01/22/15

''ကျောင်းသားသပိတ်စစ်ကြောင်းကို မြို့အ၀င်မှာ ဆင်အကနဲ့ ကြို''

ကျွန်တော်တို့သပိတ်မှောက်ကျောင်းသားတွေပလိပ်မြို့ထဲစဝင်တော့အိမ်တိုင်းကပြည်သူတွေက
ထွက်ကြည့်အားပေးကြပါတယ်။
တချို့ကရေဒီယိုသတင်းတွေနားထောင်ထားလို့ ကျောင်းသားသပိတ်အကြောင်းသိပြီးဖြစ်ပေမယ့် တချို့ကဘာကြောင့်သပိတ်မှောက်တာလဲဆိုတာကျောင်းသားတွေကိုလိုက်မေးနေပါတယ်။

ကျွန်တော်တို့ဘာကြောင့်သပိတ်မှောက်ရတယ် ဆိုတဲ့အကြောင်းလမ်းတလျှောက်ရှင်းလင်းတင်ပြခဲ့ကြရာမှာ ပလိပ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတခုရဲ့ ရှေ့မှာကျောင်းသားအငယ်လေးတွေကို သပိတ်မှောက်ရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ကြပါတယ်။

ကျွန်တော်တို့ဟာနောင်မျိုးဆက်ကောင်းစားရေးနဲ့ ကမ္ဘာ့အလည်မှာပညာတတ်တဲ့နိုင်ငံ၊ ပညာရှိလူမျိုးများအဖြစ်ဝံ့ထည်စွာရပ်တည်နိုင်ရေးအတွက်လမ်းပေါ်တက်ချီတက်သပိတ်မှောက်ရခြင်းဖြစ်ကြောင်း ပြောကြားအပြီးမှာပဲ ပလိပ်မြို့အထက(၁)ကျောင်းရှေ့မှာ ငှက်ပျောသီးကော်ပြန့်ရောင်းနေတဲ့ဈေးသည်အဒေါ်ကြီးဟာ ဈေးဗန်းလေးချပြီးကျွန်တော်ပြောသမျှကိုနားစိုက်ထောင်နေရင်းနဲ့စကားလဲဆုံးရော ရှေ့ချထားတဲ့ဈေးဗန်းကိုရုတ်တရက်ကောက်မပြီး ကျွန်တော်တို့သပိတ်မှောက်ကျောင်းသားအုပ်ထဲကိုပြေးဝင်လာပါတယ်။

ပြီးတော့သူ့ဈေးဗန်းထဲကငှက်ပျောကော်ပြန့်ကြော်များကို ကျောင်းသားတွေကိုတယောက်ပြီးတယောက်အတင်းလိုက်ကျွေးပါတော့တယ်။ ကျောင်းသားတွေကလဲဈေးသည်အဒေါ်ကြီးရဲ့နွမ်းပါးတဲ့ပုံစံနဲ့ ဈေးရောင်းနေရင်းတန်းလန်းနဲ့ထလာပြီးလိုက်ကျွေးနေတာဖြစ်လို့ မယူရက်ကြပဲအတင်းငြင်းဆန်ကြပါတယ်။ ဒါပေမယ့်ကျောင်းသားတွေမယူမချင်း ဇွဲနပဲနဲ့သနားစဖွယ်လိုက်လံကျွေးနေတာမြင်တော့ကျွန်တော်လဲ ကျောင်းသားတွေကိုတယောက်တခုတော့ယူလိုက်ကြပါကွာ လို့ဝင်ပြောပေးပြီးကိုယ်တိုင်လဲတခုယူစားလိုက်ပါတယ်။ ဒီတော့မှပြုံးပြုံးရွှင်ရွှင်နဲ့လမ်းဆက်လျှောက်သွားတဲ့ကျွန်တော်တို့ကိုမျက်ရည်တွေဝဲရင်းလက်ပြကျန်ရစ်ခဲ့ပါတယ်။

ဒါကတော့ဒီနေ့သပိတ်မှောက်စစ်ကြောင်းရဲ့ ဒုတိယနေ့မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတစ်ခုပါပဲ။

ကျွန်တော်တို့သပိတ်မှောက်ကျောင်းသားများဟာလဲပြည်သူတွေရဲ့မေတ္တာစေတနာကိုမျက်မြင်တွေ့လိုက်ရတဲ့အတွက်မျက်ရည်လည်တဲ့အထိခံစားမိပါတယ်။

"မနေ့ကမန္တလေးအိမ်တော်ရာဘုရားကစတင်လမ်းလျှောက်လာတဲ့ကျွန်တော်တို့သပိတ်စစ်ကြောင်းဟာရပ်ကွက်တစ်ခုကိုအဖြတ်မှာလမ်းဘေးမှာရပ်ကြည့်နေတဲ့အဖြူအစိမ်းဝတ်ဆရာမကြီးတစ်ဦးဟာကျွန်တော်တို့သပိတ်မှောက်စစ်ကြောင်းက ကျောင်းသားတွေကိုကြည့်ပြီးရှိုက်ကြီးတငင်ငိုကြွေးပါတော့တယ်"

သပိတ်တပ်ရဲ့အနောက်မှာပါလာတဲ့ကားပေါ်ကဆောင်းဘောက်စ်တွေထဲကလဲ`ကမ္ဘာ္ဘမကြေဘူး´သီချင်းကပျံ့လွင့်လို့ပေါ့.........

(ဒီပုံတွေကအကြော်သည်အဒေါ်ကြီးအတင်းလိုက်ပေးလို့ကျောင်းသားတွေယူနေတဲ့အချိန်ကျွန်တော်ရိုက်ယူထားလိုက်တာပါ)
မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်
ဒီမိုကရေစီပညာရေးသပိတ်မှောက်စစ်ကြောင်း

 
ကျောက်ဆည်မြို့ရောက်  ဆန္ဒပြ ကျောင်းသားများ (ဓာတ်ပုံ - ဒီမိုကရေစီပညာရေးလူပ်ရှားမှု ဦးဆောင်ကော်မတီ)
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ညအိပ်ခိုလှုံခွင့်မပေးဖို့ ကျောက်ဆည်မြို့က ဆင်ဖြူတော်ဝပ်ကျောင်းတိုက်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

မနေ့က မန္တလေးမြို့ကနေ စတင်ထွက်ခွာလာတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသား တစ်ရာကျော်ဟာ ဒီနေ့ ကျောက်ဆည်မြို့ကို ရောက်ရှိပြီး ညအိပ်နားနေမှာ ဖြစ်ပါတယ်။ အခုလိုဖိအားပေးနေတဲ့အတွက် ဘုန်းကြီးကျောင်းမှာ ညမအိပ်တော့ဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

"ကျနော်တို့ ကျောက်ဆည်မြို့မှာ ညအိပ်မယ်လို့ သတင်းတွေထုတ်ပြန်ထားတယ်၊ ကျနော်တို့ စဥ့်ကိုင်မြို့မရောက်ခင်မှာပဲ သတင်းကြားရတာက ကျနော်တို့ညအိပ်မယ်လို့ ကြိုတင်လျှောက်ထားတဲ့ ဘုန်းကြီးကျောင်းကို မြို့နယ်အာဏာပိုင်တွေက လာလျှောက်တယ်၊ ဒါခွင့်ပြုချက်တင်ပြီး ဆန္ဒပြသပိတ်မှောက်တာ မဟုတ်တဲ့အတွက် ဒီဟာကိုခွင့်မပြုဖို့ ဆရာတော်ကို လာခြိမ်းခြောက်တဲ့ပုံစံပြောတယ်၊ ဒါကြောင့် ကျနော်တို့ ညမအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်"

မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်းကနေ မနေ့က စတင်လမ်းလျှောက်ကြတဲ့ ကျောင်းသားကျောင်းသူတွေဟာ မနေ့ညက ပုလိပ်မြို့မှာ ညအိပ်နားခဲ့ကြပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ မြင်းခြံ၊ ပခုက္ကူ၊ မကွေးနဲ့ ပြည်မြို့တွေကို ဖြတ်သန်းပြီး ရန်ကုန်မြို့မှာ တနင်္သာရီတိုင်းဒေသကြီးဘက်က လာကြမယ့် ကျောင်းသူကျောင်းသားတွေနဲ့ ပူးပေါင်းကြမှာဖြစ်ပါတယ်

RFA



iPhone တွင် လျှို.၀ှက်ထောက်လှမ်းရေးနည်းပညာပါရှိပြီး ထိုနည်းပညာကိုသုံး၍ အစိုးရများက ဖုံးသုံးစွဲသူများကို စောင့်ကြည့်နိုင်သည်ဟု အမေရိကန်ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒွပ်စနိုးဒင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

iPhone တွင်ပါရှိသော လျှို.၀ှက်ဆော့ဖ်ဝဲအား အဝေးတစ်နေရာမှ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ပြီး သုံးစွဲသူအားစောင့်ကြည့်၍ ရကြောင်း အမေရိကန်အစိုးရလုံခြုံရေးဌာန၏ လျှို.၀ှက်ချက်များဖွင့်ချပြီး ရုရှားတွင် နိုင်ငံရေးခိုလှုံနေသူ စနိုးဒင်က သူ၏ရှေ.နေမှတစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စနိုးဒင် အိုင်ဖုံးကို ဘယ်တုန်းကမှ မသုံးဘူး။ ခုသူသုံးတဲ့ဖုံးက သိပ်ကိုရိုးရှင်းတဲ့ သာမာန်ဖုံးပါ။ အိုင်ဖုံးမှာ အထူးပြုလုပ်ထားတဲ့ ဆော့ဖ်ဝဲပါပါတယ်။ ဖုံးပိုင်ရှင်က သူ့ဖုံးကို ခလုပ်တစ်ချက်မှ နှိပ်စရာမလိုဘဲ အဝေးကနေပြီး တစ်စုံတစ်ယောက်က အဲဒီဆော့ဖ်ဝဲကို လှမ်းဖွင့်ပြီး ဖုံးသုံးသူရဲ. အချက်အလက်တွေယူလို့ရတယ်။ ဒါ့ကြောင့် စနိုးဒင် အိုင်ဖုံးမသုံးတာပါ” ဟု ရှေ.နေဖြစ်သူ အနာတိုလီကူရှရန်နာက ရုရှားသတင်းဌာန RIA Novosti သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
--
ကိုးကား-The Independent

The Yangon Globe

“ စစ်မဒိမ်းလိုင်စင်ကို ပြန်ရုပ်သိမ်းပါ ”

၂၀၁၁ ခုနစ် အောက်တိုဘာ ၂၈ ရက်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ခိုင်ဘန် ကျေးရွာ တောထဲ၌ တောင်ယာခုတ်နေစဉ် အစိုးရ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သုံးနှစ်ကြာ ပျောက်ဆုံး နေသည့် ကချင် အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ ကိစ္စကို သေချာစွာစုံစမ်း၍ ပြစ်မှုကျူးလွန် သူတွေကို ဖမ်းဆီးအရေးယူပေးဖို့  ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က အစိုးရထံသို့ ၂၀၁၄ ခုနှစ် အောက်တိုဘာလထဲမှာ လက်မှတ်ထိုးတောင်းဆိုခဲ့ပေမဲ့ အခုချိန်ထိ မဖေါ်ထုတ်ဘဲ စစ်မဒိမ်းကောင် လူသတ်ကောင် တွေကို ဦးသိန်းစိန်တို့ ရဲ့ စစ်တပိုင်း အစိုးရဟာ…ကာကွယ်ပေးထားဆဲဘဲဖြစ်တယ်။

၂၀၁၁ ဇွန်လမှ စတင်ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ် မြောက်ပိုင်းရှိ အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း ၇၀ ကျော်ကို အစိုးရ စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန် မှုများပြုလုပ်ခဲ့ကြောင်း၊ အနည်းဆုံး လူ ၂၀ ခန့်သတ်ဖြတ်ခံခဲ့ကြရကြောင်း လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က ထုတ်ပြန်ချက်ခဲ့ပါသေးတယ်။

အခုတခါလည်းသတင်းဆိုးကြားရပြန်ပြီ ။ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ရှဘုတ် ကောင်းခါးကျေးရွာမှာ မနေ့ညက အသက် ၂၀ အရွယ် ကချင်အမျိုးသမီး အခမဲ့ စေတနာရှင် ကျောင်း ဆရာမနှစ်ဦး ဖြစ်တဲ့ မရန်လုလာနဲ့ တန်ဘောင် ခေါန်နန်ဆင်တို့ဟာ ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းက သူတို့နှစ်ဦးအတွက် ဆောက်ပေးထား တဲ့နေအိမ် အိပ်ခန်းမှာ မျက်နှာနဲ့ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ အများအပြားနဲ့ မဒိမ်းကျင့်ခံရပြီး ပိုးစိုးပက်စက်သေဆုံးတဲ့သတင်းကို စိတ်မချမ်းမြေ့စရာဖတ်ခဲ့ရတယ်။

ဒီလိုသွေးဆာနေတဲ့ စစ်မဒိမ်းကောင် လူသတ်ကောင်တွေဟာ…ဘယ်အဖွဲ့ အစည်းကလည်း၊ ဘယ်လိုလူမျိုးတွေလည်းလို့ တိတိကျကျမပြောနိုင်ပေမဲ့ မပြေးသော်ကံရာရှိဆိုသလို.. အခင်းဖြစ်တဲ့ ညက ရွာမှာ စခန်းချရပ်နား ညအိပ်ခဲ့တဲ့  အစိုးရတပ်မှ ရမခ စကခ ၁၆ လက်အောက်ခံ ခမရ ၅၀၃ ကိုညွှန်ပြနေပြီ။

နှစ်ပေါင်း(၆၀) ကျော် ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့တိုင်းပြည် …. ပြည်တွင်းစစ်မီးလှုံတဲ့  စစ်အာဏာရှင်တွေနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ဗိုလ်ကျနေတဲ့တိုင်းပြည်မှာ ဘယ်သူရဲ့ဘ၀မှ မလုံခြုံဘူး ။ စစ်ဂျပိုး လူ့ ဂျပိုးတွေ၊ သွေးဆာနေတဲ့ စစ်မဒိမ်းကောင်တွေကြောင့် ငါတို့ ရဲ့ နှမတိုင်းရင်း သူလေးတွေ၊ အရိုင်းပန်လေးတွေ လူမသိသူမသိရော လူသိသူသိရော ဘယ်လောက်များ နင်းချေမွ ခြွေချခံရပြီးပြီလည်း ။ သိပ်ကျေကွဲဝမ်းနည်းစရာကောင်းပါတယ်။

ပိုဆိုးတာက အဲ့ဒီလိုဖြစ်နေတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ ရာဇ၀ါတ်မှု့ကြီးတွေအတွက်တာဝန်ရှိတဲ့ အဖွဲ့အစည်းနဲ့  အဲ့ဒီအဖွဲ့ အစည်းရဲ့တာဝန်ရှိသူတွေဟာ…စုံစမ်းအရေးယူပြီးထိုက်တန်တဲ့အပြစ်ပေးမှု့၊ တာဝန်ခံဖြေရှင်း ထုတ်ပြန်မှု့တွေ မလုပ်ခဲ့ကြတာဘဲဖြစ်တယ် ။ ဒီလိုလုပ်တာဟာ…သွေးဆာနေတဲ့ လူ့ တရိစ္ဆာန် စစ်မဒိမ်းကောင် လူသတ်ကောင် တွေကို အကာအကွယ်ပေးထားတာဖြစ်သလို၊ နှောင်ကိုလည်းဆက်လက်ကျူးလွန် ဖို့ အားပေးအားမြှောက်လုပ်နေရာရောက်ပါတယ် ။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးသိန်းစိန်၊ ဦးရွှေမန်း အနေနဲ့ အထက်မှာဖေါ်ပြခဲ့တဲ့ ရာဇ၀တ်မှု့ကြီးတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိနေတဲ့၊ စွပ်စွဲခံနေရတဲ့ နံမည်ပျက်အဖွဲ့ အစည်းကြီးရဲ့ တာဝန်ရှိအကြီးအကဲတွေအနေနဲ့  လူသိရှင်ကြားဒီကိစ္စတွေ စုံစမ်းဖေါ်ထုတ်အပြစ်ပေးဖို့ ပြတ်ပြတ် သားသားအမိန့် ပေးဖို့ မဖြစ်မနေလိုနေပါပြီ။
လူကြီးမင်းတို့ မှာလည်း ဇနီးမယားနဲ့ သမီးသားနဲ့ မဟုတ်လား ။ ကိုယ့်နှမ ။ ကိုယ့်အမ၊ ကိုယ့်မိခင်များ ဒီလို ကြမ္မာဆိုးမျိုးနဲ့ ကြုံရရင် ဘယ်လိုခံစားရမလဲဆိုတာ…လူလို သွေးကူးခံစားပြီး ကိုယ်ချင်းစာနာလို့  တာဝန်ယူကြဘို့ တာဝန်ခံကြဘို့ နဲ့  မဒိမ်းအားပေး၊ လူသတ်အားပေးမလုပ်ဖို့ ၊ စစ်မဒိမ်းလိုင်စင်ကို ပြန်ရုပ်သိမ်းပါ လို့ တိုက်တွန်းလိုက်ပါတယ်။

အဲ့လိုမဟုတ်ဘဲ အရင်လုပ်နေကြအတိုင်း နာစေးခြင်ယောင်ဆောင်၊ မေ့ခြင်ယောင်ဆောင် ဖုံးကွယ် ဖျောက်ဖျက်ဖို့ ကျိုးစားရင်လည်းရပါတယ် ။ နွားခြေရာနောက် လှည်းဘီးရာက ထပ်ချပ်လိုက်ပါ သလို…ကိုယ့်နောက်ကို ကိုယ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်ကံအကျိုးတရားတွေ ထပ်ချပ်လိုက်ပါမှာ မလွဲပါဘူး ။ ပြေးခြင်လည်းပြေးပါ… သံသရာက သိပ်မဝေးလှပါဘူး ။

မင်းကောင်းချစ်
ဇန္န၀ါရီလ (၂၁) ရက် ၂၀၁၅ ခုနှစ်




မြန်မာနိုင်ငံတွင်းသို့ ခိုး၍၀င်ရောက်ခဲ့သည့် တရုတ်နိုင်ငံသား သစ်ထုတ်လုပ်ရေးသမား ၁၀၀ ကျော်ကို မြန်မာအစိုးရက ဖမ်းဆီးထားကြောင်း ရန်ကုန်မြို့ တရုတ်သံရုံး တာဝန်ရှိသူတဦးမှ ယမန်နေ့က ပြောကြားသည်။

သံရုံးကိုယ်စားလှယ်များသည် တနင်္လာနေ့က မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး ထောင်ထဲ၌ အဖမ်းခံထားရသည့် တရုတ်နိုင်ငံသား ၁၀၀ ကျော်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သံရုံးတာဝန်ရှိပုဂ္ဂိုလ် ပန်ခါရှင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရက ၎င်းတို့သည် ခိုး၍၀င်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲသော်လည်း ဖမ်းဆီးခံထားရသူများကမူ ငြင်းဆိုထားကြောင်း သိရသည်။

"သူတို့ လွတ်မြောက်ဖို့ သံရုံးက ကြိုးပမ်းနေပါတယ်" ပန်က ဆိုသည်။

လက်ရှိ ဖမ်းဆီးခံထားရသူများအနက် မိုင်းတွင်း လုပ်သားများ၊ ကျောက်စိမ်း ကုန်သွယ်သူများ၊ ကုန်သည်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအစိုးရဘက်မှ မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအကြား တရုတ်နိုင်ငံသား ရာနှင့်ချီ ပိတ်မိနေသော သတင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က ငြင်းဆိုလိုက်သည်။

တရုတ်နိုင်ငံသားများသည် ဒေသခံပြည်သူ ၂၀၀၀ ၀န်းကျင်ခန့်နှင့်အတူ ကချင်ပြည်နယ်အတွင်း စစ်ပွဲအကြား ပိတ်မိနေခြင်း ဖြစ်ကြောင်း တရုတ်အခြေစိုက် အစိုးရကျောထောက်နောက်ခံ ရှိသည့် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။

"မြန်မာဘက်က အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ ဒီသတင်းက မမှန်ပါဘူး" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟွာချွမ်းယင်က ဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်းနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကောင်အထည်ပေါ်လာရန် တရုတ်အနေဖြင့် မျှော်လင့်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရန် တိုက်တွန်းပါကြောင်းဖြင့် သူမက ပြောကြားသည်။

နယ်စပ်ဒေသတွင် ထိုသို့ တိုက်ခိုက်မှုများ ဖြစ်နေခြင်းက တရုတ်အတွက် စိုးရိမ်ဖွယ် အခြေအနေတရပ်ဖြစ်သည်။ တရုတ်သည် အိမ်နီးချင်း မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှတဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုင်းလိုင်းနှစ်လိုင်းအား သွယ်တန်းထားသည်။

မြန်မာ့ကျောက်စိမ်း အမြောက်အမြားမှာလည်း နယ်စပ်မှတဆင့် တရုတ်နိုင်ငံတွင်းသို့ ၀င်ရောက်နေသည်။ ဖားကန့်မြို့သည် မြန်မာနိုင်ငံ၌ ကျောက်စိမ်းအများဆုံး ထွက်ရှိရာ ဒေသဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအကြား ၂၀၁၁ ခုနှစ်မှစ၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်လာနိုင်ခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သည် ၁၉၆၁ ခုနှစ်မှစ၍ လက်နက်စွဲကိုင်တော်လှန်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၀ ခန့်အတွင်း ဒုတိယ အင်အားအကြီးဆုံး တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။

ကျော်လင်းထွန်း

__Ref:worldbulletin.net
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ပြည်သူဘက်တော်သားများ ကကျောင်းသူကျောင်းသာများကို အကြမ်းဖက်မည်ဆိုက အင်းစိန်ထောင်တွင် ဆန္ဒထုတ်ဖေါ်ကြမယ်

ဦးခင်အောင်မြင့် ပြောကြားနေစဉ်
ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ အတွက် အကြံပြုချက်တွေ ပေးပို့ကြဖို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ  ဖိတ်ခေါ်လိုက်တာလို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

‘ဒီနေ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ၆ ပွင့်ဆိုင်မှာ သူက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ တက်ရောက်ဆွေးနွေးမှာဖြစ်တဲ့အတွက် အကြံပြုလိုတာတွေရှိရင် ဇန်န၀ါရီလ ၂၃ ရက်နေ့နောက်ဆုံးထားပြီးတော့ ပေးပို့နိုင်ပါတယ်လို့ ကြေညာပါတယ်’လို့ သူက ပြောပါတယ်။

ခေတ်နဲ့ညီတဲ့ ဖွဲ့စည်းပုံဖြစ်ရေးနဲ့ အနာဂတ်တိုင်းပြည်တည်ဆောက်ရေး အခြေအနေကောင်းတွေ ဖန်တီးလမ်းခင်းပေးဖို့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲ ၂ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော် ကို်ယ်စားလှယ်တဦး စုစုပေါင်း ၆ ဦးတွေ့ဆုံဆွေးနွေးကြဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက  ပြည်ထောင်စု လွှတ်တော်က အတည်ပြုဆုံးဖြတ်ထားတာပါ။

သမ္မတကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အည်ီဆောင်ရွက်ပါက လွှတ်တော်ဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်သွားဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ ဒီလုပ်ထုံးကိုကျော်လွန်လုပ်ဆောင်ပါက တရားဥပဒေစိုမိုးရေးကိုကျော်လွန်လုပ်ဆောင်သလို ဖြစ်နိုင်တယ်လို့   ဒီဆွေးနွေးပွဲနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကို အကြောင်းပြန်ကြားထားပါတယ်။

အဆိုပါ သမ္မတရဲ့ ရပ်တည်ချက်ဟာ ပကတိဖြစ်ရပ်နဲ့ တခြားစီဖြစ်နေတယ်လို့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောနေတဲ့ ရှေ့နေဦးကိုနီက ဝေဖန်ပါတယ်။

“ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စဟာ လွှတ်တော်လမ်းကြောင်းအတိုင်း သွားဖို့ မဖြစ်နိုင်လို့ ဒီအဆိုတင်ပြီးတော့ သမ္မတကို ခြောက်ပွင့်ဆိုင် ဆွေးနွေးပြီး အဖြေရှာဖို့ပြောတာ။ ဆိုလိုတာက လွှတ်တော်လမ်းကြောင်းအတိုင်းသွားရင် ၇၆ ရာခိုင်နှုန်း ထောက်ခံဖို့လိုတယ်။ ၇၆ ရာခိုင်နှုန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လောလောဆယ် အရပ်သားက ၇၂ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ၂၃ ယောက်လောက်က လစ်လပ်နေတယ်။ အဲဒီတော့ စစ်တပ်ဘက်က ၂၈ ရာခိုင်နှုန်းလောက်ရှိနေတယ်။ ဒီအခြေအနေမှာ လွှတ်တော်လမ်းကြောင်းအတိုင်း သွားလို့ တပ်မတော်က မထောက်ခံရင် လွှတ်တော်ကိုတောင်ဖြတ်ဖို့ မဖြစ်ဘူး။ အဲဒါဆို လွှတ်တော်လမ်းကြောင်းက လမ်းဆုံးသွားတော့မယ်၊ တနည်းအားဖြင့် လွှတ်တော်ဟာ လူထုဆန္ဒကို မဖြည့်ဆည်းနိုင်တဲ့ အနေအထားဖြစ်တော့မယ်။ ဒါကို ကြိုမြင်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက ဒီအဆိုကို တင်တာပါပဲ။ ဒါက ဘာတုန်းဆိုတော့ ညှိနှိုင်းဆွေးနွေးပြီးအဖြေရှာဖို့ တင်လိုက်တဲ့လမ်းကြောင်းကို သမ္မတက ဆုပ်ကိုင်ဖို့ကိစ္စကို တော်တော် ၀န်လေးနေတယ်” လို့ သူက ပြောပါတယ်။

သမ္မတရဲ့ သ၀ဏ်လွှာမှာတော့ ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်ခေါင်းစဉ်တွေ၊ ထည့်သွင်းဆွေးနွေးလိုတဲ့ မူဘောင်နဲ့ အသေးစိတ်အကြောင်းအရာတွေကို ကြိုတင်လေ့လာနိုင်ဖို့ အတွက် သမ္မတထံ ပေးပို့ဖို့နဲ့ ဒီဆွေးနွေးပွဲကို ဘယ်လိုဆောင်ရွက်ပေးစေလိုတယ်ဆိုတာ  ပြန်ကြားဖို့  လွှတ်တော်ကို သမ္မတက  တိုက်တွန်း ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78003


လွှတ်တော်အတွင်းမှာ တပ်မတော်က အမတ်နေရာ လေးပုံတပုံ ပါဝင်ဆောင်ရွက်မှုကို လျှော့ချဖို့ မြန်မာနိုင်ငံ အနေနဲ့ အဆင်သင့် မဖြစ်သေးဘူးလို့ မြန်မာ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ချာနယ်နယူးစ်အေးရှား သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ဗိုလ်ချုပ်မှူးကြီးက မြန်မာ့ ဒီမိုကရေစီ သက်တမ်းဟာ နုနယ်သေးတာကြောင့် တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်တွေမှာ ဆက်ရှိ နေဖို့လိုတယ်လို့ ဖြေဆိုပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်း ခံယူစရာမလိုဘဲ အလိုအလျောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခန့်အပ်နေတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လေးနှစ်လောက်ပဲရှိပါသေးတယ်။ ကျနော်တို့ ဒီမိုကရေစီက နုနယ်တုန်းရှိပါသေးတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို ရှေးရှုသွားတဲ့အခါ စနစ်ခိုင်မာဖို့ လိုပါတယ်။ ပါလီမန်တွင်းက တပ်ကိုယ်စားလှယ်ကလည်း ဥပဒေပြုရေးမှာ အကြံဉာဏ်ပဲ ပေးကြတာပါ၊  ဘယ်တော့မှ ဆုံးဖြတ်ချက်တွေ မချနိုင်ပါဘူး” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ သူက “ဒါဟာ  တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်မှု ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပေါ် အများကြီးတည်မှီပါလိမ့်မယ်။ အချိန်အတိအကျ သတ်မှတ်ပြဋ္ဌာန်းဖို့ ခက်ခဲပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် တပ်မတော်ကိုယ်စားပြုမှု ၂၅ ရာခိုင်နှုန်းဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းလဲရေးဖြစ်စဉ်ကို နှောင့်နှေးစေတယ်လို့ ယူဆသူတချို့ ရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်မျိုးသိန်းက “မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ ရင့်ကျက်မှု ရှိမရှိနဲ့ ဒီဖြစ်စဉ်က ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတဲ့ ချင့်ချိန်အကဲဖြတ်မှုတွေကို ဘယ်သူက အဆုံးအဖြတ်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီး  မြန်မာပြည်သူအများစုက စိုးရိမ်နေကြတယ်”လို့ စီအန်အေ သတင်းမှာသုံးသပ်ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ်ရှိပြီး အသက် ၆၀ သက်ပြည့်ပင်စင်ယူရကာနီးတဲ့ ဗိုလ်ချုပ်မှူးကြီးဟာ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “သမ္မတဖြစ်ရေးနဲ့ပတ်သက်လို့ အခြေအနေအချိန်အခါပေါ် မူတည်ပြီး ကျနော် ဆုံးဖြတ်မှာပါ။ ကျနော်က နိုင်ငံရေးဘက်ကို လက်ရှိမှာ အလေးထားအာရုံစိုက်ရင် ကျနော်အခုလုပ်ဆောင်နေတဲ့ အလုပ်အမှာ ပေါ့လျော့သွားစေပါလိမ့်မယ်။ ခုအချိန်မှာတော့ ဒီအကြောင်း ဆုံးဖြတ်ချက်ချဖို့နဲ့ပြောဖို့ စောလွန်းပါသေးတယ်” လို့ ပြောပါတယ်။

တပ်မတော်အကြီးအကဲဟာ နိုင်ငံရေးလောကအတွင်း ၀င်ရောက်မယ်လို့ တရားဝင် ထုတ်မပြောပေမယ့်  မကြာသေးခင်က မီဒီယာတွေနဲ့ ဆက်ဆံပြောဆိုတာ၊ ပြည်သူတွေနဲ့ ပိုမိုထိတွေ့ဖို့လိုအပ်တယ်ဆိုတာ သိရှိဆောင်ရွက်လာခြင်းဟာ တပ်မတော်ကနေ အနားယူပြီးနောက် တိုင်းပြည်အတွက် ဆက်လက်ဆောင်ရွက်ကောင်းဆောင်ရွက်မယ်ဆိုတဲ့ လက္ခဏာတွေဖြစ်တယ်လို့ သတင်းမှာ သုံးသပ်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78018

အသက် ၂၄ နှစ် အရွယ် မစ္စတာ ဘာ့ချီလီ ဟာ မွတ်ဆလင်မ် တစ်ဦး ဖြစ်ပြီး အခင်း ဖြစ်ပေါ် စဉ် ဈေးဝယ် အများအပြား ကို မြေအောက်ထပ် စားသောက်ကုန် တွေ သိုလှောင်ရာ အအေးခန်းထဲ မှာ ပုန်းအောင်း စေခဲ့ ပါတယ်။
ပြင်သစ် နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ ဂျူး ပိုင် ကုန်တိုက် ကို အစ္စလာမ်မစ် လက်နက်ကိုင် တစ်ဦး က စီးနင်းခဲ့ တဲ့ အဖြစ် အပျက် မှာ၊ အခင်း ဖြစ်ရာ မှာ ရှိနေ ခဲ့တဲ့ ဈေးဝယ်တွေ ကို ဘေးလွတ်အောင် စီစဉ် ပေးခဲ့တဲ့ မာလီ နိုင်ငံက လာတဲ့ ကုန်တိုက် ဝန်ထမ်း လာဆာနာ ဘာ့ချီလီ ကို ပြင်သစ် နိုင်ငံသား ပေးအပ် လိုက် ပါတယ်။

မစ္စတာ ဘာ့ချီလီ ကို ပြင်သစ် နိုင်ငံသား ပေးအပ်တဲ့ အခမ်းအနား ကို ပြင်သစ် ဝန်ကြီးချူပ် နဲ့ ပြည်ထဲရေး ဝန်ကြီး တို့ တက်ရောက် ပြီး သူ့ရဲ့ သူရ သတ္တိ အတွက် ပြင်သစ် နိုင်ငံ ကိုယ်စား ကျေးဇူး တင်ရှိကြောင်း ပြောဆို ခဲ့ကြ ပါတယ်။

အသက် ၂၄ နှစ် အရွယ် မစ္စတာ ဘာ့ချီလီ ဟာ မွတ်ဆလင်မ် တစ်ဦး ဖြစ်ပြီး၊ အခင်း ဖြစ်ပေါ်စဉ် က ဈေးဝယ် အများအပြား ကို မြေအောက်ထပ် စားသောက်ကုန် တွေ သိုလှောင်ရာ အအေးခန်း ထဲ မှာ ပုန်းအောင်း စေခဲ့ပြီး ရဲတပ်ဖွဲ့ ကို ဆက်သွယ် ခဲ့ပါတယ်။

ဒီလို စွမ်းဆောင် ခဲ့မှု အပေါ် သူ့ အနေနဲ ဂုဏ်ယူကြောင်း ပြောပေမယ့်၊ သူ့ အပေါ် သူရဲကောင်း တစ်ဦး အဖြစ် တော့ မသတ်မှတ်ကြဖို့ မစ္စတာ ဘာ့ချီလီ က ပြောပါတယ်။

‘လွတ်လပ်မှု အဓွန့် ရှည် ပါစေ၊ ပြင်သစ်ပြည်ကြီး အဓွန့်ရှည် ပါစေ’ ဆိုတာ နဲ့ အဆုံး သတ်ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်း အဆုံး မှာတော့ လူအများ က မတ်တပ်ရပ် ဩဘာ ပေးခဲ့ ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150120_france_mali_citizen


အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ တောင်းဆို ထားတဲ့ အချက်အလက်တွေ အတိုင်း၊ လက်တွေ့ဖြစ်မလာ မချင်း သပိတ်လှန်မှာ မဟုတ်ဘူး လို့ ကျောင်းသားတွေ ကပြောပါတယ်။

ပညာရေးဥပဒေကို သုံးသပ်ပြင်ဆင်ပေးဖို့ သမ္မတက လွှတ်တော်ကို သဝဏ်လွှာ ပေးပို့တာကို ကျောင်း သားတွေအနေနဲ့ ကြိုဆိုပေမယ့်၊ သူတို့တောင်းဆိုထားတဲ့ အတိုင်း ညှိနှိုင်းပြင်ဆင်မှ သပိတ်ပြန်လှန်မယ်လို့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို အခုလိုပြော ပါတယ်။

" ကျနော်တို့က သမ္မတအနေနဲ့ စာရေးပြီးတောင်းဆို တာကို ကျနော်တို့ကြိုဆိုပါတယ်၊ ဒါပေမယ့်ကျနော် တို့ လိုချင်တဲ့အချက်တွေကို အစိုးရက ကျနော်တို့ နဲ့ တွေ့ဆုံဆွေးနွေး တာမျိုးမရှိပဲနဲ့ တင်ပေးတဲ့ဥစ္စာ ကို ပြင်ပေးတယ်ဆိုရင် မကောင်းဘူးလေ၊ အဲ့တော့ ကျနော်တို့ကတော့ ဒီညနေပဲ ဘုန်းကြီးကျောင်းမှာ ကျနော်တို့ကျောင်းသားတွေစကား ပြောဖြစ်တယ်၊ အားလုံးရဲ့သဘောထားကတော့ တွေ့ဆုံဆွေးနွေးရေး ရယ်၊ နောက်ပြီး တော့ ကျနော်တို့တောင်း ဆိုထားတဲ့ ၁၁ ချက်ရယ်၊ အဲ့အချက်တွေအကုန်လုံးကို ထင်သာမြင်သာတဲ့ ဥပဒေထွက်ပြီးတော့ ပြင်ပြီးသွားပြီဆိုမှသာလျှင် ကျနော်တို့က သပိတ်လှန်မှာဖြစ်တဲ့ အတိုင်း ဒီရန်ကုန်ကို လမ်းလျှောက်တဲ့ လှုပ်ရှားမှုကတော့ဆက်ပြီး သွားနေမှာပဲ၊ အားလုံးကအဲ့လိုပဲ ဆုံးဖြတ် ပါတယ်၊ ကျောင်းသားတွေ "

အစိုးရကအတည်ပြုပြဌါန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေဟာ အရင်စနစ်ဟောင်း အတိုင်း ဗဟိုချုပ်ကိုင်မှု များနေသေးသလို၊ တိုင်းရင်းသားတွေ၊ မသန်စွမ်း သူတွေ အတွက်ကိုလဲ အထူးပြုပြဌာန်းထားတာမပါကြောင်း၊ ဆရာ သမဂ္ဂတွေ၊ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကိုလည်း လျစ်လျူရှုထားတဲ့ အကြောင်း ကျောင်းသားနဲ့ ပညာရှင်တွေ က ထောက်ပြထားကြပါတယ်။

ဒီကိစ္စအတွက် အစိုးရ၊ လွှတ်တော်၊ ဥပဒေရေးဆွဲခဲ့တဲ့ပညာရှင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ ၄ ပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းပြီး၊ ဥပဒေကိုပြန်လည်ပြင်ဆင်ဖို့ ဗကသ၊ တကသ အစရှိတဲ့ကျောင်းသား သမဂ္ဂတွေက အစိုးရကို ၂ လကြာ အချိန်ပေး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရဘက်က အချိန်မီ တစုံတရာ အကြောင်း မပြန်တဲ့ အတွက် ကျောင်းသားတွေက သပိတ်အရှိန်မြှင့်လိုက်ကြတာဖြစ်ပါတယ်။

ဒါကြောင့် သပိတ်မှောက်ခံနေရတဲ့ အဲ့ဒီပညာရေးဥပဒေကို လွှတ်တော်ကပဲ ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ တိုက်တွန်းတဲ့ သဝဏ်လွှာကို သမ္မတက လွှတ်တော်ကို ပို့လိုက်တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားတွေဟာ မန္တလေးမြို့ကနေ  ရန်ကုန်မြို့ကို စတင်ချီတက် နေသလို နယ်မြို့အသီးသီးက ကျောင်းသား တချို့ကလည်း ကျောင်းသား သပိတ်ကို ပူးပေါင်းပါဝင်ဖို့ နယ်မြေတချို့မှာ ပညာရေး ဥပဒေကို ကန့်ကွက် ဆန့်ကျင် နေကြပါတယ်။

ပြည်သူ့လွှတ်တော် ပြန်လည်စတင်တဲ့နေ့ဖြစ်တဲ့ တနင်္လာနေ့တုန်းကတော့ သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကကို ပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ အတည်ပြုပြီးသား အမျိုးသား ပညာရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်ကနေ ပြန်လည်သုံးသပ်ပေးဖို့ ရေးသားထားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မန္တလေးမြို့ အိမ်တော်ရာဘုရာဝင်းကနေ စတင်ထွက်ခွာလာတဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားသပိတ်ဟာ မနက်ပိုင်းကနေ လမ်းတလျှောက် ကြွေးကြော်သံတွေနဲ့ ချီတက်နေကြပါတယ်။

“အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ အလိုမရှိ။

အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ အလိုမရှိ။

ဒီမိုကရေစီပညာရေး တို့အရေး၊ တို့အရေး။”

ညနေပိုင်းမှာတော့ မန္တလေးတိုင်း မြစ်ငယ်မြို့ကို ရောက်ရှိနေပြီး သူတို့ကို အာဏာပိုင်တွေက မြို့နယ်တိုင်းမှာ နောက်ကနေ လိုက်လံသတင်းယူမှုတွေ ရှိနေတယ်လို့ ကျောင်းသားသပိတ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းသွေးသစ် က ဆိုပါတယ်။

“လမ်းဆုံလမ်းခွတိုင်းမှာ ရဲတွေက ကျနော်တို့အင်အားကို ရေတာ၊ နောက် ဗွီဒီယိုရိုက်တာ၊ ဓာတ်ပုံမှတ်တမ်း ယူတာတွေရှိတယ်။ ယူနီဖောင်းအပြည့်အစုံနဲ့ ရဲတွေ၊ လမ်းတလျှောက်မှာ ကျနော်တို့နောက်က လိုက်နေတဲ့ ရဲအင်အားက ၀တ်စုံပြည့် ၀တ်ပြီးတော့ပေါ့ မြစ်ငယ်ကိုရောက်တဲ့ အချိန်မှာ သူတို့တပ်ဖွဲ့ပြန်ချိန်းသွားတယ်။ အရပ်ဝတ်နဲ့ လိုက်နေတာတွေကတော့ အများကြီးပါပဲ ဆိုင်ကယ်လ်နဲ့။”

အလားတူ မုံရွာ၊ ပခုက္ကူ၊ ထားဝယ် စတဲ့ နေရာတချို့မှာလည်း အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင် ကန့်ကွက်မှုတွေ ရှိနေပြီး နယ်မြို့အသီးသီးကနေ သူတို့သပိတ်ကို လာရောက်ပူးပေါင်းမှာ ဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တဦးလည်းဖြစ် ဗကသများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ မဖြိုးဖြိုးအောင် က ဆိုပါတယ်။ ကျောင်သားသပိတ်တွေဟာ ရန်ကုန်မြို့မှာ လာရောက် ပူးပေါင်းကြမှာဖြစ်ပြီး ၁၅ ရက်အတွင်း ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့်မယ်လို့ ကျောင်းသားကြေညာထားပါတယ်။

လွှတ်တော်ပြန်စခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကကို သ၀ဏ်လွှာပို့ရမှာ အတည်ပြုပြီးသား အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်ကနေ ပြန်လည်သုံးသပ်ပေးဖို့ ရေးသားထားပါတယ်။

ဒီအထဲမှာ ကျောင်းသားတွေ ထောက်ပြပြောဆိုခဲ့တဲ့ အချက်တွေထဲက ဗဟိုချုပ်ကိုင်မှု လျှော့ချရေး အမျိုးသား ပညာရေး ကော်မရှင် မလိုကြောင်း တောင်းဆိုမှုနဲ့ အလားတူ အဆင့်မြင့် ပညာရေး ပေါင်းစပ်မှု ကော်မတီ မလိုအပ်ကြောင်း တောင်းဆိုမှု ဆရာအဖွဲ့အစည်းတွေ ကျောင်းသားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ရေး ဥပဒေမှာ ထည့်သွင်းနိုင်ရေး တောင်းဆိုမှု လူတိုင်းအကျုံးဝင် ပညာရေးကို ဥပဒေမှာ ထည့်သွင်းဖို့ တိုင်းရင်းသား စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ လက်တွေ့ကျင့်သုံးရခြင်း မရှိသေးတဲ့ ဥပဒေနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်တဲ့ ဥပဒေမူဘောင်ထဲမှာ မရှိတဲ့အတွက် ဥပဒေပြုရေးအပိုင်းကနေ ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်ပါတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ NNER လို့ခေါ်တဲ့ ပညာရေးအဖွဲ့အစည်းရဲ့ မူဝါဒညှိနှိုင်းရေးအဖွဲ့ဝင် မသူသူမာကတော့ သမ္မတရဲ့ သ၀ဏ်လွှာဟာ  ကျောင်းသားလှုပ်ရှားမှုတွေကြောင့် သက်ရောက်လာတယ်လို့ ယူဆကြောင်းနဲ့ ပညာရေးဥပဒေ ရေးဆွဲစဉ်က ပါဝင်ခဲ့ရတဲ့ အရပ်ဘက် အဖွဲအစည်းတွေဟာ National Level အဆင့်မှာတော့ ပါဝင်ခွင့် ဆုံးဖြတ်ချက်ချခွင့်တွေ ကန့်သတ်ခံရတာကြောင့် ဒီအခြေအနေတွေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။

“ကျောင်းသားတွေ ဆန္ဒထုတ်ဖော်မှုကြောင့် သက်ရောက်မှုရဲ့ နောက်ဆက်တွဲကိစ္စ ဖြစ်တဲ့အတွက် ကျောင်းသားတွေတောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်ပေါ့နော် အစိုးရရော၊ လွှတ်တော်ရော၊ ကျမတို့ NNER ပညာရေးအဖွဲ့အစည်းရောပေါ့ အဲ့လိုပါတဲ့ တွေ့ဆုံဆွေးနွေးရေးတွေကပဲ အကောင်းဆုံး အဖြေရှာနိုင်မယ်လို့ ထင်ပါတယ်။ အရင်တုန်းကတော့ ခုနပြောတဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ တာဝန်ယူခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်က ကန့်သတ်ပစ်လိုက်တာကိုနော်။ ပထမဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ပဲရှိတယ်။ ဆုံးဖြတ်ပိုင်ခွင့်ကတော့ လုံးဝကို မရှိဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေဟာ တကယ့် National Level အဆင့်ပေါ့နော် Finalize ကိုရောက်တဲ့အချိန်ကျတော့ လုံးဝ ပါဝင်ခွင့်ရော၊ ဆုံးဖြတ်ပိုင်ခွင့်ရော မရှိခဲ့တဲ့အတွက် ဒါက ပိုပြီးတော့ အငြင်းပွားစရာ ဖြစ်လာတာပေါ့နော်။ အခု သမ္မတရဲ့ သ၀ဏ်လွှာမှာလည်းပါတယ်။ ပညာရေးနဲ့သက်ဆိုင်တဲ့အဖွဲ့တွေကိုလည်း သူ ၉၉ ကြိမ် ဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ ထွက်လာတဲ့ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ကိုတင်ပြီးတော့ ဒီလွှတ်တော်က အတည်ပြုပေးခဲ့တဲ့အတွက် ဒါကတော့ သူက ခုခံကာကွယ် ပြောဆိုသွားတာပေါ့နော်။”

အငြင်းပွားဖွယ်ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်မှာတော့ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာ မသိပေမဲ့ ကျောင်းသားတွေကတော့ အစိုးရ၊ လွှတ်တော်၊ NNER လို ပညာရေးအဖွဲ့အစည်းနဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကော်မတီတို့ တရားဝင် ဆွေးနွေးနိုင်ဖို့ကိုပဲ တောင်းဆိုနေပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/burmese-students-protest/2606057.html

ဓာတ်ပုံ – ကိုမင်းနေထူး
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲအပြီး ဖမ်းဆီး တရားစွဲ ခံကြရတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူငါးဦးကို ရန်ကုန်တိုင်း ဒဂုံမြို့ နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေး ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (၀င်း) ခေါ်ဒေါ်လေးလေးနဲ့ ကိုတင်ထွဋ်ပိုင်တို့အပါအ၀င် ၇ ဦးကို ၀တ်ရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ ခုတပ်ပြီး ဒဂုံမြို့နယ်က တရားစွဲဆိုစစ်ဆေးနေတာပါ။ နှစ်ဦးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

သူတို့ကို ဒီလကုန်ပိုင်းမှာအမိန့် ချမှတ်မှာဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဒီနေ့ ရုံးချိန်းကတော့ အာမခံ ကျနော်တို့က လျှောက်တယ်။ အစိုးရဖက်ကတော့ ရိုးရိုးသာ မာန်ပဲကန့်ကွက်တယ်ပေါ့။ ကန့်ကွက်ပြီးတော့ ကျနော်တို့ ၂၇ ရက်နေ့မှာ အမိန့်ချဖို့ ရွှေ့ဆိုင်း လိုက်ပါတယ်။ ”

ဒီကနေ့ရုံးထုတ်မှာ ငြိမ်းစုစီပုဒ်မ ၁၈ (ငြိမ်းချမ်းစွာ စုဝေစီတန်းလှည့်လှည်ခွင့်ဥပဒေ) နဲ့ ထပ်မံအမှု ဖွင့်ထားတယ်လို့လည်း ပြောပါတယ်။

မနှစ် ဒီဇင်ဘာလအတွင်းဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့ကို ဖြတ် လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ် ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/77808

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.