02/07/15



ခေတ်မီသင်ကြားရေးစနစ်အသုံးပြုပီး ကျောင်းသားတပည့်ပေါင်း ၇၀၀၀ ကျော်လောက် ရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း
အရမ်းကောင်းတဲ့ ခေတ်မီသင်ကြားရေးစနစ်အသုံးပြုပီး ကျောင်းသားတပည့်ပေါင်း ၇၀၀၀ ကျော်လောက် ရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းပါ

ဒီလိုသင်ကြားရေးစနစ်မျိုးကို ကျနော်တို့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ကျယ်ပြန့်လာအောင် ပွားများတိုးတက်လာစေမယ် ဒိထက်လည်းပို၍ သင်ကြားရေးအထောက်အကူပစ္စည်း၊ ကျွမ်းကျင်ဆရာများ၊ စသည်တို့အားဖြင့် ဝိုင်းဝန်းထောက်ပံ့အားပေးကြမယ်ဆိုရင် ကျနော်တို့ နိုင်ငံ အနာဂတ်ဟာ ကိုယ်စွမ်းကိုယ်စ ညဏ်ရည်မြင့်မားကာ တီထွင်ညဏ်စွမ်းရှိတဲ့ ကျောင်းသားလူငယ်များ၊ ကျောင်းသားလူငယ်များမှတဆင့် အနာဂတ်တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုပြည့်ဝတဲ့ ခေါင်းဆောင်များဖြင့် တိုင်းပြည် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမှာ အသေအချာပါပဲ....

လက်ရှိမှာတော့ မန္တလေး ၁၉ လမ်း ဖောင်တော်ဦးကျောင်းရှေ့မှာ ဒီဘုန်းတော်ကြီး စာသင်ကျောင်းလေးရှိတယ် လို့ သိရပါတယ်

ကြည်နူးအားရစရာ ကောင်းလှပါတယ်

ဗီဒီယို - Myanmar Celebrities!

အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်နေကြတဲ့ သပိတ်မှောက် ကျောင်းသားတွေ နဲ့ ပတ်သက်လို့ မြန်မာအစိုးရ ရဲ့ သတင်း ထုတ်ပြန်တာကို သပိတ်မှောက်ကျောင်းသားတွေက ပယ်ချခဲ့ပြီး ဒီလို ထုတ်ပြန် လိုက်တာဟာ ဆိုရင် သူတို့ကို နှိမ်နင်းဖို့အတွက် အစိုးရဘက်က ပြင်ဆင် တာဖြစ်တယ်လို့လည်း တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

စစ်ကြောင်းခေါင်းဆောင် တဦးဖြစ်တဲ့ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပယ်ချခဲ့ပါတယ်။

"ကျောင်းသားမဟုတ်တဲ့လူတွေက နောက်ကွယ်က ကြိုးကိုင်ပြီးတော့ ဆူပူ လှုပ်ရှားမှုတွေ ဖန်တီးနေတယ်ဆိုတဲ့သဘောမျိုး သက်ရောက်အောင် ရေး ထားပြီးတော့ မိဘပြည်သူတွေ သူတို့နဲ့ ပူးပေါင်းကြပါ သူတို့ဘက်က ရပ်ကြပါဆိုတာ တနည်းအားဖြင့်ပြောရင် ကျနော်တို့ကို ပြည်သူလို့ အယောင်ဆောင်ပြီးတော့ လူအုပ်စုကြီးတစ်ခုကနေ ကျနော်တို့ကို လာပြီးတော့ တိုက်ခိုက်အောင်လို့ တမင်တကာ ပြင်ဆင်နေတဲ့ ကစားကွက်တစ်ခုလို့ပဲ ကျနော်တို့ကသွားပြီးမြင်တယ်။ အဲဒီတော့ ဒါဟာ မရိုးသားဘူး။ ဒီ ကြေညာချက်ကို အစ အဆုံး အယုံအကြည်မရှိဘူး။ ကျနော်တို့ကို ဖမ်းဖို့ဆီးဖို့ ဒါမှမဟုတ် ရိုက်ဖို့ နှက်ဖို့ အကြမ်းဖက်ဖို့ အကွက်တစ်ခု ခင်းနေပြီ ပြင်ဆင်နေပြီလို့ ။ အာဏာပိုင် လုပ်နိုင်ကိုင်နိုင်တဲ့လူတွေ သူတို့လက်ထဲမှာ လက်နက်ရှိသူတွေကနေ ဒီကလေးတွေရဲ့ အန္တရာယ်ကို တာဝန်မယူဘူးလို့ ပြောတာ သူတို့က ဒီကလေးတွေကို ရိုက်မယ် ဖမ်းမယ် ဆီးမယ် သတ်မယ် ဖြတ်မယ် လို့ ပြောတာနဲ့ အတူတူပဲ။

အဲ့လိုစကားမျိုးတွေနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တာဟာ တော်တော်ကြီးကို မှားကို မှားနေပြီ။ ဒီလိုအမှားမျိုးကို ထပ်ကျူးလွန်လို့ရှိရင် သူတို့အတွက် နောင်တရစရာ အချိန်မရှိတော့ဘူး ဆိုတာပဲ ကျနော်ပြောချင်တယ်။ အဲဒါမျိုးလုပ်ရပ်ကို လုံးဝမလုပ်ပါနဲ့။ ကျနော်တို့ မိဘပြည်သူတွေကို ကျီးလန့်စာစားဖြစ်အောင် ထိပ်လန့် ခြောက်ခြားအောင် လုပ်နေတာ အာဏာပိုင် အစိုးရပဲ။ ကျောင်းသားတွေ မဟုတ်ဘူး"

ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ အမျိုးသားပညာရေး ဥပဒေကို အကြောင်းပြုပြီး တချို့ နေရာဒေသမှာ ဥပဒေနဲ့ မညီညွတ်တဲ့ ဆန္ဒပြမှုများ ပြုလုပ်နေကြောင်းနဲ့ စစ်မှန်တဲ့ ပညာရေးဆိုင်ရာ ဆန္ဒတွေကို အစိုးရအဖွဲ့က လွတ်တော်ကို တင်ပြပြီး ဆောင်ရွက်နိုင်တာတွေ ကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ပညာရေး ဆိုင်ရာကိစ္စတွေကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေ ရန် ကျောင်းသား လူငယ်များကို အသုံးချ ကျောင်းသား အမည်ခံ သူများ၊ နောက်ကွယ် မှ ကြိုးကိုင်ဆောင်ရွက်နေသူများ၊ အားပေး အားမြှောက် ပြုနေ တဲ့ နိုင်ငံရေး အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေ တာကို တွေ့ရှိရကြောင်း ဒီအတွက် မိဘပြည်သူတွေ အစိုးရနဲ့ ပူးပေါင်း ကူညီဖို့ ပြောဆိုထားချက်တွေကို ပင်မ သပိတ် စစ်ကြောင်းခေါင်းဆောင် တဦးဖြစ်တဲ့ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပယ်ချခဲ့ပါတယ်။

"ကျောင်းသားမဟုတ်တဲ့လူတွေက နောက်ကွယ်က ကြိုးကိုင်ပြီးတော့ ဆူပူ လှုပ်ရှားမှုတွေ ဖန်တီးနေတယ်ဆိုတဲ့သဘောမျိုး သက်ရောက်အောင် ရေး ထားပြီးတော့ မိဘပြည်သူတွေ သူတို့နဲ့ ပူးပေါင်းကြပါ သူတို့ဘက်က ရပ်ကြပါဆိုတာ တနည်းအားဖြင့်ပြောရင် ကျနော်တို့ကို ပြည်သူလို့ အယောင်ဆောင်ပြီးတော့ လူအုပ်စုကြီးတစ်ခုကနေ ကျနော်တို့ကို လာပြီးတော့ တိုက်ခိုက်အောင်လို့ တမင်တကာ ပြင်ဆင်နေတဲ့ ကစားကွက်တစ်ခုလို့ပဲ ကျနော်တို့ကသွားပြီးမြင်တယ်။ အဲဒီတော့ ဒါဟာ မရိုးသားဘူး။ ဒီ ကြေညာချက်ကို အစ အဆုံး အယုံအကြည်မရှိဘူး။ ကျနော်တို့ကို ဖမ်းဖို့ဆီးဖို့ ဒါမှမဟုတ် ရိုက်ဖို့ နှက်ဖို့ အကြမ်းဖက်ဖို့ အကွက်တစ်ခု ခင်းနေပြီ ပြင်ဆင်နေပြီလို့ ။ အာဏာပိုင် လုပ်နိုင်ကိုင်နိုင်တဲ့လူတွေ သူတို့လက်ထဲမှာ လက်နက်ရှိသူတွေကနေ ဒီကလေးတွေရဲ့ အန္တရာယ်ကို တာဝန်မယူဘူးလို့ ပြောတာ သူတို့က ဒီကလေးတွေကို ရိုက်မယ် ဖမ်းမယ် ဆီးမယ် သတ်မယ် ဖြတ်မယ် လို့ ပြောတာနဲ့ အတူတူပဲ။

အဲ့လိုစကားမျိုးတွေနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တာဟာ တော်တော်ကြီးကို မှားကို မှားနေပြီ။ ဒီလိုအမှားမျိုးကို ထပ်ကျူးလွန်လို့ရှိရင် သူတို့အတွက် နောင်တရစရာ အချိန်မရှိတော့ဘူး ဆိုတာပဲ ကျနော်ပြောချင်တယ်။ အဲဒါမျိုးလုပ်ရပ်ကို လုံးဝမလုပ်ပါနဲ့။ ကျနော်တို့ မိဘပြည်သူတွေကို ကျီးလန့်စာစားဖြစ်အောင် ထိပ်လန့် ခြောက်ခြားအောင် လုပ်နေတာ အာဏာပိုင် အစိုးရပဲ။ ကျောင်းသားတွေ မဟုတ်ဘူး"

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာပါတဲ့ ဥပဒေနဲ့ မညီဘူးဆိုတာဟာ ပုဒ်မ (၁၈)နဲ့ ပုဒ်မ (၁၉) ကို ဆိုလိုတာဖြစ်ကြောင်း သမ္မတရုံးညွန်ကြားရေးမှုး ဦးဇော်ဋ္ဌေးက ဆိုပါတယ်။

" ပုဒ် ၁၈/၁၉ ပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ပေါ့နော်။ ဆန္ဒဖော်ထုတ်ခွင့် နေရာတွေနဲ့ ပါတ်သက်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပေါ့နော်။ နောက် လုံခြုံရေးတပ်ဖွဲ့ကို အသိပေးအကြောင်းကြားရပါတယ်။ အဲဒီ အသိပေး အကြောင်းကြားတဲ့အပေါ်မှာ နေပြီးမှ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်း အုပ်ချုပ်ရေးအဖွဲ့အစည်းကနေပြီးတော့ သူက ကန့်ကွက်လိုက ကန့်ကွက်နိုင်တယ်။ မကန့်ကွက်ရင်လည်း ခွင့်ပြုပေးနိုင်တယ်။ ကန့်ကွက်ခြင်း တစ်စုံတစ်ရာ မရှိရင် ဆက်လက်ပြီးတော့ လုပ်ဆောင်နိုင်တယ်။ ဒါက လွှတ်တော်က ပြင်ဆင်ထားတဲ့ ဥပဒေအတိုင်း နော်"

မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီးကနေ ချီတက်လာနေတဲ့ ပင်မကျောင်းသားသပိတ် စစ်ကြောင်းကတော့ လုံခြုံရေးအင်အားတွေ နဲ့ ပိတ်ဆို့ တားဆီးဖို့ ပြင်ဆင်နေတယ် ဆိုပြီး သတင်းထွက်နေတဲ့ ဆတ်သွားရွာကို ရောက်ရှိ လာခဲ့ပီဖြစ် ပါတယ်။ ကျောင်းသားတွေပြောပြချက်အရ ဆတ်သွားမှာစောင့်နေတဲ့ လုံခြုံရေး အင်အားတွေဟာ ကိုးပင်ဆိုတဲ့နေရာကို ပြန်ဆုတ်ထားတယ်လို့ဆိုပါတယ်။

ဒီကနေ့မှာပဲ တနင်္သာရီတိုင်းက ထားဝယ်သပိတ်စစ်ကြောင်းဟာ မြို့ထဲမှာပဲ လှည့်လည်ဆန္ဒပြခဲ့ပြီး လာမယ့် (၈) ရက်နေမှာ မော်လမြိုင်ကျောင်းသားသမဂ္ဂ နဲ့ အတူ ခရီးရှည်ချီတက်နေတဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းနဲ့ ပေါင်းပြီး ချီတက်မယ် ဆိုပြီး ထားဝယ်ကျောင်းသားသပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးကဆိုပါတယ်။

"လက်ရှိအခြေအနေက ကျနော်တို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း မှာ ကျောင်းအုပ်ကြီးက ကျောင်းသားတွေကို သပိတ်မမှောက်ဘဲ တားထားတယ်ဗျ။ ဒီနေ့ ဒီမြို့ပေါ်မှာထွက်မယ်။ မနက်ဖြန်လည်း ဒီမြို့ပေါ်မှာပဲထွက်မယ်။ ထွက်ပြီးတော့ (၈) ရက်နေ့မှာ ကျနော်တို့ မော်လမြိုင်တက်ပြီးတော့ (၉) ရက်နေ့ မှာ မော်လမြိုင် ကျောင်းသားသမဂ္ဂ နဲ့ ပေါင်းလာနိုင် မယ်။ မော်လမြိုင် ပြီးရင်တော့ ဧရာဝတီ သပိတ်စစ်ကြောင်း နဲ့ ပေါင်းဖို့ စီစဉ်ထားတယ်ဗျ။"

ဧရာဝတီကျောင်းသားသပိတ် စစ်ကြောင်းကတော့ ပန်းတနော်မြို့ ကနေ ညောင်တုန်းမြို့ ကို ဆက်လက် ချီတက်နေပါတယ်။ ဧရာဝတီ သပိတ်မှာတော့ အထက်တန်းကျောင်းသားကျောင်းသူတွေ လိုက်ပါနေတဲ့အတွက် တိုင်းဒေသကြီး အစိုးရအနေနဲ့ မိဘတွေကို ခေါ်ယူဆွေးနွေးတာတွေအပြင် သပိတ်ကျောင်းသားတွေ တည်းခိုလို့ မရအောင် ဘုန်းကြီးကျောင်းတွေကို ဖိအားပေးခြင်း၊ စစ်ကြောင်းမှာသုံးဖို့ ကားငှားလို့မရအောင် ဖိအားပေးမူတွေနဲ့ ကျောင်းသားအယောင်ဆောင်များ ထည့်ပြီး နှောက်ယှက်ခြင်းများရှိနေတယ်လို့ ကျောင်သားတွေကဆိုပါတယ်။

ပင်မ သပိတ်က ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုကတော့ သပိတ် စစ်ကြောင်းများ အားလုံးဟာ ရန်ကုန်မှာ စုစည်းကြမှာဖြစ်ပြီး အစိုးရအနေနဲ့ အမြန်ဆုံး တွေ့ဆုံဆွးနွေးနိုင်ဖို့အတွက် တောင်းဆိုကြောင်းပြောဆိုပါတယ်။

"တွေ့ဆုံဆွေးနွေးပွဲကို လုပ်ချင်တဲ့ ဆန္ဒ ကျနော်တို့မှာ အပြည့်ရှိတယ်။ သူတို့ကသာ မလုပ်ချင်လို့ နေ့ရွှေ့ ညရွှေ့နဲ့ ပုံစံအမျိုးမျိုးနဲ့ ဒါ နည်းမျိုးစုံ လှည့်စားနေတယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီတော့ ချက်ချင်းကို ဒီတွေ့ဆုံဆွေးနွေးပွဲကို ပြန်ခေါ်ပေးဖို့ ကျနော်တို့ ထပ်တောင်းဆိုတယ်။"

အစိုးရဘက်ကတော့ (၄) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် လက်ရှိမှာ ပြင်ဆင်နေကြောင်း သမ္မတရုံးညွန်ကြားရေးမူး ဦးဇော်ဋ္ဌေးက ပြောသွားပါတယ်။

အမျိုးသားပညာရေးဥပဒေ ကို နိုဝင်ဘာလက စပြီး ကျောင်းသားတွေက သပိတ်မှောက်ခဲ့ တာပါ။ အစိုးရအနေနဲ့ ရက်ပေါင်း (၆၀) အတွင်းတွေ့ဆုံ ဆွေးနွေးဖို့လည်းပြောဆို ထားပါတယ်။ ရက် (၆၀) အလွန်မှာတော့ ခရီှးရှည် ချီတက်မှုကို စတင်ခဲ့ပြီး ပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ပါတယ်။

အစိုးရက ကျောင်းသားတွေ တောင်းဆိုတဲ့ (၄) ပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ပေးမယ် လို့ ပြောဆိုခဲ့ပြီး သပိတ်လှန်ဖို့ တောင်းဆိုခဲ့ ပါတယ်။ ကျောင်းသားတွေ က ဆွေးနွေးနေဆဲ ကာလမှာဘဲ ပြေလည်မှု မရမချင်း သပိတ်မှောက်မူတွေ ဆက်ရှိနေမှာဖြစ်ကြောင်းပြောဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ (၂) ကြိမ်လုပ်အပြီး မှာ အစိုးရဘက်က ဖေဖေါ်ဝါရီလ (၁၂) ရက်နောက်ပိုင်းမှာဆွေးနွေးဖို့ ရက်ရွေ့ဆိုင်းခဲ့ပါတယ်။
.
Credit : VOA


အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ကျောင်းသားတွေ တောင်းဆိုချက်အရ ကျင်းပတဲ့ အစိုးရ၊ လွှတ်တော်၊ ကျောင်းသား နဲ့ NNER ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်တို့ ပါဝင်တဲ့ နေပြည်တော်က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပျက်ပြားသွားခဲ့ပြီ ဖြစ်ပါတယ်။ အပြီးတိုင် ပျက်သွားတာမျိုး မဟုတ်ပဲ လာမယ့် ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီ ၁၂ ရက်နောက်ပိုင်းကျမှ ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ်လို့ အစိုးရဘက်က ကြေငြာထားပါတယ်။ ကျောင်းသားတွေကတော့ နဂို စီစဉ်ထားတဲ့အတိုင်း ဆန္ဒပြချီတက်ပွဲတွေ ဆက်လုပ်နေကြပြီး သပိတ်မှောက် စစ်ကြောင်းတွေ ရန်ကုန်မှာ စုနိုင်ဖို့ လုပ်နေကြပါပြီ။ ပြသနာတွေ ဘယ်လို ဖြစ်တာပါလဲ၊ ကျောင်းသားသပိတ် ပြသနာ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ကျောင်းသား သပိတ်တိုက်ပွဲကိုကြည့်ရင် အဆင့် နှစ်ဆင့်ခွဲပြီး ရှုမြင်နိုင်ပါတယ်။ ကျောင်းသားတွေ တောင်းဆိုတဲ့အတိုင်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာတဲ့ အဆင့်က တစ်ဆင့်ဖြစ်ပြီး အဲဒီကမှတဆင့် နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ကျောင်းသားတွေလိုလားတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေး ဖြစ်ပါတယ်။ ပထမ အဆင့်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး အဆင့်ထိ ရောက်လာတာဟာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ အကောင်အထည် ဖော်မှု ပုံစံ မှန်ကန်ခဲ့လို့ ပါ။ ပထမ အရေးအကြီးဆုံး အချက်က ကျောင်းသားတွေ ဆန္ဒပြဖို့ အထိ ဖြစ်လာတဲ့ အကြောင်းပြချက် ခိုင်မာတာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနဟာ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြုစုစဉ်တုန်းက ကျောင်းသားတွေ အားထားရတဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NNER ကိုယ်စားလှယ်တွေကို ဟုတ်တိပတ္တိ လက်ခံတွေ့ဆုံဆွေးနွေးခွင့် မပေးခဲ့ပါဘူး။ NNER က ကန့်ကွက်ခဲ့တဲ့ အချက်တွေ ပညာရေးဥပဒေ မူကြမ်းထဲ ထည့်သွင်းခဲ့သလို၊ တကယ် ဥပဒေအဖြစ် အတည်ပြု ပြဌာန်းလိုက်တော့လည်း အဲဒီ အချက်တွေ ပါဝင်လာပါတယ်။ အခု အဲဒါတွေကိုထောက်ပြပြီး ပြင်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုတဲ့အတွက် ဆန္ဒပြရတဲ့ အကြောင်းအရင်း မှန်ကန်တယ်လို့ ပြောရခြင်းပါ။

ဒုတိယ အနေနဲ့ ဆန္ဒပြရာမှာ ကျောင်းသားတွေဟာ အချက် (၁၁) ချက် ထုတ်ပြန်ပြီး တောင်းဆို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချက်တွေ အားလုံးဟာ ပညာရေးနဲ့ သက်ဆိုင်တဲ့ အချက်တွေချည်းပဲ ဖြစ်ပါတယ်။ ပြောရရင် ကျောင်းသားဆန္ဒပြ တောင်းဆိုချက်ထဲမှာ နိုင်ငံရေးဆိုင်ရာနဲ့ အခြား မဆိုင်တဲ့ အကြောင်းအချက်တွေ မပါဝင်ခြင်းဟာလည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်သည်အထိ အောင်မြင်စေတဲ့ အချက်ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ဆန္ဒပြတာကို အကန့်အသတ်နဲ့ ပြတာပါ။ ပထမ ရက်တစ်ချို့ ဆန္ဒပြပြီးနောက် အစိုးရနဲ့ လွှတ်တော်ဘက်ကို ရက်ပေါင်း ၆၀ အချိန်ပေးပါတယ်။ ရက်ပေါင်း ၆၀ အတွင်း အစိုးရနဲ့ လွှတ်တော်ဘက်က ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်အောင်ပါ။ ဒါပေမယ့် အစိုးရနဲ့ လွှတ်တော်ဘက်က ကျောင်းသားတွေနဲ့ တွေ့ဆုံဖို့ အရိပ်အယောင် မပြတာ၊ ဆွေးနွေးလိုပုံ မပေါ်တော့မှ မန္တလေးကစ ရန်ကုန်ကို လမ်းလျောက် ချီတက်မယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလို အကန့်အသတ်၊ အထိန်း အချုပ်နဲ့ ဆန္ဒပြတဲ့အတွက် ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်ပေါ်သည်အထိ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ နေပြည်တော်မှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပစ်တင်ပြောဆိုတာတော့ ရှိခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ NNER ဘက်က အစိုးရဟာ ဆွေးနွေးပွဲမှာ သူတို့ဖာသာ သူတို့ လူတွေ လိုချင်သလောက် ထည့်တယ်၊ သူတို့ဘက်ကိုတော့ အရည်အတွက် ကန့်သတ်တာမျိုး လုပ်တယ်၊ တရားမျှတမှု မရှိဘူး၊ ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းပစ်တယ် ဆိုပြီး ဝေဖန်ပါတယ်။ အစိုးရဘက်ကတော့ ဆွေးနွေးပွဲဆိုတာ လူတွေ ၀င်ချင်တိုင်း ၀င်လို့ မရဘူး၊ စနစ်တကျ အကန့်အသတ် ရှိရတယ်၊ နောက် အခု လာဆွေးနွေးတဲ့သူတွေဟာလည်း ဆန္ဒပြ ကျောင်းသားထု အားလုံးကို ကိုယ်စားပြုရဲ့လား၊ ဒီအတွက် ဆွေးနွေးပွဲတွေကို လာမယ့် ဖေဖေါ်ဝါရီ ၁၂ နောက်ပိုင်းကို ရွှေ့တယ်၊ ကျောင်းသားတွေအနေနဲ့ တကယ်ကိုယ်စားပြုသူတွေကို ရွေးချယ်ပြီး၊ ဘာတွေ ဆွေးနွေးမလဲ ဆိုတာ တိတိကျကျ ယူလာပါ၊ အဲဒီအခါကျရင် ကျောင်းသားတွေ ရွေးချယ်တဲ့ နေရာမှာ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ပေးမယ် ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်။

ဒီပြသနာနဲ့ ပါတ်သက်ရင် အစိုးရဘက်က လိုအပ်ချက်ဟာ တွေ့ဆုံဆွေးနွေးရေး နဲ့ ပါတ်သက်ပြီး နွေးထွေးမှု မရှိတာပါ။ ကျောင်းသားတွေနဲ့ NNER အဖွဲ့ နေပြည်တော်ကို ရောက်ခိုက် စည်ပင်တည်းခိုရိပ်သာမှာ တည်းခိုဖို့ အခက်အခဲ ဖြစ်ပေါ်ခဲ့ပါတယ်။ တကယ်တော့ ဒီလို ကြီးမားလှတဲ့ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းကြီးကို ဆွေးနွေးဖို့ လာတဲ့သူတွေကို ခုလို အခက်အခဲ အကြပ်တည်းဖြစ်အောင် လုံးဝ မလုပ်သင့်ပါဘူး။ အစိုးရတာဝန်ရှိသူတွေဟာ ဒီ ပြသနာ သူ့ဘက်က ဘာမှ မသိပါဘူးဆိုတဲ့ ဆင်ခြေပေးလို့လည်း မရပါဘူး။ ကျောင်းသားတွေ ဘက်ကလည်း တကယ်ပဲ တွေ့ဆုံဆွေးနွေးရေးကနေ အဖြေတစ်ခု ရှာလိုတယ် ဆိုရင် ပထမ ၁၅ ယောက်၊ နောက်ထပ် ခွင့်ပြုချက် အယောက် ၂၀ ခွင့်ပြုချိန် ဆွေးနွေးပွဲ တက်သင့်ပါတယ်။ တကယ့် နည်းပညာအရ အထောက်အကူဖြစ်စေမယ့် NNER ထဲမှာ ပညာရှင်တွေ ပါလာပြီးသားမို့ အမှားအယွင်းဖြစ်မှာကိုလည်း သိပ်မပူရပါဘူး။ အခြား မကျေနပ်တာ ရှိရင် ကိုယ်စားလှယ် အယောက် ၂၀ နဲ့ အရင်ဆွေးနွေးရင်း ဆက်ပြီး ဖြေရှင်းသွားလို့ ရနိုင်ပါတယ်။ အခုတော့ နှစ်ဖက် အလျော့မပေးကြတာကြောင့် လမ်းလျောက် ဆန္ဒပြတဲ့ အခြေအနေ ပြန်ရောက်သွားပါပြီ။

တကယ်တော့ ခုလို တွေ့ဆုံဆွေးနွေးပွဲတွေ အောင်မြင်ဖို့ ဆိုရင် နှစ်ဖက်စလုံးဟာ ကိုယ်လိုချင်တာကိုပဲ ကိုယ် မရမက ဆုတ်ကိုင်ထားမယ် ဆိုတာမျိုးထက် တွေ့ဆုံဆွေးနွေး၊ အပေးအယူ အလျော့အတင်း လုပ်ဖို့ ဆန္ဒရှိကြဖို့ လိုပါတယ်။ အထူးသဖြင့် ကျောင်းသားတွေဘက်မှာ တိုက်ပွဲဝင် စွမ်းရည်တင်မက၊ စည်းရုံးရေးစွမ်းရည်၊ ညှိနှိုင်းမှုစွမ်းရည်နဲ့ ပညာအရည်အသွေး ပြည့်ဝကြောင်း ပြသဖို့ လိုပါတယ်။ ဆန္ဒပြ ကျောင်းသားတွေအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အရည်အတွက် တစ်ခုရှိတဲ့ ကိုယ်စားလှယ် ရွေးချယ်ထားနိုင်ရပါမယ်။ ကျောင်းသားတွေဟာ အဲဒီ ကိုယ်စားလှယ်တွေက ညွှန်ကြားရင် ဆန္ဒပြဆိုပြ၊ ချီတက်ဆို ချီတက်၊ သပိတ်လှန် ဆိုလှန် နာခံမယ့် အနေအထား ဖြစ်ဖို့လိုပါတယ်။ နောက် ဘာကို တောင်းဆိုမလဲ ညှိနှိုင်းထားပြီးဖြစ်ရပါမယ်။ ပြီးရင် ပညာရည် ပြည့်ဝစွာနဲ့ ညှိနှိုင်း အပေးအယူ လုပ်တတ်ရပါမယ်။ ဒီလို အရည်အချင်းတွေ ပြည့်ဝ မှသာလျင် အရင်တုန်းကလို တိုက်ပွဲ ဆင်ရုံမဟုတ်ပဲ၊ တောင်းဆို ဆန္ဒပြရုံသက်သက် မဟုတ်ပဲ အဖြေရလာဒ် တစ်ခု ရတဲ့၊ အောင်ပွဲ တစ်ခုဆီ ရောက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/news-analysis-sithu-aungmyint-students-protests-education-law/2631660.html

ဂျော်ဒန်လေကြောင်းစစ်ဆင်ရေး စတင် (ဖေဖော်ဝါရီ-၄ ၂၀၁၅)
ဂျော်ဒန်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကနေ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ဓါးစာခံအဖြစ် ဖမ်းဆီးထားခဲ့တဲ့ ကူညီရေး လုပ်သား အမေရိကန် အမျိုးသမီး တဦး သေဆုံးခဲ့ရတယ်လို့ စစ်သွေးကြွတွေရဲ့ ပြောကြားချက်ကို အတည် မပြုနိုင်သေးဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီး အထူးစိတ်ပူနေပေမယ့် IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ပြောကြားတဲ့ အချက်အတွက် သက်သေ အထောက် အထား ဘာတခုမှ အခုထိ မတွေ့ရသေးဘူးလို့ အမျိုးသား လုံခြုံရေး ကောင်စီ NSC ပြောခွင့်ရအမျိုးသမီး Bernadette Meehan က ပြောပါတယ်။

ဂျော်ဒန်အရာရှိတွေကတော့ ဒါဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ရာဇဝတ်မှု ဆိုင်ရာ ဝါဒဖြန့်တာလို့ ပြောကြားလိုက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Nasser Judehကတော့ ဒါဟာ အကြမ်းဖက်သမားတွေ အရင်ကတည်းက သုံးနေကျ ဝါဒဖြန့်မှု တခုဖြစ်ပြီး ဓါးစာခံ ဖမ်းထားသူတွေ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေကုန်ပြီ လို့ သူတို့ပြောတာဟာ ဆယ်စုနှစ်နဲ့ ချီ ရှိနေပြီလို့ သူ့ရဲ့ တွစ်တာ Twitter စာမျက်နှာမှာ ရေးပါတယ်။

ဂျော်ဒန်နိင်ငံက ဆီးရီးယားမှာ ဒီဇင်ဘာလတုန်းက အဖမ်းခံခဲ့ရတဲ့ သူတို့ရဲ့ တိုက်လေယာဉ်မှူးကို IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ရက်ရက် စက်စက် သတ်ပစ်တဲ့ ဗီဒီယိုကို သူတို့ ထုတ်ပြန်တုန်းကလည်း ဒီလေယာဉ်မှူး ဟာ အရင်ကတည်းက အသတ်ခံ ခဲ့ရပြီးသား ဖြစ်နေတယ် လို့ ဂျော်ဒန်အာဏာပိုင်တွေက ပြောပါတယ်။

အခုသေဆုံးသွားတယ်လို့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ကြေညာခဲ့သူ အမေရိကန် ကူညီရေးလုပ်သားဟာ Arizona ပြည်နယ် Prescott က Kayla Mueller ဖြစ်ပါတယ်။ Kayla ဟာ ဆီးရီးယားမှာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အနောက်ဖက်ကမ်းဒေသနဲ့ အိန္ဒိယ နိုင်ငံတွေက ကူညီရေး အဖွဲ့တွေမှာ စေတနာလုပ်အားပေးသူ ဖြစ်ပါတယ်။ Kayla ကို စစ်သွေးကြွတွေက ၂၀၁၃ ခုနှစ်မှာ Allepo က ဆေးရုံကနေ အပြန်မှာ ဖမ်းဆီးခေါ်ဆောင် သွားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/is-says-us-hostage-killed-jordanian-strike/2632749.html

သြစတြေးလျ ဖယ်ဒရယ်လွှတ်တော်အမတ် Luke Simpkins သည် ထိုင်းနိုင်ငံ နယ်စပ်မှ တစ်ဆင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက်ကာ ကရင်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့၏ တော်လှန်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု The Sydney Morning Herald သတင်းစာက ဖော်ပြထားသည်။

သြစတြေးလျစစ်တပ်မှ အမှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း ထုတ်ဖော်ပြောကြားလေ့ရှိသူ လုခ် သည် ထိုအခမ်းအနားတွင် သြစတြေးလျအလံကို ကရင်စစ်ဗိုလ်တစ်ဦးနှင့်အတူ ကိုင်၍ ဓါတ်ပုံရိုက်ခံခဲ့သည်ဟု The Sydney Morning Herald သတင်းစာ က ဖော်ပြထားသည်။ လုခ်သည် KNDO အဖွဲ့၏ စခန်းတစ်ခုတွင် တစ်ညအိပ် ခဲ့ပြီး ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

မစ္စတာလုခ်သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်း မိုင်အနည်းငယ်အထိ ၀င်ရောက်ခဲ့ရာတွင် တရားဝင်စစ်ဆေးရေးဂိတ်များမှ ၀င်ရောက်ခြင်း မဟုတ် သဖြင့် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလုံး၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်လျက် ရှိခြင်း ဖြစ်သည်ဟု The Sydney Morning Herald သတင်းစာ က ဖော်ပြထားသည် ။

လုခ်က သူ၏ခရီးစဉ်ကို ခုခံပြောကြားခဲ့ပြီး နိုင်ငံခြားသားများအနေဖြင့် ကရင်ပြည်နယ်သို့ သွားရောက် လည်ပတ်ခြင်းက ထိုဒေသတွင် အမှန် တကယ်ဖြစ်ပျက်နေသည်များကို မြင်တွေ့နိုင်ရန် အရေးပါသည်ဟု ဆိုသည်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားရာဒေသသို့ ၀င်ရောက်ရန် နယ်စပ်ဖြတ်ကျော်သူများကို ထိုင်းစစ်တပ်က မျက်ကွယ်ပြုထားလေ့ရှိသည်။ ကရင် တပ်ဖွဲ့များက ၁၉၄၉ တွင် မြန်မာအစိုးရကို တော်လှန်ခဲ့သည့် ဇန်န၀ါရီ ၃၁ အား တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံ၏ အရပ်သားတစ်ပိုင်း အစိုးရသည် ၂၀၁၁ မှစကာ ပြုပြင်ပြောင်း လဲရေးများ ပြုလုပ်ခဲ့ပြီးနောက် သြစတြေးလျက သံတမန်ရေးဆက်ဆံမှုများ တိုးမြှင့်ကာ ခရီးသွားလာရေးနှင့် ဘဏ္ဍာရေး ကန့်သတ်မှုများ ပယ်ဖျက်ပေးခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသို့ နှစ်စဉ်အကူအညီပေးမှုကို ဒေါ်လာသန်း ၉၀ အထိ တိုးမြှင့်ခဲ့ပြီး စစ်သံမှူးတစ်ဦး ထားရှိခဲ့သည်။ မြန်မာအစိုးရသည် ကရင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ယာယီအပစ်အခတ်ရပ်စဲ ရေး ရရှိ ထားပြီး မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ တွင် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့အားလုံးနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် လိုလားလျက်ရှိသည်။

သြစတြေးလျအနောက်ပိုင်း ကိုဝမ်ဒေသကိုယ်စားပြုလွှတ်တော်အမတ်အဖြစ် ၂၀၀၇ ကတည်းက ရွေးချယ်ခံထားရသည့် လုခ်က အနောက်နိုင်ငံများနှင့် သြစတြေးလျသည် မြန်မာစစ်တပ်ကို အလျင်စလို ဆုချီးမြှင့်နေသည်ဟု ၂၀၁၃ က ပြောကြားဖူးသည်။ လုခ်က ကရင်ပြည်နယ်ခရီးစဉ်မှာ သြစတြေးလျ လွှတ် တော်အမတ်အဖြစ် လာရောက်ခြင်းမဟုတ်သော်လည်း တွေ့ရှိချက် များကို နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ထံ အစီရင်ခံသွားမည်ဟု ထိုင်းနိုင်ငံ တွင် ပြောကြားခဲ့သည်ဟု The Sydney Morning Herald သတင်းစာက ဖော်ပြထားသည်။

လုခ်က မြန်မာအစိုးရအနေဖြင့် လူနည်းစု တိုင်းရင်းသားများကို စစ်မှန်သည့် ဒီမိုကရေစီနည်းလမ်းဖြင့် ဆက်ဆံပါက လက်နက်ကိုင်တော်လှန်ရန် လိုအပ်တော့မည်မဟုတ်ဟု ပြောကြားသည်။

လုခ်၏ မဲဆန္ဒနယ်တွင် ထိုင်းနယ်စပ်ဒုက္ခသည်စခန်းများမှ လာရောက်သူ ကရင်အများအပြားရှိနေပြီး သြစတြေးလျအတွက် ကောင်းမွန်သည့် အထောက်အပံ့များဖြစ်သည်ဟု လုခ်က ပြောကြားခဲ့သည်။ လုခ်သည် ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ၅ ရက်ကြာနေထိုင်ခဲ့ပြီး နယ်စပ်ဒုက္ခသည်စခန်း ၉ ခုရှိ ကရင်ဒုက္ခသည် ၁၄၀,၀၀၀ အတွက် သြစတြေးလျနိုင်ငံက လှူဒါန်း လိုက်သည့် ပစ္စည်းများကို ပေးအပ်ခဲ့သည်။ ထိုပစ္စည်းများတွင် မြေမြှုပ်မိုင်း ဒဏ်ခံ ကလေးများ အတွက် Wheel Chairs for kids အဖွဲ့က လှူဒါန်း လိုက်သော ဘီးတပ်ကုလား ထိုင်များပါဝင်သည်။

လုခ်၏ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံ ခြားရေးနှင့် ကုန်သွယ်ရေးဌာနက မှတ်ချက်ပေးရန် ငြင်းဆို ခဲ့သည်။ လုခ်၏ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုသည် မြန်မာနှင့် သြစတေးလျနိုင်ငံ ၂ခုကြား စတင် ပျိုးထောင်နေသည့် သံတမန်ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်ဟု The Sydney Morning Herald သတင်းစာ က ရေးသားခဲ့သည်။

KHTun

The Ladies News Journal

ပခုက္ကူမြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူ အင်အား ၁ဝဝဝ ကျော်တို့သည် ယခုဖေဖော်ဝါရီ ၆ ရက်တွင် အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် မုံရွာမြို့မှ ကျောင်းသားများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့သို့ စတင်ချီတက်မည်ဖြစ် ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်ကန့်ကွက်နေသည့် ပခုက္ကူမြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူများသည် ဆန္ဒထုတ်ဖော်မှုအား ပခုက္ကူမြို့ အရှေ့မြောက်ဘက် ရှစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် နည်းပညာတက္ကသိုလ်မှ စတင်ခဲ့ပြီး ပခုက္ကူ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်သို့ ဆက်လက်ချီတက် သပိတ်မှောက်ခဲ့ကြသည်။

သပိတ်မှောက် ကျောင်းသားများသည် ပခုက္ကူတက္ကသိုလ်အတွင်းမှတစ်ဆင့် ပခုက္ကူ မြို့တွင်းသို့ “ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး”၊ “ဒီမိုကရေစီပညာရေး ဒို့အရေး”၊ “ကျောင်းသားကျောင်းသူ များအတွက် အခြေမခိုင်သော အမျိုးသားပညာရေးဥပဒေ အလိုမရှိ” စသည့် စာတန်းများပါဝင်သော ဗီနိုင်းပိုစတာများနှင့် ကျောင်းသားသမဂ္ဂ အလံများအား ကိုင်ဆောင်ကာ လှည့်လည်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

“နေပြည်တော်ဆွေးနွေးပွဲက ရန်ကုန်မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲလို ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ နေပြည်တော်ဆွေးနွေးပွဲမှာ ဝန်ကြီးဦးအောင်မင်းက ကျွန်တော်တို့ကိုခေါ်ပြီး ဆွေးနွေးပွဲကို ၁၂ ရက်နောက်ပိုင်း ရွှေ့ဆိုင်းတယ်လို့ပြောတယ်။ ဒါက တစ်ဖက်သတ် ရွှေ့ဆိုင်းလိုက်တာပါ။ အကြိုသဘောတူညီထားတဲ့ တန်းတူညီမျှ အခွင့်အရေးဆိုတာကို သူတို့ဘက်က ဖောက်ဖျက်လိုက်တာပဲ။ အစိုးရဘက်က ကတိကဝတ်တွေ ပျက်ခဲ့တဲ့အတွက် ယာယီရပ်နားထားတဲ့ ကျွန်တော်တို့မြေလတ် သပိတ်စစ်ကြောင်း ပြန်လည်စတင်လိုက်တာ ဖြစ်ပါတယ်။ မနက်ဖြန် (၇ ရက်)မှာ မုံရွာတက္ကသိုလ်က ကျောင်းသားတွေနဲ့ပေါင်းပြီး ရန်ကုန်မြို့ထိ ချီတက်မှာပါ။ တခြားစစ်ကြောင်းတွေနဲ့ ရန်ကုန်မှာတစ်ချိန်တည်း သပိတ်စခန်းဖွင့်နိုင်ဖို့နဲ့ လုံခြုံရေးအားနည်းတဲ့ နေရာတွေရောက်ရင်တော့ ကားနဲ့သွားပါမယ်။ ကျန်တဲ့အပိုင်းတွေကတော့ ခြေကျင်ပါ” ဟု ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုပြည့်ဖြိုးကျော်က ပြောကြားသည်။

ပခုက္ကူမြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူများသည် အမျိုးသား ပညာရေးဥပဒေအား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများအား ဇန်နဝါရီ ၂ဝ၊ ၂၇၊ ၂၈ ရက်များတွင်လည်း ပြုလုပ်ခဲ့ကြပြီး မြို့ခံအများအပြားကလည်း ရန်ကုန်မြို့သို့ ချီတက်မည့် မြေလတ်သပိတ်စစ်ကြောင်းအတွက် ကူညီမှုများ ပြုလုပ်ခဲ့ကြသည်။
.
Credit : Eleven Media Group

အစိုးရ၏ ၄ နှစ်တာကာလအတွင်း လူထု၏ တောင်းဆို တိုက်ပွဲဝင်မှုများကို အလေးထား ဖြေရှင်းခြင်း အလွန်နည်း . . . ယခုကျောင်းသားတို့၏ သပိတ်တိုက်ပွဲကို အရေးမကြီးသယောင် ဟန်ဆောင်၍ မဖြစ်သလို ကောက်ရိုးမီးလို အလွယ်တကူနှင့် ငြိမ်းသေသွားမည့် မီးတောက်လည်း မဟုတ်ပေ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မန္တလေးမှ ရန်ကုန်သို့ ချီတက်လာသော သပိတ်မှောက် ကျောင်းသားများသည် ယခုအခါ မြင်းခြံမြို့မှနေ ထွက်ခွာလာပြီ ဖြစ်သည်။ မြင်းခြံအရောက် တွင် မြင်းခြံ ကျောင်းသားများကလည်း မြို့တွင်း လှည့်လည် ဆန္ဒပြကြ၏။ မြင်းခြံရှိလုထုနှင့် ကျောင်းသား အင်အား ၁၀၀၀ ကျော်လည်း သပိတ်မှောက် ကျောင်းသား များတွင် ပါဝင်ကာ မြင်းခြံဒီဂရီကောလိပ်ကို ပတ်ပြီး ဆန္ဒပြခဲ့ကြသလို ဟောပြောမှုများလည်း ပြုလုပ် ခဲ့ကြလေသည်။ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် သပိတ်မှောက် ကျောင်းသားများ၏ တိုက်ပွဲမှာ အားကောင်းလာသလို အစိုးရဘက်ကလည်း ကျောင်းသားများ တောင်းဆိုသော ၄ ပွင့်ဆိုင် တွေ့ဆုံ ရေးကို ဘာမှအကြောင်းမပြန်ခဲ့ကြပေ။ မြင်းခြံမြို့ ထက် တောင်သာတွင် ပြဿနာ ဖြစ်နိုင်သည်ဟု တချို့က စိုးရိမ်ကြလေ သည်။ တောင်သာမှာ ဖဆပလ အစိုးရ လက်ထက်ကတည်းက ဖဆပလတို့၏ အမာခံနယ်မြေ အဖြစ်ထင် ရှားလေသည်။ ဖဆပလ အစိုးရခေတ်တွင် စစ်ဘုရင်များသဖွယ် သက်ဆိုင်ရာ နယ်မြေများကို စိုးမိုးသော ဖဆပလ အမတ်များ ရှိသည်။ လက်ကိုင်တုတ် တပ်များလည်း ရှိသည်။ ဖဆပလက လက်နက် ထုတ်ပေးထားသဖြင့် ပါတီတပ်အဖြစ် ပြူစောထီးတပ်များရှိ သည်။ ပြူစောထီးတပ်များမှာ ပြည်သူကို ဖိနှိပ်သော တပ်များဖြစ်နေလေသည်။

ပြည်တွင်းစစ်ကြီးက အားကောင်းနေသဖြင့် သောင်းကျန်းသူ ဆန့်ကျင်ရေးဟု အကြောင်းပြကာ ထိုအချိန်က ဖွဲ့စည်းထားသော ဖဆပလ လက်ကိုင်တုတ်အဖွဲ့များသည် နယ်မြေခံအလုပ်သမား၊ လယ်သမားများ အပေါ် ငွေကြေးကအစ စပါးအဆုံး အနိုင်အထက် ကောက်ခံယူငင်ကာ သူတို့ အကျိုးစီးပွားအတွက် လုယက်နေခဲ့ကြပါ သည်။ ထိုအချိန်က အတိုက်အခံ ပမညတများနှင့် သတင်းစာများက နယ်မြေအလိုက် သတ်မှတ်ပြီး ထင်ရှား သော နယ်ခံဗိုလ်ကျသူ ဖဆပလ အမတ်များကို ဤကဲ့သို့ သတ်မှတ်ခဲ့လေသည်။ ““အောင်ပင်လယ် သိန်းဖေ၊ မိတ္ထီလာဆရာထီ၊ ငါးကွန်တတ်မြင့်၊ ပျဉ်းမနား ဗိုလ်တောက်ထိန်၊ လယ်ဝေး သခင်ကြည်ရှိန်၊ တောင်သာစံပြည့်”” ဟူ၍ မြို့နှင့် နာမည်ကိုတွဲကာ အတိုကောက် ခေါ်ဝေါ်ကြပါသည်။ ထို့ကြောင့် တောင်သာမှဦးစံပြည့်မှာ ထင်ရှားခဲ့ လေသည်။ ယခုအထိအုပ်စိုးသူ အဆက်ဆက်၏ အမာခံနယ်မြေလို ဖြစ်နေကာ ဦးအောင်သောင်း၏ နယ်မြေလည်း ဖြစ်၏။ လွန်ခဲ့သော ၃ နှစ်က တောင်သာသို့ ကျွန်တော်တို့ သွားရောက်ကာ စာပေဟောပြော ခဲ့သည်။ ကျွန်တော်တို့ သွားဟောသော ရွာထိပ်တွင် ကျောက်ပြားဖြင့် ပြည်ခိုင်ဖြိုးရွာဟု ကမ္ပည်းထိုးထား သည်ကို တွေ့ရသည်။ ကျွန်တော်တို့လည်း မိမိတို့ ထောင်အတွေ့အကြုံ၊ စစ်ထောက်လှမ်းရေး၏ ဖိနှိပ်ပုံတို့ကို ဟောပြောကြသည်။ လူငယ်များက ထောက်ခံ အားပေးကြသော်လည်း လူကြီးများက နှုတ်မှတစ်ခဲနက် အားပေးခြင်း မပြုသည့်တိုင် သဘောကျ နှစ်ခြိုက်ကြလေသည်။ သံဃာတော်များကလည်း အားပေး ချီးကျူးကြလေသည်။ မန္တလေးမှ ဆရာ ညီစေမင်းနှင့် တွေ့သည့် အခါတွင် တောင်သာ၌ သွားရောက် ဟောပြောခဲ့သည်ကို ပြောသောအခါ သူက သွားဟောခဲ့သော ရွာအမည်ကို မေးပြီး““အဲ့ဒါ ပြူစောထီးရွာဗျ၊ အရင်က ပြူစောထီး အမာခံတွေ၊ အခု ပြည်ခိုင်ဖြိုး အမာခံတွေပေါ့ဗျာ။ တောင်သာက ဦးအောင်သောင်း နယ်မြေလေ။ ခင်ဗျားတို့ တော်တော် သတ္တိကောင်းတဲ့ လူတွေပဲ”” ဟုပြောသည်။ ထိုအခါမှ ကျွန်တော်တို့ ကျောထဲ စိမ့်သလို ခံစားလာရပါသည်။ သို့သော် ယနေ့ တောင်သာဒေသခံများ အနေဖြင့် သူတို့ဖြတ်သန်း ခဲ့သော စစ်အာဏာရှင်စနစ်၏ ခါးသီးနာကြည်းဖွယ် ကောင်းသော ဖိနှိပ်မှုများကို သဘောပေါက်ပြီး သူတို့ဘ၀ နှင့်ယှဉ်၍ တရားမျှတမှုနှင့် ဒီမိုကရေစီ အခွင့်အရေးရရှိမှုအတွက် ပြည်သူလူထု အားလုံးနှင့်အတူ ပါဝင်ကြ လိမ့်မည် ဖြစ်ပါသည်။

သပိတ်မှောက် ကျောင်းသားများသည် ““ဒီမိုကရေစီပညာရေး … ဒို့အရေး၊ ဒို့အရေး …””

““ကျောင်းသားပြည်သူအခြေမခံသည့် အမျိုးသားပညာရေး ဥပဒေ …အလိုမရှိ၊ အလိုမရှိ …””

““ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့ စည်းခွင့်ရရှိရေ… ဒို့အရေး၊ ဒို့အရေး …။””

““သပိတ်၊သပိတ်.. မှောက်၊ မှောက် …။””

““အရေးတော်ပုံ …အောင်ရမည်၊ အောင်ရမည်…။””

““ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့ …ညီတယ်ဟေ့ ၊ ညီတယ်ဟေ့ ..။””

““ခွပ်ဒေါင်းသွေးတွေ နီရဲ့လားဟေ့ …နီတယ်ဟေ့ ..နီတယ်ဟေ့ …။””

ဟူသော ကြွေးကြော်သံများတိုင်ကာ ညအိပ်ရသည့် မြို့များတွင် ညအိပ်နားကြလေသည်။ အရေးကြီးသည်မှာ အစိုးရအနေဖြင့် အစိုးရဟောင်းဖြစ်သော စစ်အစိုးရ၏ အကျင့်အကြံဟောင်းများအတိုင်း မလုပ်ဖို့ လိုပါသည်။ လက်ပံတောင်းတောင် တိုက်ပွဲတုန်းကလည်း လူသေသည့်အထိ လုပ်ခဲ့သဖြင့် ယခု ကျောင်းသားတိုက်ပွဲတွင် လည်း ထိုသို့လုပ်လာပါက ပြည်သူသားသမီးများ ဖြစ်သောကြောင့် ပြဿနာ အတိမ်အနက်မှာ စဉ်းစား မရအောင် ကြီးမားလှလေသည်။ ကျောင်းသား များ၏ တောင်းဆိုချက်မှာ အနာဂတ် ပညာရေးစနစ်အတွက် အလွန်သင့်လျော် မှန်ကန်ပြီး မိမိတို့ယခင် အတွေးအခေါ်များဖြင့် ဆုံးဖြတ်မည်ဆိုလျှင် အမှားကြီးမှားကာ ပြုပြင်ပြောင်းလဲရေး ဆိုသည်ကို ပို၍ထိခိုက်အန္တရာယ် ရှိလာနိုင်လေသည်။

ထိုပြဿနာကို တွေ့ဆုံညှိနှိုင်ပြီး တရားမျှတမှုကို လက်ခံ ဆောင်ရွက်လိုက်လျှင် အဆင်ပြေချောမွေ့ သွားစရာ ရှိပါသည်။ သပိတ်တိုက်ပွဲကို တားဆီးခြင်း၊ ချီတက်ဆန္ဒပြမှုကို ပိတ်ဆို့ကာ ဖမ်းဆီးချုပ်နှောင် ခြင်းများပြုလုပ် လာလျှင် ကျောင်းသားထုမှာ လက်တစ်ဆုပ်စာ မဟုတ်ကြောင်း သိဖို့လိုသည်။ ယခုမန္တလေးမှ စထွက် လာကတည်းက ဥပဒေနှင့်မညီဟု သတိပေး တားဆီးလာခြင်း၊ မြင်းခြံတွင် ရှေ့ဆက်ချီမတက်ရန် တားမြစ်ခြင်း တို့သည် ကျောင်းသားတို့၏ တိုက်ပွဲကို တားမြစ်လာခြင်းဖြစ်၏။ စစ်အစိုးရ၏ အကျင့်စရိုက်အတိုင်း ကျောင်းသားထုကို နှိပ်ကွပ် ဟန့်တားဖို့ ကြိုးစားလာလျှင် ပြည်သူလူထုကလည်း တစ်ခဲနက် ပါဝင်လာကာ လူတိုက်ပွဲကြီး ဖြစ်သွားနိုင်လေသည်။

အစိုးရ၏ ၄ နှစ်တာ ကာလအတွင်း လူထု၏ တောင်းဆို တိုက်ပွဲဝင်မှုများကို အလေးထား ဖြေရှင်းခြင်း အလွန်နည်းလေသည်။ လယ်သမားများ၏ လယ်မြေများကို သိမ်းထားခြင်းအားလည်း ဖြေရှင်းမပေးပေ။ လယ်သမားများ၏ လယ်မြေများကို စစ်တပ်က သိမ်းယူကာ သူတို့ကပင်ပြန်၍ သီးစားချကာ ထွန်ယက်စေ၏။ ကန့်ဘလူ ဘက်တွင် လယ်သမားများကိုပင် ထောင်ဒဏ် ချခဲ့လေသည်။ တရားသူကြီးက စစ်တပ်က ညွှန်ကြား သောကြောင့် ထောင်ဒဏ် ချရခြင်း ဖြစ်သည်ဟု ၀န်ခံပြောဆိုသွားသည်။ မိကျောင်းကန် ကိစ္စမှာလည်း ယခုအထိ မပြေလည်သေးပေ။ ယခင်က လျော်ကြေး ပေးခဲ့သည်ဟု အကြောင်းအမျိုးမျိုးပြကာ လျစ်လျူရှုခဲ့ လေသည်။ ယခုအထိဘာမှ ထိထိရောက်ရောက် ဖြေရှင်းမပေးသည့် အမှုကိစ္စများတွင် အလုပ်သမားသပိတ် တိုက်ပွဲများလည်း ပါဝင်၏။ ထိုပြဿနာများကို ဖြေရှင်းရာတွင် ပုဒ်မ ၁၈ လို ဥပဒေမျိုးဖြင့်သာ ထပ်တလဲလဲ အရေးယူနေသည်။ ထိုပုဒ်မ ၁၈ ကို သုံးချင်သူကိုသုံးပြီး၊ မသုံးချင်သူကို လွတ်လပ်ခွင့် ပေးထားသည်ဟု ကြားသိရပါသည်။ ယခု ကျောင်းသားတို့၏ တရားမျှတသော တိုက်ပွဲကိုလည်း မသိကျိုးကျွံပြုကာ ဖိနှိပ်ဖို့ ကြိုးစားလာပါတော့သည်။ ယခုအချိန်ထိ ကျောင်းသား တိုက်ပွဲများကို နားလည် သဘောပေါက်မှုမရှိ။ ကျောင်းသားများကို လျစ်လျူရှုထားခြင်းမှာ အာဏာပိုင်များအဖို့ အလွန်မှားယွင်းလေသည်။ ကျောင်း သား များကိုထိလျှင် ပြည်သူက လက်ပိုက်ကြည့်နေမည် မဟုတ်ဆိုသည် ကိုလည်း နားလည်ဖို့ လိုပါသည်။

ယခု သမ္မတဦးသိန်းစိန်အစိုးရသည် ယခင်စစ်အစိုးရနှင့် မတူဘဲ အပြောင်းအလဲကို ဖော်ဆောင်နေသော အစိုးရဟု ကြွေးကြော်သလို ကာကွယ်ရေး ဦးစီးချုပ်ကလည်း မိမိတို့သည် ဒီမိုကရေစီကို ကာကွယ်သော တပ်မတော်အဖြစ် ရပ်တည်သွားမည်ဟု ပြောကြားခဲ့လေသည်။ သို့သော် သူတို့၏ လုပ်ရပ်များမှာ ယခင် စစ်အစိုးရကာလနှင့် ဘာမှ ထူးထူးခြားခြား မတွေ့ရသေးပေ။ လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိသည်ဟု တဖွဖွ ပြောပြီးတစ်ဖက်က ခွင့်ပြုချက်ရမှ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒပြခွင့်ရှိသည်ဟု ဆိုလာခြင်းမှာ အဖွင့်အပိတ်နှင့် ဥပဒေ လုပ်လာခြင်း ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားမရှိဟု ယခင်စစ်အစိုးရတုန်းကအတိုင်း လက်ခံထားပြီး နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးဆဲဖြစ်ပါသည်။ လက်ပံတောင်းတောင် တိုက်ပွဲတွင် အဖမ်းခံရသူ များမှာ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သလို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးထားသူ အားလုံးမှာလည်း နိုင်ငံရေး အကျဉ်းသားချည်း ဖြစ်သည်ကို နားလည် သဘောပေါက်ဖို့လို၏။ အမှန်တရားကို မျက်ကွယ်ပြုပြီး နိုင်ငံရေး အကျဉ်းသားရှိခြင်း၊ မရှိခြင်းသည် ဖြစ်ပေါ်နေသော အပြောင်း အလဲနှင့် နိုင်ငံရေး အခြေအနေကို ကြည့်ပြီး သတ်မှတ်ရမည် ဖြစ်ပါသည်။ လက်ပံတောင်းတောင် ပြည်သူများဘာကြောင့် အသေခံကာ တိုက်ပွဲဝင်သလဲဆို သည်ကို အစိုးရအနေဖြင့် လေးလေးနက်နက် စဉ်းစားသုံးသပ်ဖို့လိုပါသည်။ ဆန္ဒစွဲသက်သက်ဖြင့် အခြေအနေ မှန်ကို ဖုံးကွယ်ပြီး တစ်ဖက်သတ် ဆုံးဖြတ်၍မရပေ။

ယခုကျောင်းသားတို့၏ သပိတ်တိုက်ပွဲကို အရေးမကြီးသယောင် ဟန်ဆောင်၍ မဖြစ်သလို ကောက်ရိုးမီးလို အလွယ်တကူနှင့် ငြိမ်းသေသွားမည့် မီးတောက်လည်း မဟုတ်ပေ။ သူတို့၏ တိုက်ပွဲတောင်းဆို ချက်မှာ ကျောင်းသားထု အားလုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီသော တောင်းဆိုချက်ဖြစ်သည်။ အမျိုးသားပညာရေး ဥပဒေမှာ ယခင်စစ်အစိုးရခေတ်က ပညာရေးနှင့် ဘာမှ ထူးခြားပြောင်းလဲခြင်း မရှိဘဲ ဒီမိုကရစီ အခွင့်အရေး များကို ဟန့်တားပိတ်ပင်ထားသော ဥပဒေဖြစ်သောကြောင့် ထိုဥပဒေကို ပြင်ပေးဖို့သမ္မတ ကိုယ်တိုင်ပင် လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ရသော အခြေအနေတွင် ကျောင်းသားထု၏ တိုက်ပွဲမှာ မှန်ကန်ကြောင်း ပြသလိုက် ခြင်း ဖြစ်လေသည်။ အရေးကြီးသည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားထု၏ မှန်ကန် သော တိုက်ပွဲကိုအကြမ်းဖက် မဖြိုခွဲဖို့လိုပါသည်။ ထိုသို့ပြုလိုက်ပါလျှင် မိုးမီးလောင် သွားပေမည်။ အာဏာပိုင်များအဖို့ ခက်ခဲကြမ်းတမ်းသော ပြဿနာနှင့် ကြုံတွေ့ရပေမည်။ တွေ့ဆုံဆွေးနွေးမှုကို ရောဂါတစ်ခု သဖွယ် ကြောက်လန့်နေခြင်းသည် မိမိဘက်က အားနည်းနေသလို၊ မိမိဘက်က မှားနေသလို ထင်ယောင် ထင်မှား ဖြစ်စေပါသည်။ မည်သူနှင့်မဆိုင် ရင်ဆိုင်ဆွေးနွေးနိုင်ရပေမည်။ ၄ ပွင့်ဆိုင် ဆိုလိုက်သည်နှင့် အလိုလို နေရင်း ထိတ်လန့်နေစရာမလိုပေ။ အစိုးရ အဖွဲ့အဖို့ ယခင်အစွဲအလမ်းများ မကုန်သေးသောကြောင့် နိုင်ငံရေး အကျဉ်သား ဆိုသည်ကိုလည်းကြောက်၊ သမဂ္ဂ ဆိုသည်ကို လည်းကြောက်၊ တွေ့ဆုံ ဆွေးနွေးဖို့ ကိုလည်း ကြောက်နေလျှင် ဖြစ်ပေါ်လာသော ပြဿနာ အရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲနေပေလိမ့်မည်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

စစ်ဗျူရိုကရက် အရင်းရှင်လူမှုအစုကြီးဟာ ၂၀၀၈ ဖွဲ့စည်းပုံ တည်တံ့ရေးကို နည်းစုံလမ်းစုံနဲ့ ဟာကွက် လစ်ကွက်မှန်သမျှ ထောင့်စေ့စေ့ ပိတ်ဆို့ကာကွယ်ထားနှင့်ကြပါပြီ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ(၁၄)ရက် နေ့ကစပြီး ဗကသများအဖွဲ့ချုပ် ကိုယ်စားပြုတဲ့ ဒီမိုကရေစီ ပညာရေး ဖော်ဆောင်ရေး ကော်မတီက အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့၊ တောင်းဆို ချက်(၁၁)ချက်နဲ့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ(၁၄) ရက် ကျောင်းသား သမဂ္ဂများရဲ့ အစည်းအဝေး မှာ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆို ချက်များနဲ့ ပတ် သက်ပြီး အစိုးရက ရက်ပေါင်း(၆၀) အတွင်း တွေ့ ဆုံ ဆွေးနွေးပြန်ကြားဖို့ တောင်းဆိုထား ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းသားများရဲ့ တောင်းဆိုချက်များနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တွေ့ဆုံ ညှိနှိုင်းမှု မပြုခဲ့တဲ့အတွက် ““သပိတ်စခန်း””ဖွင့်ပြီး ဆက်လက် တောင်းဆိုကြဖို့ ၁၆/၁ မန္တလေးမှာ ကျင်းပပြုလုပ်တဲ့ ကျောင်းသားထု အစည်းအဝေးက ဆုံးဖြတ်ပြီး ရန်ကုန်ကို ခြေလျင် စတင်ချီတက်နေကြပြီ ဖြစ် ပါတယ်။ ဒီကနေ့ ၂၆ ရက်နေ့မှာ မြင်းခြံမြို့မှာ ခေတ္တနားကြပြီး ရန်ကုန်ကို ရှေးရှု ချီတက်နေကြပြီ ဖြစ်ပါတယ်။ ချီတက်ရာ လမ်းကြောင်း တစ်လျှောက်မှာ ရဟန်းသံဃာများ၊ ပါတီအသင်းအဖွဲ့များ၊ ကွန်ရက်များ၊ လူထုများက (အစစ) ထောက်ပံ့ကူညီ အားပေးကြပါတယ်။ အချို့ ဒီမိုကရေစီရေး တက်ကြွသူများလည်း ချီတက်ပွဲမှာ ပါဝင် ပူးပေါင်း ကြတယ်ဆိုပါတယ်။

ကြံ့ဖွံ့စစ်အစိုးရနဲ့ ““Win Win Game”” ကစားနေကြသူ ပါတီအဖွဲ့အစည်း များ၊ Popular Grouping များကလည်း စစ်အစိုးရနဲ့ ရထားတဲ့ မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံရေး ကလေးများ ပျက်ပြားသွားမှာ စိုးလို့ အနေအထိုင်၊ အသွားအလာများပင် ကျုံ့ထားကြတယ်ဆိုပါတယ်။ အထူးသဖြင့် VOA , BBC , RFA နဲ့ ပြည်တွင်း စာနယ်ဇင်း မီဒီယာများနဲ့ မတွေ့အောင် ရှောင်နေကြတယ် ဆိုပါတယ်။ ရထားတဲ့ နားလည်မှု ကလေးတွေ၊ ၀င်ခွင့်ထွက်ခွင့် ကလေးတွေ ပျက်ပြားသွားမှာ စိုးလို့ပါတဲ့။ ဆရာကြီး သခင်စိုးလို ၀ါရင့် လက်ဝဲ သမားကြီးတောင် ၀ါးပင်အောက်မှာ ၀ါးမျှစ်စားပြီး ၀က်လို အသေခံမယ်ဆိုတဲ့ ဆရာကြီးသခင်စိုး၊ လှိုင်းကြီး လှေအောက် တောင်ကြီးဖ၀ါးအောက် သူပုန်ကြီး အလံနီအောက် ရောက်ရမယ်လို့ ကြွေးကြော်ခဲ့တဲ့ ဆရာကြီး သခင်စိုးဟာ ၁၉၇၁ ခုနှစ်မှာ ဗိုလ်နေ၀င်းထံမှာ လက်နက်ချခဲ့ပါတယ်။ မဆလ ဗိုလ်ချုပ်ကြီးက သူ့ကို အသက်ရှင်ခွင့် ပေးခဲ့တယ်။

ကျောင်းသားများက အခုလိုကြွေးကြော် တောင်းဆိုဆန္ဒပြတာကို လူထုကြိုက် နိုင်ငံရေး ပါတီကြီး တစ်ပါတီနဲ့ လူထုကြိုက် နိုင်ငံရေး အစုကြီးတစ်စုက ကျောင်းသားတွေ အခုလို ကြွေးကြော်ဆန္ဒပြ တောင်းဆိုကြ တာဟာ တည်ရှိနေတဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်ရာ ကျပါတယ်တဲ့။ ဒီအာဘော်ဟာ သမ္မတကြီးရဲ့ အိမ်တော် ငုရွှေဝါ ခန်းမမှာ ကျင်းပခဲ့တဲ့ (၄၈)ပွင့်ဆိုင် ဆွေးနွေးပွဲမှာ သမ္မတကြီး နှိုးဆော်ခဲ့တဲ့ ၂၀၀၅ ရွေးကောက်ပွဲနဲ့ ဒီကနေ့ အကြားကာလ တည်ငြိမ်းအေးချမ်းဖို့လည်း အင်မတန် အရေးကြီးပါတယ် ဆိုတဲ့ သမ္မတကြီးရဲ့ နှိုးဆော်ချက် ကို ထောက်ခံတဲ့ အာဘော်ပါပဲ။

7 July ကျောင်းသားရာကျော်ကို သတ်တဲ့ည(၈)နာရီ(၁၅) မှာ ပြော ကြားတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ မိန့်ခွန်းမှာ ““ကျုပ်တို့ကတော့ ဓားဓားချင်း၊ တုတ်တုတ်ချင်းပဲ””တဲ့။ ဒီဓား ဓားချင်း၊ တုတ်တုတ်ချင်းဆိုတဲ့ ဟစ်တလာ လောဂျစ်ကို မဆလစစ်အစိုးရဟာ၊ 7 July မှာ ၇၄/ဇွန် ၆ အလုပ် သပိတ်၊ ၇၄ ဒီ/၆ ဦးသန့်အရေးအခင်းမှ ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသား လှုပ်ရှားမှုမှာ၊ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်းမှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးတော်ပုံကြီး အတွင်းမှာ စစ်အုပ်စုဟာ ဒီဟစ်တလာ လောဂျစ်ကို မသုံးခဲ့ဘူးလို့ ဘယ်သူကများ အာမခံရဲပါသလဲ။ စစ်အုပ်စုက သူ့အလုပ်သူ လုပ်ရင် 7 July လို၊ ၈၈ လို ပြုမူလာခဲ့ရင် ရဟန်းသံဃာ အရှင်သူမြတ်များ၊ အလုပ်သမားများ၊ တောနဲ့မြို့နေ ဆင်းရဲသား များ၊ လယ်သမားများ၊ ပညာတတ် လူမှုအစုံများ၊ နိုးကြားတဲ့ စာနယ်ဇင်းလောကမှ ပညာရှင်များ၊ ပညာရေး နယ်ပယ် အမျိုးမျိုးမှ ဆရာဆရာမများ၊ စာပေ၊ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်မှ ပညာရှင်များ အားလုံးဟာ သပိတ် တိုက်ပွဲဝင် ကျောင်းသားများနဲ့ ပူးပေါင်းပါဝင် ထောက်ခံလာကြမှာ သေချာပါတယ်။ (၁) ၁၉၂၀ ရန်ကုန် တက္ကသိုလ် သပိတ်ကြီးဟာ ၁၉၀၆ ခုနှစ်မှာ စတင်ခဲ့တဲ့ ၀ံသာနု အရေးတော်ပုံကြီးနဲ့ ပူးပေါင်းမိပြီး ၁၉၂၀ မှာ ဂျီစီဘီအေ အဖွဲ့ချုပ်ကြီး ဖွဲ့စည်းကြတယ်။ အမျိုးသားပညာရေးနဲ့ အမျိုးသားကျောင်းများ ထူထောင်ခဲ့ ကြတယ်။ ၀ံသာနု အရေးတော်ပုံကြီးက အမျိုးသားနိုင်ငံရေး ခေါင်းဆောင်မှု မျိုးဆက် တစ်ဆက်ကို မွေးထုတ် ပေးခဲ့တယ်။ ပညာတော် သင် ကျောင်းသားများရဲ့ အကျိုးဆောင်မှုကြောင့် မာ့က်စ်ဝါဒဟာ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုနဲ့ ဆက်စပ်မိလာတယ်။

ဒုတိယ ကျောင်းသားသပိတ် (၁၉၃၆)ဟာ သခင်နုနဲ့ သခင်အောင်ဆန်းတို့ကို မွေးထုတ်ခဲ့တယ်။ ၁၉၃၈၊ (၁၃၀၀)ပြည့် အရေးတော်ပုံကြီးဟာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား (၃)ပွင့်ဆိုင်၊ နိုင်ငံရေး မျိုးဆက် ခေါင်းဆောင်မှုကို စုဖွဲ့ပေးခဲ့တယ်။ ၁၃၀၀ ပြည့် အရေးတော်ကြီးရဲ့ လှုံ့ဆော်မှုနဲ့ ၁၉၃၉ မှာ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ၁၉၄၀ မှာ ပြည်သူ့အရေးတော်ပုံပါတီ၊ ၁၉၄၀ ရဲဘော်သုံးကျိပ်နဲ့ ဂျပန် ဆန့်ကျင်ရေး၊ ဖဆပလအဖွဲ့ချုပ်၊ ၁၉၄၅ ဂျပန်တော်လှန်ရေး၊ ၁၉၄၀ စစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲ၊ ဖဆပလ ဂိုဏ်းကွဲခြင်း၊ ၄၈ ပြည်တွင်းစစ်နဲ့ ၁၉၆၂ မတ်လမှ ဒီကနေ့ ၂၀၁၅ ခုနှစ် အထိ ကြံ့ဖွံ့ စစ်အာဏာရှင် စနစ်ကြီး စိုးမိုးမင်းမှုခဲ့တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ ဖျက်သိမ်းရေး၊ စစ်မှန်တဲ့ အမျိုးသား ဒီမိုကရေစီ အစိုးရတစ်ဖွဲ့ ရရှိရေးဟာ အမျိုးသားပေါင်းစုံ ဗမာပြည်သူ အားလုံးနဲ့ ရှိရှိသမျှ ဒီမိုကရေစီ အင်အားစုများ အားလုံးရဲ့ သမိုင်းတာဝန်ပဲ ဖြစ်ပါတယ်။

ကြံ့ဖွံ့စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လုံခြုံရေးရယူပြီ ဒီချုပ်ဥက္ကဋ္ဌကို အကျယ်ချုပ်က လွှတ်ပေးခဲ့တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်သွားမယ်လို့ ကြွေးကြော်လာခဲ့တယ်။ ဒေါ်စုကို အကျယ်ချုပ်က လွှတ်ပေးတယ်။ ပါတီ မှတ်ပုံတင်စေတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ၀င်စေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ် ပါမည်လို့ ကျမ်းကျိန်ခဲ့ရတယ်။ လက်ပံတောင်းလို အမယ်ဘုတ်ရဲ့ချည်ခင် ကော်မတီထဲ ထည့်ပေး ခဲ့တယ်။ ဒီ/ချုပ်ဥက္ကဋ္ဌဟာ ““အမည်းရုပ်”” ကိုင်ကစားရတဲ့ စစ်တုရင်သမားလို အဖြူတစ်ကွက် ရွှေ့ပြီးမှ အမည်းတစ်ကွက် ရွှေ့ရတာ မျိုး ဖြစ်နေတာကြောင့် ““ပွဲ””ပေါ်မှာ လက်ဦးမှု မရဘူးလို့ ဆိုချင်ပါတယ်။

ဒီချုပ်ဥက္ကဋ္ဌ တိုက်ပွဲထဲပါလာတာ ၈၈ သြဂုတ် ၂၆ ရက်နေ့ ကတည်းကပါပဲ။ အားလုံး ၂၇ နှစ်ရှိပါပြီ။ လူဆိုရင် ကျားကျား၊ မမ အိုးအိမ် ထူထောင်ပြီးရမယ့် အရွယ်ပါပဲ။ ဒီချုပ်အနေနဲ့ ဒီ ၂၇ နှစ်ထဲမှာ ဘာများ အကောင် အထည် ဖြစ်စေခဲ့ပါသလဲလို့ မေးခွန်းထုတ်ကြည့်ရင် ဘယ်လိုများ အဖြေပေးချင်ကြပါသလဲ။ ဖြေစရာအဖြေဟာ ဒီချုပ်ဥက္ကဋ္ဌဟာ ““လူထုကြီးဘက်က လူထုနဲ့အတူ ရပ်နေဆဲဖြစ်တယ်””လို့ ဆိုဖို့ပဲရှိပါတယ်။ ထူးခြားချက်က

(၁)ဒီချုပ်ဥက္ကဋ္ဌ ရှိနေတာဟာ နိုင်ငံရေး အခြေအနေတစ်ရပ် ရှိနေတာ ဖြစ်ပါတယ်။

(၂) က ဒီချုပ်ဥက္ကဋ္ဌရှိ နေတာဟာ ဗမာပြည် ဒီမိုကရေစီ အရေးတော်ပုံအတွက် ““စုရပ်””တစ်ခု ရှိနေသလိုပါပဲ။

(၃) ဒီချုပ်ဥက္ကဋ္ဌ ရှိနေတာဟာ မြန်မာ့ ဒီမိုကရေစီ အရေးတော်ပုံအတွက် မျှော်လင့်ချက် ရှိနေသလိုပါပဲ။ ဒီချုပ်ဥက္ကဋ္ဌကို လွတ်လပ်စွာ နေထိုင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့် ပြုထားတာဟာ ထိန်းချုပ်ထားတာထက် ““အကျိုး ရှိတယ်””လို့ ကြံ့ဖွံ့စစ်အုပ်စုက ယုံကြည်ယူဆ ထားကြပုံရပါတယ်။ ဒီချုပ်ဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံထဲ ပါဝင်လာတာ (၂၇)နှစ်ရှိ ပြီဖြစ်ပေမယ့် ဒီချုပ်ဥက္ကဋ္ဌ နေရာမှာ တာဝန်ယူ ဆောင်ရွက်နိုင်မယ့် လူပုဂ္ဂိုလ် တစ်စုံတစ်ယောက် အစုအဖွဲ့တစ်ခု ရှိနေပြီလားလို့ မေးကြည့်ရင် ဘယ်လိုများဖြေကြမလဲ။ ဘယ်သူကများ ဖြေချင်ကြပါလဲ။ ဒီပြဿနာဟာ မေးခွန်း သက်သက် မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့ အစည်းတစ်ခုရဲ့ သမိုင်းရေးရာ ကံကြမ္မာနဲ့ ဆိုင်တဲ့ ပြဿနာ ဖြစ်နေ တာကြောင့်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လည်းသေရော တိုင်းပြည်လည်း ဖရိုဖရဲ ဖြစ်ကုန်တာပဲဆိုတဲ့ မှတ်ချက်ကို ကြားခဲ့ဖူးပါပြီ။ ဒီမှတ်ချက်ကို ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကြောင်း တိုက်ဆိုင်တိုင်း ပြောနိုင်သူ များကို ဒီမေးခွန်းကို ကြုံကြိုက်တိုင်း မေးကြည့်ခဲ့ဖူးပါတယ်။ ၁၉၄၇ ခုနှစ် ဇွန်လအတွင်း ဆိုရန်တို ဗီလာဟောက်စ် (အခု စာပေဗိမာန် အဆောက်အအုံ)မှာ ကျင်းပခဲ့တဲ့ National Planning အစည်းအဝေးအပြီး၊ သတင်းသမား များနဲ့ တွေ့ရာမှာ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလနဲ့ ကွန်မြူနစ်ပါတီ ညီညွတ်ရေးအကြောင်း မေးလို့ ဖြေကြားရာမှာ သိန်းသန်း ကွန်မြူနစ်တွေနဲ့ ညီညွတ်နိုင်တယ်၊ အလံနီနဲ့တော့ မညီညွတ်နိုင်ပါဘူးလို့ ပြောခဲ့တယ် ဆိုပါတယ်။

ဒါပေမဲ့ နောင်မှာ ဒီမိန့်ခွန်းဟာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများထဲမှာ မရှိတော့ဘူးလို့ သုတေသန ပညာရှင် များက ပြောခဲ့ဖူးပါတယ်။ ၀န်ကြီးချုပ်သခင်နုဟာ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဗိုလ်ချုပ် အောင်ဆန်းက ဖဆပလအဖွဲ့ချုပ်ထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပစ်ခဲ့တာကို အမှန်တရားရဲ့စံအဖြစ် မှတ်ယူပြီး ၁၉၄၈ မတ်လ ၂၀ ရက် သန်းခေါင်မှာ ဗကပဌာနချုပ်နဲ့ ခရိုင်မြို့နယ် ဌာနချုပ် အားလုံးကို ၀င်ရောက် စီးနင်း ဖိနှိပ်ဖြိုခွဲခိုင်းခဲ့ပါတယ်။

ဒို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ သခင်ခင်အောင် (ကိုကိုးကျွန်ပြန်) ပီသုံးလုံး ဥက္ကဋ္ဌက ပြည်တွင်းစစ် ဖြစ်ရတာမှာ အဓိက တာဝန်ရှိသူဟာ ၀န်ကြီးချုပ် သခင်နု၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ကကချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းတို့ (၃)ဦးပဲလို့ အာဇာနည်နေ့ တစ်နေ့မှာ ပြောကြားခဲ့ပါတယ်။ ပြည်တွင်းစစ် တကယ့်တရားခံများက မရှိကြတော့ပေမယ့် ပြည်တွင်းစစ်နဲ့ ဥစ္စာစည်းစိမ် တိုးသည်ထက် တိုးလာခဲ့ကြသူများက ငါးကြင်း အလယ်သား စားရဖို့ နံကြားထောက်နေကြဆဲပါပဲ။ စစ်ပွဲနဲ့ အာဏာစည်းစိမ် စုမိဆောင်းမိ ဖြစ် လာကြသူ စစ်ဗျူရိုကရက် အရင်းရှင် လူမှုအစုကြီးဟာ ၂၀၀၈ ဖွဲ့စည်းပုံ တည်တံ့ရေးကို နည်းစုံလမ်းစုံနဲ့ ဟာကွက် လစ်ကွက်မှန်သမျှ ထောင့်စေ့စေ့ ပိတ်ဆို့ ကာကွယ်ထားနှင့်ကြပါပြီ။

ဒီ ““ပိတ်ဆို့ကာကွယ်မှုများ”” အနက် ဗျူဟာအမြောက်ဆုံး ကာကွယ်မှုကတော့၊ နိုင်ငံတကာ လွှတ်တော်ကြီး များရဲ့ ““စံတန်ဖိုး””ဖြစ်တဲ့ လွှတ်တော်တစ်ရပ်ရပ်ရဲ့ သုံးပုံနှစ်ပုံ (၂/၃) ကိုယ်စားလှယ်မဲကို ဘယ်အတိုက် အခံမျိုးမှ၊ ဘယ်တော့မှ အသုံးချလို့မရအောင် ဘယ်နိုင်ငံမျိုးမှာမှ မရှိတဲ့ စစ်တပ် ကိုယ်စားလှယ်က လွှတ်တော် တစ်ရပ်ရဲ့ (၄ ပုံ ၁ ပုံ) ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ် အစုကို စစ်တပ်က ဗိုလ်ကျရယူထားတာပဲ ဖြစ်ပါတယ်။ လွှတ်တော်အတွင်းမှာ ဒီညစ်ကွက်ကို ဘယ်လို ပုံသဏ္ဌာန်မျိုးနဲ့မှ ဖယ်ရှားလို့ မရနိုင်ပါဘူး။ ကြီးမားတဲ့ လူထု တိုက်ပွဲနဲ့ ဒီခံကတုတ်ကို ချိုးဖျက်ကြရမှာ ဖြစ်ပါတယ်။ လူထုတိုက်ပွဲကြီးတစ်ရပ် ဆင်နွှဲပြီး ချိုးဖောက်ရေးကို ဒီချုပ်ဥက္ကဋ္ဌက မကြိုက်ပါဘူးလို့ ပြောကြဆိုကြပါတယ်။ စာရေးသူတော့ ဒီလိုတိုက်ပွဲပုံစံမျိုးကို ဒီချုပ်ဥက္ကဋ္ဌက မကြိုက်ဘူးလို့ ပြောတာမျိုး တစ်ခါမှ မကြားခဲ့ဖူးပါဘူး။ လူထုကြီးကြိုက်တဲ့နည်း ဆိုတာကို လူထုကြီးက ဘယ်တုန်းကမှ ရွေးခွင့်ရခဲ့တာမျိုးလည်း သမိုင်းအတွေ့ အကြုံမရှိပါဘူး။ ရှစ်(၄)လုံး လူသတ်ပွဲကြီးကို မဆလ စစ်အုပ်စုက ရွေးခဲ့တာပါ။ လူထုကြီးက ရွေးခဲ့တာ မဟုတ်ပါဘူး။ လူထုကြီးဟာ သေရင်တာတောင် ဘယ်တုန်း ကမှ ကိုယ်ကြိုက်တဲ့နည်းနဲ့ သေခွင့်ရခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ၆၇ နှစ်ကြာ လွတ်လပ်ရေးကာလမှာ တွေ့ခဲ့ ကြရ ပြီးပါပြီ။

၁၉၄၈-၄၉ ခုနှစ်ကစပြီး ၁၉၆၀-၆၁ ခု အတွင်းကာလအတွင်းမှာ ““လူမျိုး တစ်မျိုးရဲ့အင်္ဂါရပ်များနဲ့ ပြည့်စုံတဲ့”” လူမျိုးစုမှန်သမျှဟာ ဗမာ Armed Struggle ထဲ ပါဝင် လာခဲ့ကြတာဟာ လွတ်လပ်ရေး တစ်ခေတ်လုံးပါပဲ။ သခင်နု၊ ဗိုလ်နေ၀င်း၊ န၀တ၊ နအဖ၊ ကြံ့ဖွံ့စစ်အစိုးရများ အားလုံးဟာ လူမျိုးစုံ တိုင်းရင်းသား အမျိုးသားများရဲ့ အမျိုးသား တန်းတူရေး ပြဿနာကို ဘယ်တုန်းကမှ ကိုယ်စားပြုခွင့် မပြုခဲ့ပါဘူး။ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ အာဏာနဲ့ ဥစ္စာဓနကို ဗမာမျိုးနွယ်စုကြီးက လွတ်လပ်ရေး တစ်ခေတ်လုံး လက်ဝါးကြီးအုပ် ပိုင်စိုးခဲ့ကြတာပါ။ ရှမ်း၊ ကရင်စတဲ့ မျိုးနွယ်စု အကြီးအကဲများကို သမ္မတကြီးများအဖြစ် ဖြစ်ခွင့် ပေးခဲ့တာ မှတစ်ပါး အမျိုးသား တန်းတူရေး ပြဿနာကို ဘယ်တုန်းကမှ ခံစားခွင့်ပြုခဲ့တာ မဟုတ်ပါဘူး။ အခုအစိုးရအဖွဲ့ကိုပဲ ကြည့်ပါ။ စိုင်းမောက်ခမ်းကို ရုပ်ပြဧည့်ကြို ဒုတိယသမ္မတ တာဝန်ပေးထားတာကိုပဲ ကြည့်ပါ။ အကျိုးတူလို့ သမ္မတ ဆိုင်းဘုတ်လေး ပေးထားတာပါ။ A.S ထဲမပါတဲ့ လူမျိုးစု အမျိုးသားဆိုတာ မရှိသလောက်ပါပဲ။ စစ်အစိုးရ အမျိုးမျိုး က လူမျိုးစုံ အမျိုးသားများရဲ့ A.S များကို အပြုတ်တိုက်ရေး လက်နက်ချ အညံ့ခံရေး၊ အစိုးရနဲ့ ပူးပေါင်း ကျွန်ခံရေး၊ သူဌေးဖြစ်ရေး လမ်းကြောင်းအတိုင်း တစ်လျှောက်လုံး သဘောထားခဲ့တာပါ။ ၈၉ ဗကပ A.S အပြိုကို အခွင့်ကောင်းယူပြီး လူမျိုးစု တော်လှန်ရေး တပ်ဖွဲ့များနဲ့ အပစ်ရပ်ခဲ့တာ။ ၁၉၈၉-၂၀၁၃ နိုဝင်ဘာ အထိ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်း မရှိတဲ့ အခြေအနေမျိုးမှာ ၂၆ နှစ် ပစ်ထားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ထုနဲ့ထည်နဲ့ ရင်းနှီးမြှုပ်နှံကြမယ့် TNC ကြီးများက ခင်ဗျားတို့ စစ်ရပ်ကြပါ။ ဒါမှ ကျုပ်တို့က စိတ်ချလက်ချ အလုပ်လုပ်မှာပါလို့ ပြောလာတာကြောင့် စစ်ရပ်ဖို့ တွန်းလုပ်လာတာလို့ ပတ်ဝန်းကျင်က ပြောလာခဲ့တာပါ။ UPWC အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားများရဲ့ NCCT တို့ဟာ ၂၀၁၃ နိုဝင်ဘာလလယ်မှာ စကားစ ပြောလာကြတာ (၆)ကြိမ်ရှိပါပြီတဲ့။ ၂၀၁၅ ပြည်ထောင်စုနေ့မှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အပြီးသတ် လက်မှတ်ထိုး ကြမယ်လို့ ပြောနေကြပါတယ်။ လူမျိုးစုံ တိုင်းရင်းသား အမျိုးသား ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများဟာ လူတန်းစား ကိုယ်စားပြုမှုအရ ပြောရရင် တိုင်းရင်းသားမျိုးနွယ်စု ဒီမိုကရေစီ အင်အားစုများဟာ ဖြစ်ထွန်းစ လစ်ဘရယ် ဓနရှင်လူတန်းစားများနဲ့ ဓနရှင်ပေါက်စ ပညာတတ် အထက်လွှာများ ဖြစ်ပါတယ်။

ဒီချုပ်ကလည်း ဖြစ်ထွန်းစုစည်း စလစ်ဘရယ် ဓနရှင် လူတန်းစားအစုပါ။ ကြံ့ဖွံ့စစ်အုပ်စုကတော့ ကြံ့ဖွံ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် အရင်းရှင်လူတန်းစား လူမှုအစုပါ။ ကြံ့ဖွံ့ စစ်အုပ်စုကတော့ (၁) စစ်တပ် ရှိတယ်။ (၂) အတွင်း-အပြင် များပြားတဲ့ဥစ္စာဓနရှိတယ်။ (၃) ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဥပဒေပေါင်းစုံရှိတယ်။ (၄) အတိုက်အခံနဲ့ တိုက်ရတဲ့ တိုက်ပွဲ အတွေ့အကြုံ ရှိပါတယ်။ ဒေါ်စုနဲ့ဒီချုပ်ဟာ သူ့အဓိက ပြိုင်ဘက်ပါပဲ။ ကြံ့ဖွံ့က အာဏာ ခွဲဝေချင်ပုံ မရပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာပဲ အားစမ်းကြည့်ချင်ပုံ ရပါတယ်။ ကျောင်းသားလှုပ်ရှားမှုများဟာ လူထုတိုက်ပွဲရဲ့အဆက်နဲ့ အကျိုးဆက်ပါ။

ပုံညွှန်းစာ (၁) - ဦးလှရွှေ (၁၉၆၀-၆၄ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအတွင်းရေးမှူး အဖွဲ့ဝင်)
ပုံညွှန်းစာ (၃) - ဖေဖော်ဝါရီလ ၃ ရက်၊ နေပြည်တော် ပညာရေးဝန်ကြီးဌာန တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ ပျက်ပြယ်သွား၍ ပြန်လည် ထွက်ခွာလာကြသော ကျောင်းသားများ

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

ပညာရေးရဲ့အနှစ်သာရကို ဖျက်ဆီးတာဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အသက်သွင်းတတ်တဲ့ အာဏာရှင်တွေရဲ့ နည်းဗျူဟာတစ်ခု …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ပညာရေးရဲ့အလုပ်က ခင်ဗျားတို့ကို ဒီပုပ်သိုးယိုယွင်းနေတဲ့ လူမှုဖြစ်စဉ်တွေ အတိုင်း ရေလိုက်ငါးလိုက် အလိုက်သင့်နေ တတ်သွားဖို့အတွက် အကူအညီပေးနေတဲ့ ဖြစ်စဉ်လား။ ပညာရေးဟာ ပိုပြီးရင့်ကျက် ဖွံ့ဖြိုး လာဖို့နဲ့ ကွဲပြားခြားနားတဲ့ လူ့အဖွဲ့အစည်း၊ ကမ္ဘာသစ်တစ်ခုကို ဖန်တီးဖို့ အတွက် လွတ်လပ်မှုကို ဆောင်ကြဉ်း ပေး မယ့်အရာလား””

နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် ခေတ်အတွင်း စနစ်ရဲ့သားကောင်တွေထဲ က ဒဏ်ရာဗရပွနဲ့ သားကောင် ကို ပြပါ ဆိုရင် ပညာရေးဆိုတဲ့ သားကောင်ပါပဲ။ လက်ရှိအတည်ပြုပြီးဖြစ်တဲ့ အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်နေကြ တဲ့ကျောင်းသားတွေတောင်းဆိုတဲ့ အချက် ၁၁ ချက်ထဲမှာ-

(ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြား နည်းစနစ်များ ပြောင်းလဲရန်ကိစ္စ)ဆိုတဲ့ အချက်တစ်ချက် ပါဝင်ပါတယ်။ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရာမှာ အရေးအကြီးဆုံးအချက် တစ်ချက်လို့လည်းဆိုနိုင်ပါတယ်။ ဒီအချက် နဲ့ ပတ်သက်ပြီး မြန်မာ့ပညာရေးစနစ်မှာ ဘာတွေမှားခဲ့လဲဆိုတာ သုံးသပ်တင်ပြချင် ပါတယ်။…

(၁) ကျောင်းသားတွေ မေးခွန်းမထုတ် ရဲခြင်း

မြန်မာ့ပညာရေး နာတာရှည်ရောဂါကြီးကို ကုစားဖို့ဆိုရင် မေးခွန်း~ ထုတ်ခြင်း ဆေးနဲ့စတင်ကုစားရပါမယ်။ စစ် အာဏာရှင် အဆက်ဆက်ဖြတ် သန်းခဲ့ကြရတဲ့ မြန်မာလူထုဟာ အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုအောက် မှာ မေးခွန်း ထုတ်တဲ့အလေ့အကျင့်ပျောက် ဆုံးခဲ့ပါတယ်။ ၀န်ထမ်းက အထက်အရာရှိကို မေးခွန်းမထုတ်ရဲဘူး။ ဆရာ၊ ဆရာမ တွေက အထက်ကျောင်းအုပ်၊ ပါချုပ်ကို မေးခွန်းမထုတ်ရဲဘူး စသည်ဖြင့် အလွှာ အသီးသီးက ပြည်သူ တွေဟာ မိမိအထက် ပုဂ်္ဂိုလ်ကို မေးခွန်းမထုတ်ရဲခဲ့ကြဘူး။ မိမိကိုအုပ်ချုပ်တဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ် မှု အောက်မှာ အာဏာရှင်အငွေ့အသက် တွေ ကူးစက်ကုန်ပြီး မေးခွန်းမထုတ်ရဲကြဘူး။ ကြာလာတဲ့အခါ မေးခွန်း ကိုပါ မထုတ်တတ်တော့ပါဘူး။ မေးခွန်းမထုတ် တတ်တဲ့ပြဿနာရဲ့ မူလဇာစ်မြစ်က စာ သင်ခန်းကစပါတယ်။ မေးခွန်းမထုတ်ရဲတဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျောင်းသားတွေ မေးခွန်းမ ထုတ်ရဲတာ၊ မေးခွန်း မထုတ်တတ် တာဟာ ကျောင်းသားရဲ့အပြစ်လို့မဆိုသာ ပါဘူး။

လူကြီးတွေရဲ့ မှားယွင်းတဲ့အတွေး အခေါ် ကြောင့်သာဖြစ်ပါ တယ်။ တချို့တချို့သော ပညာရေးပညာ ရှင်ကြီးများကျတော့ လည်း မေးခွန်းတွေရှိရက်နဲ့ မိမိနေရာလေး ပျောက် မှာစိုးတာကြောင့် အထက်အစိုးရ ပုဂ်္ဂိုလ်ကိုမေးခွန်းမထုတ်ရဲကြပြန်ဘူး။ မေး ခွန်းမထုတ်တတ်တဲ့ ပြဿနာရဲ့ အကျိုး ဆက်အဖြစ် မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်မှာ ““ဟုတ်ကဲ့”” ယဉ်ကျေးမှုကြီးထွန်းကားလာ ပါတော့တယ်။ ဒီမိုကရေစီစနစ်ရင့်ကျက်မှု ဟာ “ကျောင်းတွင်းဒီမိုကရေစီ”က စရပါတယ်။ မြန်မာ့ပညာရေးနယ်ပယ်မှာ ဆရာနဲ့ ကျောင်းသား အပြန်အလှန်မေး ခွန်းထုတ် ခြင်း အလေ့အထမရှိပါဘူး။ အာဏာရှင် ပညာရေးနဲ့ ကြီးပြင်းလာတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ စိတ်ပညာရှုထောင့်ကကြည့်ရင် အာဏာ ရှင်အငွေ့အသက်တွေ မသိ မသာ ကိန်းအောင်းနေပါတယ်။ လက်ရှိ အတိုက်အခံ နိုင်ငံရေးရပ်ဝန်းမှာ၊ အဖွဲ့ အစည်းတွေအတွင်းမှာ အာဏာရှင်အငွေ့ အသက်တွေကိန်းအောင်းနေ တာ တွေ့ရပါ တယ်။ ဒါဟာ နှစ် ၅၀ ကျော် အာဏာရှင် ပညာရေးရဲ့ ဘေးထွက် ဆိုးကျိုးပဲ ဖြစ်ပါ တယ်။ လက်ရှိအဖွဲ့အစည်းတွေအတွင်းမှာ အလျား လိုက် ဆက်ဆံရေးနဲ့ အသားမကျ သေးပါဘူး။ ရေရှည်အတွက် ဒီပြဿနာ ကို ဖြေရှင်းမယ်ဆို ကျောင်းတွင်း ဒီမိုကရေစီက စရပါမယ်။ ဗလက္ကာရပြုခံထားရတဲ့ ဦးနှောက်တွေအတွက် လွတ်လပ်စွာစဉ်းစားတွေးခေါ် တတ်တဲ့ ပညာရေးစနစ်နဲ့ပြန် လည်ကုစားရပါမယ်။ လက်ရှိပညာရေး စနစ်နဲ့ စခန်းသွားမယ်ဆို အာဏာရှင်စိတ် ကြိုက် စက်ရုပ်လူသားတွေနဲ့ ဖွဲ့စည်းထား တဲ့ အာဏာရှင်စနစ်ကြီး တစ်ပတ်ပြန်လည် လာဖို့ကိန်း များပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြ တဲ့ ကျောင်းသားတွေတောင်း ဆိုထားတဲ့ ၁၁ ချက်ထဲက-

(လက်ရှိကျင့်သုံးလျက်ရှိတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင် ဆင်ရန်ကိစ္စ) နဲ့ ပတ်သက်ပြီး ဆွေး နွေးရရင် လက်ရှိမြန်မာပြည်မှာ ကျင့်သုံးနေတဲ့ပညာ ရေးပုံစံဟာ ဘဏ်လို အပ်နှံပညာရေးပုံစံ (Banking Concept of education) ပုံစံပါ။

ဘဏ်လိုအပ်နှံပညာရေးပုံစံ

(Banking Concept of education)

ဒီပညာရေးပုံစံမှာ စာသင်ခန်းတွင်းမှာ ဆရာက အချက်အလက်တွေကိုအကြောင်း အကျိုးမပါဘဲ ရှေ့က ဖတ်ပြ၊ ကျောင်းသားတွေက ““၏၊ သည်၊ မရွေး”” လိုက်မှတ်ပြီး တော့ အဲဒီအချက်အလက်တွေကို အာဂုံ ဆောင်၊ အလွတ် ကျက်။ ပညာရေးစက်ရုပ် တွေကိုထုတ်လုပ်ပေးတဲ့စနစ်လို့လည်း ဆို နိုင်ပါတယ်။ ကျောင်းသားတွေ ဟာ လူ အဖြစ်ကနေ ဘူးခွံကြီးတွေလို တန်ဖိုးလျှော ကျပြီး အဲဒီကျောင်းသားဘူးကြီးထဲကို ဆရာ၊ ဆရာမတွေ က အချက်အလက်တွေကို စု ပြုံထိုးသိပ်ထည့်ပါတယ်။ ကျောင်းသားကို ခပ်ကြမ်းကြမ်းကိုင်တွယ်ပြီး အချက်အ လက် တွေများများထည့်ပေးနိုင်တဲ့ ဆရာ၊ ဆရာမ ဟာ ဆရာကောင်း ဖြစ်သွားပါလေရော။ နာခံမှု အပြည့်နဲ့ အချက်အလက်များများကို သိုမှီးလက်ခံနိုင်တဲ့ကျောင်းသားဟာ ကျောင်း သားကောင်း အဖြစ် ကျောင်း တွေမှာမျက်နှာ ပန်းလှပါတယ်။ လွတ်လပ်စွာ စဉ်းစားတွေး ခေါ်ဉာဏ် ဘာမှမရှိတော့ပါဘူး။ လက်ရှိ မြန်မာ့ ပညာရေးစနစ်ဟာ နာခံမှုကို ခေါင်း ထဲရိုက်သွင်းပြီး ဦးနှောက်ဆေးကြောခြင်း (Branin Wash) ကို ဦးစား ပေးစနစ်နဲ့ ရှေ့တန်းတင်ထားတဲ့ အာဏာရှင်စိတ်ကြိုက် လူသားတွေ ထုတ်လုပ်ရာစနစ်ပဲ ဖြစ်ပါ တယ်။ ဘဏ် လိုအပ်နှံပညာရေးစနစ်ဟာ အာဏာရှင်နိုင်ငံရေးစနစ်ကို ထောက်ကူ မယ့်လူသားတွေကိုသာ ထုတ်လုပ်ပေးပါ တယ်။ တီထွင်ကြံဆမှု၊ ဝေဖန်ပိုင်းခြားမှုတွေ ခန်းခြောက်ကုန်ပြီး ပညာရေးရဲ့အနှစ်သာရ ကို ဖျက်ဆီးတာဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အသက်သွင်းတတ်တဲ့ အာဏာရှင်တွေရဲ့ နည်းဗျူဟာတစ်ခု လည်း ဖြစ်ပါတယ်။ မေးခွန်းတွေထုတ်၊ ဝေဖန်တတ်ပြီး အသိဉာဏ်တွေပွင့်လန်းလို့ အာဏာရှင်စနစ်ကို ဝေဖန်လာမှာ ကို အာဏာရှင်တွေ လုံးဝမလိုလားပါဘူး။ ဒါကြောင့် အာဏာရှင်နိုင်ငံတွေမှာ ဘဏ်လို အပ်နှံ ပညာရေး ပုံစံကို သုံးလေ့ရှိပါတယ်။

မြန်မာ့ပညာရေးစနစ်မှာ ကျောင်းသား ရဲ့ဦးနှောက်ဟာ ကွန်ပျူတာတစ်လုံးလို၊ ဘူးအခွံတစ်ခုလိုဖြစ်နေမှ စနစ်နဲ့ အံဝင်ခွင် ကျကျောင်းသားအဖြစ် သတ်မှတ်ခံရပါတယ်။ စာသင်နှစ်တစ်နှစ်တာပတ်လုံး ဆရာ၊ ဆရာမတွေရဲ့ ပြွတ်သိပ်ထိုးထည့်သမျှကို ကျောင်းသားရဲ့ဦးနှောက်က ဘူးတစ်ဘူး လို မပျောက်မပျက် သိမ်းဆည်းရပါတယ်။ အချက်အလက်တွေကို မပျောက်မပျက် သိမ်းဆည်းတတ်သူကို ဉာဏ်ကောင်းတယ် လို့ ဆရာ၊ ဆရာမတွေက ချီးကျူးလိုက် ပါသေးတယ်။ တော်တော်ကို လွဲမှားနေတဲ့ အချက်ပါ။ စာမေးပွဲကြီး စစ်ဆေးတဲ့အချိန် မှာ ကိုယ် သိမ်းဆည်းထားသမျှ အချက်အလက်ဘူးကြီးကို အဖြေလွှာပေါ်မှာ သွန်ချရပါတယ်။ အဲဒီမှာ စုဆောင်းထားတဲ့ အချက်အလက်တွေကို အဖြေလွှာပေါ်မှာ အများဆုံးသွန်ချတတ်သူဟာ အမှတ်ကောင်းရပြီး ဂုဏ်ထူးရှင်လို့ သတ်မှတ်ခံ ရတယ်။ ပြွတ်သိပ်ထိုးထည့်ထားတဲ့ ကျောင်းသားရဲ့ ဦးနှောက်ဘူးကြီးဟာ စာမေးပွဲမှာ သွန်ချ လည်းပြီးရော ဘာမှမရှိတော့တဲ့ဘူး ခွံကြီးပြန်ဖြစ်သွားပါတယ်။

အဲဒါနဲ့ တက္ကသိုလ်ရောက်တော့ ဘူးခွံကြီးကို ပြန်ဖြည့်၊ ပြန် သွန်ချ၊ ပြန်ဖြည့်၊ ပြန်သွန်ချနဲ့ ဧည့်ခန်းနံရံမှာ ဘွဲ့ဓာတ်ပုံကြီး ချိတ်နိုင်တဲ့အဆင့်အထိ ရောက်လာပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ ပညာရေးစနစ်ဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ် ပုံသဏ္ဌာန်ကို ပုံဖော်နိုင်တဲ့အထိ အရေးပါ ပါတယ်။ ဘဏ်စနစ်လို ပညာရေးနဲ့ ကြီးပြင်းလာတဲ့ ကျောင်းသားဟာ လူမှုပတ်ဝန်းကျင် လုပ်ငန်းခွင်ထဲ ရောက် သွားတဲ့အခါမှာလည်း မေးခွန်းမထုတ်တတ်တော့ပါဘူး။ ““ဟုတ်ကဲ့”” ““ဟုတ်ကဲ့””ဆိုတာတော့ ကောင်း ကောင်းကျင့်သုံးတတ်သွားပါတယ်။ မြန်မာ ပြည်မှာကြီးစိုးခဲ့တဲ့ ““ဟုတ်ကဲ့””ယဉ်ကျေးမှု ကြီးနဲ့ဝန်ထမ်းတွေ အသားကျသွားတာဟာ ပညာရေးစနစ်က တွန်းပို့လိုက်တဲ့အကြောင်း ရင်းတစ်ချက်လို့ ဆိုနိုင်ပါတယ်။

အခုဆိုရင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၃ရက် နေပြည် တော်မှာ ဆက်လက်ကျင်းပဖို့ စီစဉ်ထားတာကနေ သမ္မတက ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းကို ရွှေ့ဆိုင်း လိုက်တဲ့အတွက် နယ်အသီးသီးက ပညာရေးသပိတ်စစ်ကြောင်းတွေ ရန်ကုန်ကို ဆက်လက်ချီတက်ဖို့ ပြင်ဆင် နေပါပြီ။ ကျောင်းသားအရေး မအေးပါ။ အချိန်မရွေး မီးထတောက်နိုင်တဲ့ ပြဿနာကြီးကို တွေ့ဆုံညှိ နှိုင်းခြင်း နည်းနဲ့ မဖြေရှင်းနိုင်ရင် ရတက်မအေးစရာအဖြစ်တွေနဲ့ ကြုံလာရနိုင်ပါတယ်။

အမြန်ပြုပြင်၊ အမြန်ဖာထေး၊ အမြန် အသစ်လဲနိုင်မှ ပညာအသစ်နဲ့ တိုင်းပြည် အသစ်ဆီ ချီတက်နိုင်ပါလိမ့်မယ်။ ကျောင်း သားအရေးကို အစိုးရအနေနဲ့ အချိန်နှောင့် နှေးမနေဘဲ အကောင်းဆုံးအဖြေတစ်ခု ထွက်အောင် အမြန်ဆုံးနည်းလမ်းနဲ့ ဖြေ ရှင်းသင့်နေပါပြီ။ တိုင်းပြည်မှာ တခြားဖြေရှင်းစရာ အရေးကြီးပြဿ နာတွေက လည်း တန်းစီစောင့်ဆိုင်းနေတာမို့ အစိုးရအနေနဲ့ ကျောင်းသားအရေး သွေးအေးမနေ သင့်ကြောင်း တိုက်တွန်း နှိုး ဆော်လိုက်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ထုတ်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများ ပူးပေါင်းပါဝင်လှူဒါန်းခြင်းဖြင့် ဂုဏ်ယူနိုင်ကြပါပြီ ။
အောက်ပါ ဖုန်းနံပါတ်များ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
၀၉ ၂၅၇၀၉၃၂၀၀
၀၉ ၂၅၇၀၉၃၃၀၀
၀၉ ၂၅၇၀၉၃၄၀၀
၀၉ ၇၉၉၇၆၉၁၆၅(ဧရာဝတီဘဏ်)

ဧရာဝတီဘဏ်တွင် ဖွင့်ထားသော အောက်ပါငွေစာရင်းများထဲသို့ ပေးပို့ထည့်ဝင် လှူဒါန်းနိုင်ပါသည် ။

Current Account No . 0080102010003230
Saving Account No . 0080202010022689

နိုင်ငံတကာမှ လှူဒါန်းလိုသူများ အနေဖြင့် Western Union Bank မှ တဆင့် ဧရာဝတီဘဏ် Bogyoke Aung San Film Funding ငွေစာရင်းထဲသို့ ပေးပို့ထည့်ဝင်လှူဒါန်းနိုင်ပါသည် ။

Everyone can Contribute to Bogyoke Aung San Film Funding via Western Union Bank to Ayeyarwady Bank.

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့


ပြီးခဲ့သည့် ဇူလိုင်လကတည်းက အရေးကြီးအဆိုတစ်ရပ်အဖြစ် ပြည်သူ့ လွှတ်တော်တွင် တင်သွင်းထားခဲ့သော သတင်းမီဒီယာလွတ်လပ်ခွင့်အဆိုကို ယနေ့ကျမှ ဆွေးနွေးခွင့် ရရှိခဲ့ရာတွင် ရှုံးနိမ့်ခဲ့ခြင်းအတွက် အဆိုတင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတင်သွင်းသည့် သတင်းမီဒီယာများ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်နိုင်ရန်နှင့် သတင်းမီဒီယာအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုအစိုးရက ဥပဒေနှင့် အညီ ဆောင်ရွက်မှုများ အလျင်အမြန် ပြုလုပ်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို ခြောက်လအကြာမှ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၂၁၇ ဦးက ကန့်ကွက်လိုက်ခြင်းအပေ ၎င်းကသုံးသပ် ပြောကြား လိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့လွှတ်တော်ကြီးကပြည်သူ့အသံကိုနားထောင်နေပါတယ်။ သတင်းမီဒီယာကြီးကြံ့ခိုင် စေချင်ပါတယ်လို့ပြောတာ ပါးစပ်ပြောဖြစ်ပြီးတော့ လက်တွေ့မှာတော့ ဒါတွေကို ဖိနှိပ်ချုပ်ချယ် ကန့်သတ်နေမှု တွေကို ဘာအသံမှ မထွက်ရဲတဲ့လွှတ်တော်ကြီးဖြစ်နေတယ်” ဟု၎င်းကပြောသည်။

၎င်းကိုထောက်ခံခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားအင်းအားစုများသာရှိနေပြီး သတင်းမီဒီယာ များ၏လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန် လွှတ်တော်ကိုယ်စားလှယ်အများစုက မျက်ကွယ်ပြုနေသည်ဟု၎င်းကဆိုသည်။

“မဲပေးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား အင်အားစုတွေလောက်ပဲရှိပြီးတော့မှ အခြားအခြေအနေအရပ်ရပ်က ဒီအပေါ်မှာ ဆန္ဒမရှိဘူး

ဆိုတာမျိုးကို ပြနေတယ်လို့ဒီလိုမြင်တယ်။ ဒါကြောင့်မို့လို့ကျွန်တော်နည်းနည်းတုန်လှုပ်မိ တယ်” ဟု၎င်းကပြောသည်။

 လင်းသစ် 
The Yangon Globe


ကျောင်းသားလူငယ်တွေကို အသုံးချပြီး ဆူပူမှုတွေဖြစ်အောင် နောက်ကွယ်ကနေ ဖန်တီးနေကြတယ်လို့ အစိုးရရဲ့ ကြေညာချက်ဟာ ကျောင်းသားထုကို စော်ကားတာဖြစ်ပြီး သပိတ်ကိုဖြိုခွင်းဖို့ ဆင်ခြေဖြစ်တယ်လို့ သပိတ်စစ်ကြောင်းက တုန့်ပြန်ပါတယ်။

မနေ့ညက အစိုးရသတင်းထုတ်ပြန်ရာမှာ ပညာရေးဆိုင်ရာကိစ္စကို အကြောင်းပြုပြီး ဆူပူမှု များ ဖြစ်ပေါ်လာစေဖို့အတွက် ကျောင်းသားအမည်ခံသူတွေ၊ နောက်ကွယ်က ကြိုးကိုင် ဆောင်ရွက်နေသူတွေ၊ အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းအချို့ဟာ ကျောင်းသားလူငယ်တွေကို အသုံးချနေကြတယ်လို့   ပါရှိပါတယ်။ တိုင်းပြည်ငြိမ်အေးချမ်း ရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အမတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရဟန်းရှင်လူတွေကို ပန်ကြားခဲ့ပါတယ်။

အစိုးရ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မန္တလေး-ရန်ကုန်သပိတ်စစ်ကြောင်းမှာ လိုက်ပါ  နေတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ ကိုရဲရင့်ကျော်က အခုလိုပြောပါတယ်။

“အဲဒါက စစ်တပိုင်းအစိုးရက စစ်အစိုးရလက်ထက်ကတည်းက ပြည်သူလူထု ရဲ့လုပ်ရပ်တွေ၊ နိုင်ငံရေးပါတီတွေရဲ့လုပ်ရပ်တွေ၊ ကျောင်းသားတွေရဲ့လုပ်ရပ်တွေကို အပုပ်ချ အပြစ်တင်ဖို့ပဲ ကြိုးစားနေခဲ့တဲ့ အကျင့်တွေက မပျောက်သေးတာလည်း ပါပါတယ်။ နောက်ကွယ် က ကြိုးကိုင်တယ်လို့ ပြောတာဟာ ကျောင်းသားတွေကို နလပိန်းတုံးတွေလို့ စော်ကားတာနဲ့ အတူတူပါပဲ။ ပြည်သူနဲ့ အစိုးရ ဘယ်သူ့ကို ပူးပေါင်းလဲဆိုတာလည်း ညက တောင်တွင်းကြီးမြို့မှာ ကြိုဆိုပုံကိုကြည့်ရင် သိနိုင်ပါတယ်။

“ကျနော်တို့က ဆူပူမှုကို ဖန်တီးမယ်ဆိုရင် ဒီလောက် မိုင် (၂၀၀) ခရီး အပင်ပန်းမခံပါဘူး။ မန္တလေးက အုပ်စုက မန္တလေးမှာ ဆူကြ၊ ရန်ကုန်ကလူက ရန်ကုန်မှာ ဆူကြ လုပ်လို့ရတာပါပဲ။ ဘာကိစ္စ ကျနော်တို့က အပင်ပန်းခံပြီးတော့ ချီတက်လမ်းလျှောက်နေမှာလဲ။ အဲဒီတော့ ကျနော်တို့ သပိတ်ရဲ့ အောင်မြင်မှု၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေကို ကြောက်လန့် တကြားနဲ့ နာမည်ဖျက်ပြီးတော့ စွပ်စွဲမှုတွေ လုပ်လာတာဟာ အရင်လုပ်ခဲ့တဲ့ဟာတွေကို ပြန်ကြည့်ရင် အဲလိုစွပ်စွဲပြီးတိုင်း ဒီလို မကောင်းတာတွေ ပါနေလို့ ဖြိုခွဲရပါတယ်ဆိုတဲ့ ဆင်ခြေပေးဖို့အတွက် ကြိုတင်ဆောင်ရွက်ဖန်တီးလာတယ်လို့ပဲ မြင်ပါတယ်။”

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဒီလ (၃) ရက်နေ့က အစိုရက တဖက်သတ်ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ဆက်လက်ချီတက်နေတဲ့ မန္တလေး ရန်ကုန် သပိတ်စစ်ကြောင်းဟာ တောင်တွင်းကြီးမြို့ကို မနေ့က ရောက်ရှိလာရာမှာ ဒေသခံလူထု  ထောင်သောင်းချီကြိုဆိုခဲ့ကြပါတယ်။ ကျောင်းသားတွေတည်းခိုမယ့် ဘုန်းကြီးကျောင်းကို အုပ်ချုပ်ရေးပိုင်းကလာရောက်ပြီး ကျောင်းသားတွေကို လက်မခံဖို့ ဖိအားပေးပေမယ့် ကျောင်းထိုင်ဘုန်းကြီးက လက်ခံအိပ်ခွင့်ပေးခဲ့ပါတယ်။

သပိတ်စစ်ကြောင်းဟာ တောင်တွင်းကြီးမြို့ကနေ ဒီမနက် ကိုးနာရီခွဲမှာ ထွက်ခွာပြီး ဆတ်သွားကျေးရွာမှာ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။ ကျောင်းသားတွေကို ဒေသခံပြည်သူ ၈၀၀ ကျော်က လိုက်ပါဝန်းရံချီတက်ကြပါတယ်။

ဝန်းရံတဲ့ ကျောင်းသားမိဘတဦးက “ဒီမနက် ၉ နာရီခွဲမှာ ကျနော်တို့ စစ်ကြောင်း စထွက်ပါတယ်။ ချောင်းနက် (ကျေးရွာ) မှာ ခုလောလောဆယ် နားနေပါတယ်ဗျ။ ကျောင်းသားတွေကို ထမင်းကျွေးနေပါတယ်ဗျ။ တောင်တွင်းကြီး မြို့ခံပရိသတ်ကလည်း (၁၀၀၀) နီးပါးလောက် ကျောင်းသားတွေနဲ့အတူ လမ်းလျှောက်ပြီးတော့ လိုက်လာနေကြပါတယ်ခင်ဗျ။ ကျောင်းသားအရေအတွက်က ၂၀၀ ကျော်လောက်ပဲရှိပါတယ်” လို့ မွန်းလွဲ ၁ နာရီမှာ ပြောပါတယ်။

ချောင်းနက်ကျေးရွာကနေ ထွက်ခွာတဲ့လမ်းကြောင်းတလျှောက် လေးမိုင်ခန့်အကွာမှာရှိတဲ့ ဆတ်သွားကျေးရွာကို ချီတက်ပြီး ညအိပ်ရပ်နားဖို့ စီစဉ်ထားကြပါတယ်။ အဲဒီ ဆတ်သွားကျေးရွာမှာ ရဲလုံထိန်းတွေ ရာနဲ့ချီစောင့်ဆိုင်းနေတယ်လို့ သူက ပြောပါတယ်။

ဆတ်သွားကျေးရွာမှာ လွန်ခဲ့တဲ့ရက်ပိုင်းတွေကတည်းက ရဲလုံထိန်းတွေ ချထားတာဖြစ်ပြီး ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဒီကနေ့ည ဆတ်သွားရွာမှာ ညအိပ်မှာဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းနဲ့ လိုက်ပါတာဟာ ကျောင်းသားတွေရဲ့ တောင်းဆိုမှုနဲ့ လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသတာလို့ တောင်တွင်းကြီး ဒေသခံက ပြောပါတယ်။

“ကျောင်းသားဆိုတာ မိဘပြည်သူတွေ နှလုံးသားထဲက အလွှာတခုလေ။ ကျောင်းသားလှုပ်ရှားမှုဆိုရင် ခေတ်အဆက်ဆက် ဗမာပြည်သမိုင်းမှာလည်း ပြည်သူတွေက အားပေးခဲ့ကြတယ်။ ကျောင်းသားတွေကလည်း သမိုင်းတလျှောက်မှာ ရှေ့ကနေ ဦးဆောင်ပြီး ပြည်သူ့လိုအပ်ချက်၊ နိုင်ငံ့လိုအပ်ချက်ကို တစိုက်မတ်မတ် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သူတွေ ဖြစ်တဲ့အတွက် ဒီကျောင်းသားတွေကို ကိုယ်ချင်းစာတဲ့စိတ်၊ ထောက်ခံတဲ့စိတ်နဲ့ ကရုဏာနဲ့ လိုက်လံအားပေးကြတာပါ” လို့ ပြောပါတယ်။

သွားရောက်ကြည့်ရှုသူတွေအဆိုအရ ကျောင်းသားတွေ ညအိပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဆတ်သွားကျေးရွာမှာ  ရဲလုံထိန်းအင်အား (၂၀၀)၊ မီးသတ်က ၁၅ ယောက်၊ မီးသတ်ကား ၅ စီးနဲ့ ဆတ်သွားရွာမှာ  လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက တပ်စွဲထားတယ်လို့ သိရပြီး ဒီကနေ့ညနေမှာ သပိတ်စစ်ကြောင်းက ဖြတ်ရလိမ့်မယ်လို့ဆိုပါတယ်။

သပိတ်စစ်ကြောင်းမှာ လိုက်ပါနေတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုရဲရင့်ကျော်က “ကျနော်တို့ကတော့ ဆက်လက်ချီတက်ရမှာပဲ။ ကျနော်တို့က သူများမြှောက်ပေးလို့ လုပ်တာလား။ ယုံကြည်ချက်နဲု့လုပ်တာလားဆိုတာတော့ ကွဲပြားသွားအောင်၊ ကျနော်တို့ ယုံကြည်ချက်က အသက်ကိုတောင် ပဓာန မထားဘူးဆိုတာ ပြရမှာပါပဲ” လို့ ပြောပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းဟာ နောက်လာမယ့်ရက်တွေမှာ အောင်လံမြို့အ၀င်မှာ ချထားတဲ့ လုံထိန်းတပ်အင်အား ၃၀၀ ခန့်ကိုလည်း ဖြတ်ကျော်ရဖွယ်ရှိနေတယ်လို့ သပိတ်ကို ၀န်းရံကြတဲ့ နယ်ခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်က တောင်သာမြို့အ၀င် လမ်းမှာ သပိတ်စစ်ကြောင်းကို လုံထိန်းတပ်ဖွဲ့နဲ့ အရပ်ဝတ်  အဖွဲ့တွေက တားမြစ်ဟန့်တားခဲ့ပါသေးတယ်။ ဒီတားမြစ်စဉ်အတွင်း ကျောင်းသားတွေ တာင်းဆိုတဲ့ လေးပွင့်ဆိုင် ဆွေးနွေးဖို့ သမ္မတက သဘောတူပြီး လုံခြုံရေးက သပိတ်စစ်ကြောင်းကို ဖြတ်ကျော်ခွင့်ပေးခဲ့ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/80384


ထိုင်ဝမ်မှာ ဗုဒ္ဓဟူးနေ့က ပျက်ကျ သွားခဲ့တဲ့ ထရန်စ် အေးရှား လေကြောင်းပိုင် လေယာဉ်ဟာ အင်ဂျင် နှစ်ခုလုံးကို သွားတဲ့ လျှပ်စစ် ပါဝါ ပြတ်တောက် သွားတာကြောင့် ပျက်ကျ ခဲ့ရတာလို့ လေယာဉ် ပျံသန်းမှု မှတ်တမ်း Black box ရဲ့ အချက်အလက်တွေက ဖော်ပြကြောင်း စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

ပျံသန်းမှု မှတ်တမ်း အချက်အလက် တွေအရ အင်ဂျင် ၂ လုံးအနက် တစ်လုံးကို ပိတ်ပြီး ပြန်နှိုးဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ကြောင်း သိရပါတယ်။

လေယာဉ် ပျံတက်ပြီး အမြင့်ပေ ၁၂၀၀ ရောက်တဲ့ အချိန်မှာ အင်ဂျင် တစ်လုံး ရပ်ဆိုင်းသွားခဲ့တဲ့အတွက် လေယာဉ်မှူးက နောက်အင်ဂျင်ကို ရပ်လိုက်ပြီး ပြန်နှိုးပေမယ့် မအောင်မြင်ခဲ့ကြောင်း ထိုင်ဝမ် လေကြောင်း လုံခြုံရေး ကောင်စီ ညွှန်ကြားရေးမှူး Thomas Wang က ပြောပါတယ်။

လေယာဉ်မောင်းတံ ကိုင်လျက်သား သေဆုံးခဲ့တဲ့ လေယာဉ်မှူး Liao Chien-tsung ကို မြေပြင်ပေါ်က တိုက်တာ အဆောက်အအုံတွေကို ဝင်မတိုက်အောင် ထိန်းကြောင်း ခဲ့တဲ့ အတွက် တိုင်ပေ မြို့တော်ဝန်က ချီးကျူးခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လူ ၅၈ ဦး လိုက်ပါလာခဲ့ပြီး ၁၅ ဦး အသက်ရှင် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150206_taiwan_plane_black_box_lost_power

တောတွင်းမှာ ကင်းလှည့်နေတဲ့ အစိုးရစစ်သားများ /photo: RFA/Moe Thu Aung
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေကြား ဒီသီတင်းပတ်အတွင်း တိုက်ပွဲတွေပြင်းထန် လာခဲ့ရာမှာ နှစ်ဖက်အကျအဆုံး အနည်းဆုံး ၂ဝ ၀န်းကျင်ရှိမယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက် Facebook စာမျက်နှာမှာတော့ တနင်္လာနေ့ ကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အစိုးရတပ်ဘက်က ၉ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အအဖွဲ့တွေဘက်က ၁၁ ဦး ကျဆုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

TNLA တအာင်းတပ်မတော် တပ်မှူးကြီး တာ့ဖုန်းကျော် ကတော့ အကျအဆုံးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"နှစ်ဖက်အကျအဆုံးတွေ နည်းနည်းများတယ်လို့ သိရတယ်၊ နှစ်ရက် သုံးရက်တိုက်ပွဲတွေက ကျနော်တို့ဘက်ကလည်း အကျအဆုံးရှိပါတယ်၊ စာရင်းအတိအကျတော့ ကျနော်တို့ဆီ မလာသေးပါဘူး"

TNLA တအာင်းတပ်မတော် ဗိုလ်မှူး တာ့ပန်လှကတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ သုံးရက်၊ အင်္ဂါနေ့မှာ အစိုးရတပ်က ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ရွာသူရွာသားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

ဒါ့ပြင် TNLA က ဘိန်းခင်းတွေဖျက်တဲ့အတွက် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာတွေရှိတယ်လို့ တပ်မှူးကြီး တာ့ဖုန်းကျော်က ပြောပါတယ်။

"ကျနော်တို့ဘက်ကလည်း တချို့နယ်မြေတွေမှာ ဘိန်းခင်းတွေရှိတယ်၊ ကျနော်တို့ ဘိန်းခန်းတွေ လိုက်ဖျက်တယ်၊ ခြံပိုင်ရှင်တွေက အစိုးရတပ်ဖက်ကို သွားအကူအညီတောင်းတာနဲ့ တူပါတယ်၊ ဘယ်လိုဖြစ်ကြလဲတော့ မသိဘူး၊ အဲဒီ့မှာ နောက်ပိုင်းတော့ တိုက်ပွဲတွေပိုပြီးစိပ်လာတယ်၊ ကျနော်တို့ နယ်ဖက်ကိုလည်း အစိုးရတပ်ဖက်က လှုပ်ရှားမှုတွေပိုများလာတယ်၊ ထိုးစစ်တွေပိုများလာတယ်၊ အဲဒီ့အတွက်ကြောင့်ပဲ တိုက်ပွဲတွေပိုများလာတာပါ"

ဗိုလ်မှူး တာ့ပန်လှကလည်း ဘိန်းခင်းဖျက်လို့ တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရတပ်က ၉ ဦး၊ TNLA ဘက်က တစ်ဦး ကျဆုံးတယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/govt-army-battle-with-tnla-02052015224004.html

ဖေဖော်ဝါရီလ ၅ ရက်နေ့က ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပန်းတနော်မြို့ကို ချီတက်လာစဉ် / Photo: Kyaw Lwin Oo/RFA
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေ ကြတဲ့ ကျောင်းသား ကျောင်းသူတွေ ဖြတ်သွား မယ့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာမှာ ရဲဝန်ထမ်း ၂၀၀ လောက် ရောက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ့ရဲဝန်ထမ်းတွေက ပြီးခဲ့တဲ့နှစ်ရက်လောက် က ရောက်ရှိလာတာဖြစ်ပြီး ရွာထဲမှာ နေရာယူ ထားတယ်လို့ ဆတ်သွားကျေးရွာသား ကိုဇော်မင်းထွန်း က ပြောပါတယ်။

"အခု ဆပ်သွားမှာဆိုရင် နှစ်ညလောက်ရှိသွားပြီပေါ့၊ သူတို့အဖွဲ့ရောက်လာတာလေ၊ ၂ဝဝ လုံး တပ်စွဲ ထားတဲ့ပုံစံမျိုးပဲဗျ၊  မြင်နေရတာပေါ့၊ ရွာထဲက ဘာတွေဖြစ်လာဦးမလဲ ဆိုတဲ့ဟာအထိ တွေးကုန် တာပေါ့၊ ကျနော်တို့က အရေးပေါ်ကော်မတီတစ်ခု ဖွဲ့ပြီးတော့ လိုလေသေးမရှိ ပြီးပြည့်စုံအောင် ဆောင် ရွက်နေကြတယ်ဗျ"

သပိတ်ကျောင်းသား ကျောင်းသူတွေဟာ ဒီနေ့ မှာတောင်တွင်းကြီးမြို့နယ်ထဲကို ရောက်ရှိနေပြီး မနက်ဖြန် နေ့လယ် ပိုင်းမှာ ဆတ်သွားကျေးရွာကို ရောက်ရှိမှာဖြစ်ပါတယ်။

ရဲဝန်ထမ်း ၂၀၀ လောက် ဆတ်သွားကျေးရွာမှာ နေရာချထားတာနဲ့ ပတ်သက်ပြီး ဆတ်သွားရဲစခန်းကို မေးမြန်းရာ မှာ ဖြေဆိုဖို့ ငြင်းဆန်ုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က ကျောင်းသားကျောင်းသူ တစ်ရာနီးပါးလောက်ကလည်း ပူးပေါင်းပြီး ရန်ကုန်မြို့အထိ ချီတက်မယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဝေမိုးနိုင်က ပြောပါတယ်။

"ကျနော်တို့ မုံရွာစစ်ကြောင်းက မနက်ဖြန် မနက်ပိုင်းမှာ ကားတွေနဲ့ ပခုက္ကူမြို့ကို သွားမှာပါခင်ဗျ၊ ပခုက္ကူမြို့မှာ ကျောင်းသားတွေရှိတယ်၊ နောက်ပခုက္ကူမြို့နဲ့ နီးစပ်တဲ့ မြေလတ်ဒေသမြို့တွေပေါ့နော် မကွေးရှိမယ်၊ ရေနံချောင်းရှိမယ် အဲဒီ့က ကျောင်းသားတွေအားလုံး ပခုက္ကူစစ်ကြောင်းကနေ ပူးပေါင်းပါဝင်လာပြီးတော့ ကျနော်တို့ မုံရွာကျောင်းသားတွေကလည်း ပခုက္ကူစစ်ကြောင်းကနေ ပူးပေါင်းပြီး ပခုက္ကူကနေ ချောက်၊ ရေနံချောင်း၊ မကွေး၊ ပြည် နောက်ဆုံး ရန်ကုန်အထိ ချီတက်သွားမယ်ဗျ"

အလားတူ ဧရာဝတီတိုင်း ပုသိမ်မြို့ကနေထွက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဒီနေ့ည ပန်းတနော်မြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ရာမှာပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘတွေကို ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ဒီနေ့ ပုသိမ်မြို့က တိုင်းဒေသကြီးအစိုးရရုံး မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ကျောင်းသား ကျောင်းသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ခေါ်ယူ အသိပေးတာလို့ ဒီနေ့တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းဌေးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/200-security-police-deploy-in-sattwar-village-02052015093523.html

သတင်းဓာတ်ပုံ – ဝေဖြိုး
အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး အတွက် ဆန္ဒပြနေတဲ့ ထားဝယ်သပိတ်မှောက် စစ်ကြောင်းဟာ မော်လမြိုင် ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး ရန်ကုန်ကို ချီတက်ကြမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ထားဝယ် တကသ၊ အကသ ကျောင်းသူ ကျောင်းသား အင်အား ၅၀ ကျော်လောက်ပါဝင်တဲ့ ဒီမိုကရေစီ ပညာရေး ထားဝယ်သပိတ်စစ်ကြောင်းဟာ ဒီနေ့ ထားဝယ်မြို့တွင်းမှာ လှည့်လည်ဆန္ဒပြ ခဲ့ပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ရှေ့မှာ ဟောပြောခဲ့ကြပါတယ်။

ထားဝယ်ခရိုင် သပိတ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ထားဝယ်မြို့တွင်း လှည့်လည်ဆန္ဒပြမှာဖြစ်ပြီး ၈ ရက်နေ့ကျရင် ကားနဲ့မော်လမြိုင်ကို သွားမယ်လို့ ဆိုပါတယ်။

မော်လမြိုင်က ကျောင်းသားသမဂ္ဂ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ထိ ဆက်လက်ချီတက်ကြမှာ ဖြစ်ပါတယ်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ထားဝယ်သပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့ကတည်းက စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်စဉ်က ရပ်နားခဲ့ပြီး အခုပြန်လည် သပိတ်မှောက်နေကြတာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/80364

အစိုးရတပ်ဖွဲ့ဝင်အချို့
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရတပ် နဲ့ တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရွာသားတွေ သေဆုံးဒဏ်ရာရကြသလို  ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေ လည်း ထောင်ချီ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက် နဲ့ ၃ ရက်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေ ယာဉ်ပေါ်ကနေ ပစ်ချတဲ့ ကျည်ဆန်ကြောင့်  ကိုယ်ဝန်ဆောင်မိခင် ၁ ဦးနဲ့ ရွာသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး နဲ့ လူကြီး ၁ ဦး ဆေးရုံပို့ထား ရတယ်လို့  တအာင်းအမျိုး သမီးအဖွဲ့အစည်း အထွေအထွေ အတွင်းရေးမှူး ဒီဒီပို့ကျိန်းက ပြောပါတယ်။

“၃ ရက်နေ့တိုက်ပွဲမှာ ပန်ထိကဆိုတဲ့ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပါတယ်။ နောက် အဲဒီရွာကပဲ တခြားအမျိုးသားတယောက်လည်း ဗိုက်မှာဒဏ်ရာရပြီးမှ သေဆုံးတယ်။ ကလေး ၂ ယောက်ကလည်း ဗိုက်မှာထိတယ်။ မြတ်စေတနာလူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကို ခေါ်သွားပါတယ်၊ နောက်ထပ်ရွာသား တယောက်က မိုးကုတ်ဆေးရုံမှာ။”

ဒါ့အပြင် မိုးကုတ် နဲ့ မိုးမိတ် မြို့နယ် ၂ ခုကြားက ရွာတွေဖြစ်ကြတဲ့ လွယ်ဆာ၊ လွယ်လင်၊ ပန်ခါ၊  ရွှေညောင်ပင် ဆိုင်လင်၊ လွယ်ဟိန်း၊ ပိန်းပျစ်၊ ပန်တင်ဟုန်း၊ ပန်ထိက  စတဲ့ ရွာက လူတွေလည်း တောထဲကို တချို့၊ မြို့ပေါ် ဘုန်းကြီးကျောင်းတွေကို တချို့ ထွက်ပြေးလာတယ်လို့ သူကဆက်ပြောပါတယ်။

ထွက်ပြေးလာတဲ့ ရွာသားပေါင်း ၂  ထောင်လောက်ရှိမယ်လို့ ခန့်မှန်းရပြီး မိုးကုတ် အရှေ့ရွာ ဘုန်းကြီးကျောင်း၊ လယ်ဦးအောင်တော်မူ၊ ပိတ်စွယ်၊ ညောင်လေးပင်၊  ရှမ်းကျောင်း၊ ဘုရားငါးဆူ နဲ့ အောင်မင်္ဂလာ အစရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ၀င်ရောက်ခိုလှုံနေတယ်လို့ သူကဆက်ပြောပါတယ်။

ရွာသားတွေအတွက် စားနပ်ရိက္ခာကို ဘုန်းကြီးကျောင်း၊ မိုးကုတ်မြို့ခံတွေနဲ့ ကြက်ခြေနီ၊ မြို့နယ်အုပ်ချုပ်ရေးဌာနအပြင် လူမှုရေးအဖွဲ့အစည်းကလည်း လာရောက်ထောက်ပံ့ လှူဒါန်းကြ တယ်လို့ ဆိုပါတယ်။

မြို့ပေါ်မရောက်ဘဲ နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ တောထဲမှာ၊ လယ်တဲတွေမှာ သွားနေနေကြတဲ့ ရွာသားတွေလည်း ရှိတယ်လို့ ဒီဒီပို့ကျိန်းက ပြောပါတယ်။

မိုးကုတ်မြို့နယ် ကတွတ်သျှို ရွာဦးကျောင်းတိုက်က ဆရာတော် ဦးအာစရကလည်း တောထဲမှာ ရှိတဲ့ ရွာသားတွေကို သွားရောက်ကယ်ထုတ်ခဲ့ကြောင်း မိန့်ပါတယ်။

“ရွှေညောင်ပင် နဲ့ ဆိုင်းလိင်ဆိုတဲ့ ရွာ ၂ ရွာက တိုက်ပွဲကြားမှာ ပိတ်မိနေတာလေ။ အဲဒါရွာသားတွေက မနေရဲဘဲ တောထဲထွက်ပြေးတယ်။ ဒဏ်ရာရတဲ့လူတွေလည်း ရှိတယ်ဆိုလို့ တိုက်ပွဲငြိမ်သွားတာနဲ့ ဦးဇင်းတွေက တောထဲကလူတွေလိုက်ခေါ်တာ၊ တရုတ်ရွာက တယောက်ဆို လယ်တောထဲမှာ ဒဏ်ရာတွေနဲ့ လဲနေတယ်။ သူ့လက်မောင်းနဲ့ ရင်ဘတ်မှာ ကျည်ဆန်ထိတယ်၊ သွေးထွက်လွန်ပြီး သတိမေ့သလိုဖြစ်နေတာ၊ ဆိုင်ကယ်နဲ့ တင်လာရတယ်။”

အဲဒီတရုတ်ရွာကပဲ ကျည်သင့်တဲ့ တခြား အမျိုးသားတဦး သေဆုံးသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

သူတို့ကျောင်းတိုက်ကနေ တဆင့် မိုးကုတ်ဆေးရုံကို ပို့ဆောင်ပေးရသူ လူနာ ၃ ဦးရှိပြီး နောက် ၂ ဦးက အခြားရွာ က လာတာလို့ ဆိုပါတယ်။

မိုးကုတ် – မိုးမိတ်ကားလမ်း အရှေ့ဘက်မှာ တပ်မတော်စစ်ကြောင်းက နယ် မြေရှင်း လင်းရေးလုပ်ရင်း ဖေဖော်ဝါရီ ၂ ရက် နဲ့ ၃ ရက်မှာ တီအန်အယ်လ်အေ တအာင်း တပ်နဲ့ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်က စစ်သည် ၅ ဦး ကျဆုံး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ တီအန်အယ်လ်အေ က်က အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိ တယ်လို့  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/80312

ဝန်ကြီး ဦးဝင်းကိုကို ကျောင်းသားများကို ညှိနှိုင်းဆွေးနွေးစဉ်
ဧရာဝတီ သပိတ်စစ်ကြောင်း ရန်ကုန်ကို မချီတက်ဘဲ ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှာသာ သပိတ်မှောက်ဖို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီး အချို့က သပိတ်စစ်ကြောင်း ညအိပ်တည်းခိုရာ နေရာကို မနေ့ညက လာရောက် ဆွေးနွေး ခဲ့ပါတယ်။

သပိတ်စစ်ကြောင်း ညအိပ်တည်းခိုရာ ပန်းတနော်မြို့ ညောင်ပင်သာ ဘုန်းကြီးကျောင်းမှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုအပါအ၀င် ၀န်ကြီး ၂ ဦး၊ ဆရာဆရာမတွေနဲ့ မိဘတချို့ လာရောက်ညှိနှိုင်းခဲ့ကြတာပါ။

ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက “ကျနော်တို့က တခုခုဖြစ်မှာကို စိုးရိမ်တယ်။ ကျနော်တို့က အထွေထွေသပိတ်ကိုလည်း တားဆီးခြင်း မပြုဘူး။ စစ်ကြောင်းကို တတ်နိုင်သလောက် အဆင်ပြေအောင် ကျနော်တို့ နောက်ကွယ်ကနေ ကူညီပေးမယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်တိုင်းထဲမှာပဲ လုပ်ပါ။ ဦးတို့က ဒီလိုဆန္ဒရှိတယ်ဆိုတာ လာပြောတာပါ။”

သပိတ်စစ်ကြောင်း ဦးဆောင်သူတွေကတော့ မူလရည်မှန်းချက်အတိုင်း ရန်ကုန်ထိ ချီတက်မယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ သပိတ်စစ်ကြောင်းမှာပါဝင်နေတဲ့ ၁၀ တန်းကျောင်းသူ မချောစုစံကို သူ့ဆရာမတွေကိုယ်တိုင် ကျောင်းပြန်တက်ဖို့ လာရောက်ခေါ်ဆောင်ခဲ့ပေမယ့် သပိတ်စစ်ကြောင်းနဲ့အတူ ဆက်လက်ချီတက်ပြီး စာမေးပွဲ ပြန်လာဖြေမယ့်အကြာင်း  ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်ခေါ်ချိန်မပြည့်လည်း ထူးခြားဖြစ်စဉ်အရ  စာမေးပွဲဖြေခွင့်ပေးမယ့် အကြောင်းလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်က ပြောကြားထားကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက  ပြောပါတယ်။

“ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက် မဖြေရဘူးဆိုတာ ကျော်လွှားပေးပါဆိုပြီး ကျနော်တို့က ပြည်ထောင်စုအစိုးရကို တင်ပြတောင်းခံခဲ့တယ်။ ဒီနေ့တော့ အဲဒီခွင့်ပြုချက် ရပြီ။ သပိတ်စစ်ကြောင်းကို သမီးစိတ်ဆန္ဒရှိရင်လည်း ဆက်လိုက်သွားလို့ရတယ်။ ဒါပေမယ့် စာမေးပွဲဖြေချိန်မှာတော့ ဖြေဖို့၊ သမီးကိုတော့ ထူးခြားဖြစ်စဉ်အနေနဲ့ စာမေးပွဲဖြေခွင့်ပြုတယ်။”

ဒီမိုကရေစီပညာရေး ဧရာဝတီသပိတ်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစတင်ပြီး ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး လမ်းအတိုင်း ရန်ကုန်အထိ လမ်းလျှောက်ချီတက်နေကြတာပါ။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီမှာ ပန်းတနော်မြို့ကို ရောက်ရှိပြီး မြို့သူမြို့သား ၁ သောင်းကျော်လောက်  မြို့အ၀င်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

 By webteam (DVB)
http://burmese.dvb.no/archives/80349


စစ်အာဏာရှင် အုပ်ချုပ်ရေး စနစ်ကနေ ဒီမိုကရေစီ အပြောင်းအလဲ ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို ဥပမာပေးပြီး မြောက်ကိုရီးယား အနေနဲ့ စံနမူနာ ယူသင့်ကြောင်း အမေရိကန် ထိပ်တန်း သံတမန် တဦးက ပြောကြားလိုက်ပါတယ်။ နိုင်ငံတနိုင်ငံ အပြောင်းအလဲ ဖြစ်ဖို့ ဆိုတဲ့ နေရာမှာ အစိုးရတရပ်လုံးကို ပြောင်းပစ်လိုက်ဖို့ မလိုအပ်ပါဘူး ဆိုပြီးတော့ မြန်မာနိုင်ငံကို ဥပမာပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဦးစံမိုးဝေ က ပြောပြပါလိမ့်မယ်။

အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က အဲ့ဒီ့လို ဥပမာပေး ခိုင်းနှိုင်းပြောဆိုသွားတာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဗုဒ္ဓဟူးနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ချိန် အတွင်း မြောက်ကိုရီးယားနဲ့ ဆိုင်တဲ့ မေးခွန်း တခုကို ပြန်လည်ဖြေကြားရာမှာ မစ္စတာ Russel က မြန်မာနိုင်ငံကို ဥပမာပေးပြောဆိုသွားခဲ့တာပါ။ တချိန်တုန်းက စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကို တွေ့ရတဲ့အကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နိုင်ငံဖြစ် ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်ဟာ သူတို့ကိုယ် သူတို့ ဆန်းသစ်ခဲ့ကြတယ်။ တံခါးဖွင့်ပေးတယ်။ ဒီလိုလုပ်တဲ့ အပြောင်းအလဲကြောင့် သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ စီးပွားရေး အထောက်အကူတွေ ဝင်လာမစဲ ဖြစ်လာပါတယ်။”

မြန်မာနိုင်ငံဟာ ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးတော့ ၂၀၁၁ခုနှစ်မှာ အရပ်သား အစိုးရစနစ်နဲ့ အုပ်ချုပ်လာခဲ့တာပါ။ စစ်တပ်တပိုင်း အရပ်သား အစိုးရကို တချိန်တုန်းက စစ်အစိုးရလက်ထက် ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သမ္မတတာဝန် ရယူထားတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ ရာထူး တာဝန်အများစုကိုလည်း အငြိမ်းစားယူထားကြတဲ့ အရင်က စစ်ဖက် အကြီးအကဲတွေက ရယူထားဆဲဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လွှတ်တော်ရဲ့ အမတ်နေရာ ၂၅% ကိုလည်း စစ်တပ်က ရယူထားဆဲဖြစ်ပါတယ်။ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အဓိက အတိုက်အခံပါတီတို့က တောင်းဆိုနေပေမဲ့ တိုးတက်မှု အလားအလာ တစုံတရာ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာ ပြဿနာတွေ အများကြီးရှိနေသေးပေမဲ့ ငြိမ်းချမ်းပြီးတော့ အလားအလာကောင်းတွေ တွေ့နေရတယ်လို့ မစ္စတာ Russel က ပြောပါတယ်။

“မှန်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံမှာ ပြဿနာတွေ အများကြီး ရှိနေတုန်းပါ။ ဒါပေမဲ့ စီးပွားရေး ကဏ္ဍပြောင်းလဲနေပါပြီ။ မြန်မာနိုင်ငံသားတွေရဲ့ လူနေမှု ဘဝတွေ ပြောင်းလဲလာနေပါပြီ။ အခွင့်အရေးတွေ လမ်းပွင့်နေ ပါပြီ။ နောက်ပြီး နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှု ပမာဏနဲ့ မြန်မာနိုင်ငံ အပေါ် ထောက်ခံမှုတွေဟာ တော်လှန်ရေးတရပ် ဆင်နွှဲပြီးတော့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတွေကြောင့် မဟုတ်ပါဘူး။ အခြေအနေက ကျနော်တို့မြင်ကြတဲ့အတိုင်းပဲ ငြိမ်းချမ်းပြီးတော့ အလားအလာတွေပြည့်နေတဲ့ အပြောင်းအလဲပါ။”

ဒါကြောင့်လည်း မြောက်ကိုရီးယားမှာ အပြောင်းအလဲဖြစ်ဖို့ရာဟာ မြန်မာနိုင်ငံက ဥပမာပြနေသလိုပဲ အစိုးရအပြောင်းအလဲ တမျိုး ဖြစ်ဖို့က မလိုပါဘူးလို့ မစ္စတာ Russel က နမူနာပေး ပြောဆိုသွားတာပါ။ မစ္စတာ Russel က အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အနေအထားနဲ့ ပတ်သက်ပြီး ပြောဆို ရာမှာ သမ္မတ အိုဘားမားဟာ လက်ရှိ သမ္မတတစ်ဦး အနေနဲ့ မြန်မာနိုင်ငံ ကို နှစ်ကြိမ်တိတိ သွားရောက်လည်ပတ်ခဲ့သလို မြန်မာသမ္မတ ဦးသိန်းစိန်ဟာလည်း ဝါရှင်တန်ကို လာရောက်လည်ပတ်ခဲ့ကြောင်း ပြောဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်တာ ကာလအတွင်းမှာ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံမှုတွေ အဆက်မပြတ်ပြုလုပ်ခဲ့သလို အမေရိကန် လွှတ်တော်အမတ်တွေ ထိပ်တန်းအရာရှိတွေဟာလည်း မကြာခဏ သွားရောက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အခုလတ်တလောမှာကို အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အကြီးတန်း ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marcielဟာ မြန်မာနိုင်ငံမှာ ၄ရက် ခရီးရောက်ရှိနေပါတယ်။ မစ္စတာScott Marciel ဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ် ရန်ကုန်၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တို့ကို သွားရောက်မှာဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးစံမိုဝေ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/north-korea-us-myanmar/2630960.html

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်း သားတွေ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ချီတက်လာစဉ် / Photo: Hset Paing Toe/RFA
ကျောင်းသားတွေရဲ့ သပိတ်မှောက်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက မနေ့ကရက်စွဲ နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသားတွေရဲ့ ပညာရေးဆိုင်ရာဆန္ဒတွေကို အစိုးရအဖွဲ့က လွှတ်တော်ကိုတင်ပြပြီး၊ ဆောင်ရွက်ပေး နိုင်တာကို ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း၊ ပညာရေးကိစ္စကိုအကြောင်းပြပြီး ဆူပူအောင် ကျောင်းသား အမည်ခံတွေ၊ နောက်ကွယ် ကကြိုးကိုင်နေသူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ က ကျောင်းသားတွေကို အသုံးချနေတဲ့အကြောင်းနဲ့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရဟန်းရှင်လူပြည်သူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမျိုးစုခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက အစိုးရနဲ့ပူးပေါင်းစေလိုတဲ့အကြောင်း ဖေါ်ပြထားပါတယ်။

အခုလိုရေးသားထားချက်အရ အကြမ်းဖက်နှိမ်နင်းခံ ရမယ့်အရေးကို စိုးရိမ်မိတယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုနန္ဒာစစ်အောင် ကပြောပါတယ်။

ဒါ့အပြင် အစိုးရရဲ့ကြေညာချက်ကြောင့် ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်စေနိုင်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ရဲသူကလဲ ပြောပါတယ်။

"ကျနော်တို့ကို ဆူပူမှုလုပ်နေတဲ့လူတွေလို့ မြင်တာပေါ့၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သွားနေတဲ့အချိန်မှာ အဲ့လို ကြေညာချက်ထုတ်တာ  မကောင်းဘူးပေါ့နော်"

ဒီမိုကရေစီပညာရေးနဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပြန်ကျင်းပနိုင်ဖို့အတွက် သပိတ်ကိုလှန်မှာမဟုတ် သလို၊ ဖြစ်လာသမျှကိုရင်ဆိုင်ဖို့လည်း အသင့်ပြင်ထားကြတယ်လို့ ကျောင်းသားတွေကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/students-worry-government-violence-02052015235913.html


ဝါရှင်တန် ၊ ၆-၂-၂၀၁၅

၁၉၉ဝ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင် ဆော်ဒီအာရေဗျ တော်ဝင် မိသားစုက ၄င်းတို့၏ အကြမ်းဖက် အဖွဲ့အစည်း သို့ ငွေကြေး သန်းပေါင်း များစွာ ထောက်ပံ့ခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု တွင် အကျဉ်းချ ခံနေရသည့် အယ်လ်ကိုင်ဒါ စစ်သွေးကြွ တစ်ဦးက ဖွင့်ဟ ပြောကြား ခဲ့သည်ဟု သိရသည်။

အသက် ၄၆ နှစ် အရွယ်ရှိ ပြင်သစ်လူမျိုး တရားခံ ဇာကရစ်မူဆာဝီ က အဆိုပါ ဖွင့်ဟ ပြောကြားချက်ကို ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံ ရမှုနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၃ ရက်က နယူးယောက် တရားရုံးတွင် စစ်ဆေးရာ၌ သက်သေ ထွက်ဆို ခဲ့ခြင်း ဖြစ်သည်။ အယ်လ်ကိုင်ဒါ အဖွဲ့အား ဆော်ဒီမင်းသား တာကီ အယ်လ်ဖေဆယ်၊ ဆော်ဒီ ထောက်လှမ်းရေး အကြီးအကဲ မင်းသား ဘင်ဆူလ်တန်၊ ဆော်ဒီနိုင်ငံမှ ဘီလျံနာသူဌေး စီးပွားရေး လုပ်ငန်းရှင် မင်းသား အယ်လ်ဝါလိဒ် ဘင်တာလယ် အပါအဝင် ဆော်ဒီ တော်ဝင် မိသားစုက ငွေကြေး ထောက်ပံ့မှုများ ပြုလုပ် ခဲ့ကြောင်း အကျဉ်းသား ဖြစ်သူ မူဆာဝီ က ထွက်ဆိုခဲ့သည်။

ယင်း ငွေကြေး ထောက်ပံ့မှု များနှင့် ပတ်သက်၍ ကွယ်လွန် သွားပြီဖြစ်သည့် အိုစမာ ဘင်လာဒင် က မှတ်တမ်းများ သိမ်းဆည်း ထားလိုကြောင်း 9/11 တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံ နေရသည့် မူဆာဝီ က ပြောကြား ခဲ့သည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် ဆွေးနွေးရန် ဝါရှင်တန်မြို့ ရှိ ဆော်ဒီသံရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကန်ဒဟာ နှင့် တွေ့ဆုံခဲ့ကြောင်း နှင့် တိုက်ခိုက်မည့် နေရာကို ရှာဖွေရန် အတွက် ၄င်း တာဝန်ရှိသူ တစ်ဦးနှင့် ပင် ထပ်မံတွေ့ဆုံ ခဲ့ကြောင်း မူဆာဝီ က ဆိုသည်။

မူဆာဝီ ကို အမေရိကန် အစိုးရက ၂ဝဝ၆ ခုနှစ်တွင် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး ၄င်းသည် ကော်လိုရာဒို ပြည်နယ်ရှိ ဖလောရင့်စ် အကျဉ်းထောင် တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသူ ဖြစ်သည်။

ထို့ပြင် ၄င်းက အိုစမာ ဘင်လာဒင် သည် ဆော်ဒီတော်ဝင် မိသားစုဝင် များနှင့် တိုက်ရိုက် စာချုပ်ချုပ်ဆို မှုများ ပြုလုပ်ခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ၄င်း၏ စွပ်စွဲမှု များနှင့် စပ်လျဉ်း၍ ဝါရှင်တန်မြို့ ရှိ ဆော်ဒီသံရုံး က ဆော်ဒီအာရေဗျ နှင့် အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရေး ကို ပျက်စီးရန် အလို့ငှာ စွပ်စွဲပြောဆို နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စွပ်စွဲမှုများကို ငြင်းဆို ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/02/blog-post_7.html


လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းထား ခဲ့သော အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားများ တောင်းဆို ထားသော အချက် (၁၁) ချက်အား လိုက်လျော ပေးခြင်း မရှိဘဲ အချိန်ဆွဲ နေသည့် အတွက် မုံရွာမြို့မှ တက္ကသိုလ် ကျောင်းသား (၂၀၀) ကျော် တို့သည် ယခုလ (၅) ရက် နေ့မှ စတင်ကာ သပိတ် စစ်ကြောင်းကို စတင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ အဆိုပါ သပိတ် စစ်ကြောင်းတွင် မုံရွာ တက္ကသိုလ်၊ မုံရွာ စီပွားရေး တက္ကသိုလ် နှင့် နည်းပညာ တက္ကသိုလ်မှ ကျောင်းသားများ အပြင် အထက်တန်း၊ အလယ်တန်း ကျောင်း များပါ လိုက်ပါခဲ့ ကြကြောင်း သိရပြီး၊ မုံရွာ တက္ကသိုလ်သို့ ချီတက် ရာတွင် ကျောင်းဝင်း တံခါးများ ပိတ်ဆို့ ထားသည်ကို ကြုံခဲ့ ရကြောင်း သိရသည်။ မုံရွာမြို့မှာရှိတဲ့ တက္ကသိုလ် ကျောင်းသားထု တွေက ပညာရေး ဥပဒေ မူကြမ်းကို လုံးဝကို ကန့်ကွက် ပါတယ်။ ပြီးတော့ ကျောင်းသားတွေကို မလိမ့်တစ်ပတ် လုပ်ပြီး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ကျောင်းသားတွေက သမ္မတ နေရာကို လုနေတာ မဟုတ်ပါဘူး။ နောင်လာ နောက်သားတွေ အတွက် ပညာရေးကို အဆင့်မြင့်စေ ချင်လို့ တောင်းဆိုနေကြ တာပါ။ ဒါကို အစိုးရက လက်မခံဘူး။ ဒါကြောင့် မုံရွာမြို့က ကျောင်းသားတွေက သပိတ် စစ်ကြောင်းကို စတင်ခဲ့ကြတာပါ ဟု မုံရွာ တက္ကသိုလ်မှ ကျောင်းသားခေါင်း ဆောင် ကိုဝေမိုးနိုင်က The Messenger Media သို့ ပြောသည်။ ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက်ကြောင်း သပိတ်မှောက် ဆန္ဒ ထုတ်ဖော်နေစဉ် သက်ဆိုင်ရာ အာဏာပိုင် များနှင့် တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမ များက လာရောက် တားဆီး ခဲ့ကြောင်း သိရ သည်။

သမီးအစ်ကိုတွေ ဆိုရင် ဘွဲ့ရပြီး သွားပြီ။ ဘာမှ လုပ်စားလို့ မရပါဘူး။ သမီး ကိုယ်တိုင်လည်း ကျက်ဖြေ စနစ်ကို မနှစ်သက်ဘူး။ ဒီမိုကရေစီ ပညာရေးကို လိုလားတယ်။ လွတ်လပ်စွာ တွေးခေါ် နိုင်တဲ့ အဆင့်မီတဲ့ ပညာရေးကို လိုလား ပါတယ်။ အခုလို သပိတ် စစ်ကြောင်းကို လိုက်ခဲ့ တာဟာ သမီးကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့်ပါ။ ဘယ်သူမှ ဖိအားပေးခဲ့ တာမျိုး မရှိခဲ့ပါဘူး။ အခုလို သပိတ်မှောက်တဲ့ အထဲမှာပါလို့ ကျောင်းထုတ်မယ် ဆိုလည်း အထုတ်ခံနိုင် ပါတယ် ဟု မုံရွာမြို့ ၊ အထက(၄) မှ သတ္တမတန်း ကျောင်းသူ မသူဇာအောင်က The Messenger Media သို့ ပြောသည်။

ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက် ဆန္ဒ ထုတ်ဖော် ခဲ့သည့် သပိတ် စစ်ကြောင်းအား မုံရွာ စီပွားရေး တက္ကသိုလ်မှ စတင်၍ပြီး၊ မုံရွာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်မှ တစ်ဆင့် မုံရွာမြို့ ၊ ဗိုလ်ချူပ် လမ်းမကြီး အတိုင်း ချီတက်ကာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချူပ် ကြေးရုပ်ရှေ့တွင် ဟောပြောပွဲများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လင်းလင်းမောင်
The Messenger Media
http://www.messengernewsjournal.com/news/Local/detail.php?id=31397