01/25/15

မြင်းခြံမြို့ထဲကိုမရောက်ခင်မြို့အဝင်လမ်းမှာတင်ပဲများပြားလှတဲ့မြင်းခြံမြို့ပြည်သူလူထုကြီးကပြည့်ရင်သွေးကျောင်းသားတွေရဲ့ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကြီးကိုလာရောက်အားပေးကြိုဆိုခဲ့ကြပြီးသပိတ်စစ်ကြောင်းထဲကိုဝင်ရောက်ပူးပေါင်းလို့ကျောင်းသားတွေရဲ့ကြွေးကြွော်သံ(၃)ခုဖြစ်တဲ့`ဒီမိုကရေစီပညာရေး ဒို့အရေး´ `ကျောင်းသားသမဂ္ဂများလွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး´ `ကျောင်းသားပြည်သူကိုအခြေမခံသောအမျိုးသားပညာရေးဥပဒေ အလိုမရှိ´ စတဲ့ကြွေးကြော်သံများကြွေးကြော်ခဲ့ကြပါတယ်။

ကျွန်တော်တို့ကျောင်းသားများ၏ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းသည်များပြားလှသောလူထုကြီးကြောင့်ရှေ့သို့တိုးမပေါက်သဖြင့်
ယခုထိမြင်းခြံမြို့ထဲသို့မရောက်ရှိသေးပါ။
ကျောင်းသားသပိတ်အားပြည်သူလူထုကြီး၏အားပေးထောက်ခံမှုကအာဏာရှင်စနစ်နှင့်စစ်ကျွန်ပညာရေးစနစ်အပေါ်ဘယ်လောက်ထိ
မုန်းတီးရွံရှာနေကြောင်းသိသာနေပါပြီ။
စနစ်ဆိုးကိုအမြစ်ဖြုတ် အာဏာရှင်တွေ တောထုတ် တောထုတ်
.
မင်းသွေးသစ် Min Thawe Thit
ဗကသများအဖွဲ့ချုပ်
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း

 
Bangkok Post နဲ့ Straits Times က Myanmar firebrand monk defend UN whore slur
မြန်မာ့ ဘုန်းကြီးက ကုလသမဂ္ဂဖာသည်မဆိုပြီး တိုက်ခိုက်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တယ်..

ဤအကြောင်းအရာတွေကို မရေးချင်။ အထူးသဖြင့် ဝီရသူအကြောင်းဆို ပို၍ပင်မရေးချင်။ သို့ရာတွင် သူကတိုင်းပြည်အရေးကို ဝင်ရောက်နှောက်ယှက်လာသည့်အတွက် ရေးမှဖြစ်မည်ဟု ယူဆမိသဖြင့် ရေးလိုက်သည်။ ဝီရသူသည် အထက်ဗမာပြည်တွင် မွတ်စလင်ဆန့်ကျင်ရေးလှုံဆော်မှုကြောင့် မွတ်ဆလင်ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်တို့ မီးလောင်နေဆုံးသွားမှုကြောင့် ထောင်ကျ ခဲ့သည်ဟု ကြားသိရသည်။ ဤအတိုင်းမှန်ပါကလူကိုသေစေရန် လှုံဆော်သဖြင့် ဗုဒ္ဓဘာသာအရ ပါရာဇိကံကျပြီး ဖြစ်သည်။ ရာဇဝတ်ပြစ်မှုဖြင့်ထောင်ကျခဲ့သူဖြစ်သည်။

ကျနော်တို့ အမေရိကရောက်ကျောင်းသားများ မြန်မာပြည်သို့ အစိုးရအဖွဲ့ဝန်ကြီးနှစ်ဦးနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးရန် ပြည်တော်ပြန်လာစဉ်က မန္တလေးမစိုးရိမ်တိုက်ဟောင်းနှင့် တိုက်သစ်မှ ဆရာတော်များကြီးကို သွားရောက်ဂါရဝပြုစဉ် တိုက်သစ်တွင် သီတင်းသုံးနေသော ဝီရသူကို မွတ်ဆလင်ဆန့်ကျင်ရေးလုပ်နေသဖြင့် နာမည်ထွက်နေသောသူဖြစ်ကြောင်း ပြောပြကြသဖြင့် လေ့လာလိုသည့်စိတ်နှင့် ကျနော်၊ မိုးသီးဇွန်၊ ကိုကိုလေး၊ မူးသာတို့အပြင် အေဘီအက်ဒီအက် မြောက်ပိုင်းအသက်ဘေးမှ လွတ်လာသော ကျောင်းသားများအဖွဲ့မှ ကိုညီညီကျော်၊ မအမာနီတို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။

ဝီရသူကျောင်းသို့ရောက်ပြီးနောက် ယင်းပုဂ္ဂိုလ်က ချက်ချင်းထွက်မလာဘဲနေပြီးမှ ဗီဒီယိုရိုက်ကူးသူ ပုဇင်းပျိုတပါးဖြင့် ကျနော်တို့အုပ်စုကို ဗီဒီယိုရိုက်စေပြီး ဧည့်ခံစကားပြောသည်။ ကျနော်တို့သည် အေဘီအက်စ်ဒီအက်ဖ်မှ ခေါင်းဆောင်များဖြစ်သည်ဟု မိတ်ဆက်ခဲ့ပြီးနောက် သူက ကျနော်တို့အား “အခု မြောက်ပိုင်းအေဘီအက်စ်ဒီအက်ဖ်မှာ ဖြစ်ခဲ့တဲ့သတ်ဖြတ်မှုတွေဟာမဖြစ်သင့်ကြောင်း၊ သို့သော်လည်းထိုသို့ သတ်ဖြတ်မှုကိုကျူးလွန်သူများကို လက်စားခြေမည်ဆိုသည်မှာလဲ မဖြစ်သင့်ကြောင်း၊ ထိုသို့ လက်စားခြေအရေးယူရန်လုပ်နေခြင်းသည် လူယုတ်မာတို့၏ လုပ်ရပ်သာဖြစ်ကြောင်း ပြောကြားသည့်အခါ မြောက်ပိုင်းတွင် မတရား နှိပ်စက်ညှင်းပန်း ခံခဲ့ရသူ ကိုညီညီကျော်နှင့် အသတ်ခံရသူအထက်ဗမာပြည်ဗကသဥက္ကဋ္ဌကိုထွန်းအောင်ကျော်၏ ဆွေမျိုးတော်စပ်သူ မအမာနီတို့မှာ အတော် လှုပ်လှုပ်ရှားရှား ဖြစ်၍သွားခဲ့ပါသည်။

ကျနော်မှ “ဦးပဇင်းအနေနဲ့က ဗုဒ္ဓဘာသာဝင်ရဟန်းဖြစ်နေတော့ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံဖို့ ခွင့်လွှတ်ဖို့ ပြောတာနားလည်ပါတယ်။ ဒါပေမဲ့ ဒီအသတ်ခံရတဲ့သူတွေထဲမှာ ဦးပဇင်းရဲ့အဖေ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးတွေ တယောက်မှ မပါဘူး။ ဦးပဇင်းကိုယ်၌ကလည်း နှိပ်စက်တာ မခံစားခဲ့ရဘူး။ ဒါကြောင့် ဦးပဇင်းက ခွင့်လွှတ်သင့်တယ်ဆိုတာကို လွယ်လွယ်နဲ့ပြောနိုင်ပေမဲ့ ဖခင်တွေ၊ အကိုတွေ၊ သမီးတွေ၊ သားတွေ ဆုံးရှုံးခဲ့ရတဲ့ သူတွေအနေနဲ့ တရားမျှတမှုကိုတော့ လိုလားမှာ အမှန်ပါဘဲ။ ဒါကို ယုတ်မာတယ်လို့ မသတ်မှတ်သင့်ပါဘူး။ နောက်တချက်က ဦးပဇင်းပြောသလို ဒီလိုလူသတ်တရားခံတွေကို လက်စားမခြေနဲ့ ခွင့်လွှတ်လိုက်လို့ဆိုရင် ကျနော်တို့ နိုင်ငံမှလူသတ်မှုကိုတောင်ခွင့်လွှတ်ပြီဆိုမှ ထောင်ဆိုတာ ထားစရာတောင် မလိုတော့ဘူး။ ကျန်တဲ့အမှုတွေဟာ အသေးအဖွဲလေးတွေပဲ။ ဒါကြောင့် ထောင်လည်း မထားဘဲ အပြစ်လုပ်တဲ့သူတွေ မှန်သမျှ ခွင့်လွှတ်လိုက်ရင် မြန်မာပြည်မှာ လုပ်ချင်တာလုပ်ဟေ့ အားလုံးက ခွင့်လွှတ်တယ်ဆိုပြီး လူတွေသတ် ဓါးပြတိုက်နဲ့ မင်းမဲ့စရိုက်တွေ ကြီးစိုးလာမှာပဲ၊ ထောင်တွေထားတာ ဒီလိုဖြစ်မလာ အောင်ပေါ့” ဟု ပြောလိုက်သည့်အခါ ဝီရသူငိုင်သွားသည်။ ဘာမှဆက်မဟနိုင်တော့။ ဝီရသူသည် ထိုကဲ့သို့သင်္ကန်းဝတ် ဖြစ်သည်။ ဘုန်းကြီးတော့မဟုတ်။ အတွေးအခေါ်မရှိ ထင်ရာပြော ထင်ရာလုပ်နေသည့်လူရမ်းကားသာဖြစ်သည်။

ယခု ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယုံဟီလီးကို “မျိုးစောင့်ဥပဒေ ဒီလောက်ချပြထားတာ ဒီကောင်မက တစ်ခုမှ မလေ့လာဘဲ ဟိုစွာကျယ်မတွေ တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီး ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်းသမီး ဟုတ်ပါသလား။ ကုလသမဂ္ဂထိုင်ခုံပေါ် ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ ခင်ဗျားဟာ ကျုပ်တို့နိုင်ငံအတွက်တော့ ဖာသည်မပဲဗျ။ ခင်ဗျားစိတ်ပါလို့ ခင်ဗျားကုလားကို ဖင်ပေးပါ”။ စသည်ဖြင့် ယုတ်ရင်းကြမ်းတမ်းသောစကားကို ဆဲရေးပြောခြင်းသည် သူ၏အဆင့်အတန်းကို ဖေါ်ပြနေသလိုတဖက်မှလည်း ဗုဒ္ဓဘာသာအခြေခြုံထားသည့်အတွက် မြန်မာဗုဒ္ဓဘာသာ ရဟန်းတွေဟာ ဒီလိုအောက်တန်းကျတဲ့ စကားတွေပြောပါလား၊ ပြောရင်လည်း အပြစ်မယူပါလားဟု မြန်မာနိုင်ငံ၏ သံဃာထုကြီးတစ်ရပ်လုံးကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်အပြင် ဗုဒ္ဓဘာသာ၏ ဂုဏ်ကိုလည်း တိုက်ရိုက်ထိခိုက်စေသည်။

တဖက်တွင်လည်း စာရေးဆရာထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် ရဲမှအမှုဖွင့်၍ အရေးယူ ထားပြီး အာမခံပေးရန်လျှောက်ထားမှုကို တရားသူကြီးကသုံးကြိမ်တိတိပယ်ချပြီးဖြစ်သည်။ စာရေးဆရာထင်လင်းဦးတွင် အရေးယူခံရနိုင် လောက်သည့် သာသနာညှိုးနွမ်းစေသည့် အပြောအဆိုကို မတွေ့ရပါ။ ဦးထင်လင်းဦးက မိမိအမျိုးကိုမှ ချစ်မည်ဆိုလျှင် “ဗုဒ္ဓသည် မြန်မာပြည်ရှိ မည်သည့် တိုင်းရင်းသားမှ မဟုတ်သည့်အတွက် အမျိုးချစ်ရင်မကိုးကွယ်ကြနဲ့ပေါ့” ဟုဆိုသည်။ သူကဆက်၍ “ဗုဒ္ဓကို ကိုးကွယ်သည်မှာ သူ၏တရားဓမ္မကိုကြည်ညိ၍ ဖြစ်သည် လူမျိုးကိုကြည့်၍ ကိုးကွယ်ခြင်းမဟုတ်” ဟု ဆိုသည်ကို အထအနကောက်ပြီး “ဗုဒ္ဓကို မကိုးကွယ်နဲ့” ဆိုပြီးပြောသည်ဆိုသည့်အပိုင်းကိုသာ ဖေါ်ပြပြီး သူပြောသည့်အကြောင်းအရာ အပြည့်အစုံကို မဖေါ်ပြဘဲ တရားစွဲဆိုကြခြင်း ဖြစ်သည်။ “သာသနာကိုဖျက်နေသောသူများသည် သာသနာ အရေခြုံထားသည့် သီလကြောင်များကြောင့်သာဖြစ်သည်” ဟု သူကပြောသွားခြင်း သည်လည်း ဗုဒ္ဓသာသနာကို သန့်စင်လိုသည့် စေတနာဖြင့် သာသနာကို ခုတုံးလုပ်နေသည့် သင်္ကန်ဝတ် အရေခြုံများကိုသာ ပြစ်တင်ပြောကြား သွားခြင်းဖြစ်သည့်အတွက် သူ့အား သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားစွဲခြင်းသည် ယနေ့ မြန်မာနိုင်ငံတွင် တရားဥပဒေအမှန် တကယ်စိုးမိုးမှု မရှိကြောင်း မတရားဥပဒေသာရှိကြောင်း သက်သေပြချက်တခုပင်ဖြစ်သည်။

ဝီရသူသည် မန္တလေးမဘသညီလာခံကြီးတွင် လူတွေ့မေးမြန်းစဉ်က သူ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီရအောင် ကြိုးစားနေသည့်အတွက် လေးစားကြောင်း သို့ရာတွင် သမ္မတအဖြစ် ရွေးရမည်ဆိုလျှင် သူမသည် နိုင်ငံခြားသားကို ယူထားသဖြင့် တိုင်းပြည်အတွက် အသက်စွန့် တာဝန်ထမ်းဆောင်ခဲ့သော သူရဦးရွှေမန်းကိုသာ ရွေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်မှာ ကြံခိုင်ဖြိုးပါတီအတွက် ဗြောင်မဲဆွယ်မှုပင် ဖြစ်သည်။

သာသာနာကို မပျက်မယွင်းအောင် စောင့်ရှောက်ရမည်ဆိုသောသူသည် ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားကို ယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဟုဆိုခြင်းသည် သူ့ပြောစကားနှင့် ရှေ့နောက်ဆန့်ကျင်လျက်ရှိသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း နိုင်ငံခြားသားဆိုလျှင် လက်မခံဆိုသည်မှာ ဘာသာရေးထက် လူမျိုးရေးကို ဦးစားပေးနေသော အရေခြုံဘုန်းကြီး ဖြစ်နေကြောင်း သက်သေပြမှုပင်ဖြစ်သည်။

နိဂုံးအားဖြင့် ဗုဒ္ဓမြတ်စွာသာသနာကို အမှန်တကယ် ညှိုးနွမ်းအောင် ဂုဏ်သိက္ခာ ကျအောင် ပြုလုပ်ခဲ့သော ဝီရသူလိုသူမျိုးကို ချက်ချင်းအရေးယူသင့်သော်လည်း အစိုးရခါးပိုက်ထဲမှ သံဃာ့မဟာနာယကအဖွဲ့ကြီးသည်လည်း တိုင်သူမရှိ၍ ဆိုပြီးနှာစေးနေခြင်းနှင့် အစိုးရရဲတပ်ဖွဲ့မှလည်း အပြစ်မရှိသူကို ဖမ်းဆီးပြီးအပြစ်ရှိသူကို အရေးမယူဘဲ လွှတ်ထားခြင်းတို့သည် ဝီရသူကို အစိုးရမှမွေးထားခြင်းကို ထင်ရှားစေသည်။

ထွန်းအောင်ကျော် (၇၄)


|| Opinion - သွေးသုန္ဒရ (စစ်ကိုင်း) ||

မြန်မာအစိုးရ တာဝန်ရှိသူတွေက ကချင် ပြည်နယ်တွင်းက သစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်နွှယ်ပြီး တရုတ်နိုင်ငံသား ၁၂၀ လောက် ကို ဖမ်းဆီးထား တဲ့အကြောင်း ကြေညာထား တာကို ဖတ်ရတော့ ဆက်စပ်တွေးမိတာတွေ တသီတတန်းကြီး ပေါ်လာပါတယ်။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ မကြာ သေးခင်တုန်းက တရားမဝင် သစ် ထုတ်လုပ်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ် နိုင်ငံ သားတွေ ဘေးကင်း လုံခြုံအောင် စောင့် ရှောက်ထားဖို့နဲ့ တရားဥပဒေနဲ့ အညီ ဆောင် ရွက်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ လုံခြုံရေးနဲ့ ဥပဒေအရ ခံစားခွင့်တွေပေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ၁၉-၁-၂၀၁၅ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က တရုတ် နိုင်ငံရဲ့ စိုးရိမ်မကင်းတဲ့ သဘော ထားတွေကို အလေးထားပြီး အမှုမှာပါဝင် ပတ်သက်နေသူ တွေ ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ ဖြစ်တယ်လို့ တုံ့ပြန်ချက် ရရှိ ထားကြောင်း လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ခွင့်ရသူ က ပြော သွားပါတယ်။

ဒီအတောအတွင်း မကြာသေးခင် ရက် ပိုင်းတွေကစလို့ ကချင်လက်နက်ကိုင် တပ် ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ အရပ်သားတွေထဲမှာ (တရားမဝင် ဝင်ရောက်နေကြောင်း ယူဆရတဲ့) တရုတ်နိုင်ငံသား အများအပြားလည်း ပါဝင်နေတဲ့အကြောင်း တရုတ်ကွန်မြူနစ် ပါ တီအာဘော် Global Time သတင်းစာက ဖော်ပြခဲ့တယ်။

ဒီလိုအကြောင်းတွေ ဖန်လာတော့ ၂၀၁၂ ခုနှစ်က သေဒဏ်ပေးခံရ တဲ့ မြန်မာနိုင်ငံသား (မူးယစ် ရာဇာလို့ဆိုတဲ့) စိုင်းနော်ခမ်းအပါအဝင် ၆ ဦး ရဲ့အမှုကို သတိရမိတယ်။ သူတို့တွေ အ ယူခံခဲ့ပေမယ့် တရုတ်၊ ယူနန်ပြည်နယ် ကူမင်းမြို့ (Intermediate Court) တရားရုံးက ပယ် ချခဲ့ပါတယ်။

စိုင်းနော်ခမ်း အပါအဝင် ၆ ဦးဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလက ထိုင်း-မြန်မာနယ် စပ် မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ် ခဲ့တယ်။ ဘာကြောင့် လူ နည်းစုက လူများစုကို သတ်ဖြတ်နိုင် ခဲ့တာလဲ။ မေးခွန်းထုတ်စရာပါ။ မကောင်းမှု (ဘိန်း၊ မူး ယစ်) အတူလုပ်ရင်း အဝေ မတည့်လို့လား၊ တ ရုတ်တွေက ညစ်လို့လား၊ အမှုဖြစ်စဉ်ကို ပြည် သူတွေ သိခွင့်မရခဲ့ဘူး။ ဒါပေမဲ့ လိပ်ကျွန်း လူသတ်မှု (ထိုင်း)ကျတော့ လွှတ်တော်ဥက္ကဋ္ဌ က အာမခံရဖို့ထိ ပြောဆိုရပ်တည် ခဲ့တယ်။ နော်ခမ်းအမှုမှာ သူအပါအဝင် ၄ ဦး (ဆန်ခမ်း၊ ယီလိုင်းနှင့် ဂျဆီးကား) ကို သေဒဏ်ပေးခဲ့ တာပါ။ ကျန် (လားဟူ အမျိုးသား) ၂ ယောက် အနက် ဂျပိုးကို ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးကို ထောင်ဒဏ် ၈ နှစ် စသဖြင့် ပြစ်ဒဏ်ကိုချ မှတ်ခဲ့တယ်။ ဒီတော့ နော်ခမ်းကို ပြန်တောင်း တာ၊ မတောင်းတာရဲ့ အကျိုးအပြစ် အားသာ ချက် အားနည်းချက် ရှိပါလိမ့်မယ်။ ဒါကို အဓိက ဆိုလိုချင်တာ မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ မူးယစ်ဥပဒေ မှာလည်း သေဒဏ် ပါပါတယ်။

၂၀၁၂ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စိုင်းနော် ခမ်းနဲ့ တရားစွဲခံထားရသူတွေက အပြစ်ကျူး လွန်ခြင်းမရှိကြောင်း ထွက်ဆိုအယူခံဝင်ခဲ့တာ တောင် တရားရုံးက အယူခံကို ပယ်ချခဲ့တယ်။

အသက် ၄၃ နှစ်အရွယ် စိုင်းနော်ခမ်းကို ထိုင်း- မြန်မာ- လာအိုနဲ့ တရုတ်နိုင်ငံတွေ က မူးယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှုတွေ နဲ့ အလိုရှိနေ တဲ့ သူဖြစ်ကြောင်း သိရပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီလို မူးယစ်ဆေးဝါး ထုတ်၊ လက်နက်ကိုင် တပ်ဖွဲ့ထောင်၊ လူသတ် တဲ့ နာမည်ကြီးတွေကို လက်ခံခဲ့တဲ့ အစဉ်အ လာရှိပြီး ဖြစ်ပါတယ်။ တကယ်တော့ သူဟာ ဘိန်းဘုရင် ခွန်ဆာရဲ့ တပ် MTA မှာ (ဆက် ကြေးကောက်တာဝန်ခံ လို့လည်း ဆိုတယ်) တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်။ ဒီလိုနာ မည်ကြီးတွေ ရဲ့ မျိုးဆက်တွေဟာ အဲဒီငွေတွေ နဲ့ သူဌေးကြီးတွေဖြစ်ပြီး မြန်မာ့စီးပွားရေး နယ်ပယ် မှာ ဘယ်လိုရှိနေသလဲဆိုတာ အား လုံး သိပြီးဖြစ်ပါတယ်။

နော်ခမ်းဟာ မဲခေါင်မြစ်ကြောင်းမှာ သွား နေတဲ့ တရုတ်သင်္ဘောပေါ် က လောင်းကစားဝိုင်းတွေထံက ဆက်ကြေးကောက်သတဲ့။ တရုတ် သင်္ဘောတွေပေါ် လောင်းကစားဝိုင်း လုပ်တာ တရုတ်အစိုးရ ရဲမသိဘူးလား။ တစ် ဖက်နိုင်ငံ ပိုင်နက်အတွင်း နော်ခမ်းက ဝင်ပြီး ဆက်ကြေးကောက်နိုင်တဲ့ အခြေအနေကဘာ ကြောင့်လဲ။ တရုတ်သင်္ဘောက CCTV ကင်မရာနဲ့ သေ ဒဏ်ပေးခံရတဲ့ ၄ ဦးအနက် ဆန်ခမ်းနဲ့ ယီလိုင်းတို့ရဲ့ ပုံတွေကို မှတ်တမ်းတင် နိုင်ပေမယ့် စိုင်းနော်ခမ်းပုံကို မတွေ့ရဘူး။ စိုင်းနော်ခမ်း ပါတယ် ဆိုတဲ့ အထောက်အထား မရှိဘူးလို့ သိရတယ်။ စစ်ဆေးရာမှာလည်း စိုင်းနော်ခမ်းက သတ်ဖြတ်ဖို့ အမိန့်မပေးပါ လို့ ထွက်ဆိုကြတယ်တဲ့။

ဒါပေမယ့် တရုတ်အာဏာပိုင်တွေက စိုင်းနော်ခမ်းရဲ့ ညွှန်ကြားချက်မပါဘဲ ၎င်းရဲ့ လက်အောက်ငယ်သားတွေက တရုတ် ၁၃ ဦးကို သတ်ဖြတ်မှာမဟုတ်လို့ ယုံကြည်ခဲ့ကြ တယ်တဲ့။

အဲဒီအမှုနဲ့ပတ်သက်လို့ တရုတ်က ဘယ် လောက် လူပါးဝသလဲဆိုရင် တရုတ် အဆင့် မြင့် အရာရှိတွေကို ကျိုင်းတုံအထိ လွှတ်ပြီး စိုင်းနော်ခမ်းရဲ့ ဒုတိယ လက်ထောက် စိုင်း အောင်မြတ်ခေါ် ဇိန်းဟုန်ကို မြန်မာနိုင်ငံသား မဟုတ်လို့ စွပ်စွဲပြီး သူတို့ကိုလွှဲပေးဖို့ တောင်း ဆိုခဲ့ကြတယ်။ ဒါကို မြန်မာအစိုးရက လက်မခံ ခဲ့ဘူး၊ တကယ်တော့ စိုင်းအောင်မြတ်မှာ တာလေမြို့နယ်ခွဲ မိုင်းလင်း ကျေးရွာအုပ်စု နမ့်ခင်း(မ်း)ရွာနေ သူ့ မိဘတွေ၊ ဇနီးသား သမီးတွေ၊ မောင်နှမတွေရှိနေပါတယ်။

တစ်ဖက်ကလည်း စိုင်းအောင်မြတ်ဟာ တရုတ် ၁၃ ဦးကို သတ်ရာမှာ ကိုယ်တိုင် ပါဝင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ထိုင်းနယ်စပ်သ တင်းတွေမှာ ဆိုထားတယ်။ မြန်မာအစိုးရက တော့ လက်နက်ချတဲ့ မြန်မာနိုင်ငံသား တစ်ဦးဖြစ်တာကြောင့် တရုတ်အစိုးရထံ လုံးဝလွှဲအပ်ပေးမှာ မဟုတ်ကြောင်း သိရ တယ်။ အဲဒီတုန်းက သျှမ်းသတင်းစဉ်မှာ ဘိန်း စိုက်ပြီး မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ် ပြီး ရှမ်းပြည်နယ်အတွက် လက်နက်ကိုင်နေ တာပါ လို့ ပြောနေသူတွေကို မြန်မာအစိုးရဆီ မှာ အမှားဝန်ခံ လက်နက်ချဖို့နဲ့ မချ ရင်တော့ စိုင်းနော်ခမ်းနောက် မကြာခင် လိုက်ရမယ်လို့ ဖော်ပြခဲ့တယ်။ ၂၀၁၂ မေလလယ်ပိုင်းက နော်ခမ်းရဲ့ တပ်ဖွဲ့ဝင် ၂၅ ဦးဟာ မြန်မာစစ် တပ်ထံ လက်နက်ချခဲ့တယ်။

နော်ခမ်းအမှုဖြစ်စဉ် အကျဉ်းနဲ့ တရုတ် တို့ အရေးယူခဲ့ပုံကို ဖော်ပြခဲ့ပြီးပါပြီ။ ဆက်ပြီး ဆိုလိုချင်တာက နော်ခမ်းဟာ ဒီတရုတ်တွေ ကို သတ်၊မသတ်လည်း မသိရဘူး။ သံသယ ရဲ့အကျိုးကို ခံစားခွင့်လည်းမရခဲ့ဘူး။ တရုတ် က သူ့ဥပဒေ အတိုင်း ပြတ်ပြတ်သားသား စီ ရင်ခဲ့တယ်။

တရုတ်တွေဟာ ၂၀၁၂ ခုနှစ်က စတင်ပြီး သစ်အပါအဝင် သယံဇာတတွေကို ခိုးထုတ် နေခဲ့တယ်။ မြန်မာ့ဥပဒေတွေကို ချိုးဖောက် ပြီး တရားမဝင် ဝင်လာ တယ်။ သစ်ခိုးထုတ် တယ်။ အဲဒီတရုတ်တွေကို သစ်တောဥပဒေ၊ လ၀က ဥပဒေတို့နဲ့ အရေးယူရင် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင် တယ်။ ဒါကြောင့် သူတို့ကို မြန်မာ့တရားစီ ရင်ရေးမှာ (နိုင်ငံသားတွေ ကို လုပ်သလိုမျိုး) ပုဒ်မ၊စွဲချက် အမျိုးမျိုးတင် ဆုံးဖြတ်ရင် နောင် ဘ၀တောင် တရုတ်တွေ ထောင်က လွတ်နိုင် မယ် မထင်ပါဘူး။ လုပ်ချင်ရင် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု (၆-၁၊ အပက-၃) အပြင် မူးယစ်ဥပဒေအရပါ တွဲလို့ ရတယ်။ ပြည်သူ ပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆ (၁) နဲ့ အပက (၃) နဲ့ပါ တရားစွဲ ရင် ထောင်ဒဏ် ၁၀ နှစ်အထက် ချမှတ်နိုင် တယ်။ နောင်မလုပ်ရဲအောင် အမြီးကုတ်သွား အောင် ပြင်းပြင်ထန်ထန် အရေးယူ ရမယ်။ နောက်ဆုံးအဆင့် မြန်မာနိုင်ငံသားတွေ မတ ရားဖမ်းဆီး အရေးယူခံရရင် အခြေခံဥပဒေပါ အခွင့်အရေးအရ အကာအကွယ်ပေးနိုင်ဖို့ အကျဉ်းသားချင်း လဲလို့ရနိုင်တယ်။

မြန်မာနိုင်ငံအတွင်းမှ သစ်ခိုးထုတ်ခံရမှု များအနက် ၂၀၁၄ ခုနှစ်အတွင်း အဖိုးတန် သစ်တွေ အပါအဝင် အခြားသစ်တန်ချိန် ၄၀,၀၀၀ နီးပါးအထိ ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းခိုး မှုမှာ တရုတ်နိုင်ငံသားတွေ ပါဝင်မှု အများဆုံး ဖြစ် တယ်။ ဒါပေမဲ့ ယခင်က အထူးအခွင့်အရေးရ တရုတ်တွေ ဟာ ငွေ ဒဏ်နဲ့ ပြည်နှင် ဒဏ်တွေသာ ကျခံခဲ့ရတယ်။ တရုတ်ဟာ ကမ္ဘာ မှာ တရားမဝင် သစ်လုပ်ငန်း အကြီးဆုံးလုပ် ကိုင်တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ခုနစ်ဘီလီယံ ဖိုးခန့်ရှိ တရားမဝင်သစ်တွေကို တရုတ် နိုင်ငံအတွင်းသို့ တင်သွင်းနေပြီး ယင်းတို့ အ နက် ရာခိုင်နှုန်း ၉၀ ခန့်ဟာ မြန်မာနိုင်ငံမှ သစ်တွေဖြစ်နေကြောင်း သစ်တောအသင်းရဲ့ ဆွေးနွေးပွဲမှာ ဖော်ပြခဲ့တယ်။

၂၀၀၂ ကူမင်းကုန်စည်ပြပွဲ လုပ်တော့ မြန်မာဘက်က စီးပွား၊ ကူးသန်းဒုဝန်ကြီး ဗိုလ်မှူးချုပ်တင်နိုင်သိန်း သွားခဲ့တယ်။ သူ က ဒေသလေ့လာရေးအဖြစ် ကူမင်း အနီးတစ် ဝိုက်က ရင်ကျန်း၊ ထိန်ချုံး၊ လိုင်ဇာဘက် သွားလည်ရာ မှာ မြန်မာ ဘက် က ခိုးထုတ် သယ်ယူ စုပုံထားတဲ့ ကျွန်းသစ်၊ ပိတောက်၊ တမလန်း သစ်တွေ ကို တန်ချိန် သောင်းဂဏန်း နီးပါး တွေ့ရတဲ့အတွက် VIDEO ရိုက်ယူ သွားပြီး သစ်တောဝန်ကြီးနဲ့ ဦးသန်းရွှေတို့ထံ တင်ပြခဲ့ဖူးတယ်။ နောက်ဆုံးရ သတင်းတွေ အရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေ မှာ ကျွန်း၊ တမလန်းနှင့် ပိတောက် အပါအ ဝင် အဖိုးတန်သစ်တွေအပြင် တရုတ်တွေဟာ ကညင်၊ ကြေးလန်၊ စကားဝါ စတဲ့ သစ်မျိုး တွေကိုပါ ခိုးယူနေကြကြောင်း သိရတယ်။

ပြောရရင် တရုတ်အစိုးရမှာ IMPORT/EXPORT စာရင်း အတိအကျရှိတယ်။ Border Trade Volume မှာ မြန်မာဘက်က တရားဝင်စာရင်းက အလွန်နည်း တယ်။ တရုတ် ဘက်ကတော့ မြန်မာဘက်က တရားဝင်၊မဝင် သွားတဲ့ ကုန်အားလုံး စာရင်းရှိတယ်။ အခွန် လည်းကောက်တယ်။ တစ်နှစ်တစ်ကြိမ် ကုန် သွယ်ရေးက တရားဝင် စာရင်းတိုက်ရင် မြန်မာ ဘက်က Export မှာ တန်ဖိုး ဘီလီယံချီပြီး နည်းနေလေ့ရှိတယ်။ ဒါကို မြန်မာအကြီးအကဲ တွေ ခေတ် အဆက်ဆက်က သိပြီးဖြစ်တယ်။ တရုတ်ဘက်က အခွန်ကောက်တဲ့အတွက် တရုတ် အစိုးရက သူခိုးလက်ခံပဲ ဖြစ်တယ်။

ထိုင်းနိုင်ငံ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြော ဆိုဖူးတယ်။ ‘ရှေ့နေဆိုတာ အမှန်တရားနဲ့ အလုပ်မလုပ်ဘူး။ ဥပဒေကြောင်းနဲ့ အလုပ် လုပ်တယ်။ အမှန်တရားနဲ့ ဥပဒေကြောင်းဆိုတာ အမြဲတမ်းတူညီမနေဘူး’ တဲ့။

အခုဖြစ်စဉ်မှာ အမှန်တရားကတော့ သက် သေနဲ့တကွ ရှင်းပါတယ်။ နော်ခမ်း အမှုမှာ သတ်ကြောင်း မသေချာဘဲ တရုတ်အာဏာပိုင် တွေ က သေဒဏ်ပေး ခဲ့တယ်။ အခု တရုတ် တွေက တရားမဝင်çဝင်လာတယ်၊ သစ်ခိုးခုတ်၊ ထုတ် တယ်၊ မူးယစ်ဆေးဝါးတွေ တွေ့တယ်။ သူတို့ မွေးထားတဲ့ တရုတ်သူခိုးတွေ ဖမ်းမိ ကုန်တော့ ဘေးကင်းလုံခြုံအောင် စောင့်ရှောက် ထားဖို့နဲ့ တရား ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ဖိအားပေးသလိုလို၊ ရာဇသံလိုလို ပြောလာ တယ်။ ဒီတော့ မြန်မာဥပဒေအတိုင်း လုပ်ရင် တရုတ်ကဘာပြောမလဲ။ တကယ်လို့ အမှန်တ ရားနဲ့လည်း မလုပ်၊ ဥပဒေကြောင်းအရလည်း မလုပ်ရင် ဒီတစ်သက် တရုတ်လုပ်တိုင်း မြန်မာတွေ ခံရတော့မယ်။

ရှေ့ဆက် ဒီအမှုကို ဘယ်လိုကိုင်တွယ်မလဲ။ ဘယ်လောက် ပွင့်လင်းစွာ ပြည်သူ ကို ချပြမလဲဆိုတာကြည့်ပြီး ပြည်ခိုင်ဖြိုးကိုအကဲဖြတ်မယ်။ ၂၀၁၅ အတွက်ပေါ့။

သွေးသုန္ဒရ (စစ်ကိုင်း)
The Ladies News Journal
https://www.facebook.com/News.TheLadies


မန္တလေးမြို့ကနေ ရန်ကုန်ကို ချီတက် လမ်းလျှောက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေဟာ မြင်းခြံမြို့အ၀င် ညောင်ပင်ရွာမှာ မြို့နယ်ရဲတပ်ဖွဲ့က လာရောက်တားမြစ်တာ ခံရတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။

မြင်းခြံမြို့နဲ့ ၈ မိုင်အကွာမှာရှိတဲ့ ညောင်ပင်ရွာမှာ ရဲတပ်က ရောက်လာပြီး  ပုဒ်မ ၁၈ နဲ့ အညီစာတင်ဖို့ ပြောကြားခဲ့ပေမယ့် ပြဿနာ  တစုံတရာမရှိဘူးလို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင် ကျောင်းသား မင်းသွေးသစ်ကပြောပါတယ်။

ဒီမိုကရေစီ ပညာရေးကို တောင်းဆိုနေတဲ့ ကျောင်းသားတွေဟာ မန္တလေးကနေ ချီတက်နေတာ တပတ်နီးပါးရှိလာပြီး လူ့ဘောင်သစ်လူငယ်တချို့နဲ့ ရဟန်းပျိုများသမဂ္ဂက သံဃာတချို့ ပူးပေါင်းပြီး ချီတက်နေပါတယ်။

အထက်ဗမာပြည်က သပိတ်မှောက်ကျောင်းသားတွေဟာ  အောက်မြန်မာပြည်က ချီတက်လာတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာ ပေါင်းဆုပြီး သပိတ်စခန်းဖွင့်မယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78612

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခံထားရသူ ၂ ဦးထဲက အသက်ရှင်ကျန်ရစ်သူ သတင်းထောက် ခန်ဂျီဂိုတိုစံ လွတ်မြောက်ရေးအတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အမေရိကန်သမ္မတ အိုဘားမားကို တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့တယ်လို့ ဂျပန်အစိုးရက ဒီနေ့ညနေ ၅ နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Screen Shot2015-01-25 19_06_43 copy၁၀ မိနစ်ကြာဆွေးနွေးပွဲမှာ ဂျပန်ဓားစာခံ  ဟရူနာ ယူက၀ါ (Haruna Yukawa) အသတ်ခံရတဲ့အတွက် အိမ်ဖြူတော်ရဲ့ သဘောထားထုတ်ပြန်ချက်ကို ကျေးဇူးတင်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သတင်းထောက် ခန်ဂျီဂိုတိုစံ
သတင်းထောက် ခန်ဂျီဂိုတိုစံ
အခုအကြမ်းဖက်နှိမ်နင်းရေးအတွက်သာမဟုတ်ပဲ ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရတဲ့အထိ လက်တွဲဆောင်ရွက်ကြမယ်လို့ နှစ်နိုင်ငံ သဘောထားကို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
သတင်းထောက် ခန်ဂျီဂိုတိုစံဟာ သူနဲ့အတူ အဖမ်းခံထားရတဲ့ ဟရူနာ ယူက၀ါ ခေါင်းဖြတ် အသတ်ခံထားရတယ်လို့ ထင်ရတဲ့ဓာတ်ပုံကို ကိုင်ပြီး ရိုက်ယူထားတဲ့ဗွီဒီယိုထဲမှာ စစ်သွေးကြွတွေဟာ ပြန်ပေးငွေကို မလိုချင်တော့ကြောင်း၊ ဂျော်ဒန်မှာ သေဒဏ်ကျခံထားရတဲ့ အိုင်အက်စ်အစွန်းရောက် ထိပ်တန်းခေါင်းဆောင်တဦးရဲ့ အစ်မဖြစ်သူ အီရတ်နိုင်ငံသူ Sajida al-Rishawi ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
Sajida ဟာ ၂၀၀၅ ခုနှစ်က ဂျော်ဒန်နိုင်ငံ အာမန်ဟိုတယ်က မင်္ဂလာဆောင်တခုကို ခင်ပွန်းဖြစ်သူနဲ့ အသေခံဗုံးခွဲခဲ့သူဖြစ်ပြီး လူ ၆၀ ကျော် သေဆုံးခဲ့ရပါတယ်။ သူမကိုယ်မှာ ပတ်ထားတဲ့ဗုံးက မပေါက်ကွဲပဲ အဖမ်းခံရပြီး သေဒဏ် ကျခံထားသူ ဖြစ်ပါတယ်။

DVB
http://burmese.dvb.no/archives/78621


နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာမှ ရဲ တပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံခဲ့သည့် ဦးဇော်လတ် အပါအဝင် တောင်သူ ၁၉ ဦးအား ဇန်နဝါရီ ၂၁ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် တရားသူကြီးက အ လုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်မှ ၇ နှစ်အထိ အသီးသီး ပြစ်ဒဏ်ချ မှတ်လိုက်ကြောင်း အဆိုပါတရားရုံး ထံက သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာ ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ ည ၂နာရီခန့်က ရဲအင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ ရာ ပြန်လည် ခုခံခဲ့သောကြောင့် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကို ဦး ဇော်လတ် အပါအဝင် ၄ ဦးနှင့် ၆ နှစ် ပြစ်ဒဏ်ကို ၈ ဦး၊ ၆ နှစ်နှင့် ၃ လပြစ်ဒဏ် ၁ ဦး၊ ၄ နှစ်ပြစ်ဒဏ် ၅ ဦးဖြင့် အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဝဲကြီးကျေးရွာရှိ လယ်မြေဧက ၅၀၀ ကျော်ကို ၂၀၀၃-၀၄ ခုနှစ်အ တွင်းက သတင်းစာ ပုံနှိပ်တိုက်အ တွက် ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းယူ ခဲ့ပြီး တောင်သူ ၂၂ ဦးသာ လျော် ကြေးရရှိခဲ့ကာ ကျန်ရှိနေသည့် တောင် သူ ၃၈ ဦးအတွက် လျော်ကြေးပေးရန် ကျန်ရှိနေခြင်း၊ ပေးဆောင် သည့်လျော် ကြေး မှာလည်း ကာလပေါက်ဈေး အောက်လျော့နည်းနေခြင်း၊ ဝန်ကြီး ဌာနကလည်း လယ်သမားများနှင့် လာရောက် ညှိနှိုင်းဆွေးနွေးမှု မရှိ ခြင်းကြောင့် ၂၀၁၃ စက်တင်ဘာ ၁၂ ရက်က အဆိုပါ လယ်မြေများအ တွင်းသို့ ထွန်တုံးတိုက်ပွဲ ဝင်ရောက် ဆင်နွှဲခဲ့သည်။

ထိုသို့ ဆင်နွှဲခဲ့သည့် တောင်သူများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် ညပိုင်း ၌ ရဲအင်အား ၇၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

‘အမိန့်ချမှတ်ခံရတဲ့သူတွေအတွက် တိုင်း၊ ခရိုင်ရုံးချုပ် အဆင့်အဆင့်ကို အယူခံ ဆက်တက်သွားမယ်။ ဒီအမိန့်အပေါ်မှာ စစ်ဆေးထားတာ တွေက ရုံးရှေ့မှာ ထွက်ဆိုချက်နဲ့ပတ် သက်ပြီး ညီညွတ်မှုမရှိဘူး’ဟု ၎င်း တို့၏ အကျိုးဆောင် အထက်တန်းရှေ့နေဦးသဲမောင်မောင်က ပြောသည်။

ထို့ကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၁၉ ရက် ညပိုင်း၌ ရဲအင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်ဖမ်းဆီးရာ တွင် ရဲများအား ပြန်လည်ခုခံ ခဲ့သောကြောင့် ၎င်းတို့အား ပုဒ်မ ၃၃၂၊ ၃၃၃၊ ၃၄၂၊ ၂၉၄၊ ၅၀၆ တို့ဖြင့် တရားစွဲ ဆိုခံခဲ့ရခြင်း ဖြစ်သည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

 ဖော်ပြပါဓါတ်ပုံက ကန်ဂျီဂိုတိုဖြစ်ပါတယ်။
စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို တော့ အသက်ရှင်လျှက် ရှိနေသေး ကြောင်း အဲဒီ့ ဗီဒီယို ထဲမှာ ပြောထား ပါတယ်။
အစ္စလာမ္မစ် နိုင်ငံတော် အဖွဲ့ IS တွေ ဟာ သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် နိုင်ငံသား ဓားစာခံ ၂ ယောက် ထဲက တစ် ယောက် ကို သတ်ဖြတ် လိုက်ပြီ လို့ ကြေညာ ထား တဲ့ ဗီဒီယို ကို အွန်လိုင်း ကနေ ဖြန့်ချီ ခဲ့တဲ့ အပေါ် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ဒေါသတကြီး တုန့်ပြန် နေပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ကလည်း ဒါဟာ IS တွေရဲ့ ကြမ်းကြုတ် ရက်စက်တဲ့ လူသတ်မှု ဖြစ်တယ် ဆိုပြီး ပစ်တင် ရှုတ်ချ နေပါတယ်။

အဆိုပါ ဗီဒီယို ဟာ အရင် IS တွေ ထုတ်လွှတ် ခဲ့ဖူးတဲ့ ဗီဒီယို တွေနဲ့ နှိုင်းယှဉ်ရင် ရိုက်ကူးပုံ ဟန်ပန် နဲ့ ဖော်ပြ ပါဝင်နေမှု တွေဟာ ကွဲပြား နေတာ ကို တွေ့ရပြီး အခု အဆိုပါ ဗီဒီယို ကို ဂျပန် နဲ့ အမေရိကန် ထောက်လှမ်းရေး တွေက အစ်အမှန် ဟုတ် မဟုတ် စမ်းစစ် လျှက် ရှိပါတယ်။

IS တွေ လက်ထဲ ရောက်နေတဲ့ လုံခြုံရေး ဆိုင်ရာ အကြံပေး ဟရုန ယုကာဝါ ကို သတ်ပစ်ခဲ့ပြီး စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို တော့ အသက်ရှင်လျှက် ရှိနေသေး ကြောင်း အဲဒီ့ ဗီဒီယို ထဲမှာ ပြောထား ပါတယ်။

ဒီ ဗီဒီယို မှတ်တမ်းဟာ လက်ခံ နိုင်ဖွယ်ရာ မရှိ ကျူးလွန်မှု ဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဘေး က ပြောလိုက်ပြီး ညသန်းခေါင် အချိန်မှာပဲ အစိုးရ ကက်ဘိနက် အရေးပေါ် အစည်းအဝေး ခေါ်ယူ လိုက်ပါတယ်။

IS တွေဟာ သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် နိုင်ငံသား ၂ ဦး ကို လွတ်မြောက် စေချင်ရင် ဒေါ်လာ သန်း ၂၀ဝ ပေးရမယ် ဆိုပြီး ပြီးခဲ့တဲ့ အင်္ဂ࿿ါနေ့တုန်း ကတော့ တောင်းဆို ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150124_japan_is_hostage


ဖားကန့်ကျောက်စိမ်းတွင်း ဒေသဘက်ကနေ တရုတ်ပြည်ဘက်ကို တရားမဝင် ခိုးထုတ်သယ်ဆောင်မယ့် ကျောက်စိမ်းကား ၆ စီးအပါအဝင် ယာဉ်မျိုးစုံ ၁၂စီးနဲ့အတူ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးမှာ စခန်းချနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

တရုတ်ကျောက်ကုန်သည်တွေဟာ တရုတ်ပြည်ဘက်ကို ကျောက်စိမ်းတွေ ခိုးထုတ်သယ်ဆောင်နိုင်ဖို့အတွက် အစိုးရနဲ့ကေအိုင်အေတပ်တွေ နှစ်ဖက်လုံးကို ငွေကြေးပေးပြီး ချဉ်းကပ်ကြိုးပမ်းနေတယ်လို့ ဆင်ဘိုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကားအားလုံး ၁၂ စီးရှိတယ်၊ အသေးစိတ်ပြောပြရင် ၆ စီးက ဖားကန့်က ရေမဆေးကျောက်တွေ အပြည့်တင်ထားတာပါ၊ သူတို့က ဆင်ဘိုကနေပြီးတော့မှ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကိုဖြတ်ပြီး တရုတ်ပြည်ဘက်ကို သွားမှာပဲ၊ တရားမဝင်ပဲ၊ မြစ်ကြီးနားလမ်းချိုးက သွားလို့ရှိရင် အဖမ်းအဆီးကများတဲ့အတွက်ကြောင့် ဆင်ဘိုလမ်းချိုးကို ရွေးပြီးထွက်လာတာ၊ သူတို့က ဒီတစ်ရက်၊ နှစ်ရက်နေပြီးတော့ ဆင်ဘိုကနေထွက်သွားမယ့်သဘောရှိတယ်၊ ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့အတွက် ဇက်အဆင်သင့်မရှိလို့စောင့်နေတာ"

အဲဒီအဖွဲ့ဟာ ဧရာဝတီမြစ် အနောက်ဖက်ကမ်း ဖောက်လုပ်ဆဲ ဟိုပင်-ဆင်ဘိုကားလမ်းပေါ် ဆင်ဘိုမြို့ရဲ့ အနောက်ဘက် ၈ မိုင်အကွာ ပုဂံတောင်ခြေမှာရှိတဲ့ နားလွန်ကွင်းမှာ နေရာခွဲပြီးစခန်းချနေတာပါ။

ကျောက်စိမ်း၊ သစ်နဲ့သဘာဝသယံဇာတပစ္စည်းတွေကို တရားမဝင်သယ်ဆောင်တဲ့အဖွဲ့တွေဟာ ဧရာဝတီမြစ် အနောက်ဘက် ဆင်ဘိုမြို့ဘက်အခြမ်းကနေ တရုတ်ပြည်ဘက် ခိုးထုတ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေဘက်ကနေ သစ်နဲ့ တောရိုင်းတိရိစ္ဆာန်တွေအပါအဝင် သဘာဝသယံဇာတပစ္စည်းမျိုးစုံကို မှောင်ခိုလုပ်ငန်းရှင်တွေက ကချင်ပြည်နယ်ကနေတဆင့် တရုတ်ပြည်ဘက်ကို ခိုးထုတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


နေပြည်တော်မှာ ဇန်န၀ါရီလ ၂၇ရက်နေ့မှာ ထပ်မံကျင်းပမယ့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အခမ်းနားကို တပ်မတော်သား ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖိတ်ကြား လိုက်တယ်လို့ သိရပါတယ်။

အဲဒီပွဲကို နေပြည်တော်ကောင်စီ ရန်အောင်မြင်ဘုရားကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"အခုလာမယ့် ၂၇ ရက် ရန်အောင်မြင် ဘုရားကွင်းမှာကျင်းမယ့် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် ဂီတအနုပညာ ဖျော်ဖြေတင်ဆက်ပွဲကိုလည်း တက်မတော်သား ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ဖိတ်ကြားမှာပါ"

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၂ရက်နေ့ နေပြည်တော် ပျဉ်းမနားမြို့ တပေါင်းကွင်းမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်ရာပြည့် ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် တွေကိုပါ ဖိတ်ကြားခဲ့တဲ့အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄ဦး တက်ရောက်ခဲ့ ကြပါတယ်။

ဗိုလ်ချုပ်ရာပြည့် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ ကျင်းပရေး ကော်မတီက ဦးဆောင်စီစဉ်တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.