01/20/15

မြန်မာနိုင်ငံအနှံ့ လယ်ယာမြေဧက(၈)သိန်းကျော် ဈေးနှိမ်ဝယ်ယူထားခဲ့ပြီး တရားဝင်ရော တရားမ၀င်ရော စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေသည့်
ဂရိတ်ဝေါဦးတင်မောင်နှင့် ဇနီးနန်းတို့(၂)ဦးအား မန္တလေး အမှတ်(၈)ရဲစခန်းမှ အမှု(၅)မှုဖြင့် စစ်ဆေးနေစဉ် ထွက်ပြေးတိမ်းရှောင်သွားသဖြင့်
တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း သတင်းစာ ဂျာနယ်ပါ သတင်းများအရ သိရှိခဲ့ရပါသည်၊

ထိုသတင်းများတွင် တင်မောင်(ခ)လီစန်းရှင်းသွားလာတတ်သော စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများအတွင်းရှိ ရဲစခန်းများသို့ ဖမ်းဆီးပုံစံပေးပို့ ဖမ်းဆီးနိုင်ရေးဆောင်ရွက်
နေကြောင်း ပါရှိခဲ့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး ရဲစခန်းများသို့ ထိုဖမ်းဆီးပုံစံ ရောက်လာခြင်း မရှိသေးကြောင်း သိရှိရပါသည်၊

ထိုသို့ ဂျာနယ်များတွင် ပါရှိခဲ့သော်လည်း တရားဝင် ဖမ်းတီးပေးရန် ပုံစံ မရောက်လာသည့်အတွက် တင်မောင်ခေါ် လီစန်းရှင်းအား တွေ့ရှိလာလျှင်တောင်
ဖမ်းဆီးရန် မလွယ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးမှ herjule mediaကို ပြောပြခဲ့ပါသည်၊ ထိုသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိုဖမ်းဆီးပုံစံ
မပေးပို့ခဲ့ခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးတို့ ဇနီးမောင်နှံနှင့် တင်မောင်(လီစန်းရှင်)တို့ ဇနီးမောင်နှံမှာ ဆွေမျိုးရင်းခြာထက်ပင်
ရင်နှီးသူများဖြစ်နေကြ၍ ဖြစ်နိုင်ကြောင်း ၊ မြန်မာနိုင်သားများအပေါ် ဗိုလ်ကျ နယ်ချဲ့အနိုင်ကျင့်ခဲ့သည့်
မြန်မာနိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူ တယုတ်နိုင်ငံသား တင်မောင်(လီစန်းရှင်)နှင့် ပတ်သက်၍ အကာအကွယ် မပေးသင့်ြောင်း အမျိုးသားရေးမျက်နှာသာ
ကြည့်သင့်ကြောင်း ဒေသခံအချို့မှ ပြောဆိုလျှက်ရှိနေကြပါသည်။
(ဟာဂျူလီ-ကသာ)
ဓါတ်ပုံ....၂၀၁၃ခုနှစ်က တင်မောင်(လီစန်းရှင်)ပိုင် ဟွန်ဒါ-မြန်မာသစ်ပါးလွှာစက်သို့ ပို့ဆောင်မည့် အကောက်တံဆိပ်မပါ သစ်လုံးများကို ဒေသခံများ၏တိုင်ကြားချက်အရ
ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ သစ်တောအကောက်တံဆိပ်မပါသစ်လုံးများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သော်လည်း ဦးတင်မောင်အား
အရေးယူခဲ့ခြင်း မရှိခဲ့ပေ၊

အမျိုးသားပညာရေး ဥပဒေ ကန့်ကွက်ကြောင်း သပိတ်မှောက်ဆန္ဒပြမူ မန္တလေးမြို့မှ ရန်ကုန်သို့အရောက် ချီတက်မည်ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီမှ ကိုဇေယျာလွင်ကပြောပြချက်အရ သိရသည်။

အမျိုးသးပညာရေး ဥပဒေပြင်ဆင်ရေး အတွက် ကျောင်းသားသမဂ္ဂ တစ်စု မှနေပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးခေါ်ယူကာ သပိတ်မှောက်ခြင်း စတင်ခဲ့ပြီး နိုဝင်ဘာ၁၇ရက်မှ တွင်တောင်းဆိုချက်များ ပါဝင်သည့် ရက်ပေါင်း (၆၀) ရာဇသံကြေငြာခဲ့သော်လည်း အစိုးရနှင့် လွှတ်တော်ဘက်မှ ရက်ပေါင်း၆၀ပြည့်သည့် ဇန်န၀ါရီ ၁၆ရက်နေ့ရောက်သည် အထိ တစ်စုံတရာတွေဆုံဆွေးနွေးမှုမပြုလုပ်သဖြင့် ယင်းကဲ့သို့ တစ်နိုင်ငံလုံး အဆင့် သပိတ်တိုက်ပွဲဆင်နွဲခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇေယျာလွင်က`အစိုးရဘက်ကို တွေဆုံညိုနှိုင်းမှုလုပ်ဖို့ ရက်ပေါင်း ၆၀ ရာဇသံပေးခဲ့ပေမယ့် တစ်စုံတရာ တိုက်တွန်းတာ မလုပ်ခဲ့တဲ့အတွက် သပိတ်မှောက်တိုက်ပွဲဆင်နွဲတာဖြစ်တယ်။ဒီသပိတ်ကို မန္တလေးကနေ ရန်ကုန် ကို ချီတက်မှာဖြစ်တယ်။နောက်တစ်နိုင်ငံလုံးက ကျောင်းသားတွေက လည်း ရန်ကုန်ကို နည်းလမ်းပေါင်းစုံနဲ့ ပုံသဏ္ဍာန်ပေါင်းစုံနဲ့ ချီတက်လာမှာဖြစ် တယ်။ သူတို့ချီတက်လာသလိုရန်ကုန်မှာလည်း သပိတ်စခန်းဖွင့်ဖြစ်အောင် လုပ်မှာဖြစ်တယ်´ ဟု ပြောသည်။

အစိုးရပိုင်းနှင့် လွှတ်တော်ပိုင်းအနေဖြင့်တွေဆုံညိုနှိုင်းမှု လုပ်ရန် ရက်ပေါင်း ၆၀ ကြေငြာချက် ထုတ်ပြန် တောင်းဆိုခဲ့သော်လည်း အပေါ်တွေဆုံညိုနှိုင်းမှု မရှိဘဲ သပိတ်မှောက်စဉ်ကာလအတွင်း ကြေသွန်း ဘုရားကြီးရှေ့တွင် အဆင့်မြင့် ပညာဦးစီးဌာနနှင့် တက္ကသိုလ် ပါမောက္ခများမှ ကျောင်းသား သမဂ္ဂများအား ပုဂ္ဂိုလ်ရေးအရ လာရောက်တွေဆုံခြင်းအား နိုင်ငံပိုင် သတင်းစာ များတွင် တရားဝင်တွေဆုံသည့် ပုံသဏ္ဍာန်ဖေါ်ပြခြင်းများ ရှိကြောင်း ကော်မတီ အဖွဲ့ဝင်များက ပြောသည်။

လက်ရှိကျောင်းသားများတောင်းဆိုသည့် အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက `ကျောင်းသားတွေ စာကျက်ရမယ့် အချိန်မှာ နေပူထဲလမ်းလျှောက်မယ် ဆိုတာ မကောင်းပါဘူး။ သူတို့တောင်းဆိုထားတဲ့ အချက် ၁၁ချက်က ဘဏ္ဍာရေး အချက် တစ်ချက်က လွဲရင် ကျန်တဲ့ကိစ္စကို ကျနော် လုပ်လို့ရရင် လုပ်ပေး ပါတယ်။ နောက်ဖြစ်နေတာက ကျောင်းသားတွေတောင်းနေတာ အယာကြီး ။ ကျနော်တို့က ပြန်ပေးတာက ကုလားကြီး အဲလိုမျိုးဖြစ်နေပါတယ်´ဟု ဇန်န၀ါရီ ၁၇ရက်က ပြုလုပ်သည်ု အရပ်ဖက်လူငယ်များနှင့် ငြိမ်းချမ်း ကိစ္စတွေဆုံ ဆွေးနွေးရာတွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

ယခင် ၁၉၈၈ ကျောင်းသားသပိတ်တွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး လက်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် အကြံပေးအဖြစ် ဆောင်ရွက်နေသူ တစ်ဦးက " ရန်ကုန်အထိဆိုရင် လာရဝေးပါတယ်။ နေပြည်တော်မှာပဲ ဒီကိစ္စကို အမြန်ညှိနှိုင်းလိုက်ရင် ကောင်းပါတယ်။ အခုလည်း လွတ်တော်က ပြန်စနေပြီ ပဲ။ နေပြည်တော်မှာမှ Key Players အားလုံး ရှိတာ" ဟု The Ladies သို့ ပြောကြားခဲ့သည်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက် လှုပ်ရှားမှု အစီအစဉ် အား ဇန်န၀ါရီ ၂၀ရက် နံနက် ၉နာရီတွင် မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်း (၁၄)ခန်းမှ စတင်ကာ မြို့ကြီး ၅မြို့အား ဖြတ်ကျော်ပြီး ရန်ကုန်မြို့တွင် ကြိုတင်ပြုလုပ်ထားသည့် ကျောင်း သပိတ်စခန်းအရောက် ချီတက် ဆန္ဒပြတောင်းဆိုသွား မည်ဖြစ် ကြောင်း သိရသည်။

The Ladies News Journal

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည် နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်း သားတွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအကြား ပဋိပက္ခ နဲ့ ဆက်နွယ်ပြီး အင်းစိန် အကျဉ်းထောင်မှာ ထောင်ဒဏ် နှစ်ရှည်ကျခံနေရတဲ့ ဒေါက်တာထွန်းအောင် ကို နိုင်ငံတော်သမ္မတရဲ့ အထူးလွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဒီကနေ့ ညနေ ၄ နာရီမှာ လွှတ်ပေးလိုက်ပါတယ်။

ဒီလို လွတ်မြောက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးသူ ကတော့ အမေရိကန်အောက် လွှတ်တော် အမတ် Aaron Schock ဖြစ်ပြီး ၀ိုင်းဝန်းကူညီခဲ့တဲ့ အဖွဲ့အစည်းကတော့ ချက်နိုင်ငံအခြေစိုက် Prague Freedom Foundation ဖြစ်ပါတယ်။

ဒေါက်တာ ထွန်းအောင်ဟာ မူလက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရာကနေ နောက်ပိုင်း မှာ ပြစ်ဒဏ်ကို ၉ နှစ်လျှော့ပေါ့ သတ်မှတ်ခံခဲ့ပါတယ်။

အောက်လွှတ်တော်အမတ် Aaron Schock က အခုလို ဒေါက်တာထွန်းအောင်ကို လွှတ်ပေးလိုက်တာကြောင့် မြန်မာ အစိုးရဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် ကြိုးစားတယ်ဆိုတာ သက်သေပြတာဖြစ်ကြောင်း၊ အမေရိကန် နဲ့ မြန်မာဆက်ဆံရေး ကောင်းမွန်လာတဲ့သက်သေဖြစ် ကြောင်း ပြောပါတယ်။


RFA


လွန်ခဲတဲ့ သီတင်းပတ်က ဖမ်းဆီးထားတဲ့ အစိုးရ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဒီကနေ့ ညနေမှာ ကြားဝင် ဆောင်ရွက်သူတွေ လက်ကနေ တဆင့် ပြန်လွှဲ အပ်မယ်လို့ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ တပ်ရင်းမှူးက ပြောပါတယ်။

တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်းက အဲဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်မြေထဲ လက်နက်ကိုင် ၀င်ရာက်လာတဲ့အတွက် ထိတွေ့ပစ်ခတ်မှုတွေမရှိအောင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ရတာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေရဲ့ လက်ထဲကို ပြန်လွှဲအပ်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အစိုးရ ရဲတပ်ဖွဲ့နဲ့ ကျနော်တို့ ထိပ်တိုက်တွေ့ဆုံမိတယ်လေ။ သူတို့က လက်နက်ကိုင်ဆောင်တော့ ကျနော်တို့က ခေတ္တထိန်းသိမ်းထားရတဲ့သဘောပေါ့။ ကျနော်တို့က ဒီလိုမလုပ်ရင် သူတို့က ကျနော်တို့ကို ဖမ်းမှာဘဲ။ ဒါက လက်နက်ကိုင်တွေရဲ့ သဘောပါ။ တခြားဘာပြဿ နာမှ မရှိပါဘူး။ ဒီကနေ့ ညနေပိုင်းလောက် ပြန်လွှတ်ပေးမလို့ အခုပြင်ဆင်နေပါတယ်။ ပီစီဂျီ (ငြိမ်းချမ်းရေး အကျိုးတော်ဆောင်) အဖွဲ့က ဦးဂွန်ဂျာတို့ လက်ထဲကို အပ်မှာပါ ၊ သူတို့လဲ ဖားကန့် ကို ရောက်နေပြီ၊ ဘယ်နေရာမှာ လွဲမလဲ ဆိုတာတော့ ပြောလို့မဖြစ်သေးဘူးဗျ။”

ဇန်န၀ါရီလ ၁၄ ရက်နေ့က မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းမှာ စစ်ဆေးကြည့်ရှုတဲ့ ကချင်ပြည်နယ် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ကမန်းဒူးနော်ကို အဖော်လုံခြုံရေးလိုက်ပါလာတဲ့ အဆိုပါ ရဲတပ်ဖွဲ့ ၃ ဦးကို ကေအိုင်အေက ဖမ်းဆီးပြီး ၀န်ကြီးကိုတော့ မေးမြန်းပြီး ပြန်လွှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ နှစ်ဘက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လူထောင်ချီပြီး ထွက်ပြေးခဲ့ကြရတာပါ။ ကေအိုင်အို ဗဟိုက ရဲသုံးဦးကို ပြန်လွှတ်ပေးဖို့ အမိန့်လာပေမယ့် တိုက်ပွဲတွေကြောင့် မပို့နိုင်ရာက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက ကြားက သွားရောက်ခေါ်ဆောင်ပေးကြတာ ဖြစ်ပါတယ်။

တပ်မဟာ ၂ တပ်ရင်း ၆ တပ်ရင်းမှူးကတော့ ဒီရဲ ၃ ဦးကို ဇန်န၀ါရီ ၁၅ ရက်နေ့ မနက် ၇ နာရီမှာ ပြန်လွှတ်ပေးမယ်လို့ ကေအိုင်အေက ပြောထားပေမယ့် အစိုးရတပ်က ၆ နာရီလောက်က စပြီး လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တဲ့အတွက် တိုက်ပွဲတွေကြောင့် ခုမှ ပြန်လွှတ်ရကြောင်း သူက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ အစိုးရတပ်က အရင် ကေအိုင်အေ ထိန်းချုပ်နယ်မြေ အောင်ဘာလေ ကျေးရွာထဲကို ရောက်ရှိနေကြောင်း၊ ဒါကြောင့် ရွာသားတွေ ဘေးကင်းဖို့အတွက် မနေ့ညနေကဘဲ ဥရုချောင်းတဘက်ကမ်း ကံဆီးရွာကို အားလုံးပြောင်းရွှေ့ခိုင်းလိုက်တယ်လို့ ဗိုလ်မှူးတန်ဆိုင်းက ပြောပါတယ်။

“အစိုးရတပ်က လက်နက်ကြီးတွေ အများကြီး ပစ်တာ ရွာထဲမှာလည်း ကျပါတယ်။ ဘုန်းကြီးကျောင်း နားမှာလည်း ကျကွဲပါတယ်။ ရွာသားတွေက အိမ်မှာမနေရဲဘဲ ဘုန်းကြီးကျောင်းထဲ ၀င်ပြေးတဲ့အခါ အစိုးရတပ်က ရွာသားတွေကို အကာအကွယ်လုပ်ပြီး ကျနော်တို့ကို တိုက်တယ်။ မနေ့တနေ့က အပြင်းအထန် ပစ်ခတ်ကြတယ်။ ကျနော်တို့ ဆက်ရှိနေရင် ပြည်သူတွေ ထိခိုက်မှာ စိုးလို့ ကျနော်တို့လည်း ဆုတ်ခွာပေးလိုက်တယ်။ ဆုတ်ခွာပြီးတော့ သူတို့နဲ့ ပြန်တိုက်တဲ့ခါ ရွာသားတွေပါ ထိမှာ စိုးလို့ ခပ်မြန်မြန် ပြောင်းခိုင်း လိုက်ပါတယ်။ အဲဒီရွာက စစ်မြေပြင်လို ဖြစ်သွားပြီလေဗျာ။ အစိုးရတပ်ကလည်း သူတို့ကို ရွှေ့ခိုင်းတယ်။”

မနေ့က ရွှေ့ပြောင်းသွားတဲ့ ရွာသားပေါင်း ၂၀၀၀ နီးပါးရှိပြီး ဒီကနေ့မှာတော့ အခြေအနေ ငြိမ်သက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အစိုးရတပ်ဘက်က အင်အားတိုးမြှင့်နေတာလည်းရှိပြီး လက်ရှိ ၇၀၀ ကျော်လောက် နယ်မြေထဲ ၀င်ရောက်နေတဲ့အတွက် အချိန်မရွေး ပစ်ခတ်မှု ပြန်ဖြစ်နိုင်လို့ အားလုံး အသင့်အနေအထားပြင်ထားတယ်လို့ ဆိုပါတယ်။

ကေအိုင်အေဟာ ကျောက်တူးကုမ္ပဏီရဲ့ ဘက်ဟိုးကားကို စေခိုင်းပြီး ခွန်ဆိုင်ဇွပ်ရွာအ၀င် တံတား ၁ စင်း နဲ့ နမ့်ဆိုင်ရွာက ကွန်ကရစ်တံတား ၂ စင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်နေ့က ဖျက်ဆီးလိုက်တယ်လို့ အစိုးရသတင်းစာက ဖော်ပြခဲ့ပါတယ်။

တံတားဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး အောင်မြင့်ကြိုင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းကြိုင်က “ဘတ်ဟိုးကြီးတွေနဲ့ ကုပ်ခိုင်းတယ်။ တံတားတွေလည်း ဖျက်ခိုင်းတယ်။ မလုပ်ရင် ရန်ရှာမှာလို့ အလုပ်သမားတွေက ပြောတယ်။ သူတို့က သေနတ်နဲ့ချိန်ပြီး လုပ်ခိုင်းမှတော့ ကျနော်တို့ ကလေးတွေ (အလုပ်သမားတွေ)ကလည်း ဖျက်ရတာပေါ့။ အခုလည်း ကုမ္ပဏီလုပ်ငန်းတွေကို ကေအိုင်အေ က ရပ်ထားခိုင်းတယ်”လို့ ပြောပါတယ်။

ဗိုလ်မှူးဒတန်ဆိုင်းကတော့ လမ်း၊ တံတားဖျက်မှုဟာ အစိုးရတပ်က အဲဒီလမ်းကြောင်းကနေ သူတို့ကို ချေမှုန်းဖို့ စစ်အင်အားတိုးမြှင့်လာမှာကို တားဆီးကာကွယ်တဲ့အနေနဲ့ ဖျက်ဆီးတာ ဖြစ်ကြောင်း ပြောပါတယ်။

လောလောဆယ် ကံဆီးရွာမှာ တန်းဂေါင်၊ အောင်ဘာလေနဲ့ ကံဆီးခေါရွာသားပေါင်း ၂၀၀၀ ကျော် ရောက်ရှိနေပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၃ ကျောင်းမှာ ခိုလှုံနေကြောင်း၊ အရေးပေါ် စားနပ်ရိက္ခာ တွေလည်း လိုအပ်နေတယ်လို့ ကချင်ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/77656

လောဖြူတောင်ကုန်းမှာ ကင်းလှည့်နေတဲ့ KIA တပ်ဖွဲ့ဝင်များ။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်ရေးဖို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့က KIA တပ်ရင်း (၆) ကို သွားရောက်ခေါ်ဆောင်နေပြီး ဒီကနေ့ညပိုင်းမှာ လွတ်မြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေးက တော့ ရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်လာရင် နှစ်ဖက်အကြား တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း ပြောပါတယ်။ ဖားကန့်ဒေသနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုးကောင်း၊ ကာမိုင်း၊ ဖားကန့်လမ်းကြောင်းကို ကြည့်ရှုစစ်ဆေးစဉ် လမ်းခရီးမှာ KIA က တားဆီးပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖမ်းဆီးခဲ့တဲ့နောက် ဖားကန့်ဒေသမှာ ဒီလ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ အစိုးရတပ်နဲ့ ကချင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ (၅) ရက်မြောက်နေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် သွားရောက်ခေါ်ဆောင်နေပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

KIA ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖားကန့်ဒေသအခြေစိုက်KIA တပ်ရင်း (၆) ကို သွားရောက်ခေါ်ဆောင်နေပြီဖြစ်ကြောင်းနဲ့ ည (၈) နာရီလောက်ဆို ပြန်လွတ်လာဖွယ်ရှိတယ်-လို့ ဦးလမိုင်ဂွမ်ဂျာက ပြောသွားပါတယ်။ ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ KIA အကြား ဒီကနေ့ တိုက်ပွဲတွေငြိမ်သက်နေတယ်လည်း ပြောပါတယ်။

လေးရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်းမှာ အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စခန်းသိမ်းထိုးစစ်ဆင်တာတွေ ရှိခဲ့သလို KIA ဖက်က လုံးခင်းရဲစခန်းအပါအဝင် နေရာတချို့ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်တာ၊ တံတား (၅) စင်းလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနဲ့ တချိန်တည်းမှာပဲ အောင်ဘာလေအပါအဝင် ရွာ ၃ ရွာလောက်က ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဘာသာရေး လူမှုရေးအသင်းအဖွဲ့တွေက ဆောင်ရွက်နေတာကို အစိုးရတပ်က ငြင်းပယ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တရုတ်အစိုးရပိုင် ဂလိုဘယ်လ်တိုင်းမ်စ် သတင်းစာမှာတော့ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့အရပ်သားတွေကြားမှာ တရုတ်အမျိုးသားကျောက်ကုန်သည်နဲ့ ကျောက်တူးသူ ရာနဲ့ချီပါဝင်ကြောင်း ဖော်ပြပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ MPCက အကြီးတန်းအကြံပေးဦးလှမောင်ရွှေကတော့ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးနောက်မှာ နှစ်ဖက် အကြား ဆွေးနွေးပြီးရက်ဆက်ဆိုသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းနိုင်မယ်လို့ သုံးသပ်ပါတယ်။

“အဲဒီမှာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က စာတစ်စောင်ကိုတော့ ဝန်ကြီးဦးအောင်မင်းတို့ဆီ ပို့ထားတာ တွေ့ပါတယ်။ အဲဒီ ပြည်နယ်အစိုးရကိုပို့တယ်။ ဦးအောင်မင်းတို့ကိုလည်း ပို့ထားတယ်။ အဲဒီစာအရဆိုရင် ကျနော်တို့ဘက်ကလည်း ရဲ (၃) ယောက်ကို လွှတ်ပြီးသွားရင်တော့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့နဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်မယ်လို့တော့ ကျနောတို့တော့ နားလည်ထားပါတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ TATက ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ သူ့အမြင်သဘောထားကို အခုလို ပြောပါတယ်။

“ဥရုချောင်းဖျား အနောက်ဘက်ခြမ်းကို အစိုးရတပ်တွေ တပ်ပြန်ဆုတ်သွားရင် ဒါ အနေအထားတခု ရပ်သွားပြီ။ အခု ဒီမှာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့လည်း ရှိတယ်။ ကျနော်တို့ TAT လည်းရှိတယ်။ ဒီပြင် PCG လည်းရှိတယ်။ ပြီးရင် NCCT တွေလည်းရှိတယ်။ ဒီလို ကြားထဲမှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအကြီးကြီးတွေ ရှိရဲ့သားနဲ့ ဒီလမ်းကြောင်းကနေ မသွားဘဲနဲ့ အင်အားသုံး ဖြေရှင်းမယ်ဆိုတဲ့ ဒီသဘောထားတွေကို၊ ရည်ရွယ်ချက်တွေကို ကျနော်တို့က မကြိုက်ဘူးဗျာ။ ဖြစ်တာတော့ ဖြစ်ခဲ့ပေမယ့် ဖြေရှင်းမယ့်အပိုင်းတွေကို နည်းလမ်းရှိတယ်၊ လမ်းကြောင်းရှိတယ်။ ဒီလမ်းကြောင်းတွေကို ဥပက္ခာပြုပြီးတော့ စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ကိစ္စကို ကျနော်တို့က ဘဝင်မကျဘူးဗျ။”

ဦးဒေါင်ခါးက ဖားကန့်ဒေသတိုက်ပွဲမှာ အစိုးရတပ်က ဓာတုလက်နက်လို့ယူဆနိုင်တဲ့ လက်နက် အသုံးပြုတိုက်ခိုက်တာရှိကြောင်း ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

လောလောဆယ် ဖားကန့်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ် ချုပ်ဆိုရေးအတွက် အဟန့်အတားဖြစ်လာနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီကနေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံမှာ ကျင်းပ နေပြီး ဒီအစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ ထပ်မံတွေ့ဆုံရေးကို ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက UPWC နဲ့ NCCT တို့ ဆွေးနွေးပွဲမှာတော့ လာမယ့် ပြည်ထောင်စုနေမှာ တပြည်လုံးအပစ်ရပ်စဲရေးစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ဖွယ်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kia-and-myanmar-army-talk-to-releas-3-police-officials-/2604385.html


ထူးကုမ္ပဏီများ အုပ်စုပိုင်ရှင် ဦးတေဇက ယူရေနီယံ သတ္တုသိုက်ကို တွေ့ရှိ ထားကြောင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံတော် အတွက် အကျိုးအမြတ် ရရှိနိုင်မည် ဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် ၄င်း၏ အင်းယားလမ်း နေအိမ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

အဆိုပါ သတ္တုသိုက်သည် မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် အတွင်းတွင်ရှိနေပြီး ဒေသခံ အမျိုးသား နှစ်ဦးကလွန်ခဲ့သော ၁၀ ရက်ကျော်ကတွေ့ရှိရာမှ ဦးတေဇထံ ဆက်သွယ်အပ်နှံကြောင်း၊ဦးတေဇက ယင်းသတ္တုများကို ထူးဆန်းသော သတ္တုအဖြစ်လက်ခံပြီး စမ်းသပ်ဓါတ်ခွဲရာမှ ယူနေနီယံဟု သိရကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်က မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီးဌါနသို့ အပ်နှံပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း ရှာဖွေတူးဖေါ်ကာ အစိုးရကို အပ်နှံရန်ရှိကြောင်း သိရသည်။

ယခုအခါ ဦးတေဇသည် ယူရေနီယံသတ္တုကြောင့် ဓါတ်ရောင်ခြည်သင့်နေကြောင်း၊ထို့ကြောင့် ကျန်းမာရေးအခြေအနေမကောင်းကြောင်း၊အဆိုပါသတ္တုကြောင့် ဦးတေဇ၏ ၀န်ထမ်းအချို့နှင့် သတ္တုတွေ့ရှိသူတို့လည်း ဓါတ်ရောင်ခြည်သင့်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် နိုဝင်ဘာလပိုင်း ကကျင်းပခဲ့သော ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသရှိ ပင်းပက်တောင် ဝန်းကျင်ဒေသတွင် စစ်အစိုးရက ယူရေနီယံရှာဖွေ တူးဖော်ကြောင်း၊ ယူရေနီယံ သန့်စင်စက်ရုံ တည်ဆောက်နေမှု ကြောင့် အနီးပတ်ဝန်းကျင်မှ ရွာသားများ အရေပြားရောဂါ ခံစားနေရပုံအကြောင်းကို ဂျပန်အစိုးရဝန်ကြီးများ၊ ဂျပန်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂျပန်သတင်းမီဒီယာများအား ဓာတ်ပုံ ဆလိုက်ရှိုးများဖြင့် တင်ပြခဲ့ဖူးသေးသည်။

NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကုန်ပိုင်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်တို့ အကြား တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှာ အဓိက ပါဝင်ခဲ့သူ ဒီကေဘီအေ တပ်မှူးဟောင်း ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့နှင်းရွာမှာ သတင်းထောက်တွေကို တွေ့ဆုံ ရှင်းလင်းခဲ့တာပါ။

ဒီကေဘီအေ လိုထူးဘောဗျူဟာကနေပြီး အစိုးရတာဝန်ရှိ ၈ ဦးကို ထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်လို့ သူက“ ဒီလိုပါ။ ကျနော်တို့ကို ယူနီဖောင်းလာချွတ်ခိုင်းမှာ ကြောက်လို့ ဖမ်းဆီး ထိန်းသိမ်းထားတာပဲ ရှိတယ်။ ဖမ်းထားတာက နာမည်ပါပဲ ကြိုးနဲ့လည်း မချီပါဘူး။ အချုပ်ထဲလည်း မထည့်ပါဘူး။ ကျနော်တို့က သူတို့ကို အရင်မထိန်းသိမ်းထားဘူးဆိုရင် သူတို့က ကျနော်တို့ကို မင်းတို့နယ်မြေ မဟုတ်ဘူးဆိုပြီး သေနတ် သိမ်းမယ်။ ဘာလို့လဲဆိုတော့ သူတို့လာတဲ့ကားပေါ်မှာ လက်နက်ကြီးတွေ ပါပါတယ်။ ကျနော်တို့ လက်နက်ကို သိမ်းဖို့ လာတယ်လို့ပဲ မြင်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့လက်နက်လည်း အသိမ်းခံခဲ့ရဖူးပြီလေ။ တခါ နှစ်ခါတောင်မှ။ နောက်ယူနီဖောင်း လည်း ချွတ်ခံရတယ်။ အဲဒါကြောင့်။”

ဒါအပြင် သူတို့ပဋိပက္ခအတွင်း သေဆုံးသွားခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုအောင်နိုင် (ခ) ကိုပါကြီးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပါတယ်။
“ကိုပါကြီးက အင်မတန်မှ စိတ်ကောင်း နှလုံးကောင်းရှိတဲ့လူဗျ။ ကျနော်တို့နဲ့ဆိုရင် ဒီကေဘီအေမှာ တွေ့တယ်။ ကရင်နှစ်သစ်ကူးတွေမှာ တွေ့တယ်။ သူက သတင်းယူတဲ့ အခါကျတော့ သူက အနီးကပ်သတင်း ရချင်တယ်လေ။ သတင်းအချက်အလက်တွေ ပြည့်ပြည်စုံစုံရဖို့ဆိုပြီး သူက ကျနော့်နဲ့ သွားလာတာ။ တခါတလေပါပဲ။ အမြဲတမ်း မဟုတ်ပါဘူး။ အမှန်က ရန်ကုန်မှာ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားဖို့ သူက ကျနော်နဲ့ ပါသွားတာ။ ဟိုမှာကျတော့ သူတက်လို့ မရဘူး။ တက်မရတော့ သူ့ဘာသာသူ နေတယ်။ သူက အလွတ်သတင်းထောက်ဆိုတော့ ပိုက်ဆံလည်း မရှိဘူးလေ။ အဲတော့ ကျနော့်နောက်လိုက်သွားလိုက်လာရင်းနဲ့ အဲဒီထဲမှာ သူပါလာတာပေါ့ဗျား”

ကိုပါကြီးဟာ ဒီကေဘီအေ တပ်ဖွဲ့ဝင်လည်း မဟုတ်သလို သူ့ကို တိုက်ဖို့ခိုက်ဖို့လည်း အားပေး အားမြောက်တာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

စက်တင်ဘာလက ဖြစ်စဉ်မှာ အစိုးရတပ်က သူတို့ကို လိုက်လံရှင်းလင်းပုံနဲ့ ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုလည်း ဗိုလ်မှူးဆန်းအောင်က ရှင်းပြပါတယ်။

“ကော်မရှင်ကပြောတယ် ပြည်သူကို အကောက်တဲလို့ ရေးထည့်ထားတယ်။ အမှန်မှာ က ကျနော်တို့ရဲ့ တပ်ပေါ့ဗျာ။ ကျနော်တို့က ပိုက်ဆံမရှိတော့ အဲဒါက ကျနော်တို့စခန်း ကျနော်တို့ ဘားရက်ပေါ့။ ဒါကို သူတို့က အကောက်တဲလို့ ပြောတယ်။ တခါတလေ သစ်ကားတွေ လာတယ်။ ပိုက်ဆံ (၁၀၀၀ ဘတ်) ပေးသွားတာ ရှိတယ်။ (၂၀၀၀) ပေးတာ ရှိတယ်။ ၁ လကိုမှ ၃၊ ၄ ခါပဲလာ တာကို သူတို့က အကောက်တဲတဲ့။ နောက်ပြီးတော့ အဲဒီမှာ ကျနော်တို့ကို လိုက်ပြီး သုတ်သင်နှိမ်နင်း တဲ့အထဲမှာ တပ်မ ၂၂ က လုပ်တယ်။ ဒါပေမယ့် အမှတ် ၁၉ လို့ ရေးထည့်ထားတယ်။ ဒါကို မလိမ့်တပတ်လုပ်ထားတာပေါ့။”

ဒီကေဘီအေဌာနချုပ်က ဒုဗိုလ်မှူးကြီး စောဆန်းအောင်ကို ကျိုက်မရောဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့ ဆင့်ခေါ်ခဲ့ရာမှာ မလာတဲ့အတွက် အဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီအချိန်ကလည်း အစိုးရတပ်တွေက ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ဌာနချုပ်ကို မသွားနိုင်ခဲ့တာဖြစ်ကြောင်းနဲ့ သူ့ကို ထုတ်ပယ်တဲ့ အပေါ် နားလည်ကြောင်း ပြောပါတယ်။

“အဲဒီအချိန်မှာ ကျနော်လည်း သွားရေးလာရေးခက်တယ်လေ။ တပ်မ ၂၂၊ စကခ ၁၉၊ စကခ ၁၂၊ နောက် ကြာအင်းဆပ်ကြီးစစ်ဗျူဟာ အဲဒီတပ်တွေ စုစည်းပြီးတော့ ကျနော့်ကို ပိတ်ဆို့တိုက်တဲ့ အခါကျတော့ ကျနော် လွယ်လင့်တကူနဲ့ မသွားနိုင်ဘူးဗျာ။ အခုတောင် သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အချိန်မှာ ကား ၃ စီးရောက်လာပြီး။ ကျနော့်ကို နှိမ်နင်းဖို့ပေါ့လေ။”

ဒေသခံအာဏာပိုင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ သွားတဲ့ နယ်စုံက သတင်းထောက် အယောက် ၂၀ ခန့်ကို ဖိအားပေးတားမြစ်တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

“သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပထမကောင်းမှုမှာ လုပ်ဖို့ အစီအစဉ်လုပ်ထားတယ်။ မီဒီယာတွေ အကုန်ရောက်တဲ့အချိန်မှာ သူတို့ရဲ့ အခြေအနေရ တနေရာကို ပြန်ရွှေ့တယ်။ ရွှေ့တဲ့အချိန်မှာပဲ အနောက်ကနေ တောက်လျှောက် ကျမတို့ကို လိုက်ပို့တဲ့ ကားသမားတွေကို ဖုန်းတွေဆက်ပြီးတော့ မင်းတို့ ၀င်မပါနဲ့။ ဒီကောင်အဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်လို့မရဘူး။ အဲလိုတွေ လှမ်းပြောတယ်။ ညီမတို့ကလည်း စောဆန်းအောင်နဲ့ လမ်းမပေါ်မှာပဲ လုပ်ခဲ့ရတာပေါ့။”

သတင်းထောက်တွေနဲ့ စောဆန်းအောင်တို့ မေးမြန်းကြစဉ်အစိုးရတပ်က လိုက်လံပိတ်ဆို့မှုတွေ ရှိ တယ်လို့လည်း ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/77662


ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဆေးကုသဆောင်များတွင် လာရောက် ကုသသည့် လူနာအများအပြားရှိနေသော်လည်း လူနာတင်ခုတင် အရေအတွက် မလုံ လောက်ခြင်းနှင့် ကျွမ်းကျင်သူနာပြု၊ ဆရာ ၀န်အင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေသည်ဟု ၀ါရင့်သူနာပြု ဆရာမကြီးတဦး က News Watch ဂျာနယ်သို့ ဇန်န၀ါရီ ၁၅ ရက်က ပြောကြားခဲ့သည်။

၎င်းမှ “လူနာအမှန်တကယ် နေနိုင်တာက အယောက်ခြောက်ဆယ်ဆန့်တယ် ဆိုပါစို့၊ တက်ရောက်ကုသသူက တရာ ကျော်ဖြစ်နေတယ်။ အဲဒီတော့ ဘာလုပ် ရလဲဆိုရင် ဖျာခင်း ၀ရန်တာမှာ ထုတ်ရတယ်။ ဒီတော့ လူနာရှင်ဘက်က မကျေ နပ်ဘူး။ ဖြစ်အောင်တော့ လုပ်ပေးနေရ တယ်။ ဒီလူနာတရာကျော်ကိုလည်း သူနာ ပြုက ဆယ်ယောက်မပြည့်ဘူး။ ဆေးတွေ အလကားပေးတယ်ဆိုပေမယ့် ဒီဆေး စာရင်းလည်း သူနာပြုတွေကိုယ်တိုင်ရေး ဆေးလည်းသွားထိုးပေးရတယ်။ ဘယ်သူ့မှ လည်း မပြောရဲ၊ ငိုတောင်ငိုချင်တယ်” ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ ဗဟို အဆင့်မှ ဖွဲ့စည်းပုံ ပြောင်းလဲနေပြီဟု ပြော နေသော်လည်း ပြောင်းလဲသည့် ဖွဲ့စည်းပုံ အား မမြင်တွေ့ရသေးကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။

“အဆောက်အဦ တွေတော့ ဆောက်နေပါတယ်။ ၀န်ထမ်း အင်အားက ဟိုးဆရာဝန်ကြီးကနေ သန့် ရှင်းရေးအထိ ကာဗာဖြစ်အောင်လုပ်ပေး မှရမယ်။ ၀န်ထမ်းတွေလည်း စိတ်ဒဏ်ရာ ရနေပြီ၊ မပြောရဲလို့သာ ကိုယ့်ထမင်းအိုး လေးကွဲမှာ စိုးရိမ်နေကြတယ်လေ” ဟု သူမက ပြောကြားသည်။

လူနာဆောင်တခုတွင် တာဝန်ချိန် တခုချင်းစီ၌ သူနာပြု ၂ ယောက်သာ ချထားပေးခြင်းကြောင့် လူနာတရာကျော် လာပါက မည်ကဲ့သို့မျှ အဆင်မပြေဟု ပြောကြားခဲ့သည်။ “ဒီမှာ Sister လုံးဝ မရှိဘူး။ တခြားလျှံနေတဲ့နေရာတွေရှိ တယ်။ တကယ်လိုအပ်တဲ့ နေရာမှာချပေးရမှာ၊ တဂျူတီ သူနာပြုဆယ်ယောက် လောက်ရှိမှ လုံလောက်မယ်၊ နိုင်ငံခြားတွေ မှာဆို အရေးပေါ်ကုသ ဆောင်မှာ လူနာ လေးယောက်မှာ သူနာပြုတယောက်ထား ပေးတယ်” ဟု သူမက ပြောကြားခဲ့သည်။

တက်ရောက်ကုသသည့် လူနာများ အတွက် လုံလောက်သည့်နေစရာမရှိခြင်း ကလည်း လူနာဆောင်တိုင်းတွင် ဖြစ်နေ သည်ဟု ဆိုသည်။ “လူနာရှင်တွေ ကလည်း ကိုယ့်လူနာကို ၀ရန်တာမှာ ထား တာဘယ်သူက ကြိုက်မှာလဲ၊ ဒီကလည်း အဆင်ပြေအောင်လုပ်ရတာ၊ ပြန်ပြောရင် အပေါက်ဆိုးတယ် အပြောခံရဦး မယ်။ ကျွန်မတို့ဘက်ကိုကျတော့ စာနာ ပေးတဲ့သူက မရှိဘူးဖြစ်နေတယ်။ လူနာ စောင့်တွေကလည်း အမြဲတမ်း ငါးယောက် လောက်ပါတယ်။ မြေပြင်မှာ ဖျာခင်းအိပ် နေကြတာ ဆေးရုံနဲ့တောင် မတူတော့ ဘူး”ဟု ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.