12/10/14

မြေမြှုပ်မိုင်းထိမှန်ပြီးတော့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ ကရင်ဒုက္ခသည်တဦး။
မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်မှီ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဌာနတခု ဖွင့်လှစ်နိုင်ရေးကိစ္စမှာ မြန်မာအစိုးရက နှောင့်နှေးနေ တယ်လို့ အမေရိကန် ပြည်ထောင်စုက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆိုင်ရာ ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပေမဲ့ တကယ့်ဒေသတွေကို သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွတ်နိုင်ဖို့မှာတော့ မြန်မာအစိုးရရဲ့ မူဝါဒအရ တရားဝင် သွားရောက်ဆောင်ရွတ်လို့ မရဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေး နှစ်ပတ်လည် အစီရင်ခံစာမှာ ပြောထားပါ တယ်။

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတချို့မှာ တိုက်ခိုက်မှုတွေ လုံးဝ မရပ်တန့်တာကြောင့်လည်း မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ မဆောင်ရွက်နိုင် တာဖြစ်ပြီး ဒီအချက်က စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်းပြန်လို့မရ ဖြစ်နေရတဲ့ အချက်တခု ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ မြေမြှုပ်မိုင်း ဒါမှမဟုတ် စစ်ပွဲတွေရဲ့ လက်နက် အကြွင်းအကျန်တွေကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်မှာဆိုရင် တခြားနှစ်တွေကထက် နည်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

ဒီလို မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပစ်ဖို့အတွက် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်နေတာမှာ အမေရိကန်ပြည်ထောင်စုက ဒေါ်လာသန်း ၂ ထောင် ပိုပေးထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Kerry က ဆိုပါတယ်။

ကမ္ဘာမှာ မြေမြှုပ်မိုင်း ဒါမှမဟုတ် စစ်ပွဲတွေရဲ့ လက်နက်အကြွင်းအကျန် အများဆုံးရှိနေတဲ့ Afghanistan နိုင်ငံကို ဒီကိစ္စအတွက် အမေရိကန်က ဒေါ်လာ ၃၇၅ သန်းပေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံလို တခြားနိုင်ငံတွေကိုလည်း ၂၀၁၁ ခုနှစ်ကစပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်ရသူတွေကို အကူအညီပေးရေး အစီအစဉ်အတွက် ဒေါ်လာ ၂ သန်းကျော် ထောက်ပံ့တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ အရင်နှစ်ကအထိ နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ မြေမြှုပ်မိုင်းပြဿနာ  ကြီးမားဆဲဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2551478.html


(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်)

ကာချုပ်က ၂၀၀၈ အခြေခံဥပဒေကို “အသက်”လို့ပြောတာ ကြားရ၊ ဖတ်ရသည်။ သို့ဖြင့် “အခြေခံဥပဒေနဲ့ အသက်” ဆိုသည့် အကြောင်း အတွေးပွားပြီး စဉ်းစားမိသည်။ တွေးတော စဉ်းစားမိသမျှကို ယခု တင်ပြလိုက်ပါသည်။

လွတ်လပ်ပါသည်ဆိုသော မြန်မာနိုင်ငံ၌ အခြေခံဥပဒေ သုံးခု ရှိခဲ့ဖူးသည်။ ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ ဟူ၍ဖြစ်သည်။ ယင်းသုံးခုအနက် နှစ်ခုမှာ (၁၉၇၄နှင့် ၂၀၀၈ အခြေခံဥပဒေ) စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့ကြသည့် အခြေခံဥပဒေများဖြစ်သည်။

၁၉၄၇ အခြေခံဥပဒေသည် (၁၉၄၈မှ ၁၉၆၂ မတ်လ ၂ရက်နေ့အထိ) ၁၄နှစ်မျှသက်တမ်းရှိခဲ့ပြီး ၁၉၇၄ အခြေခံဥပဒေသည် လည်း ၁၉၄၇ အခြေခံဥပဒေကဲ့သို့ပင် (၁၉၇၄ မှ ၁၉၈၈ အထိ) ၁၄နှစ်ခန့်မျှသာ သက်တမ်းရှိခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေက တော့ မည်မျှသက်တမ်းကြာမည်မသိ။ ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ရေတွက်မည်ဆိုလျှင် ၃နှစ်ကျော် သက်တမ်းရှိလာနေခဲ့ပြီဖြစ် သည်။

၁၉၆၂မှ ယနေ့အထိ ၅၂နှစ်တာကာလအတွင်း အုပ်စိုးခဲ့သည့် စစ်အုပ်စုအဆက်ဆက်သည် အခြေခံဥပဒေကို ဖျက်သိမ်းနိုင်ခဲ့သ လို အခြေခံဥပဒေများကိုလည်း စိတ်ကြိုက်ရေးဆွဲနိုင်ခဲ့သည်ကို တွေ့ရမည်။

– ဤသို့ပြုလုပ်နိုင်ခြင်းမှာ စစ်အုပ်စုသည် စစ်တပ်တစ်ခုလုံးကို ချုပ်ကိုင်လွှမ်းမိုးထားနိုင်ခြင်းကြောင့်ဖြစ်သည်။ ၁၉၄၇ အခြေခံဥပ ဒေကို သေနတ်ဖြင့် ဖျက်သိမ်းပစ်ခဲ့ပြီး ၁၉၇၄အခြေခံဥပဒေနှင့် ၂၀၀၈အခြေခံဥပဒေကိုလည်း စစ်အုပ်စုက သေနတ်ဖြင့်ရေးဆွဲ ပြီး သေနတ်ဖြင့်သာ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

– ကာချုပ်က “နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ နိုင်ငံရေးကိစ္စများ လက်နက်ကိုင်ပြီး ဝင်ရောက်စွက်ဖက်၍မရဘဲ ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း” ပြောနေသည်မှာ ရယ်ဖွယ်ကောင်းလှသည်။

– “၁၉၆၂ အာဏာသိမ်းခြင်း”သည် နိုင်ငံတော်၏ အုပ်ချပ်ရေးနှင့် နိုင်ငံရေးကိစ္စများတွင် စစ်တပ်က လက်နက်ကိုင်ပြီး စွက်ဖက် ခြင်း မဟုတ်ပါသလော။

– ၁၉၈၈ စစ်တပ်မှ အာဏာသိမ်းခြင်းနှင့် ၁၉၈၈မှ ၂၀၁၁ထိ ၂၃နှစ်တာကာလအတွင်း (နဝတ-နအဖ) စစ်အုပ်စု၏ လုပ်ဆောင် ချက်များသည့် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးတွင် လက်နက်နဲ့ ဗြောင်ပါဝင်ကျူးကျော်စွက်ဖက်ခဲ့ခြင်းပင် မဟုတ်ပါသလော။ “အမျိုး သားနိုင်ငံရေးတွင် စစ်တပ်က ပါဝင်ရေး” ဆိုသည်မှာလည်း စစ်တပ်က အုပ်ချုပ်ရေး၊နိုင်ငံရေးတွင် ထာဝစဉ်ဗိုလ်ကျ လွှမ်းမိုးချယ် လှယ်ရန်အတွက်ပင် မဟုတ်ပါလော။

– ဗိုလ်နေဝင်းစစ်အုပ်စုသည် ၁၉၆၂မှ ၁၉၇၄အထိ ၁၂နှစ်မျှ အခြေခံဥပဒေမရှိဘဲ အုပ်စိုးခဲ့ပြီး ၁၉၇၄မှ ၁၉၈၈အထိ ၁၄နှစ်မျှ “၁၉၇၄ အခြေခံဥပဒေ”ကို စိတ်ကြိုက်ရေးဆွဲအတည်ပြုကာ (မဆလ) တစ်ပါတီစနစ်ဖြင့် အုပ်စိုးခဲ့သည်။

– ဗိုလ်စောမောင် – ဗိုလ်သန်းရွှေ စစ်အုပ်စုသည် ၁၉၈၈မှ ၂၀၁၁အထိ ၂၃နှစ်မျှ အခြေခံဥပဒေမရှိဘဲ အုပ်စိုးခဲ့ပြီး “၂၀၀၈ အခြေခံ ဥပဒေ” ကို စိတ်ကြိုက်ရေးဆွဲ အတည်ပြုပြီး အုပ်စိုးနေပြန်ပါသည်။

– ခြုံငုံကြည့်လျှင် စစ်အုပ်စုအဆက်ဆက် အာဏာသိမ်းထားသည့် ၅၂နှစ်တာကာလအတွင်းတွင် အခြေခံဥပဒေနှင့် အုပ်စိုးသည် ဆိုသည်မှာ ၁၇နှစ်မျှလောက်သာရှိသည်။ (ထိုအခြေခံဥပဒေ ဆိုသည်မှာလည်း ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားခြင်းဖြစ်သည် ဆို သည့်အချက်ကို သတိမူကြရမည်)

– သို့ပါ၍ ကာချုပ်အနေဖြင့် အခြေခံဥပဒေသည် “အသက်”ဟုပြောနေသည်မှာ ဖြစ်ရပ်နဲ့မကိုက်ညီပါ။ “သေနတ်သည်သာ အသက်”ဟု ပြောမှသာ အပြောနဲ့ လက်တွေ့ တကယ်တမ်း ကိုက်ညီပေလိမ့်မည်။

၁၉၄၇ အခြေခံဥပဒေကို ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းစစ်အုပ်စုက ဖျက်သိမ်းပစ်လိုက်ခြင်းဖြစ်သည်။ ထိုစဉ်က ၁၉၄၇ အခြေခံဥပဒေအရ၊ ရွေးကောက်ပွဲဖြင့် (ထိုရွေးကောက်ပွဲကို ဗိုလ်နေဝင်း၏ “အိမ်စောင့်အစိုးရ”က ကျင်းပပေးခဲ့ခြင်းဖြစ်သည်) အာဏာရရှိခဲ့သော ဦးနု၏ (ပထစ) အစိုးရအဖွဲ့ဝင်များအားလုံးကို ဖမ်းဆီးခဲ့သည်။ ထိုအာဏာသိမ်းပွဲတွင် သမ္မတဟောင်း စဝ်ရွှေ သိုက်၏သား သေဆုံးခဲ့ရသည်။ လူမျိုးစုလွှတ်တော်အမတ် သီပေါစော်ဘွား စဝ်ကြာဆိုင်အား စစ်ထောက်လှမ်းရေးက ဖမ်းဆီး သတ်ဖြတ်ခဲ့သည်မှာ ကျန်ရစ်သူမိသားစုအဖို့ အလောင်းပင် ပြန်မရခဲ့ချေ။ အလွတ်သတင်းထောက်ကိုပါကြီး၏ ကျန်ရစ်သူမိသား စုပင်လျှင် အလောင်းပြန်ရသေးသည်။

ထိုသို့ စစ်တပ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော (ဗကသ)၊ (တကသ)ကျောင်းသားများကို အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက် သတ်ဖြတ်ခဲ့ပြီး သမိုင်းဝင်(တကသ) အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုချပစ်ခဲ့သည်။

ယင်းနောက် အာဏာသိမ်းစစ်အုပ်စုက ၁၉၆၂မှ ၁၉၇၄အထိ “တော်လှန်ရေးကောင်စီ”အမည်ဖြင့် အခြေခံဥပဒေမရှိဘဲ ၁၂နှစ်မျှ အုပ်ချုပ်ခဲ့သည်။ ထိုကာလအတွင်း ကော်ကဆာစောဟန်တာသာမွှေး ခေါင်းဆောင်သော (ကရင်တော်လှန်ရေးကောင်စီ- KRC) သည် ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီထံ လက်နက်ချခဲ့သည်။ “ကော်သူးလေပြည်နယ်” ဆိုသည့်အမည်ကို “စတိ” ကြေညာပေးခဲ့ပြီးနောက်ပိုင်းတွင် ထို “ကော်သူးလေ” ဆိုသည့်အမည်ကို ဖျက်သိမ်းပစ်လိုက်သည်။

ထို့နောက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းသည် (မဆလ)ဥက္ကဋ္ဌကြီး၊ နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းထံ အာ ဏာလွှဲပြောင်းပေးခဲ့သည်။ ယနေ့တွင် (နဝတ-နအဖ)စစ်ဗိုလ်ချုပ်ကြီးများကမူ ၎င်းတို့စိတ်ကြိုက် ဖွဲ့စည်းခဲ့သော “ကြံ့ဖွံ့အသင်း” အား “ကြံ့ဖွံ့ပါတီ”အဖြစ်ပြောင်းပြီး ဗိုလ်ချုပ်ကြီးသိန်းစိန်မှ သမ္မတကြီးဦးသိန်းစိန်ထံ အာဏာလွှဲပြောင်းပေးခဲ့သည်။

“ဗိုလ်ချုပ်ကြီးနေဝင်း”မှ “သမ္မတကြီး ဦးနေဝင်း”ထံ အာဏာလွှဲပြောင်းသည်မှာ ညင်သာလှ၏။ ထိုနည်းတူပင် “ဗိုလ်ချုပ်ကြီး သိန်းစိန်”မှ “သမ္မတကြီးဦးသိန်းစိန်”ထံ အာဏာလွှဲပြောင်းပေးသည်မှာလည်း ဘာမျှ ထစ်ငေါ့နေစရာမရှိပါ။ ထူးခြားဆန်းကျယ် သည့်ကိစ္စလည်း မဟုတ်ပါ။ မိမိဝဲဘက်လက်ထဲမှ “ငှက်ပျောသီး”ကို ယာဘက်လက်ထဲသို့ လွှဲပြောင်းပေးခြင်းမျိုးပင် မဟုတ်ပါ လား။

ဤသို့သောလုပ်ရပ်ကို လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းက ကြံဖန်ဂုဏ်ယူနေသေးသည်လည်း ရယ်စရာကောင်းလှသည်။

၁၉၇၄မှ ၁၉၈၈အထိ ၁၉၄၇ အခြေခံဥပဒေဖြင့် အုပ်စိုးခဲ့ပြီး (မဆလ)တစ်ပါတီစနစ် ကျင့်သုံးခဲ့သည်။ ထိုစဉ်က စစ်တပ်တစ်တပ် လုံး (မဆလ)ပါတီထဲဝင်ပြီး တစ်ပါတီနိုင်ငံရေး လုပ်ခဲ့ကြသည်။ ထိုစဉ်က အမျိုးသားနိုင်ငံရေးပဲ လုပ်ရမည်၊ ပါတီနိုင်ငံရေး မလုပ် ရ၊ အမျိုးသားနိုင်ငံရေးက မြင့်မြတ်ပြီး ပါတီနိုင်ငံရေးနိမ့်ကျသည်။ စစ်တပ်သည် “အကြိုက်ဆောင်နိုင်ငံရေးနှင့် ဝေးဝေးနေခဲ့ကြ သည်”ဟု ဘယ်စစ်ဗိုလ်စစ်သားကမျှ မပြောခဲ့၊ မရေးခဲ့ကြချေ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားလာသောအခါ ၁၉၇၄ အခြေခံဥပဒေသည် ပျက်ပြားရပ်ဆိုင်းသွားခဲ့ပြီး (မဆလ)ပါတီ ကြီးသည်လည်း မိုက်ဇာတ်သိမ်း နိဂုံးချုပ်သွားတော့သည်။ (မဆလ) တစ်ပါတီအစိုးရ၏ နောက်ဆုံးသမ္မတ ဒေါက်တာမောင် မောင်က စစ်တပ်တစ်တပ်လုံးကို (မဆလ) ပါတီထဲက နှုတ်ထွက်ခွင့်ပေးပြီး အာဏာသိမ်းခိုင်းလိုက်သည်။ ထိုအခါမှစတင်၍ အာ ဏာသိမ်း(နဝတ)စစ်အုပ်စုသည် စစ်တပ်က တစ်ပါတီနိုင်ငံရေးလုပ်ခဲ့သည်ကို ဟန်ဆောင်ပန်ဆောင်မေ့ပစ်ပြီး ပါတီနိုင်ငံရေး သည် မကောင်း/ အမျိုးသားနိုင်ငံရေးသည် ကောင်းသည်ဆိုသော ဆိုင်းဘုတ်ကို အရှက်ကင်းမဲ့စွာ ထောင်လာခဲ့တော့သည်။

စစ်အုပ်စု တကယ်တမ်း လုပ်နေသည်မှာ စစ်တပ်ကို လွှမ်းမိုးချုပ်ကိုင်ပြီး နိုင်ငံရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးစတဲ့ နယ်ပယ်ပေါင်းစုံမှာ ဗိုလ်ကျလွှမ်းမိုး ချယ်လှယ်နေခြင်းသာဖြစ်သည်။ သို့ပါ၍ ယနေ့မြန်မာ့နိုင်ငံရေး၏ အဓိက ဦးတည်ချက်နှင့် ဖျက်သိမ်းပစ်ရမည့် အဓိကလုပ်ငန်းတာဝန်မှာ စစ်အုပ်စုက စစ်တပ်ကို လွှမ်းမိုးချုပ်ကိုင်ပြီး ချယ်လှယ်နေသည့် အချက်ပင် ဖြစ်သည်။

ညွန်း
– ကာချုပ်နှင့် VOA အင်တာဗျူး (၂၂-၁၁-၂၀၁၄)
– ကာချုပ်ပြောကြားချက် – ၁ ဒီဇင်ဘာ၊ တီကျစ်တပ်နယ်ခန်းမ၊ မြဝတီသတင်းစာ၊၂-၁၂-၂၀၁၄

မောင်ကျော်စွာ
ကေအိုင်စီ - KIC News
http://kicnews.org/


ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် စက်တင်ဘာ ၁၅ ရက်က
အိုင်အက်စ် အစ္စလာမ်နိုင်ငံအဖွဲ့ တိုက်ဖျက်ရေးအတွက် မဟာဗျူဟာချမှတ်နိုင်ရန် ညီ လာခံတစ်ရပ်ကျင်းပသွားခဲ့ပြီး တက်ရောက်လာသော နိုင်ငံပေါင်း၃ဝမှ နိုင်ငံခြားရေးဝန်ကြီးများက တိုက် ခိုက်ရေးတွင် ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားကတိပြုသွားခဲ့ကြသည်။

ညီလာခံကြေညာ ချက်တွင် တက်ရောက်ခဲ့သောနိုင်ငံများမှ စစ်ရေး အကူအညီ အပါအဝင် အီရတ်အတွက် မည်သည့် လိုအပ်သောကူညီမှုမျိုးမဆို ထောက်ပံ့ပေးအပ်သွား မည်ဟု ကတိပြုခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြသွားခဲ့ သည်။ ယခုကဲ့သို့ ညီလာခံတက်ရောက်လာသူအား လုံး အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်သွားရန် သဘော တူညီခဲ့ခြင်းကြောင့် အလွန်နှစ်ထောင်းအားရမှုဖြစ်ရ ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့်စ်ဖား ဘီးယပ်စ်က ပြောကြားသွားခဲ့သည်။

မစ္စတာဖားဘီးယပ်စ်က အိုင်အက်စ်အဖွဲ့ ကို နောက်ဆုတ်သွားစေရုံသာမက လုံးဝချေမှုန်းနိုင် ရေးအတွက် အားလုံးက လိုလားနေကြောင်း ဆက် လက်ပြောသည်။ ပြင်သစ်သမ္မတ ဖရန်စစ်ဟော်လန် ကလည်း ညီလာခံဖွင့်ပွဲနေ့တွင် မိန့်ခွန်းပြောကြားသွား ခဲ့ရာ၌ အိုင်အက်စ်အဖွဲ့၏ အန္တရာယ်သည် တစ်ကမ္ဘာ လုံးကို ခြိမ်းခြောက်နေမှုကြောင့် တစ်ကမ္ဘာလုံးက ပူး ပေါင်းတုံ့ပြန်ရန် လိုအပ်နေကြောင်း ပြောကြားသွားခဲ့ သည်။

မစ္စတာဟော်လန်က စက်တင်ဘာ ၁၉ရက်တွင် အီရတ်နိုင်ငံအတွင်းရှိ အိုင်အက်စ်တပ်များကို ပြင်သစ် တိုက်လေယာဉ်များက ပထမဦးဆုံးအကြိမ် လေကြောင်း တိုက်ခိုက်မှုစတင်ခဲ့ကြောင်း ပြောသည်။ ယူအေအီး နိုင်ငံတွင် အခြေစိုက်ထားသော ပြင်သစ်တိုက်လေယာဉ် များက ၄င်းရက်မတိုင်မီ ကတည်းက အီရတ်နိုင်ငံအ တွင်းတွင် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး အီ ရတ်အရှေ့မြောက်ပိုင်းရှိ အိုင်အက်စ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ထပ်မံတိုက်ခိုက်မှုများလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာ သွားခဲ့သည်။

အီရတ်နိုင်ငံမှ လေကြောင်းတိုက်ကူပေး ရန် တောင်းဆိုခဲ့မှုကို ပြင်သစ်နိုင်ငံက လက်ခံလိုက် ခြင်းဖြစ်ကြောင်း သမ္မတဟော်လန်မှ အတည်ပြုသွား ခဲ့သည်။ အမေရိကန်မှာမူ အီရတ်ရှိ အိုင်အက်စ်စစ် သွေးကြွများကို ယခင်သြဂုတ်လ လယ်ပိုင်းမှ စတင်၍ ယခုအချိန်အထိ အကြိမ်ပေါင်း ၁၇ဝကျော် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့ကို တိုက်ခိုက်မည့် ¤င်း၏မဟာဗျူဟာကို စက် တင်ဘာ ၁၁ရက်တွင် နိုင်ငံသို့ချပြသွားခဲ့သည်။ မိန့်ခွန်း ပြောကြားမှုသည် ၂ဝဝ၁ခုနှစ်အတွင်းက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ၉/၁၁ဟုခေါ်သည့် နှစ်ပတ်လည် မတိုင်မီ အကြိုတစ်ရက်တွင်ဖြစ်သည်။

မစ္စတာအိုဘားမား၏ မဟာဗျူဟာအစီ အစဉ်များတွင် အားဖြည့်ကူညီပေးမည် ဖြစ်ကြောင်း ဗြိ တိန်၊ ပြင်သစ်၊ ဂျာမနီ၊ တူရကီနှင့် ပိုလန်တို့က ကမ်း လှမ်းထားကြောင်း ဝါရှင်တန်ရှိ သတင်းထောက်များ က ပြောကြားသည်။

တစ်ချိန်တည်းမှာပင် အာရပ်လိဂ် အထွေထွေအတွင်းရေးမှူးချုပ် နာဘီအီလာရာဘီက အစ္စလာမ္မစ်နိုင်ငံအစွန်းရောက်အဖွဲ့ကို တိုက်ခိုက်နှိမ် နင်းရာတွင် ပါဝင်ကြရန် အဖွဲ့ဝင်နိုင်ငံများအားလုံးကို တိုက်တွန်းသွားခဲ့သည်။ မကြာမီက ကျင်းပသွားခဲ့သော အာရပ်လိဂ်နိုင်ငံခြားရေးဝန်ကြီးများ၏ ကိုင်ရိုမြို့အ စည်းအဝေးတွင်လည်း အစ္စလာမ္မစ်နိုင်ငံ အစွန်းရောက် အဖွဲ့ကိုတိုက်ဖျက်ရာတွင် ဒေသတွင်းအနေနှင့်ရော နိုင်ငံတကာ အတိုင်းအတာနှင့်ပါ ပူးပေါင်းဆောင်ရွက် ကြရန်သဘောတူညီမှုရရှိခဲ့သည်။

အိုဘားမားက အိုင် အက်စ်စစ်သွေးကြွများသည် အမေရိကန်နိုင်ငံ၏ အမိ မြေကို ချက်ချင်းလက်ငင်း ခြိမ်းခြောက်နေသည့် အနေ အထားမရှိကြောင်း ပြောခဲ့သည်။ မြေပြင်တပ်ဖွဲ့များကို အီရတ်နိုင်ငံအတွင်းသို့ စေလွှတ်မည့်အစီအစဉ်မရှိ သော်လည်း နိုင်ငံတကာက ညွန့်ပေါင်းတပ်ဖွဲ့၏ အ စိတ်အပိုင်းတစ်ခုအနေဖြင့် မြေပြင်တွင် တိုက်ခိုက်နေ သော အီရတ်နှင့် ကာ့ဒ်တပ်ဖွဲ့များကို လေကြောင်းပစ် ကူပေးသွားမည်ဖြစ်ကြောင်းနှင့် အိုင်အက်စ်စစ်သွေးကြွ များ သိမ်းပိုက်ထားသောနေရာများကို ပြန်လည်သိမ်း ပိုက်နိုင်ရေးအတွက် အီရတ်တပ်ဖွဲ့၊ ကာ့ဒ်တပ်ဖွဲ့များ နှင့် ပူးပေါင်းစီစဉ်သွားမည်ဟုဆိုသည်။

သမ္မတအိုဘားမားက ''ဒီလိုလုပ်ဆောင်တဲ့ နေရာမှာ အိုင်အက်စ်စစ်သွေးကြွတွေ အရှိန်လျော့ကျ သွားအောင်လုပ်ဆောင်ဖို့ လနဲ့ချီပြီးအချိန်ယူရတာကို လူထုအနေနဲ့ နားလည်စေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တဖြည်းဖြည်း ဦးကျိုးသွားအောင် စနစ်တကျ လုပ်သွားမှာပါ။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ကျုံ့သွားအောင်လုပ်ပြီးမှ ဖြိုခွဲပစ်ရမှာဖြစ်ပါတယ်''ဟု ပြောကြားသွားသည်။

အမေရိကန်ဥပဒေပြုလွှတ်တော် အမတ်များကမူ ဆီးရီးယားနိုင်ငံအပါအဝင် စစ်သွေး ကြွပစ်မှတ်များကို လေကြောင်းမှ တိုးမြှင့်တိုက်ခိုက်သွား ရန် သမ္မတအား တိုက်တွန်းလျက်ရှိသည်။ အိုဘားမား က အိုင်အက်စ် စစ်သွေးကြွများနှင့် ဆီးရီးယားအခြေ စိုက်တခြားစစ်သွေးကြွအဖွဲ့များ ပေါ်ထွက်လာမှုအ ပေါ် အမေရိကန်က လျှော့တွက်မိခဲ့သလို အီရတ်နိုင်ငံ ၏ တိုက်ခိုက်နိုင်စွမ်းကို ပိုတွက်မိခဲ့ကြောင်း ပြောကြား သည်။

သို့သော် အမေရိကန်အစိုးရအဖွဲ့ထဲမှ တချို့ တိုက်တွန်းခဲ့သော ဆီးရီးယားရှိ အလယ်အလတ်ကျ သောသူပုန်များကို အမေရိကန်က လွန်ခဲ့သောနှစ်နှစ် က လက်နက်တပ်ဆင် ထောက်ပံ့ပေးခဲ့လျှင် ယနေ့ ဆီးရီးယားနိုင်ငံ တွင် ပြဿနာများ ဖြစ်ပေါ်နေမည်မဟုတ်ကြောင်း ပြောဆိုနေမှုများသည် စိတ်ကူးယဉ်ခြင်းသာ ဖြစ်ကြောင်း အိုဘားမားက ပြောသည်။

အီရတ်တွင် ယခုဖြစ်ပေါ်နေသော အခြေ အနေများသည် အီရတ်ဝန်ကြီးချုပ်ဟောင်း နော်ရီ အယ်လ်မာလီကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်နေ ကြောင်း အိုဘားမားက အပြစ်တင်သည်။ အီရတ်နိုင်ငံ စည်းစည်းလုံးလုံးဖြစ်စေမည့် အခွင့်အရေးတစ်ခုအား ဝန်ကြီးချုပ်က အလဟဿဖြစ်စေခဲ့ကြောင်း အိုဘား မားက ပြောသည်။ မစ္စတာမာလီကီသည် ဆွန်နီမူဆ လင်နှင့် ကာ့ဒ်များအပေါ်သံသယရှိခဲ့ပြီး စည်းလုံးညီ ညွတ်သောအစိုးရဖြစ်အောင် စုစည်းရေးထက် ၄င်းရှီး ယိုက်မူဆလင်များထံမှ အခိုင်အမာ ထောက်ခံမှုရရှိ ရေးကိုသာ ပိုမိုစိတ်ဝင်စားခဲ့သည်ဟု အိုဘားမားကဆို သည်။

ဆီးရီးယား၊ အီရတ်နှင့်၊ ဒေသတွင်းမှ တခြား ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးနည်းနှင့်ညှိနှိုင်း အဖြေရှာသည်ဟူသော အဓိပ္ပာယ်ကို သဘောပေါက် အောင် စဉ်းစားရမည်ဖြစ်သည်ဟု မစ္စတာအိုဘား မားက ပြောကြားသွားခဲ့သည်။

အိုဘားမားသည် အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အား မည်သို့ ကိုင်တွယ်ချေမှုန်းမည်ဟူသော မဟာဗျူ ဟာ အသစ်ချမှတ်ခဲ့ပြီး ငါးရက်အကြာတွင် အိုင်အက်စ် အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင် ခဲ့သည်။

အီရတ်အစိုးရတပ်ဖွဲ့များကို တိုက်ရိုက်အကူ အညီပေးသည့်အနေနှင့် အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် ဘဂ္ဂဒက်မြို့တော်အနီးရှိ ပစ်မှတ်များကို အမေရိကန် လေယာဉ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဆက် လက်၍ တူရကီနယ်စပ် အနီးရှိ ဆီးရီးယားနိုင်ငံထဲမှ ကိုဘာနီမြို့ကို ဝန်းရံထားသော အိုင်အက်စ်အဖွဲ့အ ပေါ် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယခင်သီတင်းနှစ်ပတ်ခန့် ကတည်းက အစွန်းရောက်စစ်သွေးကြွများ သိမ်းပိုက် ရန်ကြိုးပမ်းနေသော ကို ဘာနီမြို့ အရှေ့ပိုင်းတွင် ပေါက်ကွဲမှုများ မြင်တွေ့ ခဲ့ရကြောင်း ဘီဘီစီ သတင်းထောက် တစ်ဦးက ပြော သည်။ အိုင်အက်စ်များ သည် အမျိုးသမီးများအ ပါအဝင် ကာ့ဒ်တပ်ဖွဲ့ဝင် အတော်များများကို ခေါင်း ဖြတ်သတ်ခဲ့ကြောင်း သတင်းများ လည်း ထွက်ပေါ်ခဲ့သည်။

အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုတွင် ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ ဘာရိန်း၊ ကာတာနှင့် ယူ အေအီးအာရပ်ငါးနိုင်ငံလည်း ပါဝင်ခဲ့သည်။ ၄င်းအာ ရပ်ငါးနိုင်ငံအနက် လေးနိုင်ငံမှ တိုက်လေယာဉ်များ သည် ဆီးရီးယားနိုင်ငံ အတွင်းရှိ အိုက်အက်စ်ပစ်မှတ် များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် ဆွန်နီအာရပ်မဟာမိတ်ငါးနိုင်ငံ ဆီးရီးယားနိုင်ငံအရှေ့ ပိုင်းနှင့်မြောက်ပိုင်း၌ တိုက်ခိုက်ခဲ့မှုကြောင့် အိုင်အက်စ် အဖွဲ့၏ လေ့ကျင့်ရေးကွင်းများ၊ ကွပ်ကဲရေးအဆောက် အအုံများနှင့်ယာဉ်များ၊ သိုလှောင်ရုံများ ပျက်စီးသွားခဲ့ ရကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်ခဲ့သည်။

အမေရိကန်မှတိုက်ခိုက်ခဲ့သော ပစ်မှတ် များထဲတွင် အိုင်အက်စ်အဖွဲ့ဌာနချုပ် တည်ရှိရာ ဆီး ရီးယားမြောက်ပိုင်းမှ ရက်ကာမြို့လည်း ပါဝင်ခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။ အဆိုပါတိုက်ခိုက်မှု များကြောင့် အိုင်အက်စ်စစ်သွေးကြွ ဒါဇင်နှင့်ချီ သေ ဆုံးခဲ့ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် အာရပ်လူ့အ ခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြား ခဲ့သည်။

အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါအယ်လ်အဘာ ဒီကို ဘီဘီစီ သတင်းထောက်လိုင်စီဒေါ်ဆက်က ဘဂ္ဂ ဒက်မြို့တော်တွင် အောက်တိုဘာ ၁ရက်က သီးသန့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ရာ၌ အီရတ်ရှိ အိုင် အက်စ်အပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် အာရပ်နိုင်ငံများပါဝင်မှုကို ဆန့်ကျင်ကြောင်းနှင့် မည် သည့်မြေပြင်နိုင်ငံခြားတပ်ဖွဲ့အားမဆို အီရတ်၌ လက် ခံမည်မဟုတ်ဟု ပြောကြားသွားခဲ့ကြောင်း အချုပ် အားဖြင့် တင်ပြအပ်ပါသည်။

မင်းကိုလွင်
Ref: BBC, AP, Reuters

|───────────Yangon Media Group ──────────|

တနင်္လာနေ့ည နှင့် အင်္ဂါနေ့ မနက် မိုးမသောက်မီ ရန်ကုန်တွင် အရေးယူ သိမ်းဆည်းခံထားရသော ပြိုင်ကား နှင့် ပါဝါအိပ်ဇောတပ်မော်တော်ယာဉ် ၉ စီး (ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့)

ရန်ကုန်မြို့၏ ညဥ့်နက်သန်းခေါင်ယံအချိန် အသံဆူညံစေသည့် "စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်မော်တော်ယာဉ်များ"ကို နှိမ်နင်းလျက်ရှိရာ လေးညအတွင်း မော်တော်ယာဉ်ပေါင်း ၆၁ စီး သိမ်းဆည်း အရေးယူထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်သည်။

"စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် အသံများဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကိုထိခိုက်စေသဖြင့် ထိရောက်စွာ အရေးယူနိုင်ရန်" စီမံချက်ချမှတ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အရေးယူခံရသည့် ယာဉ်များထဲတွင် တက္ကစီ၊ ကုန်တင်ယာဉ်ငယ်တို့လည်း ပါဝင်သည်ကို တွေ့ရသည်။

ရက်အကန့်အသတ်မရှိ စစ်ဆေး ဖမ်းဆီးသွားမည်ဖြစ်ပြီး ဥပဒေချိုးဖောက်သော မော်တော်ယာဉ်များကို ထိထိရောက်ရောက် အရေးယူမည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက သတင်းထောက်များကို တနင်္လာနေ့က ပြောသည်။

ဗိုလ်မှူးကြီး တင်ဝင်းက ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော် အထူးအစည်းအဝေး ပြီးဆုံးချိန် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဤအတောအတွင်း ပြိုင်ကားမောင်းသူ အများအပြားက အင်တာနက် စာမျက်နှာတွင် မကျေနပ်ချက်များ ရင်ဖွင့်လျက် ရှိရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ရိုက်ကူးထားသည်ဟူသော ကြော်ငြာဘုတ် ဓာတ်ပုံတစ်ပုံကိုလည်း အွန်လိုင်းတင်ပြီး ဝေဖန်လျက် ရှိသည်။

ကြော်ငြာဘုတ်တွင် နံပါတ်တချို့ ရေးထားပြီး "အိမ်တော်ကြီးမှကား" "လိုအပ်သော အကူအညီပေးရန်" ဟူသော မှတ်ချက်များ ရေးထားသည်ကိုလည်း တွေ့ရသည်။

ရန်ကုန်ရှိ ယာဉ်ထိန်းရဲတချို့သည် ရန်ပြုမှုများနှင့် ကြုံတွေ့ရသည်ဟူသော သတင်းများလည်း ယခင်က ထွက်ပေါ်ခဲ့ဖူးသည်။

ထိုသတင်းများထဲတွင် ၂၀၁၃ မတ်လက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်၏ မော်တော်ကား မီးပွိုင့်တစ်ခုသို့ ရောက်ရှိစဉ် ယဉ်ထိန်းရဲတပ်သား စံသိန်းထွေး ဆိုသူကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ဖြစ်ရပ်က အထင်ရှားဆုံးဖြစ်သည်။

ဗညားမန်း

http://ygnglobe.com/mm

ကျောင်းသူအဆောင်အဖြစ် အသုံးပြုခြင်းမှ နှစ်ပေါင်းများစွာ ပိတ်ထား ခဲ့သည့် သီရီဆောင်နှင့် မာလာဆောင်အား ဒီဇင်ဘာ၈ရက်တွင် ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ ကိုယ်တိုင် ပြန်လည် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်ကျောင်းသူများအတွက် ဖွင့်လှစ်ထားသည့် အဆောင်များအား အင်္ဂလိပ်စာဗဟိုဌာနအဖြစ်လည်းကောင်း၊SEAMEO Chat ဌာနအဖြစ်အသုံးပြုရန် ပိတ်ထားခဲ့ရမှာ ကျောင်းသူများနေ ထိုင်ရန်အတွက် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီက`မာလာဆောင်ကို ပြန်ဖွင့်နိုင်တာကို တော်တော်ဂုဏ်ယူပါတယ်။ ပီတီဖြစ်မိပါတယ်။ဘာလို့ဆိုရင် မာလာဆောင်ကို နောက်ဆုံးအဆောင်မှူးလုပ်သွား တာကျွန်မဖြစ်ပါတယ်။ အဆောင်မှူးလုပ်တဲ့ အချိန်မှာပဲကျောင်းပိတ်သွားတဲ့အတွက် ကျောင်းသားမရှိတဲ့ အဆောင်မှူးဆိုပြီး ရယ်စရာပြောလို့ရပါတယ်။ဒါပေမယ့် Hall tutor တွေတော့ အဆောင်မှာထား ပါတယ်။ မာလာဆောင်က အစဉ်အဆက် စီးပွားရေး တက္ကသိုလ်ကျောင်းသူတွေနေတဲ့အဆောင် သီရီဆောင်ဟာ ရန်ကုန်တ က္ကသိုလ် က ကျောင်းသူတွေနေတဲ့အဆောင်ဖြစ်တဲ့အတွက် ဒီမနက်မှာပဲ Grand Opening ဆိုပြီး မာလာဆောင်ကိုဖွင့်ပါတယ်။သီရီဆောင်ကိုဖွင့်မှာ့ဖြစ်ပါတယ်´ဟု ပြောသည်။

ယင်းကဆက်လက်ပြီး မာလာဆောင်နှင့်သီရီဆောင် အား ကျောင်းသူအဆောင်အဖြစ် ပြန်လည် ဖွင့်လှစ်လာနိုင်ခြင်း မှာ၂၀၁၁ ခုနှစ်မှစတင်ပြီးပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ရာတွင် အဆင့်မြင့် ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ကျောင်းသူကျောင်းသားတွေ အဆောင်ပြန် ထားဖို့စီစဉ်ရာ၌ တဖြည်းဖြည်း စီစဉ်ရာမှ အဆောင် အသစ်ပြန်ဆောက်ရခြင်း၊အဆောင်အဟောင်းေ တွပြန်သုံးရခြင်းများတွင် မာလာဆောင် နှင့်သီရီဆောင် အား အဆောင်အဟောင်းအဖြစ် ပြန်လည် အသုံးပြုရန် အတွက် လုပ်ဆောင်ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။

ဒေါ်ခင်စန်းရီက`အခုလိုအဆောင်တွေဖွင့်လှစ်နိုင်တဲ့အတွက် သီချင်းတွေကြည့်တဲ့ အခါမာလာဆောင် သီချင်း တွေ ပြန်လည်ရှင်သန် လာဖို့ရှိပါတယ်။သီရီဆောင်သီးချင်းတွေ ပြန်လည်ရှင်သန်လာဖိုရှိတဲ့အတွက် ဒီဟာတွေဟာကြည်နူးစရာကောင်းတဲ့ အခြေအနေကောင်းတွေဖြစ်လာမှာ ပါတယ်´ဟု ပြောသည်။

ပြန်လည်ဖွင်လှစ်လိုက်သည့်စီးပွားရေးတက္ကသိုလ်လက်အောက်ရှိ မာလာဆောင်တွင် ယခုနှစ်ပညာသင်နှစ်အတွက် ကျောင်းသူ ၂၅၀ဦးခန် ထားရှိမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်လက်အောက်ရှိ သီရီဆောင်တွင် ကျောင်းသူ ၁၃၂ ဦးခန့်ရှိပြီး ယင်းထဲတွင်မြန်မာနိုင်ငံတွင် လာရောက် ပညာသင်ကြားသည့် နိုင်ငံခြားကျောင်းသူ ၃၉ဦးကိုပါနေထိုင်ကြောင်း သိရသည်။

သီရီဆောင်တွင်နေထိုင်ပြီး မြန်မာစာလာရောက်သင်ကြားသည့် ဂျပန်နိုင်ငံ မှတတိယနှစ်ကျောင်းသူ မကြည်သာမိုး (Ms.Aika Takeuchi)က `မြန်မာစာကို စိတ်ဝင်စားလို့ မြန်မာနိုင်ငံအကြောင်း ကိုလေ့လာချင် လိုဖြစ်တယ်။ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ကနေ မြန်မာစာ ၂နှစ်တက်ခဲ့ပါတယ်။ဒီနှစ်ကတော့ မြန်မာနိုင် ငံမှာ လာရောက်သင်ကြားတာဖြစ်ပါတယ်။ဒီကိုရောက် တာ၆ရက်ထဲ ရှိပါသေးတယ်။လက်ရှိနေရထိုင်ရတာ အဆင်ပြေပါတယ်´ဟု ပြောသည်။

လက်ရှိတွင် နယ်မှလာရောက်တက်ရောက်သည့်ကျောင်းသူ/သားများအတွက် စီးပွားရေးတက္ကသိုလ် မှ ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မာလာဆောင်၊လှိုင်တ က္ကသိုလ်နယ်မြေတွင် ကံ့ကော်၊ဂန္ဒမာ၊သရဖီနှင့် နှင်းဆီ၊ ကျောင်းသားများ အတွက် ရွာသာကြီးတွင်လည်းကောင်းဖွင့်လှစ်ထားပြီး ရန်ကုန်တက္ကသိုလ်တွင် ၀ိဇ္ဖာသိပံဘာသာရပ်သင်ကြားသည့် ကျောင်းသားကျောင်းသူများအတွက် အဆောင် ၁၁ဆောင်ဖွင့်လှစ်ထားရှိပြီး မကြာခင်ကာလတွင် လှိုင်တက္ကသိုလ် နယ်မြေ၌ ကျောင်းသား အယောက် ၄၀၀ဦးဆန့်သည့် နိုင်ငံတကာ အဆင့်မီ အဆောင်နှစ်ခု တည်ဆောင်သွားရန်ရှိကြောင်း သိရသည်။

သတင်းထောက် ( စိုင်းဟန်)
The Ladies News Journal

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ကျေးရွာ ၆ ရွာမှာ စက်မှုဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေဧက တစ်ထောင်ကျော်ကို ပြန်ပေးဖို့အတွက် လယ်သမား ၂၀၀ လောက်က စစ်ကိုင်းမြို့နယ် အောင်ချမ်းသာကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

လယ်ယာမြေတွေကို ပြန်ပေးဖို့နဲ့ ပြန်မပေးနိုင်တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးဖို့ မိမိတို့ တောင်းဆိုခဲ့ကြတယ်လို့ ပဲကတိုးရွာက တောင်သူ ဒေါ်ဝင်းမာ က ပြောပါတယ်။

"သိမ်းဆည်းမြေတွေလည်း ထုံးစံအတိုင်း လျော်ကြေးပေးဖို့၊ ပြန်အပ်တယ်ဆိုတဲ့ မြေကိုလည်း ကျမတို့လက်ဝယ် အမြန်ပေးအပ်ဖို့ပါ၊ သူတို့ကပေးမယ်သာပြောနေတာ အခုအထိလည်းမရလာလို့ ကျမတို့က ဆန္ဒပြတောင်းဆိုရတာ၊ ဒီမြေယာကို ဧက ၉၀ ရဲကနေထပ်ပြီးတော့ ကျမတို့ကို မကျေနပ်ပဲနဲ့ အဆောက်အဦးဝင်ဆောက်နေလို့ ဆန္ဒပြရတာပါ"

သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ဧက ၄၀၀ ကျော်ကို တောင်သူတွေထံ ပြန်လည်ပေးအပ်သွားမယ်လို့ ပြည်သူ့လွှတ်တော်မှာ စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဖြေကြားခဲ့ပေမဲ့ အခုချိန်ထိ ပြန်မပေးသေးဘူးလို့ တောင်သူတွေနဲ့အတူ ပါဝင်ဆန္ဒပြခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ပဲကတိုး၊ ကုန်းရွာ၊ ကျောက်ဆည်၊ မြင်းမွှေး၊ ညောင်ပင်စဉ်နဲ့ အောင်ချမ်းသာ စတဲ့ကျေးရွာ ၆ ရွာက အဲဒီ လယ်ယာမြေဧက တစ်ထောင်ကျော်ကို စက်မှုဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်မှာ သိမ်းဆည်း ခဲ့တာဖြစ်ပါတယ်။

အဲဒီလယ်ယာမြေတွေမှာ အထည်ချုပ်စက်ရုံ၊ ဂျုံစက်ရုံနဲ့ အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲရုံးကို တည်ဆောက်ထားပြီး ရဲသိပ္ပံကျောင်းတစ်ကျောင်းကိုလည်း လက်ရှိဆောက်လုပ်နေပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo

နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ တရား စွဲခံထားရတဲ့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအ၀င် ၁၁ ဦးအမှု ကို နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ စစ်ဆေးရာ တရားလိုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး လာရောက်ထွက်ဆိုသွားခဲ့ကြောင်း သိရပါတယ်။

ဦးမြင့်ထွေးက မြန်မာသံတော်ဆင့်ဂျာနယ်ပါ အင်တာဗျူးနဲ့ ပတ်သက်ပြီး ဂျာနယ်က တောင်းပန်ပုံ တောင်းပန်နည်းကို လက်မခံနိုင်ကြောင်းနဲ့ စာနယ်ဇင်းကောင်စီကို ညှိနှိုင်းပေး ဖို့ စာပေးပို့ခဲ့ကြောင်း စသဖြင့်တရားရုံးမှာ ထွက်ဆိုခဲ့တယ် လို့ တရားစွဲခံရသူ ၁၁ ဦးရဲ့ ရှေ့နေ ဦးဇော်လင်းက ပြော ပါတယ်။

"တရားလိုကတော့ တိုင်တဲ့အတိုင်းပေါ့ သူကတော့ သက်သေခံတွေဘာတွေတင်တာပေါ့ သူ့ကိုတာ ဝန်ပေးလို့ သူဒီမှာတရားလိုလုပ်ပြီးတော့ အမှုကိုဆောင်ရွက် ရတဲ့အကြောင်းတို့၊ ကျန်တာနောက်ပိုင်း အင် တာဗျူးနဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီ ကိုသူတို့ပို့တဲ့ စာပေါ့ ညှိနှိုင်းပေးဖို့၊ ဖြေရှင်းပေးဖို့၊ နောက်နှစ် ဖက်ညှိနှိုင်းတာအဆင်မပြေတဲ့ အကြောင်းပေါ့၊ ဒီဖက်က အမှန်မှာ သံတော်ဆင့်ကတောင်းပန်ပေ မယ့် တောင်းပန်ပုံ တောင်းပန်နည်းကို သူတို့မကျေနပ်ဘူးပေါ့လေ တောင်းပန်တာကိုအဲ့လောက်နဲ့ မလုံလောက်ဘူးဆိုပြီး အဲ့ဒါနဲ့ တရားစွဲတယ်၊ အဲ့လိုပြောတယ်"

ဒီအမှုကို လာမယ့် ၂၃ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး အဲ့ဒီရုံးချိန်းမှာ တရားလို ဦးမြင့်ထွေးဘက်က သက်သေတွေကို စစ်ဆေးမေးမြန်းသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖေါ်ပြခဲ့တဲ့ ဗေဒါနိုင်ငံရေးသိပ္ပံ ကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်း နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့တယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေ တဲ့ရေးသားမှု သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) နဲ့ မြန်မာသံတော်ဆင့်သတင်း ဂျာနယ် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် ဦးကျော်စွာမင်း ၊ ဒုတိယအယ်ဒီတာချုပ် ဦးအောင်ကျော်မင်း၊ ဦးဆန်းထူးဝင်းနဲ့ ဦးအံ့ခေါင်မင်းအပါအဝင် ၁၁ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=photo


အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံက လူဦးရေ ၅၇ သန်းကို လူသားချင်းစာနာမှု အကူအညီ တွေပေးနိုင်ဖို့ ၂၀၁၅ ခုနှစ် အတွက် ဒေါ်လာသန်းပေါင်း ၁၆.၄ ဘီလျံလိုအပ်နေကြောင်း ကုလသမဂ္ဂက မေတ္တရပ်ခံ လိုက်ပါတယ်။ ဒီ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ မေတ္တာရပ်ခံ ချက်ထုတ်ပြန်တဲ့ ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မှုတွေဟာ နှစ်စဉ်မြင့်မားလာနေပြီး ဒီလိုအပ်နေတဲ့ အကူအညီတွေရဖို့ကတော့ တနှစ်ထက်တနှစ် ကျဆင်း သွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ တကမ္ဘာလုံးက ခန့်မှန်းခြေ လူဦးရေ ၇၈ သန်းဟာ အကူအညီတွေလိုအပ်နေတာပါ။ မြန်မာနိုင်ငံတွင်းက လူဦးရေ (၅၃၆,၄၀၀) ကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၁၉၁.၇ သန်း လိုအပ်နေတယ်လို့လည်း ၂၀၁၅ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေး လျာထားချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း အလှူငွေ အလုံအလောက်မရရှိတာကြောင့် ကုလသမဂ္ဂအနေနဲ့ အကူအညီ အလိုအပ်ဆုံးဦးရေ ၅၇.၅ သန်းကိုသာ ကူညီနိုင်မှာပါ။ ဆီးရီးယား၊ တောင်ဆူဒန်၊ အီရတ်နဲ့ Car လို့ခေါ်တဲ့ အလယ်အာဖရိကသမ္မတနိုင်ငံတွေဟာ ရှေ့နှစ်အတွင်း အကူအညီလိုအပ်ဆုံးနိုင်ငံတွေထဲမှာ ဆက်ရှိသွားမှာဖြစ်တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos က ပြောဆိုပါတယ်။

“ဒီနေ့ ကျမတို့မေးနေတဲ့ ရန်ပုံငွေရဲ့ ၇၀ % ဟာ ဒီ လေးနိုင်ငံအတွက်ဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့တိုင်းပြည်တွေရှိပါတယ်။ ဥပမာ အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ ကွန်ဂို၊ ယီမင်နဲ့ မြန်မာ ဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေထဲ ဘာတွေဖြစ်နေလဲဆိုတာကိုကြည့်ရင် ပဋိပက္ခတွေဟာ ဒုတိယတန်းမှာ ထားရမယ့်အနေအထားမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့အနေနဲ့ မကြုံစဖူး အကူအညီတွေလိုအပ်နေတာပါ။

လူဦးရေသန်းပေါင်းများစွာဟာ သူတို့ရဲ့ တိုင်းပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတာ ဒါမှမဟုတ် တခြားတိုင်းပြည်တွေမှာ ဒုက္ခသည်တွေအဖြစ် နေထိုင် နေရတယ်လို့ မစ္စ Amos က ပြောပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကစလို့ ပထမဆုံးအကြိမ်အနေနဲ့ လူဦးရေ သန်း ၅၀ ကျော်ဟာ ပဋိပက္ခတွေကြောင့် အဓမ္မ နေရာရွှေ့ပြောင်းခံခဲ့ကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက လွန်ခဲ့တဲ့နှစ်အတွင်း အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက တရက်ကို လူပေါင်း ၁၄,၀၀၀ ဟာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာတော့ တရက်ကို ၃၂,၀၀၀ အထိ မြင့်မားလာခဲ့တာပါ။ ဒီနှစ်မှာလည်း အရေအတွက် ထပ်တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မြေပြိုရေကြီးမှုတွေကြောင့် ဒုက္ခရောက်သူတွေရှိသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်တွင်းကပဋိပက္ခတွေကြောင့် အကူအညီတွေဆက်လိုအပ်နေပါတယ်။ လူပေါင်း ၂၄၀,၀၀၀ ဟာလည်း အိုးအိမ်မဲ့ဖြစ်နေပြီး လွတ်လွတ်လပ်လပ် သွားလာလို့မရတာကြောင့် အကူအညီတွေပေါ်မှာပဲ မှီခိုနေကြရသူတွေဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် လူသားချင်း စာနာမှု အကူအညီပေးရေး အစီအစဉ်ဟာ ဒီသုံးပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် ဒုက္ခရောက်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီနဲ့ အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres က ဒုက္ခသည်ကယ်ဆယ်ရေး အေဂျင်စီတွေအနေနဲ့ ရန်ပုံငွေသုံးစွဲရာမှာ အထူးသဖြင့်ပစ်ပယ်ထားခံရတဲ့ တိုင်းပြည်တွေအတွက် ထိထိရောက်ရောက် အသုံးပြုသင့်တယ်လို့ ပြောပါတယ်။

“တောင်ဆူဒန်မှာ ဒုက္ခသည် ၂၀၀,၀၀၀ ရှိနေပါတယ်။ ရံပုံငွေ ၁၆၂ သန်းလိုအပ်တယ်ဆိုတာကို ကျနော်တို့ ပြောပြီးပါပြီ။ နှစ်ကုန်ထိ ကျနော်တို့မှန်းထားတဲ့ ၇၅ သန်းကို သုံးပြီးပါပြီ။ ကျနော်တို့ ဘယ်လောက်ရသလဲဆိုတာကို ခင်ဗျားတို့ သိကြပါသလား။ ၁၈ သန်းပါ။ ငွေပမာဏာ အတော်များများ မရဘဲနဲ့ လူတွေ မေ့ထားတဲ့ ပဋိပက္ခတွေအတွင်းက ဒုက္ခသည်ရောက်သူတွေကို ကူညီဖို့ မဖြစ်နိုင်ပါဘူး။”

ကုလသမဂ္ဂက တောင်းဆိုထားတဲ့ ဒီငွေပမာဏဟာ Sahel နိုင်ငံတွေလို့ခေါ်ကြတဲ့ အာဖရိက မြောက်ဘက်စွန်းနားကနိုင်ငံတွေနဲ့ Djibouti အတွက် မပါဝင်ပါဘူ။ ဒီနိုင်ငံတွေအတွက်အကူအညီကို ဖေဖေါ်ဝါရီလမှာ သီးခြား ထပ်မံတောင်းဆိုမှာပါ။ နှစ်လယ်ပိုင်းမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုတွေကို ပြန်လည်သုံးသပ်မှာဖြစ်ပြီး လိုအပ်ရင်လိုအပ်သလို ရန်ပုံငွေလိုအပ်မှုပမာဏာကို ပြင်ဆင်မှာပါ။ ငွေပမာဏ တိုးမြှင့်လှူဒါန်းဖို့ အလှူရှင်နိုင်ငံတွေကိုလည်း ပြောဆိုမှာဖြစ်တယ်လို့ ကုလသမဂ္ဂအရာရှိတွေကပြောပါတယ်ခင်ဗျာ။

Lisa Schlein, အောင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/myanmar-in-the-list-of-un-humanian-aid-/2551240.html


ရခိုင်ပြည်နယ် ဘူးသီးတောင်တွင် စစ်သား တစ်ဦးက တပ်မမှူး တပည့်ဟုဆိုကာ မူးယစ်ယမ်းကားပြီး မိန်းမပျိုတစ်ဦးအား ကိုယ်ထိ လက်ရောက် စော်ကားခဲ့သဖြင့် အရေးယူ ခံရနိုင်ဖွယ်ရှိသည်ဟု သတင်း ရရှိသည်။

၎င်းစစ်သားမှာ ဘူးသီးတောင်မြို့တွင် အမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်သားအဆင့်ရှိ ခင်မောင်ဝင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့  ညနေ ၆း၃ဝ အချိန်က ဘူးသီးတောင်မြို့မဈေးရှေ့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဗန်းခင်းကာ ကွမ်းယာရောင်းချသူ မဖြူဖြူသန်းထံတွင် ခင်‌‌မောင်ဝင်းသည် ကွမ်းယာနှင့် ဆေးလိပ်များ ဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူသည့်အတွက် ကျသင့်ငွေကို တောင်းခံသည့်အခါ မခြေမငံဆက်ဆံပြီး ဈေးဗန်းကို မှောက်ချပြီး မဖြူဖြူသန်းကို ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။“ သူက ကွမ်းယာဆိုင်မှာ ဆေးလိပ်နဲ့ ကွမ်းယာတွေ ဝယ်ပြီး ပိုက်ဆံမပေးဘူးလို့ ကြားပါတယ်။ ပိုက်ဆံတောင်းတဲ့အခါ မကျေမနပ်ဖြစ်ပြီး ငါက တပ်မမှူးတပည့်၊ ငါ့ဆီက ပိုက်ဆံတောင်းဝံ့သလား ဆိုပြီး ဈေးဗန်းကို မှောက်ချပါတယ်။ ပြီးတော့ ဆိုင်ရှင်မိန်းကလေးကိုလဲ ရိုက်ပါတယ်၊ အရက်လဲ သောက်စားထားပါတယ်” ဟု အနီးရှိ ဈေးဆိုင်ရှင် ဦး‌မောင်ညွန့်က ‌ပြောသည်။

ယင်းသို့ ကျူးလွန်ခဲ့သည့်အတွက် ဘူးသီးတောင် မြို့နယ်ရဲစခန်းသို့ ခေါ်ယူစစ်မေးခဲ့ရာ ၎င်းမှာ စကခ(၁၅)မှ တပ်သားတစ်ဦးဖြစ်ကြောင်း ဝန်ခံသဖြင့် သက်ဆိုင်ရာ တပ်သို့ ဆက်သွယ်အပ်နှံခဲ့သည်ဟု သိရှိရသည်။

ထိုသို့ မိန်းမငယ် တစ်ဦးအား စစ်သား တစ်ဦးက ရိုက်နှက်သဖြင့် မကျေနပ်သူများက ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်က ဈေးရှေ့တွင် စုရုံးလာကြသဖြင့် လူစုလူဝေးဖြစ်လာခဲ့ကြောင်း၊ ယင်းသတင်းကို  ကြားသိရသောကြောင့် မြို့ပေါ်ရှိ  အမျိုးသမီးများက သတင်းစုံစမ်းရန် ဈေးရှေ့တွင် စုရုံးလာကြရာမှ မကျေမနပ်ဖြစ်လာကြရာ အခြေအနေ တင်းမာလာသဖြင့်   မြို့ပေါ်ရှိ လူမှုရေးလှုပ်ရှားသူများ၊ သံဃာတော်များက ဝင်ရောက်ထိန်းသိမ်းကာ သက်ဆိုင်ရာနှင့် ညှိနှိုင်းပေးခဲ့ရသည်။

ထိုသို့ညှိနှိုင်းပေးမှုကြောင့် ယမန် နေ့လယ်ပိုင်းက အေးစေတီကျောင်းတိုက်သို့ သက်ဆိုင်သူ ကာယကံရှင်များကို ခေါ်ယူလာခဲ့ကြောင်းနှင့် နောက်နောင် ယခုကဲ့သို့ ကျူးလွန်မှုမပြုပါကြောင်း ဝန်ခံ ကတိပြုခဲ့သည်ဟု ညှိနှိုင်းဆောင်ရွက်ပေးသူ တစ်ဦးဖြစ်သော ဦးအောင်သောင်းရွှေက ပြောပါသည်။

“ပြစ်မှုကျူးလွန်သူကိုယ်တိုင်က အရက်မူးပြီး ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ ကျူးလွန်ခဲ့တာကိုလည်း ဝန်ခံကြောင်း၊ နောက်နောက်မလုပ်တော့ပါ၊ အရေးယူတာကိုလည်းခံပါမယ်လို့ စာနဲ့ရေးပြီး ကတိပြုပါတယ်။ စစ်သားဖြစ်တော့ စစ်စည်းကမ်းအရ အရေးယူပေးမယ်လို့တော့ သိရပါတယ်။ ဘယ်လိုအရေးယူမလဲတော့ အသေအချာ မသိပါဘူး” ဟု သူကဆက်ပြောသည်။

ဖြေရှင်းရာသို့ တပ်က အရာရှိများ၊ မြို့ပေါ်ရှိ ရဟန်းတော်များ၊ လုံခြုံရေးအရာရှိများ၊  မြို့ပေါ်က လူမှုရေးအဖွဲ့ဝင်များ၊ အမျိုးသမီးအဖွဲ့များ ရောက်ရှိခဲ့ပြီး အားလုံးရှေ့တွင် တပ်သား ခင်မောင်ဝင်းက သူမှားကြောင်း ကတိခံဝန်  လက်မှတ် ရေးထိုးခဲ့သည်ဟု သိရသည်။

“ အရေးယူမယ်လို့တော့ မျှော်လင့်ပါတယ်။ ဘယ်လိုအရေးယူထားပါပြီဆိုတာတော့ ဒီဘက်ကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့တော့ လိုပါမယ်။ ဒီမြို့ပေါ်က သံဃာတော်တွေကို အသိပေးလျှောက်ထားလိုက်ရင်တော့ ထိရောက်ပါတယ်။ ဆရာတော်တွေက ဒကာ၊ ဒကာမတွေကို ထပ်ဆင့်ပြောပြနိုင်တာပေါ့” ဟု သူက ဆိုသည်။

နာရေးကူညီမှုအသင်းမှ ဦးရွှေမြင့်ကလည်း တပ်နှင့် ပြည်သူများ ချစ်ကြည်ဖြူ  ဆိုသည့် ဆောင်ပုဒ် အတိုင်း တပ်အား အကြည်ညိုပျက်ရန် ပြုလုပ်သူများကို အရေးယူသင့်ကြောင်း ပြောကြားသည်။

“တပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူလူထုကို သူတို့က အကာအကွယ်ပေးရမှာ၊ အခုတော့ မကာကွယ်တဲ့အပြင် ကိုယ်တိုင်က အနိုင်ကျင့်နေမယ်ဆိုရင် ဒီတိုင်းရင်းသားတွေ ဘယ်လိုရပ်တည်ရမလဲ။ ဒီမိန်းကလေးတွေက ကိုယ့်စားဝတ်နေရေး အခြေအနေအရ နိုင်သလောက်လေး ရင်းနှီးပြီး ဆိုင်ရောင်းနေရတာ။ အခုလို စော်ကားတာကတော့ တော်တော်လေး လွန်လှတယ်။ တပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အတွက် ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့များရှိပြီး အချို့တပ်ဖွဲ့ဝင်များ၏ အမူအယာ၊ အပြောအဆို ကြမ်းတမ်းမှု၊ ရိုင်းပျမှုတို့ကြောင့် အခြေတင်ဖြစ်ပေါ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုဖြစ်ပေါ်ခဲ့သော ပြဿနာကဲ့သို့ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခု တပ်သားခင်မောင်ဝင်းကို စစ်စည်းကမ်းအရ အရေးယူ စစ်ဆေးမည်ဟု သိရှိရသည်။

(နိရဉ္စရာ- ၉ ဒီဇင်ဘာ ၂၀၁၄)
http://www.narinjara.com/burmese/?p=13024


ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ထိုးလို့ မြန်မာ စစ်အရာရှိ တဦးကို ထောင်ဒဏ် အပြစ်ပေးတဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ တကယ်ပဲ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်နေ တာလား ဆိုတဲ့ သံသယပိုပြီး ကြီးမားစေတယ်လို့ HRW အဖွဲ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေး ထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လူထုထံ လက်မှတ် ကောက်ယူ လှုပ်ရှားမှု ကာလအတွင်း ပြင်ဦးလွင်မြို့မှာ ဗိုလ်မှူးကျော်စွာဝင်း ပါဝင်လက်မှတ်ရေးထိုး ခဲ့တာပါ။ သူ့ကို ဧပြီလက ဖမ်းဆီးခဲ့တာဖြစ်ပြီး ငါးလ အကြာမှာ စစ်ခုံရုံးက ပုဒ်မ (၄၁) အမိန့် မနာခံမှုနဲ့ ပုဒ်မ (၆၅) စစ်စည်းကမ်းနဲ့မညီဘဲ ပြုမူပြောဆိုမှု-စတာတွေနဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ပြီး မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းထားပါတယ်။

အခုလို ဗိုလ်မှူးကျော်စွာဝင်းကိုအရေးယူတဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တကယ်ပဲဖြစ်နေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ရပ်တန့်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေထဲမှာ ဒီလို အရေးယူတဲ့အချက်မျိုးပါဝင်ပါတယ်။ ဒီလိုဖိနှိပ်မှုမျိုးဟာ စစ်အာဏာရှင် အုပ်ချုပ် ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် (၅၀) ကတည်းက ရှိခဲ့တာပါ။ ဒီဖြစ်ရပ်ကိုကြည့်ပြီး မြန်မာနိုင်ငံအနေနဲ့ တကယ်ပဲပြောင်းလဲနေပြီးလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါ တယ်။ စစ်တပ်က နိုင်ငံရေး ကစားနေတာလား၊ ဒါမှမဟုတ် အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာဖို့၊ နိုင်ငံ တကာ အလှူရှင်တွေကိုဆွဲဆောင်ဖို့ လှည့်ဖြားချက်တွေကို သက်သက်လုပ်နေတာလားဆိုတာ မေးစရာရှိပါတယ်။”

ဒါ့အပြင် ဗိုလ်မှုးကျော်စွာဝင်းဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ လျှော့ချဖို့ထောက်ခံခဲ့တာဖြစ်ပြီး ဒါဟာလည်း စစ်တပ်ရော၊ အစိုးရကိုယ်တိုင်ပါ ပြောနေတဲ့အချက်ဖြစ်ပါတယ်လို့ Brad Adams ကဆိုပါတယ်။

“ဒီအမိန့်မျိုးဟာ စစ်အာဏာရှင်လက်ထက်တုန်းက ရှိခဲ့တာပါ။ အခုအချိန် စစ်အာဏာရှင် မရှိတော့ပါဘူး။ ဒါကြောင့် ဒီအမိန့်ဟာ အဓိပ္ပာယ်မရှိပါဘူး။ မြန်မာနိုင်ငံမှာ စစ်ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တွေရော၊ ယူနီဖောင်းချွတ်ပုဂ္ဂိုလ်တွေပါ အစိုးရနဲ့လွှတ်တော်မှာ အမှုထမ်းနေကြပြီး သူတို့ရဲ့နိုင်ငံရေးအမြင်တွေကို တင်ပြနေကြတာပါ။”

အခုလို ဗိုလ်မျိုးကျော်စွာဝင်းအနေနဲ့ စစ်ယူနီဖောင်းဝတ်ပြီး ထောက်ခံလက်မှတ်ရေးထိုးတာကို ထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူတာဟာ စစ်တပ်နဲ့ ပြည်သူအကြားမှာ အမြင်လွဲမှားမှုတွေပိုပြီးကြီးလာစေတယ်လို့ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကသုံးသပ်ပါတယ်။

“ဗိုလ်မှူးကျော်စွာဝင်းကို အရေးယူတဲ့ပုဒ်မက ပုဒ်မ (၆၅) ဆိုတာ တပ်မတော်မှာတော့ ‘အမြင်ကပ်ပုဒ်မ’ လို့ ခေါ်တာပေါ့လေ၊ သူတို့ရဲ့ ပုဒ်မကတော့ စစ်စည်းကမ်းနဲ့မလျော်မညီ ပြုမူလုပ်ကိုင်တယ်ဆိုတဲ့ ပုဒ်မမျိုးတပ်တာ ဖြစ်ပါလိမ့်မယ်။ ဒီပုဒ်မကတော့ စစ်သားတယောက်၊ စစ်ဗိုလ်တယောက်ပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဒီပုဒ်မနဲ့က အရေးယူမယ်ဆိုရင် လွတ်တဲ့လူကတော့ မရှိပါဘူး။ ဒါပေမယ့် ဒီမှာတော့ ပုဒ်မ (၄၃၆) ကို ယူနီဖောင်းနဲ့ သွားပြီးတော့မှ လက်မှတ်ထိုးရုံလောက်နဲ့တော့ စစ်စည်းကမ်းနဲ့ မကိုက်ညီဘူးလို့ ပြောလို့ မရပါဘူးခင်ဗျာ။ ဒါပေမယ့် (၄၃၆) ကို မထိုးရဘူးဆိုတဲ့ အမိန့်ထုတ်ပြန်ထားတဲ့ ကျနော်တို့ စစ်သည်တော်ကျင့်ဝတ်တို့- ဘာတို့မှာ ဒါမျိုးတွေ မပါပါဘူး။ တကယ်တော့ ကျနော်တို့တပ်မတော်ဟာ ပြည်သူတွေလိုလားတဲ့ ပြည်သူ့ တပ်မတော်သာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့်အခုလက်ရှိကတော့ တပ်မတော်သားအများစုနဲ့ မိသားစုတွေနဲ့ ပြည်သူကို သွေးခွဲထားတဲ့အနေအထားမျိုးနဲ့ လုပ်ထားတာမျိုးပါ။ အင်မတန်မှ တပ်မတော်သားတွေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ ဗိုလ်မှူးကျော်စွာဝင်းကို စံပြအဖြစ် ထောင်ချပြတယ်လို့ပဲ ကျနော် မြင်ပါတယ်ခင်ဗျ။”

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ၀န်ထမ်းတွေအပေါ်မှာ အရင် စစ်အစိုးရလောက် ပြင်းထန်တဲ့တားမြစ်ချက်မျိုးတွေမရှိပေမယ့် စစ်တပ်တွင်း အခုလို အမိန့်ထုတ်ပြန်တားဆီးထားသလိုမျိုး ၀န်ကြီးဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး နိုင်ငံရေးထဲမပါဝင်ရအောင် တားမြစ်ထားတာတွေ ရှိနေတယ်လို့လည်း အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကျောင်းသားတွေနဲ့ပတ်သက်တဲ့ ပညာရေးဌာနတွေမှာ ကျောင်းဆရာ၊ ဆရာမတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်း မပြုဖို့ တားမြစ်ထားတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်။ အဲဒီတော့ ဒီတပ်မတော်အနေနဲ့ကတော့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် စည်းကမ်းထုတ်ပြန်ပြီဆိုရင်တော့ ကျနော်တို့ မပြောနိုင်ဘူးပေါ့နော်။ သာမန်ဝန်ထမ်းတွေနဲ့ ပြည်သူတွေအပေါ်မှာတော့ ဒီ လိုမျိုး ထုတ်ပြန်ပြဌာန်းတဲ့ဥစ္စာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝဆန့်ကျင်တဲ့ကိစ္စရပ်ဖြစ်တယ်လို့ပဲ ကျနော်က ပြောချင်ပါတယ်။”

၂၀၁၃ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတို့ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ စည်းရုံးလှုပ်ရှားခဲ့ကြရာမှာ ပြည်သူတွေရဲ့လက်မှတ် စုစုပေါင်း (၅) သန်းကျော် ကောက်ခံရရှိခဲ့ပြီး ဒီစာရင်းကို လွှတ်တော်မှာလည်း တင်သွင်းထားပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/hrw-criticizes-on-major-kyaw-swar-win-jailing-for-signed-for-constitutional-amendment-/2551186.html


အဘူးဂျာ ၊ ၉-၁၂-၂၀၁၄

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကာနိုမြို့တွင် စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသော ရုရှားကုန်တင် လေယာဉ်တစ်စင်း ကို ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း ၄င်းနိုင်ငံရှိ အာဏာပိုင် များက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြား ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

Antonov အမျိုးအစား အဆိုပါ ကုန်တင်လေယာဉ် ၏ ဇာစ်မြစ်နှင့် လေယာဉ်ပေါ်တွင် တင်ဆောင် လာသည့် စစ်လက်နက် ပစ္စည်းများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း နိုင်ဂျီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြီးအကဲ၏ ပြောကြားချက်ကို တွစ်တာဝက်ဘ်ဆိုက် တွင် ဒီဇင်ဘာ ၇ ရက်က ဖော်ပြ ထားသည်။

အဆိုပါ လေယာဉ်ကို ဒီဇင်ဘာ ၆ ရက်က ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သို့ စစ်လက်နက်များ ပေးပို့သည့် လေယာဉ် ဖြစ်သည်ဟု ယူဆရကြောင်း SAHARA Reporters သတင်းဌာန က ဖော်ပြခဲ့သည်။

၎င်းလေယာဉ်သည် ရုရှားနိုင်ငံပိုင် လေယာဉ် ဖြစ်ကြောင်း အဘူးဂျာမြို့ ရှိ ရုရှားသံရုံးက ကနဦးတွင် ငြင်းဆို ခဲ့သော်လည်း နောက်ပိုင်းတွင် ရုရှားပိုင် လေယာဉ် ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ ထို့ပြင် ၄င်းလေယာဉ် ပေါ်တွင် ပြင်သစ် စစ်လက်နက် ပစ္စည်းများ တင်ဆောင် လာကြောင်း ရုရှားသံရုံးက ပြောကြား ခဲ့သည်။

အဆိုပါ ကုန်တင်လေယာဉ် ပေါ်တွင် ရုရှားအမှုထမ်း ၁၈ ဦးနှင့် ပြင်သစ် တပ်ဖွဲ့ဝင် နှစ်ဦး လိုက်ပါလာပြီး ၄င်းတို့ကို ဖမ်းဆီး ခဲ့ခြင်း မရှိကြောင်း၊ သို့သော် လေယာဉ်ပေါ်တွင် တင်ဆောင်လာသော ကုန်ပစ္စည်း စာရင်းနှင့် လေယာဉ် ပျံသန်းမည့် ခရီးစဉ်တို့ကို စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်သည် နိုင်ငံရေး ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း SAHARA သတင်းဌာန က ဆက်လက်ပြောကြားခဲ့သည်။

#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_92.html

သူတို့ ဘာသာရေး အမြင်တွေ အပေါ် လက်မခံသူတွေ ကို IS စစ်သွေးကြွတွေ က သတ်ဖြတ်နေ
အစ္စလာမ္မစ် နိုင်ငံတပ်ကို တိုက်ဖျက်ဖို့ အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က နောက်ထပ် တပ်တွေ အီရတ်ကို စေလွှတ်ဖို့ အသင့်ရှိတယ်လို့ သိရပါတယ်။

စစ်သွေးကြွတွေကို ရင်ဆိုင် နှိမ်နင်း နေရတဲ့ အီရတ် နယ်ခံ တပ်တွေကို လေ့ကျင့် အကြံပေး နိုင်ဖို့ နောက်ထပ် တပ်သား ၁၅ဝဝ စေလွှတ်မှာ ဖြစ်ကြောင်း ညွန့်ပေါင်း တပ်တွေရဲ့ တပ်မှူး အမေရိကန် ဗိုလ်ချုပ်ကြီး James Terry က ပြောကြား လိုက်ပါတယ်။

အခု ထပ်ပို့မယ့် တပ်အင်အားတွေ ဟာ အရင် ကအမေရိကန် စစ်သား ၃၁၀ဝ အီရတ်ကို ပို့ပေးမယ်ဆိုတဲ့ ကတိ အပြင် ထပ်ပို့မယ့်အင်အားပါ။

ဒီအခုအသစ်ပို့မယ့် တပ်အင်အား ၁၅၀ဝ အထဲမှာ ညွန့်ပေါင်း တပ်ပေါင်းစုတပ်တွေ ထဲက ဘယ်နိုင်ငံ က ဘယ်နှစ်ယောက် ပါတယ် ဆိုတာတော့ မထုတ်ပြန်ပါဘူး။

အမေရိကန် နိုင်ငံခြားရေးဌာန က ဒီတပ်ပေါင်းစုမှာ နိုင်ငံပေါင်း ၆၀ လောက် ပါဝင်တယ်ဆိုတာတော့ အရင် က ကြေညာထားပါတယ်။

အခုတပ်အင်အားတွေ အီရတ် ကိုတိုးပို့မှာနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ် က အီရတ်တပ်တွေအနေနဲ့ အမေရိကန် အပါအဝင် တပ်ပေါင်းစု က အကူအညီတွေ နဲ့ နေရာယူသိမ်းပိုက်စစ်တွေ ကို ပိုလုပ်လာနိုင်မယ်၊ သူတို့ရဲ့တပ်ဖွဲ့စည်းပုံတွေ နေရာချပုံတွေ ကိုကောင်းလာမယ်၊ သူတို့ က ကမကထပြုပြီး အိုင်အက်စတွေ ကို တိုက်ဖို့ ကူတာဖြစ်တယ်၊ ဒါဟာ ရေရှည်လုပ်ရမှာလည်း ဖြစ်တယ် လို့ ပြောပါတယ်။

အခုလို တပ်ပေါင်းစုရဲ့တပ်အင်အားတွေ တိုးချပေးလိုက်တာဟာ အီရတ် တပ်တွေ ရဲ့ စွမ်းအား ကို မြှင့်တင်ပေးနိုင်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာတော့ အိုက်အက်စတွေ ရဲ့ ထိုးနှက်ချက်တွေ ကို အီရတ် တပ်တွေ သိပ်ပြီး မတုန့်ပြန်နိုင်ခဲ့ပါဘူး။

အိုင်အက်စတို့ဟာ ဆီးရီးယားနဲ့ အီရတ် က ဒေသဧရိယာ အတော်များများ ကို ထိန်းသိမ်းထားပြီး အလွန်ပြင်းထန်တဲ့ ဆွန်နီအစ္စလာမ် သဘောတရားတွေ ကိုင်စွဲကာ သူတို့ဘာသာရေး တရားကို မနာယူသူတွေ ကို သတ်ဖြတ်နေတာပါ။

ပြီးခဲ့တဲ့သီတင်းပတ် ဒီဇင်ဘာ ၃ ရက်ကနေ ဒီဇင်ဘာ ၈ရက် အထိ အီရတ် က အိုင်အက်စ ပစ်မှတ် ၃၁ နေရာကိုလည်း တပ်ပေါင်းစု ရဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါသေးတယ်။

အိုင်အက်စ ရဲ့ စစ်ရေး အရ၊ ဘဏ္ဍဍာရေး အရ တောင့်တင်း ခိုင်မာမှုတွေ အီရတ်မှာ အထင်အရှားရှိနေတာ ကြောင့် ဒီ စစ်ပွဲ က ရေရှည်မှာလို့ အများက သုံးသပ် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141208_is_us_iraq


ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံမှု အစား ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်း တိုက်တွန်း လိုက်ပါတယ်။

တိုင်းရင်းသား ပင်မမျိုးနွယ်စုကြီး ၇ မျိုး ပါဝင်စေမယ့် ခေါင်းဆောင် ၁၂ ဦး ဆွေးနွေးဖို့ တိုင်းဒေသကြီး အစိုးရကတဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြပေးရန် ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်က အရေးကြီးအဆို တင်သွင်းလိုက်တာပါ။

“တိုင်းရင်းသားအများစု၏ ဆန္ဒသဘောထား ဖြစ်ခြင်း၊ ပိုမိုပြည့်စုံပြီး ပိုမိုလေးနက်၍ ပိုမိုအနှစ်သာရ ရရှိမည်ဟု ယူဆပြီး အနာဂတ်မြန်မာနိုင်ငံအတွက် အထစ်အငေါ့ အခက်အခဲ မရှိစေပဲ သားမြေးမြစ်တွေအတွက် ပန်းခင်းသောလမ်းကို လျှောက်စေနိုင်မယ့် အစီအမံဖြစ်စေမယ်လို့ ယုံကြည်လို့ တင်ပြခြင်း ဖြစ်ပါတယ်။ ၁၂ပွင့်ဆိုင် ၁၂ ဦးဆွေးနွေးမှုမှာလည်း လူဦးရေ မနည်းမများ ပြည့်စုံသော အရေအတွက်အဖြစ် အခြေတည်နိုင်စေရန် စတင်ခြင်းဖြစ်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှု အပိုင်း Political Dialogue ခေါ်သော နိုင်ငံရေးပါတီကိုယ်စားလှယ်များအပိုင်းမှာမူ အဖွဲ့အစည်းအားလုံး အပြည့်အစုံ ပါဝင်ကြရမည်” လို့ ဦးစောထွန်းအောင်မြင့်က ဆိုပါတယ်။

ဆွေးနွေးရာမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ဦးထဲက ၅ ဦးဖြစ်တဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် အကြီးအကဲ ၂ ဦး ပါဝင်ဖို့ကို ထောက်ခံတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တဦးအစား တိုင်းရင်းသား ပင်မမျိုး နွယ်စုကြီး ၇ မျိုးဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း ကိုယ်စားလှယ်တဦးစီ ထည့်သွင်းပြီး ၁၂ ဦး ပါဝင်စေရေး လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဒီအရေးအကြီးအဆိုနဲ့ ပတ်သက်ပြီးတော့ မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရေး နိုဝင်ဘာ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

(ကျော်ဇေယျာဝင်းနှင့် သာနိုးဝေတို့ ပူးပေါင်းရေးသားသည်)
By ဒီဗွီဘီ
http://burmese.dvb.no/archives/73298

Edward Snowden
ဝါရှင်တန် ၊ ၉-၁၂-၂၀၁၄

အမေရိကန် လုံခြုံရေး အေဂျင်စီ သည် ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ကွန်ရက် များ၏ ၇ဝ ရာခိုင်နှုန်းကို ကြားဖြတ်ကာ လျှို့ဝှက် နားထောင် လျက်ရှိကြောင်း The Intercept ၏ အင်တာနက် သတင်းတစ်ရပ် တွင် ဖော်ပြ ထားကြောင်း သိရသည်။

The Intercept သတင်းပါ အချက်အလက် များမှာ NSA ကန်ထရိုက်တာ ဟောင်း Edward Snowden နှင့် ယခင်နှစ်က ဟောင်ကောင်မြို့တွင် တွေ့ဆုံချိန်၌ ပြောပြခဲ့သည့် သတင်း အချက်အလက် များကို အခြေခံ ထားသည်ဟု ဆိုသည်။ Edward Snowden ၏ ဖော်ပြချက် အရ အမေရိကန် လုံခြုံရေး အေဂျင်စီ NSA သည် Aurora gold ဟုခေါ်သည့် လျှို့ဝှက် ပရိုဂရမ် တစ်ခုကို အသုံးပြုကာ ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ကွန်ရက်များကို လျှို့ဝှက် နားထောင် ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။

NSA က အသုံးပြုသည့် လျှို့ဝှက်ပရိုဂရမ် Aurora gold မိုဘိုင်းလ် ကွန်ရက်များ၏ လုံခြုံရေးကို ထိုးဖောက်နိုင်ပြီး ၄င်းဖောက်ထွင်း နိုင်ခဲ့သော အချို့ ကွန်ရက်များကို အသုံးချ၍ ဖုန်းပြောသံ များကို နားထောင်ခြင်း၊ ပေးပို့သည့် စာတိုများကို ဖတ်ရှုခြင်းများကို လျှို့ဝှက် လုပ်ဆောင်သည်။ NSA တို့၏ Aurora gold ပရိုဂရမ်မှာ ယခင်နှစ်များ အတွင်း အီးမေးလ် အကောင့် ၁၂ဝဝ ခန့်ကို စောင့်ကြည့် နေပြီး ဖုန်းကွန်ရက် မြောက်မြားစွာမှ ပေးပို့သည့် အချက်အလက် များကို ကြားဖြတ် နားထောင် နေကြောင်း၊ အရှေ့ အလယ်ပိုင်းဒေသ၊ တရုတ်နိုင်ငံ၊ မြောက်အာဖရိက တို့မှ ဖုန်းကွန်ရက် များကို ကြားဖြတ် နားထောင်လေ့ ရှိသည်။

NSA ပြောရေးဆိုခွင့် ရှိသူ Vanee Vines ကမူ အမေရိကန် လုံခြုံရေး အေဂျင်စီမှာ တရားဥပဒေ ဘောင်ထဲတွင် လှုပ်ရှားပြီး သမ္မတ ညွှန်ကြားချက် အရ နေ့စဉ် အသုံးပြုနေသော ဆက်သွယ်ရေး နည်းစနစ် များကို စုံစမ်း ထောက်လှမ်း နေခဲ့သည်။ အမေရိကန် ပြည်ထောင်စုကို အန္တရာယ်ပြု နိုင်မည့် အကြမ်းဖက် သမားများ၊ လက်နက် ထုတ်လုပ်ဖြန့်ချိ သူများမှာ သာမန် လူများကဲ့သို့ ဆက်သွယ်ရေး နည်းစနစ် များကို အသုံးပြုကြ သဖြင့်
အမေရိကန် နှင့် မဟာမိတ်နိုင်ငံ များကို ခြိမ်းခြောက်သည့် အကြမ်းဖက် သမားများကို ရှာဖွေတွေ့ရှိ နိုင်ရန် NSA က ထောက်လှမ်း နေခြင်း ဖြစ်ကြောင်း Vanee Vines က ဆက်လက် ပြောပြခဲ့သည်။

Edward Snowden သည် ၂ဝ၁၃ ခုနှစ် ဇွန်လပိုင်းတွင် အမေရိကန် လုံခြုံရေး အေဂျင်စီ၏ ထောင်နှင့်ချီသော လျှို့ဝှက် စာရွက်စာတမ်း များကို ဝက်ဘ်ဆိုက် အမြောက်အမြား ပေါ်တွင် ဖြန့်ချိခဲ့သဖြင့် အမေရိကန် တရားရေးဌာန က Edward Snowden ကို ထောင်ဒဏ် အနှစ် ၃ဝ ချမှတ်လိုက်ပြီး လက်ရှိ အချိန်တွင် ရုရှားနိုင်ငံ၌ လွတ်ငြိမ်း ချမ်းသာခွင့် ခံယူပြီး နေထိုင်လျက် ရှိကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/nsa.html

ရန်ကုန်တိုင်း​ ဒေသကြီး အစိုးရ အဖွဲ့ နယ်စပ်​ရေးရာနှင့် လုံခြုံ​ရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း
ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရားမဝင် လုပ်ကိုင်နေတဲ့ အနှိပ်ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးခဲ့ရာမှာ ၄၃ မှုအထိ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း​ ဒေသကြီး အစိုးရအဖွဲ့ နယ်စပ်​ရေးရာနှင့် လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ က လွှတ်​တော် ကိုယ်စားလှယ် ဦးမျိုးခင် ရဲ့ ရပ်ကွက်တွင်း အနှိပ်ခန်းများဖွင့်လှစ်ခြင်းအား ဥပ​ဒေအရ ခွင့်ပြုမပြု​နဲ့ ပတ်သတ်တဲ့​ မေးခွန်းကို ပြန်လည်​ ဖြေကြား ခဲ့တာပါ။

“ရပ်ကွက်တွင်းမှာ အနှိပ်ခန်းများ တရားဝင်ခွင့်ပြု ထားခြင်း မရှိပဲနဲ့ ဖမ်းဆီးရမိ အ​ရေးယူ​သော အခါမှာ အဆိုပါ ပုဂ္ဂိုလ်ဟာ ​ကေတီဗွီအမည်ခံ၍ လည်း​ကောင်း၊ အလှပြင်ခန်း အမည်ခံ၍ လည်း​ကောင်း လိုင်စင်​လျှောက်ထား ရယူပြီး​တော့မှ အနှိပ်ခန်းများ တရားမဝင် ဖွင့်လှစ်​ကြောင်း​ တွေ့ရှိရပါတယ်။ အနှိပ်ခန်းများကိုလျှို့ဝှက်စုံစမ်းတဲ့အခါမှာ ခိုင်မာတဲ့ သတင်းရရှိပါက ဖမ်းဆီးပြီးရင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အ​နေနဲ့ ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၁၈၈ဖြင့်တရားစွဲအ​ရေးယူ​ ဆောင်ရွက်လျက်ရှိပါတယ်။ အနှိပ်ခန်းဖမ်းဆီးမှု အနေနဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ စုစုပေါင်း ၄၃ မှု ဖမ်းဆီး အရေးယူပြီးဖြစ်ပါတယ်” လို့ ဝန်ကြီးက​ပြောပါတယ်။

အနှိပ်ခန်းဖမ်းဆီးရမိပါက ဥပဒေအရအရေးယူဆောင်ရွက်ပြီး ပြည့်တန်ဆာခန်းဆိုရင် ၁ နှစ် ၆ လ၊ အနှိပ်ခန်းဆို ၁နှစ်ချိတ်ပိတ်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၈ ရက်​နေ့ကလည်း ရန်ကုန်တိုင်းလွှတ်​တော်အစည်းအ​ဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေ ကို ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က တင်သွင်းခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာဆွေးနွေးဖို့ရှိပါတယ်။

ကေတီဗွီများနဲ့ အလှပြင်ဆိုင်များက လုပ်ငန်းများကိုဗန်းပြပြီး အနှိပ်ခန်းများအဖြစ် ဆောင်ရွက်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်လျက် ရှိပြီး ​ကေတီဗွီလုပ်ငန်းကိုဗန်းပြပြီး အနှိပ်ခန်းများဆောင် ရွက်လျက်ရှိနေမှုနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် ဖမ်းဆီးရရှိမှုမရှိဘဲ ၂၀၁၃ ခုနှစ်တွင် ​ကေတီဗွီအမှုပေါင်း ၂၅ မှုနှင့် တရားခံပေါင်း ၈၄ ဦး၊ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ ​ကေတီဗွီအမှုပေါင်း ၁၁ မှုနှင့် တရားခံပေါင်း ၂၃ ဦး၊ အနှိပ်ခန်းနဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်တွင် အမှုပေါင်း ၆၁ မှုနှင့် တရားခံပေါင်း ၅၁၁ ဦး၊ ၂၀၁၃ ခုနှစ်တွင် အမှုပေါင်း ၇၈ မှု၊ တရားခံပေါင်း ၇၉၀ ဦး၊ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ အနှိပ်ခန်းအမှုပေါင်း ၆၆ မှု၊ တရားခံပေါင်း ၄၂၄ ဦးတို့ကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က  ပြည်သူ့လွှတ်တော်မှာပြောကြားဖူးပါတယ်။

 By ကျော်ဇေယျာဝင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/73293


နယူးယောက်ခ်၊ ဒီဇင်ဘာ ၉

အန်နာကွန်ဒါ စပါးအုန်းမြွေ၏ အရှင်လတ်လတ် ၀ါးမြိုခြင်းကို ခံပြမည်ဟု ဆိုပြီး ရုပ်သံ အစီအစဉ် ရိုက်ကူးခဲ့ရာ၌ အမှန်တကယ် အစားမခံခဲ့၍ အမေရိကန် ရုပ်သံတင်ဆက်သူ တစ်ဦးကို ပရိသတ်များ လှောင်ပြောင်ဝေဖန်လိုက်ကြသည်။

အမေရိကန်နိုင်ငံသား ရုပ်သံတင်ဆက်သူ ပေါလ်ရိုဆိုလီသည် အန်နာကွန်ဒါမြွေကြီး၏ ၀ါးမြိုခြင်းကို ခံနိုင်ရန် အံ့သြမင်သက်ဖွယ်ကောင်းသော ၀တ်စုံတစ်ခုကို ဆက်မြန်းလျက် တနင်္ဂနွေနေ့ ညက Discovery Channel ရုပ်သံလိုင်းတွင် ထွက်ပေါ်လာသည်။

အမေဇုန်တောအတွင်း၌ ရိုဆိုလီသည် ပေ ၂၀ ရှည်လျားသည့် အန်နာကွန်ဒါမြွေကြီးကို ၎င်းအား သုံးဆောင်ရန် သွေးဆောင်မြူဆွယ်ခြင်းဖြင့် အစီအစဉ် စတင်လိုက်သည်။

ထိုအထူးအစီအစဉ်မှာ ၂ နာရီခန့်ကြာမြင့်လာပြီး အဆုံးသတ်သို့ ရောက်ချိန်တွင် မြွေကြီးက ထောင်ထလာပြီး ၎င်း၏ မျက်နှာကို တိုက်ခိုက်ကာ ခန္ဓာကိုယ်အား ရစ်ပတ်လျက် အကာအကွယ် ခေါင်းဆောင်းကို စတင်ဝါးမြိုတော့သည်။

“ကျွန်တော် အကူအညီလိုနေပြီလို့ အော်ခေါ်ခဲ့ပါတယ်၊ လက်မောင်းတွေ အဆစ်က ပြုတ်ထွက်မတတ် ခံစားခဲ့ရတယ်” ဟု ရိုဆိုလီက ပြောသည်။
ယမန်နေ့က Discovery ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တိုက်ရိုက်အမေးအဖြေ ပြုလုပ်ခဲ့ရာ ပရိသတ်များက ရိုဆိုလီကို ၀ိုင်းဝန်းဝေဖန်လိုက်ကြသည်။

“အစီအစဉ်က ကတိပေးထားသလို ဖြစ်မလာတာ ၀န်ခံပါတယ်၊ ပရိသတ်တွေကတော့ ကျွန်တော် အစားခံရတော့မယ်ပဲ သေချာပေါက် ထင်ထားခဲ့ကြတာ” ဟူသော ပို့စ်တစ်ခုကို ၎င်းက ရေးသားဖော်ပြခဲ့သည်။

အန်နာကွန်ဒါ မြွေတစ်ကောင်ကို တောတွင်း၌ မြင်းသဖွယ် စီးပြခဲ့ဖူးသည့် ရိုဆိုလီက အမေဇုံမိုးသစ်တောတွင်း၌ သေကြေပျက်စီးစေနိုင်သည့် ဘေးအန္တရာယ်ဆိုးကို မီးမောင်းထိုးပြလို၍သာ ယခုအစီအစဉ်ကို ပြသရခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြွေရော ပေါလ်ပါ ဘေးကင်းလုံခြုံဖို့က နံပါတ် ၁ ဦးစားပေးအချက် ဖြစ်ပါတယ်” ဟု Discovery က ထုတ်ပြန်သည်။

Discovery ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ပရိသတ်တစ်ဦးက “ကျွန်တော် တစ်ခါက ပင့်ကူအိမ်ထဲမှာ လမ်းလျှောက်ဖူးတယ်၊ Discovery အနေနဲ့ သီးသန့်အင်တာဗျူးလေး လာလုပ်ပေးပါ” ဟု မှတ်ချက်ပေးခဲ့သည်။

အခြားတစ်ယောက်ကလည်း “ခင်ဗျားတို့ ကျွန်တော့်ဆီမှာ နှစ်နာရီစာ အကြွေးတင်သွားပြီ” ဟု လည်းကောင်း အသီးသီး မှတ်ချက်ပေးခဲ့ကြသည်။

တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့များကမူ Discovery အနေဖြင့် တိရစ္ဆာန်များအပေါ် ညှာနာထောက်ထားမှုမရှိသည့် ပြကွက်မျိုး မပြသရန် ဖေ့စ်ဘွတ်မှ ရေးသားထုတ်ပြန် တောင်းဆိုလိုက်ရာ Like ပေါင်း လေးသောင်းနီးပါးရရှိခဲ့သည်။

ကျော်လင်းထွန်း
__Ref: Skynews
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal