01/06/15




အစိုးရနှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အများ နိုင်ငံလုံးဆိုင် ရာ အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန်အတွက် ဆွေးနွေးနေရာတွင် အပြီး မသတ်နိုင်သေးဘဲ နှောင့်နှေးမှုများရှိနေသည့်အပေါ် မေးမြန်း ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ကေအိုင် အိုအပါဝင် ကချင်လူမှု အသင်းအဖွဲ့များနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်းတို့ အကြား ဆွေးနွေးမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း နှစ်ဖက်တာဝန်ရှိသူ များက ဖလားဝါးနယူးစ်သို့ပြောသည်။

''မြစ်ကြီးနားမှာ ဆွေးနွေးမှာပါ ကေအိုင်အို TAT အဖွဲ့ပါမယ်။ KBC လို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့တို့၊ PCG တို့ လို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ တွေနဲ့ပါ တွေ့ပြီးဆွေးနွေးဖြစ်မယ်'' ဟု ၈၈မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာဌာန မှကိုမြအေးက ဖလားဝါးနယူးစ်သို့ ပြောသည်။

တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေး နွေးမှုများသည် ပြီးခဲ့သည့်လအနည်းငယ်မှစ တင်ကာ တင်းမာမှုများဖြစ်ပေါ်လာပြီး ယခု နောက်ဆုံးအခြေအနေတွင် ဆွေးနွေးပွဲကျင်း ပမည့်နေရာနှင့်ပတ်သက်၍ ညှိနှိုင်းမရဖြစ် နေသည်။ စက်တင်ဘာဆွေးနွေးပွဲနောက် ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပြီးခဲ့သည့် ဒီဇင် ဘာလက ရန်ကုန်မြို့တွင် နှစ်ဖက်တာဝန် ရှိသူများတွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယင်း ဆွေးနွေးပွဲမှာ တရားဝင်ဆွေးနွေးပွဲ မဟုတ်ခဲ့ သလို ကေအိုင်အိုမှထိပ်တန်းခေါင်းဆောင် များသည်လည်း ယင်းဆွေးနွေးပွဲကိုတက် ရောက်ခဲ့ခြင်းမရှိချေ။

''ဝင်ညှိပေးတာလားဆိုတော့လဲ အပြည့်အဝတော့မဟုတ်ဘူး။ တစ်ဖက်က နိုင်ငံရေးအခြေအနေအရ လမ်းကြောင်းတွေ ကျပ်နေတော့အပစ်ရပ်ပြီး နိုင်ငံရေးဆွေး နွေးပွဲလမ်းကြောင်းလေးများ ပေါ်လာမလား လို့ပါ။ ၂ဝ၁၅ကပ်လာတာလဲပါပါတယ်။ အပစ်ရပ်စာချုပ်မှာ ဘယ်နေရာတွေမှာတစ် ဆို့ပြီး ခက်နေတယ်။ နောက်တစ်ချက်က လက်တွေ့မြေပြင်မှာ တပ်တွေကြုံနေရတဲ့ အခက်အခဲတွေနဲ့ ဘာကြောင့်ထိတွေ့တိုက် ခိုက်မှုလေးတွေဖြစ်နေရတယ်ဆိုတာလေး တွေကိုပါ သိချင်လို့လဲပါပါတယ်''ဟု ကိုမြ အေးက ပြောသည်။

KIO ကချင်လွတ်မြောက်ရေး အဖွဲ့အပါအဝင် ကချင်လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံရန်အတွက် ၈၈မျိုးဆက် ကျောင်းသားများမှာ မြစ်ကြီးနားမြို့သို့ ဇန်န ဝါရီ ၅ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း လည်း သိရသည်။

စိုင်းထွန်းအောင်လွင်
‪#‎TheFlowerNews‬

(၆၇) နှစ်မြောက်လွတ်လပ်ရေးအခမ်းအနားကို တည်ဆဲအစိုးရကလည်းကျင်းပသည်။ အတိုက်အခံ ဒီမိုကရေစီဘက်တော်သားများကလည်း ကျင်းပသည်။ မြို့ နယ်များ၊ ရပ်ကွက်များ၊ လမ်းများတွင်လည်း ပြည်သူများက ကျင်းပသည်။ ကျနော်တို့ ဘာကြောင့်လွတ်လပ်ရေး လိုချင်ခဲ့ပါသလဲ ။ ရချင်ခဲ့ပါသလဲ။

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င်၊ လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ခဲ့ကြသော ခေါင်းဆောင်များ က ဗြိတိသျှ အစိုးရ မြန်မာနိုင်ငံကို အုပ်ချုပ်နေသမျှ ကာလပတ်လုံး မြန်မာလူထုသည် မပူမပန် မကြောင့်မကျ နေထိုင်ကြရမည်မဟုတ်၊ တောင်သူလယ်သမားဦးကြီးများ မိမိလယ်ယာမိမိ ပိုင်ဆိုင် ရမည်မဟုတ်၊ အစိုးရလခစားများ မိမိတို့ ဧ။် ထမင်းရှင် ပြည်သူလူထုအားဦးထိပ်ပန် ရမည့်အစား ကိုလိုနီအစိုးရကို ၀ပ်တွားခယနေရမည်။ ကျောင်းသူ၊ ကျောင်းသား လူငယ်၊ လူရွယ်တို့  ခေတ်နဲ့ အညီ နိုင်ငံတကာကိုရင်ဘောင်တန်းနိုင်မည့်ပညာရေးကို သင်ကြား ရမည် မဟုတ်၊ အသိပညာရှင်၊ အတတ်ပညာရှင်တို့ မိမိတို့ ပညာနှင့် ပြည်သူအားအလုပ်အကျွေးပြုရမည့် အစား ကိုလိုနီအစိုးရ ထားရာနေ ပေးရာစား ဘ၀တို့ ရောက်နေကြမည်။ အနုပညာ သည်တို့ မိမိတို့ အနုပညာဝါသနာ အတိုင်း ယုံကြည်ရာကို မတင်ပြနိုင်ဘဲ ကိုလိုနီအစိုးရ အလိုလိုက် အကြိုက်ဆောင်ကာ ဖားယား နေကြရတော့မည်။ အလုပ်သမားကြီးများ လုပ်အားများများပေးပြီး လုပ်ခ မစို့ မပို့ ရနေကြသည်ဟု အတွေးရောက်ကြသည်။ ယူဆကြသည်။ ထိုသို့ ယူဆခြင်း၊ ယုံကြည်ခြင်းကို ပြည်သူလူထုကြီးက ထောက်ခံသည်။ သို့ ဖြင့် တော်လှန်ကြသည်၊ ပုန်ကန်ကြသည်။ လွတ်လပ်ရေးရသည်။

ကျနော်တို့ လွတ်လပ်ရေးလိုချင်ခဲ့ကြသည်။ ပြည်သူအများ မပူမပန်မကြောင့်မကျ နေထိုင်နိုင်ရေး အတွက်ဖြစ်သည်။ တောင်သူ ယာခုတ် ဦးကြီး၊ ဒေါ်ကြီးများ လယ်ယာ၊ကိုင်းမြေ ပိုင်ဆိုင်နိုင်ရေးအတွက်ဖြစ်သည်။ အစိုးရလခစားများ ကျေးဇူးရှင်အစစ်ဖြစ်သည့် ပြည်သူလူထု အကျိုးကို ပေးအပ်ခံထားရသည့် အာဏာ၊ ရိက္ခာနဲ့ အညီ ဆောင်ကျဉ်းနိုင်ရန်ဖြစ်သည်။ ကျောင်းသား လူငယ်၊ လူရွယ်တို့ နိုင်ငံတကာအဆင့် မှီပညာ သင်ကြားရင်း အမိမြန်မာပြည်ကို ဦးဆောင်နိုင်ရန်ဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်တို့ မိမိတို့ ပညာနှင့် တီထွင်ဆန်းသစ်ရင်း လူထု အကျိုးကို သယ်ပိုးနိုင်ရန်ဖြစ်သည်။ အလုပ်သမားကြီး၊ငယ်များ နိုင်သလောက်လုပ်၊ လုပ်သလောက် ရ နိုင်ဘို့ ဖြစ်သည်။

ကျနော်တို့ မပူမပန်မကြောင့်မကျ နေနိုင်ကြပြီလား၊ လယ်ယာမြေတွေ ပိုင်ဆိုင်ကြပြီလား၊ မိမိ ရားထူး လစာ ရိက္ခာနှင့်အညီ သိက္ခာနှင့်နေထိုင်နိုင်ကြပြီလား။ နိုင်ငံတကာက လူငယ်၊ လူရွယ်များကဲ့ သို့ ခေတ်နှင့်ညီသည့် ပညာရပ်များကို သင်ကြားခွင့်ရပြီလား၊ မိမိ ပညာဖြင့် မိမိ သိက္ခာ ရှိရှိရပ်တည်နိုင်ပြီလား။ မိမိလုပ်အားနှင့် ညီမျှသည့် ၀င်ငွေကို ရရှိနေပြီလား။

၂၀၁၅ ခုနှစ်အတွင်း ကျနော်တို့ လိုချင်သည့် လွတ်လပ်ရေး အရယူနိုင်ရန် ၊ ထို လွတ်လပ်ရေး အဓွန့် ရှည်တည်မြဲ နိုင်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။ နေရာယူ ဂန်ကျယ်ရမည်မဟုတ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က တာဝန်ယူဆောင်ရွက်နိုင်ရန် ပြည်သူလူထုကြီးတရပ်လုံးက ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များ အား မဲပေးရွေးချယ်သည့် နည်းဖြင့် ကူညီပံ့ပိုးပေးပါရန် မေတ္တာ ရပ်ခံ အပ်ပါသည်။

NLD Cental


သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၅ ရက် မနက်က သီးခြားစီ တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေး ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံးကို ဖိတ်ကြားစီစဉ်တဲ့ ဒီဆွေးနွေးပွဲဟာ စစ်ကောင်စီလက်ထက်ကနေ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံအကြီးအကဲ၊ တပ်မတော်ဦးစီးချုပ်တို့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံကြတဲ့ ပွဲလည်းဖြစ်ပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လူချင်းတွေ့ဆုံဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တပြည်လုံး အပစ်ခတ်ရပ် လက်မှတ်ရေးထိုးလိုကြောင်း၊ နှစ်ဘက်ညှိနှိုင်းဖို့ အချက်အနည်းငယ်သာ ကျန်ရှိတော့တဲ့အတွက် အချိန်မီညှိနှိုင်းနိုင်ရင် သဘောတူစာချုပ် လက်မှတ်ထိုးနိုင်မယ့်အကြောင်း တင်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေက နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တင်ပြခွင့် ရခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

“ကျနော်တို့ဘက်က အဓိကတင်ပြခဲ့တာတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့ အဲဒါတွေကို တရားဝင်တင်ပြခဲ့ရပါတယ်။ နောက် ကျနော်တို့ သီးခြား စာတစောင်ပေးပို့ခဲ့သေးတယ်။ ဘာအကြောင်းလဲဆိုတာတော့ ခုနေ ပြောပြလို့ မရသေးဘူးဗျ။”

အလားတူ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် နိုင်ဟံသာဗွန်ခိုင်ကလည်း တိုင်းရင်းသားတွေ ဘက်က လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်နိုင်ဖို့ သမ္မတနဲ့ တပ်မတော် အကြီးအကဲကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့တိုင်းရင်းသားတွေ အမှန်တကယ်လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ဖို့၊ အပစ်ခတ်လက်မှတ်ရေးထိုးပွဲကနေ နိုင်ငံရေးဆွေးနွေးပွဲ စသဖြင့် အဆင့်ဆင့် ဖော်ဆောင်သွားနိုင်အောင် သမ္မတကြီးရော၊ ကာကွယ်ရေးဦးစီးချုပ်ရော အားသွန်ခွန်စိုက် ကြိုးစားပြီးတော့ ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ မလွဲမသွေဖြေရှင်းပေး ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိက တင်ပြခဲ့ပါတယ်။

သူက “ပထမအချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်၊ ဒုတိယက တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ကိစ္စ၊ တတိယအချက်အနေနဲ့ ပြည်သူလူထုကြားမှာ ဖြစ်ပျက်နေတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေရဲ့ အထွေထွေကြပ်တည်းမှု၊ လှုပ်ရှားမှုတွေ ဖြေရှင်းရမယ့်ကိစ္စ ဒီ ၃ ရပ်ကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းပေးနိုင်မှသာ ၂၀၁၅ ဟာ ချောမွေ့ပြီးတော့ ကျနော်တို့အားလုံး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်မယ့်အကြောင်း တင်ပြခဲ့ပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တင်ပြချက်တွေနဲ့ အစိုးရသဘောထား အင်မတန်နီးစပ်ပါကြောင်း၊ တနိုင်ငံလုံး အပစ်ရပ်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကို သူ့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားနေပြီး သူ့တာဝန်ယူထားရတဲ့ သမ္မတသက်တမ်းမကုန်ခင် အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ဖြစ်နိုင်ရင်အကောင်းဆုံးဘဲလို့ ပြောကြားကြောင်း ရဲဘော်သံခဲက ဆက်ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်တည်ငြိမ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းဖို့နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တပ်မတော်အနေနဲ့ မှန်မှန်ကန်ကန် ဥပဒေဘောင်တွင်းက ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုပြီး တပ်မတော်ရဲ့ မူ ၆ ချက်ကိုပါ ထပ်မံရှင်းပြခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သမ္မတနဲ့ မနက် ၉ နာရီကနေ ၁၁ နာရီခွဲထိ MICC II ခန်းမမှာ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့တော့ မွန်းတည့် ၁၂ ကနေ မွန်းလွဲ ၁ နာရီခွဲထိ ဘုရင့်နောင်ခန်းမမှာ တွေ့ ဆုံခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ကတော့ တစ်နိုင်ငံလုံးအပစ်အခက်ရပ်ဆဲရေး သဘောတူစာချုပ်အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့ အတွက် ကျန်နေတဲ့ အချက် ၈ ချက်ကို နှစ်ဖက်ခေါင်းဆောင်တွေကို ပြန်တင်ပြထားလို့ နှစ်ဘက်သဘောတူ မကြာခင်ကာလတစ်ခုမှာ သဘောတူစာချုပ်လက်မှတ်ထိုးနိုင်အောင် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ရှုသဘင်ပွဲနဲ့ နိုင်ငံတော်အကြီးအကဲများနဲ့ တွေ့ဆုံဖို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့ကို ဖိတ်ကြားထားခဲ့ပေမယ့် ၁၂ ဖွဲ့ သာ တက်ရောက်လာပြီး ကျန်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(ကေအန်ပီပီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)တို့ တက်ရောက်လာခြင်း မရှိကြပါဘူး။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/76038



လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူလူထုအပေါ် မှန်ကန်မှုနှင့် ပွင့်လင်း မြင်သာမှု၊ ပြည်သူလူထု အပေါ် အကြမ်းဖက်မှုများကို ညှိနှိုင်းတွေ့ဆုံ ဖြေရှင်းပေးရန် အတွက် မုံရွာမြို့တွင် ဇန်န၀ါရီ ၅ ရက်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (Mata) မှ မတာရာက News Watch သို့ ပြောသည်။

၎င်းတို့အနေနှင့် သဘာဝသံဇာတ ထုတ်ယူသုံးစွဲမှု လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိရေး ဖော်ဆောင်မှုအဖွဲ့ (EITI) မှ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန် ၊ မြန်မာနိုင်ငံအတွင်း ပြည်သူ့အသက်အိုးအိမ် ထိခိုက်မည့် စီမံကိန်းများ မလုပ်ရန်၊ စီမံကိန်းအကောင်အထည် ဖော်လျှင် ပြည်သူ့ဆန္ဒ ကောက်ယူရန်၊ ဓလေ့ရိုးရာများအား မဖျက်ဆီးရန် စသည့် အချက်များကို တောင်းဆို၍ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

"အစ်မတို့ အနေနဲ့ EITI ရဲ့ တာဝန်ရှိမှု၊ တာဝန်သိတတ်ဖို့ကို အဓိက သိစေချင်တယ်၊ မြန်မာ့ရေမြေပေါ်မှာ လုပ်ကိုင်ပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တာ လက်မခံနိုင်ဘူး။ အစ်မတို့ ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မှန်မှန်ကန်ကန် ရအောင် လုပ်ပေးစေချင်တယ်၊ အစ်မတို့နဲ့ လက်ပံတောင်းစီမံကိန်း တာဝန်ရှိသူတွေအကြား တွေ့ဆုံ ညှိနှိုင်းနိုင်ဖို့ပဲ ဖြစ်တယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မွန်းလွဲ တနာရီတွင် ပြည်သူ ၃၀၀ ခန့် ပါဝင်ကာ မုံရွာမြို့ နာရီစင်မှ ပြည်သူ့အားကစားကွင်းအထိ "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး . . . ဒို့အရေး၊ ရိုးရာအမွေအနှစ်များ မပျောက်ပျက်ရေး ဒို့အရေး၊ လက်ပံတောင်း အကြမ်းဖက်မှု ပပျောက်ရေး . . . ဒို့အရေး" စသော ကြွေးကြော်သံများအား ဟစ်ကြွေးလျက် ချီတက်ဆန္ဒ ပြခဲ့ကြသည်။

လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခတွင် နောက်ဆုံးဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ရဲများပစ်ခတ်သည့် ကျည်ဆံ ဦးခေါင်းသို့ ထိမှန်၍ သေဆုံးခဲ့သူ ဒေါ်ခင်ဝင်း၏ အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း ယင်းဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

စည်သူမင်းချို
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာဗား ပင်လယ်ပြင် အတွင်း Air Asia လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ရာသီဥတု ပြန်လည် ကောင်းမွန် လာတဲ့ အတွက် လေယာဉ် ပျံသန်းမှု မှတ်တမ်း Black Box ရှာဖွေမှုတွေကို ပြန်လည် စတင် နေပါတယ်။

လေယာဉ် ပျက်ကျတဲ့ နေရာ ကနေ အလောင်း ၃၇ လောင်း ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

ကျန် ခရီးသည် အများစုရဲ့ အလောင်းတွေ ကတော့ လေယာဉ် ကိုယ်ထည် အတွင်း ပိတ်မိနေဆဲ ဖြစ်မယ်လို့ ယူဆကြပါတယ်။

ဘော်နီယို ကမ်းခြေအနီး ဒေသတဝိုက်က ပင်လယ် ရေမျက်နှာပြင်အောက် မီတာ ၃၀ နက်တဲ့ နေရာမှာ ကြီးမားတဲ့ လေယာဉ် အပိုင်းအစတွေ တွေ့ခဲ့ရပြီး အဲဒီ ဒေသ တဝိုက်မှာ စစ်ရဟတ်ယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို အစောင့် ချထားပါတယ်။

ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းနေစဉ် ဘာကြောင့် လေယာဉ် ပျက်ကျခဲ့ရတယ် ဆိုတာကို သိရှိစေနိုင်မယ့် ပျံသန်းမှု မှတ်တမ်း အသံသွင်း ကိရိယာကို ရှာဖွေ နိုင်လိမ့်မယ်လို့ အင်ဒိုနီးရှားနဲ့ ရုရှား ရေငုပ်သမားတွေ အဖွဲ့က မျှော်လင့် နေကြပါတယ်။

BBC Burmese
http://www.bbc.co.uk/…/2…/01/150105_air_asia_blackbox_search


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အရေးတကြီး အဆိုတရပ်ကို မကြာခင်ကျင်းပုပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းဖို့ ပြင်ဆင်နေပါပြီ။ ဒီသတင်းကိုတော့ ဉာဏ်ကြီးက ပေးပို့ထားတာပါ။ ရိုက်ကူး-အိုင်စီဂျေ မိုးမင်းဦး၊ အာခိုက်၊ တင်မာဆွေ၊ ဉာဏ်ကြီး DVB TV


လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော် MICC 2 မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းလိုက်တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်တွေကို ဒီအစိုးရသက်တမ်း အတောအတွင်းမှာ ခိုင်ခိုင်မာမာဖြစ်အောင်လုပ်နိုင်မှ နောင်တက်လာမယ့် အစိုးရတွေကျလို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးတော့ အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်မယ့်အကြောင်းပေါ့လေ၊ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လာမယ့် ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရေးထိုးနိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို သူ့အနေနဲ့ နှုတ်နဲ့ပြောတာမဟုတ်ဘဲနဲ့ အခိုင်အမာပြောဆိုတယ်ဆိုတဲ့အကြောင်း သမ္မတကြီးကလည်း ပြောပါတယ်"

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံအပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ခေါင်းဆောင်တွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့ပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ကန်ဘာရာ ၊ ၅-၁-၂၀၁၅

သြစတြေးလျနိုင်ငံ အတွင်း၌ ဖြစ်ပွားခဲ့သည့် တောမီး လောင်မှုသည် ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံ၏ တောင်ပိုင်း တစ်လျှောက် ဆက်လက် ကျွမ်းလောင် နေခြင်းကြောင့် ယင်းနိုင်ငံ အတွင်းရှိ ဒေသခံ ထောင်ပေါင်း များစွာမှာ ၄င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း၊ လေတိုက်ခတ် မှုကြောင့် ဆက်လက် လောင်ကျွမ်း နေသည့်မီးကို မီးသတ်သမား များက ကြိုးစားငြှိမ်းသတ် နေရကြောင်း ဇန်နဝါရီ ၄ ရက်တွင် ဒေသတွင်း အရာရှိ များက ပြောကြားသည်။

သြစတြေးလျ နိုင်ငံ တောင်ပိုင်းနှင့် ဗစ်တိုးရီးယား ပြည်နယ် တွင်းရှိ လူနေအိမ် ၃ဝ လုံးမှာ မီးလောင်ကျွမ်း မှုကြောင့် ပျက်စီးခဲ့ ရသည်ဟု သိရသည်။

ရာသီဥတု ပူပြင်း ခြောက်သွေ့ သည့် အခြေအနေ များကလည်း တောမီး လောင်ကျွမ်းမှုကို ငြှိမ်းသတ် နေရသည့် မီးသတ်သမားများ အတွက် အခက်အခဲကို ဖြစ်ပေါ် စေကြောင်း၊ အဆိုပါမီးကို ထိန်းချုပ်နိုင်ရန် အတွက် ရက်ပေါင်း အတော်ကြာ အချိန်ယူ လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ အဆိုပါ တောမီးကို ငြှိမ်းသတ်နိုင်ရေး ကြိုးပမ်း နေသည့် မီးသတ်သမား များမှာ အရေအတွက် အားဖြင့် ၂ဝဝဝ ခန့်ရှိကြောင်း၊ လေယာဉ် တစ်ဒါဇင်ခန့် မှာလည်း တောမီးကို ငြှိမ်းသတ်နိုင်ရေး အတွက် မီးလောင်ကျွမ်းရာ နေရာသို့ လေယာဉ်ပေါ်မှ ရေများ လောင်းချ ငြှိမ်းသတ်လျက် ရှိကြောင်း ဒေသတွင်း အရာရှိ များက ပြောကြားသည်။

‪#‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_5.html


ISအီရတ်နိုင်ငံ မြောက်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ရာဇီဒီ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အိုင်အက်စ် စစ်သွေးကြွတွေက ဖမ်းဆီးသွားပြီး လိင်ကျွန်ပြု အသုံးချခံရတယ်လို့ ပြန်လွှတ်လာတဲ့ အမျိုးသမီးတွေက ပြောပါတယ်။

လုံခြုံရေးအရ သူ့ကိုယ်သူ ပါယမ် ဆိုပြီး နာမည်ပြောင်းထားတဲ့  အမျိုးသမီးက ၁ လလောက် အဖမ်းခံရပြီးတော့ ပြန်လည် လွှတ်မြောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက သူတို့ ရွာကို စစ်သွေးကြွတွေကို ၀င်သိမ်းပြီးတော့ သူ့ကိုလည်း ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။

သူ ပြန်ပြောပြချက်အရ စစ်သွေးကြွတွေက သူနဲ့ အတူ အဖမ်းခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေကို  ထမင်းလည်းမကျွေး၊ ရေလည်း မတိုက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် နေ့စဉ် မိန်းကလေးတွေကို တနေရာကို ခေါ်ထုတ်သွားတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတော့ ပါယမ်ဟာ အီရတ်မြောက်ပိုင်းက ဒူဟွခ်ဆိုတဲ့ ဒုက္ခသည်စခန်းမှာ မိသားစုနဲ့ အတူ နေပါတယ်။

လုံခြုံရေးအရ နာမည်ပြောင်းထားတဲ့ အီရှာ ဆိုတဲ့ အမျိုးသမီးရဲ့ အမျိုးသားကို စစ်သွေးကြွတွေက သတ်ဖြတ်သွားတဲ့ အချိန်မှာ ဇနီးသည်က ကိုယ်ဝန်နဲ့  ကျန်ခဲ့ပါတယ်။ စစ်သွေးကြွတွေက အီရှားကို စစ်သုံ့ပန်းအဖြစ် ဖမ်းသွားပြီး နောက်တော့ မိုဆူးလ်မြို့က လိင်ကျွန်ဈေးကွက်မှာ အရောင်းခံလိုက်ရပါတယ်။

အဲဒီမှာ မိန်းကလေးတယောက်ရဲ့ ပေါက်ဈေးက ဒင်နာငွေ ၁ သောင်းခွဲ အမေရိကန် ဒေါ်လာ ၁၃ ဒေါ်လာ ရှိတယ်လို့ ဆိုပါတယ်။

အသက်ကြီးကြီး အမျိုးသားတွေက မယားအဖြစ် ၀ယ်သွားကြတယ်လို့ ဆိုပါတယ်။ တချို့လည်း အကြိမ်ကြိမ် အဓမ္မကျင့်ပြီးရင် အဆင့်ဆင့် ပြန်ရောင်းတယ်လို့ သူက ပြန်ပြောပြပါတယ်။

အရင်ကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အပါအ၀င် လူ့အခွင့်အရေး အဖွဲ့တွေက ပြန်လွှတ်လာသူတွေနဲ့ တွေ့ဆုံမေးမြန်းပြီး အစိရင်စာတွေ ထုတ်ပြန်ထားတဲ့အထဲမှာ အခုလို အဖြစ်အပျက်မျိုးတွေ ပါဝင်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76048

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.