02/09/15


ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် အတွင်းက အထည်ချုပ်စက်ရုံ ၅ ရုံက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ  အခြေခံလစာ တိုးမြှင့်ပေးဖို့ ဒီကနေ့မနက် ချီတက် ဆန္ဒပြကြ ပါတယ်။

Ford Glory Garment, Costec International, E,land Myanmar Garment, Red Ston Garment နဲ့ Han jen Textile nd Garment အထည်ချုပ်စက်ရုံက လုပ်သားတွေဖြစ်ကြပါတယ်။

သူတို့က အနိမ့်ဆုံးလုပ်ခငွေကို အမြန်သတ်မှတ်ပေးဖို့နဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့ အပါအ၀င် အချက် ၉ ချက်ကို တောင်းဆိုကြပါတယ်။

ချီတက်ဆန္ဒပြတဲ့အလုပ်သမား မသိန်းမိုးလွင်က “ကျမတို့ ရွှေပြည်သာ တ၀န်းပဲပတ်တာ။  ပြီးတော့ သပိတ်စခန်းတွေ သွားမှာ။ ရုံတိုင်း ရဲရှေ့မှာ သပိတ်စခန်းတွေရှိနေတယ်။ ဒီတပတ်အတွင်း မှာ ပြေလည်အောင် ညှိနှိုင်းဖြေရှင်း မပေးဘူးဆိုရင် ကျမတို့က တနေရာထဲမှာ သပိတ်ပေါင်းပြီးတော့ နေမှာ။” လို့ ပြောပါတယ်။

အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ရေးအတွက် အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ကြိုးပမ်းဆောင် ရွက်နေပြီး အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့အဆိုအရ ဒီနှစ် အောက်တို ဘာ လ၀န်းကျင်မှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖွယ်ရှိနေပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားသမဂ္ဂရုံးခန်း  ထားပေးဖို့၊  အလုပ်သမားအားလုံးအတွက် ဖူလုံရေး ကဒ်ပြုလုပ်ပေးဖို့၊ ဥပဒေနဲ့ အညီ ခွင့်ရက်နဲ့အလုပ် ပိတ်ရက်တွေ  ခံစားခွင့်ပြုဖို့၊ ဆေးခွင့်တင်တဲ့ရက်တွေအတွက် ငွေကြေး မဖြတ်တောက်ဖို့၊  နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေတည်ဆဲဥပဒေတွေကိုလိုက်နာဖို့နဲ့ သမဂ္ဂအလုပ် အမှုဆောင်တွေကို အလုပ်သမား အဖွဲ့အစည်းဥပဒေနဲ့အညီ တလကို ခွင့်ရက် (၂) ရက် ပေးဖို့  အလုပ် သမားတွေ က တောင်းဆိုထားပါတယ်။

အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ကတည်းက တောင်းဆို ဆန္ဒပြ နေကြတာဖြစ်ပြီး အခု ချီတက်လှည့်လည် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

တချိန်တည်းမှာ ကျောင်းသားထုကလည်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်ထိ သပိတ်စစ်ကြောင်းအပါအ၀င် မကွေး၊ ဧရာဝတီ တနင်္သာရီတိုင်းတွေက ကျောင်သားတွေကလည်း ရန်ကုန်ထိ ချီတက် နေကြပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/80657


ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အားလုံး ရင်ထဲ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ သတင်း ကတော့ အမျိုးသား ပညာရေး ဥပဒေပြုပြင် ပြောင်းလဲရေး ကျောင်းသားသပိတ်သတင်း ပါပဲ။ ကျောင်းသား များက မန္တလေးကနေ ရန် ကုန်ကို ခရီးရှည်ချီ တက်ဆန္ဒပြကြရာမှာ ပလိပ်၊ ကျောက်ဆည်၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင် သာ၊ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း စသဖြင့် ဖြတ်သန်းပြီး မကွေးတိုင်း ဂွေးပင် ရွာမှာ ညအိပ်ရပ်နားဖို့ပေမယ့် အာဏာပိုင် တွေ ဖိအားကြောင့် ရေနံချောင်းမြို့ကို ကား နဲ့ထွက်ခွာ ညအိပ်ခဲ့ ရပါသတဲ့။

လမ်းတစ်လျှောက်မှာ သပိတ်စစ်ကြောင်း ကို ပြည်သူတွေက တစ်ခဲနက် ကြိုဆိုကြပြီး မြင်း ခြံမြို့မှာဆို သံဃာတော်များ၊ ဆရာဝန်များ၊ ဒေသခံကျောင်းသားကျောင်းသူ များပါ ကြို ဆိုရုံမက ပါဝင် ချီတက်ကြဆိုပဲ။ ဒီလိုပဲ ကျောင်း သားတွေကို ချေမှုန်းမယ်၊ တန်ပြန် သပိတ်ဆင် နွှဲမယ်လို့ သတင်းကြီးနေခဲ့တဲ့ တောင်သာမြို့ ကလည်း သပိတ် စစ်ကြောင်းကို လူအုပ်စုကြီး နဲ့ ကြိုဆိုကြတာ သတင်းထဲ ဖတ်ရပါတယ်။ (ကိုယ့်မြို့ကို နာမည်ဖျက်သူက ထိုင်ဖျက်နေ တော့ အဖတ်ဆယ် နိုင်သူတွေက ဝိုင်းဆယ် ကြရတာလည်း ဖြစ်မှာပေါ့ဗျာ)။ ကျောက်ပန်း တောင်းမှာဆိုလည်း လူစုလူဝေးနဲ့ မြို့လုံးကျွတ် ကြိုကြပုံများ ဒီလိုမြင်ကွင်းမမြင်ဖူးပါဘူးလို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။

အစိုးရအနေနဲ့လည်း သပိတ်စစ်ကြောင်း ကို တည်းခိုရာဘုန်းကြီးကျောင်း များကို ခြိမ်း ခြောက် ဖိအားပေးလိုပေး၊ ရဲတွေဂိတ်ချ ပိတ် လိုပိတ်၊ ဒေသ ဆိုင်ရာ အာဏာပါဝါရှိသူကြီး များက ပုဒ်မ ၁၈ လာဖတ်ပြလိုပြနဲ့ အမျိုးမျိုး တားဆီးပိတ်ဆို့ရုံမက တစ်ဖက်ကလည်း တက္ကသိုလ်ဆရာကြီးတွေ ကိုပါ စေလွှတ်ညှိ နှိုင်းတဲ့ကြားက ကျောင်းသားစစ်ကြောင်းက ခရီး တစ်ဝက်ပေါက်သွားခဲ့ပါတယ်။ ပုဒ်မ ၁၈ လာဖတ်ပြ ရှင်းပြကြရရှာ သူကြီးများလည်း သ နားစရာခင်ဗျ။ ဥပဒေဖောက်ဖျက်ရင်တော့ ဘယ်သူဖြစ်ဖြစ် အရေးယူမှာပဲတို့ဘာတို့ ပြော ပြီး မောင်းတင်လာပေမယ့် ‘ကျွန်တော်တို့က အခြေခံ ဥပဒေအရ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်နေ တာဖြစ်ပြီး ဒီဥပဒေကို ယုံကြည်လေး စားလိုက်နာလို့ ဖမ်းမယ်ဆိုရင် လိုက်ခဲ့ဖို့ အ ဆင်သင့်ပါပဲ’ဆိုတော့လည်း ‘ဟဲ၊ ဟဲ၊ အဘ တို့က ဒီလိုလည်း မဟုတ်ပါဘူး’လို့ ပြောရမလို ဖြစ်သွားတယ်လေ။ တကယ်တော့ ပုဒ်မ ၁၈ လို (သူတို့ကိုယ်တိုင် စိတ်တိုင်းကျဆွဲ၊ ဇွတ် အတည်ပြုပြီး မကြာခဏ ရည်ညွှန်း တတ်တဲ့) အခြေခံ ဥပဒေကြီးနဲ့ကို လုံးလုံးဆန့်ကျင်တဲ့ ဒီဥပဒေမျိုး ကိုင်စွဲ ထားသရွေ့ ဒီလိုရှေ့နောက် မညီ အရှက်ကွဲတာမျိုး ကြုံနေရဦးမှာပါပဲ။

တချို့ပုဂ္ဂိုလ်တွေကျတော့ ‘ငြိမ်းစုစီ’ လို့ သူတို့ခေါ်တဲ့ ဒီဥပဒေက ပုဒ်မ ၁၈ ကို ရည် ညွှန်းတားဆီးတဲ့အခါ ကျောင်းသားများက အဲဒီ ငြိမ်းစုစီ ဥပဒေက နည်းဥပဒေ ထွက်ပြီလားလို့ မေးလိုက်တဲ့အခါ ဘာမှမပြောနိုင်ဘဲ ပြန်ထွက် သွားတာလည်း ရှိသတဲ့ခင်ဗျ။ အမှန် ပြောရရင် နည်းဥပဒေထွက်မထွက် ကျွန်တော်လည်း မသိတာအမှန်ပါပဲ။ ဒါပေမဲ့ ပုဒ်မ ၁၈ နဲ့ ထောင်ထဲက မထွက်ရစတမ်း ခဏခဏ ဖမ်းနေတာတော့ မြင်နေကြားနေရတာပါပဲ ခင်ဗျ။

ဒါနဲ့ အားလုံးသိပြီးသား ဇာတ်ကြောင်းကို ပြန်လှန်ရရင် ဇန်နဝါရီ ၂၈ ရက်နေ့ကျမှ သ ပိတ်မှောက်ကျောင်းသားများရဲ့ခေါင်းဆောင်၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီဝင် ၁၀ ဦးနဲ့ ဝန်ကြီးဦးအောင်မင်း ခေါင်း ဆောင်တဲ့ အစိုးရကိုယ်စားလှယ် များ တွေ့ဆုံ ဆွေးနွေးပြီး ကျောင်းသားတွေတောင်းဆိုထား တဲ့ လွှတ်တော်၊ အစိုးရနဲ့ ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တာဝန်ရှိသူများနဲ့ ကျောင်းသားခေါင်း ဆောင်များ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ လေး ပွင့်ဆိုင်တွေ့ဆုံဖို့ သဘောတူလိုက်ကြောင်း မင်္ဂလာ သတင်းကြား ရလို့ အားလုံး ဝမ်းသာ ကြပါတယ်။ အစိုးရက ကျောင်းသားတွေကို အရေးမယူပါဘူးလို့ ကတိပေးလိုက်သလို ကျောင်းသားတွေကလည်း သပိတ်ကိုရပ်နား ထားမယ်လို့ သဘောတူကြတယ် ဆိုပါတယ်။

ဒါပေမဲ့ ကျောင်းသားတွေထဲမှာ ‘အစိုးရ က အခုလို လိုက်လျောတာဟာ သပိတ်အရှိန် အဟုန်ကို လျော့ကျအောင် လုပ်တာ သက်သက် ဖြစ်ပြီး ကျောင်းသားတွေ တောင်းဆိုချက်ကို နောက်ဆုံးတော့ လိုက်လျောမှာ မဟုတ်ဘူး၊ သပိတ်တပ်ကို အခုရပ်နားပြီး လူစုခွဲလိုက်ရင် အစိုးရက မလိုက်လျောဘူး သေချာတဲ့အခါ ပြန်စုဖို့မလွယ်ဘူး၊ ဒါကြောင့် အစိုးရကို ဆက် ဖိအားပေးပြီး သပိတ်ဆက်မှောက်သင့်တယ်’ဆိုတဲ့ အယူအဆ ရှိသူ တွေလည်း ပါနေတာမို့ အတော်လေး ပြန်ညှိနှိုင်း ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ လူကြီးစိတ်နဲ့ အစိုးရက လိုက် လျောပေးတဲ့အခါမှာ ဆက်တင်းမာတာမျိုး မ ဖြစ်စေချင်ဘူးလေ။ ‘ကလေးတွေနှယ်၊ မယုံ သင်္ကာစိတ်များလိုက်တာ၊ လူကြီးတွေက ဒီ လောက် လိမ်မယ်ကောက်မယ် မထင်ပါဘူး’လို့တောင် လျှော့တွက်ချင်တာပေါ့။ ဒါပေမဲ့ ဒီလိုတွေးရင်းနဲ့ တစ်ခုကို သွားသတိရမိသွား တယ်။

အဲဒါကတော့ ဒီပြဿနာဟာ ချက်ချင်း ကြီး ဝုန်းဒိုင်းဖြစ်လာတာမဟုတ်ဘဲ ဥပဒေ စပြဋ္ဌာန်းစဉ် ကတည်းက ကျောင်းသားသမဂ္ဂ တွေနဲ့ ဆရာများသမဂ္ဂအပြင် NNER ကပါ ဝိုင်းကန့်ကွက်ကြပုံ၊ ဒီနောက် ဇွတ်ကြီးပြဋ္ဌာန်း လိုက်တော့ ကျောင်းသားများက နိုဝင်ဘာ ၁၄ ရက်ကနေ ၄ ရက်ဆန္ဒပြ ကန့်ကွက်ခဲ့ကြ ပြီးနောက်မှ ဥပဒေပြင်ဆင်နိုင်ဖို့ ရက် ၆၀ အချိန်ပေးခဲ့ပေမယ့် အစိုးရက ဘာမှလုပ်မပေး ခဲ့ပုံ၊ ကျောင်းသားတွေ သပိတ်စမှောက်ခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကနေ ရက်ပေါင်းတစ်ဒါဇင် လောက်ပဲ ကွာသေးတဲ့ နိုဝင်ဘာ ၂၆ ရက်နေ့၊ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံတဲ့ပွဲမှာ သမ္မတ ကြီးဦးသိန်းစိန်က ‘တက္ကသိုလ်တွေမှာ လွတ် လပ်စွာ ပညာသင်ခွင့်တွေ၊ ကျောင်းသားယူနီယံ တွေ ဖွဲ့စည်းခွင့်တွေက တက္ကသိုလ်ပညာရေး ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းပဲ’ လို့ ပြောခဲ့ ပုံတွေကို ပြန်သတိရမိပါတယ်။

အဲဒီတုန်းက ဦးသိန်းစိန်ရဲ့မိန့်ခွန်းကို ဖတ် ရတော့ အတော်ဝမ်းသာပြီး အနောက်နိုင်ငံ ခေါင်းဆောင်တချို့ ပြောပြောနေတဲ့ ‘ပြုပြင် ပြောင်းလဲလိုသူ’ဆိုတာ ‘ဟုတ်သားဟ’ဆိုပြီး လေးစားကြည်ညိုမိခဲ့ပါရဲ့။ မကြည်ညိုဘဲရှိပါ မလား။ ‘ကျောင်းသားယူနီယံပေါ်ပေါက်ရေး နဲ့ ပညာရေးလွတ်လပ်ခွင့်က မရှိမဖြစ်လိုအပ် တယ်ဆိုတာ အသိအမှတ်ပြုလက်ခံပါတယ်’ လို့တောင် ဆက်ပြောခဲ့သေးတာကိုး။ အင်း၊ သမဂ္ဂပေါ်ပေါက်ရေး ခေတ်အဆက်ဆက် အ သက်ပေးခဲ့သူတွေကို အမျှဝေနိုင်မယ့် အချိန် ရောက်ပြီလို့တောင် ယုံလိုက်မိတာပါပဲ။ ဒီအ ချိန်မှာ ဒီမိန့်ခွန်းနဲ့ပတ်သက်ပြီး ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီဝင် ကိုနန္ဒာစစ် အောင်က ‘သမ္မတကြီးပြောတဲ့ ကျောင်းသား သမဂ္ဂဆိုတာ လက်ရှိသမဂ္ဂကို ဆိုလိုသလား၊ ဥပဒေအရ နောင်ပေါ်ပေါက်လာမယ့် သမဂ္ဂ တွေကိုဆိုလိုသလား သံသယဖြစ်မိတယ်၊ အ ရင်က ဥပမာတွေလည်းရှိလို့ လိုသလိုပုံသွင်း ခံရတာမျိုးတော့ မဖြစ်ချင်ပါဘူး’လို့ အင်တာ ဗျူးတစ်ခုမှာ ပြောတာကြားရလို့ ဪ၊ သူတို့ လေးတွေ သံသယကြီးပြီး အစိုးရကြီးကို ငါ ယုံသလိုမယုံပါလားလို့ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ တကယ် ဖြစ်လာတာက ကျွန်တော် အထင်ကြီးထားသလို မဟုတ်ရုံမက ကိုနန္ဒာ စစ်အောင် သံသယဖြစ်တဲ့ အတိုင်းအတာ ထက်တောင် အများကြီးဆိုးပါတယ်။ တကယ် တော့ သမ္မတကြီးပြောတဲ့ ‘ကျောင်းသားယူနီယံ’ ဆိုတာကြီးက လက်ရှိသမဂ္ဂလည်း မဟုတ်၊ နောင်ဥပဒေနဲ့အညီ ပေါ်မယ့်ဟာလည်း မဟုတ်။ အစိုးရအကြိုက်နဲ့ဖွဲ့မယ့် (အရင်မဆလ ခေတ် လမ်းစဉ်လူငယ်ကို ခေတ်နဲ့အညီ မွမ်းမံ ပတ္တီးရိုက်၊ နာမည်ပြောင်းထားတာမျိုးကြီး) လုပ်ချင်နေတာကိုး။ တစ်ဖက်မှာလည်း နိုင်ငံ တကာကို ‘စတူးဒင့်ယူနီယံ’ကြီးများတောင် ဖွဲ့ခွင့်ပေးထားပြီဗျ’ လို့ ပြောချင်သကိုးဗျ။

ဪ၊ ဪ။ ကြုံဖူးပေါင်၊ ဂုဏ်ထူး ဆောင်မျက်နှာပြောင်ချက်နော်။ ဒါမျိုး ယူနီယံ တွေဖွဲ့ကြဟေ့လို့ တက္ကသိုလ်တွေကို တိတ် တိတ်လည်း အမိန့်ပေးလိုက်ရော၊ ဝိုင်းကန့် ကွက်ကြတော့ သူတို့မဟုတ်သလိုလို ဘာလို လိုနဲ့ အသာလျှိုနေပြန်သဗျ။ ကဲ၊ ဒီလူကြီးမျိုး တွေကို ဟိုလူငယ်ကလေးမျိုးတွေက မယုံ ဘူးဆိုတာကို ဘယ်လိုအပြစ်တင်ရမှာပါလိမ့် လို့ ကိုယ့်ဘာသာ မေးခွန်းထုတ်ရင်း သူတို့ ဆက်ချီတက်မယ်ဆိုတာကို စိတ်မသက်မသာ ကြည့်နေရတော့တာပေါ့ခင်ဗျာ။

ဒါပေမဲ့ သမ္မတကြီးမိန့်ခွန်းက အကျိုးမဲ့တော့ မဟုတ်ခဲ့ပြန်ဘူး။ ဘာကြောင့်ဆိုတော့ ဒီမိန့် ခွန်းမှာ လူကြားကောင်းအောင်ပဲ ပြောသလား၊ နောင်ရည်ရွယ်လုပ်ဖို့ရှိတဲ့ လုပ်နေကျ ဟန်ပြ ပုံစံကိုပဲ ညွှန်းသလားမသိရတဲ့ ‘အမျိုးသား ပညာရေးဥပဒေကို သဘောတူတာ ကွဲလွဲတာ တွေကို ရှာဖွေညှိနှိုင်းပြီး တက္ကသိုလ်အလိုက် ဖြစ်စေ၊ တက္ကသိုလ်တွေ စုပေါင်းပြီး ဖြစ်စေ ဆွေးနွေးကြပါ’လို့ ပြောတာလည်း ပါသွား ဆိုကိုး။ အဲဒီမှာ ရန်ကုန်အရှေ့ပိုင်း (တာဝ)တက္ကသိုလ်၊ ဒုပါမောက္ခချုပ် ဒေါက်တာမာလာ အောင်က တရားဝင်လုပ်ခွင့်ရပြီဆိုပြီး ပါမောက္ခ ကိုစာတင်၊ ဆရာတွေ၊ ဝန်ထမ်းတွေ၊ ကျောင်း သားတွေဖိတ်ပြီး ဆွေးနွေးပွဲလုပ်၊ သမ္မတကြီး ညွှန်ကြားတဲ့အတိုင်း ဥပဒေရဲ့အားနည်းချက် တွေကို ထုတ်ပြလိုက်တာ တစ်ခါတည်း ဝက် ဝက်ကွဲသွားတော့တာပါပဲ။ မကွဲခံနိုင်ရိုးလား၊ အဲဒီဒုပါမောက္ခချုပ်က ဂျပန်နိုင်ငံ တိုဟိုကု တက္ကသိုလ်က ဥပဒေပါရဂူဘွဲ့ရခဲ့သူဆိုသကိုး။ အဲဒီဆရာမက သူတာဝန်ရှိတဲ့အတိုင်း ဆောင် ရွက်တဲ့အတွက် ‘ကျွန်မ စွန့်စားမှုရလဒ်ကို စောင့်နေရုံပဲ’လို့ ပြောခဲ့ပါသေးတယ်။ ကျွန် တော်တို့ တက္ကသိုလ်များမှာ ဒေါက်တာဒေါ်မာ လာအောင်လို သတ္တိရှင်တွေသာ အတော် များရင် တက္ကသိုလ်များကို တက္ကသိုလ်နဲ့ဝေး သူများက အနိုင်ကျင့်တာမျိုး မခံရလောက်ဘူး ထင်တာပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်ခဲ့ရာကနေ သဘော တူညီချက်အတိုင်း လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ရန်ကုန်စိန်ရတုသဘင် ခန်းမမှာ ပွင့်ပွင့်လင်း လင်းနဲ့ အချိန်ယူဆွေးနွေးခဲ့ကြရာမှာ ရိုးရိုး သားသားနဲ့ အဖြေတကယ်ရှာချင်တဲ့ပုံမျိုး တွေ့ ရပြန်လို့ ဝမ်းသာရပြန်တယ်။ တကယ်လို့သာ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံရေးသမားအများစုနဲ့ တက္ကသိုလ်ဆရာအများစု ပြောနေကြတဲ့အ တိုင်း ကျောင်းသားတွေတောင်းဆိုမှု မှန်ကန် ပါတယ်ဆိုပြီး လိုက်လျောခဲ့မယ်၊ နောက်ထပ် ဆွေးနွေးဖို့ လမ်းဖွင့်ပေးခဲ့မယ်ဆိုရင် ဒီဆောင်း ပါးမျိုးတောင် ရေးစရာအကြောင်းမရှိဘဲ အစိုး ရကြီးကို အထင်လွဲခဲ့မိလို့ တောင်းပန်တဲ့ဆောင်း ပါးမျိုးသာ (တကယ်ဦးချတောင်းပန်ရင်း) ရေးဖို့ ရှိပါတယ်။ ဒါပေမဲ့ အများသိတဲ့အတိုင်း အဲဒီ ဆွေးနွေးပွဲမှာတော့ အလိုက်လျောကြီး မဟုတ် တောင် ကျောင်းသားတင်ပြတဲ့ကိုးချက်မှာ ခုနစ် ချက်တောင် လက်ခံသဘောတူပြီး ဖြစ်သင့် တာတချို့ကို ကျောင်းသားတွေက လျှော့ ပေးခဲ့သလို အစိုးရဘက်ကလည်း ဆက်ဆွေး နွေးဖို့ နေပြည်တော်ကိုတောင် ဖိတ်ခဲ့သမို့ အစိုးရကြီးကို ဂုဏ်ပြုမော်ကွန်းထိုးပေးရမယ့် ဆောင်းပါးမျိုးပဲရေးဖို့ လက်ပြင်ထားရတာပေါ့။

ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ဆွေးနွေး ပွဲလာတဲ့ ကိုယ်စားလှယ်များကို စည်ပင်ဧည့် ရိပ်သာမှာ တည်းခိုခွင့်ပေးပါမယ်လို့ သဘော တူညီထားချက်ကို ဖောက်ဖျက်ပြီးတော့ ‘ဝန်ကြီးတစ်ဦးက တည်းခွင့်မပြုဘဲ ပိတ်ထားရန်’ အ မိန့်ပေး ထားတဲ့အတွက်ဆိုပြီး တည်းခွင့်မ ပေးတဲ့အတွက် ကျောင်းသားတွေရော၊ NNER က ပုဂ္ဂိုလ်တွေရော တည်းစရာအိပ်စရာ မရှိဘဲ ဒုက္ခဖြစ်ကြပါသတဲ့။ ကဲ၊ ငါတို့ကို အရှက်ခွဲတဲ့ဟာတွေဆိုပြီးများ အငြိုးနဲ့နှိပ်စက် လေသလား တွေးစရာပါပဲ။ (ဒီမိုကရေစီနိုင်ငံ မျိုးမှာဆိုရင် အစိုးရကိုအရှက်ခွဲပြီး ဆွေးနွေး သူတွေနဲ့မျက်နှာပျက်စေတဲ့ ဒီဝန်ကြီး ရက်မဆိုင်းဘဲ ပြုတ်လောက်ပေမယ့် အခုတော့ တိတ်တိတ်ဆုတော်လာဘ်တော်များ ချီးမြှင့် မလား မဆိုနိုင်ဘူး)။

ဒါတင်မကဘဲ နောက်ဆုံး ကျောင်းသား ကိုယ်စားလှယ်များကို ကူညီဖို့လိုက်လာသူ များနဲ့ မီဒီယာများကို ဝင်ခွင့်မပေးဘဲ ဂိတ် မှာပိတ်ထားလို့ မဝင်နိုင်ဖြစ်နေပြီး အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်များက စိတ်ရှည်ရှည် စောင့်နေပေမယ့် တစ်ဖက်ကမရောက်လာ ဘူးဆိုပြီးများ အင်တာနက်တင်လိုက်သေးသဗျား။ ကဲ၊ နောက်ဆုံးတော့ ငြိမ်းချမ်းရေးကိစ္စ အရေးကြီးလို့ဆိုပြီး အစိုးရက တစ်ဖက်သတ် ဖျက်သိမ်းရွှေ့ဆိုင်းခြင်းနဲ့ ဇာတ်သိမ်းသွားခဲ့ တာ အများအသိပါပဲဗျာ။

ဒီဇာတ်လမ်းမှာ သပိတ်မှာပါတဲ့ အထက် တန်းကျောင်းသူလေးတစ်ဦးကို ကျောင်းထုတ် ဖို့အထိ အငြိုးနဲ့ကြံတာ၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က သူတို့ကျောင်းထုတ်ခဲ့လို့ ကျောင်းသား မဟုတ်တော့ရသူများက ဦးဆောင်နေတာနဲ့ သူတို့ သမဂ္ဂတရားဝင်ဖွဲ့ခွင့်မပေးလို့ ဒီမိုက ရေစီနည်းကျ မတင်မြှောက်နိုင်တာများကို အ ပြစ်ဖွဲ့ရှေ့တန်းတင်ပြီး အငြိုးတကြီးပြောနေ တာ၊ NNER ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ပရဟိတသမား ဆရာကြီးဦးသိန်းလွင်ရဲ့ ခဝဲခြံ မျက်မမြင် ကျောင်းကို ဆွေးနွေးပွဲမတိုင်မီည မှာ ဝင်ရှာဖွေတာ၊ တစ်ဖက်သတ်ဖျက်သိမ်းမှု ကို ကျောင်းသားဘက်အပြစ်လွှဲချပြီး အရှည် သဖြင့်မကောင်းအောင် စိတ်နာစရာဖြစ်အောင် တမင်လုပ်နေတာ၊ ဆွေးနွေးပွဲအပြီး ကျောင်း သားနဲ့ NNER ကိုယ်စားလှယ်များနောက်က လုပ်နေကျအတိုင်း တကောက်ကောက်လိုက် ခြိမ်းခြောက်တာ စတာတွေအပြင် နောင်ကို စာမေးပွဲများနီးတဲ့အထိ အချိန်ဆွဲပြီး မိဘတွေ နဲ့ ကျောင်းသားထုရန်တိုက်၊ ကျောင်းသားချင်း ရန်တိုက်၊ ဆရာချင်းတိုက်၊ ဆရာနဲ့ကျောင်း သားတိုက်၊ ဒေသအာဏာပိုင်နဲ့ ကျောင်းအာဏာပိုင်နဲ့ ရန်တိုက် စတာတွေလုပ်ဦးမှာ မြင် နေရတာမို့ အတော် စိတ်မချမ်းသာစရာပါပဲ။

ဒါကြောင့် နောက်မျိုးဆက်သစ်ကို ‘မရိုးသားတာ’တို့ ‘အငြိုးထားတာ’တို့ကိုပဲ အမွေ ပေးခဲ့ဖို့ ကြံစည်နေကြတာလားလို့ ‘သမဂ္ဂ’အလက်ဂျစ်ရောဂါရှင်၊ ‘ယူနီယံဂါးဗားမင့်’အရှင်သခင်များကို ကွက်ရှင်ထုတ်လိုက်ချင်ပါရဲ့ ခင်ဗျား။

|| ရီနေနိုင် ||
The Ladies News Journal
https://www.facebook.com/News.TheLadies


ပည်မြို့အသွား မကွေး နဲ့ ပဲခူးတိုင်းနယ်စပ် ယုန်ဖြူတောင်မှာ အစိုးရက လုံခြုံရေး နဲ့ သံဆူးကြိုးတွေ ကာရံ တားမြစ်ထားတာကို ပြည်တက္ကသိုလ်နှင့် ပြည်နည်းပညာ တက္ကသိုလ် ကျောင်းသားများ အပါအဝင် ပြည်ခရိုင်နဲ့ ပဲခူးအနောက်ခြမ်းက ပြည်သူတွေရဲ့ ထောင်နဲ့ ချီတဲ့ အင်အားနဲ့ ဖြတ်ကျော်ခဲ့ပါတယ်။ အာဏာပိုင်တွေဖက်က တားဆီး မေးမြန်းမှုတွေနဲ့ ကြုံပေမယ့်လည်း ပြည်သူတွေရဲ့ ၀ိုင်းဝန်းမှုနဲ့ ထိုးဖောက် ချီတက်နိုင်ခဲ့ပါတယ်။

ခွန်ဘသာ တင်ဆက်။ ရိုက်ကူး မင်း ညို ‪ ‎
DVB TV‬


အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖို့အတွက် ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းနဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲမှု ကွန်ရက် (အန်အန်အီးအာရ်)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီတို့ ဒီကနေ့ အကြိုညှိနှိုင်း ဆွေးနွေး ကြပါမယ်။

ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့အဆင့်မြင့်ပညာဦးစီးဌာနရုံးမှာ ဒီကနေ့ နေ့ခင်း ၂ နာရီ တွေ့ဆုံညှိနှိုင်းကြမှာဖြစ်တယ်လို့ တက်ရောက်ဆွေးနွေးမယ့် ကျောင်းသားကိုယ်စားလှယ်တဦးက ပြောပါတယ်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး အစိုးရ၊ လွှတ်တော်၊ အန်အန်အီး အာရ်နဲ့ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပနိုင်ရေး အတွက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အန်အန်အီးအာရ်က ဒေါက်တာသိန်းလွင်နဲ့ ဦးစိုးထွန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)က ကိုအောင်မှိုင်းဆန်း၊  ဗကသ (မြေလတ်) က ကိုချစ်ဝင်းမောင်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) က ကိုရဲဇာနည်ထွန်းတို့ တက်ရောက်မှာဖြစ်ပါတယ်။

ကိုချစ်ဝင်းမောင်က  “အခု ကျနော်တို့ ၂ နာရီမှာ အဆညမှာ ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းနဲ့ လေးပွင့်ဆိုင်တွေ့ဖို့အတွက် နေ့ရက်ရယ်၊ နေရာရယ်၊ အစည်းအဝေး အစီအစဉ်  သွားညှိတဲ့သဘောပေါ့။ ” လို့ ပြောပါတယ်။

ဒီတကြိမ်ဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ပိုင်းကို အစိုးရဘက်က တဖက်သတ် ရွှေ့ဆိုင်းအပြီးမှာ ကျောင်းသားသပိတ်တိုက်ပွဲတွေ ကြီးမားကျယ်ပြန့်လာပြီးတဲ့နောက်  နောက်တကြိမ် လေးပွင့်ဆိုင် အစည်းအဝေးအာဂျင်ဒါညှိနှိုင်းဖို့ ဖိတ်ကြားခဲ့တာပါ။

ပထမတကြိမ်တုန်းက ဒေါက်တာသိန်းလွင် တစ်ဦးတည်းကို ဖေဖော်ဝါရီ ၆ ရက်နေ့က ဦးသန့်ရှင်းက ဖိတ်ကြားဆွေးနွေးခဲ့ပါတယ်။

ကိုချစ်ဝင်းမောင်က “ပထမတကြိမ်တုန်းက ဒုဝန်ကြီးက ဒေါက်တာသိန်းလွင်နဲ့ တခါတွေ့တယ်။ ဒေါက်တာသိန်းလွင်က နောက်တခါဆွေးနွေးပွဲမှာ သူတယောက်တည်းကျရင် မကောင်းဘူး။ ကျောင်းသားတွေလည်း ဖိတ်ပါဆိုတော့ ၁၅ ယောက်လုံးကို မဖိတ်နိုင်ရင်တောင် သုံးယောက်တော့ ပါမှဖြစ်မယ်။ သုံးဖွဲ့ဖြစ်တဲ့အတွက် သုံးယောက်ဖိတ်ပါဆိုတဲ့ပုံစံမျိုးပြောတော့ အခု ကျနော်တို့ တဖွဲ့ တယောက် သုံးယောက်ပေါ့ ဖိတ်တယ်” လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲ  စောလျင်စွာ ကျင်းပနိုင်ရေးနဲ့ အစည်းအဝေးကျင်းပမယ့် နေရာ နေ့ရက်တို့ သတ်မှတ်နိုင်ရေးဆွေးနွေးမယ်လို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးအတွက် သပိတ်မှောက် ကျောင်းသားစစ်ကြောင်းတွေဟာ မန္တလေး-ရန်ကုန်လမ်းတလျောက်၊  မော်လမြိုင်၊ မြိတ်၊ ဧရာဝတီစတဲ့ စစ်ကြောင်းတွေ ချီတက်တောင်းဆိုနေကြပြီး ပြည်သူအများက ၀န်းရံထောက်ခံမှုရနေပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က အစိုးရ၊ လွှတ်တော်၊ အန်အန်အီးအာရ်နဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ဆွေးနွေးပွဲကို အစိုးရဘက်က ဖျက်သိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်း ကျမှ ကျင်းပဖို့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/80696



အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အရံ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဒေါက်တာသိန်းလွင်သည် အဖွဲ့ ချုပ်၏ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ခြင်း၊ တားမြစ်ချက်များကို မလိုက်နာခြင်းကြောင့် အရံဗဟိုအလုပ်အမှုဆောင် တာဝန်မှလည်းကောင်း၊ ဗဟိုကော်မတီဝင်  အဖြစ်မှလည်းကောင်း၊ ရပ်ဆိုင်းလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။

ဧရာဝတီသပိတ်စစ်ကြောင်းမှာ လိုက်ပါချီတက်လာခဲ့တဲ့ ပုသိမ်မြို့ အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသူ မချောစုစံပုံ / Photo: Kyaw Lwin Oo/RFA
ဧရာဝတီတိုင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု စစ်ကြောင်းမှာ လိုက်ပါ ချီတက်လာခဲ့တဲ့ ပုသိမ်မြို့ အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသူ မချောစုစံကို မအူပင်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မိဘထံ ပြန်လည် အပ်နှံလိုက်ပါတယ်။

စာမေးပွဲ ဖြေဆိုရမှာ ဖြစ်တဲ့ အတွက် ပညာရေးမလစ် ဟင်းစေဖို့ မချောစုစံကို စစ်ကြောင်းမှာ ပါလာသူတွေ က ၀ိုင်းဝန်းတိုက်တွန်းပြီး ပြန်အပ်လိုက်တာလို့ ဧရာဝတီတိုင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဝန်းရံကော်မတီဝင် ကိုဇော်ရမ်းက ပြောပါတယ်။

"သူကတော့စစ်ကြောင်းနဲ့ ဆက်လိုက်ချင် တယ်ပေါ့နော်၊ ဒါပေမယ့် စစ်ကြောင်းက တိုက်တိုက်တွန်းတွန်းနဲ့ စာမေးပွဲဖြေဖို့ဖျောင်းဖျ ပြီးတော့ မိဘတွေနဲ့ပြန်ထည့်ပေးလိုက်တာပါ၊ အပ်လိုက်တာကလည်း မအူပင်ခရိုင် ပညာရေးမှူးရယ်၊ မြို့နယ်ပညာရေးမှူးရယ် ကျနော်တို့ ခေါ်ပြီး အပ်လိုက်တာပါ၊ သတင်းစာရှင်းလင်းပွဲလည်း လုပ်လိုက်ပါတယ်၊ စစ်ကြောင်းက ဦးဆောင်ကော် မတီတက်တယ်၊ နောက် ဝန်းရံကော်မတီက ကျနော်တက်တယ်၊ တခြားကျောင်းသူ ကျောင်းသားတွေနဲ့ သူ့အဖေ ကိုအောင်ကျောင်သူရယ် နောက် သူ့အမေရယ် ၊ သူရယ်ပေါ့နော် တက်ပါတယ်၊ အားလုံက စုပေါင်းပြီးတော့ ပိုက်ဆံ ၅ သိန်းပေါ့နော်၊ သူ့ရဲ့ ပညာရေးနဲ့ သူ့ရဲ့လိုအပ်ချက်ပေါ၊့ သူတို့မိသားစု မှာလည်း ကျောင်းသားချည်းပဲ ၄ ယောက်ရှိတယ်ပေါ့နော်၊ သူကအကြီးဆုံး သူ့အောက်မှာ ကျောင်းသား ၃ ယောက်ရှိတော့ အဲ့ဒါကိုသူက မျက်ရည်ကျတယ်၊  ဒါကိုလိုချင်လို့လည်း လိုက်တာမဟုတ်ဘူး၊ သူ့ရဲ့ယုံကြည်ချက်နဲ့ စစ်ကြောင်းဂုဏ်သိက္ခာအတွက် သူ မယူပါဘူးပါရစေနဲ့လို့ ငြင်းပါတယ်"

ခရီးရှည်စစ်ကြောင်းမှာ လိုက်ပါလာတဲ့ ဆယ်တန်းကျောင်းသား (၄) ယောက်ကိုလည်း စာမေးပွဲဖြေဖို့ ပြန်လွှတ် လိုက်ကြောင်း၊ ကျန်တဲ့ ကျောင်းသားတွေကတော့ ပြင်ပက အလွတ်ဖြေဆိုမယ့် ကျောင်းသားတွေဖြစ်ကြောင်း လည်း ကိုဇော်ရမ်းက ပြောပါတယ်။

ဒီစစ်ကြောင်းမှာ မချောစုစံရဲ့ဖခင်လည်း လိုက်ပါလာခဲ့ပါတယ်။ မအူပင်ရောက်ရင် အိမ်ပြန်ခေါ်မယ်လို့ ကျောင်း ကုန်းမြို့အရောက်မှာ သပိတ်စစ်ကြောင်းနဲ့ ညှိနှိုင်းထားတာမို့ မချောစုစံကို ချော့မော့ဖျောင်းဖျပြီး ပြန်လည်အပ်နှံ လိုက်တာလို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/hight-school-students-return-home-02082015222620.html


အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် ဆန္ဒဖော်ထုတ်ပွဲအား မြိတ်မြို့၌ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက် နံနက် (၈)နာရီအချိန်မှ စတင်ပြီး မြိတ် တက္ကသိုလ်များ သမဂ္ဂ မှ ဦးဆောင်ကာ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်လျက် ရှိသည်။

အဆိုပါ အဖွဲ့သည် ပထမ ဦးစွာ အင်အား (၃၀) ဦးခန့်ဖြင့် မြိတ်မြို့ ကန်ခေါင်းရပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်တွင် လူစုကာ ဗိုလ်ချုပ်ကြေးရုပ်အား အလေးပြုပြီးနောက် ကန်ဖျားလမ်းမကြီးအတိုင်း စီတန်း လှည့်လည်ကာ ပိတောက်ပင်လမ်းဆုံ မှတဆင့် ဗန္ဓုလလမ်းအတိုင်း မြိတ်တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။

ထိုနောက် မြိတ်တက္ကသိုလ်ဝင်း အတွင်း ၀င်ရောက်ပြီး အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်သည့် ကိစ္စများ ဟောပြောခဲ့ပြီးနောက် နံနက် (၁၀)နာရီ ၂၀ မိနစ် အချိန်ခန့်တွင် မြိတ်တက္ကသိုလ်မှ ပြန်လည် ထွက်ခွာလာရာ တက္ကသိုလ်ကျောင်းသား ၂၀ ဦးခန့် ထပ်မံ ပူးပေါင်း ပါဝင်လာခဲ့သည်။ ထိုသို တက္ကသိုလ်မှ ပြန်အထွက်တွင် လမ်းလျှောက် ပူးပေါင်းပါဝင်မှုများကြောင့် အင်အား (၂၀၀) ခန့် များပြား လာခဲ့သည်။

ထိုနောက် မြိတ်ဆေးရုံရှေ့မှ တပ်ပြင်ရပ် စပါးကျီလမ်း အတိုင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကာ အထက (၁)ကျောင်းရှေ့လမ်း မှ တဆင့် မြစ်ငယ် အမက ကျောင်းလမ်းအတိုင်း ဆက်လက် ချီတက်ကာ ထားဝယ်စု မီးသတ်လမ်း၊ ဘုရားကြီးကျောင်းလမ်း၊ ကျောက်မီးသွေးလမ်းမှ တဆင့် ထားဝယ်စု ဂုဏ်ရုံလမ်း၊ မှတဆင့် ကန်ကြီး လမ်းဆုံရှိ လဘက်ရည်ဆိုင်တွင် နေလည်စာ စားသောက် ခေတ္တရပ်နားသည်။

ထိုနောက် ထားဝယ်စု ဂုဏ်ရုံလမ်းမှ တဆင့် ဆိပ်ငယ်ဈေးကြီး အရှေ့ ရောက်ရှိပြီး ဈေးအရှေ့တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ဟောပြောသည်။၊ ထိုနောက် တလိုင်းစု ဗိုလ်ချုပ်လမ်း၊ တလိုင်းစု ရပ်ကွက်မှ တဆင့် ဈေးတန်းရပ်ကွက် ဈေးခေါင်းလမ်း၊ တဆင့် စုရပ်နေရာ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အနီး မန္တလေး ဘုန်းတော်ကြီး ကျောင်းတိုက်၌ နေ့လည် (၁၃၃၀) အချိန် ခေတ္တရပ်နားလျက် ရှိသည်။

ဆန္ဒဖော်ထုတ်ပွဲ၌ တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ (မြိတ်ခရိုင်) အနေဖြင့် အချက် (၅)ချက် ပါဝင်သော သဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ပြီး ကျောင်းသား ပြည်သူကို အခြေမခံသော အမျိုးသား ပညာရေး ဥပဒေ (အလိုမရှိ) ၊ ဒီမိုကရေစီ ပညာရေး (ဒို့အရေး) ဟူသော ကြွေးကြော်သံဖြင့် လှည့်လည် ကြွေးကြော်ခဲ့သည်။

မြိတ်ပုလဲမြေ http://myeiknews.blogspot.com

ကျောင်းသားသပိတ်ကို အစွန်းရောက်ဝါဒီသမားဟောင်းတွေရဲ့ သားသမီးတွေ ဦးဆောင်နေပြီး နိုင်ငံခြားအဖွဲအစည်းတချို့က မြှောက်ပေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုက စွပ်စွဲပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က နိုင်ငံပိုင်သတင်းဌာနနဲ့ ပြည်ထဲရေးဝန်ကြီးတို့ တွေ့ဆုံမေးမြန်းခန်းမှာ ၀န်ကြီးက ကျောင်းသားသပိတ်ဟာ လတ်တလောနိုင်ငံတည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က ကျောင်းသားသပိတ်နောက်ကွယ်မှာ ကြိုးကိုင်နေသူတွေ ရှိနေတယ်လို့ သတင်းထုတ်ပြန်အပြီး ရက်ပိုင်းအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဖြစ်သူက အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီက ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က အစွန်းရောက်သမားတွေရဲ့ သားသမီးတွေပါတယ်ဆိုရင် ကုတ်ဆွဲပြီးထုတ်ပြဖို့ တောင်းဆိုလိုက်ပါတယ်။
“တကယ်အစွန်းရောက်ပါတယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတဲ့သူတွေရဲ့ သားသမီးတွေ ပါတယ်ဆိုရင် ကုတ်ဆွဲပြီး ထုတ်ပြလို့ရတယ်၊ ရိုးသားစွာ ရှာဖွေလုပ်ကိုင်စားသောက်နေတဲ့ပြည်သူတွေရဲ့ ဦးနှောက်ထဲကို ဇဝေဇ၀ါဖြစ်စေပြီး တိကျခိုင်မာမှုမရှိတဲ့ စကားလုံးတွေနဲ့ ရောထွေးပြီးတော့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခဲ့တာ စစ်အစိုးရတွေရဲ့ အကျင့်တွေအတိုင်းပါပဲ။”
ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းတွေမှာလည်း ပညာရေးဝန်ကြီးဌာနက ကျောင်းသားမိဘတွေထံ မေတ္တာရပ်ခံစာတခု ထုတ်ပြန်လိုက်ပြီး သပိတ်မှောက်ဆန္ဒပြစစ်ကြောင်းမှာ ပါဝင်ချီတက်နေကြတဲ့ မိမိတို့ရဲ့ သားသမီးတွေကို လိုက်ခေါ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဧရာဝတီသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ကျောင်းသားမိဘတဦးကတော့ သပိတ်မှောက်ကျောင်းသားတွေရဲ့ သဘောဆန္ဒအတိုင်းသာဖြစ်ပြီး ပြန်ခေါ်မှာမဟုတ်ကြောင်း၊ သူ့အနေနဲ့ကတော့ ဆက်လက်သပိတ်မှောက်စေလိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင်ဆွေးနွေးဖို့ သဘောတူထားပြီးဖြစ်လို့ ကျောင်းသားသပိတ်ရပ်ဖို့လည်း တောင်းဆိုထားပါတယ်။
လတ်တလောမှာ အဖွဲ့ဝင် ၁၅ယောက်ပါ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီကဦးဆောင်တဲ့ မနလေး၊ဧရာဝတီနဲ့ ပခုကူတို့က ကျောင်းသားသပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်ကို ဦးတည်ချီတက်နေကြပြီး ကျောင်းသားသပိတ်စစ်ကြောင်း ရောက်လာရာ မြို့ရွာတွေမှာ ပြည်သူတွေက ၀မ်းမြောက်ဝမ်းသာကြိုဆို အားပေးနေကြတာ တွေ့မြင်နေရပါတယ်။

ရွှေအောင်
DVB TV News

ရေအမြောက် မော်တော်ယဉ်ကို မြင်တာနဲ့ ကိုယ့်လူတွေကို ခပ်ကျဲကျဲနေစေ
လိုက်ရင် ရေအမြောက်မော်တော်ယဉ်ရဲ့ ထိရောက်မှုကို ပျက်စီးစေပါတယ်။
ရေကုန်လို့ သွားထည့်တဲ့အခါ ပြန်စုကြပါ.
.
အဲဒီကားကို ထိတ်တိုက်ရင်မဆိုင်ပါနဲ့
.
မီးသတ်ကားကို အရူးလုပ်တဲ့နည်းကိုသုံးကြပါ။
သူက ဒီနေရာဆိုရင် ကိုယ်က ဟိုနေရာ ပြောင်းတဲ့နည်းကိုသုံးကြပါ။
ဥပမာ ရေမျှောင်းတို့ ဂုဏ်းကျော်တံတားတို့ကို ကျော်ရတဲ့နေရာမျိုးရှိရင် အဲဒီလိုကျော်ရမည့်နေရကို ကျော်ပြီး ပြောင်းနေပါ။
.
ဝေးလျှင် ရေအားသည် အလွန်အားပျော့သွားပါသည်။
နီးလျှင် အလွန်ပြင်းထန်ပါသည်။
မီတာ ၃ဝ သို့မဟုတ် ပေ ၁ဝဝ အကွာလောက်ထက်နီးနီးတွင် မနေကြဖို့ပါ။
.
ရှောင်လွှဲတဲ့နည်းကို သုံးပြီး လူစုမကွဲစေဖို့ကို ဦးတည်ပါ။
.
တစ်ခါတလေ လူစုကွဲချင်ယောင်ဆောင်တာတွေကလည်းထိရောက်ပါတယ်။
.
ထိုကားသည် ကောင်းမွန်ချောမွေ့မာကြောသောလမ်းရှိဖို့ လိုအပ်ပါသည်။
မြေပျော့နေရာများတွင် မောင်း၍ မရနိုင်ပါ။ အလွန်လေးသောကားဖြစ်သဖြင့်
ဘွက်နစ်ဖို့ အလွန်လွယ်ပါသည်။ မြေပျော့တွင် မြေကျွန်ဖို့ အလွန်လွယ်ပါသည်။
မြေပျော့သောနေရာဖက်သို့ မသိမသာ ဦးဆောင်၍ ခေါ်သွားနိုင်ပါသည်။
.
သိထားရမှာက အစိုးရရဲ့ အလုပ်သမားတွေဟာ အိမ်ကိုပြန်ရမည့်အချိန်ကို
စောင့်နေကြတာပါ။ ဘယ်သူမျှ ကြာကြာ အလုပ်မလုပ်ချင်ကြပါဘူး။
.
တချို့ကတော့ အခွင့်သာရင် ရှေ့ကားဘီးကို လေလျှော့ကြပါတယ်။
အဲဒီလိုတော့ မလုပ်ကြပါနဲ့။

ဒီမိုကရေစီပညာရေး လှုပ်ရှားမှုသပိတ်မှောက်ကျောင်း သားတွေကို ပြည်သူလူထုနဲ့ လူမှုအဖွဲ့အစည်းတွေက ထောက် ခံကြိုဆိုတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းကနေ ဆူးလေထိချီတက်ဆန္ဒပြနေကြစဉ်။ Photo: Aung Ko Ko/ RFA
အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက် ဆန္ဒပြတဲ့ ကျောင်းသားတွေကို ထောက်ခံ တဲ့အနေနဲ့ ပြည်မြို့ တက္ကသိုလ် ကျောင်းသားတွေ က ပြည်တက္ကသိုလ်ရှေ့မှာ ဒီနေ့ သပိတ်စခန်းဖွင့်ပြီး ကြိုဆိုကြပါတယ်။

မန္တလေးက ထွက်လာတဲ့ ကျောင်းသား ကျောင်းသူတွေ မကြာခင် ပြည်မြို့ကို ရောက်ရှိလာမှာဖြစ်လို့ ကြိုဆိုတာဖြစ်တယ်လို့ ပြည်တက္ကသိုလ်ကျောင်းသား ကိုသန့်ဇင်ထက်က ပြောပါတယ်။

"ကျနော်တို့ပြည်တက္ကသိုလ်မှာရှိတဲ့ကျောင်းသားတွေကပေါ့နော်၊ ထိုင်သပိတ်အနေနဲ့ မန္တလေးကနေ ရန်ကုန်ထိချီတက်မယ့်ကျောင်းသားတွေကို သပိတ်စခန်းဖွင့်ပြီးတော့ ကျနော်တို့က ကျောင်းသားသပိတ်ကိုထောက်ခံကြိုဆိုမယ်၊ နောက်တစ်နေ့မှာ ကျောင်းသားတွေမှာ အမျိုးသားပညာရေး ဥပဒေမူကြမ်းမှာ ဘယ်လိုအချက်တွေက အားနည်းချက်၊ အားသာချက်တွေရှိတယ်၊ လက်ရှိပညာရေးစနစ်ဟာ ချွတ်ခြုံကြနေလို့ သပိတ်မှောက်ရခြင်း ရဲ့အကြောင်းကိုသိရှိပြီးတော့ မန္တလေးကနေ ရန်ကုန်အထိချီတက် လာတဲ့ကျောင်းသူ၊ ကျောင်းသားတွေကို ထောက်ခံကြိုဆိုကြမယ် "

ဇန်န၀ါရီလ ၂၀ရက်နေ့စပြီး မန္တလေးကနေ ထွက်လာတဲ့ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေဟာ ပြည်မြို့အနီးက ကသစ်ပန်ကျေးရွာမှာ ဒီညရပ်နား မှာ ဖြစ်ပါတယ်။

ဧရာဝတီသပိတ်မှောက်ကျောင်းသားတွေက မအူပင်မြို့မှာ ဒီနေ့လှည့်လည်ဆန္ဒပြ နေကြပြီး ထားဝယ်သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေက ရေးမြို့ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီသပိတ်မှောက် ကျောင်းသား ကျောင်းသူတွေကို ထောက်ခံတဲ့အနေနဲ့ အရပ်ဘက် လူမှုအဖွဲ့စည်းတွေနဲ့ ကျောင်းသားကျောင်းသူတွေကလည်း ရန်ကုန်မြို့မှာ ဗိုလ်စိန်မှန် ကွင်းကနေ မြို့တော်ခန်းမရှေ့အထိ ဒီနေ့ လမ်းလျှောက်ဆန္ဒပြကြပါတယ်။

အစိုးရအနေနဲ့ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေကို အကြမ်းမဖက်ဖို့နဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပဖို့ တောင်းဆိုကြတယ် လို့ ထောက်ခံဆန္ဒပြပွဲမှာ ပါဝင်တဲ့ အနုပညာတက္ကသိုလ် ကျောင်းသား ကိုအောင်သောင်းက ပြောပါတယ်။

"ဒီမိုကရေစီလှုပ်ရှားမှု ကျောင်းသားသပိတ်ကို ထောက်ခံပါတယ်ဆိုတဲ့အချက်တစ်ချက်၊ နောက်တစ်ခုက သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ကျောင်း သားပြည်သူတွေကို အကြမ်း ဖက်ခြင်း၊ ဖိနှိပ်မှုတွေမလုပ်ပါနဲ့ဆိုတဲ့အကြောင်းတစ်ချက်ရယ်၊ နောက်တစ်ချက်ကတော့ ရိုးသားပွင့်လင်းတဲ့ဆွေးနွေးပွဲ ကနေတဆင့် ကျနော်တို့ပညာရေးပြဿနာကို အဖြေရှာ ပေးဖို့ ဆွေးနွေးပွဲပြန်လည်ကျင်းပပေးပါပေါ့၊ တစ်ဖတ်သတ် ရွှေ့ဆိုင်းခြင်းမပြုလုပ်ပါနဲ့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ဒီနေ့ပွဲကိုပြုလုပ်ခဲ့တာပါ"

ထောက်ခံဆန္ဒပြပွဲမှာ ရှေ့နေများကွန်ယက်၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်၊ ဒဂုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ အနုပညာတက္ကသိုလ် တို့က ကျောင်းသား ကျောင်းသူတွေ ၅၀၀ လောက် ပါဝင်ကြပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ-ဗိုလ်ချုပ်ကြီး ကိုကိုက မနေ့က မြန်မာ့ရုပ်မြင်သံကြားမှာ  သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင် သူတွေ၊ အားပေး အားမြှောက်ပြုနေသူတွေရှိတာကြောင့် အဲ့ဒီအဖွဲ့အစည်းတွေကို ဖော်ထုတ် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/students-march-support-pyay-yangon-02082015090519.html

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.