February 2015

အနုံတွေကျူးတဲ့အဖြစ်ဟာ
ခုခေတ်မှာ ဗလဗွေ
အမှုတွေ ရာထောင်တွေနဲ့
ကြာအောင်နေ ရင်ရူးရချေရဲ့…။

အကျင့်မကောင်းသူထံမှ
အကျင့်စာရိတ္တကောင်းကြောင်း
တောင်းတောင်းပန်ပန်
ထောက်ခံစာတောင်းခံရတဲ့ခေတ်…။

ပညာမတတ်သူက
ပညာရပ်အထွေထွေကို ရှာဖွေကာမနှေး
ပြဌာန်းပေးနေတဲ့ခေတ်…။

နှစ်နိုင်ငံခြား ပညာများဖလှယ်ဖို့
လက်မှတ်ထိုးစို့ပြုတဲ့နေရာ
ဆိုင်းဘုတ်ပေါ်မှာ UNIVERSITYကို
UNVIERSITY လို့အပေါင်းမှားတဲ့ခေတ်…။

သားသမီးကျင့်ဝတ်ကို
တပည့်ကျင့်ဝတ်လို့ လုံးဝချွတ်ချော်
အပေးမတော်တဲ့ခေတ်…။

ငွေစက္ကူကျပ်သိန်းနှစ်ထောင်ထုတ်လာရာ
ကျပ်သိန်းငါးဆယ်မှာ စက္ကူပလာ
ညှပ်ပါလာပြီး ကျောင်းဆရာများ
လစာ လျှော့ယူသွားရတဲ့ခေတ်…။

သြော်..ချစ်စရာအမှားတွေနဲ့
အနှစ်တရာသွားလိုက်ရင်တော့
ရှက်စရာမျက်နှာများ ဘယ်လိုထားလို့
ဘယ်လိုပြစားကြတော့မလဲ..ကွယ်တို့…။


တက္ကသိုလ်ဘုန်းကြွယ်(ဖေဖေါ်ဝါရီ ၂၇ ၁၅)


ဒီအစိုးရဟာ အစိုးရကောင်းဖြစ်မြောက်ရေးကို ပါးစပ်ကသာ မိုးတလုံး လေတလုံးပြောနေပြီး အစိုးရကောင်းဖြစ်မြောက်ရေးဆိုတာ သူတို့နဲ့လားလားမှ မဆိုင်ဘူး။ အစိုးရကောင်းဖြစ်မြောက်ရေးအတွက် ရှိရမယ့် တိုင်းပြည်နဲ့ လူထုအတွက် စိတ်ကောင်းစေတနာကောင်း မရှိတာ အဓိကပဲ။ နောက်ပြီး အစိုးရကောင်းဖြစ်ဖို့ အရည်အချင်းမရှိဘူး။

သူတို့အုပ်စိုးထားတော့ တိုင်းပြည်မှာ ပြဿနာမီးတောက်တွေဟာ ဟိုနေရာ ဘွားခနဲ ပေါ်လာလိုက်၊ ဒီနေရာမှာ ရုတ်ခြည်း ပေါ်လာလိုက်။ ဘယ်ပြဿနာမှ မှန်မှန်ကန်ကန် သေသေသပ်သပ် မဖြေရှင်းနိုင်ခဲ့ဘူး။ ဘယ်မီးမှ ငြိမ်းမသွားဘူး။ ဒီမီးတွေ ပြဿနာတွေ ဖြစ်ပေါ်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပြီ။ ဟိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလိုက်။ ပြဿနာ မဖြေရှင်းနိုင်ခင် နောက်ပြဿနာပေါ်လာလိုက်။ ဦးနင်း ပဲ့ထောင်။ ပဲ့နင်းဦးထောင်။

ပြည်တွင်းစစ်ပြဿနာဆိုတာကို ပြောမနေနဲ့ဦး။ လက်ပံတောင်းတောင် ပြဿနာကိုကြည့်။ နှစ်နဲ့ချီ ကြာခဲ့ပြီ။ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာကအစ ဒေါ်ခင်ဝင်းကို ပစ်သတ်ခဲ့တာအဆုံး အကြမ်းဖက်နည်းတွေကို အားကိုးဖြေရှင်းခဲ့တယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ လုပ်ငန်းတွေကိုကျ တိတိကျကျ အကောင်အထည်ဖော်မပေးခဲ့ဘူး။ ပြဿနာ ငြိမ်းအေးသွားပြီလား။ မတရား မြေယာတွေ အာဏာပိုင်တွေနဲ့ ခရိုနီတွေက သိမ်းပိုက်ထားကြလို့ လယ်သမားတွေ ထွန်တုံးတိုက်ပွဲတွေဆင်ကြတယ်။ ဆန္ဒပြ လှုပ်ရှားတောင်းဆိုကြတယ်။ မှန်မှန်ကန်ကန် ဖြေရှင်းတာ မလုပ်ဘဲ လယ်သမားတွေ ရုံးတင်တရားစွဲ၊ အစုလိုက်အပြုံလိုက် ထောင်ချ။ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲ စတဲ့ ဖိနှိပ်ရေးနည်းနာတွေကို ကျင့်သုံးခဲ့ကြတယ်။ လယ်ယာမြေ တည်ငြိမ်ပြီး လယ်သမားတွေ ငြိမ်သက်သွားသလား။ ခုကိုပဲ မတရားမြေအသိမ်းပိုက်ခံရလို့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ လယ်သမားတွေ ထွန်တုံးတိုက်ပွဲဆင်တာ လောလောလတ်လတ် ပေါ်လာပြန်ပြီ။ အလုပ်သမားတွေရဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ သပိတ်တိုက်ပွဲတွေ ဖြစ်ပေါ်လာတာလည်း နှစ်နဲ့ချီ ကြာခဲ့ပြီ။ ရန်ကုန်က စက်မှုဇုန်များ၊ မန္တလေး၊ ပုလိပ် မြစ်ငယ် စသဖြင့် ပေါ်နေကြတာပါ။ ဒီလို မိုးထဲလေထဲ အလုပ်သမားတိုက်ပွဲတွေ ပေါ်နေတဲ့ ကာလမှာ အနိမ့်ဆုံးလခ သတ်မှတ်ပေးဖို့ ညွှန်ကြားတာကိုတောင် အလုပ်သမားရေးရာ ဝန်ကြီးဌာနက ၂ နှစ်ကျော် ကြာလာတဲ့အထိ သတ်မှတ်မပေးနိုင်ခဲ့ဘူး။ အစိုးရကောင်းဆိုတာ မပြောနဲ့ တခြားညံ့တဲ့ အစိုးရတွေတောင် သူလောက် ညံ့မယ်မထင်ဘူး။
ကျောင်းသားတွေရဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်တဲ့ သပိတ်တိုက်ပွဲအကြောင်းတော့ တပြည်လုံးလိုလို သိလာကြပြီ။ လူထုဆန္ဒ၊ ကျောင်းသားထုဆန္ဒတွေကို အလေးမထားတဲ့ အစိုးရမို့ ဘယ်လိုဆန္ဒပြပြ၊ ဘယ်လိုတောင်းဆိုတောင်းဆို မှုစရာလားဆိုတဲ့ သဘောနဲ့ မျက်နှာလွှဲထားကြတယ်။ ဘာသံမှ မဟ။ တုတ်တုတ်မျှ မလှုပ်။ မီးတောက်လေးကနေ မီးတောက်ကြီး ဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အခြည်မြင်မှ ကပျာကယာ ကောက်ကာငင်ကာ ဖြေရှင်းဖို့ လုပ်လာတယ်။ ဖြေရှင်းရာမှာလည်း အစိုးရကောင်းတရပ်ရဲ့ လူကြီးလူကောင်းပီသတဲ့ သိက္ခာနဲ့ သမာဓိ သူတို့မှာ နည်းနည်းမှ မရှိဘူး။ မရိုးသားဘူး။ ကတိမတည်ဘူး။ ကောက်ကျစ်တယ်။ မသမာတဲ့ နည်း၊ ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ သူတို့ပါဝင်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်တွေကို ပြန်လည်ချေဖျက်ဖို့ လုပ်နေကြတယ်။

အားလုံးသော ပြဿနာတွေကို အနည်းအပါး လိုက်လျောမှုလေးတွေနဲ့ လှည့်စားတာကလွဲလို့ အကြမ်းဖက်ဖြိုခွဲမှုနဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားတာကြောင့် ဘယ်ပြဿနာမှ ချောချောမောမော ပြေလည်မှုမရဘူး။ လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းတွေဆိုတာကတော့ သူတို့ကိုယ်တိုင် ဖန်တီးထားတာဆိုတော့ သူတို့ မလိုအပ်သေးတဲ့ အချိန် မီးခဲတွေပေါ် ပြာလေးတွေ ဖြူးပြီး ခဏသိမ်းထားတယ်။ လိုအပ်တဲ့အချိန် ပြာမှုတ်ပြီး မီးထတောက်အောင် လုပ်ဦးမှာပဲ။

အားလုံးသော ပြဿနာတွေအပေါ် သူတို့ ဖြေရှင်းပုံတွေကို ကြည့်ပြီး ဒီအစိုးရကို ကောက်ချက်ဆွဲလို့ ရတယ်။
ဒီအစိုးရဟာ တိုင်းပြည်ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းဖို့ အရည်အချင်း မရှိရုံ၊ စိတ်ကောင်းစေတနာ မရှိရုံ၊ မရိုးသားရုံမက အမြော်အမြင်မဲ့တယ်။ ဘယ်ပြဿနာကိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ အကြမ်းဖက်ဖြိုခွဲမှုနည်းနာကိုပဲ အစွမ်းထက်တဲ့ ပြဒါးရှင်လုံးလို သဘောထားပြီး အသုံးပြုလေ့ရှိတယ်။ သူတို့စစ်အုပ်စုအဝန်းအဝိုင်း၊ စစ်ခရိုနီတွေနဲ့ သူတို့ရဲ့ မိုက်ဖော်ဆိုးဖက်တွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန် ကာကွယ်မယ်ဆိုတဲ့ သဘောထားရပ်တည်ချက်တွေကြောင့် ဒီလိုဖြေရှင်းနေကြတာပဲ။

အခုလည်း လာပြန်ပြီ။ မီးတောက်တခု။ ပြဿနာတရပ်။ လောက်ကိုင်ပြဿနာ။ ပြဿနာတွေကို ဖြေရှင်းရာမှာ အစိုးရမှာသာ အရည်အချင်း မရှိတာမဟုတ်။ သူတို့အားကိုးအားထားပြုတဲ့ စစ်တပ်မှာလည်း တကယ့်မိုးထဲလေထဲမှာ ဘာအရည်အချင်းမှ မရှိဘူးဆိုတာ အတိအလင်း ဖော်ပြလာတယ်။ ဘာလို့လည်းဆိုတော့ ဒီစစ်တပ်ဟာ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ပန်တဲ့ ပြည်သူ့တပ်မတော်စစ်စစ် မဟုတ်ဘဲ စစ်အုပ်စုရဲ့ တလက်ကိုင်ကြေးစားတပ် ဖြစ်နေလို့ပဲ။ တပ်တွင်း ဒီမိုကရေစီမရှိတဲ့တပ်၊ စစ်အုပ်စုရိုက်သွင်းထားတဲ့ စစ်အုပ်စုအတွေးအခေါ်နိုင်ငံရေးကလွဲလို့ နိုင်ငံရေးမရှိတဲ့ တပ်။ တပ်သားအအရေအတွက် စာရင်းပြကာ တကယ်မရှိတဲ့ စာရင်းပြတပ်သားအရေအတွက်တွေရဲ့ လစာကို အထက်ဆင့်အရာရှိတွေက စားသုံးနေကြလို့ လူဝကြီးလို့ ထင်ရပေမယ့် ဖောယောင်ပြီး အားမရှိတဲ့တပ်။ စစ်သုံးစားရိတ်တွေ ကြီးမားစွာ ရယူထားပေမယ့် တိုက်ရည်ခိုက်ရည် နိမ့်ကျလာတဲ့တပ် ။ ဗိုလ်မှူးဗထူးတို့ လက်ထက်ကလို ပြည်သူ့တပ်မတော်သားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ချမှတ်ထိန်းသိမ်းခြင်းမရှိလို့ စည်းပျက်ကမ်းပျက် မုဒိမ်းကျင့်၊ လူသတ်၊ ဓားပြတိုက်၊ ခိုးဆိုးလုယက် အကျင့်ပျက်နေတဲ့တပ်။ ခုကိုပဲ ကိုးကန့်မှာ အရပ်သားတွေကို မည်းမည်းမြင်ရာ ပစ်သတ်နေတဲ့တပ်။ စစ်တပ်ကို လူထုက ထောက်ခံသယောင် မန်းကာမှုတ်ကာ အယောင်ဆောင် ပြကွက်လုပ်ကွက်တွေ လှုံ့ဆော်ခင်းကျင်းနေပေမယ့် ကျောင်းသားသတ်တဲ့၊ ပြည်သူသတ်တဲ့၊ ရဟန်းသံဃာတော်တွေကို သတ်တဲ့ ဒီစစ်တပ်ကို ပြည်သူလူထုက ရင်ထဲအသဲထဲက မထောက်ခံရုံမက နာကြည်းနေကြတာပါ။

ဒါကြောင့် ဒီစစ်တပ်ဟာ အင်အား ၁၀၀၀ လောက်ရှိတဲ့ ဖုန်ကြားရှင်းတပ်ကို တိုက်တာတောင်မှ တပ်ရင်းလိုက်ပြုတ်ပြီး ရှက်ရမ်းရမ်းကာ ဖုန်ကြားရှင်းတပ်ဖွဲ့မှာ ဟိုလူကူနေလို့ ဟိုအဖွဲ့တွေ ပါနေလို့ ဆိုပြီး လက်ညှိုးထိုး စွပ်စွဲနေကြတာပါ။

ဒါသာမက ကိုးကန့်ပြဿနာကို ဖြေရှင်းရာမှာ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်စွမ်းမရှိဘဲ အမြော်အမြင်ကင်းမဲ့စွာ မီးတောက်ကို တဆင့်တိုး ကြီးထွားလာအောင် လုပ်နေပြန်ပါတယ်။ စစ်ဖက် ထိပ်ဆုံးခေါင်းဆောင်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးပြောပြီး အောက်အဆင့်ဆင့်က ပြည်ပကပဲ ကျူးကျော် တိုက်ခိုက်နေသယောင် သွေးထိုးလှုံ့ဆော်နေကြတာပါပဲ။ ရည်ရွယ်ချက်က ပြည်တွင်းသပိတ်တိုက်ပွဲတွေကနေ အာရုံလွှဲဖို့လား၊ စစ်အာဏာသိမ်းဖို့နဲ့ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့လား။ ၂၀၁၅ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့လား။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွက်တော့ အန္တရာယ်ကြီးပါတယ်။

အိမ်နီးချင်းဆိုတာ မဟာမိတ်တွေလို မိတ်ဆွေလို ကိုယ်က ရွေးချယ်ယူရတာမဟုတ်ဘဲ သဘာဝက ပေးအပ်ထားတာပါ။ အိမ်နီးချင်းနဲ့ ဘယ်လို ဆက်ဆံမလဲဆိုတာ ကိုယ့်ရဲ့ အမြော်အမြင်နဲ့ ဆိုင်ပါတယ်။ ကိုယ့်ပစ္စည်းတွေ ချေးငှားတာ၊ ထုတ်ရောင်းတာ၊ နှစ်ဦးသဘောတူ စီးပွားရေးလုပ်တာ အားလုံး ကိုယ့်ရဲ့ ဆုံးဖြတ်ချက်က အခရာပါ။ အိမ်နီးချင်းက အတင်းအဓမ္မ အနိုင်ကျင့်မယ်ဆိုရင်တော့ ရပ်ကွက်လူကြီးတွေ ရှိနေကြတာပဲ။

ဗမာပြည်ရဲ့ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတွေရဲ့ လွန်ပွဲမှာ ဗမာပြည် မြေစာပင် မဖြစ်စေဖို့၊ ကြားမညပ်စေဖို့ ၊ အမြော်အမြင်ရှိဖို့ လွန်ခဲ့တဲ့ နှစ်အချို့ကတည်းက အစိုးရကို ဝိုင်းဝန်းသတိပေးလာခဲ့ကြတာပါ။ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် သတိပေးနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အင်အားကြီးနိုင်ငံတွေရဲ့ လွန်ပွဲကြောင့်မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကိုယ်နယ်စပ်က မီးပွားလေးကို မီးတောက်ကြီးအထိ ကြီးထွားလာအောင် လုပ်နေတာလား။

လက်ပံတောင်းအရေးမှာ ဦးအောင်မင်းက တပည့်တော်တို့က တရုတ်ကြီးကိုလည်း ကြောက်ရပါတယ်ဘုရား- လို့ ဆိုခဲ့တာကို တချို့က ဦးအောင်မင်းကို အကြောက်ကြီးသူအဖြစ်ပဲ ပုံဖော်ခဲ့ကြပါတယ်။ အမှန်က အကြောက်ကြီးသူ မဟုတ်ပါဘူး။ ကောက်ကျစ်သူပါ။ ဦးပိုင်ရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ်သူ အစိုးရက ဝမ်ပေါင်ကုမ္မဏီဘက်ကို အဓိက အပြစ်တွေပုံချဖို့ လွှဲပေးလိုက်တာပါ။ တရုတ်မုန်းတီးရေး တစတစ ပိုကြီးထွားအောင် မီးပျိုးထားပြီး လိုအပ်တဲ့အချိန်မှာ လူမျိုးရေးပဋ္ဋိပက္ခကို ထုတ်သုံးဖို့ လုပ်ခဲ့တာပါ။

ခု လောက်ကိုင်ပြဿနာဟာ တည်တည်ငြိမ်ငြိမ်၊ ပါးပါးနပ်နပ်၊ ကျင်ကျင်လည်လည်နဲ့ အမြော်အမြင်ရှိစွာ ကိုင်တွယ်ရမယ့်ပြဿနာပါ။

ခုတော့ ပြည်ပကို လက်ညှိုးထိုးလိုက်၊ ပြည်တွင်းက အင်အားစုတွေကို အပြစ်တင်လိုက်လုပ်နေတော့ ပြန်လည်တုံ့ပြန်မှုတွေ ပေါ်လာပါတယ်။ သူ့မှာ ရန်သူတွေလည်း ပိုများလာပါတယ်။ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် မတည်ငြိမ်မှုတွေ ဆက်လက် ဖြစ်ပေါ်လာနိုင်ပါတယ်။

သူတို့ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်နေတာက ဗမာပြည်ဆိုတဲ့ လှေကြီးပေါ်မှာပါ။ သူတို့အနင်းမတတ်လို့ လှေကြီးမြုပ်သွားမှဖြင့်……

တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးပါတယ်။ အမြော်အမြင် ရှိကြဖို့ပါ။

http://www.cp-burma.org/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8/%E1%80%A6%E1%80%B8%E1%80%94%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%B2%E1%80%B7%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%81%8A-%E1%80%95%E1%80%B2%E1%80%B7%E1%80%94%E1%80%84%E1%80%B9%E1%80%B8/


Facebook ပေါ်ကနေ နိုင်ငံ့ အကြီးအကဲတွေရဲ့ ဂုဏ်သရေ ညှိုးနွမ်းအောင် ရေးလို့ ဆိုပြီး ပထမဆုံး အကြိမ် ဖမ်းဆီး

မြန်မာပြည်မှာ အသုံးများတဲ့ Facebook လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ နိုင်ငံတော် အကြီးအကဲတွေရဲ့ ဂုဏ်သရေ ထိခိုက် ညိုးနွမ်းအောင် ရေးသားဖေါ်ပြ ခဲ့တယ် ဆိုပြီး မုံရွာမြို့က ဖိုတို စားသောက်ဆိုင် ပိုင်ရှင်လည်းဖြစ် အလွတ်တန်း ဓါတ်ပုံ သတင်းထောက်လည်း ဖြစ်တဲ့ ကိုအောင်နေမျိုးကို သက်ဆိုင်ရာက ဖမ်းဆီးပြီး အရေးပေါ် စီမံချက် အက်ဥပဒေနဲ့ အရေးယူလိုက်ပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာမှာ ကိုးကန့်စစ်ပွဲ အကြောင်း ရိုက်ကူးထားတဲ့ ကွမ်းလုံ ရက် ၄၀ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြော်ငြာကို ကွန်ဒုံး ရက် ၄၀ ဆိုပြီး အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တချို့ နာမည်တွေနဲ့ သရုပ်ဖေါ်ထားတဲ့ ဓါတ်ပုံကို ရှယ်ခဲ့တဲ့အတွက် သတင်းတပ်ဖွဲ့က တရားလိုလုပ်ပြီး ကိုအောင်နေမျိုးကို ဖမ်းလိုက်တာဖြစ်ပါတယ်။

အခုအခါ သူ့ကို အမှုဖွင့် အရေးယူဖို့ ထိန်းသိမ်းထားပြီး ရမန်ယူပြီး မုံရွာ ထောင်ကြီးချုပ်ကို ပို့မယ်လို့ မုံရွာ မြို့မစခန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ နိုင်ငံတော် အကြီးအကဲတွေရဲ့ ဂုဏ်သရေ ညှိုးနွမ်းအောင် ရေးလို့ ဆိုပြီး ဖမ်းဆီး အရေးယူခံရတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

တရား လွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းကတော့ နိုင်ငံတကာမှာ ရုပ်ပြောင် ရေးဆွဲတာမျိုးကို ဖမ်းဆီး ရေးယူတာမျိုး မရှိကြောင်းနဲ့ ကိုအောင်နေမျိုးရဲ့ ကိစ္စဟာ စာနယ်ဇင်း လွတ်လပ်မှုနဲ့ ဆက်စပ်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

စာနယ်ဇင်း ကောင်စီ ယာယီရဲ့ အဖွဲ့ဝင်လည်းဖြစ် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂကို ဦးဆောင်သူလည်း ဖြစ်တဲ့ ဦးဇော်သက်ထွေးကလည်း လူမှုကွန်ရက်မှာ အစိုးရကို ဝေဖန်သူတွေ အများအပြား ရှိတဲ့အနက် ကိုအောင်နေမျိုးလို အလွတ်တန်း ဓါတ်ပုံ သတင်းထောက်တဦးကို ခုလို ပြင်းထန်တဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တာဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ မီဒီယာကဏ္ဍကို အကြွင်းမဲ့ ကင်းလွတ်ခွင့် မပေးချင်လို့ ခြောက်လှန့်လိုက်တဲ့ သဘော ဖြစ်တယ်လို့ ပြောပါတယ်။

ကိုအောင်နေမျိုးကို စွဲဆိုထားတဲ့ အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (က)နဲ့ (င) ဆိုတာ အတော်ပြင်းထန်တာမို့ ပြစ်မှု ထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် ၇နှစ်ကနေ ၁၄ နှစ်ထိ ကျခံ ရနိုင်တယ်လို့လည်း သိရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150227_facebook_journalist_arrest_burma

ကိုးကန့်တပ်ဖွဲ့။
ဖေဖော်ဝါရီလဆန်းကစလို့ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ် လောက်ကိုင်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းကျော် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သူ အသက် ၈၄ နှစ်ရွယ် ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ ဘယ်လို အခြေအနေတွေကြောင့် ဒီလိုဖြစ်နေရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ မလွယ်ဘဲ ဖြစ်နေရတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Bill Ide က ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဟာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တွေကြား အမြဲတမ်းလိုလို တိုက်ပွဲတွေဖြစ်နေတဲ့ နေရာပါ။ မကြာသေးခင်က ဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ MNDAA ကိုးကန့် အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကနေ - သူ ၂၀၀၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန်မှာပဲ တရုတ်လူထုဆီက ထောက်ခံမှုကို ရဖို့ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာနဲ့ အင်တာဗျူးတွေမှာ - သူအုပ်ချုပ်စဉ်က ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု အဆုံးသတ်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အခုလည်း - ကိုးကန့်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့နဲ့ အခွင့်အရေးတွေအတွက် သူ တိုက်ပွဲဝင်နေတာဖြစ်တဲ့အကြောင်းနဲ့ ကိုးကန့်ဒေသမှာ သူမရှိတဲ့အချိန်ကစပြီး - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ပြန်ကြီးထွားလာနေပြီး၊ ကိုးကန့်ဒေသဟာလည်း တရုတ်နွယ်ဖွားတွေအတွက် မဟုတ်တော့ဘူးလို့ ဦးဖုန်ကြားရှင်က ပြောဆိုနေ တာပါ။

သူ့ကိုယ်သူ တရုတ်နွယ်ဖွားတွေကို ကာကွယ်သူ၊ ကိုးကန့်ဒေသအတွက် တာဝန်ရှိသူ အဖြစ် ဦးဖုန်ကြားရှင်ရဲ့ ပြောဆိုမှုတွေဟာ အမေရိကန် အစိုးရရဲ့ သူ့အပေါ် သဘောထားနဲ့တော့ ကွဲလွဲနေပါတယ်။ အကြောင်းကတော့ - အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး အေဂျင်စီ (DEA) ကနေ သူ့ကို ၁၉၇၀ ပြည့်လွန်နှစ်တွေ ကစပြီး - အဓိကမူးယစ်ရာဇာတဦးအဖြစ် သတ်မှတ်ထားတာပါ။

ယူနန်ပြည်နယ် ရဲအရာရှိ သင်တန်းကျောင်းက ပါမောက္ခ လီယန် ဂျင်ယွန်း (Liang Jinyun) ကတော့ - ဦးဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံထဲ ၀င်ရောက်ခွင့် တားမြစ်ခံထားရတဲ့ မူးယစ်မှောင်ခိုသမား ၃၀ ကျော်စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပေမဲ့ - ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးတွေကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာဟာလည်း အမှန်ပဲလို့ ပြောပါတယ်။

“ကိုးကန့်ဒေသကို မူးယစ်ဆေးဝါး ကင်းရှင်းတဲ့ဒေသဖြစ်ဖို့ ဦးဖုန်ကြားရှင် ကြိုးပမ်းခဲ့တယ်၊ ဒီလိုမလုပ်ရင်လည်း မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရကတောင် ကိုးကန့်အရေးကို ၀င်ပါလာနိုင်တာကြောင့် ဖြစ်တယ်။ ဒီလို ကန့်သတ်တားမြစ်ခဲ့ပေမဲ့လည်း - ကိုးကန့်ဒေသကို မူးယစ်ဆေး လုံးဝ ကင်းတဲ့ဒေသဖြစ်အောင်တော့ ဦးဖုန်ကြားရှင်အနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ဘူး”- လို့ တရုတ်ဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသကို မကြာသေးခင်က သူ ပြန်သွားပြီး၊ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ကို ဦးဆောင်တာဟာ - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေထက် အာဏာပြန်ရအောင် လုပ်တဲ့ပုံ တွေ့ရတယ်လို့လည်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် - တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရရှိနိုင်ဖို့ - မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ အချိန်မှာပဲ ကိုးကန့်တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

“ရွေးကောက်ပွဲမတိုင်ခင်မှာ - ဦးဖုန်ကြားရှင်က ကိုးကန့်ဒေသရဲ့ အကြီးအကဲအဖြစ် သူ့ကိုယ်သူ စာရင်းသွင်းနိုင်ဖို့၊့ လွှတ်တော်မှာ နေရာတနေရာ ရဖို့အတွက် ကြိုးစားတာ ဖြစ်နိုင်တယ်” - လို့ ပါမောက္ခက လီယန် (Liang) က သုံးသပ်ခဲ့တာပါ။

ဒါပေမဲ့လည်း ဦးဖုန်ကြားရှင် မျှော်လင့်ထားသလို အောင်မြင်ပါ့မလား ဆိုတဲ့ အပေါ်မှာတော့ သူ့အနေနဲ့လည်း သံသယရှိတဲ့အကြောင်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တချိန်တုန်းက ကိုးကန့်ဒေသဟာ တရုတ်နိုင်ငံရဲ့ ဒေသတခုအဖြစ် ပုဂ္ဂိုလ်ရေး အရ ချိတ်ဆက်ပြီး ဦးဖုန်ကြားရှင်က ဒီပြဿနာထဲကို တရုတ်အစိုးရကိုလည်း ဆွဲသွင်းဖို့ ကြိုးစားခဲ့တာပါ။

တရုတ်အစိုးရကတော့ - အခုဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲအတွက် တရုတ်နိုင်ငံကနေ ကူညီတာမျိုးတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ခပ်ရှင်းရှင်းပဲ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း တရုတ်အစိုးရရဲ့ အကူအညီကို ဦးဖုန်ကြားရှင် တောင်းဆိုတဲ့ အကြောင်းဟာ တရုတ်အမျိုးသားရေးစိတ် ပြင်းတဲ့ ဘလော့ဂါတွေဆီကနေတဆင့် အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

တချို့တရုတ်နိုင်ငံသားတွေ ကိုယ်တိုင်လည်း ကိုးကန့်ဒေသကို တရုတ် အစိုးရက ပြန်သိမ်းပိုက်ဖို့အထိ တောင်းဆိုခဲ့ကြတာပါ။ မြန်မာတာဝန်ရှိသူတွေဘက်ကလည်း - ဦးဖုန်ကြားရှင်တပ်ဖွဲ့ဟာ သူ့ကို ထောက်ခံစာနာသူတွေဆီကနေ အစားအသောက်၊ လက်နက်နဲ့ ဆေးဝါး အကူအညီတွေကို နယ်စပ်ကိုဖြတ်ပြီး ရရှိနေတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေအတွင်း - တရုတ် အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ - တိုက်ပွဲနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ပြီးတော့ မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ တရုတ်လူမျိုး ကိုးကန့်ဒေသခံတွေရဲ့ ဓာတ်ပုံတွေနဲ့ ပြည့်နေခဲ့တာပါ။

ဒီတပတ်အစောပိုင်းကဆိုရင်လည်း - ကိုးကန့်ဒေသမှာ ရိုက်ထားပုံရတဲ့ ဓာတ်ပုံ ၁ ဒါဇင်ကျော်မှာ - လူငယ်အမျိုးသားတချို့ရဲ့ အလောင်းတွေကို တွေ့ရပြီး၊ လူတချို့ဟာဆိုရင်လည်း လည်ပင်းမှာ ကြိုးတုတ်ခံထားရတာ၊ လက်ပြန်ကြိုး အတုတ်ခံထားရတာတွေ ပါဝင်ပါတယ်။ ကိုးကန့်တပ်ဖွဲ့ကို ထောက်ခံသူတွေကတော့ ဒီလူတွေကို မြန်မာစစ်တပ်က သတ်ပစ်တာကို ပြောကြပေမဲ့ - သီးခြား အတည်ပြုဖို့ကတော့ မလွယ်ပါဘူး။

ဒီလိုသေကျေ ထိခိုက်တဲ့ ဓာတ်ပုံတွေကြောင့် တရုတ်နိုင်ငံမှာ လူတွေဒေါသထွက်ခဲ့ကြသလို၊ အင်တာနက်အွန်လိုင်းပေါ်မှာလည်း တရုတ် ညီအကိုတွေကို ကယ်တင်ဖို့ ကြိုးပမ်းကြပါဆိုပြီး တောင်းဆိုတာတွေလည်း ထွက်ပေါ်ခဲ့တဲ့အထိပါ။

မြန်မာငြိမ်းချမ်းရေးစင်တာကတော့ - ကောလဟာလတွေ အကြီးအကျယ် ပျံ့နေပြီး၊ ကိုးကန့်တိုက်ပွဲဟာလည်း အလွန်ဆုံး နောက်ထပ် သီတင်းပတ် အနည်းငယ်လောက်သာ ဖြစ်နိုင်ပြီး လတွေနဲ့ချီတဲ့အထိတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/china-myanmar-rebels/2662278.html

 
ဆန္ဒပြ ကျောင်းသားတချို့ အမှုဖွင့်ခံရ


ဖေဖော်ဝါရီလ ၂၅ ရက်က ကျောက်ဆည် မြို့ ကျောင်းသား သပိတ် ထောက်ခံ တဲ့ ဆန္ဒပြပွဲ မှာ ပါဝင် ပူးပေါင်း ခဲ့တဲ့ မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား တွေ နဲ့ ကျောက်ဆည် က ကျောင်းသူ ကျောင်းသားတချို့ ကို ကျောက်ဆည် ရဲစခန်းမှာ ခွင့်မပြု ဘဲ ဆန္ဒပြမှု အပါအဝင် ပုဒ်မတွေနဲ့ မနေ့က စွဲဆို ထားတယ်လို့ သိရပါတယ်။ ဒါဟာ ၄ ပွင့်ဆိုင် သဘောတူညီချက် ၉ ချက် ထဲက ကျောင်းသား တွေကို ဖမ်းဆီး အရေးယူမှု မပြုရ ဆိုတဲ့ အချက်ကို ချိုးဖောက် လိုက်တယ်လို့ ကျောင်းသား တွေ ဘက်က ပြောဆို နေကြပါတယ်။

အခုလို အမှုစွဲတာနဲ့ ပတ်သက်လို့ ကျောင်းသားတွေ ကို အကြောင်းမကြား သေးပေမဲ့ ကျောက်ဆည်မြို့မ ရဲစခန်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူး က တရားစွဲကြောင်း သိရတာကို မန္တလေး ရတနာပုံ တက္ကသိုလ် က ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။

တရားစွဲခံရတဲ့ အထဲမှာ ကျောင်းသား လေးယောက် နဲ့ ကျောင်းသူ တယောက် ပါဝင်ပါတယ်။ ကျောင်းသားတွေ ဖက် ကတော့ အခုလို အမှုဖွင့်ခြင်းဟာ တိုက်ရိုက်စော်ကား တယ် လို့ ယူဆကြောင်း၊ ခြောက်လည်း ကြောက်မှာ မဟုတ်တဲ့ အတွက် မတ်လ ၁ ရက်နေ့မှာ ပင်မ သပိတ်စစ်ကြောင်းဟာ လက်ပံတန်း ကနေ ရန်ကုန် ကို ချီတက်မှာ မို့ ပူးပေါင်းမယ် လို့လည်း ရှင်းပြပါတယ်။

အခုလို အစိုးရ ဖက်က ကျောင်းသားတွေ ကို ဖမ်းတာ တရားစွဲတာတွေ လုပ်ရင် ပညာရေး မူကြမ်းတင်တဲ့ အပေါ်မှာ ထိခိုက်မှု ရှိနိုင်ကြောင်း၊ အစိုးရ ဖြစ်စေလိုတဲ့ သပိတ် စစ်ကြောင်း ရပ်ရေး ဟာလည်း ဥပဒေ အတည်ပြုတဲ့ အပေါ်မှာ မူတည်ကြောင်း ကိုရဲနိုင်ဝေ က ဘီဘီစီ ကို ပြောပါတယ်။


BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150227_students_charged

ထားဝယ်မြို့သစ် စီမံကိန်းအတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က လယ်မြေများကို ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်ထားစဉ်။ Photo: Tun Tun Win Facebook
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက် က မြေယာပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးဆောက်လုပ် တာတွေ ခြံစည်းရိုးခတ်တာတွေမလုပ်ဖို့ တောင် သူတွေက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ နဲ့ နှစ်ဖက်တွေ့ဆုံပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ထားဝယ်မြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ လယ်သမားတွေ တွေ့ဆုံ ရာမှာ တောင်းဆိုခဲ့တာဖြစ်ကြောင်း တောင်သူ မရီရီထွေးက ပြောပါတယ်။

"ဒီအခုပြဿနာဖြစ်နေတဲ့နေရာမှာ လုံးဝမလုပ်ပါ နဲ့ပေါ့ ထပ်ပြီးတော့လေ၊ ပြဿနာဖြစ်နေတဲ့နေရာကို ကျမတို့နဲ့ ပြေလည်မှုမရခင်မှာလုံးဝမလုပ်ပါနဲ့ နားထားပေးပါလို့ပြောတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဆန်းချီရပ်ကွက်မှာ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက စုပေါင်းရုံးဆောက် လုပ်ဖို့ ခြံစည်းရိုးဝင်းခတ်တာကို လယ်သမားတွေက ဖျက်ဆီးလိုက်ပါတယ်။ အဲ့ဒီအတွက် လယ်သမား ၉ ဦးနဲ့ အကူအညီပေးနေတဲ့ ကျောင်းသား ၅ ဦး၊ စုစုပေါင်း ၁၄ ဦးကို ထားဝယ်မြို့နယ် ရဲစခန်းက မနေ့က ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားပါတယ်။

အဲ့ဒီလို အမှုဖွင့်ထားတာကို ရုပ်သိမ်းပေးဖို့ လယ်သမားတွေက တောင်းဆိုခဲ့ပေမဲ့ သေချာတဲ့အဖြေ မရခဲ့ဘူးလို့ လယ်သမားတွေက ပြောပါတယ်။

ထားဝယ်မြို့သစ်စီမံကိန်းအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က ဆန်းချီရပ်ကွက် မှာရှိတဲ့ လယ်မြေဧက ၃ဝဝ ကျော်ကို သိမ်းယူခဲ့ပါတယ်။

လယ်မြေလျော်ကြေးတွေပေးခဲ့ပေမဲ့ လျော်ကြေးငွေလက်မခံတဲ့ လယ်သမားတွေလည်း ရှိနေပါတယ်။ လျော်ကြေး မယူထားတဲ့ လယ်မြေတွေမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက မကြာခဏ ခြံစည်းရိုးဝင်းခတ် နေတဲ့အတွက် လယ်သမားတွေနဲ့ ပြဿနာဖြစ်ပွားနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/dawei-farmers-demand-fancing-grabbed-lands-02272015123852.html

ရွှေပြည်သာစက်မှုဇုန်က Eland Myanmar စက်ရုံရှေ့မှာ ဆန္ဒပြအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်က Eland Myanmar စက်ရုံရှေ့မှာ တစ်လနီးပါးကြာ သပိတ် စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေက တရားဝင်ဆန္ဒပြခွင့်ရဖို့ ခွင့်ပြုချက်တောင်းရာ မှာ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့က ငြင်းပယ် လိုက်ပါတယ်။

အလုပ်သမားတွေက Eland Myanmar စက်ရုံဘေးမှာ မနက်ဖြန်ကစပြီး မတ်လ ၃ ရက်နေ့အထိ ဆန္ဒပြ ခွင့်ပေးဖို့ တောင်းဆိုတာလို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ ကိုသူဇော်ကြည်ဝင်းက ပြော ပါတယ်။

"ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးကနေ ပြီးတော့ ကျနော်တို့ အလုပ်သမားတွေဘက် ကနေပြီးတော့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့အညီ ဘာညာတင်တင်မယ်ဆိုရင် သူ့အနေနဲ့ ချက်ချင်းပေးနိုင်ပါတယ်ဆိုတဲ့ ကတိကဝတ်ရှိတယ်ပေါ့နော်၊ အဲ့ဒီကတိကဝတ်ကြောင့် ကျနော်တို့ ဒီကနေ့မှာ မနက်ဖြန်ကစပြီးတော့ ၃ ရက်နေ့အထိကို ခွင့်ပြုမိန့်ရဖို့အတွက် ကျနော်တို့ သွားတင်ခဲ့တယ်၊ ဒါပေမယ့် ၃ ရက်နေ့ပြည့်သွားလို့ရှိရင် ကျနော်တို့ အဆင်မပြေသေးဘူးဆိုရင် နောက်ထပ် ထပ်တင် မယ်ပေါ့နော်၊ အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ ကျနော်တို့ သွားတင်တယ်၊ ဒါပေမယ့် ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူးက ဒါဟာဥပဒေနဲ့ မညီတဲ့အတွက်ကြောင့်မို့လို့ ခွင့်မပြုနိုင်ပါဘူး၊ ခွင့်ပြုမိန့်ကို လက်မခံနိုင် ပါဘူးဆိုပြီး ကျနော်တို့ကို ပယ်လိုက်တယ်"

အဲ့ဒီ အလုပ်သမားသပိတ်စခန်းဟာ ခွင့်ပြုချက်ရယူပြီး ဆန္ဒပြနေတာမဟုတ်တဲ့အတွက် ဥပဒေပြင်ပက အကြမ်း ဖက်တောင်းဆိုမှုတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာ ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၃ ဦးကို ပြန်လွှတ်ပေးဖို့နဲ့ အခြေခံလုပ်ခလစာ တစ်လ ကျပ် ၃ သောင်း တိုးပေးဖို့အတွက် အလုပ်သမားတွေက တရားဝင်ဆန္ဒပြခွင့် တင်တာဖြစ်ပါတယ်။

ဒီလ ၂ဝ ရက်နေ့က အလုပ်သမားသပိတ်စခန်း ဖယ်ရှားခံရပြီး အလုပ်သမား ၂ဝ လောက်နဲ့ ရဲတပ်ဖွဲ့ ၁ဝ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/authorities-reject-protest-request-shwepyithar-workers-02272015130922.html

မုံရွာမြို့က အလွတ်ဓါတ်ပုံသတင်းထောက် ကိုအောင်နေမျိုး ကိုတွေ့ရစဉ်။ Photo: Aung Nay Myo (facebook)
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က အလွတ်ဓါတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးကို သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်တယ်ဆိုပြီး ဒီနေ့မနက် ၂ နာရီလောက်က ကိုအောင်နေမျိုးရဲ့ နေအိမ်မှာ ရှာဖွေခဲ့ပြီး ကိုအောင်နေမျိုးကို ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ မိသားစုက မုံရွာမြို့နယ် ရဲစခန်းမှာသွားရောက်စုံစမ်းရာမှာတော့ ပုဒ်မ ၅ဝ၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦး က ပြောပါတယ်။

"မူးယစ်ဆေးနဲ့ဟုတ်တာ အခုကတော့ ဘာမှမတွေ့ဘူးပေါ့ဘူးပေါ့နော်၊ သူ့ဆိုင်မှာရော ဘာမှမတွေ့ဘူးပေါ့နော်၊ ဒါပေမယ့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဘာညာနဲ့ပေါ့နော်၊ အဲ့ဒါလည်း စရဖက တရားလိုလုပ်ပြီးတော့ စွဲထားတဲ့ အတွက်ကြောင်မို့ ကျနော်တို့ကလည်း လုပ်ရခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောတယ်၊ ဒါပေမဲ့ သူကအထက်ကို တင်ပြမယ်ဆိုပြီးပြောတယ်၊ အထက်ကိုတင်ပြပြီးတာနဲ့ ချက်ချင်းပေးတွေ့ပါ့မယ်ဆိုပြီး အစ်မတို့ဖုန်းနံပါတ်တွေတော့ ယူထားလိုက်တယ်"

ကိုအောင်နေမျိုးရဲ့ တယ်လီဖုန်း၊ ကွန်ပျူတာ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV ရှစ်လုံးရဲ့ အထိုင်စက်ကိုပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ သူ့ကို လောလောဆယ် မုံရွာထောင်မှာ ဖမ်းဆီးချုပ်နှောင် ထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/freelance-photo-journalist-arrested-monywa-02272015120936.html

Photo Credit to Aung Nay Myo FB.
မြန်မာအာဏာပိုင်တွေကို ရုပ်ပြောင် လုပ်ထားတဲ့ ဓါတ်ပုံတွေကို FaceBook ပေါ်မှာ တင်ခဲ့တဲ့ မုံရွာမြို့က အလွတ်သတင်းထောက် ကိုအောင်နေမျိုး ကို နိုင်ငံတော် အစိုးရပေါ် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ မုံရွာမြို့မရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဖမ်းဆီးစစ်ဆေး နေဆဲဖြစ်ကြောင်း ရဲစခန်းကပြောပါတယ်။ စုံစမ်းထားတဲ့ ကိုဥာဏ်ဝင်းအောင်က တင်ပြပါမယ်။

သတင်းထောက် ကိုအောင်နေမျိုး FaceBookပေါ် တင်ခဲ့တဲ့ ဓါတ်ပုံထဲမှာ ကွန်လုံ ရက် (၄၀) ဆိုတဲ့ ရုပ်ရှင်ကားကို ပုံသဏ္ဍာန်တမျိုးပြောင်းပြီး အစိုးရထိပ်တန်း တာဝန်ရှိသူတွေရဲ့မျက်နှာတွေနဲ့ လှောင်ပြောင်လုပ်ထားတဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။
ကိုအောင်နေမျိုးကို မူးယစ်ဆေးဝါးအကြောင်းပြချက်နဲ့ ကြာသပတေးနေ့ ညသန်းခေါင် အချိန် အိမ်မှာလာရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ မိတ်ဆွေဖြစ်သူ ကိုကံဆွေက ပြောပါတယ်။

" သူတို့အကြောင်းပြတာက မူးယစ်ဆေးဝါးဆိုတဲ့ ရှာဖွေပုံစံနဲ့ လုပ်တာပေါ့။ တကယ့်တကယ်ကျတော့ အဲ့ဒီ့ Facebook ကိစ္စပဲ။ Facebook ကိစ္စမှာ နိုင်ငံတော် အကြီးအကဲတွေရဲ့ ပုံတွေကို သရုပ်ပျက်ပုံစံမျိုးနဲ့ လုပ်တယ်လို့ ယူဆတာပေါ့နော်။ အထက်က တိုက်ရိုက် ညွှန်ကြားပြီးတော့မှ ရဲစခန်းမှူးနဲ့ ပူးပေါင်းပါဝင်အဖွဲ့ဆိုပြီး  ည ၂နာရီ ၁၅လောက် ဝင်ဖမ်းတယ်လို့ ကျနော်တို့သိရတော့ ဒီနေ့ မနက်ခင်းမှ လိုက်ပြီးတော့ အကူအညီပေးတာလေနော့။ မြို့မစခန်းမှူးနဲ့တော့ လေးနာရီလောက်မှာ စကားပြောဖြစ်တယ်။ အဲ့ဒီ့အချိန်မှာ ကျနော်တို့ကို ခေါ်တွေ့ဆုံတဲ့အချိန်မှာ အမှုဖွင့်လိုက်ပြီလို့ ကျနော်တို့ကိုပြောပြပါတယ်။ "

သတင်းထောက် ကိုအောင်နေမျိုးကို အရေးပေါ်စီမံမှု အက်ဥပဒေ ၅က/င တို့နဲ့ ဖမ်းဆီးထားကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးပြုံးလွင်က ပြောပါတယ်။


"သူ့ရဲ့ တိုင်စာမှာ ဒီကိုအောင်နေမျိုးက သူ့ရဲ့ Facebook မှာ သူတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ စာသားတွေဟာဆိုလို့ရှိရင် ဒီပြည်ထောင်စု အစိုးရ အပေါ်မှာ မေတ္တာပျက်စေရန်၊ စည်းကမ်းတွေ ဖီဆန်ဖို့၊ သစ္စာမဲ့ဖို့၊ တာဝန် ဝတ္တရားဆောင်ရွက်တာကို ယုတ်လျော့ထိခိုက်စေဖို့ အနှောင့်အယှက်ပြုစေဖို့ မမှန်ကြောင်းသိလျက်နဲ့ ဒီမမှန်သတင်းကို ထုတ်လွှင့်ဖို့ ကြံရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ပါခင်ဗျ။ အဲ့ဒီ့အရ အရေးပေါ်စီမံမှု ပုဒ်မ (၅၀၅ က/ င) အဲ့ဒီ့အရ အရေးယူပေးဖို့ လာတိုင်တယ် လာတိုင်တဲ့အတွက်ကြောင့် ကျနော်တို့ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်ခင်ဗျ။"

သတင်းထောက် ကိုအောင်နေမျိုးဟာ ဓါတ်ပုံသတင်းထောက်တဦးဖြစ် သလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးလဲဖြစ်တယ်လို့ သူ့အသိုင်း အဝိုင်းက ဆိုပါတယ်။ သူ့ကို အခုလို ဖမ်းထားတဲ့ ပုဒ်မတွေဟာ အကြောင်းပြရုံ သက်သက် သာဖြစ်တယ်လို့ သူ့မိတ်ဆွေ ကိုကံဆွေက ဆိုပါတယ်။

"မူးယစ်ဆေးက မတွေ့ဘူးလို့ အကိုရယ်။ အမှန်က အကြောင်းပြဖမ်းတယ်လို့ ကျနော်က ထင်တာပေါ့။ ယူဆတာပေါ့နော်။ တကယ်လည်း မူးယစ်ဆေး လုပ်တဲ့သူမှ မဟုတ်တာ။ သူ မီဒီယာလောကမှာ တရားဝင် လုပ်ရှုားနေတာပဲ။ တကယ်တမ်း ရှာဖွေတော့လည်း မတွေ့ဘူးပေါ့ဗျာ။ မတွေ့တဲ့အခါကျတော့ သူ့ရဲ့ ကွန်ပျူတာတွေ သူသုံးနေကျ ပစ္စည်းတွေ အကုန်အစုံသိမ်းဆည်းပြီးမှ သူတို့ လိုချင်တဲ့ ဖိုင်တွေ ယူသွားပြီးမှ တရားစွဲတယ်လို့ ယူဆပါတယ်ဗျ။"

ကိုအောင်နေမျိုး အမှုကို ရမာန်(၂)ပတ် ယူထားပြီး မတ်လ(၁၂)ရက်နေ့မှာ ရုံးတင် စစ်ဆေးမယ်လို့ ဒုရဲမှူးပြုံးလွင်က ပြောပါတယ်။

"တရားသူကြီးဆီကို တင်ပြပြီးတော့ တရားသူကြီးရဲ့ ရမာန်ပေါ့ ချုပ်မိန့်ပေးချက်အရ ကျနော်တို့က ဖမ်းထားတာဖြစ်ပါတယ်ဗျ။ ကျနော်တို့ စစ်ဆေးဆဲကာလပါ။ ရဲတပ်ဖွဲ့က စစ်မှာပါ ခင်ဗျ။ စစ်ဆေးပေါ်ပေါက်ချက်ပေါ် မူတည်ပြီးတော့ ဒါ ဘယ်သူတွေက အပြစ်ရှိပါတယ်။ သူ့အပြင် ဘယ်သူတွေလည်း အပြစ်ရှိရင် အပြစ်ရှိပါတယ်ဆိုတာ ထပ်ပြီး ပေါ်ပေါက်လာပါလိမ့်မယ်။ လာမယ့် မတ်လ ၁၂ရက်ကို ပထမ ရမာန်ကို လက်ရှိယူထားပါတယ်ခင်ဗျ။"

FaceBook ပေါ်မှာတော့ ကိုအောင်နေမျိုး အမြန်ပြန်လည် လွတ်မြောက်ရေး အတွက် ဝေဖန်ရေးသားမှုတွေကို တွေ့နေရပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/photo-journalist-arrested/2661770.html


တရုတ်-မြန်မာ မူဆယ်မြို့နယ်အတွင်းက စွမ်ဆော်ကျေးရွာမှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေ ပေါများနေတာကို ဖမ်းဆီးအ ရေးယူပေးဖို့ ဒေသခံပြည်သူတွေ လိုလားနေကြပါတယ်။ ခွန်ဇော်ဦး သတင်ပေးပို့ထားပါတယ်။ DVB TV - 27.02.2015

‘တိုက်ကြီးအကြီးကြီးတွေ ထွက်လာတာ၊ ကားအကောင်းစားကြီးတွေ မောင်းကြတာကို တိုးတက်မှုလို့ပြောရင်တော့လည်း မပြောတတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့် အမြင်မှာတော့ ရန်ကုန်မြို့လယ်ကောင်မှာ လျှောက်သွားရင်းနဲ့ မြင်ရတာက တကယ့်လိုအပ်တဲ့ ပြည်သူလူထုဘဝ ပြောင်းလဲမှုကတော့ အများကြီးမရှိသေးဘူး’’

မြန်မာနိုင်ငံ၏ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် အဆိုတော်မွန်းအောင်မှာ (၂၆) နှစ် ကြာပြီးနောက် မြန်မာနိုင်ငံသို့ သူ၏ ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ရန် ပြန်လည် ရောက်ရှိလာသည်။ ‘‘၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ် နှင့် လွမ်းရတဲ့ညတွေလွန်ပါစေ စီးရီးလေးခွေထွက်ပြီး ၈၈ အရေးတော်ပုံကြောင့် မြန်မာနိုင်ငံကို စွန့်ခွာသွားရသူများအနက် သူလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ နော်ဝေးနိုင်ငံသားခံယူထားပြီး ‘သွေးမုန်တိုင်း’၊ ‘အရေးကြီးပြီ’ စသည့်မြန်မာနိုင်ငံ၏ ဒီမို ကရေစီရေး၊ လူ့အခွင့်အရေးနှင့် ကျောင်းသားလှုပ်ရှားမှုတို့ကဲ့သို့ မြန်မာ့ဒီမိုကရေစီခရီးကြမ်းကို ထင်ဟပ်စေသည့် တေးသီချင်းများကို ကမ္ဘာသိဖြန့်ဝေသီဆိုခဲ့သူလည်းဖြစ်သည်။ ဝတ်မှုန်၊ ရိုးရိုးလေး၊ ရင်ခတ်အလွမ်း၊ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ စသည့်နာမည်ကြီးသီချင်းများ၏ မူရင်းအဆိုပိုင်ရှင်မှာ မွန်းအောင်ဟု မျိုးဆက်သစ်မြန်မာလူငယ်များ မသိရှိတော့လောက်သည်အထိ သူ၏ အနုပညာများကို ပြည်တွင်းတွင် လှုပ်ရှားခွင့်မသာအောင် ပိတ်ပင်ခံခဲ့ရသူလည်းဖြစ်သည်။ ယခုအခါ ‘ဝတ်မှုန်ကူးသည့်ည’အမည်ဖြင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်နှင့် မန္တလေးတွင်ပြုလုပ်ရန် ဇနီးဖြစ်သူနှင့်အတူ မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လည်ရောက်ရှိလာသည့် အဆိုတော်မွန်းအောင်နှင့် 7 Day သတင်းစာတို့ တွေ့ဆုံမေးမြန်းမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ရဖို့ ပထမတစ်ကြိမ် ငြင်းပယ်ခံရတယ်။ နောက်တစ်ကြိမ်ကျတော့ ပြည်ဝင်ခွင့်ရခဲ့တယ်။ ငြင်းပယ်ခံရပြီးမှ ဗီဇာပြန်ရရှိခဲ့တဲ့အခက်အခဲက ဘာကြောင့်ပါလဲ။

ပထမတစ်ကြိမ်ကတော့ ပုံမှန်သာမန်ဗီဇာလျှောက်တာပေါ့။ တခြားနိုင်ငံခြားသားတွေ မြန်မာပြည်ဝင်ခွင့်လျှောက်သလို ပေါ့။ နောက် ဗီဇာလျှောက်တဲ့ လုပ်ငန်းစဉ်အရ ကျွန်တော်တို့က မြန်မာနိုင်ငံမှာမွေးတဲ့သူတွေဖြစ်တဲ့အတွက် Social Visa ဆိုတာ လိုတယ်။ မြန်မာပြည်မှာရှိတဲ့ မိတ်ဆွေတွေကဖိတ်တဲ့စာလိုမျိုး လိုတယ်ဆိုတဲ့အတွက် ကျွန်တော့် အစ်ကိုတစ်ယောက်က ဖိတ်ခေါ်စာပေးတယ်။ ဒါနဲ့ သံရုံးကို ဗီဇာ လျှောက်တဲ့ပုံစံနဲ့တင်တယ်။ အဲဒီတစ်ကြိမ်က ကျွန်တော်တို့ကို လက်ကိုမခံတာ။ သူတို့ပြောတာတော့ အထက်ကညွှန်ကြားထားတယ်ပေါ့။ ဘာမှန်းအတိအကျ မသိရဘူး။ ဒါနဲ့ ထိုင်းမှာနေပြီး တစ်လလောက်စောင့်တယ်။ မရဘူး။ ဒါနဲ့ နော်ဝေးကိုပြန်သွားတယ်။ ဒါပေမဲ့ ကျွန်တော်ဗီဇာ မရတဲ့သတင်းရတော့ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီး)က ကျွန်တော့်ကို ကူညီပေးမယ်သတင်းကြားတယ်။ ဒါနဲ့ ကျွန်တော်ဦးရဲထွဋ်ကို ဗီဇာကိစ္စ ကူညီပေးဖို့ စာတစ်စောင်ရေးပို့လိုက်တယ်။ သူက ထောက်ခံစာရေးပေးတော့ ကျွန်တော်ဗီဇာရတယ်။ ဆိုက်ရောက်ဗီဇာပေါ့။ လေဆိပ်ရောက်တော့လည်း လူဝင်မှုကြီးကြပ်ရေးက သိနေပြီးသားမို့ အားလုံးချောချော မောမောပဲ။ အခုထိ အဆင်ပြေနေတုန်းပဲ။

မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ရတဲ့ အနေအထားကနေ နောက်ဆုံးနော်ဝေးနိုင်ငံသားခံယူလိုက်ရတဲ့အထိ ဘဝဖြတ်သန်းမှုကို ပြောပြပေးပါဦး။

၈၈ စက်တင်ဘာ စစ်အာဏာသိမ်းပြီးတဲ့အချိန်မှာ မြန်မာပြည်ကနေထွက်တယ်။ အရင်ဆုံး ဘုရားသုံးဆူရောက်တယ်။ နယ် စပ်ဟိုဘက် မဲဆောက်၊ ဝမ်ခ အဲဒီ တစ်ကြောသွားတယ်။ ကရင် ပြည်နယ် မာနယ်ပလောကနေ ရေး၊ ထားဝယ်အထိ ရောက်သွားတယ်။ မြန်မာပြည်နယ်စပ်တစ်ကြောက လူတွေကို ကျွန်တော် မြင်ခဲ့ရတယ်။ သူတို့ဘဝတွေ ကျွန်တော် နားလည်ရတယ်။ နောက်တော့ နယ်စပ်ကနေ ထိုင်းသွားပြီး ကျွန်တော် ‘ငြိမ်းချမ်းရေး တိုက်ပွဲ’အခွေသွင်းတယ်။ ၉၁ ခုနှစ်မှာ စသွင်းတာ။ ၉၂ နှစ်ဆန်း မှာ ပြီးတယ်။ ဖေဖော်ဝါရီမှာ အခွေထုတ်တယ်။ ဒီအခွေကိုအခက် အခဲပေါင်းများစွာနဲ့ ဘန်ကောက်မှာသွင်းခဲ့ရတယ်။အဲဒီတုန်းက ဘန်ကောက်မှာ ကျွန်တော် ဘာစာရွက်စာတမ်းမှမရှိဘူး။ ဘာလက်မှတ်မှမရှိဘူး။ ပုလိပ်ဖမ်းရင် အချိန်မရွေးအဖမ်းခံရမယ်။ အခွေသွင်းပြီး ဘန်ကောက်ကနေ မာနယ်ပလောကိုပြန်တယ်။ အဲဒီမှာ DVB အသံလွှင့်ဌာန ကိုစတယ်။ အလုပ်လုပ်ဖို့ လူ လိုတယ်ဆိုပြီးခေါ်တော့ ကျွန် တော့်ကိုမေးတော့ ကျွန်တော် လက်ခံလိုက်တယ်။ အဲဒီတုန်းက DVB က တောထဲမှာ စတူဒီယို လေးပေါ့။ ၉၃ ဖေဖော်ဝါရီ ၂၆ မှာ နော်ဝေးကို DVB တာဝန်ခံ အနေနဲ့ သွားရတယ်။ အဲဒီမှာ သတင်းထောက်သင်တန်းတွေ ဘာတွေတက်သေးတယ်။ ဝေးလ်က ဒီပလိုမာသင်တန်းတစ်ခုပေါ့။ ဒါ ပထမဆုံးသတင်းထောက်သင်တန်း။ အဲဒီတုန်းက ဒစ်ဂျစ်တယ် ခေတ်မဟုတ်သေးဘူး။ တိပ်တွေ နဲ့ကပ်ပြီးတော့လုပ်ရတာ။ စိတ်ဝင်စားစရာကောင်းတယ်။ DVB မှာ ၉၆ ဧပြီအထိလုပ်ခဲ့ပြီးထွက်ခဲ့တယ်။ နယ်စပ်ပြန်လာလိုက် သီချင်းဟိုနားဒီနားဆိုနဲ့ နောက်ဆုံး နော်ဝေးကို မြန်မာပြည်က ပထမဆုံးဒုက္ခသည်ကလေးတွေ စရောက်လာတယ်။ ဒီကလေး တွေကိုလိုက်ပြီးတော့ မူကြိုလိုက်ပို့ရင်းနဲ့ မူကြိုက ကျွန်တော့်ကို အလုပ်ပေးတယ်။ အဲဒီမူကြိုမှာပဲ အခုထိ မူကြိုဆရာရဲ့လက်ထောက်ပေါ့။ အခု အဲဒီကနေ ခွင့်ယူပြီးလာတာပါ။

မြန်မာနိုင်ငံကို ၂၆ နှစ်ကြာမှ ပြန်လည်ရောက်ရှိတဲ့အခါမှာ ဘာတွေထူးခြားပြောင်းလဲသွားတယ်လို့မြင်ပါသလဲ။ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေ တယ်လို့ နိုင်ငံတကာကပြောထားတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ရှုမြင်ထားတဲ့ပုံစံအတိုင်း ဦး မြင်တွေ့ခံစားရတာတွေက တကယ်ပဲ ထင်ဟပ်ပါသလား။

မီဒီယာပေါ့။ ကျွန်တော်တို့ ခေတ်က တော်တော်များများပြောလို့မရဘူး။ ဒါပေမဲ့ ခုဟာက စာစောင်တွေ အများကြီးတွေ့ရ တယ်။ သတင်းလွတ်လပ်ခွင့်တွေ အတော်လေးတွေ့ရတယ်။ အခု ဒီပွဲကို ကျွန်တော်တကယ်ဆိုခွင့်ရ ပြီရင်တော့ ဘာပဲပြောပြော ဒါကိုလည်း အပြောင်းအလဲတစ်ခု အနေနဲ့ လက်ခံရမှာပဲ။ အရင် ကျွန်တော်တို့ခေတ်က ဆင်ဆာ ဘုတ်ရှိတယ်။ စင်ပေါ်မှာ ဟိုသီချင်းမဆိုရဘူး၊ ဒီသီချင်းမဆိုရ ဘူးရှိတယ်။ အခုစင်ပေါ်မှာ ကျွန် တော်ဆိုချင်တဲ့သီချင်းတွေဆိုခွင့် ရရင် ဒါအရင်ကမရခဲ့တဲ့အခွင့် အရေးပဲ။ ဒါပေမဲ့ မပြောင်းလဲ သေးတာတွေလည်း ဒီ ၂၆ နှစ် အတွင်း ရှိပါတယ်။ မနေ့ညနေကတင် လမ်းသွားရင်း ဘတ်စ်ကားစီးခရီးသည်တွေ၊ ကားစောင့်နေတဲ့လူတွေ၊ ကားတွေ၊ စပယ်ယာတွေ တော်တော်များများက ဟိုး၂၆ နှစ်ကလည်းဒီတိုင်းပဲ။ အလွန် ဆင်းရဲတဲ့လူတန်းစားတွေကိုမြင်ရတာလည်း အင်မတန်စိတ်မကောင်းစရာပဲ။ တိုက်ကြီးအကြီးကြီးတွေ ထွက်လာတာ၊ ကားအကောင်းစားကြီးတွေ မောင်းကြတာကို တိုးတက်မှုလို့ပြောရင်တော့လည်း မပြောတတ် ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ ရန်ကုန်မြို့လယ်ကောင်မှာ လျှောက်သွားရင်းနဲ့ မြင်ရတာက တကယ့်လိုအပ်တဲ့ ပြည်သူလူထုဘဝ ပြောင်းလဲမှုကတော့ အများကြီးမရှိသေးဘူး။ တချို့တွေကတော့ ပြောင်းကောင်း ပြောင်းမယ်။ အများစုကတော့ ခက်ခက်ခဲခဲလှုပ်ရှားရုန်းကန်နေရတယ်လို့ ဘေးကနေ တစ်လလောက် လေ့လာကြည့်သလောက် အဲဒီလို ပဲထင်တယ်။

ဦးရဲ့ဂီတသက်တမ်းနှစ်ပေါင်းသုံးဆယ်ကျော်အတွင်းမှာ ပထမဆုံး တစ်ကိုယ်တော်ပွဲအဖြစ် ‘ဝတ်မှုန်ကူးတဲ့ည’အမည်နဲ့ မန္တလေးမှာ လာမယ့် ၃ ရက်နေ့ ဖျော်ဖြေမယ် သိထားပါတယ်။ ဒီပွဲအပေါ်မှာ ဦးရဲ့စိတ်လှုပ်ရှားရင်ခုန်မှုနဲ့ မျှော်လင့်မှုက ဘယ်လိုရှိပါသလဲ။

ပရိသတ်တွေက ဝမ်းသာစွာ ကြိုဆိုမယ်လို့မျှော်လင့်ထားပါတယ်။ ပထမဆုံးပရိသတ်နဲ့ မျက် နှာချင်းဆိုင်ရမှာဖြစ်လို့ ဒါကျွန် တော့အတွက်စိတ်လှုပ်ရှားစရာ ပေါ့။ နှစ်တွေအများကြီးကြာပြီး တဲ့နောက်တစ်နေ့မှာ ဒီလိုဆိုခွင့် ရဖို့ ထင်တောင်မထင်ခဲ့ဘူး။ ဒါကျွန်တော့်မက်ခဲ့တဲ့အိပ်မက်ပဲ။ ကျွန်တော် ၈၈မတိုင်ခင်ကတည်းက ခပ်ငယ်ငယ်ဘဝက ကိုထူးအိမ်သင်နဲ့ပြောဖြစ်တယ်။ တစ်ကိုယ် တော်ရှိုးကို နှစ်ယောက်စလုံးလုပ်ချင်ခဲ့တယ်။ ကျွန်တော်တို့နား လည်တဲ့ရှိုးဆိုတာပေါ့။ ကျွန်တော်ဥရောပမှာနေတယ်။ ဘယ်ရှိုးမှအဆိုတော်အများကြီးနဲ့ တီးဝိုင်းတစ်ဝိုင်းတည်းနဲ့မဆိုဘူး။ တစ်ယောက်ပြီးတစ်ယောက်တက်ဆိုတာမရှိဘူး။ သူ့ပရိသတ်နဲ့သူရှိတယ်။ ဒီပွဲက ပထမဆုံး တစ်ယောက်တည်းဆိုရမယ့်ပွဲ။ ကျွန်တော့်ဘဝမှာ တစ်ခါမှမဆိုဖူးခဲ့တဲ့ပွဲ။ ကျွန်တော့်အတွက် စိန် ခေါ်မှုတစ်ခုလည်းဖြစ်တယ်။ တချို့ဟာတွေက ခန့်မှန်းရခက် တယ်။ ပရိသတ်နဲ့နှစ်တွေအကြာကြီးနေမှ ပြန်တွေ့ရမယ့်တစ် ယောက်တည်းဆိုရမယ့်ပွဲဖြစ်လို့ တတ်နိုင်သမျှ ကြိုးစားတယ်။ ကျွန်တော်အဓိကပြန်လာတဲ့ရည်ရွယ်ချက်က ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေနဲ့တွေ့ဖို့ပြန်လာတာပဲ။ အကောင်းဆုံးဆိုမယ်။ အစွမ်းရှိသလောက်ဆိုမယ်။ ရိုးရိုးလေးတို့၊ ဝတ်မှုန်တို့လိုသီချင်းတွေကိုကြိုက်တဲ့ပရိသတ်တွေ အခုထိရှိနေတယ်။ သူတို့ဒီသီချင်းတွေမကြားရတာ နှစ်တွေကြာလှ ပြီ။ ကျွန်တော့်သီချင်းတွေကို ကြိုက်တဲ့ပရိသတ်ကို တိုက်ရိုက် ဆိုပြရဖို့ ရင်ခုန်ပါတယ်။

ပြည်ပကနေ ဦးသီဆိုခဲ့တဲ့ ‘သွေးမုန်တိုင်း’၊ ‘အရေးကြီးပြီ’ တို့လို မြန်မာပြည်ရဲ့ဒီမိုကရေစီလှုပ်ရှားမှုခရီးကြမ်းတစ်လျှောက် နေရာယူခဲ့တဲ့သီချင်းတွေကို ပွဲမှာဆိုဖြစ်မလား။

ဆိုရမှာပေါ့။ ကျွန်တော့်သီချင်းတွေမှာ ဒီသီချင်းတွေလည်း ပါတယ်။ ကျွန်တော်ကိုယ်တိုင် ပြည်သူတွေနားထောင်စေချင်လို့ စိတ်လိုလက်ရဆိုခဲ့တာ။ ဆိုချင်လွန်းလို့ကို ပြည်ပမှာထွက်ဆိုခဲ့ကြတဲ့သီချင်းတွေပါ။ ပြည်တွင်းမှာ အဲဒီခေတ်ကာလက ဘယ်လိုမှသွင်းလို့မရလို့ ပြည်ပကိုယူသွားရတဲ့သီချင်းတွေပါ။ အဲဒီခေတ်က အဲဒီခွေတွေက အဖမ်းခံရတယ် လေ။ ဒါကြောင့် ပြည်ပထိတောင်ထွက်ပြီး ပရိသတ်နားထောင်နိုင်အောင် ကြိုးစားခဲ့ရတာ။ ဒီကနေ့လို ပရိသတ်နားထောင်နိုင်တဲ့အချိန်မှာ ကျွန်တော်ဆိုပြရမှာပေါ့။ တော်လှန်ရေးသီချင်းတွေလေ ဒါတွေက။ ကျွန်တော့်တို့ တတ်တဲ့ဂီတနဲ့ သီချင်းနဲ့ ကျွန်တော်တို့ဖြစ်ချင်တဲ့ ဆန္ဒကိုပြောတာ။ ကျွန်တော်တို့လိုချင်တဲ့ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး ဒါတွေကမှားနေတဲ့ကိစ္စ မဟုတ်ဘူး။ ဒါတွေက တရားတဲ့ကိစ္စတွေ။ ဒါတွေအတွက်တော့ ကျွန်တော်ရဲရဲဝံ့ဝံ့လုပ်ရမှာပေါ့။ ဒါတွေ ဆိတ်သုဉ်းနေလို့လည်း ကျွန်တော်တို့ပြောရတာပေါ့။ ဒါတွေရှိနေတယ်ဆိုရင် ဆိုနေစရာ အကြောင်းမရှိတော့ဘူး။

ပြည်ပကနေဆိုခဲ့တဲ့အဲဒီသီချင်းတွေက မြန်မာပြည်ရဲ့အရွေ့ကို ပြောင်းလဲမှုထိရောက်မှုရှိတယ် ထင်လား။ အဝေးကနေ မြန်မာပြည် ရဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို ဦးက ဒီသီချင်းတွေနဲ့ ဘယ်လို ပံ့ပိုးမှုပေးနိုင်ခဲ့တယ်လို့ထင်ပါသလဲ။

သီချင်းတော်တော်များများ က ကျောင်းသားဘဝကတည်း ကကြားဖူးတဲ့သီချင်းတွေ။ ပိုင်ရှင် ဘယ်သူမှန်းတောင် မသိဘူး။ ‘ငြိမ်းချမ်းရေးတိုက်ပွဲ’ဆို အစော ကြီးကတည်းက ဆင်ဆာမရခဲ့လို့ ကိုခင်မောင်တိုးက ‘လွန်ခဲ့သော နေ့’ဆိုပြီး နာမည်ပြောင်းထုတ်ခဲ့ တာ။ အဲဒီတုန်းက သီချင်းရေးတဲ့ သူတွေလည်း အများကြီးရှိခဲ့ တယ်။ ကျောင်းသားအချင်းချင်း ကြားမှာသိကြတယ်။ အများပြည် သူမှာတော့ သိခွင့်မရခဲ့ကြဘူး။ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ကျွန်တော်ပါတယ်ဆိုတာထက် ကျွန်တော်တို့က လူအများသိအောင်ဆိုခဲ့တယ်။ ဒီသီချင်းတွေဟာ ခေတ်ကိုရောင်ပြန်ဟပ်တဲ့ သီချင်းတွေဖြစ်တယ်။ စိတ်ကူး ယဉ်တွေမဟုတ်ဘူး။ တကယ့် အဖြစ်အပျက်တွေကိုပုံဖော်တာ။ ပြည်သူတွေအနေနဲ့တစ်ဖက်မှာလည်း ဒါတွေကိုကြားသင့်တယ်။

ပြည်ပမှာပဲ ‘ငြိမ်းချမ်းရေးတိုက်ပွဲ’ နဲ့ ‘လွတ်မြောက်ရာလမ်း’နှစ်ခွေ ထွက်ထားတယ်လို့သိရပါတယ်။ ပြည်ပမှာ သီချင်းခွေထုတ်တဲ့ အတွေ့အကြုံကိုမျှဝေပါဦး။

‘ငြိမ်းချမ်းရေးတိုက်ပွဲ’အခွေ ထုတ်တုန်းက အမေရိကားကို ပထမဆုံး ရောက်လာခဲ့တဲ့ ကျောင်းသားတွေက သူတို့မုန့်ဖိုး ထဲကနေစပေးတယ်။ နောက်ထပ် NGO တစ်ခုက လိုအပ်တဲ့စာအုပ် ရိုက်တာတို့၊ အခွေကူးတာတို့ကူ တယ်။ ဖြန့်တာကတော့ကိုယ့် နည်းကိုယ့်ဟန်နဲ့ ဖြန့်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရောင်း တာမဟုတ်ဘူး။ ဖြန့်တဲ့အခွေ ကာဗာအပေါ်မှာကို တစ်ဆင့်ကူးယူဖြန့်ချိပေးပါရန်ဆိုပြီးပါတယ်။ ကိုယ်တိုင်လည်း တတ်နိုင်သလောက်ကူးတယ်။ ကော်ပီဆွဲ တယ်။ အဲဒီနည်းနဲ့ပဲသီချင်းတွေ ကပျံ့သွားတာ။

ဒီတစ်ခေါက် အိမ်အပြန်ခရီးမှာ ဦးရဲ့ဇာတိကချင်ပြည်နယ်ဘက်ကိုသွားခဲ့တယ်။ ကချင်ပြည်နယ်ဘက်က စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဦးကူညီလုပ်ကိုင်ပေးချင်တဲ့အစီအစဉ်လေးတွေရှိတယ်လို့လည်းသိထားပါတယ်။ ဘယ်လိုပုံစံနဲ့ စတင်ဖို့ရှိပါသလဲ။

လောလောဆယ်တော့လည်း သူတို့အတွက်ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးမလုပ်နိုင်သေး ဘူးဖြစ်နေတယ်။ ဒီတစ်ကိုယ် တော်ပွဲဖြစ်ဖို့အတွက် တော်တော် အလုပ်များတယ်။ ပထမတော့ ရန်ပုံငွေပွဲလေးတစ်ခုလုပ်ချင် တာ။ အဆင်ပြေတဲ့သူ ပိုက်ဆံ ပေးပေါ့။ ဒါပေမဲ့ ကျွန်တော်နား လည်သလောက်တော့စစ်ဘေး ဒုက္ခသည်တွေမဟုတ်ဘူး။ ရန် ကုန်မြို့မှာတင်ကို ကူညီရမယ့် လူတွေအများကြီးရှိနေတယ်။ အကူအညီလိုနေတဲ့သူတွေပေါ့။ အများကြီးပါ။ ပထမဆုံးအဓိက ထားထားတာက ဒီပွဲကိုကောင်း အောင်စီစဉ်တယ်။ ပိုက်ဆံအပို ထွက်လာရင် မည်သူ့ကိုမဆိုပေး လို့ရပါတယ်။ အကူအညီလိုနေ တဲ့သူတွေကရှိနေတာကို။

ဒီတစ်ခေါက်ခရီးစဉ်ကို မြန်မာပြည်မှာ ဘယ်လောက်ကြာကြာနေဖို့မှန်းထားပါသလဲ။

အခုရောက်နေတာတော့ တစ်လရှိပြီ။ ပွဲဆိုဖို့နဲ့ဆို နောက် ထပ်တစ်လလောက်တော့ ကျွန် တော်တို့ဗီဇာသက်တမ်းတိုးရမှာ ပေါ့။ ဘယ်နေ့အထိနေဖြစ်မယ် တော့မသိဘူး။ ရန်ကုန်ပွဲက မတ်လ ၁၀ ဆိုတော့ အနည်းဆုံး တော့ နောက်ထပ်သုံးပတ်တော့ နေရမှာပေါ့။

ဦးက လက်ရှိ နော်ဝေးနိုင်ငံသားပေမယ့် မြန်မာပြည်ဖွားတစ်ယောက်လည်းဖြစ်တော့ မိသားစု နဲ့ကိုယ့်နိုင်ငံမှာ တစ်နေ့ပြန်အခြေချဖို့ စဉ်းစားတာမျိုးရှိပါသလား။

ကျွန်တော်ပြန်စဉ်းစားထားပါတယ်။ လောလောဆယ် တစ်ခုခုကိုအတိအကျပြောဖို့တော့ခက် တယ်။ ဒါပေမဲ့ ကိုယ့်တိုင်းကိုယ့် ပြည်ပြန်လာရတော့ ဒီမှာအားလုံးက တကူးတက ချိတ်ဆက်နေစရာ မလိုဘူး။ ကျွန်တော် ဒီတိုင်းပြည်မှာမွေးတယ်။ ဒီမှာပညာသင်သွား တယ်။ ဒီတိုင်းပြည်မှာရေသောက်၊ထမင်းစားခဲ့သူတွေဆိုတော့ ကိုယ့်အိမ်ပြန်လာတော့ ဒါကို ပြောဖြစ်တယ်။ ဟိုဘက်မှာလည်း တချို့ဟာတွေက ဒီတိုင်းကြီးဗြုန်း ခနဲထားခဲ့လို့မရတာတွေရှိတယ်။ ဒီတစ်ခေါက်ပြီးလို့ အဆင်ပြေ တယ်၊ ချောမွေ့တယ်ဆိုရင်တော့ အမြန်ဆုံးနောက်တစ်ခေါက်ပြန်လာပါမယ်။ ကျွန်တော်သီချင်းတွေဆိုချင်သေးတယ်။ Recordingလုပ်ချင်တာ။ သီချင်းဟောင်းတွေလည်း ကျွန်တော်ပြန်ဆိုချင်တယ်။ ပြန်ဆိုရမယ့်သီချင်းတွေရှိနေ သေးတယ်။ ကျွန်တော့်အသက်ရှင်စဉ်ကာလ ကျွန်တော်တို့ခေတ်မှာ ကျွန်တော်လုပ်နိုင်သလောက် နောင်မျိုးဆက်လူငယ်တွေအတွက် ဒါကျွန်တော်တို့ခေတ်ရဲ့ ဂီတဆိုတာမျိုး ထားခဲ့ပေးချင်တယ်။ ကျွန်တော်အသက်လည်း ကြီးလာပြီ။ နောက်ဘယ်လောက် ကြာကြာ လုပ်နိုင်မလဲမသိဘူး။ လုပ်နိုင်တုန်းလေးမှာ ပြန်လာပြီး လုပ်ချင်တယ်။ လုပ်ခွင့်ရမယ်လို့ လည်းမျှော်လင့်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
http://7daydaily.com/story/32626#.VPCpJY6z5X8

ယနေ.ကြံ့ခိုင်ရေးပါတီကဦးဆောင်တဲ့ ကျောက်ဆည်မြို့ကတန်ပြန်သပိတ်ဆန္ဒပြပွဲ
ထူးခြားတာကတော့
ပန်းကမ်းသူမရှိ
ရေတိုက်သူမရှိ
အားလုံးပြုံးစိစိ။

ဒီနေ့စဥ့်ကိုင်မြို့တွင် ကြံ့ခိုင်ရေးပါတီမှ ကျောင်းသားသပိတ်အားတန်ပြန်သပိတ်လုပ်ခဲ့
သည့် ပါဝင်သူအချို့ကိုမေးကြည့်ရာ သူတို့မသိပါ၊ ၇း၀၀နာရီအရောက်လာရမယ်ဟု
သာပြောကြောင်းသွားရာမှ ထိုသို့ပြုလုပ်မည်ကိုသိ၍ မလိုက်ချင်သူအချို့ ခိုး၍ပြန်ခဲ့ကြောင်း
သိရသည်။

အစိုးရအနေဖြင့် ဆရာ၊ ဆရာမ များသည်ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုသော်လည်း အာဏာရပါတီသပိတ်တွင် ဆရာ၊ဆရာမများကိုတွေ့ရှိရပါသည်။ဥပဒေသည် တစ်ဖက်
စောင်းနင်းဥပဒေဖြစ်ကြောင်းသက်သေပြနေခြင်းဖြစ်သည်။

အစိုးရသည် ကျောင်းသားများတောင်းဆိုထားသောအချက်များကို မူအားဖြင့်သဘောတူသည်ဟုပြောပြီးလွှတ်တော်တွင်အချိန်ဆွဲကာ တန်ပြန်သပိတ်များဖန်တီးနေသည်မှာ
အစိုးရ၏ မရိုးသားမှုဖြစ်သည်ဟု ပြည်သူများဝေဖန်ပြောဆိုလျက် ရှိနေကြကြောင်း သတင်းရရှိပါသည်။

သတင်းဓါတ်ပုံ-Thant Htet Zaw .Soe Thiha


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲဖို့ ဆန္ဒပြတောင်းဆိုနေကြတဲ့ ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းက ကျောင်းသားခေါင်းဆောင် ၉ ယောက်ဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူခဲ့တဲ့ ပညာရေးဥပဒေမူကြမ်း ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံဖို့
နေပြည်တော် ပြည်သူ့လွှတ်တော်ကို ၂ဝ၁၅ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သွားရောက်ခဲ့ကြပါတယ်။
သပိတ်မှောက် ကျောင်းသားခေါင်ဆောင်တွေနဲ့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် လွှတ်တော်ကိုယ် စားလှယ်တွေ ဒီနေ့ နေပြည်တော်မှာတွေ့ဆုံခဲ့ကြပြီး အမျိုးသားပညာရေး ပြုပြင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြ ရာမှာ ဥပဒေကို ပြင်ဆင်နိုင်ဖို့ကို လွှတ်တော်ရဲ့လုပ်ထုံး လုပ်နည်းအဆင့်အတိုင်း လုပ်ဆောင်မှာဖြစ်တဲ့အတွက် သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေက စောင့် ကြဖို့ ကော်မတီဘက်က တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်ဘက်က လုပ်ဆောင်မယ့်အဆင့်ဆင့် ကို ပြောခဲ့တာဖြစ်ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

"သူတို့ကတဆင့်ဆက်ပြီးတော့ ကျနော်တို့ ဆက်ဆွေးနွေးတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ သက်ဆိုင်ရာရေးရာကော်မတီတွေကို ဆက်ပြီးဆွေးနွေးသွားမယ်၊ လွှတ်တော် ဥက္ကဌဆီကိုလည်း တင်ပြမယ်လို့ပြောတယ်ဗျ၊ သူတို့ဆီက သဘောတူညီချက်တောင်းဖို့လည်း မဟုတ်ဘူး၊ ကျနော်တို့အနေနဲ့ ဒီလိုဒီလိုမဖြစ်သင့်ဘူး၊ ဖြစ်သင့် တယ်ဆိုတာကို ဆွေးနွေးတာဖြစ်တယ်၊ သဘောတူညီချက်အနေနဲ့ သူတို့လည်းမပေးနိုင်ဘူး၊ ဒီဥပဒေ ဒီမူကြမ်းရေးဆွဲရေးကော်မတီအနေနဲ့က သူတို့ဆီရောက်လာတဲ့ဥပဒေတွေကို စိစစ်ပြီးတော့မှ လက်ခံမယ် လက်မခံဘူး ဒါကိုပဲဆုံးဖြတ်မယ့် ကော်မတီဖြစ်တယ်၊ အဲ့လိုဆုံးဖြတ်မယ့်ကော်မတီအနေနဲ့ လက်ရှိက အမျိုးသားလွှတ်တော်မှာတင်ထားတယ်၊ ပြည်သူ့လွှတ်တော်ကို မရောက်သေးဘူးလို့ သူတို့ကပြောတယ်"

ကျောင်းသားခေါင်းဆောင်တွေက ၄ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ သဘောတူခဲ့တဲ့ဥပဒေကြမ်းနဲ့ ပညာရေးဝန်ကြီးဋ္ဌာနက သီးခြားတင်ပြမယ့်ဥပဒေကြမ်းကို တပြိုင်တည်းဆွေးနွေးမှာဖြစ်တာကြောင့် အချိန်ကြန့်ကြာမှာကို စိုးရိမ်ကြောင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

လာမယ့်မတ်လ ၁ ရက်နေ့မှာ ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ရပ်နားထားတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဟာ မူလသတ်မှတ်ထားတဲ့အတိုင်း ရန်ကုန်ကိုချီတက်ကြမှာဖြစ်တဲ့အတွက် အကြမ်းဖက်ဖြိုခွဲမူတွေ မလုပ်ဖို့ တောင်း ဆိုခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တက်ရောက်ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေ မဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့သာ ကျောင်းသားတွေ တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။

RFA


လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်အရ ထွက်ပေါ်လာတဲ့ ပညာရေးဥပဒေကြမ်းကို ဘာသာရေးဆိုင်ရာ ဝေဖန်မှုတွေ၊ လွဲမှားတဲ့ အဓိပ္ပာယ်ကောက်နေမှုဟာ တစ်ယောက်ယောက်က ကြိုးကိုင်နေသလားလို့ ခံစားရတဲ့အကြောင်း နိုင်ငံကျော် စာရေးဆရာ ချစ်ဦးညိုက ဖေဖော်ဝါရီ ၂၆မှာ မေးခွန်းထုတ်လိုက်ပါတယ်။ ဥပဒေကြမ်းကိစ္စ ရန်ကုန်မှာ ဘာတွေ ဆွေးနွေးရှင်းလင်းခဲ့ကြသလဲ။

အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းကြားနာမှုဟာ ရက်ရွှေ့ဆိုင်းနေသလို၊ အချိန်ဆွဲနေသလို ခံစားနေရတယ်လို့ ဆိုလာသူက စာရေးဆရာချစ်ဦးညိုပါ။ ဘာသာရေးဆိုင်ရာ ဝေဖန်မှုတွေက အစိုးရိမ်ကြီးပြီး အဓိပ္ပာယ်ကောက်ယူမှု လွဲနေကြတာဖြစ်ပြီး ဘာသာရေးအတွက် စိုးရိမ်တယ်လို့ ပြောနေတဲ့စကားတစ်ချို့ဟာ တစ်ယောက်ယောက်က ကြိုးကိုင်နေသလားတောင် ခံစားရတယ်လို့ ပြောပါတယ်။

အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER တို့ရဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲကနေ သဘောတူရေးဆွဲခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အမျိုးသားလွှတ်တော်မှာ ကြားနာဖို့ ကြေညာချက်နဲ့အတူ သံဃာ့မဟာနာယကနဲ့ မဘသတို့ရဲ့ ကန့်ကွက်ချက်တွေ ထွက်လာပေါ်လာချိန်မှာပဲ NNER နဲ့ သပိတ်မှောက်ကျောင်းသားတွေ ဖေဖော်ဝါရီ ၂၆မှာ နောက်တစ်ကြိမ် ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

Home Entertainment မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့သူတွေနဲ့ ဥပဒေကြမ်းဆိုင်ရာ ကောလဟာလတွေနဲ့အကြောင်း NNER နဲ့ ကျောင်းသားတွေ ပြန်လည်ဖြေရှင်းခဲ့ရာမှာ ဥပဒေကြမ်းထဲက စာသင်ကျောင်းမှန်သမျှဟာ ဘာသာရေးသင်ကြားနေတဲ့ကျောင်းတွေမဟုတ်ဘဲ အစိုးရသင်ရိုးညွှန်တမ်းကို သင်နေတဲ့ စာသင်ကျောင်းတွေကို ဆိုလိုတဲ့အကြောင်း ဒေါက်တာသိန်းလွင်က ထပ်မံပြောဆိုခဲ့ပြီး ပညာရေးကို နိုင်ငံတွေ၊ လူမျိုးတွေနဲ့ ခွဲခြားကန့်သတ်လို့မရဘူးလို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ စနစ်ဆိုးနဲ့ဖြတ်သန်းရတဲ့ နိုင်ငံတွေမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ပထမဆုံးတင်ပေးရဲတာ ကျောင်းသားတွေသာဖြစ်သလို တိုင်းပြည်တိုးတက်မှုဟာ စီးပွားရေးပေါ် မူတည်တာမဟုတ်ဘဲ မှန်ကန်ပြီး လွတ်လပ်တဲ့ပညာရေး လိုအပ်ပါတယ်လို့ ထောက်ပြသူက သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါ်ဒေဝီသန့်စင်ပါ။

အမျိုးသားလွှတ်တော်မှာ ကြားနာဖို့ မတ်လ ၅ရက်နေ့ကို သတ်မှတ်လိုက်တာဟာ ကျောင်းသားသပိတ် ရန်ကုန်မဝင်ရေးဆိုတဲ့ အစိုးရလိုလားချက်ကို အကောင်အထည်ဖော်နေတာဖြစ်ပြီး သပိတ်တွေတကယ်ရပ်နားထားချိန်မှာ အစိုးရဘက်က ဆွေးနွေးမှုတွေ ဆက်မလုပ်ဘဲ တန်ပြန်သပိတ်နဲ့ ကောလဟာလတွေဖန်တီးမှုသာ ဖြစ်လာခဲ့တယ်လို့ ဆိုသူက သပိတ်မှောက်ကျောင်းသား ကိုနန္ဒစစ်အောင်ပါ။

ုKamayut media

ဒီနေ့မနက်အစောကြီး ရဲက ဖမ်းလိုက်တဲ့ သတင်းထောက်အောင်နေမျိုးကို အမှုဖွင့်ပေးပို့ အထူးတပ်ဖွဲ့က တောင်းဆိုထားပါတယ်။ သူဖေ့ဘွတ်မှာ တင်ထားတဲ့ပို့စ်တခုဟာ အစိုးရကို အကြည်ညိုပျက်စေတာကြောင့်တဲ့။ ဖတ်ကြည့်ပါ။

The Irrawaddy (Burmese Version)

သမ္မတဦးသိန်းစိန် လားရှိုးကို သွားရောက်ပြီး လောက်ကိုင်တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရသူများ ကြည့်ရှု့။ (သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို ထွက်ပြေးကြရသူတွေမှာ စားနပ်ရိက္ခာက အစ နေရေးထိုင်ရေး အဆုံး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရ ပါတယ်။ ပြည်တွင်း စစ်ရှောင်ကြသူတွေကတော့ မြန်မာ အစိုးရ အကူအညီနဲ့ ဌာနေတွေကို ပြန်နေကြပါပြီ။ ဒီကနေ့မှာပဲ သမ္မတ ဦးသိန်းစိန် လည်း ပြည်တွင်း စစ်ရှောင် ဒုက္ခသည် ကယ်ဆယ်ရေး အစီအစဉ်တွေကို သွားကြည့်ခဲ့ပါတယ်။ သတင်း သုံးပတ်ထဲကို ရောက်လာပြီ ဖြစ်တဲ့ ကိုးကန့် စစ်ရေး အခြေအနေကတော့ ဒီကနေ့မှာ ငြိမ်သက်နေပေမယ့် မြန်မာ အစိုးရစစ်တပ်ဘက်က စစ်ကြောင်းတွေ သွားလာမှုတွေ ရှိနေပါတယ်။ အသေးစိတ် မသိင်္ဂီထိုက်က စုစည်းတင်ပြ ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ တိုက်ပွဲတွေက သတင်း ၃ ပတ်ထဲကို ရောက် လာချိန်မှာဘဲ ဒီဒေသတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေလည်း ဆက်ပြီး ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ကိုးကန့် ဒေသဘက်က ရာနဲ့ချီတဲ့ လူတွေ လားရှိုးမြို့မှာ ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ မန်ဆူ ရှမ်းကျောင်းကို ရောက်လာကြတယ်လို့ လားရှိုးမြို့ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်သက်ထွန်းက ပြောပါတယ်။

" အမှန်က တိုက်ပွဲကဖြစ်တော့ ဟိုမှာလည်း အလုပ်အကိုင်က မရှိတော့ဘူးလေ။ တချို့ပြောသံကြားတာကတော့ ကြံခုတ်အလုပ်သမားတွေများတယ်။ ဟိုဘက်က တရုတ်သူဌေးတွေ များတော့ တရုတ်သူဌေးတွေကလည်း တိုက်ပွဲဖြစ်တော့ ဟိုဘက်ပြန်သွားတော့ အလုပ်သမားခတွေလည်း မရကြဘူး ပြောတယ်။ မရတော့ သူတို့က ဒီအတိုင်းပြန်လာကြရတာပေါ့။ ပို့ပေးတဲ့ ယာဉ်တန်းနဲ့- အခက်အခဲတော့ မရှိပါဘူး။ လောက်ကိုင်ဆိုရင်လည်း လောက်ကိုင်တာဝန်ရှိတဲ့သူတွေက လူစုမိတယ်ဆိုရင် ကားကြုံရှိရင် ကားနဲ့ထည့်ပေးတယ်လေ။ ဒီဘက်ရောက်တော့လည်း ကျနော်တို့က လားရှိုးကိုဆို လားရှိုးပို့ပေးတယ်။ လားရှိုးကနေတဆင့် မန္တလေးရောက်တော့လည်း မန္တလေးမှာလည်း သူကလည်း သူတို့အဖွဲ့က မန္တလေး တိုက်ရိုက် ကားဝင်းကနေပြီးတော့ သူတို့သက်ဆိုင်ရာ နေရာတွေကို ပြန်ခွဲပြီး ပို့ပေးတယ်ဗျာ။

ဒီနေ့ သမ္မတလည်း လာတယ်။ ဝန်ကြီးအဖွဲ့တွေလေ သူတို့လည်း လာလှူသွားတယ်။ အဲ့ဒီ့မှာ သိန်းသုံးရာ သမ္မတကတောင် လှူသွားတယ်။"

အခုချိန်ထိ လားရှိုးမြို့ကယ်ဆယ်ရေး စခန်းက ကယ်ဆယ်ပြီး ဌာနေပြန်ပို့ပေးနေသူ ၁ သောင်းဝန်းကျင် ရှိသွားပြီ ဖြစ်ပြီး ထောက်ပံ့ကြေး အဖြစ် အစိုးရ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနက ကျပ် သန်း ၈၀၀ ကျော် သုံးစွဲပြီး ဖြစ်တယ်လို့ လည်း ဦးဇော်သက်ထွန်းက ပြောပါတယ်။

ကိုးကန့် ဒေသ စစ်ပွဲတွေကြောင့် ထွက်ပြေးကြသူတွေထဲမှာ မြန်မာပြည်တွင်းက လာရောက် အလုပ်လုပ်ကိုင်ကြသူ အများစုက လားရှိုးမြို့ဘက်ကို ထွက်ပြေးကြသလို ကိုးကန့် တိုင်းရင်းသား အများစုကတော့ သူတို့ မူရင်းနေရပ်နဲ့ အနီးက တရုတ် နယ်စပ်တွေကို ထွက်ပြေးကြတာပါ။ တရုတ် မြန်မာ နယ်စပ် မှတ်တိုင် ၁၂၅ က စစ်ပြေး ဒုက္ခသည် စခန်းမှာ စစ်ပြေး ဒုက္ခသည် ထောင်နဲ့ချီ ရှိသလို တခြား ယူနန်ပြည်နယ်ထဲက ပုန်းဂုန်း၊ မိုက်တိဟော်၊ ဆဟော်၊ ဟော်ဝိုက် စတဲ့ နေရာတွေမှာ လည်း ဒုက္ခသည်တွေ ပြန့်ကြဲ ခိုလှုံနေကြပြီး စစ်ပြေး ဒုက္ခသည် ထောင်နဲ့ချီ ရှိနေတယ်လို့ တရုတ်နယ်စပ်က ဒုက္ခသည် အရေး ဆောင်ရွက်နေသူ အိုက်ယုံက ပြောပါတယ်။

"များသောအားဖြင့် သူတို့က ချောင်းနဲ့ ရေချောင်းနဲ့ နီးစပ်တဲ့နေရာကို နေတာပေါ့။ သောက်ရေအတွက် လွယ်ကူအောင်ပေါ့။ တရုတ်ပြည်ကတော့ လက်လှမ်းကူနိုင်သလောက်တော့ လုပ်ပေးပါတယ်။ များသောအားဖြင့်တော့ ကျနော်တို့ သူငယ်ချင်းတွေ မိတ်ဆွေတွေရော ကျနော်တို့ ဝီချက်ပေါ်မှာ တင်ထားတာပေါ့ ကျနော်တို့ လှူဒန်းဖို့ ပစ္စည်းတွေလိုအပ်တယ်။ ဘာဖြစ်လို့ဆိုတော့ တရုတ်ပြည်က ငွေလှူဒန်းပိုင်ခွင့် သူတို့က ခွင့်မပြုတဲ့အတွက် ပစ္စည်းတွေပဲ လက်သင့်ခံပါတယ်။ တရုတ်ပြည်ဘက်ကို ပြေးတဲ့သူက များသောအားဖြင့် ကိုးကန့်တိုင်းရင်းသားပေါ့။ ဒါပေမဲ့ မြန်မာတစုတလေရှိတယ်။ ကျနော်တို့ သွားခဲ့တဲ့နေရာ တစ်နေရာဆိုရင် မြန်မာပြည်သူပြည်သား ၁၉၇ယောက်လားမသိဘူး ရှိပါတယ်။"

တရုတ် နယ်စပ်ဘက်ကို ထွက်ပြေးကြသူ ကိုးကန့်တိုင်းရင်းသား အများစု ထဲမှာတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများစု ဖြစ်တယ်လို့လည်း အိုက်ယုံက ပြောပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာ့ တပ်မတော်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေက အခုတော့ သတင်း ၃ပတ်ထဲကို ရောက်ရှိလာခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲမို့ ဒီ စစ်ရှောင် ၊ စစ်ပြေး ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အလားအလာတော့ မရှိသေးပါဘူး။

ဒီကနေ့ သောကြာနေ့မှာတော့ နှစ်ဘက် တို့ ပစ်တာ ခတ်တာ မရှိပေမယ့် မြန်မာ အစိုးရတပ်ဘက်က စစ်ကြောင်းတွေ သွားလာနေတယ်လို့ ကိုးကန့် လက်နက်ကိုင် တပ်ဘက်က ပြောပါတယ်။ ၁၉ ရက် ကြာမြင့်လာပြီ ဖြစ်တဲ့ ကိုးကန့် ဒေသ စစ်ဆင်ရေးမှာ နှစ်ဘက် စစ်ရေး အရ အသာစီးရမှုကတော့ သိသိသာသာ မရှိသေးတဲ့ အကြောင်းလည်း ကိုးကန့် လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"ကျနော်တို့ လုံထန်းက အဲ့မှာ ဘေးဘက်မှာ တောင်တတောင်ရှိတယ်။ လမ်းမကြီး ဘေးဘက်မှာ ကျနော်တို့ နေလို့မရဘူး။ ကျနော်တို့က တောင်ရဲ့ ဟိုးး ဘက်မှာ လုံထန်ဆိုတာ ဧရိယာတခုပါခင်ဗျ။ တောင်ရဲ့ဟိုးဘက်အခြမ်းမှာ သူတို့ သွားတိုက်တာပဲ။ အဲ့ဒီ့နေ့မှာပဲ သူတို့က ဟိုက်စကီးနှစ်စီးနဲ့ ကျနော်တို့တပ်စခန်းကို သွားတိုက်တာပဲ။ လက်နက်ကြီးနဲ့လည်း သီးသန့်လည်း သွားထိုးပေါ့။ အဲ့လိုခင်ဗျ။ ဒါပေမဲ့ တခု အဓိက က ဘာလဲဆိုတော့ သူတို့က ထိုးစစ်ကိုး။ ကျနော်တို့က ခံစစ်ဆိုတော့ သူတို့ကျတဲ့သူက ကျနော်တို့ထက် အများကြီး များပါတယ်။ "

မြန်မာ အစိုးရ တပ်တွေနဲ့ ကိုးကန့် လက်နက်ကိုင်တိုကြား တိုက်ပွဲတွေ ပြင်းထန်နေ တာကတော့ ဆက်သွယ်ရေး အရ ဗျူဟာကျတဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့ကြား ၁၈ မိုင် အနီးက ဖုန်းချွေးရှန်း ဒေသ၊ နောက် လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက လုံထန် အနီးအနားမှာ ဖြစ်ပါတယ်။ ဒီဒေသတွေကို မြန်မာ စစ်တပ်ဘက်က အကြိမ်ကြိမ် ထိုးစစ်ဆင်နေပေမယ့် အခုချိန်ထိတော့ မထိန်းချုပ်နိုင်သေးပါဘူး။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokhant-update-/2661694.html

လွှတ်တော်၊ နေပြည်တော်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် မူကြမ်း အတည်ပြုနိုင်ရေး ကြန့် ကြာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော် အခြေအနေကို သိရှိလိုတဲ့အတွက် အမျိုသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက် နေတဲ့ ပင်မသပိတ် စစ်ကြောင်း က ကျောင်းသား၉ဦးနဲ့ ပြည်သူလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌတို့ တွေဆုံခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် မူကြမ်း အတည်ပြုနိုင်ရေး ကြန့်ကြာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း လုပ်ထုံးလုပ်နည်းတွေကို လေ့လာနိုင်ဖို့ အတွက် မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက် သပိတ်မှောက်နေတဲ့ စစ်ကြောင်းက ကျောင်းသားတွေက စတင်ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

ကမ်းလှမ်းစဉ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးခင်မောင်ရည် ကနေကတဆင့် စတင် ကမ်းလှမ်းခဲ့ပြီးနောက် ပြည်သူလွှတ်တော် နာယက ဦးရွှေမန်းနဲ့တွေ့ဆုံမယ်ဆိုပြီး ပြောဆိုခဲ့ကြတာလို့ ဆိုပါတယ်။ ဒီကနေ့တွေ့ဆုံစဉ် မှာတော့ ဦးရွှေမန်းက မအားလို့ မတွေ့ဆုံနိုင် ခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ပင်မ သပိတ်စစ်ကြောင်းက တာဝန်ခံ ကိုသီဟ ၀င်းတင်က ဆိုပါတယ်။

" ဦးရွှေမန်းနဲ့ ကျနော်တို့ တွေ့ဖို့ စပြီးတော့ စီစဉ်ထားတယ်။ ဦးရွှေမန်းက ကျနော်တို့ ဒီကျောင်းသားတွေ ရောက်လာတဲ့ အနေအထားမျိုးမှာ သူမအားဘူးဆိုတဲ့ ပုံစံပြောတယ်။ ပထမက သူကိုယ်တိုင်စီစဉ်ထားပြီး ကျနော်တို့တွေ့ဖို့ စီစဉ်ထားပြီး သူကိုယ်တိုင် ကတိပေးပြီးတော့မှ ရောက်လာတဲ့အချိန်ကျမှ မအားဘူးဆိုတဲ့ ပုံစံပြောတယ်။ ပြီးတော့ ဥပဒေကြမ်း ကော်မတီနဲ့ပဲ တွေ့ပါဆိုပြီးတော့ ပြောတယ်။ ဒါ အစိုးရအဖွဲ့ရဲ့ အကြီးပိုင်း လွှတ်တော်ရဲ့နာယကကြီး တယောက် ကနေပြီးတော့ ပေးထားတဲ့ ကတိကို လွယ်လွယ်ကူကူဖျက်သွားတာတော့ စိတ်မကောင်းဘူး။ ရှက်စရာတော်တော်ကောင်းတယ်ပေါ့။"

ပြီးခဲ့တဲ့ရက်က တော့ ကျောင်းသားတွေပါဝင်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးရေးကနေ တင်ပြထားတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက်မူကြမ်းကို လွတ်တော်မှာ ကြားနာဖို့အတွက် မတ်လ ၅ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ကျောင်းသားတွေ ကတော့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ နောက်ဆုံးထားပြီး အမျိုသားပညာရေး ဥပဒေပြင်ဆင်ချက် မူကြမ်းကို လွှတ်တော်မှာ အတည်ပြုပေးဖို့ တောင်းဆို ထားတာပါ။

ဒီအခြေအနေအတွင်း ကြန့်ကြာမူတွေ ရှိနေတာကြောင့်ဆိုပြီး ကျောင်းသားတွေက လွှတ်တော်တွင်းက လုပ်ထုံးလုပ်နည်း အဆင့်ဆင့် အခြေအနေတွေကို လေ့လာဖို့ အတွက် စတင်ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ကိုသီဟ၀င်းတင်က ဆိုပါတယ်။

" အဓိက က ကျနော်တို့က အဲ့တာကို ဘာကိုတောင်းတာလဲဆိုတော့ ဒီဥပဒေမူကြမ်းကို ဒီလောက်ကြာနေရအောင် ဘာဖြစ်တာတုန်း။ ဒီဥပဒေမူကြမ်းရဲ့ Process က ဘယ်လိုရှိလဲဆိုတာ ကျနော်တို့က ဒီလွှတ်တော်ကို ကျနော်တို့ ကြည့်မှ ကျနော်တို့ သိနိုင်မယ်ပေါ့နော်။ အိုကေ ဟုတ်ပြီ။ ခင်ဗျားတို့အနေနဲ့ ဘာကြောင့် ဒီလောက်ကြာသလဲဆိုတာ သိဖို့အတွက် ကျနော်တို့ဘက်က စပြီး ကမ်းလှမ်းတာ။"

ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်ချက်ထဲမှာတော့ သပိတ်စစ်ကြောင်း က ကျောင်းသားတွေကို ပြည်သူလွှတ်တော်မူကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးဆောင်ပြိး လက်ခံတွေ့ ဆုံခဲ့ကြောင်း ဥပဒေပြုရေးနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြပေးခဲ့ကြောင်း ရေးသားထားပါတယ် ။

ကျောင်းသားတွေဘက်ကတော့ သူတိုလေ့လာတွေ့ရှိချက် ရရှိချက်တွေကို မကြာခင်မှာ သတင်း ထုတ်ပြန်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို နိုဝင်ဘာလမှာ လုပ်ခဲ့တဲ့နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကနေ သပိတ်မှောက်ခဲ့ပြီး နောက် ရက်ပေါင်း၆၀ အတွင်း အစိုးရ ကဖြေရှင်းပေးဖို့တောင်းဆိုခဲံပါတယ်။ ရက်၆၀အလွန်မှာ ခရီးရှည်ချီတက်မူကို စတင်တော့မှာ ဖြစ်ကြောင်းကျောင်းသားတွေက ပြောဆိုခဲ့ချိန် မှာတော့ နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်အနေနဲ့ အမျိုသားပညာရေး ဥပဒေကို ပြန်လည် သုံးသပ်ဖို့အတွက် အပြန်အလှန်သ၀ဏ်လွှာတွေ ပေးခဲ့ပါတယ်။

ဒီနောက်မှာတော့ ကျောင်းသားလှုပ်ရှားမူတွေက အရှိန်ရလာပြီး ခရီးရှည် ချီတက်မူတွေ တက္ကသိုလ် တချို့က ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်မူတွေ နိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်လာခဲ့ပြီး နောက် အစိုးရလွှတ်တော် နဲ့ ကျောင်းသားကော်မတီ၊ NNER လို့ခေါ်တဲ့ ပညာရေး ကွန်ယက်တို့ စုပေါင်းပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ပြင်ဆင်ချက် မူကြမ်းကို ရေးဆွဲခဲ့ တာဖြစ်ပါတယ်။

ဒီနေ့မှာပဲ ကျောက်ဆည်၊ တောင်သာ အပါအ၀င် မြို့နယ်တချို့က လမ်းမပေါ် နဲ့ကျောင်းတွေ မှာတော့ ကျောင်းသားသပိတ်တွေကို တန်ပြန် သပိတ်ပုံစံမျိုးနဲ့ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ဆိုကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ကို လိုလားကြောင်း ဆန္ဒထုတ်ဖော်ပွဲများ ကို ပြည်ခိုင်ဖြိုး ပါတီဝင်များ က ပြုလုပ်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/parliament-commitee-meeting-student-leaders-at-parliament/2661648.html


ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ နှင့် NNER အဖွဲ့၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ဆွေးနွေးပွဲမှာ စာရေးဆရာ ချစ်ဦးညိုမှ ကျောင်းသားသပိတ်နှင့် ပညာရေး ဥပဒေပြင်ဆင်မှု အပေါ် ထောက်ခံကြောင်း ပြောကြား။ သတင်းဓာတ်ပုံ- NNER

ဖေဖေါ်ဝါရီ(၁၁)ရက်နေ့က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူခဲ့တဲ့ အတိုင်း အမျိုးသားပညာရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေ မူကြမ်းကိစ္စကို လွှတ်တော်မှာ ဆွေးနွေးဖို့ ဆက်ပြီးကြန့်ကြာနေမယ်ဆိုရင် သပိတ် စစ်ကြောင်းတွေကို နဂို သတ်မှတ်ထားတဲ့အတိုင်း ရန်ကုန်ကို ပြန်ချီတက် သွားမယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ကပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ (ဖေဖေါ်ဝါရီ ၂၆ရက်) မနေ့က ကျင်းပတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီ ပညာရေးဦးဆောင်ကော်မတီ / NNER တို့ တွေ့ဆုံပွဲအပြီး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ကိုညဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဒီမိုကရေစီပညာရေးဦးဆောင်ကော်မတီနဲ့ NNER ကွန်ယက်တို့ပေါင်းပြီး အရပ်ဖွဲ့လူ့အဖွဲ့အစည်းတွေနဲ့ ရန်ကုန် ဗိုလ်အောင်ကျော်လမ်း HOME ခန်းမမှာ ပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု နောက်ဆုံးအခြေအနေတွေကို မနေ့နေ့လည်ပိုင်းက ဆွေးနွေးခဲ့ကြတာပါ။

အစိုးရနဲ့ လွှတ်တော်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး မူကြမ်းကိစ္စကို လွှတ်တော်မှာ ဆွေးနွေး အကောင်ထည်ဖေါ်သွားမယ် လို့ နောက်ဆုံး-လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကတိပေးခဲ့ပေမယ့် သတ်မှတ်ကာလ ထက် ပိုပြီးကြန့်ကြာလာတာကြောင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကော်မတီက နဂိုထုတ်ပြန် ထားတဲ့အတိုင်း ရပ်နား ထားတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းတွေကို မတ်လ(၁)ရက်နေ့မှာ ပြန်လည် စတင်မယ်လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါတယ်။


"ဒီလေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူညီချက်ထဲမှာ မြန်မြန်ဆန်ဆန် လုပ်ပေးမယ်ဆိုပြီး အကုန်လုံးက သဘောတူဆွေးနွေးထားသော်လည်း တကယ်တမ်း လက်တွေ့မှာ အဲ့သလို မဖြစ်လာခဲ့ပဲနဲ့ ကျမတို့ တင်ထားတဲ့ ၁၆ရက်ထက် အင်မတန်မှာ ရက်တွေပေါင်းမြောက်များစွာ နောက်ကျပြီးတော့ ၅ရက်နေ့မှ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှာ ကြားနာမယ်။ ကြားနာတဲ့နေရာမှာလည်း ပထမအဆင့်ကြားနာမှုကိုတောင်မှ ဒီလောက်အထိ အခြေအနေက ရှည်လျားမယ်ဆိုရင် ကျမတို့ ဥပဒေ အတည်ပြုရေးအတွက် တကယ်တမ်း လက်ရှိလွှတ်တော် သက်တမ်းမှာတောင် ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်လာတယ်။ သံသယတွေ ဝင်လာတာမျိုးတွေလည်း ရှိတယ်။ ဆိုတော့ ဒါဟာ သိပ်ပြီးတော့ ကျေနပ်စရာ မကောင်းလှတဲ့ အနေအထားဖြစ်ပါတယ်။ ကျမတို့ သပိတ်တွေအနေနဲ့ကတော့ ကျမတို့က ၂၈ရက်နေ့မှာတော့ ဖြစ်နိုင်လို့ရှိရင် လွှတ်တော်မှာ မြန်မြန်အတည်ပြုပေးဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ မဖြစ်လာခဲ့ဘူး ဆိုတဲ့အခါကျတော့ ကျမတို့ကတော့ ကြိုတင်ပြီးတော့ ကျမတို့ ကျောင်းသားတွေ ထုတ်ပြန်တဲ့အတိုင်းပဲ မတ်လ ၁ရက်နေ့မှာ လက်ပံတန်းကနေ ပြန်လည်ထွက်ခွာဖို့ ဆုံးဖြတ်ထားပါသေးတယ်ရှင့်။ "

HOME ခန်းမမှာဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးလည်း မဖြိုးဖြိုးအောင်က ရှင်းပြပါတယ်။

"အဓိကဆွေးနွေးဖြစ်တာက ကျောင်းသားထုတောင်းဆိုထားတဲ့ အချက်(၁၁)ချက်ကို အခြေခံပြီးတော့ ဆွေးနွေးတာမျိုးတွေ၊ နောက်ပြီးတော့ ဥပဒေကြမ်းထဲမှာ လတ်တလော သတင်းအမှားတွေ အထင်မှား အမြင်မှားမှုတွေရှိနေပါတယ်။ အဲ့တာတွေလည်း တခါတည်း ရှင်းပြပြီးတော့ပေါ့နော် ဘာကြောင့် ဒီဟာတွေ ထည့်သွင်းရတာပါလဲ။ ကျမတို့ရည်ရွယ်တာက ဘာလဲ။ ဒီဥပဒေက ဘယ်လို သက်ရောက်နိုင်သလဲ ဆိုတာမျိုးတွေကို ဆွေးနွေးဖြစ်ပါတယ်။ ကျောင်းသား တွေ ဖမ်းဆီး ထိန်းသိမ်းခံရတာမျိုး ချမှတ်ခံရတာမျိုး ဖြစ်လာမှာကို စိုးရိမ်မိတဲ့ အကြောင်းတွေ ပြောပါတယ်။ နောက် အခြားသော မိခင်ဘာသာစကား အခြေပြု ဘာသာစကား(၃)မျိုးစနစ်ကို ကျမတို့ သေသေချာချာရှင်းပြခဲ့ပါတယ်။"

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေထဲမှာ Triangle အမျိုးသမီးအဖွဲ့လဲ ပါဝင်ပါတယ်။ အဖွဲ့ရဲ့တာဝန်ခံ မခင်လေးက သူတို့သဘောထား ကို ပြောလာပါတယ်။

"အရပ်ဖက်အဖွဲ့အစည်းက လူတွေ ပြောတဲ့ဟာကတော့ ကျောင်းသားတွေ ကလည်း ကျောင်းသား အလုပ် ကျောင်းသား လုပ်နေတယ်။ ပြည်သူတွေ ကလည်း ပြည်သူအလုပ် လုပ်ပါမယ်ပေါ့။ ခေတ်အဆက်ဆက် လည်း ကျောင်းသားနဲ့ပြည်သူက ဒီလိုပဲ။ လက်တွဲညီညီနဲ့ လုပ်ခဲ့တယ်။ ဒီတော့ ကျောင်းသားတွေလည်း လုပ်သင့်တာကို ဆက်လုပ်ပါ။ ပြည်သူတွေကလည်း ပြည်သူတွေ လုပ်သင့်တဲ့အလုပ်ကို ဆက်လုပ်ပါမယ်။ တကယ့်ကို အားလုံးက စိတ်ပူပင်တဲ့အလုပ်တွေကို ထည့်သွင်းစဉ်းစားပြီး လုပ်သွားတဲ့အတွက်လည်း အားလုံးက ဂုဏ်ယူတယ်။ ကျေးဇူးတင်တယ်ပေါ့နော်။ ဆက်ပြီးတော့လည်း လုပ်စရာရှိတာကို လုပ်ပါ။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့တော့ အမြဲတမ်း ဝန်းရံဖို့အဆင်သင့်ပါပဲ ဆိုတဲ့ဟာလေးကတော့ အားလုံးစိတ်ထဲမှာ ရှိနေတဲ့ဟာ အဲ့တာကိုပဲ အဓိက ပြောဖြစ်ကြပါတယ်။"

ဖေဖေါ်ဝါရီ(၁၁)ရက်နေ့က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက် တချို့ ရခဲ့တာကြောင့်ကျောင်းသားတွေရဲ့ ပင်မသပိတ် စစ်ကြောင်းနဲ့ တိုင်းနဲ့ပြည်နယ်တွေက အခြားစစ်ကြောင်းတွေဟာ သူတို့ရဲ့ သပိတ်ကို ခေတ္တရပ်နားထားတာလည်းဖြစ်ပါတယ်။

VOA

နေပြည်တော်ကောင်စီနယ်မြေ သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေတွင် အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား စည်ပင်ပုဒ် မ ၂၆ ဖြင့် နေပြည်တော်စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ နယ်မြေ ၁၆၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်အား နေပြည်တော်စည်ပင်မှ ကျူးကျော်အဖြစ်သတ်မှတ်ကာ ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ရှမ်းစုကျေးရွာအုပ်စု၊ ဆင်အုံကြို့ပင်ရွာ ကွင်းအမှတ် ၁၈၄၄ တွင်နေထိုင်သည့် အသက် ၈၂ အရွယ်ရှိ ဒေါ်ညိုအား ၂ဝ၁၄ ခုနှစ်တွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ကျခံခဲ့ရပြီး နေထိုင်သည့် နေအိမ်အား ယခုအချိန်အထိ ဖယ်ရှားပေးခြင်းမရှိသဖြင့် ပုဒ်မ ၂၇ ဖြင့် ဆက်လက်တရားရင်ဆိုင်လျက် ရှိကြောင်းသိရ သည်။

“ကျူးကျော်ဆိုပြီး စည်ပင်ပုဒ်မ ၂၆ နဲ့ စွဲတယ်။ဒီနေ့ အမိန့်ချမယ်တဲ့။ ဒီနေ့အမိန့်ချတာကို မခံနိုင်သေးတဲ့အတွက် တရားသူကြီးကို ပြောပြမယ်။အဘွားက ကျန်းမာရေးမကောင်းဘူး။ ယားနာတွေပေါက်နေလို့ ဆေးထိုးနေတာ တစ်လလောက်ရှိပြီး။ အခုတရားရုံးလာတာကလည်း ဘာမှမပါပဲနဲ့ လာတာ။ ရုံးချိန်းက တစ်နှစ်လောက်တော့ရှိပြီ။ ဖရဲသီး၊ ဆီးသီးရောင်းပြီး မရှိမဲ့၊ရှိမဲ့နဲ့ တရားရုံးလာရတာ။အဘွားနေတာ ၂ဝဝ၉ ခုနှစ်ကတည်းက နေတာ။စည်ပင်ကလည်း ကျူးကျော်ဆိုပြီး ဖျက်ခိုင်းတယ်။ နေစရာမရှိလို့ မဖျက်ပေးနိုင်ဘူး။ ဝိုင်းကွက်ကလေး ပေးမယ်၊ လျော်ကြေးလေးပေးမယ်၊ ရွှေ့ပြောင်းစရိတ်ပေးမယ်ဆိုရင် ရွှေ့ပေးမယ်လို့ အဘွားပြောထားပါတယ်။ ထောင်ထဲရောက်လို့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်ရမလဲ။ အားကိုးစရာလည်း မရှိဘူး။ အဘွားနေရာမှာပဲ နေချင်တယ်။သေချင်တယ်”ဟု အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်က အမိန့်မချမီ ပြောကြားခဲသည်။

ဆက်လက်၍ “အဘွားက သမ္မတနဲ့တွေ့မယ်ဆိုရင် ပြောချင်တယ်။ ပုဒ်မ ၂၆ ဘယ်လိုကြောင့် တရားစွဲတာလဲ။ အဘွားတို့ မြန်မာပြည်သားအစစ်ပဲ။ သမ္မတကြီးပြောပြောနေတဲ့ ဆင်းရဲသားပပျောက်ရေးဆိုတာ ဘယ်မှာ ဆင်းရဲသားပပျောက်လို့လဲ။ သမ္မတကြီးကမှ နေစရာလေး ချမပေးရင် အဘွားတို့ဘယ်နားနေရမှာတုန်း။ သမ္မတကြီးပြောတာကို တီဗွီမှာလည်း ကြားဖူးတယ်။ ရေဒီယိုထဲမှာလည်း ကြားဖူးတယ်။ပြောတာနဲ့က တခြားစီ ဖြစ်မနေဘူးလား။သူတို့ကျတော့ တိုက်နဲ့ကားနဲ့နေလို့။အဘွားတို့ကျတော့ ထောင်ချနေတာ။ စဉ်းစားပေးကြည့်ပါဦး။ ကိုယ့်ဟာနဲ့ကိုယ် အဖြစ်ခံနေရတာ ဝမ်းလည်းနည်းတယ်။ ရှက်လည်းရှက်တယ်။သမ္မတကြီးနဲ့တွေ့ရင် ဒူးထောက်ပြီး တောင်းပန်မယ်။အဘွားတို့နေတဲ့နေရာ မှန်တဲ့အကြောင်းကို ပြောပြချင်တယ်”ဟု အဘွားအို ဒေါ်တင်လှိုင်က ပြောကြားသည်။

နေပြည်တော်စည်ပင်သာယာရေးတရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက အဘွားအို ဒေါ်တင်လှိုင်အား စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ရာ၌ ဒေါ်တင်လှိုင်မှာ တရားရုံးထဲတွင် သတိလစ်သွားသည့်အထိ ဖြစ်ခဲ့ပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အသက် ၈၂ နှစ်အရွယ်ရှိ ဒေါ်ညိုက“အမေ့လယ်ထဲ အမေနေတာကို ကျူးကျော်ဆိုပြီး ပုဒ်မ ၂၆ နဲ့ တရားစွဲ ထောင်ချတယ်။ ဖယ်ပေးရင် ဘယ်သွားနေရမလဲ။ အမေ့ကို ထောင်တစ်လချပြီး ပြန်လွတ်လာတော့ ရက် ၂ဝ ကြာမှာ ပုဒ်မ ၂၇ နဲ့ပြန်တရားစွဲတယ်။ ဒီနေမှာ နှစ်ပေါင်းလေးဆယ်လောက် နေလာတာပါ”ဟု ပြောကြားသည်။

“တရားသူကြီးကလည်း ညှာတာထာက်ထားတာ မရှိဘူး။အမေ့ကို သူတို့ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်သွားတာ။ ကျွန်မကို အထဲဝင်မခံဘူး။ အမေ့မှာ ရောဂါရှိတယ်။ဒီနေ့တော့ ချက်ချင်လိုက်မသွားနိုင်ဘူး။ နောက်နေ့မှပဲ ရမည်းသင်းထောင် လိုက်သွားရမှာ”ဟု ဒေါ်တင်လှိုင်၏ သမီးဖြစ်သူက ပြောသည်။

စည်ပင်တရားသူကြီး ဒေါ်မိမိသန်းမှ ပုဒ်မ ၂၆ ဖြင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၇၄ နှစ်ရှိ ဦးအောင်ဝင်း နှင့် ဇန်နဝါရီလ ၉ ရက်နေ့တွင် အသက် ၆၇ နှစ်ရှိ ဦးငချွန်အား ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။

Credit: Eleven media Group

မုံရွာမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ် အစိုးရမေတ္တာ ပျက်အောင် ရေးတင်တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးအမှု ဖွင့်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ သတင်းရဲတပ်ဖွဲ့က ရဲမှူးမြင့်လွင်က တရားလိုလုပ်ပြီး မုံရွာရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ကိုအောင်နေမျိုးကို ဖေဖော်ဝါရီ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ မုံရွာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးနေမျိုးက ပြောပါတယ်။

“လာဆွဲတုန်းကတော့ မူးယစ်မှုလို့ ပြောတယ်ဗျ။ တကယ်တမ်း အခု ကျနော်တို့ မိသားစုနဲ့ လိုက်တဲ့အခါကျတော့ မူးယစ်မှု မဟုတ်တော့ဘူး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မ တပ်ထားတယ်ပြောတယ်ဗျ။”

ဖေဖော်ဝါရီ ၂၇ ရက်ရက်စွဲနဲ့ အွန်လိုင်းပေါ်တက်လာတဲ့ အမှုဖွင့်တိုင်ကြားစာမှာတော့ ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေဟာ ဖေဖော်ဝါရီ ၀၁း၀၀ ချိန်ကနေ ၀၂း၄၅ ချိန်ထိ Aung Nay Myo facebook စာမျက်နှာမှာ စီစဉ်သူ ဦးသိန်းစိန်၊ ၀တ္ထုသန်းရွှေ၊ ဇာတ်ညွှန်းကြိုင်ကြိုင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စီစဉ်သည့် မိုးလုံးပြည့်ဝါဒမှိုင်းတိုက်သော ဇာတ်ကြမ်း ‘ကွန်ဒုံ ရက် ၄၀’ လို့ ဖော်ပြထားပါတယ်။

ဒီလို ရေးသားဖော်ပြထားတာဟာ အစိုးရကို မေတ္တာပျက်အောင်၊ အစိုးရရဲ့ ၀တ္တရားဆောင်ရွက်ချက်ကို ယုတ်လျော့အောင်၊ ပျက်စီးအောင် မဟုတ်မှန်းသိလျက်နဲ့ မမှန်သတင်းလွှင့်ရန်ကြံစည်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေကို ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က) (င) တို့အရ အမှုဖွင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်နေမျိုးဟာ အလွတ်တန်းသတင်းထောက်တယောက်ဖြစ်သလို နိုင်ငံရေးပါတီနဲ့ ၈၈ ငြိမ်းချမ်းပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုတွေမှာ အားတက်သရော ပူးပေါင်းကူညီလုပ်ဆောင်ပေးနေသူတယောက်လည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့က လူ့အခွင့်အရေးရှေနေ့ ဦးရောဘတ်စန်းအောင်ကတော့ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က)(င) တို့နဲ့ အမှုဖွင့်တာ ပြင်းထန်လွန်းတယ်၊ စွပ်စွဲခံရသူ လွတ်လမ်း မရှိဘူးလို့ သုံးသပ်ပြောကြားပါတယ်။

“ဖြေရှင်းရတဲ့လူအတွက် မသက်သာဘူး၊ ဒီဥစ္စာက နိုင်ငံရေးပုဒ်မ၊ အီလက်ထရောနစ်ဥပဒေနဲ့ဆိုရင်တော့ ဖြေရှင်းရတဲ့နေရာမှာ အခက်အခဲ မရှိနိုင်ဘူး။ နောက်ပြီး ၅ လောကမှာတော့ ဒါကို ဒိုင်စားပုဒ်မလို့ခေါ်တယ်။ ဒိုင်စားပုဒ်မဆိုတာ တရာစွဲတဲ့သူဘက်ကပဲ အမြဲ အသားစီးရပြီး အနိုင်ရတယ်။ ကျပြီဆိုရင်တော့ အနည်းဆုံး ၇ နှစ်ပဲ။”

ဖေဖော်ဝါရီ ၉ ရက်ကစလို့ ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မှာ တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်ကစပြီး ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာပေါ်မှာ တပ်မတော်ဘက်က ထောက်ခံသူတွေနဲ့ ကန့်ကွက်ရေးသားနေသူတွေ အပြန်အလှန် တင်ဆက်နေကြတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်ရေးတင်သူတယောက်ကို အစိုးရက အခုလို ဖမ်းဆီး အမှုဖွင့်လိုက်တာဟာ ပထမဆုံးဖြစ်ပြီး လွှတ်တော်ကို စော်ကားရေးသားတယ်ဆိုတဲ့ ဒေါက်တာဆိတ်ဖွား ရှာပုံတော်ဖွင့်ခဲ့တာတော့ ဖြစ်ပွားခဲ့ဖူးပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no/archives/83511


ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ အဇင်းကျေးရွာအနီးတွင် ယခင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မ တော် (DKBA)မှ တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင်အဖွဲ့နှင့် ကျိုက်ဒုံမြို့နယ် အခြေစိုက် မြန်မာအစိုးရ တပ် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံတပ်တို့ ယနေ့နံနက်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ DKBA စစ်ဦးစီး( ဒုတိယတန်း)ဖြစ်သူ ဗိုလ်မှူးထွန်းထွန်းက အတည်ပြု ပြောဆိုသော်လည်း စတင်ဖြစ်ပွားသည့် အကြောင်းရင်းကို အသေးစိတ် မသိရှိရသေးကြောင်း ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်အရ ယနေ့နံနက် ၆နာရီခန့်တွင် (၁၅) မိနစ်ခန့် တစ်ကြိမ်၊ ၉ နာရီခွဲတွင် (၂၀) မိနစ်ခန့် တစ်ကြိမ် တိုက်ပွဲ ငယ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် အစိုးရတပ်ဘက်မှ မည်သည့်တပ်ရင်းနှင့် ဖြစ်ပွားသည်ကို မသိရှိရသေးသော်လည်း အစိုးရ တပ်ဖက်က ဗိုလ်မှူးကြီးစောဆန်းအောင်၏ တပ်သားတစ်ဦးကို ဖမ်းဆီးကာ လက်နက်ငယ်တစ်လက်ကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု DKBA ကလိုထူးဝါးတပ်မဟာမှ ဗိုလ်ကြီးစောသရီးတူးက ပြောဆိုသည်။

ကေအိုင်စီ - KIC News
http://kicnews.org


ဓာတ်ပုံ – dailynews.co.th
မကြာခင်ရက်ပိုင်းက မွန်အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရတဲ့ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်အစောပိုင်းက အသက် ၂၀ ကျော်အရွယ်  မြန်မာအလုပ်သမား ၁ ဦး ထပ်မံ အသတ်ခံရတယ်လို့  ထိုင်းဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက် နယ်မြေ ၆ ထဲမှာ လူ ၁ ဦးရဲ့အလောင်း တွေ့ရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက် မနက်မှာ သတင်းရရှိချက်အရ ကယ်ဆယ်ရေးဝန်ထမ်း၊ မှုခင်းဆရာဝန်တွေ နဲ့အတူ သွားရောက်စစ်ဆေးရာမှာ ဖူးချဝိုင်စားသောက်ဆိုင် လမ်းဘေးမှာ အသက် ၂၀ ရွယ် လူရွယ်တဦး သေဆုံးနေတာ တွေ့ရတယ်လို့ ကော့စမွီအထူး စုံစမ်းစစ်ဆေးရေးအရာရှိက  သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူဟာ ဘန်ဒိုင်းစားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုသက်စိုး (အသက် ၂၂ နှစ်) ဖြစ်ပြီး ရင်ဘတ်မှာ ဓားဒဏ်ရာနှစ်ချက်၊ လည်ပင်းပြတ်လုနီးပါး ဓားဒဏ်ရာ၊ မျက်နှာမှာ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိတယ်လို့ စုံစမ်းရေးရဲအရာရှိက ပြောပါတယ်။

သေဆုံးသူနဲ့နီးစပ်တဲ့ အပေါင်းအသင်းတွေ မေးမြန်းရာမှာတော့ တဆိုင်တည်းမှာ အလုပ်လုပ်သူ ထိုင်းလူမျိုး နိုင်းနတ်တ၀တ်ကျန်ကြိုင်က သေဆုံးသူဟာ အရက်မသောက်၊ ဆေးလိပ်မသောက်ဘဲ ရိုးသားကြိုးစားသူတဦးဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ညက မနက် ၂ နာရီ (ဖေဖော်ဝါရီ ၂၇) ထိ အလုပ်ဆင်းပြီး ဆိုင်ကယ်နဲ့ ပြန်သွားတယ်လို့ ပြောပါတယ်။

အခြားမိန်းကလေးသူငယ်ချင်းဖြစ်သူ မယုဝေေ၀ရဲ့ ပြောပြချက်အရတော့ သေဆုံးသူဟာ မနက် ၂ နာရီ မိနစ် ၂၀ မှာ သူ့ကို ဖုန်းခေါ်ပြီး အဖမ်းခံရတဲ့အကြောင်း အကူအညီတောင်းနေစဉ်မှာ ဖုန်းချသွားတယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ အလောင်းဘေးမှာ တွေ့ရတဲ့ ဖိနပ်ရာတွေ၊ ဆိုင်ကယ်ဘီးရာတွေကို ကြည့်ခြင်းအားဖြင့် လူသတ်သမားဟာ၂ ယောက်ထက် ပိုနိုင်ကြောင်း၊ သူ့ရဲ့ အသိမိတ်ဆွေထဲက ဖြစ်နိုင်ပြီး ကြိုတင်ချိန်းချက်ထားဟန်လည်းရှိကြောင်း၊ ပြဿ နာတခုခုကို ညှိနှိုင်းမရတာနဲ့ လက်စဖျောက်လိုက်ဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းပြောဆိုပြီး တရားခံကို ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းရှာဖွေနေတယ်လို့ ရဲအရာရှိကို ကိုးကားပြီး ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော့စမွီမြို့ ရခိုင်လူမှုကူညီရေးအဖွဲ့က ကိုသန်းရွှေကလည်း အသတ်ခံရ သူဟာ မွန်ပြည်နယ်ကလို့ပဲ သိထားပြီး နောက်ထပ်အသေးစိတ်သိရဖို့  မေးမြန်းနေဆဲပဲလို့ ဆိုပါ တယ်။

ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက်ထဲမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း  အသက် ၂၂ နှစ်ရွယ် မချောငယ်ငယ်ဆိုတဲ့ မွန်အမျိုးသမီးတဦး အသတ်ခံခဲ့ရပြီး သူ့အလောင်းကို ဒီကနေ့ မွန်းလွဲပိုင်းက ကော့စမွီမြို့ ဘန်ရတ်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဒီလူသတ်မှု နှစ်ခုဟာ ဆက်နွှယ်မှုရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/83520

ကျမတိုဘ၀များ-ရောင်းရန်မဟုတ် အစီရင်ခံစာ
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်ရာမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်နေတဲ့ ထားဝယ်အမျိုးသမီး တက်ကြွ လှုပ်ရှားသူတွေကို ထားဝယ်အထူးစီးပွားရေးဇုန် ဘက်တော်သားတွေက နှောင့်ယှက်ရန်ပြုနေတယ်လို့ ထားဝယ်အမျိုးသမီး သမဂ္ဂက ပြောပါတယ်။

ထားဝယ်အမျိုး သမီးသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့လက ‘ကျမတိုဘ၀ များ-ရောင်းရန်မဟုတ်’ ဆိုတဲ့ အစီရင်ခံစာ တစောင်ထုတ်ပြန် ခဲ့ပြီးနောက်ပိုင်း တနင်္သာရီတိုင်းအစိုးရ အဖွဲ့ဝင် ဒုဝန်ကြီး ဦးဘုန်းဆွေက ထားဝယ် အထူးစီးပွားရေး ဇုန် ထောက်ခံတဲ့ လူထုဆန္ဒပြပွဲတခု လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး တက်ကြွလှုပ်ရှား သူတွေကို ဆန့်ကျင် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာလို့ ထားဝယ်အမျိုးသမီးသမဂ္ဂ (တီဒဗလျူယူ) ရဲ့ ပြောခွင့် မယ်စုစုဆွေက ပြောပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်ဖော်ထုတ်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း ဆန့်ကျန်သူတွေအား ဒို့ရန်သူ၊ နောက်တခုက တီဒဗလျူယူက အဖျက် သမားဆိုပြီးတော့ အဲလို ပြောတာတွေ ရှိတယ်။ အဲဒီအပြင် ကျမတို့ရဲ့ အဖွဲ့ဝင်တဦးကို  ဒီကျောက်မီးသွေးစက်ရုံ ဆိုးကျိုးနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်တဲ့အတွက် နောက်ကွယ်မှာ မုဒိမ်းကျင့်ပစ်လိုက်မယ်ဆိုတဲ့ ပြောဆိုတာတွေ ရှိတယ်။ ဒါပေမယ့် ဒါက နောက်ကွယ်မှာ ပြောတယ်။ သူရဲ့တပည့်တယောက်က လာပြီး သတိပေးသွားတယ်။ အစ်မ သတိထားပြီးနေ၊ ညည အပြင်မထွက်နဲ့ တယောက်တည်းလည်း ဘယ်မှမသွားနဲ့၊ အစ်မကို မုဒိမ်းကျင့်ဖို့ ပြောတယ်။”

ဒါ့အပြင် ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ သကျက်တောရွာခံ အထက်တန်းကျောင်း ဆရာမကို မြို့နယ်နဲ့ တိုင်းပညာရေးမှူးတွေက ပြီးခဲ့တဲ့လအတွင်း ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ကျောက်မီးသွေးစီမံကိန်းကို မဆန့်ကျင်ဖို့၊ နိုင်ငံရေးနဲ့ မပတ်သက်ဖို့ သတိပေးခဲ့တယ်လို့လည်း တီဒဗလျူယူရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို ဦးတည်ပြီး နှောင့်ယှက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တဲ့အပေါ်   ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

By နော်နိုရင်း(ဒီဗွီဘီ)
http://burmese.dvb.no/archives/83487


ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ တရုတ်နိုင်ငံ သို့ တင် ပို့မည့် သတ္တုကျောက် အပြည့်တင် ကုမ္မဏီ၏ကားတန်း ကို ဒေသခံပြည်သူ များစုပေါင်းပြီး ဝိုင်းဝန်းတားဆီးသည့်ဖြစ်ရပ်တစ်ခု ယမန် နေ့ က ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ သတ္တုကျောက်တင်ကားများသည် ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္မဏီမှ ကားအချို့ နှင့် ကုမ္မဏီမှ ဌားရမ်းထားသော နမ့်ခမ်းမြို့ ဒေ သခံ တစ်ချို့၏ ကားများဖြစ်ကြပြီး မြို့အနောက် တောင်ဘက်ရှိ ဟွေ့အို့ကျေးရွာ သတ္တုတူး ဖော်ရေးစခန်းမှ တူးဖော်နေသည့် သတ္တုကျောက်များ ဖြစ် ကြကြောင်း နမ့်ခမ်းမြို့ SNLD ကျားခေါင်းပါတီ ဥက္ကဌ စိုင်းလိန်မြတ် ကဆိုသည်။

သတ္တုကျောက်တင်ကားတွေကို ဒေသခံ အယောက် ၃၀၀ ခန့် ကဝါးလုံးတွေ နဲ့တား လမ်းပိတ် ကြရာ ညနေ ၃: ၃၀နာရီမှ ညနေ ၅:ဝဝ နာရီ ဝန်းကျင် ခန့်အထိ ဖြစ်ကြောင်း နမ့်ခမ်းမြို့ SNDP ကျားဖြူ ပါတီ အတွင်းရေးမှူး စိုင်းထွန်းလှ ကဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာတယ်။ မြို့နယ်အုပ်ချုပ် ရေးမှူးရုံး မှာ ဒေ သခံတွေနဲ့ သတ္တုတူးဖော်ရေးတာဝန်ရှိသူတွေ နဲ့ ပြေပြေလည် လည်ဖြစ်ေ အာင် တွေ့ဆုံ ဖြေရှင်းပေးခဲ့ တယ်။ ငွေကမ္ဘာကျော် ကုမ္မဏီတာဝန်ခံ (ဗိုလ်ကြီးဟောင်း) ဦးအောင်ဝင်းကို ဒေသခံ ပြည် သူလူထုနဲ့ မညှိနှိုင်း မတိုင်ပင်ပဲနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း မလုပ်ပါနဲ့လို့လည်း ပြော လိုက် တယ်။ နောက်ပြီး ကျနော်တို့ ဒီ မြို့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ ငွေကမ္ဘာေ ကျာ် ကုမ္မဏီ ရဲ့ သတ္တုတူးဖော်မှုကြောင့် လယ်သမားတွေ အားထားရတဲ့ နမ့်ဆီးရီးချောင်း ပျက်စီးသွား တဲ့အပေါ် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးဖို့ လည်း ပြောသွားတယ်။” ဟု ၄င်းက သျှမ်းသံ တော်ဆင့်အားပြောသည်။

အဆိုပါ သတ္တုတင်ဖို့ကားများ ဟွေ့အို့ဘက်သို့တက်သွားကြောင်း ၂၅ ရက်နေ့ကတည်းက သျှမ်းနိုင်ငံရေးပါတီ ၂ ခုမှ တာဝန်ရှိသူများနှင့် လယ် သမားခေါင်းဆောင်များစုပေါင်းပြီး အုပ်ချုပ်ရေးရုံးသို့ သွားရောက် ပြောဆို သတင်းပေးပို့ခဲ့သည်။ မြို့ခံချင်း ထိပ်တိုက်တွေ့စရာမလိုအောင်၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာအောင်သတ္တုတင်ပို့မှုအား တားမြစ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

၎င်းနှင့်ပတ်သက်၍ အဆိုပါ သတ္တုတင်ယာဉ်တန်းအား တားဆီး၍ မရခဲ့ကြောင်း မြို့နယ်ရဲမှူးကြီးကဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုလည်း စိုင်းလိန်မြတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

“ အဲ့ကျောက်တင်ကားကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့ က ကောင်းခါး KDA ပြည်သူ့ စစ်တပ်ဖွဲ့ တွေဖြစ်နေလို့တဲ့ မြို့နယ်ရဲမှူးကြီး က အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့ ကို ဖုန်းဆက်တယ်။ ဟွေ့အို့ ကနေ သတ္တုသယ်ေ ဆာင်ပြီးအပြန် ကောင်းကတ်ကျေးရွာမှာ တား သေးတယ် တားလို့မရဘူးတဲ့။”

လယ်သမားခေါင်းဆောင် စိုင်းဆမ်မွန် က “ အရင်ကတည်းက ပန်ခါးရွာမှာ သတ္တုထုတ်လုပ်မှု ကြောင့် နမ့်ဆီးရီးချောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးနေတာကိုတောင် ပြန်လည်မပြုပြင်ပေးသေးဘဲနဲ့ အခု နေပြည်ေ တာ် အစိုးရဆီက ပါမစ်တောင်းပြီး ဟွေ့အို့ ရွာမှာ ထပ်တူးမယ်ဆိုတော့ ဒါ မဖြစ်သင့်တဲ့ကိစ္စ ပဲ” ဟု ၄င်းက ဆိုသည်။

အဆိုပါ ငွေကမ္ဘာကျော်သတ္တုတူးဖော်ရေးကုမ္ပဏီမှ သတ္တုတူးဖော် သယ်ဆောင်ခွင့်ပါမစ် ရရှိထားသည့်ကိစ္စကိုလည်း သျှမ်းပြည် သတ္တုတွင်းဝန်ကြီး(SNDP ကျားဖြူပါတီ ဥက္ကဌကြီး) ဦးစိုင်းအိုက်ပေါင်းမှ မသိရှိရဟုလည်း ပြောဆိုပါသည်။

နမ့်ခမ်းမြို့နယ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှာ ငွေကမ္ဘာကျော်၊ စိန်ပဒေသာ၊ မြန်မာ့မြှားဦး၊ GSM နှင့် တရုတ်နိုင်ငံသား များက ရှယ်ရာအများစု ထည့်ဝင်ထားသော အခြားသော သတ္တုတူးဖော်ရေးကုမ္ပဏီများရှိပါသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းလုံ
https://www.facebook.com/Panglong.burmese

IS အဖွဲ့ဝင်တွေက ပြတိုက်က ရှေးဟောင်းရုပ်ထုတွေကို ဖျက်ဆီးနေတယ်လို့ဆို (Credit: Reuters) 
IS ​အစ္စလာမ်မစ် ​အဖွဲ့က ​အီရတ်နိုင်ငံက ​ရှေးဟောင်း ​ရုပ်ထုနဲ့ ​အနုပညာလက်ရာတွေ ​ဖျက်ဆီးနေတဲ့ ​ဗီဒီယိုကို ​ထုတ်ဝေလိုက်ပါတယ်။

အဲဒီ ​ဗီဒီယိုမှာ ​ပြသချက်အရ ​Mosul ​မြို့က ​ပြတိုက်လို့ ​ယူဆရတဲ့နေရာက ​ရှေးဟောင်း ​ရုပ်ထုတွေကို ​ထုခွဲနေတဲ့ ​ပုံကို ​ပြသထားပါတယ်။

ပညာရှင်တွေရဲ့ ​အဆိုအရ ​အဲဒီ ​အနုပညာလက်ရာတွေဟာ ​အဖိုးမဖြတ်နိုင်တဲ့ ​လက်ရာတွေဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​အဲဒီ ​တန်ဖိုးမဖြတ်နိုင်တဲ့ ​လက်ရာတွေရဲ့ ​ကော်ပီတွေကိုသာ ​ပြသထားတာတွေရှိပြီး ​အစစ်တွေကိုတော့ ​တခြားနေရာမှာ ​ထိန်းသိမ်းထားတာမျိုး ​ရှိတယ်လို့လည်း ​ဆိုပါတယ်။

ဒီလိုဖျက်ဆီးတာဟာ ​ရိုးရာ ​ယဉ်ကျေးမှုအပေါ် ​အကြမ်းဖက်ရာ ​ရောက်တယ်လို့လည်း ​ပြောဆိုနေကြပါတယ်။

ဗီဒီယိုထဲမှာ ​ပါဝင်တဲ့ ​IS ​အဖွဲ့ဝင်က ​အဲဒီရုပ်ထုတွေဟာ ​ကိုးကွယ်စရာ ​ပုဂ္ဂိုလ်တွေ ​မဟုတ်ဘူးလို့ ​ပြောထားပါတယ်။

ရှေးဟောင်းအနုပညာလက်ရာတွေကို ​IS ​အဖွဲ့က ​ဖျက်ဆီးတာတွေ၊ ​တချို့ကို ​မှောင်ခို ​ဈေးကွက်ထဲ ​ရောင်းချနေတာတွေကြောင့် ​အဲဒီအပေါ်မှာလည်း ​စောင့်ကြည့်မှုတွေ ​လုပ်နေကြပါတယ်။

တချိန်တည်းမှာပဲ ​IS ​အဖွဲ့က ​တနင်္လာနေ့တုန်းကပဲ ​ခရစ်ယာန်အယောက်ပေါင်း ​၂၀၀ ​ကျော် ​ဖမ်းဆီးခဲ့တဲ့ ​ဒေသမှာ ​အမေရိကန် ​ဦးဆောင်တဲ့ ​နိုင်ငံတကာတပ်က ​ဝေဟင်ကနေ ​တိုက်ခိုက်မှု ​လုပ်ခဲ့တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-27/1419603



မုံရွာမြို့က ကြက်မွေးမြူရေးဇုန်မှာ ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) စစ်ဆေးတွေ့ရှိတာကြောင့် စစ်ကိုင်းတိုင်းဒေသတွင်းမှာ ကြက်ငှက်တွေ သယ်ယူဖြတ်သန်းခွင့် ပိတ်ပင်ထားပါတယ်။

မုံရွာမြို့က ကြက်မွေးမြူရေးဇုန်မှာရှိတဲ့ ကြက်ခြံနဲ့ ငုံးခြံတွေမှာ အစုအပြုံလိုက် သေဆုံးမှုတွေ ရှိတဲ့အတွက် မုံရွာမြို့နယ် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက လုံခြုံရေး တိုးမြှင့်ဆောင်ရွက်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသတွင်းမှာ ကြက်ငှက်ဖြတ်သန်းသယ်ယူခွင့်တွေကို ပိတ်ပင်ထားတာလို့ မုံရွာမွေးမြူရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဝင်းသန်းက ပြောပါတယ်။

“ကျနော်တို့ လုံခြုံရေးကို တိုးမြှင့်ပြီးလုပ်ကိုင်တယ်။ မွေးမြူရေးသမားတွေကိုလည်း အသေအပျောက်ရှိရင် ရောင်းမထုတ်ဖို့၊ ချက်ပြုတ်မစားဖို့၊ စနစ်တကျမြှုပ်ဖို့ နှစ်စဉ်နှစ်တိုင်းပဲ၊ ဒီလိုအချိန်ရောက်တိုင်း နှိုးဆော်ပေးတယ်။ ၁၈ ရက်နေ့မှာ ကြက်ခြံတခြံက ကြက်ဆုံးရှုံးမှုတွေ ရှိတဲ့အကြောင်း အကြောင်းကြားလာလို့ မန္တလေး ဓာတ်ခွဲခန်းပို့ပြီး စမ်းသပ်တယ်။”

ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၅ ရက်နေ့ အထိ ၁ ပတ်အတွင်း မုံရွာမွေးမြူရေးဇုန်မှာ မွေးမြူထားတဲ့ ကြက်နဲ့ငုံး ကောင်ရေ ထောင်သောင်းချီ သုတ်သင်ပစ်ခဲ့ရပြီး အခုတော့ ဇုန်အပြင်ဘက်ကို ကြက်ငှက်တုပ်ကွေးရောဂါ မပြန့်ပွားအောင် ကန့်သတ်လုပ်ဆောင်နေပါတယ်။

ကြက်ခြံပိုင်ရှင်တဦးဖြစ်တဲ့ ဦးကောင်းခန့်သော်က “အစာစားလိုက် သေလိုက်၊ ရေသောက်လိုက် သေလိုက်နဲ့ နည်းမျိုးစုံနဲ့ သေနေတာ အခု တခြံလုံးကို သေသွားလို့ ကျနော်က ဥက္ကဋ္ဌကို လာပြောတာပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ထိ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ငုံးအကောင်ရေ ၁၃၆၀၀ နဲ့ ကြက်ကောင်ရေ ၃၂၀၀ ကျော်သေဆုံးခဲ့ပြီလို့လည်း ပြောပါတယ်။

သေဆုံးတဲ့ငုံးနဲ့ကြက်တွေကို အနက် ၁၀ ပေ နဲ့ အကျယ် ၁၀ ပေပတ်လည်လောက်ရှိတဲ့ ကျင်းတွေတူးပြီး မြေမြှုပ်ပေးတယ်လို့ ကြက်ငှက်မြှုပ်နှံပေးနေသူတဦးက ပြောပါတယ်။

“မှန်းလိုက်ရင်တော့ မနည်းဘူး။ တအိမ်တအိမ်ထွက်လာတာ မနည်းဘူး။ ငုံးဆိုရင်လည်း ၂ ၀၀၀၊ ၃၀၀၀။ ကြက်ဆိုရင်လည်း ၄၀၀၊ ၅၀၀ ဒါတောင် နည်းတဲ့အိမ်လေးတွေ။ များတဲ့ခြံတွေဆို ၁၀၀၀ ကျော်၊ ၂၀၀၀ ကျော် ထွက်တယ်။”

မုံရွာမှာ သေဆုံးတဲ့ကြက်ငှက်တွေကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာလည်း အတည်ပြုထားပြီး ကြက်ငှက်တုပ်ကွေးရောဂါ လူတွေထံ မကူးစက်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေ အသိပေး ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမှာ ၂၀၀၆၊ ၂၀၁၀နဲ့ အခု ၂၀၁၅ တို့မှာ ကြက်ငှက်တုပ်ကွေးရောဂါ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် စတင်ဖြစ်ပွားခဲ့တုန်းက အဆိုးဆုံးဖြစ်ပြီး ကြက်ကောင်ရေ သောင်းနဲ့ချီ သတ်ပစ်ခဲ့ရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/83452

တိုက်ခိုက်ခံရသည့် စပိန်နိုင်ငံသား (ဓာတ်ပုံ - Zaw Shinn facebook)
မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့ စပိန်နိုင်ငံသားတစ်ဦး ရန်ကုန် ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း၊ မနေ့က ဆေးရုံက ရုတ်တရက်ဆင်းသွားတဲ့ အတွက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

စပိန်သံရုံးနဲ့ချိတ်ဆက်ပြီး အဲဒီ့နိုင်ငံခြားသားကို လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင် ဒုတိယရဲတပ်ဖွဲ့မှူးကြီး ဦးဝင်းကြည်က ပြောပါတယ်။

"ပဲခူးအမှတ် ၃ ရဲတပ်ဖွဲ့စခန်းမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၄ နဲ့ လုယက်မှုနဲ့ စပိန်နိုင်ငံသားအမှု ဖွင့်ထားတာခင်ဗျ၊ ပဲခူးဆေးရုံးကနေတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တာပေါ့၊ ဦးနှောက်နဲ့ အာရုံကြောမှာ သူ့ကိုတင်ထားပေါ့၊ တင်ထားရင်းနဲ့ ညပိုင်းမှာ ဆေးရုံကနေ သူ့သဘောနဲ့သူ ခွင့်ပြုချက်မရဘဲနဲ့ ဆင်းသွားတယ်၊ ကျနော်တို့ လိုက်လံရှာဖွေနေတုန်းပဲ"

Mr. Perezquesada Carlos အမည်ရှိ စပိန်နိုင်ငံသား ခရီးသွားဧည့်သည်ဟာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံကတဆင့်၊ မြဝတီနယ်စပ်ဂိတ်ကနေ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပဲခူးကနေ ရန်ကုန်ကို စက်ဘီးစီးနင်းလာခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ ညက အင်းတကော်မြို့ ဘဏ္ဍာကုန်း ကျေးရွာအနီးရောက်ရှိစဉ် လူနှစ်ယောက်က တိုက်ခိုက်ခဲ့တာကြောင့် ဓါးဒဏ်ရာ ၁၃ ချက် ရရှိခဲ့ပါတယ်။

တိုက်ခိုက်သူတွေက သူ့ကို အဲဒီ့ရွာအနီး ရန်ကုန်၊ ပဲခူးကားလမ်းမဘေးက ကိုင်းတောမှာ စွန့်ပစ်ထားခဲ့ပါတယ်။

ပဲခူးအမှတ် ၃ နယ်မြေရဲစခန်းအဆိုအရ အဲဒီ့စပိန်နိုင်ငံသားရဲ့ နိုင်ငံကူးလက်မှတ်၊ ကွန်ပြူတာ၊ ကင်မရာ၊ စက်ဘီး၊ အမေရိကန်ဒေါ်လာ ၇ဝဝ နဲ့ မြန်မာကျပ်ငွေ ၅ သောင်းခန့်ကို သူ့ကိုထားခဲ့တဲ့နေရာမှာပဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပစ္စည်းအားလုံး စပိန်သံရုံးကို အပ်နှံခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲစခန်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/police-search-spain-tourist-02262015224017.html


တက္ကသိုလ်ဝင်တန်းစာမေးပွဲနီးကပ်လာချိန် စာမေးပွဲဖြေဆိုရာတွင် စာခိုးချရန် အထူးပြင်ဆင်ထားသော အရပ်အခေါ် မိုက်ခရိုစာအုပ်များ ရောင်းအားကောင်းနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါစာအုပ်များကို ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းအနီးတ၀ိုက်ရှိ မိတ္တူဆိုင်များ၊ စာအုပ်အဟောင်းဆိုင်များ၊ လမ်းဘေးရှိနာရီ အဟောင်းပြင်ဆိုင်များတွင် လျှို့ဝှက်စွာရောင်းဝယ်နေကြောင်း သိရသည်။

“ဒီနှစ်က အရင်နှစ်တွေလို မဟုတ်ဘူး။ အဖမ်းအဆီးတွေ အရမ်းများနေတယ်။ မိသွားရင် လူကိုဖမ်းဆီးအရေးယူတဲ့အပြင် ပုံနှိပ်စက်ကိုပါသိမ်းမှာဆိုတော့ မသိတဲ့လူဆိုရင် အရမ်းမရောင်းရဲဘူး”ဟု ပန်းဆိုးတန်းခုံးကျော်တံတားအနီးတွင် မိုက်ခရိုစာအုပ်ရောင်းသူတဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာသောနည်းဖြင့် ဖြေဆိုနိုင်ရန် အထူးပြင်ဆင်ထားသော စာအုပ်စာရွက်ဈေးကွက်တွင် ပေါ့ကတ်၊ ဘာဂျာဟူ၍ နှစ်မျိုးနှစ်စားရှိပြီး စာရွက်အချောအကြမ်းပေါ်မူတည်ပြီး ၄၅၀၀ ကျပ်၊ ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်စသဖြင့် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းဝယ်မှုများရှိနေပြီး နယ်မြို့များမှ ကျူရှင်သင်တန်းကျောင်းများ အတွက်လည်း တင်ပို့ရောင်းချရကြောင်း ၎င်းကပြောသည်။

“အခု နယ်က ကျူရှင်ဆရာ တယောက်မှာထားတာရှိတယ်။ သူက ကျွန်တော်တို့ဆီက ၇၀၀၀ နဲ့ ၀ယ်ပြီးတော့ သူ့ကျူရှင်က ကျောင်းသားတွေကို ၁၂၀၀၀ နဲ့ ပြန်ရောင်းမှာ”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် ၄ တန်းနှင့် ၈ တန်း ကျောင်းသားများ စာမေးပွဲဖြစ်ဆိုလျက်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခု စာမေးပွဲကာလ စာခိုးချ ရာတွင် အထောက်အကူပြု ပစ္စည်းများဖြစ်သော ဘောပင်၊ ရေစိုခံတိပ်များလည်း ရောင်းအားကောင်းနေကြောင်း သိရသည်။

“အထက်က ညွှန်ကြားချက်ထုတ်ပြီးတော့ ပူးပေါင်းအဖွဲ့အစည်းတွေနဲ့ အရေးယူသွားမယ်။ ပုဒ်မကတော့ ပုံနှိပ် ၁၈ နဲ့ ငြိစွန်းတာပေါ့”ဟု ကျောက် တံတားရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာသောနည်းလမ်းများဖြင့် ဖြေဆိုရန် အထူးပြင်ဆင်ထားသော စာအုပ်စာရွက်နှင့် အခြားသော အထောက်အကူပြုပစ္စည်းများကို ကျောင်းသားများကိုယ်စား မိဘနှင့် မိသားစုဝင်များကပင် ၀ယ်ယူပံ့ပိုးမှုများရှိနေကြောင်း အဆိုပါ ပစ္စည်းရောင်းချသူတဦး က ပြောကြားသည်။

ဇော်ခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဆန္ဒပြ အလုပ်သမားများအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ရာ၌ ““ဆူပူအကြမ်းဖက် ဆန္ဒပြအလုပ်သမားများ””ဟု သုံးနှုန်းထားမှုအပေါ် ဝေဖန် မှုများ ဖြစ်ပေါ်လျက် ရှိသည်။

လုပ်ခလစာ တိုးတောင်းကာ ဆန္ဒထုတ်ဖော်သော အလုပ်သမားများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက အကြမ်းဖက်တောင်းဆိုမှုများ၊ ပိတ်ဆို့ဆန္ဒပြမှုများ အပါအ၀င် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေမည့် လုပ်ရပ်များနှင့် ပါဝင်ပတ်သက်သူများ၊ သွေးထိုး လှုံ့ဆော်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရာ၌ ယခုကဲ့သို့ ထည့်သွင်း ရေးသားထားခြင်းဖြစ်သည်။…

““အဲဒီ အသုံးအနှုန်းလေးတွေ့လိုက်လို့ အန်တီတောင်မှ တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ ဒီလိုမျိုး မိမိရဲ့ အခွင့်အရေး ရဖို့အတွက် တိုက်ပွဲဝင်တဲ့သူတွေကို ဆူပူတဲ့သူ၊ အကြမ်းဖက်တဲ့သူလို့ ပြောတာဟာ မစာနာရာ ရောက်တာပေါ့။ အထူးသဖြင့် အစိုးရက သုံးနှုန်းတယ်ဆိုတာ မဖြစ်သင့် မဖြစ်ထိုက်ဘူးပေါ့။ မိဘနဲ့ သားသမီးကြားထဲမှာ ဒီလိုအသုံးအနှုန်းတွေ သုံးတာဟာ ဒါမိဘက သားသမီးလို့ မသတ်မှတ်တာကိုပြနေ တယ်လေ။ အန်တီသာဆို သုံးမှာ မဟုတ်ဘူး။ တော်တော် စိတ်မကောင်းဘူး””ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဝေဖန်လိုက်သည်။

ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် အတွင်းရှိ Eland Myanmar စက်ရုံရှေ့တွင် စက်ရုံ ၃ ရုံမှ အလုပ်သမား ၂၀၀၀ ကျော် စုပေါင်းသပိတ် ဆင်နွှဲ ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက် ညနေတွင် အဆိုပါ သပိတ်စခန်းအား အစိုးရက ဖြိုခွင်းခဲ့ကာ အလုပ်သမား ခေါင်းဆောင်အချို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်။

““ဥပဒေအမြင်နဲ့ ပြောရရင်တော့ အလုပ်သမားတွေက ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်တာကို ဆူပူမှုအနေနဲ့ သတ်မှတ်တယ်ဆိုတာ မဆလခေတ်က အသုံးအနှုန်းပေါ့။ အဲဒီလို အသုံးအနှုန်းမျိုးကတော့ ပြဿနာ ကို ပြေလည်စေဖို့ဆိုရင် မသုံးနှုန်းသင့်ဘူး။ ဘာတွေဆူပြီး ဘာတွေပူလို့ ဘာတွေ ပြဿနာတက်လို့လဲ။ ဆူပူမှုဆိုတဲ့ အသုံးအနှုန်းက မမှန်ကန်ဘူးဗျ။ မဆလခေတ်မှာ တစ်လျှောက်လုံး သုံးပြီးတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်လာတဲ့ အသုံးအနှုန်းသာဖြစ်လို့ ကျွန်တော်တို့က လက်မခံဘူး””ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald