12/27/14

ရန်ကုန်၊ ဒီဇင်ဘာ ၂၆- ဗုဒ္ဓရုပ်ပွား တော်ပုံကိုအသုံးပြု၍ DJ ဖျော်ဖြေပွဲ ကြော်ငြာ ခဲ့သည့် ဂက်စ်တိုဘားအမှုကို ဒီဇင်ဘာ ၂၆ရက်တွင် နယူးဇီလန်နိုင်ငံသားကို စတင်စစ်ဆေးခဲ့ရာ ၎င်းက ဆိုင်အရောင်းမြှင့်တင်ရေးအတွက်သာ google မှ ဗုဒ္ဓပုံ တော်များကိုကူးယူ၍ အင်တာနက် ပေါ်တင်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့ကြောင်း ဗဟန်းတရားရုံးထံမှ စုံစမ်းသိရသည်။

''ါသသါူန ကတစ်ဆင့် ဆိုင်အ ရောင်းမြှင့်တင်ဖို့အတွက် ပုံတွေရှာခဲ့တယ်။ ပုံ ၂ဝလောက် ရှာတွေ့ခဲ့တယ်။ အဲဒီထဲကမှ တစ်ပုံကိုကူးယူတင်ခဲ့တာဖြစ်တယ်။ ဘာသာရေးကို စော်ကားဖို့မရည်ရွယ်ပါဘူး။ အဲဒီအတွက်လဲ ဖေ့စ်ဘွတ်ခ်က တစ်ဆင့် ပြန်တောင်းပန်ထားတဲ့အတွက် အပြစ်မရှိပါဘူး''ဟု နယူးဇီလန်နိုင်ငံ သား ဖိလစ်က တရားခွင်တွင်ထွက်ဆိုခဲ့သည်။

ယင်းအပြင် ၎င်း၏ပြည်ဝင်ခွင့် ဗီဇာကို ၂၀၁၄ခုနှစ် အောက်တိုဘာ ၂၆ရက်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗီဇာထုတ်ပေးသည့်နေ့မှ ၁ဝပတ်အထိ သက်တမ်း ရှိကြောင်း၊ ယခု ဂက်စ်တိုဘားဆိုင်တွင် အထွေထွေ မန်နေဂျာအဖြစ် တစ်လလျှင် လစာငွေ အမေရိကန်ဒေါ်လာ ၂၅၀ဝနှင့် နေထိုင်စရိတ် အမေရိကန်ဒေါ်လာ ၁၀၀၀ ရရှိကြောင်း၊ ယင်းဆိုင်၏အ ရောင်းမြှင့်တင်ရေးအတွက် ဗုဒ္ဓပုံတော်ဖြင့် အင်တာနက်တွင် တင်ရာတွင် ဆိုင်ရှင်က ပါဝင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုခဲ့ပြီး ၎င်း အနေဖြင့် ဆိုင်ပိုင်ရှင် မည်သူမည်ဝါဖြစ်သည်ကို မသိရှိကြောင်းလည်း ထွက်ဆိုခဲ့သည်။

''ဒီနေ့က ဖိလစ်ကိုစပြီးစစ်ဆေး တာပါ။ အပြစ်ကျမယ်၊ မကျဘူးဆိုတာ တရားသူကြီးဆုံးဖြတ်မှာပါ''ဟု ဖိလစ်၏ရှေ့နေ ဦးမြသွေးက မီဒီယာများနှင့်တွေ့ ဆုံစဉ် ပြောကြားသည်။

ဖိလစ်အတွက် ၎င်း၏နိုင်ငံဘက်မှတုံ့ပြန်ပြောဆိုရန် မြန်မာနိုင်ငံတွင် နယူးဇီလန် သံရုံးမရှိကြောင်း ဦးမြသွေး၏ ကနဦးပြောကြားချက်များအရသိရသော်လည်း ဒီဇင်ဘာ ၂၆ရက်တွင် မီဒီယာများနှင့်တွေ့ဆုံ စဉ် နယူးဇီလန်နိုင်ငံသည် မြန်မာ နိုင်ငံတွင် သံရုံးဖွင့်နိုင်ရန် NGO အဖွဲ့အစည်းတစ်ခုမှ စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း ဦးမြသွေးက ပြောကြားသည်။

နယူးဇီလန်နိုင်ငံသားဖိလစ်က ၎င်းသည် ဖေ့စ်ဘွတ်ခ်တွင် ဗုဒ္ဓပုံတော်နှင့် ပတ် သက်ပြီး ပြန်လည် တောင်းပန်ခဲ့ကြောင်း၊ ဘားဆိုင်ပိုင်ရှင်ကလည်း ၎င်းသည် ဆိုင်၏တာဝန်များကို GM ကို လွှဲထားသည့်အတွက် အပြစ်မရှိကြောင်း ငြင်းဆို ထားပြီး ဘားဆိုင်မန်နေဂျာကလည်း ၎င်းသည် အလုပ်ဝင်သည်မှာ တစ် ပတ်ခန့်သာရှိသေးသဖြင့် ၎င်း၏အလုပ်ပိုင်းနှင့် ဖိလစ်၏ လုပ်ငန်းဆောင် ရွက်မှုအပိုင်းမှာ မတူညီသဖြင့် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်ဟု ဒီဇင်ဘာ ၁၈ရက်က စစ်ဆေးသော တရားခွင်ထံမှ စုံစမ်းသိရသည်။

ပန်းသီးတံဆိပ် လက်ပ်တော့တစ်လုံးအား အားသွင်းကြိုးအဖြူ ရောင်ဖြင့် အားသွင်းလျက် ဗုဒ္ဓပုံတော်ပါ ဘားဆိုင်ကြော်ငြာစာရွက် တစ်ရွက်ကိုလည်း သက်သေခံအဖြစ် ရုံးတော်သို့ တင်သွင်းထားကြောင်း ယင်း တရားရုံးမှ စုံစမ်းသိရသည်။

ယင်းအမှုအတွက် သာသနာ ညှိုးနွမ်းစေမှုဥပဒေပုဒ်မ-၂၉၅အ ပြင် ဗုဒ္ဓပုံတော် ကိုပျက်စီးနစ်နာစေ ရန် တမင်မသာမာမှုဖြင့် စော်ကားမှု၊ စော်ကားရန်အားထုတ်မှု ပုဒ်မ-၂၉၅ (က)၊ ယစ်မျိုးလိုင်စင်အရ ဆောင် ရွက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိုထိခိုက်မှုမဖြစ်ပေါ်စေရေး စသည့် နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့၏ ကြေညာ ချက်ကို ဖောက်ဖျက်ခဲ့သည့် ဒေ သန္တရအုပ်ချုပ်ရေးကိုဖီဆန်မှု ပုဒ်မ- ၁၈၈တို့ဖြင့် ထပ်မံတရားစွဲထားခြင်း ဖြစ်ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရသည်။

ဂက်စ်တိုဘား၏ DJ ဖျော်ဖြေ ပွဲကို ဗုဒ္ဓ၏ပုံတော်ကိုသုံး၍ ကြော်ငြာခဲ့ရာ လူမှုကွန်ရက်သုံးသူများက ဝေ ဖန်ခဲ့ကြပြီး ယင်းဘားကိုလဲ ယာယီ ပိတ်သိမ်း ထားကြောင်း တရားဝင် သတင်းများအရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂ရက်တွင် ဆိုင်မန်နေဂျာနှင့် ဆိုင်ပိုင်ရှင်ကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း တရားရုံး၏ တရားဝင်ထုတ် ပြန်ချက်အရ သိရသည်။

KMZ
‪#‎Democracytoday‬

ယခု မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထား သည့်ဥပဒေများသည် အင်္ဂလိပ်လက်ထက် က ပြဋ္ဌာန်းခဲ့ ရာတွင်လည်း ပြည်သူကို ဖိနှိပ်ခဲ့သည်။ စစ်အစိုးရများ လက်ထက် ပြဋ္ဌာန်းခဲ့ရာ တွင် လည်း ပြည်သူကို ဖိနှိပ်ခဲ့သည်။ ယခုဒီမိုကရေစီ စနစ်သို့ သွားနေ သည့်ခေတ်တွင်လည်း လွှတ်တော်များက ပြဋ္ဌာန်းနေသည် မှာလည်း ပြည်သူကို ဖိနှိပ် နေသည်။ အထင်ရှားဆုံးမှာ ၂၀၀၈ အ ခြေခံဥပဒေပင်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲ ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပါဝင်အရွေးချယ်ခံမည့် သူများမှ ရန်ကုန်တောင်ပိုင်းခရိုင် ကိုယ်စားပြုသူ ဒေါက်တာအေးမင်း၊ မြောက်ပိုင်းခရိုင် ကိုယ်စားပြုသူ ဒေါ်နော်လှလှစိုး (ခ) စူစန်နာ၊ အနောက် ပိုင်းခရိုင်ကိုယ်စားပြုသူ ဦးဝင်းချိုတို့က ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ကြပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးပုံ နည်းစနစ်များကို ပြည်သူ များအား ကျယ်ကျယ်ပြန့်ပြန့် ပေးခြင်းပြုသင့်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးကိုကိုကြီးက ပြောကြားခဲ့ပါသည်။ ယခုစည်ပင်ရွေးကောက်ပွဲကို နိုင်ငံပိုင်သတင်းစာများက ကျယ် ကျယ် ပြန့် ပြန့် ဖော်ပြမှုအားနည်းသည်သာမက အခကြေး ငွေဖြင့် ဖော်ပြသည်ကိုပင် လက်မခံဟု ကော်မတီ ၀င်လောင်း ဦးခင်လှိုင်(ဇောတိက) ကလည်းပြောကြားနေပါသည်။ …ဤသို့ စည်ပင်ရွေးကောက်ပွဲသည် ပွင့်လင်းမှုမရှိ ကြောင်း၊ အများသိအောင် မလုပ်ကြောင်း အတော်လေး ဝေဖန် သံများ ကြားနေရပါ သည်။ ရွှေတိဂုံဘုရားဂေါပ က ရွေးပွဲကို ၁၉၈၀ ခုနှစ်ခန့်ကသွားဖူးပါသည်။ ဘုရား ဖူးလာသူမည်သူမဆို ဂေါပကလူကြီးဝင် ပုဂိ္ဂုလ်အား မဲပေးသွားနိုင်ပါသည်။ လူမည် ရွေ့မည်မျှမဲပေးရမည် မသတ်မှတ်ထားပါ။ ယခုစည်ပင်ကိုလည်း ထို့အတူဟု ထင်ပါ သည်။ လူများများမလာလေ သူတို့ လို လားသူ မဲနိုင်လေဖြစ်အောင် စီစဉ်ထားဟန် ရှိပါသည်။ နှစ်ပေါင်း ၆၀ခန့် မကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်ကော်မ တီဝင် ရွေးကောက်ပွဲမှာ လူသိများစေရန် သက် ဆိုင်သူ များက လုပ်ပေးသင့်ပါသည်။ ဟန် ပြသာ လုပ်နေကြောင်း ထင်ရှားပါသည်။ ပြီးတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဥပဒေကို လေ့လာကြည့်ပါက ပြည်သူကို အလေးမထားပါ။ ကော်မတီဖွဲ့စည်းခြင်း အခန်း(၂)၊ ပုဒ်မ (၃) မှာ နိုင်ငံသား အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းရမှာ ဖြစ်ပါ တယ်။

ဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတက မြို့တော်ဝန် အဖြစ် ခန့်အပ်ထားသည့် ၀န်ကြီးဖြစ်ရပါမည်။ ထို့ပြင် အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ ကော်မတီဝင်က ၄ ဦး ဖြစ်ပါတယ်။ အဲဒီထဲက အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးတို့ကို လည်း တစ်ပါတည်း သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်း ပေးထားပြန်ပါသည်။ သည်တော့ အရေးပါတဲ့ တကယ့်အချက် ကျနေရာတွေမှာ ထားရာနေ စေရာသွားမည့် အစိုးရ၏လူများကို ခန့်ထားပြီးဖြစ်ကြောင်း တွေ့ရပါတယ်။ ပုဒ်မ ၅ မှာ ကော်မတီ၏ ဥက္ကဋ္ဌ သည် ရန်ကုန်မြို့တော်ဝန်ဖြစ်သည်ဟု ထပ်မံပြဋ္ဌာန်းထားသော်လည်း အတွင်းရေးမှူးသည် မည်သူ့ကိုခန့်ထား သည်ဟု မဖော်ပြထားပါ။ တွဲဖက်အတွင်းရေးမှူးကိုတော့ ဌာနကြီးမှူးသည် ကော်မတီ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သည်ဟု ပုဒ်မ ၆၌ အတိအလင်း ပြဋ္ဌာန်းထားပါသည်။

ကျန် အဖွဲ့ဝင်(၄)ဦးကိုတော့ မြို့တော်နယ်နိမိတ် အတွင်း စည်ပင်သာယာခရိုင် ၄ ခရိုင်မှ ခရိုင် (၁)ခရိုင်လျှင် ကိုယ်စားလှယ် တစ်ဦး နှုန်းဖြင့် ရွေးကောက် တင် မြှောက်သူ ၄ ဦးကို ကော်မတီဝင် ၄ ဦးဟု ပုဒ်မ၃(ခ)၌ ပြဋ္ဌာန်း ထားပါသည်။ ထို ၄ ဦးမှာ အတွင်း ရေးမှူး မဖြစ် နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပုဒ်မ ၄ ပြဋ္ဌာန်းချက်တွင် အစိုးရ အဖွဲ့က ခန့်အပ်တာဝန်ပေးသူ ကော်မတီ ၀င် ၄ ဦးအနက်မှ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်ဟု ဆိုထား သော ကြောင့်ဖြစ်ပါသည်။ ကိစ္စတစ်ခုကိုမဲခွဲလျှင် အစိုးရခန့် ၅ ဦးက အနိုင်ရရန် ထက်ဝက် ကျော်ခန့်ထားပြီး၍ ကျန် ၄ ဦးမှာ ဟန်ပြသာဖြစ်ကြောင်း သိသာပါသည်။ ဤတွင် အစိုးရဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ဆိုကြောင်း ၂၀၁၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥပဒေ အမှတ် ၆ မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နေ့က ပြဋ္ဌာန်းထားတဲ့ ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင် တွေ့ရပါသည်။ သည်လိုဆိုတော့ လက်ရှိအစိုးရများ၊ ယခင်အစိုးရများ သည် ပြည်သူကို အခွင့်အရေးတွေ ပိတ် ဆို့ပြီး အုပ်ချုပ်ကြခြင်းကို တွေ့ရပါသည်။

ဤဥပဒေမှာ ပြည်သူ့ကိုယ်စားလှယ် များကို ဦးစားမပေး၊ တရားမျှတမှု မရှိ သည်ကို တွေ့ရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တို့ကို ကော်မတီဝင် (၉)ဦးက ဆန္ဒပေးရွေးချယ်ခွင့် ပေးမထား ဘဲ တိုက်ရိုက်ခန့် ထားသောကြောင့် ဖြစ်ပါသည်။ ဤကော်မတီတွင် အစိုးရအဖွဲ့က ခန့်အပ်တာဝန် ပေးသူက (၄) ဦး၊ မြို့တော်ဝန်က တစ်ဦးဆိုက (၅) ဦးမှာ အစိုးရဘက်သား၊ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်ရ သူများ ဖြစ်နေ ပါသည်။ မဲခွဲလျှင် ၅ မဲက ရပြီးသား၊ ထက်ဝက်ကျော်ပြီးသား။ ဥက္ကဋ္ဌရွေးလည်းသူတို့ပဲ၊ အတွင်းရေးမှူး ရွေးလည်း သူတို့ပဲ ဖြစ်မှာကိုပင် တစ်ခါတည်း ခန့်ထားကြောင်း ဥပဒေမှာ ပြဋ္ဌာန်းထားပါသေး သည်။ ဒီဥပဒေကို တရားမျှတပါသည်ဆိုလျှင် —- စားပြီးပြောလျှင်ပင် ယုံရန် ခက်ပါသေးသည်။ ဒီလိုပုံနဲ့ ဒီမိုကရေစီ စနစ်ဆီ သွား နေလို့ကတော့ မိုးကြီးချုပ်လို့ အိမ်ပြန်ရောက်မည် မဟုတ်ပါ။ မိုနိုပိုလီ စနစ်ပဲ ရောက်ပါသည်။

ယခု မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထား သည့်ဥပဒေများသည် အင်္ဂလိပ်လက်ထက် က ပြဋ္ဌာန်းခဲ့ရာတွင်လည်း ပြည် သူကို ဖိနှိပ်ခဲ့သည်။ စစ်အစိုးရများ လက်ထက် ပြဋ္ဌာန်းခဲ့ရာတွင်လည်း ပြည်သူကို ဖိနှိပ်ခဲ့ သည်။ ယခုဒီမိုကရေစီ စနစ်သို့ သွားနေ သည့်ခေတ်တွင်လည်း လွှတ်တော်များက ပြဋ္ဌာန်းနေသည်မှာလည်း ပြည်သူကို ဖိနှိပ် နေ သည်။ အထင်ရှားဆုံးမှာ ၂၀၀၈ အ ခြေခံဥပဒေပင်ဖြစ်သည်။ ဒုတိယမှာ ငြိမ်း/ စီ ဥပဒေပင်ဖြစ်သည်။ ဥပဒေပြ ဋ္ဌာန်းရာတွင်လည်း စစ်တပ်မှ မွေးဖွားပေးလိုက်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပုဂိ္ဂုလ်အများစုက လွှတ်တော် တွင်းသို့ နည်းမျိုးစုံဖြင့်ဝင် ရောက်နေသူများဖြစ်သည်။ ထို့ပြင် တပ်မတော်ကိုယ်စားလှယ်များက မဲဆန္ဒမပါဘဲ လေးပုံတစ်ပုံ ပါဝင်နေသေးသည်။ သည်တော့ မဲခွဲလျှင် အခြားပါတီမှကိုယ်စားလှယ်များ ဆန္ဒအရာမထင်တော့ ပေ။

မိုနိုပိုလီ (Monopoly) လက်ဝါးကြီး အုပ်စနစ်သာ ဖြစ်နေလေသည်။ ရန်ကုန် စည်ပင်နည်းဥပဒေများ တွင်လည်း ကော် မတီဝင်များ မည်သို့ရွေးကောက် တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းချက် မတွေ့ရပါ။ ထုတ်ပြန်ခဲ့သည့် နည်း ဥပဒေများမှာ ကျန်းမာရေးဆိုင်ရာ နည်းဥပဒေများ (၄/၉၉)၊ ဘဏ္ဍာရေးဆိုင်ရာ နည်းဥပဒေ (၅/၉၉)၊ ရေပေးရေး နှင့် သန့်ရှင်းမှုဆိုင်ရာ နည်း ဥပဒေ (၆/၉၉)၊ ဈေးများဆိုင်ရာ နည်း ဥပဒေ(၇/၉၉)၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဆိုင်ရာ နည်းဥပဒေ (၈/၉၉)၊ အ ဆောက်အအုံဆိုင်ရာ နည်းဥပဒေများ (၉/၉၉)၊ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေ (၁၀/၉၉)၊ လမ်းနှင့်တံတားဆိုင်ရာ နည်းဥပဒေ (၁၁/ ၉၉)၊ ယာဉ်၊ ကူးတို့၊ ပွဲရုံနှင့် ပုဂ္ဂလိက ငွေချေးလုပ်ငန်းများ (၁၂/၉၉)၊ တိရစ္ဆာန်များမွေးမြူခြင်းနှင့် သားသတ်ရုံများဆိုင်ရာ နည်းဥပဒေ (၁၃/၉၉)၊ ပစ်္စည်းခွန်စည်း ကြပ်ခြင်းနှင့် ကောက်ခံခြင်းဆိုင်ရာ နည်း ဥပဒေ(၁၄/၉၉)၊ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများ (၁၅/၉၉)၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေ (၃/ ၂၀၀၁)တို့ဖြစ်ပါ သည်။ ရွေးကောက်ခြင်းဆိုင်ရာ နည်းဥပဒေကို ၂၀၀၁ ထိ ပြဋ္ဌာန်း ထားသည်ကို မတွေ့ရပါ။ သို့သော်လည်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် များ ရွေးကောက်တင် မြှောက် ရန် မကြေညာမီ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ စွဲဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၄ဖြင့် နည်းဥပဒေများကို အနီးကပ် ၍ (၄ လ) အလိုတွင်မှ ထုတ်ပြန်ပေးခဲ့ ပါသည်။

အဆိုပါနည်းဥပဒေ ပုဒ်မ ၅၃ တွင် ကော်မရှင်သည် သက်ဆိုင်ရာ ခရိုင်များ နှင့် မြို့နယ်များအလိုက် ရရှိသည့် ဆန္ဒမဲစာရင်း အများအနည်း အစဉ်အတိုင်း ရရှိသည့် ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို မှတ်တမ်းတင် ပြီး ၄၈ နာရီ အတွင်း သက်ဆိုင်ရာ ခရိုင်အလိုက်ရွေး ကောက်တင်မြှောက် သည့် ကော်မတီဝင် ကိုယ်စားလှယ် များ၏ မဲရရှိမှု အမည်စာရင်း၊ သက်ဆိုင်ရာ ခရိုင်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (ရပ်မိရပ်ဖ ကိုယ်စား လှယ်) များ၏ မဲရရှိမှု အမည်စာရင်း၊ သက်ဆိုင် ရာခရိုင်စည်ပင်သာယာရေး ကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင် ကိုယ်စားလှယ်)များ၏ မဲရရှိမှုအမည်စာရင်း၊ သက်ဆိုင်ရာ ခရိုင်စည်ပင်သာယာရေး ကော်မတီ ၀င် (လူမှုရေးအဖွဲ့အစည်းကိုယ်စားလှယ်)များ၏ မဲရရှိမှုအမည်စာရင်း၊ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ (ရပ်မိရပ်ဖ ကိုယ်စားလှယ်)များ၏ မဲရရှိမှုအမည်စာရင်း၊ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာ ယာရေးကော်မတီဝင် (အတတ် ပညာရှင်၊ အသိပညာရှင်ကိုယ်စားလှယ်)များ၏ မဲရရှိမှု အမည်စာရင်း၊ သက် ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် (လူမှုရေးအဖွဲ့အစည်း ကိုယ်စားလှယ်) များ၏ မဲရရှိမှုအမည် စာရင်းတို့ကို ကြေညာပြီး မဲအများဆုံး ပုဂိ္ဂုလ်များကိုသာ ရွေးကောက် တင်မြှောက်ခံရသူဖြစ်နိုင် ပါသည်။ အနိုင်ရသူ မည်သူသည် မည်သို့သော မည်မျှသော မဲရပါက အနိုင်ရသူအဖြစ်ကြေညာ ရမည်ဟုဖော်ပြ ထားခြင်း မရှိ ပါ။ ပုဒ်မ ၅၄ တွင် ကော်မရှင်သည် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ရွေးကောက်တင်မြှောက် သူများအား ခန့်အပ် တာဝန်ပေးနိုင်ရန် ကော်မတီသို့ တင်ပြရမည်ဟုသာ ပြဋ္ဌာန်းထား သည်ကို တွေ့ရပါသည်။

ထိုသို့ မဲများ ရရှိနိုင်ရန် ရွေးကောက် တင်မြှောက်နိုင်ရန် မြို့နယ်ကော်မရှင်အဖွဲ့ ခွဲသည် ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် မဲပုံး(၇)ပုံး ထားရှိရမည်ဖြစ်ပါသည်။ (က) ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် (၁)ပုံး၊ (ခ) ခရိုင်စည်ပင် သာယာရေးကော်မတီဥက်္ကဋ္ဌ (ရပ်မိရပ်ဖ) (၁)ပုံး၊ (ဂ) ခရိုင်စည်ပင်သာယာရေးကော်မ တီဝင် (အတတ်ပညာရှင်၊ အသိ ပညာရှင်) (၁)ပုံး၊ (ဃ) ခရိုင်စည်ပင်သာယာရေးကော်မ တီဝင် (လူမှုရေးအဖွဲ့ အစည်း) (၁)ပုံး၊ (င) မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(၁)ပုံး၊ (စ) မြို့နယ်စည်ပင်သာယာ ရေး ကော်မတီဝင်(အတတ်ပညာရှင်၊ အသိ ပညာရှင်)(၁)ပုံး၊ (ဆ) မြို့နယ်စည်ပင်သာ ယာရေးကော်မတီဝင် (လူမှု ရေးအဖွဲ့အစည်း)(၁)ပုံးတို့ကိုထားရှိမည်ဖြစ်ကြောင်း ဥပဒေပုဒ်မ ၃၇ ၌ ပြဋ္ဌာန်းပေးထားပါ သည်။

ထိုအခါ မဲဆန္ဒ ပေးမည့်သူများသည် ရာထူးနေရာအတွက် ရွေးချယ်ရန် မခက်သော်လည်း အတတ်ပညာရှင် အသိပညာရှင်၊ လူမှုရေးအဖွဲ့အစည်းမှ မည်သူမည်ဝါ ဖြစ်သည်ကို မည်သို့ရွေးချယ်ရန် စီစဉ်ထား ကြောင်း ကြိုတင်၍ ရှင်းလင်း ပြသသည်ကို ယနေ့ (၂၇-၁၂-၁၄) မတိုင်မီအထိ ရှင်းလင်းပညာပေးသည်ကို မြို့နယ်များ၌ မကြားမိသေးပါ။ မြို့ နယ်ရှိ ပြည်သူများကလည်း စိတ်မ၀င်စားကြပါ။ သို့သော် သက်ဆိုင်ရာ ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲက ရှင်းလင်းပြမည်ဆိုပါက အတော်အတန် စိတ်ဝင်စားနိုင်ပါသည်။ နည်းဥပဒေတွင် အသက် ၁၈ နှစ်ပြည့်သူသည် မဲ ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို မဲဆန်္ဒပေးမည့်သူများ မည်ရွေ့မည်မျှ လာရောက်မဲပေးမှ အထ မြောက်မည်ဟူ၍ လည်း ဥပဒေတွင်မပါရှိသောကြောင့် လာရောက်မဲပေးသူများ၏ ထက်ဝက်ကျော်မှ အနိုင်ရသူ ဟုလည်း သတ်မှတ်ရန် မလိုဟု ယူဆပါသည်။ မဲအများအနည်းစဉ်၍ ၄ ယောက်သတ်မှတ်လျှင် ၄ ယောက်မှာ မဲအများဆုံး လူဖြစ်ရန်သာ ရှိပါသည်။ တစ်ယောက် သတ်မှတ်လျှင် မဲအများဆုံး တစ်ယောက် ယူရန်သာဖြစ် ကြောင်း ယူဆမိပါသည်။ သို့ဖြစ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေများ၏ သရုပ်သကန် သိရှိရန် အချိန်မီ ရေးသားတင်ပြလိုက်ရပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဒီမိုကရေစီစနစ်ကို ဦးတည်သော ကမ္ဘာ့ဖွဲ့စည်းပုံများတွင် လူထုက မရွေးကောက်သော တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင် မရှိ။ စစ်တပ်က အချိန်မရွေး အာဏာ သိမ်းနိုင်သည်ဟု မပါ။ သမ္မတ အထက်တွင် ကာ/လုံဆိုသည်မှာ မရှိ။ စစ်အာဏာရှင်တို့ကို အကာအကွယ်ပေးသော နောက်ကြောင်းပြန် အကျိုးသက်ရောက်ခြင်းမရှိစေရ ဟူသော ပုဒ်မမျိုး မပါပေ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖွဲ့စည်းပုံအသစ်နှင့် တက်လာသော အစိုးရအဖွဲ့သစ်၏ သက်တမ်းမှာ နောက်ဆုံးကာလများသို့ ရောက်ရှိနေပါ သည်။ ဖွဲ့စည်းပုံအသစ်ကို ကာကွယ်ရေးအတွက် အစိုးရသစ်ကရော၊ တပ်မတော်ကပါ သူတို့တာဝန်ဟု ယူဆ ခဲ့ကြရာ နေမြင့်လေအရူး ရင့်လေလေဖြစ် လာလေသည်။ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုရာ၌ တပ်မတော် သည် အမျိုးသားနိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍတွင်ရှိနေသည်ဟု ဆိုခဲ့သလို ယခု ၂၀၀၈ ဖွဲ့စည်းပုံ ကို ကာကွယ်စောင့်ရှောက်ရာတွင် တပ်မတော်သည် အရေးကြီးအခန်းတွင်ရှိနေသည်ဟု သမ္မတက တိုင်းသိ ပြည်သိ ကမ္ဘာသိ ကြေညာခဲ့လေသည်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြည်သူလူထု ၉၂ ဒသမ ၄၇ ရာခိုင်နှုန်းက ထောက်ခံသော ဖွဲ့စည်းပုံဖြစ်ကြောင်း၊ နိုင်ငံရေးသုခမိန်များ၊ ပညာရှင်များ ရေးဆွဲသော အလွန်ပင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ကို လျှောက်လှမ်းသည့် ဖွဲ့စည်းပုံဖြစ် ကြောင်း တဖွဖွပြောဆိုခဲ့လေသည်။…

၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲစဉ်က မည်သည်အစိုးရက ရေးဆွဲသလဲ။ နိုင်ငံ တကာပညာရှင်များနှင့် ကမ္ဘာကအသိ အမှတ်ပြုသော ဖွဲ့စည်းပုံဖြစ်သလား။ ဗိုလ်သန်းရွှေအုပ်ချုပ်သော စစ်အာဏာရှင်များ ၏ညွှန်ကြားချက်အရ ရေး ဆွဲသောဖွဲ့စည်း ပုံဟုတ်မဟုတ်၊ လူထုက မရွေးချယ်သော စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထည့်သွင်း ထားသော ဖွဲ့စည်းပုံဖြစ်၍ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်မရောက်ကို ကာချုပ်သည် ကမ္ဘာ့စံချိန်စံညွှန်း များနှင့် ချိန်ထိုးကာ စဉ်းစားကြည့်လျှင် သဘောပေါက်ပေမည်။ သို့သော် ကာချုပ်က ပြည်သူလူထု ၉၂ ဒသမ ၄၇ ရာခိုင်နှုန်းက ထောက်ခံသော၊ ပညာရှင်များနှင့် ရေးဆွဲ သော ဖွဲ့စည်းပုံဖြစ်သည်ဟု ချီးကျူးထော မနာပြု ကာ ပြောဆိုနေခြင်းမှာ လက်တွေ့ ဖြစ်ရပ်များနှင့် ကင်းကွာနေပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် အမှန်တကယ် ဒီမိုကရေစီစစ်သော ဖွဲ့စည်းပုံဟု အာမခံပြောဆိုလျှင် အမှန်တကယ် ဒီမိုကရေစီမစစ်ပါဟု ပြောဆိုနေသည့် NLD ပါတီနှင့် ဒေါ်အောင်ဆန်း စုကြည်လို အတိုက်အခံခေါင်းဆောင်နှင့် ဘာကြောင့် ဆွေးနွေး သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံဘက်မှ ငြင်းခုံကာကွယ်ခြင်း မပြုနိုင်ပါသလဲ။

၂၀၁၀ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီး ကာကွယ်ရေးဦးစီးချုပ်အသစ်နှင့် တပ်မတော်သစ် တစ်ခု ပေါ်ပေါက်လာကာ မြန်မာနိုင်ငံတွင် ဂုဏ်ယူဝင့်ကြွားနိုင်သော တပ်မတော်တစ်ခု ဖြစ်လာမလား ဟု မျှော်လင့်ခဲ့ ကြ၏။ သမိုင်းအဆက်ဆက် အစဉ်အလာကြီးခဲ့သော နိုင်ငံရေးသမားများကမူ ထူးမခြားနားသော အစိုးရ၊ ထူး မခြားနားသော စစ်တပ်ဟု သိရှိနားလည်ခဲ့ကြသော်လည်း ယခင်စစ်အစိုးရနှင့် မတူသော အရပ်သားအစိုးရဟု ထင်ခဲ့သော သူများကမူ ထင်သလိုဖြစ်မလာသည့်အတွက် ဆွေ့ဆွေ့ခုန်သွားကြပါတော့သည်။ စစ် တပ်မှာ လည်း ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့စိတ်ကြိုက် ခန့်အပ်ဖွဲ့စည်းခဲ့သော စစ်တပ်ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မပေးနိုင်ဟု ဆိုခဲ့သည်မှာလည်း သဘာဝကျပါသည်။

၂၀၁၅ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ နီးလေလေ၊ သမ္မတသစ်နှင့်အတူ လျှောက်လှမ်းဖို့ ကာကွယ်ရေး ဦးစီးချုပ်တစ်ယောက် ရွေးချယ်ဖို့ နီးလာလေလေ ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေးနှင့်ပတ်သက်သော မည် သည့်စကား လုံးကိုမှ မကြားချင်ကြ တော့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ဖို့ အခိုင်အမာ ပြောဆိုသူမှာ ကာကွယ်ရေးဦးစီး ချုပ်က အဓိကဖြစ်၏။ သမ္မတက ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဖို့ မပြောသော်လည်း ပြင်ဖို့ကိစ္စကိုလည်း နှုတ်ပိတ်နေ၏။ ၆ ပွင့်ဆိုင်တွေ့ဆုံဖို့ လွှတ် တော်က အတည်ပြုခဲ့သော်လည်း သမ္မတက ငြင်းပယ်ခဲ့သည်။ သမ္မတကြီး ပြောသည့် ၆ ပွင့်ဆိုင်တွေ့ဆုံဖို့ကို ငြင်း ပယ်သည်မှာ မသေချာ၊ မခိုင်မာလှပါဟု ဆိုကြသော်လည်း သမ္မတပြောရေး ဆိုခွင့်ရှိသူမှာ သမ္မတ မပြော ဘဲနှင့် မိမိသဘော နှင့်မိမိ ဘယ်တော့မှ ပြောခွင့်မရှိပေ။

ပြောလည်းပြောမည် မဟုတ်ပေ။ အထူးသဖြင့် စစ်တပ် မှ ဗိုလ်ချုပ်ကြီးဟောင်းသမ္မတနှင့် စစ်တပ်မှ ဗိုလ်မှူးကြီးေ ဟာင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့မှာ စစ်တပ်မှ တင်းကျပ်သော စည်းကမ်းများကြောင့် စကားကို ချဲ့ကားလျော့နည်း၍ ပြောကြမည် မဟုတ်ပေ။ ထို့ကြောင့် ၆ ပွင့်ဆိုင် တွေ့ဆုံဖို့ မဖြစ်နိုင်ဟု သမ္မတက ပြောခဲ့သည်ဆိုသည်မှာ အမှန်ဖြစ်နိုင်ပါသည်။ ၂၀၀၈ ဖွဲ့ စည်းပုံ ပြင် ဆင်ရေးအတွက် အဓိကပြင် ဆင်ခွင့်ပြုရေးဥပဒေမှာ ပုဒ်မ ၄၃၆ ဖြစ် လေသည်။ ထိုပုဒ်မ ၄၃၆ကို ပြင်မှသာ လျှင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ခွင့်ရှိ၏။ ပုဒ်မ ၄၃၆ပြင်သည့်တိုင် ၂၀၀၈ ဖွဲ့စည်းပုံတစ်ခု လုံးကို မပြင်သေးလျှင် လည်းရ၏။ သို့ သော် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်သည့် တိုင် ပုဒ်မ ၄၃၆ ကို မပြင်လျှင်ဘာမှလုပ် ၍မရပေ။ ထို့ ကြောင့် ၂၀၀၈ဖွဲ့စည်းပုံ ပြင် ဆင်ဖို့မှာ ပုဒ်မ၄၃၆ကို ပြင်ပစ်၊ ဖျက်ပစ်မှ ရပေမည်။

ယခု ၂၀၀၈ ဖွဲ့စည်း ပုံတစ်ခု လုံး ပြင်ရေးနေနေသာ ပြင်ဖို့လမ်းဖြစ်သည့် ပုဒ်မ ၄၃၆ ပြင်ရေးကိုပင် စစ်တပ်က ထိခွင့်မပေးခဲ့၏။ အထူးသဖြင့် ကာကွယ် ရေးဦးစီးချုပ်က VOA နှင့် တွေ့ဆုံရာတွင် ပုဒ်မ ၄၃၆ကို ပြင်ခွင့်မပေး ဟု ပြောဆိုသွား၏။ သို့သော် ဒီမိုကရေစီကို ကာကွယ်သွားမည်ဟုလည်း ပြောပြန်၏။ ကာချုပ်၏ စကားမှာ ရှေ့စ ကား၊ နောက်စကား မညီ လှပေ။ စစ်အာဏာရှင်စနစ်နှင့် ဒီမိုကရေစီ စနစ်တို့မှာ ပြဒါးတစ်လမ်း၊ သံတစ် လမ်းဖြစ် နေသည်။ စစ်အာဏာ ရှင်စနစ်ကို ကိုယ်စားပြု အကာအကွယ်ပေးနေသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်၏။ ဒီမိုကရေစီစနစ်ကို အကာ အကွယ်ပေးလိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည်။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်၊ ပုဒ်မ ၄၃၆ကိုလည်း မပြင် ဘူးဆိုလျှင် ဒီမိုကရေစီလမ်းကြောင်းကို မသွားဆိုသည့် သဘောပင်ဖြစ်ပါသည်။

ထို့ကြောင့် ကာကွယ်ရေး ဦးစီးချုပ်က ၂၀၀၈ ကိုမပြင်၊ ပုဒ်မ ၄၃၆ကို မပြင်ဟု ပြောဆိုခဲ့ပါလျှင် နိုင်ငံတော် သမ္မတကလည်း ပုဒ်မ ၄၃၆ကို မပြင်နိုင်၊ ၂၀၀၈ဖွဲ့စည်းပုံကိုလည်းမပြင်နိုင် ဆိုပါက ပြုပြင်ပြောင်း လဲရေး လမ်းကြောင်း ကို လျှောက်နေသည်ဟု ဆိုသည်မှာ မမှန်တော့ပေ။ ဒီမိုကရေစီလမ်းကြောင်း သွားနေသည် ဆိုသည်မှာလည်း မှန်ကန်သော ပြောဆို ချက်များ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီလမ်း ကြောင်းမှာ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေခြင်း၊ အမှန်တ ကယ် ပြုပြင်ပြောင်း လဲရေးနှင့် ၂၀၀၈ဖွဲ့ စည်းပုံ တည်ရှိခြင်းသည် ငရဲပြည်နှင့်နတ်ပြည်လို ကွာခြားနေခြင်း တို့ကြောင့် ဖြစ်ပါသည်။

အစိုးရအဖွဲ့သစ် တက်လာသောအခါ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ အတွက် အားထုတ်ခဲ့သည်။ နိုင်ငံ တကာနှင့် ဆက်ဆံရေးကောင်းမွန်ဖို့လည်း ကြိုးစားခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများနှင့်လည်း ဆက် ဆံရေး ကောင်းမွန်ခဲ့လေသည်။ NLD နှင့် အတိုက်အခံပါတီများ အပါအ၀င် အားလုံးက ၂၀၀၈ဖွဲ့စည်း ပုံကို ပြင် ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။ အထူးသဖြင့် တချို့နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများက ၂၀၀၈ဖွဲ့စည်း ပုံကို ပြင်ဆင်ဖို့ထက် လုံးဝဖျက်သိမ်းကာ အသစ်ပြန်လည်ရေးဆွဲရမည်ဟု အချက် အလက်အထောက် အထား နှင့် တင်ပြခဲ့ကြသည်။ ထိုထဲတွင် NLD နာယကကြီး ဟံသာဝတီ ဦးဝင်းတင်လည်းပါပါသည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီကမူ ရှဥ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ ပြင်ဆင်ဖို့ကိုသာ တောင်း ဆိုခဲ့ ကြ၏။

စာရေးဆရာများ၊ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး ဝေဖန်အကဲဖြတ်သူများက တပ်မတော်၏ အခန်း ကဏ္ဍကို တင်ပြခဲ့ကြသည်။ တပ်မတော်မှာ လွှတ်တော်ထဲတွင် ရှိနေရမည် မဟုတ်။ တပ်မတော်သည် နိုင်ငံ တော်ကို ကာကွယ်ရေး၊ ပြည်သူလူထုကို စောင့်ရှောက်ရေး၊ တိုင်းတစ်ပါး၏စွက်ဖက်မှုများကို တားဆီးကာကွယ် ရေး တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ တပ်မတော်သည် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မပြော နှင့်၊ ၁ ရာခိုင်နှုန်းပင် ယူထားစရာအကြောင်းမရှိ ပေ။ ထိုအခြေအနေမှန်ကို ဗဟုသုတ ကြွယ်ဝစွာဖြင့် မှန်မှန် ကန်ကန်နားလည် သဘောပေါက်လျှင် ပုဒ်မ ၄၃၆ကို ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သား ကိုယ် စားလှယ် များက တက်တက်ကြွကြွ လိုလိုလားလား ပြင်ဆင်ပေးရလိမ့်မည်။

စင်စစ်အားဖြင့် ၂၀၀၈ဖွဲ့စည်းပုံကို မပြင်လို၊ ပုဒ်မ ၄၃၆ကိုလည်း မပြင်ဟု အခိုင်အမာ ရပ်တည်ကာကွယ်နေခြင်း သည် စစ်အာဏာရှင်စနစ်ကို ကာကွယ် နေခြင်းဟု အဓိပ္ပာယ်ရောက်ပါသည်။ စစ် အာဏာရှင်ဟောင်းများ က နောက်ကွယ်က ကြိုးကိုင်နေသည်၊ မကိုင်နေသည်ထား။ အစိုးရအဖွဲ့ဖွဲ့ဖို့ အစီအစဉ်ရေးဆွဲလိုက် ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နှင့်လဲကာ ကာကွယ်စောင့် ရှောက်ပါမည်ဟု သစ္စာဆိုခဲ့ရ သလားမ သိပေ။ ၂၀၀၈ဖွဲ့စည်းပုံမှာ ၁၀နှစ် ၁၀မိုးကြာအောင် စစ်အာဏာရှင် ဗိုလ်သန်းရွှေနှင့် စစ်ဗိုလ်ချုပ်များက သူတို့ လူယုံကျွမ်းကျင် ပညာရှင်များနှင့်သူတို့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်၍ နောင်ဆက်လက် ကာကွယ်နိုင် ရေး အတွက် ရေးဆွဲသော ဖွဲ့စည်းပုံဖြစ်သောကြောင့် မပြင်ဆင်နိုင်ဟု ပြောဆိုနေခြင်းမှာ သူတို့အတွက် အလွန် မှန်ကန်ပြီး သဘာဝလည်း ကျလှပါသည်။

ဒီမိုကရေစီစနစ်ကို ဦးတည်သော ကမ္ဘာ့ဖွဲ့စည်းပုံများတွင် လူထုက မရွေးကောက်သော တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင် မရှိ။ စစ်တပ်က အချိန် မရွေး အာဏာသိမ်းနိုင်သည်ဟု မပါ။ သမ္မတအထက် တွင် ကာ/လုံဆိုသည်မှာ မရှိ။ စစ်အာဏာရှင်တို့ကို အကာအကွယ် ပေးသော နောက်ကြောင်းပြန်အကျိုး သက်ရောက်ခြင်းမရှိစေရဟူသော ပုဒ်မ မျိုးမပါပေ။ ထိုအချက်များ ပါဝင် နေသော ဖွဲ့စည်းပုံမှာ ဒီမိုကရေစီကျသော ဖွဲ့စည်းပုံမဟုတ်ကြောင်း အခိုင်အမာတင်ပြလိုက် ရပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

လက်ရှိဥက္ကဋ္ဌ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ပါတီက နုတ်ထွက်လို့ ကော်မရှင်ဥက္ကဋ္ဌဖြစ်လာသူ တစ်ဦးဖြစ်ပါတယ် …

ပါတီပေါင်းစုံ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့်၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ပါတီရဲ့ ထိပ်သီးခေါင်းဆောင် တစ်ယောက်ဟာ ဘက်မလိုက်၊ သမာသမတ်ကျရ မယ့် ရွေးကောက်ပွဲကော် မရှင် ဥက္ကဋ္ဌတစ်ယောက် ဖြစ်ပါရဲ့လား ဆိုတာ မေးခွန်းထုတ်စရာကောင်းနေ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပစ္စက္ခ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း အကျပ်အတည်း ဆိုက်နေချိန်။ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု အတွက်ကိုလည်း အတိုက်အခံနဲ့ ပြည်သူ တစ်ရပ်လုံးက စိုးရိမ်ဗျာပွေလျက် ရှိကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေရဲ့ အထူးစောင့်ကြည့် စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်နဲ့သာ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဖြတ်သန်းရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား ဆိုတာ လေ့လာဆန်းစစ် ကြည့်ရအောင်ပါ။

ရွေးကောက်ပွဲ တစ်ရပ်မှာ ဒိုင်လူကြီးပမာ ဘက်မလိုက်ရတဲ့၊ သမာသမတ်ကျရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရဲ့ တရားမျှတမှုဟာ အထူးပဲ အရေးကြီးလှပါတယ်။ ဒါဆိုရင် လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရဲ့ နောက်ကြောင်း ရာဇ၀င်ကို ပြန်ကြည့်ရင် လက်ရှိဥက္ကဋ္ဌ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့ဖူးပြီး ကော်မရှင်ဥက္ကဋ္ဌ အရည်အချင်း သတ်မှတ်ချက်အရ ပါတီက နုတ်ထွက်လို့ ကော်မရှင် ဥက္ကဋ္ဌဖြစ်လာသူတစ်ဦး ဖြစ်ပါတယ်။ ပါတီပေါင်းစုံ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် ၂၀၁၅ ရွေးကောက် ပွဲကြီးမှာ ပါတီရဲ့ ထိပ်သီးခေါင်းဆောင် တစ်ယောက်ဟာ ဘက်မလိုက်၊ သမာသမတ် ကျရမယ့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တစ်ယောက် ဖြစ်ပါရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။ ဘောလုံးပွဲ ဥပမာနဲ့ တင်စားရရင် ၀င်ရောက် ယှဉ်ပြိုင်ဖို့ရှိတဲ့ ဘောလုံးအသင်းက နှုတ်ထွက်ပြီး အဲဒီအသင်း ကန်မယ့် ပြိုင်ပွဲမှာ ဒိုင်လူကြီး ပြန်လုပ်မယ်ဆိုတော့ ဘယ်လိုမှ သဘာဝမကျဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌဟာဆိုရင် လက်ရှိ သမ္မတ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးသိန်းစိန်နဲ့ စစ်တက္ကသိုလ် တစ်ပတ်တည်းဆင်း ဖြစ်ပြီး လက်ရှိအထိ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးစွဲရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး လည်း ဖြစ်ပါတယ်။ သမ္မတရဲ့ ပြည်ပ ခရီးစဉ်တွေမှာလဲ မကြာခဏ ဆိုသလို လိုက်ပါဖူးပြီး စစ်တပ်ပိုင် ဦးပိုင် လီမိတက် ဥက္ကဋ္ဌဖြစ် တာဝန်ယူဖူးသူ တစ်ယောက်ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပုဒ်မ ၃၉၈(ခ)ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အရည်အချင်း ၉ ချက်ထဲက နံပါတ် ၃ မှာ ဘာပြဋ္ဌာန်းထားလဲဆိုရင်-

၃ (ကက) ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အဖြစ် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီး အဖြစ်ဖြစ်စေ၊ အလားတူ ရာထူးမျိုး တစ်ခုခုတွင်ဖြစ်စေ အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်

(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်

(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်

(ဃဃ) ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်း ရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ ဖြစ်ရမည်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အရည်အချင်း အမှတ်စဉ်(၃)အရ ဆိုရင် လက်ရှိ ကော်မရှင် ဥက္ကဋ္ဌဟာ ၃(ဃဃ) အရ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာသူပါ။ ဒီနေရာမှာ အငြင်းပွားဖွယ်ရာ တစ်ချက်က ထင်ပေါ်ကျော် ကြားတဲ့ ဂုဏ်သတင်းရှိတဲ့ ပုဂ္ဂိုလ်လို့ သမ္မတက ယူဆရင်ကို ကော်မရှင်ဥက္ကဋ္ဌနဲ့ ကော်မရှင် အဖွဲ့ဝင်တွေဟာ အရည်အချင်း ပြည့်မီပြီဆိုတဲ့ သဘောသက်ရောက် နေပါတယ်။ ဘယ်သူမှ မယူဆရင်နေ သမ္မတက ယူဆရင် ရပြီဆိုတဲ့ သဘောဖြစ်နေပါတယ်။

၃ (ဃဃ)ဟာ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်ဖြစ်ရမည် ဆိုတာမျိုးသာ ဖြစ်သင့်ပါတယ်။ ဒီစာသားရပ်မျိုးသာ ပြင်ဆင်ဖြစ်ခဲ့ရင် ပြည်သူအပေါင်းက လေ့လာဆန်းစစ် နိုင်မှာဖြစ်ပေမယ့် သမ္မတက ယူဆသူ ဖြစ်ရင်ရပြီဆိုတဲ့အခါ ကော်မရှင်ရဲ့ သမာသမတ်ကျမှုကို ကြိုတင်လေ့လာ ဆန်းစစ်ခွင့် အခွင့်အလမ်း နည်းပါး သွားပါတယ်။

နောက် ကော်မရှင်ရဲ့ ဖွဲ့စည်းပုံအရ အမှုထမ်း၊ အရာထမ်း စုစုပေါင်း နှစ်ထောင်ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ကော်မရှင်ရဲ့ ထိပ်ပိုင်းအဖွဲ့ဝင်တွေ များဟာဆိုရင်လည်း တပ်မတော်က ဗိုလ်မှူးအဆင့်ရှိ ၅၀ ကျော်ကို ယူနီဖောင်းချွတ် ပုဆိုးဝတ် ခန့်ထားတဲ့အတွက် အဲဒီအဖွဲ့ဝင် ၅ ဦးထက်မနည်း ဆိုတာကို ၃၉၈(က)အရ ထင်ပေါ်ကျော်ကြားတဲ့ ဂုဏ်သတင်းရှိသူ ပုဂ္ဂိုလ်အဖြစ် သမ္မတဟာ ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ယူဆ ခဲ့တာလဲ ဆိုတာလည်း အငြင်းပွားဖွယ်ရာ ကောင်းတဲ့ အချက်ပါပဲ။

နောက် ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ အရည်အချင်း အမှတ်စဉ် ၄ ၃၉၈။ ၃။ (၄) သီလသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ရမည် ဆိုသည့်အချက် ပါဝင်တဲ့အခါ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တွေရဲ့ သီလသမာဓိနဲ့ ပြည့်စုံမှုကို ဘယ်စံပေတံနဲ့ တိုင်းတာမှာလဲ ဆိုတဲ့ အငြင်းပွားဖွယ်ရာ မေးခွန်း ပေါ်လာပါတယ်။ အရည်အချင်း ၄ စကားရပ်ထဲက ““အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်”” ဆိုတာမှာလည်း ဘယ်နယ်ပယ်မှာ အတွေ့အကြုံ ရင့်ကျက်ရမှာလဲဆိုတာ ရှင်းလင်းပြတ်သားမှု လုံးဝမရှိပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆင့်ဆင့်သော ဖွဲ့စည်းပုံမှာ တပ်မတော်က အငြိမ်းစားယူထားတဲ့ အရာရှိဟောင်းတွေကို ခန့်အပ်ထားခြင်းက ၂၀၁၅ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို စိန်ခေါ်နေတဲ့ အချက်လို့ နိုင်ငံရေး ရပ်ဝန်းအတွင်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

သမာသမတ်ကျ၊ ဘက်မလိုက် ဒိုင်လူကြီးသဖွယ် ဖြစ်ရ မယ့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြားဖူးတဲ့ ပြောကြား ချက်တွေကို ပြန်ပြောင်း လေ့လာကြည့်ရင် နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံ ရာမှာ ““လာမယ့် ရွေးကောက်ပွဲ မဲဆွယ်ကာလကို သတ်မှတ်ပေးပါမယ်။ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေပဲ ပြောပါ။ မဆိုင်တဲ့သူ လာမပြောနဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့၊ ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော် ပြောဖို့ပဲ လိုတာပေါ့။ တစ်ခြားလူလာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျွန်တော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါက ကျွန်တော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်””ဆိုပြီး ပါတီခေါင်းဆောင်တွေ ရွေးကောက်ပွဲ နယ်မြေတိုင်းမှာ မဲဆွယ်စည်းရုံးခွင့် မရှိလို့ ပြောကြားခဲ့တာဟာ NLD ပါတီကို ရည်ညွှန်းခြင်းသာ ဧကန်ဖြစ်နိုင် ကြောင်း နိုင်ငံရေး ရပ်ဝန်းက သုံးသပ်ခဲ့ကြဖူးပါတယ်။ ကြံ့ခိုင်ရေးပါတီဝင် ဟောင်းကြီးရဲ့ ဘက်လိုက်မှု ကင်းမှုကို သံသယဖြစ်ဖွယ် ကောင်းတယ် လို့လည်း ဝေဖန် ခဲ့ကြဖူးပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရပြီး နောက်ပိုင်းမှာလဲ NLD ပါတီကို ရည်ညွှန်းပြီး ““လွတ်လပ်လွန်းတာမှ ရွေးကောက်ပွဲ မဲဆွယ်တာနဲ့တောင် မတူဘူး။ ဆန္ဒပြနေသလား။ ၈၈ အရေးအခင်းများ ပြန်ရောက်နေသလား မှတ်ရတယ်။ နဖူးစည်းလည်းပါတယ်။ ကြယ်ငါးပွင့်အလံလည်း ပါတယ်။ ဘယ်သူကမှလည်း ကန့်ကွက်မယ့်သူ မရှိဘူး။ ကန့်ကွက်ရင်ကျွန်တော် အရှုံးပေးပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ကြပါ။ ကျွန်တော် အရှုံးပေးပစ်ပါမယ်။ ဒါက ဥပဒေဖောက်ဖျက်ပြီး လုပ်တာပဲ။ အလံဥပဒေ ဆိုတာရှိပါ တယ်”” ဆိုပြီး ကော်မရှင်ဥက္ကဋ္ဌရဲ့ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်ပြစကား ပြောကြားခဲ့ဖူးပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ၀င်မယ့် ပါတီများ သတိထားစရာ တစ်ချက်ပါပဲ။

အထက်ပါ စကားရပ်တွေဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ယောက်ရဲ့ ရွေးကောက်ပွဲနဲ့ ဆိုင်ရာ ဆိုင်ကြောင်း ဖြစ်လို့ ဆိုဖွယ်ရာ သိပ်မရှိပေမယ့်၂၀၁၄ ဒီဇင်ဘာ ၁၆ ရက်နေ့က မီကာဆာဟိုတယ်မှာ ပြုလုပ်တဲ့ ရုပ်ရှင်ဂီတ အနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားသွားတဲ့ စကားရပ်တွေဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်၊ ပြောဆိုခွင့် ဘောင်ကို ကျော်သွားတာကတော့ နိုင်ငံရေး ရပ်ဝန်းအတွင်း ဝေဖန်သံတွေ ကျယ်လောင်စွာ ထွက်လာပါတယ်။

ပြောဆိုတဲ့ အကြောင်းအရာတွေအကြောင်း မဆန်းစစ်ခင် မေးခွန်းထုတ်စရာ တစ်ခုက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အနုပညာရှင်တွေနဲ့ ဘာလိုတွေ့ဆုံရတာလဲ ဆိုတာပါ။ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံတယ် ဆိုတာမျိုးက အဓိပ္ပာယ် ရှိပေမယ့် အနုပညာရှင်တွေနဲ့ တွေ့ဆုံတယ် ဆိုတာကတော့ စဉ်းစားရ ခက်လှပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ စကားရပ်တွေကတော့ ပိုလို့ဝေဖန်စရာ ဖြစ်နေပါတယ်။ အနုပညာရှင်များနဲ့ တွေ့ဆုံပွဲ မှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတစ်ယောက် ပြောကြားသွားပုံက တပ်မတော်နေ့ အခမ်းအနားမှာ ပြောကြားရမယ့် ကာချုပ်တစ်ယောက်ရဲ့ မိန့်ခွန်းမျိုး ဖြစ်နေတာကလည်း အများပြည်သူ နားမလည်နိုင် ဖြစ်စေပါ တယ်။ ကော်မရှင်ဥက္ကဋ္ဌပြောကြားသွားတဲ့ စကားရပ်တချို့ကို အကြမ်း ဖျင်း ကောက်နုတ် ဖော်ပြချင်ပါတယ်။

““၆၂ မှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းတာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိကြောင်း၊ ၄၇ အခြေခံ ဥပဒေရဲ့ အားနည်းချက်ကြောင့် ခွဲထွက်မှာကို စိုးရိမ်ပြီး တပ်မတော်က အာဏာသိမ်းလိုက်တာ ဖြစ်ကြောင်း အပါအ၀င် ခေတ်အဆက်ဆက် တပ်မတော် အာဏာသိမ်းရတာဟာ ခိုင်လုံတဲ့အကြောင်း၊ မလွှဲမရှောင်သာလို့ ဖြစ်ကြောင်း””တွေကို စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်ပမာ သမိုင်းကြောင်းချီပြီး တပ်မတော်ကို ကာကွယ်ပြောဆို သွားတာတွေ့ရပါတယ်။ နောက် ““ NLD ပါတီက အာဃာတတရား ရှေ့ထားလို့ ကျွန်တော်တို့ အာဏာလွှဲလို့ မရဘူး”” ဆိုတဲ့ စကားရပ်နဲ့ တပ်မတော်ကို ကိုယ်စားပြုပြီး ပြောဆိုသွားတာဟာဖြင့် ဘယ်ပါတီ၊ ဘယ်အဖွဲ့ အစည်းဘက်ကိုမှ ဘက်မလိုက်ရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်ဘူး လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ပြောကြားတာတွေကလည်း ဒီပုံစံပါပဲ။ ““ကျွန်တော်တို့လွှဲ ထားတဲ့ နိုင်ငံတော်ကြီးက ကျွန်တော်တို့ ဒီမိုကရေစီ အပြည့်ပေးထားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရေချိန် အဆင့်လိုက်ပေး သွားဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းနည်း တင်းကျပ်ထားတာ ရှိပါတယ်”” ဆိုပြီး လက်ရှိ အာဏာပိုင် တစ်ယောက်လို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

နောက် … ပြည်သူကြားမှာ အဝေဖန်ခံရဆုံး စကားကတော့ ““ကျွန်တော် ခဏခဏ ပြောပါတယ်။ တပ်မတော် ဘာကြောင့် ပါနေလဲ။ ဒီခါးသီးတဲ့ အတွေ့အကြုံတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ အာဏာ ပြန်သိမ်းရတာ ကျွန်တော်တို့ မလိုချင်တော့ဘူး။ စစ်တပ်ကစစ်တပ်မှာ သူ့ဘာသာသူ နေမှာပဲ။ တည်ငြိမ် အေးချမ်းနေသမျှ စစ်တပ်က အာဏာသိမ်းစရာ မလိုဘူး။ သူ့နေရာသူနေမှာ။ မတည်ငြိမ်၊ မအေးချမ်းလာရင် စစ်တပ်က အာဏာသိမ်းရမှာပဲ”” ဆိုပြီး စစ်တပ်အကြီးအကဲ တစ်ယောက်ပမာ ပြောကြားသွားတာကဖြင့် ရာထူးတာဝန်နဲ့ အံချော်ပြီး နောက်ကို ပြန်ရွေ့နေတဲ့ စကားရပ်တွေလို့ သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။

နောက် ““တည်ငြိမ်အေးချမ်းအောင် စစ်တပ် ၂၅ ရာခိုင်နှုန်း ပါနေတာက ပြောကြေးဆိုရင် အာဏာပြန် မသိမ်းနိုင်အောင် လွှတ်တော်ထဲမှာဝင်ပြီး ထိန်းပေးမယ်ဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ ပါခဲ့တာ”” ဆိုတဲ့ စကားကတော့ လုံးဝယုတ္တိ မတန်ဘူးလို့တောင် ပြောလို့ရပါတယ်။

အာဏာပြန်မသိမ်းနိုင်အောင် စစ်တပ် ၂၅ ရာခိုင်နှုန်း ပါနေတာလား။ အာဏာကို ကာကွယ်ဖို့ ၂၅ရာခိုင်နှုန်း ပါနေတာလားဆိုတာ ပြည်သူတိုင်း အသိ ဖြစ်ပါရဲ့နဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့ အတွေးအခေါ် ကိုယ်၌က မဖြောင့်မတ်ဘူးဆိုတာ ထင်ရှားနေတယ်လို့ နိုင်ငံရပ်ဝန်းက ဝေဖန် သုံးသပ်သံတွေ ညံခဲ့တာ တွေ့ရပါတယ်။

အနှစ်ချုပ်ရရင်တော့ လွပ်လပ်မှု၊ ကြားနေမှု၊ သမာသမတ်ရှိမှု၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ ကင်းစင် သန့်ရှင်းမှုတို့ ရှိရမယ့် လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ကိုသာ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ထိုးအပ်ခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေး အနာဂတ်ဟာ ရတက်မအေးစရာတွေနဲ့ ကြုံတွေ့ရနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဆိုနီကုမ္မဏီကို အကြပ်ရိုက်စေပြီး မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအွန်ကို သရော်ထားတဲ့ အင်တာဗျူး ဆိုတဲ့ ရုပ်ရှင်ကားအစ အဆုံး ကြည့်နိုင်ပါပြီ။ ရုပ်ရှင်ထဲမှာ အမေရိကန် ထောက်လှမ်းရေးက အသစ် ခန့်ထားခဲ့တဲ့ သတင်းထောက် ၂ ယောက်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့ ဟာသကား ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုပြရင် အကြမ်းဖက်မှု ရှိနိုင်တယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတာမို့ အမေရိကန် ရုပ်ရှင်ရုံလုပ်ငန်းရှင် အများအပြားက ပြသဖို့ ငြင်းပယ်ခဲ့တာကြောင့် ဒီကားကို မပြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆိုနီက ရုပ်သိမ်းခဲ့ရတာပါ။

ရုပ်ရှင် ကြည့်ရှုရန် အောက်ပါ Link ကို နှိပ်ပါ
https://my.pcloud.com/publink/show?code=fMU


ကြေးနီ စီမံကိန်း ခြံစည်းရိုး ခတ်မှုကို တားဆီးစဉ် လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပစ်ခတ်မှုကြောင့် သေနတ် ကျည်ထိ မှန်ကာ သေဆုံးသွား ခဲ့သည့် ဒေါ်ခင်ဝင်း အတွက် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ကရုဏာကြေး ကျပ်သိန်း (၂၀၀) ထောက်ပံ့ ပေးရန် စီစဉ်နေ မှုကို လက်မခံကြောင်း ဒေါ်ခင်ဝင်း၏ သမီးကြီး ဖြစ်သူက ပြောသည်။ ဒေါ်ခင်ဝင်းသည် မိုးကြိုးပြင် အလယ် ကျေးရွာတွင် နေထိုင်ပြီး ကြေးနီ စီမံကိန်းကြီး အတွင်း လယ် (၁၂) ဧကကျော် ဆုံးရှုံးခဲ့ရ သဖြင့် လုံ/ထိန်း တပ်ဖွဲ့ ဝင်များနှင့် ဒေသခံများ အခင်း ဖြစ်ပွားရာသို့ သွားရောက်စဉ် လုံ/ထိန်း တပ်ဖွဲ့ မှ ပစ်ခတ်သည့် ကျည်ထိမှန်၍ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။ လုံးဝကို လက်မခံပါဘူး။ ၀မ်ပေါင်လို့ ကြားရင် လူသတ်ကောင်တွေ၊ ယုတ်ညံ့တဲ့ ကောင်တွေလို့ မြင်မိတယ်။ လူ တစ်ယောက်ကို ရက်ရက်စက်စက် သတ်ပြီး အခုလို စကားကို သူတို့မို့ ပြောရက်တယ်။ ဘာငွေမှ မလိုပါဘူး။ ကျေးဇူးလည်း အတင်မခံနိုင် ပါဘူး ဟု သေဆုံးသူ၏ သမီးကြီး ဖြစ်သူ မ၀င်းခိုင်က The Messenger Media သို့ ပြောသည်။

အဆိုပါ ထောက်ပံ့ငွေသည် မြန်မာ ၀မ်ပေါင် မိုင်းနင်းကောပါး လီမိတက်က သီးသန့် ထောက်ပံ့မည့် အစီအစဉ် ဖြစ်ပြီး CSD အဖွဲ့ များမှ တစ်ဆင့် ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ သေဆုံးသွား ခဲ့တဲ့ အတွက် စိတ်မကောင်းပါဘူး။ စီမံကိန်းကြီး အတွက် ဒေသခံ တစ်ဦး ဆုံးရှုံး သွားခဲ့ ရတာကို အင်မတန်မှ ၀မ်းနည်း မိပါတယ်။ ဒေါ်ခင်ဝင်း အတွက် ကရုဏာကြေး ကျပ်သိန်း (၂၀၀) ထောက်ပံ့သွား မှာပါ။ ၀မ်ပေါင် ကုမ္ပဏီ CSD အဖွဲ့ တွေက သွားရောက် ဆွေးနွေးသွား မှာပါ ဟု ကြေးနီ စီမံကိန်း (မုံရွာ) တာဝန်ခံ ဦးလှစိန်က The Messenger Media သို့ ပြောသည်။ သေဆုံး သွားသည့် ဒေါ်ခင်ဝင်း အတွက် မြန်မာဝမ်ပေါင် ကုမ္ပဏီက ထောက်ပံ့မှု အပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ ကလည်း ထောက်ပံ့ငွေ ပေးအပ်ရန် ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း အစိုးရ အဖွဲ့ ထံမှ သိရသည်။

လင်းလင်းမောင် ( မုံရွာ )
Messenger Journal


ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်းအမှုကို စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်ရှေ့မှာ ဒေသခံ ၅၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဆန်းက တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် တရားခံတွေကို ဖော်ထုတ်ပေးဖို့ အစိုးရမှာတာဝန်ရှိတာကြောင့် အခုလိုတောင်းဆိုတာလို့ ပြောပါတယ်။

"လက်ပံတောင်းတောင် လယ်သမား ဒေါ်ခင်ဝင်း သေတဲ့ကိစ္စနဲ့ ပတ်သက်လို့ လူသတ်မှု တရားခံများဖော်ထုတ်ရေး၊ ပြည်သူ့အကျိုးစီးပွား လုံခြုံဖို့အတွက် အစိုးရတာဝန်ယူရေး၊ တရုတ်ဝန်ပေါင်ကုမ္ပဏီ လုပ်ဆောင်မှုဖျက်သိမ်းရေး၊ မြေသိမ်းလယ်သိမ်း အဓမ္မမှုများချုပ်ငြိမ်းရေး၊ အကြမ်းဖက်လုပ်ရပ်ကို အစိုးရအနေနဲ့ ချက်ချင်းရပ်၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပေါင်ကုမ္ပဏီကို ကာကွယ်ပေးသောအစိုးရ အလိုမရှိဆိုပြီး ကျနော်တို့တောင်းဆိုပါတယ်"

ဆန္ဒပြပွဲမှာ ပြည်မြို့က အန်အယ်လ်ဒီ ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်ခဲ့ပါတယ်။

ဒီလ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ လိပ်ခွံတောင်ခြေအနားက လယ်ယာမြေတွေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးလိုက်ခတ်စဉ် လျော်ကြေးမယူထားတဲ့ ဆည်တည်း၊ တုံရွာနဲ့ မိုးကြိုးပြင်အလယ်ရွာက တောင်သူတွေကတားမြစ်ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်ဝင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင်ပဋိပက္ခကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ပြောထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ စုံစမ်းလေ့လာတွေ့ရှိခဲ့ရတာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီ ဒီနေ့ တင်ပြလိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက်အရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက အကြမ်းဖက်မှုတွေကို လေ့လာစုံစမ်းပြီး တင်ပြလိုက်တာလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

"နေ့လယ် ၁ နာရီခွဲလောက်ကပဲ ဒေါ်အောင်ဆန်းစုကြည်ဆီကို ကျမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေအားလုံးကို အစီရင်ခံစာတင်လိုက်ပါပြီ၊ ကျမက ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျမပါတီရဲ့ ဥက္ကဌတစ်ယောက်ကို ကျမအနေနဲ့ ဒါကိုအကြောင်းကြားတာပါ၊ ဘာကြောင့်လဲဆိုတော့ ပါတီဥက္ကဌကနေပြီးတော့ တာဝန်ပေးချက်အရ ကျမတို့က ဒီအခုဖြစ်ပျက်တဲ့ အခြေအနေတွေကို လေ့လာဖို့ရာအတွက် လာရတာဖြစ်တဲ့အတွက်ကြောင့် ကျမလေ့လာသိရှိစုံစမ်းရတဲ့ အချက်တွေအားလုံးကို တင်လိုက်တာပါ"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်ယာလျော်ကြေးမယူထားတဲ့ လယ်ပိုင်ရှင်တွေရဲ့ မြေတွေအပေါ် ဝမ်ပေါင်ကုမ္ပဏီဖက်က သူတို့ရဲ့ ကြေးနီစီမံကိန်းဧရိယာလို့ သတ်မှတ်ကာ ခြံစည်းရိုးခတ်ခဲ့ပါတယ်။

အဲဒီစီမံကိန်းနေရာမှာ လုံခြုံရေးယူပေးထားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ ပဋိပက္ခဖြစ်ပွားခဲ့ကြပြီး မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေဟာလည်း မုံရွာဆေးရုံမှာ အခုချိန်ထိ ဆေးကုသခံနေကြရပါတယ်။

အကြမ်းဖက်မှုတွေအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက် နေ့က စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ဖွဲ့စည်းပေးထားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေထံက မဲကိုတောင်းပြီဆိုရင် ပြည်သူလူထု အတွက် ပြန်လုပ်ပေး ရမယ်ဆိုတဲ့ ကတိကို ပေးထားတာ ဖြစ်ကြောင်းနဲ့ အဲဒီလို ပြန်လုပ်မပေး နိုင်ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံစရာမလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့ အောင်ဇဗ္ဗူအားကစားကွင်းမှာ ကျင်းပတဲ့ ကော့မှူးမြို့တည်နှစ် ၅၀ ပြည့် အခမ်အနား မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။

"လောကကြီးမှာ ဘာမှအလကားမရဘူး၊ အလကားလည်း မယူချင်ရဘူး၊ ပြည်သူရဲ့မဲတွေကို တောင်းလိုက်ပြီဆိုရင် ပြည်သူကိုကိုယ်က ဘာပြန်ပေးမလဲဆိုတာ အဲဒါပထမဦးဆုံးစဉ်းစားရမယ်၊ ပြန်ပေးနိုင်တဲ့ အရည်အချင်းမရှိလို့ရှိရင် ဒီမဲကိုလည်း တောင်းစရာမလိုဘူး၊ ကိုယ်စားလှယ်အဖြစ်နဲ့လည်း ရွေးခံစရာမလိုဘူး"

ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် မြို့နယ်သူမြို့နယ်သားတွေ ကိုယ်တိုင်က ပူးပေါင်းပါဝင်မှ တိုးတက်မှုကိုရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့မှာရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ချက်နည်းပြုတ်နည်းနဲ့ ဟိုတယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း HCTA ဟိုတယ်သင်တန်းကျောင်းကိုလည်း သွားရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


နှစ်ပေါင်း ၆၅ နှစ် ကျော်ကြာ မကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ဟာ ချို့ယွင်းချက်တွေ ရှိနေပြီး၊ တရားမျှတမှု မရှိနိုင်ဘူးလို့ လေ့လာ သူတွေက ဝေဖန် နေကြကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေတွေဟာ ကန့်သတ်ချက်တွေ များလွန်းပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မညီပဲ ဒီမိုကရေစီ မဆန် လွတ်လပ် မျှတမှုမရှိဘူးလို့ ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသူ Susanne Kempel က ပြောဆိုကြောင်း AFP ကဆိုပါတယ်။

မဲပေးရာမှာ တစ်အိမ်ထောင် လူတစ်ယောက်သာ မဲပေးခွင့်ရှိတဲ့အတွက် ရန်ကုန်မြို့တော် လူဦးရေ ၅ သန်းထဲက လူ ၄ သိန်းသာမဲပေးခွင့်ရမှာဖြစ်ပါတယ်။ အရွေးခံမယ့် ကိုယ်စားလှယ်တွေရဲ့ အသက်ကို ကန့်သတ်ထားပြီး နိုင်ငံရေးပါတီဝင်လည်း မဖြစ်ရပါဘူး၊ ပြီးတော့ စည်းမျဉ်းတွေအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ရွေးကောက်ခံရသူတွေထက် တိုက်ရိုက်ခန့်ထားသူတွေက အရေအတွက် ပိုများနေတယ်လို့လည်းဆိုပါတယ်။

ဒီ ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းချိုက စည်းမျဉ်းတွေ တရားမျှတမှုမရှိပေမဲ့၊ သူ့အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ ဝင်မပြိုင်ရင် ပြည်သူတွေအတွက် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ကြောင်း AFP ကို ပြောဆိုပါတယ်။ ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ မဲအများဆုံးရသူ နိုင်မှာဖြစ်တဲ့အတွက် တရားမျှတမှုမရှိဘူးလို့ မပြောနိုင်ကြောင်း ပြောဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို စနေနေ့မှာ ကျင်းပမှာဖြစ်ပေမဲ့၊ ရန်ကုန် လူထုအနေနဲ့ စိတ်ဝင်စားမှု နည်းပါးနေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကဲခတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီရွေးကောက်ပွဲ ရဲ့ မမျှတမှုတွေဟာ လာမယ့်နှစ် နိုင်ငံရေး ရွေးကောက်ပွဲအပေါ် ကူးစက်မှုတွေရှိလာမှာ စိုးရိမ်နေကြတယ်လို့ AFP သတင်းကဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


















 နိုင်ငံပိုင် သတင်းစာကြီး ဖြစ်သည့် ကြေးမုံနေ့စဉ် သတင်းစာသည် စောင့်ကြည့်ဂျာနယ်မှ အောက်ဖော်ပြပါ ပုံဖြင့် ယခုရက်သတ္တပတ် ထုတ်ဝေမှု အတွက် ကြော်ငြာထည့်ခြင်းကို လက်ခံသုံးစွဲ ကြော်ငြာပေးခြင်း မပြုခဲ့ပေ။

အောက်ပါ ကြော်ငြာနှင့် အလားသဏ္ဍာန်တူညီသည့် အခြားကြော်ငြာများကို ယခင်က ပေးစဉ်အခါကမူ ကြော်ငြာကို လက်ခံသော်လည်း စောင့်ကြည့်ဂျာနယ်မှ တာဝန်ရှိသူများထံ အကြောင်းကြားခြင်း မပြုဘဲ ပြင်ဆင် တည်းဖြတ်ပြီး ကြော်ငြာပေးခဲ့ဖူးသည်။ ယင်းသို့ ပြင်ဆင်ကြော်ငြာခြင်းကို ဂျာနယ်တိုက်ဘက်မှ စောဒက တက်ခဲ့ရာ နောက်ပိုင်းတွင် ယခုလို ကြော်ငြာများကို အဆိုပါ နိုင်ငံပိုင် သတင်းစာကြီးက လက်ခံခြင်း မပြုခဲ့တော့ပါကြောင်း။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



““ကျွန်မလုံးဝ မကျေနပ်ဘူး၊ ကျေလည်း မကျေနပ်ဘူး””ဟု ငိုသံများကြားမှ အားတင်းရင်း ပြောနေသူမှာ လက်ပံတောင်းတောင် ပဋိပက္ခတွင် သေနတ် ကျည်ဆန် ဦးခေါင်းကို မှန်၍ သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်း၏ သမီး မ၀င်းခိုင်ဖြစ်သည်။

ပြောရင်း၊ ပြောရင်း တိမ်ဝင်သွားသော အသံများတွင် ရှိုက်ရှိုက် ငိုသံကသာ ဦးဆောင်နေသည်။

အားတင်း စကားပြောလိုက်တိုင်း ထွက်ပေါ်လာသည်က ရင်ထဲ အသည်းထဲက မကျေနပ်သည့် အသံများသာ ဖြစ်သည်။

““ကျွန်မရင်ထဲက ကျေကို မကျေဘူး။ ကျွန်မအမေကို ရက်ရက်စက်စက် သတ်တာ မကျေနပ်နိုင်ဘူး၊ နွားလို ကျွဲလို သတ်တာကို မကျေနပ်နိုင်ဘူး”” ဟုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။

လက်ပံတောင်းတောင် ဒေသတွင် ၀မ်ပေါင်နှင့် ဦးပိုင် ကုမ္ပဏီတို့ ထံမှ လျော်ကြေး ယူမထားသည့် မြေများတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ပြီး ကုမ္ပဏီနှင့် အာဏာပိုင်များက အတင်းအကျပ် ခြံစည်းရိုး ခတ်ခဲ့ရာ လျော်ကြေး လက်မခံသည့် တောင်သူများနှင့် တင်းမာမှု ဖြစ်ခဲ့ကြောင်း မျက်မြင် သက်သေ ဖြစ်သည့် မိုးကြိုးပြင် ရွာသား တစ်ဦးဖြစ်သူ ဦးဝင်းကျော် က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် လျော်ကြေး ယူမထားသည့် ဒေသခံများ၏ လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် ပဲပင်၊ နှမ်းပင်များကို ဘူဒိုဇာနှင့် ထိုးကော် မြေညှိပြီး ခြံစည်းရိုးခတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

ရဲများဘက်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းတွင် ကျည်ဆန် ထိမှန်ခဲ့သည့် တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူ ၄၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။

မိုးကြိုးပြင် ရွာသားတွေက သူတို့ လျော်ကြေးမယူထားတဲ့ အခင်းတွေကို မြေတူးစက်နဲ့ ထိုးပြီးတော့ ခြံစည်းရိုး ခတ်တော့ သွားတားကြတာပေါ့။ ဆည်တည်းကလည်းတား၊ သထုံဘက်လည်းတား၊ ကိုယ့်နေရာနဲ့ ကိုယ်ထွက် တားကြတာ””ဟု လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ မဖြူနှင်းထွေးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ရာချီနေသော ရဲတပ်ဖွဲ့ဝင်များနှင့် အင်အား ၂၀၀ ပတ်ဝန်းကျင်ခန့်ရှိသော နံပါတ်တုတ်များ၊ ဓားများ၊ သေနတ်များ ကိုင်ဆောင်ထားသည့် တရုတ်ဝန်ထမ်းများနှင့် ဒေသခံများ ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဖြစ် ပွားပုံ အသေးစိတ်ကို ရှင်းပြသည်။

ရဲတပ်ဖွဲ့ဝင်များသာမက ၀မ်ပေါင် ကုမ္ပဏီဝန်ထမ်းများဖြစ်သည့် တရုတ်များကပါ ကိုယ်ထိလက်ရောက် ၀င်ရောက် ရိုက်နှက်ခြင်းများ ရှိခဲ့ကြောင်းကို မဖြူနှင်းထွေးက ““တရုတ်တွေက ခဲတွေနဲ့လိုက်ထု၊ တုတ်တွေနဲ့ ၀ိုင်းရိုက်တယ်။ အဲဒီလိုမျိုး တရုတ်တွေက ကိုယ်တိုင်က ဆော်တာ””ဟုပြောသည်။

ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်မူ ဒေသခံတစ်ဦး သေဆုံး ရသည့်အတွက် မိသားစုနှင့် ထပ်တူ ၀မ်းနည်း ကြေကွဲရပါကြောင်း ဖော်ပြ ထားပြီး အဆိုပါ အမျိုးသမီး သေဆုံး သွားရသည် အထိ ဖြစ်ပွား ခဲ့သော ဖြစ် စဉ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မကွဲပြားသေးကြောင်း ဖော်ပြ ထားသည်။

အဆိုပါ ပဋိပက္ခတွင် မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းမှာ နောက်စေ့ပွင့်ထွက် ခဲ့သည့် သေနတ်မှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့ရပုံကို မျက်မြင်သက်သေ တစ်ဦးဖြစ်သည့် ဦးဝင်းကျော်က

““ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသေဆုံးသွားတာ၊ သေနတ်ကျည်ဆန် ထိထိချင်းမှာပဲ ဦးနှောက်တွေ၊ ဘာတွေ ပွင့်ထွက်ပြီး သူလဲကျသွားတာပါ။ အမေကြီး ဒေါ်ခင်ဝင်းကို ကျွန်တော်တို့ မျက်စိရှေ့မှာတင် ပစ်သတ် လိုက်တဲ့ဟာကို ကျွန်တော်တို့ ရင်ထဲမှာ ပြောမပြတတ်အောင် အရမ်းခံစားရပါတယ်””ဟု ပြောပြသည်။

လျော်ကြေး ယူမထားသည့် လယ်ယာမြေများကို မတရားကျူးကျော် ခြံစည်းရိုးခတ် သိမ်းဆည်းမှုကို ယခုကဲ့သို့ တုံ့ပြန်ခြင်းသည် ဆိုးရွားသော ရာဇ၀တ်မှု တစ်ခုဖြစ်ကြောင်း ““လက်ရှိအချိန်မှာ သူတို့လုပ်လိုက်တဲ့ဟာက ဓားပြတိုက်တာနဲ့ အတူတူပဲ””ဟု ဦးဝင်းကျော်က ပြောကြားသည်။

လက်ပံတောင်းအရေး ဆန္ဒပြ လှုပ်ရှားသည့် ဒေသခံများကို အကြမ်းဖက် ဖြိုခွင်းသည့် ပစ်ခတ်မှုကြောင့် ဒေသခံ အများအပြား ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ရမှုအပေါ် အမေရိကန်အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပြည်တွင်း လူမှုအဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။

““လက်နက်မဲ့ ပြည်သူကို အသက်သေဆုံးသည်အထိ ရက်ရက်စက်စက် ပစ်ခတ် တိုက်ခိုက်ခဲ့သော လုပ်ရပ်ကို ကျူးလွန်ခဲ့သည့် စစ်အုပ်စု နောက်မြီးဆွဲ ရဲတပ်ဖွဲ့ကို ပြင်းထန်စွာ ရှုတ်ချကြောင်း”” ကြေညာချက်ကို လက်ပံတောင်းအရေး ကိစ္စတိုင်းတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလေ့ရှိသည့် ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

““အပြစ်မဲ့ ပြည်သူကို ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် လက်ရှိ စစ်တစ်ပိုင်း အစိုးရ အသံကောင်း ဟစ်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ တကယ့် အစစ်အမှန် မဟုတ်ကြောင်း အထင်အရှား ပြသလိုက်ခြင်း ဖြစ်သည်ဟု လက်ခံ ယုံကြည်ကြောင်း””လည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်မူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ ကာရံရေး ဆောင်ရွက်မှု တားဆီး နှောင့်ယှက်ခံရသဖြင့် အဓိကရုဏ်း နှိမ်နှင်းရေးသုံး ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရကြောင်း တစ်ဖက်သတ် ဖော်ပြချက် ပါရှိလာခဲ့သည်။

““လျော်ကြေး လုံးဝမယူတဲ့အတွက် သူတို့မြေကို ခြံစည်းရိုး မခတ်ဖို့တားတာ။ အဲဒါ တရားမျှတမှု ရှိရှိ တားတာပဲလေ။ ဒါကို သေနတ်တွေနဲ့ ပစ်ပြီး၊ တုတ်တွေနဲ့ ရိုက်ပြီးတော့ ရဲတွေ၊ တရုတ်တွေက အင်အားသုံးပြီး တားတယ်။ လူတစ်ယောက်သေတဲ့ အဆင့်အထိ ရောက်တယ်ဆိုတာ ဥပဒေက သူတို့လက်ထဲမှာ ရှိတဲ့ အတိုင်းပဲလို့ ခံစားရတယ်””ဟု မဖြူနှင်းထွေးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

လက်ပံတောင်းတောင် ပဋိပက္ခ ပစ်ခတ်မှုတွင် မြန်မာရဲတပ်ဖွဲ့၏ နှိမ်နင်းပုံသည် ဥပဒေနှင့် မညီသည့်အပြင် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းကြောင့် စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ဝေဖန် ပြောကြားချက်ကို အမေရိကန်နိုင်ငံ အခြေစိုက် ဗွီအိုအေ သတင်းဌာနတွင် ဖော်ပြခဲ့သည်။

အလားတူ ဟောင်ကောင် အခြေစိုက်(AHRC) အာရှ လူ့အခွင့် အရေး ကော်မရှင်၏ ဝေဖန် ပြောကြားချက် များလည်း ပေါ်ထွက်လာခဲ့သည်။

လက်ပံတောင်းတောင် ဖြစ်စဉ်ကို သွားရောက် စုံစမ်းလျက်ရှိသည့် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လူထုဆက်ဆံရေး ဒုတိယ တာဝန်ခံ ဦးဉာဏ်လင်း ကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူလူထုကို ကာကွယ်ရန် ပျက်ကွက်နေကြောင်း မြန်မာသံတော်ဆင့်ကို ပြောကြားသည်။

““ရဲတပ်ဖွဲ့ဆိုတာ ပြည်သူကို ကူညီစောင့်ရှောက်ဖို့ တာဝန်ပဲရှိတယ်။ ပြည်သူကို နှိပ်ကွပ်ရမယ့် တာဝန်မရှိဘူး။ ဒါဥပဒေ ချိုးဖောက်တဲ့ ပြည်သူမဟုတ်ဘူး””ဟု ၎င်းက ဝေဖန်ပြောကြားသည်။

ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂမှ အဓိကရုဏ်း ဖြေရှင်းနည်း သင်တန်းပေးထားသော်လည်း ရဲတပ်ဖွဲ့သည် စစ်တပ် အုပ်ချုပ်မှုအောက်တွင်သာ ရှိနေသေးသဖြင့် ထိရောက်မှု လုံးဝမရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဥရောပသမဂ္ဂက ယူရိုငွေသန်းချီ အသုံးပြုပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ကျော်ကို အဓိကရုဏ်း နှိမ်နင်းနည်း သင်တန်းများအား ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းပိုင်းက ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ပုံများသည် ပြောင်းလဲရန် လိုအပ်နေသည်ကို ဖြစ်ပွားခဲ့ပြီးသော လက်ပံတောင်းတောင်၊ မိတ္ထီလာနှင့် အခြားဒေသများရှိ ဖြစ်ရပ်များက ညွှန်ပြနေကြောင်း၊ ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ဝင်များအတွက် ပို့ချပေးနေသော သင်တန်းများသည် အောင်မြင်မှုရသည့် အနေအထားတွင် ရှိသည်ဟု သံအမတ်ကြီး ရိုလန်ကိုဘီယာက ၂၀၁၃ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ရင်း ၈ တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ကလည်း သံဃာတော်များ ပါဝင်သည့် သပိတ်စခန်းများကို ဖော့စဖရပ်ပါသည့် မီးလောင်ဗုံးများဖြင့် ညအချိန် ဖြိုခွင်းခဲ့မှုကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရသည်။

ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ကြေးနီတောင် စီမံကိန်း ဆက်လက် လုပ်ကိုင်ရန်နှင့် ဒေသခံများ၏ လူမှုဖူလုံရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး တို့ကို ညှိနှိုင်းဆောင်ရွက်ရန်တို့ ပါဝင်သည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက် ပဋိပက္ခ မဖြစ်ပွားခင် အချိန်ကလေးကပင် ထုတ်ပြန်ခဲ့သည့် မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ ရွာ ၃၅ ရွာ၏ ၇၁ ရာခိုင်နှုန်းသာ ညှိနှိုင်းပြီးစီးသေးကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် လူ ၈၀၀ ဦးနှုန်းဖြင့် မနိုင်ဝန် ထမ်းဆောင်နေရကြောင်း ၂၀၁၄ ခုနှစ် မေလက ရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သော်လည်း လက်ပံတောင်း တောင် စီမံကိန်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားရာချီ အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာက အဓိကရုဏ်း နှိမ်နင်းရန် နည်းလမ်းများ ပေးခဲ့ပြီး ဖြစ်သော်လည်း အဓိကရုဏ်း နှိမ်နင်းသည့် အခါတိုင်းတွင် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့သည့် အခါတိုင်း တရားနည်းလမ်းနှင့်အညီ ကျင့်သုံးမှုမရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

ယခုလုပ်ရပ်သည် နိုင်ငံတကာ နည်းလမ်းအတိုင်း လုပ်ခြင်းမဟုတ်ဘဲ ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်းကို ““ဒါ နိုင်ငံတကာ နည်းလမ်းကို ကျင့်သုံးတာ မဟုတ်ဘဲနဲ့ လူသေလောက်အောင် ထိကို ပစ်ခတ်ပြီး ဖြိုခွင်းတာ။ အပြည်ပြည်ဆိုင်ရာ နည်းနဲ့လည်း မညီဘူး။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာလည်း လူထုကို ကာကွယ်ပေးဖို့ မဟုတ်ဘူး။ ပြည်သူလူထုကို အကြမ်းဖက်နေတာ။ ဒီလုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့ လိုပါပြီ”” ဟု ဒေါ်ခင်စန်းလှိုင်က ဝေဖန်ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစစ်မြိုင်ကမူ ဆန္ဒပြသူများရော ဆန္ဒပြသူများကို တားဆီး နှိမ်နင်းသူများ ဘက်ကပါ ဥပဒေနှင့်အညီ ဖြစ်ရန်လိုသည်ဟု မြန်မာသံတော်ဆင့်ကို ပြောကြားခဲ့သည်။

လက်ရှိဖြစ်ရပ်တွင် မည်သူက ဥပဒေမဲ့ ကျူးလွန်သည်ကို လေ့လာ စစ်ဆေးပြီးမှ ထုတ်ပြန်နိုင်မည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ရပ်သည် ဒီမိုကရေစီရေး ဖော်ဆောင်နေသည်ဟု ဆိုသည့် အစိုးရအပေါ် သံသယ များ ပိုမိုကြီးထွားစေသည့် လုပ်ရပ်ဖြစ်ကြောင်းကို ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဉာဏ်လင်းက ““ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သွားနေပါတယ်ဆိုတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက သံသယပိုခိုင်မာ လာစေတယ်””ဟု ဝေဖန်ပြောကြားသည်။

လက်ရှိအချိန်တွင် တစ်ရွာနှင့် တစ်ရွာကြား ဆက်သွယ်ရန် လမ်းများတွင် သံဆူးကြိုးကြီးများဖြင့် ခြံစည်းရိုးများ ခတ်ထားသဖြင့် တစ်ရွာနှင့်တစ်ရွာ ကူးသန်းရန်ပင် မလွယ်ကူကြောင်း ဆည်တည်းရွာသို့ ရောက်ရှိနေသူ မဖြူနှင်းထွေးက ပြောကြားသည်။

သေဆုံးသူ ဒေါ်ခင်ဝင်း၏ သမီးဖြစ်သူ မ၀င်းခိုင်ကမူ ရှိုက်ကြီးတငင် ငိုကြွေးနေသည့်ကြားက မကျေနပ် နိုင်ကြောင်းကိုသာ တတွင်တွင် ပြောကြားနေသည်။

ကျော်ကျော်မင်း၊ ချမ်းမြေ့ခိုင်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


ဆိုရေးရှိက ဆိုရပါတော့မည်။ ရေးရေးရှိက ရေးရပါတော့မည်။ လူအများ ကြိုက်နှစ်သက်ချင်မှ ကြိုက်မည်၊ သို့သော် အမှန်တရားတခုကို ထောက်ပြ ပါရစေခင်ဗျား။ အကြောင်း ကတော့ ဆင့်ပွား တွေးခေါ်မှုမှ စသည်။ ဘာကို ဆင့်ပွား တွေးခေါ် မိသနည်းဟူမူ စာရေးဆရာ ထင်လင်းဦးကို တရားစွဲခြင်းမှ စသည်။ အများသိကြသည့်အတိုင်း ဖြစ်စဉ်မှာ ၂၀၁၄ အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင်ပြုလုပ်ခဲ့သော ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟော ပြောပွဲတွင် စာရေးဆရာ ထင်လင်းဦး ဟောပြောခဲ့သည့် ဟောပြောချက် အချို့မှာ ဘာသာသာသနာ ညှိုးနွမ်းမှုကို ဖြစ်ပေါ်သည်ဟုဆိုကာ ချောင်းဦး မြို့နယ်လ၀ကဦးစီးမှူးက တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ချောင်းဦးမြို့နယ်တရားရုံး၌ တရားစွဲခဲ့သောအမှု ဖြစ်သည်။ ထိုအမှုကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စတင်တရားစွဲခဲ့ပြီး စာရေးဆရာ ဆရာထင်လင်းဦးအား ထုချေရှင်းလင်းရန် လာရောက်စေလို သည်ဟုခေါ်ပြီး တရားခွင်သို့ရောက်သောအခါ အာမခံလျှောက်လွှာတွင် အချက်အလက်များဖြည့်ခိုင်းကြောင်း ထို့နောက် အာမခံလျှောက်ထားသော အကြောင်းအရာသည် ခိုင်မာမှုမရှိဟု တရားသူကြီးက ဆုံးဖြတ်ကာ ထင်လင်းဦးအား ချက်ချင်းလက်ထိပ်ခတ်ဖမ်းချုပ်၍ မုံရွာအကျဉ်းထောင်သို့ ပို့ခဲ့သောဖြစ်စဉ် ဖြစ်သည်။ ဤနေရာ၌ ကျွန်တော်သည် ထင်လင်းဦး ဘက်က ဘက်လိုက်ကာကွယ်ရေးသားနေခြင်းမဟုတ်ပေ။ ဥပဒေအတိုင်း မျှတစွာဆောင်ရွက်မည်ဆိုပါက ထင်လင်းဦးကို တသက်တကျွန်းထောင် ဒဏ်ချလည်း ဘာမှဝင်ပြောနေစရာမရှိပေ။ သို့သော် လုပ်နေကိုင်နေကြ သည်မှာ ရိုးမှရိုးရဲ့လား။ ထိုအမှုနောက်ကွယ်တွင် မြှုပ်ကွက်တွေ၊ လက်ဝါးချင်းရိုက်ထားတွေ ရှိနိုင်သလိုဖြစ်နေမှုကိုသာ အဓိကထားပြောလိုရင်း ဖြစ်သည်။
စာရေးဆရာထင်လင်းဦးကိုစွဲဆိုထားသော ပုဒ်မ ၂၉၅-က သည် ဥပဒေတွင် ဤသို့ပါရှိ၏။

၂၉၅-က။ ။ ပြည်ထောင်စုနိုင်ငံတော်တွင်နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့်မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ်သည့်ဘာသာ သာသနာကို သော်၎င်းင်း၊ ဘာသာသာသနာရေးယုံကြည်မှုကိုသော်၎င်းင်း၊ စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်အထိ ထောင် ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ဖော်ပြထားသည်။ ထိုဥပဒေကိုပင် အင်္ဂလိပ်ဘာသာဖြင့် ဤသို့ရေး ထား၏။
295 A . Whoever,with deliberate and malicious intention of outraging the religious feeling of any class of (persons resident in the Union ) by words, either spoken or written ,or by visible representations, insults or attempts to insult the religion or the religious beliefs of that class, shall be punished with imprisonment of either description for a term which may extend to two years ,or with fine ,or with both.

ထို့ကြောင့် ဤအမှုဖြင့်စွဲဆိုခံရသောအခါ တရားခံသည်အပြစ်ရှိ မရှိကို အဓိကဆုံးဖြတ်ရမည်မှာ တမင်မသမာသောအကြံဖြင့်ဟူသော ကြိယာဝိသေသန ဖြစ်သည်။ အပြစ်ရှိခြင်းမရှိခြင်းကို တမင်မသမာသော အကြံဖြင့်ပြုလုပ်ခြင်း ဟုတ်မဟုတ်။ အင်္ဂလိပ်လို with deliberate (တမင်ကြိုတင်ကြံစည်မှုဖြင့်) and malicious intention (ထိခိုက်နစ်နာစေလိုသောရည်ရွယ်ချက်ဖြင့်)ရှိမရှိဟူသော စကားလုံး၏ အဖြေက ရှင်းချက်ထုတ်မည်။ ထင်လင်းဦးတွင် တမင်မသမာသော ရည်ရွယ်ချက် ရှိ မရှိဆိုသော အကြောင်းခြင်းရာ ပြဿနာကိုအဓိကထား စစ်ဆေး ဆုံးဖြတ်ရမည်ဖြစ်သည်။ ထင်လင်းဦးသည် ဗုဒ္ဓသာသနာတော်ကြီးညှိုးနွမ်း ပျက်စီးစေရန်၊ ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေးစိတ်ကိုနာကြည်းစေရန် တမင်မသမာသောစိတ်အကြံဖြင့်လုပ်ဆောင်ကြောင်းသက်သေထင်ရှား တွေ့လျှင် ထောင်ဒဏ်နှစ်နှစ်ထက်မပိုသောဒဏ်ကို ချမှတ်ရမည်ဖြစ်သည်။ ထိုအကြံဆိုးမရှိဘဲ သဘောရိုးဖြင့်ပြောခဲ့သည်ဆိုခြင်းအား တွေ့ရှိလျှင် ဒဏ်ငွေလောက်နှင့်ပဲ ပြီးရမည့်အမှုဖြစ်သည်။ ထိုသို့မဟုတ်ပါဘဲ တရားသူကြီးအပေါ် ကျရောက်နေသော မမြင်နိုင်သည့် ဖိအားများရှိသည်ဆိုပါက အမြင့်ဆုံးထောင်ဒဏ်နှစ်နှစ်အပြင် ငွေဒဏ်ပါချမှတ်ပါလိမ့်မည်။ ဤ ဆောင်းပါးရေးသားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စာရေးဆရာ ထင်လင်းဦးကို ကာကွယ်လိုရင်းမဟုတ်၊ တရားသူကြီးထံတွင် ကျရောက် ကောင်းကျရောက်နေမည်ဖြစ်သော မမြင်ရသည့်ဖိအားများကို ဆန်းစစ်ဝေဖန်ကြည့်လိုခြင်းဖြစ်သည်။

သာမန်အားဖြင့် ရာဇ၀တ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေ အမှုတခု ဖြစ်သောအခါ တရားလိုအဖြစ် စတင်တိုင်ကြားအမှုစွဲဆိုသူသည် အမှုနှင့် တိုက်ရိုက်ပတ်သက်သူသာ များပေသည်။ မောင်လှက၊ မောင်မြကိုသတ်မှုတွင် အသတ်ခံရသူ မောင်မြ၏ ဇနီး၊ ဆွေမျိုး၊ မိသားစုက တရားလို လုပ်အမှုဖွင့်ရပေမည်။ မောင်မြအသတ်ခံရမှုတွင် တိုက်ရိုက်မသက်ဆိုင်သော မောင်ဖြူက လာရောက်တိုင်ကြားအမှုဖွင့်ခြင်းမှာ အမှုစတင်တည် ဆောက်ပုံကပင် လွဲနေပါသည်။ ထင်လင်းဦးအမှုတွင် ထင်လင်းဦးသည် ဗုဒ္ဓဘာသာဝင်များ စိတ်ထိခိုက်အောင်ပြောဆိုခဲ့သည်ဟု ယုံကြည်ပါက ဗုဒ္ဓဘာသာတွင် သံဃာတော်များရှိပါသည်။ သံဃာတော်များ၏ အဆင့် အမြင့်ဆုံး သံဃနာယကအဖွဲ့ရှိပါသည်။ သံဃာနာယကဆရာတော်များ သည် သက်တော်ကြီးရင့်သဖြင့် လောကီအမှုအခင်းများတွင် မပါဝင်လိုပါက မြို့နယ်သံဃနာယဆရာတော်များရှိပါသည်။ ချောင်းဦးမြို့နယ် သံဃနာ ယကဆရာတော်တပါးပါးက တရားလိုလုပ်၍တရားစွဲသင့်ပေသည်။ သံဃာတော်များသည် တရားတပေါင်ကိစ္စများတွင် မပါဝင်လိုပါက သာသနာရေးကို နိုင်ငံတော်မှ လစာနှင့်ချီးမြှင့်ငွေများ လက်ခံရယူကာဆောင်ရွက်နေ သော သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအရပ်သားအရာရှိတဦးဦးက တရားလိုလုပ် တရားစွဲဆိုရပေမည်။ ချောင်းဦးမြို့နယ်တွင်မြို့နယ် သာသနာရေးဦးစီးဌာနဟူ၍ မဖွင့်လှစ်သေးပါက စစ်ကိုင်းတိုင်းသာသနာရေးဦးစီးဌာနမှ တာဝန်ခံပုဂ်္ဂိုလ်တဦးက တရားလိုလုပ်တရားစွဲသင့်ပေသည်။ ထိုသို့ရှည်ရှည်ဝေးဝေးမသွားလိုလျှင် ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ တာဝန်ယူတရားစွဲရပေမည်။ ယခုတော့ ထိုသို့မဟုတ်။ တရားစွဲသော တရားလိုမှာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ၀က) ဦးစီးမှူး ဖြစ်နေသည်။ လ၀ကနှင့် ဘာသာရေးကိစ္စသည် မည်သို့သက်ဆိုင်နေသလဲ စဉ်းစား၍ မရပေ။ စွပ်စွဲခံရသူသည် မှတ်ပုံတင်အတုကိုင်ထား၍ လ၀ကဦးစီးမှူးပါဝင်လာသလော၊ တရားဝင် ဗီဇာမပါဘဲ ထင်လင်းဦးသည် ချောင်းဦးမြို့နယ်သို့ရောက်လာသဖြင့် လ၀ကမှ အမှုဖွင့်သလော။ လ၀ကအနေဖြင့် အဓိကလုပ်ရမည်မှာ ၁၈ နှစ်ပြည့်ပြီးသောနိုင်ငံသားများ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ မြန်မြန် ဆန်ဆန်လွယ်လွယ်ကူကူရရှိရေးဖြစ်သည်။ မှတ်ပဲတင်မပါဘဲ ခိုးဝင်လာသော ဘင်္ဂါလီများ၊ တရုတ်နိုင်ငံသားများကို ပိုက်စိတ်တိုက်လိုက်လံရှာဖွေ ဖမ်းဆီးရန်ဖြစ်သည်။ လ၀ကဦးစီးမှူးများ သာသနာရေးပါ တွဲကိုင်ထားရခြင်းဖြစ်လျှင်သော်မှ မိမိဆုံးဖြတ်ချက်ဖြင့် တရားစွဲသည်လား၊ အထက်မှညွှန်ကြား၍ စွဲသလားဆိုတာ သိလိုပေသည်။ ကိုယ့်ဌာနနှင့် တိုက်ရိုက် မသက်ဆိုင်သောအမှုတခုအတွက် လ၀ကဦးစီးမှူး၏ မူလတာဝန်များ ပျက်ကွက်လစ်ဟင်းမှု မဖြစ်သင့်ပါပေ။ မြန်မာနိုင်ငံတွင် အထက်မှညွှန်ကြားချက်တစုံတရာမရှိဘဲ မြို့နယ်အဆင့် နိုင်ငံ့ဝန်ထမ်းတယောက်အနေဖြင့် ဤကဲ့သို့ ကြီးမားသောကိစ္စတခုတွင် ၀င်မပါရဲပါ။ ၀န်ထမ်းများသည် အထက်မှညွှန်ကြားချက်မရပါက သူတို့ရုံးကို ဓာတ်ပုံရိုက်တာပင် ခွင့်ပြုချင်သော လူများမဟုတ်ပါ။ ယခုလို မီဒီယာရှေ့တွင် ပေါ်ပေါ်ထင်ထင်ထွက်၍ ရပ်ပြရဲသော လ၀ကမြို့နယ်ဦးစီးမှူး ဦးဦးထွန်းခိုင်အနေဖြင့် နေပြည်တော်မှ မီးစိမ်းပြပြီးဖြစ်မည်ဟု ယုံကြည်ပါသည်။ နေပြည်တော်၏ညွှန်ကြားချက်ကို မြို့နယ်လ၀ကအရာရှိက ကိုယ်စားဆောင်ရွက်ပေးနေသော သဘောဟုသာ ယူဆရပါ၏။

ထင်လင်းဦးပြောကြားခဲ့သောစကားအချို့မှာ အလွန်အကျူး ပြောကြားချက်များ၊ ၀ိဝါဒကွဲစရာများ၊ မခံချင်စရာ အစွန်းရောက်စကားများ ပါဝင်ကောင်းပါဝင်နိုင်ပါသည်။ ထိုသို့ပြောကြားမှုများသည် ကိုယ့်မိတ်ဆွေအချင်းချင်း လက်ဘက်ရည်ဆိုင်တွင်ပြောကြားသော စကားဖြစ်ပါက ကိစ္စမရှိပါ။ လေထဲလာ၍ လေထဲမှာပျောက်သွားပေမည်။ သို့သော် စင်ပေါ် တက်ဟောပြောသော စာရေးဆရာတယောက်။ အထူးသဖြင့် အစိုးရက တိုက်ခိုက်ပြစ်တင်ရန် အမြဲအကွက်ချောင်းခံနေရသည့် အတိုက်အခံပါတီကြီးတခု၏ ဗဟိုပြန်ကြားရေးတာဝန်ခံတဦးအနေဖြင့် ထိုသို့ မပြောသင့်ပေ။ သို့သော် ကျွန်တော်စဉ်းစားမိသည်မှာ ထင်လင်းဦးသည် ရဟန်းသံဃာတော်များကို စော်ကားခဲ့သည်ဆိုပါက သူ၏စော်ကားမှုမှာ ၀စီကံဖြင့် ပြောကြားရုံပဲရှိခဲ့ပါသည်။ စော်ကားရာ ရောက်မရောက်ကိုတော့ တရားရုံး ဆုံးဖြတ်ချက်ထွက်လာမှသိပေမည်။ အကယ်၍ စော်ကားသည်ဟု ဆုံးဖြတ်ခဲ့လျှင်တောင် ပါးစပ်ပြောစကားဖြင့် ပြောခဲ့တာပဲရှိသည်။ ထင်လင်းဦး ထက် ပြောင်ပြောင်တင်းတင်း ကာယကံ၊ ၀စီကံ၊ မနောကံများဖြင့် သံဃာကို ကိုယ်ထိလက်ရောက်စော်ကားသူများကို ယခင်က အရေးယူခဲ့သော မှတ်တမ်းများကိုအနည်းငယ် ငဲ့စောင်းကြည့်မိပါသည်။ အနီးစပ်ဆုံးသည် ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သော မဟာသန်္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုအငြင်းပွားရာတွင် လက်နက်မဲ့သံဃာတော်များ သီတင်းသုံးရာကျောင်းတိုက်သို့ ညကြီးအချိန်မတော် လက်နက်ကိုင်လုံခြုံရေး တပ်သားများ၊ ဝေါ်ကီတော်ကီကိုင်ထားသော ရဟန်းများဖြင့် ၀င်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ လန်ဒန်ဆရာတော်နှင့်တပည့်ရဟန်းများကို အဓမ္မကား ပေါ်တင်ဖမ်းဆီးသွားပြီး ကာယကံရှင်၏ဆန္ဒမပါဘဲ အတင်းအဓမ္မ အင်အားသုံးလူဝတ်လဲစေတာ၊ အင်းစိန်ထောင်သို့ပို့လိုက်တာရော ဘာသာသာသနာညှိုးနွမ်းစေမှု မဟုတ်ဘူးလား။ ထိုအမှုတွင် အဓိကလုပ်ဆောင် ခဲ့ကြသူများကိုရော တာမွေမြို့နယ် လ၀ကဦးစီးမှူးက တရားမစွဲဘူးလား။ သံဃနာယကမှ တာဝန်မပေးဘူးလား။ ထိုမဟာသန်္တိသုခကျောင်းသို့ ညအချိန်သူပုန်စီးသလိုဝင်ရောက် ဖမ်းဆီးခြင်းသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၅-က တွင်ပါဝင်သော။ ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကိုနာကြည်းစေရန် ဆောင်ရွက်သော အပြုအမူ မဟုတ်ဘူးလား။ ပီနန်ဆရာတော်၊ လန်ဒန်ဆရာတော်၊ သံဃမဟာနာယကဘက်ကရော ဘယ်ဘက်မှမပါသည့်တိုင် ဗုဒ္ဓဘာသာဝင် တယောက်အနေဖြင့် ကျွန်တော်အပါအ၀င်လူတော်တော်များများ၏ ဘာသာရေးစိတ်(ဗုဒ္ဓဘာသာရဟန်းတော်များကိုစော်ကားသဖြင့် စိတ်ဆင်းရဲ နာကြည်းရသောစိတ်) သည် လူအတော်များများ၏စိတ်တွင် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့လုပ်ရန်အမိန့်ပေးခဲ့သူ၊ လက်တွေ့လုပ်ဆောင်ခဲ့သူများသည် ပုဒ်မ ၂၉၅ ဖြင့် မငြိစွန်းတော့ပြီလော။ သာသနာရေးဦးစီးဌာနမှ ညွှန်ချုပ်ဦးအံ့မောင်၏ တာဝန်မဲ့ပြောကြားချက်များသည် ပုဒ်မ၂၉၅ နှင့် မငြိတော့ပြီလော။ နေပြည်တော်မှ မီးစိမ်းမပြသောအခါ တရားစွဲမည့်အဖွဲ့ လည်းမရှိ၊ တရားလို လ၀ကဦးစီးလည်းမထွက်ပေါ်၊ လန်ဒန်ဆရာတော်မှ ပြန်လည်တရားစွဲသည်ကိုပင် တရားစွဲမခံဘဲ ပယ်ချခဲ့သည်မဟုတ်ပါလား။

နောက်ထပ် သမိုင်းတင်မည့်ညစ်ကွက်မှာ မြန်မာသာမက ကမ္ဘာသို့ပါ နာမည်ဆိုးဖြင့်ကျော်ကြားသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်စဲဖို့ ငြိမ်းချမ်းစွာဆန္ဒပြနေသော လက်နက်မဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို လုံထိန်းများက နံနက်ဝေလီဝေလင်း အမင်္ဂလာအချိန်တွင် အကြမ်းဖက်နှိမ်နင်းခဲ့မှုဖြစ်သည်။ ထိုဖြစ်စဉ်တွင် မီးလောင်ဗုံးဟု ယူဆ ရသောဗုံးတမျိုးဖြင့် ရက်ရက်စက်စက်ဖြိုခွင်းသောကြောင့် သံဃာတော်များ ဆိုးဆိုးရွားရွားမီးလောင်ဒဏ်ရာရကာ မုံရွာဆေးရုံတွင်သာမက ထိုင်းနိုင်ငံ သို့ပါသွားရောက်ဆေးကုသခဲ့ရသည်။ သေရာပါ ဒဏ်ရာများရခဲ့သည်။ ဤကာယကံမြောက် ဗုဒ္ဓသားတော်သံဃာများကို စော်ကားမှုအတွက် နိုင်ငံတော်သည် မည်သူ့ကိုမျှ ဘာသာသာသနာ ညှိုးနွမ်းစေမှုဖြင့် တရားမစွဲခဲ့ပါ။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည်လည်းကောင်း၊ မြန်မာဝမ်ပေါင် ပေါက်ဖော်ကြီးကုမ္ပဏီသည်လည်းကောင်း၊ ရဲဝန်ထမ်း များသည်လည်းကောင်း ပုဒ်မ ၂၉၅ မှ ကင်းလွတ်ခွင့်ရခဲ့ကြပါသည်။ ပြည်သူလူထုကတော့ကျူးလွန်သူများကို အော့နှလုံးနာခဲ့ကြပါသည်။ ဘာသာရေးစိတ်ကိုနာကြည်းစေခြင်းဆိုသော အင်္ဂါရပ်မှာ လိုသည်ထက်ပင် ပိုနေပါသည်။ နာကြည်းရုံမက၊ အော့နှလုံးပင်နာပါသည်။ ထိုစဉ်က သံဃနာယကသည်လည်း တရားစွဲသည် မကြားရပါ။ ဦးအံ့မောင်လည်း ငြိမ်နေ ပါသည်။ လ၀ကဦးစီးမှူးလည်း ငြိမ်နေပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာရင့်မာကြီးတွေသာမက လူမမယ်အရွယ် ကိုရင်လေးတွေ၊ သီလရှင်လေးတွေလည်းပါပါသည်။ ထိုသူများကို စစ်ဖိနပ်ဖြင့်ကန်၊ သေနတ်ဒင်ဖြင့်ထု၊ အင်းစိန် GTI ကျောင်း ထဲမှာဖမ်းချုပ်ထား၊ စစ်ကြောရေးတွင်နှိပ်စက်၊ အချို့ကိုထောင်ချ၊ အချို့ကိုအတင်းအဓမ္မလူဝတ်လဲခဲ့ကြပါသည်။ မည်သူသည် ပုဒ်မ ၂၉၅/ ၂၉၆/ ၂၉၇/ ၂၉၈ တို့ဖြင့်အရေးယူခံရပါသလဲ။ မည်သူတစုံတဦးကို ရုံးတင်စစ်ဆေးခဲ့ပါသလဲ။ မည်သူ့ကိုအာမခံမပေးဘဲ လက်ထိပ်ခတ်ကာ အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ပါသလဲ။ စဉ်းစားစရာကောင်းလှ၏။ ကာယကံ မြောက်စော်ကားလျှင် ပြစ်မှုမမြောက်၊ ၀စီကံမြောက်စော်ကားလျှင် ပြစ်မှုမြောက်သလိုဖြစ်နေပေ၏။

ဦးစံလင်းဆိုသော ပုဂ်္ဂိုလ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် မကြာသေးမီက ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူမည်ဟု လုပ်ငန်းများလုပ်ပြခဲ့သည်။ သူတရားဝင်ပြောသည့်အထဲတွင် ဗုဒ္ဓသာသနာဆိုတာရော၊ ထွက်ရပ်ပေါက်ပုဂ်္ဂိုလ်ကြီးတွေဆိုတာရော၊ နတ် နဂါးတွေဆိုတာရော၊ လူဝင်စားဆိုတာတွေရော၊ ဘိုးတော် မယ်တော်တွေရော၊ ဂမ်္ဘီရတွေရောပါဝင်၏။ ငွေကြေးအရှုပ်အရှင်းတွေလည်းပါဝင်၏။ ဗုဒ္ဓဘာသာဆိုတာ ဒီလို မရှုပ်မရှင်းတွေလားဟု ဘာသာခြားများ မေးငေါ့ စရာအလုပ်ကို ဦးစံလင်းနှင့်အဖွဲ့သည် အာဏာပိုင်များခွင့်ပြုချက်ဖြင့် ဗြောင်လိမ်ခဲ့သည်။ ထိုဦးစံလင်းကို လိမ်လည်မှုပုဒ်မ (၄၂၀)ဖြင့်အရေးယူပါ သလား။ ဘာသာသာသနာညှိုးနွမ်းစေမှုပုဒ်မ (၂၉၅)ဖြင့် တရားစွဲသလား။ ဝေးပါသေးသည်။ ဦးစံလင်းဘယ်ရောက်နေမှန်းတောင် မသိတော့။ အလှူ ငွေများ ဘယ်လိုစာရင်းချုပ်သလဲ ဘယ်သူမှမသိတော့။ ဘာသာရေး အဓိကရုဏ်းများတွင် ဗလီများကိုဖျက်ဆီးသောဒေါသဖြစ်နေသည့် လူ အုပ်ကြီးမှာလည်း ဘယ်ကရောက်လာမှန်းမသိ၊ ဘယ်ကိုပျောက်သွားမှန်း မသိအောင် လက်စလက်န ပီပြင်လှသည်။

လေကြောင်းလိုင်းတခု၏ဖွင့်ပွဲတွင် မြန်မာသံအမတ်ကြီးသည် နိုင်ငံခြားသားများနှင့်အတူ ရွှေတိဂုံစေတီပုံစံလုပ်ထားသော ကိတ်မုန့်ကို ဓားဖြင့်လှီးဖြတ်နေသည့်ပုံ အင်တာနက်တွင် ပလူပျံအောင်တက်လာခဲ့ဖူး သည်။ ကြားရမြင်ရသူအပေါင်းက စိတ်မချမ်းမသာဖြစ်ကြသည်။ ဗုဒ္ဓဘာသာမြန်မာတို့၏ အထွတ်အမြတ် ရွှေတိဂုံစေတီကြီးကို ကိတ်မုန့်လုပ်၍ ဓားဖြင့်လှီးဖြတ်ကာ စားကြသတဲ့။ ကြားရတာနဲ့တင် ကြက်သီးထစရာ ကောင်းလှသည်။ သို့သော် တရားစွဲခံရသည်ဟု မကြားမိပေ။ ပဲခူးရွှေမော် ဓောဘုရား ရင်ပြင်တော်ပေါ်အထိ ကားစီး၍တက်သော ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်သည်လည်း ဘာသာသာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲခံ ရသည်မရှိပေ။ သာမန်လူများမီးလောင်မှုဖြစ်လျှင် အိမ်ရှင်ကို ဖမ်းဆီး အရေးယူသော်လည်း ဟိုတလောက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အိမ်တွင် မီးလောင်သောအခါ ဟိုလိုလိုသည်လိုလိုဖြင့် ပြီးသွားပေ သည်။ မြန်မာနိုင်ငံဝယ် ဥပဒေသည် သရေကွင်းကဲ့သို့ ဆွဲ၍လည်းချဲ့ နိုင်ပေ၏။ ကျုံ့ချင်လျှင်လည်းကျုံ့နိုင်ပေ၏။

မှန်သည့်အတိုင်းရေးရလျှင် ထင်လင်းဦးအဖမ်းခံရခြင်းသည် ဘာသာသာသနာကို စော်ကားသောကြောင့်မဟုတ်။ NLD ပါတီ ဗဟို ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်နေသောကြောင့် ဖြစ်သည်။ ဟိုပါတီကြီး၏ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာထဲမှ နည်းဗျူဟာတခု မျှသာဖြစ်သည်။ ထင်လင်းဦးသည် ဦးအံ့မောင်ဖြစ်ခဲ့လျှင်။ ထင်လင်းဦး သာ ဦးစံလင်းဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ ပခုက္ကူတွင် သံဃာကို ဓာတ်တိုင် ကြိုးတုပ်ထားသော မြို့နယ်အာဏာပိုင်ဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ ရွှေဝါရောင်တော်လှန်ရေးတွင် လက်သံပြောင်ခဲ့သော လုံထိန်းတယောက် ဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ လက်ပံတောင်းတောင်တွင် တာဝန်ကျသော ရဲတယောက်ဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ရှယ်ယာ ရှင်ဖြစ်ခဲ့လျှင်၊ ထင်လင်းဦးသာ ဦးပိုင်လီမိတက်နှင့် အမျိုးတော်ခဲ့လျှင်၊ ထင်လင်းဦးသာ သံအမတ်ကြီးဖြစ်ခဲလျှင်။ ထင်လင်းဦးသာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်ခဲ့လျှင် ဘာအမှုညာအမှု၊ မည်သည့်အမှုမှဖြစ်လာမည် မဟုတ်ပါ။ နိုင်ငံတော်ဘွဲ့ထူးဂုဏ်ထူးပင် ချီးမြင့်ခံရကိန်းရှိပါသည်။ ကျွန်တော်ပြောလိုသည်မှာ အမှုတခုကိုကျူးလွန်ရာတွင် ကိုယ့်ပါတီမှလူ၊ ကိုယ့်အဖွဲ့အစည်းမှလူဆိုလျှင် မသိချင်ယောင်ဆောင်မည်။ အပြစ်ကင်း ချင်ယောင်ဆောင်မည်။ ကိုယ်မလိုလားသောအဖွဲ့မှ လူကျူးလွန်တာ ဆိုလျှင် မရမကကြီးမားလာအောင်လုပ်မည်ဆိုသည့်မူဝါဒါကို ဆန့်ကျင် နေခြင်းဖြစ်ပါသည်။ အရေးယူလျှင်အားလုံးကို တပြေးညီအရေးယူစေ ချင်ပါသည်။ ကိုယ်နှင့်မတည့်လျှင်ဖမ်းမည် ကိုယ့်လူလုပ်တာဆိုလျှင် ကာကွယ်ပေးမည်ဆိုသောအကျင့်များသည် ကိုယ်ကျင့်တရားကောင်းသော နိုင်ငံသားများလုပ်ရမည့် အမူအကျင့်မဟုတ်ချေ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ခွက်ခွက်လန်ရှုံးနိမ့်မှုကို မျက်ဝါးထင်ထင်တွေ့ရ၍ ၂၀၁၅ ရွေးကောက်ပွဲအတွက် အကြောက်ကြီး တွေးကြောက်လာသော ပါတီကြီးတခုသည် အစိုးရအားကိုးနှင့် (ယခုအခါ မြန်မာနိုင်ငံဝယ်၊ ပါတီသည် အစိုးရ၊ အစိုးရသည်ပါတီ ဖြစ်နေ၏) ၂၀၁၅ တွင် အောင်ပွဲခံရန် ကြိုတင်ကြံစည်နှပ်ကြောင်းပေးလာသည်ကို တွေ့ နေရသည်။ မြန်မာနိုင်ငံသည် ဘာသာရေးအရ အထိအခိုက်မခံနိုင်သည့် နိုင်ငံဖြစ်သည်။ ပြည်သူလူထုအများစုသည် ရိုးသားပြီး ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ထိုလူများ၏ထောက်ခံမှုကို ဖြတ်လမ်းနည်းဖြင့် ကြံနိုင်လျှင် ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်နိုင် မည်ဖြစ်သည်။ ထို့ကြောင့် အတိုက်အခံ NLD ပါတီအာဏာရသွားလျှင် တိုင်းပြည်သည် မူဆလင်နိုင်ငံဖြစ်သွားမည်ဖြစ်ကြောင်း၊ NLD ပါတီ ၀င်များသည် ဗုဒ္ဓဘာသာကိုစော်ကားနေသူများဖြစ်ကြောင်း သတင်း အဆက်မပြတ်လွှင့်၍ စည်းရုံးသည် (သူတို့အဖွဲ့ သံဃာများကို ကာယကံ မြောက် ကျူးလွန်ခဲ့တာတွေကိုတော့ လေသံမျှမဟဘဲ ဖုံးဖိထားသည်)။ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းနည်းသူများသည် ထိုဝါဒဖြန့်ချိမှု နောက်သို့လိုက်ပါကြကုန်၏။ NLD ပါတီဝင်တွေ ဘာလုပ်သလဲ၊ ဘာမှားသလဲ စေ့စေ့စပ်စပ်လိုက်ကြည့်သည်။ အမှားတကွက်တွေ့လျှင် သေးရာမှ ကြီးအောင်၊ ကြီးရာမှ ထိန်းမရအောင် ဖော်ထုတ် မီးမောင်းထိုးပြသည်။ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီဝင်များသည် ဗုဒ္ဓဘာသာကိုဆန့်ကျင်နေသယောင် ပုံမှားရိုက်ကြသည်။ ကျဆုံးနေသောပါတီစည်းရုံးရေးအတွက်၊ ဘာသာရေးကို နိုင်ငံရေးထဲသို့ ဆွဲသွင်းခြင်းဖြစ်သည် (၀ါ) ချက်အောက်ကို လက်သီးပုန်းထိုးခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို စော်ကားသူသည် သူ့အကုသိုလ်နှင့်သူခံရပါလိမ့်မည်။ ကိုယ်ဘာလုပ်ခဲ့သလဲဆိုတာ ကိုယ်အသိဆုံးဖြစ်သည်။ သို့သော် မိမိပါတီ အောင်နိုင်ရေးအတွက် သူများအပြစ်တွေကို မကြီးကြီးအောင်လိုက်လံ ဖော်ထုတ်စည်းရုံးနေသော နိုင်ငံရေးလှည့်ကွက်တွေထဲ မျောပါမသွား အောင်တော့ နိုင်ငံသားအားလုံးသည် သတိထားဖို့လိုမည် ဖြစ်ပါသည်။၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့် နိုင်ငံရေးလှည့်ကွက်များမှာ တခုပြီး တခု မရိုးနိုင်အောင် ဆက်တိုက်ပေါ်ပေါက်လာတော့မည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal