“ နိုဝင်ဘာလ (၈) ရက်ဟာ… တိုင်းပြည်အတွက်ဖြစ်ပါစေ "

“ နိုဝင်ဘာလ (၈) ရက်ဟာ… တိုင်းပြည်အတွက်ဖြစ်ပါစေ ”

မြန်မာသက္ကရာဇ် (၁၃၇၇) ခုနှစ် သီတင်းကျွတ်လဆုတ် (၁၁) ရက်၊ ခရစ်သက္ကရာဇ် (၂၀၁၅) ခုနှစ် နိုဝင်ဘာလ (၈) ရက်တနင်္ဂနွေနေ့ မှာတော့ ကမ္ဘာ့ ဒီမိုကရေစီသမိုင်းဖြစ်စဉ်ထဲမှာပါ ကမ္ဗည်းထိုးရစ်တော့မှာမို့ နိုင်ငံများစွာက စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။
ပြည်သူ့ အချစ်တော်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနဲ့  စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတည်ထောင်ထားခဲ့တဲ့ လက်ရှိစစ်တပိုင်းအစိုးရရဲ့ ပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီအပါအ၀င် ပါတီပေါင်းစုံဟာ ပြည်သူလူထုကြားမှာ မဲဆွယ်စည်းရုံးရေး ဆင်းနေကြတာဖြင့် အရှိန်အတော်ရနေပါပြီ။

တကယ်တော့ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်ရှင်အစစ်ဖြစ်တဲ့ မိဘပြည်သူတွေက တိုင်းပြည်ကို သုတို့ ကိုယ်စား သက်တမ်းတခုမှာ ပါတီတစုတစ်ဖွဲ့ ကိုရွေးချယ် ယာယီအုပ်ချုပ်ခွင့်ပေးတဲ့ပွဲပါ။ ဒါပေမဲ့ အခုလာမဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကတော့ အစိုးရတရပ်ကို ရွေးချယ်ပေးယုံသက်သက်ပွဲမဟုတ်ပါဘူး နှစ်ပေါင်း (၅၃)နှစ်ကျော် တိုင်းပြည်ကို မျက်နှာဖုံးအမျိုးမျိုးစွပ်ပြီး ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အာဏာရှင်စနစ်ကို နိဂုံးသတ်နိုင်မှာလား ဒါမမဟုတ် ဆက်လက်ရှင်သန်ပြီး ပြည်သူကို ဒုက္ခဆက်ပေးခွင့်ပြုမှာလားဆိုတာ အဆုံးဖြတ်ပြုရမဲ့ပွဲလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ သမိုင်းဝင်နေ့ တနေ့ ဖြစ်လာမှာပါ။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကနေ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို တကယ်ကူးပြောင်းလိုစိတ် ရှိမရှိ ဆိုတာကို မြင်ကြရမဲ့ပွဲလည်းဖြစ်ပါတယ်။
ဒါပေမဲ့ (၂၀၁၅) အထွေထွေရွေးကောက်ပွဲဟာ ပုံမှန်အခြေအနေတရပ်မှာ မရှိပါဘူး။ အကြောင်းကတော့ ပြည်သူ့ ကိုယ်စားလှယ် ၁၀၀% ကိုရွေးကောက်ရမှာမဟုတ်ဘဲ ၊ ၇၅%ကိုသာရွေးရမဲ့အခြေအနေရောက် နေလို့ ပါဘဲ။ လွှတ်တော်ကိုယ်စားလှယ်နေရာထိုင်ခုံ ၂၅% ကို လက်ရှိအာဏာယူထားတဲ့ စစ်တပိုင်းအစိုးရနဲ့  မျိုးတူ အာဏာရှင်ဂိုဏ်းသားတွေဖြစ်တဲ့ မြန်မာစစ်တပ်က လုယူယူထားတာ ကမ္ဘာသိမဟုတ်လား။

ဒီလိုမမျှမတတဲ့ အခြေအနေကို ပိုဆိုးဝါးစေတာက အာဏာလက်မလွှတ်ခြင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရဟာ ပြည်သူ့ ထောက်ခံမှု့မရမှန်းသိတော့၊ ဘက်လိုက်မဲ့ေ၇ွးကောက်ပွဲကော်မရှင်ကို စစ်ဗိုလ်စစ်သား၊ သူ့ လူများနဲ့ ဘဲစိတ်ကြိုက်ဖွဲ့ စည်းပြီး အခြေခံမဲစာရင်းကို ၃၀%လောက်သာ မှန်အောင်ပြုစုပြီး နိုင်ငံသူနိုင်ငံသားတွေရဲ့ အခြေခံမဲပေးပိုင်ခွင့်ကိုလုယူခဲ့ပြန်ပါတယ်။

အဲ့ဒါတွေအပြင် ၀ယ်မဲ၊ ပယ်မဲ၊ ပိုမဲ၊ ကြိုတင်မဲ၊ ခြိမ်းခြောက်မဲ၊ ခိုးမဲ၊ လုမဲ၊ ညစ်မဲ၊ လိမ်မဲ မဲဓါးမြ စတဲ့ မဲမသမာမှု့ နည်းမျိုးစုံသုံးပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မဲအပြတ်အသတ်နဲ့  (၁၉၉၀) ရွေးကောက်ပွဲတုံးကလို အောင်ပွဲ မခံနိုင်အောင်၊ လွတ်လွတ်ကျွတ်ကျွတ် အစိုးရမဖွဲ့ နိုင်အောင် အဖက်ဖက်က ပြင်ဆင်ကျူးလွန်နေကြတာ အထင်အရှားမဟုတ်လား။

(က) ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေးပါတီကိုမဲမပေးသင့်တဲ့အကြောင်း …

လက်ရှိအခြေအနေဟာ နိုင်ငံသားတိုင်း ရေငုံနှုတ်ပိတ်နေလို့ မရတော့ပါဘူး။ တိုင်းပြည်တခုလုံးရဲ့ အကောင်းအဆိုး အနာဂါတ်ကိုအဆုံးအဖြတ်ပေးမဲ့ နိုင်ငံရေးကိစ္စတွေမှာ ကျွန်တော်တို့ ဟာ မပြတ်မသား အားနာနေလို့ မရပါဘူး။ လူမျိုးတမျိုး၊ ဘာသာတခုအကျိုးအတွက်သာကြည့်ပြီးပြောနေလို့ မသင့်တော်ပါဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ပြည်ထောင်စုကြီး ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်မဲ့အကျိုးကို သာ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရည်မျှော်ပြောဆိုရပ်တည်ကြဖို့ လိုပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ရဲ့အနာဂါတ်ကို ထပ်မံလုယူဖျက်ဆီးဖို့ ဗြောင်ကျိုးပမ်းလာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေးပါတီနဲ့ အသွင်တမျိုးယူပြီး ခေါင်းထောင်ဖို့ တာစူလာတဲ့ စစ်အာဏာရှင်မျိုးဆက်သစ်တွေအကြောင်း ပြည်သူလူထုရှင်းရှင်းလင်းလင်းသိအောင်၊ သူတို့ ပါတီကို မဲမပေးသင့်တဲ့အကြောင်း အားမနာတမ်း မီးမောင်း ထိုးပြခြင်ပါတယ်။
အဖိနှိပ်ခံပြည်သူ လူများစုကြီးအတွက် လာခြင်းမကောင်းတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီဆိုတာ အားလုံးသိကြတဲ့အတိုင်း အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးတည်ထောင်ခဲ့တာပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယာဉ်တန်းကို (၂၀၀၃) ခုနှစ် မေလ (၃၀) ရက်နေ့ က သတ်ဖြတ်ဖို့ ကျိုးပမ်းခဲ့တဲ့ ဒီပဲရင်းလူသတ်ပွဲမှာပါဝင်ခဲ့ကြတဲ့ ပြည်သူ့ ချဉ်ဖတ် စွမ်းအားရှင်ဆိုတဲ့လူမိုက်တွေ၊ စစ်အာဏာရှင်စနစ်လိုလားသူ မဆလပါတီဝင်ဟောင်းတွေ၊ စစ်အာဏာရှင်စနစ်ရဲ့အမာခံ စစ်ဗိုလ်စစ်သားတွေ၊ အပြောင်းအလဲမလိုလားဘဲ ကပ်ရပ်ပြီး အခွင့်ထူးခံခွင့်အနည်းအကျဉ်းရတဲ့ မြို့နယ်ရပ်ရွာအုပ်ချုပ်ရေးမှုးတွေ၊ အသုံးချခံ မီးသတ်ကြက်ခြေနီ၊ ၀ိသမစီးပွားရေးလုပ်ငန်းရှင်ခရိုနီတွေ၊ သူတို့ ရဲ့နောက်လိုက်နောက်ပါတွေကို စုစည်းပြီး တပ်မတော်ကို ကျောထောက်နောက်ခံပြုလို့ တည်ထောင်ထားခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးအသင်းကြီးကို (၂၀၁၀) ခုနှစ် ဇွန်လထဲမှာ အာဏာရှင်လက်ကိုင်ဒုတ် ပါတီအဖြစ်ပြောင်းပြီး ပြည်သူပိုင်ဘဏ္ဍာ၊ ငွေကြေးတွေနဲ့ နေရာအဆောက်အဦးတွေ လုယူသိမ်းပိုက်ပြီး တည်ထောင်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အမဲစက်ပေါင်းများစွာ စွန်းထင်းထားရစ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်က ခြေရာလက်ရာ အချက်အလက်တွေကို စေ့စေ့ငုငု လေ့လာတဲ့အခါ … သမိုင်းကြောင်းလည်း မကောင်းဘူး၊ ရည်ရွယ်ချက်လည်း မကောင်းဘူး၊ အကျင့်သီလလည်းမကောင်းဘူး၊ စရိုက်သဘာဝလည်းမကောင်းဘူး၊ အရည်အသွေးလည်းမကောင်းဘူး၊ စိတ်ဓါတ်လည်းမကောင်းဘူး၊ အတွေးအကြံလည်းမကောင်းဘူး၊ လုပ်ရပ်လည်းမကောင်းဘူး၊ လာခြင်းလည်းမကောင်းဘူး၊ လားရာလည်းမကောင်းဘူး၊ လောကအမြင်လည်းမကောင်းဘူး၊ လိပ်ပြာလည်းမကောင်းဘူး၊ ပိုင်ဆိုင်မှု့လည်းမကောင်းဘူး၊ နံမည်လည်းမကောင်းဘူး၊ ကိုးကွယ်မှု့လည်းမကောင်းဘူး၊ ဆရာတင်တာလည်းမကောင်းဘူး၊ ရာဇ၀င်လည်းမကောင်းဘူး ဆိုတာတွေ့ ရမှာဖြစ်တယ်။

ဒါပေမဲ့သူတို့ ဟာ မကောင်းတဲ့ဖက်တွေမှာတော့ ဘက်စုံထူးချွန်နေတာ ပြည်သူတွေအသိဘဲဖြစ်တယ်။ ကိုယ့်တဘို့ သာ ကိုယ်ကျိုးကြည့်တဲ့နေရာကောင်းတယ်၊ ရက်စက်ကျမ်းကျုတ်တဲ့နေရာကောင်းတယ်၊ ဗြောင်လိမ်ဖို့ ရာဆိုကောင်းတယ်၊ ကောက်ကျစ်ယုတ်မာရာမှာကောင်းတယ်၊ လှည်ဖြားရာမှာကောင်းတယ်၊ ခိုဆိုးရာမှာကောင်းတယ်၊ လုယက်ဓါးမြတိုက်ရာမှာကောင်းတယ်၊ ဖိနှိပ်ရာမှာကောင်းတယ်၊ မတရားအနိုင်ကျင့်ရာမှာကောင်းတယ်၊ သူများမျက်ရည်ကြီးငယ်ကျစေရာမှာကောင်းတယ်၊ ကပ်ဖါးရပ်ဖါးလုပ်ရာမှာကောင်းတယ်၊ သူများကိုနင်း နေရာလုရာမှာကောင်းတယ်၊ အခွင့်ထူးခံခြင်တဲ့နေရာမှာကောင်းတယ်၊ အရှက်မရှိလုပ်ရကိုင်ရရင်ကောင်းတယ်၊ တိုင်းပြည်ကိုဖျက်ဆီးရာမှာကောင်းတယ်၊ လူတွေကိုလမ်းမှားပို့ ရာမှာကောင်းတယ်၊ ဘယ်သူသေသေ ငတေမာဘို့ ဆိုရင်ကောင်းတယ်။
အဲ့ဒီလို ဗီဇဆိုး၊ စရိုက်ဆိုးတွေနဲ့ ပြီးပြည်စုံနေတဲ့သူအများစုနဲ့ ဖွဲ့ စည်းတည်ထောင်ထားပြီး ပြည်သူပိုင်ဘဏ္ဍာ၊သယံဇာတတွေခိုးလို့ သူတို့ ကတော့ ထားစရာမရှိအောင်ချမ်းသာ၊ တိုင်းပြည်ကိုတော့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်ရောက်ရှိစေခဲ့တာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီပါ။
ဘယ်တုံးကမှ ပြည်သူအကျိုးစီးပွားကို ရိုးရိုးသားသား နှမ်းတစေ့ တဆံခြည်မျှင်သော်မှ မဆောင်ရွက်ခဲ့ဘဲ အခုဆို လျှပ်စစ်မီးဆင်ပေးမယ်၊ မျိုးစပါးပေးမယ်၊ ငွေချေးမယ်၊ လမ်းဖေါက်ပေးမယ်၊ ကြိုးတံတားဆောက်ပေးမယ်စတဲ့ တနပ်စားတပွဲတိုးမက်လုံးတွေပေးပြီး ပြည်သူကို ဖျားယောင်းမဲဆွယ်နေကြတာမဟုတ်လား။ ပြီးတော့ ဘာသာရေးကိုအသုံးချပြီး NLD ကိုတိုက်ခိုက်အပုတ်ချရင်း အထင်မှားအောင် မဲပြားအောင်လုပ်နေတာတွေ လူတိုင်းကြားနေရမြင်နေရပါတယ်။
ကတိမတည်ကြည်သူတွေ၊ ကိုယ့်အမှားကို တာဝန်မယူရဲသူတွေ၊ မုသားစကားပြောရဲသူတွေ မကျူးလွန်ဝံ့တဲ့ အကုသိုလ်ကံဆိုတာ ဒီလောကမှာမရှိတော့မို့  ဘယ်ရာဇ၀ါတ်မှု့မျိုးမဆို ကျူးလွန်ပါလိမ့်မယ် ။

ဗီဇဆိုးစရိုက်ဆိုးနဲ့  ဥာဏ်ပညာချို့တဲ့မှု့ဟာ မိုက်တွင်းကိုသာတူးလေ့ရှိတယ်။ ကိုယ်ကျင့်သီလကျိုးပြတ်မှု့ဟာ လောကပါလတရားလေးပါးနဲ့ တာဝန်ခံလိုစိတ်ကိုလွှတ်ချပစ်လေ့ရှိတယ်။ တာဝန်ယူရဲတဲ့ သတ္တိမရှိတဲ့အခါ ရိုးသားမှု့ဆိုတာပျောက်ဆုံးသွားတော့တာဘဲ။ ရိုးသားမှု့ပျောက်ဆုံးတဲ့အခါ ယုတ်မာကောက်ကျစ်မှု့တွေ မွေးဖွားတော့တာပါဘဲ။ ယုတ်မာကောက်ကျစ်မှု့တွေဟာ အနိဌာရုံတွေဆီနဲ့ မကောင်းသောရလာဒ်နဲ့  လားရာကိုသာ ရှေ့ရှု့စေပါတယ်။
အဲ့ဒီလိုကောင်းကွက်ဆိုတာ ဘာမှမရှိနတ္ထိ၊ မကောင်းတာတွေနဲ့ သာအတိပြီးနေတဲ့ ပြည်ခိုင်ဖြိုးပါတီကို နောက်ထပ်သက်တမ်း(၅)နှစ် ဆက်အုပ်ချုပ်ဖျက်ဆီးခွင့်ပေးစရာ၊ မဲပေးစရာအကြောင်း လုံးဝဥဿုံမရှိပါဘူး။

(ခ) ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲရေးကို ဘာလို့ လက်မခံနိုင်ရသလဲ
မိဘပြည်သူများခင်ဗျား အစချီတဲ့ ပျားရည်ဖုံး သင်တုန်းဓါးလို့ တင်စားရမဲ့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဗွေဆော်ဦးခြေလှမ်းတွေမှာကထဲက ရိုးသားမှု့တွေပျောက်ဆုံးနေခဲ့ပါတယ်။ တကယ်တော့ ဦးသိန်းစိန်တို့  စစ်ဗိုလ်ချုပ်ကြီးတွေဟာ တိုင်းပြည်ကို ဖွတ်ဖွတ်ညှက်ညှက်ချေမွလို့ ၊ ကဏ္ဍစုံအရည်အသွေးကျ၊ ပျက်သုံးနိုင်ငံ အဆင့်ကိုရောက်စေရာမှာ တာဝန်ရှိခဲ့သူတွေပါ။
နောက်တခါ ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်မီးတောက်အောက်မှာ ဘယ်၍ဘယ်မျှရှိတယ်ဆိုတာ မခန့် မှန်းနိုင်၊ မတွက်ချက်ရဲလောက်တဲ့ တိုင်းရင်းသားပြည်သူလူထုတွေရဲ့အသက်ဆုံးပါးမှု့၊ ဘ၀ပျက်ဆုံးရှုံး ခဲ့ရမှု့တွေ၊ မခံမရပ်နိုင်လို့ လူထုအုံကြွမှု့ပေါ်လာတိုင်း ပစ်ခပ်နှိမ်နင်းခဲ့ရာမှာရော၊ မသေသင့်ဘဲ ပြည်သူပေါင်း တစ်သိန်းခွဲနီးပါး အသက်ဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း တာဝန်ပျက်ကွက်မှု့ကြီးမှာပါ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် လို့ ဖြစ်စေ တာဝန်ရှိသူတွေဖြစ်ပါတယ်။
ဒီတော့ အမှန်တကယ် နှောင်တရလို့ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးလုပ်ခြင်တဲ့သူတွေဆိုရင် မိမိနဲ့ မိမိအဖွဲ့ စည်း က မိဘပြည်သူတွေအပေါ်ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်ခဲ့မှု့တွေ၊ ရာဇ၀ါတ်မှု့တွေ၊ ကျကျနနတောင်းပန်မှု့ အမှားဝန်ခံမှု့၊ တာဝန်ဝန်ခံမှု့ တာဝန်ယူမှု့တွေနဲ့ နစ်နာဆုံးရှုံးခဲ့ရသူတွေကို စာနာကြောင်း ရိုးရိုးသားသား ပြသဖို့ လိုသလို၊ သူတို့ ဘ၀တွေ ပြန်လည်ထူထောင်နိုင်အောင် အကူအညီတွေပေးသင့်တယ်မဟုတ်လား။

ပြီးရင် သူတို့ ရဲ့အစိုးရသက်တမ်း (၅) နှစ်ကာလတွင်းမှာ အောက်ပါအဓိကလုပ်ငန်းစဉ်တွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်။
၁) တရားဥပဒေစိုးမိုးရေးအမြန်ဆုံးတည်ဆောက်ဖို့ ၊
၂) ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသတ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရစေဖို့ ၊
၃) နိုင်ငံရေးအင်အားစုအားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရစေဖို့ ၊
၎) တဖက်သတ်ရေးဆွဲပြီး ပြည်သူလူထုအကျိုးစီးပွားကိုမဖေါ်ဆောင်နိုင်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အများလက္ခံလါအောင် မှန်မှန်ကန်ကန်ပြင်ဆင်ဖို့ ၊
၅) အကျင့်ပျက်ခြစားမှု့တွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ … စတာတွေပါဘဲ။
အခုတော့ ဗွက်ပေါက်အောင်ကျူးလွန်ခဲ့ ကိုယ့်ပြစ်မှု့ တွေကို ကိုယ်တိုင်တာဝန်မခံ၊ တာဝန်မယူတဲ့အပြင်ဒီမိုကရေစီဆိုတာ သူတို့ ပေးထားတာလို့ ကျေးဇူးရှင်ပါ အဖြစ်ခံခြင်နေတာဟာ လုံးဝမရိုးသားဘူးလို့ ပြောရမှာပါ။ အထက်မှာရေးပြခဲ့သလို အခြေခံကျကျ ပြုပြင်သင့်တာတွေ ထိထိရောက်ရောက်မပြင်ဘဲ လူပြိန်းကြိုက် အပေါ်ယံအပြောင်းအလဲတွေလုပ်ပြ၊ ဗုဒ္ဓဘာသာဝင်အများစုကတောင်လက်မခံတဲ့၊ မစစ်မှန်တဲ့နည်းလမ်းတွေနဲ့ ဗုဒ္ဓဘာသာတခုထဲကို ကာကွယ်စောင့်ရှောက်သလိုလုပ်ပြ၊ အများအလိုမတူဘဲ ဥပဒေတွေပြဌာန်းပြီး ကာကွယ်သယောင်လုပ်ပြတာဟာ သဘောမတူတဲ့ မိဘပြည်သူတွေနဲ့ ရှိရှိသမျှ တခြားဘာသာဝင်တွေကို စော်ကားပြနေတာဘဲမဟုတ်လား
ဦးသိန်းစိန်တို့ စစ်တပိုင်းအစိုးရဟာ စစ်အာဏာရှင်စနစ်ကို လူအများသည်းခြေကြိုက်မဲ့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးစကားလုံး ရွှေပြားဖုံးပြီး တိုင်းပြည်ရဲ့ညီညွှတ်ရေးဖြိုခွဲခဲ့တာပါဘဲ။
စည်းကမ်းပြည့်ဝသောဒီမိုကရေစီမျက်နှာဖုံးစွပ်လို့ ပြည်သူတွေကို ဒီမိုကရေစီအတုပေးနေတဲ့ ဦးသိန်စိန်ကို မဲပေးအောင်စည်းရုံးမယ်ဆွယ်နေတဲ့လူတွေ၊ မဲပေးမဲ့သူတွေ၊ အမျိုးဘာသာသာသနာအကြောင်းပြပြီး ဆက်လက်အုပ်ချုပ်စေခြင်တဲ့ လူရှင်ရဟန်းတွေကို ဆရာနန္ဒသိန်းဇံရဲ့ ” ကိုယ်ကျင့်တည်ကြည်ခြင်းနှင့်အဆင့်မြင့်ခရီးစဉ်”စာအုပ်ထဲက အောက်ပါ စာသားတွေနဲ့ သတိပေးခြင်ပါတယ်။

“ ငါးပုပ်ကို သမန်းမြက်နှင့်ထုပ်သောအခါ သမန်းမြက်သည်လည်း အပုပ်နံ့ နံသကဲ့သို့  ထို့ အတူ လူမိုက်နှင့် ပေါင်းဖေါ်သောအခါ ပေါင်းဖေါ်သူလည်း သူမိုက်ဖြစ်လာရ၏။”
“မွှေးသောတောင်ဇလပ်ပန်းကို ပေါက်ဖက် ဖြင့်ထုပ်သောအခါ ပေါက်ဖက်သည်လည်း အမွှေးနံ့ သင်းပျံ့  သကဲ့သို့ ထို့ အတူ လူလိမ္မာနှင့်ပေါင်းဖေါ်သောအခါ၌ ပေါင်းဖေါ်သူသည်လည်း လူလိမ္မာဖြစ်လာရ၏။”

ဒီဆောင်းပါးရဲ့ နိဂုံးချုပ်အနေနဲ့  ဦးသိန်းစိန်အစိုးရနဲ့ တကွ တာဝန်ရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေအားလုံးကိုတိုက်တွန်း အသိပေးလိုတာက နှောင်တဆိုတာဟာ နောက်ကျတယ်ဆိုတာမရှိဘူးဆိုတာပါဘဲ။ အမှားပေါ်အမှားဆင့်ပြီး နစ်သထက်မနစ်ရအောင် ကံနဲ့ ကံ၏အကျိုးယုံကြည်စေဖို့ ၊ နှောင်လါနောက်သားတွေကို ကိုယ့်အမှားကိုယ်တာဝန်မယူတဲ့ ယဉ်ကျေးမှု့နဲ့ အစဉ်အလာကို လက်ဆင့်ကမ်းအမွေမထားရစ်စေဘို့  ကိုယ်ကျူးလွန်ခဲ့တဲ့ပြစ်မှု့တွေအားလုံး အတွက် တိုင်းသူပြည်သား တွေကိုဝန်ချတောင်းပန်ခြင်းကစလို့ တာဝန်ခံမှု့၊ တာဝန်ယူမှု့တွေပြုကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူပြည်သားတွေကို တိုက်တွန်းလိုတာက လူ့ ဂျပိုး၊ စစ်ဂျပိုးတွေရဲ့ လှည့်ကွက် အလိမ်အညာတွေကို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်ပိုင်းခြားပါ။ လူမျိုးတမျိုး၊ တစ်ဘာသာအရေးသာမကြည့်ဘဲ နှလုံးသားကြီးကြီးနဲ့  လူမျိုးပေါင်းစုံ သဟဇာတဖြစ်ရေး ပြည်ထောင်စုအရေးကိုဦးထိပ်ပန်ဆင်ကြပါလို့ တိုက်တွန်းခြင်ပါတယ်။
လူရှင်အာဇာနည် ကုဋေချီရှိတဲ့တိုင်းပြည်က မြန်မာပြည်သူပြည်သား သန်း (၅၀) ကျော်နဲ့  သူတို့ ရဲ့နှောင်မျိုးဆက်သစ်တွေကို စစ်ကျွန်ဘ၀က အပြီးတိုင်လွတ်မြောက်ဖို့  ဘုရားဟောတရားနဲ့ ညီညွတ်တဲ့ လူ့ အဖွဲ့ အစည်တခုအဖြစ် ကမ္ဘာ့ အလယ်တင့်တယ် ခေါင်းမော့နိုင်ဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပုံအောမဲပေးခြင်းနဲ့ လာမဲ့ နိုဝင်ဘာလ (၈) ရက်ကို တိုင်းပြည်အတွက်ဖြစ်ပါစေလို့ ဆန္ဒမွန်ပြုလျှက်။ ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
နိုဝင်ဘာလ ( ၄) ရက်နေ့ ၊ ၂၀၁၅ ခုနှစ်

[full-post]


Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.