01/01/15

လက်ပံတောင်း အကြမ်းဖက်မှုအပေါ် မန္တလေးတွင် ဆန္ဒပြနေစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက်မှုအပေါ် ရှုတ်ချပြီး ဒီမှုတွေကို ဖြေရှင်းပေးဖို့ မန္တလေး၊ ရန်ကုန်နဲ့ လက်ပံတောင်းဒေသက ပြည်သူတွေ ဒီနေ့ ၁ ရက် ၁ လ ၂၀၁၄ မှာ စတင်ဆန္ဒထုတ်ဖော်နေကြပါတယ်။

မန္တလေးမြို့မှာတော့  ၃၆ လမ်း ၈၅ လမ်းထောင့်မှာရှိတဲ့ မြတောင်ကျောင်းတိုက်ကနေစပြီး မြို့ပတ်ချီတက် ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။

ဆန္ဒပြတောင်းဆိုမှုနဲ့ပတ်သက်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုကွန်ရက် MDCF အဖွဲ့ က ကိုသိန်းအောင်မြင့်က အခုလို ပြောပါတယ်။

“ကျနော်တို့က ဒီလက်ပံတောင်းတောင်ဒေသမှာ အကြမ်းဖက်တဲ့အပေါ်မှာ အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ အစိုးရအနေနဲ့တာဝန်ယူမှု တာဝန်ခံမှုရှိဖို့လည်း လိုအပ်ပါတယ်။ ဒီအကြမ်းဖမ်မှုကို ကျနော်တို့မန္တလေးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက ရှုတ်ချတယ်။ အဲဒီအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပါ။ အစိုးရအနေနဲ့ လက်ပံတောင်းတောင်ဒေသ အကြမ်းဖက်မှုအပေါ်မှာ ဖြေရှင်းပေးဖို့ တောင်းဆိုနေတာပါ။ လက်ပံတောင်းတောင်ဒေသမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာမဆို ရှုတ်ချကန့်ကွက်ပါတယ်။”

မန္တလေးမြို့ ဆန္ဒပြပွဲ သံဃာတော်အပါအ၀င် လူပေါင်း ထောင်ချီပါဝင် ဆန္ဒပြတယ်လို့ ပြောပါတယ်။

ရန်ကုန်မြိုကမှာတော့ ဆူလေဘုရားရှေ့ကနေ လူတွေဆုပြီး လက်ပံတောင်းရေး အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်နေကြပါတယ်။ လက်ရှိမှာတော့ တရုတ်သံရုံးရှာကို ချီတက်ဆန္ဒပြနေကြပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း မြေသိမ်းခံရတဲ့ တောင်သူတွေ ဆန္ဒပြနေကြပါတယ်။  သိမ်းဆည်းမြေယာပြန်ရရေး၊ အစားထိုးမြေဧက ၂၅၀၀ ဖော်ထုတ်ပေးရေး၊  လူသတ်အကြမ်းဖက်အာဏာပိုင်တွေကို အရေးယူပေးရေးစတဲ့ ကြွေးကြော်သံတွေ အော်ပြီး ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75735

၂၀၁၅ခုနှစ်ဆန်းဖြစ်သော ယနေ့နံနက်က ရန်ကုန်မြို့ လယ်ရှိ တိုင်းတရားလွှတ်တော်နာရီစင်အလံတိုင်တွင် လွှင့်ထူထားခဲ့သည့်နိုင်ငံတော်အလံအစား အခြားအလံကို
တတ်ဆင်ခဲ့သူအားဥပဒေအရအရေးယူပေးရန် ကျောက်တံတားရဲစခန်းသို့ တိုင်းတရားရေးဦးစီးမှုးရုံးကသွားရောက်တိုင်ကြားလိုက်ပြီဟုသတင်းရရှိသည်။

စီမံထောက်ပံ့ဌာန ဒုတိယညွှန်ကြားရေးမှုးအဆင့်ရှိ ဒေါ်နန်းရွှေမြင့်ကတိုင်ကြားခြင်းဖြစ်ပြီးကျောက်တံတားရဲစခန်းကအမှုဖွင့်ရန်ဆက်လက်ဆောင်ရွက်နေကြောင်း
စခန်းမှုးကပေါ်ပြူလားနယူးစ်သို့ ပြောသည်။

သုံးရောင်ခြယ်ဒေါင်းအလံကို လွှင့်ထူထားတာဗျဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။

( ပေါ်ပြူလားနယူးစ် )

ယနေ့ ဇန္ဒ၀ါရီလ ၁ ရက် နေ့လယ် ၁ နာရီအချိန်ခန့်တွင် ဆူးလေ ဘားလမ်းအတွင်းရှိဗဟိုတရားရုံးအဆောက်အဦးထိပ်တွင် မြန်မာနိုင်ငံတော်အလံ နေရာ
တွင်သုံးရောင်ခြယ် အလံကိုအများပြည်သူများတွေ့မြင်နေရစဉ် ။

သတင်းဓါတ်ပုံ- ကျော်စိုးနိုင်

ပြည်သူတွေ မိမိနံမည်မဲစာရင်းမှာ ပါဝင်ကြဖို. တာဝန်ကျေပွန်ကြပါ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁- ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကို အောက်တို ဘာလကုန်၊ နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ပြည့်စုံမှန်ကန်သည့်မဲစာရင်း လိုအပ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ယနေ့ဇန်နဝါရီ ၁ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးရွေးကောက်တင်မြှောက်ခွင့်ရှိပြီး မဲပေးနိုင်ရန်အတွက် မဲစာ ရင်းကြေညာသည့်အခါ သွားရောက် ကြည့်ရှုရန် လိုအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသိန်းဦးက'' ပြည့်စုံမှန် ကန်တဲ့မဲစာရင်းဖြစ်ဖို့ မဲစာရင်းကောက်ယူတဲ့အခါမှာ မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ မိမိအမည် ပါဝင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ မဲစာရင်းပြုစုပြီးလို့ ထုတ်ပြန်ကြေညာတဲ့အခါမှာလဲ မဲစာ ရင်းမှာ မိမိအမည်ပါ၊ မပါ ကြည့်ပါ။ မပါရင် ဖြည့်စွက်ဖို့လိုပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်ဖို့ ရည်ရွယ် ပြီး ထုတ်ပြန်တာဖြစ်ပါတယ်'' ဟု ပြောသည်။

မဲဆန္ဒရှင်စာရင်း ပြုစုခြင်း အား ၂၀၁၄ ခုနှစ်နိုဝင်ဘာလမှ စတင်ကာ ဆောင် ရွက်လျက်ရှိပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ ပြုစု သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီပါတီ သစ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက် ပွဲဥပဒေတွေနဲ့အညီ လွတ်လပ်မျှတတဲ့ရွေး ကောက်ပွဲဖြစ်အောင် ဆောင်ရွက် ဖို့မျှော်လင့်ပါတယ်။ ပြည်သူလူထုအနေနဲ့လဲ မဲပေးပိုင်ခွင့်ဆိုတာ ကိုယ့် တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးမယ့် ကိစ္စဖြစ်တဲ့အတွက် အခုအချိန်ကစပြီး ပူးပေါင်းပါဝင်ဖို့လိုတယ်။ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဖိတ်ခေါ်လာတဲ့အခွင့်အ ရေးကို ပြည်သူလူထုဘက်ကလဲ ထိထိမိမိအသုံးချပါလို့ တိုက်တွန်းချင်ပါ တယ်''ဟု ပြောသည်။

မဲဆန္ဒရှင်စာရင်း ပြုစုခြင်းကို အဆင့်သုံးဆင့်ခွဲကာ ပြုစုဆောင် ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ၁ဝမြို့နယ်နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များတွင် ကောက်ယူ ပြုစုလျက်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲစောင့်ကြည့် လေ့ လာရေးလုပ်ငန်းစဉ်များ လုပ်ဆောင် လျက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည့် hornbill organization အဖွဲ့ဒါရိုက်တာ ကိုချန်လျန်က''သန့် ရှင်းပြီး တရားမျှတတဲ့ရွေးကောက် ပွဲ ဖြစ်ဖို့အတွက် ပညာပေးလုပ်ငန်းတွေနဲ့ စောင့်ကြည့်လေ့လာရေးလုပ်ငန်းတွေ ဟာ အင်မတန်အရေးကြီးပါတယ်။ပြည်သူလူထု ပူးပေါင်းပါဝင်မှုဟာ အင်မတန် အရေးကြီးပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှုမြင့်တက်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အသိပညာပေးတာ၊ ဖြန့်ချိတာ၊ နှိုးဆော် တာတွေ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားပါ တယ်''ဟု ပြောသည်။

မဲဆန္ဒရှင် ပြည်သူများအနေ ဖြင့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့်တောင်းခံနိုင်ပြီး၊ အချက်အလက်များမှားနေလျှင် ပုံစံ (၄-ဂ) ပြင်ဆင် ရန် လျှောက်ထား နိုင်ကာ မဲပေးပိုင်ခွင့်မရှိသူများ ပါနေပါက ပုံစံ(၄) ဖြင့် ကန့် ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

မြို့နယ်တစ်ခုမှ အခြားမြို့နယ် တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ပါက အိမ်ထောင်စု စာရင်းပုံစံ(၆၆/၆)မပြောင်းလျှင် မိမိ၏အမည်သည် ယခင်နေထိုင်ခဲ့သည့် မြို့နယ် မဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်ကြောင်းလည်း ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။

မဲစာရင်းပြုစုရာတွင် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ပုံစံ ၁၀ ရှိရာမူလနေထိုင်သည့်မြို့နယ်တွင် သာ မဲစာရင်းတွင်အမည်ပါရှိမည် ဖြစ်ပြီး လက်ရှိနေထိုင်သည့်မြို့နယ် တွင်မဲပေးလိုပါက ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း သက်ဆိုင်ရာမြို့ နယ်ကော်မရှင်အဖွဲ့ခွဲတွင် လျှောက်ထားပြီး လက်ရှိနေထိုင်ရာ မြို့နယ် တွင် မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

HM
‪#‎Democracytoday‬


လက်ပံတောင်းတောင် ဒေသခံတွေက ကိုယ့်လယ်မြေ ပြန်ရရေး သပိတ်စခန်း ဖွင့်ထားတဲ့ အတွက် နှစ်ဘက်ပြေလည်မှု တွေရဖို့် အကောင်အထည် ဖော်ရေး ကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ သတ္ထုတွင်းဝန်ကြီးနဲ့ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဥာဏ ဦးဆောင်ပြီး ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။

ဒီအတွက် တောင်သူတွေ ဘက်ကလည်း သပိတ်စခန်း ဆက်ဖွင့်ထားသလို အာဏာပိုင်တွေ ဘက်ကလည်း လုံခြုံရေး အင်အားတွေနဲ့ ဆက်လက် နေရာယူထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက လူသေဆုံးမှုဖြစ်ရတဲ့အထိ တင်းမာမှုဖြစ်နေရတဲ့ လက်ပံတောင်းတောင်မှာ တောင်သူတွေဘက်ကလည်း သူတို့မြေပြန်ရရေး သပိတ်စခန်းဖွင့်ထားသလို အာဏာပိုင်တွေကလည်း လုံခြုံရေးအင်အားတွေနဲ့ နေရာယူထားတာကြောင့် နှစ်ဘက်တင်းမာမှုတွေကတော့ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဥာဏနဲ့ အာဏာပိုင်တွေ ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ဘူးလို့ စန်းမြ၀တီကျောင်းတိုက်က ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

“သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်က ဆရာတော် ဦးတက္ခဥာဏနဲ့ ဆွေးနွေးထားတဲ့ဟာကနေပြီးတော့ ဒေသခံတောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖြေရှင်းမယ်လို့ ပြောပေမဲ့လည်း ဟုတ်လား ညနေ ၃ နာရီမှာ သူ လာရောက်ခြင်း မရှိခဲ့ဘူးပေါ့။ သူလာရောက်ခြင်းမရှိတဲ့အတွက် ဖုန်းဆက်ပြီး အကြောင်းကြားတဲ့အခါကျတော့ သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်ကိုယ်တိုင်က သူ ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါဘူးဆိုပြီး ဖုန်းဆက်တဲ့အတွက် နောက် သူကိုယ်တိုင်လည်း မလာရောက်နိုင်ကြောင်း ပြောတဲ့အတွက် သူတို့က ဒေသခံတွေနဲ့ ညှိနှိုင်းမယ်လို့ ပြောပေမဲ့ ညှိနှိုင်းဖို့ အဆင်မပြေလိုက်ဘူး သူကလေ။”

ပြီးခဲ့တဲ့အပတ်က ပဋိပက္ခဖြစ်ပွားခဲ့ရတဲ့ အရေးအခင်းအတွင်းမှာ တောင်သူတွေဘက်က ဒေသခံတဦး သေဆုံးမှုကို သေမှုသေခင်း ဖွင့်ခဲ့တာပါ။ ဒီရက်ပိုင်းအတွင်း ခြံစည်းရိုးတွေကို ချိုးဖျက်ပြီး သူတို့လယ်တွေပြန်ရရေး ကြိုးစားကြတဲ့ ဒေသခံတောင်သူတွေကို အာဏာပိုင်တွေက အမှုဖွင့်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

“တရားရုံးက ကျနော်တို့ဆီကို အကြောင်းမကြားသေးဘူး။ တကယ်စွဲထားသလား၊ မစွဲထားသလားဆိုတာ ကျနော်တို့လည်း သေချာမသိသေးဘူးပေါ့နော်။”

မေး။    ။ ဒါဆို မြန်မာဝမ်ပေါင်ကုမ္ပဏီက မသိသေးဘူးဆိုတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီက စွဲတာ မဟုတ်သေးဘူးပေါ့။

ဖြေ။    ။ “စွဲမယ်ဆိုရင်တော့ ဦးပိုင်က စွဲမလားမသိဘူး။ ၀မ်ပေါင်စွဲမလား၊ ဦးပိုင်စွဲမလားဆိုတာ အခုက ဆွေးနွေးနေတုန်းပဲ။ နောက်ဆုံးဟိုဟာ မဖြစ်သေးဘူး။ သူတို့ကလည်း မိမိတို့ဝန်ထမ်းကို ၀ိုင်းပြီးတော့ လာချတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်မှာ တော်တော်များများ ဒဏ်ရာရတာလေ။”

တောင်သူတွေကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အပြုသဘောလက်ခံကြောင်းနဲ့ ဒီအစီရင်ခံစာကို လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက် သူတို့လယ်မြေပြန်ရရေးအတွက် သပိတ်စခန်း ဖွင့်ထားရတာဖြစ်ကြောင်းကို ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအရ အစားထိုးမြေပြန်ပေးဖို့ ပြောဆိုထားတာပါ။ ဒေသခံတွေကတော့ သူတို့မြေယာတွေကိုသာ ပြန်လိုချင်တယ်လို့ ဆည်တဲရွာသူတဦးက ဆိုပါတယ်။

“ဒေသခံတွေအပေါ်မှာ အစီရင်ခံစာအတိုင်း လုပ်ဆောင်တာတွေ အခုထိ မတွေ့ခဲ့ရသေးဘူးအမ။ အစီရင်ခံစာအတိုင်းဆိုရင်တော့ ညီမတို့ ဒေသခံတွေရဲ့ တောင်းဆိုတဲ့ အချက်အလက်တွေ ပြီးပြည့်စုံအောင် လိုက်နာဆောင်ရွက်ပေးမယ်ဆိုရင် ညီမတို့အနေနဲ့ စဉ်းစားမယ်။ နောက်တချက်က အခု ညီမတို့ကိုပေါ့နော် ဒီ ယာကို ပြန်လည်ရရှိရေးဆိုတဲ့ ကိစ္စမှာလည်း ညီမတို့ ဒေသခံတွေက လျော်ကြေးစကားမပြေဘူး။ ဒီညဆိုရင် ညီမတို့ရဲ့ တောင်သူတွေကပေါ့နော် ၁ ဧကကို နှမ်း ၁၀ ကျော် ၂၀ ထွက်ပါတယ်။ ဒီနှစ်ဆိုရင် တောင်ပိုကြီးတဲ့သူက နှမ်း ၁၅၀ ကျော်ရပါတယ်။ အဲ့ဒီ နှမ်း ၁၅၀ အပေါ်မှာ ညီမတို့ တောင်သူတွေက နှမ်း ၁ တင်းကို ၄ သောင်းနှုန်းရတယ်။ နှမ်း ၁၀၀ ဆိုရင် သိန်း ၄၀၊ နှမ်း ၁၅၀ ဆိုရင် ဒီညတည်းနဲ့ သိန်း ၆၀ ၀င်နေတဲ့အတွက် ဒီတောင်သူလယ်သမားတွေက ကိုယ်လယ်ယာကိုယ်ပဲ ပြန်ရချင်ပါတယ်။ ကိုယ့်လယ်ကိုယ်ပဲ ပြန်လိုချင်တယ်။”

လက်ပံတောင်းမှာ အခုလို လူသေဆုံးမှုအထိ ဖြစ်ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ မြန်မာပြည်တ၀ှမ်း ဆန္ဒပြမှုတွေဖြစ်ခဲ့ရာမှာ မနေကတော့ ကျောက်ပန်းတောင်းမြို့က သံဃာတွေ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ ဆန္ဒပြဖို့ ကြိုးစားသူတွေကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ အပါအ၀င် ပုဒ်မ ၇ ခုနဲ့ ဒဂုံတရားရုံးမှာ တရားစွဲဆိုပြီး  အာမခံမပေးဘဲ ဖမ်းဆီးလိုက်ပါတယ်။

လက်ပံတောင် ကြေးနီစီမံကိန်းဟာ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာစီးပွာရေး ဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၂ မှာ သပိတ်စခန်းဖွင့် ကန့်ကွက်သူတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွဲမှုဖြစ်အပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးစေခဲ့ပြီးတဲ့နောက်မှာတော့  စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခဲ့ပြီး အကျိုးခံစားခွင့်ထဲမှာ မြန်မာအစိုးရပါ ပါဝင်လာတာ ဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/letpadaung-update/2580596.html


ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ်တွင် မျှတစွာ တရားစီရင်ရေးနှင့် အကြမ်းဖက်မှုများ ပပျောက်ရေးအတွက် ရန်ကုန် အခြေစိုက် လူငယ်အဖွဲ့ ငါးဖွဲ့က ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်မြို့အင်လျားကန်ဘောင်တွင် သရုပ်ဖော်လှုပ်ရှားမှု တစ်ရပ်ပြု လုပ်ခဲ့သည်။

UU
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လက်ပံတောင်းတောင်စီမံကိန်း ပဋိပက္ခတွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အပါအ၀င် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများကို ရှုံ့ချကြောင်းနှင့် ၂၀၁၅ တွင် ထိုသို့အကြမ်းဖက်မှုများ မပေါ်ပေါက်ရေးအတွက် နှစ်သစ်ကူး ဆုတောင်းမှုများ ပြုလုပ်ကြခြင်းဖြစ်သည်။
ယင်း လှုပ်ရှားမှုတွင်ပါဝင်သည့် မခင်စန္ဒာထွန်းက “အကြမ်းဖက်ဖြိုခွင်းမှုတွေ ပပျောက်ဖို့နဲ့ ထိရောက်မှုရှိတဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ပေးဖို့ အဓိက ဆန္ဒပြုတယ်၊၂၀၁၄ မှာ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်း လာတာတွေ တွေ့ရတယ်၊ “ဟု ၎င်းကဆိုသည်။

ထိုလှုပ်ရှားမှုတွင် "အကြမ်းဖက်ဖြိုခွင်းမှု ကင်းစင်သော နှစ်သစ်ဖြစ်ပါစေ၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြပါ" စသော စာတမ်းများကို ရေးသားထားကြပြီး တရားမျှတရေးအတွက် အမျိုးသမီးတစ်ဦး တရားစီရင်ပုံဖြင့် သရုပ်ဖော်မှုများ ပြုလုပ်ခဲ့သည်။
၎င်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့်ကို သက်ဆွေဝင်းက“လူထုလှုပ်ရှားမှုတွေကို ဖမ်းဆီးတာမျိုးမဟုတ်ဘဲ တွေ့ဆုံညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာဖို့ တောင်းဆိုတာပါ”ဟု ဆိုသည်။
၎င်းကဆက်၍ လက်ပံတောင်းဒေသခံများ၊ မိချောင်းကန် ပြည်သူများ၊ ကျောင်းသားအဖွဲ့အစည်းများနှင့် အရေးပေါ်တွေ့ဆုံရန် လိုအပ်သည်ဟု ပြောသည်။

၂၀၁၄ ခုနှစ် အတွင်း ဆန္ဒပြ သပိတ်စခန်း ဖွင့်လှစ်သူများ အကြမ်းဖက် နှိမ်နှင်းမှုများ ရှိခဲ့ပြီး ဆန္ဒပြသူများကို တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။

ယင်းအပြင် ၂၀၁၄ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လက်ပံတောင်းဒေသရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တဲရွာတို့မှ မြေယာလျော်ကြေး မယူထားသော မြေယာများကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သည်ကို ဒေသခံတောင်သူများက တားဆီးရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်၍ အကြမ်းဖက် ဖြိုခွဲခဲ့သောကြောင့် မိုးကြိုးပြင် အလယ်ရွာမှ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဆည်တည်းရွာမှ အမျိုးသားနှစ်ဦး သေနတ် ဒဏ်ရာ ရခဲ့သည်။

ယင်းအပြင် လက်ပံတောင်းတောင် ပဋိပက္ခနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၉ ရက်က တရုတ်သံရုံး အနီးဆန္ဒပြခဲ့ သူများအနက် ဆန္ဒပြခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှ အပါအဝင် လူလေးဦးတို့ကို ဒဂုံမြို့နယ်ရဲတပ်ဖွဲ့နှင့် တိုင်း၊ ခရိုင်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးပြီး ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူကာ ထိန်းသိမ်းထားခဲ့သည်။
လက်ပံတောင်းတောင်အရေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဦးနေမျိုးဇင် အပါအဝင်သုံးဦးကို ဒဂုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသောင်းစိန်က တရားလိုပြုလုပ်၍ ဆဲဆိုမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ ရုန်းရင်ဆန်ခတ်ဖြစ်မှု၊ အားပေးကူညီမှု၊ အစုအဖွဲ့အလိုက် အားပေးရန် ဖြစ်စေမှုတို့အတွက် ပြစ်မှုပုဒ်မ ၂၉၄(ခ)/၃၅၃/၁၄၇/၅၀၆/ ၁၄၉/၅၀၅(ခ)/၁၁၄ ဖြင့် အမှုဖွင့်ပြီး မြို့နယ်တရားရုံးသို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Mizzima
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36076-2014-12-31-15-14-59

၂၀၁၅ခုနှစ်၊ နှစ်သစ်သို့ ရောက်ပြီဖြစ်သည်။ ပြီးခဲ့သောနှစ်တွင် အဖြစ်အပျက်များသည် မှန်းချက်နှင့်နှမ်းထွက်မကိုက်ညီသောနှစ်ဟု ဆိုရပါမည်။ စိတ်မချမ်းမြေ့စရာများ မပြေလည်မှုများ၊ ပဋိပက္ခများ တို့ကို ပြေလည်အောင်ကြိုးပမ်းရင်းကုန်ဆုံးခဲ့ရသည်။ သို့သော်လည်း စာရွက်များပေါ်တွင် အဖြေတော်တော်များထွက်ပေါ်လာသည်။ စာရွက်ဖြင့်ဆိုသောကြောင့် လက်တွေ့ တွင် မပြေလည်နိုင်ကြသေးပါ။ ဥပဒေစိုးမိုးရေး ဆိုရာတွင်လည်းကောင်း၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင်ြ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ဖြင့် တစ်ပြည်လုံးအတိုင်းအတာ လှုပ်ရှားမှုတို့သည်လည်းကောင်း၊ တစ်ပြည်လုံးလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း၍၊ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုသည်လည်းကောင်း၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံးမဲဆန္ဒပေးနိုင်သည့် အသက်အရွယ်ပြည့် ပုဂ္ဂိုလ်များ၏ ဆန္ဒကောက်ယူရာတွင် ဆန္ဒပြုသူသန်းပေါင်း(၅)သန်း သဘောထားပေးသည့် အရေအတွက်ကိုလည်းကောင်း၊ သက်ဆိုင်ရာအာဏာပိုင်တို့ ဧ။် မသိကျိုးကျွံပြုထားခြင်းခံရလျှက်ရှိနေသည်။

အစဦးပိုင်းတွင် လက်ရှိအာဏာရှိသူ စစ်အာဏာရှင်အများစုအာဏာယူထားသူအစုဧ။် အစီအစဉ်အတိုင်း လူမှုရေးအသင်းအဖြစ်မှ ပါတီထောင်ကာ နိုင်ငံတော်မှယူလာသည့် ငွေ၊ ပစ္စည်းအထောက်အပံတို့ အသုံးပြုပြီး တိုင်းပြည်ကို ပြန်လည်ချုပ်ပ်ကိုင်တင်းကြပ်လာသည်ဟုလာသည်ဟု ထင်မြင်ရ သည်။

တဖန်အခြေအနေအရ ရွေးကောက်ပွဲလက်ရှိဆောင်ရွက်နေသည့် စနစ်မှ၊ အချိုးကျမဲစနစ်ဖြင့် ရွေးကောက်ပွဲကို ၂၀၁၅တွင်ကျင်းပရန် အတင်းပြုယူပုံပေါ်နေခြင်း လွှတ်တော်ရှိ အတည်ပြုသော ဆောင်ရွက်ချက် ပီပြင်စွာမဆောင်ရွက်နိုင်သဖြင့် ပြဿနာများပေါ်ပါက်နေခြင်း ဥပမာ လယ်ယာမြေများ မတရားအတင်းသိမ်းပိုက်ရယူပြီးပြဿနာများ ကြီးထွားစေခြင်း၊ လက်ပံတောင်းတောင်၊ လယ်ယာမြေပြဿနာများ၊ ပြင်းထံစွာအရေးယူခြင်းစသည်တို့ဖြင့် အနိဋ္ဌာရုံများဖြစ်ပေါ်လာနေသည်။တင်းကြပ်မှုများ တစ်စ ထက် တစ်စ တိုးပွားလာသည်။
ယခု၂၀၁၅အစတွင် ဖေါ်ပြပါကိစ္စများရင်ဆိုင်ကြရမည်ဖြစ်သဖြင့် ၂၀၁၅ခုသည် အလွန်အရေးကြီးသောနှစ်၊ ပြဿနာများကို ပြေလည်အောင်တဖြည်းဖြည်း ညှိနှိုင်းမဖြေရှင်းပါလျှင် နိုင်ငံတော်ရှိ တိုင်းရင်းသား ပြည်သူအပေါင်းတို့ ဧ။် နိဋ္ဌာရုံ ဒုက္ခကြီမားကြီးထွားမည်ကို ပြည်သူတရပ်လုံးက စိုးရိမ်ကြောင်းကြ၊ မလုံခြု၊ ဒုက္ခပင်လယ်ဝေစွာ၊ ခံစားရမည်ကိုစိုးရိမ်နေကြပါသည်။

ယင်းအခြေအနေကို ထိန်းသိမ်း၍ တိုးတက်အောင်ဆောင်ရွက်နိုင်မည့် နည်းလမ်းကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် ၂၀၁၅ခုသည် လွတ်လပ်ရေးဗိသုကာ၊ တမျိုးသားလုံး၏ခေါင်းဆောင်၊ တပ်မတော်၏ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်နှစ်သည့် အခါအားလျော်စွာ သူ၏ကျေးဇူးတရားများကို ဖေါ်ကျူး၍ ဂုဏ်ပြုရိုသေလေးစားစွာ လှုပ်ရှားစည်းရုံးသောနည်းဖြင့် ဆောင်ရွက်ကြရပါသည်။ အထူးညီညွတ်သည့် စိတ်ဓါတ်တို့ဖြင့်ပူးပေါင်းဆောင်ရွက်ကြရမည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်ကောင်း၊ ဆရာသမားကောင်း၏ နိုင်ငံအပေါ်ဆောင်ရွက်ချက်များကို အမွှမ်းတင်ချီးကျူးသောဆောင်ရွက်ချက်ဖြင့်၊ ညီညွတ်သောစိတ်ဓာတ်ဖြင့်၊ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒကို လေးတင်းအပြန်အလှန်ဟန်ချက်ညီသောနည်းဖြင့် ယထာဘူထကျနစွာ တိုင်းရင်းသားပြည်သူအပေါင်း၏မျက်နှာ၊ နိုင်ငံတော်၏မျက်နှာကိုထောက်ထားလျှက် ပြည်သူတရပ်လုံး အလိုချင်အတောင်းတဆုံးဖြစ်သည့် ငြိမ်းချမ်းရေးကို မလွှဲမသွေဖြစ်အောင် လုပ်ကြရမည်ဟူသော အကောင်းဘက်သို့ တဖြည်းဖြည်းညွှန့်လာအောင် ဝိုင်းဝန်းဆောင်ရွက်ရပါမည်။ သို့မှသာ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားကို ဂုဏ်ပြုပေးဆပ်ရာရောက်ပေမည်။ ဒါကြောင့် ၂၀၁၅ခုနှစ်တွင် အကောင်းဘက်သို့ တစတစပြန်ရောက်ရန် သန္နိဌာန်ပြုကြပါစို့ဟု အလေးအနက်တိုက်တွန်းလိုက်ရပါသည်။

၂၀၁၅ခုသည် အကောင်းမြင်ဘက်သို့ပြန်လည်ရောက်လာနိုင်ပြီး တမ်းတသောငြိမ်းချမ်းရေးလမ်းစ ပေါ်သည့်နှစ်ဖြစ်ပါစေဟု အလေးအနက်ဆုတောင်းလိုက်ရပါသတည်း။
ဦးတင်ဦး


နှစ်သစ်မှာစနစ်ဟောင်းတွေစွန့်လွှတ်ပြီး အမြင်သစ်နဲ့နှစ်သစ်ကိုကြိုဆိုကြပါစို့။
ဦးဉာဏ်ဝင်း


၂၀၁၅ ခုနှစ်ဟာစိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာနှစ်ဖြစ်နေတာကတော့သေချာနေပါပြီ၊
တိုင်းပြည်အတွက်ကံကောင်းသောနှစ်၊မင်္ဂလာရှိသောနှစ်ဖြစ်ဖို့ကတော့ အားလုံးအပေါ်မှာတည်နေပါတယ်။
ဦးဟံသာမြင့်


မြန်မာနိုင်ငံရေးအလှည့်အပြောင်းအတွက် ၂၀၁၅မှာညီညီညွတ်ညွတ်နဲ့လက်တွဲဆောင်ရွက်နိုင်ပါစေ
ဆန္ဒပြုလျှက်-
ဦးထွန်းထွန်းဟိန်


နှစ်သစ်မှာ သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ဝကြပါစေ။
ဦးသိန်းဦး

နှစ်သစ်မှာမေတ္တာဂရုဏာမုဒိတာ ကတိသစ္စာတရားပွားများပြီး လူအများစိတ်ချမ်းသားကိုယ်ကျန်းမာကြစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ဦးစိုးဝင်း

၂၀၁၅သည် ထူးခြားသောနှစ်တစ်နှစ်ဖြစ်မည်ဟုယုံကြည်မိပါသည်။
ဒေါ်နန်းခင်ထွေးမြင့်

နှစ်သစ်မှာ ပြည်သူလူထုအားလုံးအန္တာရယ်အသွယ်သွယ်ကင်းရှင်းပြီး တရားဥပဒေအောက်မှာ လူ့အခွင့်အရေးများအပြည့်အဝရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။
ဒေါ်ခင်ဋ္ဌေးကြွယ်

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ ၊ ဘာသာအမျိုးမျိုး စုပေါင်းနေထိုင်ကြပါတယ်။ လူမျိုး တစ်ခုတည်းကို။ ဘာသာ တစ်ခုတည်းကို ဦးစားပေးအဆင့်ထားလိုက်ပြီဆိုတာနဲ့ အခြားခြား သော တိုင်းရင်းသားများနှင့်ယုံကြည်မှုမတူ သူမျာ အားလုံး ဧ။် ဘုံရန်သူဖြစ်သွားနိုင်ပါတယ်။ မတူညီကြသော တိုင်းရင်းသားအသီးသီး ကျေနပ်လက်ခံနိုင်တဲ့ စနစ်တရပ်အရေးတကြီးလိုပါတယ်။
Nld Central

Weekly Eleven News ဂျာနယ်နှင့် The Daily Eleven သတင်းစာတို့၏ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် အမှုဆောင်အယ်ဒီတာတို့အား ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုထားသည့် အမှုမှာ နိုင်ငံတော်ပုန်ကန်မှု၊ ဖောက်ခွဲဖျက်ဆီးမှုမျိုး မဟုတ်သည့်အတွက် အမှုအား ပုံမှန်အတိုင်းသာ စစ်ဆေးပေးပါရန် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးကြီးမြင့်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်းအား ဒီဇင်ဘာ ၃ဝ ရက် ရုံးချိန်းတွင် တင်ပြခဲ့ကြောင်း သိရသည်။

Weekly Eleven News ဂျာနယ်နှင့် The Daily Eleven သတင်းစာတို့၏ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် အမှုဆောင်အယ်ဒီတာတို့အား ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုထားသည့် သတ္တမမြောက်အမှု ရုံးချိန်းတွင် အမှုစစ်ဆေးစဉ်အတွင်း မြို့နယ်တရားသူကြီး ဦးခင်ဝင်းက တရားလိုအား စစ်ဆေးနေသည်မှာ ရုံးချိန်း လေးချိန်း ရှိပြီဖြစ်ကြောင်း၊ ၎င်းအနေဖြင့် နောင်လာမည့် ရုံးချိန်းများတွင် နှစ်ရက်ဆက်တိုက် စစ်ဆေးရန် ချိန်းဆိုလိုကြောင်းနှင့် လာမည့်ရုံးချိန်းတွင် တရားလိုအား အပြီးအပြတ် စစ်ဆေးလိုကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် ယခုအမှုကို ရက်သတ္တပတ် နှစ်ပတ်လျှင် ရက်ချိန်တစ်ချိန်းသာ ခေါ်ယူစစ်ဆေးမှု ပြုလုပ်ရာမှ မြို့နယ်တရားသူကြီး ဦးခင်ဝင်းအနေဖြင့် ရုံးချိန်းများ ဆက်တိုက်ခေါ်ပြီး အလျင်အမြန် အပြီးအပြတ် စစ်ဆေးလိုကြောင်း ပြောကြားလာမှုအပေါ် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ကန့်ကွက်တင်ပြခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် တရားရုံးများ၌ သာမန်အမှု တစ်မှုချင်းစီကို စစ်ဆေးရာတွင် ကြာမြင့်ချိန် နာရီဝက်၊ တစ်နာရီအတွင်းသာ အများအားဖြင့် စစ်ဆေးလေ့ရှိပြီး အချို့အမှုကြီးများကိုမူ နှစ်နာရီခန့်အထိ အချိန်ယူ စစ်ဆေးလေ့ရှိသော်လည်း ယခု ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုထားသော အမှုတွင်မူ ရုံးချိန်းတစ်ချိန်းတွင် အမှုစစ်ဆေးချိန် နှစ်နာရီနီးပါး တစ်ခါတစ်ရံ နှစ်နာရီကျော် ကြာအထိ စစ်ဆေးတတ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၃ဝ ရက် ရုံးချိန်းတွင် တရားလို ဦးကျော်စိုးအား စစ်ဆေးရာ၌ အချိန်နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၉ ခုနှစ်တွင် ဝယ်ယူတပ်ဆင်ခဲ့သော ထိုစဉ်က တန်ဖိုးယူရို (၇၃၅ဝဝဝ) ခုနစ်သိန်းသုံးသောင်းငါးထောင်တန် စက်တစ်စုံလျှင် 4 Hi Tower နှစ်လုံး၊ Mono ယူနစ် နှစ်လုံးပါ စက်နှစ်စုံ ဝယ်ယူခဲ့ခြင်းအား သိရှိပါသလားဟု မေးမြန်းသည့်အပေါ် စက်ဝယ်ယူမှုကို သိရှိသော်လည်း ဈေးနှုန်း အတိအကျကိုမူ မသိရှိကြောင်း ဦးကျော်စိုးက ပြန်လည်ဖြေကြားခဲ့ . . . . .

သို့ဖြစ်ရာ ယခု ရင်ဆိုင်နေရသော အမှုသည် နိုင်ငံတော်ပုန်ကန်မှု၊ ဖောက်ခွဲဖျက်ဆီးမှုမျိုး မဟုတ်သည့်အတွက် သာမန်အမှုသေးမျိုးသာဖြစ်ပြီး အလောတကြီး စစ်ဆေးရန်မလိုဘဲ ပုံမှန်အတိုင်း အမှုစစ်ဆေးပေးရန် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေက ပြန်လည်ငြင်းချက် ထုတ်ခဲ့ရခြင်းဖြစ်ပြီး စွပ်စွဲခံရသူများ ဘက်ကလည်း လက်ခံခဲ့ခြင်း မရှိဘဲ ပုံမှန်အတိုင်း နှစ်ပတ်တစ်ကြိမ် ရုံးချိန်းသာ ခေါ်ယူရန် တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းတွင် တရားလို ဦးကျော်စိုးအား စွပ်စွဲခံရသူ တစ်ဦးဖြစ်သည့် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြန်လှန်မေးခွန်းများ စစ်မေးခဲ့သည်။

ထိုသို့ စစ်မေးရာတွင် တရားလို ဦးကျော်စိုးအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ယခင်ကတည်းက ဝယ်ယူထားသော ပုံနှိပ်စက်များအကြောင်းနှင့် ဈေးနှုန်းများ သိရှိခြင်း ရှိမရှိ အပါအဝင် အမှုနှင့် သက်ဆိုင်သော အခြားမေးခွန်းများကို မေးမြန်းခဲ့သည်။

ယင်းသို့ မေးမြန်းရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၉ ခုနှစ်တွင် ဝယ်ယူတပ်ဆင်ခဲ့သော ထိုစဉ်က တန်ဖိုးယူရို (၇၃၅ဝဝဝ) ခုနစ်သိန်းသုံးသောင်းငါးထောင်တန် စက်တစ်စုံလျှင် 4 Hi Tower နှစ်လုံး၊ Mono ယူနစ် နှစ်လုံးပါ စက်နှစ်စုံ ဝယ်ယူခဲ့ခြင်းအား သိရှိပါသလားဟု မေးမြန်းသည့်အပေါ် စက်ဝယ်ယူမှုကို သိရှိသော်လည်း ဈေးနှုန်း အတိအကျကိုမူ မသိရှိကြောင်း ဦးကျော်စိုးက ပြန်လည်ဖြေကြားခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “အခု စွပ်စွဲခံရသူတွေဟာ နိုင်ငံတော်ပုန်ကန်မှု၊ ဖောက်ခွဲဖျက်ဆီးမှုတွေလို ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ခဲ့သူတွေ မဟုတ်တဲ့အတွက် နောက်ပြီး အခု စွဲထားတဲ့ ပုဒ်မကလည်း ပုဒ်မ ၅ဝဝ သာ ဖြစ်တဲ့အတွက် အမှုကို ပုံမှန်အတိုင်းပဲ စစ်ဆေးပေးဖို့ တရားသူကြီးကို တင်ပြခဲ့ပါတယ်။ ပြီးတော့ အခု တရားစွဲခံထားရတဲ့ သူတွေဟာ နေ့စဉ်ထုတ် သတင်းစာနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေရဲ့ တာဝန်အရှိဆုံးသူတွေ ဖြစ်တဲ့အတွက် လုပ်ငန်းမထိခိုက်စေဖို့ မီဒီယာလုပ်ငန်းရဲ့ သဘောသဘာဝကို ရှင်းပြပြီး အမှုကို မြန်မြန်စစ်ဆေးခြင်းထက် ပုံမှန်အတိုင်းပဲ စစ်ဖို့ တင်ပြခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းသို့ တင်ပြပြီးနောက်တွင် မြို့နယ်တရားသူကြီး ဦးခင်ဝင်းက ရုံးချိန်းရက် သတ်မှတ်ခြင်းကို နှစ်ပတ်စာအတွက် သတ်မှတ်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နှင့် ထိုရုံးချိန်းနှင့် တစ်ပတ်အကွာ ဇန်နဝါရီ ၂ဝ ရက်များကို ရုံးချိန်းသတ်မှတ်ကြောင်း၊ ထိုရုံးချိန်းများတွင် တရားလိုအား ပြီးပြတ်အောင် စစ်ဆေးလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင် စစ်အစိုးရ လက်ထက်က ကျွန်တော်တို့ကို ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဒ်မ ၅ဝဝ နဲ့ တရားစွဲခဲ့ဖူးပါတယ်။ အခု ပြန်ကြားရေးက တရားစွဲလို့ အမှုရင်ဆိုင်ရတာနဲ့ မတူပါဘူး။ အဲဒီတုန်းက ပုံမှန်အတိုင်းပဲ နှစ်ပတ်တစ်ကြိမ် စစ်ဆေးခဲ့ပါတယ်။ အခု ဒီမိုကရေစီ အစိုးရလို့ ဆိုတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ကျွန်တော်တို့ အစွဲခံရတဲ့ ဒီအမှုကို ကိုင်တွယ်စစ်ဆေးနေတာ အရင်နဲ့ မတူဘူး။ ပုံမှန် မဟုတ်ဘူး၊ ဖိအားများတယ်လို့ ခံစားရတယ်” ဟု ဒေါက်တာသိန်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့ နှစ်ရက်ဆက်တိုက် အမှုစစ်မယ်လို့ ပြောတာကို မဖြစ်နိုင်ကြောင်း ကန့်ကွက်ခဲ့ပါတယ်။ အခုစွဲထားတဲ့ ပုဒ်မ ၅ဝဝ ကို တခြား ဘယ်တရားရုံးမှာမဆို ဒီလိုမျိုး မြန်မြန်ဖိစစ်တာမျိုး မကြားဖူးဘူးလို့ ပြောခဲ့ပါတယ်။ ရန်ကုန်က တရားရုံးတွေဟာ အမှုတစ်ခုကို ပျှမ်းမျှအားဖြင့် အချိန်တစ်နာရီ ဝန်းကျင်လောက်ပဲ စစ်လေ့ရှိပါတယ်။ အခု ဒီတရားသူကြီးကတော့ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီအထိ အချိန်နှစ်နာရီတောင် စစ်ပါတယ်။ ဒါကို နှစ်ရက်ဆက်တိုက်စစ်ဖို့ ထပ်ပြောလာတာပါ။ တကယ်တော့ ကျွန်တော်တို့က အမှုကိုကြန့်ကြာအောင်လုပ်တာ မဟုတ်ဘူး။ သူတို့က ငါးယောက်အထိ စွဲထားတာဆိုတော့ ငါးယောက်စလုံးရဲ့ အကျိုးဆောင်ရှေ့နေတွေက မိမိတို့ရဲ့ ခုခံချေပပိုင်ခွင့်အတွက် တရားလိုကို ဥပဒေအတိုင်း မေးသင့်တာ မေးရမှာပါ။ အမှုနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့အတွက် တရားစွဲဆိုမှုကနေ ဒေါက်တာသိန်းမြင့်နဲ့ ဦးမြတ်သစ်ကို ကင်းလွတ်ခွင့်ပြုဖို့ ဥပဒေအတိုင်း တင်ပြတာကိုလည်း တရားသူကြီးက ငြင်းပယ်ထားပါတယ်။ ကျွန်တော်တို့ကို ပုဒ်မ ၅ဝဝ နဲ့ တရားစွဲထားတဲ့အပေါ် တရားသူကြီးရဲ့ အမှုကိုင်တွယ် ဆောင်ရွက်ပုံက အခြားတရားရုံးတွေက ပုဒ်မ ၅ဝဝ အမှုတွေအတိုင်း စစ်သလား၊ မစစ်ဘူးလား၊ မျှတမှု မရှိဘူးလား၊ ဖိအားပေးသလားဆိုတာ ဆက်လက်စောင့်ကြည့်သွားမှာပါ။ အများပြည်သူနဲ့ မီဒီယာတွေ လာရောက်စောင့်ကြည့်ရင် အဖြစ်မှန်ကို သိရမှာပါ” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
-Eleven Media Group

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.