02/03/15


၂၀၁၁ ခုနှစ်တုံးကရေးခဲ့တဲ့ ဆောင်းပါးလေးပါ ။ အဲ့ဒီကာလတုံးက နိုင်ငံနဲ့ ပြည်သူတွေကို ကြိမ်ဖန်များစွာ ဗိုလ်ကျအနိုင်ကျင့်ခဲ့ပြီးထင်ရာစိုင်းနေတဲ့ နအဖစစ်အစိုးရရဲ့လုပ်ရပ်တွေကို ပြည်သူပြည်သားတိုင်းက ၀ိုင်းဝန်းတားဆီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာပါ။
အခုကာလမှာတော့ ဦးသိန်းစိန်တို့ အစိုးရဟာ…၂၀၁၂ ခုနှစ်မှာ စစ်ဘောင်းဘီကိုဟန်ကျပန်ကျချွတ် ပြုပြင်ပြောင်းလဲရေးစကားဆိုပြီး ပြဇာတ်တပုဒ်ကိုအသုံးတော်ခံလာခဲ့တာ ဇါတ်ရုပ်တောင်ပေါ်နေပါပြီ ။
လဲမှို့ နဲ့ တူပြီး တန်ဘိုးနည်းတဲ့၊ အဓိကမကျတဲ့ ပြုပြင်ပြောင်းလဲရေးတချို့လုပ်ပြခဲ့လို့ လက်ခုပ်သံ တချို့ ရယူနိုင်ခဲ့ပေမဲ့ အခြေခံကျပြီး အဓိအရေးပါတဲ့ တိုင်းပြည်ကို စစ်သံပချုပ်ထဲကဆွဲထုတ်မတင် နိုင်ဘို့  ပုဒ်မ (၄၃၆) ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ဖို့  တိုက်တွန်း လာကြတဲ့အခါ… တီကိုဆားနဲ့ ထိသလို တွန့် ဆုတ်နေတာမို့  ပြည်သူပြည်သားတိုင်းက၀ိုင်းဝန်း အားစိုက်တွန်းတိုက်ကြ ဖို့  လိုနေတာကြောင့် ဒီဆောင်းပါးကို ပြန်တင်ပေးလိုက်တာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော့အတွက်တော့ စနေနဲ့ တနင်္ဂနွေရက်များမှ အေးအေးဆေးဆေးစာဖတ်ခွင့်ရလေ့ရှိ၏ ။ ကြားရက်များတွင်မူ ရုံးကိစ္စများဖြင့်ပိနေသောကြောင့်ဖြစ်၏ ။ ဒီတပတ်အားလပ်ရက်တွင် ကောက် ဖတ်ဖြစ်သော စာအုပ်မှာ Craw Shaw & Jackson တို့ ရေးသားသည့် “ Small Acts of Resistance ” လို့ အမည်ရှိသည့်စာအုပ်ဖြစ်သည်။ တနိုင်အာဏာဖီဆန်ရေးဟု မြန်မာပြန်လို၏ ။ ဒီနေရာမှာ ဆိုထား သည့် အာဏာဆိုသည်မှာ …အများပြည်သူအလိုမတူသည့် မတရားသောအမိန့် အာဏာကိုဆိုလို၏ ။
ထိုစာအုပ်၏အဖွင့်စာမျက်နှာတွင် ချက်(စ်)နိုင်ငံသမ္မတဟောင်း ဖြစ်သူ ဗားကလပ်ဟာဘဲလ်၏ အာဏာမဲ့သူတို့ ၏ အာဏာအကြောင်း စကားချီးဖြင့် စတင်ထား၏။ လူတဦးချင်းစီက မိမိဝန်းကျင် တွင်ဖြစ်ပျက်နေသော မတရားမှု့နှင့် ဖုံးကွယ်လိမ်ညာမှု့များကို အမှန်တရားဖြင့်နေထိုင်လိုစိတ်နှင့် အာခံဆန့် ကျင်မှု့များသည် တွက်ချက်၍မရနိုင်သော အကျိုးကျေးဇူးများဖြစ်ပွားတတ်ကြောင်းပြော ထား၏ ။
(၁၉၈၉) ခု နှစ်ကုန်ပိုင်းတွင် တကမ္ဘာလုံးအံအားသင့်ရလောက်အောင် ဖြစ်ပွားခဲ့သည့် အရှေ့ဥရောပ တခွင်လုံး၏ ပြောင်းလဲမှု့ကြီးသည် သာမန်ပြည်သူလူထုထဲမှ တဦးချင်းစီ၏ မတရားမှု့အပေါ် တနိုင် အာဏာဖီဆန်ခဲ့ခြင်းများ၏ စုပေါင်းအကျိုးရလာဒ်ဖြစ်သည်ဟုလည်းဆိုထား၏ ။
ထိုစာအုပ်ထဲတွင် ကမ္ဘာအရပ်ရပ်ရှိ ရက်စက်ကြမ်းကျုတ်သောအာဏာရှင်များ၊ သက်ဦးဆံပိုင်ပဒေ သရာဇ်များ၏ ဖိနှိပ်မှု့အမျိုးမျိုးကို ပြည်သူပြည်သားတို့ မှ ရရာနည်းလမ်းမျိုးစုံဖြင့် ရဲဝံ့ပြောင်မြောက်စွာ အာဏာဖီဆန်ကြသည့်ဖြစ်ရပ်များစွာကိုဖေါ်ပြထား၏ ။ အဆိုပါဖြစ်ရပ်များထဲမှ အချို့ကို အောက်ပါ အတိုင်း ဆီလျှော်အောင် ကောက်နှုတ်ဖေါ်ပြလိုက်ပါ၏ ။

( လမ်းလျှောက်ကောင်းတဲ့ပိုလန်သားများ )
၁၉၈၀ ခုနှစ်ဝန်းကျင် ပိုလန်နိုင်ငံတွင်ကွန်မြူနစ်အစိုးရအုပ်စိုးနေသောကာလဖြစ်၏ ။ သင်္ဘောကျင်း အလုပ်သမားများဆန္ဒပြမှု့ကို လက်နက်ဖြင့်အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းပြီးနောက် သတင်းအမှောင် ချ၍ လူထုအား နားပိတ်မျက်စိပိတ်အောင်လုပ်ထားသောကာလဖြစ်၏ ။အစိုးရ၏ ညနေပိုင်း (၇) နာရီခွဲ သတင်းကို နားမထောင်လိုသောပြည်သူများက “ TV – goes – for – a – walk ” သတင်းအတွက် လမ်းလျှောက်ထွက်ခြင်း သပိတ်ဆင်နွှဲကြ၏ ။
ညနေချမ်းသတင်းကြေညာချိန် (၇) နာရီခွဲ တွင် ပိုလန်သားတို့ လမ်းလျှောက်ထွက်ကြ၏ ။ ထိုအခါ ကွန်မြူနစ်အစိုးရက Curfew ( နေ၀င်မီးငြိမ်း အပြင်မထွက်ရအမိန့် ) ကို ည (၁၀)နာရီထားရာမှ..ည (ရ)နာရီထိဆွဲဆန့် ခဲ့၏ ။ ဤတွင် ပိုလန်သားတို့ လမ်းလျှောက်ချိန်မှာ ညနေ (၅)နာရီသတင်းကြေညာ ချိန်ဖြစ်တော့၏ ။

( သီချင်းဆိုကောင်းတဲ့ ဥရုဂွေးသားများ )
၁၉၇၃ ခုနှစ်မှစ၍ စစ်အာဏာရှင်တို့ ဥရုဂွေးနိုင်ငံကို ဗိုလ်ကျစိုးမိုးခဲ့၏ ။ ပြည်သူအထောင်အသောင်း တို့ တိုင်းတပါးသို့ ထွက်ပြေးကြရ၏ ။ အတိုက်အခံတို့ အား ထောင်သွင်းအကျဉ်းချ၍ ရက်စက်စွာ သတ်ဖြတ်နှိပ်စက်ခဲ့၏ ။ နေရာတိုင်းတွင် ဖိနှိပ်ချုပ်ချယ်မှု့များရှိနေ၏ ။ တိုင်းပြည်ကိုလက်နက်ဖြင့် ငြိမ်ဝပ်ပိပြားအောင် ဇွတ်ပုံသွင်းထားခဲ့၏ ။
စစ်အုပ်ချုပ်မှု့ (၁၂) နှစ်ကြာပြီးနောက် တခုသောဘောလုံးပွဲတွင် အံအားသင့်စရာ အဖြစ်ပျက် တခုဖြစ်ခဲ့၏ ။ ထုံးစံအရ အထူးဘောလုံးပွဲမစမှီ နိုင်ငံတော်သီချင်းကိုဆိုကြရ၏ ။ ထိုနေ့ က ဥရုဂွေး သားတို့ သည်နိုင်ငံတော်သီချင်းကို ပထမပိုင်းတွင် စိတ်မပါဘဲသီဆိုနေရင်း “ ဖိနှိပ်သူတို့ ကျဆုံးပါစေ ” ဟူသော စာသားအရောက်တွင် ဥရုဂွေးသားတို့ မတိုင်ပင်ရဘဲ တညီတညာထဲ ကျယ်လောင်စွာသံပြိုင် သီဆိုခဲ့ကြ၏ ။ အလံများကိုလည်းဝမ်းသာအားရ ဝှေ့ ယမ်းခဲ့ကြ၏ ။ စစ်အစိုးရ မည်သို့ မျှမတတ်နိုင် ။ ဘောလုံးကွင်းပြည့် လူထုကြီးကိုလည်း ဖမ်း၍မဖြစ်နိုင်ခဲ့ ။ နိုင်ငံတော်သီချင်းထဲမှ ထိုစာသားကို စစ်အစိုးရမှ ဖြုတ်ထုတ်ရန်ကျိုးစားခဲ့သေး၏ ။ သို့ သော် ပို၍အရှက်ရစရာသာကြုံခဲ့၏ ။ နောက်ဆုံးတွင် ဥရုဂွေးနိုင်ငံ စစ်အာဏာရှင်တို့ ၁၉၈၅ ခုနှစ်တွင် ကျဆုံးခဲ့ရ၏ ။

( လူရွေးတင်တဲ့ အီရန်က တက္ကစီသမားများ )
၁၉၇၉ ခုနှစ်မှစတင်၍ အီရန်နိုင်ငံတွင် နိုင်ငံရေးအာဏာကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်များလွှမ်းမိုးထားခဲ့၏ ။ ချုပ်ချယ်လွန်းပြီး ရှေးရိုးစွဲကြီးမားသည့် ဘာသာရေးခေါင်းဆောင်များကို လွတ်လပ်၍ တိုးတက်သောအမြင်ရှိသည့် ပြည်သူများက မနှစ်မြို့ကျပေ ။ သူတို့ ၏မကျေနပ်မှု့ကိုထုတ်ဖေါ်သည့်အနေဖြင့် အီရန်တက္ကစီ ဒရိုက်ဘာတို့ သည် လမ်းတွင် ဦးပေါင်းထုပ်နှင့် ဘာသာရေးသမားများ ( Mullah ) လက်တားလျှင် ဘယ်သောအခါမှ ရပ်မပေးခြင်းဖြင့်ပြသကြ၏ ။ ထိုတက္ကစီသမားတို့ ၏ တနိုင်အာဏာဖီဆန်မှု့ကို မီးမောင်းထိုးပြသည့် အိမ်မြှောင်ကလေး ( The Lizard ) အမည်ရှိသည့် ရုပ်ရှင်ကားကို ၂၀၁၄ ခုနှစ်တွင်ပြသခဲ့ရာ အီရန်တနိုင်ငံလုံး အုတ်အော်သောင်းနင်းဖြစ်စေခဲ့၏ ။

ထိုကားထဲတွင် အိမ်မြှောင်ကလေး ရီဇာ အမည်ရှိ သူခိုးကလေး ထောင်နံရံဖက်တက်ပြီး လွတ်မြောက် သွားရာမှ ခိုးယူရခဲ့သော ဘာသာရေးသမားတို့ ၏ ၀တ်ရုံဖြင့် ထွက်ပြေးရာလမ်းတွင် တက္ကစီတား၍ မရနိုင်ဘဲ ဒုက္ခရောက်ခဲ့ပုံကို အီရန်ပြည်သူများ သဘောကျနှစ်ခြိုက်ကြ၏ ။ ရက်သတ္တပါတ်အနဲငယ် အကြာတွင် အီရန်အာဏာပိုင်တို့ က ထိုရုပ်ရှင်ကားကို တားမြစ်ခဲ့သော်လည်း နောက်ကျသွားခဲ့၏ ။ အီရန်ပြည်သူများက ခိုးကူးခွေများဖြင့် အိမ်တွင်းမှာ ရီမောပြောင်လှောင်နေခဲ့ကြ၏ ။

( ဗမာပြည်မှ လွတ်နေသော ငရဲခွေးများ )
၂၀၀၇ ခုနှစ် စက်တင်ဘာလထဲတွင် ဓါတ်ဆီဈေးတဟုန်ထိုးတက်သည်ကိုအကြောင်းပြု၍ဆင်းရဲ ကြပ်တည်းလွန်းသည့် မြန်မာပြည်သူ ရဟန်းရှင်လူတို့ လမ်းမပေါ်တက်လာခဲ့ကြ၏ ။ ကုန်ဈေးနှုန်း ကျဆင်းရေး၊ စားဝတ်နေရေး ၊ အခြေခံလူ့ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကိုတောင်းဆိုခဲ့ကြ၏ ။ ဥပဒေမဲ့ဖိနှိပ်အုပ်ချုပ်လေ့ရှိသည့် မြန်မာစစ်အာဏာရှင်တို့ က လူပေါင်းများစွာကိုသတ်ဖြတ်ဖမ်းဆီး နှိမ်နှင်းခဲ့၏ ။ ဘုန်းတော်ကြီးကျောင်းများကို ညအချိန်တွင် ၀င်ရောက်စီးနင်း၍ ရဟန်းသံဃာတော်များ ကို ရိုက်ပုတ်ဖမ်းဆီးထောင်ချခဲ့၏ ။ ရန်ကုန်မြို့၏ လမ်းမများပေါ် နေ့ ရောညပါ စစ်သားများကင်းလှည့် နေသောကြောင့် ပြည်သူတို့ လမ်းမပေါ်ထွက်ခွင့်မရခိုက်ဖြစ်၏ ။
ထိုအချိန်တွင် မြန်မာပြည်သူတချို့၏ တနိုင်အာဏာဖီဆန်ရေးကားပြောင်မြောက်လှ၏ ။ စစ်အာဏာရှင် ဗိုလ်သန်းရွှေနှင့်ထိပ်ပိုင်းခေါင်းဆောင်များ၏ ဓါတ်ပုံများလည်မှာဆွဲထားသော ခွေးလေခွေးလွင့်များလမ်းမပေါ်လျှောက်သွားနေသည်ကို အံသြစွာမြင်ကြရ၏ ။ စစ်အာဏာရှင်အစိုးရ မည်သို့ မျှမတုံ့ ပြန်နိုင်ခဲ့ ။ ထိုခွေးများကို ပုဒ်မ ၅(ည) ပုဒ်မ ၁၈၈ တို့ ဖြင့်ဖမ်းဆီးထောင်ချ၍ မဖြစ်နိုင်ခဲ့ ။ မြန်မာပြည်မှ လွတ်မြောက်နေသော ငရဲခွေးများပါပေ ။

( ဗမာပြည်မှ ဒီမိုကရေစီ ငွေစက္ကူ )
မြန်မာနိုင်ငံတွင် ထင်ရှားသော တနိုင်အာဏာဖီဆန်မှု့ မြောက်များစွာရှိသည့်အနက် ထူးခြားပြောင် မြောက်သော မတရားမှု့ကိုဖီဆန်သည့် တနိုင်ဆန့် ကျင်မှု့ကိုပြသခဲ့သူတဦးမှာ တကျပ်တန်ငွေစက္ကူ ကို ဒီဇိုင်းထုတ်ခဲ့သူဖြစ်၏ ။ တိုင်းပြည်ကို အနိုင်ကျင့်ဗိုလ်ကျနေသည့် စစ်အာဏာရှင်ကို စက်ဆုပ် မုန်းတီးမှု့နှင့်အတူ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညိုမြတ်နိုးမှု့ကို ငွေစက္ကူ ရေစာထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို ဒေါ်အောင်ဆန်းစုကြည်ပုံနှင့်တူအောင်ဆွဲပေးလိုက်ခြင်း ဖြင့်ပြသခဲ့၏ ။ထို့ အပြင်ရှစ်ဂဏန်းလေးလုံး ( ၈၈၈၈) ကိုလည်း ငွေစက္ကူ၏ ပန်းခက်ဒီဇိုင်းကြားတွင် ထည့်ဆွဲထားလိုက်သေး၏ ။ မြန်မာစစ်အစိုးရသည် ဖြန့် ဝေပြီးသားအဆိုပါငွေစက္ကူများကို လိုက်လံ သိမ်းဆီးခြင်း ၊ ဖျက်သိမ်းခြင်းပြုလုပ်ခဲ့၏ ။ သို့ သော်အကုန်ပြန်မရခဲ့ပေ ။ မြန်မာပြည်သူတို့ က ထိုတကျပ်တန်ငွေစက္ကူကို ဒီမိုကရေစီငွေစက္ကူဟုခေါ်ဝေါ်လျှက် သိမ်းဆည်းထားလိုက်ကြတော့၏ ။

( နှမ်းတလုံး သဲတပွင့် မိုးတပေါက်ရဲ့တန်ဘိုး )
အထက်ပါသာဓကများကား ဆင်းရဲချမ်းသာမရွေး ၊ တောင်ပေါ်မြေပြန့် မကျန် ၊ သာမာန်ပြည်သူ ပြည်သားတိုင်း မိမိအခြေအနေပေးသလောက် ထုတ်ဖေါ်ပြသနိုင်သော “ တနိုင်အာဏာဖီဆန်မှု့ ” များဖြစ်ကြ၏ ။ နှမ်းလုံးများစွာစုလျှင် ဆီဖြစ်နိုင်သကဲ့သို့  သဲပွင့်များစွာစုလျှင်ဧရာမအဆောက်ဦးကြီး များတည်နိုင်ပါ၏ ။ မိုးစက်များစွာပေါင်းစုခြင်းအားဖြင့် မာကျောသော ကျောက်ဆိုင်ကြီးကိုလည်းတိုက် စားဖြိုဖျက်နိုင်ပါ၏ ။
၎င်းစာအုပ်ထဲတွင်မပါဝင်ခဲ့သော ပြောင်မြောက်ရဲရင့်သည့် တနိုင်အာဏာဖီဆန်ရေး သာဓကမြောက် များစွာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ပြီးပါပြီ ။ အာဏာပိုင်တို့ ကိုပြန်တရားစွဲရဲသော မစုစုနွေး၊ ကုန်ဈေး နှုန်းကျဆင်းရေးအတွက်တကိုယ်တော်ဆန္ဒပြသူ ၊ အစိုးရကိုအယုံကြည်မရှိကြောင်းပြောရဲသူ ကိုထင်ကျော် အဖိနှိပ်ခံပြည်သူဘက်ကရှေ့နေ ဦးရောဘတ်ဆန်းမောင်၊ ကိုဖိုးဖြူ ၊ အနှောက်အရှက်များကြား အေအိုင်ဒီအက်စ် ဝေဒနာသည်များကိုစောင့်ရှောက်ရဲသူ မဖြူဖြူသင်း ၊ နွမ်းပါးသူတို့ ရဲ့ နာရေးအကျိုးတော်ဆောင် ဦးကျော်သူ ၊ တကိုယ်တော်ဆန္ဒထုတ်ဖေါ်ရဲသူများ အစရှိသည့် အထောင်အသောင်းသော အာဇာနည်ပြည်သူတို့ ၏ တနိုင်အာဏာဖီဆန်မှု့ တည်းဟူသော မိုးချိုရေအစက်အပေါက်ပေါင်းများစွာ၏ တိုက်စားဖြိုဖျက်မှု့အားကြောင့် စစ်အာဏာရှင် ကျောက်ဆောင်ကြီးကား တနေ့ တခြားယိမ်းယိုင်ချိနဲ့ လါပေပြီ ။
မြန်မာနိုင်ငံတွင် ဒုတိယလွတ်လပ်ရေးတိုက်ပွဲတရပ်အဖြစ် အာဏာရှင်စနစ် ဖျက်သိမ်းဖယ်ရှားနိုင်ရေး အတွက် ယ္ခုအခါ အောက်ဖေါ်ပြပါ လှုပ်ရှားမှု့များကို အရှိန်အဟုန်မြှင့်တင်လုပ်ဆောင်ရန်လွန်စွာ လိုအပ်လျှက်နေပေသည်။
(၁) ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေးကိုဖေါ်ဆောင်ရန် ။
(၂) ပုဒ်မ (၄၃၆) အပါအ၀င် ဒီမိုကရေစီစံနှုန်းနှင့်မညီသော (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်သူလူထုဆန္ဒနဲ့ အညီပြင်ဆင်ရန် ။
(၃) လက်ကျန်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်စေရန် ။
(၄) လွတ်လပ်၍တရားမျှတသော (၂၀၁၅) ရွေးကောက်ပွဲကြီးမနှောင့်နှေးဘဲ ဖြစ်မြောက်စေရန် ။
(၅) ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှ ပြည်သူအစိုးရတရပ်ပေါ်ထွက်လာစေရေးအတွက် မိမိအသြဲကားမှ မဲတပြားကို ပြည်သူကိုအမှန်တကယ်စောင့်ရှောက်မည့်ပါတီများကိုသာမဲပေးရန်။
(၆) ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းနှင့် လက်ပတောင်းတောင်စီမံကိန်းအစရှိသော တိုင်းပြည်ကိုအကျိုးမဲ့စေပြီး အန္တရာယ်ပေးနိုင်သော စီမံကိန်းမှန်သမျှ အကြွင်းမဲ့ဖျက်သိန်းပစ်ရန် ။
(၇) တနိုင်ငံလုံးတွင် ကျယ်ပြန့် စွာဖြစ်ပွားနေသော အဂတိတရားလိုက်စားမှု့နှင့် တရားဥပဒေ မစိုးမိုးမှု့တိုက်ဖျက်ပြုပြင်ရန် ။
(၈) လူမျိုးရေး ၊ ဘာသာရေးမုန်းတီးမှု့များဖန်တီး၍ တိုင်းရင်းသားလုပ်သားပြည်သူများကြား ညီညွတ်မှု့ပြိုကွဲအောင်လုပဆောင်နေမှု့များအားတားဆီးရန် ။
(၉) မိဘပြည်သူကျောင်းသားရဟန်းရှင်လူတို့ အလိုမတူဘဲပြဌာန်းထားသည့် ဥပဒေမှန်သမျှ ဖျက်သိမ်းပစ်ရန် ။
တိုင်းရင်းသားရဟန်းရှင်လူ မိဘပြည်သူပြည်သားတိုင်း ခေါင်းရွက်ဗျတ်ထိုးလက်လုပ်လက်စားမှသည် လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ ရဲသား၊ အိမ်ထောင်ရှင်မများအထိ မိမိနိုင်ရာ ကိုယ်စီတာဝန်ထမ်းလျှက် အထက်ဖေါ်ပြပါ လှုပ်ရှားမှု့ကြီးများကို အထောက်အပံ့ဖြစ်စေ မည့်နည်းလမ်းမျိုးစုံသုံး၍ တနိုင်အာဏာဖီဆန်ရေး (၀ါ) မိုးချိုရေတပေါက်သောက်သုံးခြင်းသည် မြန်မာနိုင်ငံသားတိုင်း၏ မွေးရာပါသမိုင်း ပေးတာဝန် တရပ်ဖြစ်ကြောင်းဆော်သြောရင်း ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ပါ၏ ။

လေးစားစွာဖြင့်

မင်းကောင်းချစ်
သြဂုတ်လ (ရ) ရက် ၂၀၁၁ ခုနှစ်

ခရီးရှည်ချီတက်နေတဲ့ ကျောင်းသားတွေဟာ ရေနံချောင်းမြို့ကနေ မကွေးကို ချီတက်နေဆဲဖြစ်ပါတယ်။ မနေ့ကတော့ သပိတ်မှောက်ကျောင်းသားတွေထဲမှာ အသွင်ယူစုံစမ်းနေတဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် မှတ်တမ်းယူနေတဲ့ စရဖ အဖွဲ့ဝင်သုံးဦးကို ကျောင်းသားတွေက ရေနံချောင်းရဲစခန်းကို အပ်နှံခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးဖို့ မြန်မာအစိုးရကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျောင်းသား ကိုယ်စားလှယ်တွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER က ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး လာမယ့် (၃) ရက်နေ့ကျရင် နောက်ဆက်တွဲဆွေးနွေးပွဲတွေကို နေပြည်တော်မှာ ဆက်လက်ကျင်းပဖို့ရှိပါတယ်။

တချိန်တည်းမှာပဲ ခရီးရှည်ချီတက်နေတဲ့ကျောင်းသားသပိတ်ကတော့ မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း စတဲ့မြို့ကြီးတွေကိုဖြတ်ပြီး မကွေးမြို့ဆီကို ဦးတည်ချီတက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသီဟ ဝင်းတင်က ပြောပါတယ်။

“အခုထက်ထိတော့ တားဆီးတာမရှိဘူး၊ ကျနော်တို့ အေးအေးဆေးဆေးပဲ ရှိသေးတယ်။ အခု ရေနံချောင်းကနေ ထွက်လာပြီး မကွေးကို ရောက်ဖို့အတွက် ၁၇ မိုင်လောက်တော့လိုတယ်။ ဒါပေမယ့် သေချာတယ်၊ ကျနော်တို့ ဒီညတော့ မကွေးကို မရောက်နိုင်ဘူး။ ကန်ပြားမှာပဲ ညဘက် တည်းဖို့၊ ခိုဖို့တော့စီစဉ်ထားတယ်။”

မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကတော့ ဆွေးနွေးနေဆဲကာလမှ သပိတ်လှန်ဖို့ ထပ်မံပြောဆိုခဲ့ပြီး ကျောင်းသားတွေကတော့ တွေ့ဆုံဆွေးနွေးနေဆဲကာလမှာပဲ ဆွေးနွေးမှုတွေ အထောက်အကူဖြစ်စေရေး ဆက်လက် သပိတ်မှောက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာပါ။ အခုလို သပိတ်မှောက်နေတဲ့ကာလအတွင်း အာဏာပိုင်တွေဘက်က သတင်းမှတ်တမ်းယူတာ၊ တားဆီးပိတ်ပင်တာ၊ ခြိမ်းခြောက်ဖိအားပေးတာတွေအပြင် ကျောင်းသားအသွင်ယူပြီး ကျောင်းသားတွေကြားထဲ ထောက်လှမ်းသတင်းယူမှုတွေ ရှိတာကြောင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးကို ရေနံချောင်းရဲစခန်းမှာ အပ်နှံခဲ့ရတယ်လို့ ဆိုပါတယ်။ ခရိုင်ပေါင်းစုံက ကျောင်းသားတွေ၊ မြို့မိ၊ မြို့ဖတွေရဲ့ စစ်ဆေးတွေ့ရှိချက်အရ စရဖအဖွဲ့ဝင်တစ်ဦး ကျောင်းသားအသွင်နဲ့ ဝင်ရောက်လာတဲ့အတွင် စတင်စစ်ဆေးမှုတွေလုပ်ခဲ့ရတယ်လို့ ကိုသီဟဝင်းတင်က ဆက်ပြောပြပါတယ်။

“သူ့ကိုခေါ်ပြီးတော့ သူနဲ့ အပေါင်းအပါ နှစ်ယောက်ပါသေးတယ်။ ကျနော်တို့က သူ့ကိုမေးတာပေါ့နော်၊ ခင်ဗျားအနေနဲ့ တာဝန်အရလုပ်တယ်ဆိုတာ သိတယ်၊ တာဝန်အရဆိုတာလည်း ခင်ဗျားကို အထက်က ဖိအားပေးလို့ လုပ်တယ်ဆိုတာလည်းသိတယ်။ ခင်ဗျားတို့၊ ကျနော်တို့တွေ အကုန်လုံးက လူတွေပဲ၊ စနစ်တခုအရသာ ခင်ဗျားအနေနဲ့ ဒီလိုလုပ်တယ်ဆိုတာကို ကျနော်တို့နားလည်တယ်၊ အဲဒီတော့ ခင်ဗျားတို့ ရှိတဲ့လူတွေအကုန်လုံးကို ထုတ်ပေးပါ။ ထုတ်ပေးပြီးသွားလို့ရှိရင် ခင်ဗျားတို့ကို ကျနော်တို့အနေနဲ့ ရဲစခန်းကို အပ်မှဖြစ်မယ်၊ ကျနော်တို့က ခင်ဗျားတို့ကို အကြာကြီးခေါ်ထားလို့ရှိရင်လည်း ပြန်ပေးဆွဲတယ်က ဖြစ်အုံးမယ်၊ ပြီးသွားလို့ရှိရင် အခု လွှတ်လိုက်ပြန်ရင်လည်း သူတို့က ခင်ဗျားတို့ကို တခုခုလုပ်လိုက်လို့ရှိရင် ကျနော်တို့ ကျောင်းသားတွေအနေနဲ့ ခင်ဗျားတို့ကို သတ်လိုက်တာတို့၊ ပြုလိုက်တာတို့ အထင်ခံရအုံးမယ်၊ အဲဒီတော့ ရဲစခန်းကို ပို့ပေးမယ်ဆိုပြီးတော့ ပြောပြီး သူ့ကိုသေချာမေးတဲ့အချိန်ကျမှ မီဒီယာသမားတွေလည်း ရောက်လာတယ်။ အဲဒီအချိန်ကျတော့မှ သူ့ရဲ့ တာဝန်ရှိတဲ့နှစ်ယောက်က သူ့ကို ပြန်လာခေါ်တယ်၊ သူတို့ စရဖထဲကပေါ့နော်- ကျနော်တို့ကျောင်းသားထဲ စိမ့်ဝင်နေတဲ့ အဲဒီနှစ်ယောက်ကနေ လာခေါ်တယ်၊ လာခေါ်ပြီးတော့မှ သူတို့သုံးယောက်ကို ရဲစခန်းကို ပို့လိုက်တယ်ဗျ။”

ကျောင်းသားတွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအစည်းအဝေးကနေ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အနေနဲ့ (၄) ရက်ကြာ ထိုင်သပိတ်နဲ့ စတင်ခဲ့တာပါ။ အဲဒီနောက် ရက်ပေါင်း (၆၀) အတွင်း အစိုးရဘက်က ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တောင်းဆိုခဲ့ပါတယ်။ အစိုးရဘက်ကတော့ ဒီဥပဒေကို ပြင်ဖို့ခက်တဲ့အတွက် နည်းဥပဒေအဆင့်မှာ ပြင်ပေးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ကျောင်းသားတွေကလည်း အစိုးရကို အသိပေးထားတဲ့ ရက်ပေါင်း (၆၀) လွန်တဲ့အထိ အစိုးရဘက်က ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို တုံ့ပြန်မှုမရှိခဲ့တဲ့အတွက် ခရီးရှည်ချီတက်ပွဲဖြစ်လာရတာပါ။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ပြီး ပညာရေးဥပဒေကို ပြန်လည်သုံးသပ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း အစိုးရဌာနဆိုင်ရာက တင်ပြဖို့ ပြောခဲ့ပါတယ်။

ဒီလို သဝဏ်လွှာတွေ အပြန်အလှန်ပေးပို့နေကြစဉ် ကာလ အတွင်းမှာပဲ ကျောင်းသားသပိတ် အရှိန်မြင့် လာခဲ့ပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ကျောင်းသားတွေက တောင်း ဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ကို အစိုးရဘက်က လိုက်လျောခဲ့ပြီး ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ လေးပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်ပေါ်လာခဲ့ပေမယ့်လည်း ကြိုတင်စည်းကမ်းသတ်မှတ်ချက် (၉) ချက်အပေါ်မှာ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။ တချို့အချက်တွေမှာ သဘောတူညီချက်ရခဲ့ပြီး လက်ခံလိုက်ပေမယ့် ကျောင်းသားတွေကျေနပ်လောက်တဲ့ အဖြေမရသေးတဲ့အတွက် ဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ကိုပဲ ဆုံးဖြတ်ခဲ့ကြပါတယ်ရှင်။

voa
http://burmese.voanews.com/content/student-protesters-marching-to-magwe-/2624518.html


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ရန်ကုန်မှာပြုလုပ်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအတွင်း တတ်ရောက်ဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ NLD ဗဟို ကော်မတီဝင် ဒေါက်တာသိန်းလွင်ကို NLD ရဲ့ စည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမယ်လို့ NLD ပါတီက ကြေညာချက် ထုတ်ပါတယ်။ NNER မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်နဲ့ ကျောင်းသားတွေဘက်ကလည်း NLD ရဲ့ ဒီသဘောထား ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ သူတို့သဘောထားတွေကိုလည်း အသီးသီးထုတ်ပြန်ပြီး တုံ့ပြန်ကြပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ ရန်ကုန်စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသပိတ်ခေါင်းဆောင်တွေနဲ့ NNER မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့ လေးပွင့်ဆိုင်ဆွေးနွေးခဲ့ကြပါတယ်။ သပိတ်မှောက်ကျောင်းသားတွေ၊ ပညာရှင်တွေက တဘက် အစိုးရ၊ လွှတ်တော်တာဝန်ရှိသူတွေကြား ‘သမဂ္ဂ’ ဆိုတဲ့ စကားလုံးအသုံးအနှုန်းကနေစလို့ မူဘောင် ဆွေးနွေးချက်တွေမှာ အခြေ အတင် အငြင်းပွားမှုနဲ့ ဆုံးဖြတ်ချက် မတင်မကျဖြစ်နေဆဲအနေအထားမှာ အခုလို NNER ဘက်က ဦးဆောင်ဆွေးနွေးသူ ဒေါက်တာ သိန်းလွင်နဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ဟာ အဖွဲ့ချုပ်ရဲ့ ကြိုတင်သဘောတူညီချက်မရဘဲ ဦးဆောင်ပါဝင် ဆောင်ရွက်တာဟာ အဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်တာ ဖြစ်တယ်ဆိုပြီး အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနေ့ကဆွေးနွေးပွဲမှာ သွားတက်တာက သူက အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး တက်ရောက်တာမဟုတ်ဘူး၊ ဗဟိုအလုပ်အမှုဆောင်ကလည်း သူ့ကို အဲဒီကို သွားတက်ဖို့ တာဝန်ပေးထားတာမဟုတ်ဘူး၊ ဒါကြောင့် စည်းမျဉ်းစည်းကမ်းနဲ့မညီလို့ ကြေညာချက်ထုတ်တာ၊ NNER အနေနဲ့သွားတက်တာကဟုတ်တယ်။ ဒါပေမယ့် အဖွဲ့ချုပ်ရဲ့ CC လေ၊ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်က အဲဒီလိုသွားတက်မယ်ဆိုရင်တော့ အဖွဲ့ချုပ်ရဲ့တာဝန်ပေးချက်အရသာ သွားတက်ရမှာကိုး၊ ဒါက နဂိုရ်ကတည်းက ဟိုတုန်းကတည်းက ရှိနေပြီးသား စည်းမျဉ်းစည်းကမ်းကို။”

မေး။ ။ ဒီလိုမျိုး စည်းကမ်းဖောက်ဖျက်တယ်ဆိုရင် ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအရ ဘယ်လောက်အထိများ အရေးယူ ဆောင်ရွက်နိုင်ပါလဲရှင့်။

ဖြေ။ ။ ပုံမှန်သတ်မှတ်တာ မရှိဘူး။ ဒါပေမယ့် စည်းကမ်းထဲမှာတော့ ရှိတာပေါ့။ ယာယီရပ်ဆိုင်းတာတို့၊ တာဝန်က ထုတ်ပယ်တာတို့ စသဖြင့်တော့ ဒါတွေကတော့ အမျိုးမျိုး အစားစားတော့ ရှိတာပေါ့။ ဒါပေမယ့် ဒါက နောက်ပိုင်း စည်းကမ်းထိန်းသိမ်းရေးရဲ့ တွေ့ရှိချက် အပေါ်မှာပဲ မူတည်တယ်။

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးကွန်ယက်လည်း အဲဒီအဖွဲ့ထဲမှာ ပါပါတယ်။ ဆိုတဲ့အခါကျတော့ ဒေါက်တာသိန်းလွင်က NLD အမျိုးသားကွန်ယက်ကို ကိုယ်စားပြုပြီး တက်ရောက်တာရော မဖြစ်နိုင်ဘူးလားရှင့်။

ဖြေ။ ။ အဲလို သွားမယ်၊ တက်မယ်ဆိုရင် အခုနက အဲဒါကြောင့် ပြောတာပေါ့။ အဖွဲ့ချုပ်ရဲ့တာဝန်ပေးချက်အရပဲ ဖြစ်ရမယ်လေ။ စည်းကမ်းက ဒါကိုပြောတာ။

ဒေါက်တာသိန်းလွင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပညာရေးဆိုင်ရာကော်မတီက ပညာရေးကွန်ယက် တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သလို ဒီ ပညာရေးကွန်ယက်ဟာ NNER မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတာလည်းဖြစ်ပါတယ်။

အခုလို ဒေါက်တာသိန်းလွင်အပေါ် NLD ရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် “NLD ဟာ ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကို သဘောမတူပါသလော” ဆိုပြီး အိတ်ဖွင့်ပေးစာတစ်စောင်နဲ့ ဘက်ကလည်း Facebook လူမှုကွန်ယက်စာမျက်နှာကနေ မေးခွန်းထုတ်ပါတယ်။ ကျောင်းသားတွေရဲ့ အခုလို ဒီမိုကရေစီပညာရေး လှုပ်ရှားမှု၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ပညာရေးကိစ္စဖြစ်လို့ ဒေါက်တာသိန်းလွင်ဘက်က ကူညီဆောင်ရွက်တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရေးယူမယ်လို့ ကြေညာချက် (၈/ဝ၂/၂ဝ၁၅)ကို ဘာကြောင့် ထုတ်ပြန်ရပါသလဲဆိုတာ NNER အနေနဲ့ နားမလည်နိုင်ဖြစ်ရတဲ့အတွက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ဖြေရှင်းပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ထားတာဖြစ်ပါတယ်။

NNER က ဦးအာကာမိုးသူကို ဆက်သွယ်မေးမြန်းရာမှာတော့-

“NNER က အားလုံးကို ကိုယ်စားပြုတဲ့ reference ရှိတယ်။ နောက်ပြီးတော့ NNER ထဲမပါတဲ့ဟာတွေက အကုန်လုံးကို ကိုယ်စားပြုပြီးတော့ ထုတ်တယ်။ …အခုလောလောဆယ် အစည်းအဝေး လုပ်နေတုန်းပဲ ရှိသေးတယ်။”

လေးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲမှာ ကျောင်းသားတွေအနေနဲ့ ဒေါက်တာသိန်းလွင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အနေနဲ့ ဖိတ်ကြားခဲ့တာမဟုတ်ကြောင်းနဲ့ ကျောင်းသားတွေ လေးစားယုံကြည်တဲ့ ပညာရှင်အနေနဲ့ဖိတ်ခဲ့တာဖြစ်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကလည်း သဘောထားထုတ်ပြန်ပါတယ်။

ကျောင်းသားထု အရေးတကြီးတောင်းဆိုနေတဲ့အချိန် NLD ဘက်က ဒီမိုကရေစီပညာရေးသပိတ်ကို ကန့်ကွက်တဲ့သဘော၊ လေးပွင့်ဆိုင် ညှိနှိုင်းရေးကို နှောင့်နှေးစေတဲ့သဘော သွယ်ဝိုက် သက်ရောက်စေတဲ့အတွက် ဒီကြေညာချက်ကို အချိန်ကိုက် မထုတ်သင့်ဘူးလို့လည်း ကျောင်းသားတွေရဲ့ ဦးဆောင်ကော်မတီကပြောဆိုပါတယ်။

သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသီဟဝင်းတင်ပြောတာကတော့

“ဆရာဒေါက်တာသိန်းလွင်ကို ကျနော်တို့ အနေနဲ့က NLD ပါတီဝင်ဆိုတာထက် NNER က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျောင်းသားတွေကို ကူညီတဲ့ပညာရှင်တယောက်အနေနဲ့ အကယ်ဒမစ်တယောက်အနေနဲ့ သတ်မှတ်ထားပါတယ်။ ကျောင်းသားတွေအတွက် အရေးဆိုနေတဲ့ ပညာရှင်တယောက်လို့လည်း ကျနော်တို့အားလုံးက လက်ခံထားပါတယ်။”

လွှတ်တော်မှာပြဌာန်းပြီး သမ္မတအတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားတွေရဲ့ မန္တလေးကနေ ရန်ကုန်အထိ သပိတ်စစ်ကြောင်းတွေနဲ့ ခရီးရှည်ချီတက်ဆန္ဒပြမှုတွေမှာ အာာဏာပိုင်တွေရဲ့ ပုဒ်မ ၁၈ အကြောင်းပြ ပိတ်ဆို့တဲ့ကြားက ဖြတ်သန်းရာမြို့တွေရွာတွေက ဒေသခံပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေကပါ တခဲနက်ထောက်ခံမှုတွေနဲ့ သပိတ်အင်အားများလာချိန် လေးပွင့်ဆိုင်ဆွေးနွေးမှုလုပ်ဖို့ ဖြစ်လာခဲ့တာပါ။

ဒေါက်တာသိန်းလွင်နဲ့ပတ်သက်လို့ NLD က မူလထုတ်ပြန်ထားတဲ့ကြေညာချက်ကို ပြန်လည် ပြင်ဆင်ပြီးတော့ ထုတ်ပြန်လိုက်ပါတယ်။ ဒေါက်တာသိန်းလွင်ဟာ NLD ရဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်တာကြောင့် တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်တာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပ်နှင်းထားတဲ့တာဝန်အရသာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် ဒေါက်တာသိန်းလွင်ဟာ NLD ကို ကိုယ်စားပြုပြီးတော့ ဒီဆွေးနွေးပွဲကို တက်ရောက်တာမဟုတ်တာကြောင့် NLD ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ထပ်မံပြီးတော့ ထုတ်ပြန်ထားပါတယ်ရှင်။

VOA
http://burmese.voanews.com/content/nld-is-to-take-action-on-dr-thein-lwin-attending-education-talk-/2624553.html

အမျိုးသားပညာရေးဥပဒေဆွေးနွေးပွဲတွင် တောင်း ဆိုသည့်အချက်များ လိုက်လျောခြင်းမရှိဘဲ အချိန်ကြာမြင့်စွာဆွဲထားပါက တက်ရောက်ဆွေးနွေးမည်မဟုတ်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗကသ)ဥက္ကဋ္ဌကျော်ကိုကိုက ပြောကြားလိုက်သည်။

ဇန်န၀ါရီ ၁ရက်က သပိတ် စစ်ကြောင်းချီတက်မည့် အစီအ စဉ်၊ အာဏာပိုင်များကဖိအားပေး နေမှုများနှင့်ပတ်သက်၍ ရေနံ ချောင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

‘‘အခုလောလောဆယ်ဆွေး နွေးနေတာ တောင်းဆိုထားတဲ့အ ချက် ၁၁ချက်ကို မရောက်သေး ဘူး။ ဒီနေ့ဆွေးနွေးပွဲမစခင်မှာ ကျွန်တော်တို့ မူဘောင်စည်းမျဉ်း ကိုးချက်ကို အရင်တောင်းဆိုပါ တယ်။ ဒီလိုမျိုးမူဘောင်တွေကို လက်မခံရင် တရားမျှတတဲ့ဆွေး နွေးပွဲဖြစ်မလာနိုင်ဘူး။ တစ်ဖက် စောင်းနင်းဖြစ်မှာစိုးလို့ မူဘောင် ချမှတ်ထားတာ။ ဒီလိုမျိုးမူဘောင် ကို ဟိုအချက်ကိုမပေးနိုင်ဘူး၊ ဒီ အချက်ကိုမပေးနိုင်ဘူးဆိုရင် ရိုး သားပွင့်လင်းတဲ့တွေ့ဆုံဆွေးနွေး မှုမဖြစ်လာနိုင်ဘူးလို့ မျှော်လင့် တယ်။ မမျှော်လင့်ဘူးဆိုရင် အခု ချက်ချင်းပဲကန့်ကွက်တော့မှာ လား။ သပိတ်မှောက်တော့မှာ လားမဟုတ်ဘူး။ စောင့်ကြည့် မယ်။ တစ်ဖက်က ဖိအားပေး ခြင်းအားဖြင့် လုပ်နေမယ်။ အဲဒီလို လုပ်နေရဲ့သားနဲ့ ဘာမှဖြစ်မလာ ဘူးဆိုရင် အစိုးရရဲ့လုပ်ရပ်ဟာ မှားယွင်းချွတ်ချော်နေမယ်ဆိုရင် ကျွန်တော်တို့က အချိန်ကုန်ခံပြီး ဆွေးနွေးနေမှာ မဟုတ်ဘူး။

နောက်တစ်ချက်ထပ်သိထားတာ က ပညာရေးဝန်ကြီးဒေါက်တာ ဒေါ်ခင်စန်းရီက ဆွေးနွေးပွဲကို လာတယ်။ ဘာမှမဆွေးနွေးဘဲမိန့် ခွန်းပြောပြီး ပြန်သွားတယ်လို့သိရ တယ်။ ကျွန်တော်တို့က မိန့်ခွန်း ပြောတာ နားထောင်ဖို့လာတာမ ဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ က ပွင့်ပွင့်လင်းလင်းနဲ့အပြန်အ လှန်ဆွေးနွေးဖို့လာတာ။ ကျောင်း သားတွေကို စကားလာပြောရုံ သက်သက်ချွေးသိပ်သွားတာ။အဲ ဒီတော့ ဒီဆွေးနွေးပွဲက အချိန်ဆွဲ တဲ့ ဗျူဟာတစ်ခုနဲ့ ကျင့်သုံးသွား မှာ။ ကျွန်တော်တို့ လိုချင်တာတွေ ရှောရှောရှူရှူနဲ့ပေးလိမ့်မယ်လို့ မမြင်မိဘူး။ အဲဒီတော့ လုပ်စရာ ရှိတာတွေလုပ်သွားမယ်’’ဟု ကျော်ကိုကိုကပြောသည်။

ပညာရေးဥပဒေကို ဇန်န၀ါရီ ၁ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ လေးပွင့်ဆိုင်စတင်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးသည့်နေ့တွင် သပိတ်လမ်းကြောင်း ရပ်နားထားမည်ဟုသဘောတူခဲ့ကြသည်။ ဇန်န၀ါရီ ၁ရက်တွင် ဂွေးပင်ရွာအရောက် ရပ်နားထားသော သပိတ်ကျောင်းသားများ တည်းခိုရာထန်းခြောက်ပင် ကျောင်းတိုက်ဆရာတော်ထံ အာဏာပိုင်များက လာရောက်တည်း ခိုခွင့်မပြုရန် ဖိအားပေးပြောဆိုခဲ့သည်။ ထိုသို့ တည်းခိုခွင့်မပြုသောကြောင့် သပိတ်ကျောင်းသားများသည် ရေနံချောင်းမြို့သို့ ကားဖြင့် ရောက်ရှိလာကြသည်။

ရေနံချောင်းမြို့သို့ မွန်းလွဲ၂နာရီတွင် ရောက်ရှိလာခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများက ကြိုဆိုခဲ့ကြသည်။ သပိတ်ကျောင်းသားများသည် ယနေ့နံနက် ဇန်န၀ါရီ ၂ရက်တွင် ရေနံချောင်းမြို့မှ မကွေးမြို့လမ်းအတိုင်း ချီတက်သွားမည်ဖြစ်သည်။

‘‘ရေနံချောင်းနဲ့ မကွေးက ၃၄ မိုင်ဝေးတယ်လို့သိရတယ်။ မနက် ဖြန်မကွေးတော့မရောက်နိုင်ဘူး။ လမ်းမှာရှိတဲ့ ရွာတစ်ရွာမှာတည်း ရမှာပဲ။ နောက်နေ့မှ မကွေး ရောက်မှာပေါ့’’ဟု ကျောင်းသား သပိတ်ခေါင်းဆောင်ကိုမိုးထက် နေကပြောသည်။

သပိတ်မှောက်ကျောင်းသား များသည် မကွေးမြို့သို့ အ၀င်တွင် အာဏာပိုင်များ၏ တားဆီးခြင်းခံ ရနိုင်သည်ဟုသတင်းများထွက် ပေါ်လျက်ရှိသည်။

7Day Daily


Video..Eleven Myanmar

သပိတ်မှောက် ကျောင်းသားတွေ ကို အရေးမယူရ ကြိုတင် စည်းကမ်းကို အစိုးရ သဘောမတူ။
မန္တလေး ကနေ ရန်ကုန် ချီတက် နေတဲ့ သပိတ်မှောက် စစ်ကြောင်း ထဲမှာ စစ်ဖက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ယောက် ကျောင်းသား အယောင်ဆောင် လိုက်ပါ လာတယ် ဆိုပြီး သပိတ် စစ်ကြောင်း ကို ဦးဆောင် နေတဲ့ ဗကသ တာဝန်ခံ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။ အဲဒီ့ ၃ ယောက် စလုံးကို ရဲစခန်း ကို ကျောင်းသားတွေ က အပ်နှံ ခဲ့တယ် လို့လည်း သိရပါတယ်။

BBC

IS စစ်သွေးကြွတွေ ဖမ်းဆီးခံထားရသူ ဂျော်ဒန်လေယာဉ်မှူး Muath al-Kaseasbeh ရဲ့ဖခင် Safi al-Kaseasbeh (ဗဟို) အား သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၁၊ ၂၀၁၅)
IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို ကယ်ဆယ်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်တာတွေ မှန်သမျှ လုပ်ပေးမှာ ဖြစ်ကြောင်း ဂျော်ဒန်ဘုရင် Abdullah II က ပြောလိုက်ပါတယ်။ သူရဲကောင်း တိုက်လေယာဉ်မှူး Muath al-Kaseabeh ကို ပြန်လွှတ်ပေးဖို့ ဂျော်ဒန်နိုင်ငံ အနေနဲ့ လုပ်ပေးနိုင်တဲ့ နည်းလမ်းမှန်သမျှ အသုံးပြုဖို့ ဂျော်ဒန်ဘုရင်က တနင်္ဂနွေနေ့မှာ ပြောလိုက်တာပါ။

ဂျော်ဒန်အစိုးရက လေယာဉ်မှူး Mu'ath al-Kasaesbeh အသက်ရှင်လျှက် ရှိသေးတယ်ဆိုတဲ့ အထောက်အထားပြနိုင်ရင် ဂျော်ဒန်နိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အီရတ်အမျိုးသမီး Sajida al-Rishawi ကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ထပ်မံကမ်းလှမ်းလိုက်ပါတယ်။ စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဂျပန်လူမျိုးသတင်းထောက်ကို ခေါင်းဖြတ်သတ်လိုက်ပြီးတဲ့နောက်မှာ အခုလို ဆောင်ရွက်ချက်အသစ်တွေ ထွက်ပေါ်လာတာပါ။

လေယာဉ်မှူးရဲ့ဖခင်ကတော့ သူ့သားဘယ်လိုအခြေအနေမှာ ရောက်နေတယ်ဆိုတာ မိသားစုက မသိရကြောင်းနဲ့ သူ့အနေနဲ့ သားပျောက်ဖခင်တယောက် ခံစားနေရတဲ့သောကမျိုး ခံစားနေရကြောင်းပြောပါတယ်။

သူ့သားကို အမြန်ဆုံး ကယ်တင်ပေးကြပါလို့ ဂျော်ဒန်ဘုရင်၊ အစိုးရနဲ့ ထောက်လှမ်းရေးအကြီးအကဲတို့ကို တောင်းဆိုကြောင်းလည်း ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ IS အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေက အီရတ် ရဲအရာရှိတယောက်နဲ့ စစ်သားနှစ်ယောက်ကို ခေါင်းဖြတ်သတ်လိုက်တဲ့ ဓာတ်ပုံတွေကို အင်တာနက်ပေါ်ကနေ ထုတ်ပြန်လိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/jordan-vowe-all-efforts-to-secure-pilot-release-/2624130.html



ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်မှာ မြန်မာအမျိုးသမီး ၁ ဦး လူကူးကုန်း ကျော်တံတား ပေါ်ကနေ ပြုတ်ကျ သေဆုံးတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက်က ဆမွတ်ပရကန်မြို့ ဘန်မိုင်းရပ်ကွက် ဆီရိနတ်ခလင်း လမ်းပေါ်မှာ အမျိုးသမီး တဦး ကုန်းကျော် တံတားပေါ်ကနေ ပြုတ်ကျပြီး အောက်မှာသွားနေတဲ့ တက္ကစီကားပေါ် ထပ်မံ ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ မြို့နယ် ရဲစခန်းက တာဝန်ကျ ဒုရဲအုပ်က ပြောပါတယ်။

ပြုတ်ကျသူအသက် ၃၀ နှစ်အရွယ် အမျိုးသမီးဟာ ဦးခေါင်းကွဲပြီး ခြေတောက် ၂ ချောင်းလုံး ကျိုးခဲ့ပြီး မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ကုသပေမယ့် ကွယ်လွန်ခဲ့ပါတယ်။

ယာဉ်မောင်းသူက သူ့ခရီးသည်သွားပို့ရင်း ကုန်းကျော်တံတားနားအရောက်မှာ အဲဒီ အမျိုးသမီး ကားရှေ့ဖုံးပေါ်ကို ရုတ်တရက်ပြုတ်ကျခဲ့တာလို့ ပြောပါတယ်။

အမျိုးသမီးရဲ့ လက်ကိုင်အိတ်ထဲမှာ မြန်မာလိုရေးထားတဲ့ မှတ်ပုံတင်တခုနဲ့ ငွေသား ဘတ် ငွေ ၁၃၆၀ ရှိကြောင်း၊ သူဟာ ကုန်းကျော်တံတားပေါ်ကနေ မတော်တဆပြုတ်ကျခဲ့တာလား၊ မိမိကိုယ်ကို သတ်သေခဲ့တာလားဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့ ရဲစခန်းက ပြောပါ တယ်။

ကိုးကား – Thairath၊ ဓာတ်ပုံ – Daily News
By ဒီဗွီဘီ
http://burmese.dvb.no/archives/79767





ပန်းချီဆရာ ဦးအောင်ကျော်ထွန်း ထုဆစ်ထားတဲ့ ဗိုလ်ချုပ် စာဖတ်နေတဲ့ ပုံစံတူ ဆီလီကွန် ရုပ်တုကို ဗိုလ်ချုပ် ရာပြည့် အထိမ်းအမှတ် အဖြစ် ဇာတိ နတ်မောက်ရှိ ဗိုလ်ချုပ်ပြတိုက်မှာ ထားရှိဖို့ ဒီကနေ့မှာ ရန်ကုန်ကနေ နတ်မောက်ကို သယ်ဆောင်မယ်လို့ သိရပါတယ်။

ဒီ ရုပ်တုကို နတ်မောက်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီစဉ်မှုနဲ့ ပန်းရဲ့လမ်း ဂီတ အဖွဲ့ လှည့်လည် ဖျော်ဖြေခဲ့ရာမှ ရရှိတဲ့ အလှူငွေနဲ့ ထုလုပ်ခဲ့တာလို့ ဆိုပါတယ်။

နတ်မောက်မြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ စတင်ပြီး ပြည်သူတွေ လေ့လာနိုင်ဖို့ ပြသထားမယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


လန်ဒန် ၊ ၂-၂-၂၀၁၅

နည်းပညာ တိုးတက်နေသည့် ခေတ်ကြီးတွင် အွန်လိုင်း လူမှုကွန်ရက် အမျိုးမျိုး ထွက်ပေါ် နေလျက်ရှိရာ လူငယ်များကို ဆက်သွယ်ပေး နေသည့် လူမှုကွန်ရက် Application အနက် အောက် ဖော်ပြပါ Application လေးခုတို့ကို အသုံးပြု ခြင်းက အရွယ် မရောက်သေးသော လူငယ်များ အတွက် မထင်မှတ် ထားသည့် ဘေးအန္တရာယ် များကို ဖိတ်ခေါ်ရာ ရောက်ကြောင်း Fox News ၏ အင်တာနက် သတင်းတစ်ရပ် ပေါ်တွင် ဖော်ပြ ထားသည်။

Snapchat Application

စာရင်းတွင် ထိပ်ဆုံး နေရာ၌ ဖော်ပြထားသည့် Application မှာ Snapchat ဖြစ်သည်။  Snapchat က ဓာတ်ပုံများ ပေးပို့၍ Snapchat user အချင်းချင်း ဆက်သွယ် ပေးသည့် Application တစ်မျိုး ဖြစ်ပြီး ၄င်း၏ ထူးခြားချက်မှာ ဓာတ်ပုံ ရယူပြီး စက္ကန့်ပိုင်း မျှသာ ကြည့်ရှု၍ ရကြောင်း သိရသည်။ ထို့ကြောင့် Snapshat ပေါ် ပေးပို့သည့် ဓာတ်ပုံများမှာ အလိုလို ပျောက်ကွယ် သွားနိုင်သဖြင့် ၄င်းကို အခွင့်ကောင်း ယူကာ သူစိမ်းများက ညစ်ညမ်း ဓာတ်ပုံများ ပို့ဆောင်ခြင်း၊ ခြိမ်းခြောက်စာများ ပို့ဆောင်ခြင်း၊ လူအများ မကြည့်ဝံ့သည့် ကြောက်မက် ဖွယ်ရာ ဓာတ်ပုံများ ပို့ဆောင်ခြင်း စသည်တို့ကို လုပ်ဆောင် နိုင်ကြောင်း သိရသည်။

Tinder Application

Snapchat ပြီးနောက် မိမိနှင့် နီးစပ်ရာ နေရာမှ ချစ်သူ ရှာပေးသည့် Tinder Application ဖြစ်သည်။ Tinder မှာ မိမိနှင့် အနီးဝန်းကျင်ရှိ Tinder အသုံးပြု သူများနှင့် ၄င်းတို့၏ ဓာတ်ပုံကို ရှာဖွေ၍ ဖော်ပြပေးရာ ကွပ်ကဲမှု မရှိသော လူငယ် များက သူစိမ်းများနှင့် စကားပြော ဆိုမိမည် ဖြစ်သည့် အပြင် ၄င်းတို့ မသိသော သူများနှင့်လည်း အွန်လိုင်းပေါ်တွင် ချစ်သူ ရည်းစားများ ဖြစ်သွား နိုင်သဖြင့် Tinder မှာလည်း လူငယ်များအတွက် အန္တရာယ် ရှိသည့် Application တစ်ခုဖြစ် လာရသည်။

Vine Application

ခြောက်စက္ကန့်စာ ဗီဒီယိုများ ရိုက်ကူး၍ မျှဝေနိုင်ရန် ဖန်တီး ထားသည့် Vine Application ပေါ်တွင်လည်း အသုံးပြုသူ အချင်းချင်း စိန်ခေါ်၍ ဗီဒီယို ရိုက်ကူးသည့် ပြိုင်ပွဲများ ပြုလုပ်ကြရာ အချို့ စိန်ခေါ်မှုများက အန္တရာယ် ဖြစ်စေ နိုင်သည်။ ယခင်နှစ်က ကမ္ဘာတစ်ဝန်း ရှိ လူငယ်များ ပြုလုပ်ခဲ့သည့် Fire Challenge ကဲ့သို့ ကစားနည်းတွင် လူငယ်များက ဗီဒီယို ခြောက်စက္ကန့် စာ ရိုက်ကူး နိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ ခြင်းများ ပြုလုပ်ခဲ့ သဖြင့် မိဘများက စိတ်ပူပန် ခဲ့ရသည်။

Whisper Application

Whisper Application မှာလည်း ပို့ဆောင်သူ၏ အမည်ကို မဖော်ပြဘဲ စာတိုများ ဖြန့်ဝေ နိုင်သဖြင့် Whisper အသုံးပြုသူ တစ်ဦးက လျှို့ဝှက်ချက်များ၊ ကောလာဟလ များ ပြောဆိုခြင်း တို့ကို အမည်မဲ့ ဖြန့်ဝေ နိုင်သည်။

သို့သော် Whisper မှာ နီးစပ်သူများ၏ ပို့စ်များကို ဦးစားပေး ဖော်ပြသဖြင့် အသုံးပြုသူ အချင်းချင်း နီးစပ်နေပါက ပို့ဆောင် လိုက်သည့် လျှို့ဝှက်ချက် များမှာ အမည်မဲ့ ဖြစ်နေသော်လည်း မိမိနှင့် ရင်းနှီးသော အသိုင်းအဝိုင်း ထဲမှ မိတ်ဆွေ တစ်ဦး က တွေ့မြင်ပါက အထင်လွဲမှုများ ဖြစ်ပေါ်စေကာ နှစ်ဦးကြား ခင်မင်မှုကို ထိခိုက်စေ နိုင်ကြောင်း သိရသည်။

ဖော်ပြပါ Application များမှာ သူစိမ်းများက မိမိကို လွယ်ကူစွာ ဆက်သွယ် နိုင်သည့် အခွင့်အရေးကို ပေးနေသဖြင့် အခန့်မသင့် ပါက မိမိကို ဘေးအန္တရာယ် ပြုစေနိုင်သူ များနှင့် တွေ့ဆုံ စေနိုင်သောကြောင့် အန္တရာယ် ရှိသည့် Application များအဖြစ် သတ်မှတ် ခံရကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/02/application.html




အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ဒီနေ့ ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားပါတယ်။


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြ ချီတက်နေကြတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းဟာ ဒီကနေ့ ရေနံချောင်းမြို့ကနေ မကွေးတိုင်းဘက်ကို ဆက်လက် စတင်ချီ တက်ဆန္ဒပြနေ ကြပါတယ်။

မကွေးမြို့အထိ ခရီးဝေးတဲ့ အတွက် လမ်းတနေရာမှာ ညအိပ်ရပ်နားမယ်လို့ သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။ “အခု ကျနော်တို့ ရေနံချောင်းကနေ မကွေးကို ထွက်နေတယ်။ ဒီနေ့ ခရီးစဉ်မိုင် အရှည်နှုန်းအရတော့ ကျနော်တို့က ကံဖျားမှာ နားရလိမ့်မယ်နဲ့တူတယ်။”

ပြီးခဲ့တဲ့ရက်က မကွေးတိုင်း ဂွေးပင်ရွာအနီး ထန်းခြောက်ပင်ရွာ ဘုန်းကြီးကျောင်းမှာ ရပ်နားနေချိန် ဒေသအာဏာပိုင်တွေ ဖိအားပေးတာကြောင့် ကားတွေနဲ့ ရေနံချောင်းမြို့ကို ထွက်ခွာခဲ့ပြီး ရေနံချောင်းမြို့က စပယ်ရုံဘုန်းကြီးကျောင်းမှာ စစ်ကြောင်းနားနေ ခဲ့ရပါတယ်။

အလားတူဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းဟာလည်း မနက်ဖြန်မှာ ပြန်ထွက်ဖို့ အစီစဉ်ရှိတယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအတွင်းရေးမှူး ကိုတေဇာက ပြောပါတယ်။

“ကျနော်တို့ ကျောင်းသားသပိတ်ဧရာဝတီစစ်ကြောင်းက ဖေဖော်ဝါရီ ၃ ရက်နေ့ကို ပြန်ထွက်ဖို့များနေတယ်။ လက်ရှိ ဆွေးနွေးခဲ့တဲ့ဆွေးနွေးပွဲ လာဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ၀န်ကြီးဦးအောင်မင်း ရော၊ ကျောင်းသားတွေရော ဆွေးနွေးပွဲမှာ သိပ်အဆင်ပြေပုံ မရဘူး။ သူတို့ဘက်က ရေရာတိကျတဲ့အဖြေလည်း မထွက်သေးဘူးလေ။”

ဧရာဝတီသပိတ်စစ်ကြောင်းဟာ ဇန်န၀ါရီလ ၃၀ ရက်နေ့က ပုသိမ်မြို့ကနေ စတင်ချီတက်ပြီး မြို့ပေါ်လှည့်လည် သပိတ်မှောက်ကြတာဖြစ်ပြီး ရန်ကုန်မှာသပိတ်မှောက် ကျာင်းသားခေါင်းဆောင်တွေ အစိုးရနဲ့ဆွေးနွေးနေစဉ် သပိတ်ခေတ္တရပ်ထား တား တာဖြစ်ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ကျောင်းသားသပိတ်ကတော့ မနက်ဖြန် တွေ့ဆုံဆွေးနွေးပွဲအပေါ်မှာ မူတည်ပြီး ဆက်လက် ချီတက်၊ မတက် ဆွေးနွေးဆုံးဖြတ်မယ်လို့ ထားဝယ် သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးက ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/79737



မန္တလေးမြို့မှာ ဒီဗွီဘီ အပတ်စဉ်ရုပ်သံ အစီအစဉ်ရိုက်ကူးရေး မော်တော်ယာဉ်ကို အမည်မသိ ဆိုင်ကယ်စီး ၂ ဦးက အုတ်ခဲနဲ့ ပစ်ခတ်လို့ ကားဘယ်ဘက်ခြမ်းက နောက်ခန်း မှန်တချပ်ကွဲခဲ့ပါတယ်။

မန္တလေးမြို့ လမ်း ၈၀၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြာမှာရှိတဲ့ Palace ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ တို့ပြည်တို့မြေ နယ်လှည့် ရိုက်ကူးရေး အဖွဲ့ရဲ့တိုယိုတာ၊ ပရာဒို ကားကို ဆိုင်ကယ်စီးလူငယ် ၂ ဦးက ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၁ နာရီခန့်မှာ အုတ်နီခဲနဲ့ ပစ်သွားခဲ့တာပါ။

တို့ပြည်တို့မြေ အစီအစဉ် ရိုက်ကူးထုတ်လုပ်ရေးတာဝန်ခံ ဦးသန်းဝင်းထွဋ်က “ဟော်တယ်စောင့်တွေက လာပြောတယ်။ သူတို့က မြင်လိုက်တယ်တဲ့ ဆိုင်ကယ်တစီးနဲ့ လူနှစ်ယောက် အသက်လတ်ပိုင်းတဲ့။ အုတ်နီခဲတလုံးနဲ့ ဆိုင်ကယ်ကြမ်းကြမ်းမောင်းလာတယ်။ ပြီးတော့ ဟော်တယ်ရှေ့မှာ ကားတွေ အများကြီးရပ်ထားတာကို ဒီဗွီဘီ တံဆိပ်နဲ့ကားကိုရွေးပြီး အုတ်နီခဲနဲ့ထုသွားပြီးတော့ မောင်းပြေးသွားတယ်တဲ့၊ အဲတော့ သူတို့ ချက်ချင်းလာပြောတယ် ဒါပေမယ့် အုတ်နီခဲနဲ့ ဘယ်ဖက် နောက်ခန်း မှန်ပွင့်နေတာပဲ တွေ့ရတော့တယ်။ လူနှစ်ယောက်လို့ပဲ ပြောနိုင်တယ်။ ဆိုင်ကယ်နံပါတ်မသိဘူး။” လို့ ပြောပါတယ်။

ဟိုတယ်မှာ စီစီတီဗွီ ကင်မရာတပ်ဆင်ထားပေမယ့် ဟိုတယ်အတွင်းပိုင်းနဲ့ ဟိုတယ်အရှေ့ပိုင်းကိုသာ ဖမ်းမိပြီး ဟိုတယ်ရှေ့လမ်းမ တဖက်တချက်မှာ ရပ်နားထားတဲ့ ကားတွေကိုတော့ မမိဘူးလို့ဆိုပါတယ်။ ဟိုတယ်ဧရိယာမှာ ကားရပ်နားဖို့ မဆံ့လို့ တခြားကားတွေနဲ့အတူ သွားရပ်စဉ်မှာ ရွေးချယ်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

သူက “ဟိုတယ်မှာ တည်းနေတဲ့သူတွေက ဟိုတယ်ရဲ့နောက်ထဲက ချောင်ထဲက parking (ကားရပ်ရန်နေရာ) မှာ ကားမဆံ့ဘူး။ မဆံ့တော့ ရှေ့မှာ ဟိုတယ်ဘက်ခြမ်းမှာလည်း ၄ – ၅ စီး၊ ဟိုဘက်ခြမ်းမှာလည်း ၄ – ၅ စီး ကားအကောင်းတွေရှိတယ်။ အဲဒီထဲကမှာ ဒီ ဆိုင်းဘုတ်နဲ့ စတစ်ကာကပ်ထားတဲ့ကားကိုပဲ တမင်လာထုသွားတာ”လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ သိပ်မလှမ်းမကမ်းမှာရှိတဲ့ အမှတ် ၈ ရဲစခန်းကို ချက်ချင်း သွားရောက်တိုင်ကြားခဲ့ရာမှာ ရဲအရေးမပိုင်တဲ့ကိစ္စဖြစ်တာကြောင့် အမှုဖွင့်မပေးဘဲ တရားရုံးကို ဦးတိုက်လျောက်ဖို့ ပြောဆိုခဲ့ပါတယ်။ ဥပဒေအရ ရပ်နားထားတဲ့ မော်တော်ယာဉ်ကို ပျက်စီးအောင်လုပ်တဲ့အတွက် အကျိုးပျက်စီးစေမှုနဲ့ တရားရုံးမှာ ဦးတိုက်လျောက်နိုင်တယ်လို့ မန်းတလေးမြို့က ရှေ့နေတဦးက ရှင်းပြပါတယ်။

တို့ပြည်တို့မြေအစီအစဉ်ကို ဒီဗွီဘီ ရုပ်မြင်သံကြားမှာ ၂၀၁၄ ခု နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး နိုင်ငံဝန်းက တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စတဲ့ အရေးတွေကို အပတ်စဉ် လူထုနဲ့တွေ့ဆုံဆွေးပြီး လူထုရဲ့အသံ လူထုရဲ့ ဘ၀တွေကို တင်ဆက် ထုတ်လွှင့်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/79783

ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင် ဆွေးနွေးနေစဉ်
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက် ရောက်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ကိုယ်စားလှယ် ဒေါက်တာသိန်းလွင် ဟာ ပါတီကို ကိုယ်စား မပြုဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မနေ့က ကြေညာ ပါတယ်။

ဒေါက်တာသိန်းလွင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ကြိုတင်သဘောတူညီချက်မယူဘဲ အခြား အဖွဲ့မှာ ဦးဆောင်မှုဟာ ပါတီစည်းမျဉ်းစည်းကမ်း ချိုးဖောက်တာဖြစ်လို့ အရေးယူမယ်လို့ ဆိုပါ တယ်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က “ဒေါက်တာသိန်းလွင်ကိစ္စကတော့ ကျနော်တို့ အန်အယ်လ်ဒီကို ဖိတ်တာလည်း မဟုတ်ဘူးပေါ့နော်၊ ဒေါက်တာသိန်းလွင်ကလည်း ကျနော်တို့ရဲ့ အရံဗဟိုအလုပ်အမှုဆောင် ဖြစ်နေတယ်။ အရန်စီအီးစီဖြစ်နေတော့ ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) ကနေပြီးတော့ သူ့အနေနဲ့ သွားလိုက်လို့ရှိရင် အန်အယ်လ်ဒီကို ကိုယ် စားပြုသလိုဖြစ်နေမှာစိုးလို့ ဆိုပြီးတော့ အစကတည်းက မသွားပါနဲ့လို့ ဥက္ကဋ္ဌက မစခင်ကတည်း က တားထားပါတယ်။ ၂ ရက် ၃ ရက်လောက်ကတည်းက ကြိုတားပါတယ်။ တားပေမယ့်လည်း ဒေါက်တာသိန်းလွင်က NNER မှာ ခေါင်းဆောင်ပိုင်းမှာ ရောက်နေတဲ့အခါကျတော့ ကျောင်းသားတွေက သူ့ကို အတင်းဖိတ်ကြားတဲ့အခါကျတော့ သူက သွားလိုက်ပါတယ်။ အဲဒါပါပဲ။ အဲဒီအတွက်ကြောင့် ကျနော်တို့က ကျနော်တို့ကို ကိုယ်စားပြုတာမဟုတ်ဘူးတာရယ်။ သူ့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ကိစ္စ ဒါကို ကျနော်တို့ ကြေညာတာပါ” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်တာဝန်ခံလည်းဖြစ်တဲ့ ဒေါက်တာသိန်းလွင်က ဒီကြေညာချက်နဲ့ပတ်သက်လို့ “ကျနော်ကတော့ ကျောင်းသားတွေ တောင်းဆိုတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ထောက်ခံတယ်။ အဲဒါကြောင့် ကျောင်းသားတွေ ဆွေးနွေးပွဲမှာ ကျနော် ကူညီအားပေးရမယ်။ ကျောင်းသားတွေ တောင်းဆိုတဲ့အချက်တွေကလည်း ဒီမိုကရေစီနည်းလမ်းလည်း ကျတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်တွေ ဖြစ်တယ်။ အဲဒါကို ကျနော်ယုံကြည်တယ်။ ယုံကြည်တဲ့အတွက် ကျနော် ကျောင်းသားတွေ ဘက်က ရပ်တည်တယ်။ အဲဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူ့စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးဆိုရင် ဒါ ပါတီမှာ ပါတီရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျနော့်ဆုံးဖြတ်ချက်ကတော့ ဒါ ကျောင်းသားတွေက မှန်ကန်တဲ့အတွက် ကျောင်းသားတွေ ဘက်က ကျနော်ရပ်ပေးတာဖြစ်ပါတယ်။”

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ရက်ပေါင်း ၆၀ အတွင်း အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ NNER တို့ဆွေးနွေးဖို့ မနှစ်နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သပိတ်မှောက် ကျောင်းသားတွေက ကမ်းလှမ်းခဲ့ပါတယ်။ အစိုးရက လစ်လျူရှုတာကြောင့် ဇန်န၀ါရီ ၂၀ ရက်နေ့က ကျောင်းသားတွေက မန်းတလေးကနေ ရန်ကုန်ထိ ချီတက်သပိတ်မှောက်ကြပြီး တပတ်နီးပါးအကြာမှာ အစိုးရဘက်က ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို လက်ခံဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲမှာ NNER ကိုယ်စားလှယ်အဖြစ် ဒေါက်တာသိန်းလွင်တက်ရောက်ပါတယ်။

အမျိုးသားပညာရေးဥပဒပြေင်ဆင်ရေးအတွက် မနေ့က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ဆွေးနွေးခဲ့ကြပြီး မနက်ဖြန်ကျရင် နေပြည်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ကြေညာထားပါတယ်။

မနေ့က ရန်ကုန်မြို့ စိန်ရတုခန်းမမှာ တွေ့ဆုံပွဲမှာ ကျောင်းသားတွေဘက်က ဆွေးနွေးပွဲအတွက် ကြိုတင်စည်းကမ်းချက်တွေကို ဆွေးနွေးရာမှာ လက်ရှိဖွဲ့စည်းထားတဲ့ ကျောင်းသား၊ ဆရာ သမဂ္ဂတွေကို အသိအမှတ်ပြုမှုနဲ့ ပညာရေးမူဝါဒနဲ့ ဥပဒေတွေ နည်းဥပဒေတွေ ဆက်စပ်ဥပဒေ တွေ ရေးဆွဲရာမှာ ကျောင်းသားကျောင်းသူကိုယ်စားလှယ်တွေနဲ့ ဆရာ ဆရာမ ကိုယ်စား လှယ်တွေ ပါဝင်ရမယ်ဆိုတဲ့အချက်တွေအပါအ၀င် ၉ ချက်အနက် ရှစ်ချက်ကို သဘောတူကြ ပါတယ်။ ဆန္ဒပြမှုသူတွေကို အရေးမယူဘို့နဲ့ သပိတ်ရပ်ဆိုင်းဖို့ ကိစ္စကိုတော့ နှစ်ဘက်သဘော တူညီချက် မရခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတက်ရောက်တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က “ကျမတို့ သမဂ္ဂတွေ အနေအထားကတော့ သပိတ်ကို လှန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နောက်တခုက ကျောင်းသားသပိတ်တွေကြောင့်မို့ ဆွေးနွေးပွဲ ပေါ်လာတာဖြစ်တယ်။ ဆွေးနွေးပွဲရလဒ်က ဘယ်လောက်တောင်မှ တောင်းဆိုချက်တွေ အပေါ်မှာ ပေးနိုင်မလဲ။ ဘယ်လောက်တောင်မှ ကျမတို့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းပေးနိုင်မလဲဆိုတာက ဆက်ပြီးတော့ စောင့်ကြည့်ရဦးမယ့် အနေအထားမှာ သပိတ်ကတော့ ဆက်ပြီးတော့ ရှိနေမှာပါ။ ဖိအားတခုအဖြစ်ပေါ့နော်။ ”

“သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီတန်းပြီး ပညာရေးဥပဒေမှာ သူတို့လိုချင်တဲ့အချက်တွေကို ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။ ဒီမိုကရေစီအလေ့အကျင့်မှာ ဒါ ပြောပလောက်တဲ့ ကိစ္စတော့မဟုတ်ဘူးပေါ့နော်။ တကယ် ဒီမိုကရေစီ ဆိုရင်” လို့ ပြောပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/79743

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.