01/02/15


လက်ပံတောင်းမှာ လျော်ကြေး မယူထားတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုး ခတ် တာကို ဆန့်ကျင် ကန့်ကွက်ရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းရဲ့ အမူနဲ့ ပတ်သက်လို့ သက်သေတွေကို မြန်မာနိုင်ငံ အမျိုသား လူအခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေပြီဖြစ်သလို မန္တလေး ရန်ကုန်နဲ့ လက်ပံတောင်းတို့မှာလည်း ဆန္ဒပြမူတွေ ဆက်ဖြစ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ် ။

စစ်ကိုင်းတိုင်း ယင်းမာပင် ခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ခြံစည်းရိုး ကာရံတာကို ဆန့်ကျင် ကန့်ကွက် ဆန္ဒြပရင်း သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေး ကော်မရှင်နဲ့ ဆားလင်းကြီးမြို့နယ် ရဲစခန်းက သက်သေတွေကို စတင် စစ်ဆေးနေပြီဖြစ်ပါတယ်။ ဆားလင်းကြိးမြို့နယ် ချည်ထည်စက်ရုံရဲ့ ဧည့်ရိပ်သာမှာ မိုးကြိုးပြင်ရွာက သက်သေတွေကို စတင်စစ်ဆေးခဲ့ကြောင်း သက်သေတဦးဖြစ်တဲ့ ဒေါ်ခင်မာအေး ကပြောပါတယ်။

"ဒေါ်ခင်ဝင်းဖြစ်ပွားတာက ဘယ်လိုဖြစ်ပွားတာလဲ။ ဘယ်မှာဖြစ်ပွားတာတုန်း။ ပစ်လိုက်တဲ့သူကို မြင်လား။ ဘယ်လိုလည်း အဲ့တာတွေ သူကမေးပါတယ်ရှင့်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဲ့တာပဲ မေးပါတယ်ရှင့်။ သူ ဘာတွေ လုပ်ကိုင်စားတုန်း။ ဘယ်နေရာမှာဖြစ်ပွားလည်း ခုနက ကျမ ပြောတဲ့အတိုင်းပဲ အဲ့တာတွေပဲ မေးပါတယ်ရှင့်။ ဒီမြင်တဲ့အတိုင်းပဲ စက်ယန္တယားတွေ နဲ့ ပြောင်းခင်းတွေ၊ ပဲစဉ်းငုံခင်းတွေကို သံဇကာနဲ့ခတ်ပြီး ဖျက်ဆီးနေလို့ ကိုယ့်မြေကိုယ့်ယာကို သွားပြီး တားဆီးတဲ့အခါမှာ ပဋိပက္ခတွေဖြစ်ပြီး တောင်းပန်တဲ့ အခါမှာ ရဲလုံခြုံရေးအဖွဲ့တွေက လူထုတွေဘက်ကို တက်လာပြီး ပစ်ပြီးတော့ ဒေါ်ခင်ဝင်းကို သေနတ်တွေ မှန်ပြီးတော့ ဦးခွံ လန်ကျသွားပြီးတော့ အကုန်ပွစာကြဲသွားတယ်လို့ ပြောပါတယ်ရှင့်။ စုံစမ်းရေးကော်မရှင်က ဦးဇော်ဝင်းတဲ့ရှင့်။ ဦးဇော်ဝင်းတဲ့ ဒေါက်တာဉာဏ်ဇော်တဲ့။ ဦးဘုန်းမြင့်တဲ့။ တယောက်ချင်း မေးတာပါရှင့်။ တယောက်တည်း မေးတာပါရှင့်။ ဦးဇော်ဝင်းက မေးတာပါရှင့်။"

ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာလည်း သက်သေတွေကို ကြာသပတေးနေ့မှာ စစ်ဆေးခဲ့သလို လူ့အခွင့်အရေး ကော်မရှင်ကလည်း တနေ့တည်းမှာပဲ စစ်ဆေးခဲ့တာပါ။ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ အဖြစ်မှန်ပေါ်ပေါက်ရေး လုပ်ဆောင်သွားပါမယ် လို့ ပြောကြားခဲ့ကြောင်း မိုးကြိုးပြင်ရွာသူ ဒေါ်ခင်မာအေးကပြောပါတယ်။

" ကော်မရှင်က အမှန်အတိုင်းကို ဖြေရှင်းပြီးတော့ အမှန်အတိုင်း ရအောင်ကို ဖြစ်အောင် ရှင်းပေးမယ်လို့ အဲ့လိုပြောပါတယ်ရှင့်။ တော်တော်ကြာ တယ်ရှင့်။ သူတို့ ကျမတို့ကို နေ့လည် ၂နာရီခွဲလောက်က ဟိုကိုရောက်တာကို။ ရဲစခန်းက ရဲမှူးကလည်း စစ်တယ်။ မဌေးဌေးတို့ ကိုသောင်းတို့ကို။ ရဲစခန်းကနေ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဲ့ဒီ့ကို သွားတယ်။ ရဲမှူးကြီးကလည်း တနာရီခွဲလောက် ကြာတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ကလည်း အတော့်ကို ကြာတယ်ရှင့်။့ ရဲစခန်းက မျက်မြင်သက်သေကို စစ်တာရှင်။ ရဲစခန်းက စစ်တာရှင့် ဘယ်နေရာမှာ ကျတာလဲ ဘယ်လိုတွေ ဖြစ်တာတုန်း မိသားစုတွေ ဘယ်နှစ်ယောက်ရှိလဲ သားသမီးတွေ ဘယ်နှစ်ယောက်ရှိလဲ အကုန်စုံအောင် လှည့်ပြီးမေးတာရှင့်။ အဲ့ဒီ့မှာ မီဒီယာသမားတွေ သတင်းသမားတွေကို ရဲမှူးကြိးက အဝင်မခံဘူးရှင့်။"

ကော်မရှင် အနေနဲ့ လက်ပံတောင်းတောင်မှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ အတွင်း သေဆုံး ရတဲ့ ဒေါ်ခင်ဝင်း အမူကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေး တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးချက်တွေနဲ့ ပတ်သက်လို့ လူအခွင့်အရေး ကော်မရှင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ပံတောင်းမှာ တောင်သူတွေ ပစ်ခတ်ခံရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို မြန်မာဝမ်ပေါင် မြန်မာ ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရကို ဆန့်ကျင် ကန့်ကွက်။ မြန်မာနိုင်ငံ မန္တလေးမြိုနဲ့ ရန်ကုန်မြို့တို့မှာလည်း ဖြစ်ပွားခဲ့ပါတယ် မန္တလေးမြို့မှာတော့ သံဃာတွေ မြို့ခံတွေ လူမှုအဖွဲ့အစည်းတွေ က အင်အား ထောင်ဂဏန်းလောက်ထိရှိခဲ့ပါတယ်။

ရန်ကုန်မြို့မှာတော့မြို့တော်ခန်းမရှေ့ကနေ ဆန္ဒပြခဲ့ပြီးနောက် တရုတ်သံရုံးရှေ့ကို သွားရောက် ကန့်ကွက်ဆန္ဒပြမူတွေ လုပ်ဖို့ ကြိုးစားရာမှာတော့ တရုတ်သံရုံးရှေ့မှာ အာဏာပိုင်တွေက တားဆီးထားပါတယ်။

(ဆန္ဒပြကြွေးကြော်သံများ)

လက်ပံတောင်း မှာလည်း ဒေသခံတွေက ဆန့်ကျင် ကန်ကွက် ဆန္ဒပြမူတွေ နေ့လည်ပိုင်းက လုပ်ခဲ့ပြီး သိမ်းဆည်းထားတဲ့ မြေယာများပြန်ရရှိရေး အတွက် ဖွင့်ထားတဲ့ သပိတ်စခန်းက ဆန္ဒပြသူတွေက ခြံစည်းရိုးတွေ ဖယ်ရှားပေးဖို့တောင်းဆိုနေပါတယ် ။

လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ ကန့်ကွက် ဆန္ဒပြမူတွေ ဆက်တိုက်ဖြစ်နေပြီး ကိုရီးယား ဂျပန် ထိုင်း စတဲ့နိုင်ငံတကာမှာလည်း ကန့်ကွက်မူတွေရှိနေပါတယ်။

မြန်မာနိုင်ငံတွင်းက အရပ်ဖက် အဖွဲအစည်း ၄၉၀နဲ့ စုစည်းထားတဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမူနဲ့ တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာ အရပ်ဖက်မဟာမိတ်ကလည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို လိပ်မူပြီး EITI ရဲ့ မူဝါဒတွေကို ဆန့်ကျင်နေတာကြောင့် ဆန္ဒ ထုတ်ဖော်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အစိုးရကတော့ စီမံကိန်းကို တားဆီးနှောက်ယှက်တာကြောင့် အဓိကရုဏ်း နှိမ်နှင်းရေး လက်နက်ကို သုံးပြီး ဖြေရှင်းရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
VOA
http://burmese.voanews.com/content/burma-human-rights-commission-started-process-getting-eyewitness-/2582037.html


ရုပ်မြင်သံကြားမှာ မြန်မာ့ဂီတတခေတ်ပေါ်ထွန်းခဲ့သော ကာလပေါ်တေးဂီတများကို “ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ”ဟူသောကဏ္ဍမှာ တပတ်တခါ တင်ဆက်နေသူက ငယ်စဉ်ကလေးဘ၀ကတည်းက ဂီတလောကရုပ်ရှင်လောကမှာ ကျင်လည်ကျက်စားခဲ့သူ စန္ဒယားတင်ဝင်းလှိုင်။
သူ့ကဏ္ဍလာလျှင် မြန်မာသီချင်းကို ချစ်ခင်စွဲလန်းသူများ၊ တခေတ်က ထိုသီချင်းများကို စွဲလန်းခဲ့သူများသည် တကူးတကအချိန်ပေး၍ စောင့်မျှော်ကြည့်ရှုရသည်။ တခေတ်ကတေးသံရှင်များကိုလည်း မြင်ရတွေ့ရသည်မှာ ပီတိဖြစ်စရာကောင်းသည်။ သူသည်အသက် ၁၀ နှစ်ကျော်ကျော်အရွယ်မှာ စန္ဒယားလက်သံဆုရရှိခဲ့သူ ဖြစ်သည်။

ဖဆပလအစိုးရ၀န်ကြီးချုပ် ဦးနုလက်ထက်က ဖြစ်သည်။ ကလေးဘ၀က စင်ပေါ်ဆုတက်ယူစဉ် ပုဆိုးချက်ပြုတ်ဖြစ်နေ၍ ဘဘကြီးဦးနု(၀န်ကြီးချုပ်ဦးနု)ကိုယ်တိုင် ပြန်ပြင်ဝတ် ပေးခဲ့ကြောင်း အမှတ်တရပြောပြသည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် အကယ်ဒမီ မြတ်မွန်နှင့်တွဲကာ “တာဝန်”ဟူသော ရုပ်ရှင်ကားကို ရိုက်ခဲ့ဖူးသည်။ သူ၏ဖခင်က ရုပ်ရှင်မင်းသား မျိုးလှိုင်၊ တခေတ်က နာမည်ကျော် မင်းသား၊ ပဒေသာဓာတ်ပြားကုမ္ပဏီတည်ထောင်ခဲ့သည်။

စန္ဒယားတင်ဝင်းလှိုင်မှာ အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျပြီး သူ၏ အိမ်ထောင်ဘက်မှာ အဆိုတော် ကြည်ကြည်ဝင်း ဖြစ်သည်။ ကြည်ကြည်ဝင်း၏ တေးသီချင်းများစွာကို ရေဒီယိုပရိသတ်က ချစ်ခင်စွဲလန်း ကြသည်။ “သြော် ဆောင်းဆောင်းကြာခြည်” သီချင်း၊ “မန်ကျည်းရွက်သုပ်၊ ငါးပိဖုတ်ကလေးနှင့် ငရုပ်ရည်ကိုဖျော်ကာ ငါးခြောက်ဖုတ်နှင့် ပဲကြီးဟင်း က ထမင်းမြိန်ဖို့ရာ . . .”ဆိုသည့် တောရွာသရုပ်ဖော်သီချင်းများက နှုတ်ဖျားမှာဆိုလို့စွဲစေသည့် သီချင်းများဖြစ်သည်။

စန္ဒယားတင်ဝင်းလှိုင်းသည် သူ၏ မမ (ကြည်ကြည်ဝင်း)အပေါ်မှာ သစ္စာရှိစွာ ချစ်ခင်မြတ်နိုးစွာ ပေါင်းသင်းနေထိုင်သူ ဖြစ်သည်။ သူ ရန်ကုန်တက္ကသိုလ်တက်စ အသက် ၂၀ ကျော်အရွယ်ကတည်းက မမနှင့် အိမ်ထောင်ကျပြီး သမီးဦးကလေး မွေးဖွားပြီး ဖြစ်သည်။

သူသည် ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာအဓိကယူပြီး ဘွဲ့ရသည်။ ပြီးတော့ မဟာဝိဇ္ဇာဘွဲ့ကိုလည်း ရသည်။ ငယ်စဉ်က စိန်ပေါလ်ကျောင်းသား ဖြစ်သည်။ မြန်မာစာကို မြတ်နိုး၍ မြန်မာစာနှင့် တက္ကသိုလ်တက်ခဲ့ပြီး စာပေ ချစ်သူ စာကြမ်းပိုးတဦး ဖြစ်သည်။ ကဗျာဆရာ အညာတမာ၊ စာရေးဆရာ ငြိမ်းကျော်စသူတို့နှင့်လည်း ကျောင်းနေဘက် သူငယ်ချင်း ဖြစ်ခဲ့သည်။
ကျောင်းပြီးတော့လည်း သူသည် ဂီတနှင့်သာ ရပ်တည်နေထိုင်သူ ဖြစ်သည်။ သူ၏ ဆရာရင်းကတော့ စန္ဒယားချစ်ဆွေဖြစ်ကြောင်း သူက ပြောသည်။ စန္ဒယားမှာ လင်္ကာကျော်စွာ ရွှေပြည်အေး၊ အေ၀မ်းခင်မောင်၊ ဂီတလုလင်မောင်ကိုကိုတို့နှင့် ငယ်စဉ်ကတည်းက တရင်းတနှီး နေထိုင်ခဲ့ပြီး သူစန္ဒယားတီးသည်ကို နားထောင်ပြီး ဆရာကြီးများက “ကောင် လေးကခုတကည်းက “Variation On The Same Tune” အမယ်စုံတီး တတ်နေပါလားဟု ပြောခဲ့ကြောင်း သိရသည်။

ရုပ်ရှင်နောက်ခံဂီတအဖြစ် ကားပေါင်းများစွာမှာ တီးခတ်ခဲ့ပြီး ၂၀၀၅ ခုနှစ်က “မင်္ဂလာပါ”ဆိုသည့် ရုပ်ရှင်ကားတွင်မူ ဂီတအကယ်ဒမီဆုကို မျှော်လင့်ခဲ့ဖူးကြောင်း ထိုကားမှာ ဆုမရသည့်အခါ ဘယ်ကားမှာမျှ မတီးခတ်တော့ဘဲ နေခဲ့သည်မှာ (၇)နှစ်ကြာခဲ့သည်ဟု ဆိုပါသည်။
ယခု ၂၀၁၃ ခုနှစ်အတွက် “ကြယ်စင်မော်ကွန်း”ကားကိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဇာတ်ကားဖြစ်၍ ပန်းချီစိုးမိုးက တာဝန်ပေးအပ်သည့်ပြင် စစ်ဘက်ကပုဂ်္ဂိုလ်များကလည်း လာရောက်ပန်ကြားသည့်အတွက် တီးခတ်ပေးခဲ့ကြောင်း၊ ဤဇာတ်ကားကို ထုတ်လုပ်သူ ဇော်မင်းအေး(ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏သား)ကလည်း မိမိကို ရုပ်ရှင်တေးဂီတအတွက် ထိုက်ထိုက်တန်တန်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသော ဤဇာတ်ကားမှာ တီးခတ်ပြီး ယခုကဲ့သို့ အကယ်ဒမီဆုရရှိခဲ့ကြောင်း ပြောပြပါသည်။

သူသည် အနုပညာနယ်မှ အတွေ့အကြုံတွင် ဤဘ၀ကို ရောက်လာသည်မှာ ရုပ်ရှင်မင်းသား ဦးဝင်းဦး၏ကျေးဇူးကြောင့်ဟု ကျေးဇူးတရားကို ထုတ်ဖော်ခဲ့သည်။ ဦးဝင်းဦးက သူ့ကိုနေရာပေးခဲ့ကြောင်း၊ တခြားသူများက သူ့ကိုမြှောက်စားရပါ့မလားဟု အတိုက်အခံ ဝေဖန်ခဲ့သည်ကိုပင် ၀င်းဦးက ပြန်လည်တုံ့ပြန်ကာ သူ့ကိုနေရာပေးခဲ့ခြင်းဖြစ်ကြောင်း ထို့ကြောင့် ၀င်းဦး၏ ကျေးဇူးတရားကို တသက်လုံးမမေ့ကြောင်း ဖွင့်ဟသည်။

၂၀၀၅ ခုနှစ် “မင်္ဂလာပါ” ဇာတ်ကားမှာ ရုပ်ရှင်နောက်ခံဂီတ တီးခတ်ခဲ့ပြီး အကယ်ဒမီမရခဲ့ မျှော်လင့်သလိုဖြစ်မလာခဲ့၍ ဘာမျှမတီးဘဲနေခဲ့ရာ ယခုကြယ်စင်မော်ကွန်းကားမှာ ဂီတနောက်ခံတီးသည်မှာ ၇ နှစ်ကြာမှ တီးခြင်းဖြစ်သည်။

သူသည် အနုပညာအတွေ့အကြုံ၊ စာပေအတွေ့အကြုံ၊ နိုင်ငံတကာ အတွေ့အကြုံများရှိသူဖြစ်ပြီး ဘ၀မှာ မည်သည့်ပကာသနမျှ မက်မောခြင်းမရှိသူ၊ အကယ်ဒမီဆုနှင့် ဓာတ်ပုံရိုက်သည်ကိုပင် “မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်ပုံရိုက်ရင်ပြီးတာပဲ”ဟု ပြောသူ၊ ပြီးတော့ ဓာတ်ပုံရိုက်ရန်အင်္ကျီကောင်းကောင်းဝတ်ပါဟုဆိုလျှင်လည်း စွပ်ကျယ်နဲ့ အိမ်နေရင်း သဘာဝပုံရိုက်ပေါ့ဗျာဟု ပြောကာ ရယ်မောနေသည်။
သူသည် ဟန်ပန်မရှိ၊ ပကာသနမရှိ၊ လူမမာဇနီးသည်ကိုလည်း ချစ်ခင်ယုယစွာ ပြုစုသူ၊ စာပေချစ်သူ ဂီတသမားတဦး ဖြစ်သည်။
ယခုနှစ် အကယ်ဒမီဆုကတော့ တကယ့်အနုပညာသမားတယောက်နှင့် တွန်းတိုက်မိသွားပြီဖြစ်၍ နတ်လူသာဓုခေါ်ရမည့် အကယ်ဒမီဆုပင်ဖြစ်တော့သည်။

နိုင်ငံရေးအနေနှင့်ကတော့ သူ၏အယူအဆမှာ-
“ကျွန်တော်တို့က ဒေါ်စု(ဒေါ်အောင်ဆန်းစုကြည်)ကို တခါတလေကျရင် ပျော့တယ်လို့ ထင်နေကြတယ်။ တကယ်က ပျော့မှလည်း ရောနှောနယ်ဖတ်ပေါင်းသင်းလို့ရမှာပေါ့။ မာနေရင် ဘယ်လိုရောလို့ရမှာလဲ။ အဲဒီတော့ တနေ့မှာ ကျွန်တော်တို့ခုဆုပ်ထားတဲ့ လက်သီးတွေဟာပြေပြီး လက်ဝါးဖြန့်ပြီး အချင်းချင်းလက်ဝါးချင်းချိတ်မိကြတဲ့အခါ ရောက်လာမယ်၊ အဲဒီအခါမှာ တကယ်ကောင်းမွန်တဲ့ကာလတခု ရောက်လာမှာပဲလို့ မျှော်လင့်တယ်ဗျာ”ဟု သူယုံကြည်ရာကို ပြောပြသွားပါသည်။

အကယ်ဒမီရပြီးလို့ နောက်တနေ့မှာပဲ ချက်ချင်းသတင်းထွက်ပေါ် သည်က စန္ဒယားတင်ဝင်းလှိုင် အကယ်ဒမီဆုရုပ်သိမ်းခံရသည်ဟူ၍ ဖြစ်သည်။ ဂျာနယ်တိုက်ကိုလည်း ဖုန်းဆက်မေးကြ။ ကျွန်တော် သွားလေရာ ရာမှာလည်း ဟိုကမေး၊ ဒီကမြန်းကြနှင့် . . .
ပြီးတော့ သူ၏ အစီအစဉ် “ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ” လည်း မလာတော့ဘူး။ ပေးမလုပ်တော့ဘူးတူတယ်”ဟု ပြောကြပြန်သည်။
ကျွန်တော်လည်း စန္ဒယားတင်ဝင်းလှိုင်အိမ်ကို ဖုန်းဆက်ပြီးမရခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးကို မေးရာ- “ဒီဆုက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပေးတဲ့ဆုပဲ။ ပြည်သူကပေးတဲ့ ဆုပဲ။ ဆုက ပြန်ရုပ်သိမ်းစရာအကြောင်းကို မရှိဘူး”ဟု သူကပြောလိုက်သည်။

စန္ဒယားတင်ဝင်းလှိုင်၏ အိမ်သို့ ဖုန်းပြန်ဆက်ရာ- “ကျွန်တော့်ဆု ကျွန်တော့်အိမ်မှာပဲ ရှိနေပါတယ်။ ဘယ်သူမှ လာမသိမ်းပါဘူး။ သတင်း တွေဖြစ်နေလား။ ကျွန်တော်မသိဘူး။ ကျွန်တော်က Happy New Year စားပွဲတက်နေတာ။ ဟာ၊ အဲဒီသတင်းတွေကတော့ ဒလံတွေ လွှင့်တဲ့သတင်းပဲဖြစ်မှာပေါ့ဗျာ”ဟု ကိုတင်ဝင်းလှိုင်က ပြောကြားလိုက်ပါသည်။

ချစ်မောင်(အ၀ကျွန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) အနေဖြင့် လက်ရှိအချိန်ထိ ပြည်သူများအပေါ် မတည်နိုင်သော ကတိများပေး၍ မဲဆွယ်စည်းရုံးခြင်းမျိုး မပြုလုပ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၃၀ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့မှာ NLD ၏ မူဝါဒသာ ဖြစ်ပြီး မူအရ ကတိပေးခြင်းမျိုး မဟုတ်ကြောင်း ပြောကြားသည်။

““နိုင်ငံရေးသမားတွေ ကတိက၀တ် ပေးတာနဲ့ ပတ်သက်ပြီး ပြည်သူကို ပေးတယ်ဆိုရင် ကတိတည်ရမယ်။ မတည်နိုင်ဘူး ဆိုရင် မပေးဖို့ပဲ၊ မူအရ ကတိမပေးဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်အရွေးခံ ပြီးတည်းက ပြောခဲ့တယ်။ ကတိက၀တ်တွေ မပေးဘူး။ ပေးခဲ့တာ တစ်ခုပဲ ရှိတယ်။ အတတ်နိုင်ဆုံး ကြိုးစားမယ် ဆိုတာပဲ။ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စေရမယ်လို့ ဘယ်တုန်းကမှ ကတိမပေးခဲ့ဘူး။ အဖွဲ့ချုပ်ရဲ့ မူဝါဒ အဖြစ်နဲ့ပဲ ချပြခဲ့တယ်။ ရွေးကောက်ပွဲကို ဒီလမ်းစဉ် မူဝါဒ အတိုင်းပဲ အခြေခံပြီး ယှဉ်ပြိုင်ပါမယ်ဆိုပြီး ပြောခဲ့တာပဲရှိတယ်။ အဲဒီတုန်းက ၀င်အရွေးခံတာ ၄၄ ယောက် အားလုံးနိုင်လို့ ရှိရင်တောင် လွှတ်တော်ထဲမှာ လူနည်းစုပဲ ဖြစ်နေမှာစိုးလို့ ဒီရည်ရွယ်ချက်တွေကို လွှတ်တော် အတွင်းမှာ အကောင်အထည် ဖော်ပေးနိုင်ဖို့ ဆိုတာဟာ လက်တွေ့ မကျဘူးဆိုတာ ကျွန်မတို့ ရှင်းပြခဲ့တယ်။ ပြည်သူကို မတည်နိုင်တဲ့ ကတိတွေပေးပြီး မဲရအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဦးသိန်းစိန်အစိုးရက ပြည်သူ တွေကို ဘာကတိက၀တ်တွေ ပေးခဲ့လဲ။ ပေးခဲ့တဲ့ ကတိအတိုင်း လုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလား ဆိုတာတော့ ပြည်သူ တွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်””ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို တရားဝင် ကြေညာမှသာ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်ကို ကြေညာ မည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် လွတ်လပ် တရားမျှတ ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ရန် အားလုံးလက်တွဲ ဆောင်ရွက်ရ မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

““ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ တရားဝင် မကြေညာသေးတော့ ပြောလို့မရသေးပါဘူး။ ကျွန်မအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲမှ မဟုတ်ပါဘူး။ ဘယ်တော့မဆို အဓိက စိုးရိမ်တာက ပြည်သူလူထုတွေ ဆုံးဖြတ်ချက် မှားမှာကိုပါပဲ။ ပြည်သူလူထုက ဆုံးဖြတ်ချက် မှန်မယ်ဆိုရင် ဘာကိုမှ စိုးရိမ်စရာ မရှိပါဘူး။ မတူတဲ့ အတွေး အခေါ်တွေ အမြင်တွေရှိတာ အရေးမကြီးပါဘူး။ ဒီဟာတွေကို ပြေလည်အောင် ဖြေရှင်းတတ်ဖို့ပဲ အရေးကြီး ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ ဆုံးဖြတ်ချက် မှားမှာကိုပဲ စိုးရိမ်ပါတယ်””ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိအချိန်တွင် ၀န်ထမ်းများ လစာတိုးရေး ကိစ္စကို အစိုးရက စစ်တမ်း ကောက်ယူ နေသော်လည်း တစ်နိုင်ငံလုံးအတွက် အရေးကြီးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စစ်တမ်း မကောက်ယူမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က ““စစ်တမ်း ကောက်တဲ့အခါမှာ ကောက်ချင်တဲ့ ကိစ္စကျတော့ ကောက်ပြီး မကောက်ချင်တဲ့ ကိစ္စကျတော့ မကောက်ထားဘူး။ အဲဒါတော့ ကျွန်မက သဘောမကျဘူး။ ဒီလစာတိုးရေး ကိစ္စကို စစ်တမ်းကောက်ရင် ဘာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို စစ်တမ်းမကောက်လဲ။ တကယ် တစ်တိုင်းပြည်လုံးအတွက် အရေးကြီးတဲ့ ကိစ္စကျတော့ ဘာဖြစ်လို့ စစ်တမ်း မကောက်လဲဆိုတာ ကျွန်မက မေးချင်တယ်။ စစ်တမ်းကောက်ပြီးတော့ ဘာလုပ်ဖို့ ရည်ရွယ်ချက် ရှိလဲဆိုတာ စစ်တမ်း ကောက်တဲ့ အထဲမှာ မထည့်ထားဘူးလား””ဟု ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထု၏ ဆန္ဒလက်မှတ်ပေါင်း ၅ သန်း ကောက်ယူ ရရှိထားသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ ၏ ပြည်သူလူထုမှာ နိုင်ငံရေး စိတ်ဓာတ်ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အမှန်တကယ် လိုလားသည်ဟု ယူဆနိုင်ကြောင်း ရရှိထားသော လက်မှတ် ၅ သန်းမှာ ကမ္ဘာ့အဆင့်နှင့် ယှဉ်လျှင် နည်းသည်ဟု မယူဆနိုင်ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ““လွှတ်တော် လုပ်ငန်းကတော့ အတိုင်းအတာ တစ်ခုထိ အောင်မြင်တယ်လို့ ထင်တယ်။ အတိုက်အခံ အနေနဲ့ ပြောတာပါ။ လွှတ်တော် အတွင်းမှာ NLD က တကယ့်ကို လူနည်းစုလေး ဖြစ်နေတယ်။ လူနည်းစုဖြစ်ပေမယ့် လုံးဝ အလုပ်မဖြစ်တာ မျိုးတော့ မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ အဆိုမှာ အောင်မြင်ခဲ့တာတွေ ရှိတယ်။ အခြားပါတီတွေရဲ့ ပူးပေါင်း ဆောင်ရွက် မှုကြောင့်လည်း ဖြစ်တယ်။ အောင်မြင်မှု တစ်ခုအနေနဲ့ ဘာဖြစ်လို့ သတ်မှတ်ရလဲဆိုရင် အတိုက်အခံ ပါတီတွေ အချင်းချင်း နိုင်ငံ့အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလေ့ အထလေးတွေ ပေါ်လာပြီဆိုတာ ပြလို့ အောင်မြင်တယ်လို့ ပြောလို့ရတာပါ။ လုံးဝဥဿုံ ပြည့်စုံတာမျိုး တော့ မဟုတ်သေးပါဘူး””ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

အစိုးရ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍မူ မည်သည့်အရာ အောင်မြင်သည် ဆိုသည်မှာ ၎င်းအနေနှင့် ပြောစရာ မရှိကြောင်း ပြောကြားခဲ့သည်။

သဉ္ဇာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်လိုသူများ အနေဖြင့် ခံစားခွင့်လစာနှင့် ပတ်သက်၍ မပြောသင့်ဘဲ ပြည်သူလူထု အတွက် အလုပ်လုပ်ရန်သာ ပြောဆိုသင့်ကြောင်း ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးပီတာလင်းပင်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

သမ္မတကို လစာကောင်းကောင်းပေးမှ နိုင်ငံအတွက် အလုပ်လုပ် မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာလ ၃၀ ရက်တွင် ရန်ကုန်တိုင်း လွှတ်တော်၌ လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့မှုအပေါ် ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

““လစာလိုချင်တာလား၊ တိုင်းပြည်အတွက် အလုပ်လုပ်တာလား ဆိုတာပဲ မေးရမယ်။ တိုင်းပြည်အတွက် တကယ်လုပ်တဲ့သူက လစာအကြောင်း မပြောဘူး။ ပြည်သူအတွက် အလုပ်လုပ်ဖို့ပဲ မပြောဘဲ ရပိုင်ခွင့်တွေပဲ ပြောနေတယ်။ ရပိုင်ခွင့် လုပ်နေတာက ပြည်သူ့အတွက်လား သူတို့အတွက်လား။ အခုပြောတဲ့ အထဲမှာ ဘယ်သူ့အတွက် တစ်ခုမှမပါဘူး။ သူတို့အတွက်ပဲ ပြောနေတယ်””ဟု ဦးပီတာလင်းပင်က ပြောသည်။

သမ္မတကို လက်ရှိပေးထားသော လစာငွေ သိန်း ၅၀ သည် တိုင်းပြည် တာဝန်ကို စေတနာပါပါ လုပ်ဆောင် နိုင်ရန် ပေးထားခြင်း ဖြစ်ကြောင်းကို ““အဂတိတရား ကင်းဖို့အတွက် လမ်းခင်း ပေး ထားခြင်း ဖြစ်ပါတယ်။ တိုင်းပြည် မချမ်းသာပေမယ့် ဒီလောက်တော့ ကျွန်တော်တို့ ပေးပါမယ်။ ဒါမှ နိုင်ငံတာဝန်ကို စေတနာပါပါနဲ့ သစ္စာရှိရှိ လုပ်နိုင်မယ့် အနေအထားရှိပါတယ်””ဟု သူရဦးရွှေမန်းက ယင်းတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည် လာမည့်သမ္မတ သက်တမ်းတွင် သမ္မတ ဖြစ်လိုသည်ဟု မကြာခဏ ထုတ်ဖော် ပြောကြားခဲ့သူဖြစ်ပြီး ၎င်း၏ ယခုပြောဆိုမှု အပေါ်တွင်လည်း ဝေဖန်လျက်ရှိသည်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံသာ ဖြစ်သည့်အတွက် သမ္မတ၏ လစာကို ဖွံ့ဖြိုးပြီးနိုင်ငံများ၏ သမ္မတ လစာနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း၊ သမ္မတ ရာထူးသက်တမ်းတွင် ပိုင်ဆိုင်မှု စာရင်းကို တရားဝင် ကြေညာပြီး ၎င်း၏ ရာထူးသက်တမ်းတွင် ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများကို ကြည့်ပြီး လာဘ်ပေးလာဘ်ယူမှုရှိ၊ မရှိကိုပြည်သူက သုံးသပ်နိုင်မည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာသောင်းထွန်းက ပြောသည်။

““နိုင်ငံတကာမှာတော့ ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေကနေ သမ္မတအထိ အဆင့်ဆင့် ထိုက်သင့်တဲ့ လစာ ရကြတယ်။ မြန်မာနိုင်ငံမှာရော အဆင့်ဆင့်က နိုင်ငံတကာလို ရနေသလားလို့တော့ ပြန်ကြည့်ရမှာပေါ့။ သမ္မတ တစ်ယောက်ထဲကို လစာတွေ အများကြီးပေးပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နေတယ်ဆိုရင် တစ်မျိုးပေါ့။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တယ် ဆိုတာနဲ့ ဖြေသာတာပေါ့။ ကျွန်မတို့ တိုင်းပြည်က အဆင်းရဲဆုံးရဲ့ နံပါတ် ၇ လောက်မှာရှိနေတဲ့ အချိန်မှာ သမ္မတကို ကမ္ဘာ့အဆင့်မီ လစာပေးထားမယ်၊ တခြားဝန်ထမ်းတွေရဲ့ လစာက အရမ်းနိမ့်ပါးနေမယ် ဆိုရင်တော့ မညီမျှဘူးလေ။ ကျွန်မတို့နိုင်ငံရဲ့ အနေအထားနဲ့ ဖြစ်ပျက်နေတဲ့ ပြည်သူ လူထုရဲ့ အခြအနေကို ထည့်တွက်ဖို့တော့ လိုတယ်””ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ မအား၍ တိုင်းလွှတ်တော် မကျင်းပနိုင်သည့် သဘောမျိုး ဖြေရှင်း ခဲ့သော တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၏ ဖြေရှင်း ချက်သည် လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဒီဇင်ဘာလ ၃၁ ရက်တွင် မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် လူမှုရေး အဖွဲ့အစည်းများ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံ စဉ် ဒေါက်တာညိုညိုသင်းက ၄ နှစ်အတွင်း ၇၆ ရက်သာ ကျင်းပပြီး ချီးမြှင့်ငွေ တစ်လကျပ် ၂သိန်း ယူနေရခြင်းအပေါ် ရှက်မိကြောင်း ပြောကြားခဲ့ရာ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက အစိုးရအဖွဲ့ဝင်များ မအားသည့် အတွက်ကြောင့်ဟု ဖြေရှင်းခဲ့မှုအပေါ် ယခုကဲ့သို့ တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

““ဥက္ကဋ္ဌကြီး ပြန်ဖြေတဲ့ သဘောက ဒီလိုပဲလေ။ ၉ ဦးက အစိုးရအဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက်ကြောင့် အစိုးရ အဖွဲ့ဝင်တွေ မအားတဲ့ အတွက်ကြောင့် မတက်နိုင်ဘူးဆိုတာက ရန်ကုန်တိုင်းအတွက်တော့ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလေ။ အစိုးရအဖွဲ့ဝင်တွေကလည်း ထိုက်သင့်တဲ့ ချီးမြှင့်ငွေကို သိန်း ၂၀ ပေါ့နော် ခံစားနေတယ်။ ခံစားနေတယ်ဆိုရင် ထိုက်တန်တဲ့ အလုပ်တွေလုပ်ဖို့ လိုတာပေါ့။ ကိုယ်ကလွှတ်တော် ကိုယ်စားလှယ် နေရာကလည်းနေတယ်၊ ၀န်ကြီးအနေနဲ့လည်း နေတယ်ဆိုရင် ၀န်ကြီးအလုပ်ကော လွှတ်တော် ကိုယ်စားလှယ် အလုပ်ကော တာဝန်ကျေဖို့ လိုတာပေါ့။ အစိုးရအဖွဲ့ဝင် ၉ ဦး လောက် လွှတ်တော်ကို မတက်နိုင်ရုံနဲ့ လွှတ်တော် မကျင်းပဘူး ဆိုတာက လက်ခံနိုင်တဲ့ အဖြေမဟုတ်ဘူးဆိုတာ ပြည်သူတစ်ရပ်လုံး သိပါတယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အား ၂၀၁၁ ခုနှစ်တွင် ၁၄ ရက်၊ ၂၀၁၂ ခုနှစ်တွင် ၁၄ ရက်၊ ၂၀၁၃ ခုနှစ်တွင် ၂၃ ရက်၊ ၂၀၁၄ ခုနှစ်တွင် ၂၅ ရက် စုစုပေါင်း ၄ နှစ်အတွင်း ၇၆ ရက်သာ ကျင်းပနိုင်ခဲ့သည်။

““နေပြည်တော်မှာရှိတဲ့ အစိုးရအဖွဲ့က သမ္မတစနစ်နဲ့ သွားတယ်။ တိုင်းနဲ့ပြည်နယ်(၁၄)ခုက ပါလီမန်စနစ်နဲ့ သွားတယ်။အဲဒါ မကွဲပြားလို့ ဒီလိုဖြစ်နေတာ။ သမ္မတစနစ်မှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်သွားရင် လွှတ်တော် ကိုယ်စားလှယ်က နုတ်ထွက်ပေးရတယ်။ လွှတ်တော်နဲ့ အစိုးရအဖွဲ့နဲ့ သီးခြားစီ။ တိုင်းနဲ့ ပြည်နယ် ကျတော့ ပါလီမန်စနစ်””ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့က သြဇာညောင်းသောကြောင့် လွှတ်တော်၏ လုပ်ငန်းစဉ်များတွင် အနှောင့်အယှက်များ ဖြစ်ပေါ် လျက်ရှိပြီး အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် လွှတ်တော်၏ ထောက်ပြ ဝေဖန်မှုများကိုလည်း လက်ခံခြင်း မရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


၂၀၀၈ ခုနှစ် ဘဏ္ဍာငွေကြေး အကျပ်အတည်း ဆိုက်ခဲ့ကတည်းကဆိုရင် ကမ္ဘာ့ရေနံ ဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်အတွင်း အနိမ့်ဆုံး အထိ ကျသွားပါတယ်။

၂၀၁၄ ခုနှစ်အကုန် ဈေးကွက်တွေ ပိတ်ချိန်မှာ နိုင်ငံတကာ ရေနံဈေးနှုန်း စံသတ်မှတ်ဖြစ်တဲ့ မြောက်ပင်လယ်က Brent ရေနံစိမ်း ဈေးနှုန်းနဲ့ အမေရိကန် ပြည်ထောင်စုမှာ ထုတ်ယူတဲ့ West Texas Intermediate ရေနံစိမ်းဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ၄၅% ကျော် ကျသွားပါတယ်။

ဈေးထိုးကျသွားတာ အားလုံးနီးပါးဟာ ဇွန်လကတည်းက စတာဖြစ်ပြီး အဲဒီအချိန်က ရေနံတစည်ကို ဒေါ်လာ ၁၀၀ ကျော် ဈေးရှိ တာပါ။ နှစ်ကုန်ချိန်မှာတော့ Brent ရေနံစိမ်းတစည်ကို ၅၇.၃၃ ဒေါ်လာနဲ့ အမေရိကန်ရေနံစိမ်းတစည်ကို ၅၃.၂၇ ဒေါ်လာပဲ ရှိပါ တော့တယ်။

ရေနံဈေးတွေ အဲဒီလောက် ထိုးကျသွားတာဟာ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့ဈေးကွက်ထဲမှာ ရေနံအမြောက်အများ ၀င်လာ တာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေက ရေနံ ပိုတိုးထုတ်ခဲ့ကြပြီး တစိတ်တပိုင်းအားဖြင့်တော့ အရင်က ထုတ်လို့မရတဲ့ ရေနံစိမ်းတွေကို နည်းပညာအသစ်နဲ့ ထုတ်ယူလာနိုင်တာကလည်း တကြောင်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှုဟာ တနေ့ကို စည်ပေါင်း ကိုးသန်းအထိရှိခဲ့ပြီး ဒါဟာ နှစ် ၃၀ ကျော်အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/world-oil-prices-plunged-in-2014/2582716.html

မန္တလေး၊ ဇန်န၀ါရီ ၁။

လက်ပတောင်းတောင် ကြေးနီစီမံကိန်းတိုးချဲ.မှုတွင် လုံခြုံရေးအဖွဲ.များ၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့သည်ကိုမကျေနပ်သော ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ပေါက်နေရာ စီမံကိန်းရပ်ဆိုင်းရေးတောင်းဆိုချက်များအပြင် ဆန္ဒပြသမားများက သမ္မတဦးသိန်းစိန်၏ အစိုးရအားဖြုတ်ချရန် ယနေ့မန္တလေးတွင်ပြုလုပ်သော ဆန္ဒပြပွဲတွင်ကြွေးကြော်ခဲ့ကြသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သော သံဃာတော်အချို. အပါအ၀င် လူအင်အား ၁၀၀၀ နီးပါးခန့်က မန္တလေး ၃၅ လမ်းထောင့်ရှိ မြတောင်ဘုန်းကြီး ကျောင်းအနီးမှ နေ့လည် ၁ နာရီတွင် စတင်လမ်းလျှောက်ချီတက်ခဲ့ပြီး မြို.ကိုပတ်ကာ ကြေးနီစီမံကိန်းရပ်ဆိုင်းရေးနှင့် လက်ပတောင်းတောင် ဒေသတွင် မြေယာသိမ်းဆည်းခြင်း ခံခဲ့ရသော တောင်သူလယ်သမားတို့၏ နစ်နာမှုများအား ဖြေရှင်းပေးရန် အစိုးရကို တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူတို့က လက်ပတောင်းအရေးဖြေရှင်းရေး နှင့် ကြေးနီစီမံကိန်းလုပ်ကိုင်နေသော တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ဗဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့အား အလိုမရှိဆန္ဒဖော်ထုတ်ခဲ့ကြသည့်အပြင် လက်ရှိအစိုးရဦးသိန်းစိန်အားဖြုတ်ချရန်လည်း ဟစ်ကြွေးခဲ့ကြသည်။

“လူသတ်အစိုးရ အလိုမရှိ” ၊ “လယ်သမားရန်သူ တို့ရန်သူ” အစရှိသော ကြွေးကြော်ချက်များကို ဟစ်ကြွေးရာ မြို.ခံပရိတ်သတ်က လက်ခုပ်သြဘာတီး၍ အားပေးခဲ့သည်။

ဗြိတိသျှကိုလိုနီခေတ်တွင် တောင်သူလယ်သမားအရေးပုန်ကန်ခဲ့မှုကြောင့် ကွပ်မျက်ခံခဲ့ရသော ဆရာစံပုံပါသည့် ဗီနိုင်းအနီရောင်ပိုစတာ၊ ကြွေးကြော်ချက်များအား ရေးသားထားသည့် တော်လှန်ရေးအသွင်ဖော်ကြူးသည့် အနီရောင်နောက်ခံသုံး ရဲရဲတောက် ပိုစတာများ၊ ခွပ်ဒေါင်းအလံ နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ.အစည်း၏ အ၀ါရောင်နောက်ခံ ကဒေါင်းပုံပါရှိသည့် ဗီနိုင်းပိုစတာများအား ၀ါးလုံးများတွင်စွပ်၍ အလံတိုင်များသဖွယ်ပြုလုပ်ကာ ဆန္ဒပြသူတို့က မြို.ကိုပတ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ဘုန်းကြီးတို့ကတော့ ဆက်ဆန္ဒပြသွားမှာဘဲ။ အစိုးရ ဖြုတ်ချရေးဆက်တောင်း ဆိုသွားမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးကလည်း ဒီကိစ္စကိုဖြေရှင်းပေးမှာမဟုတ်ဘူး။ ဦးပိုင်ဆိုတာက စစ်တပ်လေ” ဟု ဆန္ဒပြရာတွင်ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆရာတော်ဦးစိန္တိက ကပြောကြားသည်။

ဆန္ဒပြရာတွင် အမျိုးသမီးများ၊ ဆယ်ကျော်သက်ရွယ်အများအပြားလည်း အတူလမ်းလျှောက်ချီတက် ဆန္ဒပြသကဲ့သို့ ရာနှင့်ချီသောမြို.ခံများလည်း ဆိုင်ကယ်များဖြင့်လိုက်ပါလာပြီး ဆန္ဒပြခေါင်းဆောင်များ၏ လက်ကိုင်လော်စပီကာချဲ.စက်အသုံးပြု၍ ကြွေးကြော်ချက်များကို သံပြိုင်လိုက်ဆိုခဲ့ကြသည်။

မန္တလေးရှိ တရုတ်နိုင်ငံကောင်စစ်ဝန်ရုံးတွင် ရဲလုံခြုံရေးများချထားခဲ့ပြီး၊ ဆန္ဒပြအဖွဲ.ကလည်း ထိုနေရာသို့မသွားရောက်ဘဲ မန္တလေးဈေးချိုဘက်သို့ ဦးတည်ခဲ့သည်။

ဈေးချိုးဂုံးကျော်တံတားအော်သို့ အရောက်တွင် ဆန္ဒပြအဖွဲ.ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသိန်းမြင့်အောင်က မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် ဖွဲ.စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအခြေအနေနှင့် တခြားအရေးကြီးသည့် လက်ပတောင်းတောင်ကဲ့သို့ကိစ္စရပ်များအား လူမျိုးရေးဘာသာရေးကိစ္စများဖြင့် ပြည်သူလူထုအားေ၀၀ါးစေရန်ပြုလုပ်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင်သူက လက်ပတောင်းတောင်စီမံကိန်း၏ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုများကို လေ့လာချက်များမပြုလုပ်မီ၊ လေ့လာချက်များအား ပြည်သူလူထုသို့ပွင့်လင်းမြင်သာစွာ ချမပြမီ စီမံကိန်းရပ်ဆိုင်းရမည် ဖြစ်ကြောင်း ဆန္ဒပြသူများ၏ ကိုယ်စားကြေငြာချက် တစ်စောင်ဖတ်ပြခဲ့သည်။

ထို့နောက် ဆန္ဒပြအဖွဲ.က စတင်ချီတက်ခဲ့ရာ မြတောင်ကျောင်းတိုက်သို့ပြန်လည် လမ်းလျှောက်ပြီး ငြိမ်းချမ်းစွာလူစုခွဲခဲ့သည်။ ယခုဆန္ဒပြမှုသည် လက်ပတောင်းတောင်အရေးနှင့် ပတ်သက်၍ ယခုနှစ်တွင် ပြုလုပ်သော အကြီးမားဆုံးဆန္ဒပြမှုဖြစ်သည်။

အလားတူဆန္ဒပြမှုများ ရန်ကုန်တွင်လည်း လွန်ခဲ့သည့် တနင်္ဂနွေနှင့် ယနေ့တွင်လည်း ကျင်းပခဲ့သည်။ တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်ဆန္ဒပြမှုအား ဦးဆောင်သူများဖြစ်သည့် ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင် အပါအ၀င်နှစ်ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၀တ္တရားနှောက်ယှက်မှု နှင့် တရားမ၀င်စီတန်းလှည့်လည်မှုတို့ဖြင့် တရားစွဲကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။
##

(ဓာတ်ပုံများ။ ငြိမ်းချမ်း/Yangon Globe)



လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သတ်ပြီးဆန္ဒဖော်ထုတ်သူဒေသခံတွေမှာဘာအခက်အခဲတွေရှိနေကြတာလဲ??
နောက်ကွယ်ပယောဂတွေရဲ့သွေးထိုးမှုတွေကြောင့်ဆိုတာဟုတ်သလား။??စုံစမ်းရေးကော်မရှင်ရဲ့အကြံပြုချက်တွေနဲ့အကောင်အထည်ဖော်ရေးကော်မတီရဲ့လုပ်ဆောင်ချက်တွေဟာ ဘာတွေကွဲလဲနေသလဲ။မြန်မာဝမ်ပေါင်ဘာတွေလုပ်နေသလဲ။??လက်ပံတောင်းတောင်ပြဿနာဘယ်လိုဖြေရှင်းရမလဲ…

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှစစ်ကိုင်းတိုင်းဒေသကြီးပုလဲမြို့နယ်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်နှင့်တွေ့ဆုံခြင်း

“ကော်မတီတာဝန်ဟာလည်းဘာလုပ်ရမှာလည်းဆိုရင်ဒီအစီရင်ခံစာမှာတင်ပြထားတဲ့၉၆ချက်ကိုအကောင်အထည်ဖော်ပေးရမှာဖြစ်တယ်ကျွန်မတို့သိရသလောက်တော့ဒီ၉၆ချက်ကိုအကောင်အထည်ဖော်တဲ့နေရာမှာကော်မတီအနေနဲ့အားနည်းနေတယ်ဆိုတာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝေဖန်သလိုအားလုံးကလည်းစောင့်ကြည့်နေတဲ့သူတွေကလည်းဒီဟာအပေါ်ဝေဖန်မှုတွေရှိနေတယ်။အဓိကဘာကိုအားနည်းသလဲဆိုတော့ ၉၆ချက်လုံးကိုဆောင်ရွက်ရာမှာအားနည်းနေတယ်လို့ကျွန်မတို့ပြောရမယ်”

"တကယ်တမ်းဆိုရင်ပြဿနာတစ်ရပ်ဖြစ်လာတိုင်းဖြစ်လာတိုင်းဒေသခံတွေမှာပဲဆုံးရှုံနစ်နာမှုတွေများကြတယ်ဒေါ်ခင်ဝင်းသေဆုံးမှုလိုလူသေစေလောက်တဲ့အခြေအနေအထိရောက်လာတာဟာပြဿနာတစ်ရပ်ကိုမီးမွှေးထားတယ်လို့ပဲကျွန်မတို့ကမြင်တယ်။လိုရင်လိုတဲ့အချိန်မျိုးမှာယပ်ခတ်လိုက်မယ်ဆိုတာမျိုးတွေဖြစ်နေတော့”

“လယ်ယာမြေလျော်ကြေးယူခဲ့ပြီးတဲ့နောက်မှာလည်းသူတို့ရဲ့သူတို့ရဲ့ဘ၀အာမခံချက်ရှိတဲ့အလုပ်တွေဟာလည်းဘာမှမရှိဘူး။လယ်ယာမြေလျော်ကြေးယူပြီးတဲ့နောက်သူတို့တွေရဲ့ဘ၀တွေအရင်ကထက်တိုးတက်သွားသလားဆိုတော့လည်းဘာမှမတိုးတက်ဘူး။လယ်ယာမြေလျော်ကြေးယူထားသူများအတွက်ဘ၀ဖူလုံရေးအတွက်အလုပ်အခွင့်အလန်းတွေဖန်တီးပေးတာတွေမရှိဘူး"

"မြန်မာဝမ်ပေါင်ကုမဏီဟာဒီလိုမျိုးကြီးမားတဲ့InternationalProjectတစ်ခုလုံးကိုကိုင်တွယ်နိုင်တဲ့အရည်အခြင်းမရှိဘူးလို့ကျွန်မတို့သုံးသပ်တယ်လောလောဆယ်မှာ။မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ကလည်းအကျိုးအမြတ်သာယူထားတယ်ဘာမှဒီအပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုဆိုတာမရှိဘူး။လုပ်နေတဲ့အလုပ်တွေဟာလည်းပွင့်လင်းမြင်သာမှုမရှိဘူး။ကျွန်မတို့လိုလွှတ်တော်ကိုယ်စားလှယ်တွေတောင်မှစီမံကိန်းထဲဝင်ကြည့်ခွင့်မပြုဘူးဆိုတဲ့အခြေအနေမျိုးမှာဒေသခံပြည်သူလူထုကိုကျေနပ်အောင်လုပ်ပေးပါမယ်ဆိုတာကျွန်မတို့ယုံနိုင်စရာဘာအကြောင်းမှမရှိဘူး”

Eleven media group

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.