12/14/14

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အခက် အခဲတွေကိုရင်ဆိုင်ပြီး ပြည်သူလူထုအကျိုး ကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေ အနေနဲ့ ရာထူးရရှိရေးကို အဓိကထားမက်မောပြီး ကိုယ်စားလှယ်ရောဂါ မထကြပါနဲ့လို့ ဒီနေ့ သတိပေး လိုက်ပါတယ်။

NLD အဖွဲ့ဝင်တချို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရရေးအတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြတဲ့ သတင်းတွေပေါ်ထွက်နေစဉ်အတွင်း ဗဟိုကော်မတီ အစည်းအဝေး နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"တစ်ချိန်တည်းမှာပဲ ကိုယ်စားလှယ်ရောဂါတော့ မထကြပါနဲ့လို့ ကျမကနေပြီးတော့ တိုက်တွန်းချင် တယ်၊ ကိုယ်စားလှယ်လုပ်တယ်ဆိုတာ တာဝန်ကို ထမ်းဆောင်ဖို့ပါ၊ အခက်အခဲကြားက လုပ်ရဲကိုင်ရဲ၊ လုပ်နိုင်ကိုင်နိုင်မှ ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ ကို အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်နှစ် မှာ ဖေဖေရဲ့ ရာပြည့်နှစ်လည်းဖြစ်သလို နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ ရွေးကောက်ပွဲ နှစ် တစ်ခုလည်းဖြစ်တာကြောင့်မို့လို့ ဒီနှစ်ကစတော့မယ်၊ နှစ်သစ်စတဲ့အခါမှာ မှန်မှန်ကန်ကန်စပြီးတော့ မှန်မှန်ကန်ကန် ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားလို့ရှိရင် ၂ဝ၁၅ ကုန်တဲ့အခါမှာ ကျမတို့ဟာ တာဝန်ကျေတဲ့သူဆိုတဲ့ ကျေနပ်မှုရမှာဖြစ်ပါတယ်"

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပတဲ့ ၂ ရက်ကြာအစည်းအဝေးအပြီး NLD က ဒီနေ့ ကြေညာ ချက်တစောင်ထုတ်ပြန်ခဲ့ရာမှာ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးတို့ကို ထောက်ခံကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဆက်လက် လုပ်ဆောင်ဖို့ ထပ်မံအတည်ပြုကြောင်း စသဖြင့်ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ်ပွဲတွေ နိုင်ငံအနှံ့ ကျင်းပရေးအတွက် လည်း ကြေညာချက်မှာ လှုံ့ဆော်ထားပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127

မကြာသေးမီက မျိုးစောင့်ဥပဒေဥပဒေ ကြမ်းများကို အစိုးရသတင်းစာ များ မှာ ပြည် သူများလေ့လာနိုင်အောင်ဖော်ပြခဲ့ပြီး ဒီဥပဒေ တွေနဲ့ပတ်သက်တဲ့ တုံ့ပြန်ဝေဖန်မှုအသံတွေ လည်း ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါ တယ်။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာမိန်းမ များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ဟာ အခြားဘာသာဝင် အမျိုးသမီးတွေကို လျစ် လျူရှုထား သလို ဖြစ်နေ တယ် လို့ ဝေဖန်မှုတွေ ရှိသလို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ ကြမ်းဟာလည်း မြန်မာ့ဓလေ့ ထုံးတမ်းတွေကိုရော၊ အချို့သော တည်ဆဲ ဥပဒေ ပုဒ်မတချို့နဲ့ပါ ဆန့်ကျင်နေတယ်လို့ ထောက်ပြကြတာကို ဖတ်ရပါတယ်။ ဒါပေမဲ့ ဂျာနယ်တစ်ခုမှာက တစ်လင်တစ်မယားစနစ် ဥပဒေကို အမျိုးသမီးတွေက အတော်ကြိုဆို ကြတဲ့အကြောင်းဖော်ပြထားရုံမကဘဲ "အမျိုး သားတွေကတော့ သိပ်မကြိုက်ကြဘူး" လို့ ဆို လိုက်သေးသဗျ။ ဒီတော့ ဒီအကြောင်း ဝေဖန်ဖို့တောင် လက်တွန့်သွားရတယ်လေ။

"တစ်လင် တစ်မယားစနစ်" ဆိုတာကို မကြိုက်တဲ့ ယောက်ျား ဆိုရင် တစ်လင်နှစ်မယားတို့ သုံး မယားတို့ ကျင့်သုံး ဖို့ပြဋ္ဌာန်းချင်တာလိုလို ဘာ လိုလို ဖြစ်သွားနိုင်တာကိုးခင်ဗျ။

တကယ်တော့ဟိုးအရင်ကတည်းက မိန်းမ အလွန်စွံတယ်ဆိုတဲ့ ယောက်ျား များဟာလည်း "တစ်လင် တစ်မယား" စနစ်ကိုပဲ ကျင့်သုံးကြ တာများပါတယ်။ ပွဲတက်မယားလို့ခေါ်တဲ့ တရားဝင် မယားကြီးအပြင် ကျန်တာတွေကို လူ မြင် ခံလေ့ မရှိပါဘူး။ ဟော၊ တိတ်တိတ်ပုန်း တစ်ယောက်ကို မယားပြိုင်အဖြစ် ရာထူးတိုး ပေးပြီဆိုတော့လည်း မယားကြီးကို မကွာသည့် တိုင် အတူ မနေတော့၊ မပေါင်းသင်းတော့တာ များပါတယ်။ မယားနှစ်ယောက် ပြိုင်ပေါင်း တယ်ဆိုတဲ့သူမျိုးက အလွန်ရှားတော့ "တစ်လင် တစ်မယား"စနစ်က ယေဘုယျ အသားကျပြီး သားလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အခုပြဋ္ဌာန်း လိုက်တဲ့ ဥပဒေ အရကတော့ ဒီလို မလိမ့် တပတ် လုပ်လို့ မရဘူးတဲ့ခင်ဗျ။ ဟဲ၊ဟဲ။ (ဒါပေမဲ့ အခု ဥပဒေကြမ်းပဲရှိသေးလို့ လက်သွက်သူ များ အချိန်မီပါသေးတယ်)။

တည်ဆဲဥပဒေတို့၊ ဘာသာရေးတို့၊ ဓလေ့ ထုံးတမ်းတို့မှာ မည်သို့ဆန့်ကျင် လျက်ပါရှိစေ ကာမူတဲ့၊ (ဘာသာရေးအရတို့၊ ကျုပ်တို့လူမျိုး ထုံးစံတို့၊ ဓလေ့ ထုံးတမ်းအရတို့ လာမပြောနဲ့ တဲ့)၊ လက်ထပ်ထားသူ တစ်ဦး ထပ်ယူရင် အိမ် ထောင်ဖက်က ကွာရှင်းခွင့်ရှိပြီး နှစ်ဦးပိုင်ပစ္စည်း လည်း တစ်ပြားမှ ရမှာ မဟုတ်တဲ့။ ပြီးတော့ ဒါနဲ့မပြီးသေးဘူး။ မကွဲသေးဘဲ ထပ်ယူတဲ့ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၉၄ ကို ကျူးလွန်တယ်လို့ မှတ်ယူရ မယ်တဲ့။ အဲဒါက ထောင်ခုနစ်ချနိုင်တယ် လို့ ပြောတာဖြစ်ကြောင်း ဥပဒေ ပညာရှင်တွေက ဖွင့်ဆိုသတဲ့ခင်ဗျ။

တကယ်လို့ အိမ်ထောင်ပြု ခဲ့ဖူးရင် ပြုဖူး ပါတယ် ဆိုတာ ဝန်ခံကြေညာပြီး ကွာရှင်းမယ် ဆိုရင်တော့ နောက် အိမ်ထောင် ပြုလို့ရပါသတဲ့။ အဲ၊ အဲဒီလိုမလုပ်ဘဲ ဇွတ်ကြီး ယူလိုက် ရင်တော့ အဲဒါ ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၄၉၅ကို ကျူးလွန်တယ်လို့ မှတ်ယူရ မယ်တဲ့။ အဲဒါ က ထောင်ဆယ်နှစ်အထိ ချ နိုင်တယ်လို့ ဆိုလိုက်တာပဲလို့ ပညာရှင်များက ရှင်းပြတာကို ကြားရပါတယ်။

အဲဒီဥပဒေမှာ မိန်းမရောယောက်ျားပါ လင်ပြိုင်၊ မယားပြိုင် မပြုရလို့ ပြဋ္ဌာန်း တာဖြစ်ပေမယ့် ပုဒ်မ ၁၅ မှာ တော့ ယောက်ျား တစ်ဦးဟာ မိန်းမနဲ့ မကွဲ သေးဘဲ နောက် မိန်းမ ယူခဲ့ရင်တဲ့၊ အဲဒီထိမ်းမြားမှုဟာ အတည်မဖြစ်ဘူးတဲ့၊ အဲဒါကြောင့် အဲဒီ ယောက်ျားသေ ရင် နောက်မိန်းမက အမွေမရ စေရတဲ့။ ဒါနဲ့မပြီးသေးဘူးခင်ဗျ။ နောက်မိန်းမ အရင်သေရင်လည်း အဲဒီယောက်ျားအမွေမရ စေရတဲ့။ ကဲ။ (ဟုတ်သားပဲ၊ ဘယ်သူချမ်းသာ ပြီး ဘယ်သူအရင်သေမယ်ဆိုတာ မသိရဘူး လေ)။

ဒီဥပဒေကိုဖတ်မိတဲ့အခါ စိတ်ထဲဖျတ်ခနဲ သတိရမိသွားတာ ကတော့ အောင်ဆန်း သူရိယ ဘွဲ့ရသူတွေထဲမှာ တစ်ဦးတည်း အသက်ရှင် ကျန်နေသူဖြစ်တဲ့ ဗိုလ်တိုက်ချွန်းကိုပါပဲ။ ဗိုလ် တိုက်ချွန်းက ချင်းလူမျိုးဖြစ်ပြီး သူ့မှာချင်းအ မျိုးသမီးဇနီးတစ်ယောက် ရှိပါတယ်။ ရှမ်းပြည် သွားရင်း ရှမ်းမလေး တစ်ယောက်တွေ့တော့ ကြိုက်မိတဲ့အခါ ငါ့မှာ ဇနီး ချင်းမ ရှိတယ်၊ ဒါ ပေမဲ့ နင့် ကိုလည်းချစ်လို့ နင်သဘောတူရင် လက်ထပ်ချင်တယ်လို့ ပြောသတဲ့။ ရှမ်းမလေး ကလည်း ဒါကို သဘောတူတော့ ချင်းမကို ပြောပြန်ပြီး ချင်းမ ရဲ့သဘောတူညီချက်နဲ့ ရှမ်း မကို ယူလိုက် သတဲ့။ ယူပြီး ခေါ်လာတဲ့အခါ ရှမ်းမ ကိုမြင်တော့ ချင်းမကမီးဖိုထဲဝင်သွားသ တဲ့။ ရှမ်းမကို ဧည့်ခန်းမှာ ထားပြီး မီးဖိုထဲ လိုက်ဝင်သွားတော့ ချင်းမက ငိုနေတာတွေ့ ရသတဲ့။ ဒါနဲ့ဗိုလ် တိုက်ချွန်း က မင်းသဘောတူ လို့ ငါခေါ်လာတာပဲ၊ မင်းကိုလည်း ငါပစ်မှာမှ မဟုတ်တာ၊ ဒါပေမဲ့ မင်းသဘောမတူရင် ပြန် ပို့လိုက်မယ်လို့ပြောတော့ ချင်းမက မပို့ပါနဲ့၊ သူခမျာ သနားပါတယ် လို့ ပြောပြီး ပြေလည် လို့ ပြန်ထွက်လာတဲ့အခါ ရှမ်းမက မရှိတော့ဘူး တဲ့၊ ဗိုလ်တိုက်ချွန်းလည်း စိတ်ပူပြီးလိုက်ရှာ တော့ ခြံထဲမှာငိုနေပြီး "ချင်းမကိုတွေ့တော့ စိတ်မကောင်းလို့ငိုတာပါ၊ သူ ထားရာမှာနေပါ့ မယ်" လို့ ပြောသတဲ့။ ဒီတော့မှ ဗိုလ်တိုက် ချွန်းလည်း စိတ်အေး၊ အဆင်ပြေ သွားတယ် ပေါ့။ နောင်တော့ မချင်းနဲ့မရှမ်းတို့ဟာ ညီ အစ်မလိုချစ်ကြ တယ်ဆိုပဲ။ တစ်နေ့ ဗိုလ်တိုက်ချွန်း ဖျားနေတော့ သူတို့နှစ်ယောက်က စကားလက်ဆုံပြောပြီး ရယ်မောနေကြလို့ ဗိုလ်တိုက်ချွန်းက စိတ်တိုပြီး"ဟဲ့၊ မချင်းတို့၊ မရှမ်းတို့၊ သိပ်လည်းချစ်မနေကြနဲ့၊ နင်တို့ လင်ဗိုလ်တိုက် ချွန်းဖျားနေတာ လာကြည့်ကြဦးဟ" ဆိုပြီး ပြောရတယ်ဆိုပဲ။ တက္ကသိုလ် စိန်တင် ပြုစု ခဲ့တဲ့ ဗိုလ်တိုက်ချွန်းရဲ့ အတ္ထုပ္ပတ္တ ကျောင်း သားဘ၀က ဖတ်ခဲ့ရတာကို ပြန်သတိရမိ ရင်း အင်း၊ ဗိုလ်တိုက်ချွန်း လူဖြစ်စောတာ ကံသိပ် ကောင်းသွားတယ် လို့ တွေးလိုက်မိတာပါ။

ပညာရှင်တချို့နဲ့ အမျိုးသမီးတချို့ရဲ့ အ ဆိုအရ ဒီဥပဒေအတည်ဖြစ်သွားရင် လင်ခိုးမှု ဆိုတာ ရှိလာနိုင်တယ် လို့ ဆိုကြပါသေးတယ်။ ဒီတော့ တစ်ခေတ်တစ်ခါက ဟာသဖြစ်ခဲ့တဲ့ လင်ခိုးမှု ကို ပြန်သတိရမိတယ်။ သူတို့ကိုယ် သူတို့ "လမ်းစဉ် ပါတီခေတ်" လို့ခေါ်ပြီး သူတို့ ရဲ့နောက် မျိုးဆက်အပါအဝင် လူတိုင်းက "မဆ လခေတ်" လို့ခေါ်တဲ့ အာဏာရှင်ခေတ်ကြီး တစ်ခေတ်မှာ ဆင်းရဲသားကို ဇွတ် ချစ်ပြီး သူ တို့အဆင့်အတန်းကို အတင်းကြီးတင်ပစ်လိုက် ပုံများ ဆိုက်ကား သမား၊ မြင်းလှည်းသမားက တရားသူကြီးဖြစ်၊ ဆိပ်ကမ်းအလုပ်သမားက လည်း ကောင်စီ အတွင်းရေးမှူးတို့ ဥက္ကဋ္ဌတို့ ဆိုတဲ့ မြို့နယ်အပိုင်စား ပဒေသ ရာဇ်များဖြစ် ဆိုတဲ့ ကာလကြီး တစ်ခု ရှိခဲ့သကိုးဗျ။

အဲဒီ ကာလမှာ (ဆင်းရဲသား မင်းဖြစ်) တရားသူကြီး တစ်ဦးက သူ့ရုံးရောက်လာတဲ့ သူများလင် ကြောင်တောင်နှိုက် တဲ့အမှုကို "လင်ခိုးမှု" နဲ့ စွဲ တင်ဖို့ ကောင်းတာပေါ့လို့ ဆိုလိုက် ပါသတဲ့။ ဒီတော့ အဲဒီခေတ်မှာ တရားရေး အကြံပေးမျှ သာလုပ်ရရှာတဲ့ (ဒီခေတ် တရားသူကြီး ဖြစ် နေကြသူများထဲက) တရားရေး ပညာရှင်က "လင်ခိုးမှုဆိုတာ ဥပဒေမှာ မရှိဘူး ခင်ဗျ၊ မယားခိုးမှုသာ ရှိပါတယ်" လို့ဆိုတော့" မရှိရင် ပြဋ္ဌာန်း ကြတာပေါ့ဗျာ" လို့ ပြော သတဲ့။ သူခမျာ တရားသူကြီးဆိုတာ ဥပဒေလည်း ပြဋ္ဌာန်းလို့ရ တယ်လို့ ထင်နေရှာတာကိုးဗျ။ အဲဒီလို မသိ သူများက မဆိုင်တာ ဝင်ဝင်လုပ်တာ ခေတ်မ ကုန်နိုင်တဲ့ ကျွန်တော် တို့ တိုင်းပြည်ကြီးမှာ အခုတော့ လင်ခိုးမှုဆိုတာပေါ်ပေါက်ဖို့ အလား အလာရှိ လာလေတော့ အရင်က ဟာသ ဖြစ်ခဲ့ တဲ့ လေးနှစ်ခံ တရားသူကြီးမင်း ဟာ ခေတ်ရှေ့ ပြေး သူကြီး ဖြစ် သွားတော့တာပေါ့နော်။

တကယ်တော့ ဒီဥပဒေထဲမှာ အတိအ လင်းဆန့်ကျင်ထားတဲ့ "မယားပြိုင်" ဆိုတဲ့ ဝေါဟာရ ဟာလည်း အဲဒီ ဆင်းရဲသူဆင်းရဲသား များဘက်က ရပ်တည် မယ် ဆိုတဲ့ မဆလခေတ် ကြီး မှာ ပေါ်ပေါက်လာတဲ့ ဝေါဟာရပါပဲ။ အ မှန်တော့ အငယ်အနှောင်း ဖြစ်ကြရတယ်ဆို တာက မိန်းမလည် သိန်းကြွယ်တို့ ]ချိန်းတယ်} ဆိုတာက စပြီး အိမ်ပေါ်ရောက် လာတာမျိုး ရှိသလို မလည် မဝယ်နဲ့ ဇွတ်ကြံစည် ခံရရာက နေ မထူးပါဘူးဆိုပြီး "မယားငယ်" ဘ၀ ရောက် ရရှာတဲ့ မရှိဆင်းရဲသား သမီးငယ်များလည်း ရှိတတ်တာကိုး။ ဒီတော့ ဒီမယားငယ်ဆိုသူ ကလေးများဟာ ယောက်ျားကို မယားကြီးနည်း တူ ဖြည့်ဆည်း၊ သားများ သမီးများ လည်းရှိ တတ်သမို့ မယားငယ်လို့ခေါ်တာဖြင့် သိမ်ငယ် တယ်ဆိုပြီး မယားပြိုင်ဆိုတာကို အဲဒီခေတ် ကြီးမှာ တီထွင်ခဲ့တယ်ဆိုကိုးဗျ။ အမှန်တော့ ဒီစကားလုံးဟာ ၁၉၇၁ ခုနှစ်လောက်က စီ ရင်ထုံးတစ်ခုမှာ စဖော်ပြ ခဲ့တာဖြစ်ပြီး "မယားငယ်ကို မယားငယ်မခေါ်လို့ လူခိုးမ ခေါ်ရမှလား " ဆိုတာမျိုး အဲဒီတုန်းက အစိုးရ ပိုင်သတင်းစာ လူထုအော်သံအခန်းကနေ မေး ခဲ့တာတောင် ရှိတယ်လို့ မှတ်သားရဖူးပါတယ်။

တကယ်တော့ မယားကြီး၊ မယားငယ်ဆို တာက အရင် ရှေးမြန်မာ့ ဓလေ့ ထုံးတမ်းမှာ ရှိပြီး သားဖြစ်ပြီး လင်ရဲ့အမွေပုံ၊ အမွေဝေစုမှာ လည်း မယားငယ်က မယားကြီးနဲ့တန်းတူ မရနိုင် ပါဘူး။ နောင်မှာ မယားငယ်ကို မယား ပြိုင်လို့ ခေါ် တဲ့ တိုင် အမွေခွဲရာမှာတော့ မယား ကြီး လက်ထက်ပွားကို မယားငယ်က မရနိုင် လို့ ဝေစုအတူတော့ မဖြစ်နိုင်ပါဘူး။

ဘာပဲဖြစ်ဖြစ် ကာလတစ်ခုမှာ မယား များများ ယူဖူးတဲ့ခေါင်း ဆောင်တစ်ဦးက မယားငယ်ကို စာနာပြီး မ ယားပြိုင် လုပ်ချင်တာကို မင်းလိုလိုက်မင်း ကြိုက်ဆောင်တတ်တဲ့ ဥပဒေပညာရှိက စီရင် ထုံးပြုပေး တဲ့အတွက် "မယားပြိုင်" ဆိုတာ ဖြစ် လာတယ်လို့ ရှေ့မီနောက်မီ ပညာရှိများက ဆိုကြ ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်တာ ဟာ ဖောက်ပြန် တဲ့ယောက်ျားကို အားပေး ရာ ရောက် သလို ကြောင်တောင်နှိုက်ချင်တဲ့ မိန်းမ လည်များကို အခွင့်အရေးပေး ရာရောက်တယ် လို့ ထင်မြင်ခဲ့ကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်တော့ မလည်မဝယ်နဲ့ မယားငယ် မဖြစ်ချင်ဘဲ ဖြစ်သွားရရှာသူများ အ တွက် "မယားပြိုင်" အဖြစ် ဥပဒေအရ အကာ အကွယ်ရခဲ့တာတော့ ရှိပါတယ်။

အခုတော့ အခြေအနေက ပြောင်းပြန်ပြန် ဖြစ်သွားပြန်ပါရောလား။ မယားပြိုင် မပြောနဲ့၊ မယားငယ်တောင် မရှိစေရ ဖြစ်သွားပြန်တာ လေ။ တကယ်တော့"မယားပြိုင်" လို့ ထွင်ခဲ့ ကြ တုန်းကလည်း ဒါကိုထောက်ခံသူများက အမျိုးသမီး ငယ်ကလေးများ အခွင့်အရေးကို ကာကွယ် ဖို့ဆိုပြီး ပြောခဲ့ကြတာပါပဲ။ ဟော၊ အခု အမျိုးသမီးကြီးများ အခွင့်အရေးကို ပို ကာကွယ်ချင် စိတ်ရှိလာတဲ့ အခါကျတော့ မယားပြိုင်မရှိစေရလို့ တစ်ချက်လွှတ် ဥပဒေ ထုတ်ပစ် လိုက်ပြန် တာပါလား။ ကဲ၊ ဒီလောက် ဆိုရင်တော့ ထားပါတော့။ ဒါပေမဲ့ မယားငယ် ဆိုတာတောင် ဥပဒေအရ အသိအမှတ် မပြု တော့တဲ့ သဘော ပါလာတော့ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေကြီး ကို စည်ပင်သာယာအမှိုက် ကား ထက် ပိုအချိန်မှန်တဲ့ လက်လီအမှိုက် လှည်းထဲပစ်ထည့်လိုက် သလို ဖြစ် သွားပြီပေါ့။ ဒါဆိုရင် မလည်မဝယ်နဲ့ လှည့်ဖျားခံရပြီး ရေ တိမ်နစ်သူခမျာ "မယားငယ် မဖြစ်ချင်လည်း ဖြစ်ရတော့မှာပေါ့" ဆိုတဲ့ ရွေးချယ်မှုမျိုးတောင် မရနိုင်တော့တဲ့ အဖြစ် ရောက် သွားရှာပါလိမ့် မယ်။ ဒါ့အပြင် မိန်းကလေးတွေ ကိုဖျက်ဆီးပြီး ငွေနဲ့ပေါက်ဖြေရှင်းတတ် တဲ့ ယောက်ျားမျိုးအ တွက်က"ငါ့မိန်းမ က ကွာမပေးလို့ မင်းကိုယူ လို့ မဖြစ်နိုင်လို့ပါကွာ" ဆိုပြီး ထွက်ပေါက်ရ သွားမှာကိုလည်း ထည့်မတွက်သင့်ပေဘူးလား ခင်ဗျ။

တကယ်တော့ မိန်းကလေးတွေကို လှည့် ဖျားသူ၊ အနိုင်ကျင့်သူ၊ မတရားကြံ သူတို့ကို အပြစ်ပေး ဖို့ ဥပဒေတွေက ရှိပြီးသား ဖြစ်ပါ တယ်။ တရားဝင် လက်ထပ်သူ မိန်းကလေးကို မနစ်နာ ရအောင် ဥပဒေအရ အကာအကွယ် ပေး မှုတွေကလည်း ရှေးမြန်မာ့ဓလေ့ထုံးတမ်း တွေကို အခြေပြုရေးဆွဲတဲ့ ဥပဒေတွေမှာ ထည့်သွင်း ပြဋ္ဌာန်းခဲ့ကြပါတယ်။ ဒီအထဲမှာ "တစ်လင် တစ်မယားဖြစ်ရေး" ဆိုတာကတော့ လူသာဓုခေါ်၊ နတ်သာဓုခေါ်ကိစ္စမျိုးမို့ ကန့် ကွက်စရာ လည်းမရှိ၊ ကိုယ်တိုင်ကလည်း တစ် မယားကနေ နှစ် မယားဖြစ်အောင်လုပ်ရဲတဲ့ သတ္တိရှိသူမဟုတ်လို့ မကျေနပ်နိုင်စရာလည်း မရှိ ပါဘူးဗျာ။

ကြွားရမယ်ဆိုရင်တော့ ပြည်တွင်း မှာပင်မကဘဲ ပြည်ပမှာတောင် တစ်မယား က နေ နှစ် မယားဖြစ်ဖို့ အခွင့်အရေးမျိုး ဖန်တီး လို့ရပေမယ့် ကြံဝံ့ ခဲ့တဲ့သူ မဟုတ်ကြောင်းပါ ခင်ဗျ။ ဒါပေမဲ့လည်း ဒါက ပြစ်မှုဆိုတာထက် ကျင့်ဝတ်နဲ့ ပိုဆိုင်မယ်လို့ ထင်ပါတယ်။ ကျင့် ဝတ်များကို အခိုင်အမာ လိုက်နာ ဖို့ နိုင်ငံသား တွေကို စည်းရုံးရမှာ ပညာပေးရမှာ လှုံ့ဆော် ရမှာ ဖြစ်ပေမယ့် ဥပဒေနဲ့ ပိတ်လှောင်ပြီး ဖန် တီးမယ်ဆိုရင် ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ် နိုင် ပါတယ်။ ဥပဒေမဲ့လုပ်ရပ်တွေ ပိုများနိုင်ပါ တယ်။ ဥပမာပြော ရရင်ဗျာ။ ပြည် လမ်းမကြီး တစ်လျှောက်လုံးလိုလိုကို ဖြူနီကျားသုတ်ပြီး ]ဘယ်နေရာမှာမှ ကားမရပ်ရ}လို့ လုပ်တဲ့အ ခါမှာ ဒီဥပဒေကို လိုက်နာဖို့ ခက်ပါတယ်။ ဒါကြောင့် ဖောက်ဖျက်ပြီး ကားရပ်၊ ကားငှား၊ ကားပေါ်တက်၊ ကားပေါ်ကဆင်း စသဖြင့် လုပ်ကြတဲ့အခါ ဘယ်သူကမှလည်း အပြစ် လို့မထင်၊ ဘယ်သူ ကမှလည်း ဆင်ခြင်ဖို့ မ လုပ်၊ ဖြူနီကျားသုတ်ထားသူကိုတောင် အား နာတဲ့သူ မရှိဖြစ်တတ်တာမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် ဒီဥပဒေအတည်ဖြစ်သွား ခဲ့ရင် မင်္ဂလာဆောင်မှာ ဘိသိက်ဆရာ က ကြိမ် လုံးကိုင်ပြီး "နင်တို့ နှစ်ယောက်စလုံး လင်မယူ၊ မယားမယူဖူး တာ သေချာတယ်နော်၊ နောင် မှပေါ်ရင် ထောင်ဆယ်နှစ်ပဲ သိလား" လို့ ကြိမ်း မောင်းမင်္ဂလာဆောင်ပေးမယ့်နေ့ကို ရွေ့ရွေ့ မကြာ ရောက်လို့လာမယ်လို့ ကြိုကာမြင် ယောင်မိပါရဲ့ခင်ဗျား။

ရီနေနိုင်
The Ladies News Journal

အမေရိကန် အခြေစိုက် ရီပက်ဘလီကန် အင်စတီကျု (IRI) က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ NLD အဖွဲ့အား နိုဝင်ဘာ ၁၇ တွင် ရွေးကောက်ပွဲမဲဆွယ်မှုသင်တန်းပေးခြင်း မှာ ပါတီတစ်ခုတည်းကို သီးသန့် ခြင်းဖြစ်သဖြင့် ရွေးကောက် ပွဲဥပဒေကို ဖောက်ဖျက်ရာရောက် သည်ဟု ကော်မရှင်ကပြောကြားခဲ့သည်။ သင်တန်းများအား ပါတီပေါင်း စုံပါဝင်သည့် ပုံစံဖြင့်သာ ပို့ချခွင့်ရှိ သည်ဟု ကော်မရှင်ကဆိုသည်။

IRI က မြန်မာနိုင်ငံရှိ မှတ်ပုံတင် ထားသည့် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲ မဲဆွယ်မှုသင်တန်းကို ပြီးခဲ့သည့် ၁၈ လအတွင်း ပါတီတစ်ခုချင်းနှင့် ပါတီပေါင်းစုံ ပုံစံတို့ဖြင့် သင်ကြားပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ စတီဖင်စီမာက ပြောကြား ခဲ့သည်။ ထိုသို့ သင်ကြားပေးခဲ့ရာတွင် မည်သည့် တိုင်ကြားမှုမျိုးမှ မကြုံ ခဲ့ရဟုဆိုသည်။ နိုင်ငံရေးပါတီအားလုံးအတွက် တူညီသည့် အခွင့်အ ရေးဖြင့် သင်တန်းပေးခဲ့ခြင်းဖြစ်ပြီး ပါတီအများအပြားအား တစ်ပါတီချင်း သင်တန်းပေးရာတွင် NLD အပြင် အာဏာရကြံ့ခိုင်ရေးပါတီကိုလည်း အကြိမ်ကြိမ် တစ်ပါတီတည်း သင်တန်းပေးမှုများ ပါဝင်သည်ဟု စတီဖင်စီမာက ဆိုသည်။

IRI က အခြေခံဥပဒေနဲ့ ရွေးကောက် ပွဲစည်းမျဉ်းများအတိုင်း ဆောင်ရွက်သွားမှာပါ။ IRI က နိုင်ငံရေးပါတီ တွေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွား မှာပါဟု ၎င်းက ထပ်လောင်းပြော ကြားခဲ့သည်။ IRI ၏ သင်တန်းများအား ပါတီများက လက်ခံကြိုဆိုခဲ့ကြ ပြီး ပါတီတစ်ခုချင်း သင်တန်းမှာ မဲဆွယ် ဗျူဟာနှင့်ပတ်သက်၍ ဆွေး နွေးရာတွင် ပါတီများက ထိုအကြောင်း ရာများအား ပြိုင်ဘက်များ၏ရှေ့တွင် ပြောကြားလိုခြင်းမရှိဟု စတီဖင်က ဆိုသည်။

IRI အား အမေရိကန်အောက်လွှတ်တော်က တစ်စိတ်တစ်ပိုင်း ငွေကြေးထောက်ပံ့ ထားသော်လည်း ရီပက်ဘလီကန်ပါတီ၏ ဗဟို လက်ယာယိမ်းနိုင်ငံရေး အမြင်ကို ကိုင်ဆွဲသည့် IRI သည် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး နှင့် စောင့်ကြည့်ခြင်း၊ ပါတီများအား ရွေးကောက်ပွဲမတိုင်မီ ထောက်ပံ့ခြင်း စသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးအစီအစဉ်များအား ထောက်ပံ့ လေ့ရှိသည်။

IRI ၏ ပါတီတစ်ခုချင်းသင်တန်း ပေးမှုမှာ ပြဿနာတစ်ရပ် ဟု ရွေး ကောက် ပွဲကော်မရှင်က ယုံကြည်သ ဖြင့် ဆက်လက်ပြုလုပ်ခြင်းမပြုရန် စာရေး သားတောင်းဆိုခဲ့သည်ဟု ကော်မရှင်ဒုဥက္ကဋ္ဌ ဦးလှမောင်ချိုက ပြောကြား ခဲ့သည်။ IRI အနေ ဖြင့် အာဏာရပြည်ခိုင်ဖြိုးပါတီအား သီးသန့် သင်တန်း ပြု လုပ်ပေးခြင်းအား တားဆီးခြင်းမပြုသည့် အကြောင်းရင်း အား မေးမြန်းရာတွင် ဦးလှမောင်ချိုက “အရင်တုန်းက သူ တို့လုပ်ခဲ့တာတွေ ကျွန်တော်တို့ မသိ ပါဘူး။ ပုသိမ်မှာ သူတို့လုပ်ခဲ့တာ တော့ ကျွန်တော်တို့သိပါတယ်” ဟု ပြောကြား ခဲ့သည်။ IRI ၏ ပါတီတစ် ခုချင်း သင်တန်းပေးမှုအား တရားဝင် ပိတ်ပင်သွားရန် အစီအစဉ်ရှိ၊မရှိကို မူ ၎င်းက မှတ်ချက်ပေးရန် ငြင်းဆို ခဲ့သည်။

IRI သည် မြန်မာနိုင်ငံရွေးကောက်ပွဲကော် မရှင်နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် နိုင်ငံတကာအ ဖွဲ့အစည်း ဒါဇင်ဝက်ခန့်အနက်မှ တစ် ခုဖြစ်သည်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ကူညီပေးနေသည့် ထိုအဖွဲ့များထဲမှ အချို့က ရွေးကောက် ပွဲကာလတွင် စောင့်ကြည့်မှုများ ပြု လုပ်မည်ဖြစ်သည်။

KHTun
ဓါတ်ပုံ - DrBio
Ref - Irrawady

The Ladies News Journal

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းကိုရောက်နေပြီလားဆိုတာ အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့တွေ့ဆုံဆွေးနွေးရေးကို ပျက်ပြားအောင်လမ်းလွှဲတဲ့ လုပ်ရပ်တွေကို NLD အနေနဲ့လက်ခံမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ စနေနေ့က ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ သီရိခန်းမမှာ ကျင်းပတဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောသွားတာပါ။ အကြောင်းစုံကိုမအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ အပြောင်းအလဲပြုလုပ်နေတဲ့ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ရွေးကောက်ပွဲတခုဖြစ်သလို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ တကယ်ရောက်မရောက် ပြောနိုင်တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ ပထမ အကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေးဖွင့်ပွဲနေ့မှာ အခုလို ပြောဆိုလိုက်ပါတယ်။

“ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ဒုတိယရွေးကောက်ပွဲဖြစ်ပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံကို သွားချင်ပါတယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေ လုပ်တဲ့အခါမှာ ပထမရွေးကောက်ပွဲထက် ဒုတိယရွေးကောက်ပွဲက ပိုပြီးတော့ အရေးကြီးပါတယ်ဆိုတာကို ဒီမိုကရေစီဘက်ကို ပြောင်းလဲခဲ့တဲ့နိုင်ငံများရဲ့ သမိုင်းစဉ်ကနေ ----။ အရေးကြီးတာက ရွေးကောက်ပွဲတခုအနေနဲ့တင် အရေးကြီးတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲမို့လို့ အရေးကြီးတာပါ။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မလုပ်ဆောင်နိုင်ဘူးဆိုရင် မြန်မာပြည်အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အံးမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းလဲဘဲနဲ့ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ကိုက်ညီအောင် မပြောင်းလဲဘဲနဲ့ ကျမတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုတကယ်ပဲရောက်နေပြီလို့ ပြောလို့မရပါဘူး။ တချို့ကဆိုလို့ရှိရင် အခုအချိန်မှာ တကယ်အရေးကြီးတာက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောကြပါတယ်။ တကယ့်စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ စစ်မှန်တဲ့နိုင်ငံရေးကို အခြေခံရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးကိစ္စတွေကို လျစ်လျှူရှုပြီးတော့ ဖွံ့ဖြိုးရေးကိစ္စတွေကိုပဲ လုပ်မယ်ဆိုတာ လက်တွေ့မကျပါဘူးလို့ပဲ ပြောချင်ပါတယ်။”

မြန်မာပြည်အနာဂတ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးအရေးပါတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်ဖို့ အစဉ်တစိုက်တောင်းဆိုနေတာဟာ ထိရောက်တဲ့တွေ့ဆုံဆွေးနွေးရေးရဖို့ဖြစ်ပြီး ဒါကိုပျက်ပြားအောင်လုပ်ဆောင်တာတွေကိုတော့ NLD က လက်ခံမှာမဟုတ်ဘူး လို့ ဆိုပါတယ်။

“ဘာဖြစ်လို့ လေးပွင့်ဆိုင်ကို တောင်းဆိုခဲ့သလဲဆိုတာက စတင်ပြီး ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့ လိုပါတယ်။ သိုသိပ်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင်ပင်ဖို့လည်း လိုပါတယ်။ ကျမတို့က နောင်မှ အကျယ်အကျယ် ပိုပြီးတော့ လုပ်သွားချင်တောင်မှ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် မဆွေးနွေးနိုင်ဘူးဆိုရင် နောင်ဆက်ပြီးတော့ ဒီလို ဆွေးနွေးဖို့၊ ထိရောက်ဖို့ဆိုတာ မလွယ်ပါဘူး၊ သိပ်ပြီးတော့ ပါဝင်မယ့်သူများ များလို့ ရှိလို့ရှိရင်၊ သဘောတရားတွေ သိပ်ပြီးတော့ များလို့ရှိရင်၊ ကွဲလွဲမှုတွေ သိပ်ပြီးတော့ များလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ဟာ ခက်ခဲပါမယ်။ ဒါကြောင့်မို့လို့ ကျမတို့က လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်။ ကန့်သတ်ချင်လို့ မဟုတ်ပါဘူး၊ အများပါဝင်တာကို မလိုလားလို့မဟုတ်ပါဘူး။ လက်တွေ့ကျကျ ထိရောက်တဲ့ဆွေးနွေးပွဲတွေ ဖြစ်စေချင်လို့ ကျမတို့ လေးပွင့်ဆိုင်ဆိုတာကို တောင်းဆိုတာ ဖြစ်ပါတယ်။”

ဒါအပြင် လွှတ်တော်မှာ ခြောက်ပွင့်ဆိုင်ဆွေးနွေးဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒါဟာ သဘောထားအရ မကွာတဲ့အတွက် NLD အနေနဲ့ထောက်ခံကြောင်း ပြောဆိုသွားပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ၁၄ ရက်နေ့ထိကျင်းပနေတဲ့ NLD ဗဟိုကော်မတီအစည်းအဝေးကို တက်ရောက်လာတဲ့ တိုင်းရင်းသားဒေသတွေက NLD ကိုယ်စားလှယ်တွေတင်ပြတဲ့အချက်တွေနဲ့ပတ်သက်လို့ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်အမတ် ကိုနိုင်ငံလင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“တိုင်းရင်းသားဒေသတွေမှာတော့ NLD က အများကြီး အလုပ်လုပ်ရမယ့်ပုံစံ ဖြစ်နေပါတယ်။ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ဗဟိုကော်မတီဝင်တွေက နေပြီးတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တင်ပြတာတွေ ရှိပါတယ်။ နောက်ပြီးတော့ အဓိက လယ်သိမ်းခံ ကိစ္စတွေပါတယ်။ နောက်ပြီးတော့ မှတ်ပုံတင်မရတဲ့ ကိစ္စတွေပါတယ်။ လုပ်ရမယ်-အဲဒါတွေကတော့။”

ဒီဗဟိုကော်မတီအစည်းအဝေးကို NLD နယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဗဟိုအလုပ်အမှုဆောင် (၁၁၁) ဦးတက်ရောက်ခဲ့ပြီး ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ ရှိပါတယ်။

VOA
http://burmese.voanews.com/content/nld-meeting-aung-san-suu-kyi-/2558140.html



အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လေးပွင့်ဆိုင်နဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွေ လမ်းလွဲအောင် လုပ်သူတွေကို ဝေဖန်လိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၃ ရက်က စတင်တဲ့ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၀၀ ကျော် တက်ရောက်တဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့နဲ့ ပတ်သက်လို့ အန်အယ်လ်ဒီက အရင်ကတည်းက ချမှတ်ထားတဲ့ မူတွေ အတိုင်း ဆက်လုပ် သွားမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ် တွေက အလုပ်အမှုဆောင်တွေ၊ လုပ်ငန်းကော်မတီတွေ ဝင်တွေကနေ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ လုပ်ငန်း အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြပါတယ်။

ပါတီ အောက်ခြေမှာ ဖြစ်နေတာတွေကို ဗဟိုက သိအောင် အခု အစည်းအဝေးမှာ တင်ပြပြီး အပြန်အလှန် ဖလှယ်ကြမယ်လို့ ရခိုင်ပြည်နယ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းမောင်က ပြောပါတယ်။

အခု အစည်းအဝေးမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်မရောက် အဆုံးအဖြတ် ပေးမှာ ဖြစ်လို့ အရေးကြီးကြောင်းနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု စနစ် ထူထောင်ရေး အတွက် အဖြေပေးတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/12/141213_nld_cec_meeting_dassk


ပြည်သူ့သားကောင်း စစ်သည်တော် ဗိုလ်မှူးကျော်စွာဝင်း မိသားစု ထံ သွားရောက်ပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည်။ ပြည်သူလူထုမှ ဂုဏ်ပြုချီးမြင့်သော ကျပ်တသိန်းအား ဗိုလ်မှူးကျော်စွာဝင်း ဇနီးထံပေးအပ်ရာ ဂုဏ်ပြုငွေ အတွက်ကျေးဇူးတင်ကြောင်းနှင့် လူထုအကျိုးပြု လုပ်ငန်းများတွင် အသုံးပြု ပေးပါဟု ချက်ချင်း ပြန်လှူသဖြင့် ပြန်လည်ယူဆောင်လာခဲ့ပါသည်။

သတင်းနှင့် Video
Nay myo zin

ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က တချို့မြို့နယ်တွေမှာပေါ့လေ။ တစ်နှစ်မှ မနေဘူးတဲ့ လူတွေတောင်မှပဲ ခေါ်ထား . . . အမှန်တကယ်နေတဲ့သူ၊ တကယ်လည်း ကျွန်တော်တို့ ကမာရွတ်မြို့နယ် ထဲမှာ ထဲထဲဝင်ဝင် လုပ်နေတဲ့သူတွေကို ဒီလိုကန့်သတ်လိုက်တော့ ကျွန်တော်တို့ နစ်နာတာပေါ့ဗျာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် စည်ပင် ကိုယ်စားလှယ်လောင်းများ ၀င်ခွင့် ရရန် လျှောက်ထားသူ ၃၀၀ ကျော်အနက် ၀င်ခွင့် ငြင်းပယ်ခံရသူ ၉ ဦးရှိခဲ့ပြီး နောက်ပိုင်းတွင် ခုံရုံးဖွဲ့စိစစ်ခဲ့ရာ ၂ ဦးသာ ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည်။

ယင်းသို့ ငြင်းပယ်ခံရသူ ၂ ဦးအနက် တစ်ဦးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီဝင်) ဟောင်း ဖြစ်ခဲ့သူ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် နေထိုင်သူ ဦးလွှမ်းမိုးနိုင်ဖြစ်ပြီး ၎င်းအား တစ်နေရာ တည်းတွင် ၁၀ နှစ် တစ်ဆက်တည်း မနေထိုင်ထားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဦးလွှမ်းမိုးနိုင်မှာ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းနှင့် လှည်းတန်း (၃)လမ်းတို့တွင် နှစ်ခြား~ ၍သာ တစ်ဆက် စပ်တည်း နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ နေထိုင်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း ရပ်ကွက် အာဏာပိုင်များက ထောက်ခံချက် ပေး ထားပြီး ဖြစ်သည်။ သို့သော် လ၀က စည်းကမ်း သတ်မှတ်ချက်နှင့် မညီဟုဆိုကာ ပယ်ချ ခဲ့သည်။

ယင်းသို့ ငြင်းပယ်ခံရမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ငြင်းပယ် ခံရသည်ကို လည်းကောင်း၊ ငြင်းပယ်ခံရမှုအပေါ် သဘောထား မှတ်ချက်များကို လည်းကောင်း အများပြည်သူ လေ့လာသိရှိနိုင်ရန် အတွက် မေးမြန်း ထားမှုများကို မြန်မာသံတော်ဆင့်မှ စုစည်း ဖော်ပြလိုက်ပါသည်။

ရည်မွန်ဖြိုး

● ဦးလွှမ်းမိုးနိုင်အနေနဲ့ စည်ပင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ခွင့် လျှောက်ထားရာမှာ ဘာကြောင့် ငြင်းခံ ရတာလဲရှင့်။

သူတို့အကြောင်းပြတာကတော့ ဘယ်လိုခေါ်မလဲ၊ ၁၀ နှစ် တစ်ဆက် တစ်စပ်တည်းနေတာ မပြည့်လို့ ဆိုလို့ပေါ့ဗျာ။ တစ်နေရာတည်းမှာ ဒီမြို့နယ်ထဲမှာ ၁၀ နှစ် ပြည့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတာကိုး။ ဒီရပ်ကွက်ကနေ ထောက်ခံချက်နဲ့ မပြည့်စုံဘူးပေါ့ဗျာ။ လ၀က ကနေစစ်တဲ့အချိန်မှာ ဒီဟာက လိုအပ်ချက် ရှိနေတဲ့ ပုံစံမျိုးနဲ့ပေါ့ဗျာ။

● ဦးလွှမ်းမိုးနိုင်ကို ဒီအချက်တစ်ချက်တည်းနဲ့ ငြင်းလိုက်တာလားရှင့်။

အဲဒီ တစ်ချက်ပါပဲတဲ့။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ စကားပြောတော့ ““သားမှာ အဲဒီတစ်ချက်ပဲ ရှိတာ””တဲ့။ ““ကျန်တဲ့ တိုင်တာ ပြောတာ ဘာမှမရှိပါဘူး””တဲ့။

● တကယ်ပဲ အဲဒီ စည်းကမ်းချက်နဲ့ မညီညွတ်တာလား။ ၀င်ခွင့်သတ်မှတ်တာ ဘယ်လိုမျိုး စည်းကမ်းချက်တွေနဲ့ သတ်မှတ်ထားလို့လဲရှင့်။

သူတို့ ရွေးတာကတော့ ဒီမြို့နယ် ရပ်မိရပ်ဖတို့၊ မြို့နယ်အဖွဲ့ဝင် ယှဉ်ပြိုင်မယ်ဆိုရင် ဒီမြို့နယ်ထဲမှာ တစ်ဆက် တစ်စပ်တည်း (၁၀) နှစ်နေမှ အဲဒီပုံစံမျိုး ကန့်သတ်ထားတာကိုး။ အိမ်ထောင်စုစာရင်းနဲ့ တစ်ဆက်တစ်စပ်တည်း (၁၀) နှစ်နေမှ ရွေးခံမယ်။ ကျွန်တော်က နေရာပြောင်းနေတာကိုး။ တစ်လမ်းမှာ ၆ နှစ်နေတယ်။ နောက်တစ် လမ်းမှာက ၄ နှစ်နေတယ်။ သူတို့ဆီကို တင်ပြတယ်။ ရပ်ကွက်ကလည်း ကျွန်တော်နေတဲ့ဟာကို အတည်ပြု ပေးတယ်။ ရပ်ကွက် ဥက္ကဋ္ဌကနေပြီးတော့ ဟုတ်ပါတယ်။ ဒီလမ်းမှာနေတာ ၆ နှစ်ရှိပါပြီ။ ဒီလမ်းထဲမှာ ၄ နှစ်ရှိပါတယ်ပေါ့ဗျာ။ ရပ်ကွက်ကနေပြီး ထောက်ခံပေးတယ်။ လ၀က ဦးစီးအရာရှိကနေ ပြီးတော့ ၆/၆၆ အိမ်ထောင်စုစာရင်းနဲ့ တစ်ဆက် တစ်စပ်တည်းနေမှ အတည်ဖြစ်တာပေါ့။ ခုနကလို ကျွန်တော်နေတဲ့ ပုံစံမျိုးနဲ့ဆို အတည်မဖြစ်ဘူးပေါ့ဗျာ။ ရပ်ကွက်တစ်ခုတည်း လူနေတာ မှန်ပေမယ့်လည်း စာရွက်စာတမ်း အတည်မဖြစ်တာပေါ့။ အဲဒီပုံစံမျိုး အကြောင်းပြန်တယ်။

● ၆/၆၆ ဆိုတာက ဘယ်လိုပုံစံကို ဆိုလိုတာလဲရှင့်။

လ၀က ဥပဒေနဲ့ပေါ့လေ။ အိမ်ထောင်စုစာရင်းနဲ့ တစ်ဆက် တစ်စပ်တည်း ဒီမြို့နယ်မှာနေမှ အဲဒီအချက် ပေါ့လေ။ ယာယီသန်းခေါင်စာရင်းနဲ့ နေတာကို အတည်မပြုဘူး။ ၆/၆၆ ဆိုတဲ့ သန်းခေါင် စာရင်းအစစ်နဲ့မှ အတည်ပြုမယ်ပေါ့လေ။ အဲဒီပုံစံမျိုးနဲ့ ကန့်သတ်လိုက်တာပေါ့။

● ဦးလွှမ်းမိုးနိုင်တို့ကို ငြင်းပယ်ခံရတာကို အကြောင်းကြားစာပုံစံမျိုးနဲ့ လာပေးတာလားရှင့်။

ကော်မရှင်ကနေပြီးတော့ ရပ်ကွက်ကို ထုတ်ထားတဲ့စာပေါ့။ ကမာရွတ်မြို့နယ်ထဲကနေပြီး ယှဉ်ပြိုင်မယ့်သူတွေ ဘယ်သူက အတည်ပြုတယ်၊ ဘယ်သူက အတည်ပြုလို့မရဘူး ထုတ်ပြန်ထားတဲ့ စာရွက်တွေ ရပ်ကွက်ရုံးမှာ ကပ်ထားတော့ အဲဒီ ကပ်ထားတဲ့ စာရွက်အရ ကျွန်တော်တို့က သွားတာပေါ့။

● ထုတ်ပြန်စာကပ်ထားတဲ့ စာရွက်ကို ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက်မှာ ကပ်ထားတာလဲ။

ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်မှာပါ။

● ဦးလွှမ်းမိုးနိုင်အနေနဲ့ အခြား စည်းကမ်းချက်တွေမှာကော ကိုက်ညီမှု ရှိသလားရှင့်။

နိုင်ငံရေးပါတီ ကင်းရှင်းတာကျတော့ ကျွန်တော်က လောလောဆယ် လက်ရှိကျတော့ NLD က ရပ်ကွက် အလုပ်အမှုဆောင်ပေါ့ဗျာ။ အလုပ်အမှုဆောင်ဆိုတော့ သူတို့က ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးပါတီ ကင်းရှင်းရမယ်။ မှီခိုမရှိရဘူး ဆိုတဲ့ဟာကို ကန့်သတ်တယ်။ ကန့်သတ်တော့ ကျွန်တော်တို့က ထွက်ပေးရတယ်။ နုတ်ထွက်စာ တင်ရတယ်။ ကျွန်တော် နုတ်ထွက် ခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည် ဆိုတဲ့ဟာတောင် သူတို့က လက်မခံဘူး။ နုတ်ထွက်သည် ဖြစ်ပါကြောင်းဆိုတဲ့ စာသားနဲ့ပြန်ပြီးတော့ လဲပေးပါဆိုပြီး၊ နစ်နာတာ ပေါ့ဗျာ။ တကယ်တမ်းကျတော့ သူတို့က ဘယ်လိုခေါ်မလဲ ကိုယ်စားလှယ်လောင်းအနေနဲ့ မရွေးခင်မှာ ဒီဟာတွေကို ကန့်သတ်ပြီးတော့ အတင်းလုပ်ခိုင်းတဲ့ ဟာကျတော့ အဲဒီအချက်လေးတွေပေါ့ဗျာ။ ဒါနဲ့ ကျွန်တော်နုတ်ထွက် လိုက်ရတာပေါ့ဗျာ။

● ဘယ်နှယောက်ကို ငြင်းပယ်လိုက်တယ်လို့ သိထားလဲ။

ကျွန်တော်တို့ကို အရင် ၉ ယောက်နဲ့ တူတယ်။ သူတို့ရဲ့ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ပုဒ်မနဲ့ မညီညွတ်တဲ့ အတွက် ကိုယ်စားလှယ် မမြောက်ပါဘူးဆိုတဲ့ ပုံစံမျိုးကို (၉)ယောက်ကို ကြေညာတယ်။ နောက်ပိုင်းမှာ ၂ ယောက် က ပြန်ပြီးတော့ သူတို့တင်တဲ့ အချိန်မှာ ခုံရုံးနဲ့စစ်ပြီးတော့ ပြန်ပြီး ထည့်ပေးတယ်လို့ ပြောတယ်။ ကျန်တဲ့ ၇ ယောက်က အပယ်ပဲလို့ပြောတယ်။ သူတို့က ထုချေလွှာ တင်ပါဆိုပြီး ပြောတယ်။ ခုံရုံးဖွဲ့ပြီးတော့ မညီတဲ့ အချက်တွေကို ခုံရုံးနဲ့ပြန် စစ်ဆေးပေးမယ်ပေါ့ဗျာ။ တစ်လ အချိန်ပေးမယ်ပေါ့ဗျာ။ ကျွန်တော် လမကုန်ခင် ၃၊ ၄ ရက်လောက်က ကျွန်တော့်ကို ဘယ်အချက်တွေကြောင့် ကန့်သတ်တာလဲ ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်ဆီ သွားတယ်။ ကော်မရှင်ဥက္ကဋ္ဌ ကို တွေ့တော့ တစ်ပတ်ပဲ ကျန်တော့တယ်ပေါ့ဗျာ။ ခုံရုံးကနေ ပြန်ခေါ်ရမယ်ပေါ့။ မမီတော့ဘူးဆိုပြီး အကြောင်းပြတယ်ပေါ့ဗျာ။

● ၀င်ခွင့်ရသွားတဲ့ သူတွေကရော ဒီထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို ကိုက်ညီမှုရှိလို့ ၀င်ခွင့်ရ သွားတာလား။

ပထမဆုံး ရွေးကောက်ပွဲဆိုတော့ ကျန်တဲ့ ကိုယ်စားလှယ်တွေကို အများကြီး မစုံစမ်းဘူးပေါ့ဗျာ။ ဥပမာ ထားပါတော့ ကြံ့ဖွံ့ကပါမယ်။ NLD က ပါမယ်၊ အခြားလွတ်လပ်တဲ့ ဟိုဟာပါမယ်ပေါ့ဗျာ။ ဒါပေမဲ့ သူတို့ စိတ်ထဲမှာ ဘယ်လိုခေါ်မလဲ။ ကြံ့ဖွံ့ကို ပြိုင်စေချင်တယ်။ NLD ကို မပြိုင်စေချင်ဘူးပေါ့ဗျာ။ အဲဒါမျိုးတွေ သံသယ ဖြစ်တာပေါ့ဗျာ။ ကျွန်တော်နဲ့က နှစ်ယောက်ပဲရှိတာကိုး။ ရပ်မိရပ်ဖမြို့နယ်နဲ့ နှစ်ယောက်ပဲရှိတာ။ ဟိုတစ်ယောက်က ကြံ့ခိုင်ရေးက ပါတီဝင်ပဲ။ သူကတော့ လွတ်လွတ်ကျွတ်ကျွတ် ရသွားတယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီတစ်ချက်နဲ့ ငြိသည်ပေါ့။ ၂၀၀၈ က လုပ်ပေးတဲ့ ယာယီ သန်းခေါင်စာရင်းဆိုရင် ကျွန်တော် ၆ နှစ်နေတယ်ပေါ့။ အဲဒီယာယီ သန်းခေါင်စာရင်းကို အတည်မပြုပါဘူး ဆိုတဲ့ပုံစံမျိုး ပြန်ပြီးတော့ အကြောင်းပြန်တယ်ပေါ့။ ၆ နှစ်သည် အတည်ပြုပေးလို့ မရဘူးပေါ့ဗျာ။ ကော်မရှင်က နည်းနည်းရစ်တာပေါ့။ ဒါပါပဲ။

● သူတို့သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေက မျှတမှုရှိ၊ မရှိ အပေါ်မှာကော ဘာများ ပြောချင်လဲ။

အခု ကျွန်တော်တို့ ရင်ဆိုင်ရတာ ၆/၆၆ နဲ့ ရင်ဆိုင်ရတာ ဒီဟာကတော့ တော်တော်များများကို မဖြစ်နိုင်တဲ့ ကိစ္စပေါ့ဗျာ။ ၁၀ နှစ် တစ်ဆက်တစ်ဆက်တည်း ဆိုတဲ့ဟာက တော်တော်ကြီးကို ခက်ခဲတဲ့ ကိစ္စပေါ့ဗျာ။ တကယ်လို့ ၁၀ နှစ်ကျကျ နေတယ်ဆိုတာတောင်မှပဲ ကော်မရှင်ရဲ့ လူကြီးတွေကနေပြီးတော့ ဒါကိုမမျှတတဲ့ ပုံစံမျိုးနဲ့ ပိတ်ပင်တာပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ခွင့် ဆုံးရှုံးတယ်ပေါ့ဗျာ။ ဒါပါပဲ။

● ဦးလွှမ်းမိုးနိုင် အခုလို စည်ပင် ကိုယ်စားလှယ်လောင်း ၀င်ခွင့်ကို ရွေးမခံရတဲ့အတွက် ဘာများ မှတ်ချက် ပေးချင်လဲရှင်။

ကိုယ်စားလှယ်လောင်းတွေကို ကန့်သတ်ထားတဲ့ ဟာတွေက ဘယ်လိုခေါ်မလဲ။ မညီမျှဘူးပေါ့ဗျာ။ နောက်ပြီးတော့ ကိုယ်စားလှယ်လောင်း မဖြစ်ခင်မှာ ပါတီထဲကနေ ဇွတ်အတင်း ထွက်ခိုင်းတဲ့ ဟာတွေကလည်း ပါတီဝင် တစ်ယောက်အနေနဲ့ ဆုံးရှုံးတယ်ပေါ့ဗျာ။

● ဒီ စည်ပင် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကော ဘာများပြောချင်တာ ရှိပါသေးလဲ။

ဒီစည်ပင်က ပထမဦးဆုံး ရွေးကောက်ပွဲလည်း ဖြစ်နေတဲ့အတွက် လိုအပ်ချက်တွေ အများကြီး ရှိနေတာပေါ့ဗျာ။ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့က တချို့မြို့နယ် တွေမှာပေါ့လေ။ တစ်နှစ်မှ မနေဘူးတဲ့ လူတွေတောင်မှပဲ ခေါ်ထားတဲ့ပုံစံမျိုး ဘယ်လိုခေါ်မလဲ ကိုယ်စားလှယ် တင်သွင်းထားတဲ့ ပုံစံမျိုး ရှိတယ်ပေါ့လေ။ အမှန်တကယ် နေတဲ့သူ တကယ်လည်း ကျွန်တော်တို့ ကမာရွတ်မြို့နယ်ထဲမှာ ထဲထဲဝင်ဝင် လုပ်နေတဲ့သူတွေကို ဒီလို ကန့်သတ် လိုက်တော့ ကျွန်တော်တို့ နစ်နာတာပေါ့ဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနားက လိပ်ခွံတောင်မှာ ဒီကနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိုးကြိုးပြင် (အလယ်ရွာ)က ဒေသခံတောင်သူတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ရာမှာ ဒေသခံလယ်သမား ၂ ဦး ဒဏ်ရာရရှိခဲ့ပါ တယ်။

ဒီကနေ့မနက်ပိုင်းမှာ လိပ်ခွံတောင်အနီးက လယ်ယာမြေတွေထဲကို ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးဝင်ခတ်တာကြောင့် ဒေသခံတွေက ခြံစည်းရိုးမခတ်ဖို့ တားဆီးရင်း ပစ်ခတ်မှုအထိဖြစ်ခဲ့တာလို့ တောင်သူတွေနဲ့ အတူရှိနေတဲ့ အထက်ချင်းတွင်းလူငယ်ကွန်ရက်က ကိုအောင်ဆန်းမြင့်က ပြောပါတယ်။

"၈ နာရီလောက်မှာ စပြီးတော့ဖြစ်တာ၊ ရွာသားတွေပိုင်တဲ့လယ်တွေရှိတယ်၊ သီးနှံတွေကို အရင်ဆုံးလျော်ပေးဖို့ ဖယ်ပေးဖို့ တောင်းဆိုတယ်၊ အဲ့ဝမ်ပေါင်ကုမ္ပဏီဘက်ကဟာတွေက မဖယ်ပေးဘဲနဲ့ ခြံစည်းရုံး အတင်းအဓ္ဓမခတ်တယ်၊ ရွာသားတွေကဝင်ပြီးတော့ ခြံစည်းတွေဖျက်တယ်၊ ၁ဝ နာရီလောက်မှာပဲ သေနတ်နဲ့ပစ်တယ်၊ မိုးပေါ်ထောင်ပစ်တာ ၃ ချက် နောက်ထပ် ၁ဝ ချက်မှာတော့ ရွာသားတွေမှာ ဒဏ်ရာရသွားတယ်၊ ၂ ယောက်ဒဏ်ရာရသွားတယ်၊ အားလုံး ၁၂ ချက်လောက်ပစ်တယ်ဗျ"

တောင်သူတွေက ကင်းတဲမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတွေကို ဓါး၊ လေးဂွတွေနဲ့ ဝင်ရောက်တိုက်ခိုက်တာကြောင့် ပြန်လည်ကာကွယ်ရင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် က ပြောပါတယ်။

"ဒီမှာက လုံခြုံရေးအတွက် ကျနော်တို့ချထားတဲ့ ကင်းလေးတွေရှိတယ်၊ ကင်းကိုအတင်းပေါ့နော် လေးခွတို့ ဓါးတို့နဲ့ အတင်းဝင်တိုက်တာပေါ့၊ ဝင်တိုက်တဲ့အခါကျတော့ လုံခြုံရေးရေးကို ကာကွယ်တဲ့အနေနဲ့ သတိပေးပစ်ခတ်တာဖြစ်တယ်၊ စီမံကိန်းဧရိယာအတွင်းမှာ လုံခြုံရေးချထားတဲ့ဟာတွေကို မကျေနပ်လို့ ဝင်တိုက်တဲ့သဘောပေါ့၊ စီမံကိန်းဧရိယာဆိုတော့ တချိန်တုန်းကတော့ သူတို့စိုက်ပျိုးတဲ့မြေတွေရှိတာပေါ့၊ ပုဒ်မ ၁၄၄ ဧရိယာလည်းဖြစ်တယ်၊ လုံခြုံရေးကလည်း တာဝန်ယူရတာလည်းရှိတယ်"

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပေါင်နဲ့ လက်မှာ ရာဘာကျည်ထိမှန်သွားခဲ့တဲ့ မိုးကြိုးပြင် (အလယ်ရွာ) က တောင်သူ ၂ ယောက်ဟာ ရွာထဲမှာပဲ ဆေးကုသမှုခံယူနေပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲမှာ လျော်ကြေးငွေမယူထားတဲ့ တောင်သူတွေက ခြံစည်းရိုးမခတ်ဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့အင်အား ၂ဝဝ ကျော်လောက်နဲ့ တုံရွာ၊ မိုး ကြိုးပြင်ရွာ၊ ဆည်တဲ၊ ဇီးတော စတဲ့ကျေးရွာတွေက တောင်သူ ၁ဝဝ ကျော်လောက်ဟာ လိပ်ခွံတောင်ပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် အခြေအနေတင်းမာနေဆဲ ဖြစ်ပါတယ်။

RFA Burmese

မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းက ရတနာပုံတံတား တည်ဆောက်စဉ် သိမ်းထားတဲ့မြေတွေထဲက ပိုနေတဲ့မြေ ၁၀ ဧကကို ပြန်ပေးဖို့ အမရပူရမြို့နယ် ရွေကြက်ယက်ရွာက လယ်သမားတစ်ရာလောက် ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီဇင်ဘာလကုန်မှာ အဲဒီလယ် ၁၀ ဧကကို ပြန်မပေးဘူးဆိုရင် တရားနည်းလမ်းနဲ့ ထပ်မံတောင်းဆိုသွားမယ်လို့ ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့(အထက်ဗမာပြည်၊ MDCF) က ကိုစောလှအောင်က ပြောပါတယ်။

"အထက်အမိန့်အတိုင်း ပြန်မရဘူးဆိုရင် မိမိတို့တောင်သူတွေက မိမိတို့ပိုင်ဆိုင်တဲ့ အထောက်အထားတွေ လက်ဝယ်ကိုင်ပြီးတော့ မိမိတို့လယ်တွေကို ဒီလကုန်မှပြန်မပေးရင် ကာယကံရှင်တွေကိုယ်တိုင် လက်ရောက်ပြန်လည်တရားသဖြင့် သိမ်းဆည်းကြတော့မှာဖြစ်ပါတယ်၊ ဒါတောင်သူတွေရဲ့ နောက်ဆုံးအတိအလင်း အစည်းအဝေးဆုံးဖြတ်ချက်ပါ"

ရတနာပုံ ဧရာဝတီမြစ်ကူးတံတား ဆောက်လုပ်ဖို့အတွက် ရွေကြက်ယက်ကျေးရွာက လယ်ဧက ၂၀ ကျော်ကို စစ်အစိုးရက ၂၀၀၁ ခုနှစ်က သိမ်းဆည်းခဲ့တာပါ။ စီမံကိန်းပြီးလို့ ပိုနေတဲ့မြေ ၁ဝ ဧကလောက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးစီမံကိန်းကြီး ၂ အဖွဲ့က ပြန်မပေးဘဲ အဆောက်အဦးတွေ ဆောက်လုပ်နေထိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတံတားကို လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး သိမ်းဆည်းခဲ့တဲ့မြေတွေထဲက ပိုနေတဲ့မြေတွေကို ပြန်ပေးဖို့  ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တံတားဆောက်လုပ်ရေးကို တာဝန်ယူခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းအထူးအဖွဲ့ကြီး ၂ က ပြန်မပေးဘဲ လျော်ကြေးငွေသာပေးဖို့ ကြိုးစားပေမယ့် တောင်သူတွေက လက်မခံခဲ့ပါဘူး။

RFA Burmese

၃၆ လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ကျောက်တံတားမြို့နယ် NLD မှ ကြီးမှူး၍ ဗိုလ်ချုပ်နှစ်တရာပြည့်အကြိုဈေးရောင်းပွဲတော်နှင့် ကဗျာရွတ်ဆိုပွဲကို ယနေ့(ဒီဇင်ဘာ ၁၃ရက်)က ပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ် NLD ဥက္ကဌ ဦးကျော်မိုးက ဗိုလ်ချုပ်အတွက် “လမ်း”အမည်ရှိ ကဗျာကို ရွတ်ဆိုပြီး ကဗျာဆရာ သော်ဇင်အုန်း၊ ကဗျာဆရာ ပိုင်သစ်နွယ် တို့ကလည်း အသီးသီး ကဗျာများ ရွတ်ဆိုခဲ့ကြပြီး ဗိုလ်ချုပ်၏ ဂုဏ်ပုဒ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ ရံပုံငွေဈေးရောင်းပွဲတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် စာအုပ်များ၊ ဒီမိုကရေစီနှင့်ပတ်သက်သည့် စာအုပ်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ ရောင်းချခဲ့ကြ
သည်။

“ကျွန်တော်တို့ ဗိုလ်ချုပ်နှစ်တရာပြည့် မွေးနေ့အတွက် အကြိုရံပုံငွေ ရရှိအောင်ပြုလုပ်တာပါ၊ ဒါကလည်း အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ်တရာမွေးနေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် တဖက်တလမ်းက ကူညီတဲ့ သဘောပါ၊ ဗိုလ်ချုပ်ကို ချစ်တဲ့သူတွေအတွက် ရည်ရွယ်ရောင်းချတာပါ”ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲကို မဖြစ်မြောက်အောင် အမျိုးမျိုးလမ်းလွှဲရန် လုပ်ဆောင်သည့် ခြေလှမ်းများကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကတည်းက မြန်မာ နိုင်ငံအတွက် အရေးကြီးသည့် တွေ့ဆုံ ဆွေးနွေးရေးအတွက် မူတခုချမှတ်ခဲ့ ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အမျိုးသားရင်ကြားစေ့ဖြစ်မြောက်ရန် လုပ် ဆောင်နိုင်မည်ဖြစ်၍ ၂၀၁၃ ခုနှစ်ကစပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက်နေ့ က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ကျင်းပ ပြုလုပ်သော NLD ပထမအကြိမ် ဗဟို ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး တွင် ဒေါ်အောင်ဆန်းစုကြည်က အထက် ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘာပြုလို့ လေးပွင့်ဆိုင်ကို တောင်းဆိုခဲ့သလဲဆိုတာဟာ စတင်ပြီး တော့ ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင် ပင်နိုင်ဖို့လိုပါတယ်။ ကျွန်မတို့က နောင်မှ အကျယ်အကျယ်လုပ်သွားချင်တယ်ဆိုတာ က အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ ထိထိ ရောက်ရောက် မဆွေးနွေးနိုင်ဘူးဆိုရင် နောင်ဆက်ပြီးတော့ ဆွေးနွေးဖို့၊ ထိရောက် ဖို့ဆိုတာဟာ မလွယ်ပါဘူး။ သိပ်တော့ ပါဝင်တဲ့လူများလို့ရှိရင် သဘောတရားတွေ သိပ်ပြီးများလို့ရှိရင်၊ ကွဲလွဲမှုတွေများလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ဟာ ခက်ခဲတတ် ပါတယ်။ ဒါကြောင့်မို့လို့ လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါ တယ်။ ကန့်သတ်ချင်လို့ မဟုတ်ပါဘူး။ အများပါဝင်တာကို မလိုလားလို့ မဟုတ် ပါဘူး။ လက်တွေ့ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲကို ဖြစ်စေချင်လို့ လေးပွင့်ဆိုင် ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်”ဟု ၎င်းင်းကပြောသည်။

ထို့ပြင် လွှတ်တော်အတွင်း ခြောက် ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးနှင့် NLD ၏ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးတို့ သဘောတရား အရ ကွာခြားမှုမရှိ သည့် အတွက် ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဒါပေမဲ့ ဒီလိုထိရောက်တဲ့ ဆွေး နွေးပွဲတွေ မဖြစ်အောင်လို့ အမျိုးမျိုးလမ်း လွှဲဖို့လုပ်တဲ့ ခြေလှမ်း တွေကို လည်း ကျွန်မ အားမပေးပါဘူး။ မထောက်ခံပါဘူး။ ကျွန်မတို့က ဗန်းပြဆွေးနွေးပွဲများကို လိုချင် တာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၈၈ ခုနှစ်ကတည်းက ချမှတ်ခဲ့သည့် စစ်မှန်သည့်တွေ့ဆုံ ဆွေးနွေး ပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေး မူများကို ဆက်လက်ကိုင်စွဲသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းကို ရောက် မရောက် အဆုံးအဖြတ် ပေးမည့် ရွေး ကောက်ပွဲဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်း အဝေးတွင် ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ရောက်မရောက် အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် လုပ်မယ်ဆိုတာဟာ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မဟုတ်ပါဘူး။ ပြည်သူလူထုအောင်ပွဲခံဖို့ ဖြစ်ပါတယ်။ ပြည်သူတွေ တကယ်လိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တခု ထူထောင်ရေးအတွက် တကယ့်ကို တိတိကျကျအဖြေပေးမယ့် ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်။ ဒါကို ကျွန်မတို့ ကြိုးစားသွားရမှာပါ''ဟု ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကျင်းပသော NLD ပထမအကြိမ် ဗဟိုကော်မတီစတုတ္ထအစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် ပြည်နယ်/တိုင်းများမှ ဗဟိုကော်မတီဝင်များ အနေဖြင့် NLD ၏ လုပ်ဆောင်ချက်များ အကောင်အထည် ဖော်ရာတွင် တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို အချက်အလက်မှန်မှန်ကန်ကန်ဖြင့် အစီရင်ခံ တင်ပြကြရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီမိုကရေစီစံနှုန်းစံထားများဖြင့် မပြောင်းလဲပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ပြီဟု မပြောနိုင်ကြောင်း NLD ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



ဘေကျင်း၊ ဒီဇင်ဘာ ၁၃

ရင်သားကင်ဆာ ခံစား နေရသော်လည်း ပဋိသန္ဓေတည်ဆဲ ကာလတွင် ဓာတုကုထုံးဖြင့် ကုသပါက ရင်သွေးအတွက် အန္တရာယ်ရှိမည်ကို စိုးရိမ်သောကြောင့် ကုသရန် ငြင်းဆန်ပြီး အသက် စတေးခဲ့သည့် ရုပ်သံတင်ဆက်သူ မိန်းကလေး တယောက်အကြောင်းမှာ သောကြာနေ့က တရုတ်နိုင်ငံမှ အွန်လိုင်း အသုံးပြုသူများအကြား ပွက်လော ရိုက်သွားခဲ့သည်။

ရုပ်သံတင်ဆက်သူ ရှုယွမ်ယွမ် (၂၆ နှစ်) သည် ကလေးမွေးဖွားပြီး ရက်တစ်ရာ ပြည့်ခဲ့သော ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကာ တရုတ်ယဉ်ကျေးမှုအရ အဆိုပါ ရက်တစ်ရာပြည့်သည့် နေ့ရက်ကို အထူး အခါသမယ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

အွန်လိုင်းနိုင်ငံသား ၁၀ သန်းကျော်တို့သည် တွစ်တာကဲ့သို့သော တရုတ်လူမှုကွန်ရက် Sina Weibo တွင် သူမသတင်းကို မြင်တွေခဲ့ရာ ထိုသို့ အသက်ပေး စတေးခဲ့ခြင်းအပေါ် အမျိုးမျိုး ဝေဖန်မှတ်ချက်များ ရေးသားခဲ့ကြခြင်း ဖြစ်သည်။

“မိခင်မေတ္တာက ကြီးမားတယ်ဆိုပေမယ့် ဒီလို့ အသက်ပေးသွားဖို့တော့ မသင့်ဘူးထင်တယ်” ဟု တဦးက မှတ်ချက်ပြုထားသည်။

ပြီးခဲ့သည့် မတ်လက ကိုယ်ဝင်ဆောင်နေစဉ်အတောအတွင်း ရှုယွမ်ယွမ်က “မိခင်ရင်းချာရဲ့ စောင့်ရှောက်မှုမရှိဘဲ ကြီးပြင်းရမယ်ဆို ကလေးအတွက် မကောင်းပါဘူး” ဟု ပြည်သူနေ့စဉ် သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ကြားခဲ့သည်။

သို့ရာတွင် မကြာမီပင် နောက်ဆုံးအဆင့်သို့ ရောက်နေသော ရင်သားကင်ဆာဝေဒနာကို စမ်းသပ်တွေ့ရှိခဲ့ရချိန်တွင်မူ သူမအတွက် မျှော်လင့်ချက် ကင်းမဲ့သွားခဲ့သည်။

ရှုယွမ်ယွမ်က ကလေးအတွက် အန္တရာယ်ရှိမည်ကို စိုးရိမ်၍ ဓာတုကုထုံးများကို ရပ်တန့်လိုက်ရာ မကြာမီပင် ကင်ဆာဆဲလ်များ ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သည်။

အခြေအနေပိုမို ဆိုးရွားလာသော စက်တင်ဘာလထဲမှာတော့ ဆေးရုံစတက်ခဲ့ပြီး သားလေးကို ရအောင် မွေးဖွားခဲ့ကာ သူမကိုယ်တိုင်ပင် နီအန်းနီအန်းဟု နာမည်ပေးခဲ့သည်။

သူမသည် ကလေး ရက်တရာပြည့် အထိမ်းအမှတ်ကို မိသားစုနှင့် အတူ ဆင်နွှဲနေချိန်မှာပင် ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်သည်။

“ကလေးကို လောကကြီးထဲမှာ တစ်ယောက်တည်း ထားခဲ့တာဟာ နှလုံးသားမဲ့တဲ့ မိခင်တယောက်ရဲ့ လုပ်ရပ်ပါပဲ” ဟု အခြား အွန်လိုင်းနိုင်ငံသား တဦးက မှတ်ချက်ပေးပြန်သည်။

သို့သော်လည်း မှတ်ချက်အများစုမှာ သူမ၏ စွန့်လွှတ်စတေးမှုအပေါ် စာနာသနားမိကြောင်း ရေးထားခဲ့ကြခြင်း ဖြစ်သည်။

“ဓာတုကုထုံးနဲ့လည်း ကင်ဆာကို ပျောက်အောင် ကုနိုင်မှာမို့လိုလား၊ ဒါကြောင့် သူက ဒီလမ်းကို ရွေးခဲ့တာပေါ့” ဟု တဦး က မှတ်ချက်ပြုသည်။

အခြား တဦးကလည်း “မိခင်မေတ္တာဟာ သိပ်ကို ကြီးမားလှပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

ကျော်လင်းထွန်း
__Ref: AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လက်ရှိ သမ္မတ အကွီနို ဦးဆောင်တဲ့ ဖိလစ်ပိုင် အစိုးရ အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိတဲ့ အစိုးရကောင်း တရပ်ဖြစ်ဖို့ ဖိလစ်ပိုင် တက္ကသိုလ် ကျောင်းသားတွေ မနေ့က အုပ်စုလိုက် အဝတ်ဗလာချွတ်ပြေးပွဲ ကျင်းပခဲ့ကြပါတယ်။

တက္ကသိုလ်ထဲက အဝတ်ဗလာ Oblation အိုဗလေရှင်း  ရုပ်တုကို အစွဲပြုပြီး ၁၉၇၀ နှစ်တွေကတည်းက ကျင်းပလာခဲ့တဲ့ပွဲဖြစ်ပါတယ်။

နှစ်စဉ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားတွေဟာ မျက်နှာဖုံးတခုတည်း ၀တ်ဆင်ပြီး အစိုးရပြုပြင်စေလိုတဲ့ သတင်းအချက်အလက်တွေကို ကိုင်စွဲပြေးကြတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ကိုယ်လုံးတီးကျွတ်ပြေးပွဲကို ကျောင်းသူကျောင်းသား ရာနဲ့ချီပြီး လာရောက်အားပေးခဲ့ကြပါတယ်။

ကျောင်းသားဟောင်းတဦးက အိုဗလေရှင်း ပြေးပွဲဟာ လူတွေကို အာရုံစိုက်မှုရရှိအောင် လုပ်ဆောင်တဲ့ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေ ပေးချင်တဲ့အကြာင်းအရာကို ပိုအာရုံစိုက်စေချင်ပါတယ်လို့ ပြောဆိုပါတယ်။

အခုနှစ် အိုဗလေရှင်း ပြေးပွဲမှာတော့ ဖိလစ်ပိုင်လွှတ်တော်အမတ်တွေအပါအ၀င် ဖိလစ်ပိုင်အစိုးရအတွင်း အကျင့်ပျက်ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အကွီနိုအစိုးရကို တောင်းဆိုခဲ့ကြတာပါ။

ကျောင်းသူတဦးကတော့ ဒါကို တချို့က  ပုံမှန်မဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ကြပေမယ့် ရည်ရွယ်ချက်တခုခုရှိနေမယ်၊ အခွင့်အရေးတခုခုအတွက် တောင်းဆိုနေသမျှတော့ ကောင်းတယ်လို့ ယူဆကြောင်း ပြောဆိုပါတယ်။

အိုဗလေရှင်း ပြေးပွဲဟာ ၁၉၇၇ ခုနှစ်က အဲ့ဒီတုန်းက သမ္မတဖြစ်တဲ့ ဖာဒီနန်မားကိုစ့်ကို ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းသားတွေ အဝတ်ဗလာဆန့်ကျင်ဆန္ဒပြတာကနေ စတင်လာတယ်လို့လည်း သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/73700