November 2015


ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တွင် ပါဝင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦးအတွက် ပါတီအသီးသီးမှ ကိုယ်စားလှယ်များ အချိုးကျ ထည့်သွင်းရာတွင် လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်ခွင့်ရမည့် ကိုယ်စားလှယ် အရေ အတွက် နည်းပါးလွန်းကြောင်း NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က နိုဝင်ဘာလ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို အစိုးရဘက်မှ ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ ၁၆ ဦးနှင့် နိုင်ငံရေး ပါတီများဘက်မှ ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

““ဒီနေ့အစည်းအဝေးမှာ နိုင်ငံရေး ဟိုဟာနဲ့ ပတ်သက်လို့ ၃ ခုဖွဲ့တယ်တဲ့။ အစိုးရဘက်က ၁၆ ယောက်၊ တိုင်းရင်းသားတွေက ၁၆ ယောက်၊ နိုင်ငံရေးပါတီတွေက ၁၆ ယောက်။ နိုင်ငံရေးပါတီတွေက ၁၆ ယောက်မှာ ဟိုကနှစ်ယောက် ဟိုကတစ်ယောက်။ အန်ကယ်ကတော့ ပြောလိုက်တယ်။ ဒီလိုဖွဲ့တာကို ကျွန်တော်က သဘောမတူဘူးလို့၊ လက်မခံဘူးလို့။ အစိုးရအဖွဲ့ ၁၆ ယောက် ထားလိုက်တော့၊ တိုင်းရင်းသားတွေ ၁၆ ယောက် ထားလိုက်တော့။ နိုင်ငံရေးပါတီတွေက ၉၂ ပါတီရှိတယ်၊ အဲဒီ ၉၂ ပါတီမှာ ရွေးကောက်ပွဲမှာ ဘယ်နှပါတီ နိုင်သလဲ။ ပြည်သူလူထုထောက်ခံမှု မရတဲ့ပါတီကို ခင်ဗျားတို့ ထည့်တွက်မှာလား၊ ကျွန်တော် တို့က နိုင်ငံရေးပါတီကြီးမို့လို့ အဲဒီစကားပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ လက်တွေ့ဆန်လား””ဟု ဦးဝင်းထိန်က ပြောသည်။

UPDJC ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်တွင် နေပြည်တော်၌ အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့၌ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ ဆွေးနွေး ခဲ့ခြင်းဖြစ်ကာ နိုင်ငံရေးပါတီ အစုအဖွဲ့မှ UPDJC ၏ ဥက္ကဋ္ဌအဖြစ် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေအားလည်း ကောင်း၊ အတွင်းရေးမှူးအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းကျော်ညွန့်အား လည်းကောင်း ရွေးချယ်ခဲ့ကြသည်။

““ကျွန်တော်ဆိုလိုတာက အခုနိုင်ငံရေးပါတီဆိုတာ တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားတဲ့ပါတီ။ တိုင်းရင်းသား တွေက ၂၀၁၃ မှာ ပြဋ္ဌာန်းတည်းက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီလို့ ရေးထားတာ။ အနိုင်ရပါတီလို့ ရေးတာ မဟုတ်ဘူး။ နောက်တစ်ခုက ပြည်သူလူထုမဲ ထည့်လိုက်လို့ နိုင်တဲ့ ပါတီတွေက လွှတ်တော်ကို ရောက်သွားမှာပဲ။ အဲဒီလွှတ်တော်မှ နိုင်တဲ့သူက အစိုးရဖွဲ့နိုင်မှာပဲ။ နဂိုတည်းက တိုင်းရင်းသားတွေက ဒီလိုပဲစဉ်းစားပြီး အဆိုပြုခဲ့တာဖြစ်တဲ့အတွက် မှတ်ချက်ပေးဖို့မရှိဘူး””ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဦးလှမောင်ရွှေ က ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရန် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီများ စသော အစုအဖွဲ့ ၃ ခုမှ ရွေးချယ်ထားသော ကိုယ်စားလှယ် ၁၆ ဦးစီထဲမှ ကိုယ်စားလှယ် ၈ ဦးစီ ထပ်မံရွေးချယ်ထားသည်။

““အဓိကတော့ ကိုယ်စားပြုမှုပါ။ ပါတီတစ်ခုက လူထုကိုကိုယ်စားပြုဖို့ လိုတယ်လေ။ ရွေးကောက်ပွဲမှာ တစ်နေရာမှ အနိုင်မရတဲ့ ပါတီဆိုရင် သူ့ရဲ့ကိုယ်စားပြုမှုကို ကျွန်တော်တို့က မေးစရာရှိတယ်လေ။ NLD က ပါတီ အချိုးအစားကတော့ ဒီလောက်ပဲရမှာပေါ့ဗျာ။ ကျွန်တော်ထင်တယ် သူအာဏာရပါတီ ဖြစ်လာပြီဆိုရင် အစိုးရဘက်က ကိုယ်စားလှယ် စာရင်းထဲမှာလည်း သူပါလာဦးမှာပဲ””ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦးမှ ဦးဆောင်ကော်မတီဝင် ကိုဆလိုင်းယောအောင် က ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald


၂၀၁၅ ရွေးကောက်ပွဲရလဒ်မှ ထွက်ပေါ်လာတော့မည့် အစိုးရသစ်ကို စိုးတထိတ်ထိတ်နှင့်ပင် ပြည်သူများ မျှော်လင့် စောင့်စားနေကြပြီဖြစ်သည်။ ““ပြောင်းလဲချိန်တန်ပြီ””ဟူသော ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်ခဲ့သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်ပြိုကမ်းပြို အနိုင်ရလဒ် ထွက်ပေါ်အောင် ပြည်သူလူထုက ရင့်ကျက်သော နိုင်ငံရေး အသိစိတ်ဖြင့် တစ်ခဲနက် မဲပေးခဲ့ကြသည်။ ဆိုရလျှင် စစ်မှန်သော နိုင်ငံရေး ပြောင်းလဲမှုကို လိုလား တောင့်တနေသည့် မြန်မာလူထု၏ ပြင်းပြသော ဆန္ဒကို ဖော်ထုတ်ပြသ လိုက်ခြင်းလည်း ဖြစ်သည်။ ပြည်သူလူထုက လိုလား တောင့်တသော အစစ်အမှန် ပြောင်းလဲရေးဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစားအသစ် ပြောင်းလဲပေါ်ပေါက် စေလိုခြင်းဖြစ်သလို အာဏာအရပ်ရပ်ကို မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုထံမှ အပြည့်အ၀ ဆင်းသက် စေမည့် စစ်မှန်သော ဒီမိုကရေစီစနစ် ဖြစ်ထွန်းစေ လိုခြင်းလည်း ဖြစ်သည်။ သို့အတွက် အုပ်ချုပ်သူ လူတန်းစား များသာမက အုပ်ချုပ်ရေးစနစ်ကိုပါ ပြောင်း လဲနိုင်မှ ပြည်သူလိုလားသော စစ်မှန်သည့် ပြောင်းလဲမှု ဖြစ်ပေ လိမ့်မည်။

တကယ်တမ်းတွင် ယခုရွေးကောက်ပွဲ ရလဒ်တစ်ခုတည်းဖြင့် လက်ရှိကြုံတွေ့နေရသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းများ ပြေလည်ရန် မနီးစပ်နိုင်သေးပေ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အဓိကကျသော အရာမှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ထွက်လာရေးဖြစ်သည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ အရေခြုံထားသော စစ်အာဏာရှင် စနစ်ပင်ဖြစ်သဖြင့် ယင်းအခြေခံဥပဒေ အောက်တွင် နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ အခွင့်အရေး တန်းတူရည်မျှမှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်မှု တို့ရှိသော အခြေခံဥပဒေ တစ်ရပ် ဖြစ်လာစေရန် မလွဲမသွေ ပြင်ဆင် ရပေမည်။ ပြင်ဆင် ပြောင်းလဲရေး ဟု ဆိုလျှင် တပ်မတော်၏ သဘောထားကို အရင်ကြည့်ရသည်။ တပ်မတော်က ဆန္ဒရှိပါမှ ပြောင်းလဲပြင်ဆင် နိုင်မည့် အနေအထား ဖြစ်နေသောကြောင့်ပင်။

ယခုရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူအပေါင်းက ရွေးချယ် တင်မြှောက် လိုက်သော ပြည်သူ့ ကိုယ်စားလှယ်အားလုံး (၁၀၀ ရာခိုင်နှုန်း) က မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် တညီတညွတ်တည်း ဆန္ဒရှိသည့်တိုင်အောင် တပ်မတော်က (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က) မပြင်လိုပါက စစ်မှန်သော အပြောင်းအလဲဖြစ်ရန် မမြင်ပေ။ လက်ရှိ ရွေးကောက်ပွဲ ရလဒ်မှ ပေါ်ထွက်လာသော အစိုးရသစ်အနေနှင့်လည်း အခြေခံဥပဒေအရ တပ်မတော်နှင့်ပူးတွဲကာ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ရမည် ဖြစ်သောကြောင့် ကောင်းမွန်၊ သန့်ရှင်းသော အုပ်ချုပ်ရေးကို ပြည်သူများ ရရှိခံစားနိုင်ရေးမှာလည်း တပ်မတော်၏ဆန္ဒ သဘောထားပေါ် မူတည်နေသည်။
နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်များ လွှမ်းမိုးခြယ်လှယ်ခွင့် ပေးထားသော အုပ်ချုပ်ရေး စနစ်များကြောင့် နိုင်ငံနှင့်ပြည်သူမှာ အလွန်တရာ ထိခိုက်နစ်နာခဲ့ရပေသည်။ ယင်းအခြေအနေကို မဖြစ်မနေ ပြောင်းလဲရန် လိုအပ်နေသည်။ အပြောင်းအလဲအတွက် ပြင်းပြလွန်းသော ပြည်သူ့ဆန္ဒကို ဖယ်ရှားဆန့်ကျင်နိုင်သော အခွင့်အာဏာသည် တပ်မတော်၏ လက်ထဲ၌ ရှိနေသကဲ့သို့ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်း၍ ကောင်းမွန်သော သမိုင်းမှတ်တိုင်ကို ရေးထိုးနိုင်သော အခွင့်အရေးကလည်း တပ်မတော် ခေါင်းဆောင် လက်ဝယ်၌ ရောက်ရှိနေသည်။
အတိတ်မှ ခါးသီးလှသော နိုင်ငံရေး အတွေ့အကြုံများပေါ်တွင် သင်ခန်းစာယူပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ကာ စစ်မှန်သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် တပ်မတော် ခေါင်းဆောင်များ၏ သဘောထားအမြင်များ ပြောင်းလဲ၍ လူထုခေါင်းဆောင်နှင့် လက်တွဲညီညီ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်ကို လျှောက်လှမ်းသင့်ပါကြောင်း ...။

အယ်ဒီတာ

၂၅-၁၁-၂၀၁၅
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald




လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးရန်အတွက် ပြုလုပ်ခဲ့သော သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု သုံးနှစ်ပြည့် အခမ်းအနားအား ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ တုံရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လက်ပံတောင်းတောင်ဒေသခံ ကျေးရွာများမှ တောင်သူအင်အား (၁၀၀) နီးပါး တက်ရောက်ခဲ့ပြီး အခမ်းအနားအား အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အကြမ်းဖက် ဖြိုခွင်းသည့် အချိန်တွင် သပိတ်စခန်း၌ ရှိနေသည့် ဆရာတော်များ တက်ရောက်ပြီး သြ၀ါဒစကား ပြောကြားခြင်း၊ လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွင်းမှုနှင့် ပတ်သက်၍ ဒေသခံ ၈ ဦးမှ ရင်တွင်း ခံစားချက်များ ပြောခြင်း၊ စီမံကိန်းကြောင့် လတ်တစ်လော ရင်ဆိုင်နေကြရသည့် တောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အခက်အခဲများအား ရင်ဖွင့်ပြောဆိုခဲ့ကြကြောင်းလည်း သိရသည်။

■ စိုးမိုးထွန်း (မုံရွာ)
Eleven Media Group

[youtube src="CSEomR4qTek"/]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးဆိုင်ရာလက်မှတ­်ရေးထိုးရေးကိစ္စတွေရဲ့ လုပ်ငန်းစဉ်တချို့မှာ ထဲထဲဝင်ဝင်ပါဝင်နေတယ်လို့ NLDရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပါတယ်။

ိDVB


 အစိုးရသစ်လက်ထက် လုပ်ငန်းစဉ်တွေထဲ တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အပါအဝင် ဒုက္ခသည်တွေအရေး ဦးစားပေး လုပ်ဆောင် သွားမယ့် အကြောင်း ဂျပန်ရောက် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကို ပြောဆိုလိုက်ပါတယ်။ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေဘက်ကလည်း NLD ဦးဆောင်တဲ့ အစိုးရသစ်အပေါ် သူတို့ ကူညီဆောင်ရွက်ပေးနိုင်တာတွေ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ် စုံစမ်းတင်ပြပေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရသစ်ဖွဲ့စည်းနိုင်မယ့် အထိ ပြည်သူ့ဆန္ဒမဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းဟာ ဂျပန်အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေချိန် ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ တနင်္ဂနွေနေ့ မနက်ပိုင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျပန်ရောက်မြန်မာတွေနဲ့တွေ့ဆုံပွဲ။
NLD ဦးဆောင်တဲ့ အစိုးရသစ် ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေထဲ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကို ဦးဉာဏ်ဝင်းက ရှင်းလင်း ပြောကြား ခဲ့တယ်လို့ ဂျပန်နိုင်ငံရောက်မြန်မာတစ်ဦးဖြစ်တဲ့ ဦးကျော်သူက အခုလိုပြောပါတယ်။

"အစိုးရလွှဲပြောင်းမယ့်အနေအထားတွေပေါ့နော်။ အစုံပေါ့။ နောက်တခုက ဥပဒေရေးရာနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ စစ်တပ်ကို တရားစီရင်တဲ့ အပိုင်းနဲ့ ပြည်သူလူထုကို တရားစီရင်တဲ့အပိုင်း ကွဲနေတဲ့ အနေအထားတွေပေါ့။ ဥပဒေရေးရာပိုင်းတို့။ နောက် တိုင်းရင်းသားဒေသတွေက ငြိမ်းချမ်းရေးကိစ္စတို့။ အခု NCA ငြိမ်းချမ်းရေး Process တို့ဘာတို့ပေါ့နော်။ နောက်ဆုံးတခုက ရိုဟင်ဂျာ ဘင်္ဂလီတွေကို NLD ရဲ့ ပေါ်လစီပေါ့နော်။ အဲ့တာတွေ မေးပါတယ်။

သူပြောတဲ့အနေအထားကိုလည်း အားလုံးက ကျေနပ်တဲ့အနေအထား ရှိပါတယ်။ တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားအလျောက် သူတို့နယ်မြေဒေသတွေ အနေအထားတွေ၊ နောက် ဖက်ဒရယ်ပြည်ထောင်စု အနေအထားရယ် အခုဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ ပြည်ထောင်စုအနေအထားပေါ့နော် အဲ့တာတွေကို မေးပါတယ်။ နောက်တခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ NLDက နောက်ထပ် ဒီအတိုင်းပဲ ဆက်သွားမလားပေါ့။ NLD ရဲ့ မူဝါဒတွေ မေးတဲ့အနေအထားရှိပါတယ်။

နောက် ပြည်ပမှာရှိတဲ့ ဒုက္ခသည်တွေအနေအထားကို နောက်အစိုးရလက်ထက်မှာ ဘယ်လိုများဆက်ပြီး လုပ်မလဲဆိုတဲ့အနေအထားမေးတဲ့အခါမှာတော့ ဦးဉာဏ်ဝင်းက အခုအချိန်မှာတော့ အစိုးရမဟုတ်သေးဘူး။ ဒါပေမဲ့ သူတို့အစိုးရ တက်လာတဲ့အခါမှာတော့ ပြည်ပရောက် ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ဒီ့ထက်ပိုပြီး စောင့်ရှောက်မယ်ပေါ့နော်။ ဥပမာ ထိုင်းနဲ့ယှဉ်ပြသွားတာပေါ့နော်။ အဲ့လိုပဲ မြန်မာနိုင်ငံမှာလဲ နယ်စပ်ဒေသတွေမှာ နယ်စပ်ဒေသကလူတွေကို နယ်စပ်ဒေသမှာ ရုံးခန်းတွေ ဖွင့်ပြီးတော့ မြန်မာနိုင်ငံသားတွေ ကို စောင့်ရှောက်မယ်ဆိုပြီးပြောပါတယ်။ နောက်တခုက နောက်ပိုင်း တက်လာမယ့်အစိုးရအနေနဲ့ နိုင်ငံသားတွေကို ကာကွယ်ပြီး ဒီ့ထက်ပိုပြီး စောင့်ရှောက်ကာကွယ်ပေးမယ့်အနေအထားတွေကိုလည်း သူ ရှင်းပြသွားပါတယ်။"

ဦးဉာဏ်ဝင်းနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ဦးအောင်ထွန်းလင်းကလည်း အခုလို ရွေးကောက်ပွဲအပြီး အနိုင်ရပါတီခေါင်းဆောင်တဦး ရောက်ရှိလာတဲ့အပေါ် ဝမ်းသာကြိုဆိုကြပြီး ဦးဉာဏ်ဝင်းဘက်က ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ သိလိုတဲ့အချက်တွေကို ရှင်းလင်းပြခဲ့တဲ့အပေါ် ကျေနပ်မှုရှိပါတယ်လို့ ပြောပါတယ်။

"သူတော်တော် ပွင့်ပွင့်လင်းလင်း လည်းပြောပါတယ်။ ပြတ်ပြတ်သားသား လည်း ပြောပါတယ်။ နွေးနွေးထွေးထွေးလည်း ရှိပါတယ်ခင်ဗျ။ ဒီအစိုးရဖိတ်ခေါ်တဲ့ အစီအစဉ်နဲ့ လာတဲ့အချိန်မှာ ကျနော်တို့ကို သူက အချိန်ပေးပြီးတော့ သူ မအားတဲ့ကြားက လာတာ။ ကျနော်တို့ သူ့ကို အရမ်းလည်း အားနာပါတယ်။ အသက်ကြီးတဲ့လူကြီးတယောက် ရာသီဥတုကလည်း အေးနေတဲ့အချိန်လေ။ အဲ့အချိန်မှာဗျာ ကျနော်တို့ကို နွေးနွေးထွေးထွေး ပြောဆိုသွားတာတွေ၊ တကယ် မိသားစုဝင် တယောက်ကို တွေ့ရသလိုပါပဲဗျာ။ အဲ့လို ခံစားရပါတယ်ခင်ဗျ။

ကျနော်တို့ အဓိက ထားပြီး ပြောနေကြတာကတော့ တိုင်းရင်းသားဒေသက အပစ်အခတ်ရပ်စဲရေး ကိစ္စတွေပေါ့နော်။ အဲ့ဒီ့ကိစ္စတွေ အဓိကထားတယ်။ နောက် အမျိုးသားရင်ကြားစေ့ရေး ကိစ္စလည်း ဆောင်ရွက်နေသလို သူဟာ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စမှာလည်း သူ့ကို မေးတဲ့မြန်းတဲ့ အချိန်မှာလည်း သူက မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ရှိနေသေးတဲ့ကိစ္စကို အဓိက ထားပြီး ကိုင်တွယ်ဆောင်ရွက်မယ်ဆိုတဲ့ ကျနော်တို့ အဓိက ကြားချင်တဲ့ အချက်တွေကို ပြောသွားပါတယ်ခင်ဗျ။"

အရင်အစိုးရလက်ထက်တွေတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံတကာမှာ NLD လွတ်မြောက် နယ်မြေ ဌာနခွဲတွေ အဖြစ် ရပ်တည်ပြီး ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြပေမဲ့လို့ အခု NLD အစိုးရ လက်ထက် နိုင်ငံတကာရောက် ပါတီဝင်တွေ ဘယ်လို ရပ်တည်ဆောင်ရွက် သင့်တယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးအောင်ထွန်းလင်းက အခုလိုပြောပါတယ်။

" နိုင်ငံရေးအခင်းအကျင်းတခုက NLD က တက်လာပြီ ဆိုရင် ပြောင်းလဲလာပြီမဟုတ်လား။ အဲ့တာ ဆိုတော့ကာ အပြင်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ ဘယ်လိုရပ်တည်ကြမလဲ။ နောက်ပြီးတော့ NLD LA ဆိုတဲ့အဖွဲ့တွေ ရှိတယ်မဟုတ်လား။ liberate area လွတ်မြောက်နယ်မြေပေါ့နော်။ အဲ့တော့ အဲ့ဒီ့အဖွဲ့တွေ ဘယ်လိုရပ်တည်ကြမလဲဆိုတဲ့ဟာ အဓိက ကျနော် နားထောင်ရတာ အဲ့တာလေးတွေတော့ ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ မဲလည်း နိုင်ထားပြီပေါ့နော်။ ဒီလွတ်မြောက်နယ်မြေဆိုတဲ့ LA ဆိုတဲ့ liberate area ဆိုတဲ့စကားကို မလိုအပ်တော့ဘူးဆိုတဲ့စကားနဲ့ အဲ့တော့ ဒီမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ရပ်တည်မယ်ဆိုရင် Unit တခုစီပေါ့နော်။ ဘယ်နိုင်ငံမှာ ရှိတဲ့ Unit ဘယ်နိုင်ငံမှာ ရှိတဲ့ Unit ဆိုပြီး အဲ့လို ရပ်တည်တာ ကောင်းပါတယ် ဆိုပြီး ပြောတဲ့စကားလေးကို ကျနော်ကတော့ ကြိုက်လို့ မှတ်ထားပါတယ်ခင်ဗျ။"

ဦးဉာဏ်ဝင်းဟာ တိုကျိုမြို့မှာရှိတဲ့ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီးနောက် ခရီးဆက်ပြီး ကျိုတို မြို့တော်ဟောင်းကို သွားရောက်မှာပါ။ ကျိုတိုတက္ကသိုလ်မှာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုတေသနလုပ်ခဲ့စဉ်က နေရာတွေကို သွားရောက်လေ့လာမှာဖြစ်ပြီး ကျိုတို တက္ကသိုလ်မှာ ပညာသင်နေတဲ့ မြန်မာကျောင်းသားတွေ နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီ့နောက်မှာတော့ တိုကျိုမြို့ကို ပြန်လာမှာဖြစ်ပြီး ဂျပန်နိုင်ငံကနေ ဒီဇင်ဘာလ ၃ရက်နေ့မှာ ပြန်ဖို့ လတ်တလောစီစဉ်ထားတယ်လို့ သိရပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com







ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းသည် ယနေ့ နံနက်ပိုင်းက တိုကျို Ikebukuro မြို့ရှိ Kenko Center ၌ယနေ့ မနက် ၉နာရီမှ ၁၀နာရီခွဲအထိ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။
လက်ရှိ နိုင်ငံရေး အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ တင်ပြဆွေးနွေးမှုများအား ပြန်လည် ဖြေကြားခဲ့ပါတယ်။

ထို့နောက် နေ့လည်ပိုင်းမှာ ကျည်ဆံရထားဖြင့် ဂျပန် ရှေးဟောင်းကျိုတိုမြို့သို့ ထွက်ခွာခဲ့ပါတယ်။
နေ့လည်ပိုင်းမှာတော့ ရှေးဟောင်း ကျိုတိုမြို့တွင်းနှင့် ကျိုတိုမြို့အထင်ကရ ရွှေကျောင်းသို့ သွားရောက်လေ့လာခဲ့ပါတယ်။

မနက်ဖြန် မနက်ပိုင်းမှာတော့ Kyodo News Agency နဲ့ အင်တာဗျူး ပြုလုပ်မှာဖြစ်ပြီး
ထို့နောက် Institute of Southeast Asian Studies, Kyoto University သို့သွားရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် သုတေသနပြုခဲ့တဲ့ Kyoto University မှမြန်မာကျောင်းသားများနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မနက်ဖြန်နေ့လည်မှာတော့ တိုကျိုမြို့သို့ ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်း၏ ဂျပန်နိုင်ငံ ခရီးစဉ်ဟာ လာမယ့် ဒီဇင်ဘာလ ၃ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ယနေ့ ဂျပန်သတင်းစာများနှင့် တီဗီသတင်းများမှာ မနေ့က ဂျပန်နာမည်ကြီး သတင်းစာ တစောင် ဖြစ်တဲ့ Yomiuri သတင်းစာနှင့် တွေ့ဆုံခဲ့မှုအား ထုတ်လွှင့်ဖော်ပြလျှက်ရှိပါတယ်။

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

တိုကျိုမှာ မြန်မာပွဲတော်ကျင်းပတာမေဆွိ မေခလာ မေသန်းနု တူးတူး၊ ဖြူဖြူကျော်သိန်း
စတဲ့ုမြန်မာ မိသားစု ၁၀၀၀နီပါးတက်ရောက်လာပါတယ်။ဒီကနေ့  စတင်ဖွင့်လှစ်လိုက်တဲ့ ပွဲတော်တွင် ဂျပန်ဝန်ကြီးချုပ် ၏ ကတော်မှ စတင်ဖွင့်လှစ်ကြောင်းကြေငြာမိန့် ခွန်းပြောကြားပြီး ပွဲတော်ကိုစတင်ဖွင့်လျစ်ခဲ့ပါတယ်။
ပြီးနောက် မြန်မာသံအမတ်ကြီးမှအမှာစကားပြောကြားခဲ့ပြီးဂျပန် နိုင်ငံခြားရေးရာညွှန်မှူးမှ မိန့် ခွန်းပြောကြားခဲ့ပါတယ်။
ညနေ၂နာရီခွဲခန့် တွင် ဂျပန်သို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ ဗဟို ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းလည်းလာရောက်အားပေးခဲ့ပြီး သီးသန့် တွေ့ ဆုံမေးမြန်းခန်းအား ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။


တူးတူးပြောတဲ့ သူ့ ရင်ထဲကနေမင်းကြီးက ဘယ်သူပါလဲ ဖွင့်ကြည်လိုက်ပါလား တိုကျို မြန်မာ ပွဲတော်မှာ အဆိုတော်ကြီး တူးတူးဖျော်ဖြေနေစဉ် ၁
Posted by Maung Tun Wai on Friday, November 27, 2015
တူးတူးပြောတဲ့ သူ့ ရင်ထဲကနေမင်းကြီးက ဘယ်သူပါလဲ ဖွင့်ကြည်လိုက်ပါလား.. တကယ်ပြုံးပျော်ရမယ့် နေဝန်းနီ ပေါ်ထွက်လာပါပီ။


ချစ်သူနဲ့ ဆုံဆည်းကြဖို့ အကြောင်းတွေဆိုပေးနေတဲ့ အကြောင်းအချစ်ဆုံးလေးများသိစေချင်ဖို့ တိုကျို မြန်မာ ပွဲတော်မှာ အဆိုတော်ကြီး တူးတူးဖျော်ဖြေနေစဉ်၂
Posted by Maung Tun Wai on Friday, November 27, 2015


တိုကျို မြန်မာပွဲတော်မှတေးသံရှင်နံမည်ကြီးဖြူဖြူကျော်သိန်းရဲ့ စတိုင် 1လမ်းခွဲ သီချင်းနဲ့ ဖျော်ဖြေမှုပါ နားဆင်ကြည့်ပါမူရင်း Maung Tun Wai 28.11.2015
Posted by Maung Tun Wai on Saturday, November 28, 2015


ကိုကို့ ကို တဲ့  အဲ့သီချင်းနဲ့ ကလဲ မြူးပါတယ.်။တိုကျို မြန်မာပွဲတော်မှတေးသံရှင်နံမည်ကြီး မေခလာရဲ့ စတိုင် 2 မူရင်း ဗွီဒိယို Maung Tun Wai
Posted by Maung Tun Wai on Saturday, November 28, 2015


တိုကျို မြန်မာပွဲတော်မှတေးသံရှင်နံမည်ကြီး မေခလာရဲ့ စတိုင် 1စပါကလင်အချစ်. နဲ့ ဖေ့ဘုတ်ပေါ်မှာ အရမ်းနံမည်ရနေတဲ့  နိုင်ငံရေးတွေမပြောချင်ဘူး သီချင်းနဲ့ ဖျော်ဖြေမှုပါ ပရိတ်သတ်က ထိမ်းမရပါဘူးခင်မျာ။နားဆင်ကြည့်ပါမူရင်း ဗွီဒိယို Maung Tun Wai
Posted by Maung Tun Wai on Saturday, November 28, 2015
ပွဲတော်တွင် ဈေးဆိုင်များ အစုံအလင်မြင်ခဲ့ရပါတယ်။
စားသောက်ဆိုင်များ. မြန်မာ့ ရိုးရာအစားအစာပေါင်းစုံ၊ ထိုင်းစားသောက်ဆိုင်၊ မြန်မာဘီယာများ
ဂျပန်ဘီယာများ၊ တယ်လီဖုံးကဒ်ဆိုင်ယွန်းထည်ပစ္စည်များ။ ပန်းချီပြခန်း ၊ မြန်မာပြည်နှင့်ဂျပန်ပြည် တရားဝင် ငွေလွှဲလုပ်ငန်းများ
စတဲ့  မြန်မာထမီ ဂျပန်ကီမိုနို ဆိုင်များ။ ဂျပန်မြန်မာဘုရားကျောင်းတွင် ဘာသာရေးဘုံကျောင်းတွင်အပန်းဖြေသူများလဲတွေ့ မြင်ခဲ့ရပြီး အခြား နိုင်ငံခြားသားများလည်းဝင်ရောက် လည်ပတ်တာတွေ့ ခဲ့ရပါတယ်။
ဖော်ျဖြေရေးအစိအစဉ်တွင် မြန်မာပြည်မှ နံမည်ကြီးအဆိုတောများအပြင် ဂျပန်ရောက်ကျောင်းသူကျောင်းသားများ.ရဲ့ သင်္ကြန်အကများ၊ ဥိးရွှေမိုးအက ပန်တြွာအကများ၊ ရှမ်းရိုးရာရှမ်းစည်တော်ကြီးအကများစတဲ့  ရှု့ မငြီးနိုင်အောင်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
ထို့ နောက်ညပိုင်းတွင် သိးသန့် စတိတ်ရှိုးပွဲအားဖျော်ဖြေတင်ဆက်မှုလည်း ရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့ တွင်လည်း မင်္ဂလာဒိုးအနုပညာ အင်အားစုအဖွဲ့ မှစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း
မနက်ဖြန်29.11.2015တွင်လည်း အလားတူ မနက်10နာရီမှ ညနေ၆ နာရီအထိဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။


တိုကျို မြန်မာပွဲတော်မှ အဆိုတော်ကြီးမေဆွိ က ကောင်ကင်ပြာကိုဘယ်သူများအစီမ်းရောင်ခြယ်၊ မန်းတောင်ရိပ်ခို အကဖြင့်အကယ်ဒမီမေသန်းနုအကဖြင့်တင်ဖျော်ဖြေနေတာကြည့်ရသူပရိတ်သတ်များ လက်ခုပ်တဖြောင်းဖြောင်းနဲ့  အားပေးခဲ့ကြတာကိုတွေ့ ရမှာပါ. ဗွီဒီယို Maung tun Wai. လေးစားလျက်လွတ်လပ်စွာပြန်လည်ယူတင်နိုင်ပါတယ်။28-11-2014
Posted by Maung Tun Wai on Friday, November 27, 2015
သတင်းဓါတ်ပုံ
Maung Tun Wai[full-post]

အဲဒီပုံကို သတင်းတွေထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ် ။
နိုင်ငံခြားခရီးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက်နေမကောင်းဖြစ်ပြီး မူးဝေအော့အန်နေတဲ့ အချိန်မှာ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်ကလေးပါ

ဒီပုံကိုကြည့်ပြီး တစ်စေ့စေ့တွေးပြီး တစ်ရေးရေးမြင်စေချင်တာတွေရှိပေမဲ့ မပြောတော့ပါဘူး ကိုယ့်အမြင်နဲ့ကိုယ်သာ မြင်ပြီးခံစားကြည့်ကြပါတော့

ဒီပန်းချီကားကလေးကို ရေးဆွဲခဲ့သူက တရုတ်လူမျိုးတစ်ယောက်ဖြစ်ပါတယ် ။ သူရေးသားမှတ်တမ်းတင်ထားတဲ့ စကားလုံးကတော့ ဦးဆွေးဆံမြည့် လို့ဖြစ်ပါတယ် လို့ ပြောပြသွားခဲ့ပါတယ် ။

ဒီအမျိုးကောင်းသမီးကြီး ကတော့ တိုင်းပြည်အကျိုး ၊ ပြည်သူတွေ အကျိုးအတွက်

ဦးဆွေး ဆံမြည့် ပါတဲ့ဗျာ

Htin Lin Oo


ဒီဆောင်းပါးခေါင်းစဉ်ထဲက စစ်ဂမျင်းတွေဆိုတာ မြန်မာနိုင်ငံမှာ ပြည်ထောင်စုဖွား သွေးရင်းသားရင်း တိုင်းရင်းသားညီအကိုအခြင်းခြင်း သတ်ဖြတ်နေတဲ့ပြည်တွင်းစစ်မီးတောက်ကြီးကို နယ်မြေလုံခြုံအေးချမ်းရေး၊ နိုင်ငံတော်ကာကွယ်ရေး ဆိုတာတွေကို အကာအကွယ်ယူပြီး ကိုယ်ကျိုးစီးပွားအတွက် အားတက်သရော စစ်မိန့် ပေးနေတဲ့၊ သဲကြီးမဲကြီးတိုက်ခိုက်ဆင်နွှဲနေတဲ့၊ အကျိုးမရှိတဲ့ စစ်ပွဲရန်ပွဲတွေကို မိုက်မိုက်မဲမဲ ထောက်ခံ နေကြတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် နှစ်ဖက်စလုံးက အသိဥာဏ်ကင်းမဲ့ပြီး အတ္တအမှောင် ရိပ်အောက်မှာ တဖက်ပိတ်နေတဲ့ စစ်ဂျပိုး လူ့ ဂျပိုး လူ့ ဗာလမျိုးတွေကိုသာ ရည်ညွှန်းပါတယ်။

ဘာကြောင့်လည်းဆိုတော့ တပ်မတော်ဖက်မှာရော၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်တွေထဲ မှာရော နိုင်ငံကိုတကယ်ချစ်မြတ်နိုးပြီး မှန်မှန်ကန်ကန် ကာကွယ်စောင့်ရှောက်လိုတဲ့ တပ်မတော်သား အရာရှိ အရာခံအကြပ်တပ်သားကောင်းတွေ၊ တော်လှန်ရေးသမားကောင်းတွေ အမြောက်အများကျန်ရှိနေသေးတာ ကြောင့် ၀ါးလုံးသိမ်းရမ်းရှုံ့ချတာမဟုတ်ကြောင်း စာပုလ္လင်ခံရခြင်းဖြစ်ပါတယ်။

အရပ်ထဲရွာထဲမှာ အမြဲတစေ အော်ဟစ်ဆဲဆိုရမ်းကားလေ့ရှိပြီး၊ ထစ်ခနဲရှိလက်ပါ၊ ထစ်ခနဲရှိ တုတ်ဆွဲ ဓါးဆွဲ သွေးသံတရဲရဲဖြစ်အောင် အကြမ်းဖက်တဲ့နေရာမှာ လက်ယဉ်နေတဲ့သူတွေကို ရပ်ရွာလူထုက လက်မရွံ့ လူမိုက်၊ လူ့ ဂျပိုးလူ့ အန္ဓ၊ ဒုစရိုက်ကောင်၊ လူ့ ဂမျင်းကောင်တွေလို့ သတ်မှတ်ကြတယ်မဟုတ်လား။

ဗလအားကိုးနဲ့ ဖြစ်ဖြစ်၊ အသတ်အပုတ်ကျွမ်းကျင်လို့ ဖြစ်စေ၊ လက်နက်အာဏာ အသာစီးရှိနေလို့ ဘဲဖြစ်ဖြစ်၊ အားကြီးသူဖြစ်ဖြစ်၊ အားနည်းသူဖြစ်ဖြစ် သူ့ ကရန်စလို့ ၊ သူ့ ကြောင့်၊ ကိုယ့်ကြောင့်စတဲ့ အကြောင်းတရားတွေ ဘယ်လိုဘဲပြပြ လက်ပါတတ်တယ်၊ ပြသနာတွေကို အကြမ်းဖက်ဖြေရှင်းတယ်ဆိုတာ အသိဥာဏ်မဦးစီးတဲ့ အလုပ်ပါ။ လူယဉ်ကျေးတွေရဲ့အလုပ် မဟုတ်ပါဘူး။ ဘုရားလည်းမကြိုက်၊ နတ်လည်းမကြိုက်တဲ့အလုပ်၊ အပြစ်ရှိတဲ့အလုပ်တွေဘဲမဟုတ်လား။

အဲ့ဒီလိုပါဘဲ နှစ်ပေါင်း(၆၀)ကျော်တဲ့တိုင် မငြိမ်းသတ်နိုင်၊ မငြိမ်းချမ်းနိုင်အောင် တောက်လောင်နေတဲ့ ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးဆိုတာ အလွန်ရှက်စရာကောင်းပါတယ်။ နိုင်ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဘို့ မကျိုးစားဘဲ လက်နက်နဲ့ အရိုင်းအစိုင်းတွေလို ဖြေရှင်းလာခဲ့တာ နှစ်ပဋိစ္ဆေဒ ကြာမြင့်လှပြီဆိုတော့ အလွန်အပြစ်ကြီးလေးပါတယ်။
ငြိမ်းချမ်းရေးရဘို့ တစက္ကန့် တမိနစ်နောက်ကျခြင်းဟာ နှစ်ဖက်စစ်သည်တော်တွေ၊ အပြစ်မဲ့ပြည်သူပြည်သား တွေရဲ့ အသက်ပေါင်းမြောက်များစွာကို ဆုံးရှုံးစေပါတယ်။ သန်းပေါင်းများစွာသောနိုင်ငံသားတွေရဲ့ဘ၀တွေ၊ အနာဂါတ်တွေကိုလည်း ဖျက်ဆီးနေတာမဟုတ်လား။
သွေးဆာပြီး စစ်သွေးကြွနေတဲ့၊ စစ်နဲ့ လုပ်စားကြီးပွားနေတဲ့ နှစ်ဖက်စလုံးက စစ်ခေါင်းဆောင်တချို့ကြောင့် အရှိန်တညီးညီးတောက်လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးတောက်ကြီးအောက်မှာ အပြစ်မဲ့တဲ့ အရပ်သားတိုင်းရင်းသား မိဘပြည်သူတွေဟာ မြေဇာပင်ဘ၀နဲ့ ဒုက္ခဆင်းရဲကြီးစွာ ငရဲခံနေရတာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီ။ ဦးသိန်းစိန်အစိုးရရဲ့သက်တမ်း(၅) နှစ်တာအတွင်းမှာလည်း အပစ်ရပ်ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်၊ တဖက်ကလည်း စစ်ရေးချဲ့ထွင်မှု့တွေ ထိုးစစ်တွေခဏခဏဆင် အဲ့ဒါငြိမ်းချမ်းရေးလုပ်နေတယ်လို့ ခေါ်နိုင်ပါ့မလား။
စစ်အရမ်းတိုက်ခြင်နေတဲ့ နှစ်ဖက်လုံးက စစ်ခေါင်းဆောင်ဗိုလ်ချူပ်တွေရဲ့ မိသားစုဝင်တွေသာ စစ်ဖြစ်နေတဲ့ စစ်တလင်းမြေမှာ စစ်ပြေးစစ်ရှောင်ဒုက္ခသည်မိသားစုတွေလို ဗုံးဆန်ကျည်ဆံတွေကြား အသက်လုပြေး၊ မဒိမ်းကောင်တွေရဲ့ရန်ကလွတ်အောင် အရှက်လုပြေး၊ အစားရမဲ့အသောက်ရမဲ့၊ အိုးမဲ့အိမ်မဲ့ ဘ၀ပျက်နေရရင် သူတို့ ကိုယ်တိုင် ပြည်တွင်းစစ်ကို ချက်ခြင်းရပ်ခိုင်းမှာပါ။ ကိုယ်ချင်းမစာတတ်သူတွေ သွေးဆာနေတဲ့ သားရဲတရိစ္ဆာန်စိတ်ရှိသူတွေ၊ စစ်နဲ့ စီးပွားတက်နေသူတွေသာစစ်တိုက်ခြင်တာပါ ။
နယ်မြေအေးချမ်းရေးလုပ်နေပါတယ်၊ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေတာပါဆိုပြီး မသိနားမလည်တဲ့ ပြည်သူတွေနဲ့  အခွင့်ထူးခံခွင့်ရလို စစ်အာဏာရှင်သစ္စာခံ အသိုင်းအ၀ိုင်းကိုလည်း အယုံသွင်း စစ်ဝါဒမှိုင်းတိုက်နေမြဲ မဟုတ်လား။ အခုအထိတော့ အဲ့ဒီစစ်ဗိုလ်ချုပ်တွေဟာ စိတ်ဓါတ်ဟောင်းတွေ စွန့် လွှတ်မဲ့ဟန် မမြင်ရသေးပါဘူး။
မျက်မှောက်ချိန်မှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ လက်ခံဖို့ အလွန်အန္တရာယ်ကြီးတဲ့ လက်နက်ဖြုတ်သိမ်းရေးပါဝင်သည့် DDR (Disarmament၊ Demobilization၊ Reintegration) ကိုကိုင်ဆွဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ၊ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဝင်အားလုံးနဲ့ တကွ သူတို့ရဲမိသားစုဝင်အားလုံးသာ စစ်မီးတောက်လောင်နေတဲ့အရပ်ဒေသမှာရှိနေမယ် ဒေသခံစစ်ဘေးဒုက္ခသည်တွေလို လက်နက်မပါ၊ သတ်ဖြတ်မဒိမ်းကျင့်သူရှိလည်း အကာအကွယ်မဲ့၊ အစားအသောက်မဲ့ နေစရာမဲ့၊ ဆေးဝါးမဲ့ ဒုက္ခရောက်နေရမယ်ဆိုရင် ဒီကနေ့ လုပ်နေတဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲရလာဒ်တွေဟာ တမျိုးတမည်ဖြစ်နေမှာ အသေအခြာပါဘဲ။ ။

ဆိုလိုခြင်တာက လက်နက်မဲ့ပြည်သူတွေခံစားနေရတဲ့ စစ်ဘေးစစ်ဒါဏ်ကို သူတို့ ကိုယ်တိုင်မခံစား မနာကျင်ရတော့ ကိုယ်ခြင်းမစာနာတာပါဘဲ။ သူတို့ မသေရတိုင်း၊ သူတို့ ခြေပြတ်လက်ပြတ်မဖြစ်ရတိုင်း စစ်တိုက်ခြင်စိတ်သိပ်ပြင်းပြနေတဲ့ စစ်သွေးကြွစစ်ဗိုလ်ချုပ်တွေ နောက်ကနေသတ္တိံပြ တိုင်းပြည်အပေါ် ချစ်ယောင်ပြနေတာပါ။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးစတဲ့ စကားလုံးကောင်းတွေကို အကာအကွယ်ယူပြီး ကိုယ်အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက် လမ်းမှားပေါ်ဆက်လျှောက်နေကြတာပါ။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စအပါအ၀င် နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးပွဲဝင်မဲ့သူတိုင်း ကျင့်သုံးစွဲကိုင်ရမဲ့ အခြေခံစိတ်ဓါတ်ကတော့ ရိုးသားမှု့၊ စိတ်ကောင်းစေတနာနဲ့ ကိုယ်ခြင်းစာနာမှု့ပြည့်ပြည်၀၀ ထားတတ်ဖို့ ပါ။ စစ်ရှိန်မြှင့်နေတဲ့လက်ရှိအနေအထားအရဆိုရင်တော့ စစ်ဗိုလ်ချုပ်ကြီးတွေမှာ ငြိမ်းချမ်းရေးကို တကယ်ရဘို့ ဆန္ဒပြင်းထန်မှု့မရှိဘူးဆိုတာကို ညွှန်ပြနေပါတယ်။
ပြည်ထောင်စုမပြိုကွဲအောင်တို့ အချုပ်အခြာအာဏာအထိပါးမခံဘူးတို့  ကိုယ့်နယ်မြေကို တလက္မတောင် အကျူးကျော်မခံဘူး ဆိုတာတွေဟာ သူတို့ နဲ့ သူတို့ ရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေ အခွင့်ထူုးခံစားခွင့်ရ နေတာကို အခြေမပျက်စေခြင်တဲ့ ဘယာဂတိနဲ့ အတ္တလောဘကို ဖုံးကွယ်ထားတဲ့ မျိုးချစ်စိတ်အတု၊ တိုင်းပြည်ချစ်စိတ်အတုပါ။
ပြည်တွင်းစစ်မီးလှုံတဲ့  စစ်အာဏာရှင်တွေနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ဗိုလ်ကျနေတဲ့ တိုင်းပြည် မှာ ဘယ်သူရဲ့ဘ၀မှ မလုံခြုံဘူး ။ စစ်ဂျပိုး လူ့ ဂျပိုးတွေ၊ သွေးဆာနေတဲ့ စစ်မဒိမ်းကောင်တွေကြောင့် ငါတို့ ရဲ့ နှမတိုင်းရင်း သူလေးတွေ၊ အရိုင်းပန်လေးတွေ လူမသိသူမသိရော လူသိသူသိရော ဘယ်လောက်များတောင် နင်းချေမွ ခြွေချခံရပြီးပြီလည်းဆိုတာ မရေတွက်ရဲပါဘူး။ သိပ်ကျေကွဲ ၀မ်းနည်းစရာကောင်းပါတယ်။
ပိုဆိုးတာက အဲ့ဒီလိုဖြစ်နေတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ စစ်ရာဇ၀ါတ်မှု့ကြီးတွေအတွက်တာဝန်ရှိတဲ့ အဖွဲ့အစည်း နဲ့ အဲ့ဒီအဖွဲ့ အစည်းရဲ့တာဝန်ရှိသူတွေဟာ…စုံစမ်းအရေးယူပြီးထိုက်တန်တဲ့အပြစ်ပေးမှု့၊ တာဝန်ခံဖြေရှင်း ထုတ်ပြန်မှု့တွေ မလုပ်ခဲ့ကြတာဘဲဖြစ်တယ် ။ ဒီလိုလုပ်ခြင်းဟာ…သွေးဆာနေတဲ့ လူ့ တရိစ္ဆာန် စစ်မဒိမ်းကောင် လူသတ်ကောင်တွေကို အကာအကွယ်ပေးထားတာဖြစ်သလို၊ နှောင်ကိုလည်းဆက်လက်ကျူးလွန်ဖို့ အားပေး အားမြှောက် လုပ်နေရာရောက်ပါတယ်။
ဒါကြောင့် တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများရဲ့ တာဝန်ရှိစစ်ခေါင်းဆောင်တွေ အနေနဲ့ အထက်မှာဖေါ်ပြခဲ့တဲ့ စစ်ရာဇ၀တ်မှု့ကြီးတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိနေတဲ့၊ စွပ်စွဲခံနေရတဲ့ နံမည်ပျက်အဖွဲ့ အစည်းတွေရဲ့ တာဝန်ရှိအကြီးအကဲတွေအနေနဲ့  လူသိရှင်ကြားဒီကိစ္စတွေ စုံစမ်းဖေါ်ထုတ် အပြစ်ပေးဖို့ ပြတ်ပြတ်သားသားအမိန့် ပေးရမဲ့အချိန်ရောက်နေပါပြီ။
လူကြီးမင်းတို့ မှာလည်း ဇနီးမယားနဲ့ သမီးသားနဲ့ မဟုတ်လား ။ ကိုယ့်နှမ ။ ကိုယ့်အမ၊ ကိုယ့်မိခင်များ ဒီလို ကြမ္မာဆိုးမျိုးနဲ့ ကြုံရရင် ဘယ်လိုခံစားရမလဲဆိုတာ…လူလို သွေးကူးခံစားပြီး ကိုယ်ချင်းစာနာလို့  တာဝန်ယူကြဘို့ တာဝန်ခံကြဘို့ နဲ့  မဒိမ်းအားပေး၊ လူသတ်အားပေးမလုပ်ဖို့ ၊ စစ်မဒိမ်းလိုင်စင်ကို ပြန်ရုပ်သိမ်းပါ လို့ တိုက်တွန်းလိုက်ပါတယ်။
အဲ့လိုမဟုတ်ဘဲ အရင်လုပ်နေကြအတိုင်း နာစေးခြင်ယောင်ဆောင်၊ မေ့ခြင်ယောင်ဆောင် ဖုံးကွယ် ဖျောက်ဖျက်ဖို့ ကျိုးစားရင်လည်းရပါတယ် ။ နွားခြေရာနောက် လှည်းဘီးရာက ထပ်ချပ်လိုက်ပါ သလို…ကိုယ့်နောက်ကို ကိုယ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်ကံအကျိုးတရားတွေ ထပ်ချပ်လိုက်ပါမှာ မလွဲပါဘူး ။ ပြေးခြင်လည်းပြေးပါ သံသရာကသိပ်မဝေးလှပါဘူး။

အာဏာရှင်ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မှားယွင်းနေတဲ့ အတွေးဆိုး ပေါင်းများစွာထဲက အကြီးမားဆုံးအတွေးအခေါ်ဆိုးကြီးကတော့ စစ်ပွဲတွေရှိနေမှ ပြည်တွင်းစစ်မီး တောက်လောင်နေမှ တပ်မတော်ရဲ့ အရေးပါမှု့ကို ရှေ့တန်းတင်နိုင်မယ်၊ သူတို့ အခွင့်ထူးခံနေတာ တွေဟာ ထိုက်တန်တယ်ဆိုတာပြသနိုင်မယ်လို့ ယုံကြည်နေတာပါဘဲ။ အဲ့ဒီအတွေးအခေါ်ဟာ သူတို့  ကိုယ်သူတို့ ပျက်ဆီးရာပျက်ဆီးစေကြောင်း အရင်းခံအကြောင်းတရားဆိုတာ သူတို့ နားလည်ပုံ မရပါဘူး။

ဒီဆောင်းပါးကနေ တိုင်းရင်းသားပြည်သူတွေရဲ့ အများပိုင်ဘဏ္ဍာငွေကြေးတွေနဲ့ ဝယ်ထားတဲ့ ခဲယမ်းမီးကျောက် တွေကို အလဟဿ ပြုန်းတီးစေပြီး နိုင်ငံသားတွေ ကိုယ့်အရိုးနဲ့ ကိုယ်အထိုးခံရသလို ဒုက္ခအ၀၀နဲ့ သူတို့ ဘ၀ တွေ ငရဲကျခံရစေတဲ့ စစ်ပွဲတွေ ထိုးစစ်ဆင်နေတာအားလုံးကို ချက်ခြင်းရပ်ပါလို့ တောင်းဆိုပါတယ်။။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့  ပြည်တွင်းကလူထုအခြေပြု အဖွဲ့ အစည်းပေါင်းစုံမေတ္တာရပ်ခံနေတဲ့ကြားက တိုင်းရင်းသားပြည်သူတွေမတိုက်ခိုင်းတဲ့ စစ်ပွဲတွေကို ဘာအတွက်ကြောင့် ဆက်တိုက်နေရတာလဲဆိုတာ ပြည်သူကိုအဖြေပေးပါ။

သမ္မတဦးသိန်းစိန်အနေနဲ့ လည်း တိုင်းရင်းသားပြည်သူတွေ အချည်းအနှီးသေကြေပျက်ဆီးနေတဲ့ စစ်ပွဲတွေကို တပ်မတော်ကဆက်တိုက်နေကို ဘာလို့ မတားဆီးနိုင်ရသလဲဆိုတာ ပြည်သူကိုအဖြေပေးဖို့ အချိန်ကျနေပါပြီ။

ပြည်တွင်းစစ်မီးကိုငြိမ်းသတ်နိုင်ဘို့ ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဘို့  အပစ်ရပ်ဆွေးနွေးပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မှာ စစ်မီးလှုံပြီးလုပ်စားကြီးပွားနေတဲ့ စစ်ရေးခေါင်းဆောင်တွေ၊ တိုင်းပြည်ဘဏ္ဍာနဲ့  ဘီလျှံနာဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ ရဲ့ အာဏာရှင်အဆိပ်အတောက် ဂျွတ်တက်နေတဲ့ အတွေးအခေါ်အဟောင်းတွေမပြင်ဘဲ အုပ်စီးဆွေးနွေးနေလို့ ကတော့ လုံးဝမရနိုင်ပါဘူး။

စိတ်ပိုင်းရောရုပ်ပိုင်းကိုပါ တိုင်းရင်းသားပြည်သူတွေအပေါ် အခါခါအနာတရဖြစ်စေခဲ့သူတွေ၊ နှိပ်စက်ခဲ့သူတွေ၊ အကြိမ်ကြိမ်ကတိဖျက်ခဲ့သူတွေက တန်းတူရည်တူထား လေးစားစွာဆက်ဆံလိုစိတ်အပေါ် အခြေမခံတဲ့ လက်နက်ဖြုတ်သိမ်းရေးကို မလျှော့တမ်းဆုတ်ကိုင်နေသ၍ ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုနှလုံးသားထဲက နှစ်နှစ်ကာကာ မယုံကြည်သ၍၊ ရိုးသားမှု့အပေါ်အခြေခံပြီး ပင်လုံစိတ်ဓါတ်ကို မမွေးမြူသ၍ ပြည်တွင်းစစ် မီးတောက်ကြီးကို ငြိမ်းသတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အရှိန်တညီးညီးတောက်လောင်နေတဲ့ ပြည်တွင်းစစ်ပွဲကြီးရဲ့ ဒုက္ခဘေးကို လူ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကြောက်မက်ဖွယ် ကျွမ်းလောင်ဖျက်ဆီးတတ်တဲ့ ရန်သူမျိုးငါးပါးထဲက မီးဘေးဒုက္ခကြီးနဲ့ နှိုင်းယှဉ်ကြည်ုနိုင် ပါတယ်။

မီးလောင်ကျွမ်းမှုတခုဖြစ်ဖို့ အတွက်ဆိုတာ လောင်စာ (Fuel) ၊ အောက်ဆီဂျင် (Oxygen)၊ မီးပွားမီးစ (Spark) ဆိုတဲ့ အခြေခံအကြောင်းတရား (၃) ပါး တပြိုင်နက်ဖြစ်တည်ပြည့်စုံနေမှ ဖြစ်ပွားတတ်တာပါ။ မီးလောင်မှု့တွေ ကို ကာကွယ်ဖို့ နဲ့ ငြိမ်းသတ်ဖို့ဆိုတာကလည်း အထက်ကအကြောင်းတရား (၃) ပါးထဲက ဖယ်ရှားနိုင်တဲ့ အကြောင်းတရားမှန်သမျှကိုဖယ်ရှားပစ်ခြင်းနဲ့ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါတယ်။ ဥပမာဆောင်ရရင် .. မီးငြိမ်းသတ်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်မီးသတ်ဗူး ( CO2 Fire Extinguisher) သုံးစွဲတယ်ဆိုတာ ကိုယ်တိုင်လည်းမီးလောင်ပြီး မီးလောင်မှု့ကိုလည်းအားပေးတဲ့ အောက်ဆီဂျင်ကို ဖယ်ရှားလိုက်ခြင်းပါဘဲ။

ထို့ အတူပါဘဲ ပြည်တွင်းစစ်ဖြစ်ဖို့ ဆိုတာ လောင်စာနဲ့ တူတဲ့ အယူအဆမတူသော လက်နက်ကိုင် အဖွဲ့ အစည်းများ၊ အောက်ဆီဂျင်နဲ့တူတဲ့ မုန်းတီးမှု့အာဃာတများ၊ မီးပွားမီးစနဲ့ တူတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းများအကြားက ပွတ်တိုက်မှု့ ဆိုတဲ့ အခြေခံအကြောင်းတရား (၃) ပါး ဖြစ်တည်နေဖို့ လိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစကတည်းက ဖြစ်တည်နေခဲ့တဲ့ အထက်ပါ အခြေခံအကြောင်းတရား (၃) ပါးဟာ လျှော့ပါးမသွားတဲ့အပြင် တိုးပွားလာနေတာကြောင့် ပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင်တာပါ။

ဒါကြောင့် ကြောက်မက်ဖွယ်ရာကောင်းပြီး အန္တရာယ်အလွန်များတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်လိုတယ်၊ ပြည်တွင်းစစ်ကိုတကယ်ဘဲ ငြိမ်းသတ်ခြင်တယ်ဆိုရင် စစ်ဖြစ်စေတဲ့ အကြောင်းတရား (၃) ပါးထဲက ဖယ်ရှားနိုင်တဲ့ အကြောင်းတရားမှန်သမျှကိုဖယ်ရှားပစ်ဖို့ နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာကြရမှာပါ။

ဥပမာ လောင်စာနဲ့ တူတဲ့ အယူအဆမတူသော လက်နက်ကိုင်အဖွဲ့ အစည်းများရှိနေခြင်းဆိုတဲ့ အကြောင်း တရားကို ဖယ်ရှားပစ်ဖို့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့ စည်းရေးကို ဦးတည်ကြရမှာပါ။ ပြီးတော့ အောက်ဆီဂျင်နဲ့ တူတဲ့ မုန်းတီးမှု့အာဃာတတွေ ပပျောက်သွားအောင် အတိတ်ကအမှားတွေအပေါ် အပြန်အလှန်တောင်းပန်မှု့ ခွင့်လွှတ်မှု့တွေနဲ့ ယုံကြည်မှု့တွေအခြေခံပြီး ညီညွတ်ရေးကို တည်ဆောက်ဖို့  လိုပါတယ်။

အဲ့ဒီလိုမှ မဟုတ်ရင် အတွေးအခေါ်အဟောင်းတွေထဲကမထွက်နိုင်ဘဲ မီးစတဖက်ရေမှုတ်တဖက်ကိုင်ပြီး ရှို့ လိုက် ငြိမ်းယောင်ပြလိုက်၊ ပြန်ရှို့လိုက် ဆက်မိုက်နေအုန်းမယ်ဆိုရင်တော့ သမိုင်းရိုက်တာခံရမဲ့အပြင် ပြည်သူ့ ကျိန်စာစူးလို့  ဇါတ်သိမ်းကောင်းနဲ့  ဇါတ်ပေါင်း ကိန်းမမြင်မိပါဘူး။

နိဂု့းချုပ်ပြောခြင်တာကတော့ မြန်မာပြည်သူပြည်သားတွေဟာ စစ်တလင်းတွေပေါ်ရင် စစ်ဂမျင်းတွေပျော်လို့  နိုင်ငံသားတွေ ဆင်းရဲဒုက္ခကြီးကြီး ခါးခါးသီးခံစားရတတ်တာ ဘ၀ပေးအတွေ့ အကြုံ လုံလောက်နေပါပြီ၊ အသိနဲ့ သတိပါ ရှိပြီးနှင့်ပါပြီ ဆိုတဲ့အကြောင်း စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးတွေကို တိုက်နေတဲ့ လူသတ်စစ်ပွဲတွေ ချက်ခြင်းရပ်ဖို့  ယဉ်ကျေးစွာ ထပ်လောင်းသတိပေးခြင်ပါတယ်။
ဒါကြောင့် တိုင်းသူပြည်သားတွေ အေးချမ်းစွာနိုးထနိုင်ပြီး အကြောင့်ကြမဲ့စွာအိပ်စက်နိုင်ဖို့  ဘ၀လုံခြုံမှု့ အာမခံ ချက်ရှိအောင် မှင်တို့ ထားတဲ့ ပြည်သူလူထုရဲ့ ဘယ်ဖက်လက်သန်းလေးတွေ စုပေါင်းအားနဲ့  ရွေးချယ် တင်မြှောက်လိုက်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဦးဆောင်မဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးတွေ ရိုးရိုးသားသား ပူးပေါင်းလာနိုင်ပါစေ လို့  အလေးအနက်ဆန္ဒပြုလိုက်ရပါကြောင်း။

စစ်တလင်းတွေဖျောက်နိုင်မှ … စစ်ဂမျင်းတွေပျောက်မှာမို့ 
စစ်တလင်းတွေပျောက်လို့  … စပါးခင်းတွေပေါက်လာပါစေ။
ဒုံးပျံ ဗုံးသံတွေမညံဘဲ … ရှမ်းအိုးစည်သံ ဖားစည်သံတွေ လျှံပါစေလေ။
အမြင်ဆိုးစရာ တုတ်ဓါးတွေထားရစ်လို့  … ကချင်ရိုးရာ မခုတ်ဓါးတွေ အစားထိုးနိုင်ကြပါစေ
တပ်မတော်ကို သက်တန့် ရောင်စုံဖဲကြိုးတွေသုံးပြီး ပြည်သူတွေရဲ့ သံပုံးတီးမောင်းထုတ်ခြင်းခံရတဲ့ဘ၀ကနေ အားကိုးလေးစားစိတ်နဲ့ ပန်းကုံးစွပ်ခံရအောင် အမှန်တကယ်ပြောင်းလဲနိုင်ကြပါစေ ။ ။

လေးစားစာဖြင့်
(မင်းကောင်းချစ်)
နိုဝင်ဘာ (၂၇) ရက်နေ့ ၂၀၁၅ ခုနှစ်





 တကယ်တော့ မြန်မာပြည်မှာစစ်တပ်နှင့် ဒီမိုကရေစီသည် ပြဒါးတလမ်းသံတလမ်းသာဖြစ်ပါသည်။

 ဗိုလ်ချုပ် နေ၀င်းလက်ထက်စစ်တပ်ကအာဏာသိမ်းပြီးရှိသမျှကိုအပိုင်သိမ်းလိုက်ကတည်းကစစ်တပ်နှင့် ပြည်သူလူထုသည်လည်းမဟာရန်သူဖြစ်သွားခဲ့ပါသည်။

လွတ်လပ်ရေးခေတ်တုန်းကစစ်ဗိုလ်စစ်သားကိုလူအများကချစ်ခင်ကြသလောက် စစ်အာဏာရှင်ခေတ်မှာတော့ တဖြည်းဖြည်းစစ်ဗိုလ်စစ်သားဆိုလျှင် လူထုကရွံကြောက်ကြောက်ကြသည်။

အစိုးရအုပ်ချုပ်ရေးယန္တရားတွင်ပါဝင်သောပုလိပ်ရဲသားများကိုလည်းငိုစားရယ်စားဆိုပြီးလူတကာရွံ့မုန်းတတ်ကြသည်။

ဒီမိုကရေစီခေတ်ကျလျှင်တော့စစ်ဗိုလ်စစ်သားသည် ပြည်သူလူထုကိုအကာအကွယ်ပေးသည့်သူများအဖြစ် ရဲ၊ ပုလိပ် များသည် လူဆိုးသူခိုးမရှိအောင် ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ပြည်သူ့အချစ် ကို ပြန်ရအောင် အသွင်ပြောင်းပစ်ရမည် ဖြစ်သည်။

မြန်မာပြည်သူလူထုသည် နှစ်ပေါင်းများစွာဗိုလ်ကျစိုးမိုးနှိပ်စက်နေခဲ့သည့် စစ်အာဏာရှင်စနစ်ကို ၂၀၁၅ နိုဝင်ဘာ ၈ ရက်ကလက်နက်မဲ့ဆန္ဒဖော်ထုတ်မဲပေးခဲ့ကြပြီးပြီ။ ပြည်သူ့ပါတူကိုအလုံးအရင်းနှင့်မဲပေးခဲ့ကြသည်ကိုကြည့်ခြင်းဖြင့်ပြည်သူလူထုသည်ဘယ်လိုဆန္ဒရှိနေကြသလဲဆိုသည်ကိုသိသင့်ကြပြီဖြစ်သည်။

လူထုခေါင်းဆောင်အဖြစ်အားလုံးကမျှော်လင့်အားထားယုံကြည်ကိုးစားသောဒေါ်အောင်ဆန်စုကြည်ကသူမ၏ဟောပြောပွဲများတွင် လူကိုမကြည့်နှင့် ပါတီတံဆိပ်ကိုပဲကြည့်ပြီးမဲပေးကြပါဟုပြောလိုက်သည်နှင့် ပြည်သူလူထုကလည်းတသွေမတိမ်းNLDမဲပေးလိုက်ကြ သည်မှာစစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် NLDကိုယ်စားလှယ်လောင်းသည် ကွယ်လွန်သွားသည့်တိုင် အားလုံးတညီတညွတ်တည်းမဲပေးလိုက်ကြသည်မှာကွယ်လွန်သွားသူပင် အနိုင်ရသွားခဲ့ပါ သည်။

အနိုင်ရပါတီကိုအာဏာမလွှဲရသေးချိန်အထိ ပြည်သူလူထုကတော့ ရင်တဒိတ်ဒိတ်နှင့် အာဏာလွှဲမှလွှဲပါ့ မလား။ ၁၉၉၀ တုန်းကလည်းNLDနိုင်ခဲ့တာအကြောင်းပြပြီးအာဏာလွှဲမပေးခဲ့ဘူး။ ခုလည်းအဲဒီလိုများလုပ်ဦးမလားမသိဘူးဟု ပြည်သူလူထုတွေကစိုးရိမ် ပူပန်နေကြသည်။

ပြည်သူလူထုသည် တာဝန်ကျေခဲ့ပါ သည်။ ၈-၈-၁၉၈၈ တုန်းကလည်းလူ့ အသက်ပေါင်းများစွာအဆုံးရှုံးခံ၊လူပေါင်းများစွာအကျဉ်းကျခံ၊ ထောင်ထဲမှာအညှဉ်းဆဲခံကာကျောင်းသား၊ ပြည်သူတရပ်လုံး တာဝန်ကျေခဲ့ပြီဖြစ်သည်။

၁၉၉၀ တုန်းကလည်း မြန်မာပြည် သူလူထုသညNLDကိုတခဲနက်ထောက် ခံကာဒီမိုကရေစီစနစ်နှင့်သွားပါဟုဆန္ဒမဲပေးခဲ့ကြသည်။ သို့သော် အာဏာရှင်များ က အာဏာကိုလက်မလွှတ်။

ယခု ၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ ပြည်သူလူထုသည် တာဝန်ကျေပွန်ပါ သည်။NLDကိုတခဲနက် မဲပေးကာဒီမိုကရေစီဘက်သားအနိုင်ရစေခဲ့ပါသည်။
ယခုလောက်ဆိုလျှင် အာဏာရှင် များသိလောက်ပါပြီ။ မဲမပေးမီကချက်ချင်းပြောင်းလဲလျှင် အန္တရာယ်ရှိသည်။

ဒီမိုကရေစီပြောင်းလိုသောအာရပ်ကမ္ဘာမှာဘယ်လိုပဋိပက္ခစစ်ပွဲကြီးတွေ ဖြစ်နေသည်ကိုသတိပြုပါဟုပင်လူထုကိုသတိပေးခဲ့ သေးသည်။ ကြောက်မက်ဖွယ်စစ်ပွဲဖြစ် လိမ့်မည်ဟုပင် ဆိုခဲ့ပါသေးသည်။

သို့သော်မဲပေးရာတွင် ချောချောမွေ့မွေ့ဖြစ်ပြီးမဲရေတွက်ရာတွင်လည်းအချို့သောနေရာအနည်းငယ်မှလွဲ၍ အားလုံးမှန်မှန်ကန်ကန်အဖြေမှန်ကိုသိရသည်။

ဒီတော့ဘယ်သူမှစိတ်မ၀င်စားဘူးဟုထင်ခဲ့ရသောရွေးကောက်ပွဲလည်းလူထုတရပ်လုံးတခဲနက်လာရောက်မဲပေးခဲ့ကြ၍NLDကိုအနိုင်ရစေခဲ့ပါသည်။ မြန်မာသိ၊ ကမ္ဘာသိ ဖြစ်ရပ်တခုဖြစ်ပြီး ပြည်ပနိုင်ငံများကပင် အံ့အားသင့်ခဲ့ကြ သည်။

ယခုအခNLDအနိုင်ရပါတီကိုအာဏာလွှဲပေးရုံသာရှိသည်။ ဤနောက် ဆက်တွဲဇာတ်လမ်းကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲလူထုကစောင့် မျှော်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကသမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်တွေ့ ဆုံဆွေးနွေးမည်ဟုဆိုပါသည်။
ဤနေရာတွင် အဓိကဇာတ်ကောင် မှာအငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ပင်ဖြစ်ပါသည်။ လွှတ်တော်တို့၊ ရွေးကောက်ပွဲတို့ဆိုသည့် အခင်းအကျင်းများသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ဦးစီးခင်းကျင်းခဲ့သောအခင်းအကျင်းပင် ဖြစ်သည်။

ဤအခင်းအကျင်းအတိုင်းသွား ပြီးစစ်တပ်ကျောထောက်နောက်ခံရှိသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနိုင်ရမည်။ သို့မဟုတ် မဲပြန့်သွားပြီးညွန့်ပေါင်းအစိုးရတက်လာမည်။ လွှတ်တော်ထဲတွင် စစ်တပ် က ၂၅ ရာခိုင်နှုန်းအလိုအလျောက်ရှိနေသဖြင့် အပြင်ကမဲ ၂၅ ရာခိုင်နှုန်းရလျှင် သူတို့၏လက်ခွဲပါတီများ၏ မဲနှင့်ပေါင်းပြီးညွန့်ပေါင်းဖွဲ့မည်ဟုခန့်မှန်း၍ ဖွဲ့စည်းပုံ၊ လွှတ်တော်၊ ရွေးကောက်ပွဲတို့နှင့် ခင်းကျင်းထားခဲ့သည်။NLDမည်သို့မျှ မဲအနိုင်မရအောင် ဖွဲ့စည်းထားပြီးသားဖြစ်သည်။

ဤသို့သောအကျပ်အတည်းများ ကြားကနေပြီးNLD သည်သာအနိုင်ရ ဖြစ်အောင်ရသွားခဲ့ပြီ။ ဒီတော့ စစ်တပ် ကျောထောက်နောက်ခံအစိုးရကဘာလုပ် မလဲ။NLDကိုကျဉ်းထဲကျပ်ထဲကျ အောင် လုပ်ထားပါလျက် အနိုင်ရသွားခြင်း ဖြစ်သည်။

ယခုအခါနိုင်ငံတော်သမ္မတနှင့်ကာကွယ်ရေးဦးစီးချုပ်တို့ထံမှအာဏာကိုလွှဲပေးမည်။ ပြည်သူလူထုစိတ်မပူပါနှင့်ဟူသောစကားများကြားရသည်။
တကယ်တော့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးခင်းပေးသောလမ်း ဖြစ်ပြီးသူသာလျှင် သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့အပေါ် သြဇာညောင်းသူဖြစ်သည်။

တခုထူးဆန်းသည်မှာလည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ၏မြေးဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ကဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လာတွေ့သည်ဟုဆိုသည်။

သူတို့၏အကျိုးစီးပွားအတွက်ပဲဖြစ်မည်ဟုအများကခန့်မှန်းပြောဆိုကြသည်။ ဘာအတွက် လာတွေ့သည်ကိုတော့ တရားဝင်ထုတ် မပြောသေးပါ။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ သည် လွှတ်တော်တို့၊ ရွေးကောက်ပွဲတို့ အခင်းအကျင်းများခင်းကျင်းခဲ့ပြီးနောက်၊ အနိုင် ရပါတီအပေါ် အာဏာလွှဲပေးရန်လည်းသူ့မှာသာ တာဝန်ရှိပါသည်။ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်တို့အားအာဏာကိုအသာတကြည် ချောချောမောမောလွှဲပေးရန် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးထံတွင်သာမူတည်ပါသည်။

စစ်အာဏာရှင်စနစ်အောက်မှာအောက်တန်းနောက်တန်းကျနေသော မြန်မာနိုင်ငံကိုဒီမိုကရေစီခရီးလမ်းကြောင်းချောမွေ့ဖြောင့်ဖြူးရန်မှာအငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ၊သမ္မတဦးသိန်းစိန်၊ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တိုဒေါ်အောင်ဆန်းစုကြည် နှင့် မျက်နှာချင်းဆိုင်ပြီးရိုးရိုးသားသား၊ သဘောထားကြီးစွာ ပြည်သူလူထုအပေစိတ်ကောင်းစေတနာထားကာညီညာဖြဖြဆွေးနွေးညှိနှိုင်းကြပါရန်အရေးကြီးနေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအပေါ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေ၊ သတိပေးချက်တွေဟာ တချို့အမတ်တွေအတွက် လိုက်နာနိုင်ဖို့ အခက်အခဲရှိနိုင်ပေမဲ့ - တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ရပ်လို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ လည်း ထင်ရှားတဲ့တချို့ပါတီတွေထဲမှာ ပါတီတွင်း အလားတူ စည်းကမ်းသတ်မှတ်ကိုင်တွယ်ပုံတွေ ရှိခဲ့တာနဲ့ တချို့ အိန္ဒိယလွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့လည်း နှိုင်းယှဉ်ပြခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်ရှင်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်တွေနဲ့ စနေနေ့က တွေ့ဆုံချိန်မှာ - အဂတိလိုက်စားမှု ကင်းရှင်းစေဖို့ အတွက် - ပါတီဝင်တွေအနေနဲ့ ပါတီကိုတင်ပြထားတဲ့ ပိုင်ဆိုင်မှုတွေထက် ကျော်ပြီး ပိုင်ဆိုင်မှု ရှိ - မရှိ ဆိုတာကို သက်တမ်း ၅ နှစ်အတွင်း ကိုယ်စားလှယ် စိစစ်ရေး ကော်မတီအဖွဲ့ကနေ စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပြီး၊ တိုးလာတာကိုတွေ့ရင် ပါတီစည်းကမ်းအတိုင်း အရေးယူမယ့်အပြင် တည်ဆဲ အဂတိလိုက်စားမှုဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် အစိုးရသစ်ကို ဦးဆောင်ဖို့ ရှိနေတဲ့ ပါတီကိုယ် စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း စာမေးပွဲစစ်ဆေးသွားမှာဖြစ်သလို၊ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ကိုလည်း သိရှိထားရမယ်လို့ ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ပြောဆိုချက်တွေဟာ အများအမြင်မှာ ဆန်းနိုင်ပေမဲ့ - မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုမှာ တကယ့်ကို လိုအပ်ချက်တရပ်ဖြစ်တယ်လို့ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေက ပြောဆိုခဲ့ပါတယ်။
“ကျနော်မြင်တာကတော့ လိုအပ်တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး စံပြဖြစ်လောက်တဲ့ မိန့်မှာကြားမှုမျိုးက ပတ်ကြမ်းတိုက် သလိုတောင် ထင်ရလိမ့်မယ်။ သို့သော် ဒါဟာ ပတ်ကြမ်းတိုက်တာမဟုတ်ဘဲနဲ့ တကယ့်ကို ဗမာနိုင်ငံရဲ့ လိုအပ်ချက်ကို ဖော်ပြပြီးတော့ ပထမဦးဆုံး လွှတ်တော်မှာ တက်ကြရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကနေ စံပြလုပ်ကြရမယ့် သတင်းစကားကောင်းတရပ်၊ ဒီဟာမျိုးမလုပ်ရင်လည်း ဗမာပြည်က အီရောအီရောပေါ့နော်။ လှည်းကြမ်းကြီးကနေပြီးတော့ ကားအိုကြီး ပြောင်းမောင်းသလို အဆင့်ပဲ ဖြစ်မှာကိုး။ အဲတော့ တနည်းအားဖြင့် အစအဆုံးနီးနီး ပြောင်းရမယ့် အနေအထားတရပ်ကို ဗမာပြည်က ဖြစ်နေတော့ကာ ဒီဟာ လိုအပ်ချက်လို့ ကျနော် သဘောတူပါတယ်ခင်ဗျ။”

ဒါပေမဲ့လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပါတီတွင်း ကိုယ်စားလှယ်တွေအားလုံးက လိုက်နိုင်မယ်ဆိုတဲ့အပေါ်မှာ တော့ သူက သံသယရှိပါတယ်။

“ရာခိုင်နှုန်းပြည့် လိုက်နိုင်မယ်လို့တော့ ကျနော် အာမမခံရဲဘူးပေါ့နော် အဲ့လို ယူဆပါတယ်။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရာခိုင်နှုန်းအထိ ကျနော်တို့ အမတ်တွေကလည်း ကြိုးစားနိုင်ကြလိမ့်မယ်လို့ ယူဆတယ်။ နောက်တခါလည်းပဲ နောင် လာမယ့် လာမယ့်ပေါ့နော် ၅ နှစ်တခါဖြစ်ဖြစ်၊ ကြားဖြတ်ဖြစ်ဖြစ်၊ အရွေးခံမယ့် ပုဂ္ဂိုလ်တွေအတွက်လည်းပဲ အခုကတည်းကတောင်မှ အိမ်စာလုပ်ထားရမယ့် အနေအထားတရပ် ဖြစ်တဲ့အတွက် အခု ရာခိုင်နှုန်း တော်တော်များများ ရဦးတော့ နောင်ဆိုရင် ဒီထက်ကောင်းတဲ့ ရာခိုင်နှုန်းကြီး ဖြစ်လာနိုင်မယ်လို့ NLD ကိုယ်စားလှယ်တွေကို ကျနော် ယုံကြည်မှုရှိပါတယ်။”

၁၉၉၀ ရွေးကောက်ပွဲအပြီး အနိုင်ရ NLD ပါတီကို အာဏာလွှဲမပေးဘဲ - စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ အချိန်အတော်ကြာ နေထိုင်ခဲ့ရတဲ့ ဒေါက်တာတင့်ဆွေက - လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကိုယ်စားလှယ်တွေအပေါ် ကိုင်တွယ်ပုံနဲ့ အိန္ဒိယနိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးပါတီတချို့ကြား သူ့ပါတီကိုယ်စားလှယ်တွေအပေါ် ကိုင်တွယ်ပုံတွေကိုလည်း အခုလို နှိုင်းယှဉ်ပြခဲ့ ပါတယ်။

“အိန္ဒိယမှာက ပြောရရင် မနှစ်က လုပ်တဲ့ ရွေးကောက်ပွဲကိုကြည့်လိုက်ရင် လူထုကပဲ ရွေးတယ်လို့ ခံယူတဲ့ အမတ်တွေကြားထဲမှာလည်း အင်မတန်မှ ဆိုးတယ်လို့ ပြောရမှာပေါ့နော်။ အမတ် ၃ ယောက်မှာ ၁ ယောက်က ရာဇ၀တ်မှုနောက်ကြောင်းတွေနဲ့ ရှိခဲ့တဲ့ အနေအထားလို့ သုတေသနတခုမှာ တွေ့ရတယ်။ အဲတော့ အဲဒါတွေကို သူတို့ ဘယ်လိုပြုပြင်သလဲဆိုတော့ ပြစ်ဒဏ်ပေးမှု ခေါ်တာပေါ့နော်။ အဲဒါကို ရာဂျစ်ဂန္ဒီ လက်ထက်တုန်းကလည်း လုပ်ခဲ့တယ်။ အမတ်တွေကို ဘယ်နှစ်ရက် တာဝန်က ရပ်ဆိုင်းတယ်ဆိုတဲ့ဟာမျိုးတွေ ရှိတယ်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယကကြီး ဦးတင်ဦးရဲ့ မိန့်မှာချက်အပြင်ပေါ့လေ အိန္ဒိယရဲ့ နမူနာကိုယူရင် အိန္ဒိယမှာ သင်တန်းဆိုတာမျိုး ရှိတယ်ခင်ဗျ။ အောက်လွှတ်တော် လေ့လာရေးသင်တန်းဆိုတဲ့ ဗျူရိုကနေပြီးတော့ သင်တန်းတွေပေးတယ်ခင်ဗျ။ အဲဒီမှာ ဒီမိုကရေစီနိုင်ငံရေးမှာ လွှတ်တော်ရဲ့ အဓိကကျမှု၊ လွှတ်တော်ထဲမှာ တင်ပြ ဆွေးနွေး မေးမြန်းနည်း စသဖြင့်ပေါ့နော်။ နောက်တခါ ပါလီမန်ရေးရာကော်မတီမှာ လုပ်ထုံးလုပ်နည်း စသဖြင့် အများကြီးပေါ့နော်။ ဒါတွေကို လွှတ်တော်အမတ်တွေကို ပေးတယ်။ နောက်တခု ဒီထက် ပိုကျယ်ပြန့်တာ ပြောရလို့ရှိရင် လွှတ်တော်အမတ်တွေတင် မကဘူးပေါ့။ သူတို့နဲ့တွဲပြီးတော့ လုပ်ရမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လူတွေရော၊ နောက်တဆင့်ကပေါ့ မီဒီယာပိုင်း၊ ကျောင်းသား လူငယ်ပိုင်းတွေ အထိပါ ဘာကြောင့်ဆိုတော့ အမတ်တွေချည်းပဲ အလုပ်လုပ်လို့မရဘူး။ တွဲလုပ်ကြရမှာကိုး။ တွဲလုပ်ရမယ့် အဖွဲ့အစည်းကဏ္ဍ အသီးသီးကလည်း စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းတွေအထိ သူက ထည့်ထားတော့ကာ ဒါ တပြည်လုံး ဒီမိုကရေစီ တည်ဆောက်မှုမှာ အဲဒီလိုမျိုးအထိ ခြေလှမ်းလှမ်းဖို့ လိုအပ်တယ်လို့ ကျနော် ယူဆတာပါ။”

၉၀ ရွေးကောက်ပွဲမှာတုန်းက NLD ကိုယ်စားလှယ်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာ တင့်ဆွေပါ။ မနေ့ စနေနေ့က ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ဒေါ်အောင်ဆန်းစုကြည်က - ၂၀၁၅ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေက ပါတီတွင်း အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ကျရင်တော့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ နာဂ၊ ရှမ်း၊ ဓနု၊ အင်းသား၊ ပလောင် စတဲ့ နေရာတွေက ပါတီကိုယ်စားလှယ်တွေနဲ့ ပျဉ်းမနားမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်ရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 မော်စကို ၊ ၂၉-၁၁-၂၀၁၅

 တူရကီသမ္မတ ရီဆပ်တေရစ် အယ်ဒိုဂန် ၏ သားဖြစ်သူမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များ၏ တရားမဝင် ရေနံ ရောင်းချမှုတွင် ပါဝင်လျက် ရှိသည်ဟု ရုရှားအစိုးရက ယမန်နေ့တွင်
ပြောကြားခဲ့သည်။

တူရကီသမ္မတ ၏ သားဖြစ်သူသည် ISIS စစ်သွေးကြွ များနှင့် ဆက်စပ်နေသည့် ရေနံ ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်မှု ရှိနေပြီး ယင်းသို့ ပြောကြားရာတွင် ရုရှားအစိုးရ၌ သက်သေ အထောက်အထား များကို ရရှိထားပြီး ဖြစ်ကြောင်း ရုရှား အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီပက်စကော့ဗ် က ပြောကြား ခဲ့သည်။

ထို့ပြင် တူရကီ အစိုးရသည် ISIS စစ်သွေးကြွ များထံမှ ရေနံများကို တရားမဝင် ဝယ်ယူလျက် ရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က စွပ်စွဲ ထားသော်လည်း ယင်း စွပ်စွဲချက်ကို တူရကီအစိုးရက နိုဝင်ဘာ ၂၆ ရက်က ငြင်းဆိုခဲ့သည်။

ရုရှားအစိုးရ၏ ထုတ်ပြန်ချက် အရ ISIS စစ်သွေးကြွ များ ထိန်းချုပ်ထားရာ ဒေသများမှ တူရကီနိုင်ငံ အရှေ့မြောက်ပိုင်းသို့ သွယ်တန်း ထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းများကို ဂြိုဟ်တု မှတစ်ဆင့် တွေ့မြင်ခဲ့ ရသည်ဟု  ရုရှားအစိုးရက ပြောကြားခဲ့ သော်လည်း ယင်း ပြောကြားချက်ကို တူရကီနိုင်ငံ က ငြင်းဆိုခဲ့သည်။


ထို့ပြင် တူရကီ အစိုးရက ရုရှား တိုက်လေယာဉ် တစ်စင်းကို ပစ်ချ လိုက်ခြင်းသည် ဆီးရီးယားနိုင်ငံ အတွင်းမှ တူရကီနိုင်ငံ အတွင်းသို့ မောင်းနှင်လျက် ရှိသည် လောင်စာဆီတင် ယာဉ်ကို ရုရှား တိုက်လေယာဉ်က ပစ်ခတ်ဖျက်ဆီး လိုက်ခြင်းကို လက်တုံ့ပြန် ခြင်းသာ ဖြစ်ကြောင်း ဆီးရီးယား ပြန်ကြားရေးဝန်ကြီး အွန်ရန်အယ်လ်ဇူဘီ က ပြောကြား ခဲ့ကြောင်း သိရသည်။

ရုရှား တိုက်လေယာဉ်ကို တူရကီ နိုင်ငံက ပစ်ချ လိုက်ခြင်းသည် ယင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက် စေခဲ့သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com


    မော်စကို ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

    ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin )သည် နိုဝင်ဘာ ၂၈ ရက်နေ့တွင် တူရကီ နိုင်ငံ အား အရေးယူ ပိတ်ဆို့မှု ပြုလုပ်ရန် အတွက် စီမံချက် စာချုပ် တွင် လက်မှတ်ရေးထိုး လိုက်သည့် သမ္မတ အမိန့်ထုတ်ပြန် ချက်အား ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတရုံး ဝက်ဆိုက်လ် တွင် ရုရှား နိုင်ငံ အမျိုးသား လုံခြုံရေး ဆိုင်ရာ ရုရှား နိုင်ငံ ပြည်သူ လူထု တို့မှ ပြစ်မှုကျူးလွန်ခြင်း နှင့် အခြားတရား မဝင် တိုက်ခိုက်မှု များအား ကာကွယ်ရန် အတွက် တူရကီ နိုင်ငံ အား အထူး စီးပွားရေး ပိတ်ဆို အရေးယူမှု များဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

သမ္မတ ပူတင် ၏ အမိန့် ထုတ်ပြန်ချက်အရ ရုရှား နိုင်ငံ မှ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် တူရကီ နိုင်ငံ သို့သွားရောက်မည့် လုပ်ငန်းများအား ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ၊ ရေကြောင်း နှင့် လေကြောင်း တို့မှ တစ်ဆင့် တူရကီ နိုင်ငံ မှ ရုရှား နိုင်ငံ သို့ သွားလာ ပို့ဆောင်ရန် ကိုလည်း ပိတ်ပင် သွားမည် ဖြစ်ကြောင်း ၊ တူရကီ နိုင်ငံ မှ သင်္ဘောများသည် လည်း ရုရှား နိုင်ငံ ဆိပ်ကမ်း တွင် ရပ်နားခွင့် ရှိတော့မည် မဟုတ်ကြောင်း ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ စတင်၍ နိုင်ငံခြားရေး ဝန်ထမ်း နှင့် ၄င်းတို့၏ မိသားစု ဝင်မှအပ တူရဂီ နိုင်ငံ သားများအနေဖြင့် ရုရှား နိုင်ငံ သို့ ဝင်ရောက်ခွင့် မရှိသော ယာယီ ထုတ်ပြန်ချက်အား စတင် အကြုံးဝင်မည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ရုရှား နိုင်ငံ Su-24 တိုက်လေယာဉ် သည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဆီးရီးယား နှင့် တူရကီ နယ်စပ် တွင် တူရဂီ နိုင်ငံ ၏ တိုက်လေယာဉ် မှ ပစ်ခတ်ခဲ့သဖြင့် ပျက်ကျ သွားခဲ့ရသည်။ ထို့နောက်တွင် ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် မှ ရုရှား နိုင်ငံ အနေဖြင့် ယခုကဲ့သို့သော ပြစ်မှု ကျူးလွန်မှု ကို သည်းခံမည်မဟုတ်ကြောင်း နှင့် ယခု လို ဆောင်ရွက်မှု သည် ရုရှား-တူရဂီ နှစ်နိုင်ငံ ဆက်ဆံရေး အား ဆိုးရွားစွာ ထိခိုက်စေ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

တူရကီနိုင်ငံကနေ ရုရှားတိုက်လေယာဉ်တစင်းကို တူရကီနဲ့ ဆီးရီးယားနယ်စပ်အနီးမှာ ပစ်ချခဲ့ပြီးနောက် ၄ ရက်အကြာမှာပဲ တူရကီအပေါ် စီးပွားရေးအရ ဒဏ်ခတ်မှုတွေလုပ်ဖို့ ရုရှားသမ္မတ Vladimir Putin က တောင်းဆိုလိုက်ပါတယ်။

တူရကီကုန်ပစ္စည်းတချို့ တင်သွင်းမှုတွေကို ကန့်သတ်တာ၊ ရုရှားမှာရှိတဲ့ တူရကီလုပ်ငန်းတွေကို ကန်ထရိုက် နောက်ထပ် ထပ်တိုးမှုတွေ တားမြစ်တာနဲ့ ရုရှားနိုင်ငံက တူရကီကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို ထိန်းချုပ်တာတွေ ထည့်သွင်းထားတဲ့ အရေးယူဒဏ်ခတ်မှုအမိန့်ကို သမ္မတ ပူတင်က စနေနေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒီအမိန့်ထဲမှာ - ရုရှားကနေ တူရကီကို စင်းလုံးငှား လေယာဉ်ပျံသန်းမှု ခရီးစဉ်တွေ ရပ်ဆိုင်းဖို့နဲ့၊ တူရကီမှာ သွားရောက်လည်ပတ်တာ ပါဝင်တဲ့ ခရီးသွား အစီအစဉ်တွေကို ရုရှားခရီးသွားကုမ္ပဏီတွေက ရောင်းချတာတွေ ရပ်ဆိုင်းဖို့တွေလည်း ပါဝင်ပါတယ်။

နှစ်နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားစေခဲ့တဲ့ အင်္ဂါနေ့က ရုရှားတိုက်လေယာဉ် ပစ်ချခံရပြီးကတည်းက - ရုရှားဘက်က တူရကီအပေါ် လက်စားချေ တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။  ဒါ့အပြင် တိုက်လေယာဉ်ပစ်ချခံရတဲ့အပေါ်မှာလည်း သမ္မတ ပူတင်က ဒေါသတကြီး တုံ့ပြန်ခဲ့တာပါ။

မနေ့မနက်ကတော့ - တူရကီသမ္မတ Recep Tayyip Erdogan ကနေ - ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချခဲ့တဲ့ကိစ္စ အပေါ် တကယ့်ကို စိတ်မကောင်းဖြစ်မိကြောင်းနဲ့ မဖြစ်ခဲ့ရင်ကောင်းမယ်လို့လည်း ပြော ဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အနိုင်ရ NLD ကိုယ်စားလှယ်များအား နာယက ဦးတင်ဦး မှာကြားစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
“အခုနိုင်ပြီဆိုတဲ့အခါ ဘာများ ဆက်လာမလဲ၊ ကဲကျုပ်တို့ကတော့ဖြင့် အားလုံးကို အနိုင်ရအောင်အတွက် ကြွေးကြော်သံတွေ ပေးခဲ့ပြီ။ ခင်ဗျားတို့ ဘာတွေ ပြောင်းလဲပေးမှာလဲဆိုတဲ့ အမေးဟာ လာပါလိမ့်မယ်။ဒီတော့ ကျွန်တော်တို့၊ ခင်ဗျားတို့ ဘယ်လောက်ကြိုးစားရမလဲဆိုတာ အများကြီး ကြိုးစားရမှာဖြစ်ပါတယ်” ဟု ဦးတင်ဦးက အမှာစကား ပြောကြားသည်။
လူထုလိုချင်သည့် ပြောင်းလဲမှုကို သိသိသာသာ aဆာင်ရွက်နိုင်သည့် အနေအထား ရောက်အောင် ကြိုးစားကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက ဦးတင်ဦးက ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များအား မှာကြားသည်။

နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ နာယကဦးတင်ဦးက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးမှာ ၂၀၁၅ ရွေး ကောက်ပွဲပြီးစီးနောက်ပိုင်း ပထမဆုံး ပြုလုပ်သည့် အစည်းအဝေး ဖြစ်သည့်အတွက် သမိုင်းဝင်မည့် အစည်းအဝေးဟု ပြော၍ရကြောင်း ဦးတင်ဦးက ပြောကြားသည်။
“အခုနိုင်ပြီဆိုတဲ့အခါ ဘာများ ဆက်လာမလဲ၊ ကဲကျုပ်တို့ကတော့ဖြင့် အားလုံးကို အနိုင်ရအောင်အတွက် ကြွေးကြော်သံတွေ ပေးခဲ့ပြီ။ ခင်ဗျားတို့ ဘာတွေ ပြောင်းလဲပေးမှာလဲဆိုတဲ့ အမေးဟာ လာပါလိမ့်မယ်။ဒီတော့ ကျွန်တော်တို့၊ ခင်ဗျားတို့ ဘယ်လောက်ကြိုးစားရမလဲဆိုတာ အများကြီး ကြိုးစားရမှာဖြစ်ပါတယ်” ဟု ဦးတင်ဦးက အမှာစကား ပြောကြားသည်။

မိမိတို့ ကြွေးကြော်ထားသည်မှာ ဒီမိုကရစီ ပြည်ထောင်စု မြန်မာနိုင်ငံတော် ထူထောင်မည်ကို ပြည်သူလူထုနှင့် တိုင်းရင်းသားများ၏ ခေါင်းထဲမှာ စွဲမြဲပြီးနေကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားများနှင့် ပတ်သက်ပြီး အေးချမ်းဖို့၊ ငြိမ်းချမ်းဖို့ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ရှေ့ဆက်ပြီးသွားဖို့ ဆိုသည့်လုပ်ငန်းမှာ အလွန်အရေးကြီးသည့် အချက်အဖြစ် ပေါ်လာမည်ဖြစ်ကြောင်းနှင့် ထို့အတွက် အောက်ခြေ၊ အောက်လတ်မှ စ၍ပေါ့ပေါ့တန်တန် မလုပ်ကြရန် နာယက ဦးတင်ဦးက တိုက်တွန်းပြောကြားသည်။

ဦးတင်ဦးက“ကျွန်တော့်အနေနဲ့ မှာချင်တာကတော့ အခုအောင်နိုင်တယ် ဆိုတာကို အောင်နိုင်သူတို့ရဲ့ မာန်မှာ အမှားမာန်ထက် နေရာကို ဆက်လက်ပြီးတော့ အောင်မြင်စွာ ထိန်းသိမ်းသွားပြီး ချမှတ်ထားတဲ့ နိုင်ငံတော်ကို တည်ထောင်မယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ အတူတကွ ဆက်လက်ပြီးတော့ ဒါဥက္ကဋ္ဌရဲ့ ခေါင်းဆောင်မှုနဲ့တကွ ၊အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့တကွ အများကြီး သေသေချာချာ ကြီးကြပ် ထိန်းသိမ်း လိုက်နာပေးဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။ နောက် ကျွန်တော်လေးလေးနက်နက် ဒီစကားပြောပါ့မယ်။ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ရှိရင် အရင်တုန်းက ကျွန်တော်တို့ အလုပ်များတာကလည်း တစ်ကြောင်း နောက်ပြီးတော့ လုပ်ရ၊ ကိုင်ရတဲ့ ကျွန်တော်တို့အဖွဲ့အစည်း၊ ကျွန်တော်တို့ အပါအ၀င် နှေးကွေးတာတွေလည်း တစ်ကြောင်း တချို့ကိစ္စတွေမှာ ပေါ့ပေါ့လွယ် လွယ် ဖြစ်သွားတာလေးတွေ ရှိပါတယ်။ ဒီနောက်ပိုင်းမှာတော့ စည်းကမ်းထိန်းသိမ်းရးနဲ့ပတ်သက်တာ အားလုံးကိုတော့ဖြင့် တင်းတင်းကျပ်ကျပ် တိတိကျကျ သေသေချာချာ ထိန်းသိမ်းပြီးတော့ စောင့်ရှောက်သွားမှ သာလျှင် ခိုင်ခိုင်မြဲမြဲနဲ့ ဆက်လုပ်နိုင်မှာ ဖြစ်တဲ့အတွက် ဒီကိစ္စကိုလည်း ကြုံတုန်းမှာ လျော့ရဲနေတဲ့ စည်းကမ်းကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ တကယ်ကို လေးလေးနက်နက် တရားမျှတ မှန်ကန်စွာဖြင့် တရားဥပဒေ အကြောင်းနဲ့အညီ အဖွဲ့ချုပ်ရဲ့ ခိုင်မြဲရေးကို ရည်စူးပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတာကိုလည်းပဲ ဒီနေရာမှာ ကျွန်တော် ပြောချင်ပါတယ်”ဟုလည်း ဆက်လက် ပြောကြားသည်။

ထို့ပြင် NLD ဥက္ကဋ္ဌ၏ ခေါင်းဆောင်မှု၊ အဖွဲ့ချုပ်၏ ဦးဆောင်မှုနှင့်အတူ သေသေချာချာ ကြီးကြပ်ထိန်းသိမ်း လိုက်နာပေးဖို့ လိုအပ်ကြောင်းနှင့် ဆက်လက်၍ စည်းကမ်းထိန်းသိမ်းရေး အပိုင်းတွင်လည်း လျော့ရဲနေသည့် စည်းကမ်းကို ပြန်လည်၍ လေးလေးနက်နက် တရားမျှတမှန်ကန်စွာဖြင့် တရားဥပဒေအကြောင်းနှင့်အညီ အဖွဲ့ချုပ်၏ ခိုင်မြဲရေးကို ရည်စူးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
“အဲဒီတော့ အောင်မြင်သည်ဆိုတာ လေးအပေါ်မှာ ကျွန်တော်တို့ အောင်မြင်သူတို့ရဲ့ မာန်၊ နောက်အမှားမှန်ကို လျှောက်ပြီးတဲ့နောက် ပကတိ ဆင်ခြင်တုံတရားနဲ့ ရှိတဲ့မာန်ကို ပြန်လည် တည်ဆောက်ပြီးတော့ တစ် ဖက်ကသူတွေ အပေါ်မှာလည်းပဲ ဆင်ခြင်တုံတရားနဲ့ လေးလေးနက်နက် ထားပြီးတော့ ပိုမိုပြီးတော့ မိမိတို့ရဲ့လုပ်ငန်းကို အထောက်အပံ့ အထောက်အကူ ဖြစ်လာနိုင်အောင် ကြိုးစားဆောင်ရွက်နိုင်တဲ့ ၀ီရိယမျိုး လုံ့လမျိုး ဆောင်ရွက်နိုင်လိုစွမ်းနဲ့ ပိုမိုပြီး ဆောင်ရွက်ခြင်းအားဖြင့် အခုလာမယ့် တစ်လျှောက်လုံး လုပ်ရမယ့် မိမိတို့ အဖွဲ့အစည်းဟာ အခုငါးနှစ်တန်ပြီး တကယ်ကို သေသေချာချာ မှန်မှန်ကန်ကန်ပေါ့။ ဆောင်ရွက် သွားမယ်ဆိုရင် လာမယ့်နှစ်တွေထဲမှာ ပြည်သူလူထုရဲ့ အားကိုးတကြီးဖြစ်တဲ့ လူထုလိုချင်တဲ့ ပြောင်းလဲမှုကို တစ်စတစ်စ သိသိသာသာ ဆောင်ရွက်နိုင်တဲ့ အနေအထားရောက်အောင် ပို့ဆောင်နိုင်အောင် လုံးပန်းကြပါလို့ လေးလေးနက် နက်တိုက်တွန်းချင်ပါတယ်“ဟုလည်း ဦးတင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

NLD နာယက ဦးတင်ဦး ပြောကြားသည့် အမှာစကားနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်ချက်များကို ပိုမိုခိုင်မာစွာဖြင့် ပြည်သူလူထုအတွက် ပိုမိုလုပ်ဆောင် ပေးနိုင်ရန် ရည်ရွယ်သည်ဟု နားလည်ကြောင်း၊ မိမိတို့အနေဖြင့် လိုက်နာဆောင်ရွက်သွားရမည့် အချက်များလည်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။


Writer:
ဇာလီမြင့်ဦး
Eleven Media Group


နိဗ္ဗာန်ဈေးမှပြန်လာသည့် လင်မယားနှစ်ဦးအား လူလေးဦးက ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့၍ ညဦးပိုင်း၌ လုယက်မှု မရမ်းကုန်းမြို့နယ်တွင် နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ် (၂၂၂)၊ (၃)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် လင်မယားနှစ်ဦးသည် နိုဝင်ဘာ ၂၇ ရက်တွင် သမိုင်းလမ်းဆုံ၊ အောင်ဓမ္မရိပ်သာနိဗ္ဗာန်ဈေး ပွဲတော်သို့ သွားရောက်ပြီး ည ၇ နာရီခွဲ ခန့်တွင် နိဗ္ဗာန်ဈေးမှ ပြန်လာစဉ် မရမ်းကုန်း မြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာရှေ့ရှိ ပလက်ဖောင်းပေါ်၌ စကားပြောနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် လူလေးဦးမှ ခင်ပွန်းဖြစ်သူ၏ ဇက်ပိုးအား ရိုက်နှက်ပြီး ဇနီးဖြစ်သူ၏ပါးစပ်အား လက်ဖြင့်ပိတ်၊ သံချွန်ဟုထင်ရသည့်အရာဖြင့် ဗိုက်ကိုထောက်ကာ ၀တ်ဆင်ထားသည့် ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်စွပ် နှစ်ကွင်း၊ ရွှေလက်ကောက်လေးကွင်းနှင့် ယာဘက်နားမှပြုတ်ကျသွားသည့် ရွှေနားကပ်များအပြင် ခင်ပွန်း ဖြစ်သူဝတ်ဆင်ထားသည့် ရွှေလက်စွပ်နှင့် လက်ကိုင်ဖုန်းတို့အား လုယူထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ လုယူထွက်ပြေးသွားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းသို့ လင်မယားနှစ်ဦးမှ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ လာရောက်တိုင်ကြားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ လုယူထွက်ပြေးသွားသူများအား ၀ိုင်းဝန်းပိတ်ဆို့ရှာဖွေရာ ၎င်းတို့လေးဦးအနက်မှ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ သတင်းသိသိချင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ၀ိုင်းဝန်းပိတ်ဆို့ရှာဖွေရာမှာ လုယူရာမှာပါဝင်တဲ့ လူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကျန်တဲ့သုံးဦးကိုတော့ ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်”ဟု ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့လင်မယားနှစ်ဦးထံမှ ပစ္စည်းများလုယူသွားသည့် လူလေးဦးအား ဘုရင့်နောင် နယ်မြေရဲစခန်းမှ (ပ) ၆၄၃/၂၀၁၅၊ ပြစ်မှုပုဒ်မ -၃၉၄ ဖြင့် ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
သီဟ
Eleven Media Group
News


ပြည်eခိုင်ဖြိုးပါတီအနေနဲ့ ဖွဲ့စည်းကတည်းက ပြည်သူကို ဗဟိုမပြုခဲ့ပါဘူး။ အခွင့်အာဏာလို့ခေါ်တဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကိုပဲ ဗဟိုပြုဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်ခိုင်ဖြိုးရဲ့ ဆောင်ရွက် ချက်တွေ နဲ့ မျှော်မှန်းချက်တွေဟာ ပြည်သူတွေရဲ့မျှော်မှန်းချက်နဲ့ ပမာဏကြီးမားစွာ ကွာဟနေတဲ့အတွက် ဒီပေါ်မှာလည်း ယုံကြည်မှုလျော့နည်းစေခဲ့ ...

လက်ရှိအစိုးရရဲ့ ငါးနှစ်နီးပါး သက်တမ်းအတွင်းမှာ ပြည်သူလူထုရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ပြဿနာကို ဘာမှ ထိထိရောက်ရောက် ဖြေရှင်း မပေးနိုင်ဘူး။ ၁၉၆၂ခုနှစ် နောက်ပိုင်း စစ်အာဏာ သိမ်း အစိုးရ ပုံစံမျိုးကို ပြောင်းပြီးတော့ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံရေးခွင်ထဲမှာ ရှိနေတယ်။ အဲဒီအတွက်ကြောင့် မို့ ပြည်သူလူထု အနေနဲ့ နှစ်၅၀ ကျော် အတွင်းမှာ ပထမဆုံးအကြိမ် အရပ်သားအစိုးရ တစ်ရပ်ကို ဖွဲ့စည်းပြီးတော့ အပြောင်းအလဲကို ဦးတည်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တာ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ပြည်သူများလိုလားသည့် ပြု ပြင်ပြောင်းလဲရေး ဆန္ဒများကို ဖြည့်ဆည်း မပေးနိုင်သည့်အတွက် လက်ရှိ ဦးသိန်းစိန် အစိုးရအပေါ် ယုံကြည်မှု အားနည်းကာ NLD ပါတီဘက်ကို မဲပေးကြသည်ဟု ယူဆကြောင်း နိုဝင်ဘာ ၂၃ ရက်ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အင်တာဗျူးတွင် ၎င်းက ထည့်သွင်း ပြောကြားလိုက်သည်။

ဝါရှင်တန်ပို့စ် သတင်းစာ၏ အယ်ဒီတာတစ်ဦးဖြစ်သူ Lally Weymouth နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နေပြည်တော် တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူမှုကွန်ရက် စာမျက်နှာတွင် နိုဝင်ဘာ ၂၄ ရက်က အပြည့်အစုံ ပြန် လည်ဖော်ပြထားရာ ၎င်း၏ ဖြေကြားမှုထဲတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူအများစုက မဲပေး ရွေးချယ်ခဲ့သည့် NLD ပါတီ အောင်နိုင်မှုနှင့် ပတ်သက်၍ ၀ါရှင်တန်ပို့စ်က ““ပြည်သူတွေရဲ့ ရွေးချယ်မှုက အရမ်းကိုကြီးမားလွန်းတော့ အဆွေတော့် အနေနဲ့ အံ့သြမိပါသလား””ဟု မေးမြန်းခဲ့သည်။

ယင်းမေးမြန်းမှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ““ကျွန်တော်ထင်တယ်။ သူတို့လည်း လက်ရှိအစိုးရပေါ့။ လက်ရှိ အစိုးရအပေါ်မှာ သူတို့အနေနဲ့ သူတို့လိုချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့ ယုံကြည်မှု အားနည်း လို့သာ သူတို့အနေနဲ့ တခြားအဖွဲ့ကို သူတို့မဲပေးတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီတော့ ဒါကပြည်သူတွေ ရွေးချယ်လိုက်ပြီပေါ့။ ပြည်သူရွေးချယ်တဲ့ အတိုင်းပဲ ရွေးချယ်ခံရတဲ့သူတွေလည်း ဒီပြည်သူရဲ့ ဆန္ဒနဲ့ကိုက်ညီ အောင် လုပ်ရလိမ့်မယ်။ လုပ်တဲ့အခါကျရင်လည်း ဥပဒေနဲ့ညီညွတ်အောင် ကျွန်တော်တို့ လုပ်ရလိမ့်မယ်။ ဥပဒေနဲ့ ညီညွတ်ဖို့တော့ လိုတာပေါ့။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မထိခိုက်အောင်လုပ်ဖို့ လိုတာပေါ့။ ဒါအများကြီး ကျယ်ပြန့်ပါတယ်။ နိုင်ငံရေးဆိုတာ အများကြီးကျယ်ပြန့်ပါတယ်။ အကြောင်းအရာ တစ်ခုတည်းကို သွားပြီးတော့မှ ဒါပြည်သူရဲ့ဆန္ဒ၊ ဒါပြည်သူရဲ့ဆန္ဒဆိုပြီးတော့ သွားလုပ်လို့တော့ မရဘူး။ ပြည်သူရဲ့ ဆန္ဒဆိုပေမယ့်လည်း တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာလည်း အများကြီး စကားပြောပါတယ်””ဟု ဖြေကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်ထောင်စု လွှတ်တော်တွင် အမတ်နေရာရရှိမှု အရေအတွက်မှာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီက ၃၉၀ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၂၂နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၁၅ နေရာနှင့် အခြားပါတီများက ၂၂ နေရာရရှိခဲ့ရာ ယင်းအနေအထားအရ NLD ပါတီက အစိုးရဖွဲ့နိုင်သည့် အနိုင်ရပါတီအဖြစ် ရပ်တည်နိုင်ပြီဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှာ အငြင်းပွားဖွယ် ရလဒ်များဖြင့် အများဆုံးအနိုင်ရရှိခဲ့ကာ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့ကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။

ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံတော် အာဏာကို ရယူသည့် ၂၀၁၀ ခုနှစ်မှ စတင်ကာ စစ်အာဏာရှင်တို့ စိတ်ကြိုက် ခြယ်လှယ်ခဲ့သည့် မြန်မာနိုင်ငံ အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရပြီး ပြည်သူအများ ကန့်ကွက် ခဲ့ကြသည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကဲ့သို့သော လုပ်ဆောင်ချက်များကို ဦးသိန်းစိန် အစိုးရ သက်တမ်း အစောပိုင်း ကာလများ တွင် ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ပြည်သူများအကြား ဦးသိန်းစိန် အစိုးရအပေါ် အကောင်းမြင်မှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ အမေရိကန်အပါအ၀င် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ၊ ကမ္ဘာ့ နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး ကို မြှင့်တင်နိုင်မှု များ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကိုမြန်မာ နိုင်ငံတွင် ကျင်းပပြုလုပ် နိုင်ခဲ့မှုများ၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူနိုင်ခဲ့မှု များမှာ မြန်မာနိုင်ငံအား အထီးကျန် နိုင်ငံအဖြစ်မှ ကမ္ဘာ့မိသားစုဝင် နိုင်ငံ အဖြစ် ပြန်လည်လက်ခံ ကြိုဆိုလာမှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းအခြေ အနေများအတွက်လည်း ဦးသိန်းစိန်အစိုးရအပေါ် နိုင်ငံတကာက ချီးကျူးဂုဏ်ပြုမှုများ ရှိခဲ့သည်။

သို့သော်လည်း ယင်းပြုပြင်ပြောင်းလဲမှုများနှင့် ချီးကျူးခံရမှု အခြေအနေများမှာ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် တောက်လျှောက် ကျဆင်းလာခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရ၏ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု မူဝါဒမှာလည်း အလုပ်မဖြစ်ရုံသာမက လာဘ်ပေးလာဘ်ယူမှု များကြောင့် ပြည်သူများအပေါ် ၀န်ထုပ်ဝန်ပိုးများ ဖြစ်ခဲ့ရခြင်း များ၊ နိုင်ငံတကာ ကြွေးမြီ ၀န်ထုပ်ဝန်ပိုးများ မြင့်တက် လာခြင်းများက ပြည်သူများအကြား ဦးသိန်းစိန် အစိုးရအပေါ် ယုံကြည်မှုနှင့် ထောက်ခံမှုများ အကြီးအကျယ် ကျဆင်း စေခဲ့သည်။

ပြုပြင်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ ““အဲဒီကာလမှာ လုပ်နိုင်ဖို့ စည်းကမ်းချက်ခွင်ပေါ့နော်။ အုပ်ချုပ်ရေးရဲ့ စရိတ်က ဘယ်လောက်ဖြစ်သွားသလဲ။ ကျွန်တော်တို့က အဲဒီတစ်ဖက်မှာ လွှတ်တော်ဥက္ကဋ္ဌ (ပြည်ထောင်စု လွှတ်တော်နာယက) ပြောင်းတယ်။ ဦးခင်အောင်မြင့်ပြီးတော့ လွှတ်တော်ကာလ မြန်မာနိုင်ငံ အခြေအနေ။ သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်ကာလ မြန်မာနိုင်ငံအခြေအနေ။ အဲဒီတော့ ဘာတွေ ဖြစ်လာသလဲဆိုတော့ ပြန်လေ့လာကြည့် ရင် တွေ့လိမ့်မယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲရေး ဟာ တစ်နေရာတည်း လုပ်လို့မရဘူး။ အကုန်လုံး တဆက်တည်း ပြနေတာ။ အဲဒီမှာ ပြန်ပြီး လေ့လာမယ်ဆိုရင် ဘာကြောင့်ဘယ်လိုဆိုတာ တွေ့ လိမ့်မယ်””ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သုံးသပ် ပြောကြား သည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းခဲ့သည့်အချိန်မှ အစပြုခဲ့သည့် မြန်မာနိုင်ငံ၏ အာဏာရှင် အုပ်ချုပ်ရေး ယန္တရားမှာ ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကြောင့် ပြိုကျခဲ့ရပြီး ၁၉၉၀ ရွေးကောက်ပွဲ တွင် ပြည်သူတို့၏ ထောက်ခံမှုဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း ထိုစဉ်က အုပ်ချုပ်သူ စစ်ခေါင်းဆောင်များက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့သည့်အတွက် ပြည်သူများအကြား စစ်အာဏာရှင်တို့၏ ဖိနှိပ်အုပ်ချုပ်မှုများ အောက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ တောင်းဆိုမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရ၏ အဆက်အနွှယ်များ ဖြစ်သော ဦးသိန်းစိန် အစိုးရတက်လာခဲ့ရာ ယင်းမှာမူပြောင်း၊ လူမပြောင်း အုပ်ချုပ်ရေးသာ ဖြစ်ကြောင်း ပြည်သူများနှင့် မြန်မာ့နိုင်ငံရေး လေ့လာသူများ အကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ပြည်သူများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တောင်းဆိုမှုများနှင့် ပတ်သက်၍ ““ဦးသိန်းစိန်ကတော့ တပ်မတော် ဘက်က ဆက်ခံလာတဲ့ အစိုးရ ခေါင်းဆောင် အနေနဲ့ပေါ့၊ အဲဒါနဲ့သွားတယ်။ လူထုကဘာတွေကို အကုန်လုံး ပြောင်းလဲပေးနိုင်မလဲ။ ဘာဖြစ်သွားလဲဆိုတော့ ၁၉၇၄ ကနေ ၂၀၁၀ အထိ တင်ခဲ့တဲ့အကြွေးတွေ၊ အကြွေးဆပ်ပွဲပေါ့နော်။ အဲဒီသဘောမျိုးအထိ သက်ရောက်သွားတယ်။ ကျန်တဲ့ ဟောကြပြောကြတဲ့ လူထုထဲကို မက်ဆေ့ခ်ျ ပေးကြတာက စစ်အာဏာရှင် စနစ်ကို လူအနည်းနဲ့ ဖြုတ်ချလို့ မရဘူးဆို တာတွေ ဖြစ်လာတယ်။ ဘာဖြစ်လဲဆိုတော့ ၁၉၇၄ ပါလီမန်ဒီမိုကရေစီကို ဖျက်ပြီးတဲ့ အချိန်ကစပြီးတော့ ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲကာလအထိ ဒါတွေအကုန်လုံး နှစ်ပေါင်း ၅၀ ကျော်ပေါ့နော်။ အဲဒီလူထုရဲ့စိတ်ထဲမှာ ဖြစ်နေတဲ့ မနိုင်တဲ့ ရွေးကောက်ပွဲ၊ ၉၀ ရွေးကောက်ပွဲ သူတို့မနိုင်ခဲ့ဘူးပေါ့။ အခုတော့ အနိုင်ယူ လိုက်မယ်ပေါ့။ အကြွေး ဟောင်းတွေ တစ်လုံးတခဲတည်း ဆပ်လိုက်တာပေါ့ဗျာ။ ဒါပေမဲ့တစ်ဖက်က ကြည့်ရင် နိုင်ငံတကာမှာ ပြန် ကြည့်ရင် အညွှန်းကိန်းတွေနဲ့ ကြည့်လေ့ကြည့်ထရှိတယ်။ ဒီအညွှန်းကိန်းကလည်း ကျွန်တော်တို့ကိန်းတွေ မဟုတ်ဘူးပေါ့နော်။ နိုင်ငံတစ်နိုင်ငံရဲ့ဂျီဒီပီသူ့ရဲ့ကိန်း ... ဒါမျိုး တွေကတော့ ဦးသိန်းစိန်လက်ထက်မှာ တစ်နှစ်ချင်း တစ်နှစ်ချင်း တက်လာတယ်ပေါ့နော်။ ဒါကတော့ ငြင်းသွားစရာမရှိဘူး။ ဒါပေမဲ့ကိန်းဂဏန်းတွေကို လူထုကကြည့်တာ မဟုတ်ဘူး။ ထိတွေ့ဆက်ဆံနေတဲ့ ဗျူရိုကရက်တွေ ဒီအပေါ်မှာ အရပ်ထဲက ရပ်ကျေးဥက္ကဋ္ဌ အစပေါ့နော်။ အမှန်ဆိုရင် ရပ်ကျေးဥက္ကဋ္ဌသည် ဥပဒေပြဋ္ဌာန်းပြီးတော့ ရွေးကောက် တင်မြှောက်ထားတဲ့ဟာ။ သို့သော် အောက်ခြေမှာ တချို့လည်း ရွေးတယ်။ တချို့လည်း မရွေးဘူးပေါ့နော်။ ရွေးကောက် တင်မြှောက် လိုက်တာတော့ ရှိတယ်။ သို့သော်အဲဒါတွေသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးကအစ အစိုးရလို့ မြင်ကြ တယ်ပေါ့နော်။ အဲဒါတွေလည်းပါတယ်။ အစိုးရရယ်၊ တပ်မတော်ရယ်၊ လွှတ်တော်ရယ် ဒီကြားမှာ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေမှာလည်း အားနည်းချက်တွေ ရှိခဲ့တယ်။ အဲဒါတွေလည်း ပါပါတယ်။ ခြုံပြီး ပြောလိုက်ရင်တော့ လူထုက ၂၀၁၁၊၂၀၁၂မှာ အရမ်းမျှော်လင့်ခဲ့တယ်။ အားကိုးခဲ့တယ်ပေါ့နော်။၂၀၁၃၊ ၂၀၁၄မှာကျ သွားတယ်။ မျှော်မှန်း ထားသလောက် ဖြစ်မလားဘူးဆိုပြီး ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန် အစိုးရ တက်လာတယ်။ အပြောင်းအလဲတွေ လုပ်တယ်။ လူထုကမျှော်လင့်ချက်တွေ ရှိတယ်။ ရှိပြီးတော့ သူတို့လို ချင်တာက ချက်ခြင်း သိသာထင်ရှားတဲ့ အပြောင်းအလဲ။ ဖြည်းဖြည်းချင်း ပြောင်းလဲတဲ့အခါနဲ့ ချက်ချင်း လက်ငင်း အပြောင်းအလဲကို လိုချင်တဲ့အခါနဲ့ ကျတော့ မျှော်မှန်းချက်တွေ မပြည့်မီဘူး ဖြစ်သွားတယ်။ ပြောင်းလဲ ချက်တွေကလူထု မျှော်မှန်းထားသလောက် ဆန္ဒရှိသလောက် ဖြစ် မလာဘူးဆိုတဲ့ အနေအထားတွေ တွေ့ရတယ်””ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဦးသိန်းစိန်အစိုးရ ကြုံတွေ့ခဲ့ရသည်များကို ရှင်းလင်း ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရအပေါ် ပြည်သူများ ယုံကြည်မှု နည်းစေခဲ့သည့် ကိစ္စရပ်များတွင် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသည့် ကြံ့ခိုင်ရေးပါတီတွင်း အုပ်စုများ ကွဲပြားမှုနှင့် သြဂုတ်လ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ပြီး ““သန်းခေါင်ယံ အာဏာသိမ်းပွဲ””အဖြစ် နာမည်ကျော်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်းထံမှ ဥက္ကဋ္ဌ ရာထူးကို ပြန်လည်သိမ်းယူကာ ထိုအချိန်က ဒုတိယဥက္ကဋ္ဌ-၃ ဖြစ်သူ ဦးဌေးဦး ကပါတီ၏ဥက္ကဋ္ဌ ပူးတွဲ တာဝန်နေရာကို ရယူခဲ့ကာ သမ္မတ တာဝန်ထမ်းဆောင်နေသည့် ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌနေရာကို ရယူ ထားခြင်းကလည်း ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် ဖြစ်ပွားခဲ့သည့်အတွက် ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်စေခဲ့ကာ ဦးသိန်းစိန်အစိုးရနှင့် ကြံ့ခိုင်ရေးပါတီအပေါ် ပြည်သူများ ယုံကြည်မှု ကျဆင်းရ ခြင်း၏ အကြောင်းတရား တစ်ရပ်အဖြစ် ပါဝင်ခဲ့သည်။

ကြံ့ခိုင်ရေးပါတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များအပေါ် ပြည်သူများ ယုံကြည်မှု ကျဆင်းရခြင်းနှင့် ပတ်သက်၍ ““ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ဖွဲ့စည်းကတည်းက ပြည်သူကို ဗဟိုမပြုခဲ့ပါဘူး။ အခွင့်အာဏာလို့ ခေါ်တဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကိုပဲ ဗဟိုပြုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်ခိုင်ဖြိုးရဲ့ ဆောင်ရွက် ချက်တွေနဲ့ မျှော်မှန်း ချက်တွေဟာ ပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့ ပမာဏကြီးမားစွာ ကွာဟနေတဲ့အတွက် ဒီအပေါ်မှာလည်း ယုံကြည်မှု လျော့နည်းစေခဲ့ပါတယ်။ အကြောင်းအချက်များစွာ ရှိပါတယ်။ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားတွေကိုလည်း လက်ပတ်နီတာဝန်ဆိုပြီး ၀တ်ထားတဲ့ တရားမ၀င် အဖွဲ့အစည်းတွေကလဲ အင်အားသုံး ရိုက်နှက်မှုတွေကလည်း ယုံကြည်မှု လျော့ပါးစေခဲ့ပါတယ်။ လျော့ပါးစေတဲ့ အချက်တွေကတော့ အများကြီးပါပဲ။ ပြောလို့တောင်ကုန်မှာ မဟုတ်ပါဘူး””ဟု ယခင် ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကိုက ပြောသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့မတိုင်ခင်က နိုင်ငံအနှံ့ သွားရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်များကို ကြံ့ခိုင်ရေး ပါတီဝင်များက ကြိုဆိုခြင်း၊ ပါတီဥက္ကဋ္ဌအနေဖြင့် ကြိုဆို ခံရခြင်းများရှိခဲ့ပြီး ယင်းခရီးစဉ်များနှင့် ပတ်သက်၍ နိုင်ငံပိုင် အစိုးရထုတ် သတင်းစာများကလည်း တခမ်းတနား ဖော်ပြခဲ့ရာ ယင်းခရီးစဉ်များမှာ ပါတီနှင့်အစိုးရ လုပ်ငန်းစဉ်များကို ရောထွေး အသုံးချမှုများ အဖြစ် ဝေဖန်မှုများရှိခဲ့ရာ ယင်းဖြစ်ရပ်များမှာ ပါတီနှင့် အစိုးရအား ပြည်သူများက ယုံကြည်မှု နိမ့်ကျစေခဲ့သည်။

““လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးပေါ့။ လက်ရှိအစိုးရကလည်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရ။ လက်ရှိ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ပြည်သူအပေါ်မှာ သက်ရောက်တဲ့အခါမှာ ကောင်းခြင်း မကောင်းခြင်းတွေ ပါတီအပေါ်မှာလည်း ရောင်ပြန်ဟပ်မှာပါ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဆောင်ရွက်ချက် တွေကလည်း ကောင်းခြင်း၊ မကောင်းခြင်းဆိုတဲ့ ကိစ္စတွေဟာ အစိုးရအပေါ်မှာ ပြန်ပြီး ရောင်ပြန်ဟပ်မှာပါ။ ဒါကြောင့်မို့ ပြည်သူတွေက ပါတီနဲ့ အစိုးရကို အတူတူပဲလို့မြင်နေကြတယ်””ဟု ယခင်ကြံ့ခိုင်ရေးပါတီ ဗဟို အတွင်းရေးမှူး သူရဦးအောင်ကိုက သုံးသပ် ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက် နိုင်ခဲ့သော်လည်း ယင်းပြုပြင်ပြောင်းလဲမှုများမှာ ထိရောက်မှု မရှိကြောင်း ပြည် သူများ ထင်မြင် နေရခြင်းမှာ နိုင်ငံ၏အခြေခံလူတန်းစားများထံသို့ ယင်းပြုပြင်ပြောင်းလဲမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံရေးပါတီအချို့မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ရှုမြင်မှုများရှိနေသည်။

““ပြောင်းလဲမှုမရှိဘူးလားမေးရင် ပြောင်းလဲတာတချို့ရှိပါတယ်။ သို့သော်လည်းပဲ အောက်ခြေအထိ ရောက်တဲ့ ပြုပြင်ပြောင်းလဲမှု မဖြစ်ဘူးလို့ ပြောလို့ရပါတယ်။ ပြည်သူလူထုဆီ ရောက်အောင် ပြောင်းလဲတာ မတွေ့ရ သေးဘူးလို့ မြင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာ ဆန္ဒပြနိုင်သည်ပေါ့။ လုံခြုံရေး မထိခိုက်ဘူး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မထိခိုက်ဘူးဆိုရင် ပြနိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် တကယ့်တကယ်မှာတော့ ပြန်ချုပ်ထားတာတွေရှိတယ်။ အဲဒီတော့ ပြည်သူလူထုက ဆန္ဒပြဖို့ဟာကို ဘာပြောမလဲ ဆိုတော့ အရင်ပုံစံအတိုင်းပဲ၊ ဘာမှမထူးဘူး။ ဆန္ဒပြရင် ဖမ်းခံရမယ်။ အများစုဖြစ်တဲ့ အခြေခံ လူတန်းစားပေါ့ဗျာ။ သူတို့မှာ ဒါကို ပြုပြင်ပြောင်းလဲမှု မတွေ့ရဘူး။ ပြုပြင်ပြောင်းလဲမှုက အောက်ခြေအထိ ရောက်လာတာ မတွေ့ရဘူး””ဟုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က သုံးသပ် ပြောကြားသည်။

အလားတူ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း ““အဓိကကတော့ လွန်ခဲ့တဲ့ ၅ နှစ်နဲ့ နှိုင်းယှဉ် လို့ရှိရင် ပြည်သူလူထုက ပိုပြီးတော့ ဆင်းရဲလာတယ်။ ပိုပြီးတော့ ကျပ်တည်းလာတယ်။ တစ်နည်း အားဖြင့် ပြောရရင်တော့ လက်ရှိအစိုးရရဲ့ ၅ နှစ်နီးပါး သက်တမ်း အတွင်းမှာ ပြည်သူလူထုရဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ စားဝတ်နေရေး ပြဿနာကို ဘာမှ ထိထိရောက်ရောက် ဖြေရှင်းမပေးနိုင်ဘူး။ ၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်အာဏာသိမ်း အစိုးရပုံစံမျိုးကို ပြောင်းပြီးတော့ အုပ်ချုပ်ခဲ့တဲ့ နိုင်ငံရေး ခွင်ထဲမှာ ရှိနေတယ်။ အဲဒီ အတွက်ကြောင့်မို့ ပြည်သူလူထု အနေနဲ့ နှစ် ၅၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ် အရပ်သားအစိုးရ တစ်ရပ်ကို ဖွဲ့စည်းပြီးတော့ အပြောင်းအလဲကို ဦးတည်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးခဲ့တာလို့ ပြောလို့ရတယ်””ဟု သုံးသပ်ပြောကြားသည်။

သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် နိုင်ငံဝန်ထမ်းများ၏ အခြေခံလစာများ တိုးမြှင့်ပေးမှု၊ အရပ်သား များအား ကိုယ်ပိုင်ကား တင်သွင်းခွင့်၊ လောင်စာဆီဈေးကွက်အား ပုဂ္ဂလိက လုပ်ငန်းရှင်များအား ကျယ်ကျယ် ပြန့်ပြန့် လုပ်ပိုင်ခွင့်များ ခွင့်ပြုပေးနိုင်ခဲ့သော်လည်း ယင်းလုပ်ပိုင်ခွင့်များ၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုမူ ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်းမျိုး မရှိခဲ့ပေ။

ထို့ပြင် လက်ပံတောင်းကြေးနီ စီမံကိန်း ပြဿနာများ၊ တရုတ်နိုင်ငံသို့ တင်ပို့သည့် ရေနံပိုက်လိုင်း ပြဿနာများ၊ လက်ပံတန်းတွင် ကျောင်းသားများ အကြမ်းဖက်ဖမ်း ဆီးခံရမှု ကိစ္စရပ်များမှာ အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်မှု အလွန်အမင်း ကျဆင်းစေခဲ့သည့် ဖြစ်ရပ်များအဖြစ် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ၅ နှစ်သက်တမ်း တွင် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဖော်ဆောင်နေကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက ကြွေးကြော်မှုများ ရှိနေသော်လည်း ပြည်သူများနှင့် အလှမ်းကွာဝေးမှုများက အဓိက ဝေဖန်ထောက်ပြ စရာများ ဖြစ်ခဲ့သည်။

““အဓိက နှစ်ခုပဲ။ နံပါတ်တစ် ၁၉၆၂ ခုနှစ်ကစပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကာလအထိ စစ်တပ်က တစ်တိုင်း တစ်ပြည်လုံးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေးပါ ဗိုလ်ကျနေလို့ကွ။ အချုပ်က အဲဒါပဲ။ အဲဒီ ပြဿနာမပါဘဲနဲ့ တကယ်ပြောမယ်ဆိုရင် ငါတို့မနိုင်နိုင်ဘူး။ ၆၂ ခုနှစ်ကဆိုတော့ တွက်ကြည့်ပေါ့။ စစ်အာဏာရှင် အဆက်ဆက်က စီးပွားရေးလည်း အနိုင်ကျင့်တယ်။ နိုင်ငံရေးလည်း အနိုင်ကျင့်တယ်။ လူမှုရေးလည်း၊ ပညာရေးလည်း အနိုင်ကျင့်တယ်။ ကုန်ကုန်ပြောရရင် သူတို့က သူတို့ဘုရားနဲ့ သူတို့ဘုန်းကြီး နဲ့နေတာ။ တို့အားလုံး ကိုးကွယ်နေတဲ့ဘုရားကို သူတို့ကိုးကွယ်နေတာ မဟုတ်ဘူး။ သူတို့ဗေဒင်ဆရာနဲ့၊ သူတို့ နတ်ကတော်နဲ့ သူတို့ ဒီလိုကြီးပြင်းခဲ့ကြတာ။ အဲဒါကြောင့်မို့လို့ အချုပ်ပြောရရင် လူထုနဲ့ အရမ်း အလှမ်းဝေး နေတယ်။ လူထုနဲ့ အရမ်းဝေးကွာတာအဲဒါ နံပါတ်တစ်ပြဿနာပဲ။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် အလေးပေးလိုက်၊ အလေးပြုလိုက်။ အဲဒါလေးနဲ့သူတို့ အရသာခံပြီး နေနေတာ။ အဲဒါ ကြောင့်သူတို့ ခုဒီလိုဖြစ်တာ။ ဒုတိယပြဿနာက အဲဒီဒဏ်ကို ၁၅ နှစ်၊ အနှစ် ၂၀ ခံခဲ့ရတဲ့ လူထုက မခံတော့တာ ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက အားကိုးတာရယ်၊ အဲဒီအချက် နှစ်ချက် ကြောင့်မို့ သူတို့ရှုံးတာ””ဟု ၀ါရင့်နိုင်ငံရေးသမား ဦးလှရွှေ(အောင်သာပီသုံးလုံး)က သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်တွင် အနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆွေးနွေးနိုင်ရန်သမ္မတ၊ ကာချုပ်နှင့် ပြည်ထောင်စု လွှတ်တော်နာယကတို့ထံ တောင်းဆိုခဲ့ရာ လွှတ်တော် နာယကနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လာမည့် ဒီဇင်ဘာလအတွင်း တွေ့ဆုံနိုင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့်မူ ယင်းသို့ တွေ့ဆုံရန် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အပြီးတွင် ပြုလုပ်မည်ဟု အကြောင်းပြန်ထားသော်လည်း အချိန်ကာလ အပိုင်းအခြားကိုမူ သေချာရေရာစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လေးပွင့်ဆိုင် တောင်းဆို မှုများကို ရှောင်လွှဲသည့် အနေဖြင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်သာ ပိုမိုကျယ်ပြန့်စွာ တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သော်လည်း ယင်းတွေ့ဆုံပွဲ ရလဒ်များကိုမူ တိကျသေချာစွာ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက် တောင်းဆိုခဲ့သည့် ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့် နီးစပ်သည့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့သော်လည်း ယင်းတွေ့ဆုံ ဆွေးနွေးမှု၏ ရလဒ် ကိုလည်း ပြည်သူများကို ရှင်းလင်းစွာချပြ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ယခုအချိန်တွင်မူ အနိုင်ရ NLD ပါတီက အစိုးရဖွဲ့ကာ နောက် ၅ နှစ် သက်တမ်း တာဝန်ထမ်းဆောင်ရန် နီးကပ် လာချိန်တွင် အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးရန် သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုထားသည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အား သမ္မတ ဦးသိန်းစိန် အနေဖြင့် မည့်ကဲ့သို့ပြုမူ ဆောင်ရွက်မည်ကိုမူ ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

သတင်းအဖွဲ့

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

အမတ် ဖြစ်ရတဲ့ ဒုက္ခ ။။။။ သန့်ရှင်းရေး က စကြ ရပြီ ။။ အဘက်ဘက် က ယိုယွင်း ပျက်စီး နေတဲ့ နိုင်ငံတော် ကြီးကို - ယခင် ခေါင်းဆောင် တွေ တာဝန် မကျေ လို့ အနံ့အသက် မကောင်း - ကျန်းမာရေး မကောင်း တဲ့ မြို့ပျက် များလို ဖြစ်နေတဲ့ တိုင်းပြည် ကို အမှိုက်က စကောတ် ပြီး - မိမိ အိမ်ကို ဧည့်သည် လာတဲ့ အခါ သန့်ရှင်း နေတာ မြင်ရတာနဲ့ - ချီးမွမ်း ခံရမယ် - နောက်တစ်ခါ လာလည်ချင် အောင် ဆွဲဆောင် ဆက်ဆံရေး ကောင်းရမယ် ။။။ဒါမှ လည်း ကိုယ်အိမ်သန့် မှ သူများ ကလည်း လေးစား ချင်စိတ် ပေါက်တာပေါ့ ။။။ ဒါအစ ပဲ ။။ စာကျက် ရမယ်။ခြေဥ -စာမေးပွဲ ဖြေရမယ်- ခြေဥ ကျေ မှ မကောင်းတာတွေ မြင်လာမယ်-ဒါမှလည်း ကောင်းတဲ့ ဥပဒေ ကို ပြင်ဆင်နိုင်မယ် - ထောက်ပြနိုင်မယ် - တပ်မတော် သားကိုယ်စားလှယ် တွေ အတွက် လဲ ဒီလို ခြေဥ ကျေ မှ ရမယ်။ ဥပဒေ ဘောင်အတွင်း က ပြောင်းလဲ မည့် ဥပဒေ ကို ထိထိ မိမိ အမတ်တွေ ထောက်ပြ လာပြီဆို အထက်က အမိန့်အတိုင်း ပြန်ပြော နေမယ်ဆိုရင် - မျက်နှာ ငယ်ရတော့မယ် - စစ်တပ် ကိုယ်စားလှယ် က ခြေဥ ကျေ ညက် နေပါ သော်ငြား မမှန်တဲ့ ဘက်က ရပ်တည် ရင်တော့ မှားတဲ့သူ ဆိုတာ ပြည်သူတွေ က လည်း မြင်ပြီး တဝါးဝါး ရီ နိုင်လောက်အောင် နိုင်ငံရေး ဒီမို ဘိုးအေ ကြီးတွေ ဖြစ်နေ ပြီ ဆိုတာ သဘောပေါက် လောက်ပါပြီ လို့တော့ ပြောချင်ပါတယ် ။။။။။

ပြည်သူ အချဉ် မဟုတ်ဘူး ဆိုတာ ကာချုပ် သိလောက်ပါပြီ။။။ လခ လည်း အဖြတ်ခံ ရ အုံး မယ် ။။ လောက်အောင် သုံးပေါ့ ။။။ ရုတ်ရုတ် ရုတ် ခိုးမယ် -ဝှက်မယ် မလုပ်နဲ့ ပျားတုပ် သွားမယ်။ မကောင်းတတ်လို့ ထောင်ဝင်စာ ပေးပြီး ငပိကျော် လောက်တော့ အချင်းချင်း ကြွေးမှာပါ ။ ဗြိတိသျှ လို မကိန် ရင် နိုင်ငံခြား သွားပြီး ဂေါ်လီ လုပ်လို့ မရဘူး ။။။။။။ အမတ်ဖြစ်ရတဲ့ ဒုက္ခ သမားတွေရယ် - စစ်တန်းလျား ပြန်မသွား ချင်တဲ့ ဒုက္ခသမား တွေရယ် လာမည့် ၂၀၁၆ ပါလီမန် မှာ အရင် ၅နှစ် ကလို ဘာမှ ဥပဒေ မသိပဲ ဝေလေလေ စားလိုက် -အိပ်ငိုက်- အမတ် - စစ်သား တွေ စုပြီး လေအေးစက် ဖွင့် ဓတ်ပုံရိုက် ဇိမ်ခံ ခန်းမကြီး လို အသွင် ကနေ - မူကြို ကျောင်း လို ဆူညံ နေအောင် ခလေး တွေ ရော - လူကြီး တွေရော - အခြေခံ ဥပဒေ စာအံခန်း ကြီး အသွင် ပြောင်းဘို့ ပြည်သူ ရွှေမြန်မာတွေ ရွေးချယ် ပေးလိုက် ပြီ ။။။။။သူ တို့တွေ စာကျက်ပြီး -နေပူတော် မူကြို ပါလီမန် ကြီး မှာ စစ်တပ် ကိုယ်စားလှယ် တွေကို ပြည်သူ ပြောင်းခိုင်း မည့် ဥပဒေ ကို တင်သွင်း ကြမယ် - စာကျေ မှ လာပါ လို့ ကြိုးစား စေချင်တယ်။ မူကြို လို့ပြော တာ ပါလီမန် ဆိုတာ ဆူညံ နေရမယ်.။ မူကြိုကျောင်း လိုပါ ။ ဒါမှ အလုပ် လုပ် တယ် လို့ မြင်ဘာတယ်။။။။

အမတ်တွေ အမှိုက်စကောက် တော့ စစ်တပ် ကိုယ်စားလှယ်တွေ လည်း တပ်တွင်း သန့်ရှင်းရေး လေး ဆိုပြီး အမှိုက်လိုက်ကောက် ကြပါလားလို့ - အညော် တိုက်ချင် ပါတယ် ။။။။ ကျုပ် တို့ ရွှေမြန်မာ ဒီမို ဘိုးအေ တွေကလည်း သူများ ကျတော့ မြောက်ပင့် ချွန် တွန်း- ကြပ် ပွါး တွေ လုပ်ပြီး ပြီ ဆိုတော့ - ဒေါ်စု ပြော သလို ဒီလိုသာ ပြည်သူတွေ လိမ္မာ ပါးနပ် မယ်ဆို ရင် မတိုးတက်စရာ အကြောင်း လုံးဝ မရှိ ကို မရှိဘူး လို့ ပြောသွားတဲ့ အတိုင်း - ရွှေ မြန် မာ တွေ လဲ နိုး နိုး ကြား ကြား စောက် ကျင့် လေး တွေ ပြင် ဘို့ အသင့် ပြင် ထား ပါတယ် - အမှိုက် ပစ်တာက အစပေါ့ ။။။။။။.

Min Nanda Thu

 snld-beg-620.jpg SNLD ကျားခေါင်းပါတီက မူဆယ်မြို့မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က အလှူငွေလိုက်လံကောက်ခံနေစဉ်

ရှမ်းပြည်နယ် မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့SNLD ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက အလှုငွေကောက်ခံပြီးတော့ ကူညီသွားမယ်လို့သိရပါတယ်။

တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အလှုငွေတွေကို မနေ့ မနက်က စတင်ပြီး SNLD ကျားခေါင်းပါတီက မူဆယ်မြို့ မှာ နေရာအနှံ့ လိုက်လံကောက်ခံနေခဲ့ကြောင်း ဦးဆောင်တစ်ဦးဖြစ်သူ ဒေါ်နန်းခမ်းကျင် က RFA ကို ပြောပြပါတယ်။

"စစ်ဘေးဒုက္ခသည်တွေအတွက်ပါ ဒုက္ခရောက်နေတဲ့လူတွေ အတွက် ကျမတို့ လိုအပ်တဲ့နေရာပေါ့ သူတို့လိုရာသုံးဖို့ အဆောက်အဦးတွေဘာတွေ နဲနဲပါးပါးလိုတာတို့ သူတို့အဆင်မပြေတာတွေ တော်တော်များများရှိတယ်လို့ ပြောသံကြားပါတယ်။ ကျန်တဲ့ ရှမ်းယဉ်ကျေးမှုလူငယ်တွေလဲ ကောက် ပါတယ်။ ဘယ်လူမျိုးဖြစ်ဖြစ်ပေါ့ ဒုက္ခမရောက်စေချင်ပါဘူး ဘယ်နေရာ ဘယ်ဌာနကပဲဖြစ်ဖြစ် ကျမတို့ကူညီချင်ပါတယ်။ ဘယ်တိုင်းရင်း သားဖြစ်ဖြစ်ပေါ့ စစ်ဖြစ်တဲ့အတွက်ကို ရပ်နားစေချင်တယ်"

အဖွဲ့ဝင် ၁ဝ ယောက်နဲ့ မူဆယ်မြို့အမှတ်တစ်၊ အမှတ်နှစ် ဈေးထဲနဲ့ အပြင်ဘက်က ဆိုင်ခန်းတွေပါ လိုက်လံကောက်ခံနေတာဖြစ်ပြီး မနေ့ကမှ စကောက်တာဖြစ် လို့ အလှုငွေလက်ခံရရှိတဲ့ အရည်အတွက်ကို မသိရသေးဘူးလို့လဲ ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း sspp/ssa နဲ့ အစိုးရတပ်တွေအကြားဖြစ်တဲ့ တိုက်ပွဲတွေကြောင့် မိုင်းရှုး၊ ကျေးဆီးနဲ့ မိုင်းနောင် မြို့နယ်အတွင်း က ဒေသခံပြည်သူလူထု တစ်သောင်းကျော်ဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင် နေရပါတယ်။ သူတို့ဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့်၊ ပါတီ အဖွဲ့အစည်းနဲ့ လူမှုအဖွဲ့အစည်းအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ အကူအညီတွေ ပေးနေကြပါတယ်။

RFA


သတင်းမီဒီယာတခုအား အမျိုးသားပညာရေးဥပဒေကို မပြင်ဆင်သင့်သေးဟု အင်တာဗျုးဖြေကြားခဲ့သည့် အနိုင်ရ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) တဦးလည်းဖြစ်သူ ဒေါက်တာအောင်သူအား အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဗဟိုမှ ကို ခေါ်ယူသတိပေးမည်ဟု ဗဟိုကော်မတီဝင် ဦးဝင်းထိန်က News Watch သို့ ပြောသည်။

“အဲဒီအင်တာဗျူးက NLD က ခွင့်ပြုချက် မရဘဲနဲ့ လုပ်တဲ့အတွက်ကြောင့် ပါတီစည်းကမ်းအရ သူ့ကို ခေါ်ပြီး သတိပေးမှာပါ။ ချက်ချင်းပေးမှာ၊ ၁ ရက် ၂ ရက်အတွင်း ခေါ်ပြီး သတိပေးမှာ။ ဒါ အဖွဲ့ချုပ်ဥက္ကဌရဲ့ စည်းကမ်း အန်ကယ့် စည်းကမ်း မဟုတ်ဘူး။ ပထမ သတိပေးမယ်။ သတိပေးလို့ မရရင် ဒဏ်ရိုက်မယ်။ သူတို့ရတဲ့ အမတ်လစာထဲကနေဖြတ်ပြီးတော့ ပါတီရန်ပုံငွေ ထည့်ရ မှာ”ဟု ဦးဝင်းထိန်က ပြောသည်။

အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအား သတင်းမီဒီများသို့ အင်တာဗျူးများ မဖြေကြားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်သကဲ့သို့ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ NLD ပါတီ၏ သဘောထား မဟုတ်ဘဲ ၄င်း၏ သဘောထားသာဖြစ်ကာ ပါတီအနေဖြင့် လတ်တလောတွင် ပညာရေးကိစ္စကို ဆွေးနွေးသွားမည် မဟုတ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

ဒေါက်တာ အောင်သူ အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မဇ္စိမသတင်းဌာနသို့ ဖြေကြားခဲ့သော အင်တာဗျူးတွင် ကျောင်းသားများပြင်ဆင်ပေးရန် တောင်းဆိုနေသည့် အမျိုးသားပညာရေး ဥပဒေကို လက်တွေ့စမ်းသပ်အသုံးပြုသင့်ပြီး၊ မပြင်ဆင်သင့်သေးဟူသည့် အဓိပ္ပါယ်ရသောဖြေကြားမှု ပေးခဲ့ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဂျပန်နိုင်ငံရောက် ဦးဉာဏ်ဝင်းကို ကြိုဆိုကြစဉ်။ သတင်းဓာတ်ပုံ- ဒီမိုဝေယံ
ဂျပန်နိုင်ငံရောက် ဦးဉာဏ်ဝင်းကို ကြိုဆိုကြစဉ်။ သတင်းဓာတ်ပုံ- ဒီမိုဝေယံ

ဂျပန်နိုင်ငံရဲ့နည်းပညာအကူအညီကို ယူပြီး မြန်မာနိုင်ငံရဲ့လယ်ယာကဏ္ဍနဲ့ လယ်သမားတွေ ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို NLD ပါတီအစိုးရ လက်ထက်မှာ လုပ်ဆောင်သွားမယ်လို့ ဂျပန်နိုင်ငံကို ရောက်နေတဲ့ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပါတယ်။ လာမယ့် အနာဂတ်ကာလမှာ ဂျပန်အစိုးရက မြန်မာနိုင်ငံဖွံ့ဖြိုးရေး အကူအညီတွေကို အပြည့်အဝပေး သွားဖို့ရှိတယ်လို့လဲ ဆိုပါတယ်။ ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရတယ်ဆိုပေမယ့် အစိုးရ မဖွဲ့နိုင်ခင်ကာလအထိ သတိနဲ့ လုပ်ဆောင်ကြဖို့ လိုပြီး NLD ပါတီနဲ့အတူ ဆက်လက် ရပ်တည်ပေးကြဖို့ ဂျပန်နိုင်ငံကို ရောက်နေတဲ့ NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းက ဂျပန်မြန်မာပရိသတ်တွေကို ပြောဆိုခဲ့တာပါ။
မြန်မာပွဲတော်
မြန်မာပွဲတော်
ဂျပန်နိုင်ငံ တိုကျိုမြို့Hamamatsucho ရပ်ကွက်က Zojoji ဂျပန် ဘုန်းတော်ကြီး ကျောင်းဝင်းမှာ ကျင်းပတဲ့ (၃)ကြိမ်မြောက် ဂျပန်-မြန်မာ ချစ်ကြည်ရေး "မြန်မာပွဲတော်" အတွင်း အဲဒီလိုပြောဆို သွားတာဖြစ်ပါတယ်။ ဦးဉာဏ်ဝင်း ကပြောတာက -
 “ကျနော်တို့အခု ရွေးကောက်ပွဲနိုင်ပြီ၊ ရွေးကောက်ပွဲ နိုင်ပြီဆိုတော့ အားလုံးပြီးပြီလို့ မမှတ်နဲ့။ ကျနော်တို့ နိုင်ရတဲ့အကြောင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ဆန္ဒအရ ကျနော်တို့နိုင်တာ၊ အဲဒီတော့ ရှေ့ဆက် ပြီးတော့ တည့်မတ်တဲ့ လမ်းကြောင်းကို သွားဖို့ရှိသေးတယ်။ လိုအပ်လို့ရှိရင် မိမိတို့ရဲ့ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ထည့်သွင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ကျနော် ဒီ့ပြင်ဟာ အာမမခံနိုင်ဘူး ကျနော်တို့ (အစိုးရ) ဖွဲ့စည်းတဲ့အခါမှာ Corruption တွေ လုံးဝမရှိတဲ့ သန့်ရှင်းတဲ့အစိုးရ တရပ် ဖွဲ့မယ်ဆိုတာကိုတော့ ကျနော်ရဲရဲကြီး ပြောရဲတယ်လို့ အဲဒါပြောခဲ့တယ်”
ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အပါအဝင် ဂျပန်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူတွေနဲ့ရော ဆက်သွယ်ရေး ၀န်ကြီးဌာနနဲ့ရော သဘာဝပတ်ဝန်းကျင် နည်းပညာဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲတွေနဲ့ပါ တွေ့ဆုံ ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့နည်းပညာ အကူအညီကိုယူပြီး မြန်မာနိုင်ငံရဲ့လယ်ယာကဏ္ဍနဲ့ လယ်သမားတွေဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို NLD ပါတီ အစိုးရလက်ထက်မှာ လုပ်ဆောင်သွားမယ်လို့ NLD ဦးဉာဏ်ဝင်းက ပြောပါတယ်။

 “အဓိကကတော့ ပညာရေးကဏ္ဍရယ် နည်းပညာရယ် .. နည်းပညာ ကောင်းကောင်း တတ်တဲ့ နိုင်ငံနဲ့ပေါင်းခြင်းအားဖြင့် နည်းပညာ ရမယ်။ နောက် နည်းပညာက တကမ္ဘာလုံးမှာ အရေးတကြီး လိုအပ်တယ်။ ကျနော်တို့က ပူးပေါင်းဆောင်ရွက်မယ် သူတို့အကျိုးအမြတ်ရှိမယ် အဲဒီမှာ ကျနော်တို့ နည်းပညာရမယ် ဒီလိုရည်ရွယ်ပါတယ်။ ကျနော်တို့ တောင်သူလယ်သမား လယ်ယာဖွံ့ဖြိုးရေးကိစ္စကို သူတို့ အထူးစိတ် ၀င်စားကြပါတယ်။

ကျနော်လယ်သမားတွေက လယ်လဲမပိုင်ဘူး ဖြစ်နေတာက၊ အလုပ်အကိုင် လုပ်တဲ့နေရာမှာလဲ သူတို့မှာက ဓါတ်မြေသြဇာ ပံ့ပိုးမှု ငွေကြေးပံ့ပိုးမှုကလဲ မသေချာဘူး။ အဲသလို အခြေအနေမျိုးကို ကျနော်တို့က သူတို့ကို နည်းပညာတွေ ပေးရမယ်၊ နောက် သူတို့ လိုအပ်တဲ့ အမတော်ကြေးလို ကိစ္စမျိုးကို ပြည့်ပြည့်စုံစုံ ရအောင်လုပ်ပေးရမယ်။ လယ်သမားတွေ လယ်လုပ်ခြင်း အားဖြင့် မိမိတို့ဘဝ တိုးတက် နိုင်တယ်ဆိုတာ ဒီလိုအသိမျိုး နားလည်လာအောင် ပြည့်စုံအောင် တတ်နိုင်သမျှ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်မယ်လို့ ကျနော်တို့ ဒီလိုစဉ်းစားပါတယ်”

ဒါ့အပြင် အနာဂတ်ကာလမှာ ဂျပန်အစိုးရက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေ အပြည့်အဝ ပေးသွားမယ်လို့ ယုံကြည်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
 “ကျနော်နားလည်တာ သူတို့အပြည့်အဝကူညီပါလိမ့်မယ်၊ သူတို့ နိုင်ငံရေး အကြောင်းလဲ ရှိပါလိမ့်မယ်။ နိုင်ငံရေးအကြောင်းဆိုတာ ပထဝီနိုင်ငံရေး ရှိတယ် ဗျာ မြန်မာပြည်မှာ၊ အိန္ဒိယရှိတယ် တရုတ်ရှိတယ် ဒီလိုဟာတွေက ဆက်စပ်နေ တာပေါ့ဗျာ ကျနော်တို့ စီးပွားရေးနဲ့ ပတ်သက်ရင်။ ကျနော်ကတော့ ဂျပန်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတာကို သဘောကျတယ်။ ဘာလို့ဆိုတော့ ကျနော်တို့က သူတို့ဆီက နည်းပညာတွေရော အကူအညီတွေရော ရနိုင်သမျှ ကျနော်တို့ ကြိုဆိုရမှာလေ ၊ ဒီလိုအခြေအနေမှာ ဒီကိုရောက်နေရတာကို ကျနော် ကျေနပ် ပါတယ်”

NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းဟာ မနက်ဖြန် မနက်ပိုင်းမှာတော့ တိုကျိုမြို့မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်သလို အဲဒီနောက် မှာတော့ ကျိုတို မြို့တော်ဟောင်းကို သွားရောက်မှာပါ။ ကျိုတိုတက္ကသိုလ် မှာ ဒေါ်အောင်ဆန်းစုကြည် သုတေသနလုပ်ခဲ့စဉ်က နေရာတွေကို သွားရောက်လေ့လာမှာဖြစ်ပြီး ကျိုတိုတက္ကသိုလ်မှာ ပညာသင်နေတဲ့ မြန်မာကျောင်းသားတွေ နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/nld-u-nyan-win-in-japan/3078600.html