01/27/15



ရန်ကုန်။    ။ ဗိုလ်ချုပ်မှုးကြီးဟောင်းဦးသန်းရွှေသည် ကျန်းမာရေးကောင်းမွန်ကြောင်း ၄င်း၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က သီတဂူဆရာတော်အရှင်ဥာဏိဿရအား ယနေ့တွင် ပြောဆိုလိုက်ကြောင်း သိရသည်။

ဇန်န၀ါရီ ၂၆ ရက်မှ စတင်၍ သုံးရက်တိုင် ကျင်းပမည့် ၁၉  ကြိမ်မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီးအတွက် ရန်ကုန်တိုင်း မှော်ဘီမြို.ရှိ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ကျောင်းတွင် ရောက်ရှိနေသော ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဦးအဂ္ဃိယ နှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရအား ဒေါ်ကြိုင်ကြိုင်က ယနေ့ဆွမ်းစားပြီချိန်၌ လှုဖွယ်ဝတ္တုများဖြင့် လာရောက်ကန်တော့ခဲ့ကြောင်း သီတဂူဆရာတော်အဖွဲ.မှ ဦးသုန္ဒရက Yangon Globe အား ပြောကြားသည်။

ထိုတွေ့ဆုံမှုတွင် သီတဂူဆရာတော်က  ၄င်း၏ မကြာသေးမီက သွားရောက်ခဲ့သော အီရန်နိုင်ငံခရီးစဉ်အကြောင်း ဒေါ်ကြိုင်ကြိုင်အား မိန့်ကြားခဲ့ပြီးနောက်  ဦးသန်းရွှေနေကောင်းကျန်းမာသလားဟု မေးမြန်းသောအခါ နေထိုင်ကောင်းပါသည်ဟု သူမက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရွှေကျင်ဆရာတော်ကြီးမှာမူ ကျန်းမာရေးမကောင်းသောကြောင့် စကားအပြန်အလှန်ပြောဆိုနိုင်ခြင်းမရှိဟု ဆိုသည်။ 

လာမည့် ဖေဖ၀ါရီ ၂ ရက်နေ့တွင် အသက် ၈၂ ပြည့်မည်ဖြစ်သော စစ်အာဏာရှင်ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေသည် မျက်မှောက်နိုင်ငံရေးဇာတ်ခုံတွင် နောက်ကွယ်မှ ဆက်လက်ကြိုးကိုင်နေသည်ဟု နိုင်ငံရေးလေ့လာသူများက ယူဆကြသည်။ လွန်ခဲ့သည့် နှစ် နှောင်းပိုင်းတွင် ၄င်း အနိစ္စ ရောက်သည်ဟူသော ကောလဟာလများ အင်တာနက် အွန်လိုင်းပေါ်တွင် ပျံ.နှံ့ခဲ့သည်

The Yangon Globe
https://www.facebook.com/TheYangonGlobe

၂၆.၁.၂ဝ၁၅ ရက်နေ့ နံနက် (၇း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန် ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင် နှင့်အတူ အသင်းသား/သူများ၊ သုခကုသိုလ် ဖြစ်ဆေးခန်း(ပဲခူး)မှ အဖွဲ့ဝင်များတို့သည် မြင်းခြံမြို့ရှိ စွန်းလွန်းဂူကျောင်းတိုက် သို့ ရောက်ရှိခဲ့ကြပါသည်။

အမျိုးသားပညာရေးဥပဒေအား ဆန့်ကျင်သပိတ် မှောက်စစ်ကြောင်းမှ ကျောင်းသားလူငယ်များတို့အတွက် အလှူငွေများ၊ ဖုန်းငွေ ဖြည့်ကဒ်များ၊ ဆေးဝါးပစ္စည်းများ၊ အချိုရည်များနှင့် အာဟာရဓါတ်ပြည့်စာများ ပေးအပ်လှူဒါန်းခဲ့ပြီး မြင်းခြံမြို့မှ ရန်ကုန်မြို့အထိ လမ်းလျှောက်ချီတက်ကြမည့် ကျောင်းသားလူငယ်များအား လမ်းခရီးတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြု လုပ်ပေးနိုင်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ ဝင်များတို့သည် လူနာတင်ယာဉ် (၁) စီး၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)မှ အ ထောက်အကူပြုယာဉ် (၁) စီးတို့ဖြင့် လိုက်ပါစောင့်ရှောက်သွားမည် ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း-ရန်ကုန်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနဲ့ ပြန်ကြားရေးကော်မတီဝင် ကိုသီဟ၀င်းတင်
ပြည်ထောင်စုအစိုးရက အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးဖို့ တရားဝင် ဆက်သွယ်ညှိနှိုင်းတဲ့အထိ ဆက်လက်ချီတက်မယ်လို့ မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းဟာ မြင်းခြံနည်းပညာကောလိပ်နဲ့ မြင်းခြံမြို့ရှိ ကျောင်းအားလုံးကို ချီတက်ပြီးနောက် မြင်းခြံမြို့မှ တောင်သာမြို့သို့ (မြင်းခြံ-တောင်သာ- ကျောက်ပန်းတောင် လမ်းပိုင်း အတိုင်း) ဆက်လက် ချီတက်မယ်လို့ ကြေညာထားပါတယ်။
ဒီသပိတ်စစ်ကြောင်းဟာ ဧရာဝတီတိုင်းဘက်က လာမယ့် သပိတ်စစ်ကြောင်းနဲ့ တနင်္သာရီတိုင်းဘက်က လာမယ့် သပိတ်စစ်ကြောင်းတို့နဲ့ ရန်ကုန်မြို့မှာ ပူးပေါင်းဖို့ စီစဉ် ထားတယ်လို့ ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။
မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ သပိတ်စစ်ကြောင်းအတွက် ဒေသခံတွေက မြို့လုံးကျွတ် အားပေး ခဲ့ကြပြီး ရန်ကုန်မြို့ကနေ နာရေးကူညီမှုအသင်း(ရန်ကုန်)က ဦးကျော်သူလည်း သွားရောက် ကူညီပေးနေပါတယ်။
ဒေသခံတွေက စားစရာ၊ နေစရာ၊ ဆေးဝါးကူညီမှုတွေနဲ့အတူ ငွေသားတွေပါ ကူညီ ထောက်ပံ့ကြပါတယ်။
ဒီသပိတ်စစ်ကြောင်းဟာ မန္တလေးကနေ မြစ်ငယ်၊ ပလိပ်၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မြစ်သားနဲ့ နွားထိုးကြီးစတဲ့မြို့တွေကို ဖြတ်သန်းရာမှာ ဒေသခံလူထုတွေက ကြိုဆိုကြပြီး စားသောက်နေ ထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့ကြပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေက တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ ရက်ပေါင်း ၆၀ အလွန်မှာ အစိုးရမှ တစုံတရာ တုံ့ပြန်လာခြင်း မရှိတဲ့အတွက် နဂို ကြေညာထားတဲ့အတိုင်း မန္တလေး – ရန်ကုန် ခရီးရှည်ချီတက် သပိတ်ကို ဇန်န၀ါရီ ၂၀ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေကို ညှိနှိုင်းပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်(အန်အန်အီးအာရ်)နဲ့ သပိတ်မှောက် ကျောင်းသား တွေရဲ့ ဒီမိုကရေစီ ပညာရေး ဖော်ဆောင်မှု ဦးဆောင်ကော်မတီတို့ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုထားကြတာပါ။
မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ သပိတ်စစ်ကြောင်းမှာ ပါတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနဲ့ ပြန်ကြားရေးကော်မတီဝင် ကိုသီဟ၀င်းတင်ကို ဒီဗွီဘီက ဒီမနက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို မြင်းခြံမြို့ခံ ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြလဲ။ မြင်းခြံမြို့မှာ တခြားဘာထူးလဲ။
“မြင်းခြံအနေနဲ့ ကြိုဆိုတာ အားရဖို့ ကောင်းတာပေါ့။ မြို့လုံးကျွတ်ပုံစံနဲ့ ကြိုဆိုတယ်။ ကျန်တာတော့ ထွေထွေထူးထူး မရှိပါဘူး။ အတားအဆီးအနှောင့်အယှက်ကတော့ ကျနော်တို့ မြင်းခြံ ရောက်တဲ့အချိန်မှာ ဘာမှ ပြသနာမရှိဘူး။ မြင်းခြံမရောက်ခင်အချိန်မှာ ကျနော်တို့ မြင်းခြံခရိုင်မှူးတို့ မြို့နယ်မှူးတို့ က လာပြီးတော့ တားတာတွေ ရှိတယ်။”
အခု ကျောင်းသားတွေ သွားမှာက တောင်သာနယ်ဆိုတော့ အဲဒီဘက်က အခြေအနေ (ဖေ့စ်ဘွတ်တွေအဆိုအရ အန္တာယ်တစုံတရာရှိနိုင်ဟု ပျံ့နှံ့နေ)နဲ့ ပတ်သက်လို့ သပိတ်စစ်ကြောင်းက ဘာတွေ ပြင်ဆင်ထားလဲ။ သပိတ်စစ်ကြောင်းကရော ကျောင်းသားအင်အား ဘယ်လောက်ရှိလဲ။
“အခုဆိုရင် သပိတ်စစ်ကြောင်းက လူ ၂၀၀ နီးပါးလောက်ရှိပြီ။ နောက်တခုက ကျနော်တို့က တောင်သာနယ်မှ မဟုတ်ပါဘူး။ ဒီတိုက်ပွဲကို စတိုက်ကတည်းက အသက်တွေ၊ ဘ၀တွေ အားလုံးကို ဂရုမစိုက်ဘဲနဲ့ ပေးဆပ်ပြီး တိုက်ပွဲဝင်တာဆိုတော့ တောင်သာနယ်နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ အဲဒါကို ပိုပြီးတော့ သေချာသွားအောင် အတွက် လည်း ကိုယ့်အသက်တွေ အားလုံး သပိတ်စစ်ကြောင်းမှာ ပါတဲ့ ကျောင်းသားတွေအကုန်လုံးက သရဏဂုံလည်း တင်ထားတယ်ဆိုတော့ တောင်သာလည်း ဂရုမစိုက်ဘူး။ ကျနော်တို့က ဘယ်လို အနေအထားမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ဖြစ်ချင်တဲ့တိုက်ပွဲကို ဖြစ်အောင်တော့ တိုက်သွားကြ ရမှာပဲလေ။ မြို့ခံတွေကလည်း ကျနော်တို့ကို လိုက်ပို့မယ် ပြောတယ်။ ၀န်းရံပြီး လိုက်ပို့ပေးကြမယ်။ ပြီးတော့ တချို့မြို့ခံကျောင်းသားတွေပေါ့နော်။ ကျနော်တို့ ဗကသ အဖွဲ့ဝင်တွေလည်း ပါတယ်။ တခြားဝိဇ္ဇာသိပ္ပံက ကျောင်းသားတွေလည်း ပါတယ်။ တခြား ဂျီတီစီကျောင်းသားတွေလည်းပါတယ်။ အဲဒါတွေကလည်း ၀န်းရံပြီး လိုက်ပို့ပေးမယ်လို့ ပြောတယ်။”
အဲဒီဘက်ကနေ ရန်ကုန်ဘက်ကို ပတ်ချီတက်မှာလား။ ခရီးစဉ်အခြေအနေက ဘယ်လိုလဲ။
“ဟုတ်ကဲ့။ ရန်ကုန်ဘက်ကို ပတ်ချီတက်မှာ ခင်ဗျ။ တောင်သာကနေ ၀ဲလောင်တို့၊ ကျောက်ပန်းတောင်းတို့ ညောင်ဦးတို့ပေါ့နော်။ အဲလိုဘက်ကနေပတ်ပြီး ရန်ကုန်ရောက်အောင် ချီတက်မှာ။”
လွန်ခဲ့တဲ့ရက်ပိုင်းက သမ္မတက ဒီဥပဒေကို ပြန်ပြင်ရေးမယ့်အကြောင်း ပြောတယ်။ လွှတ်တော်ဘက်ကရော အစိုးရဘက်ကရော တစုံတရာ သဘောတူတယ်ဆိုတော့ ဘာဖြစ်လို့ ဆက်လက်ချီတက်သပိတ်မှောက်တာဆိုတာ ဘယ်လိုရှင်းအောင် ပြောပြမလဲ။
“အဓိကကတော့ ကျနော်တို့အနေနဲ့ အစိုးရဘက်ကတော့ ရိုးသားဖို့လိုတယ်လို့ ပြောချင် ပါတယ်။ တကယ်လို့သာ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကရိုးသားတယ်ဆိုရင် ရက်ပေါင်း ၆၀ မှာကတည်းက ကမ်းလှမ်းဖို့အတွက်ကို ကျနော်တို့အနေနဲ့ ဆွေးနွေးမှုတံခါးကို ဖွင့်ထားတယ်။ အခုလည်း ကျနော်တို့ ဆွေးနွေးမှုတံခါးကို ဖွင့်ထားပါတယ်။ ပြီးတော့ ကျနော်တို့ ၁၁ ချက်ကိုလည်း တောင်းဆိုထားတာ ရှိပါတယ်။ ဒါပေမယ့် သမ္မတအနေနဲ့က သူက အဲလိုမျိုး စာတင်တာတို့။ လွှတ်တော်အနေနဲ့ ဒီလို ပြောပေမယ့် တရားဝင် ပြုလုပ်တာလည်း မရှိသေးသလို ကျနော်တို့ကို ကမ်းလှမ်းပြီးတော့ ဆွေးနွေးမှုတွေလည်း မရှိသေးပါဘူ။ တရားဝင်ကမ်းလှမ်းတာလည်း မရှိပါဘူး။ အဲဒီတော့ ဒါက ကျနော်တို့ရဲ့ သပိတ်စစ်ကြောင်းပေါ့နော်။ ဒါကို ရပ်တန့်သွားအောင် အာရုံလွှဲတဲ့ အနေအထားတခုလို့ပဲ ကျနော်တို့က မြင်တယ်လေ။ အဲဒီအတွက် ကျနော်တို့က ဒါကို သူတို့အနေနဲ့ မပြုလုပ် ပေးမချင်း ကျနော်တို့ကို ကမ်းလှမ်းမှု တရားဝင်မပြုလုပ်မချင်းတော့ ကျနော်တို့က ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေရမှာပဲပေါ့။”
အစိုးရဘက်က စေတနာမှန်ရင် ရက်ပေါင်း ၆၀ အတွင်းကမ်းလှမ်းရမယ်။ အခုလည်း ဆွေးနွေးဖို့ တံခါးဖွင့်ထားပေမယ့် မကမ်းလှမ်းသေးဘဲ လိုက်လျောထားတာပဲဆိုပြီး အစိုးရဘက်က ပြောနေတယ် အဲလိုဖြစ်နေတဲ့သဘောလား။ အစိုးရဘက်က လုံးဝ မကမ်းလှမ်းဘူးလား။
“ဘာမှကို မပြောတာ။ အဓိက ကျနော်တို့ ပြောချင်တာကပေါ့နော်။ ကြားက ပွဲစားတော့ မလိုဘူးပေါ့။ တခါ တခါကျလို့ရှိရင် သူတို့အနေနဲ့က ပြည်သူကြားထဲမှာ ချပြလို့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့ တခါတလေကျလို့ရှိရင် ပါမောက္ခချုပ်တို့ဘာတို့ကို လွှတ်တာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့တွေက မေးလိုက်လို့ ရှိရင် သူတို့အနေနဲ့က ဒါက သူတို့က နိုင်ငံသားအနေနဲ့ လာတာ၊ အစိုးရကို ကိုယ်စားပြုပြီးလာတာ မဟုတ်ဘူးဆိုတဲ့ ပုံစံပြောတော့ ကျနော်တို့အနေနဲ့ လက်ခံ ဆွေးနွေးတဲ့ အနေအထားမျိုးမှာ အရမ်းအခက်အခဲ ရှိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သူ့နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်လိုက်တဲ့အနေအထားမျိုးမှာ ဒီလူ၊ ဒီလူတွေက လာဆွေးနွေး တယ်ဆိုပြီး ပြောတယ်။ အဲဒီလိုပုံစံမျိုးလေးတွေပေါ့နော်။ သတင်းကို ဟိုဘက်ဒီဘက် လှည့်တာရှိတယ်။ ကျနော်တို့အနေနဲ့က ‘တရားဝင်ကမ်းလှမ်းပါ’ ‘တရားဝင်ဆွေးနွေးပါ’ ‘ကျနော်တို့ လူထုအကြားမှာ ဆွေးနွေးမယ်။ ပြည်သူလူထုအကြားမှာ ဆွေးနွေးမယ်’ ‘ကျနော်တို့ကို လာဆွေးနွေးတဲ့သူကလည်း အစိုးရကို ကိုယ်စားပြုမှုရှိရမယ်’ ‘ကျနော်တို့ကလည်း ကျောင်းသားထုကို ကိုယ်စားပြုတဲ့သူနဲ့ ဆွေးနွေးမယ်’ ‘ပြည်သူလူထုရှေ့မှာဆွေးနွေးမယ်’‘မီဒီယာရှေ့မှာဆွေးနွေးမယ်’။ ကျနော်တို့က အဲဒီလို ကမ်းလှမ်းထားပါတယ်။ အဲဒီလို ကမ်းလှမ်းမှုမျိုးကို သူတို့ဘက်က တခါမှ မကမ်းလှမ်းတဲ့အတွက် ကျနော်တို့အနေနဲ့ ဆွေးနွေးဖို့ အခက်အခဲ အရမ်းဖြစ်နေပါတယ်။”
အခု အစိုးရဘက်က တစုံတရာလိုက်လျောမှုဟာ ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ အချက်နဲ့ ဘယ်လောက်နီးစပ်သလဲ။ ဘယ်လောက်ကွာဟသလဲ။
“အခုထက်ထိ သူတို့အနေနဲ့ တရားဝင်ပြောတာမဟုတ်တဲ့အတွက် ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထား ရှိတယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ကျနော်တို့တောင်းဆိုထားတာ ၁၁ ချက်ပေါ့နော်။ ၁၁ ချက်စလုံးကို mother law (ပင်မဥပဒေ) ထဲမှာ ပါမှ ရမယ်။ တချို့ကိစ္စလေးတွေကို သူတို့က နည်းဥပဒေထဲ ထည့်ချင်လား မသိဘူး။ ဘာဖြစ်လို့ mother law မှာ ပါမှ ရမယ်လို့ ပြောတာ လည်းဆိုတော့ အခြေခံဥပဒေကိုကြည့်ပြီးတော့ အဓိကပြောတာပါ။ အခြေခံဥပဒေ ကျနော်တို့ Mother Law မှာပါတဲ့ တချို့ဥစ္စာတွေက နည်းဥပဒေတွေနဲ့ ပြန်ချုပ်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ အများကြီးပဲ။ အခုဆိုလို့ရှိရင် အခြေခံဥပဒေက ဥစ္စာကို ကျနော်တို့ ကျောင်းသားတွေကိုယ်တိုင် ပြန်ခံစားနေရတယ်ပေါ့နော်။ ငြိမ်းစုစီ ဆိုတဲ့ပုံစံမျိုး ကျနော်တို့ အခြေခံဥပဒေ mother law ထဲမှာ ပါတယ်ဗျာ။ လွတ်လပ်စွာ စီတန်းခွင့်တို့၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်ဆိုတာ ပါတယ်။ ဒါ mother law ထဲမှာပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ပြန်ချုပ်တာက နည်းဥပဒေအရ ပုဒ်မ ၁၈ ပုဒ်မ ၁၉ အရဆိုပြီး ပြန်ချုပ်တယ်။ အဲဒီအတွက် mother law တောင်မှ မသေချာတဲ့ အနေအထားမျိုးမှာ နည်းဥပဒေဆိုရင် ကျနော်တို့ အမျိုးသားပညာရေး ဥပဒေက သေချာမှာမဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့က Mother Law ထဲပါဖို့ အဓိကပြောတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ အခုထက်ထိ တရားဝင် တိတိကျကျ ပြောတဲ့ဥစ္စာမဟုတ်ဘဲ ပရိယာယ်တခုနဲ့ ကျနော်တို့ကို ဆက်ဆံနေတာ ဖြစ်တဲ့အတွက်၊ မရိုးသားတဲ့အတွက် ကျနော်တို့အနေနဲ့ ပြောဖို့ တော်တော်ခက်တယ်ဗျ။ သူ့အနေနဲ့ ကျနော်တို့ရဲ့ တောင်းဆိုချက်နဲ့ နီးစပ်တယ်၊ မနီးစပ်ဘူး ဆိုတာကိုပေါ့။”
အခု မန္တလေးက ချီတက်တဲ့စစ်ကြောင်းက တနင်္သာရီတိုင်း ထားဝယ်ဘက်က စစ်ကြောင်းနဲ့ ဘယ်လို ပေါင်းစပ်ကြမလဲ။
“အဓိကကတော့ ကျနော်တို့တွေ ဖုန်းတွေနဲ့ ပြောဖြစ်တာတွေပဲ ရှိတယ်။ ထားဝယ်ဘက်မှာကလည်း သူတို့ဘက်မှာကလည်း လှုပ်ရှားတာတွေ ရှိတယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ်အချိန် ရန်ကုန်ဘက်ကို ဘယ်လိုတက်မလဲ။ အဲဒါတွေတော့ တိုင်ပင်တုန်းပဲ ရှိတယ်။”
မန္တလေးကနေ မြင်းခြံအထိ ခရီးစဉ်အတွင်း ဒေသခံပြည်သူကျောင်းသားတွေရဲ့ အားပေးကူညီမှုအခြေအနေ ပြောပြပါ။
“ဒေသခံတွေရဲ့ တုံ့ပြန်မှုကတော့ ဘယ်လိုပြောရမလဲဆိုတော့ မြို့လုံးကျွတ်နီးပါးပါပဲ။ ကျနော်တို့ တခါမှ မကြုံဘူးတဲ့ဥစ္စာပေါ့နော်။ ကြုံဆုံရတာပေါ့။ တချို့ ဈေးရောင်းနေတဲ့ အဒေါ်ကြီးတွေဆိုရင် ရှိသမျှမုန့်တွေ ဈေးမရောင်းတော့ပဲနဲ့ ချကျွေးလိုက်တာတို့၊ ပြီးတော့ အသက်ကြီးတဲ့ အဖိုးကြီး၊ အဖွားကြီးတွေက ထွက်လာပြီးတော့ ပန်းကုန်းစွပ်တာတို့၊ မနေ့ညကဆို မြင်းခြံ ဆိုလို့ရှိရင် မြို့လုံးကျွတ် လုံးဝမကြုံဖူးတဲ့အနေအထားနဲ့ ကြုံတွေ့ရပါတယ်။ ကျောင်းသားပိုင်း ကကျတော့ တချို့မြို့တွေမှာ သာမန်ကျောင်းသားတွေပေါ့နော်၊ ဗကသ မဟုတ်တဲ့ ကျောင်းသားတွေ ထွက်လာတာ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ကျောင်းနဲ့ နှိုင်းယှဉ်ရင်တော့ နည်းတယ်လို့ ဆိုလို့ရတယ် ခင်ဗျ။ အဲဒါတွေကျတော့လည်း ဘာဖြစ်လို့လည်းဆိုတော့ တချို့ကိစ္စတွေက မိဘတွေရဲ့ စိုးရိမ်ပူပန်မှု ပေါ့နော်။ ပြီးတော့ အစိုးရနေပြီးတော့ ကျနော်တို့ကို အမြဲတမ်းပဲ တရားဝင်သူတို့အနေနဲ့ ထုတ်ပြန် ကြေညာမှု မရှိဘူး။ ဥပမာ အခြေခံဥပဒေဆိုရင် ပြည်သူသိအောင် ကြေညာပေးရမယ်။ အခု အမျိုးသားပညာရေးဥပဒေဆိုရင် ကျောင်းသားတွေ သိအောင် ကြေညာပေးရမယ်။ အဲဒီလို ကြေညာမှုမရှိတဲ့အတွက် တချို့တွေဆိုရင် ကျနော်တို့ ဘာကို ဆန္ဒပြလို့ ပြမှန်းမသိဘူး ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ ကျောင်းရှေ့တွေမှာ ရှင်းပြလိုက်ရင်တော့ တချို့ကျောင်းသားတွေ တော်တော်များများထွက်လာပါတယ်။ ဒါပေမယ့် အစိုးရရဲ့ စနစ်တကျ ဖျက်ဆီးခံထားရမှုအောက်မှာတော့ အနည်းအကျဉ်းတော့ ၀င်နေတော့ ကျောင်းသားတွေ ထွက်ဖို့ အတွက်ကိုတော့ ကျနော်တို့ တော်တော်လေး ကြိုးစားနေရတယ်။”

ိDVB
http://burmese.dvb.no/archives/78759

မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတိုက်မှာ တည်းခိုနေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနဲ့ မြို့နယ်မှူးတို့ဟာ ဒီကနေ့ည ၈နာရီကျော်မှာ လာရောက်တွေ့ဆုံခဲ့ပြီး မြင်းခြံမြို့အပြင်ကို ထွက်ခွာတဲ့အခါ သူတို့အနေနဲ့ လုံခြုံရေးအရ တာဝန်ယူမပေးနိုင်တဲ့အကြောင်း လာရောက်ဆွေးနွေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ည ၈နာရီခွဲကစပြီး မြင်းခြံမြို့မှာရှိတဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဆက်သွယ်လို့မရတော့တာကြောင့် အာဏာပိုင်တွေက ဖြတ်တောက်လိုက်တယ်လို့ ယူဆနေချိန်မှာ တောင်သာဘက်က စွမ်းအားရှင်လို့ယူဆလို့ရတဲ့ သင်္ကန်းဝတ်နဲ့ လူ အင်အား ၂ဝဝကျော်ဟာ မြင်းခြံဘက်ကို လာရောက်နေတာကြောင့် မြင်းခြံတစ်မြို့လုံး တုန်လှုပ်ခြောက်ခြားနေကြတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ပြန့်နေပါတယ်။

ကျောင်းသားသပိတ်ဟာ မနက်ဖြန်မနက် (ဇန်နဝါရီ ၂၇)မှာ မြင်းခြံကနေ ကျောက်ပတောင်းကိုအသွား တောင်သာကို ဖြတ်သန်းသွားမှာဖြစ်တယ်လို့ ကြေညာထားပြီး မြင်းခြံမြို့အပြင်မှာလည်း သံဆူးကြိုးတွေနဲ့ ပိတ်ကာချထားလိုက်တယ်လို့ နောက်ဆုံးဆက်သွယ်လို့ရတဲ့ တယ်လီဖုန်းသတင်းအရ သိရပါတယ်။ မြင်းခြံမှာတော့ ကျောင်းသားသပိတ်ကို ကူညီဖို့ နာရေးကူညီမှုအသင်းတွေက ပရဟိတအဖွဲ့တွေဟာ ကျန်းမာရေးကိစ္စတွေကို ထောက်ပံ့နေပါတယ်။

Kamayut Media


လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ဒေသခံနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ကတိပေး ပြောကြား လိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိပြီး လူဦးရေ ၅ သန်းကျော်ရှိရာမှာ မဲပေးပိုင်ခွင့်ရှိသူ ၃ သန်းကျော်အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးမှာပါလို့လည်း ပြောသွားပါတယ်။

ရွေးကောက်ပွဲ နောက်ပြန်လှည့်သွားနိုင်မယ်လို့ ပြောနေကြတာရှိတဲ့အတွက် မဖြစ်မနေကျင်းပမှာဖြစ်ကြောင်း ဦးတင်အေးက ပြောခဲ့တာလို့ ဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသလို ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ဆရာမ ၂ ဦး၏ ဈာပန အခမ်းအနားမြင်ကွင်း 
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့ ကောင်းခါးကျေးရွာက ကချင်ဆရာမလေး ၂ ဦးကို လူမဆန်စွာ သတ်ဖြတ်သွားတဲ့အမှု အမှုမှန် ပေါ်ပေါက်အောင် အစိုးရက အားသွန်ခွန်စိုက် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်းပါတယ်။

ကချင်ဆရာမလေးတွေကို လူမဆန်စွာသတ်ဖြတ်သွားတဲ့လူသတ်သမားဟာ ဘယ်သူဘယ်ဝါ ဖြစ်နိုင်ကြောင်း မှန်းဆပြောဆိုမှုတွေဟာ တပြည်လုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေးသို့ ဦးတည်နေသည့် ယခုကဲ့သို့သော အချိန်ကာလမျိုးတွင် မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဖြစ်စေနိုင်တယ်လို့ ဒီကနေ့ထုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားရေး ရာကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကချင်ဆရာမလေးတွေဟာ မေတ္တာစိတ်ကြီးမားခြင်း၊ စိတ်ကောင်းစေတနာရှိခြင်း၊ အနစ်နာခံခြင်း၊ မိမိကိုယ်ကျိုးစွန့်ခြင်း၊ သတ္တိ ဗျတ္တိနှင့်ပြည့်စုံခြင်း စတဲ့နိုင်ငံသားကောင်းအရည်အချင်းတွေနဲ့ပြည့်စုံတဲ့အ တွက် သူတို့ သေဆုံးရခြင်းဟာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရဲ့ အကျိုးကိုသာမက နိုင်ငံရဲ့ အကျိုးကိုပါ ထိခိုက်နစ်နာရတယ်လို့ ဖော်ပြပါတယ်။

အသက် ၂၀ အရွယ် ကချင် ကျောင်းဆရာမ မရန်လုရာနဲ့ တန်ဘောင် ခေါန်နန်စင်တို့ဟာ ကချင် နှစ်ခြင်းအသင်းတော် (ကေဘီစီ) က ခန့်အပ်ထားတဲ့ စေတနာ့ဝန်ထမ်းဆရာမတွေဖြစ်ကြပါတယ်။ ဇန်န၀ါရီ ၁၉ ရက်နေ့ ညက သူတို့နေထိုင်ရာ ကောင်းခါးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းတွင်း အိမ်မှာ အမည်မသိလူသတ်သမားတွေလက်ချက်နဲ့ ပြတ်ရှဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ကချင်ဆရာမလေး ၂ ဦး သတ်ဖြတ်ခံရတဲ့နေ့က အစိုးရ တပ်မတော် စစ်ကြောင်းက လာရောက်ပြီး ရွာမှာ စခန်းချနားနေချိန်ဖြစ်တာကို ထောက်ပြပြီး အစိုးရတပ်က ကျူးလွန်တာဖြစ်နိုင် တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ကောက်ချက်ချ စွပ်စွဲရေးသားချက်တွေ အင်တာနက်တွေမှာ ပျံ့နှံ့နေပါတယ်။ မသတ်ချင်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့ပုံရတယ်လို့လည်း မျက်မြင်တွေက ထင်မြင်ချက်ပေးပြော ဆိုနေကြတာပါ။

ဒီလူသတ်မှုကို ကျူကုတ် (ပန်ဆိုင်း) ရဲက ရဲအရာရှိတဦး၊ ကေဘီစီ တာဝန်ရှိသူတဦး၊ မြို့နယ်အုပ်ချုပ် ရေးမှူးတဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တဦး စုစုပေါင်း လေးဦးနဲ့ဖွဲ့ထားတဲ့ စုံစမ်းရေးအဖွဲ့ငယ်က ဆောင်ရွက်နေသလို ရဲကလည်း အမှုဖွင့်ထားပါတယ်။

အစိုးရဘက်က ဒီအမှုကို အမှုဖွင့်ဆောင်ရွက်နေသလို ပြည်နယ်အစိုးရကလည်း စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သူတို့ ၂ ဦးရဲ့အလောင်းကို ဆေးစစ်ခံယူတဲ့ မူဆယ်ဆေးရုံကနေ ဌာနချုပ်ရှိရာ မြစ်ကြီးနားကို သယ်ဆောင်သင်္ဂြိုဟ်ခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78752


မန္တလေးမြို့၊ နန်းတွင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ အမှတ်(၁) စစ်အကျဉ်းထောင်တွင် တာဝန်ကျ အစောင့် တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေး သွားသည့် တပ်မတော် အကျဉ်းသားများကို မြို့လေးဖက်လေးတန် ပိတ်ဆို့ရှာဖွေ လျက်ရှိကြောင်း တပ်မတော် အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ယခုလ ဇန်နဝါရီ၂၅ရက် မနက်နှစ်နာရီဝန်းကျင်တွင် တာဝန်ကျ တပ်ကြပ်ကြီးကို သတ်ကာ ထွက်ပြေး သွားသည့်ဖြစ်စဉ် မှန်ကန်ပြီး ယင်းအကျဉ်းသားများကို ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း၊ ယခုထိ တစုံတရာ အကြောင်းထူးခြားခြင်း မရှိသေးကြောင်း အမည်မဖော်လိုသူ တပ်မတော်အရာရှိတစ်ဦးက ယနေ့မနက် ဆယ်နာရီခွဲ အချိန်တွင် ပြောသည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ယနေ့အချိန်ထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ သွားရောက်မေးမြန်းသည့် အခါတွင်လည်း ဖြေဆိုရန် ငြင်းဆန်ထားသည်။

(စိုးကြီး၊ဘုန်းသျှံမင်း)

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=photo


မန္တလေးမြို့၊ နန်းမြို့အတွင်း၊ အမှတ်(၂) စစ်အကျဉ်းထောင်မှ အပြစ်ပေး ခံနေရသူ(၈)ဦးသည် ဇန်န၀ါရီ ၂၅-ရက် ၊နံနက်(၄)နာရီခန့်က အစောင့်တပ်ကြပ်ကြီး အားသတ်ဖြတ်ကာ ထွက်ပြေး သွားကြောင်း သိရ၍
နန်းမြို့တွင်းမှ သက်ဆိုင်ရာကို သွားရောက် မေးမြန်းခဲ့ရာ အတည်ပြု ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်လက်စုံစမ်း မေးမြန်းရာ ယင်းဖြစ်စဉ်မှာ ဟုတ်မှန်ပြီး ထွက်ပြေးသူ များမှာ စစ်ဘက်ဆိုင်ရာ ပြစ်မှု ကျူးလွန်သူများဖြစ်၍ (၈)ဦးဖြစ်ကြောင်း၊ အစောင့်တပ်ကြပ် တစ်ဦးသေဆုံးမှု ရှိခဲ့သည်ဟု ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့သို့ အသိပေး အကြောင်းကြားခြင်း မရှိကြောင်း သိရသည်။

" ဖြစ်တာတော့ ဖြစ်တယ်။ ဘယ်လိုဖြစ်ခဲ့တာ မျိုးကတော့ မသိဘူး။ စစ်တပ်ဘက်က ဘာမှ အကြောင်းကြားတာ မျိုးမရှိလို့ အတိအကျမသိပါဘူး။ စုံစမ်းမှုတော့ လုပ်နေပါတယ်။"ဟု ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိုရှယ်လူမှု ကွန်ယက်တွင် အစောင့်တစ်ဦးကိုသတ်ပြီး အကျဉ်းသားများ ထွက်ပြေးရာတွင် သုံးဦးမှာ ရေကူးလွတ် မြောက်သွားကာ တစ်ဦးကို ဖမ်းမိကြောင်း ပြောဆိုမှုများ ရှိသည်။

မန္တလေးဆေးရုံကြီးနှင့် နီးစပ်သူတစ်ဦးကပြောရာတွင် တပ်ကြပ်ကြီးတစ်ဦး ဆေးရုံသို့ ရောက်ရှိလာပြီး
သေဆုံးသည်ဟု လည်းကြားရသည်ဟု ဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ အနေနဲ့ မန္တလေးကနေ ရန်ကုန်ကို ခရီးရှည်ချီတက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေး စစ်ကြောင်းဟာ နွားထိုးကြီးကနေ မြင်းခြံမြို့ကို မနေ့ညနေက ရောက်ရှိသွားပြီး မူလစီစဉ်ထားတဲ့ အတိုင်း ဒီမနက် ၉ နာရီမှာ မြင်းခြံမြို့ကနေ တောင်သာကို ဆက်လက်ချီတက်ပါမယ်။

ပြည်မြို့လမ်းနဲ့ တောင်သာမြို့လမ်း လမ်းကြောင်းနှစ်ကြောင်းအနက် တောင်သာလမ်းကိုပဲ ရွေးချယ်ဆုံးဖြတ် ခဲ့ကြတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗ.က.သ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

"တောင်သာကို ချီတက်မယ်ဆိုတာက လိုရာလမ်းကြောင်း ဆွဲထားတဲ့ အတိုင်း ကျနော်တို့ အများပြည်သူကို ကြေညာပေးထားတဲ့ အတိုင်းပဲ ချီတက်တယ်၊ ကျနော်တို့က အမျိုးသား ပညာရေး ဥပဒေဟာ နိုင်ငံတော်အတွက် ပြည်ထောင်စု အနာဂတ်အတွက် ဆောင်ရွက်နေရတာ"

ဒီမိုကရေစီ ပညာရေး စစ်ကြောင်းဟာ မြင်းခြံမြို့ကို မနေ့ ညနေ ည ၅ နာရီခွဲက ရောက်လာပြီး စွန်းလွန်းဂူ ကျောင်းမှာ ညအိပ်ရပ်နားခဲ့ပါတယ်။

ချီတက်ရာလမ်းတလျှောက်မှာ သပိတ်မှောက်ကျောင်းသားတွေကို ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆိုအားပေးကြပါတယ်။

ပညာရေးမဝါဒနဲ့ ဥပဒေတွေ ၊ နည်းဥပဒေတွေ၊ ဆက်စပ်ဥပဒေတွေ ရေးဆွဲတဲ့အခါ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမ ကိုယ်စားလှယ်တွေပါ ပါဝင်ရေးဆွဲဖို့နဲ့ ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နဲ့ သမဂ္ဂတွေကို တရားဝင်အသိအမှတ်ပြုဖို့ အပါအဝင် အချက် ၁၁ ချက်ကို သပိတ်မှောက်ကျောင်းသားတွေက တောင်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.