July 2015

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ဇူလိုင် ၃၀ ရက်၌ ပြန်လွတ်လာသူများထဲတွင် တပ်မတော် ထောက်လှမ်းရေး ထိပ်တန်းအရာရှိများ ပါဝင်ခဲ့ပြီး တပ်မတော် ထောက်လှမ်းရေးအဖွဲ့မှ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် သန်းထွန်းလည်း မုံရွာအကျဉ်းထောင်မှ ပြန်လွတ်လာကြောင်း သိရသည်။

ဗိုလ်မှူးချုပ် သန်းထွန်းသည် ၂၀၀၄ ခုနှစ်က ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၉၆ နှစ် ကျခံခဲ့ရသူ ဖြစ်ကာ ယခင် တပ်မတော် ထောက်လှမ်းရေး ရုံးချုပ်တွင် နိုင်ငံရေး ကဏ္ဍများကို အဓိက ကိုင်တွယ်ခဲ့သူ တစ်ဦး ဖြစ်သည်။

"ဘာမှ မပြောပြချင်တော့ပါဘူး။ ကျွန်တော့် စိတ်ထဲမှာလည်း ဘာတစ်ခုမှ မရှိတော့ပါဘူး။ အခု ပြန်လည် လွတ်မြောက်လာခြင်းအတွက် ၀မ်းသာတာ တစ်ခုပဲ ပြောစရာရှိပါတယ်။ ဒီနေ့ပဲ ရန်ကုန်ကို ချက်ခြင်းပြန်မှာပါ" ဟု ဗိုလ်မှူးချုပ် သန်းထွန်းက ပြန်လည် လွတ်မြောက်ပြီးချိန်တွင် ပြောကြားခဲ့သည်။

အာဏာရှင်စစ်အစိုးရ အဆက်ဆက် နာမည်ကျော်ခဲ့သော ထောက်လှမ်းရေး အဖွဲ့ကို ၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ပြန်လည်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးသမားများကို ဖိနှိပ်ရာ၌ အသုံးပြုခဲ့သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အထိ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူ ထောင်ချီကို တပ်မတော်ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေး အဖွဲ့တို့က ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ လူမဆန်သော စစ်ကြောမှုများ ပြုလုပ်ခြင်း၊ ထောင်ချခြင်းများကို ပြုလုပ်ခဲ့သည်။

သို့သော် ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ထိန်းသိမ်းပြီးနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရက အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ ထိုသို့ ဖျက် သိမ်းပြီးနောက်ပိုင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့နေရာတွင် စစ်ဘက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (စရဖ)နှင့် အထူးသတင်းတပ်ဖွဲ့ (SB) တို့ကို အစားထိုး ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်ကြီး ခင်ညွန့်အပါအ၀င် တပ်မတော် ထောက် လှမ်းရေး ထိပ်တန်းအရာရှိများ ဖြစ်သော ဗိုလ်မှူးချုပ် လှအောင်၊ ဗိုလ်မှူးချုပ် ကျော်ဟန်၊ ဗိုလ်မှူးချုပ် သန်းထွန်း၊ ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်ချုပ် သိန်းဆွေ၊ ရဲမှူးကြီး ဇော်ထွန်းအောင်( အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ရုံးအဖွဲ့မှူး)၊ ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဗိုလ်မှူးကြီး မြင့်အောင်ကျော်၊ ဗိုလ်မှူးကြီး တင်လှ၊ ဗိုလ်မှူးကြီး မောင်မောင်သန်း၊ ဗိုလ်မှူးကြီး မြင့်ဦး၊ ဗိုလ်မှူး မိုးသူ၊ ဗိုလ်မှူး အောင်ဇော်၊ ဗိုလ်မှူးနေစိုး၊ ဗိုလ်မှူးနိုင်ဋ္ဌေးတို့ အပါအ၀င် ထောက်လှမ်းရေး ထိပ်တန်း အရာရှိ ၃၈ ဦးကို အကျင့်ပျက်ခြစားမှုများဖြင့် ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော်အထိ အသီးသီး ချမှတ်ခဲ့သည်။

သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေး အရာရှိအချို့ကို ပထမဆုံး ပြန်လွှတ်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဗိုလ်မှူးချုပ် သိန်းဆွေအပါအ၀င် ထောက်လှမ်းရေးအရာရှိ ၈ ဦးကို ထပ်မံလွှတ်ပေးခဲ့သည်။ ယခု ၂၀၁၅ ခုနှစ် ဇူလိုင် ၃၀ တွင် ဗိုလ်မှူးချုပ် သန်းထွန်းအပါအ၀င် ကျန်ရှိနေသော ထောက်လှမ်းရေး ထိပ်တန်းအရာရှိ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

Eleven Media Group

Komen မုန်တိုင်း ဖြတ်သန်းသွားနိုင်မယ့် လမ်းကြောင်းပြမြေပုံကို တွေ့ရစဉ်။ ဓါတ်ပုံ - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
  ဘင်္ဂလားပင်လယ်အော်မှာ “ကိုမန်” (Komen) လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နေတာကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ တစ်နာရီကို မိုင် ၉၀ နှုန်းလောက်နဲ့ လေပြင်း တိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။ အဲဒီမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဒီနေ့ညသန်းခေါင်မှာ ရိုတ်ခတ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ်က ပြောပါတယ်။

"မနေ့ကမနက် ၇ နာရီ ထုတ်ပြန်ကတည်းက လိမ္မော်ရောင်လို့ သတ်မှတ်ထားတယ်၊ မြန်မာကမ်းကို မဖြတ်ပေမဲ့ မြန်မာကမ်းနဲ့အရမ်းနီးလို့ လိမ္မော်ရောင်လို့ သတ်မှတ်လိုက်တာပါ၊ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တော်တော်ခံစားရတယ်ပေါ့၊ မကွေးဘက်လည်း သူဖြတ်တဲ့အချိန်မှာ ညာဘက်ကျတဲ့အခါ ကျတော့ အများကြီးခံရတယ်ပေါ့"

မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တဲ့အပြင် ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ လက်ရှိ မိုးဆက်တိုက်ရွာနေ တာကြောင့် မန်းချောင်းနဲ့ မုန်းချောင်းတို့မှာ ရေမြင့်တက်နေပြီး မန်းတမံဟာလည်း ရေထိန်းနိုင်တဲ့ပမာဏ ကို ကျော်တော့မှာဖြစ်တဲ့အတွက် စေတုတ္တရာနဲ့ ပွင့်ဖြူမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ဒေသခံတွေကို အုပ်ချုပ်ရေးအဖွဲ့က နေရာပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

 မုန်တိုင်းကြောင့် ရေမြုပ်ပျက်စီးမှုတွေ အတော်များ
 ဘင်္ဂ္လား ပင်လယ် အတွင်း တည်ရှိနေတဲ့ ကိုမန် ဆိုင်ကလုန်း မုန်တိုင်း ဖြတ်သန်း တိုက်ခတ် သွားတဲ့ အတွက် ရခိုင်ပြည်နယ် အတွင်း အပျက်အစီးတွေ ရှိခဲ့ သလို ရေကြီးရေလျှံမှုတွေ လည်း ဖြစ်ပေါ် ခဲ့ပါတယ်။

ဘင်္ဂ္လား ပင်လယ်အော် မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် ဟာ အင်အားပြင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ပြောင်းလဲခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ကြာသပတေး နေ့ မနက် ကနေ ညနေပိုင်းထိ အဖျားခတ် ဖြတ်သန်း ပြီး တနာရီ မိုင် ၅ဝ နှုန်းနဲ့ ဖြတ်သန်း တိုက်ခတ် ခဲ့ပါတယ်။

အဲသလို တိုက်ခတ် ခဲ့တဲ့ အတွက် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင် မြို့နယ် တွေမှာ အဆောက်အဦ တွေ၊ အိမ်တွေ၊ သစ်ပင်တွေ လဲပြိုကျ ခဲ့ပါတယ်။

စစ်တွေမြို့ပေါ်မှာ အိမ်တွေ ရေထဲ မျောပါ သွား တာတွေ ရှိသလို သစ်ပင်တွေ အမြစ်ကနေ လဲပြို တာတွေ ရှိတဲ့ အတွက် လမ်းတွေလည်း ပိတ်ဆို့ ကုန်တယ်လို့ သိရပါတယ်။

မင်းပြားမြို့ပေါ် မှာတော့ မုန်တိုင်းနဲ့ အတူ မြစ်ရေဟာ စိုးရိမ် ရေမှတ် ကျော်လွန်လာတဲ့ အတွက် လူပေါင်း ၁ဝဝဝ နီးပါး ခန့်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ခဲ့ရပါတယ်။

ရသ့တောင်မြို့နယ် အတွင်း မှာလည်း အစိုးရ အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော် မြို့နယ်မှာတော့ လယ်ဧက ထောင်နဲ့ချီ ရေမြုပ်နေတဲ့ အတွက် ပျက်စီးမှုတွေ အတော်များတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂ္လားဒေ့ရှ် နယ်စပ်မှာ ရှိတဲ့ မောင်တော မြို့နယ်မှာလည်း အပျက်အစီးတွေ များပြီး ဖုန်းလိုင်းတွေ ပြတ်တောက် နေတယ်လို့ သိရပါတယ်။

ကိုမန်လို့ အမည်ရှိတဲ့ မုန်တိုင်း ဟာ ကြာသပတေး နေ့ ညနေပိုင်းမှာ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံ စစ်တကောင်းကို ဖြတ်ကျော် ဝင်ရောက်မယ်လို့ သိရှိရပါတယ် ။

BBC Burmese
http://www.bbc.com/burmese

 သင့်မြတ်လိုသူများအဖွဲ့ဝင် မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၃ဝ ရက်နေ့က ရုံးထုတ်စဉ် Photo: Hset Paing Toe/RFA
  ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ကို မတရားအသင်းဆက်သွယ်မှု၊ တရားမ၀င်နယ်ခြား ဖြတ်ကျော်မှုတို့နဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး သံဃာတစ်ပါးနဲ့ နောက်ထပ်အဖွဲ့ဝင် ၃ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

မပွင့်ဖြူလတ်ကတော့ သူတို့ကို အခုလိုဖမ်းဆီးပြီး တရားစွဲဆိုထားတာဟာ မတရားဘူးလို့ တရားရုံးထုတ် မှာ ပြောပါတယ်။

"ကျမတို့ရဲ့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးပါတယ်၊ ကျမတို့ ပရဟိတနဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့ လူတွေကို မတရားသဖြင့်နဲ့ ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရပါတယ်၊ လူတွေကိုသာချုပ်ထားလို့ရမယ် ကျနော်တို့ရဲ့ စိတ်ဓါတ်တွေကို ဘယ်တော့မှချုပ်ထားလို့မရပါဘူး"

ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လက ကေအိုင်အေထိန်းချုပ်နယ်မြေကို သွားရောက်ခဲ့တာကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုပြီး ဒီနှစ်ဧပြီလက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့တဲ့အတွက် တရားမ၀င်နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) တို့နဲ့ တရားစွဲခံရတာဖြစ် ပါတယ်။ ဒါ့အပြင် မီဇိုရမ်ပြည်နယ်သွားစဉ်က လိုက်ပါခဲ့တဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့ဝင် နောက်တစ်ဦးဖြစ် တဲ့ ကိုဇော်ဝင်းဗိုလ်ကို ပုဒ်မ ၁၃(၁) နဲ့ ဒီနေ့ ထပ်မံဖမ်းဆီးလိုက်ပြီး သံဃာ ၁ပါးနဲ့ အဖွဲ့ဝင် ၃ဦးကို ဖမ်းဝရမ်း ထုတ်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရသူ ၃ဦးကို အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့မှာ မန္တလေးမြို့က ဂဠုန်နီဆရာတော်၊ အာရှအလင်းရောင်ဆရာတော် တို့ပါဝင်ပြီး ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 ကလေးမြို့ထဲက ရပ်ကွက်အတော်များများ ရေလွှမ်းနေ
 မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဆက်တိုက် ရွာသွန်း ခဲ့တဲ့ မိုးကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အတွင်းက ဆည်တွေ၊ ရေလှောင်တမံတွေ အများစုဟာ စိုးရိမ်ရေ အမှတ်ကို ကျော်နေ ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆိုရင် ချင်းတောင်ပေါ်က ကျလာတဲ့ မိုးရေတွေများလို့ ကလေးမြို့ရဲ့ ရပ်ကွက် ငါးခု ရေမြုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကျေးရွာပေါင်း ၂၀ ကျော်လည်း ရွေ့ပြောင်း နေရပါတယ်။

ကလေးမြို့နယ် နတ်နန်းရွာဆိုရင် ရေဝင်တာ ၄ရက်ရှိနေပြီး ဘယ်မှ ရွှေ့ပြောင်း မရတော့လို့ အခက်အခဲ ဖြစ်နေတယ် လို့လည်း နတ်နန်းရွာသား တစ်ဦးက ပြောပါတယ်။

ဒီလို စစ်ကိုင်းတိုင်းမှာ ရေကြီးမှုတွေကြောင့် လူ ၁၁ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူပေါင်း သောင်းချီ အိုးအိမ်စွန့်လို့ ရေလွတ်ရာကို တိမ်းရှောင် နေကြ ရပါတယ်။

မုံရွာမှာလည်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်နေပြီး နောက်ထပ် စင်တီမီတာ ၅၀ ကျော်လောက် ဆက်တက်ဦးမယ် ဆိုရင် မုံရွာမြို့ပေါ်က ဒေသခံတွေ အတွက်ပါ စိုးရိမ်စရာ အနေအထား ဖြစ်နေပါတယ်။

မကွေးတိုင်းမှာလည်း စိုးရိမ်စရာ

မကွေးတိုင်းက မင်းဘူး ငဖဲ၊ စကု ၊စေတုတ္တရာ စတဲ့ မြို့တွေမှာလည်း ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မကြုံစဖူး ကြီးမား ဆိုးဝါးတဲ့ ရေကြီးမှုတွေလို့ ဒေသခံတွေက ပြောကြပါတယ်
စေတုတ္ထရာမြို့ဟာ မုံးတမံသာ ကျိုးကျခဲ့ရင် မမျှော်လင့်နိုင်တဲ့ ဘေးကျပြီး ကူကယ်ရာမဲ့ အခြေအနေ ဖြစ်သွားနိုင်လို့ သက်ဆိုင်ရာက သတိပေး ပေမယ့်လည်း မြို့ထဲမှာ အိုးအိမ်တွေ စိတ်မချလို့ ကျန်နေသေး သူတွေ ရှိနေတယ်လို့ စကုဒေသခံ မကွေးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောပါတယ်။

ချင်းတောင်တန်းကနေ စီးဝင်လာတဲ့ မန်းချောင်းရေ ဟာလည်း များနေလို့ ရွှေစက်တော်ဘုရားရဲ့ အောက်စက်တော်ရာ တန်ဆောင်း ပြာသာဒ်ကိုထိဖို့ နည်းနည်းပဲ လိုပါတော့တယ်လို့ သိရပါတယ်။

ခုရေကြီးမှု အခြေအနေဟာ ၁၉၈၇ ခုနှစ် နောက်ပိုင်း အဆိုးဆုံး ဖြစ်တယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီတိုင်းသာ မိုးဆက်ရွာပြီး ရေများ နေဦးမယ်ဆိုရင်တော့ ခုရေဝင်နေတဲ့ ဧရိယာတွေအပြင် တခြား ချင်းတွင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ အောက်ပိုင်း မြစ်ဘေး တလျှောက်က ကျေးရွာတွေပါ အန္တရာယ် ရှိလာနိုင်မှာကို အာဏာပိုင်တွေရော ဒေသခံတွေကပါ စိုးရိမ်နေကြရပါတယ်။

BBC Burmese
http://www.bbc.com/burmese

သစ်တောတွေ ကို အတိုင်းအဆ မဲ့ ခုတ်ယူမှုတွေကြောင့် ရာသီဥတုတွေ ဖောက်ပြန်ပြီး ရေကြီးရေလျှံတဲ့ ဒုက္ခကြီးကို ပြည်သူအများ ခံစား သောက ရောက်နေချိန်မှာ သစ်သူခိုးတွေ ကို လွတ်ငြိမ်းချမ်းသာပေးတယ် ဆိုတာ ………

အစိုးရအနေနဲ. ပြည်သူလူထု ကို အကြီးအကျယ် စော်ကားလိုက်တဲ့ လုပ်ရပ်ပဲ….
မြန်မာအစိုးရက ဇူလိုင် ၃၀ ရက်တွင် ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၆၉၆၆ ဦးတွင် တရားမ၀င် သစ်ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသား ၁၅၅ ဦး ပါဝင်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက အတည်ပြုခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကပင် ဖော်ပြခဲ့သည်။ နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်မပြတ် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့် များပေး၍ ပြည်နှင်ဒဏ်ပေးခဲ့ရာတွင် အဆိုပါ တရုတ်နိုင်ငံသား ၁၅၅ ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ဇူလိုင် ၂၂ ရက်နေ့ကမှ မြစ်ကြီးနားခရိုင် တရားရုံးက တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ်တွင် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အဖိုးတန် ကျွန်းသစ်အပါအ၀င် သစ် ၁၀၅၆၉ တန်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံသား ၁၈၁ ဦးနှင့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အစောပိုင်းသတင်းများက ဖော်ပြခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံပိုင်မီဒီယာ တစ်ခုဖြစ်သော Global Times ၏ အယ်ဒီတာ့အာဘော်တွင် ပြင်းထန်စွာ ပြစ်တင်ဝေဖန် ရေးသားခဲ့သည်။ ယင်းတွင် ပြစ်ဒဏ်၏ ပြင်းထန်မှုကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်သည့်အပြင် တရုတ်အစိုးရ၏ ကြားဝင်စွက်ဖက်မှုက ရလဒ်ကို ပြောင်းလဲစေနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရက အုပ်ချုပ်ခဲ့သည့် ကာလတစ်လျှောက်လုံး တရုတ်အစိုးရက မြန်မာအစိုးရအား နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်ထိုးနှက်မှုများကို ဒိုင်းသဖွယ် အကာအကွယ် ပေးခဲ့သည့်အပြင် အဓိက ကုန်သွယ်ဖက်လည်း ဖြစ်ခဲ့သည်။ ယင်းဆက်ဆံရေးကြောင့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများနှင့် ကုန်ကြမ်းများကို တရုတ်က အကြီးအကျယ် ခေါင်းပုံဖြတ် အမြတ်ထုတ်သည်ဟုဆိုကာ မြန်မာပြည်သူများ ဒေါသထွက်နေကြသည်။

မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသော ရေဘေးကဲ့သို့သော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားခြင်း၌ သစ်တောများ ဆုံးရှုံးခြင်းသည်လည်း အကြောင်းရင်း တစ်ရပ်အဖြစ် ပါဝင်နေသည်။ ဤသစ်ကိစ္စများနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများလည်း ထိခိုက်မှုများစွာ ရှိခဲ့သည်။ ယင်းအခြေအနေမျိုးတွင် မြန်မာအစိုးရက သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်တစ်သက် ချမှတ်ပြီးနောက် ၁၀ ရက်ပင် မပြည့်သေးမီ လွှတ်ပေးခဲ့ခြင်းမှာ လုံးဝသင့်လျော်ခြင်း မရှိပါ။

မကြာသေးမီ နှစ်များအတွင်းကပင် မြန်မာနိုင်ငံသား နော်ခမ်းကို တရုတ်သင်္ဘောသားများအား သတ်ဖြတ်မှုဖြင့် တရုတ်က သေဒဏ်စီရင်ခဲ့သည်။ နော်ခမ်းသည် စွဲချက်တင်ခံရသည့် ပြစ်မှုကို တရုတ်နိုင်ငံ ပိုင်နက်အတွင်း ကျူးလွန်ခဲ့ခြင်း မဟုတ်သကဲ့သို့ နော်ခမ်းကို တရုတ်နိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ခြင်းလည်း မဟုတ်ပေ။ သို့သော် မြန်မာနိုင်ငံအနေဖြင့် ပါဝင်စွက်ဖက်ခွင့် မရှိဘဲ တရုတ်နိုင်ငံ၏ ပြစ်ဒဏ်စီရင်မှုကို ခံရသည်။ ထိုင်းနိုင်ငံ ခိုထောင်ကျွန်းပေါ်တွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု မြန်မာနိုင်ငံသားနှစ်ဦး စွဲချက်တင်ခံရသည့် အမှု၌ အငြင်းပွားဖွယ်ရာ အချက်များ ရှိနေသည့်တိုင် မြန်မာနိုင်ငံအနေဖြင့် ၀င်ရောက်စွက်ဖက်ခွင့် မရှိပါ။

Failed State ဟု ခေါ်သော ပျက်စီးယိုယွင်းနေသည့် နိုင်ငံတစ်နိုင်ငံမဟုတ်ဘဲ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရာ၌ အရေးအကြီးဆုံး အချက်တစ်ချက်မှာ တရားဥပဒေစိုးမိုးရေးဖြစ်သည်။ ပြည်ပနိုင်ငံများက မိမိနိုင်ငံအား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အပြည့်အ၀ လေးစား အသိအမှတ်ပြုကာ ဆက်ဆံခြင်းသည်လည်း အရေးအကြီးဆုံး အချက်တစ်ချက်အဖြစ် ပါဝင်သည်။

သို့သော် ယခုကဲ့သို့ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူများအား ပြစ်ဒဏ်ချမှတ်ပြီး ရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းမှာ လုံးဝမပြုလုပ်သင့်သော ကိစ္စဖြစ်သည်။ ယင်းသည် တရားစီရင်ရေး မဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ၀င်ရောက်လွှမ်းမိုး ခြယ်လှယ်နေသည်ကို အထင်အရှား ပြသလိုက်ခြင်း ဖြစ်သည်။ ပြစ်ဒဏ်စီရင်မှုနှင့် ပတ်သက်၍ ဥပဒေအတိုင်း အထက်တရားရုံး အဆင့်ဆင့်သို့ ဆက်လက်အယူခံဝင်ခြင်း ပြုလုပ်၍ ထိုအခြေအနေများ၌ ပြစ်ဒဏ်များ များပြားလွန်းနေပါမှ နှစ်နိုင်ငံ ချစ်ကြည်ရေးအပေါ် စဉ်းစား၍ ဥပဒေအတိုင်း လုပ်ဆောင်သင့်ပါလျက် ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ လုံးဝသင့်လျော်ခြင်း မရှိပါ။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးခြင်း မရှိကြောင်း နိုင်ငံတကာတွင် အရှက်ရအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ “အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပါ၏လော” ဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ သို့ပါ၍ ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ပြီး ရက်ပိုင်းအတွင်း လွှတ်ပေးရန် အကြောင်းမရှိသော ကိစ္စရပ်အား လုပ်ဆောင်ခြင်းအပေါ် ကန့်ကွက်ပါကြောင်းနှင့် တရားဥပဒေစိုးမိုးမှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအား ချစ်ကြည်ရေးဖြင့် လဲလှယ်ခြင်းကို ရှုတ်ချပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၃၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြမည့် အယ်ဒီတာ့အာဘော်)
.
Credit : EMG

ပြီးခဲ့တဲ့ ဇွန်လ (၂၀) ရက်နေ့က မင်္ဂလာမန္တလာစီမံကိန်းရဲ့ Pullman ဟိုတယ်ဆောက်လုပ်ရေးခွင်အတွင်း ကွန်ကရစ်လောင်းနေတုန်း သံငြမ်းပြိုကျလို့ အလုပ်သမား အယောက် (၂၀) ကျော် ဒဏ်ရာရခဲ့ပြီး နှစ်ဦးသေဆုံး ခဲ့ပါတယ်။ ကွန်ကရစ်တွေကြားထဲ ပိတ်မိနေတဲ့ လက်သမားလေးကိုဆန်းမြင့်အောင်ကို (၃၃) နာရီ နီးပါးကြာပြီး တဲ့နောက် ကယ်တင်နိုင်ခဲ့ပေမဲ့ ခြေနှစ်ချောင်းလုံးဖြတ်ပြစ်ခဲ့ရသတဲ့။
နောက်တခါ ဇွန် (၃၀) ရက်နေ့ က မန္တလေးမြို့၊ ၈၄လမ်း၊ ၃၉x၄၀ကြားရှိ ဆောက်လက်စ အထပ်မြင့်တိုက် တလုံးရဲ့အပေါ်ထပ်ကနေ ရေပိုက်ဆင်လုပ်သား ဦးသောင်းမြင့်ဆိုတဲ့ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး ခဲ့ကြောင်း သတင်းကိုလည်းဖတ်လိုက်ရတယ်။ အဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ဒီလိုလုပ်သားသေဆုံး ခြင်းဟာ သုံးဦးမြောက်ဖြစ်တယ်လို့ လည်းသိရတယ်။

ပထမတစ်ဦးက တိုက်အပေါ်ထပ်ကနေ သစ်သားတုံးပြုတ်ကျပြီး သေဆုံးခဲ့ရတာဖြစ်တယ်။ ဒုတိယတစ်ဦး ကတော့ ဂဟေဆော်ရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ အဲ့ဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိတဲ့ ရပ်ကွက်နေပြည်သူ တွေက ပြောကြတယ်လို့ သိရတယ်။
တိုင်းသူပြည်သားတွေဟာ မလိုအပ်ဖဲ အသက်ကိုရင်းပြီးမှ ထမင်းတလုပ်ကို ပင်ပမ်းဆင်းရဲကြီးစွာ ရှာဖွေ စားသောက် ရှင်သန်နေရတယ်ဆိုရင် အဲ့ဒီတိုင်းပြည်ရဲ့ အုပ်ချုပ်ပုံစနစ်ဟာ သွက်သွက်ခါအောင်မှားနေပြီ ဆိုတာကို ညွှန်ပြနေတာပါ။

စက်မှု့လက်မှု့ နည်းပညာတွေထွန်းကားလာတဲ့ ဒီနေ့မျက်မှောက်ခေတ်ထဲမှာ အသက်မွေးဝမ်းကြောင်းနေရတဲ့ လူသားတွေ ရုန်းကန်ဖြတ်သန်းနေရတဲ့ လုပ်ငန်းခွင်တွေမှာ အန္တရာယ်တွေပိုလို့ပြွမ်းတီးလာသလို အိပ်ပျော်နေ တဲ့ဘီလူးကြီးတွေလည်း ပိုလို့ တိုးပွားလာနေပါတယ်။
မသိလို့ဖြစ်စေ၊ သတိမပြုမိလို့ဖြစ်စေ၊ ပေါ့ဆမှု့ကြောင့်ဖြစ်စေ အိပ်ပျော်နေတဲ့ ဘီလူးကြီးတွေကို လှုပ်နိုးမိတဲ့ အခါတိုင်း အနိဋ္ဌာရုံတွေ ထိခိုက်သေကြေပျက်စီးမှု့တွေနဲ့ မလွှဲမရှောင်သာကြုံကြရပါတယ်။ ဒီသွေးဆာနေတဲ့ ဘီလူးကြီးတွေ နိုးလာ တိုင်း နိုးလာတိုင်း လူပေါင်းများအသက်ဆုံးရှုံးနိုင်သလို ဘဝပေါင်းများစွာလည်း ထိခိုက် နစ်နာရလေ့ရှိပါတယ်။

ဒါကြောင့် ဒီဘီလူးကြီးတွေ မနိုးထလာအောင် နိုးထလာတဲ့တိုင် အန္တရာယ်လျှော့ရဲ အထိအခိုက်နည်းအောင် ကြိုတင်ကာကွယ်မှု့၊ ကြိုတင်ပြင်ဆင်မှု့တွေလုပ်ဖို့လိုပါတယ်။
ဒီနေရာမှာကြားဖြတ်ပြောခြင်တာက ကျွန်တော်တို့လူသားတွေဟာ မိခင်ဝမ်းမှာသန္ဓေတည်လာရာကနေ သေဆုံးချိန်တိုင်အောင် ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အချိန်နဲ့အမျှ နေ့တဓူဝ စွန့်စားမှု့ ( Risks) တွေမယူမဖြစ်ယူကြရပါတယ်။
သန္ဓေသားဘဝမှာကထဲက ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူအပ်ထားတဲ့ သမားတော် (သို့) အရပ်လက်သည်ရဲ့ ညွှန်ကြားကုသမှု့ကို ခံကြရတာမဟုတ်လား။ အဲ့ဒီသမားတော်ရဲ့ ယုံကြည်ရမှု့ အရည်အသွေးပြည့်မှီမှု့ ရှိမရှိ ဆိုတာ မိခင်ဖြစ်သူရဲ့ အကဲဖြတ်မှု့ နဲ့ ငွေကြေးတတ်နိုင်မှု့အပေါ်မူတည်ရွေးချယ်တာဟာ စွန့်စားမှု့ယူကြရ တာမဟုတ်လား။
လမ်းလျှောက်တာ၊ ရေကူးတာ၊ ဘတ်စ်ကားစီးတာ ဘာဘဲလုပ်လုပ် စွန့်စားမှု့ယူရတာချည်းပါဘဲ။ ဒါပေမဲ့ ကိုယ်ယူမဲ့ စွန့်စားမှု့တိုင်းဟာ လက်သင့်ခံနိုင်တဲ့စွန့်စားမှု့( Acceptable Risk ) ၊ စီမံလို့ရတဲ့စွန့်စားမှု့ ( Manageable Risk ) ဖြစ်ဖို့လိုပါတယ်။

လူတိုင်းဟာ လမ်းမပေါ်မတက်ခင် ငယ်စဉ်ဘဝမှာ မိဘတွေရဲ့လမ်းလျှောက်သင်တာခံယူပြီးမှ လမ်းပေါ်တက် လမ်းလျှောက်ကြတာပါ။ လမ်းလျှောက်တတ်ယုံနဲ့လည်း အန္တရာယ်မကင်းသေးပါဘူး။ ကိုယ်လျှောက်မဲ့လမ်းမှာ ချိုင့်တွေကျင်းတွေဘယ်လောက်ရှိသလဲ ၊ ယာဉ်ရထားတွေရှုပ်သလား၊ ဘယ်အချိန်ရှင်းသလဲ တခြားအန္တရာယ် ဘာရှိနိုင်သလဲဆိုတဲ့ အချက်တွေသိဘို့လိုပါတယ်။ ဒါမှသာ ဒီလမ်းလျှောက်သင့် မလျှောက်သင့်ဆုံးဖြတ်တဲ့အခါ စွန့်စားမှု့ယူတဲ့အခါ လက်သင့်ခံနိုင်တဲ့စွန့်စားမှု့( Acceptable Risk ) ကိုယူနိုင်မှာဖြစ်ပါတယ်။
ဆိုလိုခြင်တာက ဘာဘဲလုပ်လုပ် မဆင်မခြင် ဆင်ကန်းတောတိုးမလုပ်ဖို့ပြောခြင်တာပါ။ ဘယ်သွားသွား ဘယ်လာလာ ဘာစားစား ဘာသောက်သောက်၊ ဘာအလုပ်လုပ်တာဖြစ်ဖြစ် မသွားခင် မလာခင် မစားခင် မသောက်ခင် မလုပ်ခင်လေးမှာ အန္တရာယ်ကင်းမကင်း စူးစမ်းဆင်ခြင်ပြီး ကြိုတင်ကာကွယ်မှု့ မတော်တဆ ထိခိုက်ရင်တောင် သက်သာအောင် ထည့်သွင်းတွက်ချက်မှု့တွေ လုပ်ဆောင်အပ်ပါတယ်။ အဲ့ဒါကို အင်္ဂလိပ် လိုတော့ Risk Management မြန်မာလိုဆိုရင်တော့ စွန့်စားမှု့အတွက် စီမံဆောင်ရွက်ခြင်း လို့ခေါ်နိုင်မယ်ထင် ပါတယ်။
တကယ်တော့ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ်၊ ဈေးဆိုင်ကြီးထဲမှာဖြစ်ဖြစ်၊ ကိုယ့်အိမ်ဝင်းထဲမှာဖြစ်ဖြစ် ဘယ်နေရာ မှာဖြစ်ဖြစ် လူ နဲ့ လူ့ အဖွဲ့ အစည်းတွေကို ထိခိုက်နာကျင်ဆုံးရှုံးစေတတ်တဲ့ အရာဝတ္ထု အန္တရာယ် အခြေအနေ စွမ်းအင် (Hazards) တွေဟာ နေရာတိုင်းမှာရှိနေပါတယ်။ ဒါတွေဟာ ပုန်းကွယ်အိပ်ပျော်နေတဲ့ ဘီလူးကြီးတွေပါဘဲ။
နိုင်ငံစုံကော်ပိုရေးရှင်းကြီးတချို့သတ်မှတ်ထားတဲ့ (Hazards) အမျိုးအစား (၂၀) ကျော်ကို ဗဟုသုတအလို့ ငှာ ဖေါ်ပြပေးလိုက်ပါတယ်။
(၁) ချော်လဲ၊ ထိခိုက၊် ပြတ်ရှ၊ ခါးနာ၊ ပြုတ်ကျအန္တရာယ် - Stepping, Handling, Manual Lifting and Falling (Person) Hazard
(၂) စက်ယန္တရား အသုံးအဆောင် ကရိယာတန်ဆာပလာနှင့်ထိခိုက်မိမည့် အန္တရာယ် Machinery/Equipment/hand tools Hazard
(၃) ပြုတ်ကျပစ္စည်းများဖြင့်ထိခိုက်မှု့အန္တရာယ် (Dropped /Fallen Objects) Potential Energy Hazard
(၄) လျှပ်စစ်ဓါတ်လိုက်မှု့အန္တရာယ် Electrical Hazard
(၅) စက်ဖြင့်မရွေ့ခြင်းဆိုင်ရာအန္တရာယ် Lifting, Mechanical Hazard
(၆) အဆိပ်အတောက်၊ လှိုက်စားမှု့နှင့် ဓါတုပစ္စည်းအန္တရာယ်Toxic/Corrosive/hazardous substances Hazard
(၇) ဖိသိပ်အားဆိုင်ရာ အန္တရာယ် Pressure Hazard
(၈) ကုန်းလမ်းပို့ ဆောင်ရေးဆိုင်ရာ အန္တရာယ် Land Transport Hazard
(၉) လေကြောင်းပို့ ဆောင်ရေးဆိုင်ရာအန္တရာယ် Air Transport Hazard
(၁၀) ရေကြောင်းပို့ ဆောင်ရေးဆိုင်ရာ အန္တရာယ် Water Transport Hazard
(၁၁) မီးဘေးအန္တရာယ် Fire flamable Hazard
(၁၂) အပူချိန်ဆိုင်ရာအန္တရာယ် Temperature Hazard
(၁၃) ပေါက်ကွဲမှု့ဆိုင်ရာ အန္တရာယ် Explosives Hazard
(၁၄) ရေဒီယိုသတ္တိကြွမှု့ဆိုင်ရာ အန္တရာယ် Radiation Hazard
(၁၅) ရာဇ၀ါတ်မှု့ အကြမ်းဖက် လုံခြုံရေးဆိုင်ရာ အန္တရာယ် Security (Crime/Terrorism) Hazard
(၁၆) သတင်းနှင့် နည်းပညာပေါက်ကြားမှု့ဆိုင်ရာ အန္တရာယ် Information/Data Hazard
(၁၇) ဆူညံသံဆိုင်ရာ အန္တရာယ် Nuisance/Noise Hazard
(၁၈) တုန်ခါမှု့ဆိုင်ရာအန္တရာယ် Vibration Hazard
(၁၉) မူးယစ်ဆေးဝါးနှင့် အရက်သေစာဆိုင်ရာအန္တရာယ် Drugs/Alcohol Hazard
(၂၀) သဘာဝဘေးဆိုင်ရာအန္တရာယ် Natural Phenomena Hazard
(၂၁) ကူးဆက်ပြန့် ပွားရောဂါဆိုင်ရာ အန္တရာယ် Biological Hazard/Illness Hazard

ဒီဆောင်းပါးမှာတော့ အစောပိုင်းမှာ ရေးပြခဲ့တဲ့ မန္တလေးဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဖြစ်ပွားခဲ့တဲ့ မတော်တဆထိခိုက်မှု့၊ သေဆုံးမှု့တွေနဲ့ ပတ်သက်တဲ့ နံပါတ် (၁) အန္တရာယ်အမျိုးအစားဖြစ်တဲ့ ချော်လဲ၊ ထိခိုက၊် ပြတ်ရှ၊ ခါးနာ၊ ပြုတ်ကျအန္တရာယ် (Stepping, Handling, Manual Lifting and Falling (Person) Hazard ) မှာပါတဲ့ အမြင့်မှပြုတ်ကျခြင်းအန္တရာယ် ( Falling from height Hazard) အကြောင်းဘဲရေးလိုက် ပါတယ်။ အခြားလုပ်ငန်းခွင် အန္တရာယ်တွေအကြောင်းကိုတော့ အလျှင်းသင့်လို့ အခြေအနေပေးရင် နောက် ဆောင်းပါးတွေမှာ ဆက်ရေးပေးသွားပါ့မယ်။

အမြင့်မှပြုတ်ကျခြင်းအန္တရာယ် ( Falling from height Hazard)

မြေပြင်ပေါ်မှာသမရိုးကျ လမ်းလျှောက်တာတောင် စွန့်စားမှု့တခုယူတာပါလို့ ပြောရင် စာဖတ်သူတချို့က ပိုတယ်လို့ထင်ကြမလားမသိပါဘူး။ တကယ်တော့ ပိုပြောတာမဟုတ်ပါဘူး။ ခြေနှစ်ခြောင်းသတ္တဝါဖြစ်တဲ့ ကျွန်တော်တို့လူသားတွေဟာ ခြေလေးခြောင်းသတ္တဝါတွေလောက်အခြေမခိုင်ပါဘူး။ အချိန်မရွေး ရှေ့ကို သော်၎င်း၊ နောက်ကိုသော်၎င်း လဲကျသွားနိုင်စေမဲ့ အားနည်းချက်နှစ်ချက် (Two points of weakness) ရှိပါတယ်။ ဘေးနှစ်ဖက်ကို လဲကျဖို့ အခွင့်အလမ်းကတော့ နည်းပါးပါတယ်။ ဘယ်ခြေနဲ့ညာခြေက ထောက်ကူ ထားလို့ပါဘဲ။
လမ်းကောင်းကောင်းလျှောက်တတ်ပြီး ဘယ်လောက်ကြံ့ခိုင်တဲ့သူဖြစ်ပါစေ သမရိုးကျလမ်းလျှောက်နေရင်း ချိုင့်ခွက်ကျင်းထဲ နင်းလိုက်ရင်ဖြစ်ပစေ၊ ဖိတ်ထားတဲ့ဆီအိုင်ပေါ်နင်းမိရင်ဖြစ်ပစေ ဟန်ချက်ပျက်ပြီး ပြိုလဲကျ သွားနိုင်ပါတယ်။ မြေပြင်ပေါ်လမ်းလျှောက်တာတောင် ဒီလိုအန္တရာယ်ရှိသေးတာ အမြင့်ပေါ်တက်အလုပ်လုပ် ရင်တော့ ပိုဆိုးတော့တာပေါ့။ အချိန်မရွေးဟန်ချက်ပျက်ပြီး ချော်ကျနိုင်တယ်။ အကာအရံ အဆီးအတား မလုပ်ထားရင်သတိမထားမိဘဲ မတော်တဆပြုတ်ကျပြီး ကျိုးကန်းပဲ့ရွဲ့ ယုံမက အသက်ဆုံးပါး သေကြေပျက်ဆီး နိုင်တယ်လေ။

ဒါကြောင့် အလွန်အန္တရာယ်များတဲ့ အမြင့်ပေါ်တက်လုပ်ကိုင်ရတဲ့အလုပ်တွေကို ဖွံ့ဖြိုးနိုင်ငံတခုဖြစ်တဲ့ စင်္ကာပူမှာ ဘယ်လိုစီမံဆောင်ရွက်နေသလဲဆိုတာ စာဖတ်သူတွေသိနိုင်အောင် တင်ပြလိုက်ပါတယ်။ အမြင့်ကပြုတ်ကျပြီး ထိခိုက်သေဆုံးမှုတွေမဖြစ်အောင် ကာကွယ်လုပ်ဆောင်ရာမှာ အုပ်ချုပ်သူအစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ်မှာ တာဝန်ကိုယ်စီရှိပါတယ်။
စင်္ကာပူအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ( Ministry of Manpower) ဟာ လုပ်ငန်းခွင်လုံချြုံရးနဲ့ ကျန်းမာရေးဥပဒေ ( Workplace Safety and Health Act) ထဲမှာ အမြင့်တွင်အလုပ်လုပ်ရာမှာလိုက်နာရမဲ့ နည်းဥပဒေ ( Regulation S223 for Work At Heights ) ကို နိုင်ငံတကာ စံရည်စံညွှန်းတွေနဲ့ အညီ ရှင်းလင်းတိကျစွာ ပြဋ္ဌာန်းပေးထားတယ်။

အဲ့ဒီနည်းဥပဒေထဲမှာ ကုမ္ပဏီ အလုပ်ရှင်တွေ၊ အုပ်ချုပ်သူတွေ အလုပ်ကြီးကြပ်သူတွေ အလုပ်သမားတွေ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းစည်းမျည်းစည်းကမ်းတွေ၊ မလိုက်နာရင်ကျခံရမဲ့ပြစ်ဒါဏ်ကြေးတွေလည်း တိတိ ကျကျပါဝင်ပါတယ်။ အမြင့်မှာအန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်ချက်တွေဖြစ်တဲ့ အမြင့်မှပြုတ်မကျ ရေးအစီအမံပြင်ဆင်ချက်မှတ်တမ်း (Fall Prevention Plan) ၊ အလုပ်သမားတွေ၊ အုပ်ချုပ်သူတွေ၊ အလုပ်ကြီး ကြပ်သူတွေအတွက် သက်ဆိုင်ရာ လုံလောက်တဲ့ အမြင့်အန္တရာယ်ကာကွယ်ရေး သင်တန်းလေ့ကျင့်ခန်းပေးဖို့  လိုအပ်ချက်တွေ၊ လုံခြုံစိတ်ချစွာအလုပ်လုပ်နိုင်ဖို့ လက်ရမ်း အဆီးအတား အကာအကွယ် အဖုံးအအုပ်တွေ ကောင်းမွန်စွာတပ်ဆင်ရမှာတွေ၊ အမြင့်မှာအလုပ်လုပ်ခွင့်ပါမစ် (permit-to-work) စနစ်ကို အသုံးပြုဖို့တွေ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် မတော်တဆအမြင့်က ပြုတ်ကျခဲ့ရင်တောင် လူကိုမြေကြီးနဲ့မရိုက်မိခင် ဖမ်းထိန်းပေးထားနိုင်မဲ့စနစ်နဲ့ အသက်ကယ်ပိုက်ကွန်၊ အသက်ကယ်ကိုယ်ပတ်ကြိုး (Fall Arresting System , Safety Net & Full Body Harness) လိုအပ်ချက်တွေလည်း ထည့်သွင်းထားပါတယ်။

ဒါကြောင့် စင်္ကာပူမှာ (၃) မီတာ အမြင့်ပေါ်ကပြုတ်ကျနိုင်တဲ့ အလုပ်မှန်သမျှ အမြင့်မှာအလုပ်လုပ်ခွင့် (permit-to-work) လျှောက်ပြီး ကုမ္ပဏီကခန့်ထားတဲ့ လက်မှတ်ရ အမြင့်အန္တရာယ်စစ်ဆေးရေးတာဝန်ခံ ( Working at height safety assessor) ရဲ့လက်ခံအတည်ပြုချက်နဲ့ အတူ၊ အုပ်ချုပ်ရေးတာဝန်ခံ (Manager) ရဲ့ ခွင့်ပြုချက် ရမှာ့သာ အမြင့်မှာအလုပ်လုပ်ခွင့်ရှိတာပါ။
အမြင့်တွင်အလုပ်လုပ်ခြင်းဆိုင်ရာ နည်းဥပဒေ (Regulation S223) ထဲမှာပါတဲ့ လိုက်နာရမဲ့ လိုအပ်ချက်တွေရဲ့ အသေးစိတ်အချက်လက်တွေကိုတော့ လုပ်ထုံးလုပ်နည်းများ ( Code of Practices ) နဲ့ စင်္ကာပူ စံရည်စံညွှန်း ( Singapore Standards - Specification ) တွေကို အောက်ပါအတိုင်း ပြဋ္ဌာန်းပေးထားတယ်။

(၁) အမြင့်တွင်အလုပ်လုပ်ရာမှာ လိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းများ (Code of Practice for Working Safely at Heights)
(၂) သတ္တုငြမ်း ဆိုင်ရာအချက်အလက်အသေးစိပ် (Standard SS 280 : Specification for metal scaffoldings.)
(၃) သတ္တုငြမ်းဆင်ရာတွင်အသုံးပြုသော သံပိုက်လုံးနှင့် တွဲချိတ်ပစ္စည်း ဆိုင်ရာအချက်အလက်အသေးစိပ် (Standard SS 311 : Specification for steel tubes and fittings used in tubular scaffolding.)
(၄) လူကိုမြေကြီးနဲ့မရိုက်မိခင် ဖမ်းထိမ်းပေးထားနိုင်မဲ့စနစ် ဆိုင်ရာအချက်အလက်အသေးစိပ် (Standard SS 528 : Specification for personal fall-arrest systems)
(၅) အမြင့်မှပြုတ်ကျသော် ထိခိုက်ဒါဏ်ရာမပြင်းထန်စေရန် အကာအကွယ်ပေးမည့် ကရိယာပစ္စည်းများဆိုင်ရာ အချက်အလက်အသေးစိပ် (Standard SS 570 : Specification for personal protective equipment for protection against falls from a height.)
(၆) သမရိုးကျငြမ်းဆင်ခြင်းဆိုင်ရာ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (Standard SS CP14 : Code of Practice for scaffolds.)
(၇) တွဲလောင်းဆွဲ ငြမ်းဆင်ခြင်းဆိုင်ရာ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (Standard SS CP20 : Code of practice for suspended scaffolds.)
(၈) ဆောက်လုပ်ရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရေး စီမံခန့် ခွဲမှု့ဆိုင်ရာ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (Standard SS CP79 : Code of practice for safety management system for construction worksites.)

ဆိုခြင်တာက အစိုးရတရပ်ဟာ ပြဋ္ဌာန်းသင့်ပြဋ္ဌာန်းအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စံရည် စံညွှန်းတွေကို၊ တာဝန်ဝတ္တရားတွေ၊ ပြစ်ဒါဏ်တွေကို ရှင်းရှင်းလင်းလင်းတိတိကျကျ ပြဋ္ဌာန်းပေးဖို့ တာဝန်ရှိ သလို၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ မလိုက်နာဘဲမနေရအောင် ပုံမှန်စာရင်းစစ်တာတို့ ၊ ရှောင်တခင်စစ်ဆေး ရေးဝင်တာတို့ စတဲ့ စောင့်ကြပ်ထိန်းကွပ်ပေးမဲ့စနစ်တွေကို အဂတိမလိုက်စားစေဘဲ ထိထိရောက်ရောက် အသက်ဝင်နေအောင်ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။
အချုပ်အခြာအာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုအာဏာ နဲ့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေပြဋ္ဌာန်းမယ်၊ အုပ်ချုပ်ရေးအာဏာနဲ့ အဲ့ဒီဥပဒေ၊ နည်းဥပဒေတွေ အသက်ဝင်အောင် စီမံခန့်ခွဲမယ်၊ တရားစီရင်ရေး အာဏာနဲ့အဲ့ဒီဥပဒေတွေကိုမလိုက်နာဘဲ ချိုးဖေါက်တဲ့ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို အရေးယူပြီး တရားဥပဒေစိုးမိုးအောင်လုပ်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်အန္တရာယ်ဆိုတဲ့ ဘီလူးကြီးတွေ လွယ်လွယ်နဲ့ နိုးထလာမှာမဟုတ်ပါဘူး။

အဲ့ဒီလိုမှမဟုတ်ဘဲ အုပ်ချုပ်တဲ့အစိုးရက သူလုပ်ရမဲ့တာဝန်မကျေပွန်လို့ ဥပဒေ၊ နည်းဥပဒေမရှိ ၊ ဒါမှမဟုတ် လုံလောက်တဲ့ဥပဒေမရှိတဲ့အပြင် အုပ်ချုပ်ပုံလည်းမနိုင်နင်း၊ အဂတိလိုက်စားမှု့တွေလည်း မနှိမ်နင်းလို့ တရားဥပဒေမစိုးမိုးဘူးဆိုရင် အန္တရာယ်ကောင်ဘီလူးကြီးတွေခဏခဏနိုးထလာပြီး ပြည်သူပြည်သား၊ အလုပ်သမားလယ်သမားတွေခမျာ ထပ်တလဲလဲ ဂုတ်ချိုးစားသောက်တာခံရမှာ အသေအခြာပါဘဲ။
မြန်မာနိုင်ငံမှာ ဈေးထဲမှာ အလုပ်ထဲမှာ အိမ်မှာ ဓါတ်ကျိုးပြတ်ကျလို့ဖြစ်စေ၊ မတော်တဆဓါတ်လိုက်လို့ဖြစ်စေ မသေသင့်ဘဲသေရတဲ့လူဘယ်လောက်ရှိနေပါပြီလဲ။
ဒီဆောင်းပါးရဲ့ အစပိုင်းမှာရေးခဲ့တဲ့ မတော်တဆမှု့တွေကိုပြန်ကောက်ရရင် ရေပိုက်ဆင်လုပ်သားကြီး ဦးသောင်းမြင့် တိုက်ပေါ်ကပြုတ်ကျသေဆုံးရတဲ့ဖြစ်စဉ်ကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်မယ်ဆိုရင် အောက်ပါမေးခွန်းလေးတွေမေးကြည့်လိုက်ပါ ။

၁) သေဆုံးသူဦးသောင်းမြင့်ဟာ ပြုတ်ကျစဉ်မှာ အသက်ကယ်ကိုယ်ပတ်ကြိုး ဝတ်ဆင်ထားပါသလား
၂) အမြင့်မှာအလုပ်လုပ်ခွင့် (permit-to-work) နဲ့ လုပ်ခဲ့တာလား
၃) သူအလုပ်လုပ်နေတဲ့ တိုက်အပေါ်ထပ်အစွန်းတွေမှာ ပြုတ်မကျအောင် အလုပ်ရှင်က အတားအဆီးတွေ စီမံထားသလား၊ အတားအဆီးမလုပ်ထားခဲ့ရင် ဘာကြောင့်လဲ နည်းဥပဒေလုပ်ထုံးလုပ်နည်းမပြဋ္ဌာန်းထား လို့လား
၎) သေဆုံးသူဦးသောင်းမြင့်ဟာ အမြင့်မှာအလုပ်လုပ်ရင် ကြုံနိုင်တဲ့အန္တရာယ်တွေနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းသင်တန်းတွေတက်ဖူးသလား
၅) အလုပ်ရှင်ဟာပြုတ်ကျနိုင်တဲ့နေရာ အောက်မှာ မြေနဲ့မရိုက်ခင် လူကိုဆီးဖမ်းထားမဲ့ အသက်ကယ်ပိုက်ဆင် ပေးထားသလား၊ ဆင်ပေးမထားခဲ့ရင် ဘာကြောင့်လဲ အစိုးရကနည်းဥပဒေလုပ်ထုံးလုပ်နည်းမပြဋ္ဌာန်းထားလို့ လား ။ စသည်ဖြင့်မေးခွန်းပေါင်းများစွာမေးမယ်ဆိုရင် ရလာမဲ့အဖြေဟာ အနှုတ်လက္ခဏာတွေဘဲများနေမှာပါ။
အဲ့ဒီလိုဘဲ ကွန်ကရစ်လောင်းနေတုန်း သံငြမ်းပြိုကျတဲ့ဖြစ်စဉ်ကို အောက်ပါမေးခွန်းလေးတွေမေးကြည့်လိုက်ပါ ။
၁) သံငြမ်းမှာသုံးတဲ့ သံပိုက်လုံးတွေနဲ့ ပိုက်ဆက်တွေ၊ ဆင်နည်းတွေအတွက် စံရည်စံညွှန်းသတ်မှတ်ချက်ရှိ သလား။
၂) ပြိုကျခဲ့တဲ့ သံငြမ်းကို တပ်ဆင်တဲ့အဖွဲ့ဟာ လက်မှတ်ရ ကျွမ်းကျင်သူတွေဖြစ်သလား။ သံငြမ်းတပ်ဆင်ခွင့် (permit-to-work) နဲ့ ဆင်ခဲ့တာလား။
၃) ပြိုကျခဲ့တဲ့ သံငြမ်းမှာသုံးတဲ့ သံပိုက်လုံးတွေ ပိုက်ဆက်တွေဟာ သတ်မှတ်ချက် အရည်အသွေးမှီသလား။
၎) ပြိုကျခဲ့တဲ့ သံငြမ်းဟာ သုံးဆွဲဖို့ လုံခြုံစိတ်ချရကြောင်း၊ စစ်ဆေးပြီးကြောင်း အသိပေးစာကပ်ထားသလား။
၅) သံငြမ်းတွေအောက်မှာ အလုပ်လုပ်နေသူတွေဟာ အသက်ကာကွယ်ပေးမဲ့ ခေါင်းဆောင်း၊ သံစွတ်ကာဘွတ်ဖိနပ် စတာတွေဝတ်ဆင်ထားသလား။
စသည်ဖြင့်မေးခွန်းပေါင်းများစွာမေးမယ်ဆိုရင်လည်း ရလာမဲ့အဖြေဟာ အနှုတ်လက္ခဏာတွေဘဲများနေမှာပါ။
နောက်ထပ်အရေးကြီးတဲ့အချက်က လုပ်ငန်းခွင်မတော်တဆထိခိုက်မှု့တွေကနေ ဒါဏ်ရာရ ဒုက္ခိတဖြစ် သေဆုံးရသူတွေအတွက် နစ်နာကြေးကိစ္စပါဘဲ။ တိုက်အမြင့်ပေါ်ကပြုတ်ကျသေဆုံးခဲ့ရတဲ့ ဦးသောင်းမြင့်နဲ့ သံငြမ်းပြိုကျလို့ ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရတဲ့ ကိုဆန်းမြင်အောင်တို့အတွက် လုပ်ငန်းခွင်ထိခိုက်မှု့ နစ်နာကြေးဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ ဘယ်လောက်ခံစားခွင့်ရှိမလဲ ဆိုတာစာရေးသူမသိ ပါဘူး။

ဒါပေမဲ့ စင်္ကာပူနိုင်ငံမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အလုပ်သမားနစ်နာကြေးရပိုင်ခွင့်ဥပဒေ (Work Injury Compensation Act) အရ တွက်ချက်ပုံကို စာဖတ်သူတို့သိနိုင်အောင် ထည့်ရေးလိုက်ပါတယ်။

- For Permanent Incapacity, the maximum is $218,000 x [% loss of earning capacity] + a further 25% if you suffer permanent total incapacity (i.e. You suffered 100% loss of earning capacity).
- For death, the compensation amount payable to your dependents is subject to a maximum of $170,000.

အထက်ပါ စင်ကာပူနိုင်ငံရဲ့ လုပ်ငန်းခွင်ထိခိုက်မှု့နစ်နာကြေးဥပဒေ အတိုင်းဆိုရင် ခြေနှစ်ခြောင်း လုံးပြတ် သွားတဲ့ လက်သမားလေးကိုဆန်းမြင့်အောင်ဟာ အများဆုံးမြန်မာကျပ်ငွေသိန်းပေါင်း တစ်ထောင်ကိုးရာ ကျော်ဖိုးလျှော်ကြေးရသင့်ပါတယ် (ဥပဒေအရ Permanent Incapacity ကို ၁၀၀%လို့ ယူပါတယ်) ။

လျှော်ကြေးတွက်ချက်ပုံ (စင်္ကာပူဒေါ်လာ) :
၂၁၈,၀၀၀ X ၁ (PI : ၁၀၀% ) + (.၂၅ x၂၁၈,၀၀၀) = ၂၁၈,၀၀၀.၀၀ + ၅၄,၅၀၀ = ၂၇၂,၅၀၀
လက်ရှိငွေကြေးလဲလှယ်နှုန်း : စင်္ကာပူတစ်ဒေါ်လာ= မြန်မာကျပ် ၈၈၀
၂၇၂,၅၀၀.၀၀ x ၈၈၀ = ၁၉၁,၈၉၄,၅၀၀.၀၀ မြန်မာငွေကျပ် (သိန်းပေါင်း တစ်ထောင်ကိုးရာကျော်)
အသက်ဆုံးပါးခဲ့ရတဲ့ ရေပိုက်ဆင်လုပ်သား ဦးသောင်းမြင့်ရဲ့ မိသားစုကတော့ အများဆုံးမြန်မာကျပ်ငွေ သိန်းပေါင်း တစ်ထောင့်လေးရာကိုးဆယ်ကျော်ရသင့်ပါတယ်။
လျှော်ကြေးတွက်ချက်ပုံ (စင်္ကာပူဒေါ်လာ) :
၁၇၀,၀၀၀.၀၀ x ၈၈၀ = ၁၄၉,၆၀၀,၀၀၀.၀၀ မြန်မာငွေကျပ် (သိန်းပေါင်း တစ်ထောင့်လေးရာကိုးဆယ်ကျော်)
ဒီဆောင်းပါးကို နိဂုံးသတ်ရရင် အိပ်ပျော်နေတဲ့ လုပ်ငန်းခွင်အန္တရာယ် ဘီလူးကြီးတွေ မနိုးထလာစေဘို့ တာဝန် ဟာ အုပ်ချုပ်သူအစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ်အပေါ်မှာ သူ့ အပိုင်းနဲ့ သူ ကိုယ်စီကိုယ်ငှ ရှိကြပါတယ်။ အုပ်ချုပ်တဲ့အစိုးရကလည်း သူ့တာဝန်သူကျေပွန်အောင်ထမ်းရွက်ဖို့လိုပါတယ်။ ပြဋ္ဌာန်းသင့်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတကာအဆင့်မှီပြဋ္ဌာန်းယုံတင်မက အဲ့ဒါတွေအသက်ဝင်နေ အောင် ကောင်းမွန်စွာစီမံဆောင်ရွက်ရမယ်။ ချိုးဖေါက်မှု့တွေရှိရင်လည်း အဂတိကင်ရှင်းစွာ အရေးယူနိုင်ရမှာ ဖြစ်သလိုအလုပ်သမားရောအလုပ်ရှင်ကိုပါ ဥပဒေအကာအကွယ်ပေးနိုင်ရမယ်။ ထိခိုက်ဒါဏ်ရာရသ၊ူ ဒုက္ခိတ ဘဝရောက်နစ်နာရသူတွေ၊ အသက်ဆုံးရှုံးသူတွေအတွက် ထိုက်တန်တဲ့လျှော်ကြေးတွေရဖို့ အုပ်ချုပ်စီမံနိုင်ရ မယ်။

အလုပ်ရှင်နဲ့ အလုပ်သမားတွေအပိုင်းကလည်း လိုက်နာရမဲ့လုပ်ငန်းခွင်စည်းကမ်း၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းတွေကို သိရှိလိုက်နာဖို့တာဝန်ရှိသလို၊ လုပ်ငန်းခွင်အန္တရာယ်တွေသိရှိအောင် ကိုယ်တိုင်ကျိုးစား ဖို့ လိုသလို၊ မသိသေးတဲ့လုပ်ဖေါ်ကိုင်ဖက်တွေကိုသိလာအောင် အတွေ့အကြုံတွေမျှဝေပြီး အခြင်းခြင်းအပြန် အလှန်စောင့်ရှောက်ကြဖို့လိုတယ်။
လူပေါင်းများစွာနဲ့ လုပ်ရတဲ့ လုပ်ငန်းခွင်တိုင်းမှာ တခြားလူတယောက်ရဲ့ အမှု့မဲ့အမှတ်မဲ့ မှားယွင်းလုပ်ဆောင် နေတာကို မှားမှန်းသိနေတဲ့တခြားလူတယောက်ဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ဆိုပြီး လျှစ်လျူရှု့လိုက်မှု့ဟာ လျှစ် လျူရှု့သူအပါအဝင် အခြားလူပေါင်းများစွာအသက်ကိုပါ နှုတ်ယူဖျက်ဆီးသွားနိုင်တာကို အသဲထဲစွဲလို့  မှတ်ထားစေခြင်ပါတယ်။

လေးစားစွာဖြင့်
( မင်းကောင်းချစ်)
ဇူလှိုင်လ (၁၁) ရက် ၂၀၁၅ ခုနှစ်



သမ္မတက အကျဉ်းသား ၇ ထောင်နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ ပြန်လွှတ်ပေးရာမှာ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းသမား ၅ ဦးလဲ ပြန်လည်လွတ်မြောက်လာပါတယ်။

ဘိုင်မွန်းတည့်နေ ဂျာနယ်ပိုင်ရှင် ဦးကျော်မင်းခိုင်၊ ဦးယဉ်မင်းထွန်း၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးအောင်သန့်နဲ့ သတင်းထောက် မင်းဝသန်တို့ ၅ ဦးစလုံး အင်းစိန်ထောင်က ပြန်လွတ်လာတာလို့ သတင်းသမားတွေရဲ့ ရှေ့နေ ဦးကျော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

အယ်ဒီတာ ဦးအောင်သန့်ရဲ့ ဖခင် ဦးထင်ကျော်က ကာလစောပြီး လွတ်လာတဲ့အတွက် ၀မ်းသာမိတယ်လို့ ပြောပါတယ်။

“အကျဉ်းကျနေတဲ့ သားတယောက် လွတ်လာတော့လည်း ဖခင်တယောက်အနေနဲ့ကတော့ ၀မ်းသာပီတိကတော့ အကြီးအကျယ်ဖြစ်ရပါတယ်။ အပြင်လောကမှာ သူ့အသက်အရွယ်နဲ့ ပြန်လှုပ်ရှားလို့ရတာပေါ့၊ ငယ်ငယ်ရွယ်ရွယ်နဲ့” လို့ သူက ပြောပါတယ်။

ဇူလိုင် ၇ ရက်ထုတ် ဘိုင်မွန်းတည့်နေ ဂျာနယ်မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်) ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ကို ထည့်သွင်းဖော်ပြခဲ့လို့ ဂျာနယ်က တာဝန်ရှိသူတွေကို တရားစွဲခဲ့ပါတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဘိုင် မွန်းတည့်နေဂျာနယ်က သတင်းထောက်တွေကို ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဘိုင်မွန်းတည့်နေ ဂျာနယ်က သတင်းသမားတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက် လာပေမယ့် ဓာတုဗေဒ လက်နက်စက်ရုံအကြောင်း ရေးသားဖော်ပြခဲ့လို့ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ယူနတီ ဂျာနယ်က အယ်ဒီတာနဲ့ သတင်းထောက်တွေကတော့ အကျဉ်းကျခံနေဆဲဖြစ်ပါတယ်။

By dvb
http://burmese.dvb.no/archives/105113


ဓာတ်ပုံ - ကျော်စိုးလတ် ဓာတ်ပုံ - ကျော်စိုးလတ်
လှည်းတန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ဒီကနေ့ ကမာရွတ်မြို့နယ် တရားရုံးက အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

“တရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ ပုဒ်မ ခွဲ (၁) အရ မပိုပိုကို သိန်း ၅၀ တန် ခံဝန်သူနှစ်ယောက်နဲ့ သိန်း ၅၀ ဆိုတာကလည်း စာရွက်ပေါ်မှာပါ။ အဲဒါနဲ့ အချုပ်လွတ် ထူချေခွင့်ပြုလိုက်ပါတယ်။ သူက ကျောင်းသူဖြစ်တာလည်း မှန်ကန်နေတဲ့အတွက် ပေးတာပါ။ သူ့ရဲ့ ပညာသင်ကြားမှု မထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်တချက်က မိန်းကလေးငယ် လည်းဖြစ်လို့ တရားရုံး အနုလုံပဋိလုံ စဉ်းစားဆုံးဖြတ်လိုက်တာဖြစ်ပါတယ်” လို့ မပိုပိုရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

မပိုပိုနဲ့အတူ ကိုဝင်းကျော့မှူးနဲ့ ကိုနန္ဒစစ်အောင်ကို ရုံးထုတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့သူနှစ်ယောက်က အာမခံမလျှောက်တဲ့အတွက် ပုံမှန်အတိုင်းပဲ ရုံးထုတ်စစ်ဆေးမယ်လို့ လည်း ပြောပါတယ်။

အာမခံရလာတဲ့ မပိုပိုကတော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ကျမ မတရားစွပ်စွဲခံရတဲ့အတွက် ဒီလိုမျိုး ကျမလွတ်မြောက်ခြင်းအတွက် ကျမ မပျော်ဘူး။ နောက်တချက်က ကျမတို့ ရဲဘော်တွေ ထောင်ထဲမှာရှိသေးတယ်။ ပြီးတော့ သာယာဝတီမှာ ကျမတို့ ရဲဘော်အများကြီးရှိသေးတယ်။ အဲတော့ ကျမဒီလိုမျိုးထွက်လာရခြင်းအပေါ်မှာ ကျမစိတ်မလုံမလဲ ဖြစ်မိတယ်။ အပြင်မှာလည်း ကျမတို့ ဆက်လက်လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ကျမတို့ တောင်းဆိုထားတဲ့ ၁၁ ချက်မှာ မရမချင်း ကျမတို့ တိုက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့အတွက် မရမချင်း လုပ်ဆောင်သွားမယ်ပေါ့နော်။ ”

မပိုပိုတို့ဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသား ဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု) နဲ့ ပုဒ်မ ၅၀၅(ခ) ( နိုင်ငံတော်အစိုးရ(သို့) နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှု) တွေနဲ့ တရားစွဲဆိုခံထားတာဖြစ်ပါတယ်။

အမှုကိုဆက်လက်စစ်ဆေးဖို့ လာမယ့် သြဂုတ်လ ၁၃ ရက် ရုံးပြန်ချိန်းဆိုထားပါတယ်။

DVB
http://burmese.dvb.no/archives/105122http://burmese.dvb.no/archives/105122


PaThein Prisoners Release 30072015(3
ဒီကနေ့ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၉၆၆ ဦးပြန်လွှတ်ပေးတဲ့အနက် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးသာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ) (အေအေပီပီ) ကပြောပါတယ်။

သူတို့တတွေကတော့ သရက်ထောင်ကနေ လွှတ်မြောက်လာတဲ့ ကိုအောင်ကိုလတ်၊ အင်းစိန်ထောင်ကနေ ဦးတင်မောင်ကြည်၊ ဦးစိန်သန်း၊ ဦးမင်းဇော်ဦး၊ ကိုဝင်းစိုးနဲ့ ဘိုင်မွန်းတည့်နေသတင်းထောက် ၅ ဦးဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး အိုးဘိုထောင်ကနေ ဗိုလ်မှူး ကျော်စွာဝင်း နဲ့ ပခုက္ကူ အကျဉ်းထောင်က ဦးကောင်းထွန်းနဲ့ ဦးမြင့်အောင်တို့ ပြန်လည်လွတ်မြောက်တာလာပါတယ်။

နိုင်ငံတ၀န်း အကျဉ်ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၃၄ ဦးရှိနေတဲ့အနက် ဒီကနေ့ ၁၃ ဦး ပြန်လွတ်လာတာဖြစ်တယ်လို့ အေအေပီပီတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်မှုနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကမှ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချခံရပြီး မြစ်ကြီးနားထောင်မှာ ကျခံနေကြတဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦးလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ယခင်စစ်အစိုးရလက်ထက်က ထောင်ဒဏ် ၉၆ နှစ် ချမှတ်ခံထားရတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးချုပ်သန်းထွန်းအပါအ၀င် ထောက်လှမ်းရေးဟောင်း ၉ ဦးပါဝင်တယ်လို့ သိရပါတယ်။

By နော်နိုရင်း /DVB
http://burmese.dvb.no/archives/105128



ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလို့ ထောင် ၂ နှစ်ကျခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်း ဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ပြန်လွတ်လာပြီး ထောင်က လွတ်လာလာချင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံဖို့နဲ့ အန်အယ်လ်ဒီကို မဲပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဇူလိုင် ၃၀ ရက် မန္တလေးမြို့ Mr. 88 cafe မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောဆိုခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာပဲ သူ့အနေနဲ့ အန်အယ်လ်ဒီပါတီဝင်ဖို့ အဆိုပြုပြီး ရွေးကောက်ပွဲ ၀င်မယ့်အကြောင်းလည်း ထုတ်ပြောခဲ့ပါတယ်။

ရိုက်ကူး – ကျော်ဇေ
.
DVB TV –


မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိလာသော ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီ သည် ဂျန်မိုင်ကောင်း စစ်ဘေးဒုက္ခသည်စခန်းသို့ သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

ဓာတ်ပုံ-စိုးဇေယျာထွန်း/ရိုက်တာ
.

အကျဉ်းသား ၆၉၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် စာရင်းတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားများ ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြ

မြန်မာအစိုးရက ဇူလိုင် ၃၀ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၆၉၆၆ ဦးတွင် တရားမ၀င် သစ်ခုတ်ထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦးပါဝင်ကြောင်း အဆင့်မြင့်အရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များပေး၍ ပြည်နှင်ဒဏ်ပေးခြင်းတို့တွင် အဆိုပါ တရုတ်နိုင်ငံသား ၁၅၅ ဦး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ခိုးထုတ် တရုတ်နိုင်ငံသားများကို ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့တွင် မြစ်ကြီးနား ခရိုင်တရားရုံးက တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အဖိုးတန်ကျွန်းသစ် အပါအ၀င် သစ် ၁၀၅၆၉ တန်ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံသား ၁၈၁ ဦးနှင့် တရုတ်နိုင်ငံသား ၁၅၅ ဦး ဖမ်းဆီးအရေးယူထားကြောင်း၊ တရုတ်နိုင်ငံသို့ သစ်မှောင်ခိုတင်သွင်းမှု မလျော့ကျခြင်းမှာ သစ်မှောင်ခိုသမားများက ဈေးကြီးပေးဝယ်နေ၍ဖြစ်ကြောင်း ကချင်ပြည်နယ် သစ်တောဌာနမှ သုံးသပ်ထားကြောင်း အစောပိုင်း သတင်းများအရ သိရသည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းအရ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ်လကုန်အထိ ကျွန်း ၂၆၀၁ ဒသမ ၈၈၉ တန် အပါအ၀င် အခြားသစ် ၁၀၅၆၉ ဒသမ ၁၁၂ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမ၀င်သစ်မှောင်ခိုလုပ်ငန်း အကြီးဆုံး လုပ်ကိုင်နေသော နိုင်ငံဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၇ ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေကာ အဆိုပါ တရားမ၀င် ၀င်ရောက်သည့် သစ်များ၏ ၉၀ ရာခိုင်နှုန်းအား မြန်မာနိုင်ငံမှ ရရှိနေကြောင်း ဇန်န၀ါရီ ၈ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ ( IBC) တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သစ်တောအသင်း၏ Seminar on : Enviroment: Policies, People and Problem ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ အငြိမ်းစားညွှန် ကြားရေးမှူး ဦးတင်အေး၏ "What are the Major Causes of Deforestation in Myanmar" စာတမ်းအရ သိရသည်။

အစိုးရသစ်လက်ထပ် ဘဏ္ဍာနှစ် လေးနှစ်တာကာလဖြစ်သည့် ၂၀၁၁-၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဇန်န၀ါရီလအထိ တရားမ၀င်သစ် ခိုးထုတ်မှုများမှ ကျွန်းနှင့် သစ်မာများအပါအ၀င် သစ်တန်ချိန်ပေါင်း ၁၄၀၀၀၀ တန်ခန့် ဖမ်းဆီးခဲ့မိပြီး အဆိုပါ သစ်ခိုးထုတ်မှုများတွင် နိုင်ငံခြားသား ၂၅၀ ဦးခန့်နှင့် နိုင်ငံသား ၂၂၆၀၀ ဦးကျော် ပါဝင်ဖမ်းဆီး ခဲ့မိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက သိရသည်။

EMG

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလို့ ထောင် ၂ နှစ်ကျခဲ့တဲ့ ဗိုလ်မှူး ကျော်စွာဝင်းဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ပြန်လွတ်လာပြီး ထောင်က လွတ်လာလာချင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံဖို့နဲ့ အန်အယ်လ်ဒီကို မဲပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။
-
ဇူလိုင် ၃၀ ရက် မန္တလေးမြို့ Mr. 88 cafe မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောဆိုခဲ့တာဖြစ်ပြီး အဲ့ဒီပွဲမှာပဲ သူ့အနေနဲ့ အန်အယ်လ်ဒီပါတီဝင်ဖို့ အဆိုပြုပြီး ရွေးကောက်ပွဲ ၀င်မယ့်အကြောင်းလည်း ထုတ်ပြောခဲ့ပါတယ်။
-
“ကျနော်ပြောချင်တာသည် ကျနော် နောက်တကြိမ် ထောင်ထဲ ပြန်ဝင်ဖို့ မကြောက်ဘူး။ အခု မီဒီယာတွေရော၊ တိုင်းပြည်တခုလုံးကို ပြောမယ်၊ ပြောချင်တယ်၊ အမှန်တရားနဲ့ ပတ်သက်လာလို့ ထောင်ကို ကြောက်နေမယ်ဆို ဒီမိုကရေစီ ဘယ်တော့မှ မရနိုင်ဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် ထောင်ကို မကြောက်မှ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီရမယ်၊ အားလုံးကို ပြောချင်တာက အထူးသဖြင့် အမေစုကို ၀န်းရံကြပါ၊ အန်အယ်လ်ဒီကို မဲပေးကြပါ။”
-
လာမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လုပ်ဆောင်သွားမယ့်အကြောင်း သစ္စာပြု ပြောခဲ့ပါသေးတယ်။
-
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ထိုးခဲ့တဲ့နေ့မှာပဲ အဖမ်းခံရပြီး အချုပ်မှာ နေထိုင်ခဲ့ရပုံတွေကိုလည်း ဗိုလ်မှူးကျော်စွာဝင်းက ခုလို ရှင်းလင်းပြောခဲ့ပါတယ်။
-
“၄ ရက်၊ ၇ လ၊ ၂၀၁၄ အဲ့ဒီနေ့မှာ လက်မှတ်ထိုးတယ်၊ အဲ့ဒီနေ့မှာပဲ အဖမ်းခံရတယ်။ စစ်တရားရုံးမှာ ၁၁ ရက် ၈ လမှာ အမိန့်ကျတယ်။ အဲ့ဒီနေ့ကစပြီး ချုပ်ရက်ကျတယ်။ တပ်ထဲမှာ ၅ လ ၁ ရက် နေခဲ့ရတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ကျနော် ထောင်ကို ရောက်တယ်။ ဒီနေ့မှာ ထောင်ကထွက်တယ်၊ ထောင်မှာတော့ ၈ လနီးပါး နေခဲ့ရတယ်၊ ချုပ်ရက်က ၃ လခွဲလောက်နေခဲ့ရတယ်။ ကျနော် နေခဲ့ရတဲ့ အချုပ်ခန်းမှာ ရေချိုးထွက်ခွင့် မရှိဘူး၊ ကျနော့်ခန္ဓာကိုယ်မှာ အနာတွေ ထွက်လာတဲ့အတွက် ဆရာဝန်မျတ်ချက်နဲ့မှ ရေချိုးထွက်ခွင့်ရတယ်၊ အခန်းကျဉ်းလေးထဲမှာ ၅ လကျော်ကြာအောင် လမ်းလျှောက်ခွင့်လည်းမရှိဘူး၊ ကျဉ်းကျဉ်းကျပ်ကျပ်သာ နေခဲ့ရတယ်၊ ချုပ်ရက်မှာ အပြည့်အ၀ခံစား ခွင့် မရှိခဲ့ဘူး။”
-
သတင်းစာရှင်းလင်းပွဲတက်လာတဲ့ သတင်းသမားတယောက်က အန်အယ်လ်ဒီပါတီက ကမ်းလှမ်းလို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အစီအစဉ်ရှိလားလို့ မေးတော့ ဗိုလ်မှူးကျော်စွာဝင်းက “ကျနော် အဆိုပြုမှာပါ။ ကျနော့်ကို လိုအပ်တဲ့နေရာ သုံးပေးဖို့ ဒီမိုကရေစီတိုက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ခုနပြောတဲ့ အမတ်လောင်းပဲဖြစ်ဖြစ်၊ အမတ်လောင်း မဟုတ်ဘဲနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ လိုအပ်လိုအပ် လိုအပ်တဲ့နေရာမှာ သွားရောက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဘယ်နေရာ ဘယ်ဒေသရယ်လို့ ဒေသစွဲ မရှိပါဘူး။ လူမျိုး တိုင်းရင်းသား အစွဲ မရှိပါဘူး၊ ရာထူးအစွဲ မရှိပါဘူး။ ဘယ်နေရာပဲ ဖြစ်ဖြစ် အန်အယ်လ်ဒီပါတီက ကမ်းလှမ်းလာလို့ပဲ ဖြစ်ဖြစ်၊ ကျနော်ကိုယ်တိုင် ရွေးချယ်လို့ပဲ ဖြစ်ဖြစ် ကျရာနေရာက တာဝန်ထမ်းဆောင်ဖို့ ကျနော် အသင့် ရှိပါတယ်။ ကျနော် ကိုယ်တိုင်လည်းပဲ အမေစုနဲ့ သွားတွေ့ပြီးတော့ ဂါရ၀ပြုရင်းနဲ့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လမ်းညွှန်မှုသွားရောက်ယူမှာ ဖြစ်ပါတယ်။”
-
ဗိုလ်မှုးကျော်စွာဝင်းဟာ ပြင်ဦးလွင်ရှိ တပ်မတော် လျှပ်စစ်အင်ဂျင်နီယာတပ်က အရာရှိ တယောက်ဖြစ်ပြီး ပြင်ဦးလွင် အန်အယ်လ်ဒီပါတီရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုမှာ ပါဝင်လက် မှတ်ထိုးခဲ့သူ တပ်မတော်အရာရှိတယောက်လည်း ဖြစ်ပါတယ်။
-
လက်မှတ်ထိုးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ချုပ်နှောင် ထားတာ ၅ လ အကြာမှာ ၄၁ (င) အမိန့်မနာခံမှု၊ ၆၅ စည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
=====
DVB


  အိန္ဒိယ သမုဒ္ဒရာ အတွင်းက Reunion ကျွန်းပေါ်မှာ တွေ့ခဲ့ရတဲ့ လေယာဉ် အပိုင်းအစငယ်ဟာ ပျောက်ဆုံး နေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ အပိုင်းအစ ဟုတ်မဟုတ် စစ်ဆေးဖို့ အဲဒီ အပိုင်းအစကို ပြင်သစ် နိုင်ငံတောင်ပိုင်းကို သယ်ဆောင် သွားပြီလို့ မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။


အစောပိုင်း ယူဆချက်တွေအရ ၂ မီတာ ရှည်တဲ့ အဲဒီ အပိုင်းအစဟာ ဘိုအင်း ၇၇၇ လေယာဉ် တစ်စင်းရဲ့ အပိုင်းအစ ဖြစ်ဖို့ များတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ဆိုပါတယ်။

မလေးရှား လေကြောင်းပိုင် MH370 လေယာဉ် တစ်စီးသာ သမုဒ္ဒရာပေါ် ပျောက်ဆုံးသွားတဲ့ တစ်စင်းတည်းသော ဘိုအင်း ၇၇၇ လေယာဉ် ဖြစ်ပါတယ်။

MH370 ဟာ ၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါသွားပါတယ်။

လေယာဉ် အပိုင်းအစတွေမှာ အမှတ်စဉ် နံပါတ်တွေ ပါတဲ့ အတွက် MH370 ရဲ့ အပိုင်းအစ ဟုတ်မဟုတ် သက်သေပြဖို့ အဲဒီ နံပါတ်တွေက အထောက်အကူ ဖြစ်စေမှာပါ။

ဒီကနေ့ ကြာသပတေး နေ့မှာလည်း အတော်လေး ပျက်စီးနေတဲ့ ခရီးဆောင်အိတ် အကြွင်းအကျန် တစ်ခုကို အဲဒီ ကျွန်းပေါ်မှာပဲ ထပ်မံ တွေ့ရှိ ခဲ့ပါတယ်။

Reunion ကျွန်းဟာ အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်ပိုင် ကျွန်း ဖြစ်ပြီး၊ အဲဒီ ကျွန်းရဲ့ အရှေ့ဘက် သမုဒ္ဒရာအတွင်း ဧရိယာ ကီလိုမီတာ ၄၀၀၀ လောက်ကို သြစတြေးလျ ဦးဆောင်တဲ့ ရှာဖွေရေး အဖွဲ့တွေက အဓိကထား ရှာဖွေ နေကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဟာလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းရောက်။ (ဇူလိုင် ၃၀၊ ၂၀၁၅)
 ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး Angelina Jolie ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းအတွင်းမှာတော့ ၂၀၁၂ ခုနှစ်တုန်း ကတည်းက အစိုးရရဲ့ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဦးဘရန်ရှောင် မိသားစုဝင်အချို့နဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဒီနောက် ညနေပိုင်း မှာတော့ မြစ်ကြီးနားမြို့ပေါ်မှာပဲ ကချင်အရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန်ကျရင်တော့ ကချင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်နဲ့တွေ့ဖို့ စီစဉ်ထားတယ် လို့လည်း သိရပါတယ်။ မနေ့တုန်းကတော့ ရခိုင်ပြည်နယ် စစ်တွေကို သွားဖို့ စီစဉ်ထားပေမယ့်၊ ရာသီဥတုဆိုးဝါးပြီး လေယာဉ်မဆင်းနိုင်တာကြောင့် မသွားရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုက္ခသည်တွေအရေးကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေ ကို ဆွေးနွေးမေးမြန်းဖို့အတွက် လာရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Angelina Jolie ဟာ ယခင်ကတော့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီကို လာရောက်ခဲ့ဖူးပြီး၊ အခု တကြိမ် လာရောက်ခြင်း ကတော့ မြန်မာနိုင်ငံတွင်းကို တရားဝင် ပထမဆုံးအကြိမ် လာရောက်မှုဖြစ်ပါတယ်။

မနေ့တုန်းကတော့ မြန်မာသမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာပြည် လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဖိတ်ကြားမှုရတဲ့နောက်၊ အခု ဒီခရီးစဉ်ဖြစ်လာတာလို့လည်း Jolie ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံတ၀န်းက အကျဉ်းသား ၇ ထောင်လောက် လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သတင်းသမား တချို့နဲ့ တက်ကြွ လှုပ်ရှားသူ အနည်းငယ် ပါဝင်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်းမှာ မလွတ်မြောက်ဘဲ ကျန်နေသေးတယ်လို့ လွတ်မြောက် လာသူတို့က ပြောဆိုကြ ပါတယ်၊ ပြစ်ဒဏ် ၁ နှစ်ခံပြီးသူတွေကို လွှတ်ပေးတာလို့ ဆိုပေမယ့် မြစ်ကြီးနားထောင် မှာ သစ်ခိုးမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်တို့ကတော့ သတင်းတပတ်ကျော်မှာ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ရတဲ့အပေါ်မှာလည်း ထောက်ပြကြပါတယ်။ ရန်ကုန်၊ မန္တလေး အကျဉ်းထောင်တို့က လွတ်မြောက်လာကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ကြရသူတွေရဲ့ ဖွင့်ဟ ပြောဆိုချက်တွေကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နိုင်ငံတ၀န်းက အကျဉ်းထောင်တွေကနေ အကျဉ်းကျနေသူ ၆၉၆၆ ဦးတို့ထဲမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ တဒါဇင်ကျော်ကျော် ပါဝင်ခဲ့တာပါ။ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ထောင်ချခံခဲ့ရပြီး ဒီကနေ့ ပြန်လည် လွတ်မြောက်လာခဲ့သူ ကိုတင်မောင်ကြည်ကတော့ ပြန်လွတ်လာတဲ့ အပေါ်မှာ အခုလို ပြောပါတယ်။

"တကယ်စေတနာ သူတို့ပါတယ်ဆိုရင် အခု အင်းစိန်ထောင်ထဲမှာ လက်ရှိကျန်ခဲ့တာ ကျနော်တို့ ရဲဘော်ရဲဘက်တွေ အများကြီး ရှိတယ်။  ကျောင်းသားတွေ ထဲကဆို ဇေယျာလွင်တို့ရှိတယ်။ နောက် ပိုင်ဖြိုးသူတို့ရှိတယ်။ နောက် အလုပ်သမားတွေ အများကြီးရှိသေးတယ်။ ကိုထင်ကျော်တို့ ကျန်ခဲ့တယ်။ အများကြီးပဲ။ သူတို့ တကယ်စေတနာရှိတယ်။ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုရင် လွတ်လွတ်ကင်းကင်း ပေးရမယ်။ ကျနော်တို့ကို သူတို့ပေးတယ် ဆိုတာ 401 တွေ ။ 401 ကို လက်မှတ်ထိုးခိုင်းတယ်။ ကျနော်က မထိုးဘူး။ လက်မှတ်မထိုးရင် ကျနော်ကို ပြန်ထည့်မလား ထည့်လိုက်လေ။ ကျနော်ပြောလိုက်တယ်။ ပြောမယ်ဆိုရင် အစိုးရက စေတနာ ပါလား။ မပါလားဆိုတာ ပေါ်လွင်နေတာပဲလေ။ ကျနော် အနေနဲ့ကတော့ လက်ရှိ ဒီအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ်မှာတော့ ကျနော်ကတော့ ကျေးဇူးတော့ မတင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လွတ်ရက်က နီးနေတာကိုး။ ပြည်သူ့ရဲ့အကျိုး ကိုကြည့်ပြီး လုပ်တာ တခုမှ မရှိဘူး။

လက်ရှိ ဒီကနေ့ လွတ်လာတဲ့သူတွေထဲမှာလည်း ကျနော်ကြည့်တာပေါ့။ အကျဉ်းသားတွေလည်းပါတယ်။ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ကျနေတဲ့ နှစ်ကြီးသမားတွေလည်းပါတယ်။ နောက် လက်နက်မှုနဲ့ အဖမ်းခံထားရတဲ့သူတွေပါတယ်။ ဘိန်းမှုသမားတွေ ပါတယ်။ နောက် တကယ် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား သမားတွေ တယောက်မှ မပါဘူး။ ကျနော် တယောက်ပဲ ပါတာ။ "

အကျဉ်းထောင်တွင်းမှာ တနှစ်ကျခံပြီးနောက် ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုတာ ဖြစ်တယ်လို့ ဆိုပြီး အခု အကျဉ်းသားတွေကို လွှတ်လိုက်တာ ဖြစ်ပေမယ့် သစ်ခိုးမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျခဲ့သူ တရုတ်နိုင်ငံသား ၁၅၀ ကျော်တို့လည်း ပြစ်ဒဏ်ကျပြီး မကြာခင်မှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုမှာ ပါဝင် လက်မှတ်ထိုးမှုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသူ ဗိုလ်မှူး ကျော်စွာဝင်း ကတော့ မန္တလေး အိုးဘိုထောင်ထဲမှာ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိနေသေးကြောင်း ပြောပါတယ်။

"နိုင်ငံရေးနဲ့ပတ်သက်လို့တော့ ကျနော်နဲ့အတူ တယောက်မှ မပါခဲ့ဘူး ခင်ဗျ။ ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေက ကိုအောင်စိုးရှိတယ်။ ကိုအောင်စိုးက ခြောက်နှစ် ကျတာဆိုတော့ သူက မပါဘူးခင်ဗျ။ ကိုသိန်းအောင်မြင့် ရှိတယ်။ သူကလည်း တနှစ်ကျတာဆိုတော့ မပါဘူး ခင်ဗျ။ နောက် ကျောင်းသားလေးတွေ ရှိတယ်။ နောက် ဦးဇော်ဝင်း ရှေ့နေကြီး ဦးဇော်ဝင်းရှိတယ်။ သူကလည်း အမှုနဲ့ဆိုတော့ မပါဘူးပေါ့နော်။ အဲ့တော့ နိုင်ကျဉ်းနဲ့ပတ်သက်လို့ ကျန်တဲ့သူတွေ အားလုံး ကျန်နေခဲ့တယ်။ ကျနော်သိတဲ့အထဲ ကိုသိန်းအောင်မြင့်နဲ့ ကိုအောင်မြင့်က အမှုကြီးတယ်။ ဒါပေမဲ့ သူတို့က သတ်မှတ်ချက်နဲ့ အကျုံးမဝင်တဲ့အခါကျတော့ ပါမလာခဲ့ဘူး။ ကျနော်ကတော့ သတ်မှတ်ချက်နဲ့အကျုံးဝင်တဲ့အတွက် ကင်းလွတ်ပေးလိုက်တယ်။ သတ်မှတ်ချက်ကတော့ တနှစ်နေ၊ တနှစ်လက်ကျန်သဘောမျိုးနဲ့ သတ်မှတ်လိုက်တာ။

တရုတ်နိုင်ငံသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တာတော့ ကျနော် မသိပါဘူးခင်ဗျ။ တကယ်လို့ လွှတ်ပေးလိုက်တယ်ဆိုရင် ကျနော့်အနေနဲ့ ဒါကို ရှုတ်ချပါတယ်။ ဒါကို မထောက်ခံပါဘူး။ အခုလွတ်ငြိမ်းချမ်းသာခွင့်ကလည်း လုံလောက်တဲ့ အနေအထားရှိတယ်လို့ ကျနာ် မခံယူပါဘူးခင်ဗျ။"

ဒီကနေ့ လွတ်လာတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူတွေ တင်မြှောက်ကြောင်း ရေးသား ခဲ့ကြတဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်ရဲ့ ထုတ်ဝေသူနဲ့ သတင်းထောက် ၅ ဦးတို့လည်း ထောင်ဒဏ် ၁ နှစ်ကျော် ကျခံ အပြီးမှာ ပြန်ပြီး လွတ်လာကြပါတယ်။ ဘိုင်မွန်းတည့်နေ ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုအောင်သန့် ကတော့ ပြန်လွတ်လာပေမယ့် အသက်မွေးဝမ်းကျောင်း အတွက် စိတ်ပူနေရတယ်လို့ ပြောပါတယ်။

"ကျနော်ကတော့ ပြန်လွတ်လာတဲ့အတွက် သတင်းသမားတယောက်အနေနဲ့ စာနယ်ဇင်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ အခွင့်အလမ်း ရရှိလာတယ်ပေါ့ဗျာ။ ကျနော်တို့ ဒီဘက်မှာ သတင်းသမားတွေကို တရားစွဲနေတာတွေလည်း ရှိတယ်။ နောက် ဖမ်းဆီးထောင်ချခဲ့တာတွေလည်းရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီဟာမျိုးတွေဟာ ဒီမိုကရေစီနိုင်ငံမှာကတော့ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ပြောရမယ်ဆိုလို့ရှိရင် ။ ကျနော် အမှန်အတိုင်း ဝန်ခံရမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ ဂျာနယ်တိုက်က မရှိတော့ဘူးဗျ။ ကျနော်တို့ ဂျာနယ်တိုက်က မရှိတော့ဘူးဆိုတော့ လောလောဆယ်တောင်မှ ဘယ်ဂျာနယ်တိုက်မှာ အလုပ်လုပ်ရမလဲ။ ဘာလုပ်ရမလဲဆိုတာ ကျနော် လုပ်ချင်တဲ့စိတ်ဆန္ဒပဲ အပြည့်အဝ ရှိတာပေါ့ဗျာ။ ဘယ်မှာ လုပ်ရမလဲ။ ဘယ်မှာ လုပ်ရမလဲဆိုတာ ကျနော် ဘယ်လိုမှ ဆုံးဖြတ်လို့မရသေးဘူး။ ဆုံးဖြတ်လို့မရသေးတာထက်စာလို့ရှိရင် ဘယ်မှာသွားပြီးတော့ အဆင်ပြေအောင် ပြောဆိုရမယ့် အနေအထားမရှိဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော် ဒီလုပ်ငန်းနဲ့ပဲ အသက်မွေးလာတာ ဆယ်နှစ်ရှိပြီ။ "

ဒီကနေ့ အကျဉ်းသား ၇ ထောင်လောက်လွှတ်တဲ့ အထဲမှာ ယုံကြည်ချက်ကြောင့် ထောင်ကျခံနေရသူ ၁၃ ဦးဘဲ လွတ်မြောက် လာတယ်လို့ နိုင်ငံရေး အကျဉ်းသား အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိ မြန်မာ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၁၂၀ ကျော် ရှိနေသေးပြီး နောက်ထပ် ၄၀၀ တို့ဟာလည်း တရားရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ရွေးကောက်ပွဲ အလွန်တွင်လည်း လက်ရှိ သမ္မတ သက်တမ်း ကုန်လွန်သည်အထိ ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားပြီး ပြုပြင် ပြောင်းလဲရေး ရပ်တန့်နေသည်ဆိုသည့် ပြောဆိုမှုများကို ပယ်ချခဲ့သည်။

Nikkei Asian နှင့် ဇူလိုင် ၂၉ ရက်နေ့ကပြုလုပ်သော အင်တာဗျုးတွင် ဦးသိန်းစိန်က ဒုတိယ သမ္မတ သက်တမ်းကို ထမ်းဆောင်လိုသည်ဟု ဆိုခဲ့ရာ လက်ရှိသက်တမ်းကုန်လျှင် အနားယူမည်ဆိုသော အစောပိုင်း ပြောဆိုမှုသည် ပြောင်းလဲသွားပြီဖြစ်သည်။ သို့ရာတွင် ဒုတိယ သမ္မတ သက်တမ်း ထမ်းဆောင်ရန်မှာ နိုင်ငံရေး အခြေအနေနှင့် ပြည်သူ့ဆန္ဒပေါ်တွင် မူတည်သည်ဟု ဆိုသည်။

လက်ရှိသက်တမ်း၏ နောက်ဆုံးအဆင့်တွင် ဦးစားပေးလုပ်ဆောင်မည့်ကိစ္စရပ်များမှ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ သဘောတူလက်မှတ်ရေးထိုးနိုင်မည်ဟု ၎င်းက လေးလေးနက်နက် ယုံကြည်နေပုံရသည်။ ထို့ပြင် အိမ်းနီးချင်းနိုင်ငံများနှင့် ရင်နှီးချစ်ခင်မှု ပိုမိုခိုင်မာရေး၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ အထူးသဖြင့် အသေစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် ကုန်ကြမ်းတင်ပို့သည့်နိုင်ငံအဖြစ်မှ ကုန်ချောထုတ်လုပ်နိုင်သည့်နိုင်ငံဖြစ်ရေး ဦးစားပေးလုပ်ဆောင်မည်ဟုလည်း ဆိုသည်။

“ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်နေတယ်ဆိုတာကို ကျွန်တော် သဘောမတူဘူး”ဟု နေပြည်တော် သမ္မတအိမ်တော်ရာတွင် ဦးသိန်းစိန်က ပြောသည်။ ယခုအစိုးရသက်တမ်းအစောပိုင်းက လုပ်ဆောင်မည်ဟုဆိုခဲ့သော ဆင်းရဲမှုလျော့ကျရေးနှင့် ၀င်ငွေတိုးတက်ရရှိရေး ကိစ္စရပ်များ မအောင်မြင်သေးသည်ကို အသိအမှတ်ပြုသော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်လဲမှုတွင် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ရလဒ်များ ရရှိခဲ့သည်ဟု ၎င်းကပြောသည်။

၎င်းတို့ထဲတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်အကြား တိုက်ပွဲများ သိသိသာသာ ကျဆင်းသွားခြင်း၊ စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုမှရရှိလာသည့် နိုင်ငံရေးနှင့်လုံခြုံရေးပိုင်း တိုးတက်လာမှုအပြင် နိုင်ငံရေးအကျဉ်းသားအချို့ပင်ပါဝင်သော နိုင်ငံရေးပါတီသစ် ၈၀ ခန့် ထွက်ပေါ်လာခြင်းတို့ဖြစ်သည်ဟု ၎င်းကပြောသည်။

“အသိသာဆုံးအောင်မြင်မှုကတော့ သွေးထွက်သံယိုမဖြစ်ဘဲ စစ်အစိုးရကနေ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံအစိုးရအဖြစ် တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲလိုက်နိုင်ခြင်းပါပဲ။ ဒါကတော့ မြန်မာ့သမိုင်းမှာ ကျွန်တော်တို့ရဲ့မှတ်တမ်းအမွေအနှစ် ဖြစ်ပါလိမ့်မယ်”ဟု ဦးသိန်းစိန်က ပြောသည်။

သက်တမ်းအားဖြင့် ၈ လသာကျန်တော့သည့်အချိန်တွင် စီးပွားရေးကဏ္ဍ၌ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး အာကောင်းလာစေးရေး ပိုမို လုပ်ဆောင်မည်ဖြစ်သဖြင့် လျှပ်စစ်မီးအလုံအလောက်ရရှိရေးနှင့် နည်းပညာပိုင်းတွင် အသိပညာပိုမိုတိုးပွားလာရေးစသည့် အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာရေးကို အလေးထားဆောင်ရွက်မည်ဟု ဖြည့်စွက်ပြောကြားသည်။ ၎င်းကိစ္စရပ်များအတွက် ပြည်ပအကူအညီ မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ပြောသည်။

“လိုအပ်တဲ့အပိုင်းတွေကို ဖာထေးနိုင်ဖို့ ဂျပန်လိုနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် အတူတကွ လုပ်ကိုင်တေပါတယ်”ဟု ပြောသည်။ ပထမအဆင့်ပြီးမြောက်တော့မည်ဖြစ်သော ဒေါ်လာ ဘီလီယံများစွာကုန်ကျခံဆောက်လုပ်သည့် သီလ၀ါအထူးစီးပွားရေးဇုန်၊ ထိုင်း-မြန်မာတို့နှင့်အတူ ဖော်ဆောင်မည့် ထားဝယ်စီးပွားရေးဇုန်၊ နိုင်ငံတောင်ပိုင်းရှိ ရေနက်ဆိပ်ကမ်းတို့အပါအ၀င် အခြားစီမံကိန်းကြီးများတွင် ဂျပန်နိုင်ငံ၏ အကူအညီနှင့် ရင်းနှီးမြှပ်နှံမှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ စီးပွားရေးသီးသန့် လက်တွဲမှုများအပြင် မြန်မာသည် နိုင်ငံတကာရပ်ဝန်းနှင့် နှီးနှောဆက်ဆံလိုကြောင်း ၎င်းကပြောသည်။ တရုတ်နိုင်ငံသည် မြန်မာ၏မိတ်ဆွေကောင်းဖြစ်၍ နိုင်ငံတွင်းအများဆုံးရင်နှီးမြှပ်နှံသည့်နိုင်ငံဖြစ်သော်လည်း အမေရိကန်နှင့်ဆက်ဆံရေးသည်လည်း အချို့သော ရင်နှီးမြှပ်နှံမှုကြီးများ ၀င်လာရန် လက်တွန့်နေကြလင့်ကစား သိသာစွာ နွေးထွေးမှုရှိလာသည်ဟု ၎င်းကပြောသည်။

“စီးပွားရေးပိတ်ဆို့ထားတာတွေ အလုံးစုံမဟုတ်ပေမယ့် တော်တော်များများ ဖြေလျော့ပေးထားတယ်။ သမ္မတ အိုဘာမားအစိုးရက မြန်မာနိုင်ငံအပေါ် ချည်းကပ်မှုပုံစံသစ်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး မူဝါဒကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာပါတယ်”ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မုန်တိုင်းအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၈း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်” (Komen)သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်လျှက်ရှိပါသည်။

နောက်(၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဖြတ်ကျော်နေစဉ်အတွင်း မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၄၀)မှ မိုင်(၆၀)အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၅)ပေမှ (၇)ပေ ခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၃)ပေမှ (၅)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ်ပါသည်။

(၃၀.၇.၂၀၁၅)ခုနှစ်၊ (၁၉း၀၀)နာရီ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
https://www.facebook.com/dmhmoezalanaypyitaw

  ယနေ့ နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ် များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန် သည့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၉၆၆ ဦးတို့ ကို ယနေ့  ဇူလိုင်လ ၃၀ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနများမှ ထုတ်ပြန်လိုက်သည်။

ယင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် များပေးကြောင်း ထုတ်ပြန်ကြေငှာခဲ့သည်။

ပြည်နှင်ဒဏ်ပေးခြင်း တို့ပါဝင်ပြီး ယင်းနိုင်ငံခြားသား အကျဉ်းသားများအနက် ဇူလိုင် ၂၂ ရက်က မြစ်ကြီးနားခရိုင် တရားရုံး၌ အမိန့် ချမှတ်ခဲ့သော တရုတ်သစ်ခုတ်သမား ၁၅၅ ဦး ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

ထိုသို့ တရုတ်နိုင်ငံသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမှာ ဇွန်လ ၁၀ ရက်နေ့ က တရုတ်တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရပြီး ထိန်းသိမ်း ခံထားရသည့် မြန်မာ နိုင်ငံသား ၂၀၅ ဦးကို ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ တရုတ် နိုင်ငံ အစိုးရမှ မြန်မာ နိုင်ငံ သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ တရုတ်သစ်ခိုးထုတ်သူများကို ဇူလိုင်လ ၂၂ ရက်ကမှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခဲ့ပြီးနောက် ၄င်းတို့၏ ဆွေမျိုးများ သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ တန်ချောင် စီရင်စု အစိုရရုံးရှေ့ တွင် ဇူလိုင်လ ၂၃ ကြာသပတေးနေ့က စုရုံးဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘဂျင်းမြို့ရှိ မြန်မာသံအမတ်ကို ဇူလိုင် ၂၂ ရက် တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး အရေးယူထားသော တရုတ်နိုင်ငံသား များကို ၎င်းတို့နိုင်ငံတွင် ဆက်လက်အရေးယူမည်ဖြစ်သောကြောင့် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြခဲ့သည်။

‘‘သူပို့ထား တဲ့ စာလည်း ရထားပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံးကို တင်ပြထားပါတယ်။ လွှဲပြောင်းဖို့ ရှိ၊ မရှိ သမ္မတရုံးက အကြောင်း မပြန်သေးပါဘူး’’ ဟု မြန်မာကောင်စစ်ရေးရာဌာနမှ ဦးစိန်ဦးက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အပြန်အလှန် လွတ်ပေးခြင်း သဘောမျိုး ဖြစ်သည်။

Ref - Xihua
The Ladies News Journal
https://www.facebook.com/News.TheLadies


 တရားမ၀င် သစ်ခိုးထုတ်မှုနဲ့ မကြာခင်တုန်းကပဲ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်အပါအ၀င် အကျဉ်းသား ၇,၀၀၀ နီးပါးကို မြန်မာအစိုးရက ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ပါဝင်ပြီး ဒီအထဲမှာ တရုတ်နိုင်ငံသားတွေ ပါဝင်တယ်လို့ တရုတ်အစိုးရ အဆင့်မြင့်အရာရှိတဦး ပြောဆိုတာကို တရုတ်အစိုးရအာဘော် Xinhua သတင်းအေဂျင်စီက ဖော်ပြပါတယ်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ အတူ မိတ်ဘက် ဆက်ဆံရေး ထိန်းသိမ်းထားရှိနိုင်ဖို့နဲ့ လူမှုရေး ရှုထောင့် တို့ကနေ ခုလို ပြန်လွှတ်ပေးတာလို့ ရှုမြင်ရပြီး အခု ပြန်လွတ်လာတဲ့ တရုတ်နိုင်ငံသား တွေကိုတော့ ဒီကနေ့ ကြာသပတေးနေ့ကစပြီး နေရပ်ကို ပြန်ပို့ပေးမှာ ဖြစ်တယ်လို့လည်း တရုတ်သတင်းမှာ ဖော်ပြပါတယ်။ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာန ကတော့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့် ရရှိစေရေးတို့အတွက် အကျဉ်းသား ၆,၉၆၆ ကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

အခု ပြန်လွတ်လာသူတွေထဲမှာ ဘိုင်မွန်းတည့်နေ ဂျာနယ်က အယ်ဒီတာနဲ့ သတင်းထောက် ငါးဦးနဲ့အတူ နိုင်ငံရေး အကျဉ်းသား တဒါဇင်နီးပါး ပါဝင်သလို ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း အပါအ၀င် ထောက်လှမ်းရေး အရာရှိဟောင်း တချို့လည်း ပြန်လွတ်လာတယ်လို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။

အခု ပြန်လွတ်လာတဲ့ တရုတ်နိုင်ငံသားတွေ ကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ တုန်းက တရုတ်-မြန်မာနယ်စပ်ဒေသမှာ တရားမ၀င် သစ်ခိုးထုတ်လုပ်မှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီး ဒီလထဲမှာပဲ ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ကြ ရသူတွေဖြစ်ပါတယ်။ ဒီလို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ အပေါ်မှာ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 စစ်ကိုင်းမြို့၌ ဧရာဝတီမြစ် စိုးရိမ်ရေ အမှတ်ရောက်ရှိပြီး မူးမြစ်စိုးရိမ်ရေ အမှတ် ကျော်လွန် ၍စစ်ကိုင်း-မုံရွာ ကားလမ်း အချို့နေရာများ ရေကျော်မှုဖြစ်
စစ်ကိုင်း၊ ဇူလိုင် ၃၀

စစ်ကိုင်းမြို့၌ ဇူလိုင်(၃၀)ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိပြီး မူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၁ ဒသမ ၈ပေ သို့ရောက်ရှိနေသောကြောင့် စစ်ကိုင်း-မုံရွာသွားမော်တော်ကားလမ်း စစ်ကိုင်းမြို့ ညောင်ပင်ဝန်းကျေးရွာရှိ မိုင်တိုင် အမှတ်၃၇/၆မှ ညောင်ပင်ဝန်းတံတားအထိ ကားလမ်းအနိမ့်ပိုင်းနေရာ အချို့တွင် မူးမြစ်ရေများဖြတ်ကျော်လျှက် ရှိသည်ကိုသိရသည်။

အဆိုပါမူးမြစ်ရေများလျှံပြီး ကျေးရွာအချို့ရေဝင်သည့်နေရာများနှင့် ကားလမ်း အနိမ့်ပိုင်း ရေကျော် နေသည့်နေရာများ၌ ရွှေတောင်ဖွံ့ဖြိုးတိုး တက်ရေးကုပ္မဏီတို့က အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းများဆောင်ရွက်နေမှု အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောသတ္ထု၊စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်၊တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ယာဉ်သွား လာ မှုနှင့်ရေကျော်သည့်နေရာများတွင် ကားများအန္တရာယ်မဖြစ်စေရန် အတွက်လမ်းဘေးပခုံးသားနေရာများတွင် အမှတ်အသားများပြထားသည်တို့ကို လည်းကောင်း၊ရေဝင်သည့်ကျေးရွာများမှလူနှင့်တိရစ္ဆာန်များ ဘေးကင်းသည့်နေရာများတွင်နေရာပေးထားပြီးရေကင်းများချထားမှုတို့အားလိုက် လံကြည့်ရှု၍ လိုအပ်သည့်လမ်းညွှန်မှု များပေးခဲ့ သည်ကိုသိရသည်။

မျိုးဝင်း (စစ်ကိုင်း ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဒေါ်အောင်ဆန်းစုကြည် (Credit: AFP) 
 နိုဝင်ဘာလ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲမှာ ​ဝင်ပြိုင်ဖို့ ​ဒေါ်အောင်ဆန်းစုကြည်က ​အမတ်လောင်းအဖြစ် ​ရွေးချယ်ခံဖို့ ​မှတ်ပုံ ​တင်လိုက်ချိန်မှာပဲ ​ကြံ့ခိုင်ရေးပါတီကလည်း ​ဒီရွေးကောက်ပွဲမှာ ​အရင်တခေါက်လို ​အနိုင်ရဖို့ ​မရှိဘူးလို့ ​ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​အရင် ​တစ်ခေါက်တုန်းက ​ရွေးကောက်ခံရတဲ့ ​ကော့မှုးမြို့နယ်မှာပဲ ​ဝင်ရောက် ​အရွေးခံမှာ ​ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​လွှတ်တော် ​အမတ်ဖြစ်ခွင့် ​ရှိပေမယ့် ​လက်ရှိဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​မြန်မာနိုင်ငံရဲ့ ​သမ္မတ ​ဖြစ်ခွင့်တော့ ​မရှိပါဘူး။

အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​ကိုယ်စားလှယ် ​ဖြစ်ကြောင်း ​တရားဝင် ​သိရပေမယ့် ​NLD ​ပါတီ ​အမတ်လောင်းတွေရဲ့ ​နာမည် ​အပြည့်အစုံကိုတော့ ​မသိရသေးပါဘူး။

ဒီအချိန်က ​အမတ်လောင်း ​စာရင်း ​တင်သွင်းချိန်ဖြစ်ပြီး ​မဲဆွယ်စည်းရုံးရေးကိုတော့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ခွင့်ပြုတဲ့အခါမှသာ ​လုပ်ဆောင်ရမှာ ​ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ ​NLD ​ပါတီ ​အနိုင်ရလိမ့်မယ်လို့ ​မျှော်လင့်နေကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီကလည်း ​ရန်ကုန်တိုင်းမှာ ​ဝင်ပြိုင်မယ့် ​အမတ်လောင်း ​စာရင်းတွေကို ​ကြေငြာလိုက်ပြီ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​၂၀၁၅ ​ရွေးကောက်ပွဲမှာတော့ ​၂၀၁၀ ​ပြည့်နှစ် ​ရွေးကောက်ပွဲလို ​ကြံ့ခိုင်ရေး ​ပါတီအနေနဲ့ ​အများအပြား ​အနိုင်ရလိမ့်မယ်လို့ ​မျှော်လင့်မထားဘူးလို့ ​ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီ ​အထွေထွေ ​အတွင်းရေးမှူး ​ဦးမောင်မောင်သိန်းက ​ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ​ပါတီအတွင်း ​အားပြိုင်မှုတွေ ​ရှိတယ်ဆိုတဲ့ ​ပြောဆိုမှုတွေ ​ထွက်ပေါ်ပြီးနောက် ​အခုလို ​အပြတ်အသတ် ​အနိုင်ရဖို့ ​မျှော်လင့်မထားဘူးလို့ ​ပြောဆိုလာတာပါ။

သမ္မတ ​ဦးသိန်းစိန်၊ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်နဲ့ ​လွှတ်တော်ဥက္က ​သူရဦးရွှေမန်းတို့အကြား ​အားပြိုင်မှုတွေ ​ရှိတယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရဦးရွှေမန်း တောင်ငူခရိုင် တရားရုံးတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနေစဉ် (ဓာတ်ပုံ -H.E. Thura U Shwe Mann Facebook)
    ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖြူး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် တောင်ငူခရိုင် တရားရုံးတွင် အချက်အလက်များ ဖြည့်သွင်းပြီး ကိုယ်စားလှယ်လောင်း လျှောက်လွှာအား ယနေ့  ဇူလိုင်လ ( ၃၀ ) ရက်တွင် တောင်ငူခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် အများဆုံး အနိုင်ရရှိခဲ့သော နိုင်ငံရေး ပါတီကြီး တစ်ခုဖြစ်သည်။

ယခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်လည်း တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ် နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် ၁၄၉ နေရာ အပြည့် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ ရွေးချယ်၍ USDP ပါတီ မှ ကိုယ်စားလှယ်လောင်း ခန့်အပ်လွှာကို ယမန်နေ့ ဇူလိုင် ၂၉ ရက်က ပေးအပ်ခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လ ၅ ရက်တွင် ထုတ်ပြန် ကြေညာပေးသွားမည်ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင် တင်သွင်းနိုင်မည့် နေ့ရက်ကို ဇူလိုင်လ ၂၀ ရက်မှ  သြဂုတ်လ ၈ ရက်နေ့ ထိ သတ်မှတ်ပေးထားသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၁၁ ရက် ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့် နေ့ရက်ကို သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်အထိ သတ်မှတ်ထားသည်။

 (Xinhua)
http://www.xinhuamyanmar.com


    ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒုတိယ သက်တမ်းအတွက် သမ္မတ တာဝန် ဆက်လက် ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ စုံစမ်းသိရှိရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပြီး ငြိမ်းငြိမ်း ချမ်းချမ်းနှင့် အောင်မြင်စွာ ဖြစ်မြောက်နိုင်ရေးကို သမ္မတ တာဝန် ထမ်းဆောင်ခြင်းထက် ပိုမို ဖြစ်စေချင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိနေကြောင်း သမ္မတနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ် နေရာအတွက် လျာထားသူ မရှိသေးကြောင်း အဆိုပါ ပါတီ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းက ဆိုသည်။

"သမ္မတကြီးအနေနဲ့ စဉ်းစားရင် စဉ်းစားလို့ရအောင် အဲဒီနေရာကို ဘယ်သူ့မှ လျာထားတာ မရှိဘူး"ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သမ္မတ ဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင် မပြိုင်ကို ကိုယ်စားလှယ်လောင်း စာရင်း စတင် တင်သွင်းနိုင်သည့် အချိန်မှ ကိုယ်စားလှယ်လောင်း စာရင်း ပိတ်ချိန် သြဂုတ်လ ၈ ရက်နေ့အတွင်း ပြည်သူများ သိရမည်ဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး  ဦးရဲထွဋ်က ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းသည် သမ္မတအဖြစ် တာဝန်ဆက်လက် ထမ်းဆောင်ခြင်းနှင့် အကျိုးသက်ရောက်မှု မရှိကြောင်း၊ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်လောင်းများက လွှတ်တော် အတွင်းမှ ဖြစ်စေ လွှတ်တော်ပြင်ပမှ ဖြစ်စေ တစ်ဦးဦးကို သမ္မတ နာမည်စာရင်း အဆိုပြုလျှင်လည်း သမ္မတ တာဝန်ထမ်းဆောင် နိုင်ကြောင်း ၎င်းက ဆိုသည်။

 (Xinhua)
http://www.xinhuamyanmar.com


 ယခုရက်ပိုင်းအတွင်း အဆက်မပြတ် ရွာသွန်းသော မိုးကြောင့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့နယ်မှ ကျေးရွာပေါင်း(၄၇)ရွာနှင့် ပေါင်းတည်မြို့ရှိ ရပ်ကွက်ကြီး (၆)ရပ်ကွက်နှင့်ကျေးရွာပေါင်း (၈) ရွာခန့်တို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်လျှက်ရှိပြီး ဒေသခံများ အနေဖြင့် အကူအညီများ လိုအပ်လျှက်ရှိကြောင်း သတင်းရရှိသည်။


အဆိုပါရေကြီးရေလျှံမှုဖြစ်စဉ်သည် ဇူလိုင်လ (၂၆) ရက်နေ့မှစတင်ပြီး ယခုအခါတွင် ပေါင်းတည်မြို့ရှိ
ရွှေတည် (၂) ၊ မင်းကွပ် (၁) ၊ နွယ်ချို (၁) ၊ နွယ်ချို (၂) ၊ အုပ်ဖို (၁) ၊ ဟင်္သာကန်သည့်မြို့ပေါ် (၆) ရပ်ကွက်မှာ ရေနစ်နေပြီး၊ ဟားရားကြီး၊ ကျွဲရဲကြီး၊ ထောက်ကြံ့ကြီး၊ သပြေကြီးစု၊ ချောင်းခွ၊ ညောင်ဇင်၊ ထန်းသုံးခွ၊ နတ်ပတီးစသောကျေးရွာများနှင့် လယ်ဧကပေါင်းသောင်းချီပြီး ရေနစ်မြုတ်လျက်ရှိသည်။ သဲကုန်းမြို့နယ်တွင်လည်း ကျေးရွာပေါင်း (၄၇) ရွာနှင့် လယ်မြေဧကသောင်းချီ ရေနစ်မြုပ်လျှက်ရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ရပ်ကွက်ထဲကို ရေတွေဝင်တာ ၃၊ ၄ ရက်လောက်ရှိပြီ။ ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ အကူအညီ မလာသေးပါဘူး။ ကွန်ရက်ကပဲ မနေ့ကမနက်ပိုင်းမှာလာပြီး ဆန်လှူတယ်။ ညနေပိုင်းမှာ
ထမင်းထုပ်တွေ လာဝေပါတယ်။ ကျွန်တော်တို့ ဒီရက်ပိုင်းမှာ ရေကပိုဝင်လာနေတယ်။ ညကဆို မအိပ်ရဘူး။ ပိုးကောင်မွှားကောင်တွေ ၀င်လာမှစိုးလို့ စောင့်ကြည့်နေရတယ်။ ရေအခြေအနေလည်း စောင့်ကြည့်နေရတော့
အလုပ်လည်း မသွားနိုင်ပါဘူး။”ဟု ရွှေတည်(၂)ရပ်ကွက်မှ ကိုနိုင်က ပြောသည်။

“ရေကြီးတာ မနေ့ကပိုဆိုးလာတယ်။ ဒီရပ်ကွက်ထဲကလူတွေဆို ညကအထုပ်အပိုးတွေပြင်ပြီး ပြောင်းပဲပြောင်းရတော့မလိုဖြစ်နေတယ်။ သူတို့တွေက တနေ့လုပ်တနေ့စားတွေဖြစ်တော့ သူတို့ စားဝတ်နေရေးအတွက်က ခက်ခဲနေတယ်။ မနေ့က မနက်က ကျွန်တော်တို့ဆီကိုလာပြီး ညကသူတို့ထမင်းမစား ရတဲ့အကြောင်းလာပြောလို့ ကျွန်တော်တို့အဖွဲ့ကလူတွေဆီအလှူခံပြီး ကျွန်တော်တို့ ဆန်(၈)အိတ် လှူလိုက်တယ်”ဟု ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုချစ်ကိုကပြောသည်။

အဆိုပါဖြစ်ရပ်မျိုး သဲကုန်းမြို့ရှိကျေးရွာများမှာလည်းဖြစ်နေပြီး ယင်းမှာ အဆက်မပြတ်မိုးအပြင် အင်းမမြို့ရှိ သောင်ပြင်ဆည်တမံကြီးလည်း ပိတ်နေခြင်းကြောင့်ဖြစ်ကြောင်းပြောဆိုကြသည်။
“ကျွန်တော်က ဒီအောင်ကုန်းကျေးရွာမှာ မွေးကတည်းကနေလာတာ။ ဟိုတုန်းက ကျွန်တော်တို့ရွာ့အနောက်မှာ ကျွန်တော်တို့ လယ်တွေမှာရေကြီးရင် ၃ ရက်လောက်ပဲ ကြာတယ်။ အဲဒီတုန်းက အင်းမတမံကြီးက လုံးဝမပိတ်ဘူး။ မြစ်ထဲကို ဒိုးယိုပေါက်ဆင်းတယ်။ အခု ကျွန်တော်တို့ တောင်သူလယ်သမားတွေက ကန့်ကွက်ထားတယ်။ တန်ဆောင်မုန်းလပြည့်ကျော်မှ ဆည်ကိုပိတ်ပါ။ ဒီအတွက် ကုန်ကျစရိတ်ကို ကျွန်တော်တို့ တောင်သူတွေကမျှခံပေးပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသောင်ပြင်ဆည်က ပိတ်ထားတော့ကျွန်တော်တို့ ဒီဘက်မှာ လုံးစောင့်နေတာပေါ့။”ဟု သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ ဦးအေးသောင်းက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းအတွင်း၊ ကြို့ပင်ကောက်၊ အုပ်ဖို၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ သဲကုန်း၊ ရွေတောင်၊ ဥသျှစ်ပင်စသည့်မြို့များမှာလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 မုံရွာ ဇူလိုင် (၃၀)

 စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ဇူလိုင်လ(၂၆)ရက်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေများ လျှံတက်ကာ ကလေးမြို့၏ အနိမ့်ပိုင်း အောင်မြေမန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ချမ်းမြေ့အောင်စည် ရပ်ကွက်များ ရေများဝင်ရောက်ခဲ့ကာ ဇူလိုင်(၃၀)ရက်နေ့ နံနက်(၁၀) နာရီ အချိန်တွင် မြစ်သာမြစ်ရေ သည် ကလေးမြို့၏ စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာအထက် ကျော်လွန်ပြီး (၁၅၆၄)စင်တီမီတာကို ရောက်ရှိ နေသည်။ ထို့အပြင် ကျီကုန်းကျေးရွာ၊ ဖောင်ကူး ကျေးရွာ၊ စီသာ ကျေးရွာ၊ သဖန်းအိုင် ကျေးရွာများတွင် ရွာလုံးကျွတ် ရေမြုပ်နေပြီဖြစ်ကြောင်း သိရသည်။


ယနေ့ နံနက် (၁ဝး၃၀) နာရီ အချိန် တိုင်းထွက်ချက်အရ ကလေးဝမြို့နယ်ရှိ ချင်းတွင်း မြစ်ရေသည် စိုးရိမ်ရေမှတ် (၁၅၅၀) စင်တီမီတာကို ကျော်လွန်၍ လက်ရှိ ၁၅၇၈ စင်တီမီတာကို ရောက်ရှိနေပြီး ယနေ့နံနက် တိုင်းထွာချက်များအရ ကလေးဝမြို့တွင် မိုးရေချိန်(၁.၂၆)လက်မနှင့် မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် လက်ရှိ (၁၄၃၀)စင်တီမီတာကို ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ (၁၃၃၀) စင်တီမီတာရှိကာ မိုးရေချိန်(၁.၄၂)လက်မရှိကြောင်းနှင့် မင်းကင်းမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ရေများဝင်ရောက်လာသဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်း နေရာ ချထားပေးလျက်ရှိကြောင်း သိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသော မြန်မာနိုင်ငံသား အကျဉ်းသားများ (ဆင်ဟွာ)
    ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူ စုစုပေါင်း ၆,၉၆၆ ဦးကို နိုင်ငံတော် သမ္မတက ယနေ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့်ထဲတွင် ပြစ်ဒဏ်ကျခံနေရသည့် တရုတ်နိုင်ငံသား သစ်ခုတ်သမား ၁၅၅ ဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

တရုတ် သစ်ခုတ်သမား များသည်  ယခုနှစ် ဇန်နဝါရီလ အတွင်းက တရားမဝင် သစ်ခုတ်မှုဖြင့် ဖမ်းဆီး ခံခဲ့ရပြီး ဇူလိုင်လ ၂၂ ရက်နေ့က မြစ်ကြီးနား ခရိုင် တရားရုံးမှ အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် ပြန်လည် လွတ်မြောက်လာခဲ့သော တရုတ် သစ်ခုတ်သမားများကို တရုတ်နိုင်ငံ ဘက်သို့  ပြန်လည် လွဲပြောင်းပေးရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ ကလည်း တရုတ်နိုင်ငံ ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရပြီး ထိန်းသိမ်း ခံထားရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာ နိုင်ငံသား ၂၀၅ ဦးကို ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့မှ ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ တရုတ် နိုင်ငံ ဘက်မှ မြန်မာနိုင်ငံ ဘက်သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com


မုန်တိုင်းအ‌ခြေအနေ

ယနေ့မြန်မာ စံတော်ချိန် (၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် ပိုမို အားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ကိုလ်းကတ္တားမြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၁၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်မြောက်ဘက် (၈၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဦးတည်၍ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းစွန်းဒေသအနီးမှ ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်း ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်းအားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၈၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၅၀)မှ မိုင်(၆၀)အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေ ခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၆)ပေမှ (၈)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။


သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ်ပါသည်။

(၃၀.၇.၂၀၁၅)ခုနှစ်၊ နံနက် (၁၁း၃၀)နာရီ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
https://www.facebook.com/dmhmoezalanaypyitaw

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံး ၀န်ကြီး Hugo Swire - မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ (ဓာတ်ပုံ - MOI)
 ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံး ၀န်ကြီး Hugo Swire ဟာ အရှေ့တောင်အာရှနဲ့ ဗြိတိန်ကြား ဆက်ဆံရေးတိုးမြှင့်တဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး တနင်္ဂနွေနဲ့ တနင်္လာနေ့က ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

အဲဒီမှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို၊ နှစ်ဖက် လူမှုအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေ၊ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကူအညီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေတွေအတွက်  ဗြိတိန်နိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး ထောက်ပံ့ကူညီလာရာမှာ ဒီနှစ်အတွက် စတာလင်ပေါင်း ၆ သန်းကျော် အပါအ၀င် စုစုပေါင်း စတာလင်ပေါင် ၁၈ သန်းကျော်ထိ ကူညီခဲ့တယ်လို့ ၀န်ကြီး Swire က ပြောပါတယ်။ ဒါအပြင် ဗြိတိန်ဟာ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အများဆုံးပေးနေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတယ်ဆိုတာ ခရီးစဉ်အတွင်း သူကိုယ်တိုင် မြင်ခဲ့ကြောင်း ပြောပါတယ်။

Mr. Swire ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအ၀င် ရွှေစေတီဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တနင်္လာနေ့မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ရန်ကုန်နေအိမ်မှာ တွေ့ဆုံပြီး မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ၀န်ကြီး Swire ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ Mr. Swire ဟာ နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် အပါအ၀င် အစိုးရအဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရပြီး၊ အားလုံးပါဝင်ဖို့လိုကြောင်း ၀န်ကြီး Swire က ပြောပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ ပြည်ထောင်စ ရွေးကောက်ပွဲကော်မရှင်ကို အကူအညီပေးနေသလို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်သူတွေကိုလည်း သင်တန်းတွေပေးနေတယ်လို့ ဆိုပါတယ်။

Hugo Swire အနေနဲ့ သူရဲ့ တတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း  ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်ချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ တိုးတက်မှုအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဗြိတိန်အစိုးရရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ကတော့ ၀န်ကြီး Swire အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေထက် စီးပွားရေးဆက်ဆံမှုကို ပိုဦးစားပေးကြောင်း ဗြိတိန်လွှတ်တော်မှာ ဝေဖန်ခံခဲ့ရတဲ့အတွက်ကြောင့် အခုလို မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် သွားရောက်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမိန့် မနာခံမှုနဲ့ ဗိုလ်မှူး စောဆန်းအောင်ကို DKBA ကလိုထူးဘော ဌာနချုပ်က ထုတ်ပယ်ထား 
DKBA ကလိုထူးဘော ဌာနချုပ်ကနေ ထုတ်ပယ်ခြင်း ခံထားရတဲ့ ဗိုလ်မှူး စောဆန်းအောင်နဲ့ ဗိုလ်မှူး ကျော်သက်တို့ရဲ့ တပ်ဖွဲ့တွေကို အစိုးရ တပ်တွေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ကရင် လက်နက်ကိုင် ပူးပေါင်း တပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တဲ့အတွက် ကော့ကရိတ်ဒေသမှာ လှုပ်ရှားနေတဲ့ ဗိုလ်မှူး ဆန်းအောင်နဲ့ ဗိုလ်မှူး ကျော်သက်တို့ နှစ်ဖွဲ့ခွဲပြီး ဆုတ်ခဲ့ ရပါတယ်။

ဗိုလ်မှူး ကျော်သက်အဖွဲ့က ကော့ကရိတ်မြောက်ဘက် မြိုင်ကြီးငူဘက်ကို လွတ်မြောက်သွားပေမယ့် တောင်ဘက်အခြမ်းက DKBA ကလိုထူးဘောရဲ့ ဌာနချုပ် ဆုံဆည်းမြိုင်ဘက် ကို ဆုတ်သွားတဲ့ ဗိုလ်မှူး စောဆန်းအောင် တို့ကိုတော့ DKBA ဌာနချုပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီနေရာ ကနေ ထပ်ဆုတ်ခွာခဲ့ရပြီး တပ်ဖွဲ့ဝင် အတော်များများ လက်နက်ချခဲ့ရပါတယ်။

ဗိုလ်မှူး ဆန်းအောင်ရဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး သူ့အမျိုးသားတွေ အကျအဆုံး ရှိမှာ စိုးတဲ့အတွက် ခုခံမတိုက်ဘဲ အတတ်နိုင်ဆုံး ရှောင်ကွင်း ခဲ့တယ်လို့ ဗိုလ်မှူး ဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင် ၂၈ ရက်နေ့စွဲနဲ့ အစိုးရထုတ် သတင်းတွေ မှာတော့ စောဆန်းအောင် အဖွဲ့က စောဘိကြည် ခေါင်းဆောင်တဲ့ တပ်ဖွဲ့ဝင် ၅၈ ဦးဟာ လက်နက်မျိုးစုံနဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ထီးဟူသံရွာက BGF နယ်ခြားစောင့်တပ်ဆီမှာ လက်နက်ချ အလင်းဝင်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese