02/08/15

'The Voice ဂျာနယ်နဲ့ 7days ဂျာနယ်လည်း ပါတယ်''
ကျောင်းသားလှုပ်ရှားမှုအပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှုကျဆင်းအောင် ကြိုးစားနေတယ်။ အဲသလိုကြိုးစားတဲ့ အထဲမှာ အစိုးရမီဒီယာတွေသာမက The Voice ဂျာနယ်နဲ့ 7days ဂျာနယ်လည်း ပါတယ်။ အဲဒီဂျာနယ်တွေဟာ ကျောင်းသားလှုပ်ရှားမှုကို သိက္ခာချတဲ့ အရေးအသားတွေ လူထုအထင်မှားမယ့် အရေးအသားတွေ ကျောင်းသားအချင်းချင်း စိတ်ဝမ်းကွဲမယ့်အရေးအသားတွေကို အားသွန်ခွန်စိုက်ရေးနေတယ်။ The Voice ရဲ့ အာဘော်က နေဝင်းမောင်၊ လှမောင်ရွှေ၊ ကျော်ဝင်းတို့ရဲ့ အာဘော်ကို ဆက်လက်ဆက်ခံတဲ့ သူ့သားသမီးတွေရဲ့ အရေးအသားပါပဲ။ MPC လှမောင်ရွှေဟာ အီးဂရက်လှမောင်ရွှေဆိုတာကို မမေ့ပါနဲ့။ နေဝင်းမောင်ရဲ့ မိတ်ဆွေ ဂလိုဘယ်ကျော်ဝင်းဟာ လွှတ်တော်အကြံပေးဆိုတာ မမေ့ပါနဲ့။ 7days ကတော့ စစ်ဗိုလ်ချုပ်ခရိုနီတွေရဲ့ ငွေကြေးအထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ဂျာနယ်ပီပီ သူတို့ဗိုလ်ချုပ်တွေရဲ့ အကျိုးဘက်က ရပ်တည်ရေးသားတာဖြစ်ပါတယ်။''
ကျောင်းသားလှုပ်ရှားမှုဟာ ကြံ့ဖွတ်ပါတီ၊ ကြံ့ဖွတ်အစိုးရ၊ ကြံ့ဖွတ်လွှတ်တော်အတွက် အကျပ်အတည်းပဲ။

ကျောင်းသားလှုပ်ရှားမှုကို သူတို့လုံးဝမကြိုက်တာတော့ အားလုံးအသိပဲ။ အရင်တုန်းကလိုဆိုရင် ပစ်ပြီး ရိုက်ပြီးတာ ကြာလှပြီ။ ခုဟာက ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုဆီက မဲရဖို့ သူတို့က မျှော်လင့်နေတဲ့အချိန်။ ဗုဒ္ဓဘာသာတွေကို မွတ်ဆလင်တွေနဲ့ ရန်တိုက်၊ ဘာသာရေး အဓိကရုဏ်းတွေဖန်တီးပြီး သူတို့မဲဆွယ်ထား တာ တော်တော်ရနေပြီလို့လည်း သူတို့ထင်နေတဲ့အချိန်။ အဲသလို အချိန်မျိုးမှာ ကျောင်းသားလှုပ်ရှားမှုကို ရိုက်နှက်ဖြိုခွဲလိုက်ဖို့က သူတို့အတွက် တော်တော်ခက်နေတယ်။ ကျောင်းသားကို မိဘပြည်သူက သိပ်ချစ်တယ်။ ကျောင်းသားကို သူတို့ရိုက်လားနှက်လားလုပ်ရင် မဲတပြားမှ မရမှာ သေချာတယ်။ အဲဒါကြောင့် ရိုက်ဖို့ သိပ်ခက်တယ်။

မရိုက်ပြန်ဘူးဆိုပြန်တော့လည်း လူထုထောက်ခံမှုက တဖြည်းဖြည်းတက်နေတယ်။ ကျောင်းသားတွေကို ထောက်ခံတဲ့လူထုကြီးဟာ သူတို့ကို မကြိုက်ဘူးဆိုတာ ပြနေတဲ့ အဓိပ္ပာယ်ဆောင်နေတယ်။ အဲဒီတော့ ရှက်လည်း ရှက်၊ နာလည်းနာတယ်။ ဒီ့ထက်ပိုကြီးလာမှာကို ကြောက်လည်း ကြောက်တယ်။

အဲဒီလို ရှက်၊ နာ၊ ကြောက်စိတ်ကြီးကြောင့် ရှက်ရမ်း၊ နာရမ်း၊ ကြောက်ရမ်းကြီး ရမ်းချင်တဲ့စိတ်လည်းသူတို့မှာ ခဏခဏပေါ်မှာ သေချာတယ်။ ဒါပေမဲ့ အဲသလိုရမ်းလိုက်ရင် ပိုဆိုးနိုင်တာကိုလည်း သူတို့သိတယ်။ ကျောင်းသားကို ဖမ်းလိုက်ရင်၊ ရိုက်လိုက်ရင် အေးသွားငြိမ်သွားမယ့်ပုံမရှိဘူး။ တနိုင်ငံလုံးက လူထုထောက်ခံမှု တွေက အဲဒီအချက်ကို ပြနေတယ်။ ၈၈ အရေးတော်ပုံကြီးက သင်ခန်းစာပေးနေတယ်။ အခုအချိန်မှာ ရိုက်နှက်ဖမ်းဆီးလိုက်ရင် လူထုတရပ်လုံး တဟုန်ထိုးအုံကြွလာမှာ သေချာသလောက်ပဲ။ အဲသလိုအုံကြွလာရင် သူတို့စီမံကိန်းအားလုံးရေစုန်မျောပျက်စီးပြီဆိုတာလည်း အသေအချာပဲ။

ဒီတော့ ဒီလိုကြုံတွေ့နေရတဲ့ အကျပ်အတည်းကြောင့် ကျောင်းသားသပိတ်ကို သိက္ခာချတဲ့ အလုပ်တွေကို သူတို့ပိုင် မီဒီယာတွေ သုံးပြီး တွင်တွင်ကျယ်ကျယ်လုပ်နေတယ်။ စွပ်စွဲချက်မျိုးစုံစွပ်စွဲနေတယ်။ ကျောင်းသားလှုပ်ရှားမှုအပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှုကျဆင်းအောင် ကြိုးစားနေတယ်။ အဲသလိုကြိုးစားတဲ့ အထဲမှာ အစိုးရမီဒီယာတွေသာမက The Voice ဂျာနယ်နဲ့ 7days ဂျာနယ်လည်း ပါတယ်။ အဲဒီဂျာနယ်တွေဟာ ကျောင်းသားလှုပ်ရှားမှုကို သိက္ခာချတဲ့ အရေးအသားတွေ လူထုအထင်မှားမယ့် အရေးအသားတွေ ကျောင်းသားအချင်းချင်း စိတ်ဝမ်းကွဲမယ့်အရေးအသားတွေကို အားသွန်ခွန်စိုက်ရေးနေတယ်။ The Voice ရဲ့ အာဘော်က နေဝင်းမောင်၊ လှမောင်ရွှေ၊ ကျော်ဝင်းတို့ရဲ့ အာဘော်ကို ဆက်လက်ဆက်ခံတဲ့ သူ့သားသမီးတွေရဲ့ အရေးအသားပါပဲ။ MPC လှမောင်ရွှေဟာ အီးဂရက်လှမောင်ရွှေဆိုတာကို မမေ့ပါနဲ့။ နေဝင်းမောင်ရဲ့ မိတ်ဆွေ ဂလိုဘယ်ကျော်ဝင်းဟာ လွှတ်တော်အကြံပေးဆိုတာ မမေ့ပါနဲ့။ 7days ကတော့ စစ်ဗိုလ်ချုပ်ခရိုနီတွေရဲ့ ငွေကြေးအထောက်အပံ့နဲ့ ရပ်တည်နေတဲ့ ဂျာနယ်ပီပီ သူတို့ဗိုလ်ချုပ်တွေရဲ့ အကျိုးဘက်က ရပ်တည်ရေးသားတာဖြစ်ပါတယ်။

အဲသလို ကျောင်းသားတွေရဲ့ လှုပ်ရှားမှုအပေါ် သရုပ်ဖျက်စွပ်စွဲ တိုက်ခိုက်မှုကို သတင်းသမား၊ စာရေးဆရာများနဲ့ နိုင်ငံရေးသမားတွေက အစွမ်းရှိသမျှ ခုခံချေပတုန့်ပြန်ရေးသားကြပါလို့ နှိုးဆော်ပါရစေ။ ဆောင်းပါးတပုဒ်၊ စာတပုဒ်နဲ့ အရာမထင်ဘူးလို့ မမြင်စေချင်ပါ။ တတ်နိုင်သမျှပါဝင်ကြပါ။ အများပြည်သူတွေရဲ့ နားထဲကို အစိုးရနဲ့ အစိုးရအလိုတော်ရိအီးဂရက်တွေ ပို့ပေးနေတဲ့ အချက်အလက်မှားတွေကို အစွန်းကုန်ချေဖျက်ပေးကြပါ။

ဒါ့အပြင် ကျောင်းသားတွေကို အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်းတွေအားလုံး ဝိုင်းရံကာကွယ်ပေးကြပါ။ ပြည်သူတွေ ဝိုင်းရံကာကွယ်ခြင်းနည်းလမ်းတခုတည်းကသာ ကျောင်းသားလူငယ်တွေကို အကောင်းဆုံး အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အခုပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲထက်ပိုအရေးကြီးတဲ့ ပွဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထုဟာ မိမိဆန္ဒကို မှန်မှန်ကန်ကန် ထုတ်ဖော်ပြသနိုင်ဖို့ မသေချာပါဘူး။ ကျနော်တို့ပေးရမယ့်မဲဟာ အလိမ်ခံ၊ အညာခံ၊ အခိုးခံရဖို့သာများပါတယ်။ အလိမ်မခံ၊ အညာမခံ၊ အခိုးမခံရရင်တောင် စစ်ပုံစံခွက်ထဲ ဂွပ်ကနဲဝင်သွားမှာက အသေအချာပါ။ အခုပွဲကတော့ ပြည်သူလူထုရဲ့သဘောထားကို ထင်ထင်ရှားရှား ထုတ်ဖော်ပြသနိုင်တဲ့ပွဲဖြစ်ပါ တယ်။ ပြည်သူတွေဖော်ပြတဲ့ သဘောထားဟာ ဒီပွဲအတွက် အဆုံးအဖြတ်ဖြစ်ပါမယ်။

တကယ်လို့ ပြည်သူလူထုကသာ အလုံအလောက်ဝိုင်းရံခဲ့ရင် ကြံ့ဖွတ်တွေဟာ ကျောင်းသားတွေတောင်းဆိုသမျှ ပေးကိုပေးရမှာပါ။ ကျောင်းသားတွေတောင်းဆိုနေတာတွေဟာ သူတို့မပေးနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေမို့သာ စစ်မာန်တက်ပြီး လွယ်လွယ်မပေးချင်လို့ လှည့်ဖျားကောက်ကျစ်နေတာပါ။ ကျောင်းသားတွေတောင်းဆိုတဲ့ အချက် ၁၁ ချက်ပေးလိုက်ရလို့ သူတို့အာဏာပွန်းပဲ့မသွားသေးပါဘူး။ သူတို့အကြမ်းဖက်လို့ ၂၀၁၅ ရွေးကောက်ပွဲပျက်သွားရတဲ့အထိ အဖြစ်ခံပြီး ၁၁ ချက်ကို သူတို့ အတင်းဆုပ်ထားမှာ မဟုတ်ပါဘူး။ သူတို့အကြမ်းဖက်လို့ ၂၀၁၅ ရွေးကောက်ပွဲ ပျက်စီးတဲ့အထိ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ မဲတပြားမှ မရတော့တဲ့အဆင့်အထိရောက်အောင် သူတို့ခေါင်းမာမာနဲ့ ဆုပ်ကိုင်ထားမှာ မဟုတ်ပါဘူး။ အဲသလိုဆုပ်ကိုင်ရင် သူတို့ပိုနာမှာပါ။ ပိုဆုံးရှုံးမှာပါ။ ပြည်သူတွေသာ အားပေးကူညီရင် သူတို့အတွက် ထွက်ပေါက်ဟာ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောလိုက်နာတဲ့ နည်းလမ်းတခုပဲ ရှိပါတယ်။ ပြည်သူတွေသာဝိုင်းရံအားပေးရင် ဒီပွဲသေချာပေါက်အောင်မြင်မှာ ဖြစ်ပါတယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးတောင်းဆိုနေတဲ့ကျောင်းသားတွေကို အစွန်းရောက်တွေက ဦးဆောင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက စွပ်စွဲပြောဆိုလိုက်ပြီးနောက် ယနေ့ရန်ကုန်မြို.မှာ ကျောင်းသားတွေက လေးပွင့်ဆိုင်ပညာရေး ဆွေးနွေးပွဲအမြန်ဆုံးပြန်လည်စတင်ရေး ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

(ဓာတ်ပုံ။ Kyaw Soe Naing)


  ပညာရေးဥပဒေ ကန့်ကွက်သည့် အနယ်နယ် အရပ်ရပ်မှ ကျောင်းသူကျောင်းသားများ ရန်ကုန်သို့ လမ်းလျှောက်လာနေကြချိန်မှာပင်   ရန်ကုန်မြို့လယ်တွင်လည်း      တနင်္ဂနွေနေ့က ကျောင်းသားလှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာသည်။

နေရာအနှံ့ ဆန္ဒပြမှုများကို  အကြမ်းဖက် ဖြိုခွင်းမည့်အရိပ်အယောင်တချို့ မြင်တွေ့နေရသော်လည်း  ကျောင်းသားများက ရန်ကုန်သို့ မရောက်ရောက်အောင် ချီတက်လာမည် ဖြစ်သည်ဟု  ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်သူ ကိုနန္ဒစစ်အောင်က ပြောသည်။
“နောက်ဆုံး ကျွန်တော်တို့ကို အစိုးရက ပစ်ခတ်နှိမ်နှင်းခဲ့မယ်ဆိုရင်တောင်မှ ကျွန်တော်တို့ ကိုယ့်အလောင်းကို ကိုယ်ထမ်းပိုးပြီး ဆက်လက်ချီတက်လာမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
၎င်းတို့ကို နောက်ကွယ်မှကြိုးကိုင်သူများရှိနေသည်ဟူသောအစိုးရ၏ စွပ်စွဲချက်ကိုလည်း သူက ပယ်ချလိုက်သည်။
      
ရာနှင့်ချီသော တက္ကသိုလ်ကျောင်းသားများ၊ အထက်တန်း  ကျောင်းသားများက တာမွေမြို့နယ်ရှိ ဗိုလ်စိန်မှန် ဘောလုံးကွင်းမှ ရန်ကုန်မြို့တော်ခန်းမရှေ့အထိ ၅ နာရီကြာ ချီတက် ဆန္ဒပြရာ ကျောင်းသားမိဘတချို့လည်း ပူးပေါင်း ပါဝင် ၀န်းရံခဲ့သည်ကို တွေ့ရသည်။
လမ်းတလျှောက် ရန်ကုန် ဒေသခံများက ရေပုလင်း၊ အစားအစာများ လှူဒါန်းခဲ့ကြသည်။ အလှူငွေ ၁၂သိန်းကျော်လည်း ရရှိခဲ့သည်ဟုသိရသည်။

 တာမွေအဝိုင်း၊ ယုဇနပလာဇာ၊ မင်္ဂလာဈေး၊ တရုတ်တန်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း
စသည့် လူစည်ကားသည့်နေရာများကို ဖြတ်ကျော်စဉ် ကျောင်းသားများက ပညာရေးဥပဒေကို ကန့်ကွက်ရခြင်းအကြောင်း ရှင်းလင်း ဟောပြောသည်ကို တွေ့ရသည်။

ကြွေးကြော်သံများ အော်ဟစ်ပြီး မြို့တော်ခန်းမရှေ့သို့ ညနေပိုင်းတွင်
ရောက်ရှိလာကြပြီး ဟောပြောပွဲ ပြုလုပ်ကာ တစ်ရက်တာ ဆန္ဒပြခြင်းကို  ရပ်နားလိုက်ကြသည်။
နယ်မှ ချီတက်လာသူများ ရန်ကုန်ရောက်ချိန်အထိ နေ့စဉ် ဆန္ဒပြသွားကြမည်ဟု သိရသည်။
ယနေ့ ရန်ကုန်မြို့တွင်း လှည့်လည်ကြခြင်းသည်  နိုဝင်ဘာလလယ်ပိုင်း ၄ ရက်ကြာ ကျောင်းသားဆန္ဒပြမှုနောက်ပိုင်း ပထမဆုံး ပေါ်ပေါက်လာသည့်  ကျောင်းသားလှုပ်ရှားမှု ဖြစ်သည်။
နိုဝင်ဘာ ဆန္ဒပြပွဲသည် ပညာရေးဥပဒေ ပြင်ဆင်ပေးရေးအတွက် အစိုးရထံမှ တစုံတရာ တုန့်ပြန်မှု ရရေးအတွက်
ရက်ပေါင်း ၆၀ စောင့်ဆိုင်းမည်ဟု ဆိုကာ  ရပ်နားခဲ့ခြင်းဖြစ်သည်။
စောင့်ဆိုင်းရက် လွန်မြောက်ပြီးသည့်နောက်တွင်း မန္တလေး နှင့် မြို့ကြီးတချို့မှ ကျောင်းသူကျောင်းသား အများအပြားက ရန်ကုန်သို့ ချီတက်သည့် နည်းလမ်းဖြင့် ၎င်းတို့၏ ဆန္ဒကို ဖော်ထုတ်လိုက်ကြပြီး ရန်ကုန်တွင် သပိတ်စခန်း ဖွင့်မည်ဟုလည်း ကြေညာလိုက်သည်။

 ရက်အနည်းငယ် အကြာတွင် အစိုးရက ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ရန်ကုန်တွင် ပြုလုပ်ပေးပြီး တွေ့ဆုံညှိနှိုင်းခဲ့သည်။
ဆန္ဒပြမှုများ ရပ်ဆိုင်းရေးအတွက် အချိန်ဆွဲနည်းဗျူဟာကျင့်သုံးနေသည်ဟု စွပ်စွဲခံနေရသော မြန်မာအစိုးရက ဥပဒေ ပြင်ဆင်ပေးရေးအတွက် လိုက်လျောမည့်ဟန် ပြသခြင်း မရှိသေးပေ။

လင်းသစ်
The Yangon Globe


ကျောင်းသားသပိတ်ကို ကြိုးကိုင်နေတဲ့ ၃ ချက်ကတော့

- ခွပ်ဒေါင်းအလံတော်ရဲ့ အစဉ်အလာကြီးမားတဲ့ သမိုင်းကြောင်း၊
- နိုင်ငံတကာကျောင်းသားတွေရဲ့ ပညာရေးလှုပ်ရှားမှုနည်းစနစ်နဲ့
- ဆင်းရဲတဲ့မိဘတွေ သူတို့သားသမီးတွေကို ကောင်းမွန်တဲ့ ပညာရေးစနစ်နဲ့ ကျောင်းမထားနိုင်တဲ့ဘဝ

.. စတဲ့ ကြိုးသုံးကြိုးကတော့ ပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ အဓိက ကြိုးကိုင်နေတဲ့ အချက် ၃ ချက်ဖြစ်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုနန္ဒာစစ်အောင်က မြို့တော်ခန်းမရှေ့မှာ မိန့်ခွန်းပြောခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို စွပ်စွဲသလို ကျောင်းသားပိတ်ကို နောက်ကွယ်က ဘယ်ပါတီနိုင်ငံရေးအဖွဲ့အစည်းတွေက ကြိုးကိုင်နေတာမဟုတ်ဘဲ ကျောင်းသားတွေချည်းပဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ဆောင်နေတာဖြစ်တဲ့အကြောင်း၊ သူတို့အနေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုပဲ အဓိက လိုလားပြီး လက်ရှိပညာရေးစနစ်ကို မပြင်ဆင်နိုင်ရင် နောက်ထပ် အနှစ် ၂ဝ လောက် လူဖြစ်ရှုံးမှာ သိနေတာကြောင့်လို့ ကိုနန္ဒာစစ်အောင်က ပြောပါတယ်။

(ဓာတ်ပုံ - လပြည့်ကို/ကမာရွတ်မီဒီယာ)



နောက်ကွယ်က ကြိုးကိုင်နေသူတွေဟာ ကျောင်းသားမိဘပြည်သူတွေဖြစ်တယ်
ပုသိမ်မြို့ကနေ မအူပင်ထိ မိုင် ၉ဝကျော်ခရီးကို ၅ရက်ကြာ ချီတက်လာခဲ့တဲ့ ဧရာဝတီပညာရေး သပိတ်စစ်ကြောင်းဟာ အစိုးရဖြုတ်ချရေး၊ အစိုးရပြောင်းလဲရေး တောင်းဆိုနေတာ မဟုတ်တာမို့ ကျောင်းသားတွေနဲ့ သပိတ်ကိုကူညီပေးနေသူတွေ တွေဝေသွားမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၇ရက်နေ့က တုံ့ပြန်လိုက်ပါတယ်။ မြန်မာအစိုးရသတိပေးတဲ့ ကြိုးကိုင်ခြယ်လှယ်သူဆိုတာ ဘယ်သူတွေဖြစ်တယ်လို့ ဝန်ခံခဲ့သလဲ။

ပြည်သူ့အကျိုးစီးပွားအတွက် ကျောင်းသား၊ မိဘပြည်သူ လက်မခံနိုင်တဲ့ အမျိုးသားပညာရေး ဥပဒေအတွက် သမိုင်းဟာ ဘယ်လိုပဲ အဆုံးသတ်သတ် ဒီခေတ်မှာဒီမျိုးဆက်တွေ တာဝန်ကျေအောင် ထမ်းဆောင်နေတာမို့ နောက်ဆုတ်ရမယ့်ကိစ္စမဟုတ်ဘူးလို့ ဝန်းရံကော်မတီက ကိုအောင်ကျော်ကျော်က ပြောပါတယ်။

မြန်မာအစိုးရအတည်ပြုထားတဲ့ ပညာရေးဥပဒေကို မအူပင်မြိုကခံတွေ နားလည်သဘောပေါက်ဖို့ ဖေဖော်ဝါရီ ၈ရက်နေ့ညနေ လွတ်လပ်ရေးကျောက်တိုင်မှာ ဧရာဝတီစစ်ကြောင်း သပိတ်ဦးဆောင်ကျောင်းသားတွေ၊ ဝန်းရံကော်မတီဝင်တွေက သပိတ်တရားဟောမှာဖြစ်ပြီး အင်အားတိုးချဲ့သွားမှာဖြစ်သလို ရွှေညဝါဆရာတော် ကြွရောက်လာမယ့် ဖေဖော်ဝါရီ ၉ရက်အထိ မအူပင်မှာ စောင့်ဆိုင်းနေမှာဖြစ်ပြီး ကျိုက်လတ်ကို ခရီးဆက်မယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးက ကျောင်းသားသပိတ်ကို နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေကို စောင့်ကြည့်နေပြီး ဒီကြိုးကိုင်ခြယ်လှယ်နေသူတွေဟာ အစွန်းရောက်ဝါဒီသမားတွေလို့ စွပ်စွဲတိုက်ခိုက်ခဲ့တဲ့ကိစ္စအပေါ် ကိုအောင်ကျော်ကျော်က ပြည်သူလူထုတစ်ရပ်လုံး ထောက်ခံနေတဲ့ ကျောင်းသားသပိတ်ကို နောက်ကွယ်က ကြိုးကိုင်တယ် စွပ်စွဲတာဟာပြည်သူကို စွပ်စွဲတာဖြစ်တယ်လို့ ဆိုပါတယ်။

သပိတ်ကိုကူညီအားပေးတဲ့ မိဘပြည်သူ၊ ရဟန်းရှင်လူတွေ ပေါင်းစည်းမိသွားမှာစိုးလို့ တမင် ထိုးခွဲတဲ့နည်းနဲ့ အစိုးရက တိုက်ခိုက်တာဖြစ်ပေမယ့် ကူညီတဲ့သူက ဆက်ပြီးကူညီနေ မှာဖြစ်သလို ဦးဆောင်တဲ့သူကလည်း ဆက်ပြီးဦးဆောင်နေမှာမို့ အစိုးရစွပ်စွဲချက် မထိရောက်ပါဘူးလို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းသားတွေ သပိတ်မှောက်တာရပ်ပြီး အိမ်ပြန်ကြဖို့၊ အေးချမ်းစွာ ပညာသင်ကြားရေးကို လိုလားတဲ့ မိဘပြည်သူနဲ့ ကျောင်းသားတွေရဲ့ဆန္ဒဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး သပိတ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။

Kamayut Media


အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သတ်ပြီး လေးပွင့်ဆိုင် ပညာရေးဆွေးနွေးပွဲ ရွေ့ဆိုင်းသွားပြီးနောက်မှာ ယနေ့အချိန်မှာ နိုင်ငံအနှံက ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်းတွေဟာ ရန်ကုန်မြို့ကို ဦးတည်ပြီး ချီတက်လာနေကြပါပြီ။ သပိတ်စစ်ကြောင်းတွေဟာ ရောက်လေရာအရပ်မှာ ဒေသခံတွေရဲ့လှိုက်လှဲစွာကြိုဆိုမှုတွေလည်း တွေ့နေရပါပြီ။ အဲဒီသပိတ်စစ်ကြောင်းတွေနဲ့ ပတ်သတ်ပြီး အာဏာပိုင်တွေဘက်က နောက်ကွယ်က ကြိုးကိုင်သူတွေရှိနေတယ်လို့ပြောဆိုမှုတွေလည်း ရှိလာပါတယ်။ ဒီအတွက် သပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်မရောက်ခင် အကြမ်းဖက်ဖြိုခွဲမှုတွေ ခံရမလား၊ ဒါမှမဟုတ် သပိတ်စစ်ကြောင်းတွေကပဲ ရန်ကုန်မြို့ကို အရောက်ချီတက်ပြီး တောင်းဆိုမှုတွေရရှိအောင် ဖိအားပေးနိုင်မလား၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာအုန်းမလားဆိုတာတွေကို တစ်နိုင်ငံလုံးကပြည်သူတွေက စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။ ဒီအတွက် ယနေ့သပိတ်စစ်ကြောင်းများက ဒီမိုကရေစီပညာရေးကို ဆောင်ကြဉ်းပေးနိုင်မလားဆိုတာကတော့…..

Eleven Media Group



 ကျောင်းသားတွေကို နောက်ကွယ်က ကြိုးကိုင် နေကြသူတွေ၊ အားပေး အားမြောက် ပြုတဲ့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့တွေ ရှိနေ တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ပြောပေမယ့် ဘယ်အဖွဲ့အစည်း ဆိုတာကိုတော့ နာမည်နဲ့ တကွ ထုတ်ဖော် ပြတာတော့ မရှိပါဘူး။
မြန်မာနိုင်ငံ တ၀န်းက ကျောင်းသား သပိတ်မှောက် ဆန္ဒပြမှုတွေ ဟာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ကို အကြောင်းပြ ပြီး တိုင်ပြည် မတည်မငြိမ် ဖြစ်ပေါ် လာအောင် ပြုလုပ် နေတဲ့ နိုင်ငံရေး လှုပ်ရှားမှု ဖြစ်တယ် လို့ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က နိုင်ငံပိုင် MRTV ရုပ်သံ ကနေ ပြောကြား လိုက်ပါတယ်။

ကျောင်းသားတွေ ကို နောက်ကွယ်က ကြိုးကိုင် နေကြတဲ့ သူတွေ၊ အားပေး အားမြောက် ပြုတဲ့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့တွေ ရှိနေတယ် လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ဆိုပါတယ်။

ဒါပေမယ့် ဘယ်အဖွဲ့အစည်း ဆိုတာကိုတော့ နာမည်နဲ့ တကွ ထုတ်ဖော် ပြတာတော့ မရှိပါဘူး။

အရင် စစ်အစိုးရ လက်ထက် ဆန္ဒပြုမှု ကြီးတွေ တုန်းကလည်း အာဏာပိုင်တွေ ရဲ့ အလားတူ ပြောဆိုမှု တွေ ရှိခဲ့ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မိဘ ပြည်သူ တွေကို မေတ္တာ ရပ်ခံချက် ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထုတ်ပြန်ခဲ့တဲ့ အစိုးရ ကြေညာချက် ထဲမှာလည်း အလားတူ စွပ်စွဲမှု တွေ ပြုလုပ်ခဲ့ပြီး နောက် အခုလို အစိုးရ ထိပ်တန်း ဝန်ကြီး တစ်ဦးလည်းဖြစ်၊ စစ်ဘက် အရာရှိကြီး တစ်ဦးလည်း ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကို က ပြောဆို လာတာပါ။

အမျိုးသား ပညာရေး ပြင်ဆင်ဖို့ ကျောင်းသားတွေ ရဲ့ တောင်းဆိုချက် ၁၁ ချက်ဟာ အလွန် ရှင်းလင်းပြီး တခြား နိုင်ငံရေး တောင်းဆိုမှု တွေ လုပ်တာမျိုး မတွေ့ရဘူး လို့ ပြည်သူ့ အရေး ဂျာနယ် အယ်ဒီတာချူပ် ဦးမော်လင်း က သုံးသပ် ပါတယ်။

ဒါ့အပြင် အာဏာပိုင် တွေ အနေနဲ့ အင်အားသုံး ဖြေရှင်းမှု တွေ မလုပ်ပဲ သဘောထား ကြီးကြီး ထားပြီး ကျောင်းသားတွေ ရဲ့ တောင်းဆို ချက် တွေ အပေါ် ဆွေးနွေး အဖြေရှာ သင့်ပါတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဆူပူမှု တွေ ဖြစ်အောင် ကျောင်းသား တွေ ကို အသုံးချ နေသူ တွေ ရှိတယ် လို့ အစိုးရ က ထုတ်ပြန် လိုက်တုန်းက အစိုးရ အနေနဲ့ သူတို့ကို အကြမ်းဖက် ဖြိုခွဲချင် လို့ စွပ်စွဲတာ ဖြစ်တဲ့ အကြောင်း ကျောင်းသားတွေ က တုန့်ပြန် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150207_home_minister_accused_student_protest

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်း သားတွေ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ချီတက်လာစဉ် / Photo: Hset Paing Toe/RFA
ပြည်မြို့မှာရှိတဲ့ တက္ကသိုလ်အဆင့်နဲ့ အထက် တန်းကျောင်းသူ ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြမှုတွေမှာ မပါဝင်ကြဖို့ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆရာ ဆရာမတွေ ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး သတိပေး ခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနဲ့အဖွဲ့ဟာ ပြည်မြို့က ကျောင်းတွေမှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ် ထည့်သွင်းပြောခဲ့တာလို့ အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက် ခဲ့တဲ့ ပြည် နည်းပညာတက္ကသိုလ်ကျောင်းသား ကိုသန့်ဇင်ထွန်းက ပြောပါတယ်။

"ဆရာ ဆရာမတွေရဲ့စကားကို နားထောင်ဖို့၊ စာကလွဲလို့ တခြားအကြောင်းအရာတွေကို စိတ်မဝင်စားဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းကြောင်းပေါ်ကိုရောက်အောင်ပြောတယ်၊ ပြောပြီးတဲ့အခါမှာ ဆရာ၊ ဆရာမတွေနဲ့ ဌါနမှူးတွေကို အပေါ်မှာအစည်းအဝေးတစ်ခါလုပ်ပြီးတော့ ကျောင်းသားတွေကို ဒီလာမယ့် သပိတ်လမ်းကြောင်းဟာ ပါတဲ့သူတွေဟာ ဘုန်းကြီးဆိုရင်လည်း ဘုန်းကြီးတွေက ဒီသပိတ်ရှိလို့ လူကနေဘုန်းကြီးဝတ်သွားတဲ့ပုံစံ မျိုးတွေ ဒီသပိတ်ကို နိုင်ငံရေးသမားတွေက ကြိုးကိုင်ပြီးတော့ နိုင်ငံရေးသမားတွေက ပိုင်ဆံရတယ် အဲ့လိုပုံစံမျိုးပြောတယ်၊ သူတို့ပြောချင်တဲ့သဘောမျိုးက ဒီသပိတ်မှာ ကျောင်းသားတွေပါမလာဖို့ အတွက်ပါ"

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ဆန္ဒပြကျောင်းသူ ကျောင်းသားတွေဟာ ဒီနေ့ အောင်လံမြို့ကို ရောက်ရှိမှာဖြစ်ပြီး ပြည်မြို့ကို လာမယ့် တနင်္လာနေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။

မုံရွာနဲ့ ပခုက္ကူကနေလာကြတဲ့ သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေဟာ ချောက်မြို့ကို ဒီနေ့ ရောက်မှာဖြစ်ပြီး ဧရာဝတီတိုင်းကလာတဲ့ သပိတ်စစ်ကြောင်းဟာ မအူပင်မြို့ကိုရောက်ရှိမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/bago-government-warns-teachers-students-

ပန်းတနော်မြို့၊ ညောင်ပင်သာဘုန်းကြီးကျောင်းတွင် ဧရာဝတီသပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများကို အိမ်ပြန်ရန် လာရောက်ခေါ်ဆောင်နေသော ဆရာမနှင့် ကျောင်းသားမိဘအချို့ ညှိနှိုင်းပြောဆိုနေကြစဉ် (ဓာတ်ပုံ − သက်ဆွေ)

ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် ဧရာဝတီ သပိတ်စစ်ကြောင်းမှ သပိတ်မှောက်ကျောင်းသားများကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆရာ၊ ဆရာမများနှင့် ၎င်းတို့၏ မိဘများက ပန်းတနော်မြို့၊ ညောင်ပင်သာဘုန်းကြီးကျောင်းသို့ သွားရောက်ခေါ်ယူသော်လည်း ကျောင်းသားများက ပြန်မလိုက်ကြကြောင်း သတင်း  ရရှိသည်။
ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ခေါ်ယူရာတွင် ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပုသိမ်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်အပါအ၀င် ကျောင်းသားမိဘများ၊ မြို့မိ မြို့ဖများနှင့် ဆရာ၊ ဆရာမအင်အား လေးဆယ်ဝန်းကျင်က ခရီးသည်တင် ဘတ်စ်ကားတစ်စီးဖြင့် သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

ကျောင်းသားများ ညအိပ် တည်းခိုမည့် ပန်းတနော် မြို့နယ် ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းသို့ ဆရာ၊ ဆရာမ နှစ်ဦးအပါအ၀င် ကျောင်းသားမိဘစုစုပေါင်း ခုနစ်ဦးခန့်သာ သွားရောက်ခဲ့ပြီး ကျန်သူများမှာ ပန်းတနော် အုပ်ချုပ်ရေးမှူးရုံးတွင် နေခဲ့ခြင်း ဖြစ်သည်။
သပိတ်မှောက် ကျောင်းသားသပိတ်စစ်ကြောင်း ဧရာဝတီတိုင်းကျော်ပါက တာဝန်ယူမည် မဟုတ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ထိုနေ့နံနက်ပိုင်းက ပြောခဲ့သည်။
‘‘ကလေးတွေကို ရန်ကုန်ထိအောင် မပါစေချင်ဘူး။ သူတို့တွေဧရာဝတီတိုင်းထဲမှာ လုပ်ချင်တာ လုပ်ပါစေ။ ရန်ကုန်ရောက်ရင် ရှုပ်ထွေးကုန်မယ်။ အဲဒီကြားမှာ သူတို့ကို အကြောင်းပြပြီး အကြမ်းဖက်မှုတွေ ၀င်ရောက်လာရင်လည်း တာဝန်ရှိသူတွေက မလိုလားအပ်တဲ့ ဖြေရှင်းနည်းတွေသုံးပြီး ဖြေရှင်းရင် ကလေးတွေ နစ်နာမှာကို မလိုလားဘူး’’ဟု ဦးသိန်းအောင်ကပြောသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်သည် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူအနေဖြင့် မိဘများအား အကျိုးအကြောင်းခေါ်ပြောခြင်းသာဖြစ်ပြီး ဖိအားပေးခြင်းမဟုတ်ကြောင်း ၀န်ကြီးချုပ်ကပြောသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်း ၀န်ကြီးချုပ်ရုံးခန်းတွင် ဧရာဝတီသပိတ်စစ်ကြောင်း၌ ပါဝင်သော ကျောင်းသားမိဘများအား ခေါ်ယူတွေ့ဆုံပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 ဧရာဝတီသပိတ်စစ်ကြောင်းသည် ပုသိမ်မြို့မှ ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက် ညတွင် ပန်းတနော်မြို့၌ ညအိပ်ရပ်နားမည်ဖြစ်သည်။ ဧရာဝတီ သပိတ်စစ်ကြောင်းသို့ ဖေဖော်ဝါ ရီ ၄ ရက်ညတွင် ဒဂုံတက္ကသိုလ် ကျောင်းသားသပိတ်စစ်ကြောင်း လာရောက်ပူးပေါင်းခဲ့ပြီး ဖေဖော် ၀ါရီ ၆ ရက်တွင် ထားဝယ် သပိတ်စစ်ကြောင်း လာရောက်ပူးပေါင်းရန် စီစဉ်ထားကြောင်း သတင်းရ ရှိသည်။
‘‘အမျိုးသားပညာရေးဥပဒေကို ကလေးတွေက ပြုပြင်ပေးဖို့ တောင်းဆိုတာပါ။ ဒါကလည်း ဖြစ်သင့်တာကို တောင်းဆိုတာပါ။ ကျွန်တော်တို့ကတော့ ကလေးတွေဘက်က ထောက်ခံတယ်။ ဒါပေမဲ့ ပညာရေး၊ ကျန်းမာရေး ထိခိုက်တာတော့ စိုးရိမ်တာပေါ့။ တစ်နှစ်ပညာသင်စရိတ်က နည်းတာမှ မဟုတ်တာ’’ဟု သပိတ် စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ဦးထိန်ဝင်းကပြောသည်။

ဧရာဝတီ သပိတ်စစ်ကြောင်းသည် ပန်းတနော်မြို့မှ ညောင်တုန်း၊ မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲမြို့များအတိုင်း ဆက်လက်ချီတက်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမြို့နယ်များကို ကျော်ဖြတ်၍ လှိုင်သာယာအလုပ်သမားသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ ရန်ကုန်မြို့၌ အခြားသော စစ်ကြောင်းများနှင့် ပူးပေါင်းသပိတ်မှောက်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
‘‘အစိုးရဘက်က ပံ့ပိုးပေးတာထက် အခုလိုဖိအားပေးခြိမ်းခြောက်တာတွေ မလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုပဲ ဖိအားပေးပေး၊ ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် ရှေ့ဆက်ချီ တက်မှာပါပဲ’’ဟု သပိတ်စစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ပုသိမ်ဂျီတီစီကျောင်းမှ ဆရာ ဦးဝေယံအောင်ကပြောသည်။

ထို့အပြင် ယမန်နေ့ညပိုင်းတွင် ဧရာဝတီတိုင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက သပိတ်မှောက်ကျောင်းသားများကို  လာရောက်တွေ့ဆုံပြီး ကျောင်းသားများကို ပညာရေးအတွက်သာ တောင်းဆို သပိတ်မှောက်နေသည်ကို ယုံကြည်သည့်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကာ၊ ချီတက်စဉ် သွားလာရေးအခက်အခဲများရှိပါက အစိုးရအဖွဲ့မှ ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

http://7daydaily.com/story/31124#.VNZEsSxp5fA

“ကျနော်တို့စစ်ကြောင်းတွေက ရပ်မှာမဟုတ်ဘဲ ဆက်လက် ချီတက်နေမှာပါ၊ ဆွေးနွေးနေတုန်းလည်း မရပ်ပါဘူးခင်ဗျ။ ကျနော်တို့ တောင်းဆိုထားတဲ့ ၁၁ ချက် အဆင်ပြေ
အောင် ဖိအားပေးတောင်းဆိုနေမှာပါပဲ။

တဘက်က ဆွေးနွေးနေတာက အချက်အလက်အရ ဖြစ်တယ်၊ တဘက်က သပိတ်တိုက်ပွဲကလည်း ဆက်သွားနေမှာပါ။ တောင်းဆိုချက်တွေအပေါ် အချိန်ဆွဲတာတွေ
နှောင့်နှေးအောင်လုပ်တာတွေ အကြိမ်ကြိမ်ရွှေ့ဆိုင်းတာတွေ ဖြစ်ပေါ်ခြင်း မရှိအောင်ဒီဘက်က သပိတ်ကို ရပ်နားမှာ မဟုတ်ပါဘူး။”

အခုရက်ပိုင်း ကျောင်းသားသပိတ်စစ်ကြောင်းတွေ အရှိန်ရလာချိန်မှာ နိုင်ငံပိုင်သတင်းဌာနတွေက ဆူဆူပူပူဖြစ်လာရင် တိုင်းပြည်အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်တယ်
ဆိုတဲ့ သမ္မတမိန့်ခွန်းကို အထူးတလည် ဖော်ပြနေပါတယ်။

ဒီအပေါ် ကိုရဲရင့်ကျော်က “ဆူဆူပူပူလုပ်ချင်ရင် အခုလို အပင်ပန်းခံစစ်ကြောင်းချီတက်ပြီး လုပ်စရာမလိုပါဘူး။ မန္တလေးမှာလည်း လုပ်လို့ရတာပါပဲ။ တကယ်ဆူပူဖို့ လုပ်သွား
တဲ့အချိန်မှာ ဒီအစိုးရ သိတောင်မသိလိုက်ဘဲ မိတ္ထီလာတို့၊ မန္တလေးတို့မှာ ပဋိပက္ခတွဖြစ်ခဲ့သေးတာပဲ၊ ကျနော်တို့ ပညာရေးအတွက် ဆန္ဒပြချီတက်ရာလမ်းမှာ ဘယ်ပြည်သူ
ကိုမှ ဒုက္ခ မပေးခဲ့ဘူး။

ကျနော်တို့ ဖြတ်သန်းရာ မြို့တွေမှာလည်း ဘာပြသနာမှ မရှိခဲ့ဘူး။ ဖြတ်သန်းခဲ့တဲ့ မြို့တိုင်းမှာ ပြည်သူတွေဟာ အစိုးရနဲ့ ပူးပေါင်းသလား၊ ကျောင်းသားနဲ့ ပူးပေါင်းသလား
ဆိုတာ မြို့အ၀င်တိုင်းမှာ ကြည့်မြင်နိုင်ပါတယ်” လို့ ပြောပါတယ်။

မန္တလေး-ရန်ကုန် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းဟာ ဆတ်သွားမြို့မှာ မနေ့က ညအိပ်ရပ်နားခဲ့ပြီးနောက် ဒီနေ့ အောင်လံမြို့ကို ဆက်လက်ချီတက်နေပါတယ်။ဧရာဝတီ
သပိတ်စစ်ကြောင်းနဲ့ ပခုက္ကူ စစ်ကြောင်းတွေဟာလည်း ရန်ကုန်ကို ချီတက်နေကြပါတယ်။ ထားဝယ်ကျောင်းသားတွေကလည်း ဒီနေ့ မြို့တွင်းမှာ ဆက်လက်ချီတက်
နေပြီး မနက်ဖြန်မှာတော့ မော်လမြိုင်ကျောင်းသားတွေနဲ့ သွားရောက်ပူးပေါင်းပြီး ရန်ကုန်ကို ချီတက်ကြမှာဖြစ်ပါတယ်။

သတင်းဓါတ်ပုံ-DVB



ပညာရေးဥပဒေပြင်ဆင်ရေးကို အကြောင်းပြုပြီး တိုင်းပြည်မတည်ငြိမ်အောင်လုပ်နေတဲ့ လှုပ်ရှားမှုမှာကျောင်းသားလူငယ်တွေကို ရှေ့တန်းတင်ပြီး ကျောင်းသားအမည်ခံသူတွေက နောက်ကွယ်က ကြိုးကိုင်သူတွေအလိုကျ ဦးဆောင်လုပ်ကိုင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီ ၇ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။

ဒီလိုအားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်ပတ်သက်နေပြီး နောက်ကွယ်က ကြိုးကိုင်နေသူတွေမှာ အစွန်းရောက်ဝါဒီသမားဟောင်းတွေ ပါဝင်တဲ့အကြောင်း၊သူတို့ရဲ့ သားသမီးတွေကို မျိုးဆက်သစ်အဖြစ်မွေးထုတ်ပြီး ထိပ်တိုက်ရင်ဆိုင်တဲ့နည်း တောင်းယူတိုက်ယူတဲ့နည်းတွေ သုံးလာနေတယ်လို့ အစိုးရဝန်ကြီးရဲ့ ပြောဆိုချက်ကို အစိုးရပိုင်ရုပ်သံတွေက အထူးထုတ်လွှင့်ချက်အဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။

ပညာရေးဥပဒေပြင်ဆင်လိုတဲ့ ကျောင်းသားအစစ်တွေအပေါ် အရေးယူဖို့မရှိသလို လေးပွင့်ဆိုင်ဖြေရှင်းနည်းတွေနဲ့ လုပ်နေတဲ့အကြောင်း၊ နိုင်ငံတော်အလံဖြုတ်ချတာမျိုး မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်ကို ဥပဒေက မျက်ကွယ်ပြုလို့မရတဲ့အကြောင်း၊ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက် ပြည်သူတွေအားလုံး အတိတ်က ဆူမူလှုပ်ရှားမှုတွေလိုမဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ပါလို့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောဆိုခဲ့ပါတယ်။ မြင်းခြံဒီဂရီကောလိပ်မှာ အလံကိုဖြုတ်ချတာဟာ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ထိပါးတာဖြစ်သလို ဥပဒေချိုးဖောက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ပညာရေးဝန်ကြီးဌာနက အေးချမ်းစွာပညာသင်လိုတဲ့ ကျောင်းသားနဲ့မိဘတွေ စိုးရိမ်ပူပန်တာမရှိရအောင် လက်ရှိကျောင်းသားသပိတ်တွေကို ရပ်နားပြီး ကျောင်းသားတွေကို မိဘတွေက လိုက်လံခေါ်ယူကြဖို့ မေတ္တာရပ်ခံတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သပိတ်ကြောင့် မလိုလားအပ်တဲ့ ပြဿနာနဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တာမို့ ဆန္ဒပြကျောင်းသားတွေ သက်ဆိုင်ရာကျောင်းအသီးသီးကို ပြန်ကြဖို့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ခေတ်အဆက်ဆက်မှာ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်တောင်းဆိုတဲ့ ကျောင်းသားဆန္ဒပြမှုတွေ၊ လူထုဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွင်းမှုတွေ မလုပ်ခင်မှာ အလားတူ ကြေညာချက်တွေထုတ်ပြန်လေ့ရှိတာကြောင့် မြို့တွေရွာတွေကိုဖြတ်ပြီး စစ်ကြောင်း၅ကြောင်းနဲ့ ရန်ကုန်ကို ချီတက်လမ်းလျှောက်နေတဲ့ သပိတ်ကို တုံ့ပြန်တော့မယ်လို့ ယူဆလို့ရနေပါတယ်။

Kamayut Media


သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာတွေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာဖို့ သတင်းမီဒီယာဥပဒေ အတည်ပြုထားပေမယ့် အစိုးရအနေနဲ့ သတင်းမီဒီယာသမားတွေကို ကန့်သတ်အရေးယူနေတာတွေကို လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၆ရက်နေ့က ပြည်သူ့လွှတ်တော်ကို အဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။

အစိုးရက မီဒီယာတွေလွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့အဆိုကို ပြန်ကြားရေးက ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

သတင်းလွတ်လပ်ခွင့်အတွက် ပြန်ကြားရေးဌာနအနေနဲ့ စာပေစိစစ်ရေးကို ရုပ်သိမ်းခဲ့သလို ပုဂ္ဂလိကသတင်းစာတွေကိုလည်း ထုတ်ဝေခွင့်ပြုခဲ့တာကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြင် လွတ်လပ်ခွင့်ကို အသိသတိနဲ့ယှဉ်ပြီး မီဒီယာတွေက ကျင့်သုံးသင့်တယ်လို့ ပြန်ကြားရေးဒုတိယဝန်ကြီးက တင်ပြပြီး လွှတ်တော်အဆုံးအဖြတ်အရ ကန့်ကွက်မဲ ၂၁၇မဲရှိတာကြောင့် အဆိုပျက်ပြယ်ခဲ့ပါတယ်။ လွှတ်တော်အမတ်တွေ ဘာ့ကြောင့် ဒီအဆိုကို ကန့်ကွက်ခဲ့တာလဲ။

ပြည်သူ့အသံ၊ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မီဒီယာလွတ်လပ်ခွင့်ကို အစိုးရက ကန့်သတ်ထိန်းချုပ်မှုတွေအပေါ် အဆိုတင်သွင်းတဲ့အရာကို လွှတ်တော်က အခုလို ကန့်ကွက်လိုက်တာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ သတင်းမီဒီယာရဲ့ကဏ္ဍကို မေ့လျော့နေကြသလားလို့ ဦးဖြိုးမင်းသိန်းက မေးခွန်းထုတ်ခဲ့ပါတယ်။

ပြန်ကြားရေး ဒုတိယဝန်ကြီးရဲ့ ရှင်းပြမှုဟာ သတင်းမီဒီယာတွေရဲ့အသံကို နားထောင်နေတာ မဟုတ်ဘဲ သတင်းရယူခွင့်အရ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူနိုင်ခွင့်ကို ဥပဒေနဲ့ ကာကွယ်ပေးထားတာ ရှိတာမို့ ဒီအတွက် လွှတ်တော်ကို တင်ပြရတာပါလို့ ဆိုပါတယ်။

Kamayut Media


 စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ရန်ကုန်ကို ချီတက်

ပညာရေး ဥပဒေ ပြုပြင်ရေး အတွက် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ တွေ အမြန်ဆုံး ပြန်စ ဖို့ သပိတ်မှောက် ကျောင်းသား တွေနဲ့ ပညာရေး ပြုပြင် ရေး ကွန်ယက် ရဲ့ သတင်းစာ ရှင်းလင်းပွဲ က တောင်းဆို လိုက်ပါတယ်။

နေပြည်တော် ဆွေးနွေးပွဲ ကို အစိုးရက တဘက်သတ် ဖျက်သိမ်း ခဲ့တယ်လို့ သူတို့ ဘက်က ရှင်းပြပြီး နောက် ဆွေးနွေးပွဲ တွေမှာ အားလုံး လက်ခံ နိုင်မယ့် ညှိနှိုင်းသူ တွေကိုပဲ ထားရှိဖို့ တောင်းဆို ခဲ့ပါတယ်။

နောက်တခါ ဆွေးနွေးပွဲ တွေမှာ ၄ ဘက်လုံး က လက်ခံ နိုင်မယ့် နေရာ မှာပဲ ကျင်းပဖို့၊ မီဒီယာတွေနဲ့ လေ့လာ လိုသူတွေ ရှေ့မှာ လုပ်ဖို့လည်း သူတို့ ဘက်က လိုလား ပါတယ်။

ပညာရေး ဒုဝန်ကြီး နဲ့ ပညာရေး ပြုပြင် ရေး ကွန်ယက်တို့ ဆွေးနွေးပွဲ တွေ ပြန်စဖို့ ဆွေးနွေး ခဲ့ကြ ပေမယ့် နှစ်ဘက် ဆိုင်ရာ ကို ပြန်ညှိနှိုင်း တင်ပြဖို့ ရှိတဲ့ အတွက် တနင်္လာ နေ့မှ ဆုံးဖြတ်ချက် ချနိုင်မယ် လို့ ပညာရေး ကွန်ယက် က ဒေါက်တာ သိန်းလွင် က ပြောပါတယ်။

သပိတ်မှောက် ချီတက် နေကြတဲ့ ကျောင်းသား တွေ ကတော့ ပင်မ၊ မြေလတ်၊ ဧရာဝတီ စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ရန်ကုန်ကို ချီတက် လာနေ ကြတာ ဖြစ်ပါတယ်။

ဧရာဝတီ စစ်ကြောင်းက မအူပင်မှာ ညအိပ် ရပ်နားပြီး ပင်မ စစ်ကြောင်းက အောင်လံမှာ ညအိပ် ရပ်နားပါတယ်။

မြေလတ် စစ်ကြောင်း က ချောက်မြို့မှာ ညအိပ် ရပ်နား ခဲ့ပါတယ်။

ဒီ သပိတ်မှောက် ကျောင်းသား တွေ ကို သံဃာနဲ့ အရပ်သား တွေ က ကူညီ နေကြပါတယ်။

သပိတ် ထောက်ခံ တဲ့ ဆန္ဒပြ ပွဲ ရန်ကုန်မှာ တနင်္ဂနွေနေ့ ကျင်းပ မှာ ဖြစ်ပြီး ကျောင်းသား တွေက တော့ သူတို့ သပိတ်ကို အလုပ်သမား လယ်သမား တွေက ပူးပေါင်း ဆန္ဒပြမယ် ဆိုရင် လက်ခံမယ် လို့ သတင်းစာ ရှင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150207_students_presser

ဓါတ်ပုံ - မျိုးမင်းစိုး
“ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရေး မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပါ။ အများက သံသယ ရှိကြသော်လည်း သူမ၏ သား ၂ ယောက် မြန်မာနိုင်ငံသား မဟုတ်သည့် အတွက် သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသည့် ပုဒ်မကို ၂၀၁၅ ရွေးကောက်ပွဲ အလွန် ကျင်းပမည့် လွှတ်တော်မှ တဆင့် ပြင်ဆင်နိုင်မည်ဟု ယုံကြည်နေသည်။”
----- ----- ----- -----
ယခုနှစ်အတွင်းကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီကာလ မြန်မာ့နိုင်ငံအသွင်ကူးပြောင်းရေးသည် ဒီမိုကရေစီဟာသ သဖွယ်ဖြစ်လာမည်ကိုစိုးရိမ်မိသော်လည်း သူမအနေနှင့်တိုင်းပြည်ကို ဦးဆောင်နိုင်သေးသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ရာစုနှစ်ဝက်ကျော်အဓွန့်ရှည်ခဲ့သည့် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက်အရေးပါသည်ဟု ပြောဆိုကြသည့် ရွေးကောက်ပွဲကျင်းပသည်နှင့်တပြိုင်နက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဏာရပါတီမှ ဗိုလ်ချုပ်ဟောင်းများ၏ အခွင့်အာဏာများကို ထိန်းချုပ်ရန်နှင့် သူမ သမ္မတဖြစ်ရေးကို ပိတ်ပင်ထားသည့် ဥပဒေများ ပယ်ဖျက်နိုင်ရေး ကြိုးပမ်းရန် သန်္နိဋ္ဌာန်ချထားသည်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်က စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသော်လည်း သူမ၏မှတ်ချက်များက နိုင်ငံရေးရှုပ်ထွေးပြီး ပဋိပက္ခဖိစီးခံနေရသည့် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အာဏာခွဲဝေရေးကိစ္စရပ်များ မလွယ်ကူကြောင်းကို ညွှန်ပြနေသည်။

ဗိုလ်ချုပ်ကြီးများ တည်ဆောက်ခဲ့သည့် ခြောက်ကပ်ကပ်မြို့တော် နေပြည်တော်မှ ကျယ်ဝန်းလှသည့် လွှတ်တော်ဝင်းအတွင်းရှိ သူမ၏ ရုံးခန်းတွင် အင်တာဗျူးစဉ် သူမက “အထူးသဖြင့် စစ်မှန်တဲ့ဒီမိုကရေစီ မဟုတ်တဲ့အတွက် အန္တရာယ်များပါတယ်၊ ဒါပေမဲ့ ဒီမိုကရေစီစစ်စစ် ဖြစ်ထွန်းနေပြီလို့ ယုံကြည်ချင်သူတွေ၊ ဟန်ဆောင်နေသူတွေလည်း အများကြီးရှိတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရေးမျှော်လင့်ချက်ကို မစွန့်လွှတ်သေးပါ။ အများက သံသယရှိကြသော်လည်း သူမ၏ သား ၂ ယောက် မြန်မာနိုင်ငံသားမဟုတ်သည့်အတွက် သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသည့် ပုဒ်မကို ၂၀၁၅ ရွေးကောက်ပွဲအလွန် ကျင်းပမည့်လွှတ်တော်မှတဆင့် ပြင်ဆင်နိုင်မည်ဟု ယုံကြည်နေသည်။

“ဒါတွေ ပြောင်းလဲသွားမယ်ဆိုတာ ကျွန်မသေချာပေါက်ပြော နိုင်ပါတယ်၊ ဘယ်တော့ပြောင်းမလဲဆိုတာသာ မပြောနိုင်တာပါ။ ဒီလို ပုဒ်မမျိုး ထာဝစဉ်မတည်နိုင်ပါဘူး”ဟု ယခုနှစ်အတွင်းအသက် ၇၀ ပြည့်တော့မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဗြိတိသျှတို့က သီပေါမင်းကိုနန်းချခဲ့သည့် ၁၈၈၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁၃၀ ခန့် နယ်ချဲ့အစိုးရနှင့် စစ်အာဏာရှင် အစိုးရတို့လက်အောက်တွင် ကာလရှည်ကြာနေလာခဲ့ရပြီး မှန်ကန်သည့် တိုင်းပြည်အုပ်ချုပ်ရေးစနစ်အတွက် ယနေ့ထက်တိုင် ရုန်းကန်နေရဆဲဖြစ်သည်။ နေအိမ်အကျယ်ချုပ်သက်တမ်း ၁၅ နှစ်အပါအ၀င် နိုင်ငံရေးရပိုင်ခွင့်များအတွက် ဗိုလ်ချုပ်ကြီးများနှင့် ၂၅ နှစ်စိတ်ကြာ ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲဝင်ခဲ့ရသည်။ ထိုအတောအတွင်း မြန်မာနိုင်ငံသည် အစိုးရနှင့် ဆယ်စုနှစ်များစွာ တိုက်ပွဲဆင်နွှဲနေသော၊ လူများစုမြန်မာတို့၏ ကြီးစိုးမှုကို စိုးရွံ့သော တိုင်းရင်းသားလက်နက်ကိုင်များကို နေရာပေးရေးနှင့် ပတ်သက်၍လည်း နပမ်းလုံးနေရသည်။

အဖွဲ့ပေါင်းများစွာပါဝင်သော ဆွေးနွေးပွဲများသည် အခြေအနေရှုပ်ထွေးသွားစေပြီး စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်နှင့် ၄ နှစ်သား အရပ်သားတပိုင်း အစိုးရက ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ချောက်ချနေခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ အစိုးရဘက်ကမူ ဒေါ်အောင်ဆန်းစုကြည်အဆိုပြုသည့် နိုင်ငံရေးခေါင်းဆောင်အချို့သာပါဝင်သော ဆွေးနွေးပွဲများသည် အထက်အောက်အသွင် ချဉ်းကပ်မှုဖြစ်ပြီး ၎င်းတို့ဖော်ဆောင်သည့် ဆွေးနွေးပွဲများသည် ပိုမို ဒီမိုကရေစီနည်းလမ်းကျသည်ဟု ပြောသည်။

တပ်မတော်နှင့်ပတ်သက်၍ ဘွင်းဘွင်းပြောတတ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ရပ်တည်မှုကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဝေဖန်ပြောဆိုသည်။ “ဒီလိုပြောဆိုမှုမျိုးက အနောက်တိုင်း နိုင်ငံရေးယဉ်ကျေးမှုမျိုးမှာဆို အလုပ်ဖြစ်နိုင်ပေမယ့် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုမှာတော့ သူလိုချင်တဲ့ ရလဒ်ရမယ်မဟုတ်ဘူး”ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တခါတရံခက်ထန်သော်လည်း အနာဂတ်တွင် သူမဦးဆောင်မည့် မည်သည့်အစိုးရမဆို ယခင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များအား ၎င်းတို့၏ အပြစ်များအတွက် နောက်ကြောင်းပြန် အရေးယူခြင်းမရှိစေရေး အာမခံချက်ပေးပါသည်။
“ကျွန်မတို့ အရှေ့ဆက်သွားမှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ကျွန်မ တို့ဟာ ကိုယ့်ကိုယ်ကိုယ်အတိတ်မှာပဲ ချည်နှောင်ထားလို့မဖြစ်ဘူးလို့ ထင်တယ်၊ အတိတ်ဆိုတာသင်ခန်းစာယူဖို့၊ တုပ်နှောင်ထားဖို့မဟုတ်ဘူးလေ”ဟု သူမကပြောသည်။

မြစ်ဆုံစီမံကိန်းကြီးမှစ၍ ကျောက်မျက်၊ မူးယစ်ဆေးဝါး၊ သစ် တရုတ်နိုင်ငံဘက်သို့ တရားမ၀င်ထုတ်ယူနေခြင်းများအပေါ် စိုးရိမ်မှုများ ကြီးထွားလာနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သဘာဝသယံဇာတထုတ်ယူခွင့်ဆိုင်ရာ NLD ၏ မူဝါဒများကို အသေးစိတ်ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။ အစိုးရအဖွဲ့အစည်းတွင်းမှစ၍ လာဘ်စားမှုပပျောက်ရေးကို ပထမဦးစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်တပ်ကကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများကို အခွံဟောင်းလောင်းဖြစ်အောင် လုပ်ပစ်ခဲ့သည့်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ထောင်ရမည်ဖြစ်ကြောင်း အလေးအနက်ထား ပြောသည်။
တိုင်းရင်းသားများနှင့် သယံဇာတခွဲဝေရေးသဘောတူညီမှုအပေါ် သူမက “ဒါဟာစီးပွားရေးကိစ္စတခုတည်းမဟုတ်ဘူး၊ နိုင်ငံရေးနဲ့ ပိုဆိုင်တယ်”ဟု ပြောသည်။

၂၀၁၂ ခုနှစ် လွှတ်တော်အတွင်းရောက်ရှိချိန်မှစ၍ ပိုမိုဝေဖန်ခံလာရမှုကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုသော်လည်းသူမသည် သမ္မတဖြစ်ရေး ရည်မှန်းချက်နှင့်ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားသူများမှာ ယခင်နိုင်ငံရေး အခြေအနေမှ အကျိုးကျေးဇူးခံစားခွင့်ရသူများဖြစ်ပြီး ၎င်းတို့၏ ရှိပြီး သြဇာအာဏာများကို သူမက အနှောင့်အယှက်ပြုမည်ကို စိုးရိမ်ကြသည်။ မြန်မာ့ဒီမိုကရေစီအရေးတွင် ဒေါ်အောင်ဆန်းစုကြည် လွှမ်းမိုးထားခြင်းကြောင့် ခေါင်းဆောင်သစ်များမပေါ်ထွက်နိုင်ဘဲ ထို့ကြောင့်ပင် စစ်တပ်ကအာဏာစွန့်လွှတ်ရမည့် အခြေအနေအချို့ကိုဟန့်တားထားသကဲ့သို့ ဖြစ်ခဲ့သည်ဟု သူမကို နှစ်သက်မြတ်နိုးသူအချို့ကပင် ပြောဆိုကြသည်။

“အရင်တုန်းက ကျွန်မ အဝေဖန်မခံရဖူးသလို ပြောနေကြတာကို အံ့သြမိပါတယ်၊ ကျွန်မ ဝေဖန်ခံခဲ့ရတာပေါ့။ ကျွန်မဟာ လိုက်လျောညီထွေ မဖြစ်ဘူး၊ စစ်အစိုးရနဲ့ပိုပြီးသင့်မြတ်အောင်နေသင့်တယ်၊ သူတို့နဲ့ပိုမိုပူးပေါင်းခဲ့ရင် သူတို့ကလည်း ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြလိမ့်မယ်ဆိုပြီး ဝေဖန်ခဲ့ကြတဲ့သူတွေထဲမှာ အနောက်အုပ်စု က လူတွေတောင်ပါသေးတယ်”ဟု သူမကပြောသည်။

Ref ; Financial Times
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ဂျော်ဒန်လေယာဉ်မှူး မိုအက်ဇ်ကာဆာဘီအား အိုင်အက်စ်အကြမ်းဖက်တို့က ရက်စက်စက်စက် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံက လက်တုံ့ပြန်သည့် အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အရှိန်အဟုန်မြှင့် လုပ်ဆောင်နေရာ ဘုရင်အဗ္ဗဒူလာကိုတိုင် ပါဝင်တိုက်ခိုက်နေကြောင်း သတင်းထွက်ပေါ်နေသည်။

ဂျော်ဒန်ဘုရင်အဗ္ဗဒူလာကိုယ်တိုင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင်ပါဝင်ကြောင်း သတင်းကို ၎င်းတို့၏သတင်းရင်မြစ်များမှ အတည်ပြုပေးပြီးဖြစ်ကြောင်း Shafaqna news နှင့် Iraqinews တို့က အခိုင်အမာ ပြောဆိုသည်။ ပါဝင်သည်ဟုဆိုရာ၌ ဘုရင်အဗ္ဗဒူလာကိုယ်တိုင် တိုက်လေယာဉ်မောင်းနှင် တိုက်ခိုက်ခြင်းလော လေကြောင်းစစ်ဆင်ရေးပါတပ်ဖွဲ့များကို ကိုယ်တိုင်ညွှန်ကြားနေခြင်းပေလော ဆိုသည်သာ ကွဲပြားစွား မသိရှိရသေးပေ။

“အိုင်အက်စ်တို့က ဂျော်ဒန်လေယာဉ်မှူး ကာဆာဘီကို ကွပ်မျက်လိုက်ပြီးနောက် ကြာသပတေးနေ့က လက်တုံ့ပြန်တဲ့အနေနဲ့ အိုင်အက်စ်တို့အပေါ် လေကြောင်းစစ်ဆင်ရေးပြုလုပ်နေရာမှာ ဂျော်ဒန်ဘုရင်အဗ္ဗဒူလာကိုယ်တိုင် ပါဝင်မှာဖြစ်ပါတယ်” ဟု Iraqnews က သတင်းဖော်ပြသည်။ ယင်အပြင် လူမှုကွန်ယက်ဝဘ်ဆိုဒ်များပေါ်တွင်လည်း အလားတူ သတင်းရေးသားဖော်ပြမှုများ တွေ့ရသည်။

“ဂျော်ဒန်ပြည်တွင်းမှာထွက်ပေါ်နေတဲ့သတင်းတွေအရ မနက်ဖြန်မှာ အိုင်အက်စ်တွေကို ဘုရင်အဗ္ဗဒူလာကိုယ်တိုင် တိုက်လေယာဉ်မောင်းပြီး ဗုံးကြဲချမယ်။”ဟု ဂျော်ဒန်စာရေးဆရာ ၀ါလိဒ် အဘူ နာဒါ က ဗုဒ္ဓဟူးနေ့က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ အရှေ့အလယ်ပိုင်းသတင်းတင်ဆက်သူတဦးဖြစ်သော ဂျိုးဆက်ဖ်ဘရောက်ဒါကလည်း ၎င်း၏တွစ်တာပေါ်တွင် “လေယာဉ်မှူးလည်းဖြစ်တဲ့ ဘုရင်အဗ္ဗဒူလာကိုယ်တိုင် အိုင်အက်စ်ပစ်မှတ်တွေကို ဗုံကြဲမယ်”ဟု ရေးသားထားသည်။

ဂျော်ဒန်ဘုရင်အဗ္ဗဒူလာသည် ထီးနန်းမဆက်ခံချိန်ထိတိုင် ဗိုလ်ချုပ်ရာထူးဖြင့် ဂျော်ဒန်အထူးတပ်ဖွဲ့ကို ကွပ်ကဲခဲ့သူဖြစ်သည်။ ၎င်းသည် တိုက်လေယာဉ်မှူးလက်မှတ်ရရှိထားသူဖြစ်ပြီး ၁၉၈၀ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှ ဆန်းဟာ့စ်(Sandhurst)တော်ဝင်စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဗြိတိသျှစစ်တပ်က ပြန်တမ်းဝင်အရာရှိ(ဒု-ဗိုလ်) သတ်မှတ်ခံခဲ့ရသည်။

ဗုဒ္ဓဟူးနေ့တိုက်ခိုက်မှုကြောင့် အိုက်အက်စ်အဖွဲ့ဝင် ၅၅ ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

Ref ; Breitbert
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



အစ္စလာမ်မ္မစ် နိုင်ငံတော် အမည်ခံ (အိုင်အက်စ်)ရဲ့ နောက်ဆုံး ဗွီဒီယိုထဲက အမျိုးသမီးဟာ ပဲရစ်အရှေ့ပိုင်းက ဂျူးကုန်စုံဆိုင်ကို စီးနင်းသူ အမျိုးသမီး ဟုတ်မဟုတ် ပြင်သစ်တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။

ဇန်န၀ါရီလက ပြင်သစ်နိုင်ငံ မဂ္ဂဇင်းတိုက်ကို သေနတ် သမား ၂ ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ပုံနှိပ်တိုက်ကို စီးနင်းထားစဉ်မှာ ဂျူးဘာသာယုံကြည်သူတွေအတွက် ဖွင့်ထားတဲ့ အစားအသောက် ကုန်စုံဆိုင်ကို အာမဒီကော့လီဘာရီနဲ့ ဇနီး ဟာရပ် ဘော့မီဒိုင်းနီတိုက ၀င်ရောက် စီးနင်းခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ လူ ၄ ဦး သေဆုံးခဲ့သလို အာမဒီကော့လီဘာရီက ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သလို ဘော့မီဒိုင်းနီက လွတ်မြောက်သွားခဲ့ပါတယ်။

ဒီနောက် ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်လွင့်ခဲ့တဲ့ အိုင်အက်စ်ရဲ့ ရုပ်သံမှာ အခုလို သံသယဖြစ်ဖွယ် ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီဗွီဒီယိုထဲက မျက်နှာဖုံး စွပ်ထားပြီး လက်နက် ကိုင်ဆောင်ထားတဲ့ အမျိုးသမီးဟာ ဘော့မီဒိုင်းနီ ဖြစ်တယ်လို့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးနဲ့ နီးစပ်သူတဦးကို ကိုးကားပြီး စီအန်အန် သတင်းက ရေးပါတယ်။ ဘော့မီဒိုင်းနီဟာ လက်ရှိအချိန်မှာ ဆီးရီးယားမှာ ရှိနေတယ်လို့ မှတ်ယူနေပါတယ်။

ဒီရုပ်သံမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေက ဇန်န၀ါရီလက ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ချီးကျူးပြောဆိုခဲ့ပြီး မွတ်စလင်တွေအနေနဲ့ ပြင်သစ်မှာ ထပ်မံတိုက်ခိုက်မှုတွေ လုပ်ဖို့ တောင်းဆိုထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/80447


ပညာရေးဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ချီတက်ဆန္ဒပြနေတဲ့ကျောင်းသားတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ဆောင်ရွက်နေမှုတွေ အားပေးအားမြှောက်ပြုနေတဲ့ အဖွဲ့အစည်းတွေရှိနေတယ်လို့ စွပ်စွဲထားတဲ့အစိုးရရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး အလွှာစုံကလူထုရဲ့အမြင်ကို မခက်မာက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ မကွေးတိုင်း နတ်မောက်မြို့၌ ၇ ရက်ကြာကျင်းပမည့် မွေးနေ့ နှစ် ၁၀၀ ပြည့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး နိုင်ငံအနှံ့မှ ရဟန်းရှင်လူပေါင်း သောင်းနှင့်ချီ လာရောက်ဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၇ ရက်မှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ (၁၃) ရက်ထိ ခုနစ်ရက်ဆက်တိုက် (၂၄) နာရီပြည့် ကျင်းပမည့် ပွဲမုဒ်ဦးကို ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD ပါတီ နာယကကြီး ဦးတင်ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ဦးဇော်မင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း အခမ်းအနား ဒုတိယအစီအစဉ်ကို နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကွင်းအတွင်း ရာပြည့်စင်မြင့်တွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

“ရာပြည့်ပွဲကြီးကို ဒီလောက် စည်စည်ကားကားဖြစ်အောင် စီစဉ်ခဲ့သူတွေရော၊ ပြည်သူတွေကလည်း တစ်ခဲနက် လာရောက်ကြတာရော မြင်လိုက်ရတော့ နတ်မောက်ကို ဗိုလ်ချုပ်ကိုယ်တိုင် ပြန်ရောက်လာတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ ပွဲတော်ကြီးကိုကြည့်ရင်း ၀မ်းသာသလို ဖြစ်နေပေမယ့် ၀မ်းနည်းစိတ်လည်း ပေါ်မိပါတယ်” ဟု နတ်မောက်မြို့ခံ တစ်ဦးက ဆိုသည်။

ဖွင့်ပွဲနေ့ နံနက်ပိုင်းတွင် ပဲပြုတ်နှင့်နံပြား စတုဒိသာကျွေးပွဲကို စတင်ခဲ့ရာ ဒေသခံများနှင့် အခြားနယ်များမှ လာရောက်ကြသော ပြည်သူများဖြင့် စည်ကားခဲ့ကြောင်း ပဲပြုတ်နံပြား စတုဒိသာကျွေးပွဲကို ရာပြည့်ပွဲကျင်းပမည့် ခုနှစ်ရက်ဆက် နံနက်တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ခွင်အတွင်း အမှိုက်များ ကင်းစင်စေရေး အတွက်လည်း အသင်းအဖွဲ့တစ်ခုမှ ဦးဆောင် ဆောင်ရွက်နေကြောင်း၊ ရာပြည့်ပွဲ ဖွင့်လှစ်ပြီးချိန်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြကြောင်း ထိုသို့သွားရောက်ရာ လမ်းကြောင်းတစ်လျှေက်တွင် အုပ်စုလိုက် လာရောက်ကြသော ကျောင်းသူကျောင်းသားများက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကဗျာနှင့် သီချင်းများ အော်ဟစ်သီဆိုခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်ရာပြည့်ပွဲတွင် တရားပွဲများ၊ အနုပညာနယ်ပယ်စုံမှ ဖျော်ဖြေပွဲများဖြင့် ခုနစ်ရက်ဆက် ၂၄ နာရီ ပြည့်နေမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် နတ်မောက်မြို့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့် လာရောက်မည်ဖြစ်ကြောင်း၊ ထိုနေ့တွင် နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်ရာပြည့် မော်ကွန်းကျောက်စာတိုင်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ရာပြည့်ပွဲ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းကိုလည်း ထူထောင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
.
Credit : Eleven Media Group
.

မြေလတ် ပခုက္ကူကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားများ လမ်းလျှောက်ချီတက်လာကြစဉ်။

ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်း

ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းသည် ယနေ့နံနက် ၉ နာရီတွင် ညောင်တုန်းမြို့ အတုလမာရဇိန် ဘုရားဝန်းအတွင်း၌ ဟောပြောခဲ့ပြီး ဆက်လက်ထွက်ခွာလာရာ ညနေ ၃ နာရီခွဲတွင် မအူပင်မှ ငါးမိုင်အကွာသို့ ရောက်ရှိလာပြီး မအူပင်တွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

--------------------------------------------------

ပင်မ မန္တလေးကျောင်းသားသပိတ်စစ်ကြောင်း

ပင်မ မန္တလေးကျောင်းသားသပိတ်စစ်ကြောင်းသည် ယနေ့နံနက် ၉ နာရီတွင် ဆတ်သွားရွာမှ စတင်ထွက်ခွာလာခဲ့ပြီး ပရပ်ကြယ်ရွာတွင် နေ့လည်ထမင်းစားနားကာ အောင်လံသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း ညနေ ၃ နာရီခွဲတွင် ကိုးပင်ရွာအနားသို့ ရောက်ရှိပြီး အောင်လံတွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

-------------------------------------------

မြေလတ်ကျောင်းသားသပိတ်စစ်ကြောင်း

မြေလတ်ကျောင်းသားသပိတ်စစ်ကြောင်းသည် ယနေ့နံနက်၉ နာရီတွင် ပခုက္ကူမှ စတင်ထွက်ခွာလာပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် ညောင်ဦးသို့ရောက်ရှိကာ ရွှေစည်းခုံစောင်းတန်းတွင် ထမင်းစားနားပြီး ညနေ ၃ နာရီခွဲတွင် ပုဂံသို့ ရောက်ရှိကြောင်း သိရသည်။ မြေလတ်ကျောင်းသားသပိတ်စစ်ကြောင်းသည် ချောက်မြို့သို့ ဦးတည်ချီတက်နေပြီး မုံရွာ၊ ပခုက္ကူ၊ ချောက်တို့မှ ကျောင်းသားများ ပူးပေါင်းပါဝင်ကြောင်း သိရသည်။

Eleven Media Group