01/21/15


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်မှာ တပ်မတော် တပ်မ ၇၇ က တာဝန်ရှိသူတွေဟာ တပ်မတော်သား  တဦးက ရွာသူ အမျိုးသမီး တဦးကို ကာယိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်ပြီး ထိုးကြိတ်ခဲ့တဲ့ အပေါ် ရွာကိုလာရောက် တောင်းပန်ခဲ့ပါတယ်။

နမ္မတူမြို့အစွန် ခူဖိတ်ကျေးရွာအုပ်စု ခူမောကျေးရွာမှာ မနေ့မွန်းတည့်ပိုင်းက တပ်မ ၇၇ က ရဲဘော်မောင်မောင်ဟာ မဂျာရာရဲ့ နေအိမ်ပေါ်မှာ ဆွဲရမ်းထိုးကြိတ်ခဲ့တဲ့အပေါ် တောင်းပန်ကြတယ်လို့ ခူဖိတ်ကျေးရွာလူငယ်ခေါင်းဆောင် ကိုဆန်ဂျာက ပြောပါတယ်။

“အခု တပ်မ ၇၇ က ဗိုလ်ကြီး ၄ ယောက် အဲဒီအမျိုးသမီးအိမ်မှာ ရောက်နေတယ်ဗျ။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတချို့လည်း ရောက်နေတယ်။ သူတို့တပ်မတော်သား ကိုယ်စား လာတောင်းပန်တယ်။ ပြီးတော့ အဲဒီတပ်မတော်သားကို စစ်ဥပဒေနဲ့ ထောင်ချပေးမယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ သူ့ဆွေမျိုးတွေက အရပ်ဘက်တရားဥပဒေနဲ့ပါ စီရင်ပေးဖို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဆုံးဖြတ်ကြမလဲ မသိဘူး။”

အသက် ၃၀ အရွယ်ရှိ  ခူမောရွာသူ မဂျာရာဟာ သူ့အိမ်မှာ တဦးတည်းရှိနေစဉ်မှာ အဲဒီစစ်သားက အိမ်ပေါ်တက်လာပြီး လက်ကိုင်ဖုန်းရောင်းရာကနေ အခင်းဖြစ်ပွားပုံကို သူက ရှင်းပြပါတယ်။

“ဒီပြင်လူကို လေးသောင်းနဲ့ရောင်းတယ်၊ မင်းကို သုံးသောင်းနဲ့ ပေးမယ်ဆိုပြီး သူ့ကို  ဖုန်းအတင်းထိုးရောင်းနေတော့ သူ့မှာရှိတယ်ဆိုပြီး မယူဘူးလို့ အမျိုးသမီးက ငြင်းတယ်။   မယူဘူးလို့ပြောပေမယ့် မပြန်နိုင်ဘူး။ ဒါကြောင့် အမျိုးသမီးက  အိမ်မှုကိစ္စလုပ်နေတာမှာ ဟိုက တခါတည်း လည်ပင်းကို ဆွဲကိုင်ပြီးမှ လုံးတော့တာပဲ။ လုံးရင်း လုံးရင်းနဲ့ ပါးနားတွေလည်း ထိုးပြီးတော့မှ မျက်စိ၊ နားတော့ အနာတရ ဖြစ်သွားတာပေါ့ကွာ။ အမျိုးသမီးက မရုန်းနိုင်တော့ဘဲ ထိုင်ခုံကြားထဲရောက်သွားတဲ့အချိန်မှာ လူနှစ်ယောက် (တရွာတည်းနေ) ရောက်လာပြီး ဘာလုပ်တာလဲဆိုတော့ ထွက်ပြေးသွားတယ်။”

နောက်ပိုင်းမှာ တပ်က အဲဒီရဲဘော် မောင်မောင်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး တပ်အရာရှိတွေကိုယ်တိုင် တောင်းပန်ကြတာဖြစ်ပါတယ်။ အမျိုးသမီးရဲ့ မျက်လုံးရောင်နေပြီး ခန္ဓာကိုယ်လည်း နာကျင်နေတယ်လို့ဆိုပါတယ်။

တပ်မ ၇၇ လက်အောက်ခံ အစိုးရစစ်ကြောင်း အင်အား ၅၀ လောက်ဟာ သူတို့ရွာကို ရောက်ရှိနေတာ ၁ လလောက်ရှိပြီဖြစ်ပြီး ရွာထဲက အိမ်တွေမှာ လူခွဲပြီး တည်းခိုနေကြတယ်လို့ ကိုဆန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/77959


“သူ့နေရာမှာသာ တစ်ခြား တစ်ပါးပါးက အခုလို ပြောဆိုလိုက်ရင်တော့ ထောင်ထဲကိုရောက်နေတာ ကြိမ်းသေပါပဲ။ သူကတော့ အခုချိန်ထိ ဘာမှ ဖြစ်တာ မတွေ့ရသေးဘူး။ ဖြစ်စေချင်လို့ပြောနေတာမဟုတ်ဘူး။ ဥပဒေက ဥပဒေပဲ၊ နည်းလမ်းက နည်းလမ်းပဲ၊ စည်းကမ်းက စည်းကမ်းပဲ” ဟု ဆရာတော်က ဆက်လက် မိန့်ကြား
မကြာသေးမီက မြန်မာပြည်သို့ ရောက်လာသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကို ပြည့်တန်ဆာဟု  ဆရာတော်ဦးဝီရသူက  ရန်ကုန်မြို့ ဆန္ဒပြ ဟောပြောပွဲတစ်ခုတွင် နှိုင်းယှဉ် မိန့်ကြားခဲ့ခြင်းသည်   သံဃာတော်များ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသဖြင့်  နိုင်ငံတော် သံဃာ မဟာနာယကအဖွဲ့ (မဟန) က အရေးယူသင့်သည်ဟု  သံဃာတော်တချို့က သုံးသပ်နေကြသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းရန် ပြင်ဆင်နေကြသော အငြင်းပွားဖွယ်   မျိုးစောင့် ဥပဒေ ၄ မျိုးကို  ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့သော  ကုလ  ကိုယ်စားလှယ် မစ္စယန်ဟီးလီကို ပုတ်ခတ်ဆဲဆိုလိုက်ခြင်းမှာ  ပဋ္ဋိပက္ခလှုံ့ဆော်ရာရောက်သည်ဟု  အထက်မြန်မာပြည်ရွှေဝါရောင်သံဃာကွန်ရက်မှ  ဦးဆောင် ဆရာတော်  ဦးသောဘိတက ဝေဖန်လိုက်သည်။

“တစ်ဖက်ကပုဂ္ဂိုလ်က ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်တယ် ဒီလိုပုဂ္ဂိုလ်မျိုးကို ကိုယ်ရဲ့ ဘာသာ ရေးခေါင်းဆောင်တစ်ယောက်ကနေပြီးတော့ လူသူအများရှေ့မှာ  ပြောဆိုလိုက်တာက ဆိုးရွား တဲ့အပြုမှုတစ်ခုပါပဲ။ ဒါကို တာဝန်ရှိတဲ့အပိုင်းကဆိုရင်တော့ သူရဲ့အစဉ်ဆက် ဆရာသမားတွေမှာ တာဝန်ရှိမယ်။  နောက် တစ်ခုက  သံဃာအဖွဲစည်းဖြစ်တဲ့ မဟနမှာ တာဝန်ရှိတယ်”  ဟု ဦးသောဘိတက မိန့်သည်။

“သူ့နေရာမှာသာ တစ်ခြား တစ်ပါးပါးက အခုလို ပြောဆိုလိုက်ရင်တော့ ထောင်ထဲကိုရောက်နေတာ ကြိမ်းသေပါပဲ။ သူကတော့ အခုချိန်ထိ ဘာမှ ဖြစ်တာ မတွေ့ရသေးဘူး။ ဖြစ်စေချင်လိုပြောနေတာမဟုတ်ဘူး။ ဥပဒေက ဥပဒေပဲ၊ နည်းလမ်းက နည်းလမ်းပဲ၊ စည်းကမ်းက စည်းကမ်းပဲ”  ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

အထက်မြန်မာပြည်ရွှေဝါရောင်သံဃာကွန်ရက်မှ  အထင်ကရ သံဃာတစ်ပါးဖြစ်သည့်  ဆရာတော်ဦးစိန္တိကကို ဆက်သွယ် မေးမြန်းသည့်အခါ   ဦးဝီရသူ ပါဝင် ဆောင်ရွက်နေသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကလည်း ဤကိစ္စကို အရေးယူ သင့်သည်ဟု   မိန့်သည်။

 မဘသ အတွင်းရေးမှုး မော်လမြိုင် မြစေတီကျောင်းတိုက်မှ ဆရာတော်ဦးဝိမလဗုဒ္ဓိကမူ  ဦးဝီရသူသည်  မဘသကို ကိုယ်စားပြု၍ ဟောပြောခြင်း မဟုတ်သည့်အတွက်  အရေးယူစရာအကြောင်းမရှိဟု  မိန့်ကြားသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်သည် မြန်မာနိုင်ငံအတွက် ပြည့်တန်ဆာမပဲဟူသော ဦးဝီရသူ၏ ကြမ်းကြမ်းတမ်းတမ်း စကားလုံးများ ပါဝင်သည့် မိန့်ခွန်းရုပ်သံသည် အင်တာနက် လူမှု ကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ.နှံ့လျက်ရှိသည်။

The Yangon Globe

Photo..ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက် တဲ့ ကျောင်းသား ၁၀၀ ကျော်က မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဒီနေ့ စတင်လမ်းလျှောက် ဆန္ဒပြကြပါတယ်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေး ဖို့ ကျောင်းသားတွေက ရက်ပေါင်း ၆၀ ကျော် ကြာ တောင်းဆိုခဲ့ကြပေမဲ့ အစိုးရဘက်က တုန့်ပြန်မှုမရှိ တာကြောင့် ကျောင်းသား တွေက အခုလိုဆန္ဒပြကြ တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က ပြောပါတယ်။

"ကျနော်တို့ ရက် ၆၀ ကာလထဲက အစိုးရကို ညှိနှိုင်း ထားတာရှိပါတယ်၊ အခုရက် ၆၀ ကျော်လာတဲ့ အခါမှာ အစိုးရက တစ်စုံတစ်ရာ ညှိနှိုင်းလာတာ မရှိတဲ့အတွက် ကျနော်တို့ သပိတ်တိုက်ပွဲကို အခုလိုအရှိန်မြှင့်လိုက်တာဖြစ်တယ်၊ ဒီအရှိန်မြှင့်ပြီးတာနဲ့ ကျနော်တို့ တနိုင်ငံလုံးက ကျောင်းသားတွေ ရန်ကုန်မှာ ဆုံပြီးရင် သပိတ်ဆောင်ရွက်နေချိန်မှာပဲ မြို့ကြီးတွေမှာ မုံရွာ၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့ကြီးတွေမှာ ရန်ကုန်သပိတ်နဲ့ ဟန်ချက်အညီ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားဖို့ အနေအထားတွေကအစ ပြင်ဆင်ထားပြီးသားပါ "

လမ်းလျှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ မန္တလေး - ရန်ကုန်ကားလမ်းမဟောင်း အတိုင်းရန်ကုန်မြို့ကိုချီတက် မှာဖြစ်ပြီး ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့တွေကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်။

ဆန္ဒပြရာလမ်းကြောင်းတစ်လျှောက်မှာလည်း ဟောပြောပွဲတွေကျင်းပသွားမယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူတွေ အပြင် လူ့ဘောင်သစ် လူငယ်အဖွဲ့ဝင်တွေလည်း ပါဝင်ကြ ပါတယ်။ ပခုက္ကူမြို့နယ်နဲ့ ထားဝယ်မြို့နယ်က ဆန္ဒပြကျောင်းသားသမဂ္ဂအဖွဲ့ ၀င်တွေကလည်း မန္တလေးမြို့က ဆန္ဒပြကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာ လာရောက်ပူးပေါင်းဆန္ဒပြကြ မှာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၃ဝ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်း ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကိုကန့်ကွက်တဲ့ ကျောင်းသားသမဂ္ဂဝင်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် ရန်ကုန်မြို့မှာ သပိတ် မှောက်ဆန္ဒပြ ခဲ့ကြပြီး အစိုးရကို ရက် ၆ဝ အတွင်းမှာ သပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေး နွေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

RFA

ဓါတ်ပုံ- ကျော်စိုးနိုင်

ကျွန်တော်တို့သပိတ်စစ်ကြောင်းဟာမန္တလေးမြို့အမှတ်(၃)ပြည်ကြီးတံခွန်အခြေခံပညာအထက်တန်းကျောင်းရှေ့ကနေကြွေးကြော်သံများဟစ်အော်ပြီးချီတက်လာကြတဲ့အခါကျောင်းထဲကအကထကျောင်းသားငယ်များဟာအလုအယက်ကျောင်းပြတင်းပေါက်များကနေထွက်ကြည့်အားပေးကြပါတယ်။

ဒီအခါအတန်းတွေထဲကဆရာမတချို့ဟာပြတင်းပေါက်ဝမှာစုပြုံကြည့်နေကြတဲ့ကျောင်းသားငယ်များကိုတုတ်နဲ့လိုက်ရိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်ရတဲ့အတွက်ကျွန်တော်တို့သပိတ်စစ်ကြောင်းကကျောင်းသားများကလမ်းပေါ်မှာရပ်ပြီးကလေးတွေကိုတုတ်နဲ့လိုက်ရိုက်နေတဲ့ဆရာမကိုကျွန်တော်တို့ဟာဒီကလေးတွေကိုလာရောက်စည်းရုံးတာမဟုတ်ကြောင်းနဲ့ဒီကလေးတွေကိုမရိုက်ဖို့တောင်းပန်ပါတယ်လို့ဝိုင်းအော်ကြတဲ့အခါရိုက်နေတဲ့ဆရာမလဲရပ်သွားပါတယ်။

သပိတ်စစ်ကြောင်းနဲ့အတူလိုက်ပါဝန်းရံပေးနေကြတဲ့ပြည်သူများကလဲဆရာမရဲ့ဒီအပြုအမူကိုမြင်ရတဲ့အခါရပ်တန့်ဖို့ဝိုင်းအော်ကြပါတယ်။ဆရာမအရိုက်ရပ်သွားတဲ့အခါကျွန်တော်တို့ကညီလေးတို့ညီမလေးတို့သင်ကြားနေကြရတဲ့ပညာရေးစနစ်မြင့်မားစေဖို့အကိုတို့ကအခုလိုလမ်းပေါ်ထွက်သပိတ်မှောက်နေရခြင်းဖြစ်ကြောင်းပြောပြတဲ့အခါကလေးတွေကစုပြုံတိုးဝှေ့ပြီးကျွန်တော်တို့တာ့တာပြနှုတ်ဆက်တဲ့အခါပြုံးပြုံးရွှင်ရွှင်နဲ့ပြန်လည်နှုတ်ဆက်ကြပါတယ်။ဒါကတော့သပိတ်မှောက်စစ်ကြောင်းနဲ့အတူကြုံခဲ့ရတဲ့အတွေ့အကြုံတစ်ခုပါ။

ယခုကျွန်တော်တို့ပြည်ကြီးတံခွန်မြို့နယ်ကိုလွန်လာတဲ့အခါမန္တလာတက္ကသိုလ်ကျောင်းသားသမဂ္ဂမှဗကသကျောင်းသားများလာရောက်ပူးပေါင်းကြပါတယ်။သူတို့နဲ့အတူပါလာတဲ့သတင်းအရသပိတ်စစ်ကြောင်းမန္တလေးကထွက်လာပြီဖြစ်လို့ယနေ့မန္တလာတက္ကသိုလ်မှာကျောင်းတံခါးပိတ်ပြီးကျောင်းသားတွေကိုကျောင်းဝင်းထဲကဘယ်မှမသွားခိုင်းပဲပိတ်ထားတယ်လို့သိရပါတယ်။ယခုကျွန်တော်တို့အဲဒီကျောင်းကိုသွားဖို့ညှိနှိုင်းနေကြပါပြီ။ဘာတွေဖြစ်လာမလဲ၊ဘာတွေတွေ့ကြုံရဦးမှာလဲ.......အာဏာရှင်တစ်ပိုင်းအစိုးရလက်ထက်မှာတော့ဘာမဆိုတွေ့ကြုံရနိုင်ပါတယ်။ယခုနောက်ဆုံးကျွန်တော်တို့ဆီအကြောင်းကြားထားတဲ့သတင်းအရထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂကျောင်းသားများဟာထားဝယ်-ရန်ကုန်သပိတ်မှောက်စစ်ကြောင်းအဖြစ်စတင်ချီတက်လာကြပြီဖြစ်ပြီး၊မြေလတ်ဒေသဗကသကျောင်းသားများကတော့ကျွန်တော်တို့မန္တလေးရန်ကုန်သပိတ်စစ်ကြောင်းနဲ့လာရောက်ပူးပေါင်းနိုင်ဖို့ပခုက္ကူမြို့မှစတင်ချီတက်လာပြီဖြစ်ကြောင်းမိဘပြည်သူများနဲ့ကျောင်းသားကျောင်းသူများကိုအသိပေးကြေငြာအပ်ပါတယ်။

မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်
ဒီမိုကရေစီပညာရေးသပိတ်မှောက်စစ်ကြောင်း(မန္တလေး-ရန်ကုန်စစ်ကြောင်း)

ပြီးခဲ့တဲ့ သောကြာနေ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က မန္တလေး မစိုးရိမ်တိုက်သစ် ၏ ကျောင်းထိုင် ဆရာတော် တစ်ပါးဖြစ်သူ ဦးဝီရသူ က ကုလသမ္မဂ အထွေထွေ ညီလာခံတွင် ဘင်္ဂါလီများ ကို နိုင်ငံသားဖြစ်ခွင့်ပေးရန် တောင်းဆိုချက်အပေါ် ဆန့်ကျင် ကန့်ကွက် သည့် ဆနပြပွဲ တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စရန်ဟီလီ အား ဆဲဆိုခဲ့သည်ဟု သိရသည်။

အဆိုပါဆနပြပွဲတွင် ဆရာတော်ဦးဝီရသူ ဦးဆောင်သည့် မ.ဘ.သ အဖွဲ့ဝင် များ နှင့် ရခိုင်အမျိုးသားကွန်ယက်မှ အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၅၀၀ ကျော်သည် ရွှေတိဂုံ စေတီတော် ကြေးသွန်းဘုရားအနီးမှ စတင်ပြီး တာမွေဘက်သို့ ချီတက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆန္ဒပြလမ်းလျောက်ပွဲတွင် ဆရာတော် ဦးဝီရသူက UN အား ဆန့်ကျင် မိန့်ခွန်းပြောဆို ခဲ့ပြီး UN အထူးကိုယ်စားလှယ် ဖြစ်သူ မစ္စရန်ဟီလီအား "ဖာသည်မ" ဟု ဆဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရုပ်သံဖိုင်သည် Dvb သတင်းဌာနမှ တဆင့် နိုင်ငံတကာ သတင်းဌာနများသို့ ပြန့်လွင့် လျက်ရှိကြောင်း သိရသည်။

ဆရာတော် ဦးဝီရသူက ဟောပြောခဲ့သည်မှာ

"" မျိုးစောင့်ဥပဒေ ဒီလောက်ချပြထားတာ ဒီကောင်မက တစ်ခုမှ မလေ့လာပဲနဲ့ 'စွာကျယ်မတွေ' တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့မညီဘူးဆိုပြီးတော့ လိုက်ကန့်ကွက်နေတဲ့ 'ကောင်မ ကရော' အမျိုးကောင်းသမီး ဟုတ်ပါ့မလား။ (မဟုတ်ပါဘူး .... လက်ခုပ်တီးသံများ...)

ကုလသမဂ္ဂ ထိုင်ခုံပေါ်မှာ ရောက်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် လူကြီးလူကောင်း လို့ အောက်မေ့ မနေနဲ့။ ခင်ဗျားက ကျုပ်တို့နိုင်ငံအတွက်တော့ 'ဖာသည်မ' ပဲဗျ ။" (လက်ခုပ်တီးသံများ....)

ခင်ဗျား စိတ်ပါလို့ ခင်ဗျား ကုလားကို 'ဖင်ပေးပါ'။ ကျုပ်တို့ ရခိုင်ပြည် ကိုတော့ ရောင်းစားမယ် မပေးပါနဲ့။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ ခံတပ်ကြီး ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ အနောက်တံခါးပေါက် ဒီတံခါးဖောက်တွေကို ခင်ဗျားတို့ ၀င်ရောက် ချိုးဖျက်မယ် မကြံပါနဲ့ ချိုးဖျက်ရင်တော့ ထိုးနှက် ပစ်မှာ…. (လက်ခုပ်တီးသံများ....) "" ဟု သိရသည်။

The Ladies News Journal

အဆိုပါ ရုပ်သံကို ကြည့်ရှုနိုင်ရန် -


ဓာတ်ပုံ (Kbc-facebook)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ရှဘုတ် ကောင်းခါးကျေးရွာမှာ မနေ့ညက အသက် ၂၀ အရွယ် ကချင် ကျောင်းဆရာမ နှစ်ဦး အခန်းတခု အတွင်း ဒဏ်ရာ ဗလပွနဲ့ သေဆုံးခဲ့ပါတယ်။

ကချင်နှစ်ခြင်းအသင်းချုပ်က အခမဲ့ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာမ ဆရာမ မရန်လုလာနဲ့ တန်ဘောင် ခေါန်နန်ဆင်တို့ဖြစ်ကြပါတယ်။

အလောင်းတွေကို မူဆယ်ဆေးရုံကို သယ်ယူလာပြီး စစ်ဆေးနေတယ်လို့ ဆေးရုံမှာ လိုက်ပါလာတဲ့ မူဆယ်ခရိုင် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က လူငယ်တာဝန်ခံ ကိုဇွာရာ (Mr. Zau Ra) က ပြောပါတယ်။

“ဖြစ်တဲ့ဟာ မနေ့ညက ဖြစ်တာ။ ည သန်းခေါင်ဖြစ်တာ။ ဒီမနက်ကျမှ ရွာသူရွာသားတွေက ပြန်ပြီးတော့ သွားကြည့်တဲ့အချိန်မှာ အဲလိုဖြစ်နေတာ။ ဖြစ်ပြီးတော့ သက်ဆိုင်ရာ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်က စခန်းမှူးကိုအကြောင်းကြားပြီး သူတို့ ဆေးစစ်ချက်တွေ လာလုပ်ထားတာ။ အခုလည်း မူဆယ်ဆေးရုံမှာ ခွဲစိတ်မှုလုပ်နေတယ်။ ပန်ဆိုင်း(ကြူကုတ်)က စခန်းမှူး ကိုယ်တိုင် ဆေးစစ်ချက်ယူပြီး အခု ဒီမှာ ရောက်နေတယ်လို့ လို့ ညနေ လေးနာရီခွဲမှာ ပြောပါတယ်။”လို့ သူက ပြောပါတယ်။

သေဆုံးသူတွေရဲ့ မျက်နှာနဲ့ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ အများအပြား တွေ့ရှိတယ်လို့ သူက ပြောဆိုပြီး ဘယ်သူက ဘာကြောင့်သတ်ဖြတ်တယ်ဆိုတာကို မဖော်ထုတ်နိုင်သေးပါဘူး။

ကောင်းခါးကျေးရွာဟာ နမ့်တောင်းရွာကြီးကနေ အထက်ဘက် ၂ မိုင်အကွာမှာ တည်ရှိပြီး ဒီဆရာမနှစ်ယောက်ဟာ ကလေးတွေကို စာသင်ပေးနေတာဖြစ်ပါတယ်။

အဲဒီရွာက ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းက သူတို့နှစ်ဦးအတွက် ဆောက်ပေးထား တဲ့နေအိမ် အိပ်ခန်းမှာ သေဆုံးနေကြတာဖြစ်တယ်လို့  ကိုဇွာရာက ပြောပါတယ်။

ကိုဇွာရာ က “ညကတည်းက (သေဆုံးတာ)မသိဘူး။ မနက်ကျမှ ရွာက ကျောင်းသားတွေက ဆရာမတို့ကို သွားခေါ်တယ်ဆိုပြီး သွားတဲ့အချိန်မှာ အဲလိုဖြစ်နေတာ။ သူတို့က ချပ်ကျောင်းဝင်းထဲက သူတို့အိမ်မှာ အိပ်တာ။ ဘေးနားမှာ အိမ်နီးနားချင်းတွေရှိတယ်။ ညက ၁၀ နာရီခွဲလောက်မှာ အသံကြားတယ်။ ၁၂ နာရီလောက်မှာ လာကြည့်တယ်။ တံခါးတွေ တွန်းတော့လည်း တံခါးတွေက ခတ်ထားတယ်။ ခေါ်ရင်လည်း မထူးဘူး ဆိုပြီးတော့ ဟာ အိပ်ပျော်နေပြီဆိုပြီး ပြန်သွားလိုက်တာ မနက်ကျမှ သွားကြည့်လိုက်တော့ အဲလိုဖြစ်နေတာ” လို့ ပြောပါတယ်။

ရွာသားတချို့ကို မေးမြန်းကြည့်တဲ့အခါ အစိုးရစစ်တပ် အမှတ် ၅၀၃ က အခင်းဖြစ်တဲ့ မနေ့ညက ရွာမှာ စခန်းချရပ်နား ညအိပ်ခဲ့ကြောင်းနဲ့ ဒီနေ့လည်း ရွာမှာ ရှိနေတယ်လို့ ပြော ပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာမှာ အဆိုပါအမျိုးသမီး ၂ ဦး အ၀တ်အစားပိုသီပတ်သီနဲ့ ပက်လက်လဲကျ သေဆုံးနေပုံတွေ တင်ထားသလို အစိုးရတပ်မှ ရမခ စကခ ၁၆ လက်အောက်ခံ ခမရ ၅၀၃ မှ ဒုတပ်ရင်းမှူး ဦးဆောင် အဖွဲ့က အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ တပ်ရင်းမှူး အမည်နဲ့ပါ ဖော်ပြထား တာတွေ့ရပါတယ်။

အခင်းဖြစ်ပွားချိန်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေချိန်ဖြစ်တာကြောင့် ပဋ္ဋိပက္ခ ပိုမိုမကြီးထွားရအောင်နဲ့ အမြင်ရှင်းအောင် တိုင်းရင်းသူနှစ်ဦး သေဆုံးမှု ဖြစ်ရပ်မှန်ကို  အစိုးရ ဘက်က  သတင်းထုတ်ပြန်ဖို့ လိုအပ်နေပြီး ဒီနေ့ညနေအထိတော့ တစုံတရာ ထုတ်ပြန်မှုမရှိသေးပါဘူး။

ဒီဗွီဘီက မူဆယ်ရဲစခန်းကို ဒီကနေ့ညနေ ခြောက်နာရီတိတိမှာ ဆက်သွယ်မေး မြန်းတဲ့အခါ တာဝန်မှူး ဒုရဲအုပ် နေလင်းကိုက စခန်းကို ဒီအမှုမရောက်လာသေးကြောင်းနဲ့ မသိသေးကြောင်း ဖြေဆိုပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/77860


၇၂ နာရီ အတွင်း ဒေါ်လာသန်း ၂၀၀ဖြင့် မရွေးပါက ဂျပန်ဓါးစာခံ၂ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက် သည့် ဗီဒီယိုကို IS အဖွဲ့မှ ယနေ့ ထုတ်လွှင့် ခဲ့သည်။

ဓါးစာခံ ၂ဦးမှာ အလွတ်တန်း ဂျာနယ်လစ် ကန်ဂျီဂိုတိုနှင့် ပုဂ္ဂလိက လုံခြုံရေး ကုမ္ဗဏီ ကန်ထရိုက်တာ ဟာရုနယူကာဝါ တို့ဖြစ်ကြောင်း စစ်သွေးကြွများက ပြောသည်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန လက်အောက်ရှိ အကြမ်းဖက်တိုက်ဖျက်ရေးဌာန က ဗီဒီယိုကို ကြည့်ရှုပြီးဖြစ်၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း အရာရှိတဦးက ပြောသည်။ ဌာနစည်းကမ်းက ၎င်း၏အမည်ကို ထုတ်ဖော်ပြောကြားခွင့် မပြုချေ။

IS အဖွဲ့၏ မီဒီယာလက်ရုံးဖြစ်သည့် al-Furqan က ရိုက်ကူးယူပြီး ၎င်းတို့နှင့် အဆက်အစပ်ရှိသည့် ၀က်ဘ်ဆိုက်ဒ်များပေါ်သို့လွှင့်တင်ခဲ့သော အဆိုပါရုပ်သံဖိုင်မှ ခြိမ်းခြောက်စကားဆိုသူသည် အခြားခေါင်းဖြတ်သတ်မှုများ ကျုးလွန်ခဲ့သူ ဗြိတိန်နိုင်ငံသားပင် ဖြစ်ဟန်တူသည်။

IS ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အနောက်အုပ်စုကို ဂျပန်နိုင်ငံက ထောက်ပံ့သည့်အတွက် ဂျပန်များသည်လည်း ၎င်းတို့၏ ပစ်မှတ်ဖြစ်လာကြောင်း အဆိုပါစစ်သွေးကြွက ဗြိတိန်လေသံဖြင့်ပြောသည်။

ဗီဒီယိုတွင် “သင်တို့ဟာ ကျွန်ုပ်တို့ရဲ့ မိန်းမနဲ့ ကလေးတွေကို သတ်ဖြတ်ဖို့ အိမ်ယာတွေဖျက်ဆီးဖို့အရေးမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဒေါ်လာသန်း ၁၀၀ လှူတယ်။”ဟု ၎င်းက ပြောသည်။

အမေရိကန်ဓါးစာခံ ဂျိမ်းစ်ဖိုလီနှင့် စတီဗင်ဆော့တ်လော့ဖ်၊ ဗြိတိန်ဓါးစာခံ ဒေးဗစ်ဟန်းနင်း တို့အား လည်လှီးကွပ်မျက်သသည်မှာလည်း အဆိုပါ ဗြိတိန်လေသံပေါက် ဂျီဟတ်ဝါဒီပင် ဖြစ်သည်။

ဂျပန်နိုင်ငံသား ယာကူဝါသည် ပြီးခဲ့သည့် သြဂုတ်လက ဆီးရီးယားနိုင်ငံတွင် ပြန်ပေးစွဲခံခဲ့ရခြင်းဖြစ်သည်ဟု ယူဆရပြီး မည်သည့်အကြောင်းကြောင့် ဆီးရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်ကို မသိရသေးပေ။ ဂျာနယ်လစ်ဖြစ်သူ ဂိုတိုသည် ပြည်တွင်းစစ်အကြောင်း သတင်းရေးသားရန် ဆီးရီးယားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဦးဆောင်သည့် ၂၀၀၄ခုနှစ် အီရတ်စစ်ပွဲအတွင်းကလည်း ဂျပန်နိုင်ငံသား ရှိုဆေအိခိုဒါဆိုသူ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ဖြစ်ပွားနေသည့် ပဋိက္ခတွင် ဂျပန်နိုင်ငံ၏ပါဝင်မှုကြောင့် ကွပ်မျက်ခြင်းဖြစ်ကြောင်း စစ်သွေးကြွခေါင်းဆောင် အာဘူမူဆာအယ်လ်ဇာကာဝီက ထိုစဉ်က ပြောခဲ့သည်။

IS တို့သည် ယခုအချိန်အထိ ရာနှင့်ချီသော ဓါးစာခံများ အထူးသဖြင့် အီရတ်နှင့် ဆီးရီးယား စစ်သားများအား ခေါင်းဖြတ်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများ ကျုးလွန်ခဲ့ပြီးဖြစ်သည်။

Ref;Japan Times
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် သံဃာ့နာယက အဖွဲ့နဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ၂ ဖွဲ့က ထင်ရှား ကျော်ကြားတဲ့ သံဃာ ၃ ပါးကို ဘိုကလေးမြို့မှာ တရားပွဲ ပင့်လျောက်ခြင်း မလုပ်ကြဖို့ ပူးတွဲကြေညာ ချက်ထုတ်ပြန် တားမြစ်ပါတယ်။

စနေနေ့ရက်စွဲနဲ့ ပူးတွဲကြေညာတာဖြစ်ပြီး ပင့်ဆောင်ရလည်း တရားဟောကြား ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားတဲ့ အဲဒီကြေညာချက်ကို ဘိုကလေးမြို့က ရပ်ကွက်တွေမှာ လိုက်လံဝေငှနေပါတယ်။

တားမြစ်ခံရတဲ့ ဆရာတော်တွေကတော့ ရွှေည၀ါဆရာတော် ဦးပညာသီလ၊ ဓမ္မပီယ ဆရာတော် ဦးသံဝရာလင်္ကာရနဲ့ ဘ၀အလင်းဆရာတော်တို့ပဲဖြစ်ပါတယ်။

ဒီဆရာတော်တွေဟာ အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ် ဘိုကလေးမြို့နယ်က ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့မှာ တရားပွဲကျင်းပတဲ့အခါ ပင့်လျောက်ဖိတ်ကြားဖို့ လျာထားတဲ့ ဆရာတော်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘိုကလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် (၁၀၀) ပြည့် ကျင်းပရေးကော်မတီဥက္ကဌ ဦးအောင်ခင်ဘိုက “ကျနော်တို့ရာပြည့်က ကျနော်တို့ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်မှာ တော်တော်လေး ခမ်းခမ်းနားနားကျင်းပမယ်။ လစဉ်လည်း ကျင်းပသွားဖို့ရှိပါတယ်။ အဲဒီပေါ်မှာ စာပေဟောပြောပွဲတို့၊ ဆရာတော်များရဲ့ တရားပွဲတို့ဆိုလို့ရှင် ဖိတ်ပြီးတော့ ပင့်မယ့် ဥစ္စာကို ကြိုတင်ပြီးတော့ ဟန့်တားတဲ့အနေနဲ့ လုပ်တဲ့သဘောလည်း သက်ရောက်ပါတယ်။ လောလောဆယ် ဒီအပေါ် ဘာမှ ထင်မြင်ချက်မပေးလိုသေးပါဘူး။ လောလောဆယ်တော့ ကျနော်တို့က စာပေဟောပြောပွဲကိုပဲ ကမ်းလှမ်းထားတာ ရှိပါသေးတယ်။ ဆရာ မောင်သာချိုရယ်၊ ဆရာ ညီမင်းညိုရယ် ဟောပြောဖို့ ကျနော်တို့ ကမ်းလှမ်းထားပါတယ်။” လို့ ပြောပါတယ်။

ယခင်က တရားပွဲပိတ်ပင်မှုကို အာဏာပိုင်တွေက ဦးစီးပြီး တားမြစ်လေ့ရှိသလို စာပေဟောပြောပွဲကို ရဟန်းသံဃာတွေက တားမြစ်မှုတွေတော့ရှိခဲ့ဖူးပါတယ်။ အခု ဘိုကလေးမြို့ ဖြစ်စဉ်ကတော့ နိုင်ငံတော်သံဃာ့မဟာနာယက လက်အောက်ခံ မြို့နယ်အဆင့် အဖွဲ့က မဘသနဲ့ ပူးတွဲပြီး တားမြစ်ချက်ဖြစ်တာကြောင့် အသစ်ဖြစ်ပါတယ်။

ရွှေည၀ါဆရာတော် ဦးပညာသီဟက သူတို့ ၃ ပါးကို တားမြစ်တဲံ့ အဖွဲ့တွေဟာ တားမြစ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့တွေမဟုတ်ဘူးလို့ မိန့်ကြားပါတယ်။

ရွှေည၀ါဆရာတော်က “ဒါ သွေးရူးသွေးတန်းကိစ္စပါ။ သံဃာတွေအချင်းချင်းကို ၂၀၁၅ အခင်းအကျင်းထဲမှာ ပဋ္ဋိပက္ခတွေဖြစ်၊ မငြိမ်မသက်တွေဖြစ်၊ ရုန်းရင်းဆန်ခတ်တွေဖြစ်၊ အဲဒီလိုမျိုး ပုံစံမျိုးတွေ ဖြစ်အောင် ဒီ နိုင်ငံရေး ကစားကွက်ထဲမှာ သံဃာ သံဃာချင်း ဟို အဆင်မပြေအောင်လုပ်နေတာကလည်း အကွက်တ   မျိုးပေါ့ဗျာ။ ရွှေ့ကွက်တမျိုးပေါ့။ အဲဒါမျိုးပါ။ သံဃာတွေကလည်း နိုင်ငံရေးအမြင်က တော်တော်ကျဉ်းမြောင်းကြတယ်လေ။ နိုင်ငံရေးအမြင်နဲ့ ဘာသာရေးအမြင်ကို၊ အမျိုးသားရေးအမြင်ကို ချဉ်းကပ်တဲ့ပုံစံတွေမှာ သံဃာတွေ မပါးနပ်ဘူး။ စိတ်တော့ မကောင်းပါဘူး။ ကြွဖြစ်အောင် ကြွမှာပါ” လို့  မိန့်ကြားပါတယ်။
ခရီးစဉ်ကြွချီတဲ့အခါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကြောင်းကြားမယ်လို့ ဆရာတော်က မိန့်ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/77772


မြန်မာနိုင်ငံထဲမှာ တရားမ၀င် သစ်ခုတ်ထုတ်ယူမှုနဲ့ ဖမ်းဆီး ခံထားရတဲ့ တရုတ်နိုင်ငံ သားတွေကို ကူညီကာကွယ်ပေးဖို့ တရုတ်ကောင်စစ်ရုံး အဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ တနင်္လာနေ့က ရောက်ရှိနေတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ဟာ ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တိုက်ပွဲတွေကြားမှာ တရုတ်နိုင်ငံသားတွေပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

ကချင်ပြည်နယ်ထဲမှာတရားမ၀င်သစ်ခုတ်ထုတ်ယူနေတဲ့ တရုတ်နိုင်ငံသား ၁၂၀ ကျော်ကို မြန်မာ စစ်တပ်က ဇန်န၀ါရီလဆန်းပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တရားဥပဒေအရ အရေးယူဖို့ မြစ်ကြီးနားထောင်မှာ ထိန်းသိမ်းထားတာပါ။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်းလီကတော့ ထိန်းသိမ်းခံ တရုတ်နိုင်ငံသားတွေအရေး တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုနဲ့ သူတို့အပေါ် ကောင်းကောင်းမွန်မွန် သက်သက်ညှာညှာ ပြုမှုဖို့ အလွန်အရေးကြီးတယ်ဆိုတာကို မြန်မာဘက်က အလေးထား ထည့်တွက်တယ်လို့ ပုံမှန်သတင်းစာရှင်းပွဲမှာပြောပါတယ်။

မြန်မာပြည်မှာရှိတဲ့ တရုတ်သံရုံးနဲ့ ကောင်စစ်ရုံးအနေနဲ့ ထိမ်းသိမ်းခံနေရတဲ့ တရုတ်နိုင်ငံ သားတွေကိုသွားရောက်တွေ့ဆုံပြီး လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေး သွားမယ်လို့လည်းပြောပါတယ်။

ဒီအတောအတွင်း ပြန်လည်ဖြစ်ပွားနေတဲ့ အစိုးရတပ်တွေနဲ့ ကေအိုင်ကေတွေရဲ့ တိုက်ပွဲတွေ အကြားမှ တရုတ်နိုင်ငံသားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

တရုတ်သံရုံးတာဝန်ရှိသူတဦးကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေ တဲ့အကြောင်းနဲ့ ဒီသတင်းတွေကို စစ်ဆေးနေဆဲဖြစ်ပြီး စိစစ်အတည်ပြုနိုင်ဖို့ ခက်ခဲနေတုန်းပဲလို့ ဆင်ဟွာသတင်းကိုပြောပါတယ်။

ဂလိုဘယ်တိုင်းမ် တရုတ်သတင်းစာမှာတော့ ရာနဲ့ချီတဲ့ တရုတ်နိုင်ငံက သစ်ထုတ် အလုပ်သမားတွေ၊ ကျောက်စိမ်းကုန်သည်တွေနဲ့ ရွှေတွင်းလုပ်ငန်းရှင် တွေအပါအ၀င် အရေအအတွက် ၂ထောင်ထက်မနည်းတဲ့ အရပ်သားတွေ စစ်ပွဲဇုန်ထဲ ပိတ်မိနေတယ်လို့ ကချင်ထောက်လှမ်းရေးအရာရှိအပြောကို ကိုးကားဖော်ပြပါတယ်။

ထိခိုက်သေဆုံးဒဏ်ရာရသူမရှိပေမယ့် ပိတ်မိနေသူတွေဟာ ရေနဲ့ အစားအစာ အနည်း ငယ်ပဲကျန်ရှိတော့ပြီး ဆေးဝါးပစ္စည်းမရှိပဲ အလွန်ကို မလုံခြုံတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သတင်းကဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/77822


နေပြည်တော်

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကိုယ်ကျိုး စီးပွား ကာကွယ်လိုသူ တစ်စုမှ မပြင်လို ကြကြောင်း ကြံ့ခိုင်ရေး ပါတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ပြောသည်။  ဒီနေရာမှာ လူတစ်စု အကျိုး စီးပွားနဲ့ လူထု အကျိုး စီးပွား ယှဉ်လာတဲ့ အခါ ဘယ်ဘက်က ရပ်တည် သင့်တယ် ဆိုတာ အဖြေက ရှင်းနေပါတယ်။ တိုင်းပြည် သာယာ လှပအောင် နှစ်ဖက် စလုံးရဲ့ အကျိုး စီးပွားဘက်က ရပ်တည် သင့်တယ်လို့ ပြောပါရစေ။ လူတစ်စုရဲ့ အကျိုး စီးပွား ကိုလည်း မထိပါး စေဘဲ လူထုရဲ့ အကျိုး စီးပွားကို ကာကွယ် မြှင့်တင် ပေးခြင်းက လက်ရှိ အခြေအနေမှာ အကောင်းဆုံးပဲ ဖြစ် ပါတယ်  ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် ပြည်ထောင်စု လွှတ်တော်မှ ၂၀၀၈ ခုနှစ်၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရန် အတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၅၉) ကို ပြင်သည် ဖြစ်စေ၊ မပြင်သည် ဖြစ်စေ၊ မြန်မာ တိုင်းရင်းသားများ အနေဖြင့် တရုတ်၊ အိနိ္ဒယ၊ ဥရောပ တိုက်သား များအား သမ္မတ နန်းတော်ထဲတွင် ရှိသော သီဟာသန ရွှေပလ္လင် အပေါ် တင်ပြီး ကိုးကွယ် ကြရ လောက်သည် အထိ သဘောထားကြီး ကြမည်ဟု မထင်ကြောင်း သူရ ဦးအောင်ကိုက ဆက်ပြောသည်။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေက ဒီမိုကရေစီ စံညွှန်းတွေနဲ့ မကိုက်ညီ တာကြောင့် ပြည်သူ အားလုံးက လိုလို လားလားနဲ့ ပြင်ဆင် လိုကြ ပါတယ်။ နိုင်ငံတကာရဲ့သဘောထား ကလည်း အတူတူပါပဲ ဟု ၎င်းက ဆိုသည်။ ထို့ပြင် တာဝန်ရှိသူများ အနေဖြင့် ပြည်သူများ ကလေးစား အားထား ကြသည့် သူများ တွေ့ဆုံ၊ ညှိနှိုင်း၊ အဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှုကို အလျင်အမြန် ဖော်ဆောင်ရန်မှ တစ်ပါး အခြားမရှိကြောင်း သူရဦးအောင်ကို က ဆက်ပြောသည်။ လက်ရှိ ကျင်းပနေသော လွှတ်တော် အစည်းအဝေး များတွင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ဆွေးနွေး ကြမည် ဖြစ်သည်။

MDN
Messenger News Journal
http://www.messengernewsjournal.com/news/Local/detail.php?id=30134


မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေရဲ့လက်ထဲမှာသာ ရှိကြောင်း မြန်မာ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအပေါ် မူတည်နေတာပါ၊ သူတို့အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ကြသလား၊ တကယ်လိုချင်တယ်ဆိုရင် မရစရာအကြောင်းမရှိပါဘူး၊ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်ချင်တယ်ဆိုရင်၊ ဒေသတွင်းမှာ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ သူတို့တကယ်လိုချင်တယ်ဆိုရင်၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို သူတို့ရွေးချယ်နိုင်ပါတယ်၊ ငြင်းခုန်နေစရာ မလိုတော့ပါဘူး၊ စိတ်ဝမ်းကွဲနေတာတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမှာဖြစ်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း Channel News Asia သတင်းဌာနက ဖော်ပြပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း KIA ကချင်လက်နက်ကိုင်အဖွဲ့ထဲမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့ အစိတ်အပိုင်းတချို့ရှိနေပြီး၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေကြတယ်ဆိုတာ ယုံကြည်စရာအကြောင်းအချက်တွေ အတော်များများရှိနေပါတယ်လို့ သူရဲ့အင်တာနက် Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားကြောင်း Channel News Asia သတင်းက ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


မောင်တော၊ ဇန်န၀ါရီ ၁၉။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ခရေမြိုင်ကျေးရွာတွင် အသက် ၁၂နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ယင်းရွာတွင် တာဝန်ထမ်းဆောင် နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သား တစ်ဦးက အဓမ္မပြုကျင့် ခဲ့သောကြောင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၄ရက်၊ ည ၉နာရီခန့်တွင် ခရေမြိုင်ကျေးရွာနေ အသက် ၁၂နှစ်အရွယ် မိန်းကလေးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သားအဆင့်ရှိ အောင်မြတ်သူက ခိုးရာလိုက်ခဲ့ရန်ခေါ်ကြောင်း၊ မိန်းကလေးက ငြင်းဆန်သဖြင့် လက်ဆွဲ၍ ပါးစပ်ကိုအတင်းပိတ်ကာ ခေါ်သွားကြောင်း၊ ငြိမ်းချမ်းရေးရွာအနီး
ခြုံပုတ်များသို့ ရောက်သည့်အခါ အဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မိန်းကလေးငယ်အား မိဘများက ရှာဖွေကြရာ ကားလမ်းဘေးတွင် ငိုလျက်တွေ့ခဲ့ရသဖြင့် အိမ်သို့ပြန်ခေါ်လာခဲ့ကြောင်း ခရေမြိုင်ကျေးရွာ အုပ်ချုပ်ရေမှူး ဦးဇော်ဇော်က ပြောသည်။

အဆိုပါ မိန်းကလေးအား မောင်တောမြို့ ၊ ပြည်သူဆေးရုံတွင် ဆေးစစ်ချက်ယူခဲ့ပြီး၊ အမှုကို မောင်တောမြို့မရဲတပ်ဖွဲ့စခန်းတွင် တိုင်ကြားခဲ့သော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပိုင်တွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်သောကြောင့် လက်ခံ အရေးယူနိုင်ခြင်း မရှိသဖြင့် အမှတ်(၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ မန်ကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွင် တိုင်ချက်ဖွင့်ထားပြီး ရဲတပ်သား အောင်မြတ်သူကို ပုဒ်မ(၃၇၆)ဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်ဒေသတွင် ယခင်က တာဝန်ယူခဲ့သော န.စ.က တပ်ဖွဲ့များကို ရုတ်သိမ်းပြီးနောက် အစားထိုး ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ န.စ.က စခန်းများနှင့် ယခင်က မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကွပ်ကဲမှုလက်အောက်တွင်ရှိသော နယ်မြေ ရဲတပ်ဖွဲ့စခန်းများကို လွှဲပြောင်း လက်ခံကာ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ယူနေရပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အချို့၏ စည်းကမ်းမဲ့ လုပ်ရပ်များကြောင့် ဆက်ဆံရေး အဆင်မပြေမှု များရှိကြောင်း ဒေသခံများ ကပြောသည်။

Rakhine News Agency
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS က ဖမ်းဆီးထားပြီး ပြန်ပေးငွေ ဒေါ်လာသန်း ၂၀၀ ကို ၇၂ နာရီအတွင်း မပေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ ဂျပန်နိုင်ငံသား ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ်က တောင်းဆို လိုက်ပါတယ်။

ဂျပန်နိုင်ငံသားတွေကို သတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗွီဒီယိုကို IS အဖွဲ့က ထုတ်ပြန်လိုက်တာကို တွေ့ရတဲ့အတွက် ခါးခါးသည်းသည်း ခံစားမိသလို၊ ခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်း၊ သူတို့ ၂ ဦးကို ထိခိုက်နာကျင်အောင် မလုပ်ဖို့၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အပြင်းအထန် တောင်းဆိုလိုက်တဲ့အကြောင်း ၀န်ကြီးချုပ် Shinzo Abe က ပြောဆိုခဲ့ပါတယ်။

လိမ္မော်ရောင်ဝတ်စုံတွေနဲ့ ဂျပန်နိုင်ငံသား ၂ ဦးကို ဒူးထောက်ခိုင်းထားပြီး ဓားမြှောင်တလက်နဲ့ ၀တ်စုံအနက် ၀တ်ဆင်ထားသူ စစ်သွေးကြွတယောက်က အင်္ဂလိပ်ဘာသာနဲ့ ခြိမ်းခြောက် ပြောဆိုထားတဲ့ ဗွီဒီယို ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ ဂျေရုဆလင်မှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါ။

စစ်သွေးကြွတွေရဲ့ ဗွီဒီယိုထဲမှာတော့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား ၂ ဦးဟာ Kenji Goto နဲ့ Haruna Yakawa တို့ ဖြစ်တယ်လို့ ပြောဆိုထားသလို၊ IS စစ်သွေးကြွအဖွဲ့အပေါ် အနောက်နိုင်ငံတွေရဲ့ စစ်ဆင်ရေးတွေကို ဂျပန်နိုင်ငံက ထောက်ခံနေတာဟာလည်း မိုက်မဲတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ပြောဆိုခဲ့တာပါ။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာရှိကြတဲ့ IS စစ်သွေးကြွ ပစ်မှတ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လကစလို့ လေကြောင်းကနေ အကြိမ်ပေါင်း ၁၇၀၀ ကျော် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာတော့ ဂျပန်နိုင်ငံ မပါဝင်ပေမဲ့ ဆွန်နီမူဆလင် အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံတွေအတွက် စစ်ဘက်နဲ့မဆိုင်တဲ့ အကူအညီအဖြစ် ဒေါ်လာသန်း ၂၀၀ ပေးအပ်ဖို့ ၀န်ကြီးချုပ် Shinzo Abe က စနေနေ့မှာပဲ ကတိပြုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/is-japan/2605772.html

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.