**** ထိပ်တိုက်တွေ့ဖို့ အမြဲရည်ရွယ်တာ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေတာ ****

**** သက်ဆိုင်ရာ ဒေသခံ ကျောင်းသားတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ဒီ့ထက်ပိုပြီးတော့ ရအောင် ကြိုးစား နိုင်မယ်ဆိုရင်၊ နောက်ပြီးတော့ သူတို့ဒေသခံ ပြည်သူတွေရဲ့ စောင့်ရှောက်မှုတွေကို ရမယ်ဆိုရင် သူတို့ခရီး ချောမွေ့လိမ့်မယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမျိုးသားပညာရေး ဥပဒေပါ အချက်များမှာ ဗဟိုဦးစီးစနစ် ပါရှိနေခြင်း၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် မပါဝင်ခြင်း အပြင် ကျောင်းသားထုများ မလိုလားသည့် အချက်များ ပါရှိနေသည့် အတွက် ယင်းဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒ ဖော်ထုတ်ခဲ့သည်။ ထို့ပြင် ရက်ပေါင်း ၆၀ အတွင်း အစိုးရ၊ လွှတ်တော်၊ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နှင့်ကျောင်းသားထု ၄ ပွင့်ဆိုင် တွေ့ဆုံရန် တောင်း ဆို ထားပြီး တွေ့ဆုံညှိနှိုင်းမှု မပြုလုပ်ပါက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကျောင်းသားသပိတ် လုပ်ဆောင် သွားမည်ဟု ရာဇသံပေး ခဲ့သည်။

သို့သော် အစိုးရဘက်မှ ရာဇသံပေးထားသည့် ရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း မရှိသည့်အတွက် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့မှ ရန်ကုန်သို့ ချီတက်မည့် ကျောင်းသား သပိတ်ကြီး စတင်လိုက်သည်။ ယင်းသပိတ် စတင်လိုက်မှုနှင့် ပတ်သက်၍ ၁၉၈၈ လူထုအရေးတော်ပုံတွင် ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် (ဦး)မင်းကိုနိုင်၏ အမြင်နှင့် သဘောထားများကို မြန်မာသံတော်ဆင့်က သွားရောက် မေးမြန်း ဖော်ပြလိုက်ပါသည်။

မေး – အခု အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး သပိတ်စတင်ပြီဆိုတော့ ဒီအပေါ် ဦးမင်းကိုနိုင်အနေနဲ့ ဘယ်လိုများ မြင်မိပါသလဲ။

ဖြေ – အခြေခံကတော့ ဒီတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ပညာရေးဥပဒေ ဆိုတာ ကျေညက်မှု လို တယ်ပေါ့။ ဖြစ်ပျက်သမျှ ပြဿနာအားလုံးဟာ ကျေညက်မှု မရှိလို့ ဖြစ်ကြတာပဲ။ တစ်က ပွင့်လင်းမြင်သာမှု မရှိလို့ ဖြစ်ကြတာများတယ်။ အဲ ဒီတော့ တကယ်ဖြစ်သင့်တာက ကျောင်းသားတွေ ကိုယ်စားပြုတဲ့ အသံတွေ၊ သူတို့ရဲ့ ဆန္ဒတွေကိုတော့ အရင်ဆုံး ယူသင့်တယ်။ ယူသင့်တယ် ဆိုတာက ကျောင်းသားတွေက NNER နဲ့ ညှိပြီးတော့ သူတို့လိုချင်တဲ့ ပညာရေးစနစ်ပုံစံ တစ်ခုကို တင်ပြ တောင်းဆိုထားတာရှိတယ်။ အခုတော့ ဒီဟာက အစိုးရ ဘက်ကနေပြီးတော့ ရေးဆွဲပြီးတော့ တင်လိုက်တဲ့ ဥပဒေဖြစ်နေတယ်။ အဲဒီအပေါ်မှာ ကျောင်းသားတွေက လက်မခံနိုင်တာတွေ များစွာပါရှိတယ်။

ဆိုလိုတာက အမျိုးသားပညာရေး ဥပဒေ တစ်ခုလုံးကို ဆိုလိုနေတာ မဟုတ်ဘဲနဲ့ သူတို့ပြင်ဆင်ချင်တဲ့ အချက်တွေ၊ လက်မခံနိုင်တဲ့ အချက်တွေ ရှိတယ်ဆိုတာကို နားလည်ဖို့ လိုတယ်။ မဟုတ်လို့ရှိရင် အဲဒါ ညှိမရတဲ့ ကိစ္စဖြစ်သွားမှာ စိုးရတာပေါ့။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်တစ်ခေတ်မှာ ဒီကျောင်းသားတွေဟာ သူတို့နဲ့ ဆိုင်တဲ့၊ တိုက်ရိုက် ပတ်သက်တဲ့ တာဝန်ကို သူတို့ ထမ်းကြမှာပဲ။ သူတို့ ကြိုက်တယ်၊ မကြိုက်ဘူး ပြောခွင့် ရှိတယ်။ သူတို့ ပြင်ချင် တာတွေကိုလည်း တင်ပြတောင်းဆိုခွင့် ရှိတယ်။

အဲဒီတော့ ဒီဘက်ခေတ် ရောက်လာပြီ။ ယဉ်ပါးလာတဲ့ခေတ်မှာ ဒါတွေကို ဘယ်လိုတာဝန်ယူ ဖြေရှင်းမလဲ ဆိုတာကတော့ သက်ဆိုင်ရာ အာဏာ ၃ ရပ်ကလူတွေ စဉ်းစားရမယ့်ကိစ္စ။

မေး – အခု ကျောင်းသားထုတွေ လမ်းပေါ် ထွက်လာပြီပေါ့။ အခုက လမ်းပေါ်ထွက် နိုင်ငံရေးပုံစံပြန်လာ ပြီလားလို့ သုံးသပ်မှုတွေကလည်း ရှိနေပါပြီ။ ဒီအပေါ်မှာ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရ မယ်ဆိုတဲ့ အမြင်ရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေလည်း ရှိပါတယ်။ အဲဒီ ဆရာ၊ ဆရာမတွေ ကကျောင်းသား တွေကို လမ်းပေါ်တော့ မထွက်စေချင်ဘူး၊ တခြားနည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်ပေါ့။ ဒီအပေါ်မှာ ဦးမင်းကိုနိုင်အနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။

ဖြေ – အဲဒါကတော့ ကျောင်းသားတွေရဲ့ ဉာဏ်အမြော်အမြင်ပေါ်ပဲ မူတည်တယ်ဗျ။ ကျောင်းဝင်းထဲ တင်ပြ နေလို့ကော လုံလောက်လား လို့ မေးစရာရှိတာပေါ့။ အရေးတယူ၊ ဂရုတစိုက် တုံ့ပြန်မှုကော ရှိရဲ့လားလို့။ ကျွန်တော် နားလည်တာကတော့ ကျောင်းသားတွေက တတ်နိုင်ရင်တော့ ပညာရေးကိစ္စ သက်သက် နဲ့တော့ ကျောင်းဝင်းထဲမှာပဲ ပြီးချင်မှာပေါ့ ဗျာ။ ကျောင်းဝင်းထဲက မပြီးလို့ ကျောင်းထဲက ထွက်လာတယ်လို့ ကျွန်တော် အောက်မေ့တယ်။

မေး – ဦးမင်းကိုနိုင်ရဲ့ အတွေ့အကြုံအရ ဒီဆန္ဒဖော်ထုတ်မှုက ကျောင်းသားတွေ အတွက် ဘယ်လိုထိ ဖြစ်လာနိုင်မလဲ။

ဖြေ – အခြေအနေတွေကတော့ ပြောင်းလဲခဲ့တာ တချို့ကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၆၀ မတိုင်ခင်က လှုပ်ရှားမှုမျိုး ဆိုရင်ပေါ့နော်။ တစ်ခုရှိတာက မြို့တွေ၊ ရွာတွေ ၀င်တဲ့ထွက်တဲ့ အခါမှာတော့ ကျွန်တော်တို့ အရာရာကို မျှော်လင့်ထားတာ ကောင်းပါတယ်။ မျှော်လင့်တယ်ဆိုတာ ဖြစ်နိုင်ခြေ အကုန်လုံးကို တွက်ဆထားဖို့ ကျွန်တော်တို့ ပြောချင်တာပါ။ ကျွန်တော်တို့ဆီမှာ အတွေ့အကြုံ မစိမ်းတဲ့ ကျောင်းသား တွေလည်း ပါပါတယ်။ အတွေ့အကြုံ မနည်းကြပါဘူး။ သူတို့ နားလည် ကြပါလိမ့်မယ်။

အဓိကကတော့ သက်ဆိုင်ရာ ဒေသခံ ကျောင်းသားတွေရဲ့ ပူးပေါင်း ဆောင်ရွက် မှုကို ဒီ့ထက်ပိုပြီးတော့ ရအောင် ကြိုးစားနိုင်မယ်ဆိုရင်၊ နောက်ပြီးတော့ သူတို့ဒေသခံ ပြည်သူတွေရဲ့ စောင့်ရှောက်မှုတွေကို ရမယ်ဆိုရင် သူတို့ခရီး ချောမွေ့လိမ့်မယ်။

မေး – အခုက ပြည်သူတွေက ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို တောင်း ဆိုခွင့်တော့ ပေးထားတယ်။ ဒါပေမဲ့ သူတို့ဘက်က တောင်းဆိုတာတွေကို အရေးတယူ လိုက်ပါ ဆောင်ရွက်ပေးတာမျိုး မရှိဘူး လို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒီတော့ အခုရက် ၆၀ တုန်းကလိုမျိုး အရေးတယူ ဆောင်ရွက်ပေး တာမျိုး မရှိဘူးဆိုရင် ဒီသပိတ်ကြီးက ဘယ်လောက်အထိ ဖြစ်လာနိုင်မလဲ။

ဖြေ – အဲဒါကလည်း ကာယကံရှင်တွေ ဆုံးဖြတ်ရမှာ။ တစ်ခုတော့ ကျွန်တော် ပြောချင်တာ ဒီလိုဗျာ။ အလုပ် တစ်ခု လုပ်တယ်ဆိုရင် package တစ်ခုလုံးကို စဉ်းစားထားရမှာပေါ့နော်။ ဖြစ်စဉ်ကြီးတစ်ခုလုံးကို စဉ်းစား ထားရမယ်။ ငါတို့ဟာ ဘယ်အဆင့်မှာ ဘာတွေတောင်းဆိုဖို့ လုပ်မယ်၊ အဲဒီကျ တစ်ဖက်က ဘယ်လိုတုံ့ပြန်မှု လာရင် ငါတို့က ဘယ်လောက် စေ့စပ်ညှိနှိုင်း မယ်။ ဘယ်လောက်ဆို လက်ခံမယ်၊ ဘယ်လောက်ဆို လက်မခံနိုင်ဘူး။ အဲဒါတွေအကုန်လုံးပေါ့။ အဲဒီက တစ်ဆင့် ငါတို့နောက်ထပ် ထပ်ပြီးတော့ တောင်းဆိုတဲ့ ရာဇသံပေးမှုတွေ အပေါ်မှာ တစ်ဖက်က ဘယ်လောက် တုံ့ပြန်ရင် ငါတို့က ဘယ်လို ပြန်ဆွေးနွေးမယ်ဆိုတာ အကုန်ရှိထား သင့်တယ်။ ကျွန်တော် သိထားတာကတော့ ကျောင်း သားတွေ သေချာတာက ကျွန်တော်တို့ဆီမှာ လည်းလာပြီးတော့ တိုင်ပင် ဆွေးနွေးတာတွေ ရှိပါတယ်။

အဓိက ကျွန်တော် ကျောင်းသားတွေရဲ့ ရှင်းလင်းတဲ့ သတင်းစကားက ဘာလဲဆိုတော့ သူတို့ကို အရေးတယူနဲ့ ပြန်ပြီးတော့ တုံ့ပြန်ဖို့ပဲ။ တုံ့ပြန်တယ်ဆိုတဲ့ နေရာမှာ ဘယ်လိုလဲဆိုတော့ သူတို့ရဲ့တင်ပြ တောင်း ဆိုချက်တွေကို နားထောင်မယ်၊ ပြီးလို့ရှိရင် လက်ခံပြီးတော့ ဆွေးနွေးမယ် ဆိုရင်ကို ကျောင်းသားတွေက သပိတ်ရပ် ပြီးတော့ ဆွေးနွေးမှာ။ အဲဒါလေးကိုတော့ ခင်ဗျားတို့ မီဒီယာအနေနဲ့ ရှင်းလင်း မြင် သာအောင်လို့ ပြည်သူလူထုကိုကော၊ အားလုံးကိုကော ပေးစေချင်တယ်။ ဒါကျောင်းသားတွေက အကြောင်းမဲ့ မဟုတ်ဘူး။ ကျောင်းသားတွေမှာ အကန့်အသတ် ရှိတယ်။ သူတို့စဉ်းစားထားတာတွေက ထိပ်တိုက်တွေ့ဖို့ အမြဲရည်ရွယ်တာ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေတာ ဖြစ်တယ်။

မေး – အခု ကျောင်းသားတွေက သမဂ္ဂဖွဲ့စည်းခွင့်ကို တရားဝင် တောင်းတဲ့ အခါမှာ ယူနီယံဖွဲ့ခွင့်လိုမျိုး ချပေး လိုက်တာမျိုး ရှိပါတယ်။ တချို့ကလည်း အောက် လမ်းနည်း သုံးတယ်လို့ ပြော တာေ ပါ့။ နောက်တစ်ခုက လက်ရှိ ကျောင်းသား ခေါင်းဆောင်တွေမှာ ကျောင်းသား မဟုတ်တာတွေ ပါတယ်ဆိုပြီး သူတို့ဘက်က ၀ါဒဖြန့်တဲ့ပုံစံမျိုး တွေလုပ်လာတယ်။ ဒီအပေါ်မှာကော ဘယ်လိုများ မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ – အဓိက က အဲဒီ ယူနီယံဆိုတာကိုက ကျွန်တော် တော်တော်လေးကို ရယ်ချင်စရာ ကောင်း တယ်ဗျာ။ ကျောင်း သားသမဂ္ဂကို သမဂ္ဂပေါ့ဗျာ။ ဘာဖြစ်လို့ အဲဒီ စကားလုံးကို ကြောက်နေရတာလဲ။ အဲဒါက ပြဿနာဗျ။ အဲဒီတော့စိတ်တွေက ရှင်းနေဖို့လိုတယ်။ ဒီမိုကရေစီကို ပြောင်းပြီဟေ့ ဆိုလို့ရှိရင် ဒါ အစဉ် အလာအရ ကျောင်းသားက ကျောင်းသားသမဂ္ဂပဲ။ အဲဒါကို နာမည်လေးကအစ ကတ်နေတယ် ဆိုတာကတော့ စိတ်တွေ မရှင်းသေးဘူးလို့ ကျွန်တော် အောက်မေ့တယ်။

နောက်တစ်ခုက ခေတ်အဆက်ဆက်မှာ အာဏာ ၃ ရပ်ရှိတဲ့ လူက ကျောင်းသားထုကို မွေးဖို့ ကြိုးစားမယ်။ အသုံးချဖို့တော့ ကြိုးပမ်းမှာပဲ။ ဒါရှိလိမ့်မယ်။ အဲဒီတော့ သူတို့ခေတ်အလျှောက် ဖြတ် သန်းခဲ့ရ တဲ့ ကျောင်းသားတွေက ဉာဏ်ရှိပါတယ်။ ကျွန်တော် ပြောချင်တာက ခြွင်းချက်နဲ့ ယေဘုယျကို ပြောချင်တာ။ အများစုကြီးဟာ သူတို့ သမိုင်းကြောင်းကို သူတို့သိတယ်။ သူတို့ရဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ကို ဖော်ဆောင်မှာပါ။ ကျွန်တော် ယုံပြီးသားပါ။ ခြွင်းချက်ကတော့ ဘယ်လောကတိုင်းမဆို ရှိတာပါပဲ။

မေး – နောက်ဆုံးမေးခွန်းအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက စင်ကာပူ စထရိတ်တိုင်းမ်ကို သမ္မတဦးသိန်းစိန် ပြောသွားတာက တိုင်းပြည်မငြိမ် မသက်ဖြစ်လို့ရှိရင် တပ်မတော်ရဲ့ အခန်း ကဏ္ဍအနေနဲ့က ဆက်ပြီးတော့ ရှိနေဦးမှာပဲဆိုတဲ့ ပုံစံမျိုးဖြေ ကြားသွားတာ ရှိပါတယ်။ အခု လက်ရှိ ကျောင်းသားသပိတ်နဲ့လည်း တိုက်ဆိုင် နေတော့ ဦးမင်းကိုနိုင် အနေနဲ့ကော ဘယ်လိုမျိုး သုံးသပ်ပြောဆိုချင်ပါသလဲ။

ဖြေ – မငြိမ်မသက် ဖြစ်နေရင်ကို ဒါက ဘယ်လိုဟာမျိုးကို ဆိုလိုသလဲလို့ မေးစရာရှိတာပေါ့ဗျာ။ ကျွန်တော်တို့ ဘက်ကတော့ ရှင်းတယ်။ တရားမျှတမှု ကင်းမဲ့ရင်၊ အနိုင်ကျင့်ရင်၊ ဖိနှိပ်ချုပ်ချယ်ရင်၊ အခွင့်ထူးခံရင်တော့ ဒါပြည်သူတွေက တုံ့ပြန်နေမှာပဲလေ။ ငြိမ်းချမ်းတဲ့နည်းနဲ့ တုံ့ပြန်မှာပဲ။ သာမန်အားဖြင့် တစ်ခုခုကို မကျေနပ်လို့ ဆန္ဒပြလို့ ကြွေးကြော်တာတောင် သူတို့ကဆူပူတယ်လို့ အောက်မေ့တတ်တာကိုးဗျ။ အဲဒါက အဓိကပြဿနာပဲ။

နောက်တစ်ခုက မတည်ငြိမ်မှုဆိုတာက သူတို့ကိုယ်တိုင် ဖန်တီးရင်လည်း ရတယ်။ အဲဒီတော့ ပြည်သူ လူထုက ဖြစ်လာတဲ့ ရိုးရိုးသားသား ရင်ဆိုင်ရမှုလား၊ ပွဲတစ်ပွဲကို အခြေအနေမလှလို့၊ ကျွန်တော်တို့ စစ်တုရင်ထိုးရင် ရှုံးခါနီးကျရင် စားပွဲကို ဒူးနဲ့ တိုက်ချလိုက်တာမျိုးလားပေါ့ဗျာ။ ဒါမျိုးကတော့ ရှိသေးတာကိုးဗျ။

နောက်တစ်ခုကလည်း ကျွန်တော်တို့ ပြည်သူလူထုကို မခြိမ်းခြောက်ပါနဲ့ဗျာ။ ကျွန်တော်တို့က အဆိုးဆုံး၊ အစွန်ဆုံးတွေ ဖြတ်သန်းဖူးပါတယ်။ အခုလည်း ဘာထူးလို့လဲ။ တကယ့် အဓိကကျတဲ့ အာဏာအများကြီး ဟာ ပြည်သူ့လက်ထဲမှာ ရှိတာမှမဟုတ်။

မေး – ကျေးဇူးတင်ပါတယ်ခင်ဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန