် ဆက်သွယ်မေးမြန်းခြင်း၊ ၎င်း၏ ရုံးသို့ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းတို့ကိုလည်း တုံ့ပြန်မှု မရှိခဲ့ပေ။

အစိုးရစစ်တပ်ဘက်က ရွာသူရွာသားများ၏ ပြောဆိုချက်ကို ဆန့်ကျင်၍ ဂျာဆန်အင်း သေဆုံးမှုမှာ KIA ဘက်မှ ထောင်ထားသည့် မိုင်းကြောင့်သာ ဖြစ်သည်ဟု ဆိုထားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
၎င်း၏ ဖခင် ဘရန်းရှောန်က သမ္မတဦးသိန်းစိန်နှင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ထံ စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားစာပေးပို့ခဲ့သည်။

ယင်းသို့ တိုင်ကြားမှု၏ နောက်ဆက်တွဲအဖြစ် စစ်တပ်က ဘရန်းရှောန်ကို မမှန်မကန် လုပ်ကြံတိုင်ကြားမှုဖြင့် တန်ပြန်တရားစွဲဆိုကာ တရားရုံးက ၎င်းအား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့၍ ယခုအခါ ထောင်တွင်း၌ ပြစ်ဒဏ်ကျခံနေရသည်။
ဘန်ကောက်အခြေစိုက် Fortify Rights အဖွဲ့သည် အစိုးရစစ်တပ်မှ အရပ်သားများအား သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ခြင်းတို့ကို မှတ်တမ်းတင်ထားကြောင်း အဆိုပါ အဖွဲ့ ဒါရိုက်တာ မက်သရူးစမစ်က ပြောသည်။

၎င်းသည် ဘရန်းရှော်န်အား တရားစွဲဆိုမှုကို ပယ်ဖျက်ရန်နှင့် စစ်သားများကို ပြစ်ဒဏ်မှ ကင်းလွတ်စေရန် ကာကွယ်ပေးနေမှုကိုလည်း ရပ်တန့်ရန် စစ်တပ်ကို တိုက်တွန်းခဲ့ဖူးသည်။

အစိုးရစစ်တပ်သည် ဂျာဆန်အင်း သေဆုံးခဲ့မှုအပေါ် လိမ်လည်နေကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က စွပ်စွဲလိုက်သည်။
“အဲဒါကြောင့်လည်း ကချင်လူ့အသိုက်အ၀န်းက ဗမာစစ်တပ်အပေါ် အယုံအကြည်မရှိတာ” ဟု ၎င်းက မြန်မာ၏ အခြား အမည်နာမကို သုံး၍ Reuters သို့ ပြောကြားသည်။

အရပ်သားတပိုင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ နှစ် ၅၀ နီးပါးကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သည့် ၂၀၁၁ စက်တင်ဘာ ၂၇ ရက်နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သော်လည်း ယနေ့တိုင် အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီမှုများ မချမှတ်နိုင်သေးပေ။

လက်နက်ကိုင်အဖွဲ့ အများစုသည် ဖက်ဒရယ်စနစ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသော်လည်း စစ်တပ်ကမူ ခိုင်မာတောင့်တင်း၍ ဗဟိုမှထိန်းချုပ်ကွပ်ကဲနိုင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရန် ပြင်ဆင်လျက် ၂၀၀၈ ခုနှစ်တွင် တပ်မတော်မှ ကြီးမှူး၍ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။

ကျော်လင်းထွန်း
Ref: Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ် ဟန်သီက အာရှကိုယ်စားပြု အလှမယ်ဆုနဲ့  Miss internet ဆုတွေကို ရရှိခဲ့ပါတယ်။

Miss Supranational Title ဆုကို အိန္ဒိယူက ရရှိခဲ့တာဖြစ်ပါတယ်။ အလှမယ် ရွေးချယ်ပွဲမှာ ပုံမှန်နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာ ပေးနေကျ 1st runner up၊ 2nd runner up၊ 3rd၊ 4th စသဖြင့် ဆုကြီးတွေအပြင် ကမ္ဘာတိုက်ကြီးတွေထဲက တတိုက်ဆီကို ကိုယ်စားပြုမယ့်  အလှမယ်ဆုတွေကိုပါ ပေးအပ်တာ ဖြစ်ပါတယ်။

အာရှတိုက်ရဲ့ အလှမယ်၊ ဥရောပ အလှမယ်၊ အာဖရိက အလှမယ်တို့ကိုလည်း ရွေးချယ်ခဲ့ပါတယ်။

မြန်မာအလှမယ်ဟာ Miss Supranational 2014 ပြိုင်ပွဲရဲ့ နောက်ဆုံး ဆန်ကာတင် ၁၀ ယောက်အထိ ရွေးချယ်ခြင်းလည်း ခံခဲ့ရပါတယ်။ Miss supranational ပြိုင်ပွဲကို မနှစ်က ဘီလာရု နိုင်ငံမှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ ၀င်ပြိုင်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73027


ဂျပန်နိုင်ငံကို ရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမင်းကိုနိုင်က တိုကျိုမြို့က နာမည်ကြီး ဆိုဖီယာ တက္ကသိုလ်မှာ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒီနေ့ ဟောပြောခဲ့ ပါတယ်။

ဟာပြောပွဲကို ဂျပန်တက္ကသိုလ်တွေက ပါမောက္ခတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အပါအ၀င် ၂၀၀ နီးပါး တက်ရောက် နားထောင်ခဲ့ ကြပါတယ်။

တက်ရောက်လာ သူတွေက လက်ရှိ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အခြေအနေတွေကို အထူးစိတ်ဝင်တစား မေးမြန်းခဲ့ကြသလို ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးစိတ်ဝင်တစား မေးမြန်းခဲ့ကြပါတယ်။

ဦးမင်းကိုနိုင်က အပြောင်းအလဲမှာ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေး နှစ်ခုတွဲစဉ်းစားကြဖို့နဲ့ ဂျပန်-မြန်မာနှစ်နိုင်ငံ အစိုးရချည်းမဟုတ်ပဲ  ပြည်သူတွေ အချင်းချင်း ပိုပြီးနီးကပ်ထိတွေ့ဖို့ လိုအပ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဦးမင်းကိုနိုင်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေချိန်အတွင်း ဂျပန်နိုင်ငံရဲ့ အထင်ကရ ငြိမ်းချမ်းရေးအမှတ်တရ ဟီရိုရှီးမားအပါအ၀င် ရှေးဟောင်းမြို့ တော် ကျိုတိုမြို့ တွေကို လေ့လာခဲ့ပြီး ဂျပန်လွှတ်တော်အမတ်တွေ အပါအ၀င် ဂျပန်နိုင်ငံရဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ ဒီဇင်ဘာ ၇ ရက်နေ့ တွေ့ဆုံပြီးနောက် ဒီဇင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

By ဇော်ဇော်လှိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/73064