01/28/15


တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သဘာဝ သယံဇာတတွေကို အလုအယက် ရယူနေကြောင်း အမေရိကန် New York Times သတင်းစာကြီးရဲ့ ရေးသားချက်ကို တရုတ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန က လက်မခံနိုင်ကြောင်း တုံ့ပြန်ပြောကြား လိုက်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ ကျားသတ္တ၀ါကစလို့ ကြေးနီသတ္တုအဆုံး အရာမှန်သမျှ လိုချင်နေတာ ဟာ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေ လုယက်ရယူ ရောင်းချနေမှုအတွက် တရုတ်အစိုးရမှာ တာဝန်ရှိကြောင်း၊ မြန်မာပြည်သူတွေဟာ တရုတ်ရဲ့ အဲဒီလိုချင်တပ်မက်မှုတွေအားလုံးကို ရပ်တန့်သွားစေလိုတဲ့ သဘောထားရှိကြောင်း New York Times သတင်းစာက ခေါင်းကြီးပိုင်းမှာ မနေ့က ရေးသားဖော်ပြခဲ့တာပါ။

တရုတ်အစိုးရကတော့ ဒီရေးသားချက်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဖျက်လိုဖျက်ဆီး သဘောနဲ့ ရေးထားတာဖြစ်တဲ့အတွက် လုံးဝသဘောမတူကြောင်း၊ တရုတ်အစိုးရ အနေနဲ့ တရားမ၀င် သစ်ခုတ်လှဲမှု၊ သတ္တုတူးဖော်မှု၊ ကုန်သွယ်မှုတွေကို အမြဲဆန့်ကျင်နေသလို အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ အတွက် ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားဖို့ ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


ဂျပန်လူမျိုး ဓားစာခံ နောက်တစ်ဦးကို ၂၄ နာရီအတွင်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ ဗီဒီယို ထွက်လာပြီးနောက် ဒါဟာ စက်ဆုပ် ရွံရှာဖွယ် ဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ပြောပါတယ်။

အဲဒီ ဗီဒီယိုထဲမှာ ဂျပန် ဓားစာခံ မစ္စတာ Kenji Goto ရဲ့ အသံနဲ့ ပြောရာမှာ ဂျော်ဒန်ဘက်က ဖမ်းဆီး ထားတဲ့ အီရတ် စစ်သွေးကြွ အမျိုးသမီးကို လွှတ်မပေးဘူး ဆိုရင် မစ္စတာ Goto နဲ့ အတူ ဂျော်ဒန် နိုင်ငံသား လေယာဉ်မှူးတို့ အသတ်ခံရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဓားစာခံတွေ လွတ်မြောက်ဖို့ အတွက် ဂျော်ဒန် နိုင်ငံအတူ ဂျပန်က ပူးပေါင်း ဆောင်ရွက် နေတယ်လို့လည်း ဝန်ကြီးချုပ် မစ္စတာ အဘေးက ပြောပါတယ်။

တနင်္ဂနွေ နေ့ကတော့ ဂျပန်လူမျိုး ဓားစာခံ ပထမ တစ်ယောက်ကို သတ်ပစ်ခဲ့တယ်လို့ IS အဖွဲ့က ကြေညာခဲ့ပါတယ်။ အဲဒီ အချိန်က ပြန်ပေးငွေ ဒေါ်လာ သန်း ၂၀၀ ပေးဖို့ IS အဖွဲ့က ဂျပန်ကို တောင်းဆို ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/…/world/2015/01/150128_japan_jordan_ho…


ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း (ခိုတောင်) ရဲ့ နာမည်ကောင်းဟာ ဗြိတိန် မီဒီယာရဲ့ သတင်း တွေကြောင့် ပျက်စီးသွားတယ်လို့ ကျွန်းသူကြီးက ပြောပါတယ်။

မကြာခင်က ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ် ခရစ္စတီးနား အန်နစ္စလေ သေဆုံးမှုကို ကျွန်းပေါ်က မာဖီးယား အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့  ဗြိတိန် မီဒီယာတွေရဲ့ ရေးသားချက်တွေကို စိတ်ဆိုးဒေါသ ထွက်မိတယ်လို့ လိပ်ကျွန်းသူကြီး ချယန်ဆူရာဆတ်ကူက ခေါင်ဆွတ် သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒါဟာ လိပ်ကျွန်းကို တခါမှ မရောက်ဘူးတဲ့ နိုင်ငံခြား ခရီးသွားတွေကို ကျွန်းပေါ်မှာ နိုင်ငံခြား သားတွေကို သတ်ဖြတ် ခေါင်းပုံဖြတ်နေတဲ့ မာဖီးယားတွေနဲ့ ပြည့်နေတယ်လို့ မှတ်ထင် စေကြောင်း သူက ပြောပါတယ်။

လူမှုရေးကွန်ရက်တွေအပေါ်မှာ ဒီလို ပြောနေတာတွေကို တွေ့ခဲ့ရတယ်လို့ ချယန်က ပြောပါတယ်။

အရင် သီတင်းပတ်က လိပ်ကျွန်း In Touch ရီဆော့မှာ တည်းခိုနေတဲ့ ခရစ္စတီးနား သေဆုံး သွား ခဲ့ပြီးတဲ့နောက် အလောင်းကို စစ်ဆေးရာမှာ မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာမတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီကျွန်းဟာ နိုင်ငံခြားသားတွေ ထူးထူး ဆန်းဆန်းသေဆုံးသလို ခရီးသွားတွေ အတွက် လျော့ရဲတဲ့ လုံခြုံရေးကြောင့် ကျွန်းပုံရိပ်က ဆိုးဝါးလာနေပါတယ်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီလထဲမှာ ဒီကျွန်းပေါ်မှာ ခရစ္စတီးနား အန်နစ္စလေ၊ လက်မှာကြိုးချည်ပြီး ဆွဲကြိုးချသေဆုံးတဲ့ ပြင်သစ်နိုင်ငံသား ဒီမစ်ထရီ ပေါ့စ်တို့ သေဆုံးခဲ့ပါတယ်။

၂၀၁၄ခုနှစ်ထဲမှာတော့ ကျောင်ဆောင်ပေါ်ကကျပြီး သေဆုံးတယ်ဆိုတဲ့ ဗြိတိန်က နစ်ပီယာဆင်၊ မတော်တဆမှုနဲ့ ဆီလစ်ရေဖောက်စ်ကယ်ရု မက်သီဆန်၊ အသတ်ခံရတဲ့ ဟန်နာ ၀ှစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မေလာ၊  မတော်တဆမှုနဲ့ ဆွစ်နိုင်ငံသား ဟန်ပီတာ ဆုတာ၊ ဘယ်လ်ဂျီယံနိုင်ငံသား စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/79022

ဓာတ်ပုံ – အောင်ကြီး
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရ တာဝန်ရှိ သူတွေ အကြား ပဏာမအဆင့် ဆွေးနွေးပွဲကို  နေပြည်တော်မှာ ဒီမနက်စတင်ပါတယ်။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီရဲ့ ပြန်ကြားရေးတာခံ ကိုရဲရင့်ကျော်က “ပညာရေးဝန်ကြီးတွေအပါအ၀င်  အစိုးရ ၀န်ကြီးတွေနဲ့ အကြိုတွေ့ဆုံ ဆွေးနွေးတဲ့ သဘောပါ။  ကျနော်တို့ တောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံရေး မဟုတ်ပါဘူး။ ဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဖို့ အတွက် ပဏာမအဆင့် အကြိုတွေ့တဲ့သဘောပါ။” လို့   ပြောပါတယ်။

လေးပွင့်ဆိုင်ထဲမှာ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံး ဆိုင်ရာကွန်ရက်တို့ တွေ့ဆုံဆွေးနွေး ဖို့ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုမှာ ကျောင်းသားခေါင်းဆောင်တွေဘက်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)နဲ့ မြေလတ် ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၁၀ ဦးတက်ရောက်ပြီး  အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးအပါအ၀င် တခြားဝန်ကြီးတွေလည်း တက်ရောက်ဆွေးနွေးကြပါတယ်။

မနေ့ညနေက ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးနန္ဒကျော်စွာ၊  ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ချမ်းငြိမ်းနဲ့ လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌတွေဟာ နေပြည်တော်မှာ တွေ့ဆုံပြီး ကျောင်းသားတွေ သပိတ်မှောက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး  တွေ့ဆုံဆွေးနွေး ခဲ့ကြသလို အစိုးရဘက်က ကျောင်းသားတွေနဲ့ ဆွေးနွေးမယ်လို့ ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ရှိသူတွေကို စေလွှတ်ကမ်းလှမ်းခဲ့ပြီးနောက် ဒီတွေ့ဆုံမှု ဖြစ်လာတာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအောင်ကြီးက “၄ ပွင့်ဆိုင်ဆွေးနွေးဖို့ အကြိုညှိနှိုင်းဆွေးနွေးတာဖြစ်တယ်လို့ ၀န်ကြီးဦးအောင်မင်းက ပြောတယ်။ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက်ကို ပညာရေးဌာနက တာဝန်ခံပြီး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဦးသန့်ရှင်း (ပညာရေး ၀န်ကြီးဌာန ဒု-၀န်ကြီး)က ပြောတယ်” လို့ပြောပါတယ်။

ဆွေးနွေးပွဲမစတင်ခင်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ကိုမင်းကိုနိုင်လည်း ဆွေးနွေးပွဲကျင်းပရာအဆောက်အဦကို ရောက်ရှိတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေက ဗဟိုချုပ်ကိုင်မှု လျော့ချရေး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊ ပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲရေးအပါအ၀င် အချက် ၁၁ ချက်ပါ တောင်းဆိုချက်ကို တောင်းဆိုထားကြပါတယ်။

ဒီကနေ့ ပညာရေးဝန်ကြီးတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ ညှိနှိုင်းမှု စတင်ပေမယ့် ချီတက်သပိတ်မှောက်တဲ့ ကျောင်းသားတွေကတော့ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီ တိုင်းနဲ့ မကွေးတိုင်းက စစ်ကြောင်းတွေဟာ ရန်ကုန်မှာ ပေါင်းစည်းဖို့ စီစဉ်လုပ်ဆောင် နေကြပါတယ်။

မနေ့ညနေပိုင်းအထိကတော့ မြင်းခြံကနေထွက်ခွာလာတဲ့ သပိတ်စစ်ကြောင်းကို သက်ဆိုင်ရာက တောင်သာမြို့တွင်းကို အ၀င်မခံဘဲ နာရီအတန်ကြာ တားမြစ်ကန့် သတ်ခဲ့ပါတယ်။ ဒီအပေါ် ကျောင်းသားတွေနဲ့ အစိုးရက စေလွှတ်တဲ့ကိုယ်စားလှယ်တွေ ညှိနှိုင်းကျော်ဖြတ်ပြီးနောက် နေပြည်တော်မှာ ဆွေးနွေးပွဲစားပွဲဆီ ရောက်ခဲ့ကြတာဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/79014


“မြန်မာထံမှ လုယက်ခြင်း” နယူးယောက်တိုင်မ်း အယ်ဒီတာ့ အာဘော်ဟာ အချက်အလက် မမှန်ကန်ဘူးလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက တုံ့ပြန်ုလိုက်ပါတယ်။

ဇန်န၀ါရီ ၂၃ ရက် နယူးယောက်တိုမ်းရဲ့ အယ်ဒီတာ့ အာဘော်မှာ တရုတ်က မြန်မာရဲ့ အဖိုးတန် သယံဇာတ လုယူရာမှာ တာဝန်ရှိသလို ရှားပါးသတ္တ၀ါ ကျားအစိတ်အပိုင်းကနေ ကြေးနီအထိ တရုတ်ရဲ့ ရယူလိုမှုက ပတ်ဝန်းကျင်နဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ပျက်ပြားစေတယ်လို့ ရေးသားခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ယင်းကတော့ ဒီအယ်ဒီတာအာဘော်ကို လုံးဝ သဘောမတူသလို တရုတ်-မြန်မအကြား တင်းမာမှုကို ဖြစ်စေတယ်လို့ ပြောပါတယ်။

မကြာသေးမီက ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တဲ့ အမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကိစ္စ စုံစမ်းဖို့ တရုတ်အရာရှိတွေ မြန်မာကို လာရောက်ခဲ့သလို တရုတ်ကို တရားမ၀င် သစ်ပို့နေတာဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်တဲ့အကြောင်း သစ်ပင်တွေ ၃ နှစ်အတွင်း ကုန်သွားနိုင်တယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေ အပြောကို ကိုးကားပြီး အယ်ဒီတာ့အာဘော်မှာ ရေးပါတယ်။

မြန်မာလူထုအနေနဲ့ ဒီလိုလုယက်မှုတွေကို ရပ်တန်ဖို့ ဆန္ဒရှိနေသလို တိုင်းပြည်ကလည်း လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို လေးစားလိုက်နာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက တရုတ်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း ၀မ်ကျားပေါင်နဲ့ ဆွေမျိုးတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းထောက်လှမ်း ရေးသားတဲ့ နယူးယောက်တိုင်းမ် ဆောင်းပါးကြောင့် ဒီသတင်းဌာနကို တရုတ် နိုင်ငံမှာ ပိတ်ပင်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79080

အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
ပြီးခဲ့တဲ့ သီတင်းပတ်က ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် ခံရပြီး ရက်ရက် စက်စက် အသတ်ခံ ခဲ့ရတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ် မကင်းဖြစ်မိကြောင်းနဲ့ အမှုမှန်ပေါ်အောင် ထိထိ ရောက်ရောက် စုံစမ်း စစ်ဆေးပေးဖို့ မြန်မာ အစိုးရကို ကုလသမဂ္ဂက ဇန်န၀ါရီလ ၂၇ ရက်နေ့က တောင်းဆို လိုက်ပါတယ်။

တချိန်တည်းမှာပဲ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee အပေါ် ဦးဝီရသူရဲ့ ရိုင်းစိုင်းတဲ့ ပြောဆိုချက်တွေကိုလည်း ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကုလအထူးကိုယ်စားလှယ်က ပြစ်တင်ရှုတ်ချ လိုက်ပြီး မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့အတူ ခွဲခြားဆက်ဆံမှုမရှိတဲ့ ယဉ်ကျေးတဲ့ လူမှုအသိုင်းအ၀ိုင်းဖြစ်ဖို့ မြန်မာအစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ၀ိုင်းဝန်းကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အခုလို အပြစ်ကင်းစင်တဲ့ တိုင်းရင်းသူအမျိုးသမီးငယ် ၂ ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် အမှုအစီရင်ခံစာအပေါ်မှာ အခြေအနေတွေကို အထူးစိုးရိမ်မကင်း ဖြစ်မိတယ်လို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Zainab Hawa Bangura က ဗွီအိုအေကို ပြောပါတယ်။

“ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျမတို့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာတွေ ပြုစုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီသတင်းကြားရတော့ ကျမအနေနဲ့ ကြေညာချက်ထုတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့သူတွေက အဓမ္မပြုကျင့်တယ်ဆိုတာ လုံးဝ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်းမှာ တိုင်းရင်းသားတွေအပေါ် ပစ်မှတ်ထားတယ်ဆိုတာ ကျမတို့ကြားရတဲ့အတွက်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ဒီအချက်ကို နိုင်ငံတကာ နိုးကြားမှုရှိစေဖို့ မီးမောင်းထိုးပြဖို့ တာဝန်ရှိတာလည်း ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ အဓိက တာဝန်ရှိတာဖြစ်တဲ့အကြောင့် ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့ အစိုးရကို ကျမ တိုက်တွန်းလိုပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့နယ်မှာ ဇန်န၀ါရီလ ၁၉ ရက်နေ့ညက မြန်မာစစ်တပ် ခမရ ၅၀၃ ရဲ့ စစ်ကြောင်းတကြောင်း စခန်းချတဲ့နေရာအနီး ကောင်းခါးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ဒီအမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဦးဝီရသူရဲ့ ရိုင်းစိုင်းပြောဆိုချက်တွေကို သူ့အနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်း Zainab Hawa Bangura က ပြောပါတယ်။

“ဦးဝီရသူက ဒါကို လူသိရှင်ကြားပြောခဲ့တာပါ။ နောက်ကွယ်မှာပြောတာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး မဟာမင်းကြီးကလည်း ဒါကို ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်ကို ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ကျမတို့ ကုလသမဂ္ဂမှာရှိတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးအနေနဲ့ ဒီလို အထူးစုံစမ်းစစ်ဆေးရေးမှူးကိုပြောတာ၊ အမျိုးသမီးတဦးအပေါ် အခုလို ရင့်ရင့်သီးသီး သုံးနှုန်းပြောဆိုတာဟာ ဂုဏ်သိက္ခာရှိတဲ့ ဘာသာရေးပုဂ္ဂိုလ်အနေနဲ့ ဒီလို နိမ့်ကျတဲ့ အသုံးအနှုန်းတွေကို အမျိုးသမီးတွေအပေါ် သုံးနှုန်းတာတွေဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ကျမ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃ နှစ်တာကာလနဲ့ နှစ် ၂၀ ကျော် လူ့အခွင့်အရေး လုပ်ဆောင်ခဲ့သူ တဦးအနေနဲ့ ဒီလိုမျိုးပြောဆိုမှုတွေကို မကြုံတွေ့ခဲ့ရပါဘူး။ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူတွေကို အခုလို ရင့်သီးစွာပြောဆိုတာကို ကျမတို့ လက်ပိုက်ကြည့်နေလို့ မဖြစ်ပါဘူး။”

ဒါ့အပြင် အခုလို ရိုင်းစိုင်းစော်ကားတဲ့ ပြောဆိုချက်မျိုးကို  နိုင်ငံတကာ အသိုင်းအ၀ိုင်းသာမက ပြည်တွင်းကပါ လက်မခံဘူးဆိုတာ ဦးဝီရသူသိအောင်ပြောဖို့ မြန်မာအစိုးရရော၊ ဘာသာရေးခေါင်းဆောင်တွေမှာပါ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ တခြားဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒါဟာ မသင့်တော်တဲ့ ပြောဆိုမှုလို့ နားလည်သဘောပေါက်ပြီး အခုလို ရင့်သီးစွာပြောဆိုတဲ့ ဘာသာရေးပုဂ္ဂိုလ်ကို ၀ိုင်းကြဉ်ကြလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ဗုဒ္ဓဘာသာရဟန်းတပါး မဟုတ်ဘူးဆိုတာကို ပြသဖို့ လိုပါတယ်။ ဒါ အရေးကြီးပါတယ်။ ဒါကြောင့် ဒီကြေညာချက်ကို ကျမတို့ထုတ်ပြီး ၀ိုင်းဝန်းပြစ်တင်ရှုတ်ချကြဖို့နဲ့ ဆရာမလေး ၂ ဦး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။”

လာမယ့် မတ်လမှာပြုလုပ်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အစီရင်ခံစာအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ရရှိထားတဲ့အကြောင်းလည်း သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ အစီရင်ခံစာကို ရေးသားနေပြီး အချက်အလက်တွေ တိကျခိုင်မာအောင်လည်း မြန်မာအစိုးရနဲ့ ဆွေးနွေး သွားမှာဖြစ်တယ်လို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Zainab Hawa Bangura က ဗွီအိုအေ ကို ပြောပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/burma-un/2616358.html


ပညာရေး ဝန်ကြီး ဌာန အနေနဲ့ ကျောင်းသားတွေက တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဆောင်ပေးဖို့ ကတိပြုတယ်လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော် မတီက သတင်းထုတ် ပြန်ပါတယ်။

နေပြည်တော် ပညာရေး ၀န်ကြီး ဌာနရုံးမှာ ကျင်းပတဲ့ သမ္မတရုံးရဲ့ လက်တွေ့ကျသော ပညာရေး မြှင့်တင်မှုကော်မတီတွေနဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ နေပြည်တော် ဆွေးနွေး ပွဲမှာ သဘောတူညီခဲ့တာပါ။

Technical (နည်းပညာ) ပိုင်းကိုတော့ NNER (မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်) နဲ့ ဆက်လက် ဆွေးနွေးသွားမယ့်အကြောင်း ဝန်ကြီးတွေဘက်က သဘောတူထားတယ်လို့ ဆိုပါတယ်။

လေးပွင့်ဆိုင်ထဲမှာ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့ ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲကို ကျောင်းသားတွေဘက်က ဗကသများအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ် (မြေလတ်) နဲ့ တကသ က ကျောင်းသားကျောင်းသူ ၁၀ ဦး တက်ရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။

ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ၀န်ကြီးတွေအကြား ဆွေးနွေးပွဲတွေကို ညနေပိုင်းထိ ဆက်ကျင်းပနေပါတယ်။

ဒီတွေ့ဆုံမှုမှာ ကျောင်းသား ခေါင်းဆောင်တွေ ဘက်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)နဲ့ မြေလတ် ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၁၀ ဦးတက်ရောက်ပြီး အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီး အပါအ၀င် တခြားဝန်ကြီးတွေလည်း တက်ရောက်ဆွေးနွေးကြပါတယ်။

ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေပြင်ဖို့ သပိတ်မှောက်ချီတက်နေကြပြီး ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်၊ ဗဟိုချုပ်ကိုင်မှုလျော့ချပေးဖို့နဲ့ ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ရလိုမှုအပါအ၀င် တောင်းဆိုချက် ၁၁ ချက်ကို အစိုးရဘက်က လိုက်လျောပေးဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79064


တိုကျို ၊ ၂၇-၁-၂၀၁၅

ISIS စစ်သွေးကြွ များ၏ သတ်ဖြတ် ခြင်းကို ခံခဲ့ရသည့် ဂျပန်နိုင်ငံသား အရေးတွင် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှု ညံ့ဖျင်းမှုနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၂၅ ရက်က ဆန္ဒပြသူ ရာပေါင်းများစွာ သည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ နေအိမ်ရှေ့သို့ ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူ များသည် ISIS စစ်သွေးကြွ များ၏ ဖမ်းဆီးမှုကို ခံထားရသည့် နိုင်ငံသားများ အရေးနှင့် စပ်လျဉ်း၍ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးရန် တောင်းဆို ခဲ့ကြသည်။ ထို့ပြင် အရှေ့အလယ်ပိုင်း ဒေသသို့ ဝန်ကြီးချုပ်အာဘေး သွားရောက် လည်ပတ်ခြင်း သည် အကြမ်းဖက် သမားများ အတွက် ရန်စမှုတစ်ရပ် အဖြစ် ရှုမြင် နိုင်သည်ဟု ဆန္ဒပြသူများ က ပြောကြား ခဲ့သည်။

ယင်း ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အာဘေး သည် ISIS စစ်သွေးကြွ များ၏ တိုက်ခိုက်မှုကြောင့် နိုင်ငံအတွင်းမှ ထွက်ပြေး လာခဲ့သည့် ဒုက္ခသည်များ အတွက် အကူအညီအဖြစ် ဒေါ်လာ သန်း ၂ဝဝ ထောက်ပံ့ ပေးရန် ကတိပြု ခဲ့သည်။

ထို့ကြောင့် ဝန်ကြီးချုပ် အာဘေး ၏ နိုင်ငံခြားရေး မူဝါဒသည် ဂျပန် နိုင်ငံ၏ ပုံရိပ်ကို ပြောင်းလဲ စေခဲ့သည့် အပြင် ယခုအခါ ISIS စစ်သွေးကြွ များ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကိုပါ ဖြစ်ပေါ် စေခဲ့သည်။

သို့ရာတွင် ဂျပန်အစိုးရ အနေဖြင့် ဖမ်းဆီးခံထား ရဆဲ ဖြစ်သည့် အခြား ဓားစာခံတစ်ဦး ပြန်လည် လွတ်မြောက်ရေး အတွက် ကြိုးပမ်းလျက် ရှိကြောင်း ဝန်ကြီးချုပ် အာဘေးက ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

ရန်ကုန်မှ မန္တလေးသို့ ချီတက်နေသော သပိတ်မှောက်ကျောင်းသားများ (ဓာတ်ပုံ - ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)

ဗဟိုချုပ်ကိုင်မှုများသောပညာရေးဥပဒေကို ပြင်ဆင်ရန် တောင်းဆိုဆန္ဒပြ ချီတက်နေသည့် ကျောင်းသားများ အင်္ဂါနေ့က မန္တလေးတိုင်း တောင်သာမြို့အ၀င်တွင် အကြမ်းဖက်ဖြိုခွင်းရန် အသင့်ဖြစ်နေသည့် ရာနှင့်ချီသော လုံထိန်းရဲတို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း အစိုးရက ကျောင်းသားကိုယ်စားလှယ်တို့ကို တွေ့ဆုံရန် ညှိနှိုင်း သဘောတူလိုက်ပြီး လုံထိန်းရဲအင်အားဖြင့် ပိတ်ဆို့ထားမှုကိုလည်း ဖယ်ရှားပေးလိုက်သည်။

ဇန်န၀ါရီ ၂၀ ရက်မှ စတင်ပြီး အနီရောင်ခွပ်ဒေါင်းအလံများ ကိုင်ဆောင်ကာ မန္တလေးမှ ရန်ကုန်သို့ ခြေလျင်ခရီးချီတက်နေသော ကျောင်းသားများကို ကျောက်ဆည်၊ နွားထိုးကြီးမြို့တို့တွင် အာဏာပိုင်များက ဟန့်တားခဲ့ပြီး တောင်သာမြို့တွင် အင်အားသုံး၍ တားဆီးမည့် အရိပ်အယောင် ပြလိုက်ခြင်း ဖြစ်သည်။

ယနေ့နံနက်ပိုင်း မြင်းခြံ-တောင်သာ ကားလမ်းမရှိ နန်းမြင့်ကုန်းနေရာတွင် ရာနှင့်ချီသော လုံထိန်းရဲများက မီးသတ်ကား ၂ စီးခြံရံ၍ လမ်းအား သံဆူးကြိုးများဖြင့် ပိတ်ဆို့ကာ သပိတ်အဖွဲ့အား စောင့်ဆိုင်းနေခဲ့သည်။

ပိတ်ဆို့မှုကို သိရှိသော်လည်း အင်အား ၅၀၀ ခန့် ရှိသော သပိတ်မှောက် ကျောင်းသားများသည် အနီရောင် ခွပ်ဒေါင်းအလံများ ကိုင်ဆောင်ပြီး “မီးဒုတ် မီးဒုတ် ရှို့ရှို့။ အရေးတော်ပုံအောင်ရမည်၊ အောင်ရမည်။ ဒို့ကျောင်းသားတွေ ညီသလားဟေ့၊ ညီတယ်ဟေ့ ညီတယ်ဟေ့" ဟူသော ကြွေးကြော်သံများကို အော်ဟစ်ကာ မြင်းခြံမြို့မှ တောင်သာမြို့သို့ နံနက် ၉ နာရီခွဲခန့်တွင် ချီတက်ခဲ့သည်။

မြင်းခြံမှ ၈ မိုင်ခန့်အကွာသို့ ကျောင်းသားများရောက်ရှိချိန်တွင် ရဲတပ်ဖွဲ့က လမ်းပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း၊ သပိတ်အဖွဲ့ညှပ်ပိတ်ခံထားရပြီးဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုမြတ်သူက ပြောကြားသည်။

နေ့လလယ် ၁ နာရီကျော်ခန့်တွင် ပညာရေးဝန်ကြီးဌာနမှ ညွန်ချုပ် ဒေါက်တာစိုးဝင်း၊ မန္တလေး အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခမောင်သင်းတို့ ရောက်လာပြီး ကျောင်းသား ကိုယ်စားလှယ်များ နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း နေပြည်တော်တွင် တွေ့ဆုံ ညှိနှိုင်းကြရေးအတွက် ကမ်းလှမ်းပြောဆိုရာ ကျောင်းသားများက လက်ခံခဲ့သည်။

ပိတ်ဆို့ထားသော လမ်းအား မိနစ် ၂၀ အတွင်း ဖွင့်ပေးရေး တောင်းဆိုချက်မှာ သတ်မှတ်ချိန်ကျော်လွန်သွား၍ ဆက်လက် ချီတက်မည်ပြုရာတွင် ပညာရေးဌာနတာဝန်ရှိသူများက ခေတ္တစောင့်ဆိုင်းရန် ပန်ကြားပြီးနောက် ညနေ ၅ နာရီ ၁၅ တွင် တောင်သာလမ်းအား ဖွင့်ပေးလိုက်သဖြင့် အခြေအနေမှာ ပြေလည်သွားပြီး သပိတ်အဖွဲ့များ တောင်သာမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။

နေပြည်တော်သို့ သွားမည့် ကိုယ်စားလှယ်အဖွဲ့တွင် အနည်းဆုံး ၅ ဦး ပါဝင်ဖွယ်ရှိသည်ဟု ဆန္ဒပြရာတွင် ပါဝင်သူ ကိုအောင်နေပိုင်က ပြောကြားသည်။

“မနက်ဖန်ဦးအောင်မင်းနဲ့ တွေဆုံတဲ့အခါမှာ ကျွန်တော်တို့ တောင်းဆိုထားတဲ့(၁၁)ချက်လုံးကို ဆွေးနွေးမယ်။ အခု ၀န်ကြီးဌာနတွေနဲ့ တွေဆုံတာက အကြိုတွေ ဆုံတာပဲ ဖြစ်တယ်။ တရားဝင် ကျွန်တော်တို့ လုပ်ငန်းစဉ်ကြီး အောင်မြင်အောင် တွေ့ဆုံတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့က အစိုးဘက်က လူတွေနဲ့လည်း ညှိုနှိုင်း ဆွေးနွေးပြီး တစ်ဖက်က ကျွန်တော်စစ်ကြောင်းက ဆက်လက် ချီတက်သွားမှာပါ” ဟု ကိုအောင်နေပိုင်က ပြောကြားသည်။

ရဲအင်အား အများအပြားချလိုက်ခြင်းမှာ တနင်္လာနေ့က မြင်းခြံဒီဂရီကောလိပ်ရှိ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ဒေါင်းအလံလွှင့်ထူမှုဖြစ်ခဲ့ခြင်းကြောင့် အလားတူဥပဒေမဲ့လုပ်ရပ်များ ပေါ်ပေါက်လာလုပ်မည်စိုးရိမ်သောကြောင့် ဖြစ်သည်ဟု မြင်းခြံခရိုင်ရဲမှုးကြီးမောင်ဝင်းက ရန်ကုန်ဂလုပ်ကို ပြောကြားသည်။ အလံဖြုတ်ချခဲ့မှုအတွက် အမှုဖွင့်ထားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်းမရှိကြောင်း ၄င်းကဆိုသည်။

သို့ရာတွင် ကျောင်းသားများကမူ သပိတ်အဖွဲ့ အင်အားများပြားလာမည်ကို အာဏာပိုင်များက စိုးရိမ်သောကြောင့် ယခုကဲ့သို့ တားဆီးရန်ကြိုးပမ်းခဲ့ခြင်းဖြစ်မည်ဟု ကိုအောင်နေပိုင်ကဆိုသည်။

ရန်ကုန်မှ မန္တလေးသို့ ချီတက်နေသော သပိတ်မှောက်ကျောင်းသားများ ဖြတ်သန်းသွားသည့် မြို့များတွင် ဒေသခံတို့က ထောက်ခံအားပေးလျက်ရှိပြီး သံဃာတချို့ကလည်း ပူးပေါင်း ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ တွင် ပြဋ္ဌာန်းခဲ့သည် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် ကျောင်းသားများ တောင်းဆိုထားသည့် အချက်ထဲတွင် ပညာရေးမူဝါဒများရေးဆွဲရာတွင် ကျောင်းသား၊ ဆရာကိုယ်စားလှယ်များ ပါဝင်ရေး၊ ကျောင်းသားနှင့်ဆရာ သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရေး၊ တိုင်းရင်းသားမျိုးနွယ်စု ဘာသာစကားများလွတ်လပ်ခွင့်၊ ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရေး၊ ကျောင်းသားအရေးအခင်းများတွင် ကျောင်းထုတ်ခံခဲ့ရသည့်ကျောင်းသားတို့ ကျောင်းပြန်တက်ခွင့်ရရှိရေးတို့ ပါဝင်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကောင်းဆုံးပညာရေးစနစ်ထွန်းကားခဲ့သော်လည်း ၁၉၆၂ မှ ယနေ့တိုင် စစ်အာဏာရှင်အစိုးရအဆက်ဆက်က ပညာရေး ကဏ္ဍကို ရည်ရွယ်ချက်ချက်ရှိရှိ စနစ် တကျ ဖျက်ဆီးခဲ့သည့်ဟု ဝေဖန်ခံနေရသည်။

ဆန္ဒပြသပိတ်အဖွဲ.သည် တောင်သာမြို.ရှိမုန်းပင်ဘုန်းတော်ကြီးကျောင်းတွင် တစ်ညတာတည်းခိုကာ၊ ဗုဒ္ဓဟူးနေ့တွင် ၀ဲလောင်သို့ ခြေကျင်ဆက်လက်ချီတက်မည်ဖြစ်သည်။

The Yangon Globe
https://www.facebook.com/TheYangonGlobe


လက်ပံတောင်းတောင်ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ် မှုကြောင့် တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့မှု ကို စုံစမ်းဖော်ထုတ်ပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ခေါင်းဆောင် ၆ ဦးကို ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီအမှုအတွက် အာမ,ခံ ပေးဖို့ ဒုတိယအကြိမ် လျှောက်ထားရာမှာ တရားသူကြီးက ပယ်ချလိုက်တဲ့အတွက် တရားစွဲခံရသူ ၆ ဦး က အစာငတ်ခံ ဆန္ဒပြခဲ့ကြ ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းပဋိပက္ခနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် တရားစွဲခံထားရသူ ၆ ဦးဟာ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ အာမခံလျှောက်ထားရာ ပယ်ချခံလိုက်ရပါတယ်။

အာမခံပယ်ချခံရတဲ့အတွက် တရားရုံးရှေ့မှာ ဆန္ဒပြကြတယ်လို့ တရားစွဲခံထားရသူ ဒေါ်နော်အုန်းလှက ပြောပါတယ်။

"ကျမတို့ ပထမတစ်ပတ်ကလည်း အာမခံလျှောက်တယ်ပေါ့နော်၊ အခုပြီးခဲ့တဲ့တစ်ပတ်က လျှောက်ခဲ့တာကို အခုဒီအပတ်မှာပယ်ချတယ်၊ အာမခံမပေးဘူးပေါ့နော်၊ ကျမတို့ဒီနေ့တရားရုံးမှာ အစာအငတ်ခံဆန္ဒပြတယ်"

ဒီဇင်ဘာလ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး လိပ်ခွံတောင်ခြေမှာ ခြံစည်းရိုးဝင်ခတ်တဲ့ ၀မ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတောင်သူတွေ ပဋိပက္ခဖြစ်ပွားရာ တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့တာကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြသူတွေထဲက ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စန်းစန်းဝင်း၊ ကိုတင်ထွဋ်ပိုင်၊ ကိုသန်းဆွေနဲ့ ဒေါ်စိန်ထွေးတို့ကို နိုင်ငံတောင် အကြည်ညိုပျက်စေမှု၊ တရားမ၀င် စီတန်းလှည့်လည်မှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်..

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ပြည်ထောင်စု အစိုးရက အမျိုးသား ပညာရေး သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အတားအဆီးတွေကို ဖယ်ရှားလိုက်သလို ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ နှစ်ဘက်သဘောတူညီ ချက်ရရှိ ခဲ့ကြပါတယ်။

အစိုးရဘက်က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းသဘောတူ ညီမှုရတဲ့ အတွက် တောင်သာမြို့အ၀င်မှာ ဖြစ်ပွားခဲ့တဲ့ တင်းမာမှုကနေ အေးချမ်းစွာဖြေရှင်းနိုင်ပြီး မြို့တွင်းကို ဆက်လက်ချီတက်ကြပါတယ်။

အမျိုးသားပညာရေးဥပဒေဆန္ဒပြ ကျောင်းသားသပိတ်စစ်ကြောင်းကို တောင်သာအ၀င် နန်းမြင့်တောင်ကြားမှာ ပိတ်ပင် တားဆီးထားတဲ့ အတားအဆီးတွေကိုလည်း ညနေ ၅ နာရီကျော်မှာ ဖယ်ရှားပေးလိုက်ပြီး ကျောင်းသားတွေကို တောင်သာမြို့ဘက်ကို ဆက်လက်ထွက်ခွာ ခွင့်ပြုခဲ့ပါတယ်။

နာရီအတန်ကြာ ပိတ်ဆို့ထားစဉ်ကာလအတွင်း ပညာရေးဝန်ကြိးဌာနက ဒုတိယ၀န်ကြီး ဒေါက်တာခိုင်မြဲ၊ အထက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ် ဒေါက်တာကိုကိုမြင့်တို့ အပါအ၀င် ပညာရေး တာဝန်ရှိသူတွေက လာရောက်ပြီး သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြရာမှာ သဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။

အစိုးရနဲ့ ကျောင်သားတွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီချက်ရခဲ့ပုံကို သပိတ်ကျောင်းသားအဖွဲ့က ကိုပိုင်ရဲသူက “ပညာရေးဝန်ကြီးဌာနကနေပြီး ကျနော်တို့ တောင်းဆိုတဲ့ တွေ့ဆုံညှိနှိုင်းမှု လမ်းကြောင်းကို လာရောက်ကမ်းလှမ်းတယ်။ ကမ်းလှမ်းတဲ့အခါမှာ ကျနော်တို့က ဆွေးနွေးတယ်။ ဆွေးနွေးတော့ နေပြည်တော်မှာ မနက်ဖြန်နက် ၉ နာရီတွေ့ဖို့အတွက်ကို ဆုံးဖြတ်ချက်ကျတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး တောင်းဆိုတာက တောင်သာမှာရှိနေတဲ့ သပိတ်စစ်ကြောင်းက တောင်သာမြို့ထဲကို လုံခြုံစွာနဲ့ရောက်မှ ဒီဆွေးနွေးပွဲကို တက်မယ်ဆိုပြီးတော့ သဘောထားပေး လိုက်တယ်။ အဲတော့ အခုဟာက ကျနော်တို့ တောင်သာမှာရှိတဲ့ ဂိတ်တွေကို ဖွင့်ပေးလိုက်ပြီး ဆိုတော့ မနက်ဖြန် ဆွေးနွေးပွဲဖြစ်မှာပါ။”

မနက်ဖြန် နေပြည်တော် ဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး မည်သည့် ဌာနန ပုဂ္ဂိုလ်တွေ ပါဝင်မလဲဆိုတာ အသေးစိတ်မသိသေးကြောင်းလည်း ကိုပိုင်ရဲသူက ပြောပါတယ်။

ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ သပိတ်မှောက်စစ်ကြောင်းဟာ တောင်သာမြို့အနီး လေးမိုင်ခန့်အလိုမှာ ရောက်ခဲ့ကြပြီလို့ သပိတ်မှောက်ကျောင်းသား ကိုမင်းမင်းဇော်က ပြောပါတယ်။
“ကျနော်တို့ဘက်က နေပြည်တော် ဆွေးနွေးပွဲသွားမယ်ဆိုရင် ဆွေးနွေးပွဲမှာ တစုံတရာ ကျေနပ်မှုရတယ်ဆိုရင်တော့ ကျနော်တို့ သပိတ်ကို ရပ်ပေးမယ်။ တကယ်လို့ တစုံတရာကျေနပ်မှု မရလို့ရှိရင် ကျနော်တို့ သပိတ် ဆက်သွားနေမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ဆွေးနွေးထားပါတယ်။”
ကျောင်းသားတွေ သပိတ်မှောက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီ၊ ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ချမ်းငြိမ်းနဲ့ လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌတွေ ဒီကနေ့နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာပညာရေးဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီက အမျိုးသားပညာရေးဥပဒေအပေါ် ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြနေတာတွေနဲ့ပတ်သက်ပြီး ဥပဒေပါအချက်တွေ အပေါ်ပြင်ဆင်သင့် တဲ့ အချက်တွေကိုရှင်းလင်းတင်ပြခဲ့ပြီး ကျန်သူတွေက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက်ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေက ဗဟိုချုပ်ကိုင်မှုလျော့ချရေး၊ ပညာရေးအသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲရေးအပါအ၀င် အချက် ၁၁ ချက်ပါ တောင်းဆိုချက်ကို တောင်းဆိုထားကြပြီး မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းက စစ်ကြောင်းတွေဟာ ရန်ကုန်မှာ ပေါင်းစည်းဖို့ စီစဉ်လုပ်ဆောင်နေကြပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

http://burmese.dvb.no/archives/78965


အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အစိုးရတို့ နှစ်ဘက်ညှိနှိုင်း ဆွေးနွေးကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသား ကျောင်းသူတွေ ဆန္ဒပြ ကန့်ကွက်နေတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ သမားတွေက မေးမြန်းရာမှာ ပြည်သူ့ လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောတာဖြစ်ပါတယ်။

"ကိုယ်ကမှန်မှန်ကန်ကန်နဲ့ တာဝန်သိသိ လုပ်တယ်ဆိုလို့ရှိရင် ဒါပာာရပ်တည်ချက်အရလုပ်တာပဲ၊ အဲတော့ ရပ်တည်ချက်အရ လုပ်တယ်ဆိုတော့ ဗရမ်းဗတာလုပ်ရမယ်လို့ ပြောတာမဟုတ်ဘူး၊ ဒီမိုကရေစီလိုချင်လို့ရှိရင် အပေးအယူ အညှိအနှိုင်းဆိုတာတော့ အမြဲရှိရမယ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပြဿနာကို အကောင်းဆုံးဖြေရှင်းတဲ့နည်းကတော့ ညှိနှိုင်းပြီးဖြေရှင်းရမှာပဲ၊ ပြဿနာဖြေရှင်းတယ်ဆိုတာ တစ်ဖက်တည်းတော့မဟုတ်ဘူး၊ ဟိုဖက်ဒီဖက်ပေါ့နော်၊ အားလုံးက အပေးအယူလုပ်လို့ရှိရင် တစ်ဖက်က ငါလိုချင်တာ တစ်ရာရာခိုင်နှုန်းရမှဆို ဘယ်တော့မှ အပေးအယူမဖြစ်ဘူး"

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေမှာ ပြင်ဆင်သင့်တာတွေကို ပြင်ရမှာဖြစ်သလို နည်းဥပဒေကိုလည်း အမြန်ဆုံး ထုတ်ပြန်ပေးသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီလ ၂၀ ရက်နေ့က စတင်ဆန္ဒပြလမ်းလျှောက်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာ တောင်သာမြို့ကို ဒီနေ့ညနေက ရောက်ရှိတာဖြစ်ပါတယ်။

ထားဝယ်၊ ဧရာဝတီ၊ ပခုက္ကူ နဲ့ တောင်သာမြို့က လာရောက်ကြမယ့် ဆန္ဒပြကျောင်းသား ကျောင်းသူတွေဟာ ရန်ကုန်မြို့မှာ စုပေါင်းပြီး သပိတ်စခန်းဖွင့်ကြမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ဓါတ်ပုံ - ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ
မြင်းခြံနှင့် တောင်သာမြို့အကြား၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တားဆီးခြင်း ခံခဲ့ရသည့် သပိတ်မှောက်ကျောင်းသား စစ်ကြောင်းသည် ညနေ ၅ နာရီခန့်တွင် ဆက်လက်ချီတက်ခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

“အခု ဂိတ်တွေ ဖွင့်ပေးလိုက်ပြီ၊ နန်းမြင့်တောင်ကြားကို ဖြတ်ခဲ့ပြီ၊ ကျောင်းသားခေါင်းဆောင် ၂ဦးကတော့ နေပြည်တော်မှာ သွားပြီး ဆွေးနွေးမယ်လို့ သိရတယ်၊ ဒီည စခန်းချမယ့်နေရာအထိ ပါချုပ်တွေက လိုက်ပို့မယ်လို့တော့ ပြောတယ်”ဟု သပိတ်စစ်ကြောင်းနှင့်လိုက်ပါနေသူ နာရေးကူညီမှုအသင်းမှ ကိုခင်မောင်တင့်က ပြောသည်။

ကျောင်းသားများ ပိတ်ဆို့ခံထားရစဉ်အတွင်း ပြည်သူအများအပြားနှင့် လူမှုအဖွဲ့အစည်းများ လာရောက်ပူးပေါင်းဝန်းရံကြကြောင်းလည်း သိရှိရသည်။

နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့ကလည်း သပိတ်စစ်ကြောင်းရှိရာသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မြင်းခြံကနေ ဒီမနက်ထွက်တဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်စစ်ကြောင်းဟာ တောင်သာမြို့အနီး ကားလမ်းမှာ စွမ်းအားရှင်တွေရဲ့ တားမြစ်လမ်းပိတ်ဆို့မှုနဲ့ ကြုံတွေ့နေရတယ်လို့ ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။

မန္တလေးက ပညာရေးဝန်ကြီးဌာန ညွန်ချုပ်အဆင့်တာဝန်ရှိသူတဦး လာရောက်ပြီး ကျောင်းသားတွေနဲ့ ဆွေးနွေးနေသလို လမ်းပိတ်ဆို့ထားတဲ့ အရပ်ဝတ်တွေကလည်း လက်နက် ဒိုင်းတွေ ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

တားမြစ်သူတွေဘက်က ကျောင်သားတွေကို အာဖဂန်နစ္စတန်လို့ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကျောင်းသားတွေရဲ့သပိတ်စစ်ကြောင်းဟာ ပိတ်ဆို့တဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ရောက်ရှိနေပါတယ်။

ဒီစစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသား ၂ ဦးနဲ့ ကျောင်းသူတဦးကို ညနေ ၃ နာရီခွဲမှာ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/78941

ဓာတ်ပုံ – ကိုသက်ခိုင်
မကွေးတိုင်း ပခုက္ကူမြို့မှာ ကျောင်းသားတွေက အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ မနက် ၉ နာရီမှာ စတင်လိုက်ပါတယ်။ ကျောင်းသားတွေဟာ ပခုက္ကူ တက္ကသိုလ်ကျောင်းဝင်းအတွင်း ၀င်ရောက်ခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ တက္ကသိုလ်များသမဂ္ဂ ကျောင်းသား ကိုဇေယျာလွင်က “ပခုက္ကူတက္ကသိုလ်ရှေ့ကနေ ကျောင်းထဲ ၀င်ဖြစ်တယ်။ ကျောင်းထဲကနေ ကျောင်းကို တပတ်ပတ်ပြီးတော့ အခုမြို့ထဲရောက်နေပြီ ပခုက္ကူမြို့ရဲ့ လွတ်လပ်ရေးကျောက်တိုင် ပန်းခြံမှာ ကျနော်တို့ အခု ထမင်းစားနေတယ်။ စားပြီးရင် ပန်းခြံကနေ နည်းပညာတက္ကသိုလ်ကို သွားမယ်” လို့ (မြန်မာ ၁၂ နာရီ ၁၀ မိနစ်) မှာ ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကို အုပ်ချုပ်ရေးပိုင်းက တစုံတရာ တားမြစ်မှုမရှိဘူးလို့ သူက ပြောပါတယ်။
“အာဏာပိုင်က ဘာမှ တားမြစ်တာ မရှိဘူး။ ဥပဒေသမားတယောက်ဆိုလား မသိဘူး။ တရားရုံးက လာပြီးတော့ ပုဒ်မ (၁၈) (ငြိမ်းချမ်းစွာစီတန်းလှည်လည်ခွင့်ဥပဒေပုဒ်မ) လာဖတ်ပြ တာပဲရှိတယ်” လို့ ပြောပါတယ်။

ပခုက္ကူကျောင်းသားတွေဟာ မနက်ဖန်ကျရင် ပခုက္ကူ,မြို့ကနေ ချောက်၊ ရေနံချောင်း၊ မကွေး၊ ပြည် မြို့တွေကိုဖြတ်ပြီး ရန်ကုန်သို့ ချီတက်မှာဖြစ်ပါတယ်။

ပခုက္ကူကျောင်းသားတွေရဲ့ လှုပ်ရှားမှုနဲ့တချိန်တည်းမှာ မန်းတလေးကနေ ရန်ကုန်ကို ချီတက်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ လမ်းတလျောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့မှုကို ခံနေရပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/78866


အမျိုးသား ပညာရေးကို ကန့်ကွက် သပိတ်မှောက် ဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ ယနေ့ ၂၇၁၀၂၀၁၅ မနက် ၉ နာရီက မြင်းခြံမြို့ ကနေ တောင်သာမြို့ ကို ဆက်လက်ချီတက်လာ ခဲ့ကြတာဖြစ်ပြီး မြင်းခြံမြို့ က ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အင်အား ၇၀၀ကျော် ရှိတာလည်း ဖြစ်ပါတယ်။ မြင်းခြံ တောင်သာမြို့ ကြား မိုင်တိုင် ၄၄၇/၆ နန်းမြင့်ကျေးရွာ အုပ်စုရှေ့ မှာတော့ လုံခြုံရေး အင်အား ၁၀၀နီးပါးနဲ့ မီးသတ်ကား ၂စီးချထားပါတယ်။ ၂ဖက်ထိပ်တိုက်တွေ့နိင်တဲ့ အခြေနေတွေလည်း ရှိနေပါတယ်။ လုံခြုံရေးတွေက နန်းမြင့်ကျေးရွာ အုပ်စုရှေ့ မှာ ရဲဝန်ထမ်း လုံခြုံရေးတွေကျန်ခဲ့တဲ့ ဒိုင်းတွေ နံပါတ်တုတ်တွေလည်း ရှိနေပါတယ်။ သပိတ်မှောက် ဆန္ဒပြ ကျောင်းသားတွေက ဂွေးပင်ရိုးကျေးရွာ သံမဏိစက်ရုံလမ်းခွဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ (ဒေသစံတော်ချိန် နေ့လည် ၁နာရီ)
DVB TV - 27.01.2015



မန္တလေး-ရန်ကုန် ကျောင်းသား သပိတ်စစ်ကြောင်း ချီတက်နေတဲ့ မြင်းခြံကနေ တောင်သာမြို့အသွား ကားလမ်းကို အစိုးရ လုံခြုံရေး တပ်တွေ အပြည့်ချပြီး လမ်းပိတ်ဆို့ ထားလိုက်ပြီ ဖြစ်တဲ့ အတွက် နှစ်ဘက် နာရီပိုင်းအတွင်း ထိပ်တိုက်တွေ့မယ့် အနေအထားကို ဆိုက်ရောက်နေပါတယ်။ အစိုးရ အာဏာပိုင်များက တောင်သာမြို့ကနေ မြင်းခြံမြို့ဘက်ကို အထွက် ၂ မိုင်အကွာမှာ လုံခြုံရေး တပ်ဖွဲ့တွေ ချထား လိုက်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78877


ဂျန္န၀ါရီလ 27 ရက် 2015

ဂျန္န၀ါရီလ 27 ရက် မြန်မာ စံတော်ချိန် မွန်းတည့် ၁၂ နာရီခွဲခန့်က ကမ္ဘာနှင့် အ၀ှမ်းနီးပါး ဖေ့စ်ဘုခ် သုံးမရဖြစ်ခဲ့သည်မှာ ကမ္ဘာ့ နာမည်ကြီးဟက်ကာ Lizard Laquad ကြောင့် ဖြစ်သည်ဟု ၄င်းဟက်ကာ၏ ဖေ့စ်ဘုခ်စာမျက်နှာတွင် ဖော်ပြ ထားသည်။

ယခုဖြစ်စဉ်တွင် ဖေ့စ်ဘုခ်ဖွင့်သုံးစဉ် Sorry, something went wrong. We′re working on it and we′ll get it fixed as soon as we can. ဟူပြီးစာမျက်နှာတွင်ထွက်ပေါ်ခဲ့ပါသည်။

နာမည်ကြီး အေပီသတင်းဌာနကလည်း ဖေ့စ်ဘုခ်နှင့်အင်စတာဂရမ် ၂ ခုစလုံးမှာ အမေရိကန်နိုင်ငံတခုလုံး၊ အာရှနိုင်ငံတချို့တို့တွင် ၁ နာရီကျော်ကြာ ဖွင့်မရဖြစ်ခဲ့ကြောင်းဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင်မူ ထိုင်းစံတော်ချိန် ၂ နာရီခန့်တွင် ၂ ခုစလုံးပြန် လည်အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသည်။

ကမ္ဘာ့နာမည်ကြီးဟက်ကာ Lizard Laquad ၏ဖေ့စ်ဘုခ်စာမျက်နှာပေါ်တွင် မကြာမီ ထပ်ဖြစ်ဦးမည်ဟု လည်းခြိမ်းခြောက်ပြောဆိုထားကြောင်း ထိုင်းနိုင်ငံ Kao Sod သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
</