12/24/14

ရဲကိုကို

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် တစ်ကျော့ပြန် ဖြစ်ပွားလာသောပဋ္ဋိပက္ခတွင် တောင်သူများ သေဆုံးဒဏ်ရာရရှိခဲ့မှုများအား အစိုးရမှ အမြန်ဆုံးဖြေရှင်းပေးရန်တောင်းဆိုသည့်အနေဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အဖွဲ.၀င်များက ယနေ့နေ့လည်တွင် ရန်ကုန်မြို.တော်ခန်းမရှေ.တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အင်အား ၅၀ ခန့်ရှိသော အမျိုးသားနှင့်အမျိုးသမီးငယ်များပါဝင်သည့် ဗကသ အဖွဲ.၀င်များသည် “အစိုးရ လူသတ်နေသည်၊ လူသတ်နေသော အစိုးရအလိုမရှိ” ဟူသော ကြွေးကြော်သံများဟစ်အော်ခဲ့ကြပြီး သေဆုံးဒဏ်ရာရသူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်မီးများထွန်းညှိခဲ့ကြသည်။

လက်ရှိအစိုးရသည် တိုင်းတပါးကိုသာကာကွယ်နေပြီး ပြည်သူများဧ။် အသက်ဆုံးရှုံးမှုများအား မထောက်ထားမငဲ့ညှာကြောင်း ယခုကိစ္စအား အစိုးရကပြေလည်အောင် ဆောင်ရွက်ပေးမှုမရှိပါက ဗကသအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုကျော်ကိုကိုကပြောကြားသည်။

တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ဗဏီ နှင့် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တို့ ဖက်ဆက်လုပ်ကိုင်နေသော လက်ပတောင်းကြေးနီစီမံကိန်းအတွက် လုပ်ငန်းများတိုးချဲ.ရာ မြေယာလျော်ကြေးလက်မခံသော တောင်သူများနှင့် အာဏာပိုင်တို့ ထိပ်တိုက်ရင်ဆိုင်မှုများ ယမန်နေ့ နှင့် ယနေ.တွင်ဖြစ်ပွားနေရာ တောင်သူတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးပြီး လူပေါင်း ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

-----------

(ဓာတ်ပုံများ။ ရဲကိုကို/Yangon Globe)
https://www.facebook.com/TheYangonGlobe?pnref=story

ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ယနေ. ရေးတဲ့ကဗျာ
လက်ပံတောင်းကျိန်စာ
-------------------------
လက်ပံတောင်း
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတစ်ခေတ်ကိုကဗျည်းထိုးပြီ။

ဒါဒို့ရေ ဒါဒို့မြေ
ငါတို့တတွေပိုင်တဲ့တောင်တွေကိုဖျက်
လယ်ကွက်မြေကွက်အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့အဖြစ်
လက်ပံတောင်းတောင်စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ကျည်ဆံ
သမိုင်းကိုမှန်ပြီးကျန်ခဲ့။

တောပျောက်တောင်ပျောက်
လယ်ပျောက်ယာပျောက်
ရွာပျောက်လူပျောက်
ဖျောက်ချင်တာဖျောက်
ပျောက်ချင်တာပျောက်
ဖျောက်တိုင်းမပျက်
ဖျက်တိုင်းမစင်
ရာဇဝင်ရိုင်း
သွေးသမိုင်းကို
ပြည်သူတွေ တွေးတိုင်းတွေးတိုင်း
နာကျည်းစေ။

မောင်စိန်ဝင်း ( ပုတီးကုန်း )
၂၃ -၁၂ -၂၀၁၄

သီးနှံစိုက်ခင်းများ ဖျက်ဆီးခံရသဖြင့် ငိုကြွေးနေသော ဒေသခံများ
ဆည်တည်းကျေးရွာ အနီးတွင် ခြံစည်းရိုးခတ်ရန် ကြိုးပမ်းနေသည့် တရုတ်နိုင်ငံသား ၀န်ထမ်းများကို တွေ့ရစဉ်.
တရုတ်နိုင်ငံသားများ ခြံစည်းရိုးခတ်နေစဉ်
ဆည်တည်းရွာအား မီးရှို့မည်ဆိုသည့် သတင်းကြောင့် ရွှေ့ပြောင်းနေကြသည်ကို တွေ့ရစဉ်
သေဆုံးသူ ဒေါ်ခင်ဝင်း၏သမီး မ၀င်းခိုင်အား ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်
လက်ပံတောင်း နယ်မြေအတွင်း ခြံစည်းရိုး တိုးချဲ့ခတ်ခြင်းကို ဒီဇင်ဘာ ၂၃ ရက်တွင် ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသားများဖြင့် ဆက်လက်လုပ်ဆောင်နေကာ ဟန့်တားသူ ဒေသခံများအား ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ပြီး တရုတ်လုံခြုံရေး ဝန်ထမ်းများကလည်း အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သတ္တုတူးဖော်ခွင့် ရရှိထားသည့် ဝမ်ပေါင်ကုမ္ပဏီ၏ စီမံကိန်းနယ်မြေအဖြစ် ခြံစည်းရိုးများ တိုးချဲ့ခတ်နေမှုအပေါ် ဒေသခံများက ဟန့်တားရာမှ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားရာ မိုးကြိုးပြင် အလယ်ရွာမှ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီးတစ်ဦး ရဲတပ်ဖွဲ့၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်တွင်လည်း ထိပ်တိုက်တွေ့ဆုံမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ခတ်ခြင်းများအား ဒီဇင်ဘာ ၂၃ ရက် နံနက်အစောပိုင်းမှ စတင်ကာ ဆည်တည်း၊ တုံ၊ ရွှေလှေ အစရှိသည့် ကျေးရွာများ အနီးတွင် ပြုလုပ်ခဲ့ပြီး ဆည်တည်းရွာအနောက်ဘက် တစ်လျှောက်နှင့် ရွာမြောက်ဘက်တွင် ဒီဇင်ဘာ ၂၃ ရက် နံနက် ၆ နာရီမှစ၍ ခြံစည်းရိုးခတ်ရာ၌ ရွာသားများ တားဆီးကြရာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်နှင့် ပစ်ခတ် လူစုခွဲခြင်းကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ခြံစည်းရိုး တိုးချဲ့ခတ်ရာတွင် ဒေသခံများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် တုံကျေးရွာအနီး၌ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား နှစ်ဖက်ထိပ်တိုက် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ရွှေညဝါဆရာတော် အပါအဝင် ဆရာတော်အချို့က တားဆီးခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားမှု မရှိခဲ့ကြောင်း သိရသည်။ ခြံစည်းရိုးတိုးချဲ့ခတ်မှုအား ညနေပိုင်းအချိန်အထိ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁ဝဝ ခန့်နှင့်အတူ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆည်တည်းရွာ၏ အနောက်ဘက် မိုးကြိုးပြင်ရွာ ထွက်လမ်းနှင့် ရွာအရှေ့ဘက်တုံရွာသို့ အထွက်လမ်းကို သံဆန်ခါဖြင့် ခြံစည်းရိုးခတ်ရာတွင် စက်ကြီးများ၊ လုပ်ငန်းသုံးယာဉ်နှင့် တရုတ်အလုပ်သမား များစွာကို အသုံးပြုခဲ့ပြီး ရွာဝင်ပေါက်လမ်းများကို ပိတ်ဆို့ထားခြင်းကြောင့် ရွာတောင်ဘက်ရှိ ဇီးတော၊ ကျောက်ဖြူ တိုင်ရွာဘက်မှသာ ဆည်တည်းရွာသို့ ဝင်ထွက်နိုင်တော့ကြောင်း သိရသည်။

လက်ရှိ ခြံစည်းရိုး တိုးချဲ့ခတ်နေသည့် မြေနေရာများမှာ ဒေသခံတောင်သူများ အနေဖြင့် မြေယာနှင့် သီးနှံလျော်ကြေးများ တစ်စုံတစ်ရာ ရယူထားခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ ဒေသခံများဘက်မှ တားဆီးနေခြင်းဖြစ်ပြီး ဒေသအာဏာပိုင်များနှင့် ကုမ္ပဏီဘက်မှ လက်ခံခြင်းမရှိဘဲ စိုက်ပျိုးထားသည့် သီးနှံခင်းများအတွင်း ဇွတ်အတင်း ဝင်ရောက်ကာ ဆောင်ရွက်နေကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။ ယင်းသို့ ခြံစည်းရိုး တိုးချဲ့ခတ်ထားရာတွင် ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် သီးနှံခင်းများအတွင်းမှ ဖြတ်သန်းပြုလုပ်ခြင်း သီးနှံခင်းများအား စက်ယန္တရားများဖြင့် ထိုးခြေဖျက်ဆီး၍ ခြံစည်းရိုး တိုးချဲ့ခတ်ခြင်း ယာခင်းများအား အတင်းအဓမ္မ သိမ်းယူ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံ တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား နှစ်ဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ဆည်တည်းကျေးရွာမှ ဒေသခံများမှ ကျေးရွာအတွင်း မနေထိုင်ရဲသောကြောင့် နီးစပ်ရာ ဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်ရမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယင်းအပြင် ကျေးရွာအား မီးရှို့ဖျက်ဆီးမည်ဟု သက်ဆိုင်ရာက ပြောဆိုခဲ့ခြင်းကြောင့် ဒေသခံများမှာ ကြောက်လန့်၍ နီးစပ်ရာ ဆွေမျိုးများထံသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

“သူတို့ ခြံစည်းရိုး လာခတ်တာကို ကျွန်တော်တို့က သွားတားမလို့ ပြင်နေတုန်းမှာ ပစ်လိုက်တာ။ ဘာမှပြောချိန်ကို မရလိုက်ဘူး။ ကျွန်တော့်ကို မှန်သွားတာကို နောက်ကျမှ သိလိုက်တာ။ ကျွန်တော်တို့က အမျိုးသမီးတွေကို သေနတ်ထပ်မှန်သွားမှာစိုးလို့ ရှေ့ကနေ ကာကွယ်တဲ့ သဘောမျိုးနဲ့ သွားတာပါ။ ရဲတွေက အဝေးကနေ လှမ်းပစ်လိုက်တာ။ ၁ဝ ချက် ၁၅ ချက်ကျော်လောက် ရှိတယ်။ ကျွန်တော်တို့ ရွာကိုလည်း မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ အားလုံးက ကြောက်နေရတဲ့အပြင် မနေရဲလို့ တခြားကို ရွှေ့နေရတယ်” ဟု ဆည်တည်းကျေးရွာ အနီးတွင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးကာရံရန် လာရောက်မှုကို တားဆီးရန် ပြင်ဆင်ခဲ့မှုအား ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုခံခဲ့ရမှုကြောင့် မျက်နှာ၌ သေနတ်ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မိုးကြိုးပြင် အလယ်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းအား လုံခြုံရေးရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက်တွင် မိုးကြိုးပြင်ကျေးရွာမှ ဝမ်ပေါင်ကုမ္ပဏီ၏ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသူများ အလုပ်ဆင်းခြင်း မရှိတော့ကြောင်း သိရပြီး ကုမ္ပဏီဘက်မှလည်း မြန်မာအလုပ်သမားများကို ဝင်ခွင့်မပေးကြောင်း သိရသည်။

“သေဆုံးသူ ဒေါ်ခင်ဝင်းရဲ့ နာရေးကို မနက်ဖြန် ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်သွားမှာပါ။ မုံရွာပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသခံနေရတဲ့ လူနာကိုးယောက်မှာ နှစ်ယောက်က ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီး အားလုံး ဆေးရုံက ဆင်းလာပါပြီ” ဟု မိုးကြိုးပြင်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်းဒေသတွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ်၍ ၂ဝ၁၆ ခုနှစ်တွင် ကြေးနီစတင် ထုတ်လုပ်နိုင်ရန် ခြံစည်းရိုး ဆက်လက်ခတ်နေရခြင်းဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Admin Manager Mr.Dong Yunfei က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

“၂ဝ၁၅ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ အပြီးသတ်ပြီးရင် ၂ဝ၁၆ မှာ ကြေးနီစတင် ထုတ်နိုင်ပြီ။ အခုလက်ရှိမှာ ကျွန်တော်တို့ ခြံစည်းရိုးတွေ ဆက်ခတ်နေတယ်” ဟု ၎င်းက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများတွင် ရဲတပ်ဖွဲ့ဝင်များအပြင် တရုတ်နိုင်ငံသား လုံခြုံရေးဝန်ထမ်းများကပါ ခြံစည်းရိုးတိုးချဲ့ခတ်ရာ၌ တားဆီးဟန့်တားသူများကို အကြမ်းဖက် ဖြိုခွင်းသည်ဟူသော သတင်းများနှင့် ပတ်သက်ပြီး Mr.Dong Yunfei က ငြင်းပယ်ခဲ့သည်။

“ကျွန်တော်တို့ဆီမှာ တရုတ်လုံခြုံရေး မရှိပါဘူး။ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ဒေသခံအာဏာပိုင် ရဲတပ်ဖွဲ့က တာဝန်ယူထားပါတယ်။ ကျွန်တော့် ဝန်ထမ်းတွေ ခြံစည်းရိုးခတ်ချိန်မှာ ခြံစည်းရိုးခတ်ဖို့အတွက် ပစ္စည်းတွေပဲ ပါပါတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက် လုံခြုံရေးဝတ်စုံပြည့်နဲ့ အကာအရံ ဒိုင်းပါ,ပါတယ်။ ကျွန်တော့်ဝန်ထမ်းတွေ စတင်တိုက်ခိုက်မှု မရှိသလို တရုတ်လက်ဖြောင့်တပ်သားက ပစ်ခတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး” ဟု Dong Yunfei က ဆိုသည်။

ပဋိပက္ခကြောင့် သေဆုံးခဲ့သူ မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းအတွက် ဝမ်ပေါင်အနေဖြင့် လူမှုရေး ကူညီမှုများ ပေးအပ်လိုပြီး ခြံစည်းရိုး တိုးမြှင့်ခတ်ခြင်းမှာ ဒေသခံ ၇၁ ရာခိုင်နှုန်း၏ သဘောတူညီမှုကြောင့် ဖြစ်ကြောင်း Doung Yunfei က ဆိုသည်။

လက်ရှိအချိန်တွင် ခြံစည်းရိုး တိုးမြှင့်ခတ်နေသည့် အနီးတွင် ကျေးရွာသားများ ရှိနေသော်လည်း ယမန်နေ့ကကဲ့သို့ တိုက်ခိုက်မှုများ မဖြစ်ပေါ်ကြောင်း Dong Yunfei က ဆိုသည်။

လက်ပံတောင်း ပဋိပက္ခနှင့် ပတ်သက်၍ ပြောစကားများ

“လူတွေ မျက်နှာမသစ်ရသေးခင် အချိန်မှာ ၀မ်ပေါင်ကုမ္ပဏီနဲ့ ရဲလုံခြုံရေးတွေ ရောက်လာပြီး ရွာသားတွေရဲ့ ရိတ်သိမ်းခါနီး အသီးအပင်တွေကို ဘူဒိုဇာတွေနဲ့ အတင်းထိုးဖျက်ပြီး ခြံစည်းရိုး အတင်းခတ်တယ်။ တားဆီးဖို့ ကြိုးစားတဲ့ ရွာသားတွေကို ရဲတွေက သေနတ်နဲ့ ပစ်တားတယ်။ ရွာသားတွေက ဘာလက်နက်မှ မပါဘူး။ အနားကပ်လို့ မရအောင် အချက်ပေါင်းများစွာ ပစ်တယ်။ ရော်ဘာကျည်ဆန် မျက်နှာမှန်သူတစ်ယောက် အပါအ၀င် သုံးယောက် ထိခိုက်ဒဏ်ရာရတယ်။ အရင်ရက်က တရုတ်အလုပ်သမားတွေနဲ့ ရွာကအမျိုးသမီးတွေ လုံးထွေးသတ်ပုတ်တဲ့အထိ ပဋိပက္ခဖြစ်ခဲ့တာ တရုတ်တွေကိုင်တဲ့တူနဲ့ အထုခံရလို့ မိန်းကလေးနှစ်ဦးမှာ တစ်ဦးက အသက်ရှူရခက်ခဲပြီး နောက်တစ်ဦးက လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး”
ဇီးတောရွာ စန်းမြ၀တီကျောင်းတိုက် ဆရာတော်ဦး အာလောက

“ဒီလို အကြမ်းဖက် ဖြေရှင်းလိုက်တာဟာ ၂၀၁၅ ကို သွားနေတဲ့ လမ်းခရီးမှာ ပြည်သူတွေရော ရဟန်းရှင်လူတွေရောကို ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်။ ခြိမ်းခြောက်ရုံတင် မကဘဲ ၂၀၁၅ အခင်းအကျင်းမှာ ဒီလို သတ်ပြမယ် ဖမ်းပြမယ်၊ ဒဏ်ရာတွေရအောင် လုပ်ပြမယ်ဆိုပြီး ပြည်သူတွေနဲ့ ရဟန်းရှင်လူတွေကို အကြောက်တရားတွေနဲ့ ဆက်ပြီးသွားဖို့၊ လွှမ်းမိုးပြီး အနိုင်ကျင့် ဗိုလ်ကျချင်တဲ့ စနစ်နဲ့ အုပ်ချုပ်ချင်လို့ ဒါမျိုး ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ထင်တယ်။ အဲဒီလို ပုံစံတွေလည်း တွေ့မြင်နေရတယ်”
ရွှေည၀ါဆရာတော်

“မနက် ၁၁ နာရီလောက်မှာ ရွာအရှေ့ထိပ်ကို ပိတ်ခတ်လိုက်တဲ့အတွက် ရွာအ၀င်အထွက်ကို ကျောက်ဖြူတိုင်ဘက်ကသာ သွားနိုင်တော့မယ်။ ရဲတွေသာကမဘူး ၀မ်ပေါင်လုံခြုံရေးတွေကပါ နံပါတ်တုတ်တွေ သုံးတယ်။ ရွာသားတွေတင် မကဘူး။ ဦးဇင်းကိုပါ လိုက်ရိုက်လို့ လွတ်အောင်ရှောင်ပြီး လေးဖက်ကုန်း ထွက်ပြေးရတယ်”
ဦးဇင်း စန္ဒာသီရိ

“အမေ့ကို မန္တလေးမှာရှိတဲ့ သမီးတွေနဲ့ လာနေဖို့ ကျွန်မတို့ ညီအစ်မက ခေါ်တယ်။ အမေက သူ့ဒေသမှာ သူပျော်တယ်။ အမေပိုင်တဲ့ယာ ခုနစ်ဧကလောက် အသိမ်းခံရတယ်။ မိုးကြိုးပြင်ရွာက သူ့အိမ်လေးမှာ တစ်ယောက်တည်း နေတယ်။ သူ့မောင်ရယ် တူမတွေရယ်က လာစောင့်ရှောက်တယ်။ အရင်က ပြဿနာဖြစ်တဲ့ နေရာတွေကို မလိုက်ဖူးဘူး။ အခု သေနတ်နဲ့ အပစ်ခံရမယ့် အခေါက်မှ သူ့ယာခင်းလေးဘက် သွားကြည့်ရင်း အပစ်ခံရတာ။ အမေက ခါးနာနေတော့ ဘယ်မှ သိပ်မထွက်ဘူး။ အခုတော့ အမေ သေနတ်ဒဏ်ရာနဲ့ သေခဲ့ပြီ။ မွန်းလွဲ ၂ နာရီ ကျော်ကျော်လောက်မှာ ဖြစ်တယ်လို့ သိရပြီး ဖုန်းနဲ့ အကြောင်းကြားတော့ မုံရွာဆေးရုံမှာလိုလို ပြောပြီး ရောက်တော့မှ အဲဒီနေရာတင် သေနတ်နဲ့ အပစ်ခံရတာလို့ သိရတာ”
သေဆုံးသူ ဒေါ်ခင်ဝင်း၏သမီး မ၀င်းခိုင်

“ကျွန်မတို့ကို မတရား အလုပ်ခံခဲ့ရတာပါ။ ဥပဒေအရ ပြန်ပြီး တရားစွဲချင်ပါတယ်။ ကျွန်မတို့မှာ ဘာမှမလုပ်ရဘဲ ခံစားရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ လာရောက်တာလည်း မရှိသေးပါဘူး။ အစ်မက မိသားစုဝင်ထဲမှာ အကြီးဆုံးပါ။ သူက ခါးနာနေတာကြောင့် ကောင်းကောင်း မသွားနိုင်ပါဘူး။ အိမ်မှာပဲ တစ်ယောက်တည်း အနေများပါတယ်။ အဲဒီနေ့က သူက ဘေးကနေ ထိုင်နေခဲ့တာ။ မတရား လုပ်ခံလိုက်ရတာပါ”
သေဆုံးသူ ဒေါ်ခင်ဝင်း၏ ညီမဖြစ်သူ ဒေါ်သန်းနု

“ကျွန်မတို့ ဆည်တည်းရွာကို တရုတ်တွေက မမြင်ချင်ဘူး။ လုံခြုံရေးတွေက မီးနဲ့ရှို့မယ် သတင်းရလို့ ညကလည်း တစ်ညလုံး မအိပ်ရဘူး။ ရွာမှာ သီးနှံတင်း (၁၀၀) (၂၀၀) ထွက်တဲ့ သူတွေရှိတော့ မီးရှို့ခံရရင်တောင် စားစရာကျန်အောင် မနေ့ကတည်းက အသီးအနှံတွေကို ပွဲရုံပို့သူပို့၊ နီးစပ်ရာရွာတွေဆီ ပို့သူ ပို့ကြရတယ်။ ရွာမှာ ဂျပန်ခေတ် ပြန်ရောက်သလို ဖြစ်နေတယ်။ ဂျပန်မကြောက်ရ ကိုယ့်လူမျိုး ကိုပြန်ကြောက်နေရတယ်။ လက်နက်အားကိုးနဲ့ ပြည်သူတွေရဲ့ လယ်ယာမြေတွေကို ဓားပြတိုက်ယူနေတယ်။ ရွာသားတွေက နည်းနည်းလေး ရှိတာ။ အကူအညီပေးမယ့်သူ မရှိဘူး။ ရဲတွေ တရုတ်တွေက အလုံးအရင်းနဲ့ သိမ်းခါနီး သီးနှံတွေကို ဖျက်ဆီးပစ်တယ်။ ပါးစပ်ပေါက် ရောက်ခါနီးမှ ပုတ်ချတယ်။ ပဲစင်းငုံ၊ နွားစာပြောင်း၊ နေကြာခင်းတွေကို ဘူဒိုဇာတွေနဲ့ ထိုးဖျက်တယ်။ လူစာမရှိ နွားစာမရှိ ဖြစ်ကုန်ပြီ”
ဆည်တည်းရွာသူ တစ်ဦး

Eleven Media Group


လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် လက်ပံတောင်းပဋိပက္ခနှင့်ပတ်သက်၍ ဗကသ အဖွဲ့မှ ဆန္ဒဖော်ထုတ်၊ ဗကသအဖွဲ့မှ အချက် (၈) ချက်ပါသည့် သဘောထား ကြေညာချက်ကိုလည်း ထုတ်ပြန်ထား


ပြုံယမ်း ၊ ၂၃-၁၂-၂၀၁၄

ဆိုနီရုပ်ရှင် ကုမ္ပဏီကို ဆိုက်ဘာ တိုက်ခိုက် ခဲ့သည်ဟု အမေရိကန် အစိုးရက မြောက်ကိုရီးယား နိုင်ငံကို စွပ်စွဲပြောကြား ခဲ့ပြီးနောက်ပိုင်း အမေရိကန် အိမ်ဖြူတော်ကို ဖောက်ခွဲ တိုက်ခိုက် သွားမည်ဟု မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက် ခဲ့သည်။

ဆိုနီကုမ္ပဏီမှ ထုတ်လွှင့်ပြသ ရန် စီစဉ်ထားသည့် The Interview ဇာတ်ကားသည် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက် စေသောကြောင့် အမေရိကန် သမ္မတ အိမ်ဖြူတော်ကို တိုက်ခိုက်မည် ဟု ခြိမ်းခြောက် ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန် သတင်းဌာနကြီး တစ်ခုဖြစ်သည့် ဒေးလီးမေးလ် သတင်းစာက ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ မြောက်ကိုရီးယား အစိုးရ အနေဖြင့် ပြင်းထန်သည့် တုံ့ပြန်မှု များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ယင်း နိုင်ငံအစိုးရက ပြေကြား ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား အစိုးရ အနေဖြင့် အမေရိကန် နိုင်ငံနှင့် ရေကုန် ရေခန်း တိုက်ခိုက်ရန် ဆိုက်ဘာ တိုက်ခိုက်မှု အပါအဝင် နိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်များကို အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ဒီဇင်ဘာ ၂ဝ ရက်တွင် ၄င်းတို့၏ နျူကလီးယား လက်နက်များ အပါအဝင် ကာကွယ်ရေး တပ်ဖွဲ့များကို တိုးမြှင့်ချထား ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်ကို နျူကလီးယား ကင်းမဲ့ဇုန် အဖြစ် တည်ထောင်ရေး အစီအစဉ်သည် အမေရိကန် ပြည်ထောင်စု ၏ ရန်လိုသည့် အပြုအမူ များကြောင့် ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

ဓာတ်ပုံ - အံ့ဘွယ်ကျော် (ဆားလင်းကြီး ရဲစခန်းမှာ အမှုဖွင့်နေစဉ်)
အေးနိုင် - DVB -၂၃ ဒီဇင်ဘာ၂၀၁၄

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာ ထိမှန်သေဆုံးမှုနဲ့ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်းနဲ့ မတင်ဇာခိုင်တို့အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ရာမှာ ရဲက ချက်ချင်းလက်မခံလို့ စောင့်ဆိုင်းနေကြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ခင်းပိုင်းက သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းရဲ့အလောင်းကို မိုးကြိုးပြင်အလယ်ရွာက သူမနေအိမ်မှာ ထားရာက မုံရွာဆေးရုံကို ပို့ဆောင် စစ်ဆေးပေးဖို့နဲ့ ရင်ခွဲရုံပို့ပေးဖို့ သေမှုသေခင်းဖွင့်တာလို့ ပြန်ကြာရေးတာဝန်ခံ မတင်ဇာခိုင်က ပြောပါတယ်။

ညနေ ငါးနာရီခွဲခန့်ကနေ တနာရီနီးပါးကြာထိ ရဲက အမှုဖွင့်တာ လက်မခံသေးဘူးလို့ သူက ပြောပါတယ်။

“အခုမှ ကျမတို့က အမှုဖွင့်နေတုန်းပဲရှိသေးတယ်။ လက်မခံရဲသေးဘူး၊ သူတို့အထက်ကို မေးထားတယ် ပြောပါတယ်။ စောင့်နေပါတယ်ရှင့်။ သူတို့ဘက်က အမှုလက်ခံမခံကို မသိသေးပါဘူး။ သူတို့လည်း အထက်ကိုမေးထားတဲ့အတွက် ကျမတို့လည်း ထိုင်စောင့်နေရပါတယ်။ သူတို့ဘက်က ဒီမှာ ရှိနေတဲ့အဆင့်နဲ့ လက်ခံလို့မရဘူး ဒီအမှုက အဲလိုမျိုးဖြစ်နေတယ်"လို့ မတင်ဇာခိုင်က ပြောပါတယ်။

အလောင်းက နှစ်ရက်ကူးလာပြီဆိုတော့ ကျမတို့က ညတွင်းချင်း သယ်ချင်တယ်။ အလောင်းကို စစ်ချင်တယ်။ သူတို့က ဝေ့လည်ကြောင်ပတ်လုပ်နေတုန်းပဲ။ တိတိကျကျအဖြေကို မပေးနိုင်သေးဘူး” လို့လည်း သူက ပြောပါတယ်။

ဒေါ်ခင်ဝင်းရဲ့ နဖူးနဲ့ နောက်စေ့ပွင့်ထွက်သေဆုံးခဲ့ပေမယ့် အစိုးရဘက်ကတော့ ခြံစည်းရိုးတိုင်စိုက်တာကို ရွာသားတွေ တားဆီးနှောင့်ယှက်တဲ့အတွက် အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။

DVB TV News
https://www.facebook.com/DVBTVNews



ဒီနေ့မနက်က ဆည်တည်းရွာမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သလို တုံရွာမှာလည်း ခြံစည်းရိုးတွေ ခတ်ခဲ့ပါတယ်။ အဲဒီ့ရွာက ယာမြေတွေမှာ ပဲစင်းငုံ၊ ပြောင်းနဲ့ ကုလားပဲတို့ စိုက်ပျိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Photo: Kyaw Zaw Win/RFA

Click picture for see VIDEO
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသမှာ တရုတ်ဝမ်ပေါင် ကုမ္ပဏီက ဒီနေ့ ဆည်တည်းနဲ့ တုံရွာမှာ ခြံစည်းရိုးတွေ ဆက်လက်ခတ်နေပါတယ်။

မနေ့က မိုးကြိုးပြင်ရွာမှာ ခြံစည်းရိုးခတ်စဉ် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကျေးရွာသားတွေကြား ပဋိပက္ခဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူတစ်ဦးရှိခဲ့ပြီး ၁၃ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။

ရိုက်ကူး - ကျော်ဇောဝင်း
RFA Burmese


လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာအတိုင်း ၀မ်ပေါင်ကုမ္ပဏီနဲ့ အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာလို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

လယ်ယာမြေလျော်ကြေးကိစ္စတွေအတွက် ကျေးရွာသားတွေနဲ့ ပြေလည်အောင် ညှိနှိုင်းဖို့ ကော်မရှင်အစီရင်ခံစာမှာ ထည့်သွင်းတိုက်တွန်းထားပေမဲ့ လိုက်နာခြင်းမရှိဘူးလို့ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒါ့အပြင် ဇန်န၀ါရီလမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ လက်ပံတောင်းတောင်ပဋိပက္ခနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းသွားမယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေးကော်မတီမှာ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဒုတိယဥက္ကဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ စစ်ရေးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ၀မ်ပေါင်ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာနဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယ၀န်ကြီးတွေ စုစုပေါင်း ၁၅ဦး ပါဝင်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ဓာတ်ပုံ – ကိုဟန်ဝင်းအောင်
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးကာမှုကို  နှောင့်ယှက်တဲ့ ရွာသားတွေကို အဓိကရုဏ်းနှိမ်နင်းရေး သေနတ်နဲ့ ပစ်ခတ်တာ ရွာသူ ဒေါ်ခင်ဝင်း တယောက်သေဆုံးတယ်လို့ အစိုးရ ဘက်က မနေ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ကာရံရေးလုပ်ငန်းကို ဒေသခံရွာသားတွေက တားဆီးနှောင့်ယှက်ခဲ့ကြတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလုပ်ငန်းကို အဖွဲ့ ၃ ဖွဲ့ ခွဲဆောင်ရွက်ရာမှာ ရွာသားတွေက မြေထိုးယာဉ်ရှေ့မှာ ၀မ်းလျားမှောက်ခြင်း၊ လေးဂွဖြင့်ပစ်ခတ်ခြင်း၊ အချက်ပြအလံတိုင်များကို မီးရှို့ဖျက်ဆီးခြင်း၊ လုပ်သားတွေကို ပိတ်ဆို့ထိန်းသိမ်းခြင်းတွေလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကို တာဝန်ရှိသူတွေက ၁၂ ဗို့ပြောင်းချောသေနတ်နဲ့ စုစုပေါင်း ၁၅ ချက် ပစ်ခတ် ဖြေရှင်းခဲ့ကြောင်းနဲ့ ဖြစ်စဉ်အဆုံးသတ်မှာ ထိန်းသိမ်းခံထားရသူ လုပ်သား ၁၀ ဦးကို ပြန်ကယ်တင်နိုင်ပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ရွာသား ၉ ဦးလည်း  ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သေဆုံးသူ ဒေါ်ခင်ဝင်းဟာ နဖူးနဲ့နောက်စေ့တပြင် ပွင့်ထွက်တဲ့ဓာတ်ပုံပါမြင်ကွင်းကို ထောက်ပြပြီး အဓိကရုဏ်းနှိမ်နင်းရေးလက်နက်မဟုတ်ဘဲ ခြေမှုန်းရေးသေနတ်ကို သုံးစွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော့်အမြင်တော့ စစ်သုံးကျည်ဆန်နဲ့ ပစ်တယ်လို့ပဲ မြင်တယ်ဗျ။ သူ ပွင့်ထွက်သွားတဲ့ အနေအထားရယ်၊ သွေးက ချက်ခြင်းအိုင်ပြီး ဦးနှောက်ထွက်ပြီး သေဆုံးကွယ်လွန် ကျဆုံးသွားတဲ့ပုံကို ကြည့်ရခြင်းအားဖြင့်ပေါ့။”

“အဓိကရုဏ်း နှိမ်နင်းရေးကျည်ဆိုတာကလည်း ကျနော်တို့သိရသလောက်တော့ ဒူးအောက်ပိုင်းကို တရားသူကြီးရဲ့ ညွှန်ကြားချက်နဲ့ ဘယ်လိုအချိန်မှာ ဘယ်လို အဆင့်အထိကို  သတိပေးကြေညာချက်ထုတ်ပြန်ပြီးတဲ့အချိန်မှာ နောက်ဆုံးအကြိမ် ခြေထောက်အောက်ပိုင်းကို ဘယ်လိုပဲပစ်ရမယ်ဆိုတဲ့ အဆင့်လိုက်သတ်မှတ်ချက် ရှိပါတယ်ဗျ။ အခုလိုမျိုး ပြောင်းချောသေနတ်နဲ့ပစ်လို့ ကွယ်လွန်သွားတယ်လို့ ဖြေရှင်းချက် ကိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို စနစ်တကျ ပြုလုပ်နေတယ်လို့  ယူဆရတဲ့ အစိုးရရဲ့ တုံ့ပြန်ချက်အရ ကျနော်တို့က လက်မခံနိုင်ပါဘူးခင်ဗျ။ ဒီဖြစ်ရပ်ကို စနစ်တကျ စုံစမ်းစစ်ဆေးပြီးတော့ အမှန်တရားဖော်ထုတ်နိုင်မယ့် အစိုးရနဲ့ မပတ်သက်တဲ့ အဖွဲ့တွေနဲ့ ဖော်ထုတ်သင့်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်လို စစ်အသွင်ပြောင်းတွေနဲ့ ဖွဲ့စည်းထားသူတွေနဲ့ ဖော်ထုတ်မယ်ဆိုရင်တော့ အမှုမှန်ပေါ်ပေါက်မှာ မဟုတ်ဘူးလို့ ဆက်ပြောပါတယ်။

ရန်ကုန်မြို့ကနေ သွားရောက်တဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်မီးမီးနဲ့ ဒေါ်နီလာသိန်းတို့ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့မနက်မှာ မုံရွာဆေးရုံကို ရောက်ရှိပြီး သေနတ်ထိ ဒဏ်ရာရသူတွေကို တွေ့ဆုံကူညီကြပါတယ်။ မြင်တွေ့ရမှုကို ဒေါ်မီးမီးက ခုလို ပြောပါတယ်။

“ဒီမှာကတော့ လက်ကို သေနတ်မှန်တယ်။ ထုတ်ချင်းပေါက်သွားတဲ့တယောက်ရယ်။ ပေါင်မှာ ထုတ်ချင်းပေါက်သွားတဲ့ တယောက်ရယ် ဆေးရုံမှာ တင်ကျန်ခဲ့တယ်။ လောလောဆယ် လူနာတွေရဲ့အခြေအနေကတော့ သူတို့ အသားစတွေ ပြန်ထည့်ပြီးတော့ ကျောက်ပတ်တီး ပြန်ကိုင်ပေးထားတယ်။ သူတို့ကို ဆေးရုံရောက်အောင် ဘယ်ဌာနဆိုင်ရာမှ ကူညီတာ မဟုတ်ဘူး။ သူတို့ရွာသားတွေကပဲ အသားစတွေကို ပုဝါနဲ့ ကောက်ထည့်စည်းပြီးတော့ ဆိုင်ကယ်နဲ့ တင်ပြီး ရွာကို သယ်တယ်။ ရွာကမှ အရေးပေါ် လူနာတင်ယာဉ်နဲ့ မုံရွာဆေးရုံကို ပို့ကြတာ” လို့ ပြောပါတယ်။

လူနာတွေရဲ့ဒဏ်ရာတွေကို ကြည့်ရခြင်းအားဖြင့် ရာဘာကျည်ဆန်နဲ့ ပစ်ခတ်မှု မဖြစ်နိုင်ဘူးလို့ သူက ပြောပြပါတယ်။

“ဘယ်လိုပြောရမလဲ မသိဘူး။ ရာဘာကျည်ဆန် မဟုတ်တာတော့ သေချာတယ်။ ဒီမနက် ဆည်တည်းမှာ ဖြစ်တယ်တဲ့ မေးစေ့ကိုမှန်တာ ဘာမှမဖြစ်ဘူးပေါ့နော်။ မနေ့က ဒေါ်ခင်ဝင်းက ကျတော့ နဖူးစပ်ကို မှန်ပြီးတော့ နောက်စေ့ ပွင့်ထွက်သွားတယ်ပေါ့။ ဒါကတော့ ဘာကျည်ဆံနဲ့ ပစ်တယ်ဆိုတာ မသိဘူးပေါ့လေ။ မမြင်ရတော့။ ရာဘာကျည်ဆန် မဟုတ်တာတော့ သေချာတယ်လေ။ လူသတ်လက်နက်တခုနဲ့ ပစ်လိုက်တာပဲလေ” လို့ ပြောပါတယ်။

မနေ့ညက မုံရွာဆေးရုံ (ပြင်ပလူနာဌာန) မှာ ပြတဲ့ မိုးကြိုးပြင်ကျေးရွာသား လူနာ ၅ ယောက်ရယ်၊ မျက်စိပြတဲ့လူနာ ၂ ယောက်ကို မုံရွာကနေ ကားကြုံနဲ့ ခေါ်သွားမယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက တရုတ်ဝမ်ပေါင်ကုမ္ပဏီက လုပ်ခွင့်ရထားတဲ့ လက်ပံတောင်း ကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့ ၂၀၁၂ နှစ်ကုန်ပိုင်းက ဆန္ဒပြပွဲမှာ အစိုးရက ဖြိုခွင်းလို့ သံဃာအများအပြား မီးလောင်ဒဏ်ရာရခဲ့ကြသလို မနှစ်နှစ်ကုန်ပိုင်းကလည်း ဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နင်းလို့ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့က ဒေသခံတွေရဲ့ ပြောဆိုချက်မှာတော့ ၁ ဦးသေဆုံးပြီး အယောက် ၂၀ ခန့် ဒဏ်ရာရခဲ့သလို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်မှာ ဆည်တည်းရွာမှာလည်း ခြံစည်းရိုးခတ်တာကို တားမြစ်တာကြောင့် ပစ်ခတ်မှုမှာ ရွာသား ၂ ဦး ရော်ဘာကျည်ဆန် ထိမှန်ခဲ့ပြီး ဒဏ်ရာ စိုးရိမ်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74671


ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ် မုန်းလွဲချောင်း (Munglai Hka) တဖက်ကမ်းရှိ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ ၅ လက်အောက်ခံ ရှေ့တန်းစခန်းတစ်ခုကို အစိုးရ စစ်တပ်က လာရောက် ပစ်ခတ်မှုကြောင့် KIA ရဲဘော်နှစ်ဦး ကျဆုံးကာ တစ်ဦးအား ဖမ်းဆီးသွားသည်ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

လက်ရှိ အစိုးရ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများ ဆက်လက် ပို့ဆောင်မှုများ ရှိနေဆဲဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်တွင် ဒေါ့ဖုန်းယန်မြို့နယ် အောက်ဆားကွန်းကျေးရွာ အနီးရှိ ကေအိုင်အေ၏ ရှေ့တန်းစခန်းကို အစိုးရ၏ ခမရ တပ်ရင်း ၆၀၂ တပ်ဖွဲ့အင်အား ၂၀ ခန့်က လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့ (အစိုးရ စစ်တပ်)က အမြဲတမ်းလှုပ်ရှားနေပါတယ်။ သူတို့က စစ်ရေးဖြည့်တင်းမှုတော့ အမြဲတမ်းလုပ်နေတာပါ။ ကျနော်တို့နေတဲ့ ရှေ့တန်းစခန်း လာဝိုင်းပြီး ပစ်ခတ်တာမျိုး လုပ်တယ်။ ကျနော်တို့ဘက်က ပြန် ပစ်ဖို့ အချိန်တောင် မရလိုက်ဘူး။ သူတို့ရဲ့ တဖက်သတ် လာရောက် ပစ်ခတ်မှုပေါ့ အဲမှာ ကျနော်တို့ ရဲဘော်နှစ်ယောက် ကျသွားတယ်” ဟု ဦးလာနန်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းတွင် အစိုးရ၏ စစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့သည့် တစ်လပြည့်သည့်နေ့နှင့် တိုက်ဆိုင်နေသလို၊ အစိုးရဘက်မှ ကချင်ပြည်နယ်တွင် တည်ငြိမ်မှု မရှိသဖြင့် လုံခြုံမှု မရှိသေးကြောင်း ဖန်တီးနေခြင်း ဖြစ်သည်ဟု ဦးလာနန်က ပြောသည်။

“အခုဖြစ်တဲ့ ပစ်ခတ်မှုအားလုံးက အစိုးရဘက်ကနေပြီးတော့ ကျနော်တို့ စခန်းကို လာပြီး ချဉ်းကပ်ပြီး ပစ်ခတ်တာမျိုး၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး၊ အမြဲတမ်းလုပ်နေကြပါ။ ဒါကြောင့် သူတို့က ကချင်ဒေသမှာ တိုက်ပွဲဖြစ်နေပါတယ်။ တည်ငြိမ်မှု မရှိဘူး။ ဒါကြောင့် နိုင်ငံတကာ အကူအညီတွေက အခုအချိန်မှာ ဒုက္ခသည်တွေကို အကူအညီ မသွား သင့်ဘူး ဆိုပြီး အကြောင်းပြချက်ပေးတယ်။ အမှန်တကယ် ဒါက ရင်ဆိုင်တိုက်ပွဲလည်း မဟုတ်ဘူး။ ကျနော်တို့ တပ်စခန်းတွေကို လာပြီး တိတ်တဆိပ် ဝိုင်းယံပြီး ပစ်ခတ် တိုက်ခိုက်တဲ့ သဘောပါ။ ဒါက တိုက်ဆိုင်မှုပြောရမလား” ဟု သူက ပြောသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၀ ရက်က အဆိုပါ ကေအိုင်အေ၏ ရှေ့တန်းစခန်းအနီးရှိ အောက်ဆားကျွန်းကျေးရွာသား ၄ ဦး ကိုလည်း ကေအိုင်အိုကို အခြေချခွင့်ပြုထားသည်ဟု ဆိုကာ အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု သူက ပြောသည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် ကေအိုင်အေတို့အကြား တိုက်ပွဲ မဖြစ်ပွားခင်ကတည်းက ၄င်းနေရာတွင် ကေအိုင်အေ က အခြေချခဲ့ပြီး ဖြစ်ပြီး အစိုးရ စစ်တပ်က ဖမ်းဆီးသွားသော ကေအိုင်အေ တပ်သားတစ်ဦးနှင့် ရွာသား ၄ ဦးတို့ကို ယနေ့ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။

အစိုးရ စစ်တပ်က လာရောက် ပစ်ခတ်မှုနှင့် ရွာသားများအား ဖမ်းဆီးသွားမှုနှင့် ပတ်သက်၍ ကေအိုင်အိုက အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်နှင့်အဖွဲ့ထံ ကန့်ကွက်စာပေးပို့ထားပြီး ဖြစ်ကြောင်း သူက ပြောသည်။

ကေအိုင်အေ၏ တပ်မဟာ ၃ နယ်မြေ ဗန်းမော်နှင့် မိုးမောက်မြို့နယ် ကိုင်ထိပ် (Kai Htik)၊ စိန်လုန် (Sinlum) တို့တွင် အစိုးရ၏ စစ်တပ်အင်အား အနည်းဆုံး စစ်ဗျူဟာ ၅ ခုခန့်သည် လှုပ်ရှားနေသည်ဟု ကေအိုင်အေ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ မှ ဗိုလ်မှူးကြီး ဂျွန်းအောင်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC)တို့ ၇ ကြိမ်မြောက် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးနေသည်။

Kachin News Group
http://burmese.kachinnews.com/news

အကြမ်းဖက်သမားများကို ကြိုးပေးကွပ်မျက်သည့် အကျဉ်းထောင်
ပါကစ္စတန်သမ္မတ မန်မွန် ဟက်ဆန်က သေဒဏ်ချ ခံရသူတွေရဲ့ အသနားခံမှုတွေကို ပယ်ချခဲ့ပြီးနောက်ပိုင်း သေဒဏ်ကျ အကျဉ်းသား အယောက် ၅၀ ကျော်ဟာ နေ့ချင်းညချင်းပဲ ကြိုးပေး ကွပ်မျက်ခံရဖို့ ရှိတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ပတ်ရှဝါမြို့က ကျောင်းအကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ် ရှရစ်က သေဒဏ်ကို ပြန်ပြဋ္ဌာန်းခဲ့အပြီးမှာ အကြမ်းဖက်သမား ၆ ဦး ကွပ်မျက်ခံခဲ့ရပြီး ဖြစ်ပါတယ်။ လာမယ့် လတွေထဲမှာလည်း အကြမ်းဖက်သမား ရာနဲ့ချီပြီး ကွပ်မျက်ဖို့ ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

လူအယောက် ၁၄၁ ယောက် သေဆုံးခဲ့တဲ့ ပတ်ရှဝါမြို့က ကျောင်းအကြမ်းဖက်မှု အပြီးမှာ အကြမ်းဖက်သမားတွေကို အပြင်းထန်ဆုံး အရေးယူဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်လာတာပါ။

ပါကစ္စတန်နိုင်ငံမှာ သေဒဏ်ကျခံထားရသူ ၈ ထောင်ကျော်ရှိပြီး ကမ္ဘာပေါ်မှာ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

လာမယ့်ရက်သတ္တပတ်တွေမှာလည်း သေဒဏ်ကျအကျဉ်းသား ၅၀၀ လောက်ကို ကွပ်မျက်တော့မယ့်ကိစ္စဟာ စိတ်ညစ်စရာဖြစ်ပြီး တာလီဘန်တွေရဲ့ အကြမ်းဖက်မှု တွေကနေ ထူးထူးခြားခြား ကာကွယ်နိုင်မှာလည်း မဟုတ်ဘူးလို့ Amnesty International အဖွဲ့က ပြောဆိုပါတယ်။

ပါကစ္စတန်လူအခွင့်အရေးလှုပ်ရှားသူတွေကလည်း ဒီသေဒဏ်ချခံထားရသူတွေထဲမှာ အကြမ်းဖက်မှုနဲ့ မပတ်သက်ဆိုင်သူ အများအပြားပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ် နာဝပ်ရှရစ်ကတော့ “အကြမ်းဖက်သူရော၊ အကြမ်းဖက်မှု အားပေးကူညီသူပါ အတူတူ ဖြစ်တယ်။ တောရောမြို့မှာပါမချန် စစ်ဆင်ရေးတွေကို တိုးချဲ့လုပ်သွားမယ်”လို့  ပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က ၄ နာရီကြာ အကြမ်းဖက်မှုစစ်ဆင်ရေး အစည်းအဝေး ခေါ်ခဲ့ပါတယ်။ ဘာသာရေးအစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုဟာ ပါကစ္စတန်နိုင်ငံမှာ ကင်ဆာရောဂါလို ပျံ့နှံ့နေပြီး အမြစ်ပြတ် ဖယ်ရှားဖို့ အချိန်တန်နေပြီလို့လည်း ပြောဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74681

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.