01/18/15

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်မယ့်ကျောင်းသားထုသပိတ်စစ်ကြောင်းကြီးကို၂၀.၁.၂၀၁၅ ရက်နေ့မှာ ရန်ကုန်ကိုဦးတည်၍မန္တလေးမှ စတင်ထွက်ခွာမှာဖြစ်ပါ
တယ်လို. သတင်းရရှိပါသည်။အလုပ်သမား လယ်သမား ပြည်သူအားလုံးဝန်းရံပေးကြပါလို. ကျောင်းသားတွေက မေတ္တာရပ်ခံထားကြောင်းလည်း သိရပါတယ်။

သတင်းဓါတ်ပုံ- နိုင်ရဲဝေ(ပလိပ်)


“ အေးမှုံရေ …ဆေးရုံလား…..ငရဲဘုံလားဖြေစမ်းပါ့ကွယ် ”

ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပါတ်ထဲမှာ နာမကျန်းဖြစ်နေတဲ့ဖခင်ကိုပြုစုဖို့  မြန်မာနိုင်ငံကို ခဏပြန် ဖြစ်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသားအဆောင်နေဘ၀မှာ အခန်းဖေါ်ဖြစ်ခဲ့တဲ့သူငယ်ချင်း ကချင်ကြီးက လေဆိပ် မှာသူ့ ကားနဲ့ ကိုယ်တိုင်လာကြိုတော့ သွားရေးလာရေးဒုက္ခမရောက်ခဲ့ရဘူး။ သူ့ အိမ်မှာရေချိုး ထမင်း စားခဏနားပြီး သူငယ်ချင်းဝယ်ပေးထားတဲ့ အဝေးပြေးကားလက်မှတ်နဲ့  ညတွင်းချင်းမန္တလေး ကိုဆင်းခဲ့ရတယ်။ အအေးပေါ့တဲ့ဆောင်းဝင်ကာစ မန္တလေးကို မနက် (၆) နာရီဝေလီဝေလင်းမှာ ရောက်တယ်။ ညီငယ်လာကြိုတဲ့ကားနဲ့ ဘဲ အဖေတက်နေရတဲ့ မန္တလေးဆေးရုံကြီး ကိုတိုက်ရိုက်သွား လိုက်တယ်။ အဖေ့အခြေအနေကသိပ်မကောင်းဘူး။ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့  ညာဖက်ကိုယ် တခြမ်းသေ သွားတဲ့အပြင် နမိုးနီးယားဖြစ်နေတော့ အဆုပ်အားနည်း ချွဲတွေဟပ်မထုတ်နိုင် အသက်ရှူ ကြပ် လျှာမလှုပ်နိုင် မမျိုချနိုင်တော့ အစာနဲ့ ဆေးကို နှာခေါင်းပိုက်နဲ့ သွင်းနေရပြီ။ အရင်ကထဲက သွေး တိုးနဲ့ဆီးချိုရှိနေရာက လေစိမ်းရိုက်ပြီး သွေးပျစ်သွားတော့ မစီးနိုင်တော့ဘဲ ဦးနှောက်သွေးကြောလေး တွေမှာ ဆို့ ပြီး လေဖြတ်သွားခဲ့တာတဲ့။

စိတ်ရောကိုယ်ရောနှစ်ပြီးပြုစုစောင့်ရှောက်နေတဲ့ မိခင်ကြီးနဲ့ တကွ ညီအကိုမောင်နှမတွေ ပြောပြ ချက်အရကတော့ ဖြစ်ဖြစ်ချင်းဆေးရုံပို့ ဖို့ စီစဉ်ကျတော့ ပြည်သူ့ ဆေးရုံမှာဆို အကြောင်းကြောင်းနဲ့  နှောင့်နှေးနေမှာစိုးတာကြောင့်ပြင်ပ ပုဂ္ဂလိကဆေးရုံပို့ ဖို့ ဆုံးဖြတ်ပြီး အရေးပေါ် လူနာတင်ယာဉ်ခေါ် ခဲ့သတဲ့။ ရောက်လာတော့ လူငယ်နှစ်ယောက်က လူနာသယ်တဲ့ လက်တွန်းလှည်းလေးနဲ့ ကားပေါ် တင်ပြီးဆေးရုံပို့တာပါတဲ့ ။ အရေးပေါ်အသက်ကယ် သူနာပြု ( MEDIC : EMERGENCY MEDICAL RESPONDER ) လည်းမပါဘူးတဲ့ ။ အရေးပေါ် အသက်ကိုဆွဲဆန့် ပေးရမဲ့ အသက် ကယ်သူနာပြုနဲ့  အသက်ကယ်ဆေးဝါးကရိယာတွေပါမလာမှတော့ တကယ်အသက်လုရမဲ့လူနာဆို လမ်းမှာတင် အသက်ပျောက် မှာအသေအခြာပေါ့။ လူနာတင်ယာဉ်ပေါ်မှာ အောက်ဆီဂျင်ပေးတဲ့ကရိယာ တော့ပါသတဲ့။

ပြီးတော့ (၇၈) လမ်းပေါ်ကအဲ့ဒီပုဂ္ဂလိကဆေးရုံရဲ့ အရေးပေါ်ဌာနရောက်တော့ကုတင်ပေါ်တင်ထားပြီး တနာရီနီးပါးကြာတဲ့အထိ ဘယ်သူမှလာပြီး ကြည့်ရှူ့ စမ်းသတ်ကုသမှု့မလုပ်ဘူးတဲ့။ ဒါကို အရေးပေါ် ကယ်ဆယ်ကုသရေးလို့ ခေါ်နိုင်ပါသလား။ စာဖတ်သူတို့ ဘဲစဉ်းစားဆုံးဖြတ်ကြည့်ပါတော့။ ဒီလိုဝန်ဆောင်မှု့တွေကြောင့် မသေသင့်ဘဲသေသွားရသူတွေ၊ ရောဂါမဆိုးသင့်ဘဲ ဆိုးပြီးဒုက္ခိတဖြစ် ဘ၀ပျက်သွားရသူတွေ ဘယ်လောက်များရှိမလဲဆိုတာ မတွေးရဲဘူး။ ပြည်သူလူထုကြီးရဲ့ကျန်းမာ ရေးအသိနိမ့်ကျနေရတဲ့အထဲမှာ အခုလိုကျန်းမာရေးဝန်ဆောင်မှု့လုပ်ငန်းတွေရဲ့ အရည်အသွေး မပြည့်မှီမှု ဆေးဝါးနဲ့ ကရိယာမစုံလင်မှု့တွေကြောင့် တိုင်းပြည်ဟာအလွန်နစ်နာဆုံးရှူံးနေရတယ်။

မြန်မာနိုင်ငံရဲ့ဆရာဝန်လောကမှာ ဆရာဝန်ကျင့်ဝတ်ကို ဂရုတစိုက်စောင့်ထိန်းပြီး လေးစားအားကိုး ထိုက်တဲ့ ဆရာဝန်တွေအများကြီးရှိနေသေးသလို စည်းမစောင့်တဲ့ ငွေနောက်လိုက်နေတဲ့ အသပြာ ဆရာဝန်တွေလည်း အရင်ကနဲ့ စာရင်ပို များလာတယ်။ ဒါကလည်းဆရာဝန် လောကမှာ့တင်မဟုတ် ပါဘူး။ အင်ဂျင်နီယာလောက၊ရှေ့နေလောက ၊ကျောင်းဆရာလောက၊ တရားသူကြီးလောက၊ ၀န်ထမ်း လောက …ရှိရှိသမျှကဏ္ဍလောကအသီးသီးမှာ ကျင့်ဝတ်လိုက်နာမှု့မရှိဘဲ ထင်တိုင်းကြဲနေကြတာ မဟုတ်လား။

မန္တလေးရောက်ရောက်ခြင်း အဖေတက်နေရတဲ့ ပြည်သူ့ ဆေးရုံကြီးက ဖျားနာဆောင်(တစ်)ကိုဝင်လိုက် ရင်ဘဲ မြင်ရတဲ့မြင်ကွင်းကစိတ်မသက်သာစရာအလွန်ကောင်းတယ်။ ၀င်ဝင်ချင်းဆောက်နဲ့ ထွင်းသလို ပါဘဲ။ ရောဂါကျွမ်းလို့ လား ဆေးဝါးမပြည့်စုံ၊ အချိန်မမှီလို့ လား မသိနိုင်တဲ့ လူနာတယောက် အသက် ကုန်လို့ အအေးတိုက်ထဲပို့ ဖို့ ထွက်လာတာနဲ့ ကြုံရတယ်။ ဘေးမှာလည်းငိုကြွေးလိုက်လာတဲ့လူတချို့နဲ့  အို…လူနာတွေ လူမမာတွေဆိုတာ လူသွား စင်္ကြန်တလျှောက် ကုတင်အပိုတွေမှာ ကြမ်းပြင်ပေါ်မှာ ပြည့်နှက်နေတာဘဲ။ လူမမာတွေ များလွန်း တော့ သန့် ရှင်းရေးလည်း ဘယ်ကောင်းကောင်း လုပ်နိုင် တော့မလဲ။ အော်ဂလီဆန်စရာ အလွန်ဆိုးဝါး ပြင်းထန်တဲ့ အနံ့ ဆိုးကြီး ထောင်းခနဲ နှာခေါင်းထဲဝင်လာ တာမို့  အော့အန်ခြင်စိတ်ကို မနဲထိန်းလိုက် ရတယ်။ ချီးမနိုင် သေးမနိုင်ဖြစ်နေတဲ့လူနာတွေ၊ ပြုစုမဲ့ လူနာစောင့်မရှိလို ၊့ ပိုက်ဆံမတတ်နိုင်လို့ ၊ သန့် ရှင်းရေးမလုပ်နိုင်တဲ့လူနာတွေ ၊ အခန်းနဲ့ လူနဲ့ မမျှ တော့ လေ၀င်လေထွက်က မကောင်းတော့ ပိုဆိုးတာပေါ့။ ဒါတောင် စာရေးသူရောက်သွားတဲ့အချိန်က ဆောင်းဝင်ကာစမို ၊ နွေရာသီဆိုဘယ်လို နေကြမယ်မသိဘူး ။ ဒီတော့ ဆေးရုံလား …ငရဲဘုံလားဆိုတာ စာဖတ်သူတွေဘဲဆုံးဖြတ်ကြပါတော့။

အဖေ့အခြေအနေကိုကြည့်ပြီးတာနဲ့  ဒီလို ကျန်းမာရေးနဲ့ လုံးလုံးမညီညွတ်တဲ့ အဆောင်မှာဆက်ထား ရင်ရောဂါမပျောက်တဲ့အပြင် တခြားရောဂါတွေဝင်လာနိုင်တာမို့ အဲ့ဒီအဆောင်ကဆင်းဖို့ ဆုံးဖြတ် လိုက်ရတယ်။ ပိုက်ဆံမတတ်နိုင် ကျန်းမာရေးအသိနည်းပါးရှာလို့ သွေး၊ဆီး၊ သလိပ်မစစ်နိုင်တော့ ကိုယ်ဘာရောဂါဖြစ်မှန်း တောင်မသိ ဘဲ ခြောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ လူနာတွေကအများကြီး။ ဆေးမတိုးတော့တဲ့ ကူးစက်တတ်တဲ့ရောဂါပိုးတွေအများကြီးရှိနေမှာ ဗေဒင်မေးစရာမလိုဘူး။

စာရေးသူနဲ့ အလွန်ရင်းနှီးတဲ့မြို့ခံသူငယ်ချင်းတယောက်နဲ့  ဆက်စပ်စုံစမ်းကြည့်လိုက်တော့ PAY WARD လို့ ခေါ်တဲ့ ပိုက်ဆံပေးတက်ရတဲ့အဆောင်တွေရှိတာသိရတယ်။အခန်းခက တရက်ကို မြန်မာကျပ်ငွေ တစ်သောင်း တချို့ ဆေးတွေက ဆေးရုံကအခမဲ့ပေးပေမဲ့ C S 1 ( CEFOPERAZONE SULBACTAM FOR INJECTION ) လို့  ခေါ်တဲ့ ပိုးသတ်ဆေးလိုမျိုး ဈေးကြီးတဲ့ဆေးတွေကတော့ ပြတ်နေတာများတော့ လူနာရှင်က၀ယ်ပေးရတယ်။ အပြင်ပုဂ္ဂလိက ဆေးရုံတွေက အခန်းခ( တစ်သောင်းနှစ်ထောင်) နဲ့  ဆရာဝန်စမ်းသတ်ခ ( တစ်သောင်း) အပါအ၀င် သူနာပြုဝန်ဆောင်ခ၊ဆေးဖိုးဝါးခနဲ့ ဆို တနေ့  တသိန်း ကျော်ကျတာဆိုတော့ အများကြီး သက်သာ တာပေါ့ ။

ဒါပေမဲ့ အဲ့ဒီပြည်သူ့ ဆေးရုံက PAY WARD လို့ ခေါ်တဲ့ ပိုက်ဆံပေးတက်ရတဲ့အဆောင်တွေက တက်ခြင်တိုင်းတက်လို့ မရဘူး။ အခန်းလွတ်ရှိအောင်စောင့်ရတာ။ အဖေ့အခြေအနေက အိမ်မှာထား လို့ မရသေးတော့ PAY WARD အခန်းမရသေးခင် တော်ဝင်နှင်းဆီလို့ ခေါ်တဲ့ ပုဂ္ဂလိကဆေးရုံတရုံမှာ လေးရက်လောက်တင်ထား ရပြန်ရော။ ဆေးရုံကြီးမှာ အခန်းအားပြီဆိုတော့မှ ပြန်ပြောင်းရတာ။ အဆောင်ကအသစ်၊ ငါးထပ်ဆောင်၊ ပထမထပ် ထပ်ကအခန်း ရေချိုးခန်းအိမ်သာ ရေခဲသေတ္တာ နဲ့ ခေါင်းရင်းကိုမြှင့်လို့ ရတဲ့လူနာကုတင်ပါတယ်။
ဒီတခါတော့ အရေးပေါ်သူနာပြုယာဉ်နဲ့ ပြည်သူ့ ဆေးရုံဝင်းထဲဝင်လာတော့မှသတိပြုကြည့်လာမိတယ်။ လမ်းဘေးပလက်ဖေါင်းတွေပေါ်၊ ပန်းခြံတွေထဲမှာ၊ ကားရပ်နားစရာနေရာတွေမှာ၊ အဆောက်အဦးဘေး တွေမှာ.. တချို့ကအခင်းလေးတွေနဲ့ တချို့များဆိုအခင်းတောင်မပါဘူး၊ ရပ်ဝေးကလာတဲ့သူတွေ၊ တောသူတောင်သားတွေ၊ ငွေကြေးချို့တဲ့နွမ်းပါးသူတွေပါ။ တည်းခိုခန်းခလည်းမတတ်နိုင်ကြတော့ ဖြစ်သလို ရရာနေရာခိုနေကြရရှာတာ။ မိုးတွင်းနဲ့ နွေရာသီဆို လောကငရဲပေါ့။

ဆေးရုံဝင်းထဲတခြားအဆောင်တော့ဘယ်လိုနေမယ်မပြောတတ်ပေမဲ့ ငါးထပ်ဆောင်( အသည်းအထူး ကုဆောင်) ပထမထပ်က ဆရာဝန်ကြီးများနဲ့ တကွဆရာဝန်ငယ်တွေ၊ သူနာပြုတွေကတော့ အကုန်လုံး နီးပါးတာဝန်ကျေကြ စေတနာလည်းပါကြ၊ စိတ်လည်းရှည်ကြပါတယ်။ ဒေါသကြီးတဲ့ သူနာပြုဆရာမ တယောက်စ နှစ်ယောက်စလောက်ဘဲတွေ့ ရတယ်။ ဆေးရုံကအခမဲ့ပေးတဲ့ ဆေးစာရင်း စာရွက်တွေ လည်း လူမြင်ကွင်းမှာကပ်ပြီးပြထားပေးတယ်။ဆေးပြတ်နေရင်တော့ ဆေးရုံအပြင်က ဆေးဆိုင်တွေ က၀ယ်ပေးရတာပေါ့။ ဆေးရုံကြီးရှေ့တဲ့တဲ့မှာရှိတဲ့ဆေးဆိုင်တွေထဲမှာလည်း တချို့ ဆိုင်တွေက တော် တော်အမြတ်ကြီးစားတယ်။ ကိုယ်သတိထားမိတဲ့အထဲတော့ ချယ်ရီဆေးဆိုင်က အမြတ်သိပ်မတင်ဘူး။ မှန်မှန်ကန်ကန်ရောင်းတဲ့ တခြားဆိုင်တွေလည်းရှိနိုင်ပါတယ်။

ဆေးတွေကလည်းဈေးကြီးသလားမမေးနဲ့ အထူးသဖြင့် ဆီးချိုသွေးတိုးဆေးတွေကခေါင်ခိုက်နေတာ။ ကျောပူနာ ( BED SORES) လိမ်းဆေးဆို သိပ်ဈေးကြီးတာ၊ ပိုထိရောက်တယ်လို့ ပြောကြတဲ့ REGREL GEL လို့ ခေါ်တဲ့ လက်ညိုးလောက်ရှိတဲ့လိမ်းဆေးဘူးလေးကို ဆေးဆိုင်တဆိုင်မှာမေးကြည့်တော့ တစ်သိန်း ရှစ်သောင်းတဲ့ ၊ ချယ်ရီမှာမေးတော့ တစ်သိန်းခြောက်သောင်းပြောတယ်။ NADOXIN လို့ ခေါ်တဲ့ တခြား ဆီးချိုအနာလိမ်းဆေး ကိုမေးကြည့်တော့ ငွေနှစ်ထောင်ဘဲကျတယ်။ ဒါနဲ့  NADOXIN လေးဘဲဝယ်ပြီး ဆေးရုံက အခမဲ့ပေးတဲ့ ရိုးရိုးအနာကျက်ဆေး (ZINCOXIDE ) နဲ့ တွဲလိမ်းပြီး အနာကိုမဖိမိအောင်ဂရုစိုက် တော့ ပျောက်သွားတာပါဘဲ။

ဆေးရုံရောက်ပြီးနောက်တရက်မှာ သွေး၊ဆီး၊သလိပ်စစ်ရတယ်။ ဆီးနဲ့ သလိပ်ကို အခမဲ့စစ်ပေးတယ်။ သွေးစစ်ရင် တစ်သောင်း၊ ဓါတ်မှန်ရိုက်ရင်ခြောက်ထောင်ပေးရမယ်တဲ့။
ပြီးတော့ အောက်ဆီဂျင်ဆိုတာလူကောင်းတွေအတွက်တော့ လေထဲကအခမဲ့ရှူနိုင်ပေမဲ့ အသက်လုနေရတဲ့လူနာတွေအတွက်တော့ အောက်ဆီဂျင်ဘူးနဲ့မှရှူနိုင်တာပါ ။ ပြည်သူ့ဆေးရုံကြီးမှာ တဗူးကို သုံးထောင်ကျပ် ပြီးနေတော့ တဗူး သုံးနာရီဘဲခံတယ်လေ ။ ဒီတော့ မရှိဆင်းရဲသားတွေ ဘယ်တတ်နိုင်မှာလဲ ။ ဒါကို မန္တလေး (၁၁) မှတ် ဂါတ်တဲအလွန်နားက ပုလဲဆရာတော်ဦးစီးတည် ထောင်ထားတဲ့ ပုလဲပရဟိတဖေါင်ဒေးရှင်းကနေ အောက်ဆီဂျင်ဗူးတွေ လိုသလောက်အခမဲ့လှူဒါန်း နေပါတယ် ။ အလွန်မွန်မြတ်တဲ့အလှူပါ ။ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ တကယ်တော့ ဒီလိုဆေးဝါး ကုသမှု ဆိုင်ရာလိုအပ်ချက်တွေကို အုပ်ချုပ်သူအစိုးရမင်းများက စီမံဆောင်ရွက်ရမှာပါ ။ လိုအပ်တဲ့ ဘတ်ဂျက်နဲ့ ဘဏ္ဍာငွေကြေးတွေချပေးလို့ အခမဲ့ဆေးဝါး ကုသခွင့်ရှိအောင်ပြည့်ပြည့်စုံစုံဆောင်ရွက် သင့်ပါတယ်။ အခုတော့ တို့ မြန်မာပြည်သူတွေမလဲ အစိုးရကို အားမကိုးနိုင်တော့ ကိုယ်ထူကိုယ်ထ လုပ်ကြရ၊ ပရဟိတအသင်းတွေကိုအားထားနေရတာမဟုတ်လါး။အလွန်ဝမ်းနည်းစရာကောင်းပါတယ်။

အဲ့ဒီလို ပရဟိတအသင်းတွေ၊ ဘုန်းတော်ကြီးတွေဦးစီးပြီး မန္တလေးဆေးရုံကြီးလါတက်နေတဲ့ မရှိဆင်း ရဲသားတွေ အတွက်သောက်ရေသန့်တွေ၊ ဆန်ပြုတ်တွေလါလါလှူတာတွေ့ ခဲ့ရတယ်။ သိပ်မွန်မြတ် တာဘဲ။ ပြည့်သူ့ဆေးရုံ ကြီးတခုမှာ သောက်ရေမရနိုင်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ တကယ် လို့များပရဟိတ အသင်း တွေ ဘုန်းတော်ကြီးတွေ အဆင်မပြေလို့ သောက်ရေသန့်လာမပို့နိုင်ရင် ၀ယ် မသောက်နိုင်တဲ့မရှိဆင်းရဲ သားတွေခမျာ အနီးနားဝန်းကျင်မှာလိုက်တောင်းသောက်ကြပေါ့။ လူနာ စောင့်မရှိတဲ့လူနာ ဆိုရင်တော့ ငတ်သေရမဲ့သဘောဘဲ။

ဆေးရုံတက်တာ ငါးရက်မြောက်တဲ့နေ့ မနက် ရှစ်နာရီခွဲလောက်ကစပြီး မန္တလေးဆေးရုံကြီး ရှေ့တည့် တည့် လမ်း၃၀ ပေါ်မှာ ၇၄ နဲ့ ၇၅ လမ်းကြားက ABC စတိုးဆိုင်ဖွင့်ပွဲလုပ်တော့ ဆောင်းဘောက်ကြီးတွေ သီချင်းတွေအကျယ်ပြီးဖွင့်ကြတာ ။ ၁၁ နာရီမှာ အဆိုတော် ဟန်လေးလည်း လာမယ်ပြောကြတယ်။ ဟိုးတုံးကတော့ ဆေးရုံနားဆိုတာ ကားဟွန်းတောင်မတီးဖို့တားမြစ်ထားတာလေ။ အသက်လုနေရတဲ့ လူမမာတွေ၊ အသည်းအသန်အဖျားနာနေတဲ့လူနာတွေ၊ သက်ကြီးရွယ်အိုတွေမပြောနဲ့ ကိုယ်လိုလူ ကောင်းတယောက်တောင်နားမခံသာဘူး။ ဘေ့စ်သံတဒုန်းဒုန်းက ဆေးရုံမှန်ချပ်တွေတောင်ခါနေ အောင်ကျယ်တာ။ လူလည်းနှလုံးတွေတုန်ပြီး ခေါင်းကိုက်လာတယ် ။ စီးပွားရေးလုပ်တာဆိုပေမဲ့ အများပြည်သူအနှောင့်အရှက်မဖြစ်အောင် သတိထားလုပ်ကြဖို့လိုတယ် ။

နာရီဝက်လောက်တော့သီးခံလိုက်ပါသေးတယ် ။အမြင်မတော်ကိုပြောဆိုပြုပြင် ထိန်းကြောင်းပေးမဲ့ လူလည်းရှိပုံမရဘူး။ ကိုယ်နဲ့မဆိုင်ပါဘူး ဝင်ပြောနေရင် ကိုယ်ဘဲပြသနာတက်မှာ မမြင်ခြင်ယောင် မကြားခြင်ယောင်ဆောင်နေတာဘဲကောင်းတယ်လို့ လူတိုင်းတွေးနေကြပုံရတယ်။ ကိုယ်နဲ့မဆိုင်သလိုနေလိုက်ရင်း တို့ လူ့အဖွဲ့စည်းလည်း အသိတရားခေါင်းပါးသထက်ခေါင်းပါးပြီး ဖြစ်ခြင်တိုင်းဖြစ်နေတော့တာပေါ့ ။ ဒါနဲ့ကိုယ်လည်း လူနာစောင့်လဲတဲ့သူရောက်လာမှာ့ အဖေ့ကိုအပ်ပြီး မလုပ်သင့်တာကို တားမြစ်ဖို့ ဆင်းလာမိတယ် ။ သူတို့ကို မတားခင် ဘယ်လိုပြောရင်ကောင်းမလဲလို့ လမ်းမှာကြိုစဉ်းစားလာမိတယ် ။လူတွေဝိုင်းအုံကြည့်နေတဲ့ရှေ့မှာ သတင်းသမားတွေရှေ့ စိတ်လိုက် မာန်ပါပြောရင် ကိုယ့်ဖက်က မှန်တယ်ထားအုံး ဟိုတဖက်သားကလက်ခံခြင်မှလက်ခံမှာ၊ ပြီးရင်လူတွေ အုံနေတော့ မလိုလားအပ်တဲ့ ပြဿနာတွေပေါ်သွားနိုင်တယ်လေ။ ဒါနဲ့ဆိုင်ထဲဝင်ပြီး စီစဉ်နေသူလိုထင် ရတဲ့ မိန်းကလေးတယောက်ထံ အသာတကြည်ကပ်ပြီး အန်ကယ်မေးစရာရှိလို့ပါလိုပြောပြီး လူရှင်းတဲ့ ရုံးခန်းနားခေါ်ပြီး ချိုချိုသာသာ အသံတိုးပေးဖို့ မေတ္တာရပ်ခံရတယ် ။

လူနာတွေသိပ်သနားစရာကောင်းတဲ့အကြောင်း အသံအကျယ်ကြီးမခံနိုင်ကြောင်းရှင်းပြတော့ အဲ့ဒီ မိန်းကလေးကလည်း သိတတ်နားလည်မှု့ရှိရှာပါတယ် ။အသံလေးတွေတိုးပေးပါ့မယ်ဆိုပြီး ရည်ရည် မွန်မွန်ပြန်ပြောရှာပါတယ် ။ မိဘကဆိုဆုံးမလို့သိတတ်နားလည်တဲ့ကလေးမို့ဒီဆောင်းပါးကနေကျေးဇူး တင်ကြောင်းပြောခြင်ပါတယ်။ ဒါဟာနိုင်ငံရေးကိစ္စပါဘဲ။ ရပ်မိရပ်ဖ မိဘပြည်သူဆိုတာ ကိုယ့်ပတ်ဝန်း ကျင်မှာ မှားနေတာဖြစ်ဖြစ်၊ မသိလို့မဟုတ်တာတွေလုပ်နေတာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးလို့သဘော မထားဘဲ၊ အခြေအနေအချိန်အခါကိုယ်သုံးသပ်ပြီး ဝင်ရောက် ထိန်းသိမ်းပြုပြင်တည့်မှတ်ပေးဖို့ လို တယ်။ ဒါကို အင်္ဂလိပ်လိုတော့ (OBSERVATION AND INTERVENTION WITH POSITIVE TECHNIQUE ) လို့ခေါ်မယ်ထင်တယ်။

မလုပ်မရှုပ်မပြုတ် ဒုက္ခမရောက်ဆိုတဲ့ ယဉ်ကျေးမှု့ဆိုး ကြီးကိုတိုက်ဖျက်ကြရမယ် ။ ဒီလိုလုပ်နိုင်ဖို့က (၁) မြန်မာပြည်သူတွေမှာ အကြောက်တရားတွေလျှော့ပါးအောင်လုပ်ရမယ်။ မိုက်ရူးရဲလုပ်တာကိုပြော တာမဟုတ်ဘူး။ မှန်မှန်ကန်ကန်ပြောရဲဆိုရဲလုပ်ရဲကိုင်ရဲရှိဖို့ပါဘဲ။ (၂) စာနာစိတ်တွေ ရှိလာအောင်၊ အများကိုထိခိုက်မဲ့ကိစ္စတွေမလုပ်သင့်ဘူးဆိုတာလူထုကိုပညာပေးဖို့ လိုတယ်။ (၃)ရပ်ရွာ မြို့နယ် အဆင့်ကနေ နိုင်ငံတော်အဆင့်အုပ်ချုပ်ရေး အာဏာပိုင်ရာထူးအဆင့်တွေမှာ မှန်မှန်ကန်ကန် အဂတိ ကင်းကင်းအုပ်ချုပ်မဲ့သူတွေ၊ သီလကောင်းသူတွေနေရာရပြီးစီမံခန့်ခွဲသွားဖို့လိုတယ်။ (၄)အပေါ်မှာ ရေးပြခဲ့သလိုအသံအကျယ်ကြီးဆေးရုံနားလါဖွင့်ဆူညံတာမျိုးကို တားမြစ်အပ်တယ်လို့လည်း အသိ ရှိပြီး တားမြစ်ရဲတဲ့သတ္တိရှိတဲ့ ရပ်မိရပ်ဖတွေ၊ မြို့မိမြို့ဖတွေများများရှိဖို့လိုတယ် ။ ဒါမှာ့သာ မြန်မာနိုင်ငံ ဟာတဖြေးဖြေးပြုပြင်ပြောင်းလဲတိုးတက်လါနိုင်လိမ့်မယ် ။

နောက်အမြင်မတော်တာတခုက မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းထဲမှာ ကားတွေ ဆိုင်ကယ်တွေကြား အောက်ပိုင်းသေနေတဲ့ အဖွားအိုတယောက် ဒရွတ်ဆွဲသွားနေတာလေ။ ဘေးကကြည့်နေတဲ့လူတွေ ကလည်း မြင်နေကျမို့လား၊ တမင်လုပ်ပြီးတောင်းစားနေတာသိလို့လား ဘာဘဲဖြစ်ဖြစ် အခုမှမြင်ဘူးတဲ့ ကိုယ့်အတွက်တော့လစ်လျှုရှူ့မသွားနိုင်ဘူးလေ။ မမြင်တဲ့ကားတွေ၊ဆိုင်ကယ်တွေကတိုက်ရင်ချက် ချင်းသေသွားနိုင်တယ် ။ ဒါနဲ့အဖွားကိုမပြီးဘေးလွတ်ရာရွေ့ပေးလိုက်ရတယ်။ ချီးတွေသေးတွေ မနိုင် ဘဲပါထားတော့ ကိုယ်လည်းချီးစော်သေးစော်နံတော့တာပေါ့။ နာမည်မေးတော့ လူနာမည်လား မယ်သီ လရင်လားတ၊ဲ့ လူနာမည်မေးတော့ ဒေါ်ခင်မိမိ မုံရွာဖက်ကလာတာတဲ့ ဆရာဝန်လာတွေ့တာလို့ ပြော တာဘဲ။ သားသမီးမရှိ အဖေါ်မရှိလို့ ဆေးရုံပန်းခြံထဲမှာအိပ်သတဲ့ ။ ဟုတ်မဟုတ်တော့သူဘဲသိမှာပါ။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် … မြန်မာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍမှာပြုပြင်ပြောင်းလဲမှုလေးတွေ ဟိုနား ဒီနားရှိနေပေမဲ့ ဆင်းရဲနွမ်းပါးတဲ့အများပြည်သူတွေအတွက် (၁) ကျန်းမာရေးစောင့်ရှောက်ခံ ပိုင်ခွင့်ဟာ ဆိုးဆိုးရွားရွားနိမ့်ကျနေဆဲဘဲ။ နေရာမလုံလောက်မှု၊ ရှိတဲ့နေရာကလည်း ကျန်းမာရေး နဲ့ မညီညွတ်မှု၊ ဆေးဝါးကရိယာမလုံလောက်မှု၊ အချိန်မှီကုသမခံရမှု၊ စရိတ်ကြီးမြင့်မှု၊ ၀န်ဆောင်မှု အရည်အသွေး ညံ့ဖျင်းမှု စတာတွေဟာထင်ထင်ရှားရှားတွေ့ နေရဆဲပါ။ (၂) လက်ရှိမြန်မာနိုင်ငံရဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေး ( EMERGENCY MEDICAL SERVICES) ၀န်ဆောင်မှုဟာ အလွန်အားနည်းနေသေး တယ်။ သွက်လက်မြန်ဆန်မှုမရှိဘူး။ လူနာရဲ့အသက်ကို ထိရောက်စွာ ဆွဲဆန့် နိုင်ဘို့ လုံလောက်တဲ့ ကရိယာတွေ ကျွမ်းကျင်လုပ်သားတွေမရှိသေးဘူး။ ရောင်စုံမီးလုံးတွေနဲ့  အရေးပေါ်သူနာပြုယာဉ်လို့  စာတန်းထိုးထားတဲ့ လူနာပို့ ဆောင်ရေးအဆင့်မှာဘဲရှိနေသေးတယ်။ (၃) လူထုရဲ့ကျန်းမာရေးအသိ အမြင်ဟာဆိုးဆိုးဝါးဝါးနိမ့်ကျနေဆဲဘဲ။

ဒီလိုနိမ့်ကျနေမှုတွေကြောင့် အများပြည်သူတွေဟာ..မဖျားနာသင့်ဘဲဖျားနာနေရတယ်။ ရောဂါမဆိုး သင့်ဘဲ ဆိုးသွားရတယ်။ မသေသင့်ဘဲသေဆုံးနေကြရတယ်။ နိုင်ငံ့အုပ်ချုပ်ရေးတာဝန်ယူထားသူတွေ၊ အစိုးရ လွှတ်တော်နဲ့ တကွ ကျန်းမာရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်ကနေ အောက်ခြေကျန်းမာရေး ၀န်ထမ်းတွေအထိ ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ရမှာက…မြန်မာနိုင်ငံသားတယောက် ဖျားနာခြင်းဟာသူ့ မိသားစုအတွက် လုပ်အားနဲ့ ဝင်ငွေဆုံးရှူံးခြင်းဖြစ်သလို၊ တိုင်းပြည်အတွက်လုပ်အား နဲ့ ဝင်ငွေဆုံးရှူံးနေတယ်ဆိုတာဘဲ၊ မြန်မာနိုင်ငံသားတယောက် မသေသင့်ဘဲသေသွားရင် သူ့ မိသားစု အတွက်သာမက တိုင်းပြည်အတွက်ကြီးစွာသောဆုံးရှူံးမှု့ဘဲဆိုတာမြင်နိုင်ဖို့ လိုတယ်။ ဒါကြောင့် ကိုယ် ယူထားတဲ့တာဝန်ကို ကျေပွန်အောင်လုပ်ဖို့ ၊ မရှိမဲ့ရှိမဲ့ ကျန်းမာရေးဘတ်ဂျက်လေးကိုလည်း မခိုးမ၀ှက် ကြဖို့  ၊ အုပ်ချုပ်သူကျင့်ဝတ်၊ ပြည်သူ့ ဝန်ထမ်းကျင့်ဝတ်၊ ဆရာဝန်ကျင့်ဝတ်၊ သူနာပြုကျင့်ဝတ်တွေ အမှန်တကယ်လေးစားလိုက်နာကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။

လေးစားစွာဖြင့်
မင်းကောင်းချစ်
ဒီဇင်ဘာလ ( ၂၈) ရက် ၂၀၁၄ ခုနှစ် နံနက် (၁၀) နာရီ ခွဲ


ကိုင်ရို ၊ ၁၈-၁-၂၀၁၅

အကြမ်းဖက် တိုက်ခိုက်မှု များသည် အရှေ့ အလယ်ပိုင်းရှိ နိုင်ငံများသို့ ပျံ့နှံ့လာမည် ဆိုပါက တိုင်းတာ၍ မရနိုင်သည့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က သတိပေး ပြောကြားလိုက်ပြီး ISIS စစ်သွေးကြွ များကို တိုက်ခိုက်လျက် ရှိသည့် နိုင်ငံများကို ဒေါ်လာသန်း ၂ဝဝ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ကတိပေး ခဲ့သည်။

ထို့ပြင် ဂျပန် အစိုးရသည် အရှေ့ အလယ်ပိုင်း ရှိ နိုင်ငံများ အတွင်း ဖွံ့ဖြိုး တိုးတက်ရေး နှင့် လူသားချင်း စာနာသည့် အကူအညီများ အတွက် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကို ပေးအပ် သွားမည်ဖြစ်ပြီး အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်းမှ ဝင်ရောက် လာသည့် ဒုက္ခသည်များ အတွက် လိုအပ်သည့် အကူအညီ များကို ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အီဂျစ် အာဏာပိုင် များနှင့် ယမန်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် အာဘေး က ပြောကြား ခဲ့သည်။

ဂျပန်အစိုးရက ပေးအပ်သည့် ငွေကြေး အကူအညီ များသည် ဒုက္ခသည် များကို လက်ခံ ထားသည့် နိုင်ငံ အများစုသို့ ပေးအပ် သွားမည်ဖြစ်ပြီး ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး တစ်ဦးက ပြောကြား ခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံ သည် အီဂျစ်နိုင်ငံ အတွင်းရှိ လျှပ်စစ် ထုတ်လုပ်ရေး ကဏ္ဍတွင် တိုးတက် လာစေရေး အတွက် ချေးငွေများ ကိုလည်း ပေးအပ် သွားမည် ဖြစ်သည်။

ဂျပန် ဝန်ကြီးချုပ် အာဘေး သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ချိန် မှစ၍ ကမ္ဘာ့ အလယ်တွင် နိုင်ငံ၏ ပုံရိပ်ကို တိုးမြှင့် နိုင်စေရေး အတွက် လုပ်ဆောင် ခဲ့ပြီး အရှေ့ အလယ်ပိုင်းရှိ ရေနံ ပေါကြွယ်ဝ သည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅ဝ ခန့်သို့ သွားရောက် လည်ပတ်ခဲ့ပြီး ဖြစ်သော်လည်း အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ သွားရောက် လည်ပတ်ခြင်း မရှိသေးကြောင်း
သိရသည်။

‎PyiChitThar‬
http://www.pyichitthar.com/2015/01/isis_17.html


ကိုရီးယားရောက်မြန်မာတစ်ယောက်ရဲ့နိုင်ငံ့ဂုဏ်စွမ်းဆောင်နိုင်ခဲ့တဲ့..ကိုရွှေအိုးစည်ဖြစ်ပါတယ်.ဒေါ်အောင်ဆန်းစုကြည်ရင်ထိုးလေးတပ်ထားပြီး.Korea KBSအသံလွှင့်ဌာနကသီချင်းဆိုပြိုင်ပွဲမှာ..나는 나비နာနီးန်နာဘီဆိုတဲ့ငါဟာလိပ်ပြာလေးသီချင်းနဲ့ ဆုရခဲ့တဲ့သူ ဖြစ်ပါတယ်

.မြန်မာတစ်ယောက်အနေနဲ့ဂုဏ်ပြုလိုက်ပါတယ်။

မောင်(စွယ်စုံကျမ်း )


နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ အန်အယ်ဒီပါတီနဲ့ ယူအန်အေတို့ ပူးပေါင်း လုပ်ဆောင်သွားကြဖို့ ဒီနေ့ နှစ်ဘက် ဆွေးနွေး ခဲ့ကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် နှင်းဆီအိမ်တော်မှာ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆွေးနွေးခဲ့ကြတာလို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ၈ ဦး၊ ယူအန်အေဘက်က ဦးစိုင်းညွန့်လွင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ကြပါတယ်။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားဒီမိုကရေစီပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားများမဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ အဖွဲ့ချုပ်တို့ဟာ အပတ်စဉ် စနေနေ့တိုင်း ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြလေ့ရှိပါတယ်။

ဒီတကြိမ် နေပြည်တော်ဆွေးနွေးပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/77600


မြန်မာနိုင်ငံ၏ အချမ်းသာဆုံးလူ များမှာ စစ်အာဏာရှင်အသိုင်းအဝိုင်း နှင့် နီးကပ်ပတ်သက်သည့် ခရိုနီများ၊ အစိုးရ ထိပ်တန်း အဖွဲ့ဝင်များ၏ ခြစားမှု များနှင့် ပတ်သက်မှုများ ရှိနေကြောင်း တရားဝင် ထုတ်ပြန်လိုက် သည့် ၂၀၁၃ -၂၀၁၄ ထိပ်တန်းအခွန်ထမ်းဆောင် သူ စာရင်းကဖော်ပြ လျက်ရှိသည်။ စာ ရင်းပါ လူနှင့် လုပ်ငန်း အများအပြား မှာ အမေရိကန်အစိုးရ၏ ပိတ်ဆို့အ ရေးယူ ဆန်ရှင်စာရင်းတွင် ပါဝင်သူ များ ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနက ဒီဇင်ဘာလ တွင် ထုတ်ဝေခဲ့သည့် ထိုစာရင်းမှာ မြန်မာနိုင်ငံ၏ အကျိုးအမြတ်အများ ဆုံး စီးပွားရေးလုပ်ငန်းများတွင် အရပ် ဘက်နှင့် စစ်တပ်ရင်းနှီးမြှုပ်နှံ မှုအား ခွဲခြားသည့် စီးပွားရေးပြုပြင် ပြောင်းလဲ မှုအခြေအနေကို ဖော်ပြသည့် တိုင်း တာမှုလည်းဖြစ်သည်။ ထိုစာရင်းပြုစု မှုလုပ်ငန်းစဉ်မှာမူ ရင်း နှီးမြှုပ်နှံသူများ အတွက် စိတ်အနှောင့် အယှက်ဖြစ် လောက်အောင်ပင် ပွင့် လင်းမြင်သာမှု နည်းပါးလျက်ရှိသည်။

အစိုးရအဖွဲ့နှင့် နိုင်ငံရေးနယ်ပယ် တွင် စစ်တပ်ချုပ်ကိုင်မှုမှ ပိုမို၍ ဒီမို ကရေစီနှင့်ကိုက်ညီသည့် အဖွဲ့အစည်း များအဖြစ် ပြောင်းလဲနေသော်လည်း စစ်တပ်နှင့် ဆက်စပ်နေသည့် စီးပွား ရေးလုပ်ငန်းများတွင် ထိုသို့ပြောင်းလဲ မှုများ နည်းပါးလျက်ရှိသည်။ စီးပွား ရေးနယ်ပယ်တွင် လွတ်လပ်စွာကုန် သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွန့်ဦးတီ ထွင်မှုများပြုလုပ်နိုင်ရန် လိုအပ်နေ သည်။ စစ်တပ်နှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပွင့်လင်းမြင်သာ မှုနည်းပါးခြင်းတို့ မြန်မာ့စီးပွားရေးနယ် ပယ်တွင် ဆက်လက်ရှိနေကြောင်း ထိပ်တန်းအခွန်ထမ်းစာရင်းပါ ကုမ္ပဏီ ၃ ခုကဖော်ပြနေသည်။

ဥပမာ စာရင်းပါ AGD ဘဏ် သည် အဲပုဂံ၊ ထူးသစ်တောထွက်ကုန် လုပ်ငန်း၊ အီလိုက်တက်အိုင်တီဝန် ဆောင်မှု၊ ထူးထရိတ်ဒင်းနှင့် အခြား ကုမ္ပဏီအများအပြားပါဝင်သည့် ထူး ဂရု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထူးဂရု၏ ဥက္ကဋ္ဌ ဦးတေဇမှာ နိုင်ငံ အား ၁၉၉၂ မှ ၂၀၁၁ အထိ အုပ် ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ပတ်သက်မှုရှိသည်ဟု လူသိများ သူဖြစ်သည်။ ဦးတေဇနှင့် ၎င်း၏ကုမ္ပ ဏီအားလုံးမှာ အမေရိကန်၏အမည် ပျက်စာရင်းတွင် ပါဝင်လျက်ရှိသည်။ ထိုအမည်ပျက်စာရင်းတွင် ပါဝင်မှုမှာ ထူးဂရုဝန်ထမ်း ၃၀ç၀၀၀ ခန့်အပေါ် တွင် သက်ရောက်မှုများဖြစ်ပေါ်စေပြီး ထိပ်ဆုံးအဆင့်လူများ၏ ခရိုနီစနစ် ကျင့်သုံးမှုက အလယ်အလတ်နှင့် အောက်ခြေလူတန်းစားများအတွက် ပါ ပြဿနာဖြစ်ပေါ်စေကြောင်း နမူ နာဖြစ်သည်။

ထိပ်တန်းအခွန်ထမ်းစာရင်းနှင့် အမေရိကန်က ဒီဇင်ဘာလတွင်ထုတ် ပြန်ခဲ့သည့် နောက်ဆုံးပြုစုထားသော အမည်ပျက်စာရင်းတို့ကို နှိုင်းယှဉ်ကြည့် ပါက ရလဒ်မှာ အံ့အားသင့်ဖွယ်ဖြစ် သည်။ အမေရိကန်၏ အမည်ပျက် စာရင်းမှာ မြန်မာ့စီးပွားရေးပေါ် မြန် မာတပ် မတော်ထိပ်တန်းအသိုင်းအဝိုင်း ၏ လွှမ်းမိုးမှု ညွှန်းကိန်းအဖြစ်မှတ် ယူနိုင်သည်။ ကမ္ဘာတစ်ဝန်းလုံးအ တွက် ထုတ်ပြန်ထားသည့် အမေရိ ကန်၏ အမည်ပျက်စာရင်းတွင် အ မည် ၂၈,၆၀၀ရှိသည့်အနက် ၆၂၀ မှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ ထိုပမာဏမှာ စာရင်းပေါင်း၏ ၂ ရာခိုင်နှုန်းသာရှိသ ဖြင့် နည်းပါးသည်ဟု ထင်ဖွယ်ရှိသည်။ သို့သော် နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့ IMF ၏ ၂၀၁၄ ခန့်မှန်းချက် အရ မြန်မာနိုင်ငံ၏ စုစုပေါင်း ဂျီဒီပီ မှာ ကမ္ဘာ့ဂျီဒီပီစုစု ပေါင်း၏ ၀.၀၈ ရာခိုင်နှုန်းသာရှိသဖြင့် မြန်မာစစ်တပ် နှင့် ခရိုနီများအပေါ် အမေရိကန်၏ ဆန်ရှင် သက်ရောက်မှုကို သိသာစေ သည်။

စစ်တပ်နှင့် စီးပွားရေးလုပ်ငန်း ကြီးများကြား ဆက်စပ်မှုကို နမူနာပြ စရာများစွာရှိနေသည်။ သို့သော်ထို သို့ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်စပ်မှုရှိခြင်း က နိုင်ငံရှိချမ်းသာ ကြွယ်ဝသူတိုင်း ခရိုနီဖြစ်သည်ဟုဆို လိုခြင်းမဟုတ်ပေ။ မြန်မာစီးပွားရေး တွင် ရင်းနှီးမြှုပ်နှံထားသူများအနက် ခရိုနီစနစ်အား အကြီးအကျယ် စိတ် ပျက်နေသူများလည်းရှိသည်။ ပြင်သစ် ရေနံကုမ္ပဏီ Total ၏ လုပ်ငန်းခွင် ဖြစ်သည့် Total E & P Myanmar ဖက်စပ်လုပ်ငန်းသည် ထိပ်တန်းအ ခွန်ထမ်းနိုင်ငံခြားသားစာရင်းတွင် နံ ပါတ် ၄ နေရာ၌ရှိပြီး ၂၀၁၃-၂၀၁၄ တွင် အခွန်ငွေကျပ် ၅ ဘီလီယံမှ ၁၀ ဘီလီယံကြား ပေးဆောင်သူများတွင် ပါဝင်သည်။ ကုမ္ပဏီမှ အမည်မဖော် လိုသူ အမှုဆောင်တစ်ဦးက မြန်မာ နိုင်ငံ၌ စစ်တပ်ထိပ်ပိုင်း အာဏာပိုင် များမပါဝင်ဘဲ စီးပွားရေးတစ်ခုခုလုပ် ခွင့်ရရန် ခက်ခဲသည်ဟု ပြောကြားဖူး သည်။

ချမ်းသာသည့် မြန်မာအချို့အ တွက် စစ်တပ်နှင့်ပတ်သက်သည့်လုပ် ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများအား အ ရပ်ဘက်သီးသန့်လုပ်ငန်းများသို့ ပြောင်း ရွှေ့ရန် အတားအဆီးဖြစ်နေသည့်အ ဓိကအကြောင်းရင်းမှာ ကြောက်ရွံ့ စိုးရိမ်မှုဖြစ်သည်။ ထိုသို့ပြုလုပ်ပါက စစ်တပ်နှင့် ပတ်သက်သော အာဏာ ရှိသူတစ်စု၏ တုံ့ပြန်မှုကြုံရမည်ကို စိုး ရိမ်ကြပြီး အနည်းဆုံးအနေဖြင့် မမျှ တသည့် ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရမည် ကို စိုးရိမ်လေ့ရှိသည်။ ထိုသို့ကြောက် ရွံ့စိုးရိမ်မှုများက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းအား မရေရာ မှုများဖြစ်ပေါ်စေသည်။ ၂၀၁၅ ခုနှစ် သည် မြန်မာနိုင်ငံရေးအတွက် အ ရေးပါသည့် အဆုံးအဖြတ်နှစ် ဖြစ် သည်။

ချမ်းသာကြွယ်ဝသည့် အာဏာရှင် များနှင့် မြန်မာလူ့အဖွဲ့အစည်းအတွင်း ရှိ အစဉ်အလာ အထက်တန်း လွှာ များအား ခွဲခြားဖော်ပြရန် ]အာဏာ ချုပ်ကိုင်ထားသူတစ်စု} ဟု သုံးနှုန်း လေ့ရှိသော်လည်း အမှန်တကယ် အားဖြင့် နိုင်ငံ၏အချမ်းသာဆုံး လူ အများစုမှာ စစ်ခေါင်းဆောင်များဖြစ် လျက်ရှိသည်။ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုက အရေးကြီးသည့်နည်းတူ မြန် မာနိုင်ငံ၏ စီးပွားရေးတိုးတက်ပြောင်း လဲမှု၊ အထူးသဖြင့် အဓိကအစိတ်အ ပိုင်းများအား စစ်ဘက်နှင့် အရပ်ဘက် များ မည်သူက ပိုင်ဆိုင်သည်ကိုစောင့် ကြည့်ရန်လည်း ထပ်တူထပ်မျှအရေး ကြီးသည်။

ထိုသို့စောင့်ကြည့်ရန်မှာ ယခင် နှစ်ထက် အနည်းငယ် ပိုလွယ်လာ သည်ဟု ဆိုနိုင်သည်။ ပြည်တွင်းအ ခွန်များဦးစီးဌာနက ထုတ်ပြန်သည့် ဝင်ငွေခွန်နှင့် အရောင်းခွန်အများဆုံး ထမ်းဆောင်သူစာရင်းတွင် ယခင်နှစ် က အမည် ၅၀၀ စီသာပါရှိရာမှ ယခု နှစ်တွင် ၁၀၀၀ အထိ တိုးမြင့်ခဲ့သည်။ သို့သော် စာရင်းဝင် တစ်ဦးစီကပေး ဆောင်သည့်ပမာဏအတိအကျကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ယခုနှစ်စာရင်းတွင် ပါဝင်သူအ များစုမှာ ယခင်နှစ် စာရင်းတွင်လည်း ပါဝင်သူများဖြစ် သဖြင့် မြန်မာစီးပွား ရေးတွင် ထူးထူး ခြားခြားရှေ့ရောက်လာ သူမရှိဟု ဆိုနိုင်သည်။ စာရင်းတွင် ပါဝင်လာသည့် အမည်သစ်များမှာ လည်း ယခင်မွေးမြူရေးနှင့်ရေလုပ် ငန်းဘဏ်ကို အမည်ပြောင်းထားသည့် Global Treasure ဘဏ်ကဲ့သို့ အ မည်ပြောင်းကုမ္ပဏီများနှင့် ယခင်ကုမ္ပ ဏီကြီးများ၏လုပ်ငန်းခွဲဖြစ်သော Pan Hlaing Golf & Country Club ကဲ့သို့ လုပ်ငန်းခွဲများဖြစ်သည်။

၂၀၁၃-၂၀၁၄အတွက် ထိပ်တန်း ဝင်ငွေခွန်ပေးဆောင်သူများမှာ ကမ္ဘောဇဘဏ်၊ အေးရှားဝေါ၊ ရွှေတောင်ဖွံ့ဖြိုး ရေးကုမ္ပဏီ၊ မက်စ်မြန်မာဆောက်လုပ် ရေးနှင့် Global Treasure Bank တို့ဖြစ်သည်။ အရောင်းခွန်အများဆုံး ပေးဆောင်သူများမှာ မြ၀တီထရိတ် ဒင်း၊ ဒဂုန်ဘီယာ၊ ဒန်ကိုထရိတ်ဒင်း၊ I.B.T.C နှင့် စီးတီးမတ်တို့ဖြစ်သည်။

ယုံကြည်စိတ်ချရသည့် တတိယ အဖွဲ့အစည်း တစ်ခုခု၏ ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းဖော်ပြချက်မပါဝင်သ ဖြင့် ထိုစီးပွားလုပ်ငန်းများ၏ အမှန်တ ကယ် ပိုင်ဆိုင်မှုများကို သိရှိရန်မလွယ် ကူပေ။ ယခုစာရင်းမှာ ထိုကုမ္ပဏီများ က ထုတ်ပြန်ကြေညာသည့် အခွန်ပမာ ဏပေါ်တွင်သာ အခြေခံပြုစုထားခြင်း ဖြစ်သဖြင့် မြန်မာ့စီးပွားရေးအဖွဲ့အ စည်းများအတွင်း ဘဏ္ဍာရေးပွင့်လင်း မြင်သာမှု နည်းပါးသည်ကို ဖော်ပြ လျက်ရှိသည်။

ပုဂ္ဂလိကပိုင် (သို့) အများပိုင်ကုမ္ပ ဏီများတွင် ဘဏ္ဍာရေးပွင့်လင်းမြင် သာမှု အားနည်းခြင်းက ငွေကြေးများ အား ဈေးကွက်ထိရောက်မှုအတွက် အသုံးပြုခြင်း မရှိသည့် လက္ခဏာရပ် တစ်ခုဖြစ်သည်။ ပွင့်လင်းမြင်သာမှုက စီးပွားရေးလုပ်ငန်းများ ကိုယ်တိုင်နှင့် ပြိုင်ဘက်များ နှစ်ဦးနှစ်ဖက်လုံးအ တွက် လေ့လာဆန်းစစ်ရန်နှင့် ဆုံး ဖြတ်ချက်ချရန် အထောက်အပံ့ဖြစ် စေသည်။ ခိုင်မာသည့် အချက်အ လက်များမရှိပါက ထိရောက်မှုမရှိသည့် ရင်းနှီးမြှုပ်နှံမှု များ၊ ဆွေမျိုးကောင်း စားရေးဝါဒများနှင့် စီးပွားရေးနယ်ပယ် တွင် တရားဥပဒေစိုးမိုးမှုမရှိခြင်းများ ဖြစ်စေနိုင်သည်။

ထိပ်တန်း အခွန်ထမ်း စာရင်းပါ ထိပ်ဆုံးကုမ္ပဏီ ၅၀ လုံးတွင် တတိယ အဖွဲ့အစည်း တစ်ခုခု၏ ခိုင်မာ သည့်ငွေကြေးရှင်းတမ်းမရှိခြင်းက စီး ပွားရေးစနစ် တစ်ခုလုံး၏ မှားယွင်း နေမှုကို ဖော်ပြသည်။ နိုင်ငံခြား ရင်း နှီးမြှုပ် နှံသူများနှင့် မြန်မာ့စီးပွားရေးလေ့ လာသူများအတွက် သတင်းကောင်း ဟူ၍ ပွင့်လင်းမြင်သာမှုအတွက် ဥပ ဒေပြဋ္ဌာန်းရန် လွှတ်တော်၌ဆွေးနွေး နေမှုသာရှိသည်။

စီးပွားရေးလုပ်ငန်းများ၏ အမှန် တကယ်ပိုင်ဆိုင်မှုနှင့် ဝင်ငွေတို့နှင့် ပတ်သက်သော တိကျသည့် အချက် အလက်မရှိပါက ကုန်စည်နှင့် ဝန် ဆောင်မှုများ၏ စီးဆင်းမှုကို တိုင်းတာ ရန်မဖြစ်နိုင်ဘဲ ခြစားမှုများ၊ တရားမ ဝင်ဘဏ္ဍာရေးဆောင်ရွက်မှုများ ကြုံ တွေ့လာ နိုင်သည်။ နိုင်ငံတစ်ခုအနေ ဖြင့် စီးပွားရေးကဏ္ဍမပါဘဲ လည်ပတ် နိုင် ခြင်းမရှိသဖြင့် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအား လေ့လာမှုတွင် ရုပ်ပိုင်းဆိုင်ရာ အမှန်တရားများ ထည့် သွင်းတွက်ချက်ခြင်းမပြုပါက မပြည့် စုံနိုင်ပေ။

KHTun

Ref - T. F. Rhoden's "Myanmar’s Military Still Hold the Purse Strings"

The Ladies News Journal
https://www.facebook.com/News.TheLadies


ဒေါင်းစိမ်းငှက်ကို အမျူိုးသားရေးငှက် (National Bird) အဖြစ် သတ်မှတ်ဖို့ သစ်တော ဦးစီးဌာန တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာနကို တင်ပြသွားမယ်လို့ မြန်​မာငှက်​နဲ့ သဘာဝပတ်​ဝန်းကျင်​ ထိန်​သိမ်း​ရေးအဖွဲ့က ပြောပါတယ်။

မျိုးသုဉ်းပျောက်ကွယ်လု နီးပါး ဖြစ်နေတဲ့ ဒီဒေါင်းစိမ်းငှက်ကို  သစ်တောဦးစီးဌာန တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ခွင့်ပြုချက်ရတာနဲ့ အမျိုးသားရေးငှက်အဖြစ် သတ်မှတ်ထုတ်ပြန်သွားမယ်လို ထူးဖောင်ဒေးရှင်းက ပြုလုပ်တဲ့ ဇီဝမျိးစုံစောင့်ကြည့်ထိန်းသိမ်းလေ့လာရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။

Peacock at the official residence of Malta's President, in Attardမြန်​မာငှက်​နဲ့သဘာဝပတ်​ဝန်းကျင်​ ထိန်​သိမ်း​ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က “နိုင်ငံတိုင်းမှာ ကိုယ့်အမျိုးသားတွေရဲ့ အစားအစာတွေ၊ ကိုယ့်အမျိုးသားတွေရဲ့ အပင်တွေ၊ ပန်းတွေ၊ တိရစ္တာန်တွေ စသဖြင့် သတ်မှတ်လေ့ရှိတယ်။ မြန်မာနိုင်ငံက ငှက်မျိုးစိတ်ပေါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ကျနော်တို့က အများဆုံး ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ သတ်မှတ်သင့်တယ်။ ဒါကြောင့် ဒေါင်းစိမ်းကို ကျနော်တို့ ရွေးထားတယ်” လို့ ပြောပါတယ်။

ဒေါင်းစိမ်းငှက်ဟာ လာမယ့် နစ် ၂၀ လောက်မှာ မျိုးသုဉ်းပျောက်ကွယ်တော့မယ်လို့ ငှက်မျိုးစိတ်လေ့လာသူတွေက သုံးသပ်နေကြပြီး ထိန်းသိမ်းဖို့လည်း ပညာပေးမှုတွေ လုပ်နေပါတယ်။

ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) ရဲ့ သုတေသနမန်နေဂျာ ဒေါက်တာ သိရိဒေ၀ီအောင်က “ဒီဒေါင်းစိမ်းဟာ လာမယ့် နှစ် ၂၀ မှာ ကမ္ဘာပေါ်က မျိုးသုဉ်းပျောက်ကွယ်ဖို့ ၁၀ ရာခိုင်နှုန်းသေချာနေတဲ့ ငှက်မျိုးစိတ်။ ဒီမျိုးစိတ်ကို ကျမတို့  BANCA အနေနဲ့ ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဆာဗေးကောက်ခဲ့တယ်။ ဆာဗေးကောက်ပြီး ၂၀၁၄ ဒီဇင်ဘာလောက်မှာ ကောက်ခဲ့တဲ့ ဒီဒေါင်းစိမ်းငှက်တွေတဲ့နေရာတွေကို သွားခဲ့တယ်။ ဒေသခံတွေကို ဒီငှက်မျိုးစိတ်ဟာ မျိုးသုဉ်းဖို့ ဘယ်လောက်အဆင့်ရောက်နေပြီ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးနဲ့ဆိုင်တဲ့ ငှက်မျိုးစိတ်လည်းဖြစ်တယ်၊ အရင်တုန်းက ဘုရင်တွေက အလံတွေ၊ ပိုက်ဆံတွေမှာ အသုံးပြုခဲ့တယ်။ ဒီဒေါင်းကို ၀ိုင်းဝန်းထိန်းသိမ်းပါဆိုပြီး လုပ်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့ပြင် လက်ရှိမှာ ဇီဝမျိးစုံစောင့်ကြည့်ထိန်းသိမ်းလေ့လာတဲ့ အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံမှာ  နို့တိုက်သတ္တ၀ါ၊ ငှက်မျိုးစိတ်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို တိကျစွာ မှတ်တမ်းမတင်ထားနိုင်သေးဘဲ ခန့်မှန်းချေ သတ်မှတ်မှုတွေသာ ရှိတယ်လို့ သိရပါတယ်။

By အိမမမွန် (ဒီဗွီဘီ)
http://burmese.dvb.no/archives/77584

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်ခန့်က တရုတ်နိုင်ငံ၊ ၀မ်တိန်မြို့ရှိ ၀မ်တိန် တံတားထိပ်တွင် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သူ ဦးမျိုးမြင့်အား ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသော တရုတ်သူဌေး မောအိရှင်းနှင့် တရားခံလေးဦးတို့အား တရုတ်ရဲများမှ ၂၀၁၅ခု၊ ဇန်န၀ါရီလ ၁၀ရက်နေ့တွင် ရွှေလီမြို့၌ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ပေးဆွဲ အသတ်ခံခဲ့ရသူ ဦးမျိုးမြင့်၏ ညီဖြစ်သူ ဦးဖုန်းမြင့်အား Tomorrowမှ ဆက်သွယ် မေးမြန်းခဲ့ရာတွင် “ဦးမျိုးမြင့် ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့ရမှုအတွက် ကျွန်တော့်ကို ရွှေလီ ရဲစခန်းက ခေါ်ယူမေးမြန်း စစ်ဆေးခဲ့ပါတယ်။ တရုတ် သူဌေး မောအိရှင်းတို့က ကျွန်တော့်ထံမှ တရုတ်ငွေသိန်း ၃၀၀အကြွေး ရစရာရှိလို့ဆိုပြီး၊ ထွက်ဆိုချက် ပေးထားတယ်လို့ ပြောပါတယ်။ ကျွန်တော်က ၂၀၁၁ခုနှစ် မတ်လ ၁၆ရက်က တရုတ်သံရုံးမှာ ငွေကြေးရှင်းလင်းပြီးတဲ့ စာချုပ်ကို သက်သေပြခဲ့ပါတယ်။ ပထမတုန်းက တရုတ်ရဲတွေက ကျွန်တော်တို့ မြန်မာ လုပ်ငန်းရှင်တွေကပဲ သူတို့ တရုတ်တွေကို အကြွေးပေးစရာရှိလို့ ဖြစ်ခဲ့သယောင် မဟုတ်မမှန် ထွက်ဆိုခဲ့တာ အခုလို သံရုံးအထောက်အထားနဲ့ သက်သေပြလိုက်တော့မှ သူတို့တရုတ်တွေ ကျွန်တော်တို့ကို မတရား လာလုပ်ခဲ့တာ ရှင်းလင်းသွားကြပါတယ်။ တရုတ်ပြည် ဥပဒေ အရကတော့ တရားခံတွေ သေဒဏ်ကျဖို့ များပါတယ်”ဟု ဖြေကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ မူဆယ်မြို့ရှိ ဦးဖုန်းမြင့်ပိုင် မြန်မာ့အထွဋ်အထိတ် သတ္တုတွင်း ကုမ္ပဏီမှ နမ္မတူ ဒေသရှိ ဇင့်သတ္တု ထုတ်လုပ်မှု လုပ်ငန်းအား နိုင်ငံတော် အစိုးရမှ တရားဝင် လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်းနှင့် ယင်းလုပ်ငန်း အတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်သူဌေး မောအိရှင်းဆိုသူနှင့် ချိတ်ဆက်မိခဲ့မှ တရုတ်သူဌေး မောအိရှင်း၏ သတ္တုစမ်းသပ်မှုများ လုပ်ကိုင်ခဲ့ရာ အောင်မြင်မှု မရခဲ့ပဲ ၄င်း၏မအောင်မြင်ခဲ့မှုအား တရုတ်ပြည်မှ စက်ယန္တရားများ ယူဆောင်ခဲ့ရသဖြင့် ဆုံးရှုံးနစ်နာသည်ဟု အကြောင်းပြကာ မြန်မာ လုပ်ငန်းရှင် ဦးဖုန်းမြင့်အား ခြိမ်းခြောက်ငွေညှစ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ခြိမ်းခြောက် ငွေညှစ်ခဲ့ရာမှ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် မြန်မာလုပ်ငန်းရှင် ဦးဖုန်းမြင့်နှင့် တရုတ်သူဌေး မောအိရှင်းတို့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပြီး၊ ဦးဖုန်းမြင့်မှ တရုတ်ယွမ်ငွေ သိန်း ၂၀နှင့် ညီမျှသော မြန်မာကျပ်ငွေအား မြန်မာ့ ရှေ့ဆောင် ဘဏ်ငွေစာရင်းမှ တဆင့် ချက်လက်မှတ်ဖြင့် အသိသက်သေများ ရှေ့မှောက်တွင် ပေးချေစာရင်း ရှင်းလင်းခဲ့ပါသည်။

ယင်းကဲ့သို့ ရှင်းလင်းခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် အဆိုပါ တရုတ်သူဌေး မောအိရှင်းမှ တရုတ်လူမျိုး လေးဦးနှင့်အတူ ဦးဖုန်းမြင့်၏ အကိုရင်း ဖြစ်သူ ဦးမျိုးမြင့်အား လားရှိုးမြို့တွင် ပြန်ပေးဆွဲ ဖမ်းချုပ်ပြီး၊ ၄င်းတို့ ကားနောက်ခန်းထဲ ထည့်ကာ ဖမ်းဆီး သွားခဲ့ပါသည်။ ၄င်းတို့အနေဖြင့် ဦးဖုန်းမြင့်ထံမှ ထပ်မံငွေညှစ် တောင်းခံရန် ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခရီးတွင် ဦးမျိုးမြင့်မှ ရုန်းကန်ရာ ပါးစပ်ပိတ်၊ လည်ပင်း ညှစ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပါသည်။

၎င်းမော်တော်ယာဉ်အား ကြူကုတ် (ပန်ဆိုင်း)မြို့ တစ်ဖက်ရှိ ၀မ်တိန်တံတားထိပ်တွင် တရုတ်ရဲများမှ စစ်ဆေးခဲ့ရာ ဦးမျိုးမြင့် ရုပ်အလောင်းနှင့်အတူ တရုတ် နိုင်ငံသား ငါးဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်သူဌေး မောအိရှင်းဆိုသူမှ တရားဝင် ဗီဇာဖြင့် မူဆယ်၊ လားရှိုးမြို့များသို့ မကြာခဏ ၀င်ထွက်သွားလာနေသူလည်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သေဆုံးသူ ဦးမျိုးမြင့်၏ညီ ဖြစ်သူ ဦးဖုန်းမြင့်မှ လားရှိုးနှင့် မူဆယ် ရဲစခန်းများတွင် အကိုဖြစ်သူအား တရုတ် လူမျိုးများ၏ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတို့ အတွက် တရားဝင် အမှုဖွင့်လှစ် တိုင်ကြားထားကြောင်းလည်း သိရှိရပါသည်။

ယင်းအမှုဖြစ်စဉ်နှင့် ပတ်သတ်၍ ဦးဖုန်းမြင့်အား တရုတ်နိုင်ငံ၊ ရွှေလီမြို့ ရဲစခန်းတွင် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

Credit to >>> Tomorrow News Journal

တရုတ်နိုင်ငံထုတ် ကလေးအစားအသောက် ဆီးသီးထုတ်ယိုစုံ ၂ မျိုးနဲ့ အချိုရည် ၂ မျိုးတို့မှာ တားမြစ်ဆိုးဆေးတွေသုံးထားတာ တွေ့ရလို့ စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

တရုတ်ဆီးသီးထုတ် အမှတ်တံဆိပ် Miko-ko နဲ့ တွင်ကျယ်၊ အားဖျန်း အချိုရည် ၂ မျိုးတို့ဟာ စားသုံးဖို့ မသင့်ဘူးလို့ ဒီနေ့ထုတ်သတင်းစာတွေမှာ ဓာတ်ပုံတွေနဲ့ဖော်ပြ သတိပေးခဲ့တာပါ။
တာမြစ်ဆိုးဆေးသုံးထားတဲ့ အစားအသောက်တွေကို ဈေးတွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ စစ်ဆေးတွေ့ရှိရတာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဒီလို စားသုံးရန်မသင့်တဲ့ အစားအသောက်တွေ ကြေညာပေးခဲ့တာ အမျိုးပေါင်း ၂၀ ကျော်လောက် ရှိပြီး တရုတ်မုန့်တွေလို့ ပြောရခက်ကြောင်း ပြောပါတယ်။

စားသုံးရန်မသင့်ဟု ကြေညာထားသည့် ကလေးအစားအစာ (ဓာတ်ပုံ – ကြေးမုံ)
“အခု လောလောဆယ် ကျနော်တို့တွေ့ထားတာ ၂ ခုလောက်ရှိတယ်။ အထူးသဖြင့်တော့ စပ်ချောင်းလို မုန့်အုပ်စုတွေမှာ တရုတ်စာတွေနဲ့ ရေးထားတယ်၊ သို့သော်လည်း ပြည်တွင်းမှာထုတ်တာ ဖြစ်နေတယ်။ တံဆိပ်ပေါ်မှာ တရုတ်စာနဲ့ ရေးထားတိုင်း တရုတ်နိုင်ငံက သွင်းတယ်လို့ တိုက်ရိုက်ယူလို့ မရပြန်ဘူး။ အတိအကျပြောဖို့ခက်တယ်။ ဥပမာပြောရရင် အရပ်အခေါ် တရုတ်အစပ်ချောင်းလို့ ခေါ်နေတဲ့ဟာကို မန္တလေးတိုင်း၊ အမရပူရမြို့နယ် တနေရာမှာ ထုတ်နေတာ တွေ့ခဲ့ဖူးတယ်။”
ကျန်းမာရေးဌာနက စားသုံးရန်မသင့်တဲ့ အစားအသောက်တွေကို စစ်ဆေးတွေ့ရှိတာနဲ့တပြိုင်တည်း သက်ဆိုင်ရာဈေးဌာနနဲ့ ပညာရေးဌာနတို့ကို ချက်ချင်းအကြောင်းကြားပြီး ဒီ အစားအသောက်တွေ ဖယ်ရှားစေတယ်လို့ ပြောပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုဖော်ပြထားပေမယ့် ဒီနေ့ထိ ဘယ်စားသောက်ကုန်ထုတ်လုပ်သူလုပ်ငန်းရှင် တဦးတယောက်ကိုမှ ဖမ်းဆီးအရေးယူတာ မတွေ့ရသေးပါဘူး။

ရန်ကုန်မြို့က ကျောင်းသားမိဘတဦးကတော့ သက်ဆိုင်ရာက နယ်စပ်က၀င်လာတဲ့ မုန့်ပဲသရေစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ မရှိ သေချာစစ်ဆေးဖို့လိုတယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ ဆိုးဆေးသုံး စားသောက်ကုန်ထုတ်နေသူတွေကို ဖော်ထုတ်အရေးယူဖို့အပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့မှာ အဓိက တာဝန်ရှိပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လည်း လိုအပ်တယ်လို့ ကျောင်းသားမိဘတဦးက သုံးသပ် ပြောကြားပါတယ်။

ရွှေအောင်
DVB
http://burmese.dvb.no/archives/77569

ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနား လူထုဟောပြောပွဲ (ဓာတ်ပုံ – Aye Mya Mya Myo)
ပြည်သူတွေကို ငွေပေးပြီး စည်းရုံးတာဟာ ရေရှည်မှာ မအောင်မြင်နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ပျဉ်းမနားမှာ ဇန်န၀ါရီလ ၁၇ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် မွေးနေ့အထိမ်းအမှတ် လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ငွေကြေးနဲ့ စည်းရုံးတာဟာ တခဏတာ အောင်မြင်မယ်လို့ ပြောပါတယ်။

“အဖွဲ့ချုပ်က ငွေရေးကြေးရေးအရ တောင့်တင်းတဲ့ အဖွဲ့မဟုတ်ဘူး။ ငွေရေးကြေးရေးသုံးပြီးတော့ ကျမတို့ စည်းရုံးလို့မရဘူး။ စည်းရုံးလည်း မစည်းရုံးသင့်ဘူး။ ငွေပေးပြီးတော့ စည်းရုံးတယ်ဆိုတာ တခဏတာအောင်မြင်မယ်၊ ရေရည်မှာ အောင်မြင်မှုရမှာ မဟုတ်ဘူး။ အဲ့တော့ ကျမတို့ဟာ ငွေပေးပြီးတော့ မစည်းရုံးဘူး၊ ပစ္စည်းပေးပြီးတော့လည်း မစည်းရုံးဘူး။ ကျမတို့က ဘာလုပ်ချင်လဲဆိုတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ လုပ်သင့်လုပ်ထိုက်တာလုပ်နိုင်တဲ့ အရည်အချင်း မြင့်တင်ပေးခြင်းအားဖြင့် ကျမတို့ စည်းရုံးချင်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ အရည်အချင်းရှိမှ တိုင်းပြည်အောင်မြင်မှုတွေ ရနိုင်မှာဖြစ်ကြောင်း၊ အဖွဲ့ချုပ်ကိုသာ အားကိုးတာမျိုး ဒါမှမဟုတ် အဖွဲ့အစည်း တခုခုကို အားကိုးတာမျိုးမဟုတ်ဘဲ ကိုယ့်အရည်အချင်းကို အားကိုးနိုင်တဲ့ ပြည်သူတွေဖြစ်ဖို့လို့ကြောင်း တိုက်တွန်းခဲ့ပါတယ်။
အရည်အချင်းပြည့်မီတဲ့ ပြည်သူတွေဖြစ်လာဖို့အတွက် လူငယ်တွေကို မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ရမယ်လို့လည်း ပြောပါတယ်။

အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအောင်ကြည်ညွန့်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကို ဖတ်ကြားပေးခဲ့ပါတယ်။ အခမ်းအနားကို ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့်နှစ် ဖြစ်တဲ့အတွက် နိုင်ငံအနှံ့ မြို့ကြီး၊ မြို့ငယ်တွေမှာလည်း ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေ၊ ဟောပြောပွဲတွေကို ကျင်းပနေကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/77520


အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ရက်ပေါင်း ၆၀ ကန့်ကွက်ဆန္ဒပြထားပေမဲ့ အစိုးရဘက်က တုံ့ပြန်မှုမရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲမယ်သွားမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ၅၁ လမ်းက နိုင်ငံရေးသိပ္ပံသင်တန်းကျောင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က အခုလို ပြောကြားခဲ့တာပါ။

"အစိုးရဘက်ကနေပြီး ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ညှိနှိုင်းဖို့အတွက် ကမ်းလှမ်းခြင်းမရှိတဲ့အတွက် ရှေ့လျှောက်လုပ်ငန်းစဉ်ကတော့ ကျနော်တို့ရဲ့လှုပ်ရှားမှုတွေကို ရက် ၆ဝ အပြင်လှုပ်ရှားမှုတွေအားလုံးကို မန္တလေးမှာကျနော်တို့ ပထမဦးဆုံးစမည်၊ ပြီးရင် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသပိတ်တွေအားလုံးကို နည်းမျိုးစုံပုံသဏ္ဍန်အမျိုးမျိုးဖြင့် ကွဲပြားမှုမျိုးစုံဖြင့် ရန်ကုန်ကို ချီတက်လာပါလိမ့်မယ်၊ အဲ့ကျောင်းသားသပိတ်တွေအားလုံး ချီတက်လာပြီးနောက် ရန်ကုန်မှာ ၁၅ ရက်အတွင်း သပိတ်စခန်းဖွင့်အောင် ကျနော်တို့ကြိုးစားထားပါတယ်"

လက်ရှိပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ပါဝင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ဟာ ရက်ပေါင်း ၆၀ ပြည့်ပြီဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်သွားဖို့ အခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအမျိုးသားပညာရေး ဥပဒေကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်မှုကော်မတီက ရေးဆွဲခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ) အဖွဲ့ဝင် ကျောင်းသား ၅ ဦးကို ဒီကနေ့မနက် ၁ နာရီ ကျော်လောက်က ကုန်သည်လမ်းနဲ့ ၄၁ လမ်းထောင့် ဝန်ကြီးများရုံးအနီးမှာ လူဦးရေ ၃ဝ လောက်ပါဝင်တဲ့ အမည်မသိလူအုပ်စုက ရိုက်နှက်ခဲ့တာကြောင့် အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုအောင်သောင်းဦး ဦးခေါင်းခွံကွဲအက်ပြီး ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

အဲဒီအမည်မသိလူတစ်စုက ကျောင်းသားတွေကို ဆူပူတဲ့ကောင်တွေဆိုပြီး ပြောဆိုရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ရိုက်နှက်ခံရတဲ့အထဲမှာ ပါဝင်သူ ဗ.က.သ ကျောင်းသား အဖွဲ့ဝင် ကိုထက်လင်းက ပြောပါတယ်။

"ဘာကြောင့်ရိုက်တယ်ဆိုတာ ကျနော်တို့တွေရဲ့ ကျောင်းသားတစ်ယောက်က နိုင်ငံရေးအကြောင်းတွေ ပြောကြဆိုကြရင်းနဲ့ သူကမကျေနပ်တာ လမ်းမပေါ်မှာ တစ်ခွန်းအော်လိုက်မိတာ အဲ့ဒါကိုမကျေနပ်လို့ဆိုပြီး လာရိုက်တာ၊ အားလုံးအရိုက်ခံရတာတော့ ၅ ယောက်၊ ၄ ယောက်လောက်တော့ ပွန်းပဲရုံပဲ၊ တစ်ယောက်ကတော့ ခေါင်းကိုအုတ်နီခဲနဲ့ ထုခံရတာ ခေါင်းကွဲသွားတယ်၊ ဦးခေါင်းခွံအရိုးအက်သွားတယ်၊ သူ့ကို ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ အရေးပေါ်တင်ခဲ့တယ်"

အဲဒီလို ကျောင်းသားတွေအရိုက်ခံရတာနဲ့ ပတ်သက်ပြီး ဗ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့က ပုဒ်မ ၃၂၃ နာကျင်စေမှု ၊ ပုဒ်မ ၃၂၅ အပြင်းအထန်နာကျင်စေမှု ၊ ပုဒ်မ ၄ဝ၃ ပြစ်မှုမကင်းသော အလွဲသုံးစားလုပ်မှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ ဗိုလ်တစ်ထောင် ရဲစခန်းမှာ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါ တယ်။

အရိုက်ခံခဲ့ရတဲ့ ကျောင်းသား ၅ ဦးကတော့ ကိုအောင်သောင်းဦး၊ ကိုကျော်စွာလင်း၊ ကိုဗစ်တာ၊ ကိုထက်လင်းနဲ့ ကိုဟိဏ်းနေဇော်တို့ ဖြစ်ပါတယ်။

https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf


အမျိုးသား ပညာရေး ဥပဒေ ပြင်ဖို့ ကျောင်းသား တွေရဲ့ ရာဇသံပေး တောင်းဆို မှု ရက် (၆ဝ) ပြည့် ပြီးတဲ့ အထိ အစိုးရ ဘက် အကြောင်း ပြန်ကြား တာ မရှိတဲ့ အတွက် ရန်ကုန်၊ မန္တလေး နဲ့ မြို့ကြီး တွေမှာ သပိတ်စခန်း တွေ ဖွင့်ပြီး နိုင်ငံလုံး အနှံ့ သပိတ် မှောက်ပွဲ ဆင်နွှဲ သွားမယ် လို့ ကျောင်းသားတွေ ဘက်က ပြော လိုက်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဖို့ ရက် (၆ဝ)အလွန် လှုပ်ရှားမှု တွေကို လာမယ့် (၃) (၄)ရက် အတွင်း မန္တလေးမြို့ ကနေ စတင် မှာ ဖြစ်ပါတယ်။

ကျောင်းသားတွေ တနိုင်ငံလုံး အနှံ့ နည်းမျိုးစုံ ပုံသဏ္ဍာန် မျိုးစုံ နဲ့ ပြင်းထန်တဲ့ သပိတ် တိုက်ပွဲတွေ လုပ်ဖို့ ရှိနေ သလို ရန်ကုန် မှာလည်း (၁၅)ရက်အတွင်း သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုမယ် လို့ ကျောင်းသားတွေက စနေနေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောလိုက် တာပါ။

ဒီသပိတ် တိုက်ပွဲကို လည်း ကျောင်းသား သမဂ္ဂတွေ၊ ပညာရေး အဖွဲ့အစည်း တွေက ပူးပေါင်း ပါဝင်ဖို့ ရှိနေတယ် ဆိုပြီး ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ ရဲ့ ဗဟို ကော်မတီဝင် ကိုဇေယျာလွင် က ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတဲ့ ပညာရေး ဥပဒေဟာ ဗဟို ချုပ်ကိုင်မှု အားကြီး နေပြီး လွတ်လပ်စွာ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းခွင့် မရှိဘူး စတဲ့ အချက်တွေ ကို ပင်မ ဥပဒေထဲမှာ ပြင်ပေးဖို့ ကျောင်းသားတွေ ဘက်က လိုလား နေတာပါ။

အစိုးရ ကတော့ ဒီအချက်တွေကို အခု ထွက်ရှိလာတော့မယ့် နည်းဥပဒေထဲမှာ ပြင်ဖို့ ညှိနှိုင်း ဆွေးနွေးမှုတွေကို ဖိတ်ခေါ် နေပြီး သမ္မတ ကိုယ်တိုင်ကလည်း ကျောင်းသား ယူနီယံတွေ ဖွဲ့ဖို့ လက်ခံတယ် လို့ ပြောထားတာ ရှိပါတယ်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်တဲ့ မဖြိုးဖြိုးအောင် ကတော့ ရှိပြီး ကျောင်းသား သမဂ္ဂ တွေကို အသိအမှတ် ပြုဖိုနဲ့ အာမခံချက် ရှိတဲ့ ဆွေးနွေးမှု တွေ လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေပါ အချက်တွေ ပြင်ဖို့ရာ အစိုးရ၊ လွှတ်တော်၊ ပညာရေး စနစ် ပြုပြင် ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER နဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ တို့ပါတဲ့ (၄)ပွင့်ဆုံ ညှိနှိုင်း ဆွေးနွေးမှု တွေ လုပ်ဖို့ ကျောင်းသား တွေ ဘက်က တောင်းဆို နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂)လ လောက် က (၄) ရက်ကြာ ဆန္ဒပြပွဲ တွေ ပြု လုပ်ခဲ့ပြီး အစိုးရ ဘက်က ညှိနှိုင်းဖို့ တရားဝင် ကမ်းလှမ်း တာမျိုး မရှိခဲ့တဲ့ အတွက် ကျောင်းသား တွေ နောက်ထပ် တဆင့် တိုးပြီး အစိုးရကို ဖိအားပေး တဲ့ သပိတ် တိုက်ပွဲ တွေ ဖော်ဆောင်မယ့် ပုံ ရှိနေပါတယ်။

http://www.bbc.co.uk/burmese/burma/2015/01/150117_student_protest

ပြည်တွင်းစစ် မပြီးသေး လို့ တစ်ဖက်က အသက် “၁၈” နှစ်ပြည့်ပြီးသူတွေက မဲပေးပိုင်ခွင့်တွေ ဆုံးရှုံးမြဲ ဆုံးရှုံးနေဦးမယ်ဆိုရင် တိုင်းရင်းသားပြည်သူလူထု တစ်ယောက်ချင်းစီရဲ့ ““အခွင့်အရေး”” ဆိုတာ အဓိပ္ပာယ်ရှိပါဦး မလား

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံမှာ မကြာသေးခင်က လူဦးရေစာရင်းတွေ ငွေသန်းပေါင်းများစွာ အကုန်အကျခံပြီး တစ်အိမ်တက် ဆင်း လိုက်ကောက်ခဲ့ပါသေးတယ်။ ပထမတော့ သန်း ၆၀တဲ့။ နောက်တော့ ဘာတွေဖြစ် သွားပြန်တယ မသိ ဘူး။ လူဦးရေ သန်း ၅၀ရှိတယ်လို့ ဆိုကြပြန်တယ်။ ဒါတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ မြန်မာပြည်သူလူထု ဘက်က တော့ စစ်အစိုးရ အဆက်ဆက်ရဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး အပြောင်းအလဲ မြန်သွားတတ်တာတွေကို တွေ့ရကြုံရ ဖန်များလွန်းတော့ ဒီလိုကိန်းဂဏန်းတွေ ကအစ တိကျသေချာရေရာမှု မရှိတာကို ဘယ်လိုမှ စိတ်ထဲမှာ မထူးဆန်းတော့ပါဘူး။ ၁၉၉၀ ပြည့်တုန်းကတည်းက ပြည် သူလူထုဘက်ကကြည့်ရင် ““စစ်အစိုးရဆို တာတွေဟာ အခုတစ်မျိုး၊ တော်တော်လေးကြာရင် တစ်မျိုး၊ စကားကိုအမျိုးမျိုး ပြောတတ်ကြတဲ့ (ဇွတ်အတင်း အာဏာ ကုလားထိုင်ယူတတ်သူ) လူတန်းစား၊ လူ့ အဖွဲ့အစည်းတစ်မျိုးပါလားဆိုတာကို အတွေ့အကြုံရပြီး သား ဖြစ်နေ ပါတယ်။…

ဒါကြောင့်လည်း စစ်အစိုးရအသိုင်းအ၀ိုင်းမှာ လက်နက်၊ ကျည်ဆန်၊ စစ်အင်အား၊ စစ် ယန္တရားတွေနဲ့ အချိန်မရွေးပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနိုင်တဲ့ ““အာဏာ””ကိုသာ လက်ကိုင်ထားနိုင်ကြပြီး၊ ပြည်သူလူ ထုကြီးတစ်ရပ်လုံးရဲ့ ““အကြွင်းမဲ့ယုံကြည် မှု””ကိုတော့ ရနိုင်ဖို့ဟာ လမ်းစမရှိသေး တာပဲဖြစ်ပါ တယ်။ ၁၉၉၀ ပြည့်နှ စ်ရွေး ကောက်ပွဲကျင်းပနေတုန်း မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ရေး မီဒီယာတွေက တစ်ဆင့် ဗိုလ်ချုပ် မှူးကြီး စောမောင်က နိုင်ငံတကာကို အသိပေးပြောကြား လိုက်တာကတော့ ညနေပိုင်း ဆန္ဒမဲ အားလုံးရေ တွက်ပြီးတာနဲ့ အနိုင်ရတဲ့ နိုင်ငံရေးပါတီ နဲ့ ကိုယ်စားလှယ်လောင်းတွေကို အာဏာ လွှဲမယ်၊ ကျွန်တော် ကတိပေးပါတယ်တဲ့။

ဒါပေမဲ့ နောက်ရက်တွေမှာတော့ အဲဒီ အပြောအဆိုစကားလုံးမှန်သမျှ သဲထဲရေ သွန်ဖြစ် သွားပြီး ပြည်သူ လူထုကြီးတစ်ရပ် လုံးရဲ့ ယုံကြည်မှုကင်းမဲ့ခြင်းကို အားလုံး ခံစားလိုက်ကြရမှာ အမှန်ပါ ပဲ။ ပြည်သူလူထုရဲ့ စိတ်က အုပ်ချုပ်သူအာဏာပိုင်လူတန်းစားနဲ့ ပတ်သက်လာရင် ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ ဘာ မှ တိကျခိုင် မာမှု မရှိတဲ့ စကားလုံးတန်ဆာ ဆင်မှုတွေကို စိတ်မ၀င်စားကြတော့ပါဘူး။ ဘယ်အကြောင်းအရာမျိုးပေါ်မှာ မဆို ပြည်သူလူထုဟာ ““အဖြူနဲ့အမည်း”” ဘယ်ဟာ အဖြေလဲဆိုတာကိုပဲ သဲသဲ ကွဲကွဲသိချင်နေကြပါ တော့ တယ်။ န၀တနဲ့ နအဖ စစ်အစိုးရတွေရဲ့ ““ပုတ်သင်ညို အရောင်ပြောင်းလဲထားမှု သင်္ကေတ””လို့ ဆိုရမယ့် သည်ဘက်ခေတ် တစ်ခေတ် ရောက်လာပြန်တော့ ဟိုအရင် န၀တနဲ့ နအဖအဖွဲ့ဝင်ဟောင်းတချို့ဆီက စကား လုံးတန်ဆာဆင်မှု တချို့ဟာ လူထုဆီကို ရောက်လာခဲ့ပြန်ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက ငါတို့က ဘာ ကြောင့် အာဏာမလွှဲခဲ့လဲဆိုတော့ လူတွေကို မကြိုက်လို့ အာဏာမလွှဲပေးခဲ့တာပဲ”” ““အာဃာတတွေ ရှိလို့ ငါတို့က မလွှဲပေးခဲ့တာပဲ””ဆိုတဲ့ စကားလုံး တန်ဆာဆင်ဖွဲ့နွဲ့ မှုမျိုးတွေလည်း ထွက်လာပါတယ်။ ဒီလို ဆိုရင် အစကတည်းက ဘာဖြစ်လို့ နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုကို မလေး မခန့် လှည့်စားပြီး အထွေထွေ ရွေးကောက်ပွဲကြီးကို တရားမျှတပြီး လွတ်လပ်မှုအပြည့် အ၀နဲ့ ကျင်းပပေးပါမယ်လို့ အသံလွှင့်ခဲ့ကြတာလဲ။ ဒီလိုလှည့်စားမယ့် မုသာဝါဒသုံးကြမယ့် အတူတူ၊ ရဟန်းရှင်လူပြည် သူအပေါင်းကို ကြိုတင်ပြီး စနစ်တကျ အယုံ သွင်းတဲ့ ပုံစံမျိုးနဲ့ ရွေးကောက်ပွဲမလုပ် ပေးတာက မှ ကောင်းပါလိမ့်ဦးမယ်။

နောက်တစ်ခါ ပြည်သူလူထုရဲ့ ၉၀ ရာခိုင် နှုန်းကျော်က ထောက်ခံခဲ့ကြလို့ အတည်ပြုလိုက်ပါပြီဆိုပြီး ““၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကြီး””ကို ရုပ်ရှင်ဇာတ်လမ်းသစ်တစ်ပုဒ်လို ဘာဖြစ်လို့ ရုံတင်လာ ရပြန်တာလဲ။ တကယ်ပဲ ပြည်သူလူထု ၉၀ ရာခိုင် နှုန်းကျော်က ထောက်ခံခဲ့လား၊ မထောက် ခံခဲ့ကြဘူးလားဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား ပေါ်လွင် လာခဲ့ပြန်တာကတော့ ““ပုဒ်မ ၄၃၆”” ပြင်ဆင်ပေးရေး ဆိုပြီး ပြည်သူလူ ထုကြီးထဲက လူဦးရေ ““၅”” သန်း ကျော်က လက်မှတ်ရေးထိုး ဆန္ဒပြုလာတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးကို ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြုလုပ်မယ်လို့ ပထမပြောလာတဲ့ စကားရှိခဲ့ပြီး နောက်သိပ် မကြာခင်မှာပဲ ပြောင်းလဲသွားပြန်တာ ကတော့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲပြီး တော့ မှပဲ ပြင်ဆင်ရေး ကိစ္စဆက် လုပ်တော့ မယ်လို့ ကြားကြရ ပြန်တာပဲဖြစ်ပါတယ်။

ပထမတော့ ၂၀၁၅ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲကြီးလို လုပ်ဖြစ် မှာလား၊ မလုပ်ဖြစ် သေးဘူးလားဆိုတာ ဘာမှမသေချာ ခဲ့သေးဘူး။ ဒါပေမဲ့ မကြာသေး ခင်ကတော့ ၂၀၁၅ ခုနှစ် ထဲမှာပဲ အထွေ ထွေရွေးကောက်ပွဲကြီး ကျင်းပမယ်ဆိုတဲ့ အသံထွက်လာပြန်ပါတယ်။ ဒီလိုပါပဲ။ ပီအာရ် စနစ်ကို မကျင့်သုံးတော့ဘူးလို့ ပြောပြီးခါမှ လွှတ်တော် “၂” မျိုးရှိတဲ့ထဲက လွှတ်တော်တစ်မျိုးမှာတော့ ““ပီအာရ်”” စနစ်ကို ကျင့်သုံးမယ့် အနေအထားမျိုး သတင်းကြားလာရပြန်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ ယတိပြတ်ပြီးအောင် အရင်ဆုံးလုပ်သင့်တာတော့ အမှန်ပါပဲ။ တစ်ဖက်နဲ့တစ်ဖက် ဒီနေ့အထိ တိုက်ခိုက်နေကြ တဲ့ထဲမှာ ““မဲပေးနိုင်ခွင့်ရှိရမယ့်”” အသက်အရွယ်တွေ လည်းပါနေတယ်လေ။ စဉ်းစားကြည့်ရင် သူတို့အားလုံး ဟာ မြန်မာနိုင်ငံထဲမှာ မှီတင်းနေထိုင်ကြတဲ့ ကိုယ့်သွေးရင်းသားရင်း တိုင်းရင်းသားအချင်းချင်းတွေ ပဲဖြစ်တယ်။

သူတို့အားလုံးမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပိုင်ဆိုင်ပိုင်ခွင့်ရှိကြပါတယ်။ ပြည်တွင်းစစ် မပြီးသေးလို့ တစ်ဖက် က အသက် “၁၈” နှစ်ပြည့်ပြီးသူတွေက မဲပေးပိုင်ခွင့်တွေ ဆုံးရှုံးမြဲ ဆုံးရှုံးနေဦးမယ်ဆိုရင် တိုင်းရင်း သားပြည်သူ လူထုတစ်ယောက်ချင်းစီရဲ့ ““အခွင့်အရေး””ဆိုတာ အဓိပ္ပာယ်ရှိပါဦး မလား။ အနှစ်သာရကောရှိ ပါဦးမလား။ လူဦးရေ သန်း “၅၀”ထဲမှာ သူတို့လည်း ပါခွင့်ရှိရမယ်လေ။ ဒါကြောင့် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနဲ့ အမှန်တကယ် အပစ်အခတ်လုံးဝရပ်စဲပြီး စားပွဲဝိုင်းပေါ်မှာ တကယ်ပြည်တွင်းငြိမ်း ချမ်းရေး ကြေညာ စာတမ်း ထုတ်ပြန်ခွင့်ရအောင် အရင်ဆုံး ကြိုးပမ်းအားထုတ်ရမှာပဲ ဖြစ်တယ်။ တကယ်ငြိမ်း ချမ်းမှ တိုင်းပြည်ရဲ့ အနေအထားကလည်း ““လူသား တစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးတွေနဲ့ ဖွဲ့စည်းတည် ထောင်ထားတဲ့ တိုင်းပြည် တစ်ပြည်ဖြစ်လာလိမ့်မယ်။

ခုတော့ မြန်မာနိုင်ငံထဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ချင်း အတူတူ၊ သူကတော့ နိုင်ငံရဲ့ အနာဂတ်အတွက် ပညာသင်ခွင့်ရှိတဲ့သူ၊ သူကတော့ တောတွင်း လက်နက်ကိုင်တွေရဲ့ သားသမီးဖြစ် လို့ ပညာသင်ခွင့်မရှိတဲ့သူ၊ သူကတော့ အသက် “၁၈”နှစ်ပြည့်ပြီးလို့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိရမယ်၊ သူက တော့ ငြိမ်းချမ်းရေးမ ရသေးလို့ တောထဲမှာပဲ ဆက်ပြီးတော့ နေရင်း မဲပေးပိုင်ခွင့် စာရင်းထဲမှာ မပါသေးတဲ့ ““၁၈””နှစ်ပြည့်ပြီးသူ တိုင်းရင်းသားတစ်ယောက် ဖြစ်တယ်ဆိုပြီး ခွဲခြားသလိုဖြစ် နေမှာပေါ့။ နောက်တစ်ခါ ထည့်သွင်းစဉ်းစားရမှာ ဘာလဲဆိုတော့ လူဦးရေ “၅”သန်းကျော်ရဲ့ လူ့အခွင့်အရေးကိစ္စ။ ဒီ “၅”သန်းကျော်က ပုဒ်မ “၄၃၆”ကို ပြင် ဆင်ပေးပါလို့ သူတို့အခွင့်အရေးကို တောင်းဆိုထားကြတယ်။ သူတို့ကိုလည်း ကျောခိုင်း လျစ်လျူရှု ထားရင် မှားမှာပေါ့။ သူတို့အားလုံးဟာ အသိဉာဏ်ရှိတဲ့ လူတွေဖြစ် တယ်ဆိုတာ တန်ဖိုးထား တတ်ရမယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာကို အလျင်စလိုကိုယ် လုပ်ချင်တိုင်း မလုပ်သင့်သေးဘူး ဆိုတာ ပြည်သူလူထု တစ်ယောက်အနေနဲ့ အကြံ ပြုလိုက်ပါရစေ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

သူ့ရဲ့ ဟောပြောမှု အတွက် သံဃာတချို့ စိတ်ထိခိုက် ခဲ့ရတဲ့ အပေါ် ဦးထင်လင်းဦး က ကန်တော့ တောင်းပန်ခဲ့။
မြန်မာနိုင်ငံ မှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကို ဘာသာရေး အကြောင်း ပြချက် နဲ့ တိုက်ခိုက် ဖို့ရာ တရားရုံး တွေ ကို အသုံးချမှု တွေ တိုးမြင့် လာနေ တဲ့ အပေါ် အတော် စိုးရိမ် ပူပန်ကြောင်း အာရှ လူ့အခွင့် အရေး ကော်မရှင် AHRC က ထုတ်ပြန် လိုက်ပါတယ်။

ဒါ့အပြင်၊ ဗုဒ္ဓဘာသာ ကို အကြည်ညို ပျက်စေမှု နဲ့ ဖမ်းဆီး တရားစွဲ ခံနေရတဲ့ NLD ပါတီ ရဲ့ ပြန်ကြားရေး တာဝန်ခံ စာရေးဆရာ ထင်လင်းဦး ကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့ သက်ဆိုင်ရာ မြန်မာ အာဏာပိုင် တွေဆီ လူအများ က ဝိုင်းဝန်းပြီး စာရေးသား တောင်းဆို ကြဖို့ လည်း AHRC က တိုက်တွန်း လိုက်ပါတယ်။

AHRC အနေနဲ့ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ရုံးတွေ ဆီကို သီးသန့် စာတွေ ပို့ပြီး၊ ဦးထင်လင်းဦး ရဲ့ အမှုမှာ ကြားဝင် ဆောင်ရွက်ပေးဖို့ တောင်းဆို သွားမယ် ဆိုပြီး တော့လည်း AHRC ရဲ့ ထုတ်ပြန်ချက် ထဲမှာ ရေးသား ထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကို မြှင့်တင်ဖို့ မြန်မာပြည် ထဲမှာ လှုပ်ရှား ဆောင်ရွက် နေတဲ့ PEN Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ စာရေးဆရာ မြေမှုန်လွင်က အခုလို ဘာသာတရား အကြောင်း ပြချက် နဲ့ ဖမ်းဆီး တရားစွဲ ခံရတဲ့ အခါ တရားရုံး အပေါ် ဘာသာရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ် တွေ ကနေ ဖိအား တွေ ပေးနေတဲ့ အတွက် တရား မျှတပြီး လွတ်လပ် တဲ့ တရား စီရင်ရေး စံနစ် ရှိဖို့ လိုအပ်တယ် ဆိုပြီးတော့ ဘီဘီစီ ကို ပြောပါ တယ်။

ဦးထင်လင်းဦး ကို ဇန်နဝါရီ ၁၅ ရက်နေ့က ၅ ကြိမ်မြောက် ရုံးထုတ် ခဲ့တာ မှာ အာမခံ ရရှိဖို့ ထပ်မံ ငြင်းပယ် ခံခဲ့ ရပါတယ်။ အမှု ရင်ဆိုင် နေရတဲ့ တရားရုံး မှာ သံဃာ တွေနဲ့ လူ တချို့ရဲ့ ဖိအား ပေးမှု တွေ ရှိနေတာ ကြောင့် ရုံးပြောင်း စစ်ပေးဖို့ လျှောက်ထား သွားမယ် ဆိုပြီ ဦးထင်လင်းဦး ရဲ့ ရှေ့နေက ပြောထား ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/01/150116_ahrc_htinlinoo


မလေးရှားနိုင်ငံ၌ ကိုရီးယားကေ ပေါ့ ယောကျာ်လေးအဖွဲ့ B1A4 အဖွဲ့ဝင်များ အားဖျော်ဖြေပွဲတစ်ခု၌ မွတ်ဆလင်မိန်းကလေးများက ပွေ့ဖက်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ထိုမိန်းကလေးများမှာ အဖမ်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

မွတ်ဆလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံတွင် ထိုအဖြစ်အား လူထု က ဒေါသထွက်ခဲ့ပြီး ရှေးရိုးစွဲ အစ္စလာမ်များက ကိုရီးယားကေပေါ့ဂီတနှင့် မိန်းကလေးများကို ပြစ်တင်ဝေဖန်ခဲ့သည်။ မွတ်ဆလင်သန့်စင်ရေး အာဏာပိုင် များက ထိုမိန်းကလေးများအား တစ်ပတ်အတွင်း လာရောက် အဖမ်းခံရန်နှင့် အဖမ်းမခံပါက လိုက်လံ ဖမ်းဆီးမည်ဟု ကြေညာထား သည်ဟု ဒေသခံ မီဒီယာများတွင်ဖော်ပြသည်။

ဗီဒီယိုထဲတွင်ကွာလာလမ်ပူမြို့၌ ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲ၌ ကေပေါ့အဖွဲ့ဝင်များက အစ္စလာမ်ခေါင်းဆောင်း ဝတ်ဆင်ထားသည့် ပရိသတ်မိန်းကလေးများကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ခဲ့ သည်။

ကေပေါ့အဖွဲ့ဝင်များက ထိုပရိသတ်များအား စကားတီးတိုးပြောကာ ပွေ့ဖက်ခဲ့ပြီး အဖွဲ့ဝင်တစ်ဦးက ပရိသတ်တစ်ဦး၏နဖူးကို နမ်းခဲ့သည်။ မလေးရှားအစ္စလာမ် အရပ်ဘက်ဥပဒေအရ လူထုကိုပြသသည့် ဖျော်ဖြေ ပွဲနှင့် ရုပ်သံထုတ်လွှင့်မှုများ အတွက် စည်းမျဉ်းများ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားသည်။ ထိုအဖြစ် အပျက်နှင့် ပတ်သက်၍ ဖေ့စ်ဘုတ်အသုံးပြုသူ တစ်ဦးက ‘ဘာသာရေး နှင့် ပတ်သက် ပြီး မသိနားမလည်သည့် မိန်းကလေး တွေ ဘယ်လောက် များလဲ ဆိုတာ ဒီဗီဒီယိုက ဖော်ပြနေပါတယ်’ ဟုရေးသား ခဲ့ပြီး အခြားတစ်ဦးကလည်း ထိုမိန်းကလေးများကို အပြစ်ပေးသင့်ဟု ရေးသားခဲ့သည်။

မလေးဘာသာဖြင့်ရေးသားထားသည့်ကာတွန်းတစ်ခုတွင် ဆီးရီးယားရှိ စစ်သွေးကြွများနှင့် သွားရောက်ပူး ပေါင်းသူအမျိုးသမီးများကို ဂုဏ်ပြု ထားပြီး ကေပေါ့ပရိသတ် မွတ်ဆလင်အမျိုးသမီးများကို ဘာသာရေး ထိခိုက် စေသည်ဟု အပြစ်တင်ထားသည်။

ဖေ့စ်ဘုတ်တွင် ဗုဒ္ဓဟူးနေ့ နေ့လယ်အထိ ထိုကာတွန်းကို LIKE လုပ်သူ သောင်း သုံးထောင်ကျော်ရှိ သည်။ ပရိသတ်မိန်းကလေးများ ကို ပြစ်တင်ဝေဖန်သူ အများအပြားရှိသလို အာဏာပိုင်များက အလွန် အကျွံ တုံ့ ပြန်နေသည်ဟု ထင်မြင်သူများလည်း ရှိသည်။ ဖျော်ဖြေပွဲစီစဉ်သူများက ထိုအဖြစ်အပျက် အတွက် တောင်းပန် ထားသည်။ မလေးရှားအမျိုးသမီးငယ်နှင့် ဆယ်ကျော်သက် အများအပြားမှာ ဘာသာစကား ကန့်သတ်ချက်ရှိ သော်လည်း ကေပေါ့ ပရိသတ်များဖြစ်သည်။ ၂၀၁၃ အစောပိုင်းက မလေးရှားဝန်ကြီးချုပ် နာရဂျစ် ရာဇက်ဘာရီ ဆန် အမျိုးသားမဟာမိတ်အဖွဲ့၏ ဖိတ်ကြား ချက်ဖြင့် ကေပေါ့ အဆိုတော် PSY က ဂန်နန်းစတိုင်သီချင်းကို လာရောက်ဖျော်ဖြေ ခဲ့ပြီး နိုင်ငံရေးထောက်ခံမှုရရှိရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူများက မှတ်ယူကြ သည်။

KHTun

The Ladies News Journal
https://www.facebook.com/News.TheLadies


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ်ယန်ဟီးလီရဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုချက်တွေဟာ ရခိုင်ပြည်နယ် အတွင်းက လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေ အရေးမှာ အစိုးရအပေါ် အကြံပြု ပြောဆိုချက်တွေကို ပယ်ချတယ်လို့ ပြည်ထောင်စု အစိုးရနဲ့ မြန်မာသမ္မတရဲ့ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။ မစ္စယန်ဟီးလီရဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေ အပေါ် ခြုံငုံသုံးသပ်ချက်နဲ့ ပတ်သက်ပြီး နှစ်ဖက်အသိုင်း အ၀ိုင်းအကြားက လွှတ်တော် ကိုယ်စားလှယ်တွေ ကြားမှာလည်း အမြင်မတူမှုတွေ ရှိနေပါတယ်။
အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ နိုင်ငံတကာအတွက်ပါ အရှုတ်အထွေးဖြစ်စေပြီး ကုလ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပါသက်ဆိုင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။ ရခိုင်ပြည်နယ်အတွက် အဖြေရှာဖို့ဆိုရင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေကို ဗဟိုပြုဖြေရှင်းရပါလိမ့်မယ်လို့ ပြောဆိုခဲ့သလို ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင်အသိုင်းအဝိုင်း တခုလုံးကို သိမ်းကျုံး ဒဏ်ပေးတဲ့နည်းနဲ့ အဖြေမရှာဖို့ ပြောဆိုချက်တွေကို ပယ်ချတယ်လို့ မြန်မာအစိုးရရဲ့ ပြောခွင့်ရှိသူဦးရဲထွဋ်က ပြောပါတယ်။

“အဲဒါကတော့ဗျာ၊ သိတဲ့အတိုင်းပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်တွေက လာကတည်းကိုက ဟိုဘက်ကပေးတဲ့ သတင်းအချက်အလက် တွေကို အခြေခံပြီး လာနေတော့ ဒီလိုမျိုး ကောက်ချက်တွေက လွဲတာပဲ။ အဲဒီတော့ ကျနော်တို့ အခုလုပ်နေတာက ရခိုင်ပဋိပက္ခ ခင်ဗျားတွေ့ပါလိမ့်မယ်၊ နှစ်ဘက်လုံးမှာရှိတဲ့ ပြစ်မှုကျူးလွန်တဲ့လူတွေအားလုံးကို နှစ်ရှည်ထောင်ဒဏ် ကျနော်တို့ချမှတ်ခဲ့တယ်။ ဒီကနေ့ ဒုက္ခသည်စခန်းမှာရှိနေတဲ့ ရိုဟင်ဂျာလို့ သူတို့ခေါ်နေတဲ့ ဘင်္ဂါလီတွေရော၊ နောက်တခါ ရခိုင်ဒုက္ခသည်စခန်းတွေရော အားလုံးကို ကျနော်တို့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ ပေးနေတာရှိတယ်။ ၂၀၁၄ နှစ်ဝက်ပိုင်းကစပြီးတော့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှုအခြေအနေတွေ အများကြီးတိုးတက်လာတာ ရှိတယ်။ အဲဒီတော့ ဒါတွေဟာ သူတို့ အသိအမှတ်ပြုရမယ့်ကိစ္စတွေပဲ။ ဒါတွေကို အသိအမှတ်မပြုဘဲနဲ့ အခုနကလို တဘက်သတ်ကောက်ချက်ဆွဲနေရင်တော့ သူ နောက်တခါ ရခိုင်ပြည်နယ်ကိုလာလို့ရှိရင် ရခိုင်တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လုံးဝ ရမှာမဟုတ်တော့ဘူး။”

လူ့ခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြည်တွင်းမှာ ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ မျိုးစောင့်ဥပဒေ ၄ မျိုးထဲမှာ အပြန်အလှန် နားလည်းသည်းခံမှုနဲ့ အားလုံး သဟဇာတ ဖြစ်ဖြစ်နဲ့ အတူတကွ ယှဉ်တွဲနေထိုင်ကြဖို့ ဒီဥပဒေကြမ်းတွေကို သေသေချာချာလေ့လာသုံးသပ် စေချင်ပါတယ်လို့ ပြောဆိုချက်ပေါ် မှာလည်း ဦးရဲထွဋ်က အခုလို တုံ့ပြန်ပါတယ်။

“ဒီဟာတွေအားလုံးက ဘယ်ဘာသာကိုမှ ဖိနှိပ်ဖို့မဟုတ်ဘူး။ ဘာသာကူးပြောင်းတဲ့အခါမှာ ဘာသာကူးပြောင်းမှုကို အခွင့်ကောင်းယူပြီး တဘက်ဘက်ကနေ ဖိနှိပ်လို့မရအောင်၊ ဒါမှမဟုတ် သူ့ဆန္ဒနဲ့သူ ကူးပြောင်းတာကို မပြောင်းရဘူးလို့ တားလို့မရအောင် နည်းလမ်းတကျဖြစ်အောင် လုပ်တာလေ။ စင်ကာပူလို၊ မလေးရှားလိုနိုင်ငံမျိုးမှာလည်း ဒီ Registration ကိစ္စက ရှိတာပဲ။ တကယ်ကျတော့ အဲဒီဥပဒေကိုသာ ကျင့်သုံးနိုင်မယ်ဆိုရင် ဘာသာပြောင်းတဲ့အပေါ်မှာမူတည်ပြီးတော့ နှစ်ဘက်ကြားမှာ အငြင်းပွားတဲ့ဟာတွေကိုတောင်မှ အကာအကွယ်ပေးနိုင်မှာပေါ့။”

မစ္စ ယန်ဟီးလီရဲ့ မြန်မာပြည်ကိုလာရောက်တဲ့ ၁၀ ရက်ကြာခရီးစဉ်ရဲ့ နောက်ဆုံးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ပြန်ပြောဆိုချက်တွေမှာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ အသိုင်းအ၀ိုင်းကို ဇောင်းပေးလွန်းတယ်လို့ မြေပုံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ကပြောပါတယ်။

“အစိုးရပိုင်းက ဖြေရှင်းတဲ့အခါမှာတော့ … ၈၂ ခု နိုင်ငံသားဥပဒေနဲ့ နိုင်ငံသားဖြစ်ရေးကို အဓိကဇောင်းပေးပြီးတော့ ..အဓိကလည်းကျတယ်။ အဲဒါကို ဦးတည်ပြီးတော့ ဖြေရှင်းနေပါတယ်။ အတူယှဉ်တွဲနေထိုင်ရေးဆိုတာက အစိုးရကဖိအားပေးလို့ရတာမျိုး မဟုတ်ဘူး။ ဒါက နှစ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးပေါ်မှာမူတည်ပြီးတော့ သူတို့က နိုင်ငံသားဖြစ်လာတဲ့အခါမှာ ၊ နိုင်ငံသားအရ အခွင့်အရေးရလာတဲ့အခါမှာ ဒါတွေဟာ တဖြည်းဖြည်း ဖြေလျော့သွားလိမ့်မယ်။”

ဒါပေမဲ့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်းကတော့ မစ္စ်ယန်ဟီးလီရဲ့ ရခိုင်ပြည်နယ်အပေါ် သုံးသပ်တင်ပြချက်ဟာ ၂ ဖက် အသိုင်းအဝိုင်းအကြား မျှမျှတတ ပြောခဲ့တာ တွေ့ရတယ်လို့ဆိုပါတယ်။

“အရင်တခေါက်နဲ့နှိုင်းယှဉ်ရင်တော့ ဒီတခေါက်ကတော့လေ၊ သူ့ရဲ့လေ့လာမှုက နှစ်ဘက်လုံးကိုလည်း သူနားထောင်တယ်၊ ပြီးရင် သူတို့ ရခိုင် Action Plan ကို ဖော်ဆောင်တဲ့အခါမှာလည်း နှစ်ဘက်ကွန်မြူနတီက …ဖိတ်ပြီး UN အဖွဲ့အစည်း၊ ပြီးတော့ အင်တာနေရှင်နယ် Norm တွေနဲ့ပါ သူက …အဲဒါ all inclusive ဖြစ်တဲ့ပုံစံနဲ့လုပ်မယ်ဆိုရင် ဒါက အဖြေဖြစ်မှာပေါ့နော်။ အဲလိုမလုပ်ဘဲနဲ့ ရန်ဖြစ်မှာစိုးလို့၊ ရန်လိုမှာစိုးလို့ စိုးရိမ်ပြီးတော့ နှစ်ဘက် ကွန်မြူနတီကို သီးသန့် ခွဲထားတာ segregation သဘောကိုလုပ်ထားတာ အဖြေမဟုတ်ဘူး။ အဲဒါမျိုးတွေလည်း သူရေးထားတာတော့ - ဘာပဲဖြစ်ဖြစ် ကျနော်တွေ့ရတာတော့ သူ့ရဲ့ Report သည် တော်တော်လေးကို နှစ်ဘက်လုံးကို မျှမျှတတ နဲ့ လေးလေးနက်နက်နဲ့ ထားပြီးတော့ အဲဒီအစီရင်ခံစာကို statement ထုတ်သွားတာ တွေ့ရတယ်။”

မစ္စယန်ဟီးလီအနေနဲ့ သူ့ရဲ့ဒုတိယမြောက် မြန်မာနိုင်ငံခရီးအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ ၃ ရက်ကြာနေထိုင်ပြီး မွတ်ဆလင် လူနည်းစုတွေအပေါ် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးနေတဲ့ အခြေအနေတွေအပါအ၀င် ပဋိပက္ခ ဖြစ်ခဲ့တဲ့ နှစ်ဖက်အသိုင်းအဝိုင်းက လူမျိုးစုတွေ၊ ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့တာပါခင်ဗျား။

အောင်ရဲ မောင်မောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/reaction-on-yanghee-lee-pressure-/2602651.html

ဒဏ်ရာရ ကျောင်းသား (ဓာတ်ပုံ – Myat Thu)
ရန်ကုန်မြို့ ၄၁ လမ်းမှာ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်က တက္ကသိုလ်ကျောင်းသား ၅ ဦးကို အမည်မသိလူတချို့က  ၀ိုင်းဝန်း ရိုက်နှက်ခဲ့တဲ့အတွက် ကျောင်းသား ၁ ဦး ဦးခေါင်းပေါက်ကွဲ ဒဏ်ရာ အပြင်းအထန်နဲ့ ကျန် ၄ ဦး ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသား မောင်အောင်သောင်းဦးရဲ့ ဦးခေါင်း ပေါက်ကွဲ ဒဏ်ရာကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ အရှေ့ပိုင်း ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်း လွှဲပြောင်းပေးလိုက်တယ်လို့ သူငယ်ချင်းတွေက ပြောပါတယ်။

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသား ၅ ဦးဟာ ၃၈ လမ်းမှာ ရှိတဲ့ ဗကသ ရုံးကအပြန် ၄၁ လမ်း အလယ်ဘလောက် အရောက်မှာ လူအုပ်စု အယောက် ၂၀ လောက်က ၀ိုင်းရိုက်နှက်ပြီး ထွက်ပြေးသွားကြတာလို့ ကာယကံရှင် ကျောင်းသားတွေက ပြောပါတယ်။

ဒီအမှုကိစ္စကို စုံစမ်း စစ်ဆေးပြီး ကာယကံရှင်ကို ဖော်ထုတ်ပေးဖို့ ဗိုလ်တထောင် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကာယကံရှင် ကျောင်းသားတွေက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/77456