02/01/15


အဆိုတော် မွန်းအောင်ရဲ့ သမိုင်းရဲ့လက်များ သီချင်း

ညီစေနော် ငါတို့ကျောင်းသား

........
♫ ♬ ♪ ရေစုန်မှာ လှေကြုံရှာ ရှေ့ဆက်ဖို့ တွေးမထားပါဘူး♫ ♬ ♪
♫ ♬ ♪ လေထန်ထန် ရေဆန်ဆန် ရုန်းထွက်ဖို့ စွမ်းအားအပြည့်ပဲ♫ ♬ ♪
♫ ♬ ♪ လူငယ်တွေပီပီလေ စိတ်ဓါတ်က မိုးထိမြင့်မား♫ ♬ ♪
♫ ♬ ♪ ဆူးလွှမ်းထက် လမ်းကြမ်းထက် လှမ်းဆက်ဖို့ ရဲရဲချီထား)♫ ♬ ♪

♫ ♬ ♪ အရှုံးဘက်က အမြဲမရှိနိုင်ဘူး♫ ♬ ♪
♫ ♬ ♪ အပြုံးမပျက်ပဲ တွဲလက်ညီကြ♫ ♬ ♪
♫ ♬ ♪ နှလုံးသွေးများ စွေးစွေးနီဆဲ♫ ♬ ♪
♫ ♬ ♪ သမိုင်းရေးသော ဒို့ရဲ့လက်များ♫ ♬ ♪
♫ ♬ ♪ လွတ်မြောက်ရေး ရှေ့ရှုကာထား♫ ♬ ♪
♫ ♬ ♪ ရှင်သန်ချိန် ဒီဘဝထဲမှာ♫ ♬ ♪
♫ ♬ ♪ ညီစေနော် ငါတို့ကျောင်းသား♫ ♬ ♪

Photo.Irrawaddy
စစ်သားစိတ် စစ်သားမာနတပြားသားမှမရှိတဲ့ အခွက်ပြောင်တင်း သောက်ရှက်ကင်းတဲ့ စစ်အာဏာရှင်တို့ရဲ့ ရှေ့နောက်မညီ အော့နှလုံနာစရာ အလိမ်အညာ စရိုက်ဆိုးကို ဒီနေ့မြင်လိုက်ရပြန်ပါပြီ။ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကို ရက်ပေါင်း(၆၀) ကျော် ပမာမထားဂရုမစိုက် ပေလျကန်ပစ်ထားပြီး ကျောင်းသားတွေလမ်းပေါ်တက်လာမှ လုပ်နေကျထုံးစံ စေ့စပ်မယ်ညာခေါ် အချိန်ဆွဲ သပ်လျှို သွေးခွဲမယ်လို့ကြံတယ်။

တကယ်စကားပြောတော့ ကလေးတွေလို့လျော့တွက်ထားတဲ့ ကျောင်းသားတွေက မူနဲ့အရိုးခံနဲ့ဆက်ဆံ သူတို့လုပ်နေကျ အလိမ်အညာမာယာ ဖော်မြူလာက အလုပ်မဖြစ် သုံမရတော့ဘူး။ သမဂ္ဂလွတ်လပ်စွာဖွဲ့ခွင့်ကိုမပြောနဲ့ သမဂ္ဂ ဆိုတဲ့ စကားလုံးကိုတောင် သဘောမတူနိုင်ဘူး။ ထင်သလိုဖြစ်မလာတော့ အောင်မင်းဆီကသဘောထားမှန်ပွင့်ကျလာတယ်။ "ဒီမိုကရေစီပညာရေးဦးဆောင်လှုပ်ရှားမှု ကော်မတီကို ဆွေးနွေးဘက်အဖြစ် ကျနော့်တို့ဘက်က အသိအမှတ်ပြုပေးတာကိုက နည်းတဲ့အခွင့်အရေးလား"တဲ့။ ဒီမိုကရေစီဖြစ်နေပါပြီပြောနေပြီး လူထုတွေ ကျောင်းသားတွေက သူတို့အခွင့်အရေးသူတို့ ရဖို့ကို သူတို့ပေးချင်မှာ လိုက်လျောမှ ရရမယ်ဆိုတဲ့ အာဏာစရိုက် ဖုံးနိုင်ဖိမရပြန်ပေါ်လာတယ်။

သမတဆိုတဲ့ သိန်စိန်ကလဲ တဖက်မှာလူထုလေပြေထိုးပြီး ကျောင်းသားတွေကို လူထုနဲ့တိုက်ပေးဖို့ကြိုးစားတယ်။ ဘာတဲ့ "လက်ရှိ ကာလဟာ စာမေးပွဲရာသီ ဖြစ်တဲ့အတွက် ကျောင်းတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားပြီး စာမေးပွဲများ ရွှေ့ဆိုင်းရခြင်း၊ ကျောင်းများ ပိတ်ရခြင်းများ ဖြစ်ပေါ်လာမှာကို ကျောင်းသား မိဘများအနေနဲ့ စိုးရိမ်ပူပန်မှု ရှိနေကြတာကိုလည်း ကြားသိရပါတယ်။" ပြုံးပဲနဲ့ဝါးလုံးကွဲရီစရာ။

အတော်အခွက်ပြောင်တဲ့ အစိုးရ။ ပူးတွဲပါဓါတ်ပံတွေထဲက ခိုကိုးရာမဲ့ဖြစ် သွားတဲ့ မိသားစုတွေကို မရှက်ဖူးလား ဦးသိန်းစိန်.. ပြီးခဲ့တဲ့ (၂) ရက်ကပဲ ဆိပ်ကမ်းမြို့နယ်ထဲက လူနှစ်ထောင်ကျော်မိသားစုတွေကို ကျူးကျော်ဆိုပြီး ဘူဒိုဇာထိုးနဲ့ထိုးကလော်ပြီး အိုးခြေအိမ်ခြေမဲ့ဘဝကို ပို့ပေးပြီးပြီ။ အဲတုန်းကတော့ ကျောင်းသားမိဘတွေက ကလေးတွေစားမေးပွဲဖြေပြီးတဲ့ထိဆိုင်းပေးပါ၊ ကလေးတွေစာမေးပွဲ ဖြေပြီးရင်သူတို့ဟာသူတို့ပြောင်းရွေ့ပေးပါ့မယ်လို့ တောင်းပန်အသနားခံတာကိုတောင် မငဲ့ညှာ ဇွတ်အဓမ္မဖျက်ဆီးခဲ့ကြတယ်။ ခုကျောင်းသားတွေ သူတို့တောင်းဆိုချက်မရလို့ လမ်းလျောက်ချီတက်နေတာကိုတော့ စာမေးပွဲတွေရှိလို့ မိဘပြည်သူတွေ စိုးရိမ်ပူပန်နေတယ်တဲ့။

နိုင်ငံတော်ရဲ့ သမတ ဆိုပြီး ရှေ့စကားနောက်စကားမညီ အတော်ကို ဗလာင်းဗလဲနိုင်လှပါပေမယ်။ တတ်လဲတတ်နိုင်လွန်းပါတဲ့ ကိုသိန်းစိန်..ဗြောင်လိမ် ဗြောင်လိမ်..

Kyaw Than

၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင်တဦး၊ အဖွဲ့ဝင်တဦး အနေနဲ့ ပါဝင်သူ မဖြိုးဖြိုးအောင်(ခေါ်) မနှင်းပွင့်ဝေဟာ အဲဒီအချိန်က နည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူပါ။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ ဗကသ လှုပ်ရှားမှုတွေကြောင့် အာဏာပိုင်များ လိုက်လံဖမ်းဆီးလို့ မဖြိုးဖြိုးအောင် တိမ်းရှောင်ရပါတယ်။
၂၀၀၈ နာဂစ်ဒေသကို ကူညီဖို့ ပုန်းနေရာက ထွက်ပြီး သူငယ်ချင်းများနဲ့အတူ ဖခင်ဖြစ်သူရဲ့ဦးဆောင်မှုနဲ့ အစားအစာ ဝေငှခြင်း၊ တလကျော်ကြာ ဥပက္ခောပြုခံထားရတဲ့ ရုပ်အလောင်းများ ရှင်းလင်း မြှုပ်နှံခြင်းတွေ လုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း အပြန်လမ်းမှာ သူတို့ အားလုံး အဖမ်းခံရပြီး မဖြိုးဖြိုးအောင် ထောင် ၄ နှစ် ကျပါတယ်။ မော်လမြိုင်ထောင် ရောက်ပါတယ်။ ဖခင်က ဖားအံထောင် ရောက်ပါတယ်။ မိသားစုက ၂ နေရာ ခွဲပြီး ထောင်ဝင်စာ တွေ့ရတာပါ။

ဖခင်ဖြစ်သူက မကြာခဏ ထိန်းသိမ်းခံရသူပါ။ ၁၉၈၉ မှာ ဒေါက်တာနေ၀င်း ထောင် ၁၅ နှစ် ချခံရချိန်မှာ မဖြိုးဖြိုးအောင်ဟာ တနှစ်သမီးပဲ ရှိပါသေးတယ်။ မိခင်ရဲ့ သွန်သင်မှု၊ ဖခင်ရဲ့ ထောင်ဝင်စာ သံဇကာတွေ ကြားက ဆုံးမမှုတွေနဲ့ ကြီးပြင်းခဲ့ပြီး ပညာ ကြိုးစား သင်ပါတယ်။ ပညာရေး အခွင့် အလမ်းတွေကိုလည်း မပြည့်စုံတဲ့ မိသားစု ဘ၀ထဲက ခက်ခက်ခဲခဲ ရှာဖွေရပါတယ်။ဟစ်ပ်ဟော့နဲ့ ပေါ့ပ် ဂီတကို နှစ်သက်တဲ့၊ အင်္ဂလိပ်စာ၊ ကွန်ပြူတာ ဘာသာရပ်တို့ကို အထူးစိတ်ဝင်စားတဲ့၊ အများ အကျိုးဆောင်ရွက်တဲ့ မဖြိုးဖြိုးအောင်ကို အမြဲလေးစားလျှက်ပါ

Sumyat Aung



ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်တောင်းဆိုနေတဲ့ ကျောင်းသားတွေကို ဘယ်အဖွဲ့ကမှ သွေးထိုးမြှောက်ပင့်နေတာမဟုတ်ပဲ ကျောင်းသားအသိနဲ့ ကျောင်းသားအခွင့်ကို တင်ပြနေတာသာ ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။
ကိုကျော်ကိုကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA


အစိုးရ၊ လွှတ်တော်၊ NNER နဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ လေးပွင့်ဆိုင်တွေ့ဆုံမှုဟာ အဆင်မပြေခဲ့ဘူးဆိုရင်တော့ လက်ရှိလှုပ်ရှားမှုထက် ပိုကြီးမားတဲ့လှုပ်ရှားမှုကြီးကို အရှိန်မြှင့်တင်သွားမယ်လို့ ဗကသများအဖွဲ့ချုပ်က ကိုကျော်ကိုကိုက ကျောက်ပန်းတောင်းမြို့မှာ ဇန်နဝါရီ ၃၁ရက်က ပြောလိုက်ပါတယ်။ ဆွေးနွေးပွဲ အဆင်ပြေတယ်ဆိုရင် လက်ရှိသပိတ်က ဘာဆက်လုပ်မှာလဲ။

လက်ရှိကျောင်းသားသပိတ်က တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်တွေ့ဆုံမှု အဆင်ပြေခဲ့လည်း သပိတ်ကိုမရပ်နားဘဲ ရန်ကုန်အထိ ချီတက်သွားပြီး တွေ့ဆုံမှုဖြစ်စဉ်နဲ့ ရလဒ်တွေကို ပြည်သူတွေဆီ ရှင်းပြသွားမယ်လို့ သူက ဆိုပါတယ်။ ကျောင်းသားတွေနဲ့ တွေ့ဆုံဖို့ အစိုးရအနေနဲ့ ရိုးသားဖို့လိုပြီး ကျောင်းသားတွေကို လိမ်ညာခဲ့ရင် ပြည်သူက ကြည့်နေမှာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

မြင်းခြံ-တောင်သာ-ပုပ္ပါးကနေ ကျောက်ပန်းတောင်းကို ရောက်လာတဲ့ သပိတ်စစ်ကြောင်းဟာ မြို့ခံပြည်သူတွေရဲ့ ထောက်ခံမှုကို အကြီးအကျယ်ရခဲ့ပြီး ရေနံချောင်းအသွား ဇီးချိုင်ရွာမှာ ညအိပ်ခဲ့ပါတယ်။ ဇီးချိုပင်ရွာအနီးအနားက ပြည်သူတွေပူးပေါင်းခဲ့ပြီး လူထောင်နဲ့ချီဟာ ကျောင်းသားတွေကို ဝိုင်းရံခဲ့ပါတယ်။

အစိုးရက လက်ပံတောင်းအစီရင်ခံစာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတာတွေမှာ အဖြေမထွက်ဘဲ အချိန်ဆွဲနေတာကြောင့် လေးပွင့်ဆိုင်တွေ့ဆုံမှု ဘယ်လောက်ယုံကြည်လို့ရမလဲလို့ မေးခွန်းတွေရှိနေတယ်လို့ မိုးထက်နိုင်က ဆိုပါတယ်။ ရက်ပေါင်း ၆ဝဆိုတဲ့ ရာဇသံကာလထဲ မဆွေးနွေးပွဲ အခုမှ ဆွေးနွေးဖို့လုပ်တာ သံသယပဲလို့ ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ လမ်းလျှောက်ရာခရီးတစ်လျှောက် ဒေသခံပြည်သူတွေကို ဘာ့ကြောင့် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ရတယ်ဆိုတာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ သပိတ်စစ်ကြောင်းဟာ ဇီချိုင်ရွာကို ည၇နာရီမှာရောက်လာပြီး ဖေဖော်ဝါရီ ၁ရက်နေ့ ဆွေးနွေးပွဲကို တစ်ရက်နားပြီး စောင့်ကြည့်ပြီးရင် ရေနံချောင်းကို ဆက်သွားမယ်လို့ ဆိုပါတယ်။

Kamayut Media

မကွေးတိုင်းအစိုးရရဲ့ ဖိအားပေးမှုကြောင့် ကျေးရွာဒေသတွေက ဘုန်းတော်ကြီးကျောင်းတွေမှာ သပိတ်မှောက်ကျောင်းသားတွေ တည်းခိုနေထိုင်ခွင့် မပေးတာမို့ သပိတ်ရပ်နားထားတဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ သပိတ်မှောက်ကျောင်းသားတွေဟာ ရေနံချောင်းမြို့ကို မော်တော်ကားတွေနဲ့ ရောက်လာခဲ့ပါတယ်။

ရန်ကုန် စိန်ရတုခမ်းမက လေးပွင့်ဆိုင်ဆွေးနွေးပွဲဟာ ကျောင်းသားတွေတင်ပြထားတဲ့ အချက် ၉ချက်ထဲက ပထမ ၁၊ ၂၊ နဲ့ ၃အချက်ကိုပဲ အစိုးရက သဘောတူပြီး ကျောင်းသားသမဂ္ဂကို အသိအမှတ်ပြုရေးဆိုတဲ့အချက်ကြောင့် ရှေ့မတိုးဘဲ လိပ်ခဲတည်းလည်းဖြစ်နေပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ဝမှာ စတင်ခဲ့တဲ့ ရန်ကုန်အရောက် မိုင်ရာပေါင်းစွာ လမ်းလျှောက်ချီတက်ခဲ့တဲ့ ကျောင်းသားသပိတ်ဟာ မြင်းခြံအထွက် တောင်သာမှာ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ပိတ်ဆို့ဟန့်တားမှုတစ်ကြိမ်၊ တောင်သာအထွက် ပုပ္ပါးအသွားလမ်းမှာ ဒုတိယအကြိမ် ပိတ်ဆို့ဟန့်တားခဲ့ပြီး အခုနောက်ဆုံး တည်းခိုနေထိုင်လို့မရအောင် နှောင့်ယှက်ဖိအားပေးနေတာကြောင့် ဆီးချိုပင်ရွာနဲ့ ဂွေးပင်ရွာကြားက ထန်းခြောက်ပင် ဘုန်းတော်ကြီးကျောင်းကနေ ရေနံချောင်းကို လမ်းမလျှောက်ဘဲ ကားတွေနဲ့ရောက်လာခဲ့ပါတယ်။

ကျောင်းသားတွေကို လမ်းပေါ်ရောက်အောင် အာဏာပိုင်တွေက တွန်းပို့နေတယ်လို့ ကျော်ကိုကိုက ရေနံချောင်းအရောက်မှာ ပြောဆိုခဲ့ပါတယ်။
ရေနံချောင်းမြို့ စံပယ်ရုံကျောင်းတိုက်မှာ ညနေ ၅နာရီကျရင် ကျောင်းသားသပိတ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာမို့ မြို့ခံပြည်သူတွေကို လာရောက်ကြဖို့ ပန်ကြားထားပါတယ်။

(ဓာတ်ပုံ - အာကာစိုး/ကမာရွတ်မီဒီယာ)

Kamayut Media


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ပြီး ဆန္ဒပြ ချီတက် နေကြတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းဟာ အာဏာပိုင်တွေရဲ့ ဖိအားပေး မှုကြောင့် သပိတ်စခန်း ပြောင်းရွှေ့ ခဲ့ပါတယ်။

မနေ့က မကွေးတိုင်း ဂွေးပင်ရွာအနီး ထန်းခြောက်ပင်ရွာ ဘုန်းကြီးကျောင်းမှာ ရပ်နားနေတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ဒေသအာဏာပိုင်တွေ ဖိအားပေး တာကြောင့် ဒီနေ့မှာ ကားတွေနဲ့ ရေနံချောင်းမြို့ကို ထွက်ခွာခဲ့ပြီး ရေနံချောင်မြို့က စပယ်ရုံ ဘုန်းကြီးကျောင်းမှာ စစ်ကြောင်း နားနေတယ်လို့ သပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“ထန်းခြောက်ပင်ရွာဘုန်းကြီးကျောင်းကို မြို့နယ်သံဃာ့မဟာနာယကက ဖိအားပေးတော့ ကျနော်တို့ ဆက်တည်းလို့ မရတော့ဘူး။ ဘေးအနီးနားကျောင်းတွေ လျှောက်တော့လည်း လက်ခံလို့မရဘူး ဖြစ်နေတယ်။ အဲ့လိုအခြေအနေတွေကြောင့် ရေနံချောင်းကို ကားနဲ့ ရွှေ့လာခဲ့ရတယ်။ ကားနဲ့ရွှေ့လာရတဲ့အကြောင်းကတော့ အစိုးရနဲ့ ကတိပြုထားတာကြောင့်ပဲ။”

အခုတည်းနေတဲ့ ဘုန်းကြီးကျောင်းကို ဒီနေ့ညနေပိုင်းအထိ လာရောက်ဖိအားပေးတာမျိုး မရှိပေမယ့် ရေနံချောင်းမြို့လူထုက ကျောင်းသားစစ်ကြောင်းကို အုန်းအုန်းကျွက်ကျွက်ထွက်ကြိုကြတာကြောင့် မနေ့ကလိုဖိအားပေးတာမျိုး လုပ်ဆောင်လာနိုင်တယ်လို့လည်း ပြောပါတယ်။

သပိတ်မှောက်ကျောင်းသား စစ်ကြောင်းဟာ ရန်ကုန်မှာ ဒီနေ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲရှိတာကြောင့် လမ်းလျှောက်ချီတက်တာကို ရပ်နားထားပြီး ရန်ကုန်ဆွေးနွေးပွဲ အဆင်မပြေရင် မနက်ဖြန်မှာ ရည်မျန်းချက်အတိုင်း ဆက်လက်ချီတက်ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/79594


ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်ကို ကလေးများ နေ့အဖြစ် သတ်မှတ်ပြီး တနိုင်ငံလုံး မှာ ရှိတဲ့ မြို့တိုင်းမှာ အထိမ်းအမှတ် အခမ်းအနားတွေကို စည်စည်ကားကား ပြုလုပ်သွားမယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။

အရင် စစ်အစိုးရ လက်ထက် နှစ်ပေါင်း ၂၀ ကျော်ကြာ မကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မွေးနေ့ မြန်မာနိုင်ငံ ကလေးများနေ့ကို ဦးသိန်းစိန် အစိုးရ တက်လာပြီး လေးနှစ်လောက်အကြာမှာ ပြန်လည်ကျင်းပမယ်လို့ အစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။

အထိမ်းအမှတ် အခမ်းအနားတွေမှာ စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲတွေအပြင် အခြားပျော်ပွဲရွှင်ပွဲတွေလည်း ထည့်သွင်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အတိုက်အခံ အန်အယ်လ်ဒီပါတီက ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ နိုင်ငံတ၀န်း ကျင်းပပြုလုပ်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79540

မချောစုစံနှင့် ဖခင်ဖြစ်သူ
သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အထက်တန်း ကျောင်းသူ တဦးကို ပုသိမ် အထက (၁) ကျောင်းဆရာ ဆရာမတွေက ကျောင်းခေါ်ချိန်မပြည့်တဲ့ အတွက် ကျောင်းကနေ ထုတ်ပစ်ဖို့ အိမ်မှာ လာရောက်ပြီး လက်မှတ်ထိုး ခိုင်းတယ်လို့ မိဘဖြစ်သူက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရေး ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသူမချောစုစံရဲ့အိမ်ကို ဆရာဆရာမ ၅ ဦးက လာရောက်ပြီး လက်မှတ် ထိုးခိုင်းတယ်လို့ ဖခင် ဦးအောင်ကျော်သူက ပြောပါတယ်။

“ချောစုစံကို ကျောင်းခေါ်ချိန်လည်း မပြည့်ဘူး၊ အဲဒါ တခါတည်း ကျောင်းထုတ်လိုက်မယ်တဲ့။ အိမ်မှာတင် လက်မှတ်ထိုးခိုင်းတယ်။ ဒါကို ကျနော် မထိုးပေးဘူး။ လက်မှတ်ထိုးတာ ကျနော့်သဘောတခုတည်းမဟုတ်ဘူး၊ သူ့အမေနဲ့ တိုင်ပင်ပြီးမှ ဒါကို ပြောလို့ရမယ်လို့ ပြောတယ်။ တယောက်တည်း သဘောထားနဲ့ လုပ်လို့မရဘူးလားလို့ ပြန်မေးသေးတယ်။ ဒါဆို ဆရာကြီးရုံးခန်းကို ဆက်ဆက်လာခဲ့ပါဆိုပြီး ပြောသွားတယ်။”

အဲဒီနေ့ ကျောင်းအုပ်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ စာမေးပွဲဖြေဆိုဖို့ ရက်နီးကပ်နေပြီဖြစ်တဲ့အတွက် ခေါ်ယူတွေ့ဆုံတာလို့ ကျောင်းအုပ်က ပြောကြောင်း အတူလိုက်ပါတွေ့ဆုံခဲ့တဲ့ သပိတ်စစ်ကြောင်း ကော်မတီဝင် ကိုအောင်ခန့်ဇော်က ပြောပါတယ်။

“ကျောင်းကခေါ်တာမှန်တယ်။ အဲ့တာသိလို့ ကျနော်တို့ လိုက်လာတာပါ။ ကျနော်တို့ရောက်တဲ့ အချိန်မှာ ကျောင်းအုပ်ဆရာပြောတာကတော့ ဒီဇန်နဝါရီလအတွင်းမှာ ကျောင်း ၄ ရက်ပဲ တက်ထားတယ်။ အဲ့ဒီအတွက် ဘာဖြစ်လို့လဲ၊ ဘော်ဒါတက်နေလို့လား၊ ဘာကြောင့် ပျက်လဲ ဆိုတာ သူ့မိဘ နဲ့ မေးချင်လို့ ခေါ်တာဆိုပြီး ပြောပါတယ်။”

ဒါ့အပြင် ကျောင်းအနေနဲ့ သပိတ်စစ်ကြောင်းမှာ မချောစုစံ ပါဝင်တာကို  ဖိအားပေးမှာမဟုက်သလို ကျောင်းကနေထုတ်မှာမဟုတ်ဘူးလို့ ကျောင်းအုပ်က အားမခံပေးထားကြောင်း ကိုအောင်ခန့်ဇော်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းဆရာ၊ မတွေကို ဒီဗွီဘီက အတည်ပြုမေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မချောစုစံလို တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား/သူအများစုဟာလည်း ခုလိုချိန်မှာ  ကျောင်းချိန် အပြည်အ၀ တက်ရောက်သူ နည်းပါးတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။

အစိုးရ၊ လွှတ်တော်တို့နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံနေတဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ ဒီမိုကရေစီပညာရေး သပိတ်မှာ ပါဝင်တဲ့သူတွေကို အရေးယူတာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79575


ပြုံယမ်း ၊ ၁-၂-၂၀၁၅

မြောက်ကိုရီးယား အစိုးရသည် နိုင်ငံအတွင်း ရှိ လက်နက်ကိုင် တပ်ဖွဲ့အင်အား တိုးမြှင့်နိုင်ရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် နိုင်ငံအတွင်းရှိ အမျိုးသမီး များအား စစ်မှုမထမ်း မနေရ စနစ်တစ်ရပ် ကို စတင်ချမှတ် လိုက်ကြောင်း သိရသည်။

အဆိုပါ စစ်မှုမထမ်း မနေရ စနစ်အရ နိုင်ငံ အတွင်းရှိ အလယ်တန်းနှင့် အထက်တန်း ပညာရေး အဆင့် အောင်မြင်ပြီးသူ အသက် ၁၇ နှစ်နှင့် ၂ဝ နှစ်အကြား အမျိုးသမီး များမှာ လက်နက်ကိုင် တပ်ဖွဲ့များ အတွင်း ဝင်ရောက်
အမှုထမ်း ရမည်ဖြစ်ပြီး ၄င်းတို့အား ပြည်နယ် အသီးသီးတွင် တာဝန်ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ စနစ်ကို အာဏာပိုင် များက လက်တွေ့ ကျင့်သုံးရန် စီစဉ်လျက် ရှိသည်ဟု ဖော်ပြချက်များ
အရ သိရသည်။

သို့ရာတွင် အမျိုးသမီးများ အနေဖြင့် အမျိုးသားများနှင့် မတူဘဲ လက်နက်ကိုင် တပ်ဖွဲ့များတွင် ၄င်းတို့၏ အသက် ၂၃ နှစ် အထိသာ တာဝန် ထမ်းဆောင်ရန် လိုအပ်ကြောင်း သိရသည်။ မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ အမျိုးသား များမှာ နိုင်ငံအတွင်း ပြဋ္ဌာန်း ထားသည့် ဥပဒေ အရ ၁ဝ နှစ်ကြာ စစ်မှုထမ်း ရလေ့ ရှိသည်။

မြောက်ကိုရီးယား နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲကို ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိဘဲ အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့်သာ စစ်ပွဲကို အဆုံးသတ် ထားနိုင် ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား
နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အ၀န်း က စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်ဟု သိရသည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_993.html

မကွေးတိုင်းကိုဝင်ရောက်လာတဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုဆန္ဒပြကျောင်းသားများ။ (ဓာတ်ပုံ- ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီ)
မကွေးတိုင်းကိုဝင်ရောက်လာတဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုဆန္ဒပြကျောင်းသားများ။ (ဓာတ်ပုံ- ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီ
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ကိုယ်စားလှယ် ၁၅ ဦးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူတွေ ဒီကနေ့ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ တွေ့ဆုံဆွေးနွေးကြပါမယ်။

ဇန်န၀ါရီလ ၂၈ ရက်နေ့က တကြိမ် တွေ့ဆုံဆွေးနွေးကြပြီိးတဲ့နောက်ရခဲ့တဲ့ အချက်လေးချက်ပါ သဘောတူညီချက်အရ တွေ့ဆုံ ဆွေးနွေးကြမှာပါ။ အဲဒီသဘောတူညီချက်တွေအရ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ယက် NNER ကိုယ်စားလှယ်တွေပါဝင်တဲ့ ပထမအကြိမ် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က တောင်းထားတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့၊ အပြုသဘော ဆောင်ဆွေးနွေးပြီး သဘောတူညီမှုတွေကို ညှိနှိုင်းရယူဖို့နဲ့ ဆွေးနွေးဖို့ ကျန်တာတွေကို ဆက်ပြီး ဆွေးနွေး အဖြေ ရှာသွားဖို့၊ ညှိနှိုင်းဆွေးနွေးမှု စတင်တဲ့နေ့မှာ ကျောင်းသားတွေရဲ့ သပိတ်ကို ရပ်နားသွားဖို့ သဘောတူညီချက်မှာ ပါပါတယ်။

ခရီးရှည်ချီတက်နေတဲ့ ဆန္ဒပြကျောင်းသားတွေရဲ့ ပင်မအဖွဲ့ကတော့ အခုဆိုရင် မကွေးတိုင်းထဲ ၀င်ရောက်သွားပြီဖြစ်ပြီး သောကြာနေ့ညက မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ညအိပ်ရပ်နားကြပါတယ်။ ဒါ့အပြင် ဧရာဝတီနဲ့ ရခိုင်ဘက်က ကျောင်းသား တွေလည်း ရန်ကုန်မြို့ကို ချီတက် လာနေကြပါတယ်။ ဆွေးနွေးပွဲစတင်တဲ့ ဒီကနေ့ တရက်ထဲကိုပဲ ဆန္ဒပြချီတက်တာကို ရပ်နားထားမှာဖြစ်ပြီး နောက်ရက်တွေမှာ ရန်ကုန်ထိ ဆက်ပြီးချီတက်ကြမယ်လို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေက ပြောထားပါတယ်။
VOA
http://burmese.voanews.com/content/students-desire-will-be-talked-4-parties-/2623264.html

အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS က သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို ကို ခေါင်းဖြတ် သတ်လိုက်တာ ကို ရိုက်ပြ ထားတာ လို့ ယူဆရ တဲ့ ဗီဒီယို ထုတ်ပြန် လိုက်ပါ တယ်။

မနေ့ အစောပိုင်းတုန်း က ဂျပန် အာဏာပိုင် တွေ ရဲ့ အဆိုအရ ဓားစာခံ လွတ်မြောက်ရေး အတွက် IS တွေ နဲ့ ဆွေးနွေး နေမှု ဟာ တိုးတက်မှု မရှိ ဖြစ်နေ ရတယ် လို့ ပြောထား ပါတယ်။

အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရ တာ ဖြစ်ပါတယ်။

အခု ISတွေ ထုတ်ပြန် လိုက်တဲ့ ဗီဒီယို ဟာ အစစ်အမှန် ဟုတ် မဟုတ်၊ စစ်ဆေးနေတယ် ဆိုပြီး၊ ဂျပန် အာဏာပိုင် တွေ က ပြောနေပါတယ်။

IS တွေ လက်ထဲ မစ္စတာ ဂိုတို လိုပဲ အဖမ်းခံ ထားရ တဲ့ ဂျော်ဒန် လေသူရဲ နဲ့ ပတ်သက် လို့တော့ ဘာမှ မသိရ သေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150131_is_japan_hostage


ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက်ထဲက ကျုးကျော်တဲတွေကို မြန်မာအစိုးရက ကျီစုစက်မှုဇုန်ဖော်မည်ဆိုပြီး ၃ကြိမ် သတိပေးပြီးတဲ့နောက် ဇန်နဝါရီ ၃ဝရက်နေ့မနက်မှာပဲ အင်အားထောင်ချီသုံးပြီး ဖျက်စီးခဲ့ကြပါတယ်။ ကျုးကျော်တဲ အပျက်အစီးပုံတွေကြားထဲမှာ ဒုက္ခသည်တွေအဖြစ်နဲ့ ဖြစ်သလိုနေထိုင်နေကြဆဲပါ။

ဖျက်စီးခံလိုက်ရတဲ့ အိမ်ထောင်စုပေါင်းက ၁၄၁အိမ်ရှိပြီး စည်ပင်သာယာက စုပုံထားတဲ့ အပျက်အစီးတွေကြားထဲ ညအိပ်ရရုံလေး ခိုနားနေကြရတယ်လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။ အလုပ်သွားလုပ်လို့လည်း မရတာကြောင့် ထမင်းထုပ်နဲ့ လာလှူတဲ့အစားအစာတွေကို မှီခိုနေရတယ်လို့ ဆိုပါတယ်။ နေစရာမဲ့နေတဲ့ပြည်သူတွေကို ဘယ်လိုလုပ်ပေးမလဲလို့ အစိုးရကိုမေးခွန်းထုတ်လိုက်ပြီး အာဏာပိုင်နဲ့ခရိုနီပေါင်းပြီး ဆင်းရဲသားတွေကို သေသေကြေကြေလုပ်နေတယ်လို့ သတ်မှတ်တယ်လို့ ပြောပါတယ်။

အစိုးရစီမံကိန်းတွေမစခင် တောကြီးမျက်မည်းကတည်းက နေထိုင်လာကြသူတွေပါလို့ လျော်ကြေးငွေလည်း တစ်ပြားတစ်ချပ်မှ မရဘူးလို့ ဒေါသတကြီး ပြောလာသူက မခင်မာအေးပါ။ ဘိုးဘွားစဉ်ဆက် လယ်ယာလုပ်ပြီး နေခဲ့တဲ့သူတို့အတွက် အခုတော့ ဘယ်နေရာသွားနေရမလဲလို့ ဆိုလာပါတယ်။

Kamayut media
http://kamayutmedia.com/video/social/2874

ရန်ကုန်(မဇ္ဈိမ)။     ။အဆိုတော် ပလေးဘွိုင်း သန်းနိုင်သည် ဇန်န၀ါရီ ၃၀ ရက်အမျိုးသား ကဇာတ်ရုံ ၌ကျင်းပ မည့်၎င်း ၏နှစ် ၅၀ကျော် ဂီတဖျော်ဖြေပွဲ 50th Golden Jubilee Gold Flavour ကိုယဉ်တိုက်မှုဖြစ်ခဲ့ခြင်းကြောင့် ရက်အကန့်အသတ်မ ရှိရွှေ့ဆိုင်း လိုက်သည်ဟု ပွဲစီစဉ်သူဦးပီးပေါ် ကမဇ္စျိမ ကိုပြောသည်။"
Playboy-Than-Naing
မနေ့ကကိုသန်းနိုင် ယာဉ်တိုက်မှုဖြစ်ပါတယ်။ အဲဒါကြောင့်ပွဲကို ရက်အကန့်အသတ် မရှိရွှေ့ဆိုင်း ထားပါတယ်။ ကိုသန်းနိုင် ရဲ့ပရိသတ်တွေ ကိုလည်းတောင်း ပန်ပါတယ်။ ကိုသန်းနိုင် ကတော့ ဆိုဖို့ပဲ လုပ်နေတာ ။ကျွန်တော် တို့က နားခိုင်းထား ပြီးနောက်မှ လုပ်ဖို့ပြော ထားပါတယ်" ဟု ၄င်း ကပြောသည်။

အဆိုတော် ပလေးဘွိုင်း သန်းနိုင်သည် ဇန်န၀ါရီ ၂၉ရက်ညတွင် စစ်သမိုင်းပြ တိုက်ရှေ့တွင် ယဉ်မတော်တဆဖြစ်ပွား မှုကြောင့်ဆေးရုံ သို့ခေတ္တရောက် ရှိကာ ကုသခဲ့ ပြီးနောက် လက်ရိှတွင်နေ အိမ်သို့ပြန် လည်ရောက်ရှိပြီ ဟုဦးပီးပေါ် ကပြောသည်။

"နှစ်ဖက်စလုံး ရဲ့ကားတော့ ထိခိုက်မှုတွေဖြစ် ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုသန်းနိုင်က သတိရှိတော့သူ့မိတ်ဆွေ တစ်ယောက်စီကို ဖုန်းဆက် အကြောင်းကြား တယ်။အဲဒီသူကအစ်ကိုတို့စီကို အကြောင်းကြားလို့လိုက်သွားခဲ့ကြပါတယ်။ အရေးပေါ်ကုသမှုတွေ လုပ်ခဲ့ပြီးဆေးရုံကိုပို့ခဲ့ကြတယ်။ အခုတော့ စကားပြောနိုင် ဆိုနိုင်တယ်။ ဆရာဝန် ကတော့ မျက်လုံးထဲ မှန်စ၀င်သွား တယ်ပြောတယ် ။ အခုအိမ်မှာ ပြန်ရောက်နေ ပါပြီ" ဟု ၄င်း ကပြောသည်။

50th Golden Jubilee Gold Flavour ဖျော်ဖြေပွဲ လက်မှတ် ၀ယ်ယူ ထားသူများကို  လက်မှတ် တန်ဖိုး အတိုင်း ဇန်န၀ါရီ ၃၁ရက် နံနက် ၁၀ နာရီတွင် Pee Paw Live Music Entertainment မှနေရာတစ်ခု သတ်မှတ်ကာ ပြန်လည်ထုတ်ပေး မည်ဖြစ်ပြီး ယင်းလက်မှတ် ဖြင့်ဖျော်ဖြေ ပွဲပြန် လည်ကျင်းပပြု လုပ်သည့် အချိန်၌ လာရောက် ကြည့်ရှုမည် ဆိုပါက လက်ခံ သွားမညဟု ဦးပီပေါ် ကပြောသည်။

ယင်း ဖျော်ဖြေပွဲ တွင် ဗစ်တာခင်ညို ၊ ဘိုဘိုဟန် ၊ စိန်ဝင်းထွန်း ၊ ခိုင်ထူး ၊ ခင်မောင်ထူး ၊ ဇော်ဝင်းရှိန် ၊ ဇော်ဝင်းထွဋ် ၊ ဂျေမောင်မောင် ၊ ချစ်ကောင်း ၊ ဂျက်မြသောင်း ၊ ရင်ဂို ၊ ဘိုဘို ၊ စည်သူလွင် ၊ ဇောထက်ဟန် ၊ ဖရန်ကို ၊ ဖြိုးကြီး ၊ ထွန်းထွန်း(Examplex) ၊ ဟဲလေး ၊ ငဲငယ် ၊ တင်အောင်မိုး ၊ ပီတာဘသိန်း ၊ ပြည့်ဖြိုးမောင် ၊ အယ်လ်ခွန်းရီ ၊ မေဆွိ ၊ မေခလာ ၊ စိမ်းမို့မို့ ၊ ဟေမာနေ၀င်း ၊ ကော်နီ ၊ သျှီ ၊ ယုဇန ၊ အိုင်းရင်းဇင်မာမြင့် တို့က 21st Century Play Boy , Emperor , Noon Music Band တီးဝိုင်းအဖွဲ့များနှင့်ဖျော်ဖြေရန် စီစဉ် ထားပြီးဖျော်ဖြေရေးလက်မှတ်များကို ငွေကျပ် ၃၀၀၀၀၊ ၂၀၀၀၀ ၊  ၁၀၀၀၀ ၊ ၉၀၀၀ တို့ဖြင့် ရောင်းချ ခဲ့ခြင်းဖြစ်သည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/celebrity/item/38136-2015-01-31-10-35-31


နိုင်ငံရေးမှာ လမ်းကြောင်း မှန်ကန်ဖို့ အရေးကြီးပြီး၊ နိုင်ငံရေး ပြေလည်မှုရှိမှ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်နိုင်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာဘုရားဝင်းမှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

"ကျမတို့နိုင်ငံဟာ ကျမတို့ရဲ့ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်၊ အားလုံးကလည်း တစ်ချိန်တစ်ခါမှာ ကမ္ဘာ့အလယ်မှာ လျှမ်းလျှမ်းတောက်ဖြစ်လာမယ့်နိုင်ငံလို့ တွက်ဆထားတာ ဒါပေမဲ့ဒီလိုမဖြစ်ခဲ့ဘူး၊ ဘာဖြစ်လို့ ဒီလိုမဖြစ်ခဲ့သလဲဆိုတော့ တကယ်တော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့တာပဲ၊ ကျမတို့နိုင်ငံဟာ နိုင်ငံရေးလမ်းမှားသွားတာနဲ့ စီးပွားရေးရော၊ လူမှုရေးရော အားလုံးခြွတ်ခြုံချတယ်၊ ဒါကြောင့်မို့လို့ နိုင်ငံရေးဟာ အရေးမကြီးဘူး၊ စားဝတ်နေရေးဟာ အရေးကြီးတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝနားမယောင်ပါနဲ့လို့"

ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းနိုင်ငံရေးကို နားလည်ဖို့ နိုင်ငံအကျိုးကို တတ်နိုင်သမျှ သယ်ပိုးဖို့နဲ့ ဗိုလ်ချုပ်ကို ကျေးဇူးတင်တယ်ဆိုရင် သူချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကိုလိုက်နာပြီး ကျေးဇူးဆပ်ဖို့ ဒီကနေ့ ဟောပြောပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီနေ့ လူထုဟောပြောပွဲကို ပျော်ဘွယ်မြို့က ဒေသခံလူဦးရေ ရှစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခနတိုက်ပွဲဖြစ်လေ့ရှိတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းနဲ့ အံကလော်ရွာ ဘုန်းကြီးကျောင်းအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးဟောင်းတခုကို ကလေးတွေ တွေ့ရှိပြီး ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။ နောက်ထပ် ကလေး (၆) ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဘားအံနဲ့ကော့ကရိတ်ဆေးရုံတွေမှာ ဆေးကုသမှု ခံနေရပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရတပ်နဲ့ ကရင်လက်နက်ကိုင်တွေ အပစ်အခတ်ရပ်စဲရေးလုပ်ထားပေမယ့် ကော့ကရိတ်မြို့နယ်ရွာမှာတော့ မကြာခနဆိုသလို လက်သည်မပေါ်တဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ သောကြာနေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာနဲ့ အံကလော်ရွာက ကလေးတွေဟာ နှစ်ဘက် လက်နက်ကိုင်တွေ သုံးလေ့ရှိတဲ့ ၄၀ မမ၊ ဗုံးသီးဟောင်းတလုံးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး နှစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ရွာသစ်ကုန်း ဒေသခံတစ်ဦးက ပြောပါတယ်။

“နှစ်ယောက်က ဖြစ်ဖြစ်ချင်းသေသွားတယ်။ နောက်တယောက်က ဆေးရုံရောက်ပြီးမှ သေသွားတယ်။ အားလုံးပေါင်း ၈ ယောက်၊ ….သူ့ဗိုက်ထဲက အူတွေထွက်နေတယ်။ ….. ”

ဆော့ကစားခဲ့သူ အသက် (၈) နှစ်အရွယ်ကလေးက နေရာမှာတင် သေဆုံးသွားခဲ့ပြီး နောက်တစ်ဦးကတော့ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့ပါတယ်။ အနားမှာရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ကလေးတွေအနက် ဝမ်းဗိုက်နဲ့လည်ပင်းမှာ ဒဏ်ရာရထားတဲ့ကလေးရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အတွက် ဘားအံဆေးရုံကို ပို့ပြီး ကုသနေရပြီး မျက်နှာ၊ လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရခဲ့သူ ကျန်တဲ့ကလေးငါးယောက်ကတော့ ကော့ကရိတ်မြို့ဆေးရုံမှာပဲ ဆေးကုသမှုခံနေကြပါတယ်။ အဲဒီရွာတွေဟာ နှစ်ဘက် လက်နက်ကိုင်တွေ မကြာခန ဝင်ထွက်သွားလာနေတဲ့ ဒေသဖြစ်ပြီး တိုက်ပွဲတွေလည်း မကြာခန ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“….ခနခနတော့ ဖြစ်တယ်ပေါ့။”

အခု ကလေးတွေ တွေ့ပြီး ဆော့ကစားခဲ့တဲ့ တိုက်ပွဲအတွင်း မပေါက်ကွဲခဲ့ဘဲ ကျန်နေခဲ့တဲ့ ဗုံးသီးဟောင်းအမျိုးအစားကို နှစ်ဘက်လက်နက်ကိုင်တွေက အသုံးပြုကြပါတယ်။ အဲဒီဒေသမှာ ကရင်လက်နက်ကိုင်တွေလည်း စခန်းချထားသလို မြန်မာစစ်တပ်ဘက်ကလည်း ဝင်ထွက် စခန်းချကြောင်း ဒေသခံတွေက ဆိုပါတယ်။ အဲဒီနယ်မြေဟာ လက်ရှိမှာ တည်ငြိမ်မှု မရှိကြောင်း၊ လက်ရှိ ကော်သူးလေးတပ်မတော်မှာ တာဝန်ယူထားသူ DKBA တပ်မှူးဟောင်း ဗိုလ်မှူး စောဆန်းအောင်ကလည်း ပြောပါတယ်။

“ကော့မလဲရွာမှာဆိုလို့ရှိရင်လည်း ကျောင်းပိတ်တယ်။ ဆရာမတွေ။ ညနေပိုင်းတော့ ကျောင်းဆက်တက်နေတဲ့အနေအထားမှာလေ။ အဲဒီမှာ တပ်က ဝင်ထွက်လိုက်ကြ၊ ..စခန်းလည်းရှိတယ်။ စခန်းက သေးသေးငယ်ငယ်လေးပါ။ တပ်တွေ အဲဒီမှာ လာစုတယ်လေ။ စုပြီး အဲဒီကနေ လက်ရှိ ပြင်ဆင်ပြီး ထွက်နေပြီပေါ့- လက်ရှိအနေအထားကတော့။ ကျနော်တို့စည်းထဲမှာ တကယ်လို့ ရောက်ရှိလာမယ်ဆိုရင်တော့ ပစ်ခတ်မှုတွေ… ၊ ခုခံကာကွယ်တဲ့- မိမိကိုယ်မိမိ ကာကွယ်တဲ့အနေအထားတော့ ပြင်ဆင်ထားတဲ့သဘောပေါ့နော်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၁ ရက်နေ့တုန်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကားရပ်နားတဲ့နေရာတခုမှာ လက်နက်ကြီး ကျည်တွေကျခဲ့ပြီး ခရီးသည် (၃) ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်တစ်ဦးကတော့ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒဏ်ရာရသူ (၁၂) ဦး ရှိခဲ့ပြီး အဲဒီပစ်ခတ်မှုမှာလည်း လက်သည်မပေါ်ခဲ့ပါဘူး။

ကရင်ပြည်နယ်အတွင်း နှစ်ပေါင်း ၆၀ ကျော် ကရင်လက်နက်ကိုင်နဲ့ မြန်မာစစ်တပ်ကြားက စစ်ပွဲတွေမှာ နှစ်ဘက်လုံးက အသုံးပြုတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးမှု၊ ခြေပြတ်မှုတွေလည်း ရှိနေတာပါ။ အခုလိုမျိုး ကရင်ပြည်နယ်အတွင်း ကျေးရွာတွေနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးလက်ကျန်တွေကြောင့်လည်း အရွယ်မရောက်သေးတဲ့ကလေးတွေ ဆော့ကစားမိရာကနေ အခုလို သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေလည်း မကြာခန ရှိနေပါတယ်။ အခု ဖြစ်ရပ်မှာတော့ သေဆုံးနဲ့ ဒဏ်ရာရသူ ကလေးတွေဟာ အသက် ၆ နှစ်၊ ၈ နှစ်နဲ့ ၁၀ နှစ်အရွယ်တွေ ဖြစ်ကြပါတယ်ရှင်။

VOA
http://burmese.voanews.com/content/two-kids-killed-by-unblasted-old-bomb-/2622743.html

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - အောင်ကြီး)
မြန်မာနိုင်ငံဟာ နိုင်ငံရေး လမ်းမှား ခဲ့တာကြောင့် စီးပွားရေးနဲ့ လူမှုရေး အပိုင်းတွေမှာ ချွတ်ခြုံကျ ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်က ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲ မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာပါ။

“တချိန်တခါတုန်းက ကျမတို့ အရှေ့တောင်အာရှမှာ ကျမတို့နိုင်ငံဟာ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်။ အားလုံးကလည်း တချိန်တခါမှာ ကမ္ဘာ့အလယ် လျှမ်းလျှမ်းတောက်ဖြစ်လာမယ့် နိုင်ငံ တွက်ဆထားတယ်။ ဒါပေမယ့် ဒီလိုမဖြစ်ခဲ့ဘူး။ ဘာလို့ ဒီလိုမဖြစ်ခဲ့လဲဆိုတော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့တာပဲ။ ကျမတို့နိုင်ငံဟာ နိုင်ငံရေး လမ်းမှားသွားတာနဲ့ စီးပွားရေးရော၊ လူမှုရေးရော ချွတ်ခြုံကျခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးဟာ အရေးမကြီးဘူး စားဝတ်နေရေးဟာ အရေးကြီးကြောင်းပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝ နားမယောင်ပါနဲ့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံရေးလမ်းမှန်မှ စားဝတ်နေရေး ချောင်လည်တဲ့ဘ၀ကို ရောက်သွားကြမယ်ဆိုတာ သေသေချာချာ မှတ်သွားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အေးချမ်းဖို့အတွက် ပြည်သူပြည်သားတွေ ညီညွတ်ကြဖို့ အရေးကြီးကြောင်းလည်း တိုက်တွန်းသွားပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပျော်ဘွယ်မြို့ ဗိုလ်ချုပ် ရာပြည့်အခမ်းအနားကို ဖျော်ဖြေပွဲတွေနဲ့ စတင်ခဲ့ပြီး ပျော်ဘွယ်၊ ရမည်သင်း၊ မိတ္ထီလာ သာစည်မြို့နယ်တွေက လူအင်အား ထောင်နှင့်ချီ တက်ရောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မှာဖြစ်လို့ အထိမ်းအမှတ်အခမ်းအနားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79494

ဓာတ်ပုံ – ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ
ဖေဖော်ဝါရီ ၁ ရက်နေ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ရလဒ်အပေါ် စောင်ကြည့်ပြီး သပိတ်စစ်ကြောင်းကို အသွင်းပြောင်းသွားမယ်လို့ သပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြနေတဲ့ သပိတ်မှောက် ကျောင်းသားတွေဟာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းကနေ ဒီနေ့မနက် စတင်ချီတက်ခဲ့ကြပြီး မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲက ဂွေးပင်ရွာမှာ ဒီညအိပ်ရပ်နားပြီး ဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ကိုရဲရင့်ကျော်က “ဖေဖော်ဝါရီ ၁ ရက်ကတော့ လေးပွင့်ဆိုင်တွေ့ဆုံပွဲ စတဲ့နေ့ဖြစ်တယ်။ အဲ့ဒီနေ့မှာတော့ စစ်ကြောင်းမထွက်ဘဲနဲ့ အခြေအနေကို စောင့်ကြည့်မှာ ဖြစ်တယ်။ အဲ့ဒီတွေ့ဆုံပွဲက အဓိက အာမခံ ချက်ပေးရမယ့် အချက်အလက်တွေ ဆွေးနွေးတဲ့အခါ ကျနော်တို့ ကျေနပ်လောက်တဲ့အနေအထားမှာ ရှိတယ်ဆိုရင်တော့ စစ်ကြောင်း အသွင်ပြောင်းမယ်၊ တကယ်လို့ ကျေနပ်အားရစရာ မရှိဘူး၊ အစိုးရဘက်က အချိန်ဆွဲမှုမျိုးတွေ လုပ်ဆောင်လာမယ်ဆိုရင် သပိတ်စစ်ကြောင်းကို ၂ ရက်နေ့မှာ ဆက် ချီတက်မယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ ရန်ကုန်က တက္ကသိုလ်စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နဲ့ သပိတ်မှောက် ကျောင်းသား ကော်မတီတို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အချက် ၁၁ ချက်ကို အစိုးရထံ တောင်းဆိုထားတာပါ။

အဲ့ဒီဆွေးနွေးပွဲကို ကျောင်းသားသပိတ်ကော်မတီက ၁၅ ဦး တက်ရောက်မှာဖြစ်ပြီး ဗကသကျောင်းသား ၆ ဦး၊ တကသ ကျောင်းသား ၆ ဦးနဲ့ မြေလတ်ဗကသကျောင်းသား ၃ ဦး ပါဝင်တယ်လို့ ဆွေးနွေးပွဲတက်မယ့် မဖြိုးဖြိုးအောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲရလဒ်ထုတ်ပြန်ဖို့ တောင်းဆိုသွားမယ်လို့လည်း သူက ပြောပါတယ်။

“ဆွေးနွေးပွဲတိုင်းမှာ သဘောတူညီချက်တခုခုထုတ်ပြန်ဖို့လိုတယ်။ ဆွေးနွေးပွဲရလဒ်ကို အများပြည်သူ သိအောင် မီဒီယာကနေ တဆင့် ထုတ်ပြန်ပေးဖို့လိုတယ်။ ဒါမှ ဆွေးနွေးပွဲဟာ တိုးတက်မှုရှိလား၊ မရှိဘူးလား မြင်ရမှာပေါ့နော်။ ကျမတို့ဘက်က ဒီလို ထုတ်ပြန်ပေးဖို့ ပြည့်ပြည့်၀၀တောင်းဆို သွားမှာပါ။”

အမျိုးသား ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ တဖွဲ့ကို ၁၅ ဦးစီ တက်ရောက်နိုင်တယ်လို့ အစိုးရက ဖိတ်ကြားထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့ကနေ စတင်ခဲ့ပြီးနောက် နိုင်ငံတ၀န်း  နေရာအနှံ့  ချီတက်ဆန္ဒပြနေကြတာပါ။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/79416

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.