01/10/15


အချို့သော သနပ်ခါးအရည်ဘူး၊ အနှစ်ဘူးများထဲမှ သနပ်ခါးများ မပုပ် မသိုးစေရန်အတွက် ထည့်သွင်း သော ဖော်မလင်ဓာတ်ကြောင့် ရေရှည်တွင် အရေပြား ကင်ဆာအထိ ဖြစ်ပွားနိုင် ကြောင်း အရေပြား အထူးကု ဆရာဝန် ကြီးတစ်ဦးက ပြောကြားသည်။

“နှစ်ပေါင်းများစွာ သုံးစွဲလာလို့ အရေပြားကင်ဆာဖြစ်နိုင်တယ်ဆို တာ သနပ်ခါးအရည်ဘူးတိုင်း၊ သနပ် ခါးအနှစ်ဘူးတိုင်းကို ဆိုလိုတာမဟုတ် ပါဘူး။ ဖော်မလင်ဓာတ်ပါဝင်နိုင်တဲ့ သနပ်ခါးအရည်၊ အနှစ်တွေကိုပြော တာပါ”ဟု ယင်းကပြောကြားသည်။

“အခုခေတ်မှာတော့ တာရှည်ခံ ပစ္စည်းတွေက တော်တော်လေးခေတ်မီ လာပါပြီ။ အလှကုန်ပစ္စည်းတွေဆို ရင် အရေပြားကိုမထိခိုက်တဲ့ တာရှည်ခံ ပစ္စည်းတွေကို သုံးလာကြပါပြီ။ဟိုးအရင်ခေတ်တုန်းကတော့ ဘာမှ သုံးစရာ မရှိတဲ့ အချိန်မှာ ဖော်မလင် ကိုသုံးခဲ့ကြတာရှိရင်ရှိမယ်။ အခု ခေတ်လည်း မသုံးဘူး လို့တော့ အပြတ် ငြင်းတာမဟုတ်ပါဘူး။ ဟိုးတလော က နာမည်ကြီး အမှတ်တံဆိပ် ဂျပန် အလှကုန်တစ်မျိုးတောင် အသားဖြူ ကရင်တစ်ခုမှာ သုံးစွဲရန် မသင့်တဲ့ ဓာတ်ပစ္စည်းပါတယ်လို့ အသံထွက် ခဲ့ သေးတာပဲ။ အဲဒီတုန်း ကတော့ သုံးစွဲ သူရဲ့ အသားအရေနဲ့ ဓာတ်မတည့် လို့ဖြစ်တာပါ။ လူတိုင်းနဲ့ အဆင်မပြေ ဖြစ်တာမဟုတ်ပါဘူး လို့ ပြန်လည် ဖြေရှင်းတာကို ကြားရတယ်။ အခု သနပ်ခါးကိစ္စမှာတော့ အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ထုတ်လုပ် ရောင်းချတဲ့ သနပ်ခါးအရည်ဘူး၊ အနှစ် ဘူးတွေ ဆိုရင် အန္တရာယ် ကင်းမယ် လို့ထင်ပါတယ်”ဟု ယင်းကဆိုသည်။

မြန်မာနိုင်ငံတွင် ရောင်းချလျက် ရှိသော သနပ်ခါး၊ အရည်အနှစ်ဘူး များကို အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာန၊ အလှကုန် ဌာနခွဲ၏ ခွင့်ပြု ချက်ဖြင့်သာ ရောင်း ချစေခြင်းဖြစ်ပြီး အဆိုပါ သနပ်ခါး အရည်ဘူး၊ အနှစ်ဘူး များကို ၀ယ်ယူ သုံးစွဲခြင်းအားဖြင့် ဘေးအန္တရာယ် ဖြစ် ပွားနိုင်ခြင်း မရှိကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အလှကုန်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူကလည်း ပြောသည်။

“သနပ်ခါးအရည်ဘူး၊ အနှစ်ဘူး တွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ ဒီနေ့ အထိတော့ ဘေးအန္တရာယ်ဖြစ် တယ်ဆိုတာ တစ်ခါမှမတွေ့ရသေး ပါဘူး”ဟု ယင်းက ဆိုသည်။

အဆိုပါဌာနသို့ လာရောက်မှတ် ပုံတင်ထားသည့် သနပ်ခါးအရည်ဘူး၊ သနပ်ခါး အနှစ်ဘူးများ၏ အရေအ တွက်မှာ အလွန်များပြားသော်လည်း ရာဂဏန်း မကျော်သေးကြောင်း ဒေါက်တာသဇင်ရီလှိုင်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် သနပ်ခါးကို အ လွန်တရာမှ လူကြိုက်များပြီး အချို့ သော သူများ က သနပ်ခါးအတုံးများ ကို သွေးလိမ်းခြင်းများပြုသကဲ့သို့ အချို့သော သူများက လျှင်မြန်လွယ် ကူစွာဖြင့် လိမ်းခြယ်နိုင်မည့် သနပ် ခါးအခဲ၊ အရည်နှင့် အနှစ်များကို လိမ်း ခြယ်ကြကြောင်း သိရသည်။

သူရိယ

The Ladies News Journal
https://www.facebook.com/News.TheLadies


မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍအတော် များများမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ပူးပေါင်း လုပ်ဆောင်နေသလို မြန်မာနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု တွေကိုလည်း ပုံမှန် ဆွေးနွေး ဖြစ်တယ်လို့ ဗြိတိန်က ပြောပါတယ်။

မြန်မာရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ရပ်တန့်နေသလို တချို့နေရာတွေမှာ နောက်ပြန်သွား နေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီး ဟူဂိုးဆွားက ဒီဇင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

d2မြန်မာရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့ အီးမေးလ်အမြောက်အမြားကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံရရှိခဲ့ပြီးတဲ့နောက် ဗြိတိန် အစိုးရကလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြလိုက်တယ်လို့ ဆိုပါတယ်။

ဗြိတိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေရဲ့ ပြောဆိုချက်တွေကို အလေးထားသလို အပြောင်းအလဲအပေါ် အားရကျေနပ်နေတာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

မြန်မာနိုင်ငံအတွင်းက ဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတိထားသလို အစိုးရအပေါ်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ အစိုးရ၊ လွှတ်တော်၊ လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့ စီးပွားရေးတွေမှာလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်က စတင်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ တိုင်းရင်းသားတွေနဲ့ အပစ်ရပ်စဲရေး ဆွေးနွေးတာ၊ ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတာ၊ ဇီဝလက်နက် သဘောတူညီချက်တွေမှာ ပါဝင်လာတာ စတဲ့ မြန်မာရဲ့ ပြုပြင်ပြောင်းလဲ ဖြစ်ထွန်းတိုးတက်မှုတွေကို အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးတွေမှာ အားပေးထောက်ကူဖို့ ကြိုးပမ်းချက်တွေဟာ အချိန်ယူရမှာ ဖြစ်ပေမယ့် ၂၀၁၅ ဟာ အရေးပါတဲ့ နှစ်ဖြစ်လာမယ်လို့လည်း ရေးသားထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76606



ဘာဂါ၊ ဇန်န၀ါရီ

နိုင်ဂျီးရီးယားမှ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်သည် ပြီးခဲ့သည့် စနေနေ့နှင့် အင်္ဂါနေ့များ ဘာဂါမြို့ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ထိုနှစ်ရက်တာ အတွင်း စုစုပေါင်း လူ ၂၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ ရသည်။

နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘာဂိုမြို့ကို ယခုရက်သတ္တပတ်အတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ဒုတိယ အကြိမ်မြောက် သတ်ဖြတ်ချိန်တွင် အဆိုပါ ကိန်းဂဏန်းအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

စစ်သွေးကြွများသည် အရပ်သားများ ရှိနေသည့် နေရာများတွင် အင်္ဂါနေ့ ညနေပိုင်းက မြင်သမျှကို လက်လွတ်စပယ် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများအား မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ယင်းသို့ ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးနေသော ရုပ်အလောင်းများကို လမ်းများထက်တွင် တွေ့ရှိခဲ့ရသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

မြို့၏ စစ်စခန်းတခုကို စစ်သွေးကြွများ တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က ယင်းမြို့ကို အကာအကွယ် ပေးထားရပြီး လူပေါင်း တသောင်းခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်တပ်သည် ဘိုကိုဟာရမ်အား ပြန်လည် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း နိုင်ဂျီးရီးယားအစိုးရက ယနေ့ ထုတ်ပြန်သည်။

ပြီးခဲ့သည့် စနေနေ့က နိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ဝေးလံခေါင်သီသော မြို့တမြို့ဖြစ်သည့် ဘာဂါကို ပထမနေ့အဖြစ် ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင်မူ အဆိုပါမြို့ကို မီးရှို့ဖျက်စီးကာ အနီးအနားရှိ အခြား မြို့နှင့် ကျေးရွာ စုစုပေါင်း ၁၆ ခုကို တိုက်ခိုက်ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်သည်။

ကျော်လင်းထွန်း
__Ref: Dailymail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

“ သွေးစွန်းတဲ့လက်တွေနဲ့ ရေးတဲ့ဥပဒေတိုင်းဟာ သွေးဆာနေမှာဘဲ ”

ဥပဒေဆိုတာ…လူ့ အဖွဲ့ အစည်းကိုငြိမ်းချမ်းသာယာအောင်၊ လောကကိုစောင့်ရှောက်နိုင်ဖို့ ၊ အဓမ္မတရားကိုတိုက်ဖျက်နိုင်ဖို့ ရေးဆွဲပြဌာန်းရတဲ့၊ ယဉ်ကျေးတဲ့လူ့ အသိုင်းအ၀ိုင်းတခုဖြစ်ဖို့  ထိန်းကွပ်ပေးရတဲ့ မွန်မြတ်တဲ့၊ လိုက်နာအပ်တဲ့ ဖြူစင်တဲ့ စည်းမျဉ်းစည်းကမ်းများသာဖြစ်ရမယ်။
ဒီတော့..အဲ့ဒီလိုအရေးကြီးတဲ့ဥပဒေရေးဆွဲသူတွေဟာ.. ဥာဏ်အမျှော်အမြင်နဲ့ ပြည့်စုံယုံမက သီလနဲ့  အထူးပြည့်စုံသူတွေဖြစ်ဖို့ လိုတယ်။ အများပြည်သူတွေကကြည်ညိုလေးစားအားထားရလောက်အောင် သမာသမတ်ကြသူတွေ လူရိုသေ၊ ရှင်ရိုသေ ဂုဏ်သိက္ခာနဲ့ ပြည့်စုံသူတွေလည်းဖြစ်ဖို့ လိုတယ်။
ငါးပါးသီလ၊ စာရိတ္တသီလ၊ ၀ါရိတ္တသီလ၊ ရှိရှိသမျှသီလကျိုးပြတ်နေတဲ့သူတွေ ၊ အများပြည်သူ မကြည်ညို၊ မကိုးစားတဲ့သူတွေ ရေးဆွဲတဲ့ဥပဒေဆိုတာ…ဘယ်လိုမှ မဖြူစင်နိုင်ဘူး။ အကျင့်ပျက် ဥပဒေ၊ ဖိနှိပ်တဲ့ဥပဒေ၊ မတရားတဲ့ဥပဒေတွေဘဲပေါ်လာမယ်ဆိုတာ ဗေဒင်မေးစရာမလိုဘူး။

(ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ရဲ့လက်ရှိအစိုးရဟာ မြန်မာနိုင်ငံရဲ့ သမိုင်းအဆက်ဆက်မှာ ရဟန်းရှင်လူ၊ ကျောင်းသားနဲ့ တိုင်းရင်းသားပြည်သူတွေကို ညှင်းဆဲ သတ်ဖြတ်ခဲ့လို့ လက်ခြေထောက်တွေမက တကိုယ်လုံးမှာ သွေးစွန်းနေတဲ့သူတွေ၊ ကြောက်မက် ဖွယ်ရာရာဇ၀တ်မှု့ကြီးတွေကို သွေးအေးအေးကျူးလွန်ပြီး၊ တာဝန်မခံသေးတဲ့အပြင် မထိုက်တန်တဲ့ ခံစားခွင့်နဲ့ ရာထူးတက်ဇိမ်ယစ်နေသူတွေ၊ တိုင်းပြည်ဘဏ္ဍာ၊ လူထုဘဏ္ဍာတွေဖေါက်စားပြီးကြီးပွား ချမ်းသာနေတဲ့ဒုဿီလ သမားတွေမှိုလိုပေါက်ပွားကြီးထွားနေတဲ့ အဖွဲ့ အစည်းတရပ်ဖြစ်တယ်။

(၂၀၀ဂ) ဖွဲ့ စည်းပုံအခြေခံဥပဒေကိုရေးဆွဲတဲ့ရည်ရွယ်ချက်ကိုက အထက်မှာဖေါ်ပြခဲ့တဲ့ လူသတ်သမားတွေ၊ လူ့ ဂျပိုး စစ်ဂျပိုးတွေ၊ သူခိုးဓါးမြတွေ၊ ဒုဿီလတွေရဲ့ ကျူးလွန်ခဲ့တဲ့ ဘုစုခရုပြစ်မူတွေကစလို့ပဥ္စာနန္တိယကံကြီးတွေအထိရာဇ၀တ်မူကုဋေကုဋာကို တာဝန်ယူစရာ မလိုအောင်၊ ပြီးတော့ အဲ့ဒီရာဇ၀တ်သားတွေဘဲ မြန်မာနိုင်ငံကိုတရားဝင်အုပ်ချုပ်ခွင့်ထာဝရ ရနိုင်အောင်…အလွန်ကောက်ကျစ်ယုတ်မာစွာရေးဆွဲခဲ့ကြတာလူတိုင်းသိတယ်။
ဒီတော့ (၂၀၀ဂ) ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ …ရေးဆွဲတဲ့ ဥပဒေတိုင်းဟာ စစ်ညွှံထဲဆွဲချနေမှာ အသေအခြာဘဲ။ စစ်ကျွန်စော်လည်းနံနေမှာမုချပေါ့ ။

နိုင်ငံသူနိုင်ငံသားတွေကို စစ်ကျွန်ပြုဖို့ ၊ ဖိနှိပ်အုပ်ချုပ်ဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ (၂၀၀ဂ) ဖွဲ့ စည်းပုံ အခြေခံဥပဒေ အောက်မှာ..ဦးသိန်းစိန်အစိုးရ ရေးဆွဲနေတဲ့ဥပဒေတိုင်းဟာ ဖြူစင်တဲ့ပ၀ါစကိုသွေးစွန်း နေတဲ့လက်၊ ညစ်ပတ်ပေရေနေတဲ့လက်နဲ့ ကိုင်ရင် ဖြူစင်တဲ့ပ၀ါလည်း သွေးစွန်းညစ်ပေသွားတတ် သလို ဖိနှိပ်တဲ့ဥပဒေ၊ ချုပ်ချယ်တဲ့ဥပဒေမျိုးတွေဘဲဖြစ်နေမှာပါ။ သူတို့ ရေးဆွဲတဲ့ဥပဒေတိုင်းဟာ… သူတို့ အကျိုးစီးပွားနဲ့ အာဏာကိုမထိခိုက်ဖို့ အဓိကထားကာကွယ်နေမှာဘဲ။ ပုဒ်မ (၄၃၆) ကိုမပြင်ခြင် တာဟာ အလွန်ထင်ရှားတဲ့ဥပမာတရပ်ဖြစ်တယ်။
အများပြည်သူ အလိုတူ၊ ကြည်ဖြူထောက်ခံမဲ့ ဥပဒေတွေ၊ အများအကျိုးသယ်ပိုးပေးမဲ့ဥပဒေတွေ ရေးဆွဲနိုင်ဖို့ က နည်းလမ်းတလမ်းထဲရှိတာပါ။ (၂၀၀ဂ) ဖွဲ့ စည်းပုံ အခြေခံဥပဒေကို စစ်သွေးစင်တဲ့အထိ ပြည်သူ့ ဆန္ဒနဲ့ အညီပြင်ဆင်နိုင်အောင်ကျိုးစားပါ။ (၂၀၁၅ ) အထွေထွေရွေးကောက်ပွဲကြီးကို စစ်မှန်မျှတအောင်ညီညီညွတ်ညွတ်ဝိုင်းဝန်းပေးနိုင်ခဲ့ရင် ပြည်သူ့အစိုးရတရပ်ပေါ်လာမှာပါ။

ပြည်သူကိုအမှန်တကယ်ကိုယ်စားပြုတဲ့ ပြည်သူ့ အစိုးရသာလျှင်ပြည်တွင်းစစ်ကိုအပြီးတိုင်ငြိမ်းသတ် လို့ ငြိမ်းချမ်းရေးရအောင်လုပ်ပေးနိုင်မှာဖြစ်သလို၊ တရားမျှတတဲ့ အများလက်ခံနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပြဌာန်းလို့ တရားဥပဒေစိုးမိုးမှု့အောင်၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှု့ရေး၊ ရှိရှိသမျှကဏ္ဍအသီးသီးမှာ လုံခြုံမှု့ တိုးတက်မှု့တွေရအောင် စွမ်းဆောင်နိုင်မှာဖြစ်ကြောင်း မီးမောင်း ထိုးလိုက်ပါရစေ။

လေးစားစွာဖြင့်
မင်းကောင်းချစ်
ဇန္န၀ါရီလ (၁၀) ရက်နေ့  ၂၀၁၅ ခုနှစ်

မြန်မာနိုင်ငံမှာ စစ်တပ်ထိပ်သီးခေါင်းဆောင်တွေ သွေးနားထင်ရောက်နေကြတယ်။ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်း ခဲ့ပြီးနောက်ပိုင်း နေရာတကာတိုင်းမှာစစ်တပ်ကြီးစိုးလိုတဲ့စိတ်တွေ ပိုပြီးတော့ကြီးမားကျယ်ပြန့်လာတယ်။ ပြည်သူ့တပ် မတော်သားဆိုတဲ့စကားရပ်ဟာ တချိန်က မြန်မာ့လူမှုအသိုင်းအ၀ိုင်းကြားမှာ လူပြောများခဲ့တယ်။ အခုတော့ မော်ကွန်း တိုက်ထဲမှာ အတိတ်ရဲ့အရိပ်အဖြစ်နဲ့ရောက်နေပြီ။ အာဏာရှင်လူတစုအတွက် အလုပ်အကျွေုးပြုခဲ့ကြရတယ်။ အဲဒီ နောက် စစ်တပ်ထိပ်သီးခေါင်းဆောင်တွေဟာ ကိုယ်ကျိုးရှာလာတယ်။ အဲဒါဟာ မြန်မာနိုင်ငံအတွက်မကောင်းဘူး။

ဒီတော့ စစ်တပ်နဲ့ပြည်သူကြားနီးကပ်မှု၊ ကြည်ဖြူမှု၊ လက်တွဲညီမှုကို ဖော်ဖို့ခက်နေတယ်၊ ဒါကြောင့် စစ်တပ် ခေါင်းဆောင်တွေရဲ့အတွင်းစိတ်သန္တာန် ပြောင်းလဲဖို့လိုတယ်။ ဒီလိုမျိုးလုပ်တာဟာ စစ်တပ်ခေါင်းဆောင်အဆင့်ဆင့် အတွက်ရော စစ်တပ်တခုလုံးအတွက်ပါ နာမည်ကောင်းရစေတယ်၊ သိက္ခာတက်စေတယ်၊ လူထုရဲ့ယုံကြည်မှုကိုရစေ တယ်ဆိုတဲ့အချက်ကို သဘောပေါက်လက်ခံလာအောင် အခြေအနေကောင်းတွေကိုဖန်တီးရမယ်။

ဒီအခြေအနေတွေကိုဘယ်သူက ဖန်တီးကြမှာလဲ။ အရင်ဆုံးလုပ်ရဖို့လိုတာက လက်ရှိစစ်တပ်ထိပ်သီးခေါင်း ဆောင်တွေက အစပျိုးရမှာပါ။ တချိန်တည်းမှာပဲ နိုင်ငံရေးသမားတွေက စစ်တပ်ခေါင်းဆောင်တွေကိုနားချရမယ်။ အာဏာရှင်လက်အောက်က စစ်တပ်အဖြစ်ကနေ လွတ်မြောက်အောင်လုပ်ရမယ်၊ ဒီမိုကရေစီအခြေပြုနိုင်ငံရေးစနစ်မှာ သိက္ခာသမာဓိပြည့်ဝတဲ့စစ်တပ်အဖြစ်ရောက်အောင် ကြိုးပမ်းလုပ်ဆောင်ရမယ်။

စစ်တပ်ဆိုတာ အထက်အမိန့်အဆင့်ဆင့်ကိုနာခံရတဲ့အတွက် စစ်တပ်အကြီးအကဲနဲ့ စစ်တပ်ထိပ်သီးခေါင်း ဆောင်တွေက သူတို့ရဲ့ကိုယ်ပိုင်အသိစိတ်နဲ့ ပြုပြင်ပြောင်းလဲတာမျိုးလုပ်မှ လက်အောက်ခံအဆင့်ဆင့်ဟာလည်း ခေါင်းဆောင်တွေနည်းတူ လုပ်ဆောင်ကြမှာဖြစ်တယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့လူမှုပတ်ဝန်းကျင်အခြေအနေက ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကိုထူထောင်ဖို့ ဦးတည်နေပြီ။ လူထုရဲ့ဆန္ဒနဲ့ပြည်တွင်းအခြေအနေတွေကို တားဆီးဟန့်တားပိတ်ပင်လို့မဖြစ်တော့ဘူး။ အာဏာရှင်တွေ ရဲ့လက်ကိုင်တုတ်ဘ၀အဖြစ်နဲ့နေခဲ့ရတာနဲ့ အဲဒီကနေတဆင့် ကိုယ်တိုင်အာဏာအကြီးအကျယ်ရယူချုပ်ကိုင်လာတဲ့ အနေအထားကိုရောက်နေတော့ ဒီကနေ့စစ်တပ်ထိပ်သီးခေါင်းဆောင်တွေအတွက်တော့ အမူအကျင့်ကို ပြုပြင်ပြောင်းလဲ ဖို့ စိတ်ဓာတ်တွေကိုပြုပြင်ပြောင်းလဲဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။
၁၈ နှစ်အရွယ် လူလားမြောက်စအချိန် လူ့ဘ၀အကြောင်းကို စပြီးသိဖို့ကြိုးစားတဲ့အချိန်မှာ စစ်တပ်ထဲရောက် သွားပြီး စစ်တပ်ထဲမှာကျင့်သုံးနေတဲ့အယူအဆ၊ ဓလေ့ထုံးစံ၊ အမူအကျင့်တွေကို ပုံသွင်းရိုက်ထည့်ခံခဲ့ရတဲ့သူတွေရဲ့ အတွင်းစိတ်သန္တာန်နဲ့အမူအကျင့်တွေကိုပြောင်းလဲဖို့ဟာ လွယ်တဲ့ကိစ္စမဟုတ်ဘူးလို့ ဆိုချင်တာပါ။ မလွယ်တဲ့အတွက် ပြင်လို့မရတော့ဘူးလို့တော့မဟုတ်ဘူး။ လူသားတွေဖြစ်တဲ့အတွက် ဆင်ခြင်တုံတရားရှိရမယ်။

ဦးနေ၀င်းက စစ်တပ်ကို မြင်းဇတ်သွင်းလိုက်တော့ ကန်တတ်လာတယ်။ ဦးသန်းရွှေက ဂျိုတပ်ပေးလိုက်တယ်။ ဒီတော့ ကန်လည်းကန်တတ်တယ်၊ ဝှေ့လည်းဝှေ့တတ်တယ်။ အာဏာရှင်တွေရဲ့အဲဒီလိုပုံသွင်းမှုတွေကြောင့် လူထုကို ကန်တယ်၊ ဝှေ့တယ်။ ဒီအခြေအနေဟာ အားလုံးအတွက်ကောင်းကျိုးမပေးတဲ့အခြေအနေပါ။
လူဆိုတာ တနေ့မှာသေကြတာပဲ၊ တချို့ကျတော့ လူသေသွားပေမဲ့ နာမည်မသေဘူး။ တချို့ကျတော့လည်း လူသေပြီးတဲ့နောက် နာမည်လည်းသေသွားတယ်။ တချို့ကျတော့ လူမသေသေးပေမဲ့ နာမည်သေနေပြီ။ ဒါတွေကို မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းမှာ နိုင်ငံရေး စစ်ရေးခေါင်းဆောင်တွေရဲ့သမိုင်းကိုလေ့လာကြည့်ရင် အလွယ်တကူသိနိုင် တယ်။
စစ်တပ်ရဲ့မူလတာဝန်ဖြစ်တဲ့ နိုင်ငံကာကွယ်ရေးအလုပ်ဟာ သိက္ခာရှိတဲ့အလုပ်ပါ။ စစ်တပ်ဟာ အာဏာရှင်တွေ ရဲ့အရောင်ဆိုးတာကိုခံခဲ့ရတယ်။ ဒါပေမဲ့တချို့သူတွေက အဲဒီလိုအဆိုးခံထားရတဲ့အရောင်ကို ကြိုက်နေကြတယ်။ အဲဒီလို ကြိုက်နေတဲ့သူတချို့က စစ်တပ်ကို အာဏာရှင်ရဲ့လက်ကိုင်တုပ်စစ်တပ်အဖြစ်ကနေ ပြည်သူလူထုရဲ့စစ်တပ်ဖြစ်သွားမှာ သိပ်ကိုစိုးရိမ်ကြောက်ရွံ့နေကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိစစ်တပ်ထိပ်သီးခေါင်းဆောင်တွေရော၊ နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေပါ ညှိညှိ နှိုင်းနှိုင်းတိုင်တိုင်ပင်ပင်လုပ်ရမယ့်အလုပ်က စစ်တပ်ကို နိုင်ငံရေးလောကထဲကနေဆွဲထုတ်သွားဖို့ပဲ၊ ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ အသေးစိတ်အစီအစဉ်တွေကို ခေါင်းဆောင်တွေညှိလို့ရပါတယ်။ မြန်မာ့လူ့ဘောင်မှာ စေ့စပ်ညှိနှိုင်းပြီး အပေးအယူ လုပ်တဲ့အစဉ်အလာနဲ့ယဉ်ကျေးမှုကအားနည်းနေသေးပေမဲ့ ပြောင်းလဲလာတဲ့မြန်မာ့လူမှုအသိုင်းအ၀ိုင်း၊ ထိတွေ့ဆက်စပ် မှုများလာတဲ့နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့အခြေအနေတွေ အတွေ့အကြုံတွေနဲ့ချိန်ထိုးတန်ချိန်ထိုး၊ နည်းနိဿယယူတန် ယူပြီး ချင့်ချင့်ချိန်ချိန်နဲ့လုပ်ရင်ဖြစ်ပါတယ်။

စစ်တပ်ရဲ့အဓိကအလုပ်ကတော့ နိုင်ငံကာကွယ်ရေးပါ။ ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်ဟာ လူထုသစ္စာခံရမှာပဲ။ ကြုံတုန်း တူရကီနိုင်ငံကအဖြစ်အပျက်တခုကိုပြောချင်တယ်။ ၁၉၉၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ဒီမိုကရေစီကျကျ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ တူရကီဝန်ကြီးချုပ်သစ်အဖြစ် Tansu Ciller ကျမ်းသစ္စာကျိမ်ဆိုတယ်။ တူရကီနိုင်ငံရဲ့ ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်တယ်။ အဲဒီအခမ်းအနားပြီးတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်က ၀န်ကြီးချုပ်ဆီ တယ်လီဖုန်းဆက်တယ်။ ခဏတွေ့ပါရစေတဲ့။ တူရကီနိုင်ငံသမိုင်းမှာ စစ်တပ်ဟာ အာဏာထက်ခဲ့တယ်။ အာဏာသိမ်း တာတွေအကြိမ်ကြိမ်ရှိခဲ့တယ်။ စစ်အုပ်ချုပ်ရေးကိုနှစ်ပေါင်းများစွာကျင့်သုံးခဲ့တယ်။ ၀န်ကြီးချုပ်သစ်ကလည်းကာကွယ်ရေး ဦးစီးချုပ်ကို ၀မ်းမြောက်စွာနဲ့လက်ခံတာပေါ့။ အဲဒါနဲ့ ကာကွယ်ရေးဦးစီးချုပ်ဟာ ၀န်ကြီးချုပ်ရုံးကိုရောက်လာတယ်။ ၀န်ကြီးချုပ်ကိုအလေးပြုလိုက်ပြီး I am at your command လို့စကားတခွန်းပဲပြောပြီးပြန်သွားတယ်။
အဲဒီကာကွယ်ရေးဦးစီးချုပ်ဟာ ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်ဟာဘယ်လိုနေရမလဲဆိုတာကောင်းကောင်းသိပြီး ပြတ်ပြတ်သားသားလုပ်ကိုင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး တူရကီစစ်တပ်ဟာ အတိတ်ကဖြစ်ခဲ့တာတွေကို အကောင်းဆုံး ဖြစ်အောင်ပြည်ဖုံးကားချနိုင်ခဲ့တယ်။ တူရကီစစ်တပ်အကြီးအကဲက သူ့ရဲ့အဇ္ဈတ္တကို ပြောင်းလဲလိုက်တာပဲ။
ကျော်ကျော်စိုး (ဂျပန်)
ဇန်န၀ါရီ ၉ ။ ၂၀၁၅ ခုနှစ်

တောင်ကြီး၊ ဇန်နဝါရီ ၉- ရှမ်းပြည်တောင်ပိုင်းတောင်ကြီးခရိုင်အတွင်းရှိ PNA အသွင်ပြောင်းပြည်သူ့စစ်မှ သိမ်းယူထားသည့်မြေယာများ ပြန်လည်ရရှိရေး အတွက် ကျေးရွာပေါင်း ၂ဝမှ တောင်သူ ၅၀၀ ကျော်က တောင်ကြီးမြို့၌ ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်သူများမှာ ဇန် နဝါရီ ၈ရက်နေ့ နံနက် ၁၁ နာရီ တွင် ဗိုလ်ချုပ်ပန်းခြံမှ စိန်ပန်းရပ်ကွက်ရှိ အောင်မြေဘုံစံကျောင်းအထိတောင်းဆိုချက်များပါရှိသော ပိုစတာများကိုင် ဆောင်ကြွေးကြော်ကာဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

တောင်ကြီးခရိုင်အတွင်းရှိတောင် ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နှင့် ရပ်စောက်မြို့နယ်များအတွင်းရှိ မြေ ဧက ၃၀၀၀ကျော်ကို PNA အသွင် ပြောင်းပြည်သူ့စစ်မှသိမ်းယူထားပြီး မြေယာများပြန်လည်ရရှိရေးအတွက် နိုင်ငံတော်သမ္မတအပါအဝင် မြေယာ ကော်မတီများသို့ တင်ပြတိုင်ကြား ထားသော်လည်း ယနေ့အထိ စိစစ် ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ယခုကဲ့သို့ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူနောင်ကားရွာ မှနန်းမေစိုးဦးက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သော သိမ်းဆည်းခံတောင်သူများက အောင် မြေဘုံစံကျောင်းဝင်းအတွင်းတွင် သိမ်း ဆည်းခံထားရသော မြေယာများနှင့် ပတ်သက်၍ နောင်ကားကျေးရွာမှ နန်းမေစိုးဦး၊ ညိုမွီးမှဦးမောင်အေး၊ ဖက်ကွန်မှဦးအောင်ဆန်း၊ ဆိုက်ခေါင် မှနန်းခမ်းလိတ်နှင့်မတု၊ ထီဗွာမှဦး ကျော့နှင့်ကွန်လုံမှ ဦးစီမောင်တို့ကရှင်း လင်းပြောကြားခဲ့သည်။

''ကျွန်မတို့မြေယာတွေသိမ်းခံရ တော့ လုပ်စားစရာမရှိဘူး။ တစ်ဖက်နိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားဘဝ နဲ့ရှစ်နှစ်သွားလုပ်ကိုင်ရတယ်။ ဒုက္ခ အရမ်းရောက်တယ်။ အခုပြန်လာတော့ လဲ ဘာမှလုပ်ကိုင်စားစရာမရှိဘူး၊ သားသမီးတွေပညာရေးကအစမတတ် နိုင်တော့ဘူး''ဟု နောင်ကားမှ မြေ သုံးဧကကျော်သိမ်းဆည်းခံထားရသူ နန်းမေစိုးဦးက ပြောပြသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုနှင့်ပတ် သက်၍ PNA အသွင်ပြောင်းပြည်သူ့ စစ်မှကွပ်ကဲရေးမှူးဗိုလ်မှူးကြီးခွန်လာ က ၁၉၉၁ နောက်ပိုင်း လက်နက်နှင့် ဒီမိုကရေစီလဲလှယ်သည့်အချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ် ဆောင်ရန်အဖွဲ့အနေဖြင့် မြေယာ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သော်လည်း ဧက ၃၀၀၀ ကျော်အထိ သိမ်းဆည်းခဲ့ခြင်းမရှိကြောင်း ငြင်းဆို ခဲ့သည်။

''အဲ့ဒီအချိန်က ကျေးရွာက ဒေသခံပြည်သူလူထုနဲ့ ကျေးရွာလူကြီးတွေရဲ့ ညှိနှိုင်းသဘောတူညီမှု အရ မြေယာသိမ်းဆည်းမှုတွေပြု လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီမြေတွေကို ကျောင်းတွေ၊ ကျန်းမာရေးအဆောက် အအုံတွေ၊ သင် တန်းကျောင်းတွေနဲ့ အားကစားကွင်းတွေအဖြစ် အကောင်အထည်ဖော်ခဲ့တာ လက်တွေ့မြင်နိုင် ပါတယ်''ဟု ဗိုလ်မှူးကြီးခွန်လာက မြေယာသိမ်းဆည်း မှုနှင့်ပတ်သက်၍ ပြန်လည်ဖြေရှင်းခဲ့သည်။

ဗိုလ်မှူးကြီးခွန်လာက ယခု တောင်းဆိုဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်သောမြေယာ များအနက် ၁၉၉၁ ခုနှစ်နောက်ပိုင်းသိမ်းဆည်းမြေများမှ အထောက်အထား ခိုင်လုံပြီး သက် သေပြနိုင်သောမြေများအား တဖြည်းဖြည်းချင်း စိစစ်ဆောင် ရွက်ဖြေရှင်း ပေးသွားမည်ဟု ဖြေကြားခဲ့သည်။

MWY (MMK)
#Democracytoday

၂၀၁၅ နှစ်ဆန်းတွင် သမ္မတဦးသိန်းစိန်က အစိုးရ၏ အစီရင်ခံစာ မိန့်ခွန်းကို ပြောဆို သွားသည်။ မိန့်ခွန်းတွင် ၂၀၁၅ ရွေးကောက်ပွဲကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါဆုံး အဆင့်တစ်ဆင့် အဖြစ် ထည့်ပြော သွားသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အမှန်တကယ် ကျင်းပ ဖြစ်ပါ့မလားဟူ၍ အများသူငှာ စိုးရိမ်နေသည့် အချိန်တွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်မည်ဟု သမ္မတက ကတိပေးပြောဆို လိုက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၂၀၁၅ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာ လဆန်းပိုင်း တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆို ထုတ်ပြန်မှုများ ရှိသည့်တိုင် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင်။ အကယ်၍ ရွေးကောက်ပွဲ ရလဒ်သည် ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်း ကျခဲ့ပါကလည်း ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ အခြေအနေမျိုး တစ်ကျော့ ပြန် လည် တွေ့ကြုံရဦးမည်ကို စိုးရိမ်မှုများ ရှိနေသည်။

လက်ရှိ အခင်းအကျင်းများအရ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် ဖြစ်နိုင်ခြေ နည်းလွန်း နေပြီး မတရားသော ရွေးကောက်ပွဲဆီ ဦးတည်ရန် ရာနှုန်း များနေပေသည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အဓိက ပြဋ္ဌာန်းချက်များကို မပြင်ဆင်ဘဲ ကျင်းပသည့် ရွေးကောက်ပွဲသည် တရားမျှတမည် မဟုတ်ပေ။ အခြေခံဥပဒေ မပြင်ပါက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကိုသာ ပြည်သူက ရွေးကောက်ခွင့် ရပေမည်။ လူထုထောက်ခံမှု အများဆုံး ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် သည်လည်း မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့်တိုင်၊ မြန်မာနိုင်ငံသား စစ်စစ်လည်း ဖြစ်သည့် တိုင် ပြည်သူက နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးကောက် တင်မြှောက်ခွင့် ရရှိမည် မဟုတ်ပေ။ ပြည်သူက အမှန်တကယ် ရွေးကောက်ထားသော ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များသည်လည်း ဆန္ဒရှိသည့်တိုင် အခြေခံ ဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် အဆိုပြုနိုင်လိမ့်မည် မဟုတ်ပေ။ ဆိုရလျှင် အခြေခံဥပဒေပါ အဓိက ပြဋ္ဌာန်းချက်များကို မပြင်ဆင်ဘဲ ကျင်းပမည်ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲသည် ပြည်သူ့ ဆန္ဒကို ပြည့်ပြည့်၀၀ ထင်ဟပ်နိုင်ဦးမည် မဟုတ်ပေ။

ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍက လွန်စွာ အရေးကြီးသည်။ လက်ရှိတွင် စစ်အာဏာရှင်က မွေးထုတ်ထားသော ပြည်ခိုင်ဖြိုး ပါတီ၏ ထိပ်တန်း ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဦးတင်အေးက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်နေသည်။ ယင်းအချက် တစ်ချက်တည်းနှင့်ပင် ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်ချက် ကင်းမဲ့ရန် အကြောင်း လုံလောက်နေသည်။ ထိုမျှသာမက ကော်မရှင်ဥက္ကဋ္ဌ၏ အာဏာရှင် အသံပေါက်နေသော စကားများကြောင့် လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင် အတွင်းသို့ စစ်ဗိုလ် အများအပြားကို သွတ်သွင်း နေခြင်းကြောင့် လည်းကောင်း ရွေးကောက်ပွဲ ကော်မရှင်အပေါ် ယုံကြည်မှုထားရန် မဖြစ်နိုင်ဘဲ ရှိနေသည်။

စစ်အာဏာရှင်က မွေးထုတ်ထားသော ပြည်ခိုင်ဖြိုးပါတီ၏ အနေအထားကို သုံးသပ်ကြည့်မည် ဆိုပါကလည်း တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာရန် ဖြစ်နိုင်ချေနည်းသည့် အခြေအနေကို တွေ့ရမည် ဖြစ်သည်။ စစ်အစိုးရ လက်ထက်တွင် နိုင်ငံတော်ဘဏ္ဍာ (ပြည်သူ့ဘဏ္ဍာ)များ ရယူ၍ လူမှုရေးအသင်းအဖြစ် ထူထောင် ခဲ့သော ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲချိန်တွင် အသင်းပိုင် ပြုလုပ်ခဲ့သော နိုင်ငံတော်ပိုင် (ပြည်သူပိုင်)ဘဏ္ဍာများကို ပါတီအတွက် အသုံးချသည်မှာ အထင်အရှားပင် ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပါတီလှုပ်ရှားမှုများအတွက် ဘဏ္ဍာငွေ သုံးစွဲမှုများသည် နိုင်ငံတော်ပိုင် (ပြည်သူပိုင်)ဘဏ္ဍာ၊ ပစ္စည်းများနှင့် ကင်းလွတ်ခြင်း ရှိ မရှိ၊ ဥပဒေနှင့် ညီ၊ မညီစသည်တို့ကို ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် စိစစ် ပေးသင့်သည်။ အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော NLD ၏ ဘဏ္ဍာရေးအင်အားနှင့် ပြည်ခိုင်ဖြိုး၏ ဓနအင်အားကို ချိန်ထိုးကြည့်ပါက မိုးနှင့်မြေပမာ ဖြစ်နေသည်။ အခြားအခြားသော ပြိုင်ဖက် ပါတီများထက် ဓန အင်အား သာလွန်အောင် နိုင်ငံတော်ပိုင်၊ ပြည်သူပိုင်ဘဏ္ဍာများကို အလွဲသုံးစားပြု လုပ်ရန် ခွင့်ပြု ပေးထားသည်ဆိုလျှင် လုံးဝ တရားမျှတမည် မဟုတ်ပေ။

လက်ရှိ အခင်းအကျင်းများအရ အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပ ဖြစ်ခဲ့လျှင်လည်း လွတ်လပ်၍ တရား မျှတရန် လွန်စွာရာနှုန်း နည်းနေသေးသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ပါက သမ္မတ ပြောဆို သွားသကဲ့သို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါဆုံး အဆင့်တစ်ဆင့် ဖြစ်လာမည် မဟုတ်ပေ။ မတရားသော ရွေးကောက်ပွဲဆီသို့ ဦးတည်နေသည့် အကြောင်းတရားများအား ၀ိုင်းဝန်း တိုက်ဖျက်သွားမှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

အယ်ဒီတာ

၇-၁-၂၀၁၅

မြန်မာသံတော်ဆင့်သတင်းဌာန


NLD ပညာရေးကွန်ရက် ၄ နှစ် ခရီးမှာ ပြောခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

photo,Video
Aye Mya Mya Myo

ပုံ-အငြင်းပွားဖွယ်ရာ Charlie Hebdo မျက်နှာဖုံးပုံအချို့

လာမည့်သီတင်းပတ်အတွင်း Charlie Hebdo မဂ္ဂဇင်း စောင်ရေ ၁ သန်း ဖြန့်ချိသွားမည်ဟု ပြင်သစ်မီဒီယာများနှင့် စာနယ်ဇင်းသမားများက ကြုံးဝါးထားသည်။

လာမည့်ဗုဒ္ဓဟူးနေ့တွင် ထွက်ရှိမည်ဖြစ်သော Charlie Hebdo မဂ္ဂဇင်းကို စောင်ရေ ၁သန်းခန့် ဖြန့်ချိသွားမည်ဖြစ်ကြောင်း Charlie Hebdo ရှေ့နေ ရစ်ချတ်မော်လ်ကာ၏စကားကို ကိုးကား၍ ပြင်သစ်သတင်းစာ Le Monde က ဖော်ပြသည်။ ချာလီဟက်ဘ်ဒို သည် အပတ်စဉ်ထုတ် မဂ္ဂဇင်းဖြစ်ပြီး ပုံမှန်စောင်ရ လေသောင်း ငါးထောင်ခန့်ရှိကြောင်း သိရသည်။

ကြာသပတေးနေ့က Charlie Hebdo တွင် ပင်တိုင်ရေးသားလေ့ရှိသူ ပက်ထရစ်ပယ်လူးကလည်း အင်တာဗျုးတခုတွင် Charlie Hebdo ရပ်တန့်သွားမည် မဟုတ်ကြောင်း မျက်ရည်စက်လက်ဖြင့် ကြုံးဝါးသွားသည်။
ပယ်လူသည် ဆရာဝန်လည်းဖြစ်ပြီး ချာလီဟက်ဘ်ဒို တိုက်ခိုက်ခံရချိန်တွင် အနီးအပါးတွင်ရှိနေခဲ့ပြီး ဒဏ်ရာသူများကို ပြုစုရန် အကူအညီတောင်းခံခဲ့ရသေးသည်။

iTELE ရုပ်သံလိုင်းနှင့် အင်တာဗျုးတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အမျိုးသား၊ အမျိုးသမီးများသည် လူစွမ်းကောင်းများဖြစ်သည်ဟု ပယ်လူး က ပြောသည်။

“အဲဒီတုန်းက သူတို့က လူမျိုးရေးခွဲခြားမှုကို ဘယ်လို တိုက်ဖျက်မလဲဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်နေကြတာ၊ အဲဒီမှာ တည့်တည့်တိုးတာပဲ”

“မဂ္ဂဇင်းက ဆက်ထွက်နေဦးမှာပဲ”ဟု ၎င်းက ပြောသည်။

ရေဒီယိုပြင်သစ် နှင့် ပြင်သစ်ရုပ်သံတို့ကလည်း မဂ္ဂဇင်းဆက်လက်ထွက်ရှိရေးအတွက် ကူညီသွားမည်ဖြစ်ကြောင်း ပူးတွဲကြေငြာချက်တစောင် ထုတ်ပြန်သည်။ ယင်းအပြင် ချာလီဟက်ဘ်ဒိုကို အကူအညီပေးရန် အခြား မီဒီယာဌာနများသို့လည်း တိုက်တွန်းထားသည်။

“ခြောက်လှန့်မှုနှင့် ကြုံတွေ့ရနေချိန်မှာ ရေဒီယိုပြင်သစ်၊ ပြင်သစ်ရုပ်သံနှင့် Le Monde တို့က ချာလီဟက်ဘ်ဒို မရပ်တန့်သွားရန်နှင့် ဆက်လက်ထွက်ရှိနိုင်ရန် လိုအပ်သည့်အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွတ်လပ်မှု၏ အခြေခံသဘောတရား၊ လွတ်လပ်စွာ တွေးခေါ်နိုင်မှု၊ လွတ်လပ်စွာ ဖော်ပြနိုင်မှုတို့ကို စုစုစည်းစည်းဖြင့် ကာကွယ်ကြရန် အဖွဲ့ ၃ ဖွဲ့မှ ပြင်သစ်မီဒီယာများအား ဆော်သြထားသည်။

ပါရီမြို့ရှိ Charlie Hebdo ရုံးခန်းသို့ မျက်နှာဖုံးစွပ်သေနတ်သမားများက အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အယ်ဒီတာချုပ်အပါအ၀င် ဂျာနယ်လစ် ၈ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအ၀င် ၁၂ ဦး သေဆုံးခဲ့ရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

ပြင်သစ်နိုင်ငံ ပါရီ မြို့တော် မှာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေဟာ သောကြာနေ့က သူတို့ ပိတ်ဆို့ ဝိုင်းရံ ထားခဲ့ ကြတဲ့ လက်နက်ကိုင်တွေ ထိန်းထား တဲ့ နေရာ ၂ ခုကို ဝင်ရောက် စီးနင်း ရှင်းလင်း ခဲ့ကြပြီး ဖြစ်ပါတယ်။

ရှာလီအက်ဘ်ဒို မဂ္ဂဇင်း တိုက်ကို တိုက်ခိုက် ခဲ့ကြသူတွေ လို့ သံသယ ရှိရတဲ့ ညီအစ်ကို ၂ ဦး ရှိရာ ပါရီ မြို့ မြောက်ဘက် က သိုလှောင်ရုံ အဆောက်အဦ ကို ဝတ်စုံနက် ပြင်သစ် ကွန်မန်ဒိုတွေ ဦးစွာ ဝင်ရောက် စီးနင်း ခဲ့ကြပြီး၊ ရှရိဖ် နဲ့ ဆာအိဒ် ကွာရှီ ညီအစ်ကို ၂ ဦးကို အသေ ဖမ်းစီး မိ နိုင်ခဲ့ပါတယ်။ သူတို့ ဖမ်းဆီးထားတဲ့ ဓားစာခံ လည်း ဘေးမသီ ရန်မခ လွတ်မြောက် ခဲ့ပါတယ်။

အဲဒီ့ စီးနင်းမှု နဲ့ မိနစ် အနည်းငယ် ခြားပြီးတော့ပဲ ပါရီ အရှေ့ပိုင်း ဗန်ဆင်း အရပ်က ဂျူး ပိုင် ကုန်တိုက် တစ်ခုထဲ ဓားစာခံ များစွာကို ထိန်းသိမ်း ထားတဲ့ သေနတ် သမားကိုလည်း ပြင်သစ်ရဲ တွေ ဝင်ရောက် ရှင်းလင်း ခဲကြ ပါတယ်။

အဲဒီ့ သေနတ် သမား ဟာ ကွာရှီ ညီကို ၂ ဦး ကို ပြင်သစ် တပ်ဖွဲ့တွေ ဝင်ရောက် ရှင်းလင်းမယ် ဆိုရင် သူဖမ်းထားတဲ့ သူတွေကို သတ်ပစ် မယ် ဆိုပြီးတော့ ခြိမ်းခြောက် နေခဲ့သူ ဖြစ်ပါတယ်။

အဲဒီ့ သေနတ်သမားကို လည်း အသေ ဖမ်းမိခဲ့ပြီး၊ ဓားဆာခံ ၄ ဦး လည်း သေဆုံးခဲ့ရတယ် လို့ ပြင်သစ် အာဏာပိုင် တွေက ပြောပါတယ်။

အခုလို ပြင်သစ် လုံခြုံရေး တပ်ဖွဲ့တွေ လုပ်ဆောင် ခဲ့မှုနဲ့ ပတ်သက်လို့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ဒီ စစ်ဆင်ရေး ထဲမှာ ပါဝင် ခဲ့သူတွေ ရဲ့ သူရသတ္တိ နဲ့ စွမ်းဆောင်ရည် အပေါ် ဂုဏ်ယူ ကြောင်း ချီးကျူး ပြောဆို လိုက်ပါတယ်။ ဒါပေမယ့် ပြင်သစ် နိုင်ငံ အပေါ် ကျရောက်နေတဲ့ အကြမ်းဖက် အန္တရာယ် ဟာ ပြီးဆုံး မသွားသေးပဲ အများ ပြည်သူ အနေနဲ့ သတိထား နေကြဖို့လည်း သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပြောခဲ့ ပါတယ်။

တနင်္ဂနွေ နေ့ ပါရီမြို့တော်မှာ ပြုလုပ်မယ့် စုပေါင်း ချီတက်ပွဲမှာ သူပါဝင် တက်ရောက် မယ် ဆိုပြီးတော့ လည်း သမ္မတ အိုလော်န့် က ပြောပါတယ်။ ပြင်သစ် နိုင်ငံက ကိုင်စွဲ ထားရှိတဲ့ စံတန်ဖိုးတွေကို ပြသဖို့ ချီတက်ပွဲ ပြုလုပ် ရတာ လို့လည်း ဆိုပါတယ်။

အဲဒီ့ ချီတက်ပွဲမှာ ဗြိတိန် ဝန်ကြီးချူပ် ဒေးဗစ် ကင်မရွန်း စပိန် ဝန်ကြီးချူပ် မရီယားနို ယက်ခွန်း နဲ့ ဂျာမဏီ ဝန်ကြီးချူပ် အိန်ဂလာ မက်ခဲလ် တို့ အပါအဝင် ဥရောပ ခေါင်းဆောင် တွေ လည်း လာရောက် ပူးပေါင်း ပါဝင် ပါလိမ့်မယ်။

ဘီဘီစီ
http://www.bbc.co.uk/burmese/world/2015/01/150109_france_siege_hollande


ပြင်သစ် နိုင်ငံမှာ ဓားစာခံတွေ ဖမ်းဆီး ခံထားရတဲ့ နေရာ နှစ်နေရာ စလုံးကို ပြင်သစ် ရဲတွေက ဝင်ရောက် စီးနင်း ခဲ့ပါတယ်။

နိုင်ငံ မြောက်ပိုင်း ဒါမာတန် မြို့က ပုံနှိပ်လုပ်ငန်း ဂိုထောင်ကို ဝင်ရောက် စီးနင်းရာမှာ မဂ္ဂဇင်းတိုက်ကို ပစ်ခတ် ခဲ့သူတွေလို့ သံသယရှိတဲ့ သေနတ်သမား ညီအစ်ကို နှစ်ယောက်စလုံးကို အသေ ဖမ်းမိခဲ့ပါတယ်။

သူတို့တွေ ဖမ်းဆီး ထားခဲ့တဲ့ ဓားစာခံကတော့ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

မရှေးမနှောင်းမှာပဲ ဓားစာခံတွေ ဖမ်းဆီး ခံထားရတဲ့ နောက်တစ်နေရာ ဖြစ်တဲ့ ပဲရစ်မြို့ အရှေ့ပိုင်းက စူပါမားကတ် ကိုလည်း ပြင်သစ် ရဲတွေက ဝင်ရောက် ရှင်းလင်းရာမှာ သေနတ်သမားကို အသေ ဖမ်းမိခဲ့ပါတယ်။

အဲဒီ စူပါမားကတ်မှာ အဖမ်းခံထားရတဲ့ ဓားစာခံတွေထဲက အနည်းဆုံး ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

BBC Burmese

ပဲရစ်မြို့တော်ရှိ ဓားစာခံများ အဖမ်းခံထားရသည့် ဂျူး ကုန်တိုက်အနီး နေရာယူနေသည့် ရဲတပ်ဖွဲဝင်များ။ ဇန်န၀ါရီ ၉၊ ၂၀၁၅။
Charlie Hebdo မဂ္ဂဇင်းတိုက်ကို ၀င်ပစ်ပြီး လူသတ်ခဲ့တယ်လို့ သံသယရှိသူနှစ်ဦး သေသွားပြီလို့ ပြင်သစ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှာ သူတို့ဖမ်းထားတဲ့ ဓားစာခံဟာလည်း ရဲတပ်ဖွဲ့က စီးနင်း တိုက်ခိုက်ချိန်အတွင်း လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။

ပဲရစ်မြို့တော်က သီးခြား ဖြစ်ရပ်မှာတော့ ဂျူး ကုန်တိုက်တခုမှာ ဓားစာခံတွေကို ဖမ်းထားတဲ့ နောက်ထပ် သေနတ်သမားတဦးကိုလည်း ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်အတွင်း ဓားစာခံသုံးဦး လည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပဲရစ်မြို့တော်နဲ့ နိုင်ငံမြောက်ပိုင်းက Dammartin-en-Goele မြို့က နှစ်နေရာစလုံးကို သောကြာနေ့ နေ့လည် ပိုင်းက တပြိုင်ထဲနီးပါး ရဲတပ်ဖွဲ့က ၀င်ရောက်တာနဲ့အမျှ ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေကို ကြားကြရပါ တယ်။

သရော်စာ မဂ္ဂဇင်းတိုက်ကို ဒီသီတင်းပတ်အတွင်း ၀င်ပစ်ခဲ့မှုနဲ့ သံသယရှိနေတဲ့ ညီအကိုနှစ်ဦးဖြစ်သူ Cherif နဲ့ Said Kouachi တို့ဟာ သူတို့ပုန်းနေတဲ့ ကုန်လှောင်ရုံထဲကနေ ထွက်လာပြီး ချဉ်းကပ်လာနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို စ ပစ်ပါတယ်။ သူတို့ကို ရဲတပ်ဖွဲ့အင်အားအများအပြားက ပြန်ပစ်ပြီး တားလိုက်တာပါ။

ပဲရစ်မြို့တော်က ဖြစ်ရပ်မှာတော့ ပဲရစ် ဂျူးရပ်ကွက်လို့သိကြတဲ Port de Vincennes နားက ကုန်တိုက်ထဲကို လုံခြုံရေးတပ်ဖွဲ့တွေ အတင်း ၀င်စီးကြပါတယ်။ အစောပိုင်းတုန်းက အဲဒီကုန်တိုက်ထဲ ၀င်စီးထားတဲ့ သေနတ် သမားကို ရဲတွေက ပစ်သတ်လိုက်ပြီး ဖမ်းခံထားရတဲ့ ဈေးဝယ်သူတွေနဲ့ ၀န်ထမ်းတွေကို ကယ်လိုက်ပါတယ်။

ဓားစာခံငါးဦးထက်မနည်း အဖမ်းခံခဲ့ရပြီး သုံးယောက်သေသွားတယ်လို့ အာဏာပိုင်တွေက ပြောပေမယ့် ဘယ် အချိန်မှာ ဘယ်သူ့လက်ချက်ကြောင့် သူတို့သေသွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/france-shooting/2592256.html

စီးပွားရေးဗီဇာ (Business Visa)ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံသား ၃ ဦး ငှားရမ်း နေထိုင်သည့် အိမ်တွင် အိမ်အကူ အမျိုးသမီး အသတ်ခံရပြီး ကျောက်စိမ်း ပုတီးထုပ်များ ယူဆောင် သွားမှု တစ်ခု ဇန်န၀ါရီ ၅ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့၊ နန္ဒ၀န်ရပ်ကွက် (၁)လမ်းနေအိမ် တွင် ဖြစ်ပွားခဲ့ သည်။

ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နန္ဒ၀န်ရပ်ကွက်၊ အိမ်အမှတ်(၂၂၇)၌ ငှားရမ်းနေထိုင်သည့် တရုတ် နိုင်ငံသား ၃ ဦးနှင့် စကားပြန် တစ်ဦးတို့၏ အိမ်အကူဖြစ်သူ ဒေါ်နှင်းနွယ်(အသက် ၅၀)မှာ အိမ်အတွင်း ရှိ လှေကားရင်း၌ လည်ပင်းတွင် ဓားဒဏ်ရာ များဖြင့် သေဆုံးနေပြီး နေအိမ်အိပ်ခန်း အတွင်းရှိ အလေးချိန် (၃၀)ကျပ်သား ရှိသည့် ကျောက်ပုတီးထုပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃၂၀ ကျော်ဖိုး ရှိ) ပျောက် ဆုံးနေ ကြောင်း စစ်ကိုင်းမြို့၊ ဘော်ဂါ ကျောက်ဝိုင်းမှ ပြန်လာသည့် အဆိုပါ တရုတ်နိုင်ငံသားများက တွေ့ရှိခဲ့သဖြင့် စကားပြန်ဖြစ်သူ မဂျာဆိုင်းပန် (ခ)မမေရှမ်းက စစ်ကိုင်းမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။

အိမ်ငှားရမ်း နေထိုင်သည့် တရုတ်နိုင်ငံသား ၃ ဦးမှာ အဆိုပါ အိမ်ကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကပင် ငှားရမ်း နေထိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တရုတ်နိုင်ငံသားများ အိမ်ငှားရမ်း နေထိုင်မှုမှာ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားချက်နှင့် ကွဲလွဲနေသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် နှစ်ပတ်ခန့်ကပင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူ သတိပေးခဲ့ဖူးပြီး စစ်ကိုင်းမြို့နယ် လူဝင်ကြီးကြပ်ရေး လ၀ကရုံးသို့ သွားရောက် အကြောင်းကြားရန် ပြောဆိုခံခဲ့ဖူးသူများ ဖြစ်သည်။

လ၀က၏ ညွှန်ကြားချက်အရ Business Visa ဖြင့် လာရောက်သူများမှာ အိမ်ငှားရမ်း နေထိုင်ခွင့် မရှိဘဲ သက်ဆိုင်ရာ ဟိုတယ်၊ တည်းခိုခန်း များတွင်သာ နေထိုင်ခွင့်ရှိကြောင်း သတ်မှတ်ထားသည်။

ယခုလူသတ်မှုနှင့် ပတ်သက်၍ ““သူတို့နေထိုင်တာက တစ်နှစ်လောက် ရှိပြီ။ အိမ်ရှင်ရော၊ သူတို့ ကိုကော ခေါ်ပြောပြီးပြီ။ အိမ်ရှင်က မော်လမြိုင်မှာ ဆိုတော့ လှမ်းပြောရတာပေါ့။ အိမ်ရှင်ကလည်း ကုန်တော့မယ်၊ လကုန်အောင်တော့ စောင့်ပါဦးလို့ဆိုလို့ အဲဒါ တော့ ခင်ဗျားတို့ အပိုင်းပဲလို့ ပြောလိုက်တယ်။ တရုတ်ကောင် ၃ ကောင်ကိုလည်း လ၀ကရုံးကို သွားဖို့ ပြောလိုက်တယ်။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က။ အခုကိစ္စနဲ့ ပတ်သက်ပြီး တော့ ကောင်မလေး မှတ်ပုံတင်ရယ်၊ တရုတ် ၃ ယောက် ပတ်စပို့စာအုပ် သုံးအုပ်ကိုတော့ စခန်းမှူးလ က်ထဲ ထည့်ပေးလိုက်တယ်””ဟု နန္ဒ၀န်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောဦးက မြန်မာသံတော် ဆင့်သို့ ပြောသည်။

တရုတ်နိုင်ငံသားများ အိမ်ငှားရမ်း နေထိုင်မှုကို ““အစ်ကိုတို့ကတော့ အဲဒါကို နောက်ကြောင်း ပြန်ပြီး လိုက်ပြီး စုံစမ်းတာ မလုပ်နိုင်သေးဘူး။ သူတို့ကိုပဲ လောလောဆယ်တော့ မှာထားလိုက်တာပေါ့။ နေလို့မရဘူး။ ဒါပေမဲ့ နေနေလား၊ မနေနေလားဆိုတာ သွားပြီးတော့ စစ်ဆေးတာတို့ ဘာတို့ မလုပ်ရသေးဘူး။ ဒါကလည်း စစ်ဆေး တယ်ဆိုရင် အဖွဲ့ပေါင်းစုံနဲ့ စစ်ဆေး ရတာကိုး။ အစ်ကိုတို့ တစ်ယောက်တည်း သွားစစ်လို့လည်း မဖြစ်ဘူးလေ။ အဲဒါကြောင့် အဲဒီ စစ်ဆေးတဲ့ကိစ္စတော့ မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ အစ်ကိုတို့ သိထားတာကတော့ သူတို့ ယာယီ သဘောမျိုးပဲ။ နေ့ခင်းဘက် ပစ္စည်းထားတယ်။ ပစ္စည်းဆေးတယ်။ ညအိပ် ညနေ မနေဘူးလို့ပဲ သိထားတယ်”” ဟု စစ်ကိုင်းမြို့နယ်၊ လ၀က ဦးစီးမှူး ဦးမိုးဇော်ခိုင်က ပြောသည်။

လတ်တလောတွင် အဆိုပါ လူသတ်မှုနှင့် လုယက်မှု ကျူးလွန်သူ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ (ပ) နံပါတ်(၁၉) ၂၀၁၅၊ ပုဒ်မ ၃၀၂/% ၃၉၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ တရုတ်နိုင်ငံသား ၃ ဦးကိုလည်း စစ်ဆေးလျက် ရှိသည်။

““သက်သေ စစ်ချက်အရ ပါတာပေါ့။ သူတို့ဘက်က ဘယ်လို ဖြေလဲ ဆိုတာတော့ ပြောလို့မရဘူး။ တရားခံက ဖမ်းမမိသေးဘူး။ ကျွန်တော်တို့က စစ်တုန်းဆေးတုန်းပဲ ရှိသေးတယ်””ဟု စစ်ကိုင်း မြို့မရဲစခန်းမှူး ဒုရဲမှူး သိင်္ခ၀င်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အောင်ကိုဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပွားရာ လက်ပံတောင်းတောင် ဒေသ တွင် မြေယာလျော်ကြေးများကို ဒေသခံများအား အားလုံးပေးအပ်ပြီး ဖြစ်သည်ဟု ထောက်ခံပြော ဆိုခဲ့သည့် သမ္မတ ပြောရေးဆိုခွင့်နှင့် ပြန်ကြားေ ရး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို အလိုမရှိကြောင်း ဇန်န၀ါရီလ ၇ရက်တွင် ဆည်တည်းကျေးရွာ၊ ဇီးတောကျေးရွာ၊ မိုးကြိုးပြင်ရွာနှင့် တုံကျေးရွာအုပ်စု မှ ဒေသခံ တောင်သူ ၃၀၀ ကျော်တို့ ဆန္ဒဖော်ထုတ်ခဲ့သည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရာတွင် ““လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဖျက်သိမ်းရေး””၊ ““မြေယာလျော်ကြေး မယူထားသော လယ်မြေများအား မတရား သံဆူးကြိုး ခတ်နေမှုများအား ရုပ်သိမ်း ပေးရေး”” အပါအ၀င် ““အကြမ်းဖက် လူသတ်မှုကို ဖုံးကွယ်နေသော ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် အလိုမရှိ””၊ ““ဒေသခံလူထုကို စော်ကားနေသော လူလိမ်ပြန်ကြားရေးဝန်ကြီး ရဲထွဋ် အလိုမရှိ””စသည့် စာသားများ ရေးသား ထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဒေသခံတောင်သူများက ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

““ဦးရဲထွဋ်က ဒေသခံတွေတွေ့ ကြုံနေရတဲ့ အခက်အခဲကို သူကိုယ်တိုင်လာပြီး ကြည့်ရှုတာလည်း မဟုတ်ဘဲ ဒေသခံတွေကို လျော်ကြေး အားလုံး ပေးပြီးပါပြီဆိုပြီး၊ မဟုတ်မမှန် သတင်းတွေလွှင့်ပြီး သွေးထိုး လှုံ့ဆော် မှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်နေတာဆိုပြီး ပြောရမယ့်အစား လက်ပံတောင်းဒေသကို သူကိုယ်တိုင် လာကြည့် ပါလို့ပဲ ပြောချင်ပါတယ်။ ကျွန်မတို့ကို သွေးထိုး လှုံ့ဆော်တဲ့ လူတစ်စုကြောင့် ပဋိပက္ခတွေ ဆက်ဖြစ် နေရတာ လို့ ပြောတဲ့ ဦးရဲထွဋ်သည်သာ သွေးထိုးလှုံ့ဆော်နေတဲ့ အသံတွေကြောင့် ဒေသခံတွေကို စွပ်စွဲနေ တာလို့ပဲ ပြောချင်ပါတယ်”” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဆည်တည်းကျေးရွာမှ တောင်သူ မ၀င်းဝင်းဌေးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသတွင် ပြဿနာများ ဖြစ်ပေါ်အောင် နောက်မှ ပံ့ပိုးနေသော ပြည်ပ အဖွဲ့အစည်းများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက် မည်ကို အစိုးရ အနေဖြင့် စဉ်းစားနေဆဲဖြစ်ပြီး ပြည်တွင်း ရှိ အဖွဲ့အစည်းများကိုမူ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနသို့ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ပြောကြား ထားသည်။

ယင်းပြောကြားချက်တွင် ““ပြည်တွင်းက အဓိက ဦးဆောင်လှုပ်ရှားနေ တာတော့ ကိုဟန်ဝင်းအောင်တို့ အုပ်စုပေါ့။ အဲဒီဒေသမှာပဲ အခြေစိုက်ပြီးတော့ တောက်လျှောက် စည်းရုံး လှုံ့ဆော်နေတာပေါ့။ ပြည်တွင်း က အဖွဲ့အစည်း တွေကိုတော့ တချို့လူတွေကိုလည်း တရားဥပဒေအရ ဆောင် ရွက်ဖို့ ၀ရမ်း ထုတ်ထားတာလည်း ရှိပါတယ်။ တချို့လူတွေကိုလည်း ကျွန်တော် တို့ ထပ်ပြီးတော့ စောင့်ကြည့်နေပါတယ်”” ဟု ပါရှိသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အစိုးရ၊ တပ်မတော်နှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် အတွက် ရင်းနှီးမြှုပ်နှံမှု ပျက်ပြားသွားအောင် ယင်းအဖွဲ့အစည်းများက ရည်ရွယ်ချက် ၃ ခုနှင့် သွေးထိုး လှုံ့ဆော် နေကြောင်း ကိုလည်း ဦးရဲထွဋ်က RFA နှင့်တွေ့ဆုံခန်းတွင် ထည့်သွင်း ပြောကြားထားရာ ယင်းပြောဆိုမှုမှာ ဒေသခံများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များအား စွပ်စွဲပြစ်တင်လိုက်ခြင်း သာဖြစ်ကြောင်း ဒေသခံများအား ကူညီပေးနေသည့် အဖွဲ့အစည်းများက တုံ့ပြန်လိုက်သည်။

““အရင်အစိုးရ လက်ထက်တည်းက ဒီလိုပဲ သူတို့အကျိုးစီးပွားကို ထိခိုက်အောင် လုပ်တဲ့သူတွေဆိုရင် သွေးထိုး လှုံ့ဆော်သူ၊ ဆူပူလှုပ်ရှားသူဆိုပြီး ခေါင်းစဉ် တပ်လေ့ ရှိတယ်။ အခုလည်း ဒီလိုမျိုးပဲပေါ့။ လူထုအင်အား မပါဘဲ ကျွန်တော်တို့ တက်ကြွ လှုပ်ရှားသူတွေက လုပ်လို့မရဘူး။ သူတို့ သဘောဆန္ဒမပါဘဲ လူသေဆုံးတဲ့အထိတော့ ဘယ်လောက်ပဲ သွေးထိုးသွေးထိုး တိုက်ပွဲဝင်မှာ မဟုတ်ပါဘူး”” ဟုပဋိပက္ခ ဖြစ်ပွားရာ လက်ပံတောင်းဒေသ တွင် ဒေသခံ များအား ကူညီပေးနေသည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကွန်ရက်ရေးရာ တာဝန်ခံ ဦးဝေမှူးသွင်က ပြောသည်။

ကြေးနီစီမံကိန်းမှာ ပြည်ပ အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ ကွန်ရက်အဖွဲ့အချို့၏ အဖျက်သဘော သွေးခွဲ လှုံ့ဆော်မှုများကြောင့် မလိုလားအပ်သော အကြမ်းဖက် မှုများ ဖြစ်ပွားနေရကြောင်းကိုလည်း ဇန်န၀ါရီလ ၅ ရက်ထုတ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင် အထည်ဖော်ရေး ကော်မတီ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ အကြမ်းဖက် လူသတ်မှုကို ဖုံးကွယ်နေသူဟူ၍ ခေါင်းစဉ်တပ် ဆန္ဒဖော်ထုတ်ခံရ သူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်၏ ရှင်းလင်းချက် တစ်ခုလည်း ယခုရက်ပိုင်းအတွင်း အွန်လိုင်း လူမှုကွန် ရက် ဖြစ်သော facebook ပေါ်၌ ပြန်လည် ပျံ့နှံ့လာသည်ကို တွေ့ရသည်။

ဦးရဲထွဋ်က သူသည် ဂဠုန် ဦးစော၏ မြေးမဟုတ်ကြောင်း ပြန်လည် ရှင်းလင်းချက်ဖြစ်သည်။

သဉ္ဇာဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


သေဆုံးသူ ဒေါ်ခင်ဝင်း၏သမီး မ၀င်းခိုင်အား ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်

လက်ပံတောင်းဒေသတွင် ၀မ်ပေါင်ကုမ္ပဏီထံမှ လျော်ကြေး ယူမထားသော လယ်ယာမြေများအား ခြံစည်းရိုး ၀င်ရောက် ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် သေဆုံးသွားသော ဒေါ်ခင်ဝင်းအား လျော်ကြေးပေးရန် ကြိုးစားမှုသည် မိသားစုကို စော်ကားခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇန်န၀ါရီလ ၅ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ၎င်း၏ မိသားစုအား ခေါ်ယူ တွေ့ဆုံပြီး လျော်ကြေးပေးရန် ကြိုးစားခဲ့ ကြောင်း ဒေါ်ခင်ဝင်း၏ သမီးဖြစ်သူ မ၀င်းခိုင်က ပြန် လည် ပြောပြခဲ့ရာ ယင်းအပေါ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။…

““ဒီလို အသက်မသေခင်တည်းက သေဆုံးမှုတွေ ဖြစ်နိုင်ခြေရှိနေတဲ့ ဒီလိုမျိုး ဖြိုခွင်းမှုတွေကို သက်ဆိုင်ရာက တိုင်းဒေသကြီး အစိုးရ အပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ မဆောင်ရွက်သင့်ဘူး။ ဆောင် ရွက်ပြီးတော့ လူတစ်ယောက်ရဲ့ အသက်ကို ဒီလိုငွေကြေးနဲ့ လဲပြီးတော့မှ ဒီလိုဆောင်ရွက်ခြင်း အားဖြင့်လည်း မိသားစုကို ထပ်မံပြီးတော့ စိတ်ဒုက္ခပေးသလို ဖြစ်တဲ့အပြင် မိသားစုရဲ့ဘ၀ကို စော်ကားသလိုပဲလို့ ဒီလိုပဲ မြင်ပါတယ်”” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကဲ့သို့ အစိုးရဘက်မှ လျော်ကြေးငွေ ပေးဆောင်ရန် ကြိုးပမ်းခဲ့မှုအပေါ် မန္တလေးတိုင်းမှ ဗကသအဖွဲ့ဝင် မဖြူနှင်းထွေးက ““ညီမတို့အနေနဲ့ကတော့ အဓိကကတော့ ညီမရဲ့ အမြင်ကတော့ သတ်ပြီးတော့ လျော်ကြေး ပေး တာ ထက်စာရင် အဓိက အမေဒေါ်ခင်ဝင်းကို ပစ်သတ်လိုက်တဲ့ တရားခံကိုပဲ ဖော်ထုတ် ပေးစေချင်တယ်။ လူ့အသက်ဆိုတာ လျော်ကြေးနဲ့ တန်ဖိုးဖြတ်လို့မှ မရတာ””ဟုဆိုသည်။

အစိုးရဘက်မှ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဒေါ်ခင်ဝင်း၏ သမီးကြီးဖြစ်သူ မ၀င်းခိုင်က ““ကျွန်မအမေ အသက်တစ်ချောင်းနဲ့ ပတ်သက်လို့ကတော့ လျော်ကြေးလည်း မယူနိုင်ပါဘူးရှင်။ အစိုးရက မခင်ဝင်းသမီးအနေ နဲ့ လျော်ကြေးပေးမယ်ဆိုရင် ယူရမှာပဲ ပြောတာပါပဲရှင်။ ကျွန်မက ကျွန်မအမေ အသက်တစ်ချောင်း သတ်တဲ့ အတွက် လျော်ကြေးလည်း မယူပါဘူးရှင်။ အဲဒီတရားခံကို ဖော်ပေးရင် ကျွန်မကိုယ်တိုင် သတ်ပြီးေ တာ့ လျော်ကြေး ပေးချင်တာပါရှင်။ ကျွန်မကတော့ လုံးဝမကျေနပ်ပါဘူး ရှင်။ ငွေကြေးကို မယူသည်ဖြစ်စေ၊ ယူသည်ဖြစ်စေ ရအောင်ပေးမယ်လို့ တိုင်းဝန်ကြီး ဦးဌေးလွင်ဝင်းက ပြောပါတယ်ရှင်””ဟု ၎င်းက မြန်မာ သံတော်ဆင့်သို့ပြောသည်။

လက်ပံတောင်းတောင် ဒေသတွင် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီတို့ ထံမှ လျော်ကြေး ယူမထားသည့် မြေများတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ပြီး ကုမ္ပဏီနှင့် အာဏာပိုင်များက အတင်းအကျပ် ခြံစည်းရိုးခတ်ခဲ့ရာ လျော်ကြေး လက်မခံသည့် တောင်သူများနှင့် တင်းမာမှု ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မိုးကြိုးပြင် ကျေးရွာနေ တောင်သူ ဒေါ်ခင်ဝင်းမှာ ဦးခေါင်းကို သေနတ်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဒေသခံ အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။

ကျော်ကျော်မင်း

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဗိုလ်ရှုခံသဘင်မှာ တပ်မတော်စစ်ကြောင်းတွေကသာ သမ္မတကို ချီတက်အလေးပြုခဲ့ကြပြီး ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ထိပ်တန်း အရာရှိတွေ ကတော့ သမ္မတကို ချီတက် အလေးပြုခြင်းမရှိကြဘဲ ဧည့်သည်တော်နေရာမှာ ထိုင်နေခဲ့ကြ ပါတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတဲ့ ဗိုလ်ရှုခံ အခမ်းအနားကြီးကတော့ ၂၀၁၅ ဇန်န၀ါရီ ၄ရက် လွတ်လပ်ရေးနေ့ မှာ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ အခမ်းအနား ကျင်းပဖို့ ဗိုလ်ရှုခံ အဆောက်အအုံအတွက် ကျပ်သန်း ၆၀၀၀ (ကျပ် ၆ ဘီလီယံ)ကျော် အသုံးပြုခဲ့ပြီး ဗိုလ်ရှုခံအခမ်းအနား တက် ရောက်ခဲ့တဲ့ လူ ၄၀၀၀ အတွက် ကျွေးမွေးစရိတ်က ကျပ်သိန်း ၂၁၀၀ ကုန်ကျခဲ့ပါတယ်။ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ တခြားတပ်ဖွဲ့ဝင် ၃၀၀၀စာအတွက် ကျွေးမွေးစရိတ်ကို တပ်မတော်က တာဝန်ယူ တယ်ဆိုတဲ့အတွက် ဘယ် လောက်ကုန်ကျ တယ်ဆိုတာ မသိရပါဘူး။

နှစ် ၅၀ ကျော်ကြာမှ ပြန်ပြီးကျင်းပတဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားရဲ့ ရည်ရွယ်ချက်ကဘာလဲ။ ဘာကြောင့် ဒီလောက်များပြားတဲ့ငွေကြေးတွေ အသုံးပြုရလောက်အောင် လက်ရှိအစိုးရအတွက် ဘယ် လောက် အရေးပါ သလဲ။ ဗိုလ်ရှုခံ အခမ်းအနားပြန်လည်ကျင်းပတာ ဟာ နိုင်ငံ့အကျိုးအတွက်လား၊ အစိုးရ အကျိုးအတွက် လား၊ ပြည်သူ့အကျိုးအတွက်လားဆိုတာ မေးခွန်း ထုတ်စရာ ကောင်းနေပါတယ်။…

ဗိုလ်ရှုခံအခမ်းအနားကျင်းပတယ်ဆို တာ သမိုင်းကို ပြန်ဖော်ထုတ်တာ၊ လွတ် လပ်ရေးရယူပေးခဲ့ကြတဲ့ တိုင်း ရင်းသား ပြည်သူအပေါင်းနဲ့ တပ်မတော် သားတွေရဲ့ ဂုဏ်ရည်ကို မြှင့်တင်ဂုဏ်ပြုတဲ့ အခမ်း အနားမျိုး တစ်ရပ် ဖြစ် တဲ့အတွက် အခုလို ကျင်းပတာဟာ ကောင်းမွန်တဲ့ လုပ်ရပ် တစ်ခုလို့ဆိုနိုင် ပါတယ်။ ဒါပေမဲ့ ဗိုလ်ရှုခံ အခမ်း အနားရဲ့ သမ္မတမိန့်ခွန်းမှာ မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို တစ် စိတ် တစ်ဒေသအနေနဲ့ ထည့်သွင်းပြောကြားဖို့ ကောင်းပေမယ့် အမှတ်မမှား ဘူးဆိုရင် သမ္မတပြောကြား သွား ချက်ထဲမှာ “ဗိုလ်ချုပ်အောင်ဆန်း””ဆိုတဲ့ စကားလုံးတစ်လုံး တောင် ထည့်သွင်းပြောကြားသွားခဲ့ခြင်း မရှိပါဘူး။ နောက် သမ္မတပြောကြားချက်ထဲမှာ ““ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ အောင်မြင်စေရန် အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍစုံပြုပြင်ပြောင်းလဲနိုင်အောင် လွှမ်းခြုံဆောင် ရွက်ခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဆိုပြီး နိုင်ငံရဲ့ ပကတိအရှိ တရားများကိုအခြေခံတဲ့ လက်တွေ့ကျတဲ့ စနစ်တကျ အဆင့်ဆင့် အကောင်အထည်ဖော်ရာမှာ အခုဆိုရင် ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းကို အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး အဆင့်ဆင့်က ရရှိခဲ့ တဲ့ အောင်မြင်မှုများ၊ အသီးအပွင့်များကို ပြည်သူများ ရရှိခံစားနေရပြီဖြစ် ပါတယ်””ဆိုပြီး ထည့် သွင်းပြောဆို သွားပါတယ်။ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ၄နှစ်တိုင်တဲ့အထိ ပြည်သူတွေဟာ ဘယ်လိုအောင် မြင် မှုတွေ၊ ဘယ်လိုအသီးအပွင့်တွေများ ရရှိခံစားနေရပါပြီလဲ။

၂၆ ရာခိုင်နှုန်း ဆင်းရဲသားထုကြီးရဲ့ စားဝတ်နေရေး အခက်အခဲတွေကို လည်း ပြုပြင်ပြောင်းလဲရေးကာလ ၄ နှစ် အတွင်း တိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါပဲ ပြည်သူတွေက အောင်မြင်မှုအသီးအပွင့်တွေ ရရှိခံစားနေရပါပြီ ဆိုတာကတော့ ကြေကွဲစရာပြက်လုံး တစ်ခုပါပဲ။ ဆင်းရဲထု ကြီးမားနေတဲ့ လက်ရှိကာလ မြန်မာပြည်မှာ ဒီလို ငွေကြေးပမာဏ သန်းထောင်နဲ့ချီပြီး အကုန်အကျခံ ခမ်းနားစွာကျင်းပတဲ့ ဗိုလ်ရှုသဘင်အခမ်းအနားကြီးရဲ့ ကုန် ကျစရိတ်ကို ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်ငန်းစဉ် မှာသာအသုံးချခဲ့ရင် အတိုင်းအတာတစ်ခု တော့ အကျိုး သက်ရောက်မှာ ဧကန်ပါ။ ဗိုလ်ရှုသဘင်ကျင်းပတာ ကောင်းပါတယ်။ ပကာသနမလွှမ်းဘဲ အကျဉ်းရုံးကျင်းပရင် ပိုကောင်းပါတယ်။ အနှစ်သာရကသာ အရေးကြီးပါတယ်။

၂၀၁၅ ဗိုလ်ရှုသဘင်ကြီးကို ဥပမာပေးရရင် ဆင်းရဲနုံချာတဲ့ မိသားစုတစ်စုဟာ အိမ်ထောင်ဦးစီးမွေးနေ့လုပ်ဖို့ အိမ်ကိုပေါင်ပြီး ဟိုတယ်မှာ ခမ်းနားစွာကျင်းပပုံမျိုးနဲ့ တူနေပါတယ်။

၂၀၀၈ အခြေခံဥပဒေပုဒ်မ ၅၈ မှာ ““နိုင်ငံတော်သမ်္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တစ်ဝန်း လုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်””ဆိုပြီး ပါရှိပါတယ်။ ပုဒ်မ ၅၈မှာ အဲလိုဆိုထား ပေမယ့် ကာ/လုံဖွဲ့စည်းပုံမှာတော့ ကာကွယ်ရေးဦးစီးချုပ်က သမ္မတထက်ပိုပြီး ပါဝါနေရာပိုယူ ထားတာ၊ လွန် ခဲ့တဲ့နှစ်တွေရဲ့ တိုက်ပွဲများဖြစ်ပွားရာမှာ သမ္မတက ထိုးစစ်မဆင်ဖို့ ညွှန်ကြားပေမယ့် တပ်မတော်နဲ့ လက်နက် ကိုင်တွေ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့တာ၊ ပြည်တွင်း ပဋိပက်္ခတွေမှာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးလက်အောက် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှု ဆိုးရွားပုံကို သမ္မတက တိုက်ရိုက် ထိန်းချုပ် နိုင်ခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိခဲ့တာစတဲ့ သာဓကဖြစ်ရပ်တွေအရ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို ပုဒ်မ ၅၈ နဲ့အညီမထိန်း ချုပ်နိုင်ဘူးဆိုတဲ့ ဝေဖန် သံတွေ မြန်မာ့ နိုင်ငံရေး ရပ်ဝန်းမှာ ပွက်လောရိုက်ခဲ့တာ အခု အချိန်အထိပါပဲ။

ခုဗိုလ်ရှုခံသဘင်ပြုလုပ်ပြီး သမ္မတကို တပ်မတော်က ချီတက်အလေးပြုတဲ့ ပုံရိပ်ကို ပုံဖော်တာဟာ သမ္မတက ကာကွယ်ရေးဦးစီးချုပ်အပေါ် သြဇာညောင်းတယ်ဆိုတာ ပြသချင်လို့သာဖြစ်တယ်ဆိုပြီး နိုင်ငံ ရေးရပ်ဝန်းက တင်ကြိုသုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံသဘင်မှာတော့ တပ်မတော် စစ်ကြောင်းတွေကသာ သမ္မတကို ချီတက်အလေးပြုခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီး ချုပ်နဲ့ တပ်မတော်ထိပ်တန်း အရာရှိတွေကတော့ သမ္မတကို ချီတက်အလေးပြုခြင်းမရှိကြဘဲ ဧည့်သည်တော် နေရာမှာ ထိုင်နေခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီး ၁၉၄၉ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အတွင်းပြုလုပ်ခဲ့တဲ့ ဗိုလ်ရှု သဘင်အခမ်းအနားတွေမှာ တပ်မ တော် ခေါင်းဆောင်တွေ က နိုင်ငံတော်သမ္မတကို ချီတက်အလေးပြုခဲ့ကြတာချည်းဖြစ်ပါတယ်။ ၂၀၁၅ ဗိုလ်ရှု သဘင်အခမ်းအနားရဲ့ ထူးခြားချက်ကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ ဧည့် သည်တော်အဖြစ်သာ တက်ရောက်တဲ့ပုံမျိုး ဖြစ်နေတာပါပဲ။

ဗိုလ်ရှုသဘင်ကို ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု တွေထဲကမှ တိုင်းရင်းသား လက် နက်ကိုင် ၁၂ဖွဲ့က ကိုယ်စားလှယ်တွေသာ တက်ရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ မတက် ရောက်ခဲ့ပါဘူး။ အခမ်းအနားမှာ သမ္မတမိန့်ခွန်းပြောပြီးနောက်မှာ သစ္စာဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုတဲ့အစီအစဉ် ပါလာပါတယ်။ ဒါပေမဲ့ အခမ်းအနားတက် ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင် တွေကတော့ သစ္စာဓိဋ္ဌာန် ၄ ချက်ကို မရွတ်ဆိုခဲ့ကြပါဘူး။ သစ္စာဓိဋ္ဌာန် ၄ ချက် မရွတ်ဆိုရတဲ့အကြောင်းကို ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) က ဗိုလ်မှူးကြီး စိုင်းလှက ““နိုင်ငံရေးခံယူချက်အပေါ် မူတည်ပြီးတော့ သစ္စာဆိုရမှာ။ ဒီတော့ တည် ဆဲဥပဒေကို သစ္စာစောင့်သိ ရိုသေပါမယ်ဆိုတဲ့အကြောင်း ပါတာကိုး””လို့ ပြောဆိုပါတယ်။

၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရူထောင့် က ကြည့်ရင် ““၂၀၀၈ အခြေခံ ဥပဒေကို ထိန်းသိမ်း၍ တရားဥပဒေကို စောင့်ရှောက်ပါမည်””ဆိုတဲ့ အကြောင်း အရာပါဝင်နေတဲ့ သစ္စာဓိဋ္ဌာန် ၄ ချက်ကို မရွတ်ဆိုခြင်းဟာ သဘာဝကျတယ်လို့ပဲဆိုရမှာပါ။ ဒါက လည်း ဒီနှစ် ဗိုလ်ရှုခံအခမ်း အနားရဲ့ ထူးခြား ချက်တစ်ခုလို့ ဆိုရမှာပါ။ (သစ္စာဓိဋ္ဌာန် ၄ ချက်ထဲက တစ်ချက်မှာ ““ငါတို့သည် ပြည်ထောင်စု သမ္မတ နိုင်ငံ တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း၍တရားဥပဒေကို စောင့်ရှောက်ပါမည်””ဆိုပြီး ပါဝင်ပါ တယ်) တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ဖိတ်ကြားတဲ့ ဗိုလ်ရှုခံအခမ်း အနားမှာ ၂၀၀၈ အခြေခံဥပဒေ ကို ထိန်းသိမ်း၍ တရားဥပဒေကို စောင့်ရှောက်ပါမည် ဆိုတဲ့အချက်ကို သစ္စာဓိဋ္ဌာန် ၄ ချက်ထဲ ထည့်သွင်းထား တဲ့ ရွတ်ဆိုမှုအစီအစဉ် ပါဝင်နေတာ စစ်ကြောင်းများရဲ့ လက်နက် အင်အားထုတ်သုံးပြမှု ခမ်းနားထည်ဝါနေ ပုံတွေကလည်း ၂၀၁၅ ဗိုလ်ရှုခံအခမ်းအနားရဲ့ ထူးခြားချက်တစ်ချက်ထဲမှာ ပါဝင်နေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ““စစ်အင်အားတွေ ထုတ်ပြတယ် ဆိုတာ ကတော့ ပြည်တွင်းငြိမ်းချမ်းရေး မှာအကျိုး သက်ရောက်မှုတွေရှိနိုင်ပါတယ်။ အင်အား ပြသချင်လို့ပေါ့။ ဘတ်ဂျက်သုံးတာလည်း အဲဒီလောက်ကများလွန်းတယ်။ ဒီအချိန်က မလုပ်သင့်ဘူးထင်တယ်””လို့ ဗိုလ်ရှု သဘင် ကျင်းပပုံနဲ့ပတ်သက်ပြီး သုံးသပ်ပြောကြားပါတယ်။

ဗိုလ်ရှုသဘင် ကျင်းပတာဟာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ လုပ်ရပ်တစ်ခုဆို တာတော့ အမှန်ပါ။ ဒါပေမဲ့ လက်ရှိ တိုင်းပြည်လူထုဟာဆိုရင် အစိုးရသစ်လက်ထက် ၄ နှစ်တိုင်တဲ့အထိ ဆင်းရဲတွင်းထဲ က ရုန်းမထွက် နိုင်သေးပါဘူး။ လက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းသေးတဲ့အတွက် စစ်ဘေးသင့်တိုင်းရင်းသားပြည်သူ သိန်း ချီဟာ ဒုက္ခပင်လယ်ဝေပြီး ခိုကိုးရာမဲ့အခြေနေ ဖြစ်နေပါတယ်။ လယ်ယာမြေပြဿနာကြောင့် လယ်သိမ်း၊ မြေ သိမ်းခံ လယ်သမားနဲ့ ပြည်သူတွေရဲ့ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး လယ်သမားအချို့ ဖမ်း ဆီးထောင်ချခံနေရတဲ့ ပြဿနာတွေလည်း နိုင်ငံအ၀န်း ဒုနဲ့ဒေးဖြစ်နေပါတယ်။ မီးပွားမသေသေးတဲ့ ဘာသာရေး ဆန်တဲ့ လူမျိုးရေး အဓိကရုဏ်းတွေအတွက်လည်း ပြည်သူတွေမှာဘယ်တော့များ လူမျိုးရေး အဓိကရုဏ်းမီး တွေ ထတောက်လောင်မလဲဆိုတာ ရင်တမမနဲ့ စိုးတထိတ် ထိတ်နေထိုင်နေကြရတဲ့ ကာလတစ်ရပ်ထဲ ကျရောက် နေတာကလည်း ရတက်မအေးစရာပါ။

နယ်ချဲ့အင်္ဂလိပ်ဆီက တိုက်ယူခဲ့တဲ့ လွတ်လပ်ရေးရခဲ့တာ ၆၇ နှစ်ရှိပါပြီ။ ဒါပေမဲ့ မြန်မာပြည်သူပြည်သား အပေါင်းမှာတော့ စစ်မှန်တဲ့ လွတ်လပ်ရေး အသီးအပွင့်ကို ချိုမြိန်စွာ စားသုံးနိုင်ခြင်း မရှိသေးဘူးဆို တာတော့ ယထာဘူတကျကျ လက်ခံရပါလိမ့်မယ်။ ဇန်န၀ါရီ ၃ ရက်က ဒေါ်အောင်ဆန်းစုကြည်က ပဲခူးလူထုဟောပြော ပွဲမှာ ““နိုင်ငံကလွတ်လပ်ရေးတော့ ရပြီးပါပြီ။ ဒါပေမဲ့ ပြည်သူတွေက မလွတ်မလပ်နဲ့ဖိနှိပ် ချုပ်ချယ် မှုအောက် မှာ နေရတယ်ဆိုတာ ဒါလွတ်လပ်တဲ့ နိုင်ငံမဟုတ်ပါဘူး””ဆိုပြီး လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဖွင့်ဆိုဟော ပြောသွား ပါတယ်။

မြန်မာပြည်ကို ဖက်ဆစ်ဂျပန်ဝင်အပြီး ၁၉၃၄ သြဂုတ် ၁ရက်မှာ ဖက်ဆစ်ဂျပန်ဟာ သူတို့ရဲ့ ရွှေရည်စိမ် လွတ် လပ်ရေး အတုအယောင်ကို ကြေညာပြီး အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအစိုးရအဖွဲ့မှာ ဗိုလ်ချုပ် အောင်ဆန်းဟာ ကာကွယ်ရေးဝန်ကြီး၊ စစ်သေနာပတိအဖြစ် တာဝန်ယူရပါတယ်။ ၁၉၄၄ သြဂုတ်လ ၁ ရက်မှာ လွတ်လပ်ရေး ပထမနှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့ ဂျူဗလီဟောမှာ ကျင်းပပါတယ်။ အဲဒီအခမ်း အနားမှာ ဗိုလ်ချုပ်ဟာ မိန့်ခွန်းတစ်ရပ်ကို မိန့်ခြွေခဲ့ပါတယ်။ စစ်မှန်တဲ့ လွတ်လပ်ရေးဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ် ချုပ်က မိန့်ခွန်းခြွေရာမှာ ““ယခု လွတ်လပ် ရေးရတာ တစ်နှစ်စေ့လာပြီ။ ဒီအတော အတွင်းကျုပ်တို့ ဘာတွေရ ကြသလဲ။ အမှန် ပြောရရင်တော့ ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးအရသာဆိုတာ မခံစားရ သေးဘူး။ ခံစားရတဲ့ လူတွေဟာ လူနည်းစုသာဖြစ်တယ်။ အဲဒီလူနည်းစုထဲမှာ ဘယ်သူတွေလဲဆိုလို့ရှိရင် ကျွန် တော် အပါအ၀င် အစိုးရ၀န်ကြီးတွေ၊ အရာရှိကြီး တွေ၊ ဒီလူတွေကို ကပ်မြှောင်ပြီး စားနေတဲ့ လူတွေ၊ အမြတ် အစွန်းကြီးကြီးယူပြီး လူတွေရဲ့ ဒုက္ခကိုရင်းနှီးပြီး စီးပွားရှာနေတဲ့ ခေတ်ပျက်သူဌေးတွေ၊ အဲဒါလောက်ပဲ။ တိုင်းသူ ပြည်သားများကတော့ လွတ်လပ်ရေးဆိုတာ ဘယ်မှာလဲ မေးကြမြန်းကြလိမ့် မယ်။ အမှန်ကတော့ အခု လွတ် လပ်ရေးဟာ စာပေါ် လွတ်လပ်ရေးပဲရှိသေးတယ်။ ရှေ့ဆက်ပြီး စခန်းသွားနိုင်မှ လွတ်လပ်ရေးအကောင် အထည်ကိုမြင်ရလိမ့်မယ်””ဆိုပြီး ခေတ်ရဲ့သရုပ်မှန်ကို ရှင်းရှင်းနဲ့ဘွင်းဘွင်း မိမိကိုယ် ကိုယ်တောင်ချန် မထား ဘဲ မထောက်မညှာ ဝေဖန်ဆန်းစစ်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိနေ သေးရင် ၂၀၁၅ ဗိုလ်ရှုသဘင်ကို ဘယ်လို ဝေဖန်မလဲဆိုတာ စဉ်းစားနေ မိပါ တယ်။ ပြီးတော့စာရေးသူရဲ့ စိတ်ကူးအတွေးမှာ ၂၀၁၅ အထိ ခေတ်မီနေသေးတဲ့ ၁၉၄၄ သြဂုတ် ၁ မိန့်ခွန်း ကို ၂၀၁၅ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်တစ်ယောက်ရဲရဲ တောက် မိန့်ကြားနေပုံကိုလည်း ထပ်ဖန် တလဲလဲမြင်ယောင်နေပါတယ်။

ကျွန်တော်တို့ လွတ်လပ်ရေး တကယ် ရပြီလား။ ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

မြန်မာ့လွတ်လပ်ရေးနေ့လို ဟာမျိုးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကို ဖိတ်ပြီးခါမှ ၂၀၀၈ အခြေခံဥပဒေကို လေးစား လိုက်နာပါမယ်ဆိုတဲ့ သစ္စာအဓိဋ္ဌာန် ဆိုတာကတော့ တော်တော့်ကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ မရိုးမဖြောင့်တဲ့ကိစ္စ . . .

ဒါတွေက မတော်တဆ လုပ်နေတာ မဟုတ်ဘူး။ ဒါတွေက ပြောချင်တာကတော့ မင်းတို့ လုပ်မနေနဲ့ ငါတို့မှာ ဒီလိုအမြောက်တွေ ဒါတွေရှိတယ်။ ဖွဲ့စည်းပုံ ဆိုတာလည်း ငါတို့အတွက်ပဲ။ တည့်တည့် ပြောကြေးဆိုရင် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်ပေါင်း ၅၀ ကျော်အကြာတွင် ပြန်လည် ကျင်းပသည့် ဗိုလ်ရှုခံ အခမ်းအနားကို ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အခြားအရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် သစ္စာ အဓိဋ္ဌာန် ၄ ရပ်ကို ရွတ်ဆိုခဲ့ကြရာ ယင်း ၄ ချက်ထဲတွင် ““ငါတို့သည် ပြည်ထောင်စု သမ္မတ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း၍ တရားဥပဒေကို စောင့်ရှောက်ပါမည်””ဟူ၍ ပါဝင်ခဲ့ရာ အစိုးရ အဖွဲ့ဝင်များ၊ ၀န်ထမ်းများ၊ အရပ်ဘက် အဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်များက လိုက်ပါ ရွတ်ဆိုခဲ့ကြသော်လည်း အခြား ဖိတ်ကြားထားသည့် နိုင်ငံရေး ပါတီအချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကမူ ရွတ်ဆိုခြင်း မပြုသည့်အပြင် ယင်းအပေါ် ဝေဖန်ခဲ့ကြသည်။

ယင်းကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း၍ တရားဥပဒေ ကို စောင့်ရှောက်ပါမည်ဟု ထည့်သွင်း ထားခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ဆောင်မှုများကို ကန့်သတ်လိုက်သည့် သဘောမျိုး သက်ရောက်နေကြောင်း ပြောဆို ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။ ယင်းဝေဖန် ပြောဆိုမှုများကို စုစည်း၍ မြန်မာသံတော်ဆင့် က ဖော်ပြလိုက်ပါသည်။

ဝိုင်းမော်

● ဦးနိုင်ဟံသာ (ဒုဥက္ကဋ္ဌ၊ ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC)

ဖွဲ့စည်းပုံကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ကိစ္စမှာကတော့ ဒါကတော့ ပြင်စရာအများကြီး ရှိနေတယ်လေ။ ပါတီတွေကော၊ ပြည်သူလူထု ကကော အန်ကယ်လ်တို့ အပါအ၀င်ပေါ့။ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အင်အားစုတွေကပါ အများစုကနေ လွှတ်တော်ထဲမှာ ရှိနေတဲ့လူတွေတောင် ပြင်ဖို့ တောင်းဆိုနေတာ အများကြီးပဲလေ။ အဲဒီလိုဟာကို ထိန်းသိမ်း စောင့်ရှောက်ပါမည်ဆိုတာ အဲဒါက တစ်ဖက်က ပြင်ဆင်ဖို့ကို ကန့်သတ်လိုက်တဲ့သဘော၊ ထိန်းချုပ်လိုက်တဲ့ သဘောများ ရှိနေမလားပေါ့။ ဒါကတော့ တကယ့် လူထုနဲ့ တကယ့်နိုင်ငံကို လက်တွေ့ အကျိုးမပြုတဲ့ ကိစ္စဆိုတော့ ကတိသစ္စာပြုရမယ် ဆိုတော့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းကို တားဆီးလိုက်တဲ့ သဘောမျိုး အပြင်ရှိလို့ပေါ့။

● ဦးဇိုဇမ် (ဥက္ကဋ္ဌ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ)

ဆိုတဲ့သူကတော့ ကြိုက်လို့ ဆိုတာပေါ့။ ကျွန်တော်တို့က နှုတ်ပါးစပ်က ထွက်တာက အင်မတန် အရေးကြီး ပါတယ်။ နှုတ်ပါးစပ်က အကြောင်းအရာတစ်ခု ပြောလိုက်တယ်ဆိုတာ ပြန်နုတ်လို့ မရဘူးလေ။ ကျွန်တော် ထင်ပါတယ်။ ခိုင်းတဲ့သူကတော့ ခိုင်းမှာပေါ့။ အဲဒါကြောင့် ဗိုလ်ရှုခံတို့ ဘာတို့ ကျွန်တော် မတက်တာပေါ့။ ကျွန်တော်က လွတ်လွတ်လပ်လပ်နဲ့ အများကောင်းကျိုး အတွက်၊ တိုင်းပြည်ကောင်းကျိုး အတွက် အလုပ် လုပ်ချင်တယ်။ အဲဒီလို အချုပ်အထည်တွေနဲ့ အလုပ်လုပ်ရတာ။ အဲဒါမျိုးကြုံရတာ ကြိုမြင်ပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးသမား စလုပ်ကတည်းက အဲဒီဟာကို သတိထားပြီးတော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ခုပါတီတွေ ထောင်ပြီးတော့ နိုင်ငံရေး ဘာမှန်း ညာမှန်းမသိတဲ့ ပုဂ္ဂိုလ်တွေကတော့ အခက်အခဲရှိမှာပါ။ ဒါမျိုးတွေ အများကြီး ကြုံရဦးမှာပါ။ နိုင်ငံရေးသမားတစ်ဦး လုပ်မယ်ဆိုရင် ဆင်ခြင်သင့်တဲ့ ဆင်ခြင်တုံ တရားတွေ မရှိရင် တောက်လျှောက် ခံရမှာပဲလေ။ နိုင်ငံရေး လုပ်နေတဲ့သူတွေ အားလုံး သင်ခန်းစာ ယူသင့်တယ်လို့ ပြောချင်တယ်။

● ဦးလှရွှေ (၆၂ ကျောင်းသား ခေါင်းဆောင်ဟောင်း)

ဗိုလ်ရှုခံဆိုတာ နာမည်ပဲကွ။ အခေါ်အဝေါ်တစ်ခုပဲ။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့ ကာလမျိုးမှာ အန်ကယ့် အမြင်အတိုင်း ပြောရမယ်ဆိုရင် ဒီမှာတွေ့လား ငါတို့ စစ်အင်အား ဒီမှာတွေ့လားပေါ့။ ရည်ရွယ်ချက် တစ်ခုခုနဲ့ လုပ်တယ်ဆိုတာ သေချာနေ တာပေါ့။ ဒီအခမ်းအနားကြီး လုပ်တယ်ဆိုတာကတော့ ကြံ့ဖွံ့စစ် အစိုးရက သူ့ဘုန်းတန်ခိုး လက်ရုံး ဆန့်တန်းပြတာပဲ။ ငါကတော့ ဒီလိုပဲမြင်တယ်။ ဘုရင်ခေတ် ကလည်း ဒီလိုရှိတယ်။ လယ်ထွန်မင်္ဂလာ ဆင်းတယ်တို့ဘာတို့။ ဘုရင်က သူ့ဘုန်းတန်ခိုးပေါ့။ လူတွေက ဘယ်လောက် လေးစားတယ် ချစ်ခင်တယ် သိဖို့အတွက်။ ဒါတွေက မတော်တဆ လုပ်နေတာ မဟုတ်ဘူး။ ဒါတွေက ပြောချင်တာကတော့ မင်းတို့ လုပ်မနေနဲ့၊ ငါတို့မှာ ဒီလိုအမြောက်တွေ ဒါတွေရှိတယ်။ ဖွဲ့စည်းပုံ ဆိုတာလည်း ငါတို့အတွက်ပဲ။ တည့်တည့် ပြောကြေးဆိုရင် ဒီလိုရှိတယ်။

● ဦးဝင်းထိန် (မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒါကတော့ ကလေးစကားနဲ့ ပြောရင် ချုပ်တာပေါ့ဗျာ။ သူတို့က ချုပ်တာကို ဟိုက အချုပ်မခံဘူးပေါ့။ ကျွန်တော် တို့ တော်ဝင်နှင်းဆီမှာ လုပ်တဲ့အဖွဲ့မှာတော့ သစ္စာအဓိဋ္ဌာန် ၉ ချက် ဆိုတာကို လိုက်ဆိုကြရတယ်။ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်က ကြေညာစာတမ်းနဲ့ အတူတကွ ချမှတ်ခဲ့တဲ့ သစ္စာအဓိဋ္ဌာန် ၉ ချက်။ အဲဒီ ၉ ချက် ဆိုရင်တော့ လိုက်ဆိုဖို့ စဉ်းစားကောင်း စဉ်းစားမှာပေါ့။ အခုဟာကတော့ မဆိုတာ ဘာမှ အံ့သြစရာ မရှိပါဘူး။

● ဗိုလ်မှူးကြီးစောလွင် (အတွင်းရေးမှူး ကယန်းပြည်သစ်ပါတီ)

မြန်မာ့လွတ်လပ်ရေးနေ့လို ဟာမျိုးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကို ဖိတ်ပြီးခါမှ ၂၀၀၈ အခြေခံ ဥပဒေကို လေးစား လိုက်နာပါမယ် ဆိုတဲ့ သစ္စာအဓိဋ္ဌာန် ဆိုတာကတော့ တော်တော့်ကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ မရိုးမဖြောင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။ လက်ရှိအစိုးရကို မကြိုက်ပေမယ့်လည်း လွတ်လပ်ရေးရအောင် ကြိုးပမ်း ခဲ့တဲ့ လူတွေကို လေးစားလို့လာတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ဒါစော်ကား လိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို မလုပ်သင့် မလုပ်ထိုက်တဲ့ နည်းလမ်းမျိုးတွေနဲ့ လုပ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို တိုင်းရင်းသား ခေါင်းဆောင်တွေက လက်ခံမယ်လို့ ထင်ရင် အမှားကြီး မှားမယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။

● ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ဗျူရိုကရေစီယန္တရားက လူတွေလေ။ အထူးသဖြင့် ထွေအုပ်တို့ စည်ပင်တို့ ဖြစ်မှာပေါ့။ သမ္မတရုံးတို့ ဘာတို့ဖြစ်မှာပေါ့။ ဒီမှာရှိတဲ့ အုပ်ချုပ်ရေး ၀န်ထမ်းတွေက အရင်တုန်းကအတိုင်းပဲ။ အတွေးအခေါ်တွေက မပြောင်းထားဘူးဆိုတာ ပြတာ။ ခေတ်စနစ်အခြေကို ပြည်သူလူထုက ဘာတွေ လိုလားနေတယ်။ တိုင်းရင်းသားတွေက ဘာတွေကို လိုလားနေတယ်။ နိုင်ငံရေး မှာ ဖြစ်ပျက်နေတာတွေက ဘာတွေ ဆိုတာကို ခေတ်ကို မျက်ခြည်ပြတ်နေတဲ့ သဘောပေါ့။ ဒါဗျူရိုကရေစီ ယန္တရားနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်ကြားက ကြီးမားတဲ့ ကွာဟချက်ပေါ့။ ဒါက သက်သေပြလိုက် တာပဲလေ။ အပြင်မှာ ဖြစ်နေတာတွေကို ဘာမှန်းမသိဘူး။ စီစဉ်ထားတယ် လုပ်ကိုင်ထားတယ် ဆိုတာဟာ ဗျူရိုကရေစီယန္တရားရဲ့ ဒါသက်သေ။ ဒီလောက်တောင်မှ ကမ္ဘာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုနဲ့ ကင်းကွာနေလဲဆိုတာ ဒါသက်သေပြတာပဲ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်မိနစ် ကျပ် ၅၀ ဖြင့် ကောက်ခံနေသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်းခေါ်ဆိုခများကို  ၃၅ ကျပ်သို့ လျော့ချသည်ဟု ဆိုသော်လည်း ယင်းသို့ သုံးစွဲနိုင်ရန်အတွက် ၄င်းတို့အသစ်မိတ်ဆက်သည့် ဆွေသဟာ အစီအစဉ်သစ် ကို သုံးစွဲရမည် ဖြစ်ပြီး ယင်းသို့ သုံးစွဲခြင်း မပြုပါက မူရင်းအတိုင်း ကျပ် ၅၀ ဖြင့်သာ ကောက်ခံမည် ဖြစ်သည်။
MPT
မြန်မာ့ဆက်သွယ်ရေး အော်ပရေဒါတစ်ခုဖြစ်သော MPTမှ ဖုန်းခေါ်ဆိုခ ဈေးနှုန်း လျော့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal Hotel တွင် ဇန်နဝါရီလ ၉ရက်နေ့က ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အဆိုပါ အစီအစဉ်သစ်ကို မှတ်ပုံတင် ပြုလုပ်ပြီးပါက မည်သည့်ဖုန်းကိုမဆို တစ်မိနစ်လျှင် ၃၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သော်လည်း မှတ်ပုံတင်ပြီးနောက်တွင် အသုံးပြုသူ၏ အင်တာနက် အသုံးပြုခအတွက် ကောက်ခံမှုမှာ အသုံးပြုသည့် ဒေတာ အလိုက် ကောက်ခံသည့် စနစ်ကို ပြောင်းလဲသွားမည် ဖြစ်သည်။ ယင်းသို့ ကောက်ခံ ရာတွင် 1MB အတွက် ၁၅ ကျပ် ကျသင့်မည် ဖြစ်သည်။  အခြားအော်ပရေတာ များဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့အတွက် အင်တာနက် အတွက် ကောက်ခံခမှာ 1MB လျှင် ခြောက်ကျပ် ဖြစ်သောကြောင့် ထက်ဝက်ကျော်ခန့် များနေပြီဖြစ်သည် ။ ယင်းအစီအစဉ်အသုံးပြုပါက စာတိုပို့ခစနစ်မှာ တစ်စောင်လျှင် ၁၅ ကျပ်ဖြစ်သည်။
ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး MPT -KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက “ ဆွေသဟာ ၀န်ဆောင်မှုကို မှတ်ပုံမတင်ဘဲ အသုံးပြုမယ် ဆိုရင် ၀န်ဆောင်ခကို ပုံမှန်အတိုင်း (ကျပ် ၅၀ ) ဆက်လက် ကောက်ခံသွားမှာ ဖြစ်ပါတယ်“ ဟု မိတ်ဆက်သည့် အစီအစဉ်တွင် ဆိုသည်။

ယင်းအစီအစဉ်အသစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်န၀ါရီ ၉ ရက် က ပတ်ခ်ရိုင်ရွယ် ဟိုတယ်တွင် ပြုလုပ်သည့် မိတ်ဆက်ပွဲတွင် မိတ်ဆက် ပြောကြားလိုက်ခြင်းဖြစ်သည်။ ယင်းအစီအစဉ်ကို မိတ်ဆက်ပြီးနောက် လူမှု ကွန်ရက် စာမျက်နှာများ တွင် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် ဦးစောထူးသာက “MPT အနေနဲ့ ဆွေသဟာ သုံးရင် ၃၅ ကျပ် ကောက်ပါတယ်။ အခုမှ မြန်မာနိုင်ငံမှာ တယ်လီကွန် Industry ဖြစ်ထွန်းအောင်မြင် အောင် ကြိုးစားခါစ ရှိပါသေးတယ်။ ဒီဟာကို အရှိန်အဟုတ် မြှင့်တင်ပြီးတော့မှ တည်ငြိမ် အေးချမ်းပြီးတိုးတက် လာဖို့အတွက် ဒါကို စီမံ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်“ ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင်သုံးစွဲပါက မိုဘိုင်း အင်တာနက် သုံးစွဲရာတွင် HSPA+3G ဆက်သွယ်ရေး ကွန်ရက်နည်းပညာဖြင့် ချိတ်ဆက်ကာ ပိုမိုမြန်ဆန်သော အင်တာနက်ကို သုံးစွဲခွင့် ရမည် ဆိုသော်လည်း  အသုံးပြုသည့် နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်းနှင့် အသုံးပြုနေသော နေရာရှိ ဆက်သွယ်ရေး စနစ်က ပေးထားသည့် အခြေအနေတို့အပေါ် မူတည်မည်ဟုလည်း ၄င်းတို့က ထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်မှာ ဇန်န၀ါရီ  ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။ ယင်းအပြင် အဆိုပါ ၀န်ဆောင်မှု သစ်ကို GSM နှင့် WCDMA ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး အခြားဖုန်းများတွင် ပါဝင်ခြင်းမရှိပေ။ သို့ဖြစ်၍ ၇၃ ဖြင့်စသည့်ဖုန်းများ၊ ၄၉၊ ၄၇၊ ၃၁၊ ၃၆ စသည့် ဖုန်းများသည်လည်း အကျုံးဝင်မည် မဟုတ်ပေ။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးက အင်တာနက် အသုံးပြုခအတွက် ကောက်ခံသည့် နှုန်းထားမှာ မိနစ် အလိုက် ကောက်ခံ သည့် နှုန်းထားဖြစ်ပြီး WCDMA ဖုန်းဖြစ်ပါက တစ်မိနစ် လေးကျပ်နှင့် GSM ဖုန်းဖြစ်ပါက တစ်မိနစ် နှစ်ကျပ် ဖြစ်သည်။
ယင်းအစီအစဉ်သစ်ကို မှတ်ပုံတင်မယူမိပါက ဖုန်းခေါ်ဆိုခမှာ မူရင်းအတိုင်း တစ်မိနစ်လျှင် ကျပ် ၅၀  ကောက်ခံမည် ဖြစ်သည်။ ယင်းအပြင် အဆိုပါ ဆွေသဟာ အစီအစဉ်ကို အသုံးပြု၍ မိမိကြိုက်နှစ်သက်ရာ နံပါတ်သုံးခုကို မှတ်ပုံတင်ပါက ရက်ပေါင်း ၃၀ အတွင်း တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှု အတွက် အိုင်စီတီ အဖွဲ့ (MIDO) ၏ အမှုဆောင် အရာရှိချုပ် ကိုနေဘုန်းလတ်က “ဝန်ဆောင်မှုမှာ ဈေးကွာတယ် ဆိုရင် အသုံးပြုသူက ဈေးကြီးတာကို မရွေးချယ်မိဖို့ လိုတယ်။ တစ်မိနစ် ၂၅ ကျပ် ရဖို့ ဖုန်းသုံးလုံးကို သတ်မှတ်ပေးထားရမယ် ဆိုတာ ကိုယ်ဒီဖုန်းတွေကို ခေါ်ပါမယ်လို့ စာရင်း ပေးထားရတဲ့သဘော ဖြစ်နေတယ်။ ကိုယ်ရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်ပါတယ်“ ဟု မဇ္ဈိမကို ပြောသည်။
ပွင့်လင်း မြန်မာ့ရှေ့ဆောင်မှ နည်းပညာ အရာရှိချုပ် ဦးစိုးသီဟနောင်က “ ဈေးကွက်အတွင်းမှာ အကြီးဆုံးသူက ရုတ်တရက် လျော့လိုက် ရင် ပြဿနာ ရှိတယ်။ ၀န်ဆောင်မှု ပေးနေတဲ့ အော်ပရေတာ အချင်းချင်းမှာ ကြီးမားတဲ့သဘောတူညီချက် တစ်ခု ရှိနေမယ်လို့ မြင်တယ်“ ဟု ဆိုသည်။
ယင်း ဆွေသဟာ အစီအစဉ်သစ် အသုံးပြုပြီးနောက် အင်တာနက် အခမဲ့ ပေးထားခြင်း၊ ဖုန်းခေါ်ဆိုခ ၂၅ ကျပ် ဖြင့် ခေါ်ဆိုနိုင်သည့် အစီအစဉ်များကို ရမည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန် ထားသည်။

ဆွေသဟာ အစီအစဉ်ကို သုံးစွဲပါက အင်တာနက် အသုံးပြုနိုင်ရန် အတွက်ယခင်က ကျပ် တစ်သောင်းပေး ရသော်လည်း ယခု မပေးရတော့ဘဲ အခမဲ့ ရရှိမည် ဖြစ်သည်။ ယင်းအပြင် ယခင်က ကတ်ပျက် လျှောက်ထား ရာတွင် ကျပ် ၂၀၀၀၀ ပေးရသော်လည်း ယခုတွင် ကျပ် ၁၅၀၀ သာ ပေးရတော့မည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဖုန်းငွေဖြည့်ကတ်များကိုလည်း ကျပ် ၁၀၀၀ နှင့် ၃၀၀၀ တန် ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ် လိုက်သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြီးခဲ့သည့် ၁၀ စုနှစ် တစ်စုကျော်က မိုဘိုင်းဖုန်းများကို ကျပ် သိန်းဆယ်ဂဏန်းကျော်ဖြင့် ရောင်းချခဲ့ ပြီးနောက် မိုဘိုင်းဖုန်း ဆက်သွယ်မှုများကို တစ်ဦးတည်း ချုပ်ကိုင် ထားခဲ့သည်။ ယင်းနောက် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ပြည်ပ အော်ပရေ တာဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့ကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ပေးခဲ့ပြီး ၄င်းတို့၏ ၀န်ဆောင်မှုများကို ၂၀၁၄ တွင် စတင်ခဲ့ကြသည်။

ပထမတစ်ယောက်က

မြို့ထဲမှာဆေးပေါက်ပြီး..
မော်တော်ကားလမ်းမပေါ်မှာ
နေခင်းကြောင်တောင်..
ကိုယ်တုံးလုံးကျွတ်နဲ့..
ပတ်ကြောင်ခဲ့ဖူးတယ်..

Without ကား တွေကို
သူ့အိမ်မှာအများကြီးမိခဲ့ဖူပြီး
မူးယစ်ဆေးဂေါက်ခဲ့ဖူးတယ်..

အခုလဲ..
လုပ်ဖေါ်ကိုင်ဖက်မိန်းကလေးကို
အသက်ထွက်တဲ့အထိ..
ထုရိုက်နှိပ်စက် ခဲ့လို့..
မိန်းကလေးခမြာ ..နံရိုးတွေကျိုး..
အတွင်းကလီစာတွေပွင်ထွက်ပြီး..
မျက်နှာအညိုအမဲစွဲလို့..
အသုဘရှုတဲ့လူတွေတောင် မမြင်ရက်..
အံကြိတ် တောက် ခေါက်ရတဲ့အထိ
ရိုင်းစိုင်းကြမ်းတမ်းတဲ့သူ..

သူကျူးလွန်တဲ့အမှုအတွက်..
ရဲကဖမ်းတဲ့အချိန်မှာ...
အကြောက်တရားလွှမ်းမိုးလေတော့..
နောင်တရသလိုလိုဟန်ဆောင်ဇာတ်ရုပ်နဲ့
သရုပ်ဆောင်တတ်သူ...၊

-------------------------

ဒုတိယတစ်ယောက်က

ရိုးသားပွင့်လင်းပြီး
ကလောင်ထက်တဲ့သူတစ်ယောက်..

အတွေးအခေါ်တွေကို
သဘာဝကျကျ ဖွင့်ဟပြီး
မှန်တဲ့ဖက်က ရပ်တည်တတ်သူ

သူဟာ..
သံဃာတွေထဲမှာ..
စုန်းပြူးအချို့ပါနေတယ်ဆိုတာကို..
ထိထိရောက်ရောက်ထောက်ပြခဲ့တဲ့အတွက်..
စုန်းပြူးတွေနဲ့..စုန်းပြုးရှိမှန်းမ၀န်ခံဝံ့တဲ့သူတွေဟာ
သူပြောတာကို ၁၀ မိနစ်စာဖြတ်ညှပ်ကပ်လုပ်ပြီး
ထောင်ချောက်ဆင်စွပ်စွဲပြီး တရားစွဲခဲ့ကြတယ်..၊

ဒါပေမဲ့ စုန်းပြူးတွေရဲ့ သူ့အပေါ်
ကလိန်ကကျစ်မှုကြီးဟာ..စုန်းပြူးဖြစ်ကြောင်း
ထပ်ပြီး ပြသရာရောက်သွားခဲ့တယ်..၊

အဲဒါကြောင့်..သူဟာ..
သူ့ကို ချောက်ချတဲ့သူတွေကို...
ထီမထင်တဲ့အပြုံးနဲ့..ရင်ဆိုင်ဝံ့တဲ့သူ...၊

တရားခွင်မှာလဲ...
အေးဆေးတည်ငြိမ်စွာ..
ရင်ဆိုင်တတ်သူ...

========

သူတို့ကို ရုံးထုတ်တဲ့အချိန်...

ပထမလူကို..
ပြည်သူ့ရဲတွေက...
ညီရင်းအစ်ကိုပမာ...
သားအဖပမာ...
ပုခုံးလေးဖက်ကာဖက်ကာနဲ့ပေါ့

ဒုတိယလူကိုကျတော့..
တကဲ့ သမိုင်းတရားခံလို..
အန္တရာယ်ကောင်လိုလို.
အနေအထားနဲ့..
လက်ထိပ်ပူးခတ်ပြီး.လွတ်သွားမှာစိုးတဲ့အလား..၊

အစိုးရရယ်...
ခင်ဗျားတို့လက်ထက်ကြမှ..
ခေတ်အခြေအနေက..
အဲဒီလိုဖြစ်နေပြီဆိုတာ..

ရင်နာနာနဲ့ နားလည်သွားပါတယ်၊


( Pa Yit)

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံဖို့ နိုင်ငံတော် သမ္မတက ဖိတ်ကြားထားပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ထူးခြားချက် ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေကို အများစု ထည့်သွင်း ဖိတ်ကြားတာဖြစ်ပြီး တက်ရောက်မယ့်ပါတီ တချို့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆွေးနွေးဖို့ ပြင်ဆင် ထားကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေးပွင့်ဆိုင်တွေ့ဆုံဖို့၊ ၆ပွင့်ဆိုင်တွေ့ဆုံဖို့နဲ့ ၁၂ပွင့်ဆိုင်တွေ့ဆုံဖို့ဆိုပြီး အကြံပြုတောင်းဆိုသံတွေ ထွက်ပေါ်လာပြီးတဲ့နောက် နိုင်ငံရေးအင်အားစု အတော်များများ ပါဝင်တဲ့ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ နိုင်ငံတော်သမ္မတက ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို အဓိက ထားဖိတ်ကြား ထားသလို ဆွေးနွေးမယ့် အချက်တွေကိုလည်း ဖိတ်စာမှာ တခါတည်း ထည့်သွင်းဖော်ပြထားပါတယ်။

လာမယ့် ၁၂ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (NBF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က အခုလို ပြောပါတယ်။

"ကျနော့်ဆီတော့ ဖိတ်စာတော့ ရောက်လာတာပေါ့နော်။ အဲ့မှာ သူပေးထားတဲ့ အစီအစဉ်ကတော့ သုံးခုပေါ့ဗျာ။ အဲ့ဒီ့မှာ တခုအနေနဲ့ ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ် ထွန်းစေရေး၊ နောက်တခုက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ နောက် လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ များ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ညင်သာသော အသွင် ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနဲ့ ကျန်ရှိနေသေး သည့် နိုင်ငံရေးတည်ငြိမ်မှုရှိရေး တို့အပါအဝင် နိုင်ငံရေးကိစ္စရပ်များကို ရှင်းလင်းမည်ဖြစ်ပါသည်တဲ့။"

ချင်းအမျိုးသားတိုးတက်ရေးပါတီကတော့ ငြိမ်းချမ်းရေးကိစ္စရပ်ကို အလေးထားဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ လည်း ပြောပါတယ်။

"အဲ့ဒီ့အထဲမှာ ကျနော် အဓိက ဆွေးနွေးချင်တာက နံပတ်နှစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့ဗျာ။ ဒီ Peace Process နဲ့ပတ်သက်လို့ အချိန်ရရင် ရသလောက် ကျကျနနလေး ကျနော် ဆွေးနွေးချင်တာပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တာလေ။ အချိန်မရရင်တောင်မှ ကျနော် စာတမ်းပြုစုပြီးတော့ ဒီစာတမ်းကို ကျနော် တင်ပြပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ အချိန်က စကားပြောမယ် ဆိုတဲ့အတွက်ကြောင့် ကျနော်နဲ့ဆွေးနွေးဖော်၊ ဆွေးနွေးဖက်တွေလည်းပဲ စာတမ်းတွေ အသေအချာပြုစုစေချင်တာပေါ့လေ။"

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီNDFဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ငြိမ်းချမ်းရေးကိစ္စကို အဓိက တင်ပြမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

"ငြိမ်းချမ်းရေးကိုတော့ ကျနော်တို့ဦးစားပေး ဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ကျန်တာတွေလည်း ဆွေးနွေးမှာပါ။ မိုနိုလော့ခ်မဟုတ်ပဲ ဒိုင်ယာလော့ခ်ဖြစ်မလား။ စကားပြောသူတွေရဲ့အားလုံးစုပေါင်း သဘောတူညီချက် Principal Agreement တခုရလို့ရှိရင် ကြေညာချက် တခုထုတ်မလားပေါ့။ သမ္မတ ကိုတော့ ကျနော်တို့ တင်ပြမှာပေါ့ဗျာ။ အရင်အပတ်ကလည်း ကျနော် တင်ပြခဲ့တာပဲလေ။ ဒါပေမဲ့ မထုတ်ခဲ့ဘူးပေါ့။ အခုအပတ်တော့ ထုတ်ဖို့ကောင်းတယ်လို့ ကျနော် အဦးဆုံးတင်ပြဖို့ ရှိပါတယ်။

ဦးခင်မောင်ဆွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပတဲ့ နိုင်ငံရေးအင်အားစု ၅ဖွဲ့ တွေဆုံတဲ့ဆွေးနွေးပွဲမှာ ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(FDA) ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါတယ်။

တနင်္လာနေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီSNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့လည်း ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။ SNLDပါတီက အဓိက တင်ပြမယ့်အချက်တွေကိုတော့ ပါတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။

" ကျနော်တို့က အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စပါပဲ။ ငြိမ်းချမ်းရေး လက်မှတ်ရေး မထိုးနိုင်လို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲ ကလည်း ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူးလေ။ နို်င်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက် လာမှသာလျှင် ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ပြုပြင်လို့ရမယ် ဆိုတာ ဆွေးနွေးလို့ရမှာကိုး။ နောက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အဲ့တာလည်း အဓိက လိုအပ်ပါတယ်။ အဲ့ဒီ့မှာ ရွေးကောက်ပွဲ နည်းဥပဒေတွေ မြန်မြန်ဆန်ဆန် ဖော်ထုတ်ပေးဖို့ တရားမျှတစွာ ပြဋ္ဌာန်းပေးဖို့ နောက်တချက် ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် အတိအကျပြဋ္ဌာန်းပေးဖို့ ဒါတွေကလည်း တောင်းဆိုရမှာပေါ့နော်။"

လက်ရှိကျင်းပမယ့် ဆွေးနွေးပွဲအပေါ် ဦးစိုင်းလိတ်က အခုလို သုံးသပ်ပါတယ်။

"ထူးခြားပြီးတော့မှ ထိရောက်တဲ့ အဖြေမျိုးတော့ ထွက်လိမ့်မယ် ကျနော် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်မယ်ဆိုရင် ကိုယ်စားပြုမှု၊ ကိုယ်စားပြုနိုင်မှု အင်မတန်ကို နည်းတာကို တွေ့ရပါတယ်။ ဥပမာ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်တွေ မဟုတ်သလို ပါတိကို ကိုယ်စားပြုပြီးတော့လည်းမည်မည်ရရ တင်ပြနိုင်ခွင့်ရှိမယ်လို့ မထင်ဘူးလေ။ အဲ့တာကြောင့်မို့ လူသိပ်များပြီးတာ့မှ အချိန်မရမှာလည်း ကျနော်တို့စိုးရိမ်တယ်။ ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မလုပ်နိုင်မှာကိုလည်း စိုးရတယ်။ ဒါကြောင့်မို့လို့ ဟန်ပြဖြစ်တဲ့ အနေအထားမျိုးတောင် ရောက်သွားမလားလို့ ကျနော် စိုးရိမ်ပါတယ်ခင်ဗျ။"

လာမယ့်ဆွေးနွေးပွဲမှာ နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ဖိတ်ကြားထားကြောင်းသာ သိရှိရပြီးအခြားဘယ်သူတွေ ပါဝင်မယ်ဆိုတာကိုတော့ အတိအကျမသိရပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပတဲ့ နိုင်ငံရေးအင်အားစု ၅ဖွဲ့ တွေ့ ဆုံတဲ့ဆွေးနွေးပွဲ မှာတော့ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ၂ဦး၊ လွှတ်တော် ဥက္ကဋ္ဌ ၂ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုဦးစီးချုပ် ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီနဲ့ အင်အားစုတွေက ခေါင်းဆောင်တွေ စုစုပေါင်း ၁၄ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက်သူတဦးကို ၁၀မိနစ်သာဆွေးနွေးခွင့်ရခဲ့ပြီး ဘာရလာဒ်မှ မထွက်တဲ့ ထိပ်သီးဆွေးနွေးပွဲအဖြစ် ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/preview-on-president-u-thein-sein-meet-with-political-party-leaders/2591619.html


အပတ်စဉ်ထုတ် The Trade Times ဂျာနယ်မှာ "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌ နေရာအတွက်သာ ကြိုးစားမယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဖော်ပြချက်ဟာ မှန်ကန်မှု မရှိကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

အဲဒီသတင်းဟာ မှန်ကန်မှုမရှိသလို ပါတီရဲ့သဘောထားနဲ့ ရပ်တည်ချက် မဟုတ်တဲ့ အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"The Trade Times မှာပါတဲ့ကိစ္စပေါ့နော်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားလည်း မဟုတ်ပါဘူး၊ မူလည်းမဟုတ်ပါဘူးဆိုတာ ထုတ်တာပါခင်ဗျ၊ ကျနော်တို့က ဒီလိုရှင်းထားတာပါ"

ဒီလ ၈ ရက်နေ့ကထုတ်တဲ့ The Trade Times ဂျာနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ရှင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းရေးသားထားတာဖြစ်ပါတယ်။

အဲဒီသတင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ရှင်က “ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အချိန်က မလုံလောက်တော့ဘူး၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌနေရာ ထမ်းဆောင်ခွင့်ရရင်လည်း ဝမ်းသာကျေနပ်မှာပါ” ဆိုပြီး The Trade Times နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး NLD ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ရှင်ကို မေးမြန်းရာမှာ သူ့အနေနဲ့ အဲဒီလိုသဘောမျိုး ပြောကြားခဲ့တာမရှိကြောင်း ဖြေရှင်းခဲ့တယ်လို့လည်း ဦးထွန်းထွန်းဟိန်က ဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အမှုကြားနာဖို့ လွှတ်တော်ကို ရောက်ရှိလာ။ (ဇန်နဝါရီ ၉-၂၀၁၅)
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် ကို တိုင်းပြည်ဘဏ္ဍာ ဒေါ်လာ ဘီလီယံနဲ့ ချီဆုံးရှုံးစေခဲ့တဲ့ အစိုးရက တစိတ်တပိုင်း ထောက်ပံ့ ပေးတဲ့ ဆန်စပါး ၀ယ်ယူမှု အစီအစဉ်နဲ့ ဆက်စပ်ပြီး တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ သောကြာနေ့ ထိုင်းလွှတ်တော်မှာ စတင်ကြားနာပါတယ်။ စစ်အစိုးရ ဖွဲ့စည်းထားတဲ့ အမျိုးသား ဥပဒေပြုလွှတ်တော်ကို ဒီကနေ့ တင်သွင်းတဲ့ သူရဲ့ ကြေညာချက်မှာတော့ မစ္စ ယင်းလပ်က သူ့အပေါ် စွပ်စွဲထားတဲ့ အမှုအားလုံးကို ငြင်းဆန်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မစ္စယင်းလပ်ကို အာဏာကို အလွဲသုံးစားလုပ်မှုနဲ့ ပြီးခဲ့တဲ့နှစ် မေလတုန်းက စွပ်စွဲထား တာပါ။ အဲဒီနောက် တရားရုံးကို သူ့ကို ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခဲ့ပြီး သိပ်မကြာခင်မှာပဲ ထိုင်းစစ်တပ်က တိုင်းပြည်မှာ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။ အပြစ်ရှိကြောင်း ဆုံးဖြတ်ရင်တော့ မစ္စယင်းလပ်ဟာ နိုင်ငံရေးလုပ်ငန်းတွေမှာ ၅ နှစ် ပါဝင်လှုပ်ရှားခွင့် ရတော့မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ရှပ်နီဝတ်တွေ လို့ ခေါ်တဲ့ သူ့အပေါ် ထောက်ခံသူ ကျေးလပ်ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေနဲ့ မတည်ငြိမ်မှုတွေ တိုင်းပြည်မှာ ပေါ်ပေါက်လာနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် လူ ၉၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူတွေ ရာနဲ့ချီ ဒဏ်ရာ ရခဲ့ကြတာ ဖြစ်ပါတယ်။

အခု တရားရုံး ကြားနာမှုတွေဟာ ရှင်နာဝပ် မိသားစုရဲ့ နိုင်ငံရေး သြဇာကျ အောင်လုပ်တဲ့ ဘုရင့်သစ္စာခံ မြို့နေ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ နိုင်ငံရေး ပရိယာယ် တခု ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောဆို ကြပါတယ်။ မစ္စယင်းလပ်ရဲ့ အစ်ကို သက်ဆင် ရှင်နာဝပ် ဟာလည်း ၂၀၀၆ ခုနှစ်က စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ၀န်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

သူ့ကို ၂၀၀၈ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပြည်ပမှာ တိမ်းရှောင်နေရ သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ နိုင်ငံရေးသြဇာအရှိန်အ၀ါကတော့ ခုချိန်ထိ တိုင်းပြည်တွင်းမှာ အင်အား ကြီးနေဆဲ ဖြစ်ပါတယ်

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/thai-politic/2591784.html

ပြန်ပေးဆွဲမှုဖြစ်ပွားရာ ကုန်စုံဆိုင်အနီး ရဲလုံခြုံရေးတွေ လုံခြုံရေးထူထပ်စွာ ချထား (ဇန်နဝါရီ ၉-၂၀၁၅)
ပြင်သစ်မှာ လူ ၁၂ဦးသေစေခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်သူလို့ သံသယရှိသူ ၂ ဦးနဲ့ သူတို့ပြန်ပေးဆွဲထားသူတဦးကို ရဲတွေက ဝိုင်းထားပြီး၊ ဆွေးနွေးနေစဉ်မှာ နောက်ထပ် အကြမ်းဖက် ပြန်ပေးဆွဲမှုတခု ကုန်စုံဈေးဆိုင်တခုမှာ ဒီနေ့ပဲ ထပ်ဖြစ်နေပါတယ်။

ပါရီမြို့က ဂျုးလူမျိုးတွေ သီသန့်စားသုံး တာတွေရောင်းတဲ့ (Kosher) ကုံစုံဆိုင်ထဲမှာ အကြမ်းဖက်တိုက်ခိုက်ပြီး လူများစွာကို ပြန်ပေးဆွဲထားသူဟာ ကြာသာပတေးနေ့က ပါရီမြို့တောင်ပိုင်းမှာ ရဲမေတဦးကို သတ်ခဲ့တဲ့သူလို့ ယုံကြည်ရကြောင်း ရဲတွေက ပြောပါတယ်။

ဒီတိုက်ခိုက်သူဟာ ပါရီမြို့မှာ ဗုဒ္ဓဟူးနေ့က Charlie Hebdo အပတ်စဉ် မဂ္ဂဇင်းရုံးချုပ်ကို တိုက်ခိုက်မှုမှာ အဓိကပါခဲ့တယ်လို့ သံသယရှိထားတဲ့ Cherif Kouachi နဲ့ Said Kouachi ညီအကိုနဲ့ အဆက်အသွယ် ရနေပြီလို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီမဂ္ဂဇင်းရုံးတိုက်ခိုက်မှုအပြီး ၂ ရက်အကြာ ဒီနေ့မှာ သံသယရှိခံထားတဲ့ ဒီမွတ်ဆလင်ညီအကိုနှစ်ဦး ပုန်းနေတဲ့အဆောက်အဦးကို ရဲက၀ိုင်းထားပြီး၊ ဆွေးနွေးနေတယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ထုတ်ပြောလိုက်ပါတယ်။

သံသယဖြစ်ခံထားရတဲ့ ညီအကိုနှစ်ယောက်က သူတို့ကိုယ်သူတို့ အာဇာနည်တွေအဖြစ်နဲ့ သတ်သေဖို့ ပြင်ဆင်ထားတယ်လို့ ညှိနှိုင်းပေးနေတဲ့ ရဲအရာရှိက ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူတို့က အနဲဆုံး လူ တယောက်ကို ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း ရဲက အတည်ပြု ပေးပါတယ်။

ဒီသံသယဖြစ်နေသူတွေကို ၂ ရက်ကြာ လိုက်လံရှာဖွေခဲ့ပြီးတဲ့နောက် ပါရီမြို့ အရှေ့မြောက်ဖက် ၂၄ မိုင်ကျော်အကွာ Dammartin-en-Goele မြို့က စက်မှုဇုံတခုမှာ သူတို့နှစ်ဦး ပုန်းအောင်းနေတဲ့ နေရာကို ရဲတပ်ဖွဲ့က ရဟတ်ယာဉ်တွေ၊ ကားတွေ၊ မီးသတ်ကားတွေနဲ့ ၀န်းရံထားတာပါ။

Charles de Gaulle နိုင်ငံတကာလေဆိပ် အနီးနားမှာရှိတဲ့ ဒီမြို့က ဒေသခံတွေကိုလည်း နေအိမ်တွေထဲမှာပဲ နေကြဖို့ မြို့တော်ဝန်က သတိပေးထားပါတယ်။ သံသယဖြစ်ထားတဲ့ ဒီမွတ်ဆလင်ညီနောင်ကို ဖမ်းနိုင်ဖို့ ရဲ နဲ့ လုံခြုံရေးအင်အား ရှစ်သောင်း ရှစ်ထောင်ကျော်နဲ့ ကြိုးပမ်းနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/dual-hostage-in-france/2591801.html

သေနတ်သမားတွေ ခိုအောင်းနေတဲ့ အဆောက်အအုံကို Google Street View ကနေ မြင်ရစဉ်။
ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ ဗုဒ္ဓဟူးနေ့က လူ ၁၂ ယောက် သေဆုံး ခဲ့ရတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်ခဲ့သူ အစ္စလာမ်မစ် စစ်သွေးကြွတွေလို့ ယူဆရသူ နှစ်ယောက် ရှိရာ နေရာကို ရာနဲ့ ချီတဲ့ ပြင်သစ် ရဲတွေ ပိတ်ဆို့ ဝိုင်းထား ပါတယ်။

ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ကီလိုမီတာ ၄၀ အကွာက Demmartin-en-Goele မြို့မှာ ဓားစာခံ အနည်းဆုံး တစ်ယောက်ကို ဖမ်းထားတဲ့ ပြင်သစ် နိုင်ငံသား အယ်လ်ဂျီးရီးယား ညီအစ်ကို သေနတ်သမား နှစ်ယောက်နဲ့ အပြင်က ဝိုင်းထားတဲ့ ရဲတွေ အဆက်အသွယ် လုပ်ခဲ့တယ်လို့ ပြင်သစ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကွာရှီ Said နဲ့ Cherif Kouachi ဆိုတဲ့ သေနတ်သမားတွေက အဖမ်းမခံပဲ အသေသာ ခံမယ်လို့ ပြောခဲ့ ကြောင်းလည်း သိရပါတယ်။

သူတို့ ခိုအောင်းနေတယ်လို့ ယူဆရတဲ့ ဒမာတန် အွန်ဂိုလ် မြို့က အဆောက်အဦကို ဒီကနေ့ တစ်မနက်လုံး လုံခြုံရေး တပ်တွေက ဝိုင်းထားပြီး ဝင်တိုက်ဖို့ ပြင်နေခဲ့ ပေမယ့် ဓားစာခံ ရှိနေလို့ အဆောက် အဦကို ဝင်စီးဖို့ အရေး အသေအချာ စဉ်းစားနေရတယ်လို့ သိရပါတယ်။

ဒါမာတန်မြို့မှာ သေနတ်သမား နှစ်ယောက်ကို ရဲတွေက ဝိုင်းရံထားချိန်မှာပဲ ပဲရစ်မြိုတော် အရှေ့ပိုင်းက ဂျူးဈေးတန်းတစ်ခုမှာ သေနတ်သမား တစ်ယောက်က ပစ်ခတ်လို့ လူ တစ်ဦး ဒဏ်ရာရသွားပါတယ်။

ဓားစာခံ တစ်ဦးကိုလည်း ဖမ်းဆီး ထားရတယ်လို့ သိရပါတယ်။

ရဲတွေက အဲဒီ နေရာကို ရောက်သွားပြီး ရှင်းလင်းနေပါတယ်။

အခု ပစ်တဲ့ သေနတ်သမားဟာ မနေ့က ရဲ အရာရှိ အမျိုးသမီး တစ်ဦးကို ပစ်သတ်သွားသူနဲ့ အတူတူပဲလားဆိုတာကတော့ ချက်ခြင်း မသိရသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150109_france_suspects_surrounded